နိဒါန်း
“စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” သည် ဘုရားသခင် ကိုယ်တော်တိုင်၏ ကိုယ်ပိုင်လက္ခဏာ၌ ခရစ်တော်မှ ဖော်ပြခဲ့သည့် မိန့်မြွက်ချက်များ၏ ဒုတိယအပိုင်းဖြစ်သည်။ ၎င်းတို့သည် ၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်မှ ၁၉၉၂ ခုနှစ်၊ ဇွန်လ ၁ ရက်အထိ ကာလတွင် အကျုံးဝင်ပြီး စုစုပေါင်း လေးဆယ့်ခုနစ်ခန်း ပါဝင်သည်။ ဤမိန့်မြွက်ချက်များရှိ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ နည်းဟန်၊ ပါဝင်သည့် အကြောင်းအရာနှင့် ရှုထောင့်တို့သည် “အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ” နှင့် လုံးလုံး မတူညီပါ။ “အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ” သည် လူများ၏ အပြင်ပန်း အပြုအမူနှင့် သူတို့၏ ရိုးစင်းသော ဝိညာဉ်ရေးရာ အသက်တာများကို ဖော်ထုတ်ပြီး လမ်းပြသည်။ အဆုံးတွင် ယင်းသည် “အစေခံသူတို့၏ စမ်းသပ်ခံရခြင်း” နှင့် နိဂုံးချုပ်သည်။ သို့သော် “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” ကမူ လူတို့၏ ကိုယ်ပိုင်လက္ခဏာကို အစေခံသူများအဖြစ် ကောက်ချက်ချခြင်းနှင့် ၎င်းတို့၏ အသက်တာများကို ဘုရားသခင်၏ လူများအဖြစ် စတင်ခြင်းနှင့် ဖွင့်လှစ်သည်။ ယင်းက လူတို့ကို ဘုရားသခင်၏အလုပ်၏ ဒုတိယ အထွတ်အထိပ်ထဲသို့ လမ်းပြပို့ဆောင်ပေးပြီး ထိုလမ်းကြောင်း တစ်လျှောက်တွင် သူတို့သည် မီးအိုင်၏ စမ်းသပ်မှု၊ သေခြင်း၏ စမ်းသပ်မှုနှင့် ဘုရားသခင်အား ချစ်သည့်အချိန်တို့ကို တွေ့ကြုံရသည်။ ဤအဆင့်အချို့သည် ဘုရားသခင်၏ ရှေ့မှောက်တွင် လူသား၏ အကျည်းတန်မှုနှင့် လူသား၏ သရုပ်အမှန်ကို ပြည့်ဝစွာ ဖော်ထုတ်သည်။ အဆုံးတွင် ဘုရားသခင်သည် လူသားနှင့် သူခွဲခွာသည့် အခန်းတစ်ခန်းနှင့် အဆုံးသတ်ထားသည်၊ ထိုသို့အားဖြင့် ပထမ လူ်စုအပေါ် ဘုရားသခင်၏ ဤလူ့ဇာတိခံယူခြင်းမှ သိမ်းပိုက်ခြင်း၏ အဆင့်အားလုံးသည်လည်း နိဂုံးချုပ်သွားသည်။
“စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” ထဲတွင် ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များကို ဝိညာဉ်တော်၏ ရှုထောင့်မှ ဖော်ပြသည်။ သူ ပြောကြားသော နည်းဟန်ကို ဖန်ဆင်းခံ လူသားမျိုးနွယ်မှ မရရှိနိုင်ပေ။ ထို့အပြင် သူ့ နှုတ်ကပတ်တော်များ၏ ဝေါဟာရနှင့် ဟန်ပန်သည် လှပ၍ စိတ်ထိခိုက်စေကာ လူသား၏ မည်သည့်စာပေပုံစံကမျှ ယင်းတို့၏နေရာကို အစားထိုးနိုင်မည် မဟုတ်ချေ။ လူသားအား သူဖော်ထုတ်သော နှုတ်ကပတ်တော်များမှာ တိကျပြီး ၎င်းတို့ကို မည်သည့်ဒဿနအမြင်နှင့်မျှ မငြင်းဆန်သာပါ၊ ပြီးလျှင် ၎င်းတို့သည် လူများအားလုံးကို ကျိုးနွံနာခံစေသည်။ လူသားအား ဘုရားသခင် တရားစီရင်သော နှုတ်ကပတ်တော်များသည် အသွားထက်သော ဓားတစ်လက်အလား လူတို့၏ စိတ်ဝိညာဉ်များ၏ နက်ရှိုင်းရာများထိ တဲ့ထိုး နာကျင်စေပြီး နက်နက်ရှိုင်းရှိုင်း ထိခိုက်သဖြင့် သူတို့ကို ပုန်းကွယ်ရန် နေရာမရှိဘဲ ဖြစ်သွားစေသည်။ လူတို့အား သူ နှစ်သိမ့်ပေးသော နှုတ်ကပတ်တော်များသည် သနားကရုဏာနှင့် မေတ္တာကျေးဇူးတော်တို့ ရှိပြီး ၎င်းတို့မှာ ချစ်ခင်ကြင်နာသော မိခင်တစ်ဦး၏ ထွေးပွေ့မှုကဲ့သို့ နွေးထွေးကာ ၎င်းတို့သည် လူတို့ကို ယခင်က တစ်ခါမျှ မခံစားဖူးသည့် လုံခြုံမှုကို ခံစားစေသည်။ ဤမိန့်မြွက်ချက်များ၏ အကြီးမြတ်ဆုံးသော ထူးခြားသော လက္ခဏာ တစ်ရပ်မှာ ဤအဆင့်အတောအတွင်းတွင် ဘုရားသခင်သည် ယေဟောဝါ သို့မဟုတ် ယေရှုခရစ်တော်၏ ကိုယ်ပိုင်လက္ခဏာကို အသုံးပြု၍ မပြောဆိုသကဲ့သို့၊ နောက်ဆုံးသောကာလရှိ ခရစ်တော်၏ ကိုယ်ပိုင်လက္ခဏာကိုလည်း မသုံးပါ။ ထိုအစား သူသည် ဖန်ဆင်းရှင်ဟူသည့်- သူ၏ပင်ကို ကိုယ်ပိုင်လက္ခဏာကို အသုံးပြုလျက်- ကိုယ်တော့်နောက်လိုက်သော သူအားလုံးနှင့် ကိုယ်တော့်နောက်မလိုက်ရသေးသော သူများအားလုံးကို သွန်သင်ကာ ပြောဆို၏။ ဘုရားသခင်သည် လူသားမျိုးနွယ်အပေါင်းကို မိန့်ကြားသည်မှာ ကမ္ဘာကြီးကို ဖန်ဆင်းခြင်းပြီးကတည်းက၊ ဤအကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်သည်ဟုပြောလျှင် မှန်ကောင်း မှန်နိုင်ပါသည်။ ဘုရားသခင်သည် ဖန်ဆင်းခံလူသားမျိုးနွယ်ကို ထိုကဲ့သို့ အသေးစိတ်ကျကျနှင့် အလွန်စနစ်ကျစွာ ယခင်က တစ်ခါမျှပင် မပြောဆိုခဲ့ဖူးပေ။ ဤသည်မှာ သူသည် လူသားမျိုးနွယ် အပေါင်းသို့ ပထမဦးဆုံးအကြိမ် များစွာပြောဆိုခြင်းနှင့် အလွန်ကြာရှည်စွာ ပြောဆိုခြင်းလည်း ဖြစ်သည်မှာ မှန်ပေသည်။ ယင်းသည် လုံးလုံး မကြုံစဖူးသောအရာ ဖြစ်သည်။ ထို့ထက်ပိုသည်မှာ ဤမိန့်မြွက်ချက်များသည် လူသားမျိုးနွယ်အကြားတွင် ဘုရားသခင် ဖော်ပြခဲ့သည့် ပထမဆုံးသော စာသားများပင် ဖြစ်သည်၊ ထိုအထဲတွင် သူသည် လူသားများကို ဖော်ထုတ်ပြီး လမ်းပြလျက်၊ တရားစီရင်ကာ ၎င်းတို့ကို ရင်းနှီးပွင့်လင်းစွာ ပြောကြားခဲ့ပြီး ၎င်းတို့သည် ဘုရားသခင်က လူများကို သူ၏ခြေလှမ်းများ၊ သူလျောင်းသည့်နေရာ၊ ဘုရားသခင်၏ စိတ်သဘောထား၊ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း၊ ဘုရားသခင်၏အတွေးများနှင့် လူသားမျိုးနွယ်အတွက် သူ၏ပူပန်မှုတို့အား သိစေခဲ့သည့် ပထမဆုံး မိန့်မြွက်ချက်များလည်း ဖြစ်သည်။ ဤအရာများသည် ဖန်ဆင်းခြင်းကတည်းက ဘုရားသခင်သည် လူသားမျိုးနွယ်ကို တတိယကောင်းကင်မှ ပြောဆိုသည့် ပထမဆုံးသော မိန့်မြွက်ချက်များ ဖြစ်သည်ဟု ဆိုနိုင်ပြီး ဘုရားသခင်သည် နှုတ်ကပတ်တော်များ အလယ်တွင် လူသားမျိုးနွယ်ထံသို့ သူ့နှလုံးသား၏အသံ ပေါ်လာရန်နှင့် ၎င်းကို ဖော်ပြရန် သူ၏ ပင်ကို ကိုယ်ပိုင်လက္ခဏာကို အသုံးပြုခဲ့သော ပထမဆုံးအကြိမ်လည်း ဖြစ်ပေသည်။
ဤမိန့်မြွက်ချက်များသည် နက်နဲသိမ်မွေ့ပြီး ဉာဏ်မမီနိုင်အောင် ဖြစ်သည်။ ၎င်းတို့ကို နားလည်ရန် မလွယ်ကူသကဲ့သို့၊ ဘုရားသခင် နှုတ်ကပတ်တော်များ၏ ဇာစ်မြစ်များနှင့် ရည်ရွယ်ချက်များကို နားလည်ရန်လည်း မဖြစ်နိုင်ချေ။ ထို့ကြောင့် ခရစ်တော်သည် မိန့်မြွက်ချက်အများစုကို ရှင်းလင်းပြတ်သားစေရန်အလို့ငှာ လူသားအတွက် နားလည်သဘောပေါက်ရ လွယ်ကူစေသည့် ဘာသာစကားကို အသုံးပြုပြီး အခန်းတစ်ခုချင်းစီ၏နောက်တွင် ရှင်းပြချက်တစ်ခုကို ထည့်ထားခြင်း ဖြစ်သည်။ ယင်းသည် မိန့်မြွက်ချက်များကိုယ်တိုင်နှင့် ပေါင်းထားကာ၊ လူတိုင်းအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်ရန်နှင့် သိကျွမ်းရန် သာ၍ လွယ်ကူသွားစေသည်။ ဤနှုတ်ကပတ်တော်များကို “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” ၏ နောက်ဆက်တွဲအဖြစ် ကျွန်ုပ်တို့ပြုလုပ်ထားသည်။ ယင်းတို့အထဲတွင် ခရစ်တော်သည် နားလည်ရ အလွယ်ကူဆုံးသော စကားအသုံးအနှုန်းကို အသုံးပြုပြီး ရှင်းပြချက်များ ပေးထားသည်။ ဤနှစ်ခု ပေါင်းစပ်မှုသည် ဘုရားသခင်၏ သဘောသဘာဝနှင့် လူ့သဘာဝထဲက ဘုရားသခင်တို့၏ ပြီးပြည့်စုံလင်သော ပေါင်းစပ်ခြင်း ဖြစ်သည်။ နောက်ဆက်တွဲထဲ၌ ဘုရားသခင်သည် တတိယလူ၏ ရှုထောင့်မှ ပြောဆိုသော်ငြားလည်း၊ ဤနှုတ်ကပတ်တော်များကို ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ မြွက်ဆိုခဲ့ခြင်း ဖြစ်သည်ကို မည်သူကမျှ မငြင်းဆိုနိုင်ချေ၊ အကြောင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သည့်လူသားကမျှ ရှင်းလင်းစွာ မရှင်းပြနိုင်သောကြောင့်ဖြစ်သည်၊ ဘုရားသခင် ကိုယ်တော်တိုင်သာလျှင် သူ၏ မိန့်မြွက်ချက်များ၏ ဇာစ်မြစ်များနှင့်ရည်ရွယ်ချက်များကို ရှင်းပြနိုင်ပေသည်။ ထို့ကြောင့် ဘုရားသခင်သည် နည်းလမ်းများစွာကို အသုံးပြု၍ ပြောဆိုသော်ငြားလည်း၊ သူ့အလုပ်၏ ရည်ရွယ်ချက်များမှာ မည်သည့်အခါမျှ ပြောင်းလဲခြင်း မရှိသလို၊ သူ့အစီအစဉ်၏ ရည်မှန်းချက်သည်လည်း ဘယ်သောအခါမျှ ပြောင်းလဲခြင်းမရှိပေ။
“စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ”သည် ဘုရားသခင် လူသားနှင့် ခွဲခွာသော အခန်းတစ်ခန်းဖြင့် အဆုံးသတ်သော်ငြားလည်း၊ တကယ်တမ်းတွင်မူ ယင်းသည် လူသားအကြားရှိ ဘုရားသခင်၏ သိမ်းပိုက်ခြင်းနှင့် ကယ်တင်ခြင်းအလုပ်၊ ပြီးလျှင် သူ၏ လူတို့အား စုံလင်စေခြင်းအမှုတို့အား တရားဝင် ဖွင့်လှစ်လိုက်သောအချိန် ဖြစ်သည်။ ထို့ကြောင့် “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” ကို နောက်ဆုံးသောကာလရှိ ဘုရားသခင်၏အမှု၏ ဗျာဒိတ်တော်အဖြစ် မှတ်ယူရန် သာ၍ သင့်တော်ပေသည်။ အဘယ်ကြောင့်ဆိုသော် ဤအချက်ပြီးမှသာလျှင် လူ့ဇာတိခံယူသော လူသားသည် ခရစ်တော်၏ ကိုယ်ပိုင်လက္ခဏာကို အသုံးပြုပြီး ပြောဆိုလုပ်ကိုင်ခြင်းငှာ၊ တရားဝင် စတင်ကာ အသင်းတော်များအကြားတွင် လျှောက်လှမ်း၍ အသက်ပေးအပ်ခြင်း၊ သူ၏ လူများအားလုံးကို ရေလောင်းပေးခြင်းနှင့် ထိန်းကျောင်းပေးခြင်းတို့ကို ပြုလုပ်ပြီး၊ ထိုအကြောင်းကြောင့် “အသင်းတော်များတွင် ခရစ်တော်လျှောက်သွားစဉ် သူ၏နှုတ်ကပတ်တော်များ” ထဲရှိ များစွာသော မိန့်မြွက်ချက်များ ထွက်ပေါ်လာလေသည်။