ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၈)
အချက် ၁၄- အမျိုးမျိုးသော ဆိုးယုတ်သော လူတို့နှင့် အန္တိခရစ်တို့ကို ချက်ချင်းပင် ပိုင်းခြားသိမြင်ပြီး ဖယ်ထုတ်ပစ်လော့ သို့မဟုတ် နှင်ထုတ်လော့ (အပိုင်း ၇)
ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်လေးခုမြောက် တာဝန်မှာ “အမျိုးမျိုးသော ဆိုးယုတ်သော လူတို့နှင့် အန္တိခရစ်တို့ကို ချက်ချင်းပင် ပိုင်းခြားသိမြင်ပြီး ဖယ်ထုတ်ပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်း” ဖြစ်သည်။ ပြီးခဲ့သည့်အကြိမ်တွင် ငါတို့သည် အမျိုးမျိုးသော ဆိုးယုတ်သည့်လူများကို ပိုင်းခြားသိမြင်ခြင်းအတွက် ဒုတိယ စံသတ်မှတ်ချက်ကို မိတ်သဟာယဖွဲ့ခဲ့သည်၊ ယင်းမှာ ၎င်းတို့၏ လူ့သဘာဝကို အခြေခံ၍ သရုပ်သကန်သုံးခုကို ဆွေးနွေးရှင်းလင်းထားသည်။ ဤသရုပ်သကန်သုံးခုကို ဖတ်ရှုလော့။ (ရှစ်၊ အချိန်မရွေး သစ္စာဖောက်နိုင်ခြင်း၊ ကိုး၊ အချိန်မရွေး ထွက်ခွာနိုင်ခြင်း၊ ဆယ်၊ ယိမ်းယိုင်ခြင်း တို့ဖြစ်ပါသည်။) ဤသရုပ်သကန်သုံးခုအကြောင်း မိတ်သဟာယဖွဲ့ပြီးနောက် သင်တို့ နားလည်ကြသလော။ (နားလည်ပါသည်။) ဤပြဿနာများရှိသော လူအများစုသည် ယေဘုယျအားဖြင့် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း မရှိကြပေ၊ ၎င်းတို့သည် သမ္မာတရားဟူသည် အဘယ်အရာဖြစ်သည်ကို နားမလည်ကြသကဲ့သို့ ဘုရားသခင်ကို ယုံကြည်ခြင်းဟူသည် မည်သည့်အရာကို ဆိုလိုသည်ကိုလည်း နားမလည်ကြပေ။ ထို့အပြင် ၎င်းတို့ထဲမှ အချို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းဟူသည် မည်သည့်အရာဖြစ်သည်ကို အလုံးစုံ ထိုးထွင်းသိမြင်နိုင်ခြင်း မရှိကြချေ။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းမှာ ဘာသာရေး ယုံကြည်မှုတစ်ခုသာဖြစ်ပြီး ဘာသာရေးထုံးတမ်းစဉ်လာများကို စောင့်ထိန်းရုံမျှဖြင့် လုံလောက်သည်ဟု ထင်မှတ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း၏ အဓိပ္ပာယ်ကို နားမလည်ကြသကဲ့သို့ တာဝန်ထမ်းဆောင်ခြင်း၏ အဓိပ္ပာယ်ကိုလည်း နားမလည်ကြပေ၊ ၎င်းတို့သည် ဘုရားသခင် တည်ရှိခြင်း ရှိမရှိကိုပင် မိမိတို့၏ စိတ်နှလုံးထဲ၌ မရှင်းလင်းကြသကဲ့သို့ ဘုရားသခင်နောက်လိုက်သည့် လမ်းကြောင်းသည် မှန်ကန်ခြင်း ရှိမရှိကိုလည်း မသေချာကြပေ။ ၎င်းတို့သည် မည်မျှပင် နှစ်ပေါင်းများစွာ ယုံကြည်ခဲ့သည်ဖြစ်စေ၊ တရားဒေသနာ မည်မျှပင် ကြားခဲ့သည်ဖြစ်စေ မှန်သော လမ်းခရီး၌ အခြေခံအုတ်မြစ်တစ်ခုကို မည်သည့်အခါမျှ တည်ဆောက်နိုင်ခြင်း မရှိကြပေ။ ရလဒ်အနေဖြင့် ၎င်းတို့သည် ယိမ်းယိုင်ကြပြီး မိမိတို့ကို မနှစ်မြို့စေသော တစ်စုံတစ်ခု ဖြစ်ပျက်ပါက အသင်းတော်မှ ထွက်ခွာသွားခြင်း သို့မဟုတ် အသင်းတော်ကို အချိန်မရွေး သစ္စာဖောက်ခြင်းတို့ကိုပင် ပြုလုပ်နိုင်ကြသည်။ ဘုရားအိမ်တော်တွင် ဤလူစားအမျိုးမျိုးကို ကိုင်တွယ်ဖြေရှင်းရန်အတွက် တိကျသော စည်းမျဉ်းများ ရှိသည်။ ၎င်းတို့၏ မတူညီသော အခြေအနေများပေါ်မူတည်၍ ၎င်းတို့ကို ကိုင်တွယ်ခြင်းနှင့် ဖြေရှင်းခြင်းအတွက် တိကျသော အစီအစဉ်များ ရှိသည်၊ ရှင်းလင်းပစ်သင့်သောသူများကို ရှင်းလင်းပစ်မည်ဖြစ်ပြီး နှင်ထုတ်သင့်သောသူများကို နှင်ထုတ်မည် ဖြစ်သည်။ ဤလူတို့ထဲမှ အချို့သည် ဆိုးယုတ်သောလူများ မဟုတ်ကြသော်လည်း၊ အန္တိခရစ်များ ဖြစ်ဖို့မှာ သာ၍ပင် မဖြစ်နိုင်သော်လည်း ၎င်းတို့၏ ဤသရုပ်သကန်များ၏ သဘောသဘာဝနှင့် ဘုရားသခင်ကို ယုံကြည်ခြင်းအပေါ် ၎င်းတို့၏ သဘောထားများကို အခြေခံ၍ ၎င်းတို့သည် ဘုရားအိမ်တော်၏ လူများ မဟုတ်ကြသကဲ့သို့ စစ်မှန်သော ညီအစ်ကိုမောင်နှမများလည်း မဟုတ်ကြပေ။ ၎င်းတို့သည် အသင်းတော်၌ ဆက်လက်ရှိနေလျှင်ပင် သမ္မာတရားကို နားလည်လာရန် အလွန် ခက်ခဲလိမ့်မည်။ ၎င်းတို့အနေဖြင့် သမ္မာတရားကို နားလည်ရန် ခက်ခဲခြင်းသည် မည်သည့်အရာကို ဆိုလိုသနည်း။ ဆိုလိုသည်မှာ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သည့်အခါမျှ သဘောပေါက်နားလည်နိုင်စွမ်းမရှိဘဲ သမ္မာတရားကိုလည်း မည်သည့်အခါမျှ နားလည်နိုင်ခြင်း မရှိသောကြောင့် နောက်ဆုံးတွင် ကယ်တင်ခြင်းကို ရရှိရန် ပျက်ကွက်မည်ဖြစ်ပြီး ဘုရားသခင်၏ ရယူခြင်းကို ခံရရန် ပျက်ကွက်မည် ဖြစ်သည်။ ဆိုလိုသည်မှာ အဆုံး၌ ၎င်းတို့သည် ဘုရားအိမ်တော်၏ လူများ ဖြစ်မလာနိုင်၊ စစ်မှန်သော ဖန်ဆင်းခံများ ဖြစ်မလာနိုင်ဘဲ ဖန်ဆင်းခံများ၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်ခြင်းနှင့် ဘုရားသခင်၏ ရှေ့မှောက်သို့ ပြန်လာနိုင်ခြင်းတို့ ရှိမည် မဟုတ်ပေ။ ထို့အပြင် ၎င်းတို့သည် အသင်းတော်၌ အပျက်သဘောဆောင်သော အခန်းကဏ္ဍမှ မကြာခဏ ပါဝင်ကြသည်။ ၎င်းတို့သည် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုတစ်ခု ရှိရန် ပျက်ကွက်ရုံသာမက အခါအားလျော်စွာ အနှောင့်အယှက်များနှင့် အဖျက်အမှောင့် လုပ်ခြင်းတို့ကိုလည်း ဖြစ်ပေါ်စေလျက် အချို့လူတို့၏ အခြေအနေများကို ထိခိုက်စေပြီး မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေသောသူအချို့ကို နှောင့်ယှက်ကြသည်။ သို့ဖြစ်၍ အသင်းတော်သည် ၎င်းတို့ကို ထွက်ခွာသွားရန် ဖျောင်းဖျခြင်းဖြင့်ဖြစ်စေ၊ ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းဖြင့်ဖြစ်စေ ကိုင်တွယ်ရန် သက်ဆိုင်ရာ အစီအမံများကို လုပ်ဆောင်သင့်သည်။ မည်သို့ပင်ဖြစ်စေ ၎င်းတို့ကို အသင်းတော်၌ အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများ ဖြစ်ပေါ်စေရန် ခွင့်ပြု၍မရနိုင်ပေ။
ဆိုးယုတ်သောလူအမျိုးမျိုးတို့ကို ပိုင်းခြားသိမြင်ခြင်းအတွက် စံနှုန်းများနှင့် အခြေခံများ
၂။ လူ့သဘာဝကို အခြေခံ၍
ည။ ယိမ်းယိုင်ခြင်း
ယိမ်းယိုင်သောလူတို့သည် ဘုရားသခင် အမှန်တကယ် တည်ရှိခြင်း ရှိမရှိကို မည်သည့်အခါမျှ အတည်မပြုနိုင်ကြပေ၊ ပြီးလျှင် ၎င်းတို့ ယုံကြည်သော ဘုရားသခင်သည် စစ်မှန်သော ဘုရားသခင် ဖြစ်ခြင်း ရှိမရှိကို သာ၍ပင် အတည်မပြုနိုင်ကြပေ။ ယနေ့ ၎င်းတို့သည် ဤနေရာ၌ ရှာဖွေလိုကြပြီး မနက်ဖြန်တွင်မူ ထိုနေရာသို့ သွားရောက်စစ်ဆေးလိုကြကာ မည်သည်မှာ မှန်သော လမ်းခရီးဖြစ်သည်ကို မသိဘဲ အစဉ်သဖြင့် စောင့်ကြည့်နေသော သဘောထားကို ထားရှိကြသည်။ ဤသို့သောလူများ၏ ကိစ္စတွင် ၎င်းတို့ကို ဤသို့ပြောဆိုခြင်းဖြင့် ထွက်ခွာသွားရန် လျင်မြန်စွာ ဖျောင်းဖျလော့။ “သင်သည် ဘုရားသခင်၏ အမှုတော်မှာ မှန်သော လမ်းခရီးဖြစ်ကြောင်းကို မည်သည့်အခါမျှ အတည်မပြုနိုင်ဘဲ သင်၏ အခက်အခဲများကို ဖြေရှင်းရန် သမ္မာတရားကိုလည်း မရှာဖွေပေ။ ဤကဲ့သို့ ဆက်လက်ယုံကြည်ခြင်းမှ မည်သည့်ရလဒ် ထွက်ပေါ်လာနိုင်မည်နည်း။ သင်သည် သမ္မာတရားကို မချစ်သကဲ့သို့ အသင်းတော်အသက်တာ၌ နေထိုင်ခြင်းကိုလည်း မနှစ်သက်သောကြောင့် သင်၏ ကိုယ်ပိုင်ရွေးချယ်မှုများကို အခြေခံ၍ သင် စိတ်ဝင်စားသည့် မည်သည့်နေရာကိုမဆို သွားသင့်သည်။ သင်သည် အခြားသူများထက် သာလွန်မြင့်မြတ်ပြီး ကြီးမားသော အောင်မြင်မှုကို ရရှိရန် လိုက်စားလိုသည် မဟုတ်လော။ သို့ဆိုလျှင် သင်သည် လောကထဲသို့ ထွက်သွားပြီး ယင်းအတွက် ကြိုးစားသင့်သည်။ သင်သည် လောကထဲ၌ ချမ်းသာလာနိုင်သည် သို့မဟုတ် အရာရှိတစ်ဦး ဖြစ်လာနိုင်ပြီး သင်၏ အိပ်မက်များကို အကောင်အထည်ဖော်နိုင်ပေမည်။ သင်သည် ဘုရားအိမ်တော်၌ ဆက်၍ မနေသင့်တော့ပါ” ဟူ၍ ဖြစ်သည်။ ထိုသို့သောလူများ၏ ကိစ္စတွင် သင်သည် ၎င်းတို့ကို မည်သည့်နည်းနှင့်မျှ အတင်းအကျပ် မပြုသင့်သကဲ့သို့ နေမြဲနေဖို့ တိုက်တွန်းရန်လည်း မကြိုးစားသင့်ပေ။ ၎င်းတို့သည် အသင်းတော်မှ ထွက်ခွာလိုပါက ၎င်းတို့ကို သွားခွင့်ပြုလော့။ ဤမယုံကြည်သူများကို အစဉ်မပြတ် တိုက်တွန်းအားပေးခြင်းနှင့် နေမြဲနေရန် ဆော်ဩခြင်းသည် ဘုရားသခင်၏ အလိုတော်နှင့် မညီပေ။ ဘုရားသခင်၏ အမှုတော်သည် လူတို့ကို မည်သည့်အခါမျှ အတင်းအကျပ်မပြုပေ၊ သင်သည် မဆုံးဖြတ်နိုင်သောသူတို့ကို ဆက်၍ တရွတ်တိုက်၍ ဆွဲကာ သိမ်းသွင်းနေသည့်အခါတွင် အတင်းအကျပ်ပြုခြင်း သဘော ပါဝင်နေသည်။ ဤလူတို့သည် အပြင်ထွက်၍ အလုပ်လုပ်ရန်၊ ငွေရှာရန်နှင့် ကောင်းမွန်သော ဘဝကို နေထိုင်ရန် သို့မဟုတ် ၎င်းတို့ ပုဂ္ဂိုလ်ရေးအရ ကြိုက်နှစ်သက်သော အရာများကို လိုက်စားရန် အလိုရှိကြသည်။ ၎င်းတို့တွင် ဤရည်ရွယ်ချက်များ အစဉ်ရှိခဲ့ပြီး ၎င်းတို့၏ ကိုယ်ပိုင် ရည်သန်မျှော်မှန်းချက်များနှင့် အစီအစဉ်များ အစဉ်ရှိခဲ့သည်။ မည်သူမျှ ဤအရာကို မသိသော်လည်း ၎င်းတို့၏ အပြုအမူက ယင်းကို ထုတ်ဖော်ပြခဲ့ပြီးဖြစ်သည်။ ဥပမာအားဖြင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါ ၎င်းတို့သည် မကြာခဏ စိတ်မပါ့တပါဖြစ်ကြသည် သို့မဟုတ် မကြာခဏ မေ့လျော့တတ်ကြသည်၊ ဝတ်ကျေတမ်းကျေဖြစ်ပြီး ဖြစ်သလိုသာ လုပ်ဆောင်ကြသည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် အထူးသဖြင့် အင်တင်တင် ဖြစ်ကြောင်းကို မကြာခဏ ပြသကြပြီး တာဝန်ထမ်းဆောင်ခြင်းသည် ၎င်းတို့ကို ငွေရှာခြင်းမှ တားဆီးထားသည်ဟု တွေးထင်လျက် မိမိတို့ နစ်နာနေသည်ဟု အစဉ် ခံစားကြရသည်။ ဤသို့သောလူများအတွက် ၎င်းတို့ကို ဤသို့ပြောဆိုခြင်းဖြင့် ထွက်ခွာသွားရန် ဖျောင်းဖျသင့်သည်။ “သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်ရာ၌ အစဉ် စိတ်မပါ့တပါဖြစ်ပြီး ဝတ်ကျေတမ်းကျေဖြစ်နေသည်၊ နောက်ဆုံးတွင် သင်သည် သမ္မာတရားကို ရရှိရန် ပျက်ကွက်မည်ဖြစ်ပြီး ဘုရားသခင်ကလည်း သင့်ကို အသိအမှတ်ပြုမည် မဟုတ်ပေ၊ ယင်းမှာ ကြီးမားလှသော ဆုံးရှုံးမှုပါတကား။ သင်သည် သမ္မာတရားကို စိတ်မဝင်စားဘဲ ဘုရားသခင်၏ တည်ရှိခြင်း သို့မဟုတ် သူ၏ အချုပ်အခြာအာဏာကို အတည်မပြုနိုင်ဘဲ လောကကြီးသည် အလွန်ကောင်းမွန်သည်ဟု ထင်မှတ်လျက် သင်သည် လောကီကို လိုက်စားပါက ကြီးစွာ အောင်မြင်လာနိုင်ပြီး အခြားသူများထက် သာလွန်မြင့်မြတ်လာနိုင်သည်ဟု ယုံကြည်နေသောကြောင့် သင်သည် လောကထဲသို့ ပြန်သွားပြီး ထိုနေရာ၌ ကြိုးစားခြင်းက သာ၍ ကောင်းပေလိမ့်မည်။ ဤနေရာ၌ ဤဆင်းရဲဒုက္ခကို ခံစားနေရခြင်းမှာ အဘယ်အဓိပ္ပာယ်ရှိသနည်း” ဟူ၍ ဖြစ်သည်။ အထူးသဖြင့် ဤလူတို့သည် မိမိတို့၌ သီးခြားနယ်ပယ်တစ်ခုတွင် ကျွမ်းကျင်မှု ရှိသည်ဟုလည်းကောင်း၊ အချို့သော ကျွမ်းကျင်မှုများနှင့် စွမ်းဆောင်နိုင်ရည်များ ရှိသည်ဟုလည်းကောင်း မကြာခဏ ခံစားကြရပြီး ၎င်းတို့သည် လူ့အဖွဲ့အစည်း သို့မဟုတ် လောကထဲသို့ ထွက်ပြီး စွန့်စားကြိုးပမ်းပါက ၎င်းတို့သည် မြင့်မားသော အဆင့်အတန်းနှင့် အခကြေးငွေကို ခံစားလျက် ကျော်ကြားမှုနှင့် အကျိုးအမြတ်နှစ်ခုစလုံးကို ရရှိနိုင်ပေမည်ဟု ယုံကြည်ကြသည်။ သို့သော် ဘုရားသခင်ကို ယုံကြည်ပြီး နှစ်အနည်းငယ်ကြာ ဖြစ်သလို နေထိုင်ဖြတ်သန်းပြီးနောက်တွင် ၎င်းတို့သည် မည်သည့် ရာထူးတိုးခြင်းကိုမျှ မရရှိခဲ့သကဲ့သို့ မည်သည့် အရေးကြီးသော ရာထူးအတွက်ကိုမျှလည်း ရွေးချယ်ခြင်း မခံခဲ့ရပေ။ အခြားသူများအထက်တွင် မရပ်တည်နိုင်ဘဲ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ အလွန် စိတ်ထိခိုက်ပြီး အလွန်ပင် လိုလားမှုမဲ့ကြ၏။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းခရီးကို လျှောက်လှမ်းရန် လိုလားမှုမရှိဘဲ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန်မှာ သာ၍ပင် ဝန်လေးကြသည်။ ၎င်းတို့တွင် အစဉ်မပြတ် ဂနာမငြိမ်သော စိတ်နှလုံးနှင့် လှည့်လည်နေသော စိတ်ရှိပြီး ပေါ့ပါး၍ မတည်ငြိမ်ကြပေ။ အခါအားလျော်စွာ ၎င်းတို့သည် မိမိတို့၏ အတန်းဖော်များနှင့် သူငယ်ချင်းများက မည်မျှ ကောင်းမွန်သော အလုပ်များကို ရရှိခဲ့သည်၊ မည်မျှ မြင့်မားသော ရာထူးများကို ရရှိခဲ့သည်၊ အခြားသူများထက် သာလွန်သော ဘဝကို နေထိုင်နေကြသည်တို့ကို တွေးတောကြသည်၊ ယင်းက ၎င်းတို့ကို ဘုရားသခင်ကို ယုံကြည်ခြင်းဖြင့် မိမိတို့ကိုယ်ကို ကြီးစွာ နစ်နာစေသည်ဟု အထူးသဖြင့် ခံစားရစေပြီး ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် မိမိတို့သည် အသုံးမကျသူ၊ အရည်အချင်းမရှိသူနှင့် ရှုံးနိမ့်သူဖြစ်သည်ဟု တွေးထင်ကာ မိမိတို့၏ မိဘများနှင့် ဘိုးဘေးများကို မျက်နှာပြရန် အလွန် ရှက်ကြောက်သည်ဟု ခံစားကြရသည်။ ဤအရာက ၎င်းတို့ကို သာ၍ပင် စိတ်မချမ်းမသာဖြစ်စေပြီး ဝန်လေးစေကာ ကနဦးက ဘုရားသခင်ကို ယုံကြည်ရန် ရွေးချယ်ခဲ့ခြင်းကို ပြင်းထန်စွာ နောင်တရစေသည်။ သို့ဖြစ်၍ ၎င်းတို့၏ စိတ်များသည် သာ၍ပင် ယိမ်းယိုင်လာတော့သည်။ ဘုရားသခင်ကို ယုံကြည်ပြီး မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခဲ့သော နှစ်များတစ်လျှောက်တွင် ၎င်းတို့၏ ယုံကြည်ခြင်းသည် အားကောင်းလာခြင်း မရှိရုံသာမက တစ်ချိန်က ၎င်းတို့၌ ရှိခဲ့သော ကနဦး စိတ်အားထက်သန်မှုကိုလည်း ဆုံးရှုံးခဲ့ကြသည်။ ထိုသို့သောလူများကို မည်သို့ ကိုင်တွယ်သင့်သည်ဟု သင်တို့ ထင်သနည်း။ (၎င်းတို့ကို ထွက်ခွာသွားရန် ဖျောင်းဖျသင့်ပါသည်။) သင်သည် ၎င်းတို့ကို ထွက်ခွာသွားရန် ဖျောင်းဖျပါက ၎င်းတို့က “ကျွန်ုပ်သည် ကျွန်ုပ်၏ ပညာရေး၊ အိမ်ထောင်ရေးနှင့် အလားအလာများကို စွန့်လွှတ်လျက် ဘုရားကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့သည်။ ယခု သင်က ကျွန်ုပ်ကို အသင်းတော်မှ ထွက်ခွာသွားရန် ပြောနေသည်၊ ဤနှစ်များတစ်လျှောက် ကျွန်ုပ် ခံစားခဲ့ရသော ဆင်းရဲဒုက္ခအားလုံးသည် အချည်းနှီး ဖြစ်သွားပြီဟု ဆိုလိုသည် မဟုတ်လော။ ကျွန်ုပ်တွင် အနာဂတ် ပန်းတိုင် လုံးဝ ရှိတော့မည် မဟုတ်ပေလော။ ယင်းမှာ နှစ်ဖက်စလုံးတွင် နစ်နာခြင်း ဖြစ်ပေလိမ့်မည်။ ဤသည်မှာ ကျွန်ုပ်၏ အသက်ကို ယူခြင်းနှင့် တူသည် မဟုတ်လော” ဟု ပြောဆိုပေမည်။ ၎င်းတို့ကို ထွက်ခွာသွားရန် ဖျောင်းဖျခြင်းသည် အလွန် ရက်စက်ရာကျသလော။ ဤသို့ပြုလုပ်ခြင်းသည် သင့်လျော်ပါသလော။ (ထိုသို့သောလူများသည် ကနဦးက ဘုရားသခင်ကို မည်သည့်အခါမျှ ယုံကြည်လိုခဲ့ခြင်း မရှိပါ။ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ ရရှိရန်အတွက်သာ အသင်းတော်ထဲသို့ လှည့်ဖြားဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။ အသင်းတော်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းနှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းတို့အပေါ် အစဉ် အာရုံစိုက်နေသည်ကို ၎င်းတို့ မြင်တွေ့သည့်အခါ ဤအရာများကို အလွန်အမင်း မနှစ်မြို့ဟု ခံစားရပြီး ထွက်ခွာသွားလိုကြသည်။ ထိုသို့သောလူများကို ထွက်ခွာသွားရန် ဖျောင်းဖျသင့်သည်။ သင်သည် ၎င်းတို့ကို ထိန်းထားနိုင်သော်လည်း ၎င်းတို့၏ စိတ်နှလုံးများကိုမူ ထိန်းထားနိုင်မည် မဟုတ်ပါ။) ၎င်းတို့သည် မိမိတို့၏ တာဝန်ကို အတိုင်းအတာတစ်ခုအထိ စိတ်ရင်းမှန်ဖြင့် ထမ်းဆောင်သော်လည်း သမ္မာတရားအပေါ် ရှင်းလင်းမှု ကင်းမဲ့နေရုံသာဖြစ်ပါက သို့မဟုတ် ၎င်းတို့သည် အခက်အခဲများနှင့် ရှုံးနိမ့်မှုများနှင့် ရင်ဆိုင်ရသောကြောင့် သို့မဟုတ် ပြုပြင်ခြင်းကို တွေ့ကြုံခဲ့ရသောကြောင့် ယာယီအားဖြင့် အနည်းငယ် အပျက်သဘောဆောင်ပြီး အားနည်းသွားပါက ဤအခြေအနေများတွင် သင်သည် ၎င်းတို့ကို ကူညီရန်နှင့် ထောက်ပံ့ရန် သမ္မာတရားကို မိတ်သဟာယဖွဲ့နိုင်ပေသည်။ သို့သော် ၎င်းတို့၏ အားနည်းခြင်းသည် ယာယီမဟုတ်ဘဲ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် အစဉ်တစိုက် ဝတ်ကျေတမ်းကျေဖြစ်ပြီး ဖြစ်သလို လုပ်ဆောင်ကာ စိတ်မပါ့တပါဖြစ်နေပြီး မောင်းထုတ်မခံရခြင်းဖြင့်သာ ကျေနပ်နေသည် ဆိုပါစို့၊ ပြီးလျှင် ၎င်းတို့သည် မိမိတို့၏ တာဝန်ကို စိတ်ရင်းမှန် သို့မဟုတ် စိတ်အားထက်သန်မှုမရှိဘဲ ထမ်းဆောင်သည် သို့မဟုတ် ပို၍ တိတိကျကျဆိုရလျှင် ၎င်းတို့တွင် လိုက်စားမှု ပန်းတိုင်များမရှိဘဲ နေ့ရက်များကို ပြီးပြီးရောသာ ကုန်လွန်စေသည် ဆိုပါစို့၊ ၎င်းတို့သည် ဤလူစားမျိုးဖြစ်ကြောင်း ရှင်းလင်းလာပါက ၎င်းတို့ကို ထွက်ခွာသွားရန် ဖျောင်းဖျနိုင်ပေသည်။
အချို့လူများသည် မယုံကြည်သူများ ဖြစ်ကြသည်။ ၎င်းတို့သည် အနှစ်သာရအားဖြင့် သမ္မာတရားကို မချစ်သောလူများဖြစ်ပြီး အလုပ်လုပ်ပေးရန်ပင် ဝန်လေးကြသည်ကို သင် ရှင်းလင်းစွာ မြင်နိုင်ပါက ၎င်းတို့ကို ထွက်ခွာသွားရန် ဖျောင်းဖျသင့်သည်။ ၎င်းတို့၏ အဓိက သရုပ်သကန်များမှာ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သည့်အခါမျှ မဖတ်ရှုကြ၊ ဓမ္မသီချင်းများကို မည်သည့်အခါမျှ မသင်ယူကြ၊ တရားဒေသနာများကို မည်သည့်အခါမျှ နားမထောင်ကြဘဲ သမ္မာတရားကို မည်သည့်အခါမျှ မိတ်သဟာယမဖွဲ့ကြ သို့မဟုတ် မိမိတို့ကိုယ်ကို သိကျွမ်းခြင်းအကြောင်း မပြောဆိုကြခြင်းတို့ ဖြစ်သည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို နားထောင်ခြင်းကိုလည်း မနှစ်သက်ကြပေ။ ၎င်းတို့သည် ဘုရားအိမ်တော်မှ ထုတ်လုပ်သော ရုပ်ရှင်များ သို့မဟုတ် ဓမ္မသီချင်းဗီဒီယိုများ သို့မဟုတ် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ဗီဒီယိုများကို မည်သည့်အခါမျှ မကြည့်ရှုကြဘဲ ကြည့်ရှုလျှင်ပင် ဖျော်ဖြေရေးသက်သက်အတွက် သို့မဟုတ် သိချင်စိတ်ကြောင့်သာဖြစ်ပြီး ထိုအခြေအနေတွင် ၎င်းတို့သည် အနည်းငယ်မျှသာ ဝန်လေးစွာ ကြည့်ရှုကြသည်၊ ပြီးလျှင် ယင်းမှာ မိမိတို့၏ ကိုယ်ပိုင်အသက်ဝင်ရောက်မှုအတွက် မည်သည့် ဝန်တာစိတ်ကြောင့်မျှ လုံးဝမဟုတ်ဘဲ ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုအတွက်သာ ကြည့်ရှုခြင်း ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ အချိန်အများစုကို မည်သို့ ကုန်ဆုံးကြသနည်း။ စကားစမြည်ပြောခြင်း၊ အတင်းအဖျင်းပြောခြင်း သို့မဟုတ် မိမိတို့ ကြိုက်နှစ်သက်သော အရာများကို ကြည့်ရှုရန် အွန်လိုင်းတက်ခြင်းတို့ဖြင့် ဖြစ်သည်။ ဥပမာအားဖြင့် ၎င်းတို့ထဲမှ အချို့သည် စတော့ဈေးကွက်ကို နှစ်သက်ကြပြီး အွန်လိုင်းပေါ်တွင် စတော့ဈေးကွက် အခြေအနေများကို အစဉ်မပြတ် စစ်ဆေးကြသည်၊ အချို့သည် ကားများ သို့မဟုတ် အီလက်ထရွန်နစ် ထုတ်ကုန်များကို နှစ်သက်ကြပြီး မည်သည့်အမှတ်တံဆိပ်များက မော်ဒယ်အသစ်များ ထုတ်လုပ်ခဲ့သည် သို့မဟုတ် နည်းပညာအသစ်အချို့ကို တီထွင်ခဲ့သည်ကို ကြည့်ရှုရန် အွန်လိုင်းတွင် အမြဲ စစ်ဆေးနေကြသည်၊ အခြားသူများမှာမူ ကိုယ်ပိုင်မီဒီယာများမှ ထုတ်လုပ်သော အွန်လိုင်းသတင်းများကို ကြည့်ရှုခြင်းကို နှစ်သက်ကြသည်၊ အချို့မှာမူ အလှအပ၊ မိတ်ကပ် သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်မှုကို နှစ်သက်ကြပြီး အလှအပ၊ ကျန်းမာရေးစောင့်ရှောက်မှု သို့မဟုတ် ကျန်းမာရေးကောင်းမွန်စွာ ထိန်းသိမ်းပြီး အသက်ရှည်ရှည်နေနိုင်မည့် နည်းလမ်းများအကြောင်းကို ဖတ်ရှုရန် အွန်လိုင်းသို့ မကြာခဏ တက်ကြသည်။ ဤလူတို့သည် ယုံကြည်သူများ ကယ်တင်ခြင်းခံရရန်အလို့ငှာ ဝင်ရောက်ရန် လိုအပ်သော အမျိုးမျိုးသော သမ္မာတရားများတွင်ဖြစ်စေ၊ ညီအစ်ကိုမောင်နှမများ၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များတွင်ဖြစ်စေ လုံးဝ စိတ်ဝင်စားမှု မရှိကြပေ။ တာဝန်အနည်းငယ်ကို ဝန်လေးစွာ ထမ်းဆောင်ခြင်းမှလွဲ၍ ၎င်းတို့သည် ဘာသာတရားမရှိသူများလောက၏ ပြောင်းလဲနေသော အခြေအနေနှင့် လောက၌ မည်သည့် ခေတ်ရေစီးကြောင်းအသစ်များနှင့် အရေးကြီးသော သတင်းများ ရှိနေသည်၊ မိမိတို့၏ နိုင်ငံအတွင်း၌ မည်သို့သော တိုးတက်မှုများ ရှိနေသည် စသည်တို့အပေါ်တွင် အစဉ် အာရုံစိုက်နေကြသည်။ ၎င်းတို့သည် ဤသို့သော သတင်းအချက်အလက်မျိုးကိုသာ ကြည့်ရှုကြသည်။ ဤအရာများကို အချိန်ပြည့် ကြည့်ရှုနေခြင်းကြောင့် ၎င်းတို့၏ စိတ်နှလုံးများသည် ထိုသို့သော ကိစ္စရပ်များဖြင့်သာ ပြည့်နှက်နေပြီး ဘုရားသခင်ကို ယုံကြည်သူများအနေဖြင့် နားလည်သင့်သော သမ္မာတရားများကို လုံးဝ လျစ်လျူရှုကြသည်။ မည်သူက ၎င်းတို့နှင့် မိတ်သဟာယဖွဲ့သည်ဖြစ်စေ ၎င်းတို့ လက်မခံကြပေ။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါ မည်သည့်စည်းမျဉ်းများကို လိုက်နာသင့်သည်၊ မိမိတို့၏ တာဝန်ကို ထမ်းဆောင်စဉ် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ပြသပြီး မည်သည့်ပြဿနာများ ရှိနေသည်၊ လူတို့အတွက် ဘုရားသခင်၏ အမျိုးမျိုးသော တောင်းဆိုချက်များထဲမှ မည်သည်တို့ကို မိမိတို့ ဖြည့်ဆည်းပြီးဖြစ်ပြီး မည်သည်တို့ကို ဖြည့်ဆည်းရခြင်း မရှိသေး စသည့် အသက်ဝင်ရောက်မှုနှင့် သက်ဆိုင်သော ကိစ္စရပ်များကို စိတ်ဝင်စားခြင်းလည်းမရှိ၊ ဂရုစိုက်ခြင်းလည်းမရှိပေ။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်သော်လည်း ဖြစ်သလိုသာ လုပ်ဆောင်နေကြပြီး သမ္မာတရား စည်းမျဉ်းများကို စိုးစဉ်းမျှ မရှာဖွေကြပေ။ ထိုသို့သောလူများသည် မိမိတို့ကိုယ်ကို ဘုရားသခင်ကို ယုံကြည်သူများဟု ဆိုကြသော်လည်း ၎င်းတို့ စိတ်ထဲ၌ ကြိုက်နှစ်သက်ပြီး အာရုံစိုက်သည့်အရာမှာ ငွေ၊ အဆင့်အတန်းနှင့် ဘာသာတရားမရှိသူများလောက၏ ခေတ်ရေစီးကြောင်းများဖြစ်ပြီး ဘာသာတရားမရှိသူများလောက၏ ခေတ်ရေစီးကြောင်းများနောက် လိုက်သောသူတို့နှင့် ပေါင်းသင်းရသည်ကို နှစ်သက်ကြသည်။ ဘာသာတရားမရှိသူများလောက၏ ကိစ္စရပ်များအကြောင်း ပြောဆိုသည့်အခါ ၎င်းတို့သည် ကြီးစွာသော စိတ်အားထက်သန်မှုနှင့် မမောနိုင်သော ဇွဲလုံ့လတို့ဖြင့် ပြုမူကြပြီး ကျွမ်းကျင်စွာ စကားပြောကာ အဆုံးမရှိ ပြောဆိုကြသော်လည်း သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ခြင်းကို နှစ်သက်သောသူတို့နှင့် တွေ့ဆုံသည့်အခါတွင်မူ ၎င်းတို့၌ ပြောစရာစကား မရှိတော့ပေ။ ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးက “အလွန်ကောင်းမွန်သည့် ဓမ္မသီချင်းတစ်ပုဒ်ရှိသည်၊ သီချင်းစာသားအားလုံးကို ကျွန်ုပ် အလွတ်ရသည်” ဟု ပြောသည့်အခါ ၎င်းတို့က “သင် အလွတ်ရနေပြီဖြစ်သည်။ ကောင်းပေသည်” ဟု အပေါ်ယံသာ ပြောဆိုကြသည်။ ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးက “ညီအစ်မ မည်သူမည်ဝါ၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်က အလွန်ပင် ကောင်းလှသည်” ဟု ပြောသည့်အခါ ၎င်းတို့က “ယခုအခါတွင် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုများ များပြားလှသည်၊ မည်သည့်အရာက မကောင်းဘဲ ရှိသနည်း။ အားလုံးမှာ ကောင်းလှပေသည်” ဟု ပြောဆိုကြသည်။ ၎င်းတို့သည် ဤသို့ အပေါ်ယံပုံစံဖြင့်သာ တုံ့ပြန်ကြသည်၊ လက်တွေ့တွင် ၎င်းတို့သည် သမ္မာတရားကို စိတ်မဝင်စားဘဲ ညီအစ်ကိုမောင်နှမများနှင့် စိတ်တူကိုယ်တူ ဖြစ်ခြင်း မရှိကြပေ။ တစ်စုံတစ်ဦးက ၎င်းတို့ကို “သင် အခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ ဆုတောင်းပါသလား” ဟု မေးသည့်အခါ ၎င်းတို့က “မည်သို့ဆုတောင်းရမည်နည်း။ မည်သည့်အကြောင်းကို ဆုတောင်းရမည်နည်း” ဟု ပြန်ဖြေကြသည်။ ၎င်းတို့သည် ဆုမတောင်းကြသကဲ့သို့ ဘုရားသခင်ထံ ပြောစရာစကားလည်း မရှိကြပေ။ ဤလူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် သက်ဆိုင်သည့် မည်သည့်အရာကိုမျှ စိတ်မဝင်စားကြဘဲ ၎င်းတို့၏ စိတ်နှလုံးများသည် ဘာသာတရားမရှိသူများလောကမှ အမျိုးမျိုးသောအရာများဖြင့် ပြည့်နှက်နေသည်။ သင်တို့ မည်သို့ထင်သနည်း၊ ထိုသို့သောလူများတွင် ပြဿနာရှိသလော။ (ဟုတ်ပါသည်။) ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာ၌ အစဉ် စိတ်မပါ့တပါ ဖြစ်နေသည်ကိုလည်းကောင်း၊ မည်သည့်အလုပ်ကိုမဆို တာဝန်ပေးသည့်အခါ အလွန် စိတ်မရှည် ဖြစ်လာသည်ကိုလည်းကောင်း၊ ဆင်းရဲဒုက္ခ အနည်းငယ် ခံစားရသည်နှင့် ညည်းညူသည်ကိုလည်းကောင်း၊ ဘုရားသခင်ကို နှစ်အနည်းငယ် ယုံကြည်ပြီးနောက် “ဘုရားကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်များစွာ နစ်နာခဲ့ရသည်။ ဘုရားကိုသာ ကျွန်ုပ် မယုံကြည်ခဲ့လျှင် ယခုအခါတွင် ကျွန်ုပ်၏ လစာသည် ထိုမျှဤမျှ ပမာဏသို့ တိုးပွားနေပြီဖြစ်ကာ ထိုသို့သောဤသို့သော အဆင့်အတန်းနှင့် ထိုမျှဤမျှသော ဇိမ်ခံဘဝနေထိုင်မှုပုံစံတို့ကို ပျော်မွေ့ခံစားနိုင်ခဲ့ပြီး ဖြစ်လိမ့်မည်” ဟူသကဲ့သို့သော အတွေးများကို မကြာခဏ ထုတ်ဖော်ပြသသည်ကိုလည်းကောင်း သင် မြင်တွေ့ပါက ထိုသို့သောလူများကို မည်သို့ ကိုင်တွယ်သင့်သနည်း။ (၎င်းတို့ကို ထွက်ခွာသွားရန် ဖျောင်းဖျသင့်ပါသည်။) ထိုသို့သောလူများကို ထွက်ခွာသွားရန်သာ ဖျောင်းဖျပြီး ၎င်းတို့ကို မည်သည့်တာဝန်ကိုမျှ ဆက်၍ မထမ်းဆောင်စေနှင့်တော့၊ အကြောင်းမှာ ၎င်းတို့သည် အလုပ်လုပ်ပေးရန်ပင် ဝန်လေးနေသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ယုံကြည်သူတစ်ဦးအနေဖြင့် စုဝေးပွဲများ တက်ရောက်ရုံမျှသည် သည်းခံနိုင်ဖွယ်ဖြစ်သော်လည်း မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းနှင့် ဘုရားသခင်နောက် လိုက်လျှောက်ခြင်းသည် ၎င်းတို့၏ ကြီးမားသော လုပ်ငန်းဆောင်တာများကို အနှောင့်အယှက် ဖြစ်စေသည်ဟု ထင်မှတ်ကြသည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းနှင့် ဘုရားသခင်နောက် လိုက်လျှောက်ခြင်းသည် ၎င်းတို့၏ ပျော်ရွှင်မှုကို လိုက်စားခြင်းအတွက် ကြီးမားသော အတားအဆီးတစ်ခု ဖြစ်သည်ဟု ခံစားကြရသည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို မထမ်းဆောင်ခဲ့ပါက လောက၌ အဆင့်မြင့် အရာရှိတစ်ဦးဖြစ်လာပြီး ငွေများစွာ ရှာဖွေလျက် အခြားသူများထက် သာလွန်မြင့်မြတ်နေလောက်ပြီဟု ယုံကြည်ကြသည်။ သို့ဖြစ်လျှင် ကျွန်ုပ်တို့သည် ၎င်းတို့ကို အဘယ်ကြောင့် တားဆီးထားသင့်သနည်း။ ထို့ကြောင့် ၎င်းတို့ကို ထွက်ခွာသွားရန် ဖျောင်းဖျခြင်းသည် လူတိုင်းအတွက် ကောင်းသည်။ ၎င်းတို့ကို အတင်းအကျပ်ပြုခြင်း သို့မဟုတ် နေမြဲနေရန် တိုက်တွန်းရန် ကြိုးစားခြင်းသည် ကြီးမားသော အမှားတစ်ခု ဖြစ်ပေလိမ့်မည်။ သင်သည် ထိုသို့သောလူများကို ဤကဲ့သို့ ဖျောင်းဖျသင့်သည်။ “သင်သည် အဘယ်ကြောင့် ဘုရားသခင်ကို ယုံကြည်ရန် ရွေးချယ်ခဲ့သနည်း။ သင်သည် သမ္မာတရားကို စိတ်မဝင်စားဘဲ ဘုရားသခင်အပေါ် အစဉ် သံသယများဖြင့် ပြည့်နေပါက သမ္မာတရားကို မည်သည့်အခါတွင် ရရှိနိုင်မည်လော။ သင်သည် အတွေးအခေါ်များ၊ အောင်လက်မှတ်များနှင့် အရည်အချင်းများ ရှိသူတစ်ဦး ဖြစ်သည်၊ သင်သည် လောက၌ ကြိုးစားအားထုတ်နေပါက ကုမ္ပဏီတစ်ခု၏ ဥက္ကဋ္ဌ သို့မဟုတ် အမှုဆောင်အရာရှိချုပ်တစ်ဦး သေချာပေါက် ဖြစ်လာနိုင်သည်၊ သို့မဟုတ် သန်းကြွယ်သူဌေးတစ်ဦး သို့မဟုတ် ဘီလီယံနာတစ်ဦး ဖြစ်လာနိုင်သည်။ ဘုရားအိမ်တော်၌ ဤကဲ့သို့ ဖြစ်သလို နေထိုင်ဖြတ်သန်းနေခြင်းဖြင့် ပထမဦးစွာ သင်သည် အခြားသူများထက် မသာလွန်နိုင်၊ ဒုတိယအနေဖြင့် သင်သည် ကြီးမားသော အောင်မြင်မှုကို မရရှိနိုင်၊ နောက်ဆုံးအနေဖြင့် သင်သည် သင်၏ ဘိုးဘေးများကို ဂုဏ်မဆောင်နိုင်ပေ။ ထို့အပြင် သင်၏ တာဝန်ကို ထမ်းဆောင်သည့်အခါ သင်သည် အစဉ် ဝတ်ကျေတမ်းကျေဖြစ်နေသည်၊ ယင်းက သင့်ကို ပြုပြင်ခြင်းခံရစေပြီး အစဉ် စိတ်ဓာတ်ကျနေစေသည်။ ဤဆင်းရဲဒုက္ခကို အဘယ်ကြောင့် ခံစားနေရသနည်း။ သင်သည် နိုင်ငံရေး သို့မဟုတ် စီးပွားရေးသို့ဖြစ်စေ လောကထဲသို့ ထွက်သွားသင့်ပြီး သင်သည် မိမိကိုယ်တိုင်အတွက် အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုကို သေချာပေါက် ရရှိလိမ့်မည်။ သင်သည် ကျွန်ုပ်တို့နှင့် မတူပေ။ သင်၌ အောင်လက်မှတ်များနှင့် အရည်အချင်း နှစ်မျိုးစလုံးရှိပြီး သင်သည် မြင့်မြတ်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်၊ ကျွန်ုပ်တို့ သာမန်လူများနှင့်အတူ ဘုရားသခင်ကို ယုံကြည်ခြင်းသည် သင့်အဆင့်အတန်းအောက် နိမ့်ကျသည် မဟုတ်လော။ ဘာသာတရားမရှိသူများ မကြာခဏ ပြောသကဲ့သို့ ‘သင်သည် လောကကြီးတွင် သင်အလိုရှိသည့်အရာမှန်သမျှကို လိုက်စားနိုင်သည်’၊ သင်သည် အခွင့်အရေးရှိနေသေးစဉ်တွင် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းအချို့ကို လိုက်စားရန် လောက၌ အချိန်ကျန်ရှိနေသေးသည်ကို အခွင့်ကောင်းယူသင့်သည်။ ဤနေရာ၌ နေခြင်းဖြင့် သင့်ကိုယ်သင် နစ်နာအောင် မလုပ်ပါနှင့်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ကို ဖျောင်းဖျရန် သင့်လျော်သော နည်းလမ်းတစ်ခုလော။ စကားလုံးအသုံးအနှုန်းသည် အတော်အတန် လိမ္မာပါးနပ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းသည် ၎င်းတို့ကို မထိခိုက်စေသည့်အပြင် ၎င်းတို့ ကြားလိုသည့်အရာကိုလည်း ပြောဆိုနေခြင်း ဖြစ်သည်။ ဤလုပ်နည်းကိုင်နည်းသည် သင့်လျော်သည်ဟု ငါထင်သည်၊ ယင်းက ၎င်းတို့အတွက် အကြံဉာဏ်ကို လက်ခံရန် လွယ်ကူစေပြီး ၎င်းတို့သည် မည်သည့်စိုးရိမ်ပူပန်မှုမျှမရှိဘဲ ရဲရင့်စွာ ထွက်ခွာသွားနိုင်ကြသည်။ ဤသို့သောလူစားမျိုးကို ကိုင်တွယ်ဖြေရှင်းသည့်အခါ သင်သည် ၎င်းတို့မှာ မယုံကြည်သူများဖြစ်ကြောင်း သေချာပါက၊ ပြီးလျှင် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ၎င်းတို့၌ လုံးဝ စိတ်အားထက်သန်မှုမရှိသည်ကိုလည်းကောင်း၊ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် မည်သည့်အခါမျှ စိတ်ရင်းမှန်မရှိသည်ကိုလည်းကောင်း၊ မည်သည့် အသက်ဝင်ရောက်မှုကိုမျှ မည်သည့်အခါမျှ မရရှိခဲ့သည်ကိုလည်းကောင်း၊ ရေရှည်တွင်လည်း ရရှိနိုင်ဖွယ် မရှိသည်ကိုလည်းကောင်း သင် မြင်တွေ့ပါက ၎င်းတို့ကို ထွက်ခွာသွားရန် ဖျောင်းဖျသင့်သည်။ သင်သည် ၎င်းတို့ကို ထွက်ခွာသွားရန် မဖျောင်းဖျပါက ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် အစဉ် ဝတ်ကျေတမ်းကျေဖြစ်ပြီး စိတ်မပါ့တပါ သဘောထားတစ်ခု ရှိနေမည်ဖြစ်ပြီး ၎င်းတို့သည် ကြီးမားသော ဘေးအန္တရာယ်တစ်ခုကို ဖြစ်ပေါ်စေမည့် အချိန်တစ်ခု ရောက်လာနိုင်ဖွယ်ရှိသည်။
ဋ။ ကြောက်တတ်ခြင်းနှင့် သံသယဖြစ်ခြင်း
ယိမ်းယိုင်ခြင်းဖြစ်သည့် ဆယ်ခုမြောက် သရုပ်သကန်အကြောင်းကို ငါတို့ မိတ်သဟာယဖွဲ့ပြီးဖြစ်သည်။ ယခုအခါတွင် ဆက်လက်၍ ကြောက်တတ်ခြင်းနှင့် သံသယဖြစ်ခြင်းဖြစ်သည့် ဆယ့်တစ်ခုမြောက် သရုပ်သကန်ကို ကြည့်ကြစို့။ ကြောက်တတ်သောလူများ၏ သရုပ်သကန်များမှာ အဘယ်အရာများ ဖြစ်သနည်း။ (ကြောက်တတ်သောလူများသည် ဖမ်းဆီးခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းကို ရင်ဆိုင်ရသည့်အခါ ကြောက်ရွံ့ကြပါသည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်လိုသော်လည်း မထမ်းဆောင်ဝံ့ကြပါ။) ယင်းမှာ သေးငယ်သော ကဏ္ဍတစ်ခုမျှသာ ဖြစ်သည်။ အဓိကပြဿနာမှာ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်၍ ၎င်းတို့တွင် ရှုမြင်ပုံတစ်ရပ် ရှိနေခြင်းဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သူများသည် ဤလောက၌ ဝင်ဆံ့ပုံမရဟု ၎င်းတို့ အစဉ်ခံစားရသည်၊ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ရှက်စရာဖြစ်သည်ဟု ၎င်းတို့ ခံစားရသည်။ အထူးသဖြင့် အာဏာရှင်နိုင်ငံအချို့ သို့မဟုတ် ဘာသာရေးလွတ်လပ်ခွင့်မရှိသော နိုင်ငံများတွင် ဘုရားသခင်ကို ယုံကြည်သူများသည် ဥပဒေအရ အကာအကွယ်မရရုံသာမက ညှဉ်းပန်းနှိပ်စက်ခြင်းကိုပါ ခံကြရရာ အချို့လူများသည် မိမိတို့ ဘုရားသခင်ကို ယုံကြည်ကြောင်း ဝန်ခံရန် မဝံ့ကြသကဲ့သို့ အခြားသူများ သိရှိသွားမည်ကိုလည်း ကြောက်ရွံ့ကြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ပေါ်တင်ဖြစ်ပြီး ဂုဏ်ယူဖွယ်ရာအရာတစ်ခု မဟုတ်ဟု ၎င်းတို့ ခံစားကြရသည်။ ၎င်းတို့သည် စစ်မှန်သော ဘုရားသခင်ကို ယုံကြည်ကြောင်း သိရှိကြသော်လည်း ဤအရာ၌ မည်သည့်ဂုဏ်ယူမှုကိုမျှ မခံစားရသကဲ့သို့ ယုံကြည်စိတ်ချမှုလည်း မရှိကြပေ။ ဒုက္ခအရိပ်အယောင် တစ်စုံတစ်ရာရှိသည့်အခါ သို့မဟုတ် အစိုးရက ယုံကြည်သူများကို ဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ဖိနှိပ်ခြင်းနှင့် ဝိုင်းပယ်ခြင်းတို့ကို မြင်တွေ့ရသည့်အခါ ၎င်းတို့ ပါဝင်ပတ်သက်သွားမည်ကို အထူးပင် စိုးရိမ်လာကြသည်။ ထိုသို့သောအခြေအနေများတွင် အချို့လူများသည် အသင်းတော်နှင့် မိမိတို့ကိုယ်ကို လျင်မြန်စွာ အဆက်ဖြတ်ကြပြီး ဘုရားအိမ်တော်သို့ စာအုပ်များကို ပြန်ပေးရန်ပင် အလျင်စလို ပြုလုပ်ကြသည်။ အခြားသူများမှာမူ ဖမ်းဆီးခံရမည်ကို ကြောက်ရွံ့သောကြောင့် စုဝေးပွဲများကို တက်ရောက်ရန် မဝံ့တော့သကဲ့သို့ ညီအစ်ကိုမောင်နှမများနှင့် တွေ့ဆုံသည့်အခါ နှုတ်ဆက်ရန်ပင် မဝံ့တော့ပေ။ အထူးသဖြင့် ၎င်းတို့၏ ယုံကြည်ခြင်းအတွက် အတော်အတန် လူသိများသော သို့မဟုတ် ယခင်က ဖမ်းဆီးခံခဲ့ရဖူးသောသူများနှင့်ဆိုလျှင် ဤလူများသည် ၎င်းတို့နှင့် ပေါင်းသင်းဆက်ဆံရန် သာ၍ပင် မဝံ့ကြတော့ပေ၊ ၎င်းတို့သည် ဤအတိုင်းအတာအထိ ကြောက်တတ်ကြသည်။ သာ၍ပင် ဆိုးသည်မှာ အစိုးရက အကြီးအကျယ် ဖမ်းဆီးမှုတစ်ရပ်ကို စတင်လိုက်ပြီဟု ကြားသိရသည်နှင့် ၎င်းတို့သည် ယခင်က ဘုရားသခင်ကို ယုံကြည်ခဲ့ကြောင်းနှင့် မည်သည့်လူများက ယုံကြည်ကြောင်းကို သိရှိကြောင်း မိမိတို့ဘာသာ အလျင်ဦးအောင် ဝန်ခံရန် အာဏာပိုင်များထံ အလျင်စလို သွားကြပြီး မိမိကိုယ်ကို ကာကွယ်ခြင်းဟူသော တစ်ခုတည်းသော ရည်ရွယ်ချက်ဖြင့် သက်ညှာမှုရရှိရန် အလဲအလှယ်အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်များနှင့် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် သက်ဆိုင်သော အခြားစာရွက်စာတမ်းများကို လွှဲပြောင်းပေးလျက် ၎င်းတို့ကို မိမိတို့ဘာသာ အလျင်ဦးအောင် သစ္စာဖောက်ကြသည်။ ငါ့ကို ပြောလော့၊ ဤသည်တို့မှာ ကြောက်တတ်ခြင်း၏ သရုပ်သကန်များ မဟုတ်လော။ (ဟုတ်ပါသည်။) အထူးသဖြင့် အချို့လူများအတွက်မူ ဘုရားသခင်ကို ယုံကြည်ပြီးနောက် ၎င်းတို့၏ ယုံကြည်ခြင်းအကြောင်းကို အခြားသူများ သိရှိသွားမည်ကို အစဉ်သဖြင့် ကြောက်ရွံ့ကြပြီး တစ်စုံတစ်ဦး ဖမ်းဆီးခံရပါက ၎င်းတို့ သစ္စာဖောက်ခံရမည်ကို သာ၍ပင် ကြောက်ရွံ့ကြသည်။ တစ်စုံတစ်ဦးက ၎င်းတို့ ဘုရားသခင်ကို ယုံကြည်ကြောင်း သိရှိသွားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ယခုအခါ မယုံကြည်တော့ကြောင်း အလျင်စလို ရှင်းပြကြပြီး ဘာသာတရားမရှိသူများက ၎င်းတို့ကို ယုံကြည်သူတစ်ဦးအဖြစ် သံသယဝင်ခြင်းကို ရပ်တန့်သွားစေရန် အမှုအရာများကို ပြုလုပ်ဖို့ပင် အလျင်စလို လုပ်ဆောင်ကြသည်။ ဥပမာအားဖြင့် ၎င်းတို့သည် ဘာသာတရားမရှိသူများနှင့် အတူတကွ စားသောက်ခြင်း၊ ပါတီပွဲလုပ်ခြင်း၊ လောင်းကစားလုပ်ခြင်း၊ အရက်သောက်ခြင်း စသည်တို့ကို ပြုလုပ်လျက် ၎င်းတို့နှင့် ဆက်ဆံရေးများ တည်ဆောက်ကြသည်။ ဒုက္ခစိုးစဉ်းမျှ အရိပ်အယောင်တွေ့သည်နှင့် ၎င်းတို့သည် စုဝေးပွဲများ တက်ရောက်ရန် မဝံ့တော့ဘဲ မိမိတို့၏ တာဝန်ကိုလည်း မထမ်းဆောင်တော့ဘဲ ၎င်းတို့ကို ဆက်သွယ်ရန် ကြိုးစားသည့် မည်သူ့ကိုမဆို လျစ်လျူရှုကြသည်။ အရာအားလုံး ငြိမ်းချမ်းနေသည့်အခါတွင်မူ ဘုရားသခင်ကို ယုံကြည်ခြင်းက ကောင်းချီးများကို ဆောင်ကြဉ်းပုံ၊ သေခြင်းတရားကို ရှောင်ရှားနိုင်ပုံ၊ ကောင်းကင်ဘုံသို့ သွားရောက်နိုင်ပြီး ကောင်းသောပန်းတိုင်တစ်ခု ရရှိနိုင်ပုံတို့ကို ၎င်းတို့ တွေးတောကြသည်၊ ထိုအခါတွင် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် စွမ်းအင်များဖြင့် ပြည့်နှက်နေကြသည်။ သို့သော် အနည်းငယ် အန္တရာယ်ရှိသော ပတ်ဝန်းကျင်တစ်ခုနှင့် ရင်ဆိုင်ရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် အစအနပျောက်သွားကြတော့၏။ ထို့နောက် အခြေအနေ ကုန်လွန်သွားပြီး အမှုအရာများ တစ်ဖန် ငြိမ်သက်သွားသည့်အခါ ၎င်းတို့ ပြန်ပေါ်လာကြသည်။ ဤလူစားမျိုးသည် မကြာခဏ ပျောက်ပျောက်သွားတတ်သည်။ ၎င်းတို့အား ပေးအပ်ထားသော တာဝန်သည် မည်မျှပင် အရေးကြီးပါစေ အန္တရာယ်အနည်းငယ် ပေါ်ပေါက်လာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် မိမိတို့၏ အလုပ်ကို ဆက်လက်လုပ်ဆောင်ရန် မည်သည့်စီစဉ်မှုကိုမျှ မပြုလုပ်ဘဲ ချက်ချင်း ပစ်ထားနိုင်ပြီး နောက်ပိုင်းတွင် မည်သူမျှ ၎င်းတို့ကို ဆက်သွယ်၍မရနိုင်တော့ပေ။ အခြားလူများမှာမူ အလားတူ အန္တရာယ်ရှိသော ပတ်ဝန်းကျင်နှင့် ရင်ဆိုင်ရသည့်အခါ နောက်ဆက်တွဲ အကျိုးဆက်များကို ကောင်းစွာကိုင်တွယ်ရန် နည်းလမ်းအမျိုးမျိုးကို စဉ်းစားနိုင်ကြသည်။ လက်ရှိ ပတ်ဝန်းကျင်သည် အလွန်ရန်လိုပြီး ဖမ်းဆီးခံရနိုင်ေချေ မြင့်မားပါက ၎င်းတို့သည် အလုပ်ကို ဆက်မလုပ်မီ အန္တရာယ် ကုန်လွန်သွားသည်အထိ စောင့်ဆိုင်းကြသည်။ သို့တည်းမဟုတ် ၎င်းတို့သည် ယုံကြည်သူများအဖြစ် အလွန်လူသိများပြီး အလုပ်လုပ်ရန် မျက်နှာပြပါက အလွယ်တကူ ဖမ်းဆီးခံရနိုင်လျှင် အခြားတစ်စုံတစ်ဦးကို ထိုအလုပ်ကို လုပ်ဆောင်ရန် စီစဉ်ပေးကြသည်။ သို့သော် ဤကြောက်တတ်သောလူများမှာမူ ဒုက္ခစိုးစဉ်းမျှကို အာရုံခံမိသည့်အခါတွင် အလျင်စလို ပုန်းအောင်းကြပြီး မိမိတို့၏ ဦးခေါင်းကို အလုအယက် ဖုံးကွယ်ကာ မိမိတို့၏ အသက်ဘေးလွတ်ရန် ကြိုးပမ်းကြလျက် အသင်းတော်၏အလုပ်နှင့် အသင်းတော်၏ ပိုင်ဆိုင်မှုများကို လုံးဝ လျစ်လျူရှုကာ ဂရုမစိုက်ဘဲ အသင်းတော်၏အလုပ်ကို ကာကွယ်ရန် သို့မဟုတ် ညီအစ်ကိုမောင်နှမများကို ကာကွယ်ရန် မည်သည့်ကြိုးပမ်းမှုကိုမျှ မပြုလုပ်ကြပေ။ ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်ခြင်း၌ ၎င်းတို့ အကြောက်ဆုံးအရာမှာ အဘယ်နည်း။ ပထမဦးစွာ ၎င်းတို့၏ ယုံကြည်လက်ခံခြင်းအကြောင်းကို အစိုးရက သိရှိသွားမည်ကို ကြောက်ရွံ့ကြသည်။ ဒုတိယအနေဖြင့် ၎င်းတို့၏ အိမ်နီးချင်းများ သိရှိသွားမည်ကို ကြောက်ရွံ့ကြသည်။ တတိယအနေဖြင့် ၎င်းတို့ အကြောက်ဆုံးအရာမှာ ဖမ်းဆီးခံရပြီး ထောင်ချခံရခြင်း သို့မဟုတ် ရိုက်သတ်ခံရခြင်း ဖြစ်သည်။ သို့ဖြစ်၍ တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါတိုင်း ၎င်းတို့ ဖမ်းဆီးခံရနိုင်ခြင်း ရှိမရှိကိုဖြစ်စေ၊ အသတ်ခံရနိုင်ခြင်း ရှိမရှိကိုဖြစ်စေ ၎င်းတို့ ပထမဆုံး တွေးတောကြ၏။ ထိုသို့ဖြစ်နိုင်ခေ ရာခိုင်နှုန်းတစ်ခုမျှ ရှိလျှင်ပင် ၎င်းတို့သည် လွတ်မြောက်ရန် နည်းလမ်းတစ်ခုကို ရှာကြံကြလိမ့်မည်။ ဥပမာအားဖြင့် စုဝေးပွဲတစ်ခုအတွင်း ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးက “ကျွန်ုပ် ဤနေရာသို့ လာရာလမ်းတွင် အနီးအနား၌ မျက်နှာစိမ်းတစ်ဦးကို တွေ့ခဲ့သည်။ ယင်းမှာ ကျွန်ုပ်တို့အား စောင့်ကြည့်နေသည့် ဘာသာတရားမရှိသူတစ်ဦးများ ဖြစ်နိုင်သလော” ဟု ပြောကောင်းပြောနိုင်သည်။ ဤမှတ်ချက်တစ်ခုကို ကြားရုံမျှဖြင့် ကြောက်တတ်သောလူများသည် နောက်တစ်ကြိမ် စုဝေးပွဲကို တက်ရောက်တော့မည် မဟုတ်ဘဲ လူတိုင်းနှင့် အဆက်အသွယ် ဖြတ်တောက်လိုက်မည်ဖြစ်၏။ သင်သည် ဤအရာကို သတိကြီးခြင်းဟု ခေါ်မည်လော။ (ဤသည်မှာ ပုံမှန်သတိထားခြင်းမဟုတ်ပါ၊ ယင်းမှာ ကြောက်တတ်ခြင်း ဖြစ်သည်၊ ၎င်းတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်အတွက် နေရာမရှိတော့ပါ။) ဤသည်မှာ အလွန်အကျွံ သတိထားခြင်း ဖြစ်သည်။ ပတ်ဝန်းကျင်သည် အထူးသဖြင့် ရန်လိုသော နိုင်ငံများ သို့မဟုတ် ဒေသများတွင် ယုံကြည်သူများသည် သတိထားသင့်သည်မှာ မှန်သော်လည်း ယင်းမှာ ၎င်းတို့သည် ဖမ်းဆီးခံရမည်ကို ကြောက်ရွံ့သောကြောင့် မိမိတို့၏ တာဝန်ကို မထမ်းဆောင်ဘဲ သို့မဟုတ် စုဝေးပွဲများကို မတက်ရောက်ဘဲ နေသင့်သည်ဟု မဆိုလိုပေ၊ မိမိတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်အတွက် နေရာမရှိသည်အထိ သတိထားခြင်းမျိုး မဖြစ်သင့်ပေ။ ကြောက်တတ်သောလူများ၏ သတိထားခြင်းအတွက် စည်းမျဉ်းမှာ အဘယ်နည်း။ ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ မည်သည့်အရာ ဖြစ်ပျက်ပါစေ ၎င်းတို့သည် အရာခပ်သိမ်းသည် ဘုရားသခင်၏ လက်ထဲ၌ ရှိသည်ကို လုံးဝမယုံကြည်ကြပေ။ မည်သူ့ကိုမျှ အားကိုးထိုက်သည်ဟု ၎င်းတို့မထင်ကြဘဲ မိမိတို့ကိုယ်ကို ကာကွယ်ရန် ကိုယ့်အားကိုယ်ကိုးကြသည်။ ဤသည်မှာ ၎င်းတို့၏ စည်းမျဉ်းဖြစ်သည်။ အရာခပ်သိမ်းသည် ဘုရားသခင်၏ လက်ထဲ၌ ရှိသည်ကို ၎င်းတို့ မယုံကြည်ပေ။ အရာခပ်သိမ်းသည် ဘုရားသခင်က စီစဉ်ညွှန်ကြားပြီး စီစဉ်ခန့်ခွဲသည်ကိုလည်း မယုံကြည်ပေ။ တစ်စုံတစ်ခု အမှန်တကယ် ဖြစ်ပျက်ပါက ယင်းမှာ ဘုရားသခင်က ခွင့်ပြုသောကြောင့်ဖြစ်ပြီး ဘုရားသခင်က ခွင့်မပြုပါက မည်သူမျှ ဖမ်းဆီးခံရမည် မဟုတ်ဆိုသည့်အချက်ကိုလည်း မယုံကြည်ကြပေ။ ဤကိစ္စနှင့်ပတ်သက်၍ ၎င်းတို့တွင် လုံးဝ ယုံကြည်ခြင်းမရှိပေ။ ထိုအစား ၎င်းတို့၏ စိတ်နှလုံးများသည် ကြောက်တတ်ခြင်းဖြင့်သာ ပြည့်နှက်နေသည်။ ထို့အပြင် ၎င်းတို့၏ ကြောက်တတ်ခြင်း၌ သေစေနိုင်သော အားနည်းချက်တစ်ခု ရှိပြီး ယင်းမှာ ၎င်းတို့နှင့်ပတ်သက်၍ အစက်ဆုပ်ဆုံးအရာလည်း ဖြစ်သည်။ မိမိတို့ကိုယ်ကို ကာကွယ်ရန်နှင့် ၎င်းတို့ကို ကြောက်ရွံ့စေသော မည်သည့်ပတ်ဝန်းကျင်ကိုမဆို ရင်ဆိုင်ရန်အတွက် ၎င်းတို့သည် မိမိတို့၏ “အမြင့်မြတ်ဆုံးသော ဉာဏ်ပညာ” ဟု မြင်သည့်အရာကို လိုက်နာကြသည်၊ ယင်းမှာ စောင့်ကြည့်ခံရသည်ဖြစ်စေ၊ ဖမ်းဆီးခံရပြီး ထောင်ချခံရသည်ဖြစ်စေ၊ မည်သည့်အရာ ဖြစ်ပျက်ပါစေ တစ်စုံတစ်ခု မှားယွင်းသွားပြီး ၎င်းတို့၏ လုံခြုံရေးကို ခြိမ်းခြောက်ခံရသည်နှင့်တစ်ပြိုင်နက် ပထမတစ်ချက်အနေဖြင့် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ကြောင်း ငြင်းပယ်ကြပြီး ဒုတိယတစ်ချက်အနေဖြင့် ၎င်းတို့ သိရှိသမျှအရာအားလုံးကို တစ်စုံတစ်ရာမျှ ထိမ်ချန်မထားဘဲ သစ္စာဖောက်ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် အဘယ်ကြောင့် ဤသို့ပြုလုပ်ကြသနည်း။ မိမိတို့ကိုယ်ကို ကာယပိုင်းဆိုင်ရာ ဒုက္ခဝေဒနာမှ ကာကွယ်ရန်အတွက်သာ ဖြစ်သည်၊ သို့ဖြစ်၍ ၎င်းတို့သည် မိမိတို့သိသမျှကို ဖွင့်ချကြသည်။ ပထမဦးစွာ ၎င်းတို့သည် အသင်းတော်ခေါင်းဆောင်များကို သစ္စာဖောက်ကြပြီး ရပ်ကွက်ခေါင်းဆောင်များနှင့် နယ်မြေခေါင်းဆောင်များမှာ မည်သူတို့ဖြစ်ကြောင်းနှင့် ၎င်းတို့ မည်သည့်နေရာတွင် နေထိုင်ကြောင်းကိုလည်း ဖွင့်ချကြကာ ၎င်းတို့ သိရှိသမျှအရာအားလုံးကို ဖွင့်ချကြသည်။ ၎င်းတို့သည် ညှဉ်းပန်းနှိပ်စက်ခြင်း မခံရမီကပင် အရာအားလုံးကို သစ္စာဖောက်ကြသည်။ ထို့အပြင် “ကတိခံဝန်ချက်သုံးမျိုး” ကို လက်မှတ်ထိုးရန် တောင်းဆိုခံရပါက ၎င်းတို့သည် ဤအရာအတွက် အစဉ်တစ်လျှောက်လုံး ပြင်ဆင်ထားပြီးဖြစ်သဖြင့် စဉ်းစားရန်ပင်မလိုဘဲ ချက်ချင်း လက်မှတ်ထိုးကြသည်။ ဤသည်မှာ ၎င်းတို့သည် အကျဉ်းချခံရခြင်းကိုလည်းကောင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းကိုလည်းကောင်း၊ သေခြင်းအန္တရာယ် မှန်သမျှကိုလည်းကောင်း ရှောင်ရှားနိုင်ရန် ဖြစ်သည်။ ၎င်းတို့သည် အလွန် ကြောက်တတ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို မယုံကြည်သည့်အပြင် မိမိတို့၏ အသက်ကိုလည်း စွန့်စားနိုင်စွမ်း မရှိကြပေ။ ထိုအစား ၎င်းတို့သည် မိမိတို့ကိုယ်ကို ကာကွယ်ရန် ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းကို စဉ်းစားကြသည်။ ၎င်းတို့အတွက် အကောင်းဆုံးနည်းလမ်းမှာ အခြားသူများနှင့် အသင်းတော်ကို သစ္စာဖောက်ခြင်းဖြစ်သည်၊ ဤသည်မှာ အထိရောက်ဆုံးသော နည်းလမ်းဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်လုံခြုံရေးကို သေချာစေရန်နှင့် မည်သည့်စိုးရိမ်ပူပန်မှုကိုမဆို ရှောင်ရှားရန်အတွက် အခြားသူများကို သစ္စာဖောက်ခြင်းကို အဖိုးအခအဖြစ် အသုံးပြုကြသည်။ ဤသည်မှာ ၎င်းတို့ အချိန်အတော်ကြာကတည်းက ကြိုတင်စီစဉ်ထားသည့်အရာဖြစ်သည်၊ ၎င်းမှာ ၎င်းတို့၏ “အမြင့်မြတ်ဆုံးသော ဉာဏ်ပညာ” ဖြစ်သည်။ ငါ့ကို ပြောလော့၊ ဤလူစားမျိုး၏ ကြောက်တတ်ခြင်းသည် ပုံမှန်ကြောက်တတ်ခြင်း ဖြစ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ (၎င်းတို့သည် အလွန်ကြောက်တတ်ကြသဖြင့် မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို ညီအစ်ကိုမောင်နှမများနှင့် အသင်းတော်ကို သစ္စာဖောက်ရန် အသင့်ရှိသော ယုဒများ ဖြစ်လာကြပါသည်။ ထိုသို့သောလူများသည် စစ်မှန်သော ယုံကြည်သူများ မဟုတ်ကြပါ။) ၎င်းတို့သည် စစ်မှန်သော ယုံကြည်သူများလား သို့မဟုတ် ယုံကြည်သူအယောင်ဆောင်များလားဆိုသည်ကို ယခုလောလောဆယ် ဘေးဖယ်ထားကြစို့။ ၎င်းတို့၏ လူ့သဘာဝကိုသာ ကြည့်လော့၊ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ပြောင်ပြောင်တင်းတင်းဖြစ်ပြီး ဂုဏ်ယူဖွယ်ရာ အရာတစ်ခုမဟုတ်ဘဲ ခိုးကြောင်ခိုးဝှက် လုပ်ရပြီး ရှက်ဖွယ်ကောင်းသောအရာတစ်ခုဖြစ်သည်ဟု ၎င်းတို့ တွေးထင်ကြသည်၊ ပြီးလျှင် ၎င်းတို့သည် အလွန် ပြောင်ပြောင်တင်းတင်းဖြစ်ပြီး ဂုဏ်ယူဖွယ်ရာကောင်းကာ အပြုသဘောဆောင်သည့် ဘုရားသခင်ကို ယုံကြည်ခြင်းကိစ္စကို အပျက်သဘောဆောင်သည့် အရာတစ်ခုအဖြစ် မှတ်ယူကြသည်၊ ၎င်းတို့သည် မည်သို့သောလူစားမျိုးများဖြစ်သည်ဟု သင် ထင်သနည်း။ (၎င်းတို့သည် အတော်အတန် ဆိုးယုတ်သော နားဝေတိမ်တောင်ဖြစ်သောလူများ ဖြစ်ကြပါသည်။) အမှုအရာများအပေါ် ၎င်းတို့၏ ရှုမြင်ပုံနှင့် သဘောပေါက်နားလည်ပုံ နည်းလမ်းသည် ပုံမှန်လူများ၏ နည်းလမ်းနှင့် ကွဲပြားသည်။ တစ်ခါတစ်ရံ ၎င်းတို့သည် အမှားနှင့်အမှန်ကို မခွဲခြားနိုင်ဘဲ အဖြူကို အမည်းဟုပင် ခေါ်နိုင်သည်။ ဘုရားသခင်ကို ယုံကြည်သူများသည် တမင်တကာ တိတ်တိတ်ပုန်းလုပ်ကြမည်မှာ မည်သို့များ ဖြစ်နိုင်မည်နည်း။ အကြောင်းမှာ ဤလောကသည် အလွန်ဆိုးယုတ်သောကြောင့်ဖြစ်သည်၊ တရားဥပဒေသည် ဘာသာရေးလွတ်လပ်ခွင့်ကို မကာကွယ်ပေးသကဲ့သို့ စာတန်ဆန်သော အစိုးရစနစ်သည် သာ၍ပင် ဘုရားသခင်ကို မုန်းတီးပြီး ဘုရားသခင်၏ အမှုကို ရန်လိုသောသဘောဖြင့် မှတ်ယူသည်။ ယင်းသည် အပြုသဘောဆောင်သော အရာများကို တည်ရှိခွင့်မပြုဘဲ ဘုရားသခင်ကို ယုံကြည်သောသူတို့ကို ညှဉ်းပန်းနှိပ်စက်ရန် အစွမ်းကုန် ကြိုးပမ်းသည်။ သို့ဖြစ်၍ ထိုသို့သော လူမှုအခြေအနေများအောက်တွင် ယုံကြည်သူများသည် စုဝေးသည့်အခါတွင်လည်းကောင်း၊ မိမိတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါတွင်လည်းကောင်း သတိကြီးစွာ ပြုမူရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိပေ၊ ၎င်းတို့သည် ယင်းကို ပြောင်ပြောင်တင်းတင်း ပြုလုပ်ရန် မဝံ့ကြပေ။ အပြင်ပန်းမှကြည့်လျှင် ၎င်းတို့သည် သူခိုးများကဲ့သို့ ခိုးကြောင်ခိုးဝှက် လုပ်နေကြသည်ဟု ထင်ရနိုင်သော်လည်း အမှန်တကယ်တွင် ဤသည်မှာ လုံးဝ ညှဉ်းပန်းနှိပ်စက်ခံရခြင်းဟူသော နောက်ခံအခြေအနေကြောင့် ဖြစ်သည်၊ ဟုတ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် အဆင်းနီသော နဂါးကြီးသည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် မိမိ၏ တာဝန်ကို ထမ်းဆောင်ခြင်းဟူသော လုပ်ရပ်များကို မည်သို့ ဖော်ပြသနည်း။ “သံသယဖြစ်ဖွယ် အပြုအမူ” ဟူ၍ ဖြစ်သည်။ ဤသည်မှာ သံသယဖြစ်ဖွယ် အပြုအမူ ဟုတ်ပါသလော။ (မဟုတ်ပါ။) ယင်းမှာ သံသယဖြစ်ဖွယ် အပြုအမူမဟုတ်ပေ၊ ယင်းမှာ လူတို့က အခြားရွေးချယ်စရာ မရှိသောကြောင့် ပြုလုပ်သည့်အရာတစ်ခု ဖြစ်သည်။ ဤလူများသည် တရားမဝင်သော တစ်စုံတစ်ရာကို ပြုလုပ်ခဲ့ကြသလော။ (မလုပ်ခဲ့ပါ။) ၎င်းတို့သည် တရားမဝင်သော တစ်စုံတစ်ရာကိုဖြစ်စေ၊ အစိုးရကို ဆန့်ကျင်သည့် တစ်စုံတစ်ရာကိုဖြစ်စေ မပြုလုပ်ခဲ့ကြသကဲ့သို့ တရားဥပဒေကို ချိုးဖောက်ခြင်း သို့မဟုတ် ငြိမ်ဝပ်ပိပြားရေးကို နှောင့်ယှက်ခြင်း သာ၍ပင် မရှိခဲ့ကြပေ။ ဤလူများသည် အဘယ်အရာကို လုပ်ဆောင်နေခဲ့ကြသနည်း။ ၎င်းတို့သည် ဖန်ဆင်းခံများ၏ တာဝန်ကို ရိုးရှင်းစွာ ထမ်းဆောင်နေခဲ့ကြခြင်း ဖြစ်သည်။ ဤအလုပ်သည် ဤလောကတွင် အတန်ဖိုးအရှိဆုံး၊ အဓိပ္ပာယ်အရှိဆုံးနှင့် အတရားမျှတဆုံးသော အလုပ်အကိုင် ဖြစ်သည်။ သို့သော် ဤလောကသည် ဆိုးယုတ်ပြီး မှောင်မိုက်ကာ အဖြူကို အမည်းဟု ကြွေးကြော်သောကြောင့် အတရားမျှတဆုံး၊ အတန်ဖိုးအရှိဆုံးနှင့် အဓိပ္ပာယ်အရှိဆုံးသော အလုပ်အကိုင်ကို “သံသယဖြစ်ဖွယ်” ဟု ခေါ်ဆိုသည်။ ဤသည်မှာ စာတန်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ဖြစ်သည်။ စာတန်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်သည် သမ္မာတရား ဖြစ်သလော။ ယင်းသည် အပြုသဘောဆောင်သလော။ (မဆောင်ပါ။) ယင်းမှာ သေချာပေါက် မဟုတ်ပေ။ သို့သော် ကြောက်တတ်သောလူများသည် ဤအဓိပ္ပာယ်ဖွင့်ဆိုချက်ကို ကြားသည့်အခါ ၎င်းတို့၏ စိတ်နှလုံးထဲ၌ ယင်းကို လုံးလုံးလျားလျား သဘောတူရုံသာမက စာတန်ထံမှ ဤအဓိပ္ပာယ်ဖွင့်ဆိုချက်ကိုလည်း လက်ခံကြသည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် မိမိတို့၏ တာဝန်ကို တိတ်တဆိတ် ထမ်းဆောင်ခြင်းသည် မလျော်ကန်ဘဲ မှားယွင်းရမည်ဟုလည်း တွေးထင်ကြသည်။ တစ်နေ့တွင် ၎င်းတို့သည်လည်း လူ့အဖွဲ့အစည်းနှင့် အစိုးရ၏ ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရမည်ကိုလည်းကောင်း၊ ၎င်းတို့၏ဘက်မှ ခုခံချေပရန် နေရာမရှိဘဲ၊ ကူညီရန် သို့မဟုတ် ကယ်တင်ရန် မည်သူမျှမရှိဘဲ ဖြစ်မည်ကိုလည်းကောင်း အစဉ် ကြောက်ရွံ့နေကြသည်။ သို့ဖြစ်၍ ၎င်းတို့သည် မိမိတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းအကြောင်း လူများသိရှိသွားမည်ကို အထူးပင် ကြောက်ရွံ့ကြသည်။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင် ဖော်ပြခဲ့သော နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်ကြောင်းကိုဖြစ်စေ၊ ဘုရားသခင်က လူတို့ကို လျှောက်လှမ်းရန် ဦးဆောင်သည့် လမ်းကြောင်းသည် မှန်သောလမ်းကြောင်းဖြစ်ကြောင်းကိုဖြစ်စေ အသိအမှတ်မပြုကြသည့်တိုင် ဘုရားသခင်ထံမှ ကောင်းချီးများကိုမူ ရရှိလိုကြသေးသည်။ ဤသည်မှာ ကွဲလွဲဆန့်ကျင်နေသည် မဟုတ်လော။ အဆုံးတွင် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ထိုသို့သော ပတ်ဝန်းကျင်၌ ဤအခက်အခဲများကို ခံစားရခြင်းအတွက် အလွန်ပင် နစ်နာသည်ဟု ခံစားကြရသည်။ ၎င်းတို့သည် အဘယ်ကြောင့် နစ်နာသည်ဟု ခံစားကြရသနည်း။ အကြောင်းမှာ ၎င်းတို့သည် ဤလောကရှိ ဆိုးယုတ်သော အစိုးရစနစ်ကိုလည်းကောင်း၊ နတ်ဆိုးများနှင့် စာတန်များ၏ ဆိုးယုတ်သော အင်အားစုများကိုလည်းကောင်း အလွန် ကြောက်ရွံ့ကြပြီး နတ်ဆိုးများနှင့် စာတန်များက ၎င်းတို့ကို ညှဉ်းပန်းနှိပ်စက်ကာ ၎င်းတို့၏ အသက်ကို ယူဆောင်သွားမည်ကို အစဉ် ကြောက်ရွံ့နေကြသောကြောင့် ဖြစ်သည်။ ၎င်းတို့တွင် ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်း တစ်စုံတစ်ရာ မရှိသောကြောင့် ၎င်းတို့သည် မိမိတို့၏ တာဝန်ကို လုံးဝမထမ်းဆောင်သည်အထိပင် အထူးပင် သူရဲဘောကြောင်စွာ ပြုမူကြသည်။ လုံးဝ အန္တရာယ်မရှိပါက ၎င်းတို့သည် စုဝေးပွဲများ တက်ရောက်မည် သို့မဟုတ် ညီအစ်ကိုမောင်နှမများနှင့် ပေါင်းသင်းဆက်ဆံမည် သို့မဟုတ် အသင်းတော်အတွက် အမှုအရာအချို့ကို လုပ်ဆောင်မည် ဖြစ်သော်လည်း ၎င်းတို့သည် မိမိတို့ ဘုရားသခင်ကို ယုံကြည်ကြောင်း၊ အသင်းတော်၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ဝန်ခံရန် သို့မဟုတ် ဘုရားသခင်အတွက် သက်သေခံရန် သို့မဟုတ် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် ရပ်တည်ဖို့ ရိုးရှင်းစွာ မဝံ့ကြပေ၊ ၎င်းတို့သည် အလွန် ကြောက်ရွံ့ကြသည်။ ၎င်းတို့တွင် ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်း မရှိသော်လည်း ဘုရားသခင်ထံမှ ကောင်းချီးများနှင့် ကောင်းသောပန်းတိုင်တစ်ခုကိုမူ ရရှိလိုကြသေးသည်။ သင်တို့သည် ဤအရာကို ကွဲလွဲဆန့်ကျင်နေသည်ဟု ဆိုမည်လော။ (ဆိုပါမည်။) ၎င်းတို့၏ ကိုယ်ကျိုးစီးပွားများအပေါ် အာရုံစိုက်ခြင်းက ၎င်းတို့၏ စိတ်ကို ဝေဝါးစေခဲ့သည်မဟုတ်လော။ (ဝေဝါးစေခဲ့ပါသည်။) ဤလူများသည် ကိုယ်ကျိုးအတွက် လောဘစိတ်ဖြင့် လွှမ်းမိုးခံနေရသည်။ ၎င်းတို့သည် ဘုရားသခင်က အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာကိုင်စွဲသည်ကို မယုံကြည်သည့်တိုင် ဘုရားသခင်ထံမှ ကောင်းချီးများကိုမူ ရရှိလိုကြသေးသည်။ ၎င်းတို့သည် အသင်းတော်၏အလုပ်နှင့် ညီအစ်ကိုမောင်နှမများ ထမ်းဆောင်နေသော တာဝန်တို့သည် တရားမျှတပြီး၊ တန်ဖိုးရှိကာ အဓိပ္ပာယ်ရှိသည်ကို မယုံကြည်ကြပေ။ ၎င်းတို့သည် အရေးကြီးသော တာဝန်များကို ထမ်းဆောင်ရန် အထူးပင် ကြောက်ရွံ့ကြသည်၊ သို့မဟုတ် ခေါင်းဆောင်များနှင့် အမှုဆောင်များက ၎င်းတို့ကို အပြင်ထွက်၍ ကိစ္စရပ်များကို ကိုင်တွယ်ရန် မကြာခဏ တောင်းဆိုမည်ကို ကြောက်ရွံ့ကြပြီး တစ်စုံတစ်ခု မှားယွင်းသွားပါက ၎င်းတို့ ပါဝင်ပတ်သက်သွားမည်ကို စိုးရိမ်ကြသည်။ ဤကြောက်တတ်သောလူများသည် အန္တရာယ်နှင့် ရင်ဆိုင်ရသည့်အခါ ယုဒများ ဖြစ်လာနိုင်ပြီး အသင်းတော်ကို သစ္စာဖောက်နိုင်သည်၊ ဤသည်မှာလည်း အန္တရာယ်ရှိသော ပုဂ္ဂိုလ်တစ်မျိုး ဖြစ်သည်။
ကြောက်တတ်သောသူများတွင် အခြားမည်သည့် သရုပ်သကန်များ ရှိသေးသနည်း။ ဤလူတို့သည် အချိန်မရွေး ဘုရားသခင်၏နာမတော်ကို ငြင်းပယ်ပြီး စွန့်ပယ်နိုင်သည်၊ အချိန်မရွေး ဘုရားသခင်ကို သစ္စာဖောက်နိုင်သည်၊ အချိန်မရွေး ယုဒများ ဖြစ်လာနိုင်သည်။ ကြောက်တတ်သောသူများသည် ကောင်းကင်နိုင်ငံတော်သို့ ဝင်စားရန် မထိုက်တန်ပေ၊ ဤသည်မှာ မှန်ကန်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ကြောက်တတ်သောသူများ၏ သေနိုင်လောက်သော အားနည်းချက်မှာ အဘယ်နည်း။ (၎င်းတို့သည် သေခြင်းကို ကြောက်ရွံ့ပြီး သစ္စာဖောက်မှုကို လုပ်ဆောင်နိုင်သည်။) ဤလူတို့သည် သိက္ခာမဲ့စွာ ရှင်သန်နေထိုင်ကြသည်၊ ၎င်းတို့သည် အသက်ရှင်ခြင်းကို တပ်မက်ပြီး သေခြင်းကို ကြောက်ရွံ့ကြသည်။ သေခြင်းကို ကြောက်ရွံ့ခြင်းသည် ၎င်းတို့၏ သေနိုင်လောက်သော အားနည်းချက် ဖြစ်သည်။ ၎င်းတို့ကို သေအောင်မလုပ်သရွေ့ ၎င်းတို့သည် မည်သည့်အရာကိုမဆို လုပ်ဆောင်ရန် လိုလားကြလေသည်။ ၎င်းတို့ အသက်ရှင်နေနိုင်သရွေ့ ယုဒတစ်ဦးဖြစ်လာခြင်းဖြစ်စေ၊ ပျက်စီးခြင်း၏သားတစ်ဦး ဖြစ်လာခြင်းဖြစ်စေ သို့မဟုတ် ကျိန်ခြင်းခံရသူတစ်ဦး ဖြစ်လာခြင်းဖြစ်စေ မည်သည့်အရာကိုမဆို လုပ်ဆောင်လိုကြသည်။ အသက်ရှင်ခြင်းသည် ၎င်းတို့၏ အမြင့်မားဆုံးသော ပန်းတိုင်ဖြစ်သည်။ လူတို့၏ သေရေးရှင်ရေးသည် ဘုရားသခင်၏ လက်ထဲတွင် ရှိကြောင်း၊ ဘုရားသခင်သည် လူတို့၏ ကံကြမ္မာကို ထိန်းချုပ်ကြောင်း၊ အချုပ်အခြာအာဏာကိုင်စွဲကြောင်းနှင့် စီစဉ်ညွှန်ကြားကြောင်း၊ လူတို့သည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများနှင့် စီစဉ်မှုများကို ကျိုးနွံနာခံသင့်ကြောင်း သင်မည်သို့ပင် မိတ်သဟာယဖွဲ့စေကာမူ ၎င်းတို့သည် ဤနှုတ်ကပတ်တော်များကို မယုံကြည်ကြသကဲ့သို့ လက်မခံကြပေ။ ၎င်းတို့သည် လူသားတစ်ဦးအဖြစ် ပြန်လည်မွေးဖွားလာရခြင်းသည် ရှားပါးသော အခွင့်အရေးတစ်ခုဖြစ်သောကြောင့် သေ၍လုံးဝမဖြစ်ဟု ထင်မှတ်ကြသည်၊ ၎င်းတို့ သေဆုံးပြီး ၎င်းတို့၏ ဇာတိပကတိ ပျက်စီးသွားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ စိတ်ဝိညာဉ်သည် တိရစ္ဆာန်တစ်ကောင်အဖြစ် ပြန်လည်မွေးဖွားလာမည် သို့မဟုတ် လေလွင့်နေသော တစ္ဆေတစ်ကောင် ဖြစ်လာမည်ဖြစ်ပြီး လူသားတစ်ဦးအဖြစ် ပြန်လည်မွေးဖွားလာရန် အခွင့်အရေး မည်သည့်အခါမျှ ထပ်ရတော့မည် မဟုတ်ဟုလည်း ၎င်းတို့ ထင်မှတ်ကြသည်။ သို့ဖြစ်၍ ၎င်းတို့သည် သေခြင်းကို အထူးပင် ကြောက်ရွံ့ကြသည်။ ၎င်းတို့အတွက် သေခြင်းသည် နောင်ဘဝအတွက် ကောင်းသောအခွင့်အရေးတစ်ခုမဟုတ်သကဲ့သို့ အခြားသော ပြန်လည်မွေးဖွားခြင်းတစ်ခုအတွက် အစပြုခြင်းအသစ်တစ်ခုလည်း မဟုတ်ဘဲ ကြီးမားသော ဘေးအန္တရာယ်တစ်ခု ဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့သည် မိမိတို့၏ အသက်ကို ကာကွယ်ရန် မည်သည့်အဖိုးအခကိုမျှ မငဲ့ကွက်ကြပေ။ အခြားသူများကို သစ္စာဖောက်ရခြင်း သို့မဟုတ် အသင်းတော်၏အလုပ်ကို မည်သို့သော ပျက်စီးမှုကိုမဆို ဖြစ်စေခြင်းကို ဆိုလိုလျှင်ပင် ၎င်းတို့သည် ထိုသို့ပြုလုပ်ရန် တွန့်ဆုတ်မည်မဟုတ်ပေ၊ ဘုရားသခင်၏ နာမတော်ကို စွန့်လွှတ်ရခြင်းကို ဆိုလိုလျှင်ပင် အကျိုးဆက်များကို ၎င်းတို့ ဂရုမစိုက်ကြပေ၊ ၎င်းတို့သည် လုံခြုံစွာ အသက်ရှင်နေထိုင်ရေးကိုသာ ဂရုစိုက်ကြသည်။ ဤသည်တို့မှာ မည်သို့သော လူစားမျိုးများ ဖြစ်ကြသနည်း။ (သိက္ခာမဲ့စွာ ရှင်သန်နေသူများဖြစ်သည်။) ၎င်းတို့သည် နိမ့်ကျသော ဖြစ်တည်မှုတစ်ခုကို ရှည်ကြာအောင် လုပ်သည့်အောက်တန်းစားများဖြစ်သည်။ ၎င်းတို့သည် ဂုဏ်သိက္ခာ သို့မဟုတ် တည်ကြည်မှုမရှိဘဲ အသက်ရှင်နေထိုင်ကြပြီး အသက်ရှင်နေရန်အတွက်သာ မည်သည့်အရာကိုမဆို လုပ်ဆောင်လိုစိတ်ရှိကာ မည်သည့်ယုတ်ညံ့သော အမှုကိုမဆို ပြုလုပ်ဝံ့ကြသည်။ အချို့လူများသည် အန္တရာယ်ရှိသော ပတ်ဝန်းကျင်တစ်ခုနှင့် မကြုံတွေ့မီကပင် မိမိတို့၏ စိတ်နှလုံးထဲ၌ မည်သို့လုပ်ဆောင်ရမည်ကို တွက်ချက်ထားပြီးဖြစ်သည်၊ “ကျွန်ုပ်သာ အဖမ်းခံရလျှင် ဖော်ကောင်လုပ်လိုက်မည်။ အဆင်းနီသော နဂါးကြီးက သင်တို့ကို ညှဉ်းပန်းနှိပ်စက်ပြီး ခြိမ်းခြောက်ကာ ကြောက်လန့်စေလျက် အသင်းတော်ကို သစ္စာဖောက်ရန် အတင်းအကျပ်ခိုင်းသည့်အခါ သင်တို့အားလုံးက စကားတစ်ခွန်းမျှ ပြောဆိုရန် ငြင်းဆန်ကြသည်။ ကောင်းပြီ၊ ကျွန်ုပ်သည် ဖော်ကောင်လုပ်ရမည့်အစား ခန္ဓာဒုက္ခကို သာ၍ခံယူလိုသော သင်တို့ကဲ့သို့ မမိုက်မဲပါ။ ကျွန်ုပ်သည် အရိုက်မခံရမီ သို့မဟုတ် ခြိမ်းခြောက်မခံရမီကပင် ဖော်ကောင်လုပ်မည်၊ ကျွန်ုပ် မည်မျှ ဉာဏ်ကောင်းသည်ကို ကြည့်ပါ။ ‘ဉာဏ်အမြော်အမြင်ရှိသူတစ်ဦးသည် အခြေအနေကို နာခံ၏’ ဟူသော ဆိုရိုးစကားအတိုင်းပင်။ ကျွန်ုပ်က အသင်းတော်မှ ညီအစ်ကိုမောင်နှမများကို သစ္စာဖောက်ခြင်းနှင့်ပတ်သက်၍ မည်သည့်အရာက ဤမျှ ဆိုးရွားနေသနည်း။ လူတိုင်း တစ်ကိုယ်ကောင်းဆန်ရမည် မဟုတ်လော။ မိမိကိုယ်ကို မစောင့်ရှောက်ခြင်းသည် မိုက်မဲခြင်းသက်သက် မဟုတ်လော” ဟူ၍ ဖြစ်သည်။ မည်သည့်အရာမျှ မဖြစ်ပျက်မီကပင် ၎င်းတို့သည် မိမိတို့ကိုယ်ကို မည်သို့ ကာကွယ်ရမည်ကို ကြံစည်ထားပြီးဖြစ်သည်။ ၎င်းတို့သည် ဤအရာအားလုံးကို အချိန်အတော်ကြာကတည်းက စဉ်းစားထားပြီးဖြစ်သည်။ ၎င်းတို့ ကျင့်ကြံပြုမူပုံအတွက် ၎င်းတို့၏ ယုံကြည်ချက်မှာ အဘယ်နည်း။ “လူတစ်ဦးသည် ဘဝတွင် အဘယ်ကြောင့် မိမိကိုယ်ကို ခက်ခဲအောင် ပြုလုပ်သင့်သနည်း။ အဘယ်ကြောင့် ဤမျှ ခေါင်းမာရမည်နည်း။ ကိုယ့်အပေါ်ကိုယ် ကောင်းမှသာလျှင် ဤဘဝသည် အချည်းနှီး အသက်ရှင်ခဲ့ရခြင်း မဖြစ်ပေ” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ ကျင့်ကြံပြုမူခြင်းအတွက် ၎င်းတို့၏ ယုံကြည်ချက် ဖြစ်သည်။ ၎င်းတို့တွင် ကိုယ်ကျင့်တရားဆိုင်ရာ စည်းမျဉ်းများ မရှိပေ။ ဤကဲ့သို့သော လူများနှင့်ပတ်သက်၍ မည်သို့လုပ်ဆောင်သင့်သည်ဟု သင်တို့ ထင်သနည်း။ (ထိုသို့သောလူများကို တွေ့ရှိပါက ၎င်းတို့ကို ဉာဏ်ပညာဖြင့် ရှင်းလင်းပစ်ရမည်၊ ၎င်းတို့သည် အချိန်ကိုက်ဗုံးများ ဖြစ်ကြပါသည်။) မှန်ပေသည်၊ ၎င်းတို့သည် အချိန်ကိုက်ဗုံးများ ဖြစ်ကြသည်။ ၎င်းတို့သည် တကယ့်ကို ကြောက်တတ်ကြပြီး အန္တရာယ် ကျရောက်လာသည့်အခါ အသင်းတော်ကို သစ္စာဖောက်ကြလိမ့်မည်။ တစ်စုံတစ်ဦးတွင် ပုံမှန်လူ့သဘာဝရှိပါက ၎င်းတို့သည် အန္တရာယ်ရှိသော ပတ်ဝန်းကျင်များကို တုံ့ပြန်ရန် ဉာဏ်ပညာရှိသော နည်းလမ်းများကို အသုံးပြုကြလိမ့်မည်ဖြစ်ပြီး ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်း ရှိကြလိမ့်မည်။ ၎င်းတို့သည် စုဝေးပွဲများ တက်ရောက်ခြင်း သို့မဟုတ် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းကို အဟန့်အတားဖြစ်စေမည်မဟုတ်ဘဲ မိမိတို့၏ ဝိညာဉ်ရင့်ကျက်မှုနှင့် အခြေအနေများအရ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အကောင်းဆုံး အသုံးခံကြလိမ့်မည်။ ဤသည်မှာ ပုံမှန်လူ့သဘာဝ၏ ထုတ်ဖော်ခြင်း ဖြစ်သည်။ သို့သော် ကြောက်တတ်သောသူများသည် မိမိတို့၏ အသက်ကို အထူးပင် တန်ဖိုးထားကြသည်၊ ၎င်းတို့သည် အသက်ရှင်ခြင်းကို တပ်မက်ပြီး သေခြင်းကို ကြောက်ရွံ့ကြကာ မိမိတို့၏ အသက်ကို အရာအားလုံးထက် တန်ဖိုးထားကြသည်။ ၎င်းတို့တွင် ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်းမရှိဘဲ ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်ကို မမြင်နိုင်ကြပေ။ သို့ဖြစ်၍ နှိပ်စက်ညှဉ်းပန်းမှုနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် ကြောက်တတ်သောသူများအဖြစ် အလိုအလျောက် ထုတ်ဖော်ခြင်းခံကြရသည်။ ကြောက်တတ်သောသူများသည် မိမိတို့ကိုယ်ကို ကာကွယ်ရန်အလို့ငှာ ယုဒများ ဖြစ်လာနိုင်သည်။ ထိုသို့သောလူများသည် အန္တရာယ်ရှိသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်၊ ၎င်းတို့သည် ကြောက်မက်ဖွယ်ကောင်းသော လူပုဂ္ဂိုလ်များ ဖြစ်ကြသည်။ အသင်းတော်သည် ၎င်းတို့ကို မည်သည့်အလုပ်ကိုမျှ လုံးဝ ခန့်အပ်၍မရနိုင်သကဲ့သို့ မည်သည့်တာဝန်ကိုမျှလည်း ထမ်းဆောင်ခွင့်မပြုနိုင်ပေ။ သို့တည်းမဟုတ်ပါက ၎င်းတို့သည် သစ္စာဖောက်လုပ်ရပ်တွင် ပါဝင်ပါက အသင်းတော်၏ အလုပ်အပေါ် ပျက်စီးမှုသည် အလွန်ကြီးမားလိမ့်မည်၊ ယင်းသည် အကျိုးထက် အပြစ်က ပိုများစေလိမ့်မည်။
ကြောက်တတ်ပြီး သံယဖြစ်တတ်သောသူများ၏ သံသယဖြစ်ခြင်းသည် မည်သို့ ပေါ်လွင်ထင်ရှားသနည်း။ အချို့လူများသည် ဘုရားအိမ်တော်၏ အလုပ်နှင့်ဆိုင်သော ကဏ္ဍအမျိုးမျိုးကို မည်သည့်အခါမျှ ရှင်းလင်းစွာ မမြင်နိုင်ကြပေ။ ဘုရားသခင်သည် အတိအကျ မည်သည့်အလုပ်ကို လုပ်ဆောင်နေသည်ကိုဖြစ်စေ၊ ဘုရားသခင် ပြောဆိုသော နှုတ်ကပတ်တော်များသည် သမ္မာတရား ဟုတ်မဟုတ်ကိုဖြစ်စေ ၎င်းတို့ မသိကြပေ။ ၎င်းတို့တွင် ဤကိစ္စရပ်များအပေါ် မှန်ကန်သော နားလည်သဘောပေါက်မှု သို့မဟုတ် ရှုထောင့်အမြင် မရှိသောကြောင့် ဘုရားအိမ်တော်၏ အလုပ်တွင် အတိအကျ မည်သည့်အရာကို လုပ်ဆောင်နေသည်ကိုဖြစ်စေ၊ ဤအလုပ်သည် မည်သည့်ရလဒ်များကို ရရှိရန် ရည်မှန်းသည်ကိုဖြစ်စေ၊ ယင်းကို လူတို့ကို ကယ်တင်ရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်း ဟုတ်မဟုတ်ကိုဖြစ်စေ ၎င်းတို့ အတည်မပြုနိုင်ကြပေ။ ဤအရာများ တစ်ခုကိုမျှ ၎င်းတို့ ရှင်းလင်းစွာ မမြင်နိုင်ကြပေ။ အသင်းတော်ဆိုသည်မှာ အဘယ်အရာဖြစ်သည်ကိုလည်း ၎င်းတို့ ရှင်းလင်းစွာ မသိကြပေ။ တရားဒေသနာ မည်မျှပင် ကြားရပါစေ၊ ၎င်းတို့သည် သမ္မာတရားကို အနည်းငယ်မျှပင် နားမလည်ကြပေ။ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေသော ညီအစ်ကိုမောင်နှမများအပေါ် အစဉ်သဖြင့် သံသယများ ရှိကြပြီး “ဤလူတို့သည် နေ့စဉ် အဝင်အထွက် မပြတ်ဘဲ အဆက်မပြတ် အလုပ်များနေကြသည်၊ ၎င်းတို့ အတိအကျ မည်သည့်အရာကို လုပ်နေကြသနည်း” ဟု မိမိဘာသာ တွေးတောကြသည်။ အထူးသဖြင့် အဆင်းနီသော နဂါးကြီး၏ နိုင်ငံတွင် ဘုရားသခင်ကို ယုံကြည်ပြီး တာဝန်များကို ထမ်းဆောင်သည့် အခြေအနေတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အုပ်ချုပ်ရေးဆိုင်ရာအလုပ်၊ ဝန်ထမ်းရေးရာအလုပ်၊ အထွေထွေ ရေးရာအလုပ်ကဲ့သို့သော အသင်းတော်အလုပ်၏ ကိစ္စရပ်အချို့နှင့် အထူးသဖြင့် စွန့်စားရမှုများ ပါဝင်သော အလုပ်အချို့ကို သာမန် ညီအစ်ကိုမောင်နှမများအား အသိမပေးဘဲ မိတ်သဟာယဖွဲ့ကာ ဆွေးနွေးကြသည်။ ဤသည်မှာ ၎င်းတို့ကို ကာကွယ်ခြင်းဖြစ်သည်၊ ၎င်းတို့ကို ထိခိုက်စေခြင်း မဟုတ်ပေ။ သို့သော် အချို့လူများသည် ဤအရာကို နားမလည်ဘဲ ဤအရာများအကြောင်းကို အစဉ် စုံစမ်းမေးမြန်းလိုကြသည်။ ဥပမာအားဖြင့် ၎င်းတို့သည် စာအုပ်များကို မည်သည့်နေရာတွင် ပုံနှိပ်သည် သို့မဟုတ် အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များကို မည်သည့်နေရာတွင် ဧည့်ခံထားသည်ကို စုံစမ်းမေးမြန်းကြသည်။ ဤအရာများကို သိရှိခြင်းက သင့်အတွက် အကျိုးရှိမည်လော။ (မရှိပါ။) ဤအရာများကို မသိခြင်းဖြင့် သင် တစ်စုံတစ်ရာ ဆုံးရှုံးမှု ရှိပါသလော။ (မရှိပါ။) ဤအရာများကို မသိခြင်းသည် သင်၏ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအပေါ် သက်ရောက်မှုမရှိ၊ သင်၏ သမ္မာတရားကို ရရှိခြင်းအပေါ် သက်ရောက်မှုမရှိ၊ သင်၏ အသက်ဝင်ရောက်မှု သို့မဟုတ် သင်၏ စိတ်သဘောထား ပြောင်းလဲခြင်းကိုလည်း သေချာပေါက် အဟန့်အတားမဖြစ်စေပေ။ သို့ဖြစ်၍ သင်သည် ဤကိစ္စရပ်များကို စုံစမ်းမေးမြန်းပြီး လေ့လာစူးစမ်းရန် မလိုအပ်သည် မဟုတ်လော။ ဧည့်ခံခြင်းတာဝန်ကို ထမ်းဆောင်သော အချို့လူများသည် အစဉ်သဖြင့် သံသယဖြစ်တတ်ကြသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အသင်းတော်အလုပ်နှင့်ပတ်သက်၍ ၎င်းတို့၏ မိတ်သဟာယဖွဲ့ခြင်းများနှင့် ဆွေးနွေးမှုများကို ၎င်းတို့အား အသိမပေးသည့်အခါ ၎င်းတို့က “အဘယ်ကြောင့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ကျွန်ုပ်၏ နောက်ကွယ်တွင် အစဉ် စုဝေးပြီး မိတ်သဟာယဖွဲ့နေကြသနည်း။ ၎င်းတို့ မည်သည့်လှုပ်ရှားမှုများကို လုပ်ဆောင်နေကြသနည်း” ဟု တွေးတောကြသည်။ ၎င်းတို့သည် အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို မသိရှိကြသည့်အခါ “အဘယ်ကြောင့် ၎င်းတို့သည် ဤအရာကို ကျွန်ုပ်အား အသိမပေးကြသနည်း။ ကျွန်ုပ်သည် ၎င်းတို့၏ အမည်များ၊ ၎င်းတို့ နေထိုင်ရာ သို့မဟုတ် ၎င်းတို့၏ အမှန်တကယ် အခြေအနေကို မသိပေ။ ဤလူတို့သည် ဘုရားသခင်ကို ကျွန်ုပ်၏ ယုံကြည်လက်ခံခြင်းတွင် ကျွန်ုပ်ကို ဦးဆောင်နေစဉ် ကျွန်ုပ်ကို လှည့်ဖြားနိုင်သလော သို့မဟုတ် ထိခိုက်စေနိုင်သလော” ဟု စတင်၍ တွေးတောကြသည်။ ယဇ်ပူဇော်သက္ကာများ ပါဝင်သော အလုပ် သို့မဟုတ် အချို့သော အန္တရာယ်ရှိသော အလုပ်ကဲ့သို့သော ထိလွယ်ရှလွယ်သည့် အလုပ်အချို့လည်း ရှိသည်၊ ဤအရာများသည် မူလကတည်းက မမေးမြန်းသင့်သော အရာများ ဖြစ်သည့်တိုင် ဤလူတို့သည် ၎င်းတို့အကြောင်းကို အစဉ် စုံစမ်းမေးမြန်းလိုကြသည်။ အခြားသူများက ၎င်းတို့အား အဖြေမပေးသည့်အခါ ၎င်းတို့သည် သာ၍ပင် သံသယဖြစ်လာကြသည်။ အထူးသဖြင့် မူလကတည်းက ဘုရားသခင်အပေါ် ယုံကြည်ခြင်း များစွာမရှိခဲ့သော အချို့လူများ ရှိသည်၊ ဘုရားသခင်ကို ယုံကြည်လာပြီးနောက် ၎င်းတို့၏ မိသားစုစီးပွားရေး ပိုမိုကောင်းမွန်လာသည်ကိုလည်းကောင်း၊ ၎င်းတို့၏ မိသားစုဝင်များ ကျန်းမာနေသည်ကိုလည်းကောင်း တွေ့မြင်ရသည့်အခါ ဤသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာဖြစ်သည်ဟု ၎င်းတို့ ထင်မှတ်ကြသည်။ ဤခဏတာ ပျော်ရွှင်မှုမှနေ၍ ၎င်းတို့သည် ငွေအနည်းငယ်ကို လှူဒါန်းကြသော်လည်း ထို့နောက်တွင် “ကျွန်ုပ် လှူဒါန်းခဲ့သော ငွေကို မည်သည့်နေရာတွင် သုံးစွဲခဲ့သနည်း။ ယင်းကို အသင်းတော်အလုပ်အတွက် အသုံးပြုခဲ့သလား။ ယင်းကို စီးပွားရေးတွင် ရင်းနှီးမြှုပ်နှံခဲ့သလား သို့မဟုတ် တရားမဝင်သော လှုပ်ရှားမှုများအတွက် အသုံးပြုခဲ့သလား” ဟု စတင်၍ တွေးတောကြသည်။ ၎င်းတို့သည် ဤအရာများအကြောင်းကို အစဉ် စုံစမ်းမေးမြန်းပြီး ရှာဖွေလိုကြကာ ဤအရာများ၏ အရင်းစစ်အမြစ်စစ်ကို အစဉ် သိလိုကြသည်။ အချို့လူများ၏ သံသယများမှာ သာ၍ပင် ပြင်းထန်သည်။ ဥပမာအားဖြင့် အသင်းတော်သည် အလုပ်၏ လိုအပ်ချက်များကြောင့် အချို့သော စက်ပစ္စည်း သို့မဟုတ် ကိရိယာများကို ဝယ်ယူသည့်အခါ သို့မဟုတ် မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေသောသူတို့၏ နေ့စဉ်အသက်တာများအတွက် အချို့သော စောင့်ရှောက်မှုနှင့် အကူအညီများကို ပေးသည့်အခါ ဤသို့သော သံသယဖြစ်တတ်သည့်လူစားမျိုးက “ငွေကို နေရာအများအပြားတွင် သုံးစွဲနေသည်၊ ယင်းမှာ မည်သည့်နေရာမှ လာသနည်း။ အသင်းတော်သည်လည်း စီးပွားရေးတစ်မျိုးမျိုး လုပ်ဆောင်နေပါသလား။ ယင်းတွင် ချမ်းသာသော နာယက သို့မဟုတ် နောက်ကွယ်မှ အားကောင်းသော ကျောထောက်နောက်ခံ တစ်မျိုးမျိုး ရှိပါသလား။ အသင်းတော်ကို ထောက်ပံ့နေသော အဖွဲ့အချို့ ရှိပါသလား” ဟု အစဉ် သံသယဝင်သည်။ အထူးသဖြင့် အသင်းတော်ကို အသရေဖျက်သော အာဏာပိုင်များထံမှ အခြေအမြစ်မရှိသော ကောလာဟလများနှင့် နတ်ဆိုးဆန်သော စကားအချို့ကို ၎င်းတို့ ကြားသိရသည့်အခါ၊ အသင်းတော်မှ မည်သူမည်ဝါက လူသတ်ပြီး ဥပဒေချိုးဖောက်ခဲ့သည်၊ မည်သူမည်ဝါသည် နိုင်ငံတော်မှ အလိုရှိသော ရာဇဝတ်ကောင်ဖြစ်သည်၊ မည်သူမည်ဝါက ငွေအမြောက်အမြားဖြင့် နိုင်ငံရပ်ခြားသို့ ထွက်ပြေးခဲ့သည် စသည်ဖြင့် စွပ်စွဲချက်များကို ကြားသိရသည့်အခါ အသင်းတော်နှင့် ဘုရားသခင်၏ အလုပ်အပေါ် ၎င်းတို့၏ သံသယများသည် သာ၍ပင် ပြင်းထန်လာသည်။ ထိုသို့သောလူများတွင် ပုံမှန်စဉ်းစားတွေးခေါ်မှု ရှိသလော။ ယုံကြည်သူများ လိုက်နာသင့်သော စည်းမျဉ်းများကို ၎င်းတို့ ရှင်းလင်းစွာ မြင်နိုင်သလော။ လူအများစုအတွက်မူ ဤသည်မှာ ဘုရားသခင်၏ အလုပ်ဖြစ်ကြောင်း ၎င်းတို့ သေချာသွားသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်အပေါ် သံသယများ မရှိတော့ပေ။ အသင်းတော်၌ မည်သို့သော ပြဿနာများ သို့မဟုတ် မည်သို့သော လူစားမျိုးများ ပေါ်ပေါက်လာပါစေ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း ချဉ်းကပ်နိုင်ကြသည်။ ဆိုးယုတ်သောလူများ သို့မဟုတ် အန္တိခရစ်များက နှောင့်ယှက်မှုများ ဖြစ်စေလျှင်ပင် ၎င်းတို့သည် ယင်းကို မှန်ကန်စွာ နားလည်သဘောပေါက်နိုင်သည်။ ၎င်းတို့သည် ဘုရားသခင်အပေါ်ဖြစ်စေ၊ ဘုရားသခင်၏ အလုပ်အပေါ်ဖြစ်စေ၊ အသင်းတော်အပေါ်ဖြစ်စေ၊ ဘုရားအိမ်တော်အပေါ် မည်သည့်အခါမျှ သံသယများ မရှိကြပေ။ အများဆုံးအနေဖြင့် ၎င်းတို့သည် အချို့သော လူပုဂ္ဂိုလ်များအပေါ် ထင်မြင်ချက်များ သို့မဟုတ် ဘုရားသခင်၏ အလုပ်အပေါ် အယူအဆအချို့ ရှိနိုင်သော်လည်း ဤအရာများကို အသင်းတော်အသက်တာ၌ အသက်ရှင်နေထိုင်ခြင်းမှတစ်ဆင့် တဖြည်းဖြည်း ဖြေရှင်းနိုင်သည်။ သို့သော် သံသယ ဖြစ်တတ်သောသူများမှာမူ ကွဲပြားသည်။ ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်လက်ခံခြင်း အစကတည်းက ၎င်းတို့သည် သံသယများနှင့် အယူအဆအမျိုးမျိုးကို သယ်ဆောင်လာကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှာ သမ္မာတရား ဟုတ်မဟုတ် မသေချာ၊ ဘုရားသခင်က ဤနှုတ်ကပတ်တော်များကို ဖော်ပြခြင်းသည် ဘုရားသခင်၏ အလုပ် ဟုတ်မဟုတ် မသေချာ၊ ညီအစ်ကိုမောင်နှမများ အတူတကွ စုဝေးခြင်းသည် ဘုရားသခင်၏ အသင်းတော် ဟုတ်မဟုတ်ကို သာ၍ပင် မသေချာကြပေ။ ၎င်းတို့သည် အဆက်မပြတ် သံသယများ ထားရှိပြီး ၎င်းတို့၏ သံသယများ မှန်ကန်ကြောင်း သက်သေပြရန် အချက်အလက်ဆိုင်ရာ သက်သေများကို အစဉ် ရှာဖွေနေကြသည်။ ဤသည်မှာ မည်သို့သော သဘောထားမျိုး ဖြစ်သနည်း။ ဤသို့သော သဘောထားမျိုးရှိသောသူများသည် ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်လက်ခံခြင်းတွင် သမ္မာတရားကို နားလည်နိုင်သည်ဟု သင်တို့ ထင်သလော။ (မထင်ပါ။) ၎င်းတို့သည် သမ္မာတရားကို မည်သည့်အခါမျှ နားလည်နိုင်မည်မဟုတ်ပေ။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် မည်သည့်အရာများကို အများဆုံး အာရုံစိုက်ကြသနည်း။ ၎င်းတို့သည် အစဉ် စဉ်းစားတွေးတောနေကြသည်မှာ “ဤလူတို့သည် မည်သူများ ဖြစ်ကြသနည်း။ ဤသည်မှာ လူမှုရေးအဖွဲ့အစည်း တစ်မျိုးမျိုးလော။ ကျွန်ုပ်က ၎င်းတို့ကို ဧည့်ခံနေစဉ် ဘုရားအိမ်တော်သည် ဤလူတို့၏ နေထိုင်စားသောက်စရိတ်များကို ထောက်ပံ့ပေးသော်လည်း ၎င်းတို့၏ ဧည့်ခံသူဖြစ်ခြင်းဖြင့် ကျွန်ုပ်သည် စွန့်စားနေရဆဲ ဖြစ်သည်။ သို့ဆိုလျှင် ဘုရားသခင်သည် ကျွန်ုပ်၏ ကောင်းမှုများကို အမှတ်ရမည်လော။ ဘုရားသခင်က ကျွန်ုပ်၏ ကောင်းမှုများကို အမှတ်မရပါက ကျွန်ုပ်၏ ဧည့်ခံခြင်းသည် အချည်းနှီး ဖြစ်သွားမည် မဟုတ်လော” ဟူ၍ ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် အစဉ် ထိုသို့သော သံသယများ ရှိနေကြသည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို စိတ်လိုကိုယ်လျောက် ဧည့်ခံသည်ဟု သင်တို့ ထင်ပါသလော။ (မထင်ပါ။) ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ ရရှိရန် လိုအင်ဆန္ဒဖြင့် လုံးလုံးပြုလုပ်ခြင်း ဖြစ်သော်လည်း စိတ်ထဲတွင်မူ သံသယများဖြင့် ပြည့်နှက်နေဆဲဖြစ်သည်။ အထူးသဖြင့် ၎င်းတို့ ရှင်းလင်းစွာ မမြင်နိုင်သော၊ ၎င်းတို့၏ အယူအဆများအရ အပျက်သဘောဆောင်သည်ဟု မှတ်ယူသော အချို့အရာများကို ကြားရသည့်အခါ ၎င်းတို့၏ စိတ်နှလုံးထဲရှိ သံသယများသည် ပို၍ပင် တိုးပွားလာသည်။ ဥပမာအားဖြင့် စုဝေးပွဲများအတွင်း တစ်စုံတစ်ဦးသည် အဆင်းနီသော နဂါးကြီး၏ အစိုးရ၏ လုပ်ဆောင်ချက်များနှင့် နတ်ဆိုးဘုရင်များ၏ အကျည်းတန်သော မျက်နှာများ ပါဝင်သည့် အကြောင်းအရာများကို ထုတ်ဖော်ပြောဆိုနိုင်သည်၊ သို့မဟုတ် တစ်ခါတစ်ရံ သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းသည် အဆင်းနီသော နဂါးကြီးက လုပ်ဆောင်သော ဖိနှိပ်မှုနှင့် ဖမ်းဆီးမှုများ၊ အဆင်းနီသော နဂါးကြီး၏ သဘာဝ အနှစ်သာရ စသည်တို့ကို ထိမိသွားနိုင်သည်။ ဤအကြောင်းအရာများသည် အမှန်တကယ်တွင် နိုင်ငံရေးနှင့် မပတ်သက်ပေ၊ ၎င်းတို့သည် လူတို့အား အဆင်းနီသော နဂါးကြီးကို ပိုင်းခြားသိမြင်တတ်ရန်နှင့် ၎င်း၏ မျက်နှာကို ရှင်းလင်းစွာ မြင်တတ်ရန် ကူညီပေးရုံသာဖြစ်ပြီး သို့မှသာ ၎င်းတို့သည် အဆင်းနီသော နဂါးကြီးကို မုန်းတီးပြီး ငြင်းပယ်နိုင်ကာ စာတန်၏ စွမ်းအားဖြင့် ဘောင်ခတ်ခြင်းနှင့် ချည်နှောင်ခြင်းကို မခံရတော့မည် ဖြစ်သည်။ သို့သော် သံသယဖြစ်တတ်သောသူများက ထိုသို့သော အကြောင်းအရာများကို ကြားရသည့်အခါ ၎င်းတို့သည် ကြောက်တတ်ပြီး ထိတ်လန့်ကြသည်၊ “ဤလူတို့သည် နိုင်ငံရေးကိုပင် ဆွေးနွေးနေကြသည်တကား။ ၎င်းတို့သည် နိုင်ငံရေး ရာဇဝတ်ကောင်များ မဟုတ်လော။ ၎င်းတို့သည် တော်လှန်ရေးဆန့်ကျင်သူများ မဟုတ်လော။ ဤအကြောင်းအရာများသည် အလွန် အကဲဆတ်လှသည်တကား။ အမြန်လုပ်ပါ၊ ပြတင်းပေါက်များကို ပိတ်၊ တံခါးကို သော့ခတ်၊ အင်တာနက်နှင့် ဖုန်းလိုင်းများကို ဖြုတ်လိုက်ပါ။ အစိုးရက ဤအရာကို နားထောင်မိပါက ကျွန်ုပ်တို့ ဒုက္ခအကြီးအကျယ် ရောက်နိုင်သည်။ ကျွန်ုပ်တို့ တစ်သက်တစ်ကျွန်း ကျခံရမည်မှာ သေချာသည်” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ထိုသို့သော အကြောင်းအရာများကို နားထောင်ရန် မလိုလားဘဲ ယင်းတို့ကို မဆွေးနွေးဖြစ်စေရန် မိတ်သဟာယဖွဲ့ခြင်းကို နည်းလမ်းပေါင်းစုံဖြင့် ကြိုးစား၍ နှောင့်ယှက်ကြလိမ့်မည်။ ၎င်းတို့သည် မိမိတို့ဘာသာ “ဤလူတို့သည် အတိအကျ မည်သို့သော အလုပ်ကို လုပ်ဆောင်ကြသနည်း။ ဘုရားသည် လူ့နိုင်ငံရေးတွင် မပါဝင်ဟု ဆိုကြသည်၊ သို့ဖြစ်လျှင် အဘယ်ကြောင့် ဤလူတို့သည် နိုင်ငံရေးအကြောင်း ပြောဆိုနေကြသနည်း။ ယုံကြည်သူများသည် ဘုရားသခင်ကို ယုံကြည်ခြင်း ကိစ္စရပ်များကိုသာ ပြောဆိုသင့်သည် မဟုတ်လော။ အဘယ်ကြောင့် ၎င်းတို့သည် ဤအရာများကို ဆွေးနွေးနေကြသနည်း။ ဤသည်မှာ ဒုက္ခကို ရှာနေခြင်းသက်သက် မဟုတ်လော။ ၎င်းတို့သည် ဤအရာများအကြောင်း ပြောဆိုလိုပါက မိမိတို့အလိုရှိရာ မည်သည့်နေရာတွင်မဆို လုပ်ဆောင်နိုင်သည်၊ သို့သော် ကျွန်ုပ်၏ အိမ်တွင်မူ မလုပ်ဆောင်ရပါ။ ကျွန်ုပ်သည် ဤကိစ္စတွင် ခေါင်းခံလိုခြင်း မရှိပါ” ဟု တွေးတောကြသည်။ ၎င်းတို့သည် မည်သည့်အရာကိုမျှ ရှင်းလင်းစွာ မမြင်နိုင်ကြပေ။ အစိုးရက လုပ်ကြံဖန်တီးထားသော ကောလာဟလအချို့ကို ကြားရသည့်အခါ ၎င်းတို့သည် ယင်းတို့ကို ပိုင်းခြားသိမြင်ရန် ပျက်ကွက်ရုံသာမက ၎င်းတို့၏ သံသယများသည် သာ၍ပင် ပြင်းထန်လာသည်။ ၎င်းတို့သည် အာဏာရှိသော ဆိုးယုတ်သည့် မကောင်းဆိုးဝါးအုပ်စု သို့မဟုတ် ဘာသာရေးအတွင်းရှိ အန္တိခရစ် အင်အားစုများနှင့် ဝိညာဉ်ဆိုးဂိုဏ်းဂဏများအပေါ် မကြာခဏ သံသယဖြစ်ပြီး မယုံသင်္ကာဖြစ်ပါက ယင်းသည် ၎င်းတို့အား မိမိတို့ကိုယ်ကို ကာကွယ်ရန် အမှန်တကယ် ကူညီပေးလိမ့်မည်။ သို့သော် ဘုရားသခင် အမှုပြုသော အသင်းတော်၌ ဘုရားသခင်သည် သမ္မာတရားများစွာကို ဖော်ပြခဲ့ပြီးဖြစ်သည့်တိုင် ၎င်းတို့သည် ယင်းကို နားမလည်နိုင်ကြသေးဘဲ ယင်းမှာ မှန်သော လမ်းခရီးဖြစ်ကြောင်းကိုလည်း မဆုံးဖြတ်နိုင်ကြပေ။ တရားဒေသနာများကို အချိန်ကြာမြင့်စွာ နားထောင်ခဲ့ပြီး ဘုရားသခင် များစွာ ပြောဆိုသည်ကို တွေ့မြင်ခဲ့ပြီးနောက် ၎င်းတို့၏ သံသယဖြစ်ခြင်းသည် မဖြေရှင်းရသေးဘဲ ရှိနေဆဲဖြစ်ပြီး ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများသည်လည်း မပပျောက်သေးပေ။ ၎င်းတို့၏ အစွမ်းအစသည် အလွန်ညံ့ဖျင်းကြောင်း၊ ၎င်းတို့တွင် မည်သည့် သဘောပေါက်နားလည်နိုင်စွမ်းမျှ မရှိကြောင်းနှင့် ၎င်းတို့သည် သမ္မာတရားကို လိုက်စားသောသူများ မဟုတ်ကြောင်းမှာ ရှင်းလင်းပေသည်။ ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်လက်ခံခြင်း အစကတည်းက ၎င်းတို့သည် ဘုရားသခင်က အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်ကို မည်သည့်အခါမျှ မယုံကြည်ခဲ့ကြသကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များအားလုံးသည် သမ္မာတရားဖြစ်သည်ကိုလည်း မည်သည့်အခါမျှ မယုံကြည်ခဲ့ကြပေ၊ ဘုရားအိမ်တော်၏ အလုပ်သည် သန့်ရှင်းသောဝိညာဉ်တော်က အပြည့်အဝ ဦးဆောင်သည်ကို သာ၍ပင် မယုံကြည်ခဲ့ကြပေ။ ရလဒ်အနေဖြင့် အရာရာတိုင်းသည် ၎င်းတို့ကို သံသယဖြစ်စေသည်။ ဥပမာအားဖြင့် စုဝေးပွဲများအတွင်း လူစားအမျိုးမျိုးကို ပိုင်းခြားသိမြင်ခြင်းအကြောင်း မိတ်သဟာယဖွဲ့သည့်အခါ ကျွန်ုပ်တို့သည် အန္တိခရစ်များက လူတို့ကို အထင်အမြင်မှားစေပုံအကြောင်း၊ သို့မဟုတ် အချို့လူများသည် ၎င်းတို့ စားသုံးပြီး မွေ့လျော်ခံစားသမျှ အရာအားလုံးကို ဘုရားသခင်၏ ယဇ်ပူဇော်သက္ကာများကို အသုံးပြု၍ ထောက်ပံ့ပေးထားသော်လည်း မည်သည့် တကယ့်အလုပ်မျှ မလုပ်ဆောင်ကြဘဲ အသင်းတော်ကို မှီခိုကပ်ရပ်ခြင်းဖြစ်ကြောင်း၊ သို့မဟုတ် အချို့လူများသည် ယဇ်ပူဇော်သက္ကာများကို ခိုးယူခြင်း သို့မဟုတ် ဖြုန်းတီးခြင်းအကြောင်း၊ သို့မဟုတ် အသင်းတော်ရှိ အချို့သော လူပုဂ္ဂိုလ်များသည် ကာမဂုဏ် လိုက်စားသော အပြုအမူများတွင် ပါဝင်ခြင်းအကြောင်း၊ သို့မဟုတ် အချို့လူများသည် ဧဝံဂေလိတရားကို ဟောပြောနေစဉ် ဘုရားသခင်အား အသရေဖျက်သော အမှုအရာများကို လုပ်ဆောင်ခြင်းအကြောင်း ပြောဆိုနိုင်သည်။ ကျွန်ုပ်တို့သည် ဤကိစ္စရပ်များကို ဆွေးနွေးခြင်းမှာ လူတို့သည် အခြားသူများကို ပိုင်းခြားသိမြင်တတ်ရန် သင်ယူနိုင်စေရန်၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရား စည်းမျဉ်းများအတိုင်း လူများနှင့် ကိစ္စရပ်များကို ရှုမြင်နိုင်စေရန်၊ ဤအရာများမှ သင်ခန်းစာများနှင့် အသိပညာများ ရယူနိုင်စေရန်နှင့် အခြားသူများ၏ အထင်အမြင်မှားစေခြင်း သို့မဟုတ် ဘောင်ခတ်ခြင်းကို ရှောင်ရှားနိုင်စေရန် ဖြစ်သည်။ သို့သော် သံသယဖြစ်တတ်သောသူများက ဤအရာများကို ကြားရသည့်အခါ ၎င်းတို့က “အလိုလေး။ ဤသည်မှာ ဘုရားအိမ်တော်၊ ဘုရားသခင်၏ အလုပ်ကို လုပ်ဆောင်သည့်နေရာ ဖြစ်သည်၊ ဤနေရာတွင် ထိုသို့သောအရာများ မည်သို့ ဖြစ်ပွားနိုင်မည်နည်း။ ကျွန်ုပ် ယခင်က သံသယဖြစ်ခဲ့သည်မှာ မှန်ကန်ပုံရသည်။ ယခုမှစ၍ ကျွန်ုပ် သာ၍ပင် သတိထားရန် လိုအပ်သည်။ လူတို့သည် အလွန်ပင် မယုံကြည်ရပေ၊ ဘုရားအိမ်တော်သည်လည်း မယုံကြည်ရပေ။ သို့ဆိုလျှင် ဘုရားသခင်သည် ယုံကြည်၍ရပါသလော။ မည်သူ သိနိုင်မည်နည်း၊ ဘုရားသခင်သည်လည်း ယုံကြည်၍မရသူ ဖြစ်ကောင်းဖြစ်နိုင်သည်” ဟု ပြောဆိုကြသည်။ ကြည့်လော့၊ ၎င်းတို့သည် သမ္မာတရားကို နားမလည်သကဲ့သို့ ယင်းကို သဘောပေါက်နားလည်နိုင်ခြင်းလည်း မရှိပေ။ ဘုရားအိမ်တော်က သမ္မာတရား၏ မည်သည့်ကဏ္ဍကိုပင် မိတ်သဟာယဖွဲ့ပါစေ အဆုံးတွင် ၎င်းတို့ အစဉ် ရောက်ရှိသွားသော ကောက်ချက်မှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့သည် ထိုနှစ်များတစ်လျှောက်လုံး သံသယဖြစ်ခဲ့သည်မှာ မှန်ကန်ပြီး ဤသည်မှာ မလိုအပ်ဘဲ ဖြစ်ခဲ့ခြင်း မဟုတ်ဟူ၍ ဖြစ်သည်။ သမ္မာတရားကို လိုက်စားပြီး ပုံမှန်လူ့သဘာဝ၏ စဉ်းစားတွေးခေါ်မှုရှိသောသူများက ဤအရာများကို ကြားရပါက ၎င်းတို့ကို မှန်ကန်စွာ သဘောထားနိုင်သည်။ တစ်ဖက်တွင် ၎င်းတို့၏ အမြင်များ ကျယ်ပြန့်လာပြီး ဤအရာများမှ ပိုင်းခြားသိမြင်မှုကို ရရှိကြသည်။ အခြားတစ်ဖက်တွင် ၎င်းတို့သည် ဤအရာများမှ သင်ခန်းစာများနှင့် အသိပညာများ ရယူနိုင်ပြီး လူတို့သည် အခြားလူများနောက် မလိုက်နိုင်ကြောင်း၊ ၎င်းတို့သည် အခြားသူများကို ပိုင်းခြားသိမြင်ရန်နှင့် သမ္မာတရားကို ပိုမိုနားလည်ရန် လိုအပ်ကြောင်း၊ ၎င်းတို့သည် သမ္မာတရားကို နားမလည်ပါက အချိန်မရွေး နေရာမရွေး အထင်အမြင်မှားစေခြင်း ခံရနိုင်ကြောင်းနှင့် ၎င်းတို့သည် သမ္မာတရားကို နားလည်ပြီး ဝိညာဉ်ရင့်ကျက်မှု ရှိလာသည်နှင့်တစ်ပြိုင်နက် အခြားသူများ၏ ဘောင်ခတ်ခြင်း၊ အထင်အမြင်မှားစေခြင်း သို့မဟုတ် ထိန်းချုပ်ခြင်းကို ခံရမည်မဟုတ်ကြောင်း နားလည်ကြသည်။ သို့သော် သံသယဖြစ်တတ်သော သူများမှာမူ ဤသို့ မည်သည့်အခါမျှ တွေးတောကြမည် မဟုတ်ပေ။ ဘုရားအိမ်တော်သည် လူစားအမျိုးမျိုးနှင့် ကိစ္စရပ်အမျိုးမျိုးကို ပိုင်းခြားသိမြင်ခြင်းအကြောင်း ပို၍ မိတ်သဟာယဖွဲ့လေ ၎င်းတို့၏ သံသယများသည် မှန်ကန်ပြီး အတည်ပြုပြီးဖြစ်ကြောင်း ပို၍ ခံစားရလေ ဖြစ်သည်၊ “တွေ့လား၊ ကျွန်ုပ်ကမှ ဉာဏ်ကောင်းခြင်း ဖြစ်သည်။ ကျွန်ုပ် သတိထားခဲ့သည်မှာ ကံကောင်းသည်။ လူတို့က ကျွန်ုပ်သည် သံသယဖြစ်တတ်ပြီး မယုံသင်္ကာ ဖြစ်တတ်သည်ဟု မကြာခဏ ပြောဆိုကြသော်လည်း ကျွန်ုပ် သံသယဖြစ်ခဲ့သည်မှာ မှန်ကန်ကြောင်း အချက်အလက်များက သက်သေပြသည်။ သင်တို့အားလုံး မည်မျှ မိုက်မဲသည်ကို ကြည့်ပါ။ ဘုရားသခင်ကို သင်တို့၏ ယုံကြည်ခြင်းတွင် သင်တို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရန်နှင့် သင်တို့၏ အတွေ့အကြုံဆိုင်ရာ အသိပညာအကြောင်း ပြောဆိုရန်သာ သိကြသည်။ ယင်းက မည်သို့ အသုံးဝင်သနည်း။ ယင်းက သင့်ကို ကာကွယ်ပေးနိုင်သလော။ မပေးနိုင်ပါ။ သင်တို့ မည်သို့သော အခြေအနေများနှင့် ရင်ဆိုင်ရပါစေ သင်တို့သည် ပို၍ သတိထားပြီး အရာရာကို ပို၍ မေးခွန်းထုတ်မှသာ မိမိတို့ကိုယ်ကို ကာကွယ်နိုင်မည်။ သင်သည် လူတိုင်းကို သတိထားကာကွယ်ရမည်။ သင်သည် မိမိ၏ မိဘများကိုပင် မဆိုထားနှင့်၊ မိမိကိုယ်ကို အားကိုးသလောက် မည်သူ့ကိုမျှ အားမကိုးနိုင်” ဟူ၍ ဖြစ်သည်။ ငါ့ကို ပြောလော့၊ ၎င်းတို့သည် အတိအကျ မည်သို့သော လူစားမျိုးများ ဖြစ်ကြသနည်း။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သူများ ဟုတ်ကြပါသလော။ (မဟုတ်ပါ။) ဘုရားအိမ်တော်သည် မည်သို့သော အလုပ်အကြောင်းကို မိတ်သဟာယဖွဲ့သည်ဖြစ်စေ သို့မဟုတ် မည်သည့် လူစားမျိုးများကို ပိုင်းခြားသိမြင်သည်ဖြစ်စေ၊ ဘုရားသခင်က လူတို့အတွက် မည်သို့သော ပတ်ဝန်းကျင်များကို စီစဉ်ဖွဲ့စည်းပေးသည်ဖြစ်စေ ရည်ရွယ်ချက်မှာ ဘုရားသခင် ရွေးချယ်ထားသောလူများက ဤအရာများမှ သင်ခန်းစာများ သင်ယူရန်၊ ၎င်းတို့သည် နိုင်ငံတော်၌ ပိုမို လက်တွေ့ကျသော နည်းလမ်းဖြင့် လေ့ကျင့်မှုကို လက်ခံရရှိရန်နှင့် ၎င်းတို့သည် ဤလက်တွေ့ကျသော သင်ခန်းစာများမှတစ်ဆင့် သမ္မာတရားကို နားလည်လာပြီး လူတို့အပေါ် ပိုင်းခြားသိမြင်မှုကို ရရှိရန်၊ လူများနှင့် ကိစ္စရပ်အမျိုးမျိုးကို ရှင်းလင်းစွာ မြင်တတ်ရန်၊ ထိုမှတစ်ဆင့် ဘုရားသခင် ဖော်ပြသော နှုတ်ကပတ်တော်များနှင့် သမ္မာတရားများသည် အတိအကျ မည်သည့် လက်တွေ့ကျသော လူများ၊ ဖြစ်ရပ်များနှင့် အရာများကို ရည်ညွှန်းနေသည်ကို ပိုမိုကောင်းမွန်စွာ နားလည်ရန် ဖြစ်သည်။ သို့သော် သံသယဖြစ်တတ်သောသူများသည် ဤအရာများမှ မည်သည့်သင်ခန်းစာကိုမျှ ယူနိုင်ခြင်း မရှိရုံသာမက ထိုအစား ၎င်းတို့သည် သာ၍ပင် သံသယဖြစ်လာပြီး ပို၍ပင် ကောက်ကျစ်စဉ်းလဲလာကြသည်။
သံသယဖြစ်တတ်သောသူအချို့သည် ဘုရားအိမ်တော်၌ တစ်စုံတစ်ရာကို ပြောဆိုသည့်အခါ သို့မဟုတ် လုပ်ဆောင်သည့်အခါတိုင်း၊ ညီအစ်ကိုမောင်နှမများ သို့မဟုတ် ခေါင်းဆောင်များနှင့် အမှုဆောင်များက ၎င်းတို့အား ပြုပြင်ခြင်း သို့မဟုတ် ညှဉ်းပန်းခြင်းပင် ပြုလုပ်မည်ကို အစဉ် ကြောက်ရွံ့နေလျက် အစဉ်သဖြင့် အလွန်အမင်း သတိထားတတ်ကြသည်။ ၎င်းတို့က “ကျွန်ုပ်သာ ဘုရားကို ဆက်မယုံကြည်တော့ဘဲ အသင်းတော်မှ ထွက်သွားလျှင် အသင်းတော်က ကျွန်ုပ်ကို လက်စားချေမည်လော” ဟု ဆိုကြသည်။ ဤကိစ္စနှင့်ပတ်သက်၍ ၎င်းတို့ စိတ်ချလက်ချနေသင့်သည်။ မယုံကြည်သူတစ်ဦးက အသင်းတော်မှ ထွက်သွားလျှင် ယင်းမှာ နှစ်ဦးနှစ်ဖက်အတွက် ပျော်ရွှင်စရာ အခါသမယတစ်ခုဖြစ်သည်၊ ယင်းက လူတိုင်းကို အကျိုးပြုသည်။ သို့ဖြစ်၍ သင်သည် အသင်းတော်မှ ထွက်သွားလိုလျှင် သို့မဟုတ် သင်၏အသက်တာကို နေထိုင်ရန် အိမ်ပြန်သွားဖို့ သင်၏တာဝန်ကို စွန့်လွှတ်လိုလျှင် မည်သည့်စိုးရိမ်မှုမျှမရှိဘဲ ရဲရင့်စွာ တင်ပြသင့်သည်။ သင်သည် “ဤမည်သောနေ့ရက်မှစ၍ ကျွန်ုပ်သည် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ တရားဝင် ထွက်ခွာပြီး တာဝန်ထမ်းဆောင်သူများ၏ စာရင်းမှ နုတ်ထွက်ပါသည်” ဟုဆိုသော ကြေညာချက်တစ်ခုကိုလည်း ရေးသားနိုင်သည်။ ဤသည်မှာ လုံးဝ ခွင့်ပြုထားပါသည်။ ဘုရားအိမ်တော်၏ တံခါးများသည် ဖွင့်ထားပြီး မည်သူကမျှ သင့်ကို လက်စားချေမည်ကို စိုးရိမ်စရာမလိုဘဲ သင်သည် ရဲရင့်စွာ ထွက်ခွာနိုင်သည်။ ကြောက်ရွံ့ရန် သို့မဟုတ် သံသယဖြစ်ရန် မလိုအပ်ပေ။ အသင်းတော်ရှိ ဤလူများကြားတွင် ဆိုးယုတ်သောလူတစ်ဦးတလေကို သင်တို့ မြင်တွေ့ပါသလော။ လုံးဝမရှိပါ။ ဆိုးယုတ်သောလူများ ရှိနေလျှင်ပင် ၎င်းတို့ကို ဖယ်ရှားရမည်။ လူအများစုသည် အတော်အတန် အကျင့်ကောင်းကြပြီး ဘဝတွင် မှန်သော လမ်းကြောင်းကို လျှောက်လှမ်းရန် နှစ်သက်ကြသည်။ အခြားသူများကို လက်စားချေခြင်း သို့မဟုတ် ထိခိုက်နစ်နာစေခြင်းသည် သမ္မာတရား စည်းမျဉ်းများကို ချိုးဖောက်ခြင်းဖြစ်ပြီး ၎င်းတို့သည် ထိုသို့သောအမှုကို မည်သည့်အခါမျှ ပြုလုပ်၍ရနိုင်မည်မဟုတ်ပေ။ သံသယဖြစ်တတ်သောသူများ၏ ကျင့်ကြံပြုမူခြင်းတွင် မည်သည့်အရာ မှားယွင်းနေသည်ဟု သင်တို့ ထင်သနည်း။ ၎င်းတို့၌ သံသယစိတ်သာရှိပြီး ဉာဏ်ပညာမရှိပေ။ ၎င်းတို့၏ စဉ်းလဲပြီး လှည့်ဖြားတတ်သော သံသယစိတ်သည် ၎င်းတို့၏ ကျင့်ကြံပြုမူခြင်းနှင့်ပတ်သက်လာလျှင် အမြင့်မားဆုံးသော ဉာဏ်ပညာပုံစံဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများကို စိတ်မဝင်စားသကဲ့သို့ ဘုရားသခင်၏ အမှုတော်နှင့် နှုတ်ကပတ်တော်များကိုလည်း စိတ်မဝင်စားပေ၊ ၎င်းတို့သည် နားလည်ခြင်း သို့မဟုတ် ရှာဖွေခြင်းလည်း မရှိကြပေ။ ထိုအစား ၎င်းတို့သည် “မည်သည့်အရာ ငါ့အပေါ် ကျရောက်ပါစေ၊ ငါသည် အမှုအရာများကို ပို၍ မေးခွန်းထုတ်သင့်သည်။ ထို့အပြင် ငါသည် မည်သူ့ကိုသံသယများ ထားရှိသည်ဖြစ်စေ ငါ့အနေဖြင့် ထိုသို့ပြုလုပ်ခြင်းသည် ကျိုးကြောင်းဆီလျော်သည်၊ ပြီးလျှင် ငါ၏ သံသယများသည် အဖြစ်မှန်များနှင့် ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ ယင်းမှာ တရားမျှတသည်။ အတိုချုပ်အားဖြင့် အခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ ပို၍ သံသယဖြစ်ခြင်းသည် ငါ့အတွက် အကျိုးရှိသည်” ဟူ၍ တွေးထင်လျက် စာတန်၏ အတွေးအခေါ်များအတိုင်းသာ အသက်ရှင်နေထိုင်ကြသည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ ယုံကြည်သည်ဖြစ်စေ၊ ၎င်းတို့တွင်ရှိသော အမျိုးမျိုးသော ပြဿနာများနှင့် သံသယများကို ဖြေရှင်းရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် သမ္မာတရားကို မည်သည့်အခါမျှ မရှာဖွေကြသကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် အဖြေများကိုလည်း မရှာဖွေကြပေ။ ထိုအစား ၎င်းတို့သည် ဤကိစ္စရပ်များကို ဆန်းစစ်ရန်နှင့် ကိုင်တွယ်ရန် ၎င်းတို့၏ ကိုယ်ပိုင်စိတ်၊ သံသယစိတ်ထား၊ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များ သို့မဟုတ် ၎င်းတို့၏ ကိုယ်ပိုင်ဘဝ အတွေ့အကြုံများအပေါ် မှီခိုကြသည်။ အဆုံးတွင် ၎င်းတို့သည် အမျိုးမျိုးသော အခြေအနေများနှင့် ပို၍ ရင်ဆိုင်ကြုံတွေ့ရလေ၊ အမျိုးမျိုးသော သတင်းအချက်အလက်များကို ပို၍ ကြားရလေ၊ ၎င်းတို့၏ သံသယဖြစ်တတ်သော သဘာဝသည် မပြောင်းလဲဘဲ ရှိနေရုံသာမက ၎င်းတို့၏ သံသယများသည် တိုး၍ရင်းတိုး၍ ကြီးထွားလာလေသည်။ ဥပမာအားဖြင့် ဤသို့သော သံသယဖြစ်တတ်သူတစ်ဦးသည် ဘုရားသခင်ကို တစ်နှစ် သို့မဟုတ် နှစ်နှစ် ယုံကြည်ပြီးသည့်အခါ ဘုရားအိမ်တော်ကို အသရေဖျက်ရန် စီစီပီမှ လုပ်ကြံဖန်တီးခဲ့သော ကျောက်ယွမ်အမှုအခင်းအကြောင်းကို ကြားသိရသောအခါ၊ ၎င်းတို့က “ယင်းကို ဘုရားအိမ်တော်က လုပ်ဆောင်ခဲ့ခြင်း ဖြစ်နိုင်သည်။ ဘုရားအိမ်တော်က အမိန့်ပေးခဲ့ခြင်း မဟုတ်လျှင်ပင် အောက်ခြေရှိ ညီအစ်ကိုမောင်နှမအချို့က လုပ်ဆောင်ခဲ့ခြင်း ဖြစ်ရမည်၊ ပြီးလျှင် သင်တို့က ဝန်မခံခြင်းသာ ဖြစ်သည်” ဟု တွေးထင်ကြသည်။ ဘုရားသခင်ကို သုံးနှစ်မှ ငါးနှစ်အထိ ယုံကြည်ပြီးနောက်တွင်လည်း ၎င်းတို့သည် အဆင်းနီသော နဂါးကြီး၏ အဖြစ်အပျက် တင်ပြပုံကို ယုံကြည်နေဆဲ ဖြစ်သည်။ ရှစ်နှစ်မှ ဆယ်နှစ်အထိ ကြာပြီးနောက်တွင်ပင် ဘုရားအိမ်တော်နှင့်ပတ်သက်သော ၎င်းတို့၏ သံသယများသည် မပြေလည်ဘဲ ရှိနေဆဲ ဖြစ်သည်။ ၎င်းတို့သည် ယင်းမှာ အသင်းတော်ကို အကွက်ဆင်ပြီး အသရေဖျက်သည့် အဆင်းနီသော နဂါးကြီးဖြစ်သည်ဟု မယုံကြည်ကြပေ၊ ၎င်းတို့သည် ဘုရားအိမ်တော်မှ လူများက လုပ်ဆောင်ခဲ့သည်ဟု ရိုးရှင်းစွာပင် ယူဆကြသည်။ သင်တို့ မြင်သည့်အတိုင်းပင် ၎င်းတို့သည် အမှုကိစ္စတစ်ခုခုကို ရှုမြင်သည့်အခါ ဘုရားသခင်၏ နှုတ်ကပတ်တော်များ သို့မဟုတ် သမ္မာတရား စည်းမျဉ်းများကို အခြေခံ၍ မည်သည့်အခါမျှ မပြုလုပ်ကြပေ၊ ၎င်းတို့သည် အဆင်းနီသော နဂါးကြီး၏ တင်ပြပုံကို ယုံကြည်ပြီး အမှုကိစ္စကို နတ်ဆိုးများနှင့် စာတန်၏ ရပ်တည်ချက်မှ ရှုမြင်ကြသည်။ စာတန်သည် ဘုရားသခင် ရွေးချယ်ထားသောလူများကို မည်သို့ပင် ဖိနှိပ်ပြီး ရက်စက်ကြမ်းကြုတ်စေကာမူ ၎င်းတို့က ယင်းမှာ နားလည်နိုင်သည်ဟု ခံစားရသော်လည်း ဘုရားအိမ်တော်သည် အပြစ်ကင်းကြောင်းကိုမူ၊ သို့မဟုတ် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ဖိနှိပ်ညှဉ်းပန်းခြင်းကို ခံရသော ညီအစ်ကိုမောင်နှမများသည် အပြစ်ကင်းမဲ့ကြောင်းကိုမူ မည်သည့်အခါမျှ မယုံကြည်ကြပေ။ ဘုရားအိမ်တော်ရှိ ညီအစ်ကိုမောင်နှမများသည် အကျင့်ကောင်းပြီး ကိုယ့်နေရာကိုယ်သိကာ စည်းဘောင်မကျော်ကြသူများဖြစ်ကြောင်း ၎င်းတို့ မျက်စိဖြင့် တပ်အပ်မြင်ရသော်လည်း ၎င်းတို့၏ စိတ်နှလုံးထဲတွင် အဆင်းနီသော နဂါးကြီးက အသင်းတော်ကို အသရေဖျက်ရန် လုပ်ဆောင်ခဲ့သော အမှုအရာများကို မည်သည့်သံသယမျှမရှိဘဲ အစဉ် ယုံကြည်ကြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်း၌ ထိုသို့သောလူများသည် ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံပြီး အဖိုးအခပေးကာ ပူဇော်သက္ကာများပင် ထည့်ဝင်နိုင်သော်လည်း အဆုံးတွင် ၎င်းတို့သည် မယုံကြည်သူများသာ ဖြစ်နေဆဲဖြစ်သည်။ အမှန်မှာ သံသယဖြစ်တတ်သောသူများသည် သမ္မာတရားကို မချစ်သော သို့မဟုတ် လက်မခံသောသူများထက် ပို၍ ဒုက္ခပေးတတ်သည်။ မည်သည့်နည်းလမ်းဖြင့် ၎င်းတို့က ပို၍ ဒုက္ခပေးတတ်သနည်း။ သမ္မာတရားကို စိတ်မဝင်စားသောသူများသည် အသင်းတော်၏အလုပ်နှင့် တာဝန်များ ထမ်းဆောင်ခြင်းကို လုံးဝ စိတ်မဝင်စားဘဲ လျစ်လျူရှုကြသည်၊ ယုံကြည်သူများက ဘုရားသခင်နောက်သို့ မည်သို့လိုက်သည်ဖြစ်စေ သို့မဟုတ် ၎င်းတို့၏ တာဝန်များကို မည်သို့ထမ်းဆောင်သည်ဖြစ်စေ ၎င်းတို့အတွက် အရေးမကြီးပေ။ ရလဒ်အနေဖြင့် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း သို့မဟုတ် တာဝန်ထမ်းဆောင်ခြင်း ကိစ္စရပ်များနှင့်ပတ်သက်၍ သံသယများ မရှိကြဘဲ အခြေခံအားဖြင့် အသင်းတော်၏ အရေးကိစ္စများကို မည်သည့်အခါမျှ မစုံစမ်းမေးမြန်းကြပေ။ သို့သော် သံသယဖြစ်တတ်သောသူများမှာမူ လုံးဝ ဆန့်ကျင်ဘက် ဖြစ်သည်၊ ၎င်းတို့သည် ကောလာဟလများကို စုံစမ်းမေးမြန်းရခြင်းကို နှစ်သက်ကြသည်။ ၎င်းတို့သည် ဤအရာများကို အဘယ်ကြောင့် စုံစမ်းမေးမြန်းလိုကြသနည်း။ ၎င်းတို့၏ ရည်မှန်းချက်တစ်ခုမှာ “ငါသာ ပို၍စုံစမ်းမေးမြန်းပြီး ပို၍သိလျှင် ယင်းက ငါ့အတွက် ကြိုတင်၍ ထွက်ပေါက်တစ်ခု ပြင်ဆင်ထားရန်နှင့် နေရကောင်းနိုးကိုဖြစ်စေ၊ ထွက်သွားရကောင်းနိုးကိုဖြစ်စေ အချိန်မရွေး ဆုံးဖြတ်ရန် အထောက်အကူပေးလိမ့်မည်” ဟူ၍ဖြစ်သည်မှာ သေချာပါသည်။ ၎င်းတို့သည် တိကျသောခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦး၏ အမည်ရင်းမှာ အဘယ်အရာဖြစ်သည်၊ ၎င်းတို့ မည်သည့်နေရာတွင် နေထိုင်သည်၊ လောကီတွင် ၎င်းတို့၌ မည်သို့သော အသက်မွေးဝမ်းကျောင်းမှုမျိုး ရှိသည် သို့မဟုတ် ၎င်းတို့သည် အဘယ်ကြောင့် မိမိတို့၏တာဝန်ကို ထမ်းဆောင်ရန် မိမိတို့၏အိမ်ကို စွန့်ခွာခဲ့သည် စသည့် တိကျသောကိစ္စရပ်များကို စုံစမ်းမေးမြန်းရန်လည်း အာရုံစိုက်ကြသည်။ ၎င်းတို့က ဧဝံဂေလိတရားကို ဟောပြောသူများသည် မည်သူ့ကို ဟောပြောခဲ့ပြီးပြီဖြစ်ကြောင်း၊ ထိုလူတို့၏ မိသားစုဝင်များထဲမှ မည်သူက ဘုရားသခင်ကို ယုံကြည်ကြောင်း၊ ဧဝံဂေလိတရားကို ထိုလူတို့ ဟောပြောခဲ့သည်မှာ နှစ်ပေါင်းမည်မျှရှိပြီဖြစ်ကြောင်း၊ လူပေါင်းမည်မျှကို ၎င်းတို့ ရရှိခဲ့ပြီးဖြစ်ကြောင်း စသည်တို့ကိုလည်း စုံစမ်းမေးမြန်းကောင်း မေးမြန်းကြမည်။ ၎င်းတို့သည် ဤအရာအားလုံးကို အလွန်အသေးစိတ်ကျကျ စုံစမ်းမေးမြန်းကြသည်။ သံသယဖြစ်တတ်သောသူများသည် ဤသို့သော သတင်းအချက်အလက်မျိုးကို စုဆောင်းရခြင်းကို နှစ်သက်ကြပြီး ယင်းကို စုဆောင်းပြီးသည်နှင့်တစ်ပြိုင်နက် ဤအရာများကို သိရန် အလွန်လိုအပ်သည်ဟုလည်းကောင်း၊ အရေးကြီးသောအချိန်များတွင် ဤသတင်းအချက်အလက်ကို အသုံးပြုနိုင်သည်ဟုလည်းကောင်း တွေးထင်လျက် စိတ်သက်သာရာရသည်ဟု ခံစားကြရသည်။ သံသယဖြစ်တတ်သောသူများသည် အလွန်အကျွံ သိကြသည်။ ၎င်းတို့သည် “သတင်းအချက်အလက် စုဆောင်းသူများ” ဖြစ်ကြပြီး မည်သူက မိမိ၏တာဝန်ကို ထမ်းဆောင်ရန် နိုင်ငံရပ်ခြားသို့ သွားခဲ့ကြောင်းနှင့် မည်သည့်နိုင်ငံသို့ သွားခဲ့ကြောင်းကိုပင် သိကြသည်၊ ၎င်းတို့သည် အခြားနိုင်ငံများသို့ သွားသောလူများအကြောင်း ဤအရာများကိုပင် သိကြသည်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ မသိသော အချို့အရာများကိုပင် ၎င်းတို့ သိကြသည်။ သို့သော် သင်က ၎င်းတို့ကို မည်သည့်ဒေသနာအပိုင်းကို နောက်ဆုံးထုတ်ပြန်ခဲ့သည်ကို မေးလျှင် ၎င်းတို့ ပြောနိုင်မည်မဟုတ်ပေ။ ၎င်းတို့သည် အသက်ဝင်ရောက်မှုနှင့်သက်ဆိုင်သော ကိစ္စရပ်များကို မည်သည့်အခါမျှ အာရုံမစိုက်ကြသော်လည်း ညီအစ်ကိုမောင်နှမများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်းအချက်အလက်များနှင့် အသင်းတော်၏ အခြေအနေအချို့နှင့်ပတ်သက်လာလျှင် ၎င်းတို့သည် ထိုအရာများကို အလွန်ရှင်းလင်းစွာ သိကြသည်။ အမှုအရာများကို မကြာခဏ စုံစမ်းမေးမြန်းခြင်းအတွက် ၎င်းတို့၏ ရည်ရွယ်ချက်တစ်ခုမှာ အခြေအနေအမျိုးမျိုးအကြောင်း ပိုမိုသိရှိရန်ဖြစ်ပြီး ထို့နောက်တွင် ၎င်းတို့သည် မိမိတို့ကိုယ်တိုင်အတွက် အချိန်မရွေး ထွက်ပေါက်တစ်ခုကို ပြင်ဆင်နိုင်မည်ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ ထွက်ပေါက်အတွက် မည်သည့်အတွေးမျှ မပေးခြင်းသည် အလွန်မိုက်မဲလိမ့်မည်ဟု ယုံကြည်ကြသည်၊ ဘာသာတရားမရှိသူများ၏ စကားကို အသုံးပြုရလျှင် ၎င်းတို့သည် “မိမိတို့ကို ရောင်းစားသွားသူအတွက် မိမိအား ရောင်းစားရာမှရသောငွေကို ကူညီရေတွက်ပေးနေရသကဲ့သို့” ဖြစ်ပေလိမ့်မည်။ အမှန်တွင် ၎င်းတို့သည် ပုပ်သိုးနေသောငါးနှင့် ပုစွန်များကဲ့သို့ တန်ဖိုးမရှိပေ၊ သို့တိုင်အောင် ၎င်းတို့သည် မိမိတို့ကိုယ်ကို အလွန်တန်ဖိုးရှိသည်ဟု မြင်ကြသည်။ ဤလူများသည် သံသယဖြစ်တတ်သည်ဟု သင်တို့ ထင်ပါသလော။ (ဟုတ်ပါသည်။) ဤသူတို့သည် အမှန်ပင် သံသယဖြစ်တတ်သောသူများ ဖြစ်ကြသည်။ သံသယဖြစ်တတ်သောသူများတွင် အထူးပင် စဉ်းလဲပြီး လှည့်ဖြားတတ်သော လူ့သဘာဝရှိသည်။ အချို့လူများသည် စဉ်းလဲခြင်းနှင့် လှည့်ဖြားတတ်ခြင်းကို ဉဏ်ရည်မြင့်မားခြင်း၏ လက္ခဏာများအဖြစ် မြင်ကြသော်လည်း ဤသည်မှာ မှားယွင်းသည်။ အမှန်တွင် ဤစဉ်းလဲပြီး လှည့်ဖြားတတ်သောသူများသည် အလွန်မိုက်မဲပြီး အစွမ်းအစတစ်စက်မျှ မရှိကြချေ။ ၎င်းတို့၏ အစွမ်းအစသည် အလွန်ညံ့ဖျင်းပြီး ဤသည်မှာ ပြောင်းလဲရန် ခက်ခဲနေပြီးဖြစ်သည်၊ ၎င်းတို့သည် စဉ်းလဲခြင်းလည်းရှိသေးသည်ဆိုခြင်းက ၎င်းတို့ကို ကုသရန် ပို၍ပင် ခက်ခဲသည်ဟု ဆိုလိုသည်။ တစ်စုံတစ်ဦးသည် အစွမ်းအစ ညံ့ဖျင်းရုံသာ ဖြစ်သော်လည်း ၎င်းတို့သည် အတော်အတန် ရိုးသားပြီး မစဉ်းလဲဘဲ မိမိ၏တာဝန်ကို စိတ်ရင်းမှန်ဖြင့် ထမ်းဆောင်နိုင်ပါက ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက် အရိပ်အမြွက် ရှိနေသေးကောင်း ရှိနေနိုင်သည်။ ၎င်းတို့သည် အစွမ်းအစ ညံ့ဖျင်းပြီး အနည်းငယ် လှည့်ဖြားတတ်သော်လည်း သမ္မာတရားကို လက်ခံနိုင်ပြီး မိမိတို့ကိုယ်ကို သိနိုင်ပါက ၎င်းတို့၏ လှည့်ဖြားတတ်သော စိတ်သဘောထားကို ဖယ်ရှားရန် မျှော်လင့်ချက် အရိပ်အမြွက် ရှိကောင်းရှိနိုင်သည်။ ၎င်းတို့သည် သမ္မာတရားကို နားလည်နိုင်ပြီး ယင်းထဲသို့ တဖြည်းဖြည်း သိရှိကာ ဝင်ရောက်နိုင်ပါက ၎င်းတို့၏ သံသယစိတ်သည် တဖြည်းဖြည်း ပပျောက်သွားကောင်း ပပျောက်သွားနိုင်သည်။ သို့သော် ကံမကောင်းစွာဖြင့် ဤလူများသည် အစွမ်းအစ ကင်းမဲ့သည့်အပြင် လှည့်ဖြားတတ်ပြီး စဉ်းလဲကြကာ အလွန်ကြီးမားသော အတိုင်းအတာအထိလည်း မိုက်မဲကြသည်။ ဤသည်မှာ မျက်စိကန်းသူတစ်ဦး မျက်စိရောဂါခံစားနေရသကဲ့သို့ ဖြစ်သည်၊ ကုရာနတ္ထိဆေးမရှိတော့ပေ၊ ဟုတ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ထိုသို့သောလူများသည် ကယ်တင်၍မရနိုင်ပေ။ ဤလူများသည် ကယ်တင်၍မရနိုင်သော အတိုင်းအတာအထိ သံသယဖြစ်တတ်ကြသောကြောင့် ၎င်းတို့ကို မည်သို့ ဆက်ဆံသင့်သည်ဟု သင်တို့ ထင်ပါသနည်း။ (ထိုသို့သောလူများကို တွေ့ရှိပါက ၎င်းတို့ကို သတိဖြင့်စောင့်ကြည့်ရမည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ကာကွယ်ရန် အသင်းတော်ကို သစ္စာဖောက်နိုင်စွမ်းရှိသည်၊ ၎င်းတို့သည် အန္တရာယ်ရှိသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ကျွန်ုပ်တို့သည် ၎င်းတို့ကို ဖော်ထုတ်ပြီး ရှင်းလင်းပစ်ရန် အခွင့်အရေးများကို ရှာဖွေနိုင်သည်၊ သို့မဟုတ် ထိုသို့ပြုလုပ်ရန် အခွင့်အရေး မတွေ့ရှိပါက၊ ၎င်းတို့ကို ဉာဏ်ပညာရှိသော နည်းလမ်းဖြင့် ထွက်သွားရန် ဖျောင်းဖျနိုင်သည်။) တစ်စုံတစ်ဦးသည် သံသယ ဖြစ်တတ်သူဖြစ်ကြောင်း သင်သေချာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကို အဖက်မလုပ်နှင့်။ ၎င်းတို့နှင့် ဆက်ဆံခြင်းသည် ဒုက္ခကိုသာ ဆောင်ကြဉ်းလိမ့်မည်။ သင်သည် ၎င်းတို့နှင့် ဆက်ဆံပါက ၎င်းတို့သည် သင့်ကို အစဉ်သဖြင့် အကဲခတ်ရန် ကြိုးစားလိမ့်မည်။ သင်သည် အပြင်ထွက်မည်ဆိုလျှင် ၎င်းတို့သည် သင့်ကို အနီးကပ် စောင့်ကြည့်နေမည်ဖြစ်ပြီး “သင် အဘယ်ကို သွားမည်နည်း။ ရက်မည်မျှ ကြာမည်နည်း။ သင်မည်သည့်အရာ လုပ်မည်နည်း” ဟု အဆက်မပြတ် မေးနေလိမ့်မည်။ သင် ပြန်လာသည့်အခါ ၎င်းတို့က “မည်သူနှင့်တွေ့ခဲ့သနည်း။ သင်၏တာဝန်ကို ပြီးမြောက်အောင်မြင်ခဲ့သလော။ သင်တို့ မည်သည့်အရာများ ပြောခဲ့ကြသနည်း” ဟု မေးလိမ့်မည်။ သင်သာ ၎င်းတို့ကို မဖြေလျှင် ၎င်းတို့က “သူတို့က ကျွန်ုပ်ကို မည်သည့်အရာမျှ အသိမပေးပါ။ သူတို့သည် ကျွန်ုပ်ကို ယုံကြည်မှု မရှိကြသည် မဟုတ်လော။ ၎င်းတို့သည် ကျွန်ုပ်အား ဘုရားအိမ်တော်သားတစ်ဦးကဲ့သို့ မဆက်ဆံပါ။ အသင်းတော်အလုပ် လုပ်ဆောင်နေခဲ့သည်ဟု သူတို့က ပြောကြသော်လည်း ၎င်းတို့သည် အဘယ်ကြောင့် ကျွန်ုပ်မသိအောင် ဖုံးကွယ်ထားကြသနည်း။ တရားမဝင်သည့်အရာ တစ်စုံတစ်ခု လုပ်ဆောင်ရန် ၎င်းတို့ ထွက်သွားခဲ့ခြင်း ဖြစ်ရမည်” ဟု ညည်းညူလိမ့်မည်။ ၎င်းတို့သည် သင့်ကို သင့်နောက်ကွယ်တွင် အစဉ်သဖြင့် စုံစမ်းထောက်လှမ်းနေလိမ့်မည်။ ထိုသို့သောလူများသည် အမှန်ပင် ဒုက္ခပေးတတ်သည်။ ၎င်းတို့သည် အရာများစွာကို စုံစမ်းမေးမြန်းကြပြီး အရာအားလုံးကို သိလိုကြသည်။ သို့သော် ထိုအရာများကို သိပြီးသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ယင်းတို့ကို အရှိအတိုင်း သဘောမပေါက်နိုင် သို့မဟုတ် မှန်ကန်စွာ သဘောထားပြုမူနိုင်ခြင်း မရှိဘဲ ၎င်းတို့၏ သံသယများကို ပို၍ကြီးမားသည်ထက် ကြီးမားလာစေသည့် သံသယဖြစ်ဖွယ်ရာ အပိုင်းများကိုလည်း ယင်းတို့ထဲတွင် ရှာဖွေရန် ကြိုးစားကြသည်။ သင်က ၎င်းတို့ကို “သင်သည် ဘုရားသခင်အပေါ် ဤမျှကြီးမားသော သံသယများ ရှိနေသောကြောင့်၊ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားများဖြစ်ကြောင်းနှင့် ယင်းတို့က လူကို သန့်စင်စေပြီး ကယ်တင်နိုင်ကြောင်းကို သင်မယုံကြည်သောကြောင့် သင်သည် ဘုရားသခင်ကို ဆက်မယုံကြည်တော့ဘဲ နေသင့်သည်” ဟု အကြံပေးသည် ဆိုပါစို့။ ၎င်းတို့သည် ထိုသို့ပြုလုပ်ရန် လိုလားမည်မဟုတ်ပေ၊ ၎င်းတို့သည် ဆက်၍ ယုံကြည်လိုနေဆဲဖြစ်ပြီး ကောင်းချီးများကိုလည်း ရယူလိုနေဆဲ ဖြစ်လိမ့်မည်။ ဤလူများသည် ဒုက္ခပေးတတ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤလူများကို ကိုင်တွယ်ရန် လွယ်ကူသည်။ ၎င်းတို့သည် အသင်းတော်သို့ ကြီးမားသော ဒုက္ခကို ဆောင်ကြဉ်းနိုင်ပါက ၎င်းတို့ကို ထွက်သွားရန် လျင်မြန်စွာ ဖျောင်းဖျလော့။ ဤလူများသည် ယုံကြည်စိတ်ချထိုက်သူများ မဟုတ်ပေ၊ ၎င်းတို့တွင် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း မရှိပေ၊ ပြီးလျှင် ၎င်းတို့သည် တာဝန်အနည်းငယ်ကို ထမ်းဆောင်နိုင်လျှင်ပင် ၎င်းတို့သည် ဘုရားအိမ်တော်သို့ ကြီးမားသော ဒုက္ခကို ဆောင်ကြဉ်းလိမ့်မည်၊ ၎င်းတို့သည် အကျိုးထက် အပြစ်က ပိုများစေသည်။ သို့ဖြစ်၍ ၎င်းတို့ကို ထွက်သွားရန် ဖျောင်းဖျခြင်းသည် လိုအပ်ပေသည်။
ကြောက်တတ်သောသူများသည် ဒုက္ခပေးတတ်ပြီး သံသယဖြစ်တတ်သောသူများသည်လည်း ဒုက္ခပေးတတ်သည်။ သို့သော် ကြောက်တတ်သည့်အပြင် သံသယလည်းဖြစ်တတ်သောသူများသည် သာ၍ပင် ဒုက္ခပေးတတ်သည်။ ဤလူများသည် အလွန်အမင်း သတ္တိနည်းပြီး သေရမည်ကို ကြောက်ကြသည်၊ ၎င်းတို့သည် အရာအားလုံးကို သံသယဖြစ်ကြပြီး ဘုရားသခင်ကို ယုံကြည်ခြင်းက ၎င်းတို့ကို လှည့်ဖြားခြင်းသို့ ပို့ဆောင်နိုင်မည်လောဟု အစဉ် သံသယဖြစ်နေကြသည်။ ၎င်းတို့သည် မိမိတို့၏ အလားအလာများ ထိခိုက်မည်ကို ကြောက်ရွံ့ကြပြီး အဖမ်းခံရခြင်းနှင့် ဖိနှိပ်ညှဉ်းပန်းခြင်းခံရကာ မိမိတို့၏အသက်ကို ဆုံးရှုံးရခြင်းသို့ ဆိုက်ရောက်စေပါက လုံးဝ တန်ဖိုးရှိမည်မဟုတ်ဟု တွေးထင်ကြသည်။ ၎င်းတို့သည် ဤအတိုင်းအတာအထိ သံသယဖြစ်နေပါက ၎င်းတို့ ဘုရားသခင်ကို ယုံကြည်ခြင်း၏ အဓိပ္ပာယ်မှာ အဘယ်အရာဖြစ်သနည်း။ ဤသည်မှာ မိမိတို့ကိုယ်ကို အခက်တွေ့စေခြင်းမျှသာ မဟုတ်လော။ ၎င်းတို့သည် လိမ်လည်လှည့်ဖြားသူများကို သတိဖြင့်စောင့်ကြည့်သည့်အလား၊ အဆင်းနီသော နဂါးကြီး သို့မဟုတ် နတ်ဆိုးများနှင့် စာတန်များကို သတိဖြင့် စောင့်ကြည့်သကဲ့သို့ပင် ညီအစ်ကိုမောင်နှမများနှင့် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်တိုင်းကို သတိဖြင့်စောင့်ကြည့်ကြသည်။ အချို့လူများသည် ၎င်းတို့ကို “ဘုရားသခင်ကို ဇွဲလုံ့လဖြင့် ယုံကြည်ရန်၊ သမ္မာတရားကို လိုက်စားရန်နှင့် သင်၏တာဝန်ကို ကောင်းစွာထမ်းဆောင်ရန်သာ သေချာစေပါ၊ ဘုရားသခင်သည် သင့်ကို အသိအမှတ်ပြုလိမ့်မည်” ဟုဆိုကာ အကြံပေးရန် ကြိုးစားနေဆဲဖြစ်သည်။ သို့သော် ၎င်းတို့၏ စိတ်ထဲတွင် မည်သို့ တွေးထင်နေကြသနည်း။ “သင်က ကျွန်ုပ်ကို ကျွန်ုပ်၏တာဝန်ကို ကောင်းစွာထမ်းဆောင်စေချင်သည်၊ သို့သော် ကျွန်ုပ် နာမည်ကြီးလာပြီး အဆင်းနီသော နဂါးကြီးက ကျွန်ုပ်ကို ဖမ်းဆီးသည်နှင့်တစ်ပြိုင်နက် ယင်းမှာ ကျွန်ုပ်၏အဆုံးသတ် ဖြစ်မည်မဟုတ်လော” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ စိတ်နေစိတ်ထား အမှန်တကယ်ဖြစ်ပါက ၎င်းတို့ကို အကြံပေးရန် ကြိုးစားခြင်းသည် အဓိပ္ပာယ်မရှိတော့ပေ။ ၎င်းတို့သည် အလွန်အမင်း သတ္တိနည်းပြီး သေရမည်ကို အစဉ် ကြောက်လန့်နေကြသည်။ ဘုရားသခင်ကို ယုံကြည်သူများ အဖမ်းခံရသည်ဟု ကြားသည့်အခါ ၎င်းတို့သည် ကြောက်လွန်း၍ သေးထွက်ကျမတတ် ဖြစ်ကြသည်။ သို့သော် စီးပွားရေးတွင် လူများကို လိမ်လည်လှည့်ဖြားခြင်းနှင့်ပတ်သက်လာလျှင် ၎င်းတို့ မည်မျှပင် ဒုက္ခရောက်ပါစေ လုံးဝမကြောက်ကြပေ၊ ဤကိစ္စတွင် ၎င်းတို့သည် အတော်ပင် ရဲရင့်ကြသည်။ သို့ရာတွင် ဘုရားသခင်ကို ယုံကြည်ခြင်း ကိစ္စရပ်များနှင့် ပတ်သက်လာသည့်အခါ၊ ၎င်းတို့သည် လုံးဝ သတ္တိနည်းကြသည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများအပေါ်၊ ဘုရားအိမ်တော်အပေါ်၊ အထူးသဖြင့် ဘုရားသခင်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်အပေါ် အမျိုးမျိုးသော သံသယများနှင့် ပြည့်နေကြပြီး မည်မျှပင် မိတ်သဟာယဖွဲ့စေကာမူ ဤသံသယများကို ဖြေရှင်းနိုင်မည် မဟုတ်ပေ။ မည်မျှပင် နှစ်ပေါင်းများစွာ ယုံကြည်ပါစေ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ အဘယ်အရာကို ဆိုလိုသည်ကို သို့မဟုတ် အဘယ်ကြောင့် စုဝေးပြီး မိမိတို့၏တာဝန်ကို ထမ်းဆောင်ရန် လိုအပ်သည်ကို မသိကြသေးပေ။ ဤလူများသည် ဉာဏ်တိမ်ကြသည့်အပြင် အတော်ပင် စဉ်းလဲပြီး လှည့်ဖြားတတ်ကြသည်မှာ သိသာထင်ရှားပါသည်။ ထိုသို့သောလူများကို လျင်မြန်စွာ ထွက်သွားရန် တိုက်တွန်းသင့်သည်။ အကယ်၍ ၎င်းတို့သည် ကြောက်တတ်သောကြောင့် သို့မဟုတ် အခြားမည်သည့်အကြောင်းကြောင့်မဆို စုဝေးပွဲများသို့ မလာတော့ဘဲ မိမိတို့၏တာဝန်ကို မထမ်းဆောင်လိုတော့ပါက ယင်းမှာ အကောင်းဆုံး ဖြစ်သည်၊ ယင်းက ၎င်းတို့ကို ရှင်းလင်းပစ်ရသည့် ဒုက္ခကို သက်သာစေပြီး အလုပ်ရှုပ်ခြင်းကို ရှောင်ရှားစေသည်။ အကယ်၍ တစ်နေ့တွင် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းကို ပြန်လည်စိတ်ဝင်စားလာပြီး ဘုရားသခင်ကို ယုံကြည်ခြင်းသို့ ပြန်လာလိုပါက သင်က ၎င်းတို့ကို “ဘုရားသခင်ကို ယုံကြည်သူတစ်ဦးအနေဖြင့် သင်သည် အချိန်မရွေး အဖမ်းခံရပြီး ထောင်ကျနိုင်သည်၊ သင်၏အသက်ကို ဆုံးရှုံးရမည့် အန္တရာယ်ပင် ရှိသည်။ သို့သော် သင်သည် ဘုရားသခင်ကို မယုံကြည်ဘဲ လောကတွင် စီးပွားရေးလုပ်ပြီး ငွေများစွာရှာပါက သင်သည် သက်သောင့်သက်သာရှိသော နေ့ရက်အချို့ကို ခံစားနိုင်ကောင်း ခံစားနိုင်လိမ့်မည်” ဟု ပြောနိုင်သည်။ ဤသို့ကြားပြီးနောက် ၎င်းတို့၏ စိတ်နှလုံးများသည် လုံးဝ တည်ငြိမ်သွားမည်ဖြစ်ပြီး ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းအကြောင်းကို နောက်တစ်ဖန် တွေးတောတော့မည် မဟုတ်ပေ။ ၎င်းတို့က “နောက်ဆုံးတွင် ကျွန်ုပ်၏ နှစ်ပေါင်းများစွာ စိုးရိမ်ပူပန်မှုနှင့် ကြောက်ရွံ့မှုတို့ ပြီးဆုံးသွားပြီ။ ကျွန်ုပ်သည် အသင်းတော်၊ ညီအစ်ကိုမောင်နှမများ သို့မဟုတ် ဘုရားအိမ်တော်ကို နောက်တစ်ဖန် သံသယဖြစ်ရန် မလိုအပ်တော့။ ကျွန်ုပ် နောက်ဆုံးတော့ လွတ်မြောက်သွားပြီ” ဟု တွေးထင်ကြလိမ့်မည်။ ပြီးလျှင် ထိုသို့ဖြင့်ပင် ဤကြောက်တတ်ပြီး သံသယဖြစ်တတ်သောသူများသည် ထွက်သွားရန် ဖျောင်းဖျခြင်းကို ခံလိုက်ရသည်။ ဤသည်မှာ ကြီးမားသော ဒုက္ခကို ဖြေရှင်းလိုက်ခြင်းဖြစ်သည်၊ ဟုတ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ ကိစ္စကို ဖြေရှင်းရန် အလွန်ကောင်းမွန်သော နည်းလမ်းတစ်ခု ဖြစ်သည်။
ဌ။ ပြဿနာရှာတတ်ခြင်း
နောက်တစ်ချက်ဖြစ်သည့် ပြဿနာရှာတတ်ခြင်းကို ကြည့်ကြပါစို့။ မည်သို့သောလူစားမျိုးသည် ပြဿနာရှာတတ်သည်ကို သင်တို့သိသလော။ အသင်းတော်၌ ပြဿနာရှာတတ်သော ဤလူစားမျိုးကို သင်တို့ ကြုံတွေ့ဖူးသလော။ ၎င်းတို့၏ အသက်အရွယ်၊ ကျားမ၊ သို့မဟုတ် လောက၌ လုပ်ကိုင်သည့် အသက်မွေးဝမ်းကျောင်းတို့က မည်သည့်အရာဖြစ်ပါစေ ၎င်းတို့သည် အမြဲတစေ ပြဿနာရှာပြီး ဥပဒေများနှင့် စည်းမျဉ်းများကို ချိုးဖောက်သည့်အရာများကို အစဉ်လုပ်ဆောင်ပါက အသင်းတော်အတွက် အပျက်သဘောဆောင်သော သက်ရောက်မှုများကို သယ်ဆောင်လာပြီး ဧဝံဂေလိအလုပ်အတွက် ကြီးမားသော အတားအဆီးများကို ဖြစ်ပေါ်စေပါက အသင်းတော်သည် ဤလူတို့ကို ချက်ချင်း ကိုင်တွယ်ဖြေရှင်းသင့်သည်။ ဦးစွာ ၎င်းတို့အား သတိပေးချက်တစ်ခု ပေးလော့၊ အခြေအနေက အလွန်ဆိုးရွားပါက ၎င်းတို့ကို နှင်ထုတ်လော့ သို့မဟုတ် ဖယ်ထုတ်ပစ်လော့။ ၎င်းတို့အပေါ် လောကဝတ်မပြုရ။ ပြဿနာရှာတတ်သောသူများမှာ မည်သို့သောလူစားမျိုးများ ဖြစ်ကြသနည်း။ ဥပမာအားဖြင့် အချို့လူများသည် လောက၌ စီးပွားရေးလုပ်ငန်း လုပ်ကိုင်သည့်အခါ သို့မဟုတ် စက်ရုံများ ဖွင့်လှစ်သည့်အခါ မသမာသူများနှင့် ပေါင်းသင်းပြီး ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများအား ချိုးဖောက်သည့်အရာများကို မကြာခဏ လုပ်ဆောင်ကြသည်။ ယနေ့တွင် ၎င်းတို့သည် အခွန်ရှောင်ခြင်း သို့မဟုတ် အခွန်အပြည့်မဆောင်ခြင်းတို့ကို ပြုလုပ်ကြသည်၊ မနက်ဖြန်တွင်မူ ၎င်းတို့သည် လိမ်လည်ခြင်းနှင့် လှည့်ဖြားခြင်းတို့ကို လုပ်ဆောင်ကြသည်၊ သို့မဟုတ် လူသေမှုအတွက် တရားဥပဒေဆိုင်ရာ အမှုအခင်းများတွင်ပင် ပါဝင်ပတ်သက်ကြသည်။ ဤအရာများကြောင့် ၎င်းတို့သည် တရားရုံးဆင့်ခေါ်စာများကို မကြာခဏ လက်ခံရရှိကြပြီး တရားစွဲဆိုမှုများတွင် မိမိတို့၏အချိန်များကို ကုန်ဆုံးစေကာ အငြင်းပွားမှုများတွင် အဆက်မပြတ် ပါဝင်ပတ်သက်နေကြသည်။ ထိုသို့သောလူများသည် ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်နိုင်သလော။ ယင်းမှာ မဖြစ်နိုင်ပေ။ ဘုရားသခင်ကို ယုံကြည်သည်ဟု အခိုင်အမာဆိုသော်လည်း အလွန်ထူးဆန်းပြီး ပုံမှန်မဟုတ်သော နည်းလမ်းများဖြင့် ပြုမူသော အချို့လူများလည်း ရှိသေးသည်။ ယနေ့တွင် ၎င်းတို့သည် လိင်မတူသူများကို နှောင့်ယှက်နေကြသည်၊ နက်ဖြန်တွင်မူ ၎င်းတို့သည် တစ်စုံတစ်ဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားပြီး တိုင်ကြားခြင်းခံရနိုင်သည်။ သင်တို့က ဤလူများသည် ပြဿနာရှာတတ်သည်ဟု ဆိုမည်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ထိုသို့သောလူများသည် ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်နိုင်သလော။ (မယုံကြည်နိုင်ပါ။) ဘုရားသခင်ကို ယုံကြည်ပြီးနောက်တွင်ပင် ပြဿနာရှာတတ်သော ဤလူတို့သည် လူ့အဖွဲ့အစည်းမှ မသမာသူများနှင့် အစဉ်ပေါင်းသင်းနေဆဲဖြစ်ပြီး စိတ်ခံစားမှုဆိုင်ရာ ကိစ္စရပ်များ၊ ဘဏ္ဍာရေး၊ ပိုင်ဆိုင်မှု သို့မဟုတ် ပုဂ္ဂိုလ်ရေးဆိုင်ရာ အကျိုးစီးပွားများနှင့်ပတ်သက်သည့် အငြင်းပွားမှုများကဲ့သို့သော သဘောထားကွဲလွဲမှုများကို အဆက်မပြတ် ဖြစ်ပေါ်စေသည်။ သို့မဟုတ် ၎င်းတို့၏ ဆက်ဆံရေးတစ်ခုတွင် တင်းမာမှုကို ဖြစ်စေသော အဖြစ်အပျက်အချို့ကြောင့်ဖြစ်စေ၊ မတရားရရှိထားသော ၎င်းတို့၏ အကျိုးအမြတ်များကို ညီတူညီမျှ မခွဲဝေရခြင်းကြောင့်ဖြစ်စေ ၎င်းတို့အား ဒုက္ခလာပေးသူများ အစဉ်ရှိနေသည်။ ညီအစ်ကိုမောင်နှမများက ၎င်းတို့၏အိမ်သို့ ရံဖန်ရံခါ သွားရောက်လည်ပတ်သည့်အခါ ဤမသမာသူများကို ၎င်းတို့ ကြုံတွေ့ရနိုင်သည်။ ၎င်းတို့သည် စုဝေးပွဲများတွင် သို့မဟုတ် မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေသည့်အခါတွင်ပင် ဤမသမာသူများသည် တစ်ခါတစ်ရံ တံခါးဝသို့ ရောက်လာတတ်ကြသည် သို့မဟုတ် နှောင့်ယှက်သော စာများ ပေးပို့တတ်ကြသည်၊ သို့ဖြစ်၍ ပြဿနာရှာတတ်သော ဤလူတို့နှင့် အတူရှိနေသော မည်သူမဆိုသည် ၎င်းတို့၏ ဒုက္ခများထဲသို့ ဆွဲသွင်းခံရဖွယ်ရှိသည်၊ အထူးသဖြင့် အသင်းတော်၏ အလုပ်နှင့် ဂုဏ်သတင်းသည် ဤလူတို့ကြောင့် ဆွဲသွင်းခံရပြီး ပျက်စီးရန် သာ၍ပင် ဖြစ်နိုင်ချေရှိသည်။ ငါ့ကို ပြောလော့၊ ထိုသို့သောလူများ အသင်းတော်၌ ဆက်ရှိနေခြင်းသည် ကောင်းသလော။ (မကောင်းပါ။) ဤလူစားမျိုးကိုလည်း ဖယ်ထုတ်ပစ်ပြီး ကိုင်တွယ်ဖြေရှင်းရမည်။
လူ့အဖွဲ့အစည်း၌ မည်သည့်အသက်မွေးဝမ်းကျောင်းကိုမဆို လုပ်ကိုင်သည်ဖြစ်စေ အစိုးရနှင့်ဖြစ်စေ၊ အစိုးရအရာရှိများနှင့်ဖြစ်စေ၊ အချို့သော လူမှုအဖွဲ့အစည်းများ၊ လူသိများသော ပုဂ္ဂိုလ်များနှင့်ဖြစ်စေ အစဉ်အတိုက်အခံပြုလိုကြသော အချို့လူများလည်း ရှိသေးသည်။ ယနေ့တွင် ၎င်းတို့သည် အစိုးရ၏ မမျှတသော လုပ်ဆောင်ချက်များကို ဖော်ထုတ်နေကြသည်၊ နက်ဖြန်တွင်မူ ၎င်းတို့သည် အချို့သောအဖွဲ့တစ်ခုကိုဖြစ်စေ၊ အသင်းအဖွဲ့တစ်ခုကိုဖြစ်စေ တရားစွဲဆိုလျက် ပျက်စီးဆုံးရှုံးမှုများအတွက် လျော်ကြေးငွေ တောင်းဆိုနေကြသည်၊ သန်ဘက်ခါတွင်မူ ၎င်းတို့သည် လူသိများသော ပုဂ္ဂိုလ်တစ်ဦး၏ ကိုယ်ရေးကိုယ်တာဘဝကို ဖော်ထုတ်လျက် လူများက ၎င်းတို့ထံ လာရောက်ရှာဖွေသည်အထိ ဖြစ်စေကြသည်။ ဤသည်မှာ ပြဿနာရှာခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်လာပြီးနောက်တွင်ပင် လူမှုရေးဆိုင်ရာ ကိစ္စရပ်များတွင် ဆက်လက်ပါဝင်ပတ်သက်လိုကြဆဲ ဖြစ်သည်။ ၎င်းတို့အား မကျေမနပ်ဖြစ်စေပြီး ဒေါသထွက်စေသည့် တစ်စုံတစ်ရာကို မြင်တွေ့သည့်အခါ ၎င်းတို့သည် မိမိတို့ကိုယ်ကို ကိုယ်ရည်သွေးရန် တရားမျှတမှုအတွက် အစဉ်ရပ်တည်ပေးလိုကြသည်၊ သို့မဟုတ် အမှုအခင်း၏ အမှားအမှန်များကို ဝေဖန်ပိုင်းခြားရန် မှတ်ချက်တစ်ခု သို့မဟုတ် ဆောင်းပါးတစ်ပုဒ် ရေးသားလိုကြသည်။ အဆုံးတွင် မည်သို့ဖြစ်သွားသနည်း။ ၎င်းတို့သည် မည်သည့်အရာကိုမျှ ပြီးမြောက်အောင် မလုပ်ဆောင်နိုင်ဘဲ မိမိတို့ကိုယ်တိုင်အတွက် ဒုက္ခများစွာ ဖြစ်စေကာ တရားစွဲဆိုမှုများတွင် ရှုပ်ထွေးစွာ ပါဝင်ပတ်သက်ရပြီး မိမိတို့၏ ဂုဏ်သတင်းကို ပျက်စီးစေခြင်းဖြင့် အဆုံးသတ်ကြသည်။ ပြီးလျှင် ၎င်းတို့အား လက်စားချေလိုသော သို့မဟုတ် အရေးယူလိုသော လူ့အဖွဲ့အစည်းမှ မသမာသူများက ၎င်းတို့ကို အစဉ်ရှာဖွေနေကြသဖြင့် ၎င်းတို့သည် အလွန်အမင်း ကြောက်ရွံ့စွာဖြင့် နေထိုင်ကြရသည်။ ဤသို့သောဘဝမှ လွတ်မြောက်ရန်နှင့် ဒုက္ခကို ရှောင်ရှားရန် ၎င်းတို့သည် အိမ်အချို့ကို ဝယ်ယူကြပြီး “‘ဉာဏ်များသော ယုန်တစ်ကောင်တွင် မြေတွင်းသုံးခုရှိသည်’ ဟု ပြောကြသည့်အတိုင်းပင်ဖြစ်သည်။ ကျွန်ုပ်၏ အိမ်သုံးလုံးထဲမှ တစ်လုံးကိုသာ လူအများသိသည်၊ အခြားနှစ်လုံးအကြောင်းကို မည်သူမျှ မသိပါ။ ကျွန်ုပ်သည် ထိုအိမ်များကို အသင်းတော်အသုံးပြုရန်နှင့် ညီအစ်ကိုမောင်နှမများ နေထိုင်ရန်အတွက် ထားရှိခြင်း ဖြစ်သည်” ဟု ရှင်းပြကြသည်။ ညီအစ်ကိုမောင်နှမများ ထိုနေရာတွင် နေထိုင်ပါက ဘေးကင်းမည်ဟု သင်တို့ထင်သလော။ (မထင်ပါ၊ ဘေးကင်းမည်မဟုတ်ပါ။) ၎င်းတို့၏ စကားများသည် အလွန်ကောင်းမွန်သည်ဟု ထင်ရပြီး ဤသို့ပြုလုပ်ခြင်း၌ ၎င်းတို့၏ ရည်ရွယ်ချက်များမှာ ကောင်းမွန်သော်လည်း ၎င်းတို့၏ ကိုယ်ကျင့်စရိုက်နှင့် ပြဿနာရှာတတ်သော ၎င်းတို့၏ ချို့ယွင်းချက်နှင့်အတူ မည်သူက ၎င်းတို့၏အိမ်တွင် နေထိုင်ဝံ့မည်နည်း။ သင်တို့သာ ထိုနေရာတွင် နေထိုင်ပါက လူများက သင်တို့ကို ၎င်းတို့၏ မိသားစုဝင်တစ်ဦးဟု ထင်မှတ်ကြပေမည်။ တစ်စုံတစ်ဦးက ၎င်းတို့ကို ရိုက်နှက်ရန် ရှာဖွေနေသော်လည်း ၎င်းတို့ကို ရှာမတွေ့ပါက သင့်ကိုပင် ယင်းအစား ရိုက်နှက်သွားမည် မဟုတ်လော။ အချို့လူများသည် ပြဿနာရှာတတ်ကြသည်။ ၎င်းတို့သည် ပုံမှန်အတိုင်း ကားမောင်းထွက်ပြီး လူသူကင်းမဲ့သော နေရာတစ်ခုကို ဖြတ်သန်းသွားသည့်အခါ တစ်စုံတစ်ဦး၏ တားဆီးခြင်းကို ခံရနိုင်ပြီး ထိုသူက ၎င်းတို့ကို ကားထဲမှ ဆွဲထုတ်ကာ ရက်စက်စွာ ရိုက်နှက်ပြီး သတိပေးချက်တစ်ခု ပေးပေမည်။ ၎င်းတို့သည် ယင်းမှာ မိမိတို့က တစ်စုံတစ်ဦးကို ဦးစွာ စော်ကားမိပြီး ကိုယ့်ဒုက္ခကိုယ် ရှာမိသောကြောင့်၊ မိမိတို့ စော်ကားမိခဲ့သော မည်သူမဆိုက ၎င်းတို့ကို ညှဉ်းပန်းလိုခဲ့သောကြောင့် ဖြစ်သည်ကို သိကြသည်။ ယင်းမှာ ၎င်းတို့နှင့် ထိုက်တန်သည့်အရာ အတိအကျပင် မဟုတ်လော။ ဤလူစားမျိုးသည် ပြဿနာရှာတတ်သော အမျိုးအစားပင် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို စတင်၍ ယုံကြည်ပြီးနောက်တွင် အသင်းတော်က မည်သည့်ကိစ္စကို ဆွေးနွေးနေသည်ဖြစ်စေ ၎င်းတို့သည် အစဉ်သဖြင့် ဝင်ရောက်စွက်ဖက်လိုကြသည်၊ ထိုကိစ္စနှင့်ပတ်သက်၍ ၎င်းတို့ ဆုံးဖြတ်ချက် ချလိုကြပြီး မှတ်ချက်အချို့ကိုလည်း ပေးလိုကြသည်၊ ၎င်းတို့ကို လူများက နားထောင်စေရန်လည်း ကြိုးစားကြသည်။ အသင်းတော်က ၎င်းတို့၏ အကြံပြုချက်များကို လက်မခံပါက ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်စွမ်းရည်များကို သတိမပြုမိဘဲ လုံးဝ မကျေမနပ်ဖြစ်ကာ နာကြည်းကြသည်။ ၎င်းတို့သည် ဆုံးရှုံးမှုများ မည်မျှပင် ခံစားရပါစေ ထိုအရာများကို မည်သည့်အခါမျှ မမှတ်မိသကဲ့သို့ မိမိတို့၏ ကျရှုံးမှုများမှ သင်ခန်းစာလည်း ယူခြင်းမရှိပေ။ ထိုသို့သောလူများသည် ဘုရားသခင်ကို ယုံကြည်သည့်အခါတွင်ပင် ပြဿနာရှာတတ်သည်။ တစ်ကြောင်းမှာ ၎င်းတို့သည် သမ္မာတရားကို နားမလည်သော်လည်း အရာရာတိုင်းတွင် ဝင်ရောက်စွက်ဖက်ရန် ကြိုးစားလျက် အသင်းတော်၏အလုပ်တွင် အစဉ်ပါဝင်လိုကြဆဲဖြစ်ရာ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ကြသည်။ နောက်တစ်ကြောင်းမှာ ၎င်းတို့သည် မည်သည့်ညီအစ်ကိုနှင့်မဆို၊ သို့မဟုတ် မည်သည့်ညီအစ်မနှင့်မဆို အချိန်များစွာ အတူကုန်ဆုံးသည့်အခါတိုင်း ထိုလူတို့အပေါ် ဒုက္ခရောက်စေခြင်းလည်း ဖြစ်သည်။ ပြဿနာရှာတတ်သော ဤလူစားမျိုးသည် ကြီးမားသော ဒုက္ခတစ်ခု ဖြစ်သည်။ ပြဿနာရှာသောလူများသည် ပြဿနာမရှာသောသူများ ဖြစ်သည်ဟု သင်ထင်သလော။ ၎င်းတို့သည် ကိုယ့်နေရာကိုယ် သိ၍ စည်းဘောင်မကျော်သောသူများ ဖြစ်ကြသလော။ (မဟုတ်ပါ။) ၎င်းတို့သည် ကိုယ့်နေရာကိုယ် သိ၍ စည်းဘောင်မကျော်သောသူများ လုံးဝမဟုတ်ကြပေ။ ယေဘုယျအားဖြင့် ကောင်းမွန်သောအသက်တာဖြင့် နေထိုင်သောလူများသည် ကိုယ့်နေရာကိုယ် သိ၍ စည်းဘောင်မကျော်ဘဲ နေလေ့ရှိကြသည်။ လူမှုရေးဆိုင်ရာ ကိစ္စရပ်များသည် ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် သက်ဆိုင်ခြင်းမရှိသရွေ့ ၎င်းတို့သည် ထိုအရာများတွင် လုံးဝ ပါဝင်ပတ်သက်ခြင်း သို့မဟုတ် စုံစမ်းမေးမြန်းခြင်း မပြုကြပေ။ ဤသည်ကို ဆင်ခြင်တုံတရားရှိခြင်း၊ အချိန်အခါကို နားလည်ခြင်းနှင့် အမှုအရာများ၏ အဓိပ္ပာယ်ကို နားလည်ခြင်းဟု ခေါ်သည်။ ဤလူ့အဖွဲ့အစည်းနှင့် လူသားမျိုးနွယ်သည် အလွန်ဆိုးညစ်ပြီး ရှုပ်ထွေးလှသည်။ ဘာသာတရားမရှိသူများ ပြောသည့်အတိုင်း “ဤပရမ်းပတာဖြစ်သော ခေတ်နှင့် ပရမ်းပတာဖြစ်သော လောကတွင် လူတို့သည် မိမိတို့ကိုယ်ကို မည်သို့ကာကွယ်ရမည်ကို သင်ယူရန် လိုအပ်သည်” ဟူ၍ ဖြစ်သည်။ ထို့အပြင် သင်တို့သည် လူမှုရေးဆိုင်ရာ ကိစ္စရပ်များကို အစဉ်မှတ်ချက်ပေးနေပြီး ယင်းတို့တွင် ပါဝင်ပတ်သက်လိုကြသော်လည်း ယင်းမှာ သင်တို့ အသက်တာ၌ လျှောက်လှမ်းသင့်သော လမ်းခရီးမဟုတ်ပေ။ ထိုအရာများကို လုပ်ဆောင်ခြင်းသည် တန်ဖိုးမရှိသည့်အပြင် အသက်တာ၌ မှန်ကန်သော လမ်းကြောင်းလည်း မဟုတ်ပေ။ သင်တို့သည် မျှတစွာ ပြောဆိုနိုင်လျှင်ပင် ယင်းမှာ ဖြောင့်မတ်သော အကြောင်းတရားတစ်ခုအဖြစ် သတ်မှတ်ခြင်း မခံရသေးပေ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ဤလောကတွင် မျှတမှု မရှိသောကြောင့် ဖြစ်သည်၊ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများက ယင်းကို ခွင့်မပြုပေ။ သင်တို့သည် ဘုရားအိမ်တော်၌ မျှတသောစကားများနှင့် ရိုးသားသောစကားများကို အမှန်တကယ် ပြောဆိုနိုင်ပါက ယင်းမှာ တန်ဖိုးရှိပြီး အရေးပါမှုရှိသည်။ သို့သော် သင်တို့သည် ဤဆိုးယုတ်သော၊ ဖောက်ပြန်ပျက်စီးသော၊ ရှုပ်ထွေးပွေလီသော လူ့လောကတွင် မျှတသောစကားများနှင့် ရိုးသားသောစကားများကို ပြောဆိုပါက ထိုသို့သောစကားများသည် ဒုက္ခကို လွယ်ကူစွာ ဖိတ်ခေါ်ပြီး အန္တရာယ်ကို သယ်ဆောင်လာသည်။ သို့ဆိုလျှင် ထိုသို့သောစကားများကို ပြောဆိုခြင်းသည် အလွန်မိုက်မဲရာကျမည် မဟုတ်လော။ ဤသို့ပြုလုပ်ခြင်းသည် သင်တို့ကို တန်ဖိုးရှိသောနည်းလမ်းဖြင့် အသက်ရှင်နေထိုင်ခွင့်ပြုမည် မဟုတ်ရုံသာမက သင်တို့ထံသို့ အဆုံးမရှိသော ဒုက္ခကိုလည်း သယ်ဆောင်လာမည် ဖြစ်သည်။ သို့ဖြစ်၍ ဉာဏ်ပညာရှိသောလူများသည် ဤလူမှုရေးဆိုင်ရာ ကိစ္စရပ်များမှာ ဘေးဥပဒ်တစ်ခုဖြစ်ကြောင်း မြင်တွေ့ပြီး မိမိတို့ကိုယ်ကို ခပ်ခွာခွာနေကာ ရှောင်ရှားကြသော်လည်း မိုက်မဲသောလူများမှာမူ မိမိတို့ကိုယ်တိုင်အပေါ် ကြီးမားသော ဒုက္ခကို သယ်ဆောင်လျက် ထိုအရာများဆီသို့ ဦးတည်သွားကြသည်။ အထူးသဖြင့် အချို့လူများသည် ရက်အနည်းငယ်ကြာ ကိုယ်ခံပညာ လေ့ကျင့်ပြီးနောက် အပေါ်ယံ အတတ်ပညာအနည်းငယ်ကို သင်ယူကာ အနည်းငယ် ကျော်ကြားလာသည့်အခါ တရားမျှတမှုအတွက် တိုက်ပွဲဝင်ပြီး ဆင်းရဲသားများကို ကူညီရန် သူဌေးများကို လုယက်လိုကြသည်။ ၎င်းတို့သည် သူရဲကောင်း သို့မဟုတ် ဓားသမား၏ အခန်းကဏ္ဍကို ခံယူလိုကြပြီး မတရားမှုများကို တည့်မတ်ရန် လှည့်လည်သွားလာကာ မတရားမှုကို မြင်တွေ့သည့်အခါတိုင်း ကူညီရန် ရှေ့သို့ပင် တိုးထွက်ကြသည်။ အကျိုးဆက်အနေဖြင့် ဤသည်မှာ ဒုက္ခဆီသို့ ဦးတည်စေသည်၊ လူ့အဖွဲ့အစည်းသည် မည်မျှ ရှုပ်ထွေးသည်ကို ၎င်းတို့ မသိနားမလည်ကြပေ။ ငါ့ကို ပြောလော့၊ သင်သည် ကူညီရန် ရှေ့သို့ တိုးထွက်သည့်အခါ အချို့လူများကို ပြစ်မှားမိခြင်းဖြင့် အဆုံးသတ်မည် မဟုတ်လော။ အချို့လူများ၏ စေ့စပ်သေချာသော အကြံအစည်များကို သငို့ ဖျက်ဆီးမိမည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် ထိုလူများ၏ စေ့စပ်သေချာသော အကြံအစည်များကို ဖျက်ဆီးသည့်အခါ ၎င်းတို့က သင့်ကို အလွတ်ပေးမည်လော။ (မပေးပါ။) သင်က “ကျွန်ုပ် လုပ်ဆောင်နေသည့်အရာသည် ဖြောင့်မတ်သော အကြောင်းတရားတစ်ခု ဖြစ်သည်” ဟု ပြောကောင်းပြောနိုင်သော်လည်း ယင်းမှာ ဖြောင့်မတ်သော အကြောင်းတရားတစ်ခု ဖြစ်လျှင်ပင် အရာထင်မည်မဟုတ်ပေ၊ ဤလောကသည် သင်တို့ကို ဖြောင့်မတ်သော အကြောင်းတရားများကို လုပ်ဆောင်ခွင့်ပြုမည် မဟုတ်ပေ။ သင်တို့သာ လုပ်ဆောင်ပါက သင်တို့သည် ပြဿနာရှာနေခြင်း ဖြစ်လိမ့်မည်။ မိုက်မဲသောသူများသည် ဤအရာကို နားမလည်ကြ၊ ၎င်းတို့သည် လောကကို ထွင်းဖောက်၍ မမြင်နိုင်ကြပေ။ ၎င်းတို့သည် မိမိတို့က သူရဲကောင်းတစ်ဦးဖြစ်သောကြောင့် အခြားသူများကို ကူညီရန် ရှေ့သို့ တိုးထွက်သင့်သည်ဟု အစဉ်တွေးထင်ကြသည်။ သို့သော် အဆုံးတွင် ၎င်းတို့သည် တစ်စုံတစ်ဦး၏ စေ့စပ်သေချာသော အကြံအစည်များကို ဖျက်ဆီးမိကြပြီး ထိုသူက ၎င်းတို့အပေါ် လက်စားချေရန် ကြိုးပမ်းကာ လုံးဝလက်မလွှတ်ပေ။ ဤသို့ဖြင့် ၎င်းတို့သည် ဘေးအန္တရာယ်ကို မီးထွန်းရှာကြသည်။ တစ်ဖက်လူက ၎င်းတို့၏အမည်၊ နေထိုင်ရာ၊ မိသားစုအခြေအနေ၊ မိသားစုဝင်များ၊ ထိုဒေသတွင် ဩဇာလွှမ်းမိုးမှု ရှိမရှိနှင့် ၎င်းတို့အား အကောင်းဆုံး မည်သို့အရေးယူရမည်ကို တိတ်တဆိတ် စတင်ရှာဖွေစုံစမ်းသည်။ ဤအရာအားလုံးနှင့်ပတ်သက်၍ ရှင်းလင်းသော နားလည်မှုတစ်ခု ရရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် “သူရဲကောင်း” အပေါ် စတင်လှုပ်ရှားတော့ရာ ထိုအချိန်မှစ၍ သူ၏ဘဝသည် ခက်ခဲလာတော့သည်။ ဤလူစားမျိုးသည် မကြာခဏ ပြဿနာရှာတတ်ကြပြီး ၎င်းတို့ မည်မျှကြီးမားသော ဆုံးရှုံးမှုများကို ခံစားရသည်ဖြစ်စေ သင်ခန်းစာကို မည်သည့်အခါမျှ မယူကြပေ။ ၎င်းတို့သည် မတရားဟု မြင်သော တစ်စုံတစ်ရာကို ကြုံတွေ့သည့်အခါ တရားမျှတမှုအတွက် တိုက်ပွဲဝင်လိုကြဆဲဖြစ်ပြီး ရှေ့သို့တိုးထွက်၍ ကူညီလိုကြဆဲ ဖြစ်သည်။ ၎င်းတို့သည် ကိုယ့်ဒုက္ခကိုယ်ရှာရုံသာမက မိမိတို့၏ မိသားစုကိုပါ အန္တရာယ်ကျရောက်စေပြီး တစ်ခါတစ်ရံတွင် မိမိတို့ပတ်ဝန်းကျင်ရှိ မိတ်ဆွေများ သို့မဟုတ် လုပ်ဖော်ကိုင်ဖက်များကိုပင် ယင်းထဲသို့ ဆွဲသွင်းကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး အသင်းတော်ထဲသို့ ဝင်ရောက်လာပါက ညီအစ်ကိုမောင်နှမများသည်လည်း ၎င်းတို့ကြောင့် အန္တရာယ်ကျရောက်ခြင်းဖြင့် အဆုံးသတ်သွားနိုင်သည်။ ဥပမာအားဖြင့် ၎င်းတို့သည် လူ့အဖွဲ့အစည်း၌ ဒုက္ခရောက်ပြီး တစ်စုံတစ်ဦးက ၎င်းတို့အား လက်စားချေလိုပါက ထိုသူက သင်သည် ၎င်းတို့နှင့်အတူ စုဝေးပွဲများ တက်ရောက်ကြောင်း သိရှိပါက ၎င်းတို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာနှင့် မိသားစုအခြေအနေနှင့်ပတ်သက်သော သတင်းအချက်အလက်များအတွက် သင့်ထံ လာရောက်ပေမည်။ သို့ဆိုလျှင် သင်သည် ထိုသူကို ပြောမည်လော၊ သို့မဟုတ် မပြောမည်လော။ သင်သာ ပြောလိုက်ပါက ယင်းမှာ ၎င်းတို့ကို သစ္စာဖောက်ခြင်းနှင့် ညီမျှပြီး ၎င်းတို့အပေါ် ဒုက္ခရောက်စေမည် ဖြစ်သည်၊ သင် မပြောပါက ထိုသူက သင်တို့ကို ညှဉ်းပန်းပေမည်။ ဤလောကတွင် ဆိုးယုတ်သောလူများ အလွန်များပြားပြီး ဆိုးယုတ်သောလူများအားလုံးသည် ဆင်ခြင်တုံတရား မရှိသူများ ဖြစ်ကြသည်။ တစ်စုံတစ်ဦးက ၎င်းတို့ကို ပြစ်မှားပါက ၎င်းတို့သည် လက်စားချေရန် မည်သည့်နည်းလမ်းကိုမဆို အသုံးပြုကြလိမ့်မည်။ ထိုသို့မဟုတ်ပေလော။ (ဟုတ်ပါသည်။) ပြဿနာရှာတတ်သောလူများ မည်သို့သော ဒုက္ခမျိုးကို ကြုံတွေ့ရသည်ဖြစ်စေ ယင်းမှာ ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုအတွက် ဒုက္ခနှင့် နှောင့်ယှက်မှုကို အစဉ်ဖြစ်ပေါ်စေပြီး အသင်းတော်၏အလုပ်ကိုလည်း အတိုင်းအတာအမျိုးမျိုးဖြင့် သက်ရောက်မှုရှိစေနိုင်သည်။ တစ်စုံတစ်ဦးသည် အဆက်မပြတ် ပြဿနာရှာနေပါက ၎င်းတို့နှင့်အတူ သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းက ဤပြဿနာကို ဖြေရှင်းနိုင်မည်ဟု သင်တို့ထင်သလော။ (မဖြေရှင်းနိုင်ပါ။) ဤလူစားမျိုးသည် မကြာခဏဆိုသလို ခိုင်လုံသော ဆင်ခြင်တုံတရား ကင်းမဲ့ကြသည်။ ၎င်းတို့ ဒုက္ခရောက်သည့်အခါတွင်ပင် ယင်းကို ဒုက္ခဟု မမြင်ကြပေ၊ ၎င်းတို့တွင် တရားမျှတစိတ်ရှိသည်ဟုပင် ထင်ကောင်းထင်ကြပေမည်။ ထိုသို့သော အခြေအနေများတွင် ၎င်းတို့နှင့်အတူ သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းသည် အသုံးမဝင်ပေ၊ အကြောင်းမှာ ၎င်းတို့သည် လွဲချော်သော သဘောပေါက်နားလည်မှုရှိသောသူများ၊ ဆင်ခြင်တုံတရားမဲ့သော ပုဂ္ဂိုလ်များ ဖြစ်သောကြောင့် ဖြစ်သည်။ ဆင်ခြင်တုံတရားမဲ့သော ပုဂ္ဂိုလ်များသည် သမ္မာတရားကို လွယ်လွယ်ကူကူ လက်မခံကြပေ။ အချို့လူများက “၎င်းတို့သည် အခက်အခဲနှင့် ရင်ဆိုင်နေရသည်၊ ကျွန်ုပ်တို့က ၎င်းတို့ကို မည်သို့ လျစ်လျူရှုနိုင်မည်နည်း။ ကျွန်ုပ်တို့က ၎င်းတို့ကို အဘယ်သို့ သနားကြင်နာမှု မပြဘဲ နေနိုင်မည်နည်း။ ကျွန်ုပ်တို့သည် ၎င်းတို့ကို မေတ္တာဖြင့် ဆက်ဆံသင့်သည်” ဟု ပြောကောင်းပြောကြပေမည်။ ၎င်းတို့ကို မေတ္တာဖြင့် ဆက်ဆံခြင်းသည် ကောင်းပါသည်၊ သို့သော် ၎င်းတို့က လက်ခံနိုင်မည်လော။ ၎င်းတို့သည် သမ္မာတရားကို လုံးဝလက်မခံဘဲ မိမိတို့၏ ကိုယ်ပိုင်အမြင်များကို ဆက်လက်ဆုပ်ကိုင်ထားပါက သင်တို့သည် ၎င်းတို့နှင့်အတူ သမ္မာတရားကို အဆုံးမရှိ ဆက်လက်မိတ်သဟာယဖွဲ့နေခြင်းသည် သင့်လျော်သလော။ (မသင့်လျော်ပါ။) အဘယ်ကြောင့် မသင့်လျော်သနည်း။ (ဤလူစားမျိုးသည် ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ မယုံကြည်ကြပါ။ ၎င်းတို့၏ အနှစ်သာရမှာ မယုံကြည်သူများ၏ အနှစ်သာရ ဖြစ်သည်။ ကျွန်ုပ်တို့သည် ၎င်းတို့နှင့်အတူ သမ္မာတရားကို မိတ်သဟာယဖွဲ့လျှင်ပင် ယင်းက ပြဿနာကို ဖြေရှင်းပေးမည်မဟုတ်ဘဲ ၎င်းတို့သည် အသင်းတော်အတွက် ဒုက္ခများစွာကို ဆက်လက် သယ်ဆောင်လာနိုင်သေးသည်။) သို့ဆိုလျှင် ဤလူစားမျိုးကို ဖယ်ထုတ်ပစ်သင့်သလော။ (ဖယ်ထုတ်ပစ်သင့်ပါသည်။)
ပြဿနာရှာတတ်သော အခြားလူတစ်မျိုး ရှိသေးသည်။ အသင်းတော်၌ ၎င်းတို့သည် အချို့သောအရာများကို လုပ်ဆောင်ရန် ညီအစ်ကိုမောင်နှမများကို အစဉ်လှုံ့ဆော်ကြသည်။ ဥပမာအားဖြင့် ၎င်းတို့က “အစိုးရ၏ ထိုလုပ်ဆောင်ချက်နှင့် ၎င်း ရေးဆွဲခဲ့သော မူဝါဒသည် ကျိုးကြောင်းမဆီလျော်ပါ။ ခရစ်ယာန်များအနေဖြင့် ကျွန်ုပ်တို့သည် ဖြောင့်မတ်ခြင်းကို ကျင့်သုံးရမည်၊ ကျွန်ုပ်တို့သည် ထုတ်ဖော်ပြောဆိုရမည်ဖြစ်ပြီး ကြောက်ရွံ့သူများကဲ့သို့ အမြီးကုပ်နေ၍မဖြစ်ပါ။ ကျွန်ုပ်တို့သည် ညီအစ်ကိုမောင်နှမများ၊ ကျွန်ုပ်တို့၏ အသင်းတော်နှင့် လူသားမျိုးနွယ်အားလုံး၏ ကောင်းကျိုးချမ်းသာအတွက် တိုက်ပွဲဝင်လျက် ဆိုင်းဘုတ်များ ကိုင်ဆောင်၍ လမ်းများပေါ်တွင် ချီတက်ဆန္ဒပြရန် လိုအပ်သည်” ဟု ပြောဆိုကြသည်။ ယင်း၏ အကျိုးဆက်မှာ အဘယ်နည်း။ ၎င်းတို့ ချီတက်ဆန္ဒမပြမီတွင်ပင် အစိုးရက သိရှိသွားပြီး တရားရုံးက ဆင့်ခေါ်စာ ပို့လိုက်လေသည်။ ငါ့ကို ပြောလော့၊ အသင်းတော်၌ ထိုသို့သောလူများ ရှိနေခြင်းသည် ကံကောင်းခြင်းလော သို့မဟုတ် ကံဆိုးခြင်းလော။ (ကံဆိုးခြင်း ဖြစ်ပါသည်။) အချို့လူများက “ဖြစ်ချင်တော့ ကျွန်ုပ်တို့၏ အသင်းတော်၌ ထိုသို့သော အရည်အချင်းရှိသူတစ်ဦး ရှိနေသည်၊ ဤသူသည် ခေါင်းဆောင်ဖြစ်ထိုက်သူပင်တည်း။ ကျွန်ုပ်တို့၏ အသင်းတော်ရှိ လူများကို ကြည့်လော့၊ ၎င်းတို့အားလုံးသည် လူ့အဖွဲ့အစည်း၌ ဩဇာလွှမ်းမိုးမှုမရှိဘဲ နှိမ့်ချပြီး ဦးဆောင်မှုကို မြေဝယ်မကျ နာယူကြသည်။ ၎င်းတို့သည် ကြောက်တတ်ကြပြီး မည်သည့်အရေးကြီးသော ကိစ္စရပ်များကိုမျှ တာဝန်ယူရန် မဝံ့ရဲကြသကဲ့သို့ ပြဿနာရှာရမည်ကို အလွန် ကြောက်ရွံ့ကြသည်။ ဤသူမှာမူ ကွဲပြားသည်၊ ၎င်းသည် ရဲစွမ်းသတ္တိရှိသည်၊ ထိုးထွင်းသိမြင်မှုရှိသည်၊ ပြတ်သားသည်၊ လူ့အဖွဲ့အစည်း၌လည်း ဩဇာလွှမ်းမိုးမှုရှိသည်၊ ၎င်းတို့သည် အရည်အချင်းရှိပြီး မတရားမှုကို မြင်သည့်အခါ ထကြွပြီး ရှေ့သို့တိုးထွက်ဝံ့သည်။ တရားရေးဆိုင်ရာ အမှုအခင်းတစ်ခုနှင့် ရင်ဆိုင်ရသည့်အခါတွင်ပင် ၎င်းတို့သည် ထိတ်လန့်ခြင်း သို့မဟုတ် စိုးရိမ်ခြင်း မရှိပေ။ ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ စွမ်းရည်သည် ၎င်းတို့ကို အရာရှိတစ်ဦးဖြစ်ရန် ပင်ကိုအားဖြင့် သင့်တော်စေသည်။ ဤသူသာ နိုင်ငံရေးတွင် ပါဝင်ခဲ့ပါက ကိုယ်စားလှယ်တစ်ဦး သို့မဟုတ် အနည်းဆုံး ပြည်နယ်အုပ်ချုပ်ရေးမှူးတစ်ဦး ဖြစ်ပေမည်။ ကျွန်ုပ်တို့မှာမူ ထိုမျှမတော်ပါ။ သို့ဖြစ်၍ အသင်းတော်သည် ၎င်းကို ခေါင်းဆောင်အဖြစ် ရွေးချယ်သင့်သည်။ ၎င်းသာ ကျွန်ုပ်တို့ကို ဦးဆောင်ပါက ကျွန်ုပ်တို့သည် ကယ်တင်ခြင်းကို ဧကန်အမှန် ရရှိကြလိမ့်မည်” ဟု ပြောဆိုကြသည်။ အချို့သော မိုက်မဲသည့်လူများသည် လူ့အဖွဲ့အစည်း၌ ပြဿနာရှာတတ်သောသူတို့ကို အထူးပင် အထင်ကြီးလေးစားကြပြီး ကိုးကွယ်ကြကာ ၎င်းတို့ကို အသင်းတော်ခေါင်းဆောင်များအဖြစ် ရွေးချယ်တင်မြှောက်လိုကြသည်အထိပင် ဖြစ်သည်။ သင်တို့ ဤသည်မှာ သင့်လျော်သည်ဟု ထင်သလော။ (မထင်ပါ) အဘယ်ကြောင့် မသင့်လျော်သနည်း။ အသင်းတော်သည် ထိုသို့သော “အရည်အချင်းရှိသူများ” ကို မလိုအပ်သလော။ (အသင်းတော်သည် ထိုသို့သောလူများကို မလိုအပ်ပါ။ အသင်းတော်ခေါင်းဆောင်များသည် ဘုရားသခင် ရွေးချယ်ထားသောလူများကို စုဝေးပွဲများတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အတူတကွ စားသောက်ရန်၊ သမ္မာတရားကို လိုက်စားရန်နှင့် ဧဝံဂေလိတရားကို ဖြန့်ဝေရန် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ဖို့ ဦးဆောင်ရမည် ဖြစ်ပါသည်။ ထိုသို့သောလူများသည် အပေါ်ယံအားဖြင့် ရဲစွမ်းသတ္တိ၊ ထိုးထွင်းသိမြင်မှုနှင့် ပြတ်သားမှုဟုခေါ်သည့်အရာများ ရှိပုံရသော်လည်း ဤအလုပ်မျိုးကို ၎င်းတို့ မလုပ်ဆောင်နိုင်ဘဲ အသင်းတော်သို့ အဆုံးမရှိသော ပြဿနာများကို ဆောင်ကြဉ်းလာမည် ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် အသင်းတော်ခေါင်းဆောင်များ ဖြစ်ရန် မသင့်တော်ပါ။) ငါ သင့်ကို ပြောမည်၊ ဤလူစားမျိုး အသင်းတော်၌ ကျန်ရှိနေခြင်းသည် အမှားတစ်ခုဖြစ်ပြီး ထိုသို့သောလူများကို ခေါင်းဆောင်များအဖြစ် ရွေးချယ်တင်မြှောက်ခြင်းသည် ပို၍ပင် ဆိုးရွားမည်ဖြစ်သည်။ ၎င်းတို့သည် အသင်းတော်ကို အဘယ်သို့ ဦးဆောင်သွားမည်နည်း။ ၎င်းတို့သည် အသင်းတော်ကို ဘာသာရေးအုပ်စုတစ်ခုအဖြစ်သို့ ပြောင်းလဲပစ်မည်ဖြစ်သည်။ အကြောင်းမှာ ၎င်းတို့သည် လူ့အဖွဲ့အစည်း၌ မတရားမှုများကို မြင်သည့်အခါ တရားစွဲဆိုကြလိမ့်မည်၊ ဆိုးယုတ်သောလူများက ဆင်းရဲသားများကို အနိုင်ကျင့်သည်ကို မြင်သည့်အခါ ၎င်းတို့အတွက် တိုက်ခိုက်ပေးကြလိမ့်မည်၊ အကျင့်ပျက်ခြစားသော အရာရှိများက ပြည်သူများကို ရက်ရက်စက်စက် ဒုက္ခပေးသည်ကို မြင်သည့်အခါ ကောင်းကင်ဘုံကိုယ်စား တရားမျှတမှုကို ကာကွယ်လိုကြမည် ဖြစ်သောကြောင့်တည်း။ အကျိုးဆက်အားဖြင့် သင်တို့အားလုံးသည်လည်း တဖြည်းဖြည်းဖြင့် တရားမျှတမှုအတွက် တိုက်ပွဲဝင်သော သူရဲကောင်းများ ဖြစ်လာကြပေမည်။ ဤနည်းအားဖြင့် သင်တို့သည် ကယ်တင်ခြင်းကို ရရှိနိုင်ကြဦးမည်လော။ အပေါ်ယံအားဖြင့် ပြဿနာရှာတတ်သောလူများသည် အတော်အတန် အရည်အချင်း ရှိပုံရသော်လည်း အဆုံးတွင် မည်သို့ဖြစ်သနည်း။ ၎င်းတို့ လိုက်လျှောက်သော လမ်းကြောင်းသည် မှန်ကန်သော လမ်းကြောင်းမဟုတ်သောကြောင့် အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်းတို့အတွက် ၎င်းတို့အားလုံး ဖယ်ရှားရှင်းလင်းခြင်း ခံကြရသည်။ ၎င်းတို့ မည်သို့သော ပြဿနာမျိုးကို ရှာသည်ဖြစ်စေ ၎င်းတို့သည် မှန်ကန်သော လမ်းကြောင်းပေါ်၌ လျှောက်လှမ်းနေခြင်း မဟုတ်သကဲ့သို့ ဘုရားသခင်၏ အလိုတော်ကိုလည်း လိုက်လျှောက်နေခြင်း မဟုတ်ပေ။ ၎င်းတို့ လုပ်ဆောင်သည့် မည်သည့်အရာမျှ အသင်းတော်နှင့်ဖြစ်စေ၊ ဘုရားသခင်၏ အမှုတော်နှင့်ဖြစ်စေ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်ဖြစ်စေ မည်သို့မျှ မသက်ဆိုင်ပေ၊ ၎င်းတို့ လုပ်ဆောင်သမျှသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကင်းကွာပြီး မှန်ကန်သော လမ်းကြောင်းမှ သွေဖည်နေသည်။ ၎င်းတို့၏ ပြဿနာရှာခြင်း၏ သဘောသဘာဝမှာ ၎င်းတို့သည် နတ်ဆိုးများနှင့် ဆက်ဆံပြီး ရောယှက်နေခြင်း ဖြစ်သည်၊ ၎င်းတို့သည် နတ်ဆိုးများ၏ ပူးကပ်နှောင့်ယှက်ခြင်းကို ခံနေရသည်။ ထို့ကြောင့် ဘုရားအိမ်တော်သည် ထိုသို့သောလူများနှင့် ရှင်းလင်းသော စည်းတစ်ခု ခြားထားရမည်။ ၎င်းတို့သည် မည်သူက အကြံဉာဏ်ပေးရန် ကြိုးစားသည်ဖြစ်စေ နားမထောင်ဘဲ ထပ်ခါတလဲလဲ ပြဿနာရှာနေပါက၊ ၎င်းတို့သည် မိမိတို့၏ အမှားများမှ သင်ခန်းစာမယူဘဲ ပြဿနာရှာနေပါက၊ မကောင်းမှုများကိုပင် မဆင်မခြင် ကျူးလွန်နေပါက ၎င်းတို့ကို ထွက်ခွာသွားရန် ဖျောင်းဖျသင့်သည်။ သင်က ဤသို့ ပြောဆိုနိုင်သည်။ “သင်ရှာခဲ့သော ပြဿနာအားလုံးကို ကြည့်လော့၊ ယင်းသည် အသင်းတော်၏အလုပ်အတွက် မည်မျှကြီးမားသော အတားအဆီးတစ်ခု ဖြစ်ခဲ့ပြီး လူမည်မျှ၏ တာဝန်ထမ်းဆောင်မှုကို ထိခိုက်စေခဲ့သည်ကို ကြည့်လော့။ သင်သည် ဤအရာကို အဘယ်သို့လျှင် သတိမပြုမိဘဲ နေနိုင်သနည်း။ သင်၏ ရည်မှန်းချက်သည် အလွန်ပင် ကြီးမားလှသည်၊ ယင်းသည် လောကကြီးတစ်ခုလုံးကို လွှမ်းခြုံနိုင်လောက်အောင် ကြီးမားလှသည်။ သင်ကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦးသည် လောကထဲသို့ ထိုးဖောက်ဝင်ရောက်သင့်သည်၊ သင်သည် မိမိကိုယ်ကို ပြုစုပျိုးထောင်ပြီး နိုင်ငံကို အုပ်ချုပ်ကာ လောကသို့ ငြိမ်သက်ခြင်းကို ဆောင်ကြဉ်းပေးသင့်သည်။ သင်သည် အဆင့်မြင့်အရာရှိများနှင့် ပေါင်းသင်းဆက်ဆံရန် သင့်တော်သည်၊ ထိုသို့ပြုမှသာ သင်သည် သာမန်လူတို့ထက် ထူးကဲမြင့်မားပြီး သင်၏အတောင်ပံများကို ဖြန့်ကျက်ကာ ပျံဝဲနိုင်မည် ဖြစ်သည်။ တစ်နေ့လုံး ဘုရားသခင်ကို ယုံကြည်သောလူများနှင့် အတူနေခြင်းသည် သင်၏ ကြီးကျယ်သော ရည်မှန်းချက်များကို ဆွဲထားပြီး အတောင်ဖွင့်၍ ပျံသန်းရန် သင်၏ စွမ်းရည်ကို ကန့်သတ်ထားသည်သာ ဖြစ်မည် မဟုတ်လော။ ကျွန်ုပ်တို့ကို ကြည့်လော့၊ ကျွန်ုပ်တို့ တစ်ဦးတစ်ယောက်မျှ ကြီးကျယ်သော ရည်မှန်းချက်များ မရှိပါ။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို ယုံကြည်ရန်၊ သမ္မာတရားအချို့ကို နားလည်ဖို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပို၍ဖတ်ရှုရန်နှင့် မကောင်းမှုကို လျှော့၍ပြုလုပ်ရန်သာ တစ်ခုတည်းကို အာရုံစိုက်ထားကြပြီး ထိုသို့ပြုလျှင် ကျွန်ုပ်တို့သည် ဘုရားသခင်၏ အသိအမှတ်ပြုမှုကို ရရှိကောင်း ရရှိနိုင်မည်ဟူ၍သာ ဖြစ်သည်။ ကျွန်ုပ်တို့အားလုံးသည် လောကီလူများ၏ အသရေဖျက်ခြင်းနှင့် စော်ကားခြင်းကို ခံရသော၊ လောက၏ ပစ်ပယ်ခြင်းကို ခံရသောလူများ ဖြစ်ကြသောကြောင့် သင်သည် ကျွန်ုပ်တို့ကဲ့သို့သော လူများနှင့် ပေါင်းသင်းရန် မသင့်တော်ပါ။ သင်သည် လောကသို့ ပြန်သွားပြီး ထိုနေရာ၌ ကြိုးစားအားထုတ်ပါက ပို၍ကောင်းပေမည်၊ သင်သည် ကြီးမားသော အောင်မြင်မှုကို ရရှိပြီး သင်၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ကောင်း အကောင်အထည်ဖော်နိုင်မည် ဖြစ်သည်” ဟူ၍ ဖြစ်လေသည်။ ဤနည်းလမ်းဖြင့် ၎င်းတို့ကို ထွက်ခွာသွားရန် ဖျောင်းဖျခြင်းသည် သင့်လျော်သလော။ ဤသည်မှာ ပြဿနာကို ဖြေရှင်းရန် နည်းလမ်းကောင်းတစ်ခု ဟုတ်သလော။ (ဟုတ်ပါသည်။) ဤသည်မှာ အသင်းတော်က ထိုသို့သော မယုံကြည်သူများကို ကိုင်တွယ်သင့်သည့် ပုံစံဖြစ်သည်၊ ဤနည်းလမ်းဖြင့် ကိစ္စကို ဖြေရှင်းခြင်းသည် သမ္မာတရား စည်းမျဉ်းများနှင့် လုံးဝ ကိုက်ညီပေသည်။
အခြားမည်သည့်လူစားမျိုးများက ပြဿနာရှာတတ်ကြသနည်း။ လိင်မတူသူများကြားတွင် အလွန်လူကြိုက်များပြီး သမာသမတ်မကျသော လူစားများနှင့် အစဉ်ပရောပရည်လုပ်တတ်သော လူတစ်မျိုးရှိသည်။ ၎င်းတို့သည် လျောက်ပတ်သော ချစ်ကြိုက်သည့်ဆက်ဆံရေးကို လိုက်စားနေခြင်း မဟုတ်ဘဲ ထိုအစား လိင်မတူသူအများအပြားနှင့် အလွန်ရင်းနှီးပြီး မလျော်ကန်သော ဆက်ဆံရေးများကို ထိန်းသိမ်းထားကြသည်။ ၎င်းတို့သည် ဤဆက်ဆံရေးများကို ကောင်းမွန်စွာ မကိုင်တွယ်နိုင်သောကြောင့်၊ ၎င်းတို့ ပရောပရည်လုပ်သည့်လူများသည် တစ်ဦးနှင့်တစ်ဦး မနာလိုဖြစ်လာခြင်း သို့မဟုတ် လက်စားချေရန်ပင် ကြိုးပမ်းလာနိုင်ဖွယ်ရှိသည်။ ဤသည်မှာ ၎င်းတို့အတွက် ပြဿနာတစ်ခု ဟုတ်သလော။ (ဟုတ်ပါသည်။) ဤသည်မှာလည်း ကြီးမားသော ပြဿနာတစ်ခု ဖြစ်သည်။ အချို့လူများသည် ဤကိစ္စရပ်များကို ဂရုမစိုက်ကောင်း မစိုက်နိုင်သော်လည်း၊ ထိုသို့သောအရာများသည် ၎င်းတို့၏ ပုဂ္ဂိုလ်ရေးဘဝများနှင့် ယုံကြည်ခြင်းအတွက် ပြဿနာများကို မကြာခဏ ဆောင်ကြဉ်းပေးတတ်ပြီး ၎င်းတို့၏ ပုဂ္ဂိုလ်ရေးလုံခြုံမှုကိုပင် ထိခိုက်စေနိုင်သည်။ ဤပြဿနာများသည် ၎င်းတို့နောက်သို့ အစဉ်လိုက်နေပြီး ၎င်းတို့နှင့် မကြာခဏ ပေါင်းသင်းဆက်ဆံသော သူတို့သည်လည်း မလွှဲမရှောင်သာ ပါဝင်ပတ်သက်လာကြရသည်။ ၎င်းတို့သည် ဤလိင်မတူသူများနှင့် ရိုးသားစစ်မှန်စွာ ချစ်ကြိုက်သည့်ဆက်ဆံရေးတွင် ရှိနေသည်ဖြစ်စေ သို့မဟုတ် အချင်းချင်း ပရောပရည်လုပ်ပြီး အသုံးချနေကြသည်ဖြစ်စေ၊ ကျွန်ုပ်တို့သည် ထိုသို့သောကိစ္စရပ်များကို စိတ်မဝင်စားပေ။ ကျွန်ုပ်တို့ စိတ်ဝင်စားသည့်အရာမှာ အဘယ်နည်း။ ကျွန်ုပ်တို့ စိတ်ဝင်စားသည်မှာ ၎င်းတို့ ဆောင်ကြဉ်းလာသော ပြဿနာများသည် ညီအစ်ကိုမောင်နှမများ သို့မဟုတ် အသင်းတော်အပေါ် မည်သည့် ထိခိုက်နစ်နာစေသော သက်ရောက်မှုမျှ ရှိမည် မရှိမည်ကို ဖြစ်သည်။ သက်ရောက်မှုရှိပါက အသင်းတော်သည် ဤပြဿနာများကို ကောင်းစွာဂရုစိုက်ဖြေရှင်းရန် ၎င်းတို့အား အကြံပေးလျက် အဆိုပါကိစ္စကို ကြားဝင်ဖြေရှင်းပြီး ကိုင်တွယ်သင့်သည်။ ၎င်းတို့ မည်သို့ဂရုစိုက်ဖြေရှင်းသည်ကိုမူ ကျွန်ုပ်တို့ ဝင်ရောက်စွက်ဖက်မည်မဟုတ်ပေ။ မည်သို့ပင် အကြံပေးစေကာမူ ၎င်းတို့သည် နားမထောင်ဘဲ ဤပြဿနာများကို ဂရုစိုက်ဖြေရှင်းခြင်း သို့မဟုတ် ဖြေရှင်းခြင်းမပြုပါက ၎င်းတို့ကို သီးခြားခွဲထားပြီး ဤသို့ သတိပေးသင့်သည်။ “သင်သည် သင်၏ ပုဂ္ဂိုလ်ရေးပြဿနာများကို ဦးစွာ ဂရုစိုက်ဖြေရှင်းရန် လိုအပ်သည်။ ယင်းတို့ကို ဂရုစိုက်ဖြေရှင်းပြီးသည်နှင့် သင်၏ တာဝန်ကို ပြန်လည်ထမ်းဆောင်နိုင်သည်။ သင်သည် ယင်းတို့ကို ကောင်းစွာ ဂရုမစိုက်ပါက သီးခြားခွဲထားခြင်း ခံရမည်ဖြစ်သည်” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ယုံကြည်သူများဖြစ်ပြီး မိမိတို့၏ တာဝန်ကိုပင် ထမ်းဆောင်ကောင်း ထမ်းဆောင်နိုင်သော်လည်း၊ ယင်းမှာ အရေးကြီးသော တာဝန်တစ်ခုပင် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ၎င်းတို့၏ ပုဂ္ဂိုလ်ရေးဘဝများရှိ ဆိုးရွားသော ပြဿနာများကြောင့်လည်းကောင်း၊ ၎င်းတို့ရှာသော ပြဿနာသည် အသင်းတော်၏အလုပ်ကို ထိခိုက်နိုင်သောကြောင့်လည်းကောင်း ဤပြဿနာများက ဖြစ်နိုင်ချေရှိသော အန္တရာယ်များ ဖြစ်စေသည့်အတွက် အသင်းတော်ခေါင်းဆောင်များသည် ယင်းကို လျစ်လျူမရှုနိုင်ပေ။ ဥပမာအားဖြင့် ၎င်းတို့နှင့် ဆက်ဆံရေးရှိသောလူများသည် ၎င်းတို့ထံမှ အသင်းတော်၏ အခြေအနေအချို့ သို့မဟုတ် ညီအစ်ကိုမောင်နှမများအကြောင်း ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို သိရှိသွားနိုင်သည်။ ၎င်းတို့သည် ဤအချက်အလက်များကို မသမာသော ရည်ရွယ်ချက်ရှိသည့် ပုဂ္ဂိုလ်များ သို့မဟုတ် အဆင်းနီသော နဂါးကြီးထံသို့ ပေါက်ကြားစေပါက အသင်းတော်နှင့် ညီအစ်ကိုမောင်နှမများ နှစ်ဦးစလုံးအတွက် အန္တရာယ်ရှိပေမည်။ ထို့ကြောင့် အသင်းတော်အတွက် ဤပြဿနာများ သို့မဟုတ် ဖြစ်နိုင်ချေရှိသော အန္တရာယ်များအားလုံးကို ၎င်းတို့က ဆောင်ကြဉ်းလာခြင်းဖြစ်သောကြောင့် အသင်းတော်သည် ၎င်းတို့အား မိမိတို့၏ ပုဂ္ဂိုလ်ရေးပြဿနာများကို ဦးစွာ ဖြေရှင်းစေသင့်သည်။ ၎င်းတို့သည် ပြဿနာများကို အပြည့်အဝ ဂရုစိုက်ဖြေရှင်းပါက ဘုရားအိမ်တော်သည် ၎င်းတို့၏ အခြေအနေများအပေါ် မူတည်၍ ၎င်းတို့ကို ပြန်လည်လက်ခံရန် ဆုံးဖြတ်နိုင်သည်။ သို့သော် ၎င်းတို့သည် ပြဿနာများကို ဆက်လက်မဖြေရှင်းဘဲ မိမိတို့၏ တာဝန်ကို ထမ်းဆောင်လိုနေသေးပါက မည်သို့လုပ်ဆောင်သင့်သနည်း။ (၎င်းတို့အား မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခွင့် မပြုသင့်ပါ။) ထိုအခြေအနေတွင် ၎င်းတို့ကို ထွက်ခွာသွားရန် ဖျောင်းဖျရမည် သို့မဟုတ် ဖယ်ထုတ်ပစ်ရမည် ဖြစ်သည်။ အတိုချုပ်အားဖြင့် အသင်းတော်ခေါင်းဆောင်များဖြစ်စေ၊ ညီအစ်ကိုမောင်နှမများဖြစ်စေ အသင်းတော်၌ ပြဿနာရှာတတ်သောလူများ ရှိကြောင်း တွေ့ရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ကိစ္စရပ်ကို စည်းမျဉ်းများအတိုင်း ကိုင်တွယ်ပြီး အချိန်မီ ဖြေရှင်းသင့်သည်။ ဤပုဂ္ဂိုလ်များသည် ညီအစ်ကိုမောင်နှမများထံသို့ အန္တရာယ်များ ဆောင်ကြဉ်းလာသည်အထိ သို့မဟုတ် အသင်းတော်၏အလုပ်သို့ ပြဿနာများ ဆောင်ကြဉ်းလာသည်အထိ မစောင့်ဆိုင်းဘဲ ကိုင်တွယ်ဖြေရှင်းသင့်သည်။
အချို့လူများသည် ပြဿနာကို အလွယ်တကူရှာတတ်ပြီး ရန်ပွဲများနှင့် ခိုက်ရန်ဖြစ်ပွားမှုများတွင် ပါဝင်တတ်ကြသည်။ ၎င်းတို့သည် မိမိတို့ လက်သီးကောင်းကောင်း ထိုးနိုင်သည်ဟု အစဉ်ခံစားရပြီး လောကရှိ လူတိုင်းကို အနိုင်ယူလိုကြသည်၊ သို့မဟုတ် လူအထင်ကြီးဖွယ် သိုင်းကွက်အနည်းငယ် တတ်ကျွမ်းပါက အခြားသူများအပေါ် အကြမ်းဖက်မှုနှင့် အင်အားကို အစဉ်အသုံးပြုလိုကြသည်။ ဤလူစားမျိုးသည်လည်း ပြဿနာရှာတတ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) မည်သည့်နေရာသို့ သွားသည်ဖြစ်စေ မိမိတို့၏ သင့်တော်သောနေရာ၌ မနေကြသောသူများလည်း ရှိသေးသည်။ ၎င်းတို့သည် စည်းမျဉ်းများကို မလိုက်နာကြ၊ သို့မဟုတ် အများပြည်သူဆိုင်ရာ စည်းကမ်းကို မစောင့်ထိန်းကြဘဲ အစဉ် ထူးခြားစွာ ပြုမူလိုကြသည်။ ကားမောင်းသည့်အခါ ၎င်းတို့သည် မရမက မီးနီကို ဖြတ်မောင်းကြသည်၊ သို့မဟုတ် ဘယ်ဘက်သို့ ကွေ့ခွင့်မရှိသည့်နေရာတွင် မရမက ဘယ်ဘက်သို့ ကွေ့ကြပြီး ရဲက ဖမ်းဆီး၍ ဒဏ်ရိုက်သည့်အခါ လက်မခံဘဲ အဆိုပါအရာရှိကို တိုင်ကြားလိုကြသည်။ သင်တွေ့သည့်အတိုင်းပင် ၎င်းတို့သည် မည်သူ့ကိုမဆို တိုင်ကြားဝံ့ကြသည်။ ရဲက ဥပဒေအတိုင်း ဆောင်ရွက်သော်လည်း ၎င်းတို့သည် တိုင်ကြားလိုကြသည်၊ ၎င်းတို့သည် ဥပဒေကို မထီမဲ့မြင်ပြုကြသည်။ ဤဉာဏ်မရှိသူများသည်လည်း ပြဿနာရှာတတ်ကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ပြဿနာရှာတတ်သော ဤလူစားမျိုးသည် မိမိတို့ ဘုရားသခင်ကို ယုံကြည်သောကြောင့် အားကိုးရန် ဘုရားသခင် ရှိသည်ဟုလည်းကောင်း၊ အသင်းတော်၌ လူအများအပြားရှိပြီး ဩဇာလွှမ်းမိုးမှု ကြီးမားသည်ဟုလည်းကောင်း တွေးထင်ကြရာ မည်သည့်အရာကိုမျှ မကြောက်ရွံ့ကြတော့ပေ။ ၎င်းတို့သည် မိမိတို့၏ အရည်အချင်းများကို ကြွားဝါရန်နှင့် မိမိတို့ မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း ပြသရန် နေရာတိုင်း၌ မဆင်မခြင် မှားယွင်းသော အမှုများကို ကျူးလွန်ကြသည်။ တရားရေးဆိုင်ရာ ပြဿနာတက်ပြီးနောက်တွင်ပင် ၎င်းတို့သည် လမ်းကြောင်းပြောင်းရန် မသိကြပေ။ အဆုံးတွင် ၎င်းတို့ မည်သို့ ပြောဆိုကြသနည်း။ “ဤလောကသည် အမှန်တကယ် ဆိုးယုတ်လှသည်။ ကျွန်ုပ်သည် တရားမျှတမှုအတွက် ရပ်တည်ပေးသည့်အတွက်ကြောင့်သာ ဖမ်းဆီးခံခဲ့ရသည်။ ဤလောကသည် အမှန်တကယ် တရားမမျှတပါတကား” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ အမှားများကို ဝန်ခံရန် ငြင်းဆန်နေကြဆဲ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့အပေါ် ပြဿနာကို ဖန်တီးပြီး ဆောင်ကြဉ်းလာကြသည့်တိုင် ၎င်းတို့အပေါ် တရားမမျှတဟု ညည်းညူကြသည်။ ဤသည်မှာ လုံးဝ အဓိပ္ပာယ်မဲ့ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) လောကသည် မည်မျှပင် ဆိုးယုတ်ပြီး မှောင်မိုက်နေပါစေ၊ ၎င်းတို့အနေဖြင့် ပြဿနာရှာခြင်းသည် ပညာမဲ့ခြင်းပင် ဖြစ်သည်။ ဘုရားသခင်သည် မည်သူ့ကိုမျှ ပြဿနာရှာရန် မည်သည့်အခါမျှ မတောင်းဆိုခဲ့သကဲ့သို့ မည်သူ့ကိုမျှ ဘုရားသခင်ကို ယုံကြည်ခြင်းဟူသော ဆိုင်းဘုတ်ကို အသုံးပြု၍ တရားမျှတမှုအတွက် တိုက်ပွဲဝင်ရန်နှင့် ကောင်းကင်ဘုံကိုယ်စား တရားမျှတမှုကို စောင့်ထိန်းရန်လည်း မတောင်းဆိုခဲ့ပေ။ အချို့လူများက “ဤလောက၏ ဥပဒေများသည် သမ္မာတရား မဟုတ်သောကြောင့် ယင်းတို့ကို လိုက်နာရန် မလိုအပ်ပါ” ဟု ပြောဆိုကြသည်။ ဥပဒေသည် သမ္မာတရားမဟုတ်သော်လည်း သင်သည် ဥပဒေကို မိမိအလိုအတိုင်း ချိုးဖောက်နိုင်သည်ဟု ဘုရားသခင်က သင့်ကို မည်သည့်အခါမျှ မပြောခဲ့သကဲ့သို့ သင်သည် လူသတ်နိုင်သည် သို့မဟုတ် မီးရှို့နိုင်သည်ဟုလည်း သင့်ကို မပြောခဲ့ပေ။ ဘုရားသခင်သည် သင့်အား ဥပဒေကို နာခံရန်နှင့် လူ့အဖွဲ့အစည်းရှိ အများပြည်သူဆိုင်ရာ စည်းကမ်းကို လိုက်နာရန်၊ သင် မည်သည့်နေရာသို့ သွားသည်ဖြစ်စေ ကိုယ်ကျင့်တရားဆိုင်ရာ စံနှုန်းများကို စောင့်ထိန်းရကောင်းမှန်း၊ စည်းမျဉ်းများကို လိုက်နာရကောင်းမှန်း သိရှိစေရန်၊ ရန်စခြင်းမပြုရန်နှင့် ပြဿနာမရှာရန် တောင်းဆိုသည်။ သင်သည် ဥပဒေကို ချိုးဖောက်ပါက အကျိုးဆက်များကို သင်ကိုယ်တိုင် ခံရမည်၊ ဘုရားအိမ်တော်က သင့်အတွက် တာဝန်ယူပေးမည်ဟု မမျှော်လင့်နှင့်၊ အကြောင်းမှာ ဤသည်မှာ ပုဂ္ဂိုလ်ရေးဆိုင်ရာ အပြုအမူဖြစ်ပြီး သင့်ကို တစ်ဦးချင်းအနေဖြင့်သာ ကိုယ်စားပြုသောကြောင့် ဖြစ်သည်၊ ဘုရားအိမ်တော်သည် သင့်အား တရားမဝင်သော အရာတစ်ခုတလေ လုပ်ဆောင်ရန် မည်သည့်အခါမျှ ညွှန်ကြားခဲ့ခြင်း မရှိပေ။ သင်သည် မည်သည့်နိုင်ငံ၌ ကိစ္စရပ်များကို ကိုင်တွယ်နေသည်ဖြစ်စေ၊ ဘုရားအိမ်တော်သည် သင့်အား ဥပဒေကို စစ်ဆေးရန်နှင့် ရှေ့နေတစ်ဦးနှင့် တိုင်ပင်ရန် စေခိုင်းသည်။ ရှေ့နေက သင့်လျော်သည်ဟု ပြောဆိုသည့် မည်သည့်အရာကိုမဆို သင်လုပ်ဆောင်သင့်သည်။ ရှေ့နေက သင့်အား ထိုသို့သောနည်းလမ်းဖြင့် ပြုမူရန် အကြံမပေးခဲ့ဘဲ သင်သည် ကြောင်းကျိုးမမြင်ဘဲ ပြုမူကာ ကိစ္စများကို ပျက်စီးစေပြီး ဥပဒေကို ချိုးဖောက်ပါက အကျိုးဆက်များကို သင်ကိုယ်တိုင် ခံရမည်၊ ဘုရားအိမ်တော်သို့ ပြဿနာမယူဆောင်လာနှင့်။ ရှေ့နေက အကြံပြုသော လုပ်နည်းကိုင်နည်းသည် အကောင်းဆုံးသော ရွေးချယ်မှုမဟုတ်လျှင်ပင် သင်သည် ရှေ့နေ၏ အကြံဉာဏ်ကို လိုက်နာရမည် ဖြစ်သည်။ ယင်းသည် တရားဝင်ပြီး ဘုရားအိမ်တော်ကို သိသာထင်ရှားသော ထိခိုက်မှု မဖြစ်စေသရွေ့ လုပ်ဆောင်နိုင်ပေသည်။ ဘုရားအိမ်တော်သည် လူတို့အား ရှေ့နေများနှင့် တိုင်ပင်ရန်နှင့် ကိစ္စရပ်များကို ဥပဒေအတိုင်း ကိုင်တွယ်ရန် အစဉ် ပြောဆိုခဲ့သည်။ သို့သော် အချို့လူများက “ဘုရားအိမ်တော်သည် လောကနှင့် မသက်ဆိုင်သောကြောင့် ကျွန်ုပ်တို့သည် လောက၏ ခေတ်ရေစီးကြောင်းများကို မလိုက်နာသင့်ပါ။ ဥပဒေသည် သမ္မာတရားကို ကိုယ်စားမပြုပါ၊ ဘုရားသခင်သာလျှင် သမ္မာတရားဖြစ်ပြီး ဘုရားသခင်သည် အမြင့်မြတ်ဆုံး ဖြစ်သည်။ ကျွန်ုပ်တို့သည် သမ္မာတရားနှင့် ဘုရားသခင်ကိုသာ ကျိုးနွံနာခံပါသည်” ဟု စဉ်းစားကြသည်။ ဤပြောဆိုချက်သည် မှန်ကန်သော်လည်း သင်သည် ဤလောက၌ နေထိုင်နေဆဲဖြစ်ပြီး လက်တွေ့ကျသော ပြဿနာများစွာကို ကိုင်တွယ်ဖြေရှင်းရဦးမည် ဖြစ်သည်။ ထို့ကြောင့် သင်သည် ဥပဒေကို မချိုးဖောက်နိုင်သကဲ့သို့ သမ္မာတရား စည်းမျဉ်းများကိုလည်း မချိုးဖောက်နိုင်ပေ။ ဘုရားသခင်၏ အမြင့်မြတ်ဆုံးဖြစ်ခြင်းသည် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းကို ရည်ညွှန်းသည်၊ ယင်းသည် သင့်အား တရားမဝင်သော လုပ်ဆောင်မှုများတွင် ပါဝင်ရန် သို့မဟုတ် လူ့အဖွဲ့အစည်း၌ အာဏာရှင်ဆန်ဆန် ပြုမူရန်၊ သင်အလိုရှိသမျှကို လုပ်ဆောင်ရန်နှင့် နေရာတိုင်း၌ ပြဿနာရှာရန်အတွက် အကြောင်းပြချက်တစ်ခု မဟုတ်ပေ။ ဘုရားသခင်သည် မည်သူ့ကိုမျှ မည်သည့်အရာကို လုပ်ဆောင်ရာတွင်မဆို ဥပဒေကို ချိုးဖောက်ဖို့ မည်သည့်အခါမျှ အားမပေးခဲ့သကဲ့သို့ မတောင်းဆိုခဲ့ပေ၊ ထိုအစား သင့်အား ဥပဒေကို လိုက်နာရန်နှင့် လူမှုရေးစည်းမျဉ်းများကို စောင့်ထိန်းရန်၊ သင်သည် ဥပဒေကို ချိုးဖောက်ပြီး အပြစ်ပေးခံရပါက အပြစ်ဒဏ်ကို လက်ခံရမည်ဖြစ်ကြောင်းနှင့် သင်သည် ပြဿနာတစ်စုံတစ်ရာကို မဖြစ်စေသင့်ကြောင်း သို့မဟုတ် ပြဿနာမရှာသင့်ကြောင်း ပြောဆိုသည်။ သင်သည် အစဉ်ပြဿနာရှာနေပါက သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် ဘုရားသခင်က သင့်ကို ကျောထောက်နောက်ခံပြုပေးသည်ဟု အစဉ်တွေးထင်နေပြီး မည်သည့်အရာကိုမျှ မကြောက်ရွံ့ပါက သင်မှားနေပြီဖြစ်ကြောင်း ငါ သင့်ကို ပြောမည်။ အရာခပ်သိမ်းကို သင်၏ မကြောက်မရွံ့ ရင်ဆိုင်ခြင်းအတွက် ဘုရားသခင်က ကျောထောက်နောက်ခံ မပြုပေးသကဲ့သို့ ဘုရားအိမ်တော်သည်လည်း သင်၏ ကလိမ်ကကျစ် ဆင်ခြင်တွေးခေါ်မှုအတွက် တာဝန်ယူမည်မဟုတ်ပေ။ ဘုရားအိမ်တော်၌ လူအများအပြားရှိပြီး ဩဇာလွှမ်းမိုးမှု ကြီးမားရုံဖြင့် သင်သည် သင်အလိုရှိသမျှကို လုပ်ဆောင်နိုင်သည်ဟု မည်သည့်အခါမျှ မတွေးထင်နှင့်။ သင်သည် ဤနည်းလမ်းဖြင့် တွေးထင်ပါက သင်မှားနေပြီ။ ဤသည်မှာ စာတန်၏ ဆင်ခြင်တွေးခေါ်မှုစနစ် ဖြစ်သည်။ ဘုရားအိမ်တော်သည် ထိုသို့သောအရာကို မည်သည့်အခါမျှ မပြောခဲ့သကဲ့သို့ ဘုရားသခင်လည်း မပြောခဲ့ပေ။ ဘုရားအိမ်တော်သည် မည်သူ့ကိုမျှ ဤနည်းလမ်းဖြင့် ပြုမူရန် အားမပေးပေ။ ဘုရားအိမ်တော်၌ လူအများအပြားရှိသည်မှာ မှန်သော်လည်း လူဦးရေသည် များသည်ဖြစ်စေ၊ နည်းသည်ဖြစ်စေ မည်သူ့ကိုမျှ ကျောထောက်နောက်ခံပြုပေးရန်၊ သတ္တိရှိစေရန် သို့မဟုတ် မည်သူ့ကိုမျှ ပြဿနာမှ ကာကွယ်ပေးရန်နှင့် အဆင်ပြေချောမွေ့စေရန်အတွက် မဟုတ်ပေ။ ဘုရားသခင်သည် လူတို့အား ကိုယ်တော့် နောက်လိုက်ရန်နှင့် ကိုယ်တော်၏ အလိုတော်ကို လိုက်လျှောက်ရန်၊ ၎င်းတို့သည် ဖန်ဆင်းခံများအဖြစ် စံမီနိုင်ရန်နှင့် ဖန်ဆင်းခံများ၏ တာဝန်ကို ဖြည့်ဆည်းနိုင်ရန် ရွေးချယ်ခြင်း ဖြစ်သည်။ ယင်းမှာ သင်သည် လောကကို ဆန့်ကျင်ရန်အတွက် မဟုတ်၊ သင်သည် လောက၌ ကြီးကျယ်ခမ်းနားသော စိတ်ကူးများကို ထုတ်ဖော်ပြောဆိုရန်အတွက် မဟုတ်ဘဲ လောကကို သင်ခန်းစာပေးရန်အတွက်မှာမူ သေချာပေါက် မဟုတ်ပေ။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ရေစီးကြောင်းကို ဆန့်ကျင်သွားခြင်းနှင့် မသက်ဆိုင်ပေ၊ ယင်းသည် ရေစီးကြောင်းကို ဆန့်ကျင်သွားခြင်း သို့မဟုတ် လောကကို စက်ဆုပ်ရွံရှာခြင်းနှင့် မည်သို့မျှ မသက်ဆိုင်ပေ။ သို့ဖြစ်၍၊ လူတို့အတွက် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထင်မလွဲနှင့်၊ ဘုရားသခင်ကို ယုံကြည်ခြင်း၏ အရေးပါမှုကို မှားယွင်းစွာ အနက်ဖွင့်ဆိုခြင်း သို့မဟုတ် မှားယွင်းစွာ နားလည်ခြင်း မပြုနှင့်။ ဘုရားသခင်က လူတို့ကို ရွေးချယ်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ (ယင်းမှာ လူတို့ ဘုရားသခင်နောက်လိုက်ရန်၊ ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်ရန်နှင့် ဖန်ဆင်းခံများ၏ တာဝန်ကို ထမ်းဆောင်ရန် ဖြစ်ပါသည်။) ဘုရားသခင်သည် လူတို့အား ၎င်းတို့ကို ရရှိရန်၊ စစ်မှန်သော ဖန်ဆင်းခံများကို ရရှိရန်၊ ဘုရားသခင်ကို အမှန်တကယ် ဝတ်ပြုကိုးကွယ်သော လူသားများကို ရရှိရန် ရွေးချယ်ခြင်း ဖြစ်သည်၊ ယင်းမှာ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်နိုင်သော လူသားမျိုးနွယ်သစ်တစ်ရပ် ပေါ်ထွန်းလာရန် ဖြစ်သည်။ ဘုရားသခင်က လူတို့ကို ရွေးချယ်ခြင်း၏ ရည်ရွယ်ချက်မှာ ၎င်းတို့ ဤလောက သို့မဟုတ် လူသားမျိုးနွယ်ကို ဆန့်ကျင်ရန်အတွက် မဟုတ်ပေ။ ထို့ကြောင့် ပြဿနာရှာတတ်သောသူတို့ကို အခြားသူများ၏ တာဝန်ထမ်းဆောင်မှုကို ထိခိုက်ခြင်းမှ ရှောင်ရှားရန်အလို့ငှာ အသင်းတော်နှင့် လူတို့ မိမိတို့၏ တာဝန်ကို ထမ်းဆောင်သည့်နေရာများမှ တတ်နိုင်သမျှ ဝေးဝေးတွင် ထားရှိသင့်သည်။
ပြဿနာရှာတတ်သောသူတို့နှင့်ပတ်သက်၍ ၎င်းတို့ မည်သို့သော ပြဿနာမျိုးကို ရှာသည်ဖြစ်စေ ယင်းသည် အသင်းတော်သို့ ပြဿနာများ ဆောင်ကြဉ်းလာပြီး ညီအစ်ကိုမောင်နှမများ၏ တာဝန်ထမ်းဆောင်မှုကို ထိခိုက်စေပါက ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ကြားဝင်ပြီး ကိစ္စရပ်ကို ဖြေရှင်းသင့်သည်။ ယင်းကို စစ်ဆေးခြင်းမရှိဘဲ လွှတ်ထား၍ လုံးဝမဖြစ်ပေ။ ၎င်းတို့သည် အခြေအနေကို အချိန်မီ နားလည်ပြီး သဘောပေါက်သင့်သည်၊ ပြဿနာ၏ ဇာစ်မြစ်ကို ရှင်းလင်းစေသင့်ပြီး ထို့နောက် ကျိုးကြောင်းဆီလျော်သော ဖြေရှင်းချက်တစ်ခုကို ရှာဖွေကာ ကိုင်တွယ်သင့်သည်။ အဘယ်ကြောင့် ကိုင်တွယ်သင့်သနည်း။ အကြောင်းတစ်ခုမှာ ဤပြဿနာများသည် အသင်းတော်အလုပ်၊ အသင်းတော်အသက်တာ သို့မဟုတ် ညီအစ်ကိုမောင်နှမများ၏ တာဝန်ထမ်းဆောင်မှုကို ထိခိုက်နိုင်သောကြောင့် ဖြစ်သည်။ နောက်တစ်ကြောင်းမှာ ပြဿနာရှာတတ်သော ဤပုဂ္ဂိုလ်များကို အခြားသူများက ပင်ကိုစွမ်းရည်ရှိသူများအဖြစ် မြင်သည်ဖြစ်စေ၊ အချိန်ဖြုန်းသူများနှင့် လူမိုက်များအဖြစ် မြင်သည်ဖြစ်စေ၊ ၎င်းတို့ ပြဿနာများ ဆောင်ကြဉ်းလာသရွေ့ ၎င်းတို့ကို အချိန်မီ ကိုင်တွယ်သင့်သောကြောင့် ဖြစ်သည်။ သို့ဆိုလျှင် ၎င်းတို့ကို မည်သို့ ကိုင်တွယ်သင့်သနည်း။ ယင်းမှာ ပြဿနာကို ကိုင်တွယ်ခြင်းအကြောင်းမဟုတ်ဘဲ ပြဿနာကို ဆောင်ကြဉ်းလာရန် တာဝန်ရှိသောလူများကို ကိုင်တွယ်ခြင်းအကြောင်း ဖြစ်သည်။ ၎င်းတို့ကို အသင်းတော်မှ ရှင်းလင်းဖယ်ရှားခြင်းအားဖြင့် ပြဿနာ၏ ဇာစ်မြစ်ကို ဖြေရှင်းပြီးဖြစ်ကာ အဆိုပါကိစ္စသည်လည်း ကိုင်တွယ်ပြီး ဖြစ်သွားသည်။ သင်၏အမြင်တွင် ပြဿနာရှာတတ်သော အချို့လူများသည် အရည်အချင်းရှိသူများ သို့မဟုတ် ဆုကျေးဇူး ရှိသူများအဖြစ် ထင်ရရုံဖြင့် ၎င်းတို့အပေါ် သင်သည် မည်သည့်အခါမျှ မညှာတာရ။ ၎င်းတို့အပေါ် ညှာတာနိုင်ပါက သင်သည် အမှန်တကယ်ပင် အလွန် နားဝေတိမ်တောင်ဖြစ်သောသူဖြစ်ပြီး အသင်းတော် ခေါင်းဆောင်တစ်ဦးဖြစ်ရန် မသင့်တော်ပေ၊ ညီအစ်ကိုမောင်နှမများသည် သင့်ကို သင်၏ရာထူးမှ ဖယ်ရှားသင့်သည်။ သင်သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ရမည့်အစား၊ ညီအစ်ကိုမောင်နှမများကို ကာကွယ်ရမည့်အစား ဆိုးယုတ်သောလူများနှင့် ပြဿနာရှာသူများကို ကာကွယ်ကာ ၎င်းတို့ကို အတိုင်းအတာတစ်ခုထက် ကျော်လွန်၍ပင် ကိုးကွယ်ပြီး ၎င်းတို့ကို ဂုဏ်သရေရှိ ဧည့်သည်များနှင့် ဆုကျေးဇူးရှိသူများအဖြစ် သဘောထားကာ ၎င်းတို့သည် အသင်းတော်၌ တွေ့ရခဲသော အရည်အချင်းရှိသူများဖြစ်သည်ဟု တွေးထင်လျက် ၎င်းတို့ကို အဓိကတာဝန်များအတွက် အသုံးပြုပြီး ၎င်းတို့အတွက် ၎င်းတို့၏ ပြဿနာများကိုပင် ဖြေရှင်းပေးပါက သင်သည် အသင်းတော်ခေါင်းဆောင်၏ အခန်းကဏ္ဍအတွက် လုံးဝ မသင့်တော်ပေ။ သင်သည် နားဝေတိမ်တောင်ဖြစ်သောသူဖြစ်ပြီး အယောင်ဆောင် ခေါင်းဆောင်တစ်ဦး ဖြစ်သည်၊ သင်သည် ဖြုတ်ချပြီး ဖယ်ရှားရှင်းလင်းခြင်း ခံသင့်သည်။ အသင်းတော် ခေါင်းဆောင်တစ်ဦးသည် အကြံဉာဏ်ကို နားထောင်ရန် ငြင်းဆန်ပြီး ပြဿနာရှာတတ်သော ဆိုးယုတ်သူတစ်ဦးကို ကာကွယ်ရန် သို့မဟုတ် ၎င်းတို့ကို အဓိကတာဝန်များအတွက် အသုံးပြုရန် တောင်းဆိုပါက ညီအစ်ကိုမောင်နှမများသည် အဆိုပါခေါင်းဆောင်ကို ဖယ်ရှားရုံသာမက ၎င်းကို ဤပြဿနာရှာသောသူနှင့် ပေါင်းကာ ၎င်းတို့နှစ်ဦးလုံးကို ဖယ်ထုတ်ပစ်သင့်သည်။ သင်သည် ပြဿနာရှာသောသူကို မကိုးကွယ်ဘူးလော။ ၎င်းတို့သည်လည်း သင်၏ ကာကွယ်မှုကို ခံစားရပြီး သင်သည် အလွန် အဆင်ပြေနေသည် မဟုတ်လော၊ သို့ဆိုလျှင် တောင်းပန်လေသည်၊ သို့သော် သင်တို့နှစ်ဦးလုံး ထွက်သွားရန် လိုအပ်သည်။ ဘုရားအိမ်တော်သည် သင်တို့နှစ်ဦးလုံးကို မလိုအပ်ပါ။ အသင်းတော်၌ ပြဿနာရှာတတ်သောလူများ ရှိနေပြီး အထက်အဆင့်ခေါင်းဆောင်များက မသိရှိဘဲ အသင်းတော်ခေါင်းဆောင်က နားဝေတိမ်တောင်ဖြစ်ပြီး ပိုင်းခြားသိမြင်မှု ကင်းမဲ့နေပါက သမ္မာတရားကို နားလည်သော ညီအစ်ကိုမောင်နှမများသည် အဆိုပါကိစ္စကို ကြားဝင်ဖြေရှင်းရမည် ဖြစ်သည်။ အကြောင်းတစ်ခုမှာ ၎င်းတို့သည် ကိစ္စရပ်ကို အထက်အဆင့်ခေါင်းဆောင်များထံ အချိန်မီ တိုင်ကြားသင့်၍ဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် အခြားညီအစ်ကိုမောင်နှမများနှင့် ပူးပေါင်း၍ အဆိုပါ အယောင်ဆောင်ခေါင်းဆောင်အကြောင်း မိတ်သဟာယဖွဲ့ပြီး ပိုင်းခြားသိမြင်ရမည်။ ၎င်းသည် အယောင်ဆောင် ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း အတည်ပြုပြီးသည်နှင့် ၎င်းတကို ဖြုတ်ချရမည် သို့မဟုတ် ဖယ်ရှားရမည်ဖြစ်ပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများ၊ အသင်းတော်၏အလုပ်နှင့် အသင်းတော်အသက်တာကို ကာကွယ်နိုင်မည့် ခေါင်းဆောင်သစ်တစ်ဦးကို ရွေးချယ်တင်မြှောက်ရမည် ဖြစ်သည်။ ဤနည်းလမ်းဖြင့် ကျင့်သုံးခြင်းသည် သင့်လျော်သလော။ (သင့်လျော်ပါသည်။) ဤအသင်းတော်ခေါင်းဆောင်နှင့် ပြဿနာရှာတတ်သောသူကို အတူတကွ ရှင်းလင်းဖယ်ရှားပစ်လော့။ ၎င်းတို့သည် မိမိတို့၏ တစ်ပုံစံတည်းသော ယုတ်ညံ့သည့် အရည်အသွေးများကြောင့် အချင်းချင်း အားကျကာ အထင်ကြီးလေးစားလျက် သင့်မြတ်နေကြသော လူနှစ်ဦးဖြစ်သည် မဟုတ်လော။ သို့ဆိုလျှင် ၎င်းတို့၏ ဆန္ဒကို ဖြည့်ဆည်းပေးပြီး ၎င်းတို့ကို လောကသို့ အတူတကွ ပြန်သွားခွင့်ပြုလော့၊ ဘုရားအိမ်တော်သည် ၎င်းတို့ကဲ့သို့သောလူများကို မလိုလားပေ။ ၎င်းတို့သည် အသင်းတော်၌ နေပါက ပြဿနာရှာပြီး ဖန်တီးရုံသာ ပြုလုပ်မည်ဖြစ်ကာ အသင်းတော်၏အလုပ်ကို ကြီးမားသော ထိခိုက်မှု ဖြစ်စေမည်။ ၎င်းတို့ကို ရှင်းလင်းဖယ်ရှားပစ်သင့်သည်။ ၎င်းတို့ မည်သည့်နေရာသို့ သွားလိုသည်ဖြစ်စေ၊ မည်မျှကြီးမားသော ပြဿနာကို ရှာလိုသည်ဖြစ်စေ ယင်းမှာ ၎င်းတို့၏ ကိုယ်ပိုင်ကိစ္စ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ယင်းသည် အသင်းတော်နှင့် မည်သို့မျှ မသက်ဆိုင်ဘဲ အသင်းတော်ကို ပါဝင်ပတ်သက်စေမည်မဟုတ်ပေ။ ယင်းက အဆိုပါကိစ္စကို ဖြေရှင်းပြီးဖြစ်မည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤဖြေရှင်းချက်သည် အတော်ပင် ကောင်းမွန်သည်။ ပြဿနာရှာတတ်သောလူများနှင့်ပတ်သက်၍၊ တစ်ဆယ့်နှစ်ခုမြောက် သရုပ်သကန်အပေါ် ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းသည် ဤတွင် ပြီးဆုံးပါသည်။
ဍ။ နောက်ကြောင်းရာဇဝင် ရှုပ်ထွေးခြင်း
နောက်ထပ် သရုပ်သကန်တစ်ခုဖြစ်သည့် နောက်ကြောင်းရာဇဝင် ရှုပ်ထွေးခြင်းကို ကြည့်ကြစို့။ သင်တို့သည် မည်သည့်လူစားမျိုးများတွင် ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင်များ ရှိသည်ဟု ထင်သနည်း။ (အချို့လူများသည် ရာဇဝတ်မှုလောကနှင့် တရားဝင်အသိုင်းအဝိုင်း နှစ်ခုလုံးတွင် ပါဝင်ပတ်သက်ကြပြီး ၎င်းတို့၏ လူမှုရေး နောက်ကြောင်းရာဇဝင်များသည် အတော်အတန် ရှုပ်ထွေးပါသည်၊ ၎င်းတို့သည် ဤအမျိုးအစားထဲတွင် အကျုံးဝင်ပါသလော။) ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင်များအကြောင်းကို ငါတို့ ပြောဆိုသည့်အခါ အတွေ့အကြုံများ၍ လိမ္မာပါးနပ်သောသူများကို ငါတို့ သေချာပေါက် ရည်ညွှန်းနေခြင်း ဖြစ်သည်။ အတွေ့အကြုံများ၍ လိမ္မာပါးနပ်သောသူများ၏ ပုံမှန်ဟန်ပန်မှာ အဘယ်နည်း။ ၎င်းတို့သည် ထိုင်ချလိုက်ပြီး ခြေထောက်ချိတ်ထိုင်ကာ မရပ်မနား စကားစပြောခြင်း ဖြစ်သည်၊ ၎င်းတို့သည် တွေ့ရာမြင်ရာ အကြောင်းအရာအားလုံးကို တောင်စဉ်ရေမရ ပြောကြပြီး ပြည်တွင်းနှင့် နိုင်ငံတကာရေးရာ နှစ်ခုလုံးအကြောင်းကို ခဏလောက် အာဘောင်အာရင်းသန်သန်ဖြင့် ပြောဆိုနိုင်ကြသော်လည်း ၎င်းတို့ပြောဆိုသည့် စကားတစ်ခွန်းမျှ မမှန်ပေ၊ ယင်းတို့အားလုံးသည် လုပ်ကြံဖန်တီးထားသော သို့မဟုတ် စိတ်ကူးယဉ်ထားသော စကားကြီးစကားကျယ်များသာ ဖြစ်သည်။ လေလုံးထွားတတ်သူများသည် ရှုပ်ထွေးသော လူမှုရေးနောက်ကြောင်းရာဇဝင်များ ရှိသောသူများ ဖြစ်ရမည်ဟု မဆိုလိုပေ။ လေလုံးထွားတတ်သူများသည် အလေဏတောများ သို့မဟုတ် သာမန်လူများသာ ဖြစ်ကောင်းဖြစ်နိုင်သည်၊ ၎င်းတို့သည် မည်သည့်နေရာသို့ သွားသည်ဖြစ်စေ လူတို့ကို အထင်အမြင်မှားစေရန်နှင့် အခြားသူများက ၎င်းတို့ကို အထင်ကြီးစေရန်အတွက် ကြီးကျယ်ခမ်းနားပြီး လက်တွေ့မကျသော အရာများအကြောင်း ပြောဆိုလျက် စကားကြီးစကားကျယ် ပြောတတ်ကြပြီး မကြာမီပင် ၎င်းတို့၏ ဂုဏ်သတင်းများ ပျက်စီးသွားလေသည်။ မည်သည့်လူစားမျိုးများတွင် ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင်များ ရှိသနည်း။ ဥပမာအားဖြင့် အချို့လူများသည် လူ့အဖွဲ့အစည်းရှိ နိုင်ငံရေးပါတီတစ်ခုသို့ ဝင်ရောက်ကြသော်လည်း နှစ်အတန်ကြာ ကြိုးစားပြီးနောက်တွင် မည်သည့်အဆင့်အတန်းမျှ မရရှိကြပေ။ ထို့နောက် ၎င်းတို့သည် အခြားပါတီတစ်ခုသို့ ဝင်ရောက်ကြပြီး နောက်ဆုံးတွင် ခေါင်းဆောင်ငယ် သို့မဟုတ် အရာရှိငယ်ရာထူးတစ်ခုကို ရရှိရန် စီမံနိုင်ခဲ့ကြသည်။ ၎င်းတို့တွင် အထူးရှုပ်ထွေးသော လူမှုရေးဆက်ဆံမှုများ ရှိကြသည်။ ၎င်းတို့ ပေါင်းသင်းဆက်ဆံသောလူများသည် ၎င်းတို့၏ မိတ်ဆွေများဖြစ်သည်ကို သို့မဟုတ် ရန်သူများဖြစ်သည်ကို မည်သူမျှ တပ်အပ်သေချာ မပြောနိုင်ပေ၊ ၎င်းတို့၏ မိသားစုပင် မသိဘဲ ၎င်းတို့ကိုယ်တိုင်သာ သိကြသည်။ ထိုသို့သောလူတို့သည် ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင်များ ရှိကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤလူတို့တွင် နိုင်ငံရေးအရ ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင်များ ရှိကြသည်။ ယနေ့ ၎င်းတို့သည် ဤပါတီကို ထောက်ခံပြီး နက်ဖြန်တွင်မူ ထိုပါတီကို ထောက်ခံကြသည်၊ ယနေ့ ၎င်းတို့သည် ရွေးကောက်ပွဲအတွက် လူတစ်ဦးကို ကျောထောက်နောက်ခံပြုပြီး မနက်ဖြန်တွင်မူ အခြားတစ်ဦးကို ကျောထောက်နောက်ခံပြုကြသည်။ အတိုချုပ်ဆိုရလျှင် ၎င်းတို့ အမှန်တကယ် မည်သို့တွေးထင်သည်ကို မည်သူမျှ မသိပေ။ ၎င်းတို့သည် မည်သူ့ကို အတိအကျ ထောက်ခံသည်ကိုဖြစ်စေ၊ ၎င်းတို့၏ နိုင်ငံရေးရပ်တည်ချက် သို့မဟုတ် နိုင်ငံရေးရည်မှန်းချက်များမှာ အတိအကျ အဘယ်အရာ ဖြစ်သည်ကိုဖြစ်စေ သာမန်လူများကို မပြောကြပေ၊ ၎င်းတို့သည် ဤအရာများနှင့်ပတ်သက်၍ အထူးလျှို့ဝှက်ကြပြီး သာမန်လူများ၊ ၎င်းတို့၏ မိသားစုများပင်လျှင် ၎င်းတို့နှင့်ပတ်သက်၍ ဤအရာများကို မသိကြပေ။ သို့သော် ၎င်းတို့သည် နိုင်ငံရေးကို အထူးပင် စိတ်အားထက်သန်ကြပြီး ၎င်းတို့တွင် အသိအကျွမ်းအချို့ရှိကာ နိုင်ငံရေးနယ်ပယ်မှ လူအချို့ကို သိကျွမ်းကြသည်၊ လောလောဆယ်တွင် ၎င်းတို့၏ ရည်မှန်းချက်များကို မပြီးမြောက်သေးခြင်းသာ ဖြစ်သည်။ ဤလူစားမျိုးသည် အသင်းတော်ထဲသို့ ဝင်ရောက်လာပြီးနောက် ညီအစ်ကိုမောင်နှမများသည် နိုင်ငံရေးကို နားမလည်သော သို့မဟုတ် မပါဝင်သော သာမန်လူများသာဖြစ်ကြောင်း ၎င်းတို့ မြင်တွေ့ကြပြီး ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောသူတို့ကို မထီမဲ့မြင်ပြုကြသည်။ သို့ဖြစ်လင့်ကစား ၎င်းတို့သည် ဘာသာရေးလောကနှင့် လူ့အဖွဲ့အစည်းရှိ အသင်းတော်၏ ကျော်ကြားမှုကို အမြတ်ထုတ်လိုကြသည် သို့မဟုတ် ၎င်းတို့အလိုရှိရာကို လုပ်ဆောင်ရန်၊ ၎င်းတို့၏ လွန်ကဲသော လိုအင်ဆန္ဒများကို ဖြည့်ဆည်းရန် သို့မဟုတ် ၎င်းတို့၏ နိုင်ငံရေး ရည်မှန်းချက်များကို အစွမ်းကုန် ထုတ်သုံးရန် အသင်းတော်၏ ဩဇာအာဏာကို အခွင့်ကောင်း ယူလိုကြသည်၊ ဆိုလိုသည်မှာ ၎င်းတို့သည် အသင်းတော်အသိုင်းအဝိုင်း သို့မဟုတ် အသင်းတော်အတွင်းရှိ အချို့သောလူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို အသုံးပြု၍ ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက်များ ဖြည့်ဆည်းရန် အသင်းတော်အတွင်း၌ ပုန်းအောင်းကာ အခွင့်အခါကောင်းကို စောင့်ဆိုင်းလိုကြခြင်း ဖြစ်သည်။ ဤလူစားမျိုးကို ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင်ရှိသည်ဟု မှတ်ယူနိုင်သလော။ (ဟုတ်ပါသည်။) နိုင်ငံရေးတွင် ပါဝင်ပတ်သက်သောသူတို့ အသုံးပြုသည့် အတွေးအခေါ်များ၊ ကိစ္စရပ်များကို ကိုင်တွယ်ခြင်းအတွက် စည်းမျဉ်းများ၊ အမျိုးမျိုးသော နည်းဗျူဟာများ၊ စကားပြောဆိုခြင်းအတွက် ပရိယာယ်များနှင့် နည်းလမ်းများသည် သာမန်လူများ ထိုးထွင်းမမြင်နိုင်သော အရာများ ဖြစ်ကြသည်။ အထူးသဖြင့် လူငယ်များ သို့မဟုတ် လူမှုရေးအတွေ့အကြုံ မရှိသောသူများသည် ၎င်းတို့ကို လုံးဝ ထိုးထွင်းမမြင်နိုင်ကြပေ။ နိုင်ငံရေးအရ ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင်များရှိသည့် ဤလူတို့အတွက် နိုင်ငံရေးအတွေးအမြင် မရှိသောသူတို့သည် ၎င်းတို့၏ လက်ထဲမှ ကစားစရာများဖြစ်ကြပြီး ၎င်းတို့သည် ထိုသို့သောလူတို့ကို လုံးဝ အထင်သေးကြသည်။ တိကျမှုမရှိသော ဥပမာတစ်ခုကို ပေးရလျှင် တိရစ္ဆာန်လောကတွင် အစဉ်းလဲဆုံးသော သတ္တဝါများမှာ မြွေများ၊ မြေခွေးများနှင့် ကျားများ ဖြစ်ကြသည်။ ၎င်းတို့၏ အမြင်ရှုထောင့်မှကြည့်လျှင် သိုးများ၊ ယုန်များ၊ သမင်များနှင့် ခွေးများကဲ့သို့သော တိရစ္ဆာန်များသည် မိုက်မဲကြသည်။ နိုင်ငံရေး နောက်ကြောင်းရာဇဝင်များ ရှိသောလူများသည် ညီအစ်ကိုမောင်နှမအများစုကို မြေခွေးများနှင့် မြွေများကဲ့သို့သော စဉ်းလဲသည့် တိရစ္ဆာန်များက သိုးများ၊ သမင်များနှင့် ခွေးများကဲ့သို့သော ဖြူစင်ရိုးသားသည့် တိရစ္ဆာန်များကို ရှုမြင်သည့်ပုံစံအတိုင်း ရှုမြင်ကြသည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို ရှင်းလင်းစွာ မြင်နိုင်ကြသော်လည်း ညီအစ်ကိုမောင်နှမများကမူ ၎င်းတို့ကို ထိုးထွင်းမမြင်နိုင်ကြပေ။ သို့ဆိုလျှင် နိုင်ငံရေးအရ ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင်များ ရှိသည့်လူများကို ငါတို့ မည်သို့ ပိုင်းခြားသိမြင်နိုင်မည်နည်း။ နိုင်ငံရေးတွင် ပါဝင်ပတ်သက်သောသူတို့သည် နိုင်ငံရေးနှင့် အာဏာအပေါ်၌ အားတက်သရော စိတ်နှစ်ထားလျက်ရှိကြသည်။ ၎င်းတို့သည် အာဏာနှင့် နိုင်ငံရေးတွင် ပါဝင်ပတ်သက်ခြင်းကို နှစ်သက်နေသမျှ အနှေးနှင့်အမြန်ဆိုသလို နိုင်ငံရေး၌ ပါဝင်ကြလိမ့်မည်၊ ၎င်းတို့သည် အသင်းတော်၌ ထာဝရ ပုန်းကွယ်နေနိုင်မည် မဟုတ်ပေ။ ၎င်းတို့ မိမိတို့ကိုယ်ကို ဖော်ထုတ်သည့်အခါတွင် သင် နားလည်သွားလိမ့်မည်၊ “ဪ၊ ဖြစ်ချင်တော့ ၎င်းတို့က ဘုရားသခင်ကို နိုင်ငံရေး ရည်ရွယ်ချက်များအတွက် ယုံကြည်ကြခြင်းပါတကား။ ၎င်းတို့တွင် နိုင်ငံရေးနောက်ကြောင်းရာဇဝင်ရှိပြီး ဘုရားသခင်ကို စိတ်ရင်းမှန်ဖြင့် မယုံကြည်ကြ။ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ၎င်းတို့တွင် အခြားရည်ရွယ်ချက်တစ်ခု ရှိနေပါတကား” ဟူ၍ ဖြစ်သည်။ ထိုလူတို့သည် အသင်းတော်ထဲသို့ ပထမဆုံး ဝင်ရောက်လာသည့်အခါ ၎င်းတို့သည် စုဝေးပွဲများ တက်ရောက်ပြီး မိမိတို့၏ တာဝန်ကို ပုံမှန်အတိုင်း ထမ်းဆောင်လျက် မိမိတို့ကိုယ်ကို အထူးကောင်းမွန်စွာ ဖုံးကွယ်ထားကြသည်။ သို့သော် အချိန်အခါ သင့်သည့်အခါတွင် ၎င်းတို့သည် မိမိတို့အလိုရှိရာကို လုပ်ဆောင်ရန် အသင်းတော်ကို အသုံးပြုဖို့ ကြိုးစားကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ လွန်ကဲသော လိုအင်ဆန္ဒများနှင့် စရိုက်မှန်များသည် သဘာဝအတိုင်း ဖော်ထုတ်ခြင်းခံရလိမ့်မည်။ ထိုအခါမှသာ ညီအစ်ကိုမောင်နှမများက ၎င်းတို့သည် မယုံကြည်သူများ ဖြစ်ကြောင်း မြင်နိုင်ကြလိမ့်မည်။ ၎င်းတို့ ဖော်ထုတ်ခြင်းခံရသည့်အခါ ၎င်းတို့ကို ပိုင်းခြားသိမြင်ရန် အလွန်လွယ်ကူသွားသည်။ ဥပမာအားဖြင့် ဝံပုလွေတစ်ကောင်သည် သိုးရေခြုံထားပြီး သိုးအုပ်ထဲတွင် ရောနှောနေသည့်အခါ သင်သည် ယင်းမှာ ဝံပုလွေဖြစ်သည်ကို သို့မဟုတ် သိုးဖြစ်သည်ကို မပိုင်းခြားနိုင်ပေ၊ သို့သော် ယင်းက သိုးကို စတင်စားသည့်အခါတွင်မူ သင်သည် ယင်းကို ဝံပုလွေအဖြစ် ပိုင်းခြားသိမြင်သွားလိမ့်မည်။ နိုင်ငံရေးတွင် ပါဝင်ပတ်သက်သောသူတို့သည် အသင်းတော်ထဲသို့ ခိုးဝင်လာသော မယုံကြည်သူများအားလုံး ဖြစ်ကြသည်။ ဤလူတို့သည် ညီအစ်ကိုမောင်နှမများကို နိုင်ငံရေးပါတီတစ်ခုခုသို့ ဝင်ရောက်ရန်နှင့် ၎င်းတို့နှင့်အတူ နိုင်ငံရေးတွင် ပါဝင်ရန်အတွက် အထင်အမြင်မှားစေပြီး ဆွဲဆောင်ဖို့ ကြိုးစားသည့်အခါ ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းသည် အတုအယောင်ဖြစ်ပြီး ၎င်းတို့၏ စစ်မှန်သော ရည်မှန်းချက်မှာ နိုင်ငံရေးတွင် ပါဝင်ရန်ဖြစ်ကြောင်း သင် မြင်တွေ့ရလိမ့်မည်၊ ၎င်းတို့၏ နောက်ကြောင်းရာဇဝင်သည် မည်မျှပင် ရှုပ်ထွေးစေကာမူ ယင်းသည် ပေါ်လွင်လာပြီး ဖော်ထုတ်ခြင်းခံခဲ့ရပြီး ဖြစ်လိမ့်မည်။ ဤအချိန်တွင် လူတို့သည် ၎င်းတို့ကို ပိုင်းခြားသိမြင်နိုင်ကြလိမ့်မည်။ ဤသည်မှာ နောက်ကြောင်းရာဇဝင် ရှုပ်ထွေးသူများထဲမှ နိုင်ငံရေးအရ ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင်ရှိသည့် လူအမျိုးအစားတစ်မျိုး ဖြစ်သည်။
နောက်ကြောင်းရာဇဝင် ရှုပ်ထွေးသောသူများ အမျိုးအစားတွင် ပါဝင်သော အခြားလူအမျိုးအစားတစ်မျိုးလည်း ရှိသေးသည်။ လူ့အဖွဲ့အစည်းရှိ အချို့လူများသည် အေးဆေးတည်ငြိမ်စွာမနေဘဲ မသမာသူများနှင့် ပေါင်းသင်းဆက်ဆံခြင်းကို နှစ်သက်ကြသည်။ ဤပုဂ္ဂိုလ်များတွင် ဥပမာအားဖြင့် အတုလုပ်ခြင်းနှင့် လိမ်လည်ခြင်းကို ကျူးလွန်သောသူများ သို့မဟုတ် ရာဇဝတ်မှုလောကမှ အဖွဲ့ဝင်များ၊ အပေါ်ယံအားဖြင့် အစိုးရအရာရှိများ သို့မဟုတ် စီးပွားရေးသမားများ ဖြစ်ကြသော်လည်း အချို့သောအရာရှိများ သို့မဟုတ် ရာဇဝတ်မှုလောကမှ အဖွဲ့ဝင်များနှင့် ပူးပေါင်းကြံစည်ကာ နိုင်ငံတော်မှ တားမြစ်ထားသော သေနတ်များ၊ မူးယစ်ဆေးဝါးများ သို့မဟုတ် အခြားကုန်ပစ္စည်းများကို တရားမဝင် ရောင်းဝယ်ဖောက်ကားလျက် နောက်ကွယ်တွင် တရားမဝင် ရာဇဝတ်မှုဆိုင်ရာ လုပ်ဆောင်ချက်များကို အစဉ်ပြုလုပ်သော လူ့အဖွဲ့အစည်း၌ အဆင့်အတန်း၊ ကျော်ကြားမှုနှင့် ဂုဏ်သိက္ခာရှိသူများ၊ ထို့အပြင် အကြိမ်များစွာ ပြစ်ဒဏ်ချမှတ်ခံရပြီး ထောင်ကျခဲ့ဖူးသည့်အပြင် သင်္ချိုင်းဂူတူးဖော်ကာ အဖိုးတန်ပစ္စည်းများယူခြင်း၊ မုဒိမ်းကျင့်ခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားခြင်းကဲ့သို့သော ဆိုးယုတ်သည့်အမှုအချို့ကို ပြုလုပ်ခဲ့ဖူးသောသူများ သို့မဟုတ် လူကုန်ကူးသူများ သို့မဟုတ် လူမှောင်ခိုသမားများပင် ဖြစ်သောသူများ ပါဝင်သည်။ ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင်များရှိသည့် ဤသို့သောလူများသည် ဤသို့သော ပုဂ္ဂိုလ်များနှင့် ပေါင်းသင်းဆက်ဆံကြပြီး ၎င်းတို့သည် ထိုသူတို့နှင့် အထူးသဖြင့် ရင်းနှီးသောဆက်ဆံရေးများလည်း ရှိကြသည်၊ ၎င်းတို့သည် အချင်းချင်း “ညီအစ်ကိုများ” ဟု ခေါ်ဝေါ်ကြပြီး အချင်းချင်း အသုံးချကာ အပြန်အလှန် အမှုအရာများ လုပ်ဆောင်ပေးကြသည်။ အပေါ်ယံအားဖြင့် ဤလူတို့သည် မည်သည့်သိသာထင်ရှားသော ဒုစရိုက်အမှုများကိုမျှ မပြုလုပ်ကြသကဲ့သို့ ခိုးမှု၊ လုယက်မှု၊ လူသတ်မှု သို့မဟုတ် မီးရှို့မှုတို့ကိုလည်း မကျူးလွန်ကြပေ၊ သို့သော် ၎င်းတို့ ပေါင်းသင်းဆက်ဆံသော အုပ်စုများနှင့် ၎င်းတို့ သွားလာလှုပ်ရှားသော အသိုင်းအဝိုင်းများအားလုံးသည် ဤအကျင့်မကောင်းသော ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသည်။ ဤလူစားမျိုးသည်လည်း အတော်ပင် ကြောက်စရာကောင်းသည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် ဤပုဂ္ဂိုလ်များနှင့် စီးပွားရေးတွင် ရင်းနှီးမြှုပ်နှံရန် ပူးပေါင်းကြပြီး ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်က တရားမဝင်သော အရာတစ်ခုခုကို လုပ်ဆောင်၍ ၎င်းတို့၏ အကူအညီ လိုအပ်သည့်အခါတွင် ၎င်းတို့က အကူအညီပေးကြသည်။ ၎င်းတို့သည် အဓိကတရားခံ မဟုတ်နိုင်သော်လည်း ပြစ်မှုကျူးလွန်ရာတွင် အပေါင်းအပါ ဖြစ်ကြသည်။ ဤလူစားမျိုးသည် ဥပဒေ၏ဘောင်ကို မကြာခဏ လက်တစ်လုံးခြား လုပ်နေသည်ဟု သင် ပြောနိုင်သည်။ “ဥပဒေ၏ဘောင်ကို လက်တစ်လုံးခြား လုပ်နေသည်” ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ (ဆိုလိုသည်မှာ ၎င်းတို့သည် ဥပဒေကို ချိုးဖောက်နိုင်ချေရှိသော လုပ်ဆောင်ချက်များတွင် မကြာခဏ ပါဝင်ပတ်သက်ခြင်း ဖြစ်ပါသည်။) ယင်းမှာ ကဏ္ဍတစ်ခု ဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် ဥပဒေ၏ အားနည်းချက်များကို မကြာခဏ အမြတ်ထုတ်ကြပြီး ၎င်းတို့ ပါဝင်ပတ်သက်သော အမှုအရာများအားလုံးသည် ကြီးမားသောကိစ္စရပ်များ ဖြစ်ကြသည်။ ၎င်းတို့ အဖမ်းခံရပါက ပြစ်မှုကျူးလွန်ရာတွင် အပေါင်းအပါအဖြစ်ပင်လျှင် ၎င်းတို့သည် ၁၀ နှစ် သို့မဟုတ် အနှစ် ၂၀ ထောင်ဒဏ် ချမှတ်ခံရနိုင်သည် သို့မဟုတ် ကြီးမားသော ဒဏ်ငွေများကို ရင်ဆိုင်ရနိုင်သည်။ ဤလူစားမျိုးသည် ဒုက္ခပေးတတ်သူ ဖြစ်သည်ဟု သင် ပြောမည်မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် ၎င်းတို့ သိသာထင်ရှားသော ဒုစရိုက်အမှုကို ကျူးလွန်သည်ကို မည်သည့်အခါမျှ မမြင်ဖူးသကဲ့သို့ ၎င်းတို့ လူသတ်ခြင်း၊ မီးရှို့ခြင်း သို့မဟုတ် တစ်စုံတစ်ဦးကို လိမ်လည်ခြင်း သို့မဟုတ် အမှုဆင်ခြင်းတို့ကိုလည်း မမြင်ဖူးပေ၊ သို့သော် ရာဇဝတ်မှုလောကနှင့် တရားဝင်အသိုင်းအဝိုင်း နှစ်ခုလုံးတွင် တရားမဝင် ကိုယ်ကျိုးရှာပြီး ဥပဒေကို ချိုးဖောက်သောသူတို့သည် ကြီးမားသော အကျိုးအမြတ်များ ရရှိရန် တရားမဝင်သော လုပ်ဆောင်ချက်များတွင် ပါဝင်သည့်အခါ ဤလူစားမျိုးသည်လည်း အကျိုးအမြတ်များထဲမှ ဝေစုတစ်ခု ရရှိသည်။ ဤလူစားမျိုးသည် ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင်ရှိသည်ဟု သင်တို့ သတ်မှတ်မည်လော။ (ဟုတ်ပါသည်။) ထိုသို့သောလူများ ဘုရားအိမ်တော်၌ ဆက်လက်ရှိနေခြင်းသည် ကောင်းသောအရာ ဖြစ်မည်လော။ (မဟုတ်ပါ။) ၎င်းတို့သည် ရာဇဝတ်မှုလောကနှင့် တရားဝင်အသိုင်းအဝိုင်း နှစ်ခုလုံးနှင့် ပေါင်းသင်းဆက်ဆံသည့်အပြင် တရားမဝင်သော လုပ်ဆောင်ချက်များတွင်လည်း ပါဝင်ကြခြင်းသည် ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင် ဖြစ်သည်။ ၎င်းတို့သည် အချို့သော အစိုးရအရာရှိများနှင့် ပေါင်းသင်းဆက်ဆံပြီး ၎င်းတို့နှင့် ပုံမှန်နည်းလမ်းဖြင့် ပေါင်းသင်းဆက်ဆံကာ အပြန်အလှန်ဆက်သွယ်ပါက ယင်းမှာ လက်ခံနိုင်ဖွယ်ရှိသည်။ သို့သော် ၎င်းတို့ ပေါင်းသင်းဆက်ဆံသောလူများသည် အမျိုးမျိုးသော တရားမဝင် ရာဇဝတ်မှုဆိုင်ရာ လုပ်ဆောင်ချက်များတွင် ပါဝင်ပတ်သက်သော အပျက်သဘောဆောင်သည့် ပုဂ္ဂိုလ်များဖြစ်ပါက ယင်းမှာ အလွန် ပြဿနာများပြီး အနှေးနှင့်အမြန်ဆိုသလို တစ်စုံတစ်ခု မှားယွင်းသွားလိမ့်မည်။ ဤလူစားမျိုးသည် ထိုလူများနှင့် ပေါင်းသင်းဆက်ဆံခြင်းကို နှစ်သက်သည်၊ ၎င်းတို့သည် ငွေရှာရန်၊ ချမ်းသာရန်နှင့် ကောင်းမွန်သောဘဝဖြင့် နေထိုင်ရန် ၎င်းတို့၏ ဩဇာအာဏာကို အားကိုးလျက် ၎င်းတို့၏ ကျောကို မှီကြသည်။ သို့ဆိုလျှင် ၎င်းတို့ကို လူကောင်းတစ်ဦးအဖြစ် မှတ်ယူနိုင်သလော။ (မမှတ်ယူနိုင်ပါ။) လူတို့သည် “အမျိုးတူရာ စုပေါင်းတတ်ကြသည်” ဟု မကြာခဏ ပြောဆိုကြသည်၊ ၎င်းတို့သည် ရာဇဝတ်မှုလောကနှင့် တရားဝင်အသိုင်းအဝိုင်း နှစ်ခုလုံးမှ အဖွဲ့ဝင်များနှင့် ပေါင်းသင်းဆက်ဆံနိုင်ကြသည်၊ ၎င်းတို့သည် မိမိတို့၏ သင့်တော်သောနေရာတွင် နေထိုင်သော ရည်မွန်သည့်လူတစ်ဦးဖြစ်သည်ဟု သင် ထင်သလော။ (မထင်ပါ။) လုံးဝမဟုတ်ပေ။ ၎င်းတို့သည် ထိုပုဂ္ဂိုလ်များနှင့် ပေါင်းသင်းဆက်ဆံကြသည်မှာ တစ်ဖက်တွင် ၎င်းတို့သည် ထိုလူတို့အတွက် အသုံးဝင်သောကြောင့် ဖြစ်နိုင်သည်၊ ၎င်းတို့သည် မိမိတို့ ပေါင်းသင်းဆက်ဆံသောသူတို့အတွက် အချို့သော တာဝန်များကို ကိုင်တွယ်ပေးနိုင်သည်။ အခြားတစ်ဖက်တွင်မူ ၎င်းတို့သည် ရာဇဝတ်မှုလောကနှင့် တရားဝင်အသိုင်းအဝိုင်း နှစ်ခုလုံးမှ မိမိတို့ ပေါင်းသင်းဆက်ဆံသောလူများကို နှစ်သက်သောကြောင့် ဖြစ်သည်၊ ထိုလူတို့၏ ကျွမ်းကျင်မှုများ၊ စွမ်းရည်များနှင့် ဩဇာအာဏာအပြင် ၎င်းတို့ထံသို့ ယူဆောင်လာပေးသော အကျိုးအမြတ်များသည် ၎င်းတို့ လိုအပ်သောအရာများနှင့် ၎င်းတို့ နှစ်သက်သောအရာများအားလုံး ဖြစ်ကြသည်။ သို့ဆိုလျှင် ၎င်းတို့သည် မည်သို့သောလူစားမျိုး အတိအကျ ဖြစ်သနည်း။ (၎င်းတို့သည် ရည်မွန်သော လူတစ်ဦး မဟုတ်ပါ။) ဤသို့သာ ဆိုနိုင်ပေသည်။ ၎င်းတို့သည် မိမိတို့ ပေါင်းသင်းဆက်ဆံသောသူတို့နှင့် အမျိုးအစားတူပင် ဖြစ်သည်၊ ၎င်းတို့အားလုံးသည် အချင်းချင်း အသုံးချကြသည်။ ဤလောကတွင် သင့်အတွက် ကိစ္စများ ဆောင်ရွက်ပေးနိုင်သော သို့မဟုတ် သင့်ကို လုံးဝ ယုံကြည်စိတ်ချပြီး သင်၏ မိတ်ဆွေများ ဖြစ်လာနိုင်သောလူများစွာ မရှိပေ၊ သို့သော် ၎င်းတို့ တည်ရှိသည်၊ ထိုသို့သောလူစားမျိုးများနှင့် ပေါင်းသင်းဆက်ဆံရန် မလိုအပ်ပေ။ ဤလူစားမျိုးသည် ၎င်းတို့နှင့် ပေါင်းသင်းဆက်ဆံသည်မှာ တစ်ဖက်တွင် ၎င်းတို့၏ တူညီသော ယုတ်ညံ့သည့် အရည်အသွေးများကြောင့် အချင်းချင်း သဘောတူညီကြပြီး အမျိုးတူရာ စုပေါင်းတတ်ကြသောကြောင့် ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ ဤလူသည် လောကီတွင် မိမိတို့၏ ကိုယ်ကျိုးစီးပွားနှင့် ရှင်သန်မှုအတွက် မည်သည့်အရာကိုမဆို လုပ်ဆောင်မည်ဖြစ်ပြီး လူများနှင့် ပေါင်းသင်းဆက်ဆံခြင်းနှင့်ပတ်သက်လာလျှင် ၎င်းတို့တွင် လုံးဝ စည်းမျဉ်းများ မရှိသကဲ့သို့ မည်သည့်အရာကို လုပ်ဆောင်ရာတွင်မျှလည်း စည်းမျဉ်းများ မရှိသောကြောင့် ဖြစ်သည်။ ဘာသာတရား မရှိသူများပင်လျှင် “လူကြီးလူကောင်းတစ်ဦးသည် ဥစ္စာဓနကို နှစ်သက်သော်လည်း သင့်တော်မှန်ကန်သော နည်းလမ်းဖြင့်သာ ရယူသည်” ဟု ပြောဆိုကြပြီး ဤအရာကို အနိမ့်ဆုံးစံနှုန်းအဖြစ် စောင့်ထိန်းကြသည်။ ၎င်းတို့သည် ဤအနိမ့်ဆုံးစံနှုန်းအတိုင်း နေထိုင်နိုင်သည်ဖြစ်စေ၊ မနေထိုင်နိုင်သည်ဖြစ်စေ မည်သို့ပင်ဖြစ်စေ ဤသည်မှာ လူသားမျိုးနွယ်ကြားတွင် အတော်အတန် မြင့်မြတ်သော ရှင်သန်မှုဆိုင်ရာ အတွေးအခေါ်တစ်ခုအဖြစ် သတ်မှတ်သည်။ သို့သော် ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင်များရှိသည့် ဤသို့သောလူများသည် မိမိတို့၏ ကိုယ်ကျိုးစီးပွားနှင့် အကျိုးအမြတ် ရရှိခြင်းအတွက် လူများနှင့် ပေါင်းသင်းဆက်ဆံခြင်းဖြင့်ပတ်သက်လာလျှင် နည်းလမ်းမရွေး၊ လူမရွေး ဖြစ်ကြသည်၊ ယင်းမှ အကျိုးအမြတ်များ ရရှိနိုင်သမျှ ကာလပတ်လုံး ၎င်းတို့သည် မည်သူနှင့်မဆို ပေါင်းသင်းဆက်ဆံကြလိမ့်မည်။ ထို့အပြင် ၎င်းတို့သည် ထိုလူများနှင့် ပေါင်းသင်းဆက်ဆံနိုင်ခြင်းကို အလွန် ဂုဏ်ယူကြပြီး လူများနှင့် ပေါင်းသင်းဆက်ဆံရာတွင် မိမိတို့ကိုယ်တိုင် အသုံးပြုသော နည်းလမ်းများသည် ကောင်းမွန်သည်ဟု ထင်မှတ်ကြသည်။ သို့ဆိုလျှင် ဤလူစားမျိုးကို ငါတို့ မည်သို့ ရှုမြင်သင့်သနည်း။ ၎င်းတို့သည် ရာဇဝတ်မှုလောကနှင့် တရားဝင်အသိုင်းအဝိုင်း နှစ်ခုလုံးတွင် ပါဝင်ပတ်သက်ကြသည်၊ ဤသည်မှာ ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင် ဖြစ်သည်။ ဤသို့သော လူစားမျိုးသည် အလွန် ကြောက်စရာကောင်းလှသည်။ ၎င်းတို့ ပြသသော မျက်နှာသည် အစစ်အမှန်လော။ မဟုတ်ပေ၊ ၎င်းတို့သည် အစဉ်သဖြင့် မျက်နှာဖုံးတစ်ခုကို ဝတ်ဆင်ထားကြသည်။ သင်သည် ၎င်းတို့ကို မည်သည့်အခါမျှ ထိုးထွင်းမမြင်နိုင်သကဲ့သို့ ၎င်းတို့ စိတ်ထဲတွင် မည်သည့်အရာကို တွေးတောနေသည်ကိုလည်း မသိနိုင်ပေ။ သင်နှင့် ပေါင်းသင်းဆက်ဆံသည့်အခါ ၎င်းတို့သည် မျက်နှာဖုံးတစ်ခုကို ဝတ်ဆင်ကြပြီး ဘုရားသခင်ကို ယုံကြည်သောသူများကြားတွင်ပင် ခိုးဝင်နေကြသည်။ ယင်းမှာ လူအုပ်ထဲသို့ ရောနှောဝင်ရောက်နေသော နတ်ဆိုးတစ်ကောင်ကဲ့သို့ သို့မဟုတ် သိုးအုပ်ထဲသို့ ခိုးဝင်လာသော မြေခွေးတစ်ကောင် သို့မဟုတ် ဝံပုလွေတစ်ကောင်ကဲ့သို့ပင် ဖြစ်သည်။ ယင်းက သင့်ကို လုံခြုံသည်ဟု ခံစားရစေသလော။ (မခံစားရစေပါ။) အဘယ်ကြောင့် ထိုသို့ ပြောဆိုရသနည်း။ ယင်းမှာ ၎င်းတို့၏ စဉ်းလဲပြီး ရက်စက်ကြမ်းကြုတ်ကာ ဆိုးယုတ်သော သဘာဝကို အခြေခံခြင်း ဖြစ်သည်၊ ၎င်းတို့သည် သင့်ကို အစဉ်မပြတ် အကြံအစည် ထုတ်နေကြသည်၊ သင့်နောက်တွင် သင်၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေသော ကလိမ်ကျပြီး ဆိုးယုတ်သော မျက်လုံးတစ်စုံ အစဉ်ရှိနေသကဲ့သို့ ဖြစ်သည်၊ ပြီးလျှင် ၎င်းတို့သည် သင့်ကို ဖျက်ဆီးရန်နှင့် ဝါးမျိုရန် အခွင့်အရေးကို စောင့်ဆိုင်းနေကြခြင်းသာ ဖြစ်သည်။ ယင်းမှာ ကြောက်စရာမကောင်းပေလော။ (ကောင်းပါသည်။) ဤလူစားမျိုးက သင့်ကို ပေးသော ခံစားချက်သည် မည်သည့်အခါမျှ လုံခြုံမှုတစ်ခု မဟုတ်ပေ၊ အကြောင်းမှာ ၎င်းတို့၏ သဘာဝနှင့် နောက်ကြောင်းရာဇဝင်သည် ၎င်းတို့သည် သင့်အတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်ကြောင်း သင့်ကို အစဉ် ခံစားရစေသောကြောင့် ဖြစ်သည်။ မည်သို့သော ခြိမ်းခြောက်မှုမျိုးနည်း။ ၎င်းတို့ အနီးအနားတွင် ရှိနေလျှင် သင်သည် ၎င်းတို့က သင့်ကို အချိန်မရွေး၊ နေရာမရွေး အကြံအစည်ထုတ်နိုင်သည်၊ ကစားစရာကဲ့သို့ သဘောထားနိုင်သည်၊ ထောင်ချောက်ဆင်နိုင်သည်ဟု အစဉ်မပြတ် ခံစားရပြီး သင်သည် ၎င်းတို့၏ အသုံးချခြင်း သို့မဟုတ် အန္တရာယ်ပြုခြင်းကို မည်သည့်အချိန်တွင် ခံရနိုင်သည်ကို မည်သည့်အခါမျှ မသိနိုင်ဘဲ ၎င်းတို့၏ လက်ထဲတွင် အသက်ဆုံးရှုံးရခြင်း သို့မဟုတ် ၎င်းတို့ကြောင့် ပျက်စီးခြင်းသို့ ရောက်ရှိရခြင်းဖြင့် အဆုံးသတ်သွားမည် ဖြစ်သည်။ ထို့ကြောင့် ထိုသို့သောလူများကို အနီးတွင် လုံးဝ မထားသင့်ပေ။ ငါ့ကို ပြောလော့၊ အခြေအနေများမှာ ဤသို့ မဟုတ်လော။ (ဟုတ်ပါသည်။) ဥပမာအားဖြင့် ဝံပုလွေတစ်ကောင်ကို သိုးအုပ်ထဲသို့ ထည့်ခြင်းသည် သိုးများကို ကာကွယ်မည်လော သို့မဟုတ် ပျက်စီးခြင်းသို့ ရောက်စေမည်လော။ (ပျက်စီးခြင်းသို့ ရောက်စေမည်။) ဝံပုလွေတစ်ကောင်၏ သဘာဝအရ ယင်းသည် သိုးများ၏ ဘေးတွင် နေ၍ ၎င်းတို့၏ လုံခြုံရေးကို မည်သည့်အခါမျှ ကာကွယ်ပေးမည် မဟုတ်ပေ၊ အကြောင်းမှာ ယင်း၏ စိတ်ထဲတွင် သိုးများသည် ၎င်း၏ အစာဖြစ်ပြီး မည်သည့်အချိန်၊ မည်သည့်နေရာတွင် ဗိုက်ဆာသည်ဖြစ်စေ ယင်းသည် သိုးများကို စားမည်ဖြစ်သည်၊ ယင်းသည် သိုးများကို သနားခြင်းမရှိသကဲ့သို့ သိုးများကို ချမ်းသာပေးမည်လည်း မဟုတ်ပေ။ ဝံပုလွေတစ်ကောင်တွင် ခွေးတစ်ကောင်၏ စွမ်းရည်များ မရှိပေ။ ခွေးတစ်ကောင်သည် သိုးများနှင့်အတူ ကြီးပြင်းလာပါက ယင်းသည် သိုးများကို ကာကွယ်ရန် အရာတစ်ခုအဖြစ် မှတ်ယူပြီး ဝံပုလွေတစ်ကောင်က သိုးများကို တိုက်ခိုက်ရန် သို့မဟုတ် စားရန် လာသည့်အခါ ခွေးသည် ရှေ့သို့ထွက်၍ တိုက်ခိုက်ကာ သိုးများကို ကာကွယ်ခြင်း တာဝန်ကို မိမိ၏ မဖြစ်မနေ ထမ်းဆောင်ရမည့် တာဝန်အဖြစ် ထမ်းဆောင်လိမ့်မည်၊ ခွေးများတွင် ဤပင်ကိုအရည်အသွေး ရှိကြသည်။ သို့သော် ဝံပုလွေများမှာမူ ကွဲပြားသည်၊ သိုးများကို စားလိုခြင်းသည် ဝံပုလွေများ၏ ပင်ကိုအရည်အသွေး ဖြစ်သည်။ ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင်ရှိသည့် ဤသို့သောလူတစ်ဦးသည် အသင်းတော်ထဲသို့ ခိုးဝင်လာသည့်အခါ ယင်းမှာ ဝံပုလွေတစ်ကောင် သိုးအုပ်ထဲသို့ ခိုးဝင်လာခြင်းနှင့် တူညီသည်၊ ဝံပုလွေသည် ဗိုက်မဆာသည့်အခါ ယင်းသည် သိုးများအတွက် အန္တရာယ် မဖြစ်စေနိုင်ပေ၊ သို့သော် ယင်း ဗိုက်ဆာလာသည့်အခါတွင်မူ သိုးများသည် ၎င်းစားမည့်အစာ ဖြစ်လာရန် သေချာပြီး ဤအဖြစ်မှန်ကို မည်သူမျှ မပြောင်းလဲနိုင်ပေ။ ဤသည်မှာ ၎င်း၏ သဘာဝအားဖြင့် အဆုံးအဖြတ်ပေးခြင်း ဖြစ်သည်။ ဝံပုလွေက သိုးများကို စားခြင်း ပြဿနာကို ဖြေရှင်းရန် သင်သည် ဝံပုလွေကို အမြန် ဖော်ထုတ်ရမည်။ သိုးရေခြုံထားသော ဝံပုလွေမှာ မည်သူဖြစ်သည်ကို သင် ဖော်ထုတ်ပြီးသည်နှင့်တစ်ပြိုင်နက် သင်သည် ၎င်းကို ချက်ချင်း ဖယ်ရှားပစ်ရမည်၊ မတွေဝေနှင့်၊ ၎င်းကို သနားညှာတာမှု တစ်စုံတစ်ရာ မပြရ။ ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင်များရှိသည့် ဤသို့သောလူများကို သတိဖြင့် ဆက်ဆံရမည်။ ၎င်းတို့သည် ဆိုးယုတ်မှုကို ပြုလုပ်ပြီး အသင်းတော်ကို နှောင့်ယှက်နေကြောင်း သင် တွေ့ရှိပါက ၎င်းတို့ကို လုံးဝ မည်သည့်မျက်နှာသာမျှ မပေးရပေ။ သင်သည် ၎င်းတို့ကို ဤသို့ ပြောရမည်၊ “သင်သည် အတွေ့အကြုံများ၍ လိမ္မာပါးနပ်သောသူဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်ရန် မသင့်တော်ပေ။ ဘုရားအိမ်တော်သို့ လာခြင်းဖြင့် သင်သည် နေရာမှား ရွေးချယ်မိပြီ၊ ဤနေရာသည် သင့်အတွက် မသင့်တော်ပေ။ သင်သည် လူ့အဖွဲ့အစည်း၌ သင်၏ ကိုယ်ပိုင်အလားအလာများကို လိုက်စားသင့်သည်။ ဘုရားသခင်ကို ယုံကြည်သောသူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုသာ ဖတ်ရှုကြသည်၊ သမ္မာတရားကို မိတ်သဟာယဖွဲ့ကြပြီး ဘုရားသခင်ကို စိတ်ကျေနပ်စေရန် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ကြသည်၊ ၎င်းတို့သည် အကြံအစည်များနှင့် ပရိယာယ်များတွင် မပါဝင်သကဲ့သို့ နိုင်ငံရေးတွင်လည်း မပါဝင်ကြပေ။ ဤနေရာတွင် သင်သည် ရာထူးတက်ခြင်း သို့မဟုတ် ချမ်းသာခြင်းတို့ကို မရနိုင်သကဲ့သို့ အခြားသူများထက် သာလွန်သောဘဝဖြင့်လည်း နေထိုင်နိုင်မည် မဟုတ်ပေ။ သင် ဤနေရာတွင် မည်မျှကြာအောင် နေသည်ဖြစ်စေ အချိန်ဖြုန်းခြင်းသာ ဖြစ်လိမ့်မည်” ဟူ၍ ဖြစ်လေသည်။ ဤနည်းအားဖြင့် ၎င်းတို့သည် ထွက်ခွာသွားရန် ဖျောင်းဖျခြင်းခံရလိမ့်မည် မဟုတ်လော။ (ဟုတ်ပါသည်။) ရှုပ်ထွေးသော လူမှုရေးဆက်ဆံမှုများရှိသော အချို့လူများသည် ဆိုးယုတ်သောလူများ ဖြစ်ရမည်ဟု မဆိုလိုသကဲ့သို့ ကြီးမားသော ဆိုးယုတ်မှုကိုလည်း မပြုလုပ်ခဲ့ကြပေ၊ သို့သော် ၎င်းတို့သည် သမ္မာတရားကို လုံးဝ လက်မခံကြဘဲ မယုံကြည်သူများ အမျိုးအစားတွင် အမှန်တကယ် အကျုံးဝင်ကြသည်။ ထိုသို့သောလူများကို ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်စေရန်နှင့် သမ္မာတရားကို လိုက်စားစေရန် ကြိုးပမ်းခြင်းသည် ဝံပုလွေတစ်ကောင်ကို သိုးတစ်ကောင်အဖြစ် ပြောင်းလဲရန် ကြိုးပမ်းခြင်းနှင့် တူညီသည်၊ ယင်းမှာ မဖြစ်နိုင်ပေ။ ဝံပုလွေတစ်ကောင်သည် သိုးရေကို မည်မျှကြာအောင် ခြုံထားသည်ဖြစ်စေ ယင်းသည် ဝံပုလွေအဖြစ်သာ ရှိနေမည်၊ ယင်းသည် သိုးတစ်ကောင်အဖြစ်သို့ မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်ပေ။ အခြေအနေများမှာ ဤသို့ပင် ဖြစ်သည်။ သို့ဖြစ်၍ ဤကဲ့သို့သောလူများ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ရယ်စရာတစ်ခုသာ ဖြစ်သည်၊ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ၎င်းတို့အတွက် လုံးလုံး တလွဲတချော်ဖြစ်နေသည်။
ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင်ရှိသည့် အခြားလူတစ်မျိုး ရှိသေးသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း ဂိုဏ်းဂဏအသီးသီးမှ အချို့သော ဘာသာရေးခေါင်းဆောင်များ၊ အရာရှိများ သို့မဟုတ် အဆင့်အတန်းရှိသူအချို့နှင့် ရင်းနှီးသောဆက်ဆံရေးများ ရှိကြသည်။ ၎င်းတို့သည် ဤလူများနှင့် ပေါင်းသင်းဆက်ဆံခြင်းကို နှစ်သက်ပြီး ဂိုဏ်းဂဏအမျိုးမျိုး၏ ဘာသာရေးဆိုင်ရာ လှုပ်ရှားမှုများကို မကြာခဏ တက်ရောက်ကြသည်၊ ၎င်းတို့သည် ဤလူများနှင့် ဆက်သွယ်မှုများ၊ ပေါင်းသင်းဆက်ဆံရေးများကို တည်ဆောက်ကြပြီး အချင်းချင်း အသုံးချကြကာ တစ်ဦးအတွက်တစ်ဦး အမှုကိစ္စများ ဆောင်ရွက်ပေးကြသည်။ အခါအားလျော်စွာ ရည်ရွယ်ချက်ရှိရှိဖြင့်ဖြစ်စေ၊ မရှိဘဲဖြစ်စေ ၎င်းတို့သည် အသင်းတော်အတွင်းရေးဖြစ်သော အချို့သော အထွေထွေကိစ္စရပ်ဆိုင်ရာအလုပ်ကိုပင် သို့မဟုတ် ဝန်ထမ်းရေးရာအလုပ်ကိုပင် ဤပုဂ္ဂိုလ်များထံ ထုတ်ဖော်ပြောကြားကြသေးသည်။ ဤသည်မှာ အလွန် ဒုက္ခပေးသော ကိစ္စရပ်တစ်ခု ဖြစ်သည်။ သင်သည် ဘာသာရေးမှ လူများနှင့် ပေါင်းသင်းဆက်ဆံရုံမျှသာ သို့မဟုတ် ထိုဘာသာရေးဆိုင်ရာ နေရာများနှင့် သင်ကိုယ်တိုင် ကင်းကွာရန် မဖြစ်နိုင်ဟု တွေ့ရှိပြီး အမျိုးမျိုးသော ဘာသာရေးဆိုင်ရာ ပွဲတော်လှုပ်ရှားမှုများနှင့် အမျိုးမျိုးသော ဘာသာရေးဆိုင်ရာ အခမ်းအနားများတွင် ပါဝင်ခြင်းကိုလည်း နှစ်သက်ပါက ယင်းမှာ လက်ခံနိုင်ဖွယ်ဖြစ်သည်။ သို့သော် သင်သည် ဤအခြေအနေများတွင် အသင်းတော်၏အလုပ် သို့မဟုတ် ညီအစ်ကိုမောင်နှမများအကြောင်း သတင်းအချက်အလက်ကို မထုတ်ဖော်သင့်ပေ။ ဥပမာအားဖြင့် သင်သည် မည်သူမည်ဝါက “အရှေ့အရပ်မှ လျှပ်ပြက်ခြင်း” ကို လက်ခံခဲ့ကြောင်း၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်၌ ၎င်းတို့ မည်သည့်တာဝန်ကို ထမ်းဆောင်ကြောင်း၊ ၎င်းတို့ မည်သည့်နေရာတွင် နေထိုင်ကြောင်းနှင့် ၎င်းတို့ ပုံမှန်အားဖြင့် မည်သူနှင့် ပေါင်းသင်းဆက်ဆံကြောင်း စသည့်ကိစ္စရပ်များကို မထုတ်ဖော်သင့်ပေ၊ သင်သည် ဤအရာများကို ထုတ်ဖော်ပြောကြားပါက သင်သည် အလွန် ကိုယ်ကျင့်တရားပျက်ကြောင်း ပြသနေခြင်း ဖြစ်သည်။ တစ်စုံတစ်ဦးက ဤသတင်းအချက်အလက်ကို အစိုးရထံ တိုင်ကြားပါက အကျိုးဆက်များမှာ စိတ်ကူးမယဉ်နိုင်လောက်အောင် ဖြစ်လိမ့်မည်။ သင်သည် ဘာသာရေးမှ လူများနှင့် အလွန်ရင်းနှီးပါက သို့မဟုတ် ၎င်းတို့နှင့် အကျိုးစီးပွားအချို့ ရောယှက်နေပါက သို့မဟုတ် ၎င်းတို့နှင့် မျက်နှာသာပေးခြင်းများ အပြန်အလှန် ပြုလုပ်ခဲ့ပါက အများဆုံးအနေဖြင့် ဤသည်ကို သင်သည် ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင်ရှိသည်ဟု မှတ်ယူနိုင်ပေသည်။ သို့သော် သင်သည် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို ထုတ်ဖော်ပြောကြားခြင်း သို့မဟုတ် ဘုရားအိမ်တော်၏ အတွင်းရေးကိစ္စများ သို့မဟုတ် ညီအစ်ကိုမောင်နှမများ၏ ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များကို ထုတ်ဖော်ပြောကြားခြင်းကဲ့သို့သော အခြားအရာအချို့ကို တိတ်တဆိတ် လုပ်ဆောင်ပါက ဤအရာ၏ သဘောသဘာဝသည် သစ္စာဖောက်ခြင်းတစ်ခု ဖြစ်လာပြီး ယင်းမှာ အပြစ်စီရင်ခြင်း ခံရသည်။ အထူးသဖြင့် အချို့ညီအစ်ကိုမောင်နှမများသည် ယခင်က အဖမ်းခံခဲ့ရသောကြောင့် သို့မဟုတ် လက်ရှိတွင် အလိုရှိစာရင်း၌ ပါဝင်နေသောကြောင့် အခြားသူများက ၎င်းတို့၏ အခြေအနေကို သိရှိသွားမည်ကို သို့မဟုတ် ထုတ်ဖော်ပြောကြားခံရမည်ကို မလိုလားကြပေ၊ သို့ဖြစ်လျက်နှင့် ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင်ရှိသည့် ဤလူစားမျိုးသည် ဤသတင်းအချက်အလက်ကို အချို့သော အကျိုးအမြတ်များအတွက် ဖလှယ်ရန်အရာတစ်ခုအဖြစ် ရှုမြင်သည် သို့မဟုတ် ယင်းကို အရေးမကြီးဟု ရိုးရှင်းစွာ ရှုမြင်ကာ ထုတ်ဖော်ပြောကြားလျက် ထိုညီအစ်ကိုမောင်နှမများအတွက် ဒုက္ခဖြစ်စေသည်။ ဘုရားအိမ်တော်သည် ထိုသို့သော ကိစ္စရပ်များကို တွေ့ရှိပါက ထိုသူကို လုံးဝ လျှော့ပေါ့ပေးမည်မဟုတ်ပေ၊ ထိုသို့သောလူများကို ချက်ချင်း ဖယ်ရှားသင့်သည်။ လူများ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ညှဉ်းပန်းနှိပ်စက်ခြင်းခံရသည့် လူမှုပတ်ဝန်းကျင်တွင် ယုံကြည်သူများအတွက် တာဝန်တစ်ခု ထမ်းဆောင်ရန် အခွင့်အရေးရဖို့ပင် ခက်ခဲပြီး လူတစ်ဦးချင်းစီသည် ယင်းကို အမှန်တကယ် တန်ဖိုးထားကြသည်။ မည်သူမျှ အခြားသူများကြောင့်ဖြစ်စေ၊ မိမိတို့၏ ကိုယ်ပိုင်မိုက်မဲမှုကြောင့်ဖြစ်စေ မိမိတို့၏ တာဝန်ထမ်းဆောင်မှုအပေါ် ဖြစ်နိုင်ချေရှိသော ဘေးအန္တရာယ်များ ဖြစ်ပေါ်လာမည်ကို မလိုလားကြပေ။ ထို့ကြောင့် မည်သူမဆို ညီအစ်ကိုမောင်နှမများ၏ တာဝန်ထမ်းဆောင်မှု သို့မဟုတ် ကိုယ်ရေးကိုယ်တာ လုံခြုံရေးအပေါ် ဖြစ်နိုင်ချေရှိသော ဘေးအန္တရာယ်များကို ဖြစ်ပေါ်စေပါက သို့မဟုတ် မည်သူမဆို အခြားသူများ၏ ဘုရားသခင်ကို ယုံကြည်ခြင်းလမ်းခရီးပေါ်တွင် အတားအဆီးများ ဖြစ်စေပါက ဘုရားအိမ်တော်သည် ၎င်းတို့ကို လျှော့ပေါ့ပေးမည်မဟုတ်ပေ။ ဘုရားအိမ်တော်သည် ၎င်းတို့ကို တွေ့ရှိသည်နှင့်တစ်ပြိုင်နက် ချက်ချင်း ရှင်းလင်းပစ်မည် သို့မဟုတ် နှင်ထုတ်မည်ဖြစ်ပြီး လုံးဝ ညှာတာမည် မဟုတ်ပေ။ ၎င်းတို့က “ကျွန်တော်က အာရုံမစိုက်ဘဲ နေခဲ့မိလို့ ပါးစပ်က ခဏတဖြုတ် လွှတ်ခနဲထွက်သွားတာပါ” ဟု ပြောဆိုလျက် မိမိတို့ကိုယ်ကို ကာကွယ်ကာ ကျိုးကြောင်းပြချက်များနှင့် ဆင်ခြေများ ပေးပါက သင်သည် ဤအရာကို လုံးဝ မယုံကြည်ရ၊ ထိုသို့သော ဆင်ခြေများသည် အခြေအမြစ်မရှိပေ။ ၎င်းတို့သည် အဘယ်ကြောင့် မိမိတို့၏ ကိုယ်ပိုင်မိသားစုကိစ္စများအကြောင်းကို လူများအား မပြောပြခဲ့သနည်း။ ၎င်းတို့သည် အဘယ်ကြောင့် ညီအစ်ကိုမောင်နှမများ၏ ကိစ္စရပ်များကိုသာ ပြောဆိုခဲ့သနည်း။ ၎င်းတို့သည် မကောင်းသော ရည်ရွယ်ချက်များ ထားရှိသည်မှာ ရှင်းလင်းပေသည်။ ၎င်းတို့သည် အသင်းတော်အလုပ်နှင့် ညီအစ်ကိုမောင်နှမများအကြောင်း သတင်းအချက်အလက်ကို ထုတ်ဖော်ပြောကြားခဲ့သည်၊ ဤသည်က ညီအစ်ကိုမောင်နှမများအတွက် ဒုက္ခဖြစ်စေပါက ၎င်းတို့သည် ကျိန်ဆဲခြင်းခံသင့်သည်။ ဤကဲ့သို့သောလူများသည် ကျိန်ဆဲခြင်းခံသင့်သည် မဟုတ်လော။ (ဟုတ်ပါသည်။) အသင်းတော်က ဧဝံဂေလိအလုပ်ကို ဖြန့်ဝေခြင်းဖြစ်စဉ်တစ်လျှောက်တွင် ဤကဲ့သို့သောလူအချို့ အသင်းတော်သို့ ဝင်ရောက်လာမည်မှာ ရှောင်လွှဲ၍မရပေ။ ၎င်းတို့သည် အသင်းတော်ကို သစ္စာဖောက်ခြင်း၊ ညီအစ်ကိုမောင်နှမများကို သစ္စာဖောက်ခြင်း၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကိုပင် သစ္စာဖောက်ခြင်းတို့နှင့်ပတ်သက်ပြီး သိက္ခာစောင့်ထိန်းကြမည် မဟုတ်ပေ။ ၎င်းတို့သည် လူအမျိုးမျိုးနှင့် တိတ်တဆိတ် ပေါင်းသင်းဆက်ဆံကြပြီး ထိုလူတို့နှင့် ပေါင်းသင်းဆက်ဆံခြင်းအတွက် ၎င်းတို့၏ ရည်ရွယ်ချက်သည် မစင်ကြယ်ပေ။ ထိုလူများနှင့် ပေါင်းသင်းဆက်ဆံသည့်အခါ ၎င်းတို့သည် မိမိတို့သိသမျှ အသင်းတော် အတွင်းရေး သတင်းအချက်အလက်အားလုံးကို ပြောဆိုလျက်၊ တစ်ခုမျှ မချန်ထားဘဲ စကားကို ချုပ်တည်းမှုမရှိပင် ပြောဆိုကြပြီး ဤသည်က နောက်ဆုံးတွင် ညီအစ်ကိုမောင်နှမများနှင့် အသင်းတော်အတွက် ဒုက္ခဖြစ်စေသည်။ ဤအတွက် စကားကို ချုပ်တည်းမှုမရှိဘဲ ပြောဆိုကြသည့် ဤလူများအပေါ် အပြစ်တင်သင့်သည်။ ၎င်းတို့ထဲမှ အချို့က ဤအရာကို ရည်ရွယ်ချက်ရှိရှိ မလုပ်ဆောင်ခဲ့ဟု ပြောကောင်းပြောနိုင်သော်လည်း ရည်ရွယ်ချက်ရှိရှိ မဟုတ်လျှင်ပင် ယင်းမှာ လက်ခံနိုင်ဖွယ်မရှိပေ။ ရည်ရွယ်ချက်ရှိရှိ မဟုတ်ပါက သင်သည် အဘယ်ကြောင့် ထိုလူတို့အစား သင့်ကိုယ်သင် ထိခိုက်အောင် မလုပ်ခဲ့သနည်း။ အဘယ်ကြောင့် အခြားသူများကိုသာ သီးသန့် ထိခိုက်စေခဲ့သနည်း။ သင်သည် အသင်းတော်နှင့် ညီအစ်ကိုမောင်နှမများအတွက် ဒုက္ခဖြစ်စေခဲ့သည်၊ ဤသည်မှာ အခိုင်အမာ သက်သေရှိသော အမှန်တရားတစ်ခု ဖြစ်သည်။ ထို့ကြောင့် အပြစ်သည် သင့်အပေါ် ကျရောက်သင့်သည်။ သင်သည် တစ်စုံတစ်ဦးကို သတ်ပြီးနောက် “ကျွန်ုပ်သည် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့ခြင်း မဟုတ်။ ၎င်းတို့ကို သတ်ရန် ကျွန်ုပ် မည်သည့်အခါကမျှ မရည်ရွယ်ခဲ့ပါ။ ကျွန်ုပ်၏ စိတ်ထဲတွင် ထိုသို့သော အတွေးမျိုး မရှိပါ” ဟု ပြောဆိုပါက ဥပဒေက ထိုပြောဆိုချက်ကြောင့် သင့်ကို အပြစ်မရှိဟု ဆုံးဖြတ်မည်လော။ (မဆုံးဖြတ်ပါ။) သင်သည် အမှန်တရားကို ပြောနေလျှင်ပင် အသုံးဝင်မည်မဟုတ်ပေ။ အမှန်တရားမှာ သင်သည် တစ်စုံတစ်ဦးကို သတ်ခဲ့ပြီးဖြစ်သည်၊ ဥပဒေအရ ဤအရာနှင့်ပတ်သက်၍ ခိုင်လုံသော သက်သေအထောက်အထား ရှိနေသည်၊ သို့ဖြစ်၍ သင့်ကို အချက်အလက်များအပေါ် အခြေခံ၍ အပြစ်ရှိကြောင်း ကြေညာရမည် ဖြစ်သည်။ သင်သည် လူသတ်မှု ကျူးလွန်ခဲ့သည်၊ သို့ဖြစ်၍ သင်သည် လူသတ်သမားတစ်ဦးဖြစ်ပြီး မည်မျှပင် မိမိက မှန်ကြောင်း ရှင်းချက်ထုတ်စေကာမူ သင့်အတွက် အထောက်အကူ ဖြစ်မည်မဟုတ်ပေ။ အချို့လူများသည် ၎င်းတို့၏ လုပ်ဆောင်ချက်များမှတစ်ဆင့် အသင်းတော်အတွက် ဒုက္ခကို မကြာခဏ ဖြစ်ပေါ်စေပြီး တစ်ခါတစ်ရံတွင် ဤဒုက္ခသည် ကြီးမားကာ ညီအစ်ကိုမောင်နှမများ အဖမ်းခံရခြင်းနှင့် ထောင်ကျခြင်းတို့ကို ဖြစ်ပေါ်စေရုံသာမက အသင်းတော်၏အလုပ်ကိုလည်း ဆိုးရွားစွာ ထိခိုက်စေသည်။ ဘုရားအိမ်တော်သည် ထိုသို့သောလူများကို လုံးဝ အလွတ်ပေးမည်မဟုတ်၊ မိသည့်သူတိုင်းကို နှင်ထုတ်မည်ဖြစ်ပြီး ၎င်းတို့ကို ကျိန်ဆဲမည်ဖြစ်သည်၊ ဘုရားအိမ်တော်သည် လုံးဝ ညှာတာမည် မဟုတ်ပေ။ ဤအရာများသာ ပညတ်တော်ခေတ်၌ ဖြစ်ပွားခဲ့ပါက မကောင်းမှုပြုသူများသည် ဆွဲထုတ်ပြီး တုတ်များဖြင့် ရိုက်သတ်ခြင်း သို့မဟုတ် ခဲများဖြင့် ပစ်ပေါက်သတ်ဖြတ်ခြင်း ခံရမည်ဖြစ်သည်၊ ထိုသို့သော ကိစ္စရပ်များကို ထိုသို့ ကိုင်တွယ်ခဲ့ရသည်။ ယခုမူ ဤသည်မှာ ဘုရားအိမ်တော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များထဲတွင် မပါဝင်သောကြောင့် ၎င်းတို့ကို နှင်ထုတ်မည်ဖြစ်ပြီး ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို စုပေါင်း၍ ကျိန်ဆဲကြလိမ့်မည်။ ၎င်းတို့အတွက် ကောင်းချီးမင်္ဂလာများ သို့မဟုတ် ကယ်တင်ခြင်းကို ရရှိရန် အခွင့်အရေးမရှိပေ၊ ၎င်းတို့ကို ငရဲသို့ စေလွှတ်ပြီး အပြစ်ဒဏ်ပေးရမည်ဖြစ်သည်။
ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင်ရှိသည့် အခြားလူတစ်မျိုး ရှိသေးသည်၊ ၎င်းတို့သည် အထူးတာဝန်များ ထမ်းဆောင်ရန် အသင်းတော်သို့ လာကြသည်။ ဤသို့သော ပုဂ္ဂိုလ်အချို့ကို အစိုးရများက စေလွှတ်ခြင်းဖြစ်ပြီး အချို့ကိုမူ အချို့သော ဘာသာရေး သို့မဟုတ် လူမှုရေးအဖွဲ့များက တာဝန်များ ပေးအပ်ခြင်း ဖြစ်သည်။ ဥပမာအားဖြင့် ဤတာဝန်များတွင် ညီအစ်ကိုမောင်နှမများကို စောင့်ကြည့်ခြင်း၊ အသင်းတော်ကို စောင့်ကြည့်ခြင်း သို့မဟုတ် အသင်းတော်၏ အမျိုးမျိုးသော အလုပ်ကဏ္ဍများနှင့် ကာလအသီးသီးမှ ၎င်း၏ အလုပ်အစီအစဉ်များကို စုံစမ်းထောက်လှမ်းခြင်းတို့ ပါဝင်နိုင်သည်။ ၎င်းတို့၏ တာဝန်သည် မည်သည့်အရာပင်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ ငါတို့၏ ရှုထောင့်မှကြည့်လျှင် ဤလူစားမျိုးသည် ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင်ရှိသည်။ ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင်ရှိသည့် ဤလူအများစုသည် မယုံကြည်သူများ ဖြစ်ကြသည်၊ ၎င်းတို့သည် သမ္မာတရားကို လုံးဝလက်မခံသောသူများ ဖြစ်ကြသည်။ ၎င်းတို့သည် ယုံကြည်ခြင်းအနည်းငယ်သာရှိသူများ၊ အစွမ်းအစ ညံ့ဖျင်းသူများ သို့မဟုတ် အယူအဆများစွာရှိသူများနှင့် ကွဲပြားသည်၊ ထိုလူများသည် ရိုးသားစစ်မှန်စွာ ယုံကြည်ကြသော်လည်း ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင်ရှိသည့် ဤလူများတွင်မူ ပြင်းထန်သော ပြဿနာတစ်ခု ရှိနေသည်။ ဦးစွာ စဉ်းစားကြည့်ကြစို့၊ ထိုသို့သောလူများသည် မည်သို့သော လူ့သဘာဝမျိုး ရှိသနည်း။ (၎င်းတို့သည် မကောင်းသော လူ့သဘာဝရှိသည်၊ ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်ပြီး စာတန်၏ အုပ်စုဝင်များ ဖြစ်ကြပါသည်။) သို့ဆိုလျှင် ထိုသူတို့သည် မည်သို့သောလူစားမျိုးများ ဖြစ်ကြသနည်း။ (၎င်းတို့သည် နတ်ဆိုးများ ဖြစ်ကြပါသည်။) မှန်ပေသည်၊ သင်သည် ချက်ကျလက်ကျ ပြောဆိုလိုက်ခြင်းပင်၊ ၎င်းတို့သည် အသင်းတော်ထဲသို့ ခိုးဝင်လာသော နတ်ဆိုးများ ဖြစ်ကြသည်။ ၎င်းတို့သည် အမျိုးမျိုးသော အကြံအစည်များနှင့် ရည်ရွယ်ချက်များကို ထားရှိလျက် အသင်းတော်ထဲသို့ ခိုးဝင်လာပြီး အရိပ်ထဲတွင် နေထိုင်ကြသောလူများ ဖြစ်ကြသည်။ ထိုသို့သောလူများသည် နတ်ဆိုးများ ဖြစ်ကြသည်။ ဤလူများ အသင်းတော်သို့ ဝင်ရောက်သည့် အစကတည်းက ၎င်းတို့သည် ကောင်းသော ရည်ရွယ်ချက်များ မထားရှိကြပေ။ ၎င်းတို့ကို မည်သူက တာဝန်ပေးသည်ဖြစ်စေ၊ အချို့ကို အစိုးရများ သို့မဟုတ် အချို့သောအဖွဲ့များက တာဝန်ပေးအပ်ခြင်း ဖြစ်နိုင်ပြီး အချို့ကိုမူ မည်သူကမျှ လုံးဝ တာဝန်မပေးဘဲ မိမိတို့ဘာသာ အသင်းတော်ထဲသို့ ခိုးဝင်ရန် ရိုးရှင်းစွာ ဆန္ဒရှိခြင်း ဖြစ်နိုင်သော်လည်း ထိုသို့သောလူများသည် အတွေ့အကြုံများ၍ လိမ္မာပါးနပ်သော ပုဂ္ဂိုလ်များသာ ဖြစ်ကြသည်။ ၎င်းတို့သည် များပြားစုံလင်လှသော လူအများနှင့် ပေါင်းသင်းဆက်ဆံကြပြီး ရှုပ်ထွေးသော လူအချင်းချင်းဆက်ဆံရေးများနှင့် လူမှုရေးဆိုင်ရာ အဆက်အသွယ်များ ရှိကြသည်၊ ၎င်းတို့သည် ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင်များ ရှိကြသည်။ “ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင်များ” ဆိုသည်မှာ ၎င်းတို့၏ လူမှုရေးဆိုင်ရာ အဆက်အသွယ်များ၊ လူအချင်းချင်း ဆက်ဆံရေးများနှင့် နေထိုင်မှုပတ်ဝန်းကျင်များသည် အထူးသဖြင့် မစင်ကြယ်ဘဲ ရိုးရှင်းခြင်းနှင့် အလွန်ကွာဝေးသည်ကို ဆိုလိုသည်၊ ၎င်းတို့သည် ငွေရှာပြီး ကောင်းမွန်သောဘဝဖြင့် နေထိုင်ရန် ကြိုးစားနေသည့် သာမန်လူများနှင့် မတူပေ။ လူ့အဖွဲ့အစည်း၌ ဤလူများသည် အမျိုးမျိုးသော အသိုင်းအဝိုင်းများနှင့် အဖွဲ့များအတွင်းမှ ထူးချွန်သူများ၊ ခေါင်းဆောင်များ သို့မဟုတ် အတော်အတန် ထူးကဲသော ပုဂ္ဂိုလ်များအဖြစ် အခန်းကဏ္ဍအမျိုးမျိုးမှ ပါဝင်ကြသည်၊ ၎င်းတို့သည် ဘာသာတရားမရှိသူများက “စွမ်းဆောင်နိုင်သော ပုဂ္ဂိုလ်များ” သို့မဟုတ် “ဆရာကြီးများ” ဟု ရည်ညွှန်းသည့် လူစားမျိုးများ ဖြစ်ကြသည်။ ၎င်းတို့ မည်သည့်နေရာတွင်မဆို ရှိနေပါစေ၊ ၎င်းတို့သည် မိမိတို့၏ သင့်တော်သောနေရာ၌ နေသူများမဟုတ်သကဲ့သို့ သူတော်ကောင်းများလည်း မဟုတ်ကြပေ။ ၎င်းတို့သည် အမျိုးမျိုးသောအဖွဲ့များနှင့် အသိုင်းအဝိုင်းများအတွင်း၌ ကိုယ်ကျိုးရှာရန်၊ သို့မဟုတ် အာဏာရရန်၊ သို့မဟုတ် အခြားသူများကို ထိန်းချုပ်ရန် အခွင့်အရေးများကို ရှာဖွေသည်ဖြစ်စေ ယင်းမှာ ၎င်းတို့၏ ရည်ရွယ်ချက်ဖြစ်ပြီး ၎င်းတို့၏ ဖြစ်တည်မှု၏ ပန်းတိုင်လည်း ဖြစ်သည်။ ၎င်းတို့ မည်သည့်အသင်းတော်၌ ရှိနေသည်ဖြစ်စေ ၎င်းတို့၏ စိတ်နေစိတ်ထားသည် အခြေအနေများကို ထိန်းချုပ်ရန်၊ လူများကို ထိန်းချုပ်ရန်၊ ငွေကြေးကို ထိန်းချုပ်ရန်၊ သြဇလွှမ်းမိုးမှု ကိုင်စွဲရန်နှင့် အာဏာကို ကိုင်စွဲရန် လိုလားလျက် လှုပ်ရှားရန် တရွရွဖြစ်နေသော နတ်ဆိုးတစ်ကောင်ကဲ့သို့ ဖြစ်သည်။ ဤသည်တို့မှာ ဤလူစားမျိုး၏ သရုပ်သကန်များ ဖြစ်ကြသည်။ ထို့ကြောင့် ထိုသို့သောလူများတွင် တာဝန်တစ်ခု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ၎င်းတို့ကို အစိုးရ သို့မဟုတ် မည်သည့်လူမှုရေးအဖွဲ့ကမဆို တာဝန်ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ ၎င်းတို့သည် အသင်းတော်သို့ ရောက်လာပြီးနောက် မိမိတို့၏ သင့်တော်သောနေရာ၌ နေနိုင်မည်မဟုတ်ပေ။ ၎င်းတို့တွင် တာဝန်မရှိလျှင်ပင်၊ အသင်းတော် သို့မဟုတ် ညီအစ်ကိုမောင်နှမများသည် ၎င်းတို့၏ အမြတ်ထုတ်ခြင်းခံရသည့် ပစ်မှတ်များ မဟုတ်လျှင်ပင် ၎င်းတို့သည် ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်လိုသောသူများ မဟုတ်ကြသကဲ့သို့ ဘုရားသခင် တည်ရှိခြင်းကို ယုံကြည်သောသူများလည်း သေချာပေါက် မဟုတ်ကြပေ။ အသင်းတော်သို့ ဝင်ရောက်ခြင်းအတွက် ၎င်းတို့၏ ရည်ရွယ်ချက်သည် လုံးဝ မစင်ကြယ်ပေ၊ အနည်းဆုံးအားဖြင့် ၎င်းတို့အတွက် အလွန် လက်တွေ့ကျသောအရာတစ်ခုမှာ “သစ်ပင်ကြီးအောက်တွင် ခိုလှုံခြင်း” နှင့် မိမိတို့၏ ဖုံးကွယ်ထားသော ရည်မှန်းချက်များကို ဆောင်ရွက်ရန် အခွင့်အရေးကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ ပန်းတိုင်များကို မအောင်မြင်ဘဲ ၎င်းတို့၏ လိုအင်ဆန္ဒများ ပျက်ပြားသွားပါက အချိန်မရွေး အသင်းတော်မှ ထွက်ခွာသွားနိုင်ဖွယ်ရှိသည်။ ၎င်းတို့သည် လှုပ်ရှားရန် သင့်တော်သော အခိုက်အတန့်ကို စောင့်ဆိုင်းခြင်းဖြင့် အခွင့်အရေးများကို ရှာဖွေကြသည်၊ ၎င်းတို့၏ ရည်မှန်းချက်များ၊ ရည်ရွယ်ချက်များ သို့မဟုတ် မျှော်မှန်းချက်များကို အကောင်အထည်ဖော်နိုင်စေမည့် အသုံးချနိုင်သော တစ်စုံတစ်ဦး သို့မဟုတ် သင့်တော်သော အခိုက်အတန့်တစ်ခု ရှိပါက ထိုသူ သို့မဟုတ် ထိုအခိုက်အတန့်ကို လုံးဝ လက်လွှတ်မည်မဟုတ်ပေ။ ၎င်းတို့သည် အခွင့်အရေးတစ်ခုကို အစဉ်မပြတ် ရှာမတွေ့ပါက စိတ်ဓာတ်ကျပြီး စိတ်ပျက်လာကာ အသင်းတော်မှ ထွက်ခွာလိုကြသည်။ ထို့ကြောင့် ဤလူစားမျိုးသည် အသင်းတော်အတွင်း၌ အန္တရာယ်ရှိသော ပုဂ္ဂိုလ်တစ်မျိုးလည်း ဖြစ်ပြီး ၎င်းတို့ကို ပိုင်းခြားသိမြင်ကာ ခပ်ကင်းကင်းနေရမည် ဖြစ်သည်။ နောက်ထပ် ပို၍အရေးကြီးသော စည်းမျဉ်းတစ်ခုမှာ သင်သည် လူတစ်ဦး၏ နောက်ကြောင်းရာဇဝင်က မည်သို့ဖြစ်သည်ကို မသေချာပါက သို့မဟုတ် ၎င်းတို့၏ နောက်ကြောင်းရာဇဝင်သည် အလွန်ရှုပ်ထွေးသည်ဟု ဝိုးတဝါး ခံစားရပါက ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးအနေဖြင့် ဤသူကို အရေးကြီးသော ရာထူးများတွင် တာဝန်ပေး၍မရကြောင်း သို့မဟုတ် အဆင့်အတန်း သို့မဟုတ် အာဏာရှိခွင့် မပြုသင့်ကြောင်း သို့မဟုတ် အသင်းတော်အတွင်း မည်သည့်အရေးကြီးသော အလုပ်ကိုမျှ ထမ်းဆောင်ခွင့် မပြုသင့်ကြောင်းကို အနည်းဆုံး သိသင့်သည်။ သင်သည် ၎င်းတို့ကို မရိပ်စားမိနိုင်ပါက ၎င်းတို့ကို စောင့်ကြည့်လေ့လာနိုင်သည်၊ သို့သော် သင်သည် လုံးဝ မဆင်မခြင် သို့မဟုတ် အလျင်အမြန် မပြုမူရပေ။ သင်သည် ၎င်းတို့ကို ထိုးထွင်းသိမြင်နိုင်ခြင်း မရှိမီ ၎င်းတို့အား အဆင့်အတန်းပေးပါက သို့မဟုတ် အရေးကြီးသော အလုပ်တစ်ခုအတွက် တာဝန်ခံဖြစ်စေပါက သင်သည် အလွန်အမင်း မိုက်မဲနေခြင်း ဖြစ်သည်။ သင်သည် ၎င်းတို့ကို ထိုးထွင်းသိမြင်မိနိုင်စွမ်း နည်းလေလေ၊ ၎င်းတို့အား အရေးကြီးသော အလုပ်ကို အပ်နှင်းခြင်း မပြုသင့်လေလေ ဖြစ်ပြီး သင်သည် ပို၍ သတိထားသင့်ကာ ၎င်းတို့ကို ပို၍ အနီးကပ် စောင့်ကြည့်ပြီး တင်းကျပ်စွာ စောင့်ကြပ်ကြည့်ရှုသင့်သည်။ အမှန်မှာ ၎င်းတို့တွင် တာဝန်တစ်ခု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင်ရှိသည့် ဤလူစားမျိုးသည် နောက်ဆုံးတွင် အသင်းတော်၌ ကြာရှည်မနေကြပေ။ အကြောင်းမှာ ဤမယုံကြည်သူများသည် ၎င်းတို့၏ စိတ်နှလုံးထဲ၌ ယုံကြည်ခြင်းဆိုင်ရာ ကိစ္စရပ်များကို ရွံမုန်းသောကြောင့် ဖြစ်သည်။ ဘုရားမဲ့ဝါဒီများသည် ဘုရားသခင် တည်ရှိသည်ကို မယုံကြည်ကြဘဲ ဘုရားသခင်နှင့်ဖြစ်စေ၊ ဘုရားသခင်၏ အမှုတော်နှင့်ဖြစ်စေ၊ ဘုရားသခင်၏ သမ္မာတရား ဖော်ပြခြင်းနှင့် သက်ဆိုင်သည့် မည်သည့်အရာကိုမျှ စိတ်မဝင်စားကြပေ။ ၎င်းတို့သည် “ဘုရားကို ယုံကြည်ခြင်း၌ အကျိုးအမြတ် ရစရာရှိသလော။ ငါသည် ငွေအများကြီးရှာပြီး ယင်းမှ ချမ်းသာနိုင်သလော။ လောက၌ ငါပြုသကဲ့သို့ ငါ၏ အကြံအစည်များနှင့် လှည့်ကွက်များကို ဤနေရာ၌ ငါအသုံးပြုနိုင်သလော” ဟု အစဉ်မပြတ် စုံစမ်းစစ်ဆေးကြသည်။ ဘုရားအိမ်တော်သည် ဤအရာများကို အားမပေးဘဲ ရိုးသားသောလူတစ်ဦး ဖြစ်ခြင်းအကြောင်းကိုသာ အစဉ် ပြောဆိုနေသည်ကိုလည်းကောင်း၊ မိမိတို့၏ တာဝန်ကို ဝတ်ကျေတမ်းကျေ သို့မဟုတ် စိတ်မပါ့တပါ ထမ်းဆောင်သူတိုင်းသည် မကြာခဏ ပြုပြင်ခြင်းခံရသည်ကိုလည်းကောင်း မြင်တွေ့ရသောအခါ ရွံမုန်းလာပြီး ဘုရားအိမ်တော်၌ မပျော်ရွှင်ဘဲ လွတ်လပ်မှုမရှိဟု ခံစားကြရကာ ထွက်ခွာရန် အခွင့်အရေးကို အစဉ် ရှာဖွေလိုကြသည်။ တစ်စုံတစ်ဦးသည် အမှန်တကယ် ဘုရားသခင်၏ သိုးတစ်ကောင်၊ ဘုရားသခင် ရွေးချယ်ထားသောသူများထဲမှ တစ်ဦးဖြစ်ပါက ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းဖြစ်စဉ်တစ်လျှောက်တွင် မကြာခဏ ဆွေးနွေးလေ့ရှိသော သမ္မာတရားများကို အနှစ် ၂၀ သို့မဟုတ် ၃၀ ကြာ ဆွေးနွေးလျှင်ပင် နားထောင်၍ မမောနိုင်ပေ၊ ၎င်းတို့သည် ထိုအရာများကို တစ်သက်လုံး နားထောင်နိုင်ပြီး သစ်လွင်နေဆဲဟု ထင်မြင်ကြလိမ့်မည်။ ၎င်းတို့ နားထောင်လေလေ၊ ဤသမ္မာတရားများသည် ၎င်းတို့အတွက် ပို၍ ရှင်းလင်းလာလေလေ ဖြစ်သည်၊ ၎င်းတို့ နားထောင်လေလေ၊ ၎င်းတို့၏ စိတ်နှလုံးများသည် ပို၍ အာဟာရဖြစ်လေလေ ဖြစ်သည်၊ ၎င်းတို့ နားထောင်လေလေ၊ ၎င်းတို့သည် သမ္မာတရားအတွက် ပို၍ တောင့်တလေလေ ဖြစ်သည်။ ၎င်းတို့သည် ဤနှုတ်ကပတ်တော်များကို နေ့စဉ် နားထောင်ရလျှင်ပင် ထိုသို့ပြုလုပ်ရန် ဆန္ဒရှိကြလိမ့်မည်။ အထူးသဖြင့် ၎င်းတို့အတွက် အထောက်အကူဖြစ်စေသော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို ကြားရသည့်အခါ ၎င်းတို့သည် ကြီးကျယ်သော စားသောက်ပွဲကြီးတစ်ခုကို သုံးဆောင်ခဲ့ရသကဲ့သို့ ပျော်ရွှင်ပြီး ပြည့်စုံသည်ဟု ခံစားကြရသည်၊ ရွှေတစ်တုံး ကောက်ရသည်ထက်ပင် ပို၍ ပျော်ရွှင်ကြသည်။ ဤမယုံကြည်သူများ၊ ဤနတ်ဆိုးများအတွက်မူ၊ အထူးသဖြင့် ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင်ရှိသည့် ဤလူများအတွက်မူ ၎င်းတို့သည် သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ခြင်းကို ကြားရလေလေ၊ ပို၍ စိတ်အနှောင့်အယှက်ဖြစ်သည်ဟု ခံစားရလေလေ ဖြစ်သည်၊ ၎င်းတို့ နားထောင်လေလေ၊ အတွင်း၌ ပို၍ ဂနာမငြိမ်ဖြစ်ပြီး ရွံမုန်းသည်ဟု ခံစားရလေလေ ဖြစ်သည်။ ဤနှုတ်ကပတ်တော်များကို ကြားရသည့်အခါ ၎င်းတို့သည် ယင်းတို့ကို ငြီးငွေ့ဖွယ်၊ ပျင်းရိဖွယ်နှင့် ငြီးငွေ့ဖွယ်ဖြစ်သည်ဟု ထင်မြင်ကြသည်။ သင်သည် ၎င်းတို့ကို ထိုင်၍ တရားဒေသနာများ နားထောင်ခိုင်းပါက ၎င်းတို့အတွက် ညှဉ်းပန်းနှိပ်စက်ခြင်းခံရသကဲ့သို့ ခံစားရသည်။ ၎င်းတို့က “သင်တို့အားလုံးသည် ကြီးကျယ်သော စားသောက်ပွဲကြီးတစ်ခုကို စားသုံးခဲ့ရသကဲ့သို့ ဤနှုတ်ကပတ်တော်များကို ကြားရသည်ကို အဘယ်ကြောင့် ဤမျှ နှစ်သက်ကြသနည်း။ ကျွန်ုပ် ကြားရသည့်အခါ အဘယ်ကြောင့် ဤမျှ ရွံမုန်းသည်ဟု ခံစားရသနည်း” ဟု ပြောဆိုကြသည်။ အချိန်ကြာမြင့်စွာ နားထောင်ပြီးနောက် ၎င်းတို့သည် ငြိမ်ငြိမ်မထိုင်နိုင်တော့ပေ။ ခေါင်းဆောင်တစ်ဦး မဖြစ်နိုင်ပါက ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် သို့မဟုတ် ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံရန် ဆန္ဒမရှိကြဘဲ အချိန်ကြာလာသည်နှင့်အမျှ အရာအားလုံးကို အဓိပ္ပာယ်မဲ့သည်ဟု ထင်မြင်လာကြသည်၊ ၎င်းတို့၏ ယုံကြည်ခြင်းကို စွန့်လွှတ်ရန် အတွေးများ ပေါ်ပေါက်လာတော့သည်။ ဤသို့ဖြင့် မယုံကြည်သူများကို ထုတ်ဖော်ခြင်း ဖြစ်သည်။ ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင်ရှိသည့် ဤလူများနှင့်ပတ်သက်၍ သင်သည် ၎င်းတို့ကို စောင့်ကြည့်လေ့လာနေစဉ်အတွင်း ၎င်းတို့တွင် မသင်္ကာဖွယ်ရာ ဇာစ်မြစ်များနှင့် ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင်များ ရှိကြောင်း တွေ့ရှိပါက ၎င်းတို့ကို ထွက်ခွာသွားရန် ဖျောင်းဖျဖို့ အခွင့်အရေးတစ်ခုကို ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းဖြင့် ကြိုးစားရှာဖွေလော့။ သမ္မာတရားကို လုံးဝလက်မခံသော ထိုသို့သောလူများအတွက် ပညာအချို့ကို ကျင့်သုံးရန် လိုအပ်သည်။ သင်သည် ၎င်းတို့အား “သင်သည် ချမ်းသာချင်သည်၊ အရာရှိတစ်ဦးဖြစ်ရန် အိပ်မက်မက်သည်၊ သင်သည် အရာရှိတစ်ဦးမဖြစ်လာဘဲ တစ်သက်လုံး နေသွားပါက တကယ်ကို အရှုံးကြီးရှုံးပေလိမ့်မည်။ သင်သည် အရာရှိတစ်ဦးဖြစ်လာသင့်သည်၊ ချမ်းသာသင့်သည်၊ လောကကို လိုက်စားသင့်သည်၊ ထိုနေရာ၌သာ လက်ဆုပ်လက်ကိုင်ပြနိုင်သော အကျိုးအမြတ်များ ရှိသည်။ သင်သည် စီးပွားရေးအတွက် ဦးနှောက်ရှိပြီး အရာရှိတစ်ဦးဖြစ်ရန် အရည်အချင်းပြည့်မီသည်၊ သင်သည် လောကီကို လိုက်စားပါက သေချာပေါက် ချမ်းသာပြီး တစ်ဦးဖြစ်လာနိုင်သည်” ဟု ပြောဆိုနိုင်သည်။ ၎င်းတို့သည် ဤအရာကို ကြားသည့်အခါ စိတ်တူသဘောတူ ပုဂ္ဂိုလ်တစ်ဦးကို တွေ့ရှိပြီဟု ထင်မှတ်ကာ “သင်ပြောသည်မှာ လုံးဝမှန်ပါသည်။ ဘုရားကို ယုံကြည်ရခြင်းသည် အဓိပ္ပာယ်မဲ့သည်ဟု ကျွန်ုပ် ခံစားနေခဲ့ရသည်၊ သင်ပြောသည့်စကားက ကျွန်ုပ်၏ ရင်ထဲ၌ တကယ်ကို စွဲသွား၏။ ယုံကြည်ခြင်းဆိုသည်မှာ အမှန်တွင် စိတ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုတစ်ခုသာ ဖြစ်သည်၊ ယင်းက ရှိရှိမရှိရှိ အမှန်တွင် အရေးမကြီးပါ။ ဘဝက တိုတောင်းလှသည်၊ မျက်စိတမှိတ်အတွင်း ကုန်ဆုံးသွားသည့် ဆယ်စုနှစ်အနည်းငယ်လေးသာ ဖြစ်သည်။ ဘုရားကို ယုံကြည်သည့်လူများနှင့် ဤနေရာတွင် အစဉ်သဖြင့ အချိန်ဖြုန်းနေခြင်းက ကျွန်ုပ်အတွက် မည်သည့်အရာမျှ မရခဲ့ပါ၊ ပြီးလျှင် ကျွန်ုပ်သည် အစဉ်သဖြင့် မကျေမနပ်ဖြစ်နေသည်။ ဤသို့လုပ်ဆောင်သည်မှာ မိမိကိုယ်ကို ညှဉ်းဆဲနေခြင်းသာ ဖြစ်သည်မဟုတ်လော။ အပြင်ထွက်၍ ငွေများစွာ ရှာခြင်းကမှ တကယ်ကို အရေးကြီးလေသည်”ဟု ပြောဆိုလိမ့်မည်။ ၎င်းတို့သည် သင်ပြောဆိုခဲ့သည့်အရာကို သဘောတူလိမ့်မည်။ ၎င်းတို့ သဘောတူသည်နှင့်တစ်ပြိုင်နက် တစ်နေ့နေ့တွင် ၎င်းတို့က အသင်းတော်၌ နေခြင်းသည် အဓိပ္ပာယ်မဲ့သည်ဟု ခံစားရသောကြောင့်လည်းကောင်း၊ ထို့အပြင် အချို့အရာများ ၎င်းတို့အတွက် မှားယွင်းသွားသောကြောင့် သို့မဟုတ် အချို့သော ကျရှုံးမှုများနှင့် ဆုတ်ယုတ်မှုများ၊ အချို့သော ပြုပြင်ခြင်းများကို တွေ့ကြုံရသောကြောင့် မိမိတို့ဘာသာ ရိုးရှင်းစွာ ထွက်ခွာသွားကောင်း သွားနိုင်သည်။ ယင်းမှာ ကောင်းသည် မဟုတ်လော။ (ဟုတ်ပါသည်။ ဤသည်မှာ ပညာရှိသော လုပ်နည်းကိုင်နည်းတစ်ခု ဖြစ်သည်။) နတ်ဆိုးများကို အသင်းတော်မှ ထွက်ခွာသွားအောင် လုပ်ရန် လွယ်ကူသည်၊ သင်သည် ၎င်းတို့၏ စိတ်နေစိတ်ထားကို သိရှိပြီးသည်နှင့်တစ်ပြိုင်နက် ၎င်းတို့လိုချင်သောအရာတစ်ခုခု ရှိပါက ယင်းကို လိုက်စားရန် ၎င်းတို့ကို အားပေးလော့။ ဤနည်းအားဖြင့် သင်သည် ၎င်းတို့ကို ထွက်ခွာသွားရန် ဖျောင်းဖျနိုင်သည်။ အခြေအနေအရ အလိုက်သင့် လမ်းကြောင်းပေး၍ ၎င်းတို့ကို ထွက်သွားစေလော့။ ဤလူစားမျိုးဖြစ်သည့် မယုံကြည်သူကို ဤသို့ ကိုင်တွယ်ရသည်။
အသင်းတော်၌ ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင်ရှိသည့် ထိုသို့သောလူများကို တွေ့ရှိပါက ၎င်းတို့ကို ထွက်ခွာသွားရန် ဖျောင်းဖျသင့်သည် သို့မဟုတ် ချက်ချင်း ရှင်းလင်းပစ်သင့်သည်၊ ၎င်းတို့ကို နေရန် တိုက်တွန်းခြင်း မပြုရ။ အဘယ်ကြောင့် မတိုက်တွန်းရသနည်း။ တစ်ချက်မှာ ၎င်းတို့သည် အသင်းတော်၌ ကောင်းသော အခန်းကဏ္ဍမှ မပါဝင်သောကြောင့် ဖြစ်သည်၊ နောက်တစ်ချက်မှာ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောသူများထဲတွင် လုံးဝ မပါဝင်သောကြောင့် ဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် အသင်းတော်၌ ဆက်လက်နေထိုင်လျှင်ပင် နောက်ဆုံးတွင် ၎င်းတို့အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်၏ အမှုတော် သို့မဟုတ် ကယ်တင်ခြင်းကို ရရှိရန် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို လက်ခံရန် မဖြစ်နိုင်သေးပေ။ ၎င်းတို့သည် အသင်းတော်၌ ဆက်လက်နေထိုင်ပါက အသင်းတော်၏အလုပ်အတွက် ထိခိုက်နစ်နာမှု ဖြစ်စေလိမ့်မည်ဖြစ်ပြီး ဝိညာဉ်ရင့်ကျက်မှု နုနယ်သော ညီအစ်ကိုမောင်နှမအချို့ကို အထင်အမြင်မှားစေပြီး လွှမ်းမိုးနိုင်သည်။ ဘုရားအိမ်တော်ရှိ လူများသည် ၎င်းတို့ကို မနှစ်မြို့ဖွယ်ဟု ထင်မြင်ကြပြီး ၎င်းတို့ကလည်း ဘုရားအိမ်တော်ရှိ ညီအစ်ကိုမောင်နှမများကို အလားတူ မနှစ်မြို့ဖွယ်ဟု ရှုမြင်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့သည် ဘုရားအိမ်တော်၊ အသင်းတော်နှင့် ညီအစ်ကိုမောင်နှမများကို အစဉ် ရန်လိုမုန်းတီးမှုဖြင့် သဘောထားကြသည်။ သို့ဆိုလျှင် ငါ့ကို ပြောလော့၊ အသင်းတော်၌ ထိုသို့သော ရန်သူ၊ ထိုသို့သော ပြိုင်ဘက်တစ်ဦး ရှိနေပါက သင်တို့ စိတ်အနှောင့်အယှက် ဖြစ်မည် မဟုတ်လော။ (ဟုတ်ကဲ့၊ ဖြစ်ပါသည်။) ထို့ကြောင့် ထိုသို့သောလူများကို နေရန် မတိုက်တွန်းခြင်းသည် အကောင်းဆုံး ဖြစ်သည်။ ၎င်းတို့ကို တွေ့ရှိသည်နှင့်တစ်ပြိုင်နက် ချက်ချင်း ထွက်ခွာသွားရန် ဖျောင်းဖျလော့၊ ရှင်းလင်းပစ်လော့ သို့မဟုတ် နှင်ထုတ်လော့။ ဧဝံဂေလိတရား ဟောပြောခြင်းစဉ်တွင် ကြုံတွေ့ရပါက ထိုသို့သောလူများကို မည်သို့ ကိုင်တွယ်သင့်သနည်း။ (၎င်းတို့နှင့် ရိုးရှင်းစွာ ခပ်ကင်းကင်းနေပြီး လျစ်လျူရှုပါ။) သင်သည် ဤလူစားမျိုးကို ကြုံတွေ့ရသည့်အခါ ၎င်းတို့အား ဧဝံဂေလိတရားကို မဟောပြောသင့်ပေ။ ၎င်းတို့သည် ချဲ့ကားပြီး အခြေအမြစ်မရှိသော နည်းလမ်းဖြင့် ပြောဆိုကြပြီး အလွန် စကားများသော်လည်း အမှန်တကယ်တွင် မည်သည့်အရည်အချင်းမျှ လုံးဝမရှိပေ။ ဘုရားအိမ်တော်သည် ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင်ရှိသည့် ဤသို့သောလူစားမျိုးကို မလိုအပ်ပေ၊ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောသူများထဲတွင် မပါဝင်ပေ။ ၎င်းတို့သည် ယခု ဧဝံဂေလိတရားဟောခြင်း ခံရလျှင်ပင် အနှေးနှင့်အမြန်ဆိုသလို ၎င်းတို့ကို ရှင်းလင်းဖယ်ရှားရန် လိုအပ်နေဦးမည် ဖြစ်သည်။ ထို့ကြောင့် ဧဝံဂေလိတရား ဟောပြောသူများသည် ထိုသို့သောလူများကို ကြုံတွေ့ရသည့်အခါ ၎င်းတို့ကို ရိုးရှင်းစွာ လက်လျှော့သင့်သည်။ ဘုရားအိမ်တော်သည် ထိုသို့သောလူများကို အလိုမရှိသကဲ့သို့ ကြိုဆိုခြင်းလည်း မရှိပေ။ ဤသည်မှာ ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင်ရှိသည့် လူများကို ကိုင်တွယ်ရန် နည်းလမ်းဖြစ်ပြီး ဤသည်မှာ စည်းမျဉ်း ဖြစ်သည်။ ဤကိစ္စကို ကိုင်တွယ်ရာတွင် ကိစ္စသေးသေးကို ကိစ္စကြီးလုပ်ရန် မလိုအပ်သည်မှာ ပြောစရာမလိုပေ၊ လူတစ်ဦးသည် ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင်ရှိသည့် လူများအမျိုးအစားထဲတွင် အကျုံးဝင်ခြင်း ရှိမရှိကို သင်သည် ရှင်းလင်းစွာ နားလည်ရမည်။ ၎င်းတို့၏ သရုပ်သကန်များသည် ဤလူစားမျိုး၏ သရုပ်သကန်များနှင့် ကိုက်ညီပါက ၎င်းတို့ကို ဤအုပ်စု၏ စာရင်းထဲတွင် ထည့်သွင်းသင့်သည်။ သို့သော် တစ်စုံတစ်ဦးသည် ရံဖန်ရံခါသာ ကြွားဝါခြင်း သို့မဟုတ် အဓိပ္ပာယ်မဲ့စကားများ ပြောဆိုပြီး ၎င်းတို့၏ အလွန်အကျွံ ကြွားဝါမှုကြောင့် ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင်ရှိသည်ဟု မှားယွင်းစွာ ရှုမြင်ခံရသော်လည်း အမှန်တကယ်တွင် ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းသည် စစ်မှန်ပြီး ဤအမျိုးအစားထဲတွင် မပါဝင်ပါက ဤအခြေအနေသည် လူကောင်းတစ်ဦးကို မှားယွင်းစွာ စွပ်စွဲခြင်းမှ ရှောင်ရှားရန် ကွဲပြားသော ကိုင်တွယ်မှု လိုအပ်သည်။
၃။ မိမိ၏ တာဝန်ထမ်းဆောင်စဉ် လူတစ်ဦးထားရှိသော သဘောထားအပေါ် အခြေခံခြင်း
ငါတို့သည် လူတို့၏ လူ့သဘာဝအပေါ် အခြေခံ၍ ပိုင်းခြားသိမြင်ခြင်း စံသတ်မှတ်ချက်အကြောင်းကို မိတ်သဟာယဖွဲ့ခြင်းကို အတော်အတန် ပြီးစီးခဲ့ပြီ ဖြစ်သည်။ နောက်ထပ် စံသတ်မှတ်ချက်တစ်ခု ရှိသေးသည်၊ ယင်းမှာ လူတို့၏ တာဝန်များ ထမ်းဆောင်စဉ် ၎င်းတို့ထားရှိသော သဘောထားအပေါ် အခြေခံ၍ ပိုင်းခြားသိမြင်ခြင်း ဖြစ်သည်။ ငါတို့သည် ယခင် တရားဒေသနာများတွင် ဤစံသတ်မှတ်ချက်အကြောင်းကို အတော်များများ ပြောဆိုခဲ့ပြီးဖြစ်သောကြောင့် ဤအကြောင်းကို ထပ်မံ၍ ပြောဆိုရန် မလိုအပ်တော့ပေ။
ကောင်းပြီ။ ယနေ့အတွက် ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းကို ဤမျှဖြင့် နိဂုံးချုပ်ပါသည်။ နှုတ်ဆက်ပါသည်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၆ ရက်