၁၉။ သိမ်ငယ်စိတ်ကို ဖြေရှင်းနည်း
ကျွန်မက ငယ်ငယ်ကတည်းက စကားအပြောဆို မတတ်ခဲ့ဘူး။ ကျွန်မရဲ့အစ်မကတော့ စကားပြောကောင်းပြီး ရှင်းရှင်းလင်းလင်း ပြောတတ်တယ်၊ အိမ်နီးနားချင်းတွေအားလုံးက သူ့ကို သဘောကျကြတယ်။ ဒါကြောင့် ကျွန်မ သူနဲ့အတူ အပြင်ထွက်ရမှာကို ကြောက်ခဲ့တယ်၊ လူတွေနဲ့တွေ့ရင်လည်း ရှောင်ဖယ်သွားနိုင်မဲ့ နည်းလမ်းတွေကိုပဲ ကြိုးစားရှာခဲ့တယ်။ ကျောင်းမှာ အတန်းဖော်တွေက စင်ပေါ်တက်ပြီး စကားပြောဖို့ ကျွန်မကို ဖိတ်ခေါ်တဲ့အခါမှာ ကိုယ့်မှာ ဘာသာစကား စီစဉ်ဖွဲ့စည်းနိုင်စွမ်း ညံ့ဖျင်းတယ်လို့ ခံစားရပြီး ကိုယ့်ကိုယ်ကိုယ် အရှက်ကွဲမှာကို ကြောက်တာနဲ့ ပြတ်ပြတ်သားသားပဲ ငြင်းလိုက်တယ်။ ကျွန်မထက် ဘာသာစကား ဖော်ပြနိုင်စွမ်း ပိုကောင်းတဲ့သူတွေ၊ ပြီးတော့ တာဝန်တွေကို ပြတ်ပြတ်သားသားနဲ့ ရဲရဲဝံ့ဝံ့ကိုင်တွယ်တဲ့သူတွေကို မြင်တိုင်း၊ ကျွန်မ အားကျမိတယ်။ ကိုယ့်မှာ စကားပြောမကောင်းဘူး၊ အစွမ်းအစ ညံ့ဖျင်းတယ်လို့ ကျွန်မထင်ပြီး ကျွန်မ အရမ်းကို သိမ်ငယ်စိတ်ဝင်ခဲ့တယ်။
၂၀၂၀ ခုနှစ်၊ ဩဂုတ်လမှာ ကျွန်မက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ခဲ့တယ်။ အဲဒီနောက်မှာ အသင်းတော်ခေါင်းဆောင်တစ်ယောက် ဖြစ်လာခဲ့တယ်။ အစပိုင်းမှာတော့ ညီအစ်ကိုမောင်နှမတွေနဲ့ စုဝေးပွဲတွေတက်ရင်း တကယ့်ပြဿနာတချို့ကို ဖြေရှင်းပေးနိုင်ခဲ့တယ်။ နောက်ပိုင်းမှာ ညီအစ်ကိုချန်ယီနဲ့ ကျွန်မက အသင်းတော်အလုပ်မှာ အတူတူ စပြီးလုပ်ဆောင်ခဲ့ကြတယ်။ စုဝေးပွဲတစ်ခုမှာ ဧဝံဂေလိအလုပ်မှာ ပိုကောင်းတဲ့ရလဒ်တွေရဖို့ ဘယ်လိုပူးပေါင်းဆောင်ရွက်ကြမလဲဆိုတာကို ကျွန်မတို့ ဆွေးနွေးခဲ့ကြတယ်။ ညီအစ်ကို ချန်ယီက အသေးစိတ်အချက်အလက်တွေကို အရမ်းရှင်းလင်းပြီး စနစ်တကျနဲ့ မိတ်သဟာယပြုနေတာကို နားထောင်ရင်း၊ အားကျခဲ့တယ်၊ ညီအစ်ကို ချန်ယီလောက် ကျွန်မ မိတ်သဟာယ မပြုနိုင်ဘူးလို့ တွေးမိတာပေါ့။ ညီအစ်ကိုချန်ယီ မိတ်သဟာယပြုပြီးတဲ့နောက်မှာ အထက်ခေါင်းဆောင်က ကျွန်မကို ပြောတယ်၊ “ညီမလည်း မိတ်သဟာယ မျှဝေရင် မျှဝေလေ” တဲ့။ ကျွန်မ တော်တော်စိတ်လှုပ်ရှားသွားပြီး စဉ်းစားမိတယ်၊ “ငါက စကားအဖွဲ့အနွဲ့ မကျွမ်းကျင်ဘူး။ ငါ့မိတ်သဟာယက မကောင်းရင် သူတို့က ငါ့ကို ဘယ်လိုမြင်ကြမှာလဲ။ ငါ မိတ်သဟာယ မပြုဘဲနေလိုက်တာ ကောင်းမယ်။ ဒါပေမဲ့ မမျှဝေဘူးဆိုရင်လည်း ပေးစရာ ဆင်ခြေမရှိဘူး” လို့ပေါ့။ ဒါကြောင့် ကျွန်မ အကျဉ်းချုံး မိတ်သဟာယပြုခဲ့တယ်။ ကျွန်မပြောပြီးတဲ့နောက်မှာ တခြားသူတွေဆီက ဘာတုံ့ပြန်မှုမှမရှိဘဲ အခြေအနေက အနေရခက်စရာကောင်းသွားတယ်။ အဲဒီအချိန်မှာ မြေကြီးထဲကိုပဲ တိုးဝင်သွားချင်စိတ် ပေါက်သွားပြီး အဲဒီနေရာကနေ အမြန်ဆုံး ထွက်သွားချင်ခဲ့တယ်။ အဲဒီနောက်ပိုင်း ချန်ယီနဲ့အတူတူ အလုပ်လုပ်တဲ့အခါမှာ သူ့အလုပ်မှာ သူ ဘယ်လောက် စကားပြောကောင်းပြီး ပြတ်သားသလဲဆိုတာကို ကျွန်မ မြင်ခဲ့ရတော့ ကျွန်မတို့ ပူးပေါင်းဆောင်ရွက်တဲ့အခါ ကျွန်မက စကားနည်းသွားတယ်။ တစ်ခါတလေ တစ်ခုခုပြောရင်တောင်မှ အရမ်းကို ဘောင်ခတ်ခံနေရသလို ခံစားခဲ့ရတယ်။ ကျွန်မတို့အလုပ်မှာမြင်ရတဲ့ လမ်းလွဲမှုတွေ၊ ပြဿနာတွေကိုတောင် မထောက်ပြရဲခဲ့ဘူး၊ အကြံပြုချက်ကောင်းတွေ ပေးဖို့အတွက် ကျွန်မရဲ့ အစွမ်းအစက အရမ်းညံ့ဖျင်းတယ်လို့ တွေးမိလို့လေ။ ချန်ယီနဲ့ယှဉ်ရင် ကိုယ်က အများကြီး နောက်ကျကျန်နေခဲ့ပြီး ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကောင်းကောင်းလုပ်နိုင်စွမ်း လုံးဝမရှိဘူးလို့ ခံစားခဲ့ရတယ်။ နောက်ပိုင်းမှာ ဧဝံဂေလိအလုပ်ကို အကောင်အထည်ဖော်ဖို့ အဖွဲ့တစ်ဖွဲ့ဆီ ကျွန်မသွားတဲ့အခါ ညီအစ်ကိုမောင်နှမတချို့ အခက်အခဲတွေထဲမှာ ပိတ်မိနေကြတာကို သိခဲ့ရတယ်။ အစကတော့ သူတို့ပြဿနာတွေကို ဖြေရှင်းဖို့ မိတ်သဟာယပြုပေးဖို့ ရည်ရွယ်ခဲ့ပေမဲ့ နောက်တော့ ကျွန်မစဉ်းစားမိတယ်၊ “အရင်က ဒီအဖွဲ့ကို ချန်ယီက တာဝန်ယူခဲ့တာ။ ငါ့မှာ ချန်ယီလို အစွမ်းအစလည်းမရှိဘူး၊ မိတ်သဟာယဖွဲ့နိုင်စွမ်းလည်း မရှိဘူး၊ အလုပ်လုပ်တဲ့နေရာမှာလည်း ချန်ယီလို နည်းလမ်းမရှိဘူး။ ငါမိတ်သဟာယဖွဲ့တာ မကောင်းရင် အားလုံးက ငါ့ကို ဘယ်လိုများမြင်ကြမလဲ။ ငါ မမျှဝေတာပဲ ကောင်းပါတယ်” လို့ပေါ့။ ဒီလိုတွေးမိတော့ ကျွန်မ မိတ်သဟာယ မပြုခဲ့တော့ဘူး။ အဲဒီအချိန်အတောအတွင်းမှာ ပြဿနာကြုံရတိုင်း ကျွန်မက နောက်တွန့်သွားပြီး မိတ်သဟာယပြုသင့်တဲ့အခါမှာတောင် မပြုခဲ့ဘူး၊ ဒါကြောင့် ပြဿနာတချို့က အချိန်အကြာကြီး မဖြေရှင်းဘဲ ကျန်နေခဲ့တယ်။ ဧဝံဂေလိအလုပ်က ထိခိုက်ခဲ့ပြီး ညီအစ်ကိုမောင်နှမတွေရဲ့ အခြေအနေတွေလည်း မကောင်းခဲ့ဘူး။ အဲဒီအချိန်တုန်းက ကိုယ်ဟာ အစွမ်းအစညံ့ဖျင်းပြီး ခေါင်းဆောင်တာဝန်ကို မထမ်းဆောင်နိုင်ဘူးလို့ ဆုံးဖြတ်ခဲ့တယ်၊ ပြီးတော့ ဘုရားသခင်က ဘာလို့ ကိုယ့်ကို အစွမ်းအစကောင်းတွေ မပေးခဲ့တာလဲဆိုပြီး စိတ်နှလုံးထဲမှာ ညည်းညူခဲ့တယ်။ နောက်ပိုင်းမှာ ခေါင်းဆောင်တွေက ကျွန်မကို ကူညီဖို့ မိတ်သဟာယပြုပေးခဲ့ပေမဲ့ ကျွန်မ လက်မခံနိုင်ခဲ့ဘူး၊ ကျွန်မရဲ့အခြေအနေက ပြန်ကောင်းမလာခဲ့ဘူး။ နောက်ဆုံးတော့ ကျွန်မ ဖြုတ်ချခံလိုက်ရတယ်။
တစ်နေ့မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မဖတ်ခဲ့တယ်၊ အဲဒီအခါကျမှပဲ ကိုယ့်အခြေအနေကို နည်းနည်း နားလည်လာခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “၎င်းတို့ထံ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ သူရဲဘောကြောင်သည့် လူများသည် အခက်အခဲအချို့နှင့် ကြုံရသည့်အခါ နောက်ပြန်တွန့်သွားကြသည်။ ဤသို့ အဘယ်ကြောင့် လုပ်ဆောင်ကြသနည်း။ အကြောင်းရင်းတစ်ခုမှာ ဤအရာကို ၎င်းတို့၏ သိမ်ငယ်သော စိတ်ခံစားချက်က ဖြစ်စေခြင်း ဖြစ်သည်။ ၎င်းတို့သည် သိမ်ငယ်ကြသောကြောင့် လူတို့ရှေ့ မသွားဝံ့ကြချေ။ မိမိတို့ ယူသင့်သည့် တာဝန်နှင့် ဝတ္တရားများကိုပင် မယူနိုင်ကြသကဲ့သို့ မိမိတို့၏ စွမ်းရည်နှင့် အစွမ်းအစ နယ်ပယ်အတွင်းနှင့် မိမိတို့ကိုယ်ပိုင် လူ့သဘာဝ အတွေ့အကြုံ နယ်ပယ်အတွင်းရှိ ၎င်းတို့ အမှန်တကယ် စွမ်းဆောင်ရရှိနိုင်စွမ်းရှိသည့်အရာကို တာဝန်မယူနိုင်ကြချေ။ ဤသိမ်ငယ်သော စိတ်ခံစားချက်သည် ၎င်းတို့ လူ့သဘာဝ၏ သွင်ပြင်လက္ခဏာတိုင်းကို ထိခိုက်၏။ ၎င်းတို့၏ တည်ကြည်မှုကို ထိခိုက်ပြီး ၎င်းတို့၏ ပင်ကိုစရိုက်ကိုလည်း ထိခိုက်သည်မှာ အမှန်ဖြစ်၏။ အခြားသူများအနီးတွင် ရှိချိန် ၎င်းတို့သည် မိမိတို့ ကိုယ်ပိုင် အမြင်များကို ဖော်ပြခဲကြပြီး ၎င်းတို့ကိုယ်ပိုင် ရှုထောင့်၊ သို့မဟုတ် အယူအဆအား ၎င်းတို့ ရှင်းသည်ကို တစ်ခါမျှ သင် မကြားရချေ။ ပြဿနာတစ်ခုကို ၎င်းတို့ ကြုံရသည့်အခါ စကားမပြောဝံ့ကြဘဲ ထိုအစား စဉ်ဆက်မပြတ် နောက်တွန့်ကာ နောက်ဆုတ်ကြလေသည်။ လူအနည်းငယ် ရှိသည့်အခါ ထိုသူတို့ကြားတွင် ထိုင်ရလောက်အောင် သတ္တိရှိကြသော်လည်း လူများစွာရှိသည့်အခါ အခြားသူများကြား မလာဝံ့ဘဲလျက် ထောင့်တစ်နေရာကို ရှာပြီး အလင်းရောင် မှိန်သည့်နေရာကို ဦးတည်ကြလေသည်။ တစ်စုံတစ်ရာကို ခိုင်မာစွာနှင့် တက်ကြွစွာ ပြောဆိုပြီး မိမိတို့ တွေးသည့်အရာ မှန်ကန်သည်ဟု ပြသရန် မိမိတို့ကိုယ်ပိုင် အမြင်များနှင့် အယူအဆများကို ဖော်ပြချင်သည်ဟု ၎င်းတို့ ခံစားရသည့်အခါတိုင်းတွင် ထိုသို့လုပ်ဆောင်ရန် သတ္တိပင် မရှိကြချေ။ ထိုသို့သော စိတ်ကူးများ ရှိသည့်အခါတိုင်းတွင် ၎င်းတို့၏ သိမ်ငယ်သော စိတ်ခံစားချက်သည် တစ်ပြိုင်နက် ပွင့်အံထွက်လာပြီး ‘မည်သည့်အရာကိုမျှ မပြောနှင့်။ သင်သည် မတော်ပါ။ သင်၏ အမြင်များကို မဖော်ပြနှင့်။ သင်၏ စိတ်ကူးများကို မိမိဘာသာ သိမ်းထားပါ။ သင်အမှန်တကယ် ပြောချင်သည့်အရာတစ်ခုခု သင့်စိတ်နှလုံးတွင်ရှိလျှင် ကွန်ပျူတာပေါ်တွင် မှတ်ချက်တစ်ခုသာ ပြုလုပ်ပြီး ထိုအရာကို မိမိဘာသာ ပြန်ပြောင်းစဉ်းစားပါ။ အခြား မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိုအကြောင်းကို သင်သိခွင့်ပေးရမည်မဟုတ်။ တစ်စုံတစ်ရာ သင်အမှားပြောမိလျှင် မည်သို့ ဖြစ်မည်နည်း။ ယင်းမှာ အလွန်ပင် အရှက်ရစရာ ဖြစ်လိမ့်မည်’ဟု ၎င်းတို့ကို ပြောလျက် ၎င်းတို့ကို ထိန်းချုပ်ကာ ချုပ်တည်းစေလေသည်။ ဤအသံက သင်ပြောလိုသည့် စကားများကို ပြန်မျိုသိပ်စေလျက် ဤအရာကို မလုပ်ဆောင်ရန်၊ ထိုအရာကို မလုပ်ဆောင်ရန်၊ ဤအရာကို မပြောရန်၊ ထိုအရာကို မပြောရန် သင့်ကို ပြောမြဲပြောနေသည်။ သင့်စိတ်နှလုံးတွင် အချိန်ကြာမြင့်စွာ သင် ပြန်ပြောင်းတွေးနေခဲ့သည့် သင် ပြောလိုသောအရာ တစ်စုံတစ်ခုရှိသည့်အခါ သင် နောက်ဆုတ်ကာ ထိုအရာကို မပြောဝံ့ချေ၊ သို့မဟုတ်ပါက ထိုအရာကို သင် မပြောသင့်ဟု ယုံကြည်လျက် ပြောဆိုရန် ရှက်မိပြီး သင် ပြောမိပါက အချို့သော စည်းမျဉ်းများကို ဖောက်ဖျက်မိပြီး ဖြစ်သည့်အလား၊ ဥပဒေကို ချိူးဖောက်မိပြီးဖြစ်သည့်အလား သင် ခံစားလေသည်။ တစ်နေ့တွင် သင်၏ ကိုယ်ပိုင် အမြင်များကို သင် တက်ကြွစွာ ဖော်ပြသည့်အခါ သင့်စိတ်အတွင်းနက်နက်တွင် နှိုင်းယှဉ်၍မရအောင် စိတ်အနှောင့်အယှက်ဖြစ်ပြီး မသက်မသာ ခံစားရလေသည်။ အလွန် စိတ်မသက်မသာဖြစ်သည့် ဤခံစားချက်သည် တဖြည်းဖြည်း လျော့ပါးသွားသော်လည်း သင်၏ သိမ်ငယ်သော စိတ်ခံစားချက်သည် စကားပြောလိုခြင်း၊ မိမိကိုယ်ပိုင် အမြင်များကို ဖော်ပြလိုခြင်း၊ ပုံမှန်လူတစ်ဦး ဖြစ်လိုခြင်းနှင့် အခြားလူတိုင်းနှင့်သာ တူလိုခြင်းအတွက် သင် ရှိထားသည့် စိတ်ကူးများ၊ ရည်ရွယ်ချက်များနှင့် အစီအစဉ်များကို ဖြည်းညင်းစွာ ချုပ်တည်းလိုက်လေသည်။ သင့်ကို နားမလည်သူများက သင်သည် စကားနည်းသူ၊ နှုတ်ဆိတ်သူ၊ ရှက်တတ်သည့် ပင်ကိုစရိုက်ရှိသူ၊ လူအုပ်ထဲမှ မထင်ပေါ်ချင်သူတစ်ဦးအဖြစ် ယုံကြည်လိုက်သည်။ အခြားလူများစွာရှေ့တွင် သင် စကားပြောသည့်အခါ သင်သည် ရှက်တက်တက်ဖြစ်ပြီး မျက်နှာနီမြန်းသွားသည်။ သင်သည် အတော်အတန် တသီးတသန့်နေတတ်ပြီး အမှန်တွင် သင် သိမ်ငယ်နေသည်ကို သင်တစ်ဦးသာ သိ၏။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁)) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မနားလည်ခဲ့တာက လူတွေဟာ သိမ်ငယ်စိတ်ထဲမှာ ပိတ်မိနေတဲ့အခါ ပိုကောင်းအောင် ကြိုးစားဖို့ စိတ်ပိုင်းဖြတ်ချက်မရှိဘဲ အပျက်သဘောဆောင်ပြီး စိတ်ဓာတ်ကျလာကြတယ်။ သူတို့ဟာ အားနည်းလာပြီး လုပ်သမျှအရာတိုင်းကနေ ရှောင်ဖယ်ကြတယ်၊ သူတို့ဖြည့်ဆည်းသင့်တဲ့ တာဝန်တွေနဲ့ ဝတ္တရားတွေကိုတောင် ဖြည့်ဆည်းဖို့ ပျက်ကွက်ကြတယ်။ သူတို့က ပြဿနာတွေ၊ လမ်းလွဲမှုတွေကိုမြင်ပြီး ကိုယ့်ထင်မြင်ချက်ကို ဖော်ပြချင်တယ်၊ အကြံပြုချက်တွေ ပေးချင်တယ်၊ ဒါပေမဲ့ သတ္တိမရှိကြဘူး၊ ကိုယ့်ကိုယ်ကိုယ် အရည်အချင်းမရှိဘူးလို့ ဆုံးဖြတ်ပြီး စိတ်မချမ်းမသာဖြစ်မှုထဲမှာ နစ်မွန်းနေကြတယ်။ ဒါက ကျွန်မရဲ့ အခြေအနေနဲ့ အတိအကျပါပဲ။ ငယ်ငယ်ကတည်းက အစ်မက စကားပြောကောင်းပြီး အရာရာမှာ ထိထိရောက်ရောက် လုပ်ဆောင်နိုင်တာကို မြင်ခဲ့ရတယ်၊ ကျွန်မကတော့ ကိုးယိုးကားယားနဲ့ စကားမပြောတတ်ခဲ့ဘူး။ ကျွန်မ တော်တော် သိမ်ငယ်စိတ်ဝင်ခဲ့တယ်၊ ပြီးတော့ ကိုယ့်အားနည်းချက်တွေ ထုတ်ဖော်ခံရမှာ၊ မျက်နှာပျက်မှာကို ကြောက်လို့ အခြေအနေတွေကို ရှောင်ဖို့ပဲ ခဏခဏ ရွေးချယ်ခဲ့တယ်။ ဘုရားသခင်ကို ယုံကြည်လာပြီးတဲ့နောက်မှာ၊ စကားပြောကောင်းပြီး အလုပ်မှာ ပြတ်သားတဲ့သူတွေနဲ့အတူ ကိုယ့်တာဝန်ကို ထမ်းဆောင်တဲ့အခါမှာ၊ ကျွန်မ တော်တော်လေး မတက်ကြွဖြစ်လာခဲ့တယ်။ ကျွန်မက အစွမ်းအစ ညံ့ဖျင်းပြီး အလုပ်ကို တာဝန်မယူနိုင်ဘူးလို့ ဆုံးဖြတ်ခဲ့တယ်၊ ပြီးတော့ သိမ်ငယ်စိတ်တွေနဲ့ အသက်ရှင်ခဲ့တယ်။ မိတ်သဟာယပြုသင့်တဲ့အခါမှာတောင် မပြုရဲခဲ့ဘူး၊ ကျွန်မ မျှဝေသင့်တဲ့ ထင်မြင်ချက်တွေကို ပြောတော့မယ့်အချိန်မှာပဲ ပြန်မျိုသိပ်ခဲ့ရတာတွေလည်း ခဏခဏပဲ။ ချန်ယီနဲ့ အလုပ်လုပ်ခဲ့တဲ့အချိန်ကို ဆင်ခြင်သုံးသပ်ကြည့်တော့ ဧဝံဂေလိအလုပ်မှာ ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲ ဆွေးနွေးတဲ့အခါ အစက ကျွန်မမှာ အကြံဉာဏ်တချို့ရှိခဲ့တယ်၊ ဒါပေမဲ့ သူဘယ်လောက် စကားပြောကောင်းလဲဆိုတာကို မြင်တော့ ကိုယ့်ကိုယ်ကိုယ် မလုံလောက်ဘူးလို့ ခံစားပြီး မမျှဝေချင်ခဲ့ဘူး။ ကျွန်မက အလုပ်ထဲက ပြဿနာတချို့ကို ဖော်ထုတ်နိုင်ခဲ့ပြီး အဲဒါတွေကို ထုတ်ဖော်ပြောချင်ခဲ့ပေမဲ့၊ ဒါပေမဲ့ ကိုယ့်စကားပြောစွမ်းရည်က သူ့လောက်မကောင်းဘူးလို့ တွေးပြီးတော့ အတော်ကြာ စဉ်းစားပြီးတဲ့နောက်မှာ ကိုယ့်အမြင်တွေကို မဖော်ပြဘဲ နေလိုက်တော့တယ်။ ကျွန်မ အသင်းတော်ကို အလုပ်အကောင်အထည်ဖော်ဖို့ သွားခဲ့ပြီး ပြဿနာတွေ သတိပြုမိတဲ့အခါမှာလည်း အဲဒါတွေကို ဖြေရှင်းဖို့ မိတ်သဟာယ မပြုခဲ့ဘူး၊ ရလဒ်အနေနဲ့ အလုပ်မှာ တိုးတက်မှုမရှိခဲ့ဘူး။ ကျွန်မက သိမ်ငယ်စိတ်နဲ့ အမြဲတမ်း အသက်ရှင်နေခဲ့ပြီး ကျွန်မရဲ့အခြေအနေက ပိုပိုပြီး ဆိုးလာခဲ့တယ်။ ကျွန်မ ထမ်းဆောင်သင့်တဲ့ တာဝန်တွေကို ကောင်းကောင်း မဖြည့်ဆည်းနိုင်ခဲ့ဘဲ လုံးဝ အသုံးမကျဘူးလို့ ခံစားခဲ့ရတယ်။ ကိုယ့်အသက်တာပဲ ထိခိုက်ခဲ့တာမဟုတ်ဘူး၊ ကိုယ့်တာဝန်ကိုလည်း နှောင့်နှေးစေခဲ့တယ်။ ပြဿနာရဲ့ကြီးမားမှုကို သဘောပေါက်တော့ ဒီအခြေအနေကို အမြန်ဆုံး ပြန်ပြောင်းချင်ခဲ့တယ်။
ဝတ်ပြုခြင်းတစ်ခုမှာ ကိုယ့်မှာ အစွမ်းအစညံ့ဖျင်းတယ်လို့ ခံစားရတဲ့အကြောင်းရင်းဟာ ကိုယ့်စကားပြောစွမ်းရည်မရှိတဲ့အပေါ် တခြားသူတွေရဲ့ ထင်မြင်ချက်တွေ လွှမ်းမိုးခံရလို့ဖြစ်ပြီး ဘုရားနှုတ်ကပတ်တော်အပေါ်အခြေခံပြီး အမှုအရာတွေကို မရှုမြင်နိုင်ခဲ့လို့ ဖြစ်တယ်ဆိုတာ သဘောပေါက်ခဲ့တယ်။ ဒါဆိုရင် လူတစ်ယောက်ရဲ့ အစွမ်းအစက ကောင်းလား၊ မကောင်းလားဆိုတာကို ဘယ်လိုတိုင်းတာသင့်သလဲ။ ဒီလက္ခဏာသွင်ပြင်နဲ့ပတ်သက်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မရှာဖွေခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ထို့ကြောင့် သင့်ကိုယ်သင် မည်သို့ မှန်ကန်တိကျစွာ အကဲဖြတ်ပြီး သိမြင်ကာ သိမ်ငယ်သော စိတ်ခံစားချက်မှ ရုန်းထွက်လွတ်မြောက်နိုင်မည်နည်း။ မိမိကိုယ်ကို သိကျွမ်းခြင်း၊ သင်၏ လူ့သဘာဝ၊ အစွမ်းအစနှင့် ပါရမီတို့က မည်ကဲ့သို့ရှိပြီး မည်သည့် အားသာချက်များ သင်၌ ရှိသည်ဆိုသည်တို့ကို သိရှိအောင်လုပ်ခြင်းအတွက် အခြေခံအုတ်မြစ်အဖြစ် ဘုရားနှုတ်ကပတ်တော်များကို သင် ခံယူသင့်သည်။ ဥပမာအားဖြင့် သင်သည် သီချင်းဆိုခြင်းကို နှစ်သက်လေ့ရှိပြီး ကောင်းစွာ သီဆိုသော်လည်း သင်သည် ဂီတသံစဉ် အတက်အကျ ခွဲခြားနိုင်စွမ်း မရှိကြောင်းနှင့် သင်၏ သီဆိုခြင်းသည် ကီးမကိုက်ကြောင်း ပြောလျက် သင့်ကို လူအချို့က ဝေဖန်မြဲဝေဖန်ကာ သေးသိမ်စေသောကြောင့် ယခု သင်သည် ကောင်းစွာ သီချင်းဆိုနိုင်ခြင်းမရှိဟု ခံစားရပြီး အခြားသူများရှေ့တွင် ထိုသို့မလုပ်ဆောင်ဝံ့တော့ဟု ဆိုပါစို့။ ထိုလောကီဆန်သည့်လူစု၊ ထိုနားဝေတိမ်တောင်ဖြစ်သော လူများနှင့် သာမညောင်ည လူများက သင်နှင့်ပတ်သက်၍ မှန်ကန်တိကျမှုမရှိသော အကဲဖြတ်ချက်များနှင့် ဝေဖန်သုံးသပ်မှုများကို ပြုလုပ်သောကြောင့် သင်၏ လူ့သဘာဝက ရထိုက်သည့် လုပ်ပိုင်ခွင့်များသည် လျော့ကျကာ သင်၏ ပါရမီသည် ချုပ်ထိန်းခြင်း ခံခဲ့ရသည်။ အကျိုးဆက်အနေဖြင့် သင်သည် သီချင်းတစ်ပုဒ်ကိုပင် မဆိုဝံ့သကဲ့သို့ မိမိတစ်ဦးတည်း ရှိသည့်အခါတွင်သာ သင်သည် သီချင်းအော်ဆိုပြီး လက်လွှတ်ဖို့ သတ္တိရှိလေသည်။ ယေဘုယျအားဖြင့် သင်သည် ဆိုးဆိုးရွားရွား သိုသိပ်ချုပ်တည်းထားသောကြောင့် သင်တစ်ဦးတည်း မဟုတ်သည့်အခါ သီချင်း မဆိုဝံ့ချေ။ တစ်ဦးတည်း ရှိသည့်အခါတွင်သာ သင်သည် ကျယ်ကျယ်နှင့် ကြည်လင်စွာ သီချင်းဆိုနိုင်သည့်အချိန်ကို မွေ့လျော်ရင်း သီချင်း ဆိုဝံ့ပြီး ယင်းမှာ ကောင်းလိုက်သည့်၊ လွတ်မြောက်လိုက်သည့် အချိန်ပါတကား။ ထိုသို့ ဖြစ်သည် မဟုတ်လော။ သင့်ကို လူတို့လုပ်ဆောင်သည့် ထိခိုက်နစ်နာမှုကြောင့်၊ သင် အမှန်တကယ် လုပ်ဆောင်နိုင်သည့်အရာက မည်သည့်အရာ ဖြစ်သည်၊ မည်သည့်အရာတွင် သင် တော်ပြီး မည်သည့်အရာတွင် မတော်သည်ဆိုသည်တို့ကို သင် ရှင်းလင်းစွာ မသိ၊ မမြင်နိုင်ချေ။ ဤအခြေအနေမျိုးတွင် သင်သည် မှန်ကန်သည့် အကဲဖြတ်မှု ပြုလုပ်ပြီး ဘုရားနှုတ်ကပတ်တော်များအတိုင်း သင့်ကိုယ်သင် မှန်မှန်ကန်ကန် နှိုင်းဆချင့်ချိန်ရမည်ဖြစ်သည်။ သင် သိရှိပြီးသည့်အရာနှင့် သင်၏ အားသာချက်များ တည်ရှိသည့်နေရာကို သင် သတ်မှတ်သင့်ပြီး သင် လုပ်နိုင်သည့် မည်သည့်အရာကိုမဆို သွား၍ လုပ်ဆောင်သင့်သည်။ သင် မလုပ်နိုင်သည့် အရာများ၊ သင်၏ အားနည်းချက်များနှင့် ချို့တဲ့ခြင်းများအတွက်မူ ထိုအရာများကို သင် ဆင်ခြင်သုံးသပ်ကာ သိသင့်ပြီး သင်၏ အစွမ်းအစက မည်သည့်အရာနှင့်တူသည်ဆိုသည်ကိုလည်းကောင်း ထိုအရာက ကောင်းခြင်း၊ ဆိုးခြင်း ရှိမရှိဆိုသည်ကိုလည်းကောင်း မှန်ကန်တိကျစွာ အကဲဖြတ်ပြီး သိရှိသင့်သည်။ သင်၏ ကိုယ်ပိုင် ပြဿနာများအပေါ် နားမလည်နိုင်လျှင်ဖြစ်စေ၊ ရှင်းလင်းသည့် သိမြင်မှု မရရှိနိုင်လျှင်ဖြစ်စေ သင့်အနီးအနားရှိ သိနားလည်မှုရှိသည့်လူများကို သင့်အပေါ် အကဲဖြတ်ချက်ပြုလုပ်ရန် တောင်းဆိုသင့်သည်။ ၎င်းတို့ ပြောဆိုသည့်အရာ မှန်ကန်တိကျခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သင့်အဖို့ ကိုးကားရန် အနည်းဆုံးအနေဖြင့် တစ်စုံတစ်ခုကို သင့်အား ပေးမည်ဖြစ်ပြီး မိမိကိုယ်ကို အခြေခံကျသော အကဲဖြတ်ချက် သို့မဟုတ် သရုပ်ဖော်ခြင်းတစ်ခု ရရှိဖို့ သင့်ကို ထောက်ကူပေးမည်ဖြစ်သည်။ ထိုအခါ သင်သည် သိမ်ငယ်သော အပျက်သဘောဆောင်သည့် စိတ်ခံစားချက်နှင့်ဆိုင်သော ပဓာနကျသည့် ပြဿနာကို ဖြေရှင်းနိုင်ပြီး ထိုအရာများမှ တဖြည်းဖြည်း လွတ်လာလိမ့်မည်။ သိမ်ငယ်သော စိတ်ခံစားချက်ကို ပိုင်းခြားသိမြင်နိုင်ကာ ယင်းကို သတိပြုမိကာ သမ္မာတရားကို ရှာဖွေပါက ယင်းကို ဖြေရှင်းရန် လွယ်ကူ၏။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁)) “လူတို့၏ အစွမ်းအစများကို ငါတို့ မည်သို့ တိုင်းတာကြသနည်း။ ဤအရာကို လုပ်ဆောင်ရန် သင့်လျော်သည့် နည်းလမ်းမှာ သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားနှင့် သမ္မာတရားကို ၎င်းတို့ သဘောပေါက်နားလည်နိုင်ခြင်း ရှိမရှိ ဟူသည်တို့ကို ကြည့်ခြင်းအားဖြင့် ဖြစ်သည်။ လူအချို့သည် အထူးပြုပညာအချို့ကို အလွန်မြန်ဆန်စွာ သင်ယူနိုင်ကြသော်လည်း သမ္မာတရားကို ကြားသည့်အခါ ၎င်းတို့ မရှင်းမလင်း ဖြစ်လာကာ ငိုက်မြည်းသွားကြသည်။ ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့သည် နားဝေတိမ်တောင် ဖြစ်လာကြသည်၊ ၎င်းတို့ ကြားသည့်မည်သည့်အရာကိုမျှ နားမဝင်သကဲ့သို့ ကြားနေသည့်အရာကို နားလည်းမလည်ကြပေ။ ယင်းမှာ ညံ့ဖျင်းသည့် အစွမ်းအစ ဟူသည့်အရာဖြစ်သည်။ လူအချို့နှင့်ပတ်သက်၍ ၎င်းတို့တွင် ညံ့ဖျင်းသည့် အစွမ်းအစ ရှိကြောင်းကို ၎င်းတို့အား သင် ပြောပြသည့်အခါ လက်မခံကြပေ။ အလွန် ပညာတတ်ပြီး နှံ့စပ်ခြင်းက ၎င်းတို့အနေဖြင့် အစွမ်းအစကောင်း ရှိသည့်သဘော ဖြစ်သည်ဟု ၎င်းတို့ တွေးထင်ကြသည်။ ကောင်းမွန်သည့် ပညာရေးက မြင့်မားသည့် အစွမ်းအစကို ပြသသလော။ မပြသပေ။ လူတို့၏ အစွမ်းအစကို မည်သို့ တိုင်းတာသင့်သနည်း။ ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားကို ၎င်းတို့ သဘောပေါက်နားလည်သည့် ပမာဏပေါ် အခြေခံ၍ တိုင်းတာသင့်ပေသည်။ ဤသည်မှာ ထိုအရာကို လုပ်ဆောင်ခြင်းနှင့်ဆိုင်၍ အတိကျအမှန်ကန်ဆုံးသော နည်းလမ်းဖြစ်သည်။ လူအချို့သည် ကျလောက်အောင် အပြောကောင်းကြသည်၊ ဉာဏ်ထက်ကြပြီး အခြားလူတို့ကို ကိုင်တွယ်ရာတွင် အထူးသဖြင့် ကျွမ်းကျင်ကြသည်။ သို့သော် တရားဒေသနာများကို နားထောင်ကြသည့်အခါ မည်သည့်အရာကိုမျှ ၎င်းတို့ လုံးဝ နားမလည်နိုင်ကြသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါ ယင်းတို့ကို သဘောပေါက်နားလည်ခြင်း မရှိကြချေ။ ၎င်းတို့၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်အကြောင်းကို ၎င်းတို့ ပြောဆိုသည့်အခါ လူသစ်လေးများသာ ဖြစ်သည်ကို မိမိတို့ကိုယ်ကို ထုတ်ဖော်ကာ ၎င်းတို့တွင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုမရှိကြောင်း အခြားသူတို့အား ထင်မြင်စေလျက် စကားများနှင့် အယူဝါဒများကို အမြဲ ပြောဆိုကြလေသည်။ ဤလူများသည် ညံ့ဖျင်းသည့် အစွမ်းအစရှိသည့် လူများ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို နားလည်သဘောပေါက်ခြင်းသည် မိမိ၏ တာဝန်ကို ကောင်းစွာ ဖြည့်ဆည်းရန် အရေးကြီးဆုံးဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မတွေ့ခဲ့တာက လူတစ်ယောက်ရဲ့ အစွမ်းအစကို တိုင်းတာတာက အဓိကအားဖြင့် သူတို့က သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း ရှိမရှိ၊ ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့် ကိုယ့်ကိုယ်ကိုယ်သိပြီး ဘုရားရဲ့ရည်ရွယ်ချက်တွေကို နားလည်နိုင်စွမ်း ရှိမရှိ၊ ပြီးတော့ လက်တွေ့ဘဝအခြေအနေတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ဘုရားနှုတ်ကပတ်တော်တွေအပေါ်အခြေခံပြီး လက်တွေ့လုပ်ဆောင်ရမယ့် လမ်းကြောင်းတွေကို ရှာတွေ့နိုင်စွမ်း ရှိမရှိအပေါ်မှာ မူတည်တယ်ဆိုတာပဲ။ အစွမ်းအစကောင်းတဲ့သူတွေဟာ ဘုရားနှုတ်ကပတ်တော်ကို ကြားပြီးတဲ့နောက်မှာ စည်းမျဉ်းတွေနဲ့ အဓိကအချက်တွေကို နားလည်သဘောပေါက်နိုင်ကြတယ်၊ စကားလုံးတချို့ ဒါမှမဟုတ် စည်းမျဉ်းစည်းကမ်းတချို့ကို နားလည်ရုံသက်သက် မဟုတ်ဘူး။ သူတို့ကြုံတွေ့ရတဲ့ အခြေအနေတွေအတွက် သူတို့မှာ ကိုယ်ပိုင်အမြင်တွေ၊ ထင်မြင်ချက်တွေနဲ့ ဖြေရှင်းနည်းတွေရှိပြီး ဘုရားနှုတ်ကပတ်တော်အတိုင်း လမ်းလွဲခြင်းမရှိဘဲ တိတိကျကျ လက်တွေ့လုပ်ဆောင်နိုင်ကြတယ်။ ဒါပေမဲ့ ကျွန်မကတော့ အစွမ်းအစကောင်းတဲ့သူတွေဆိုတာ စကားပြောကောင်းပြီး အလုပ်မှာ ပြတ်သားတဲ့သူတွေပဲလို့ ယုံကြည်ခဲ့တယ်။ ကိုယ့်ရဲ့ဖော်ပြနိုင်စွမ်းက ညံ့ဖျင်းပြီး အလုပ်မှာ ပြတ်သားမှုမရှိဘူးလို့ ခံစားရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် အစွမ်းအစနိမ့်ကျတယ်လို့ သတ်မှတ်ခဲ့ပြီး သိမ်ငယ်စိတ်နဲ့ အပျက်သဘောဆောင်တဲ့ အခြေအနေထဲမှာ ပိတ်မိနေရင်း ကိုယ့်ကိုယ်ကိုယ် အရည်အချင်းမရှိဘူးလို့ ဆုံးဖြတ်ခဲ့တယ်။ အခုမှပဲ ဒီကိစ္စတွေအပေါ် ကျွန်မရဲ့အမြင်တွေက မှားယွင်းခဲ့တယ်ဆိုတာကို သဘောပေါက်ခဲ့တယ်။ ရှင်ပေါလုအကြောင်း ကျွန်မစဉ်းစားမိတယ်၊ သူက ဆုကျေးဇူးတွေရှိတယ်၊ စကားပြောကောင်းတယ်၊ ဥရောပတိုက်တစ်လျှောက် ဧဝံဂေလိတရားကို ဟောပြောခဲ့ပြီး ဩဝါဒစာတွေအများကြီး ရေးခဲ့ပေမဲ့ သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း မရှိခဲ့ဘူး။ သူ့မှာ သခင်ယေရှုအပေါ် နားလည်မှုမရှိခဲ့သလို ကိုယ့်ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားအပေါ်မှာလည်း တကယ့်အသိပညာ မရှိခဲ့ဘူး။ သူက ဝိညာဉ်ရေးရာ အယူဝါဒတွေ အများကြီး ပြောတတ်ရုံပဲ သိခဲ့ပြီး၊ သူ့အတွက် အသက်ရှင်ခြင်းဟာ ခရစ်တော်ပဲလို့ မျက်နှာပြောင်တိုက်ပြီး သက်သေခံခဲ့တယ်၊ နောက်ဆုံးမှာတော့ သူ့ကို ဘုရားသခင်က ဖယ်ရှားရှင်းလင်းခဲ့တယ်။ ဒါက သူဟာ အစွမ်းအစကောင်းတဲ့သူတစ်ယောက် မဟုတ်ဘူးဆိုတာကို ပြနေတယ်။ ကျွန်မရဲ့ ကိုယ်ပိုင်အစွမ်းအစအပေါ် အကဲဖြတ်မှုက သမ္မာတရား စည်းမျဉ်းတွေပေါ်မှာ အခြေမခံခဲ့ဘဲ၊ ကိုယ့်ရဲ့အယူအဆတွေနဲ့ စိတ်ကူးစိတ်သန်းတွေအပေါ်မှာပဲ အခြေခံခဲ့တာ၊ ဒါကြောင့် မှန်ကန်တိကျမှုမရှိခဲ့ဘူး။ အခု ပြန်ကြည့်လိုက်တော့ ကျွန်မက ဘုရားနှုတ်ကပတ်တော်တွေကို သဘောပေါက်နိုင်ခဲ့ပြီး အဲဒါတွေနဲ့အညီ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး နားလည်နိုင်ခဲ့တယ်။ အလုပ်ထဲက ပြဿနာတချို့နဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ အခြေအနေတွေကိုလည်း သိမြင်နိုင်ခဲ့တယ်၊ ဒီပြဿနာတွေကို ဖြေရှင်းဖို့ ဘယ်လိုမိတ်သဟာယပြုရမလဲဆိုတာကို သိခဲ့တယ်၊ ပြီးတော့ ဘုရားနှုတ်ကပတ်တော်တွေထဲမှာ လက်တွေ့လုပ်ဆောင်ရမယ့် လမ်းကြောင်းတချို့ကိုလည်း ရှာတွေ့နိုင်ခဲ့တယ်။ ကျွန်မရဲ့ အလုပ်လုပ်နိုင်စွမ်းက နည်းနည်းညံ့ဖျင်းပြီး စကားပြောစွမ်းရည်က သိပ်မကောင်းပေမဲ့ ကျွန်မက စိတ်နှစ်ပြီး ပူးပေါင်းဆောင်ရွက်တဲ့အခါ၊ ကိုယ့်အခန်းကဏ္ဍကို အပြည့်အဝ ပါဝင်တဲ့အခါ ကိုယ့်တာဝန်ကို ထမ်းဆောင်ရာမှာ ရလဒ်တချို့ ရရှိနိုင်ခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေကလည်း ကျွန်မရဲ့အစွမ်းအစက သာမန်ပဲ၊ ဒါပေမဲ့ ဘုရားနှုတ်ကပတ်တော်ကို သဘောပေါက်နိုင်တယ်လို့ အကဲဖြတ်ခဲ့ကြတယ်။ သူတို့လေ့လာတွေ့ရှိတာက အခြေအနေတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကျွန်မက ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး သင်ခန်းစာယူဖို့ အာရုံစိုက်တယ်၊ ပိုင်းခြားသိမြင်နိုင်စွမ်းလည်း နည်းနည်းရှိတယ်တဲ့။ ပြီးတော့ အလုပ်တစ်ခုကို တာဝန်ပေးလိုက်တဲ့အခါ ကျွန်မက လုံ့လရှိရှိ ပူးပေါင်းဆောင်ရွက်ပြီး ရလဒ်တချို့ ရရှိအောင် လုပ်နိုင်ခဲ့တယ်တဲ့။ ဒါကို ဆင်ခြင်သုံးသပ်ကြည့်တော့ ကိုယ့်ကိုယ်ကိုယ် မှန်မှန်ကန်ကန် ရှုမြင်နိုင်ခဲ့တယ်။ ကျွန်မက သိမ်ငယ်စိတ်ရဲ့ ချည်နှောင်ခံရပြီး ဘောင်ခတ်ခံခဲ့ရလို့ ကိုယ့်အားနည်းချက်တွေကို မှန်မှန်ကန်ကန် မမြင်နိုင်ခဲ့ဘူး။ ကိုယ့်ကိုယ်ကိုယ် အစွမ်းအစညံ့ဖျင်းပြီး အလုပ်ကို တာဝန်မယူနိုင်ဘူးလို့ မျက်စိစုံမှိတ်ပြီး ဆုံးဖြတ်ခဲ့တယ်၊ အဲဒီအခြေအနေနဲ့ အသက်ရှင်နေရင်း ကိုယ်ပါဝင်သင့်တဲ့ အခန်းကဏ္ဍမှာ မပါဝင်နိုင်ခဲ့ဘူး၊ ပြီးတော့ ကိုယ့်တာဝန်ကို ထမ်းဆောင်ရာမှာ အသုံးမကျတဲ့သူလိုမျိုး ဘာမှထူးခြားအောင် မလုပ်နိုင်ခဲ့ဘူး။ ကိုယ့်တာဝန်ကို ဆုံးရှုံးမှုတွေ ဖြစ်စေခဲ့တဲ့အတွက် နောင်တမရတဲ့အပြင် ဘုရားသခင်က ကိုယ့်ကို အစွမ်းအစကောင်းတွေ မပေးခဲ့ဘူးလို့တောင် ညည်းညူခဲ့တယ်။ ကိုယ့်တာဝန်ကို အပျက်သဘောနဲ့ ပေါ့ပေါ့ဆဆ ကိုင်တွယ်ခဲ့တယ်။ ကျွန်မ တကယ်ကို ပုန်ကန်ခဲ့တာပဲ။ တကယ်တော့ ဘုရားသခင်ပေးခဲ့တဲ့ အစွမ်းအစက လုံလောက်ပါတယ်။ ကျွန်မ သိမ်ငယ်စိတ်နဲ့ ဆက်အသက်ရှင်လို့ မဖြစ်တော့ဘူး။ ဘုရားသခင်ဆီမှာ ကျွန်မ နောင်တရဖို့ လိုခဲ့တယ်၊ ကိုယ့်တာဝန်မှာ စည်းမျဉ်းတွေကို ရှာဖွေဖို့ အာရုံစိုက်ပြီး ညီအစ်ကိုမောင်နှမတွေနဲ့ သဟဇာတရှိရှိ လက်တွဲလုပ်ဆောင်ရမယ်။ ကိုယ့်ရဲ့ အမြင်တွေကို မျှဝေဖို့ လိုအပ်တဲ့အခါမှာ ကျွန်မ နားလည်သလောက် မျှဝေသင့်တယ်။ ကိုယ့်ကို ဘုရားသခင် ပေးထားတဲ့အရာကို ထုတ်ဖော်ပြသဖို့ လိုအပ်တယ်။ ကိုယ့်ရဲ့ဝေမျှမှုမှာ အားနည်းချက်တွေ ရှိခဲ့ရင်တောင် နောက်ပိုင်းမှာ ပြဿနာတွေကို ပြန်သုံးသပ်လို့ရတယ်။ ဘုရားသခင် စိတ်ပျက်စေအောင် အပျက်သဘောဆောင်လို့ မဖြစ်ဘူး၊ ပေါ့ဆလို့မဖြစ်ဘူး။ နောက်ပိုင်းမှာ အသင်းတော်က ကျွန်မကို အသင်းတော်ရဲ့ သန့်စင်ရေးအလုပ်မှာ ခေါင်းဆောင်တွေကို ကူညီဖို့ စီစဉ်ခဲ့တယ်။ ကျွန်မမှာ အားနည်းချက်တွေ အများကြီးရှိပေမဲ့ ကိုယ့်အစွမ်းအစညံ့ဖျင်းမှုကြောင့် ဘောင်ခတ်မခံရတော့ဘူး။
နောက်ပိုင်းမှာ တခြားသူတွေက ကိုယ့်ထက် စကားပြောကောင်းပြီး အလုပ်လုပ်နိုင်စွမ်း ပိုကောင်းတာကို မြင်တဲ့အခါ ဘာလို့ သိမ်ငယ်စိတ်ဝင်ရသလဲဆိုတာကို ကျွန်မ ဆင်ခြင်သုံးသပ်ခဲ့တယ်။ ဒီထဲမှာ ဘယ်လို ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ ပါဝင်နေသလဲ။ တစ်နေ့မှာ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မဖတ်ခဲ့တယ်။ “အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့က ၎င်းတို့၏ အသက်ဖြစ်သည့်အပြင် ၎င်းတို့အသက်တာတစ်လျှောက် ၎င်းတို့ လိုက်စားသည့် ပန်းတိုင်ဖြစ်သည်။ ၎င်းတို့လုပ်သမျှ အရာအားလုံး၌ ၎င်းတို့၏ ပထမဆုံး ထည့်တွက် စဉ်းစားသည့်အချက်က ‘ငါ၏အဆင့်အတန်းက ဘာဖြစ်သွားမည်နည်း။ ငါ၏ဂုဏ်သတင်းကရော ဘာဖြစ်သွားမည်နည်း။ ဤအရာကို လုပ်ဆောင်ခြင်းက ငါ့ကို ကောင်းသော ဂုဏ်သတင်းရစေမည်လော။ ယင်းက လူများ၏စိတ်များထဲရှိ ငါ၏အဆင့်အတန်းကို မြှင့်တင်ပေးမည်လော’ ဖြစ်၏။ ယင်းမှာ ၎င်းတို့ ပထမဆုံးတွေးသည့် အရာဖြစ်သည်၊ ယင်းက ၎င်းတို့၌ အန္တိခရစ်များ၏ စိတ်သဘောထားနှင့် အနှစ်သာရတို့ ရှိခြင်း၏ လုံလောက်သော သက်သေဖြစ်ပြီး ဤအကြောင်းကြောင့်ပင် ၎င်းတို့သည် အမှုအရာများကို ဤနည်းဖြင့် စဉ်းစားကြခြင်း ဖြစ်သည်။ အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့က ၎င်းတို့အတွက် မရှိလည်း နေနိုင်သည့် အပြင်ပန်းအရာများဖြစ်ရန် မဆိုထားနှင့်၊ အပိုဆောင်း လိုအပ်ချက်တစ်ခု မဟုတ်ဟု ဆိုနိုင်ပေသည်။ ယင်းတို့သည် အန္တိခရစ်တို့ သဘာဝ၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်၊ ယင်းတို့က ၎င်းတို့၏အရိုးများ၊ ၎င်းတို့၏ သွေးများထဲတွင် ရှိနေသည်၊ ယင်းတို့က ၎င်းတို့အတွက် မွေးရာပါ ဖြစ်သည်။ အန္တိခရစ်များက ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို ၎င်းတို့ပိုင်ဆိုင်ခြင်းရှိမရှိနှင့်ပတ်သက်၍ ဂရုမစိုက်ခြင်း မဟုတ်ပေ။ ဤသည်မှာ ၎င်းတို့၏ သဘောထား မဟုတ်ပေ။ သို့ဆိုလျှင် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သည် ၎င်းတို့၏ နေ့စဉ် အသက်တာများ၊ ၎င်းတို့၏ နေ့စဉ် အခြေအနေ၊ ၎င်းတို့စွမ်းဆောင်ရရှိဖို့ နေ့စဉ် လိုက်စားသည့် အရာတို့နှင့် အတွင်းကျကျ ဆက်နွှယ်နေသည်။ အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သည် ၎င်းတို့၏ အသက် ဖြစ်သည်။ ၎င်းတို့ မည်သို့အသက်ရှင်နေထိုင်ပါစေ၊ ၎င်းတို့သည် မည်သည့်ပတ်ဝန်းကျင်တွင် အသက်ရှင်နေထိုင်ပါစေ၊ မည်သည့်အလုပ်ကို ၎င်းတို့လုပ်ပါစေ၊ မည်သည့်အရာကို ၎င်းတို့ လိုက်စားပါစေ၊ ၎င်းတို့၏ ပန်းတိုင်များက မည်သည့်အရာ ဖြစ်ပါစေ၊ ၎င်းတို့ဘဝ၏ ဦးတည်ချက်က မည်သည့်အရာဖြစ်ပါစေ ထိုအရာအားလုံးသည် ကောင်းမွန်သော ဂုဏ်သတင်းနှင့် မြင့်မားသောအဆင့်အတန်းရှိခြင်းကို ဗဟိုပြုထားသည်။ ပြီးလျှင် ဤရည်ရွယ်ချက်သည် မပြောင်းလဲပေ။ ၎င်းတို့သည် ထိုသို့သောအရာများကို မည်သည့်အခါမျှ ဘေးဖယ်မထားနိုင်ပေ။ ဤသည်မှာ အန္တိခရစ်များ၏ စစ်မှန်သော ရုပ်သွင်နှင့် အနှစ်သာရတို့ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃)) အန္တိခရစ်တွေဟာ သူတို့ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို အထူးတလည် တန်ဖိုးထားကြမှန်း ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မနားလည်ခဲ့တယ်။ သူတို့ရဲ့ နေ့စဉ်အသက်ရှင်မှု အခြေအနေတွေနဲ့ လိုက်စားမှုတွေအားလုံးဟာ ဂုဏ်သတင်းနဲ့ အဆင့်အတန်းနဲ့ သက်ဆိုင်တယ်။ ဘယ်အချိန်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် သူတို့က ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို လိုက်စားတာကို ဘယ်တော့မှ လက်မလွှတ်ဘူး။ ကျွန်မကလည်း အတူတူပဲဖြစ်ခဲ့တယ်ဆိုတာကို ဆင်ခြင်သုံးသပ်ခဲ့တယ်။ ကိုယ့်တာဝန်ကို စထမ်းဆောင်ကတည်းက တခြားသူတွေက အလုပ်ကို ပြတ်ပြတ်သားသား လုပ်ဆောင်ပြီး ကျွမ်းကျွမ်းကျင်ကျင် မိတ်သဟာယပြုတာကို မြင်ရတဲ့အခါတိုင်း သူတို့ထက် ကိုယ်က ညံ့တယ်လို့ ခံစားခဲ့ရတယ်။ ဒါကြောင့် သိမ်ငယ်စိတ်နဲ့ နေထိုင်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် အပျက်သဘောနဲ့ ကန့်သတ်ခဲ့တယ်။ ကိုယ့်ရဲ့မပြည့်စုံမှုတွေ ဖော်ထုတ်ခံရမှာနဲ့ မျက်နှာပျက်ရမှာကို ကြောက်ခဲ့တယ်၊ ပြီးတော့ တာဝန်တွေကို ပူးပေါင်းဆောင်ရွက်ရာမှာ ဘယ်လို တက်ကြွတဲ့သဘောထားမှ မရှိခဲ့ဘူး။ ကျွန်မက “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏” နဲ့၊ “သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်ာ” ဆိုတဲ့ စာတန်ဆန်တဲ့ အဆိပ်အတောက်တွေအတိုင်း အသက်ရှင်နေခဲ့တယ်။ တခြားသူတွေရဲ့ ထင်မြင်ချက်ကို အရမ်း ဂရုစိုက်ခဲ့တယ်။ ချန်ယီနဲ့ အလုပ်လုပ်တဲ့အခါ သူက ကိုယ့်ထက် အရာရာမှာ ပိုသာတာကိုမြင်တော့ အထင်သေးခံရမှာကို ကြောက်ခဲ့တယ်။ စုဝေးပွဲတွေမှာ ဖြစ်နိုင်သလောက် နည်းနည်းပဲ မိတ်သဟာယပြုဖို့ ဒါမှမဟုတ် လုံးဝ မိတ်သဟာယမပြုဖို့ ကြိုးစားခဲ့တယ်။ အလုပ်မှာ အချိန်မီဖြေရှင်းဖို့ လိုအပ်တဲ့ လမ်းလွဲမှုတွေ၊ ပြဿနာတွေကို သတိထားမိတဲ့အခါမှာတောင် ကိုယ့်မိတ်သဟာယက ချန်ယီလောက် မကောင်းမှာနဲ့ ကိုယ့်ကို လူတွေ မကောင်းမြင်သွားမှာကို ကြောက်လို့ အဲဒီအကြောင်း မိတ်သဟာယမပြုဘဲ နေခဲ့တယ်။ အသင်းတော်ခေါင်းဆောင်တစ်ယောက်အနေနဲ့ အသင်းတော်အလုပ်ကို အာရုံစိုက်ရမဲ့အစား ကိုယ့်ရဲ့မာန ထိခိုက်မလားဆိုတာကိုပဲ စိုးရိမ်ခဲ့တယ်။ ပြဿနာတွေတွေ့တဲ့အခါ ဘေးဖယ်ထားပြီး ချက်ချင်းမကိုင်တွယ်ခဲ့ဘူး၊ ဒါကြောင့် အလုပ်တွေ နှောင့်နှေးခဲ့ရတယ်။ ကျွန်မ တကယ်ကို တစ်ကိုယ်ကောင်းဆန်ခဲ့တာပဲ။ ဘုရားသခင်က ကျွန်မကို သမ္မာတရားကို လိုက်စားနိုင်ဖို့၊ ကိုယ့်ရဲ့ အခန်းကဏ္ဍကို အပြည့်အဝ ပါဝင်ထမ်းဆောင်ပြီး အသင်းတော်ရဲ့ အလုပ်ကို ထိန်းသိမ်းနိုင်ဖို့အတွက် ခေါင်းဆောင်တစ်ယောက်ရဲ့ တာဝန်ထမ်းဆောင်ဖို့ ချီးမြှောက်ပေးခဲ့တယ်။ ဒါပေမဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကိုယ့်တာဝန်တွေကို ဘယ်လိုဖြည့်ဆည်းရမလဲဆိုတာကို တွေးဆမဲ့အစား အခြေအနေတိုင်းမှာ အရှက်မကွဲရအောင် ဘယ်လိုရှောင်ရမလဲဆိုတာနဲ့ပဲ စိတ်ဖိစီးနေခဲ့တယ်။ ကိုယ့်မာနထိခိုက်နိုင်တဲ့ အခါတိုင်းမှာ ကျွန်မက အပျက်သဘောဆောင်လာပြီး ကိုယ့်ကိုယ်ကိုယ် ပြစ်တင်ဆုံးဖြတ်ခဲ့တယ်၊ ဘုရားသခင်က ကျွန်မကို အစွမ်းအစကောင်းကောင်း မပေးခဲ့ဘူးလို့ ညည်းညူခဲ့တယ်။ ကိုယ့်တာဝန်တွေကို ထမ်းဆောင်ဖို့ စိတ်အားထက်သန်မှုတောင် ပျောက်ဆုံးခဲ့တယ်။ ကိုယ့်မှာ အသိတရားနဲ့ ဆင်ခြင်တုံတရား ဘယ်လောက်တောင် ကင်းမဲ့ခဲ့သလဲဆိုတာကို ကျွန်မမြင်ခဲ့ရတယ်။ တကယ်တော့ ကျွန်မ အရင်က ကိုယ့်တာဝန်တွေကို ထမ်းဆောင်ရာမှာ ရလဒ်မကောင်းခဲ့တာက အစွမ်းအစ ပြဿနာကြောင့်ချည်းပဲ မဟုတ်ခဲ့ဘူး။ အဓိကပြဿနာက ကျွန်မက ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားအောက်မှာ အသက်ရှင်နေပြီး ကိုယ့်ရဲ့ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို အမြဲတမ်း ကာကွယ်နေခဲ့ခြင်းပါပဲ။ အသင်းတော်အလုပ်ကို နှောင့်နှေးစေရင်တောင် ကိုယ့်မာနကို ကာကွယ်မှာပဲ။ ကျွန်မမှာ ဘုရားသခင်ကို ကြောက်ရွံ့တဲ့ စိတ်နှလုံး လုံးဝမရှိခဲ့ဘဲ ကိုယ့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကိုယ့်အသက်လို သဘောထားခဲ့တယ်။ ကျွန်မက အန္တိခရစ်ရဲ့ လမ်းကြောင်းကို လျှောက်နေခဲ့တာပဲ။ ကျွန်မသာ နောင်တရပြီး မပြောင်းလဲရင် ဘုရားသခင်က ကျွန်မကို စက်ဆုပ်ရွံရှာပြီး ဖယ်ရှားရှင်းလင်းမှာ သေချာတယ်။
ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်မဖတ်ခဲ့ပြီး လက်တွေ့လုပ်ဆောင်ရမယ့် လမ်းကြောင်းတစ်ခုကို တွေ့ရှိခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သင်၏အကျိုးအတွက်သာ အစဉ်မလုပ်ဆောင်နှင့်၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားကို စဉ်ဆက်မပြတ် ထည့်သွင်းမစဉ်းစားနှင့်။ သင်၏ ဂုဏ်သိက္ခာ၊ ဂုဏ်သတင်း၊ အဆင့်အတန်းတို့အတွက် ဆင်ခြင်စဉ်းစားခြင်း မပြုနှင့်၊ ထို့ပြင် ကိုယ့်ကိုယ်ကျိုးစီးပွားအတွက် ဆင်ခြင်စဉ်းစားခြင်း မပြုနှင့်။ သင်သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ရှေ့တန်းတင်၍ ဆင်ခြင်စဉ်းစားရမည်ဖြစ်ပြီး ယင်းကို သင်၏ ဦးစားပေးအဖြစ် ထားရမည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင် အလေးထားသင့်ပြီး သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် သင်သည် မစင်ကြယ်မှု ရှိခဲ့သည် မရှိခဲ့သည်၊ သစ္စာစောင့်သိခြင်းရှိမရှိ၊ သင်၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းရှိမရှိ၊ အစွမ်းကုန် လုပ်ဆောင်ခြင်းရှိမရှိ၊ သင်၏ တာဝန်နှင့် အသင်းတော်၏ အလုပ်ကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် စဉ်းစားခဲ့ခြင်း ရှိမရှိ ဆိုသည်တို့ကို ရှေ့တန်းတင်၍ ချင့်ချိန်စဉ်းစားရမည်။ ဤအရာများကို သင် စဉ်းစားရမည်။ ယင်းတို့ကို မကြာခဏ တွေးပြီး နားလည်အောင် ကြံဆလျှင် သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် သင့်အတွက် သာ၍ လွယ်ကူလိမ့်မည်။ ခြွင်းချက်တစ်ခုမှာ သင်၏ အစွမ်းအစ ညံ့ဖျင်းလျှင် သို့မဟုတ် သင်၏ အတွေ့အကြုံ ပေါ့တန်လျှင်၊ သို့မဟုတ် သင်သည် မိမိ၏ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အလုပ်တွင် ထိုမျှ ကျွမ်းကျင်မှုမရှိလျှင်၊ ဤအရာက သင်၏အလုပ်တွင် အမှားအယွင်းအချို့ သို့မဟုတ် ချို့ယွင်းချက်များ ပေါ်ပေါက်လာစေပြီး ကောင်းမွန်သောရလဒ်များ မရရှိနိုင်အောင် တားဆီးနေသော်လည်း သင်သည် မိမိတတ်နိုင်သမျှ အကောင်းဆုံး လုပ်ဆောင်နေပြီးဖြစ်၏။ သင်သည် မိမိ၏ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများ သို့မဟုတ် နှစ်သက်မှုများကို ဖြည့်ဆည်းရန်အတွက် ပြုမူဆောင်ရွက်နေခြင်း မဟုတ်ပေ။ ထိုအစား သင်သည် အသင်းတော်၏အလုပ်နှင့် ဘုရားသခင်၏ အိမ်တော်အကျိုးကို အဘက်ဘက်မှ အလေးထားနေ၏။ သင်သည် မိမိ၏တာဝန်တွင် ကောင်းမွန်သောရလဒ်များ မရရှိနိုင်သော်ငြားလည်း သင်၏စိတ်နှလုံးသည် မှန်ကန်ဖြောင့်မတ်နေပြီ ဖြစ်၏။ ထို့အပြင် သင်သည် မိမိ၏တာဝန်ရှိ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေနိုင်လျှင်၊ သင်သည် မိမိ၏တာဝန်ကို ထမ်းဆောင်ရာတွင် စံနှုန်းပြည့်မီလိမ့်မည်ဖြစ်ပြီး တစ်ချိန်တည်းတွင် သင်သည် သမ္မာတရား လက်တွေ့ကျမှုသို့ ဝင်ရောက်လိမ့်မည်။ ထိုအခါ သင်သည် သက်သေခံချက်ကို ပိုင်ဆိုင်လိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ဖယ်ရှားခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေကနေကျွန်မတို့ရဲ့ တာဝန်ကို ထမ်းဆောင်ရာမှာ အရာရာကို ဘုရားသခင်ရှေ့မှာ လုပ်ဆောင်ရမယ်၊ ပြီးတော့ သူ့ရဲ့ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းကို လက်ခံရမယ်ဆိုတာကို ကျွန်မ နားလည်ခဲ့တယ်။ အမှုအရာတွေ ပေါ်ပေါက်လာတဲ့အခါမှာ ကျွန်မတို့က အသင်းတော်အလုပ်ကို ဦးစားပေးပြီး ကာကွယ်စောင့်ရှောက်သင့်တယ်၊ ကိုယ့်မာနကို ဘေးဖယ်ထားပြီး၊ ကိုယ်လုပ်သင့်တာကို ဖြည့်ဆည်းဖို့ အစွမ်းကုန် ကြိုးစားရမယ်။ ဒီလိုလုပ်မှသာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေနဲ့ ကိုက်ညီမှာဖြစ်တယ်။ စကားပြောကောင်းပြီး အလုပ်မှာ ပြတ်သားတဲ့ ညီအစ်ကိုမောင်နှမတွေနဲ့ အလုပ်လုပ်တဲ့အခါ သူတို့နဲ့ သဟဇာတရှိရှိ ပူးပေါင်းဆောင်ရွက်သင့်တယ်၊ ကိုယ့်အားနည်းချက်တွေကို ဖြည့်ဆည်းဖို့ သူတို့ရဲ့အားသာချက်တွေကနေ သင်ယူပြီး ကိုယ့်တာဝန်တွေကို ကောင်းကောင်းထမ်းဆောင်ဖို့ အတူတူ လုပ်ဆောင်ရမယ်။ ဒါကို သဘောပေါက်လိုက်တော့ စိတ်နှလုံးထဲမှာ လင်းထိန်သွားတယ်။ အဲဒီနောက်ပိုင်းမှာ ကိုယ့်တာဝန်ကို ထမ်းဆောင်ရင်း ကိုယ့်ရည်ရွယ်ချက်တွေကို မှန်မှန်ကန်ကန်ထားဖို့ အာရုံစိုက်ခဲ့တယ်။ ကိုယ်နားလည်သလောက် မိတ်သဟာယပြုခဲ့တယ်၊ ကိုယ့်မာန ဒါမှမဟုတ် အစွမ်းအစ အကန့်အသတ်တွေနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေကြောင့် ဘောင်ခတ်မခံတော့ဘဲ အသင်းတော် သန့်စင်ရေးအလုပ်ကလည်း တဖြည်းဖြည်း တိုးတက်လာခဲ့တယ်။ သိပ်မကြာခင်မှာပဲ ကျွန်မကို အသင်းတော်ခေါင်းဆောင်အနေနဲ့ နောက်တစ်ကြိမ် ရွေးချယ်ခဲ့ကြပြန်တယ်။
အချိန်အတန်ကြာပြီးနောက်မှာ အထက်ခေါင်းဆောင်နဲ့ ကျွန်မက အဖွဲ့ခေါင်းဆောင်တွေနဲ့ အစည်းအဝေးလုပ်ဖို့ သွားခဲ့ကြတယ်၊ သူက ကျွန်မကို အစည်းအဝေးကို ဦးဆောင်ပေးဖို့ ပြောခဲ့တယ်။ ခေါင်းဆောင်က စကားပြောကောင်းတယ်၊ ပြတ်သားတယ်၊ ညီအစ်ကိုမောင်နှမတွေရဲ့ အခြေအနေတွေကို ဖြေရှင်းဖို့ သင့်တော်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို မြန်မြန်ဆန်ဆန် ရှာတွေ့နိုင်တယ်၊ ကျွန်မကတော့ ဒီလိုမဟုတ်ဘူး။ ကိုယ့်ရဲ့ ဘာသာစကားစွမ်းရည်က အားနည်းတယ်၊ စကားပြောလည်း မကောင်းဘူး၊ ဒီတော့ အစည်းအဝေးကို ကောင်းကောင်းမကိုင်တွယ်နိုင်ရင် တခြားသူတွေက ကိုယ့်ကို ဘယ်လိုမြင်ကြမှာလဲဆိုပြီး ကျွန်မစိုးရိမ်သွားတယ်။ ကျွန်မက ကိုယ့်ရဲ့ မာနအတွက် စိုးရိမ်ပြီး သိမ်ငယ်စိတ်ထဲမှာ ထပ်ပြီး ပိတ်မိနေပြန်ပြီဆိုတာကို မြန်မြန်ပဲ သဘောပေါက်ခဲ့တယ်။ ဒါနဲ့ ဘုရားသခင်ဆီကို ကျွန်မဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ တခြားသူတွေက သမီးထက် စကားပိုကောင်းလို့ သမီး သိမ်ငယ်စိတ်ထဲကို ကျရောက်သွားပြန်ပြီဆိုတာကို သမီးမြင်ပါတယ်။ ကိုယ်တော် သမီးကို လမ်းပြတော်မူပါ။ သမီး အတ္တနဲ့မာနကြောင့် ဘောင်ခတ်မခံချင်ပါဘူး။ သမီးရဲ့စိတ်နှလုံးကို သမီးတာဝန်အပေါ်မှာ အာရုံစိုက်ပြီး အကောင်းဆုံး ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိပါတယ်” လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မစဉ်းစားမိတယ်။ “လုပ်ငန်းဆောင်တာများသည် မတူပေ။ ကိုယ်တစ်ခုတည်းရှိ၏။ မီးပွင့်တစ်ခုစီအတွက် ပြိုးပြိုးပြက်ပြက် အလင်းရောင်တစ်ခု ရှိသင့်သည့်အတွက် သင်တို့အသီးသီးက သင်တို့၏ တာဝန်ကို ထမ်းဆောင်သင့်သည်၊ သင်တို့အသီးသီးက သင်တို့၏ တာဝန်ကို အကောင်းဆုံးထမ်းဆောင်လျက် မိမိ၏ နေရာတွင်ရှိသင့်သည်။ ပြီးလျှင် အသက်တာ၌ ရင့်ကျက်မှုကို လိုက်စားသင့်၏။ ထိုသို့ဖြင့် ငါသည် စိတ်ကျေနပ်ခြင်း ရှိလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၂၁)) ဘုရားသခင်က လူတစ်ယောက်ချင်းစီကို မတူညီတဲ့ ဆုကျေးဇူးတွေနဲ့ အားသာချက်တွေ ပေးထားတယ်။ ကျွန်မမှာ အစွမ်းအစကောင်းတွေ မရှိပေမဲ့ ဘုရားသခင်နဲ့ စိတ်ရင်းမှန်နဲ့ ပူးပေါင်းဆောင်ရွက်တဲ့အခါ ကိုယ်တော့်လမ်းပြမှုကို ကျွန်မ ရရှိနိုင်တယ်။ ဒီနေ့ ခေါင်းဆောင်နဲ့အတူတူ အလုပ်လုပ်ရင်း သူရဲ့အားသာချက်တွေကနေ ကျွန်မ သင်ယူသင့်တယ်၊ ကိုယ့်မာန ဒါမှမဟုတ် အဆင့်အတန်းကြောင့် ဘောင်ခတ်မခံသင့်ဘူး။ ကိုယ်နားလည်သလောက် ကိုယ့်အခန်းကဏ္ဍကို အစွမ်းကုန်ဖော်ထုတ်သင့်တယ်၊ ဒီလိုနည်းနဲ့ ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်နိုင်မှာပဲ။ ဒါကို သဘောပေါက်လိုက်တော့ ကိုယ့်မာနကြောင့် ဘောင်ခတ်မခံရတော့ဘဲ အများကြီး ပိုပြီး လွတ်မြောက်သွားသလို ခံစားရတယ်။ အဖွဲ့ခေါင်းဆောင်တွေရဲ့ အခြေအနေနဲ့ အရမ်း ကိုက်ညီတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ရှာတွေ့ခဲ့ပြီး ကိုယ့်ရဲ့အတွေ့အကြုံဆိုင်ရာ နားလည်မှုကို ဝေမျှခဲ့တယ်။ အဖွဲ့ခေါင်းဆောင်တွေရဲ့ အပျက်သဘောဆောင်တဲ့ အခြေအနေက ပြောင်းလဲသွားခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ စုဝေးပွဲတွေအတွင်းမှာ ကိုယ်နားလည်သလောက် ဝေမျှခဲ့တယ်၊ တခြားသူတွေက ကိုယ့်ကို ဘယ်လိုမြင်သလဲဆိုတာကို စိုးရိမ်မနေဘဲ တက်တက်ကြွကြွ ပါဝင်ခဲ့တယ်။ ကိုယ့်ရဲ့ချို့တဲ့မှုတွေကိုလည်း မှန်မှန်ကန်ကန် ဆက်ဆံနိုင်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် ကန့်သတ်မထားတော့ဘူး။ အခု သိမ်ငယ်စိတ်ရဲ့ ချည်နှောင်မှုကနေ ကျွန်မ လွတ်မြောက်တာက ဘုရားနှုတ်ကပတ်တော်တွေရဲ့ လမ်းပြမှုကရတဲ့ ရလဒ်ပါပဲ။