လုံးဝ မေ့မရတော့မည့် ဆယ့်လေးရက်
၂၀၂၀ခုနှစ်မှာ ကျွန်မက အသင်းတော်မှာ စာသားတွေနဲ့ဆိုင်တဲ့အလုပ် လုပ်ရတယ်။ နိုဝင်ဘာ ၁၀ ရက်၊ မနက် ၉ နာရီမှာ အစ်မစုကျင်နဲ့ ကျွန်မတို့က အထက်ခေါင်းဆောင်ဆီကနေ ရုတ်တရက် စာတစ်စောင်ရတယ်။ အဲဒီနေ့မနက် ၂ နာရီ ဝန်းကျင်မှာ အယောက် ၂၀၀၀ နီးပါးရှိတဲ့ ရဲတွေ စုဝေးကြတယ်၊ စီရင်စုထဲမှာ လူ အစုလိုက် အပြုံလိုက်ဖမ်းတာတွေ လုပ်ဖို့အတွက် စက်သေနတ်အသေးစားတွေ ကိုင်ထားကြတယ် ဆိုပြီး ပြောထားတယ်။ ကျွန်မတို့အသင်းတော်က ခေါင်းဆောင်၊ အမှုဆောင်တွေနဲ့ တချို့ ညီအစ်ကိုမောင်နှမတွေပါ အဖမ်းခံရတယ်။ ကျွန်မတို့နဲ့ မီတာ ၃၀၀ ပဲဝေးတဲ့ ဧည့်ခံတဲ့အိမ်သုံးအိမ်က ညီအစ်ကိုမောင်နှမတွေ အကုန် အဖမ်းခံရတယ်။ အရင် သုံးလေးလက ကျွန်မ နေခဲ့တဲ့ ဧည့်ခံအိမ်တစ်အိမ်လည်းပါတယ်။ ကျွန်မ အဲဒီစာကို ဖတ်တော့ ကျွန်မ အသက်ရှူတာ၊ နှလုံးခုန်တာတွေက မြန်လာတာကို ချက်ချင်း ခံစားမိလာတယ်။ အခုရက်ပိုင်းတုန်းက ကျွန်မတို့ မပြောင်းခဲ့ဘူးဆိုရင် ကျွန်မလည်း အဖမ်းခံရမှာ။ အဖမ်းခံရတဲ့ လူစာရင်းကို ကြည့်တော့ ကျွန်မက တော်တော်များများနဲ့ အနီးကပ် အဆက်အသွယ်ရှိနေတာကို တွေ့ရတယ်။ လမ်းတွေအကုန်လုံးမှာ စောင့်ကြည့်တဲ့ ကင်မရာတွေရှိတယ်။ ရဲတွေက ဗီဒီယိုမှတ်တမ်းကို ပြန်ကြည့်ရင် ကျွန်မက အကာအကွယ်မဲ့ဖြစ်သွားမှာမဟုတ်ဘူးလား။ ဒါကို သဘောပေါက်သွားတော့ ကျွန်မအတွက် တော်တော်အန္တရာယ်ရှိနေပြီး အချိန်မရွေး အဖမ်းခံရနိုင်တယ်လို့ ခံစားမိတယ်။ အဲဒါနဲ့ ကျွန်မ စိတ်နှလုံးထဲကနေ ဘုရားကို ဆက်တိုက် အော်ခေါ်တယ်။ “ဘုရားသခင်၊ သမီးတာဝန်မှာ ဒီဆိုးရွားတဲ့ အတွေ့အကြုံကို ဇွဲရှိရှိနဲ့ ဖြတ်သန်းနိုင်ဖို့အတွက် သမီးရဲ့ စိတ်နှလုံးကို ကာကွယ်ပေးပြီး ယုံကြည်ခြင်း သွတ်သွင်းပေးတော်မူပါ” ဆိုပြီးတော့။ ဆုတောင်းပြီးသွားတော့ ကျွန်မ နည်းနည်း ပိုပြီး စိတ်ငြိမ်သွားတယ်။ ဘုရားနှုတ်ကပတ်တော်က ဒီလိုပြောထားတာကို ကျွန်မ အမှတ်ရမိတယ်။ “သင့်ကို ဝန်းရံသည့် ပတ်ဝန်းကျင်ရှိ အရာအားလုံးသည် ငါ၏အခွင့်အားဖြင့်ဖြစ်သည်၊ ငါ စီစဉ်ထားခြင်းသာ ဖြစ်သည်ကို သင်သိထား၏။ ရှင်းရှင်းလင်းလင်း မြင်ကာ သင့်ကို ငါပေးထားသော ပတ်ဝန်းကျင်တွင် ငါ၏စိတ်နှလုံးကို ဖြည့်ဆည်းလော့။ မကြောက်နှင့်၊ ကောင်းကင်ဗိုလ်ခြေတို့၏ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သင်နှင့်အတူ ဧကန်အမှန် ရှိလိမ့်မည်။ သူသည် သင့်ကို ထောက်မပေးပြီး သူသည် သင်၏ ဒိုင်းလွှားဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၂၆)) ဘုရားသခင်က အရာရာကို အုပ်စိုးပြီး ကျွန်မရဲ့ ဒိုင်းလွှားပဲ။ ဘုရားသခင်က သဘောမတူဘဲနဲ့ စာတန်က ကျွန်မကို မထိခိုက်နိုင်ဘူး။ ဒါကို သဘောပေါက်သွားပြီး ကျွန်မမှာ ယုံကြည်ခြင်းနဲ့ ခွန်အားပြည့်သွားပြီးတော့ မကြောက်တော့ဘူး။ အဲဒီနောက်တော့ စုကျင်နဲ့ ကျွန်မတို့ ပိုဝေးတဲ့နေရာကို အမြန်ပြောင်းကြပြီး တာဝန်ကိုတော့ ဆက်ထမ်းဆောင်ကြတယ်။
အဲဒီတုန်းက ညီအစ်ကိုမောင်နှမ တော်တော်များများက စီရင်စုထဲမှာ သူတို့တာဝန်တွေကို ထမ်းဆောင်နေကြတာ။ ဖမ်းခံရပြီးတော့ ကျွန်မတို့က သူတို့နဲ့ အဆက်အသွယ်ပြတ်သွားတယ်။ ကျွန်မတို့ခေါင်းဆောင်က ကျွန်မတို့ဆီ စာရေးပြီး အတွင်းသိသိထားတဲ့ နယ်ခံအဖွဲ့ဝင်တွေကို ဆက်သွယ်ပြီး အဖမ်းမခံရသေးတဲ့သူတွေကို လုံခြုံတဲ့နေရာတွေကို ပြန်ပြောင်းပေးဖို့ ပြောတယ်။ အဲဒါနဲ့ ဒီနယ်မှာ ကျွန်မ သိတဲ့ ဧည့်ခံအိမ်ရှစ်အိမ်ရဲ့ လိပ်စာတွေကို နယ်ခံ ညီအစ်ကိုမောင်နှမတွေကို ကျွန်မ ပေးလိုက်ပြီး သူတို့ကို ဆက်သွယ်ဖို့ ကြိုးစားခိုင်းလိုက်တယ်။ ဒါပေမဲ့ ငါးရက်ကြာသွားပြီးတော့ တုံ့ပြန်မှု သိပ်မရဘူး။ ဘာတိုးတက်မှုမှ သိပ်မရှိဘဲ ချောင်ပိတ်မိနေတာပေါ့။ ကျွန်မ စဉ်းစားတယ်။ “ဒီ ဧည့်ခံအိမ်တွေနဲ့ ရင်းနှီးတဲ့ ကျန်နေတဲ့ တစ်ယောက်တည်းသောသူက ငါပဲ။ စုကျင်က နယ်ခံမဟုတ်တော့ ဒီနယ်ကို ကောင်းကောင်းမသိဘူး။ ငါ ကိုယ့်ဘာသာ သွားပြီး စုံစမ်းလို့ရတယ်လို့ သူ့ကို ပြောသင့်တယ် ထင်တယ်” ပေါ့။ ဒါပေမဲ့ ဒီလိုတွေးပြီးတာနဲ့ တစ်ပြိုင်နက် အဲဒီအချိန်တုန်းက စီရင်စုက အန္တရာယ်ရှိတဲ့နေရာဆိုတာ ကျွန်မ ရုတ်တရက် သတိရသွားတယ်။ ရဲတွေက နေရာတကာမှာ စောင့်ကြည့်နေပြီး မျက်နှာတွေကို ပုံဖမ်းနိုင်တဲ့ ရုပ်ကြည် ကင်မရာတွေရှိတယ်။ အရင်တုန်းက ရဲတွေက ကျွန်မ ယုံကြည်မှုအကြောင်းကို မေးဖို့ ကျွန်မ အိမ်ကို လာဖူးတယ်။ နောက်ပြီးတော့ အဖမ်းခံရတဲ့သူ တော်တော်များများက ကျွန်မကို သိတဲ့သူတွေပဲ။ တစ်ယောက်က ကျွန်မနဲ့ အတူ သုံးနှစ်ကျော်လုပ်ခဲ့တဲ့ အစ်မတစ်ယောက်ပေါ့။ ကျွန်မ သွားပြီး စုံစမ်းတဲ့အချိန်မှာ ကျွန်မရှိနေတာကို ရှာတွေ့သွားရင် ကျွန်မက အချိန်မရွေး အဖမ်းမခံရနိုင်ဘူးလား။ ကျွန်မက ရဲတွေ ရိုက်လို့သေသွားရင်၊ ဒါမှမဟုတ် နှိပ်စက်တာကို မခံနိုင်ဘဲ ယုဒဖြစ်သွားရင် ကျွန်မ ယုံကြည်တဲ့ နှစ်တွေအကုန်လုံးက အလကားဖြစ်မသွားဘူးလား။ ဘာပဲဖြစ်ဖြစ် ကျွန်မ သွားလို့မဖြစ်ဘူး။ စောင့်ကြည့်ရမယ် ပေါ့။ ဒါပေမဲ့ ဒီအတွေးတွေကြောင့် ကျွန်မ လိပ်ပြာမလုံဖြစ်မိတယ်။ အဲဒါနဲ့ ဘုရားကို တိတ်တဆိတ် ဆုတောင်းတယ်။ “ဘုရားသခင်၊ အမှုကိစ္စတွေကို စစ်ဆေးဖို့ စီရင်စုထဲကို သမီး သွားသင့်တယ်ဆိုတာကို သိပါတယ်။ ဒါပေမဲ့ အဖမ်းခံရမှာကို စိုးရိမ်ပါတယ်။ ကိုယ့်ကိုယ်ကို ပိုပြီး နားလည်ဖို့အတွက် သမီးကို လမ်းပြတော်မူပါ” ဆိုပြီးတော့။
အဲဒီအချိန်တုန်းက ဘုရားနှုတ်ကပတ်တော် ဖတ်ပြီး ကျွန်မ အခြေအနေကို နည်းနည်း နားလည်လာတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အန္တိခရစ်များသည် အလွန်အမင်း တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာကြသည်။ ၎င်းတို့၌ ဘုရားသခင်ကို ဆက်ကပ်ခြင်း ရှိဖို့ မဆိုထားနှင့်၊ ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်းမရှိကြပေ။ ၎င်းတို့သည် ပြဿနာတစ်ခုကို ကြုံရသည့်အခါ၊ မိမိကိုယ်ကိုယ်သာ ကာကွယ်ပြီး ဘေးဆီးရန်ကာကြသည်။ ၎င်းတို့အတွက်မူ မိမိတို့ကိုယ်တိုင်၏ ဘေးကင်းရေးထက် မည်သည့်အရာမျှ သာ၍ အရေးမကြီးချေ။ အသင်းတော်၏အလုပ်အဖို့ မည်မျှ ဘေးဖြစ်စေသည်ကို ၎င်းတို့ ဂရုမစိုက်ကြချေ— ၎င်းတို့ အသက်ရှင်နေသေးပြီး အဖမ်းမခံရသေးသရွေ့ ယင်းသည်သာ အရေးကြီးပေသည်။ ဤလူများ၏ စိတ်သဘောထားသည် အလွန်အမင်း တစ်ကိုယ်ကောင်းဆန်သည်၊ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ သို့မဟုတ် အသင်းတော်အတွက် လုံးဝ မစဉ်းစားကြပေ၊ ၎င်းတို့က မိမိတို့၏ ဘေးကင်းလုံခြုံမှုအတွက်သာ စဉ်းစားကြသည်။ ၎င်းတို့သည် အန္တိခရစ်များ ဖြစ်ကြသည်။...ဘုရားသခင်ကို သစ္စာစောင့်သိသည့်သူများက ပတ်ဝန်းကျင်တစ်ခုသည် အန္တရာယ်ရှိသည်ကို ရှင်းလင်းစွာ သိသည့်အခါတွင် ၎င်းတို့ကိုယ်တိုင် မဆုတ်ခွာမီ နောက်ဆက်တွဲ အခြေအနေကို ရှင်းလင်းသည့် အလုပ်ကို ကိုင်တွယ်ဖို့ လိုလားဆဲဖြစ်ကာ ဘုရားအိမ်တော်ကို ဆုံးရှုံးမှုများ အနည်းဆုံးဖြစ်အောင် ထိန်းသိမ်းကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်၏ ဘေးကင်းရေးကို ဦးစားမပေးကြပေ။ ငါ့ကိုပြောလော့၊ အဆင်းနီသောနဂါးကြီး၏ ဤဆိုးယုတ်သောနိုင်ငံတွင် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းတွင် အန္တရာယ်လုံးဝ မရှိဟု မည်သူက သေချာစေနိုင်သနည်း။ မည်သည့်တာဝန်ကို တာဝန်ယူဆောင်ရွက်ပါစေ ယင်းက အန္တရာယ်အချို့ ပါဝင်သည်။ သို့တိုင် တာဝန်ထမ်းဆောင်ခြင်းသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းထားခြင်းဖြစ်ပြီး ဘုရားသခင်၏ နောက်လိုက်စဉ်တွင် မိမိ၏တာဝန် ထမ်းဆောင်ခြင်းနှင့် ပတ်သက်သည့် အန္တရာယ်ကို ခံယူရမည် ဖြစ်သည်။ အကြင်သူသည် ဉာဏ်ပညာကို အသုံးပြုသင့်ပြီး မိမိ၏ဘေးကင်းလုံခြုံရေးကို သေချာစေဖို့ ချိန်ဆရန် လိုအပ်သော်လည်း မိမိ၏ ကိုယ်ရေးကိုယ်တာ ဘေးကင်းလုံခြုံရေးကို ဦးစားမပေးသင့်ပေ။ ထိုသူသည် ဘုရားအိမ်တော်၏အလုပ်နှင့် ဧဝံဂေလိဖြန့်ဝေခြင်းကို ဦးစားပေးလျက် ဘုရားအလိုတော်ကို အလေးထားသင့်သည်။ သင့်အတွက် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်ခြင်းသည် အရေးအကြီးဆုံး အရာဖြစ်ပြီး ဦးစားပေးဖြစ်သည်။ အန္တိခရစ်များသည် မိမိတို့ကိုယ်တိုင်၏ ဘေးကင်းရေးကိုသာ အဓိက ဦးစားပေးကြသည်။ အခြားမည်သည့်အရာမျှ ၎င်းတို့နှင့် မသက်ဆိုင်ဟု ၎င်းတို့ တွေးထင်ကြသည်။ အခြားသူတစ်ဦးကို တစ်စုံတစ်ခုဖြစ်သည့်အခါ၊ ထိုသူ မည်သူဖြစ်နိုင်ပါစေ ၎င်းတို့ ဂရုမစိုက်ကြချေ။ အန္တိခရစ်များ ကိုယ်တိုင် မည်သည့်ဆိုးရွားသည့်အရာမျှ မဖြစ်သရွေ့၊ ၎င်းတို့ စိတ်အေးလက်အေး ဖြစ်ကြသည်။ ၎င်းတို့၌ သစ္စာစောင့်သိခြင်း တစ်စက်မျှ မရှိပေ၊ ယင်းကို အန္တိခရစ်တစ်ဦး၏ သဘာဝနှင့်အနှစ်သာရတို့က ဆုံးဖြတ်ပေး၏။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၂)) ဘုရားနှုတ်ကပတ်တော် ဖွင့်ပြချက်ကို ဖတ်ပြီးသွားတော့ ကျွန်မ အရမ်းနောင်တရပြီး ရှက်မိတယ်။ အန္တိခရစ်တွေက အရမ်း တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတာကို ကျွန်မ မြင်ခဲ့တယ်။ အန္တရာယ်ရှိတဲ့ အခြေအနေတွေကို ရင်ဆိုင်ရတဲ့အခါ သူတို့ လုံခြုံရေးအတွက်ပဲ စဉ်းစားကြတယ်။ ညီအစ်ကိုမောင်နှမတွေရဲ့ အသက်တွေကို မပြောနဲ့။ အသင်းတော်ရဲ့ ဆုံးရှုံးမှုတွေကိုတောင် ထည့်မစဉ်းစားဘူး။ အန္တိခရစ်တွေအကြောင်း ဘုရားသခင် ဖော်ထုတ်တာနဲ့ ကျွန်မကိုယ်တိုင်ရဲ့ အပြုအမူကို ယှဉ်ကြည့်တော့ ကျွန်မက သူတို့လိုပါပဲဆိုတာ မြင်ခဲ့ရတယ်။ အဖမ်းမခံရသေးတဲ့သူတွေကို အမြန်နေရာပြောင်းမပေးရင် သူတို့က အချိန်မရွေး အဖမ်းခံရနိုင်တဲ့ အန္တရာယ်ရှိလိမ့်မယ်ဆိုတာ ကျွန်မ ရှင်းရှင်းလင်းလင်း သိတယ်။ အသင်းတော်အလုပ်လည်း ဆုံးရှုံးမှုတွေ ခံရပြီး နှောင့်ယှက်ခံရမယ်။ အဲဒီ ဧည့်ခံအိမ်တွေနဲ့ ရင်းနှီးတာ ကျွန်မတစ်ယောက်ပဲရှိတာ။ ဒီတော့ ဒါကို ကိုင်တွယ်ဖို့က ကျွန်မ တာဝန်ပဲ။ ဒါပေမဲ့ ဒီလို အရေးပါတဲ့ အခိုက်အတန့်မှာ ကျွန်မ လုံခြုံရေးကိုပဲ စဉ်းစားခဲ့တယ်။ အဖမ်းခံရပြီး နှိပ်စက်ခံရမှာကြောက်လို့ အသင်းတော်ရဲ့ အကျိုးနဲ့ တခြားလူတွေရဲ့ လုံခြုံရေးကို ကာကွယ်ချင်စိတ်မရှိခဲ့ဘူး။ ကျွန်မက အရမ်းကို တစ်ကိုယ်ကောင်းဆန်ပြီး လူ့သဘာဝကင်းမဲ့တာပဲ။ နောက်တော့ ဒီ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ တွေ့မိတယ်။ “လူသားက ဘုရားသခင်ကို အမှန်တကယ် ရှာဖွေသည်၊ မရှာဖွေသည်ကို သူ၏အလုပ်နှင့်ဆိုင်သည့် စစ်ဆေးမှုအားဖြင့်၊ ဆိုလိုသည်မှာ ဘုရားသခင်၏ စမ်းသပ်မှုများအားဖြင့်၊ ဆုံးဖြတ်ခြင်းဖြစ်ကာ လူကိုယ်တိုင် ဆုံးဖြတ်ချက်နှင့် လားလားမျှ မသက်ဆိုင်ပေ။ ဘုရားသခင်သည် မည်သည့်လူကိုမျှ စိတ်ကူးပေါက်ရာ မငြင်းပယ်ပေ။ သူလုပ်ဆောင်သမျှသည် လူသားကို လုံးဝ လက်ခံယုံကြည်စေနိုင်သည်။ သူသည် လူသားက မမြင်နိုင်သည့် မည်သည့်အရာကိုမျှ၊ သို့မဟုတ် လူသားကို လက်ခံမယုံကြည်စေနိုင်သည့် မည်သည့်အမှုကိုမျှ မလုပ်ဆောင်ပေ။ လူသား၏ ယုံကြည်ခြင်းက မှန်သည်၊ မှားသည်ဆိုသည်ကို အမှန်တရားများအားဖြင့် သက်သေပြခြင်း ဖြစ်ပြီး၊ လူသားက ဆုံးဖြတ်၍ မရနိုင်ပေ။ ‘ဂျုံစပါးပင်ကို တောပင်များအဖြစ်သို့ မပြုလုပ်နိုင်သကဲ့သို့၊ တောပင်များကိုလည်း ဂျုံစပါးပင်အဖြစ်သို့ မပြုလုပ်နိုင်ပါ’ ဆိုသည်မှာ ယုံမှားဖွယ်ရာ မရှိပေ။ ဘုရားသခင်ကို အမှန်တကယ် ချစ်မြတ်နိုးသူများအားလုံးသည် နောက်ဆုံးတွင် နိုင်ငံတော်ထဲ ကျန်ရှိကြလိမ့်မည် ဖြစ်ပြီး၊ သူ့ကို အမှန်တကယ် ချစ်မြတ်နိုးသည့် မည်သူကိုမဆို ဘုရားသခင်က နှိပ်စက်မည် မဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု) ကျွန်မတို့က စီစီပီရဲ့ ဘုရားမဲ့ နယ်မြေမှာ တာဝန်ထမ်းဆောင်တဲ့အခါ အန္တရာယ်နဲ့ ဆင်းရဲဒုက္ခတွေကို မလွှဲမရှောင်သာ ရင်ဆိုင်ရမယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကတစ်ဆင့် ကျွန်မ သဘောပေါက်သွားတယ်။ ဘုရားသခင်က ကျွန်မတို့ကို စမ်းသပ်ပြီး ကျွန်မတို့ရဲ့ ယုံကြည်ခြင်းနဲ့ ချစ်ခြင်းကို စုံလင်စေဖို့ ဒီ ဆိုးရွားတဲ့ အတွေ့အကြုံတွေကို တွေ့ကြုံခွင့်ပေးတာပါ။ ဘုရားကို တကယ်ယုံကြည်ပြီး ဘုရားအလိုတော်ကို အလေးထားတဲ့သူတွေက အသင်းတော်အလုပ်က အန္တရာယ်ကျရောက်တဲ့အချိန်မှာ စိန်ခေါ်မှုတွေကို ထိပ်တိုက် ရင်ဆိုင်နိုင်တယ်။ သူတို့ကိုယ်တိုင်ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ထမ်းရွက်ပြီး အသင်းတော်အလုပ်ကို ကာကွယ်ပေးနိုင်တယ်။ နောက်ဆက်တွဲ ရှင်းလင်းဖို့အတွက် ဘုရားကို အမှီပြုပြီး ဉာဏ်ပညာကို အသုံးပြုနိုင်တယ်။ အဲဒီနေ့မှာ ကျွန်မ ရင်ဆိုင်ရတဲ့ တာဝန်က ဘုရားဆီက စမ်းသပ်မှုတစ်ခုပဲ။ သူ့အပေါ် ယုံကြည်မှုရှိပြီး သစ္စာရှိသလား၊ အသင်းတော်အလုပ်အတွက် တာဝန်သိစိတ်ရှိသလားဆိုတာ ကြည့်ဖို့ပဲ။ ကိုယ့်အကျိုးအတွက်ပဲ စဉ်းစားပြီး အရမ်း တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းနေတာကို ကျွန်မ ရပ်ရမယ်။ ဒီလို သဘောထားက ဘုရားကို နာကျင်စေပြီး စိတ်ပျက်စေတာပဲ ဖြစ်လိမ့်မယ်။ ဘုရားအလိုတော်ကို သဘောပေါက်သွားတာနဲ့ ကျွန်မ မကြောက်တော့ဘူး။ စီရင်စုထဲက အခြေအနေကို စူးစမ်းပြီး ပြုပြင်ဖို့ အသင့်ဖြစ်နေခဲ့တယ်။
ရန်လီနဲ့ ကျွန်မတို့ အတူတူသွားကြပြီး သူ့ရဲ့ မယုံကြည်သူ ဆွေမျိုးတွေဆီမှာ ခဏနေကြတယ်။ ပထမ ဧည့်ခံအိမ်ကို ကျွန်မသွားတော့ တံခါးက သော့ခတ်ထားတာ တွေ့တယ်။ ပြီးတော့ အသင်းတော်ကို ပုတ်ခတ်ပြီး သိက္ခာချထားတဲ့ စာတန်းတစ်ခုကို နံရံမှာ ချိတ်ထားတယ်။ အစောပိုင်း သုံးလေးရက်က ဒီမှာနေတဲ့သူတွေအကုန်လုံးကို ရဲတွေ ဖမ်းသွားတယ်ဆိုပြီး အသက်ကြီးကြီး အိမ်နီးချင်းတစ်ယောက်က ပြောတယ်။ အဲဒါနဲ့ ဒုတိယအိမ်ကို ကျွန်မ အမြန်သွားလိုက်တယ်။ အဲဒီမှာလည်း သော့ခတ်ထားပြီး နံရံမှာ ဒီစာတန်းကိုပဲ ချိတ်ထားတာ တွေ့လိုက်ရတယ်။ ဒီအိမ်မှာ နေတဲ့သူတွေလည်း အဖမ်းခံရတယ်ဆိုတာ ကျွန်မ သဘောပေါက်သွားတာပေါ့။ ကျွန်မ ဆက်ပြီး လမ်းလျှောက်သွားတယ်။ လမ်းဆုံတစ်ခုကို ကျွန်မ ဖြတ်နေတုန်းမှာ ရဲတွေအပြည့်နဲ့ ရဲကားတစ်စီးကို တွေ့လိုက်တယ်။ ရဲကားမီးတွေ တစ်လက်လက် လင်းနေပြီး လမ်းဘေးမှာ ရပ်ထားတယ်။ အနီးအနားမှာ လမ်းသွားလမ်းလာ သိပ်မရှိဘူး။ ကျွန်မက နောက်တစ်ခါ နည်းနည်းကြောက်သွားပြီး တွေးမိတယ်။ “ငါ့ခေါင်းဆောင် လီယွမ် အဖမ်းခံရတာ ဒီနေရာနဲ့ သိပ်မဝေးဘူး။ ပြီးတော့ အဲဒီအိမ်မှာ ငါ နှစ်နှစ်ကျော်နေခဲ့တာ။ လွန်ခဲ့တဲ့ သုံးလက အဲဒီကို ငါ နေ့တိုင်း ဝင်ထွက်သွားလာနေတာ။ ရဲတွေက ငါ့ကို မှတ်မိရင် ငါက တက်တက်ကြွကြွနဲ့ ကိုယ့်ကိုယ်ကိုယ် အဖမ်းခံနေတာ ဖြစ်သွားမှာမဟုတ်ဘူးလား” ပေါ့။ ကျွန်မ စိတ်သောကတွေရောက်ပြီး ကျွန်မကို သတ္တိပေးဖို့အတွက် ဘုရားကို ဆက်တိုက်အော်ခေါ်တယ်။ ကျွန်မက ရဲကားရှေ့တည့်တည့်ရောက်နှင့်နေတော့ ကွေ့ပတ်သွားလို့မရဘူး။ အဲဒါနဲ့ လမ်းလျှောက်သွားရင်းနဲ့ တည်တည်ငြိမ်ငြိမ်နေလိုက်ရတယ်။ သူတို့ကို ကျော်သွားတော့မှ နောက်ဆုံးမှာ နည်းနည်း စိတ်သက်သာသွားနိုင်တယ်။ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး နောက်ကလိုက်လာသူတွေ မရှိမှန်းသေချာသွားမှ နောက်တစ်အိမ်ကို ဆက်သွားလိုက်တယ်။ အရင်နှစ်အိမ်လိုပဲ။ တံခါးက သော့ခတ်ထားပြီး အိမ်အပြင်မှာ ဒီ ပုတ်ခတ်စော်ကားထားတဲ့ စာတန်းကို ထားထားတယ်။ ကျွန်မ ကိုယ်ခန္ဓာကနေ အားတွေအကုန်လုံး ဆုတ်ယုတ်သွားသလို ခံစားရတယ်။ ဒီအိမ်သုံးအိမ်က ညီအစ်ကိုမောင်နှမတွေက အဖမ်းခံထားရတာကို ကျွန်မ တွေ့နေရပြီး တခြားအိမ်တွေက လူတွေ ဘယ်လိုဖြစ်သလဲဆိုတာ မသိဘူး။ ဒါပေမဲ့ အသေရေဖျက်တဲ့ စာတန်းတွေကို လမ်းတိုင်း၊ လမ်းဆုံတိုင်းရဲ့ နံရံတွေမှာ ချိတ်ထားတယ်။ ကင်းလှည့်သူတွေ၊ ရဲကားတွေ၊ လူဝတ်နဲ့ ရဲတွေကို လမ်းတိုင်း၊ လမ်းသွယ်တိုင်းမှာ ချထားတယ်။ ပြီးတော့ နေရာတိုင်းမှာ စောင့်ကြည့်ကင်မရာတွေရှိတယ်။ တခြားအိမ်တွေဆီကို သွားလည်ရင် ရဲတွေက ကျွန်မကို သတိထားမိမလားပေါ့။ တခြားအိမ်တွေကို မသွားရဲဘူး။ ကျွန်မခြေထောက်တွေက အရမ်းလေးနေပြီး ရန်လီရဲ့ ဆွေမျိုးတွေအိမ်ကို တစ်လှမ်းချင်း လေးလေးပင်ပင်နဲ့ လျှောက်လာခဲ့ရတယ်။ ကျွန်မ မျက်လုံးမှာ မျက်ရည်တွေ ဝဲနေတယ်။ တော်တော် ဝမ်းနည်းနေရင်းနဲ့ ရန်လီကို ကျွန်မ ပြောလိုက်တယ်။ “အဲဒီ အိမ်သုံးအိမ်လုံး အငိုက်မိပြီး အဖမ်းခံလိုက်ရတယ်။ အခု ကျွန်မတို့ ဘာလုပ်သင့်လဲ” ပေါ့။ သူက “ရှေ့ဆက်ဖို့ ဉာဏ်အရှိဆုံးနည်းကတော့ ဘုရားကို ဆုတောင်းပြီး အမှီပြုဖို့ပဲ။” ဆိုပြီး ပြန်ပြောတယ်။ အဲဒါနဲ့ ကျွန်မတို့နှစ်ယောက် ဒူးထောက် ဆုတောင်းပြီး ရှင်းလင်းရေးအလုပ် ပြီးမြောက်စေဖို့ ကျွန်မတို့ကို သတ္တိနဲ့ ယုံကြည်ခြင်းပေးဖို့ ဘုရားကို ဆုတောင်းတယ်။ ညစာစားပြီးတော့ လေးအိမ်မြောက်ကို ကျွန်မတို့ သွားကြတယ်။ အစ်မမန်ဖန်က ကျွန်မတို့ကိုမြင်တော့ အံ့အားသင့်ပြီး အထဲကို အမြန်ဆွဲခေါ်တယ်။ သူ ဧည့်ခံနေတဲ့ အစ်မသုံးယောက်ကို အကုန်လုံး အောင်အောင်မြင်မြင်နဲ့ နေရာပြောင်းပြီးသွားပြီဆိုပြီး သူကပြောတယ်။ နိုဝင်ဘာ ၁၀ ရက်နေ့၊ မနက် ၅ နာရီမှာ အဲဒီအစ်မသုံးယောက်က အိပ်နေတုန်းမှာ ရဲသုံးယောက်က အိမ်ကို ရှာဖို့ ရောက်လာတယ်။ သူတို့မှာ အစ်မသုံးယောက်ရဲ့ မှတ်ပုံတင်ကဒ်မိတ္တူတွေတောင်ရှိပြီးတော့ ဒီအစ်မတွေက အွန်လိုင်းမှာ လိမ်နေတဲ့သူတွေဆိုပြီး ပြောတယ်။ ဒီအစ်မတွေကို မှတ်မိလားဆိုပြီး မန်ဖန်နဲ့ သူ့ယောက်ျားကို မေးတယ်။ သူ့ယောက်ျားက လမ်းတစ်ဖက်က အပေါ်ထပ်မှာ သူတို့နေတာဖြစ်နိုင်တယ်လို့ ထင်တယ် ဆိုပြီး ပြန်ဖြေတယ်။ အဲဒီအခါကျမှ ရဲတွေက ပြန်သွားတယ်။ မန်ဖန်က တံခါးသွားပိတ်တော့ လမ်းဟိုဘက်ခြမ်းမှာ အပေါ်ထပ် တိုက်ခန်းကို ရဲ ၆၀၊ ၇၀ လောက်က အစုလိုက် ဝင်လာကြတာကို တွေ့ရတယ်။ ဒီလိုနဲ့ သူတို့သုံးယောက်က အဖမ်းမခံရဘဲ လွတ်သွားတာပေါ့။ သူတို့အားလုံးကို နေရာပြောင်းပြီးသွားတာကို ကျွန်မ ကြားရတော့ ကျွန်မ ပါးကနေ ဝမ်းသာတဲ့မျက်ရည်တွေ စီးကျလာပြီး ဘုရားကို ဆက်တိုက်ကျေးဇူးတင်နေမိတယ်။ မန်ဖန်က ဒီလို ခက်ခဲတဲ့အချိန်မှာ ဒီအစ်မတွေရဲ့ လုံခြုံရေးကို ကာကွယ်ဖို့ သူ တတ်နိုင်သမျှ လုပ်ခဲ့ပြီး ကျွန်မကတော့ တစ်ကိုယ်ကောင်းဆန်စွာ၊ စက်ဆုပ်စွာနဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ ကာကွယ်ခဲ့တာကို မြင်ရတော့ ရှက်မိတယ်။ ကျွန်မ အိမ်ကို လမ်းလျှောက်ပြန်ရင်းနဲ့ အစ်မသုံးယောက်က ရဲတွေနဲ့ အနီးကပ်ကြုံတွေ့ရတာကို ဘေးကင်းကင်းနဲ့ ရှောင်ခဲ့တာတွေ၊ ဒါဟာ ဘုရားရဲ့ ဩဇာအာဏာနဲ့ အချုပ်အခြာအာဏာကြောင့်ပဲဆိုတာတွေကို တွေးမိတယ်။ ဒီအစ်မသုံးယောက် အဖမ်းမခံရဘဲ ဘေးကင်းကင်းနဲ့ နေရာပြောင်းသွားတာက ဘုရားသခင်က ရဲတွေကို မမြင်အောင်လုပ်ခဲ့တာကြောင့်ပဲ။ အရာအားလုံးက ဘုရားသခင်၏ အုပ်စိုးမှုကို ခံရတာကို ကျွန်မ မြင်ခဲ့တယ်။ စာတန်က ဘယ်လောက် ကြမ်းတမ်းပါစေ ဘုရားရဲ့ ခွင့်ပြုချက်မရှိဘဲ ကျွန်မတို့ကို မထိခိုက်နိုင်ဘူး။ ကျွန်မ တွေးကြည့်လေလေ၊ ဘုရားက အနန္တတန်ခိုးရှိပြီး ဉာဏ်ပညာရှိတယ်ဆိုတာ သဘောပေါက်လေလေပဲ။ ဒါကြောင့် ကျွန်မ ယုံကြည်ခြင်းက ပိုခိုင်မာလာတယ်။
နောက်နေ့မနက်မှာ တခြားအိမ်နှစ်အိမ်ကို ဝင်စစ်ကြည့်ဖို့ ကျွန်မသွားခဲ့ပြီး အဲဒီမှာရှိတဲ့ ညီအစ်ကိုမောင်နှမတွေအကုန်လုံး အဖမ်းခံရတယ်ဆိုတာ သိလိုက်ရတယ်။ အဲဒါနဲ့ ကျွန်မနေနေတဲ့ နေရာကို အမြန်ပြန်လာလိုက်တယ်။ ကျွန်မ အံ့ဩသွားရတာက ရန်လီက ပြောတယ်။ သူ့အမျိုးတွေနဲ့ အိမ်နီးချင်းတွေက ကျွန်မတို့က ယုံကြည်သူတွေလားဆိုပြီး မေးတယ် တဲ့။ ပြီးတော့ လွန်ခဲ့တဲ့ သုံးလေးရက်က စီရင်စုကို ရဲတွေအများကြီးလွှတ်ပြီး ယုံကြည်သူတွေ တော်တော်များများ အဖမ်းခံရတယ် တဲ့။ အဲဒီက လူတွေက အစ်မကို သံသယဖြစ်လာတာပေါ့။ ဒီလို ကြားရတော့ အဲဒီမှာ ကျွန်မတို့က မလုံခြုံတော့တဲ့ ပုံစံပဲ။ တောင်တန်းဒေသမှာရှိတဲ့ ကျွန်မနေတဲ့နေရာကို ပြန်သွားဖို့ ဆုံးဖြတ်လိုက်တယ်။ စီရင်စုထဲမှာ ကျွန်မရှိနေတဲ့အချိန်မှာ သိခဲ့ရတာတွေကို စုကျင်ကို ပြောပြလိုက်တယ်။ ဒါကို နားထောင်ပြီး သူက ပြန်ပြောတယ်။ “စာရင်းပျောက်နေတဲ့သူတချို့ရှိသေးတယ်။ သူတို့လည်း အဖမ်းခံရနိုင်သလား။ ကျွန်မတို့ စုံစမ်းဖို့ စီရင်စုကို ပြန်သွားသင့်တယ်” တဲ့။ စီရင်စုကို ကျွန်မတို့ ပြန်သွားရမယ်လို့ သူပြောတာကို ကြားရတော့ အပြင်ပန်းမှာတော့ သဘောတူလိုက်တယ်။ ဒါပေမဲ့ စိတ်ထဲမှာတော့ အဲဒီနေရာကို ပြန်သွားချင်စိတ်မရှိဘူး။ ကျွန်မ တွေးမိတယ်။ “အစ်မသွားချင်ရင် သွားလေ။ ကျွန်မကတော့ သေချာပေါက် သွားမှာမဟုတ်ဘူး။ တစ်ကြိမ်ဆို လုံလောက်ပြီ။ ကျွန်မက ထပ်သွားပြီးတော့ ရဲတွေက ရှာတွေ့သွားရင် ဘယ်လိုလုပ်မလဲ။ ကျွန်မ အဖမ်းခံရရင် နှိပ်စက်ညှဉ်းပန်းခံရမယ်” ပေါ့။ ဒါပေမဲ့ ဒီလိုစဉ်းစားတဲ့အတွက် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းသလို ခံစားမိတယ်။ အစ်မစုကျင်က နယ်ခံလူမဟုတ်ဘူး၊ သူ့ဘာသာ မသွားနိုင်ဘူးဆိုတာ ကျွန်မ ကောင်းကောင်းသိတယ်။ ဒီလောက် အန္တရာယ်ရှိတဲ့အလုပ်ကို သူ့ကိုပေးတာ ကျွန်မက ဘယ်လိုဖြစ်ပြီး တရားလွန်ဖြစ်နေရတာလဲ ပေါ့။ စီရင်စုကို ကျွန်မ သွားတော့ ဘုရားရဲ့ ဉာဏ်ပညာနဲ့ အနန္တတန်ခိုးရှိခြင်းကို မျက်မြင်မြင်တွေ့ပြီး သူ့ရဲ့ ကွယ်ကာမှုကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရတယ်။ အခင်းဖြစ်ပြီး နောက်ဆက်တွဲကို ရှင်းလင်းပေးဖို့ ကူညီချင်စိတ်ရှိတယ်လို့တောင် ဘုရားရှေ့မှာ ကျွန်မ ကြေညာခဲ့တယ်။ ဘာလို့ အခု နောက်တွန့်နေရတာလဲ။ နောက်တော့ ဘာကြောင့် ဒီလိုဖြစ်နိုင်သလဲဆိုတာကို ကျွန်မ စဉ်းစားတယ်။ အဲဒီမှာ ဒီ ဘုရားနှုတ်ကပတ်တော်ကို တွေ့မိတယ်။ “ဖောက်ပြန်ပျက်စီးသော လူသားအားလုံး ၎င်းတို့ကိုယ်တိုင်အတွက် အသက်ရှင်နေထိုင်ကြ၏။ မိမိကိုယ်သာ ကိုးကွယ်ရာ၊ ဤသည်မှာ လူ့သဘာဝ၏ အနှစ်ချုပ်ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် မိမိအတွက် လုပ်ဆောင်ခြင်းဖြစ်ပြီး၊ ၎င်းတို့သည် ဘုရားသခင်အတွက် အမှုအရာများကို စွန့်လွှတ်ပြီး မိမိတို့ကိုယ်ကိုယ် အသုံးခံကြသည့်အခါ ယင်းသည် ကောင်းချီးခံစားရရန်ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်အပေါ် သစ္စာရှိသောအခါ ယင်းသည် ဆုချီးမြှင့်ခြင်းခံရရန်ဖြစ်သည်။ အနှစ်ချုပ်လျှင် အားလုံးက ကောင်းချီးရဖို့၊ ဆုချီးမြှင့်ခြင်းခံရဖို့၊ ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရဖို့ ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်။ လူ့အဖွဲ့အစည်းတွင် လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးအမြတ်အတွက် အလုပ်လုပ်သည်။ ဘုရားသခင်၏ အိမ်တော်တွင် ၎င်းတို့က ကောင်းချီးရရန် တာဝန်ထမ်းဆောင်ကြသည်။ ကောင်းချီးမင်္ဂလာများ ရရှိရန်အတွက် လူတို့သည် အရာခပ်သိမ်းကို စွန့်ပယ်ခြင်းဖြစ်ကာ များစွာသော ဒုက္ခကို ကြံ့ကြံ့ခံနိုင်ခြင်းဖြစ်သည်။ လူသား၏ ဆိုးယုတ်သော သဘာဝနှင့်ပတ်သက်ပြီး ပိုကောင်းသော အထောက်အထားမရှိပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ကျွန်မက အသင်းတော်အလုပ်ကို ကာကွယ်ချင်ပေမဲ့ အန္တရာယ်နဲ့ ရင်ဆိုင်ရတဲ့အခါ ကျွန်မတာဝန်ကို မသိစိတ်ကနေ ဘေးဖယ်ထားချင်ပြီး ကိုယ့်အကျိုးစီးပွားကို ထိန်းသိမ်းချင်တယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ သဘောပေါက်သွားတယ်။ ကျွန်မက “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏” ဆိုတာမျိုးဆိုးယုတ်တဲ့ အဆိပ်တွေက ထိန်းချုပ်တာ ခံနေခဲ့ရတာ။ ကျွန်မက ဒီ ဆိုးယုတ်တဲ့ အဆိပ်တွေနဲ့ အသက်ရှင်နေပြီး အရမ်းကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းခဲ့တယ်။ ကိုယ့်အတွက် ဘေးကင်းဖို့ပဲ စဉ်းစားတယ်။ အသင်းတော်အလုပ်၊ ဒါမှမဟုတ် ညီအစ်ကိုမောင်နှမတွေရဲ့ ဘေးကင်းရေးကို လုံးဝ မစဉ်းစားဘူး။ ကျွန်မတို့က စစ်ဆေးဖို့ သုံးလေးအိမ်ကျန်သေးတယ်၊ ပြီးတော့ အဲဒီမှာရှိတဲ့ ညီအစ်ကိုမောင်နှမတွေ အဖမ်းခံရသလား မသိသေးဘူးဆိုတာ ကျွန်မ ရှင်းရှင်းလင်းလင်း သိတာတောင် ကျွန်မက အဖမ်းခံရပြီး နှိပ်စက်ခံရမှာစိုးလို့ စီရင်စုကို သွားချင်စိတ်ရှိမနေဘူး။ ဘုရားအလိုတော်ကို လုံးဝ အရေးမစိုက်ခဲ့ဘူး။ စုကျင်းက နယ်ခံမဟုတ်ဘူး စီရင်စုအကြောင်းကောင်းကောင်းမသိဘူးဆိုတာကိုလည်း ကျွန်မ ကောင်းကောင်းသိတယ်။ ဒါပေမဲ့ ကိုယ့်လုံခြုံရေးကို ကာကွယ်ဖို့ ကျွန်မကတော့ အဝေးမှာနေပြီး မမြင်အောင် ကုပ်နေပြီးတော့ ဒီလို အန္တရာယ်ရှိတဲ့အလုပ်ကို သူ့ဆီ လွှဲပေးဖို့တောင် စဉ်းစားခဲ့တယ်။ ဘယ်လောက် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းလိုက်လဲ။ ဒါကို သဘောပေါက်တော့ ကိုယ့်ကိုယ်ကိုယ် စက်ဆုပ်ရွံရှာပြီး ဒီလို ယုတ်မာပြီး ရွံစရာကောင်းတဲ့ပုံစံနဲ့ ဆက်ပြီး အသက်ရှင်ချင်စိတ်မရှိတော့ဘူး။
အထူးသဖြင့် ဒီနှစ်ပိုဒ်က တော်တော်သက်ရာက်မှုရှိတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူသားမျိုးနွယ်တစ်ရပ်လုံးထဲမှ အနန္တတန်ခိုးရှင်၏ မျက်လုံးထဲ၌ ဂရုစိုက်မခံရသူဟူ၍ မည်သူရှိသနည်း။ အနန္တတန်ခိုးရှင်၏ ကြိုတင်ပြဋ္ဌာန်းထားခြင်း အလယ်၌ မနေထိုင်သူ မည်သူရှိသနည်း။ လူသား၏ အသက်ရှင်ခြင်းနှင့် သေခြင်းသည် သူကိုယ်တိုင်၏ ရွေးချယ်ချက်ဖြင့် ဖြစ်ပျက်သလော။ လူသားသည် သူကိုယ်တိုင်၏ ကံကြမ္မာကို ထိန်းချုပ်ထား သလော။ များစွာသောလူတို့သည် သေခြင်းတရားကို အော်ခေါ်ကြ သော်လည်း၊ ၎င်းသည် သူတို့ထံမှ ဝေးကွာနေ၏။ များစွာသောလူတို့သည် ဘဝတွင် ကြံ့ခိုင်၍ သေခြင်းတရားကို ကြောက်ရွံ့သောသူများ ဖြစ်လိုကြသော်လည်း၊ ၎င်းတို့အား သေခြင်းတရား၏ အသူတစ်ရာ နက်သောချောက်ထဲသို့ ထိုးဆင်းနေရင်း ၎င်းတို့၏သေဆုံးခြင်း နေ့ရက်သည် ၎င်းတို့သတိမထားမိခင် ချဉ်းကပ်လာနေ၏။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၁)) “သခင်ယေရှု၏ ထိုတပည့်တော်များသည် မည်သို့ သေဆုံးကြသနည်း။ တပည့်တော်များ ကြားတွင်၊ မသေမချင်း ကျောက်တုံးဖြင့် ထုသတ် ခံခဲ့ရသူများ၊ မြင်းနောက်မှ ကြိုးဖြင့် ဆွဲခံရသူများ၊ ဇောက်ထိုးမိုးမျှော် ကားစင်တင်ခံရသူများ၊ မြင်းငါးကောင်ဖြင့် ကိုယ်လက်အင်္ဂါများကို တစ်စစီ ဆွဲဖျက်ခံရသူများရှိကြသည်— သေခြင်းတရား မျိုးစုံသည် ၎င်းတို့ပေါ် ကျရောက်ခဲ့သည်။ ၎င်းတို့၏ သေခြင်းတရားများအတွက် အကြောင်းအရင်းမှာ အဘယ်နည်း။ ၎င်းတို့သည် ၎င်းတို့၏ ပြစ်မှုများအတွက် ဥပဒေနှင့်လျော်ညီစွာ ကွပ်မျက်ခံရခြင်းလော။ မဟုတ်ပေ၊ ၎င်းတို့သည် သခင်၏ ဧဝံဂေလိတရားကို ဖြန့်ဝေပြီး ကမ္ဘာသူ ကမ္ဘာသားများ၏ ငြင်းပယ်ခြင်းကို ခံခဲ့ကြရသောကြောင့်၊ စီရင်ခြင်းခံခဲ့ရသည်၊ ရိုက်နှက်ခြင်းခံခဲ့ရသည်၊ ဆူပူခြင်းခံခဲ့ရပြီး အသတ်ခံခဲ့ရသည်— ယင်းမှာ ၎င်းတို့ ညှဉ်းဆဲသတ်ဖြတ်ခံရသည့် ပုံစံဖြစ်သည်။...အမှန်တကယ်တွင် ဤသည်မှာ ၎င်းတို့၏ ခန္ဓာကိုယ်များ သေဆုံးပြီး ကွယ်လွန်သွားသည့်ပုံစံ ဖြစ်သည်။ ဤသည်မှာ လူ့လောကမှ ၎င်းတို့ ထွက်ခွာသွားသည့် ပုံစံဖြစ်သည်၊ သို့ရာတွင် ယင်းက ၎င်းတို့၏ အဆုံးသတ်သည် တူညီသည်ဟု မဆိုလိုပေ။ ၎င်းတို့၏သေခြင်းတရားနှင့် ထွက်ခွာခြင်းတို့၏ နည်းလမ်းများမှာ မည်သို့ဖြစ်ပါစေ၊ ယင်းတို့က မည်သို့ဖြစ်ပျက်ခဲ့ပါစေ၊ ဘုရားသခင်က ထိုအသက်တာများ၏၊ ထိုဖန်ဆင်းခံသတ္တဝါများ၏ နောက်ဆုံး အဆုံးသတ်များကို သတ်မှတ်ခဲ့သည့်ပုံစံ မဟုတ်ပေ။ ဤသည်မှာ သင် ရှင်းလင်းစွာ တွေ့ရမည့်အရာ တစ်စုံတစ်ခုဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့် ၎င်းတို့က ဤလောကကို ပြစ်တင်ရှုတ်ချဖို့နှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သက်သေခံဖို့ ဤနည်းလမ်းများကို အတိအကျအားဖြင့် အသုံးပြုခဲ့ခြင်း ဖြစ်သည်။...မိသားစု၊ ကြွယ်ဝခြင်းနှင့် ဤအသက်တာ၏ ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုများသည် အပြင်ပန်းအရာများသာ ဖြစ်သည်။ ကိုယ့်အတွက် အတွင်းကျသည့် တစ်ခုတည်းသော အရာမှာ အသက်ဖြစ်သည်။ အသက်ရှင်သည့်လူတိုင်းအတွက် အသက်သည် တန်ဖိုးအထားထိုက်ဆုံးသော အရာ၊ အဖိုးအတန်ဆုံးသော အရာဖြစ်ပြီး၊ အမှန်တော့ ဤလူများသည် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ချစ်ခြင်းနှင့်ပတ်သက်၍ အတည်ပြုချက်အနေဖြင့်လည်းကောင်း၊ သက်သေခံချက်အနေဖြင့်လည်းကောင်း ၎င်းတို့၏ အဖိုးအတန်ဆုံး ပိုင်ဆိုင်မှု- အသက်- ကို ပူဇော်ဆက်ကပ် နိုင်ခဲ့ကြသည်။ ၎င်းတို့ သေဆုံးသည့် နေ့ရက်အထိ ၎င်းတို့သည် ဘုရားသခင်၏နာမတော်ကို မငြင်းပယ်ခဲ့ကြသကဲ့သို့၊ ဘုရားသခင်၏ အမှုတော်ကိုလည်း မငြင်းပယ်ခဲ့ကြဘဲ၊ ဤအမှန်တရား တည်ရှိမှုအတွက် သက်သေခံဖို့ ၎င်းတို့၏ နောက်ဆုံးအခိုက်အတန့်ကို အသုံးပြုခဲ့ကြသည်- ဤသည်မှာ အမြင့်မားဆုံး သက်သေခံသည့် ပုံစံမဟုတ်လော။ ဤသည်မှာ တစ်စုံတစ်ဦး၏တာဝန်ကို ထမ်းဆောင်ဖို့ အကောင်းဆုံး နည်းလမ်းဖြစ်သည်။ ဤသည်မှာ တစ်စုံတစ်ဦး၏တာဝန်ကို ဖြည့်ဆည်းခြင်း ဆိုသည့်အရာဖြစ်သည်။ စာတန်က ၎င်းတို့ကို ခြိမ်းခြောက်ပြီး အကြမ်းဖက်ကာ၊ အဆုံး၌ ၎င်းက သူတို့၏အသက်တာများကို အဖိုးအခ ပေးစေသည့်အခါတွင်ပင်၊ ၎င်းတို့သည် ၎င်းတို့၏ တာဝန်ကို မပယ်ဖျက်ခဲ့ပေ။ ဤသည်မှာ တစ်စုံတစ်ဦး၏ တာဝန်ကို အဆုံးစွန်သော အတိုင်းအတာအထိ ဖြည့်ဆည်းခြင်းဖြစ်ပေသည်။ ဤသည်နှင့်ပတ်သက်၍ ငါမည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားသခင်ကို သက်သေခံဖို့နှင့် ဧဝံဂေလိတရား ဖြန့်ဝေဖို့ တစ်ထေရာတည်းသော နည်းစနစ်ကို သင်တို့ အသုံးပြုဖို့အား ငါရည်ရွယ်သလော။ ထိုသို့ ပြုလုပ်ရန် မလိုအပ်သော်လည်း၊ ဤသည်မှာ သင်၏တာဝန် ဖြစ်ကြောင်း၊ ဘုရားသခင်က သင့်အား လိုအပ်ပါက၊ ယင်းကို သမစိတ္တဖြစ်သောဝတ္တရားတစ်ခု အနေဖြင့် လက်ခံသင့်ကြောင်းတို့ကို သင်နားလည်ရမည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဧဝံဂေလိတရား ဖြန့်ဝေခြင်းသည် ကျင့်ဝတ်သိက္ခာအရ ယုံကြည်သူများအားလုံး မဖြစ်မနေလုပ်ရမည့် တာဝန်တစ်ခုဖြစ်သည်) လူရဲ့ ကံကြမ္မာက ဘုရားရဲ့ လက်ထဲမှာ အားလုံးရှိတယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ သဘောပေါက်သွားတယ်။ လူတိုင်းရဲ့ ရှင်ခြင်းနဲ့ သေခြင်းကို ဘုရားက ကြိုတင်သတ်မှတ်ပြီး ထိန်းချုပ်တယ်။ စီရင်စုထဲမှာ ကျွန်မက အဖမ်းခံရပြီး နှိပ်စက်ခံရမလားဆိုတာ အားလုံးက ဘုရားသခင်အပေါ် မူတည်တယ်။ ကျေးဇူးတော်ခေတ်တုန်းက သခင်ယေရှုအတွက် သူတို့ကိုယ်သူတို့ အနစ်နာခံခဲ့ကြတဲ့ တမန်တော်တွေကို ကျွန်မ ပြန်တွေးကြည့်တယ်။ သူတို့က ဘုရားသခင်အတွက် ကျောက်ခဲနဲ့ ထုသတ်ခံရတာ၊ မြင်းတွေနဲ့ သေတဲ့အထိ တရွတ်တိုက်ဆွဲခံရတာ ပြောင်းပြန်ကားစင်တင်ခံရတာလိုမျိုး ကံကြမ္မာတွေကို ခံစားရတယ်။ သေခြင်းနဲ့ ရင်ဆိုင်ရတဲ့အခါမှာ သူတို့က မှောင်မိုက်စွမ်းအားတွေက ထိန်းချုပ်တာ မခံရဘူး။ အဆုံးမှာ ဘုရားအတွက် သက်သေခံချက်မှာ ခိုင်မာစွာ ရပ်တည်ခဲ့ကြတယ်။ သူတို့ရဲ့ တန်ဖိုးအရှိဆုံး ပိုင်ဆိုင်မှုဖြစ်တဲ့ သူတို့ရဲ့ အသက်တွေကို ဘုရားကို ပေးအပ်ကြတယ်။ သူတို့ရဲ့ သေခါနီးအချိန်တွေမှာတောင် ဘုရားရဲ့ အမည်နာမကို လုံးဝ မငြင်းပယ်ကြဘူး။ ဆိုးယုတ်တဲ့ လူသားမျိုးနွယ်ရှေ့မှာ ဘုရားအတွက် သက်သေခံကြပြီး ဘဝမှာ သူတို့ရဲ့ တာဝန်ကို ပြီးမြောက်ကြတယ်။ ဖန်ဆင်းခံအနေနဲ့ သူတို့တာဝန်တွေကို ဖြည့်ဆည်းကြတယ်။ ဒါဟာ အဓိပ္ပာယ်ရှိပြီး ဘုရားသခင်က ချီးကျူးပါတယ်။ အဲဒီအချိန်မှာ ညီအစ်ကိုမောင်နှမတွေက အန္တရာယ်ရှိနေတယ်။ အဲဒီ အရေးပါတဲ့အချိန်မှာ ကျွန်မက ကိုယ့်အကျိုးအတွက် ကာကွယ်နေတာကြောင့် ကျွန်မ တာဝန်တွေကို မလုပ်နိုင်ဘဲ ညီအစ်ကိုမောင်နှမတွေ အဖမ်းခံရပြီး အသင်းတော်အလုပ် ထိခိုက်သွားရင် ကျွန်မက ဘုရားရှေ့မှာ ပြစ်မှားနေတာဖြစ်မှာပဲ။ ဒါက ယုံကြည်သူတစ်ယောက်အနေနဲ့ ကျွန်မရဲ့ မှတ်တမ်းမှာ အစွန်းအထင်းတစ်ခုဖြစ်သွားမှာ။ ပြီးတော့ သေချာပေါက် နောင်တရဖို့ အသက်ရှင်နေရမှာပဲ။ ကျွန်မ ကိုယ်တိုင်ရဲ့ လုံခြုံရေးကို ထည့်တွက်နေတာကို ရပ်ရမယ်။ အဲဒီညီအစ်ကိုမောင်နှမတွေဘာဖြစ်သွားသလဲဆိုတာ အမြန် သိအောင်လုပ်ရမယ်။ နောက်ဆုံး အဖမ်းခံရပြီး သေတဲ့အထိ နှိပ်စက်ခံရရင်တောင် ကျွန်မ သေတာက အဓိပ္ပာယ်ရှိပြီး ဘုရားက ချီးကျူးပြီး အောက်မေ့ခြင်းရှိမှာပဲ။ ဒါကို သဘောပေါက်သွားပြီး ပိုစိတ်ငြိမ်ပြီး စိတ်အေးသွားတယ်။
အဲဒီအချိန်မှာ ကျွန်မအပေါ်ကို လေးနက်ပြီး စိတ်တက်ကြွစေတဲ့ လွှမ်းမိုးမှုရှိတဲ့ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို တွေ့မိတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “တရုတ်နိုင်ငံ ပြည်မကြီးတွင် ဘုရားသခင်အား ယုံကြည်ပြီး ဘုရားသခင်နောက်သို့ လိုက်ရာတွင် နေ့စဉ်နှင့်အမျှ အန္တရာယ်ရှိသည်။ ဤသို့လုပ်ဆောင်ခြင်းအတွက် ထူးကဲစွာ ကြမ်းတမ်းသော ပတ်ဝန်းကျင်တစ်ခုဖြစ်သည်။ အချိန်မရွေး ဖမ်းဆီးခြင်း ခံရနိုင်သည်။ မရပ်မနား လိုက်ခြင်းကို ခံရသော ပတ်ဝန်းကျင်ကို သင်တို့အားလုံး ကြုံတွေ့ပြီးဖြစ်သလို ငါသည်လည်း ကြုံတွေ့ပြီးဖြစ်သည်မဟုတ်လော။ သင်တို့နှင့် ငါသည် တူညီသော ပတ်ဝန်းကျင်တွင် နေသည်။ ထို့ကြောင့် ထိုပတ်ဝန်းကျင်တွင် ငါသည် မကြာခဏ မပုန်းကွယ်ဘဲ နေ၍မရသည်ကို သင်တို့သိသည်။ ငါသည် တစ်ရက်တွင် နေရာ နှစ်ကြိမ်၊ သုံးကြိမ်ပြောင်းရသည့် အချိန်များရှိသည်။ သွားဖို့ အိပ်မက်ပင် မမက်ဖူးသည့်နေရာတစ်ခုခုသို့ သွားခဲ့ရသည့် အချိန်များပင်ရှိသည်။ အခက်ခဲဆုံးအချိန်များမှာ မည်သည့်နေရာမျှ သွားစရာ မရှိသည့်အချိန်များဖြစ်သည်။ နေ့တွင် စုဝေးပွဲတစ်ခုကို ပြုလုပ်ပြီး ညတွင် မည်သည့်နေရာ၌ ဘေးကင်းသည်ကို ငါမသိ။ တစ်ခါတစ်ရံ နေရာတစ်နေရာတွေ့ရန် ခက်ခဲစွာ ရုန်းကန်ခဲ့ရပြီးသည့်နောက်တွင် နောက်တစ်နေ့၌ ထွက်ခွာရပြန်သည်။ အဆင်းနီသောနဂါးကြီးက ထိုနေရာကို လာနေသောကြောင့်ဖြစ်သည်။ စစ်မှန်သော ယုံကြည်ခြင်းရှိသောသူတို့က ထိုသို့သော မြင်ကွင်းကို မြင်သောအခါ မည်သို့ စဉ်းစားကြသနည်း။ ‘ဘုရားက လူကို ကယ်တင်ဖို့ ကမ္ဘာကို လူ့ဇာတိနဲ့ကြွလာတာက သူ ပေးဆပ်ရတဲ့ အဖိုးအခပဲ။ ဒါက သူ ကြုံရတဲ့ ဒုက္ခတွေထဲက တစ်ခုပဲ။ ပြီးတော့ ဒါက “မြေခွေးသည်မြေတွင်းရှိ၏။ မိုဃ်းကောင်းကင်၌ ကျင်လည်သော ငှက်သည် နားနေရာ အရပ်ရှိ၏။ လူသားမူကား ခေါင်းချရာမျှမရှိ။” ဆိုတဲ့ သူ့စကားတွေကို လုံးဝ ပြည့်စုံစေတယ်။ အကြောင်းအရာတွေက တကယ် ဒီလိုဖြစ်နေပြီး လူ့ဇာတိခံခရစ်တော်က ဒီလိုဒုက္ခကို လူက ကြုံရသလိုမျိုးပဲ သူကိုယ်တိုင် ကြုံရတယ်’ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောသူအားလုံးသည် ဘုရားသခင်၏ လူသားကို ကယ်တင်ခြင်းအမှုက မည်မျှ ခက်ခဲကြမ်းတမ်းသည်ကို မြင်နိုင်သည်။ ဤအတွက်ကြောင့် သူတို့သည် ဘုရားသခင်ကို ချစ်လိမ့်မည်။ သူတို့သည် လူသားမျိုးနွယ်အတွက် ဘုရားသခင်ပေးဆပ်သော အဖိုးအခအတွက် ဘုရားကို ကျေးဇူးတင်ကြလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၀ (အပိုင်း ၃)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မအပေါ် တော်တော်သက်ရောက်မှုရှိတယ်။ ဘုရားသခင်က လူသားအဖြစ် သူ့ကိုယ်သူ နှိမ့်ချဖို့ အမြင့်ကနေ ကြွလာတယ်။ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုကို ပြုဖို့ ဘုရားကို အတိုက်အခံလုပ်တဲ့ နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံမှာ လူ့ဇာတိခံတယ်။ သူ့ကို လိုက်ဖမ်းဖို့ စီစီပီက နည်းလမ်းတိုင်းကို ကြိုးစားတယ်။ ဘာသာရေးအသိုင်းအဝိုင်းက သူ့ကို ရှုတ်ချပြီး ငြင်းပယ်တယ်။ ဒါပေမဲ့ ဘုရားသခင်က သူကိုယ်တိုင်ရဲ့ လုံခြုံရေးကို လုံးဝ မစဉ်းစားဘဲ ကျွန်မတို့ကို ရေလောင်းပြီး အားဖြည့်ပေးဖို့ သမ္မာတရားကို ဆက်လက် ဖော်ပြတယ်။ ကျွန်မတို့ကို သမ္မာတရားကို နားလည်ဖို့၊ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ချိုးဖျက်လွတ်မြောက်ပြီး လူသားပုံသဏ္ဍန်တစ်ခု အတိုင်း အသက်ရှင်နေထိုင်ဖို့ မျှော်လင့်ပြီးတော့ပေါ့။ လူသားမျိုးနွယ်အတွက် ဘုရားရဲ့ တစ်ကိုယ်ကောင်းဆန်ခြင်းမရှိတဲ့ ချစ်ခြင်းနဲ့ ကျွန်မတို့ကို ကယ်တင်ဖို့ အလေးအနက် ကြိုးစားမှုကို ကျွန်မ နားလည်သွားတာနဲ့ အရမ်းရှက်မိပြီး အပြစ်ရှိသလို ခံစားရတယ်။ အသိစိတ်နဲ့ လူ့သဘာဝကင်းမဲ့တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် စက်ဆုပ်ရွံရှာခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ နှစ်တွေအများကြီး ခံစားခဲ့တယ်။ ဒါပေမဲ့ ကျွန်မက ထရပ်ပြီး အသင်းတော်အလုပ်ကို ကာကွယ်ဖို့ လိုတဲ့အချိန်မှာ ဘာအနစ်နာခံတာမှ လုပ်ချင်စိတ်မရှိဘဲ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခဲ့တယ်။ ကျွန်မက ဘုရားရဲ့ ကယ်တင်ခြင်းနဲ့ မထိုက်တန်ပါဘူး။ လူ့သဘာဝနဲ့ နည်းနည်းလေးတောင် ဆင်တူခြင်းမရှိဘူး။ စက်ဆုပ်စရာ၊ အသုံးမဝင်တဲ့ ဘဝကို ကျွန်မ ဆက်ပြီး အသက်မရှင်ချင်တော့ဘူး။ အခင်းဖြစ်ပြီး နောက်ဆက်တွဲကိစ္စတွေ ရှင်းဖို့အတွက် ဇာတိပကတိကို စွန့်လွှတ်ပြီး စုကျင်နဲ့ လက်တွဲဖို့ အကောင်းဆုံး ကြိုးစားဖို့အတွက် အသင့်ဖြစ်နေခဲ့တယ်။
နိုဝင်ဘာ ၂၄ ရက်၊ နေ့လယ်မှာ စီရင်စုကို ကျွန်မတို့ ရောက်သွားတယ်။ အစ်မတစ်ယောက်ရဲ့ အကူအညီနဲ့ အဲဒီအစ်မသုံးယောက်ကလွဲပြီး ကျန်တဲ့ ညီအစ်ကိုမောင်နှမတွေအားလုံး အဖမ်းခံရတယ်ဆိုတာ ကျွန်မတို့ သိလိုက်ရတယ်။ ဒါကို ကျွန်မ ကြားရတော့ တော်တော် စိတ်မချမ်းမသာဖြစ်တယ်။ အဲဒီညမှာ အိပ်ရာပေါ် လူးလှိမ့်ပြီး အိပ်မပျော်နိုင်ဘူး။ ညီအစ်ကိုမောင်နှမတွေ အများကြီးကို ဖမ်းဖို့အတွက် အစိုးရက လူတွေ အစုလိုက်အပြုံလိုက် စုရုံးကြတယ်။ ညီအစ်ကိုမောင်နှမ တော်တော်များများက အဖမ်းမခံရအောင် သူတို့အိမ်တွေကနေ မဖြစ်မနေ ထွက်ပြေးခဲ့ရတယ်။ စီစီပီက တကယ့်ကို ဆိုးယုတ်တယ်။ ဒါက ဘုရားသခင်ရဲ့ ဖွင့်ပြချက်လိုပဲ။ “နှစ်ပေါင်းထောင်ချီကြာ ဤသည်မှာ ညစ်ညူးခြင်း၏ နယ်မြေ ဖြစ်လေပြီ။ ယင်းသည် မခံမရပ်နိုင်လောက်အောင် ညစ်ပတ်ပေရေသည်၊ စိတ်ဆင်းရဲမှုက ပိတ်ဆီးထားသည်၊ တစ္ဆေများသည် လှည့်စားရင်းနှင့် လှည့်ဖြားရင်း၊ အခြေအမြစ် မရှိသော စွပ်စွဲချက်များ ပြုရင်း အကြင်နာမဲ့ကာ ရက်စက်ကြမ်းကြုတ်လျက်၊ ဤတစ္ဆေမြို့အား နင်းခြေရင်းနှင့် ယင်းကို အသေကောင်များဖြင့် ပြန့်ကျဲနေစေရစ်လျက်၊ နေရာတကာတွင် ထကြွသောင်းကျန်းကြလေသည်။ ယိုယွင်းပျက်စီးခြင်း၏ အပုပ်နံ့သည် နယ်မြေကို ဖုံးလွှမ်းပြီး လေထုတွင် စိမ့်ဝင်ပျံ့နှံ့ကာ၊ ယင်းသည် အလွန်အကျွံ စောင့်ကြပ်ခြင်းခံရ၏။ မိုးကောင်းကင်များ အလွန်ရှိ လောကကြီးအား မည်သူ မြင်နိုင်သနည်း။ နတ်ဆိုးသည် လူသား၏ ခန္ဓာကိုယ် တစ်ခုလုံးကို တင်းကျပ်စွာ တုပ်နှောင်ထားသည်၊ သူ၏ မျက်လုံးနှစ်ခုလုံးကို ဖုံးအုပ်ပြီး၊ သူ၏နှုတ်ခမ်းများကို ခိုင်မြဲစွာ စေ့စေ့ပိတ်ထားလေသည်။ နတ်ဆိုးများ၏ မင်းသည် ထိုးဖောက်၍ မရနိုင်သော မကောင်းဆိုးဝါးတို့၏ နန်းတော် တစ်ခုအလား တစ္ဆေမြို့အပေါ် အနီးကပ် စောင့်ကြည့်မြဲစောင့်ကြည့်နေချိန်တွင်၊ နှစ်ထောင်ပေါင်း အချို့ကြာ ယနေ့ထက်ထိ သောင်းကျန်းပြီး ဖြစ်သည်။ ထိုအတောအတွင်းတွင်၊ ဤအစောင့်ခွေးအုပ်စုကို ဘုရားသခင်က ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်း နေရာ မရှိဘဲ ဖြစ်စေရစ်လျက်၊ ၎င်းတို့ကို အလစ် ဖမ်းဆီးသွားပြီး ၎င်းတို့အားလုံးအား သုတ်သင်ပယ်ရှင်းမည်ကို အလွန်အမင်း ကြောက်ရွံ့နေကြလျက် စိန်းစိန်းဝါးဝါး ကြည့်သော မျက်လုံးများဖြင့် စိုက်ကြည့်နေကြလေသည်။ ဤသို့သော တစ္ဆေမြို့သားများသည် ဘုရားသခင်အား အဘယ်သို့ မြင်တွေ့ဖူးနိုင်မည်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ ကြင်နာခြင်းနှင့် ချစ်မြတ်နိုးဖွယ်ကောင်းခြင်းတို့ကို မွေ့လျော်ဖူးကြသလော။ လူ့လောက၏ အရေးကိစ္စများနှင့် ပတ်သက်၍ ၎င်းတို့သည် မည်သည့် နားလည်မှု ရှိကြသနည်း။ ၎င်းတို့အထဲမှ မည်သူသည် ဘုရားသခင်၏ ထက်သန်သော အလိုကို နားလည်နိုင်သနည်း။ ထိုအခါ လူ့ဇာတိခံယူ ဘုရားသခင်သည် လုံးလုံး ကွယ်ဝှက်လျက် ရှိမြဲရှိနေသည်မှာ သိပ်အံ့သြစရာ မဟုတ်ချေ။ မကောင်းဆိုးဝါးများက အကြင်နာမဲ့ပြီး လူမဆန်သည့် ဤကဲ့သို့သော အမှောင်လူ့အဖွဲ့အစည်းတွင် မျက်တောင် တစ်ချက်မျှ မခတ်ဘဲ လူများကို သတ်သော နတ်ဆိုးတို့၏မင်းသည် ချစ်ခင်ဖွယ်ဖြစ်ပြီး ကြင်နာကာ သန့်လည်းသန့်ရှင်းသော ဘုရားသခင်၏ တည်ရှိမှုကို မည်သို့ သည်းခံနိုင်မည်နည်း။ ဘုရားသခင်၏ ကြွရောက်လာခြင်းကို ၎င်းသည် အဘယ်သို့ ဂုဏ်ပြုကာ သြဘာ ပေးနိုင်မည်နည်း။ ဤလက်ပါးစေတို့။ ၎င်းတို့သည် ကြင်နာခြင်းကို မုန်းတီးခြင်းဖြင့် ပြန်ဆပ်ကြသည်၊ ၎င်းတို့သည် ကြာမြင့်စွာကတည်းက ဘုရားသခင်အား ရန်သူအဖြစ် စတင် ဆက်ဆံလာကြပြီးဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်အား ညှဉ်းပန်းနှိပ်စက်ကြသည်၊ ၎င်းတို့သည် အဆုံးစွန် ရိုင်းစိုင်းကြသည်၊ ၎င်းတို့သည် ဘုရားသခင်ကို အနည်းငယ်မျှ အရေးထားမှု မရှိကြပေ၊ ၎င်းတို့သည် အဓမ္မလုယူကာ လုယက်တိုက်ဖျက်ကြသည်၊ ၎င်းတို့သည် အသိတရား လုံးလုံး ပျောက်ဆုံးကြပြီးဖြစ်သည်၊ အသိတရား အလုံးစုံကို ၎င်းတို့ ဆန့်ကျင်ကြကာ အပြစ်မဲ့သောသူကို အသိစိတ်မဲ့ခြင်းသို့ သွေးဆောင်ကြလေသည်။ ရှေးကာလ၏ ဘိုးဘေး များလော။ ချစ်မြတ်နိုးရသော ခေါင်းဆောင်များလော။ ၎င်းတို့ အားလုံးသည် ဘုရားသခင်အား ဆန့်ကျင်ကြ၏။ ၎င်းတို့၏ ဝင်ရောက်စွက်ဖက်မှုသည် ကောင်းကင်အောက်ရှိ အရာခပ်သိမ်းကို မှောင်မိုက်ခြင်း နှင့် ပရမ်းပတာဖြစ်ခြင်း အခြေအနေတစ်ခုတွင် ချန်ထားပြီးဖြစ်၏။ ဘာသာရေး လွတ်လပ်မှုလော။ နိုင်ငံသားများ၏ တရားဝင် ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများလော။ ယင်းတို့သည် အပြစ်ဖုံးကွယ်ခြင်းအတွက် လှည့်စားမှုများသာ ဖြစ်ကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)) ဒီအတွေ့အကြုံကနေ စီစီပီရဲ့ ဘုရားကို အတိုက်အခံလုပ်တဲ့ မကောင်းဆိုးဝါးဆန်တဲ့ အနှစ်သာရနဲ့ သမ္မာတရားကို စက်ဆုပ်တဲ့ ဆိုးယုတ်တဲ့ သဘာဝကို ကျွန်မ သေသေချာချာ သတိထားမိသွားတယ်။ စီစီပီက သူ့ရဲ့ အင်အားနဲ့ ဩဇာအာဏာကို အားဖြည့်ဖို့အတွက် လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို အားပေးတယ်လို့ ပြောပြီး လူတွေကို လှည့်စားတယ်။ လက်တွေ့မှာတော့ ခရစ်ယာန်တွေကို အကြောင်းမဲ့ ဖမ်းဆီး၊ ဖိနှိပ်ပြီး ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို နှံ့နှံ့စပ်စပ် နှိပ်ကွပ်ဖို့ ကြိုးစားတယ်။ စီစီပီက ဘုရားကို စက်ဆုပ်တဲ့၊ ဘုရားကို အာခံတဲ့ မကောင်းဆိုးဝါး တစ်စုပဲ။ သူတို့တွေက ဘုရားရဲ့ ရန်သူတွေပဲ။ ကျွန်မ စီစီပီကို၊ အဲဒီမကောင်းဆိုးဝါးကြီးကို စိတ်နှလုံးရှိသမျှနဲ့ မုန်းတယ်။ စီစီပီက ကျွန်မတို့ကို ဖိနှိပ်လေလေ၊ ကျွန်မတာဝန်ကို ထမ်းဆောင်ပြီး စာတန်ကို အရှက်ရစေဖို့ ကျွန်မ စိတ်နှစ်လေလေပဲ။
အဲဒီနောက်တော့ တခြား ညီအစ်ကိုမောင်နှမတွေက အသင်းတော်အလုပ်ကို တာဝန်ယူဖို့ ထွက်လာကြပြီး အသင်းတော်အသက်တာက တဖြည်းဖြည်းနဲ့ ပုံမှန်ပြန်ဖြစ်သွားတယ်။ ၁၀ ရက်လောက်မှာတင် ကျွန်မရဲ့ တကယ့် ဝိညာဉ်ရင့်ကျက်မှုနဲ့ တစ်ကိုယ်ကောင်းဆန်တဲ့၊ စက်ဆုပ်စရာကောင်းတဲ့၊ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို နည်းနည်း သတိထားမိလာတယ်။ ဘုရားရဲ့ အနန္တတန်ခိုးရှိတဲ့ အချုပ်အခြာအာဏာကိုလည်း မြင်တွေ့ခဲ့ရပြီး ယုံကြည်ခြင်း ကြီးထွားလာခဲ့တယ်။ သက်သာပြီး ဘေးကင်းတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ ဒါတွေကို တစ်ခုမှ လုံးဝ ရနိုင်မှာမဟုတ်ဘူး။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။