ကျွန်ုပ်တို့ မိဘများ၏ ပြုစုပျိုးထောင်ပေးသော ကြင်နာမှုကို မည်သို့မှတ်ယူရမည်နည်း
၂၀၁၂ မှာ ကျွန်မတို့ တစ်မိသားစုလုံး အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလအမှုတော်ကို လက်ခံခဲ့ကြတယ်။ ဘုရားနှုတ်ကပတ်တော်တွေကနေ၊ ဘုရားကို တကယ် ယုံကြည်တာက ဘာကိုဆိုလိုလဲဆိုတာ ကျွန်မ နားလည်ခဲ့သလို၊ လူတစ်ဦးစီမှာ ဒီလောကမှာ ဘဝပေးတာဝန်တစ်ခုရှိတယ်ဆိုတာကိုလည်း နားလည်ခဲ့တယ်။ ဘဝမှာ၊ လူတွေက သမ္မာတရားကို လိုက်စားပြီး ဖန်ဆင်းခံတွေအနေနဲ့ သူတို့တာဝန်တွေကို လုပ်ရမယ်။ ဒါကြောင့် ကျွန်မအလုပ်ကို စွန့်ပြီး ကျွန်မတာဝန်ကို လုပ်ဖို့ အသင်းတော်ဆီ လာခဲ့တယ်။
အဲဒီတုန်းက နေ့တိုင်း ဧဝံဂေလိ ဖြန့်ဖို့ ကျွန်မ အပြင်ထွက်ပြီး၊ ကျွန်မအဖေကို ရံဖန်ရံခါ တွေ့ဖို့ပဲ အိမ်ပြန်ခဲ့တယ်။ ကျွန်မအဖေ ကျန်းမာရေး ချူချာတာကို မြင်တော့၊ သူ့ရဲ့ ပန်းနာရောဂါ ပြန်ထနေမှန်း ကျွန်မ သိလိုက်တယ်။ အရင်တုန်းကဆိုရင်၊ ဆေးနည်းနည်း သောက်တာ၊ ဆေးထိုးတာလောက်ပဲ သူ လုပ်ဖို့ လိုခဲ့တာလေ။ ဒီတစ်ခါလည်း အရင်လိုပဲ အခက်အခဲမရှိ သူ ကျော်ဖြတ်နိုင်မယ်လို့ ကျွန်မ ထင်ခဲ့တယ်။ ဒါပေမဲ့ အဲဒါပြီးတော့ သိပ်မကြာဘူး၊ ကျွန်မ အဖေဆုံးတဲ့ သတင်း ကျွန်မ ကြားလိုက်ရတယ်။ ကျွန်မအစ်ကိုက ဖုန်းကနေ ပြောတယ်။ “အဖေ မရှိတော့ဘူး”တဲ့။ ဒီစကားတွေကို ကြားတော့ ကျွန်မ နှလုံးကြေကွဲရသလို၊ မျက်ရည်တွေ မရပ်မနား စီးကျလာတယ်။ ကျွန်မ အိမ်ရောက်တော့၊ ကျွန်မရဲ့ အဒေါ်က အပြစ်တင်သံနဲ့ ပြောတယ်။ “နင် ဆေးပညာလေ့လာခဲ့တယ်။ နင့်အဖေမှာ ပန်းနာရောဂါရှိမှန်း နင်သိတယ်။ ဒါဆို ဘာလို့ သူ့ကို နင် အောက်စီဂျင် ကုထုံးနဲ့ မကုခဲ့တာလဲ။ အဲဒါဆို သူ စောစော သေမှာ မဟုတ်ဘူး”တဲ့။ အဲဒါကိုကြားတော့ ကျွန်မ စိတ်နှလုံးက ပိုလို့တောင် ဆုတ်ချေခံရသလို ဖြစ်လာတယ်။ ကျွန်မအဖေအပေါ် အကြွေးတွေနဲ့ ပြည့်နေခဲ့တယ်။ သူ့ကိုသာ ကျွန်မ နည်းနည်း ပိုစဉ်းစားပေးခဲ့ရင်၊ သူက တကယ်ပဲ အရမ်းကို စောစော ကွယ်လွန်သွားပါ့မလားပေါ့။ ကျွန်မအဒေါ်က ကျွန်မလက်ကို ကိုင်ပြီး ပြောတယ်။ “နင့်မိဘတွေက သူတို့ သားသမီးတွေအားလုံးထဲမှာ နင့်အတွက် အများဆုံးပေးဆပ်ခဲ့တယ်။ အခု နင့်အဖေ မရှိတော့သလို၊ နင်က သူ့အပေါ် သားသမီးဝတ်ကျေဖို့ အခွင့်အရေး မရှိတော့ဘူး။ အနာဂတ်မှာ နင့်အမေကို နင် ကောင်းကောင်း စောင့်ရှောက်ပေးရမယ်”တဲ့။ ကျွန်မ တိတ်တိတ်လေး ခေါင်းညိတ်မိတယ်။ ကျွန်မ မိဘတွေက ကျွန်မကို လူလားမြောက်အောင် သွန်သင်ခဲ့ပုံ၊ ပညာသင်ပေးခဲ့ပြီး၊ ကျွန်မကို ဂုဏ်ယူစရာ အရင်းအမြစ်တစ်ခုလို သဘောထားခဲ့ပုံတွေကို တွေးမိတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်အတွက် ဘာတစ်ခုမှ ကျွန်မ မလုပ်နိုင်ခင်မှာပဲ ကျွန်မအဖေ ဆုံးသွားတယ်။ ကျွန်မအမေကို စောင့်ရှောက်တဲ့တာဝန်ကို ကျွန်မ ယူရမယ်။ သူ့ကို ဆင်းရဲဒုက္ခခံစားခွင့်ပေးလို့ မရဘူး။ အဲဒီနောက်မှာ ကျွန်မတာဝန်ကို ကျွန်မ နေ့တိုင်း လုပ်နေခဲ့ပေမဲ့၊ ကျွန်မမှာ အားလပ်တဲ့အချိန်ရှိတိုင်း၊ ကျွန်မ တွေးတယ်။ “ငါ အလုပ်မရ၊ ငွေလည်းမရှာနိုင်ဖြစ်ရင် အနာဂတ်မှာ ငါ့အမေ ဘယ်လိုအသက်ရှင်မှာလဲ။ ငါ့အမေကို မစောင့်ရှောက်နိုင်ဘဲ တခြားအရာကိုပဲ ကိုယ့်ဘာသာ လုပ်နေပြီး နောင်တချန်ခဲ့ရင်၊ ငါ့တစ်ဘဝလုံး နောင်တရနေတော့မှာပဲ”လို့ပေါ့။ အဲဒါနဲ့ နေ့တိုင်း ကျွန်မတာဝန်ကို ပြီးသွားတဲ့အခါ ကျွန်မ အလုပ်စရှာတယ်။
၂၀၁၃ ခုနှစ် မတ်လမှာ ကျွန်မ အလုပ်တစ်ခုတွေ့ပြီး၊ အလုပ်သွားလုပ်ဖို့ အဆင်သင့်ဖြစ်နေခဲ့တယ်။ ဒါပေမဲ့ ကျွန်မကို ဧည့်ခံနေတဲ့ ညီအစ်မရဲ့ အိမ်ကနေ ထွက်လိုက်တဲ့အချိန်မှာပဲ၊ ကျွန်မ အရမ်းကို ဝမ်းနည်းလာတယ်။ ကျွန်မခေါင်းထဲမှာ ဓမ္မတေးတစ်ပုဒ် ထပ်ခါထပ်ခါ ပဲ့တင်ထပ်နေခဲ့တယ်။ “အပြစ်ဒုစရိုက်ထဲ လဲကျခဲ့သော်လည်း အလင်းတွင် ပြန်ထမြောက်။ ကိုယ်တော်၏ ချီးမြှောက်မှုကို လက်ခံရရှိလျက် ကျွန်ုပ် ကျေးဇူးတင်လိုက်လေခြင်း။ လူ့ဇာတိခံဘုရားသခင် ဆင်းရဲဒုက္ခခံရ၊ ဖောက်ပြန်ပျက်စီးသောသူတစ်ဦးဖြစ်သည့် ကျွန်ုပ် မည်မျှ ပိုခံသင့်သနည်း။ မှောင်မိုက်ကို ကျွန်ုပ် အလျှော့ပေးသင့်သလား။ ဘုရားကို ကျွန်ုပ် ဘယ်လို မြင်နိုင်မည်နည်း။ ကိုယ်တော့်နှုတ်ကပတ်တော်များကို အောက်မေ့ဆင်ခြင်သည့်အခါ ယင်းတို့က ကျွန်ုပ်အား ကိုယ်တော်ရှင်ကို တမ်းတစေ။ ကိုယ်တော်၏မျက်နှာတော်ကို မြင်ချိန်တိုင်း ကျွန်ုပ်သည် အပြစ်ရှိသောစိတ်၊ လေးစားမှုတို့ဖြင့် ပြည့်နှက်။ လွတ်လပ်မှုဟုဆိုသောအရာကို ရှာဖွေလျက် ကိုယ်တော့်ကို ကျွန်ုပ် ဘယ်လို စွန့်လွှတ်နိုင်မည်နည်း။...” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ၊ ကိုယ်တော်ရှင်ရဲ့သတင်းကောင်းကို စောင့်မျှော်ခြင်း) ဒီသီချင်းကို ညည်းရင်းနဲ့ ကျွန်မ ဝမ်းနည်းမှုတွေနဲ့ ပြည့်သွားတယ်။ “လွတ်လပ်မှုဟုဆိုသောအရာကို ရှာဖွေလျက် ကိုယ်တော့်ကို ကျွန်ုပ် ဘယ်လို စွန့်လွှတ်နိုင်မည်နည်း” ဆိုတဲ့ စာကြောင်းကို ရောက်တဲ့အခါ ကျွန်မ မျက်နှာက မျက်ရည်တွေနဲ့ ဖုံးနေခဲ့ပြီ။ အရင်တုန်းက၊ အနှစ်မဲ့ပြီး နာကျင်မှုနဲ့ ကျွန်မ အသက်ရှင်ခဲ့တယ်။ ဘဝမှာ ဦးတည်ချက် ဒါမှမဟုတ် ကျွန်မရဲ့ ဖြစ်တည်မှုအတွက် ရည်ရွယ်ချက် မရှိခဲ့ဘူး။ ဒီလိုလူပင်လယ်ကြီးထဲကနေ ကျွန်မကို ရွေးချယ်ခဲ့တာ ဘုရားသခင်ပဲ။ ပြီးတော့ သူ့နှုတ်ကပတ်တော်တွေကို ကြားပြီး၊ ဘဝရဲ့ အဓိပ္ပာယ်ကို နားလည်ရလောက်အောင် ကျွန်မကို သူကံကောင်းစေခဲ့တယ်။ ဒါဟာ ဘုရားက သူ့ကျေးဇူးတော်ကို ကျွန်မကို ပြနေတာပါပဲ။ ဒါပေမဲ့ အလုပ်တစ်ခုရပြီး ငွေရှာဖို့ ကျွန်မတာဝန်ကို ကျွန်မ အရမ်းကို မြန်မြန်ဆန်ဆန် စွန့်လွှတ်ခဲ့တယ်။ ဘုရားကို ကျွန်မ အရမ်းအကြွေးတင်တယ်လို့ ခံစားရတယ်။ ငိုရင်းနဲ့ ဘုရားဆီ ကျွန်မ တောင်းလျှောက်တယ်။ “ဘုရားသခင်၊ ကျွန်မ အရမ်းအားနည်းပြီး၊ ကိုယ့်ကိုယ်ကိုယ် မတွန်းလှန်နိုင်ပါဘူး။ ကျေးဇူးပြုပြီး ဒီလမ်းကြောင်း မလျှောက်အောင် ကျွန်မကို တားတော်မူပါ”လို့ပေါ့။ အဲဒီအချိန်မှာပဲ အဝေးကနေ သဲမုန်တိုင်းတစ်ခု ကျွန်မ ရှိတဲ့ဘက်ကို တိုက်လာနေတာ တွေ့ရတယ်။ မကြာခင်မှာပဲ ကျွန်မက မုန်တိုင်းထဲမှာ ပိတ်မိသွားတယ်။ ကျွန်မ အသက်မရှူနိုင်ဘူး၊ ဘာကိုမှ မမြင်နိုင်ဘူး။ တဖျပ်ဖျပ်လှုပ်သံကို ကျွန်မ ကြားရတယ်။ တစ်ခုခုကို လေထဲမှာ စုပ်ယူသွားသလိုမျိုးပဲ။ အဲဒီအချိန်မှာ ကျွန်မခေါင်းထဲ အတွေးတစ်ခုပဲ ရှိတယ်။ “ပြေး”ဆိုတာပေါ့။ ချက်ချင်းပဲ၊ ကျွန်မရဲ့ လျှပ်စစ်စက်ဘီးကို ပစ်ချပြီး ရှေ့ကို ကျွန်မပြေးတယ်။ ကိုက်နည်းနည်းပဲ ပြေးရသေးတဲ့အချိန်မှာပဲ ကျွန်မနောက်မှာ ကျယ်လောင်တဲ့အသံကို ကြားလိုက်ရတယ်။ ကျွန်မ မျက်လုံးတွေကို ကာလိုက်ပြီး မကြည့်ရဲဘူး။ ကျွန်မ စိတ်နှလုံးထဲမှာ ဆုတောင်းပြီး ကျွန်မကို ကွယ်ကာဖို့ ဘုရားဆီ တောင်းလျှောက်တာပဲ လုပ်နိုင်တယ်။ နည်းနည်းကြာပြီးတဲ့နောက်၊ သဲမုန်တိုင်းက ငြိမ်းသွားတယ်။ အဲဒီအခါမှပဲ ကျွန်မရဲ့ လျှပ်စစ်စက်ဘီးက သိပ်မဝေးတဲ့နေရာမှာ လဲနေတာကို တွေ့ရပြီး၊ ပျံဝဲနေတဲ့ ရောင်စုံ သံမဏိအမိုးတစ်ခုကြောင့် လမ်းဘေးက ကွန်ကရစ် တယ်လီဖုန်းတိုင်က ထက်ခြမ်းကျိုးသွားတာကို သတိထားမိလိုက်တယ်။ တယ်လီဖုန်းတိုင်က ဆယ်ကိုက်ကျော်ကို လွင့်သွားသလို သူ့ရဲ့ ကေဘယ်လ်ကြိုးတွေလည်း ပြတ်သွားတယ်။ အဲဒီတုန်းက ကျွန်မစိတ်မှာ ပြေးဖို့ သတိမရခဲ့ရင်၊ ကျွန်မ သေအောင်ကို ဖိချေခံသွားရနိုင်တယ်။ အဲဒီအချိန်မှာ ဘုရားနှုတ်ကပတ်တော်တစ်ကြောင်းက ကျွန်မ စိတ်ထဲ ပဲ့တင်ထပ်နေခဲ့တယ်။ “ကောင်းကင်၏ မီးတောက်မီးလျှံများကိုပင် သင်တို့အား ငါ ပြသပြီးဖြစ်သော်လည်း၊ ငါသည် သင်တို့ကို လောင်မြိုက်စေခြင်း မပြုရက်ပေ။...” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့အားလုံးသည် အကျင့်စရိုက် အလွန် ယုတ်ညံ့ကြသည်တကား) ဘုရားက ကျွန်မကို ကွယ်ကာခဲ့တယ်ဆိုတာနဲ့ ဒါဟာ ကျွန်မကို သူ စကားပြောပြီး သူ့ရဲ့ ရည်ရွယ်ချက်ကို ပြတဲ့နည်းလမ်းဖြစ်မှန်း ကျွန်မ သိခဲ့တယ်။ ကျွန်မစိတ်နှလုံးမှာ ဘုရားဆီ ကျွန်မ တိတ်တဆိတ် ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ ကျွန်မ ငွေရှာဖို့ အလုပ်လုပ်မှာ မဟုတ်တော့ပါဘူး။ ကိုယ်တော်ကို ကျွန်မ စွန့်မှာ မဟုတ်ဘူး”လို့ပေါ့။ ဒါပေမဲ့ နောက်နေ့ ကျွန်မ နိုးတော့၊ ထပ်ပြီးချီတုံချတုံဖြစ်နေတယ်။ ရှေ့ကိုကြည့်ရင်၊ လျှောက်ရမဲ့လမ်းကြောင်း အရှည်ကြီးရှိသေးတယ်။ ကျွန်မမှာ အလုပ်မရှိရင်၊ အနာဂတ်မှာ ကျွန်မအမေက ဘယ်လို အသက်ရှင်မှာလဲ။ ကျွန်မမိဘတွေက ကျွန်မကို ကျွေးမွေးပြုစုခဲ့ပြီး၊ သူတို့ အိုမင်းတဲ့အရွယ်မှာ ကျွန်မ သူတို့ကို ထောက်ပံ့သင့်တယ်။ ဒါပေမဲ့ ကျွန်မတာဝန်ကို စွန့်ပြီး ငွေရှာဖို့ အလုပ်တစ်ခုလုပ်တာကလည်း ကျွန်မကို အရမ်း စိတ်မကောင်းဖြစ်စေတယ်။ ဆေးရုံအလုပ်က အရမ်းအလုပ်များမှန်း ကျွန်မသိတယ်။ ဒါကြောင့် အဲဒီမှာ ကျွန်မအလုပ်သွားလုပ်ရင်၊ စုဝေးပွဲတွေ တက်ဖို့ အချိန်တောင် ရှိမှာ မဟုတ်ဘူး။ နောက်ပိုင်းမှာ၊ ကျွန်မတာဝန်ကိုလုပ်ဖို့ ကျွန်မ ထွက်သွားတယ်။ ဒါပေမဲ့ ကျွန်မအမေနဲ့ပတ်သက်လို့ မကြာမကြာ ကျွန်မ တွေးနေမိတုန်းပဲ။ ကျွန်မရဲ့ အစ်ကိုတွေမောင်တွေက သူနဲ့ရှိနေပြီး သူ့ဘဝမှာ ဘာအခက်အခဲရှိမှာ မဟုတ်တာကို သိပေမဲ့၊ သူ့ကို မစောင့်ရှောက်နိုင်တဲ့အတွက် ကျွန်မ နောင်တရပြီး သူ့ကို အကြွေးတင်သလို ခဏခဏ ခံစားရတယ်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ ဆယ်နှစ်ကုန်သွားတယ်။ တစ်ခါတော့ ပုံမှန်မဟုတ်တဲ့ အခြေအနေတချို့မှာ ကျွန်မအဖေ ဆုံးပြီးတဲ့နောက်မှာ အမေက တစ်ယောက်ထဲ နေရမဲ့ပုံရှိတာကို ကျွန်မ တွေးမိတယ်။ ဒါတွေအားလုံး မနေ့ကပဲ ဖြစ်ခဲ့သလိုမျိုး ထိန်းချုပ်ဖို့ခက်တဲ့ နာကျင်မှုတစ်ခု ကျွန်မ စိတ်နှလုံးမှာ ရှိတယ်။ ကျွန်မအဖေ မရှိတော့တာ ဆယ်နှစ်ရှိပြီ။ ဒါပေမဲ့ ကျွန်မမိဘတွေပေါ် အကြွေးတင်တဲ့စိတ်က ကျွန်မစိတ်နှလုံးထဲမှာ နက်နက်ရှိုင်းရှိုင်း ရှိနေတုန်းပဲ။ ဒီအခြေအနေကနေ ကိုယ့်ကိုယ်ကို လုံးဝ ဖယ်ရှားပစ်ချင်ခဲ့တယ်။ ဒါကြောင့် ကျွန်မမိဘတွေပေါ် အကြွေးတင်တဲ့ ဒီခံစားချက်ထဲမှာ ကျွန်မ ဘာလို့ အမြဲ အသက်ရှင်နေလဲဆိုတဲ့ အကြောင်းရင်းကို ရှာဖို့ ဘုရားရှေ့ကို ကျွန်မ လာခဲ့တယ်။
ဘုရားနှုတ်ကပတ်တော်တချို့ကို ဖတ်ပြီး၊ ကျွန်မ ပြဿနာနဲ့ပတ်သက်တဲ့ အသိအမြင်နည်းနည်း ရခဲ့ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဘာသာတရားမရှိသူများ၏ လောကတွင် ‘ကျီးကန်းများက ၎င်းတို့၏မိခင်ကို အစာကျွေးခြင်းအားဖြင့် ကျေးဇူးဆပ်သည်။ သိုးငယ်များက ၎င်းတို့၏မိခင်ထံမှ နို့ကို ရရှိဖို့ ဒူးထောက်သည်’ ဟူသည့် ဆိုရိုးစကားတစ်ခုရှိသည်။ ‘သားသမီးဝတ် မကျေပွန်သောသူသည် သားရဲတိရစ္ဆာန်ထက် နိမ့်ကျသည်’ ဟူသည့် ဤဆိုရိုးစကားလည်း ရှိသည်။ ဤဆိုရိုးစကားများသည် အလွန်ပင် ဟိတ်ဟန်များလှပါတကား။ အမှန်တကယ်တွင် ကျီးကန်းများက ၎င်းတို့၏မိခင်ကို အစာကျွေးခြင်းအားဖြင့် ကျေးဇူးဆပ်သည်။ သိုးငယ်များက ၎င်းတို့၏မိခင်ထံမှ နို့ကို ရရှိဖို့ ဒူးထောက်သည်ဟူသည့် ပထမဆိုရိုးစကားက ပြောသော ဖြစ်ရပ်သည် အမှန်ပင် တည်ရှိသည်။ ဤသည်တို့မှာ အမှန်တရားများဖြစ်သည်။ သို့ရာတွင် ယင်းတို့သည် သတ္တဝါလောက၏ ဖြစ်ရပ်များသာဖြစ်သည်။ သက်ရှိသတ္တဝါအမျိုးမျိုးအတွက် ဘုရားသခင်က ချမှတ်ခဲ့သော နိယာမတစ်မျိုးသာဖြစ်သည်။ ပြီးလျှင် လူသားများအပါအဝင် သက်ရှိသတ္တဝါမျိုးစုံ လိုက်နာသော နိယာမဖြစ်သည်။ သက်ရှိသတ္တဝါမျိုးစုံက ဤနိယာမကို လိုက်နာသည်ဆိုသည့်အချက်က သက်ရှိသတ္တဝါအားလုံးကို ဘုရားသခင်က ဖန်ဆင်းခဲ့ကြောင်းကို ထင်ရှားစေသည်။ မည်သည့်သက်ရှိသတ္တဝါကမျှ ဤနိယာမကို မချိုးဖျက်နိုင်သလို မည်သည့်သက်ရှိသတ္တဝါကမျှ မကျော်လွန်နိုင်ပေ။ ခြင်္သေ့နှင့် ကျားတို့ကဲ့သို့သော အတော်အတန် ရက်စက်သော အသားစားသတ္တဝါများသည်ပင် ၎င်းတို့၏ ကလေးများကို ပြုစုပျိုးထောင်ပြီး အရွယ်မရောက်မီတွင် ကလေးများကို မကိုက်ပေ။ ဤသည်မှာ တိရစ္ဆာန် ဗီဇစိတ်ဖြစ်သည်။ ၎င်းတို့သည် မည်သည့်မျိုးစိတ်ဖြစ်ပါစေ၊ ရက်စက်သည်ဖြစ်စေ၊ ကြင်နာသည်ဖြစ်စေ၊ သိမ်မွေ့နူးညံ့သည်ဖြစ်စေ တိရစ္ဆာန်အားလုံးက ဤဗီဇစိတ်ကို ပိုင်ဆိုင်သည်။ လူသားများအပါအဝင် သတ္တဝါမျိုးစုံတို့သည် ဤဗီဇစိတ်နှင့် နိယာမကို လိုက်နာခြင်းအားဖြင့်သာ ဆက်လက်၍ မျိုးပွားပြီး ရှင်သန်နိုင်သည်။ ၎င်းတို့က ဤနိယာမကို မလိုက်နာလျှင်၊ သို့မဟုတ် ဤနိယာမနှင့် ဗီဇစိတ်မရှိလျှင် မျိုးပွားပြီး ရှင်သန်နိုင်မည်မဟုတ်ပေ။ ဇီဝကွင်းဆက်က တည်ရှိမည်မဟုတ် ဤကမ္ဘာလည်း တည်ရှိမည်မဟုတ်ပေ။ ဤသည်မှာ မမှန်သလော။ (မှန်ပါသည်။) ကျီးကန်းများက ၎င်းတို့၏မိခင်ကို အစာကျွေးခြင်းအားဖြင့် ကျေးဇူးဆပ်ခြင်း၊ သိုးငယ်များက ၎င်းတို့၏မိခင်ထံမှ နို့ကို ရရှိဖို့ ဒူးထောက်ခြင်းက သတ္တဝါလောကသည် ဤနိယာမမျိုးကို လိုက်နာကြောင်းကို အတိအကျ ထင်ရှားစေသည်။ သက်ရှိသတ္တဝါ အမျိုးအစားအားလုံးတို့တွင် ဤဗီဇစိတ်ရှိသည်။ ကလေးများမွေးပြီးသည်နှင့် ၎င်းတို့သည် အရွယ်မရောက်မီအထိ ထိုမျိုးစိတ်များ၏ အမများ၊ သို့မဟုတ် အထီးများ၏ ဂရုစိုက်ခြင်း၊ ပြုစုပျိုးထောင်ခြင်းကို ခံရသည်။ သက်ရှိသတ္တဝါမျိုးစုံသည် ၎င်းတို့၏ ကလေးများအပေါ် ၎င်းတို့၏တာဝန်များနှင့် ဝတ္တရားများကို ဖြည့်ဆည်းနိုင်ကြပြီး တာဝန်ကျေပွန်စွာနှင့် တာဝန်သိတတ်စွာဖြင့် နောက်မျိုးဆက်ကို ပျိုးထောင်နိုင်ကြသည်။ ဤသည်မှာ လူသားများအတွက် ပို၍ပင် မှန်ကန်သင့်သည်။ လူသားများကို လူသားမျိုးနွယ်က ပိုမိုအဆင့်မြင့်သော တိရစ္ဆာန်အဖြစ် ခေါ်ဆိုကြသည်။ ၎င်းတို့သည် ဤနိယာမကို မလိုက်နာနိုင်လျှင်၊ ဤဗီဇစိတ်ကင်းမဲ့လျှင် လူသားများသည် တိရစ္ဆာန်များထက် နိမ့်ကျသည် မဟုတ်လော။ ထို့ကြောင့် သင့်မိဘများက သင့်အား ပျိုးထောင်စဉ်တွင် သင့်အား မည်မျှပြုစုပျိုးထောင်ပေးပါစေ၊ သင့်အပေါ် ၎င်းတို့၏ တာဝန်ကို မည်မျှဖြည့်ဆည်းပါစေ ၎င်းတို့သည် ဖန်ဆင်းခံလူသား၏ စွမ်းရည်နယ်ပယ်အတွင်း၌ ၎င်းတို့လုပ်သင့်သည့်အရာကို လုပ်ဆောင်နေခြင်းသာဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ ဗီဇစိတ်ဖြစ်သည်။...သက်ရှိသတ္တဝါနှင့် တိရစ္ဆာန်မျိုးစုံသည် ဤဗီဇစိတ်နှင့် နိယာမများကို ပိုင်ဆိုင်ကြသည်။ ပြီးလျှင် ယင်းတို့ကို အလွန်ကောင်းစွာ လိုက်နာကြကာ ပြည့်စုံစွာ ဆောင်ရွက်ကြသည်။ ဤသည်မှာ မည်သည့်လူကမျှ မဖျက်ဆီးနိုင်သောအရာတစ်ခုဖြစ်သည်။ ကျား၊ ခြင်္သေ့များကဲ့သို့သော ထူးခြားသော တိရစ္ဆာန်အချို့လည်းရှိသည်။ ဤတိရစ္ဆာန်များက အရွယ်ရောက်သောအခါတွင် ၎င်းတို့မိဘများကို စွန့်ခွာပြီး အချို့သောအထီးများက ယှဉ်ပြိုင်ဘက်များဖြစ်လာကာ လိုအပ်သလို ကိုက်ကြသည်။ ယှဉ်ပြိုင်ကြသည်။ တိုက်ခိုက်ကြသည်။ ဤသည်မှာ ပုံမှန်ဖြစ်သည်။ နိယာမတစ်ခုဖြစ်သည်။ ၎င်းတို့သည် အလွန်ကြင်နာယုယမှုမရှိပေ။ ထို့အပြင် လူတို့ကဲ့သို့ ‘ကျွန်ုပ်သည် သူတို့၏ ကြင်နာမှုကို ပြန်ပေးဆပ်ရမည်။ သူတို့ကို ကျွန်ုပ် နစ်နာကြေးပြန်ပေးရမည်။ ကျွန်ုပ်၏ မိဘများကို ကျွန်ုပ်နာခံရမည်။ သူတို့အပေါ် သားသမီးဝတ်မကျေပွန်လျှင် အခြားသူများက ကျွန်ုပ်ကို ရှုတ်ချကြလိမ့်မည်၊ ဒေါသဖြင့်ပြောဆိုကာ ကျွန်ုပ်၏ နောက်ကွယ်တွင် ဝေဖန်ကြလိမ့်မည်။ ယင်းကို ကျွန်ုပ် မခံနိုင်ပါ’ ဟု ပြောလျက် ၎င်းတို့၏ ခံစားချက်များဖြင့် အသက်မရှင်ကြပေ။ တိရစ္ဆာန်လောကတွင် ဤသို့သောအရာများကို မပြောပေ။ လူတို့သည် အဘယ်ကြောင့် ဤသို့သောအရာများကို ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် လူ့အဖွဲ့အစည်းနှင့် လူအုပ်စုများအတွင်းတွင် မမှန်ကန်သော အယူအဆနှင့် သဘောတူညီမှုအမျိုးမျိုး ရှိသောကြောင့်ဖြစ်သည်။ လူတို့သည် ဤအရာများ၏ လွှမ်းမိုးခြင်း၊ ဖျက်ဆီးခြင်း၊ ဖောက်ပြန်ပျက်ယွင်းစေခြင်းကို ခံရပြီးနောက်တွင် ၎င်းတို့အတွင်း၌ မိဘနှင့် သားသမီးဆက်ဆံရေးအပေါ် မတူညီသော အနက်ဖွင့်ဆိုခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းနည်းလမ်းများ ဖြစ်ပေါ်လာသည်။ ပြီးလျှင် အဆုံးတွင် ၎င်းတို့သည် ၎င်းတို့မိဘများကို ၎င်းတို့၏ ကြွေးရှင်များအဖြစ်၊ ၎င်းတို့၏ တစ်ဘဝလုံး မည်သည့်အခါမျှ ပြန်လည်ပေးဆပ်နိုင်မည်မဟုတ်သည့် ကြွေးရှင်များအဖြစ် ဆက်ဆံကြသည်။ မိမိတို့၏ မိဘများကို မပျော်ရွှင်စေသည့် အရာတစ်ခုကို လုပ်ဆောင်ခဲ့သောကြောင့်၊ သို့မဟုတ် မိမိတို့၏ မိဘများက အလိုရှိသည့်လမ်းကို မသွားခဲ့သောကြောင့် မိမိတို့၏ မိဘများသေဆုံးပြီးနောက်တွင် တစ်ဘဝလုံး အပြစ်ရှိသလိုခံစားနေရပြီး မိဘများ၏ ကြင်နာမှုဖြင့် မထိုက်တန်ဟု မိမိတို့ကိုယ်ကို ထင်သောသူအချို့ပင်ရှိသည်။ ငါ့ကို ပြောလော့။ ဤသည်မှာ အလွန်အကျွံဖြစ်ခြင်း မဟုတ်သလော။ လူတို့သည် ၎င်းတို့၏ ခံစားချက်ထဲတွင် နေထိုင်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် ဤခံစားချက်များမှ အရင်းခံသည့် အယူအဆအမျိုးမျိုး၏ ထိပါးခြင်းနှင့် နှောင့်ယှက်ခြင်းကိုသာ ခံရနိုင်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၇)) “မည်သို့ပင်ဖြစ်စေ သင့်အား ပျိုးထောင်ပေးခြင်းအားဖြင့် သင့်မိဘများသည် တာဝန်နှင့် ဝတ္တရားတစ်ခုကို ထမ်းဆောင်နေခြင်းဖြစ်သည်။ သင့်အား အရွယ်ရောက်စေရန် ပျိုးထောင်ခြင်းသည် ၎င်းတို့၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်။ ပြီးလျှင် ဤအရာကို ကြင်နာခြင်းဟု မခေါ်ဆိုနိုင်ပေ။ ကြင်နာခြင်းဟု မခေါ်ဆိုနိုင်လျှင် ဤသည်မှာ သင်ခံစားသင့်သော အရာတစ်ခုမဟုတ်သလော။ (ဟုတ်ပါသည်။) ဤသည်မှာ သင်ခံစားသင့်သော အခွင့်အရေးတစ်မျိုးဖြစ်သည်။ သင်သည် သင့်မိဘများ၏ ပျိုးထောင်ခြင်းကို ခံရသင့်သည်။ အဘယ်ကြောင့်ဆိုသော် လူကြီးဘဝသို့ သင်မရောက်ခင်တွင် သင်ပါဝင်သော အခန်းကဏ္ဍသည် လူလားမြောက်အောင် ကျွေးမွေးသုတ်သင်ခြင်းခံရသော သားသမီးတစ်ယောက်၏ အခန်းကဏ္ဍ ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သင့်မိဘများသည် သင့်အပေါ် တာဝန်တစ်မျိုးကို ဖြည့်ဆည်းနေခြင်းသာဖြစ်ပြီး သင်က လက်ခံရရှိနေခြင်းသာ ဖြစ်သည်။ သို့သော် သင်သည် အသေအချာပင် ၎င်းတို့ထံမှ ကျေးဇူး၊ သို့မဟုတ် ကြင်နာမှုကို လက်ခံရရှိနေခြင်းမဟုတ်ပေ။ မည်သည့်သက်ရှိသတ္တဝါမဆိုအတွက် သားသမီးများအား မွေးဖွားခြင်း၊ ကြည့်ရှုစောင့်ရှောက်ခြင်း၊ မျိုးပွားခြင်း၊ နောက်မျိုးဆက်ကို ပျိုးထောင်ခြင်းတို့သည် တာဝန်အမျိုးအစားတစ်ခုဖြစ်သည်။ ဥပမာ ငှက်၊ နွား၊ သိုး၊ နှင့် ကျားတို့သည်ပင် မျိုးပွားပြီးနောက်တွင် ၎င်းတို့၏ သားသမီးများကို ကြည့်ရှုစောင့်ရှောက်ရသည်။ မိမိတို့၏ သားသမီးကို ပျိုးထောင်မပေးသော သက်ရှိသတ္တဝါမရှိပေ။ ခြွင်းချက်အချို့ရှိဖို့ ဖြစ်နိုင်သည်။ သို့သော် များစွာမရှိပေ။ ဤသည်မှာ သက်ရှိသတ္တဝါများ၏ ဖြစ်တည်မှုတွင် သဘာဝဖြစ်ရပ်တစ်ခု ဖြစ်သည်။ ယင်းသည် သက်ရှိသတ္တဝါများ၏ ပင်ကိုဗီဇစိတ် ဖြစ်သည်။ ယင်းကို ကြင်နာခြင်းအဖြစ် မမှတ်ယူနိုင်ပေ။ ၎င်းတို့သည် တိရစ္ဆာန်များအတွက်၊ လူသားမျိုးနွယ်အတွက် ဖန်ဆင်းရှင်က ပြင်ဆင်ပေးသော ဥပဒေအား လိုက်နာခြင်းသာ ဖြစ်သည်။ ထို့ကြောင့် သင့်မိဘများက သင့်အား ပျိုးထောင်ခြင်းသည် ကြင်နာခြင်းအမျိုးအစားတစ်ခု မဟုတ်ပေ။ ဤအရာကို အခြေခံလျှင် သင့်မိဘများသည် သင်၏ ကြွေးရှင်များမဟုတ်ဟု ဆိုနိုင်သည်။ ၎င်းတို့သည် သင့်အပေါ် ၎င်းတို့၏ တာဝန်ကို ဖြည့်ဆည်းနေခြင်းဖြစ်သည်။ ၎င်းတို့က သင့်အပေါ် မည်မျှအားထုတ်ပြီး ငွေကို သုံးစွဲပါစေ ၎င်းတို့က သင့်အား နစ်နာကြေးပေးရန် မတောင်းဆိုသင့်ပေ။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ မိဘများအနေဖြင့် ၎င်းတို့၏ တာဝန်ဖြစ်သောကြောင့် ဖြစ်သည်။ ယင်းသည် တာဝန်နှင့် ဝတ္တရားတစ်ခုဖြစ်သောကြောင့် အခမဲ့ဖြစ်သင့်သည်။ နစ်နာကြေးပေးရန် မတောင်းဆိုသင့်ပေ။ သင့်အား ပျိုးထောင်ပေးခြင်းအားဖြင့် သင့်မိဘများက ၎င်းတို့၏ တာဝန်နှင့် ဝတ္တရားကို ဖြည့်ဆည်းပေးနေခြင်းသာဖြစ်သည်။ ဤသည်မှာ အခမဲ့ဖြစ်သင့်သည်။ အပေးအယူ မဖြစ်သင့်ပေ။ ထို့ကြောင့် သင်သည် ၎င်းတို့အား နစ်နာကြေးပေးရန် စိတ်ကူးဖြင့် သင့်မိဘများကို ချဉ်းကပ်ရန်၊ သို့မဟုတ် ၎င်းတို့နှင့် သင်၏ ဆက်ဆံရေးကို ကိုင်တွယ်ရန် မလိုအပ်ပေ။ သင်က ဤအယူအဆအတိုင်း သင့်မိဘများအား တကယ်ကို ဆက်ဆံလျှင်၊ ပြန်လည်ပေးဆပ်လျှင်၊ ၎င်းတို့နှင့် သင်၏ဆက်ဆံရေးအား ကိုင်တွယ်လျှင် ဤသည်မှာ လူသားမဆန်ပေ။ တစ်ချိန်တည်းတွင် ယင်းကြောင့် သင်သည် သင်၏ဇာတိပကတိ ခံစားချက်များ၏ ကန့်သတ်ခြင်းနှင့် ချည်နှောင်ခြင်းကို ခံရဖို့များသည်။ ဤရစ်ပတ်မှုများမှ လွတ်မြောက်ရန် သင့်အတွက် ခက်ခဲလိမ့်မည်။ သင်လမ်းပင်ပျောက်နိုင်သည့် အတိုင်းအတာအထိ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၇)) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်သွားတယ်။ မိဘတွေက သူတို့ သားသမီးတွေကို ပြုစုပျိုးထောင်တာဟာ ကြင်နာမှုတစ်မျိုး လုံးဝ မဟုတ်ဘူးဆိုတာပေါ့။ အဲဒါက သက်ရှိအားလုံးအတွက် ဘုရားစီမံထားတဲ့ ဥပဒေသနဲ့ ဗီဇတစ်ခုပဲ။ ဘယ်သတ္တဝါမျိုးမဆို၊ နူးညံ့သိမ်မွေ့သည်ဖြစ်စေ၊ ရက်စက်ကြမ်းကြုတ်သည် ဖြစ်စေ၊ သူတို့ သားသမီးတွေကို ပတ်ဝန်းကျင် အခြေအနေတွေပေါ် မူတည်ပြီး ပြုစုပျိုးထောင်ဖို့ တတ်နိုင်သမျှလုပ်ကြတယ်။ ဒါက သူတို့ရဲ့ တာဝန်နဲ့ ဝတ္တရားအပြင်၊ သူတို့ကို ဘုရားပေးထားတဲ့ ဗီဇတစ်ခုပဲ။ သက်ရှင်သတ္တဝါတွေက ဒီဗီဇ ဥပဒေသကို လိုက်နာပြီး အသက်ရှင်မှသာ သူတို့ ဆက်လက် ပွားများပြီး ရှင်သန်နိုင်တယ်။ လူသားတွေလည်း ဒီအတိုင်းပဲ။ သားသမီးတွေကို ပြုစုပျိုးထောင်ဖို့က မိဘတွေရဲ့ တာဝန်နဲ့ ဝတ္တရားဖြစ်တယ်။ အဲဒါက သူတို့အပေါ် ဘုရားပေးထားတဲ့ မွေးရာပါတစ်ခုခု၊ လူသားတွေ အလိုလို လုပ်တဲ့အရာတစ်ခုပဲ။ မွေးကတည်းက၊ ကျွန်မ မိဘတွေက မွေးချင်းတွေနဲ့ ကျွန်မကို ပြုစုပျိုးထောင်ခဲ့တယ်။ ကျွန်မရဲ့ မောင်လေးက အသက်မွေးပညာတွေကို သင်ယူရတာ ကြိုက်လို့ ကျွန်မအမေက သူ့ကို စားဖိုမှူးပညာ လေ့လာခွင့်ပေးခဲ့တယ်။ ကျွန်မကတော့ စာလေ့လာရတာ ပိုကြိုက်ပြီး ကျွန်မအမှတ်တွေက အမြဲ ကောင်းခဲ့တယ်။ ကျွန်မ မိဘတွေက ကျွန်မစာကြိုးစားတာကို ကူပြီး ပျိုးထောင်ပေးတယ်။ ဒါကြောင့် ကျွန်မအပေါ် အားအင်နဲ့ ငွေပမာဏ အတော်များများ သူတို့ ကုန်ခဲ့ကြတယ်။ စာလေ့လာချင်ရန် ကျွန်မတို့ထဲက ဘယ်သူကိုမဆို သူတို့ ထောက်ပံ့မယ်လို့ ကျွန်မ အမေက ပြောခဲ့တယ်။ ဒါဟာ ကျွန်မအမေက သူ့သားသမီးတွေအပေါ် ပြုစုပျိုးထောင်ရမဲ့ သူ့တာဝန်ကို ပုံမှန်အတိုင်း ဖြည့်ဆည်းတာဖြစ်ပြီး အပေးအယူတစ်ခုလို မြင်လို့မရဘူး။ ဘုရားကို ယုံကြည်ပြီး ကျွန်မတာဝန်ကို လုပ်တဲ့နေရာမှာ ကျွန်မ မိဘတွေက အမြဲ အားပေးခဲ့ကြတယ်။ ကျွန်မအဖေ ဆုံးသွားပေမဲ့၊ အမေက သူ့ကို ဂရုစိုက်ဖို့ ကျွန်မကို မတောင်းဆိုခဲ့ဘူး။ ကျွန်မအနေနဲ့ ဘုရားကို ယုံကြည်ပြီး ကျွန်မတာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ လုပ်နိုင်ဖို့ပဲ သူ မျှော်လင့်ခဲ့တယ်။ ဒါပေမဲ့ တစ်လျှောက်လုံး ကျွန်မက ရိုးရာယဉ်ကျေးမှုကို ကျွန်မမိဘတွေအပေါ် ကျွန်မရဲ့ ဆက်ဆံရေး မြင်တဲ့ပုံစံကို ထိခိုက်ခွင့်ပေးခဲ့တယ်။ “သားသမီးဝတ်သည် အရာအားလုံးထက် ပိုပြီး ထိန်းသိမ်းရမည့် သူတော်ကောင်းတရား ဖြစ်၏”၊ “သစ်ပင်တစ်ပင်၏ ဆန္ဒပြင်းပြမှုက ငြိမ်နေသော်လည်း လေက မငြိမ်သကဲ့သို့ သားသမီးများက မိဘများ အိုသည့်အခါ ထောက်ပံ့ဖို့ မျှော်လင့်ကြသော်လည်း အချိန်က မစောင့်ပါ”၊ “ကျီးကန်းများက ၎င်းတို့၏မိခင်ကို အစာကျွေးခြင်းအားဖြင့် ကျေးဇူးဆပ်သည်။ သိုးငယ်များက ၎င်းတို့၏မိခင်ထံမှ နို့ကို ရရှိဖို့ ဒူးထောက်သည်”ဆိုတာနဲ့ “သားသမီးဝတ် မကျေပွန်သောသူသည် သားရဲတိရစ္ဆာန်ထက် နိမ့်ကျသည်”ဆိုတဲ့ အယူအဆတွေကို ငယ်တဲ့အရွယ်ကနေ ကျွန်မထဲကို သွတ်သွင်းတာ ခံခဲ့ရတယ်။ ကျွန်မ မိဘတွေရဲ့ မေတ္တာက လောကမှာ အကြီးမားဆုံး မေတ္တာဖြစ်တယ်လို့ ကျွန်မ ယုံကြည်ခဲ့တယ်။ ကျွန်မက သူတို့ကို သားသမီးဝတ်ကျေပွန်ပြီး၊ ပစ္စည်းဥစ္စာအရရော၊ စိတ်ခွန်အားပါပေးပြီး ကျေးဇူးပြန်ဆပ်မှသာ သားသမီးဝတ်ကျေတဲ့ သမီးနဲ့ လူကောင်းတစ်ယောက် ဖြစ်မယ်လို့ပေါ့။ ကျွန်မ အဖေ ရုတ်တရက် ကွယ်လွန်တာက “သားသမီးများက မိဘများ အိုသည့်အခါ ထောက်ပံ့ပေးဖို့ မျှော်လင့်ကြသော်လည်း အချိန်က မစောင့်ပါ”ဆိုတဲ့ စကားရပ်မှာ ဖော်ပြထားတဲ့ ပြန်ပြင်လို့မရနိုင်တဲ့ အပြစ်ကို ပိုလို့တောင် နားလည်သွားစေခဲ့တယ်။ ဒါကြောင့်၊ ကျွန်မ အဖေ ဆုံးသွားပြီးတဲ့နောက်မှာ၊ ကျွန်မ အလုပ်တစ်ခုရပြီး ငွေရှာချင်ခဲ့တယ်။ ကျွန်မအမေကို ထောက်ပံ့ပေးပြီး သူ့ကို သားသမီးဝတ် ကျေပွန်ချင်ခဲ့တယ်။ ကျွန်မတာဝန်ကို နောက်ချန်ထားပြီး ဘုရားကို သစ္စာဖောက်လို့မရတာကို ကျွန်မ အပြည့်အဝ သိပေမဲ့၊ ကျွန်မကို ချည်နှောင်တဲ့ ဒီအယူအဆတွေကနေ လွတ်မြောက်ဖို့ ကျွန်မ မကြိုးစားနိုင်သေးဘူး။ ကျွန်မကို သတိပေးဖို့ ဘုရားက သဲမုန်တိုင်းကို မသုံးခဲ့ရင်၊ ကျွန်မတာဝန်ကို ဘေးချိတ်ပြီး ဘုရားကို ရှောင်ရှားခဲ့ပြီးသား ဖြစ်နိုင်တယ်။ ရိုးရာယဉ်ကျေးမှုကနေ လာတဲ့ ဒီအယူအဆတွေက အတော် မြင့်မြတ်ပုံရပေမဲ့၊ အနှစ်သာရအနေနဲ့၊ အဲဒါတွေက တကယ်တော့ လူတွေကို စာတန်က ပတ်စည်းတဲ့ မမြင်နိုင်တဲ့ သံကြိုးတွေပဲ။ ဒီအယူအဆတွေက မိဘနဲ့ သားသမီးကြားက ဆက်ဆံရေးကို ပတ်စည်းခဲ့တယ်။ ကိုယ့်သားသမီးတွေကို ပြုစုပျိုးထောင်ပေးတဲ့ မိဘနဲ့ဆိုင်တဲ့ တာဝန်ကို ပြန်ဆပ်ရမဲ့ ကြင်နာမှုတစ်ခုလို လူတွေကို မြင်စေတယ်။ လူတွေက သူတို့မိဘတွေကို ကျေးဇူးပြန်မဆပ်နိုင်ရင် ဒါမှမဟုတ် အဲဒီလိုလုပ်ဖို့ အခြေအနေတွေက မပေးရင်၊ သူတို့က သားသမီးဝတ်မကျေဘူး၊ အသိစိတ်မရှိဘူးလို့ တွေးကြမယ်။ ပြီးတော့ အကြွေးတင်တဲ့စိတ်ခံစားပြီး သူတို့ကိုယ်သူတို့ အပြစ်တင်ရင်းနဲ့တောင် တစ်သက်တာ အချိန်ကုန်ဆုံးသွားလိမ့်မယ်။ စာတန်က လူတွေကို အဆိပ်ခတ်ပြီး မျက်စိကန်းအောင်လုပ်ဖို့၊ ဘုရားကို ရှောင်ဖယ်ပြီး သစ္စာဖောက်အောင်လုပ်ပြီးတော့ လူတွေကို အန္တရာယ်ပေးဖို့ သူ့ ရည်ရွယ်ချက်ကို ရရှိအောင် ဒီရိုးရာ အယူအဆတွေကို သုံးတယ်။ မိဘနဲ့ သားသမီးကြားက ဆက်ဆံရေးကို ဘုရား ထုတ်ဖော်ပြတော့ ကျွန်မ တဖြည်းဖြည်း အတွေးအမြင်ရှင်းလာတယ်။ ကျွန်မအတွက် ကျွန်မမိဘတွေ သူတို့ကိုယ်သူတို့ အသုံးခံတာက ကျွန်မ ပခုံးပေါ်မှာ ထမ်းဖို့လိုတဲ့ ဝန်ထုပ်တစ်ခု မဟုတ်ဘူး။ ကျွန်မမိဘတွေနဲ့ ကျွန်မရဲ့ ဆက်ဆံရေးကို စာတန်ဆန်တဲ့ ရိုးရာယဉ်ကျေးမှုကို အခြေခံပြီး ကျွန်မ မကြည့်သင့်သလို၊ ကျွန်မအတွက် သူတို့ရဲ့ မေတ္တာနဲ့ ဂရုစိုက်မှုကို ပြန်ဆပ်ရမဲ့ ကြင်နာမှုတစ်ခုအနေနဲ့ သဘောမထားသင့်ဘူး။ ဒါက သမ္မာတရားနဲ့ မကိုက်ဘူး။ ဒါကို သဘောပေါက်တော့၊ ကျွန်မ စိတ်နှလုံးက အများကြီး ပိုပေါ့သွားပြီး လွတ်မြောက်သွားတယ်။
နောက်ပိုင်းမှာ၊ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “မိဘတို့နှင့် ဆက်ဆံရေးသည် တစ်စုံတစ်ဦးအတွက် စိတ်ခံစားမှုအရ ကိုင်တွယ်ရန် အခက်ခဲဆုံးဖြစ်သော်လည်း အမှန်တွင် လုံးဝ ကိုင်တွယ်၍ မရနိုင်သည့်အရာ မဟုတ်ပေ။ သမ္မာတရားကို သိနားလည်သည့် အခြေခံအကြောင်းရင်းဖြင့်သာ လူတို့သည် ဤကိစ္စရပ်ကို မှန်ကန်စွာနှင့် အကျိုးသင့်အကြောင်းသင့် သဘောထားနိုင်ပေသည်။ စိတ်ခံစားချက်များ၏ ရှုထောင့်အမြင်မှ အစမပြုနှင့်၊ ပြီးလျှင် လောကီလူတို့၏ ထိုးထွင်းအမြင်များ သို့မဟုတ် ရှုထောင့်အမြင်များမှ အစမပြုနှင့်။ ထိုအစား သင်၏ မိဘများကို ဘုရားနှုတ်ကပတ်တော်များအတိုင်း သင့်တင့်လျောက်ပတ်သည့် ပုံစံဖြင့် ဆက်ဆံလော့။ မိဘများက မည်သည့် အခန်းကဏ္ဍကို အမှန်တကယ် ဆောင်ရွက်ကြသနည်း၊ သားသမီးများသည် ၎င်းတို့၏ မိဘများအတွက် အမှန်တကယ် အဘယ်အရေးပါမှု ရှိသနည်း၊ သားသမီးများက မိမိတို့၏ မိဘများအပေါ် မည်သည့် သဘောထား ရှိသင့်ပြီး မိဘများနှင့် သားသမီးများကြား ဆက်ဆံရေးကို လူတို့အနေဖြင့် မည်သို့ ကိုင်တွယ်ပြီး ဖြေရှင်းသင့်သနည်း။ လူတို့သည် ဤအရာများကို စိတ်ခံစားချက်များပေါ် အခြေခံ၍ မရှုမြင်သင့်သကဲ့သို့ မှားယွင်းသည့် စိတ်ကူးတစ်ခုခု သို့မဟုတ် ရေပန်းစားသော ခံယူချက်တစ်ခုခုဖြင့် လွှမ်းမိုးမခံရသင့်ပေ။ ယင်းတို့ကို ဘုရားနှုတ်ကပတ်တော်များပေါ် အခြေခံ၍ မှန်ကန်စွာ ချဉ်းကပ်သင့်ပေသည်။ သင်သည် ဘုရားသခင် စီမံထားသည့် ပတ်ဝန်းကျင်တွင် သင်၏ မိဘများအတွက် သင်၏ တာဝန်များထဲမှ တစ်ခုခုကို ဖြည့်ဆည်းရန် ပျက်ကွက်လျှင်၊ သို့မဟုတ် ၎င်းတို့၏ ဘဝများတွင် ကဏ္ဍတစ်ခုတလေကို သင် မည်သို့မျှ ဆောင်ရွက်ခြင်းမရှိလျှင် ယင်းသည် သားသမီးဝတ်ကျေပွန်ခြင်းလော။ သင်သည် လိပ်ပြာသန့်ပါမည်လော။ သင်၏ အိမ်နီးချင်းများ၊ အတန်းဖော်များနှင့် ဆွေမျိုးများအားလုံးက သင့်နောက်ကွယ်တွင် သင့်ကို ဒေါသဖြင့် ပြောဆိုကာ ဝေဖန်ကြလိမ့်မည်။ ၎င်းတို့က ‘သင်၏ မိဘများက သင့်အတွက် များစွာ စွန့်လွှတ်အနစ်နာခံခဲ့သည်၊ သင့်အတွက် အပင်ပန်းခံသည့် အားထုတ်မှုများစွာ ရည်စူးမြှုပ်နှံခဲ့ပြီး သင် ငယ်စဉ်ကတည်းက သင့်အတွက် များစွာ လုပ်ဆောင်ပေးခဲ့ကာ ကျေးဇူးကန်းသည့် ကလေးဖြစ်သည့် သင်သည် ဘေးကင်းလုံခြုံကြောင်းပင် စာလည်းမလာ သတင်းလည်းမကြားဘဲ စုပ်စမြုပ်စပင် မကျန်အောင် ပျောက်သွားသည်။ နှစ်သစ်ကူးအတွက် သင် ပြန်မလာရုံမက သင်၏ မိဘများကို ဖုန်းတစ်ချက်ပင် မဆက်၊ နေကောင်းလားဟူ၍ တစ်ချက်မမေးပါ’ ပြောလျက် သားသမီးဝတ် မကျေပွန်သည့် သားသမီးတစ်ဦးဟု သင့်ကို ခေါ်ကြလိမ့်မည်။ ထိုသို့သော စကားများကို သင် ကြားသည့်အခါတိုင်းတွင် သင်၏ အသိစိတ်က သွေးထွက်ကာ ငိုကြွေးပြီး ရှုတ်ချခံရသည်ဟု သင် ခံစားရသည်။ ‘အို သူတို့ မှန်သည်’ ဟူ၍ ဖြစ်သည်။ သင်၏ မျက်နှာသည် ရှက်စိတ်ဖြင့်ပူထူသွားပြီး သင်၏ နှလုံးသားက အပ်များဖြင့် ထိုးဆွခံရသည့်အလား တုန်ယင်သွားသည်။ ဤခံစားချက် အမျိုးအစားများ သင့်တွင် ရှိခဲ့သလော။ (ယခင်က ရှိခဲ့ပါသည်။) သင်သည် သားသမီးဝတ်ကျေပွန်ခြင်းမရှိဟု ပြောရာတွင် အိမ်နီးချင်းများနှင့် သင်၏ ဆွေမျိုးများက မှန်ကန်သလော။ (မမှန်ပါ။ ကျွန်ုပ်သည် သားသမီးဝတ် မကျေပွန်သူ မဟုတ်ပါ။) သင်၏ အကြောင်းပြချက်ကို ရှင်းပြလော့။…ပထမအချက်အနေဖြင့် လူအများစုသည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရန် နေအိမ်မှ စွန့်ခွာဖို့ ရွေးချယ်ကြသည်။ ယင်းမှာ ဆက်စပ်လွှမ်းခြုံမှုရှိသော အပြင်ပန်း အခြေအနေများကြောင့် တစ်စိတ်တစ်ဒေသဖြစ်ပြီး ထိုအခြေအနေများကြောင့် ၎င်းတို့၏ မိဘများကို စွန့်ခွာရန် လိုအပ်လာခြင်း ဖြစ်၏။ ထိုသူတို့သည် မိမိတို့၏ မိဘများကို စောင့်ရှောက်ပြီး အဖော်ပြုပေးရန် ၎င်းတို့ဘေးတွင် မနေနိုင်ကြပေ။ ထိုသူတို့အနေဖြင့် မိမိတို့ မိဘများကို စွန့်ခွာရန် လိုလိုလားလား ရွေးချယ်ကြခြင်း မဟုတ်ပေ။ ဤသည်မှာ ဓမ္မဓိဋ္ဌာန်ကျသော အကြောင်းပြချက်ဖြစ်သည်။ နောက်တစ်ချက်အနေဖြင့် ခံစားချက်အရ ပြောရလျှင် သင်သည် သင်၏ မိဘများကို စွန့်ခွာကာ သင်၏ ဝတ္တရားများကို ရှောင်ရှားလိုသောကြောင့် မဟုတ်ဘဲ ဘုရားသခင်၏ ခေါ်ဆောင်ခြင်းကြောင့် သင်၏ တာဝန်များကို ထမ်းဆောင်ရန် ထွက်သွားခြင်း ဖြစ်သည်။ ဘုရားသခင်၏ အမှုတော်နှင့် ပူးပေါင်းဆောင်ရွက်ရန်အလို့ငှာ သူ၏ ခေါ်ဆောင်ခြင်းကို လက်ခံရန် အဖန်ဆင်းခံတစ်ဦး၏ တာဝန်များကို ထမ်းဆောင်ရန်အလို့ငှာ သင်၏ မိဘများကို စွန့်ခွာရန်မှလွဲ၍ သင်၌ ရွေးချယ်စရာ မရှိခဲ့ပေ။ ၎င်းတို့ကို အဖော်ပြုပေးပြီး စောင့်ရှောက်ရန် ၎င်းတို့ နံဘေးတွင် သင် မနေနိုင်ပေ။ ဝတ္တရားများကို ရှောင်ရှားရန် ၎င်းတို့ကို သင် စွန့်ခွာခဲ့ခြင်း မဟုတ်၊ မှန်သလော။ သင်၏ ဝတ္တရားများကို ရှောင်ရှားရန် ၎င်းတို့ကို စွန့်ခွာခြင်းနှင့် ဘုရားသခင်၏ ခေါ်ဆောင်ခြင်းကို ပြန်ကြားကာ သင်၏ တာဝန်များကို ထမ်းဆောင်ရန် ၎င်းတို့ကို စွန့်ခွာရခြင်းဟူသည့် ဤအရာများသည် မတူကွဲပြားသည့် သဘာဝနှစ်ခုနှင့် သက်ဆိုင်သည် မဟုတ်လော။ (သက်ဆိုင်ပါသည်။) သင်၏ စိတ်နှလုံးတွင် သင့်မိဘများအတွက် စိတ်ခံစားမှုဆိုင်ရာ သံယောဇဉ်နှင့် အတွေးများ ရှိသည်မှာ အမှန်ဖြစ်သည်။ သင်၏ ခံစားချက်များက အနှစ်မဲ့ခြင်း မရှိပေ။ အပြင်ပန်း အခြေအနေများက အခွင့်ပေးပြီး သင်၏ တာဝန်များကို ထမ်းဆောင်ရင်း ၎င်းတို့ နံဘေးတွင် သင် နေနိုင်လျှင်၊ သင်သည် ၎င်းတို့ကို ပုံမှန် စောင့်ရှောက်ကာ သင်၏ ဝတ္တရားများကို ဖြည့်ဆည်းရင်း ၎င်းတို့ နံဘေးတွင်နေရန် လိုလားနေပေမည်။ သို့ရာတွင် အပြင်ပန်း အခြေအနေများကြောင့် ၎င်းတို့ကို သင် စွန့်ခွာရမည်ဖြစ်သည်။ ၎င်းတို့နံဘေးတွင် သင် ရှိမနေနိုင်ပေ။ ၎င်းတို့၏ သားသမီးအနေဖြင့် သင်၏ ဝတ္တရားများကို သင် မဖြည့်ဆည်းချင်သောကြောင့် မဟုတ်ဘဲ မဖြည့်ဆည်းနိုင်သောကြောင့် ဖြစ်သည်။ ဤအရာသည် သဘာဝအားဖြင့် ကွဲပြားသည် မဟုတ်လော။ (ကွဲပြားပါသည်။) သားသမီးဝတ် ကျေပွန်ခြင်းနှင့် သင်၏ ဝတ္တရားများကို ဖြည့်ဆည်းခြင်းအား ရှောင်ရှားရန် သင် အိမ်ကို စွန့်ခွာခဲ့လျှင် ယင်းမှာ သားသမီးဝတ် မကျေပွန်ခြင်းနှင့် လူ့သဘာဝ ကင်းမဲ့ခြင်း ဖြစ်သည်။ သင်၏ မိဘများက သင့်ကို ပြုစုပျိုးထောင်ခဲ့သော်လည်း သင်သည် ဘဝတွင် အခြေချရန်နှင့် သင့်ဘာသာ အလျင်အမြန် ထွက်သွားရန် မစောင့်နိုင်ပေ။ သင်၏ မိဘများကို သင် မမြင်လိုသကဲ့သို့ ၎င်းတို့ ကြုံရသည့် အခက်အခဲတစ်ခုခုနှင့်ပတ်သက်၍ ကြားသည့်အခါ သင်သည် အရေးစိုက်မှု တစ်စက်မျှ မရှိပေ။ ကူညီရန် နည်းလမ်း သင့်တွင် ရှိလျှင်ပင် သင် မကူညီ။ မကြားသလိုသာ ဟန်ဆာင်ပြီး အခြားသူများအား သင့်အကြောင်း ပြောလိုသည့် မည်သည့်အရာကိုမဆို ပြောခွင့်ပေးလိုက်သည်။ သင်၏ ဝတ္တရားများကို သင် တကယ်ကို မဖြည့်ဆည်းလိုပေ။ ဤသည်မှာ သားသမီးဝတ်မကျေပွန်ခြင်း ဖြစ်၏။ သို့ရာတွင် ယခု ဤသို့ ဖြစ်သလော။ (မဟုတ်ပါ။) များစွာသော လူတို့သည် ၎င်းတို့ တာဝန်များကို ထမ်းဆောင်ရန် ၎င်းတို့၏ ကောင်တီများ၊ မြို့များ၊ ပြည်နယ်များ၊ သို့မဟုတ် ၎င်းတို့၏ နိုင်ငံများကိုပင် စွန့်ခွာကြပြီးဖြစ်သည်။ ၎င်းတို့သည် မိမိတို့ ဇာတိမြို့များမှ အလှမ်းဝေးနှင့်ကြပေသည်။ ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် ၎င်းတို့၏ မိသားစုများနှင့် အဆက်အသွယ်ရှိနေရန် ၎င်းတို့အတွက် အဆင်မပြေပေ။ ၎င်းတို့သည် ဇာတိမြို့တစ်မြို့တည်းမှလာသည့် လူများထံမှ မိမိတို့ မိဘများ၏ လက်ရှိ အခြေအနေအကြောင်းကို ရံဖန်ရံခါ မေးမြန်းကြပြီး ၎င်းတို့၏ မိဘများက ကျန်းမာကာ အဆင်ပြေနေဆဲဖြစ်ကြောင်းကို ကြားသည့်အခါ စိတ်သက်သာရာရကြသည်။ အမှန်တွင် သင်သည် သားသမီးဝတ် မကျေပွန်ခြင်း မဟုတ်။ သင်သည် သင်၏ မိဘများကို ပြုစုစောင့်ရှောက်ရန် သို့မဟုတ် ၎င်းတို့အပေါ် သင်၏ တာဝန်များကို ဖြည့်ဆည်းရန်ပင် အလိုမရှိသည့် လူ့သဘာဝကင်းမဲ့သောအဆင့်သို့ မရောက်ရှိသေးပေ။ ဤရွေးချယ်မှုကို သင် ပြုလုပ်ရခြင်းမှာ အမျိုးမျိုးသော အပြင်ပန်း အကြောင်းရင်းများကြောင့် ဖြစ်သည့်အတွက် သင်သည် သားသမီးဝတ် မကျေပွန်ခြင်း မဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၆)) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်သွားတယ်။ ဒီနှစ်တွေမှာ ကျွန်မမိဘတွေအပေါ် စိတ်ထဲမှာ အကြွေးတင်တဲ့ ခံစားမှု တွေနဲ့ အမြဲ အသက်ရှင်တာက ရိုးရာယဉ်ကျေးမှုက လွှမ်းမိုးပြီး အဆိပ်ခတ်တာကို ကျွန်မ ခံခဲ့ရလို့ပဲ။ “ကျီးကန်းများက ၎င်းတို့၏မိခင်ကို အစာကျွေးခြင်းအားဖြင့် ကျေးဇူးဆပ်သည်”ဆိုတာနဲ့ “တစ်လုတ်စားဖူး သူ့ကျေးဇူး”ဆိုတဲ့ ဆိုရိုးတွေအတိုင်း ကျွန်မ အသက်မရှင်ခဲ့ဘူးလို့ ကျွန်မ တွေးခဲ့တယ်။ ကျွန်မက သားသမီးဝတ်မကျေတဲ့ သမီးတစ်ယောက်ပဲလို့ ကျွန်မ ယုံကြည်ခဲ့တယ်။ ကျွန်မရဲ့ အသိစိတ်က လေးလံခဲ့ပြီး မျက်ရည်တွေကို မထိန်းနိုင်ခဲ့ဘူး။ ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ သဘောပေါက်သွားတယ်။ လူတစ်ယောက်ရဲ့ အသိစိတ်နဲ့ လူ့သဘာဝကို သူ့ရဲ့ အပြင်ပန်း အပြုအမူကို အခြေခံပြီး အကဲမဖြတ်သင့်ဘဲ သူတို့လုပ်ရပ်ရဲ့ အနှစ်သာရကို အခြေခံပြီး အကဲဖြတ်သင့်တယ်ဆိုတာပေါ့။ ဒီနှစ်တွေထဲမှာ၊ ဘုရားကို ယုံကြည်ပြီး ကျွန်မတာဝန်ကို လုပ်တာက ကျွန်မအမေဘေးမှာ ကျွန်မ မကြာခဏ နေလို့မရတဲ့သဘောဖြစ်လို့ ကျွန်မအမေကိုပဲ ကျွန်မ ပူပန်ခဲ့ပြီး၊ သူ့ကို သားသမီးဝတ်ကျေချင်ခဲ့သလိုမျိုးပဲပေါ့။ ပြီးတော့ ကွန်မြူနစ်ပါတီကလိုက်လံဖမ်းဆီးပြီး နှိပ်ကွပ်တာတွေကြောင့် အိမ်ကနေ ကျွန်မ ထွက်ပြေးခဲ့ရပြီး၊ ကျွန်မ မိဘတွေအပေါ် သားသမီးဝတ်ကျေလို့ရမဲ့ အခွင့်အရေး မရှိခဲ့ဘူး။ ကျွန်မက သားသမီးဝတ်မကျေချင်တာ မဟုတ်ဘူး၊ ဒါမှမဟုတ် ကျွန်မတာဝန်ကို ခေါင်းရှောင်ချင်တာ မဟုတ်ပါဘူး။ သားသမီးဝတ်ကျေဖို့အတွက် အခြေအနေပြည့်မီပေမဲ့ အဲဒါကို မလုပ်ဘဲနေသေးတာနဲ့က အနှစ်သာရအနေနဲ့ ပြဿနာက ကွာခြားတယ်။ ဒါကြောင့် အဲဒီနှစ်ခုကို ကျွန်မ မရှုပ်ထွေးသင့်ဘူး။ ဘုရားနှုတ်ကပတ်တော်တွေပေါ် အခြေခံပြီး ကျွန်မကိုယ်ကျွန်မ မှန်မှန်ကန်ကန် ရှုမြင်ရမယ်။ ဒီလို လုပ်ခြင်းအားဖြင့်ပဲ စာတန်ရဲ့ လှည့်ဖြားမှုနဲ့ အန္တရာယ်ကို ကျွန်မ ခါချနိုင်မှာ။
အဲဒီနောက် နောက်ထပ် ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်မဖတ်ပြီး၊ ကျွန်မမိဘတွေနဲ့ ဆက်ဆံရေးကို ဘယ်လို မှန်မှန်ကန်ကန် မှတ်ယူရမယ်ဆိုတာကို ပိုပြီး ရှင်းရှင်းလင်းလင်း မြင်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သင်၏ မိဘများနှင့် ဆက်ဆံသည့်အခါ သားသမီးတစ်ဦးအဖြစ် ၎င်းတို့ကို စောင့်ရှောက်ရန် သင်၏ ဝတ္တရားများကို သင် ကျေပွန်အောင် ဆောင်ရွက်ခြင်း ရှိမရှိဟူသည်မှာ သင်၏ ကိုယ်ရေးကိုယ်တာ အခြေအနေများနှင့် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများအပေါ် လုံးဝ အခြေခံရမည်။ ဤအရာက ထိုကိစ္စရပ်ကို ပြည့်စုံစွာ ရှင်းပြသည် မဟုတ်လော။ လူအချို့က မိမိတို့ မိဘများကို စွန့်ခွာကြသည့်အခါ မိမိတို့မိဘများကို များစွာ အကြွေးတင်ရှိသည်ဟုလည်းကောင်း၊ မိမိတို့ မိဘများအတွက် မည်သည့်အရာမျှ မလုပ်ဆောင်ပေးဖြစ်ဟုလည်းကောင်း ခံစားကြရသည်။ သို့ရာတွင် ထို့နောက် ၎င်းတို့ အတူတကွ နေထိုင်ကြသည့်အခါ ၎င်းတို့၏ မိဘများကို သားသမီးဝတ် လုံးဝ ကျေပွန်ခြင်း မရှိကြသကဲ့သို့ မိမိတို့၏ ဝတ္တရားတစ်ခုကိုမျှ မဖြည့်ဆည်းကြပေ။ ဤသည်မှာ အမှန်တကယ် သားသမီးဝတ်ကျေပွန်သည့် လူတစ်ဦးဖြစ်သလော။ ဤသည်မှာ အနှစ်မဲ့သော စကားများကို ပြောဆိုခြင်းဖြစ်သည်။ သင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ မည်သည့်အရာကို စဉ်းစားသည်ဖြစ်စေ၊ မည်သည့်အရာကို စီစဉ်သည်ဖြစ်စေ၊ ထိုအရာများသည် အရေးမကြီးပေ။ အရေးကြီးသည့်အရာမှာ ဖန်ဆင်းခံအားလုံးက ဘုရားသခင်၏ လက်ထဲတွင်ရှိသည်ကို သင် နားလည်နိုင်ကာ အမှန်တကယ် ယုံကြည်နိုင်ခြင်း ရှိမရှိဖြစ်သည်။ မိဘအချို့သည် ကြီးမားပြီး ကြီးပွားချမ်းသာသော မိသားစုတစ်စုနှင့်ဆိုင်သည့် အိမ်တွင်း အတိသုခနှင့် ပျော်ရွှင်မှုကို မွေ့လျော်ခံစားနိုင်ရန် ထိုကောင်းချီးနှင့် ကံကြမ္မာရှိကြသည်။ ဤသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာဖြစ်ပြီး ၎င်းတို့ကို ဘုရားသခင်ပေးသည့် ကောင်းချီးတစ်ခု ဖြစ်သည်။ မိဘအချို့သည် ဤကံကြမ္မာမရှိကြချေ။ ၎င်းတို့အတွက် ဘုရားသခင်က ဤအရာကို မစီစဉ်ပေးခဲ့ပေ။ ပျော်ရွှင်သည့် မိသားစုတစ်စု ရှိခြင်းကို မွေ့လျော်ခံစားရန်၊ သို့မဟုတ် မိမိတို့ သားသမီးများက မိမိတို့နံဘေးတွင်ရှိနေခြင်းကို မွေ့လျော်ခံစားရန် ကောင်းချီးခံစားရခြင်း မရှိကြပေ။ ဤသည်မှာ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုဖြစ်ပြီး လူတို့က ဤအရာကို အတင်းအကျပ်ပြု၍မရပေ။ မည်သို့ပင်ဖြစ်စေ နောက်ဆုံးတွင် သားသမီးဝတ်ကျေပွန်ခြင်းနှင့် ပတ်သက်လာသည့်အခါ လူတို့သည် အနည်းဆုံးအနေဖြင့် ကျိုးနွံနာခံမှုရှိသည့် စိတ်နေစိတ်ထားတစ်ခု ရှိရမည်။ ပတ်ဝန်းကျင်က အခွင့်ပေးပြီး ထိုသို့လုပ်ဆောင်ရန် သင့်ထံတွင် လူအင်အားငွေအင်းအားရှိလျှင် သင်၏ မိဘများကို သင် သားသမီးဝတ်ကျေပွန်နိုင်သည်။ ပတ်ဝန်းကျင်က အခွင့်မပေးသကဲ့သို့ သင့်ထံတွင် လူအင်အားငွေအင်းအားကင်းမဲ့လျှင် အတင်းမကြိုးစားနှင့်။ ဤသည်ကို မည်သို့ ခေါ်ဆိုသနည်း။ (ကျိုးနွံနာခံမှုဖြစ်သည်။) ဤအရာကို ကျိုးနွံနာခံမှုဟု ခေါ်သည်။ ဤကျိုးနွံနာခံမှုသည် အဘယ်သို့ ဖြစ်လာသနည်း။ ကျိုးနွံနာခံမှုအတွက် အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ ထိုအရာသည် ဘုရားသခင် စီစဉ်ထားပြီး ဘုရားသခင် အုပ်စိုးထားသည့် ဤအရာများအားလုံးပေါ်တွင် အခြေခံပေသည်။ လူတို့အနေဖြင့် ရွေးချယ်ရန် ဆန္ဒရှိကောင်းရှိနိုင်သော်လည်း မရွေးချယ်နိုင်ကြ၊ ရွေးချယ်ပိုင်ခွင့်မရှိကြဘဲ ၎င်းတို့ ကျိုးနွံနာခံသင့်ကြပေသည်။ လူတို့ ကျိုးနွံနာခံသင့်ပြီး အရာရာကို ဘုရားသခင်က စီစဉ်ညွှန်ကြားထားကြောင်းကို သင် ခံစားရသည့်အခါ သင်၏ စိတ်နှလုံးတွင် သာ၍ ငြိမ်သက်မှုခံစားရသည်မဟုတ်လော။ (ခံစားရပါသည်။) ထို့နောက်တွင် သင်၏ အသိစိတ်ထဲတွင် လိပ်ပြာမသန့်ဆဲ ဖြစ်လိမ့်မည်လော။ စဉ်ဆက်မပြတ် လိပ်ပြာမသန့်ဟု ခံစားရလိမ့်မည် မဟုတ်တော့ဘဲ သင်၏ မိဘများကို သားသမီးဝတ်မကျေပွန်သည့် စိတ်ကူးသည် သင့်ကို စိုးမိုးထားတော့မည် မဟုတ်ပေ။ ဤသည်တို့မှာ လူ့သဘာဝအတွင်းရှိ ပုံမှန်အတွေး သို့မဟုတ် ဗီဇအချို့ဖြစ်ပြီး မည်သူမျှ မရှောင်လွှဲနိုင်ကြသည်နှင့်အမျှ ထိုအကြောင်းကို သင် ရံဖန်ရံခါ တွေးကောင်းတွေးနိုင်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားစစ်မှန်မှု ဟူသည်မှာ အဘယ်နည်း။) “ဖန်ဆင်းရှင်၏ မျက်မှောက်တွင် သင်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်သည်။ ဤဘဝတွင် သင် လုပ်ဆောင်သင့်သည့်အရာမှာ သင်၏ မိဘများထံ သင်၏ ဝတ္တရားများကို ဖြည့်ဆည်းခြင်းသာ မဟုတ်ဘဲဖန်ဆင်းခံတစ်ဦးအဖြစ် သင်၏ ဝတ္တရားများနှင့် တာဝန်များကို ဖြည့်ဆည်းရန် ဖြစ်သည်။ သင်သည် သင်၏ မိဘများအတွက် သင်၏ ဝတ္တရားများကို သင်၏ စိတ်ခံစားမှုဆိုင်ရာ လိုအပ်ချက်များ၊ သို့မဟုတ် သင့်အသိစိတ်၏ လိုအပ်ချက်များကို အခြေခံ၍ ၎င်းတို့အတွက် တစ်ခုခု လုပ်ဆောင်ခြင်းအားဖြင့်မဟုတ်ဘဲ ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရား စည်းမျဉ်းမျာကို အခြေခံ၍သာ ဖြည့်ဆည်းနိုင်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၆)) ဘုရားနှုတ်ကပတ်တော်တွေကနေ၊ မိဘနဲ့ သားသမီးကြားက ဆက်ဆံရေးနဲ့ ပတ်သက်လာတဲ့အခါ၊ ဘုရားစီမံထားတဲ့ ပတ်ဝန်းကျင်ထဲမှာ နှစ်ဘက်လုံးက သူတို့ကိုယ်ပိုင် အစွမ်းအစနဲ့ အခြေအနေတွေပေါ် အခြေခံပြီး သူတို့တာဝန်တွေကို ဖြည့်ဆည်းသင့်တယ်ဆိုတာ ကျွန်မ နားလည်သွားတယ်။ လူ့ရဲ့ ကံကြမ္မာနဲ့ ပတ်သက်သရွေ့၊ ကိုယ်က ဘယ်လောက် ဆင်းရဲဒုက္ခခံစားရမယ်၊ ဘဝတစ်သက်တာမှာ ကောင်းချီး ဘယ်လောက် မွေ့လျော်ခံစားရမယ်ဆိုတာကို ဘုရားက စီမံပြီးသားပဲ။ အနာဂတ်မှာ သားသမီးတွေက ဘယ်လမ်းကြောင်း လျှောက်ရမယ်ဆိုတာကို မိဘတွေက ဆုံးဖြတ်လို့မရသလို၊ သားသမီးတွေကလည်း သူတို့ကိုယ်ပိုင် အလုပ်ကြိုးစားမှုကတစ်ဆင့် မိဘတွေရဲ့ ကံကြမ္မာကို ပြောင်းလဲလို့မရဘူး။ တချို့လူတွေမှာ တခြားလူတွေ မရှိတဲ့ ကောင်းချီးတစ်ခုခု ရှိတယ်။ ဒီအရာထဲက တစ်ခုကိုမှ လူ့စိတ်စွမ်းအားနဲ့ ချစ်ခင်မှုက မပြောင်းလဲပေးနိုင်ဘူး။ အဲဒါက ဆေးပညာသင်ဖို့ ကျွန်မကို ကျွန်မမိဘတွေက ပြင်ဆင်လေ့ကျင့်ပေးခဲ့ပုံလိုပေါ့။ ငွေအများကြီး သူတို့ ကုန်ခဲ့ကြပေမဲ့၊ နောက်ဆုံးမှာ အဲဒီနယ်ပယ်မှာ ကျွန်မ မလုပ်ခဲ့ဘူးလေ။ အဲဒီအတိုင်းပဲ၊ ကျွန်မမိဘတွေအပေါ် ကျွန်မ သားသမီးဝတ်ကျေချင်ခဲ့ပေမဲ့၊ ကျွန်မအဖေ ဆုံးတာ စောလွန်းခဲ့တယ်။ ပြီးတော့ ကျွန်မအမေအပေါ် ကျွန်မသားသမီးဝတ်ကျေချင်ခဲ့ပေမဲ့၊ သူ့ဘေးမှာ ကျွန်မ လုံးဝ မနေနိုင်ခဲ့ဘူး။ အရင်က၊ ကျွန်မအမေ ဆင်းရဲဒုက္ခခံရမှာကို ကျွန်မ ကြောက်ခဲ့ပြီး၊ သူ့ဘဝရဲ့ နောက်ပိုင်းအချိန်တွေမှာ သူ့ကို ပိုပျော်အောင် ကူညီဖို့ အလုပ်အမြဲ ကြိုးစားချင်ခဲ့တယ်။ တဲ့တိုးပြောရရင်၊ ကျွန်မအမေရဲ့ ကံကြမ္မာကို ပြောင်းလဲပေးပြီး သူ့အတွက် ပျော်ရွှင်မှု ဖန်တီးပေးဖို့ ခွန်အားရှိသမျှ ကုန်ခမ်းလိုက်ချင်ခဲ့တယ်။ အမှန်ကတော့ ကျွန်မက ကိုယ့်ကံကြမ္မာ၊ ဒီဘဝတစ်သက်တာမှာ ကျွန်မ ဘာလုပ်တယ် ဒါမှမဟုတ် ကျွန်မ ပျော်ရွှင်နိုင်ခြင်း ရှိမရှိဆိုတာတွေကိုတောင် ကျွန်မ မထိန်းချုပ်နိုင်တာ။ ကျွန်မ အမေရဲ့ကံကြမ္မာကို ဘယ်လိုလုပ် ပြောင်းလဲနိုင်မှာလဲ။ ကျွန်မ ဘယ်လောက် မိုက်မဲပြီး မာနထောင်လွှားတယ်ဆိုတာကို မြင်ခဲ့ရတယ်။ ကျွန်မအမေကို အလေးထားတာနဲ့ပတ်သက်လာတဲ့အခါ၊ ကိစ္စတွေကို ဖြစ်လာတဲ့အတိုင်း ခံယူဖို့ပဲလိုပြီး၊ ကျွန်မရဲ့ အခြေအနေတွေအတိုင်း ကျွန်မရဲ့သားသမီး၀တ်ကို ဖြည့်ဆည်းဖို့ပဲလိုတယ်ဆိုတာကို ကျွန်မ သင်ယူခဲ့ရတယ်။ ကျွန်မက ကျွန်မအမေနဲ့အတူ နေပြီး သူ့ကို စောင့်ရှောက်ဖို့ အခြေအနေတွေက ပြည့်မီရင်၊ သားသမီးဝတ်ကို ကျွန်မ အစွမ်းကုန် ကျေပွန်လို့ရတယ်။ ကျွန်မ သူ့ဘေးမှာ ရှိမနေနိုင်ရင်၊ အဲဒါကြောင့် အကြွေးတင်တဲ့စိတ် ခံစားစရာ မလိုဘူး။ ကျွန်မက ဖန်ဆင်းခံတစ်ယောက်ဖြစ်တဲ့အတွက် ကျွန်မအတွက် ဘုရားစီစဉ်တဲ့ ပတ်ဝန်းကျင်မှာ ကျွန်မတာဝန်ကို ကောင်းကောင်း လုပ်ဖို့ပဲ လိုတယ်။ ဒါက အရေးအကြီးဆုံးသောအရာပဲ။
သိပ်မကြာသေးခင်တုန်းက၊ ကျွန်မအမေနဲ့ ကျွန်မ အဆက်အသွယ်ရခဲ့တယ်။ သူက ကျွန်မကို ပြောတယ်။ သူ့ဘဝမှာ အကြီးမားဆုံး ပျော်ရွှင်မှုက ဘုရားရဲ့ ရွေးချယ်တာခံရပြီး သူ့အသံကို ကြားတာဖြစ်တယ်၊ ပြီးတော့ သူ့ရဲ့ အကြီးမားဆုံး စိတ်ဆန္ဒက သူ့တာဝန်ကို ကောင်းကောင်း လုပ်နိုင်ဖို့နဲ့ ဘုရားရဲ့ ကယ်တင်ခြင်းနဲ့ ထိုက်တန်ဖို့ ဖြစ်တယ်တဲ့။ ကျွန်မတာဝန်ကို အတတ်နိုင်ဆုံးလုပ်ဖို့လည်း ကျွန်မကို ပြောခဲ့တယ်။ ကျွန်မအမေရဲ့ စာကို ဖတ်ပြီးတော့ ကျွန်မ ငိုမိခဲ့တယ်။ ကျွန်မအမေအပေါ် သားသမီးဝတ်ကျေတာနဲ့ သူ့ကို သာလွန်တဲ့ ရုပ်ဝတ္ထုဘဝတစ်ခုကို ပေးတာနဲ့ပတ်သက်လို့ ကျွန်မ ယုံကြည်ခဲ့တဲ့အရာက သူ့ကို သေချာပေါက် ပျော်စေမှာမျိုး မဟုတ်ဘူး။ တကယ်တော့၊ ရုပ်ဝတ္ထု ပစ္စည်းတွေနဲ့ ပတ်သက်လာတဲ့အခါ၊ ကျွန်မအမေမှာ အဲဒီလောက် မြင့်မားတဲ့ တောင်းဆိုမှုတွေ မရှိခဲ့ဘူး။ သူက ကျွန်မကို ဘုရားနောက် ကောင်းကောင်းမွန်မွန် လိုက်ဖို့၊ သမ္မာတရားကို လိုက်စားပြီး ကျွန်မတာဝန်ကို ကောင်းကောင်း လုပ်ဖို့ပဲ လိုချင်ခဲ့တယ်။ အဲဒါက သူ့ရဲ့ တကယ့် အကြီးမားဆုံး ဆန္ဒပဲ။ အရင်က၊ သူနဲ့ ကျွန်မအဖေက ကျွန်မရဲ့ မွေးချင်းတွေနဲ့ စာရင် ကျွန်မအတွက် ပိုပြီး ပေးဆပ်ခဲ့တာကို မြင်တော့ ကျွန်မ မိခင်အပေါ် သားသမီးဝတ်ကျေပွန်တဲ့ တာဝန်ကို ယူသင့်တယ်လို့ ကျွန်မ တွေးခဲ့ပေမဲ့၊ ကိစ္စတွေက အမြဲတမ်းပဲ ကျွန်မဆန္ဒရှိသလို ဖြစ်မလာဘူး။ နောက်ပိုင်းမှာ၊ ကျွန်မအမေဘေးမှာ ကျွန်မ မရှိနိုင်ခဲ့ပေမဲ့၊ ကျွန်မရဲ့ အစ်ကိုက အတော် သားသမီးဝတ်ကျေပြီး ကျွန်မအမေကို ခဏခဏ စောင့်ရှောက်မှာပဲလို့ တွေးခဲ့တယ်။ ဒါပေမဲ့ သူက ကျွန်မအမေဘေးမှာ မနေနိုင်ခဲ့တဲ့သဘော ဖြစ်သွားတယ်။ ကျွန်မ မောင်လေးကတော့ ငွေစုတဲ့နေရာမှာ ထုံးစံအတိုင်း မတော်သလို၊ သူ့ကိုယ်သူအတွက်တောင် ငွေအလုံအလောက်ရှိရင်ပဲ သူ တော်နေပါပြီလို့ ကျွန်မ တွေးလေ့ရှိခဲ့တယ်။ အခု သူက ကျွန်မအမေကို ထောက်ပံ့ပေးနေတဲ့တစ်ယောက် ဖြစ်နေတယ်။ ဘုရားက တကယ်ပဲ အချုပ်အခြာအာဏာ စွဲကိုင်ထားပြီး လူတွေ လုံးဝ မထင်တဲ့၊ မမျှော်လင့်တဲ့ နည်းလမ်းနဲ့ ကိစ္စတွေကို စီစဉ်ပေမဲ့၊ လူတစ်ဦးစီရဲ့ ကံကြမ္မာပေါ် အချုပ်အခြာအာဏာ စွဲကိုင်ပြီး စီစဉ်တာက တကယ်ကို ဘုရားပဲဖြစ်ပါတယ်။ ပြီးတော့ ကံကြမ္မာက ဘယ်သူမှ ရွေးလို့၊ ပြောင်းလဲလို့မရနိုင်တဲ့အရာတစ်ခုပဲ။ အခု ကျွန်မအမေ တွေ့ကြုံခဲ့ရတဲ့ စိတ်မချမ်းမြေ့စရာဖြစ်ပုံရတဲ့ အခြေအနေအားလုံးကြောင့် ကျွန်မ ဝမ်းမနည်းတော့သလို၊ သူ့အနာဂတ်နဲ့ပတ်သက်လို့ စိတ်မပူတော့ဘူး။ ကျွန်မတို့ ကံကြမ္မာအားလုံး ဘုရားလက်ထဲမှာရှိပြီး၊ ကျွန်မအပါအဝင် လူတိုင်းက ကောင်းတဲ့ အခြေအနေရော၊ စိတ်မချမ်းမြေ့စရာ အခြေအနေတွေပါ တွေ့ကြုံမယ်ဆိုတာကို ကျွန်မ သိတယ်။ ဒါက ဘယ်လူကမှ မလွတ်မြောက်၊ မပြောင်းလဲနိုင်တဲ့ အရာတစ်ခုပဲ။ ကျွန်မ လုပ်နိုင်သမျှကတော့ ကျွန်မအမေကို ဘုရားဆီ လက်လွှဲပြီး၊ ကျွန်မတို့အတွက် သူ စီစဉ်ပေးတဲ့ အခြေအနေထဲမှာ သမ္မာတရား လိုက်စားအောင် ကျွန်မတို့ကို လမ်းပြဖို့နဲ့ ကျွန်မတို့ရဲ့ တာဝန် တစ်ခုစီကို ကောင်းကောင်းလုပ်ပြီး သူ့မေတ္တာကို ပြန်ဆပ်ဖို့အတွက် ကျွန်မတို့ကို လမ်းပြဖို့ သူ့ကို တောင်းလျှောက်တာပဲ။ ဘုရားရဲ့ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။