ကျွန်ုပ်၏ တာဝန်က ကျွန်ုပ်၏ တစ်ကိုယ်ကောင်းဆန်မှုကို ဖော်ထုတ်သည်

24.01.2025

ကျွန်မ ဗီဒီယိုအလုပ် ကြီးကြပ်ရေးမှူး လုပ်လာတာ နှစ်နှစ်ကျော်ရှိသွားပြီ။ ဟိုတစ်လောကတော့ အလုပ်လိုအပ်ချက်တွေအရ ကျွန်မတို့အဖွဲ့ကို အဖွဲ့ငယ်နှစ်ခုအဖြစ် ခွဲလိုက်ရတယ်။ ညီမလေလာက တစ်ဖွဲ့ကို ကြီးကြပ်ရပြီး ကျွန်မက တခြားတစ်ဖွဲ့ကို ကြီးကြပ်ရတယ်။ အစ်မလေလာက ဒီအလုပ်ကို ကြီးကြပ်ခါစဖြစ်ပေမဲ့ ဗီဒီယိုထုတ်လုပ်ရေးနဲ့ပတ်သက်လို့ အဓိက အကြံပြုချက်တွေကို သူ အမြဲ တင်ပြတယ်။ အလုပ်ကို ပူးတွဲ ပြန်သုံးသပ်တာနဲ့ နည်းပညာ ကျွမ်းကျင်မှုတွေကို သင်ယူတဲ့နေရာမှာလဲ ညီအစ်ကို မောင်နှမတွေကို သူဦးဆောင်လေ့ရှိတယ်။ အဲဒါနဲ့ပတ်သက်လို့ ကျွန်မ သိပ်မကြိုက်ခဲ့ဘူး။ “ဒီနှုန်းနဲ့ဆို သူတို့က မြန်မြန် တိုးတက်ကြမှာ သေချာတယ်။ မကြာခင်မှာပဲ ငါ့အဖွဲ့ကို သူတို့အဖွဲ့နဲ့ ယှဉ်ပြီး သဘောမကျဖြစ်ကြတော့မှာ” လို့တွေးနေမိတယ်။ အကျပ်အတည်းဖြစ်တဲ့ ခံစားချက်က ကျွန်မကို လွှမ်းခြုံသွားပြီး ကျွန်မအနေနဲ့ လေလာနဲ့ သူ့အဖွဲ့နောက်မှာ မကျန်ခဲ့အောင် ဗီဒီယိုတစ်ခုစီတိုင်းကို ကောင်းကောင်း လုပ်ရမယ်လို့ ကိုယ့်ကိုယ်ကိုယ် ပြောမိတယ်။ အဲဒီအချိန်မှာ နည်းပညာအရ ကျွမ်းကျင်မှုလိုတဲ့ ဗီဒီယိုတစ်ခုကို ကျွန်မတို့ ဖန်တီးနေခဲ့ကြတာလေ။ ကျွန်မက ဆက်စပ်တဲ့ ကျွမ်းကျင်မှုတွေကို တခြားညီအစ်ကို မောင်နှမတွေနဲ့ သေချာလေ့လာနေခဲ့တာ။ အခက်အခဲတွေ ကျွန်မတို့ ကြုံရတဲ့အခါ ဘုရားကို ကျွန်မ ဆုတောင်းပြီး လူတိုင်းနဲ့ ဖြေရှင်းချက်တွေ ရှာခဲ့တယ်။ အတော်ကြိုးစားလိုက်ရပြီးတဲ့နောက်မှာ ဗီဒီယိုက ပြီးသွားတယ်။ ဗီဒီယိုကို ကြည့်တဲ့ ညီအစ်ကို မောင်နှမတွေကလဲ သေချာလုပ်ထားတာပဲလို့ ပြောကြတယ်။ ကျွန်မကို လျှော့တွက်လို့ မရဘူး၊ လေလာနဲ့ သူ့အဖွဲ့ထက် ကျွန်မ ပိုလုပ်နိုင်တယ်လို့ သူတို့စကားက ဆိုလိုနေတော့ အားရခဲ့ရတာပေါ့။ တခြားအဖွဲ့က ညီအစ်ကို မောင်နှမတွေဆီ ဗီဒီယိုကို ကျွန်မ ပို့လိုက်တယ်။ သုံးလေးရက်ကြာတော့ သူတို့ ဒီလိုပြောလာရော။ သူတို့ပြောပြီး ကျွန်မရဲ့ နည်းပညာ ကျွမ်းကျင်မှုတွေကို တိုးတက်အောင် လုပ်ခဲ့ပုံနဲ့ပတ်သက်လို့ မေးကြတယ်။ ဒါကို ကျွန်မကြားတော့ သိပ်ဝမ်းသာပြီး ကိုယ့်ဘာသာတွေးမိတယ်။ “ခုဆို ညီအစ်ကို မောင်နှမတွေအားလုံးက ငါလုပ်နိုင်တာကို မြင်သွားပြီဆိုတော့ ငါ့ကို သေချာပေါက် အထင်ကြီး၊ လေးစားကြမှာပဲ” ပေါ့။ နောက်ပိုင်း ဗီဒီယိုတွေအားလုံးကို အဆုံးစွန် လုံ့လဝီရိယနဲ့ ကျွန်မ ကိုင်တွယ်မယ်လို့ ကိုယ့်ကိုယ်ကိုယ် ကတိပေးခဲ့တယ်။

ဒီကိစ္စနောက်ပိုင်းမှာ လေလာနဲ့ သူ့အဖွဲ့က ဗီဒီယိုတစ်ပုဒ်နဲ့ပတ်သက်လို့ ပြဿနာတချို့ ရှိနေခဲ့ပြီး ကျွန်မကို ကူဖြေရှင်းပေးစေချင်ကြတယ်။ ကျွန်မဘာသာတွေးမိတယ်။ “ဒီဗီယိုက နင့်တာဝန်လေ။ ဒီပြဿနာတွေကို ငါအချိန်ကုန်ခံ ဖြေရှင်းပေးနေရင် အဲဒီအတွက် ငါချီးကျူးခံရမှာ မဟုတ်ဘူး။ ငါ့ကိုယ်ပိုင်အလုပ်ကိုလဲ ကြန့်ကြာစေမှာပဲ။ နင့်ပြဿနာတွေကို ကူဖြေရှင်းပေးနေတာထက် ငါတာဝန်ယူထားတဲ့ ဗီဒီယိုကို အားပိုစိုက်တာက ပိုကောင်းအုံးမယ်” လို့ပေါ့။ ဒါကြောင့် သူတို့ကို မကူညီဖို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။ နောက်တော့ လေလာက ဖြေရှင်းချက် ရှာမတွေ့နိုင်တဲ့အခါ ကျွန်မဆီ ထပ်ရောက်လာရော။ သူတို့ နည်းအမျိုးမျိုး ကြိုးစားကြည့်တာ မအောင်မြင်ဘူးလို့ သူက ပြောပြီး အရင်တုန်းက ကျွန်မ အဲဒီလိုအခက်အခဲတွေကို ဘယ်လိုဖြေရှင်းခဲ့လဲလို့ မေးတယ်။ “နင်တို့အဖွဲ့ရဲ့ ပြဿနာနဲ့ ငါအချိန်ကုန်နေပြီး နင်က ငါ့ထက် ပိုကောင်းအောင် လုပ်သွားရင် နင်က ခုမှ စရုံပဲရှိသေးပေမဲ့ ငါ့ထက်ပိုတော်တဲ့ အဖွဲ့ခေါင်းဆောင်ပဲလို့ လူတိုင်းက ထင်သွားကြမှာ မဟုတ်လား။ ငါက အရည်အချင်းမပြည့်တဲ့ပုံ ပေါက်နေမှာပေါ့ လို့ ကျွန်မ တွေးမိခဲ့တယ်။” အဲဒီလို တွေးမိတော့ ကူညီဖို့ ကျွန်မ လုပ်နိုင်တာ ဘာမှမရှိဘူးလို့ သူ့ကို အလေးမထားတဲ့ပုံစံနဲ့ ပြောခဲ့တယ်။ လေလာက ပြန်သွားပြီး အခက်အခဲတွေကို သူ့ဘာသာ ဆက်စူးစမ်းနေရုံကလွဲလို့ ရွေးချယ်စရာမရှိခဲ့ဘူး။ အဲဒီနောက် ဗီဒီယိုနမူနာကို ပြဿနာတစ်ခုခု ရှိမရှိ ကျွန်မတို့ စစ်ဆေးကြည့်ဖို့ဆိုပြီး group chat မှာ သူပို့လာတယ်။ ဗီဒီယိုကို ကြည့်တာက အချိန်ဖြုန်းတာပဲဖြစ်မယ်လို့ တွေးပြီး ကျွန်မ ပြန်ဖြေဖို့ အစီအစဉ်မရှိခဲ့ဘူး။ ဒါပေမဲ့ တစ်ချိန်ထဲမှာပဲ အဲဒါကို မကြည့်ပေးရင် ကျွန်မက အဖွဲ့ခေါင်းဆောင်အနေနဲ့ အလုပ်ကို ကြီးကြပ်တဲ့နေရာမှာ ပေါ့ဆပြီး တာဝန်မဲ့တယ်လို့ ညီအစ်ကို မောင်နှမတွေပြောမှာကို ကျွန်မ စိုးရိမ်ခဲ့တယ်။ ဒါကြောင့် ဖိုင်ကို မဖွင့်ချင်ဖွင့်ချင်နဲ့ ဖွင့်ပြီး ဗီဒီယိုကို ကြည့်လိုက်တယ်။ နေရာတချို့မှာ ပြဿနာတွေကို ကျွန်မ တွေ့ခဲ့ပေမဲ့ အဲဒါတွေကို သေချာအချိန်ယူမစဉ်းစားခဲ့ဘူး။ အဲဒီနောက် လေလာက ဗီဒီယိုကို ခေါင်းဆောင်ဆီ ဆက်ပို့တယ်။ ခေါင်းဆောင်က ပြဿနာအတော်များများကို ထောက်ပြခဲ့လို့ သူတို့ ဗီဒီယိုက ပြန်လုပ်ပြီး ပြင်ဖို့ လိုခဲ့တယ်။ ရလဒ်အနေနဲ့ အလုပ်တိုးတက်မှု နှောင့်နှေးသွားရော။ နောက်ပိုင်းမှာ ခေါင်းဆောင်က ကျွန်မနဲ့အတူ အလုပ်ကို လာစစ်ဆေးတဲ့အခါ ကျွန်မပြဿနာတွေကို ထောက်ပြပြီး ဒီလိုပြောတယ်။ “အသင်းတော်မှာ ကျွန်မတို့တာဝန်တွေကို လုပ်တဲ့အခါ အလုပ်ကို ကျွန်မတို့ ခွဲလုပ်ရပေမဲ့ အဲဒါက တစ်ယောက်နဲ့တစ်ယောက် တသီးတခြား အလုပ်လုပ်နေတယ်လို့ မဆိုလိုဘူး။ အစ်မက အဖွဲ့ခေါင်းဆောင်ဖြစ်လို့ ဝန်ထုပ်ပိုထမ်းရမယ်။ လေလာက အဖွဲ့ခေါင်းဆောင်အနေနဲ့ စပြီး လက်တွေ့လုပ်ရုံပဲရှိသေးတယ်။ ဒါကြောင့် အစ်မက သူနဲ့ သူ့အဖွဲ့ ဖန်တီးတဲ့ ဗီဒီယိုတွေကို ပိုပြီး သေသေချာချာ စစ်ဆေးပေးရမယ်။ အဲဒါမှ တချို့ပြဿနာတွေကို ကြိုဖြေရှင်းလို့ရမှာ” တဲ့။ အဲဒီအချိန်မှာ အားလုံးက ကျွန်မ အရမ်းတစ်ကိုယ်ကောင်းဆန်ခဲ့လို့၊ ကျွန်မကိုယ်ပိုင်အလုပ်ကိုပဲ ကျွန်မ အာရုံစိုက်ပြီး လေလာနဲ့ ပူးပေါင်းလုပ်ဖို့ ငြင်းခဲ့လို့ဖြစ်ခဲ့တာကြောင့် ဒီနှောင့်နှေးမှုအတွက် တာဝန်ကို ခေါင်းရှောင်လို့ မရမှန်း သဘောပေါက်သွားတယ်။ ဒါပေမဲ့ အဲဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်မ သိပ်နက်နက်ရှိုင်းရှိုင်း မသုံးသပ်ခဲ့ဘူး။ ဒီကိစ္စနောက်ပိုင်းမှာ ဗီဒီယိုတွေ ကျွန်မ ဖန်တီးတဲ့အခါတိုင်း ကျွန်မအတွေးက မရှင်းဘူး။ လူကလဲ ထုံထိုင်းပြီး စိတ်ရှုပ်ထွေးနေခဲ့တယ်။ ညီအစ်ကို မောင်နှမတွေရဲ့ တာဝန်တွေမှာ ပြဿနာတွေကို ကျွန်မ ရှာမတွေ့နိုင်ခဲ့ဘူး။ ဆုတောင်းတဲ့အခါ ဘာပြောရမှန်းတောင် မသိဘူး။ မှန်ကန်တဲ့ အခြေအနေမှာ ကျွန်မ မရှိတာ၊ ဘုရားက သူ့မျက်နှာတော်ကို ကျွန်မ မမြင်အောင် ကွယ်ဝှက်ထားတာ ကျွန်မသဘောပေါက်လိုက်တယ်။ ဒါကြောင့် ကျွန်မကိုယ်ကျွန်မ နားလည်အောင် လမ်းပြပေးဖို့ တောင်းလျှောက်ရင်း ဘုရားရှေ့မှောက် တိုးဝင်ပြီး ရှာဖွေ၊ ဆုတောင်းခဲ့တယ်။

တစ်ည၊ အိပ်ရာမဝင်ခင်မှာ ကျွန်မရဲ့ လတ်တလော စွမ်းဆောင်မှုကို ကျွန်မသုံးသပ်ဆင်ခြင်ခဲ့တယ်။ သူတို့တာဝန်တွေကို ထမ်းဆောင်တဲ့နေရာမှာ သူတို့ကိုယ်ပိုင်အလုပ်ကိုပဲ ဂရုစိုက်တဲ့ အန္တိခရစ်တွေကို ဘုရားသခင် ဖော်ထုတ်ပုံနဲ့ပတ်သက်လို့ တွေးမိတယ်။ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ကျွန်မ ရှာတွေ့ခဲ့တယ်။ “အန္တိခရစ်များသည် အသိစိတ်၊ ဆင်ခြင်တုံတရား၊ သို့မဟုတ် လူ့သဘာဝမရှိပေ။ ၎င်းတို့သည် အရှက်တရားကို အလေးဂရုမပြုရုံမျှ မကဘဲ အခြားလက္ခဏာတစ်ခုလည်းရှိသည်။ ၎င်းတို့သည် သာမန်ထက်ပို၍ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည်။ ၎င်းတို့၏ “တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်း”၏ တိုက်ရိုက်အဓိပ္ပာယ်သည် နားလည်သဘောပေါက်ရန် မခက်ပေ။ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများမှလွဲ၍ မည်သည့်အရာကိုမျှ မမြင်ပေ။ ၎င်းတို့၏အကျိုးစီးပွားနှင့် သက်ဆိုင်သည့် မည်သည့်အရာမဆို ၎င်းတို့၏အာရုံစိုက်ခြင်းကို အပြည့်အဝ ရလေသည်။ ၎င်းတို့သည် ယင်းအတွက် ဒုက္ခခံလိမ့်မည်၊ အဖိုးအခပေးဆပ်လိမ့်မည်၊ ယင်း၌ အာရုံနစ်မွန်းနေလိမ့်မည်၊ ပြီးလျှင် ယင်း၌ မိမိတို့ကိုယ်ကို ဆက်ကပ်အပ်နှံထားလိမ့်မည်။ ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားတို့နှင့်မသက်ဆိုင်သည့် မည်သည့်အရာကိုမဆို ၎င်းတို့က လျစ်လျူရှုပြီး သတိပြုမိမည် မဟုတ်ချေ။ အခြားသူများက မိမိတို့သဘောရှိ လုပ်ဆောင်နိုင်သည်။ တစ်စုံတစ်ဦးက အနှောင့်အယှက်လုပ်ခြင်း သို့မဟုတ် အဖျက်အမှောင့်လုပ်ခြင်း ဖြစ်စေခြင်းကို အန္တိခရစ်တို့က ဂရုမစိုက်ကြဘဲ၊ ၎င်းတို့အဖို့မူ ဤအရာသည် ၎င်းတို့နှင့် မည်သို့မျှ မသက်ဆိုင်ပေပေ။ ပါးနပ်စွာဆိုရလျှင်၊ ၎င်းတို့သည် မိမိတို့၏ကိုယ်ပိုင် ကိစ္စကိုသာ စိတ်ဝင်စားသည်။ သို့ရာတွင် ဤလူစားမျိုးသည် ယုတ်မာသည်၊ ယုတ်ညံ့ပြီး ရွံစရာကောင်းသည်ဟုဆိုလျှင် သာ၍ မှန်ကန်တိကျပေသည်။ ၎င်းတို့ကို “တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည်”ဟု ငါတို့ သတ်မှတ်ကြသည်။ အန္တိခရစ်တို့ လူ့သဘာဝ၏ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်းတို့က မည်သို့ သူ့ဘာသာ ပေါ်လွင်သနည်း။ ၎င်းတို့၏ အဆင့်အတန်း၊ သို့မဟုတ် ဂုဏ်သတင်းကို အကျိုးပြုသည့် အရာမှန်သမျှတွင် ၎င်းတို့သည် လိုအပ်သည့်အရာတိုင်းကို လုပ်ဆောင်ရန်၊ ပြောဆိုရန် အားထုတ်ကြသည်။ မည်သည့်ဆင်းရဲဒုက္ခကိုမဆို လိုလိုလားလား သည်းခံကြသည်။ သို့သော် ဘုရားသခင်၏ အိမ်တော်ကစီစဉ်သော အလုပ်နှင့်ပတ်သက်သည့်နေရာတွင်၊ သို့မဟုတ် ဘုရားသခင်ရွေးချယ်ထားသောလူတို့၏ အသက်တာကြီးထွားမှုကို အကျိုးဖြစ်စေသည့် အလုပ်နှင့် ပတ်သက်သည့်နေရာတွင် ၎င်းတို့က လုံးလုံး လျစ်လျူရှုကြသည်။ မကောင်းမှုပြုသူများက ဖျက်လိုဖျက်ဆီးပြုလုပ်သည့်အခါ၊ နှောင့်ယှက်သည့်အခါ၊ မကောင်းမှုမျိုးစုံကို ကျူးလွန်ပြီး ထိုသို့ဖြင့် အသင်းတော်အလုပ်ကို အလွန်အမင်းထိခိုက်သည့်အခါတွင်ပင် ၎င်းတို့သည် ၎င်းတို့နှင့် မည်သို့မျှ မသက်ဆိုင်သကဲ့သို့ မထုံတက်သေးဖြင့်၊ အရေးမစိုက်စွာဖြင့် နေသည်။ ပြီးလျှင် တစ်စုံတစ်ဦးက ဆိုးယုတ်သောသူတစ်ဦး၏ ဒုစရိုက်အမှုများကို သိရှိသွားပြီး ယင်းကို တိုင်ကြားပါက မည်သည့်အရာကိုမျှ မမြင်ခဲ့မိကြောင်း ၎င်းတို့ပြောဆိုကာ မသိနားမလည်ယောင် ဆောင်လေသည်။...၎င်းတို့မည်သည့်အလုပ်ကို တာဝန်ယူဆောင်ရွက်ပါစေ၊ အန္တိခရစ်များသည် ဘုရားအိမ်တော်၏အကျိုးစီးပွားကို မည်သည့်အခါမျှ ထည့်တွက်စဉ်းစားခြင်း မရှိပေ။ ၎င်းတို့၏ကိုယ်ပိုင် အကျိုးစီးပွားများ ထိခိုက်ခြင်း ရှိမည် မရှိမည်ကိုသာ ၎င်းတို့ ဆင်ခြင်တွေးတောသည်၊ ၎င်းတို့ကို အကျိုးပြုသည့် ၎င်းတို့ရှေ့တွင်ရှိသော အလုပ်အနည်းငယ်ကိုသာ စဉ်းစားသည်။ ၎င်းတို့အတွက် အသင်းတော်၏ အဓိကအလုပ်သည် ၎င်းတို့အချိန်ပိုတွင် လုပ်သောအရာတစ်ခုဖြစ်သည်။ ၎င်းတို့သည် လုံးဝ အလေးအနက်မထားပေ။ ၎င်းတို့သည် လုပ်ဆောင်ရန် တိုက်တွန်းခြင်း ခံရသောအခါမှသာ လှုပ်ရှားသည်။ ၎င်းတို့ လုပ်လိုသည့်အရာကိုသာ လုပ်ဆောင်ကြသည်။ ၎င်းတို့၏ ကိုယ်ပိုငအဆင့်အတန်းနှင့် အာဏာကို ထိန်းသိမ်းဖို့အတွက်ဖြစ်သည့်အလုပ်ကိုသာ လုပ်ကြသည်။ ၎င်းတို့၏ အမြင်တွင်၊ ဘုရားအိမ်တော်မှ စီစဉ်သည့် မည်သည့်အလုပ်မဆို၊ ဧဝံဂေလိဖြန့်ဝေသည့် အလုပ်နှင့် ဘုရားသခင်ရွေးချယ်သော လူတို့၏ အသက်ဝင်ရောက်မှုတို့သည် အရေးမကြီးပေ။ အခြားလူများသည် မိမိတို့၏အလုပ်၌ မည်သည့်အခက်အခဲများ ရှိပါစေ၊ ၎င်းတို့ မည်သည့်ပြဿနာများကို ဖော်ထုတ်ပြီးဖြစ်ကာ ယင်းတို့ကို တိုင်ကြားပြီးဖြစ်ပါစေ၊ ၎င်းတို့၏စကားများ မည်မျှ ရိုးသားစစ်မှန်ပါစေ၊ အန္တိခရစ်တို့သည် အရေးမထားကြပေ၊ ၎င်းတို့ ပါဝင်ပတ်သက်ခြင်း မရှိပေ၊ ဤအရာက ၎င်းတို့နှင့် မည်သို့မျှ မသက်ဆိုင်သည့်အလားပင် ဖြစ်သည်။ အသင်းတော်အလုပ်တွင် ဖြစ်ပေါ်သော ပြဿနာများက မည်မျှကြီးမားပါစေ ၎င်းတို့သည် လုံးလုံး စိတ်မဝင်စားပေ၊ ပြဿနာတစ်ခုက ၎င်းတို့၏ရှေ့တည့်တည့်တွင် ရှိလျှင်ပင်၊ ၎င်းတို့က ယင်းကို ဝတ်ကျေတမ်းကျေသာ ကိုင်တွယ်လေသည်။ အထက်က တိုက်ရိုက်ပြုပြင်ခြင်းကို ခံရပြီး ပြဿနာကို ဖြေရှင်းဖို့ အမိန့်ပေးခံရသည့်အခါမှသာလျှင် ၎င်းတို့က တကယ့်အလုပ်အနည်းငယ်ကို ဆောင့်ကြီးအောင့်ကြီးလုပ်မည် ဖြစ်ပြီး အထက်ကမြင်ဖို့အတွက် တစ်ခုခုကို ပေးလိမ့်မည်။ မကြာမီတွင် ၎င်းတို့က မိမိတို့၏ကိုယ်ပိုင် လုပ်ငန်းကို ဆက်လက် လုပ်ကိုင်ကြလိမ့်မည်။ အသင်းတော်၏အလုပ်နှင့်ပတ်သက်လာပါက၊ ပို၍ကျယ်ပြန့်သော အခြေအနေ၏ အရေးပါသော အရာများနှင့်ပတ်သက်လာပါက ၎င်းတို့သည် ဤအရာများကို စိတ်မဝင်စားဘဲ လျစ်လျူရှုကြသည်။ ၎င်းတို့ ရှာဖွေတွေ့ရှိသည့် ပြဿနာများကိုပင် လျစ်လျူရှုကြသည်။ ပြီးလျှင် ပြဿနာများအကြောင်းကို မေးသောအခါတွင် ဝတ်ကျေတမ်းကျေ အဖြေများကိုပေးသည်၊ သို့မဟုတ် တောင်စဉ်ရေမရ ပြောကြသည်။ အလွန်အမင်း တွန့်ဆုတ်စွာဖြင့်သာ ထိုပြဿနာများကို ကိုင်တွယ်ကြသည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်းတို့၏ သရုပ်သကန် ဖြစ်သည် မဟုတ်လော။ ထို့အပြင် အန္တိခရစ်တို့သည် မည်သည့်တာဝန်ကို ထမ်းဆောင်နေပါစေ ၊ ၎င်းတို့တွေးနိုင်သည့်အရာမှာ ထိုတာဝန်က ၎င်းတို့ ထင်ပေါ်ကို ပေးမည် ဟုတ်မဟုတ်ကိုသာ ဖြစ်သည်။ ယင်းက ၎င်းတို့၏နာမည်ဂုဏ်သတင်းကို မြှင့်တင်ပေးနိုင်သရွေ့၊ ၎င်းတို့က ယင်းကို လုပ်ဆောင်သည့်နည်းအား သင်ယူဖို့၊ ယင်းကို ဆောင်ရွက်ဖို့ နည်းလမ်းကို အကြံထုတ်ရာတွင် ဦးနှောက်ခြောက်ခံ စဉ်းစားကြသည်။ ယင်းက ၎င်းတို့အား ထင်ပေါ်စေမည် ဟုတ်မဟုတ်ကိုသာ ၎င်းတို့ ဂရုစိုက်သည်။ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ သို့မဟုတ် တွေးတောပါစေ၊ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကိုသာ အရေးစိုက်ကြသည်။ ၎င်းတို့က မည်သည့်တာဝန်ကို ထမ်းဆော်နေပါစေ မည်သူက မြင့်မားသည်၊ သို့မဟုတ် နိမ့်ကျသည်၊ မည်သူကနိုင်ပြီး၊ မည်သူက ရှုံးသည်၊ မည်သူ၌ ပို၍ ကြီးမားသော နာမည်ဂုဏ်သတင်း ရှိသည်တို့နှင့်ပတ်သက်၍သာ ယှဉ်ပြိုင်ကြသည်။ လူမည်မျှက ၎င်းတို့ကို ကိုးကွယ်ပြီး အထင်ကြီးသည်၊ လူမည်မျှက ၎င်းတို့ကို နာခံသည်၊ ပြီးလျှင် ၎င်းတို့၌ နောက်လိုက်မည်မျှရှိသည်တို့ကိုသာ ၎င်းတို့ ဂရုစိုက်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို မည်သည့်အခါမျှ မိတ်သဟာယမပြုပေ၊ သို့မဟုတ် တကယ့်ပြဿနာများကို မည်သည့်အခါမျှ မဖြေရှင်းပေ။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါတွင် အမှုကိစ္စများကို စည်းမျဉ်းနှင့်အညီ မည်သို့လုပ်ဆောင်ရမည်ကို မည်သည့်အခါမျှ ဆင်ခြင်စဉ်းစားခြင်းမရှိသကဲ့သို့ ဘုရားသခင် တောင်းဆိုသည့်အရာနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဆင်ခြင်စဉ်းစားရန် မဆိုထားနှင့်၊ ၎င်းတို့ သစ္စာစောင့်သိနေခဲ့ခြင်း ရှိမရှိ၊ မိမိတို့၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းပြီးခြင်း ရှိမရှိ၊ ၎င်းတို့၏ အလုပ်တွင် လမ်းလွဲနေခဲ့ခြင်းများ သို့မဟုတ် သတိမမူမိနေခဲ့ခြင်းများ ရှိမရှိ သို့မဟုတ် ပြဿနာတစ်ခုတလေ တည်ရှိခြင်း ရှိမရှိဟူသည်ကို ပြန်လည်သုံးသပ်ခြင်း မရှိကြ။ ဤအရာများအားလုံးကို ၎င်းတို့ တစ်စက်မျှ အာရုံမစိုက်ပေ။ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်း၊ ၎င်းတို့၏ကိုယ်ပိုင် ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို ဖြည့်ဆည်းဖို့တို့အတွက်သာ ၎င်းတို့သည် ကြိုးစားအားထုတ်ပြီး အမှုကိစ္စများကို လုပ်ဆောင်သည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်းတို့၏ သရုပ်သကန် ဖြစ်သည် မဟုတ်လော။ ဤသည်မှာ ၎င်းတို့၏ စိတ်နှလုံးများသည် ၎င်းတို့၏ကိုယ်ပိုင် ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများနှင့် အသိတရားကင်းမဲ့သော တောင်းဆိုမှုများဖြင့် ပြည့်လျှံနေပုံကို အပြည့်အဝ ဖော်ထုတ်လေသည်။ ၎င်းတို့ လုပ်ဆောင်သမျှကို ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများဖြင့် အုပ်စိုးထားသည်။ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ အရင်းခံအကြောင်းနှင့် အရင်းအမြစ်တို့မှာ ၎င်းတို့၏ကိုယ်ပိုင် ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများနှင့် အသိတရားကင်းမဲ့သော တောင်းဆိုမှုများသာ ဖြစ်သည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်းတို့၏ သမားရိုးကျ သရုပ်သကန်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ နောက်ဆက်တွဲ ၄- အန္တိခရစ်များ၏ ထူးခြားသော လက္ခဏာနှင့် ၎င်းတို့၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် အဖြစ်အနေတို့ကို အနှစ်ချုပ်ခြင်း (အပိုင်း ၁)) အန္တိခရစ်တွေက အရမ်းကို တစ်ကိုယ်ကောင်းဆန်တယ်လို့ ဘုရားက ဖော်ထုတ်တယ်။ သူတို့ကိုယ်ပိုင် အကျိုးစီးပွားနဲ့ ဆက်စပ်တဲ့ ကိစ္စတွေ၊ သူတို့ကို ထင်ပေါ်ခွင့်ပေးမဲ့ ကိစ္စတွေမှာ သူတို့ အဖိုးအခပေးရပါစေ၊ ဘယ်လောက်ပဲ ဆင်းရဲဒုက္ခခံစားရပါစေ ဝီရိယရှိရှိနဲ့ ဝမ်းမြောက်ဝမ်းသာ အလုပ်လုပ်ကြတယ်။ ဒါပေမဲ့ သူတို့ကိုယ်ပိုင် အကျိုးစီးပွားနဲ့ မဆက်စပ်တဲ့အရာတစ်ခုဆိုရင် ဒီအတိုင်း လျစ်လျူရှုလိုက်ကြတယ်။ အဲဒီလို ကိစ္စတွေမှာ တခြားလူတွေ အခက်အခဲဘယ်လောက် ရင်ဆိုင်ရပါစေ၊ အသင်းတော်အလုပ်အတွက် ဆုံးရှုံးမှု ဘယ်လောက်ကြီးပါစေ အာရုံစိုက်ပေးဖို့ မလိုမလားဖြစ်ကြလိမ့်မယ်။ သူတို့ လုပ်သမျှတိုင်းက သူတို့ကိုယ်ပိုင် တစ်ကိုယ်ရေ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက်ပဲဖြစ်ပြီး အသင်းတော်ရဲ့ အကျိုးစီးပွားကို သူတို့ လုံးဝ ထည့်မတွက်ကြဘူးတဲ့။ အဲဒီအခါမှာ ဒါ ကျွန်မ ပြုမူနေခဲ့ပုံပဲဆိုတာကို သဘောပေါက်လိုက်တယ်။ ကျွန်မတို့အဖွဲ့ကို နှစ်ဖွဲ့ခွဲလိုက်ပြီးတဲ့နောက် လေလာက ခပ်မြန်မြန် တိုးတက်လာပြီး သူ့တာဝန်မှာ ဝန်ထုပ်ထမ်းတာကို ကျွန်မမြင်ခဲ့တယ်။ သူ ကျွန်မထက် သာသွားမှာ ကျွန်မ စိုးရိမ်ခဲ့တယ်။ ဒါကြောင့် အခက်အခဲတွေကို သူရင်ဆိုင်ရပြီး ကျွန်မဆီ အကူအညီ လာတောင်းတော့ ကျွန်မသူ့ကို ကူညီချင်စိတ်မရှိခဲ့ဘူး။ ဒါက ကျွန်မရဲ့ အဓိက တာဝန်တွေမှာ မပါဘူး၊ ပြီးတော့ ကူညီပေးလိုက်ရင် ကျွန်မ အချိန်ကုန် လူပန်းဖြစ်မှာပဲလို့ ခံစားခဲ့ရတယ်။ အဲဒါတင်မက၊ ဗီဒီယို ကောင်းသွားခဲ့ရင်တောင် ကျွန်မရဲ့ ကြိုးစားမှုက အသိအမှတ်ပြုခံရမှာ မဟုတ်ဘူးလေ။ အဲဒီအစား လေလာက အဖွဲ့ခေါင်းဆောင်အနေနဲ့ လက်တွေ့လုပ်ခါစပဲရှိသေးပေမဲ့ ကျွန်မနဲ့ အဆင့်တူတယ်လို့ တခြားလူတွေ ယူဆသွားမှာ။ အဲဒီအခြေအနေမှာ ကျွန်မကိုယ်ကျွန်မ ဗန်းပြနိုင်မှာ မဟုတ်ဘူးလို့ပေါ့။ နောက်တော့ လေလာက သူတို့ဗီဒီယိုကို စစ်ကြည့်ပြီး အကြံပြုချက်တွေ ပေးပါအုံးလို့ ကျွန်မကို ပြောလာတယ်။ ကျွန်မ ဒုက္ခမခံပေးနိုင်ခဲ့ဘူး။ အချိန်ကုန်ခံ၊ လူပင်ပန်းခံပြီး မကြည့်ပေးချင်ခဲ့ဘူး။ နောက်ဆုံးတော့ ကျွန်မ ကြည့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ လူမြင်ကောင်းအောင် မကြည့်ချင်ကြည့်ချင်နဲ့ပဲ ကြည့်ခဲ့တာ။ ဘာလို့လဲဆိုတော့ ကျွန်မ တာဝန်မဲ့တယ်လို့ တခြားလူတွေက သတ်မှတ်မှာ စိုးရိမ်လို့ပဲ။ ဒါကြောင့် ပြဿနာအများကြီးပါနေတဲ့ အဲဒီဗီဒီယိုကို ပြန်လုပ်လိုက်ရတယ်။ ကျွန်မကသာ နည်းနည်း အားစိုက်ထုတ်ခဲ့ရင် အဲဒီပြဿနာတွေကို မြန်မြန်ရှာတွေ့ပြီး ပြင်နိုင်ခဲ့မှာပဲ။ ဒါပေမဲ့ ကျွန်မက အရမ်းတစ်ကိုယ်ကောင်းဆန်ခဲ့ပြီး ကျွန်မကိုယ်ပိုင် အကျိုးစီးပွားကိုပဲ တွေးခဲ့လို့ အသင်းတော်အလုပ်က နှောင့်နှေးသွားခဲ့တယ်။ ကျွန်မ ဒီအတွေးနဲ့ အရမ်းကို လိပ်ပြာမလုံဖြစ်ခဲ့တယ်။ အသင်းတော်က ကျွန်မကို အဖွဲ့ခေါင်းဆောင်လုပ်ဖို့ စီစဉ်ပေးခဲ့တာလေ။ ဒါကြောင့် ကျွန်မတာဝန်တွေကို ကျွန်မ ဖြည့်ဆည်းခဲ့သင့်ပြီး သူတို့တာဝန်တွေမှာ ညီအစ်ကို မောင်နှမတွေကြုံရတဲ့ အခက်အခဲ၊ ပြဿနာအမျိုးမျိုးကိုလဲ အာရုံစိုက်ပေးခဲ့သင့်တာ။ ဒါပေမဲ့ ကျွန်မက ဘုရားရဲ့ ရည်ရွယ်ချက်တွေကို လုံးဝ ဂရုမစိုက်ခဲ့ဘူး။ ကျွန်မ ဂရုစိုက်သမျှက ကျွန်မတာဝန်ယူတဲ့ ဗီဒီယိုတွေကို ကောင်းကောင်းလုပ်ထားလား၊ လူတွေ ကျွန်မကို ပိုလေးစားအောင် ကျွန်မ လုပ်နိုင်မလားဆိုတာတွေပဲ။ လေလာက အခက်အခဲတွေ ကြုံရတော့ အဲဒါတွေကို ဖြေရှင်းနည်း စိတ်ကူးတချို့ ကျွန်မမှာ သိသိသာသာ ရှိခဲ့ပေမဲ့ ကျွန်မ လုံးဝ မကူညီခဲ့ဘူး။ “သူတို့ အခက်အခဲတချို့ ကြုံရတာ ကောင်းတယ်။ သူတို့ရဲ့ ရလဒ်တွေ မကောင်းရင် ငါ ပိုတော်တဲ့ပုံပေါ်မှာပဲ။ ညီအစ်ကို မောင်နှမတွေက ငါဟာ ငါတို့အဖွဲ့ရဲ့ အဓိကလူဖြစ်ပြီး ငါမရှိဘဲ သူတို့ မလုပ်နိုင်ဘူးလို့ တွေးကြမှာပဲ” လို့ မလိုတမာစိတ်နဲ့တောင် ကျွန်မ စဥ်းစားခဲ့တယ်။ ကျွန်မ တွေးခေါ်ပြီး ပြုမူခဲ့ပုံက တကယ်ကို စက်ဆုပ်စရာပါပဲ။ နောက်ပိုင်းမှာ အလုပ်ကို ပြန်စစ်တဲ့အခါ ညီအစ်မ သုံးလေးယောက်က ဒီလိုမျိုးတွေပြောတာ ကြားရတယ်။ “ဒီဗီဒီယိုကို လုပ်ထားတာ သိပ်မကောင်းဘူး။ အဲဒါနဲ့ပတ်သက်လို့ နည်းနည်း အပျက်သဘောခံစားမိတယ်။ ဒီတာဝန်အတွက် ကျွန်မရဲ့ အစွမ်းအစက မလောက်ဘူး ထင်ပါရဲ့” တဲ့လေ။ ဒါကို ကြားရတော့ စိတ်မကောင်းဖြစ်သွားတာပဲ။ ကျွန်မတစ်ကိုယ်ကောင်းဆန်ခဲ့ပုံအပေါ် ကိုယ့်ခံစားချက်ကလဲ ပိုခိုင်မာသွားတယ်။ ကိုယ့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကိုပဲ ကျွန်မအရေးစိုက်ခဲ့တာလေ။ သူတို့က လက်တွေ့လုပ်ခါစဖြစ်ပြီး အကူအညီနဲ့ ပူးပေါင်းလုပ်ဆောင်မှု လိုတာကို ကျွန်မ ကောင်းကောင်းသိတာပဲ။ ဒါပေမဲ့ ကျွန်မ မေတ္တာတစ်စက်မှတောင် မရှိဘဲ လက်ပိုက်ကြည့်နေခဲ့တယ်။ အဲဒါကို ကျွန်မတွေးလေ၊ လူ့သဘာဝကင်းမဲ့တယ်လို့ ခံစားရလေပဲ။ အရမ်းစက်ဆုပ်စရာဖြစ်ပြီး ယုတ်မာတဲ့အရာတစ်ခုကို ကျွန်မ ဘယ်လိုလုပ်ပြီး လုပ်နိုင်ခဲ့တာလဲ။

စုဝေးပွဲတစ်ခုမှာ ညီအစ်ကိုတစ်ယောက်က သူ့အတွေ့အကြုံအကြောင်း မိတ်သဟာယပြုတာကို ကျွန်မ နားထောင်ဖြစ်ပြီး အဲဒီကနေ တကယ်အကျိုးခံစားခဲ့ရတယ်။ သူ့မိတ်သဟာယမှာ တကယ်ကို နက်ရှိုင်းတဲ့ ခံစားမှုတစ်ခု ကျန်စေတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ရှိတယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည် “လူတစ်ဦး၏ လုပ်ရပ်များနှင့် အပြုအမူများကို ကောင်းသည် ဆိုးသည်ဟူ၍ အကဲဖြတ်သော စံနှုန်းမှာအဘယ်နည်း။ ယင်းမှာ ၎င်းတို့သည် ၎င်းတို့၏အတွေးများ၊ ထုတ်ဖော်ချက်များနှင့် အပြုအမူများ၌ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သမ္မာတရား စစ်မှန်မှုအတိုင်း အသက်ရှင်နေထိုင်ခြင်းအကြောင်း သက်သေခံချက် ရှိမရှိတို့ဖြစ်၏။ အကယ်၍ သင်၌ ဤစစ်မှန်မှု မရှိပါက၊ သို့မဟုတ် ဤအရာအတိုင်း အသက်ရှင်နေထိုင်ခြင်း မရှိပါက သင်သည် မကောင်းမှုပြုသူတစ်ဦး ဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိ။ ဘုရားသခင်က ဒုစရိုက်ပြုသူများကို အဘယ်သို့ မှတ်ယူသနည်း။ ဘုရားသခင်အတွက်မူ သင့်အတွေးများနှင့် အပြင်ပန်းအပြုအမူများက သူ့အတွက် သက်သေမခံသကဲ့သို့ ယင်းတို့က စာတန်အား အရှက်ကွဲစေခြင်း၊ သို့မဟုတ် စာတန်အား အနိုင်ယူခြင်းလည်း မပြုချေ၊ ထိုအစား ဘုရားသခင်ကို အရှက်ရစေပြီး ဘုရားသခင်အပေါ် သင် ဖြစ်စေသည့် ဂုဏ်သရေညှိုးစေသည့် လက္ခဏာများနှင့် ပွထနေသည်။ သင်သည် ဘုရားသခင်အတွက် သက်သေခံနေခြင်း မရှိ၊ သင်သည် ဘုရားသခင်အဖို့ မိမိကိုယ်ကို အသုံးခံနေခြင်း မရှိသကဲ့သို့ ဘုရားသခင်အတွက် သင်၏ တာဝန်နှင့် ဝတ္တရားတို့ကို ဖြည့်ဆည်းနေခြင်းလည်း မရှိပေ၊ ထိုအစား သင့်ကိုယ်ပိုင်အကျိုးအတွက် သင်ပြုမူနေသည်။ ‘သင့်ကိုယ်ပိုင်အကျိုးအတွက်’ ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ အတိအကျဆိုလျှင် စာတန်အတွက်ကို ဆိုလိုသည်။ ထို့ကြောင့် နောက်ဆုံးတွင် ဘုရားသခင်က ‘အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြ’ ဟု ဆိုလိမ့်မည်။ ဘုရားသခင်၏ အမြင်တွင် သင်၏လုပ်ရပ်များကို ကောင်းမှုများအဖြစ် မြင်လိမ့်မည် မဟုတ်ဘဲ ယင်းတို့ကို မကောင်းမှုအဖြစ် မှတ်ယူလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ လက်ခံမှုကို မရရှိနိုင်မည့်အပြင် စီရင်ခြင်းခံရလိမ့်မည်။ ဘုရားသခင်၌ ထိုသို့သော ယုံကြည်မှု ရှိသည့်သူတစ်ဦးသည် အဘယ်အရာကို ရရှိဖို့ မျှော်လင့်သနည်း။ ထိုသို့သော ယုံကြည်မှုသည် အဆုံး၌ အချည်းနှီးဖြစ်မည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား စွန့်ပစ်ခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်လာတာက လူတစ်ယောက်က တာဝန်တွေဘယ်လောက်လုပ်တယ်၊ တခြားလူတွေရဲ့ ချီးမွမ်းတာ ဘယ်လောက်ခံရတယ်ဆိုတာကို ဘုရားက မကြည့်ဘူးဆိုတာပါပဲ။ အဲဒါထက် သူ ကြည့်တာက လူတစ်ယောက်ဟာ သူ့တာဝန်ကို လုပ်ဆောင်တဲ့တစ်လျှောက် သူ့အတွေးတွေ၊ ထုတ်ဖော်ပြချက်တွေနဲ့ လုပ်ရပ်တွေမှာ သမ္မာတရားကို လက်တွေ့လုပ်တဲ့သက်သေ ပိုင်ဆိုင်ခြင်း ရှိမရှိဆိုတာပဲ။ ဒါဟာ လူတစ်ယောက်လုပ်တဲ့အရာတွေက ကောင်းတယ်၊ မကောင်းဘူးဆိုတာကို ဘုရားစီရင်တဲ့ပုံစံဖြစ်ပါတယ်။ ဘုရားက လူတွေရဲ့ စိတ်နှလုံးတွေကို စေ့စေ့ကြည့်ရှုစစ်ဆေးတာ။ လူတစ်ယောက်က ဘုရားအတွက် သက်သေခံဖို့နဲ့ ဘုရားကို စိတ်ကျေနပ်စေဖို့ ရည်ရွယ်ချက်မရှိဘဲ သူ့တာဝန်ကို လုပ်နေပြီး အဲဒီအစား သူ့ကိုယ်ပိုင် အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် အသင်းတော်အလုပ်ကို ထိခိုက်နစ်နာစေရင် အဖိုးအခဘယ်လောက်ပဲပေးပါစေ သူက ဘုရားအမြင်မှာ မကောင်းမှု လုပ်နေဆဲပါပဲ။ ကျွန်မတာဝန်မှာ ကျွန်မက တာဝန်သိတတ်ပြီး တာဝန်ယူတတ်တဲ့အပြင် သိပ်လည်းမဆိုးဘူးလို့ ကျွန်မ အမြဲခံစားခဲ့တယ်။ ဒါပေမဲ့ ဘုရားနှုတ်ကပတ်တော်တွေအရ ကျွန်မကိုယ်ပိုင် အပြုအမူကို သုံးသပ်ကြည့်တော့ ကျွန်မ အကောင်းဆုံး ကြိုးစားခဲ့ပြီး ကျွန်မတာဝန်ယူထားတဲ့ အလုပ်မှာ စေ့စပ်တိကျခဲ့ပေမဲ့ ဒီအရာရဲ့နောက်မှာ ကွယ်ဝှက်ထားတာက ကိုယ့်ညီအစ်ကိုမောင်နှမတွေရဲ့ စိတ်နှလုံးထဲ နေရာတစ်ခု သိမ်းပိုက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ပဲ။ ကျွန်မက အဖွဲ့ရဲ့ အဓိကလူမို့ ကျွန်မမရှိရင် မဖြစ်ဘူးလို့ လူတွေအထင်ရောက်စေလိုတဲ့ ရည်ရွယ်ချက်ပဲ။ လေလာက အခက်အခဲတွေ ကြုံရပြီး သူ့အလုပ်မှာ မတိုးတက်နိုင်တဲ့အခါမှာတောင် ကျွန်မ နည်းနည်းမှ စိတ်သောကမဖြစ်ခဲ့ဘူး။ စိတ်သောကမဖြစ်ရုံမက သူ့မှာ အခက်အခဲရှိတာဟာ ကျွန်မကို ထင်ပေါ်စေမှာပဲလို့ ခံစားရင်းနဲ့ ဝမ်းသာခဲ့တယ်။ အဲဒီလို စက်ဆုပ်စရာ ရည်ရွယ်ချက်တွေနဲ့ ကိုယ့်တာဝန်ကို လုပ်နေတော့ ကျွန်မက မကောင်းမှုကို လုပ်နေခဲ့တာဖြစ်ပြီး ဘုရားရဲ့ ရှုတ်ချတာခံခဲ့ရတယ်။ ကျွန်မ နောင်တမရရင် အလုပ်အများကြီးလုပ်ပြီး ကြီးမားတဲ့ အဖိုးအခပေးရင်တောင်မှ နောက်ဆုံးမှာ ဘုရားရဲ့ ဖယ်ရှားရှင်းလင်းတာ ခံရမှာပဲ။ ဒီအတွေးကြောင့် ကျွန်မ လန့်သွားပြီး အရမ်းအန္တရာယ်ရှိတယ်လို့ ခံစားရတယ်။ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ အသက်မရှင်တော့ဘူး၊ ပြီးတော့ အနာဂတ်မှာ ဒီလိုကိစ္စမျိုး ဖြစ်လာရင် အသင်းတော်အလုပ်ကို ခြုံငုံထည့်တွက်ပြီး အသင်းတော်ရဲ့ အကျိုးစီးပွားကို ကာကွယ်ရမယ်လို့ စိတ်ဆုံးဖြတ်ရင်း ဘုရားဆီ ကျွန်မဆုတောင်းခဲ့တယ်။

နောက်ပိုင်းတော့ ဘုရားနှုတ်ကပတ်တော်တွေမှာ လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းတစ်ခု ရှာတွေ့ခဲ့တယ်။ ဘုရားသခင်က ပြောသည် “မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေသည့်သူများ အားလုံးအတွက်မူ၊ သမ္မာတရားကို ၎င်းတို့၏နားလည်ခြင်းသည် မည်မျှ နက်နဲပါစေ၊ သို့မဟုတ် မည်မျှပေါ့တန်ပါစေ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းအား အရိုးရှင်းဆုံး လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းမှာ အရာအားလုံး၌ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို တွေးဖို့ရန်နှင့် မိမိ၏တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများ၊ ကိုယ်ပိုင် ရည်ရွယ်ချက်များ၊ ကြံရွယ်ချက်များ၊ မာနနှင့် ဂုဏ်အဆင့်အတန်းတို့ကို လက်လွှတ်ဖို့ ဖြစ်သည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ဦးစားပေးလော့။ ဤသည်မှာ အနည်းဆုံး လုပ်ဆောင်သင့်သည့် အရာဖြစ်၏။ တာဝန်ကို ဆောင်ရွက်နေသည့် လူတစ်ဦးသည် ဤမျှလောက်ပင် မလုပ်ဆောင်နိုင်လျှင် မိမိ၏ တာဝန်ကို လုပ်ဆောင်နေပါသည်ဟု ၎င်းကို အဘယ်သို့ ပြောနိုင်မည်နည်း။ ယင်းမှာ မိမိ၏ တာဝန်ကို လုပ်ဆောင်နေခြင်း မဟုတ်ပေ။ ဘုရားအိမ်တော်၏ အကျိုးများကို သင် ပထမဦးဆုံး စဉ်းစားသင့်သည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အသင်းတော် အလုပ်တို့ကို စဉ်းစားသင့်သည်။ ဤအရာများကို ဦးစားပေးသင့်၏။ ထို့နောက်တွင်မှ သင့်အဆင့်အတန်း၏ တည်ငြိမ်မှု၊ သို့မဟုတ် အခြားသူများက သင့်ကို မည်သို့ သဘောထားသည်တို့နှင့်ပတ်သက်၍ သင် စဉ်းစားနိုင်သည်။ ယင်းကို အဆင့်နှစ်ခုအဖြစ်သို့ ပိုင်းခြားလိုက်ပြီး ညှိနှိုင်းမှုအချို့ ပြုလုပ်သည့်အခါ အနည်းငယ် ပိုမို လွယ်ကူလာသည်ဟု သင်တို့ မခံစားရသလော။ ခဏတာ ဤအရာကို သင်လက်တွေ့လုပ်ဆောင်လျှင် ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းမှာ ထိုမျှ ခက်ခဲသည့်အရာမဟုတ်ဟု သင် ခံစားလာရလိမ့်မည်။ ထို့အပြင် သင်၏ တာဝန်များကို သင်ဖြည့်ဆည်းနိုင်သင့်သည်၊ သင်၏ တာဝန်နှင့် ဝတ္တရားများကို ထမ်းဆောင်နိုင်သင့်သည်၊ သင်၏ တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများနှင့် ရည်ရွယ်ချက်များနှင့် ကြံရွယ်ချက်များကို ဘေးဖယ်ထားသင့်သည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားမှု ပြသင့်ပြီး ဘုရားအိမ်တော်၏ အကျိုးများ၊ အသင်းတော်အလုပ်နှင့် သင်ထမ်းဆောင်သင့်သည့် တာဝန်တို့ကို ဦးစားပေးသင့်သည်။ ဤအရာကို တစ်ခဏကြာ ကြုံတွေ့ပြီးနောက်တွင် ဤသည်မှာ ပြုမူကျင့်ကြံရန် ကောင်းမွန်သော နည်းလမ်းတစ်ခု ဖြစ်သည်ဟု သင်ခံစားရလိမ့်မည်။ ယင်းမှာ ယုတ်ညံ့သောလူတစ်ဦး၊ သို့မဟုတ် ဆိုးညစ်သောလူတစ်ဦး မဖြစ်ဘဲ ရိုးရိုးစင်းစင်းနှင့် ရိုးသားစွာ အသက်ရှင်ခြင်း ဖြစ်သည်။ စက်ဆုပ်ဖွယ်ကောင်းခြင်း၊ ယုတ်ညံ့ခြင်းနှင့် အသုံးမကျခြင်းတို့ထက် မျှမျှတတ နှင့် သိက္ခာရှိရှိ အသက်ရှင်ခြင်း ဖြစ်သည်၊ ဤသည်မှာ လူတစ်ဦး ပြုမူသင့်သည့်ပုံဖြစ်ပြီး ထိုလူ အသက်ရှင်နေထိုင်သင့်သည် ပုံရိပ်တစ်ခုဖြစ်သည်ဟု သင်ခံစားရလိမ့်မည်။ တဖြည်းဖြည်းနှင့် သင်၏ ကိုယ်ပိုင်အကျိုးစီးပွားများကို အလိုဖြည့်ဖို့ သင်၏ လိုအင်ဆန္ဒသည် သာ၍ လျော့ပါးသွားပေလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား စွန့်ပစ်ခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ မြင်ရတာက ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ဖို့ လူတစ်ယောက်က သူ့တစ်ကိုယ်ရေ ရည်ရွယ်ချက်တွေ၊ အကြောင်းရင်းတွေ၊ မာနနဲ့ အဆင့်အတန်းတွေကို ဘေးဖယ်ထားရမှာဖြစ်ပြီး အသင်းတော်ရဲ့ အကျိုးစီးပွားကို တစ်ချိန်လုံး ဦးစားပေးရမယ်ဆိုတာပဲ။ ဒီကိစ္စနောက်ပိုင်းမှာ ဘုရားရဲ့ သတ်မှတ်ချက်တွေနဲ့အညီ ကိုယ့်တာဝန်ကို ကျွန်မ သတိရှိရှိလုပ်တယ်။ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာဖြစ်တာ၊ ကျွန်မကိုယ်ပိုင် ဂုဏ်သတင်းနဲ့ အဆင့်အတန်းကိုပဲ စဉ်းစားတာတွေကို ရပ်လိုက်တယ်။ တစ်ခါ၊ လေလာက ဗီဒီယိုတစ်ခု လုပ်နေချိန်မှာ အခက်အခဲ ကြုံရပြီး ဘယ်လိုဖြေရှင်းရမယ်ဆိုတာ ကျွန်မကို တစ်ချက်ကြည့်စေချင်တယ်။ ကျွန်မက နည်းနည်း တွန့်ဆုတ်နေပြီး ကိုယ့်ဘာသာ တွေးမိတယ်။ “ငါလုပ်နေတဲ့ ဗီဒီယိုက မပြီးပြတ်သေးဘူး။ သူ့ပြဿနာကို ကူညီပေးတာက ငါ့အလုပ်တိုးတက်မှုကို ထိခိုက်မလား။ အဲဒီဗီဒီယိုကို ငါအချိန်မီ မပြီးနိုင်ဘဲဖြစ်သွားရင် ငါက အဖွဲ့ခေါင်းဆောင်ဖြစ်ပေမဲ့ အရည်အချင်းမပြည့်ဘူးလို့ တခြားလူတွေ ပြောကြမလား” ပေါ့။ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ ကျွန်မ ထပ်အသက်ရှင်နေမိမှန်း သဘောပေါက်လိုက်တယ်။ အသင်းတော်အလုပ်ကို ခြုံငုံထည့်တွက်မယ်၊ ကျွန်မကိုယ်ပိုင် အလုပ်ကိုပဲ အာရုံမစိုက်ပါဘူးလို့ ဘုရားကို ကျွန်မပေးခဲ့တဲ့ ဆုံးဖြတ်ချက်ကို ပြန်သတိရသွားတယ်။ အဲဒီနောက် ဇာတိကို တွန်းလှန်ဆန့်ကျင်ဖို့၊ ကျွန်မရဲ့ အကျိုးစီးပွားကို ဘေးဖယ်ပြီး လေလာကို ကြိုးကြိုးစားစား ကူညီဖို့ လိုလားရင်းနဲ့ ဘုရားဆီ ကျွန်မဆုတောင်းခဲ့တယ်။ ဗီဒီယိုကို အာရုံစိုက်ပြီး ကျွန်မကြည့်ခဲ့တယ်၊ ပြဿနာတွေကို ရေးမှတ်တယ်၊ ပြီးတဲ့အခါ လေးလာနဲ့ သူ့အဖွဲ့ကို အလုပ်ထဲမှာပဲ လမ်းညွှန်မှုပေးဖို့ သွားတွေ့ခဲ့တယ်။ ကျွန်မရဲ့ မိတ်သဟာယက သူ့အတွက် လမ်းကြောင်းတစ်ခု ဖွင့်ပေးခဲ့တယ်လို့ လေလာက ပြောတော့ ကျွန်မစိတ်နှလုံးထဲမှာ အင်မတန် အေးချမ်းတဲ့စိတ် ခံစားရတယ်။ သူတို့ကို ကူညီပေးတာက ကျွန်မအလုပ်ကို ကြန့်ကြာစေမှာပဲလို့ အစက ထင်ခဲ့ပေမဲ့ နောက်ဆုံးတော့ ဘာနှောင့်နှေးတာမှ လုံးဝ မရှိခဲ့ဘူး။ ကျွန်မတို့ အဖွဲ့နှစ်ဖွဲ့လုံးအတွက် အရင်ထက် အလုပ်က ပိုပြီး ထိထိရောက်ရောက် ရှိခဲ့တဲ့အပြင် တစ်လအတွင်းမှာပဲ အောင်အောင်မြင်မြင် ပြီးစီးသွားခဲ့တယ်။ ဒီနောက်ပိုင်း ညီအစ်ကို မောင်နှမတွေက သူတို့ရဲ့ အခက်အခဲတွေနဲ့ပတ်သက်လို့ ကျွန်မကို အကူအညီတောင်းကြတဲ့အခါ ကျွန်မ မငြင်းတော့ဘူး။ အဲဒီအစား သူ့တို့ကို အစွမ်းကုန် ကူညီပေးတယ်။ ကိစ္စတွေကို စစ်ဆေးပြီး အကြံတွေပေးနေရင်းနဲ့ အချိန်ပိုကုန်ပြီး ပိုအားထုတ်ခဲ့ရပေမဲ့ ဒီလိုလက်တွေလုပ်ဆောင်ရင်းနဲ့ စိတ်အေးချမ်းမှုခံစားခဲ့ရတယ်။

နောက်ပိုင်းမှာ ကိုယ့်ကိုယ်ကိုယ် သုံးသပ်မှုတချို့ ကျွန်မလုပ်ခဲ့ပြီး ကိုယ်ကျိုးစီးပွားနဲ့ဆိုင်တဲ့ ကိစ္စတွေကို စေ့စေ့စပ်စပ်နဲ့ ကျွန်မကြိုးစားလုပ်ပေမဲ့ ကိုယ်ကျိုးစီးပွားတွေနဲ့ မပတ်သက်တဲ့အခါမှာတော့ ဘာလို့ ပူးပေါင်းမလုပ်တတ်တာလဲလို့ ကိုယ့်ကိုယ်ကိုယ် မေးမိခဲ့တယ်။ ဒီပြဿနာရဲ့ အနှစ်သာရ အတိအကျက ဘာလဲပေါ့။ ကျွန်မ ဘုရားနှုတ်ကပတ်တော်တချို့ကို တွေ့တယ်။ “လူအချို့သည် ၎င်းတို့၏ ကိုယ်ပိုင်ပကာသနနှင့် ဂုဏ်ကို ကာကွယ်ရန်၊ ၎င်းတို့၏ ကျော်ဇောမှုနှင့် အဆင့်အတန်းကို ထိန်းသိမ်းရန်အတွက် မည်မျှပင် ပေးဆပ်ရပါစေ သူတစ်ပါးတို့အား ကူညီပြီး ၎င်းတို့မိတ်ဆွေများအတွက် အနစ်နာခံရန် လိုလားကြသည်။ သို့သော် ဘုရားအိမ်တော်၏ အကျိုးစီးပွား၊ သမ္မာတရားနှင့် တရားမျှတမှုကို ကာကွယ်ဖို့ လိုလာသောအခါတွင်မူ ၎င်းတို့၏ ကောင်းမွန်သည့် ရည်ရွယ်ချက်များ မရှိတော့ဘဲ ယင်းတို့သည် လုံးဝ ပျောက်ကွယ်သွားသည်။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သင့်သောအခါတွင် လုံးဝ မလုပ်ဆောင်ကြပေ။ ဘာများ ဖြစ်နေသနည်း။ ၎င်းတို့၏ သိက္ခာနှင့် ဂုဏ်ကို ကာကွယ်ရန်အတွက် ၎င်းတို့သည် မည်သည့်အဖိုးအခကိုမဆို ပေးဆပ်ပြီး မည်သည့်ဆင်းရဲဒုက္ခကိုမဆို ခါးစည်းခံကြလိမ့်မည်။ သို့သော် တကယ့်အလုပ်ကို လုပ်ဆောင်ရန်နှင့် လက်တွေ့ကျသော ကိစ္စများကို ကိုင်တွယ်ရန်၊ အသင်းတော်၏ အလုပ်နှင့် အပြုသဘောဆောင်သောအရာများကို ကာကွယ်ရန်၊ ပြီးလျှင် ဘုရားသခင် ရွေးချယ်ထားသောလူများကို ကာကွယ်ပြီး ပံ့ပိုးပေးရန် လိုအပ်လာသောအခါတွင်မူ ၎င်းတို့သည် မည်သည့်အဖိုးအခကိုမဆို ပေးဆပ်ပြီး မည်သည့်ဆင်းရဲဒုက္ခကိုမဆို ခါးစည်းခံရန် အဘယ်ကြောင့် အားအင်မရှိကြတော့သနည်း။ ဤသည်မှာ မယုံကြည်နိုင်လောက်အောင်ပင် ဖြစ်သည်။ အမှန်တကယ်တွင် ၎င်းတို့၌ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သော စိတ်သဘောထားမျိုး ရှိကြသည်။ ၎င်းတို့၏ စိတ်သဘောထားသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည်ဟု အဘယ်ကြောင့်ဆိုသနည်း။ အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ခု၌ ဘုရားကို သက်သေခံခြင်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ ဘုရားရွေးချယ်ထားသောလူများကို ကာကွယ်ခြင်း၊ စာတန်၏ အကြံအစည်းများကို ဆန့်ကျင်တိုက်ခိုက်ခြင်း၊ သို့မဟုတ် အသင်းတော်၏ အလုပ်ကို ကာကွယ်ခြင်းတို့ ပါဝင်သောအခါတိုင်းတွင် ၎င်းတို့သည် ထွက်ပြေးပုန်းကွယ်ကြပြီး မည်သည့်သင့်တင့်လျောက်ပတ်သောကိစ္စကိုမျှ အာရုံစိုက် လုပ်ဆောင်ခြင်း မရှိကြပေ။ ၎င်းတို့၏ သူရသတ္တိနှင့် ဆင်းရဲဒုက္ခကို ခါးစည်းခံသည့် စိတ်ဓာတ်သည် အဘယ်မှာနည်း။ ဤအရာများကို မည်သည့်နေရာတွင် ၎င်းတို့ အသုံးပြုကြသနည်း။ ဤသည်မှာ မြင်ရန် လွယ်ကူသည်။ လူတစ်ယောက်က ၎င်းတို့အနေဖြင့် အလွန်တစ်ကိုယ်ကောင်းမဆန်သင့်ကြောင်း၊ မယုတ်ညံ့သင့်ကြောင်းနှင့် မိမိတို့ကိုယ်ကို မကာကွယ်သင့်ကြောင်း၊ ပြီးလျှင် ၎င်းတို့သည် အသင်းတော်၏ အလုပ်ကို ကာကွယ်သင့်ကြောင်း ပြောလျက် ၎င်းတို့ကို ပြစ်တင်ရှုတ်ချလျှင်ပင် ၎င်းတို့က အမှန်တကယ် ဂရုစိုက်ခြင်းမရှိပေ။ ၎င်းတို့က ‘ထိုအရာများကို ငါမလုပ်။ ထိုအရာများက ငါနှင့် လုံးဝ သက်ဆိုင်ခြင်းမရှိ။ ထိုသို့ပြုမူခြင်းသည် ငါ၏ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းအတွက် လိုက်စားခြင်းတွင် မည်သည့်ကောင်းကျိုး ရှိမည်နည်း’ ဟု မိမိတို့ကိုယ်ကို ပြောဆိုကြသည်။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသူမဟုတ်ပေ။ ၎င်းတို့သည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကိုသာ ရှာဖွေလိုကြ၏။ ပြီးလျှင် ၎င်းတို့အား ဘုရားသခင် ပေးအပ်ထားသော အလုပ်ကို လုံးဝ လုပ်ဆောင်ခြင်းမရှိပေ။ ထို့ကြောင့် ၎င်းတို့သည် အသင်းတော်အလုပ်ကို လုပ်ဆောင်ရန် လိုအပ်သောအခါ ထွက်ပြေးဖို့ကိုသာ ရွေးချယ်ကြသည်။ ဤအရာက ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့သည် အပြုသဘောဆောင်သောအရာများကို မနှစ်သက်ကြကြောင်းနှင့် သမ္မာတရားကို စိတ်မဝင်စားကြကြောင်း ဆိုလိုပေသည်။ ဤသည်မှာ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းနှင့်သက်ဆိုင်သော ရှင်းလင်းသော သရုပ်သကန်တစ်ခုဖြစ်၏။ သမ္မာတရားကို ချစ်ပြီး သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်သော သူတို့သည်သာ ဘုရားအိမ်တော်၏ အလုပ်နှင့် ဘုရားသခင် ရွေးချယ်ထားသော သူတို့က လိုအပ်သောအခါ ရှေ့ထွက်လုပ်ဆောင်နိုင်သည်။ ၎င်းတို့သည်သာ ဘုရားသခင် ရွေးချယ်ထားသောသူတို့ကို လမ်းကြောင်း အမှန်ပေါ်သို့ ခေါ်ဆောင်ပေးကာ ဘုရားသခင်၏ အလုပ်အပေါ် ကျိုးနွံနာခံမှုရှိစေရန် ၎င်းတို့အား ထောက်ကူပေးလျက် ဘုရားသခင်ကို သက်သေခံပြီး သမ္မာတရားကို မိတ်သဟာယဖွဲ့ရန် ရဲရင့်စွာဖြင့် ထရပ်ကာ ရှိထားသောတာဝန်ကို မဖြစ်မနေ လုပ်ဆောင်နိုင်သည်။ ဤသည်သာ တာဝန်သိသည့် သဘောထားဖြစ်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားခြင်းပြသည့် သရုပ်သကန် ဖြစ်သည်။ သင်တို့သည် ဤသဘောထားအား မပိုင်ဆိုင်ကြလျှင် သင်တို့ကိုင်တွယ်သည့် အကြောင်းအရာများ၌ ပေါ့ပေါ့ဆဆ ကိုင်တွယ်ခြင်းမှလွဲ၍ သင်တို့၌ဘာမျှမရှိကြ။ ထို့နောက် ‘ငါသည် ငါ၏တာဝန် အတိုင်းအတာအတွင်းသာ ငါလုပ်မည်။ အခြားအရာအားလုံးအား ငါဂရုမစိုက်။ အကယ်၍ ငါ့အား သင်တစ်စုံတစ်ခုတောင်းဆိုပါက ငါ့စိတ်ကြည်လင်သည့်အချိန်တွင် သင့်ကိုငါအဖြေပေးမည်။ သို့မဟုတ်လျှင် ငါအဖြေပေးမည်မဟုတ်။ ဤသည်မှာ ငါ၏ သဘောထားဖြစ်သည်’ ဟူ၍ သင် တွေးလျှင် ဤအရာသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အမျိုးအစားတစ်ခု ဖြစ်သည်မဟုတ်လော။ မိမိ၏ ကိုယ်ပိုင်အဆင့်အတန်း၊ ကျော်ဇောမှုနှင့် ဂုဏ်တို့ကိုသာ ကာကွယ်ခြင်းဖြစ်ပြီး မိမိ၏ ကိုယ်ပိုင်အကျိုးနှင့်သက်ဆိုင်သည့် ကိစ္စများကိုသာ ကာကွယ်ခြင်းသည် တရားမျှတသော အကြောင်းတရားကို ကာကွယ်နေခြင်း ဖြစ်သလော။ ယင်းမှာ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်နေခြင်း ဖြစ်သလော။ ဤ သေးသိမ်ခြင်း၊ အတ္တကြီးသော ကြံရွယ်ချက်တို့၏ နောက်ကွယ်တွင် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သော စိတ်သဘောထား ရှိသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး)လူများသည် အစွမ်းအစ ညံ့ဖျင်းကြောင်း၊ ၎င်းတို့တွင် အချို့သော အားနည်းချက်များရှိပြီး ဘုရားသခင်ကို ဆန့်ကျင်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ၊ သို့မဟုတ် အဖြစ်အနေတစ်ခု ရှိကြောင်းတို့ကို မြင်သည့်အခါ ဘုရားသခင်သည် ၎င်းတို့ကို အော့နှလုံးမနာသကဲ့သို့ သူနှင့်ဝေးရာတွင် မထားပေ။ ယင်းမှာ ဘုရားသခင်၏ ရည်ရွယ်ချက် မဟုတ်သကဲ့သို့ လူသားအပေါ် သူ၏သဘောထားလည်း မဟုတ်ပေ။ ဘုရားသခင်သည် လူများ၏ညံ့ဖျင်းသော အစွမ်းအစကို ရွံရှာစက်ဆုပ်ခြင်း မရှိ၊ ၎င်းတို့၏ မိုက်မဲမှုကို ရွံရှာစက်ဆုပ်ခြင်း မရှိသကဲ့သို့ ၎င်းတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည်ကိုလည်း သူ ရွံရှာစက်ဆုပ်ခြင်းမရှိချေ။ ဘုရားသခင်သည် လူတို့ထဲ၌ အရွံရှာအစက်ဆုပ်ဆုံးဖြစ်သော အရာမှာ အဘယ်နည်း။ ယင်းမှာ လူများက သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့်အချိန် ဖြစ်သည်။ သင်သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ပါက ထိုတစ်ချက်တည်းကြောင့်ပင် ဘုရားသခင်သည် သင့်ကြောင့် မည်သည့်အခါမျှ ဝမ်းမြောက်မည် မဟုတ်။ ဤသည်မှာ ပြောင်းလဲ၍မရနိုင်ပေ။ သင်သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့လျှင်၊ သမ္မာတရားကို မချစ်လျှင်၊ သမ္မာတရားအပေါ် သင်သည် ဂရုမစိုက်သော သဘောထားရှိပြီး အထင်သေးကာ မာနထောင်လွှားသည့်အပြင် တွန်းပင်တွန်းလှန်ကာ အတိုက်အခံလုပ်ပြီး ငြင်းပယ်လျှင်၊ ဤသည်မှာ သင်ပြုမူသည့်ပုံစံ ဖြစ်လျှင် ဘုရားသခင်က သင့်အား လုံးလုံး ရွံရှာပြီး သင်သည် ကယ်တင်၍မရတော့အောင် ကျရှုံးပြီးဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားကို နားလည်သဘောပေါက်ခြင်းသည် မိမိ၏ တာဝန်ကို ကောင်းစွာ ဖြည့်ဆည်းခြင်းအဖို့ အရေးကြီးသည်) သမ္မာတရားကို မချစ်တဲ့သူ ဒါမှမဟုတ် အသင်းတော်ရဲ့ အကျိုးစီးပွားတွေကို မကာကွယ်တဲ့သူ၊ ကိုယ်ပိုင် ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို အမြဲ ကာကွယ်တဲ့အပြင် ကိုယ်ကျိုးစီးပွားတွေကို ဖြစ်ထွန်းစေပြီး သူတို့ကို ထင်ပေါ်စေတဲ့ ဘယ်အရာကိုမဆို အသင့်လုပ်ပေမဲ့ တစ်ဖက်မှာတော့ သူတို့အပေါ် အကျိုးမပြုတာမှန်သမျှကို လျစ်လျူရှု၊ ငြင်းပယ်သူတွေဟာ သမ္မာတရားကို မနှစ်မြို့တဲ့ စာတန်ဆန်တဲ့ စိတ်သဘောထား ရှိသူတွေပဲလို့ ဘုရားနှုတ်ကပတ်တော်တွေက ပြောတယ်။ ဒီလူစားမျိုးက သူ့ကိုယ်ကျိုးစီးပွားကို ထိခိုက်တဲ့ ကိစ္စတွေမှာ ဘယ်လိုပဲ လုံ့လဝီရိယရှိပါစေ၊ အဖိုးအခ ဘယ်လောက်ပဲ ပေးပါစေ၊ သူ့အလုပ်ရလဒ်တွေက ဘယ်လိုပဲ အထင်ကြီးစရာဖြစ်ပါစေ သူတို့ရဲ့ ရည်ရွယ်ချက်က အမြဲပဲ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် သူတို့လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ဖြစ်တယ်။ အသင်းတော်ရဲ့ အကျိုးစီးပွားနဲ့ ပတ်သက်လာတဲ့အခါ သမ္မာတရားကို ရှင်းရှင်းလင်းလင်း သိပေမဲ့ လက်တွေ့မလုပ်သလို အသင်းတော်အလုပ်ကို လုံးဝ မထိန်းသိမ်းဘူး။ သုံးသပ်ဆင်ခြင်ကြည့်တဲ့အခါ ကျွန်မလဲ ကိုယ့်တာဝန်ကို အဲဒီလိုလုပ်နေမိမှန်း သဘောပေါက်သွားတယ်။ ကျွန်မ ထင်ပေါ်ပြီး ကြည့်ကောင်းနိုင်သရွေ့ အားထုတ်ပြီး အဖိုးအခပေးဖို့ လိုလားနေခဲ့တယ်။ အခက်အခဲတွေကို ရင်ဆိုင်တဲ့အခါမှာတောင် ကျွန်မ မမှုဘဲရှိနေခဲ့တဲ့အပြင် ရလဒ်တွေ ရဖို့အတွက်ပဲ အပြည့်အဝ အားထုတ်ခဲ့တယ်။ ဒါပေမဲ့ အလုပ်ကို ကောင်းကောင်းလုပ်တာက ကျွန်မကို မထင်ပေါ်စေမှာ ဒါမှမဟုတ် ကျွန်မကို ပုဂ္ဂိုလ်ရေးအရ အကျိုးမပြုမှာကို မြင်တာနဲ့တစ်ပြိုင်နက် ကျွန်မ မပတ်သက်ဘဲနေလိုက်တယ်။ အသင်းတော်အလုပ်က ဆုံးရှုံးမှုတွေ ခံစားနေရတာကို မြင်တဲ့အချိန်မှာတောင် ကျွန်မ ပူပန်သောကမဖြစ်ခဲ့ဘူး။ ကျွန်မက သမ္မာတရားကို မနှစ်မြို့တဲ့ စာတန်ဆန်တဲ့ စိတ်သဘောထားကို ထုတ်ဖော်ပြနေခဲ့တာပဲ။ ကျွန်မ ယုံကြည်ခဲ့တဲ့ နှစ်ကာလတစ်လျှောက်လုံးနဲ့ ကျွန်မဖတ်ခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တွေအားလုံးကနေ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကျွန်မတာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ ဉာဏ်ရှိသမျှ၊ ကိုယ်စွမ်းရှိသမျှနဲ့ ဖြည့်ဆည်းရမယ်၊ အသင်းတော်ရဲ့ အကျိုးစီးပွားကို အချိန်တိုင်း ဦးစားပေးရမယ်ဆိုတာတွေကို အယူဝါဒအရ ကျွန်မ သိခဲ့တယ်။ ဘုရားရဲ့ မေတ္တာကို ပြန်ဆပ်ဖို့ ကျွန်မတာဝန်ကို အစွမ်းကုန် လုပ်မယ်လို့ ပြောပြီး ဘုရားကို မကြာခဏ ကျွန်မ ဆုတောင်းခဲ့တယ်။ ဒါပေမဲ့ တကယ့်အခြေအနေနဲ့ ရင်ဆိုင်ရတဲ့အခါ အသင်းတော်ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်မဲ့အစား ကျွန်မရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်ဆန္ဒတွေကို ဖြည့်ဆည်းဖို့ ရွေးခဲ့တယ်။ အသင်းတော်ရဲ့ အကျိုးစီးပွားရှေ့မှာ ကျွန်မရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို အမြဲ ထားခဲ့တယ်။ ကျွန်မ ဘယ်လောက်ဆိုးယုတ်လိုက်သလဲ။ သမ္မာတရားကို မနှစ်မြို့တဲ့ ကျွန်မရဲ့ စာတန်ဆန်တဲ့ စိတ်သဘောထားကို မကိုင်တွယ်မဖြေရှင်းရင် ဘုရားကို နှစ်ဘယ်လောက်ကြာကြာ ကျွန်မ ဆက်ယုံကြည်ပါစေ ကယ်တင်ခြင်းရဖို့ မပြောနဲ့၊ ကျွန်မရဲ့ အသက်စိတ်သဘောထားမှာ ပြောင်းလဲမှု လုံးဝ ရခဲ့မှာ မဟုတ်ဘူး။ ဒီလိုတွေးမိတော့ ကျွန်မရဲ့ ဒီစိတ်သဘောထားက ဘယ်လောက်အန္တရာယ်ကြီးလဲ သဘောပေါက်ခဲ့တယ်။ ဒီဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားရဲ့ အချုပ်အနှောင်တွေကို ဖယ်ရှားတဲ့နေရာမှာ ကျွန်မကို လမ်းပြဖို့ တောင်းလျှောက်ရင်းနဲ့ ဘုရားဆီ ကျွန်မဆုတောင်းခဲ့တယ်။

အချိန်နည်းနည်းကြာပြီးတဲ့နောက်မှာ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်မ ဖတ်ရတယ်။ “ဘုရားသခင်၏အိမ်တော်၌ သမ္မာတရားကို လိုက်စားသူအားလုံးသည် ဘုရားရှေ့တွင် ပေါင်းစည်းကြသည်။ ကွဲပြားခြင်းမရှိပေ။ ၎င်းတို့အားလုံးသည် တူညီသောပန်းတိုင်ဆီသို့ဦးတည်ပြီး အလုပ်လုပ်ကြကာ ၎င်းတို့တာဝန်ကို ထမ်းဆောင်သည်။ ၎င်းတို့အပေါ် ကျရောက်သော အလုပ်ကို လုပ်သည်။ သမ္မာတရားစည်းမျဉ်းများနှင့်အညီ ပြုမူဆောင်ရွက်သည်။ ဘုရားသခင် တောင်းဆိုသည့်အတိုင်း လုပ်ဆောင်ပြီး သူ၏ ရည်ရွယ်ချက်များကို အထမြောက်အောင် လုပ်ဆောင်သည်။ သင်၏ ပန်းတိုင်သည် ဤအတွက်မဟုတ်ဘဲ သင်ကိုယ်တိုင်အတွက်ဖြစ်လျှင်၊ သင်၏ တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများကို ဖြည့်ဆည်းရန်အတွက်ဖြစ်လျှင် ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စာတန်ဆန်သည့် စိတ်သဘောထားကို ထုတ်ဖော်ခြင်းဖြစ်သည်။ ဘုရားအိမ်တော်တွင် တာဝန်များကို သမ္မာတရားစည်းမျဉ်းများနှင့်အညီ လုပ်ဆောင်ပြီး ဘာသာတရားမရှိသူများ၏ လုပ်ရပ်များမှာမူ ၎င်းတို့၏ ဆိုးယုတ်သော စိတ်သဘောထားများက ချုပ်ကိုင်သည်။ ဤသည်တို့မှာ အလွန်ကွဲပြားခြားနားသည့် လမ်းကြောင်းနှစ်ခုဖြစ်၏။ ဘာသာတရားမရှိသူများသည် ၎င်းတို့ကိုယ်တိုင်၏ အကြံအစည်များကို သိုထားသည်၊ ၎င်းတို့ထဲမှ အသီးသီး၌ မိမိတို့၏ ကိုယ်ပိုင် ရည်မှန်းချက်များနှင့် အစီအစဉ်များရှိပြီး လူတိုင်းသည် မိမိတို့၏ကိုယ်ပိုင် အကျိုးစီးပွားများအတွက် ရှင်သန်ကြသည်။ ထိုအတွက်ကြောင့် ၎င်းတို့အားလုံးသည် မိမိတို့အကျိုးအမြတ်အတွက် အလုအယက်ကြိုးပမ်းကြပြီး ၎င်းတို့ရရှိသည့်အရာကို စိုးစဉ်းမျှ စွန့်လွှတ်လိုစိတ်မရှိခြင်းဖြစ်သည်။ ၎င်းတို့သည် ကွဲပြားနေကြသည်။ စည်းလုံးခြင်းမရှိပေ။ အကြောင်းမှာ ၎င်းတို့သည် တူညီသောပန်းတိုင်အတွက် လုပ်ဆောင်နေကြခြင်းမဟုတ်သောကြောင့် ဖြစ်သည်။ ၎င်းတို့လုပ်ဆောင်သည့်အရာနောက်ကွယ်ရှိ ရည်ရွယ်ချက်နှင့် သဘောသဘာဝသည် တူညီသည်။ မိမိတို့ကိုယ်ကိုအတွက်သာ လုပ်ဆောင်နေကြခြင်းဖြစ်သည်။ ယင်းတွင် စိုးမိုးသော သမ္မာတရားမရှိပေ။ ယင်းတွင် စိုးမိုးပြီး ဦးဆောင်သည့်အရာသည် ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထား၏ ထိန်းချုပ်ခြင်းကို ခံရပြီး မိမိတို့ကိုယ်ကို မထိန်းနိုင်ကြပေ။ ထို့ကြောင့် အပြစ်ထဲသို့ ပိုပို၍ နက်ရှိုင်းစွာ ကျရောက်ကြသည်။ ဘုရားအိမ်တော်တွင် သင်တို့ လုပ်ရပ်များ၏ စည်းမျဉ်းများ၊ နည်းလမ်းများ၊ အရင်းခံအကြောင်းနှင့် စမှတ်တို့သည် ဘာသာတရားမရှိသူများနှင့် ခြားနားခြင်းမရှိလျှင်လည်းကောင်း၊ သင်တို့သည် ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထား၏ ခြယ်လှယ်ခြင်း၊ ထိန်းချုပ်ခြင်း၊ ကြိုးကိုင်ညွှန်ကြားခြင်းကိုလည်း ခံရလျှင်လည်းကောင်း၊ သင်တို့ လုပ်ရပ်များ၏ စမှတ်သည် သင်တို့၏ကိုယ်ပိုင် အကျိုးစီးပွား၊ ဂုဏ်သတင်း၊ ဝင့်ဝါမှု၊ အဆင့်အတန်းတို့ဖြစ်လျှင်လည်းကောင်း သင်တို့သည် ဘာသာတရားမရှိသူများက အမှုအရာများကို လုပ်ဆောင်သည့်နည်းလမ်းနှင့် ကွာခြားခြင်းမရှိဘဲ သင်တို့၏တာဝန်ကို ထမ်းဆောင်ကြလိမ့်မည်။ သင်တို့သည် သမ္မာတရားအား လိုက်စားလျှင် အမှုအရာများအား သင်တို့ လုပ်ဆောင်သည့် ပုံစံကို ပြောင်းလဲသင့်သည်။ သင်တို့၏ ကိုယ်ပိုင်အကျိုးစီးပွားများ၊ တစ်ကိုယ်ရေရည်ရွယ်ချက်များနှင့် ဆန္ဒများကို စွန့်လွှတ်သင့်သည်။ အမှုအရာများကို လုပ်ဆောင်သည့်အခါ သမ္မာတရားကို အတူတကွ ဦးစွာ မိတ်သဟာယပြုသင့်သည်။ ပြီးလျှင် မည်သူက မည်သည့်နေရာတွင် တော်ပြီး မည်သည့်နေရာတွင် ညံ့သည်ဆိုသည့် အမြင်ဖြင့် သင်တို့ကြား အလုပ်ကို မခွဲခြားမီတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သတ်မှတ်ချက်များကို နားလည်သင့်သည်။ သင်တို့ လုပ်ဆောင်နိုင်သည့်အရာကို တာဝန်ယူလုပ်ဆောင်သင့်ပြီး သင်တို့၏တာဝန်ကို မြဲမြံစွာ ထိန်းသိမ်းသင့်သည်။ အမှုအရာများ၌ ရုန်းကန်ခြင်း၊ သို့မဟုတ် အလုအယက်ကြိုးပမ်းခြင်း မပြုနှင့်။ အလျှော့ပေးပြီး သည်းခံတတ်ရန် သင်ယူရမည်။ တစ်စုံတစ်ယောက်သည် တာဝန်ကို စတင်လုပ်ဆောင်သည်မှာ မကြာသေးဘဲ၊ သို့မဟုတ် နယ်ပယ်တစ်ခုအတွက် ကျွမ်းကျင်မှုများကို တတ်မြောက်သည်မှာ မကြာသေးဘဲ အလုပ်အချို့ကို မလုပ်နိုင်လျှင် သင်သည် ထိုသူအား အတင်းအဓမ္မမခိုင်းရ။ သင်သည် ထိုသူအား အနည်းငယ်ပို၍ လွယ်ကူသောအလုပ်များကို ချပေးရမည်။ ဤသည်မှာ ၎င်းတို့တာဝန်ကို ထမ်းဆောင်ရာတွင် ရလဒ်များကို ရရှိစေရန် ၎င်းတို့အတွက် ပို၍ လွယ်ကူစေသည်။ ဤသည်မှာ သည်းခံခြင်း၊ စိတ်ရှည်ခြင်း၊ မူရှိခြင်းပင်ဖြစ်သည်။ သာမန်လူ့သဘာဝက ရှိသင့်သည့် အရာ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ဘုရားသခင်က လူတို့အပေါ် တောင်းဆိုသည့်အရာဖြစ်ပြီး လူတို့ လက်တွေ့လုပ်ဆောင်သင့်သည့်အရာဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) အသင်းတော်မှာ တာဝန်တစ်ခု လုပ်တာက ကိစ္စတွေကို ဘာသာတရားမရှိသူတွေ လုပ်တဲ့ပုံစံနဲ့ယှဉ်ရင် ဘယ်လောက် ကွာခြားလဲဆိုတာကို ဘုရားနှုတ်ကပတ်တော်ကြောင့် ကျွန်မနားလည်သွားတယ်။ ဘာသာတရားမရှိသူတွေရဲ့ လောကမှာ လူတွေက “ပုဂ္ဂိုလ်ရေးအရ မထိခိုက်ပါက အကြောင်းကိစ္စများကို လက်လွှတ်လိုက်ပါ” ဆိုတာနဲ့ “လူတိုင်း ကိုယ့်ကိစ္စ ကိုယ်လုပ်ပါစေ” ဆိုသလိုမျိုး လောကီဆက်ဆံရေးတွေအတွက် စာတန်ဆန်တဲ့ အတွေးအခေါ်တွေနဲ့အညီ ဆက်ဆံကြတယ်။ သူတို့က သူတို့ကိုယ်ကျိုးတွေနဲ့ ရာထူးတိုးတာ ဒါမှမဟုတ် ကြွယ်ဝချမ်းသာမှု ရဖို့ရှိမရှိဆိုတာကိုပဲ စဉ်းစားကြတယ်။ ဘယ်သူကမှ တခြားလူတွေရဲ့ အခက်အခဲတွေအပေါ် ဘာစိတ်ဝင်စားမှု၊ ဘာပူပန်မှုမှ မပြဘူး။ ကျွန်မတာဝန်မှာ ပြုမူနေခဲ့ပုံကို စဉ်းစားတဲ့အခါ ကျွန်မက ဘာသာတရားမရှိသူတစ်ယောက်လို အတိအကျ ပြုမူနေခဲ့မှန်း သဘောပေါက်လိုက်တယ်။ လေလာက ခုမှ စလက်တွေ့လုပ်တယ်ဆိုတာနဲ့ သူ့တာဝန်မှာ အခက်အခဲတွေ ရှိနေခဲ့တယ်ဆိုတာကို ကျွန်မကောင်းကောင်း သိခဲ့ပေမဲ့ ကျွန်မ နှောင့်နှေးသွားပြီး သူ့ရဲ့ ကျော်တက်တာကို ခံရမှာ စိုးခဲ့တယ်။ ဒါကြောင့် ကူညီဖို့ မလိုမလားဖြစ်နေခဲ့တယ်။ ရလဒ်အနေနဲ့ ဗီဒီယိုကို ပြန်လုပ်ရတာက တိုးတက်မှုကို နှောင့်နှေးစေခဲ့ရုံမက ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့လည်း ကျွန်မ အသက်ရှင်နေခဲ့တယ်၊ ဘုရားရဲ့ စက်ဆုပ်တာခံရပြီး ကျွန်မတာဝန်မှာ သူ့ရဲ့ လမ်းပြမှု ရှိမနေခဲ့ဘူး။ ဒါက ဘုရားရဲ့ စိတ်သဘောထား ဖြောင့်မတ်တယ်၊ ဘုရားက ကျွန်မတို့ စိတ်နှလုံး အတွင်းနက်နက်နေရာတွေကို စေ့စေ့ကြည့်ရှုစစ်ဆေးတယ်၊ ကျွန်မတို့ တာဝန်တွေကို လုပ်တဲ့နေရာမှာ ကျွန်မတို့ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ ရည်ရွယ်ချက်တွေကို ဘုရား လုံးဝ ရှင်းလင်းပြတ်သားမှုနဲ့ မြင်တယ်ဆိုတာနဲ့ ကျွန်မတို့ တာဝန်တွေမှာ မမှန်တဲ့ ရည်ရွယ်ချက်တွေ ထားရင် သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ် မရနိုင်ဘူးဆိုတာတွေကို မြင်ခွင့်ပေးခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်လာတယ်။ အသင်းတော်မှာ ကျွန်မတို့က ကိုယ်ပိုင် အရေးကိစ္စတွေကို ကိုင်တွယ်နေတာမဟုတ်ဘဲ တာဝန်တစ်ခု လုပ်နေတာဖြစ်လို့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို အခြေခံပြီး တစ်ကိုယ်ရေ လုပ်ငန်းကို လုပ်လို့မရဘူးဆိုတာကိုပေါ့။ ဘာပဲဖြစ်ပါစေ သမ္မာတရားကို ကျွန်မတို့ လက်တွေ့လုပ်ရမယ်၊ ပြီးတော့ အသင်းတော်ရဲ့ အကျိုးစီးပွားအတွက် ရပ်တည်ပြီး အသင်းတော်အလုပ် ချောချောမွေ့မွေ့ တိုးတက်ဖို့အတွက် ညီအစ်ကို မောင်နှမတွေကို အပြန်အလှန် ကူညီရမယ်၊ ပံ့ပိုးပေးရမယ်။ ဘုရားနှုတ်ကပတ်တော် အမြောက်အမြားရဲ့ ရေလောင်းတာနဲ့ အာဟာရကို ကျွန်မ မွေ့လျော်ခံစားခဲ့ပြီး အသင်းတော်က ကျွန်မကို ဒီလောက်အကြာကြီး ပြုစုပျိုးထောင်ပေးခဲ့တာလေ။ ဘုရားရဲ့ မေတ္တာကို ပြန်ဆပ်ဖို့ ကျွန်မတာဝန်ကို ကောင်းကောင်း လုပ်နိုင်စွမ်းမရှိဖြစ်နေတုန်းမှာ ကျွန်မရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်ဆန္ဒတွေကို ဖြည့်ဆည်းရင်းနဲ့ ကိုယ်တိုင်အတွက် ကျိတ်ကြံနေသေးတယ်ဆိုရင် ကျွန်မ တကယ်ကို အသိစိတ်မဲ့တာပဲ။ ဘုရားရှေ့မှာ အသက်ရှင်ဖို့ မပြောနဲ့၊ ကျွန်မအပေါ် သူပေးသနားခဲ့တဲ့ အရာအားလုံးနဲ့ မထိုက်တန်တော့ဘူး။ ဒီအသိတရားဝင်လာတာတော့ ကျွန်မ နောင်တနဲ့ ပြည့်သွားတယ်။ ကိုယ့်တာဝန်ကို ကျွန်မ အဲဒီလို မကိုင်တွယ်ခဲ့သင့်ဘူး၊ ပြီးတော့ ကျွန်မ အမြန်ဆုံး ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲဖို့ လိုတယ်။ အနာဂတ်မှာ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့အခါ အလုပ်က ကျွန်မကဏ္ဍထဲမှာ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ကျွန်မကို ကြည့်ကောင်းစေသည်ဖြစ်စေ၊ ကြည့်မကောင်းစေသည်ဖြစ်စေ အသင်းတော် အလုပ်ဖြစ်နေသရွေ့ ကျွန်မထိန်းသိမ်းပြီး ကျွန်မတာဝန်တွေကို ဖြည့်ဆည်းဖို့ လိုတယ်။ ဒီနောက်ပိုင်းမှာတော့ ညီအစ်ကို မောင်နှမတွေက အခက်အခဲတွေ ကြုံပြီး ကျွန်မရဲ့ အကူအညီ လိုတဲ့အခါတိုင်းမှာ ကျွန်မ လုံးဝ ထပ်မငြင်းတော့တဲ့အပြင် ကျွန်မ ပေါင်းရုံးသုံးသပ်မိတဲ့ ကောင်းမွန်တဲ့ လမ်းကြောင်းတချို့အကြောင်း သူတို့ကို ပြောပြနိုင်ခဲ့တယ်။ ကိုယ့်တာဝန်ကို ဒီလိုလုပ်လိုက်တော့ ကျွန်မ စိတ်အေးလက်အေးဖြစ်ပြီး အေးချမ်းတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

သင့်မြတ်သော ပူးပေါင်းဆောင်ရွက်ခြင်းသို့ ကျွန်မ၏ ခက်ခဲသည့် လမ်းကြောင်း

ရှင်းချန် တရုတ်နိုင်ငံ ၂၀၂၀ခုနှစ်၊ ဇူလိုင်လမှာ ကျွန်မက အသင်းတော်ခေါင်းဆောင်တစ်ယောက်အဖြစ် အရွေးခံရတယ်။ ပြီးတော့ အစ်မချန်းနဲ့အတူ...

ကြောက်စိတ်ဖြင့် တွန့်ဆုတ်တော့မည်မဟုတ်

မုယွီ တရုတ်နိုင်ငံ ညီအစ်မတစ်ယောက် စက်တင်ဘာ၂ရက်နေ့မှာ အဖမ်းခံရတယ်လို့ ကြားရတယ်။ အဲဒီနေ့မှာ ကျွန်မက ခေါင်းဆောင်ရဲ့ အိမ်ကို သွားနေတာ၊ ဒါပေမဲ့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။