တာဝန်ထမ်းဆောင်ခြင်းဟာ ရှောင်လွှဲမရတဲ့ ကျွန်မရဲ့ ဝတ္တရား
ကျန်းရှောင်၊ တရုတ်ပြည်ကျွန်မ ငယ်ငယ်တုန်းက ကျွန်မတို့မိသားစုက တော်တော် ဆင်းရဲပါတယ်။ မိဘတွေက ကျွန်မရဲ့ ပညာရေးကို ထောက်ပံ့ဖို့ ပင်ပင်ပန်းပန်း...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတုန်းက စုဝေးပွဲတစ်ခုမှာ ရဲတွေ ဖမ်းတာ ခံရပြီး ထောင်ဒဏ် နှစ်နှစ်ခွဲ ချမှတ်ခံခဲ့ရတယ်။ အဲဒီတုန်းက ကျွန်မ အသက် ဆယ့်ကိုးနှစ်ပေါ့။ ပြစ်ဒဏ်စေ့လို့ လွတ်လာတဲ့အချိန်မှာ အမေက ကျွန်မကို လာကြိုတယ်။ ကျွန်မတို့ အချင်းချင်း မတွေ့ရတာ သုံးလေးနှစ်ရှိပြီလေ။ အမေ့ကြည့်ရတာ အရင်ကထက် အများကြီး ပိုရုပ်ကျသွားပြီး ဆံပင်တွေလဲ အများကြီး ပိုဖြူနေတာကို မြင်လိုက်ရတော့ စကားနဲ့တောင် ဖော်ပြလို့မရနိုင်လောက်အောင် ဝမ်းနည်းသွားတယ်။ ရထားပေါ်မှာ ထိုင်နေရင်း ကျွန်မ ငယ်ငယ်ကတည်းက မိဘတွေက ကျွန်မကို အရမ်းချစ်ခဲ့ပြီး ဘယ်တော့မှ ဒုက္ခမခံခိုင်းခဲ့တာကို တွေးမိတယ်။ မိသားစုမှာ ကျွန်မက တစ်ဦးတည်းသော သမီးဆိုတော့ သူတို့က ကျွန်မကိုပဲ အမြဲတမ်း ပထမဆုံး စဉ်းစားပေးတာ။ အထူးသဖြင့် ကျွန်မ နေမကောင်းဖြစ်တာ၊ ဒါမှမဟုတ် ထိခိုက်ဒဏ်ရာရတဲ့အခါ သူတို့က ကျွန်မထက်တောင် ပိုပြီး စိုးရိမ်တကြီး ဖြစ်ကြသေးတယ်။ အသက် ဆယ့်လေးနှစ်တုန်းက တောင်တက်ရင်း ခြေထောက်ကျိုးသွားတာကို မှတ်မိသေးတယ်။ ဆေးရုံမှာ မိဘတွေက ကျွန်မကို အလှည့်ကျ ပြုစုပေးကြတယ်၊ အဖေ့မှာ နားရက် သိပ်မရှိပေမဲ့ သူ့မှာရှိတဲ့ ခွင့်ရက်လေး နည်းနည်းကို ကျွန်မကို အချိန်ပေးဖို့ သုံးခဲ့တယ်။ လူနာစောင့်ကုတင်ပေါ်မှာ ခြေကုန်လက်ပန်းကျပြီး သူအိပ်နေတာကို မြင်တော့ ကျွန်မ စိတ်မကောင်းဖြစ်ရတယ်။ ပြဿနာရှာတဲ့သူတစ်ယောက် ဖြစ်ပြီး သူတို့ကို ဒုက္ခပေးမိလို့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတယ်။ ဘုရားသခင်ကို စယုံကြည်ပြီးတဲ့နောက်မှာ ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ အိမ်ကနေ ကျွန်မ ထွက်လာခဲ့တယ်။ မိဘတွေက ကျွန်မထွက်သွားမှာကို အင်တင်တင်ဖြစ်ခဲ့ပေမဲ့ ကျွန်မကို အားပေးခဲ့ကြတုန်းပဲ၊ ငွေရေးကြေးရေး အကူအညီတောင် ပေးခဲ့သေးတယ်။ အထူးသဖြင့် ကျွန်မ အဖမ်းခံရတဲ့ အဲဒီအချိန်တုန်းက မိဘတွေက သေမတတ် စိုးရိမ်ခဲ့ကြတယ်၊ ပြီးခဲ့တဲ့ နှစ်နှစ်ခွဲကာလကို အင်မတန် စိတ်ဆင်းရဲမှုနဲ့ ကြီးမားတဲ့ စိုးရိမ်ပူပန်မှုတွေကြားမှာ သူတို့ ဖြတ်သန်းခဲ့ရမယ်ဆိုတာ ကျွန်မ သိတယ်။ သူတို့အပေါ် အရမ်းကို အကြွေးတင်မိသလို ခံစားရတယ်။ ကြီးပြင်းလာတဲ့ နှစ်တွေတစ်လျှောက်လုံး မိဘတွေအတွက် ဘာမှ မလုပ်ပေးခဲ့ဖူးတာကို တွေးမိတယ်။ အဲဒီအစား အချိန်တိုင်းမှာ သူတို့ကို ကျွန်မအတွက် စိတ်ပူစေခဲ့တယ်။ အထူးသဖြင့် ရထားပေါ်မှာ အမေ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာကို မြင်တော့ ကျွန်မ အဖမ်းခံရကတည်းက သူ တစ်ညမှ ကောင်းကောင်း မအိပ်ခဲ့ရဘူးဆိုတာ သိလိုက်တယ်။ ကိုယ့်ကိုယ်ကိုယ် အရမ်း အပြစ်တင်မိပြီး သားသမီးတစ်ယောက်ရဲ့ တာဝန်တွေကို ကောင်းကောင်း မဖြည့်ဆည်းပေးခဲ့ရဘူးလို့ ခံစားရတယ်။ အခု ကျွန်မ ကြီးပြင်းလာပြီဆိုတော့ သူတို့ကို ထောက်ပံ့ဖို့ ပိုက်ဆံရှာသင့်ပြီး ကျွန်မအတွက် သူတို့ ဆက်ပြီး စိတ်ပူအောင်မလုပ်သင့်တော့ဘူး။ အိမ်ပြန်ရောက်ပြီးတဲ့နောက် အလုပ်တစ်ခုရှာပြီး သူတို့ကို ငွေရေးကြေးရေးအရ ပြန်ပေးဆပ်ရအောင် ပိုက်ဆံ မြန်မြန်ရှာဖို့ စီစဉ်ခဲ့တယ်။ ကျွန်မရဲ့ အကြံအစည်ကို မိဘတွေ သိသွားတဲ့အခါ ကျွန်မ အလုပ်သွားလုပ်မှာကို သူတို့ အားမပေးခဲ့ဘူး။ ကျွန်မကို သူတို့က ဘုရားသခင်ကို သေချာ ယုံကြည်စေချင်ပြီး ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ ဖတ်ဖို့နဲ့ ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ အချိန်ပိုပေးစေချင်ကြတာ။ သူတို့က ကျွန်မအပေါ် ကောင်းလေလေ၊ ကျွန်မ ပိုပြီး သူတို့အပေါ် အကြွေးတင်မိသလို ခံစားရလေလေပဲ။ ဒီအရွယ်ရောက်တဲ့အထိ မိဘတွေရဲ့ ထောက်ပံ့မှုကို ခံနေရတုန်းပဲဆိုတာကို တွေးမိတာနဲ့ အလုပ်သွားလုပ်ဖို့ ကျွန်မရဲ့ ဆုံးဖြတ်ချက်က ပိုခိုင်မာလာတယ်။ နောက်ပိုင်းမှာ အကြောင်းအမျိုးမျိုးကြောင့်ရော၊ ကမ္ဘာ့ကပ်ရောဂါကြောင့်ပါ အလုပ်ရှာမရခဲ့ဘူး၊ ဒါပေမဲ့ ကျွန်မစိတ်ထဲမှာ မိဘတွေအပေါ် အမြဲတမ်း အကြွေးတင်သလို ခံစားရပြီး သူတို့ကို ဘယ်လိုကျေးဇူးဆပ်ရမလဲဆိုတာကို အမြဲတွေးနေခဲ့တယ်။ အမေ့မှာ ဘီပိုးရှိပြီး အရမ်း အားနည်းတယ်၊ အဖေ့မှာက ပြင်းထန်တဲ့ ခါးနာဝေဒနာ၊ ဆီးချိုနဲ့ နှလုံးရောဂါတွေ ရှိတယ်၊ သူ့ကျန်းမာရေးကလဲ အရင်ကလောက် မကောင်းတော့ဘူး။ ဒါကြောင့် သူတို့ကို အဝတ်လျှော်ကူပေးပြီး ကိုယ်တတ်နိုင်တဲ့ အလုပ်လေးတွေ လုပ်ပေးခဲ့တယ်၊ ပြီးတော့ အဖေ့ကို “ဂွါရှာ” (ကြေးခြစ်) လဲ လုပ်ပေးပြီး ဆေးပလာစတာတွေလည်း ဝယ်ပေးခဲ့တယ်။ ကမ္ဘာ့ကပ်ရောဂါ ကန့်သတ်ချက်တွေ ရုပ်သိမ်းပြီး သိပ်မကြာခင်မှာပဲ ရဲတွေက ကျွန်မကို ရှာတွေ့သွားပြီး ဘုရားသခင်ကို ငြင်းပယ်ဖို့နဲ့ သစ္စာဖောက်ဖို့ “ကတိခံဝန်ချက်သုံးမျိုး” ကို လက်မှတ်ထိုးခိုင်းတယ်၊ လက်မှတ်မထိုးရင် ဆက်ပြီး လိုက်နှောင့်ယှက်နေမယ်လို့လဲ ခြိမ်းခြောက်တယ်။ ရဲစခန်းကို အချိန်မရွေး သတင်းပို့လို့ရအောင် အဆင်သင့်နေဖို့လဲ ပြောတယ်။ အိမ်မှာ ဆက်နေလို့ မရတော့ဘူးဆိုတာ စိတ်ထဲမှာ သိလိုက်တယ်။
နှစ်လသုံးလကြာတော့ တာဝန် ထမ်းဆောင်ဖို့ တခြားဒေသကို ကျွန်မ သွားခဲ့တယ်။ မိဘတွေနဲ့ ထပ်ပြီး ခွဲခွာရမှာကို ကျွန်မရဲ့ စိတ်နှလုံးထဲမှာ အရမ်းဝန်လေးနေခဲ့တယ်။ “အခု ငါထွက်သွားပြီးရင် ဘယ်တော့များမှ ပြန်လာနိုင်မယ်ဆိုတာ မသိဘူး။ မိဘတွေကလဲ အသက်ကြီးလာပြီး ကျန်းမာရေးကလဲ ပိုဆိုးလာတယ်။ ငါက မိသားစုမှာ တစ်ဦးတည်းသော သမီးလေ။ ငါမရှိတဲ့အခါ သူတို့ကို ပြုစုစောင့်ရှောက်ပေးမဲ့သူ မရှိဘူး။ သူတို့ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ သားသမီးတွေကို ပြုစုပျိုးထောင်တာက အိုမင်းရင့်ရော်ချိန်အတွက် ကြိုတင်ပြင်ဆင်တဲ့ နည်းလမ်းတစ်ခုလို့ လူတွေက ခဏခဏ ပြောကြတယ်၊ ဒါပေမဲ့ ငါက သားသမီးဝတ္တရား ဘာတစ်ခုမှ မကျေပွန်ခဲ့တော့ မိဘတွေက ငါ့ကို အလကား ပြုစုပျိုးထောင်ခဲ့ရသလို ဖြစ်နေပြီ” ပေါ့။ ဒါကို တွေးမိတဲ့အခါ ရင်ထဲမှာ အရမ်းကို နာကျင်ရတယ်။ ကိုယ့်တာဝန်ကို ထမ်းဆောင်နေပေမဲ့ မိဘတွေကို အမြဲတမ်း သတိရနေခဲ့တယ်။ တစ်ခါတလေ သူတို့နဲ့အတူနေရအောင် အိမ်ပြန်ပြီး အဲဒီမှာပဲ တာဝန်ထမ်းဆောင်ချင်တဲ့အထိတောင် ဖြစ်မိတယ်။ ရဲတွေက ကျွန်မကို ရှာနေတုန်းပဲဆိုတော့ ကျွန်မ ပြန်သွားလို့မရဘူးဆိုတာ သိပေမဲ့ ကျန်းမာရေးမကောင်းတဲ့ မိဘတွေကို တွေးမိတဲ့အခါ စိတ်မအေးနိုင်ဘူး၊ ကိုယ့်တာဝန်မှာလဲ စိတ်မနှစ်နိုင်ခဲ့ဘူး။ နောက်ပိုင်းမှာ ကျွန်မရဲ့ အခြေအနေကို ကြီးကြပ်ရေးမှူးက သိသွားပြီး ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ရှာပေးခဲ့တယ်၊ “သင်၏ မိဘများသည် ဘုရားသခင်၌ သင်၏ ယုံကြည်မှုကို ဟန့်တားရန် မကြိုးစားသကဲ့သို့၊ ၎င်းတို့သည်လည်း ယုံကြည်သူများဖြစ်ပြီး၊ သင်၏ တာဝန်ကို သစ္စာစောင့်သိစွာ ထမ်းဆောင်ရန်နှင့် ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို ဖြည့်ဆည်းရန် သင့်အား အမှန်တကယ် ထောက်ပံ့ပြီး အားပေးပါက၊ သင်၏ မိဘများနှင့် သင်၏ ဆက်ဆံရေးသည် ပုံမှန် စကားသဘောအရ ဆွေမျိုးများကြား ဇာတိ ပကတိဆက်ဆံရေးတစ်ခုမဟုတ်သကဲ့သို့၊ အသင်းတော်၏ ညီအစ်ကို မောင်နှမများကြား ဆက်ဆံရေးတစ်ခု ဖြစ်သည်။ ဤသို့ဆိုလျှင် ၎င်းတို့ကို အသင်းတော်၏ ညီအစ်ကို မောင်နှမများအဖြစ် ဆက်ဆံခြင်းအပြင်၊ ၎င်းတို့အတွက် သင်၏ သားသမီးဝတ်ဆိုင်ရာ တာဝန်အနည်းငယ်ကိုလည်း ဖြည့်ဆည်းပေးရမည်ဖြစ်သည်။ သင်သည် ၎င်းတို့ကို အပိုထပ်ဆောင်း အလေးထားမှုပြရမည်။ သင်၏ တာဝန်ထမ်းဆောင်မှုကို မထိခိုက်သရွေ့၊ ဆိုလိုသည်မှာ၊ သင်၏ စိတ်နှလုံးသည် ၎င်းတို့၏ ဘောင်ခတ်ခြင်းမခံရသရွေ့၊ ၎င်းတို့ နေကောင်းကျန်းမာခြင်းရှိသလားဆိုသည်ကို မေးရန်နှင့် ၎င်းတို့အတွက် အလေးထားမှု အနည်းငယ် ပြရန် သင်၏ မိဘများကို သင် ဖုန်းခေါ်ဆိုနိုင်သည်။ ၎င်းတို့ကို အနည်းငယ်သော အခက်အခဲများအား သင် ကူညီဖြေရှင်းပေးနိုင်ပြီး၊ ၎င်းတို့၏ ဘဝ ပြဿနာအချို့ကို ကူညီကိုင်တွယ်ပေးနိုင်ကာ ၎င်းတို့၏ အသက်ဝင်ရောက်မှုအရ ၎င်းတို့တွင်ရှိသည့် အခက်အခဲအချို့ကို သင် ကူညီဖြေရှင်းပေးနိုင်သည်။ ဤအရာအားလုံးကို သင် လုပ်ဆောင်နိုင်သည်။ တစ်နည်းအားဖြင့်၊ သင်၏ မိဘများက ဘုရားသခင်၌ သင်၏ ယုံကြည်မှုကို ပိတ်ဆို့ခြင်းမရှိပါက၊ ၎င်းတို့နှင့် ဤဆက်ဆံရေးကို သင် ထိန်းသိမ်းသင့်ပြီး၊ ၎င်းတို့အတွက် သင်၏ တာဝန်များကို ဖြည့်ဆည်းသင့်သည်။ သင်သည် ၎င်းတို့အတွက် အဘယ်ကြောင့် အလေးထားမှု ပြသင့်သနည်း၊ ၎င်းတို့ကို စောင့်ရှောက်ကာ နေကောင်းကျန်းမာခြင်းရှိသလားဆိုသည်ကို မေးမြန်းသင့်သနည်း။ အဘယ်ကြောင့်ဆိုသော် သင်သည် ၎င်းတို့၏ ကလေးဖြစ်သောကြောင့်၊ ၎င်းတို့နှင့် ဤဆက်နွှယ်မှုရှိသည့်အတွက် ဖြစ်၏။ သင့်ထံတွင် အခြားသော တာဝန်အမျိုးအစား ရှိပြီး ၎င်းတို့ကို အနည်းငယ် သာ၍ သာကြောင်းမာကြောင်း သတင်းမေးရမည်ဖြစကာ သာ၍ အကူအညီကို ၎င်းတို့အား ပေးရမည်ဖြစ်သည်။ ထိုအရာက သင်၏ တာဝန်ထမ်းဆောင်မှုကို မထိခိုက်သရွေ့၊ ပြီးလျှင် သင်၏ မိဘများက ဘုရားသခင်၌ သင်၏ ယုံကြည်မှုနှင့် သင်၏ တာဝန် ထမ်းဆောင်မှုတို့ကို မတားဆီး၊ မနှောင့်ယှက်သကဲ့သို့ သင့်ကို ဆွဲလည်းဆွဲမထားသရွေ့၊ ၎င်းတို့အတွက် သင်၏ တာဝန်ကို ဖြည့်ဆည်းခြင်းသည် သဘာဝကျပြီး သင့်တော်ကာ၊ ဤအရာကို သင်၏ အသိစိတ်က သင့်ကို အပြစ်မတင်သည့် အတိုင်းအတာထိ သင် လုပ်ဆောင်ရမည်ဖြစ်သည်။ ဤသည်မှာ သင် ပြည့်မီရမည့် အနိမ့်ဆုံး စံနှုန်း ဖြစ်သည်။ သင့်အခြေအနေများ၏ သက်ရောက်မှုနှင့် အဟန့်အတားများကြောင့် အိမ်တွင်ရှိသော သင်၏ မိဘများကို သင် ရိုသေစွာမပြုနိုင်ပါက၊ ဤစည်းမျဉ်းစည်းကမ်းကို သင် ထိန်းသိမ်းရန် မလိုအပ်ပေ။ သင်သည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများကို ဝန်ခံပြီး၊ သူ၏ အစီအစဉ်များကို ကျိုးနွံနာခံသင့်ကာ သင်၏ မိဘများကို ရိုသေစွာပြုခြင်းအား မရမကလုပ်ဆောင်ရန် မလိုအပ်ပေ။ ဘုရားသခင်က ဤအရာကို ရှုတ်ချပါသလော။ ဘုရားသခင်က ဤအရာကို မရှုတ်ချပေ။ သူသည် လူတို့အား ဤအရာကို အတင်းအဓမ္မ မလုပ်ဆောင်စေပေ။ ယခု မည်သည့်အရာကို ငါတို့ မိတ်သဟာယပြုနေကြပါသနည်း။ လူတို့အနေဖြင့် မိမိတို့၏ မိဘများကို ရိုသေစွာပြုခြင်းသည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းနှင့် ကွဲလွဲဆန့်ကျင်သည့်အခါ မည်သို့ လက်တွေ့လုပ်ဆောင်သင့်သည်ဆိုသည်နှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယ ပြုနေကြခြင်း ဖြစ်သည်။ ငါတို့သည် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများနှင့် သမ္မာတရားကို မိတ်သဟာယပြုနေကြခြင်း ဖြစ်သည်။ သင့်အနေဖြင့် မိမိ၏ မိဘများကို ရိုသေစွာပြုရန် တာဝန်တစ်ခု ရှိပြီး၊ အခြေအနေများက အခွင့်ပေးပါက၊ ဤတာဝန်ကို ဖြည့်ဆည်းနိုင်သော်လည်း၊ သင်၏ ခံစားချက်များဖြင့် သင် ဘောင်ခတ်မခံသင့်ပေ။ ဥပမာအားဖြင့် သင်၏ မိဘများထဲမှ တစ်ဦးသည် နာမကျန်းဖြစ်ပြီး၊ ဆေးရုံသွားရမည်ဖြစ်ကာ သူတို့ကို စောင့်ရှောက်ရန် မည်သူမျှမရှိသကဲ့သို့ သင်သည် အိမ်ပြန်ဖို့ရန်မှာ မိမိတာဝန်နှင့် အလုပ်အလွန်များပါက၊ မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ ဤကဲ့သို့သော အချိန်များတွင်၊ သင်၏ ခံစားချက်များဖြင့် သင် ဘောင်ခတ်ခံ၍ မရနိုင်ပေ။ ထိုကိစ္စနှင့်ပတ်သက်၍ သင် ဆုတောင်းသင့်သည်၊ ဘုရားသခင်ထံ အပ်နှံပြီး ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများအတိုင်း ဖြစ်စေသင့်သည်။ ဤသည်မှာ သင် ရှိသင့်သည့် သဘောထားမျိုး ဖြစ်သည်။...ဤအခြေအနေမျိုးကို သင် ကြုံရသည့်အခါ၊ သင်၏ တာဝန်ကို နှောင့်နှေးမှု မဖြစ်စေပါက၊ သို့မဟုတ် သင့်တာဝန်အပေါ် သစ္စာရှိစွာ ထမ်းဆောင်ခြင်းအား သက်ရောက်မှုမရှိပါက၊ သင်၏ မိဘများကို သားသမီးဝတ်ကို ပြရန်အလို့ငှာ သင် လုပ်ဆောင်နိုင်သည့် အရာအချို့ကို လုပ်ဆောင်နိုင်ပြီး၊ ဖြည့်ဆည်းနိုင်စွမ်းရှိသည့် တာဝန်များကို သင် ဖြည့်ဆည်းနိုင်ပေသည်။ အနှစ်ချုပ်လျှင် ဤသည်မှာ လူ့သဘာဝ အတိုင်းအတာအတွင်းတွင် လူတို့ လုပ်ဆောင်သင့်သည့်အရာဖြစ်ပြီး၊ လုပ်ဆောင်နိုင်စွမ်းရှိသည့် အရာဖြစ်သည်။ သင့် ခံစားမှုများဖြင့် သင် ပိတ်မိနေပြီး၊ ဤအရာက သင့်တာဝန် ထမ်းဆောင်မှုကို ကြန့်ကြာစေပါက၊ ယင်းမှာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် လုံးဝ ဆန့်ကျင်ပေသည်။ သင် ထိုသို့လုပ်ဆောင်ဖို့ ဘုရားသခင်က မည်သည့်အခါတွင်မျှ မလိုအပ်ခဲ့ပေ။ သင့်မိဘများအတွက် သင်၏ တာဝန်များကို ဖြည့်ဆည်းရန်သာ ဘုရားသခင် တောင်းဆိုသည်၊ ထိုမျှသာ ဖြစ်သည်။ ယင်းမှာ သားသမီးဝတ် ရှိခြင်းကို ဆိုလိုသောအရာ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၄)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးနောက်မှာ ဘယ်လို လက်တွေ့လုပ်ဆောင်ရမယ်ဆိုတာကို ကျွန်မ သိသွားတယ်။ ကျွန်မရဲ့ မိဘနှစ်ပါးစလုံးက ဘုရားသခင်ကို ယုံကြည်ကြတယ်လေ၊ ဒါကြောင့် အခြေအနေပေးတဲ့အပြင် ကိုယ့်တာဝန်တွေကို အဟန့်အတားမဖြစ်တဲ့အခါမှာ အိမ်မှုကိစ္စတွေမှာ သူတို့ကို ကူညီပေးနိုင်သလို နေ့စဉ်ဘဝမှာလဲ သူတို့ကို ဂရုစိုက်ပေးနိုင်တယ်။ သူတို့နဲ့ စကားပြောပြီး ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ပတ်သက်လို့ မိတ်သဟာယဖွဲ့ပေးနိုင်တယ်၊ သူတို့ရဲ့ အသက် ဝင်ရောက်မှုမှာ ကူညီပေးနိုင်တယ်။ အခြေအနေက ခွင့်မပြုဘူးဆိုရင်တော့ ကိုယ့်တာဝန်ကို ပထမနေရာမှာ ထားသင့်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဖန်ဆင်းခံတစ်ဦးအနေနဲ့ ဘုရားသခင်ရဲ့ တာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်အောင်လုပ်တာနဲ့ ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်တာက အရေးကြီးဆုံးအရာ ဖြစ်လို့ပဲ။ ဒါကို ကျွန်မ နားလည်သွားတဲ့အခါ မိဘတွေကို ဘုရားသခင်ရဲ့ လက်တော်ထဲ အပ်နှံပြီး ကိုယ့်တာဝန်ကို အရင်ဆုံး ကောင်းကောင်း ထမ်းဆောင်ဖို့ လိုလိုလားလားဖြစ်သွားတယ်။
တစ်ခါက ခေါင်းဆောင်တစ်ယောက် စုဝေးပွဲကို လာပြီး ကျွန်မ အိမ်ကို လုံးဝ ပြန်လို့မဖြစ်ဘူးလို့ ပြောတယ်။ ကျွန်မ ဘယ်မှာရှိနေလဲဆိုတာ အမေ့ကို အတင်းအကျပ်ပြောခိုင်းဖို့ ရဲ ခုနစ်ယောက်၊ ရှစ်ယောက်လောက် ကျွန်မအိမ်ကို ရောက်လာတယ်လို့ သူပြောတယ်၊ ပြီးတော့ ကျွန်မရဲ့အမှုက ပြည်နယ်အဆင့်က ကိုင်တွယ်နေတာဖြစ်လို့ ကျွန်မကို လက်ရအမိဖမ်းဖို့ သူတို့ ဆုံးဖြတ်ထားကြတယ်လို့ ပြောကြတယ်။ ဘာသာတရားမရှိတဲ့ ဆွေမျိုးတွေ၊ သူငယ်ချင်းတွေတောင် ရဲတွေ စစ်ဆေးမေးမြန်းတာကို ခံခဲ့ရတယ်။ ရဲတွေက ကျွန်မကို ရှာမတွေ့ရင် မိဘတွေကို ဆက်ပြီး ဆက်တိုက် စစ်ဆေးမေးမြန်းနေမယ်ဆိုတာ ကျွန်မ သိတော့ အပြစ်ရှိသလို အရမ်း ခံစားရတယ်။ မျက်ရည်တွေကို မနည်းထိန်းရင်း ကိုယ့်ကိုယ်ကိုယ် ဆက်တိုက် အပြစ်တင်နေမိတယ်၊ “ငါ မိဘတွေကို ဒုက္ခပေးမိပြီ။ ငါ့ကြောင့်သာ မဟုတ်ရင် မိဘတွေ ဒီဆင်းရဲဒုက္ခတွေအားလုံးကို ခံရမှာ မဟုတ်ဘူး။ အခု ငါက အိမ်နဲ့ဝေးနေလို့ ရဲတွေက ငါ့ကို ရှာမတွေ့တော့ မိဘတွေကို စစ်ဆေးမေးမြန်းပြီး နှောင့်ယှက်နေကြတယ်။ ဒီရဲတွေက အဆိပ်ပြင်းတဲ့ မြွေတွေလိုပဲ။ လူတစ်ယောက်ကို ပစ်မှတ်ထားပြီဆိုရင် ဘယ်တော့မှ အလွတ်မပေးဘူး။ ငါ့မိဘတွေ ငြိမ်းချမ်းတဲ့ဘဝကို ပြန်ရပါ့မလား။ သားသမီးတစ်ယောက်အနေနဲ့ မိဘတွေအတွက် ဘာကောင်းကျိုးမှ မပေးခဲ့ဖူးဘူး။ ငါလုပ်ခဲ့သမျှက သူတို့ကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေတာပဲ။ ငါ့ကို သူတို့ မမွေးခဲ့ရင် ပိုကောင်းမှာပဲ” ပေါ့။ ဒါပေမဲ့ ဒီအခြေအနေက ဘုရားသခင်ရဲ့ ခွင့်ပြုချက်နဲ့ ကျွန်မအပေါ် ကျရောက်လာတာဖြစ်လို့ မညည်းညူသင့်ဘူးဆိုတာကိုလည်း ကျွန်မ သိတယ်။ ဒါကြောင့် ဘုရားသခင်ဆီ တိတ်တဆိတ် ဆုတောင်းပြီး ကျွန်မရဲ့ စိတ်နှလုံးကို စောင့်ရှောက်ပေးဖို့ တောင်းလျှောက်ခဲ့တယ်။ “ဝေဒနာကြားမှ ဝမ်းမြောက်ရခြင်း” ရုပ်ရှင်ကို သတိရသွားတယ်။ အဓိကဇာတ်ကောင်က ခါးနာတဲ့ရောဂါကြောင့် လေဖြတ်မဲ့ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပြီး ဇာတိပကတိအရရော ဝိညာဉ်ရေးရာအရပါ နာကျင်မှုကို အများကြီး ခံစားခဲ့ရတယ်။ ဒါပေမဲ့ သူ့အတွေ့အကြုံနောက်ပိုင်းမှာ သူ့ကိုယ်သူ နားလည်သဘောပေါက်မှုတချို့ ရရှိခဲ့ပြီး သူ့အသက်တာမှာ တိုးတက်လာခဲ့တယ်။ ဆိုးရွားတယ်လို့ ထင်ရတဲ့ အရာတွေရဲ့ နောက်ကွယ်မှာ ဘုရားသခင်ရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေ ပုန်းကွယ်နေတယ်ဆိုတာကို သဘောပေါက်သွားတယ်၊ ပြီးတော့ ကျိုးနွံနာခံဖို့နဲ့ သင်ခန်းစာတွေ ယူဖို့ လိုလိုလားလား ဖြစ်သွားတယ်။
အဲဒီနောက်မှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်၊ “‘အကြောင်းမူကား ယခုခဏခံရ၍ ပေါ့ပါးသော ဆင်းရဲခြင်းဒုက္ခသည် အတိုင်းအထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရ ဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏’ ဟူသော စကားများကို သင်တို့အားလုံး မှတ်မိကောင်း မှတ်မိကြလိမ့်မည်။ ယခင်က ဤစကားများကို သင်တို့အားလုံး ကြားဖူးခဲ့ကြသည့်တိုင် သင်တို့ထဲမှ မည်သူမျှ ယင်းတို့၏ စစ်မှန်သော အဓိပ္ပာယ်ကို နားမလည်ခဲ့ကြပေ။ ယနေ့တွင် ယင်းတို့၏ စစ်မှန်သော အရေးပါမှုကို သင်တို့ နက်ရှိုင်းစွာ သိရှိကြသည်။ ဤစကားများကို နောက်ဆုံးသော ကာလအတွင်းတွင် ဘုရားသခင်က ပြည့်စုံစေလိမ့်မည်ဖြစ်ပြီး ယင်းတို့သည် အဆင်းနီသော နဂါးကြီး ခွေနေသည့် မြေတွင် ၎င်း၏ ရက်စက်ကြမ်းကြုတ်စွာ ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရသူများ၌ ပြည့်စုံလိမ့်မည်ဖြစ်သည်။ အဆင်းနီသော နဂါးကြီးသည် ဘုရားသခင်ကို ညှဉ်းပန်းနှိပ်စက်ပြီး ဘုရားသခင်၏ ရန်သူဖြစ်သည်။ သို့ဖြစ်၍ ဤမြေရှိ လူများသည် ဘုရားသခင်ကို ၎င်းတို့ ယုံကြည်ခြင်းကြောင့် အရှက်ခွဲခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကို ခံကြရပြီး ရလဒ်အနေဖြင့် ဤစကားများသည် ဤလူစုဖြစ်သော သင်တို့၌ ပြည့်စုံလေသည်။ ဘုရားသခင်သည် သူ့ကို ဆန့်ကျင်သော မြေတွင် သူ၏အလုပ်ကို လုပ်ဆောင်သောကြောင့် သူ၏ အလုပ်အားလုံးသည် ကြီးမားသော အတားအဆီးများကို ရင်ဆိုင်ရပြီး သူ၏ နှုတ်ကပတ်တော်များစွာသည် ချက်ချင်း ပြည့်စုံခြင်း မရှိနိုင်ပေ။ သို့ဖြစ်၍ ဘုရားနှုတ်ကပတ်တော်များ၏ ရလဒ်အနေဖြင့် လူတို့သည် စစ်ဆေးခြင်းခံရပြီး ယင်းမှာ ဆင်းရဲဒုက္ခထဲတွင် ပါဝင်သည်။ အဆင်းနီသော နဂါးကြီး၏ မြေတွင် ဘုရားသခင်အနေဖြင့် ကိုယ်တော်၏အလုပ်ကို လုပ်ဆောင်ရန် အလွန်တရာ ခက်ခဲသော်လည်း ကိုယ်တော်၏ ဉာဏ်ပညာနှင့် ကိုယ်တော်၏ အံ့ဖွယ်သောအမှုများကို ထုတ်ဖော်ပြနိုင်ရန်အလို့ငှာ ဤအခက်အခဲမှတစ်ဆင့် ဘုရားသခင်သည် သူ၏အလုပ် အဆင့်တစ်ဆင့်ကို လုပ်ဆောင်ပြီး ဤလူစုကို စုံလင်စေရန် ဘုရားသခင်က ဤအခွင့်အရေးကို အသုံးပြုလေသည်။ လူတို့၏ ဆင်းရဲဒုက္ခမှတစ်ဆင့်လည်းကောင်း၊ ၎င်းတို့၏ အစွမ်းအစမှတစ်ဆင့်လည်းကောင်း၊ ဤညစ်ညူးသောမြေရှိ လူများ၏ စာတန်ဆန်သော စိတ်သဘောထားများ အားလုံးမှတစ်ဆင့်လည်းကောင်း ဘုရားသခင်သည် သူ၏ သန့်စင်ခြင်းနှင့် သိမ်းပိုက်ခြင်း အလုပ်ကို လုပ်ဆောင်ပြီး ထိုသို့ဖြင့် ဤအရာမှ သူသည် ဘုန်းအသရေကိုလည်းကောင်း၊ သူ၏ လုပ်ဆောင်ချက်များအတွက် သက်သေခံသူများကိုလည်းကောင်း ရရှိနိုင်ပေသည်။ ဤသည်မှာ ဤလူစုအတွက် ဘုရားသခင် ပေးဆပ်ခဲ့သည့် အဖိုးအခအားလုံး၏ အရေးပါမှု တစ်ခုလုံး ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏အမှုသည် လူသား စိတ်ကူးသကဲ့သို့ ရိုးရှင်းပါသလော) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို တွေးဆပြီးတဲ့နောက် နောက်ဆုံးသော ကာလမှာ ဘုရားသခင်က ကိုယ်တော် ရွေးချယ်ထားတဲ့လူတွေကို စုံလင်အောင်ပြုပေးဖို့အတွက် အစေခံစေတဲ့အနေနဲ့ အဆင်းနီတဲ့ နဂါးကြီးရဲ့ ဖမ်းဆီးမှုတွေ၊ နှိပ်ကွပ်မှုတွေကို အသုံးပြုတယ်ဆိုတာ ကျွန်မ နားလည်သွားတယ်၊ စီစီပီရဲ့ အရုပ်ဆိုးတဲ့ မျက်နှာစာကို လူတွေ ရှင်းရှင်းလင်းလင်း မြင်တွေ့ခွင့်ရဖို့နဲ့ ဘုရားသခင်ကို ရန်လိုတဲ့ သူ့ရဲ့ ဆိုးညစ်တဲ့ အနှစ်သာရကို သတိပြုမိဖို့ဖြစ်ပြီး၊ ဒါမှ လူတွေက ဘုရားသခင်ကို ပိုပြီး ပြတ်ပြတ်သားသား လိုက်လျှောက်နိုင်မှာ ဖြစ်တယ်။ တစ်ချိန်တည်းမှာပဲ ဘုရားသခင်က ဒီအခြေအနေကနေတစ်ဆင့် လူတွေရဲ့ ယုံကြည်ခြင်းကို စုံလင်အောင် ပြုလုပ်ပေးတယ်၊ ဘုရားသခင်က အရာအားလုံးအပေါ် အချုပ်အခြာအာဏာ ရှိတယ်ဆိုတာ လူတွေကို မြင်တွေ့ခွင့်ပေးတယ်၊ ဘုရားသခင်ရဲ့ သြဇာအာဏာကို နားလည်စေပြီး စာတန်ကို မကြောက်ရွံ့တော့အောင်လုပ်တယ်၊ ဒါမှ သူတို့က ဆင်းရဲဒုက္ခတွေကနေ သင်ခန်းစာတွေ ယူနိုင်ပြီး သမ္မာတရားကို ရရှိနိုင်မှာပေါ့။ မိဘတွေက ဘုရားသခင်ရဲ့ ခွင့်ပြုချက်နဲ့ နှိပ်စက်ခံခဲ့ရတာ၊ ဒါပေမဲ့ ဒါက ဘုရားသခင်ရဲ့ အလုပ်ကို တွေ့ကြုံဖို့နဲ့ ဘုရားသခင်အတွက် သက်သေခံဖို့ သူတို့ကို ဘုရားပေးတဲ့ အခွင့်အရေးတစ်ခုလည်း ဖြစ်တယ်။ ဒါပေမဲ့ ကျွန်မကတော့ အမြော်အမြင် မရှိဘဲ ကိစ္စတွေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ဘူး၊ ဒါကြောင့် ဇာတိပကတိရဲ့ အမြင်ရှုထောင့်ကနေပဲ အမြဲ စဉ်းစားပြီး မိဘတွေ ဒုက္ခခံရမလားဆိုတာ စိတ်ပူနေခဲ့သလို ကိုယ့်ကိုယ်ကိုယ်တောင် အပြစ်တွေ အကုန်ပုံချနေခဲ့တယ်။ ကျွန်မက မိဘတွေကို ဒီကိစ္စထဲ ဆွဲသွင်းခဲ့တယ်လို့ ယုံကြည်ခဲ့ပြီး ကျွန်မသာ အဖမ်းမခံခဲ့ရရင် မိဘတွေ နှိပ်စက်ခံခဲ့ရမှာမဟုတ်ဘူးဆိုပြီး သူတို့အပေါ် အကြွေးတင်ပြီး အပြစ်ရှိတယ်လို့ ခံစားခဲ့ရတယ်၊ ဒါက လုံးဝ ဆင်ခြင်တုံတရား မရှိတာပဲ။ အဆင်းနီတဲ့ နဂါးကြီးမှာ ဆိုးညစ်တဲ့ သဘာဝရှိပြီး ဘုရားသခင်ကို ယုံကြည်သူတွေကို အရူးအမူး ဖမ်းဆီးပြီး နှိပ်စက်တယ်။ ကျွန်မ အဖမ်းမခံခဲ့ရရင်တောင်မှ မိဘတွေက ဘုရားသခင်ကို ယုံကြည်တဲ့အတွက် စီစီပီ နှိပ်စက်တာ ခံရဦးမှာပဲ။ လွန်ခဲ့တဲ့ နှစ်တော်တော်များများ ကျွန်မ ငယ်ငယ်တုန်းကဆိုရင် ဘုရားသခင်ကို ယုံကြည်လို့ အဖမ်းခံရမှာကို ရှောင်ဖို့ မိဘတွေက ကျွန်မကို နေရာအမျိုးမျိုးမှာ ပုန်းရှောင်ဖို့ ခေါ်သွားခဲ့တယ်၊ ပြီးတော့ ကိုယ့်အိမ်ကိုတောင် နှစ်တွေအများကြီး ပြန်မသွားခဲ့ရဘူး။ ကျွန်မတို့ ဘဝက လုံးဝကို မတည်ငြိမ်ခဲ့ဘူး။ အခု မိဘတွေက ရဲတွေ နှောင့်ယှက်တာ၊ နှိပ်စက်တာကို ထပ်ခံနေရပြန်ပြီဆိုတော့ ကျွန်မက အဆင်းနီတဲ့ နဂါးကြီးကို မုန်းတီးသင့်ပြီး သူ့ကို အရှက်ခွဲဖို့ ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်သင့်တယ်။ အဲဒီနောက်မှာ မိဘတွေဆီ စာတစ်စောင်ရေးပြီး သူတို့ကို အားပေးဖို့အတွက် ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေနဲ့ ဒီအခြေအနေကို တွေ့ကြုံရတဲ့အပေါ် ကျွန်မရဲ့ နားလည်သဘောပေါက်မှုကို မိတ်သဟာယဖွဲ့ပေးခဲ့တယ်။ နောက်ပိုင်းမှာ မိဘတွေဆီက စာပြန်ရခဲ့တယ်။ ရဲတွေ ဆက်တိုက်နှောင့်ယှက်တာတွေကို ရင်ဆိုင်ရတဲ့အခါ သူတို့ ကြောက်ရွံ့ပြီး စိုးရိမ်ခဲ့တယ်လို့ ပြောတယ်၊ ဒါပေမဲ့ ဘုရားသခင်ရဲ့ သြဇာအာဏာနဲ့ သက်ဆိုင်တဲ့ နှုတ်ကပတ်တော်တွေကို စားသောက်ပြီး စာတန်ဟာ ဘုရားသခင်ရဲ့ လက်တော်ထဲက ကစားစရာတစ်ခုသာဖြစ်တယ်ဆိုတာရယ်၊ ပြီးတော့ ရဲတွေကလည်း ဘုရားသခင်ရဲ့ ခွင့်ပြုချက်မရှိဘဲ ဘာမှ လုပ်လို့မရဘူးဆိုတာရယ် သူတို့ သိသွားကြတယ်။ ဒါက သူတို့ကို အဲဒါကို ရင်ဆိုင်ဖို့ ယုံကြည်ခြင်းနဲ့ ရဲစွမ်းသတ္တိတွေ ပေးခဲ့တယ်၊ ရဲတွေရဲ့ အခြေအမြစ်မရှိတဲ့ ကောလာဟလတွေနဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့စကားတွေကိုတောင် ရဲရဲဝံ့ဝံ့ ချေပရဲလာကြတယ်။ မိဘတွေ ရရှိခဲ့တာတွေကို မြင်တော့ ကျွန်မ အရမ်းကို တို့ထိခံစားလိုက်ရတယ်။ မိဘတွေမှာ အဖော်လုပ်ပေးဖို့ ကျွန်မ မရှိပေမဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေရဲ့ ဦးဆောင်မှုနဲ့ သူတို့ရဲ့ အသက်တာက ပိုပြီးတောင် ကောင်းနေသေးတယ်၊ ကျွန်မ စိုးရိမ်ပူပန်နေခဲ့တာတွေက လုံးဝ အခြေအမြစ်မရှိဘူးဆိုတာကို မြင်လိုက်ရတယ်။ ဒါကို တွေးမိတော့ မိဘတွေအတွက် သိပ်ပြီး စိတ်မပူတော့ဘူး။
တစ်ခါက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်၊ “သင့်ကို ပြုစုပျိုးထောင်ရာတွင် သင်၏ မိဘများသည် တာဝန်နှင့် ဝတ္တရားတစ်ခုကို ဖြည့်ဆည်းနေခြင်း ဖြစ်သည်။ သင့်ကို အရွယ်ရောက်သူတစ်ဦးအဖြစ် ပြုစုပျိုးထောင်ခြင်းသည် ၎င်းတို့၏ ဝတ္တရားနှင့် တာဝန်ဖြစ်ပြီး ဤအရာကို ကျေးဇူးတရားဟု ခေါ်ဆို၍မရနိုင်ပေ။ ယင်းကို ကျေးဇူးတရားဟု ခေါ်ဆို၍မရနိုင်သောကြောင့် ဤသည်မှာ သင် ပျော်မွေ့ခံစားခွင့်ရှိသည့် အရာတစ်ခုဖြစ်သည်ဟု ဆိုနိုင်သလော။ (ဆိုနိုင်ပါသည်။) ဤသည်မှာ သင်ခံစားသင့်သော အခွင့်အရေးတစ်မျိုးဖြစ်သည်။ သင်သည် သင့်မိဘများ၏ ပျိုးထောင်ခြင်းကို ခံရထိုက်သည်၊ အဘယ်ကြောင့်ဆိုသော် လူကြီးဘဝသို့ သင်မရောက်ခင်တွင် သင်ပါဝင်သော အခန်းကဏ္ဍသည် လူလားမြောက်အောင် ကျွေးမွေးသုတ်သင်ခြင်းခံရသော သားသမီးတစ်ယောက်၏ အခန်းကဏ္ဍ ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သင် ရရှိသည့်အရာသည် သင့်အပေါ် သင်၏ မိဘများ၏ တာဝန်ဝတ္တရားကို ကောင်းမွန်စွာ ဖြည့်ဆည်းပေးခြင်းမျှသာ ဖြစ်ပြီး ၎င်းတို့ထံမှ အကူအညီပေးမှု သို့မဟုတ် ကျေးဇူး မဟုတ်ပေ။ မည်သည့် သက်ရှိသတ္တဝါအတွက်မဆို ကလေးများကို မွေးဖွားခြင်းနှင့် ပြုစုပျိုးထောင်ခြင်း၊ မျိုးပွားခြင်းနှင့် မျိုးဆက်များကို ပြုစုပျိုးထောင်ခြင်းသည် တာဝန်ဝတ္တရား တစ်မျိုး ဖြစ်ပေသည်။ ဥပမာအားဖြင့် ငှက်များ၊ ကျွဲနွားများ၊ သိုးများနှင့် ကျားများပင်လျှင် ၎င်းတို့ မျိုးပွားပြီးနောက် ၎င်းတို့၏ မျိုးဆက်များကို ပြုစုပျိုးထောင်ရလေသည်။ မိမိတို့၏ မျိုးဆက်များကို ပြုစုပျိုးထောင်ခြင်း မရှိသော သက်ရှိသတ္တဝါများ မရှိပေ။ ခြွင်းချက်အချို့ ရှိနိုင်သော်လည်း ယင်းတို့ကို ကျွန်ုပ်တို့ မသိရှိကြသေးပေ။ ယင်းမှာ သက်ရှိသတ္တဝါများ ရှင်သန်ခြင်း၏ သဘာဝ ဖြစ်စဉ်တစ်ခု ဖြစ်သည်၊ ယင်းမှာ သက်ရှိသတ္တဝါများတွင် ရှိသော ပင်ကိုသဘာဝတစ်ခု ဖြစ်ပြီး ယင်းကို ကျေးဇူးအဖြစ် မှတ်ယူ၍ မရနိုင်ပေ။ ၎င်းတို့သည် တိရစ္ဆာန်များနှင့် လူသားမျိုးနွယ်အတွက် ဖန်ဆင်းရှင် ချမှတ်ထားသော နိယာမတစ်ခုကို လိုက်နာနေကြခြင်းသာ ဖြစ်သည်။ ထို့ကြောင့် သင်၏ မိဘများက သင့်ကို ပြုစုပျိုးထောင်ခြင်းသည် ကျေးဇူး တစ်မျိုး မဟုတ်ပေ။ ဤအရာကို အခြေခံ၍ သင်၏ မိဘများသည် သင်၏ အကြွေးရှင်များ မဟုတ်ကြဟု ဆိုနိုင်ပေသည်။ ၎င်းတို့သည် သင့်အပေါ် ၎င်းတို့၏ တာဝန်ဝတ္တရားကို ကောင်းမွန်စွာ ဖြည့်ဆည်းနေကြခြင်း ဖြစ်သည်။ ၎င်းတို့သည် သင့်အတွက် ၎င်းတို့၏ ကြီးမားသည့် အဖိုးအခကို မည်မျှပင် ပေးဆပ်ပါစေ၊ ပြီးလျှင် သင့်အပေါ် ငွေကြေး မည်မျှပင် သုံးစွဲပါစေ ၎င်းတို့သည် သင့်ထံမှ မည်သည့်အရာကိုမျှ အစားပြန်မတောင်းသင့်ပေ၊ အကြောင်းမှာ ဤသည်မှာ မိဘများအနေဖြင့် ၎င်းတို့၏ တာဝန်ဝတ္တရား ဖြစ်သောကြောင့် ဖြစ်သည်။ ယင်းမှာ တာဝန်နှင့် ဝတ္တရား ဖြစ်သောကြောင့် ယင်းသည် အခမဲ့ ဖြစ်သင့်ပြီး ၎င်းတို့က သင့်ကို ပြန်ဆပ်ရန် မတောင်းဆိုသင့်ပေ။ သင့်ကို ပြုစုပျိုးထောင်ခြင်းအားဖြင့် သင်၏ မိဘများသည် ၎င်းတို့၏ တာဝန်နှင့် ဝတ္တရားကို ဖြည့်ဆည်းနေခြင်းသာ ဖြစ်သည်။ ယင်းကို အရောင်းအဝယ်တစ်ခုအနေဖြင့် မဟုတ်ဘဲ အခမဲ့ လုပ်ဆောင်သင့်သည်။ ထို့ကြောင့် သင်၏ မိဘများကို သင် ဆက်ဆံပုံ သို့မဟုတ် သင်နှင့် ၎င်းတို့ကြားရှိ ဆက်ဆံရေးကို ကိုင်တွယ်ပုံတွင် ပြန်ပေးဆပ်လိုသော စိတ်ထား ရှိရန် မလိုအပ်ပေ။ သင်သည် မိမိ၏ မိဘများကို ထိုသို့သော စိတ်ထားဖြင့် ဆက်ဆံပါက၊ ၎င်းတို့ကို ကျေးဇူးဆပ်ပြီး သင်နှင့် ၎င်းတို့ကြားရှိ ဆက်ဆံရေးကို ကိုင်တွယ်ပါက ယင်းမှာ အမှန်တကယ်တွင် လူမဆန်ခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ထိုသို့ လုပ်ဆောင်ခြင်းက သင့်ကို မိမိ၏ လူ့ဇာတိဆိုင်ရာ ခံစားချက်များ၏ ချုပ်ထိန်းခြင်းနှင့် ချည်နှောင်ခြင်း ခံရရန် လွယ်ကူစေမည်ဖြစ်ပြီး သင် လမ်းပျောက်သွားနိုင်သည့် အတိုင်းအတာအထိ ဤရှုပ်ထွေးမှုများမှ ရုန်းထွက်ရန် သင့်အတွက် ခက်ခဲလိမ့်မည်။ သင့်မိဘများက သင်၏ ကြွေးရှင်များမဟုတ်ပေ၊ ထို့ကြောင့် ၎င်းတို့၏ မျှော်လင့်ချက်များအားလုံးကို အကောင်အထည်ဖော်ပေးရန် သင့်တွင် တာဝန် မရှိပေ။ ၎င်းတို့၏ မျှော်လင့်ချက်များအတွက် ကုန်ကျစရိတ်ကို ကျခံပေးရန် သင့်တွင် တာဝန် မရှိပေ။ ၎င်းတို့တွင် မိမိတို့၏ ကိုယ်ပိုင် မျှော်လင့်ချက်များ ရှိနိုင်သော်လည်း သင်သည် သင်၏ ကိုယ်ပိုင် ရွေးချယ်မှုများကို ပြုလုပ်ရမည်။ ဘုရားသခင်သည် သင့်အတွက် ဘဝလမ်းကြောင်းတစ်ခုကို ချမှတ်ပေးထားပြီး ဖြစ်သည်၊ ကိုယ်တော်သည် သင်၏ ကံကြမ္မာတစ်ခုကို စီစဉ်ပေးထားပြီး ဖြစ်ကာ ဤအရာများသည် သင်၏ မိဘများနှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၇)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက် ကျွန်မကို မွေးဖွားတာ၊ ပြုစုပျိုးထောင်တာနဲ့ ကျွန်မဘဝအတွက် ထောက်ပံ့ပေးတာတွေဟာ မိဘတွေ ကောင်းကောင်း ဖြည့်ဆည်းပေးရမယ့် တာဝန်တစ်ခုဖြစ်တယ်ဆိုတာ ကျွန်မ နားလည်သွားတယ်။ အဲဒါက ကျေးဇူးတရား မဟုတ်လို့ ပြန်ပေးဆပ်ဖို့ မလိုဘူး။ တိရစ္ဆာန်လောကက ငှက်တွေလိုပဲ၊ မိခင်ငှက်က သားပေါက်လေးတွေကို မွေးဖွားတဲ့အခါ သူတို့ကို အစာကျွေးတယ်၊ သားပေါက်လေးတွေကို ပြုစုပျိုးထောင်ဖို့ သူ့အသက်ကို ပဓာနမထားဘဲ အစာရှာပေးတယ်။ ငှက်ပေါက်လေးတွေ အန္တရာယ်ကြုံရတဲ့အခါ မိခင်ငှက်က သူတို့ကို အသက်စွန့်ပြီး ကာကွယ်ပေးတယ်၊ သူကိုယ်တိုင် ဒဏ်ရာရရင်တောင်မှ သူ့သားသမီးတွေကို ကာကွယ်ပေးတာပဲ။ မိခင်ငှက်တွေက ငှက်ပေါက်လေးတွေအပေါ် ဂရုစိုက်တာ၊ ချစ်ခင်တာတွေက ပင်ကိုသဘာဝသက်သက်ကနေပဲ မြစ်ဖျားခံတာ။ လူတွေက သူတို့ရဲ့ သားသမီးတွေကို ပြုစုပျိုးထောင်ရာမှာလည်း ဒီအတိုင်းပါပဲ။ မိဘတွေက ကျွန်မကို မွေးဖွားလိုက်တဲ့ အချိန်ကစပြီး သူတို့မှာ ကျွန်မကို ပြုစုပျိုးထောင်ဖို့ တာဝန်နဲ့ ဂရုစိုက်ဖို့ ဝတ္တရား ရှိနေတာ။ သူတို့က ကျွန်မကို ပြုစုပျိုးထောင်တဲ့အခါ သူတို့ရဲ့ တာဝန်ကို သူတို့ ကောင်းကောင်း ဖြည့်ဆည်းနေကြတာဖြစ်ပြီး ကျွန်မက သူတို့ကို ဘာကျေးဇူးကြွေးမှ မတင်ဘူး၊ ဘာမှ ပြန်ပေးဆပ်ဖို့လည်း မလိုဘူး။ “အိုမင်းရင့်ရော်ချိန်မှာ စောင့်ရှောက်ဖို့ သားသမီးတွေကို ပြုစုပျိုးထောင်ပါ” နဲ့ “သားသမီးဝတ်သည် အရာအားလုံးထက် ပိုပြီး ထိန်းသိမ်းရမည့် သူတော်ကောင်းတရား ဖြစ်၏။” ဆိုတဲ့ ရိုးရာယဉ်ကျေးမှု အယူအဆတွေရဲ့ လွှမ်းမိုးတာ၊ ပုံသွင်းတာကို ကျွန်မ ခံခဲ့ရတယ်။ ကျွန်မအပေါ် မိဘတွေရဲ့ ဂရုစိုက်မှုကို ကျေးဇူးတရားတစ်ခုလို ကျွန်မ မှတ်ယူခဲ့ပြီး ကျွန်မအတွက် အဖိုးအခပေးပြီး သူတို့ကိုယ်သူတို့ အသုံးခံခဲ့တဲ့အတွက် သူတို့ကို ပြန်ပေးဆပ်သင့်တယ်လို့ ယုံကြည်ခဲ့တယ်၊ အဲဒီအတွက် ကျွန်မဘဝရဲ့ ကျန်တဲ့အချိန်တွေကို စတေးဖို့ အသည်းအသန် ဖြစ်ခဲ့တဲ့အထိပဲ။ ထိန်းသိမ်းရေးစခန်းထဲမှာ နှစ်နှစ်ကျော်လောက် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို မစားသောက်ခဲ့ရဘူး၊ ကိုယ့်တာဝန်ကို မထမ်းဆောင်ခဲ့ရဘူးဆိုတာ ကျွန်မ ကောင်းကောင်း သိတယ်၊ ပြီးတော့ ကျွန်မရဲ့ အသက် ဝင်ရောက်မှုကလဲ အရမ်း နောက်ကျကျန်နေခဲ့ပြီလေ၊ ဒါကြောင့် အခုအချိန်မှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီး ကိုယ့်တာဝန်ကို သေချာ ထမ်းဆောင်သင့်တယ်။ ဒါပေမဲ့ မိဘတွေက ကျွန်မအတွက် စိတ်ပူပြီး ဒုက္ခခံနေရတာကို တွေးမိတဲ့အခါ အလုပ်လုပ်၊ ပိုက်ဆံရှာပြီး သူတို့ကို ပြန်ပေးဆပ်တဲ့အနေနဲ့ ပူပင်ကြောင့်ကြမှု မရှိတဲ့ဘဝနဲ့ ထားချင်တာပဲ ရှိခဲ့တယ်။ ကမ္ဘာ့ကပ်ရောဂါကြောင့်သာ မဟုတ်ရင် အလုပ်သွားလုပ်ပြီး ပိုက်ဆံရှာနေလောက်ပြီ။ နောက်ပိုင်းမှာ ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ အိမ်ကနေ ထွက်လာခဲ့ပေမဲ့ မိဘတွေကို ဘယ်လို ကျေးဇူးဆပ်ရမလဲဆိုတာကို တွေးနေတုန်းပဲ။ ကျွန်မရဲ့ အတွေးတွေ အားလုံးဟာ ကျွန်မရဲ့ လက်ကျန်ဘဝကို မိဘတွေရဲ့ ကျေးဇူးကို ပြန်ဆပ်ဖို့အတွက်ပဲ ရှင်သန်ရတော့မလိုမျိုး မိဘတွေရဲ့ ကျေးဇူးကို ပြန်ဆပ်ဖို့ဆိုတဲ့ အတွေးနဲ့ပဲ တုပ်နှောင်ခံခဲ့ရတယ်။ ကျွန်မက ဖန်ဆင်းခံတစ်ယောက်ပါ။ ကျွန်မရဲ့ အသက်ရှူခြင်းကို ဘုရားသခင်က ပေးထားတာ၊ ပြီးတော့ အရွယ်ရောက်လာတဲ့အထိ ကျွန်မကို စောင့်ရှောက်ပေးခဲ့တာကလည်း ဘုရားသခင်ပါပဲ။ နောက်ဆုံးသော ကာလမှာ ဘုရားသခင်က သူ့နှုတ်ကပတ်တော်တွေရဲ့ ထောက်ပံ့မှုကို ကျွန်မ ပျော်မွေ့ခံစားနိုင်အောင် ကိုယ်တော့်ရှေ့မှောက်ကို ရောက်လာဖို့ ကျေးဇူးပြုခဲ့တယ်။ ဘုရားသခင်က ကျွန်မအတွက် ဒီလောက်ကြီးမားတဲ့ အဖိုးအခကို ပေးဆပ်ခဲ့တယ်ဆိုတော့ ဘုရားသခင် ကျေနပ်အောင် ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်သင့်တယ်။ မိဘတွေက ကျွန်မကို အရမ်းဂရုစိုက်ခဲ့တယ်ဆိုပေမဲ့ ဘုရားသခင်ရဲ့ စောင့်ရှောက်မှုသာမရှိရင် ဒီနေ့အထိ ကျွန်မ အသက်ရှင်နေမှာ မဟုတ်ဘူး။ အသက် ဆယ့်လေးနှစ်တုန်းက တောင်တက်တဲ့အချိန်ကလိုမျိုးပေါ့။ ဘုရားသခင်ရဲ့ စောင့်ရှောက်မှုသာ မရှိခဲ့ရင် တောင်အောက်ကို ပြုတ်ကျပြီး သေသွားလောက်ပြီ။ ကျွန်မက အကြွေးအတင်ဆုံးက မိဘတွေအပေါ်မှာ မဟုတ်ပါဘူး၊ ဘုရားသခင်အပေါ်မှာပါ။ မိဘတွေရဲ့ ကျေးဇူးကို ဆပ်ဖို့အတွက် ကျွန်မ အသက်မရှင်သင့်ဘူး၊ ဘုရားသခင် ကျေနပ်အောင် ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်သင့်တာ။ ဒါကို နားလည်သွားတဲ့အခါ မိဘတွေပေးတဲ့ မေတ္တာနဲ့ ဂရုစိုက်မှုအပေါ် မှန်မှန်ကန်ကန် သဘောထားပြုမူနိုင်ခဲ့တယ်။
နောက်ပိုင်းမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ထပ်ဖတ်ခဲ့တယ်၊ “ပထမအနေဖြင့် လူအများစုသည် မိမိတို့၏ မိဘများအနားတွင် နေထိုင်ပြုစုစောင့်ရှောက်ပြီး အတူမနေပေးနိုင်ဘဲ ၎င်းတို့ကို ခွဲခွာသွားရန် တွန်းအားပေးနေသည့် ပိုမိုကျယ်ပြန့်သော ပြင်ပအခြေအနေအရပ်ရပ်ကြောင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် အိမ်မှ ထွက်ခွာသွားဖို့ ရွေးချယ်ကြခြင်း ဖြစ်၏။ ထိုသူတို့အနေဖြင့် မိမိတို့ မိဘများကို စွန့်ခွာရန် လိုလိုလားလား ရွေးချယ်ကြခြင်း မဟုတ်ပေ။ ဤသည်မှာ ဓမ္မဓိဋ္ဌာန်ကျသော အကြောင်းပြချက်တစ်ခုဖြစ်သည်။ အခြားတစ်ဖက်တွင် မိမိ၏ ဆန္ဒအလျောက် ပြောရလျှင် သင်သည် မိမိ၏ မိဘများအပေါ် မိမိ၏ ဝတ္တရားများကို ရှောင်ရှားရန်အတွက် သင်၏ တာဝန်များကို သွားရောက် ထမ်းဆောင်ခြင်းမဟုတ်ဘဲ ဘုရားသခင်၏ ခေါ်ဆောင်ခြင်းကြောင့် သင်၏ တာဝန်များကို ထမ်းဆောင်ရန် ထွက်သွားခြင်း ဖြစ်သည်။ ဘုရားသခင်၏ အမှုတော်နှင့် ပူးပေါင်းဆောင်ရွက်ရန်အလို့ငှာ သူ၏ ခေါ်ဆောင်ခြင်းကို လက်ခံရန် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရန်အလို့ငှာ သင်၏ မိဘများကို စွန့်ခွာရန်မှလွဲ၍ သင်၌ ရွေးချယ်စရာ မရှိခဲ့ပေ။ ၎င်းတို့ကို အဖော်ပြုပေးပြီး စောင့်ရှောက်ရန် ၎င်းတို့ နံဘေးတွင် သင် မနေနိုင်ပေ။ ဝတ္တရားများကို ရှောင်ရှားရန် ၎င်းတို့ကို သင် စွန့်ခွာခဲ့ခြင်း မဟုတ်၊ မှန်သလော။ သင်၏ ဝတ္တရားများကို ရှောင်ရှားရန် ၎င်းတို့ကို စွန့်ခွာခြင်းနှင့် ဘုရားသခင်၏ ခေါ်ဆောင်ခြင်းကို ခံယူကာ သင်၏ တာဝန်ကိုထမ်းဆောင်ရန် ၎င်းတို့ကို စွန့်ခွာရခြင်းဟူသည့် ဤအရာများသည် မတူကွဲပြားသည့် သဘာဝနှစ်ခုနှင့် သက်ဆိုင်သည် မဟုတ်လော။ (သက်ဆိုင်ပါသည်။) သင်၏ စိတ်နှလုံးတွင် သင့်မိဘများအတွက် စိုးရိမ်ပူပန်မှုများ ရှိနေပြီး ၎င်းတို့ကို သင် လွမ်းဆွတ်မှု ရှိသည်မှာ အမှန်ဖြစ်သည်။ သင်၏ ခံစားချက်များက ဗလာ မရှိပေ။ ပြင်ပ အခြေအနေများက အခွင့်ပေးပြီး သင်၏ တာဝန်ကို ထမ်းဆောင်ရင်း ၎င်းတို့ နံဘေးတွင် သင် နေနိုင်လျှင်၊ သင်သည် ၎င်းတို့ကို ပုံမှန် စောင့်ရှောက်ကာ သင်၏ ဝတ္တရားများကို ဖြည့်ဆည်းရင်း ၎င်းတို့ နံဘေးတွင်နေရန် လိုလားနေပေမည်။ သို့ရာတွင် ဓမ္မဓိဋ္ဌာန်ကျသော အခြေအနေများကြောင့် ၎င်းတို့ကို သင် စွန့်ခွာရမည်ဖြစ်ပြီး ၎င်းတို့အနားတွင် သင် မနေပေးနိုင်ပေ။ ၎င်းတို့၏ သားသမီးအနေဖြင့် သင်၏ ဝတ္တရားများကို သင် မဖြည့်ဆည်းချင်သောကြောင့် မဟုတ်ဘဲ မဖြည့်ဆည်းနိုင်သောကြောင့် ဖြစ်သည်။ ဤအရာသည် သဘာဝအားဖြင့် ကွဲပြားသည် မဟုတ်လော။ (ကွဲပြားပါသည်။) သင်၏ မိဘများအတွက် သားသမီးဝတ် ကျေပွန်ခြင်းနှင့် သင်၏ ဝတ္တရားများကို ဖြည့်ဆည်းခြင်းအား ရှောင်ရှားရန် သင် အိမ်ကို စွန့်ခွာခဲ့လျှင် ယင်းမှာ သားသမီးဝတ် မကျေပွန်ခြင်းနှင့် လူ့သဘာဝ ကင်းမဲ့ခြင်း ဖြစ်သည်။ သင်၏ မိဘများက သင့်ကို ပြုစုပျိုးထောင်ခဲ့သော်လည်း သင်သည် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ကာ ကိုယ့်လမ်းကိုယ် သီးခြားအမြန်ဆုံး သွားချင်နေကြသည်။ သင်၏ မိဘများကို သင် မမြင်လိုသည့်အပြင် ၎င်းတို့ ကြုံရသည့် အခက်အခဲတစ်ခုခုနှင့်ပတ်သက်၍ ကြားသည့်အခါ သင်သည် အရေးမစိုက်ပေ။ ကူညီရန် နည်းလမ်း သင့်တွင် ရှိလျှင်ပင် သင် မကူညီ။ မကြားသလိုသာ ဟန်ဆောင်ပြီး အခြားသူများအား သင့်အကြောင်း ပြောလိုသည့် မည်သည့်အရာကိုမဆို ပြောခွင့်ပေးလိုက်သည်။ သင်၏ ဝတ္တရားများကို သင် တကယ်ကို မဖြည့်ဆည်းလိုပေ။ ဤသည်မှာ သားသမီးဝတ်မကျေပွန်ခြင်း ဖြစ်၏။ သို့ရာတွင် ယခု ဤသို့ ဖြစ်သလော။ (မဟုတ်ပါ။) များစွာသော လူတို့သည် ၎င်းတို့ တာဝန်များကို ထမ်းဆောင်ရန် ၎င်းတို့၏ ခရိုင်များ၊ မြို့များ၊ ပြည်နယ်များ၊ သို့မဟုတ် ၎င်းတို့၏ နိုင်ငံများကိုပင် စွန့်ခွာကြပြီးဖြစ်သည်။ ၎င်းတို့သည် မိမိတို့ ဇာတိမြို့များမှ အလှမ်းဝေးနှင့်ကြပေသည်။ ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် ၎င်းတို့၏ မိသားစုများနှင့် ဆက်သွယ်နေရန် ၎င်းတို့အတွက် အဆင်မပြေပေ။ ၎င်းတို့သည် ဇာတိမြို့တစ်မြို့တည်းမှလာသည့် လူများထံမှ မိမိတို့ မိဘများ၏ လက်ရှိ အခြေအနေအကြောင်းကို ရံဖန်ရံခါ မေးမြန်းကြပြီး ၎င်းတို့၏ မိဘများက ကျန်းမာကာ အဆင်ပြေနေကြောင်းကို ကြားသည့်အခါ စိတ်သက်သာရာရကြသည်။ အမှန်တွင် သင်သည် သားသမီးဝတ် မကျေပွန်ခြင်း မဟုတ်။ သင်သည် သင်၏ မိဘများကို ပြုစုစောင့်ရှောက်ရန် သို့မဟုတ် ၎င်းတို့အပေါ် သင်၏ တာဝန်များကို ဖြည့်ဆည်းရန်ပင် အလိုမရှိသည့် လူ့သဘာဝ မရှိသော အဆင့်သို့ ရောက်ရှိသွားခြင်းမျိုး မဟုတ်ပေ။ သင်၏ ဝတ္တရားများကို မဖြည့်ဆည်းနိုင်သည့် အမျိုးမျိုးသော ဓမ္မဓိဋ္ဌာန်ကျသော အကြောင်းအရင်းများကြောင့် ဖြစ်သည်။ ဤအရာက သင်သည် သားသမီးဝတ် မကျေပွန်ဟု ဆိုလိုခြင်း မဟုတ်ပေ။ ဤသည်တို့မှာ အကြောင်းရင်းနှစ်ခု ဖြစ်သည်။ နောက်ထပ် အကြောင်းရင်းတစ်ခုလည်း ရှိသေး၏။ သင်၏ မိဘများသည် သင့်ကို အထူးသဖြင့် နှိပ်စက်သည့် သို့မဟုတ် ဘုရားသခင်၌ သင်၏ ယုံကြည်မှုကို ပိတ်ဆို့တားဆီးသည့် လူစားမျိုးများ မဟုတ်လျှင်၊ ဘုရားသခင်၌ သင်၏ ယုံကြည်မှုကို ၎င်းတို့ အားပေးလျှင်၊ သို့မဟုတ် ၎င်းတို့သည် သင်ကဲ့သို့ ဘုရားသခင်ကို ယုံကြည်သည့် ညီအစ်ကို မောင်နှမများဖြစ်လျှင် ၎င်းတို့ကိုယ်တိုင်က ဘုရားအိမ်တော်သားများ ဖြစ်လျှင် သင်၏ မိဘများအကြောင်းကို တွေးမိသည့်အချိန်တွင် သင်တို့ထဲမှ မည်သူသည် စိတ်ထဲ၌ ဘုရားသခင်ထံ တိတ်တဆိတ် ဆုမတောင်းဘဲနေသနည်း၊ ထို့အပြင် သင်တို့ထဲမှ မည်သူသည် သင့်မိဘများ၏ ကျန်းမာရေး၊ ဘေးကင်းလုံခြုံမှုနှင့် ၎င်းတို့၏ ဘဝလိုအပ်ချက်များအားလုံးကို ဘုရားလက်ထဲသို့ အပ်နှံခြင်း မရှိသနည်း။ သင်၏ မိဘများကို ဘုရားလက်ထဲသို့ အပ်နှံခြင်းသည် ၎င်းတို့ကို သားသမီးဝတ်ဆိုင်ရာ လေးစားမှုပြသရန် အကောင်းဆုံး နည်းလမ်းဖြစ်၏။ သင်သည် ၎င်းတို့အား ၎င်းတို့၏ ဘဝများတွင် အခက်အခဲမျိုးစုံကို ရင်မဆိုင်ရစေလိုသည့်အပြင် ၎င်းတို့အနေဖြင့် ဘဝတွင် ကောင်းကောင်းမနေထိုင်ရခြင်းကို မဖြစ်စေလိုပေ၊ အစားအသောက် ဆင်းရဲခြင်း သို့မဟုတ် ကျန်းမာရေးညံ့ဖျင်းခြင်း သင် မဖြစ်စေလိုပေ။ သင်၏ စိတ်နှလုံးထဲတွင် ဘုရားသခင်က ၎င်းတို့ကို ကွယ်ကာပြီး ဘေးကင်းလုံခြုံအောင် ထားလိမ့်မည်ဟု သင် မျှော်လင့်ပေသည်။ ၎င်းတို့က ဘုရားသခင်ကို ယုံကြည်သူများဖြစ်လျှင် ၎င်းတို့၏ ကိုယ်ပိုင် တာဝန်များကို ထမ်းဆောင်နိုင်မည်ဟု သင် မျှော်လင့်ပြီး ၎င်းတို့၏ သက်သေခံချက်တွင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်မည်ဟုလည်း သင် မျှော်လင့်ပေသည်။ ဤသည်မှာ မိမိ၏ တာဝန်များကို ဖြည့်ဆည်းခြင်း ဖြစ်သည်။ လူတို့သည် မိမိတို့ကိုယ်ပိုင် လူ့သဘာဝဖြင့်သာ ဤမျှ စွမ်းဆောင်ရရှိနိုင်ပေသည်။ ထို့အပြင် အရေးအကြီးဆုံးသောအရာမှာ ဘုရားသခင်ကို နှစ်ချီယုံကြည်ပြီး အလွန်များသည့် သမ္မာတရားများကို နားထောင်ပြီးသည့်နောက်တွင် လူတို့သည် ဤသို့ အနိမ့်ဆုံးသိနားလည်မှုနှင့် သဘောပေါက်မှု ရှိကြလေသည်။ လူ၏ ကံကြမ္မာကို ကောင်းကင်ဘုံက သတ်မှတ်သည်၊ လူသည် ဘုရားသခင်၏ လက်တွင် အသက်ရှင်ပြီး ဘုရားသခင်၏ စောင့်ရှောက်ခြင်းနှင့် ကွယ်ကာခြင်းတို့ ရခြင်းသည် အကြင်သူ၏ သားသမီးများ၏ ပူပန်မှုများ၊ သားသမီးဝတ်ကျေပွန်ခြင်း သို့မဟုတ် အဖော်ပြုခြင်းတို့ထက် များစွာ သာ၍ အရေးကြီးပေသည်။ သင်၏ မိဘများက ဘုရားသခင်၏ စောင့်ရှောက်ခြင်းနှင့် ကွယ်ကာမှုအောက်တွင်ရှိသည်မှာ သင် စိတ်သက်သာရာမရသလော။ ၎င်းတို့နှင့် ပတ်သက်၍ သင် စိုးရိမ်ရန် မလိုအပ်ပေ။...မည်သို့ပင်ဖြစ်စေ ဓမ္မဓိဋ္ဌာန်ကျသော အခြေအနေများကြောင့် မိဘများအပေါ် ၎င်းတို့၏ တာဝန်များကို မဖြည့်ဆည်းနိုင်သည့်အခါ ၎င်းတို့သည် အပြစ်ရှိသည်ဟု မခံစားသင့်ပေ၊ သို့မဟုတ် ၎င်းတို့၏ အသိစိတ်ထဲတွင် အစဉ်သဖြင့် လိပ်ပြာမလုံခြင်းကို မခံစားသင့်ပေ။ သင်သည် အပြစ်ရှိသည်ဟု အနည်းငယ် ခံစားရပါက သို့မဟုတ် သင်၏ အသိစိတ်ထဲတွင် အနည်းငယ် လိပ်ပြာမလုံခြင်းကို ခံစားရပါက ယင်းကို ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းနှင့် ဘုရားသခင်နောက်သို့ လိုက်လျှောက်ခြင်းအပေါ် ဒုက္ခပေးပြီး ဟန့်တားသည့်အရာတစ်ခု ဖြစ်လာခွင့် မပြုသင့်ပေ။ ဉာဏ်ကောင်းသော လူများသည် ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုများကို လက်လွှတ်သင့်သည်၊ မိဘများအပေါ် ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းခြင်းနှင့်ဆိုင်သော ပြဿနာကို မှန်ကန်စွာ ချဉ်းကပ်သင့်ပြီး ဤအရာက ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းနှင့် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းအပေါ် အကျိုးသက်ရောက်မှု မရှိစေရဟူသည့် စည်းမျဉ်းကို အခြေခံ၍ ၎င်းတို့၏ တာဝန်များကို အနည်းငယ် ဖြည့်ဆည်းရန် ၎င်းတို့ တတ်စွမ်းသမျှ လုပ်ဆောင်သင့်သည်။ ယင်းမှာ လုံလောက်ပေသည်။ ၎င်းတို့သည် လူထု၏ ထင်မြင်ယူဆချက်နှင့် ၎င်းတို့၏ အသိစိတ်ထဲရှိ လိပ်ပြာမလုံသည့် ခံစားချက်များ၏ လွှမ်းမိုးမှုကို အစဉ်သဖြင့် မခံသင့်ပေ။ ၎င်းတို့သည် ဤပြဿနာများကို ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားကို အခြေခံ၍ ဖြေရှင်းသင့်သည်။ ဤနည်းအားဖြင့် ဤကိစ္စရပ်များနှင့်ပတ်သက်လာလျှင် လူတို့သည် နှောင့်ယှက်ခံရမည် မဟုတ်ပေ၊ သို့မဟုတ် ဘောင်ခတ်ခံရမည် မဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၆)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မရဲ့ ဝိညာဉ်ကို လွတ်မြောက်မှုရအောင် ကူညီပေးခဲ့တယ်၊ ပြီးတော့ တကယ့် သားသမီးဝတ်မကျေပွန်တဲ့ အပြုအမူက ဘာလဲဆိုတာကို ကျွန်မ နားလည်သွားတယ်။ သားသမီးတွေမှာ မိဘတွေကို ပြုစုစောင့်ရှောက်ဖို့ အခြေအနေတွေ ရှိနေတာ ရှင်းနေရဲ့သားနဲ့ ကိုယ့်သာယာမှုအတွက်ပဲ ဂရုစိုက်ပြီး ကိုယ့်တာဝန်တွေကို ရှောင်လွှဲတယ်၊ မိဘတွေကို လျစ်လျူရှုတဲ့အခါ အဲဒါက အသိစိတ် ကင်းမဲ့တာပဲ။ သားသမီးဝတ်မကျေပွန်တာပဲ။ ဒါပေမဲ့ ကျွန်မ မိဘတွေကို မပြုစုနိုင်တာက ကိုယ့်တာဝန်ကို ရှောင်လွှဲနေတာ မဟုတ်သလို သူတို့ကို မရိုသေချင်လို့လည်း မဟုတ်ဘူး။ စီစီပီရဲ့ နှိပ်ကွပ်မှုကြောင့် အိမ်မပြန်နိုင်လို့သာ ဖြစ်တယ်။ နောက်ပြီး မိဘတွေကလည်း ဘုရားသခင်ကို ယုံကြည်ကြတယ်လေ၊ ကျွန်မအပေါ် သူတို့ရဲ့ အကြီးမားဆုံး မျှော်လင့်ချက်က သူတို့အိုမင်းလာချိန်မှာ ထောက်ပံ့ပေးဖို့၊ ဒါမှမဟုတ် သူတို့ဘဝရဲ့ လက်ကျန်အချိန်တွေမှာ ပြုစုစောင့်ရှောက်ပေးဖို့ မဟုတ်ဘူး၊ ဒါပေမဲ့ ဘုရားသခင်ကို ယုံကြည်ပြီး ကိုယ့်တာဝန်ကို သေချာ ထမ်းဆောင်ဖို့၊ ပြီးတော့ မှန်ကန်တဲ့ ဘဝလမ်းကြောင်းကို လျှောက်လှမ်းဖို့ပါပဲ။ ဒါကြောင့် ကျွန်မ အပြစ်ရှိသလို ခံစားနေစရာ မလိုဘူး၊ ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်တာက မိဘတွေကို ကျွန်မပေးနိုင်တဲ့ အကြီးမားဆုံးသော နှစ်သိမ့်မှုပါပဲ။ တစ်ချိန်တည်းမှာပဲ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေထဲမှာ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခုကိုလည်း တွေ့ရှိခဲ့တယ်၊ အဲဒါက မိဘတွေကို ဘုရားသခင်ရဲ့ လက်တော်ထဲ အပ်နှံပြီး သူတို့ကို ဘုရားသခင် ဦးဆောင်တာကို ခွင့်ပြုဖို့ပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မ အဖော်လုပ်ပေးတာနဲ့ ဂရုစိုက်တာတွေက အပေါ်ယံ စိုးရိမ်မှုတွေသာ ဖြစ်ပြီး ဘာ လက်တွေ့ကျတဲ့ အကျိုးသက်ရောက်မှုမှ မရှိလို့ပါပဲ။ အဖေ ခါးနာတုန်းကလိုမျိုးပေါ့။ ကျွန်မ အလွန်ဆုံးလုပ်ပေးနိုင်တာက သူ့ကို “ဂွါရှာ” ကြေးခြစ်ပေးတာနဲ့ ဆေးပလာစတာတွေ ဝယ်ပေးတာပဲ။ ဒါပေမဲ့ သူ ရင်ဘတ်အောင့်ရောဂါ ဖြစ်တဲ့အခါ ကျွန်မ ဘာမှ လုပ်ပေးနိုင်တာမရှိဘဲ အဲဒီမှာ ရပ်နေရုံကလွဲလို့ ဘာမှ မတတ်နိုင်ခဲ့ပါဘူး။ သူ့နာကျင်မှုကို နည်းနည်းလေးတောင် သက်သာအောင် မလုပ်ပေးနိုင်ခဲ့ဘူး။ ကျွန်မ မိဘတွေနဲ့ အတူရှိရှိ၊ မရှိရှိ သူတို့ နေမကောင်းဖြစ်သင့်တဲ့အချိန်မှာ ဖြစ်မှာပဲ၊ ကျန်းမာသင့်တဲ့အချိန်မှာ ကျန်းမာနေမှာပဲ။ ကျွန်မ သူတို့နဲ့ အတူရှိနေတာနဲ့ပဲ ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ဘူး။ ဒါကြောင့် သူတို့ကို ဘုရားသခင်ရဲ့ လက်တော်ထဲ အပ်နှံလိုက်တာက အမြော်အမြင် အရှိဆုံး ရွေးချယ်မှုပဲ။ အခု မိဘတွေက ရောဂါဝေဒနာတချို့ကို ခံစားနေရပေမဲ့ သူတို့က အတူတူရှိနေတော့ အချင်းချင်း ပြုစုစောင့်ရှောက်နိုင်တယ်၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ ပတ်သက်ပြီး အချင်းချင်း မိတ်သဟာယဖွဲ့နိုင်ကြတော့ သူတို့ရဲ့ ဝိညာဉ်တွေက ဝမ်းမြောက်နေကြတယ်။ ဒါက ဘယ်လို ဂရုစိုက်မှု၊ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ပျော်မွေ့မှုမျိုးနဲ့မှ အစားထိုးလို့မရတဲ့ အရာပဲ၊ ပြီးတော့ သူတို့ကို ဘုရားသခင်ဆီ အပ်နှံထားရလို့ ကျွန်မ စိတ်အေးရပါတယ်။
အရင်တုန်းကဆိုရင် ကျွန်မက စာတန်ဆန်တဲ့ အဆိပ်အတောက်တွေရဲ့ ဒုက္ခပေးတာ၊ တုပ်နှောင်တာကို ခံခဲ့ရပြီး မိဘတွေကို ကျွန်မရဲ့ အကြွေးရှင်တွေလို မှတ်ယူခဲ့တယ်၊ သူတို့ကို မပြုစုပေးနိုင်လို့ အပြစ်ရှိသလို အမြဲ ခံစားနေခဲ့ရတာ။ အခုတော့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မ ဝိညာဉ်ရဲ့ သံကြိုးတွေကို ဖြုတ်ချပေးလိုက်ပြီဖြစ်လို့ ကျေးဇူးတရားတွေရဲ့ ချည်နှောင်တာကို ကျွန်မ မခံရတော့ပါဘူး။ ဘုရားသခင်ကို ကျွန်မ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ ကျွန်မ မိဘတွေနဲ့ အဆက်အသွယ် မလုပ်နိုင်တာ အခုဆိုရင် တော်တော်ကြာပါပြီ။ သူတို့ ဘယ်လိုနေကြလဲဆိုတာ ကျွန်မ မသိဘူး။ ဒါပေမဲ့ သူတို့ရှေ့ဆက်လျှောက်ရမဲ့ လမ်းခရီးမှာ ဘုရားသခင်က သူတို့ကို ဘယ်လိုလမ်းပြပေးမလဲဆိုတာကို တွေးမိတဲ့အခါ ကျွန်မစိတ်ထဲ အများကြီး ပိုပြီး သက်သာရာရသွားတယ်၊ ပြီးတော့ ကျွန်မရဲ့ အချိန်နဲ့ ခွန်အားတွေကို ကိုယ့်တာဝန်မှာ မြှုပ်နှံထားဖို့ လိုလားသွားပါပြီ။ ဘုရားသခင် ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။
ကျန်းရှောင်၊ တရုတ်ပြည်ကျွန်မ ငယ်ငယ်တုန်းက ကျွန်မတို့မိသားစုက တော်တော် ဆင်းရဲပါတယ်။ မိဘတွေက ကျွန်မရဲ့ ပညာရေးကို ထောက်ပံ့ဖို့ ပင်ပင်ပန်းပန်း...
၂၀၂၃ခုနှစ် ဇွန်လမှာ ဧဝံဂေလိအလုပ် လိုအပ်ချက်တွေကြောင့် တာဝန်ထမ်းဆောင်ဖို့ အိမ်ကထွက်တော့မလို့ပဲ။ အချိန်အတော်ကြာတဲ့အထိ...
၂၀၁၂ မှာ ကျွန်မတို့ တစ်မိသားစုလုံး အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလအမှုတော်ကို လက်ခံခဲ့ကြတယ်။ ဘုရားနှုတ်ကပတ်တော်တွေကနေ၊...
ရွှီကျွမ်၊ တရုတ်ပြည်ကျွန်မက လယ်သမားမိသားစုကနေ မွေးဖွားလာခဲ့တာပါ။ ကျွန်မတို့က သိပ်ပြည့်စုံကြွယ်ဝတာမျိုး မရှိခဲ့ပါဘူး။ အသက် ၅ နှစ်မှာ အဖေက...