စိတ်ရင်းအတိုင်း မပြောဆိုအောင် ဘာက ကျွန်မကို တားဆီးခဲ့သလဲ။

04.02.2025

ကျန်းရှင်သို့ စာတစ်စောင်

ချစ်ခင်ရတဲ့ ကျန်းရှင်ရေ၊

ရှင် နေကောင်းမယ်လို့ ကျွန်မမျှော်လင့်ပါတယ်။

ရှင့််ရဲ့ နောက်ဆုံးစာထဲမှာ ရှင်နဲ့ တွဲဖက်လုပ်ရတဲ့ ညီအစ်မက ကျင့်ဝတ်မရှိ မူမရှိနဲ့ စိတ်ကြီးဝင်နေတယ်၊ သူသာ အမြဲမှန်တယ်ဆိုတဲ့ စိတ်ရှိပြီး ထင်ရာမြင်ရာ လျှောက်လုပ်နေတယ်လို့ ရှင် ပြောခဲ့တယ်နော်။ အဲဒီအကြောင်း ရှင်က သူ့ကို ထုတ်ပြောချင်ပေမဲ့ သူ လက်မခံဘဲ ရှင့်အပေါ် မကောင်းမြင်မှာကို၊ ပြီးတော့ ရှေ့လျှောက် ရှင်တို့ အလုပ် အတူတူ မလုပ်နိုင်တော့မှာကို ရှင် ကြောက်နေတယ်။ ရှင် ဒွိဟဖြစ်နေခဲ့ပြီး ဒီအခြေအနေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ မသိခဲ့ဘူးပေါ့။ ရှင် ဘယ်လိုခံစားရမလဲဆိုတာ ကျွန်မ နားလည်နိုင်ပါတယ်။ ကျွန်မတို့ရဲ့ ပေါင်းသင်းဆက်ဆံရေးတွေကို ထိန်းသိမ်းဖို့ကြိုးစားရင်း၊ တခြားသူတွေ ကျွန်မတို့အပေါ် ဘယ်လိုမြင်တယ်ဆိုတာကို အာရုံစိုက်ရင်း စာတန်ဆန်တဲ့ အတွေးအခေါ်တွေကို ကျွန်မတို့က လက်ခံမိနေတာ။ ဒီအရာတွေက ကျွန်မတို့ကို ကန့်သတ်ဘောင်ခတ်ထားပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့နဲ့ စည်းမျဉ်းတွေကို စွဲမြဲလိုက်နာဖို့ ကြောက်ရွံ့စေတာပေါ့။ ကျွန်မကိုယ်တိုင်လဲ အရင်က ဒီအခြေအနေမျိုးမှာ ရှိခဲ့ဖူးပါတယ်။ ဘုရားနှုတ်ကပတ်တော်နဲ့ ထိတွေ့လိုက်တော့မှ ကျွန်မရဲ့ မမှန်ကန်တဲ့ အမြင်ရှုထောင့်တွေနဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို နားလည်မှုတချို့ ရခဲ့တာ။ ကျွန်မ အခု နည်းနည်းတော့ ပြောင်းလဲခဲ့ပါပြီ။ တခြားသူတွေရဲ့ ပြဿနာတွေကို ထောက်ပြတာမှာ အရမ်းကြီး စိတ်ကျဉ်းကျပ်မှု မရှိတော့ဘူး။ ကျွန်မရဲ့ အတွေ့အကြုံအကြောင်း ရှင့်ကို ပြောပြမယ်နော်။ ရှင့်အတွက် နည်းနည်းလောက် အကူအညီဖြစ်မလားလို့ မျှော်လင့်မိတယ်။

ကျွန်မ အသင်းတော်အလုပ်တွေကို ကျိုးဖန်တို့၊ လျုယင်တို့နဲ့ အတူလုပ်ခဲ့ဖူးတယ်။ အလုပ်အကြောင်း ဆွေးနွေးတဲ့အခါ ကျိုးဖန်ကပဲ ခဏခဏ ကြီးစိုးခြယ်လှယ်တာ။ နောက်တော့ ကျွန်မတို့ ကိုယ့်တာဝန်တွေမှာ ရလဒ်ကောင်းတွေ သိပ်မရတာနဲ့ ကျွန်မတို့ရဲ့အလုပ်ကို ညွှန်ကြားဖို့ ခေါင်းဆောင်က ညီအစ်မကျန်းလင်ကို စီစဉ်ပေးခဲ့တယ်။ ကျန်းလင်က ကျွန်မတို့ရဲ့အလုပ်မှာ ပြဿနာတွေ ရှာတွေ့နိုင်ခဲ့ပြီး လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတွေကို ထောက်ပြနိုင်ခဲ့တယ်။ ကျန်းလင်ရဲ့ စိတ်ကူးတွေကို ကျွန်မတို့ နာခံနေတာမြင်တော့ ကျိုးဖန်က မနာလိုမရှုစိမ့် ဖြစ်လာတယ်လေ။ တစ်ခါတလေ အလုပ်အကြောင်း ဆွေးနွေးတာတွေမှာ ကျန်းလင်ရဲ့ ရှုထောင့်အမြင်တွေက ထင်ထင်ရှားရှား မှန်နေတဲ့အခါမှာတောင်မှ ကျိုးဖန်က အဲဒါတွေကို ကပြောင်းကပြန်လုပ်ဖို့ နည်းလမ်းတွေကိုပဲ ရှာခဲ့တာ။ အလုပ်အကြောင်း ဆွေးနွေးတာတွေကို ဆက်လုပ်ဖို့ အရမ်းကို အခက်တွေ့စေခဲ့တာပေါ့။ ကျိုးဖန်ကို ကျွန်မ ဒါတွေ ထုတ်ပြောချင်ခဲ့တယ်။ ဒါပေမဲ့ ပူးပေါင်းဆောင်ရွက်ခါစမှာ ကတောက်ကဆတ် နည်းနည်းလောက်ကတော့ မလွဲမသွေဖြစ်တတ်တာပဲလို့ ကျွန်မ တွေးမိတာနဲ့ ရေးကြီးခွင့်ကျယ် မလုပ်ခဲ့ဘူး။ ကျန်းလင်က အလုပ်ကို စေ့စေ့စပ်စပ် မပြတ်လိုက်စစ်တယ်။ ပြီးတော့ ပြဿနာတွေ သူတွေ့တဲ့အခါ ဖြေရှင်းနည်းတွေကို ချက်ချင်း မိတ်သဟာယပြုတယ်။ ဒီလိုနဲ့ ကျွန်မတို့ရဲ့ ထိရောက်မှုက တအားတိုးတက်လာရော။ ဒါပေမဲ့ ကျန်းလင်ဟာ သူ့ဂုဏ်သတင်းကို တည်ဆောက်နေပြီး အမြန်ရတဲ့ အကျိုးအမြတ်တွေ လိုချင်နေတယ်၊ အဆင့်အတန်းအတွက် အလုပ်လုပ်နေတယ်လို့ ကျိုးဖန်က စပြီး စောင်းမြောင်းပြောလာခဲ့တယ်။ သူ့ရဲ့ စောင်းမြောင်းစကားတွေက ပြစ်တင်ဝေဖန်တာနဲ့ နှိမ်ပြောတာတွေဖြစ်ပြီး သဘောထားကွဲလွဲမှုကို အစပျိုးဖို့ ရည်ရွယ်လို့ ကျန်းလင်ကို လျူယင်ကလဲ စပြီး ဆန့်ကျင်လာတယ်။ ကိုယ့်အဆင့်အတန်းကို ကျိုးဖန်ကာကွယ်နေတာ၊ ကျန်းလင်ကို သူနှိမ်ပြောပြီး ကြဉ်နေတာတွေ ကျွန်မမြင်တော့ သူ့ပြဿနာက အတော်ဆိုးနေပြီလို့ စတွေးမိခဲ့တယ်။ ကျိုးဖန်က အန္တိခရစ်တစ်ယောက်ရဲ့ စိတ်သဘောထားကို ထုတ်ဖော်နေခဲ့ပြီး အန္တိခရစ်တစ်ယောက်ရဲ့ လမ်းကြောင်းကို လျှောက်နေခဲ့တာလေ။ ဒီသဘောသဘာဝအကြောင်းကို သူနဲ့ ကျွန်မ ခဏလောက်အချိန်ယူပြီး မိတ်သဟာယပြုချင်ခဲ့တယ်။ ဒါပေမဲ့ စကားလုံးတွေကို ကျွန်မ ပြောမထွက်ခဲ့ဘူး။ ကျွန်မရဲ့ပါးစပ်က အာစေးမိသလို ဖြစ်နေခဲ့တယ်။ အဲ့ဒီတုန်းက ကျွန်မရဲ့အခြေအနေက အခု ရှင်ဖြစ်နေတဲ့ အခြေအနေနဲ့ အတူတူပါပဲ။ စိုးရိမ်ကြောင့်ကြမှုတွေ အပြည့်နဲ့ပေါ့။ ကျိုးဖန် အန္တိခရစ်တစ်ယောက်ရဲ့ လမ်းကြောင်းကို လျှောက်လှမ်းနေတဲ့ ပြဿနာကို ကျွန်မကများ စိစစ်ခဲ့ရင် သူ ကျွန်မကို အဆိုးမြင်သွားမှာ၊ ခပ်တန်းတန်း ဖြစ်သွားမှာ ဒါမှမဟုတ် ကျန်းလင်တုန်းကလို သူကျွန်မကို ကြဉ်သွားမှာ ကျွန်မ ကြောက်ခဲ့တာပေါ့။ သူ့ပြဿနာတွေကို ကျွန်မ ထောက်မပြချင်ခဲ့တော့ ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်ဖို့ ဆင်ခြေဆင်လက်တချို့ ကျွန်မ တွေ့ခဲ့တယ်။ “ကျော်ကြားမှုနဲ့ အဆင့်အတန်းအပေါ် သူအစွဲကြီးတာကို အရင်က သူသတိပြုမိခဲ့တယ်ဆိုတော့ သူ့ကိုယ်သူ မသိတာတော့ မဟုတ်ဘူးလေ။ စိတ်သဘောထားပြောင်းလဲမှုဆိုတာ ညတွင်းချင်းဖြစ်နိုင်တာမျိုးမှ မဟုတ်ပဲဥစ္စာ၊ သူ့ကို အချိန်ယူခွင့်ပေးပြီး အဲဒါကို ပြန်သုံးသပ်ခွင့်ပေးတာ အကောင်းဆုံးပါပဲလေ” လို့ပေါ့။

အဲဒီနောက် ကျိုးဖန်ကို သူ့ပြဿနာတွေနဲ့ပတ်သက်ပြီး ကျွန်မ စစ်စစ်မှန်မှန် မကူညီနေခဲ့တာ ဒါမှမဟုတ် ထောက်ပြမနေခဲ့တာကို ကျွန်မ တွေးမိတဲ့အခါတိုင်း တကယ်ကို လိပ်ပြာမလုံ ဖြစ်ခဲ့တာ။ ဖောက်ပြန်ပျက်စီးတဲ့ ကိုယ့်စိတ်သဘောထားရဲ့ ဘောင်ခတ်ကန့်သတ်တာ ကျွန်မ မခံရဖို့နဲ့ အမှန်အတိုင်း ပြောဖို့ ကျွန်မကို လမ်းပြပေးပါလို့ တောင်းလျှောက်ရင်း ဘုရားဆီ ကျွန်မ ဆုတောင်းခဲ့တယ်။ သုံးလေးရက်ကြာတော့ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုတစ်ပုဒ်ကို ကျွန်မ တွေ့မိတယ်။ အဲဒီထဲမှာ အဓိကဇာတ်ဆောင်ရဲ့ အတွေ့အကြုံက ကျွန်မအခြေအနေနဲ့ ခပ်ဆင်ဆင်ပဲ။ တာဝန်တွေကို သူနဲ့အတူ ထမ်းဆောင်နေခဲ့တဲ့ ညီအစ်မတစ်ယောက်က အမြဲတမ်း အဆင့်အတန်းနဲ့ အကျိုးအမြတ်တွေအတွက် ပြိုင်ဆိုင်လုံးပန်းနေခဲ့တော့ အသင်းတော်ရဲ့ အလုပ်ကို ထိခိုက်တော့တာပေါ့။ ဒီတော့ ဇာတ်ဆောင်က ဒီပြဿနာကို ခေါင်းဆောင်ဆီ တိုင်ချင်ခဲ့တာ။ ဒါပေမဲ့ သူ့တွဲဖက်ညီအစ်မ မကျေမနပ်ဖြစ်မှာ ကြောက်လို့ တိုင်တာတန်းတာလုပ်ဖို့ သူနှောင့်နှေးခဲ့တယ်။ သူအပြင်းအထန် ပြုပြင်ခံရချိန်မှပဲ စပြီး ဆင်ခြင်သုံးသပ်ခဲ့တာ။ အဲဒီနောက် သူဖတ်ခဲ့တဲ့ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်က ကျွန်မကို အင်မတန် တို့ထိခဲ့တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည် “အလယ်အလတ်လမ်းကို လျှောက်သောသူတို့သည် အန္တရာယ်အများဆုံးလူများဖြစ်သည်။ ၎င်းတို့သည် မည်သူ့ကိုမျှ စိတ်ဆိုးအောင်မပြုလုပ်။ လည်ပြီး ပါးနပ်သည်။ အခြေအနေမျိုးစုံ၌ အလိုက်သင့်နေခြင်းတွင် ကျွမ်းကျင်ကြသည်။ မည်သူကမျှ ၎င်းတို့၏ အမှားများကို မမြင်နိုင်ကြပေ။ ၎င်းတို့သည် အသက်ရှင်နေသော စာတန်များကဲ့သို့ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အချုပ်အနှောင်များကို ဖယ်ရှားပစ်နိုင်သည်) ဒီကျမ်းပိုဒ်က ကျွန်မစိတ်ထဲ စွဲကျန်ရစ်ခဲ့တယ်။ အလယ်လမ်းကို လိုက်တဲ့သူတွေဟာ အဆိုးယုတ်ဆုံးနဲ့ အလှည့်ဖြားဆုံးဖြစ်ပြီး သက်ရှိစာတန်တွေပဲလို့ ဘုရားသခင်က ပြောတယ်။ အဲဒါက ကျွန်မရဲ့ အခြေအနေ ဖြစ်နေခဲ့တဲ့ပုံပဲ မဟုတ်ဘူးလား။ ကျိုးဖန်ရဲ့ ပြဿနာက အတော်လေးပြင်းထန်ပြီး အသင်းတော်အလုပ်ကို နှောင့်ယှက်နေပြီဆိုတာ၊ ပြီးတော့ သူ့ကို ချက်ချင်းလက်ငင်းပဲ သတိပေးဖို့ လိုနေပြီ ဆိုတာကို ကျွန်မ သိခဲ့တယ်။ ဒါပေမဲ့ သူမကျေမနပ်ဖြစ်မှာ ကြောက်လို့ ကျွန်မ ဘာမှမပြောခဲ့ဘဲ အသင်းတော်အလုပ်ကို မကာကွယ်ခဲ့ဘူးလေ။ ဘုရားက ဖော်ပြခဲ့သလိုမျိုး ကျွန်မက အလယ်လမ်းကို လျှောက်နေခဲ့ပြီး ဘုရားသခင်က မုန်းတီးစက်ဆုပ်တဲ့ လူတစ်ယောက် ကျွန်မ ဖြစ်ခဲ့တာပေါ့။ ဒါက ကျွန်မ့အတွက် လက်ခံဖို့ ခက်ပါတယ်။ ဒီတော့ လှည့်ဖြားတတ်တဲ့ လူ့အကြိုက်လိုက်သူတစ်ယောက် ဆက်ပြီး မဖြစ်တော့ဖို့ ကျွန်မ ဆုံးဖြတ်ခဲ့တာ။ စည်းမျဉ်းတွေကို ထိန်းသိမ်းပြီး အသင်းတော်အလုပ်ကို ကျွန်မ ကာကွယ်ရမှာ။ ပြီးတော့ ကျိုးဖန်ကို သူ့ရဲ့ပြဿနာ ထောက်ပြဖို့ ကျွန်မ အချိန်တစ်ခု ရှာရမယ်မှန်း သိခဲ့တယ်။ ဒါပေမဲ့ အဲဒီနေ့မှာပဲ ကျိုးဖန်က ကျွန်မရဲ့ပြဿနာတွေကို တကယ်ပဲ အရင်ထောက်ပြလိုက်တော့ ကျွန်မ အငိုက်မိသွားခဲ့တာ။ ကျွန်မက ကိုယ့်တာဝန်မှာ ကျော်ကြားမှုနဲ့ အဆင့်အတန်းကို ရှာဖွေတယ်တို့၊ လူတွေကို ဆူပူကြိမ်းမောင်းဖို့ ကျွန်မရဲ့ အဆင့်အတန်းကို အသုံးချတယ်တို့ဆိုတာမျိုးတွေကို သူပြောခဲ့တယ်။ ကျွန်မရဲ့ ကိုယ်ပိုင်ပြဿနာတွေက ကြီးလေးလွန်းတာ မြင်လိုက်ရလို့ သူ့ပြဿနာတွေကို နောက်ထပ် ထောက်ပြဖို့ ကျွန်မမှာ သတ္တိမရှိတော့ဘူး။ ပြောဖို့ စီစဉ်ထားတာကို အပေါ်ယံလေးပဲ ပြောခဲ့တယ်။ ကျော်ကြားမှုနဲ့ အဆင့်အတန်းကို သူရှာဖွေတာတို့၊ အန္တိခရစ်တစ်ယောက်ရဲ့ လမ်းကို လျှောက်နေတာတို့ကို ဘာမှ မပြောဖြစ်ခဲ့ဘူး။ အဲဒီတုန်းက သူ့မှာ ပြဿနာတွေရှိတာ ကျွန်မမြင်ခဲ့ရင် သူသတိပြုနိုင်ပြီး ပြောင်းလဲနိုင်အောင်လို့ သူ့ကို ပြောဖို့ သူတောင်းဆိုခဲ့တာကို ကျွန်မမှတ်မိသေးတယ်။ ဘာမှ မရှိပါဘူးလို့ ကျွန်မ မရိုးမသား ပြောခဲ့တယ်လေ။ တကယ်က ကျွန်မမှာ ပြောချင်တာတွေက အများကြီးရှိပေမဲ့ ထုတ်မပြောရဲခဲ့ဘူး။ သူ့ကို ကျွန်မ လက်တုံ့ပြန်တယ်လို့ သူ ထင်သွားမှာနဲ့ သူကျွန်မကို အမြင်မကြည်ခဲ့ရင် အလုပ်အတူတွဲလုပ်ဖို့ ခက်သွားမှာကို ကျွန်မ စိုးရိမ်ခဲ့လို့ပါ။ ဒီတော့ သူသိက္ခာမကျအောင် ကျွန်မ ဘာမှ မပြောခဲ့တာ။ အဲဒီနောက် ကျွန်မစိတ်ထဲ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်၊ ရှုတ်ချစိတ်တွေနဲ့ ပြည့်နေခဲ့တယ်။ အရမ်းကို သတ္တိနည်းတဲ့သူတစ်ယောက်လို ကျွန်မ ခံစားခဲ့ရတာ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ နေနေသာသာ ပွင့်လင်းရိုးသားတဲ့ စကားနည်းနည်းလောက်တောင် ကျွန်မ မပြောနိုင်ခဲ့ဘူး။ အတော်ကြာအောင် ကျွန်မ ကောင်းကောင်း မစားနိုင် မအိပ်နိုင် ဖြစ်ခဲ့ပြီး စုဝေးပွဲတွေမှာ ကျွန်မ မတည်ငြိမ်နိုင်ခဲ့ဘူးပေါ့။ ဘုရားဆီ ကျွန်မ ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ ကိုယ့်ညီအစ်မရဲ့ ပြဿနာတွေကို သမီးအထင်းသား မြင်ပေမဲ့ ထုတ်ပြောလိုက်ရင် သူမကျေမနပ်ဖြစ်မှာ တအားကြောက်မိပါတယ်။ သမီးက သိပ်သူရဲဘောကြောင်ပြီး တစ်ကိုယ်ကောင်းဆန်တာပါ။ ဒီလိုမျိုး သမီး ရှေ့မဆက်ချင်တော့ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ပုန်ကန်ပြီး တရားမျှတစိတ် ရှိတဲ့သူဖြစ်အောင် သမီးကို လမ်းပြပေးတော်မူပါ” ပေါ့။

အဲဒီနောက် ကျွန်မ ဘုရား နှုတ်ကပတ်တော် တချို့ကို ဖတ်ခဲ့တယ်။ “‘သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်’ ဟူ၍ဖြစ်သည်။ ဤသည်မှာ လူတို့အထဲတွင် စာတန်က စွဲမှတ်အောင်သွန်သင်ပေးခဲ့သော အခြားလူများနှင့် ဆက်ဆံခြင်းအတွက် နည်းလမ်းတစ်ခုကို ဖော်ပြသည်။ ဤသည်မှာ သင်သည် သူတစ်ပါးတို့နှင့် ဆက်ဆံသောအခါ ထွက်ပေါက်အချို့ပေးရမည်ဟု ဆိုလိုသည်။ သူတစ်ပါးတို့အပေါ် အလွန် မကြမ်းတမ်းသင့်၊ သူတစ်ပါးတို့၏ အတိတ်မှ အမှားများကို ပြန်မဖော်နှင့်၊ သူတစ်ပါးတို့၏ ဂုဏ်ကို ထိန်းသိမ်းရမည်၊ သူတစ်ပါးတို့နှင့် ကောင်းသောဆက်ဆံရေးကို ထိခိုက်၍မရ၊ သူတစ်ပါးတို့ကို ခွင့်လွှတ်ခြင်းရှိရမည် စသည်ဖြင့် ဖြစ်သည်။ ကိုယ်ကျင့်တရားနှင့်သက်ဆိုင်သော ဤဆိုရိုးစကားသည် အဓိကအားဖြင့် လူသားများကြားဆက်ဆံရေးကို ဆုံးဖြတ်ပေးသည့် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ် အမျိုးအစားတစ်ခုကို ဖော်ပြသည်။ ‘မိတ်ဆွေကောင်းများ၏ အပြစ်များအပေါ် နှုတ်ဆိတ်နေပေးခြင်းသည် ကြာရှည်၍ ကောင်းမွန်သော ခင်မင်မှုကို ဖြစ်စေ၏’ ဆိုသော လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်တွင် ယုံကြည်မှုတစ်ခုရှိသည်။ ဤသည်မှာ ခင်မင်ရင်းနှီးသော ဆက်ဆံရေးကို ထိန်းသိမ်းရန်အတွက် မိမိတို့မိတ်ဆွေ၏ ပြဿနာများကို ရှင်းရှင်းလင်းလင်း မြင်လျှင်ပင် နှုတ်ဆိတ်နေရမည်ဟု ဆိုလိုသည်။ သူတစ်ပါးတို့၏ မျက်နှာကို မရိုက်ဖို့၊ သို့မဟုတ် သူတစ်ပါးတို့၏အားနည်းချက်များကို မဖော်ဖို့ စည်းမျဉ်းများအတိုင်း လိုက်နာသင့်သည်ဟု ဆိုလိုသည်။ ၎င်းတို့သည် အချင်းချင်း လှည့်စားရမည်ဖြစ်သည်။ အချင်းချင်း ဖုံးကွယ်ရမည်ဖြစ်သည်။ အချင်းချင်း လျှို့ဝှက်ကြံစည်မှု ပြုလုပ်ရမည်ဖြစ်သည်။ အခြားလူမှာ မည်သို့သောသူမျိုး ဖြစ်သည်ကို အလွန်ပင် ရှင်းလင်းစွာ သိသော်လည်း တဲ့တိုးမပြောကြဘဲ မိမိတို့၏ ခင်မင်ရင်းနှီးသော ဆက်ဆံရေးကို ထိန်းသိမ်းရန် ဉာဏ်များသော နည်းလမ်းများကို အသုံးချကြသည်။ ဤသို့သော ဆက်ဆံရေးများကို အဘယ်ကြောင့် ထိန်းသိမ်းချင်သနည်း။ ဤလူ့အဖွဲ့အစည်း၊ မိမိ၏အဖွဲ့အတွင်းတွင် ရန်သူများရှိအောင် မပြုလုပ်လိုခြင်းဖြစ်သည်။ ထိုသို့ပြုလုပ်လျှင် မိမိကိုယ်ကို အန္တရာယ်ရှိသော အခြေအနေများ ကျရောက်စေခြင်း ဖြစ်သည်ဟု ဆိုလိုပေမည်။ တစ်စုံတစ်ဦးကို သူ၏ အားနည်းချက်များအား သင်ဖော်ပြီးနောက်၊ သို့မဟုတ် သူ့ကို နာကျင်အောင် လုပ်ပြီးနောက် ထိုသူသည် သင်၏ ရန်သူဖြစ်လာပြီး သင့်ကို အန္တရာယ်ပြုမည်ကို သိကာ သင်သည် ထိုအခြေအနေသို့ မကျရောက်လိုပါက ‘သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်’ ဟု ဆိုသည့် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ် ယုံကြည်မှုကို သင် အသုံးချသည်။ ဤအရာအရ လူနှစ်ယောက်သည် ဤသို့သော ဆက်ဆံရေးတွင်ရှိလျှင် စစ်မှန်သည့်မိတ်ဆွေများအဖြစ် အကျုံးဝင်သလော။ (မဝင်ပါ။) အချင်းချင်း၏ ယုံကြည်ရသူဖြစ်ဖို့မဆိုထားနှင့်၊ စစ်မှန်သော မိတ်ဆွေများမဟုတ်ပေ။ ဤသို့ဆိုလျှင် ဤသည်မှာ အတိအကျ မည်သည့်ဆက်ဆံရေးမျိုးဖြစ်သနည်း။ အခြေခံ လူမှုဆက်ဆံရေးတစ်ခု မဟုတ်သလော။ (ဟုတ်သည်။) ဤသို့သော လူမှုဆက်ဆံရေးများတွင် လူတို့သည် ၎င်းတို့၏ ခံစားချက်များကို မပြနိုင်သကဲ့သို့ လေးနက်သော အပြန်အလှန်ဖလှယ်ခြင်းများလည်း မရှိနိုင်ပေ။ ၎င်းတို့ ဆန္ဒရှိသလို မပြောနိုင်ပေ။ ၎င်းတို့၏ စိတ်နှလုံးတွင်ရှိသောအရာ၊ သို့မဟုတ် သူတစ်ပါးတို့တွင် ၎င်းတို့မြင်သော ပြဿနာများ၊ သို့မဟုတ် သူတစ်ပါးတို့အတွက် အကျိုးဖြစ်မည့်စကားများကို ၎င်းတို့ ထုတ်မပြောနိုင်ပေ။ ထိုအစား အခြားသူများ၏ မျက်နှာသာပေးခြင်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ ကြားကောင်းသော စကားများကို ရွေးပြောသည်။ အခြားသူများထံတွင် ၎င်းတို့အပေါ် မုန်းတီးစိတ်များ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ကြသဖြင့် ၎င်းတို့သည် သမ္မာတရားကို မပြောရဲကြပေ၊ သို့မဟုတ် စည်းမျဉ်းများကို မထိန်းသိမ်းရဲကြပေ။ တစ်စုံတစ်ဦးကို မည်သူကမျှ မခြိမ်းခြောက်နေသောအခါ ထိုသူသည် အတော်အတန် သက်သာ၊ အေးချမ်းစွာဖြင့် အသက်ရှင်ရသည် မဟုတ်လော။ ‘သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်’ ဆိုသည့်ဆိုရိုးကို အားပေးဖို့မှာ လူတို့၏ ပန်းတိုင်မဟုတ်သလော။ (ဟုတ်သည်။) ဤသည်မှာ မိမိကိုယ်ကို ထိန်းသိမ်းခြင်းသည် ပန်းတိုင်ဖြစ်သော ခုခံကာကွယ်ခြင်း အရိပ်လက္ခဏာဖြင့် ကောက်ကျစ်လှည့်စားသည့် ဖြစ်တည်မှုနည်းလမ်းတစ်ခု ဖြစ်သည်မှာ ရှင်းသည်။ ဤသို့အသက်ရှင်သောသူများသည် ယုံကြည်ရသူ မရှိပေ။ သူတို့နှစ်သက်သည့်အရာ မှန်သမျှကို ပြောနိုင်သည့် ရင်းနှီးသောမိတ်ဆွေများမရှိပေ။ ၎င်းတို့သည် အချင်းချင်း ခုခံကာကွယ်ကြသည်။ တွက်ချက်ပြီး နည်းဗျူဟာရှိကြသည်။ တစ်ဦးချင်းက ဤဆက်ဆံရေးမှ လိုအပ်သည့်အရာကို ယူဆောင်ကြသည်။ ဤသို့မဟုတ်သလော။ ဤအရာ၏ အရင်းအမြစ်တွင် ‘သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်’ ဆိုသည့် ပန်းတိုင်သည် သူတစ်ပါးတို့အား စိတ်ဆိုးအောင်ပြုလုပ်ပြီး ရန်သူများဖြစ်စေခြင်းကို တားဆီးရန်၊ မည်သူ့ကိုမျှ မထိခိုက်စေခြင်းအားဖြင့် မိမိကိုယ်ကို ကာကွယ်ရန်ဖြစ်သည်။ ဤသည်မှာ မိမိကိုယ်ကိုမထိခိုက်အောင် ထိန်းသိမ်းရန် အကြင်သူ ခံယူသည့် နည်းပညာနှင့် နည်းလမ်းဖြစ်သည်။ ယင်း၏အနှစ်သာရနှင့်ပတ်သက်သည့် ရှုထောင့်အချို့ကို ကြည့်သောအခါ ‘သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်’ ဆိုသည့် လူတို့၏ သူတော်ကောင်းတရားမှ တောင်းဆိုမှုသည် မြင့်မြတ်သောအရာ ဖြစ်သလော။ အပြုသဘောဆောင်သောအရာတစ်ခု ဖြစ်သလော။ (မဟုတ်ပါ။) ဤသို့ဆိုလျှင် ထိုအရာက လူတို့ကို မည်သည့်အရာကို သင်ကြားပေးသနည်း။ မည်သူ့ကိုမျှ စိတ်ဆိုးအောင်၊ သို့မဟုတ် နာကျင်အောင်မလုပ်ရပေ၊ သို့မဟုတ်လျှင် အဆုံး၌ နာကျင်ရမည်မှာ သင်ဖြစ်သည်ဟု သင်ကြားပေးခြင်းဖြစ်သည်။ ပြီးလျှင် မည်သူ့ကိုမျှ မယုံသင့်ဟု သင်ကြားပေးခြင်းလည်းဖြစ်သည်။ သင်သည် သင်၏ သူငယ်ချင်းကောင်းများထဲမှ တစ်စုံတစ်ယောက်ကို နာကျင်စေလျှင် ခင်မင်ရင်းနှီးမှုက တိတ်ဆိတ်စွာ စတင်ပြောင်းလဲလာမည်။ ၎င်းတို့သည် သင်၏ ကောင်းသော၊ ရင်းနှီးသောသူငယ်ချင်းဖြစ်ရာမှ လူစိမ်းတစ်ယောက်အဖြစ်သို့၊ သို့မဟုတ် ရန်သူတစ်ယောက်အဖြစ်သို့ ပြောင်းသွားလိမ့်မည်။ လူတို့ကို ထိုသို့ပြုမူဆောင်ရွက်ရန် သင်ကြားပေးခြင်းအားဖြင့် မည်သည့်ပြဿနာများကို ဖြေရှင်းပေးနိုင်သနည်း။ သင်သည် ဤသို့ပြုမူလုပ်ဆောင်ခြင်းအားဖြင့် ရန်သူများမရှိဘဲ အချို့ရန်သူများပင် ပပျောက်သွားလျှင် လူတို့က သင့်အား လေးစားပြီး ထောက်ခံမည်လော။ သင့်အား မိတ်ဆွေအဖြစ် အစဉ်ထားရှိမည်လော။ ဤသည်မှာ ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုအတွက် စံနှုန်းကို အပြည့်အဝရရှိသလော။ အများဆုံးအနေဖြင့် ဤသည်မှာ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်တစ်ခုထက် မပိုပေ။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၈)) “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုတာဟာ လောကီဆိုင်ရာ ဆက်ဆံမှုတွေအတွက် လူတွေဆီမှာ စာတန်က သွတ်သွင်းထားတဲ့ ကောက်ကျစ်တဲ့ အတွေးအခေါ်ဖြစ်တယ်ဆိုတာ ဘုရားသခင်က ဖော်ထုတ်ခဲ့တယ်။ ဒီလို အတွေးအခေါ်မျိုးကို လူတွေက လက်ခံလိုက်တဲ့အခါ အချင်းချင်း အသုံးချ၊ လှည့်စားကြပြီး အချင်းချင်း သတိကြီးကြီး ဆက်ဆံလာကြတယ်။ သူတို့ မပွင့်လင်းရဲကြဘူး၊ ဒါမှမဟုတ် ဘယ်သူ့ကိုမှ အမှန်အတိုင်း မပြောရဲကြဘူး။ သူတို့က ပိုပိုပြီး စိတ်မချရဘဲ လှည့်ဖြားလာကြတာ။ ကျွန်မရဲ့ အပြန်အလှန်ပြောဆိုဆက်ဆံတာတွေမှာ ဒီ “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုတဲ့ အတွေးအခေါ်ကို ကျွန်မက လက်ခံကျင့်သုံးနေခဲ့တာပေါ့။ ကျိုးဖန်က ကျန်းလင်ကို မနာလိုနေတာ၊ သူ့စကားတွေမှာ ကျန်းလင်ကို နှိမ်ပြောနေခဲ့တာ၊ ဖယ်ကြဉ်နေခဲ့တာ၊ သူ့ပြဿနာရဲ့ သဘာဝက ပြင်းထန်တယ်ဆိုတာနဲ့ အဲဒါက ကျွန်မတို့အလုပ်ကို နှောင့်ယှက်နေတာ၊ ပြီးတော့ ကျိုးဖန်ကို ဒါတွေ ထောက်ပြဖို့ လိုတယ်ဆိုတာ ကျွန်မ အရှင်းသား မြင်ခဲ့တယ်။ ဒါပေမဲ့ ထောက်ပြလိုက်ရင် သူ့ရဲ့ အားနည်းချက်တွေကို ကျွန်မက ဖော်ထုတ်လိုက်သလိုဖြစ်သွားမှာ၊ သူ့ကို အရှက်ရသွားစေမှာလို့ ကျွန်မ ထင်ခဲ့တယ်လေ။ သူ ကျွန်မကို မကောင်းမြင်သွားမှာ၊ နောက်ပိုင်းဆို သူ ကျွန်မနဲ့ ကောင်းကောင်းအလုပ်မလုပ်တော့မှာကိုလဲ ကျွန်မ စိုးရိမ်ခဲ့တာ။ ဒီတော့ ကျွန်မတို့ရဲ့ ဆက်ဆံရေးကို ထိန်းသိမ်းဖို့ အဲဒီအကြောင်းနဲ့ပတ်သက်လို့ အပေါ်ယံပြောတာလောက်နဲ့ပဲ ကျေနပ်လက်ခံပြီး ကျွန်မ ဘာမှ မပြောခဲ့ဘူးပေါ့။ သူ့လုပ်ရပ်တွေရဲ့ သဘာဝနဲ့ နောက်ဆက်တွဲရလဒ်တွေကို ထောက်ပြဖို့ ကျွန်မ ဘုရားနှုတ်ကပတ်တော်ကို ထုတ်မသုံးခဲ့ဘူး။ သူ့မှာ တခြားဖောက်ပြန်ပျက်စီးတာတွေ ကျွန်မ မြင်သေးလားလို့ သူ ကျွန်မကို မေးတဲ့အချိန်မှာ သူ့ရဲ့ ပြဿနာတွေကို သေသေချာချာ ကျွန်မထောက်မပြခဲ့ဘူးဆိုတာ ကျွန်မ ရှင်းရှင်းလင်းလင်းသိခဲ့ပေမဲ့ ကျွန်မ လိမ်ပြောခဲ့ပြီး ဘာမှ မရှိတော့ပါဘူးလို့ ပြောခဲ့တယ်။ ကျွန်မက ဗြောင်ကျကျ အလိမ်အညာတွေကို ပြောနေခဲ့ပြီး သူ့ကို အရူးလုပ်ပြီး လှည့်စားနေခဲ့တာပဲ။ ကျိုးဖန်က ကျန်းလင်ကို နှိမ်ပြောနေခဲ့ပြီး ဖယ်ကြဉ်နေတာကို ကျွန်မ မြင်ခဲ့တယ်။ ဒါပေမဲ့ သူများအကြိုက်လိုက်တတ်တဲ့သူ တစ်ယောက်လို ကျွန်မ ပြုမူခဲ့ပြီး ဘာမှ မပြောခဲ့ဘူးလေ။ ကျွန်မ သမ္မာတရားကို လုံးဝ လက်တွေ့မလုပ်ဆောင်နေခဲ့ဘူး၊ ဒါမှမဟုတ် အသင်းတော်အလုပ်ကို ကာကွယ်မနေခဲ့ပါဘူး။ ကျွန်မက အရမ်းကို မယုံကြည်ရဘဲ လှည်ဖြားတတ်ခဲ့တာ။ ကျွန်မတို့ ရိုးသားပြီး တစ်ဦးကိုတစ်ဦး ပွင့်လင်းမှုနဲ့ ဆက်ဆံဖို့၊ ပြီးတော့ တခြားသူတွေ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ နေထိုင်နေပြီး လမ်းမှားကို လျှောက်နေတာ ဒါမှမဟုတ် စည်းမျဉ်းတွေကို ချိုးဖောက်နေတာကို ကျွန်မတို့ မြင်ရင် ကျွန်မတို့က ကြင်ကြင်နာနာနဲ့ သူတို့ကို ကူညီပြီး မိတ်သဟာယပြုသင့်တယ်လို့ ဘုရားက တောင်းဆိုပါတယ်။ ဒါပေမဲ့ ကျွန်မက စာတန်ဆန်တဲ့ အတွေးအခေါ်တွေကို လက်ခံနေခဲ့တာ။ တစ်ယောက်ယောက် လမ်းမှားကို လျှောက်နေတာကို ကျွန်မမြင်ရင် သူတို့ကို ကူညီဖို့ ကျွန်မ ထောက်မပြခဲ့ဘူး။ ကျွန်မမှာ ချစ်ခြင်းမေတ္တာမရှိခဲ့တာပါ။ သူများပြဿနာတွေကို ကျွန်မ ဘယ်တုန်းကမှ မဖော်ထုတ်ခဲ့ဘူး၊ ရိုးရိုးသားသား ပြောရင် ကိုယ်ပဲ ဒုက္ခရောက်မှာဆိုပြီး ကြောက်နေခဲ့တယ်။ တခြားသူတွေရဲ့ ပြဿနာတွေကို မြင်တဲ့အခါမှာ ကျွန်မရဲ့ ကိုယ်ကျိုးတွေကို ကာကွယ်ဖို့နဲ့ ရန်သူမများအောင်လို့ ကျွန်မ ဘာမှ မပြောခဲ့ဘူး။ ချီးကျူးစကားတွေနဲ့ ချိုသာတဲ့ မြှောက်ပင့်ပြောဆိုမှုတွေကိုပဲ ကျွန်မ သုံးခဲ့တာ။ ကျွန်မ လူတွေနဲ့ အဆင်ပြေနေတယ်လို့ ထင်ရပေမဲ့ အပြန်အလှန် ဆက်ဆံမှုတွေမှာ ကျွန်မ သတိကြီးကြီးထားပြီး လူတွေကို လှည့်ဖြားအသုံးချခဲ့တယ်။ ဒါတွေက ဘယ်လိုလုပ် ပုံမှန်ဆက်ဆံရေးတွေ ဖြစ်ပါ့မလဲ။ ဘယ်လိုလုပ်ပြီး စစ်မှန်တဲ့ ခင်မင်ရင်းနှီးမှု ဟုတ်ပါ့မလဲလေ။ ကျွန်မမှာ ရိုးသားပွင့်လင်းမှု လုံးဝကို မရှိခဲ့တာ။ ကျွန်မတွေးလေ့ရှိခဲ့တာက “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုတာဟာ ကျင့်ကြံပြုမူဖို့ လိုက်နာရမဲ့ စိတ်ကူးကောင်းတစ်ခုပဲ၊ ကျွန်မကိုယ်ကျွန်မ ကာကွယ်ပြီး ဘယ်သူ့ကိုမှ မကျေမနပ်ဖြစ်အောင် မလုပ်ဘူး၊ ရန်များမှာလဲ မဟုတ်ဘူးပေါ့လေ။ ဒါပေမဲ့ ဘုရားနှုတ်ကပတ်တော်နဲ့ တွေ့ထိမှုက “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” လို အမြင်တွေဟာ လူ့လောကနဲ့ ဆက်ဆံရာမှာ စာတန်ဆန်တဲ့ နည်းလမ်းတွေပဲ၊ လူတွေကို ဖောက်ပြန်ပျက်စီးစေတာပဲဆိုတာ ကျွန်မကို သိမြင်သွားစေခဲ့တာ။ အဲဒီအမြင်တွေဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ကျွန်မတို့ကို အားပေးတယ်၊ ကျွန်မတို့ကို ပိုပိုပြီး တစ်ကိုယ်ကောင်းဆန်၊ လှည့်ဖြားတတ်စေတယ်။ တခြားသူတွေ လမ်းမှားကို လျှောက်နေပြီး အလုပ်ကို ထိခိုက်စေတဲ့အခါမှာ အဲဒီအယူအဆတွေက ကျွန်မတို့ကို မိတ်သဟာယပြုတာတွေ ဒါမှမဟုတ် ထောက်ပြတာတွေ မလုပ်စေဘဲ ကြည့်ပဲ ကြည့်နေစေတာ။ ကျွန်မမှာ ချစ်ခြင်းမေတ္တာနဲ့ လူ့သဘာဝ လုံးဝကို ကင်းမဲ့နေခဲ့တာပါ။

နောက်တော့ ဘုရားနှုတ်ကပတ်တော် နောက်ထပ်တစ်ပိုဒ်ကို ကျွန်မဖတ်ပါတယ်။ “သင်၏ အခြေအနေများက မည်သို့ရှိနိုင်သည်ဖြစ်စေ သင်သည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ချည်နှောင်ခြင်း၊ ထိန်းချုပ်ခြင်း၊ အုပ်စိုးခြင်းကို ခံရသရွေ့ သင် အသက်ရှင်နေထိုင်သမျှ၊ သင် ထုတ်ဖော်သမျှ၊ သင် ပြသသမျှအရာအားလုံးသည်၊ သို့မဟုတ် သင်၏ ခံစားချက်၊ သင်၏ အတွေးအမြင်၊ အမှုအရာများကို လုပ်ဆောင်ရာတွင် သင်၏ နည်းလမ်းပုံစံများအားလုံးသည် ဆိုးယုတ်လေသည်။ ဤအရာအားလုံးသည် သမ္မာတရားကို ချိုးဖောက်ပြီး ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားအပေါ် ရန်လိုသည်။ သင်သည် ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားတို့မှ ဝေးကွာလေလေ၊ စာတန်၏ ပိုက်ကွန်၏ ထိန်းချုပ်ခြင်း၊ ဖမ်းမိခြင်းကို ခံရလေလေဖြစ်သည်။...တစ်ဖက်တွင် လူတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ထိန်းချုပ်ခြင်းကို ခံရပြီး စာတန်၏ ပိုက်ကွန်ထဲတွင် အသက်ရှင်နေကြသည်။ ၎င်းတို့အနီးတဝိုက်တွင် ဖြစ်ပျက်နေသော ပြဿနာများကို ဖြေရှင်းရန် စာတန်က ၎င်းတို့ကို ပေးထားသော အမျိုးမျိုးသော နည်းလမ်းများ၊ အတွေးများ၊ အမြင်ရှုထောင့်များကို ခံယူကြသည်။ တစ်ဖက်တွင်လည်း လူတို့သည် ဘုရားသခင်ထံမှ ငြိမ်သက်ခြင်း၊ ပျော်ရွှင်ခြင်းကို ရယူရန် မျှော်လင့်ဆဲဖြစ်သည်။ သို့ရာတွင် ၎င်းတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ချည်နှောင်ခြင်းကို အစဉ်ခံရပြီး စာတန်၏ ပိုက်ကွန်ထဲတွင် ပိတ်မိနေသောကြောင့်၊ သတိရှိစွာဖြင့် ယင်းကို ပုန်ကန်ရန်၊ ယင်းမှ လွတ်မြောက်ရန် မတတ်နိုင်သောကြောင့်၊ ပြီးလျှင် ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရား စည်းမျဉ်းများမှ ဝေးကွာလာကြသောကြောင့် လူတို့သည် ဘုရားသခင်ထံမှလာသော သက်သာခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ ပျော်ရွှင်ခြင်းတို့ကို မည်သည့်အခါမျှ မရယူနိုင်ကြပေ။ အဆုံးတွင် လူတို့သည် မည်သို့သော အခြေအနေတွင် အသက်ရှင်ကြသနည်း။ ၎င်းတို့သည် အလိုရှိသော်လည်း သမ္မာတရားအား လိုက်စားခြင်း အလုပ်ကို မလုပ်ဆောင်နိုင်ကြပေ။ ပြီးလျှင် ၎င်းတို့၏ တာဝန်များကို မှန်မှန်ကန်ကန် ထမ်းဆောင်လိုသော်လည်း ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီအောင် မလုပ်ဆောင်နိုင်ကြပေ။ ၎င်းတို့သည် ၎င်းတို့ရှိနေသည့်နေရာတွင်ပင် ပိတ်မိနေကြသည်။ ဤသည်မှာ ပြင်းစွာနာကျင်ခံစားရသော ဆင်းရဲမှုဖြစ်သည်။ လူတို့သည် ဆန္ဒမရှိသော်လည်း စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတွင် အသက်ရှင်နေကြသည်။ ၎င်းတို့သည် လူဆိုသည်ထက် မိစ္ဆာကောင်များနှင့် ပို၍တူသည်။ မှောင်မိုက်သော ထောင့်တစ်နေရာတို့တွင် မကြာခဏ ရှင်သန်နေကြပြီး ၎င်းတို့ရင်ဆိုင်ရသည့် အခက်အခဲများစွာကို ဖြေရှင်းရန် ရှက်ဖွယ်ကောင်းသော၊ ဆိုးယုတ်သော နည်းလမ်းများကို ရှာကြသည်။ အမှန်မှာ လူတို့သည် ၎င်းတို့၏ စိတ်ဝိညာဉ်အတွင်းထဲတွင် ကောင်းမွန်လိုစိတ်ရှိပြီး အလင်းကို ရရှိရန် မျှော်လင့်လိုကြသည်။ ဂုဏ်သိက္ခာရှိသော လူသားများအဖြစ် အသက်ရှင်ဖို့ မျှော်လင့်ကြသည်။ ၎င်းတို့သည် အသက်ရှင်ဖို့အတွက် သမ္မာတရားကို လိုက်စားနိုင်ပြီး ဘုရားနှုတ်ကပတ်တော်အား အမှီပြုရန်နှင့် ဘုရားနှုတ်ကပတ်တော်ကို ၎င်းတို့၏ အသက်နှင့် လက်တွေ့အရှိတရားဖြစ်စေရန်တို့အတွက်လည်း မျှော်လင့်ကြသည်။ သို့သော် မည်သည့်အခါမျှ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ကြပေ။ အယူဝါဒများစွာကို ၎င်းတို့ နားလည်သော်လည်း ၎င်းတို့၏ ပြဿနာများကို မဖြေရှင်းနိုင်ကြပေ။ လူတို့သည် ဤအကျပ်အတည်းတွင် ရှေ့တိုးနောက်ငင် ဖြစ်နေကြပြီး အရှေ့သို့ မသွားနိုင်ဘဲ အနောက်သို့လည်း မပြန်လိုကြပေ။ ၎င်းတို့သည် ၎င်းတို့ရှိသည့်နေရာတွင် ပိတ်မိနေကြသည်။ ‘ပိတ်မိ’သည့် ခံစားချက်သည် သောကဝေဒနာတစ်ခု၊ ကြီးမားသော သောကဝေဒနာတစ်ခုဖြစ်သည်။ လူတို့သည် အလင်းကို ရရှိရန် ပြင်းပြသော ဆန္ဒရှိကြပြီး ဘုရားနှုတ်ကပတ်တော်နှင့် လမ်းမှန်ကို မစွန့်ခွာလိုကြပေ။ သို့ရာတွင် ၎င်းတို့သည် သမ္မာတရားကို လက်မခံကြပေ။ ဘုရားနှုတ်ကပတ်တော်ကိုလည်း လက်တွေ့မလုပ်ဆောင်နိုင်ကြပေ။ ပြီးလျှင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သော စိတ်သဘောထား၏ ချည်နှောင်မှုနှင့် ထိန်းချုပ်မှုကို မဖယ်ရှားနိုင်ဘဲ ရှိနေကြသည်။ အဆုံးတွင် ၎င်းတို့သည် မည်သည့် အမှန်တကယ် ပျော်ရွှင်မှုမျှမရှိဘဲ သောကဝေဒနာအတွင်း၌သာ နေထိုင်၍ ရကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၈)) ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ နားလည်ခဲ့တာက တခြားသူတွေရဲ့ ပြဿနာတွေကို ကျွန်မ မြင်တဲ့အချိန်မှာ ဝင်မပြောရဲတာဟာ “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” နဲ့ “မိတ်ဆွေကောင်းများ၏အပြစ်များ အပေါ် နှုတ်ဆိတ်နေပေးခြင်းသည် ကြာရှည်၍ ကောင်းမွန်သော ခင်မင်မှုဖြစ်စေ၏” လို လောကီဆိုင်ရာ ဆက်ဆံမှုတွေအတွက် အတွေးအခေါ်မျိုးတွေကို အပြုသဘောဆောင်တဲ့ အရာတွေလို့ ကျွန်မက မြင်ခဲ့လို့ပါပဲ။ ဒါက မေတ္တာထားခြင်းပဲ၊ ကျွန်မကိုယ်ကျွန်မ ကာကွယ်နိုင်ပြီး နာကျင်ရမှာ မဟုတ်ဘူးလို့ ထင်ခဲ့တာ။ သူများနဲ့ အဆင်ပြေဖို့ ကြိုးပမ်းတဲ့အခါ သူတို့ပြဿနာတွေကို ထောက်မပြဖို့၊ ထောက်ပြရင် ကိုယ့်ဒုက္ခ ကိုယ်ရှာသလိုဖြစ်ပြီး လူရာဝင်နိုင်မှာ မဟုတ်ဘူးလို့ ကျွန်မငယ်ငယ်တုန်းက အဘွားသင်ပေးခဲ့တာကို ပြန်အမှတ်ရမိတယ်။ သူပြောခဲ့တာက ယုတ္တိရှိတယ်လို့ ကျွန်မ ထင်ခဲ့တာပေါ့။ ဒီတော့ တခြားသူတွေရဲ့ အပြစ်တွေကို ထောက်ပြဖို့ ကျွန်မ တွန့်ဆုတ်နေခဲ့တယ်။ ပြီးတော့ သူတို့ရဲ့ ပြဿနာတွေကို ဘယ်တော့မှ မဖော်ထုတ်ခဲ့ဘူး။ သူငယ်ချင်းတွေနဲ့ ပေါင်းရသင်းရတာ သိပ်အဆင်ပြေခဲ့တယ်။ ဒါက လူမှုဆက်ဆံရေးရဲ့ လျှို့ဝှက်ချက်လို့ ကျွန်မ တကယ်ထင်ခဲ့တာ။ ဒါက ဘဝနေထိုင်ရာမှာ လေးစားအားကျစရာ နည်းလမ်းတစ်ခုဖြစ်လို့ ကျွန်မကို ကြင်နာတတ်တဲ့သူတစ်ယောက် ဖြစ်စေခဲ့တဲ့အပြင် ဒီတန်ဖိုးတွေကိုသာ လက်ကိုင်မပြုခဲ့ရင် ကျွန်မက လူကောင်းတစ်ယောက်ဖြစ်မှာ မဟုတ်ဘူးလို့ ထင်ခဲ့တယ်။ တခြားအဖွဲ့ဝင်တွေနဲ့ အပြန်အလှန်ဆက်ဆံမှုတွေမှာ ကျွန်မက ဒီစာတန်ဆန်တဲ့ အတွေးအခေါ်တွေကို အားကိုးနေခဲ့တာ။ တခြားသူတွေ စည်းမျဉ်းတွေ ချိုးဖောက်ပြီး လမ်းမှားလျှောက်နေတာကို မြင်တော့ ကျွန်မ သူတို့ကို ထောက်ပြပြီး ကူညီရမယ်ဆိုတာ ကောင်းကောင်းသိတယ်။ ဒါပေမဲ့ ကျွန်မက ဒီစာတန်ဆန်တဲ့ အတွေးအခေါ်တွေရဲ့ ဘောင်ခတ်ကန့်သတ်တာကို ခံနေရလို့ တခြားသူတွေကို ထောက်မပြရဲခဲ့ဘူးလေ။ စာတန်ရဲ့ အတွေးအခေါ်တွေဟာ ကျွန်မကို တင်းတင်းကျပ်ကျပ် တုပ်နှောင်ထားတဲ့ ပိုက်ကွန်တစ်ခုလိုပါပဲ။ ကျွန်မကို မလှုပ်နိုင်မရှားနိုင်အောင် လုပ်ထားပြီး ကျွန်မရဲ့ စိတ်နှလုံးကို လုံးဝ ထိန်းချုပ်ထားခဲ့တာပေါ့။ ကျွန်မတို့အလုပ်မှာ ရနေတဲ့ ရလဒ်တွေက သိပ်မကောင်းလို့ ကျွန်မတို့ကို လမ်းညွှန်ဖို့ အသင်းတော်က ကျန်းလင်ကို စီစဉ်ပေးခဲ့တယ်။ အဲဒါက အသင်းတော်ရဲ့ အလုပ်အတွက် အကျိုးထူးခဲ့တာပဲ။ ဒါပေမဲ့ ကျိုးဖန်က ကျန်းလင်နဲ့ သဟဇာတရှိရှိ ပူးပေါင်းမဆောင်ရွက်ခဲ့ရုံသာမကပဲ ကျန်းလင်က အလုပ်အတွက် ဝန်တာထားစိတ်ရှိတာ၊ ဝတ္တရားကို သယ်ပိုးပြီး သူ့တာဝန်မှာ ဝီရိယရှိ၊ ထိရောက်တာတွေ သူမြင်တဲ့အခါ ကျန်းလင်ကို ကျော်ကြားမှု၊ အဆင့်အတန်းနဲ့ အမြန်ရတဲ့ အကျိုးအမြတ်တွေကို လိုက်စားတယ်လို့လဲ စွပ်စွဲခဲ့တယ်။ ကျန်းလင်ကို နှိမ်ပြောခဲ့၊ ဖယ်ကြဉ်ခဲ့ပြီး ကျန်းလင်ရဲ့ အပြုသဘောကို တိုက်ခိုက်ခဲ့တယ်။ ကျွန်မနဲ့ လျုယင်တို့ရှေ့မှာလဲ ကျန်းလင်ကို သူဝေဖန်ပြီး ကျန်းလင်ကို ကျွန်မတို့ ဝိုင်းကြဉ်အောင်လုပ်ဖို့ ကြိုးစားတယ်။ ကျိုးဖန်ဟာ သူ့တစ်ကိုယ်စာ အဆင့်အတန်းအတွက် ကျန်းလင်ကို ဖယ်ကြဉ်ပြီး တိုက်ခိုက်ခဲ့တာ။ ဒါဟာ သာမန်ဖောက်ပြန်ပျက်စီးမှု မဟုတ်ဘူးလေ။ ဒါက အန္တိခရစ်တစ်ယောက်ရဲ့ စိတ်သဘောထားပဲ။ သူ့တွဲဖက်အနေနဲ့ ကျွန်မ ကိုယ့်ဝတ္တရားကို ဖြည့်ဆည်းပြီး ဒါတွေ သူ့ကို ထောက်ပြခဲ့သင့်တာပေါ့။ ဒါပေမဲ့ ကျွန်မက သူ့တွဲဖက်လို လုံးဝ မပြုမူခဲ့ဘဲ ကျွန်မတို့ရဲ့အလုပ်ကို ထိခိုက်စေခဲ့တာ။ ကျွန်မ အရမ်းကို အပြစ်ရှိသလို ခံစားခဲ့ရတယ်။ ပြီးတော့ အရမ်းတစ်ကိုယ်ကောင်းဆန်ပြီး တာဝန်မသိတတ်လို့ ကိုယ့်ကိုယ်ကိုယ်လဲ မုန်းမိတယ်။ ကျွန်မက ကျိုးဖန်ရဲ့ ပြဿနာတွေကို ထောက်မပြခဲ့၊ ကျိုးဖန်ကလဲ ကျွန်မအပေါ် အမြင်စောင်းတာတွေ မရှိခဲ့ဘဲ ကျွန်မတို့ရဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ခဲ့ပေမဲ့ ကျွန်မဟာ သမ္မာတရားကို သိလျက်နဲ့ လက်တွေ့မလုပ်ဆောင်တုန်းပဲမို့ ဘုရားသခင်ကို စော်ကားပြီး စက်ဆုပ်ရွံရှာစေခဲ့တာ။

ကျွန်မ ဆက်ရှာဖွေခဲ့တယ်။ သူများပြဿနာတွေကို ကျွန်မမြင်တဲ့အခါ ဘာကြောင့် မဖော်ထုတ်နိုင်ခဲ့ရတာလဲပေါ့လေ။ ဘုရားနှုတ်ကပတ်တော် ဒီအပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ “‘သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်’ ဟူသော ဆိုရိုးစကားတွင် ‘ဖော်’ ဆိုသည့်စကားသည် ကောင်းသလော၊ ဆိုးသလော။ ‘ဖော်’ ဆိုသည့် စကားသည် ဘုရားနှုတ်ကပတ်တော်အတွင်းတွင် လူတို့ ထုတ်ဖော်ခံရခြင်း၊ သို့မဟုတ် ဖွင့်ပြခံရခြင်းကို ရည်ညွှန်းသည့် အဆင့်တွင်ရှိသလော။ (မရှိပါ။) လူသား၏ ဘာသာစကားတွင် တည်ရှိသည့်ပုံစံအရ ‘ဖော်’ ဟူသည့် စကားအပေါ် ငါ၏ နားလည်မှုတွင် ယင်းကို မဆိုလိုပေ။ ယင်း၏ အနှစ်သာရသည် ဖော်ထုတ်ခံရခြင်းနှင့်သက်ဆိုင်သည့် အတော်အတန် မလိုမုန်းထားသော ပုံစံတစ်ခုဖြစ်သည်။ ယင်းသည် လူတို့၏ ပြဿနာများနှင့် ချို့ယွင်းချက်များ၊ သို့မဟုတ် သူတစ်ပါးတို့မသိသည့် အချို့သောအရာများနှင့် အပြုအမူများ၊ သို့မဟုတ်နောက်ကွယ်တွင် လုပ်ဆောင်နေသည့် အချို့သော ကြံစည်မှု၊ အယူအဆ၊ သို့မဟုတ် အမြင်များအား ထုတ်ဖော်ခြင်းကို ဆိုလိုသည်။ ဤသည်မှာ ‘သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်’ ဆိုသော ဆိုရိုးစကားတွင်ရှိသော ‘ဖော်’ ဟူသော စကား၏ အဓိပ္ပာယ်ဖြစ်သည်။ လူနှစ်ယောက်သည် ဆက်ဆံရေးကောင်းစွာအဆင်ပြေပြီး အတွင်းရေးများကို ပြောဆိုကြသောသူများဖြစ်ကာ ၎င်းတို့ကြားတွင် မည်သည့်အတားအဆီးမျှ မရှိလျှင်၊ ၎င်းတို့တစ်ဦးချင်းစီက အချင်းချင်းအပေါ် အကျိုးဖြစ်စေပြီး အကူအညီဖြစ်စေဖို့ မျှော်လင့်လျှင် အတူတကွထိုင်ပြီး ပွင့်လင်းစွာ၊ ရိုးသားစွာဖြင့် အချင်းချင်း၏ ပြဿနာများကို ချပြခြင်းက ၎င်းတို့အတွက် အကောင်းဆုံးဖြစ်လိမ့်မည်။ ဤသည်မှာ သင့်တင့်လျောက်ပတ်သည်။ အခြားလူများ၏ အားနည်းချက်များကို ဖော်ခြင်းမဟုတ်ပေ။ သင်သည် အခြားလူတစ်ယောက်၏ ပြဿနာကို မြင်တွေ့သော်လည်း ထိုသူသည် သင်၏ အကြံကို လက်မခံနိုင်သေးသည်ကို မြင်လျှင် စကားများခြင်း၊ ပဋိပက္ခဖြစ်ခြင်းကို ရှောင်ကြဉ်ရန် မည်သည့်အရာကိုမျှ မပြောနှင့်။ သင်သည် ထိုသူကို ကူညီလိုလျှင် သူ၏ အမြင်ကို သိအောင်ပြုလုပ်ပြီး သူ့အား ရှေးဦးစွာ မေးလော့။ ‘မင်းမှာ ပြဿနာ နည်းနည်းရှိနေတာကို ငါသိတယ်။ မင်းကို အကြံနည်းနည်း ပေးဖို့ ငါ ဆန္ဒရှိတယ်။ မင်း လက်ခံနိုင်မလားဆိုတာ ငါမသိပါဘူး။ လက်ခံမယ်ဆိုရင် ငါပြောပြမယ်။ လက်မခံရင် လောလောဆယ် ဒီတိုင်းထားလိုက်ပြီး ဘာမှ မပြောတော့ဘူး’ ဟူ၍ ဖြစ်သည်။ ထိုသူက ‘ငါ မင်းကို ယုံတယ်။ မင်းပြောစရာ ဘာပဲရှိရှိ အလွန်အကျွံဖြစ်မှာမဟုတ်ဘူး။ ငါ လက်ခံနိုင်ပါတယ်’ ဟု ပြောလျှင် သင်က ခွင့်ပြုချက်ရရှိပြီးဖြစ်သည့် သဘောဖြစ်သည်။ ထို့နောက် သူ၏ ပြဿနာများကို သူ့အား တစ်ခုချင်း ပြောပြနိုင်သည်။ သူသည် သင်ပြောသည့်အရာကို အပြည့်အဝ လက်ခံမည်သာမက ယင်းမှနေ အကျိုးဖြစ်လိမ့်မည်။ သင်တို့နှစ်ယောက်သည် ပုံမှန် ဆက်ဆံရေးကို ထိန်းသိမ်းနိုင်ဆဲ ဖြစ်လိမ့်မည်။ ဤသည်မှာ ရိုးသားစစ်မှန်မှုဖြင့် အချင်းချင်း ဆက်ဆံခြင်းမဟုတ်လော။ (ဟုတ်သည်။) ယင်းသည် သူတစ်ပါးတို့နှင့် ဆက်ဆံခြင်းအတွက် မှန်ကန်သော နည်းလမ်းဖြစ်သည်။ သူတစ်ပါးတို့၏ အားနည်းချက်များကို ဖော်ခြင်းမဟုတ်ပေ။ ယခုဆွေးနွေးနေသည့် ဆိုရိုးစကားအရ ‘သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်ခြင်း’ ဆိုသည်မှာ မည်သို့အဓိပ္ပာယ်ရသနည်း။ သူတစ်ပါးတို့၏ ချို့ယွင်းချက်များကို မပြောခြင်း၊ သူတစ်ပါးတို့၏ မပြောအပ်ဆုံးသော ပြဿနာများကို မပြောခြင်း၊ သူတစ်ပါးတို့၏ ပြဿနာများ၏ အနှစ်သာရကို မဖော်ထုတ်ခြင်း၊ ဖော်ထုတ်ရာတွင် အလွန်ပင် ပြောင်ပြောင်တင်းတင်း မဖြစ်ခြင်းကို ဆိုလိုသည်။ အပေါ်ယံအဆင့် မှတ်ချက်များကိုသာ ပေးခြင်း၊ လူအားလုံးက အပြောများသည့်အရာများကိုသာ ပြောခြင်း၊ ထိုသူကိုယ်၌က မြင်နိုင်ပြီးဖြစ်သည့်အရာများကို ပြောဆိုခြင်း၊ ထိုသူက ယခင်က ပြုလုပ်ခဲ့သောအမှားများ၊ သို့မဟုတ် ထိခိုက်လွယ်သော ပြဿနာများကို ဖွင့်မပြခြင်းတို့ကို ဆိုလိုသည်။ သင်သည် ဤသို့ လုပ်ဆောင်လျှင် ထိုသူအတွက် မည်သို့ အကျိုးဖြစ်သနည်း။ သင်သည် ထိုသူကို စိတ်မကျေမနပ်မဖြစ်စေခြင်း၊ သို့မဟုတ် သူနှင့် ရန်သူမဖြစ်ခြင်းတို့ ရှိကောင်းရှိမည်။ သို့သော် သင်လုပ်ဆောင်သည့်အရာသည် ထိုသူအား မည်သို့မျှ အကူအညီမပေးပေ၊ သို့မဟုတ် ထိုသူအတွက် အကျိုးမဖြစ်ပေ။ ထို့ကြောင့် ‘သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်’ ဆိုသည့် စကားကိုယ်၌က တိမ်းရှောင်ခြင်းဖြစ်ပြီး လူတို့ အချင်းချင်း ဆက်ဆံရာတွင် ရိုးသားစစ်မှန်မှုကို ခွင့်မပြုသော လှည့်စားမှု ပုံစံတစ်ခုဖြစ်သည်။ ဤသို့ လုပ်ဆောင်ခြင်းသည် မကောင်းသော ရည်ရွယ်ချက်များကို ထားရှိခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ ယင်းသည် သူတစ်ပါးတို့နှင့် ဆက်ဆံရာတွင် မှန်ကန်သော နည်းလမ်းမဟုတ်ပေ။ ဘာသာတရားမရှိသူများက ‘သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်’ ဆိုသည်ကို မြင့်မြတ်သော ကိုယ်ကျင့်တရားရှိသူတစ်ယောက်က လုပ်ဆောင်သင့်သည့်အရာဟုပင် မြင်ကြသည်။ ယင်းသည် သူတစ်ပါးတို့နှင့် ဆက်ဆံရာတွင် လှည့်စားသည့် ပုံစံတစ်ခုဖြစ်သည်မှာ ရှင်းသည်။ ယင်းကို လူတို့က မိမိကိုယ်ကို ကာကွယ်ရန်အတွက် ခံယူကျင့်သုံးခြင်းဖြစ်သည်။ ဆက်ဆံရာတွင် သင့်တင့်လျောက်ပတ်သောနည်းလမ်း လုံးဝ မဟုတ်ပေ။ သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်ခြင်းကိုယ်၌က မရိုးသားခြင်းဖြစ်သည်။ သူတစ်ပါးတို့၏ အားနည်းချက်များကို ဖော်ခြင်းတွင် ဖုံးကွယ်ထားသော ရည်ရွယ်ချက်တစ်ခု ရှိနိုင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၈)) အရင်က ကျွန်မလဲ ရှင့်လိုပါပဲ။ တခြားသူတွေရဲ့ တာဝန်ဝတ္တရားတွေက ပြဿနာတွေကို ထောက်ပြတာဟာ သူတို့ရဲ့ အားနည်းချက်တွေကို ဖော်ထုတ်တာမို့ သူတို့ကို ထိခိုက်စေတယ်လို့ ကျွန်မ ထင်ခဲ့တာ။ ဒီလိုလုပ်တာဟာ ရန်သူများလာစေပြီး ကျွန်မတို့ရဲ့ ဆက်ဆံရေးတွေကို ထိခိုက်စေမှာလို့ တွေးခဲ့တာပေါ့။ ဒီအမြင်အယူအဆက မှားတယ်ဆိုတာ၊ ပြီးတော့ ကိစ္စတွေကို ဘုရားနှုတ်ကပတ်တော်နဲ့အညီ ကျွန်မ မရှုမြင်ခဲ့ဘူးဆိုတာ ကျွန်မ အခု သိပြီ။ ကျွန်မတို့ ရိုးသားကြဖို့၊ အချင်းချင်း ရိုးသားပွင့်လင်းမှုနဲ့ ဆက်ဆံဖို့၊ ညီအစ်ကိုမောင်နှမတွေနဲ့ ပေါင်းဖော်တဲ့အခါ အချင်းချင်း ကူညီနိုင်စွမ်းရှိဖို့ ဘုရားက တောင်းဆိုပါတယ်။ တခြားသူတွေ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို အခြေခံပြီး စည်းမျဉ်းတွေကို ချိုးဖောက်နေတာ ဒါမှမဟုတ် လမ်းမှားကို လျှောက်နေတာ ကျွန်မတို့ မြင်တဲ့အချိန်မှာ သူတို့ကိုယ်သူတို့ သိမြင်လာအောင် ကျွန်မတို့ လမ်းပြပြီးတော့ သမ္မာတရားစည်းမျဉ်းတွေနဲ့အညီ သူတို့ရဲ့ပြဿနာတွေကို ကျွန်မတို့ ထောက်ပြသင့်တာပေါ့။ သူများကို ပြုပြင်ချိန်မှာ ပြောတဲ့ စကားလုံးတွေက နားမခံသာ ဖြစ်နေနိုင်ရင်တောင် သူတို့ကိုယ်သူတို့ သိမြင်လာအောင် ကူညီဖို့ ပြောရတာလေ။ ဒါဟာ စစ်မှန်တဲ့ မေတ္တာနဲ့ အကူအညီပါ။ ဒါက အသင်းတော်ရဲ့ အလုပ်ကို ကာကွယ်နေတာပါ။ အပေါ်ယံနာမည်ခံလောက် “သူတို့ရဲ့ အားနည်းချက်တွေကို ဖော်ထုတ်အသိပေးခြင်း” ဆိုတာက ရိုးသားဖြူစင်တဲ့ အကူအညီကို အမှန်တကယ် ပေးနေတာ မဟုတ်ဘူးလေ။ အဲဒီအစား အဲဒီလုပ်ရပ်မှာ တစ်ကိုယ်ရေ စေ့ဆော်မှုတွေ၊ အမြင်စောင်းမှုတွေ ပြည့်နေတာ။ အဲဒါက တခြားတစ်ယောက်ကို ထိခိုက်စေဖို့ ဒါမှမဟုတ် အရှက်ရစေဖို့အတွက်နဲ့ အားနည်းချက်တွေနဲ့ မကောင်းတာတွေ ဖော်ထုတ်ဖို့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို အားကိုးပြီး တိုက်ခိုက်၊ ဝေဖန်၊ ချိုးနှိမ်ဖို့ အလုပ်လုပ်တာ။ အဲဒါက လူတစ်ယောက်ကို ဘာ လမ်းကြောင်းမှ မပေးဘူး။ နာကျင်မှုနဲ့ အပျက်သဘောကိုပဲ ဖြစ်စေတာ။ ကျိုးဖန်က ကျော်ကြားမှုနဲ့ အဆင့်အတန်းကို လိုက်စားနေခဲ့ပြီး အန္တိခရစ်တစ်ယောက်ရဲ့ လမ်းကြောင်းပေါ်ရောက်နေခဲ့တယ်၊ အဲဒါက အသင်းတော်ရဲ့အလုပ်ကို ထိခိုက်စေတယ်ဆိုတာ ကျွန်မ မြင်ခဲ့တယ်။ ကျွန်မက ဒါကို မိတ်သဟာယပြုပြီး ထောက်ပြခဲ့ရင် သူ့ကိုယ်သူ ပြန်သုံးသပ်ပြီး နားလည်အောင် ကူညီပေးခဲ့မှာပဲ။ သူ့ကို ကူညီသလို အသင်းတော်ရဲ့အလုပ်ကိုလဲ ကာကွယ်ပေးခဲ့မှာပဲ။ ဒီလို နားလည်သွားတော့မှ ကျွန်မ နည်းနည်းလောက် ပိုပြီး ရွှင်ပျလာပြီး စိတ်အေးလက်အေးရှိခဲ့တာ။ ပြီးတော့ မှားယွင်းတဲ့ အမြင်တွေနဲ့ စိတ်ကျဉ်းကျပ်မှုမရှိတော့ဘူး။

အဲဒီနောက် တခြားညီအစ်ကိုမောင်နှမတွေကို ဘယ်လိုပြုမူဆက်ဆံရမလဲဆိုတဲ့ စည်းမျဉ်းတွေကို ရှင်းလင်းဖွင့်ဆိုထားတဲ့ ဘုရားနှုတ်ကပတ်တော် နောက်ထပ်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဘုရားသခင်၏အိမ်တော်တွင် လူတို့ကို ဆက်ဆံပုံအတွက် စည်းမျဉ်းများက အဘယ်နည်း။ လူတိုင်းကို သမ္မာတရားစည်းမျဉ်းများနှင့်အညီ ဆက်ဆံသင့်သည်။ ညီအစ်ကိုမောင်နှမတစ်ယောက်စီတိုင်းအား မျှမျှတတ ဆက်ဆံသင့်သည်။ ၎င်းတို့ကို မည်သို့ မျှမျှတတ ဆက်ဆံရမည်နည်း။ ဤအရာကို ဘုရားနှုတ်ကပတ်တော်အပေါ်၊ ဘုရားသခင်က မည်သူတို့ကို ကယ်တင်သည်ဆိုသည့်အပေါ်၊ ဘုရားသခင်က မည်သူ့ကို ဖယ်ရှားရှင်းလင်းသည်၊ မည်သည့်အရာကို နှစ်သက်သည်၊ မည်သည့်အရာကို မုန်းတီးသည်ဆိုသည်တို့အပေါ်တွင် အခြေခံရမည်။ ဤအရာတို့သည် သမ္မာတရား စည်းမျဉ်းများဖြစ်သည်။ ညီအစ်ကိုမောင်နှမများကို ချစ်ခင်သော ကူညီမှုဖြင့်၊ အပြန်အလှန်လက်ခံမှုနှင့် စိတ်ရှည်မှုဖြင့် ဆက်ဆံသင့်သည်။ ဆိုးယုတ်သော လူများနှင့် မယုံကြည်သူများကို ခွဲခြားဖော်ထုတ်ပြီး သီးခြားခွဲထားကာ ဝေးဝေးရှောင်သင့်သည်။ ဤသို့လုပ်ဆောင်ခြင်းအားဖြင့်သာ လူတို့ကို စည်းမျဉ်းနှင့် ဆက်ဆံခြင်းဖြစ်သည်။ ညီအစ်ကိုမောင်နှမတိုင်းတွင် အားသာချက်၊ အားနည်းချက်များရှိကြပြီး အားလုံးတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိကြသည်။ ထို့ကြောင့် ၎င်းတို့သည် အတူတကွရှိသောအခါ အချင်းချင်း ချစ်ခင်စွာကူညီသင့်သည်။ လက်ခံပြီး စိတ်ရှည်သင့်ကာ အထအနမကောက်သင့်ပေ၊ သို့မဟုတ် အလွန်အမင်း မကြမ်းတမ်းသင့်ပေ။...မသိနားမလည်ဘဲ မိုက်မဲသော လူတို့ကို ဘုရားသခင်က မည်သို့ ဆက်ဆံသည်၊ မရင့်ကျက်သည့် ဝိညာဉ်အသက်တာရှိသူတို့ကို သူ မည်သို့ ဆက်ဆံသည်၊ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ပုံမှန်ထုတ်ဖော်ချက်များကို သူ မည်သို့ ဆက်ဆံပုံနှင့် မလိုမုန်းထားသော သူတို့ကို သူ ဆက်ဆံပုံတို့ကို သင် ကြည့်ရှုလေ့လာရမည်။ ဘုရားသခင်သည် လူအမျိုးမျိုးကို နည်းလမ်းအမျိုးမျိုးဖြင့် ဆက်ဆံပြီး၊ မတူညီသော လူတို့၏ အခြေအနေ အမြောက်အမြားကို စီမံခန့်ခွဲနည်းအမျိုးမျိုးလည်း သူ့ထံတွင် ရှိ၏။ ဤသမ္မာတရားများကို သင်နားလည်ရမည်။ ဤသမ္မာတရားများကို သင်နားလည်ပြီးသည်နှင့်၊ ထိုအခါတွင် အမှုအရာများကို သင် မည်သို့ တွေ့ကြုံခံစားဖို့ကိုလည်းကောင်း၊ လူတို့ကို စည်းမျဉ်းများနှင့်အညီ မည်သို့ ဆက်ဆံဖို့ကိုလည်းကောင်း သင် သိလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားကို ရရှိရန်၊ အနီးအနားတွင်ရှိသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများမှ သင်ယူရမည်) ညီအစ်ကိုမောင်နှမတွေကို ကူညီဖို့ စည်းမျဉ်းတွေကို ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ နားလည်ခဲ့တယ်။ စာတန်ရဲ့ ဖောက်ပြန်ပျက်စီးမှုကြောင့် ကျွန်မတို့အားလုံး ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေအများကြီး ရခဲ့တာ။ လူတွေ သူတို့ရဲ့ တာဝန်ဝတ္တရားတွေ ထမ်းဆောင်ရာမှာ ထုတ်ဖော်တဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေနဲ့ ပတ်သက်လို့ကတော့ တကယ်လို့ အလုပ်ကို မထိခိုက်ရင် ဒါမှမဟုတ် လူတစ်ယောက်ရဲ့ ဝိညာဉ်ရင့်ကျက်မှုက အရမ်းကို နုနယ်နေတာဆိုရင် လူတစ်ယောက်ကို ထိခိုက်စေဖို့ သူ့ရဲ့ ဖောက်ပြန်ပျက်စီးမှုတွေနဲ့ အားနည်းချက်တွေကို ဖော်ထုတ်စိစစ်ဖို့ ကျွန်မတို့ ဒီအရာတွေကို ထင်ရာမြင်ရာ အမိအရ အသုံးချနေလို့မရဘူးပေါ့။ ဒီလိုအခြေအနေမျိုးမှာ သူတို့ကို အပြုသဘော မိတ်သဟာယပြုပြီး ကူညီဖို့ မေတ္တာတရားအပေါ် အားထားဖို့ လိုတယ်။ ဒါပေမဲ့ အသင်းတော်ရဲ့အလုပ်ကို ဖျက်လိုဖျက်ဆီးနဲ့ နှောင့်ယှက်ပြီး အန္တိခရစ်တွေရဲ့ လမ်းကို လျှောက်တဲ့သူ ဒါမှမဟုတ် အပြင်းအထန် ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ ရှိတဲ့သူတွေအတွက်ကတော့ အပြုသဘော မိတ်သဟာယပြုတာက ဘာအကျိုးရလဒ်တွေမှ မရခဲ့ရင် သူတို့ပြဿနာရဲ့ သဘာဝကို သူတို့ သိနိုင်အောင်နဲ့ အမှန်တကယ် နောင်တရသွားအောင် သူတို့ကို ပြုပြင်ရမှာ၊ သူတို့ရဲ့ အပြုအမူကို ဖော်ထုတ်ပြီး စိစစ်ရမှာပေါ့လေ။ သူတို့ကို မဖော်ထုတ်ဘူး၊ မစိစစ်ဘူးဆိုရင် သူတို့ရဲ့ပြဿနာကို သူတို့ ပြန်သုံးသပ်နိုင်မှာ၊ နားလည်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ သူတို့ အသင်းတော်အလုပ်ကို ဆက်ပြီး ဖျက်ဆီးနှောင့်ယှက်ကြမှာ။ လူတွေကို သူတို့ရဲ့ အနှစ်သာရ၊ ဝိညာဉ်ရင့်ကျက်မှုနဲ့ ထူးခြားတဲ့ နောက်ခံအခြေအနေတွေနဲ့ အညီ ကူညီရမှာပါ။ လူတွေရဲ့ ပြဿနာတွေကို အမြဲတမ်းလိုလို ကျွန်မတို့ ချက်ချင်းကြီး မဖော်ထုတ်သင့်၊ မစိစစ်သင့်သလို သည်းခံမှုနဲ့ စိတ်ရှည်မှုကိုလဲ အမြဲတမ်း မရွေးချယ်သင့်ဘူးပေါ့။ တချို့အရာတွေက အလုပ်ကို မထိခိုက်တော့ သည်းခံမှုနဲ့ စိတ်ရှည်မှု လိုအပ်ပါတယ်။ ဒါပေမဲ့ တချို့အရာတွေကတော့ အလုပ်မှာ ဖျက်ဆီးမှုတွေ နှောင့်ယှက်မှုတွေ တကယ့်ကို ဖြစ်စေတာ။ ဒီတော့ ဒီကိစ္စတွေမှာ လူတွေရဲ့ ဝိညာဉ်ရင့်သန်မှုနဲ့ သင့်လျော်တဲ့ တသီးတသန့်ဆောင်ရွက်မှုတွေကို သုံးပြီး သူတို့ကို ဖော်ထုတ်ပြီး ပြုပြင်ရမှာ။ ဒါရဲ့ ရလဒ်ကတော့ ညီအစ်ကို မောင်နှမတွေဟာ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးမှုကို သိသွားလို့ နောင်တရပြီး ပြုပြင်ပြောင်းလဲနိုင်သွားမှာ၊ စည်းမျဉ်းတွေအတိုင်း ပြုမူဆောင်ရွက်နိုင်သွားမှာပါ။ ဒီလို မိတ်သဟာယပြုမှုမျိုးဟာ အသင်းတော်ရဲ့အလုပ်ကို အကျိုးရှိစေသလို လူတွေကိုလဲ ကူညီပါတယ်။ ဒီလို နားလည်သဘောပေါက်မှုတွေနဲ့ ကျွန်မရဲ့ စိတ်နှလုံးက ပိုပြီး ကြည်လင်ရွှင်ပျလာပြီး ကျိုးဖန်ဆီကို သူ့ပြဿနာတွေ ဖော်ထုတ်တဲ့ စာတစ်စောင် ကျွန်မ ရေးခဲ့တယ်။ နောက်တော့ သူ ကျွန်မရဲ့စာကို ပြန်စာရေးတယ်။ “ကျွန်မကို ဖော်ထုတ်ပြီး ပြုပြင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မရဲ့ ပြဿနာတွေက အရမ်းကို ပြင်းထန်နေမယ်လို့ ကျွန်မ မျှော်လင့်မထားခဲ့ဘူး။ ဖောက်ပြန်ပျက်စီးမှုနည်းနည်းလောက်ပဲ ကျွန်မဖော်ထုတ်မိတာမို့ ပြန်သုံးသပ်နေသရွေ့၊ ဘုရားနှုတ်ကပတ်တော် တချို့ကို ရှာဖတ်နေသရွေ့ အဆင်ပြေတယ်လို့ ကျွန်မ အမြဲထင်ခဲ့တာ။ ကျွန်မက အန္တိခရစ်တစ်ယောက်ရဲ့ လမ်းကြောင်းပေါ် ရောက်နေပြီး ကျွန်မရဲ့ လူ့သဘာဝမှာ ပြဿနာတွေရှိနေတယ်ဆိုတာကို ကျွန်မ လုံးဝကို သတိမပြုမိခဲ့ဘူး။ ရှင့်ရဲ့ မိတ်သဟာယပြုမှုနဲ့ စိတ်ဖြာလေ့လာဆွေးနွေးမှုကနေ ရှင် ကျွန်မကို စိတ်ရင်းအတိုင်း ကူညီချင်တာလို့ ကျွန်မ ရိပ်စားမိပါတယ်။ ကျွန်မ ဒါကို လက်ခံပြီး ကိုယ့်ကိုယ်ကိုယ် သုံးသပ်နားလည်လိုစိတ် ရှိပါတယ်” တဲ့။ ဒီစကားလုံးတွေကို ဖတ်ရတော့ ကျွန်မ တကယ့်ကို ခံစားရတယ်။ ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ခြင်းက ကျွန်မရော တခြားသူတွေရော နှစ်ဦးနှစ်ဖက်အကျိုးရှိပြီးတော့ ကျွန်မရဲ့စိတ်နှလုံး ငြိမ်းချမ်းပြီး တည်ငြိမ်တယ်လို့ ခံစားခဲ့ရတယ်။

ဒီအတွေ့အကြုံကနေ ကျွန်မ မြင်လိုက်တာက “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” လို အယူအဆတွေအပေါ် အရင်က ကျွန်မ အားကိုးခဲ့တုန်းကဆို စာတန်ရဲ့ အန္တရာယ်ပေးတာ ခံနေရပြီး တစ်ကိုယ်ကောင်းဆန်၊ စက်ဆုပ်စရာကောင်းပြီး လှည့်ဖြားတဲ့ ဘဝကို နေထိုင်နေခဲ့တယ်ဆိုတာပဲ။ ဘုရားနှုတ်ကပတ်တော်ကသာလျှင် သမ္မာတရားဖြစ်ပြီး ဘုရားနှုတ်ကပတ်တော်တွေနဲ့အညီ လူတွေ၊ ကိစ္စတွေကို ရှုမြင်ရင်း ကျင့်ကြံပြုမူပြီး လုပ်ဆောင်မှသာ လူလူသူသူ ရှင်သန်နေထိုင်နိုင်သွားမယ်ဆိုတာကို အခု ရှင်းရှင်းလင်းလင်း သိလိုက်ပါပြီ။

ကျွန်မအတွေ့အကြုံက အတော်လေး အပေါ်ယံကျတာမို့ ရှင့်မှာ နောက်ထပ် သိမြင်မိတာတွေရှိရင် ကျွန်မဆီ စာရေးလို့ ရပါတယ်ရှင်။

ရိုးသားစွာဖြင့် ရှင့်ရဲ့

ချန်ရှီ

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်အတွက် ဘယ်လိုသက်သေခံရမယ်ဆိုတာ အခု ကျွန်မသိပြီ

ရွှင်လု တရုတ်နိုင်ငံ ၂၀၂၁ခုနှစ်၊ ဧပြီလမှာ ကျွန်မက ဧဝံဂေလိ မျှဝေရင်းနဲ့ အစ်မချန်နဲ့အတူ အလုပ်လုပ်တယ်။ ကျွန်မက ဒီအလုပ်နဲ့ပတ်သက်ပြီး...

နှင်ထုတ်ခြင်းမခံရမီ ကျွန်မ၏ ဆင်ခြင်သုံးသပ်ချက်များ

ရန်ရှင်း တရုတ်နိုင်ငံ ၂၀၁၄ မှာ ကျွန်မက အသင်းတော်မှာ ဗီဒီယိုထုတ်လုပ်ရေးမှာ လုပ်နေတာပါ။ သိပ်မကြာဘူး။ ကျွန်မက အဖွဲ့ခေါင်းဆောင်အဖြစ်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။