ကိုယ့်တာဝန်မှာ ကျွန်မ ဝန်တာ ထမ်းရွက်လိုပါတယ်

10.06.2026

ရှောင်ယွီရှင်း၊ တရုတ်နိုင်ငံ

၂၀၂၃ ခုနှစ်၊ ဇူလိုင်လလယ်မှာ အသင်းတော်က စာနဲ့ပတ်သက်တဲ့ တာဝန်ကို ကျွန်မ ထမ်းဆောင်နေခဲ့ပြီး တခြား ညီအစ်မ နှစ်ယောက်နဲ့ အတူတူလုပ်နေခဲ့ပါတယ်။ တစ်ယောက်က အသင်းသားသစ် ဝမ်ရွှယ်ဖြစ်ပြီး၊ နောက်တစ်ယောက်က လင်းရှီးပါ။ ဩဂုတ်လကုန်မှာတော့ ခေါင်းဆောင်တွေက လင်းရှီးကို တခြားတာဝန်တစ်ခု ခဏသွားလုပ်ခိုင်းလိုက်တော့ ကျွန်မတို့အဖွဲ့မှာ ဝမ်ရွှယ်နဲ့ ကျွန်မ နှစ်ယောက်ပဲ ကျန်တော့တယ်။ ပုံမှန်ဆိုရင် ကြီးကြပ်ရေးမှူးက ကျွန်မတို့နဲ့ အလုပ်ဆွေးနွေးပြီးတဲ့နောက်မှာ၊ ပိုခက်တဲ့ အလုပ်တွေကို သူက ကျွန်မကို အကောင်အထည်ဖော်ပြီး ကိုင်တွယ်ခိုင်းတတ်ပြီး၊ ဝမ်ရွှယ်ကိုတော့ ပိုလွယ်တဲ့ အလုပ်တွေလုပ်ဖို့ စီစဉ်ပေးတတ်တယ်။ အစကတော့ ဒါကို ကျွန်မ မှန်မှန်ကန်ကန် သဘောထားနိုင်ခဲ့ပေမဲ့၊ အချိန်ကြာလာတော့ အဖွဲ့ထဲက အလုပ်တော်တော်များများအတွက် ကျွန်မ ပူပန်ဖို့လိုလာတယ်၊ ကြီးကြပ်ရေးမှူးကလည်း ပိုခက်တဲ့ အလုပ်တွေကို ကျွန်မကိုပဲ အမြဲ တာဝန်ပေးတော့၊ အဲဒါတွေကို ကောင်းကောင်းလုပ်နိုင်ဖို့ အချိန်နဲ့ ခွန်အားတွေ အများကြီး စိုက်ထုတ်ရတာပေါ့။ ရလဒ်အနေနဲ့ ကျွန်မမှာ အားလပ်ချိန် သိပ်မရှိတော့ဘူး၊ ဒါနဲ့ ရင်ထဲမှာ နည်းနည်း မခံချင်စိတ်ဖြစ်လာပြီး စညည်းညူမိပါလေရော၊ “ခက်တဲ့ အလုပ်တွေအားလုံးကို ဘာလို့ ငါ့ချည်းပဲ တာဝန်ပေးနေရတာလဲ။ ဝမ်ရွှယ် လေ့ကျင့်နေတာ သိပ်မကြာသေးလို့ စည်းမျဉ်းတွေကို ခိုင်ခိုင်မာမာ သဘောမပေါက်သေးဘူးဆိုပေမဲ့၊ အရင်က စာနဲ့ပတ်သက်တဲ့ တာဝန်ကို သူထမ်းဆောင်ဖူးတော့၊ အဲဒီတာဝန်မှာ အခြေခံတော့ ရှိတာပဲလေ။ နည်းနည်းပိုခက်တဲ့ အလုပ်တချို့ကို လုပ်ဖို့ သူ့ကိုရော လေ့ကျင့်ပေးလို့ မရနိုင်ဘူးလား။ အားလုံး ငါ့ကိုချည်းပဲ တာဝန်ပေးထားတော့ တစ်နေ့လုံး ဖိအားတွေနဲ့ ခေါင်းတွေတောင် ပေါက်ကွဲထွက်တော့မယ်၊ ကိုယ့်တာဝန်ကို ဒီလိုထမ်းဆောင်ရတာ အရမ်းပင်ပန်းလွန်းတယ်” လို့ပေါ့။ ဒါကို တွေးမိလေလေ၊ ပိုပြီး စိတ်မချမ်းမသာဖြစ်လေလေပါပဲ။

တစ်နေ့တော့ တော်တော်အလျင်လိုနေတဲ့ စာနဲ့ပတ်သက်တဲ့ အလုပ်တစ်ခုကို အကောင်အထည်ဖော်ဖို့ ခေါင်းဆောင်တွေက ကျွန်မကို စာတချို့ ရေးခိုင်းတယ်။ ကျွန်မလည်း ချက်ချင်း စလုပ်လိုက်ပြီး စာနှစ်စောင်ကို ဆက်တိုက် ရေးလိုက်တယ်၊ အဲဒီအတွက် ခေါင်းတော်တော်စားသွားတာပေါ့။ စာတွေ ရေးပြီးသွားတော့ ကျွန်မ သက်ပြင်းချလိုက်ပြီး ကိုယ့်ဘာသာ တွေးမိတယ်၊ “ဆက်သွယ်ရေးစာ တစ်စောင် ရေးဖို့ ကျန်သေးတယ်၊ ဘယ်လိုပဲကြည့်ကြည့် ဒါက ဝမ်ရွှယ် ရေးရမယ့် အလှည့်ပဲ။ အဲဒါဆိုရင် ငါလည်း နည်းနည်း သက်သာသွားမှာပဲ” လို့ပေါ့။ ဒါပေမဲ့ ကြီးကြပ်ရေးမှူးက ဆက်သွယ်ရေးစာကို ရေးဖို့ ကျွန်မကိုပဲ ထပ်ရေးခိုင်းလိမ့်မယ်လို့ မထင်ထားဘူး။ ကျွန်မစိတ်ထဲမှာ တော်တော်လေး အတိုက်အခံ ဖြစ်သွားတယ်၊ “ဘာလို့ ငါပဲ ထပ်ဖြစ်ရတာလဲ။ ဆက်သွယ်ရေးစာတွေ ရေးဖို့ ဝမ်ရွှယ်ကို ဘာလို့ လေ့ကျင့်မပေးတာလဲ။ အဲဒါမှ တရားမျှတပြီး အကျိုးအကြောင်းသင့်မှာပေါ့။ ဝမ်ရွှယ်က အတတ်ပညာပိုင်းမှာ နည်းနည်း အားနည်းပေမဲ့၊ သူရေးတဲ့အပေါ်မှာ ငါက ဖြည့်စွက်ပြီး ပြင်ပေးလိုက်ရင် မရဘူးလား။ အဲဒါဆို ငါလည်း အင်အားနည်းနည်း သက်သာတာပေါ့” လို့လေ။ ဒါပေမဲ့ ကြီးကြပ်ရေးမှူးက အကုန် စီစဉ်ပြီးနေပြီဆိုတော့ ကျွန်မလည်း တကယ် မငြင်းသာခဲ့ဘူး။ အဲဒီရက်တွေမှာ ကြီးကြပ်ရေးမှူးက ကျွန်မကိုပဲ ဟိုဟာလုပ်ဖို့၊ ဒီဟာလုပ်ဖို့ အမြဲတာဝန်ပေးနေတာကို တွေးမိတိုင်း၊ ပြီးတော့ အချိန်အများစုက ခေါင်းအရမ်းစားတဲ့ အလုပ်တွေ ဖြစ်နေတာကို တွေးမိတိုင်း ကျွန်မ စိတ်ဖိစီးပြီး ဒေါသထွက်လာတယ်၊ ကျွန်မ နည်းနည်း ပိုသက်သာသွားအောင် လင်းရှီးကို အမြန် ပြန်လာစေချင်ခဲ့တယ်။ အဲဒီနောက်ပိုင်း၊ ကျွန်မတာဝန်တွေ ထမ်းဆောင်ရာမှာ အရင်ကလို အပြုသဘောဆောင်တော့ဘူး။ အဖွဲ့ထဲမှာ လူနှစ်ယောက်ပဲ ရှိတာဆိုတော့၊ ကျွန်မ ပျင်းမနေဘဲ တစ်နေ့ကို အလုပ်နည်းနည်းစီ ပြီးအောင်လုပ်နိုင်သရွေ့ လုံလောက်ပြီလို့ ခံစားလာရတယ်။ အဲဒါဆို ကျွန်မလည်း သိပ်ပင်ပန်းမှာ မဟုတ်ဘူးလေ။ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ချက်တွေ လျှော့ချလိုက်ပြီး အမှုအရာတွေကို တင်းတင်းကျပ်ကျပ် မစီစဉ်တော့တဲ့အတွက်၊ တစ်ရက်တည်းနဲ့ပြီးနိုင်တဲ့ အမှုအရာတွေက နောက်နေ့အထိ နှောင့်နှေးသွားတယ်၊ ခေါင်းထဲ ဒီတာဝန်ကို မထမ်းဆောင်ချင်တော့ဘူးဆိုတဲ့ အတွေးတောင် ခဏခဏ ဝင်လာသေးတယ်။ ကိုယ့်တာဝန်အပေါ် ထားတဲ့ ကျွန်မရဲ့ သဘောထားက မမှန်ဘူးဆိုတာ သဘောပေါက်မိသလို၊ တာဝန်ထမ်းဆောင်တာနဲ့ ပတ်သက်တဲ့ ဘုရားနှုတ်ကပတ်တော် တချို့ကို ဖတ်ခဲ့ပေမဲ့လည်း၊ ကိုယ့်ပြဿနာတွေကို ဘယ်တော့မှ အလေးအနက်ထားပြီး မဆင်ခြင်သုံးသပ်ခဲ့ဘူး၊ ဒါကြောင့် ဒီအခြေအနေတွေက မပြေလည်သွားခဲ့ဘူး။ အလုပ်အကြောင်း အတူတူ ဆွေးနွေးကြတဲ့အခါမှာတောင် ကျွန်မ ဘာမှ မပြောချင်ခဲ့ဘူး၊ ကြီးကြပ်ရေးမှူးက ကျွန်မမှာ အကြံဉာဏ်တချို့ ရှိတာကို မြင်သွားပြီး ကျွန်မကို တာဝန်ပေးမှာ ကြောက်လို့လေ။ နောက်ပိုင်းမှာ၊ ကိုယ့်တာဝန်အပေါ်ထားတဲ့ ကျွန်မရဲ့ သဘောထားကို ဆင်ခြင်သုံးသပ်မိတယ်။ ကြီးကြပ်ရေးမှူး စီစဉ်ပေးတာကို ကျွန်မ လုပ်ခဲ့ပေမဲ့၊ ရင်ထဲမှာတော့ ညည်းညူမှုတွေ အများကြီး ရှိနေတုန်းပဲ။ ကျွန်မတို့ တာဝန်တွေကို အမြဲတမ်း စိတ်မပါလက်မပါ ထမ်းဆောင်နေတာကို ဘုရားသခင်က အသိအမှတ်မပြုဘူးလေ။ ကိုယ့်အခြေအနေနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး နားလည်နိုင်အောင် ကျွန်မကို ဉာဏ်အလင်းပေးပြီး လမ်းပြပေးဖို့ ဘုရားသခင်ကို ဆုတောင်းခဲ့တယ်။

ဝတ်ပြုနေတုန်း ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်နေရင်း၊ ဒီဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့ရတယ်၊ “တာဝန်များသည် အလွန်ကျယ်ပြန့်သည့် နယ်ပယ်တစ်ခုကို ခြုံငုံပြီး၊ နေရာများစွာ ပါဝင်သော်လည်း မည်သည့်တာဝန်ကို သင်ထမ်းဆောင်သည်ဖြစ်စေ ရိုးရှင်းစွာဆိုရလျှင် ယင်းမှာ သင်၏ ဝတ္တရားဖြစ်ပြီး သင်လုပ်ဆောင်နေသင့်သည့် အရာတစ်ခုဖြစ်သည်။ သင်၏ စိတ်နှလုံးဖြင့် ကောင်းစွာ ထမ်းဆောင်သရွေ့ ဘုရားသခင်က သင့်ကို အသိအမှတ်ပြုလိမ့်မည်။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူတစ်ယောက်အဖြစ် အသိအမှတ်ပြုလိမ့်မည်။ သင် မည်သူဖြစ်စေ သင်၏ တာဝန်ကို အစဉ်သဖြင့် ရှောင်ကြဉ်ရန်၊ သို့မဟုတ် ကွယ်ဝှက်ရန် ကြိုးစားနေလျှင် ပြဿနာတစ်ခုရှိသည်။ လျှော့ပြောရလျှင် သင်သည် အလွန်ပျင်းရိပြီး အလွန်လှည့်ဖြားတတ်သည်၊ သင်သည် အလဟဿနေပြီး အားလပ်ချိန်ကို နှစ်သက်ကာ အလုပ်လုပ်ပေးရခြင်းကို စက်ဆုပ်သည်။ ပို၍လေးနက်စွာ ဆိုရလျှင် သင်သည် သင့်တာဝန်ကို ထမ်းဆောင်လိုစိတ်မရှိဘဲ သစ္စာစောင့်သိမှုဖြစ်စေ၊ ကျိုးနွံနာခံခြင်းဖြစ်စေ မရှိပေ။ သင်သည် ရုပ်ပိုင်းဆိုင်ရာ အားထုတ်ခြင်းဖြစ်သည့် အလုပ်ကိုပင် မထမ်းရွက်နိုင်ပါက မည်သည့်အရာ လုပ်နိုင်သနည်း။ မည်သည့်အရာကို သင် ကောင်းမွန်စွာ လုပ်ဆောင်နိုင်စွမ်း ရှိသနည်း။ လူတစ်ဦးသည် အမှန်တကယ် သစ္စာစောင့်သိပြီး မိမိ၏ တာဝန်နှင့် ပတ်သက်လာသည့်အခါတွင် တာဝန်သိစိတ် ရှိပါက ယင်းကို ဘုရားသခင် တောင်းဆိုနေသရွေ့၊ ထို့ပြင် ယင်းကို ဘုရားသခင်၏ အိမ်တော်မှ လိုအပ်နေသရွေ့ သူ့အား ခိုင်းစေသည့်အရာတိုင်းကို ကိုယ့်ရွေးချယ်မှုကိုယ် မလုပ်ဘဲ သူလုပ်ဆောင်လိမ့်မည်။ ဤသည်မှာ မိမိတတ်နိုင်ပြီး လုပ်ဆောင်သင့်သည့်အရာကို ထမ်းဆောင်ရန်နှင့် တာဝန်ယူထမ်းရွက်ရန် မိမိတာဝန်ကို ထမ်းဆောင်ခြင်းစည်းမျဉ်းများထဲမှ တစ်ခုမဟုတ်လော။ (ဟုတ်ပါသည်။)...အရာရာတိုင်းက လုပ်ရသည်ထက် ပြောရသည်မှာ ပိုလွယ်ကူသည်။ တစ်ဖက်တွင် လူတို့က အလုပ်တာဝန်တစ်ခုကို အမှန်တကယ် တာဝန်ယူဆောင်ရွက်သည့်အခါ အရေးကြီးသည့်အရာမှာ သူတို့၏ ကိုယ်ကျင့်စရိုက် ဖြစ်ပြီး အခြားတစ်ဖက်တွင် သမ္မာတရားကို သူတို့ ချစ်ခြင်းရှိမရှိဖြစ်၏။ ဦးစွာ လူတို့၏ စရိုက်လက္ခဏာအကြောင်းကို ပြောကြပါစို့။ အကယ်၍ လူတစ်ဦး၌ ကောင်းသောစရိုက်ရှိပါက သူသည် အရာရာတိုင်း၏ အပြုသဘောဆောင်သောဘက်ကို မြင်တတ်သည်၊ အရာများကို အပြုသဘောဆောင်သောရှုထောင့်မှ၊ သမ္မာတရားကို အခြေခံပြီး လက်ခံကာ နားလည်သဘောပေါက်နိုင်ကြသည်။ ယင်းမှာ သူ၏ စိတ်နှလုံး၊ စရိုက်လက္ခဏာနှင့် ဝိညာဉ်တို့က ဖြောင့်မတ်ခြင်းဖြစ်သည်။ ယင်းမှာ စရိုက်လက္ခဏာရှုထောင့်မှ ဖြစ်သည်။ ဆက်လက်၍ လူတစ်ယောက်သည် သမ္မာတရားကို ချစ်ခြင်းရှိမရှိဖြစ်သည့် အခြားကဏ္ဍတစ်ခုအကြောင်း ပြောကြပါစို့။ သမ္မာတရားကို ချစ်ခြင်းသည် သမ္မာတရားကို လက်ခံနိုင်ခြင်းကို ရည်ညွှန်းသည်။ ဆိုလိုသည်မှာ သင်သည် ဘုရားနှုတ်ကပတ်တော်များကို နားလည်သဘောပေါက်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ၊ အလုပ်နှင့်လည်းကောင်း၊ သင်ထမ်းဆောင်ရမည့် တာဝန်နှင့်လည်းကောင်း ပတ်သက်သည့် သင်၏ အမြင်၊ ထင်မြင်ချက်နှင့် ရှုထောင့်တို့သည် သမ္မာတရားနှင့် ကိုက်ညီခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သင်သည် ဘုရားသခင်ထံမှလာသောတာဝန်ကို လက်ခံနိုင်ဆဲဖြစ်ပြီး ကျိုးနွံနာခံ၍ ရိုးသားလျှင် ဤသည်မှာ လုံလောက်သည်။ သင်၏တာဝန်ကို ထမ်းဆောင်ရန် အရည်အချင်း ပြည့်မီပြီး ယင်းသည် အနည်းဆုံးသော သတ်မှတ်ချက်ဖြစ်သည်။ သင်သည် ကျိုးနွံနာခံပြီး စိတ်ရင်းမှန်ပါက အလုပ်တစ်ခုကို လုပ်ဆောင်သောအခါ သင်သည် ဝတ်ကျေတမ်းကျေ ပြုလုပ်မည်မဟုတ်ဘဲ ကလိမ်ဉာဏ်ဆင်လျက် ခိုကပ်မည်လည်း မဟုတ်ပေ၊ ထိုအစား သင်သည် မိမိ၏ စိတ်နှလုံးနှင့် ခွန်အားအားလုံးကို ယင်းထဲသို့ နှစ်ထားမည် ဖြစ်သည်။ အကယ်၍ လူတစ်ဦး၏ အတွင်းစိတ်အခြေအနေသည် မှားယွင်းပြီး ၎င်းတို့၌ အပျက်သဘောဆောင်မှု ပေါ်ပေါက်လာပါက ၎င်းတို့သည် မိမိတို့၏ စိတ်အားထက်သန်မှု ပျောက်ဆုံးမည်ဖြစ်ပြီး ဝတ်ကျေတမ်းကျေ ပြုလုပ်လိုကြမည်ဖြစ်သည်၊ ၎င်းတို့၏ အခြေအနေ မမှန်ကန်ကြောင်းကို မိမိတို့၏ စိတ်နှလုံးထဲ၌ ကောင်းစွာ သိကြသည့်တိုင် ၎င်းတို့သည် သမ္မာတရားကို ရှာဖွေခြင်းဖြင့် ဤသည်ကို ဖြေရှင်းရန် မကြိုးစားကြပါက ဤကဲ့သို့သောလူစားမျိုး၌ သမ္မာတရားကို ချစ်မြတ်နိုးခြင်း မရှိဘဲ မိမိ၏ တာဝန်ကို ထမ်းဆောင်ရန် အနည်းငယ်မျှသာ လိုလိုလားလား ရှိသည်၊ သို့ရာတွင် သူသည် မည်သည့်အားစိုက်ထုတ်မှုကိုမျှ ပြုလုပ်လိုခြင်း သို့မဟုတ် ဆင်းရဲဒုက္ခကို ခံလိုခြင်း မရှိကြပေ၊ ပြီးလျှင် ကလိမ်ဉာဏ်ဆင်လျက် ခိုကပ်ရန် အစဉ်သဖြင့် ကြိုးစားနေကြသည်။ အမှန်တကယ်တွင် ဘုရားသခင်သည် ဤအရာအားလုံးကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး ဖြစ်သည်၊ သို့ဆိုလျှင် အဘယ်ကြောင့် ကိုယ်တော်သည် ဤလူတို့ကို အရေးမစိုက်ဘဲ နေရသနည်း။ ဘုရားသခင်သည် ကိုယ်တော် ရွေးချယ်ထားသောလူများ နိုးထလာရန်၊ ထိုလူများကို ပိုင်းခြားသိမြင်ပြီး ဖော်ထုတ်ရန်နှင့် ၎င်းတို့ကို ဖယ်ရှားရှင်းလင်းရန် စောင့်ဆိုင်းနေခြင်းမျှသာ ဖြစ်သည်။ သို့ရာတွင် ထိုသို့သောလူများသည် မိမိတို့ဘာသာ ဤသို့ တွေးထင်နေဆဲ ဖြစ်သည်၊ ‘ငါ၏ ဉာဏ်ကောင်းပုံကို ကြည့်ကြလော့။ ငါတို့သည် အစားအစာတစ်ပုံစံတည်းကို စားသုံးကြသော်လည်း အလုပ်လုပ်ပြီးသောအခါ သင်တို့မှာ လုံးဝ မောပန်းနွမ်းနယ်နေကြပြီး ငါမူကား လုံးဝ မပင်ပန်းပေ။ ငါသာလျှင် ဉာဏ်ကောင်းသူ ဖြစ်သည်။ ငါသည် အလုပ်ကို ထိုမျှ မကြိုးစား။ အလုပ်ကို ကြိုးစားသူတိုင်းသည် ငတုံးများသာ ဖြစ်ကြသည်’ ဟူ၍ ဖြစ်လေသည်။ ၎င်းတို့အနေဖြင့် ရိုးသားသောလူများကို ဤနည်းလမ်းဖြင့် ရှုမြင်ခြင်းသည် မှန်ကန်သလော။ မမှန်ပေ။ အမှန်တကယ်တွင် မိမိတို့၏ တာဝန်ကို ထမ်းဆောင်သောအခါ ကြိုးစားပမ်းစား အလုပ်လုပ်သောလူများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေပြီး ဘုရားသခင်ကို ကျေနပ်စေနေခြင်း ဖြစ်သဖြင့် ၎င်းတို့သည် လူအားလုံးထဲတွင် အထက်မြက်ဆုံးသောလူများ ဖြစ်ကြသည်။ အဘယ်အရာက ၎င်းတို့ကို ထက်မြက်စေသနည်း။ ၎င်းတို့က ‘ဘုရားသခင်က ကျွန်ုပ်ကို မလုပ်ခိုင်းသည့် မည်သည့်အရာကိုမျှ ကျွန်ုပ်မလုပ်ပေ၊ ပြီးတော့ ကိုယ်တော်က ကျွန်ုပ်ကို လုပ်ခိုင်းသည့် အရာအားလုံးကို ကျွန်ုပ်လုပ်သည်။ ကိုယ်တော် ခိုင်းသည့် မည်သည့်အရာကိုမဆို ကျွန်ုပ်လုပ်သည်၊ ကျွန်ုပ်၏ စိတ်နှလုံးနှင့် ခွန်အားအားလုံးကို ယင်း၌နှစ်ထားသည်၊ ပြီးလျှင် ကျွန်ုပ် လုံးဝ ဟန်ပြမလုပ်ပေ။ ကျွန်ုပ်သည် ဤအရာကို မည်သည့်လူတစ်ဦးတစ်ယောက်အတွက်မျှ လုပ်ဆောင်နေခြင်း မဟုတ်ဘဲ ဘုရားသခင်အတွက်သာ လုပ်ဆောင်နေခြင်း ဖြစ်ပါသည်။ ဘုရားသခင်သည် ကျွန်ုပ်ကို အလွန်ချစ်သောကြောင့် ကိုယ်တော့်ကို စိတ်ကျေနပ်မှုရှိစေရန် ကျွန်ုပ် ဤသို့ လုပ်ဆောင်သင့်ပါသည်’ ဟု ဆိုကြသည်။ ဤသည်မှာ မှန်ကန်သော စိတ်အခြေအနေ ဖြစ်သည်။ အကျိုးဆက်အားဖြင့် အသင်းတော်က လူတို့ကို ဖယ်ရှားပစ်သောအခါ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာ၌ ကလိမ်ကျသောသူအားလုံး ဖယ်ရှားရှင်းလင်းခြင်း ခံရပြီး ဘုရားသခင်၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးမှုကို လက်ခံသော ထိုရိုးသားသောလူများမှာမူ ကျန်ရစ်ကြသည်။ ထိုရိုးသားသောလူများ၏ အခြေအနေများသည် တိုးတက်နေမြဲ တိုးတက်နေပြီး ၎င်းတို့အပေါ် ကျရောက်သမျှအားလုံး၌ ဘုရားသခင်၏ ကာကွယ်စောင့်ရှောက်ခြင်းကို ခံကြရသည်။ ပြီးလျှင် အဘယ်အရာက ၎င်းတို့အား ဤကာကွယ်စောင့်ရှောက်မှုကို ရရှိစေသနည်း။ အကြောင်းမှာ ၎င်းတို့၏ စိတ်နှလုံးထဲ၌ ၎င်းတို့သည် ရိုးသားသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်သောအခါ အခက်အခဲ သို့မဟုတ် ပင်ပန်းနွမ်းနယ်မှုကို မကြောက်ရွံ့ကြဘဲ ၎င်းတို့ထံ ပေးအပ်သမျှ မည်သည့်အရာကိုမျှ ဇီဇာကြောင်ခြင်း မရှိကြပေ၊ ၎င်းတို့သည် အကြောင်းအရင်းကို မမေးကြဘဲ ခိုင်းသည့်အတိုင်းသာ လုပ်ဆောင်ကြသည်၊ ၎င်းတို့သည် မည်သည့် စုံစမ်းစစ်ဆေးမှု၊ သို့မဟုတ် ဆန်းစစ်လေ့လာမှုများကိုမျှ မလုပ်ဆောင်ဘဲ သို့မဟုတ် အခြားမည်သည့်အရာကိုမျှလည်း ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ နာခံကြသည်။ ၎င်းတို့၌ စဉ်းစားတွက်ချက်မှုများ မရှိဘဲ အရာရာ၌ နာခံနိုင်စွမ်း ရှိကြသည်။ ၎င်းတို့၏ အတွင်းစိတ်အခြေအနေသည် အစဉ်သဖြင့် အလွန် ပုံမှန်ဖြစ်သည်။ အန္တရာယ်နှင့် ရင်ဆိုင်ရသောအခါ ဘုရားသခင်သည် ၎င်းတို့ကို ကာကွယ်တော်မူသည်၊ နာမကျန်းမှု သို့မဟုတ် ကပ်ရောဂါ ၎င်းတို့အပေါ် ကျရောက်သောအခါ ဘုရားသခင်သည် ၎င်းတို့ကို ကာကွယ်ပေးသည်၊ အနာဂတ်တွင် ၎င်းတို့သည် ကောင်းချီးများကိုသာ ခံစားကြရလိမ့်မည်။ လူအချို့သည် ဤကိစ္စရပ်ကို ထိုးထွင်းသိမြင်နိုင်ခြင်း မရှိကြပေ။ ရိုးသားသောလူများက မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာ၌ ဆင်းရဲဒုက္ခနှင့် ပင်ပန်းနွမ်းနယ်မှုကို လိုလိုလားလား ခါးစည်းခံနေသည်ကို ၎င်းတို့ မြင်သောအခါ ဤရိုးသားသောလူများသည် မိုက်မဲသည်ဟု ၎င်းတို့ ထင်ကြသည်။ ဤသည်မှာ မိုက်မဲခြင်းလောဟူသည်ကို ငါ့ကိုပြောလော့။ ဤသည်မှာ စိတ်ရင်းမှန် ဖြစ်သည်၊ ဤသည်မှာ စစ်မှန်သော ယုံကြည်ခြင်း ဖြစ်သည်။ စစ်မှန်သော ယုံကြည်ခြင်းမရှိဘဲ လူတစ်ဦးသည် မည်သည့်အခါမျှ အမှန်တကယ် နားလည်နိုင်ခြင်း သို့မဟုတ် ရှင်းပြနိုင်ခြင်းမရှိမည့် အရာများစွာ ရှိသည်။ သမ္မာတရားကို နားလည်သောသူများ၊ ဘုရားသခင်ရှေ့၌ အစဉ်အသက်ရှင်ပြီး ကိုယ်တော်နှင့် ပုံမှန်ပေါင်းသင်းဆက်ဆံမှုများ ရှိသောသူများနှင့် ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံပြီး စစ်မှန်စွာ ကြောက်ရွံ့သောသူများသာလျှင် အမှန်တကယ် အဘယ်အရာ ဖြစ်ပျက်နေသည်ကို ၎င်းတို့၏ စိတ်နှလုံးထဲ၌ အရှင်းလင်းဆုံး သိကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၀ (အပိုင်း ၄)) ကိုယ့်တာဝန်ကို ထမ်းဆောင်ပေမဲ့ ဆင်းရဲဒုက္ခ မခံချင်တဲ့သူ၊ အဖိုးအခ မပေးချင်တဲ့သူနဲ့ အမြဲတမ်း ထွက်ပြေးဖို့ ကြိုးစားနေတဲ့သူတွေဟာ ပျင်းရိပြီး သက်သာတာကို နှစ်သက်ကြတယ်၊ အလုပ်လုပ်ရမှာကို စက်ဆုပ်တဲ့သူတွေ ဖြစ်တယ်လို့ ဘုရားသခင်က ဖော်ထုတ်ထားတယ်။ အဲဒီလိုလူတွေဟာ လူ့သဘာဝ မရှိသလို ကိုယ့်တာဝန်တွေ ထမ်းဆောင်ရာမှာ သစ္စာမရှိကြဘူး။ ဘုရားနှုတ်ကပတ်တော်တွေနဲ့ ယှဉ်ပြီး ကိုယ်ပိုင် အခြေအနေနဲ့ အပြုအမူကို ကျွန်မ ဆင်ခြင်သုံးသပ်မိတယ်။ လင်းရှီး ပြောင်းသွားပြီးတဲ့နောက်မှာ အဖွဲ့ထဲမှာ ဝမ်ရွှယ်နဲ့ ကျွန်မပဲ ကျန်တော့တယ်။ အစကတော့ ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ လိုလားခဲ့ပေမဲ့၊ အချိန်တွေ ကြာလာတာနဲ့အမျှ အလုပ်တွေ အများကြီးအတွက် ကျွန်မ ပူပန်ဖို့လိုလာတယ်၊ ပြီးတော့ ကြီးကြပ်ရေးမှူးကလည်း အားစိုက်ထုတ်ဖို့၊ အဖိုးအခပေးဖို့ လိုတဲ့ ခက်ခဲတဲ့ အလုပ်တွေကို ကျွန်မကိုချည်း အမြဲတမ်း တာဝန်ပေးနေတော့ နေ့တိုင်း ခေါင်းတွေတောင် ပေါက်ကွဲထွက်တော့မလို ဖိအားတွေ များခဲ့တယ်။ ကိုယ့်တာဝန်ကို ဒီလို ထမ်းဆောင်ရတာ ဆင်းရဲဒုက္ခတွေ အရမ်းများတယ်လို့ စတွေးလာမိတော့၊ မကျေမနပ်ဖြစ်ပြီး ညည်းညူမိခဲ့တယ်။ ကိုယ့်ဇာတိပကတိ ဆင်းရဲဒုက္ခခံရတာနဲ့ ခြေကုန်လက်ပန်းကျတာကနေ သက်သာအောင်လို့၊ အလုပ်တွေကို ဝမ်ရွှယ်ဆီ ပုံချပြီး ကိုယ်က ပိုအေးအေးဆေးဆေး နေရဖို့ကိုပဲ ဆက်တိုက် တွေးနေမိတယ်၊ ဒါပေမဲ့ ကြီးကြပ်ရေးမှူးကတော့ ခက်တဲ့ အလုပ်တွေ အားလုံးကို ကျွန်မလုပ်ဖို့ စီစဉ်နေတာလေ။ ကိုယ့်ဇာတိပကတိရဲ့ အကျိုးစီးပွားတွေ မပြည့်ဝတဲ့အခါ၊ ကျွန်မ အတိုက်အခံဖြစ်ပြီး မကျေမနပ် ဖြစ်လာတယ်။ အလုပ်ကို လုပ်နေပေမဲ့လည်း၊ ရွေးချယ်စရာ မရှိလို့သာ လုပ်နေရတာပါ၊ စိတ်ထဲမှာတော့ လင်းရှီး ပြန်လာမယ့်အချိန်ကိုပဲ အရမ်းကို မျှော်လင့်နေမိတယ်။ အဲဒါမှ အလုပ်တွေကို ခွဲဝေလုပ်ပြီး ကျွန်မ ဆင်းရဲဒုက္ခခံရတာ နည်းသွားမှာကိုး။ ကျွန်မတို့ အကုန်လုံး အလုပ်အကြောင်း အတူတူ ဆွေးနွေးကြတဲ့အခါမှာလည်း၊ ကြီးကြပ်ရေးမှူးက ကျွန်မကို အလုပ်တွေ ပိုခိုင်းမှာ ကြောက်လို့ ဉာဏ်များပြီး ကိုယ့်အမြင်တွေကို ဖွင့်မပြောခဲ့ဘူး။ ဒီတာဝန်ကိုတောင် မထမ်းဆောင်ချင်ခဲ့ဘူး။ ကျွန်မက ဘုရားသခင် ဖော်ထုတ်ထားတဲ့ ပျင်းရိပြီး သက်သာတာကို နှစ်သက်တဲ့သူ၊ အလုပ်လုပ်ရမှာကို စက်ဆုပ်တဲ့သူဆိုတာ အတိအကျပဲဆိုတာကို မြင်လိုက်ရတယ်။ ကိုယ့်တာဝန်ကို သစ္စာရှိရှိ ထမ်းဆောင်တဲ့သူတွေကတော့ သူတို့ရဲ့ တာဝန်ကို သူတို့ရဲ့ အခြေခံ တာဝန်ဝတ္တရားတွေရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ သဘောထားကြတယ်။ သူတို့ ဘယ်လောက်ပဲ ဆင်းရဲဒုက္ခခံရပါစေ၊ အဖိုးအခ ဘယ်လောက်ပဲ ပေးရပါစေ၊ သူတို့ လုပ်သင့်လုပ်ထိုက်တာ မှန်သမျှကို တာဝန်ယူဖို့ ဦးဆောင်ဦးရွက်ပြုပြီး စိတ်ရောကိုယ်ပါ နှစ်ပြီး လုပ်ကြတယ်။ သူတို့က ပျင်းရိတာ၊ ဉာဏ်များတာမျိုး မရှိဘဲ ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ အသိတရားနဲ့ တာဝန်ယူကြတယ်။ ဒါက လူတွေအတွက် စိတ်သက်သာရာရစေပြီး ဘုရားသခင်ကိုလည်း ကျေနပ်စေတယ်။ ဒါပေမဲ့ ကျွန်မကတော့ ကိုယ့်တာဝန်ကို ထမ်းဆောင်တဲ့နေရာမှာ ဇာတိပကတိကိုပဲ အမြဲ အလေးထားနေခဲ့တယ်။ ပျင်းရိပြီး ဉာဏ်များတဲ့အပြင် ကိုယ့်တာဝန်မှာ စိတ်ရောကိုယ်ပါ အပြည့်အဝ မနှစ်မြှုပ်နိုင်ခဲ့ဘူး။ ကျွန်မဟာ ကိုယ့်တာဝန်ကို ထမ်းဆောင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သက်သာမှုကို မွေ့လျော်ပြီး ဘုရားသခင်ရဲ့ အိမ်တော်မှာ မှီခိုကပ်ရပ်နေတဲ့ ကိုယ်ကျင့်စရိုက် မကောင်းတဲ့သူတစ်ယောက်ဆိုတာကို မြင်လိုက်ရတယ်။ ကျွန်မက အရမ်းကို စက်ဆုပ်စရာကောင်းပြီး ယုတ်မာလွန်းတယ်။ ဘုရားသခင်က ကျွန်မကို တာဝန်ထမ်းဆောင်ဖို့နဲ့ သမ္မာတရားကို ရရှိဖို့ အခွင့်အရေး ပေးခဲ့ပေမဲ့၊ ကျွန်မက ဇာတိပကတိကိုပဲ အလေးထားပြီး အဲဒါကို တန်ဖိုးမထားခဲ့ဘူး။ ဒီအခွင့်အရေးသာ ဆုံးရှုံးသွားရင် နောင်တရဖို့ နောက်ကျသွားမှာပဲ။ ကိုယ့်တာဝန်ကို ဒီလိုမျိုး ဆက်သဘောထားလို့ မဖြစ်နိုင်တော့ဘူး။ အခြေအနေတွေကို အမြန်ဆုံး ပြောင်းလဲပစ်မှ ဖြစ်မယ်။

နောက်ပိုင်းမှာ ကြီးကြပ်ရေးမှူးက ကျွန်မတို့နဲ့အတူ စုဝေးပြီး ဘုရားနှုတ်ကပတ်တော် တချို့ကို ဖတ်ပြတယ်။ ကျွန်မရဲ့ အခြေအနေနဲ့ တော်တော်လေး ကိုက်ညီနေတဲ့ အပိုဒ်တစ်ခု ပါလာတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူတို့သည် ဘုရားသခင်၏ အမှုတော်ကို မတွေ့ကြုံမီနှင့် သမ္မာတရားကို နားမလည်မီတွင် ၎င်းတို့၏ အတွင်းမှ ချုပ်ထိန်းပြီး လွှမ်းမိုးထားသည်မှာ စာတန်၏ သဘာဝ ဖြစ်သည်။ ထိုသဘာဝတွင် အတိအကျအားဖြင့် မည်သည့်အရာ ပါဝင်သနည်း။ ဥပမာအားဖြင့် အဘယ်ကြောင့် သင်သည် တစ်ကိုယ်ကောင်းဆန်ရသနည်း။ အဘယ်ကြောင့် သင်သည် သင်၏ ကိုယ်ပိုင်အဆင့်အတန်းကို ကာကွယ်ရသနည်း။ အဘယ်ကြောင့် သင်သည် သင်၏ ခံစားချက်များ၏ လွှမ်းမိုးခြင်းကို ဤမျှလောက် ခံရသနည်း။ အဘယ်ကြောင့် သင်သည် ထိုမဖြောင့်မတ်သောအရာများနှင့် ထိုဆိုးယုတ်သောအရာများကို ကြိုက်နှစ်သက်ရသနည်း။ ထိုသို့သောအရာများကို သင် ကြိုက်နှစ်သက်ခြင်းအတွက် အခြေခံအကြောင်းရင်းမှာ အဘယ်အရာဖြစ်သနည်း။ ဤအရာများသည် အဘယ်မှ လာသနည်း။ အဘယ်ကြောင့် သင်သည် ၎င်းတို့ကို ကြိုက်နှစ်သက်ပြီး လက်ခံရသနည်း။ ယခုအချိန်တွင် သင်တို့အားလုံး နားလည်လာကြပြီး ဖြစ်သည်၊ အဓိကအကြောင်းရင်းမှာ စာတန်၏ အဆိပ်အတောက်များသည် လူ၏ အတွင်း၌ ရှိနေသောကြောင့် ဖြစ်သည်။ ဤသို့ဆိုလျှင် စာတန်၏ အဆိပ်အတောက်များဟူသည်မှာ အဘယ်နည်း။ ယင်းတို့ကို မည်သို့ ဖော်ပြနိုင်သနည်း။ ဥပမာအားဖြင့်၊ သင်က ‘လူများ အဘယ်သို့ အသက်ရှင်နေထိုင်သင့်သနည်း။ လူများသည် အဘယ်အရာအတွက် အသက်ရှင်သင့်သနည်း’ ဟု မေးပါက လူတိုင်းက ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော’ ဟု ဖြေကြလိမ့်မည်။ ဤတစ်ခုတည်းသော စကားစုက ပြဿနာ၏ တကယ့်အရင်းအမြစ်ကို ဖော်ပြလေသည်။ စာတန်၏ အတွေးအခေါ်နှင့် တွေးခေါ်မှုစနစ်တို့သည် လူသားတို့၏ အသက် ဖြစ်လာပြီဖြစ်သည်။ လူများသည် အဘယ်အရာကို လိုက်စားသည်ဖြစ်စေ စင်စစ်အားဖြင့် မိမိတို့အတွက်သာ လုပ်ဆောင်ကြခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့ကိုယ်ကိုအတွက်သာ အသက်ရှင်ကြသည်။ ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော’ ဟူသော ဤအရာမှာ လူသား၏အသက် ဒဿနအမြင်ဖြစ်ပြီး ယင်းက လူသား၏ သဘာဝကိုလည်း ကိုယ်စားပြုလေသည်။ ဤစကားများသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ သဘာဝ၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ စာတန်ဆန်သော သဘာဝ၏ အမှန်တကယ် ပြယုဂ်ဖြစ်လာနှင့်ပြီးဖြစ်သည်။ ဤစာတန်ဆန်သော သဘာဝသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဖြစ်တည်မှုအတွက် အခြေခံအုတ်မြစ် လုံးလုံး ဖြစ်လာခဲ့ပြီဖြစ်သည်။ နှစ်ထောင်ချီကြာအောင် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် လက်ရှိအချိန်ကာလအထိ စာတန်၏ အဆိပ်အတောက်ဖြင့် အသက်ရှင်ခဲ့ပြီးဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်၊ ဝန်တာတွေကို မထမ်းချင်တဲ့ ကျွန်မရဲ့ အရင်းခံ အကြောင်းရင်းကို နည်းနည်း နားလည်သွားတယ်။ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” ဆိုတာနဲ့ “ဘယ်တော့မှ အရှုံးမခံဘူး” ဆိုတဲ့ စာတန်ဆန်တဲ့ ရှင်သန်မှု ဥပဒေသတွေနဲ့ပဲ ကျွန်မ အမြဲတမ်း အသက်ရှင်နေခဲ့တာကိုး။ ဒီအရာတွေက ကျွန်မနှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်း စွဲခိုင်နေပြီး ကျွန်မရဲ့ သဘာဝ ဖြစ်လာခဲ့တာလေ။ ဒီစာတန်ဆန်တဲ့ အဆိပ်အတောက်တွေနဲ့ အသက်ရှင်တဲ့အတွက်၊ ကျွန်မဟာ ပိုပိုပြီး တစ်ကိုယ်ကောင်းဆန်လာသလို စက်ဆုပ်စရာလည်း ကောင်းလာတယ်။ ကျင့်ကြံပြုမူတဲ့ နေရာမှာရော၊ ဘာပဲလုပ်လုပ် ကိုယ့်ဇာတိပကတိရဲ့ အကျိုးစီးပွားကိုပဲ ထည့်တွက်နေတော့တာပဲ။ အစတုန်းက ကျွန်မတို့ သုံးယောက် အတူတူ အလုပ်လုပ်ကြတော့ အားလုံးက အလုပ်တွေကို ခွဲဝေလုပ်လို့ ရခဲ့တယ်။ ဇာတိပကတိအတွက် သိပ်မပင်ပန်းဘဲ ပုံမှန် အလုပ်လုပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ လင်းရှီး တခြားတာဝန်တွေ ထမ်းဆောင်ဖို့ ထွက်သွားပြီးတဲ့နောက်မှာတော့၊ ကျွန်မရဲ့ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတဲ့ သဘာဝ ထုတ်ဖော်ခံလိုက်ရတယ်။ ကြီးကြပ်ရေးမှူးက ကျွန်မကို ပိုခက်တဲ့ အလုပ်တွေ လုပ်ဖို့ စီစဉ်ပေးတဲ့အခါ၊ အတိုက်အခံဖြစ်ပြီး ညည်းညူမိတယ်။ ကိုယ်က အရှုံးခံရတယ်လို့ ခံစားရတယ်။ ကိုယ့်တာဝန်ကို ကိုယ့်ရဲ့ တာဝန်ဝတ္တရားလို့ လုံးဝကို မသဘောထားခဲ့ဘူးလေ။ တကယ်တော့၊ စာနဲ့ပတ်သက်တဲ့ တာဝန်ကို ကျွန်မ ထမ်းဆောင်နေတာ ကြာပြီဖြစ်သလို၊ စည်းမျဉ်းတချို့ကိုလည်း သဘောပေါက်ထားတယ်လေ။ အလုပ်တွေ ပိုပြီး တာဝန်ယူရတာက ဖြစ်သင့်ပါတယ်။ ဒါက ကျွန်မ လုပ်သင့်လုပ်ထိုက်တဲ့ တာဝန်ပါပဲ။ ဒါပေမဲ့ ကျွန်မက တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတဲ့အတွက် ဆင်းရဲဒုက္ခ မခံချင်ဘူး။ အစွမ်းကုန် အားထုတ်ဖို့ မလိုလားသလို၊ အလုပ်ရဲ့ ရလဒ်တွေကိုလည်း ထည့်မစဉ်းစားခဲ့ဘူး။ ကျွန်မမှာ တာဝန်ယူစိတ် လုံးဝကို မရှိခဲ့ပါဘူး။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ ရေလောင်းပေးခြင်းနဲ့ ထောက်ပံ့မှုကိုတော့ ကျွန်မ မွေ့လျော်ခံစားခဲ့ပေမဲ့၊ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို ကျေးဇူးဆပ်ဖို့အတွက် ကိုယ်တော့်အတွက် အလေးအနက်ထားပြီး အသုံးမခံခဲ့ဘူး။ တာဝန်နဲ့ ကိုယ့်ဇာတိပကတိရဲ့ အကျိုးစီးပွားတွေ ပွတ်တိုက်မှု ဖြစ်လာတဲ့အခါ၊ အသင်းတော်ရဲ့ အလုပ်ကို ကျွန်မ မစဉ်းစားခဲ့ဘူး။ ကိုယ့်တာဝန်နဲ့ ဝတ္တရားတွေကိုတောင် ကောင်းကောင်း မဖြည့်ဆည်းချင်ခဲ့ဘူး။ ကျွန်မ အရမ်းကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းလွန်းတယ်။ တာဝန်ဆိုတာ ဘုရားသခင်ဆီက လာတာဖြစ်လို့ တာဝန်အပေါ် ထားတဲ့ သဘောထားဟာ ဘုရားသခင်အပေါ် ထားတဲ့ သဘောထားပဲဆိုတာကို တွေးမိတယ်။ ကိုယ့်တာဝန်ကို ငြင်းပယ်ချင်တာ၊ ကိုယ့်တာဝန်ဝတ္တရားတွေကို ရှောင်လွှဲချင်တာဟာ ဘုရားသခင်ကို သစ္စာဖောက်တာပဲ။ ဒါကို တွေးမိတော့ ကျွန်မ အရမ်း စိတ်မကောင်းဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်နဲ့ ပြည့်သွားတယ်။ ဘုရားသခင်ဆီမှာ နောင်တရပြီး ကျွန်မ ဖြည့်ဆည်းသင့်တဲ့ တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းဖို့၊ အသိစိတ်နဲ့ ဆင်ခြင်တုံတရားရှိတဲ့သူ တစ်ယောက်ဖြစ်ဖို့ ကျွန်မ လိုလားခဲ့တယ်။

အဲဒီနောက် ကြီးကြပ်ရေးမှူးက ပွင့်ပွင့်လင်းလင်းနဲ့ ကျွန်မကို မိတ်သဟာယဖွဲ့ပေးတယ်။ အလုပ်တွေကို ဒီလို စီစဉ်ရတာဟာ အဓိကအားဖြင့် ဝမ်ရွှယ်က လေ့ကျင့်တာ သိပ်မကြာသေးတဲ့အတွက် အလုပ်နဲ့ ရင်းနှီးကျွမ်းဝင်ဖို့ အချိန်ယူရမှာ ဖြစ်ပြီး၊ ကျွန်မကတော့ ဒီတာဝန်ကို ထမ်းဆောင်နေတာ ကြာပြီဖြစ်တဲ့အတွက် အတတ်ပညာပိုင်း အပါအဝင် အလုပ်ရဲ့ ကဏ္ဍစုံနဲ့ ပိုရင်းနှီးနေတာကို ထည့်သွင်းစဉ်းစားပြီး စီစဉ်ခဲ့တာပါတဲ့။ အဲဒါကြောင့်မို့ ကျွန်မကို ပိုလုပ်ဖို့ စီစဉ်ပေးခဲ့တာပါ။ ကြီးကြပ်ရေးမှူးက ဘုရားနှုတ်ကပတ်တော်တွေကိုလည်း ဖတ်ပြသေးတယ်၊ “သင်တို့သည် သမ္မာတရားအား လိုက်စားလျှင် အမှုအရာများအား သင်တို့ လုပ်ဆောင်သည့် ပုံစံကို ပြောင်းလဲသင့်သည်။ သင်တို့၏ ကိုယ်ပိုင်အကျိုးစီးပွားများ၊ တစ်ကိုယ်ရေရည်ရွယ်ချက်များနှင့် ဆန္ဒများကို စွန့်လွှတ်သင့်သည်။ အမှုအရာများကို လုပ်ဆောင်သည့်အခါ သမ္မာတရားကို အတူတကွ ဦးစွာ မိတ်သဟာယပြုသင့်သည်။ ပြီးလျှင် မည်သူက မည်သည့်နေရာတွင် တော်ပြီး မည်သည့်နေရာတွင် ညံ့သည်ဆိုသည့် အမြင်ဖြင့် သင်တို့ကြား အလုပ်ကို မခွဲခြားမီတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သတ်မှတ်ချက်များကို နားလည်သင့်သည်။ သင်တို့ လုပ်ဆောင်နိုင်သည့်အရာကို တာဝန်ယူလုပ်ဆောင်သင့်ပြီး သင်တို့၏တာဝန်ကို မြဲမြံစွာ ထိန်းသိမ်းသင့်သည်။ အမှုအရာများ၌ ရုန်းကန်ခြင်း၊ သို့မဟုတ် အလုအယက်ကြိုးပမ်းခြင်း မပြုနှင့်။ အလျှော့ပေးပြီး သည်းခံတတ်ရန် သင်ယူရမည်။ တစ်စုံတစ်ယောက်သည် တာဝန်ကို စတင်လုပ်ဆောင်သည်မှာ မကြာသေးဘဲ၊ သို့မဟုတ် နယ်ပယ်တစ်ခုအတွက် ကျွမ်းကျင်မှုများကို တတ်မြောက်သည်မှာ မကြာသေးဘဲ အလုပ်အချို့ကို မလုပ်နိုင်လျှင် သင်သည် ထိုသူအား အတင်းအဓမ္မမခိုင်းရ။ သင်သည် ထိုသူအား အနည်းငယ်ပို၍ လွယ်ကူသောအလုပ်များကို ချပေးရမည်။ ဤသည်မှာ ၎င်းတို့တာဝန်ကို ထမ်းဆောင်ရာတွင် ရလဒ်များကို ရရှိစေရန် ၎င်းတို့အတွက် ပို၍ လွယ်ကူစေသည်။ ဤသည်မှာ သည်းခံခြင်း၊ စိတ်ရှည်ခြင်း၊ မူရှိခြင်းပင်ဖြစ်သည်။ သာမန်လူ့သဘာဝက ရှိသင့်သည့် အရာ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ဘုရားသခင်က လူတို့အပေါ် တောင်းဆိုသည့်အရာဖြစ်ပြီး လူတို့ လက်တွေ့လုပ်ဆောင်သင့်သည့်အရာဖြစ်သည်။ သင်သည် နယ်ပယ်တစ်ခုခုတွင် အတော်အတန် ကျွမ်းကျင်မှုရှိပြီး ထိုနယ်ပယ်၌ လူအများစုထက်ပို၍ ကြာရှည်စွာ လုပ်ဆောင်နေပြီးဖြစ်လျှင် သင့်အား ပို၍ခက်ခဲသောအလုပ်ကို ချပေးသင့်သည်။ သင်သည် ဤအရာကို ဘုရားသခင်ထံမှ လက်ခံသင့်ပြီး ကျိုးနွံနာခံသင့်သည်။ ‘အဘယ်ကြောင့် ကျွန်ုပ်သည် သူများ မလုပ်ချင်သည့်အရာကို အခိုင်းခံရပါသနည်း။ အခြားလူများအား လွယ်ကူသောအလုပ်များကိုပေးပြီး ကျွန်ုပ်အား ခက်ခဲသောအလုပ်များကိုပေးသည်၊ ကျွန်ုပ်အတွက် ဘဝကို ခက်ခဲစေဖို့ ကြိုးစားနေခြင်းဖြစ်သလော’ ဟု ပြောလျက် ဇီဇာကြောင်ခြင်း၊ စောဒကတက်ခြင်းမပြုလုပ်နှင့်။ ‘သင့်အတွက် ဘဝကို ခက်ခဲစေရန် ကြိုးစားနေခြင်း’ ဆိုသည်မှာ မည်သည့်အရာကို သင် ဆိုလိုသနည်း။ အလုပ်အစီအစဉ်များကို လူတစ်ဦးချင်းစီအား အံဝင်ခွင်ကျ စီမံပေးထားသည်။ ပို၍လုပ်ဆောင်နိုင်သူများသည် ပို၍ လုပ်ဆောင်ရသည်။ သင်သည် များစွာ သင်ယူတတ်မြောက်ခဲ့ပြီး ဘုရားသခင်က များစွာပေးထားလျှင်၊ သင့်အား ပို၍ကြီးလေးသော ဝန်ထုပ်ဝန်ပိုးကို ပေးသင့်သည်။ သင့်အတွက် ဘဝကို ခက်ခဲစေရန်မဟုတ်ဘဲ ဤသည်မှာ သင့်အတွက် အတိအကျပင် သင့်တော်သောကြောင့်ဖြစ်သည်။ ထိုအရာသည် သင်၏တာဝန်ဖြစ်သည်။ ထို့ကြောင့် ရွေးချယ်ရန်၊ သို့မဟုတ် ငြင်းဆန်ရန် မကြိုးစားနှင့်၊ သို့မဟုတ် လွတ်မြောက်ရန် မကြိုးစားနှင့်။ ဤသည်မှာ ခက်ခဲသည်ဟု သင် အဘယ်ကြောင့် ထင်သနည်း။ အမှန်မှာ သင်သည် အနည်းငယ် စိတ်နှစ်မြုပ်လုပ်ကိုင်လျှင် အလုပ်ကို လုံးလုံးပင် လုပ်နိုင်မည်ဖြစ်သည်။ ဤသည်မှာ ခက်ခဲသည်ဟုလည်းကောင်း၊ ဘက်လိုက်သော ဆက်ဆံခြင်းဖြစ်သည်ဟုလည်းကောင်း၊ သင်သည် တမင်သက်သက် မတရားသဖြင့် ဆက်ဆံခံရသည်ဟုလည်းကောင်း သင်ထင်နေခြင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထုတ်ဖော်ခြင်းဖြစ်သည်။ ဤသည်မှာ သင့်တာဝန်ကို ထမ်းဆောင်ရန် ငြင်းဆန်ခြင်း၊ ဘုရားသခင်ထံမှ လက်မခံခြင်းဖြစ်သည်။ ယင်းသည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းမဟုတ်ပေ။ သင်က တာဝန်ထမ်းဆောင်ရာတွင် ရွေးချယ်လုပ်ဆောင်ပြီး လွယ်ကူပေါ့ပါးသောအရာမှန်သမျှကို လုပ်ဆောင်လျှင်၊ သင့်အား အမြင်ကောင်းစေသည့်အရာကိုသာ လုပ်ဆောင်လျှင် ယင်းသည် ဖောက်ပြန်ပျက်စီး၊ ဆိုးယုတ်သော စိတ်သဘောထားဖြစ်သည်။ သင့်တာဝန်ကို သင်လက်မခံနိုင်ခြင်း၊ မနာခံနိုင်ခြင်းသည် သင်က ဘုရားသခင်ကို ပုန်ကန်နေဆဲဖြစ်သည်ကိုလည်းကောင်း၊ သင်သည် ဘုရားသခင်ကို ဆန့်ကျင်နေခြင်း၊ ငြင်းဆန်ခြင်း၊ ရှောင်ကြဉ်ခြင်းဖြစ်သည်ကိုလည်းကောင်း သက်သေပြသည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုဖြစ်သည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုဖြစ်သည်ကို သင်သိလာသောအခါတွင် မည်သည့်အရာကို သင်လုပ်ဆောင်သင့်သနည်း။ သူတစ်ပါးတို့အား ပေးသော အလုပ်များသည် အလွယ်တကူပြီးမြောက်နိုင်ပြီး သင့်အား ပေးသောအလုပ်များကမူ သင့်ကို အချိန်ကြာမြှင့်စွာ အလုပ်ရှုပ်စေပြီး ရှာဖွေလေ့လာရန်အတွက် ပို၍ အားစိုက်ထုတ်ဖို့လိုအပ်စေလျှင်၊ ဤအတွက်ကြောင့် သင်က မပျော်ရွှင်လျှင် သင်မပျော်မရွှင်ဖြစ်ခြင်းသည် တရားနည်းလမ်းကျပါသလော။ အသေအချာပင် တရားနည်းလမ်းမကျပေ။ ဤသို့ဆိုလျှင် ဤသည်မှာ တရားနည်းလမ်းမကျသည်ကို သင်ခံစားမိလျှင် မည်သည့်အရာကို သင်လုပ်ဆောင်သင့်သနည်း။ သင်သည် အတိုက်အခံပြုပြီး ‘အလုပ်များကို ၎င်းတို့ ချပေးသည့်အချိန်တိုင်းတွင် ခက်ခဲသော၊ ညစ်ပေသော၊ အလွန်အားထုတ်ဖို့လိုအပ်သောအလုပ်များအား ကျွန်ုပ်ကိုပေးပြီး သူတစ်ပါးတို့ကို ပေါ့ပါး၊ ရိုးရှင်းပြီး အဆင့်မြင့်သောအလုပ်များကို ပေးသည်၊ ကျွန်ုပ်ကို ၎င်းတို့က ဩဇာပေး၍ရသော သူတစ်ယောက်ဟု ၎င်းတို့ ထင်သလော၊ ဤသို့ အလုပ်များကို ဖြန့်ဝေပေးခြင်းသည် မျှတသောနည်းလမ်းမဟုတ်’ဟု ပြောလျှင်၊ ဤသည်မှာ သင်၏ စဉ်းစားတွေးခေါ်မှုဖြစ်လျှင် မှားယွင်းသည်။ အလုပ် ဖြန့်ဝေခြင်းတွင် လမ်းလွဲမှုတစ်ခုခုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ကျိုးကြောင်းသင့်စွာ ဖြန့်ဝေပေးခြင်းဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ဘုရားသခင်က မည်သည့်အရာကို စိစစ်သနည်း။ သူစိစစ်သည့်အရာမှာ လူတစ်ဦး၏ စိတ်နှလုံးဖြစ်သည်။ လူတစ်ဦးက သူ၏ စိတ်နှလုံးတွင် ကျိုးနွံနာခံခြင်းရှိမရှိ၊ ဘုရားသခင်အတွက် ဝန်ထုပ်ဝန်ပိုးအချို့ကို တာဝန်ယူလုပ်ဆောင်နိုင်သလောဆိုသည်ကိုလည်းကောင်း၊ ဘုရားသခင်အား ချစ်မြတ်နိုးသူများဖြစ်သလောဆိုသည်ကိုလည်းကောင်း ကြည့်သည်။ ဘုရားသခင်၏ သတ်မှတ်ချက်များဖြင့် တိုင်းတာသည်နှင့်အမျှ၊ သင်၏ ဆင်ခြေများက မခိုင်လုံပေ။ သင်၏ တာဝန်ထမ်းဆောင်ခြင်းသည် စံမမီသကဲ့သို့၊ သင့်တွင် သမ္မာတရား စစ်မှန်မှုကင်းမဲ့သည်။ သင့်၌ ကျိုးနွံနာခံခြင်းလုံးဝ မရှိသကဲ့သို့၊ အားစိုက်ထုတ်ရသော၊ သို့မဟုတ် ညစ်ပေသောအလုပ်အနည်းငယ်ကို သင်လုပ်ဆောင်ရသောအခါတွင် ညည်းညူသည်။ ဤတွင် ပြဿနာသည် အဘယ်နည်း။ ပထမဦးစွာ သင်၏ စိတ်နေစိတ်ထားသည် မှားယွင်းသည်။ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သင်၏ တာဝန်အပေါ် သင်၏ သဘောထားသည် မှားယွင်းသည်ဟု ဆိုလိုသည်။ သင်သည် သင်၏ကိုယ်ပိုင်ဝင့်ဝါမှုနှင့် အကျိုးစီးပွားများကို အစဉ် စဉ်းစားနေပြီး၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးမထားသကဲ့သို့၊ လုံးဝ ကျိုးနွံနာခံခြင်းမရှိလျှင်၊ ဤသည်မှာ သင့်တာဝန်အပေါ် ရှိသင့်သော မှန်ကန်သော သဘောထားမဟုတ်ပေ။ သင်သည် ဘုရားသခင်အတွက် ရိုးသားစစ်မှန်စွာ အသုံးခံပြီး ဘုရားသခင်ကို ချစ်သော စိတ်နှလုံးရှိလျှင် ညစ်ပေသော၊ အားစိုက်ထုတ်ရသော၊ ခက်ခဲသောအလုပ်များကို သင် မည်သို့ကိုင်တွယ်မည်နည်း။ သင်၏ စိတ်နေစိတ်ထားက မတူကွဲပြားဖြစ်လိမ့်မည်။ သင်သည် ခက်ခဲသည့်အရာမှန်သမျှကို လုပ်ဆောင်ရန် ရွေးချယ်ပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးများကို ထမ်းရွက်ရန် ရှာဖွေလိမ့်မည်။ အခြားသောလူများက မလုပ်ဆောင်လိုသည့်အရာကို သင် တာဝန်ယူဆောင်ရွက်လိမ့်မည်ဖြစ်ပြီး၊ သင်သည် ဘုရားသခင်အား ချစ်မြတ်နိုးကာ ဘုရားသခင်အား ကျေနပ်စေရန်အတွက် သက်သက်ဖြင့် ထိုအရာကို လုပ်ဆောင်လိမ့်မည်။ သင်သည် ညည်းညူခြင်း အရိပ်အယောင်တစ်ခုမျှမရှိဘဲ ဤသို့လုပ်ဆောင်ရသည်ကို ဝမ်းမြောက်မှုနှင့် ပြည့်နေလိမ့်မည်။ ညစ်ပေသော၊ အားစိုက်ထုတ်ရသော၊ ခက်ခဲသောအလုပ်များသည် လူတို့အား အရှိအတိုင်း ဖော်ပြသည်။ သင်သည် ပေါ့ပါးပြီး အဆင့်မြင့်သော အလုပ်များကိုသာ တာဝန်ယူဆောင်ရွက်သည့်လူများနှင့် မည်သို့ ကွဲပြားသနည်း။ သင်သည် ၎င်းတို့ထက် များစွာ သာ၍ တော်ခြင်းတတ်ခြင်း မရှိပေ။ ထိုသို့မဟုတ်သလော။ ဤသည်မှာ ဤအရာများကို သင်မြင်ရမည့်ပုံစံဖြစ်သည်။ ဤသို့ဆိုလျှင် လူတို့အား အရှိအတိုင်း အထုတ်ဖော်ဆုံးသောအရာသည် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ လူအချို့သည် ဘုရားသခင်အား ချစ်ပြီး ကျိုးနွံနာခံလိုစိတ်ရှိသည်ဟု အခိုင်အမာဆိုလျက်၊ အချိန်အများစုတွင် အလွန်ကောင်းသောအရာများကို ပြောဆိုကြသော်လည်း၊ ၎င်းတို့တာဝန်ကို ထမ်းဆောင်ရာတွင် အခက်အခဲတစ်ခုကို အမှတ်မထင် ကြုံရသည့်အခါ၌ ညည်းညူခြင်းနှင့် အပျက်သဘောဆောင်သော စကားမျိုးစုံကို ထုတ်ပြောကြသည်။ ၎င်းတို့သည် ကြောင်သူတော်များဖြစ်သည်မှာ သိသာသည်။ တစ်စုံတစ်ယောက်သည် သမ္မာတရားအား ချစ်မြတ်နိုးသူဖြစ်လျှင် မိမိတို့တာဝန်ထမ်းဆောင်ရာ၌ အခက်အခဲတစ်ခုကို ရင်ဆိုင်ရသောအခါ သူ၏တာဝန်သည် သင့်လျော်စွာ စီစဉ်ထားခြင်းမရှိလျှင်ပင် ထိုတာဝန်ကို အလေးအနက် သဘောထားလျက်ဖြင့် ဘုရားသခင်ကို ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေလိမ့်မည်။ လေးလံသော၊ ညစ်ပေသော၊ ခက်ခဲသောအလုပ်များကို ရင်ဆိုင်ရလျှင်ပင် ညည်းညူမည်မဟုတ်ဘဲ ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံသော စိတ်နှလုံးဖြင့် သူ၏ အလုပ်များကို ကောင်းစွာ လုပ်ပြီး တာဝန်ကို ကောင်းစွာထမ်းဆောင်နိုင်သည်။ သူသည် ထိုသို့လုပ်ဆောင်ရာတွင် အလွန်ဝမ်းမြောက်ခြင်းရှိပြီး ဘုရားသခင်က ယင်းကို မြင်ရသည်မှာ စိတ်သက်သာရာရသည်။ ဤသည်မှာ ဘုရားသခင်၏ လက်ခံမှု ပြည့်မီသော သူမျိုးဖြစ်သည်။ တစ်စုံတစ်ယောက်သည် ညစ်ပေသော၊ ခက်ခဲသော၊ အားစိုက်ထုတ်ရသောအလုပ်များကို ကြုံရသည်နှင့်တစ်ပြိုင်နက် စိတ်တိုပြီး ဒေါသထွက်လျှင် သူ့အား မည်သို့ကိုမျှ ဝေဖန်ခွင့်မပြုလျှင် ထိုသို့သောသူသည် ဘုရားသခင်အတွက် မိမိကိုယ်ကို ရိုးသားစစ်မှန်စွာ အသုံးခံသည့်သူတစ်ယောက်မဟုတ်ပေ။ သူသည် ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းခြင်းကိုသာ ခံရနိုင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေကြောင့် ကျွန်မ ရှက်မိသွားတယ်။ ကျွန်မကို စာနဲ့ပတ်သက်တဲ့ တာဝန်ထမ်းဆောင်ဖို့ နှစ်တွေအများကြီး အသင်းတော်က ဘယ်လို ပျိုးထောင်ပေးခဲ့သလဲ၊ ကျွန်မက ဝမ်ရွှယ်ထက် စည်းမျဉ်းတွေကို ဘယ်လို ပိုနားလည်သလဲ ဆိုတာတွေကို တွေးမိတယ်။ ပိုခက်တဲ့ အလုပ်တွေ တာဝန်ပေးတဲ့အခါ ဝန်တာ ထမ်းဖို့က ကျွန်မရဲ့ တာဝန်ပဲလေ၊ အဲဒါကို ပြန်ပြောပြီး ရှောင်လွှဲဖို့ မကြိုးစားသင့်ခဲ့ဘူး။ ကြီးကြပ်ရေးမှူးက အသင်းတော် အလုပ်ရဲ့ လိုအပ်ချက်တွေကို ထည့်တွက်ပြီး ဒီလို စီစဉ်ခဲ့တာပါ။ အဲဒီ အစီအစဉ်တွေက အကျိုးအကြောင်းသင့်ပါတယ်။ ဝမ်ရွှယ်က လေ့ကျင့်တာ သိပ်မကြာသေးတော့ စည်းမျဉ်းတွေနဲ့ ရင်းနှီးအောင် လုပ်နေတုန်းပဲ ရှိသေးတယ်။ သူ့ကို ခက်ခဲပြီး ရှုပ်ထွေးတဲ့ အလုပ်တွေ တာဝန်ပေးလိုက်ရင်၊ အလုပ်ရဲ့ တိုးတက်မှုကို နှောင့်နှေးစေမှာဖြစ်ပြီး သူ့အတွက်လည်း ဖိအားဖြစ်စေမှာပေါ့။ ဒါကြောင့် သူ့ကို လေ့ကျင့်နိုင်ဖို့ အရင်ဆုံး ပိုလွယ်တဲ့ အလုပ်တချို့ကို ခိုင်းသင့်တာပေါ့၊ သူ စည်းမျဉ်း အမျိုးမျိုးကို ပိုသဘောပေါက်လာတဲ့အခါ၊ ပိုခက်တဲ့ အလုပ်တွေ တာဝန်ပေးတဲ့အခါမှာ သူ ကိုင်တွယ်နိုင်မှာပါ။ ဒါပေမဲ့ ကျွန်မက ဒါကို နည်းနည်းလေးမှ မစဉ်းစားခဲ့ဘဲ မကျေမနပ်တောင် ဖြစ်နေသေးတယ်။ ကျွန်မမှာ လူ့သဘာဝနဲ့ ဆင်ခြင်တုံတရား တကယ်ကို ကင်းမဲ့လွန်းတာပဲ။ ကိုယ့်တာဝန်ကို ထမ်းဆောင်တဲ့အခါ အသင်းတော်ရဲ့ အကျိုးစီးပွားတွေကို ကျွန်မတို့ ကာကွယ်ရမယ်၊ တစ်ယောက်နဲ့တစ်ယောက် သည်းခံနားလည်ပေးဖို့ သင်ယူရမယ်၊ ပြီးတော့ ကိုယ့်တာဝန်တွေမှာ ကိုယ်လုပ်ရမယ့်အပိုင်းကို အားလုံး လုပ်ကြရမယ်ဆိုတာကို အခု ကျွန်မ နားလည်သွားပြီ။ ဒီလို အတူတူ ပူးပေါင်းလုပ်ဆောင်မှ အလုပ်က ကောင်းကောင်း ပြီးမြောက်နိုင်မှာပါ။ အရင်တုန်းက ကြီးကြပ်ရေးမှူးက ကျွန်မကိုပဲ ခက်တဲ့ အလုပ်တွေ အမြဲ လုပ်ဖို့ စီစဉ်တာဟာ မတရားဘူးလို့ ကျွန်မ ထင်ခဲ့တယ်။ အခုတော့ ဒီလို ရှုမြင်တာ မှားတယ်ဆိုတာ ကျွန်မ သဘောပေါက်သွားပြီ။ တာဝန်ထမ်းဆောင်တဲ့ နေရာမှာ ပိုလုပ်ရတယ်၊ လျော့လုပ်ရတယ်၊ တရားတယ်၊ မတရားဘူးဆိုတာ မရှိပါဘူး။ ဘုရားသခင်က ကျွန်မတို့ တစ်ယောက်ချင်းစီရဲ့ ဝိညာဉ်ရင့်ကျက်မှုနဲ့ အစွမ်းအစကို သိသလို၊ ကျွန်မတို့ ဘယ်လောက် လုပ်နိုင်တယ်ဆိုတာကိုလည်း သိတယ်။ ဝန်တာဆိုတာ ဘုရားသခင်ဆီကလာတဲ့ ကောင်းချီးတစ်ခုဖြစ်ပြီး လူတွေ လေ့ကျင့်နိုင်ဖို့ ဘုရားသခင် ပေးထားတဲ့ အခွင့်အရေး တစ်ခုလည်း ဖြစ်တယ်။ ပိုခက်တဲ့ အလုပ်တွေကို ပိုလုပ်ရတာဟာ သေချာ စဉ်းစားဆင်ခြင်ဖို့ လိုအပ်ပေမဲ့၊ အဲဒါက စည်းမျဉ်းတွေအကြောင်း ပိုတွေးမိစေဖို့ တွန်းအားပေးနိုင်သလို၊ ကိုယ့်ရဲ့ အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှု အဆင့်ကိုလည်း တိုးတက်စေနိုင်တယ်။ နောက်ပြီး ကိုယ့်တာဝန်မှာ ဖိအားတွေကို ပိုယူရင်၊ တာဝန်ယူလိုတဲ့ စိတ်နှလုံးရှိလာဖို့ ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ပေးလို့လည်း ရတယ်လေ။ ဒါတွေက အကုန်ကောင်းတာချည်းပါပဲ။ ဒါပေမဲ့ ကျွန်မက ကိုယ့်ရဲ့ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတဲ့ စာတန်ဆန်တဲ့ စိတ်သဘောထားနဲ့ အသက်ရှင်နေတော့၊ ဘုရားသခင်ရဲ့ အပင်ပန်းခံရတဲ့ ရည်ရွယ်ချက်တွေကို မမြင်နိုင်ခဲ့ဘူး၊ ကိုယ့်တာဝန်ကနေတောင် အမြဲတမ်း ထွက်ပြေးချင်နေခဲ့တယ်။ ကျွန်မအတွက် ဘာက ကောင်းတယ်ဆိုတာကို တကယ် မသိခဲ့ဘဲ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို စိတ်ပျက်စေခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ လမ်းပြမှုနဲ့အတူ ကျွန်မရဲ့ အခြေအနေကို နည်းနည်း ပြောင်းလဲခဲ့ပြီး၊ အခု ကျွန်မ လုပ်ရမှာက ကျိုးနွံနာခံဖို့နဲ့ ကိုယ့်တာဝန်ကို ဆက်ထမ်းဆောင်ဖို့ပဲလို့ ကိုယ့်ဘာသာကိုယ် တွေးလိုက်တယ်။

နောက်ပိုင်းမှာ ဝမ်ရွှယ်က တခြားတာဝန်တစ်ခုကို ခဏသွားလုပ်ဖို့ တာဝန်ပေးခံရလို့ ကိစ္စတော်တော်များများကို ကျွန်မပဲ တာဝန်ယူရတော့တယ်။ အလုပ်တွေကို နေ့တိုင်း စီစဉ်ရပြီး တစ်နေ့တည်းမှာတင် အကုန်ပြီးအောင် ကြိုးစားလုပ်ရတာပေါ့။ နေ့တိုင်း ခေါင်းတွေတောင် ပေါက်ကွဲထွက်တော့မလို ဖိအားတွေ များနေခဲ့ပြီး၊ ကျွန်မ နည်းနည်း ပိုသက်သာသွားအောင် လင်းရှီး အမြန်ပြန်လာဖို့ကိုပဲ အသည်းအသန် မျှော်လင့်နေမိတယ်။ ဒါကို တွေးမိတဲ့အခါ အရင်က ဖတ်ခဲ့ဖူးတဲ့ ဘုရားနှုတ်ကပတ်တော် တချို့ကို သတိရသွားတယ်၊ “အရွယ်ရောက်သူတိုင်းသည် ဆင်းရဲဒုက္ခများ၊ နာမကျန်းမှုများနှင့် အမျိုးမျိုးသော အခက်အခဲများကဲ့သို့သော ဖိအားများကို မည်မျှ ရင်ဆိုင်ရပါစေ အရွယ်ရောက်သူတစ်ယောက်၏ တာဝန်များကို တာဝန်ယူ ထမ်းရွက်ရမည်။ ဤအရာများသည် လူတိုင်း ကြုံတွေ့ပြီး ခံယူသင့်သည့် အရာများဖြစ်သည်။ ဤသည်မှာ ပုံမှန်လူတစ်ယောက်၏ ဘဝ၏ ပကတိအခြေအနေဖြစ်သည်။ သင်သည် ဖိအားကို မခံနိုင်လျှင်၊ ဆင်းရဲဒုက္ခကို ကြံ့ကြံ့မခံနိုင်လျှင်၊ သို့မဟုတ် ထိုးနှက်မှုများကို မခံနိုင်လျှင် ယင်းက သင်၌ ဇွဲလုံ့လ သို့မဟုတ် စိတ်ပိုင်းဖြတ်ချက် မရှိကြောင်းနှင့် သင်သည် အလွန် ပျော့ညံ့ပြီး အသုံးမကျကြောင်း ဆိုလိုသည်။ လူတိုင်းသည် လူ့အဖွဲ့အစည်း၌ဖြစ်စေ၊ ဘုရားအိမ်တော်၌ဖြစ်စေ မိမိတို့၏ အသက်တာတွင် ဤဆင်းရဲဒုက္ခကို ခံနိုင်ရမည်။ ဤသည်မှာ အရွယ်ရောက်ပြီးသူတိုင်း ခံယူသင့်သော တာဝန်ဝတ္တရားဖြစ်သည်၊ ၎င်းတို့ ထမ်းပိုးသင့်သော ဝန်ထုပ်ဖြစ်ပြီး မည်သူမျှ ရှောင်လွှဲ၍မရပေ။ သို့ဖြစ်၍ သင်သည် ယင်းကို ရှောင်တိမ်းရန် မကြိုးစားသင့်ပေ။ သင်သည် ဤဆင်းရဲဒုက္ခအားလုံးမှ အစဉ်သဖြင့် ရုန်းထွက်လိုလျှင် သို့မဟုတ် လွတ်မြောက်လိုလျှင် သင်၏ ဖိနှိပ်ချုပ်ချယ်သော စိတ်ခံစားချက် ထွက်ပေါ်လာမည်ဖြစ်ပြီး ယင်းသည် သင့်ကို အစဉ်သဖြင့် ရစ်ပတ်ချည်နှောင်လိမ့်မည်။ သို့သော် သင်သည် ဤအရာအားလုံးကို ကောင်းစွာ သဘောပေါက်နားလည်ပြီး လက်ခံနိုင်လျှင်၊ ယင်းကို သင်၏ ဘဝနှင့် ဖြစ်တည်မှု၏ မရှိမဖြစ် အစိတ်အပိုင်းတစ်ခုအဖြစ် ရှုမြင်လျှင် ဤပြဿနာများကြောင့် သင်သည် အပျက်သဘောဆောင်သော စိတ်ခံစားချက်များ ဖြစ်ပေါ်လာတော့မည် မဟုတ်ပေ။ တစ်ဖက်တွင် သင်သည် အရွယ်ရောက်ပြီးသူများ ရှိသင့်ပြီး တာဝန်ယူထမ်းဆောင်သင့်သော တာဝန်များနှင့် ဝတ္တရားများကို ထမ်းပိုးရန် သင်ယူရမည်။ အခြားတစ်ဖက်တွင် သင်သည် ပုံမှန်လူ့သဘာဝ၌ သင်၏ နေထိုင်မှုနှင့် အလုပ်လုပ်သည့် ပတ်ဝန်းကျင်တွင် အခြားသူများနှင့် သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်ရန် သင်ယူသင့်သည်။ သင်နှစ်သက်သလိုသာ မလုပ်ဆောင်နှင့်။ သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ အရွယ်ရောက်ပြီးသူတစ်ဦးအနေဖြင့် သင်ဖြည့်ဆည်းသင့်သော အလုပ်နှင့် ဝတ္တရားများနှင့် တာဝန်များကို ပိုမိုကောင်းမွန်စွာ ပြီးမြောက်စေရန် ဖြစ်သည်။ သင်သည် မည်သည့်အလုပ်ကိုပင် သို့မဟုတ် မည်သည့်တာဝန်ကိုပင် ထမ်းဆောင်ပါစေ၊ အန္တရာယ်နှင့် ရင်ဆိုင်ရသည့်အခါ၊ စာတန်၏ စွမ်းအားများ၏ နှောင့်ယှက်မှုများ၊ ဖျက်စီးမှုများနှင့် ရင်ဆိုင်ရသည့်အခါ သင်သည် ဆုံးရှုံးမှုများကို အနည်းဆုံးဖြစ်အောင် လျှော့ချနိုင်ရမည်ဖြစ်ပြီး ဤသို့ဖြင့် သင်၏အလုပ်နှင့် တာဝန်၏ရလဒ်များ အနည်းငယ် ပိုမိုကောင်းမွန်လာမည်ဖြစ်သည်။ ဤသည်မှာ စိတ်ပိုင်းဖြတ်ချက်ရှိသူတစ်ဦး ဖြစ်မြောက်အောင်မြင်သင့်သည့်အရာ ဖြစ်သည်။ သင်သည် ပုံမှန်လူ့သဘာဝကို ပိုင်ဆိုင်ပါက အလုပ်လုပ်သည့်အခါ ဤအရာကို ပြီးမြောက်အောင် လုပ်ဆောင်သင့်သည်။ အလုပ်ဖိအားနှင့်ပတ်သက်လျှင် ယင်းသည် အထက်မှဖြစ်စေ၊ ဘုရားအိမ်တော်မှဖြစ်စေ၊ သို့မဟုတ် ညီအစ်ကိုမောင်နှမများက သင့်အပေါ် ပေးသော ဖိအားဖြစ်စေ ယင်းသည် သင်ခံယူသင့်သည့်အရာ ဖြစ်သည်။ သင်က ‘ဖိအားကြောင့် ကျွန်ုပ် ဤအရာကို လုပ်တော့မည် မဟုတ်ပါ။ ကျွန်ုပ်က ဘုရားအိမ်တော်တွင် မိမိ၏တာဝန်ထမ်းဆောင်ပြီး အလုပ်လုပ်ရာ၌ နားနားနေနေရှိမှု၊ အေးဆေးသက်သာရှိမှု၊ ပျော်ရွှင်မှုနှင့် သက်သာခြင်းတို့ကိုသာ ရှာနေခြင်းဖြစ်သည်’ ဟု ပြော၍မရပေ။ ဤသည်မှာ အလုပ်ဖြစ်မည်မဟုတ်၊ ပြီးလျှင် ဤသည်မှာ ပုံမှန်အရွယ်ရောက်ပြီးသူတစ်ဦး ပိုင်ဆိုင်သင့်သည့် အတွေးမဟုတ်ပေ၊ ဘုရားအိမ်တော်သည် သင် သက်သာခြင်းတွင် မွေ့လျော်ခံစားနေရန် နေရာတစ်ခုမဟုတ်ပေ။ လူတိုင်းသည် မိမိတို့၏ ဘဝနှင့် အလုပ်တွင် ဖိအားနှင့် စွန့်စားမှု ပမာဏတစ်ခုကို ယူကြရသည်။ မည်သည့်အလုပ်တွင်မဆို အထူးသဖြင့် ဘုရားအိမ်တော်တွင် သင်၏ တာဝန်ကို ထမ်းဆောင်ရာ၌ သင်သည် အကောင်းဆုံးသော ရလဒ်များအတွက် ကြိုးစားသင့်သည်။ ကျယ်ပြန့်သော အတိုင်းအတာအရ ဤသည်မှာ ဘုရားသခင်၏ သွန်သင်ချက်နှင့် တောင်းဆိုချက်ဖြစ်သည်။ သေးငယ်သော အတိုင်းအတာအရ ဤသည်မှာ လူတိုင်း၏ ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်ချက်များတွင် ပိုင်ဆိုင်သင့်သည့် သဘောထား၊ ရှုမြင်ပုံ၊ စံနှုန်းနှင့် စည်းမျဉ်းတို့ဖြစ်သည်။ သင်သည် ဘုရားအိမ်တော်တွင် တာဝန်တစ်ခုကို ထမ်းဆောင်သည့်အခါ ဘုရားအိမ်တော်၏ ပြဋ္ဌာန်းချက်များနှင့် စနစ်များကို လိုက်နာရန် သင်ယူရမည်ဖြစ်ပြီး ကောင်းမွန်စွာ ပြုမူနေထိုင်သည့်နည်းလမ်းဖြင့် ကျင့်ကြံနေထိုင်လျက် စည်းမျဉ်းများကို လိုက်နာရန် သင်ယူရမည်။ ဤသည်မှာ ကိုယ်ပိုင်ကျင့်ကြံပြုမူခြင်းတွင် မရှိမဖြစ်သော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၅)) ဘုရားသခင်က ကျွန်မတို့ကို ကိုယ်တော့်ရဲ့ သတ်မှတ်ချက်တွေနဲ့အညီ ကျင့်ကြံပြုမူဖို့ မျှော်လင့်တယ်၊ ပြီးတော့ အရွယ်ရောက်သူတွေအနေနဲ့ အရွယ်ရောက်သူတွေ ထမ်းရွက်သင့်တဲ့ ဝတ္တရားတွေကို ထမ်းရွက်သင့်တယ်၊ မှန်ကန်တဲ့ ကိစ္စရပ်တွေနဲ့ ကိုယ့်စိတ်နှလုံးကို ပြည့်စေပြီး ကိုယ်လုပ်သင့်တဲ့အလုပ်ကို လုပ်သင့်တယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်ခဲ့တယ်။ အလုပ်တစ်ခုကို တာဝန်ယူတဲ့အခါမှာ တာဝန်ယူစိတ် ရှိသင့်ပြီး၊ ဘယ်လို ပြဿနာတွေ၊ အခက်အခဲတွေနဲ့ပဲ ကြုံကြုံ၊ ကျွန်မတို့က ဘုရားသခင်ဆီ ဆုတောင်းပြီး ကိုယ်တော့်ကို အားကိုးသင့်တယ်၊ အဲဒါတွေကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေပြီး ကိုယ် ကောင်းကောင်းလုပ်နိုင်တဲ့ အရာအားလုံးကို ပြီးမြောက်အောင် လုပ်သင့်တယ်။ ဒါက အသိစိတ်နဲ့ ဆင်ခြင်တုံတရားရှိတဲ့ လူတွေ လုပ်သင့်တဲ့အရာပဲ။ ပြီးခဲ့တဲ့ နှစ်လမှာ ဘုရားသခင်က ကျွန်မအတွက် ဒီပတ်ဝန်းကျင်ကို ဘယ်လို စီစဉ်ပေးခဲ့လဲ ဆိုတာကို ကျွန်မ တွေးမိတယ်။ တစ်ဖက်မှာ ဒါဟာ ကျွန်မရဲ့ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ထုတ်ဖော်ခဲ့သလို၊ ဝန်တာကို ဘယ်လို ထမ်းရမယ်၊ တာဝန်ကို ဘယ်လို ယူရမယ်၊ ပြီးတော့ အသိစိတ်နဲ့ ဆင်ခြင်တုံတရားရှိတဲ့ သူတစ်ယောက် ဘယ်လိုဖြစ်အောင်လုပ်ရမယ်ဆိုတာကိုလည်း သင်ပေးခဲ့တယ်။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ကျွန်မ စိတ်ပျက်အောင် လုပ်လို့ မဖြစ်ဘူး။ ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ ဘုရားသခင်ကို အားကိုးပြီး ဇာတိပကတိကို ပုန်ကန်ရမယ်။ အဲဒီနောက်မှာတော့ ကိုယ့်စိတ်ထားကို မှန်အောင် ပြင်လိုက်ပြီး နေ့တိုင်း လုပ်မယ့်အလုပ်တွေကို စီစဉ်လိုက်တယ်။ ကျွန်မမှာ လုပ်စရာ အလုပ်တွေ အများကြီး ရှိပြီး မအားလပ်ပေမဲ့၊ ကိုယ့်တာဝန်ကို ထမ်းဆောင်တဲ့နေရာမှာ စိတ်ကို ငြိမ်အောင်ထားနိုင်လာတယ်။ တစ်ခါတလေ ခက်တဲ့ အလုပ်တချို့ကို လုပ်ဖို့ စဉ်းစားဆင်ခြင်မှုတွေ အများကြီး လိုအပ်ပေမဲ့၊ ဒါတွေကို သမ္မာတရား ရရှိဖို့နဲ့ စည်းမျဉ်းတွေထဲ ဝင်ရောက်ဖို့ အခွင့်အရေးတွေလို့ သဘောထားတဲ့အတွက် နေ့တစ်နေ့ ကုန်ဆုံးသွားတိုင်း တစ်ခုခု ရလိုက်တယ်လို့ ခံစားရတယ်။ ဘုရားနှုတ်ကပတ်တော်တွေနဲ့အညီ လက်တွေ့လုပ်ဆောင်တဲ့အခါ ကိုယ့်စိတ်နှလုံးက ငြိမ်းချမ်းပြီး အေးချမ်းတယ်ဆိုတာကို ကျွန်မ ကြုံတွေ့ခဲ့ရတယ်။ အဲဒီ နှစ်လအတွင်း ကျွန်မဆီ ကျရောက်လာတဲ့ ပတ်ဝန်းကျင်ဟာ ကျွန်မအတွက် ထုတ်ဖော်ခြင်းတစ်ခု ဖြစ်သလို၊ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းလည်း ဖြစ်ပါတယ်။ ရင်ထဲကနေ ဘုရားသခင်ကို ကျွန်မ တိတ်တိတ်လေး ကျေးဇူးတင် ချီးမွမ်းနေမိပါတော့တယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

သက်သာမှုကို မက်မောခြင်းအပေါ် ဆင်ခြင်သုံးသပ်ခြင်းများ

ဒင်ရှင်း၊ တရုတ်ပြည်၂၀၂၂ ခုနှစ် ဩဂုတ်လတုန်းက အသင်းတော်မှာ လူသစ်တွေကို ရေလောင်းပေးတဲ့အလုပ်အတွက် ကျွန်မ တာဝန်ယူခဲ့ရတယ်။ ဒီလိုအရေးကြီးတဲ့...

အယောင်ဆောင်ခေါင်းဆောင်တစ်ယောက်၏ နိုးထမှု

၂၀၁၉ မှာ ခေါင်းဆောင်တစ်ယောက်အဖြစ် ကျွန်မရဲ့တာဝန်ကို စတင်ခဲ့ပါတယ်။ ဒါက ဘုရားသခင်ရဲ့ ချီးမြှောက်ခြင်းဆိုတာ ကျွန်မ သိတယ်။ ကျွန်မတာဝန်ကို...

ကိုယ်စိတ်ချမ်းသာမှုကို တပ်မက်ခြင်း၏ အကျိုးဆက်များ

ချစ်လှစွာသော လင်းရီ၊အစ်မရဲ့စာကို ကျွန်မ ရပါတယ်။ အချိန်ကုန်တာ သိပ်မြန်တာပဲ။ မျက်စိတစ်မှိတ်မှာ ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် မတွေ့ဖြစ်တာ...

ကိုယ့်တာဝန်မှာ ဝတ်ကျေတမ်းကျေလုပ်တာက တကယ် အန္တရာယ်များတယ်

စကော့၊ အမေရိကန်၂၀၂၄၊ အောက်တိုဘာလတုန်းက နိုင်ငံခြားဘာသာစကား အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုတွေကို တည်းဖြတ်တဲ့ တာဝန်ကို ကျွန်တော်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။