ခရီးဆုံးပန်းတိုင်နှင့်ပတ်သက်၍
ခရီးဆုံးပန်းတိုင်အကြောင်းကို ပြောဆိုသည့်အခါတိုင်း သင်တို့သည် ယင်းကို အထူး အလေးအနက်ထား၍ သဘောထားပြုမူကြသည်။ ထို့အပြင် ယင်းမှာ သင်တို့အားလုံး အထူးသဖြင့် အကဲဆတ်သည့် အရာတစ်ခု ဖြစ်သည်။ လူအချို့သည် ကောင်းမွန်သော ခရီးဆုံးပန်းတိုင်တစ်ခုကို ရရှိရန်အလို့ငှာ မြေကြီးနှင့် ခေါင်းဆောင့်၍ ဘုရားသခင်ရှေ့ ပျပ်ဝပ်ရန်ပင် မစောင့်နိုင်ကြပေ။ စကားလုံးများဖြင့် ဖော်ပြရန် မလိုအပ်သော သင်တို့၏ စိတ်အားထက်သန်မှုကို ငါ မြင်သည်။ ယင်းမှာ သင်တို့၏ ဇာတိပကတိကို ဘေးအန္တရာယ်ထဲသို့ မကျရောက်စေလိုခြင်းထက် မပိုသည့်အပြင် အနာဂတ်တွင် ထာဝရ အပြစ်ဒဏ်ပေးခြင်းထဲသို့ သက်ဆင်းရန် သင်တို့ ပို၍ပင် ဆန္ဒမရှိကြပေ။ သင်တို့ မျှော်လင့်သည်မှာ မိမိတို့ကိုယ်ကို အနည်းငယ် ပို၍ လွတ်လပ်စွာ၊ အနည်းငယ် ပို၍ လွယ်ကူစွာ နေထိုင်ခွင့်ရရန်သာလျှင် ဖြစ်သည်။ သို့ဖြစ်၍ ခရီးဆုံးပန်းတိုင်အကြောင်းကို ပြောဆိုသည့်အခါတိုင်း သင်တို့သည် အထူးသဖြင့် ဂနာမငြိမ် ဖြစ်ကြရပြီး သင်တို့ လုံလောက်စွာ ဂရုမစိုက်ပါက ဘုရားသခင်ကို ပုန်ကန်ပြစ်မှားမိနိုင်ကာ ထိုသို့ဖြင့် သင်တို့နှင့် ထိုက်တန်သော အကျိုးအပြစ်ပေးခြင်းကို ခံရနိုင်မည်ကို အလွန်အမင်း ကြောက်ရွံ့ကြသည်။ သင်တို့သည် မိမိတို့၏ ခရီးဆုံးပန်းတိုင်အတွက် လိုက်လျောမှုများ ပြုလုပ်ရန် ဝန်မလေးခဲ့ကြသည့်အပြင် တစ်ချိန်က ကောက်ကျစ်ပြီး ပေါ့ပျက်ပျက်နိုင်ခဲ့သော သင်တို့ထဲမှ များစွာသောသူတို့ပင်လျှင် ရုတ်တရက် အထူးသဖြင့် နူးညံ့သိမ်မွေ့ပြီး ရိုးသားစစ်မှန်လာခဲ့ကြသည်။ သင်တို့၏ ရိုးသားသည့် အသွင်အပြင်သည် လုံးဝ ကျောချမ်းဖွယ် ကောင်းလှသည်။ သို့သော်ငြားလည်း သင်တို့အားလုံးတွင် “ရိုးသားသော” စိတ်နှလုံးများ ရှိကြပြီး ယင်းမှာ ညည်းညူခြင်း၊ လှည့်ဖြားခြင်း သို့မဟုတ် သစ္စာစောင့်သိခြင်းပင် ဖြစ်ပါစေ၊ သင်တို့သည် မည်သည့်အရာကိုမျှ ထိမ်ချန်မထားဘဲ သင်တို့၏ စိတ်နှလုံးများထဲရှိ လျှို့ဝှက်ချက်များကို ငါ့ထံ အစဉ်တစိုက် ဖွင့်ဟခဲ့ကြသည်။ ခြုံငုံ၍ဆိုရလျှင် သင်တို့သည် မိမိတို့ ဖြစ်တည်မှု၏ အနက်ရှိုင်းဆုံးသော နေရာများတွင် ရှိနေသည့် အနှစ်သာရရှိသော အရာများကို ငါ့ထံ အလွန် ပွင့်လင်းစွာ “ဝန်ခံ” ခဲ့ကြသည်။ သေချာပေါက်ပင်၊ ငါသည် ထိုသို့သောအရာများကို မည်သည့်အခါမျှ ရှောင်ဖယ်မသွားခဲ့ပေ၊ အကြောင်းမှာ ငါ့အတွက် ထိုအရာများသည် အလွန် ရင်းနှီးကျွမ်းဝင်နေပြီ ဖြစ်သောကြောင့်တည်း။ သင်တို့သည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိရန် ဆံချည်မျှင်တစ်ပင် အဆုံးရှုံးခံမည့်အစား မိမိတို့၏ နောက်ဆုံး ခရီးဆုံးပန်းတိုင်အတွက် မီးပင်လယ်ထဲသို့ ဝင်ရောက်ဖို့ ပို၍ လိုလားကြသည်။ ငါသည် သင်တို့နှင့်ပတ်သက်၍ တစ်ယူသန်စွဲနေခြင်း မဟုတ်ပေ။ ငါလုပ်ဆောင်သမျှ အရာအားလုံးနှင့် တေ့တေ့ဆိုင်ဆိုင် ရင်ဆိုင်ရန် သင်တို့သည် သစ္စာစောင့်သိသော စိတ်နှလုံး အလွန် ကင်းမဲ့နေခြင်း ဖြစ်သည်။ ငါ ယခုလေးတင် ပြောခဲ့သည့်အရာကို သင်တို့ နားလည်ကောင်းမှ နားလည်မည်ဖြစ်သဖြင့် သင်တို့ကို ရိုးရှင်းသော ရှင်းပြချက်တစ်ခု ငါ ပေးမည်။ သင်တို့ လိုအပ်သည့်အရာမှာ သမ္မာတရားနှင့် အသက် မဟုတ်သည့်အပြင် သင်တို့ မည်သို့ ကျင့်ကြံပြုမူရမည်ဟူသော စည်းမျဉ်းများလည်း မဟုတ်ပေ၊ ငါ၏ အလွန်တရာ ကြိုးပမ်းအားထုတ်ရသော အလုပ်ဆိုလျှင် ပို၍ပင် မဟုတ်သေးပေ။ ထိုအစား သင်တို့ လိုအပ်သည့်အရာမှာ ဇာတိပကတိ၌ သင်တို့ ပိုင်ဆိုင်သည့် အရာအားလုံးဖြစ်သော ဓနဥစ္စာ၊ အဆင့်အတန်း၊ မိသားစု၊ အိမ်ထောင်ရေး စသည်တို့ ဖြစ်သည်။ သင်တို့သည် ငါ၏ နှုတ်ကပတ်တော်များနှင့် အလုပ်ကို လုံးဝ အလေးမထားကြသဖြင့် သင်တို့၏ ယုံကြည်ခြင်းကို စကားတစ်ခွန်းတည်းဖြင့် ငါ အကျဉ်းချုပ်နိုင်သည်။ ယင်းမှာ ဝတ်ကျေတမ်းကျေလုပ်ခြင်း ဖြစ်သည်။ သင်တို့သည် မိမိတို့ အကြွင်းမဲ့ သစ္စာစောင့်သိသည့် အရာများကို ရရှိရန် မည်သည့်အရာကိုမဆို လုပ်ဆောင်ကြလိမ့်မည် ဖြစ်သော်လည်း ဘုရားသခင်ကို သင်တို့ ယုံကြည်ခြင်းနှင့် သက်ဆိုင်သော ကိစ္စရပ်များအတွက် သင်တို့သည် ထိုနည်းတူ လုပ်ဆောင်မည် မဟုတ်ကြောင်းကို ငါ တွေ့ရှိခဲ့ရသည်။ ထိုအစား သင်တို့သည် အတော်အတန်သာ သစ္စာစောင့်သိကြပြီး အတော်အတန်သာ စိတ်အားထက်သန်ကြသည်။ ထိုအကြောင်းကြောင့် အဆုံးစွန် ရိုးသားသော စိတ်နှလုံး ကင်းမဲ့သူများသည် ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်ခြင်းတွင် ကျရှုံးသူများ ဖြစ်ကြသည်ဟု ငါပြောခြင်း ဖြစ်သည်။ သေချာစွာ စဉ်းစားကြလော့၊ သင်တို့အထဲတွင် ကျရှုံးသူများစွာ ရှိသလော။
ဘုရားသခင်ကို ယုံကြည်ခြင်း၌ အောင်မြင်မှုသည် လူတို့၏ ကိုယ်ပိုင် လုပ်ရပ်များ၏ ရလဒ်အဖြစ် ရရှိခြင်း ဖြစ်ကြောင်းကို သင်တို့ သိသင့်သည်။ လူတို့သည် အောင်မြင်မှု မရရှိဘဲ ထိုအစား ကျရှုံးသောအခါ ယင်းမှာလည်း ၎င်းတို့၏ ကိုယ်ပိုင် လုပ်ရပ်များကြောင့် ဖြစ်ပြီး အခြား မည်သည့်အကြောင်းရင်းကမျှ ပါဝင်ပတ်သက်ခြင်း မရှိပေ။ ဘုရားသခင်ကို ယုံကြည်ခြင်းထက် ပို၍ ခက်ခဲပြီး ပို၍ ဆင်းရဲဒုက္ခခံစားရသည့် အရာတစ်ခုခုကို ရရှိရန် သင်တို့သည် ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးကို ကြိုးစားကြလိမ့်မည်ဟု ငါ ယုံကြည်သည်။ ပြီးလျှင် သင်တို့သည် ယင်းကို အလွန် အလေးအနက်ထား၍ သဘောထားကြလိမ့်မည်ဖြစ်ကာ မည်သည့် အမှားများကိုမဆို သည်းခံရန် သင်တို့ လိုလားမည်မဟုတ်သည့် အတိုင်းအတာအထိပင် ဖြစ်သည်။ ဤသည်တို့မှာ သင်တို့အားလုံး မိမိတို့၏ ကိုယ်ပိုင် ဘဝထဲသို့ စိုက်ထုတ်သည့် မဆုတ်မနစ်သော ကြိုးပမ်းအားထုတ်မှု အမျိုးအစားများ ဖြစ်သည်။ သင်တို့၏ ကိုယ်ပိုင် မိသားစုဝင် မည်သူ့ကိုမျှ သင်တို့ လှည့်ဖြားမည်မဟုတ်သော အခြေအနေများအောက်တွင် သင်တို့သည် ငါ၏ ဇာတိပကတိကိုပင် လှည့်ဖြားနိုင်စွမ်း ရှိကြသည်။ ဤသည်မှာ သင်တို့၏ တစ်သမတ်တည်းဖြစ်သော အပြုအမူ ဖြစ်ပြီး လောကနှင့် သင်တို့ ဆက်ဆံသည့် စည်းမျဉ်း ဖြစ်သည်။ သို့မှသာ သင်တို့၏ ခရီးဆုံးပန်းတိုင်သည် အံ့သြဖွယ်ကောင်းပြီး သင်တို့ လိုလားသမျှ ဖြစ်နိုင်ရန်အလို့ငှာ သင်တို့၏ ခရီးဆုံးပန်းတိုင်အတွက် ငါ့ကို လှည့်ဖြားရန် သင်တို့သည် အယောင်ဆောင်ထားသော ဟန်ဆောင်မှုတစ်ခုကို ပြသနေဆဲ မဟုတ်လော။ သင်တို့၏ ရိုးသားမှုကဲ့သို့ပင် သင်တို့၏ သစ္စာစောင့်သိမှုသည် ယာယီမျှသာ ဖြစ်ကြောင်းကို ငါ သိရှိသည်။ သင်တို့၏ စိတ်ပိုင်းဖြတ်မှုနှင့် သင်တို့ ပေးဆပ်သည့် အဖိုးအခသည် ယခုတွင်သာ ရှိပြီး အနာဂတ်တွင် ရှိမည်မဟုတ်သည်မှာ မှန်သည် မဟုတ်လော။ သင်တို့သည် လှပသော ခရီးဆုံးပန်းတိုင်တစ်ခုကို ရရှိရန် ကြိုးပမ်းဖို့အလို့ငှာ နောက်ဆုံး ကြိုးပမ်းအားထုတ်မှု တစ်ခုကိုသာ ပြုလုပ်လိုကြသည်။ သင်တို့၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ အရောင်းအဝယ်တစ်ခု ပြုလုပ်ရန် ဖြစ်ပြီး သမ္မာတရားအပေါ် အကြွေးတင်ခြင်းမှ ရှောင်ရှားရန် မဟုတ်ပေ၊ ငါပေးဆပ်ခဲ့သည့် အဖိုးအခအတွက် ငါ့ကို ပြန်လည်ပေးဆပ်ရန်ဆိုလျှင် ပို၍ပင် မဟုတ်သေးပေ။ အတိုချုပ်ဆိုရလျှင် သင်တို့သည် မိမိတို့ လိုချင်သောအရာကို ရရှိရန် ဉာဏ်များသော လှည့်ကွက်များကို အသုံးပြုဖို့သာ လိုလားကြပြီး ယင်းအတွက် ပွင့်လင်းစွာ တိုက်ပွဲဝင်ရန် မဟုတ်ပေ။ ဤသည်တို့မှာ သင်တို့၏ အနက်ရှိုင်းဆုံးသော အတွေးများ မဟုတ်လော။ သင်တို့သည် မိမိတို့ကိုယ်ကို ဟန်ဆောင်ဖုံးကွယ်ခြင်း မပြုရပေ၊ နေ့ဘက်တွင် အစားအသောက် စားသောက်ချင်စိတ် မရှိသည့်အပြင် ညဘက်တွင် အေးချမ်းစွာ အိပ်မပျော်နိုင်သည့် အတိုင်းအတာအထိ သင်တို့၏ ခရီးဆုံးပန်းတိုင်နှင့်ပတ်သက်၍ အလွန်အမင်း ခေါင်းစားခံရန်ဆိုလျှင် ပို၍ပင် မပြုရသေးပေ။ အဆုံးတွင် သင်တို့၏ အဆုံးသတ်ကို ဆုံးဖြတ်ပြီးဖြစ်လိမ့်မည်မှာ မှန်သည် မဟုတ်လော။ သင်တို့ တစ်ဦးစီသည် ပွင့်လင်းပြီး ရိုးသားသော စိတ်နှလုံးများဖြင့် မိမိတို့၏ ကိုယ်ပိုင်တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်သင့်ပြီး လိုအပ်သည့် မည်သည့် အဖိုးအခကိုမဆို ပေးဆပ်ရန် လိုလားသင့်သည်။ သင်တို့ ပြောခဲ့သည့်အတိုင်း ထိုနေ့ရက် ရောက်လာသောအခါ ဘုရားသခင်သည် သူ့အတွက် ဆင်းရဲဒုက္ခခံစားခဲ့ရသော သို့မဟုတ် အဖိုးအခ ပေးဆပ်ခဲ့ရသော မည်သူ့ကိုမျှ မတရားဆက်ဆံမည် မဟုတ်ပေ။ ဤယုံကြည်ချက်မျိုးသည် စွဲကိုင်ထားထိုက်ပြီး သင်တို့သည် ယင်းကို မည်သည့်အခါမျှ မမေ့သင့်သည်မှာ မှန်ကန်သည်။ ဤနည်းအားဖြင့်သာ သင်တို့နှင့်ပတ်သက်၍ ငါ စိတ်အေးနိုင်မည်။ သို့မဟုတ်ပါက သင်တို့သည် ငါ စိတ်မအေးနိုင်သော လူများ ထာဝရ ဖြစ်နေလိမ့်မည်ဖြစ်ပြီး သင်တို့သည် ငါ၏ စက်ဆုပ်ရွံရှာခြင်း ခံရသည့်သူများ ထာဝရ ဖြစ်နေလိမ့်မည်။ သင်တို့အားလုံးသည် မိမိတို့၏ အသိစိတ်ကို လိုက်လျှောက်နိုင်ပြီး ငါ၏ အလုပ်အတွက် မည်သည့် ကြိုးပမ်းအားထုတ်မှုကိုမျှ မချန်လှပ်ထားဘဲ၊ ငါ၏ ဧဝံဂေလိအလုပ်အတွက် တစ်သက်တာ၏ ခွန်အားကို မြှုပ်နှံလျက် ငါ့အတွက် သင်တို့၏ အရာအားလုံးကို ပေးဆပ်နိုင်ပါက သင်တို့ကြောင့် ငါ၏ စိတ်နှလုံးသည် ဝမ်းမြောက်ခြင်းဖြင့် မကြာခဏ မြူးထူးနေမည် မဟုတ်လော။ ဤနည်းအားဖြင့် သင်တို့နှင့်ပတ်သက်၍ ငါ လုံးဝ စိတ်အေးနိုင်မည် မဟုတ်လော။ သင်တို့ လုပ်ဆောင်နိုင်သည့်အရာမှာ ငါ မျှော်လင့်သည့်အရာ၏ သနားစရာကောင်းလောက်အောင် သေးငယ်သော အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်သည်မှာ ဝမ်းနည်းဖွယ်ကောင်းလှသည်။ ဤသို့ဖြစ်ရာ သင်တို့ မျှော်လင့်သည့်အရာများကို ငါ့ထံမှ တောင်းဆိုရန် သင်တို့ မည်သို့များ သတ္တိရှိနိုင်သနည်း။
သင်တို့၏ ခရီးဆုံးပန်းတိုင်နှင့် သင်တို့၏ ကံကြမ္မာသည် သင်တို့အတွက် အလွန် အရေးကြီးပြီး ယင်းတို့သည် သင်တို့အပေါ် ကြီးမားသော သက်ရောက်မှု ရှိသည်။ သင်တို့သည် အမှုအရာများကို ကြီးစွာသော ဂရုစိုက်မှုဖြင့် မလုပ်ဆောင်ပါက ယင်းက သင်တို့တွင် ခရီးဆုံးပန်းတိုင်တစ်ခု ရှိတော့မည်မဟုတ်ကြောင်းနှင့် သင်တို့သည် မိမိတို့၏ ကိုယ်ပိုင် ကံကြမ္မာကို ဖျက်ဆီးပြီးဖြစ်ကြောင်းကို ဆိုလိုမည်ဖြစ်သည်ဟု သင်တို့ ယုံကြည်ကြသည်။ သို့သော် မိမိတို့၏ ခရီးဆုံးပန်းတိုင်အတွက်သာ အားထုတ်မှုများကို အသုံးခံသည့်လူများသည် အချည်းနှီး ပင်ပန်းခံနေကြခြင်း ဖြစ်သည်ကို သင်တို့ တစ်ခါဖူးမျှ တွေးမိဖူးသလော။ ထိုသို့သော အားထုတ်မှုများသည် စစ်မှန်ခြင်း မရှိဘဲ ယင်းတို့မှာ ဟန်ဆောင်မှုနှင့် လှည့်ဖြားခြင်း ဖြစ်သည်။ ထိုသို့ဖြစ်ပါက မိမိတို့၏ ခရီးဆုံးပန်းတိုင်အတွက်သာ အားထုတ်မှုကို အသုံးခံသူများသည် ၎င်းတို့၏ နောက်ဆုံး ရှုံးနိမ့်မှု၏ တံခါးဝတွင် ရှိနေကြသည်၊ အကြောင်းမှာ ဘုရားသခင်ကို ယုံကြည်ခြင်း၌ ကျရှုံးမှုသည် လှည့်ဖြားခြင်းကြောင့် ဖြစ်ရသောကြောင့်တည်း။ ငါသည် မြှောက်ပင့်ခံရခြင်းကိုဖြစ်စေ၊ မျက်နှာလိုမျက်နှာရ လုပ်ခြင်းကိုဖြစ်စေ၊ စိတ်အားထက်သန်မှုဖြင့် ဆက်ဆံခံရခြင်းကိုဖြစ်စေ မနှစ်သက်ကြောင်း ငါ ယခင်က ပြောခဲ့ဖူးသည်။ ရိုးသားသော လူများက ငါ၏ သမ္မာတရားနှင့် ငါ၏ မျှော်လင့်ချက်များကို ရင်ဆိုင်သည်ကို ငါ နှစ်သက်သည်။ ထို့ထက်မက လူတို့သည် ငါ၏ ရည်ရွယ်ချက်များကို အလွန်တရာ အလေးထားမှု ပြသနိုင်သောအခါနှင့် ၎င်းတို့သည် ငါ့အတွက် အရာအားလုံးကို အသုံးခံနိုင်စွမ်းပင် ရှိသောအခါ ငါ နှစ်သက်သည်။ ဤနည်းအားဖြင့်သာ ငါ၏ စိတ်နှလုံးသည် နှစ်သိမ့်မှု ရရှိနိုင်မည်။ ယခုအချိန်တွင် သင်တို့နှင့်ပတ်သက်၍ ငါ မနှစ်သက်သောအရာ မည်မျှ ရှိသနည်း။ သင်တို့နှင့်ပတ်သက်၍ ငါ နှစ်သက်သောအရာ မည်မျှ ရှိသနည်း။ သင်တို့၏ ခရီးဆုံးပန်းတိုင်အတွက် မိမိတို့ကိုယ်ကို အသုံးခံရာတွင် သင်တို့ ပြသခဲ့သည့် မတူညီသော အကျည်းတန်မှု အမျိုးအစားများအားလုံးကို သင်တို့ထဲမှ မည်သူမျှ သဘောမပေါက်ခဲ့ကြသည်မှာ ဖြစ်နိုင်သလော။
ငါ၏ စိတ်နှလုံးထဲတွင် အပြုသဘောဆောင်ပြီး အထက်သို့ တက်လှမ်းလိုသော မည်သည့် စိတ်နှလုံးကိုမဆို ငါ နာကျင်စေလိုခြင်း မရှိသည့်အပြင် မိမိတို့၏ တာဝန်ကို ဆက်ကပ်မှုဖြင့် ထမ်းဆောင်ရန် မည်သူ၏ တက်ကြွမှုကိုမဆို ဖယ်ရှားပစ်ရန် ပို၍ပင် ဆန္ဒမရှိပေ။ သို့သော်ငြားလည်း သင်တို့၏ မလုံလောက်မှုများနှင့် သင်တို့၏ စိတ်နှလုံးများ၏ အနက်ရှိုင်းဆုံးသော နေရာများတွင် ရှိနေသည့် ညစ်ညမ်းသော ဝိညာဉ်များကို သင်တို့ တစ်ဦးစီအား ငါ သတိပေးရမည်။ ထိုသို့ ငါလုပ်ဆောင်ရခြင်းမှာ ငါ၏ နှုတ်ကပတ်တော်များရှေ့တွင် သင်တို့၏ စစ်မှန်သော စိတ်နှလုံးကို သင်တို့ ပူဇော်နိုင်လိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့်သာ ဖြစ်သည်၊ အကြောင်းမှာ ငါ အမုန်းဆုံးအရာမှာ ငါ့အပေါ်ထားရှိသော လူတို့၏ လှည့်ဖြားခြင်း ဖြစ်သောကြောင့်တည်း။ ငါ မျှော်လင့်သည်မှာ ငါ၏ အလုပ်၏ နောက်ဆုံး အဆင့်တွင် သင်တို့သည် မိမိတို့၏ အထူးချွန်ဆုံးသော စွမ်းဆောင်ရည်ကို ပေးနိုင်လိမ့်မည်ဖြစ်ပြီး သင်တို့သည် စိတ်မပါ့တပါ မဟုတ်တော့ဘဲ မိမိတို့ကိုယ်ကို စိတ်နှလုံးအကြွင်းမဲ့ ဆက်ကပ်ကြလိမ့်မည်ဟူ၍ သာလျှင် ဖြစ်သည်။ သေချာပေါက်ပင်၊ သင်တို့အားလုံး ကောင်းမွန်သော ခရီးဆုံးပန်းတိုင်တစ်ခု ရှိနိုင်ရန်ကိုလည်း ငါ မျှော်လင့်သည်။ သို့သော်ငြားလည်း ငါ၏ တောင်းဆိုချက် ငါ့တွင် ရှိနေဆဲဖြစ်ပြီး ယင်းမှာ သင်တို့၏ တစ်ခုတည်းသော၊ နောက်ဆုံးဖြစ်သော သစ္စာစောင့်သိမှုကို ငါ့ထံ ပူဇော်ရာတွင် အကောင်းဆုံး ဆုံးဖြတ်ချက်ကို သင်တို့ ချမှတ်ရန် ဖြစ်သည်။ တစ်စုံတစ်ဦးတွင် ထိုတစ်ခုတည်းသော သစ္စာစောင့်သိမှု မရှိပါက ၎င်းတို့သည် သေချာပေါက် စာတန်၏ တန်ဖိုးထားသော ပိုင်ဆိုင်မှုတစ်ခု ဖြစ်ပြီး ၎င်းတို့ကို အသုံးပြုရန် ငါ ဆက်လက်ထားရှိမည် မဟုတ်ဘဲ ၎င်းတို့၏ မိဘများက စောင့်ရှောက်ရန် ၎င်းတို့ကို အိမ်သို့ ပြန်လွှတ်မည်။ ငါ၏ အလုပ်သည် သင်တို့အတွက် ကြီးမားသော အကူအညီတစ်ခု ဖြစ်သည်။ သင်တို့ထံမှ ငါ ရရှိရန် မျှော်လင့်သည့်အရာမှာ ရိုးသားပြီး အထက်သို့ တက်လှမ်းလိုသော စိတ်နှလုံးတစ်ခု ဖြစ်သော်လည်း ယခုအချိန်အထိ ငါ၏ လက်များသည် အလွတ်ဖြစ်နေဆဲ ဖြစ်သည်။ ယင်းကို စဉ်းစားကြည့်လော့၊ တစ်နေ့တွင် ငါသည် ထိုသို့သော ပြောမပြနိုင်သည့် ပြင်းထန်သော ဝေဒနာကို ခံစားနေရနေဆဲဖြစ်ပါက ထိုအချိန်တွင် သင်တို့အပေါ် ငါ၏ သဘောထားသည် မည်သို့ ရှိမည်နည်း။ ထိုအချိန်တွင် ငါသည် ယခုကဲ့သို့ သင်တို့အပေါ် ဖော်ရွေမည်လော။ ထိုအချိန်တွင် ငါ၏ စိတ်နှလုံးသည် ယခုကဲ့သို့ အေးချမ်းမည်လော။ အလွန်တရာ ကြိုးပမ်းအားထုတ်လျက် လယ်ထွန်ယက်ခဲ့ပြီးနောက် စပါးတစ်စေ့မျှ မရိတ်သိမ်းရသော လူတစ်ဦး၏ ခံစားချက်များကို သင်တို့ နားလည်သလော။ လူတစ်ဦးသည် ကြီးမားသော ထိုးနှက်ချက်တစ်ခုကို ခံရသောအခါ ၎င်း၏ စိတ်နှလုံးသည် မည်မျှ ကြီးမားစွာ နာကျင်ရသည်ကို သင်တို့ နားလည်သလော။ တစ်ချိန်က မျှော်လင့်ချက် အလွန် ပြည့်ဝခဲ့ပြီး မကောင်းသော အခြေအနေများဖြင့် လမ်းခွဲခဲ့ရသော လူတစ်ဦး၏ ခါးသီးမှုကို သင်တို့ မြည်းစမ်းနိုင်သလော။ ရန်စခံရသော လူတစ်ဦး၏ ဒေါသကို သင်တို့ မြင်ဖူးသလော။ ရန်လိုမှုနှင့် လှည့်ဖြားခြင်းဖြင့် ဆက်ဆံခံရသော လူတစ်ဦး၏ လက်စားချေလိုသော စိတ်အားထက်သန်မှုကို သင်တို့ သိသလော။ သင်တို့သည် ဤလူများ၏ စိတ်နေသဘောထားကို နားလည်ပါက သူ၏ ကံကြွေးဆပ်ချိန်တွင် ဘုရားသခင်၌ ရှိမည့် သဘောထားကို သင်တို့ စိတ်ကူးကြည့်ရန် ခက်ခဲမည်မဟုတ်ဟု ငါ ထင်သည်။ နောက်ဆုံးအနေဖြင့် သင်တို့အားလုံး မိမိတို့၏ ကိုယ်ပိုင် ခရီးဆုံးပန်းတိုင်အတွက် ကြီးလေးသော ကြိုးပမ်းအားထုတ်မှု ပြုလုပ်ရန် ငါ မျှော်လင့်သော်လည်း သင်တို့၏ ကြိုးပမ်းအားထုတ်မှုများတွင် လှည့်ဖြားသော နည်းလမ်းများကို အသုံးမပြုလျှင် ပိုကောင်းမည်၊ သို့မဟုတ်ပါက ငါ၏ စိတ်နှလုံးထဲတွင် သင်တို့နှင့်ပတ်သက်၍ ငါ ဆက်လက် စိတ်ပျက်နေမည်။ ပြီးလျှင် ထိုသို့သော စိတ်ပျက်မှုသည် မည်သည့်အရာဆီသို့ ဦးတည်သနည်း။ သင်တို့သည် မိမိတို့ကိုယ်ကို အရူးလုပ်နေခြင်း မဟုတ်လော။ မိမိတို့၏ ခရီးဆုံးပန်းတိုင်အတွက် စဉ်းစားတွေးတောသည့်တိုင် ယင်းကို ဖျက်ဆီးသူများသည် ကယ်တင်ခြင်းခံရရန် အခွင့်အလမ်း အနည်းဆုံးသော လူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဒေါသထွက်ပြီး စိတ်ဆိုးမာန်ဆိုး ဖြစ်လာလျှင်ပင် ထိုသို့သော လူတစ်ဦးကို မည်သူက သနားကရုဏာထားမည်နည်း။ အချုပ်အားဖြင့် သင်တို့တွင် သင့်လျော်ပြီး လှပသော ခရီးဆုံးပန်းတိုင်တစ်ခု ရှိရန် ငါ ဆန္ဒရှိဆဲဖြစ်ပြီး ထို့ထက်မက သင်တို့ထဲမှ မည်သူမျှ ဘေးအန္တရာယ်ထဲသို့ မကျရောက်မည့်အရေးကို ငါ မျှော်လင့်သည်။