နားလည်မှုရှိခြင်းသည် ကောင်းမွန်သော လူ့သဘာဝရှိခြင်းကို ဆိုလိုသလော

13.01.2025

၂၀၁၆ ခုနှစ်မှာ၊ အစ်မဒင်ရွေးနဲ့ ကျွန်မက အသင်းတော်တချို့ရဲ့ အလုပ်ကို ကြီးကြပ်ဖို့ တွဲလုပ်ရတယ်။ အဲဒီနောက် သိပ်မကြာဘူး၊ ဒင်ရွေးကို တိုင်ကြားစာတစ်ခု တာဝန်ယူဖို့ အသင်းတော်တစ်ပါးဆီကို အထက်ခေါင်းဆောင်က သွားခိုင်းတယ်။ ဒါပေမဲ့ သူက ချက်ချင်း ပြန်လာတယ်။ ကျွန်မ တွေးနေမိတယ်။ အဲဒီက အခြေအနေက ခက်ခဲရှုပ်ထွေးနေခဲ့တာလေ။ သူက သိပ်မကြာဘဲ ပြန်လာတယ်။ ပြဿနာကို သူ ဖြေရှင်းခဲ့ရဲ့လားပေါ့။ ထင်တဲ့အတိုင်းပဲ၊ မကြာခင်မှာ ဒင်ရွေးအတွက် အထက်ခေါင်းဆောင်ဆီက စာတစ်စောင်ရောက်လာပြီး၊ သူက ပြဿနာကို အပြည့်အဝ မဖြေရှင်းခဲ့သေးသလို၊ တခြားတစ်ယောက်က အဲဒါကို ထပ်ပြီး သွားစစ်ဆေးဖို့ လိုတယ်လို့ ပြောတယ်။ ခေါင်းဆောင်က ဒင်ရွေးကို ကိုယ့်ကိုယ်ကို တကယ် သုံးသပ်တာတချို့လုပ်ပြီး အဲဒီကနေ သင်ခန်းစာယူဖို့ ပြောတယ်။ အဲဒါကို ဖတ်ပြီးတော့ ဒင်ရွေးက အတော့်ကို စိတ်ဓာတ်ကျသွားပြီး ပြောတယ်။ “ကျွန်မတာဝန်မှာရှိတဲ့ တကယ့်ပြဿနာတွေကို ကျွန်မ မဖြေရှင်းနိုင်သလို အသင်းတော်အလုပ်ကိုလည်း နှောင့်နှေးစေခဲ့တယ်”တဲ့။ အဲဒီတိုင်ကြားစာမှာပါတဲ့အရာနဲ့ပတ်သက်လို့ ကျွန်မ နည်းနည်းသိတယ်။ အဲဒါက တော်တော်လေးကို ရှုပ်ထွေးတဲ့ ကိစ္စတစ်ခုပဲ။ လူတွေအများကြီး ပါဝင်ပတ်သက်နေပြီး ကိစ္စအများကြီးနဲ့ပတ်သက်လို့ မိတ်သဟာယပြုဖို့ လိုတယ်။ ပါဝင်ပတ်သက်တဲ့ သူတွေကို တစ်ဦးချင်း စကားပြောရမှာဖြစ်လို့ မြန်မြန်ဆန်ဆန်နဲ့တော့ အပြည့်အဝ မပြီးစီးနိုင်ဘူး။ ဒင်ရွေးက ကိစ္စတွေကို လက်စသတ်လိုက်ဖို့များ အရမ်းစိတ်ထက်သန်လွန်းခဲ့တာလားလို့ ကျွန်မ တွေးမိတယ်။ အဲဒါကို သူ့ကို ထောက်ပြပြီး သူ့ကိုယ်သူ သုံးသပ်ဆင်ခြင်ပြီး သိအောင် ကူညီဖို့ ကျွန်မ စဉ်းစားခဲ့တယ်။ ဒါပေမဲ့ နောက်တော့ တွေးမိတယ်။ သူက စိတ်မကောင်းဖြစ်နှင့်ပြီးသားဖြစ်ပြီး သူ့ပြဿနာတွေကို ကျွန်မ ထောက်ပြလိုက်ရင်၊ သူ ရှက်ကောင်းရှက်နိုင်ပြီး ပိုတောင် အပျက်သဘောဆောင်လာနိုင်တယ်။ အဲဒီအခါ ကျွန်မက စာနာစိတ်မဲ့တယ်လို့ သူက ပြောပြီးတော့ ကျွန်မနဲ့ ပိုခပ်တန်းတန်းဖြစ်ပြီး အမြင်စောင်းသွားရင် ဘယ်လိုလုပ်မလဲ။ ကျွန်မတို့က တွဲလုပ်ခါစဆိုတော့ ကျွန်မတို့ကြားမှာ ကိစ္စတွေ တင်းမာသွားရင် အဆင်ပြေဖို့ ခက်သွားမှာလေ။ အဲဒီလိုအချိန်မှာပဲ ကျွန်မက နှစ်သိမ့်အားပေးတဲ့အရာတချို့ ပြောရင်၊ ကျွန်မ နားလည်မှုရှိပြီး၊ ဆက်ဆံရလွယ်ကူတယ်လို့ သူ ခံစားရမှာပဲ။ ဒါကြောင့် ကျွန်မက၊ “ကျွန်မတို့အတွက်က အလုပ်မှာ အမှားတွေလုပ်မိပြီး တစ်ခါတလေ ကျရှုံးတာက လုံးဝ ပုံမှန်ပါပဲ။ ကိုယ့်ကိုယ်ကို အရမ်းကြီးလည်း မခံမရပ်နိုင်မဖြစ်ပါနဲ့။ တိုင်ကြားစာတွေကို ကျွန်မ ကိုင်တွယ်ခါစတုန်းက၊ အစ်မထက် ပိုဆိုးတဲ့ ကျရှုံးမှုတွေ ရှိခဲ့တယ်”လို့ပြောပြီး သူ့ကို နှစ်သိမ့်ခဲ့တယ်။ အဲဒီနောက်တော့ ကျွန်မအလုပ်မှာ ကျွန်မ ကျရှုံးတဲ့ အတွေ့အကြုံတွေအကြောင်းကို သူ့ကို ပြောပြခဲ့တယ်။ သူ့မျက်နှာကနေ ပူပန်သောကရောက်တဲ့ ပုံစံက ချက်ချင်းပျောက်သွားပြီး ဝမ်းသာအားရနဲ့ သူက ပြောတယ်။ “နင် ငါ့အပေါ် ဘာများတွေးမလဲလို့ ငါ စိုးရိမ်နေခဲ့တာ။ နင် အဲဒီလိုသဘောကောင်းတဲ့ လူတစ်ယောက်ဖြစ်မယ်မှန်း စိတ်မကူးမိခဲ့ဘူး”တဲ့။ သူ အဲဒီလိုပြောတာကို ကျွန်မ ကြားတော့ ကျွန်မကိုယ်ကျွန်မ တကယ် ကျေနပ်အားရခဲ့တယ်။ ကျွန်မမှာ လူ့သဘာဝကောင်းရှိပြီး နားလည်မှုရှိသလိုမျိုး ကျွန်မ ခံစားခဲ့တယ်။ နောက်တစ်ခါ၊ ဒင်ရွေးက သူနဲ့ ညီအစ်မတစ်ယောက်က အတူကောင်းကောင်း အလုပ်မလုပ်နိုင်ခဲ့ပုံကို ကျွန်မကို ပြောပြတယ်။ တခြားညီအစ်မရဲ့ ပြဿနာတွေအကြောင်းကို သူ အမြဲ ပြောပြီး၊ အဲဒီအကြောင်းပြောနေချိန်မှာ တကယ်ကို စိတ်ဆိုးနေတဲ့ပုံပေါ်ခဲ့တယ်။ သူက ကိစ္စတွေကို အလွန်အကျွံစိစစ်နေပြီး ကိုယ့်ကိုယ်ကို သိတဲ့စိတ်မရှိသလိုမျိုးဖြစ်တာကို ကျွန်မ သတိထားမိတယ်။ သူတို့နဲ့ပတ်သက်လို့ ခေါင်းဆောင်က သူတို့အဆင်မပြေဖြစ်ကြတာကို အရင်က ပြောခဲ့တာ ကျွန်မ သတိရမိတယ်။ တခြားညီအစ်မကကျတော့ မာနထောင်လွှားတဲ့ စိတ်သဘောထားရှိတယ်။ ဒါပေမဲ့ ဒင်ရွေးက လူတွေ၊ ကိစ္စတွေကို အလွန်အကျွံစိစစ်ရတာ ကြိုက်တယ်။ ပြီးတော့ ကိစ္စတွေ ဖြစ်လာတဲ့အခါ ဘုရားဆီကလို့ သူ လက်မခံဘူး။ မျက်နှာကြောတင်းပြီး သူ့မာနကို ထိခိုက်တဲ့သူ ဘယ်သူကိုမဆို လျစ်လျူရှုတယ်။ သူက အလုပ်ကိစ္စကို သူတို့နဲ့ မဆွေးနွေဘူး၊ အဲဒီလိုကနေတစ်ဆင့် သူ့ဒေါသကို ထုတ်ပြတယ်။ တိုးတက်တာ နှောင့်နှေးအောင်လုပ်တယ်။ ခေါင်းဆောင်က သူနဲ့ မိတ်သဟာယပြုခဲ့ပေမဲ့ သူ့ကိုယ်သူ မသုံးသပ်ဘူး၊ သူ့ကိုယ်သူနဲ့ပတ်သက်လို့ ဘာမှမသင်ယူဘူး။ အဲဒီတခြားညီအစ်မက ပြဿနာတချို့ရှိပေမဲ့ ဒင်ရွေးရဲ့ ပြဿနာတွေက ပိုဆိုးတယ်။ သူ့ပြဿနာတွေကို ကျွန်မ ထောက်ပြချင်ခဲ့ပေမဲ့ နောက်တော့ တွေးမိတယ်။ “ငါ ဘာစကားကိုမှ မချန်ထားဘဲ ဒါကို ထုတ်ပြောလိုက်ရင် သူ့ကို မမျှမတဆက်ဆံတယ်လို့ သူ ပြောမလား။ အဲဒါဆိုရင် ငါ့အပေါ် သူရှိခဲ့တဲ့ အကောင်းမြင်စိတ်ကို ငါ ဆုံးရှုံးသွားမလား”ပေါ့။ ဒါကြောင့် ကျွန်မက၊ “အစ်မနဲ့ တွဲလုပ်တဲ့ ညီအစ်မလည်း တချို့ကဏ္ဍတွေမှာ ပြဿနာတချို့ရှိတယ်”လို့ သူ့ကို လိုက်ပြောပေးခဲ့တယ်။

နောက်ပိုင်းမှာ ဒင်ရွေးရဲ့ တာဝန်က ပြောင်းသွားပြီး တခြားအလုပ်ကို သူ တာဝန်ယူရတယ်။ ကျွန်မလည်း တခြားတွဲဖက်တစ်ယောက် ရခဲ့တယ်။ သူက ကျွန်မကို တွေ့တာနဲ့ ပြောတယ်။ “ငါ နင်နဲ့ အလုပ်လုပ်ရမယ်လို့ ကြားခဲ့ရတုန်းက ဖိအားအများကြီးဖြစ်သလိုမျိုး ခံစားခဲ့ရတယ်။ နင့်မှာ ကောင်းတဲ့ လူ့သဘာဝရှိပြီး လူတိုင်းနဲ့ ကောင်းကောင်း အလုပ်လုပ်တာ ငါ ကြားခဲ့ရတယ်။ ငါတို့ တွဲလုပ်ရတာ ခက်ခဲရင်၊ ငါ လုံးဝ ထုတ်ဖော်ခံရမှာလေ။ ငါ့ရဲ့ လူ့သဘာဝနဲ့ပတ်သက်လို့ သေချာပေါက် ပြဿနာတစ်ခု ရှိမှာပဲ”တဲ့။ သူ အဲဒီလိုပြောတော့ ကိုယ့်ကိုယ်ကို သုံးသပ်တာထက် ကျွန်မက ကိုယ့်ကိုယ်ကိုပဲ ပြန်ဂုဏ်ယူနေခဲ့တယ်။ ကျွန်မမှာ တကယ် ကောင်းတဲ့လူ့သဘာဝရှိတယ်လို့ ခံစားရတယ်။ ပြီးတော့ တစ်ခါမှာ ဒင်ရွေးနဲ့ တွဲလုပ်ခဲ့တဲ့ ညီအစ်မတစ်ယောက်က ကျွန်မကိုတွေ့ပြီး ပြောတယ်။ “သူနဲ့ ကျွန်မက အတူအလုပ်လုပ်တာ အဆင်မပြေဘူး။ ဒါပေမဲ့ အစ်မတို့နှစ်ယောက် အတူအလုပ်လုပ်တာ အဆင်ပြေခဲ့ပုံကို သူ အမြဲပြောတာ။ ကျွန်မတကယ် ဖောက်ပြန်ပျက်စီးတယ်ထင်တယ်”တဲ့။ ကျွန်မ တွေးနေမိတယ်။ အဲဒီညီအစ်မက အရမ်းတဲ့တိုးဆန်လွန်းပြီး ဒင်ရွေးရဲ့ ပြဿနာတွေနဲ့ပတ်သက်လို့ အရမ်းကို တိုက်ရိုက်ပြောလွန်းလို့ ဒင်ရွေးရဲ့ မာနက မခံနိုင်ခဲ့တာဖြစ်မယ်ပေါ့။ ဒင်ရွေးနဲ့ ပြောဆိုဆက်ဆံခဲ့ရတုန်းက သူ့ပြဿနာတွေနဲ့ပတ်သက်လို့ ကျွန်မ စိတ်ရှည်သည်းခံခဲ့ပြီး သူနဲ့ မငြင်းခုံခဲ့ဘူး။ ကျွန်မ သူနဲ့ ဘယ်အလုပ်ကိစ္စကိုမဆို တက်တက်ကြွကြွ ဆွေးနွေးပြီး သူ့အကြံပြုချက်တွေကို အများကြီးတောင်းခဲ့တယ်။ အဲဒါက ဘယ်သဘောထားကွဲလွဲတာကိုမဆို တားဆီးခဲ့တယ်။ အဲဒါပြီးတော့ သိပ်မကြာဘူး၊ ခေါင်းဆောင်က ဒင်ရွေးအနေနဲ့ အတော့်ကို မာနထောင်လွှားပြီး သမ္မာတရားတွေကို လက်မခံဘူး၊ တခြားလူတွေနဲ့ လုံးဝ ကောင်းကောင်း အလုပ်မလုပ်ဘူးလို့ ပြောတာ ကြားရတယ်။ မိတ်သဟာယပြီးတဲ့နောက်မှာ သူက မပြောင်းလဲဘဲ သူ့တာဝန်မှာလည်း ထိရောက်မှုမရှိတာကြောင့် အထုတ်ခံခဲ့ရတယ်။ နောက်ပိုင်းမှာ ခေါင်းဆောင်က ကျွန်မပြဿနာတွေကို ထုတ်ပြောခဲ့တယ်။ “ခေါင်းဆောင်တစ်ယောက်အနေနဲ့၊ ညီအစ်ကို ဒါမှမဟုတ် ညီအစ်မတစ်ယောက်ရဲ့ ပြဿနာက ဘယ်လိုပဲ ဆိုးရွားပါစေ၊ အဲဒါကို လုံးဝ ထုတ်မပြောရင်၊ သူတို့ကို ပြုပြင်ဖော်ထုတ်တာ မလုပ်ဘဲ မင်းတို့ရဲ့ ဆက်ဆံရေးတွေကို တယုတယထားရင်၊ အဲဒါက ကိုယ့်တာဝန်မှာ တာဝန်မဲ့တာပဲ။ နင် ဒင်ရွေးနဲ့ပတ်သက်လို့ ဖြစ်တဲ့ပုံစံက အဲဒီလိုပဲ။ သူက တခြားဘယ်သူမဆိုနဲ့ အလုပ်လုပ်တာ အဆင်မပြေပေမဲ့ နင်နဲ့အလုပ်လုပ်ရတာ ပျော်တယ်။ နင်က ထောက်ထားပြီး နားလည်မှုရှိတယ်လို့ ပြောတယ်။ ဒါနဲ့ပတ်သက်လို့ နင်သုံးသပ်သင့်တယ်”တဲ့။ အဲဒီအချိန်မှာ နောက်ထပ်ခေါင်းဆောင်တစ်ယောက်က ပြောတယ်၊ “အစ်မအပေါ် ခုတလော လူတိုင်းရဲ့ အကဲဖြတ်ချက်တွေက အပြုသဘောဆောင်တယ်။ အစ်မက နားလည်မှုရှိပြီး ဖော်ရွေတယ်လို့ ပြောကြတယ်။ လူတိုင်းက သူတို့ စိတ်နှလုံးမှာ အစ်မအတွက် နေရာတစ်ခုရှိပြီး၊ ကိစ္စတွေမှာ သမ္မာတရားကို မရှာကြဘူး။ အဲဒါ အစ်မနဲ့ပတ်သက်တဲ့ ပြဿနာတစ်ခုပဲ။ ဒီလိုအလုပ်လုပ်တဲ့အခါ၊ အစ်မက ဘုရားကို ချီးမြှောက်ပြီး သက်သေခံနေတာ မဟုတ်ဘူး”တဲ့။ ပထမတော့ ကျွန်မ လက်ခံဖို့ ခက်ခဲခဲ့တယ်၊ မတရားခံရသလို ခံစားရင်းနဲ့ မျက်ရည်တွေကျပြီး ကျွန်မစိတ်နှလုံးမှာ ဆင်ခြေတွေပေးနေမိတယ်။ ကျွန်မနဲ့ပတ်သက်လို့ တခြားလူတွေမှာ အကောင်းပြောစရာရှိတာတွေက ကျွန်မမှာ လူ့သဘာဝကောင်းရှိပြီး ပေါင်းသင်းဆက်ဆံရလွယ်တယ်ဆိုတဲ့ သဘောပဲလေ။ ဘယ်လိုဖြစ်ပြီး သူတို့က ကျွန်မမှာ ပြဿနာတစ်ခုရှိတယ်လို့ ပြောနိုင်ကြတာလဲပေါ့။ အဲဒီနောက်မှာ ကျွန်မနဲ့တွဲလုပ်တဲ့ ညီအစ်မကလည်း ကျွန်မကို ကိုယ့်ကိုယ်ကို သုံးသပ်ဆင်ခြင်တာတချို့ လုပ်ဖို့ သတိပေးတယ်။ ဒါကြောင့် နောက်ဆုံးမှာ ကျွန်မကိုယ်ကျွန်မ သိအောင် ဉာဏ်အလင်းပေးဖို့ တောင်းလျှောက်ရင်းနဲ့ ဘုရားဆီကို ငြိမ်သက်ခြင်းရှိစွာနဲ့ ဆုတောင်းခဲ့တယ်။

ဒီလိုပြောတဲ့ ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ကို နောက်ပိုင်းမှာ ကျွန်မ ဖတ်ခဲ့တယ်။ “ညီအစ်ကို မောင်နှမများနှင့် ပေါင်းသင်းဆက်ဆံသောအခါ သူတို့အပေါ် သင်၏စိတ်နှလုံးကို ဖော်ထုတ်ပြပြီး ယင်းက သင့်အတွက် အကျိုးရှိဖို့အလို့ငှာ သူတို့အပေါ် အတွင်းစကား ပြောရမည် ဖြစ်သည်။ တာဝန်ထမ်းဆောင်ရာတွင် သင်၏စိတ်ရင်းအတိုင်း ဆက်ဆံပြီး လူတို့အပေါ် အတွင်းစကားပြောရန် ပို၍ပင် အရေးကြီးသည်။ သို့မှသာ သင် အလုပ်ကို အတူတူကောင်းစွာ လုပ်ဆောင်မည်ဖြစ်သည်။...အခြားသူများနှင့် ပေါင်းသင်းဆက်ဆံသောအခါ ပထမဦးစွာ သူတို့အား သင်၏ စစ်မှန်သော စိတ်နှလုံးနှင့် ရိုးသားမှန်ကန်မှုကို သတိပြုမိစေရမည်။ အတူတကွ စကားပြောဆိုခြင်းနှင့် အလုပ်လုပ်ခြင်းအပြင် အခြားသူများနှင့် ထိတွေ့ဆက်ဆံရာတွင် အကယ်၍ လူတစ်ဦး၏ စကားများက ဝတ်ကျေတမ်းကျေ ဖြစ်သည်၊ စကားကြီးစကားကျယ် သုံးသည်၊ အာလာပသလ္လာပများ ဖြစ်သည်၊ မြှောက်လုံးပင့်လုံးဖြစ်သည်၊ စိတ်ချယုံကြည်၍မရသည့်အပြင် စိတ်ကူးသက်သက်ဖြစ်သည် ဆိုပါက၊ သို့မဟုတ် သူသည် အခြားသူများ၏ အကူအညီကိုသာ ရှာဖွေဖို့ ပြောဆိုသည် ဆိုပါက သူတို့၏ စကားများအားလုံး၌ ခိုင်လုံမှုကင်းမဲ့ပြီး ရိုးသားမှန်ကန်မှု နည်းနည်းလေးမျှပင် မရှိပေ။ ဤသည်မှာ အခြားသူများက မည်သူပင်ဖြစ်စေ၊ ထိုအခြားသူများနှင့် သူတို့၏ ပေါင်းသင်းဆက်ဆံသည့် နည်းလမ်းဖြစ်သည်။ ဤသည်မှာ ရိုးသားသောလူ မဟုတ်ပေ။ လူတစ်ဦးသည် အပျက်သဘောဆောင်သော အခြေအနေတစ်ခု၌ ရှိနေပြီး သူက သင့်အား ‘ကျွန်ုပ် လွန်စွာ အပျက်သဘော ဆောင်နေသည်မှာ အတိအကျ အဘယ်အတွက့်ကြောင့် ဖြစ်ရသည်ကို ကျွန်ုပ်အား ပြောပါ။ ယင်းကို ကျွန်ုပ် လုံးဝ သဘောမပေါက်နိုင်ပါ’ ဟု ရိုးသားမှန်ကန်စွာ ပြောသည်ဆိုပါစို့။ ထို့အပြင် အမှန်မှာ သင်၏ စိတ်နှလုံးထဲတွင် သူ့ပြဿနာကို တကယ်နားလည်သော်လည်း သူ့ကို ပြောပြမည့်အစား ‘ဘာမျှမဟုတ်ပါ။ သင်သည် အပျက်သဘောဆောင်နေခြင်းမရှိပါ။ ကျွန်ုပ်လည်း ထိုသို့ ဖြစ်တတ်သည်’ ဟု ပြောသည်ဆိုပါစို့။ ဤစကားများမှာ ထိုသူအတွက် ကြီးမားသော နှစ်သိမ့်မှုတစ်ခု ဖြစ်သော်လည်း သင့်စိတ်ထားက ရိုးသားမှန်ကန်ခြင်း မရှိပေ။ သင်သည် ထိုသူ့အပေါ် ဝတ်ကျေတမ်းကျေ ဖြစ်နေသည်။ သူ့ကို ပို၍ စိတ်ချမ်းသာစေပြီး ဖြေသိမ့်ဖို့ရန်အတွက် သင်သည် သူ့အား ရိုးသားစွာ စကားပြောခြင်းကို ရှောင်ကြဉ်ခဲ့ပြီဖြစ်သည်။ သူ့အနေဖြင့် သူ၏ အပျက်သဘောဆောင်ခြင်းကို စွန့်ပစ်နိုင်ရန်အလို့ငှာ သင်သည် သူ့ကို အလေးအနက် ကူညီနေခြင်းမရှိသည့်အပြင် သူ၏ပြဿနာကို ထင်ထင်ရှားရှား ပြသခြင်းမရှိပေ။ သင်သည် ရိုးသားသော လူတစ်ဦး ပြုလုပ်သင့်သည့်အရာကို မပြုလုပ်ခဲ့သေးပေ။ သူ့အား နှစ်သိမ့်ရန်နှင့် သင်တို့အကြား ခပ်တန်းတန်းဖြစ်ခြင်း သို့မဟုတ် သဘောထားကွဲလွဲခြင်း မရှိအောင် သေချာစေဖို့ ကြိုးစားရန်အလို့ငှာ သင်သည် သူ့အပေါ် ဝတ်ကျေတမ်းကျေ ဖြစ်နေလျက်ရှိကာ ဤသည်မှာ ရိုးသားသော လူတစ်ဦးဖြစ်နေခြင်း မဟုတ်ချေ။ သို့ဆိုလျှင် ရိုးသားသော လူတစ်ဦးဖြစ်ရန်အတွက် ဤအခြေအနေမျိုးကို ကြုံတွေ့သောအခါ ဘာလုပ်သင့်သနည်း။ သင်သည် သူ့အား သင် တွေ့ရှိဖူးပြီး ဖော်ထုတ်ခဲ့ပြီးသောအရာကို ပြောပြရန်လိုသည်။ ‘ကျွန်ုပ်တွေ့ရှိဖူးသည့်အရာနှင့် တွေ့ကြုံဖူးသည့်အရာကို သင့်အား ပြောပြမည်။ ကျွန်ုပ်ပြောသည့်အရာ မှန်သည်၊ မှားသည်ကို သင်ဆုံးဖြတ်ပါ။ မှားလျှင် သင် လက်ခံစရာ မလိုပါ။ မှန်လျှင် သင် လက်ခံမည်ဟု မျှော်လင့်သည်။ သင့်အနေဖြင့် နားထောင်ရခက်ပြီး သင့်အား စိတ်ဆင်းရဲစေသည့်အရာတစ်ခုကို ကျွန်ုပ်ပြောပြပါက ယင်းကို ဘုရားသခင်ထံမှ သင် ခံယူနိုင်မည်ဟု ကျွန်ုပ်မျှော်လင့်သည်။ ကျွန်ုပ်၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်မှာ သင့်ကို ကူညီရန်ဖြစ်သည်။ ဤအရေးကိစ္စကို ကျွန်ုပ် ရှင်းလင်းစွာ သိမြင်သည်။ သင်သည် အရှက်ခွဲခံရပြီဖြစ်ကာ သင့်ကို မည်သူမျှ ချီးပင့်မြှောက်စားမနေကြဟု သင်ခံစားရပြီး သင့်ကို အခြားလူတိုင်းက အထင်သေးသည်၊ သင်သည် တိုက်ခိုက်ခံနေရသည်၊ ထို့ပြင် သင်သည် မည်သည့်အခါမျှ ထိုသို့ မတရားသဖြင့် မခံရဖူးဟု ထင်သောကြောင့် ယင်းကို သင် လက်မခံနိုင်သည့်အပြင် အပျက်သဘောဆောင်လာခြင်းဖြစ်သည်။ ဤသည်မှာ အမှန်တကယ် ဖြစ်ပျက်နေသည့်အရာ ဟုတ်သလော၊ သင် မည်သို့ထင်သနည်း’ ဟူ၍ဖြစ်သည်။ ထိုအခါ ဤအရာကို ကြားရပြီးနောက် သူက ယင်းမှာ အမှန်တကယ်ဖြစ်သည့် အခြေအနေဖြစ်မှန်း ခံစားရလေသည်။ ဤသည်မှာ သင်၏ စိတ်နှလုံးထဲ၌ အမှန်တကယ်ရှိသည့် အရာပင်ဖြစ်သော်လည်း သင်သည် ရိုးသားသော လူတစ်ဦး မဟုတ်ပါက ယင်းကို သင် ပြောမည်မဟုတ်ပေ။ သင်က ‘ကျွန်ုပ်လည်း မကြာခဏ အပျက်သဘောဆောင်တတ်သည်’ ဟု ပြောကာ တစ်ဖက်လူက လူတိုင်း အပျက်သဘောဆောင်တတ်သည်ဟု ကြားရသောအခါ သူ့အနေဖြင့် အပျက်သဘောဆောင်သည်မှာ ပုံမှန်ဖြစ်သည်ဟု ထင်မှတ်ပြီး အဆုံးတွင် သူ၏ အပျက်သဘောဆောင်ခြင်းကို မစွန့်ပစ်တော့ချေ။ သင်သည် ရိုးသားသော လူတစ်ဦးဖြစ်ပြီး သူ့ကို ရိုးသားသော စိတ်ထားနှင့် ရိုးသားသော စိတ်နှလုံးဖြင့် ကူညီလျှင် သူ့အား သမ္မာတရားကို နားလည်ရန်နှင့် သူ၏ အပျက်သဘောဆောင်ခြင်းကို စွန့်ပစ်ရန်အတွက် ကူညီနိုင်မည်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ရိုးသားသောသူလူတစ်ဦးကသာ စစ်မှန်သော လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်နိုင်သည်)အပြင်ပန်းတွင် အကြီးစား မကောင်းမှုတစ်ခုခု ကျူးလွန်ထားခြင်း မရှိသည့်ပုံစံရှိသော်လည်း စင်စစ်အားဖြင့် အထူးပင် လှည့်စားတတ်ပြီး မယုံကြည်ရသော၊ ကိုယ်ကျင့်သီလ ကောင်းမွန်ခြင်းနှင့်ဆိုင်သော စကားများကို ပြောဆိုသော ‘လူကောင်းများ’ ဟုခေါ်ဆိုသောသူများ ကမ္ဘာလောကတွင် များစွာရှိသည်။ ၎င်းတို့သည် အခြေအနေကို ကြည့်ပြီး အလိုက်အထိုက်နေခြင်းတွင်၊ ချောမွေ့စွာ၊ ပါးနပ်စွာ စကားပြောဆိုခြင်းတွင် အလွန်ကျွမ်းကျင်သည်။ ၎င်းတို့သည် အယောင်ဆောင် လူကောင်းများ၊ ကြောင်သူတော်များဖြစ်သည်။ ၎င်းတို့သည် ကောင်းမွန်ယောင် ဟန်ဆောင်နေခြင်းသာဖြစ်သည်။ အလယ်အလတ်လမ်းကို လျှောက်သောသူတို့သည် အန္တရာယ်အများဆုံးလူများဖြစ်သည်။ ၎င်းတို့သည် မည်သူ့ကိုမျှ စိတ်ဆိုးအောင်မပြုလုပ်။ လည်ပြီး ပါးနပ်သည်။ အခြေအနေမျိုးစုံ၌ အလိုက်သင့်နေခြင်းတွင် ကျွမ်းကျင်ကြသည်။ မည်သူကမျှ ၎င်းတို့၏ အမှားများကို မမြင်နိုင်ကြပေ။ ၎င်းတို့သည် အသက်ရှင်နေသော စာတန်များကဲ့သို့ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အချုပ်အနှောင်များကို ဖယ်ရှားပစ်နိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ သိလိုက်တယ်။ တခြားလူတွေနဲ့ ကျွန်မ ဆက်ဆံတဲ့နေရာမှာ အားပေးတာ၊ မြှောက်ပင့်တာတွေပဲပြောပြီး ကျွန်မမြင်တဲ့ ပြဿနာတွေကို မထောက်ပြရင် အဲဒါက သူတို့ကို တကယ် ကူညီနေတာ မဟုတ်သလို လုံးဝ အကျိုးပြုမှာ မဟုတ်ဘူး။ အဲဒါက အလယ်အလတ်လမ်းစဉ်လိုက်တာ၊ ကောက်ကျစ်တဲ့ လူ့အကြိုက်လိုက်တဲ့သူတစ်ယောက် ဖြစ်တာဖြစ်တယ်လို့ ဘုရားက ပြောတယ်။ အဲဒါက လေနှင်ရာလိုက်တာ၊ လူတိုင်းကို အလိုဖြည့်တာဖြစ်ပြီး ဘယ်သူ့ကိုမှ စိတ်အနှောင့်အယှက်မပေးတာပဲ။ ဒါက အသက်ရှင်နေတဲ့ စာတန်တစ်ယောက်ဖြစ်နေတာပဲ။ ကျွန်မကိုယ်တိုင်ရဲ့ အပြုအမူကို သုံးသပ်တဲ့အခါ၊ ကျွန်မက ဘုရားဖော်ထုတ်တဲ့ လူစားမျိုး အတိအကျဖြစ်နေခဲ့တာကို တွေ့ရတယ်။ ဒင်ရွေးက အဲဒီတိုင်ကြားစာကို မဖြေရှင်းတဲ့အပြင် အလုပ်ကို ပြန်လုပ်ရမဲ့အချိန်မှာ၊ အဲဒါက အမြန်ပြန်လာလို့ရအောင် ကြိုးစားနေခဲ့လို့ ဖြစ်မှန်း ကျွန်မ သိခဲ့တယ်။ သူ့ပြဿနာကို ကျွန်မ ထောက်ပြပြီး သူ့ကိုယ်သူ သုံးသပ်အောင် ကူညီသင့်တယ်။ ဒါပေမဲ့ ကျွန်မက မထောက်ထားတတ်တဲ့အပြင် လူ့သဘာဝ မရှိဘူးလို့ သူပြောမှာစိုးခဲ့တယ်။ ဒါကြောင့် အားပေးတဲ့စကားတချို့ ပြောပြီး သူ့ကို နှစ်သိမ့်ဖို့ ကျွန်မရဲ့ ကျရှုံးမှုတွေအကြောင်းကိုတောင် ပြောပြခဲ့တယ်။ အဲဒီအရာအားလုံးပြောပြီးတဲ့နောက်မှာ သူက စိတ်မပျက်တော့ဘူး။ ပြီးတော့ သူ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ပတ်သက်လို့ သိပ်မသုံးသပ်ခဲ့ဘူး။ တခြားလူတွေကို ကူညီဖို့ မိတ်သဟာယထဲမှာ ကိုယ်ရေးကိုယ်တာ အတွေ့အကြုံတွေကို ပေါင်းစပ်တာ အဆင်ပြေပေမဲ့ တခြားလူတွေအနေနဲ့ သူတို့ကိုယ်သူတို့ သုံးသပ်ပြီး သိအောင် လမ်းပြဖို့ ကိုယ့်ရဲ့ ကျရှုံးမှုတွေနဲ့ ကိုယ့်ကိုယ်ကို သိတဲ့အသိတွေကို အဓိက အသုံးပြုသင့်တာလေ။ ဒါပေမဲ့ အဲဒါက ကျွန်မကိုယ်တိုင်ရဲ့ ကျရှုံးမှုတွေကို ဝေမျှပြီးတော့ ဖြစ်မြောက်အောင် ကျွန်မ ကြိုးစားနေခဲ့တဲ့အရာ မဟုတ်ဘူး။ ကျွန်မရဲ့ ရည်မှန်းချက်က ဒင်ရွေးကို နှစ်သိမ့်ဖို့ပဲ။ ဒီလိုနဲ့ သူက လူတိုင်း ညီတူညီမျှ ဖောက်ပြန်ပျက်စီးကြပြီး အမှားတွေက လုံးဝ ပုံမှန်ဖြစ်သလိုမျိုး ခံစားရအောင်ပေါ့။ အဲဒါက သူ့ကိုယ်သူ အလွန်အကျွံ လိုက်လျောအောင် မသိမသာ အခွင့်ပေးနေခဲ့တာပဲ။ အဲဒါက ဘုရားကို သက်သေခံတာ မဟုတ်ဘဲနဲ့ သူ့ကို အထင်အမြင်မှားစေတာပဲ။ ဒင်ရွေးက တခြားလူတွေနဲ့ ကောင်းကောင်း အလုပ်မလုပ်နိုင်ခဲ့တဲ့အပြင် လူတွေ၊ ကိစ္စတွေကို အမြဲတမ်း အလွန်အကျွံစိစစ်နေခဲ့တာကိုမြင်တော့၊ ဒါကို ကျွန်မက သူ့ကိုထောက်မပြခဲ့ဘူး၊ တခြားညီအစ်မရဲ့ ပြဿနာနဲ့ပတ်သက်လို့ သူနဲ့တောင် သဘောတူနေခဲ့တယ်။ အဲဒါမှ ကျွန်မရဲ့ ပုံရိပ်ကောင်းကို ကျွန်မ ကာကွယ်နိုင်မှာလေ။ သူ ဆိုးနေတာကို ကျွန်မမြင်တဲ့အခါ၊ သူ့ကို အဲဒီလိုနဲ့ပဲ ပြီးသွားခွင့်ပေးလိုက်တယ်။ အကျိုးဆက်အနေနဲ့ သူက သူကိုယ်တိုင်ရဲ့ ပြဿနာတွေကို မမြင်ခဲ့တဲ့အပြင်၊ သူ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေထဲမှာ အသက်ရှင်ပြီးတော့ သူ့ကိုယ်သူ အလိုလိုက်ခဲ့တယ်။ အဲဒါက သူ့ကို ထိခိုက်နစ်နာစေတာ မဟုတ်လား။

နောက်ပိုင်းမှာ ဒီလိုပြောတဲ့ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ “ကောင်းမွန်သော လူ့သဘာဝ ရှိခြင်းအတွက် စံနှုန်းရှိရမည်။ ယင်းသည် အလယ်အလတ်လမ်းကြောင်းကို လျှောက်လှမ်းခြင်း၊ အခြေခံသဘောတရားများကို မလိုက်နာခြင်း၊ မည်သူကိုမျှ စိတ်အနှောင့်အယှက်မဖြစ်စေဖို့ ကြိုးပမ်းအားထုတ်မှု၊ သင် သွားသည့် နေရာတိုင်းတွင် မျက်နှာလို မျက်နှာရ လုပ်ခြင်း၊ သင် တွေ့ဆုံသည့် လူတိုင်းကို ပြေပြစ်စွာ ဆက်ဆံခြင်းနှင့် လူတိုင်းကို သင့်အား အကောင်းပြောစေခြင်းတို့ မပါဝင်ပေ။ ဤသည်မှာ စံနှုန်းမဟုတ်။ ထိုသို့ဆိုလျှင် မည်သည်မှာ စံနှုန်းဖြစ်သနည်း။ ဘုရားသခင်နှင့် သမ္မာတရားကို ကျိုးနွံနာခံနိုင်ခြင်း ဖြစ်သည်။ မိမိ၏တာဝန်၊ လူ၊ ဖြစ်ရပ်၊ အမှုအရာမျိုးစုံတို့ကို စည်းမျဉ်းများနှင့် တာဝန်သိစိတ်တို့ဖြင့် ချဉ်းကပ်ခြင်း ဖြစ်သည်။ ဤသည်မှာ အားလုံးမြင်နိုင်လောက်အောင် ရိုးရှင်းပေသည်။ လူတိုင်းက မိမိတို့၏စိတ်နှလုံးထဲတွင် ဤအရာနှင့်ပတ်သက်၍ ရှင်းလင်းကြသည်။ ထို့အပြင် ဘုရားသခင်က လူများ၏ စိတ်နှလုံးများကို စိစစ်ပြီး ၎င်းတို့၏အခြေအနေ တစ်ခုချင်းစီတိုင်းကို သိသည်။ ၎င်းတို့ မည်သူဖြစ်ပါစေ၊ မည်သူမျှ ဘုရားသခင်ကို မလှည့်စားနိုင်ပေ။ အချို့သော လူတို့သည် ကောင်းမွန်သော လူ့သဘာဝကို ၎င်းတို့ ပိုင်ဆိုင်ကြကြောင်း၊ ၎င်းတို့သည် အခြားသူများအကြောင်း မည်သည့်အခါမျှ မကောင်းမပြောကြောင်း၊ အခြားမည်သူမဆို၏ အကျိုးစီးပွားများကို မည်သည့်အခါမျှ မထိခိုက်စေကြောင်း အမြဲ ကြွားဝါကြပြီး အခြားသူများ၏ ပိုင်ဆိုင်မှုကို ၎င်းတို့ မည်သည့်အခါမျှ ငမ်းငမ်းတက်မလိုချင်ဖူးကြောင်း အခိုင်အမာ ပြောဆိုကြလေသည်။ အကျိုးစီးပွားနှင့်ပတ်သက်၍ ငြင်းခုံမှုဖြစ်သည့်အခါတွင် အခြားသူများကို အခွင့်ကောင်းယူခြင်းထက် ၎င်းတို့သာ ဆုံးရှုံးနစ်နာခံပြီး လူတိုင်းက သူတို့ကို လူကောင်းများဟု ထင်သည်ကို နှစ်သက်လေသည်။ သို့သော် ဘုရားသခင်၏ အိမ်တော်ထဲ၌ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်နေချိန်တွင်၊ ၎င်းတို့သည် အစဉ် မိမိတို့ကိုယ်တိုင်အတွက် ကြံစည်လျက်၊ ဉာဏ်များကာ စိတ်မချရပေ။ ၎င်းတို့သည် မည်သည့်အခါတွင်မျှ ဘုရားသခင့်အိမ်တော်၏ အကျိုးကျေးဇူးများကို မတွေးကြ၊ ဘုရားသခင်က အရေးတကြီးဖြစ်သည်ဟု သဘောထားသောအရာကို အရေးတကြီးဖြစ်သည်ဟု ၎င်းတို့ လုံးဝ သဘောမထားကြ သို့မဟုတ် ဘုရားသခင် တွေးသကဲ့သို့ မတွေးကြပေ၊ ပြီးလျှင် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရန် ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများကို လုံးဝ ဘေးမဖယ်ထားနိုင်ကြပေ။ ၎င်းတို့၏ အကျိုးစီးပွားများကို ၎င်းတို့ လုံးဝ မစွန့်လွှတ်ကြချေ။ ဆိုးယုတ်သောလူများက မကောင်းမှု ကျူးလွန်နေကြသည်ကို ၎င်းတို့ မြင်သည့်အချိန်တွင်ပင်၊ ထိုသူတို့ကို မဖော်ထုတ်ကြချေ။ ၎င်းတို့သည် မည်သည့်အခြေခံစည်းမျဉ်းများ တစ်ခုတလေမျှ မရှိကြပေ။ ဤသည်မှာ မည်သည့် လူ့သဘာဝမျိုးဖြစ်သနည်း။ ကောင်းသောလူ့သဘာဝမဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ စိတ်နှလုံးကို ဘုရားသခင်အား ပေးအပ်ရာတွင် မိမိသည် သမ္မာတရားကို ရရှိနိုင်သည်) တကယ် လူကောင်းတစ်ယောက်က သမ္မာတရားကို လက်ခံပြီး ဘုရားကို ကျိုးနွံနာခံနိုင်တယ်။ သူတို့က တာဝန်ယူတတ်ပြီး တာဝန်သိစိတ်ရှိကြတယ်။ စည်းမျဉ်းတွေကို ထိန်းသိမ်းပြီး အသင်းတော်အလုပ်ကို ကာကွယ်ကြတယ်။ တခြားလူတွေပေါ်လည်း သူတို့ ကိုယ်ကျင့်တရားကောင်းကြတယ်။ ညီအစ်ကို၊ ဒါမှမဟုတ် ညီအစ်မတစ်ယောက်ရဲ့ ပြဿနာတွေ၊ အပြစ်တွေကို မြင်တဲ့အခါ သင့်တော်တဲ့ မိတ်သဟာယနဲ့ အကူအညီပေးနိုင်ကြတယ်။ တစ်ယောက်ယောက်က စည်းမျဉ်းတွေကို ချိုးဖောက်ပြီး အသင်းတော်အလုပ်ကို ဆိုးဆိုးရွားရွား နှောင့်ယှက်၊ ဖျက်ဆီးရင်၊ သူတို့လုပ်သင့်တဲ့အတိုင်း အဲဒီလူကို ပြုပြင်ပြီး ဖော်ထုတ်နိုင်ကြတယ်။ ခံစားချက်နဲ့ အဲဒီလူ စိတ်ဆုံးသွားမှာကြောက်တဲ့စိတ်နဲ့ မပြုမူကြဘဲနဲ့ စည်းမျဉ်းတွေကို ထိန်းသိမ်းပြီး အသင်းတော်အလုပ်ကို ကာကွယ်နိုင်ကြတယ်။ အဲဒါက တကယ်ကို လူ့သဘာဝကောင်းရှိတာပဲ။ လူတစ်ယောက်ကို သူ့အမှားတွေအတွက် မပြုပြင်တာ၊ သူ့အားနည်းချက်တွေကို မဖော်ထုတ်တာ၊ ဒါမှမဟုတ် အဲဒီလူကို စိတ်အနှောင့်အယှက်မပေးတာက လူ့သဘာဝကောင်းနဲ့ နားလည်မှုရှိတဲ့ လူတစ်ယောက်ဖြစ်ခြင်းဖြစ်တယ်လို့ ကျွန်မ တွေးလေ့ရှိခဲ့တယ်။ ဘယ်သူနဲ့ ကျွန်မ အဆက်အဆံလုပ်ရပါစေ၊ ကျွန်မစကားတွေက နှစ်သိမ့်မှုပေးပြီး ချိုသာအောင် နှစ်နဲ့ချီပြီး အမြဲတမ်းပဲ ရွေးပြောခဲ့တယ်။ ကျွန်မက ကျိုးကြောင်းသင့်ပြီး နားလည်မှုရှိတယ်လို့ တခြားလူတွေ ခံစားအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို အမြဲ စဉ်းစားခဲ့တယ်။ သူတို့ရဲ့ စိတ်အခြေအနေကို လိုက်လျောပေးပြီး အားရစရာကောင်းတာတွေ ပြောပြီးတော့ပေါ့။ တခြားလူတွေရဲ့ တာဝန်တွေမှာ ကျွန်မ တွေ့တဲ့ သူတို့ ပြဿနာတွေကို ကျွန်မ တိုက်ရိုက်မထောက်ပြခဲ့တဲ့အပြင်၊ သူတို့ကို လှည့်စားဖို့ ကြားကောင်းတဲ့၊ နှစ်သိမ့်စရာဖြစ်တဲ့ အရာတွေကိုတောင် ပြောခဲ့တယ်။ ဒါမှမဟုတ် တော်တော်ကို နူးနူးညံ့ညံ့ပြောခဲ့တယ်။ လူ့သဘာဝကောင်းရှိပြီး ပေါင်းသင်းဆက်ဆံရ လွယ်တဲ့အတွက် လူတိုင်းက ကျွန်မကို ချီးမွမ်းကြတယ်။ ကျွန်မကိုယ်ကျွန်မ လူကောင်းတစ်ယောက်လို မြင်ပြီး ဂုဏ်ယူခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဖော်ထုတ်မှုကနေ ကျွန်မ သဘောပေါက်လိုက်တယ်။ နှစ်နဲ့ချီပြီး ကျွန်မ လူကောင်းတစ်ယောက်ဖြစ်တယ်လို့ ကျွန်မတွေးခဲ့ပုံတွေက တကယ်တော့ လောကီ ဆက်ဆံရေးတွေအတွက် စာတန်ရဲ့ အတွေးအခေါ်တွေဖြစ်ခဲ့တာပဲ။ ကျွန်မမှာ လူ့သဘာဝကောင်းရှိပုံရခဲ့တယ်။ ကျွန်မက လိုက်လျောတတ်ပြီး ဘယ်သူ့ကိုမှ စိတ်ဆိုးအောင်မလုပ်ဘူး။ ကျွန်မ လူတိုင်းနဲ့ သင့်မြတ်အောင် နေခဲ့တယ်။ ဒါပေမဲ့ ကျွန်မရဲ့ စိတ်နှလုံးထဲမှာ ကျွန်မရဲ့ ကိုယ်ကျိုးစီးပွားတွေကိုပဲ စဉ်းစားခဲ့တယ်။ ကျွန်မအလုပ်နဲ့ တခြားလူရဲ့ အသက်ဝင်ရောက်မှုအပေါ် ကျွန်မ လုံးဝ တာဝန်မဲ့ခဲ့တယ်။ ကျွန်မ နည်းနည်းမှ လူကောင်းတစ်ယောက် မဟုတ်ခဲ့ဘူး။ ကျွန်မက တစ်ကိုယ်ကောင်းဆန်တယ်၊ ဆိုးတယ်၊ လှည့်စားတတ်တဲ့ လူ့အကြိုက်လိုက်တဲ့သူ၊ အယောင်ဆောင် သဘောကောင်းတဲ့လူတစ်ယောက်ပဲ။ လူ့သဘာဝကောင်းရှိတာနဲ့ပတ်သက်လို့ ကျွန်မ ဝါကြွားပြီး ကိုယ့်ကိုယ်ကို လူကောင်းတစ်ယောက်လို့ စဉ်းစားခဲ့ပုံကို တွေးကြည့်တဲ့အခါ၊ ကျွန်မ တကယ်ကို အရမ်းအရှက်မဲ့ခဲ့တာပဲ။ ဒါကို သဘောပေါက်တဲ့အခါ ကျွန်မ ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်တွေက တကယ် လူ့သဘာဝကောင်းက ဘာလဲဆိုတာကို ကျွန်မကို ပြလိုက်ပါပြီ။ ကျွန်မ သမ္မာတရားကို လက်တွေ့လုပ်ပြီး လူ့သဘာဝကောင်းရှိတဲ့ လူတစ်ယောက် ဖြစ်ချင်ပါတယ်”လို့ပေါ့။

နောက်ကျတော့ အသင်းတော်က ယုံကြည်သူသစ်တွေကို ရေလောင်းပေးဖို့ ချန်လင်းနဲ့လီယူးတို့နှစ်ယောက်ကို ကျွန်မနဲ့ တွဲလုပ်ခိုင်းခဲ့တယ်။ မကြာခင်မှာပဲ ကျွန်မ သိလိုက်ရတယ်။ လီယူးက သူ့တာဝန်မှာ ဝတ်ကျေတမ်းကျေဖြစ်ပြီး တာဝန်မဲ့တယ်။ သူက အသင်းတော်အလုပ်ကို ကြန့်ကြာစေပြီး ကိုယ်ရေးကိုယ်တာ ကိစ္စတွေနဲ့ ခဏခဏ အလုပ်များခဲ့တယ်။ ချန်လင်းနဲ့ ကျွန်မက သူ့ကို မိတ်သဟာယပြုခဲ့တယ်၊ အသင်းတော်အလုပ် မနှောင့်နှေးအောင် ကိစ္စတွေကို ဦးစားပေးလုပ်ခိုင်းခဲ့ကြတယ်။ အံ့ဩစရာက အဲဒါကို သူ လက်မခံခဲ့ဘဲ ဆင်ခြေတွေပေးပြီး ဒေါသထွက်ခဲ့တာပဲ။ ချန်လင်းက သူ့ မိတ်သဟာယနဲ့ လီယူရဲ့ ပြဿနာအပေါ် စိစစ်တာတွေထဲကို ဘုရားနှုတ်ကပတ်တော်တွေ ပေါင်းစပ်ခဲ့တယ်။ ဒါပေမဲ့ လီယူးက ကိုယ့်ကိုယ်ကို သိတဲ့အသိ ဘာမှမရှိခဲ့ဘူး။ သူ့မှာ ဝိညာဉ်ရင့်ကျက်မှု ကင်းမဲ့ပြီး သမ္မာတရားကို လက်တွေ့မလုပ်နိုင်ဘူးလို့ ပြောတယ်။ သူအဲဒီလိုပြုမူတာကိုမြင်တော့ သူ့ပြဿနာတွေကို ကျွန်မ ဆက်စိစစ်နေရင်၊ ကျွန်မက တောင်းဆိုနေတယ်၊ ကျွန်မမှာ လူ့သဘာဝကောင်းမရှိတဲ့အပြင် သူ့ကို ဘောင်ခတ်နေတယ်လို့ သူ သေချာပေါက် ပြောမှာပဲလို့ ကျွန်မ တွေးမိတယ်။ ကျွန်မတို့ ဆက်ပြီး ကောင်းကောင်း အဆင်ပြေအောင်လို့ သူ့ကို ကျွန်မ မဖော်ထုတ်သင့်ဘူးလို့ ခံစားရတယ်။ ဒါကြောင့် သူ့ကို ကျွန်မ ယဉ်ယဉ်ကျေးကျေးနဲ့ အားပေးခဲ့တယ်။ “အစ်မရဲ့ ဝိညာဉ်ရင့်ကျက်မှုက ငယ်ပြီး ကျွန်မတို့ နားလည်ပေးလို့ရပါတယ်။ နောင်မှာ အလုပ်ကိုသာ မကြန့်ကြာစေနဲ့ပေါ့”ဆိုပြီးပေါ့။ အဲဒီလို ကျွန်မပြောတော့ လီယူးရဲ့ တွန့်နေတဲ့ မျက်ခုံးတွေက ပြေလျော့သွားပြီး သူအရင်လောက် စိတ်မကောင်းမဖြစ်တော့ဘူး။ အဲဒီနောက်မှာ သူက ကျွန်မအပေါ် တကယ်ကို ဖော်ဖော်ရွေရွေ ဖြစ်လာခဲ့တယ်။ ကျွန်မ အရမ်းဝမ်းသာပြီး မိတ်သဟာယအတွက် ကောင်းတဲ့ နည်းလမ်းတစ်ခု ရှိခဲ့တာပဲလို့ ခံစားခဲ့တယ်။ သူ့ပြဿနာကို ကျွန်မ ထောက်ပြခဲ့ပေမဲ့ ကျွန်မအပေါ် သူ အကောင်းမြင်နေတုန်းပဲလေ။ နောက်ပိုင်းမှာ လီယူးက သူ့တာဝန်မှာ တာဝန်ခံယူစိတ် မရှိဖြစ်နေတုန်းပဲဖြစ်ပြီး၊ ချန်လင်းကို အရမ်းတောင်းဆိုလွန်းတယ်လို့ ပြောပြီး သူ့အပေါ် အမြင်တောင်စောင်းလာခဲ့တယ်။ ချန်လင်းက ကျွန်မရဲ့ ပြဿနာကို ထောက်ပြခဲ့တယ်။ “တခြားနေ့တုန်းက လီယူးနဲ့ပတ်သက်လို့ အစ်မ မိတ်သဟာယရဲ့ သဘာဝက ဘာလဲဆိုတာ အစ်မသိလား။ ကျွန်မတို့က သူ့ကိုယ်သူ သိအောင် သူ့ကိုယ်သူ သုံးသပ်ပြီး နောင်တရအောင် ကူညီပေးဖို့ သူနဲ့ မိတ်သဟာယပြုခဲ့ကြတာလေ။ ဒါပေမဲ့ အစ်မ အပြီးသတ်ပြောလိုက်တဲ့အရာက သူ့ကို သုံးသပ်အောင် မကူညီခဲ့ရုံမက သူ့အပေါ် ကျွန်မ အရမ်းတောင်းဆိုနေတဲ့အချိန်မှာ အစ်မက နားလည်မှုရှိတယ်လို့လည်း သူ့ကို ထင်စေခဲ့တယ်။ အဲဒီလို လုပ်တာက နှောင့်ယှက်တတ်တဲ့၊ လျော့ပေါ့သွားစေတဲ့ သဘာဝရှိပြီး သူ့ကို လုံးဝ အကူအညီမဖြစ်ခဲ့ဘူး”တဲ့။ ချန်လင်းရဲ့ စကားတွေက ကျွန်မအတွက် စိတ်ပျက်စရာဖြစ်ခဲ့တယ်။ စိတ်ဆင်းရဲနေရင်းနဲ့ ဘုရားဆီကျွန်မ ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ ပြုပြင်ခြင်းနဲ့ ရင်ဆိုင်ရတဲ့အခါ ဒီကိစ္စရဲ့ ဆိုးရွားမှုကို ကျွန်မ သဘောမပေါက်ခဲ့ပါဘူး။ ဒါပေမဲ့ နေ့တိုင်း ကျွန်မ ကြုံရသမျှကို ကိုယ်တော် ခွင့်ပြုတာဖြစ်မှန်း ကျွန်မ သိပါတယ်။ ကျေးဇူးပြုပြီး ကျွန်မကိုယ်ကျွန်မ သိအောင် ဉာဏ်အလင်းပေးပြီး လမ်းပြပါ”လို့ပေါ့။

အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ကျွန်မ ဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူတို့ကို ထိန်းချုပ်ရန် အန္တိခရစ်များ အသုံးပြုသည့် ပထမ နည်းနိဿယမှာ ၎င်းတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းခြင်း ဖြစ်၏။ လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းရန်အတွက် နည်းလမ်းမည်မျှ ရှိသနည်း။ နည်းလမ်းတစ်ခုမှာ အကူအညီလေးများဖြင့် ၎င်းတို့ကို ဆွဲဆောင်သိမ်းသွင်းခြင်း ဖြစ်သည်။ တစ်ခါတစ်ရံ အန္တိခရစ်များက လူတို့ကို ကောင်းမွန်သည့်အရာများ ပေးကြသည်။ တစ်ခါတစ်ရံ ၎င်းတို့ကို ချီးမွမ်းကြသည်။ တစ်ခါတစ်ရံ ၎င်းတို့ကို ကတိလေးများ ပေးကြသည်။ ထို့ပြင် တစ်ခါတစ်ရံ တာဝန်အချို့က လူတို့ကို ထင်ရှားကျော်ကြားအောင် ထောက်ကူပေးနိုင်ကြောင်း၊ သို့မဟုတ် ဤတာဝန်များက လုပ်ဆောင်သောသူ မည်သူမဆိုအတွက် အကျိုးကျေးဇူးများကို ဖြစ်စေနိုင်ပြီး လူတိုင်းအား သူ့ကို အထင်ကြီးလေးစားအောင် လုပ်စေနိုင်သည်ဟု အခြားသူများက ထင်မှတ်ကြောင်း အန္တိခရစ်များက သိမြင်ပြီး ၎င်းတို့ စည်းရုံးသိမ်းသွင်းလိုသော သူတို့အား ဤတာဝန်များကို ပေးကြသည်။...လူအချို့သည် အလွန်အကျွံ ခံစားချက်ပြင်းပြတတ်ကြပြီး ၎င်းတို့သည် မိမိတို့၏တာဝန်ကို လုပ်ဆောင်သောအခါ ခံစားချက်များ၏ ဘောင်ခတ်ခြင်းကို အမြဲတမ်း ခံရသည့်အပြင် ၎င်းတို့၏ခေါင်းဆောင်ကလည်း ‘ဤသည်မှာ သင်၏ သေးငယ်သော ဝိညာဉ်ရင့်သန်မှုကြောင့် ဖြစ်ပြီး ကိစ္စမရှိ’ဟု ပြောလေသည်။ လူအချို့သည် ပျင်းရိပြီး ၎င်းတို့၏တာဝန်၌ သစ္စာမစောင့်သိသော်လည်း ၎င်းတို့၏ခေါင်းဆောင်က ၎င်းတို့ကို ပြစ်တင်ရှုတ်ချခြင်း မရှိပေ။ ထိုအစား ထိုလူတို့ကို ကျေနပ်စေရန်နှင့် ၎င်းတို့က ကြင်နာတတ်သည်ဟု ပြောရန်သာမက မိမိတို့သည် အဘယ်မျှ နားလည်မှုရှိပြီး ချစ်ခင်ကြင်နာတတ်ကြောင်းကို ၎င်းတို့အား ပြရန်အတွက် အချိန်တိုင်းတွင် ၎င်းတို့ကြားချင်သည့် သာယာနာပျော်ဖွယ် အရာများကို ပြောကြသည်။ ထိုလူတို့က ‘ကျွန်ုပ်တို့၏ ခေါင်းဆောင်သည် ချစ်ခင်ကြင်နာတတ်သော မိခင်တစ်ဦးနှင့် တူသည်။ သူသည် ကျွန်ုပ်တို့အပေါ် အမှန်တကယ် ချစ်ခြင်းမေတ္တာ ရှိသည်။ သူသည် အမှန်ပင် ဘုရားသခင်ကို ကိုယ်စားပြုပါသည်။ သူသည် အမှန်တကယ် ဘုရားသခင်ထံမှ လာခြင်းဖြစ်သည်’ဟု တွေးထင်ကြသည်။ ဤအရာ၌ ထုတ်ဖော်မပြောသော သွယ်ဝိုက်ညွှန်းဆိုချက်မှာ ၎င်းတို့၏ ခေါင်းဆောင်သည် ဘုရားသခင်ကိုယ်စား စကားပြောသူအဖြစ် ပြုမူလုပ်ဆောင်နိုင်သည်၊ သူက ဘုရားသခင်ကို ကိုယ်စားပြုနိုင်သည် ဟူ၍ဖြစ်သည်။ ဤသည်မှာ ဤခေါင်းဆောင်၏ ရည်မှန်းချက်ပန်းတိုင် ဟုတ်သလော။ ယင်းသည် ထိုမျှ ရှင်းလင်းကောင်း ရှင်းလင်းမည် မဟုတ်သော်လည်း သူ၏ ရည်မှန်းချက်များထဲမှ တစ်ခုမှာ သိသာထင်ရှား၏။ သူသည် အခြားသူများအား ထောက်ထားညှာတာသည့်၊ လူတို့၏ အားနည်းချက်များကို စာနာတတ်ပြီး ၎င်းတို့၏ စိတ်နှလုံးအား အလွန်ပင် နားလည်တတ်သည့် နှစ်သက်ဖွယ်ကောင်းသော ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း လူတို့အား ပြောစေမည် ဖြစ်သည်။ အသင်းတော်ခေါင်းဆောင်တစ်ဦးသည် ညီအစ်ကိုများ သို့မဟုတ် ညီအစ်မများက မိမိတို့၏ တာဝန်များအား ဝတ်ကျေတမ်းကျေ ဆောင်ရွက်နေသည်ကို ၎င်းတို့မြင်တွေ့ရသောအခါ ၎င်းတို့အား ပြစ်တင်မောင်းမဲခြင်း ပြုသင့်သော်ငြားလည်း ပြုကောင်းပြုကြမည် မဟုတ်ချေ။ ဘုရားအိမ်တော်၏ အကျိုးစီးပွား ထိခိုက်နစ်နာစေသည်ကို ၎င်းတို့ ရှင်းရှင်းလင်းလင်း မြင်သည့်အခါ ၎င်းတို့သည် စိတ်ဝင်စားခြင်းမရှိ သို့မဟုတ် မည်သည့် မေးမြန်စုံစမ်းခြင်းကိုမျှ မပြုသည့်အပြင် အခြားသူများအား စိတ်အနှောင့်အယှက် တစ်စက်မျှပင် မဖြစ်စေကြပေ။ ၊အမှန်မှာမူ ၎င်းတို့သည် လူများ၏ အားနည်းချက်များကို အမှန်တကယ် ထည့်တွက်စဉ်းစားနေခြင်း မဟုတ်ပေ။ ထိုအစား ၎င်းတို့၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်ပန်းတိုင်က လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းဖို့ ဖြစ်သည်။ ၎င်းတို့သည် ‘ဤအရာကို ငါ ပြုလုပ်ပြီး မည်သူကိုမျှ စိတ်အနှောင့်အယှက် မဖြစ်စေသရွေ့ ငါသည် ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်သည်ဟု ၎င်းတို့ ထင်ကြလိမ့်မည်။ ၎င်းတို့သည် ငါနှင့်သက်ဆိုင်၍ ကောင်းမွန်၊ မြင့်မားသည့် ထင်မြင်ချက်တစ်ခု ရှိကြလိမ့်မည်။ ငါ့ကို ၎င်းတို့ သဘောကျကာ နှစ်သက်ကြလိမ့်မည်’ ဟူ၍ ကောင်းစွာ သိရှိကြလေသည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားအား မည်မျှ ထိခိုက်နစ်နာစေသည်ဖြစ်စေ သို့မဟုတ် ဘုရားသခင် ရွေးချယ်ထားသော လူများ၏ အသက်ဝင်ရောက်မှုကို မည်မျှကြီးမားသော ဆုံးရှုံးမှုများ ဖြစ်ပျက်သည်ဖြစ်စေ သို့မဟုတ် ၎င်းတို့၏ အသင်းတော်အသက်တာသည် မည်မျှကြီးမားစွာ နှောင့်ယှက်ခံရသည်ဖြစ်စေ ၎င်းတို့ ဂရုမစိုက်ချေ။ ၎င်းတို့သည် ၎င်းတို့၏ စာတန်ဆန်သော အတွေးအခေါ်ကိုပင် မလျှော့တမ်း ထားရှိပြီး မည်သူ့ကိုမျှ မစော်ကားကြချေ။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် မည်သည့်အခါတွင်မျှ မိမိကိုယ်ကိုယ် အပြစ်တင်မှု တစ်ခုမျှ မရှိကြပေ။ တစ်စုံတစ်ဦးက နှောင့်ယှက်မှုများနှင့် အဖျက်အမှောင့်လုပ်ခြင်းများ ဖြစ်စေသည်ကို ၎င်းတို့မြင်သည့်အခါ အလွန်ဆုံးအနေဖြင့် ၎င်းတို့သည် ယင်းနှင့်ပတ်သက်၍ ထိုသူ့ကို စကားအနည်းငယ်မျှ ပြောကောင်းပြောမည်ဖြစ်ပြီး ထိုပြဿနာကို ဘေးချိတ်ရန် ကြိုးစားပြီးနောက် အဆုံးသတ်လိုက်သည်။ ၎င်းတို့သည် ထိုလူကို သမ္မာတရားအပေါ် မိတ်သဟာယပြုခြင်း သို့မဟုတ် ထိုပြဿနာ၏ အနှစ်သာရကို ထောက်ပြခြင်း ရှိမည်မဟုတ်ပေ။ ထိုသူ၏ အခြေအနေအား စိတ်ဖြာလေ့လာဆွေးနွေးခြင်းကို သာ၍ပင် လုပ်မည် မဟုတ်သည့်အပြင် ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များက မည်သည့်အရာဖြစ်သည်ကို မိတ်သဟာယပြုခြင်း လုံးဝ ရှိမည် မဟုတ်ပေ။ အယောင်ဆောင် ခေါင်းဆောင်တစ်ဦးသည် လူတို့ မကြာခဏ ပြုလုပ်သည့် အမှားများ သို့မဟုတ် လူများ မကြာခဏ ထုတ်ဖော်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မည်သည့်အခါမျှ ဖော်ထုတ်ခြင်း သို့မဟုတ် စိတ်ဖြာလေ့လာဆွေးနွေးခြင်း မရှိပေ။ ၎င်းတို့သည် မည်သည့် တကယ့်ပြဿနာကိုမျှ မဖြေရှင်းဘဲ၊ ထိုအစား လူများ၏ မှားယွင်းသော လက်တွေ့လုပ်ဆောင်မူများနှင့် ဖောက်ပြန်ပျက်စီးမှု ထုတ်ဖော်ခြင်းများကို အစဉ်သဖြင့် အလိုလိုက်ကြသည်။ ပြီးလျှင် လူတို့သည် မည်မျှ အပျက်သဘောဆောင်ပါစေ၊ အားနည်းပါစေ ၎င်းတို့သည် ဤအရာကို အလေးအနက် မထားကြချေ။ ၎င်းတို့သည် အချို့သော စကားများနှင့် အယူဝါဒများကို ဟောပြောရုံမျှ ဟောပြောပြီး ထိုအခြေအနေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ဝတ်ကျေတမ်းကျေ ပုံစံဖြင့် တိုက်တွန်းအားပေးခြင်း စကားအနည်းငယ် ပြောရုံမျှပြောလျက် သဟဇာတဖြစ်ခြင်းကို ထိန်းသိမ်းဖို့ ကြိုးစားလေသည်။ အကျိုးဆက်အနေဖြင့် ဘုရားသခင် ရွေးချယ်ထားသော လူများသည် မိမိတို့ကိုယ်ကို မည်သို့ ပြန်လည်သုံးသပ်ရမည်ကိုလည်းကောင်း၊ မိမိတို့ကိုယ်ကို မည်သို့ သိနားလည်ရမည်ကိုလည်းကောင်း မသိကြချေ။ ၎င်းတို့သည် မိမိတို့ထုတ်ဖော်သည့် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကိုအတွက်မျှ ဖြေရှင်းချက် မရှိသည့်အပြင် ၎င်းတို့သည် အသက်ဝင်ရောက်မှု တစ်စုံတစ်ရာမရှိဘဲ စကားများ၊ အယူဝါဒများ၊ အယူအဆများနှင့် စိတ်ကူးများအလယ်တွင် အသက်ရှင်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးများထဲ၌ ‘ငါတို့၏ခေါင်းဆောင်သည် ငါတို့၏ အားနည်းချက်များအတွက် ဘုရားသခင်ထက်ပင် ပို၍များသော နားလည်မှုရှိသည်။ ငါတို့၏ဝိညာဉ်ရင့်ကျက်မှုသည် ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း အသက်ရှင်ဖို့အတွက် အလွန်သေးငယ်သည်။ ငါတို့သည် ငါတို့ခေါင်းဆောင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းရန်သာ လိုအပ်သည်။ ငါတို့၏ခေါင်းဆောင်ကို ကျိုးနွံနာခံခြင်းအားဖြင့် ငါတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံနေခြင်း ဖြစ်သည်။ အထက်က ငါတို့၏ခေါင်းဆောင်ကို ရာထူးမှဖြုတ်ချသည့် နေ့ရက်ရောက်လာပါက ငါတို့၏ သဘောထားကို သိအောင်ထုတ်ပြောမည်။ ငါတို့ ခေါင်းဆောင်ကို ဆက်ထားရှိဖို့နှင့် သူ့ကို ဖြုတ်ချခြင်းမှ တားဆီးဖို့ ငါတို့သည် အထက်နှင့်ညှိနှိုင်းရမည်ဖြစ်ပြီး ၎င်းတို့အား ငါတို့၏ တောင်းဆိုမှုကို လက်ခံသဘောတူအောင် ဖိအားပေးရမည်။ ဤသည်မှာ ငါတို့၏ခေါင်းဆောင်ကို တရားမျှတစွာ ဆက်ဆံသည့် ပုံစံဖြစ်ပေသည်’ ဟုပင် ထင်မြင်ယူဆကြသည်။ လူများသည် ၎င်းတို့၏စိတ်နှလုံးထဲတွင် ထိုသို့သော အတွေးများရှိသည့်အခါ၊ ၎င်းတို့၌ ခေါင်းဆောင်နှင့် ထိုသို့သော ဆက်ဆံရေးတစ်ခုကို တည်ဆောက်ထားပြီး ၎င်းတို့၏ခေါင်းဆောင်အပေါ် ဤသို့သော မှီခိုမှု၊ အားကျမှု၊ ကိုးကွယ်ခြင်းတို့ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ပေါ်ထွက်လာပြီးသည့်အခါ ၎င်းတို့သည် ဤခေါင်းဆောင်အပေါ် သာ၍ပင် ကြီးမားသော ယုံကြည်ခြင်း ရှိလာကြလေသည်။ ထို့ပြင် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ သမ္မာတရားကို ရှာဖွေခြင်းထက် ထိုခေါင်းဆောင်၏ စကားများကို အမြဲတမ်း နားထောင်လိုကြသည်။ ထိုသို့သော ခေါင်းဆောင်သည် လူများ၏ စိတ်နှလုံးများထဲ၌ ဘုရားသခင်၏ နေရာကို ယူပြီးလုနီးပါး ဖြစ်လေသည်။ ခေါင်းဆောင်တစ်ဦးသည် ဘုရားသခင် ရွေးချယ်ထားသော လူများနှင့် ထိုသို့သော ဆက်ဆံရေးကို ထိန်းသိမ်းထားလိုပါက၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဤအရာမှ ပျော်ရွှင်မှု ခံစားချက်တစ်ခု ရရှိပါက၊ ဘုရားသခင် ရွေးချယ်ထားသောလူများသည် ၎င်းတို့ကို ဤကဲ့သို့ ဆက်ဆံသင့်သည်ဟု ယုံကြည်ပါက၊ ဤခေါင်းဆောင်နှင့် ပေါလုကြားတွင် ကွာခြားချက်မရှိသည့်အပြင် ၎င်းတို့သည် အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းပေါ် ခြေချမိနှင့်ပြီးဖြစ်သည်။ ထို့ပြင် ဘုရားသခင် ရွေးကောက်ထားသော လူတို့သည် ဤအန္တိခရစ်၏ အထင်အမြင်မှားစေခြင်းကို ခံခဲ့ရပြီးသားဖြစ်ကာ ပိုင်းခြားသိမြင်နိုင်စွမ်း လုံးဝ ကင်းမဲ့ကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁- လူတို့ကို စည်းရုံးရန် ၎င်းတို့ကြိုးစားကြသည်) အန္တိခရစ်တွေကို အရမ်းစက်ဆုပ်စရာကောင်းပြီး ကောက်ကျစ်ဆိုးယုတ်တဲ့သူအနေနဲ့ ဘုရားက ဖော်ထုတ်တယ်။ တခြားလူတွေရဲ့ နှလုံးသားမှာ သူတို့နေရာကို ခိုင်ခံ့စေဖို့အတွက်၊ လူတွေကို သူတို့ လုံးဝ စိတ်အနှောင့်အယှက်မပေးဘူး။ တစ်ယောက်ယောက် စည်းမျဉ်းတွေကို ချိုးဖောက်တာ သူတို့ သတိပြုမိရင်၊ ပြဿနာကို ဖြေရှင်းဖို့ သမ္မာတရားကို မိတ်သဟာယမပြုကြဘူး၊ ဒါမှမဟုတ် အဲဒါကို ဖော်ထုတ်ပြီး မတားဆီးကြဘူး။ ဒီအစား သူတို့ကို တခြားလူတွေ ကြိုက်အောင်၊ သူတို့က ချစ်ခင်တတ်တယ်၊ နားလည်ပေးတယ်၊ ခွင့်လွှတ်တတ်တယ်လို့ ထင်အောင် တခြားလူတွေက အားပေးတာကိုရဖို့ ကောင်းတာတွေကို ပြောကြတယ်။ ဘုရားနှုတ်ကပတ်တော်ကိုကျတော့ အတိုက်အခံလုပ်ပြီး မကြိုက်ကြဘူး။ ပြီးတော့ ဘုရားနှုတ်ကပတ်တော်တွေကို လက်တွေ့မလုပ်ဘူး၊ မဝင်ရောက်ကြဘူး။ အန္တိခရစ်တွေက တခြားလူတွေကို သူတို့ကိုယ်တိုင်ရှေ့ ခေါ်ဆောင်တယ်။ ကျွန်မလုပ်ရပ်တွေရဲ့ သဘာဝက အန္တိခရစ်တစ်ယောက်အတိုင်းပဲ ဖြစ်ခဲ့ပုံကို ကျွန်မ သုံးသပ်မိတယ်။ ညီအစ်ကို မောင်နှမတွေရဲ့ တာဝန်တွေမှာ အမှားတွေကို ကျွန်မ ရှင်းရှင်းလင်းလင်း မြင်ခဲ့တယ်။ ဆိုးရွားပြီး အသင်းတော်အလုပ်ကို ထိခိုက်နှင့်ပြီးသားဖြစ်တဲ့ အမှားတချို့ကိုတောင်မှပေါ့။ ဒါကြောင့် ကျွန်မ အဲဒါတွေကို ထောက်ပြခဲ့သင့်တာလေ။ အဲဒါဆိုရင် သူတို့က ပြဿနာရဲ့ အနှစ်သာရနဲ့ သူ့ရဲ့ ပြင်းထန်တဲ့ အကျိုးဆက်တွေကို မြင်ပြီး အမြန် နောင်တရနိုင်ကြမှာလေ။ ဒါပေမဲ့ ကျွန်မက လူတွေရဲ့ ပြဿနာတွေကို ဖော်ထုတ်တာက သူတို့ကို စိတ်အနှောင့်အယှက်ပေးမိမှာစိုးခဲ့တယ်။ ဒါကြောင့် သူတို့ရဲ့ အားပေးထောက်ခံတာရအောင် ကြားကောင်းတာတချို့ ပြောပြီး သူတို့ရဲ့ ဇာတိပကတိကို ကျွန်မ အလိုဖြည့်ပေးခဲ့တယ်။ လီယူးရဲ့ ပြဿနာကို မိတ်သဟာယပြုပြီး ဖော်ထုတ်နေချိန်မှာ၊ လီယူးကို သူ့ကိုယ်သူ သိအောင်လမ်းပြပေးဖို့ ချန်လင်းနဲ့ ကျွန်မ ပူးပေါင်းမလုပ်ခဲ့ဘဲ၊ ကျွန်မ ပြင်းပြင်းထန်ထန် ပြောလိုက်ရင် ကျွန်မအပေါ် သူ အမြင်စောင်းသွားမှာ စိုးခဲ့တယ်။ ဒါကြောင့် သဘောကောင်းပြရင်းနဲ့ သူ့ခံစားချက်အတိုင်း လိုက်လုပ်ပေးမိခဲ့တယ်။ ဒါကြောင့် ကျွန်မက ချန်လင်းထက်ပိုပြီး ချစ်စရာကောင်းတဲ့ပုံစံ၊ သူ့အားနည်းချက်တွေကို ပိုပြီး ခွင့်လွှတ်သည်းခံနိုင်တဲ့ပုံစံ ဖြစ်သွားတယ်။ ဒီလိုနဲ့ လီယူးက သူကိုယ်တိုင်ရဲ့ ပြဿနာတွေကို သတိမပြုနိုင်ဘဲ ချန်လင်းကို အတိုက်အခံဖြစ်သွားတယ်။ ဒင်ရွေးနဲ့တုန်းကလည်း ကျွန်မ အဲဒီအတိုင်းဖြစ်ခဲ့တာ။ သူ့ပြဿနာကို မြင်ခဲ့ပေမဲ့၊ သူ့ကို သုံးသပ်ဆင်ခြင်စေပြီး သူ့ပြဿနာမြင်အောင် မိတ်သဟာယပြုပြီး ကူညီလမ်းပြမဲ့အစား၊ သူ့ကို အမြဲ အလိုလိုက်ခဲ့မိတယ်။ အဲဒီလိုနည်းလမ်းနဲ့ ကျွန်မက ကျွန်မတာဝန်မှာ ဘုရားကို ချီးမြှောက်နေတာ၊ သက်သေခံနေခဲ့တာ မဟုတ်ဘူး။ ပြီးတော့ ကျွန်မတာဝန်တွေကို ကျွန်မ ဖြည့်ဆည်းနေခဲ့တာ မဟုတ်ဘူး။ ကျွန်မက ခေါင်းဆောင်တစ်ယောက်ဖြစ်ပေမဲ့၊ ညီအစ်ကို မောင်နှမတွေက သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေပေါ် အခြေခံပြုမူပြီးတော့ စည်းမျဉ်းတွေ ချိူးဖောက်နေကြတာကို မြင်တော့၊ ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို ကျွန်မ မိတ်သဟာယမပြုခဲ့ဘဲ သူတို့ကို လှည့်စားဖို့ နှစ်သိမ့်တဲ့စကားတချို့ကို ပြောပြီး သူတို့ရဲ့ ဇာတိပကတိအလိုကို ဖြည့်ပေးခဲ့တယ်၊ သူတို့ကို ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေနဲ့ အသက်ရှင်အောင်၊ သူတို့ကိုယ်သူတို့ လိုက်လျောပြီး သက်ညှာအောင် ကျွန်မ အလိုလိုက်ခဲ့မိတယ်။ ကျွန်မ လုပ်တဲ့အရာရဲ့ သဘာဝက တခြားလူတွေကို သမ္မာတရား စစ်မှန်မှုထဲ မဝင်အောင် တားဆီးခဲ့တာပဲ။ သူတို့က သမ္မာတရားကို မသိခဲ့ကြဘူး၊ ဘုရားအပေါ် သိနားလည်မှု မရှိခဲ့ကြဘူး။ ပြီးတော့ ဘုရားရဲ့ တောင်းဆိုချက်တွေကို အတိုက်အခံလုပ်ပြီး မနှစ်မသက်ဖြစ်ခဲ့ကြတယ်။ ဒါပေမဲ့ ကျွန်မက အရမ်းကောင်းတယ်လို့ သူတို့အားလုံး တွေးခဲ့ကြတယ်၊ ကျွန်မက ခွင့်လွှတ်၊ နားလည်မှုရှိတယ်လို့ သူတို့ပြောပြီး ကျွန်မနဲ့ ပိုရင်းနှီးလာခဲ့ကြတယ်။ ဒါက လူတွေကို အထင်အမြင်မှားစေတာ မဟုတ်လား။ စာတန်ဆန်တဲ့ အတွေးအခေါ်တွေနဲ့ အသက်ရှင်ပြီး သဘောကောင်းတဲ့ လူတစ်ယောက်အဖြစ်နဲ့ ကျွန်မက မကောင်းမှုကိုပဲ လုပ်နေခဲ့တာကို တွေ့ခဲ့ရတယ်။ တခြားလူတွေကို ကျွန်မ ကောင်းကောင်း ဆက်ဆံတဲ့ပုံပေါ်ပေမဲ့ တကယ်တော့ ကျွန်မက ညီအစ်ကို မောင်နှမတွေကို ထိခိုက်စေတာ၊ အသင်းတော်အလုပ်ကို နှောင့်နှေးစေတာပဲ။ ကျွန်မ သူတော်ကောင်းယောင်ဆောင်လွန်းခဲ့တာပါ။ တခြားလူတွေရဲ့ လေးစားမှုနဲ့ ကိုးကွယ်မှုကို ရအောင်လို့ လက်သီးပုန်းထိုးတဲ့ နည်းစနစ်တစ်ခုကို သုံးခဲ့တယ်။ အန္တိခရစ်ရဲ့ လမ်းကြောင်းပေါ်မှာ ကျွန်မ ရှိနေခဲ့တာ။ အဲဒီနှစ်တွေမှာ၊ တာဝန်တွေကို လုပ်ဖို့ ကျွန်မရဲ့ မိသားစုနဲ့ အလုပ်ကို ကျွန်မ စွန့်ခဲ့တယ်။ ကျွန်မ အတော်လေး ဆင်းရဲဒုက္ခခံခဲ့ရပြီး အလုပ်လည်းအများကြီး လုပ်ခဲ့တယ်။ အန္တိခရစ်လမ်းကြောင်းပေါ် ရောက်သွားရမယ်လို့ ကျွန်မ လုံးဝ စိတ်မကူးမိခဲ့ဘူး။ အကြောက်တရားက ကျွန်မစိတ်နှလုံးကို ဖမ်းစားထားတယ်။ ကျွန်မ ကိုယ့်ကိုယ်ကို ပိုလို့တောင် အော်ဂလီဆန်ပြီး စက်ဆုပ်ခဲ့တယ်။ မျက်ရည်တွေနဲ့ ကျွန်မ ဆုတောင်းခဲ့တယ်။ “အို ဘုရားသခင်။ ကျွန်မက အဆင့်အတန်းနောက်လိုက်ပြီး တခြားလူတွေရဲ့ အားပေးထောက်ခံတာရအောင် ကျွန်မရဲ့ ဆက်ဆံရေးတွေကို ကာကွယ်နေမိခဲ့ပါတယ်။ ကျွန်မရဲ့ ဒီစိတ်သဘောထားက ကိုယ်တော့်အတွက် အရမ်းစက်ဆုပ်စရာဖြစ်ပြီး၊ ကျွန်မ အပြစ်ပေးခံရရင် အဲဒါ ကိုယ်တော်ရဲ့ ဖြောင့်မတ်ခြင်းဖြစ်မှာပါ။ ဘုရားသခင်၊ နောင်တရဖို့ ကျွန်မ လိုလားနေပါတယ်” ဆိုပြီးတော့။

နောက်နည်းနည်း ကြာပြီးတဲ့နောက်မှာ၊ လီယူးက သူ့တာဝန်မှာ ဖြစ်သလိုပြီးအောင်လုပ်နေသေးတယ်၊ ဘာကိုမှ မပြီးမြောက်ဘူး။ ပြီးတော့ မိတ်သဟာယပြီးတဲ့နောက်မှာ သူ မပြောင်းလဲသေးဘူး။ သူ့ပြဿနာတွေနဲ့ ပတ်သက်လို့ ခေါင်းဆောင်ကို ကျွန်မတို့ ပြောခဲ့ကြတယ်။ နှစ်ရက်သုံးရက်ကြာပြီးတဲ့နောက်မှာ ခေါင်းဆောင်က ကျွန်မတို့ စုဝေးပွဲကို တက်ပြီး၊ လီယူးကို ကူညီဖို့ သူ့ရဲ့ ပြဿနာတွေကို မိတ်သဟာယပြုခဲ့တယ်။ ဒါပေမဲ့ လီယူးက သူ့ကိုယ်သူ လုံးဝ မသိသေးဘူး။ ခေါင်းဆောင်က ကျွန်မနဲ့ ချန်လင်းကို ကျွန်မတို့ရဲ့ ရည်တည်ချက်တွေ ဖော်ပြခိုင်းတယ်။ အခြေအနေကို စဉ်းစားတဲ့အခါ၊ လီယူးက အထုတ်ခံရသင့်လားပေါ့။ ဒီမေးခွန်းကြောင့် ကျွန်မ နည်းနည်း အံ့ဩသွားတယ်။ လီယူးက အဲဒီမှာထိုင်နေတာလေ၊ ဘယ်လိုဖြစ်ပြီး တစ်ခုခုကို ကျွန်မ ပြောနိုင်မှာလဲလို့ ကျွန်မ တွေးနေမိတယ်။ ကျွန်မ အမှန်တရားကို ပြောပြီး သူ အထုတ်ခံရရင်၊ သူ ကျွန်မကို မုန်းသွားနိုင်တယ်။ ကျွန်မ ထုတ်မပြောသင့်ဘူးလို့ ခံစားရတယ်။ အဲဒီအချိန်မှာပဲ ပြင်းထန်တဲ့ အပြစ်ရှိတဲ့စိတ်ကို ကျွန်မ ခံစားရတယ်။ တစ်ခါထပ်ပြီး ကျွန်မက တခြားလူတွေရဲ့ နှလုံးသားတွေမှာရှိတဲ့ ကျွန်မရဲ့ နေရာကို ကာကွယ်ဖို့ စဉ်းစားနေမှန်း သဘောပေါက်လိုက်တယ်။ ကျွန်မ စိတ်နှလုံးမှာ ဘုရားဆီကို တိတ်တိတ်လေး ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ စာတန်ဆန်တဲ့ အတွေးအခေါ်တွေနဲ့ အသက်ရှင်ဖို့၊ ကျွန်မရဲ့ ပုံရိပ်ကို ကာကွယ်ဖို့၊ လူ့အကြိုက်လိုက်သူတစ်ယောက်လို ပြုမူဖို့ ထပ်ပြီး ကျွန်မ စဉ်းစားနေပါတယ်။ အမှန်တရားကို ကျွန်မ ပြောပြီး ကျွန်မရဲ့ မမှန်တဲ့ ရည်ရွယ်ချက်တွေကို ဆန့်ကျင်တွန်းလှန်ဖို့ ကျေးဇူးပြုပြီး ကျွန်မကို လမ်းပြပါ”လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ သတိရတယ်။ ဘုရားသခင်က ပြောသည် “သင်၏ စိတ်နှလုံးသည် တိုး၍ ရိုးသားလျှင်၊ ဘုရားဘက်သို့ တိုး၍ လှည့်လျှင်၊ သင်သည် သင့်တာဝန်ကို ထမ်းဆောင်သည့်အခါတွင် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ဖို့ သိပြီး ဤအကျိုးစီးပွားများကို သင် မကာကွယ်နိုင်သောအခါ သင် လိပ်ပြာမလုံလျှင် ဤသည်မှာ သမ္မာတရားက သင့်အပေါ်၌ သက်ရောက်မှုရှိပြီး သင်၏ဘဝ ဖြစ်လာခဲ့ပြီဆိုသည့် သက်သေဖြစ်သည်။ သမ္မာတရားသည် သင့်တွင် အသက်ဖြစ်လာပြီးသည်နှင့် သင်သည် ဘုရားသခင်အပေါ် ပြစ်မှားစော်ကားသော၊ ဘုရားသခင်အား မကြောက်ရွံ့သော၊ မိမိ၏တာဝန်ထမ်းဆောင်ရာတွင် ဝတ်ကျေတမ်းကျေ ပြုသော၊ သို့မဟုတ် အသင်းတော်အလုပ်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်သောသူကို သတိပြုမိသောအခါ သင်သည် သမ္မာတရားစည်းမျဉ်းနှင့်အညီ တုံ့ပြန်လိမ့်မည်။ ထိုသူအား လိုအပ်သလို ခွဲခြားပြီး ဖော်ထုတ်နိုင်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ကိစ္စတွေ ဖြစ်လာတဲ့အခါ၊ ဘုရားဘက်မှာ ကျွန်မတို့ ရပ်ပြီး အသင်းတော်အလုပ်ကို ထိန်းသိမ်းရမယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို ပြခဲ့တယ်။ တခြားလူတွေက စည်းမျဉ်းတွေကို ချိုးဖောက်နေတာ၊ အသင်းတော် အလုပ်ကို နှောင့်ယှက်နေတာ ကျွန်မတို့ မြင်တဲ့အခါ၊ သူတို့ကို ကာပေးလို့မရဘူး၊ သမ္မာတရား စည်းမျဉ်းတွေကို ကျွန်မတို့ လိုက်လျှောက်သင့်တယ်။ ဒါက ကျွန်မတို့ အသက်ရှင်နေထိုင်ဖို့ ဘုရားက စေခိုင်းတဲ့ စစ်မှန်တဲ့ လူသားပုံသဏ္ဍာန်ဖြစ်တယ်။ လီယူးရဲ့ အပြုအမူအရ၊ သူက အဲဒီအချိန်မှာ အလုပ်ကို ဆက်လုပ်ဖို့ မသင့်တော်ဲခ့ဘူး။ သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေမိမှာကို ကျွန်မ ကြောက်လို့မဖြစ်ဘဲ အသင်းတော်အလုပ်ကို ထိန်းသိမ်းရမယ်၊ ရိုးသားတဲ့ လူတစ်ယောက်ဖြစ်ပြီး ကျွန်မရဲ့ ရပ်တည်ချက်ကို ရှင်းအောင်လုပ်ရမယ်။ ဒါကြောင့် ကျွန်မရဲ့ ရှုထောင့်အမြင်ကို ကျွန်မ ရှင်းပြခဲ့တယ်။ အရာရာကို ချိန်ဆပြီးတဲ့နောက်မှာ ခေါင်းဆောင်က လီယူးကို ထုတ်ခဲ့တယ်။

အဲဒီနောက်မှာ ကျွန်မက တာဝန်တစ်ခုလုပ်ဖို့ ညီအစ်မ ဝမ်ဂျာနဲ့ တွဲရတယ်။ ကျွန်မတို့ရဲ့ ထိတွေ့ဆက်ဆံမှုတွေမှာ သူက ကိုယ်ရေးကိုယ်တာ ကိစ္စတွေအတွက် အသင်းတော်အလုပ်ကို တစ်ခါတလေ နှောင့်နှေးစေတာ ကျွန်မ သတိထားမိတယ်။ အလုပ်ကို ဦးစားပေးရမယ်လို့ ကျွန်မ သူ့ကို မိတ်သဟာယပြုခဲ့တယ်။ သိပ်မကြာခင်မှာပဲ ခေါင်းဆောင်က အလုပ်ကိစ္စတစ်ခုကို စီမံဖို့ ဝမ်ဂျာကို သူ ရာထူးတိုးပေးမယ်လို့ ပြောတာ ကျွန်မ ကြားရတယ်။ ကျွန်မ အတွေးက ဝမ်ဂျာမှာ အစွမ်းအစရှိပြီး လုပ်ရည်ကိုင်ရည်ရှိတယ်။ ဒီတော့ အလုပ်ကို ကြီးကြပ်ရာမှာ သူ အဆင်ပြေမှာပါပေါ့။ ဒါပေမဲ့ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေက အလုပ်နဲ့ တိုက်တဲ့အခါ တစ်ခါတလေ သူက သူ့တာဝန်ကို ဦးစားမပေးခဲ့ဘူး။ အဲဒီပြဿနာကို သူ သတိမထားမိဘဲနေလာခဲ့ရင်၊ သူ့ရဲ့ ကြီးကြပ်မှုနဲ့ အလုပ်က နှောင့်နှေးသွားမလားပေါ့။ သူ့ရဲ့ တွဲဖက်အနေနဲ့ ကျွန်မက သူ့ကို သွားမိတ်သဟာယပြုပြီး အဲဒါကို ထောက်ပြရမဲ့တာဝန်ရှိတယ်လေ။ ဒါပေမဲ့ ကျွန်မ ပါးစပ်ဖျားလေးမှာတင် တွန့်ဆုတ်နေခဲ့တယ်။ အဲဒီပြဿနာမျိုးနဲ့ပတ်သက်လို့ ကျွန်မ သူနဲ့ မိတ်သဟာယပြုပြီးသားပဲ။ အဲဒါကို ကျွန်မ ထပ်ပြီးထုတ်ပြောရင်၊ ကျွန်မက ပြဿနာကို လက်မလွတ်ဘဲ သူ့အပြစ်အနာအဆာတွေကို မနားတမ်း ဖော်ထုတ်နေတယ်လို့ သူ ပြောမလားပေါ့။ ကျွန်မ ထပ်ပြီး မမှန်တဲ့ အခြေအနေမှာ ရှိနေမှန်း သဘောပေါက်လိုက်တယ်။ ဒါကြောင့် တိတ်တိတ်လေး ဆုတောင်းလိုက်တယ်။ အရင်က ကျွန်မဖတ်ခဲ့တဲ့ ဒီလိုပြောထားတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ တွေးမိတယ်။ “ဘုရားသခင်သည် လူတို့အား အမှန်ပြောရန်၊ ၎င်းတို့တွေးသည့်အရာကို ပြောရန်တောင်းဆိုပြီး လှည့်စားရမည်မဟုတ်၊ လူတို့၏ အားနည်းချက်များကို မလှောင်ရ၊ မလှည့်စားရ၊ မသရော်ရ၊ မစော်ကားရ၊ ဘောင်မခတ်ရ၊ မနာကျင်စေရ၊ မဖော်ထုတ်ရ၊ သို့မဟုတ် လူတို့ကို မလှောင်ပြောင်ရဟု တောင်းဆိုသည်။ ဤသည်တို့သည် စကားပြောခြင်း၏ စည်းမျဉ်းများဖြစ်သည် မဟုတ်လော။ လူတို့၏ အားနည်းချက်များကို မဖော်ထုတ်သင့်ဟု ဆိုရခြင်းမှာ မည်သည့်အရာကို ဆိုလိုသနည်း။ အခြားလူတို့အပေါ် အတင်းအဖျင်း မပြောခြင်းကို ဆိုလိုသည်။ ၎င်းတို့ကို ဝေဖန်၊ သို့မဟုတ် ပြစ်တင်ရှုတ်ချဖို့ ၎င်းတို့၏ အတိတ်က အမှားများ၊ သို့မဟုတ် အားနည်းချက်များကို ဖက်တွယ်မထားနှင့်။ ဤသည်မှာ အနည်းဆုံး သင် လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ အခြေအနေကို ဖန်တီးယူခြင်းဘက်တွင် အပြုသဘောဆောင်သော စကားကို မည်သို့ ဖော်ပြသနည်း။ ယင်းမှာ အဓိကအားဖြင့် အားပေးခြင်း၊ ညွှန်ကြားပေးခြင်း၊ လမ်းပြခြင်း၊ တိုက်တွန်းခြင်း၊ သိနားလည်ခြင်းနှင့် နှစ်သိမ့်ခြင်းတို့ ဖြစ်သည်။ ထို့အပြင် အထူးဖြစ်ရပ်များတွင် အခြားသူများအနေဖြင့် သမ္မာတရားနှင့်ဆိုင်သော အသိကို ရရှိကာ နောင်တရလိုစိတ်ရှိဖို့အလို့ငှာ သူတို့၏ အမှားများကို တိုက်ရိုက်ဖော်ထုတ်ပြီး ကိုင်တွယ်ဖြေရှင်းကာ ပြုပြင်ဖို့ လိုအပ်သည်။ ထိုအခါမှသာ မျှော်လင့်ထားသော အကျိုးကို ရရှိပေသည်။ ဤသို့လက်တွေ့လုပ်ဆောင်ခြင်းနည်းလမ်းသည် လူတို့အတွက် အလွန်အကျိုးဖြစ်သည်။ ဤသည်မှာ ၎င်းတို့အတွက် တကယ့်အကူအညီဖြစ်ပြီး ၎င်းတို့အတွက် အပြုသဘောဆောင်သည် မဟုတ်လော။...အနှစ်ချုပ်လျှင် စကားပြောဆိုခြင်းနောက်ကွယ်၌ရှိသော စည်းမျဉ်းမှာ အဘယ်နည်း။ ဤအရာဖြစ်သည်။ သင်၏ စိတ်နှလုံးတွင် ရှိသောအရာကို ပြောဆိုလော့။ သင်၏ တကယ့်အတွေ့အကြုံများနှင့် သင်အမှန်တကယ်ထင်မြင်သည့် အရာတို့ကို ပြောဆိုလော့။ ဤစကားများသည် လူတို့အတွက် အကျိုးအရှိဆုံးဖြစ်သည်။ လူတို့ကို ပံ့ပိုးပေးသည်။ လူတို့ကို ကူညီပေးသည်။ အပြုသဘောဆောင်သည်။ အတုအယောင်ဖြစ်သော စကားများ၊ လူတို့ကို အကျိုးမဖြစ်စေသည့်၊ မတည်ဆောက်ပေးသည့် စကားများကို ပြောဖို့ ငြင်းဆန်လော့။ ဤနည်းအားဖြင့် လူတို့ကို ထိခိုက်နစ်နာစေခြင်း၊ အမှားလုပ်မိစေခြင်း၊ အပျက်သဘောအတွင်းသို့ ထိုးကျစေခြင်း၊ အပျက်သဘောသက်ရောက်မှု ရှိခြင်းတို့ကို ရှောင်နိုင်လိမ့်မည်။ အပြုသဘောဆောင်သောအရာများကို သင်ပြောဆိုရမည်။ လူတို့ကို တတ်နိုင်သမျှ ကူညီရန်၊ အကျိုးပြုရန်၊ ပံ့ပိုးပေးရန်၊ လူတို့အထဲ၌ ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်း ဖြစ်ပေါ်လာစေရန် သင်ကြိုးပမ်းရမည်။ ဘုရားနှုတ်ကပတ်တော်အပေါ် သင်၏ အတွေ့အကြုံများနှင့် ပြဿနာများကို သင်ဖြေရှင်းသည့် နည်းလမ်းမှတစ်ဆင့် လူတို့ကို အကူအညီယူခွင့် ပြုရမည်။ များစွာရရှိခွင့် ပြုရမည်။ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခြင်းနှင့် သမ္မာတရား၏ စစ်မှန်မှုအတွင်းသို့ ဝင်ရောက်ခြင်းလမ်းကြောင်းကို နားလည်နိုင်စေရမည်။ ၎င်းတို့ကို အသက်ဝင်ရောက်မှု ရစေပြီး ၎င်းတို့၏ အသက်တာကို ကြီးထွားအောင် ပြုလုပ်ရမည်။ ဤသည်မှာ စည်းမျဉ်းရှိသော၊ လူတို့ကို တည်ဆောက်ပေးသော သင့်စကားများ၏ သက်ရောက်မှုအားလုံး ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၃)) ဘုရားနှုတ်ကပတ်တော်တွေကနေ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု ကျွန်မ ရှာတွေ့ခဲ့တယ်။ ကျွန်မရဲ့ ဆက်ဆံရေးတွေမှာ၊ လူတွေ အကျိုးရှိပြီး တည်ဆောက်ခြင်းခံရဖို့ အမှန်တရားကို ကျွန်မ ပြောရမယ်။ သူတို့ကို ကျွန်မ မခံချင်အောင် ပြောလို့မဖြစ်ဘူး၊ ရွဲ့ပြောလို့၊ လှောင်ပြောင်လို့မရဘူး။ လူတွေရဲ့ အားနည်းချက်တွေကို မဖော်ထုတ်ဖို့ ဘုရားပြောတဲ့အခါ၊ သူတို့ရဲ့ အမှားတွေ၊ အားနည်းချက်တွေကို မဆုပ်ကိုင်ထားဖို့၊ သူတို့ကို ဝေဖန်၊ ရှုတ်ချတာ မလုပ်ဖို့ ဖြစ်တယ်ဆိုတာကိုလည်း ကျွန်မ နားလည်ခဲ့တယ်။ သူတို့အနေနဲ့ သင်ခန်းစာယူနိုင်ဖို့ သူတို့ပြဿနာတွေကို ထောက်ပြပြီး ဖော်ထုတ်တာက အားနည်းချက်တွေကို ဖော်ထုတ်တာ မဟုတ်ဘဲနဲ့ ချစ်ခင်တဲ့ ကူညီမှု ဖြစ်တယ်။ ဝမ်ဂျာက သူ့ကိုယ်သူ မသိခဲ့ဘူး၊ ပြီးတော့ သူ့ပြဿနာကို ထောက်ပြတာက သူ့ကို သတိပေးပြီး ကူညီတာပဲ။ အဲဒါကို သူချက်ချင်း လက်မခံဘဲ ကျွန်မအပေါ် မကောင်းထင်ရင်တောင်၊ ကျွန်မ အဲဒါကို သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်သင့်တယ်။ သူက သမ္မာတရားကို လိုက်စားတဲ့သူတစ်ယောက် ဖြစ်နေသရွေ့၊ နောက်ပိုင်းမှာ သမ္မာတရားကို သူ ရှာမယ်၊ သူ့ကိုယ်သူ သိပြီး ပြောင်းလဲမှာဖြစ်တယ်။ ဒါကို နားလည်သွားတဲ့အခါ ဝမ်ဂျာကို သူ့ပြဿနာနဲ့ပတ်သက်လို့ ကျွန်မ မိတ်သဟာယပြုခဲ့တယ်။ နောက်ပိုင်းမှာ ဝမ်ဂျာက သူရေးတဲ့ စာတမ်းတိုမှာ ပြောတယ်၊ “ကျွန်မနဲ့ တွဲလုပ်တဲ့ ညီအစ်မက ကျွန်မကို ဖော်ထုတ်ပြီး ကျွန်မရဲ့ ပြဿနာကို မစိစစ်ပေးခဲ့ရင်၊ ကျွန်မကိုယ်ကျွန်မ သုံးသပ်ခဲ့မိမှာ မဟုတ်ဘူး၊ နောင်တရပြီး ပြောင်းလဲဖို့ မပြောနဲ့ ကျွန်မပြဿနာရဲ့ ဆိုးရွားမှုကို မြင်ခဲ့မှာ မဟုတ်ဘူး” တဲ့။ ဝမ်ဂျာက အဲဒီလိုသိနားလည်မှု ရသွားခဲ့တာကို မြင်တော့၊ ကျွန်မ စိတ်နှလုံးထဲမှာ ဘုရားကို ကျေးဇူးတင်မိတယ်။ ကျွန်မရဲ့ သဘောကောင်းတဲ့သူပုံစံ ပြုမူတာရဲ့ သရုပ်မှန်ကို မြင်ပြီး လိုက်စားခြင်းနဲ့ပတ်သက်လို့ ကျွန်မရဲ့ မှားနေတဲ့ ရှုထောင့်အမြင်ကို ပြောင်းလဲအောင် ကူညီခဲ့တာက ဘုရားနှုတ်ကပတ်တော်တွေပါ။ ဘုရားသခင်ကို သူ့ရဲ့ ကယ်တင်ခြင်းအတွက် ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကြွားဝါပြီးနောက် သင်ယူခဲ့ရသော ကြမ်းတမ်းသည့် သင်ခန်းစာတစ်ခု

မင်ယွေ့ တရုတ်နိုင်ငံ ၂၀ဝ၉ မှာ ခေါင်းဆောင်နေရာတစ်ခုကို အစ်မဝင်ယူခဲ့တယ်။ အစ်မရဲ့ အထက်ခေါင်းဆောင်က စုဝေးပွဲကို ဦးစီးလုပ်ဖို့ လာတိုင်းမှာ...

သမ္မာတရားအပေါ် ကျွန်တော် ငြီးငွေ့ခဲ့သည်ကို မြင်ရခြင်း

လီရှန် အမေရိကန်နိုင်ငံ ဒီနှစ်အစပိုင်း ရက်တစ်ရက်မှာ၊ အသင်းတော်မှာ ပါဝင်တာ မကြာသေးတဲ့ လူသစ်တစ်ယောက်က စုဝေးပွဲနှစ်ခု မတက်ခဲ့တာကို ကျွန်တော်...

ကျွန်မရဲ့ အတိတ်က အမည်းစက်တစ်ခု

လီယင်း တရုတ်နိုင်ငံ ၂၀၁၅ခုနှစ် ဩဂုတ်လမှာ၊ မိသားစုနဲ့ ကျွန်မက စင်းကျန်းကို ပြောင်းခဲ့တယ်။ ကွန်မြူနစ်ပါတီက ဝေးဂေါ်လူနည်းစုတွေရဲ့...

တာဝန်ကို ရှောင်ဖယ်ခြင်း၏ အကျိုးဆက်များ

၂၀၂၁ ဖေဖော်ဝါရီ ရက်တစ်ရက်မှာ၊ စပိန်စကားပြောနိုင်ငံတွေထဲက လူသစ်အသင်းတော်တွေကို ကြီးကြပ်ရမယ်လို့ ကျွန်မကို ခေါင်းဆောင်တစ်ယောက်က ပြောတယ်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။