ပွင့်လင်းစွာ ပြောဆိုရန် မခက်တော့ပါ

19.09.2026

ချန်မင်၊ တရုတ်နိုင်ငံ

ငယ်ငယ်ကတည်းက ကျွန်မရဲ့ မိဘတွေက တခြားသူတွေနဲ့ ဆက်ဆံရေးမှာ ရှေ့နောက် အခြေအနေကိုကြည့်ပြီး စကားပြောတတ်ဖို့၊ သူများဆီမှာ ပြဿနာတွေ တွေ့ရင်တောင် ထုတ်မပြောဖို့နဲ့ စကားပြောရင် သူများရဲ့ ခံစားချက်ကို ထည့်တွေးဖို့၊ ပြီးတော့ နားလည်ပေးတတ်ပြီး ဖော်ရွေတဲ့သူတစ်ယောက်ဖြစ်ဖို့ သင်ပေးခဲ့ကြတာပေါ့။ ဒီလိုဆိုရင် ကိုယ့်အတွက် ပြဿနာတွေ မဖန်တီးမိသလို သူများတွေကလည်း ကိုယ့်ကို သဘောကျမယ်၊ ဒါမှလည်း လူ့အသိုင်းအဝိုင်းမှာ ရပ်တည်ဖို့ တစ်ခုတည်းသော နည်းလမ်းပဲလို့ သူတို့က သင်ပေးခဲ့တယ်။ အဲဒီတုန်းက ဒါဟာ အဓိပ္ပာယ်ရှိတယ်၊ ကိုယ်လည်း ဒီအတိုင်း နေထိုင်ကျင့်ကြံသင့်တယ်လို့ ခံစားခဲ့ရတယ်၊ ဒါကြောင့် တခြားသူတွေနဲ့ ကျွန်မရဲ့ ဆက်ဆံရေးတွေမှာ ရန်ဖြစ်တာ၊ ငြင်းခုံတာမျိုး သိပ်မရှိခဲ့ဘူး။ တစ်ဖက်လူဆီမှာ ပြဿနာတစ်ခုခု တွေ့ရင်တောင် ကျွန်မ မထောက်ပြခဲ့ဘူး။ ဘုရားသခင်ကို ယုံကြည်ပြီးနောက်ပိုင်းမှာလည်း တခြားသူတွေနဲ့ ကျွန်မရဲ့ဆက်ဆံရေးတွေမှာ ဒီလိုပဲ ဆက်ပြီးပြုမူခဲ့တယ်။ ညီအစ်ကို မောင်နှမတွေဆီမှာတွေ့မိတဲ့ ဘယ်လို ပြဿနာတွေကိုမှ ထောက်ပြတာ၊ ဖော်ထုတ်တာမျိုး သိပ်မလုပ်ခဲ့ဘူး။ အထူးသဖြင့် ကျွန်မရဲ့ တွဲဖက် ညီအစ်မနဲ့ ဆက်ဆံရေးမှာဆိုရင် ပိုသိသာတယ်။ သူ တာဝန်ထမ်းဆောင်တဲ့ပုံစံက ပြဿနာတွေ ရှိနေတာကို အထင်းသားမြင်နေရလို့ ထောက်ပြချင်ပေမဲ့လည်း၊ စကားတွေက နှုတ်ဖျားရောက်တိုင်း ပြန်မြိုချလိုက်မိတယ်။ ကျွန်မက သူ့ရဲ့ပြဿနာတွေကို ထောက်ပြလိုက်လို့ သူက လက်မခံရင်၊ သူ ကျွန်မကို မကြည်သလို ကြည့်မှာနဲ့ ကျွန်မအပေါ် အမြင်စောင်းသွားမှာကို ကျွန်မ အမြဲတမ်း စိုးရိမ်နေခဲ့တာ။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကတစ်ဆင့်၊ “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုတဲ့ ရိုးရာယဉ်ကျေးမှုအယူအဆနဲ့ပတ်သက်ပြီး နောက်ဆုံးတော့ ကျွန်မ နည်းနည်း ပိုင်းခြားသိမြင်လာတယ်။

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတုန်းက၊ ကျွန်မက ညီအစ်မ လျိုလင်းနဲ့ တွဲဖက်ပြီး အသင်းတော်ရဲ့ အလုပ်တွေကို တာဝန်ယူခဲ့ရတယ်။ အချိန်အတိုင်းအတာတစ်ခု ကြာပြီးနောက်မှာ သူက တာဝန်အပေါ် ဝန်တာထားတဲ့စိတ် မရှိတာကို ကျွန်မ တွေ့ခဲ့ရတယ်။ သူက ဧဝံဂေလိအလုပ်ကို တာဝန်ယူထားပေမဲ့ အဲဒီအလုပ်ကို နောက်ဆက်တွဲ မလုပ်သလို ကြီးကြပ်တာလည်း မရှိဘူး၊ ပြီးတော့ ခေါင်းဆောင်တွေက အလုပ်အကြောင်း မေးတဲ့အခါမှာလည်း သူက အစီရင်ခံစာ မတင်ခဲ့ဘူး။ အစီရင်ခံစာ ဘာလို့မတင်တာလဲလို့ ကျွန်မ မေးတော့၊ နေမကောင်းလို့ပါလို့ သူက ပြောတယ်။ လျိုလင်း ဒီလိုဖြစ်နေတာကို မြင်တော့၊ တာဝန်အပေါ်ထားတဲ့ သူ့သဘောထားက အရမ်း မထီမဲ့မြင်နိုင်လွန်းပြီး တာဝန်ယူစိတ် လုံးဝမရှိဘူးဆိုတာကို ကျွန်မ ထောက်ပြချင်ခဲ့တယ်။ ဒါပေမဲ့ စကားတွေက နှုတ်ဖျားရောက်တာနဲ့ ပြန်မြိုချလိုက်မိပြန်တယ်။ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်၊ “ဘာမှ မပြောတာပဲ ကောင်းပါတယ်။ သူက လက်မခံဘဲ ငါ့ကို မကြည်သလို ကြည့်ရင်၊ နောက်ပိုင်း သူနဲ့ ဆက်ဆံရတာ အရမ်း အနေရခက်သွားမှာပဲ” ပေါ့။ ဒါနဲ့ပဲ ကျွန်မ ဘာမှ ဆက်မပြောတော့ဘူး၊ သူ့ကျန်းမာရေး နည်းနည်း ပိုကောင်းလာရင် အလုပ်မှာ စိတ်နှစ်လာမှာပါလေလို့ တွေးလိုက်တယ်။ အဲဒီအချိန်တုန်းက လျိုလင်းက သူ့ဇက်ကြောတွေ နာတယ်လို့ ပြောလို့ ကျွန်မက သူ့ကို ဂွါရှာခြစ်ပေးခဲ့တယ်၊ လေ့ကျင့်ခန်းလုပ်ဖို့ သတိထားခိုင်းခဲ့တယ်။ ပြီးတော့ အားပေးစကားနည်းနည်းလည်း ပြောလိုက်တယ်။ ဒါပေမဲ့ သူ တာဝန်ထမ်းဆောင်နေတဲ့ ပုံစံမှာရှိတဲ့ ပြဿနာတွေကိုတော့ ကျွန်မ ထောက်မပြခဲ့ဘူး။ သုံးလ ကြာပြီးတဲ့နောက် တစ်နေ့မှာတော့၊ တရားဟောဆရာတစ်ယောက်က ဧဝံဂေလိတရား ဟောပြောတာနဲ့ပတ်သက်တဲ့ အသေးစိတ် အလုပ်တချို့ကို ကျွန်မတို့နဲ့ မိတ်သဟာယပြုခဲ့တယ်။ အဲဒီနောက်၊ ဒီအကြောင်း ညီအစ်ကို မောင်နှမတွေနဲ့ မိတ်သဟာယပြုပြီး လက်တွေ့အကောင်အထည်ဖော်ပြီးပြီလားလို့ လျိုလင်းကို ကျွန်မ မေးလိုက်တယ်။ သူက ပြောတယ်၊ “ဒီတိုင်း ကြုံလို့ ပြောပြလိုက်ရုံပဲ။” ကျွန်မ စိတ်ထဲမှာ အရမ်း ဒေါသထွက်သွားပြီး သူ့ကို ပြုပြင်ချင်ခဲ့တယ်၊ “နင် အရမ်း တာဝန်မဲ့တာပဲ။ ဒါ အလုပ်ကို နှောင့်နှေးစေတာ မဟုတ်ဘူးလား” ပေါ့။ ဒါပေမဲ့ စကားတွေက နှုတ်ဖျားရောက်တာနဲ့ ပြန်မြိုချလိုက်မိပြန်တယ်။ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်၊ “လူပုံလယ်မှာ သူ့ကို ပြုပြင်လိုက်ရင် သူ မျက်နှာပျက်သွားမှာ။ ငါ့အပေါ်မှာ အမြင်စောင်းသွားနိုင်တယ်မဟုတ်ဘူးလား။ ညီအစ်ကို မောင်နှမတွေရှေ့မှာ သူ့ကို တမင်သက်သက် အရှက်ခွဲတယ်လို့များ ပြောမလား။ ဘာမှ မပြောတာပဲ ကောင်းပါတယ်” ပေါ့။ ဒါနဲ့ အလုပ်ကို လက်တွေ့အကောင်အထည်ဖော်ဖို့ ကျွန်မပဲ သွားလိုက်တယ်၊ ပြီးတော့ သူ့ပြဿနာတွေကို ထောက်ပြဖို့ သူနဲ့ မိတ်သဟာယလည်း မပြုဖြစ်တော့ဘူး။

၂၀၂၂ ခုနှစ်၊ ဇွန်လကုန်လောက်မှာ ဒေသနာတချို့ကို အရေးတကြီး စစ်ဆေးဖို့ လိုလာတယ်။ ကျန်းထင်က အရင်တုန်းက ဒီအလုပ်ကို လုပ်ဖူးတော့ သူ့ကို မိတ်သဟာယပြုပေးဖို့ လျိုလင်းကို ကျွန်မ ခိုင်းလိုက်တယ်။ ညဘက်ရောက်တော့ ကျန်းထင်ကို စည်းမျဉ်းတွေအကြောင်း သေချာအသေးစိတ် မိတ်သဟာယပြုပေးခဲ့ရဲ့လားလို့ လျိုလင်းကို ကျွန်မ မေးတော့၊ သူက မျက်နှာမကြည်တဲ့ပုံနဲ့ စိတ်မရှည်သလို ပြောတယ်၊ “သူ အကုန် နားလည်ပြီးသားပါ။ အဲဒီလောက် အသေးစိတ် ပြောပြနေစရာ မလိုပါဘူး” တဲ့။ ကျွန်မ သူ့ကို သတိပေးချင်ခဲ့တယ်၊ “နင်က သေချာ အသေးစိတ် မိတ်သဟာယမပြုပေးလို့ ကျန်းထင်က စည်းမျဉ်းတွေကို နားမလည်ဘဲ ဖြစ်သွားရင်၊ အလုပ်တွေ နှောင့်နှေးကုန်မှာ မဟုတ်ဘူးလား” ပေါ့။ ဒါပေမဲ့ စကားတွေက နှုတ်ဖျားရောက်တာနဲ့ ပြန်မြိုချလိုက်မိပြန်တယ်။ တွေးမိတယ်၊ “ခုနလေးတင် ငါ အဲဒီအကြောင်း မေးလိုက်တုန်းက သူ တော်တော် စိတ်ခုသွားတဲ့ပုံပဲ။ သူ့ရဲ့ အားနည်းချက်တွေကို ငါ ထပ်ပြီး ထောက်ပြရင် သူ ပိုပြီး ဒေါသထွက်သွားမှာပဲ။ နောက်ပိုင်း တစ်ယောက်နဲ့တစ်ယောက် ဘယ်လို ပေါင်းသင်းမှာလဲ” လို့ပေါ့။ ဒါကြောင့် သူ့ပြဿနာတွေကို ကျွန်မ မထောက်ပြဘဲ နောက်ပိုင်းတော့ ပြောင်းလဲဖို့လိုမယ်လို့ပဲ တိုးတိုးလေး ပြောလိုက်တယ်။ နောက်ပိုင်းမှာ ကျန်းထင်က စည်းမျဉ်းတွေကို သေချာနားမလည်ခဲ့လို့ အလုပ်ကို ပြန်လုပ်ခဲ့ရတယ်၊ တစ်ရက်တည်းနဲ့ ပြီးရမဲ့ကိစ္စက ဆယ်ရက်လောက်အထိ နှောင့်နှေးသွားခဲ့တယ်။ ကျွန်မတို့က တာဝန်ထမ်းဆောင်တဲ့နေရာမှာ ဝန်တာထားတဲ့စိတ် မရှိဘူး၊ အလုပ်လုပ်တာ မထိရောက်ဘူးဆိုပြီး အထက် ခေါင်းဆောင်တွေဆီက စာတစ်စောင် ရောက်လာတယ်။ ကျွန်မ စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတယ်။ ဒီလို နှောင့်နှေးသွားတာက ကျွန်မနဲ့ သက်ဆိုင်နေတာပဲ။ လျိုလင်းက တာဝန်ကို တာဝန်မဲ့ ထမ်းဆောင်နေတာကို ကျွန်မ မြင်ခဲ့ရပေမဲ့၊ ကျွန်မတို့ရဲ့ ဆက်ဆံရေးကို ထိန်းသိမ်းဖို့အတွက် သူ့ပြဿနာတွေကို ဘယ်တုန်းကမှ မဖော်ထုတ်ခဲ့ဘူး။ ဒါက အလုပ်ကို နှောင့်နှေးစေခဲ့တာပဲ။ အဲဒီအချိန်တုန်းက ကျွန်မ စိတ်ထဲမှာ အရမ်းကို မွန်းကျပ်ပြီး နာကျင်နေခဲ့တယ်။ ကျွန်မ စိတ်ငြိမ်သွားတာနဲ့ စဉ်းစားမိတယ်၊ “ဘုရားသခင် စီစဉ်ထားတဲ့ ဒီအမှုအရာတွေကနေ ဘာသင်ခန်းစာတွေကို ငါ့ကို ကိုယ်တော်က သင်ယူစေချင်တာလဲ” လို့ပေါ့။ ကျွန်မ ဘုရားသခင်ကို ဆုတောင်းခဲ့တယ်၊ “ချစ်လှစွာသော ဘုရားသခင်၊ သမီးနဲ့ တွဲဖက် ညီအစ်မက တာဝန်ထမ်းဆောင်တဲ့နေရာမှာ ဝန်တာထားတဲ့စိတ် မရှိလို့ အလုပ်တွေ နှောင့်နှေးသွားတာကို သမီး မြင်ခဲ့ရပါတယ်၊ ဒါပေမဲ့ သူ မကြည်သလို ကြည့်မှာစိုးလို့ သူ့ပြဿနာတွေကို သမီး မထောက်ပြရဲခဲ့ဘူး။ ချစ်လှစွာသော ဘုရားသခင်၊ ဒီကိစ္စကနေ သမီး သင်ခန်းစာတွေ ရနိုင်ဖို့ သမီးကို ဉာဏ်အလင်းပေးပြီး ဦးဆောင်တော်မူပါ” ပေါ့။

တစ်နေ့တော့၊ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုတစ်ခုကို ကျွန်မ ကြည့်ခဲ့တယ်။ အဲဒီညီအစ်မရဲ့ သက်သေခံချက်နဲ့ အဲဒီထဲမှာ ကိုးကားထားတဲ့ ဘုရားနှုတ်ကပတ်တော်တွေကြောင့် ကျွန်မ ကိုယ့်ကိုယ်ကိုယ် နည်းနည်း နားလည်သွားခဲ့တယ်။ ဘုရားသခင်က ပြောသည် “သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် အနှစ်မရှိသော စကားလုံးများကို ပြောဆိုခြင်း သို့မဟုတ် ဆောင်ပုဒ်များကို ဟစ်ကြွေးခြင်း မဟုတ်ပေ။ ထိုအစား လူများသည် ဘဝတွင် မည်သည့်အရာကို တွေ့ကြုံရပါစေ ပြုမူနေထိုင်မှုဆိုင်ရာ စည်းမျဉ်းများ၊ အမှုကိစ္စများအပေါ် ၎င်းတို့၏ အမြင်ရှုထောင့်များ၊ သို့မဟုတ် မိမိတို့၏ တာဝန်များ ထမ်းဆောင်ခြင်းကိစ္စ ပါဝင်နေသရွေ့ ၎င်းတို့သည် ရွေးချယ်မှုတစ်ခု ပြုလုပ်ခြင်းကို ရင်ဆိုင်ရပြီး သမ္မာတရားကို ၎င်းတို့ ရှာဖွေသင့်သည်။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များထဲ၌ အခြေခံအကြောင်းရင်းနှင့် စည်းမျဉ်းများကို ရှာဖွေသင့်သည်။ ထို့နောက်တွင် လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းကို ၎င်းတို့ ရှာဖွေသင့်သည်။ ဤနည်းအားဖြင့် လက်တွေ့လုပ်ဆောင်နိုင်သည့် ထိုလူများသည် သမ္မာတရားကို လိုက်စားသူများဖြစ်သည်။ မည်မျှကြီးမားသော အခက်အခဲဖြင့် ကြုံရပါစေ ဤနည်းအားဖြင့် သမ္မာတရားကို လိုက်စားနိုင်ခြင်းသည် ပေတရု၏ လမ်းကြောင်းနှင့် သမ္မာတရား လိုက်စားသည့် လမ်းကြောင်းကို လျှောက်ခြင်းဖြစ်သည်။ ဥပမာအနေဖြင့် အခြားသူများနှင့် ဆက်ဆံသည့်အခါ မည်သည့်စည်းမျဉ်းကို စောင့်ထိန်းသင့်သနည်း။ သင်၏ နဂိုမူလအမြင်က ‘သဟဇာတဖြစ်ခြင်းသည် ဘဏ္ဍာသိုက်တစ်ခုဖြစ်သည်။ သည်းခံစိတ်ရှည်ခြင်းက အကျင့်ကောင်းတစ်ခုဖြစ်သည်’ ဟုလည်းကောင်း၊ လူတိုင်းက အကောင်းမြင်အောင် မပြတ်လုပ်ဆောင်သင့်သည် ဟုလည်းကောင်း၊ အခြားလူများအား သိက္ခာကျစေခြင်းကို ရှောင်ကြဉ်သင့်ပြီး မည်သူ့ကိုမျှ စိတ်အနှောင့်အယှက် မပေးသင့်ဘဲ ဤနည်းအားဖြင့် အနာဂတ်တွင် အခြားသူများနှင့် သင့်မြတ်ရန် လွယ်ကူမည်ဟုလည်းကောင်း ဖြစ်လေသည်။ ဤအမြင်၏ ဘောင်ခတ်ခြင်းကို ခံရပြီး သင်သည် အခြားလူများက မကောင်းသောအရာများ လုပ်ဆောင်သည်ကိုဖြစ်စေ၊ စည်းမျဉ်းများ ချိုးဖောက်သည်ကိုဖြစ်စေ မျက်မြင် မြင်တွေ့သောအခါတွင် ၎င်းတို့အား ဖော်ထုတ်ခြင်းရော တားဆီးခြင်းပါ မပြုဘဲ ဆက်လက်၍ ရေငုံနှုတ်ပိတ်နေလေသည်။ လူတစ်ယောက်ကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ခြင်းထက် အသင်းတော်၏အလုပ် ထိခိုက်ပျက်စီးစေဖို့ကို သင်ပိုလိုလားသည်။ သင်သည် မည်သူနှင့်အပြန်အလှန် ဆက်ဆံနေပါစေ ထိုသူက အကောင်းမြင်နေအောင် သင်ကြိုးစားသည်။ သင်စကားပြောသောအခါ အခြားသူများနှင့် ဆက်ဆံရေးအကြောင်းကိုလည်းကောင်း၊ သိက္ခာဆည်ခြင်းအကြောင်းကိုလည်းကောင်း အစဉ်သဖြင့် တွေးတောပြီး အခြားလူများ စိတ်ကျေနပ်စေဖို့ ကြားကောင်းသော စကားလုံးများကို အစဉ်သဖြင့် သင်ပြောလေသည်။ လူတစ်ယောက်တွင် ပြဿနာများ ရှိနေသည်ကို သင် သိရှိလျှင်ပင် ၎င်းတို့ကို သည်းခံဖို့ သင် ရွေးချယ်သည့်အပြင် ၎င်းတို့၏ရှေ့တွင် မပြောဘဲ နောက်ကွယ်တွင် ၎င်းတို့အကြောင်း မကောင်းပြောရုံသာပြောကာ ငြိမ်းချမ်းရေးကို ဆက်ထိန်းထားဆဲဖြစ်ပြီး သင်၏ဆက်ဆံရေးကို ထိန်းသိမ်းထားသည်။ ဤကဲ့သို့ ကျင့်ကြံပြုမူခြင်းကို သင်မည်သို့ထင်သနည်း။ ယင်းမှာ လူ့အကြိုက်လိုက်သူတစ်ဦး ဖြစ်ခြင်း မဟုတ်လော။ ယင်းက အတော်အတန် စဉ်းလဲလွန်းသည် မဟုတ်လော။ ယင်းက ကျင့်ကြံပြုမူခြင်း စည်းမျဉ်းများကို ချိုးဖောက်သည်။ ထိုကဲ့သို့သောပုံစံမျိုးဖြင့် ကျင့်ကြံပြုမူခြင်းသည် အောက်တန်းကျသည် မဟုတ်လော။ ဤကဲ့သို့ပြုမူသောသူများသည် လူကောင်းများ မဟုတ်ကြဘဲ ဤသည်မှာ လူတစ်ဦးအနေဖြင့် ဂုဏ်သရေရှိသော ကျင့်ကြံပြုမူနည်းတစ်ခု မဟုတ်ပေ။ သင်သည် ဒုက္ခဆင်းရဲ မည်မျှခံရပြီးဖြစ်ပါစေ၊ သင်သည် အဖိုးအခ မည်မျှပေးဆပ်ခဲ့ပြီးဖြစ်နေပါစေ စည်းမျဉ်းများမရှိဘဲ ကျင့်ကြံပြုမူပါက သင်၏ ကျင့်ကြံပြုမူခြင်း၌ သင်ကျရှုံးခဲ့ပြီဖြစ်သည်။ ထို့အပြင် သင်သည် ဘုရားသခင်၏ ရှေ့တော်မှောက်တွင် အသိအမှတ်ပြုခံရလိမ့်မည် မဟုတ်၊ အမှတ်ရခြင်း ခံရမည်မဟုတ် သို့မဟုတ် လက်ခံခြင်းခံရလိမ့်မည် မဟုတ်ချေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏တာဝန်ကို ကောင်းစွာထမ်းဆောင်ဖို့ရာ အကြင်သူသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ အနည်းဆုံး ပိုင်ဆိုင်ရမည်) ဘုရားနှုတ်ကပတ်တော်တွေက မှန်တစ်ချပ်လို ရှင်းလင်းနေတာပဲ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်တယ်ဆိုတာ လူတစ်ယောက်က သမ္မာတရား စည်းမျဉ်းတွေနဲ့အညီ ကိုယ့်ကိုယ်ကိုယ် နေထိုင်ကျင့်ကြံပြီး ပြုမူလုပ်ဆောင်တာဖြစ်တယ်၊ ကိုယ်ပိုင် ခံစားချက်တွေကို ဂရုမစိုက်ဘဲ၊ လူတွေကို ပြစ်မှားမိမှာ စိုးရိမ်တာမျိုး မရှိဘဲနဲ့ပေါ့။ ကျွန်မက တခြားသူတွေနဲ့ ဆက်ဆံရေးမှာ သမ္မာတရား စည်းမျဉ်းတွေနဲ့အညီ မပြုမူမကျင့်ကြံခဲ့ဘူး။ ကိုယ်ပိုင် ခံစားချက်တွေကိုပဲ အမြဲအားကိုးခဲ့တယ်၊ လူတွေကို ပြစ်မှားမိမှာ ကြောက်ပြီး ကျွန်မရဲ့ လူမှုဆက်ဆံရေးတွေကိုပဲ ကာကွယ်ခဲ့တယ်။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ လျိုလင်းက သူ့အလုပ်ကို လုံးဝ ဂရုမစိုက်တာကို ကျွန်မ မြင်ခဲ့ရတယ်။ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်တဲ့နေရာမှာရှိတဲ့ သူ့ပြဿနာတွေကို ကျွန်မ ထောက်ပြသင့်ခဲ့တာ၊ ဒါပေမဲ့ သူသာ လက်မခံခဲ့ရင် ကျွန်မတို့ကြား အိုးတိုးအန်းတန်းဖြစ်သွားမှာကို ကြောက်ခဲ့တယ်၊ ပြီးတော့ နောက်ပိုင်း ကျွန်မတို့ အချင်းချင်း ပေါင်းသင်းဆက်ဆံရ ခက်သွားမှာလေ။ ကျွန်မတို့ရဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို ထိန်းသိမ်းဖို့အတွက်၊ ကျွန်မက စာနာတတ်ပြီး အလေးထားတယ်ဆိုတာ သူ့ကို ပြဖို့ ခပ်ပျော့ပျော့ စကားတချို့နဲ့ သူ့ကို အားပေးခဲ့တယ်။ အပေါ်ယံကြည့်ရင် ကျွန်မက လျိုလင်းနဲ့ ရန်မဖြစ်၊ မငြင်းခုံခဲ့ဘဲ သူ့ဆီက အမြင်ကောင်းရဖို့ ကြိုးစားခဲ့တယ်၊ သူနဲ့ ဇာတိပကတိ ဆက်ဆံရေးကို ထိန်းသိမ်းဖို့ နားထောင်ကောင်းတဲ့ စကားတွေကိုပဲ ပါးစပ်ကနေ ပြောခဲ့တယ်၊ ဒါပေမဲ့ အသင်းတော်ရဲ့ အလုပ်ကတော့ ထိခိုက်နစ်နာခဲ့ရတယ်။ ကျွန်မရဲ့ လုပ်ရပ်တွေမှာ ဘာလူ့သဘာဝများ ရှိခဲ့လို့လဲ။ ကျွန်မက အရမ်းကို တစ်ကိုယ်ကောင်းဆန်ပြီး အရမ်းကို လှည့်ဖြားတတ်လွန်းတယ်။ ဘုရားသခင်က ရိုးသားတဲ့သူတွေကို ချစ်ပြီး၊ ကလိမ်ကကျစ်ကျ၊ လှည့်ဖြားတတ်တဲ့ လူ့အကြိုက်လိုက်သူတွေကို စက်ဆုပ်ရွံရှာတယ်ဆိုတာကို ကျွန်မ တွေးမိတယ်။ ဒီလို ပြုမူကျင့်ကြံတာက ဘုရားသခင်ရဲ့ စက်ဆုပ်ရွံရှာတာကို ခံရအောင် လုပ်နေတာ မဟုတ်ဘူးလား။ တာဝန်ဆိုတာ ဘုရားသခင်က လူသားတွေကို ပေးအပ်ထားတဲ့ တာ၀န်ပေးစေခိုင်းချက် ဖြစ်တယ်ဆိုတာနဲ့ ဘုရားသခင့်အိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ကျွန်မ ကာကွယ်သင့်တယ်ဆိုတာကို တွေးမိတယ်။ လျိုလင်း လုပ်နေတဲ့ပုံစံက အလုပ်အတွက် မကောင်းဘူးဆိုတာ မြင်တဲ့အခါ၊ ကျွန်မက ဟိုဟာကြောက် ဒီဟာကြောက် မနေဘဲ အဲဒါကို ထောက်ပြပြီး သူ့ကို ကူညီပေးသင့်ခဲ့တာ။

တစ်နေ့တော့ စုဝေးပွဲတစ်ခုမှာ၊ ကျွန်မတို့က ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို စားသောက်ခဲ့ကြပြီး အဲဒါက ကျွန်မရဲ့ ပြဿနာတွေကို နည်းနည်း နားလည်သဘောပေါက်စေခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “‘မိတ်ဆွေကောင်းများ၏ အပြစ်များအပေါ် နှုတ်ဆိတ်နေပေးခြင်းသည် ကြာရှည်၍ ကောင်းမွန်သော ခင်မင်မှုကို ဖြစ်စေ၏’ ဆိုသော လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်တွင် ယုံကြည်မှုတစ်ခုရှိသည်။ ဤသည်မှာ မိတ်ဆွေကောင်းဆက်ဆံရေးကို ထိန်းသိမ်းရန်အတွက် မိမိတို့မိတ်ဆွေ၏ ပြဿနာများကို ရှင်းရှင်းလင်းလင်း မြင်လျှင်ပင် နှုတ်ဆိတ်နေရမည်ဟု ဆိုလိုသည်။ သူတစ်ပါးတို့၏ မျက်နှာကို မရိုက်ခြင်း သို့မဟုတ် သူတစ်ပါးတို့၏အားနည်းချက်များကို မဖော်ခြင်းဟူသော စည်းမျဉ်းများအတိုင်း လိုက်နာကြသည်။ ၎င်းတို့သည် အချင်းချင်း လှည့်ဖြားကြကာ အချင်းချင်းထံမှ အမှုအရာများကို ဖုံးဖိထားကြပြီး အချင်းချင်း အကောက်ကြံကြ၏။ အခြားလူမှာ မည်သို့သောသူမျိုး ဖြစ်သည်ကို အလွန်ပင် ရှင်းလင်းစွာ သိသော်လည်း တဲ့တိုးမပြောကြဘဲ မိမိတို့၏ ဆက်ဆံရေးကို ထိန်းသိမ်းရန် စဉ်းလဲသော နည်းလမ်းများကို အသုံးချကြသည်။ ဤသို့သော ဆက်ဆံရေးတစ်ခုကို အဘယ်ကြောင့် ထိန်းသိမ်းချင်သနည်း။ ဤလူ့အဖွဲ့အစည်း၊ မိမိ၏အဖွဲ့အတွင်းတွင် ရန်သူများရှိအောင် မပြုလုပ်လိုခြင်းဖြစ်သည်။ ထိုသို့ပြုလုပ်လျှင် မိမိကိုယ်ကို အန္တရာယ်ရှိသော အခြေအနေများ မကြာခဏ ကျရောက်စေခြင်း ဖြစ်သည်ဟု ဆိုလိုပေမည်။ တစ်စုံတစ်ဦးကို သူ၏ အားနည်းချက်များအား သင်ဖော်ပြီးနောက် သို့မဟုတ် သူ့ကို နာကျင်အောင် လုပ်ပြီးနောက် ထိုသူသည် သင်၏ ရန်သူဖြစ်လာပြီး သင့်ကို အန္တရာယ်ပြုမည်ကို သိကာ ထိုအခြေအနေသို့ မကျရောက်လိုသဖြင့် ‘သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်’ ဟု ဆိုသည့် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ် ယုံကြည်မှုကို သင် အသုံးချခြင်းဖြစ်သည်။ ဤအရာအရ လူနှစ်ယောက်သည် ဤသို့သော ဆက်ဆံရေးတွင်ရှိလျှင် စစ်မှန်သည့်မိတ်ဆွေများအဖြစ် အကျုံးဝင်သလော။ (မဝင်ပါ။) အချင်းချင်း၏ ယုံကြည်ရသူဖြစ်ဖို့မဆိုထားနှင့်၊ စစ်မှန်သော မိတ်ဆွေများမဟုတ်ပေ။ ဤသို့ဆိုလျှင် ဤသည်မှာ အတိအကျ မည်သည့်ဆက်ဆံရေးမျိုးဖြစ်သနည်း။ အခြေခံ လူမှုဆက်ဆံရေးတစ်ခု မဟုတ်သလော။ (ဟုတ်ပါသည်။) ဤသို့သော လူမှုဆက်ဆံရေးတစ်ခုတွင် လူတစ်ဦးနှင့် တစ်ဦးကြား ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးခြင်းများကို မလုပ်ဆောင်နိုင်သကဲ့သို့ လေးနက်သော ဆက်သွယ်မှုကို မရနိုင်ပေ။ ၎င်းတို့ ဆန္ဒရှိသလို မပြောနိုင်ပေ။ ၎င်းတို့၏ စိတ်နှလုံးတွင်ရှိသောအရာ၊ သို့မဟုတ် သူတစ်ပါးတို့တွင် ၎င်းတို့မြင်သော ပြဿနာများ၊ သို့မဟုတ် သူတစ်ပါးတို့အတွက် အကျိုးဖြစ်မည့်စကားများကို ၎င်းတို့ ထုတ်မပြောနိုင်ပေ။ ထိုအစား အခြားသူများအား မျက်နှာလိုမျက်နှာရ လုပ်ရန် ကြားကောင်းသော စကားများကို ရွေးပြောသည်။ အခြားသူများက ၎င်းတို့အပေါ် ရန်လိုသောအတွေးများ မဖြစ်လာစေရန် တားဆီးဖို့အလို့ငှာ ၎င်းတို့သည် အမှန်တရားအကြောင်း မပြောရဲကြပေ၊ သို့မဟုတ် စည်းမျဉ်းများကို မစောင့်ထိန်းရဲကြပေ။ တစ်စုံတစ်ဦးကို မည်သူကမျှ မခြိမ်းခြောက်နေသောအခါ ထိုသူသည် အတော်အတန် သက်သာ၊ အေးချမ်းစွာဖြင့် အသက်ရှင်ရသည် မဟုတ်လော။ ‘သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်’ ဆိုသည့်ဆိုရိုးကို အားပေးမြှင့်တင်ရာတွင် ဤသည်မှာ လူတို့၏ ရည်ရွယ်ချက် မဟုတ်သလော။ (ဟုတ်ပါသည်။) သိသာထင်ရှားစွာပင် ဤသည်မှာ သတိထားရှောင်ခြင်း နည်းလမ်းတစ်မျိုး ပါဝင်သည့် ကလိမ်ကကျစ်ကျပြီး လှည့်ဖြားတတ်သည့် ရှင်သန်မှု နည်းလမ်းတစ်ခု ဖြစ်ပြီး ယင်း၏ ပန်းတိုင်မှာ မိမိကိုယ်ကို ကာကွယ်စောင့်ရှောက်ရန်ဖြစ်သည်။ ဤသို့အသက်ရှင်ရာတွင် ယုံကြည်ရသူ မရှိပေ။ သူတို့နှစ်သက်သည့်အရာ မှန်သမျှကို ပြောနိုင်သည့် ရင်းနှီးသောမိတ်ဆွေများမရှိပေ။ လူတို့ကြားတွင် တစ်ဦးချင်းစီက ၎င်းတို့ လိုအပ်သည့်အရာကို ထိုပေါင်းသင်းဆက်ဆံရေးမှ ယူဆောင်ခြင်းဖြင့် အပြန်အလှန် သတိထားရှောင်ခြင်း၊ အပြန်အလှန် အသုံးချခြင်းနှင့် အပြန်အလှန် ကျိတ်ကြံစည်ခြင်းများ ရှိကြသည်။ ဤသို့မဟုတ်သလော။ ဤအရာ၏ အရင်းအမြစ်တွင် ‘သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်’ ဆိုသည့် ပန်းတိုင်သည် သူတစ်ပါးတို့အား စိတ်ဆိုးအောင်ပြုလုပ်ပြီး ရန်သူများဖြစ်စေခြင်းကို တားဆီးရန်၊ မည်သူ့ကိုမျှ မထိခိုက်စေခြင်းအားဖြင့် မိမိကိုယ်ကို ကာကွယ်ရန်ဖြစ်သည်။ ဤသည်မှာ မိမိကိုယ်ကိုမထိခိုက်အောင် ထိန်းသိမ်းရန် အကြင်သူ ခံယူသည့် နည်းပရိယာယ်နှင့် နည်းလမ်းဖြစ်သည်။ ယင်း၏အနှစ်သာရနှင့်ပတ်သက်သည့် ရှုထောင့်အချို့ကို ကြည့်သောအခါ ‘သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်’ ဆိုသည့် လူတို့၏ သူတော်ကောင်းတရားမှ တောင်းဆိုမှုသည် မြင့်မြတ်သောအရာ ဖြစ်သလော။ အပြုသဘောဆောင်သောအရာတစ်ခု ဖြစ်သလော။ (မဟုတ်ပါ။) ဤသို့ဆိုလျှင် ထိုအရာက လူတို့ကို မည်သည့်အရာကို သင်ကြားပေးသနည်း။ မည်သူ့ကိုမျှ စိတ်အနှောင့်အယှက်ဖြစ်အောင် သို့မဟုတ် နာကျင်အောင်မလုပ်ရပေ၊ သို့မဟုတ်လျှင် အဆုံး၌ နာကျင်ရမည်မှာ သင်ဖြစ်သည်ဟု သင်ကြားပေးခြင်းဖြစ်သည်။ ပြီးလျှင် မည်သူ့ကိုမျှ မယုံသင့်ဟု သင်ကြားပေးခြင်းလည်းဖြစ်သည်။ သင်သည် သင်၏ သူငယ်ချင်းကောင်းများထဲမှ တစ်စုံတစ်ယောက်ကို နာကျင်စေလျှင် ခင်မင်ရင်းနှီးမှုက တိတ်ဆိတ်စွာ စတင်ပြောင်းလဲလာမည်။ ၎င်းတို့သည် သင်၏ ကောင်းသော၊ ရင်းနှီးသောသူငယ်ချင်းဖြစ်ရာမှ လူစိမ်းတစ်ယောက်အဖြစ်သို့၊ သို့မဟုတ် ရန်သူတစ်ယောက်အဖြစ်သို့ ပြောင်းသွားလိမ့်မည်။ လူတို့ကို ထိုသို့ပြုမူဆောင်ရွက်ရန် သင်ကြားပေးခြင်းအားဖြင့် မည်သည့်ပြဿနာများကို ဖြေရှင်းပေးနိုင်သနည်း။ သင်သည် ဤသို့ပြုမူလုပ်ဆောင်ခြင်းအားဖြင့် ရန်သူများမရှိဘဲ အချို့ရန်သူများပင် ပပျောက်သွားလျှင် လူတို့က သင့်အား လေးစားပြီး ထောက်ခံမည်လော။ သင့်အား မိတ်ဆွေအဖြစ် အစဉ်ထားရှိမည်လော။ ဤသည်မှာ ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုအတွက် စံနှုန်းကို အပြည့်အဝရရှိသလော။ အများဆုံးအနေဖြင့် ဤသည်မှာ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်တစ်ခုထက် မပိုပေ။ ဤအဆိုအမိန့်နှင့် ကျင့်သုံးမှုကို လိုက်နာခြင်းကို ကောင်းသော ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုဟု ယူဆ၍ရနိုင်သလော။ လုံးဝ ယူဆ၍မရနိုင်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၈)) ဘုရားနှုတ်ကပတ်တော် ဖော်ထုတ်ထားတာက ကျွန်မရဲ့ အခြေအနေမှန် အတိအကျပါပဲ။ တခြားသူတွေနဲ့ ကျွန်မရဲ့ဆက်ဆံရေးမှာ ကျွန်မက အမြဲတမ်း အရမ်းကို အလေးထားပြီး စာနာပေးခဲ့တယ်။ တစ်ဖက်လူဆီမှာ ပြဿနာတစ်ခုခု တွေ့ရင်တောင် ထောက်မပြခဲ့ဘူး၊ ကျွန်မတို့ရဲ့ ဆက်ဆံရေး ပျက်စီးသွားမှာကို ကြောက်လို့လေ။ အထူးသဖြင့်၊ လျိုလင်းနဲ့ တွဲဖက်ပြီး တာဝန်တွေ ထမ်းဆောင်ခဲ့တုန်းကဆို၊ တာဝန်အပေါ် သူ့သဘောထားက အရမ်း မထီမဲ့မြင်နိုင်လွန်းပြီး ဒါက အသင်းတော်ရဲ့ အလုပ်ကို နှောင့်နှေးစေတာကို ကျွန်မ မြင်ခဲ့တယ်။ သူ့ပြဿနာတွေကို ကျွန်မ ထောက်ပြချင်ခဲ့တယ်၊ ဒါပေမဲ့ သူ မပျော်မရွှင်ဖြစ်နေတာကို မြင်တော့ ကျွန်မရဲ့ လည်ချောင်းက တစ်ဆို့နေသလို ခံစားရပြီး စကားတစ်ခွန်းမှ ထွက်မလာခဲ့ဘူး၊ ကျွန်မတို့ရဲ့ ဆက်ဆံရေး ပျက်စီးသွားမှာကို ကြောက်ခဲ့တာလေ။ ကျွန်မက “နင်လည်းကောင်း ငါလည်းကောင်း အားလုံးကောင်းတယ်၊” “မိတ်ဆွေကောင်းများ၏အပြစ်များအပေါ် နှုတ်ဆိတ်နေပေးခြင်းသည် ကြာရှည်၍ ကောင်းမွန်သော ခင်မင်မှုဖြစ်စေ၏၊” နဲ့ “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုတဲ့ စာတန်ဆန်တဲ့ ရှင်သန်ရေးလမ်းကြောင်းတွေအပေါ် အားကိုးနေခဲ့တာ။ အဲဒီလိုနဲ့ ကျွန်မဟာ တော်တော်လေးကို ကလိမ်ကကျစ်ကျပြီး လှည့်ဖြားတတ်တဲ့သူ ဖြစ်လာခဲ့တယ်။ ကျွန်မက အချိန်တိုင်းမှာ ကိုယ့်ကိုယ်ပိုင် အကျိုးစီးပွားတွေကိုပဲ စဉ်းစားခဲ့ပြီး တခြားသူတွေနဲ့ ဆက်ဆံရေးကိုပဲ ကာကွယ်ခဲ့တယ်။ ငယ်ငယ်ကတည်းက ကျွန်မ ဒီလိုပဲဖြစ်ခဲ့တာ၊ တခြားသူတွေဆီမှာ ပြဿနာတွေ တွေ့ရင် ပွင့်ပွင့်လင်းလင်း မထောက်ပြတတ်ဘူး။ ဒီလိုနေတာက သူများကို အလေးထားတာဖြစ်ပြီး ကောင်းမွန်တဲ့ လူ့သဘာဝရဲ့ လက္ခဏာလို့ ထင်ခဲ့တယ်။ ဒါပေမဲ့ တကယ် ကောင်းမွန်တဲ့ လူ့သဘာဝရှိတဲ့ သူတွေက တာဝန်အပေါ်မှာ သစ္စာရှိမှုနဲ့ တာဝန်ယူမှုရှိတယ်။ သူတို့က လူတွေအပေါ်မှာရော ဘုရားသခင်အပေါ်မှာပါ ရိုးသားတဲ့ စိတ်နှလုံး ရှိတယ်၊ ဘုရားသခင့်အိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ပေးနိုင်တယ်၊ ပြီးတော့ တခြားသူတွေက သမ္မာတရား စည်းမျဉ်းတွေကို ချိုးဖောက်ပြီး လုပ်နေတာကို မြင်တဲ့အခါမှာ လူတွေ ချက်ချင်း နားလည်သဘောပေါက်ပြီး ပြောင်းလဲနိုင်အောင် မိတ်သဟာယပြုနိုင်တယ်၊ ကူညီနိုင်တယ်၊ ထောက်ပြနိုင်ပြီး ဖော်ထုတ်နိုင်ကြတယ်။ အရင်ကတော့ တခြားသူတွေဆီမှာ ပြဿနာတွေတွေ့ရင် မပြောဘဲနေတာက သူတို့မျက်နှာကို ငဲ့ပေးတာ၊ သူတို့ကို အလေးထားတာဖြစ်ပြီး ကောင်းမွန်တဲ့ လူ့သဘာဝရှိတာလို့ ကျွန်မ ယုံကြည်ခဲ့တယ်။ ကျွန်မရဲ့ ဒီအမြင်က မှားနေခဲ့တာ။ အပေါ်ယံကြည့်ရင်တော့ ဒီရိုးရာယဉ်ကျေးမှု အယူအဆတွေက လူ့သဘာဝနဲ့ရော ကိုယ်ကျင့်တရားနဲ့ပါ ကိုက်ညီနေတယ်၊ ဒါပေမဲ့ အနှစ်သာရအားဖြင့်တော့၊ ဒါတွေက လူတွေကို ဉာဏ်များပြီး လှည့်ကွက်တွေသုံးဖို့ သွေးထိုးပေးနေတာပဲ၊ ဒါက လူတွေကို ပိုပိုပြီး ကလိမ်ကကျစ်ကျလာစေတယ်၊ လှည့်ဖြားတတ်လာစေတယ်။ ဒီရိုးရာယဉ်ကျေးမှု အယူအဆတွေအတိုင်းပဲ ကျွန်မ ဆက်ပြီး အမြဲ ရှင်သန်နေမယ်ဆိုရင်၊ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေက ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး၊ ပြီးတော့ ပုံမှန် လူ့သဘာဝကိုလည်း ဘယ်တော့မှ အသက်ရှင်နေထိုင်နိုင်မှာ မဟုတ်ဘူး။

ရှာဖွေရင်းနဲ့၊ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ပိုဖတ်ဖြစ်ခဲ့တယ်။ “‘သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်’ ဟူသော ဆိုရိုးစကားတွင် ‘ဖော်’ ဆိုသည့်စကားသည် ကောင်းသလော၊ ဆိုးသလော။ ‘ဖော်’ ဆိုသည့် စကားသည် ဘုရားနှုတ်ကပတ်တော်အတွင်းတွင် လူတို့ ထုတ်ဖော်ခံရခြင်း၊ သို့မဟုတ် ဖွင့်ပြခံရခြင်းကို ရည်ညွှန်းသည့် အဆင့်တွင်ရှိသလော။ (မရှိပါ။) လူသား၏ ဘာသာစကားတွင် တည်ရှိသည့်ပုံစံအရ ‘ဖော်’ ဟူသည့် စကားအပေါ် ငါ၏ နားလည်မှုတွင် ယင်းကို မဆိုလိုပေ။ ယင်း၏ အနှစ်သာရသည် အတော်အတန် မလိုမုန်းထားသော ပုံစံတစ်ခုဖြင့် ဖော်ထုတ်ခြင်းဖြစ်သည်။ ယင်းသည် လူတို့၏ ပြဿနာများနှင့် ချို့ယွင်းချက်များ၊ သို့မဟုတ် သူတစ်ပါးတို့မသိသည့် အချို့သောအရာများနှင့် အပြုအမူများ၊ သို့မဟုတ် နောက်ကွယ်တွင် လုပ်ဆောင်နေသည့် အချို့သော ကြံစည်မှု၊ အယူအဆ၊ သို့မဟုတ် အမြင်များအား ထုတ်ဖော်ခြင်းကို ဆိုလိုသည်။ ဤသည်မှာ ‘သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်’ ဆိုသော ဆိုရိုးစကားတွင်ရှိသော ‘ဖော်’ ဟူသော စကား၏ အဓိပ္ပာယ်ဖြစ်သည်။ လူနှစ်ယောက်သည် ဆက်ဆံရေးကောင်းစွာအဆင်ပြေပြီး အတွင်းရေးများကို ပြောဆိုကြသောသူများဖြစ်ကာ ၎င်းတို့ကြားတွင် မည်သည့်အတားအဆီးမျှ မရှိလျှင်၊ ၎င်းတို့တစ်ဦးချင်းစီက တစ်ဖက်လူအတွက် အကျိုးဖြစ်စေပြီး အကူအညီဖြစ်စေဖို့ မျှော်လင့်လျှင် ၎င်းတို့နှစ်ဦး အတူတကွ ထိုင်ကြပြီး လက်ရှိ ပြဿနာနှင့်ပတ်သက်၍ ရှင်းလင်းအောင် ပွင့်လင်းမှု၊ ရိုးသားစစ်မှန်မှုတို့ဖြင့် ပြောဆိုသည်မှာ အကောင်းဆုံးဖြစ်လိမ့်မည်။ ဤသည်မှာ သင့်တင့်လျောက်ပတ်သည်။ အခြားလူများ၏ အားနည်းချက်များကို ဖော်ခြင်းမဟုတ်ပေ။ သင်သည် အခြားလူတစ်ယောက်၏ ပြဿနာကို မြင်တွေ့သော်လည်း သင်က ဤအရာအား ထောက်ပြသည်ကို ၎င်းသည် လက်မခံနိုင်သေးကြောင်း မြင်ပါက စကားများခြင်း၊ ပဋိပက္ခဖြစ်ခြင်းကို ရှောင်ကြဉ်ရန် မည်သည့်အရာကိုမျှ မပြောနှင့်။ သင်သည် ထိုသူကို ကူညီလိုလျှင် သူ၏ အမြင်ကို သိအောင်ပြုလုပ်ပြီး သူ့အား ရှေးဦးစွာ မေးလော့။ ‘မင်းမှာ ပြဿနာ နည်းနည်းရှိနေတာကို ငါသိတယ်။ မင်းကို ငါ အကြံနည်းနည်း ပေးချင်တယ်။ မင်း လက်ခံနိုင်မလားဆိုတာ ငါမသိပါဘူး။ လက်ခံမယ်ဆိုရင် ငါပြောပြမယ်။ လက်မခံရင် လောလောဆယ် ဒီတိုင်းထားလိုက်ပြီး ဘာမှ မပြောတော့ဘူး’ ဟူ၍ ဖြစ်သည်။ ထိုသူက ‘ငါ မင်းကို ယုံတယ်။ မင်း ပြောသမျှသည် သင့်တော်လိမ့်မည်။ ငါ လက်ခံနိုင်ပါတယ်’ ဟု ပြောလျှင် သင်က ခွင့်ပြုချက်ရရှိပြီးဖြစ်သည့် သဘောဖြစ်သည်။ ထို့နောက် သူ၏ ပြဿနာများကို သူ့အား တစ်ခုချင်း မိတ်သဟာယဖွဲ့ပေးနိုင်သည်။ သူသည် သင်ပြောသည့်အရာကို အပြည့်အဝ လက်ခံမည်သာမက ယင်းမှနေ အကျိုးဖြစ်လိမ့်မည်။ သင်တို့နှစ်ယောက်သည် ပုံမှန် ဆက်ဆံရေးကို ထိန်းသိမ်းနိုင်ဆဲ ဖြစ်လိမ့်မည်။ ဤသည်မှာ ရိုးသားစစ်မှန်မှုဖြင့် အချင်းချင်း ဆက်ဆံခြင်းမဟုတ်လော။ (ဟုတ်သည်။) ယင်းသည် သူတစ်ပါးတို့နှင့် ဆက်ဆံခြင်းအတွက် မှန်ကန်သော နည်းလမ်းဖြစ်သည်။ သူတစ်ပါးတို့၏ အားနည်းချက်များကို ဖော်ခြင်းမဟုတ်ပေ။ ယခုဆွေးနွေးနေသည့် ဆိုရိုးစကားအရ ‘သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်ခြင်း’ ဆိုသည်မှာ မည်သို့အဓိပ္ပာယ်ရသနည်း။ သူတစ်ပါးတို့၏ ချို့ယွင်းချက်များကို မပြောခြင်း၊ သူတစ်ပါးတို့၏ မပြောအပ်ဆုံးသော ပြဿနာများကို မပြောခြင်း၊ သူတစ်ပါးတို့၏ ပြဿနာများ၏ အနှစ်သာရကို မဖော်ထုတ်ခြင်း၊ ဖော်ထုတ်ရာတွင် အလွန်ပင် ပြောင်ပြောင်တင်းတင်း မဖြစ်ခြင်းကို ဆိုလိုသည်။ အပေါ်ယံအဆင့် မှတ်ချက်များကိုသာ ပေးခြင်း၊ လူအားလုံးက အပြောများသည့်အရာများကိုသာ ပြောခြင်း၊ ထိုသူကိုယ်၌က မြင်နိုင်ပြီးဖြစ်သည့်အရာများကို ပြောဆိုခြင်း၊ ထိုသူက ယခင်က ပြုလုပ်ခဲ့သောအမှားများ၊ သို့မဟုတ် ထိခိုက်လွယ်သော ပြဿနာများကို ဖွင့်မပြခြင်းတို့ကို ဆိုလိုသည်။ သင်သည် ဤသို့ လုပ်ဆောင်လျှင် ထိုသူအတွက် မည်သို့ အကျိုးဖြစ်သနည်း။ သင်သည် ထိုသူကို စိတ်မကျေမနပ်မဖြစ်စေခြင်း၊ သို့မဟုတ် သူနှင့် ရန်သူမဖြစ်ခြင်းတို့ ရှိကောင်းရှိမည်။ သို့သော် သင်လုပ်ဆောင်သည့်အရာသည် ထိုသူအား မည်သို့မျှ အကူအညီမပေးပေ၊ သို့မဟုတ် ထိုသူအတွက် အကျိုးမဖြစ်ပေ။ ထို့ကြောင့် ‘သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်’ ဆိုသည့် စကားကိုယ်၌က တိမ်းရှောင်ခြင်းဖြစ်ပြီး လူတို့ အချင်းချင်း ဆက်ဆံရာတွင် ရိုးသားစစ်မှန်မှုကို ခွင့်မပြုသော လှည့်စားမှု ပုံစံတစ်ခုဖြစ်သည်။ ဤသို့ လုပ်ဆောင်ခြင်းသည် မကောင်းသော ရည်ရွယ်ချက်များကို ထားရှိခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ ယင်းသည် သူတစ်ပါးတို့နှင့် ဆက်ဆံရာတွင် မှန်ကန်သော နည်းလမ်းမဟုတ်ပေ။ ဘာသာတရားမရှိသူများက ‘သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်’ ဆိုသည်ကို မြင့်မြတ်သော ကိုယ်ကျင့်တရားရှိသူတစ်ယောက်က လုပ်ဆောင်သင့်သည့်အရာဟုပင် မြင်ကြသည်။ ယင်းသည် သူတစ်ပါးတို့နှင့် ဆက်ဆံရာတွင် လှည့်စားသည့် ပုံစံတစ်ခုဖြစ်သည်မှာ ရှင်းသည်။ ယင်းကို လူတို့က မိမိကိုယ်ကို ကာကွယ်ရန်အတွက် ခံယူကျင့်သုံးခြင်းဖြစ်သည်။ ဆက်ဆံရာတွင် သင့်တင့်လျောက်ပတ်သောနည်းလမ်း လုံးဝ မဟုတ်ပေ။ သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်ခြင်းကိုယ်၌က မရိုးသားခြင်းဖြစ်သည်။ သူတစ်ပါးတို့၏ အားနည်းချက်များကို ဖော်ခြင်းတွင် ဖုံးကွယ်ထားသော ရည်ရွယ်ချက်တစ်ခု ရှိနိုင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၈)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်၊ လူတွေရဲ့ အားနည်းချက်ကို ဖော်တယ်ဆိုတာ ဘာလဲ၊ အားနည်းချက်ကို မဖော်ဘဲ အဲဒီအစား လူတွေကို ဘယ်လိုကူညီပေးရမလဲ ဆိုတာကို ကျွန်မ နားလည်သွားတယ်။ လူတွေရဲ့ အားနည်းချက်ကို ဖော်တယ်ဆိုတာက ကိုယ်ပိုင် ရည်ရွယ်ချက်တွေနဲ့ ကြံစည်တာတွေ ပါဝင်တယ်၊ ဒါက တစ်ဖက်လူကို အရှက်ခွဲဖို့ ဒါမှမဟုတ် ကိုယ်ပိုင် အကျိုးအမြတ်အတွက် ယှဉ်ပြိုင်ချင်တာကို ရည်ရွယ်ပါတယ်။ တစ်ဖက်လူရဲ့ ပြဿနာတွေနဲ့ အားနည်းချက်တွေကို အဆမတန် ပုံကြီးချဲ့တယ်၊ သူတို့ကို နှိမ့်ချပြီး ပြစ်တင်ရှုတ်ချတယ်၊ ဒါမှ နောက်ဆုံးမှာတော့ ကိုယ့်အတွက် အကျိုးအမြတ်ရဖို့ဆိုတဲ့ ရည်မှန်းချက်ကို ပြည့်မြောက်မှာလေ။ ဒါပေမဲ့ လူတွေရဲ့ ပြဿနာတွေကို ထောက်ပြတာ၊ ဖော်ထုတ်တာကတော့ သူတို့ကို ကူညီပေးဖို့ ရည်ရွယ်တာပါ။ တခြားလူတစ်ယောက်ဆီမှာ သူကိုယ်တိုင် သတိမထားမိတဲ့ ကြီးမားတဲ့ ပြဿနာတစ်ခု ရှိနေတာကို ကျွန်မတို့ တွေ့ရရင်၊ မေတ္တာထားပြီး အဲဒါကို ထောက်ပြတာ၊ မိတ်သဟာယပြုတာ၊ ဖော်ထုတ်တာ၊ ပြီးတော့ သူတို့ရဲ့ ဝိညာဉ်ရင့်ကျက်မှုနဲ့အညီ အဲဒါကို စိတ်ဖြာလေ့လာဆွေးနွေးတာတွေက သူတို့ရဲ့ အားနည်းချက်ကို ဖော်နေတာ မဟုတ်ဘူး၊ သူတို့ကို ကူညီပေးနေတာပဲ ဖြစ်တယ်။ ဒါက ပုံမှန် လူ့သဘာဝရှိတဲ့သူတွေ လုပ်သင့်တဲ့အရာပဲ။ လျိုလင်းက သူ့တာဝန်မှာ ဝန်တာထားတဲ့စိတ် မရှိတာကို ကျွန်မ တွေ့ခဲ့လို့ အဲဒါကို ထောက်ပြချင်ခဲ့တယ်၊ ဒါပေမဲ့ ဒီလိုလုပ်လိုက်ရင် သူ့ရဲ့ အားနည်းချက်ကို ဖော်သလို ဖြစ်သွားမယ်လို့ ခံစားခဲ့ရတယ်။ ကျွန်မရဲ့ ဒီအမြင်က မှားယွင်းပြီး အဓိပ္ပာယ်မဲ့နေခဲ့တာပဲ။ ကျွန်မက သူ့ကို တမင်သက်သက် နှိမ့်ချပြီး အရှက်ခွဲခဲ့မယ်ဆိုရင်၊ အဲဒီလိုလုပ်လို့ ညီအစ်ကို မောင်နှမတွေက သူ့အပေါ် အပျက်သဘောဆောင်တဲ့အမြင်ရှိသွားပြီးတော့၊ ကျွန်မကျတော့ ဝန်တာကို ထမ်းဆောင်နေတဲ့ပုံပေါက်အောင် လုပ်မယ်ဆိုရင်၊ အဲဒါမှ သူ့ရဲ့ အားနည်းချက်ကို ဖော်တာ ဖြစ်မှာ။ ဒါပေမဲ့ တကယ်တမ်းကျတော့ ကျွန်မမှာ အဲဒီလို ရည်ရွယ်ချက်တွေ မရှိခဲ့ပါဘူး။ အသင်းတော်ရဲ့ အလုပ်ကို ကာကွယ်ပေးချင်တာနဲ့၊ သူ့ကို ကူညီပေးချင်တာပဲ ရှိခဲ့တယ်၊ ဒါကြောင့် အဲဒါက သူ့ရဲ့ အားနည်းချက်ကို ဖော်တာ မဟုတ်ပါဘူး။

နောက်ပိုင်း လျိုလင်းကို ကျွန်မ တွေ့တယ်။ သူ့ပြဿနာတွေကို ကျွန်မ ထောက်ပြတော့မယ့်အချိန်မှာ၊ စိတ်ထဲမှာ တွေဝေနေတုန်းပဲ၊ သူများ ကိုယ့်ကို မကြည်ဖြစ်သွားမလားဆိုပြီး စိုးရိမ်နေတုန်းပဲ၊ ဒါကြောင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ဦးဆောင်ပေးပါလို့ စိတ်ထဲကနေ ဘုရားသခင်ကို အကြိမ်ကြိမ် ဟစ်အော်ခဲ့တယ်။ အဲဒီအချိန်မှာ၊ အရင်က ဖတ်ခဲ့ဖူးတဲ့ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို သတိရသွားပြီး ပြန်ရှာဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူ့အကြိုက်လိုက်သူတစ်ဦး၏ ရည်ရွယ်ချက်နှင့် ရှုထောင့်အမြင် သင့်တွင် ရှိလျှင် ကိစ္စရပ်တိုင်းတွင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်မည်မဟုတ်ပေ၊ သို့မဟုတ် စည်းမျဉ်းများကို စောင့်ထိန်းမည် မဟုတ်ပေ၊ ထို့ကြောင့် သင်သည် အစဉ် ကျရှုံးပြီး လဲကျလိမ့်မည်။ သင်သည် အသိတရားမရပါက မည်သည့်အခါမျှ သမ္မာတရားကို မရှာဖွေပါက သင်သည် မယုံကြည်သူတစ်ဦးဖြစ်ပြီး သမ္မာတရားနှင့် အသက်တို့ကို မည်သည့်အခါမျှ ရရှိလိမ့်မည် မဟုတ်ချေ။ သို့ဆိုလျှင် သင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများ ပါဝင်သည့် ကိစ္စရပ်များဖြင့် ရင်ဆိုင်ရသည့်အခါတွင် သင်သည် စည်းမျဉ်းများကို ထိန်းသိမ်းနိုင်ရန်၊ သင့်လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်နိုင်ရန်၊ စည်းမျဉ်းများနှင့်အညီ ကိစ္စရပ်များကို ကိုင်တွယ်နိုင်ရန်၊ သင်ထိန်းသိမ်းသင့်သော နေရာကို စွဲမြဲစွာ ထိန်းသိမ်းရန်၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ရန်၊ ဘုရားအိမ်တော်၏ အလုပ် မည်သည့်ဆုံးရှုံးမှုကိုမျှ မခံစားရအောင် ဟန့်တားရန်အလို့ငှာ သင့်ကို ယုံကြည်ခြင်းနှင့် ခွန်အားတို့ ပေးဖို့ ကိုယ်တော့်ကို တောင်းလျှောက်လျက် ဘုရားသခင်ထံ ဆုတောင်းပြီး အော်ခေါ်ရမည်။ သင်သည် မိမိ၏ ကိုယ်ကျိုးစီးပွား၊ မိမိ၏ ဂုဏ်သိက္ခာနှင့် လူ့အကြိုက်လိုက်သူတစ်ဦးနှင့်ဆိုင်သော အမြင်ရှုထောင့်တို့ကို ပုန်ကန်နိုင်လျှင်၊ သင်လုပ်သင့်သည့် အရာကို ရိုးသားသည့် စိတ်နှလုံးဖြင့် အကြွင်းမဲ့ လုပ်ဆောင်နိုင်လျှင် စာတန်ကို သင် အနိုင်ယူပြီးလိမ့်မည်ဖြစ်ကာ သမ္မာတရား၏ ဤရှုထောင့်ကို သင် ရရှိပြီး ဖြစ်လိမ့်မည်။ သင်သည် စာတန်၏ အတွေးအခေါ်တို့ဖြင့် ခေါင်းမာစွာ မရမက အသက်ရှင်ပါက၊ အခြားသူများနှင့် သင်၏ ပေါင်းသင်းဆက်ဆံရေးကို ကာကွယ်ပါက၊ သမ္မာတရားကို မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်နိုင်ဘဲ စည်းမျဉ်းများကို မစောင့်ထိန်းရဲပါက သင်သည် အခြားကိစ္စရပ်များ၌ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်လော။ သင်၌ မည်သည့်ယုံကြည်မှုမျှ သို့မဟုတ် မည်သည့်ခွန်အားမျှ ရှိဦးမည် မဟုတ်။ သင်သည် မည်သည့်အခါမျှ သမ္မာတရားကို ရှာဖွေခြင်း သို့မဟုတ် လက်ခံခြင်း မရှိပါက ဘုရားသခင်ကို ထိုသို့ ယုံကြည်ခြင်းသည် သင့်ကို သမ္မာတရားရစေမည်လော။ (မရစေပါ။) ပြီးလျှင် သင်သည် သမ္မာတရားကို မရရှိနိုင်လျှင် ကယ်တင်ခြင်း ခံရနိုင်သလော။ သင် မခံရနိုင်ပေ။ သင်သည် စာတန်၏ အတွေးအခေါ်ဖြင့် အစဉ်သဖြင့် အသက်ရှင်နေထိုင်ကာ သမ္မာတရားလက်တွေ့ကျမှု စိုးစဉ်းမျှမရှိဘဲ စာတန်၏အာဏာအောက်တွင် အသက်ရှင်နေထိုင်နေဆဲဖြစ်ပါက သင် မည်သည့်အခါမျှ သေချာပေါက် ကယ်တင်ခြင်းမခံရနိုင်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို ခွန်အားပေးခဲ့တယ်။ လူ့အကြိုက်လိုက်သူ လုံးဝ မလုပ်နိုင်တော့ဘူး။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်မှကို ဖြစ်မယ်။ လျိုလင်း ကျွန်မကို ကြည်သည်ဖြစ်စေ၊ မကြည်သည်ဖြစ်စေ သူ့ပြဿနာတွေကို ထောက်ပြရမယ်၊ ပြီးတော့ အသင်းတော်ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ရမယ်၊ ဘုရားသခင် ကျေနပ်အောင်လုပ်ရမယ်။ ကျွန်မ သတ္တိမွေးပြီး သူ့ပြဿနာတွေကို ထောက်ပြလိုက်တယ်။ လျိုလင်းက ဒါကို ကြားတော့ နည်းနည်း စိတ်မကောင်းဖြစ်ပေမဲ့၊ သူ့ပြဿနာတွေကို သူ အသိအမှတ်ပြုခဲ့တယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ပိုဖတ်ခဲ့တယ်။ “ပူးပေါင်းလုပ်ဆောင်ခြင်းဆိုသည်မှာ အဘယ်နည်း။ အမှုကိစ္စများကို တစ်ယောက်နှင့်တစ်ယောက် ဆွေးနွေးနိုင်ရမည်။ ပြီးလျှင် အမြင်များ၊ ထင်မြင်ချက်များကို ဖော်ပြနိုင်ရမည်။ တစ်ယောက်ကိုတစ်ယောက် ဖြည့်စွက်ပြီး ကြီးကြပ်ရမည်။ တစ်ယောက်ထံမှတစ်ယောက် ရှာဖွေရမည်။ တစ်ယောက်နှင့်တစ်ယောက် စုံစမ်းမေးမြန်းရမည်။ တစ်ယောက်ကိုတစ်ယောက် တိုက်တွန်းနှိုးဆော်ရမည်။ ဤသည်မှာ သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ခြင်း ဟူသည့်အရာ ဖြစ်သည်။ ဥပမာ သင်က တစ်စုံတစ်ခုကို သင့်စိတ်ဆန္ဒအတိုင်း ကိုင်တွယ်ခဲ့ပြီး လူတစ်ယောက်က ‘သင်လုပ်သည်မှာ မှားသည်။ စည်းမျဉ်းနှင့် လုံးဝ ဆန့်ကျင်သည်။ သမ္မာတရားကို မရှာဘဲ သင်အလိုရှိသလို အဘယ်ကြောင့် ကိုင်တွယ်ခဲ့သနည်း’ ဟု ပြောသည်ဆိုပါစို့။ ဤအရာကို သင်က ‘မှန်သည်။ သင် ကျွန်ုပ်ကို သတိပေးခဲ့သည်ကို ကျွန်ုပ် ဝမ်းသာသည်။ သင် သတိမပေးခဲ့လျှင် ဘေးဒုက္ခဖြစ်မည့် သဘောသက်ရောက်လိမ့်မည်’ ဟု ဆိုသည်။ ဤသည်မှာ တစ်ယောက်အပေါ်တစ်ယောက် တိုက်တွန်းနှိုးဆော်ပေးခြင်း ဖြစ်သည်။ ဤသို့ဆိုလျှင် တစ်ယောက်အပေါ်တစ်ယောက် ကြီးကြပ်ခြင်း ဟူသည်မှာ အဘယ်နည်း။ လူတိုင်း၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုရှိသည်။ မိမိတို့တာဝန်တွင် ဝတ်ကျေတမ်းကျေဆန်နိုင်သည်။ မိမိတို့၏ ကိုယ်ပိုင်အဆင့်အတန်းနှင့် မာနကို ကာကွယ်ပေးပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်မပေးပေ။ လူတိုင်းတွင် ဤသို့သော အခြေအနေများရှိသည်။ လူတစ်ယောက်၌ ပြဿနာတစ်ခုရှိသည်ကို သင်သိရလျှင် သူနှင့် မိတ်သဟာယဖွဲ့ရန် ဦးဆောင်လှုပ်ရှားသင့်ပြီး သူ့တာဝန်ကို စည်းမျဉ်းနှင့်အညီ လုပ်ဆောင်ရန် သတိပေးသင့်သည်။ တစ်ချိန်တည်းတွင်ပင် မိမိကိုယ်ကိုလည်း သတိပေးသင့်သည်။ ဤသည်မှာ အပြန်အလှန် ကြီးကြပ်ခြင်း ဖြစ်သည်။ အပြန်အလှန် ကြီးကြပ်ခြင်းက မည်သည့်တာဝန်ကို လုပ်ဆောင်သနည်း။ ယင်းသည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ရန်နှင့် လမ်းမှားကို လူများလိုက်မလျှောက်ဖို့ လုပ်ဆောင်ရန်လည်း ရည်ရွယ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည် (အပိုင်း ၁)) ကိုယ့်တာဝန်ကိုယ် ထမ်းဆောင်ရာမှာ ပူးပေါင်းဆောင်ရွက်တဲ့အခါ တစ်ယောက်ကိုတစ်ယောက် ကြီးကြပ်သင့်တယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကတစ်ဆင့် ကျွန်မ နားလည်သွားတယ်၊ ပြီးတော့ ကိုယ့်တွဲဖက်က စည်းမျဉ်းတွေကို ချိုးဖောက်တဲ့ပုံစံနဲ့ အလုပ်လုပ်နေတာကို တွေ့ရင်၊ ကျွန်မတို့ အဲဒါကို ထောက်ပြပြီး မိတ်သဟာယပြုသင့်တယ်၊ သူတို့ကို ကူညီသင့်တယ်။ ဒါက သမ္မာတရား စည်းမျဉ်းတွေနဲ့အညီ တာဝန်ကို ထမ်းဆောင်တာပဲ။ အဲဒါက လူတွေကို သမ္မာတရား နားလည်ဖို့ ကူညီပေးနိုင်ပြီး အသင်းတော်ရဲ့ အလုပ်ကိုဆိုရင် ပိုပြီးတော့တောင် ကာကွယ်ပေးနိုင်တယ်။ တစ်ချိန်တည်းမှာပဲ ခေါင်းဆောင်တွေ သို့မဟုတ် အမှုဆောင်တွေအနေနဲ့ ကျွန်မတို့ ညီအစ်ကို မောင်နှမတွေကို သမ္မာတရား စည်းမျဉ်းတွေနဲ့အညီ ဆက်ဆံရမယ်။ ဘုရားသခင်ကို ယုံကြည်တာ သိပ်မကြာသေးတဲ့၊ ဝိညာဉ်ရင့်ကျက်မှု နုနယ်သေးတဲ့ သူတွေဆိုရင်၊ သူတို့တွေ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ ထုတ်ဖော်နေတာ၊ ဒါမှမဟုတ် စည်းမျဉ်းတွေကို ချိုးဖောက်ပြီး အမှုအရာတွေ လုပ်နေတာကို ကျွန်မတို့ တွေ့ရင်၊ သူတို့ကို ကူညီဖို့ မေတ္တာထားပြီး မိတ်သဟာယပြုပေးသင့်တယ်။ ဘုရားသခင်ကို ယုံကြည်တာ နှစ်တွေအကြာကြီးရှိနေပြီဖြစ်ပြီး စည်းမျဉ်းတွေကို နားလည်ပေမဲ့ အလုပ်အပေါ်မှာ တာဝန်မဲ့တဲ့ သူတွေကျတော့၊ အဲဒါကို ထောက်ပြပြီး ဖော်ထုတ်ရမယ်။ အကြိမ်ကြိမ် ထောက်ပြပြီး ဖော်ထုတ်တာတောင် နောင်တရပြုပြင်လိုတဲ့ လက္ခဏာ နည်းနည်းလေးမှ မပြဘူးဆိုရင်တော့၊ စည်းမျဉ်းတွေနဲ့အညီ သူတို့ကို ဖြုတ်ချသင့်တယ်။ နောက်ပိုင်းမှာ တာဝန်ထမ်းဆောင်တဲ့နေရာမှာ လျိုလင်းရဲ့ သဘောထားက ပြောင်းလဲမလာသေးတာကို ကျွန်မ တွေ့ရလို့၊ ကျွန်မရဲ့ တခြား တွဲဖက်တစ်ယောက်နဲ့ တိုင်ပင်ပြီးနောက်၊ သူ့ရဲ့ လုပ်ရပ်တွေကို အထက် ခေါင်းဆောင်တွေဆီ အစီရင်ခံခဲ့တယ်။ အထက် ခေါင်းဆောင်တွေက လျိုလင်းကို ဖြုတ်ချလိုက်တယ်။

အဲဒီနောက်ပိုင်း၊ ညီအစ်ကို မောင်နှမတွေ တာဝန်ထမ်းဆောင်တဲ့နေရာမှာ ပြဿနာတွေကို မြင်တဲ့အခါ၊ ကိုယ့်သိက္ခာကိုပဲ စဉ်းစားပြီး သူတို့နဲ့ ဆက်ဆံရေးကို ကာကွယ်တာမျိုး ကျွန်မ မလုပ်တော့ဘူး။ သူတို့ရဲ့ ပြဿနာတွေကို ထောက်ပြပြီး သူတို့ရဲ့ ဝိညာဉ်ရင့်ကျက်မှုနဲ့အညီ ကျွန်မ ကူညီပေးနိုင်တယ်လေ။ ဒီလို လက်တွေ့လုပ်ဆောင်လိုက်လို့၊ ညီအစ်ကို မောင်နှမတွေလည်း အကျိုးကျေးဇူးရခဲ့သလို၊ ကျွန်မ စိတ်လည်း အေးချမ်းသွားတယ်။ ဘုရားနှုတ်ကပတ်တော်တွေ၊ သမ္မာတရား စည်းမျဉ်းတွေနဲ့အညီ ကိုယ်က လက်တွေ့လုပ်ဆောင်မယ်ဆိုရင် ကိုယ့်စိတ်နှလုံးဟာ တည်ငြိမ်ပြီး အေးချမ်းနေမယ်ဆိုတာကို ကျွန်မ တွေ့ကြုံခဲ့ရတယ်။ ကိုယ်တော့်ရဲ့လမ်းပြမှုအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

သက်ဆိုင်သည့် အကြောင်းအရာ

တခြားလူတွေရဲ့အမှားတွေအပေါ် နှုတ်ဆိတ်နေတာက အမြော်အမြင်ရှိတဲ့ လုပ်ရပ်ဖြစ်ပါသလား

နန်ယိ၊ တရုတ်ပြည်၂၀၂၃ ခုနှစ်၊ ဧပြီလမှာ ကျွန်မအပေါ် ခေါင်းဆောင်ရဲ့ အကဲဖြတ်ချက်ကို မတော်တဆ တွေ့လိုက်ရတယ်။ ကျွန်မက...

သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ဖို့ မည်သည့်အရာက ကျွန်မကို ပိတ်ပင်ခဲ့သနည်း

စုအိုက် အီတလီနိုင်ငံ ညီမက ဂရတ်ဖစ်ဒီဇိုင်းအလုပ်လုပ်ဖို့ အသင်းတော်က တခြားလူတချို့နဲ့ တွဲရတယ်။ တစ်နေ့တော့ ခေါင်းဆောင်က ညီမကို ပြောတယ်။...

လူ့အကြိုက်လိုက်သူတစ်ဦးဖြစ်ခြင်း ၏ အကျိုးဆက်များ

ပိုင်ဟွား တရုတ်နိုင်ငံ ၂၀၁၈ တုန်းက၊ အသင်းတော်ခေါင်းဆောင် တစ်ယောက်အနေနဲ့ ကျွန်တော် တာဝန်ယူခဲ့ တယ်။ ခေါင်းဆောင်တစ်ယောက်ရဲ့ အရေးကြီးဆုံး...

“ခေါင်းဆောင်ကောင်း”တစ်ယောက်၏ ဆင်ခြင်သုံးသပ်မှု

ရူဘီလင် ဖိလစ်ပိုင်နိုင်ငံ ကျွန်မ ကလေးကတည်းက မိဘတွေက ကျွန်မကို လူတွေနဲ့ ဖော်ရွေဖို့ ချဉ်းကပ်ရလွယ်တဲ့၊ ကိုယ်ချင်းစာတတ်တဲ့သူဖြစ်ဖို့...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။