တခြားလူတွေရဲ့အမှားတွေအပေါ် နှုတ်ဆိတ်နေတာက အမြော်အမြင်ရှိတဲ့ လုပ်ရပ်ဖြစ်ပါသလား

08.11.2025

နန်ယိ၊ တရုတ်ပြည်

၂၀၂၃ ခုနှစ်၊ ဧပြီလမှာ ကျွန်မအပေါ် ခေါင်းဆောင်ရဲ့ အကဲဖြတ်ချက်ကို မတော်တဆ တွေ့လိုက်ရတယ်။ ကျွန်မက လူ့အကြိုက်လိုက်သူတစ်ယောက်ဖြစ်ပြီး တရားမျှတစိတ်မရှိဘူးလို့ ဆိုထားပါတယ်။ လုပ်ဖော်ကိုင်ဖက် တော်တော်များများဟာ သူတို့ရဲ့အလုပ်ကို ထိခိုက်စေတဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေနဲ့ အသက်ရှင်နေတာကို ကျွန်မ မြင်ခဲ့ပေမဲ့ မိတ်သဟာယပြုတာ ဒါမှမဟုတ် ထောက်ပြတာမျိုး မလုပ်ခဲ့ဘူးလို့ ဖော်ပြထားတယ်။ အသင်းတော်ရဲ့ အကျိုးစီးပွားတွေကို မကာကွယ်ဘဲ ကျွန်မရဲ့ လူ့သဘာဝက သိပ်မကောင်းဘူးလို့ အဲဒီမှာ ဆိုထားတယ်။ ခေါင်းဆောင်ရဲ့ အကဲဖြတ်ချက်ကို မြင်တော့ ကျွန်မ စိတ်ထဲမှာ နည်းနည်း မကျေမနပ် ဖြစ်မိတယ်။ “ငါက ငါ့တွဲဖက်တွေနဲ့ အမြဲတမ်း သဟဇာတရှိရှိ အဆင်ပြေခဲ့တာပဲ။ ဘယ်သူ့ကိုမှ နှိပ်စက်ဖိနှိပ်တာမျိုးလဲ မလုပ်ခဲ့ဘူး။ တစ်ခါတလေ ငါ့လုပ်ဖော်ကိုင်ဖက်တွေမှာ ငါမြင်တဲ့ ပြဿနာတွေကို မိတ်သဟာယဖွဲ့ပြီး ထောက်ပြခဲ့တာပဲ။ ငါ့လူ့သဘာဝက စုံလင်တာမဟုတ်ပေမဲ့ အနည်းဆုံးတော့ သာမန်အဆင့်တော့ သေချာပေါက် ရှိမှာပါ။ သူတို့တွေက ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေနဲ့ အသက်ရှင်ပြီး ကိုယ့်ကိုယ်ကိုယ် မသိမြင်တာက သူတို့က သမ္မာတရားအတွက် မကြိုးပမ်းကြလို့လေ။ ဒါက ငါ့တာဝန် ဘယ်လိုဖြစ်ရတာလဲ။ ခေါင်းဆောင်က ငါ့ကို လူ့သဘာဝမကောင်းဘူးလို့ ဘယ်လိုပြောနိုင်ရတာလဲ” လို့ ကျွန်မ တွေးမိတယ်။ ကျွန်မ ဘယ်လောက်အထိ ခံစားခဲ့ရသလဲဆိုတာကို ပြောပြဖို့ ခက်ပါတယ်။ အရသာစုံအိုးကြီး ဖိတ်ကျသလိုပဲ၊ အဲဒါက ဘယ်လိုခံစားချက်မျိုးလဲဆိုတာ ကျွန်မ မပြောပြနိုင်ဘူး။ ကျွန်မ ဘုရားသခင်ကို ယုံကြည်လာတာ နှစ်တွေအများကြီးရှိပြီဖြစ်ပေမဲ့၊ ခေါင်းဆောင်က ကျွန်မရဲ့ တစ်သမတ်တည်းရှိတဲ့ စွမ်းဆောင်ရည်ကို လူ့အကြိုက်လိုက်သူတစ်ယောက်အဖြစ် အကဲဖြတ်ခဲ့တယ်၊ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို မကာကွယ်ဘဲ လူ့သဘာဝမကောင်းတဲ့သူတစ်ယောက်ပေါ့။ အခြေအနေက ဒီလိုဆိုတော့၊ ကျွန်မရဲ့ စိတ်သဘောထားက ပြောင်းလဲနိုင်ပါဦးမလား။ အဲဒီရက်တွေတုန်းက ခေါင်းဆောင်ရဲ့ စကားတွေကို ကျွန်မ တွေးမိတိုင်း၊ ကျွန်မရဲ့ နှလုံးသားကို ဓားနဲ့ထိုးဖောက် လိုက်သလိုပါပဲ။ မျက်ရည်တွေ စီးကျလာတာကို ကျွန်မ မတားနိုင်တော့ဘဲ ဘာလုပ်လုပ် စိတ်မပါတော့ဘူး။ ဒါပေမဲ့ ကျွန်မအလုပ်မှာ ပြဿနာတွေ အများကြီးရှိသေးမှန်း ကျွန်မ သဘောပေါက်တယ်။ ဒီအချိန်မှာ ပြန်ပြီး အပျက်သဘောဆောင်သွားတာက ကျွန်မ လူ့သဘာဝကင်းမဲ့တာကို ပိုပြီးတော့တောင် ထုတ်ဖော်ရာမရောက်ဘူးလား။ ဒါကြောင့် ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ်လုပ်ပြီး၊ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်။ ကျွန်မကြုံရတဲ့ ဒီလိုအခြေအနေမျိုးကို အရင်ဆုံး ကျိုးနွံနာခံပြီး ဒါတွေကနေ သင်ခန်းစာတွေယူဖို့ အတွက် ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ဖို့ စိတ်ပိုင်းဖြတ်ခဲ့တယ်။

နောက်ပိုင်းမှာ ကျွန်မ တွေးဆမိတယ်၊ သူများတွေက ကျွန်မကို ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို မကာကွယ်တဲ့ လူ့အကြိုက်လိုက်သူလို့ ဘာကြောင့်ပြောရတာလဲဆိုတာကိုပေါ့။ ကျွန်မအတွေးတွေက လွန်ခဲ့တဲ့သုံးလေးနှစ်က လုပ်ဖော်ကိုင်ဖက်တချို့နဲ့ ပေါင်းသင်းဆက်ဆံခဲ့ချိန်က မြင်ကွင်းတွေဆီကို ပြန်ရောက်သွားတယ်။ ၂၀၁၉ ခုနှစ်မှာ ကျွန်မက ရှောင်ကျန်းနဲ့တွဲပြီး စာနဲ့ပတ်သက်တဲ့အလုပ်ကို တာဝန်ယူခဲ့တယ်။ အဲဒီအချိန်တုန်းက ရှောင်ကျန်းက ကာကွယ်တဲ့ အခြေအနေမှာ အသက်ရှင်နေခဲ့တယ်၊ သူ့ရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားက ဆိုးဝါးတယ်လို့ ခံစားပြီး၊ သူ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားအတိုင်း အလုပ်ကို ဆက်ပြီး အဖျက်အမှောင့်လုပ်၊ နှောင့်ယှက်နေရင် သူ့အတွက် ကောင်းတဲ့အဆုံးသတ်နဲ့ ပန်းတိုင်ရှိမှာမဟုတ်ဘူးလို့ သူခံစားခဲ့ရတယ်။ ရလဒ်အနေနဲ့ သူက တာဝန်မှာ အရမ်းကို မတက်မကြွနဲ့နေပြီး၊ ကျွန်မတို့ဆွေးနွေးမှုတွေမှာ ပါဝင်တာလည်း ရှားသွားတယ်။ ရှောင်ကျန်းက ကိုယ့်ကိုယ်ကိုယ် ခုခံပြီး နားလည်မှုလွဲတဲ့ အခြေအနေမှာရှိနေတာကို ကျွန်မသိခဲ့တယ်။ တကယ်တော့ သူက အလုပ်လုပ်နိုင်စွမ်းတချို့ရှိပြီး၊ သူ့အခြေအနေသာ ပုံမှန်ဆိုရင် အလုပ်တချို့ကို လုပ်နိုင်မှာပဲ။ ကျွန်မက သူ့ပြဿနာတွေကို ထောက်ပြချင်ခဲ့တယ်။ ဒါပေမဲ့ သူက အခုမှ လက်တွေ့လုပ်ဆောင်ခါစပဲရှိသေးတော့၊ ကျွန်မက သူ့ပြဿနာတွေကို ထောက်ပြလိုက်ရင် ကျွန်မက မစာနာတတ်ဘူး၊ တောင်းဆိုမှုများတယ်လို့ ထင်သွားမှာလား။ သူသာ ကျွန်မအပေါ် အပျက်သဘောဆောင်တဲ့အတွေးတွေ ရှိခဲ့ရင် နောင်မှာ ကျွန်မတို့ ဘယ်လိုအဆင်ပြေကြမလဲလို့ ကျွန်မ တွေးမိတယ်။ ဒါနဲ့ ကျွန်မ သူ့ကို ရိုးရိုးလေးပဲ တိုက်တွန်းအားပေးခဲ့တယ်၊ “ငါတို့တွေ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေထဲမှာ အမြဲတမ်း အသက်ရှင်မနေကြရအောင်။ ငါတို့ ကိုယ့်ရဲ့ အတတ်ပညာပိုင်း ကျွမ်းကျင်မှုတွေကို တက်တက်ကြွကြွနဲ့ လက်ဦးမှုယူပြီး လေ့လာသင့်တယ်၊ တိုးတက်အောင် ကြိုးပမ်းသင့်တယ်” လို့ပေါ့။ နောက်ပိုင်းမှာ သူ့အခြေအနေက သိပ်မတိုးတက်လာတာကို မြင်တော့၊ ကျွန်မ တွေးမိတယ်၊ “ငါ နင့်ကို သတိပေးခဲ့တာပဲ၊ နင် မဝင်ရောက်ရင်တော့ ငါလည်း ဘာမှမတတ်နိုင်ဘူးလေ” လို့ပေါ့။ ဒါနဲ့ ကျွန်မ နောက်ထပ် မိတ်သဟာယမဖွဲ့တော့ဘူး။ နောက်ဆုံးမှာတော့ ရှောင်ကျန်းရဲ့အခြေအနေက မတိုးတက်ခဲ့ဘဲ သူ့တာဝန်မှာ ထိရောက်မှုမရှိလို့ ဖြုတ်ချခံခဲ့ရတယ်။ လင်လင်ဆိုတဲ့ နောက်ထပ်ညီအစ်မတစ်ယောက်လည်း ရှိသေးတယ်။ သူက သူ့ရဲ့တွဲဖက်အသစ် ညီအစ်ကိုယန်ဇီက အတတ်ပညာပိုင်းမှာ ပိုကျွမ်းကျင်ပြီး၊ စည်းမျဉ်းတချို့ကို သဘောပေါက်တာကို မြင်တော့၊ သူက သိမ်ငယ်စိတ်ဝင်ပြီး သူ့တာဝန်မှာ တက်ကြွမှု လျော့လာတယ်။ မိတ်သဟာယတစ်ခုမှာ သူက သူ့အခြေအနေကို ဖွင့်ပြောရင်း၊ ငိုတောင်ငိုတယ်။ သူက ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို အရမ်းဂရုစိုက်တာကို မြင်တော့၊ အစက ဒါတွေကို လိုက်စားခြင်းရဲ့ သဘာဝနဲ့ အကျိုးဆက်တွေကို သူ့အတွက် ကျွန်မ စိစစ်ပေးချင်ခဲ့တယ်။ ဒါပေမဲ့ သူက အခုတောင် တော်တော်စိတ်ညစ်နေပြီ၊ သူ့ပြဿနာတွေကို တိုက်ရိုက်ထောက်ပြတာက၊ သူ့ကို အရှက်ရစေနိုင်ပြီး ကျွန်မကို မစာနာတတ်ဘူးလို့ သူ ထင်သွားစေနိုင်တယ်လို့ ကျွန်မ တွေးခဲ့တယ်။ နောင်ကျရင် ကျွန်မတို့ ဘယ်လိုများ အဆင်ပြေမှာလဲ။ ဒါနဲ့ ကျွန်မက အပေါ်ယံလေးပဲ ပြောလိုက်တယ်၊ “ဂုဏ်သတင်းနဲ့ အဆင့်အတန်းထဲမှာ အမြဲတမ်း ရှင်သန်မနေနဲ့။ ပူးပေါင်းလုပ်တဲ့အခါ တခြားသူတွေရဲ့ အရည်အချင်းတွေကနေ သင်ယူဖို့ ကြိုးစားပါ” လို့ပေါ့။ နောက်ပိုင်းမှာလည်း လင်လင်က ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို လိုက်စားခြင်းရဲ့ သဘာဝနဲ့ အကျိုးဆက်တွေကို သိပ်နားမလည်သေးဘူး။ သူ့အခြေအနေက တစ်ခါတလေကောင်းလိုက်၊ တစ်ခါတလေဆိုးလိုက်နဲ့ပဲ။ သူက သူ့တာဝန်မှာ အရမ်း မတက်မကြွရှိပြီး၊ နောက်ဆုံးမှာတော့ သူလည်းပဲ ဖြုတ်ချခံခဲ့ရတယ်။

ညီအစ်မတချို့နဲ့ အတူတူလက်တွဲလုပ်ဆောင်ပြီး ပေါင်းသင်းခဲ့တဲ့ အခိုက်အတန့်ပေါင်းစုံကို ပြန်စဉ်းစားရင်း၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့အညီ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ကြည့်တော့ ကိုယ့်အခြေအနေကို ကျွန်မ နည်းနည်းနားလည်လာခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ “လူအများစုသည် သမ္မာတရားကို လိုက်စားပြီး လက်တွေ့လုပ်ဆောင်ရန် ဆန္ဒရှိကြသော်လည်း၊ များသောအားဖြင့် ၎င်းတို့သည် ထိုသို့ လုပ်ဆောင်ရန် ဆုံးဖြတ်ချက်နှင့် စိတ်ဆန္ဒ ရှိရုံမျှရှိကြလေသည်။ သမ္မာတရားသည် ၎င်းတို့၏အသက် မဖြစ်လာသေးပေ။ အကျိုးဆက်အနေဖြင့်၊ ဆိုးယုတ်သော အင်အားစုများကို ၎င်းတို့ အမှတ်မထင်တွေ့ရသည့်အခါ သို့မဟုတ် ဆိုးယုတ်သော လူတို့က ဒုစရိုက်မှုများ ကျူးလွန်နေသည် သို့မဟုတ် ခေါင်းဆောင် အတုအယောင်များနှင့် အန္တိခရစ်တို့က အခြေခံသဘောတရားများကို ချိုးဖောက်သည့် နည်းလမ်းဖြင့် အမှုအရာများ လုပ်ဆောင်နေကြ၍ ထိုသို့ဖြင့် အသင်းတော်၏ အမှုကို နှောင့်ယှက်ပြီး ဘုရားသခင် ရွေးချယ်ထားသောလူများကို အန္တရာယ်ဖြစ်စေသည်ကို ကြုံရသည့်အခါ၊ ၎င်းတို့သည် ထရပ်ပြီး ထုတ်ပြောဖို့သတ္တိ မရှိတော့ပေ။ သင်တို့ သတ္တိမရှိသည့်အချိန်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သင်တို့ ကြောက်တတ်သည် သို့မဟုတ် စိတ်ထဲရှိသမျှ မဖော်ပြတတ်ဟု ဆိုလိုသလော။ သို့မဟုတ် သင်က နားမလည်သကဲ့သို့၊ ထုတ်ပြောရဲခြင်း မရှိသောကြောင့် ဖြစ်သလော။ မဟုတ်ပေ။ ဤသည်မှာ အဓိကအားဖြင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ဘောင်ခတ်ခြင်းခံရသည့် အကျိုးဆက်ဖြစ်သည်။ သင်ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများထဲမှ တစ်ခုသည် လှည့်ဖြားတတ်သော စိတ်သဘောထားဖြစ်သည်။ သင့်၌ တစ်စုံတစ်ခုဖြစ်ပျက်သောအခါ သင်ပထမဆုံးတွေးသောအရာမှာ သင်၏ ကိုယ်ပိုင် အကျိုးစီးပွားများဖြစ်သည်။ သင်ပထမဆုံး ထည့်တွက်သောအရာမှာ အကျိုးဆက်များ၊ ဤအရာက သင့်အတွက် အကျိုးရှိမရှိဖြစ်သည်။ ဤသည်မှာ လှည့်ဖြားတတ်သောစိတ်သဘောထားမဟုတ်လော။ နောက်ထပ်တစ်ခုမှာ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်သော စိတ်သဘောထားတစ်ခု ဖြစ်သည်။ သင်က၊ ‘ဘုရားအိမ်တော်၏ အကျိုးစီးပွားများ ဆုံးရှုံးခြင်းတစ်ခုသည် ငါနှင့် အဘယ်ပတ်သက်စရာ ရှိသနည်း။ ငါသည် ခေါင်းဆောင်တစ်ဦး မဟုတ်၊ သို့ဖြစ်၍အဘယ်ကြောင့် ငါ ဂရုစိုက်သင့်သနည်း။ ထိုအရာသည် ငါနှင့် မည်သို့မျှ မပတ်သက်ပါ။ ယင်းသည် ငါ၏ တာဝန် မဟုတ်’ ဟု တွေးသည်။ ထိုအတွေးများနှင့် စကားများသည် သင် သတိရှိစွာ တွေးတောသည့် အရာတစ်ခု မဟုတ်သော်လည်း သင်၏မသိစိတ်က ဖြစ်ပေါ်စေခြင်း ဖြစ်ကာ၊ ယင်းသည် လူများ ပြဿနာတစ်ခုကြုံတွေ့သည့်အခါ ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြစ်သည်။ ဤကဲ့သို့ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် သင်တွေးခေါ်သည့်ပုံစံကို အုပ်စိုးပြီး သင်၏လက်များနှင့် ခြေတို့ကို ချည်နှောင်ကာ၊ သင်ပြောသည့်အရာကို ထိန်းချုပ်သည်။ သင်၏ စိတ်နှလုံးထဲတွင် ရင်ဆိုင်ကာ ပြောလိုသော်လည်း သင်သည် ဒွိဟဖြစ်နေပြီး သင်ထုတ်ပြောသည့်အခါတွင်ပင်၊ ဝေ့လည်ကြောင်ပတ်ဖြင့် သင့်ကိုယ်သင် လူးသာလွန့်သာ ရှိအောင်လုပ်သည်၊ သို့မဟုတ်လျှင် သင်သည် မလိမ့်တပတ်လုပ်ပြီး အမှန်အတိုင်းမပြောပေ။ မြင်တတ်သောသူတို့သည် ဤအရာကို မြင်နိုင်သည်။ အမှန်တွင်၊ သင်ပြောသင့်သည့် အရာအားလုံး သင် မပြောသေးသည်ကို၊ သင် ပြောပြီးသည့်အရာသည် အကျိုးသက်ရောက်မှုရှိသကဲ့သို့၊ သင်သည် ဝတ်ကျေတမ်းကျေသာလုပ်ဆောင်နေသည်ကို၊ ပြဿနာ မပြေလည်သေးသည်ကို သင်၏ စိတ်နှလုံးထဲတွင် သင် သိပေသည်။ သင်၏ တာဝန်ကို သင် မဖြည့်ဆည်းသေးပေ၊ သို့သော် သင်က သင်၏ တာဝန်ကို သင် ဖြည့်ဆည်းပြီးဖြစ်သည်၊ သို့မဟုတ် ဖြစ်ပျက်နေခဲ့သည့်အရာသည် သင့်အဖို့ မရှင်းလင်းခဲ့ပါဟု ပေါ်ပေါ်ထင်ထင် ဆိုသည်။ ဤသည်မှာ မှန်ကန်သလော။ ဤသည်မှာ သင်အမှန်တကယ် ထင်သောအရာဟုတ်သလော။ ထိုသို့ဆိုလျှင် သင်သည် ဆိုးယုတ်သော စိတ်သဘောထား၏ ထိန်းချုပ်မှုအောက်တွင် လုံးဝ ရှိနေသည်မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်သုံးသပ်ရင်း ဘုရားသခင်က လူတွေရဲ့ စိတ်နှလုံးတွေကို အတွင်းကျကျ တကယ်ပဲ စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးပြီး၊ ကျွန်မရဲ့ အတွင်းအကျဆုံး ရည်ရွယ်ချက်တွေကို ဖော်ထုတ်ခဲ့တယ်လို့ ကျွန်မ ခံစားမိတယ်။ လုပ်ဖော်ကိုင်ဖက်တချို့နဲ့ အတူတူလက်တွဲလုပ်ဆောင်တုန်းက သူတို့ပြဿနာတွေကို ကျွန်မ တကယ်ပဲ မထောက်ပြခဲ့တာကို ပြန်အမှတ်ရမိတယ်။ တစ်ခါတလေ မိတ်သဟာယဖွဲ့ရင်တောင် ရိုးရိုးလေးပဲ တိုက်တွန်းအားပေးတာ၊ ဒါမှမဟုတ် သူတို့ပြဿနာတွေကို အရေးမကြီးသလိုပဲ သဘောထားခဲ့တယ်။ တကယ်တော့ သူတို့ပြဿနာတွေကို ကျွန်မ မထောက်ပြရဲတာက၊ ကျွန်မရဲ့ လှည့်ဖြားတတ်တဲ့ စိတ်သဘောထားနဲ့ အသက်ရှင်နေလို့ပါပဲ။ ထောက်ပြလိုက်ရင် ကျွန်မတို့ရဲ့ ဆက်ဆံရေးကို ပျက်စီးစေပြီး နောင်ကျရင် ကျွန်မတို့ အဆင်ပြေဖို့ ခက်ခဲသွားမှာကို စိုးရိမ်လို့ပေါ့။ ဥပမာ၊ ကျွန်မ ရှောင်ကျန်းနဲ့ လင်လင်တို့နဲ့ တွဲလုပ်တုန်းက၊ ရှောင်ကျန်းက သူ့ကိုယ်ပိုင် အလားအလာတွေနဲ့ ကံကြမ္မာကိုပဲ အမြဲစိုးရိမ်နေပြီး၊ သူ့တာဝန်ကို စိတ်နှစ်ထားလို့မရတာကို မြင်ခဲ့ရတယ်။ လင်လင်ကကျတော့၊ သူ့ဂုဏ်သတင်းနဲ့ အဆင့်အတန်းမှာပဲ အာရုံရောက်နေပြီး၊ သူ့တာဝန်သူထမ်းဆောင်ဖို့ စိတ်မပါဘူး။ သူတို့မှာရှိတဲ့ ဒီပြဿနာတွေကို ကျွန်မ သတိထားမိခဲ့တယ်။ ဒါပေမဲ့ ကျွန်မတို့က မနက်ကနေ ညအထိ နေ့တိုင်း အတူတူရှိနေပြီး တစ်ချိန်လုံး တစ်ယောက်နဲ့တစ်ယောက် တွေ့နေရတာကို ထည့်စဉ်းစားကြည့်တော့၊ သူတို့ပြဿနာတွေကို ထောက်ပြလိုက်တာက ကျွန်မကို အကြင်နာတရားမဲ့တယ်၊ အရမ်းကြမ်းတမ်းတယ်၊ သူတို့အခက်အခဲတွေကို မစာနာဘူးလို့ သူတို့ ထင်သွားစေပြီး ကျွန်မအပေါ် မလိုမုန်းထားစိတ်ဖြစ်သွားမှာ မဟုတ်ဘူးလား။ နောင်ကျရင် သူတို့နဲ့ အဆင်ပြေဖို့ ခက်သွားမှာကို စိုးရိမ်လို့၊ ကျွန်မက သူတို့ပြဿနာတွေရဲ့ သဘာဝနဲ့ အကျိုးဆက်တွေကို မီးမောင်းထိုးမပြခဲ့ဘူး။ တကယ်တော့ သူများတွေက ကိုယ့်ပြဿနာတွေကို ထောက်ပြတာက ပုံမှန်ပါပဲ။ သမ္မာတရားကို တကယ်လက်ခံတဲ့သူတွေဆိုရင် အဲဒီလို ပြုပြင်ပေးတာတွေကိုအခြေခံပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်မယ်၊ ကိုယ့်ပြဿနာတွေကို သိမြင်ပြီး နောင်တရပြီး၊ ကိုယ့်ကိုယ်ကိုယ် ပြုပြင်ပြောင်းလဲနိုင်ကြမှာပဲ။ ဒါက သူတို့အတွက် တကယ့်အကူအညီဖြစ်တယ်။ ဒါပေမဲ့ ကျွန်မက လှည့်ဖြားတတ်တဲ့ စိတ်သဘောထားနဲ့ အသက်ရှင်နေခဲ့ပြီး၊ သူတို့တာဝန်တွေမှာ အသင်းတော်အလုပ်ကို ထိခိုက်စေတဲ့ ပြဿနာတွေကို သတိထားမိတဲ့အခါ ကျွန်မလုပ်ခဲ့တာဆိုလို့ အချုပ်ပြောပြခဲ့တာပဲ ရှိတယ်။ နောက်ဆုံးမှာ သူတို့တွေ ဖြုတ်ချခံရတဲ့အခါ၊ ကျွန်မက ဒါဟာ သူတို့ကိုယ်တိုင်က သမ္မာတရားကို မလိုက်စား၊ မကြိုးစားလို့ဖြစ်ရတာဆိုပြီး လိပ်ပြာလုံလုံနဲ့တောင် တွေးခဲ့သေးတယ်။ ကိုယ့်ပြဿနာတွေကိုတော့ လုံးဝ မဆင်ခြင်မသုံးသပ်ခဲ့ဘူး။ ကျွန်မ အရမ်းကို တစ်ကိုယ်ကောင်းဆန်လွန်းပြီး လှည့်ဖြားတတ်ခဲ့တာပါလား။

အဲဒီနောက်မှာ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဆက်ပြီး ဆင်ခြင်သုံးသပ်ခဲ့တယ်။ ကျွန်မ လုပ်ဖော်ကိုင်ဖက်တွေမှာ ကျွန်မမြင်တဲ့ ပြဿနာတွေကို ဘာကြောင့် အမြဲတမ်း ညင်ညင်သာသာပဲ ပြောပြီး၊ သူတို့ပြဿနာတွေကို တိုက်ရိုက် မဖော်ထုတ်နိုင်ခဲ့ရတာလဲ။ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ “‘မိတ်ဆွေကောင်းများ၏ အပြစ်များအပေါ် နှုတ်ဆိတ်နေပေးခြင်းသည် ကြာရှည်၍ ကောင်းမွန်သော ခင်မင်မှုကို ဖြစ်စေ၏’ ဆိုသော လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်တွင် ယုံကြည်မှုတစ်ခုရှိသည်။ ဤသည်မှာ မိတ်ဆွေကောင်းဆက်ဆံရေးကို ထိန်းသိမ်းရန်အတွက် မိမိတို့မိတ်ဆွေ၏ ပြဿနာများကို ရှင်းရှင်းလင်းလင်း မြင်လျှင်ပင် နှုတ်ဆိတ်နေရမည်ဟု ဆိုလိုသည်။ သူတစ်ပါးတို့၏ မျက်နှာကို မရိုက်ခြင်း သို့မဟုတ် သူတစ်ပါးတို့၏အားနည်းချက်များကို မဖော်ခြင်းဟူသော စည်းမျဉ်းများအတိုင်း လိုက်နာကြသည်။ ၎င်းတို့သည် အချင်းချင်း လှည့်စားကြသည်။ အချင်းချင်း ဖုံးကွယ်ကြပြီး အချင်းချင်း လျှို့ဝှက်ကြံစည်မှု ပြုလုပ်ကြသည်။ အခြားလူမှာ မည်သို့သောသူမျိုး ဖြစ်သည်ကို အလွန်ပင် ရှင်းလင်းစွာ သိသော်လည်း တဲ့တိုးမပြောကြဘဲ မိမိတို့၏ ဆက်ဆံရေးကို ထိန်းသိမ်းရန် ဉာဏ်များသော နည်းလမ်းများကို အသုံးချကြသည်။ ဤသို့သော ဆက်ဆံရေးများကို အဘယ်ကြောင့် ထိန်းသိမ်းချင်သနည်း။ ဤလူ့အဖွဲ့အစည်း၊ မိမိ၏အဖွဲ့အတွင်းတွင် ရန်သူများရှိအောင် မပြုလုပ်လိုခြင်းဖြစ်သည်။ ထိုသို့ပြုလုပ်လျှင် မိမိကိုယ်ကို အန္တရာယ်ရှိသော အခြေအနေများ ကျရောက်စေခြင်း ဖြစ်သည်ဟု ဆိုလိုပေမည်။ တစ်စုံတစ်ဦးကို သူ၏ အားနည်းချက်များအား သင်ဖော်ပြီးနောက်၊ သို့မဟုတ် သူ့ကို နာကျင်အောင် လုပ်ပြီးနောက် ထိုသူသည် သင်၏ ရန်သူဖြစ်လာပြီး သင့်ကို အန္တရာယ်ပြုမည်ကို သိကာ သင်သည် ထိုအခြေအနေသို့ မကျရောက်လိုပါက ‘သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်’ ဟု ဆိုသည့် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ် ယုံကြည်မှုကို သင် အသုံးချသည်။ ဤအရာအရ လူနှစ်ယောက်သည် ဤသို့သော ဆက်ဆံရေးတွင်ရှိလျှင် စစ်မှန်သည့်မိတ်ဆွေများအဖြစ် အကျုံးဝင်သလော။ (မဝင်ပါ။) အချင်းချင်း၏ ယုံကြည်ရသူဖြစ်ဖို့မဆိုထားနှင့်၊ စစ်မှန်သော မိတ်ဆွေများမဟုတ်ပေ။ ဤသို့ဆိုလျှင် ဤသည်မှာ အတိအကျ မည်သည့်ဆက်ဆံရေးမျိုးဖြစ်သနည်း။ အခြေခံ လူမှုဆက်ဆံရေးတစ်ခု မဟုတ်သလော။ (ဟုတ်ပါသည်။) ဤသို့သော လူမှုဆက်ဆံရေးများတွင် လူတစ်ဦးနှင့် တစ်ဦးကြား ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးခြင်းများကို မလုပ်ဆောင်နိုင်သကဲ့သို့ လေးနက်သော ဆက်သွယ်မှုကို မရနိုင်ပေ။ ၎င်းတို့ ဆန္ဒရှိသလို မပြောနိုင်ပေ။ ၎င်းတို့၏ စိတ်နှလုံးတွင်ရှိသောအရာ၊ သို့မဟုတ် သူတစ်ပါးတို့တွင် ၎င်းတို့မြင်သော ပြဿနာများ၊ သို့မဟုတ် သူတစ်ပါးတို့အတွက် အကျိုးဖြစ်မည့်စကားများကို ၎င်းတို့ ထုတ်မပြောနိုင်ပေ။ ထိုအစား အခြားသူများ၏ မျက်နှာသာပေးခြင်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ ကြားကောင်းသော စကားများကို ရွေးပြောသည်။ အခြားသူများက ၎င်းတို့အပေါ် ရန်လိုသောအတွေးများ မဖြစ်လာစေရန် တားဆီးဖို့အလို့ငှာ ၎င်းတို့သည် အမှန်တရားအကြောင်း မပြောရဲကြပေ၊ သို့မဟုတ် စည်းမျဉ်းများကို မစောင့်ထိန်းရဲကြပေ။ တစ်စုံတစ်ဦးကို မည်သူကမျှ မခြိမ်းခြောက်နေသောအခါ ထိုသူသည် အတော်အတန် သက်သာ၊ အေးချမ်းစွာဖြင့် အသက်ရှင်ရသည် မဟုတ်လော။ ‘သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်’ ဆိုသည့်ဆိုရိုးကို အားပေးမြှင့်တင်ဖို့မှာ လူတို့၏ ပန်းတိုင်မဟုတ်သလော။ (ဟုတ်ပါသည်။) ဤသည်မှာ မိမိကိုယ်ကို ထိန်းသိမ်းခြင်းသည် ပန်းတိုင်ဖြစ်သော သတိထားရှောင်ခြင်း နည်းလမ်းတစ်မျိုးဖြင့် စဉ်းလဲပြီး လှည့်စားတတ်သည့် ရှင်သန်မှု နည်းလမ်းတစ်ခု ဖြစ်သည်မှာ ရှင်းသည်။ ဤသို့အသက်ရှင်ရာတွင် ယုံကြည်ရသူ မရှိပေ။ သူတို့နှစ်သက်သည့်အရာ မှန်သမျှကို ပြောနိုင်သည့် ရင်းနှီးသောမိတ်ဆွေများမရှိပေ။ လူတို့ကြားတွင် တစ်ဦးချင်းစီက ၎င်းတို့ လိုအပ်သည့်အရာကို ထိုပေါင်းသင်းဆက်ဆံရေးမှ ယူဆောင်ခြင်းဖြင့် အပြန်အလှန် သတိထားရှောင်ခြင်း၊ အပြန်အလှန် အသုံးချခြင်းနှင့် အပြန်အလှန် ကျိတ်ကြံစည်ခြင်းများ ရှိကြသည်။ ဤသို့မဟုတ်သလော။ ဤအရာ၏ အရင်းအမြစ်တွင် ‘သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်’ ဆိုသည့် ပန်းတိုင်သည် သူတစ်ပါးတို့အား စိတ်ဆိုးအောင်ပြုလုပ်ပြီး ရန်သူများဖြစ်စေခြင်းကို တားဆီးရန်၊ မည်သူ့ကိုမျှ မထိခိုက်စေခြင်းအားဖြင့် မိမိကိုယ်ကို ကာကွယ်ရန်ဖြစ်သည်။ ဤသည်မှာ မိမိကိုယ်ကိုမထိခိုက်အောင် ထိန်းသိမ်းရန် အကြင်သူ ခံယူသည့် နည်းပရိယာယ်နှင့် နည်းလမ်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၈)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မကို ရှင်းရှင်းလင်းလင်း မြင်စေခဲ့တယ်၊ တခြားလူတွေနဲ့ ကျွန်မ တွဲလုပ်တာ၊ ပေါင်းသင်းဆက်ဆံတာတွေက စာတန်ရဲ့ လောကီဆိုင်ရာ ဆက်ဆံမှုအတွက် အတွေးအခေါ်ဖြစ်တဲ့ “မိတ်ဆွေကောင်းများ၏အပြစ်များအပေါ် နှုတ်ဆိတ်နေပေးခြင်းသည် ကြာရှည်၍ ကောင်းမွန်သော ခင်မင်မှုဖြစ်စေ၏” နဲ့ “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုတာတွေရဲ့ ချည်နှောင်မှုကို ခံနေရတယ်။ ကျွန်မက တခြားလူတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တတ်ဖို့ သင်ယူရမယ်လို့ ယုံကြည်ခဲ့တယ်။ တခြားသူတွေရဲ့ ပြဿနာတွေကို ဖော်ထုတ်တာက သူတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေပြီး၊ ကျွန်မအပေါ် အမြင်စောင်းသွားစေနိုင်တယ်၊ သူတို့နဲ့ ရန်သူဖြစ်စေပြီး၊ ကိုယ့်ကိုယ်ကိုယ် အနေရခက်တဲ့ အခြေအနေမှာ ရောက်စေနိုင်တယ်။ အကျိုးဆက်အနေနဲ့ တခြားသူတွေရဲ့ ပြဿနာတွေကို ကျွန်မ မဖော်ထုတ်ရဲခဲ့ဘူး။ ပြန်စဉ်းစားကြည့်တော့ ကျွန်မက ငယ်ဘဝကတည်းက ဒီလောကီဆိုင်ရာ ဆက်ဆံမှုအတွက် အတွေးအခေါ်တွေနဲ့ အသက်ရှင်ခဲ့ပြီး၊ တခြားလူတွေ စိတ်အနှောင့်အယှက်ဖြစ်မှာစိုးလို့ သူတို့မှာ ကျွန်မမြင်တဲ့ ပြဿနာတွေကို ဘယ်တော့မှ တိုက်ရိုက်မထောက်ပြခဲ့ဘူး။ ကျွန်မက လူတွေနဲ့ အပေါ်ယံမှာ အဆင်ပြေတဲ့ပုံစံရှိပြီး လူတွေကြားမှာ ဆက်ဆံရေးကို ထိန်းသိမ်းခဲ့တယ်။ ဒီလို တခြားလူတွေနဲ့ ပေါင်းသင်းဆက်ဆံတာက အပေါ်ယံမှာ ဘယ်သူ့ကိုမှ စိတ်အနှောင့်အယှက်မဖြစ်စေခဲ့ပေမဲ့၊ တခြားသူတွေနဲ့ စစ်မှန်တဲ့ ပြောဆိုဆက်ဆံမှုကို တားဆီးခဲ့ပြီး ကျွန်မတို့ကြားမှာ အမြဲတမ်း အတားအဆီးတစ်ခုလို ဖြစ်နေခဲ့တယ်။ ရလဒ်အနေနဲ့ ကျွန်မမှာ တကယ် ရင်ဖွင့်လို့ရတဲ့သူတွေ မရှိခဲ့ဘူး။ အသင်းတော်ထဲမှာ ဒီအတွေးအခေါ်တွေနဲ့ ကျွန်မ ဆက်ပြီး ခံယူနေထိုင်ခဲ့တယ်။ ရှောင်ကျန်းနဲ့ လင်လင်တို့နဲ့ အတူတူလက်တွဲလုပ်ဆောင်တဲ့အခါ၊ သူတို့တွေက ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေနဲ့ အသက်ရှင်နေပြီး သူတို့ရဲ့ တာဝန်တွေမှာ ဝန်တာထားတဲ့စိတ်မရှိတာကို ကျွန်မ မြင်ခဲ့တယ်။ သူတို့ပြဿနာတွေကို ထောက်ပြလိုက်ရင် သူတို့ရဲ့စိတ်ကို ထိခိုက်စေပြီး ကျွန်မက မစာနာတတ်ဘူးလို့ ထင်သွားမှာကို စိုးရိမ်ခဲ့လို့၊ ကိုယ့်ရဲ့သိမြင်မှုတွေကို နှုတ်ဆိတ်နေခဲ့ပြီး သူတို့တွေကို သူတို့ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေနဲ့ အသက်ရှင်ခွင့်ပေး၊ သူတို့ရဲ့ တာဝန်တွေကို နှောင့်နှေးခွင့်ပြုခဲ့ရာကနေ၊ နောက်ဆုံးမှာ သူတို့ ဖြုတ်ချခံခဲ့ရတဲ့အထိ ဖြစ်သွားခဲ့တယ်။ ကျွန်မက “မိတ်ဆွေကောင်းများ၏အပြစ်များအပေါ် နှုတ်ဆိတ်နေပေးခြင်းသည် ကြာရှည်၍ ကောင်းမွန်သော ခင်မင်မှုဖြစ်စေ၏” နဲ့ “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုတဲ့ လောကီဆိုင်ရာ ဆက်ဆံမှုအတွက် အတွေးအခေါ်တွေကို အပြုသဘောဆောင်တဲ့အရာတွေလို့ မှတ်ယူခဲ့ဖူးတယ်။ ဒီလိုလုပ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် တခြားသူတွေနဲ့ ရန်သူမဖြစ်အောင် ကာကွယ်နိုင်ပြီး ဒါက လိမ္မာပါးနပ်တဲ့ လုပ်ရပ်တစ်ခုလို့ တွေးခဲ့တယ်။ အခုမှပဲ ကျွန်မ သဘောပေါက်တော့တယ်၊ ဒီလောကီဆိုင်ရာ ဆက်ဆံမှုတွေအတွက် အတွေးအခေါ်တွေအတိုင်း အသက်ရှင်နေထိုင်ခြင်းက၊ ဘယ်သူ့ကိုမှ စိတ်အနှောင့်အယှက်ဖြစ်အောင်မလုပ်ဘဲ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်ပြေအောင်နေတဲ့ပုံစံရှိနိုင်ပေမဲ့ ကျွန်မက လွန်လွန်ကဲကဲ တစ်ကိုယ်ကောင်းဆန်ပြီး လှည့်ဖြားတတ်လာခဲ့တယ်။ တခြားသူတွေနဲ့ ကျွန်မရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ပေါင်းသင်းဆက်ဆံမှုတွေက အရမ်းကို အေးစက်လာပြီး၊ သူတို့ရဲ့ အသက်ဝင်ရောက်မှုအတွက် အကျိုးကျေးဇူးတစ်စုံတစ်ရာ မဖြစ်စေခဲ့တဲ့အပြင်၊ အသင်းတော်အလုပ်ကိုလည်း ထိခိုက်ပျက်စီးစေခဲ့တယ်။ လောကီဆိုင်ရာ ဆက်ဆံမှုတွေအတွက် အတွေးအခေါ်တွေနဲ့ အသက်ရှင်နေတာက တခြားသူတွေနဲ့ ကိုယ့်ကိုယ်ကိုယ်ကို ထိခိုက်စေရုံတင်မကဘဲ အဓိကအနေနဲ့ အသင်းတော်အလုပ်ကို ထိခိုက်စေတာကို မြင်လိုက်ရတော့ ဒါက တကယ်ကို လျှောက်လှမ်းဖို့ကောင်းတဲ့လမ်းကြောင်းတစ်ခု မဟုတ်ဘူးဆိုတာကို ကျွန်မ သဘောပေါက်ခဲ့တယ်။

နောက်ပိုင်းမှာ ကျွန်မ ဆက်ပြီး ဆင်ခြင်သုံးသပ်ရင်းနဲ့၊ လူ့အကြိုက်လိုက်သူတစ်ယောက်ဖြစ်ဖို့ ကြိုးစားတဲ့အခါ ကျွန်မစိတ်ထဲမှာ နောက်ထပ်မှားယွင်းတဲ့ ရှုထောင့်တစ်ခုရှိနေသေးတာကို သဘောပေါက်ခဲ့တယ်။ လုပ်ဖော်ကိုင်ဖက်တချို့ ဖြုတ်ချခံရတာက သူတို့ကိုယ်တိုင် သမ္မာတရားကို မလိုက်စားလို့ဖြစ်ရတာ၊ ကျွန်မနဲ့ ဘာမှမဆိုင်ဘူးလို့ ကျွန်မ တွေးခဲ့တယ်။ ဒါကြောင့် သူတို့ ဖြုတ်ချခံရတဲ့အခါ ကျွန်မ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ် မဝင်ခဲ့ဘူး။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ “ပူးပေါင်းလုပ်ဆောင်ခြင်းဆိုသည်မှာ အဘယ်နည်း။ အမှုကိစ္စများကို တစ်ယောက်နှင့်တစ်ယောက် ဆွေးနွေးနိုင်ရမည်။ ပြီးလျှင် အမြင်များ၊ ထင်မြင်ချက်များကို ဖော်ပြနိုင်ရမည်။ တစ်ယောက်ကိုတစ်ယောက် ဖြည့်စွက်ပြီး ကြီးကြပ်ရမည်။ တစ်ယောက်ထံမှတစ်ယောက် ရှာဖွေရမည်။ တစ်ယောက်နှင့်တစ်ယောက် စုံစမ်းမေးမြန်းရမည်။ တစ်ယောက်ကိုတစ်ယောက် လှုံ့ဆော်ရမည်။ ဤသည်မှာ သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ခြင်း ဟူသည့်အရာ ဖြစ်သည်။ ဥပမာ သင်က တစ်စုံတစ်ခုကို သင့်စိတ်ဆန္ဒအတိုင်း ကိုင်တွယ်ခဲ့ပြီး လူတစ်ယောက်က ‘သင်လုပ်သည်မှာ မှားသည်။ စည်းမျဉ်းနှင့် လုံးဝ ဆန့်ကျင်သည်။ သမ္မာတရားကို မရှာဘဲ သင်အလိုရှိသလို အဘယ်ကြောင့် ကိုင်တွယ်ခဲ့သနည်း’ ဟု ပြောသည်ဆိုပါစို့။ ဤအရာကို သင်က ‘မှန်သည်။ သင် ကျွန်ုပ်ကို သတိပေးခဲ့သည်ကို ကျွန်ုပ် ဝမ်းသာသည်။ သင် သတိမပေးခဲ့လျှင် ဘေးဒုက္ခဖြစ်မည့် သဘောသက်ရောက်လိမ့်မည်’ ဟု ဆိုသည်။ ဤသည်မှာ တစ်ယောက်အပေါ်တစ်ယောက် လှုံ့ဆော်ပေးခြင်း ဖြစ်သည်။ ဤသို့ဆိုလျှင် တစ်ယောက်အပေါ်တစ်ယောက် ကြီးကြပ်ခြင်း ဟူသည်မှာ အဘယ်နည်း။ လူတိုင်း၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုရှိသည်။ မိမိတို့တာဝန်တွင် ဝတ်ကျေတမ်းကျေဆန်နိုင်သည်။ မိမိတို့၏ ကိုယ်ပိုင်အဆင့်အတန်းနှင့် မာနကို ကာကွယ်ပေးပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်မပေးပေ။ လူတိုင်းတွင် ဤသို့သော အခြေအနေများရှိသည်။ လူတစ်ယောက်၌ ပြဿနာတစ်ခုရှိသည်ကို သင်သိရလျှင် သူနှင့် မိတ်သဟာယဖွဲ့ရန် ဦးဆောင်လှုပ်ရှားသင့်ပြီး သူ့တာဝန်ကို စည်းမျဉ်းနှင့်အညီ လုပ်ဆောင်ရန် သတိပေးသင့်သည်။ တစ်ချိန်တည်းတွင်ပင် သင့်ကိုယ်သင့်လည်း သတိပေးချက်တစ်ခုအဖြစ် ဖြစ်စေသင့်သည်။ ဤသည်မှာ အပြန်အလှန် ကြီးကြပ်ခြင်း ဖြစ်သည်။ အပြန်အလှန် ကြီးကြပ်ခြင်းက မည်သည့်တာဝန်ကို လုပ်ဆောင်သနည်း။ ယင်းသည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ရန်နှင့် လမ်းမှားကို လူများလိုက်မလျှောက်ဖို့ လုပ်ဆောင်ရန်လည်း ရည်ရွယ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည် (အပိုင်း ၁)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို နားလည်စေခဲ့တာကတော့၊ အသင်းတော်က လူအချို့ကို အတူတကွအလုပ်လုပ်ဖို့ စီစဉ်ပေးတာဟာ၊ တစ်ယောက်ရဲ့ အားသာချက်နဲ့ အားနည်းချက်တွေကို တစ်ယောက်က ဖြည့်ဆည်းပေးဖို့၊ အချင်းချင်း သတိပေးကြပ်မတ်ဖို့အတွက်ပဲ။ အထူးတလည်အနေနဲ့ တစ်စုံတစ်ယောက်က အလုပ်ကိုထိခိုက်စေတဲ့ မှားယွင်းတဲ့အခြေအနေမှာ အသက်ရှင်နေတာကို မြင်တဲ့အခါ၊ ကျွန်မတို့က သူတို့ကို သတိပေး၊ ကူညီ၊ ဒါမှမဟုတ် ပြုပြင်သင့်တယ်။ သူတို့ကို အသင်းတော်အလုပ်မှာ ဆုံးရှုံးမှုတွေ ဖြစ်စေမယ့် လမ်းမှားမလျှောက်မိအောင် တားဆီးဖို့ပေါ့။ ဒီလိုလုပ်တာက အသင်းတော်ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်တာဖြစ်ပြီး ဒါဟာ ကျွန်မတို့ရဲ့ တာဝန်လည်းဖြစ်တယ်။ ကျွန်မက ညီအစ်မတချို့နဲ့ တွဲလုပ်ပြီး၊ သူတို့တွေ သူတို့အလုပ်ကိုထိခိုက်စေတဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေနဲ့ အသက်ရှင်နေတာကို မြင်ခဲ့တုန်းက၊ သူတို့ကို မိတ်သဟာယဖွဲ့ပြီး ကူညီဖို့ ရှေ့ထွက်ခဲ့သင့်တယ်၊ လိုအပ်ရင် သူတို့ကို ဖော်ထုတ်ပြီး ပြုပြင်ခဲ့သင့်တယ်။ တကယ်လို့ သူတို့က သမ္မာတရားကို လက်ခံတဲ့လူတွေဆိုရင်၊ ဒီမိတ်သဟာယဖွဲ့ခြင်းနဲ့ ဖော်ထုတ်ခြင်းကတစ်ဆင့် သူတို့ရဲ့ကိုယ်ပိုင်ပြဿနာတွေကို သူတို့ သိမြင်နိုင်ခဲ့မှာပဲ၊ သူတို့ကိုယ်သူတို့ အချိန်မီ ပြုပြင်ပြောင်းလဲပြီး သူတို့အသက်တာမှာ ဆုံးရှုံးမှုမခံရအောင် ချက်ချင်း တားဆီးနိုင်ခဲ့မှာပဲ။ သူတို့အခြေအနေကို ပြုပြင်ပြောင်းလဲပြီးနောက်မှာ သူတို့တာဝန်တွေကိုလည်း ပိုကောင်းအောင် ထမ်းဆောင်နိုင်ခဲ့မှာပဲ။ တကယ်လို့ သူတို့က သမ္မာတရားကို လက်မခံခဲ့ရင်၊ တကယ်လို့ သူတို့က သမ္မာတရားကို လက်မခံခဲ့ရင်၊ သူတို့ကို ကျွန်မ မိတ်သဟာယဖွဲ့ပြီး ကူညီခြင်းက ကိုယ့်တာဝန်ကို ဖြည့်ဆည်းပြီးသားဖြစ်မှာမလို့ ကိုယ့်ရဲ့ လိပ်ပြာသန့်နေခဲ့မှာပဲ။ နောက်ပိုင်းမှာ၊ ကျွန်မ သိလိုက်ရတာက ရှောင်ကျန်းနဲ့ လင်လင်တို့ဟာ ဖြုတ်ချခံရပြီးနောက်မှာ ဆင်ခြင်သုံးသပ်ပြီး သူတို့ပြဿနာတွေကို သိမြင်လာခဲ့ကြတယ်၊ နောက်တော့ တာဝန်တွေကို ပြန်ထမ်းဆောင်ခဲ့ကြတယ်တဲ့။ ဒါက သူတို့ဟာ သမ္မာတရားကို လက်မခံတဲ့လူတွေမဟုတ်ဘဲ၊ အချိန်အတိုင်းအတာတစ်ခုအထိ ဖောက်ပြန်ပျက်စီးတဲ့ အခြေအနေမှာ အသက်ရှင်ပြီး လမ်းမှားလျှောက်နေခဲ့တာကို ပြနေတယ်။ ဒါပေမဲ့ ကျွန်မက သူတို့ကို ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေရဲ့ ချည်နှောင်မှုကို ခံနေရပြီး၊ အသင်းတော်အလုပ်ကို ထိခိုက်စေတာကို မိတ်သဟာယဖွဲ့ပြီး မကူညီဘဲ ဒီအတိုင်း ရပ်ကြည့်နေခဲ့တယ်။ ကျွန်မ တကယ်ကို တာဝန်မဲ့ခဲ့တာပါလား။

ကျွန်မက တခြားသူတွေနဲ့ ကောင်းကောင်း အဆင်ပြေနိုင်ပြီး လူတွေကို ဖိနှိပ်ဖို့၊ နှိပ်စက်ဖို့ သိသိသာသာ ဘာမှမလုပ်ခဲ့ဘူးလို့ တွေးခဲ့ဖူးတယ်။ ဒါကြောင့် ကိုယ့်လူ့သဘာဝက အတော်လေးကောင်းတယ်လို့ ယုံကြည်ခဲ့တယ်။ ဒါပေမဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်လိုက်တော့မှ ကိုယ့်ကိုယ်ကိုယ် နားလည်မှုတချို့ ရလာခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ထပ်ပြီးဖတ်ခဲ့တယ်။ “ကောင်းမွန်သော လူ့သဘာဝ ရှိခြင်းအတွက် စံနှုန်းရှိရမည်။ ယင်းသည် အလယ်အလတ်လမ်းကြောင်းကို လျှောက်လှမ်းခြင်း၊ အခြေခံသဘောတရားများကို မလိုက်နာခြင်း၊ မည်သူကိုမျှ စိတ်အနှောင့်အယှက်မဖြစ်စေဖို့ ကြိုးပမ်းအားထုတ်မှု၊ သင် သွားသည့် နေရာတိုင်းတွင် မျက်နှာလို မျက်နှာရ လုပ်ခြင်း၊ သင် တွေ့ဆုံသည့် လူတိုင်းကို ပြေပြစ်စွာ ဆက်ဆံခြင်းနှင့် လူတိုင်းကို သင့်အား အကောင်းပြောစေခြင်းတို့ မပါဝင်ပေ။ ဤသည်မှာ စံနှုန်းမဟုတ်။ ထိုသို့ဆိုလျှင် မည်သည်မှာ စံနှုန်းဖြစ်သနည်း။ ဘုရားသခင်နှင့် သမ္မာတရားကို ကျိုးနွံနာခံနိုင်ခြင်း ဖြစ်သည်။ မိမိ၏တာဝန်၊ လူ၊ ဖြစ်ရပ်၊ အမှုအရာမျိုးစုံတို့ကို စည်းမျဉ်းများနှင့် တာဝန်သိစိတ်တို့ဖြင့် ချဉ်းကပ်ခြင်း ဖြစ်သည်။ ဤသည်မှာ အားလုံးမြင်နိုင်လောက်အောင် ရိုးရှင်းပေသည်။ လူတိုင်းက မိမိတို့၏စိတ်နှလုံးထဲတွင် ဤအရာနှင့်ပတ်သက်၍ ရှင်းလင်းကြသည်။ ထို့အပြင် ဘုရားသခင်က လူများ၏ စိတ်နှလုံးများကို စိစစ်ပြီး ၎င်းတို့၏အခြေအနေ တစ်ခုချင်းစီတိုင်းကို သိသည်။ ၎င်းတို့ မည်သူဖြစ်ပါစေ၊ မည်သူမျှ ဘုရားသခင်ကို မလှည့်စားနိုင်ပေ။ အချို့သော လူတို့သည် ကောင်းမွန်သော လူ့သဘာဝကို ၎င်းတို့ ပိုင်ဆိုင်ကြကြောင်း၊ ၎င်းတို့သည် အခြားသူများအကြောင်း မည်သည့်အခါမျှ မကောင်းမပြောကြောင်း၊ အခြားမည်သူမဆို၏ အကျိုးစီးပွားများကို မည်သည့်အခါမျှ မထိခိုက်စေကြောင်း အမြဲ ကြွားဝါကြပြီး အခြားသူများ၏ ပိုင်ဆိုင်မှုကို ၎င်းတို့ မည်သည့်အခါမျှ ငမ်းငမ်းတက်မလိုချင်ဖူးကြောင်း အခိုင်အမာ ပြောဆိုကြလေသည်။ အကျိုးစီးပွားနှင့်ပတ်သက်၍ ငြင်းခုံမှုဖြစ်သည့်အခါတွင် အခြားသူများကို အခွင့်ကောင်းယူခြင်းထက် ၎င်းတို့သာ ဆုံးရှုံးနစ်နာခံပြီး လူတိုင်းက သူတို့ကို လူကောင်းများဟု ထင်သည်ကို နှစ်သက်လေသည်။ သို့သော် ဘုရားသခင်၏ အိမ်တော်ထဲ၌ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်နေချိန်တွင်၊ ၎င်းတို့သည် အစဉ် မိမိတို့ကိုယ်တိုင်အတွက် ကြံစည်လျက်၊ ဉာဏ်များကာ စိတ်မချရပေ။ ၎င်းတို့သည် မည်သည့်အခါတွင်မျှ ဘုရားသခင့်အိမ်တော်၏ အကျိုးကျေးဇူးများကို မတွေးကြ၊ ဘုရားသခင်က အရေးတကြီးဖြစ်သည်ဟု သဘောထားသောအရာကို အရေးတကြီးဖြစ်သည်ဟု ၎င်းတို့ လုံးဝ သဘောမထားကြ သို့မဟုတ် ဘုရားသခင် တွေးသကဲ့သို့ မတွေးကြပေ၊ ပြီးလျှင် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရန် ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများကို လုံးဝ ဘေးမဖယ်ထားနိုင်ကြပေ။ ၎င်းတို့၏ အကျိုးစီးပွားများကို ၎င်းတို့ လုံးဝ မစွန့်လွှတ်ကြချေ။ ဆိုးယုတ်သောလူများက မကောင်းမှု ကျူးလွန်နေကြသည်ကို ၎င်းတို့ မြင်သည့်အချိန်တွင်ပင်၊ ထိုသူတို့ကို မဖော်ထုတ်ကြချေ။ ၎င်းတို့သည် မည်သည့်အခြေခံစည်းမျဉ်းများ တစ်ခုတလေမျှ မရှိကြပေ။ ဤသည်မှာ မည်သည့် လူ့သဘာဝမျိုးဖြစ်သနည်း။ ကောင်းသောလူ့သဘာဝမဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ စိတ်နှလုံးကို ဘုရားသခင်အား ပေးအပ်ရာတွင် မိမိသည် သမ္မာတရားကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ သဘောပေါက်ခဲ့တာကတော့၊ တကယ်ကို ကောင်းမွန်တဲ့ လူ့သဘာဝရှိတဲ့သူဟာ ဘုရားသခင်အပေါ် ရိုးသားတဲ့စိတ်နှလုံးရှိတယ်၊ ညီအစ်ကိုမောင်နှမတွေအပေါ် ချစ်ခြင်းမေတ္တာရှိတယ်၊ တခြားသူတွေနဲ့ စည်းမျဉ်းတွေနဲ့အညီ ပူးပေါင်းဆောင်ရွက်တယ်၊ ရပ်တည်ချက်ရှိပြီး၊ တစ်စုံတစ်ယောက်က အသင်းတော်အလုပ်ကို နှောင့်ယှက်တာ၊ ထိခိုက်စေတာကို မြင်တဲ့အခါ အဲဒါကို ဖော်ထုတ်ဖို့နဲ့ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက် ရပ်တည်နိုင်တယ်ဆိုတာပါပဲ။ ဒါပေမဲ့ လူတွေနဲ့ ဆက်ဆံရေးတွေ ထိန်းသိမ်းဖို့အတွက်၊ တခြားသူတွေ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေနဲ့ အသက်ရှင်ပြီး လမ်းမှားလျှောက်နေတာကို မြင်ပေမဲ့ သူတို့ကို ကူညီဖို့ မိတ်သဟာယမဖွဲ့ခဲ့ဘူး၊ ဒါကြောင့် အလုပ်ကို ဆုံးရှုံးမှုတချို့ ဖြစ်စေခဲ့တယ်။ အခုမှပဲ ကျွန်မရဲ့ လူ့သဘာဝက တကယ်ကို မကောင်းဘူးဆိုတာကို ရှင်းရှင်းလင်းလင်း မြင်လာပြီး၊ ခေါင်းဆောင်ရဲ့ အကဲဖြတ်ချက်ကို ကျွန်မ စိတ်နှလုံးထဲကနေ စိတ်ရင်းနဲ့ လက်ခံနိုင်ခဲ့တယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်၊ ဒါက လူ့အကြိုက်လိုက်သူဖြစ်ခြင်းရဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် လက်တွေ့လုပ်ဆောင်ရမယ့် လမ်းကြောင်းကို ပေးထားပါတယ်။ ဘုရားသခင်က ပြောသည် “လူ့အကြိုက်လိုက်သူတစ်ဦး၏ ရည်ရွယ်ချက်နှင့် ရှုထောင့်အမြင် သင့်တွင် ရှိလျှင်၊ အခြေအနေအားလုံးတွင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်မည်မဟုတ်ပေ၊ သို့မဟုတ် စည်းမျဉ်းများကို စောင့်ထိန်းမည် မဟုတ်ပေ၊ ပြီးလျှင် သင်သည် အစဉ် ကျရှုံးပြီး လဲကျလိမ့်မည်။ သင်သည် အသိတရားမရပါက၊ မည်သည့်အခါမျှ သမ္မာတရားကို မရှာဖွေပါက သင်သည် မယုံကြည်သူတစ်ဦးဖြစ်ပြီး သမ္မာတရားနှင့် အသက်တို့ကို မည်သည့်အခါမျှ ရရှိလိမ့်မည် မဟုတ်ချေ။ သို့ဆိုလျှင် သင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ထိုသို့သောအမှုအရာများနှင့် တွေ့ကြုံရသည့်အခါတွင် သင်သည် ဘုရားသခင်ထံ ဆုတောင်းပြီး အော်ခေါ်ကာ သူ၏ ကယ်တင်ခြင်းအတွက် တောင်းလျှောက်ရမည်။ သင့်အား ယုံကြည်ခြင်းနှင့် ခွန်အားကို ပေးရန်လည်းကောင်း၊ သင့်အား စည်းမျဉ်းများကို စောင့်ထိန်းစေနိုင်ရန်လည်းကောင်း၊ သင်လုပ်သင့်သည့်အရာကို လုပ်ဆောင်နိုင်စေရန်လည်းကောင်း၊ စည်းမျဉ်းများနှင့်အညီ အမှုအရာများကို ကိုင်တွယ်နိုင်စေရန်လည်းကောင်း၊ သင်ရပ်တည်သင့်သည့်နေရာတွင် ခိုင်မြဲစွာ ရပ်တည်နိုင်စေရန်လည်းကောင်း၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်နိုင်စေရန်လည်းကောင်း၊ ဘုရားအိမ်တော်၏ အလုပ်ကို ဆုံးရှုံးမှုတစ်ခုတလေ ခံစားရခြင်းမှ တားဆီးနိုင်စေရန်လည်းကောင်း တောင်းလျှောက်ရမည်။ သင်သည် မိမိ၏ ကိုယ်ကျိုးစီးပွား၊ ဂုဏ်သိက္ခာနှင့် လူ့အကြိုက်လိုက်သူတစ်ဦးနှင့်ဆိုင်သော အမြင်ရှုထောင့်တို့ကို သင် ပုန်ကန်နိုင်လျှင်၊ သင်လုပ်သင့်သည့် အရာကို ရိုးသားသည့် စိတ်နှလုံးဖြင့် မမှိတ်မသုန် လုပ်ဆောင်နိုင်လျှင်၊ စာတန်ကို သင် အနိုင်ယူပြီးလိမ့်မည်ဖြစ်ပြီး သမ္မာတရား၏ ဤရှုထောင့်ကို သင် ရရှိပြီး ဖြစ်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးနောက် ကျွန်မ နားလည်သွားတာကတော့ လူ့အကြိုက်လိုက်သူဖြစ်လိုတဲ့ စိတ်ထားနဲ့ ရည်ရွယ်ချက်ရှိလာတဲ့အခါတိုင်း ဘုရားသခင်ကို ပိုပြီးဆုတောင်းသင့်တယ်၊ ကိုယ့်ကိုယ်ကိုယ် ပုန်ကန်နိုင်ဖို့ ခွန်အားပေးပါလို့ တောင်းလျှောက်ပြီးပေါ့။ တခြားသူတွေနဲ့ ဆက်ဆံရေးကို ထိန်းသိမ်းမယ့်အစား၊ သမ္မာတရားကို ကျွန်မ လက်တွေ့လုပ်ဆောင်သင့်တယ်၊ စည်းမျဉ်းတွေကို လိုက်နာပြီး၊ အသင်းတော်အလုပ်ကို ထိန်းသိမ်းတဲ့သူတစ်ယောက် ဖြစ်သင့်တယ်။ ဒီလိုနည်းနဲ့ ကျွန်မက ဒီကဏ္ဍရဲ့ သမ္မာတရား လက်တွေ့ကျမှုထဲကို တဖြည်းဖြည်း ဝင်ရောက်နိုင်မှာပဲ။

နောက်ပိုင်းမှာ ကျွန်မကို တခြားအသင်းတော်တစ်ခုမှာ အလုပ်ကိုကြီးကြပ်ဖို့ တာဝန်ပေးခဲ့တယ်။ ကျွန်မရောက်ပြီး သုံးလေးရက်အကြာမှာ ကျွန်မနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ညီအစ်ကိုမောင်နှမတွေက နေ့တိုင်း အလုပ်အမျိုးမျိုးနဲ့ အရမ်းအလုပ်များနေပြီး၊ တစ်ခါတလေ အလုပ်များလွန်းလို့ မိတ်သဟာယမဖွဲ့နိုင်ကြတာကို သတိထားမိတယ်။ သူတို့ရဲ့ အသင်းတော်အသက်တာက ပုံမှန်မဟုတ်ခဲ့ဘူး။ ကျွန်မ စိတ်ထဲမှာ တွေးမိတယ်၊ “ခေါင်းဆောင်နဲ့ အမှုဆောင်တစ်ယောက်ဖြစ်ခြင်းရဲ့ အဓိကတာဝန်က ကောင်းမွန်တဲ့ အသင်းတော်အသက်တာကို သေချာစေဖို့၊ ညီအစ်ကိုမောင်နှမတွေကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို စားသောက်ပြီး နားလည်စေဖို့နဲ့ သမ္မာတရား လက်တွေ့ကျမှုထဲကို ဝင်ရောက်ဖို့ ဦးဆောင်ပေးရမှာပဲ။ ဒါပေမဲ့ လူတိုင်းက နေ့တိုင်း အလုပ်နဲ့ပဲ အလုပ်များနေပြီး ကိုယ့်ရဲ့ အသက်ဝင်ရောက်မှုကို အာရုံမစိုက်ရင်၊ ညီအစ်ကိုမောင်နှမတွေကို ကောင်းမွန်တဲ့ အသင်းတော်အသက်တာကို ရှင်သန်နေထိုင်ဖို့ သူတို့က ဘယ်လိုများ ဦးဆောင်နိုင်မှာလဲ” လို့ပေါ့။ ကျွန်မက ဒီပြဿနာကို လူတိုင်းကို ထောက်ပြချင်ခဲ့ပေမဲ့ တုံ့ဆိုင်းနေခဲ့တယ်၊ “ငါက အခုမှရောက်လာတာ၊ အခု ပြဿနာကို ထောက်ပြလိုက်ရင် ငါက သမ္မာတရားကို ဘယ်လောက်ဝီရိယရှိရှိ လိုက်စားလဲဆိုတာကို ပြဖို့ကြိုးစားနေတယ်လို့ ထင်သွားနိုင်မှာပဲ။ ဒါ့အပြင် နေ့တိုင်း ကိုင်တွယ်ရမယ့်အလုပ်တွေက အများကြီးရှိနေတာကလည်း တကယ့်ပြဿနာတစ်ခုပဲ။ ငါသာ အခု ဒါကို ထုတ်ပြောလိုက်ရင် သူတို့က ငါ့ကို မစာနာတတ်ဘူး၊ အပြစ်ပဲရှာနေတယ်လို့ ထင်သွားမှာလား၊ အဲဒါကြောင့် ငါ့အပေါ် မကောင်းမြင်သွားမှာလား။ ဒါဆို ငါတို့ နောက်ပိုင်း ပူးပေါင်းအလုပ်လုပ်ပြီး ပေါင်းသင်းဆက်ဆံရတာ တော်တော် အနေရခက်သွားမှာပေါ့” လို့ တွေးမိတယ်။ ဒီလိုတွေးလိုက်တော့ ကျွန်မ ပါးစပ်မဟနိုင်ခဲ့ဘူး၊ ဒါပေမဲ့ ဖွင့်မပြောပြန်ရင်လည်း ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်ဝင်လာတယ်။ ကျွန်မတို့ နေ့တိုင်း အလုပ်များနေပေမဲ့ စနစ်တကျစီစဉ်လိုက်ရင် စုဝေးဖို့အချိန်ရှာနိုင်သေးတယ်လို့ ကျွန်မ ခံစားမိတယ်။ ဒါ့အပြင်၊ ခေါင်းဆောင်တွေအမှုဆောင်တွေအနေနဲ့၊ ကျွန်မတို့ဟာ အသင်းတော်အသက်တာကို အသက်ရှင်နေထိုင်ဖို့ အာရုံမစိုက်ရင်၊ သမ္မာတရားအတွက် မကြိုးပမ်းရင်၊ လမ်းလွဲသွားဖို့ လွယ်ပါတယ်။ ကျွန်မ အရင်ကလို လူတွေနဲ့ ဆက်ဆံရေးကို ထိန်းသိမ်းပြီး ကိုယ် ရှာတွေ့တဲ့ ပြဿနာတွေကို ထောက်မပြဘဲနေလို့ မဖြစ်တော့ဘူး။ ဒါက သူတစ်ပါးကိုရော ကိုယ့်ကိုယ်ကိုယ်ကိုပါ ထိခိုက်စေပြီး အသင်းတော်အလုပ်ကိုလည်း နှောင့်နှေးစေမှာပဲ။ အဲဒီနောက် ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ စဉ်းစားမိတယ်။ “သင်သည် မိမိ၏ ကိုယ်ကျိုးစီးပွား၊ ဂုဏ်သိက္ခာနှင့် လူ့အကြိုက်လိုက်သူတစ်ဦးနှင့်ဆိုင်သော အမြင်ရှုထောင့်တို့ကို သင် ပုန်ကန်နိုင်လျှင်၊ သင်လုပ်သင့်သည့် အရာကို ရိုးသားသည့် စိတ်နှလုံးဖြင့် မမှိတ်မသုန် လုပ်ဆောင်နိုင်လျှင်၊ စာတန်ကို သင် အနိုင်ယူပြီးလိမ့်မည်ဖြစ်ပြီး သမ္မာတရား၏ ဤရှုထောင့်ကို သင် ရရှိပြီး ဖြစ်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဒီလိုစဉ်းစားမိတော့ ကျွန်မ သတိထားမိတဲ့ ပြဿနာတွေကို လူတိုင်းရှေ့မှာ ထောက်ပြပြီး၊ အသင်းတော်အသက်တာကို အသက်ရှင်နေထိုင်ဖို့ အာရုံမစိုက်ခြင်းရဲ့ အကျိုးဆက်တွေကို မိတ်သဟာယဖွဲ့ခဲ့တယ်။ လုပ်ဖော်ကိုင်ဖက်တချို့ကလည်း သူတို့ မကြာသေးခင်က အသင်းတော်အသက်တာကို အသက်ရှင်နေထိုင်ဖို့ အာရုံမစိုက်ခဲ့ကြဘူးလို့ ပြောကြတယ်။ သူတို့ နေ့တိုင်း အလုပ်များနေပေမဲ့ ရင်ထဲမှာ ဟာတာတာဖြစ်နေပြီး၊ ကိုယ့်အခြေအနေတွေ ဒါမှမဟုတ် သူတို့အလုပ်ထဲက ပြဿနာတွေကို ရှင်းရှင်းလင်းလင်းမမြင်နိုင်ခဲ့ဘူးတဲ့။ သူတို့က ဒါကို ပြောင်းလဲလိုစိတ်ရှိကြတယ်။ အဲဒီနောက်မှာ ကျွန်မတို့ အချိန်ကို အကျိုးသင့်အကြောင်းသင့် စီစဉ်ခဲ့ကြတယ်၊ မိတ်သဟာယဖွဲ့ဖို့ ပုံမှန်တွေ့ဆုံခဲ့ကြတယ်၊ ဘုရားနှုတ်ကပတ်တော်တွေနဲ့အညီ ကိုယ့်အခြေအနေတွေကို ဆင်ခြင်သုံးသပ်ခဲ့ကြတယ်၊ ကျွန်မတို့အလုပ်ထဲက ဘယ်လိုပြဿနာ၊ ဘယ်လိုလမ်းလွဲမှုတွေကိုမဆို ချက်ချင်း မိတ်သဟာယဖွဲ့ပြီး အနှစ်ချုပ်ခဲ့ကြတယ်။ ဒီလို လက်တွေ့လုပ်ဆောင်လို့ လူတိုင်း အကျိုးကျေးဇူးတချို့ ရရှိခဲ့ကြတယ်။ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေနဲ့ အကြောင်းအရာတွေအပေါ် မှားယွင်းပြီးအဓိပ္ပါယ်မဲ့တဲ့ အမြင်တွေကို ကျွန်မတို့ ပိုင်းခြားသိမြင်လာရုံတင်မကဘဲ၊ ကျွန်မတို့အလုပ်ထဲက ပြဿနာတွေနဲ့ လမ်းလွဲမှုတွေကိုလည်း ပိုပြီးရှင်းရှင်းလင်းလင်း မြင်လာခဲ့ကြတယ်။

ဒီအတွေ့အကြုံကို ဖြတ်သန်းပြီးနောက်မှာ ကောင်းမွန်တဲ့ လူ့သဘာဝရဲ့ အဓိပ္ပာယ်နဲ့ပတ်သက်ပြီး မှန်ကန်တဲ့ နားလည်မှုကို ကျွန်မ ရရှိခဲ့တယ်။ လူ့သဘာဝကောင်းဆိုတာ အပေါ်ယံမှာ သူတစ်ပါးနဲ့ မတိုက်ခိုက်၊ မငြင်းခုံ၊ မဖိနှိပ်၊ မနှိပ်စက်တာသက်သက် မဟုတ်ဘူး။ တကယ့်လူ့သဘာဝကောင်းဆိုတာက တခြားသူတွေမှာမြင်တဲ့ ပြဿနာတွေကို မိတ်သဟာယဖွဲ့ပြီး ထောက်ပြနိုင်ခြင်း၊ လူတွေကို သူတို့ရဲ့ တာဝန်တွေ ထမ်းဆောင်ရာမှာနဲ့ အသက်ဝင်ရောက်မှုမှာ ကူညီခြင်း၊ သမ္မာတရားနဲ့မညီတဲ့အရာတွေကို မြင်တဲ့အခါ ဆန့်ကျင်ဘက်မှာ ရပ်တည်ချက်ရှိခြင်း၊ စည်းမျဉ်းတွေကို စွဲကိုင်ပြီး အဲဒါတွေကို ထောက်ပြကာ အသင်းတော်အလုပ်ကို ကာကွယ်ခြင်းတွေ ပါဝင်တယ်။ တစ်ချိန်တည်းမှာပဲ လူ့အကြိုက်လိုက်သူဖြစ်ခြင်းရဲ့ သဘာဝနဲ့ အကျိုးဆက်တွေကိုလည်း ကျွန်မ ပိုပြီးရှင်းရှင်းလင်းလင်း မြင်လာခဲ့ပြီး၊ ကိုယ့်ကိုယ်ကိုယ် သတိရှိရှိ ပုန်ကန်နိုင်လာတယ်၊ ဘုရားနှုတ်ကပတ်တော်တွေနဲ့အညီ ကျင့်ကြံပြုမူနိုင်လာတယ်။ ကျွန်မ ရရှိခဲ့တဲ့ ဒီသေးငယ်တဲ့ ပြောင်းလဲမှုနဲ့ နားလည်မှုက ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကြောင့်ပါပဲ။ ဘုရားသခင်ကို ကျေးဇူးတော်ချီးမွမ်းပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

“ကောင်းမွန်သည့် ပုံရိပ်”နောက်ကွယ်တွင် မည်သည့်အရာ ရှိသနည်း

ဝေ့ချန် ကိုရီးယားနိုင်ငံပြီးခဲ့သည့်နှစ် ဒီဇင်ဘာက ကျွန်မက အသင်းတော်မှာ ဧဝံဂေလိ သင်းထောက်တစ်ယောက်အနေနှင့် အလုပ် လုပ်ခဲ့ပါသည်။...

လူကောင်းတစ်ဦးဖြစ်ခြင်း၏ အဓိပ္ပာယ်မှာ မည်သည့်အရာဖြစ်သည်ကို နားလည်ခြင်း

ရဲရင်း မြန်မာနိုင်ငံ ကျွန်မ ငယ်ငယ်တည်းက ကျွန်မမိဘတွေက သူများတွေကို မျှတဖို့၊ ယုတ္တိတန်ဖို့၊ ကြင်နာဖို့၊ သူများအခက်အခဲတွေကို နားလည်ဖို့နဲ့...

လူ့အကြိုက်လိုက်သူတစ်ဦးဖြစ်ခြင်း ၏ အကျိုးဆက်များ

ပိုင်ဟွား တရုတ်နိုင်ငံ ၂၀၁၈ တုန်းက၊ အသင်းတော်ခေါင်းဆောင် တစ်ယောက်အနေနဲ့ ကျွန်တော် တာဝန်ယူခဲ့ တယ်။ ခေါင်းဆောင်တစ်ယောက်ရဲ့ အရေးကြီးဆုံး...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။