အခန်း (၉၄)
ငါသည် ဇိအုန်တောင်သို့ ငါ၏ သားဦးများနှင့် ပြန်လာသည်၊ ဤနှုတ်ကပတ်တော်များ၏ အဓိပ္ပာယ်အစစ်အမှန်ကို သင်တို့ အမှန်တကယ် နားလည်သလော။ သင်တို့ကို ငါအဖန်တလဲလဲ သတိပေးခဲ့ပြီးသည့်အတိုင်း ငါသည် သင်တို့ကို လျင်မြန်စွာ ကြီးထွားဖွံ့ဖြိုးစေလိုပြီး ငါနှင့်အတူ အုပ်ချုပ်စိုးစံစေလို၏။ သင်တို့ မှတ်မိကြသလော။ ဤအရာများအားလုံးသည် ငါ၏ လူ့ဇာတိခံယူခြင်းနှင့် တိုက်ရိုက်သက်ဆိုင်သည်။ ငါနှင့်အတူ စိတ်သဘောထား တစ်ခုတည်းဖြစ်သော လူအုပ်စုတစ်စုကို ဇာတိပကတိအားဖြင့် ရရှိရန်အလို့ငှာ ငါသည် ဇိအုန်တောင်မှ လောကသို့ ဇာတိပကတိဖြင့် ဆင်းသက်လာကာ ထိုသို့ပြုပြီးနောက် ငါသည် ဇိအုန်တောင်သို့ ပြန်မည်။ ငါတို့သည် ဇာတိပကတိမှ မူလခန္ဓာကိုယ်သို့ ပြန်သွားရန် လိုအပ်ဆဲဖြစ်ကြောင်း ၎င်းကဆိုလိုသည်။ ဤသည်မှာ “ဇိအုန်တောင်သို့ ပြန်သွားခြင်း” ၏ အဓိပ္ပာယ်အစစ်အမှန် ဖြစ်သည်။ ဤအရာသည် ငါ၏ စီမံခန့်ခွဲမှု အစီအစဉ် တစ်ခုလုံး၏ စစ်မှန်သော အဓိပ္ပာယ်နှင့် အချက်အချာလည်းဖြစ်ပြီး ထိုမျှမက ၎င်းသည် မည်သူတစ်ဦးတစ်ယောက်မျှ မပိတ်ဆို့နိုင်ဘဲ ချက်ချင်းဖြစ်မြောက်အောင်မြင်မည့် ငါ၏ စီမံခန့်ခွဲမှု အစီအစဉ်၏ အရေးအကြီးဆုံးသော အပိုင်းဖြစ်သည်။ ဇာတိပကတိထဲ၌ ရှိချိန်တွင် အကြင်သူသည် လူသား အယူအဆများနှင့် တွေးခေါ်ခြင်းကို မည်သည့်အခါမှ စွန့်ပစ်နိုင်မည် မဟုတ်ဘဲ မြေကြီးနှင့် သက်ဆိုင်သောလေကို စွန့်ပစ်နိုင်ရန် သို့မဟုတ် ဖုန်များကို စွန့်ပစ်နိုင်ရန် သာ၍ဝေးစွ။ အကြင်သူသည် ရွှံ့စေးသာ အစဉ်ဖြစ်လိမ့်မည်၊ ခန္ဓာကိုယ်အတွင်း၌ ရှိချိန်တွင်မှ အကြင်သူသည် ကောင်းချီးမင်္ဂလာများကို မွေ့လျော်ဖို့ရန် သင့်လျော်လိမ့်မည်ဖြစ်သည်။ ကောင်းချီးမင်္ဂလာများဟူသည် အဘယ်အရာများနည်း။ သင်တို့မှတ်မိကြသလော။ ဇာတိပကတိထဲတွင် ကောင်းချီးမင်္ဂလာများကို ထည့်သွင်းစဉ်းစားခြင်း လုံးဝမရှိနိုင်။ ထို့ကြောင့် ဇာတိပကတိမှ ခန္ဓာကိုယ်သို့ လမ်းကြောင်းသည် သားဦးတိုင်း လိုက်လျှောက်ရမည့် လမ်းကြောင်းတစ်ခုဖြစ်၏။ ဇာတိပကတိထဲတွင် သင်သည် အဆင်းနီသောနဂါးကြီး၏ ဖိနှိပ်ချုပ်ချယ်ခြင်းနှင့် နှိပ်စက်ညှဉ်းပန်းခြင်းတို့ကို ခံရသည်၊ (ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သင့်ထံ၌ တန်ခိုးမရှိသောကြောင့်၊ သင်သည် ဘုန်းအသရေကို မရရှိသောကြောင့်ဖြစ်သည်)၊ သို့သော် ခန္ဓာကိုယ်ထဲတွင်မူ ၎င်းသည် အလွန်ကွာခြားသွားလိမ့်မည်ဖြစ်ပြီး သင်သည် ဂုဏ်ယူပြီး ရွှင်လန်းအားရလိမ့်မည်။ ဖိနှိပ်ချုပ်ချယ်ခြင်းခံရသော နေ့ရက်တို့သည် လုံးဝပြီးဆုံးသွားလိမ့်မည်ဖြစ်ပြီး သင်သည် ထာဝရ လွတ်ငြိမ်းကာ လွတ်မြောက်လိမ့်မည်။ ဤနည်းလမ်းအားဖြင့်သာလျှင် ငါသည် ငါဖြစ်သောအရာနှင့် ငါ့တွင်ရှိသောအရာကို သင်တို့ထဲသို့ လာပေါင်းနိုင်ပေမည်။ ထိုသို့မဟုတ်ပါက သင့်ထံတွင် ငါ၏ အစွမ်းအစများသာ ရှိလိမ့်မည်။ လူတစ်ဦးသည် အခြားသူတစ်ဦးကို အပြင်ပန်းအားဖြင့် မည်သို့ အတုခိုးစေကာမှု သူတို့သည် အတိအကျ မတူညီနိုင်။ သန့်ရှင်းသော ဝိညာဉ်တော်နှင့် သက်ဆိုင်သော ခန္ဓာ၌သာ (ခန္ဓာကိုယ်ကို ရည်ညွှန်းသည်) ငါတို့သည် အတိအကျ တူညီနိုင်သည်။ (ဤသည်မှာ တူညီသော အစွမ်းအစများ၊ တူညီသော ဖြစ်တည်မှု၊ တူညီသော ပိုင်ဆိုင်မှုများကို ရည်ညွှန်းပြီး တစ်စိတ်တစ်ဝမ်းတည်း ဖြစ်စေနိုင်ခြင်း၊ စည်းလုံးစေနိုင်ခြင်း၊ ကွဲပြားမှုမရှိခြင်းနှင့် ပိုင်းခြားမှုမရှိခြင်းတို့ကို ရည်ညွှန်းသည်၊ အဘယ်ကြောင့်ဆိုသော် အားလုံးမှာ သန့်ရှင်းသော ဝိညာဉ်ခန္ဓာ ဖြစ်သောကြောင့် ဖြစ်၏။)
ယခုအခါ သင်တို့သည် အဘယ့်ကြောင့် လောကကို စတင်မုန်းတီးလာကြသနည်း၊ စားခြင်း၊ ဝတ်ဆင်ခြင်းနှင့် စိတ်တိုစရာအရာများ ဖြစ်ကြသည့် ထိုသို့သော ဟန်အမူအရာများကို စတင် စက်ဆုပ်ရွံရှာလာကြသနည်း။ ထိုမျှမက ၎င်းတို့ကို စွန့်ပယ်ရန် အဘယ်ကြောင့် မစောင့်နိုင်ကြသနည်း။ ဤသည်မှာ သင်သည် ဝိညာဉ်ရေးရာနယ်ပယ်အတွင်းသို့ ဝင်ရောက်မည့် လက္ခဏာတစ်ခုဖြစ်၏ (ခန္ဓာကိုယ်)။ (၎င်းတို့သည် အတိုင်းအတာအားဖြင့် ကွာခြားသော်လည်း) သင်တို့ အားလုံးတွင် ဤအရာအပေါ် စိတ်လေးခြင်းများ ရှိကြသည်။ ငါသည် ကွဲပြားသော လူများ၊ ကွဲပြားသော ဖြစ်ရပ်များနှင့် ကွဲပြားသော အရာများအားလုံးကို ငါ၏ အရေးပါဆုံးသော ခြေလှမ်းကို အစေခံရာ၌ အသုံးချလိမ့်မည်ဖြစ်ပြီး ၎င်းတို့အားလုံးသည် ငါ့အတွက် အစေခံကြရအံ့။ ထိုသို့ ငါပြုရမည်။ (ငါသည် ဤအရာကို ဇာတိပကတိထဲ၌ ပြီးမြောက်အောင် မလုပ်ဆောင်နိုင်ဘဲ ငါ၏ ဝိညာဉ်တော်ကိုယ်တိုင်သာ ဤအလုပ်ကို ဆောင်ရွက်နိုင်သည်မှာ မှန်၏၊ အဘယ့်ကြောင့်ဆိုသော် အချိန်မကျသေးသောကြောင့် ဖြစ်သည်)။ ဤသည်မှာ စကြဝဠာလောက တစ်ခုလုံး အစေခံသည့် လုပ်ငန်း၏ အဆုံးသတ် အပိုင်း အနည်းငယ် ဖြစ်သည်။ လူတိုင်းသည် ငါ့ကို ချီးမွမ်းပြီး ရွှင်ရွှင်မြူးမြူး ထောမနာပြုကြလိမ့်မည်။ ငါ၏ ကြီးမြတ်သော အမှုသည် ပြီးဆုံးချေပြီ။ စကြဝဠာလောကသို့၊ တိုင်းနိုင်ငံအားလုံးသို့နှင့် လူအားလုံးသို့ ထို့အပြင် တောင်များသို့၊ မြစ်များနှင့် အရာအားလုံးသို့ အမျက်တော် ဖလားခုနစ်လုံးကို ငါ၏ လက်ထဲမှ သွန်းလောင်းကာ မိုးကြိုးသံခုနစ်ချက်၊ တံပိုးခုနစ်လုံးအသံနှင့် တံဆိပ်ခုနစ်ချက်တို့သည် ပွင့်သွားခဲ့ပြီးဖြစ်သည်။ အမျက်တော်ဖလား ခုနစ်လုံးတို့သည် အဘယ်အရာများ ဖြစ်ကြသနည်း။ ၎င်းတို့၏ တိကျသော ပစ်မှတ်မှာ အဘယ်နည်း။ ၎င်းတို့ကို ငါ၏လက်မှ သွန်းလောင်းလိမ့်မည်ဟု အဘယ်ကြောင့် ငါပြောသနည်း။ လူတိုင်း လုံးဝ နားလည်သဘောပေါက်မည့် အချိန်မတိုင်ခင်နှင့် လူတိုင်း အလုံးစုံ နားမလည်မီတွင် အချိန်အတော်ကြာ ကုန်လွန်လိမ့်မည် ဖြစ်သည်။ အကယ်၍ သင်တို့ကို ငါ ယခုပြောပြခဲ့လျှင်ပင် သင်တို့သည် သေးငယ်သော အပိုင်းတစ်ခုကိုသာ နားလည်ခဲ့လိမ့်မည် ဖြစ်သည်။ လူသား၏ စိတ်ကူးနိုင်စွမ်းအရ အမျက်တော်ဖလားခုနစ်လုံးတို့သည် လောကရှိ တိုင်းနိုင်ငံအားလုံးနှင့် လူအားလုံးတို့ကို ဦးတည်ထားသည်၊ သို့သော်လည်း အမှန်အားဖြင့် ထိုကဲ့သို့မဟုတ်။ “အမျက်တော်ဖလား ခုနစ်လုံး”သည် စာတန်နှင့် နတ်ဆိုးများ၏ စွမ်းအားနှင့် အဆင်းနီသော နဂါးကြီး၏ လျှို့ဝှက်ပူးပေါင်းကြံစည်ချက်ကို (ငါ့အတွက် အစေခံစေခြင်းအလို့ငှာ ငါအသုံးပြုသောအရာကို) ရည်ညွှန်းခြင်းဖြစ်သည်။ ထိုအချိန်တွင် သားများနှင့် လူများကို ပြစ်တင်ဆုံးမရန်အလို့ငှာ ငါသည် စာတန်နှင့် အဆင်းနီသော နဂါးကြီးကို လွှတ်လိုက်လိမ့်မည် ဖြစ်သည်။ မည်သူသည် သားများဖြစ်ကြောင်း၊ မည်သူသည် လူများဖြစ်ကြောင်းကို ဤနည်းအားဖြင့် ထုတ်ဖော်ခြင်း ခံရလိမ့်မည်။ ငါ၏ ကြိုတင်ပြဋ္ဌာန်းမှု၏ ပစ်မှတ်များ မဖြစ်ခဲ့ကြသူတို့သည် အထင်အမြင်မှားစေခြင်းကို ခံရသူများ ဖြစ်ကြသည်။ သို့သော်လည်း ထိုအချိန်တွင် ငါ၏ သားဦးတို့သည် ငါနှင့်အတူ စိုးစံနေလိမ့်မည်ဖြစ်၏။ ဤနည်းအားဖြင့် ငါသည် သားများနှင့် လူများကို စုံလင်စေလိမ့်မည်။ အမျက်တော်ဖလား ခုနစ်လုံးကို သွန်းလောင်းခြင်းသည် တိုင်းနိုင်ငံများအားလုံးနှင့် လူအားလုံးတို့အပေါ် သက်ရောက်လိမ့်မည် မဟုတ်ဘဲ ငါ၏သားများနှင့် ငါ၏ လူများအပေါ်ကိုသာ သက်ရောက်လိမ့်မည်ဖြစ်သည်။ ကောင်းချီးမင်္ဂလာများသည် လွယ်ကူစွာ ရောက်လာသည်မဟုတ်ဘဲ အဖိုးအခ အပြည့်အဝ ပေးရမည် ဖြစ်သည်။ သားများနှင့် လူများ ကြီးထွားဖွံ့ဖြိုးလာသောအချိန်၌ အမျက်တော်ဖလားခုနစ်လုံးသည် အကုန်အစင် ရှင်းလင်းသွားလိမ့်မည်ဖြစ်ပြီး ထို့နောက်တွင် ၎င်းတို့ တည်ရှိလိမ့်မည်မဟုတ်။ “မိုးကြိုးသံခုနစ်ချက်”ဆိုသည်မှာ အဘယ်နည်း။ ဤအရာသည် နားလည်ဖို့ရန် မခက်ခဲ။ ငါ၏သားဦးများနှင့် ငါ ခန္ဓာကိုယ် ဖြစ်လာသော အခိုက်အတန့်၌ မိုးကြိုးသံခုနစ်ချက်တို့သည် မြည်ဟည်းလိမ့်မည်။ ၎င်းသည် ကောင်းကင်နှင့်မြေကြီး အထက်အောက်လန်သွားသကဲ့သို့ စကြာဝဠာ တစ်ခုလုံးကို လှုပ်ခါသွားစေလိမ့်မည်။ ထိုအရာကို မသိသောလူ တစ်ဦးမျှရှိလိမ့်မည် မဟုတ်၊ ထိုအရာကို လူတိုင်းသိလိမ့်မည်။ ထိုအချိန်၌ ငါ၏သားဦးများနှင့် ငါသည် ဘုန်းအသရေ၌ အတူတကွရှိကြမည်ဖြစ်ပြီး အမှု၏ နောက်ထပ် ခြေလှမ်းကို စတင်လိမ့်မည်။ မိုးကြိုးသံခုနစ်ချက်ကြောင့် များစွာသော လူတို့သည် သနားကြင်နာမှုနှင့် ခွင့်လွှတ်ခြင်းအတွက် ဒူးထောက်ကြလိမ့်မည်။ သို့သော်လည်း ၎င်းသည် ကျေးဇူးတော်ခေတ် ဖြစ်လိမ့်မည် မဟုတ်တော့၊ ၎င်းသည် ဒေါသအမျက်အတွက် အချိန်ဖြစ်လိမ့်မည်။ ဆိုးယုတ်မှုများကို ပြုလုပ်သူအားလုံးအတွက် (ကာမေသုမိစ္ဆာလွန်ကျူးသူများ၊ သို့မဟုတ် မသန့်ရှင်းသော ငွေကြေးများနှင့် ပတ်သက်သောသူများ၊ သို့မဟုတ် ယောက်ျားတို့နှင့် မိန်းမတို့အကြား ခြားနားကန့်သတ်ချက်ကို ရှင်းလင်းခြင်း မရှိသောသူများ၊ သို့မဟုတ် ငါ၏ စီမံခန့်ခွဲမှုကို နောင့်ယှက်သောသူ သို့မဟုတ် ပျက်စီးစေသောသူများ၊ သို့မဟုတ် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်ခြင်း မရှိသူများ၊ သို့မဟုတ် ဆိုးယုတ်သော ဝိညာဉ်များ၏ ပူးကပ်ခြင်း ခံရသူများ စသည်ဖြင့်...ငါ၏ ရွေးကောက်ခြင်းခံရသောသူများမှအပ ကျန်သူအားလုံး) သူတို့တစ်ဦးမှ လွတ်လိမ့်မည် မဟုတ်သကဲ့သို့ ခွင့်လွှတ်ခြင်းလည်း ခံရလိမ့်မည် မဟုတ်ဘဲ အယောက်စီတိုင်းသည် မရဏနိုင်ငံထဲသို့ ပစ်ချခြင်း ခံရလိမ့်မည်ဖြစ်ပြီး သူတို့သည် ထိုနေရာတွင် ထာဝရပျက်စီးသွားပေလိမ့်မည်။ “တံပိုးခုနစ်လုံးအသံ”သည် ကြီးမားပြီး ရန်လိုသည့် ပတ်ဝန်းကျင်ကို ရည်ညွှန်းခြင်းမဟုတ်သကဲ့သို့ လောကကို ကြေညာခြင်းတစ်စုံတစ်ရာကို ရည်ညွှန်းခြင်းလည်းမဟုတ်ပေ၊ ၎င်းတို့သည် လူသား၏ အယူအဆများ လုံးလုံးဖြစ်သည်။ “တံပိုးခုနစ်လုံး”သည် ငါ၏ ဒေါသအမျက်ဖြင့်ပြည့်သော မိန့်မြွက်ချက်ကို ရည်ညွှန်းခြင်းဖြစ်သည်။ ငါ၏အသံတော် (ဘုန်းအာနုဘော်ဖြစ်သော တရားစီရင်ခြင်းနှင့် ဒေါသအမျက်ဖြင့်ပြည့်သော တရားစီရင်ခြင်း) ထုတ်လွှတ်သောအခါ တံပိုးခုနစ်လုံး အသံမြည်သည်။ (ယခုချက်ချင်းဟုဆိုရာတွင် ငါ၏အိမ်၌ ဤအရာသည် အပြင်းထန်ဆုံးဖြစ်ပြီး ၎င်းထံမှ မည်သူမှ မလွတ်မြောက်နိုင်ပေ)။ မရဏနိုင်ငံနှင့် ငရဲရှိ အကြီး၊ အသေးသော မကောင်းဆိုးဝါးများအားလုံးသည် သူတို့၏ ဦးခေါင်းများကို သူတို့၏ လက်များဖြင့် အုပ်ထားကြလိမ့်မည်ဖြစ်ပြီး အရပ်မျက်နှာအားလုံးသို့ ထွက်ပြေးကြကာ ငိုကြွေးကြ၊ အံသွားခဲကြိတ်ကြပြီး ရှက်ရွံ့ကြ၍ သူတို့၏မျက်နှာများကို ဝှက်ထားရန် နေရာမရှိကြ။ ထိုအခိုက်အတန့်တွင် စတင်မြည်ဟည်းလာသည်မှာ တံပိုးခုနစ်လုံးမဟုတ်ဘဲ ငါ၏ ပြင်းထန်သော အမျက်သည်းခြင်းဖြစ်ပြီး တစ်ဦးတစ်ယောက်မျှ မလွတ်မြောက်နိုင်ဘဲ အားလုံးခံကြရမည့် ငါ၏ အပြင်းထန်ဆုံးသော တရားစီရင်မှုလည်း ဖြစ်သည်။ ထိုအချိန်တွင် ထုတ်ဖော်ခြင်းခံရသော အရာသည် တံဆိပ်ခုနစ်ချက်၏ ပါဝင်သောအရာများ မဟုတ်ကြ။ တံဆိပ်ခုနစ်ချက်တို့သည် အနာဂတ်တွင် သင်တို့မွေ့လျော်ရမည့် ကောင်းချီးမင်္ဂလာများ ဖြစ်ကြသည်။ “ဖွင့်ခြင်း”ဆိုသည်မှာ ၎င်းတို့အကြောင်း သင်တို့ကို အသိပေးခြင်းသက်သက်အား ရည်ညွှန်းသည်။ သို့သော် သင်တို့သည် ဤကောင်းချီးမင်္ဂလာများကို မွေ့လျော်ရလိမ့်ဦးမည် မဟုတ်။ ဤကောင်းချီးမင်္ဂလာများကို သင်တို့ အမှန်မွေ့လျော်သောအချိန်တွင် သင်တို့သည် တံဆိပ်ခုနစ်ချက် အတွင်း၌ ပါရှိသည့်အရာများကို သိလာလိမ့်မည် ဖြစ်သည်။ ယခုတွင် သင်တို့သည် ပြီးပြည့်စုံခြင်း မရှိသေးသော အစိတ်အပိုင်းတစ်ခုကို ထိနေရုံမျှသာဖြစ်သည်။ ငါသည် သင်တို့အား အနာဂတ်လုပ်ဆောင်မှုများကို တဆင့်ချင်းစီသာ ပြောပြနိုင်သည်၊ ထို့ကြောင့် သင်တို့သည် ၎င်းကို ကိုယ်တိုင်ကိုယ်ကျ ခံစားရလိမ့်မည်ဖြစ်ပြီး မယှဉ်သာသော ဘုန်းအသရေကို ခံစားရကာ အဆုံးမထင်သော ဘဝင်ခိုက်ခြင်း အဆင့်တစ်ခု၌ သင်တို့ တည်ရှိလိမ့်မည်။
သားဦးများ၏ ကောင်းချီးမင်္ဂလာများကို မွေ့လျော်နိုင်ခြင်းသည် လွယ်ကူသော အရာမဟုတ်သကဲ့သို့ သာမာန်လူတစ်ဦး စွမ်းဆောင်နိုင်သောအရာ တစ်စုံတစ်ခုလည်း မဟုတ်ပေ။ ငါ၏သားဦးများအပေါ်၌ တင်းကြပ်သော တောင်းဆိုချက်များကို ငါပြုလုပ်ရမည်ဖြစ်ကြောင်း ငါသည် နောက်တဖန် အလေးထားပြီး ပို၍အားမာန်ပါပါ ထပ်မံပြောကြားမည်။ သို့မဟုတ်လျှင် သူတို့သည် ငါ၏နာမကို ဘုန်းထင်ရှားစေနိုင်မည်မဟုတ်။ လောက၌ သိက္ခာမဲ့သော မည်သူကိုမဆို ငါသည် ပြတ်ပြတ်သားသား ပယ်ချပြီး ကာမဂုဏ်လွန်ကျူးသောသူ မည်သူမဆိုကို ငါသည် သာ၍ပင် ပယ်ချသည် (ဘုရားသခင်၏ လူများဖြစ်လာဖို့ရန် သူတို့တွင်အကြောင်းမရှိ- ဤအရာကို အထူးသဖြင့် ငါအလေးထားသည်)။ အတိတ်က သင်ပြုခဲ့သောအရာသည် ပြီးဆုံးသွားကာ ပြီးပြတ်သည်ဟု မထင်နှင့်၊ ထိုကဲ့သို့ ကောင်းသောအရာတစ်ခု အဘယ်ကဲ့သို့ ရှိနိုင်မည်နည်း။ သားဦးအရာကို ရရှိရန် ဤမျှရိုးရှင်းမည်လော။ ထိုနည်း၎င်းပင် ငါ့ကို ဆန့်ကျင်သောသူ၊ ငါ၏ ဇာတိပကတိ၌ ငါ့ကိုအသိအမှတ်ပြုခြင်း မရှိသောသူ၊ ငါ၏အလိုတော်အတိုင်း လုပ်ဆောင်ရာတွင် ငါ့ကို ဝင်ရောက်စွက်ဖက်သောသူ၊ ငါ့ကို နှိပ်စက်ညှဉ်းဆဲသောသူ မည်သူကိုမဆို ငါသည် ပယ်ချ၏၊ ဤသည်မှာ ငါအလွန် ရက်စက်ကြောင်းပင် (အဘယ်ကြောင့်ဆိုသော် ငါ၏ တန်ခိုးကို ငါအပြည့်အဝ ပြန်ယူပြီး ဖြစ်သောကြောင့်ဖြစ်၏)။ နောက်ဆုံး၌ ထိုနည်းတူ ဘဝတွင် မည်သည့်အနှောင့်အယှက်များမှ မရှိဖူးသောသူ မည်သူကိုမဆို ငါပယ်ချသည်။ ငါ့နည်းတူ မိမိတို့၏ ဝေဒနာများမှ လွန်မြောက်လာသူများကို (၎င်းတို့သည် သေးငယ်သော ဝေဒနာများ ဖြစ်ကြလျှင်ပင်) ငါအလိုရှိသည်။ သို့မဟုတ်လျှင် သူတို့သည် ငါ ကန်ထုတ်မည့် အမျိုးအစားများ ဖြစ်ကြ၏။ ငါ့ရှေ့၌ သင့်ကိုယ်သင် ပြစားဝင့်ဝါလျှက် ငါ၏သားဦး ဖြစ်လိုခြင်းကြောင့် အရှက်တရားမဲ့ခြင်း မဖြစ်ကြနှင့်။ ငါထံမှ လျင်မြန်စွာ ထွက်သွားလော့။ သင်သည် ငါ၏ဝမ်းမြောက်ခြင်းကို ရရှိရန် ရှာဖွေရင်း အရေးမပါသောအရာများကို ငါ့အား ယခင်က ပြောခဲ့ပြီး ဖြစ်၏။ ဤအရာသည် မျက်စိကန်းခြင်း ဖြစ်သည်။ အသုံးမကျသော သူယုတ်၊ သင့်အား ငါမုန်းသည်ကို သင်မသိသလော။ သင်၏ ပုန်းရှိုးကွယ်ရှိုး စီးပွားရေးများကို ငါမသိဟု သင်ထင်သလော။ သင်သည် ထပ်ကာ ထပ်ကာ ဖုံးကွယ်ထား၏။ သင်သည် သင်၏ မကောင်းဆိုးဝါးမျက်နှာကို ပြခဲ့ပြီးဖြစ်သည်ကို သင်မသိသလော။ ၎င်းကို လူတို့ မမြင်ရသော်လည်း ငါမမြင်ရဟု သင်ထင်သလော။ ငါ့ကို အစေခံသောသူများသည် ကောင်းသောသူများ မဟုတ်ဘဲ သုံးမရသော သူယုတ်တစ်သိုက်သာ ဖြစ်ကြသည်။ ငါသည် သူတို့ကို ကိုင်တွယ်ဖြေရှင်းရမည်။ ငါသည် သူတို့ကို အနက်ဆုံးသော တွင်းထဲသို့ ပစ်ချကာ သူတို့ကို လောင်မြိုက်စေမည်။
သင်သည် ဘုရားမကြိုက်သော ဟန်အမူအရာတစ်ခုဖြင့် စကားပြောပြီး ယုံကြည်မှုသဒ္ဓါ ကင်းမဲ့စွာ ပြုမူဆောင်ရွက်ကာ အခြားသူများနှင့် ကောင်းမွန်သင့်တော်စွာ ပူးပေါင်းဆောင်ရွက်ခြင်းမရှိ၊ ထိုကဲ့သိုသောသူတစ်ယောက်သည် ရှင်ဘုရင်တစ်ပါး ဖြစ်ချင်နေသေးသည်။ သင်သည် အိပ်မက်မက်နေခြင်း မဟုတ်လော။ သင်သည် ထင်ယောင်ထင်မှား ဖြစ်နေခြင်း မဟုတ်လော။ သင်အဘယ်အရာဖြစ်သည်ကို သင်မမြင်သလော။ သင်သည် သုံးမရသော သူယုတ်တစ်ဦး ဖြစ်သည်။ ထိုကဲ့သို့သောသူတစ်ယောက်အတွက် တစ်နည်းတစ်ဖုံ အသုံးဝင်စရာ ရှိသလော။ ငါ့မြင်ကွင်းမှ အမြန် ထွက်သွားလော့။ ငါ ရှင်းလင်းစွာ ပြောသောအရာကို လူတိုင်း နားလည်သင့်သည်၊ ငါ၏နှုတ်ကပတ်တော်များဖြင့် နိုးကြွကာ၊ ငါ၏ အနန္တတန်ခိုးကို သိမှတ်လော့၊ ထို့အပြင် ငါ၏ ဉာဏ်ပညာကို သိလော့။ သန့်ရှင်းသော ဝိညာဉ်ခန္ဓာသည် ပေါ်ထွန်းခဲ့ပြီဖြစ်ကြောင်း မကြာခဏ ပြောခဲ့ပြီးဖြစ်သည်။ နောက်ဆုံးတွင် သန့်ရှင်းသော ဝိညာဉ်ခန္ဓာသည် ပေါ်ထွန်းခဲ့ပြီ သို့မဟုတ် မပေါ်ထွန်းသေးကြောင်း သင်တို့ပြောမည်လော။ ငါပြောသောအရာသည် အချည်းနှီးပြောဆိုခြင်းလော။ သန့်ရှင်းသော ဝိညာဉ်ခန္ဓာ ဆိုသည်မှာ အဘယ်နည်း။ မည်ကဲ့သို့သော အခြေအနေများ၌ သန့်ရှင်းသော ဝိညာဉ်ခန္ဓာ တည်ရှိသနည်း။ လူသားများအဖို့ ၎င်းသည် စိတ်ကူးတွေးကြည့်ရန် မတတ်နိုင်၊ ၎င်းကို သဘောမပေါက်နိုင်၊ နားမလည်နိုင်။ ငါသည် စင်းလုံးချောဖြစ်ပြီး ငါ့အထဲရှိ အားလုံးသည် ပွင့်လင်းကာ အရာအားလုံးသည် လွတ်ငြိမ်းခြင်းရှိသည်ဟု သင်တို့ကို ငါပြောမည် (အဘယ်ကြောင့်ဆိုသော် ငါသည် အမြော်အမြင်ရှိစွာ ပြုမူလုပ်ဆောင်ပြီး ငါသည် လွတ်လပ်စွာ ပြောကြားသောကြောင့်ဖြစ်၏)။ ငါ၏ လုပ်ဆောင်မှုများကြား၌ ရှက်ဖွယ်ရာ တစ်ခုမှမရှိဘဲ အရာခပ်သိမ်းသည် အလင်း၌ လုပ်ဆောင်သောကြောင့် လူတိုင်းသည် အကြွင်းမဲ့ အခိုင်အမာ ယုံကြည်နိုင်ကြသည်။ ထို့အပြင် သူတို့အတွင်းရှိ တစ်စုံတစ်ခုကို ဖမ်းဆုပ်ကိုင်ပြီး ငါ့ကိုဆန့်ကျင်ရန် ၎င်းတို့ကို အသုံးပြုနိုင်သူ တစ်ယောက်မျှမရှိ။ ဤသည်မှာ “သန့်ရှင်းသော ဝိညာဉ်ခန္ဓာ” ပါ “သန့်ရှင်းသော” ကို ရှင်းလင်းချက်တစ်ခု ဖြစ်သည်။ ထို့ကြောင့် ငါသည် ထိုကဲ့သို့သော ရှက်ဖွယ်အရာများကို လုပ်သောသူ မည်သူကိုမဆို ငါအလိုမရှိဟု ထပ်ကာ ထပ်ကာ အလေးပေးပြောခဲ့ခြင်းဖြစ်သည်။ ထိုအရာသည် ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ၏ အချက်တစ်ခုဖြစ်ပြီး ငါ၏စိတ်သဘောထား၏ အပိုင်းတစ်ခုလည်း ဖြစ်သည်။ “ဝိညာဉ်ခန္ဓာ”သည် ငါ၏မိန့်မြွက်ချက်များကို ရည်ညွှန်းသည်။ ငါပြောသောအရာသည် အစဉ်အမြဲ ရည်ရွယ်ချက်ရှိကာ အစဉ်အမြဲ ဉာဏ်ပညာရှိသည်။ သို့သော် ဘောင်ခတ်ခြင်းခံရဖို့ရန် မဟုတ်ပေ။ (ငါပြောလိုသောအရာကို ငါပြောပြီး ထိုအရာမှာ ငါ၏ဝိညာဉ်တော်သည် ကိုယ်တော်၏အသံကို မိန့်မြွက်ခြင်းဖြစ်ပြီး ထိုအရာသည် ငါ၏ဇာတိအဖြစ်တော်က ပြောနေခြင်းဖြစ်သည်။) ငါပြောသောအရာသည် လွတ်လပ်စွာ လွှတ်လိုက်ပြီး ထိုအရာသည် လူတို့၏ အယူအဆများနှင့် မတိုက်ဆိုင်သောအခါ ၎င်းသည် လူတို့ကို ထုတ်ဖော်ရန် အချိန်ပင်ဖြစ်သည်။ ဤသည်မှာ ငါ၏ စည်းစနစ်တကျ စီစဉ်ခြင်းဖြစ်သည်။ ထို့ကြောင့် ငါတည်းဟူသော ဇာတိအဖြစ်တော် စကားပြောချိန် သို့မဟုတ် ပြုမူချိန်တိုင်း၌ ယင်းသည် စာတန်၏ အနှစ်သာရကို မြင်သာအောင်ပြသည့် အခွင့်အရေးကောင်းတစ်ခု အစဉ်အမြဲ ဖြစ်သည်။ ငါတည်းဟူသော ဇာတိအဖြစ်တော် ဘိသိက်ခြင်း ခံရချိန်တွင် သန့်ရှင်းသော ဝိညာဉ်ခန္ဓာ ထွက်ပေါ်သည်။ အနာဂတ်ကာလတွင် “သန့်ရှင်းသော ဝိညာဉ်ခန္ဓာ”သည် ခန္ဓာကိုရည်ညွှန်းလိမ့်မည်ဖြစ်ပြီး ဤအဓိပ္ပာယ်တွင် ရှုထောင့်နှစ်မျိုးရှိ၏။ လက်ရှိတွင် အဓိပ္ပာယ် ရှုထောင့်တစ်ခုရှိပြီး အနာဂတ်တွင် အခြားသော အဓိပ္ပာယ် ရှုထောင့် ရှိသည်။ သို့သော် အနာဂတ်ကာလတွင် သန့်ရှင်းသော ဝိညာဉ်ခန္ဓာသည် လက်ရှိကာလနှင့် အလွန်တရာ ကွာခြားသွားမည်မှာ ကောင်းကင်နှင့် မြေကြီးအကြား ကွာခြားသကဲ့သို့ ဖြစ်လိမ့်မည်။ ၎င်းကို အဘယ်သူမျှ နားလည်သဘောပေါက်နိုင်မည် မဟုတ်ဘဲ ငါသည် ၎င်းကို သင်တို့ထံ ကိုယ်တိုင်ကိုယ်ကျ ထုတ်ဖော်ပြရလိမ့်မည် ဖြစ်သည်။