မိမိတာဝန်အပေါ် မည်သို့သဘောထားသင့်ပုံ

27.02.2021

ကျုံးချန် တရုတ်နိုင်ငံ

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၌ လူ၏ ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံအကျဆုံးသော သတ်မှတ်ချက်မှာ သူသည် ရိုးသားသော နှလုံးသားရှိပြီး၊ မိမိကိုယ်ကိုယ် အပြည့်အဝ ဆက်ကပ်အပ်နှံကာ အမှန်တကယ် နာခံသည်ဆိုသည့်အရာ ဖြစ်သည်။ လူသားအတွက် အခက်ခဲဆုံးသောအရာမှာ စစ်မှန်သော ယုံကြည်မှုအတွက် အလဲအလှယ်ပြုရာတွင် သူ၏အသက်တာ တစ်ခုလုံးကို ပေးရန် ဖြစ်သည်၊ ယင်းမှတစ်ဆင့် သူသည် အလုံးစုံသော သမ္မာတရားကို ရရှိနိုင်ပြီး၊ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် သူ၏တာဝန်ကို ဖြည့်ဆည်းနိုင်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်)တာဝန်များဟူသည်မှာ ဘုရားသခင်မှ လူတို့အား အပ်ထားသော အလုပ်များဖြစ်သည်။ ယင်းတို့မှာ လူတို့ပြီးမြောက်ရမည့် အထူးတာဝန်များဖြစ်သည်။ သို့သော်လည်း တာဝန်တစ်ခုဟူသည်မှာ သင်ကိုယ်တိုင် ကိုယ်တိုင်ကိုယ်ကျ စီမံရသည့် လုပ်ငန်းမဟုတ်သည်မှာ အသေအချာပင်ဖြစ်သကဲ့သို့ အများသူငါထဲမှ သင် ပိုမိုပေါ်လွင်ဖို့အတွက် အသာစီးရခြင်းတစ်ခုလည်း မဟုတ်ပေ။ လူအချို့က ၎င်းတို့၏တာဝန်များကို ၎င်းတို့၏ကိုယ်ပိုင် စီမံအုပ်ချုပ်မှုထဲ ပါဝင်ပတ်သက်ဖို့ နှင့် အုပ်စုများ ဖွဲ့ဖို့ အခွင့်အရေးများအဖြစ် အသုံးချတတ်သည်၊ သူတို့အနေဖြင့် သူတို့၏တာဝန်များကို ဆောင်ရွက်နေသရွေ့ သူတို့သည် ဘုရားသခင်၏အိမ်တော်နှင့် လူသားအတွက် ဘုရားသခင်စီမံပေးသည့် အံ့သြဖွယ်ကောင်းသော ခရီးဆုံးပန်းတိုင်ကို မျှဝေခံစားကြရလိမ့်မည်ဟု တွေးထင်လျက်၊ အချို့က မိမိတို့၏အလိုဆန္ဒများကို ဖြည့်ဆည်းရန်၊ အချို့က မိမိတို့အထဲတွင် ခံစားရသော လစ်ဟာမှုများကို ပြည့်စေရန်နှင့် အချို့က မိမိတို့၏ ကံကို ယုံ၍ဆူးပုံနင်းသော စိတ်ထားကို ကျေနပ်စေရန် မိမိတို့၏ တာဝန်များကို အခွင့်အရေးများအဖြစ် အသုံးချတတ်ကြလေသည်။ တာဝန်နှင့်ပတ်သက်၍ ထိုသို့သော သဘောထားများမှာ မမှန်ကန်ပေ။ ယင်းတို့က ဘုရားသခင်ကို စက်ဆုပ်ရွံရှာစေသဖြင့် အဆောတလျင် ဖြေရှင်းရမည်ဖြစ်သည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ပြည့်မီသော တာဝန်ထမ်းဆောင်မှုဆိုသည်မှာ အဘယ်နည်း။”) တာဝန်များသည် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏တာဝန်ပေးစေခိုင်းချက် ဖြစ်ကြောင်း၊ မိမိတို့၏တာဝန်ကို ရိုးသားသည့် စိတ်နှလုံးဖြင့် ချဉ်းကပ်ရမည် ဖြစ်ကြောင်း ဘုရားသခင်၏နှုတ်ကပတ်တော်များက ကျွန်တော်တို့ကို ပြောပြသည်။ ကျွန်တော်တို့က မိမိတို့၏အကျိုးစီးပွားများကို ဘေးဖယ်ပြီး၊ မိမိတို့၏တာဝန်များကို အစွမ်းကုန် ဖြည့်ဆည်းရန်မှာ အလွန် ပဓာနကျလေသည်။ ဤသည်မှာ ကျွန်တော်တို့၏တာဝန်အပေါ် ထားသင့်သည့် သဘောထားဖြစ်သည်။ သို့ရာတွင် ယခင်က ကျွန်တော်က ပေါ်လွင်ဖို့ နှင့် အခြားသူများ၏ လေးစားအားကျခြင်းကို ရရှိဖို့ အခွင့်ကောင်းယူရန် မိမိ၏တာဝန်ကို အမြတ်ထုတ်လျက်၊ မိမိ၏တာဝန်ကို မိမိ၏ကိုယ်ပိုင် လုပ်ငန်းအလား သဘောထားခဲ့သည်။ ကျွန်တော်က သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအပေါ် အာရုံစိုက်မနေဘဲ၊ ထိုအစား အရှုံးအမြတ်အတွက် ရပ်တည်ရမည့်အရာနှင့်ပတ်သက်၍သာ တွေးတောနေခဲ့သည်။ ဤသည်က အသင်းတော်၏အလုပ်ကို နှောင့်နှေးစေခဲ့သည်။ ဘုရားသခင့်နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို တွေ့ကြုံခြင်းအားဖြင့် ကျွန်တော်၏တာဝန်ကို ထိုနည်းဖြင့် ထမ်းဆောင်ခြင်း၏ သဘာဝနှင့် အကျိုးဆက်များကို နားလည်မှုအချို့ ကျွန်တော် ရရှိခဲ့သည်၊ ယခုအခါ ယင်းနှင့်သက်ဆိုင်သည့် သဘောထားအမြင်ကို ကျွန်တော် ပြောင်းလဲပြီးဖြစ်သည်။

၂၀၁၇ ခုနှစ်က အသင်းတော်မှာ ကျွန်တော့်တာဝန်က မှတ်တမ်းများကို တည်းဖြတ်ခြင်း ဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် အသင်းတော်ခေါင်းဆောင်က ညီအစ်ကိုလင်းကို ကျွန်တော်နှင့်အတူတူ လုပ်ဖို့ စီစဉ်ပေးသည်။ သူ့ကို သေချာကူညီပေးဖို့လည်း ကျွန်တော့်ကို ပြောသည်။ ကျွန်တော်လည်း ဤသည်ကို ဝမ်းသာအားရနှင့် လက်ခံခဲ့သည်။ “ညီအစ်ကိုလင်းက တကယ် အစွမ်းအစရှိတယ်လို့ ကြားတယ်။ သူကသာ အခြေခံသဘောတွေကို မြန်မြန် နားလည်နိုင်တယ်ဆိုရင်၊ ငါတို့အဖွဲ့ရဲ့အလုပ်က အများကြီးပိုပြီး အောင်မြင်လာမှာ သေချာတယ်။ ခေါင်းဆောင်ကလည်း ငါ့ကို လုပ်နိုင်စွမ်းရှိတယ်လို့ ထင်လာမယ်။ ငါ့ကို တကယ် တန်ဖိုးထားလာမယ်၊ ဒီတော့ ညီအစ်ကိုလင်းကို ငါ အစွမ်းကုန် ကူညီရမယ်။” ဟု တွေးလည်း တွေးမိသည်။ ကျွန်တော်က သူ လေ့လာလို့ရဖို့၊ ကျွန်တော် စုထားသည့် သက်ဆိုင်ရာ အခြေခံသဘောတရားများအားလုံး ပေးသည်၊ သို့မှသာ သူ သိဖို့လိုသည့်အရာများ အားလုံးကို အမြန်ဆုံး သဘောပေါက်လာမည်ဖြစ်သည်။ သူ့အလုပ်မှာ အခက်အခဲတွေ့လျှင်လည်း၊ ကျွန်တော်က သူနှင့် စိတ်ရှည်လက်ရှည် မိတ်သဟာယပြုပြီး သူ့ပြဿနာများကို ကူညီ ဖြေရှင်းပေးသည်။ အချိန်အနည်းငယ်ကြာပြီးနောက်၊ အချို့ အခြေခံသဘောများကို သူနားလည်သွားပြီး သူ့တာဝန်မှာ ရလဒ်အချို့ ရလာသည်။ သူ ထိုကဲ့သို့ မြန်မြန်ဆန်ဆန် တိုးတက်လာသည်ကို မြင်ရသည့်အခါ ကျွန်တော် တကယ်ကို ပျော်မိသည်။ သူက အကြောင်းအရာများကို တော်တော်မြန်မြန်ကြီး နားလည်သွားသည်၊ သူ တကယ်ကို အလားအလာရှိသည်ဟု ထင်မိသည်။ ကျွန်တော်တို့အဖွဲ့လည်း ပို၍ အကျိုးများလာပြီဂ ကျွန်တော်ကိုယ်တိုင်လည်း အများကြီး လုပ်စရာမလိုတော့ပါ။ ညီအစ်ကိုလင်းကို အသားကျအောင် အချိန်အနည်းငယ် ပိုပေးလိုက်ပါက၊ ကျွန်တော်တို့အလုပ်မှာ ပိုကောင်းသည့် ရလဒ်များပင် ထွက်လာမည်ဟု တွက်မိသည်။

တစ်ရက်တွင် ခေါင်းဆောင်က အသင်းတော်တစ်ခုရှိ တည်းဖြတ်သည့်အလုပ်မှာ ဦးစီးဖို့ လူတစ်ယောက် အမြန်လိုနေပြီး ညီအစ်ကိုလင်းက ထိုဘက်မှာ တော်လည်းတော်သည်၊ သူ့အလုပ်အရလည်း တာဝန်ရှိသောကြောင့်၊ သူ့တာဝန်ကို ထမ်းဆောင်ဖို့ ထိုအသင်းတော်ကို ပြောင်းရမည်ဟု ပြောလာသည်။ ဤသည်ကို ကြားလိုက်သည့်အခါ၊ ကျွန်တော် ရင်ထိတ်သွားသည်။ “ဒုက္ခပဲ။ သူ့ကို နေရာပြောင်းမလို့တဲ့လား။ အဲဒီလိုတော့ မလုပ်ပါနဲ့။ ဒီအလုပ်နဲ့ အခြေခံသဘောတရားတွေကို သူ ကျွမ်းကျင်လာအောင်၊ ကျွန်တော်က အများကြီး ကြိုးစားထားရတာ၊ ပြီးတော့ ငါတို့အဖွဲ့ရဲ့အလုပ်က အခုမှ တိုးတက်လာရုံပဲ ရှိသေးတယ်။ အခု သူက နေရာပြောင်းခံရတယ်ဆိုရင်၊ ကျွန်တော်တို့အလုပ်ကို ထိခိုက်မှာ သေချာတယ်။ ဒါဆို လူတွေက ကျွန်တော့်ကို ဘယ်လိုထင်မလဲ။ ကျွန်တော့်ကို ညံ့ဖျင်းတယ်လို့ ပြောကြမှာပေါ့။” ဟု စိတ်ထဲမှာလည်း တွေးလိုက်သည်။ ယင်းကို တွေးမိသည့်အခါ ကျွန်တော် ပို၍ စိတ်ပျက်သွားသည်။ ညီအစ်ကိုလင်း ပြောင်းသွားလည်း၊ ကျွန်တော့်အနေနှင့် နောက်တစ်ယောက် ထပ်လေ့ကျင့်ပေး၍ရသည်ဟု ခေါင်းဆောင်က ပြောသည်။ ကျွန်တော်က မည်သည့်အရာမျှ မပြောသော်လည်း၊ ထိုစိတ်ကူးကို ဆန့်ကျင်မိသည်။ စိတ်ထဲမှာလည်း “ခင်ဗျားကတော့ ပေါ့ပေါ့လေးပြောတာပေါ့။ လူတစ်ယောက်ကို လေ့ကျင့်ပေးရတာ အဲဒီလောက်လွယ်တယ် ထင်လား။ အချိန်တွေ အားထုတ်ရတာတွေ အများကြီးလိုတယ်။ အဲဒါအပြင် ညီအစ်ကိုလင်း ပြောင်းသွားရင်၊ တာဝန်ယူစရာအားလုံးက ကျွန်တော့်ပေါ် ပြန်ကျလာမှာ။ လက်ရှိအခြေအနေမှာကို ကိစ္စတွေက ဒီလောက်များနေတာ။ လုပ်နိုင်ကိုင်နိုင်သူ တစ်ယောက် လျော့သွားရင်၊ ကျွန်တော်တို့အလုပ်ပဲ သေချာပေါက် ထိခိုက်လိမ့်မယ်။” ဟု တွေးမိသည်။ ကျွန်တော်လည်း ယင်းကို တွေးကြည့်လေလေ၊ ပို၍ ဆန့်ကျင်မိလေလေဖြစ်သည်။ နောက်နှစ်ရက် ကြာသည့်အခါ၊ ခေါင်းဆောင်က ကျွန်တော့်ကို ညီအစ်ကိုလင်းနှင့်ပတ်သက်သည့် အကဲဖြတ်ချက် ရေးခိုင်းသည်။ ကျွန်တော်က “သူ့ဆီက ကောင်းတဲ့အရည်အချင်းတွေအစား၊ သူ့မှာ ပေါ်တဲ့ယိုယွင်းမှုနဲ့ အားနည်းချက်တွေကိုပဲ အလေးပေးပြီး ရေးလိုက်မယ်။ ဒါဆို ခေါင်းဆောင်က သူ့ကို ပြောင်းပေးချင်မှပြောင်းပေးမှာ။” ဟု စဉ်းစားလိုက်သည်။ အကဲဖြတ်ချက် ရေးပြီး၊ ကျွန်တော် အနည်းငယ် အပြစ်ရှိသကဲ့သို့ ခံစားရသည်၊ ပြီးလျှင် မရိုးမသား ဖြစ်နေခြင်းရှိမရှိ စဉ်းစားကြည့်သည်။ သို့ရာတွင် နောက်တော့ ကျွန်တော်က အဖွဲ့၏အလုပ်အတွက် စဉ်းစားခြင်းဖြစ်သည်ဟု သဘောထားလိုက်သည်။ ထို့ကြောင့် ကျွန်တော့်အကဲဖြတ်ချက်ကို ခေါင်းဆောင်ကို ပေးလိုက်သည်။ ခေါင်းဆောင်ဆီက မည်သည့်တုံ့ပြန်မှုမျှ မလာဘဲ၊ တစ်ရက်နှစ်ရက်လောက် ကုန်သွားသည့်အခါ၊ ကျွန်တော်လည်း စပြီး ပူပန်လာသည်၊ “သူ မဖတ်ကြည့်ရသေးလို့၊ ညီအစ်ကိုလင်းကို ဆက်ပြီး ပြောင်းပေးဖို့ လုပ်နေတာများလား။ ငါ ငြိမ်နေလွန်းလို့ မဖြစ်ဘူး။ သူ့ကို တားဖို့နည်းလမ်းတစ်ခုတော့ ရှာရမယ်။” ဟု စဉ်းစားသည်။ ထို့ကြောင့် ညီအစ်ကိုလင်း၏ သဘောကို သိရဖို့ သူ့ကို “ခင်ဗျားကို တခြားအသင်းတော်မှာ တည်းဖြတ်ဖို့တာဝန် ယူခိုင်းမယ်ဆိုရင်၊ ခင်ဗျား ဘယ်လိုလုပ်မလဲ။” ဟု မေးမြန်းကြည့်သည်။ သူက တစ်စက်မျှ မအံ့ဩသကဲ့သို့ “အသင်းတော်ရဲ့ အစီအစဉ်တွေကို နာခံမှာပေါ့။ ကျွန်တော် သွားချင်ပါတယ်။” ဟု ပြန်ဖြေသည်။ ကျွန်တော်လည်း “တည်းဖြတ်တဲ့အလုပ်အတွက် တာဝန်ယူရပြီဆိုရင်၊ အခြေခံသဘောတွေ နားလည်ဖို့ လုပ်နိုင်စွမ်းရှိဖို့ အရေးကြီးတယ်။ အဲဒါတွေ မရှိရင်၊ အလုပ်တိုးတက်မှုက အနှောင့်အယှက်ဖြစ်သွားမှာ သေချာတယ်။ ဒီက ကိုယ့်တာဝန်ကိုပဲ ဆက်လုပ်နေတာ ပိုကောင်းတယ်လို့ထင်တယ်။” ဟု ခပ်မြန်မြန်ပဲ ထပ်ပြောသည်။ ညီအစ်ကိုလင်းက မည်သည့်အရာမျှကို ဖြစ်မနေသည်ကို ကျွန်တော်လည်း အံ့ဩသည်၊ သို့ရာတွင် သူက တော်တော် ယုံကြည်မှုရှိရှိနှင့် “အခွင့်အရေးက သူ့ဘာသာ ပေါ်လာရင်တော့၊ ကျွန်တော်လည်း သွားဖို့အသင့်ပဲ။ ဘုရားသခင်ကိုပဲ အားကိုးချင်တယ်” ဟု ပြန်ပြောခဲ့သည်။ မိမိရည်ရွယ်ချက် မအောင်မြင်သည့်အတွက်၊ ကျွန်တော် စိတ်ပျက်သွားသည်။ သူ့ကိုလည်း အနည်းငယ် ခံပြင်းမိသည်။ တစ်ခါတွင် သူ့အလုပ်မှာ ပြဿနာအချို့ရှိနေသည်ကို ကျွန်တော် တွေ့ပြီး ကျွန်တော်လည်း ဒေါသမဖြစ်စေဖို့၊ သူ့ကို အပြစ်မတင်မိစေဖို့ မိမိကိုယ်ကိုယ် ထိန်းမရခဲ့ပါ။ ထိုအချိန်များတစ်လျှောက်လုံး၊ ညီအစ်ကိုလင်း ပြောင်းရမည့်အကြောင်းကို စဉ်းစားမိတိုင်း၊ ကျွန်တော် တကယ် ပျာယာခတ်ခဲ့သည်။ မိမိအလုပ်မှာ တည်ငြိမ်သည့်စိတ်မျိုး ရှာ၍မရခဲ့ပါ။ အလုပ်ထဲက ကိစ္စတိုင်းမှာလည်း ထိုးထိုးဖောက်ဖောက် မမြင်တတ်တော့ပါ။ အမြဲတမ်း တွေဝေနေခဲ့သည်။ တကယ်ကို စိတ်ဆင်းရဲခဲ့ပါသည်။ ထို့ကြောင့် ဘုရားသခင်ထံ ဆုတောင်းပြီး၊ မိမိကိုယ်ကိုယ် သိအောင် လမ်းပြပေးဖို့ တောင်းလျှောက်ခဲ့သည်။

ထိုအချိန်တွင် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ဖတ်မိသည်၊ “လူတို့သည် အများအားဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မရှိကြ၊ သမ္မာတရားကို မကြာခဏ ၎င်းတို့ လျစ်လျူရှုတတ်ကြပြီး၊ မိမိတို့၏ မာန်မာန၊ မိမိတို့၏ ဂုဏ်သတင်း၊ မိမိတို့၏ အဆင့်အတန်းနှင့် မိမိတို့၏ ကိုယ်ကျိုးများကို ကာကွယ်လျက်၊ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့သော၊ ဖောက်ပြန်ပျက်စီးပြီး ဆိုးယုတ်သော စိတ်သဘောထားအတွင်းတွင် မကြာခဏ အသက်ရှင်တတ်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို ရရှိထားခြင်း မရှိပေ။ ဤအကြောင်းကြောင့် သင်သည် အလွန်အမင်း စိတ်သောကရောက်ရသည်၊ အလွန်အမင်း စိတ်အနှောင့်အယှက် ဖြစ်ရပြီးလျှင် အလွန်အမင်း ချုပ်ချယ်ခံရလေသည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အသက်အတွင်း ဝင်ရောက်ခြင်းသည် မိမိ၏တာဝန်များကို ထမ်းဆောင်ခြင်း အတွေ့အကြုံဖြင့် စတင်ရမည်”)လူတစ်ဦး၏အကျင့်များကို ကောင်းသည် ဆိုးသည်ဟူ၍ အကဲဖြတ်သော စံနှုန်းမှာအဘယ်နည်း။ ၎င်းမှာ သင်သည် သင်၏အတွေးများ၊ ဖော်ပြချက်များနှင့် အပြုအမူများ၌ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သမ္မာတရား စစ်မှန်မှုအတိုင်း အသက်ရှင်နေထိုင်ခြင်းအကြောင်း သက်သေခံချက် ရှိမရှိအပေါ် မူတည်၏။ အကယ်၍ သင်၌ ဤစစ်မှန်မှု မရှိပါက၊ သို့မဟုတ် ဤအရာအတိုင်း အသက်ရှင်နေထိုင်ခြင်းမရှိပါက၊ သင်သည် အဓမ္မပြုသူတစ်ဦးဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ ဘုရားသခင်က ဒုစရိုက်ပြုသူများကို အဘယ်သို့ မြင်သနည်း။ သင့်အတွေးများနှင့် အပြင်ပန်းအပြုအမူများက ဘုရားသခင်အတွက် သက်သေမခံသကဲ့သို့ ယင်းတို့က စာတန်အား အရှက်ကွဲစေခြင်း သို့မဟုတ် စာတန်အား အနိုင်ယူခြင်းလည်း မပြုချေ၊ ထို့အစား ဘုရားသခင်ကို သူတို့ အရှက်ရစေပြီး၊ ဘုရားသခင်ကို အရှက်ရစေသည့် လက္ခဏာများနှင့် ပွထနေသည်။ သင်သည် ဘုရားသခင်အတွက် သက်သေခံနေခြင်း မရှိ၊ ဘုရားသခင်အဘို့ မိမိကိုယ်ကို အသုံးခံနေခြင်း မရှိသကဲ့သို့ ဘုရားသခင်အတွက် သင်၏ တာဝန်နှင့် ဝတ္တရားတို့ကို ဖြည့်ဆည်းနေခြင်းလည်း မရှိပါပေ၊ ထို့အစား သင့်ကိုယ်ပိုင်အကျိုးအတွက် သင်ပြုမူနေသည်။ ‘သင့်ကိုယ်ပိုင်အကျိုးအတွက်’ ဟူသည့် ညွှန်းဆိုချက်မှာ အဘယ်နည်း။ စာတန်အတွက်ကို ဆိုလိုသည်။ ထို့ကြောင့် နောက်ဆုံးတွင် ဘုရားသခင်က ‘အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြ’ ဟု ဆိုလိမ့်မည်။ ဘုရားသခင်၏ အမြင်တွင် ကောင်းမှုများကို သင် မပြုလုပ်သေး၊ သို့သော် ထို့ထက် သင့်အမူအကျင့်မှာ ဆိုးယုတ်သွားပြီဖြစ်သည်။ သင် ဆုချီးမြှင့်ခြင်း ခံရလိမ့်မည်မဟုတ်သကဲ့သို့ ဘုရားသခင်သည် သင့်ကို သတိရလိမ့်မည်မဟုတ်ပေ။ ဤသည်မှာ လုံးလုံးလျားလျား အချည်းနှီးဖြစ်သည် မဟုတ်လော။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) ဘုရားသခင်၏နှုတ်ကပတ်တော်များကို သေချာဆင်ခြင်ကြည့်သည့်အခါ၊ ကျွန်တော် နားလည်သွားသည်။ ဘုရားသခင်က လူများ ကောင်းမှုလုပ်နေသည်၊ မကောင်းမှုလုပ်နေသည်ကို ဆုံးဖြတ်ရာတွင်၊ ထိုလူများက မိမိကိုယ်ကိုယ် အပေါ်ယံအားဖြင့် အသုံးခံခြင်းရှိမရှိ၊ သူတို့ မည်မျှဆင်းရဲဒုက္ခခံသည် သို့မဟုတ် မည်မျှများစွာ အဖိုးအခ ပေးသည်တို့နှင့် မဆိုင်ဘဲ၊ အဓိကမှာ လူများ၏ရည်ရွယ်ချက်များ၊ ပြီးလျှင် သူတို့လုပ်ရပ်များက ဘုရားသခင်အတွက်ဖြစ်သည်၊ သူတို့ကိုယ်သူတို့အတွက်ဖြစ်သည်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကြခြင်းရှိမရှိတို့ကို ကြည့်ပြီး ဆုံးဖြတ်ခြင်း ဖြစ်ပါသည်။ ထိုအချိန်တစ်လျှောက်လုံးမှာ ဖြစ်ခဲ့သည့် ကျွန်တော့်အခြေအနေကို ဆင်ခြင်ကြည့်သည်၊ ပြီးလျှင် ညီအစ်ကိုလင်း အခြေခံသဘောတရားများ မြန်မြန်ဆန်ဆန် နားလည်စေဖို့ ကျွန်တော် ကြိုးစားကူညီခဲ့သည့်အရာများက အသင်းတော်၏ အလုပ်အတွက် မဟုတ်သည်ကို မြင်မိသည်။ ကျွန်တော်က သူကတစ်ဆင့် အဖွဲ့၏လုပ်နိုင်စွမ်းကို တိုးစေချင်ရုံသက်သက်သာ ဖြစ်သည်၊ သို့မှသာ ကျွန်တော် မျက်နှာပန်းလှလာမည်ဖြစ်သည်။ သူ့ကို အခြားနေရာ ပြောင်းတော့မည်ကို မြင်သည့်အခါ၊ အဖွဲ့၏အလုပ်မှာ ထိခိုက်မည်ကိုလည်းကောင်း၊ မိမိနာမည်အဆင့်အတန်း ထိခိုက်လာမည်ကိုလည်းကောင်း စိုးရိမ်ခဲ့ခြင်း ဖြစ်သည်၊ ထို့ကြောင့် အကဲဖြတ်ချက် ရေးသည့်အချိန်မှာ၊ သူ့ထံမှ အပြစ်အနာအဆာများကို တမင် အသားပေးရေးပြီး၊ ခေါင်းဆောင်ကို လှည့်စားဖို့ ကြိုးစားခဲ့ခြင်းဖြစ်သည်။ တာဝန်အတွက် သူ ထက်သန်သည့်အရာများ လျော့စေဖို့၊ ကျွန်တော်က အပျက်သဘောဆောင်သည့်စကားမျိုးများပင် ပြောခဲ့သည်။ ယင်းတို့က သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း၊ မိမိ၏တာဝန်ကို လုပ်နေခြင်း မည်သို့ဖြစ်မည်နည်း။ ကျွန်တော်က မိမိ၏တာဝန်ကို တစ်ကိုယ်ကောင်းဆန်ဆန် လုပ်နေခြင်း ဖြစ်သည်။ အသင်းတော်၏ အဘက်ဘက်က အလုပ်များကို ထည့်မတွက်ဘဲ၊ မိမိ တာဝန်ယူရသည့် အလုပ်၏ရလဒ်များ၊ မိမိနာမည်နှင့် အဆင့်အတန်းတို့ ထိခိုက်လာခြင်း ရှိမရှိကိုသာ ကြည့်ခဲ့ခြင်း ဖြစ်သည်။ ကျွန်တော်က လှည့်စားတတ်လွန်းသည်၊ ပြီးလျှင် ခေါင်းဆောင် စီစဉ်ပေးသည့် အသင်းတော်အလုပ်ကိုလည်း နှောင့်ယှက်ခဲ့သည်။ ယင်းက ဘုရားသခင့်အိမ်တော်၏အလုပ်ကို ဖျက်လိုဖျက်ဆီးလုပ်ခဲ့ခြင်း ဖြစ်သည်၊ မကောင်းမှုလုပ်ပြီး၊ ဘုရားသခင်ကို ဆန့်ကျင်နေခဲ့ခြင်း ဖြစ်သည်။ မိမိကိုယ်ကိုယ် အန္တရာယ်ကြီးသည့် အခြေအနေထဲ ရောက်နေသည်ကို မြင်လိုက်သည့်အခါ၊ ဤဆုတောင်းချက်ကို ဘုရားသခင်ထံ ပြုမိသည်၊ “ဘုရားသခင်၊ ကျွန်တော်က တစ်ကိုယ်ကောင်းဆန်လွန်းပြီး၊ ရွံစရာကောင်းပါတယ်။ ဘုရားအိမ်တော်ရဲ့ အလုပ်ကို ကိုယ်ကျိုးအတွက်နဲ့ ဖျက်လိုဖျက်ဆီးလုပ်မိပါတယ်။ ဘုရားသခင်၊ ကိုယ်တော့်ဆီမှာ ကျွန်တော် နောင်တရချင်ပါတယ်။”

ထို့နောက်တွင် ဘုရားသခင်၏နှုတ်ကပတ်တော်များထဲမှ ဤသည်ကို ဖတ်မိသည်၊ “သင်၏အကျိုးအတွက်သာ အစဉ်မလုပ်ဆောင်နှင့်၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားကို စဉ်ဆက်မပြတ် ထည့်သွင်းမစဉ်းစားနှင့်။ သင်၏ ကိုယ်ပိုင်အဆင့်အတန်း၊ သိက္ခာ၊ သို့မဟုတ် ဂုဏ်သတင်းကို မစဉ်းစားနှင့်။ လူ၏ အကျိုးစီးပွားများကိုလည်း ထည့်သွင်းမစဉ်းစားနှင့်။ သင်သည် ပထမဦးစွာ ဘုရားသခင်၏အိမ်တော်၏အကျိုးများကို စဉ်းစားရမည်ဖြစ်ပြီး ယင်းတို့ကို သင်၏ဦးစားပေးချက် ဖြစ်စေရမည်၊ သင်သည် ဘုရားသခင်၏အလိုတော်ကို အရေးထားသင့်ပြီး၊ သင်၏ တာဝန်ကို ဖြည့်ဆည်းရာတွင် သင်သည် မစင်ကြယ်မှု ရှိခဲ့သည် မရှိခဲ့သည်၊ သစ္စာရှိဖို့ သင် အစွမ်းကုန် လုပ်ဆောင်ပြီးခြင်း ရှိမရှိ၊ သင်၏ တာဝန်များကို ဖြည့်ဆည်းရန် အကောင်းဆုံး သင် လုပ်ဆောင်ပြီး သင်၏အရာအားလုံး ပေးပြီးခြင်း ရှိမရှိဆိုသည်အပြင်၊ သင်၏ တာဝန်နှင့် ဘုရားအိမ်တော်၏ အမှုကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် ဆင်ခြင်ခဲ့ခြင်း ရှိမရှိ ဆိုသည်တို့ကို ချင့်ချိန်စဉ်းစားခြင်းဖြင့် အစပြုသင့်သည်။ ဤအရာများကို သင် ထည်သွင်းစဉ်းစားရမည်။ ယင်းတို့ကို မကြာခဏ တွေးလော့၊ ပြီးလျှင် သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် သင့်အတွက် သာ၍ လွယ်ကူလိမ့်မည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) လက်တွေ့လုပ်ဆောင်ဖို့ လမ်းတစ်ခုကို ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲမှ ကျွန်တော် တွေ့လိုက်သည်။ ကျွန်တော်က မိမိအလုပ်တာဝန်ထဲက မိမိရည်ရွယ်ချက်များကို ပြုပြင်ရမည်၊ ဘုရားသခင်၏ စိစစ်မှုကို လက်ခံရမည်၊ ကိုယ်ပိုင်အကျိုးအမြတ်များကို စွန့်လွှတ်ရမည်၊ ဘုရားသခင့်အိမ်တော်၏ အလုပ်ကို ထိန်းသိမ်းရမည်။ ညီအစ်ကိုလင်းက အရည်အချင်းကောင်းရှိသည်၊ ပြီးလျှင် သူက ပြဿနာများနှင့် ရင်ဆိုင်ရပါက၊ သမ္မာတရားကို ရှာဖွေသည်၊ ထို့ကြောင့် သူက အခြားအသင်းတော်ကအလုပ်ကို လုပ်ပေးနိုင်ပါက၊ ယင်းကလည်း ဘုရားသခင့်အိမ်တော်၏အလုပ်ကို အကျိုးပြုမည် ဖြစ်သည်။ သူလည်း ပိုပြီး လက်တွေ့လုပ်ခွင့်ရမည် ဖြစ်သောကြောင့် သူ့ကို ကျွန်တော် ပံ့ပိုးပေးသင့်သည်။ ထို့နောက်မှာ ကျွန်တော်လည်း ခေါင်းဆောင်ကို သွားတွေ့ပြီး၊ တစ်ကိုယ်ကောင်းဆန်သည့် ဉာဏ်များသည့် မိမိ၏ရည်ရွယ်ချက်များကို ဖွင့်ပြောလိုက်သည်၊ ပြီးလျှင် ညီအစ်ကိုလင်းအပေါ်လည်း မျှမျှတတ အကဲဖြတ်ချက် ပေးလိုက်သည်။ သူလည်း အခြားအသင်းတော်ကို တကယ် ပြောင်းသွားရသည်၊ ပြီးလျှင် ကျွန်တော်လည်း နောက်ဆုံးမှာ စိတ်ငြိမ်းချမ်းမှုအနည်းငယ် ရခဲ့ပါသည်။

ထိုအချိန်က ကျွန်တော်လည်း အနည်းငယ် ပြောင်းလဲသွားပြီဟုသာ ထင်မိသည်။ အလားတူအခြေအနေမျိုး ကြုံရပါက၊ ဆိုးယုတ်သည့် ကျွန်တော့်သဘာဝက ထပ်ပေါ်လာဦးမည်ကို လုံးဝ မထင်ခဲ့မိပါ။

၂၀၁၈ခုနှစ် ဆောင်းတွင်း၌၊ အစ်ကိုချန်းနှင့် ကျွန်တော်က အဖွဲ့ခေါင်းဆောင်များအဖြစ် အတူတူ လုပ်ကိုင်နေကြသည်။ တစ်ယောက်၏ အားနည်းချက်များကို တစ်ယောက်က ဖာထေးပေးသည်၊ ပြီးလျှင် ဘုရားသခင်၏ လမ်းညွှန်မှုကြောင့် ကျွန်တော်တို့အလုပ်မှာ ပိုကောင်းသည့် ရလဒ်များသာ မြင်နေရလေသည်။ အစ်ကိုချန်းနှင့် အလုပ်အတူလုပ်ရသည်ကို တကယ် ကျေနပ်မိသည်။ တစ်ခါတွင် စည်းဝေးပွဲတစ်ခုအပြီးမှာ၊ ခေါင်းဆောင်က ကျွန်တော်နှင့် စကားပြောသည်။ အခြားအဖွဲ့က အကူအညီလိုနေသည်၊ အစ်ကိုချန်းကို ပြောင်းပေးကောင်း ပြောင်းပေးရလိမ့်မည်ဟု ပြောလာသည်။ အစ်ကိုချန်းက အရည်အချင်းကောင်းရှိသည်၊ သမ္မာတရားကို မြန်မြန် နားလည်သည်၊ ပြီးလျှင် သူ့အလုပ်မှာလည်း တာဝန်ယူတတ်သည်၊ ထို့ကြောင့် ကျွန်တော်တို့အဖွဲ့၏အလုပ်များ တိုးတက်မှုမှာ သူက တကယ်ကို အသုံးဝင်သည်ဟု ကျွန်တော်က ယူဆသည်။ သူ ထွက်သွား၍ ကျွန်တော်တို့ အလုပ်ကို ထိခိုက်သွားပါက၊ ခေါင်းဆောင်က ကျွန်တော့်ကို မည်သို့ ထင်လာမည်နည်း။ ကျွန်တော့်ကို မိမိအလုပ်မှာ အရည်အချင်းမရှိဟု ထင်လာမလား။ အစ်ကိုချန်း သွားရသည်ကို ကျွန်တော် တကယ် မမြင်ချင်ပါ၊ သို့ရာတွင် အသင်းတော်၏အလုပ်ကို ထည့်တွက်ပြီး၊ သဘောတူလိုက်ရသည်။ နောက်တော့ ခေါင်းဆောင်က ဆက်ပြောသည့်အရာများကို ကျွန်တော် အံ့ဩရပြန်သည်၊ အသင်းတော်မှာ နောက်ထပ် အရေးပေါ်လိုအပ်နေသည့်အရာ ရှိသည်၊ ထိုအတွက် နောက်အဖွဲ့သားတစ်ယောက်ဖြစ်သည့် ညီမလုကို တာဝန်ပေးချင်သည်ဟု ပြောခဲ့သည်။ ဤသည်ကို ကြားလိုက်သည့်အခါ၊ ကျွန်တော့်နှလုံး ခုန်နေခြင်းပင် ရပ်သွားသည်။ စိတ်ထဲမှာလည်း၊ “ခင်ဗျားက ညီမလုကိုပါ ယူသွားတော့မှာလား။ အစ်ကိုချန်းကိုလည်း နေရာပြောင်းနေပြီ၊ အခု ညီမလုပါ သွားရတော့မယ်။ ကျွန်တော့်အဖွဲ့ရဲ့ အဓိကလူတွေထဲမှာ နှစ်ယောက် ထွက်သွားတော့မယ်၊ ဒါဆို ကျွန်တော်တို့အလုပ်က သေချာပေါက် ထိခိုက်တော့မှာပေါ့။ မဖြစ်ဘူး။ ညီမလုကိုတော့ ခေါ်ခွင့်မပေးနိုင်ဘူး။” ဟု တွေးမိသည်။ သို့ရာတွင် ထို့နောက် “ငါက အပြတ်ငြင်းမယ်ဆိုရင်၊ ငါ့ကို ခေါင်းဆောင်က တစ်ကိုယ်ကောင်းဆန်တယ်လို့ ပြောမှာပေါ့။” ဟု တွေးမိသည်။ သို့နှင့် အရည်အချင်းသိပ်မရှိသည့် အခြားညီမတစ်ယောက်ကို အဆိုပြုကြည့်သည်။ အားလုံး သုံးသပ်ကြည့်ပြီး၊ ခေါင်းဆောင်က ညီမလုကိုသာ အသင့်တော်ဆုံးဖြစ်သည်ဟု ထင်နေဆဲဖြစ်ပြီး ဤတာဝန်အပြောင်းအလဲကို ညီမလုနှင့် မိတ်သဟာယပြုဖို့လည်း ကျွန်တော့်ကို ခိုင်းသည်။ ကျွန်တော်လည်း လုပ်မည်ဖြစ်ကြောင်း ပြောခဲ့သည်၊ သို့ရာတွင် ရင်ထဲမှာမူ ထိုအစီအစဉ်ကို လုံးဝ မလိုလားမိပါ။ ထို့နောက်မှာ ကျွန်တော်က အခြားညီအစ်ကိုတစ်ယောက်ကို ထုတ်ပြောမိသည်၊ ခေါင်းဆောင်က ကျွန်တော့်အခက်အခဲများကို မစာနာခြင်း၊ အရေးပါသည့်လူနှစ်ယောက်ကို ရုတ်တရက် ပြောင်းပစ်ခြင်းတို့ကို မကျေမနပ် ပြောမိသည်။ အဖွဲ့ခေါင်းဆောင်အနေနှင့် ကျွန်တော့်အလုပ်ကို မည်သို့ လုပ်ရမည်နည်း။ ပြောရင်းပြောရင်းနှင့်၊ နောက်တော့ ကျွန်တော် ပြောနေသည့်အရာများက မှားနေသည်ကို ရုတ်တရက် နားလည်မိသည်။ ကျွန်တော်က ဤညီအစ်ကိုကို မိမိဘက်ပါလာစေဖို့ ကြိုးစားနေခြင်းဖြစ်သည်၊ မိမိမကျေနပ်ချက်များကို ရင်ဖွင့်နေခြင်း မဟုတ်ပါလား။ ယင်းက ဘုရားသခင်ကို ပြစ်မှားခြင်းဖြစ်သည်။ ယင်းကို တွေးမိလေလေ ပိုပြီး ခံစားရလေသည်။ ကျွန်တော်လည်း ဘုရားသခင်၏ရှေ့မှောက် မြန်မြန် ဆုတောင်းချက်ပြုပြီး၊ မိမိကိုယ်ကိုယ် ဆင်ခြင်သည်။ ဆုတောင်းပြီး၊ သေချာစဉ်းစားကြည့်သည်၊ ကျွန်တော့်လက်အောက်က လူတစ်ယောက်ယောက် သိပ်မကြာမီ အခြားကို ပြောင်းရမည်ဆိုသည့်အခါတိုင်း၊ ကျွန်တော်က အဘယ့်ကြောင့် ငြင်းဆန်ပြီး၊ မဖြစ်အောင်တားဖို့ ကြိုးစားရသနည်း။ ကျွန်တော် ထိုကဲ့သို့ပြုမူပုံ၏ နောက်ကွယ်က သဘောသဘာဝ အစစ်အမှန်မှာ အဘယ်နည်း။

ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ကျွန်တော် ဖတ်မိပြန်သည်၊ “တာဝန်များဟူသည်မှာ ဘုရားသခင်မှ လူတို့အား အပ်ထားသော အလုပ်များဖြစ်သည်။ ယင်းတို့မှာ လူတို့ပြီးမြောက်ရမည့် အထူးတာဝန်များဖြစ်သည်။ သို့သော်လည်း တာဝန်တစ်ခုဟူသည်မှာ သင်ကိုယ်တိုင် ကိုယ်တိုင်ကိုယ်ကျ စီမံရသည့် လုပ်ငန်းမဟုတ်သည်မှာ အသေအချာပင်ဖြစ်သကဲ့သို့ အများသူငါထဲမှ သင် ပိုမိုပေါ်လွင်ဖို့အတွက် အသာစီးရခြင်းတစ်ခုလည်း မဟုတ်ပေ။ လူအချို့က ၎င်းတို့၏တာဝန်များကို ၎င်းတို့၏ကိုယ်ပိုင် စီမံအုပ်ချုပ်မှုထဲ ပါဝင်ပတ်သက်ဖို့ အခွင့်အရေးများအဖြစ် အသုံးချတတ်သည်၊ အချို့က မိမိတို့၏အလိုဆန္ဒများကို ဖြည့်ဆည်းရန်၊...တာဝန်နှင့်ပတ်သက်၍ ထိုသို့သော သဘောထားများမှာ မမှန်ကန်ပေ။ ယင်းတို့က ဘုရားသခင်ကို စက်ဆုပ်ရွံရှာစေသဖြင့် အဆောတလျင် ဖြေရှင်းရမည်ဖြစ်သည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ပြည့်မီသော တာဝန်ထမ်းဆောင်မှုဆိုသည်မှာ အဘယ်နည်း။”)ယနေ့ အမှု၏ ဆက်စပ် အကြောင်းအရာတွင်၊ လူတို့သည်၊ ‘ဗိမာန်တော်သည် ဘုရားသခင်ထက် ကြီးမြတ်သည်။’ ဟူသည့် စကားများက ကိုယ်စားပြုသည့် အလားတူ အရာမျိုးများကို လုပ်ဆောင်ကြလိမ့်ဦးမည် ဖြစ်သည်။ ဥပမာအားဖြင့် လူတို့သည် ၎င်းတို့၏တာဝန်ကို ဖြည့်ဆည်းခြင်းအား ၎င်းတို့၏အလုပ်ဟု မြင်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို သက်သေခံခြင်းနှင့် အဆင်းနီသောနဂါးကြီးကို တိုက်ခိုက်ခြင်းအား ဒီမိုကရေစီနှင့် လွတ်လပ်မှုအတွက် လူ့အခွင့်အရေးကို ခုခံကာကွယ်သော နိုင်ငံရေးဆိုင်ရာ လှုပ်ရှားမှုအဖြစ် မြင်ကြသည်။ ၎င်းတို့၏ တာဝန်ကို သက်မွေးမှုလုပ်ငန်းများတွင် အသုံးပြုဖို့ ၎င်းတို့၏ ကျွမ်းကျင်မှုများအဖြစ် ပြောင်းလဲကြသည်၊ ပြီးလျှင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းအား စောင့်ထိန်းရမည့် ဘာသာရေးအယူဝါဒ တစ်စိတ်တစ်ပိုင်းအဖြစ် စသဖြင့် သဘောထားကြသည်။ ဤအပြုအမူများသည် အခြေခံအားဖြင့် ‘ဗိမာန်တော်က ဘုရားသခင်ထက် ကြီးမြတ်သည်။’ ဆိုသည်နှင့် အတူတူ ဖြစ်သည်မဟုတ်လော။ ကွာခြားချက်မှာ၊ လွန်ခဲ့သော အနှစ်နှစ်ထောင်က၊ လူတို့သည် ရုပ်ပိုင်းဆိုင်ရာ ဗိမာန်တော်တွင် ၎င်းတို့၏ကိုယ်ပိုင် စီးပွားရေးကို ဆောင်ရွက်နေခဲ့ကြသော်လည်း၊ ယနေ့တွင် လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင် စီးပွားရေးများကို အကောင်အထည်ပြ၍မရသော ဗိမာန်တော်များတွင် ဆောင်ရွက်ကြပေသည်။ စည်းမျဉ်းများကို တန်ဖိုးထားသော ထိုလူတို့သည် စည်းမျဉ်းများကို ဘုရားသခင်ထက် ပိုကြီးမြတ်သည်ဟု မြင်ကြသည်၊ အဆင့်အတန်းကို ချစ်ကြသော လူတို့သည် အဆင့်အတန်းကို ဘုရားသခင်ထက် ကြီးမြတ်သည်ဟု မြင်ကြသည်။ ၎င်းတို့၏ အသက်မွေးအလုပ်ကို ချစ်ကြသော လူတို့သည် အသက်မွေးအလုပ်များကို ဘုရားသခင်ထက် သာ၍ကြီးမြတ်သည်ဟု မြင်ကြသည် စသဖြင့်ဖြစ်သည်- ၎င်းတို့၏ ဖော်ပြချက်အားလုံးက ငါ့ကို ဤသို့ပြောစေသည်- ‘လူတို့က ၎င်းတို့၏စကားများမှတစ်ဆင့် ဘုရားသခင်ကို အကြီးမြတ်ဆုံး အဖြစ် ချီးမွမ်းကြသော်လည်း၊ ၎င်းတို့၏မျက်လုံးများထဲတွင် အရာရာသည် ဘုရားသခင်ထက် သာ၍ ကြီးမြတ်၏။’ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူတို့သည် မိမိတို့၏ ကိုယ်ပိုင် ပါရမီများကို ပြသရန်၊ သို့မဟုတ် ၎င်းတို့၏ကိုယ်ပိုင် စီးပွားရေး၊ သို့မဟုတ် ၎င်းတို့၏ အသက်မွေးအလုပ်ကို ဆောင်ရွက်ရန်၊ ဘုရားသခင်နောက်လိုက်လျှောက်ခြင်း လမ်းကြောင်းတစ်လျှောက် အခွင့်အရေးကို ရှာတွေ့သည်နှင့် တစ်ပြိုင်နက်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ဘုရားသခင်ထံမှ ဝေးကွာစေပြီး ၎င်းတို့ချစ်သော အသက်မွေးဝမ်းအလုပ်တို့ထဲသို့ ခြေစုံပစ်ဝင်လိုက်ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့ကို ဘုရားသခင် ပေးအပ်ထားသည့်အရာနှင့် သူ၏ အလိုအတွက်မူ၊ ထိုအရာများသည် စွန့်ပစ်ခံထားရသည်မှာ ကြာပြီဖြစ်သည်။ ဤလူတို့၏ အခြေအနေနှင့် လွန်ခဲ့သော နှစ်နှစ်ထောင်က ဗိမာန်တော်၌ ၎င်းတို့၏ ကိုယ်ပိုင်စီးပွားရေးကို ဦးစီးဦးရွက်ပြုခဲ့ကြသောသူတို့ကြား ကွာခြားချက်မှာ အဘယ်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃))

ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဆင်ခြင်ကြည့်ရင်း၊ မိမိလုပ်ရပ်များ၏ အနှစ်သာရကို ပိုပြီး ရှင်းရှင်းလင်းလင်း နားလည်သွားသည်။ ခေါင်းဆောင်က ကျွန်တော့်အဖွဲ့က လူတစ်ယောက်ကို ပြောင်းမည် လုပ်သည့်အခါတိုင်း၊ ကျွန်တော်က ဆန့်ကျင် နှောင့်ယှက်မိသည်၊ အဓိကမှာ ကျွန်တော့်တာဝန်ကို မိမိအပိုင်လုပ်ငန်းကဲ့သို့ သဘောထားသောကြောင့် ဖြစ်သည်။ ထိုညီအစ်ကိုမောင်နှမများကို ကျွန်တော် လေ့ကျင့်ပေးထားသည့် လူများကဲ့သို့ အမြဲတမ်း ထင်ခဲ့သည်၊ ထို့ကြောင့် ကျွန်တော့်လက်အောက်မှာသာ သူတို့တာဝန်ကို လုပ်သင့်သည်၊ ကျွန်တော့်အဖွဲ့၏အလုပ်ကိုသာ တိုးတက်အောင် လုပ်ကြရမည်ဖြစ်ပြီး သူတို့ကို အခြားနေရာများ မပြောင်းသင့်ပါဟု တွေးခဲ့သည်။ ကျွန်တော့်တွေးခေါ်ပုံက ယုတ္တိမတန်လွန်းခြင်းဖြစ်သည်၊ အလွန် အဓိပ္ပာယ်မရှိခဲ့ခြင်း ဖြစ်သည်။ ထိုညီအစ်ကိုမောင်နှမများက မည်သို့အရည်အချင်းများ၊ အားသာချက်များပဲရှိပါစေ၊ ထိုအရာများအားလုံးကို ဘုရားသခင်က သူ့အမှုအတွက် ကြိုပြီးပြဋ္ဌာန်းထားခြင်း ဖြစ်သည်။ သူတို့ကို ဘုရားသခင်၏အိမ်တော်ထဲမှာ လိုအပ်သည့် မည်သည့်နေရာဖြစ်ဖြစ် ထားရမည် ဖြစ်သည်။ ယင်းက အမှန်တရားပင် ဖြစ်သည်။ သို့ရာတွင် ကျွန်တော်က သူတို့ကို မိမိထိန်းချုပ်မှုအောက်မှာသာ ရှိနေအောင် ကြိုးစားခဲ့သည်၊ မိမိကို အစေခံဖို့၊ မိမိအတွက် အလုပ်လုပ်ပေးဖို့ တန်ဆာပလာများအဖြစ် သဘောထားခဲ့သည်။ မိမိလူတစ်ယောက်ကို အခြားနေရာ ပြောင်းပေးချင်သည့် မည်သူကိုဖြစ်စေ ဆန့်ကျင်မိသည်၊ ဝေဖန်ခြင်းများပင် လုပ်ခဲ့မိသည်၊ ပြီးလျှင် နောက်ကွယ်မှာ အုပ်စုများဖွဲ့ဖို့လည်း ကြိုးစားခဲ့သည်။ ကျွန်တော်က သခင်ယေရှုကို ဆန့်ကျင်ခဲ့ကြသည့် ဖာရိရှဲများနှင့် မည်သို့များ ခြားနားသနည်း။ ဖာရိရှဲများက ဗိမာန်တော်ကို သူတို့ကိုယ်ပိုင် ဩဇာလွှမ်းမိုးသည့် နယ်မြေဟု မြင်ပြီး၊ ယုံကြည်သူများ သခင်ယေရှုနောက် လိုက်ဖို့ ထွက်သွားကြမည်ကို ခွင့်မပြုပါ။ သူတို့ကိုယ်ပိုင် ဂုဏ်ဒြပ်နှင့် ဝင်ငွေများကို ဆက်ထိန်းနိုင်အောင်၊ ယုံကြည်သူများကို ထိန်းချုပ်ဖို့ မည်သည့်အရာကိုမဆို လုပ်ခဲ့ကြသည်၊ ပြီးလျှင် ယုံကြည်သူများကို သူတို့က ပိုင်သည်ဟု အရှက်မရှိ ပြောဆိုခဲ့ကြသည်။ ကျွန်တော်လည်း ညီအစ်ကိုမောင်နှမများကို မိမိထိန်းချုပ်မှုအောက်မှာသာ ထားချင်ခဲ့ကြသည်၊ သူတို့ကို ဘုရားသခင်၏အိမ်တော်သို့ လွှဲမပေးချင်ခဲ့ပါ။ ကျွန်တော်က မိမိဩဇာနယ်ပယ်ကိ အသုံးချနေပြီး ဘုရားသခင်ကို ဆန့်ကျင်နေခြင်း မဟုတ်ပါလား။ အန္တိခရစ်တစ်ယောက်၏လမ်းကို လျှောက်ပြီး၊ ဘုရားသခင်ကို ခုခံနေခဲ့ခြင်း ဖြစ်သည်၊ ပြီးလျှင် ကျွန်တော်က သူ့စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိပြီ ဖြစ်သည်။ ဤအတွေးနှင့် ကျွန်တော် ကြောက်လန့်သွားသည်၊ ပြီးလျှင် ကျွန်တော့်၏ တစ်ကိုယ်ကောင်းဆန်မှုနှင့် ကြမ်းတမ်းမှုကို စပြီး မုန်းတီးလာသည်။ ဘုရားသခင်ထံတွင် နောင်တများနှင့် အပြေးအလွှား ဆုတောင်းသည်။ ထို့နောက် ကျွန်တော်လည်း ညီမလုကို သူမ၏အပြောင်းအရွှေ့ကိစ္စ သွားပြောပြသည်၊ နောက်တော့ ကျွန်တော် လှည့်စားခဲ့ဖူးသည့် ညီအစ်ကိုနှင့်လည်း စကားပြောသည်၊ ကျွန်တော် ပြောခဲ့သည့်အရာများ၏ သဘောသဘာဝနှင့် အကျိုးဆက်များကို မိတ်သဟာယပြုပြီး စိစစ်ပြလိုက်သည်။ သူလည်း ချင့်ချိန်မှုအနည်းငယ် ရသွားခဲ့လေသည်။ ကျွန်တော်လည်း နောက်ဆုံးတော့ ငြိမ်းချမ်းမှုအနည်းငယ် ရသွားသည်။

အစ်ကိုချန်းနှင့် ညီမလု ပြောင်းသွားပြီးနောက်မှာ၊ ညီမလီက အဖွဲ့ထဲကို ရောက်လာသည်။ သူမက အရည်အချင်းကောင်းရှိသည့်အပြင်၊ အကြောင်းအရာများကိုလည်း နားလည်သည်မှာ မြန်ဆန်သည်။ အဖွဲ့၏အလုပ်မှာ နှောင့်နှေးခြင်း မရှိခဲ့ပါ။ မိမိရည်ရွယ်ချက်များအတွက် မဟုတ်ဘဲ၊ ဘုရားသခင့်အိမ်တော်၏ အကျိုးအတွက် မိမိတာဝန်ကို လုပ်ဆောင်ခြင်းက ဘုရားသခင်၏ကောင်းချီးများကို မြင်ရဖို့ အစစ်အမှန်လမ်းဖြစ်သည်ကို ကျွန်တော် တကယ် တွေ့ကြုံလိုက်ရသည်။ ဘုရားသခင်က အလုပ်တာဝန်အတွက် သင့်တော်သည့်လူများကို စီစဉ်ပေးပါလိမ့်မည်။ သူ့အမှုတော်ကို သူကိုယ်တိုင် ထိန်းသိမ်းပါလိမ့်မည်။ ထိုသို့နှင့် သုံးလခန့်အကြာ၊ တစ်ရက်မှာ ကျွန်တော်၏ လုပ်ဖော်ဆောင်ဖက် ညီမလင်းက စည်းဝေးပွဲတစ်ခုမှ ပြန်လာသည်၊ အနားမှာရှိသည့် အသင်းတော်တစ်ခုက ဧဝံဂေလိအလုပ်နှင့် အောင်မြင်နေသည်၊ သူတို့မှာ လူသစ်များကို ရေလောင်းပေးမည့် လူများ တော်တော် လိုနေသည်ဟု သူမက ပြောပြသည်။ ခေါင်းဆောင်ကလည်း ညီမလီကို ရေလောင်းပေးသည့်အလုပ် သွားလုပ်ဖို့ အကြံပေးလာသည်။ ကျွန်တော်လည်း အနည်းငယ် မကျေမနပ်ဖြစ်မိပြန်သည်၊ သို့ရာတွင် မိမိအခြေအနေက မှားနေသည်ကို ချက်ချင်း အသိတရားရသည်။ မိမိနာမည်နှင့် အဆင့်အတန်းအတွက် ဘုရားသခင့်အိမ်တော်၏အကျိုးကို အမြဲ အလေးမထားခဲ့သည်ကို စဉ်းစားမိသည်။ ကျွန်တော် အလွန် ရှက်မိသည့်အပြင်၊ အပြစ်ရှိလွန်းသကဲ့သို့လည်း ခံစားရသည်။ ထိုအချိန်တွင် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များက စိတ်ထဲ ရောက်လာသည်၊ “တာဝန်တစ်ရပ်ဟူသည် သင်၏ကိုယ်ပိုင် သီးသန့်အရေးကိစ္စ မဟုတ်သည့်အပြင်၊ ယင်းကို ဖြည့်ဆည်းခြင်းအားဖြင့် သင်သည် မိမိကိုယ်တိုင်အတွက် တစ်စုံတစ်ခု ပြုလုပ်နေခြင်း သို့မဟုတ် သင်၏ကိုယ်ပိုင် တစ်ကိုယ်ရေလုပ်ငန်းကို စီမံလုပ်ဆောင်နေခြင်း မဟုတ်ပါပေ။ သင်သည် ဘုရားသခင်၏ အိမ်တော်ထဲတွင် မည်သည့်အရာကို လုပ်ဆောင်စေကာမူ သင်၏ကိုယ်ပိုင်လုပ်ငန်းကို လုပ်ဆောင်နေခြင်း မဟုတ်ပါ။ ယင်းမှာ ဘုရားအိမ်တော်၏အလုပ်၊ ဘုရားသခင်၏အလုပ် ဖြစ်သည်။ သင်သည် ဤအသိကို စိတ်ထဲအမြဲတမ်း မွေးထားရမည်ဖြစ်ပြီး ‘ဤအရာသည် ကျွန်ုပ်၏ ကိုယ်ပိုင်အရေးကိစ္စ မဟုတ်ပါ။ ကျွန်ုပ်သည် ကျွန်ုပ်၏တာဝန်ကို လုပ်ဆောင်နေပြီး ကျွန်ုပ်၏ဝတ္တရားကို ဆောင်ရွက်နေခြင်း ဖြစ်သည်။ ကျွန်ုပ်သည် ဘုရားအိမ်တော်၏အလုပ်ကို လုပ်ဆောင်နေခြင်း ဖြစ်သည်။ ဤအရာသည် ကျွန်ုပ်အား ဘုရားသခင် အပ်နှံထားသော အလုပ်တစ်ခုဖြစ်ပြီး ယင်းကို သူ့အတွက် လုပ်ဆောင်နေခြင်းဖြစ်သည်။ ဤအရာသည် ကျွန်ုပ်၏ကိုယ်ပိုင် သီးသန့်အရေးကိစ္စ မဟုတ်ပါ။’ ဟု ပြောရမည်ဖြစ်သည်။ အကယ်၍ ထိုအရာကို သင်၏ကိုယ်ပိုင် သီးသန့်အရေးကိစ္စဖြစ်သည်ဟု သင်ထင်မြင်ပြီး ယင်းကို သင့်ကိုယ်ပိုင် ရည်ရွယ်ချက်များ၊ အခြေခံမူများ၊ စေ့ဆော်မှုများအတိုင်း လုပ်ဆောင်ပါက သင် ဒုက္ခရောက်တော့မည်ဖြစ်သည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ပြည့်မီသော တာဝန်ထမ်းဆောင်မှုဆိုသည်မှာ အဘယ်နည်း။”) မိမိအလုပ်တာဝန်က မိမိကို ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ဖြစ်သည်၊ ကျွန်တော့်ကိုယ်ပိုင်လုပ်ငန်း မဟုတ်သည်ကို ဘုရားသခင်၏နှုတ်ကပတ်တော်များကြောင့် ပို၍ ရှင်းရှင်းလင်းလင်း ဖြစ်သွားသည်။ မိမိအကျိုး ပြည့်စေဖို့ ကြိုက်သလို လုပ်၍မရပါ။ ကျွန်တော့်အနေနှင့် ဘုရားသခင့်အိမ်တော်၏အကျိုးကို ထည့်တွက်သင့်သည်၊ သမ္မာတရားကို ရှာဖွေသင့်သည်၊ ပြီးလျှင် ဘုရားသခင် သတ်မှတ်သည့်အရာကို လုပ်ဆောင်သင့်သည်။ ယင်းက ဖန်ဆင်းခံ တစ်ယောက်အနေနှင့် မိမိအလုပ်တာဝန်မှာ ရှိသင့်သည့် တစ်ခုတည်းသော သဘောထားနှင့် အသိစိတ်သာ ဖြစ်သည်။ ကျွန်တော်က မိမိအကျိုးအတွက်သာ အမြဲ စဉ်းစားလေ့ရှိခဲ့ခြင်း ဖြစ်သည်၊ ပြီးလျှင် ဘုရားသခင့်အိမ်တော်၏အကျိုးကို ထိခိုက်စေသည့်၊ ဘုရားသခင်ကို ခုခံသည့် ကိစ္စများစွာ ကျွန်တော် လုပ်ခဲ့မိသည်။ ထိုပုံစံအတိုင်း ဆက်ပြီး နေထိုင်၍မရတော့သည်ကို ကျွန်တော် သိလိုက်သည်။ ကျွန်တော့်အနေနှင့် တစ်ကိုယ်ကောင်းဆန်သည့် မိမိဆန္ဒများကို စွန့်လွှတ်ရမည်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရမည်။ ဤအတွေးနှင့်ပင် ကျွန်တော် တကယ် စိတ်အေးသွားရသည်။ ညီမလင်းကိုလည်း “ခေါင်းဆောင်က ဘုရားသခင့် အိမ်တော်ရဲ့အလုပ်ကို အကျိုးပြုအောင် ဒါကို စီစဉ်တာပါ။ ညီမလီကို သူ့တာဝန်အပြောင်းအလဲအကြောင်း၊ ငါတို့ ချက်ချင်း ပြောသင့်တယ်။ ဘုရားသခင့်အိမ်တော်ရဲ့အလုပ်ကို ထိခိုက်မိလို့မဖြစ်ဘူး။” ဟု ပြောလိုက်သည်။

ကျွန်တော့်အလုပ်တာဝန်မှာ ကိုယ်ကျိုးကို စွန့်လွှတ်တတ်လာသည်၊ ဘုရားသခင့်အိမ်တော်၏အလုပ်ကို စဉ်းစားပေးလာခြင်း၊ မိမိနေရာကို သိလာခြင်း၊ အသိစိတ်နှင့် ဆင်ခြင်တုံတရား အနည်းငယ် ရှိလာခြင်းတို့က ဘုရားသခင့်နှုတ်ကပတ်တော်များ၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို တွေ့ကြုံရင်း ဖြစ်လာခဲ့ခြင်း ဖြစ်ပါသည်။ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါသည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

သက်သာခြင်းကို တပ်မက်ခြင်းက ကျွန်မကို ပျက်စီးခြင်းသို့ ရောက်လုနီးပါးဖြစ်စေခဲ့သည်

ဘိုင်ချူး တောင်ကိုရီးယားနိုင်ငံ ကျွန်မက ၂၀၁၉ခုနှစ်မှာ အသင်းတော်ရဲ့ ဗီဒီယိုအလုပ်အတွက် တာဝန်ယူရပြီး အသင်းတော်ခေါင်းဆောင်အဖြစ်လည်း အစေခံရတယ်။...

လူသစ်တွေကို လေ့ကျင့်ပေးရင်း ကျွန်တော် ထုတ်ဖော်ခံရတယ်

ရှောင်ဇောင် ဂရိနိုင်ငံ နိုင်ငံတော်ဧဝံဂေလိတရား ပျံ့နှံ့လာတာနဲ့အမျှ၊ ဘုရားရဲ့နောက်ဆုံးသောကာလ အမှုတော်ကို စုံစမ်းတဲ့လူတွေက တစ်နေ့တခြား...

သူငယ်ချင်းကောင်းဆိုရင် မမြင်ချင်ယောင်ဆောင်ပါ့မလား

သင်းလိ အမေရိကန်နိုင်ငံ အစ်မ ဘာဘရာနဲ့ ကျွန်မက သိတာ နှစ်နှစ်ရှိပြီ။ တော်တော်ကောင်းတဲ့ ခင်မင်နားလည်မှုကို တည်ဆောက်ခဲ့ကြတယ်။ ကျွန်မတို့...

ညံ့ဖျင်းသော အရည်အချင်းသည် ဆင်ခြေမဟုတ်

လင်းရန် တရုတ်နိုင်ငံယခင်က၊ ကျွန်မ၏ တာဝန်ကို ဆောင်ရွက်နေချိန်တွင် အခက်အခဲအချို့ကို ကျွန်မ ရင်ဆိုင်ရသည့်အခါတိုင်း သို့မဟုတ် ကျွန်မ၏ အလုပ်ကို...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။