အယောင်ဆောင်ခေါင်းဆောင်များကို ထုတ်ပယ်ခြင်းနှင့်ပတ်သက်၍ ကျွန်ုပ်၏ ပူပန်မှုများ

29.12.2024

၂၀၂၀ ခုနှစ် စက်တင်ဘာလမှာ၊ ကျွန်မက အသင်းတော်မှာ တရားဟောဆရာမဖြစ်ပြီး အသင်းတော် လေးပါးရဲ့ အလုပ်အတွက် တာဝန်ယူရတယ်။ ဒီအသင်းတော်တွေထဲက တစ်ပါးရဲ့ ခေါင်းဆောင်ဖြစ်တဲ့ လီယင်က အစွမ်းအစကောင်းရှိပြီး သူ့တာဝန်မှာ စိတ်ထက်သန်တယ်။ သူ့ကို ကျွန်မ အတော်အထင်ကြီးခဲ့တယ်။ ဒါပေမဲ့ အချိန်နည်းနည်းကြာပြီးတဲ့နောက်မှာ ဒီအသင်းတော်မှာ ဖယ်ရှားတာ မခံရသေးတဲ့အပြင် အသင်းတော် အသက်တာကို နှောင့်ယှက်နေတဲ့ သိသာထင်ရှားတဲ့ မယုံကြည်သူတွေနဲ့ ဆိုးယုတ်တဲ့လူတချို့ ရှိတာကို ကျွန်မ တွေ့လိုက်ရတယ်။ ဒါကြောင့် လီယန်ရဲ့ အခြေအနေကို ဖော်ထုတ်ရင်းနဲ့ ကျွန်မ သူနဲ့ မိတ်သဟာယပြုပြီး၊ သန့်စင်တဲ့ အလုပ်ကို မလုပ်တဲ့ အနှစ်သာရနဲ့ အကျိုးဆက်တွေကို သူ့ကို ပြောပြခဲ့တယ်။ ဒီမယုံကြည်သူတွေနဲ့ ဆိုးယုတ်တဲ့လူတွေကို အသင်းတော်ကနေ အမြန်ဆုံး ဖယ်ရှားဖို့ လီယန်က သဘောတူခဲ့တယ်။ ဒါပေမဲ့ နှစ်လကြာပြီးတဲ့နောက်မှာ သူ့တို့အလုပ်ကို ကျွန်မ ပြန်စစ်ဆေးကြည့်တော့၊ လီယန်က အဲဒါကို မလုပ်သေးတာ တွေ့ရတယ်။ သူက မယုံကြည်သူတွေ၊ ဆိုးယုတ်တဲ့လူတွေဘက်မှာတောင်နေပြီး သူတို့ကိစ္စတွေကို ခံပြောပေးနေတယ်။ ရလဒ်အနေနဲ့၊ ရှင်းလင်းပစ်သင့်တဲ့ ဒီလူတွေက ရှိနေသေးပြီးတော့ အသင်းတော်ထဲမှာ အနှောင့်အယှက်တွေ၊ အဖျက်အမှောင့်တွေ လုပ်ခွင့်ရနေကြတာပဲ။ ဒါ့အပြင်၊ ညီအစ်ကို မောင်နှမတွေရဲ့ တာဝန်တွေမှာ ပြဿနာတွေ ရှိပေမဲ့၊ လီယန်က အဲဒါတွေကို ဖြေရှင်းပေးဖို့ သမ္မာတရားကို လုံးဝ မိတ်သဟာယမပြုဘူး၊ အဲဒီလူတွေကို မပြုပြင်ပေးဘူး။ အဲဒီအစား၊ သူတို့ရဲ့ ဇာတိပကတိကို စဉ်းစားပေးပြီး၊ ပြေလည်အောင်လုပ်ပေးတယ်။ အလိုလိုက်တယ်။ သူတို့တာဝန်တွေမှာ တာဝန်မယူတာတွေ ဖြစ်စေတယ်။ အဲဒါက အသင်းတော်အလုပ်ကို သက်ရောက်မှုဖြစ်စေခဲ့တယ်။ သူ့ရဲ့ မပြောင်းလဲတဲ့ အပြုအမူနဲ့ အကဲဖြတ်ရရင်၊ လီယန်က တကယ့် အလုပ်ကို မလုပ်တဲ့ အယောင်ဆောင် ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး၊ စည်းမျဉ်းတွေအတိုင်း ချက်ချင်း ထုတ်ပယ်သင့်တယ်။ ဒါပေမဲ့ ကျွန်မ ကိုယ့်ဘာသာတွေးမိတယ်။ “သူက ဒီအသင်းတော်မှာ တစ်ဦးတည်းသော ခေါင်းဆောင်ဖြစ်တယ်။ ခုချိန် သူ့ကို ငါ ထုတ်လိုက်ရင်၊ ဒီအသင်းတော်ရဲ့ အလုပ်ကိစ္စအမျိုးမျိုးကို ငါ စိုးရိမ်နေရမှာ။ ဒီအလုပ်တာဝန်တွေထဲက တချို့ကိုလည်း ငါ ကိုယ်တိုင် အကောင်အထည်ဖော်ဖို့ လိုမှာ။ အဲဒီအတွက် အချိန်နဲ့ အားအင်ကို ဘယ်မှာ ငါ ရှာတွေ့မှာလဲ။ အဲဒါအပြင်ကို၊ တခြားအသင်းတော်တချို့ဆီက အလုပ်ကို ငါ မျက်ခြည်မပြတ်ဖို့ လုပ်ရဦးမယ်။ ငါ အရမ်းအလုပ်များမှာ။ ငါက အသက် ၆၀ ကျော်နေပြီဖြစ်ပြီး၊ ငါ့ကျန်းမာရေးက သိပ်ကောင်းတာမဟုတ်ဘူး။ ငါ့ကိုယ်ငါ အလုပ်ပိအောင်လုပ်ရင်၊ ငါ့ခန္ဓာကိုယ်က ခံနိုင်မှာမဟုတ်ဘူး။ လီယန်ကို ဆက်ထားရင်၊ သူ အနည်းဆုံးတော့ အထွေထွေ ကိစ္စတွေကို ကြည့်နိုင်မှာဖြစ်ပြီး၊ ငါ နည်းနည်း သက်သက်သာသာနေလို့ရမှာပဲ”လို့ပေါ့။ စိတ်ထဲမှာဒီအတွေးနဲ့ ကျွန်မ သူ့ကို မထုတ်ခဲ့ဘူး။ နောက်တော့ ဒီဇင်ဘာလမှာ၊ လီယန်ရဲ့ မယုံကြည်တဲ့ ယောက်ျားက သူ့ကို စစောင့်ကြည့်ပြီး နောက်ကလိုက်လာတယ်။ သူ့ယောက်ျားမှာ ညံ့ဖျင်းတဲ့ လူ့သဘာဝရှိတာကို သူ ရှင်းရှင်းလင်းလင်း သိပေမဲ့ တခြားလူတွေရဲ့ ဘေးကင်းလုံခြုံမှုကို လုံးဝ မစဉ်းစားပေးဘဲ စုဝေးတဲ့နေရာတွေကို သူ ဆက်လာနေခဲ့တယ်။ ရလဒ်အနေနဲ့၊ စုဝေးပွဲအဖွဲ့အတော်များများကို သူ အန္တရာယ်ဖြစ်စေခဲ့တယ်။ နောက်ဆုံးမှာ လီယန်ရဲ့ ပြဿနာက ဘယ်လောက်ဆိုးရွားတယ်ဆိုတာကို ကျွန်မ သဘောပေါက်လိုက်ပြီး၊ သူ့အလုပ်ကို ချက်ချင်း ရပ်ခိုင်းလိုက်တယ်။ ဒီကိစ္စပြီးတဲ့နောက်မှာ ကျွန်မ ကြောက်မိတယ်။ ဒါက လီယန်ကို ကျွန်မ အမြန်မထုတ်လိုက်တဲ့ အကျိုးဆက်တစ်ခုဖြစ်မှန်း ကျွန်မ သဘောပေါက်ခဲ့တယ်။ ကျွန်မလည်း တာဝန်ရှိတယ်လေ။

ကျွန်မရဲ့ ဝတ်ပြုဆုတောင်းချိန်တွေမှာ၊ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ ဘုရားသခင်က ပြောသည် “ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်များကို သင် မည်သို့ ယူမှတ်သည်မှာ အလွန့်အလွန် အရေးကြီးသည်။ ဤအရာသည် အလွန်လေးနက်သော ကိစ္စရပ်တစ်ခု ဖြစ်သည်။ လူတို့အပေါ် ဘုရားသခင် အပ်နှံထားသည့်အရာကို သင် မပြည့်စုံစေနိုင်လျှင်၊ သင်သည် သူ၏ မျက်မှောက်တော်တွင် အသက်ရှင်ရန် မသင့်တော်သကဲ့သို့ အပြစ်ဒဏ်ပေးခံရသင့်ပေသည်။ လူသားများသည် ၎င်းတို့အား ဘုရားသခင်အပ်နှံသည့် မည်သည့် တာဝန်ပေးစေခိုင်းချက်များကိုမဆို ပြီးမြောက်အောင် လုပ်သင့်သည်မှာ လုံးဝ သဘာဝကျပြီး ခိုင်လုံသည်။ ဤသည်မှာ လူ၏ အထွတ်အထိပ် တာဝန်ဖြစ်ပြီး၊ ၎င်းတို့၏ တကယ့် အသက်တမျှပင် အရေးကြီးပေသည်။ ဘုရားသခင်၏ တာဝန်ပေး စေခိုင်းချက်များကို သင် အလေးအနက်မထားလျှင်၊ သင်သည် သူ့ကို အဆိုးရွားဆုံးသော နည်းလမ်းဖြင့် သစ္စာဖောက်နေခြင်း ဖြစ်သည်။ ဤတွင် သင်သည် ယုဒထက် ပိုမိုကြေကွဲဝမ်းနည်းဖွယ်ကောင်းပြီး ကျိန်ဆဲခံရသင့်ပေသည်။ လူတို့သည် ၎င်းတို့အပေါ် ဘုရားသခင် အပ်နှံသည့်အရာကို သဘောထားပုံနှင့်ပတ်သက်၍ အကုန်အစင် သိနားလည်မှုတစ်ခု ရရှိရမည်ဖြစ်ပြီး၊ အနည်းဆုံးအနေဖြင့် လူသားမျိုးနွယ်ကို သူ အပ်နှံသည့် တာဝန်ပေးစေခိုင်းချက်များသည် ဘုရားသခင်ထံမှ ချီးမြှောက်ခြင်းများနှင့် အထူး မျက်နှာသာပေးခြင်းများ ဖြစ်ကြောင်း၊ ၎င်းတို့သည် ဂုဏ်ကျက်သရေအရှိဆုံးသော အရာများ ဖြစ်ကြောင်းကို သဘောပေါက်ရမည်။ အခြားအရာအားလုံးကို စွန့်ပစ်နိုင်သည်။ လူတစ်ဦးသည် မိမိ၏ အသက်ကို စွန့်လွှတ်ရမည်ဆိုလျှင်ပင် သူသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ဖြည့်ဆည်းမြဲ ဖြည့်ဆည်းရမည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်သွားတယ်။ ကိုယ့်တာဝန်ကို ဘုရားက အပ်နှင်းထားတာဖြစ်ပြီး၊ တခြားဘယ်အရာမဆိုထက် ပိုအရေးကြီးတယ်ဆိုတာပေါ့။ အဲဒါကို ပေါ့ပေါ့တန်တန် သဘောထားပြီး၊ တာဝန်မဲ့နေတာက ဘုရားကို သစ္စာဖောက်တာပဲ။ ဒါကို လုပ်တာက အခြေခံအားဖြင့် ယုဒလိုပဲဖြစ်ပြီး ကျိန်ဆဲခြင်းခံရမှာဖြစ်တယ်။ အသင်းတော်မှာ တရားဟောဆရာမအနေနဲ့ ကျွန်မ လက်တွေ့လုပ်နိုင်ခဲ့တာက ဘုရားရဲ့ အကူအညီကြောင့်ပါ။ အသင်းတော်မှာ တကယ့်အလုပ်ကို မလုပ်တဲ့ ခေါင်းဆောင်တွေကို ကျွန်မ တွေ့တော့ လိုအပ်တဲ့အတိုင်း သူတို့ကို ထုတ်ပယ်သင့်တယ်၊ ဒါမှမဟုတ် ပြောင်းရွှေ့သင့်တယ်။ အဲဒါ ကျွန်မရဲ့တာဝန်၊ ဝတ္တရားပဲ။ အသင်းတော် ခေါင်းဆောင်အနေနဲ့ လီယင်က ပြဿနာကို ရှာတွေ့ပေမဲ့ ဖြေရှင်းဖို့ သမ္မာတရားကို မိတ်သဟာယမပြုခဲ့သလို သန့်စင်တဲ့အလုပ်ကိုတောင် ကြန့်ကြာအောင်လုပ်ခဲ့တယ်။ သူက သိသာထင်ရှားတဲ့ မယုံကြည်သူတွေနဲ့ ဆိုးယုတ်တဲ့လူတွေကို ရှင်းလင်းတာ နှောင့်နှေးနေပြီး၊ သူတို့အတွက်တောင် ရပ်တည်ပေးနေခဲ့တယ်။ ဒါက သူဟာ အယောင်ဆောင် ခေါင်းဆောင်ဖြစ်ပြီး ချက်ချင်း ထုတ်ပယ်သင့်တယ်ဆိုတာကို အတည်ပြုခဲ့တယ်။ ဒါပေမဲ့ ကျွန်မကတော့၊ သူ့ကို ကျွန်မ ထုတ်ပယ်လိုက်တာနဲ့၊ အချိန်ကြာတဲ့အထိ သင့်တော်တဲ့ လူစားတစ်ယောက် ရှာမတွေ့နိုင်ဘဲ အသင်းတော်အလုပ်နဲ့ပတ်သက်လို့ ပိုပြီးစိတ်ပူရမှာကို ကျွန်မ စိုးရိမ်ခဲ့တယ်။ ဒါကြောင့် သင့်တော်တဲ့အချိန်မှာ သူ့ကို မထုတ်ခဲ့ဘူး။ အဲဒါက အသင်းတော်အလုပ်အတွက် လုံခြုံရေး အန္တရာယ်တွေနဲ့ အတားအဆီးတွေ ဖြစ်စေခဲ့တယ်။ အယောင်ဆောင်ခေါင်းဆောင်တွေနဲ့ အန္တိခရစ်တွေက ညီအစ်ကို မောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုအတွက် အတားအဆီးတွေနဲ့ အပိတ်အဆို့တွေဖြစ်တယ်ဆိုတာနဲ့ တစ်ယောက်ကို တွေ့ရင်၊ ထုတ်ပယ်ပြီး ဖယ်ရှားရမယ်၊ လုံးဝ သည်းခံလို့ မဖြစ်ဘူးဆိုတာကို ကျွန်မ ကောင်းကောင်း သိခဲ့တယ်။ ဒါပေမဲ့ ကျွန်မ သိပ်စိတ်မပူရအောင်၊ အခက်အခဲမဖြစ်အောင် လီယန်က အယောင်ဆောင်ခေါင်းဆောင်မှန်း သိပေမဲ့ သူ့ကို ကျွန်မ မထုတ်ခဲ့ဘူး။ ကျွန်မ တကယ် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာဖြစ်တာကို မြင်ခဲ့ရတယ်။ ကျွန်မတာဝန်အပေါ် ကျွန်မရှိခဲ့တဲ့ ဒီသဘောထားကို ဘုရားက တကယ် စက်ဆုပ်တယ်။ ဒီအသိတရားတွေက ကျွန်မကို အတော်လေး ကြောက်လန့်စေတယ်။ ဒါကြောင့် ကျွန်မ ဘုရားဆီ ဆုတောင်း၊ နောင်တရပြီး လီယန်ကို အမြန် ထုတ်လိုက်တယ်။ သူ့လုပ်ရပ်တွေရဲ့ အနှစ်သာရနဲ့ အကျိုးဆက်တွေကိုလည်း ကျွန်မ ဖော်ထုတ်ပြီး မိတ်သဟာယပြုခဲ့တယ်။ တခြားလူတွေကလည်း သူ့အကြောင်းနည်းနည်းသိသွားကြတယ်။ ဒါပြီးတဲ့နောက်မှာ၊ အသင်းတော်က နောက်ထပ် ခေါင်းဆောင်ကို ရွေးခဲ့ပြီး၊ တဖြည်းဖြည်းနဲ့ အသင်းတော်အလုပ်က နောက်ဆုံးမှာ ပြန်ကောင်းလာတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ၊ ချန်စီပြည်နယ်မှာရှိတဲ့ အသင်းတော်တစ်ပါးအတွက် တာဝန်ရှိတဲ့ တရားဟောဆရာမတစ်ယောက် တကယ့်အလုပ်မလုပ်နိုင်လို့ အထုတ်ခံခဲ့ရတယ်။ ခေါင်းဆောင်က ကျွန်မကို အဲဒီအသင်းတော်ကို တာဝန်ယူခိုင်းတယ်။ အဲဒီတာဝန်ကို ယူပြီးတဲ့နောက်မှာ၊ အသင်းတော် ခေါင်းဆောင်ရယ်၊ ရေလောင်းတဲ့ သင်းထောက်ရယ်နဲ့ပတ်သက်တဲ့ ပြဿနာကို ညီမဆူမင်းက ကျွန်မကို ပြောပြတယ်။ “ရေလောင်းတဲ့ သင်းထောက်က အမြဲတမ်း သူ့တာဝန်မှာ တာဝန်မဲ့ပြီး ဝတ်ကျေတမ်းကျေလုပ်တယ်။ ရက် ၂၀ အတွင်းမှာ သူတာဝန်ရှိတဲ့ လူသစ်တွေကို သူ ရေမလောင်းခဲ့ဘူး။ သူတို့ထဲက တချို့က ကောလာဟလတွေကို နားထောင်ပြီး ယုံကြည်ခြင်းကို စွန့်သွားကြတယ်။ အသင်းတော် ခေါင်းဆောင်က သူ့အလုပ်နဲ့ အမြဲ အလုပ်များနေပြီး၊ တခြားလူတွေနဲ့ စုဝေးတာ၊ အလုပ်ကို လိုက်လုပ်ပေးတာ ရှားတယ်။ ညီအစ်ကို မောင်နှမတွေက သူ့ကို သတိပေးပြီး မိတ်သဟာယပြုပေးခဲ့ကြပေမဲ့ သူ နားမထောင်ခဲ့ဘူး။ ပြီးတော့ ရေလောင်းတဲ့ သင်းထောက်က တကယ့်အလုပ်မလုပ်တဲ့အပြင် ထုတ်ပယ်ခံရသင့်တယ်ဆိုတာကို သူ သိပေမဲ့ မထုတ်ပယ်ရုံမက၊ သူ့ဘက်မှာတောင်နေပြီး သူ့ကို ကာကွယ်ပေးတယ်။ ဒါကြောင့် သူတို့က လက်တွေကျတဲ့ အလုပ်မလုပ်သလို အသင်းတော်အလုပ်ကို နှောင့်နှေးအောင်လုပ်ခဲ့ကြတဲ့ အယောင်ဆောင် ခေါင်းဆောင်နဲ့ အယောင်ဆောင်အမှုဆောင်ပဲ”တဲ့။ ဆူမင်းရဲ့ တိုင်ကြားချက်ကို နားထောင်ပြီးတဲ့နောက်မှာ ကျွန်မ တွေးမိတယ်။ “သူတို့ရဲ့ အပြုအမူအရ၊ ဒီနှစ်ယောက်က အထုတ်ခံရသင့်တယ်။ ဒါပေမဲ့ ခေါင်းဆောင်သစ်နဲ့ အမှုဆောင်သစ်တွေကို ရွေးကောက်တာက လွယ်တဲ့အလုပ်မဟုတ်ဘူး။ သူတို့နှစ်ယောက်လုံးကို ငါ ထုတ်ပြီး အချိန်ကြာတဲ့အထိ သင့်တော်တဲ့ လူစားကို ငါတို့ မရွေးနိုင်ရင်၊ ဒီအသင်းတော်အလုပ်ကို ငါ ကိုင်တွယ်ရမှာ မဟုတ်လား။ ငါ့ရဲ့ ခွန်အားက အကန့်အသတ်ရှိတယ်။ ဒါကြောင့် ဘယ်လိုပဲ အရေးကြီးနေပါစေ၊ တစ်လှမ်းချင်းပဲ ငါ လုပ်ရမယ်”လို့ပေါ့။ ကျွန်မ မတုံ့ပြန်တာကို မြင်တော့၊ ဆူမင်းက စိုးရိမ်တကြီးနဲ့ ပြောတယ်။ “အယောင်ဆောင် ခေါင်းဆောင်နဲ့ အမှုဆောင်တွေကို ချက်ချင်း မထုတ်ရင်၊ အဲဒါက အသင်းတော်အလုပ်နဲ့ ညီအစ်ကို မောင်နှမတွေရဲ့ အသက်ဝင်ရောက်မှု နှစ်ခုလုံးကို ထိခိုက်မှာ။ အစ်မက ပူပန်တာ၊ အရေးတကြီးဖြစ်တာတစ်ခုခု မခံစားရဘူးလား။ အစ်မအတွက် အဲဒါက ကိစ္စမရှိဘူးလား။ အစ်မအနေနဲ့ တကယ့် အလုပ်မလုပ်ခဲ့တဲ့ အရင်က တရားဟောဆရာမလို မဖြစ်တာပိုကောင်းမယ်နော်”တဲ့။ ဒီလိုဝေဖန်မှုတရစပ်ကို ကြားပြီးတော့ ကျွန်မမျက်နှာ ထူပူသွားပြီး၊ ကျွန်မ တွေးမိတယ်။ “ငါ ဒီကို ခုပဲရောက်တာ၊ ငါ နားမလည်တာ အများကြီး ရှိသေးတယ်။ မနိုင်တဲ့ဝန်ကို ငါ ထမ်းလို့မဖြစ်ဘူး။ ဒီအလုပ်ကို တစ်ဆင့်ချင်း ငါ လုပ်ရမယ်။ ဘာပဲဖြစ်ဖြစ်၊ ဒါကို ငါ မကိုင်တွယ်ဘူးလို့ ပြောခဲ့တာမှ မဟုတ်ဘဲလေ”လို့ပေါ့။ နောက်ပိုင်းမှာ၊ ကျွန်မ အခြေအနေ မှားနေခဲ့တာကို ကျွန်မ သဘောပေါက်ခဲ့တယ်။ ဒါကြောင့် ဘုရားဆီ အမြန် ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ ဒီနေ့ ကျွန်မ ရင်ဆိုင်ရတဲ့ ဒီအခြေအနေကို ကိုယ်တော် ခွင့်ပြုထားတာပါ။ ဒါပေမဲ့ ကျွန်မကိုယ်တိုင်အတွက် ဆင်ခြေတွေ ကျွန်မ ဆက်ပေးနေမိတယ်။ ဒါက ကိုယ်တော်ရဲ့ ရည်ရွယ်ချက်နဲ့ မကိုက်တာကို ကျွန်မ သိပါတယ်။ ကျေးဇူးပြုပြီး ဒီကိစ္စကနေ ကျွန်မ သုံးသပ်၊ သင်ယူနိုင်ဖို့ ကျိုးနွံနာခံအောင် ကျွန်မကို လမ်းပြပါ”လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာ၊ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ သတိရမိတယ်။ ဘုရားသခင်က ပြောသည် “လက်ရှိတွင်၊ အသင်းတော်အတွက် မည်သည့်ဝန်ထုပ်ကိုမျှ သယ်ဆောင်ခြင်း မရှိသည့် သူအချို့ရှိသည်။ ဤလူများသည် ပေါ့ဆပြီး ဖြစ်ကတတ်ဆန်းနိုင်ကာ၊ မိမိတို့ကိုယ်တိုင်၏ ဇာတိပကတိအတွက်သာ ဂရုစိုက်ကြသည်။ ထိုသို့သောလူများသည် အလွန့်အလွန် တစ်ကိုယ်ကောင်းဆန်ပြီး မျက်စိလည်းကန်းနေကြသည်။ သင်သည် ဤကိစ္စကို ရှင်းလင်းစွာ မမြင်နိုင်ပါက မည်သည့် ဝန်ထုပ်ကိုမျှ သင် သယ်ဆောင်လိမ့်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်၏ရည်ရွယ်ချက်များကို အလေးထားလေလေ၊ သင့်ထံ သူ အပ်နှံသည့် ဝန်ထုပ်သည် ကြီးမားလေလေ ဖြစ်လိမ့်မည်။ တစ်ကိုယ်ကောင်းဆန်သူများသည် ထိုသို့သောအရာများကို ဒုက္ခခံရန် လိုလားခြင်းမရှိကြချေ။ ၎င်းတို့သည် အဖိုးအခပေးရန် လိုလားခြင်း မရှိကြသကဲ့သို့၊ အကျိုးဆက်အနေဖြင့် ဘုရားသခင်၏စုံလင်စေခြင်း ခံရမည့် အခွင့်အရေးများကို ၎င်းတို့ လက်လွတ်သွားကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ထိခိုက်အောင် လုပ်ဆောင်နေကြခြင်း မဟုတ်လော။ သင်သည် ဘုရားသခင်၏ရည်ရွယ်ချက်များကို အလေးထားသူတစ်ဦးဖြစ်ပါက၊ အသင်းတော်အတွက် စစ်မှန်သော ဝန်ထုပ်တစ်ခုကို သင် ဖြစ်ပေါ်စေလိမ့်မည်။ အမှန်တွင်၊ အသင်းတော်အတွက် သင် ဖြစ်ပေါ်စေသည့် ဤဝန်ထုပ်၏ ရည်ရွယ်ချက်မှာ ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ ထိုသို့သော အတွေ့အကြုံများအား သင့်ကို အသုံးပြုစေဖို့ဖြစ်သောကြောင့် ဤအရာကို အသင်းတော်အတွက် သင် သယ်ပိုးသည့် ဝန်ထုပ်တစ်ခုဟု ခေါ်မည့်အစား၊ သင်ကိုယ်တိုင်၏ အသက်တာအတွက် သင် သယ်ပိုးသည့် ဝန်ထုပ်တစ်ခုဟု ခေါ်ဖို့ ပိုကောင်းပေမည်။ ထို့ကြောင့် အသင်းတော်အတွက် အကြီးမားဆုံးသော ဝန်ထုပ်ကို သယ်ဆောင်သူ မည်သူမဆို၊ အသက်ဝင်ရောက်မှုအတွက် ဝန်ထုပ်တစ်ခုကို သယ်ဆောင်သူ မည်သူမဆို ၎င်းတို့သည် ဘုရားသခင်၏စုံလင်စေခြင်းကို ခံရသည့်သူများ ဖြစ်ကြလိမ့်မည်။ ဤအရာကို သင်ရှင်းလင်းစွာ မြင်ပြီးပြီလော။ သင်ပါဝင်သောအသင်းတော်သည် သဲကဲ့သို့ လူစုကွဲနေသော်လည်း သင်သည် စိုးရိမ်ခြင်း မရှိသကဲ့သို့ ပူပန်ခြင်းလည်း မရှိပါက၊ ပြီးလျှင် ညီအစ်ကိုမောင်နှမများက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပုံမှန်စားသောက်ခြင်း မရှိသည့်အခါ သင်သည် မသိကျိုးကျွန်ပင်ပြုထားပါက၊ သင်သည် မည်သည့်ဝန်ထုပ်ကိုမျှ သယ်ဆောင်နေခြင်း မရှိပေ။ ထိုသို့သောလူများသည် ဘုရားသခင် အထူးနှစ်သက်သည့် သူမျိုး မဟုတ်ပေ။ ဘုရားသခင် အထူးနှစ်သက်သည့်သူမျိုးက ဖြောင့်မတ်ခြင်းတရားအတွက် ဆာငတ်မွတ်သိပ်ပြီး သူ၏ရည်ရွယ်ချက်များအပေါ် အလေးထား၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းကိုရရှိဖို့အလို့ငှာ ဘုရားသခင်၏ အလိုတော်ကို အလေးထားလော့) ဘုရားနှုတ်ကပတ်တော်တွေကို စဉ်းစားရင်းနဲ့ ကျွန်မ ရှက်စိတ်နဲ့ပြည့်သွားတယ်။ ကျွန်မက အသင်းတော်အလုပ်နဲ့ပတ်သက်လို့ စိုးရိမ်တာ၊ ပူပန်တာ မဖြစ်ခဲ့ဘူး မဟုတ်လား။ ခေါင်းဆောင်နဲ့ ရေလောင်းသင်းထောက်ရဲ့ ပြဿနာတွေနဲ့ပတ်သက်လို့၊ ဆူမင်းရဲ့ တိုင်ကြားချက်ကို ကျွန်မ ကြားတဲ့အချိန်မှာ၊ အသင်းတော်အလုပ်ကို ကျွန်မ မစဉ်းစားခဲ့တဲ့အပြင်၊ အမြန် စုံစမ်းစစ်ဆေးပြီး အယောင်ဆောင် ခေါင်းဆောင်နဲ့ အယောင်ဆောင် အမှုဆောင်တွေကို မထုတ်ခဲ့ဘူး။ အဲဒီအစား၊ ကျွန်မက ကျွန်မရဲ့ ဇာတိအကျိုးစီးပွားကို အရင်စဉ်းစားခဲ့တယ်၊ သူတို့ကို ထုတ်လိုက်တာနဲ့ လူစား ရွေးရမယ်၊ အဲဒါနဲ့ပတ်သက်လို့ ကျွန်မ စိုးရိမ်ရမှာဖြစ်ပြီး ကျွန်မရဲ့ အားအင်တွေကို သုံးရမှာဖြစ်သလို ကျွန်မရဲ့ အလုပ်ပမာဏလည်း တိုးမှာပဲလို့ စိုးရိမ်ခဲ့တယ်။ ပေးဆပ်ရတာ၊ ရုပ်ပိုင်းမှာ ဆင်းရဲဒုက္ခခံရတာတွေကို ရှောင်ဖို့ သူတို့က အယောင်ဆောင် ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေ ဖြစ်မှန်း သိပေမဲ့ ထုတ်ပစ်ဖို့က အရေးတကြီးဖြစ်တယ်လို့ မခံစားခဲ့ဘူး။ အနှစ်သာရအနေနဲ့ ကျွန်မက သူတို့ကို အသင်းတော်မှာ မကောင်းတာတွေ လုပ်ရင်းနဲ့ သောင်းကျန်းခွင့်ပေးပြီး အသင်းတော် အလုပ်ကို နှောင့်ယှက်၊ ဖျက်ဆီးခွင့်ပေးရင်းနဲ့ သူတို့ကို တိတ်တိတ်လေး ကာကွယ်ပြီး အလိုလိုက်နေခဲ့တာပဲ။ ကျွန်မရဲ့ တာဝန်ကို အရေးတကြီး သဘောမထားတဲ့အတွက် ကျွန်မကို ဆူမင်း ပြုပြင်တာက ကျွန်မအတွက် အထောက်အကူဖြစ်တဲ့ သတိပေးချက်တစ်ခုပဲ။ အဲဒါက ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို အမြန်သုံးသပ်၊ သိမြင်စေပြီး ဘုရားဆီ နောင်တရစေတယ်။ အယောင်ဆောင် ခေါင်းဆောင်နဲ့ အမှုဆောင်တွေကို အသင်းတော်မှာ ဆက်ထားရင်၊ အသင်းတော် အလုပ်အတွက် ဆုံးရှုံးတာတွေ ဘယ်လောက်ကြီးမလဲ မသိဘူး။ အရင်က အဖြစ်အပျက်မှာလည်း ကျွန်မရဲ့ ဇာတိပကတိကို ကျွန်မ စဉ်းစားနေခဲ့မိမှန်း သဘောပေါက်လိုက်တယ်။ အယောင်ဆောင် ခေါင်းဆောင်ကို ချက်ချင်း ထုတ်ဖို့ ကျွန်မရဲ့ ပျက်ကွက်မှုက အသင်းတော်အလုပ်ကို ဟန့်တားခဲ့တယ်။ အဲဒီအမှားကိုပဲ ကျွန်မ လုပ်နေမိတာ မဟုတ်လား။ ရုပ်ပိုင်းဆိုင်ရာ အခက်အခဲကနေ ကိုယ့်ကိုယ်ကို ကယ်တင်ချင်လို့၊ ကျွန်မက အသင်းတော် အလုပ် ဒါမှမဟုတ် ညီအစ်ကို မောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုအပေါ် ဖြစ်စေတဲ့ ဆုံးရှုံးမှုတွေနဲ့ပတ်သက်လို့ လုံးဝ မစဉ်းစားခဲ့ဘူး။ ကျွန်မက တကယ့်အလုပ်ကိုလည်း လုပ်မနေခဲ့ပါဘူး။ အယောင်ဆောင် ခေါင်းဆောင်တစ်ယောက်လိုပဲ ပြုမူနေခဲ့တယ်။ ကျွန်မတာဝန်အပေါ် ကျွန်မရဲ့သဘောထားကို ဘုရားက တကယ် စက်ဆုပ်တယ်။ ကျွန်မ ပြုပြင်မခံခဲ့ရရင်၊ ကိုယ့်ကိုယ်ကို သုံးသပ်ရကောင်းမှန်း သိခဲ့မှာ မဟုတ်ဘူး။ ဒီအရာတွေကို သဘောပေါက်သွားတော့၊ ဘုရားဆီကို ကျွန်မ တိတ်တဆိတ် ဆုတောင်းခဲ့တယ်။ ကျွန်မ နောင်တရပြီး ကျွန်မတာဝန်ကို ကောင်းကောင်း လုပ်ချင်ပါတယ်ပေါ့။ နောက်တစ်နေ့မှာ၊ ဆူမင်းနဲ့ ဘုရားကျောင်းကို ကျွန်မ သွားတယ်။ စုံစမ်းစစ်ဆေးပြီးတဲ့နောက်မှာ ခေါင်းဆောင်နဲ့ ရေလောင်း သင်းထောက်က တကယ်ကို စစ်မှန်တဲ့ အလုပ်မလုပ်ဘူးဆိုတာကို ကျွန်မ အတည်ပြုခဲ့တယ်။ သူတို့က လူတွေနဲ့ ကိစ္စတွေကို အလွန်အကျွံ စိစစ်ပြီးတော့ ဘာသာတရားမရှိတဲ့သူတွေနဲ့ အမြင်တူကြပြီး၊ သမ္မာတရားကို လက်မခံကြဘူး။ သူတို့က အယောင်ဆောင် ခေါင်းဆောင်နဲ့ အယောင်ဆောင် အမှုဆောင်ပဲ။ အဲဒီနောက် မကြာခင်မှာ သူတို့ အထုတ်ခံရပြီး သူတို့အတွက် လူစားရွေးလိုက်တယ်။

အားလုံးပြီးသွားတော့ ကျွန်မ တွေးမိတယ်။ “တကယ့်အလုပ်ကို မလုပ်တဲ့ အယောင်ဆောင် ခေါင်းဆောင်နဲ့ အမှုဆောင်တွေကို အသင်းတော်ထဲမှာ ငါ တွေ့တဲ့အခါတိုင်း ဘာလို့ သူတို့ကို ငါ ချက်ချင်းမထုတ်တာလဲ။ ဒါကို အတိအကျ ဘယ်အရာက ဖြစ်စေတာလဲ” ပေါ့။ နောက်ပိုင်းမှာ၊ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ကျွန်မ ဖတ်ရတယ်။ “လူတို့သည် ဘုရားသခင်၏ အမှုကို တွေ့ကြုံရပြီး သမ္မာတရားကို နားလည်ပြီးသည်အထိ အတွင်း၌ သူတို့ကို ထိန်းချုပ်၍ အုပ်စိုးသည်မှာ စာတန်၏ သဘာဝဗီဇဖြစ်၏။ အတိအကျဆိုရလျှင် ထိုသဘာဝဗီဇကို မည်သည့်အရာက ဖြစ်ပေါ်စေသနည်း။ ဥပမာ၊ သင်သည် အဘယ်ကြောင့် တစ်ကိုယ်ကောင်းဆန်ရသနည်း။ သင်၏ကိုယ်ပိုင် ရာထူးဂုဏ်ဒြပ်ကို အဘယ်ကြောင့် ကာကွယ် သနည်း။ သင်သည် အဘယ်ကြောင့် ထိုသို့သော အားကောင်းသည့် ခံစားချက်များ ရှိသနည်း။ ထိုမဖြောင့်မတ်သော အရာများကို သင်သည် အဘယ်ကြောင့် မွေ့လျော်ခံစားသနည်း။ သင်သည် အဘယ်ကြောင့် ထိုမကောင်းမှုများကို နှစ်သက်သနည်း။ ထိုသို့သော အရာများကို သင်၏ ကြိုက်နှစ်သက်ခြင်း၏ အခြေခံအကြောင်းရင်းက အဘယ်နည်း။ ဤအရာတို့သည် အဘယ်အရပ်က လာကြသနည်း။ ၎င်းတို့အား လက်ခံသည်ကို သင် အဘယ်ကြောင့် အလွန်ပျော်ရွှင်နေသနည်း။ ဤအရာများအားလုံး၏ နောက်ကွယ်ရှိ အဓိက အကြောင်းရင်းမှာ လူသားအတွင်းတွင် စာတန်၏အဆိပ်ရှိခြင်းကြောင့် ဖြစ်ကြောင်း ယခုတွင် သင်တို့အားလုံး နားလည်လာကြပြီ။ ဤသို့ဆိုလျှင် စာတန်၏ အဆိပ်ဆိုသည်မှာ အဘယ်နည်း။ ယင်းကို မည်သို့ ဖော်ပြနိုင်သနည်း။ ဥပမာအားဖြင့်၊ သင်က ‘လူများ အဘယ်သို့ အသက်ရှင်နေထိုင်သင့်သနည်း။ လူများသည် အဘယ်အရာအတွက် အသက်ရှင်သင့်သနည်း’ ဟု မေးပါက၊ သူတို့က ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော’ ဟု ဖြေကြလိမ့်မည်။ ဤတစ်ခုတည်းသော စကားစုက ပြဿနာ၏ တကယ့်အရင်းအမြစ်ကို ဖော်ပြလေသည်။ စာတန်၏ အတွေးအခေါ်နှင့် တွေးခေါ်မှုစနစ်တို့သည် လူသားတို့၏ အသက်တာများ ဖြစ်လာပြီဖြစ်သည်။ လူများသည် အဘယ်အရာကို လိုက်စားသည်ဖြစ်စေ ထိုသို့လုပ်ဆောင်ခြင်းသည် မိမိတို့ကိုယ်တိုင်အတွက်သာ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့ကိုယ်ကိုအတွက်သာ အသက်ရှင်ကြသည်။ ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော’ ဟူသော ဤအရာမှာ လူသား၏အသက် ဒဿနအမြင်ဖြစ်ပြီး ယင်းက လူသား၏ သဘာဝကိုလည်း ကိုယ်စားပြုလေသည်။ ဤစကားများသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ သဘာဝ၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဆိုးယုတ်သော သဘာဝ၏ အမှန်တကယ် ပြယုဂ်ဖြစ်လာနှင့်ပြီးဖြစ်သည်။ ဤဆိုးယုတ်သော သဘာဝသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဖြစ်တည်မှုအတွက် အခြေခံအချက် ဖြစ်လာနှင့်ပြီးဖြစ်သည်။ နှစ်ထောင်ချီကြာသည်အထိ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် လက်ရှိအချိန်ကာလအထိ စာတန်၏ အဆိပ်ဖြင့် အသက်ရှင်ခဲ့ပြီးဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း) ဘုရားနှုတ်ကပတ်တော်တွေကို အချိန်ယူစဉ်းစားလိုက်တော့ ကျွန်မအတွက် ရှင်းလာတယ်။ အဓိကအနေနဲ့ ကျွန်မက တစ်ကိုယ်ကောင်းဆန်ပြီး ပျင်းလို့ အယောင်ဆောင် ခေါင်းဆောင်နဲ့ အမှုဆောင်တွေကို မထုတ်ခဲ့တာပဲ။ ကျွန်မ ဘာကိုပဲလုပ်လုပ်၊ လွယ်လွယ်ပဲ သဘောထားချင်ပြီးတော့ ဆင်းရဲဒုက္ခခံတာ၊ အဖိုးအခပေးတာ မလုပ်ချင်ဘူး။ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော”ဆိုတာနဲ့ “ယနေ့ လုပ်စရာရှိတာ လုပ်၊ မနက်ဖြန်ကို မနက်ဖြန်ရောက်မှ တွေးပူပါ”ဆိုတာတွေက ကျွန်မအသက်ရှင်တဲ့ စာတန်ရဲ့ အတွေးအခေါ်တွေပဲ။ ကျွန်မကိုယ်ပိုင် အကျိုးအမြတ်တွေကိုပဲ ကျွန်မ စဉ်းစားပြီး ရုပ်ပိုင်းဆိုင်ရာ သက်သာမှုကို မက်မောခဲ့တယ်။ အသင်းတော် အလုပ်ကို လုံးဝ မစဉ်းစားခဲ့ဘူး။ အယောင်ဆောင် ခေါင်းဆောင်နဲ့ အမှုဆောင်တွေကို ထုတ်ပယ်တာနဲ့ဆိုင်တဲ့ လတ်တလော ဖြစ်ရပ်နှစ်ခုနဲ့ပတ်သက်လို့ သူတို့က တကယ့် အလုပ်မလုပ်ကြသလို ချက်ချင်း အထုတ်ခံရသင့်တာကို ကျွန်မ ကောင်းကောင်း သိခဲ့တယ်။ ဒါပေမဲ့ အတော်ကြာအောင် သင့်တော်တဲ့ လူစား မရွေးနိုင်မှာကို ကျွန်မ ဆက်စိုးရိမ်နေခဲ့တယ်။ အဲဒီအခါ ဒီအသင်းတော်ရဲ့ အလုပ်နဲ့ပတ်သက်လို့ ကျွန်မ ပိုစိုးရိမ်ရမယ်ပေါ့။ ခန္ဓာပိုင်း ပင်ပန်းတာကိုတော့ ပြောစရာမလိုဘူး။ ကျွန်မက အသက် ၆၀ကျော်ပြီဖြစ်ပြီး ကျွန်မရဲ့ ကျန်းမာရေးက သိပ်မကောင်းဘူးလေ။ ကျွန်မကိုယ်ကျွန်မ အရမ်းတွန်းအားပေးလွန်းရင်၊ အခက်အခဲဖြစ်မှာ။ ဒီတော့၊ ကျွန်မရဲ့ ခန္ဓာကိုယ်ကို အနားပေးဖို့နဲ့ ကိုယ့်ကိုယ်ကို အခက်အခဲတချို့ကနေ သက်သာအောင်လို့ သူတို့ကို ကတ်သီးကတ်သတ် ဆက်ထားခဲ့ပြီး အစားထိုးဖို့ အမြန်မလုပ်ခဲ့ဘူး။ ဒီအသင်းတော်တွေရဲ့ အလုပ်ကို သူတို့ ပံ့ပိုးပေးတာနဲ့ဆိုရင် ကျွန်မက စိုးရိမ်တာ၊ ဆင်းရဲဒုက္ခခံစားရတာတွေ နည်းနိုင်မယ်လို့ ခံစားခဲ့တယ်။ ကျွန်မတာဝန်မှာ ကျွန်မရဲ့ ဇာတိအကျိုးစီးပွားတွေကိုပဲ စဉ်းစားနေခဲ့မိပြီး၊ ကျွန်မရဲ့ ဇာတိပကတိကို စဉ်းစားဖို့အတွက်၊ အယောင်ဆောင် ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေကို ကျွန်မ တိတ်တိတ်လေး ကာပေးပြီး ကာကွယ်ပေးနေမိတယ်၊ အသင်းတော် အလုပ်ကို သူတို့ ဆက်နှောင့်ယှက်၊ ဖျက်ဆီးနေချိန်မှာ သူတို့ကို အလိုလိုက်နေခဲ့မိမှန်း ကျွန်မ တွေ့ရတယ်။ ကျွန်မတာဝန်ကို ကျွန်မ လုပ်မနေခဲ့ဘူး။ မကောင်းမှုကို လုပ်နေခဲ့တာ။ ကျွန်မရဲ့ အသက်အရွယ်နဲ့ ကျွန်မရဲ့ ခန္ဓာကိုယ်က များတဲ့ အလုပ်ပမာဏကို မခံနိုင်မှာကို ကျွန်မ အမြဲ စိုးရိမ်လေ့ရှိခဲ့တယ်။ ဒါပေမဲ့ တကယ်တော့ ကျွန်မက တာဝန်မဲ့ပြီး ဘုရားရဲ့ ရည်ရွယ်ချက်ကို အရေးမထားဖို့အတွက် ဆင်ခြေတွေပဲ ပေးနေခဲ့မိတာပဲ။ ဘုရားသခင်က ပြောသည် “ဘုရားသခင်က လူတို့အတွက် ခံယူရန် လေးလံလွန်းသော ဝန်ထုပ်ဝန်ပိုးကို ၎င်းတို့အား မပေးပေ။ သင်သည် ပေါင်တစ်ရာကို သယ်နိုင်လျှင် ဘုရားသခင်က သင့်အား ပေါင်တစ်ရာထက်ပို၍ လေးသော ဝန်ကို သေချာပေါက် ပေးမည်မဟုတ်ပေ။ သူသည် သင့်အပေါ်တွင် ဖိအားပေးမည် မဟုတ်ပေ။ ဤသည်မှာ လူတိုင်းအပေါ် ဘုရားသခင်၏ ပုံစံဖြစ်သည်။ ပြီးလျှင် သင်သည် မည်သည့်အရာ၏ ဘောင်ခတ်ခြင်းကိုမျှ ခံရမည်မဟုတ်ပေ။ မည်သည့်လူ၊ သို့မဟုတ် သဘောတရားဆိုင်ရာ အတွေးအခေါ်နှင့် အမြင်၏ ထိန်းချုပ်ခြင်းကိုမျှ ခံရမည်မဟုတ်ပေ။ သင်သည် လွတ်လပ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁၅)) ကျွန်မရဲ့ ကျန်းမာရေးက ချူချာပြီး တစ်ခါတလေ အလုပ်များတာနဲ့တစ်ပြိုင်နက် နည်းနည်း ပင်းပန်းရပေမဲ့၊ ဒီအရာတွေကို ကျွန်မ ခံနိုင်ခဲ့တယ်။ ကျွန်မရဲ့ တာဝန်တွေက ကျွန်မရဲ့ လုပ်နိုင်စွမ်းတွေထဲမှာပဲ ကျကျနန ရှိခဲ့တာပါ။ ကျွန်မရဲ့ အချိန်ကို ကျွန်မ အကျိုးသင့်အကြောင်းသင့် စီမံပြီး တခြားလူတွေနဲ့ ပိုပူးပေါင်းလုပ်သရွေ့၊ အလုပ်ပမာဏကို ကျွန်မ ရုပ်ပိုင်းအရ နိုင်နိုင်နင်းနင်း လုပ်နိုင်တယ်။ ကျွန်မက အဲဒီလို တွေးလေ့ရှိခဲ့တာက ဘာလို့လဲဆိုတော့ ကျွန်မ ပျင်းပြီး ကျွန်မရဲ့ ဇာတိပကတိကို အရမ်းစဉ်းစားလွန်းနေခဲ့လို့ပဲ။ အဲဒါကြောင့် ကျွန်မအလုပ်မှာရှိတဲ့ ဖိအား၊ အခက်အခဲနဲ့ အဖိုးအခပေးတာတွေကို ကျွန်မ မကြိုက်ခဲ့တာ။ ဘုရားက မောရှေကို အဲဂုတ္တုကနေ ဣသရေလူတွေကို ခေါ်ဆောင်ခိုင်းခဲ့တုန်းက၊ မောရှေက အသက် ၈၀ ရှိနှင့်နေခဲ့ပေမဲ့၊ သူက အရမ်းအိုလွန်းပြီလိုပြောပြီး ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းမှုဒဏ်ကို စိုးရိမ်လို့ ဘုရားရဲ့ စေခိုင်းချက်ကို ငြင်းတာမျိုး မလုပ်ခဲ့ဘူး။ ဒါနဲ့ ပြောင်းပြန်ပါပဲ။ ဘုရားရဲ့ ခေါ်ခြင်းကို သူ အဖြေပေးခဲ့ပြီး၊ သူ့ရဲ့ အစွမ်းအစတွေနဲ့ အကောင်းဆုံးလုပ်ဖို့ ဘုရားက တောင်းဆိုတဲ့အတိုင်း ဘုရားရဲ့ စေခိုင်းချက်ကို သူ ဖြည့်ဆည်းနိုင်ခဲ့တယ်။ နောက်ဆုံးမှာ၊ သူက ဣသရေလူတွေကို အဲဂုတ္တုကနေ ထုတ်ဆောင်ခဲ့တယ်။ တခြားညီအစ်ကို မောင်နှမတချို့က ကျွန်မနဲ့ သက်တူရွယ်တူနီးပါး ရှိကြပြီး၊ တချို့ဆိုရင် ကျွန်မထက် ပိုအသက်ကြီးတယ်။ သူတို့က တော်တော်များတဲ့ အလုပ်ပမာဏတွေကို ယူကြတယ်။ လုပ်နေကျအတိုင်းပဲ သူတို့တာဝန်တွေမှာ အစွမ်းကုန် အားထုတ်ကြဆဲပဲဖြစ်ပြီး၊ သူတို့တာဝန်တွေကြောင့် တစ်ယောက်ယောက် တကယ် ခြေကုန်လက်ပန်းကျတာကို တစ်ခါမှ မမြင်ဖူးဘူး။ သူတို့က ကျွန်မထက် ပိုကြီးမားတဲ့ အခက်အခဲနဲ့ ဆင်းရဲဒုက္ခကို တွေ့ကြုံနေခဲ့ရတာ မဟုတ်လား။ ဒါပေမဲ့ ကျွန်မကတော့၊ ကျွန်မရဲ့ အသက်ကြီးပြီး ကျန်းမာရေးချူချာတာကို အယောင်ဆောင် ခေါင်းဆောင်နဲ့ အမှုဆောင်တွေကို မထုတ်ပယ်ရမဲ့ ဆင်ခြေတွေအနေနဲ့ သုံးနေခဲ့တယ်။ အသင်းတော်မှာ သူတို့ကို ဆက်ထားဖို့၊ အလုပ်နဲ့ ညီအစ်ကို မောင်နှမတွေရဲ့ အသက်ဝင်ရောက်မှု နှောင့်နှေးတာကို ပိုကြိုက်ခဲ့တယ်။ ကျွန်မ တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းခဲ့တာပဲ။ အမှန်တော့၊ ဘုရားက ကျွန်မရဲ့ အသက်အရွယ်နဲ့ ကျွန်မ လုပ်နိုင်တဲ့ တာဝန်တွေကို သိပြီး ကျွန်မ ပင်ပန်းတာ၊ မပင်ပန်းတာက ဘုရားလက်ထဲမှာပဲရှိတယ်။ အသင်းတော် ခေါင်းဆောင်နဲ့ အမှုဆောင်တွေထဲက တစ်ယောက်အနေနဲ့ ကျွန်မတာဝန်ကို စည်းမျဉ်းတွေအတိုင်း တစ်ချိန်လုံး ကျွန်မ ဖြည့်ဆည်းပြီး အသင်းတော်အလုပ်ကို ကာကွယ်ရမယ်။ ကျွန်မရဲ့ ကျန်းမာရေး ဘယ်လိုပဲရှိပါစေ၊ ဘုရားရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျွန်မ အမြဲ ကျိုးနွံနာခံသင့်တယ်။ ဒါကသာ ဖန်ဆင်းခံတစ်ယောက် ပိုင်ဆိုင်သင့်တဲ့ အသိစိတ်ပဲ။ ဘုရားရဲ့ ရည်ရွယ်ချက်နဲ့ သတ်မှတ်ချက်တွေကို နားလည်တဲ့အခါ၊ သမ္မာတရားကိုပဲ ကျွန်မ လက်တွေ့လုပ်ချင်တယ်၊ ကျွန်မရဲ့ဇာတိကို ဆန့်ကျင်တွန်းလှန်ပြီး ကျွန်မတာဝန်ကို ကောင်းကောင်းလုပ်ချင်တယ်။

အဲဒါပြီးတဲ့နောက်မှာ ကျွန်မ ဆက်သုံးသပ်ခဲ့တယ်။ အယောင်ဆောင် ခေါင်းဆောင်နဲ့ အမှုဆောင်တွေကို တွေ့တဲ့အခါ ကျွန်မ ဘာလို့ သူတို့ကို ဆက်သုံးပြီး၊ အမြန်မထုတ်ပယ်တာလဲ။ အဲဒါကို သေချာစဉ်းစားတော့၊ ကျွန်မမှာ မှားယွင်းတဲ့ အမြင်တစ်ခု ရှိခဲ့မှန်း တွေ့လိုက်ရတယ်။ အယောင်ဆောင် ခေါင်းဆောင်နဲ့ အမှုဆောင်တွေကို ထုတ်ပြီး၊ သူတို့အလုပ်ကို တာဝန်ယူဖို့ တခြားလူတွေကို ရွေးတာက ခက်ခဲမယ်လို့ ကျွန်မ တွေးခဲ့တယ်။ ခဏလောက် သူတို့ကို ကျွန်မ ဆက်ထားရင်၊ အနည်းဆုံးတော့ အထွေထွေ ကိစ္စတွေကို သူတို့ လုပ်နိုင်မယ်၊ အဲဒါက ဘယ်သူမှမရှိတာထက် ပိုကောင်းတယ်ပေါ့။ ဒီပြဿနာနဲ့ ဆက်စပ်တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ညီအစ်မတစ်ယောက်က ပို့တယ်။ အဲဒီအပိုဒ်ကြောင့် ကျွန်မ တော်တော်ကို ပိုရှင်းသွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အယောင်ဆောင် ခေါင်းဆောင်တစ်ဦးဖြစ်သည့် လူစားမျိုးသည် တကယ့်အလုပ်ကို မလုပ်သကဲ့သို့ တကယ့်အလုပ်ကို လုပ်နိုင်စွမ်းမရှိပေ။ ၎င်းတို့၏ အစွမ်းအစသည် ညံ့ဖျင်းသည်၊ ၎င်းတို့၏ အမြင်များနှင့် စိတ်များက ကြောင်းကျိုးမမြင်ဖြစ်သည်၊ ၎င်းတို့သည် ပြဿနာများကို ရှာတွေ့နိုင်စွမ်း မရှိကြသကဲ့သို့ လူအမျိုးမျိုးကို ရိပ်စားမိနိုင်ခြင်း မရှိကြချေ။ ထို့ကြောင့် ၎င်းတို့သည် ပါရမီရှိသော လူအမျိုးမျိုးကို အထောက်အကူပေးခြင်းနှင့် ပြုစုပျိုးထောင်ပေးခြင်းတည်းဟူသော အရေးကြီးသည့် အလုပ်ကို တာဝန်ယူနိုင်ခြင်း မရှိကြချေ။ ထိုသို့ဖြင့် ၎င်းတို့သည် အသင်းတော်၏ အလုပ်ကို ကောင်းစွာ လုပ်ရန် မဖြစ်နိုင်သကဲ့သို့ ဘုရားသခင် ရွေးချယ်ထားသော လူတို့အတွက် ၎င်းတို့၏ အသက်ဝင်ရောက်မှုတွင် အခက်အခဲများစွာ ဖြစ်စေလိမ့်မည် ဖြစ်သည်။ ဤအချက်များကို စဉ်းစားသည့်အခါ အယောင်ဆောင် ခေါင်းဆောင်များသည် အသင်းတော်ခေါင်းဆောင်များဖြစ်ရန် မသင့်တော်သည်မှာ သိသာထင်ရှားသည်။ အသင်းတော်၏ သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်ကို မလုပ်သကဲ့သို့ သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်နှင့်ဆိုင်သည့် ကြီးကြပ်ရေးမှူးများနှင့်လည်း အဆက်အသွယ်မလုပ်သည့် အခြားသော အယောင်ဆောင် ခေါင်းဆောင်များ ရှိသည်။ ထို့ကြောင့် ၎င်းတို့သည် မည်သည့်ပါရမီရှိသော ပုဂ္ဂိုလ်များက မည်သည့်အလုပ်ကို လုပ်နိုင်စွမ်း ရှိသည်ကိုဖြစ်စေ၊ မည်သူတို့က မည်သည့်အလုပ်နှင့် သင့်တော်သည်ကိုဖြစ်စေ၊ ၎င်းတို့၏ အလုပ်လုပ်ခြင်းသည် စည်းမျဉ်းများနှင့် ကိုက်ညီခြင်း ရှိသည် မရှိသည်ကိုဖြစ်စေ မသိကြချေ။ ထိုသို့ဖြင့် ၎င်းတို့သည် ပါရမီရှိသော လူတို့ကို အထောက်အကူပေးခြင်းနှင့် ပြုစုပျိုးထောင်ပေးနိုင်ခြင်း မရှိပေ။ သို့ဆိုလျှင် ထိုသို့သော လူများသည် အသင်းတော်အလုပ်ကို မည်သို့ ကောင်းစွာ လုပ်ဆောင်နိုင်ကြမည်နည်း။ အယောင်ဆောင် ခေါင်းဆောင်များက တကယ့်အလုပ်ကို မလုပ်နိုင်သည့် အဓိက အကြောင်းရင်းမှာ ၎င်းတို့၏ အစွမ်းအစ ညံ့ဖျင်းခြင်း ဖြစ်သည်။ ၎င်းတို့သည် မည်သည့်အရာကိုမျှ ထိုးထွင်းသိမြင်ခြင်း မရှိကြသကဲ့သို့ တကယ့်အလုပ်က မည်သည့်အရာဖြစ်သည်ကို မသိကြချေ။ ဤအရာက အသင်းတော်အလုပ်တွင် မကြာခဏ တန့်သွားသည့် သို့မဟုတ် တုံ့ဆိုင်းသည့် အခြေအနေများ ဖြစ်စေသည်။ ဤသည်တို့မှာ တကယ့်အလုပ်ကို လုပ်ဆောင်ရန် အယောင်ဆောင် ခေါင်းဆောင်များ၏ ပျက်ကွက်ခြင်းနှင့် တိုက်ရိုက် ဆက်စပ်သည်။ ဆိုးယုတ်သောလူများနှင့် မယုံကြည်သူများကို ဖယ်ရှားရမည်ဖြစ်ပြီး အယောင်ဆောင် ခေါင်းဆောင်များနှင့် အယောင်ဆောင် အမှုဆောင်များကို ထုတ်ပယ်ရမည်ဖြစ်ကြောင်း ဘုရားအိမ်တော်က လွန်ခဲ့သည့် နှစ်ကာလအချို့ကြာ အကြိမ်ကြိမ် အလေးပေးဖော်ပြပြီးဖြစ်သည်။ အမျိုးမျိုးသော ဆိုးယုတ်သည့် လူများနှင့် မယုံကြည်သူများကို အဘယ်ကြောင့် ဖယ်ရှားရမည်နည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကို နှစ်ချီယုံကြည်ပြီးနောက်တွင် ဤလူများသည် သမ္မာတရားကို လုံးဝ လက်မခံကြသေးသည့်အပြင် ကယ်တင်မခံရနိုင်သည့် အခြေအနေထိ ရောက်ရှိပြီးဖြစ်သောကြောင့် ဖြစ်သည်။ ပြီးလျှင် အားလုံးသော အယောင်ဆောင် ခေါင်းဆောင်များနှင့် အယောင်ဆောင် အမှုဆောင်များကို အဘယ်ကြောင့် ဖယ်ရှားရမည်နည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် တကယ့်အလုပ်ကို မလုပ်ကြသကဲ့သို့ သမ္မာတရား လိုက်စားသော သူတို့ကို မည်သည့်အခါတွင်မျှ အထောက်အကူပေးခြင်း သို့မဟုတ် ပြုစုပျိုးထောင်ပေးခြင်း မရှိသောကြောင့် ဖြစ်သည်။ ထိုအစား ၎င်းတို့သည် ရည်ရွယ်ချက်မဲ့သည့် အားထုတ်မှုများတွင်သာ ပါဝင်လုပ်ဆောင်ကြသည်။ ဤအရာက ရှိရင်းစွဲပြဿနာများ မပြေလည်ဘဲ စွဲကျန်နေစေလျက် အသင်းတော်၏ အလုပ်ကို ပရမ်းပတာအခြေအနေထဲသို့ ရောက်ရှိသွားစေပြီး တုံ့ဆိုင်းသွားစေသည့်အပြင် ဘုရားသခင် ရွေးချယ်ထားသောသူတို့၏ အသက်ဝင်ရောက်မှုကိုလည်း နှေးကွေးသွားစေသည်။ ဤအယောင်ဆောင် ခေါင်းဆောင်များနှင့် အယောင်ဆောင် အမှုဆောင်များအားလုံး ထုတ်ပယ်ခံရမည်ဆိုလျှင်၊ အသင်းတော်ကို အဖျက်အမှောင့်လုပ်သည့် ဤဆိုးယုတ်သောလူများနှင့် မယုံကြည်သူများအားလုံး ရှင်းလင်းပစ်ခြင်းခံရမည်ဆိုလျှင် အသင်းတော်အလုပ်သည် အလိုအလျောက် ချောမွေ့စွာ တိုးတက်လာမည်ဖြစ်သည်။ အသင်းတော် အသက်တာသည် အလိုအလျောက် သာ၍ ကောင်းမွန်စွာ ပိုမိုကြီးထွားမည်ဖြစ်ကာ ဘုရားသခင် ရွေးချယ်ထားသော လူတို့သည် ဘုရားနှုတ်ကပတ်တော်များကို ပုံမှန်အတိုင်း စားသောက်နိုင်မည်ဖြစ်ပြီး ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်နိုင်မည်ဖြစ်သည့်အပြင် ဘုရားသခင်ကို ယုံကြည်ခြင်းလမ်းကြောင်းမှန်ပေါ် ဝင်ရောက်နိုင်မည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် မြင်လိုသည့်အရာ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၅)) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ တွေ့ရတယ်။ အယောင်ဆောင် ခေါင်းဆောင်နဲ့ အမှုဆောင်တွေက တကယ့်အလုပ်ကို မလုပ်ဘူး၊ လုပ်လည်း မလုပ်နိုင်ဘူး။ သူတို့ကို မထားချင်ထားချင်နဲ့ ထားရင်တောင်၊ ဆုံးရှုံးမှုက အကျိုးအမြတ်ထက် ပိုများတယ်။ သူတို့က အသင်းတော်အလုပ်ကို မကာကွယ်နိုင်ရုံတင်မက၊ နှောင့်ယှက်၊ ဖျက်ဆီးတာပဲ လုပ်နိုင်တယ်။ လီယင်း ထုတ်ပယ်ခံရတာနဲ့ပတ်သက်လို့ ဒီအယောင်ဆောင် ခေါင်းဆောင်ကို ကျွန်မ ထုတ်လိုက်ရင်၊ တော်တဲ့ လူစားတစ်ယောက်ကို ရွေးတာက အချိန်ယူရမယ်၊ အဲဒါက အလုပ်ကို နှောင့်နှေးစေနိုင်မှာပဲလို့ ကျွန်မ စိုးရိမ်ခဲ့တယ်။ လောလောဆယ် သူ့ကို ဆက်ထားလိုက်ရင် အနည်းဆုံးတော့ အလုပ်ကို သူ ထောက်ကန်ပေးနိုင်မှာပဲ၊ အဲဒါက ဘယ်သူမှ ရှိမနေတာထက် ပိုကောင်းတယ်လို့ ကျွန်မတွေးခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်ရဲ့ဖော်ထုတ်မှုနဲ့ အချက်အလက်တွေက ထုတ်ဖော်ပြတဲ့အရာကြောင့်၊ နောက်ဆုံးမှာ၊ ဒီအမြင်က မှားရုံတင်မက၊ အဓိပ္ပာယ်မရှိဘူး၊ မှားယွင်းပြီး သမ္မာတရားနဲ့ လုံးဝ မကိုက်ညီဘူးဆိုတာကို ကျွန်မ တွေ့ခဲ့ရတယ်။ အယောင်ဆောင် ခေါင်းဆောင်နဲ့ အမှုဆောင်တွေကို တွေ့တာနဲ့ ချက်ချင်း ထုတ်သင့်ပြီးတော့ အလုပ်ကို တာဝန်ယူဖို့ သင့်တော်နဲ့ အစားထိုးလူတစ်ယောက်ကို ဖြစ်နိုင်သမျှ မြန်မြန် ရွေးသင့်တယ်။ လူစားတစ်ယောက်ကို ချက်ချင်း မရွေးနိုင်ရင်တောင်၊ တစ်ယောက်ယောက်ကို ပျိုးထောင်ပေးတာက အယောင်ဆောင် ခေါင်းဆောင်ကို ထိန်းထားတာထက် အများကြီးပိုကောင်းတယ်။ ဒါက အသင်းတော် အလုပ်ကို ကာကွယ်တာပဲ။ ဒါကို အရင်က ကျွန်မ ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ဘူး။ အဲဒီအယောင်ဆောင် ခေါင်းဆောင်တွေကို ထိန်းထားတာက အလုပ်တချို့ကို မျှလုပ်ပြီး နည်းနည်း သက်သောင့်သက်သာဖြစ်မယ်လို့ ကျွန်မ တွေးခဲ့တယ်။ အခုတော့ အဲဒီလိုလုပ်တာက ကျွန်မကို ဒုက္ခမသက်သာစေရုံမက၊ သူတို့အလုပ်မှာ လွဲနေတာတွေ၊ အပြစ်အနာအဆာတွေ အများကြီး အမြဲတမ်းရှိနေတဲ့အတွက် ကျွန်မကို အရင်ထက် ပိုပင်ပန်းပြီး အလုပ်များစေတာကို တွေ့ရတယ်။ နောက်ဆုံးမှာ ကိုင်တွယ်ရမဲ့ ပြဿနာအများကြီးရှိနေတုန်းပဲ။ သူတို့ အစားထိုးခံရမှပဲ အသင်းတော် အလုပ်က တဖြည်းဖြည်း တိုးတက်သွားခဲ့တာပဲ။ ပြီးတော့ ခေါင်းဆောင်တွေအတွက် ကျွန်မရဲ့ သတ်မှတ်ချက်နဲ့ စံနှုန်းတွေက အရမ်းမြင့်ခဲ့တယ်။ ခေါင်းဆောင်တွေက အရွေးခံရတာနဲ့ တစ်ပြိုင်နက်အလုပ်လုပ်နိုင်သင့်တယ်လို့ ကျွန်မ တွေးခဲ့တယ်။ ဒါကြောင့် သင့်တော်တဲ့သူတွေ ရှိတယ်လို့ လုံးဝ မခံစားမိခဲ့ဘဲ အဲဒီအယောင်ဆောင် ခေါင်းဆောင်တွေကို အစားထိုးတာကို ရွှေ့ဆိုင်းခဲ့တယ်။ ဒါပေမဲ့ တကယ်တော့ လူတစ်ယောက်က သမ္မာတရားကို လိုက်စားသရွေ့၊ မှန်ကန်တဲ့ ရည်ရွယ်ချက်ရှိသရွေ့၊ သင့်တော်တဲ့ လူတစ်ယောက်ဖြစ်ပြီး၊ လုံလောက်တဲ့ အစွမ်းအစရှိသရွေ့၊ ပျိုးထောင်ပေးလို့ရပါတယ်။ ဘုရားကို သူတို့ ယုံကြည်တာ မကြာသေးရင်၊ ဒါမှမဟုတ် အရင်က ခေါင်းဆောင်၊ အမှုဆောင် မဖြစ်ခဲ့ရင်လည်း ကိစ္စမရှိဘူး။ ဘာလို့လဲဆိုရင် ဒီလူစားမျိုးက သမ္မာတရားကို လိုက်စားတဲ့အတွက် သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကို လွယ်လွယ် ရနိုင်ပြီး၊ သူတို့တာဝန်တွေမှာ ဆက်တိုးတက်နိုင်လို့ပဲ။ ဒီအရာတွေကို သဘောပေါက်သွားတဲ့အခါ၊ “အယောင်ဆောင် ခေါင်းဆောင်တစ်ဦးသည် ခေါင်းဆောင်မရှိခြင်းထက် ပိုကောင်းသည်”ဆိုတဲ့ ကျွန်မရဲ့ မှားတဲ့အမြင်က လုံးဝ ပြုပြင်တာခံရလိုက်ရတယ်။

နောက်ပိုင်းမှာ၊ အသင်းတော်တစ်ခုရဲ့ ညီအစ်ကို မောင်နှမတွေက လျူလီလို့ခေါ်တဲ့ ခေါင်းဆောင်တစ်ယောက်ဟာ တကယ့် အလုပ်မလုပ်သလို၊ အယောင်ဆောင် ခေါင်းဆောင်ဖြစ်တယ်လို့ တိုင်ကြတယ်။ အဲဒါကို ကျွန်မကို စစ်ဆေးစေချင်ကြပြီး အမြန်ဆုံး သူ့ကို ထုတ်စေချင်ကြတယ်။ ကျွန်မဘာသာ တွေးမိတယ်။ “ဒီအသင်းတော်က သင်းထောက်နဲ့ ခေါင်းဆောင်တွေ နည်းနေပြီး တခြားတစ်ယောက်ယောက်ကို ငါ ထုတ်ဖို့လိုတယ်လား။ ပိုများတဲ့ လူတွေကို ရွေးဖို့ ငါ စိုးရိမ်ရမှာ မဟုတ်လား။ ပြီးတော့ တခြားအသင်းတော်ကလည်း ခေါင်းဆောင်တစ်ယောက် လိုသေးတယ်။ အဲဒါကိုယ်၌က အလုပ်များနေပြီ။ လျူလီကို ငါ ထုတ်လိုက်ရင်၊ ငါ့ရဲ့ အလုပ်ပမာဏ တိုးသွားမှာ မဟုတ်လား”လို့ပေါ့။ ကျွန်မရဲ့ ဇာတိကို ကျွန်မ ထပ်စဉ်းစားချင်ခဲ့ပေမဲ့၊ နောက်တော့ ကျွန်မအခြေအနေ မမှန်မှန်း သဘောပေါက်လိုက်တယ်။ ဘုရားဆီ ကျွန်မ အမြန် ဆုတောင်းလိုက်တယ်။ “အို အနန္တတန်ခိုးရှင် ဘုရားသခင်။ ခေါင်းဆောင်တစ်ယောက်ကို ကျွန်မ ထုတ်ရမဲ့အချိန်တိုင်းမှာ၊ ကျွန်မရဲ့ဇာတိပကတိကို စဉ်းစားမိပါတယ်။ ကိုယ်တော်ရဲ့ ရည်ရွယ်ချက်ကို ကျွန်မ မစဉ်းစားနိုင်ဘူး၊ အသင်းတော် အလုပ်ကို မကာကွယ်နိုင်ပါဘူး။ ဘုရားသခင်၊ ကျွန်မရဲ့ ဇာတိပကတိကို ဆန့်ကျင်တွန်းလှန်ဖို့၊ သမ္မာတရားကို လက်တွေ့လုပ်ပြီး ကိုယ်တော့်ကို စိတ်ကျေနပ်စေဖို့ ကျွန်မကို ခွန်အားပေးပါ”လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာ ဒီလိုပြောတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို သတိရမိတယ်။ “မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေသည့်သူများ အားလုံးအတွက်မူ၊ သမ္မာတရားကို ၎င်းတို့၏နားလည်ခြင်းသည် မည်မျှ နက်နဲပါစေ၊ သို့မဟုတ် မည်မျှပေါ့တန်ပါစေ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းအား အရိုးရှင်းဆုံး လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းမှာ အရာအားလုံး၌ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို တွေးဖို့ရန်နှင့် မိမိ၏တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများ၊ ကိုယ်ပိုင် ရည်ရွယ်ချက်များ၊ ကြံရွယ်ချက်များ၊ မာနနှင့် ဂုဏ်အဆင့်အတန်းတို့ကို လက်လွှတ်ဖို့ ဖြစ်သည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ဦးစားပေးလော့။ ဤသည်မှာ အနည်းဆုံး လုပ်ဆောင်သင့်သည့် အရာဖြစ်၏။ တာဝန်ကို ဆောင်ရွက်နေသည့် လူတစ်ဦးသည် ဤမျှလောက်ပင် မလုပ်ဆောင်နိုင်လျှင် မိမိ၏ တာဝန်ကို လုပ်ဆောင်နေပါသည်ဟု ၎င်းကို အဘယ်သို့ ပြောနိုင်မည်နည်း။ ယင်းမှာ မိမိ၏ တာဝန်ကို လုပ်ဆောင်နေခြင်း မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား စွန့်ပစ်ခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေကြောင့် ကျွန်မနားလည်သွားတာက ကျွန်မရဲ့ ကိုယ်ကျိုးစီးပွားတွေက အသင်းတော်အလုပ်နဲ့ ဆန့်ကျင်ကွဲလွဲတဲ့အခါ၊ ကျွန်မရဲ့ ကိုယ်ကျိုးစီးပွားတွေကို ဘေးဖယ်ထားပြီး အသင်းတော်အလုပ်ကို ဦးစားပေးသင့်တယ်။ ဘုရားရဲ့ ရည်ရွယ်ချက်ကို အရင်ဆုံး ကျွန်မ စဉ်းစားပြီး အယောင်ဆောင် ခေါင်းဆောင်တွေကို ချက်ချင်း ထုတ်သင့်တယ်။ ဒါကသာ ဘုရားရဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီတယ်။ ဒါကြောင့် လျူလီကို မိတ်သဟာယပြုခြင်းနဲ့ ကျွန်မ စတယ်။ တကယ့်အလုပ်ကို သူ မလုပ်ရခြင်းရဲ့ အနှစ်သာရနဲ့ ဆိုးရွားတဲ့ အကျိုးဆက်တွေကို ဖော်ထုတ်ပြီး စိစစ်တယ်။ ဒါပေမဲ့ ခဏကြာပြီးတဲ့နောက်မှာ၊ သူ လုံးဝ မပြောင်းလဲသေးတာကို ကျွန်မ တွေ့ရလို့ စည်းမျဉ်းတွေအတိုင်း သူ့ကို ကျွန်မ ထုတ်လိုက်တယ်။ တခြားလူတွေကိုလည်း ကျွန်မ မိတ်သဟာယပြုပြီး ကျွန်မတို့ ခေါင်းဆောင်သစ်ရွေးခဲ့တယ်။ ဘုရားရဲ့ သတ်မှတ်ချက်တွေနဲ့အညီ ကျွန်မ ပြုမူဆောာင်ရွက်တဲ့အခါ၊ ကျွန်မ ပင်ပန်းတယ်လို့ မခံစားရုံမက၊ အဲဒီအစား စိတ်အေးလက်အေးဖြစ်ပြီး အေးချမ်းသွားတယ်။ ဒီလိုနည်းနဲ့ တိုးတက်ပြီး ဝင်ရောက်နိုင်တာက ဘုရားနှုတ်ကပတ်တော်တွေရဲ့ လမ်းပြမှုသက်သက်ကြောင့်ပါ။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

“ကျွမ်းကျင်သူ” မဖြစ်တော့ခြင်းက လွန်စွာ လွတ်မြောက်မှုရသည်

ကျန်းဝေ တရုတ်နိုင်ငံ အစ်မ အရင်က သွားနဲ့မေးရိုးဆိုင်ရာလက်ထောက် အကြီးအကဲအဖြစ် ဆေးရုံတစ်ခုမှာ အလုပ်လုပ်ဖူး တယ်။ ဒီအပေါ်မှာ ဆယ်စုနှစ်...

ဤသို့ အစေခံခြင်းမျိုးသည်အမှန်တကယ်စက်ဆုပ်ဖွယ် ဖြစ်သည်

ရှန်ဒေါင်းနယ်မြေမှ၊ ဒင်းနင်းရေးသားသည် လွန်ခဲ့သောရက်အနည်းငယ်ကကျွန်မအလုပ်ချိန်ကို အပြောင်းအလဲတစ်ခုလုပ်ဖို့ အသင်းတော် ခေါင်းဆောင်...

သူတော်ကောင်းယောင်ဆောင်ခြင်းနှင့်ဆိုင်သော ဝန်ထုပ်

ဆုဝမ် တရုတ်နိုင်ငံ ၂၀၂၀ ခုနှစ် ဩဂုတ်လမှာ၊ အဆင့်အတန်းကို လိုက်စားပြီး အိုးနင်းခွက်နင်း လုပ်နေလို့ ခေါင်းဆောင်မှု တာဝန်ကနေ ကျွန်မ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။