ပေးကမ်းခြင်းသည် ရယူခြင်းထက် သာ၍မင်္ဂလာရှိသည်

01.08.2025

လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်က အသင်းတော်ခေါင်းဆောင်တွေက ကျွန်တော့်ကို ဗီဒီယိုတွေဖန်တီးဖို့ စီစဉ်ပေးခဲ့ပါတယ်။ အဲဒီအချိန်က ဗီဒီယိုဖန်တီးတဲ့သူတွေ မလုံလောက်လို့ ဒီအလုပ်အတွက် ကျွန်တော့်ကို ပင်မတာဝန်အဖြစ်ပေးလိုက်တဲ့အကြောင်းကိုလည်း ပြောပါတယ်။ ကျွန်တော် အဲ့ဒါကိုကြားတော့ အရမ်းကိုဝမ်းသာသွားမိတယ် ပြီးတော့ ကိုယ့်ဘာသာတွေးမိတယ်။ “ကြည့်ရတာ ခေါင်းဆောင်တွေက ငါ့ကို အတော်လေး အထင်ကြီးတဲ့ပုံပဲ။ ဒီဗီဒီယိုအလုပ်ကို ငါ ကောင်းကောင်းလုပ်ရင် ညီအစ်ကိုမောင်နှမတွေက ငါ့ကို သေချာပေါက် အကောင်းမြင်ကြမှာပဲ” လို့ပေါ့။ ဒါကြောင့် ကျွန်တော် လိုလိုလားလားပဲ လက်ခံခဲ့တယ်။ နည်းနည်းကြာလာတော့ ကျွန်တော် ဗီဒီယိုတွေ အတော်လေး ဖန်တီးခဲ့တဲ့အတွက် ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်ကို လေးစားလာကြတယ်။ ဒီတာဝန်ကို လုပ်နိုင်တဲ့အတွက် ကျွန်တော် မကြာမကြာဆိုသလို အတော်လေး ဝမ်းသာမိတယ်။ ပြီးတော့ ကျွန်တော်က အသင်းတော်ထဲမှာ ရှားရှားပါးပါး ပါရမီရှင်တစ်ယောက်လိုပဲ ခံစားလာရတယ်။ ကျွန်တော့်မှာ အလုပ်တွေက အရမ်းများ၊ နေ့တိုင်း တော်တော် နောက်ကျတဲ့အထိ နေပြီး တာဝန်ကိုက အတော်လေး ပျင်းစရာကောင်းတယ် ဆိုပေမဲ့ ကျွန်တော်ကတော့ ပျော်တယ်၊ ပြီးတော့ လုံးဝ မပင်ပန်းပါဘူး။

အဲဒီနောက် နည်းနည်းကြာတော့ ညီအစ်ကို လျှို့ရေ့ကို ကျွန်တော်နဲ့အတူ ဗီဒီယို ထုတ်လုပ်ရေးပညာတွေ လာသင်ဖို့ ခေါင်းဆောင်တွေက စီစဉ်ပေးခဲ့တယ်။ သူက စိတ်အားထက်သန်မှုရှိပြီး အတတ်မြန်တာကို ကျွန်တော် မြင်လိုက်ရတယ်။ ပြီးတော့ ကျွန်တော်တို့နဲ့အတူ စုဝေးပွဲ တက်ခဲ့တဲ့ ညီအစ်ကို ကျောင်ချန်းက လျှို့ရေ့မှာ အစွမ်းအစကောင်းတွေရှိတယ်လို့ ပြောတာကိုလည်း ကျွန်တော် ကြားခဲ့တယ်။ အဲဒါကြောင့် ကျွန်တော် တော်တော်လေး ကသိကအောက် ဖြစ်ရတယ်။ ပြီးတော့ ကိုယ့်ဘာသာ တွေးမိတယ်။ “လျှို့ရေ့က အတော်အတတ်မြန်တာတာပဲ။ သူက ငါ့ထက်သာသွားရင် ငါ သူ့လောင်းရိပ်မိမှာလား။ သူက ငါ့ထက်ပိုကျွမ်းကျင်သွားပြီး လူတိုင်းက သူ့ကိုချီးကျူးလာရင် ဒါဆို ငါ့နေရာ ဘယ်ရောက်သွားမလဲ။ ငါဆရာစား ချန်မှဖြစ်တော့မယ်။ ငါသိသမျှအားလုံး သူ့ကို သင်မပေးနိုင်ဘူး။ မဟုတ်ရင် ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ခြောက်မှာပေါ့” လျှို့ရေ့ မြန်မြန်ကြီး တတ်မသွားအောင် တားဖို့ဆိုပြီး အစပိုင်းမှာ ကျွန်တော် ဗီဒီယိုတွေကို ဖန်တီးတဲ့နည်းလမ်းလောက်ပဲ ပြခဲ့ပေမဲ့ လုပ်ငန်းစဉ်ရဲ့ အသေးစိတ်အချက်တွေနဲ့ အဓိကကျတဲ့အကြောင်းအချက်တွေကို သူ့ကို မပြောဘဲ ထိမ်ချန်ထားလိုက်တယ်။ နောက်သုံးလေးရက်နေတော့ ကျွန်တော် သူ့ကို သက်ဆိုင်တဲ့ နည်းပြဗီဒီယိုတွေ ကြည့်ခိုင်းလိုက်တယ်။ ပြီးတော့ စမ်းတဝါးဝါးနဲ့ သူ့ဘာသာသူ လေ့ကျင့်ခိုင်းလိုက်တယ်။ အဲဒါ ကျွန်တော် သင်ယူခဲ့တဲ့ပုံစံပဲ၊ သူကောင်းကောင်း လေ့ကျင့်မှသာ ဗီဒီယိုတွေကို ဖန်တီးနိုင်မှာလို့ ကျွန်တော်သူ့ကို ပြောလိုက်တယ်။ ကျွန်တော့်ညွှန်ကြားချက်တွေကို သူလိုက်နာပြီး သူ့ဘာသာ စမ်းတဝါးဝါး လေ့ကျင့်ရင်း တစ်ရက်ပြီးတစ်ရက် ကုန်သွားခဲ့တယ်။ တကယ်တမ်းကျတော့ သူ့ကို ဗီဒီယိုဖန်တီးတဲ့နည်း သင်ပေးဖို့ ကျွန်တော် ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ဘူး။ ကျွန်တော် ကိုယ်ဘာသာကိုယ်တောင် စဉ်းစားလိုက်သေးတယ်။ “ငါတော့ မင်းကို ဘာနည်းပညာမှ သင်ပေးမှာ မဟုတ်ဘူး။ မင်းဘာသာမင်း နည်းပြဗီဒီယိုနည်းနည်း ကြည့်လို့ရတာပဲ။ မင်းဘာသာ မသင်ယူနိုင်ဘဲ အဆုံးမှာ ဘာမှမလုပ်နိုင်ရင် ခေါင်းဆောင်တွေက မင်းကို နေရာပြောင်းလိုက်မှာပေါ့” လို့လေ။

အချိန်တွေကုန်လာပြီး လျှို့ရေ့က တိုးတက်မှုအတော်လေး နှေးနေတော့ ဗီဒီယိုတွေ သူ့ဘာသာသူ မလုပ်နိုင်သေးဘူး။ ဒီလိုနဲ့ သူဟာ တော်တော်ကို အပျက်သဘောဆောင်လာတယ်။ ကျွန်တော် ဒါကိုမြင်တော့ တိတ်တိတ်လေး ကျိတ်ပြီးပျော်မိတယ်။ ပြီးတော့ ကိုယ့်ဘာသာ တွေးမိတယ်။ “မင်းဘာမှ မလေ့လာနိုင်တာ ကောင်းတာပဲ။ ခေါင်းဆောင်တွေ ဒါကိုတွေ့တာနဲ့ သူတို့ မင်းကို တခြားတာဝန် စီစဉ်ပေးလိမ့်မယ်။ ဒီလိုဆို တစ်ယောက်ယောက်က ငါ့ထက်သာသွားမှာကို စိုးရိမ်စရာ မလိုတော့ဘူး” လို့ပေါ့။ ဒါပေမဲ့လည်း ကျွန်တော် တွေးမိတာက “လျှို့ရေ့က အခုဆိုရင် အပျက်သဘောဆောင်နေတာ လေးငါးရက်ရှိပြီ။ ငါသူ့ကို မကူညီဘူးဆိုရင် ငါက လူ့သဘာဝကောင်း မရှိဘူး ပြီးတော့ ငါက စာနာရိုင်းပင်းမှု မရှိဘူးလို့ သူပြောမှာလား” လို့လေ။ သူ့ကို တမင်ဆွဲထားတဲ့အပြင် ဘာနည်းပညာမှလည်း မသင်ပေးဘူးဆိုပြီး သူ ထင်မသွားအောင်လို့ သူ့ကို လာနှစ်သိမ့်ပေးချင်ယောင်ဆောင်ရင်း ပြောလိုက်တယ်။ “စိတ်မပူပါနဲ့ ညီအစ်ကိုရယ်။ အချိန်ယူပြီးလုပ်ပါ။ ဒီနည်းပညာတွေ လေ့လာတာက အချိန်နည်းနည်းတော့ ကြာတယ်။ ကျွန်တော် စလေ့လာတုန်းကဆို နည်းပြဗီဒီယိုတွေ အများကြီးကို ကြည့်ခဲ့ရတာ။ ဗီဒီယိုတွေ အများကြီး ဖန်တီးဖို့ လိုသေးတယ်။ အလေ့အကျင့်ရလာလေ၊ ဗီဒီယိုတွေကို ခင်ဗျားဘာသာ သေချာပေါက် လုပ်နိုင်လေပဲ” လို့ပေါ့။ အပြင်ပန်းကကြည့်ရင်တော့ ကျွန်တော်က လျှို့ရေ့ကို ဂရုစိုက်တဲ့ပုံပေါက်တာပေါ့။ ဒါပေမဲ့ သူ့နောက်ကွယ်မှာ သူ့ရဲ့ အားနည်းချက်လေးတွေကို ကျောင်ချန်းရဲ့ ရှေ့မှာ အကုန်ပြောပြီး ကျောင်ချန်းက သူ့ကို ကြည့်မရဖြစ်လာအောင်၊ ကျွန်တော်နဲ့အတူ သူ့ကို ဝိုင်းကြဉ်ထားကြပြီး အဆက်ဖြတ်လိုက်အောင် လုပ်ခဲ့တယ်။ ကျွန်တော် စဉ်းစားတာက ကျွန်တော်တို့အားလုံး လျှို့ရေ့ကို လျစ်လျူရှုထားတာ ကြာလာတာနဲ့အမျှ သူဆက်နေနိုင်တော့မှာ မဟုတ်ဘူး။ ပြီးရင် သူ့ဆန္ဒနဲ့သူ ထွက်သွားဖို့ သူတောင်းဆိုလာလိမ့်မယ်။ ဒါဆိုရင် ကျွန်တော် သူနဲ့အတူ တာဝန်ထမ်းဆောင်ရမှာ မဟုတ်တော့ဘူးလို့ ကျွန်တော် စဉ်းစားမိတယ်။ ဒါပေမဲ့ လျှို့ရေ့က ထွက်သွားချင်တယ်လို့ ဘယ်တုန်းကမှ မပြောခဲ့ဘဲ သူ့အပေါ်ထားတဲ့ ကျွန်တော့်ရဲ့ သဘောထားကတော့ ပိုပိုပြီး ဆိုးသည်ထက် ဆိုးလာခဲ့တယ်။ များသောအားဖြင့် ကျွန်တော်သူ့ကို စကားတစ်ခွန်းမှကို မပြောချင်ဘူး။ နောက်ပိုင်းကျတော့ ကျွန်တော့်ရဲပြဿနာက အတော်လေးဆိုးလာတာကို ကျောင်ချန်းက မြင်သွားခဲ့တယ်။ ဒါနဲ့ သူက ကျွန်တော်နဲ့ မိတ်သဟာယဖွဲ့ပြီး လျှို့ရေ့နဲ့ ညီညီညွတ်ညွတ် အတူလက်တွဲပြီး အလုပ်လုပ်ဖို့ ကျွန်တော့်ကို တောင်းဆိုလာတယ်။ ကျွန်တော်လည်း ကျွန်တော်နည်းနည်း လွန်သွားတယ်လို့ ခံစားရပြီး အပြစ်ရှိသလိုလည်း ခံစားမိခဲ့တယ်။ လျှို့ရေ့ကို ကျွန်တော် ဒီလို မဆက်ဆံခဲ့သင့်ဘူးလို့ ခံစားမိတယ်။ ဒါပေမဲ့ သူက အတတ်ပညာပိုင်းဆိုင်ရာနည်းနည်း ကျွမ်းကျင်အောင် သင်ယူလိုက်ရင် ကျွန်တော့်ထက်သာသွားမှာကို ကြောက်နေသေးတော့ သင်မပေးချင်တဲ့စိတ်က ကျန်နေတုန်းပဲ။ နောက်ပိုင်းကျတော့ လျှို့ရေ့က သူ့ဘာသာသူ ဗီဒီယိုတွေ မလုပ်နိုင်သေးတဲ့အတွက် ခေါင်းဆောင်တွေက သူ့ကို တခြားတာဝန်တစ်ခုကို သွားပြီး ထမ်းဆောင်ဖို့ စီစဉ်ခဲ့ပါတယ်။ လျှို့ရေ့ ထွက်သွားခဲ့အခါကျတော့ ကျွန်တော် ထင်ထားသလောက် မပျော်ခဲ့ဘူး။ အဲဒီအစား ရှင်းမပြနိုင်အောင် ကသိကအောက် ဖြစ်နေခဲ့တယ်။ ဘုရားသခင်ရဲ့ မျက်မှောက်တော်ကို ကျွန်တော် မခံစားရတော့ဘဲ ကျွန်တော့်စိတ်နှလုံးဟာ အမှောင်ထုနဲ့ ပြည့်နေပြီး အာရုံတွေ ထွေပြားနေခဲ့တယ်။ ကျွန်တော် ဗီဒီယိုတွေ လုပ်တော့လည်း အကြံကောင်းတွေ မထွက်ဘူး။ ပြီးတော့ ရိုးရိုးစင်းစင်း ပြဿနာတွေမှာတောင် ကျွန်တော် အခက်တွေ့နေပြီး ဗီဒီယိုတွေကို မကြာခဏ ပြန်ပြန်လုပ်နေရတာကို သတိထားမိခဲ့တယ်။ မွမ်းကျပ်ပြီး စိတ်ဆင်းရဲနေတဲ့အပြင် ကျွန်တော့်ရဲ့ တာဝန်တွေကို ထမ်းဆောင်တဲ့နေရာမှာ အရင်ကလို တက်ကြွမှု မရှိတော့ဘူးဆိုတာ မြင်လာတယ်။ နောက်ပိုင်းမှာ ညီအစ်ကိုမောင်နှမတွေကို ရှာပြီး ကျွန်တော့်ရဲ့ စိတ်အခြေအနေကို ဖွင့်ပြောပြခဲ့တယ်။ ကျွန်တော်က ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို တော်တော်ကို အရေးထားတဲ့အကြောင်း၊ ကျွန်တော့်မှာ မာနထောင်လွှားတဲ့ စိတ်သဘောထား ရှိတဲ့အကြောင်းနဲ့ လူ့သဘာဝကောင်း မရှိခဲ့တဲ့အကြောင်းတွေကို သူတို့က ပြောပြကြတယ်။ ဒါကိုကြားရတာ အတော်လေးကို ကသိကအောက်ဖြစ်ရပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ ကျွန်တော့်ကိုယ်ကျွန်တော် စပြီး ပြန်သုံးသပ်ခဲ့တယ်။ ကျွန်တော် လျှို့ရေ့ကို ဆက်ဆံတဲ့ပုံစံက တကယ်ကို လွန်သွားခဲ့တယ်။ ဘုရားသခင်ကို ယုံကြည်တဲ့သူတစ်ယောက်က ဒါမျိုး လုပ်ခဲ့မှာ မဟုတ်ဘူး။ ကျွန်တော်က လူ့သဘာဝ လုံးဝကို မရှိခဲ့တာပဲ။

ဒီအချိန်မှာ လူတွေရဲ့ အခြေအနေတွေနဲ့ပတ်သက်တဲ့ ဒီသွင်ပြင်လက္ခဏာတွေကို ဖော်ထုတ်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် စဖတ်ခဲ့တယ်။ တစ်နေ့မှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က ဒီလိုပြောထားတာကို ကျွန်တော် ဖတ်ခဲ့ရတယ်။ “လူအချို့သည် အခြားသူများက မိမိတို့ထက် ပို၍ သာလွန်သည်ကိုလည်းကောင်း၊ မိမိတို့ထက် ပို၍ မြင့်မားသည်ကိုလည်းကောင်း၊ မိမိတို့က ပစ်ပယ်ခြင်း ခံရသော်လည်း အခြားသူများက အသိအမှတ်ပြုခြင်း ခံရမည်ကိုလည်းကောင်း အစဉ် စိုးရွံ့ကြသဖြင့် ၎င်းတို့သည် အခြားလူများအား တိုက်ခိုက်ပြီး ဖယ်ကြဉ်ကြလေသည်။ ဤသည်မှာ ပါရမီရှိသူများအား မနာလိုဖြစ်ခြင်း မဟုတ်လော။ ယင်းမှာ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ် ဖြစ်သည် မဟုတ်လော။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်ပါသနည်း။ ယင်းမှာ မလိုမုန်းထားစိတ် ဖြစ်၏။ အခြားသူများအတွက် မတွေးဘဲ၊ သို့မဟုတ် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထည့်မတွက်ဘဲ ကိုယ်ကျိုးအတွက်ကိုသာ စဉ်းစားသည့်သူများ၊ မိမိ၏ကိုယ်ပိုင် တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများကိုသာ ဖြည့်ဆည်းသည့်သူများတွင် ဆိုးသော စိတ်သဘောထားတစ်ခု ပိုင်ဆိုင်ပြီး သူတို့အတွက် ဘုရားသခင်တွင် ချစ်ခြင်းမေတ္တာမရှိပါ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား စွန့်ပစ်ခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်)သင်တို့ အယောက်တိုင်းသည် လူအမြောက်အများ၏ အမြင့်ဆုံးသော အထွတ်သို့ တက်ကြပြီးဖြစ်သည်။ လူအမြောက်အများ၏ ဘိုးဘေးများဖြစ်ဖို့ရန် သင်တို့ တက်ခဲ့ကြပြီးဖြစ်သည်။ သင်တို့သည် အလွန့်အလွန် ထင်တိုင်းကြဲကြကာ ငြိမ်းအေးသော နေရာတစ်ခုကို ရှာဖွေရင်းနှင့် သင်တို့ထက် ပိုသေးငယ်သော လောက်ကောင်များကို ဝါးမျိုရန် ကြိုးပမ်းလျက်၊ လောက်ကောင်များ အားလုံးကြားတွင် ဒေါသတကြီး လျှောက်ရမ်းကြသည်။ သင်တို့သည် သမုဒ္ဒရာအောက်ခြေ၌ နစ်မြုပ်သွားကြသော သရဲတစ္ဆေများထက်ပင် ကျော်လွန်ပြီး သင်တို့၏ စိတ်နှလုံးများတွင် မလိုမုန်းထားကြကာ ရက်စက် ယုတ်မာတတ်ကြသည်။ သင်တို့သည် လောက်ကောင်များကို မငြိမ်းချမ်းစေသည်အထိ ထိပ်မှ အောက်ခြေသို့တိုင် နှောင့်ယှက်ကြရင်း၊ အချင်းချင်း တစ်ခဏမျှ တိုက်ခိုက်ကြပြီးနောက် ပြန်ငြိမ်သွားကြရင်း နောက်ချေး၏ အောက်ခြေတွင် နေထိုင်ကြသည်။ သင်တို့၏နေရာကို သင်တို့မသိကြ၊ သို့သော် နောက်ချေးထဲ၌ အချင်းချင်း တိုက်ခိုက်နေကြဆဲဖြစ်၏။ ထိုသို့သော ရုန်းကန်လှုပ်ရှားခြင်းမှ သင်တို့ မည်သည့်အရာ ရရှိနိုင်သနည်း။ သင်တို့တွင် ငါ့အတွက် ကြောက်ရွံ့သော စိတ်နှလုံး အမှန်တကယ် ရှိခဲ့ပါက၊ ငါ၏ကွယ်ရာတွင် သင်တို့အချင်းချင်း အဘယ်ကြောင့် တိုက်ခိုက်နိုင် ကြမည်နည်း။ သင့်အဆင့်အတန်း မည်မျှမြင့်မားပါစေ သင်သည် နောက်ချေး ထဲက နံဟောင်နေသော တီကောင်ငယ်လေး ဖြစ်နေဆဲ မဟုတ်လော။ သင်သည် အတောင်ပေါက်ကာ ကောင်းကင်၌ ချိုးငှက်တစ်ကောင် ဖြစ်လာ နိုင်လိမ့်မည်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ရွက်ကြွေများ ၎င်းတို့အမြစ်များဆီ ပြန်သွားကြချိန် ပြုပြီးသမျှ မကောင်းမှုအားလုံးကို သင်နောင်တရလတ္တံ့) ဘုရားသခင်ရဲ့ တရားစီရင်မှုဆိုင်ရာ နှုတ်ကပတ်တော် တစ်လုံးချင်စီဟာ ကျွန်တော့် စိတ်နှလုံးကို ထိုးဖောက်လာခဲ့တယ်။ အထူးသဖြင့် ဘုရားသခင်ရဲ့ “ပါရမီရှိသူများအား မနာလိုဖြစ်ခြင်း” “ထင်တိုင်းကြဲခြင်း” နဲ့ “သင်တို့၏ စိတ်နှလုံးများတွင် မလိုမုန်းထားကြကာ ရက်စက် ယုတ်မာတတ်ကြသည်” ဆိုတဲ့ နှုတ်ကပတ်တော်တွေကို ဖတ်တဲ့အချိန်မှာပေါ့။ ဘုရားသခင်က ကျွန်တော့်ရှေ့မှာ ရောက်လာပြီး ကျွန်တော့်ကို ဖော်ထုတ်နေသလို တကယ်ခံစားခဲ့ရတယ်။ သူက စိတ်အားထက်သန်မှုရှိပြီး အတတ်မြန်တာကို ကျွန်တော် မြင်လိုက်ရတယ်။ ပြီးတော့ ဒီအတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုတွေအားလုံး လေ့လာပြီးသွားတာနဲ့ သူကျွန်တော့်ထက်သာသွားပြီး ကျွန်တော့်နေရာကို ယူသွားမှာ စိုးရိမ်ခဲ့တယ်။ ကျွန်တော့်ရဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက် သူ့ကို သင်ပေးဖို့ ငြင်းဆန်ခဲ့ရုံတင်မကဘဲ သူ့ကို တမင်သက်သက် နှိမ်ပြီး လေ့လာလို့မရအောင် လုပ်ခဲ့တယ်။ အဲဒီအပြင် သူ့ကို ဖယ်ကြဉ်ပြီး အဆက်ဖြတ်တဲ့နေရာမှာ ကျောင်ချန်းကိုပါ ဆွဲထည့်ဖို့ ကြိုးစားခဲ့တယ်။ ဒါတွေအားလုံးက သူ့အလုပ်ကို အရမ်းခက်ခဲတယ်လို့ ခံစားရပြီး ထွက်သွားချင်အောင် လုပ်ဖို့ပေါ့။ ကျွန်တော့်ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက် အဲဒီညီအစ်ကိုကို ရန်သူတစ်ယောက်လို ဆက်ဆံမိခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ဖယ်ကြဉ်မှုကြောင့် ညီအစ်ကိုအနေနဲ့ ဆက်ပြီးကို လေ့လာသင်ယူချင်စိတ် မရှိတော့တဲ့အထိ အပျက်သဘောဆောင်လာခဲ့တာကို ကြည့်ပြီး ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် ပြန်မသုံးသပ်ရုံမကဘူး၊ အဲဒီအစား ပျော်တောင်ပျော်နေခဲ့သေးတယ်။ သူမြန်မြန် ထွက်သွားဖို့တောင် မျှော်လင့်မိသေးတယ်။ ကျောင်ချန်းက ကျွန်တော့်ရဲ့ ပြဿနာကို ထောက်ပြခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်က အရမ်းကို စိတ်နှလုံးခိုင်မာပြီး ကိုယ့်အဆင့်အတန်းကို တော်တော် အရေးထားခဲ့တယ်။ ကိုယ့်ကိုယ်ကို အမှန်တကယ် ပြန်သုံးသပ်တာမျိုး လုံးဝ မရှိခဲ့ဘူး။ ရလဒ်အနေနဲ့ လျှို့ရေ့က သူ့ဘာသာသူ ဗီဒီယိုတွေ မလုပ်နိုင်ဘဲ ဖြစ်နေပြီး တခြားတာဝန်တစ်ခုကို ပြောင်းရွှေ့ခံခဲ့ရပါတယ်။ ကျွန်တော်ဟာ တကယ်ကိုပဲ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတဲ့အပြင် မလိုမုန်းထားခဲ့ပါတယ်။

နောက်ပိုင်းမှာ ဒီလိုပြောထားတဲ့ ဘုရားနှုတ်ကပတ်တော်ကို ကျွန်တော် ဖတ်ခဲ့တယ်။ “အန္တိခရစ်တို့သည် ဘုရားအိမ်တော်မှ အရာရာတိုင်းနှင့် အသင်းတော်၏ ပိုင်ဆိုင်မှုပစ္စည်းများကို သိမ်းယူပြီး ယင်းတို့ကို ၎င်းတို့၏ ကိုယ်ပိုင် ပိုင်ဆိုင်မှုပစ္စည်းအဖြစ် မှတ်ယူသည်။ ယင်းတို့အားလုံးကို ၎င်းတို့က စီမံမည်ဖြစ်သည်။ ဤတွင် မည်သူ့ကိုမျှ ကြားဝင်ရန် ၎င်းတို့ ခွင့်မပြုပေ။ အသင်းတော်အလုပ်ကို လုပ်ဆောင်သောအခါတွင် ၎င်းတို့စဉ်းစားသည့် တစ်ခုတည်းသောအရာမှာ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွား၊ အဆင့်အတန်းနှင့် ၎င်းတို့၏ ဂုဏ်သိက္ခာတို့ဖြစ်သည်။ ၎င်းတို့သည် အစွမ်းအစရှိသောသူ တစ်ယောက်ယောက် သို့မဟုတ် မိမိတို့၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို ပြောဆိုနိုင်သောသူတစ်ဦးတလေကို ၎င်းတို့၏ ဂုဏ်နှင့် အဆင့်အတန်းတို့အား ခြိမ်းခြောက်ခွင့်ပြုဖို့ မဆိုထားနှင့်၊ မည်သူ့ကိုမျှ ၎င်းတို့၏ အကျိုးစီးပွားကို ထိခိုက်ခွင့်မပြုပေ။...လူတစ်ယောက်က အလုပ်အနည်းငယ်ဖြင့် အသိအမှတ်ပြုခံရအောင် လုပ်သည့်အခါ၊ သို့မဟုတ် တစ်စုံတစ်ယောက်က စစ်မှန်သော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို ပြောဆိုနိုင်ပြီး ဘုရားသခင် ရွေးချယ်ထားသောလူတို့က ယင်းထံမှ အကျိုးအမြတ်များ၊ တည်ဆောက်မှု၊ ပံ့ပိုးမှုတို့ ရရှိကာ လူတိုင်းထံမှ အလွန်ချီးကျူးမှုကို ရရှိသောအခါ အန္တိခရစ်များ၏ စိတ်နှလုံးတွင် မနာလိုခြင်းနှင့် မုန်းတီးခြင်းကြီးထွားလာသည်။ ပြီးလျှင် ထိုသူကို ဖယ်ကြဉ်ပြီး ဖိနှိပ်ဖို့ ကြိုးစားကြသည်။ အန္တိခရစ်များသည် ထိုသူများက ၎င်းတို့၏ ဂုဏ်အဆင့်အတန်းကို ခြိမ်းခြောက်ခြင်းမှ ကာကွယ်ရန်အတွက် ထိုသို့သောလူများကို မည်သည့်အခြေအနေတွင်ဖြစ်စေ မည်သည့်အလုပ်ကိုမျှ တာဝန်ယူ လုပ်ဆောင်ခွင့်မပြုပေ။... အန္တိခရစ်များက ‘ကျွန်ုပ်သည် ဤအရာကို သည်းညည်းခံမည် မဟုတ်။ သင်သည် ကျွန်ုပ်နှင့်ယှဉ်ပြိုင်ဖို့ ကျွန်ုပ်၏ အဖွဲ့ထဲတွင် အခန်းကဏ္ဍတစ်ခု လိုချင်သည်။ ယင်းမှာ မဖြစ်နိုင်ပေ၊ စဉ်းတောင်မစဉ်းစားလေနှင့်။ သင်သည် ကျွန်ုပ်ထက် သာ၍ပညာတတ်သည်၊ ကျွန်ုပ်ထက် သာ၍ ရှင်းလင်းစွာ ပြောဆိုနိုင်သည်၊ ကျွန်ုပ်ထက် လူကြိုက်များသည်။ ပြီးလျှင် သင်သည် ကျွန်ုပ်ထက်ပို၍ ကြီးသော လုံ့လဝီရိယဖြင့် သမ္မာတရားကို လိုက်စားသည်။ ကျွန်ုပ်သည် သင်နှင့်အတူ ပူးပေါင်းလုပ်ဆောင်ပြီး သင်က ကျွန်ုပ်၏ ထင်ပေါ်မှုကို ခိုးယူလျှင် ကျွန်ုပ်သည် မည်သို့ပြုလုပ်ရမည်နည်း’ ဟု မိမိတို့ဘာသာ တွေးကြသည်။ ၎င်းတို့သည် ဘုရားသခင် အိမ်တော်၏ အကျိုးစီးပွားများကို ဆင်ခြင်ထောက်ထားသလော။ မထောက်ထားပေ။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရားသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၁)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က ဖော်ထုတ်ပြလိုက်တာက အဆင့်အတန်းရဖို့နဲ့ သူတစ်ပါးရဲ့ လေးစားကြည်ညိုမှုရအောင် လုပ်ဖို့ဆိုရင် အန္တိခရစ်တွေဟာ သူတို့ရဲ့ အဆင့်အတန်းကို ခြိမ်းခြောက်နိုင်တဲ့ ဘယ်သူကိုမဆို ဖိနှိပ်ဖို့နဲ့ ကြဉ်ထားဖို့ သူတို့ တတ်နိုင်သမျှ လုပ်ကြတယ်ဆိုတာနဲ့ အသင်းတော်အလုပ်အတွက် သူတို့မှာ အလေးထားမှုတစ်စက်မှ မရှိဘူးဆိုတာပါပဲ။ ကျွန်တော့်ရဲ့ လုပ်ဆောင်ချက်တွေက အန္တိခရစ်တစ်ယောက်ရဲ့ လုပ်ဆောင်ချက်တွေမှန်း၊ သူများတွေရဲ့ အထင်ကြီးလေးစားမှုကို ရဖို့သက်သက်ပဲ ကိုယ့်တာဝန်ကို ထမ်းဆောင်နေခဲ့မှန်း ကျွန်တော် မြင်လာတယ်။ လျှို့ရေ့ဟာ အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုနည်းနည်း သင်ယူတတ်မြောက်သွားတာနဲ့ ကျွန်တော့်ထက်သာသွားပြီး ကျွန်တော့်နေရာကို ယူသွားမှာ ကြောက်ရွံ့ခဲ့တယ်။ ဒါကြောင့် ကျွန်တော် သူ့ကို သင်မပေးခဲ့ဘူး။ အဲဒီအပြင် သူ့ကွယ်ရာမှာ သူ့အကြောင်းကို ဝေဖန်ပြီး အဆက်အသွယ် ဖြတ်ထားခဲ့တယ်။ ဒီအသင်းတော် အလုပ်ကို ကျွန်တော့်ရဲ့ ကိုယ်ပိုင်လုပ်ငန်းလို ကျွန်တော် မြင်ခဲ့တယ်။ ကျွန်တော် ကြိုက်သလို လုပ်ချင်တယ်၊ လက်လွတ်စပယ် ပြုမူချင်တယ်၊ ပြီးတော့ ကျွန်တော့်ရဲ့ အဆင့်အတန်းကို ခြိမ်းခြောက်လာနိုင်တဲ့ ဘယ်သူကိုမဆို တိုက်ခိုက်ပြီး ဖယ်ထုတ်ဖို့ ကျွန်တော် လုပ်နိုင်သမျှ နည်းတွေအကုန် သုံးချင်ခဲ့တယ်။ အသင်းတော်ရဲ့ အကျိုးကို လုံးဝ အလေးမထားမိခဲ့ဘူး။ ကျွန်တော့်ခေါင်းထဲမှာ ရာထူးကို မက်မောတဲ့စိတ်တွေနဲ့ ပြည့်နေပြီး ဆင်ခြင်တုံတရားတွေ အကုန်ပျောက်ကုန်တယ်။ အခုအချိန်က နိုင်ငံတော်ရဲ့ ဧဝံဂေလိတရားကို ဖြန့်ဝေဖို့ သိပ်ကိုအရေးကြီးတဲ့ အချိန်ပါ။ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကို သက်သေခံဖို့အတွက် ဗီဒီယိုတွေ ပိုပြီးလုပ်ဖို့ လိုနေတယ်လေ။ လျှို့ရေ့ကိုသာ ကျွန်တော်သိသမျှ သင်ပေးခဲ့ရင် သူ့ပင်ကိုယ်စွမ်းရည်တွေကို ထုတ်ပြနိုင်ခဲ့ပြီးလောက်ပြီ၊ ပြီးတော့ ကျွန်တော်တို့သာ ညီညီညွတ်ညွတ်နဲ့ အလုပ်အတူတူ လုပ်နိုင်ခဲ့ရင် ကျွန်တော်တို့ ဗီဒီယို လုပ်တဲ့ အရှိန်ကလည်းပိုပြီး မြန်လာမှာပဲ ပြီးတော့ နိုင်ငံတော်ရဲ့ ဧဝံဂေလိတရားကို ဖြန့်ဝေဖို့ ကျွန်တော်တို့ရဲ့ နှိမ့်ချတဲ့အားထုတ်မှုတွေကို စိုက်ထုတ်နိုင်ပြီး ဒီလိုနဲ့ ကျွန်တော်တို့ရဲ့ တာဝန်ဝတ္တရားတွေကို ကောင်းကောင်း ဖြည့်ဆည်းနိုင်ခဲ့ပြီးဖြစ်မှာ။ ဒါပေမဲ့ ကျွန်တော်ကတော့ နောက်ထပ်အလုပ်ဖော်တစ်ယောက်က ကျွန်တော့်ရဲ့ ရာထူးကို ဘယ်လိုခြိမ်းခြောက်မယ်ဆိုတာကိုပဲ စဉ်းစားခဲ့တယ်။ ကိုယ့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကိုပဲ ကျွန်တော် ဂရုစိုက်မိခဲ့ပြီး ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကိုကော၊ အသင်းတော်ရဲ့ အလုပ်ကို ဘယ်လို ထိခိုက်သွားမလဲဆိုတာကိုကော လုံးဝ အလေးမထားခဲ့တဲ့အပြင် ကျွန်တော့်ညီအစ်ကိုရဲ့ ခံစားချက်ကိုလည်း အလေးမထားမိခဲ့ပါဘူး။ ကျွန်တော်ရာထူးကို အထိခိုက်ခံဖို့ထက် တာဝန်တွေကိုပဲ အလစ်ဟင်းခံဖို့ ကျွန်တော် ရွေးချယ်ခဲ့တယ်။ ကျွန်တော် လုံးဝကို တစ်ကိုယ်ကောင်းဆန်ပြီး လူ့သဘာဝ မရှိခဲ့တာပါ။ ကျွန်တော့်ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် ဘာလုပ်ရလုပ်ရ၊ နောက်ဆုံး အသင်းတော်ရဲ့အကျိုးကို ရင်းပြီး လုပ်မှရမယ်ဆိုရင်တောင် လုပ်ဖို့ အသင့်ဖြစ်နေခဲ့ပါတယ်။ အန္တိခရစ်တစ်ယောက်ရဲ့ လမ်းကို ကျွန်တော် လျှောက်ခဲ့မိပါတယ်။

တစ်နေ့ ကျွန်တော် ဝိညာဉ်ရေးရာ ဆက်ကပ်နေတုန်းမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ထပ်ပြီး ဖတ်ခဲ့တယ်။ “လူတို့သည် ဂုဏ်အဆင့်အတန်းကို လိုက်စားသောအခါတွင် ဘုရားသခင်က အစက်ဆုပ်ဆုံးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အဆင့်အတန်းကိုလိုက်စားခြင်းသည် ဆိုးယုတ်သော စိတ်သဘောထားတစ်ခုဖြစ်သည်။ ယင်းက လမ်းမှားတစ်ခုဖြစ်သည်။ စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းမှ မွေးဖွားလာသည်။ ယင်းသည် ဘုရားသခင်ရှုတ်ချသည့်အရာဖြစ်သည်။ ဘုရားသခင် တရားစီရင်ပြီး သန့်စင်သည့် အရာပင်ဖြစ်သည်။ အဆင့်အတန်းကို လူတို့ လိုက်စားသောအခါတွင် ဘုရားသခင်က အစက်ဆုပ်ဆုံးဖြစ်သည်။ သို့တိုင်အောင် သင်သည် ခေါင်းမာစွာဖြင့် အဆင့်အတန်းအတွက် ယှဉ်ပြိုင်သည်။ ယင်းကို မပျက်မကွက် ချစ်မြတ်နိုးပြီး ကာကွယ်သည်။ သင်ကိုယ်တိုင်အတွက် ရယူဖို့ အစဉ် ကြိုးစားသည်။ ဤအရာအားလုံးတွင် ဘုရားသခင်ကို ဆန့်ကျင်ခြင်းဖြစ်သည့် အရည်အသွေး အနည်းငယ် မရှိသလော။ ဘုရားသခင်က ရာထူးအဆင့်အတန်းကို လူတို့အတွက် မစီမံခဲ့ချေ။ ဘုရားသခင်သည် လူတို့အား သမ္မာတရား၊ လမ်းခရီးနှင့် အသက်ကို ပေးအပ်သည်၊ ဤသို့ဖြင့် ရာထူးအဆင့်အတန်းနှင့် သြဇာတိက္ကမရှိပြီး လူထောင်ပေါင်းတို့၏ ကြည်ညိုခံရသောသူတစ်ဦး မဟုတ်ဘဲ နောက်ဆုံးတွင် စံနှုန်းပြည့်မီသော ဖန်ဆင်းခံတစ်ဦး၊ သေးနုပ်ပြီး အရေးမပါသော ဖန်ဆင်းခံတစ်ဦး ဖြစ်လာစေသည်။ ထို့အတွက်ကြောင့် ယင်းကို မည်သည့်ရှုထောင့်မှ ကြည့်သည်ဖြစ်စေ ရာထူးအဆင့်အတန်းကို လိုက်စားခြင်းက တစ်ဖက်ပိတ်လမ်းဖြစ်သည်။ ရာထူးအဆင့်အတန်းကို လိုက်စားခြင်းအတွက် သင်၏အကြောင်းပြချက်က အဘယ်မျှ ကျိုးကြောင်းဆီလျော်သည်ဖြစ်စေ ဤလမ်းကြောင်းက လမ်းကြောင်းမှားတစ်ခုပင် ဖြစ်နေဆဲဖြစ်ကာ ဘုရားသခင်၏ လက်ခံခြင်းကို မခံရပေ။ သင်သည် အဘယ်မျှ ခက်ခက်ခဲခဲကြိုးစားသည်ဖြစ်စေ၊ သို့မဟုတ် အဖိုးအခကို အဘယ်မျှ ကြီးကြီးမားမားပေးဆပ်သည်ဖြစ်စေ ရာထူးအဆင့်အတန်းကို အလိုရှိပါက ဘုရားသခင်သည် သင့်ကို ပေးမည်မဟုတ်ပေ။ အကယ်၍ ယင်းကို ဘုရားသခင်မပေးပါက ယင်းကိုရရှိရန် ကြိုးစားရာတွင် သင် ကျရှုံးလိမ့်မည်ဖြစ်ပြီး၊ အကယ်၍ သင် ဆက်လက်ကြိုးစားနေပါက ရလဒ်တစ်ခုတည်းသာရှိလိမ့်မည်။ သင်သည် ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခြင်းခံရမည်ဖြစ်ကာ လမ်းဆုံးတစ်ခုဖြင့် ကြုံရလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃)) ဘုရားသခင်ရဲ့ ပြင်းထန်တဲ့ နုတ်ကပတ်တော်တွေကို ဖတ်နေရင်းမှာ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားက ဘယ်လိုပုန်ကန်ပြစ်မှားခြင်းကိုမှ ခွင့်ပြုတော်မမူဘူးဆိုတာ ကျွန်တော် သဘောပေါက်နားလည်သွားတဲ့အပြင် ကျွန်တော်လုပ်ခဲ့တာတွေကို ပြန်တွေးကြည့်လိုက်တော့ အရမ်းကိုကြောက်သွားတယ်။ ကျွန်တော် အဆင့်အတန်း လိုက်စားတာကို ဘုရားသခင်က မုန်းတီးပြီး ပစ်ပယ်တဲ့အပြင် ဒီလမ်းက သေချာပေါက် သေဆုံးခြင်း လမ်းကို ဦးတည်နေတာပါ။ အသင်းတော်ကသာ ဗီဒီယိုတွေလုပ်ဖို့ လေ့ကျင့်ခွင့် မပေးခဲ့ဘူးဆိုရင် ပြီးတော့ ဘုရားသခင်ရဲ့ ညွှန်ပြမှုသာ မရှိခဲ့ဘူးဆိုရင် ဒီကျွမ်းကျင်မှုတွေ အားလုံးကို ကျွန်တော်ဘယ်လို တတ်မြောက်ခဲ့မှာလဲ။ လျှို့ရေ့ကိုသင်ပေးဖို့ အသင်းတော်က ကျွန်တော့်ကို စီစဉ်ပေးခဲ့တယ် ကျွန်တော့်အနေနဲ့ ကျွန်တော်သိသမျှကို သင်ပေးခဲ့ပြီး သူနဲ့အတူ ပူးပေါင်းပြီး တာဝန်တွေကို ကောင်းကောင်းမွန်မွန် ထမ်းဆောင်ခဲ့သင့်တာ။ ဒါမှသာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်နဲ့အညီ ဖြစ်တော့မှာပေါ့။ ကျွန်တော့်အနေနဲ့ တာဝန်ကို ထမ်းဆောင်နေရင်း သမ္မာတရားကို လေ့လာလိုက်စားနိုင်မယ်၊ ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖယ်ရှားပစ်နိုင်မယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ ရည်ရွယ်ချက် အထမြောက်ဖို့အတွက် ကျွန်တော် ဖြည့်ဆည်းသင့်တဲ့ တာဝန်တွေကို ကောင်းကောင်းမွန်မွန် ဖြည့်ဆည်းနိုင်မယ်လို့ ဘုရားသခင်က မျှော်လင့်ခဲ့တယ်။ ဒါကမှ မှန်တဲ့လမ်းပါ။ ပြီးတော့ ဘုရားသခင်ကို ကျွန်တော့်ရဲ့ ယုံကြည်ခြင်းမှာ ကျွန်တော် လိုက်စားသင့်ခဲ့တဲ့အရာပါပဲ။ ဒါပေမဲ့ ကျွန်တော်က ကျွန်တော့်ရဲ့ ယုံကြည်သက်ဝင်မှုထဲမှာ သမ္မာတရားကို မရှာဖွေနေခဲ့ဘူး။ အဲဒီအစား ကျွန်တော့်ဘဝကို “ခြင်္သေ့ဆိုတာ တစ်ဂူတည်း နှစ်ကောင်မအောင်းဘူး” တို့ “တပည့်ကို ဆရာစားမချန်ဘဲ သင်ပေးလိုက်ရင်၊ ဆရာငတ်သွားမှာပေါ့” တို့လို စာတန်ရဲ့ အဆိပ်တွေအပေါ်မှာပဲ မှီခိုပြီး အသက်ရှင်ခဲ့ပါတယ်။ ကျွန်တော့်မှာရှိနေတဲ့ ကျွမ်းကျင်မှုတွေကို ကျွန်တော့်တစ်ဦးတည်းပိုင်တဲ့ အရာတွေလို သဘောထားပြီး တခြားညီအစ်ကို၊ မောင်နှမတွေကို သင်ပေးချင်စိတ် မရှိခဲ့ပါဘူး အဲဒါဟာ သူတို့ ကျွန်တော့်ထက် သာသွားပြီး အကျိုးဆက်အနေနဲ့ ကျွန်တော့် အဆင့်အတန်းနဲ့ သူများတွေရဲ့ အထင်ကြီးလေးစားမှုကို ဆုံးရှုံးရမှာကို ကြောက်တဲ့စိတ်တွေကြောင့်ပါ။ ကျွန်တော့်ရဲ့ ရာထူးမြဲဖို့ တခြားသူတွေကို ကျွန်တော် ဖယ်ကြဉ်တာတွေ နှိမ်ချတာတွေ လုပ်ခဲ့ပါတယ်။ တကယ်ကို အသိစိတ်လည်းမရှိ၊ ဆင်ခြင်တုံတရားလည်း မရှိခဲ့တာပါ။ အသင်းတော်ကနေ နှင်ထုတ်ခံခဲ့ကြရတဲ့ အန္တိခရစ်တွေအားလုံးအကြောင်းကို ကျွန်တော် စဉ်းစားကြည့်လိုက်တယ်။ သူတို့အားလုံးက အသင်းတော်ထဲမှာ အကြွင်းမဲ့အာဏာကို လိုချင်ခဲ့ကြတယ် သူတို့ရဲ့ အဆင့်အတန်းကို ကာကွယ်ချင်ကြတယ် သူတို့ရဲ့ အဆင့်အတန်းအပေါ် ခြိမ်းခြောက်မှုတစ်ခုအဖြစ် သူတို့ မြင်သမျှလူတိုင်းကို တိုက်ခိုက်ပြီး ဖယ်ကြဉ်ဖို့ အသင့်ဖြစ်နေကြတယ်။ သူတို့ကြောင့် သူတစ်ပါးကို ဘယ်လောက်ပဲ ထိခိုက်ပါစေ၊ အသင်းတော်ရဲ့ အလုပ်တွေ ဘယ်လောက်ဆိုးဆိုးဝါးဝါး အနှောင့်အယှက်ဖြစ်ပြီး ထိခိုက်ပါစေ သူတို့ နည်းနည်းလေးတောင် ဂရုမစိုက်ခဲ့ကြဘူး။ နောက်ဆုံးတော့ သူတို့ကျူးလွန်ခဲ့တဲ့ မကောင်းမှုတွေအားလုံးကြောင့် ဘုရားသခင်ရဲ့ ဖယ်ရှားရှင်းလင်းမှုကို ခံကြရတယ်။ ကျွန်တော့်ရဲ့ လုပ်ရပ်တွေကနေ ဖော်ပြနေတဲ့ စိတ်သဘောထားက အန္တိခရစ်တစ်ယောက်ရဲ့ သဘောထားနဲ့ ဘာမှမကွာပါလားဆိုတာ ကျွန်တော် သိခဲ့တယ်။ တစ်ကိုယ်ကောင်းဆန်တယ်၊ ပြီးတော့ မလိုမုန်းထားတယ် ပြီးတော့ ဒီလုပ်ရပ်တွေက ဘုရားသခင်က မုန်းတီးပြီး ပစ်ပယ်တဲ့အရာတွေ။ ဒီအတွေးကြောင့် ကျွန်တော်အရမ်းကြောက်သွားတယ် ကျွန်တော့်မှာ လိပ်ပြာမလုံဘဲ နောင်တတွေနဲ့ပြည့်နေတာကို မြင်လိုက်တယ်။ ဘုရားသခင်ရဲ့ ရှေ့တော်မှောက်မှာ ဝပ်တွားပြီး ကျွန်တော် ဆုတောင်းမိတယ်။ “အို ဘုရားသခင်၊ ကျွန်တော်မှားခဲ့ပါတယ်။ အဆင့်အတန်းကြောင့် အမှန်ကိုမမြင်ဘဲ ဆင်ခြင်တုံတရားမဲ့ပြီး ကျွန်တော့်ရဲ့ ညီအစ်ကိုအပေါ် ထိခိုက်စေခဲ့ပါတယ်။ ဘုရားသခင်၊ ကျွန်တော် အခုလို မလုပ်ခဲ့သင့်ပါဘူး၊ ပြီးတော့ နောင်တလည်း ရချင်ပါတယ်။ ကျွန်တော် ဒါမျိုးထပ်လုပ်မိခဲ့ရင် ကျေးဇူးပြုပြီး ဆုံးမပဲ့ပြင်တော်မူပါ။”

နောက်ပိုင်းကျတော့ ခေါင်းဆောင်တွေက ကျွန်တော်နဲ့အတူ လာပြီးပူးပေါင်းဆောင်ရွက်ဖို့ ညီအစ်ကိုနှစ်ယောက်ထပ်ပြီး စီစဉ်ပေးတယ်။ သူတို့ကို သင်ပေးဖို့ ကျွန်တော့်ကိုခိုင်းတယ်။ ဒါဆိုရင် ဗီဒီယိုဖန်တီးတဲ့ အလုပ်တိုးတက်မှု မြန်သွားပြီး ကျွန်တော့်အလုပ်ဝန်ကို ခွဲဝေခွင့်ပြုလိုက်တာဟာ ကျွန်တော့်အတွက် အထောက်အကူ ဖြစ်လိမ့်မယ်လို့ ပြောကြတယ်။ ဒါကိုကြားတော့ ကျွန်တော် စဉ်းစားမိတယ်။ “ဒါဆို သူတို့က လူနှစ်ယောက်ကို တစ်ပြိုင်တည်း လာသင်ဖို့ စီစဉ်နေတာပဲ။ ငါသိသမျှကိုသာ သူတို့ကို သင်ပေးလိုက်ရင် မကြာခင်မှာ သူတို့ငါ့ထက် သာသွားမှာလား။” ဆိုပြီးတော့လေ။ ကျွန်တော့်မှာ သောကလည်း ရောက်ရသလို စိတ်လည်းမပါဘူး။ ဒါပေမဲ့ မျက်နှာမပျက်ရအောင်လို့ ဒီညီအစ်ကိုနှစ်ယောက်ကို သင်ပေးဖို့ သဘောတူရုံကလွဲပြီး တခြားရွေးချယ်စရာလည်း မရှိဘူးလေ။ ဒါပေမဲ့ သူတို့ကို တကယ်သင်နေတဲ့အချိန်မှာ ကျွန်တော် ကျွမ်းကျင်အောင် လုပ်နိုင်ခဲ့တဲ့ အရေးကြီးတဲ့အချက်တွေနဲ့ အဓိကအချက်တွေကို ပြောမပြချင်စိတ်က ရှိနေတုန်းပဲ။ ကျွန်တော်အနေနဲ့ ထိမ်ချန်ထားချင်နေတုန်း ပြီးတော့ သူတို့ကို အခြေခံနည်းပညာတွေပဲ သင်ပေးချင်နေတုန်းပဲ။ ဒါပေမဲ့ ကျွန်တော် အဲဒီလိုမျိုး လုပ်ဖို့ စဉ်းစားလိုက်တော့ အရမ်းကိုပဲ စိတ်မသက်မသာ ဖြစ်မိတယ်။ ပြီးတော့ ကိုယ်လုပ်နေတာက တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတဲ့အပြင် လူ့သဘာဝလည်း ကင်းမဲ့နေတယ်လို့ ခံစားရတယ်။ နောက်တော့ ကျွန်တော် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဖတ်ခဲ့တယ်။ “ဘာသာတရားမရှိသူများ၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်မျိုး ရှိသည်။ ၎င်းတို့သည် အခြားလူတို့ကို အသက်မွေးဝမ်းကျောင်းဆိုင်ရာ အသိပညာ သို့မဟုတ် စွမ်းရည်တစ်ခုခုကို သင်ပေးသည့်အခါ ၎င်းတို့က ‘ကိုယ်မွေးသည့်မျောက် ကိုယ့်ကိုပြန်ခြောက်လိမ့်မည်။ အခြားသူများကို ငါသိသမျှ အကုန်သင်ပေးလျှင် မည်သူမျှ ငါ့ကို အထင်ကြီးလေးစားမည် မဟုတ်ပါ။ ဆရာတစ်ယောက်အနေဖြင့် ငါ၏ အဆင့်အတန်းများ အားလုံးကို ဆုံးရှုံးရပြီးဖြစ်လိမ့်မည်။ ဖြစ်မည်မဟုတ်ပါ။ ငါသိသမျှကို သင်ပေးလို့မဖြစ်ပါ။ တစ်ခုခုကို ဆရာစား ချန်ထားရမည်။ ငါသိသည့်အရာ၏ ရှစ်ဆယ်ရာခိုင်နှုန်းကိုသာ သင်ပေးပြီး ကျန်သည့်အရာကို လျှိုထားရမည်။ ဤသည်မှာ ငါ့ကျွမ်းကျင်မှုများက အခြားသူများ၏ ကျွမ်းကျင်မှုများထက် သာကြောင်း ပြဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်သည်’ ဟူ၍ စဉ်းစားကြသည်။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်သနည်း။ ဤသည်မှာ လှည့်စားခြင်းဖြစ်သည်။ အခြားလူများကို သင်ပေးသောအခါ၊ ကူညီပံ့ပိုးပေးသောအခါ၊ သို့မဟုတ် သင်လေ့လာခဲ့သည့် အရာတစ်ခုကို ၎င်းတို့ကို မျှဝေပေးသောအခါ မည်သည့်သဘောထားကို သင်တို့ ခံယူသင့်သနည်း။ (ကျွန်ုပ်သည် အားကုန်စိုက်ထုတ်သင့်သည်။ မည်သည့်အရာကိုမျှ ထိမ်ချန်မထားသင့်ပါ။) လူတစ်ဦးသည် မည်သည့်အရာကိုမျှ မည်သို့ မထိမ်ချန်ဘဲ နေသနည်း။ ‘ကျွန်ုပ် သင်ယူလေ့လာပြီးသည့် အရာများနှင့် ပတ်သက်လာသည့်အခါတွင် ကျွန်ုပ်သည် တစ်ခုမျှ မထိမ်ချန်ဘဲ ယင်းတို့အကြောင်းကို သင်တို့အားလုံးကို ပြောပြဖို့ ပြဿနာမရှိပေ။ မည်သို့ပင်ဆိုစေ ကျွန်ုပ်သည် သင်တို့ အားလုံးထက် ပိုပြီးအစွမ်းအစမြင့်သည်။ ပြီးလျှင် ကျွန်ုပ်သည် ပိုမြင့်မားသည့်အရာများကို နားလည်နိုင်သေးသည်’ ဟု သင်ပြောပါက ထိုသည်မှာ ထိမ်ချန်နေသေးခြင်းဖြစ်ပြီး ယင်းက အတော်အသင့် အပိုင်ကြံတတ်ခြင်းဖြစ်သည်။ သို့မဟုတ် ‘ကျွန်ုပ် သင်ယူလေ့လာပြီးသည့် အခြေခံအရာများ အားလုံးကို သင်တို့ကို သင်ပေးမည်။ ယင်းမှာ ကြီးကြီးမားမား ပြဿနာ မဟုတ်ပါ။ ကျွန်ုပ်သည် ပို၍များသော အသိပညာ ပိုင်ဆိုင်ထားဆဲဖြစ်ပြီး သင်တို့က ဤအရာများအားလုံးကို လေ့လာသင်ယူလျှင်ပင် ကျွန်ုပ်လောက် တိုးတက်ဦးမည်မဟုတ်’ ဟု သင်ပြောပါက ထိုသည်က တစ်ခုခုကို ထိမ်ချန်နေခြင်း ဖြစ်နေဆဲပင် ဖြစ်သည်။ လူတစ်ဦးသည် တစ်ကိုယ်ကောင်းဆန်လွန်းပါက သူတို့သည် ဘုရားသခင်၏ ကောင်းချီးကို မရဘဲ ဖြစ်နေလိမ့်မည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားဖို့ လူများ သင်ယူလေ့လာသင့်သည်။ သင်နားလည်သဘောပေါက်ပြီးသည့် အရေးအကြီးဆုံးနှင့် မုချလိုအပ်သောအရာများကို ဘုရားသခင်၏အိမ်တော်သို့ ဖြည့်ဆည်းပေးရမည်။ သို့မှသာ ဘုရားသခင် ရွေးချယ်ထားသောသူများသည် ယင်းတို့ကို သင်ယူလေ့လာနိုင်ပြီး ကျွမ်းကျင်နိုင်သည်။ ထိုသည်မှာ ဘုရားသခင်၏ကောင်းချီးကို ရရှိနိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ပြီးလျှင် သူသည် ပိုများသောအရာများကိုပင်လျှင် သင့်ထံ ပေးအပ်နှင်းလိမ့်မည်။ ‘အစွန့်အကြဲ ခံခြင်း အရာထက် စွန့်ကြဲခြင်း အရာသည်သာ၍ မင်္ဂလာရှိသည်’ ဟု ဆိုသကဲ့သို့ ဖြစ်သည်။ လူတိုင်းသည် မိမိတို့၏ တာဝန်များတွင် အကျိုးဖြစ်ထွန်းပြီး ရလဒ်များ စွမ်းဆောင်ရရှိနိုင်ဖို့အလို့ငှာ သင်၏ အထူးကျွမ်းကျင်မှုများနှင့် ဆုကျေးဇူးများကို သင်၏တာဝန် ထမ်းဆောင်ခြင်းတွင် ပြသလျက် ယင်းတို့ကို ဘုရားသခင်ထံ လုံးလုံးလျားလျား ဆက်ကပ်လော့။ သင်သည် သင်၏ ဆုကျေးဇူးများနှင့် ပါရမီများဖြင့် အလုံးစုံ ထောက်ပံ့လျှင် ထိုအရာများသည် ထိုတာဝန်ထမ်းဆောင်သော သူတို့အားလုံးအတွက်လည်းကောင်း၊ အသင်းတော်၏ အလုပ်အတွက်လည်းကောင်း အကျိုးဖြစ်လိမ့်မည်။ လူတိုင်းကို ရိုးရှင်းသော အရာအချို့ကို ပြောပြရုံဖြင့် သင်သည် အတော်အတန် ကောင်းမွန်စွာ လုပ်ဆောင်ပြီးဖြစ်သည်ဟု သို့မဟုတ် မည်သည့်အရာမျှ ထိမ်ချန်ခြင်း မရှိဟု မစဉ်းစားနှင့်။ ဤသည်မှာ အလုပ်ဖြစ်မည်မဟုတ်။ သင်သည် လူတို့က တိုက်ရိုက်နားလည်နိုင်သည့် သဘောတရား၊ သို့မဟုတ် အကြောင်းအရာအနည်းငယ်ကိုသာ သင်ပေးသည်။ သို့သော် အနှစ်သာရနှင့် အရေးကြီးသောအချက်များကို လူသစ်တစ်ယောက်က နားမလည်နိုင်ပေ။ သင်က ‘ကောင်းပြီ။ မည်သို့ပင်ဆိုစေ၊ ကျွန်ုပ် သင့်ကို ပြောပြထားပြီဖြစ်ပြီး မည်သည့်အရာကိုမျှ တမင်တကာ ထိမ်ချန်မထားပါ။ သင်နားမလည်ပါက သင့်အစွမ်းအစ ညံ့ဖျင်းလွန်း၍ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်ကို အပြစ်မတင်နှင့်။ ယခု ဘုရားသခင် သင့်အား မည်သို့လမ်းပြသည်ကိုသာ ကျွန်ုပ်တို့ စောင့်ကြည့်ကြမည်’ ဟု သင့်ကိုယ်သင် တစ်ချိန်လုံး စဉ်းစားနေသေးလျက် အသေးစိတ်ရှင်းပြခြင်း သို့မဟုတ် အပြည့်အစုံပြောပြခြင်း မရှိဘဲ ခြုံငုံသုံးသပ်ချက်တစ်ခုကိုသာ ပေးလေသည်။ ထိုကဲ့သို့သော ချိန်ဆပြောဆိုခြင်း၌ လှည့်ဖြားမှုပါသည် မဟုတ်သလော။ ယင်းမှာ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းသည် မဟုတ်လော။ လူတို့အား သင့်စိတ်နှလုံးထဲ၌ ရှိသော အရာတိုင်းနှင့် သင်နားလည်ထားသော အရာတိုင်းကို သင် အဘယ့်ကြောင့် မသင်ပေးနိုင်ရသနည်း။ ထိုအစား သင်သည် အသိပညာကို အဘယ့်ကြောင့် ထိမ်ချန်ထားသနည်း။ ဤသည်မှာ သင်၏ ရည်ရွယ်ချက်များနှင့် သင်၏စိတ်သဘောထားနှင့်ဆိုင်သော ပြဿနာတစ်ခုဖြစ်သည်။ လူအများစုသည် ကျွမ်းကျင်မှုဆိုင်ရာ အသိပညာ၏ တိကျသော ကဏ္ဍအချို့နှင့် ပထမဦးဆုံး ထိတွေ့သောအခါ ယင်း၏ တိုက်ရိုက်အဓိပ္ပာယ်ကိုသာ ၎င်းတို့ သဘောပေါက်နိုင်သည်။ အဓိကအချက်များနှင့် အနှစ်သာရတို့ကို လူတို့ နားမလည်နိုင်မီ လေ့ကျင့်သည့်အချိန်ကာလတစ်ခုကို လိုအပ်သည်။ ဤအနုစိတ်သော အချက်များကို သင်ကျွမ်းကျင်ပိုင်နိုင်ပြီးသား ဖြစ်လျှင် အခြားသူများအား ယင်းတို့ကို တိုက်ရိုက်ပြောပြသင့်သည်။ သူတို့အား ဝေ့ဝိုက်သောလမ်းကြောင်းကို လိုက်စေပြီး စမ်းတဝါးဝါးဖြင့် အချိန်များစွာ မကုန်စေနှင့်။ ဤသည်မှာ သင်၏ တာဝန်ဝတ္တရားဖြစ်သည်။ သင်လုပ်သင့်သောအရာ ဖြစ်သည်။ သင်သည် အဓိကအချက်များနှင့် အနှစ်သာရဖြစ်သည်ဟု သင်ယုံကြည်သောအရာကို ၎င်းတို့အား ပြောပြလျှင် မည်သည့်အရာကိုမျှ ထိမ်ချန်ထားခြင်း ဖြစ်မည် မဟုတ်သလို တစ်ကိုယ်ကောင်းဆန်မည်လည်း မဟုတ်ချေ။ အခြားလူများကို ကျွမ်းကျင်မှုများ သင်တို့ သင်ကြားပေးသောအခါ သင်၏ အသက်မွေးဝမ်းကျောင်း အလုပ်နှင့်ပတ်သက်ပြီး သူတို့ကို ဆွေးနွေးပြောပြလော့ သို့မဟုတ် အသက်ဝင်ရောက်မှုအကြောင်း မိတ်သဟာယဖွဲ့လော့။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းသော သွင်ပြင်လက္ခဏာများကို သင်မဖြေရှင်းနိုင်ပါက သင့်တာဝန်များကို ကောင်းစွာ သင်ထမ်းဆောင်နိုင်မည် မဟုတ်ပေ။ ဤအခြေအနေတွင် သင်တို့သည် လူ့သဘာဝ သို့မဟုတ် အသိတရားနှင့် အသိစိတ်ကို ပိုင်ဆိုင်သောသူတစ်ဦး သို့မဟုတ် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူတစ်ဦး မဟုတ်ပေ။ သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် သမ္မာတရားကို သင်ရှာဖွေရမည်၊ ပြီးလျှင် တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များ သင့်ထံတွင် လုံးဝ ကင်းရှင်းသွားပြီး ဘုရားသခင်၏ရည်ရွယ်ချက်များကိုသာ အလေးထားသည့် အခြေအနေကို ရောက်ရမည်။ ဤနည်းဖြင့် သမ္မာတရားစစ်မှန်မှုကို သင်ရရှိလိမ့်မည်။ လူများသည် ဘာသာတရားမရှိသူများကဲ့သို့ သမ္မာတရားကို မလိုက်စားဘဲ ဆိုးယုတ်သော စိတ်သဘောထားများဖြင့် အသက်ရှင်လျှင် အလွန် ပင်ပန်းနွမ်းနယ်ဖွယ်ကောင်းသည်။ ဘာသာတရားမရှိသူများကြားတွင် ယှဉ်ပြိုင်မှုသည် အလွန်များပြားလှသည်။ ကျွမ်းကျင်မှု၊ သို့မဟုတ် အတတ်ပညာတစ်ခု၏ အနှစ်သာရကို ကျွမ်းကျင်အောင် ပြုလုပ်ခြင်းသည် ရိုးရှင်းသော ကိစ္စမဟုတ်ပေ။ ပြီးလျှင် အခြားလူတစ်ယောက်ယောက်က ဤအကြောင်းကို သိသွားပြီး သူကိုယ်တိုင် ကျွမ်းကျင်အောင် ပြုလုပ်သည်နှင့် သင်၏အသက်မွေးမှုက အန္တရာယ်ရှိလာလိမ့်မည်။ ထိုအသက်မွေးမှုကို ကာကွယ်ရန်အတွက် လူတို့သည် ဤသို့ ပြုမူဆောင်ရွက်ရန် တွန်းအားပေးခြင်းခံရသည်။ ၎င်းတို့သည် အချိန်ပြည့် သတိထားရမည်ဖြစ်သည်။ ၎င်းတို့ ကျွမ်းကျင်သောအရာသည် ၎င်းတို့၏ တန်ဖိုးအရှိဆုံး ငွေကြေးဖြစ်သည်။ ယင်းသည် ၎င်းတို့၏ အသက်မွေးမှု၊ ၎င်းတို့၏ အရင်းအနှီး၊ ၎င်းတို့၏ အသက်သွေးကြောဖြစ်ပြီး အခြားမည်သူ့ကိုမျှ အသိပေးပြောပြ၍မဖြစ်ပေ။ သို့သော် သင်သည် ဘုရားသခင်ကို ယုံကြည်သည်။ သင်သည် ဘုရားအိမ်တော်တွင် ဤသို့ တွေးပြီး ဤသို့ ပြုမူလုပ်ဆောင်လျှင် သင်သည် ဘာသာတရားမရှိသူတစ်ယောက်နှင့် ဘာမျှ မကွာခြားတော့ပေ။ သင်သည် သမ္မာတရားကို လုံးဝ လက်မခံဘဲ စာတန်၏အတွေးအခေါ်များအတိုင်း ဆက်လက် နေထိုင်ပါက သင်သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောသူတစ်ယောက် မဟုတ်ပေ။ သင့်တွင် တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များ အမြဲတမ်း ရှိပြီး သင့်တာဝန်ကို ထမ်းဆောင်စဉ်တွင် သဘောထား သေးသိမ်ပါက ဘုရားသခင်၏ကောင်းချီးကို သင်ရလိမ့်မည်မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဖတ်ပြီးသွားတဲ့အချိန်မှာ “ကိုယ်မွေးသည့်မျောက် ကိုယ့်ကိုပြန်ခြောက်လိမ့်မည်။” ဆိုတဲ့ စာတန်ဆန်တဲ့ အတွေးအခေါ်ဟာ ဘာသာတရားမရှိသူတွေ လက်ခံကျင့်သုံးတဲ့ စည်းကမ်းတစ်ခုပဲ ဆိုတာနဲ့ ဒါဟာ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတယ်ဆိုတာကို ကျွန်တော် နားလည်သဘောပေါက်သွားတယ်။ ညီအစ်ကို မောင်နှမတွေ တာဝန်တစ်ခုကို အတူတူ ထမ်းဆောင်ကြတဲ့အချိန်မှာ တစ်ယောက်ရဲ့ အားနည်းချက်ကို ဖြည့်ဆည်းဖို့ တစ်ယောက်ရဲ့ အားသာချက်ကို အားထားကြတယ်။ ပြီးတော့ အတူတကွ ပူးပေါင်းပြီး တာဝန်တစ်ခုကို ကောင်းကောင်းမွန်မွန် ထမ်းဆောင်ကြတယ်။ ဘုရားသခင်ကို ယုံကြည်တဲ့သူတစ်ယောက်အနေနဲ့ ကျွန်တော်ဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နဲ့အညီ ကျင့်ကြံပြုမူပြီး လုပ်ဆောင်သင့်တယ်လေ။ ကျွန်တော် လုပ်ချင်သလိုလုပ်ဖို့ ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို အားကိုးလို့မရဘူး။ ညီအစ်ကို မောင်နှမတွေ ကောင်းကောင်း လေ့လာနိုင်ဖို့ ကျွန်တော်ခွင့်ပြုရမယ်။ ဗီဒီယို လုပ်တာနဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ အချက်တွေနဲ့ အဓိကအချက်တွေကို ဘာမှ မထိမ်ချန်ဘဲ သင်ပေးရမယ်။ သူတို့ သင်ယူတဲ့နေရာမှာ လမ်းလွဲမသွားအောင် ထိန်းပေးရမယ်။ ဒါမှ သူတို့တွေ ဗီဒီယို ထုတ်လုပ်ရေးကို မြန်မြန် စနိုင်မှာပေါ့။ ဒါတွေက ကျွန်တော့်အနေနဲ့ ကောင်းကောင်းမွန်မွန် ဖြည့်ဆည်းသင့်တဲ့ တာဝန်ဝတ္တရားတွေပဲ။ ဒါက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ပဲ။ ဒါတွေကို နားလည်သဘောပေါက်သွားတော့ ညီအစ်ကိုတွေကို ထပ်ပြီး သင်ပေးရမယ့်အချိန်ကို ရောက်လာတဲ့အခါ ကျွန်တော် ကျွမ်းကျင်ပြီးသားဖြစ်တဲ့ အရေးကြီးတဲ့အချက်တွေနဲ့ အဓိကအချက်တွေအားလုံး သူတို့ကို သင်ပေးခဲ့တယ်။ အချိန်လေးနည်းနည်း ကြာလာတော့ သူတို့တွေ ဗီဒီယိုထုတ်လုပ်ရေးမှာ တိုးတက်မှုတချို့ စပြီးရလာတယ်။ ကူညီဖို့ လူနှစ်ယောက်ပိုပြီး ရှိလာတဲ့အတွက် ကျွန်တော်တို့ တာဝန်တွေ အချိန်တိုတိုနဲ့ ပိုပြီး ခရီးရောက်လာတယ်။ ဒီအပြင် ညီအစ်ကိုတွေကို သင်ပေးနေရင်းနဲ့ ကျွန်တော့်ရဲ့ ကျွမ်းကျင်မှုတွေက ပိုပြီး ခိုင်မာအားကောင်းလာတယ်။ ကိုယ့်ရဲ့ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတဲ့ ရည်ရွယ်ချက်ကို လက်လွှတ်တာမျိုး၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်တာမျိုး၊ ကိုယ့်တာဝန်ကို ဘယ်လိုကောင်းကောင်း ထမ်းဆောင်မယ်လို့ တွေးတာမျိုး၊ အသင်းတော်ရဲ့ အလုပ်ကို အကျိုးဖြစ်ထွန်းမဲ့နည်းလမ်းနဲ့လက်တွေ့လုပ်ဆောင်ပုံနဲ့ ညီအစ်ကိုမောင်နှမတွေကို အထောက်အကူဖြစ်မဲ့ နည်းလမ်းနဲ့ ပြုမူဆောင်ရွက်ပုံတို့ကို ဆင်ခြင်သုံးသပ်တာမျိုးတွေကို လုပ်မှပဲ စိတ်သက်သာခြင်းနဲ့ ငြိမ်သက်ခြင်းတို့ကို ခံစားရပါလားဆိုတာ ကျွန်တော် သင်ခန်းစာရခဲ့တယ်။

အတိတ်ကိုပြန်ကြည့်လိုက်တော့ ကျွန်တော်ဟာ စာတန်ဆန်တဲ့ အဆိပ်တွေနဲ့ အသက်ရှင်သန်နေခဲ့တဲ့အပြင် တစ်ကိုယ်ကောင်းဆန်ပြီး မလိုမုန်းထားတတ်ခဲ့ပါလားလို့ နားလည်သဘောပေါက်လာတယ်။ ကျွန်တော်ရဲ့ လုပ်ရပ်တွေနဲ့ ကျင့်ကြံပြုမူပုံတွေဟာ ကျွန်တော့်ရဲ့ ညီအစ်ကို မောင်နှမတွေအတွက်ပဲဖြစ်ဖြစ်၊ အသင်းတော်ရဲ့ လုပ်ငန်းအတွက်ပဲဖြစ်ဖြစ် အကျိုးမရှိခဲ့ဘူး။ တကယ်တမ်းကျတော့ အဖျက်အမှောင့်လုပ်တဲ့အပြင် ဖျက်လိုဖျက်ဆီး ဖြစ်စေခဲ့တယ်။ ပြီးတော့ ဘုရားသခင်ရဲ့ စိတ်နှလုံးကို တကယ်နာကျင်စေခဲ့ပါတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကြောင့် ကျွန်တော် ဘယ်လောက် မလိုမုန်းထားပြီး တစ်ကိုယ်ကောင်းဆန်ခဲ့တယ်ဆိုတာကို နားလည်လာခဲ့ပြီး ပုံမှန်လူ့သဘာဝဆိုတာ ဘာလဲ၊ ဘုရားသခင်ကို ယုံကြည်တဲ့ လူတွေဟာ ဘာကို လိုက်စားသင့်သလဲ၊ ဘယ်လိုကျင့်ကြံပြုမူသင့်သလဲ ဆိုတာတွေကို နားလည်လာခဲ့ပါတယ်။ တစ်ချိန်တည်းမှာ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို အမှန်တကယ် နားလည်လာစေခဲ့ပါတယ်။ ကျွန်တော်က စိတ်နှလုံးခိုင်မာနေတုန်း၊ ပုန်ကန်နေတုန်း၊ ကိုယ့်ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ အသက်ရှင်နေတုန်းမှာ ဘုရားသခင်ကတော့ သူ့မျက်နှာတော်ကို ကျွန်တော့်ဆီက ကွယ်ဝှက်လိုက်ပြီ။ ဒါပေမဲ့ ကျွန်တော် နောင်တရပြီး ဘုရားသခင်ဆီမှာ အပြစ်ဝန်ခံတဲ့အပြင် ကိုယ်တော့်ရဲ့ နှုတ်ကပတ်တော်နဲ့အညီ ကျင့်ကြံနေထိုင်တဲ့အခါမှာတော့ သူ ကျွန်တော့်အပေါ် စအလုပ်လုပ်လာပြီး ကျွန်တော် ကိုယ့်ကိုယ်ကိုယ် သိလာအောင် အသိဉာဏ်ပွင့်စေပြီး အလင်းပေးဖို့ သူ့နှုတ်ကပတ်တော်တွေ သုံးခဲ့တယ်။ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းဟာ ဘယ်လောက်ကို စစ်မှန်ပြီး လက်တွေ့ကျသလဲဆိုတာ ကျွန်တော်နားလည်သဘောပေါက်လာခဲ့ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ရှောင်လွှဲမရသည့် ဝေဒနာ

ကျိုးချိန် တရုတ်နိုင်ငံ ကျွန်တော် အသက် ၄၇ နှစ်ရောက်တော့၊ မျက်စိမှုန်တာ မြန်လာတယ်။ ကိုယ့်မျက်လုံးတွေကို ဂရုမစိုက်ရင်၊ တဖြည်းဖြည်း အမြင်အာရုံ...

ကြောက်စိတ်ဖြင့် တွန့်ဆုတ်တော့မည်မဟုတ်

မုယွီ တရုတ်နိုင်ငံ ညီအစ်မတစ်ယောက် စက်တင်ဘာ၂ရက်နေ့မှာ အဖမ်းခံရတယ်လို့ ကြားရတယ်။ အဲဒီနေ့မှာ ကျွန်မက ခေါင်းဆောင်ရဲ့ အိမ်ကို သွားနေတာ၊ ဒါပေမဲ့...

ကျွန်ုပ်၏ တာဝန်က ကျွန်ုပ်၏ တစ်ကိုယ်ကောင်းဆန်မှုကို ဖော်ထုတ်သည်

ကျွန်မ ဗီဒီယိုအလုပ် ကြီးကြပ်ရေးမှူး လုပ်လာတာ နှစ်နှစ်ကျော်ရှိသွားပြီ။ ဟိုတစ်လောကတော့ အလုပ်လိုအပ်ချက်တွေအရ ကျွန်မတို့အဖွဲ့ကို...

အခက်အခဲများက ကျွန်ုပ်၏တာဝန်ကို ကျွန်ုပ်ထမ်းဆောင်ခြင်းအား မတားဆီးနိုင်

ယန်ဖင်း တရုတ်နိုင်ငံ အသင်းတော် ခေါင်းဆောင်အနေနဲ့ အရွေးခံလိုက်ရတဲ့နောက်မှာပဲ ဒီအရာ ဖြစ်ခဲ့တာ မှတ်မိတယ်။ အဲဒီကာလ အတောအတွင်းမှာ၊ စီစီပီက...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။