အခန်း (၆)
အရာခပ်သိမ်း၏ ဦးသျှောင်ဖြစ်သော အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကိုယ်တော်၏ ပလ္လင်တော်မှနေ၍ ကိုယ်တော်၏ ဘုရင်နှင့်ဆိုင်သော တန်ခိုးအာဏာကို ကျင့်သုံးတော်မူ၏။ ကိုယ်တော်သည် စကြဝဠာနှင့် အရာခပ်သိမ်းကို အုပ်စိုးတော်မူပြီး မြေကြီးတစ်ပြင်လုံးတွင် ကျွန်ုပ်တို့ကို လမ်းပြလျက်ရှိတော်မူ၏။ အချိန်တိုင်းတွင် ကိုယ်တော်နှင့် ရင်းနှီးလော့၊ ပြီးလျှင် အခိုက်အတန့်တစ်ခုကိုမျှ မည်သည့်အခါမျှ လက်လွတ်မခံဘဲ ကိုယ်တော့်ရှေ့မှောက်သို့ တိတ်ဆိတ်ငြိမ်သက်စွာ လာလော့၊ သင်ယူရမည့် သင်ခန်းစာများ အစဉ်သဖြင့် ရှိလေသည်။ ပတ်ဝန်းကျင်အပြင် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများသည် ကိုယ်တော်၏ ပလ္လင်တော်၏ ခွင့်ပြုချက်ဖြင့် တည်ရှိကြသည်။ မည်သည့်အကြောင်းကြောင့်မျှ သင်၏ စိတ်နှလုံးထဲတွင် မကျေနပ်ချက်များကို မပေါ်ပေါက်စေနှင့်၊ သို့မဟုတ်ပါက ဘုရားသခင်သည် ကိုယ်တော်၏ ကျေးဇူးတော်ကို သင့်အပေါ် ပေးသနားတော်မူမည် မဟုတ်ပေ။ သင့်အပေါ် အနာရောဂါ ဖြစ်လာသောအခါ ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖြစ်ပြီး ကိုယ်တော်၏ ကောင်းမွန်သော ရည်ရွယ်ချက်များသည် ယင်းအတွင်း၌ သေချာပေါက် ပါဝင်နေသည်။ သင်၏ ဇာတိပကတိသည် ဆင်းရဲဒုက္ခ အနည်းငယ်ကို ခံစားရနိုင်သော်လည်း စာတန်ထံမှ မည်သည့် စိတ်ကူးများကိုမျှ လက်မခံနှင့်။ ဖျားနာနေစဉ်အတွင်း ဘုရားသခင်ကို ချီးမွမ်းလော့၊ ပြီးလျှင် သင်၏ ချီးမွမ်းခြင်းအတွင်း ဘုရားသခင်ကို ပျော်မွေးခံစားလော့။ ဖျားနာခြင်းကို ရင်ဆိုင်ရချိန်တွင် စိတ်ဓာတ်မကျနှင့်၊ ထပ်ခါတလဲလဲ ဆက်လက်ရှာဖွေပြီး လက်မလျှော့နှင့်၊ ထိုအခါ ဘုရားသခင်သည် သင့်ကို အလင်းပေးပြီး ဉာဏ်ပွင့်စေတော်မူလိမ့်မည်။ ယောဘ၏ ယုံကြည်ခြင်းသည် မည်သို့ရှိခဲ့သနည်း။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် အရာခပ်သိမ်းကို စွမ်းဆောင်နိုင်သော သမားတော်တစ်ပါး ဖြစ်တော်မူ၏။ ဖျားနာခြင်းထဲတွင် နေထိုင်ခြင်းသည် ဖျားနာခြင်းဖြစ်သော်လည်း ဝိညာဉ်ထဲတွင် နေထိုင်ခြင်းသည် ကျန်းမာခြင်း ဖြစ်သည်။ သင်၌ ထွက်သက်ဝင်သက် တစ်ချက် ရှိနေသေးသရွေ့ ဘုရားသခင်သည် သင့်ကို သေခွင့်ပြုတော်မူမည် မဟုတ်ပေ။
ငါတို့သည် ငါတို့အတွင်း၌ ခရစ်တော်၏ ရှင်ပြန်ထမြောက်သော အသက်ကို ပိုင်ဆိုင်၏။ ငါတို့သည် ဘုရားသခင်၏ မျက်မှောက်၌ သိသိသာသာ ယုံကြည်ခြင်း ကင်းမဲ့ကြပေသည်။ ဘုရားသခင်သည် ငါတို့၏အတွင်း၌ စစ်မှန်သော ယုံကြည်ခြင်းကို ထည့်ပေးမည်သာပင်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဧကန်အမှန် ချိုမြိန်သည်တကား။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ထိရောက်သောဆေးဝါး ဖြစ်ပေသည်တကား။ ယင်းက နတ်ဆိုးများနှင့် စာတန်ကို အရှက်ရစေသည်တကား။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သဘောပေါက်ခြင်းက ငါတို့ကို ထောက်ပံ့မှုပေး၏။ သူ၏ နှုတ်ကပတ်တော်သည် ငါတို့၏ စိတ်နှလုံးများကို ကယ်တင်ဖို့ အလျင်အမြန် လုပ်ဆောင်လေသည်။ ယင်းက အရာအားလုံးကို ပပျောက်စေပြီး၊ အရာအားလုံးကို အေးချမ်းစေ၏။ ယုံကြည်ခြင်းသည် သစ်တစ်လုံးထိုးတံတားကဲ့သို့ ဖြစ်သည်။ အသက်ကို ဖက်တွယ်ထားပြီး သေခြင်းတရားကို ကြောက်ရွံ့သော သူတို့သည် ယင်းတံတားကို ဖြတ်ကူးရာတွင် အခက်ကြုံလိမ့်မည် ဖြစ်သော်လည်း မိမိတို့၏ အသက်ကို ပေးရန် အသင့်ရှိသော သူတို့သည် ခြေမြဲကာ စိုးရိမ်မှုကင်းလျက် ဖြတ်ကူးနိုင်ကြ၏။ လူတို့သည် တွန့်ဆုတ်ခြင်းနှင့် ကြောက်ရွံ့သော အတွေးများ သိုထားပါက၊ ယင်းမှာ စာတန်သည် ၎င်းတို့ကို လှည့်စားပြီး ဖြစ်သောကြောင့် ဖြစ်သည်။ ယင်းမှာ ဘုရားသခင်ထဲသို့ ဝင်ရောက်ဖို့ ယုံကြည်ခြင်း တံတားအား ငါတို့ ဖြတ်ကူးမည်စိုးသောကြောင့်ဖြစ်သည်။ စာတန်သည် ၎င်း၏ အတွေးအခေါ်များကို ငါတို့ထံ ပို့ရန် ဖြစ်နိုင်သမျှသောနည်းလမ်းတိုင်းကို ကြိုးစားနေ၏။ ငါတို့ကို အလင်းပေးပြီး ဉာဏ်ပွင့်စေဖို့ အချိန်တိုင်း ဘုရားသခင်ထံ ငါတို့ ဆုတောင်းသင့်သည်၊ ငါတို့အတွင်းမှ စာတန်၏ အဆိပ်အတောက်ကို သန့်စင်စေရန် ဘုရားသခင်အပေါ် အချိန်တိုင်း ငါတို့ မှီခိုသင့်သည်၊ ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်ခြင်းအား ငါတို့၏ စိတ်ဝိညာဉ်အတွင်း၌ အချိန်တိုင်း လက်တွေ့လုပ်ဆောင်သင့်ပြီး၊ ငါတို့၏ ဖြစ်တည်မှုတစ်ခုလုံးအပေါ် ဘုရားသခင်ကို အုပ်စိုးခွင့်နှင့် နေရာယူခွင့် ပေးသင့်ပေသည်။