“လူတို့၏ အားနည်းချက်များကို ထုတ်မပြောခြင်း”၏ နောက်တွင် ကွယ်ဝှက်နေသော အရင်းခံအကြောင်းရင်း

03.10.2024

အစ်မလီလယ်က တရားဟောဆရာမတစ်ယောက်ဖြစ်ပြီး ကျွန်မတို့ အသင်းတော်အလုပ်ကိုလည်း စစ်ဆေးတယ်။ ကျွန်မတို့က ပုံမှန်အနေနဲ့ တော်တော် ဆက်ဆံရေးအဆင်ပြေပါတယ်။ ကျွန်မရဲ့ အခြေအနေမကောင်းတဲ့အခါတိုင်းမှာ သူက မိတ်သဟာယဖွဲ့ပြီး သူ့အတွေ့အကြုံကို အခြေခံပြီး ကျွန်မကို ကူညီတယ်။ အခုတလောမှာ သူက သူ့တာဝန်အပေါ် တာဝန်ခံယူစိတ်မရှိဘူးဆိုတာ ကျွန်မ တွေ့မိတယ်။ အပတ်တိုင်း သူက ကျွန်မတို့ သင်းထောက်တွေနဲ့ တစ်ကြိမ်ပဲ စုဝေးပြီး အသင်းတော်အလုပ်နဲ့ပတ်သက်ပြီး အကြမ်းဖျဉ်းနားလည်အောင်လုပ်တယ်။ ဒါပေမဲ့ အလုပ်က ပြဿနာတွေနဲ့ပတ်သက်လာရင် ကျွန်မတို့နဲ့အတူ အဲဒါတွေကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေတာ ရှားတယ်။ လီလယ်က အသင်းတော်တချို့ရဲ့ အလုပ်ကို ဦးဆောင်ရတာကို စဉ်းစားကြည့်ရင် သူက အမြဲတမ်း ဒီလိုအခြေအနေမှာရှိနေရင် ဒီအသင်းတော်တွေရဲ့အလုပ်ကို ထိခိုက်မှာပဲ။ ကျွန်မ ဒီအကြောင်းကို သူ့ကို ပြောသင့်တယ်၊ ဒါမှမဟုတ် သူ့အခြေအနေကို အထက်ပိုင်းအဆင့်ခေါင်းဆောင်တွေဆီ တင်ပြရမယ်။ ဒါမှ သူတို့က သူ့အခြေအနေကို ချက်ချင်းသဘောပေါက်နိုင်ပြီး သူနဲ့ မိတ်သဟာယဖွဲ့နိုင်မယ်၊ သူ့ကို လမ်းကြောင်းပြောင်းပေးနိုင်မယ် ပေါ့။ ဒါပေမဲ့ အခုရက်ပိုင်းမှာ လီလယ်ရဲ့ မိတ်သဟာယကို ကျွန်မကြားခဲ့တာကို တွေးမိတယ်။ သူက ဧဝံဂေလိဖြန့်ဝေတဲ့အလုပ်မှာ လူပြိန်းတစ်ယောက်ပဲလို့ သူထင်တယ်။ အတတ်ပညာအလုပ်ကို သိပ်ပြီးနားမလည်ဘူး၊ ဧဝံဂေလိဖြန့်ဝေခြင်း စည်းမျဉ်းတွေကိုလည်း ကောင်းကောင်းနားမလည်ဘူးလို့ သူက ထင်တယ်။ ဒီတာဝန်ကို လုပ်ရတာက သူ့အတွက် နည်းနည်းအားစိုက်ပြီးလုပ်ရတယ်လို့ သူက ထင်တယ်။ တကယ်တမ်းက သူ့အစွမ်းအစက မဆိုးဘူး။ သူက လုံးဝ ပူးပေါင်းပြီး မလုပ်နိုင်တာမျိုး မဟုတ်ဘူး။ သူ့တာဝန်ကို ထမ်းဆောင်တဲ့အခါမှာ တာဝန်ခံယူစိတ်မရှိတာ သက်သက်ပဲ။ စည်းမျဉ်းတချို့ကို သူ ဇွဲရှိရှိနဲ့ နားလည်သဘောပေါက်သရွေ့ သူ့တာဝန်ကို ကောင်းကောင်းလုပ်နိုင်မှာပဲ။ ဒါပေမဲ့ ဒီအချိန်မှာ သူ့အခြေအနေကို ခေါင်းဆောင်တွေဆီ ကျွန်မ တင်ပြလိုက်ရင်၊ အသင်းတော်အလုပ်ကို သူ စစ်ဆေးဖို့၊ ကြီးကြပ်ဖို့ တောင်းဆိုလိုက်ရင် သူ့အပေါ် ကျွန်မ တောင်းဆိုချက်တွေက ကြမ်းလွန်းတယ်လို့ သူထင်မှာမဟုတ်ဘူးလား။ ဒီဟာကြောင့် သူက စိတ်ဓာတ်ကျတဲ့ အခြေအနေကို ရောက်ပြီး သူ့တာဝန်ကို လုပ်ချင်စိတ်မရှိဖြစ်မှာလား ပေါ့။ ထားလိုက်ပါတော့ဆိုပြီး တွေးမိတယ်။ လီလယ်ရဲ့ အခြေအနေကို သဘောပေါက်ဖို့က အထက်ပိုင်းအဆင့်ခေါင်းဆောင်တွေရဲ့ အလုပ်ပဲ။ ကျွန်မက ဘာမှမပြောခဲ့ရင်တောင် ဒီအကြောင်းကို သူတို့သိသင့်တယ်။ ဒီအဆင့်အထိ ကျွန်မ စဉ်းစားပြီး လီလယ်ရဲ့ အခြေအနေကို မတင်ပြဖို့ ဆုံးဖြတ်လိုက်တယ်။ နောက်ပိုင်းမှာ လီလယ်က ကျွန်မတို့နဲ့အတူ စုဝေးတော့ သူ့တာဝန်ကို ထမ်းဆောင်တဲ့နေရာမှာရှိတဲ့ သူ့ပြဿနာကို ကျွန်မ ထောက်ပြချင်တဲ့အချိန်တချို့ ရှိခဲ့တယ်။ ဒါပေမဲ့ လီလယ်က သူ့အပေါ် ကျွန်မ တောင်းဆိုချက်တွေက ကြမ်းလွန်းတယ်ဆိုပြီး ပြောမှာကို ကျွန်မ ကြောက်ခဲ့တယ်။ သူက ဒါကို လက်မခံနိုင်ရင် ကျွန်မတို့ ဆက်ဆံရေးက ပျက်စီးသွားမှာပဲ။ ဒီနောက်ပိုင်းမှာ သူက ကျွန်မကို တစ်မျိုး ဆက်ဆံမှာပဲ ပေါ့။ အဲဒီလိုနဲ့ စကားလုံးတွေက ကျွန်မလျှာဖျားကိုရောက်လာတဲ့ အဲဒီသုံးလေးကြိမ်မှာ ကျွန်မ မြိုသိပ်လိုက်တယ်။

မကြာခင်မှာပဲ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ တွေ့တယ်။ “အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များ၏ ပြဿနာကို ဖြေရှင်းရန် သိပ်မခက်ပေ။ အယောင်ဆောင် ခေါင်းဆောင်များသည် တကယ့်အလုပ်ကို မဆောင်ရွက်ကြသကဲ့သို့ ၎င်းတို့ကို ရှာဖွေတွေ့ရှိပြီး ရှင်းလင်းစွာ သိမြင်ရန် လွယ်သည်။ အန္တိခရစ်များက အသင်းတော်အလုပ်ကို နှောင့်ယှက်ကာ အဖျက်အမှောင့်လုပ်ကြပြီး ၎င်းတို့ကိုလည်း ရှာဖွေတွေ့ရှိကာ ရှင်းလင်းစွာ သိမြင်ရန် လွယ်ကူသည်။ ဤအရာအားလုံးက ဘုရားသခင် ရွေးချယ်ထားသော လူများ မိမိတို့၏ တာဝန်များ ထမ်းဆောင်ခြင်းအား နှောင့်ယှက်ခြင်း ပြဿနာနှင့် ဆက်စပ်ပြီး ထိုသို့သော လူများကို သင် တိုင်ကြားကာ ဖော်ထုတ်သင့်သည်။ ယင်းကို လုပ်ဆောင်ခြင်းအားဖြင့်သာ အသင်းတော်အလုပ်ကို နှောင့်နှေးသွားခြင်းမှ သင် တားဆီးနိုင်သည်။ အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များကို တိုင်ကြားခြင်းနှင့် ဖော်ထုတ်ခြင်းသည် ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့က မိမိတို့၏ တာဝန်များကို ကောင်းစွာ ထမ်းဆောင်နိုင်စေရန် အာမခံသည့် အလွန်အရေးပါသော အလုပ်ဖြစ်ပြီး ဘုရားသခင်၏ ရွေးချယ်ထားသော လူအားလုံးက ဤတာဝန်ကို ခံယူကြသည်။ မည်သူပင်ဖြစ်ပါစေ အယောင်ဆောင် ခေါင်းဆောင် သို့မဟုတ် အန္တိခရစ်ဖြစ်သရွေ့ ဘုရားသခင် ရွေးချယ်ထားသော လူတို့က ထိုသူတို့ကို ဖော်ထုတ်ကာ ပေါ်လွင်အောင် လုပ်ဆောင်သင့်ပြီး ဤနည်းဖြင့် သင်၏ တာဝန်ကို သင် ကောင်းမွန်စွာ ဖြည့်ဆည်းလိမ့်မည် ဖြစ်သည်။…သင်တို့သည် တရားဒေသနာများကို နှစ်ချီ နားထောင်နေခဲ့ကြပြီး ယခုတွင်ပင်လျှင် အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များကို သင်တို့ မသိမြင်နိုင်ကြပေးပေ။ ထိုအစား အန္တိခရစ်များနှင့် ရောနှောကာ မည်သည့်အရာကိုမျှ အလေးအနက် လုံးဝ မထားဘဲ တစ်နေ့လုံး စားဖို့ရန် လိုလားနေကြသည်။ ထိုသို့သော အပြုအမူသည် သင်တို့အနေဖြင့် ဘုရားသခင်ကို စစ်မှန်သည့် ယုံကြည်သူများ မဟုတ်ကြောင်းကို ပြသရန် လုံလောက်သည်။ ဦးစွာပထမ သင်တို့သည် သမ္မာတရားကို မချစ်ကြပေ သို့မဟုတ် သမ္မာတရားကို လက်မခံကြပေ။ ဒုတိယအနေဖြင့် သင်၏ တာဝန်ကို သစ္စာစောင့်သိစွာ သင်တို့ ထမ်းဆောင်သည်ဟု ပြောနိုင်ရန်မဆိုထားနှင့်၊ ထိုတာဝန်အတွက် တာဝန်ယူသည့်စိတ် သင်တို့တွင် မရှိကြသကဲ့သို့ အသင်းတော်အလုပ်ကို သင်တို့ ဤအတိုင်း လျစ်လျူရှုကြသည်။ သင်တို့၏ တာဝန်ကို သင်တို့ ထမ်းဆောင်ပုံ ပေါ်သော်လည်း မည်သည့် ရလဒ်မျှ မရရှိကြပေ။ သင်တို့သည် လုပ်ရိုးလုပ်စဉ်များကိုသာ လုပ်ဆောင်နေကြခြင်း ဖြစ်သည်။ အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များက အသင်းတော်အလုပ်ကို မည်မျှ နှောင့်ယှက်ကာ ထိခိုက်နစ်နာစေသည်ဖြစ်စေ ထိုအရာကို သင်တို့ လုံးဝ မသိကြသကဲ့သို့ ထိုအရာကလည်း သင်တို့ကို လုံးဝ အနှောင့်အယှက် မဖြစ်စေပေ။…ဘုရားအိမ်တော်က သင်တို့ကို ဤတစ်ချိန်လုံး ရေလောင်းပေးပြီးဖြစ်ကာ သင်တို့သည် တရားဒေသနာများစွာကို နားထောင်ပြီးဖြစ်သည်။ ပြီးလျှင် ရလဒ်မှာ အဘယ်နည်း။ အသင်းတော်တွင် အန္တိခရစ်တစ်ဦး ပေါ်ထွက်နေခြင်းနှင့်ဆိုင်သည့် ဤစိုးရိမ်ရသော ပြဿနာရှိနေသော်လည်း သင်တို့က မသိကြပေ။ ဤအရာက သင်တို့သည် လုံးဝ တိုးတက်ခြင်း မရှိသေးကြောင်း၊ ထုံထိုင်းကာ နုံအကြကြောင်းနှင့် သင်တို့၏ ဇာတိပကတိကို လိုက်လျောကြကြောင်း ပြသပေသည်။ သင်တို့သည် အသက်ရှင်သူ တစ်ဦးမျှ မရှိသည့်၊ သမ္မာတရား လိုက်စားသူ တစ်ဦးမျှ မရှိ၊ လူသေပုံကြီးတစ်ခု ဖြစ်သည်။ အလွန်ဆုံးအနေဖြင့် အလုပ်လုပ်ပေးသူများ အနည်းငယ်သာ ရှိသည်။ ဤတစ်ချိန်လုံး ဘုရားသခင်ကို ယုံကြည်ပြီး တရားဒေသနာများကို နားထောင်ပြီးနောက် အန္တိခရစ်နှင့် ရောနှောခြင်း၊ သူ့ကို မဖော်ထုတ်ဘဲနေခြင်း သို့မဟုတ် မတိုင်ကြားဘဲနေခြင်းဖြင့် သင်တို့နှင့် ဘုရားသခင်ကို မယုံကြည်သောသူတစ်ဦးတို့ကြား ခြားနားချက်မှာ အဘယ်နည်း။ သင်တို့သည် အန္တိခရစ်များ၏ ဘက်တော်သားများဖြစ်သည်။ ဘုရားသခင်၏ လူများ မဟုတ်ကြ။ အန္တိခရစ်များနောက်သို့ သင်တို့ လိုက်ကြသည်၊ စာတန်နောက်သို့ လိုက်ကြပြီး ဘုရားသခင်၏ နောက်လိုက်များ လုံးဝ မဟုတ်ကြပေ။ သင်တို့က အန္တိခရစ် လုပ်ဆောင်ခဲ့သည့် ဆိုးယုတ်သောအရာများကို မလုပ်ဆောင်ခဲ့သော်လည်း သူ့နောက်သို့လိုက်ကြပြီး သူ့ကို ကာကွယ်ပေးခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် သူ့ကို မဖော်ထုတ်ခဲ့ကြ သို့မဟုတ် မတိုင်ကြားခဲ့ကြသကဲ့သို့ အန္တိခရစ်နှင့် ထိုမျှ အပေါင်းအသင်း မလုပ်ခဲ့ကြောင်းနှင့် သူ မည်သည့်အရာ လုပ်ဆောင်နေသည်ကို မသိကြောင်း တတွတ်တွတ်ပြောခဲ့သောကြောင့် ဖြစ်သည်။ ဤအရာကို လုပ်ဆောင်ခြင်းအားဖြင့် သင်တို့သည် အခြေအနေကို အပြည့်အဝ သိလျက်သားနှင့် အန္တိခရစ်ကို ကာကွယ်ပေးနေခဲ့ခြင်း မဟုတ်လော။ အန္တိခရစ်သည် အလွန်များသည့် ဆိုးယုတ်မှုကို လုပ်ဆောင်ခဲ့ပြီး အသင်းတော်အလုပ်ကို တုံ့ဆိုင်းရပ်တန့်သွားစေခဲ့သည်။ အသင်းတော် အသက်တာကို လုံးဝ အရှုပ်အထွေးတစ်ခုအဖြစ်သို့ ရောက်အောင် နှောင့်ယှက်ခဲ့ပြီးသည့်တိုင် အန္တိခရစ်က မည်သည့်အရာ လုပ်ဆောင်နေသည်ကို သင်တို့ မသိကြောင်း ပြောဆိုသည်။ ယင်းကို အဘယ်သူ ယုံမည်နည်း။ အန္တိခရစ်က အသင်းတော် အလုပ်ကို နှောင့်ယှက်ကာ ထိခိုက်နစ်နာနေစေသည်ကို သင်တို့ မျက်စိတပ်အပ် မြင်ခဲ့ကြပြီးသည့်တိုင် အလျှင်း ဂရုမစိုက်သကဲ့သို့ လုံးဝ မတုံ့ပြန်ခဲ့ပေ။ သူ့ကို မည်သူကမျှ မဖော်ထုတ်ခဲ့ကြပေ၊ သို့မဟုတ် မတိုင်ကြားခဲ့ပေ။ သင်တို့အားလုံးသည် ဤသေးငယ်သော တာဝန်လေးကိုပင် ထမ်းဆောင်ရန် ပျက်ကွက်ခဲ့ကြပြီး သင်တို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား အလွန်မဲ့ကြပေသည်။ အသင်းတော်အားလုံးက လတ်တလောတွင် အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များကို တိုင်ကြားသည့် တိုင်ကြားစာများကို မကြာမကြာ ပေးပို့နေကြသည်။ ဤသည်ကို သင်တို့ မမြင်ဖူးကြသလော။ ကနေဒါ အသင်းတော်တစ်ခုတည်းသာ မိမိ၏ အခြေအနေနှင့်ပတ်သက်၍ အစီရင်ခံချက်တစ်ခုပေးရန် အထက်နှင့် လုံးဝ အဆက်အသွယ် မလုပ်သေးသည့် ရပ်တန့်နေသောရေအိုင်တစ်ခု ဖြစ်သည်။ သင်တို့သည် တစ်ဦးမျှ လုံးဝ အသက်မရှင်သည့် လူသေတစ်သိုက်သာ ဖြစ်သည်။ ထိုသို့သော အသင်းတော်တစ်ပါးကို ဘုရားသခင်က အသိအမှတ်ပြုလိမ့်မည် မဟုတ်သကဲ့သို့ သင်တို့ နောင်တမရလျှင် သင်တို့ လုံးဝ အဆုံးသတ်မည်ဖြစ်ပြီး အားလုံး ဖယ်ရှားရှင်းလင်းခြင်း ခံရကြလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၇- ၎င်းတို့သည် ဆိုးယုတ်ကာ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်စားတတ်သည် (အပိုင်း ၁)) အသင်းတော်မှာ အန္တိခရစ်တစ်ယောက်ပေါ်လာပြီး ဘယ်တစ်ယောက်မှ ထပြီး မတိုင်ရင် ဘုရားသခင်က စိတ်ပျက်ပြီး ရွံရှာမှာပဲ။ ဘုရားသခင်က ကျွန်မတို့ကို ပံ့ပိုးဖို့ ဒီသမ္မာတရားတွေအားလုံးကို ဖော်ပြခဲ့တယ်။ အန္တိခရစ်တွေ၊ အယောင်ဆောင်ခေါင်းဆောင်တွေကို ပိုင်းခြားသိမြင်ခြင်းနဲ့ပတ်သက်တဲ့ သမ္မာတရားတွေအပေါ် သူ့မိတ်သဟာယက အရမ်းစေ့စပ်ပြီး ပြည့်စုံတယ်။ လူတွေက ဘုရားအိမ်တော်ရဲ့ အလုပ်ကို နှောင့်ယှက်တဲ့အခါ ကျွန်မတို့က အသင်းတော်အလုပ်ကို ကာကွယ်ပေးဖို့အတွက် ကိုယ့်တာဝန်ကို ဖြည့်ဆည်းပြီး ရပ်တည်ပေးနိုင်ဖို့ ဘုရားက မျှော်လင့်ပါတယ်။ ဘုရားအိမ်တော်ရဲ့ အလုပ် ထိခိုက်တာကို လူတစ်ယောက်က မြင်ပြီး ဒါကို သတိရှိရှိနဲ့ မသိမြင်ဘူးဆိုရင်၊ ဒါကို ရပ်တန့်ဖို့၊ အထက်ပိုင်းအဆင့်တွေဆီကို တိုင်ကြားဖို့အတွက် တရားမျှတစိတ်ရှိပြီး ရပ်တည်မပေးရင် ဒီလိုလူမျိုးက အသိတရားမရှိတဲ့ လူသေဖြစ်ပြီး သက်သေခံချက် တစ်စွန်းတစ်စမှမရှိတဲ့သူပဲ။ ဘုရားသခင် ဖော်ထုတ်တာက ကျွန်မရဲ့ အခြေအနေအတိအကျပဲ။ လီလယ်က အခုနောက်ပိုင်းမှာ အသင်းတော်အလုပ်ကို သိပ်ပြီး မစစ်ဆေးတာ၊ ဒါကြောင့် အလုပ်က ထိခိုက်နေပြီဆိုတာတွေကို ကျွန်မ မြင်တော့ ကျွန်မက စိုးရိမ်ပြီး ကျွန်မတို့ ဆက်ဆံရေး ပျက်စီးသွားမှာကို ကြောက်တော့ သူ့ကို ကျွန်မ ထောက်မပြရဲခဲ့ဘူး။ အထက်ပိုင်းအဆင့်တွေဆီကို သူ့အကြောင်း မတင်ပြရဲခဲ့ဘူး။ ကျွန်မက အသင်းတော်အလုပ်ကို နည်းနည်းလေးမှ ကာကွယ်မပေးခဲ့ဘူး။ ဘုရားက ကျွန်မကို တော်တော်ကို မုန်းတီးပါတယ်။ ဒါကို စဉ်းစားပြီး ကျွန်မ စိတ်နှလုံးထဲမှာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ခဲ့တယ်။ လီလယ်ရဲ့ အခြေအနေကို အထက်ပိုင်းအဆင့်ခေါင်းဆောင်တွေဆီ တင်ပြချင်စိတ်ဖြစ်ပြီး ကျွန်မ လတ်တော့ကို ဖွင့်လိုက်တယ်။ ဒါပေမဲ့ ကျွန်မက စိုးရိမ်တာတွေ ရှိနေသေးတယ်။ ကျွန်မ စဉ်းစားတယ်။ “လီလယ်ရဲ့ ပြဿနာကို ငါ တိုင်ရင် အထက်ပိုင်းအဆင့်ခေါင်းဆောင်တွေက သေချာပေါက် သူနဲ့ မိတ်သဟာယဖွဲ့မှာပဲ။ သူ့အကြောင်းကို ခေါင်းဆောင်တွေဆီတိုင်တာက ငါပဲဆိုတာကို သူသိမှာပဲ။ ဒါဆိုရင် သူက ငါ့ကို ဘယ်လိုထင်မလဲ။ ငါက သူ့နောက်ကွယ်မှာ သူ့အားနည်းချက်တွေကို ထုတ်ပြောတယ်လို့ သူထင်မှာလား။ သူက ငါ့အပေါ် အာဃာတထားရင် နောင်မှာ ငါတို့ တာဝန်တွေကို ထမ်းဆောင်ဖို့ ဘယ်လိုလုပ် အတူတူလုပ်လို့ရမလဲ” ပေါ့။ ဒါတွေအားလုံးကို ကျွန်မ တွေးမိတာနဲ့ တစ်ပြိုင်နက် မက်ဆေ့ချ်ကို ကျွန်မ ဖျက်ပစ်လိုက်တယ်။ ကျွန်မ ကိုယ့်ဘာသာ တွေးကြည့်တယ်။ “လူတိုင်းက ရံဖန်ရံခါမှာ မကောင်းတဲ့ အခြေအနေတွေရှိတယ်။ လူတိုင်းက တချို့ နယ်ပယ်တွေမှာ အားနည်းကြတယ်။ သူများတွေရဲ့ ပြဿနာအသေးအမွှားတွေကို လက်မလွှတ်တမ်း အသုံးချပြီး တိုင်နေလို့ မကောင်းပါဘူး။ အချိန်နည်းနည်းကြာရင် လီလယ်က သူ့ပြဿနာကို သတိထားမိပြီး လမ်းကြောင်းပြောင်းချင်ပြောင်းမှာပဲ။ ငါ မတိုင်ရင် ပိုကောင်းပါတယ်” ပေါ့။

လေးငါးရက်ကြာတော့ လီလယ်နဲ့ ကျွန်မက အလုပ်ကို အကောင်အထည်ဖော်ဖို့ စုဝေးပွဲတစ်ခုဆီကို သွားပြီး အဲဒီ ဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ကျွန်မ တစ်ကြိမ်ထပ်ဖတ်တယ်။ “ဘုရားအိမ်တော်က သင်တို့ကို ဤတစ်ချိန်လုံး ရေလောင်းပေးပြီးဖြစ်ကာ သင်တို့သည် တရားဒေသနာများစွာကို နားထောင်ပြီးဖြစ်သည်။ ပြီးလျှင် ရလဒ်မှာ အဘယ်နည်း။ အသင်းတော်တွင် အန္တိခရစ်တစ်ဦး ပေါ်ထွက်နေခြင်းနှင့်ဆိုင်သည့် ဤစိုးရိမ်ရသော ပြဿနာရှိနေသော်လည်း သင်တို့က မသိကြပေ။ ဤအရာက သင်တို့သည် လုံးဝ တိုးတက်ခြင်း မရှိသေးကြောင်း၊ ထုံထိုင်းကာ နုံအကြကြောင်းနှင့် သင်တို့၏ ဇာတိပကတိကို လိုက်လျောကြကြောင်း ပြသပေသည်။ သင်တို့သည် အသက်ရှင်သူ တစ်ဦးမျှ မရှိသည့်၊ သမ္မာတရား လိုက်စားသူ တစ်ဦးမျှ မရှိ၊ လူသေပုံကြီးတစ်ခု ဖြစ်သည်။ အလွန်ဆုံးအနေဖြင့် အလုပ်လုပ်ပေးသူများ အနည်းငယ်သာ ရှိသည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၇- ၎င်းတို့သည် ဆိုးယုတ်ကာ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်စားတတ်သည် (အပိုင်း ၁)) “လူသေတွေ” ဆိုတဲ့ စကားကို မြင်ရတော့ ကျွန်မ စိတ်နှလုံးက အပ်နဲ့ အထိုးခံလိုက်ရသလိုပဲ။ ကျွန်မက အမြဲတမ်း သမ္မာတရားကို လက်တွေ့မလုပ်နိုင်တာကို တွေးပြီး စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ခဲ့တယ်။ ကျွန်မ စိတ်နှလုံးထဲကနေ တိတ်တဆိတ် ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ အသင်းတော်ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ပေးနိုင်ပြီး လီလယ်ကို သူ့ပြဿနာကို ထောက်ပြနိုင်ဖို့ လမ်းပြတော်မူပါ” ဆိုပြီးတော့။ ဆုတောင်းပြီးတော့ လီလယ်က တကယ့်အလုပ်ကို မလုပ်တဲ့ သူ့ရဲ့ သရုပ်သကန်အကြောင်းကို ဘုရားနှုတ်ကပတ်တော်အပေါ်အခြေခံပြီး မိတ်သဟာယဖွဲ့ဖို့ ဖြစ်လာတယ်။ အထူးသဖြင့် တချို့ အသင်းတော်ခေါင်းဆောင်တွေက တော်တော်ကောင်းတဲ့ အစွမ်းအစရှိတာ၊ သူက အလုပ်ကို ကိုင်တွယ်တဲ့နေရာမှာ သူတို့လောက်မကောင်းတာတွေကို သူမြင်တဲ့အခါမှာ သူတို့က သူ့ကို အထင်သေးမှာကို ကြောက်တယ်ဆိုပြီး သူကပြောတယ်။ တရားဟောဆရာတစ်ယောက်အနေနဲ့ သူ့ရဲ့ အလုပ်လုပ်နိုင်စွမ်းက အသင်းတော်ခေါင်းဆောင်တွေနဲ့ မယှဉ်နိုင်ဘူး၊ ဒါကြောင့် အဲဒီအသင်းတော်ရဲ့အလုပ်ကို သူအများကြီး မစစ်ဆေးခဲ့ဘူးဆိုပြီး ပြောတယ်။ လီလယ်က သူက ကြီးကြပ်မှု၊ အလုပ်ကို နောက်ဆက်တွဲလုပ်မှုမရှိတာတွေက အယောင်ဆောင်ခေါင်းဆောင်ရဲ့ သရုပ်သကန်ပဲဆိုတာကို သူ သဘောပေါက်သွားတယ်။ ကျွန်မက သူအခုပဲ ပြောပြီးသွားတဲ့အရာနောက်မှာ သူ့ပြဿနာကို ထောက်ပြလိုက်ရင် သူ့အနာကို ဆားသိပ်သလို ဖြစ်မှာမဟုတ်ဘူးလား။ ကျွန်မက မချစ်ခင်တတ်ဘူး၊ သူ့ခံစားချက်တွေကို ထည့်မတွက်ဘူးဆိုပြီး သူက ထင်မှာလားပေါ့။ အဲဒါနဲ့ ကျွန်မလုပ်တာက သူ့ကို တိုပြီး ရိုးရှင်းတဲ့ သတိပေးချက်တစ်ခု ပေးလိုက်တာသက်သက်ပဲ။ နောက်တော့ ကျွန်မအနေနဲ့ လီလယ်ရဲ့ အခြေအနေကို ခေါင်းဆောင်တွေဆီ တင်ပြတာ ပိုကောင်းမယ်ဆိုပြီး တွေးမိတယ်။ ဒီလိုဆိုရင် ခေါင်းဆောင်တွေက သူနဲ့ ချက်ချင်း မိတ်သဟာယဖွဲ့နိုင်ပြီး သူ့ကို ကူညီနိုင်တယ်။ အဲဒါနဲ့ ကျွန်မမြင်ခဲ့တဲ့ အခြေအနေနည်းနည်းကို ခေါင်းဆောင်တွေဆီ တင်ပြလိုက်တယ်။ ခေါင်းဆောင်တွေက လီလယ်နဲ့ မိတ်သဟာယဖွဲ့ပြီး သူ့ပြဿနာကို ထောက်ပြပြီးတဲ့နောက်မှာ လီလယ်က စုဝေးပွဲတစ်ခုမှာ ရင်ဖွင့်လာခဲ့တယ်။ သူက အယောင်ဆောင်ခေါင်းဆောင်တွေကို ဖော်ထုတ်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်ခဲ့ပြီး သူက အလုပ်ကို မစစ်ဆေးခဲ့ဘူး၊ မကြီးကြပ်ခဲ့ဘူး၊ သူ့အလုပ်ကို ကောင်းကောင်းမလုပ်ဘူးဆိုတာကို မြင်သွားတယ်ဆိုပြီး ပြောတယ်။ နောက်ပိုင်းမှာ လီလယ်က အသင်းတော်အလုပ်ကို နည်းနည်းပိုပြီး မကြာမကြာ စစ်ဆေးတယ်။ ဧဝံဂေလိအလုပ်က ရလဒ်တွေမရတဲ့ အကြောင်းရင်းကို ကျွန်မတို့နဲ့အတူ စိစစ်ပြီး လက်တွေ့ကျတဲ့ပုံစံနဲ့ ဒီပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးစားတယ်။ လီလယ်က တကယ့်အလုပ်နည်းနည်းလုပ်နိုင်တာကို ကျွန်မ တွေ့တော့ တော်တော်ပျော်တယ်။ နောက်တော့ ကျွန်မ ဆင်ခြင်သုံးသပ်ကြည့်ပြီး တွေးမိတယ်။ “ငါ ဘာလို့ လီလယ်ရဲ့ပြဿနာကို လုံးဝ ထောက်မပြရဲခဲ့တာလဲ၊ ခေါင်းဆောင်တွေကို မတင်ပြရဲခဲ့တာလဲ။ ဒီနေရာမှာ ငါ့ကို အတိအကျ ဘယ်အရာက ထိန်းချုပ်နေတာလဲ” ပေါ့။

ရှာဖွေရင်းနဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်တယ်။ “‘သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်’ ဟူ၍ဖြစ်သည်။ ဤသည်မှာ လူတို့အထဲတွင် စာတန်က စွဲမှတ်အောင်သွန်သင်ပေးခဲ့သော အခြားလူများနှင့် ဆက်ဆံခြင်းအတွက် နည်းလမ်းတစ်ခုကို ဖော်ပြသည်။ ဤသည်မှာ သင်သည် သူတစ်ပါးတို့နှင့် ဆက်ဆံသောအခါ ထွက်ပေါက်အချို့ပေးရမည်ဟု ဆိုလိုသည်။ သူတစ်ပါးတို့အပေါ် အလွန် မကြမ်းတမ်းသင့်၊ သူတစ်ပါးတို့၏ အတိတ်မှ အမှားများကို ပြန်မဖော်နှင့်၊ သူတစ်ပါးတို့၏ ဂုဏ်ကို ထိန်းသိမ်းရမည်၊ သူတစ်ပါးတို့နှင့် ကောင်းသောဆက်ဆံရေးကို ထိခိုက်၍မရ၊ သူတစ်ပါးတို့ကို ခွင့်လွှတ်ခြင်းရှိရမည် စသည်ဖြင့် ဖြစ်သည်။ ကိုယ်ကျင့်တရားနှင့်သက်ဆိုင်သော ဤဆိုရိုးစကားသည် အဓိကအားဖြင့် လူသားများကြားဆက်ဆံရေးကို ဆုံးဖြတ်ပေးသည့် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ် အမျိုးအစားတစ်ခုကို ဖော်ပြသည်။ ‘မိတ်ဆွေကောင်းများ၏ အပြစ်များအပေါ် နှုတ်ဆိတ်နေပေးခြင်းသည် ကြာရှည်၍ ကောင်းမွန်သော ခင်မင်မှုကို ဖြစ်စေ၏’ ဆိုသော လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်တွင် ယုံကြည်မှုတစ်ခုရှိသည်။ ဤသည်မှာ ခင်မင်ရင်းနှီးသော ဆက်ဆံရေးကို ထိန်းသိမ်းရန်အတွက် မိမိတို့မိတ်ဆွေ၏ ပြဿနာများကို ရှင်းရှင်းလင်းလင်း မြင်လျှင်ပင် နှုတ်ဆိတ်နေရမည်ဟု ဆိုလိုသည်။ သူတစ်ပါးတို့၏ မျက်နှာကို မရိုက်ဖို့၊ သို့မဟုတ် သူတစ်ပါးတို့၏အားနည်းချက်များကို မဖော်ဖို့ စည်းမျဉ်းများအတိုင်း လိုက်နာသင့်သည်ဟု ဆိုလိုသည်။ ၎င်းတို့သည် အချင်းချင်း လှည့်စားရမည်ဖြစ်သည်။ အချင်းချင်း ဖုံးကွယ်ရမည်ဖြစ်သည်။ အချင်းချင်း လျှို့ဝှက်ကြံစည်မှု ပြုလုပ်ရမည်ဖြစ်သည်။ အခြားလူမှာ မည်သို့သောသူမျိုး ဖြစ်သည်ကို အလွန်ပင် ရှင်းလင်းစွာ သိသော်လည်း တဲ့တိုးမပြောကြဘဲ မိမိတို့၏ ခင်မင်ရင်းနှီးသော ဆက်ဆံရေးကို ထိန်းသိမ်းရန် ဉာဏ်များသော နည်းလမ်းများကို အသုံးချကြသည်။ ဤသို့သော ဆက်ဆံရေးများကို အဘယ်ကြောင့် ထိန်းသိမ်းချင်သနည်း။ ဤလူ့အဖွဲ့အစည်း၊ မိမိ၏အဖွဲ့အတွင်းတွင် ရန်သူများရှိအောင် မပြုလုပ်လိုခြင်းဖြစ်သည်။ ထိုသို့ပြုလုပ်လျှင် မိမိကိုယ်ကို အန္တရာယ်ရှိသော အခြေအနေများ ကျရောက်စေခြင်း ဖြစ်သည်ဟု ဆိုလိုပေမည်။ တစ်စုံတစ်ဦးကို သူ၏ အားနည်းချက်များအား သင်ဖော်ပြီးနောက်၊ သို့မဟုတ် သူ့ကို နာကျင်အောင် လုပ်ပြီးနောက် ထိုသူသည် သင်၏ ရန်သူဖြစ်လာပြီး သင့်ကို အန္တရာယ်ပြုမည်ကို သိကာ သင်သည် ထိုအခြေအနေသို့ မကျရောက်လိုပါက ‘သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်’ ဟု ဆိုသည့် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ် ယုံကြည်မှုကို သင် အသုံးချသည်။ ဤအရာအရ လူနှစ်ယောက်သည် ဤသို့သော ဆက်ဆံရေးတွင်ရှိလျှင် စစ်မှန်သည့်မိတ်ဆွေများအဖြစ် အကျုံးဝင်သလော။ (မဝင်ပါ။) အချင်းချင်း၏ ယုံကြည်ရသူဖြစ်ဖို့မဆိုထားနှင့်၊ စစ်မှန်သော မိတ်ဆွေများမဟုတ်ပေ။ ဤသို့ဆိုလျှင် ဤသည်မှာ အတိအကျ မည်သည့်ဆက်ဆံရေးမျိုးဖြစ်သနည်း။ အခြေခံ လူမှုဆက်ဆံရေးတစ်ခု မဟုတ်သလော။ (ဟုတ်သည်။) ဤသို့သော လူမှုဆက်ဆံရေးများတွင် လူတို့သည် ၎င်းတို့၏ ခံစားချက်များကို မပြနိုင်သကဲ့သို့ လေးနက်သော အပြန်အလှန်ဖလှယ်ခြင်းများလည်း မရှိနိုင်ပေ။ ၎င်းတို့ ဆန္ဒရှိသလို မပြောနိုင်ပေ။ ၎င်းတို့၏ စိတ်နှလုံးတွင်ရှိသောအရာ၊ သို့မဟုတ် သူတစ်ပါးတို့တွင် ၎င်းတို့မြင်သော ပြဿနာများ၊ သို့မဟုတ် သူတစ်ပါးတို့အတွက် အကျိုးဖြစ်မည့်စကားများကို ၎င်းတို့ ထုတ်မပြောနိုင်ပေ။ ထိုအစား အခြားသူများ၏ မျက်နှာသာပေးခြင်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ ကြားကောင်းသော စကားများကို ရွေးပြောသည်။ အခြားသူများထံတွင် ၎င်းတို့အပေါ် မုန်းတီးစိတ်များ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ကြသဖြင့် ၎င်းတို့သည် သမ္မာတရားကို မပြောရဲကြပေ၊ သို့မဟုတ် စည်းမျဉ်းများကို မထိန်းသိမ်းရဲကြပေ။ တစ်စုံတစ်ဦးကို မည်သူကမျှ မခြိမ်းခြောက်နေသောအခါ ထိုသူသည် အတော်အတန် သက်သာ၊ အေးချမ်းစွာဖြင့် အသက်ရှင်ရသည် မဟုတ်လော။ ‘သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်’ ဆိုသည့်ဆိုရိုးကို အားပေးဖို့မှာ လူတို့၏ ပန်းတိုင်မဟုတ်သလော။ (ဟုတ်သည်။) ဤသည်မှာ မိမိကိုယ်ကို ထိန်းသိမ်းခြင်းသည် ပန်းတိုင်ဖြစ်သော ခုခံကာကွယ်ခြင်း အရိပ်လက္ခဏာဖြင့် ကောက်ကျစ်လှည့်စားသည့် ဖြစ်တည်မှုနည်းလမ်းတစ်ခု ဖြစ်သည်မှာ ရှင်းသည်။ ဤသို့အသက်ရှင်သောသူများသည် ယုံကြည်ရသူ မရှိပေ။ သူတို့နှစ်သက်သည့်အရာ မှန်သမျှကို ပြောနိုင်သည့် ရင်းနှီးသောမိတ်ဆွေများမရှိပေ။ ၎င်းတို့သည် အချင်းချင်း ခုခံကာကွယ်ကြသည်။ တွက်ချက်ပြီး နည်းဗျူဟာရှိကြသည်။ တစ်ဦးချင်းက ဤဆက်ဆံရေးမှ လိုအပ်သည့်အရာကို ယူဆောင်ကြသည်။ ဤသို့မဟုတ်သလော။ ဤအရာ၏ အရင်းအမြစ်တွင် ‘သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်’ ဆိုသည့် ပန်းတိုင်သည် သူတစ်ပါးတို့အား စိတ်ဆိုးအောင်ပြုလုပ်ပြီး ရန်သူများဖြစ်စေခြင်းကို တားဆီးရန်၊ မည်သူ့ကိုမျှ မထိခိုက်စေခြင်းအားဖြင့် မိမိကိုယ်ကို ကာကွယ်ရန်ဖြစ်သည်။ ဤသည်မှာ မိမိကိုယ်ကိုမထိခိုက်အောင် ထိန်းသိမ်းရန် အကြင်သူ ခံယူသည့် နည်းပညာနှင့် နည်းလမ်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၈)) အရင်တုန်းက ကျွန်မက “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုတဲ့ ဆိုရိုးစကားကို တော်တော်လက်ခံခဲ့တယ်။ ဒါက ဘာကြောင့်လဲဆိုရင် သူများတွေနဲ့ ဆက်ဆံတဲ့အခါ သူတို့ခံစားချက်တွေကို ထည့်စဉ်းစားရမယ်ဆိုပြီး ဒီဆိုရိုးစကားက ကျွန်မကို သင်ပေးခဲ့လို့ပဲ။ သူများတွေအပေါ် အရမ်းမကြမ်းတမ်းရဘူး၊ သူတို့အားနည်းချက်တွေကို မဖော်ရဘူး။ ဒီလို လုပ်နိုင်တဲ့လူတွေက လူကောင်းတွေဖြစ်တယ်၊ အသိစိတ်နဲ့ ကိုယ်ကျင့်တရားရှိသူတွေ ဖြစ်တယ်လို့ ကျွန်မ ထင်ခဲ့တယ်။ ဘုရားသခင် ဖော်ထုတ်တဲ့အရာကို ကျွန်မ တွေ့ပြီး “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုတဲ့ ဆိုရိုးစကားက လောကီဆိုင်ရာ ဆက်ဆံမှုတွေအတွက် အတွေးအခေါ်ဖြစ်တယ်ဆိုတာ၊ ဒီဆိုရိုးအတိုင်း အသက်ရှင်တဲ့သူတွေက အရမ်းကို မရိုးမသားဖြစ်လာမယ်၊ လှည့်ဖြားတတ်လာမယ်၊ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းလာမယ်ဆိုတာတွေကို နောက်ဆုံးမှာ ကျွန်မ နားလည်သွားခဲ့တယ်။ အပြင်ပန်းမှာ ဒီလိုလုပ်တာက သူများတွေကို ထည့်တွက်တဲ့ပုံစံရှိပေမဲ့ လက်တွေ့မှာ ဒီနောက်ကွယ်က အကြောင်းရင်းက လူတွေကို စိတ်ဆိုးအောင်မလုပ်ဖို့ပဲ။ လူတစ်ယောက်က တခြားတစ်ယောက်ရဲ့ ပြဿနာတွေကို သတိထားမိရင်တောင် မပြောဘူး။ လူ့အကြိုက်လိုက်သူလို လုပ်ပြီး ကိုယ့်ရဲ့ ဇာတိပကတိ ဆက်ဆံရေးကို ကာကွယ်တယ်။ ဒီလိုလူတွေနဲ့ ဆက်ဆံတဲ့အခါမှာ သူများတွေနဲ့ ဆက်ဆံရေးက အပြင်ပန်းမှာ တော်တော်ကို ထိန်းသိမ်းထားနိုင်တဲ့ပုံစံရှိနိုင်ပေမဲ့ သူတို့ကြားမှာ စစ်မှန်မှုမရှိဘူး။ သူတို့တွေက အချင်းချင်း ကူညီရမဲ့အစား တစ်ယောက်ကိုတစ်ယောက် သတိထားနေကြပြီး အသုံးချကြတယ်။ ကျွန်မက “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုတဲ့ လောကီဆိုင်ရာ ဆက်ဆံမှုတွေအတွက် အတွေးအခေါ်အတိုင်း အသက်ရှင်နေခဲ့တာပဲ။ လီလယ်က အခုရက်ပိုင်းမှာ အသင်းတော်အလုပ်ကို သိပ်မစစ်ဆေးတာ၊ မကြီးကြပ်တာကို ကျွန်မ မြင်တော့ အစမှာ ဒါကို သူ့ကို ထောက်ပြချင်တယ်၊ ခေါင်းဆောင်တွေဆီ တင်ပြချင်တယ်။ ဒါပေမဲ့ သူများတွေရဲ့ အားနည်းချက်တွေကို မဖော်ရဘူးလို့ တွေးမိပြန်တယ်။ ပြီးတော့ လီလယ်ကိုယ်တိုင်က အလုပ်လုပ်ရတာ သူ့အနေနဲ့ နည်းနည်းအားစိုက်ရတယ်လို့ ပြောတယ်၊ ဒီတော့ သူက အလုပ်ကို မစစ်ဆေးဘူး၊ မကြီးကြပ်ဘူးလို့ ကျွန်မပြောရင် ကျွန်မက သူ့အပေါ် အလွန်အကျွံတောင်းဆိုနေတာ ဖြစ်မှာမဟုတ်ဘူးလားလို့ တွေးခဲ့တယ်။ လူတိုင်းက ရံဖန်ရံခါဆိုသလို မကောင်းတဲ့ အခြေအနေရှိနေပြီး ကိုယ့်အားနည်းချက်နဲ့ကိုယ် ရှိကြတယ်ဆိုတဲ့ ဆင်ခြေကို ကျွန်မပေးပြီး တိတ်တိတ်ပဲနေဖို့ ရွေးချယ်ခဲ့တယ်။ လီလယ်က ရင်ဖွင့်လာပြီးတော့ အလုပ်ကို သူ မစစ်ဆေးမှန်း သတိပြုမိတယ်ဆိုတာကို ကျွန်မကြားတော့ သူက ဒါမျိုးပြောပြီးတဲ့နောက်မှာ ကိုယ်က သူ့ပြဿနာကို ထောက်ပြတာဟာ သူ့အမာရွတ်ကို ဖော်နေသလိုဖြစ်သွားမှာ စိုးရိမ်ခဲ့မိတယ်။ အဲဒါနဲ့ အဓိပ္ပာယ်မရှိတဲ့ စကားနည်းနည်းကိုပဲ ပြောခဲ့တယ်။ အပြင်ပန်းမှာ ကျွန်မက လီလယ်အတွက် စဉ်းစားပေးတဲ့ ပုံစံရှိတယ်။ ဒါပေမဲ့ ကျွန်မရဲ့ စက်ဆုပ်စရာ အရင်းခံအကြောင်းရင်းက နောက်ခံမှာ ပုန်းကွယ်နေတယ်။ ကျွန်မက သူ့ကို အရမ်းတောင်းဆိုလွန်းတယ်၊ ကျွန်မက သူ့အကြောင်း မကောင်းကြောင်းပြောတယ်၊ သူ့အားနည်းချက်တွေကို ဖော်တယ်ဆိုပြီး သူက ပြောမှာကို ကြောက်ခဲ့တယ်။ ကျွန်မက ဒီကိစ္စနဲ့ပတ်သက်ပြီး သူစိတ်ဆိုးအောင်လုပ်မိရင်၊ သူက နောင်မှာ ကျွန်မအပေါ် အာဃာတထားပြီး ကျွန်မကို ကောင်းကောင်းမဆက်ဆံရင် ကျွန်မတို့က အခုလိုမျိုး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပျော်ပျော်ရွှင်ရွှင်နဲ့ အတူအလုပ်လုပ်မှာမဟုတ်ဘူး ပေါ့။ သူနဲ့ ကျွန်မ ဆက်ဆံရေးကို ကာကွယ်ဖို့ သမ္မာတရားကို လက်တွေ့လုပ်တာကို ခဏခဏ စွန့်လွှတ်ခဲ့တယ်။ အပေါ်ယံမှာတော့ လီလယ်နဲ့ ကျွန်မက အရမ်းအဆင်ပြေပြီး အချင်းချင်းအပေါ် လျှို့ဝှက်ချက်တွေမထားတဲ့ သူငယ်ချင်းကောင်းတွေ ဖြစ်တဲ့ ပုံစံရှိတယ်။ ဒါပေမဲ့ ကျွန်မက သူ့အပေါ် လုံးဝ မရိုးသားဘူး၊ မချစ်ခင်ပါဘူး။ ကျွန်မက မကောင်းတဲ့ အခြေအနေမှာ ရှိနေတုန်းက လီလယ်က ကျွန်မနဲ့ ခဏခဏ မိတ်သဟာယပြုပြီး ကူညီတာ၊ ကျွန်မမှာ ပြဿနာရှိတာကို သူမြင်တော့ ကျွန်မက ဒါကို သတိပြုမိပြီး လမ်းကြောင်းပြောင်းနိုင်အောင်လို့ သူက ထောက်ပြတာတွေကို ကျွန်မ တွေးမိတယ်။ ဒါပေမဲ့ ကျွန်မက ရန်သူတွေ ဖြစ်မသွားအောင်လို့ လီလယ်က သူ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားထဲမှာ နေနေတာကို အကြင်နာမဲ့စွာနဲ့ ရပ်ကြည့်နေခဲ့ပြီး သူ့ကို လုံးဝ အရေးမစိုက်ခဲ့ဘူး။ ဒါတွေအကုန်လုံးက သူ့အတွက် စဉ်းစားပေးဟန်ဆောင်ပြီး လုပ်တာပဲ။ လီလယ်က သူ့ရဲ့ ကိုယ်ပိုင်ပြဿနာကို မမြင်ဘဲ သူ့အခြေအနေနဲ့ပတ်သက်ပြီး ချက်ချင်း လမ်းကြောင်းမပြောင်းနိုင်ခဲ့ဘူး။ သူ့ရဲ့ အသက်ဝင်ရောက်မှုအပေါ် ဆုံးရှုံးမှုတွေဖြစ်ခဲ့ပြီး အသင်းတော်အလုပ် ထိခိုက်ခဲ့တယ်။ ကျွန်မက တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းပါတယ်။ ကျွန်မက သူ့အတွက် စဉ်းစားပေးနေတာ လုံးဝ မဟုတ်ပါဘူး။ ဒါဟာ ကျွန်မက သူတွင်းထဲ ကျတော့မှာကို မြင်ပြီး သူ့ကို ပြန်မဆွဲထုတ်တာပဲဆိုတာ ရှင်းပါတယ်။ ကျွန်မက လူ့အကြိုက်လိုက်သူတစ်ယောက်၊ ဆိုးယုတ်တဲ့စိတ်ရှိသူတစ်ယောက် မဟုတ်ခဲ့ဘူးလား။ ဒါကို ဆင်ခြင်သုံးသပ်ပြီး နောက်ဆုံးမှာ “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုတဲ့ စာတန်ဆန်တဲ့ အတွေးအခေါ်အပေါ် ပိုင်းခြားသိမြင်မှုနည်းနည်း ရှိသွားတယ်။ စာတန်က လူတွေကို ဖျက်ဆီးပြီး အချင်းချင်း သတိထားအောင်၊ အချင်းချင်း အသုံးချအောင်လုပ်တဲ့အပြင် ပိုပြီး တစ်ကိုယ်ကောင်းဆန်လာအောင်၊ အေးတိအေးစက်ဖြစ်လာအောင်၊ လူ့သဘာဝကင်းမဲ့အောင်လုပ်ဖို့အတွက် ဒီလောကီဆိုင်ရာ ဆက်ဆံရေးတွေအတွက် အတွေးအခေါ်တွေကို အသုံးပြုခဲ့တယ်။ ကျွန်မက ဒီကိုယ်ကျင့်တရားစံသတ်မှတ်ချက်အတိုင်း ဆက်ပြီးနေရင် ပိုပိုပြီးတော့ပဲ လှည့်ဖြားတတ်လာမှာပဲ။

နောက်ပိုင်းမှာ နောက်ထပ် ဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ကျွန်မ တွေ့ခဲ့ပြီး လူတွေရဲ့ အားနည်းချက်တွေကို ဖော်တာက ဘာကိုဆိုလိုတယ်၊ လူတွေကို ကူညီတာက ဘာကိုဆိုလိုတယ်ဆိုတာတွေကို နားလည်သွားခဲ့တယ်။ ဘုရားသခင်က ပြောသည် “‘သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်’ ဟူသော ဆိုရိုးစကားတွင် ‘ဖော်’ ဆိုသည့်စကားသည် ကောင်းသလော၊ ဆိုးသလော။ ‘ဖော်’ ဆိုသည့် စကားသည် ဘုရားနှုတ်ကပတ်တော်အတွင်းတွင် လူတို့ ထုတ်ဖော်ခံရခြင်း၊ သို့မဟုတ် ဖွင့်ပြခံရခြင်းကို ရည်ညွှန်းသည့် အဆင့်တွင်ရှိသလော။ (မရှိပါ။) လူသား၏ ဘာသာစကားတွင် တည်ရှိသည့်ပုံစံအရ ‘ဖော်’ ဟူသည့် စကားအပေါ် ငါ၏ နားလည်မှုတွင် ယင်းကို မဆိုလိုပေ။ ယင်း၏ အနှစ်သာရသည် ဖော်ထုတ်ခံရခြင်းနှင့်သက်ဆိုင်သည့် အတော်အတန် မလိုမုန်းထားသော ပုံစံတစ်ခုဖြစ်သည်။ ယင်းသည် လူတို့၏ ပြဿနာများနှင့် ချို့ယွင်းချက်များ၊ သို့မဟုတ် သူတစ်ပါးတို့မသိသည့် အချို့သောအရာများနှင့် အပြုအမူများ၊ သို့မဟုတ်နောက်ကွယ်တွင် လုပ်ဆောင်နေသည့် အချို့သော ကြံစည်မှု၊ အယူအဆ၊ သို့မဟုတ် အမြင်များအား ထုတ်ဖော်ခြင်းကို ဆိုလိုသည်။ ဤသည်မှာ ‘သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်’ ဆိုသော ဆိုရိုးစကားတွင်ရှိသော ‘ဖော်’ ဟူသော စကား၏ အဓိပ္ပာယ်ဖြစ်သည်။ လူနှစ်ယောက်သည် ဆက်ဆံရေးကောင်းစွာအဆင်ပြေပြီး အတွင်းရေးများကို ပြောဆိုကြသောသူများဖြစ်ကာ ၎င်းတို့ကြားတွင် မည်သည့်အတားအဆီးမျှ မရှိလျှင်၊ ၎င်းတို့တစ်ဦးချင်းစီက အချင်းချင်းအပေါ် အကျိုးဖြစ်စေပြီး အကူအညီဖြစ်စေဖို့ မျှော်လင့်လျှင် အတူတကွထိုင်ပြီး ပွင့်လင်းစွာ၊ ရိုးသားစွာဖြင့် အချင်းချင်း၏ ပြဿနာများကို ချပြခြင်းက ၎င်းတို့အတွက် အကောင်းဆုံးဖြစ်လိမ့်မည်။ ဤသည်မှာ သင့်တင့်လျောက်ပတ်သည်။ အခြားလူများ၏ အားနည်းချက်များကို ဖော်ခြင်းမဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၈)) ဘုရားနှုတ်ကပတ်တော်က အမှုအရာတွေအပေါ် ကျွန်မရဲ့ မမှန်ကန်တဲ့ အမြင်ကို ပြောင်းလဲပေးခဲ့တယ်။ “သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုတဲ့အထဲက “သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုတာက တခြားလူတွေရဲ့ ပြဿနာတွေ၊ ချို့ယွင်းချက်တွေကို အငြိုးထားပြီး ဖော်ထုတ်ခြင်းတစ်ခုပဲ။ ဒီဟာရဲ့ အရင်းခံအကြောင်းရင်းက လူတွေကို ကူညီရမဲ့အစား မသိမသာ ဒုက္ခပေးတဲ့ ရည်ရွယ်ချက်တချို့ ပါနေတယ်။ ဒါဟာ ပြောပြလို့မရတဲ့ ပန်းတိုင်တွေကို ရဖို့အတွက်ပဲ။ ဒီလိုလုပ်တာဟာ လူတွေကို တိုက်ခိုက်ပြီး နာကျင်စေတဲ့ သဘောတစ်ခုတည်းပဲရှိတယ်။ လူတွေအတွက် လုံးဝ တည်ဆောက်စရာမဖြစ်ဘူး။ အကျိုးမရှိဘူး။ တခြားတစ်ဖက်မှာ ဘုရားသခင်ပြောတဲ့ “ဖော်ထုတ်ခြင်း”က အပြုသဘောဆောင်တဲ့အရာပဲ။ ဒါက လူတစ်ယောက်ရဲ့ ပြဿနာကို သတိထားမိပြီး သူ့ကို အမှန်တကယ် ကူညီချင်တာ၊ ပြဿနာရဲ့ သဘောသဘာဝကို သိမြင်ပြီး သူ့ရဲ့ မမှန်ကန်တဲ့ လုပ်ရပ်တွေကို ချက်ချင်းပြောင်းလဲနိုင်အောင် လုပ်ပေးတာကို ဆိုလိုတာပါ။ လူတွေကို ဒီလိုဖော်ထုတ်တာက သူတို့အတွက် အကျိုးကျေးဇူးရှိတယ်။ ဒါက လူတွေရဲ့ အားနည်းချက်တွေကို ဖော်တာမဟုတ်ဘူး။ လီလယ်ရဲ့ ပြဿနာက အလုပ်ကို ထိခိုက်နေပြီဆိုတာကို ကျွန်မ သိထားမိတဲ့အခါမှာ ပြဿနာကို ထောက်ပြလိုက်ရင် သူက ဒါကို သတိပြုမိပြီး လမ်းကြောင်းပြောင်းသွားမှာပဲ။ သူ့တာဝန်ကို ကောင်းကောင်းလုပ်နိုင်သွားမှာပဲ။ ခေါင်းဆောင်ကို တင်ပြတာကလည်း ခေါင်းဆောင်တွေက လီလယ်ရဲ့ အခြေအနေကို သဘောပေါက်ပြီး သူ့ကို လမ်းကြောင်းပြောင်းဖို့အတွက် ချက်ချင်းကူညီအောင်လုပ်ဖို့ပဲ။ ဒါမှ အသင်းတော်အလုပ်က မထိခိုက်မှာပါ။ ဒါဟာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေတာဖြစ်ပြီး ညီအစ်ကိုမောင်နှမတွေကို ကူညီပေးနေတာပါ။ ဒါက လူတစ်ယောက်နောက်ကွယ်မှာ သူ့မကောင်းကြောင်းပြောတာမျိုး ဖြစ်ဖို့ကို မပြောနဲ့၊ လူတွေရဲ့ အားနည်းချက်တွေကို ဖော်တာမျိုးတောင် မဟုတ်ပါဘူး။ ဒါက အပြုသဘောဆောင်တဲ့အရာတစ်ခုပဲ။ လူတစ်ယောက်က သမ္မာတရားကို လက်ခံရင် သူများတွေက သူ့ပြဿနာတွေကို ထောက်ပြတာ၊ ဖော်ထုတ်တာကို ရင်ဆိုင်ရတဲ့အခါမှာ သူက ဆင်ခြင်နိုင်တယ်၊ သိမြင်နိုင်တယ်၊ ချက်ချင်းလမ်းကြောင်းပြောင်းနိုင်တယ်။ ဒါက သူကိုယ်တိုင်ရဲ့ အသက်ဝင်ရောက်မှုနဲ့ အသင်းတော်အလုပ်အတွက် အကျိုးရှိပါတယ်။ ဒါက ခေါင်းဆောင်က ပြဿနာကို ထောက်ပြတာ၊ ကူညီတာတွေကို အသုံးပြုပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်နိုင်ပြီး သိဖို့ ကြိုးစားနိုင်တဲ့၊ ကိုယ့်တာဝန်အပေါ် ကိုယ့်သဘောထားကို ချက်ချင်းပြောင်းလဲနိုင်တဲ့ လီလယ်လိုပါပဲ။ ဧဝံဂေလိအလုပ်မှာ ပြဿနာတွေ ကြုံရတော့ သူက ကျွန်မတို့ ဆွေးနွေးပြီး ဖြေရှင်းချက်တွေရှာတယ်။ မိတ်သဟာယတွေ ဖွဲ့ပြီးတော့ သူ့မှာ လက်တွေ့လုပ်ဖို့လမ်းကြောင်းနည်းနည်းရှိတယ်။ လူတစ်ယောက်ရဲ့ ပြဿနာကို ထောက်ပြပြီး ဖော်ထုတ်တာက သူ့အပေါ် ကြမ်းတမ်းတာ မဟုတ်ဘူးဆိုတာ၊ လူတစ်ယောက်အပေါ် ကြမ်းတမ်းတဲ့ တောင်းဆိုချက်တွေလုပ်တာက သူ့ဝိညာဉ်ရင့်ကျက်မှု၊ အစွမ်းအစကို ထည့်မတွက်တာမျိုး၊ ပူးပေါင်းလုပ်ဆောင်ဖို့ သူအကောင်းဆုံးလုပ်ခြင်းရှိမရှိကို ကြည့်တာမျိုးကို မဆိုလိုဘဲ ဒီအစား လူတစ်ယောက်ရဲ့ လမ်းလွဲချက်တွေ၊ ချို့ယွင်းချက်တွေက သိသာလာတာနဲ့ တစ်ပြိုင်နက် သူ့အပေါ် တောင်းဆိုချက်တွေ မလျှော့တမ်းလုပ်တာကို ဆိုလိုတယ်ဆိုတာ ကျွန်မ မြင်ခဲ့ရတယ်။ အရမ်း ကြေးများပြီး သူများတွေအပေါ် အမှားရှာတာက လူတွေအပေါ် ချုပ်ထိန်းမှုတွေထားပြီး အပျက်သဘောဆောင်အောင်တောင်လုပ်ဖို့ လွယ်သွားစေတယ်။ တခြားတစ်ဖက်မှာ ခေါင်းဆောင်နဲ့ အမှုဆောင်တစ်ယောက်အနေနဲ့ အသင်းတော်အလုပ်ကို ကြီးကြပ်တာ၊ စစ်ဆေးတာက လီလယ်ရဲ့ အလုပ်ပဲ။ နောက်ပြီးတော့ သူ့မှာ အစွမ်းအစတစ်ခုရှိတယ်။ သူက ဧဝံဂေလိဖြန့်တဲ့အလုပ်နဲ့ မရင်းနှီးပေမဲ့ ဇွဲရှိရှိနဲ့ လေ့လာသရွေ့ တချို့စည်းမျဉ်းတွေကို သူ ကျွမ်းကျင်နိုင်တယ်။ အုပ်စုတစ်ခုမှာ ညီအစ်ကိုမောင်နှမတွေနဲ့ တွဲလုပ်တဲ့အခါ တချို့ပြဿနာတွေကို ဖြေရှင်းနိုင်တယ်။ သူက သူ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားထဲမှာ အသက်ရှင်နေပြီး တကယ့်အလုပ်ကို မလုပ်ခဲ့ဘူး။ ဒါကြောင့် ကျွန်မက သူ့ပြဿနာကို ထောက်ပြတာ၊ တိုင်တာက ခေါင်းဆောင်တွေ၊ အမှုဆောင်တွေကို သာမန်ကြီးကြပ်မှုတစ်ခုပဲ။ ဒီအစား ကျွန်မက သူ့အပေါ် ကြမ်းလွန်းနေတယ်လို့ မှားပြီးအဓိပ္ပာယ်မဲ့စွာနဲ့ ယုံကြည်ခဲ့တယ်။ အကြောင်းအရာတွေအပေါ် ဒီလိုမျိုး အမြင်က တကယ်ကို အဓိပ္ပာယ်မဲ့ပါတယ်။

တစ်နေ့တော့ ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ်ကို ကျွန်မ ဖတ်ပြီး သမ္မာတရားကို ကျွန်မ ဘာကြောင့်လက်တွေ့မလုပ်သလဲဆိုတဲ့ အကြောင်းရင်း ဇာစ်မြစ်ကို နည်းနည်း နားလည်သွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူအများစုသည် သမ္မာတရားကို လိုက်စားပြီး လက်တွေ့လုပ်ဆောင်ရန် ဆန္ဒရှိကြသော်လည်း၊ များသောအားဖြင့် ၎င်းတို့သည် ထိုသို့ လုပ်ဆောင်ရန် ဆုံးဖြတ်ချက်နှင့် စိတ်ဆန္ဒ ရှိရုံမျှရှိကြလေသည်။ သမ္မာတရားသည် ၎င်းတို့၏အသက် မဖြစ်လာသေးပေ။ အကျိုးဆက်အနေဖြင့်၊ ဆိုးယုတ်သော အင်အားစုများကို ၎င်းတို့ အမှတ်မထင်တွေ့ရသည့်အခါ သို့မဟုတ် ဆိုးယုတ်သော လူတို့က ဒုစရိုက်မှုများ ကျူးလွန်နေသည် သို့မဟုတ် ခေါင်းဆောင် အတုအယောင်များနှင့် အန္တိခရစ်တို့က အခြေခံသဘောတရားများကို ချိုးဖောက်သည့် နည်းလမ်းဖြင့် အမှုအရာများ လုပ်ဆောင်နေကြ၍ ထိုသို့ဖြင့် အသင်းတော်၏ အမှုကို နှောင့်ယှက်ပြီး ဘုရားသခင် ရွေးကောက်ထားသူတို့ကို အန္တရာယ်ဖြစ်စေသည်ကို ကြုံရသည့်အခါ၊ ၎င်းတို့သည် ထရပ်ပြီး ထုတ်ပြောဖို့သတ္တိ မရှိတော့ပေ။ သင်တို့ သတ္တိမရှိသည့်အချိန်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သင်တို့ ကြောက်တတ်သည် သို့မဟုတ် စိတ်ထဲရှိသမျှ မဖော်ပြတတ်ဟု ဆိုလိုသလော။ သို့မဟုတ် သင်က နားမလည်သကဲ့သို့၊ ထုတ်ပြောရဲခြင်း မရှိသောကြောင့် ဖြစ်သလော။ မဟုတ်ပေ။ ဤသည်မှာ အဓိကအားဖြင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ဘောင်ခတ်ခြင်းခံရသည့် အကျိုးဆက်ဖြစ်သည်။ သင်ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများထဲမှ တစ်ခုသည် လှည့်ဖြားတတ်သော စိတ်သဘောထားဖြစ်သည်။ သင့်၌ တစ်စုံတစ်ခုဖြစ်ပျက်သောအခါ သင်ပထမဆုံးတွေးသောအရာမှာ သင်၏ ကိုယ်ပိုင် အကျိုးစီးပွားများဖြစ်သည်။ သင်ပထမဆုံး ထည့်တွက်သောအရာမှာ အကျိုးဆက်များ၊ ဤအရာက သင့်အတွက် အကျိုးရှိမရှိဖြစ်သည်။ ဤသည်မှာ လှည့်ဖြားတတ်သောစိတ်သဘောထားမဟုတ်လော။ နောက်ထပ်တစ်ခုမှာ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်သော စိတ်သဘောထားတစ်ခု ဖြစ်သည်။ သင်က၊ ‘ဘုရားအိမ်တော်၏ အကျိုးစီးပွားများ ဆုံးရှုံးခြင်းတစ်ခုသည် ငါနှင့် အဘယ်ပတ်သက်စရာ ရှိသနည်း။ ငါသည် ခေါင်းဆောင်တစ်ဦး မဟုတ်၊ သို့ဖြစ်၍အဘယ်ကြောင့် ငါ ဂရုစိုက်သင့်သနည်း။ ထိုအရာသည် ငါနှင့် မည်သို့မျှ မပတ်သက်ပါ။ ယင်းသည် ငါ၏ တာဝန် မဟုတ်’ ဟု တွေးသည်။ ထိုအတွေးများနှင့် စကားများသည် သင် သတိရှိစွာ တွေးတောသည့် အရာတစ်ခု မဟုတ်သော်လည်း သင်၏မသိစိတ်က ဖြစ်ပေါ်စေခြင်း ဖြစ်ကာ၊ ယင်းသည် လူများ ပြဿနာတစ်ခုကြုံတွေ့သည့်အခါ ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး)သမ္မာတရားသည် သင့်တွင် အသက်ဖြစ်လာပြီးသည်နှင့် သင်သည် ဘုရားသခင်အပေါ် ပြစ်မှားစော်ကားသော၊ ဘုရားသခင်အား မကြောက်ရွံ့သော၊ မိမိ၏တာဝန်ထမ်းဆောင်ရာတွင် ဝတ်ကျေတမ်းကျေ ပြုသော၊ သို့မဟုတ် အသင်းတော်အလုပ်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်သောသူကို သတိပြုမိသောအခါ သင်သည် သမ္မာတရားစည်းမျဉ်းနှင့်အညီ တုံ့ပြန်လိမ့်မည်။ ထိုသူအား လိုအပ်သလို ခွဲခြားပြီး ဖော်ထုတ်နိုင်လိမ့်မည်။ သမ္မာတရားသည် သင်၏ အသက် ဖြစ်မလာသေးသကဲ့သို့ သင်သည် သင်၏ စာတန်ဆန်သော စိတ်သဘောထားအတွင်းတွင် အသက်ရှင်ဆဲဖြစ်ပါက အသင်းတော်အလုပ်ကို အနှောင့်အယှက်များနှင့် အလျဉ်ပြတ်မှုများ ဖြစ်စေသည့် ဆိုးယုတ်သော လူများနှင့် နတ်ဆိုးများကို သင် ရှာဖွေတွေ့ရှိသည့်အခါ သင်သည်မသိကျိုးကျွန်ပြုလိမ့်မည်ဖြစ်ပြီး ဂရုစိုက်လိမ့်မည် မဟုတ်။ လိပ်ပြာလုံစွာဖြင့် ယင်းတို့ကို သင် ဘေးဖယ်ထားလိုက်လိမ့်မည်ဖြစ်သည်။ အသင်းတော်အလုပ်ကို အနှောင့်အယှက်များ ဖြစ်စေနေသည့် သူတစ်ဦးမျှ သင်နှင့် မည်သည့်ပတ်သက်မှုမျှ မရှိဟုပင် သင် တွေးလိမ့်မည်။ အသင်းတော်၏အလုပ်နှင့် ဘုရားအိမ်တော်၏အကျိုးစီးပွားတို့ မည်မျှ ထိခိုက်ပါစေ သင် ဂရုမစိုက်၊ ကြားဝင်စွက်ဖက်ခြင်း မရှိပေ၊ သို့မဟုတ် အပြစ်ရှိသည်ဟု မခံစားရပေ။ ယင်းက သင့်အား အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရား မရှိသူတစ်ဦး၊ မယုံကြည်သူတစ်ဦး၊ အလုပ်လုပ်ပေးသူတစ်ဦး ဖြစ်စေသည်။ သင်သည် ဘုရားသခင်နှင့် သက်ဆိုင်သည့်အရာကို စားကာ၊ ဘုရားသခင်နှင့်သက်ဆိုင်သည့် အရာကို သောက်ပြီး ဘုရားသခင်ထံမှ လာသည့်အရာများအားလုံးကို မွေ့လျော်သော်လည်း ဘုရားအိမ်တော်၏ အကျိုးစီးပွားအပေါ် မည်သည့်ထိခိုက်ခြင်းကမျှ သင်နှင့်ဆက်နွှယ်ခြင်း မရှိဟု ခံစားရသည်။ ယင်းက သင့်အား ကျွေးသောလက်ကို ကိုက်သည့် သစ္စာဖောက်တစ်ဦး ဖြစ်စေသည်။ သင်သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မကာကွယ်ပါက၊ သင်သည် လူပင် ဟုတ်ပါ၏လော။ ယင်းက အသင်းတော်ထဲသို့ အယုံသွင်း၍ ချဉ်းကပ်လာသည့် နတ်ဆိုးတစ်ကောင်ဖြစ်သည်။ သင်သည် ဘုရားသခင်၌ ယုံကြည်မှုရှိဟန်ဆောင်သည်၊ ရွေးချယ်ခံထားရသူ တစ်ဦးအဖြစ် ဟန်ဆောင်ပြီး ဘုရားသခင်၏ အိမ်တော်၌ ကပ်ပါးရပ်ပါး လုပ်လိုသည်။ သင်သည် လူသားတစ်ဦး၏ ဘဝကို ရှင်သန်မနေဘဲ လူပုဂ္ဂိုလ်တစ်ဦးဖြစ်ခြင်းထက် မိစ္ဆာကောင်တစ်ဦး ပို၍ဖြစ်နေကာ ရှင်းလင်းစွာပင် မယုံကြည်သူများထဲမှ တစ်ဦးဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်က ကျွန်မရဲ့ တကယ့်အခြေအနေကို ဖော်ထုတ်ခဲ့ပါတယ်။ ကျွန်မမှာ သမ္မာတရားမရှိခဲ့ဘူး၊ ကျွန်မက လှည့်ဖြားပြီး တစ်ကိုယ်ကောင်းဆန်တဲ့ စာတန်ဆန်တဲ့ စိတ်သဘောထားအတိုင်းနေခဲ့တယ်ဆိုတာကို မြင်ခဲ့တယ်။ အမှုကိစ္စတွေက ကျွန်မအပေါ် ကျရောက်တော့ ကိုယ့်အကျိုးစီးပွားကိုပဲ ထည့်တွက်ပြီး အသင်းတော်အလုပ်ကို လုံးဝ ကာကွယ်မပေးခဲ့ဘူး။ လီလယ်က သူ့တာဝန်ကို လုပ်တဲ့အခါမှာ တာဝန်ခံယူစိတ်မရှိဘူး၊ အလုပ်ကို သိပ်ပြီး စစ်ဆေးတာ၊ ကြီးကြပ်တာမရှိဘူး၊ ဒါက အသင်းတော်အလုပ်ရဲ့ ပုံမှန်တိုးတက်မှုကို ထိခိုက်နေပြီဆိုတာကို ကျွန်မ ရှင်းရှင်းလင်းလင်း မြင်ခဲ့တယ်။ ကျွန်မသာ လူ့သဘာဝရှိပြီး အသိတရားရှိတဲ့သူဆိုရင် ဒါကို လီလယ်ကို ချက်ချင်းထောက်ပြပြီး အထက်ပိုင်းအဆင့်တွေဆီကို တင်ပြမှာပဲ။ ဒါပေမဲ့ ကျွန်မရဲ့ သူနဲ့ဆက်ဆံရေးကို ကာကွယ်ဖို့အတွက် ကျွန်မ ပြောမိတော့မဲ့ဆဲဆဲ သုံးလေးကြိမ်လောက်မှာ “ခေါင်းဆောင်တွေက လီလယ်နဲ့ ခဏခဏတွေ့တယ်၊ ဒီတော့ ငါက ဘာမှမပြောရင်လည်း သူတို့က သူ့အခြေအနေကို သဘောပေါက်ဦးမှာပါပဲ” ဆိုတဲ့ ဆင်ခြေကို တိတ်တဆိတ်နေဖို့ အကြောင်းပြချက်အနေနဲ့ အသုံးပြုခဲ့တယ်။ လီလယ်ရဲ့ ပြဿနာကို အထက်ပိုင်းအဆင့်ခေါင်းဆောင်တွေကို ကျွန်မ ပြောပြချင်တဲ့အခါမှာ ကျွန်မက သူ့ကို စိတ်ဆိုးအောင်လုပ်မိမှာကို ကြောက်ပြီး တခြားအဆင့်မြင့်သလိုရှိတဲ့ ဆင်ခြေတစ်ခု ထုတ်တယ်။ “လူတိုင်းက ရံဖန်ရံခါမှာ မကောင်းတဲ့အခြေအနေရှိကြတယ်။ သူများတွေကို အရမ်းမတောင်းဆိုသင့်ဘူး” ဆိုပြီး ပြောတယ်။ ကျွန်မက သမ္မာတရားကို လက်တွေ့မလုပ်ဖို့အတွက် အကြောင်းအရာတွေကို လုပ်ကြံပြောဆိုနေတာပါ။ ကျွန်မက တကယ့်ကို အရမ်း လှည့်ဖြားတတ်ခဲ့တယ်။ အရမ်းကောက်ကျစ်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေ အများကြီးက ပံ့ပိုးတာ၊ ထိန်းကျောင်းတာတွေကို ကျွန်မ ခံစားခဲ့တယ်။ ကျွန်မမှာ လူ့သဘာဝနဲ့ အသိတရားနည်းနည်းရှိနေသေးရင် အသင်းတော်အလုပ်က ဆုံးရှုံးမှုတွေ ခံနေရတာကို မြင်တော့ ကာကွယ်ပေးဖို့အတွက် ကျွန်မ ရပ်တည်ပေးသင့်ပြီး လုပ်နိုင်တာမှန်သမျှကို လုပ်ပေးသင့်တယ်။ ကျွန်မသာ လီလယ်ကို သူ့ပြဿနာအကြောင်း ချက်ချင်းပြောပြနိုင်ခဲ့ရင် ဒီထက်နည်းနည်း ပိုစောပြီး သတိပြုမိလို့ လမ်းကြောင်းပြောင်းနိုင်မှာပဲ။ အလုပ်က ဒီလောက်အကြာကြီး နှောင့်နှေးသွားမှာ မဟုတ်ဘူး။ ဒါတွေအားလုံးက တစ်ကိုယ်ကောင်းဆန်တာ၊ စက်ဆုပ်စရာကောင်းပြီး သမ္မာတရားကို လက်တွေ့မလုပ်ဆောင်တာတွေရဲ့ အကျိုးဆက်တွေပဲ။ ကျွန်မလို ကိုယ်ကျိုးကြည့်တဲ့သူတစ်ယောက်က ဘုရားရဲ့ ကယ်တင်ခြင်းနဲ့ ဘယ်လိုထိုက်တန်နိုင်မှာလဲ။ ဒီဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖြစ်နိုင်သမျှ အမြန်ဆုံး မဖယ်ရှားခဲ့ရင် ကျွန်မက နောက်ဆုံးမှာ ဘုရားက ပစ်ပစ်ခါခါငြင်းတာ၊ ဖယ်ရှားရှင်းလင်းတာကို သေချာပေါက်ခံရမှာပဲ။ နောက်ပြီးတော့ အရင်တုန်းက ကျွန်မက လီလယ်ရဲ့ ပြဿနာကို ထောက်ပြတာက အထက်ပိုင်းအဆင့်ခေါင်းဆောင်တွေ ကိုင်တွယ်ရမဲ့ ကိစ္စလို့ အမြဲတမ်း ယုံကြည်ခဲ့တယ်။ ကျွန်မရဲ့ ဒီအမြင်ကလည်း မှားနေတယ်။ အသင်းတော်အလုပ်ကို ကာကွယ်ပေးတာက ဘုရားသခင်ရွေးချယ်ထားတဲ့လူတိုင်းရဲ့တာဝန်ဖြစ်ပါတယ်။ ဘုရားအိမ်တော်ရဲ့ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ကျွန်မက ခေါင်းဆောင်၊ အမှုဆောင်တွေရဲ့ အလုပ်ကို ကြီးကြပ်ဖို့ တာဝန်ရှိတယ်။ ပြီးတော့ ခေါင်းဆောင်တွေ၊ အမှုဆောင်တွေက စည်းမျဉ်းတွေနဲ့ ဆန့်ကျင်တဲ့၊ အသင်းတော်အလုပ်အတွက် အကျိုးမရှိတဲ့ဟာတစ်ခုကို လုပ်နေတာကို ကျွန်မမြင်ရင် ထောက်ပြသင့်ပြီး ကျွန်မတာဝန်ကို ဖြည့်ဆည်းသင့်တယ်။ ဒီလောက်အထိ သတိပြုသွားပြီး ကျွန်မက ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားအတိုင်း အသက်မရှင်ချင်တော့ဘူး။ ကျွန်မ ဘုရားကို ဆုတောင်းပြီး လက်တွေ့လုပ်ဖို့လမ်းကြောင်းတစ်ခု ရှာတွေ့ဖို့အတွက် လမ်းပြပေးဖို့ တောင်းလျှောက်လိုက်တယ်။

အခုလိုပြောထားတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်တယ်။ “အကယ်၍ ယင်းက စည်းမျဉ်းများနှင့်ကိုက်ညီသည့် လုပ်ရပ်တစ်ခုဖြစ်ပါက ယင်းက လူများကို ပြစ်မှားစော်ကားမိလျှင် သို့မဟုတ် သင့်ကို နောက်ကွယ်တွင် ဝေဖန်အပြစ်တင်ခံရဖို့ ဖြစ်စေလျှင် အကျိုးဆက်အနည်းငယ်ရှိသည်။ အကယ်၍ ယင်းက စည်းမျဉ်းများနှင့်မကိုက်ညီသည့် လုပ်ရပ်တစ်ခုဖြစ်ပါက ယင်းကို လုပ်ဆောင်ခြင်းဖြင့် အသိအမှတ်ပြုခြင်းနှင့် ထောက်ခံခြင်းတို့ကို သင်ရပြီး လူတိုင်းနှင့် အဆင်ပြေနေသော်လည်း ဘုရားသခင်၏ ရှေ့မှောက်တွင် ယင်းကို အကြောင်းပြ ဖြေရှင်းနိုင်ခြင်း မရှိပါက သင်သည် ဆုံးရှုံးနစ်နာမှုတစ်ခုကို ခံစားရပြီဖြစ်သည်။ အကယ်၍ သင်သည် လူအများစုနှင့် ဆက်ဆံရေးများကို ထိန်းသိမ်းထားပြီး လူများ ပျော်ရွှင်အောင်နှင့် စိတ်ကျေနပ်အောင် လုပ်ဆောင်ကာ ၎င်းတို့၏ချီးမွမ်းခြင်းကို ရထားသော်လည်း ဖန်ဆင်းရှင်ဖြစ်သည့် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားပါက သင်သည် အဆုံးစွန် မိုက်မဲသောလူတစ်ဦး ဖြစ်သည်။ ထို့ကြောင့် သင် မည်သည့်အရာကိုလုပ်ပါစေ ယင်းက စည်းမျဉ်းများနှင့်ကိုက်ညီခြင်း ရှိမရှိ၊ ယင်းက ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်း ရှိမရှိ ယင်းနှင့်ပတ်သက်သည့် ဘုရားသခင်၏သဘောထားက မည်သည့်အရာဖြစ်သည်၊ မည်သည့်ရပ်တည်ချက်ကို သင်ခံယူသင့်သည်၊ မည်သည့်စည်းမျဉ်းများကို သင်ထိန်းသိမ်းသင့်သည်၊ ဘုရားသခင်က မည်သို့ညွှန်ကြားထားသည်နှင့် ယင်းကို သင်မည်သို့လုပ်ဆောင်သင့်သည်တို့ကို သင် ရှင်းလင်းစွာ နားလည်ရမည်ဖြစ်သည်။ သင်သည် ဤအကြောင်းနှင့်ပတ်သက်၍ ရှေးဦးစွာ ရှင်းရှင်းလင်းလင်း သိထားသင့်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၄))လူ့အကြိုက်လိုက်သူတစ်ဦး၏ စိတ်ဓါတ်လှုံ့ဆော်မှုများနှင့် ရှုထောင့်အမြင် သင့်တွင် ရှိလျှင်၊ အခြေအနေအားလုံးတွင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် အခြေခံသဘောတရာများကို လိုက်နာခြင်းတို့ကို လုပ်ဆောင်နိုင်စွမ်းရှိမည် မဟုတ်ချေ၊ ပြီးလျှင် သင်သည် အစဉ် ကျရှုံးပြီး လဲကျလိမ့်မည်။ သင်သည် အသိတရားမရပါက၊ မည်သည့်အခါမျှ သမ္မာတရားကို မရှာဖွေပါက သင်သည် မယုံကြည်သူတစ်ဦးဖြစ်ပြီး သမ္မာတရားနှင့် အသက်တို့ကို မည်သည့်အခါမျှ ရရှိလိမ့်မည် မဟုတ်ချေ။ သို့ဆိုလျှင် သင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သင်သည် ဘုရားသခင်ထံ ဆုတောင်းပြီး အော်ခေါ်ကာ ကယ်တင်ခြင်းအတွက် တောင်းလျှောက်ရမည်။ သင့်အား ယုံကြည်ခြင်းနှင့် ခွန်အားကို ပို၍ပေးရန်လည်းကောင်း၊ သင့်အား စည်းမျဉ်းများကို လိုက်နာစေနိုင်ရန်လည်းကောင်း၊ သင့်လုပ်သင့်သည့်အရာကို လုပ်ဆောင်နိုင်စေရန်လည်းကောင်း၊ စည်းမျဉ်းများနှင့်အညီ အမှုအရာများကို ကိုင်တွယ်နိုင်စေရန်လည်းကောင်း၊ သင်ရပ်တည်သင့်သည့်နေရာတွင် ခိုင်မြဲစွာ ရပ်တည်နိုင်စေရန်လည်းကောင်း၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်နိုင်စေရန်လည်းကောင်း၊ ဘုရားအိမ်တော်၏ အမှုတော်ဆီသို့လာသည့် မည်သည့် အန္တရာယ်ကိုမဆို တားဆီးနိုင်စေရန်လည်းကောင်း တောင်းလျှောက်ရမည်။ သင်သည် မိမိ၏ ကိုယ်ကျိုးစီးပွား၊ မာန်မာန နှင့် လူ့အကြိုက်လိုက်သူတစ်ဦး နှင့်ဆိုင်သော ရှုထောင့်တို့ကို သင် ပုန်ကန်နိုင်လျှင်၊ သင်လုပ်သင့်သည့် အရာကို ရိုးသားသည့် စိတ်နှလုံးဖြင့် မမှိတ်မသုန် လုပ်ဆောင်နိုင်လျှင်၊ စာတန်ကို သင် အနိုင်ယူပြီး လိမ့်မည်ဖြစ်ပြီး၊ သမ္မာတရား၏ ဤရှုထောင့်ကို သင် ရရှိပြီး ဖြစ်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်က ကျွန်မကို လက်တွေ့လုပ်ဖို့ လမ်းကြောင်းတစ်ခု ပေးခဲ့တယ်။ ကျွန်မအပေါ် ကျရောက်တဲ့ ကိစ္စတွေမှာ စည်းမျဉ်းတွေနဲ့အညီ ဘယ်လိုလုပ်ရမယ်ဆိုတာကို ရှာဖွေရမယ်။ ကျွန်မက လူတစ်ယောက်ကို စိတ်ဆိုးအောင်လုပ်မိမှာစိုးပြီး သမ္မာတရားကို လက်တွေ့မလုပ်ဆောင်တာ၊ သူ့ပြဿနာကို မဖော်ထုတ်တာ လုပ်လို့ မဖြစ်ဘူး။ ဒီလိုလုပ်ရင် သူနဲ့ ကျွန်မ ဆက်ဆံရေးကို ကောင်းကောင်းတည်မြဲနေမှာ ဖြစ်ပေမဲ့ သမ္မာတရားစည်းမျဉ်းတွေကို ချိုးဖောက်တာ၊ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေအပေါ် ဆုံးရှုံးမှုတွေ ဖြစ်အောင်လုပ်တာက ဘုရားကို ပုန်ကန်ပြစ်မှားတဲ့အရာတစ်ခုပဲ။ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေက ဆုံးရှုံးတာကို မြင်တဲ့အခါမှာ ကိုယ့်အကျိုးစီးပွားတွေကို ထည့်မတွက်ဘဲ အသင်းတော်အလုပ်ကို ကာကွယ်ပေးနိုင်တဲ့ စင်ကြယ်ပြီး ရိုးသားသူတွေကို ဘုရားသခင်က ချစ်တယ်။ ဒီလောက်အထိ ကျွန်မ သိမြင်သွားပြီး ကျွန်မ တိတ်တိတ်လေး စိတ်ပိုင်းဖြတ်လိုက်တယ်။ နောင်မှာ အသင်းတော်အကျိုးစီးပွားကို ထိခိုက်တဲ့အရာတစ်ခုကို ကျွန်မ သတိထားမိတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် သူရဲဘောကြောင်တဲ့သူ ဖြစ်နေလို့မရတော့ဘူး ဆိုပြီးတော့ပေါ့။ ကျွန်မ ထောက်ပြတဲ့အချိန်မှာ တခြားလူက လက်မခံရင်၊ ကျွန်မကို ကောင်းကောင်းမဆက်ဆံရင်၊ ဒီဟာကြောင့် ကျွန်မအပေါ် အမြင်စောင်းရင် ကျွန်မက ဒီဟာကြောင့် စိတ်မကျဉ်းကျပ်သင့်ဘူး။ ကျွန်မရဲ့ ကြံရွယ်ချက်က သူများတွေကို ကူညီဖို့၊ အသင်းတော်အကျိုးစီးပွားကို ကာကွယ်ပေးဖို့ပဲ။ ဒါက အပြုသဘောဆောင်တဲ့အရာတစ်ခုဖြစ်ပြီး ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက ဘောင်ခတ်တာကို မခံရသင့်ဘူး။ ကျွန်မတို့က ကိုယ့်အကျိုးစီးပွားတွေကိုပဲ အမြဲတမ်းထည့်တွက်နေရင် ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို အနိုင်မယူနိုင်ဘူး။ ဒါကြောင့် ကျွန်မတို့ ဆုတောင်းသင့်ပြီး ဘုရားကို အားကိုးသင့်တယ်။ ကိုယ့်အကျိုးစီးပွားတွေကို လက်လွှတ်နိုင်ဖို့၊ ရိုးသားသူတွေဖြစ်နိုင်ဖို့၊ ကျွန်မတို့ တာဝန်ကို ဖြည့်ဆည်းနိုင်ဖို့အတွက် ယုံကြည်ခြင်းနဲ့ ခွန်အားကို ပိုပြီးပေးဖို့ ဘုရားကို တောင်းလျှောက်သင့်တယ်။ ဒီနည်းနဲ့မှပဲ ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်ရှိနိုင်တယ်။

နောက်ပိုင်းမှာ ကျွန်မ သတိရှိရှိနဲ့ ရိုးသားသူတစ်ယောက်ဖြစ်ဖို့ လက်တွေ့လုပ်တယ်။ တစ်ခါကဆို ကျွန်မနဲ့ တွဲလုပ်တဲ့ ရှန်ချီဆိုတဲ့ ညီအစ်မတစ်ယောက် ရေလောင်းအလုပ်ကို သိပ်မစစ်ဘူး။ ရေလောင်းအမှုထမ်းတစ်ယောက်က ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်တွေကြောင့် လူသစ်တွေကို နှစ်ပတ်အထိ ရေသွားမလောင်းဖြစ်ခဲ့ဘူး။ ရှန်ချီက အဲဒီအကြောင်းကိုမသိဘူး။ ရှန်ချီက ရေလောင်းအလုပ်ကို ဦးဆောင်ရတယ်၊ ရေလောင်းအမှုထမ်းတွေရဲ့ လက်ရှိအလုပ်အခြေအနေတွေကို နားလည်သင့်ပြီး ရေလောင်းအလုပ်က ပြဿနာတွေကို ချက်ချင်းဖြေရှင်းသင့်တယ်လို့ ကျွန်မ တွေးမိတယ်။ ရှန်ချီကို သူ့ပြဿနာတွေကို သတိပြုမိပြီး ဖြစ်နိုင်သမျှ အမြန်ဆုံးလမ်းကြောင်းပြောင်းအောင် ဒီအကြောင်းကို ပြောပြရမယ်။ ဒါမှ လူသစ်တွေကို ရေလောင်းတာက မနှောင့်နှေးမှာ ပေါ့။ ဒါပေမဲ့ ကျွန်မတွေးမိတာက ဒီပြဿနာတွေကို တစ်ခုချင်း ထောက်ပြရင် ရှန်ချီက လက်မခံနိုင်ဖြစ်မလား။ သူက အလုပ်တစ်ခုခုကို လုပ်လေ့ရှိပါတယ်။ ဒီတော့ သူ စစ်ဆေးတာတွေ အချိန်မမှန်တာက ဒီအချိန်ကာလပဲ ဖြစ်ပြီး နောက်ကျရင်တော့ လမ်းကြောင်းပြောင်းချင် ပြောင်းမှာပဲ ပေါ့။ ကျွန်မက သူများတွေနဲ့ ကျွန်မဆက်ဆံရေးကို ထပ်ပြီး ကာကွယ်ပေးချင်ပြန်ပြီဆိုတာ ကျွန်မ သဘောပေါက်လိုက်တယ်။ အရင်တုန်းက ကျွန်မဖတ်ခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို တွေးမိတယ်။ “သင်သည် မိမိ၏ ကိုယ်ကျိုးစီးပွား၊ မာန်မာန နှင့် လူ့အကြိုက်လိုက်သူတစ်ဦး နှင့်ဆိုင်သော ရှုထောင့်တို့ကို သင် ပုန်ကန်နိုင်လျှင်၊ သင်လုပ်သင့်သည့် အရာကို ရိုးသားသည့် စိတ်နှလုံးဖြင့် မမှိတ်မသုန် လုပ်ဆောင်နိုင်လျှင်၊ စာတန်ကို သင် အနိုင်ယူပြီး လိမ့်မည်ဖြစ်ပြီး၊ သမ္မာတရား၏ ဤရှုထောင့်ကို သင် ရရှိပြီး ဖြစ်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားသခင်က ရိုးသားသူတွေကို ချစ်တယ်။ အခု ရှန်ချီရဲ့ ပြဿနာကို ကျွန်မ သတိထားမိတော့ သူ့ကို ပြောပြသင့်တယ်။ ဒါက အသင်းတော်အလုပ်ကို ကာကွယ်ပေးနေတာဖြစ်ပြီး လုံးဝ မလိုမုန်းထားတာ မဟုတ်ပါဘူး။ သူက လက်မခံဘဲ ကျွန်မကို ကောင်းကောင်းမဆက်ဆံရင်တောင် ကျွန်မတာဝန်ကို ဖြည့်ဆည်းရတာကို နောင်တရမှာ မဟုတ်ဘူး။ ကျွန်မ ဘုရားကို ဆုတောင်းပြီး သမ္မာတရားကို လက်တွေ့လုပ်ဖို့အတွက် ပိုပြီး ခွန်အားပေးဖို့ တောင်းလျှောက်ခဲ့တယ်။ ဆုတောင်းပြီးသွားတော့ ကျွန်မ သတိထားမိတဲ့ ပြဿနာတွေအကုန်လုံးကို ရှန်ချီကို ထောက်ပြခဲ့တယ်။ အစတော့ သူက လက်မခံဘဲ ကျွန်မကို အကြောင်းပြပြောဆိုပြီး သူ့ကိုယ်သူ ခုခံတယ်။ အဲဒါနဲ့ ဘုရားနှုတ်ကပတ်တော်ကို အခြေခံပြီး တကယ့်အလုပ်ကို မလုပ်တဲ့ သူ့ရဲ့ သရုပ်သကန်ကို ထောက်ပြပြီး အလုပ်ကို စစ်ဆေးတဲ့ လမ်းကြောင်းနဲ့ပတ်သက်ပြီး သူနဲ့ မိတ်သဟာယဖွဲ့ခဲ့တယ်။ နောက်တစ်နေ့မှာ ရှန်ချီက ရင်ဖွင့်လာပြီး ကျွန်မက သူ့ပြဿနာကို ထောက်ပြတာကနေတစ်ဆင့် သူက တာဝန်ထမ်းဆောင်တဲ့နေရာမှာ ဝတ်ကျေတမ်းကျေလုပ်နေတာကို နောက်ဆုံးမှာ သဘောပေါက်သွားပြီး လမ်းကြောင်းပြောင်းချင်စိတ်ရှိတယ်လို့ ပြောတယ်။ နောက်ပိုင်းမှာ ရှန်ချီက သူ့တာဝန်ထမ်းဆောင်တဲ့အခါမှာ တော်တော်တက်ကြွတယ်။ ရေလောင်းအမှုထမ်းတွေရဲ့အလုပ်ကို အသေးစိတ် စပြီး စစ်တယ်။ ရှန်ချီက လမ်းကြောင်းပြောင်းနိုင်တာကို မြင်ပြီး ကျွန်မ တော်တော်ပျော်တယ်။ နောက်ဆုံးတော့ သမ္မာတရားကို ကျွန်မ လက်တွေ့လုပ်နိုင်ခဲ့တယ်။ ရှေ့ဆက်ပြီး ကျွန်မက စစ်မှန်တဲ့လူကောင်းတစ်ယောက်ဖြစ်လာဖို့ ဘုရားကို အမှီပြုပြီး လက်တွေ့လုပ်ချင်စိတ်ရှိနေခဲ့ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်ုပ်၏ တာဝန်မှတစ်ဆင့် နာခံရန် သင်ယူခြင်း

နိုဗို ဖိလစ်ပိုင်နိုင်ငံ ၂၀၁၂ခုနှစ်မှာ၊ ထိုင်ဝမ်မှာ ကျွန်တော် အလုပ်လုပ်နေတဲ့အချိန်မှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ...

မိမိတာဝန်ကို ထမ်းဆောင်ခြင်းက မည်သည့်အရာကို ဆိုလိုသည်ကို နောက်ဆုံးတော့ ကျွန်မ သိပြီ

ရွှန်းကျိယူ တောင်ကိုးရီးယားနိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “၎င်းတို့၏တာဝန်နှင့်သက်ဆိုင်သည့် လူ၏ ဆောင်ရွက်မှုသည် အမှန်အားဖြင့်...

အယောင်ဆောင်ခြင်းနှင့် ဖုံးကွယ်ခြင်း၏ အဖိုးအခများ

လီလီယက် ဟွန်ဒူရပ်နိုင်ငံ ၂၀၁၈ခုနှစ်၊ အောက်တိုဘာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။...

လူ့အကြိုက်လိုက်သူတစ်ဦး ဖြစ်ခြင်း၏ ခါးသီးမှု

ဂျူချူံး ဂရိနိုင်ငံ ပြီးခဲ့တဲ့နှစ်က၊ လမ်းပေါ်မှာ ကျွန်တော်နဲ့ ဧဝံဂေလိအတူဟောခဲ့တဲ့ အစ်ကိုစင်း အထုတ်ခံခဲ့ရတယ်။ အဲဒီအကြောင်း သူ့ကို မေးတော့၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။