ကျွန်မတာဝန် ဆုံးရှုံးပြီးနောက် ဆင်ခြင်သုံးသပ်ခြင်းများ

30.10.2025

အာရာဘယ်လာ၊ တောင်ကိုရီးယား

တစ်ခါတုန်းက ခေါင်းဆောင်တွေက ကျွန်မကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ ရွတ်ဆိုတာ လေ့ကျင့်ဖို့ စီစဉ်ပေးခဲ့တယ်။ ဒီသတင်းကိုကြားတော့ ကျွန်မအရမ်းပျော်သွားတာပေါ့၊ ဒီအခွင့်အရေးက တော်တော်လေး ရခဲတယ်လို့ ခံစားမိတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ရွတ်ဆိုတာကို လေ့ကျင့်ခဲ့တုန်းက အကြောင်းကို ပြန်စဉ်းစားမိတော့၊ လေသံ၊ အမြန်နှုန်း၊ စကားစုအဖြတ်အတောက်၊ ဖိအားပေးရွတ်ဆိုမှု စတဲ့ အပိုင်းတွေမှာ အနည်းနဲ့အများဆိုသလို ပြဿနာတွေရှိခဲ့တယ်။ အဲဒီအချိန်တုန်းက ဒီပြဿနာတွေကို ဖြေရှင်းဖို့ခက်တယ်လို့ ကျွန်မခံစားခဲ့ရပြီး အခက်အခဲထဲမှာပဲ ရှင်သန်ခဲ့တယ်၊ ကိုယ့်ကိုယ်ကိုယ် အရည်အချင်းမရှိဘူးလို့ အမြဲသတ်မှတ်ပြီး ရွတ်ဆိုတာနဲ့ မကိုက်ဘူးလို့ ထင်ခဲ့တယ်။ ဒါ့အပြင် လေ့ကျင့်တဲ့နေ့ရက်တိုင်းမှာ ကျွန်မရဲ့အားနည်းချက်တွေ ဖော်ထုတ်ခံခဲ့ရပြီး ညီအစ်ကိုမောင်နှမတွေကလည်း ကျွန်မရဲ့ပြဿနာတွေကို ထောက်ပြခဲ့ကြတယ်။ ဒါကြောင့် ဒီတာဝန်ကိုထမ်းဆောင်ရတာက ကျွန်မကို အရမ်းအရည်အချင်းမရှိတဲ့ပုံ ပေါက်စေတယ်လို့ ခံစားခဲ့ရပြီး ကျွန်မရင်ထဲမှာ ပိုလို့တောင် အပျက်သဘောဆောင်ပြီး တက်ကြွမှုမရှိ ဖြစ်လာခဲ့တယ်။ ဒီပြဿနာတွေကိုဖြေရှင်းဖို့ အားထုတ်ရအောင် ကျွန်မမှာ ဘာရည်ရွယ်ချက်မှမရှိခဲ့ဘဲ ဝတ်ကျေတမ်းကျေပဲ လေ့ကျင့်ခဲ့တယ်။ ရလဒ်အနေနဲ့ ခြောက်လကျော်လောက် လေ့ကျင့်ပြီးတဲ့နောက်မှာ ကျွန်မမှာ သိသိသာသာ တိုးတက်မှုမရှိခဲ့ဘဲ နောက်ဆုံးမှာတော့ တခြားတာဝန်တစ်ခုကို ပြောင်းပေးတာခံလိုက်ရတယ်။ ဒီပြဿနာတွေကို နောက်တစ်ကြိမ် ရင်ဆိုင်ရမယ့်အကြောင်း စဉ်းစားမိတဲ့အခါ ကျွန်မ ခေါင်းကြီးသွားတယ်။ ကိုယ့်ဇာတိပကတိက ဒုက္ခခံရရုံတင်မကဘဲ နောက်ဆုံးမှာ တိုးတက်လာနိုင်ပါ့မလားဆိုတာလည်း မသေချာဘူးလေ။ ဒီအကြောင်းကို စဉ်းစားမိတော့ ကျွန်မ စိတ်ညစ်သွားတယ်။ ညီအစ်မတစ်ယောက်က ကျွန်မနဲ့ မိတ်သဟာယပြုတယ်၊ “ကျွန်မတို့မှာ မပြည့်စုံမှုတွေနဲ့ ချို့တဲ့မှုတွေရှိလို့ပဲ ကိုယ့်လေ့ကျင့်မှုကို ပိုလုပ်ဖို့လိုတာပေါ့။ ဒီအလုပ်ကိုထမ်းဆောင်ဖို့ လူတွေ အရေးတကြီးလိုအပ်နေတယ်။ မင်းရဲ့ အသံထွက်က အတော်ကောင်းပါတယ်၊ သာယာတဲ့အသံသြဇာလည်းရှိတယ်။ ဒီလိုအခြေအနေတွေနဲ့ အခွင့်အရေးမျိုးကို တန်ဖိုးထားရမယ်နော်” တဲ့။ ညီအစ်မရဲ့ မိတ်သဟာယကို နားထောင်ပြီးတဲ့နောက်မှာ ကျွန်မရင်ထဲမှာ နည်းနည်း တို့ထိခံစားရပြီး တွေးမိတယ်၊ “ဟုတ်တယ်၊ ငါ့အသံကောင်းတယ်၊ ဒါက ဘုရားသခင်ရဲ့ ကျေးဇူးတော်ပဲ။ အခု ငါ့အပိုင်းကို ငါလုပ်ဆောင်ရမယ့်အချိန်ပဲ။ အခက်အခဲထဲမှာပဲ နေလို့မဖြစ်ဘူး၊ ငါ အပေါ်ကို တက်လှမ်းရမယ်၊ ဒီတာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းနိုင်ဖို့ အမြန်ဆုံး တိုးတက်အောင် ကြိုးပမ်းအားထုတ်ရမယ်” လို့ပေါ့။

အဲဒီအချိန်ကစပြီး ကျွန်မ လေ့ကျင့်မှုမှာ တက်တက်ကြွကြွနဲ့ စိတ်နှစ်လိုက်တယ်။ ကြီးကြပ်ရေးမှူးဖြစ်တဲ့ ညီအစ်မဇိုဝီက ကျွန်မအသံသွင်းထားတဲ့ ရွတ်ဆိုမှုတစ်ခုကို နားထောင်ပြီး အဲဒီအပေါ်မှာ လမ်းညွှန်မှုနဲ့ အကူအညီပေးခဲ့တယ်။ သူကပြောတယ်၊ “မင်းဖတ်တာက စကားစုအဖြတ်အတောက်တွေနဲ့ ဖိအားပေးရွတ်ဆိုမှုတွေက တချို့နေရာတွေမှာ သိပ်မမှန်ဘူး။ လေ့ကျင့်ချိန် နည်းလွန်းလို့လား။ နောက်ပြီး အသက်ရှူတာလည်း မမှန်ဘူး၊ အသံက အားမရှိသလိုပဲ။ အသက်ရှူတာကို ပိုလေ့ကျင့်ဖို့လိုတယ်” တဲ့။ သူက အသေးစိတ်ပြဿနာတချို့ကိုလည်း ထောက်ပြခဲ့တယ်။ သူ့စကားတွေကိုကြားပြီးတဲ့နောက် ကျွန်မနည်းနည်း စိတ်မကောင်းဖြစ်သွားပြီး တွေးမိတယ်၊ “ငါ့ရဲ့ ရွတ်ဆိုမှုမှာ ပြဿနာတွေ ဒီလောက်များတာ၊ တကယ်ကို ဆိုးဝါးတာပဲ။ ပြီးတော့ အသက်ရှူတာကလည်း ချက်ချင်းကြီး တိုးတက်လာနိုင်တဲ့ဟာမှ မဟုတ်တာ။ ဒါက အလေ့အကျင့်နဲ့ အဆင့်ဆင့်ဆည်းပူးမှုဆိုတဲ့ ကြာရှည်တဲ့ လုပ်ငန်းစဉ်တစ်ခု လိုအပ်တယ်” လို့ပေါ့။ သူပြောခဲ့တဲ့ ဒီအသေးစိတ် နည်းပညာပိုင်းဆိုင်ရာ ပြဿနာတွေကို စဉ်းစားမိတော့ ကိုယ့်မှာ ကောင်းတာ တစ်ခုမှမရှိသလို ခံစားရပြီး မျက်နှာတစ်ခုလုံး ပူထူသွားတယ်။ ကျွန်မ တွေးမိတယ်၊ “ငါက ဒီလောက်ညံ့နေမှတော့ ဘာကြောင့်များ ဆက်ဖတ်နေရဦးမှာလဲ။ ဒီလောက်များတဲ့ ပြဿနာတွေကို ပြင်ဖို့ ဘယ်လောက်ကြာကြာ လေ့ကျင့်ရမှာလဲ။ တခြားညီအစ်မတွေက တော်တော်ကောင်းကောင်း ဖတ်နိုင်ကြတယ်။ ငါ ဘယ်လောက်ပဲလေ့ကျင့်လေ့ကျင့် သူတို့ကို မမီနိုင်ဘူး။ နောင်မှာ ဒီတာဝန်ကို အဖြစ်လောက် ထမ်းဆောင်နိုင်ခဲ့ရင်တောင် သူများတွေရဲ့ လောင်းရိပ်မိနေမှာပဲ၊ ပြီးတော့ ငါက အမြဲတမ်း ‘အညံ့စားကျောင်းသား’ ပဲဖြစ်နေမှာ၊ ငါရှိတယ်လို့ လုံးဝခံစားရအောင် လုပ်နိုင်မှာကိုမဟုတ်ဘူး” လို့ပေါ့။ ဒီအကြောင်းတွေကို စဉ်းစားရင်းနဲ့ ဒီတာဝန်ကို ထမ်းဆောင်ချင်စိတ် မရှိတော့ဘူး။ တိုက်တိုက်ဆိုင်ဆိုင်ပဲ နောက်ရက်တွေကျတော့ ကျွန်မမှာ တခြားအလုပ်တွေ လုပ်စရာရှိတာနဲ့ လေ့ကျင့်မဖြစ်ခဲ့ဘူး၊ အချိန်နည်းနည်းရရင် ရသလို ခဏလောက်တော့ နားလိုက်တာပဲ။

ရက်နည်းနည်းကြာတော့ ခေါင်းဆောင်က ကျွန်မကို ရွတ်ဆိုတာ လေ့ကျင့်နေရဲ့လားလို့ မေးတယ်။ ကျွန်မကလည်း ယုံကြည်မှုရှိရှိနဲ့ ပြောလိုက်တယ်။ “ဒီရက်ပိုင်း တာဝန်နဲ့ တော်တော်အလုပ်များနေလို့ လေ့ကျင့်ဖို့ အချိန်မရဘူး” ပေါ့။ ခေါင်းဆောင်က မေးတယ်၊ “ဒါဆို လေ့ကျင့်ဖို့ရော စိတ်ထဲမှာရှိရဲ့လား။ ဒီတာဝန်က အရေးကြီးတယ်။ လေ့ကျင့်ဖို့ အချိန်ပိုရအောင် နည်းလမ်းမရှာရင် ဘယ်တော့မှ ဒီတာဝန်ကို ထမ်းနိုင်မှာလဲ” တဲ့။ ကျွန်မ နည်းနည်းတော့ မှင်တက်သွားပြီး ရင်ထဲကို စူးခနဲဖြစ်သွားတယ်။ စဉ်းစားကြည့်တော့ ဒီရက်ပိုင်း ကျွန်မတာဝန်နဲ့ နည်းနည်း အလုပ်များနေပေမဲ့ အချိန်လုံးဝမရှာနိုင်တာတော့ မဟုတ်ဘူး။ အဓိကပြဿနာက ကျွန်မရဲ့ ရွတ်ဆိုမှုမှာရှိတဲ့ ပြဿနာတွေက ဖြေရှင်းဖို့ ခက်လွန်းတယ်လို့ ခံစားမိတာပဲ။ ဒုက္ခခံပြီး အဖိုးအခပေးဆပ်ရင်တောင် ရလဒ်ကောင်းတွေ ရချင်မှ ရမှာ၊ ပြီးတော့ သူများတွေရဲ့ ပြုပြင်တာ ခံဖို့ကိုလည်း လိုနေဦးမှာ။ ကျွန်မ ဒါကို မရင်ဆိုင်ချင်ဘူး၊ ဒါကြောင့် တတ်နိုင်သလောက် ရှောင်နေခဲ့တာ။ ခေါင်းဆောင်ရဲ့ မေးခွန်းက ကျွန်မရင်ထဲ တည့်တည့်ထိုးဖောက်ဝင်သွားပြီး ကျွန်မ နည်းနည်း စိတ်မကောင်းဖြစ်သွားတယ်၊ ဒီတာဝန်အပေါ် ကျွန်မရဲ့ချဉ်းကပ်ပုံက အရမ်းကို ပေါ့ပေါ့ဆဆနိုင်ပြီး တာဝန်မဲ့လွန်းတယ်ဆိုတာ သဘောပေါက်သွားတယ်။ ဒါနဲ့ ဒီတာဝန်အပေါ်ထားတဲ့ ကိုယ့်သဘောထားကို ပြောင်းလဲရမယ်လို့ စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်တယ်။ ဒါကြောင့် ကျွန်မ အမြန်ပဲ လေ့ကျင့်ဖို့ အချိန်စီစဉ်လိုက်တယ်။

သုံးလေးရက်ကြာတော့ ကျွန်မရဲ့ ရွတ်ဆိုမှုက နည်းနည်းတိုးတက်လာတယ်လို့ ခံစားရလို့ အသံဖိုင်သွင်းပြီး ဇိုဝီဆီကို ပို့လိုက်တယ်။ သူက ကျွန်မကို တိုးတက်မှုရှိတယ်လို့ ပြောမယ်ထင်ခဲ့တာ၊ ဒါပေမဲ့ မမျှော်လင့်ဘဲ သူက ပြဿနာတော်တော်များများကို ထပ်ထောက်ပြတယ်။ အသက်ရှူမမှန်တာ၊ ဝါကျတွေက အဆီအငေါ်မတည့်တာ စသဖြင့်ပေါ့။ သူက ကျွန်မအတွက် ပြဿနာတွေကို စိတ်ရှည်ရှည်နဲ့ သုံးသပ်ပေးတယ်၊ နေရာမှာတင် လေ့ကျင့်ခိုင်းပြီး ပြုပြင်ပေးတယ်။ အကြိမ်ကြိမ်ကြိုးစားတာတောင် ပြဿနာတွေကို မပြင်နိုင်တဲ့အခါ ကျွန်မ စိတ်မရှည်တော့ဘဲ နည်းနည်း ဝမ်းနည်းသလိုတောင် ခံစားလိုက်ရတယ်၊ ပြီးတော့ တွေးမိတယ်၊ “ငါ လေ့ကျင့်နေတာ ရက်တော်တော်ကြာနေပြီ၊ ပြဿနာတွေ အများကြီး ရှိနေတုန်းပဲ။ ငါ့မှာ ဒါကို သဘောပေါက်နားလည်နိုင်စွမ်းနဲ့ အစွမ်းအစ သဘာဝအတိုင်း ပါမလာဘူးထင်တယ်။ ငါ ဒီတာဝန်ကို မထမ်းဆောင်နိုင်ဘူး။ ဒီမှာ ဆက်ပြီး အရှက်မကွဲသင့်တော့ဘူး၊ တခြားတာဝန်တစ်ခုခုပဲ ယူလိုက်တာ ပိုကောင်းမယ်” လို့ပေါ့။ ကျွန်မ ထွက်ပြေးချင်တဲ့ အတွေးတွေ ဝင်လာပြီး ရွတ်ဆိုလေ့ကျင့်တာကို ဆက်မလုပ်ချင်တော့ဘူး၊ ဒါပေမဲ့ တာဝန်ကို ငြင်းတယ်လို့ သူများတွေပြောမှာစိုးလို့ ထုတ်မပြောရဲခဲ့ဘူး။ ဒါနဲ့ ကျွန်မ အပျက်သဘောဆောင်လာပြီး ခိုကပ်လုပ်လာတယ်၊ လေ့ကျင့်မှုမှာလည်း သိပ်အားမထည့်တော့ဘူး၊ တွေးမိတယ်။ အချိန်ကြာလို့မှ တိုးတက်မှုမရှိရင် ခေါင်းဆောင်က ကျွန်မကို ဆက်လေ့ကျင့်ခိုင်းတော့မှာ မဟုတ်ဘူးလို့ပေါ့။

တစ်ညနေမှာ၊ ကျွန်မ ခေါင်းဆောင်ဆီကနေ စာတစ်စောင်ကို ရုတ်တရက် တွေ့လိုက်တယ်၊ ပြောထားတာက၊ “မင်း ရွတ်ဆိုတာကို ဆက်လေ့ကျင့်စရာမလိုတော့ဘူး။” ဒီစာကိုမြင်လိုက်တာနဲ့ ကျွန်မရင်ထဲမှာ ရုတ်တရက် ဟာလာဟင်းလင်းကြီး ဖြစ်သွားပြီး၊ ပြောမပြတတ်အောင် နေမထိထိုင်မသာ ဖြစ်သွားတယ်။ ဒီတာဝန်ကို ဆုံးရှုံးလိုက်ရတာက ကျွန်မထင်ထားသလိုမျိုး သက်သာရာရသွားတာ၊ ဆန္ဒပြည့်ဝသွားတာမျိုး မဟုတ်ဘဲ၊ အဲဒီအစား ကိုယ့်ကိုယ်ကိုယ် အရမ်းအပြစ်တင်မိပြီး စိတ်ထဲမှာ လေးလံသွားတယ်။ အဲဒီအချိန်မှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် နှစ်ပိုဒ်ကို သတိရပြီး အမြန်ရှာဖတ်လိုက်တယ်။ ဘုရားသခင်က ပြောသည် “အကြောင်းမှာ သင့်အား ဘုရားသခင်နှင့် ဆက်သွယ်ပေးသည့် ဆက်ဆံရေးကို သိသိသာသာ အထင်ဟပ်ဆုံးသော အရာသည် သင့်အပေါ် ဘုရားသခင်မှ အပ်နှံသည့် အကြောင်းအရာများနှင့် သင့်ကို ဘုရားသခင် ချပေးသည့် တာဝန်အပေါ် သင် ခံယူသည့် ပုံစံနှင့် သင့်တွင်ရှိသော သဘောထားဖြစ်သည်။ အမြင်သာဆုံးနှင့် လက်တွေ့အကျဆုံးသောအရာမှာ ဤပြဿနာ ဖြစ်သည်။ ဘုရားသခင်သည် စောင့်ဆိုင်းနေသည်။ သင်၏သဘောထားကို သူမြင်လိုသည်။ ဤအရေးကြီးသည့်အဆင့်တွင် သင်သည် မိမိ၏ အနေအထားကို ဘုရားသခင်သိစေရန်၊ သူ၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံရန်နှင့် မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် အဆောတလျင်ဖြင့် လုပ်ဆောင်သင့်သည်။ ဤအရေးပါသော အချက်ကို သင် နားလည်သဘောပေါက်ပြီး ဘုရားသခင်မှ သင့်ကို ပေးအပ်သော စေခိုင်းချက်ကို ကောင်းမွန်စွာ ဖြည့်ဆည်းသည့်အခါတွင် ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ပုံမှန်ဖြစ်လိမ့်မည်။ ဘုရားသခင်က သင့်အား အလုပ်တာဝန်တစ်ခုကို အပ်နှံသောအခါ၊ သို့မဟုတ် တာဝန်တစ်ခုကို ထမ်းဆောင်ရန် ပြောသောအခါ သင်၏ သဘောထားသည် ပြီးစလွယ်ဖြင့် စိတ်မပါဖြစ်နေလျှင်၊ ယင်းကို လေးလေးနက်နက် မခံယူလျှင် ဤသည်မှာ သင်၏ စိတ်နှလုံးနှင့် ခွန်အားအလုံးစုံကို ပေးခြင်းနှင့် ဆန့်ကျင်ဘက် အတိအကျပင် မဟုတ်သလော။ သင်၏တာဝန်ကို ဤနည်းအားဖြင့် သင် ကောင်းမွန်စွာ ထမ်းဆောင်နိုင်သလော။ သေချာပေါက် မထမ်းဆောင်နိုင်ပေ။ သင်သည် မိမိ၏တာဝန်ကို စံနှုန်းပြည့်မီသည်အထိ ထမ်းဆောင်မည်မဟုတ်။ သို့ဖြစ်၍ သင်၏တာဝန်ကို ထမ်းဆောင်သည့်အချိန်တွင် သင်၏ သဘောထားအပြင် သင်ရွေးချယ်သည့် နည်းစနစ်နှင့် လမ်းကြောင်းတို့က အတိမ်းအစောင်းမခံနိုင်အောင် အရေးကြီးလှသည်။ မိမိတို့၏ တာဝန်များကို ကောင်းစွာ ထမ်းဆောင်ရန် ပျက်ကွက်သူများသည် ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ ယုံကြည်ခဲ့သည်ဖြစ်စေ ဖယ်ရှားရှင်းလင်းခံရလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး)လူအချို့သည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းတွင် မည်သည့်ဆင်းရဲဒုက္ခကိုမျှ ခါးစည်းခံရန် လိုလားခြင်းမရှိဘဲ ပြဿနာတစ်ခုကို ၎င်းတို့ ကြုံတွေ့ရသည့်အခါတိုင်းတွင် ယင်းမှာ အလွန်ခက်ခဲကြောင်း ညည်းညူကြပြီး အဖိုးအခပေးရန် ငြင်းဆန်ကြသည်။ ယင်းမှာ အဘယ် သဘောထားမျိုးဖြစ်သနည်း။ ယင်းသည် ဝတ်ကျေတမ်းကျေဖြစ်သော သဘောထားမျိုးဖြစ်သည်။ သင်သည် မိမိ၏တာဝန်ကို ဝတ်ကျေတမ်းကျေဖြစ်စွာ ထမ်းဆောင်ပြီး မထီမဲ့မြင် သဘောထားဖြင့် ချဉ်းကပ်လျှင် ရလဒ်မှာ မည်သည့်အရာ ဖြစ်မည်နည်း။ သင် ကောင်းမွန်စွာ ထမ်းဆောင်နိုင်စွမ်းရှိသည့် တာဝန်တစ်ခုတွင်ပင် သင်သည် ကောင်းမွန်စွာ လုပ်ဆောင်ရန် ပျက်ကွက်လိမ့်မည်၊ သင်၏ တာဝန်ထမ်းဆောင်မှုသည် စံနှုန်းပြည့်မီလိမ့်မည် မဟုတ်သကဲ့သို့ မိမိတာဝန်အပေါ် ထားရှိသည့် သင်၏ သဘောထားကို ဘုရားသခင် အလွန်ပင် ကျေနပ်အားရမှု မရှိဖြစ်လိမ့်မည်။ သင်သည် ဘုရားသခင်ထံ ဆုတောင်းနိုင်ပြီး သမ္မာတရားကို ရှာဖွေနိုင်ခဲ့လျှင်၊ စိတ်နှလုံးအကြွင်းမဲ့ဖြင့် လုပ်ဆောင်နိုင်ခဲ့လျှင်၊ ဤနည်းအားဖြင့် သင် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်လျှင် ဘုရားသခင်က သင့်အတွက် အရာအားလုံးကို ကြိုတင်ပြင်ဆင်ပြီး ဖြစ်လိမ့်မည်။ ဤသို့ဖြင့် အမှုကိစ္စများကို သင် ကိုင်တွယ်သောအခါတွင် အရာရာတိုင်းက အဆင်ပြေချောမွေ့လိမ့်မည်ဖြစ်ပြီး ရလဒ်ကောင်းများ ဖြစ်ထွန်းလိမ့်မည်။ သင့်အနေဖြင့် ခွန်အားပမာဏများစွာ စိုက်ထုတ်ဖို့ လိုအပ်မည် မဟုတ်ပေ။ သင်သည် ပူးပေါင်းဆောင်ရွက်ဖို့ အစွမ်းကုန် ကြိုးစားသည့်အခါတွင် ဘုရားသခင်သည် သင့်အတွက် အရာရာ စီစဉ်နှင့်ပြီး ဖြစ်လိမ့်မည်။ သင်သည် စိတ်မချရဘဲ အချောင်ခိုပါက၊ သင်၏ တာဝန်ကို သင့်တင့်လျောက်ပတ်စွာ အာရုံစိုက် ထမ်းဆောင်ခြင်း မရှိဘဲ အစဉ်သဖြင့် လမ်းလွဲပါက ဘုရားသခင်သည် သင့်ထဲ၌ အလုပ်လုပ်လိမ့်မည် မဟုတ်ချေ။ သင်သည် ဤအခွင့်အရေးကို ဆုံးရှုံးရလိမ့်မည်ဖြစ်ပြီး ဘုရားသခင်က ‘သင်သည် ညံ့ဖျင်းပေသည်။ သင့်ကို ငါအသုံးမပြုနိုင်။ ဘေးထွက်ရပ်လော့။ သင်သည် ဉာဏ်များပြီး အချောင်ခိုရသည်ကို နှစ်သက်သည် မဟုတ်လော။ ပျင်းရိခြင်းနှင့် ကိုယ်စိတ်ချမ်းသာမှုတွင် ပျော်မွေ့ရခြင်းကို သင် နှစ်သက်သည် မဟုတ်လော။ ကဲ ထိုသို့ဆိုလျှင် ကိုယ်စိတ်ချမ်းသာမှုတွင် အစဉ်ထာဝရ ပျော်မွေ့လော့’ ဟု ဆိုလိမ့်မည်။ ဘုရားသခင်သည် ဤကျေးဇူးတော်နှင့် အခွင့်အရေးကို အခြားသူတစ်ဦးအား ပေးလိမ့်မည်။ သင်တို့ မည်သို့သဘောရသနည်း။ ဤသည်မှာ ဆုံးရှုံးမှုတစ်ခုလော၊ သို့မဟုတ် အကျိုးအမြတ်တစ်ခုလော။ (ဆုံးရှုံးမှုတစ်ခု ဖြစ်ပါသည်။) ယင်းမှာ ဧရာမ ဆုံးရှုံးမှုတစ်ခု ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်၊ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထား ကျွန်မအပေါ် သက်ရောက်လာတာကို ခံစားလိုက်ရတယ်၊ အထူးသဖြင့် ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို ဖတ်လိုက်ရတဲ့အခါမှာပေါ့။ “သင်သည် ညံ့ဖျင်းပေသည်။ သင့်ကို ငါအသုံးမပြုနိုင်။ ဘေးထွက်ရပ်လော့။ သင်သည် ဉာဏ်များပြီး အချောင်ခိုရသည်ကို နှစ်သက်သည် မဟုတ်လော။ ပျင်းရိခြင်းနှင့် ကိုယ်စိတ်ချမ်းသာမှုတွင် ပျော်မွေ့ရခြင်းကို သင် နှစ်သက်သည် မဟုတ်လော။ ကဲ ထိုသို့ဆိုလျှင် ကိုယ်စိတ်ချမ်းသာမှုတွင် အစဉ်ထာဝရ ပျော်မွေ့လော့။” ကျွန်မရဲ့ စကားလုံးတွေ၊ လုပ်ရပ်တွေနဲ့ အတွေးအခေါ်တွေအားလုံးဟာ ဘုရားသခင်ရဲ့ စိစစ်မှုအောက်မှာ ရှိနေတယ်လို့ ခံစားလိုက်ရတယ်။ ရွတ်ဆိုတဲ့တာဝန်ကို ထမ်းဆောင်ဖို့ ဝန်လေးတာကို ကျွန်မ ပွင့်ပွင့်လင်းလင်း မပြောခဲ့ပေမဲ့ အဲဒီအပေါ်ထားတဲ့ ကျွန်မရဲ့သဘောထားက အထူးသဖြင့် ပေါ့ပေါ့ဆဆဖြစ်ခဲ့တယ်၊ တိုးတက်ဖို့ မကြိုးစားဘူး၊ ခေါင်းဆောင်က ကျွန်မကို ဒီတာဝန် မထမ်းဆောင်ဖို့ ပြောလာမှာကို ဘာသိဘာသာနဲ့ စောင့်နေခဲ့တယ်။ ဘုရားသခင်က လူတွေ သူတို့ရဲ့တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့နဲ့ အစွမ်းကုန်ထမ်းဆောင်ဖို့ တောင်းဆိုပေမဲ့ ဘယ်သူ့ကိုမှ အတင်းအကျပ်မခိုင်းဘူး။ ကျွန်မကိုယ်တိုင်က တာဝန်ကိုရှောင်ဖယ်ဖို့ ရွေးချယ်ခဲ့တဲ့အတွက် ဘုရားသခင်က ကျွန်မရဲ့ရွေးချယ်မှုအတိုင်း ကျွန်မကို ဆက်ဆံခဲ့တယ်။ ရလဒ်အနေနဲ့ ကျွန်မ ဒီတာဝန်ကို ဆုံးရှုံးခဲ့ရပြီး အသင်းတော်က တခြားတစ်ယောက်ကို ဒီအတွက် လေ့ကျင့်ဖို့ စီစဉ်လိုက်တယ်၊ ဆိုလိုတာက ဘုရားသခင်က ဒီတာဝန်ထမ်းဆောင်ခွင့် အခွင့်အရေးကို တခြားတစ်ယောက်ကို ပေးလိုက်တာပဲ။ ဒီတာဝန်ကနေ လွတ်ချင်တဲ့ ကျွန်မရဲ့ဆန္ဒ ပြည့်ဝသွားတယ်လို့ ပြောနိုင်ပေမဲ့ ဘာလို့ ကျွန်မရင်ထဲမှာ စိတ်သက်သာရာမရခဲ့တာလဲ။ အဲဒီတော့မှ ဒီကိစ္စကနေ ရှောင်ရှားဖို့ ရွေးချယ်ခဲ့တဲ့အတွက် ကျွန်မဟာ စာတန်ရဲ့ လှောင်ပြောင်စရာဖြစ်ခဲ့ပြီး အမှောင်ထဲကို ကျရောက်သွားမှန်း ကျွန်မ သဘောပေါက်သွားတယ်။ ကျွန်မ တွေးမိတယ်၊ “ဒီတာဝန်က တကယ်ပဲ ဒီလောက်ခက်လို့လား။ ဒီပြဿနာတွေက တကယ်ပဲ ဖြေရှင်းလို့မရဘူးလား” လို့ပေါ့။ ဘုရားသခင်က လူတွေ စိတ်နှလုံးအကြွင်းမဲ့နဲ့ အစွမ်းကုန်ပေးဆပ်တဲ့အခါ သူတို့ကို လမ်းပြဖို့ လမ်းဖွင့်ပေးပြီး အခက်အခဲတွေကို ဖြေရှင်းဖို့ ကူညီမယ်လို့ ပြောထားတယ်။ ဘုရားသခင်က လူတွေကို အခက်အခဲမတွေ့စေဘူး၊ သူတို့မထမ်းနိုင်တဲ့ဝန်ကို မပေးဘူး။ တာဝန်ထမ်းဆောင်ဖို့ အခြေခံအစွမ်းအစနဲ့ အခြေအနေတွေရှိပြီး ဘုရားသခင်ရဲ့တောင်းဆိုချက်တွေအတိုင်း တိုးတက်ဖို့ကြိုးစားအားထုတ်နေသရွေ့ ပြဿနာတွေကို ဖြေရှင်းနိုင်ပါတယ်။ ညီအစ်ကိုမောင်နှမတွေက ဒီတာဝန်ရဲ့အရေးကြီးပုံကို အကြိမ်ကြိမ် မိတ်သဟာယဖွဲ့ပြီး ကျွန်မကို ဒီအတွက် အားစိုက်ထုတ်ဖို့ တိုက်တွန်းခဲ့ကြတယ်။ ဒါပေမဲ့ ပြဿနာတစ်ခုကြုံလိုက်တာနဲ့ ကျွန်မက အဲဒီအခက်အခဲထဲမှာ နစ်နေခဲ့တယ်၊ ဖြေရှင်းဖို့ အားမထုတ်ချင်ဘူး၊ အပျက်သဘောဆောင်ပြီး ခိုကပ်တာမျိုးတောင်လုပ်ခဲ့တယ်၊ ခေါင်းဆောင်က ကျွန်မကို တာဝန်ကနေ ဖယ်ရှားပေးဖို့ စောင့်နေခဲ့တယ်။ ကျွန်မ အရမ်းကို ပုန်ကန်ခဲ့တာပဲ။ ဒီအကြောင်းကို စဉ်းစားရင်း ကျွန်မမှာ နောင်တနဲ့ ဝမ်းနည်းမှုတွေ ပြင်းပြင်းထန်ထန် ခံစားရတယ်။

ဝတ်ပြုခြင်းတစ်ခုမှာ ကျွန်မ ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့တယ်။ “အထူးအခက်အခဲအချို့က သင်အပေါ် ကျရောက်သည့်အခါ သို့မဟုတ် အထူးပတ်ဝန်းကျင်အချို့ကို သင် ကြုံတွေ့ရသည့်အခါ ယင်းတို့ကို ရှောင်ရှားရန် သို့မဟုတ် ထွက်ပြေးရန် ကြိုးစားခြင်း၊ ယင်းတို့ကို အသည်းအသန် ငြင်းပယ်ပြီး ဖယ်ရှားရန် ကြိုးပမ်းခြင်း၊ ဘုရားစီစဉ်ညွှန်ကြားခြင်း၏ ပြုသမျှကို ခံရန် ဆန္ဒမရှိခြင်း၊ ကိုယ်တော်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံရန် ဆန္ဒမရှိခြင်း၊ သမ္မာတရားအား သင့်ကို အုပ်စိုးခွင့်ပြုရန် ဆန္ဒမရှိခြင်း၊ အစဉ်သဖြင့် အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိလိုပြီး သင်၏ စာတန်ဆန်သော စိတ်သဘောထားအပေါ် မှီခိုကာ မိမိကိုယ်နှင့်ဆိုင်သော အရာခပ်သိမ်းကို ထိန်းချုပ်လိုခြင်း ဟူသည့် အမြဲတစေ တူညီသောသဘောထား သင်၌ ရှိသည်ဟု ဆိုကြပါစို့။ ထိုသို့ဖြစ်ပါက အကျိုးဆက်များမှာ ဘုရားသခင်သည် သင့်ကို မုချ ဘေးဖယ်ထားမည် သို့မဟုတ် စာတန်ထံသို့ အပ်နှံမည်ဖြစ်ပြီး ဤအရာသည် အနှေးနှင့်အမြန်ဆိုသလို ဖြစ်ပျက်လာလိမ့်မည်။ လူတို့သည် ဤအရေးကိစ္စကို နားလည်သဘောပေါက်ပါက သူတို့သည် လျင်မြန်စွာ နောက်ကြောင်းပြန်လှည့်ရမည်ဖြစ်ပြီး ဘုရားသခင် တောင်းဆိုသည့် မှန်ကန်သောလမ်းကြောင်းနှင့်အညီ ဘဝတွင် မိမိတို့၏ လမ်းကြောင်းကို လိုက်လျှောက်ရမည်။ ဤလမ်းကြောင်းသည် မှန်ကန်သော လမ်းကြောင်းဖြစ်သည်၊ လမ်းကြောင်းမှန်ကန်သောအခါ ဦးတည်ချက်လည်း မှန်ကန်သည်ဟု အဓိပ္ပာယ်ရ၏။ ဤကာလအတောအတွင်း သူတို့သည် အတားအဆီးများ၊ အခက်အခဲများနှင့် ကြုံတွေ့နိုင်ပြီး ခလုတ်တိုက်လဲကျကောင်း လဲကျနိုင်သည်၊ သို့မဟုတ် တစ်ခါတစ်ရံတွင် သူတို့သည် ရက်အတန်ကြာ စိတ်မကြည်မလင်ဖြစ်ကာ အပျက်သဘောဆောင်ကောင်း ဆောင်နေနိုင်၏။ သူတို့သည် မိမိတို့၏ တာဝန်များကို ဇွဲရှိရှိ ဆက်လက်ထမ်းဆောင်နိုင်ပြီး အမှုကိစ္စများကို မနှောင့်နှေးစေသရွေ့ ဤပြဿနာအားလုံးသည် အရေးမပါသောအရာများ ဖြစ်သွားလိမ့်မည်။ သို့ရာတွင် သူတို့သည် မိမိတို့ကိုယ်ကို ချက်ချင်း ဆင်ခြင်သုံးသပ်ရမည်ဖြစ်ပြီး ဤပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေရမည်။ ပြီးလျှင် သူတို့သည် အချိန်ဆွဲခြင်း၊ မိမိတို့၏အလုပ်ကို ပစ်ထားခြင်း သို့မဟုတ် မိမိတို့၏ တာဝန်များကို စွန့်ပစ်ခြင်းတို့ကို လုံးဝ မပြုလုပ်ရပေ။ ဤသည်မှာ အရေးအကြီးဆုံးသော အချက်ပင်ဖြစ်၏။...တာဝန်တစ်ခုက သင့်အပေါ် ကျရောက်ပြီး ယင်းတာဝန်ကို သင့်ထံ အပ်နှံသောအခါ အခက်အခဲများ ရင်ဆိုင်ရခြင်းကို မည်သို့ရှောင်ရှားရမည်ကို မစဉ်းစားနှင့်။ ယင်းသည် ကိုင်တွယ်ရန် ခက်ခဲသည်ဟု သင်မြင်သောကြောင့် ယင်းကို ဘေးဖယ်ထား၍ လျစ်လျူမရှုကြနှင့်။ ယင်းကို ထိပ်တိုက်ရင်ဆိုင်ရမည်။ ဘုရားသခင်သည် လူများနှင့်အတူ ရှိသည်ကိုလည်းကောင်း၊ ၎င်းတို့၌ အခက်အခဲတစ်ခုတလေ ရှိလျှင် ၎င်းတို့သည် သူ့ထံ ဆုတောင်းပြီး ရှာဖွေဖို့သာ လိုအပ်သည်ကိုလည်းကောင်း၊ ဘုရားသခင်အတွက်ဆိုလျှင် မည်သည့်အရာကမျှ ပြီးမြောက်အောင်မြင်ရန် မခက်ခဲသည်ကိုလည်းကောင်း သင် အချိန်ပြည့် သတိရရမည်။ သင့်တွင် ဤယုံကြည်ခြင်းရှိရမည်။ ဘုရားသခင်သည် အရာခပ်သိမ်း၏ အချုပ်အခြာအာဏာရှင်ဖြစ်ကြောင်း သင် ယုံကြည်သည့်အတွက် တစ်စုံတစ်ရာ သင့်အပေါ် ကျရောက်သည့်အခါ သင် အဘယ်ကြောင့် ကြောက်ရွံ့ကာ မှီခိုအားကိုးစရာမရှိဟု ခံစားရဆဲဖြစ်သနည်း။ ဤအရာက သင်သည် ဘုရားသခင်အပေါ် မှီခိုအားကိုးခြင်း မရှိသည်ကို သက်သေပြ၏။ ဘုရားသခင်ကို သင်၏ အထောက်အပံ့နှင့် သင်၏ ဘုရားအဖြစ် သင် မခံယူလျှင် သူသည် သင်၏ ဘုရားသခင် မဟုတ်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) အခက်အခဲတွေနဲ့ ကြုံရတဲ့အခါ ကျွန်မက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ရှာဖွေဖို့ ကိုယ်တော့်ရှေ့မှောက်ကို မလာဘဲ၊ ကိုယ့်ကိုယ်ကိုယ် ဘောင်ခတ်ဖို့ ကိုယ့်အယူအဆနဲ့ စိတ်ကူးတွေထဲမှာပဲ အမြဲရှင်သန်ခဲ့တယ်။ အထူးသဖြင့် ရွတ်ဆိုခြင်းနဲ့ပတ်သက်တဲ့ ပြဿနာတွေ များလာပြီး ခက်ခဲလာတဲ့အခါ၊ နှစ်ရက်လောက် ကြိုးစားလုပ်ပြီးတဲ့နောက် ရလဒ်ကောင်းတွေ မမြင်ရတဲ့အခါ၊ ဒီပြဿနာတွေက လုံးဝဖြေရှင်းလို့မရဘူးလို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်၊ ထပ်ပြီးအားထုတ်လည်း အလကားပဲ။ ဒါကြောင့် လေ့ကျင့်တယ်ဆိုပေမဲ့ ပြီးစလွယ် သဘောမျိုးနဲ့ပဲ လုပ်ခဲ့ပြီး စိတ်မနှစ်ဘဲ လုပ်ခဲ့တယ်။ ညီအစ်မဇိုဝီအကြောင်းကို ကျွန်မ တွေးမိတယ်။ သူက ကျွန်မထက်တောင် နောက်ကျပြီးမှ လေ့ကျင့်တာ၊ ပြဿနာတွေလည်း တော်တော်များများရှိခဲ့တယ်၊ တချို့အပိုင်းတွေမှာဆိုရင် သူက ကျွန်မလောက်တောင် မတော်ဘူးလို့ ကျွန်မ ထင်ခဲ့သေးတယ်။ ကျွန်မက သူ့ကို အထင်မကြီးခဲ့ဘူး၊ ဒါပေမဲ့ အဲဒီညီအစ်မက သူ့တာဝန်အပေါ် အရမ်းအလေးအနက်ထားတယ်၊ သူ့ရဲ့မပြည့်စုံမှုတွေကို တက်တက်ကြွကြွ ရင်ဆိုင်ပြီး လေ့ကျင့်ဖို့ အားထုတ်ခဲ့တယ်။ အဆက်မပြတ်လေ့ကျင့်မှုကနေတစ်ဆင့် သူက အမြန်တိုးတက်လာပြီး သူ့ရဲ့ရွတ်ဆိုမှုရလဒ်တွေကလည်း တော်တော်ကောင်းခဲ့တယ်။ ဒီအကြောင်းကို စဉ်းစားရင်း၊ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ဘုရားသခင်ကို အားကိုးပြီး ဝီရိယရှိရှိ လေ့ကျင့်အားထုတ်ရင်၊ ပြဿနာတွေကို ဖြေရှင်းနိုင်တယ်ဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ လူတွေ ပူးပေါင်းဆောင်ရွက်သလောက် ဘုရားသခင်က စုံလင်အောင် ပြုလုပ်ပေးမှာပါ။ ဒီနှစ်တွေကို ပြန်ကြည့်လိုက်တော့ ကျွန်မ တကယ်ပဲ အချိန်တွေကို ဖြုန်းတီးခဲ့တယ်။ ကျွန်မက ဘုရားသခင်နောက်လိုက်ပေမဲ့ ကိုယ်တော်ကို မယုံကြည်ခဲ့ဘူး၊ အမှုအရာတွေနဲ့ကြုံရတဲ့အခါ ဘုရားသခင်ကို အားမကိုးဘူး၊ ကိုယ်တော်ရဲ့ ရည်ရွယ်ချက်ကို မရှာဖွေဘဲ ကိုယ့်အမြင်တွေကိုပဲ ဆုပ်ကိုင်ထားခဲ့တယ်။ ရလဒ်အနေနဲ့ တခြားသူတွေက တိုးတက်နေချိန်မှာ ကျွန်မကတော့ တစ်နေရာတည်းမှာပဲ ရပ်နေခဲ့တယ်။ ကျွန်မ တကယ်ကို မိုက်မဲခဲ့တာပဲ။

နောက်ပိုင်းမှာ ကျွန်မ ဆက်ပြီး ဆင်ခြင်သုံးသပ်ခဲ့တယ်။ အတိတ်တုန်းက ကျွန်မရဲ့ ပညာရေးနဲ့ နေ့စဉ်ဘဝမှာ အခက်အခဲတွေအများကြီး ကြုံခဲ့ရပေမဲ့ ကိုယ့်ကိုယ်ကိုယ် မစွမ်းဆောင်နိုင်ဘူးလို့ ဘယ်တော့မှ လွယ်လွယ်ကူကူ ကောက်ချက်မချခဲ့ဘူး၊ ကြိုးတောင်မကြိုးစားကြည့်ဘဲ လက်မလျှော့ခဲ့ဘူး။ တစ်ချိန်က ကျွန်မ ရှေ့နေတစ်ယောက်ဖြစ်ဖို့ အိပ်မက်မက်ခဲ့သလိုပေါ့၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ် နှစ်မျိုးလုံးကို ရချင်ခဲ့တယ်။ အဲဒီအချိန်က နိုင်ငံတော်တရားစီရင်ရေးစာမေးပွဲရဲ့ အောင်မြင်နှုန်းက ၇ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်၊ ကျွန်မရဲ့ ပညာရေးပိုင်းစွမ်းဆောင်မှုကလည်း သိပ်မကောင်းခဲ့ဘူး၊ ဒါပေမဲ့ ခက်ခဲလို့ဆိုပြီး ကျွန်မ နောက်မဆုတ်ခဲ့ဘူး။ ကိုယ့်အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကျွန်မဟာ နှစ်လကျော်ကြာအောင် တစ်ကိုယ်တည်း သီးသန့်နေခဲ့ပြီး စာလေ့လာတာကို စိတ်ညစ်စရာလို့မမြင်ဘဲ နေ့တိုင်း ပြင်းပြင်းထန်ထန်လေ့လာခဲ့တယ်။ ကျော်ကြားမှုနဲ့ အကျိုးအမြတ်တွေရပြီး သူများတွေရဲ့ အထင်ကြီးလေးစားမှုကို ခံရမယ်ဆိုတဲ့အတွေးက ကျွန်မကို အရမ်းကို စိတ်အားထက်သန်စေခဲ့တယ်။ နောက်ဆုံးမှာတော့ ကျွန်မ တကယ်ပဲ စာမေးပွဲအောင်ခဲ့တယ်။ ရွတ်ဆိုခြင်းတာဝန်နဲ့ပတ်သက်ပြီး ပြဿနာတွေကို ဘာကြောင့် ဖြေရှင်းလို့မရဘူးလို့ ခံစားရပြီး အမြဲတမ်း ထွက်ပြေးချင်ပြီး နောက်ဆုတ်ချင်ခဲ့တာလဲဆိုတာကို ပြန်စဉ်းစားကြည့်တော့၊ အကြောင်းကတော့ ကျွန်မက အရမ်း တစ်ကိုယ်ကောင်းဆန်လို့ပဲ။ ကိုယ့်အတွက် အကျိုးရှိတဲ့အရာတွေကိုပဲ လုပ်ပြီး၊ အကျိုးမရှိတဲ့အရာတွေကိုတော့ ရှောင်ခဲ့တယ်။ ဝတ်ပြုခြင်းမှာ ကျွန်မ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ခဲ့ပြီး ကိုယ့်ပြဿနာနဲ့ပတ်သက်တဲ့ ထိုးထွင်းသိမြင်မှုတချို့ ရခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အန္တိခရစ်များသည် အသိစိတ်၊ ဆင်ခြင်တုံတရား၊ သို့မဟုတ် လူ့သဘာဝမရှိပေ။ ၎င်းတို့သည် အရှက်တရားကင်းမဲ့ရုံမျှ မကဘဲ အခြားလက္ခဏာတစ်ခုလည်းရှိသည်။ ၎င်းတို့သည် သာမန်ထက်ပို၍ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည်။ ၎င်းတို့၏ ‘တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်း’၏ တိုက်ရိုက်အဓိပ္ပာယ်သည် နားလည်သဘောပေါက်ရန် မခက်ပေ။ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများမှလွဲ၍ မည်သည့်အရာကိုမျှ မမြင်ပေ။ ၎င်းတို့၏အကျိုးစီးပွားနှင့် သက်ဆိုင်သည့် မည်သည့်အရာမဆို ၎င်းတို့၏အာရုံစိုက်ခြင်းကို အပြည့်အဝ ရလေသည်။ ၎င်းတို့သည် ယင်းအတွက် ဒုက္ခခံလိမ့်မည်၊ အဖိုးအခပေးဆပ်လိမ့်မည်၊ ယင်း၌ အာရုံနစ်မွန်းနေလိမ့်မည်၊ ပြီးလျှင် ယင်း၌ မိမိတို့ကိုယ်ကို ဆက်ကပ်အပ်နှံထားလိမ့်မည်။ ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားတို့နှင့်မသက်ဆိုင်သည့် မည်သည့်အရာကိုမဆို ၎င်းတို့က လျစ်လျူရှုပြီး အရေးလုပ်မည် မဟုတ်ချေ။ အခြားသူများက မိမိတို့သဘောရှိ လုပ်ဆောင်နိုင်သည်။ တစ်စုံတစ်ဦးက အနှောင့်အယှက်လုပ်ခြင်း သို့မဟုတ် အဖျက်အမှောင့်လုပ်ခြင်း ဖြစ်စေခြင်းကို အန္တိခရစ်တို့က ဂရုမစိုက်ကြဘဲ ၎င်းတို့အဖို့မူ ဤအရာသည် ၎င်းတို့နှင့် မည်သို့မျှ မသက်ဆိုင်ပေ။ ပါးနပ်စွာဆိုရလျှင်၊ ၎င်းတို့သည် မိမိတို့၏ကိုယ်ပိုင် ကိစ္စကိုသာ စိတ်ဝင်စားသည်။ သို့ရာတွင် ဤလူစားမျိုးသည် ယုတ်မာသည်၊ ယုတ်ညံ့ပြီး ရွံစရာကောင်းသည်ဟုဆိုလျှင် သာ၍ မှန်ကန်တိကျပေသည်။ ၎င်းတို့ကို ‘တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည်’ဟု ငါတို့ သတ်မှတ်ကြသည်။ အန္တိခရစ်တို့၏ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်းတို့က မည်သို့ သူ့ဘာသာ ပေါ်လွင်သနည်း။...အန္တိခရစ်တို့သည် မည်သည့်တာဝန်ကို ထမ်းဆောင်နေပါစေ၊ ၎င်းတို့တွေးနိုင်သည့်အရာမှာ ထိုတာဝန်က ၎င်းတို့အား ထင်ပေါ်စေမည် ဟုတ်မဟုတ်ကိုသာ ဖြစ်သည်။ ယင်းက ၎င်းတို့၏ နာမည်ဂုဏ်သတင်းကို မြှင့်တင်ပေးနိုင်သရွေ့ ၎င်းတို့က ယင်းကို လုပ်ဆောင်သည့်နည်းအား သင်ယူဖို့၊ ယင်းကို ဆောင်ရွက်ဖို့ နည်းလမ်းကို အကြံထုတ်ရာတွင် ဦးနှောက်ခြောက်ခံ စဉ်းစားကြသည်။ ယင်းက ၎င်းတို့အား ထင်ပေါ်စေမည် ဟုတ်မဟုတ်ကိုသာ ၎င်းတို့ ဂရုစိုက်သည်။ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ သို့မဟုတ် တွေးတောပါစေ၊ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကိုသာ အရေးစိုက်ကြသည်။ ၎င်းတို့က မည်သည့်တာဝန်ကို ထမ်းဆောင်နေပါစေ၊ မည်သူက မြင့်မားသည်၊ သို့မဟုတ် နိမ့်ကျသည်၊ မည်သူကနိုင်ပြီး၊ မည်သူက ရှုံးသည်၊ မည်သူ၌ ပို၍ ကြီးမားသော နာမည်ဂုဏ်သတင်း ရှိသည်တို့နှင့်ပတ်သက်၍သာ ယှဉ်ပြိုင်ကြသည်။ လူမည်မျှက ၎င်းတို့ကို ကိုးကွယ်ပြီး အထင်ကြီးသည်၊ လူမည်မျှက ၎င်းတို့ကို နာခံသည်၊ ပြီးလျှင် ၎င်းတို့၌ နောက်လိုက်မည်မျှရှိသည်တို့ကိုသာ ၎င်းတို့ ဂရုစိုက်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို မည်သည့်အခါမျှ မိတ်သဟာယမပြုပေ၊ သို့မဟုတ် တကယ့်ပြဿနာများကို မည်သည့်အခါမျှ မဖြေရှင်းပေ။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါတွင် အမှုကိစ္စများကို စည်းမျဉ်းနှင့်အညီ မည်သို့လုပ်ဆောင်ရမည်ကို မည်သည့်အခါမျှ ဆင်ခြင်စဉ်းစားခြင်းမရှိသကဲ့သို့ ဘုရားသခင် တောင်းဆိုသည့်အရာနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဆင်ခြင်စဉ်းစားရန် မဆိုထားနှင့်၊ ၎င်းတို့ သစ္စာစောင့်သိနေခဲ့ခြင်း ရှိမရှိ၊ မိမိတို့၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းပြီးခြင်း ရှိမရှိ၊ ၎င်းတို့၏ အလုပ်တွင် လမ်းလွဲနေခဲ့ခြင်းများ သို့မဟုတ် သတိမမူမိနေခဲ့ခြင်းများ ရှိမရှိ သို့မဟုတ် ပြဿနာတစ်ခုတလေ တည်ရှိခြင်း ရှိမရှိဟူသည်ကို ပြန်လည်သုံးသပ်ခြင်း မရှိကြ။ ဤအရာများအားလုံးကို ၎င်းတို့ တစ်စက်မျှ အာရုံမစိုက်ပေ။ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်း၊ ၎င်းတို့၏ကိုယ်ပိုင် ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို ဖြည့်ဆည်းဖို့တို့အတွက်သာ ၎င်းတို့သည် ကြိုးစားအားထုတ်ပြီး အမှုကိစ္စများကို လုပ်ဆောင်သည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်းတို့၏ သရုပ်သကန် ဖြစ်သည် မဟုတ်လော။ ဤသည်မှာ ၎င်းတို့၏ စိတ်နှလုံးများသည် ၎င်းတို့၏ကိုယ်ပိုင် ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများနှင့် ယုတ္တိမရှိသော တောင်းဆိုမှုများဖြင့် ပြည့်လျှံနေပုံကို အပြည့်အဝ ဖော်ထုတ်လေသည်။ ၎င်းတို့ လုပ်ဆောင်သမျှကို ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများဖြင့် အုပ်စိုးထားသည်။ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ အရင်းခံအကြောင်းနှင့် အရင်းအမြစ်တို့မှာ ၎င်းတို့၏ကိုယ်ပိုင် ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများနှင့် ယုတ္တိမရှိသော တောင်းဆိုမှုများသာ ဖြစ်သည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်းတို့၏ စံပြုလောက်သော သရုပ်သကန်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ နောက်ဆက်တွဲ ၄- အန္တိခရစ်များ၏ ကိုယ်ကျင့်စရိုက်နှင့် ၎င်းတို့၏ စိတ်သဘောထား အနှစ်သာရတို့ကို အနှစ်ချုပ်ခြင်း (အပိုင်း ၁)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်၊ ကျွန်မ သဘောပေါက်သွားတာက၊ ကျွန်မရဲ့ ရည်ရွယ်ချက်တွေနဲ့ အမှုအရာတွေလုပ်တဲ့ စမှတ်က လုံးဝကို မှားယွင်းနေခဲ့ပြီး အန္တိခရစ်တွေအတိုင်းပဲ ဖြစ်တယ်ဆိုတာကိုပေါ့။ ကျွန်မ ဘာပဲလုပ်လုပ် ကိုယ်ကျိုးစီးပွားကနေ စေ့ဆော်တာဖြစ်ပြီး၊ ကျွန်မရဲ့ ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက် ကိုယ့်လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးနိုင်တဲ့၊ သူများတွေရဲ့ အထင်ကြီးလေးစားမှုကို ရနိုင်တဲ့အရာတွေအတွက်ဆိုရင်၊ ဒုက္ခခံရမှာကိုမကြောက်ဘဲ ဦးနှောက်ခြောက်အောင် စဉ်းစားပြီး မဖြစ်ဖြစ်အောင် စွမ်းဆောင်ခဲ့တယ်။ ဆန့်ကျင်ဘက်အနေနဲ့ ကိုယ့်အတွက် အကျိုးမရှိတဲ့အရာတွေဆိုရင်၊ အဓိပ္ပာယ်ရှိပြီး တန်ဖိုးရှိရင်တောင်မှ၊ အဲဒါတွေကို လုပ်ဖို့ စိတ်မပါဘူး၊ အဲဒါတွေကိုရအောင် အားထုတ်ဖို့၊ ဒုက္ခခံပြီး အဖိုးအခပေးဖို့ဆိုတာ ပိုလို့တောင် ဝေးသေးတယ်။ ကျွန်မ တရားစီရင်ရေးစာမေးပွဲဖြေတုန်းက “မဖြစ်ဖြစ်အောင်လုပ်မယ့် စိတ်ဓာတ်” ရှိခဲ့တယ်၊ ဘာဖြစ်လို့လဲဆိုတော့ စာမေးပွဲအောင်တာက ရှေ့နေတစ်ယောက်ဖြစ်လာခွင့်ပြုမယ်၊ သူများတွေရဲ့ အထင်ကြီးလေးစားမှုကို ရမယ်၊ ပိုက်ဆံတွေအများကြီး ရမယ်၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ် နှစ်မျိုးလုံးကို ရမှာလေ။ ဒီစေ့ဆော်မှုက အကြီးမားဆုံးအခက်အခဲတွေကိုတောင် ခံနိုင်ရည်ရှိရှိနဲ့ အောင်မြင်မှုရအောင် ကြိုးစားစေခဲ့တယ်။ ဒါပေမဲ့ ရွတ်ဆိုခြင်းတာဝန်အပေါ်ထားတဲ့ ကျွန်မရဲ့သဘောထားက လုံးဝကို ကွဲပြားနေခဲ့တယ်။ ဒီတာဝန်ကို ထမ်းဆောင်တာက ထုတ်ဖော်ခံရဖို့ပဲရှိပြီး ဒါက ကျွန်မကို ကျော်ကြားမှု၊ အသိအမှတ်ပြုမှုတွေ ရမှာမဟုတ်ဘူး၊ ကိုယ့်တန်ဖိုးကို ပြသဖို့ အခွင့်အရေးလည်း မရှိဘူးလို့ ခံစားခဲ့ရတယ်။ ဒါကြောင့် ဒီတာဝန်အတွက် ဒုက္ခခံဖို့၊ အဖိုးအခပေးဖို့ စိတ်မပါခဲ့ဘူး၊ လုပ်ဖို့တောင် အင်တင်တင်ဖြစ်ခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေက ဘုရားသခင်ရဲ့ အလျင်လိုတဲ့ ရည်ရွယ်ချက်ကို အကြိမ်ကြိမ် မိတ်သဟာယဖွဲ့ခဲ့ကြတယ်၊ ဘုရားသခင်က ပိုများတဲ့လူတွေ ကိုယ်တော်ရဲ့နှုတ်ကပတ်တော်တွေကို ကြားပြီး ကယ်တင်ခြင်းကို ရစေဖို့ မျှော်လင့်တယ်။ သူတို့က ကျွန်မကို ဒီတာဝန်ကို ထမ်းနိုင်အောင် အမြန်ဆုံးလေ့ကျင့်ဖို့ တိုက်တွန်းခဲ့ကြပေမဲ့ ကျွန်မက ကိုယ့်ရဲ့ဂုဏ်သတင်းနဲ့ အဆင့်အတန်းကိုပဲ စဉ်းစားခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေရဲ့ အကြံဉာဏ်ကို လုံးဝနားမထောင်ခဲ့ဘူး၊ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို လျစ်လျူရှုခဲ့ပြီး အလုပ်က ဘယ်လောက်ပဲ အလျင်လိုပြီး အရေးတကြီးဖြစ်နေပါစေ လျစ်လျူနေခဲ့တယ်။ ကျွန်မ အရမ်းကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းလိုက်တာ။ ဒီအကြောင်းကို စဉ်းစားလေလေ၊ ကျွန်မ ပိုပြီး စိတ်ဆင်းရဲလာလေပဲ။ ကျွန်မ ဘုရားသခင်ရှေ့မှောက်ကိုလာပြီး ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ သမီး ကိုယ်တော့်နောက်ကို နှစ်ပေါင်းများစွာ လိုက်ခဲ့ပေမဲ့ စိတ်ရင်းမမှန်ခဲ့ပါဘူး။ သမီး ဘာပဲလုပ်လုပ် ကိုယ့်အကျိုးစီးပွားကိုပဲ စဉ်းစားပြီး ကိုယ့်ဇာတိပကတိအတွက်ပဲ ကြံစည်ခဲ့တယ်၊ တာဝန်မှာလည်း နောင်တတွေအများကြီး ချန်ထားခဲ့ပါတယ်။ သမီး ဒီလိုမျိုး ဆက်မရှင်သန်ချင်တော့ဘူး၊ သမီး ပြောင်းလဲချင်ပါတယ်။ ကိုယ်တော် ကျွန်မကို စိစစ်တော်မူပါ” လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက်၊ ကျွန်မရဲ့လက်ရှိတာဝန်မှာ ဘယ်လိုတွေ ပေါ့ဆပြီး ဝတ်ကျေတမ်းကျေလုပ်ခဲ့သလဲ၊ ဒီလို တာဝန်အပေါ်ထားတဲ့ သဘောထားကို ဘယ်လိုပြောင်းလဲနိုင်မလဲဆိုတာကို စပြီး ဆင်ခြင်သုံးသပ်ခဲ့တယ်။ နေ့တစ်ဝက်ကြာပြီးတဲ့နောက် ရုတ်တရက် စာတစ်စောင် လက်ခံရရှိခဲ့တယ်။ ခေါင်းဆောင်က ကျွန်မကို ရွတ်ဆိုတာ ဆက်လေ့ကျင့်ဖို့ နောက်တစ်ခေါက် အခွင့်အရေးပေးမယ်လို့ ပြောတယ်။ စာကိုဖတ်လိုက်တဲ့အချိန်မှာ ကျွန်မ ကိုယ့်မျက်စိကိုတောင် မယုံနိုင်ဘူး။ ဒါက ဘုရားသခင်ရဲ့ သနားကရုဏာဖြစ်ပြီး၊ ကျွန်မကို နောင်တရဖို့ အခွင့်အရေးပေးတာဖြစ်ပြီး၊ ကိုယ့်ဇာတိပကတိကို ပုန်ကန်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ အခွင့်အရေးပေးတာဖြစ်တယ်ဆိုတာကို ကျွန်မ ရှင်းရှင်းလင်းလင်း သဘောပေါက်သွားတယ်၊ ကျွန်မရဲ့စိတ်နှလုံးက ကျေးဇူးတင်ခြင်းနဲ့ ပြည့်လျှံသွားပြီး၊ ဘာပြောရမှန်းတောင် မသိတော့ဘူး။ ကိုယ့်စကားတွေအားလုံးက စကားတစ်ခွန်းတည်းအဖြစ် ပြောင်းလဲသွားတယ်။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ အဲဒီအချိန်မှာ ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို ကျွန်မ အမှတ်ရလိုက်တယ်။ “ဘုရားသခင်၏ စိတ်သဘောထားသည် အခရာကျပြီး အသက်ဝင်ကာ အမှုအရာများ ပြောင်းလဲဖြစ်ပေါ်ခြင်းအပေါ်မူတည်၍ သူ၏အတွေးများနှင့် သဘောထားတို့ကို သူပြောင်းလဲသည်။ နိနေဝေမြို့သားတို့အပေါ် သူ၏သဘောထား ပြောင်းလဲခြင်းက သူ၌ သူ၏ကိုယ်ပိုင်အတွေးနှင့် အကြံအစည်များရှိကြောင်းကို လူသားမျိုးနွယ်အား ပြသည်။ သူသည် စက်ရုပ်သော်လည်းကောင်း၊ မြေရုပ်တုသော်လည်းကောင်း မဟုတ်ဘဲ အသက်ရှင်သည့် ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်သည်။ နိနေဝေမြို့သားတို့ကို သူတို့၏သဘောထားများအရ သူတို့၏အတိတ်များကို ခွင့်လွှတ်နိုင်သကဲ့သို့ သူတို့ကို သူဒေါသထွက်နိုင်သည်။ နိနေဝေမြို့သားတို့အပေါ် ကံဆိုးခြင်းများ ကျရောက်စေဖို့ သူဆုံးဖြတ်နိုင်သကဲ့သို့ သူတို့၏နောင်တကြောင့် သူ၏ဆုံးဖြတ်ချက်ကိုလည်း သူပြောင်းလဲနိုင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)) ကျွန်မရဲ့ စကားတစ်ခွန်း၊ လုပ်ရပ်တစ်ခုတိုင်းကို ဘုရားသခင်က ကျွန်မဘေးမှာ ကြည့်ရှုနေတယ်ဆိုတာနဲ့၊ ကျွန်မ နောင်တရလိုစိတ်ရှိတဲ့အခါ ဘုရားသခင်က နောက်တစ်ကြိမ် အခွင့်အရေးပေးတယ်ဆိုတာကို ကျွန်မ သဘောပေါက်ခဲ့တယ်။

နောက်ဆက်တွဲလေ့ကျင့်မှုတွေမှာ ညီအစ်မတွေက ပြဿနာတချို့ကို ထောက်ပြခဲ့ကြတယ်။ အစပိုင်းမှာတော့ ကျွန်မ မှန်မှန်ကန်ကန် သဘောထားနိုင်ပြီး ဖြေရှင်းနည်းတွေကို တက်တက်ကြွကြွ ရှာဖွေခဲ့တယ်၊ ဒါပေမဲ့ အခက်အခဲတွေ နည်းနည်းကြီးလာတဲ့အခါ ကျွန်မ ပြန်ပြီးတော့ စိတ်မချမ်းမသာဖြစ်သွားလိုက်တာဟာ ထွက်ပြေးချင်တဲ့ အတွေးတွေ ပေါ်လာခဲ့တယ်။ တစ်ခါမှာ ကျွန်မ ဝီရိယရှိရှိ လေ့ကျင့်ပြီးတဲ့နောက် ညီအစ်မတစ်ယောက်က ကျွန်မရဲ့ရွတ်ဆိုသံက စက်ရုပ်ဆန်တယ်၊ တိုးတက်မလာတဲ့အပြင် နည်းနည်းတောင် ဆုတ်ယုတ်သွားတယ်လို့ ပြောတယ်။ ဒီလိုမှတ်ချက်နဲ့ ရင်ဆိုင်ရတော့ စိတ်ထဲမှာ အရမ်းကို လေးလံသွားတယ်။ ကျွန်မရဲ့လေ့ကျင့်မှု ရလဒ်ကောင်းတွေ ထွက်လာမယ်လို့ မျှော်လင့်ခဲ့တာ၊ ဒါပေမဲ့ ပိုဆိုးသွားတဲ့ပုံဖြစ်သွားခဲ့တယ်။ အသံသွင်းဖို့ စိတ်အားထက်သန်မှု လုံးဝမရှိတော့ဘဲ၊ “ဒီတာဝန်က အရမ်းခက်တယ်၊ ငါမလုပ်နိုင်ဘူး” ဆိုတဲ့အတွေးတွေ စဝင်လာတယ်။ အဲဒီအချိန်မှာ ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို ကျွန်မ တွေ့လိုက်တယ်။ “ယခုအခါတွင် နောက်ဆုံးသော ကာလ၌ ဘုရားသခင်၏ အမှုတော်ကို သက်သေခံခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖြန့်ချိခြင်းသည် အရေးပါသော ကိစ္စရပ်တစ်ခု ဖြစ်သည်။ ဤသည်မှာ အလွန်အရေးကြီးသော တာဝန်တစ်ခုဖြစ်ပြီး သင်တို့ထဲမှ မည်သူမျှ ယင်းကို လျှော့မတွက်သင့်ပေ။ သင်တို့၏ ဝန်ထုပ်ဝန်ပိုးသည် မပေါ့ပါးပေ။ ဤသည်မှာ သေးငယ်သော ကိစ္စရပ်တစ်ခု မဟုတ်သကဲ့သို့ တစ်ကိုယ်ရေ အတွေ့အကြုံများနှင့်သာ သက်ဆိုင်သော ပြဿနာတစ်ခုလည်း မဟုတ်ပေ။ ဤကိစ္စရပ်တွင် ပါဝင်သော နယ်ပယ်သည် အလွန်ကျယ်ပြန့်လှသည်။ ယင်းသည် လူသားမျိုးနွယ်၏ ကယ်တင်ခြင်း၊ နိုင်ငံတော် ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းတို့နှင့် သက်ဆိုင်သည်။ သင်တို့သည် ဤကိစ္စရပ်ကို ရှင်းလင်းစွာ မမြင်ဘဲ၊ ယင်း၏ အရေးပါမှုကို မခံစားရဘဲ သင်တို့၏ တာဝန်ကို ထမ်းဆောင်နေစဉ် စိတ်တိုစိတ်ဆတ်စွာ ပြုမူခြင်း၊ ကလေးဆန်စွာ ဒေါသထွက်ပြခြင်း သို့မဟုတ် မကျေမနပ်ဖြစ်ခြင်းတို့ကို ပြုလုပ်နေဆဲဖြစ်ပါက ဤသည်မှာ ပြဿနာရှိပေသည်၊ သင်တို့သည် ဤအလုပ်ကို တာဝန်ယူထမ်းဆောင်ရန် မသင့်တော်ကြပေ။ သင်၏ အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများအဆင့်နှင့် သင်၏ အလုပ်လုပ်နိုင်စွမ်းသည် သင်၏ အစွမ်းအစနှင့် အလုပ် အတွေ့အကြုံအပေါ်တွင် မူတည်သည်။ ဤအရာများသည် ဒုတိယနေရာ၌သာ ရှိသည်။ အရေးကြီးဆုံးအရာမှာ ဖြောင့်မတ်သော စိတ်နှလုံးရှိခြင်း၊ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ခြင်း၊ အဖိုးအခပေးရန် လိုလိုလားလားရှိခြင်းနှင့် သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် သစ္စာစောင့်သိခြင်းတို့ ဖြစ်သည်။(ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မကို သတိပေးခဲ့တယ်။ ကျွန်မထမ်းဆောင်နေတဲ့တာဝန်ဟာ ရိုးရှင်းတဲ့အလုပ်တစ်ခုမဟုတ်ဘူး။ ဒါက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖြန့်ဝေပြီး နောက်ဆုံးသောကာလက ဘုရားသခင်ရဲ့အမှုကို သက်သေခံခြင်းနဲ့ သက်ဆိုင်တယ်၊ ကိုယ့်သဘောအတိုင်း ပေါ့ပေါ့ဆဆ သဘောထားလို့မရဘူး။ ဒီအကြောင်းကို စဉ်းစားမိတော့ စိတ်ထဲမှာ လင်းလက်ပြီး အားအင်တွေ ပြည့်လာသလို ခံစားလိုက်ရတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေ လက်တွေ့လုပ်ဆောင်ရမယ့် လမ်းခရီးကိုလည်း ကျွန်မ တွေ့ရှိခဲ့တယ်။ အရည်အချင်းနဲ့ အစွမ်းအစက ဒုတိယပဲ၊ အရေးကြီးဆုံးက လူတစ်ယောက်မှာ မှန်ကန်တဲ့စိတ်နှလုံးရှိဖို့၊ သစ္စာစောင့်သိဖို့၊ ကိုယ့်တာဝန်ကို စောင့်ထိန်းနိုင်ဖို့ပဲ၊ ဒါက ဘုရားသခင်မြင်ချင်တဲ့အရာပဲ။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင်လုပ်ပြီး ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ သမီးရဲ့တာဝန်ကို ကိုယ့်ရဲ့ဖောက်ပြန်တဲ့ စိတ်သဘောထားနဲ့ မထမ်းဆောင်ချင်တော့ပါဘူး။ ဒီတာဝန်အတွက် သမီး အားထုတ်ပြီး အဖိုးအခပေးဖို့လိုပါတယ်၊ ကိုယ်တော်ပေးတဲ့ တာဝန်ကိုထမ်းဆောင်ခွင့်ရတဲ့ အခွင့်အရေးနဲ့ ထိုက်တန်အောင် နေထိုင်ချင်ပါတယ်။ ကျေးဇူးပြုပြီး သမီးကို လမ်းပြတော်မူပါ” လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက်၊ ညီအစ်မထောက်ပြတဲ့ ပြဿနာတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာကို ကျွန်မ တွေးတောဆင်ခြင်ခဲ့တယ်။ ကျွန်မ သဘောပေါက်သွားတယ်၊ ရွတ်ဆိုခြင်းရဲ့ စည်းမျဉ်းက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေထဲမှာ တည်ငြိမ်ပြီး၊ ဘုရားနှုတ်ကပတ်တော်ရဲ့ အဓိပ္ပာယ်ကို စိတ်ရင်းမှန်နဲ့ ဖတ်ရှု၊ တွေးတောပြီး နားလည်သဘောပေါက်ဖို့၊ စာသားတွေကို စက်ရုပ်လို ဖတ်နေတာမျိုး မဟုတ်ဘဲ ဒီအခြေခံအပေါ်မှာ အခြေပြုပြီး ရွတ်ဆိုဖို့ဖြစ်တယ်။ ဒါနဲ့ ကျွန်မ စိတ်ကိုတည်ငြိမ်အောင်ထားပြီး ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်တယ်၊ ကိုယ့်အခြေအနေနဲ့ နှိုင်းယှဉ်ပြီး နားလည်အောင် ကြိုးစားခဲ့တယ်။ ဒီလိုရွတ်ဆိုပြီးတဲ့နောက်မှာ ထိရောက်မှု အများကြီး ပိုကောင်းသွားတယ်လို့ ညီအစ်မက ပြောတယ်။ ဒါက ဘုရားသခင်ရဲ့ လမ်းပြမှုပဲဆိုတာ ကျွန်မ သဘောပေါက်ပြီး စိတ်ထဲမှာ အရမ်းပျော်သွားတယ်။ အချိန်အတိုင်းအတာတစ်ခုအထိ လေ့ကျင့်ပြီးတဲ့နောက်၊ ကျွန်မရဲ့ရွတ်ဆိုမှုရလဒ်တွေကို တိုးတက်စေမယ့် နည်းလမ်းတချို့ကို ကျွန်မ တွေ့ရှိခဲ့ပြီး၊ ရွတ်ဆိုခြင်းနဲ့ပတ်သက်တဲ့ ပြဿနာတွေလည်း နည်းနည်း တိုးတက်ကောင်းမွန်လာခဲ့တယ်။ ဒီလိုအတွေ့အကြုံမျိုး ပေးတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဂုဏ်နှင့်အဆင့်အတန်းမှ သယ်ဆောင်လာသောနာကျင်မှု

ဖန်းရှန့် တရုတ်နိုင်ငံ ပြီးခဲ့တဲ့နှစ် မတ်လတုန်းက ကျွန်မ အဖွဲ့ခေါင်းဆောင်အဖြစ်ရာထူးတိုးပြီးတော့ အဖွဲ့တချို့အတွက် ရေလောင်းပေးတဲ့ တာဝန်ကို...

ဘဝင်မြင့်ခြင်းမှ လွတ်မြောက်ရန်မှာ မလွယ်ကူပါ

ဟွမ်အိုက် ဂျပန်နိုင်ငံ၂၀၂၀ခုနှစ်၊ ဇူလိုင်လမှာ ဗီဒီယိုအလုပ် လိုအပ်ချက်တွေကြောင့် ကြီးကြပ်သူက ညီမကို ဗီဒီယိုတွေလုပ်ဖို့ စီစဉ်ပေးတယ်။...

နောက်ကွယ်၌ရှိသော တာဝန်တစ်ခုရှိ ကျွန်မ၏ စိတ်အခြေအနေ

ဝူယမ် တရုတ်နိုင်ငံ ၂၀၂၁ခုနှစ်၊ ဇွန်လကုန်ခါနီးမှာ ကွန်မြူနစ်ပါတီက ခရစ်ယာန်တွေကို အရူးအမူးလိုက်ဖမ်းနေတာကြောင့် ကျွန်မရဲ့ ဧည့်ခံတဲ့အိမ်က...

ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မ၏ ဝိညာဉ်ကို လှုပ်နှိုးခဲ့ပြီ

နမ်နမ် အမေရိကန်နိုင်ငံ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၏ လက်ရှိ နောက်ဆုံးသောကာလ အမှုတော်ထဲတွင်၊ ဘုရားသခင်သည် ယခင်က...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။