၁၁။ ဘုရားသခင်သည် ကျမ်းစာထဲတွင် မှတ်တမ်းတင်ထားသည်ထက်ပိုသော မည်သည့် နှုတ်ကပတ်တော်ကိုမျှ မပြောခဲ့၊ သို့မဟုတ် မည်သည့်အမှုကိုမျှ မလုပ်ဆောင်ခဲ့၊ ကျမ်းစာကို ကျော်လွန်သော မည်သည့်အရာမဆိုသည် မိစ္ဆာဒိဋ္ဌိအယူဖြစ်သည်” ဟူသည့် ဘာသာရေးလောက၏ အယူအဆ
ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် လုပ်ဆောင်မှုအားလုံးကို ကျမ်းစာထဲတွင် မှတ်တမ်းတင်ထားသည်၊ ကျမ်းစာထဲတွင် ပါဝင်သော သမ္မာတရားက ပြည့်စုံသည်၊ ဘုရားသခင်သည် ကျမ်းစာထဲတွင် ရှိနှင့်ပြီးဖြစ်သည့်အရာထက်ပိုပြီး မည်သည့်အရာကိုမျှ ပြောမည်မဟုတ်၊ သို့မဟုတ် မည်သည့်အလုပ်ကိုမျှ ထပ်၍ လုပ်ဆောင်မည်မဟုတ်၊ ကျမ်းစာကို ကျော်လွန်သည့် မည်သည့်အရာမဆို မိစ္ဆာဒိဋ္ဌိအယူဖြစ်သည်ဟု ဘာသာရေးလောကက ယုံကြည်သည်။ ဤသို့ဖြင့် ၎င်းတို့သည် သခင့်ကို ယုံကြည်သူများက ကျမ်းစာကို ဖက်တွယ်ထားရမည်ဖြစ်ကြောင်း၊ သခင် ပြန်ကြွလာသောအခါ ၎င်းတို့သည် ကောင်းကင်နိုင်ငံတော်သို့ ခေါ်ဆောင်ခြင်း ခံရမည်ဖြစ်ကြောင်း ထင်မြင်ကြသည်။
ကျမ်းစာထဲမှ စကားများ
“ယေရှုပြုတော်မူသော အခြားအမှုအရာအများ ရှိသေး၏။ ထိုအမှုအရာရှိသမျှတို့ကို အသီးအခြားရေးထားလျှင်၊ မြေကြီးမဆံ့နိုင်အောင် ကျမ်းစာများပြားလိမ့်မည်ဟု ထင်မှတ်ခြင်းရှိ၏။” (ရှင်ယောဟန်ခရစ်ဝင် ၂၁:၂၅)
“ငါသည် သင်တို့ကို ပြောစရာများစွာရှိသေးသည်။ သို့သော် ယင်းတို့ကို သင်တို့ယခု မခံယူနိုင်ပေ။ သို့ရာတွင် သမ္မာတရားဖြင့် ပြည့်စုံသော ဝိညာဉ်တော် ကြွလာသောအခါ သူသည် သင်တို့အား သမ္မာတရားအားလုံးဆီသို့ လမ်းပြပေးလိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)
“ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူ မည်သည်ကား ကြားပါစေ။” (ဗျာဒိတ်ကျမ်း ၂:၇)
“ဒံယေလ၊ သင်သွားလော့။ ထိုစကားသည် အမှုကုန်ရသည်ကာလတိုင်အောင် ပိတ်၍ တံဆိပ် ခတ်ထားလျက်ရှိ၏။ လူအများတို့သည် သန့်ရှင်းဖြူစင်ခြင်းသို့ ရောက်၍ စုံစမ်းခြင်းကို ခံရကြလိမ့်မည်။ မတရားသော သူတို့သည် မတရားသဖြင့် ပြု၍ တယောက်မျှ နား မလည်ရ။ ပညာရှိသော သူတို့မူကား၊ နားလည်ကြလိမ့် မည်။” (ဒံယေလ အနာဂတ္တိကျမ်း ၁၂:၉-၁၀)
“ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရမည်ဟု စိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကိုစေ့စေ့ကြည့်ရှု ကြ၏။ ထိုကျမ်းစာပင်ငါ၏သက်သေဖြစ်၏။ သင်တို့သည် အသက်ကိုရအောင် ငါ့ထံသို့ လာခြင်းငှါအလိုမရှိကြ။” (ရှင်ယောဟန်ခရစ်ဝင် ၅:၃၉-၄၀)
“သိုးသငယ် သွားလေ ရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူဖြစ်ကြ၏။” (ဗျာဒိတ်ကျမ်း ၁၄:၄)
နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ
သမ္မာကျမ်းစာထဲတွင် မှတ်သားထားသည့် အရာများသည် အကန့်အသတ်ရှိ၏။ ၎င်းတို့သည် ဘုရားသခင်၏ လုပ်ဆောင်မှုကို အလုံးစုံ ကိုယ်စားမပြုနိုင်ပေ။ ခရစ်ဝင်ကျမ်း လေးကျမ်းသည် ယေရှုက သင်္ဘောသဖန်းပင်ကို ကျိန်ဆိုခြင်း၊ ပေတရုက သခင်ကို သုံးကြိမ်တိုင်အောင် ငြင်းပယ်ခြင်း၊ သူ၏ လက်ဝါးကားတိုင်ပေါ် အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း ပြီးနောက် နောက်လိုက် တပည့်တော်များရှေ့တွင် ယေရှု၏ ကိုယ်ထင်ပြခြင်း၊ အစာရှောင်ခြင်းအကြောင်း သွန်သင်မှု၊ ဆုတောင်းခြင်းအကြောင်း သွန်သင်မှု၊ ကွာရှင်းခြင်းအကြောင်း သွန်သင်မှု၊ ယေရှု၏မွေးဖွားခြင်းနှင့် ဆွေစဉ်မျိုးဆက်စာရင်း၊ တပည့်တော်များကို ယေရှုခန့်အပ်ခြင်း စသည့် ဖြစ်ပျက်မှုများကို အရေအတွက် ကန့်သတ်ချက်ဖြင့် ရေးထားသော အခန်းကြီးများ အားလုံး တစ်ရာထက် လျော့နည်းလေသည်။ သို့သော်၊ ယနေ့ အမှုကို ယင်းတို့နှင့် နှိုင်းယှဉ်လျက်ပင် လူသားသည် ယင်းတို့ကို ရတနာများကဲ့သို့ တန်ဖိုးထားကြသည်။ ယေရှုသည် မွေးဖွားလာသည့် အချိန်မှစ၍ များစွာသော အလုပ်ကို လုပ်ဆောင်ခဲ့သည်ဟုပင် သူတို့ ယုံကြည်ကြသည်။ ဘုရားသခင်က ဤမျှသာ လုပ်နိုင်စွမ်းရှိပြီး နောက်ထပ် ဘာမျှမလုပ်တော့သည့်အလား၊ ယေရှုက သူ၏ဘဝတွင် လုပ်ခဲ့သည့် အလုပ်အားလုံးမှာ ထိုမျှသာဖြစ်သည်ဟုပင် ၎င်းတို့ ယုံကြည်ကြလေသည်။ ဤသည်မှာ ရယ်စရာ မကောင်းသလော။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၁)
သင်က ပညတ်တော်ခေတ်၏ အလုပ်ကို ကြည့်လိုပြီး၊ ဣသရေလအမျိုးသားများ ယေဟောဝါ၏ လမ်းခရီးကို မည်သို့ လိုက်နာခဲ့ကြကြောင်းကို ကြည့်လိုလျှင်၊ သင်သည် ဓမ္မဟောင်းကျမ်းကို ဖတ်ရှုရမည်။ သင်သည် ကျေးဇူးတော်ခေတ်၏ အလုပ်ကို နားလည်လိုလျှင်၊ ဓမ္မသစ်ကျမ်းကို ဖတ်ရှုရမည်။ သို့သော်လည်း နောက်ဆုံးသောကာလ၏ အမှုကို သင် မည်သို့ မြင်သနည်း။ သင်သည် ယနေ့၏ဘုရားသခင်၏ ဦးဆောင်မှုကို လက်ခံလျက် ယနေ့၏အလုပ်ထဲကို ဝင်ရောက်ရမည်။ အဘယ်ကြောင့်ဆိုသော် ယင်းသည် အလုပ်သစ်ဖြစ်ပြီး၊ မည်သူမျှ ယခင်က သမ္မာကျမ်းစာထဲတွင် ကြိုတင်မှတ်တမ်းတင် မထားခဲ့သောကြောင့် ဖြစ်သည်။ ယနေ့တွင် ဘုရားသခင်သည် လူ့ဇာတိခံယူပြီး တရုတ်နိုင်ငံ၌ အခြားရွေးကောက်ခံရသူများကို ရွေးထားပြီ ဖြစ်သည်။ ဘုရားသခင်သည် ထိုလူများ၌ အမှုပြုသည်၊ သူသည် ကမ္ဘာကြီးပေါ်က သူ၏အမှုတော်ကို ဆက်လက်ဆောင်ရွက်ပြီး၊ ကျေးဇူးတော်ခေတ်၏အမှုတော်မှ ဆက်ပြီး ဆောင်ရွက်သည်။ ယနေ့၏အမှုတော်သည် လူသားတို့ မည်သည့်အခါကမျှ မလျှောက်ဖူးသေးသည့် လမ်းကြောင်းဖြစ်ပြီး မည်သူကမှ မမြင်ဖူးသည့် လမ်းခရီးဖြစ်သည်။ ယင်းသည် ယခင် မည်သည့်အခါမျှ မလုပ်ခဲ့ဖူးသည့် အမှုတော်ဖြစ်သည်၊ ယင်းသည် ကမ္ဘာကြီးပေါ်က ဘုရားသခင်၏ နောက်ဆုံးအမှုတော် ဖြစ်သည်။ ထို့ကြောင့် ယခင် မည်သည့်အခါမျှ မလုပ်ခဲ့ဖူးသည့် အလုပ်သည် သမိုင်းမဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် ပစ္စုပ္ပန်သည် ပစ္စုပ္ပန်သာဖြစ်ပြီး၊ အတိတ်ဖြစ်သွားရန် လိုသေး၍ ဖြစ်သည်။ ဘုရားသခင်သည် ပိုကြီးမားသည့်၊ ပိုသစ်သည့်အမှုကို ဣသရေလ၏ ပြင်ပ၊ ကမ္ဘာကြီးပေါ်မှာ ပြုလုပ်ခဲ့ပြီးကြောင်း၊ ထိုအမှုသည် ဣသရေလ၏ နယ်ပယ်အပြင်ထိ ကျော်လွန်နှင့်ပြီး၊ ပရောဖက်များ၏ ကြိုတင်ဟောကြားချက်များကို ကျော်လွန်လျက် ရောက်ရှိနှင့်ပြီးဖြစ်ကြောင်း၊ ယင်းသည် ပရောဖက်ပြုချက်များ၌ မပါဝင်သည့် အသစ်သော အံ့သြဖွယ်အမှု၊ ဣသရေလအပြင်ရှိ ပိုမိုသစ်လွင်သည့် အမှု၊ လူသားများ မည်သည့်အခါတွင်မျှ သိနားလည်နိုင်မည် မဟုတ်သကဲ့သို့ စိတ်ကူးနိုင်ကြမည် မဟုတ်သည့် အမှုဖြစ်ကြောင်းကို လူများက မသိကြပေ။ သမ္မာကျမ်းစာထဲ၌ ယင်းကဲ့သို့သောအမှု၏ ပြည့်စုံစွာ ရှင်းလင်းဖော်ပြထားသော မှတ်တမ်းများ မည်သို့ ပါဝင်နိုင်မည်နည်း။ မည်သူသည် ယနေ့အမှု၏ တစ်ချက်ချင်းစီကို မည်သည့် အရာကိုမျှ ထိန်ချန်မထားဘဲ၊ ကြိုတင်ပြီး မှတ်တမ်းတင်ပေးနိုင်ခဲ့မည်နည်း။ မည်သူကများ ဟောင်းနွမ်းလှသည့် မှိုတက်နေသော ထိုစာအုပ်ထဲ၌ ယခုကဲ့သို့ ပိုမို ထူးကဲပြီး ပို၍ ဉာဏ်ပညာရှိကာ၊ အစဉ်အလာကို အာခံသည့် အမှုကို မှတ်တမ်းတင်ပေးနိုင်ခဲ့မည်နည်း။ ယနေ့အမှုသည် သမိုင်းမဟုတ်ပေ၊ သို့ဖြစ်၍ သင်က ယနေ့၏လမ်းကြောင်း အသစ်အတိုင်း လျှောက်သွားချင်ပါက၊ သင်သည် သမ္မာကျမ်းစာမှ သွေဖည်ရမည်ဖြစ်သည်၊ သင်သည် သမ္မာကျမ်းစာထဲက အနာဂတ္တိကျမ်း စာအုပ်များ သို့မဟုတ် သမိုင်းကို ကျော်လွန်ပြီးသွားရမည်။ သို့ဖြစ်မှသာ သင်သည် လမ်းကြောင်းအသစ်ကို မှန်ကန်စွာ လျှောက်နိုင်မည် ဖြစ်သည်၊ ထို့အပြင် ထိုအခါကျမှသာ သင်သည် လောကသစ်နှင့် အမှုသစ်ထဲကို ဝင်ရောက်နိုင်မည် ဖြစ်သည်။...ပိုမြင့်မားသည့် လမ်းခရီး ရှိနေသောကြောင့်၊ နိမ့်ကျပြီး ဟောင်းနေသည့် လမ်းခရီးကို အဘယ့်ကြောင့် လေ့လာနေသနည်း။ ပိုသစ်သည့် မိန့်မြွက်ချက်များနှင့် ပိုသစ်သည့်အမှု ရှိနေလျှင်၊ သမိုင်းမှတ်တမ်း အဟောင်းများအကြားတွင် အဘယ့်ကြောင့် နေထိုင်နေသေးသနည်း။ မိန့်ကြားချက် အသစ်များက သင့်ကို ပံ့ပိုးပေးနိုင်သည်၊ ဤအချက်က ယင်းသည် အမှုသစ် ဖြစ်ကြောင်းကို သက်သေပြနေသည်၊ မှတ်တမ်းအဟောင်းများက သင့်ကိုဆန္ဒ ပြည့်ဝစေနိုင်ခြင်း၊ သင်၏လက်ရှိ လိုအပ်ချက်များကို ဖြည့်ဆည့်းပေးနိုင်ခြင်း မရှိဘဲ၊ ၎င်းတို့သည် သမိုင်းဖြစ်ပြီး ယခုအချိန် ယခုနေရာ၏ အမှုမဟုတ်ကြောင်းကို သက်သေပြနေသည်။ အမြင့်ဆုံးလမ်းခရီးသည် အသစ်ဆုံးအမှုဖြစ်ပြီး၊ အမှုသစ်နှင့်ဆိုလျှင် အတိတ်က လမ်းခရီး မည်မျှပင် မြင့်မားခဲ့ပါစေ၊ ယင်းသည် လူများ ပြန်ပြောင်းတွေးတောသည့် သမိုင်းကြောင်းမျှသာ ဖြစ်ပြီး ရည်ညွှန်း ပြောဆိုချက်အဖြစ် ၎င်း၏တန်ဖိုးမှာ မည်သို့ပင်ရှိပါစေ၊ ယင်းသည် လမ်းခရီးဟောင်း ဖြစ်နေဆဲ ဖြစ်သည်။ ၎င်းကို “သန့်ရှင်းသည့် ကျမ်းစာအုပ်” ထဲ မှတ်တမ်းတင်ထားစေကာမူ၊ လမ်းခရီးဟောင်းသည် သမိုင်းဖြစ်သည်၊ “သန့်ရှင်းသည့် ကျမ်းစာအုပ်” ထဲမှာ မည်သို့မျှ ရေးမှတ် မထားသော်လည်း၊ လမ်းခရီးသစ်သည် ယခုအချိန် ယခုနေရာမှာ ရှိနေ၏။ ၎င်းလမ်းခရီးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်သည့် အတွက်ကြောင့်၊ သင့်ကို ကယ်တင်နိုင်ပြီး ဤလမ်းခရီးသည် သင့်ကို ပြောင်းလဲနိုင်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁)
သမ္မာကျမ်းစာသည် သမိုင်းအခြေခံသော စာအုပ်တစ်အုပ် ဖြစ်သည်၊ သင်သည် ဓမ္မဟောင်းကျမ်းကို ကျေးဇူးတော်ခေတ်ထဲတွင် စားသောက်ခဲ့မည်ဆိုလျှင်၊ ဓမ္မဟောင်းကျမ်း ခေတ်က သတ်မှတ်ထားခဲ့သည့် အရာကို ကျေးဇူးတော်ခေတ်ထဲတွင် လက်တွေ့ကျင့်သုံးခဲ့ပါက၊ ယေရှုသည် သင်တို့ကို ငြင်းပယ်ခဲ့ပြီး ရှုတ်ချခဲ့မည်ဖြစ်သည်၊ သင်က ဓမ္မဟောင်းကျမ်းကို ယေရှု၏အမှု၌ ကျင့်သုံးခဲ့လျှင် သင်သည် ဖာရိရှဲဖြစ်ခဲ့လိမ့်မည်။ သင်သည် ယနေ့တွင် ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်း နှစ်ခုစလုံးကို စားသောက်ရန်အတွက် ပေါင်းစည်းကာ လက်တွေ့လုပ်ဆောင်မည်ဆိုလျှင်၊ ယနေ့၏ ဘုရားသခင်သည် သင့်ကို ရှုတ်ချလိမ့်မည်၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ယနေ့အလုပ်၌ နောက်ကျနေခဲ့မည် ဖြစ်သည်။ အကယ်၍ သင်သည် ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းကို စားသောက်လျှင်၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်း အပြင်၌ ရှိနေသူ ဖြစ်သည်။ ယေရှု၏ လက်ထက်၌၊ ယေရှုသည် ထိုစဉ်က သန့်ရှင်းသော ဝိညာဉ်တော်က သူ့ထဲတွင် အလုပ်လုပ်ခဲ့သည်နှင့်အညီ ယုဒလူများနှင့် သူ၏ နောက်သို့လိုက်သူများ အားလုံးကို လမ်းပြခဲ့သည်။ ယေရှုသည် မိမိပြုခဲ့သည့် အမှုများအတွက် သမ္မာကျမ်းစာကို အခြေခံအဖြစ် မခံယူခဲ့ဘဲ၊ မိမိ၏အမှုနှင့်အညီ ပြောဆိုခဲ့သည်။ သမ္မာကျမ်းစာထဲ မိန့်ဆိုထားသည်များကို သူဂရုမစိုက်ခဲ့သလို၊ သူ၏ နောက်လိုက်များကို ဦးဆောင်ရမည့် လမ်းကြောင်းကိုလည်း သမ္မာကျမ်းစာထဲမှာ မရှာခဲ့ပေ။ သူသည် စတင် အမှုပြုသည့်အခါမှစ၍ ဓမ္မဟောင်းကျမ်း၏ ပရောဖက်ပြုခြင်းများ၌ လုံးဝ မဖော်ပြထားခဲ့သည့် စကားတစ်လုံးဖြစ်သည့်- နောင်တရခြင်း လမ်းခရီးကို သူ ဖြန့်ဝေခဲ့လေသည်။ ယေရှုသည် သမ္မာကျမ်းစာနှင့်အညီ မပြုမူခဲ့သည့်အပြင်၊ သူသည် လမ်းကြောင်းအသစ်ကိုလည်း ဦးဆောင်လမ်းပြခဲ့ပြီး အမှုသစ်ကို ဆောင်ရွက်ခဲ့သည်။ ယေရှုက တရားဟောရာတွင် သမ္မာကျမ်းစာကို မည်သည့်အခါမျှ မကိုးကားခဲ့ပေ။ ပညတ်တော်ခေတ်အတွင်း၌၊ နာမကျန်းသော သူများကို ကုသပေးရန်နှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်းတို့နှင့် သက်ဆိုင်သော သူ၏ အံ့ဖွယ်အရာများကို မည်သူမျှ တစ်ခါမျှ လုပ်ပြနိုင်စွမ်း မရှိခဲ့ကြပေ။ ယေရှု၏ အမှု၊ သူ၏ သွန်သင်ချက်များနှင့် ပညတ်တော်ခေတ်တုန်းက မည်သည့် လူသားကိုမဆို ကျော်လွန်သည့် သူ့နှုတ်ကပတ်တော်များ၏ ဩဇာအာဏာနှင့် တန်ခိုးတော်တို့မှာလည်း ထို့အတူပင်ဖြစ်ခဲ့ကြသည်။ ယေရှုက သူ၏ သာ၍သစ်သော အမှုကိုသာ လုပ်ခဲ့သည်၊ ထို့အပြင် လူအများအပြားတို့က သမ္မာကျမ်းစာကို အသုံးချပြီး သူ့ကို ပြစ်တင်ရှုတ်ချခဲ့ကြသည့်တိုင်အောင်၊ သူ့အား လက်ဝါးကပ်တိုင်ပေါ်ကို တင်၍ အဆုံးစီရင်ရန် ဓမ္မဟောင်းကျမ်းကိုပင် အသုံးပြုခဲ့ကြသည့်တိုင်အောင်၊ သူ၏ အမှုသည် ဓမ္မဟောင်းကျမ်းကို ကျော်လွန်သွားခဲ့သည်၊ ထိုသို့သာမဟုတ်ခဲ့လျှင်၊ လူများက သူ့ကို လက်ဝါးကပ်တိုင်ပေါ်၌ သံမှိုစွဲခဲ့ကြသည်မှာ အဘယ်ကြောင့်နည်း။ ထိုသို့ ဖြစ်ခဲ့ရသည်မှာ ဓမ္မဟောင်းကျမ်းထဲတွင် ယေရှု၏ သွန်သင်မှုများအပြင်၊ သူ၏ နာမကျန်းသော သူများကို ကုသပေးနိုင်စွမ်းနှင့် နတ်ဆိုးများကို နှင်ထုတ်ပေးနိုင်စွမ်းတို့အကြောင်း တစ်လုံးတစ်ပါဒမျှ မိန့်ကြားမထားခြင်းကြောင့် မဟုတ်သလော။ ယေရှု၏ အမှုသည် လမ်းကြောင်းအသစ်ဖြင့် ဦးဆောင်လမ်းပြရန်ဖြစ်သည်၊ သမ္မာကျမ်းစာနှင့် တိုက်ပွဲ တမင်ဆင်နွှဲရန် သို့မဟုတ် ဓမ္မဟောင်းကျမ်းကို တမင်မသုံးဘဲ ဖယ်ထားရန် မဟုတ်ပေ။ ယေရှုသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့နှင့်၊ ၎င်းကို တမ်းတ၍ ရှာဖွေခဲ့ကြသူတို့ထံသို့ အမှုသစ်ကို ယူဆောင်လာဖို့သက်သက် လာခဲ့ခြင်း ဖြစ်သည်။ ယေရှုသည် ဓမ္မဟောင်းကျမ်းကို ရှင်းပြရန် သို့မဟုတ် ယင်း၏ အမှုကို အတည်ပြုရန် လာခဲ့ခြင်း မဟုတ်ပေ။ ယေရှု၏ အမှုမှာ ပညတ်တော်ခေတ်ကို ဆက်လက်ပြီး ဖွံ့ဖြိုးစေရန် မဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် သူ၏အမှုသည် သမ္မာကျမ်းစာကို အခြေခံထားခဲ့ခြင်း ရှိ မရှိ ထည့်သွင်း မစဉ်းစားထားသောကြောင့် ဖြစ်သည်။ ယေရှုသည် ၎င်းအနေနှင့် ပြုအပ်သည့်အမှုကို ဆောင်ရွက်ဖို့သက်သက် လာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်၊ ယေရှုသည် ဓမ္မဟောင်းကျမ်းထဲက ပရောဖက်ပြုချက်များကို ရှင်းမပြခဲ့သလို၊ ဓမ္မဟောင်းကျမ်း ပညတ်တော်ခေတ်၏ နှုတ်ကပတ်တော်များနှင့် အညီလည်း မဆောင်ရွက်ခဲ့ပေ။ သူသည် ဓမ္မဟောင်းကျမ်းက ဆိုထားသည်များကို လျစ်လျူရှုခဲ့သည်၊ ထိုကျမ်းသည် သူ၏အမှုနှင့် ကိုက်ညီခြင်း ရှိ၊ မရှိကို ဂရုမစိုက်ခဲ့ပေ၊ ထို့အပြင် အခြားသူတို့က သူ၏အမှုအကြောင်း မည်သည့်အရာများ သိရှိကြသည်၊ သို့မဟုတ် သူတို့က ၎င်းအား မည်သို့ ရှုတ်ချခဲ့ကြသည်ကိုလည်း ဂရုမစိုက်ခဲ့ပေ။ လူအများအပြားတို့က ဓမ္မဟောင်းကျမ်းထဲက ပရောဖက်တို့၏ ကြိုတင်ဟောကိန်းများကို အသုံးပြုပြီး ယေရှုကို ရှုတ်ချခဲ့ကြသော်လည်း၊ သူသည် လုပ်ဆောင်အပ်သည်များကိုသာ ဆက်ပြီးလုပ်ဆောင်ခဲ့သည်။ လူတို့အတွက်၊ ယေရှု၏ အမှုမှာ အခြေခံအကြောင်းရင်း မရှိသကဲ့သို့ ထင်စရာဖြစ်ခဲ့ပြီး၊ ဓမ္မဟောင်းကျမ်းထဲက မှတ်တမ်းများနှင့် မကိုက်ညီသည့် အချက်များ အများအပြား ရှိခဲ့ပုံ ထင်ရသည်။ ဤအချက်မှာ လူသား၏ မှားယွင်းပြီး အဓိပ္ပာယ်မဲ့ခြင်းဖြစ်သည် မဟုတ်လော။ ဘုရားသခင်၏ အမှုတွင် စည်းမျဉ်းစည်းကမ်းများကို အသုံးချဖို့ရန် လိုအပ်သလော။ ထို့အပြင် ဘုရားသခင်သည် ပရောဖက်များ၏ ကြိုတင်ဟောကိန်းများနှင့် အညီ လုပ်ကိုင်ရမည်လော။ အမှန်စင်စစ် ပိုကြီးမြတ်သည်က မည်သည့်အရာနည်း။ ဘုရားသခင်လော၊ သမ္မာကျမ်းစာလော။ ဘုရားသခင်သည် မည်သည့်အတွက်ကြောင့် သမ္မာကျမ်းစာနှင့်အညီ အမှုပြုရမည်နည်း။ ဘုရားသခင်သည် သမ္မာကျမ်းစာကို ကျော်လွန်ခွင့် မရှိခြင်းကြောင့်များ ဖြစ်နိုင်သလော။ ဘုရားသခင်သည် သမ္မာကျမ်းစာမှ သွေဖည်လျက် အခြားအမှုကို မပြုနိုင်ပေဘူးလော။ ယေရှုနှင့် သူ၏ တပည့်များက ဥပုသ်နေ့ကို မစောင့်ထိန်းခဲ့ကြသည်မှာ အဘယ့်ကြောင့်နည်း။ ယေရှုသည် ဥပုသ်နေ့အရနှင့် ဓမ္မဟောင်းကျမ်းလာ ပညတ်များအတိုင်း လက်တွေ့လုပ်ဆောင်ခဲ့မည် ဆိုပါက၊ သူလာပြီးနောက် ယေရှုသည် ဥပုသ်နေ့ကို မစောင့်ထိန်းခဲ့ဘဲနှင့် ယင်းအစား ခြေကိုဆေးကြောခြင်း၊ ခေါင်းကိုဖုံးအုပ်ခြင်း၊ မုန့်ကိုချိုးဖဲ့ခြင်းနှင့် စပျစ်ရည်ကို သောက်သုံးခြင်း ပြုလုပ်ခဲ့သည်မှာ အဘယ်ကြောင့်နည်း။ ထိုအချက်များ အားလုံးသည် ဓမ္မဟောင်းကျမ်းလာ ပညတ်များ၌ ကင်းမဲ့နေသည် မဟုတ်လော။ ယေရှုက ဓမ္မဟောင်းကျမ်းကို လိုက်နာစောင့်ထိန်းခဲ့သည်ဆိုလျှင်၊ သူသည် ထိုစည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခဲ့သည်မှာ အဘယ်ကြောင့်နည်း။ ဦးစွာလာသည်မှာ ဘုရားသခင်လော၊ သမ္မာကျမ်းစာလော ဆိုသည်ကို သင် သိသင့်သည်။ ဥပုသ်နေ့၏ သခင်ဖြစ်လျက်၊ သူသည် သမ္မာကျမ်းစာ၏ သခင်ပါ မဖြစ်နိုင်လော။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁)
ထိုအချိန်က၊ ယေရှုသည် သူ၏တပည့်များအား မည်သို့လက်တွေ့လုပ်ဆောင်ရမည်၊ မည်သို့အတူတကွစုရုံးရမည်၊ ဆုတောင်းခြင်းတွင် မည်သို့တောင်းလျှောက်ရမည်၊ အခြားသူများကို မည်သို့ဆက်ဆံရမည် စသည်တို့ကဲ့သို့သော အကြောင်းအရာများ နှင့်ပတ်သက်၍ တရားဟောပြောချက် အတွဲများဖြင့်သာ ကျေးဇူးတော်ခေတ်တွင် မြွက်ကြားခဲ့သည်။ သူဆောင်ရွက်ခဲ့သည့် အမှုမှာ ကျေးဇူးတော်ခေတ်၏ အမှုဖြစ်ပြီး၊ တပည့်တော်များနှင့် သူ့နောက်လိုက်သူများအနေဖြင့် မည်သို့ လက်တွေ့ လုပ်ဆောင်သင့် သည်ကိုသာ အသေးစိတ် ရှင်းပြခဲ့သည်။ သူသည် ကျေးဇူးတော်ခေတ်၏ အမှုကိုသာ လုပ်ဆောင်ခဲ့ပြီး နောက်ဆုံးသောကာလ၏ မည်သည့်အမှုကိုမျှ မလုပ်ဆောင်ခဲ့ပေ။ ယေဟောဝါသည် ပညတ်တော်ခေတ်တွင် ဓမ္မဟောင်း ပညတ်တရားကို ချမှတ်ခဲ့ချိန်တွင်၊ ကျေးဇူးတော်ခေတ်၏အမှုကို အဘယ်ကြောင့် သူ မလုပ်ဆောင်ခဲ့သနည်း။ သူသည် အဘယ်ကြောင့် ကျေးဇူးတော်ခေတ်၏အမှုကို ကြိုတင်၍ ရှင်းသွားစေဖို့ မပြုခဲ့သနည်း။ ဤအရာက ယင်းကို လူသား လက်ခံရန် အထောက်အကူ ပြုခဲ့မည်မဟုတ်လော။ သားယောက်ျားလေးတစ်ဦး မွေးဖွားကာ တန်ခိုးအာဏာ ရှိလာလိမ့်မည်ဟုသာ သူက ပရောဖက် ပြုခဲ့သော်လည်း၊ ကျေးဇူးတော်ခေတ်၏ အမှုကို ကြိုတင် ဆောင်ရွက်ခဲ့ခြင်းမရှိပေ။ ခေတ်တစ်ခုစီထဲက ဘုရားသခင်၏ အမှုသည် ရှင်းလင်းပြတ်သားသော နယ်နိမိတ်များ ရှိ၏။ သူသည် လက်ရှိခေတ်၏ အမှုကိုသာ လုပ်ဆောင်ပြီး၊ အမှု၏ နောက်အဆင့်ကို မည်သည့်အခါမျှ ကြိုတင် မဆောင်ရွက်ပေ။ ထိုသို့ဖြင့်သာ ခေတ်အသီးသီးနှင့်ဆိုင်သည့် သူ၏ ကိုယ်စားပြုခြင်းအမှုသည် ရှေ့သို့ ရောက်ရှိနိုင်ပေသည်။ ယေရှုသည် နောက်ဆုံးသော ကာလ၏ နိမိတ်လက္ခဏာများ၊ မည်သို့ စိတ်ရှည်ရမည်၊ ပြီးလျှင် မည်သို့ ကယ်တင်ခြင်းခံရမည်၊ မည်သို့နောင်တရပြီး ဝန်ခံရမည်၊ ပြီးလျှင် ကားတိုင်ကို မည်သို့ ထမ်းရွက်ပြီး ဆင်းရဲဒုက္ခများကို မည်သို့ ကြံ့ကြံ့ခံရမည် ဆိုသည်တို့ကိုသာ ပြောဆိုခဲ့သည်။ နောက်ဆုံးသော ကာလထဲတွင်ရှိသည့် လူသားသည် ဝင်ရောက်မှုကို မည်သို့ ရရှိသင့်သည်ကို သူ လုံးဝ မပြောဆိုသကဲ့သို့၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းဖို့ မည်သို့ကြိုးစားသင့်သည် ဆိုသည်နှင့်သက်ဆိုင်၍ လုံးဝ သူ မပြောဆိုခဲ့ပေ။ ထိုသို့ဖြစ်သဖြင့်၊ ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုအတွက် သမ္မာကျမ်းစာကို ရှာဖွေဖို့ဆိုသည်မှာ ရယ်ဖွယ်ကောင်းသည် မဟုတ်လော။ သမ္မာကျမ်းစာကို ဖမ်းဆုပ်ထားခြင်းမျှဖြင့် မည်သည့်အရာကို သင် သိမြင်နိုင်သနည်း။ သမ္မာကျမ်းစာကို ရှင်းလင်းဖော်ပြသူဖြစ်စေ၊ တရားဟောဆရာဖြစ်စေ၊ အဘယ်သူသည် ယနေ့၏အမှုကို ကြိုတင် တွေ့မြင်နိုင်မည်နည်း။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မိမိ၏ အယူအဆများထဲ၌ ဘုရားသခင်ကို ဘောင်ခတ်ထားသော လူသားသည် ဘုရားသခင်၏ ဗျာဒိတ်တော်များကို မည်သို့ လက်ခံရရှိနိုင်မည်နည်း
သမ္မာကျမ်းစာသည် ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် သမိုင်းဆိုင်ရာမှတ်တမ်းတစ်ခု သက်သက်ဖြစ်ပြီး၊ ဘုရားသခင်၏ ယခင်အမှုအဆင့်နှစ်ဆင့်ဆိုင်ရာ သက်သေဖြစ်ကာ၊ ယင်းသည် ဘုရားသခင်၏အမှု၏ ရည်မှန်းချက်များနှင့်ဆိုင်သည့် သိနားလည်မှုကို သင့်ကို လုံးဝ မပေးကြောင်း သမ္မာကျမ်းစာ၏ အရှိတရားကို မည်သူမျှ မသိရှိချေ။ သမ္မာကျမ်းစာကို ဖတ်ရှုဖူးသူတိုင်းက ၎င်းသည် ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ် အတောအတွင်း ဘုရားသခင်၏အမှု အဆင့်နှစ်ဆင့်ကို မှတ်တမ်းတင်ထားခြင်း ဖြစ်ကြောင်း သိကြသည်။ ဓမ္မဟောင်းကျမ်းသည် ဣသရေလနိုင်ငံ၏ သမိုင်းနှင့် ဖန်ဆင်းခြင်းအချိန်မှစပြီး ပညတ်တော်ခေတ် ပြီးဆုံးသည်အထိ ယေဟောဝါ၏ အလုပ်လုပ်ပုံကို မှတ်တမ်းတင်ထားသည်။ ဓမ္မသစ်ကျမ်းသည် ခရစ်ဝင်ကျမ်း လေးကျမ်းတွင်ပါရှိသည့် ကမ္ဘာမြေပေါ်တွင် ယေရှု၏ အလုပ်နှင့် ပေါလု၏ အလုပ်တို့ကို ဖော်ပြထားသည်- ဤအရာတို့သည် သမိုင်းဆိုင်ရာ မှတ်တမ်းများ မဟုတ်ပေလော။ အတိတ်ကာလက အရာများကို ယနေ့ဆီ တင်ပြခြင်းက ၎င်းတို့ကို သမိုင်းဖြစ်စေပြီး၊ ၎င်းတို့သည် မည်မျှပင် မှန်ကန်သည်ဖြစ်စေ စစ်မှန်သည်ဖြစ်စေ၊ သမိုင်းဖြစ်နေဆဲပင်ဖြစ်ပြီး၊ ဘုရားသခင်သည် သမိုင်းကို ပြန်လှည့်မကြည့်သည့်အတွက် သမိုင်းသည် ပစ္စုပ္ပန်ကို ကိုယ်စားမပြုနိုင်ချေ။ ထို့ကြောင့် သင်သည် သမ္မာကျမ်းစာကိုသာ နားလည်ပြီး၊ ဘုရားသခင်က ယနေ့ ဆောင်ရွက်လိုသည့် အမှုအကြောင်း ဘာမျှမသိပါက၊ ပြီးလျှင် သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို မရှာဖွေပါက၊ သင်သည် ဘုရားသခင်အား ရှာဖွေခြင်းဆိုသည်မှာ အဘယ်အရာကို ဆိုလိုသည်ကို နားမလည်ပေ။ အကယ်၍ သင်သည် ဣသရေလသမိုင်းကို လေ့လာရန်၊ ဘုရားသခင်၏ ကောင်းကင်နှင့် မြေကြီးအား ဖန်ဆင်းခဲ့သည့် သမိုင်းကို သုတေသနပြုရန်အတွက် သမ္မာကျမ်းစာကို ဖတ်ရှုပါက၊ သင်သည် ဘုရားသခင်ကို မယုံကြည်ပေ။ သို့သော် ယနေ့တွင် သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး အသက်ကို လိုက်စားသည့်အတွက်၊ ဘုရားသခင်နှင့်ဆိုင်သော အသိပညာကို လိုက်စားပြီး အသက်မဲ့သော စကားများနှင့် အယူဝါဒများ သို့မဟုတ် သမိုင်းကို နားလည်မှုအား မလိုက်စားသည့်အတွက်၊ သင်သည် ဘုရားသခင်၏ ယနေ့ရည်ရွယ်ချက်များကို ရှာဖွေရမည် ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏အမှု၏ လမ်းညွှန်ချက်ကို ရှာဖွေရမည်ဖြစ်သည်။ အကယ်၍ သင်သည် ရှေးဟောင်းသုတေသန ပညာရှင်ဖြစ်လျှင် သမ္မာကျမ်းစာကို ဖတ်ရှုနိုင်သည်၊ သို့သော် သင်သည် ထိုကဲ့သို့သောသူ မဟုတ်၊ ဘုရားသခင်ကို ယုံကြည်သောသူများထဲမှ တစ်ဦးဖြစ်သည်၊ ထို့ကြောင့် သင်သည် ဘုရားသခင်၏ ယနေ့ရည်ရွယ်ချက်များကို ရှာဖွေပါက အကောင်းဆုံး ဖြစ်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၄)
ဘုရားသခင် ကိုယ်တော်တိုင်သည် အသက်ဖြစ်သည်၊ သမ္မာတရားလည်း ဖြစ်ပြီး၊ သူ၏အသက်နှင့် သမ္မာတရားသည် အတူယှဉ်တွဲ တည်ရှိကြ၏။ သမ္မာတရားကို ရရှိနိုင်စွမ်း မရှိသူများသည် မည်သည့်အခါတွင်မျှ အသက်ကို ရရှိလိမ့်မည် မဟုတ်။ သမ္မာတရား၏ လမ်းပြမှု၊ ပံ့ပိုးမှုနှင့် ထောက်ပံ့မှုမရှိဘဲနှင့်၊ သင်သည် စကားများ၊ အယူဝါဒများနှင့် အားလုံးထက် သေခြင်းကိုသာ ရရှိလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏ အသက်သည် အစဉ်ရှိနေပြီး၊ သူ၏သမ္မာတရားနှင့် အသက်တို့သည် အတူယှဉ်တွဲတည်ရှိ၏။ သင်သည် သမ္မာတရား၏ အရင်းအမြစ်ကို ရှာမတွေ့နိုင်ပါက၊ အသက်၏အာဟာရကို ရရှိလိမ့်မည် မဟုတ်ပေ။ သင်သည် အသက်၏ ထောက်ပံ့မှုကို မရရှိနိုင်ပါက၊ ဧကန်မုချ သမ္မာတရား ရှိလိမ့်မည် မဟုတ်၊ ထို့ကြောင့် စိတ်ကူးများနှင့် အယူအဆများမှအပ၊ သင်၏ခန္ဓာကိုယ် တစ်ခုလုံးသည် အသွေးအသား၊ သင်၏ နံစော်သော အသွေးအသားကလွဲ၍ မည်သည့်အရာမျှ ဖြစ်လိမ့်မည် မဟုတ်။ စာအုပ်တို့၏ စကားလုံးများကို အသက်အဖြစ် ထည့်တွက်၍မရနိုင်သည်ကို သိလော့၊ သမိုင်းမှတ်တမ်းများကို သမ္မာတရားအဖြစ် ကိုးကွယ်၍ မရနိုင်သကဲ့သို့၊ အတိတ်၏ စည်းမျဉ်းစည်းကမ်းများသည် ဘုရားသခင်က ယခုပြောသော နှုတ်ကပတ်တော်များ၏ မှတ်တမ်းတစ်ခုအဖြစ် အသုံးမခံနိုင်ပေ။ ဘုရားသခင် ကမ္ဘာမြေသို့ ကြွလာပြီး၊ လူသားအလယ် နေထိုင်ချိန်တွင် ဖော်ပြသော အရာသည်သာ သမ္မာတရား၊ အသက်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သူ၏လက်ရှိ အမှုပြုသည့် နည်းလမ်း ဖြစ်၏။ အတိတ်ခေတ်များမှ ယနေ့ထိ အတောအတွင်း၊ ဘုရားသခင် ပြောဆိုခဲ့သော နှုတ်ကပတ်တော်များ၏ မှတ်တမ်းများကို သင် အသုံးချပါက၊ ယင်းက သင့်ကို ရှေးဟောင်းသုတေသီတစ်ဦးဖြစ်စေပြီး၊ သင့်ကို ဖော်ပြရမည့် အကောင်းဆုံးသော နည်းလမ်းမှာ သမိုင်းဆိုင်ရာ အမွေအနှစ်နှင့်ပတ်သက်၍ ကျွမ်းကျင်သူတစ်ဦးဟူ၍ ဖြစ်သည်။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် သင်သည် အတိတ် အချိန်ကာလများတွင် ဘုရားသခင် လုပ်ဆောင်ခဲ့သည့်အမှု၏ အရိပ်အယောင်များကို အမြဲ ယုံကြည်သောကြောင့်၊ ယခင်က လူသားအလယ် ဘုရားသခင် အမှုပြုခဲ့ချိန်တွင် ကျန်ရစ်ခဲ့သည့် ဘုရားသခင်၏အရိပ်ကိုသာ သင် ယုံကြည်ပြီး၊ ယခင်အချိန်များတွင် ဘုရားသခင်က သူ၏ နောက်လိုက်များကို ပေးခဲ့သည့် လမ်းခရီးကိုသာ ယုံကြည်သောကြောင့် ဖြစ်ပေသည်။ သင်သည် ယနေ့ ဘုရားသခင် အမှု၏ ဦးတည်ရာကို မယုံကြည်ပေ၊ ယနေ့ ဘုရားသခင်၏ ဘုန်းထင်ရှားသော မျက်နှာကို မယုံကြည်သကဲ့သို့၊ ယခု ဘုရားသခင် ဖော်ပြသည့် သမ္မာတရား၏ လမ်းခရီးကို မယုံကြည်ပေ။ ထို့ကြောင့် သင်သည် လက်တွေ့အရှိတရားနှင့် လုံးဝ ကင်းကွာသည့် စိတ်ကူးယဉ်သမား တစ်ဦးသာဖြစ်သည်မှာ ငြင်းမရနိုင်အောင် ဖြစ်သည်။ ယခု သင်သည် လူသားကို အသက် ဆောင်ကြဉ်းပေးနိုင်စွမ်းမရှိသည့် စကားများကို ဖက်တွယ်နေဆဲဖြစ်ပါက၊ သင်သည် ရှေးရိုးစွဲဆန်လွန်းသည့်အတွက်၊ ပေကပ်ကပ် နိုင်လွန်းသည့်အတွက်၊ ကျိုးကြောင်းဆင်ခြင်၍ မရသည့်အတွက်၊ မျှော်လင့်ချက်မရှိသော သစ်ခြောက်တစ်ခုက ဖြစ်ပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်
အောက်ခြေမှတ်စု(များ)-
က။ သစ်ခြောက်တစ်ခု- “ကူညီ၍မရနိုင်တော့သော” ဟု ဆိုလိုသည့် တရုတ်ဥပစာစကားတစ်ရပ်။
ဘုရားသခင်သည် သူ၏နှုတ်ကပတ်များကို အမျိုးမျိုးသော လူမျိုးစုများနှင့် နောက်ခံများမှ လူတို့ထံ ရည်ရွယ်လိမ့်မည်ဖြစ်ပြီး၊ သူသည် လူသားမျိုးနွယ် အားလုံးကို သိမ်းပိုက်ကာ၊ ခေတ်ဟောင်းကို အဆုံးသတ်လိမ့်မည် ဖြစ်သည်။ ထိုသို့ဖြင့်၊ သူသည် သူ့နှုတ်ကပတ်တော်များ၏ အင်မတန် သေးငယ်သော အစိတ်အပိုင်းတစ်ခုကိုသာ ဖော်ပြပြီးနောက်တွင် ထိုအရာအားလုံးကို မည်သို့ လက်စသတ်နိုင်မည်နည်း။ ယင်းမှာ ဘုရားသခင်၏ အမှုသည် ကွဲပြားခြားနားသော အချိန် ကာလများနှင့် ကွဲပြားခြားနားသော အဆင့်များအဖြစ်သို့ ခွဲခြားထားသောကြောင့်သာ ဖြစ်သည်။ သူသည် သူ၏ အစီအစဉ်နှင့်အညီ အမှုပြုနေပြီး၊ သူ၏ ခြေလှမ်းများနှင့်အညီ သူ၏ နှုတ်ကပတ်များကို ဖော်ပြနေသည်။ လူသားသည် ဘုရားသခင်၏ အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်းနှင့် ဉာဏ်ပညာကို အဘယ်သို့ နားလည်နိုင်မည်နည်း။ ဤနေရာတွင် ငါ ရှင်းပြရန် ဆန္ဒရှိသည့် အချက်မှာ ဤသို့ဖြစ်သည်- ဘုရားသခင်၏ ဖြစ်ခြင်းနှင့် အရာအားလုံးသည် ထာဝရ မကုန်ခမ်းနိုင်သကဲ့သို့ အဆုံးမရှိဖြစ်သည်။ ဘုရားသခင်သည် အသက်နှင့် အရာခပ်သိမ်း၏ အရင်းအမြစ် ဖြစ်သည်။ မည်သို့သော ဖန်ဆင်းခံသတ္တဝါကမျှ သူ့ကို ဉာဏ်မမီနိုင်ကြပေ။ နောက်ဆုံးအနေနှင့်၊ အယောက်တိုင်းကို ငါ သတိပေးရဦးမည်။ ဘုရားသခင်အား စာအုပ်များ၊ စကားလုံးများ၊ သို့မဟုတ် သူ၏ အတိတ်က မိန့်မြွက်ချက်များဖြင့် နောက်တစ်ဖန် ဘောင်မခတ်နှင့်။ ဘုရားသခင့်အမှု၏ တစ်ခုတည်းသော ထူးခြားသော ပင်ကိုလက္ခဏာအတွက် စကားလုံးတစ်လုံးသာ ရှိသည်။ အသစ်ဟူ၍ ဖြစ်၏။ သူသည် လမ်းဟောင်းများကို လျှောက်ရန် သို့မဟုတ် သူ၏ အမှု တစ်ကျော့ပြန်ရန် မနှစ်သက်ပေ။ ထို့အပြင် သူသည် လူတို့အား သူ့ကို နယ်ပယ်တစ်ခုအတွင်း ဘောင်ခတ်ခြင်းအားဖြင့် မကိုးကွယ်စေချင်ပေ။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နိဂုံးအမှာစကား
ဆက်စပ်မှုရှိသော ဇာတ်ကားကောက်နုတ်ချက်များ
ဘုရားသခင်ရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်အားလုံးဟာ သမ္မာကျမ်းစာထဲမှာ ရှိပါသလား
ဘုရားနှုတ်ကပတ်တော်များနှင့် အမှုတော်အားလုံးကို သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားသလော
ဆက်စပ်မှုရှိသော တရားဒေသနာများ
သမ္မာကျမ်းထဲတွင် ဘုရားသခင်၏ အမှုတော်နှင့်နှုတ်ကပတ်တော် များအားလုံး ရှိသည် ဆိုသည်မှာ မှန်ပါသလား
ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ
နောက်ဆုံးသောကာလတွင် ဘုရားသည် သာ၍ကြီးပြီး ပို၍သစ်သောအမှုကို တစ်ပါးအမျိုးသားတို့ကြား ပြုလေပြီ
ဘုရားသခင်ကို ယုံကြည်သူများ သူ၏မျက်မှောက်အလိုတော်ကို ရှာဖွေသင့်သည်