သမ္မာတရားကို ကျွန်မ ဘာကြောင့် လက်တွေ့မလုပ်နိုင်တာလဲ
ကျွန်မ ခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့တုန်းက ကျွန်မတာဝန်ယူရတဲ့ အသင်းတော်ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ယန်လီက တကယ့်အလုပ်ကို ဘာတစ်ခုမှ မလုပ်ဘူးဆိုပြီး ညီအစ်ကိုမောင်နှမတချို့က တိုင်ကြတယ်။ တကယ်စုံစမ်းစစ်ဆေးကြည့်တော့ ယန်လီက အထွေထွေအရေးကိစ္စအလုပ်တွေကို လုပ်ရင်း တစ်နေကုန်နေတော့ အသင်းတော်ခေါင်းဆောင်တစ်ယောက်ရဲ့ အလုပ်တစ်ခုကိုမှ လုပ်ဖို့ အချိန်ရှိမနေတာကို ကျွန်မ သိလိုက်ရတယ်။ အဖွဲ့လိုက်စုဝေးပွဲတစ်ခုကို သူသွားတဲ့အခါတိုင်းမှာ သူက အလုပ်ရှုပ်တယ်လို့ အမြဲတမ်းပြောတယ်။ ပြီးတော့ လိုအပ်တဲ့ အစီအစဉ်တွေ လုပ်ပြီးတဲ့အခါ သူက အမြဲတမ်း ခပ်သုတ်သုတ် ပြန်သွားတယ်။ စုဝေးပွဲတွေမှာ ညီအစ်ကိုမောင်နှမတွေနဲ့ လုံးဝ မိတ်သဟာယမဖွဲ့သလောက်နီးပါးဖြစ်ပြီး သူတို့ရဲ့တာဝန်တွေတစ်လျှောက်မှာ သူတို့ရင်ဆိုင်ရတဲ့ ပြဿနာတွေ၊ အခက်အခဲတွေကိုလည်း သူက တကယ်တမ်း နားမလည်ဘူး၊ ဖြေရှင်းမပေးဘူး။ သင်းထောက်တချို့ကလည်း တိုင်တယ်။ ယန်လီက သူတို့နဲ့ နှစ်လ၊ သုံးလမှာတစ်ခါပဲ တွေ့တယ်တဲ့။ ညီအစ်ကိုမောင်နှမတွေရဲ့ ပြဿနာတွေ၊ အခက်အခဲတွေက အချိန်မီ ပြေလည်မသွားဘူး။ သူတို့တာဝန်တွေမှာ သူတို့က အပျက်သဘောဆောင်ပြီး မတက်မကြွဖြစ်လာတယ်။ သူတို့အသက်ဝင်ရောက်မှုကလည်း နှောင့်နှေးနေတယ်။ နောက်ပြီးတော့ ညီအစ်ကိုမောင်နှမတချို့က တာဝန်သိစိတ်မရှိဘဲ သူတို့တာဝန်တွေမှာ ဆက်တိုက် ဖြစ်သလိုလုပ်တယ်။ ယန်လီက သူတို့နဲ့ မိတ်သဟာယမဖွဲ့ဘူး။ သူတို့ကို မကူညီဘူး။ သင့်တော်တဲ့အချိန်မှာ မထုတ်ဘူး။ မကောင်းတဲ့လူတစ်ယောက်က အသင်းတော်အသက်တာကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်နေပေမဲ့ ယန်လီက သင့်တင့်တဲ့အချိန်ကာလအတွင်းမှာ အသင်းတော်ကနေ သူ့ကို မဖယ်ရှားဘူး။ ယန်လီက တကယ့်အလုပ်ကို မလုပ်တော့ အသင်းတော်အသက်တာက အဖျက်အမှောင့်လုပ်တာခံရတယ်။ လုပ်ငန်းတာဝန်အမျိုးမျိုးက ရလဒ်ရဖို့ မတတ်နိုင်ဘဲ ကိစ္စတွေက တန့်သွားတဲ့ အခြေအနေကို ရောက်သွားတယ်။ ကျွန်မက ယန်လီနဲ့ မိတ်သဟာယဖွဲ့ပြီး သူ့ပြဿနာတွေကို ဖော်ထုတ်တော့ သူက ကျွန်မပြောတာကို လက်ခံဖို့ ငြင်းဆန်ရုံမကဘဲ ပြန်တောင်ငြင်းခုံပြီး သူ့ကိုယ်သူ မှန်ကြောင်းပြဖို့ ကြိုးစားတယ်။ အသင်းတော်အလုပ်က ရလဒ်မရတာကို သူနဲ့တွဲလုပ်ရတဲ့ ညီအစ်မအပေါ် အပြစ်တင်ဖို့ ကြိုးစားတယ်။ ယန်လီရဲ့ အပြုအမူကို အခြေခံကြည့်ရင်၊ ပြီးတော့ သူက သမ္မာတရားကို လက်ခံဖို့၊ နောင်တရဖို့ လုံးဝ ငြင်းဆန်တာကို ကြည့်ရင် သူက တကယ့်အလုပ်ကို မလုပ်တဲ့ အယောင်ဆောင်ခေါင်းဆောင်တစ်ယောက်၊ ချက်ချင်းထုတ်ပစ်သင့်တဲ့သူတစ်ယောက်လို့ ကျွန်မ ယူဆမိတယ်။ ဒါပေမဲ့ ကျွန်မ တွန့်ဆုတ်နေခဲ့တယ်။ ညီအစ်ကိုမောင်နှမတချို့က ယန်လီအကြောင်းကို ရှင်းရှင်းလင်းလင်း မသိဘဲနဲ့ သူက အစွမ်းအစနဲ့ ဆုကျေးဇူးတချို့ရှိတယ်လို့ ခံစားမိကြတယ်။ သူက ဖြတ်ထိုးဉာဏ်ရှိတယ်၊ စုဝေးပွဲတွေမှာ မိတ်သဟာယဖွဲ့တာတော်တယ်ဆိုပြီး သူတို့က ပြောကြတယ်။ သူ့တာဝန်ကို လုပ်ဖို့ တစ်နေ့တစ်နေ့ကို နာရီပေါင်းများစွာ အလုပ်လုပ်ပြီး တကယ်ကို တာဝန်သိစိတ်ရှိတယ်လို့ ပြောကြတယ်။ သူတို့က သူ့ကို ကိုးကွယ်ပြီး ခုခံကာကွယ်ပေးကြတယ်။ လူတိုင်းက သူ့ကို အတော်အထင်ကြီးနေတဲ့ပုံစံရှိတော့ ကျွန်မက ရောက်လာတာနဲ့တစ်ပြိုင်နက် သူ့ကို ထုတ်လိုက်ရင် ကျွန်မက မာနထောင်လွှားတယ်လို့ ထင်မှာမဟုတ်ဘူးလားလို့ တွေးမိတယ်။ ကျွန်မက သူ့ကို နောင်တရဖို့ အခွင့်အရေးပေးဖို့ ငြင်းဆန်တယ်လို့ သူတို့ထင်မှာလား၊ လူတကာအပေါ် ခုမှရခါစ အာဏာသုံးပြီး ကိုယ့်ဂုဏ်သိက္ခာ တည်မြဲဖို့အတွက် ရဲတင်းတဲ့ ပြောင်းလဲမှုတွေလုပ်ဖို့ကိုပဲ စိတ်အားထက်သန်နေတာလို့ သူတို့ ထင်များထင်ကြမလားပေါ့။ ကျွန်မ ကိုယ့်ဘာသာ စဉ်းစားတယ်။ “ညီအစ်ကိုမောင်နှမတွေက ယန်လီအပေါ် သူတို့ရဲ့ ကိုယ်ပိုင်အကဲဖြတ်ချက်တွေကို အရင်ဆုံးရေးသင့်တယ် ထင်တယ်။ ဒါဆိုရင် သူ့ကို ထုတ်ရမလား၊ မထုတ်ရဘူးလားဆိုတာကို ငါ ချင့်ချိန်နိုင်တယ်” ပေါ့။ ဒါပေမဲ့ ညီအစ်ကိုမောင်နှမတွေက သူ့အကြောင်းကို ရှင်းရှင်းလင်းလင်းမသိကြဘူး။ ပြီးတော့ သူတို့ အကဲဖြတ်ချက်တွေက ကိုးကားရလောက်အောင် တန်ဖိုးသိပ်မရှိဘူး။ ဒီအချိန်မှာက စီစီပီရဲ့ ဖိနှိပ်တာတွေက တော်တော်ဆိုးပြီး သူ့ကို မိတ်သဟာယဖွဲ့ပြီး သူ့အကြောင်း ရှင်းရှင်းလင်းလင်းသိအောင်လို့ ညီအစ်ကိုမောင်နှမတွေနဲ့ စုဝေးဖို့က မဖြစ်နိုင်ဘူး။ သူ့ကို မထုတ်ခင်မှာ သူတို့နဲ့ မိတ်သဟာယဖွဲ့နိုင်တဲ့အထိ ကျွန်မစောင့်ခဲ့ရင် အသင်းတော်အလုပ်က ဘယ်လောက်ကြာတဲ့အထိနှောင့်နှေးသွားမယ်ဆိုတာ မသိနိုင်ဘူး။ ကျွန်မ တွေးမိတယ်။ “သူ့ကို အရင်ထုတ်တာ ကောင်းမယ်။ ပြီးတော့ နောက်မှ ညီအစ်ကိုမောင်နှမတွေနဲ့အတူ သူ့အပြုအမူကို မိတ်သဟာယဖွဲ့ပြီး သူ့အကြောင်း ရှင်းရှင်းလင်းလင်း သိအောင်လုပ်မယ်” ပေါ့။ ဒါပေမဲ့ ကျွန်မက စိုးရိမ်နေတုန်းပဲ။ “သူ့ကို မထုတ်ခင်မှာ ညီအစ်ကိုမောင်နှမတွေကို အကဲဖြတ်ချက်တစ်ခုရေးဖို့ အခွင့်အရေးမပေးရင် သူတို့ကို စည်းရုံးဖို့ ဖြစ်တောင် ဖြစ်နိုင်ပါ့မလား။ နောက်ထပ် ရွေးချယ်စရာတစ်ခုရှိတယ်။ ယန်လီရဲ့ အခြေအနေကို တိုင်ဖို့ ခေါင်းဆောင်တစ်ယောက်ဆီကို ငါစာရေးလို့ရတယ်။ ခေါင်းဆောင်က သဘောတူရင် ငါ သူ့ကို ထုတ်လိုက်မယ်။ ဒါဆိုရင် ညီအစ်ကိုမောင်နှမတွေက လက်မခံနိုင်ရင်တောင် ငါက ဒီဆုံးဖြတ်ချက်အတွက် တစ်ယောက်တည်းတာဝန်ယူရမှာမဟုတ်ဘူး။ ဒီနည်းလမ်းကို ဆုံးဖြတ်တာက ငါချည်းပဲ မဟုတ်ဘူးဆိုတာ လူတိုင်းသိမှာပဲ။ ဒီတော့ သူတို့က ငါ့အကြောင်းကို အရမ်းအပျက်သဘောဆောင်တာတွေ ပြောမှာမဟုတ်ဘူး” လို့ တွေးမိတယ်။ ခေါင်းထဲမှာ ဒီအတွေးတွေပဲ ထပ်ချည်းတလဲလဲ တွေးပြီး နောက်ဆုံးတော့ နောက်နေ့ကျရင် ခေါင်းဆောင်ဆီကို စာရေးဖို့ ကျွန်မဆုံးဖြတ်လိုက်တယ်။
နောက်နေ့မနက်မှာ ယန်လီရဲ့ အခြေအနေကို ကျွန်မရဲ့ တွဲဖက်ညီအစ်မကို ပြောပြလိုက်တယ်။ ယန်လီက ဖြစ်နိုင်သမျှအမြန်ဆုံး ထုတ်သင့်တဲ့ အယောင်ဆောင်ခေါင်းဆောင်တစ်ယောက်ဖြစ်တယ်လို့ သူကလည်း ယုံကြည်တယ်။ သူက ခေါင်းဆောင်ကို အသိပေးဖို့ စာရေးရင်းနဲ့ ယန်လီကို ထုတ်ဖို့ အကြံပေးတယ်။ ဒါကလည်း သင့်တော်တဲ့နည်းလမ်းပဲလို့ ကျွန်မ တွေးမိတယ်။ ဒါပေမဲ့ ကျွန်မ ဒါကို အကောင်အထည်ဖော်ဖို့လုပ်တော့ နောက်တစ်ခါ တွန့်ဆုတ်သွားပြီး “ဒါတွေအားလုံးက ယန်လီရဲ့ အပြုအမူကို ငါမြင်တဲ့အပေါ်မှာ အခြေခံတာသက်သက်ပဲ။ ညီအစ်ကိုမောင်နှမတွေရဲ့ အကဲဖြတ်ချက်မပါဘဲနဲ့ လူတိုင်းက သူ့ကိုထုတ်ဖို့ တကယ်သဘောတူပါ့မလား။ အချိန်ကျလာတဲ့အခါမှာ သူတို့က ယန်လီရဲ့ ကိုယ်စား ကန့်ကွက်ကြမှာလား။ ငါက မာနထောင်လွှားတယ်၊ လူတွေကို မျှမျှတတ မဆက်ဆံနိုင်ဘူးလို့ ပြောမှာလား။ ညီအစ်ကိုမောင်နှမတွေက ငါ့ဆုံးဖြတ်ချက်ကို လက်မခံဘဲ ဒီဟာကြောင့် ငါ့ကို တိုင်ရင် ငါက တကယ်ကို မျက်နှာပျက်ရမှာပဲ” ဆိုပြီး တွေးမိတယ်။ ကျွန်မ တွေးလေလေ၊ စိတ်ရှုပ်ထွေးလေလေပဲ။ ကျွန်မအစ်မက ကျွန်မမျက်နှာမှာ စိတ်မအေးတဲ့ပုံစံဖြစ်နေတာကို မြင်ပြီး မေးတယ်။ “တခြားညီအစ်ကိုမောင်နှမတွေနဲ့ပတ်သက်ပြီး စိုးရိမ်နေတာလား။ သူတို့ အကဲဖြတ်ချက်မပါဘဲနဲ့ ယန်လီကို ထုတ်ရင် သူတို့ လက်မခံမှာကို စိုးရိမ်တာလား။ ငါတို့က အသင်းတော်အလုပ်ကို ကာကွယ်ဖို့ စည်းမျဉ်းတွေနဲ့အညီ အယောင်ဆောင်ခေါင်းဆောင်တွေကို ထုတ်တာလေ။ ဘာလို့ ဒါကို အရမ်းစိတ်ပူနေရတာလဲ” တဲ့။ သူပြောတာကို ကြားတော့ ကျွန်မ စပြီး ပြန်သုံးသပ်ကြည့်တယ်။ “မှန်တယ်။ အသင်းတော်အလုပ် နှောင့်နှေးတာ မဖြစ်ရအောင်လို့ ထိန်းမနိုင်သိမ်းမရတဲ့၊ တကယ့်အလုပ်တစ်ခုတလေကို လုပ်ဖို့ ပျက်ကွက်တဲ့ ခေါင်းဆောင်တွေ၊ အမှုဆောင်တွေကို ထုတ်ဖို့ ဘုရားအိမ်တော်က ငါတို့ကို အသေအချာ တောင်းဆိုထားတယ်။ ယန်လီက အယောင်ဆောင်ခေါင်းဆောင်ဖြစ်တယ်ဆိုတာ ငါမြင်ပြီးပြီ။ ဒါပေမဲ့ သူ့ကို မထုတ်ခင်မှာ ညီအစ်ကိုမောင်နှမတွေရဲ့ သဘောတူညီချက်ကို ငါဆက်ပြီး လိုချင်နေခဲ့တယ်။ ဒါ ဘာကြောင့်လဲ” ပေါ့။ ဒီအခြေအနေက မမှန်ဘူးဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ အဲဒါနဲ့ ကျွန်မ အစ်မနဲ့အတူ ဒီပြဿနာကို ဖြေရှင်းဖို့ ကြိုးစားခဲ့တယ်။ ပြီးတော့ အခုလိုပြောထားတဲ့ ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ်ကို ကျွန်မတို့တွေ့တယ်။ “ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့် သင်တို့သည် တာဝန်များ ထမ်းဆောင်ခြင်းတွင် ပေါ်ပေါက်လာသည့် ပြဿနာများကို လျစ်လျူရှုကာ တာဝန်ကို ခေါင်းရှောင်ရန် အမျိုးစုံသော မူမမှန်သည့် အကြောင်းပြချက်များနှင့် ဆင်ခြေများကို ရှာခြင်းပင်ပြုပြီး သင်တို့ဖြေရှင်နိုင်စွမ်းရှိသည့် ပြဿနာအချို့ကို မဖြေရှင်းဘဲ သင်တို့ဖြေရှင်းနိုင်စွမ်းမရှိသည့် ပြဿနာများသည် သင်တို့နှင့်မည်သို့မျှ မသက်ဆိုင်သည့်အလား ယင်းတို့ကို အထက်သို့ အစီရင်မခံပါက ဤသည်မှာ တာဝန်ကို တမင်ပျက်ကွက်ခြင်း မဟုတ်လော။ အသင်းတော်၏ အလုပ်ကို ဤသို့ သဘောထားခြင်းသည် လိမ္မာပါးနပ်သော လုပ်ဆောင်ချက်တစ်ခုဖြစ်သလော သို့မဟုတ် မိုက်မဲသော လုပ်ဆောင်ချက်တစ်ခု ဖြစ်သလော။ (ယင်းမှာ မိုက်မဲသော လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါသည်။) ထိုသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် စိတ်မချရဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် တာဝန်သိစိတ်တစ်ခုတလေ ကင်းမဲ့သည် မဟုတ်လော။ ၎င်းတို့က ပြဿနာများကို ကြုံတွေ့သည့်အခါတွင် ယင်းတို့ကို လျစ်လျူရှုကြသည်။ ၎င်းတို့သည် မသိတတ်သော လူများဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် စဉ်းလဲသောလူများ ဖြစ်သည် မဟုတ်လော။ စဉ်းလဲသောလူများသည် အမိုက်မဲဆုံးသော လူများဖြစ်ကြသည်။ သင်သည် ရိုးသားသောလူတစ်ဦး ဖြစ်ရမည်။ ပြဿနာများကို ရင်ဆိုင်ရသောအခါတွင် သင်သည် တာဝန်သိစိတ် ရှိရမည်ဖြစ်ပြီး ယင်းတို့ကို ဖြေရှင်းရန် တတ်နိုင်သမျှ နည်းမျိုးစုံဖြင့် ကြိုးစားရမည် ဖြစ်သည့်အပြင် သမ္မာတရားကို ရှာဖွေရမည်။ သင်သည် စဉ်းလဲသောသူတစ်ဦး လုံးဝ မဖြစ်ရ။ သင်သည် တာဝန်ကို ခေါင်းရှောင်ဖို့သာ စိတ်ဝင်စားပြီး ပြဿနာများ ပေါ်ပေါက်လာသောအခါတွင် ပြဿနာများကို တာဝန်မယူပါက သင်သည် ဘုရားအိမ်တော်တွင် မဆိုထားနှင့် ဘာသာတရားမရှိသူများအကြားတွင်ပင် ဤအပြုအမူအတွက် ပြစ်တင်ရှုတ်ချခြင်း ခံရမည်ဖြစ်သည်။ ဤအပြုအမူသည် ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်းနှင့် ကျိန်ဆဲခြင်းတို့ကို ဧကန်မုချ ခံရမည်ဖြစ်ပြီး ဘုရားသခင် ရွေးချယ်ထားသောလူများ၏ ရွံရှာစက်ဆုပ်ခြင်းနှင့် ငြင်းပယ်ခြင်းကို ခံရသည်။ ဘုရားသခင်သည် ရိုးသားသောလူများကို နှစ်သက်ပြီး လှည့်ဖြားတတ်ပြီး စိတ်မချရသည့်လူများကို ရွံရှာစက်ဆုပ်သည်။ သင်သည် စဉ်းလဲသူတစ်ဦးဖြစ်ပြီး စိတ်မချရသည့်ပုံစံဖြင့် ပြုမူဆောင်ရွက်ပါက ဘုရားသခင်သည် သင့်အား ရွံရှာစက်ဆုပ်မည် မဟုတ်လော။ ဘုရားအိမ်တော်သည် သင့်ကို အလွယ်လေး သက်ညှာလိုက်မည်လော။ အနှေးနှင့်အမြန်ဆိုသလို သင်သည် တာဝန်ခံရမည်။ ဘုရားသခင်သည် ရိုးသားသောလူများကို နှစ်သက်ပြီး စဉ်းလဲသောလူများကို မနှစ်သက်ချေ။ ဤသည်ကို လူတိုင်းက ရှင်းလင်းစွာ နားလည်သင့်ပြီး နားဝေတိမ်တောင်ဖြစ်ကာ မိုက်မဲသောအရာများကို လုပ်ဆောင်ခြင်းမှ ရပ်တန့်သင့်သည်။ ခဏတာ မသိနားမလည်ခြင်းက ခွင့်လွှတ်နိုင်လောက်သော်လည်း လူတစ်ဦးသည် သမ္မာတရားကို လုံးဝ လက်ခံခြင်း မရှိပါက ၎င်းသည် အလွန်ပင် တစ်ယူသန်ဖြစ်လေသည်။ ရိုးသားသောလူများသည် တာဝန်ယူနိုင်ကြသည်။ ၎င်းတို့သည် မိမိတို့၏ တစ်ကိုယ်ရေ အကျိုးအမြတ်များနှင့် ဆုံးရှုံးမှုများကို အလေးမထားပေ။ ဘုရားအိမ်တော်၏ အလုပ်နှင့် အကျိုးစီးပွားတို့ကိုသာ ၎င်းတို့ ကာကွယ်ကြ၏။ ၎င်းတို့သည် အောက်ခြေကို တစ်ချက်ကြည့်ရုံဖြင့် မြင်နိုင်သည့် ကြည်လင်သောရေခွက်တစ်ခွက်ကဲ့သို့ ကြင်နာပြီး ရိုးသားသော စိတ်နှလုံးများရှိသည်။ ၎င်းတို့၏ လုပ်ရပ်များတွင်လည်း ပွင့်လင်းမြင်သာမှု ရှိလေသည်။ လှည့်ဖြားတတ်သော လူတစ်ဦးသည် အစဉ်သဖြင့် စိတ်မချရသည့်ပုံစံဖြင့် ပြုမူဆောင်ရွက်ကာ ဟန်ဆောင်မှုတွင် အစဉ်သဖြင့် ပါဝင်ဆောင်ရွက်၍ အမှုအရာများကို ဖုံးဖိကာ ကွယ်ဝှက်ပြီး မိမိကိုယ်ကို အလွန်ပင် တင်းတင်းကျပ်ကျပ် သိုသိပ်ထားသည်။ မည်သူမျှ ဤလူစားမျိုးကို မရိပ်စားမိနိုင်ကြပေ။ လူများသည် ၎င်း၏ အတွင်းကျကျ အတွေးများကို ရိပ်စားမိနိုင်ခြင်း မရှိကြသော်လည်း ဘုရားသခင်က ၎င်း၏ အတွင်းကျကျ စိတ်နှလုံးကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနိုင်သည်။ ၎င်းသည် ရိုးသားသောလူတစ်ဦး မဟုတ်ကြောင်း၊ စိတ်မချရသောအရာတစ်ခုဖြစ်ကြောင်း၊ ၎င်းသည် သမ္မာတရားကို မည်သည့်အခါမျှ လက်မခံကြောင်း၊ သူ့ကို ဆန့်ကျင်လှည့်စားရာတွင် အစဉ်သဖြင့် ပါဝင်ဆောင်ရွက်ကြောင်းနှင့် ၎င်း၏ စိတ်နှလုံးကို သူ့အား မည်သည့်အခါမျှ လွှဲပြောင်းမပေးကြောင်းတို့ကို ဘုရားသခင် မြင်သည့်အခါတွင် သူသည် ၎င်းကို မနှစ်သက်ဘဲ ၎င်းကို ရွံရှာစက်ဆုပ်ကာ စွန့်ပစ်လေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၈)) “သင်တို့အားလုံးက ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို အရေးထားကာ၊ အသင်းတော်၏ သက်သေခံချက်ကို ကာကွယ်ပြောဆိုမည်ဟု ပြောကြသော်လည်း၊ သင်တို့ထဲမှ မည်သူသည် ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို အမှန်တကယ် အရေးထားခဲ့ကြပြီနည်း။ သင့်ကိုယ်သင် မေးလော့။ သင်သည် ဘုရားသခင်၏ ဝန်ထုပ် ဝန်ပိုးကို ထည့်သွင်းစဉ်းစားမှု ပြသပြီးသော သူတစ်စုံတစ်ဦးလော။ ဘုရားသခင်အတွက် ဖြောင့်မတ်ခြင်းတရားကို သင်လက်တွေ့ လုပ်ဆောင်နိုင်သလော။ ငါ့အတွက် သင်ထရပ်ကာ ပြောဆိုနိုင်သလော။ သင်သည် သမ္မာတရားကို တည်ကြည်ခိုင်မာစွာ လက်တွေ့လုပ်ဆောင် နိုင်သလော။ စာတန်၏ လုပ်ရပ်အားလုံးကို ဆန့်ကျင်တိုက်ခိုက်ရလောက်အောင် သင်သည် ရဲရင့်သလော။ သင်သည် သင်၏ ခံစားချက်များကို ဘေးဖယ်ကာ ငါ၏ သမ္မာတရားအတွက် စာတန်ကို ဖော်ထုတ်ပေးနိုင်မည်လော။ သင့်အထဲတွင် ငါ၏ အလိုတော် အထမြောက်အောင် လုပ်ဆောင်ခွင့် သင် ပေးနိုင်သလော။ အရေးအပါဆုံးသော အခိုက်အတန့်များတွင် သင်၏နှလုံးသားကို သင် ဆက်ကပ်ပြီးပြီလော။ သင်သည် ငါ၏ရည်ရွယ်ချက်များကို လိုက်လျှောက်သောသူတစ်ဦးလော။ ဤမေးခွန်းများကို သင့်ကိုယ်သင် မေးပြီး ၎င်းတို့နှင့်ပတ်သက်၍ မကြာခဏ စဉ်းစားလော့။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၃)) ကျွန်မရဲ့ စက်ဆုပ်စရာ ရည်ရွယ်ချက်တွေကို ဘုရားနှုတ်ကပတ်တော်တွေက တူတစ်ချောင်းက သံတစ်ချောင်းကို ရိုက်နေသလိုမျိုး ဖော်ထုတ်ခဲ့တယ်။ အဲဒီမှာ ကျွန်မက သစ္စာမရှိတဲ့သူတစ်ယောက်ဆိုတာ ကျွန်မ မြင်လိုက်ရတယ်။ ယန်လီက တကယ့်အလုပ်ကို မလုပ်တဲ့ အယောင်ဆောင်ခေါင်းဆောင်ဖြစ်တယ်ဆိုတာ၊ ညီအစ်ကိုမောင်နှမတွေက သူ့ကို ချင့်ချိန်နိုင်စွမ်း မရှိကြဘူးဆိုတာ၊ သူ့ကို ချစ်မြတ်နိုးပြီး ခုခံကာကွယ်တာတောင်လုပ်ခဲ့တယ်ဆိုတာတွေကို ကျွန်မ ရှင်းရှင်းလင်းလင်းကို အခိုင်အမာ ယုံကြည်သွားတယ်။ ဒါပေမဲ့ စည်းမျဉ်းတွေနဲ့အညီ သူ့ကို ဖြစ်နိုင်သမျှ အမြန်ဆုံး ထုတ်ရမဲ့အစား ကျွန်မက ကိုယ့်သိက္ခာနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက် ဉာဏ်များခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေက သူ့အကြောင်း ရှင်းရှင်းလင်းလင်းမသိဘူးဆိုတာ၊ သူတို့ကို အကဲဖြတ်ချက်ရေးခိုင်းတာက တကယ့်အသုံးဝင်မှု မရှိဘူးဆိုတာကို ကျွန်မ ကောင်းကောင်းသိခဲ့တယ်။ ဒါပေမဲ့ ကျွန်မက ယန်လီကို ထုတ်ပြီးတဲ့နောက်မှာ မာနထောင်လွှားတယ်လို့ အပြောခံရမှာတွေ၊ ကျွန်မရဲ့ အဆင့်အတန်းနဲ့ ပုံရိပ် ထိခိုက်မှာကို ကြောက်ပြီး ဒီနည်းလမ်းကို သုံးရင်းနဲ့ အချိန်ဖြုန်းဖို့ လိုလားနေတုန်းပဲ။ ညီအစ်ကိုမောင်နှမတွေရဲ့ သဘောတူညီမှုကို အရယူဖို့ဆိုတဲ့ မူမမှန်တဲ့အကြောင်းပြချက်နဲ့ ကျွန်မရဲ့ စက်ဆုပ်စရာ ရည်ရွယ်ချက်တွေကို ဖုံးခဲ့တယ်။ ပြီးတော့ သူ့ကို မထုတ်ခင်မှာ ခေါင်းဆောင်ရဲ့ ထင်မြင်ချက်ကိုတောင် မေးချင်ခဲ့တယ်။ ဒီလိုဆိုရင် ညီအစ်ကိုမောင်နှမတွေက သူ့ကိုထုတ်တာကို ကန့်ကွက်ရင်တောင် ခေါင်းဆောင်က သဘောတူခဲ့တာလို့ပဲ ပြောလို့ရတယ်၊ ဒါဆိုရင် ဒီတာဝန်ကို ကျွန်မတစ်ယောက်တည်း မခံရတော့ဘူးပေါ့။ ကျွန်မက ကျွန်မလိုချင်တာကို ရဖို့အတွက် လှည့်ကွက်တွေသုံးပြီး မာယာတွေသုံးပြီးတော့ ကိုယ့်ကိုယ်ကိုယ် ကြိုးစားကာကွယ်ဖို့ ကျွန်မအကုန်လျှောက်တွေးကြည့်ခဲ့တယ်။ ကျွန်မက တော်တော်ကို ဉာဏ်များတာပဲ။ မသင့်တော်တဲ့ အယောင်ဆောင်ခေါင်းဆောင်တွေကို ကျွန်မ အမြန်ထုတ်ဖို့က ကျွန်မတာဝန်ဖြစ်ပြီး ဘုရားအိမ်တော်ရဲ့ တောင်းဆိုချက်လည်း ဖြစ်တယ်။ ဒါပေမဲ့ ကျွန်မက မပြတ်မသားလုပ်ပြီးတော့ ကျွန်မတာဝန်ကို ရှောင်ခဲ့တယ်။ ကျွန်မတွေးသမျှက ကျွန်မသိက္ခာနဲ့ အဆင့်အတန်းကို ဘယ်လိုကာကွယ်ရမယ်ဆိုတာပဲ။ ကျွန်မက ဒီအယောင်ဆောင်ခေါင်းဆောင်ကို အချိန်မီမထုတ်ခဲ့ရင် အသင်းတော်အလုပ်နဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုနှစ်မျိုးလုံးအပေါ် ဘယ်လောက်အတားအဆီးဖြစ်မယ်၊ ဆုံးရှုံးမှုဖြစ်မယ်ဆိုတာကို ကျွန်မ ထည့်မစဉ်းစားခဲ့ဘူး။ အယောင်ဆောင်ခေါင်းဆောင်က အသင်းတော်ကို ထိခိုက်နေတဲ့အချိန်မှာ ကျွန်မက ဒီအတိုင်းကြည့်နေခဲ့တယ်။ သူ့ကို ဖော်ထုတ်ဖို့၊ ထုတ်ပစ်ဖို့၊ အသင်းတော်အကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက် ထိပ်တိုက်ရင်ဆိုင်မဲ့အစား ကျွန်မရဲ့ ကိုယ်ကျိုးကို ဦးစားပေးနေခဲ့တယ်။ ဒီအခြေအနေကနေ ခေါင်းရှောင်ဖို့ နည်းလမ်းတောင် ရှာခဲ့တယ်။ ကျွန်မက အရမ်းတစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းပါတယ်။ ဒီအကြောင်းကို ကျွန်မတွေးကြည့်လေလေ၊ ဒီတာဝန်နဲ့ ကျွန်မ မထိုက်တန်ဘူးလို့ ခံစားရလေလေပဲ။ ညီအစ်ကိုမောင်နှမတွေကို ရင်ဆိုင်ဖို့ဆိုတာ ထားလိုက်တော့။
ဒါတွေအားလုံးကို ကျွန်မ သေချာတွေးကြည့်ခဲ့တယ်။ ဘုရားသခင်ကို ကျွန်မ ယုံကြည်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်ကို နေ့တိုင်းစားသောက်ခဲ့တယ်။ ကျွန်မတာဝန်ကို ထမ်းဆောင်ခဲ့တယ်။ ဒါဆိုရင် ပြဿနာတစ်ခုကို ကျွန်မရင်ဆိုင်ရတော့ သမ္မာတရားကို လက်တွေ့လုပ်တာကို ဘာလို့ ရပ်ခဲ့တာလဲ။ အသင်းတော်ရဲ့ အကျိုးစီးပွားကို ဘာလို့ ကျွန်မ ကာကွယ်မပေးနိုင်ခဲ့တာလဲ။ ဒီဟာအတွက် အကြောင်းပြချက်တွေက အတိအကျဘာလဲ။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မဖတ်ပြီး ဒီပြဿနာအကြောင်းကို နည်းနည်းပိုနားလည်လာခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်က ပြောတယ်။ “သင်တို့အထဲ၌ ကောင်းကင်ဘုံ၌ရှိသော မရေရာသည့် ဘုရားသခင်တစ်ပါးကို သာလျှင် စိတ်နှလုံးထဲ၌ ယုံကြည်လင့်ကစား လူ့ဇာတိခံယူသော ဘုရားသခင်နှင့် ပတ်သက်သည့် အယူအဆများ အမြဲရှိသောသူ တစ်စုံတစ်ဦးရှိသလော။ ထိုသို့သောလူများ အမှန်တကယ်ရှိလျှင် ၎င်းတို့သည် ဘာသာတရားကို ယုံကြည်သူများ ဖြစ်ကြသည်။ ဘာသာတရားကို ယုံကြည်သူများသည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် လူ့ဇာတိခံယူသော ဘုရားသခင်ကို အသိအမှတ်မပြု၊ အသိအမှတ်ပြုလျှင်ပင် ၎င်းတို့သည် ကိုယ်တော်နှင့်ပတ်သက်သော အယူအဆများ အမြဲရှိကြပြီး မည်သည့်အခါမျှ ကျိုးနွံနာခံနိုင်စွမ်းမရှိကြပေ။ ထိုသို့မဟုတ်လော။ အတိအကျပြောရလျှင် ထိုကဲ့သို့သောသူများသည် ဘုရားသခင်ကို ယုံကြည်သူများမဟုတ်ကြပေ။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သည်ဟု ဆိုနိုင်သော်လည်း လက်တွေ့တွင် ဘာသာတရားကို ယုံကြည်သူများနှင့် များစွာ ကွာခြားခြင်းမရှိပေ။ ၎င်းတို့၏စိတ်နှလုံးထဲတွင် ၎င်းတို့ယုံကြည်သမျှသည် မရေရာသော ဘုရားသခင်တစ်ပါးသာ ဖြစ်သည်။ ၎င်းတို့သည် ဘာသာရေး အယူအဆများနှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာသူများ ဖြစ်ကြသည်။ ထို့ကြောင့် သမ္မာတရားကို မလိုက်စားသောသူ၊ ကောင်းသောအကျင့်ကို ကျင့်ပြီး စည်းမျဉ်းစည်းကမ်းများ လိုက်နာခြင်းကိုသာ အာရုံစိုက်သောသူ၊ သမ္မာတရားကို လက်တွေ့မကျင့်သုံးသောသူနှင့် မိမိ၏စိတ်သဘောထား စိုစဉ်းမျှ မပြောင်းလဲသည့် မည်သူဖြစ်စေ ထိုသူလုပ်ဆောင်နေသည်မှာ ဘာသာတရားကို ယုံကြည်နေခြင်းပင်ဖြစ်၏။ ဘာသာတရား၌ ယုံကြည်သူတို့ကို မည်သည့်အင်္ဂါရပ်က ခွဲခြားသိမြင်စေသနည်း။ (၎င်းတို့သည် အပြင်ပန်း ကျင့်သုံးမှုများနှင့် ကောင်းကောင်းမွန်မွန် ပြုမူနေပုံပေါက်ဖို့ကိုသာ အာရုံစိုက်ကြပါသည်။) ၎င်းတို့ လုပ်ဆောင်မှုများအတွက် စည်းမျဉ်းများနှင့် အခြေခံအကြောင်းရင်းတို့သည် အဘယ်နည်း။ (လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် စာတန်ဆန်သော အတွေးအခေါ်များဖြစ်ပါသည်။) လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် စာတန်ဆန်သော မည်သည့်အတွေးအခေါ်များနှင့် မည်သည့် ဆိုးယုတ်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ ရှိသနည်း။ ကလိမ်ကကျစ်ကျခြင်းနှင့် လှည့်ဖြားတတ်ခြင်း၊ စည်းမျဉ်းများကို လျစ်လျူရှုခြင်း၊ မာနထောင်လွှားခြင်းနှင့် စိတ်ကြီးဝင်ခြင်း၊ အရာခပ်သိမ်း၌ အဆုံးအဖြတ်ပေးခြင်း၊ သမ္မာတရားကို မည်သည့်အခါတွင်မျှ မရှာဖွေခြင်း သို့မဟုတ် ညီအစ်ကို မောင်နှမများနှင့် မည်သည့်အခါတွင်မျှ မိတ်သဟာယမပြုခြင်း၊ ထို့ပြင် အရေးယူဆောင်ရွက်နေချိန်တွင် မိမိ၏ကိုယ်ပိုင်အကျိုးစီးပွား၊ မိမိ၏ကိုယ်ပိုင်သိက္ခာနှင့် ဂုဏ်ဒြပ်တို့ကို အမြဲစဉ်းစားခြင်း၊ ဤအရာအားလုံးသည် ဆိုးယုတ်သော စိတ်သဘောထားအပေါ် အခြေခံ၍ လုပ်ဆောင်ခြင်းဖြစ်၏။ ယင်းမှာ စာတန်နောက်လိုက်ခြင်းဖြစ်သည်။ တစ်ဦးတစ်ယောက်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း သူ၏နှုတ်ကပတ်တော်များကို အလေးဂရုမပြုပါက၊ သမ္မာတရားကို လက်မခံပါက၊ သို့မဟုတ် သူ၏အစီအစဉ်များနှင့် စီစဉ်ညွှန်ကြားမှုများကို ကျိုးနွံနာခံခြင်း မရှိပါက၊ ၎င်းတို့သည် ကောင်းမွန်သည့် အပြုအမူအချို့ကိုသာ ပြသသော်လည်း ဇာတိပကတိကို မပုန်ကန်နိုင်ပါက၊ ၎င်းတို့၏ သိက္ခာ၊ သို့မဟုတ် အကျိုးစီးပွားများနှင့်သက်ဆိုင်၍ မည်သည့်အရာကိုမျှ မစွန့်ပစ်နိုင်ပါက၊ အပြင်ပန်းအားဖြင့် ၎င်းတို့သည် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်နေကြသော်လည်း ၎င်းတို့၏ ဆိုးယုတ်သော စိတ်သဘောထားများအားဖြင့် အသက်ရှင်ကြဆဲဖြစ်ပြီး၊ ၎င်းတို့၏ ဆိုးယုတ်သော ဒဿနအမြင်များနှင့် ဖြစ်တည်ခြင်း နည်းလမ်းများကို အနည်းငယ်မျှ မစွန့်လွှတ်သေး သို့မဟုတ် မပြောင်းလဲကြသေးပါက ၎င်းတို့ ဘုရားသခင်ကို ယုံကြည်သည်မှာ အဘယ်သို့ဖြစ်နိုင်မည်နည်း။ ယင်းမှာ ဘာသာတရား၌ ယုံကြည်ခြင်းဖြစ်သည်။ ထိုသို့သော လူတို့သည် အမှုအရာများကို စွန့်လွှတ်ပြီး၊ မိမိတို့ကိုယ်ကို အပေါ်ယံအားဖြင့် အသုံးခံကြသော်လည်း၊ ၎င်းတို့လျှောက်လှမ်းသည့် လမ်းကြောင်းနှင့် ၎င်းတို့လုပ်ဆောင်သမျှတိုင်း၏ အကြောင်းရင်းနှင့် အစကနဦးတို့ကိုကြည့်လျှင် ၎င်းတို့သည် ထိုအရာများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များ သို့မဟုတ် သမ္မာတရားအပေါ် အခြေမခံကြပေ။ ထိုအစား ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးစိတ်သန်းများ၊ ၎င်းတို့၏ ဓမ္မဓိဋ္ဌာန်မကျသော ယူဆချက်များ၊ ၎င်းတို့၏ ရည်မှန်းချက်များနှင့် စိတ်ဆန္ဒများအတိုင်း ဆက်လက်ပြုမူလုပ်ဆောင်ကြသည်။ စာတန်၏ ဒဿနအမြင်များနှင့် စိတ်သဘောထားများက ၎င်းတို့၏ ဖြစ်တည်ခြင်းနှင့် လုပ်ရပ်များ၏ အခြေခံအကြောင်းရင်းအဖြစ် အသုံးကျနေဆဲဖြစ်သည်။ သမ္မာတရားကို ၎င်းတို့နားမလည်သည့် ကိစ္စရပ်များတွင် ယင်းကို ၎င်းတို့ မရှာဖွေကြချေ။ သမ္မာတရားကို ၎င်းတို့နားလည်သည့် ကိစ္စရပ်များတွင် ယင်းကို ၎င်းတို့ လက်တွေ့မလုပ်ဆောင်ကြ၊ ဘုရားသခင်ကို ကြီးမြတ်သူအဖြစ် ဂုဏ်မပြုကြချေ၊ သို့မဟုတ် သမ္မာတရားကို တန်ဖိုးမထားကြချေ။ ၎င်းတို့သည် ဘုရားသခင်ကို အမည်ခံအားဖြင့်နှင့် နှုတ်အားဖြင့် ယုံကြည်ပြီး ဝန်ခံသော်လည်း၊ တာဝန်တစ်ရပ်ကို ထမ်းဆောင်ပြီး ဘုရားသခင်နောက်သို့ လိုက်နိုင်ပုံပေါ်သော်လည်း ၎င်းတို့သည် ၎င်းတို့ပြောသမျှနှင့် လုပ်သမျှတွင် ၎င်းတို့၏ ဆိုးယုတ်သောစိတ်ထားဖြင့် အသက်ရှင်နေကြသည်။ ၎င်းတို့ပြောသမျှနှင့် လုပ်ဆောင်သမျှ အရာများက ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ထုတ်ဖော်ပြခြင်းသာဖြစ်၏။ ၎င်းတို့သည် အရာခပ်သိမ်း၌ သမ္မာတရားကို ရှာဖွေခြင်းနှင့် ကျိုးနွံနာခံခြင်း၏ သရုပ်သကန်မဆိုနှင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ လက်တွေ့ကျင့်သုံးနေကြောင်း သို့မဟုတ် တွေ့ကြုံခံစားနေကြောင်းပင် သင်တွေ့ရမည်မဟုတ်ပေ။ ၎င်းတို့၏ လုပ်ဆောင်ချက်များ၌ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားကို ဦးစွာ ထည့်တကွက်စဉ်းစားပြီး ၎င်းတို့၏ တစ်ကိုယ်ရေ ဆန္ဒများနှင့် ရည်ရွယ်ချက်များကို ဦးစွာ ဖြည့်ဆည်းကြသည်။ ဤလူတို့သည် ဘုရားသခင်၏နောက်သို့ လိုက်သောသူများလော။ (မဟုတ်ပါ။)...၎င်းတို့သည် ဘုရားသခင်၏ရည်ရွယ်ချက်များ သို့မဟုတ် တောင်းဆိုချက်များကို သာမက ဘုရားသခင်ကို ကျေနပ်စေရန်အတွက် လူတို့ မည်ကဲ့သို့ လက်တွေ့လုပ်ဆောင်ရမည်ကို မည်သည့်အခါမျှ အရေးမစိုက်ပေ။ ၎င်းတို့သည် တစ်ခါတစ်ရံ ဘုရားသခင်ရှေ့တွင် ဆုတောင်းပြီး ကိုယ်တော်နှင့် မိတ်သဟာယဖွဲ့ကောင်းဖွဲ့နိုင်သော်လည်း ၎င်းတို့သည် သမ္မာတရားကို အရင်းအတိုင်း ရှာဖွေခြင်းမဟုတ်ဘဲ မိမိတို့ကိုယ်ကိုယ် စကားပြောရုံမျှသာ ပြောခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ထံ ဆုတောင်းပြီး သူ၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသောအခါ ၎င်းတို့သည် လက်တွေ့ဘဝတွင် တွေ့ကြုံရသည့် ကိစ္စရပ်များနှင့် မဆက်စပ်ပေ။ ထို့ကြောင့် ဘုရားသခင်စီစဉ်ပေးသည့် ပတ်ဝန်းကျင်တွင် ၎င်းတို့သည် သူ၏ အချုပ်အခြာအာဏာ၊ အစီအစဉ်များနှင့် ကြိုးကိုင်မှုတို့ကို မည်သို့ သဘောထားကြသနည်း။ မိမိတို့၏ အလိုဆန္ဒများကို မဖြည့်ဆည်းပေးသော အရာများနှင့် ရင်ဆိုင်ရသောအခါ ယင်းတို့ကို ရှောင်ရှားကြပြီး ၎င်းတို့၏ စိတ်နှလုံးထဲတွင် တွန်းလှန်ကြသည်။ မိမိတို့၏အကျိုးစီးပွားကို ဆုံးရှုံးစေသော သို့မဟုတ် ၎င်းတို့၏ အကျိုးစီးပွား၏ ပြည့်ဝစေခြင်းကို တားဆီးပေးသော အရာများနှင့် ရင်ဆိုင်ရသောအခါ ၎င်းတို့သည် နည်းလမ်းပေါင်းစုံဖြင့် ထွက်ပေါက်ရှာကာ မိမိတို့၏ အကျိုးအမြတ်ကို အမြင့်ဆုံးရရှိအောင် ကြိုးပမ်းပြီး ဆုံးရှုံးမှုမှန်သမျှကို ရှောင်ရှားရန် ကြိုးစားကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ရည်ရွယ်ချက်များကို ဖြည့်ဆည်းရန်မရှာဖွေဘဲ ၎င်းတို့၏ကိုယ်ပိုင် ဆန္ဒများကိုသာရှာသည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းလော။ ထိုသို့သောလူများသည် ဘုရားသခင်နှင့် ဆက်ဆံရေးရှိပါသလော။ မရှိကြချေ။ ၎င်းတို့သည် ယုတ်ညံ့သော၊ ညစ်ပေသော၊ ခေါင်းမာသော၊ အရုပ်ဆိုးသောပုံစံဖြင့် နေထိုင်ကြသည်။ ၎င်းတို့သည် ဘုရားသခင်နှင့် ဆက်ဆံရေးမရှိရုံသာမက ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကိုလည်း နေရာတိုင်းအချိန်တိုင်းတွင် ဆန့်ကျင်ဘက်ပြုကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အကြင်သူသည် ဘာသာတရားကို ယုံကြည်ခြင်း၊ သို့မဟုတ် ဘာသာရေးအခမ်းအနားများကို ပါဝင်လုပ်ဆောင်ခြင်းအားဖြင့် ကယ်တင်ခြင်းမခံရနိုင်ပေ) ဘုရားနှုတ်ကပတ်တော်ကို ဆင်ခြင်ရင်းနဲ့ ကျွန်မ စိတ်နှလုံးက မုန်တိုင်းကျနေတဲ့ ပင်လယ်လို မငြိမ်မသက်ဖြစ်နေခဲ့တယ်။ ကျွန်မ အပြုအမူကို ပြန်ကြည့်ကြည့်တော့ ကျွန်မက ဘုရားသခင် ဖော်ထုတ်ခဲ့တဲ့ အဲဒီလူတွေထဲက တစ်ယောက်ပဲ။ ဘာသာတရားမှာရှိတဲ့ ယုံကြည်သူတစ်ယောက်ပေါ့။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် စွန့်ပစ်ပြီး အသုံးခံနိုင်စွမ်းရှိပုံပေါ်ပေမဲ့ အရေးကိစ္စတွေကို ကြုံရတဲ့အချိန်မှာ သမ္မာတရားစည်းမျဉ်းတွေကို မရှာခဲ့ဘူး။ ကျွန်မရဲ့ ကိုယ်ကျိုးတွေကိုပဲ အမြဲတမ်း စဉ်းစားခဲ့တယ်။ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော”၊ “အသိတရားရှိသော လူများသည် မိမိကိုယ်ကို ကာကွယ်ရာတွင် တော်၍ အပြစ်တင်ခံရမှုမှ လွတ်မြောက်ရန်သာ ကြိုးစားသည်” ဆိုတာမျိုး ရှင်သန်ရေးနဲ့ဆိုင်တဲ့ စာတန်ဆန်တဲ့ စည်းကမ်းတွေအတိုင်း အသက်ရှင်ခဲ့တယ်။ အဲဒီစည်းကမ်းတွေက ကျွန်မစိတ်နှလုံးအတွင်းထဲမှာ နက်နက်နဲနဲ အမြစ်တွယ်လာခဲ့တယ်။ လူတွေက ကိုယ့်အတွက်ကိုယ် အသက်ရှင်သင့်တယ်၊ ကိုယ့်အတွက်ကိုယ် မစဉ်းစားတဲ့သူတွေက အရူးတွေပဲလို့ ကျွန်မ ခံစားမိခဲ့တယ်။ ကျွန်မရဲ့ တစ်ကိုယ်ရေအပြုအမူအတွက် လမ်းညွှန်ချက်တွေအဖြစ် ဒီစည်းမျဉ်းတွေကို ယူခဲ့တယ်။ ဒါကြောင့်မို့ ပိုပိုပြီး တစ်ကိုယ်ကောင်းဆန်လာတယ်။ ဉာဏ်များလာတယ်။ လှည့်ဖြားတတ်ပြီး စက်ဆုပ်စရာကောင်းလာတယ်။ ဘုရားသခင်ကို ယုံကြည်လာပြီးတဲ့နောက်မှာ ဘုရားနှုတ်ကပတ်တော်တွေအများကြီး ဖတ်ခဲ့ပေမဲ့ သမ္မာတရားကို ကျွန်မ လက်မခံခဲ့သေးဘူး။ ဘုရားနှုတ်ကပတ်တော်အတိုင်း အသက်မရှင်ခဲ့ဘဲ စာတန်ရဲ့ အတွေးအခေါ်တွေအတိုင်း အသက်ရှင်ခဲ့တယ်။ ယန်လီကို ထုတ်ဖို့ကိစ္စနဲ့ပတ်သက်ပြီး ကျွန်မလုပ်သင့်တာက သမ္မာတရားကို လက်တွေ့လုပ်ဖို့ဆိုတာ၊ ဒါဟာ အသင်းတော်အလုပ်နဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ ဘဝတွေအတွက် အကျိုးရှိမယ်ဆိုတာ ကျွန်မ သိခဲ့တယ်။ ဒါပေမဲ့ ကျွန်မရဲ့ သိက္ခာနဲ့ အဆင့်အတန်းကို ကယ်ဖို့အတွက်၊ ပြီးတော့ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို မာနထောင်လွှားတယ်လို့ ပြောတာ မခံရဖို့အတွက် ကျွန်မ လုပ်စရာရှိတာတွေကို ရပ်ထားဖို့ ရွေးချယ်ခဲ့တယ်။ ပြီးတော့ အယောင်ဆောင်ခေါင်းဆောင်က အသင်းတော်အလုပ်ကို ဆက်ထိခိုက်ပြီး နှောင့်နှေးအောင် လုပ်တာကိုပဲ ဒီအတိုင်းကြည့်နေခဲ့တယ်။ ကျွန်မက ဒီအယောင်ဆောင်ခေါင်းဆောင်ရဲ့ မကောင်းမှုတွေ တိတ်တိတ်လေး လိုက်လျောပြီး သူ့ကို ကာကွယ်နေခဲ့တာ မဟုတ်ဘူးလား။ ဘုရားကို အမှန်တကယ်ယုံကြည်ပြီး တရားမျှတစိတ်ရှိတဲ့သူတစ်ယောက်က အသင်းတော်အလုပ် နှောင့်နှေးတာကို မြင်ရင် သူဟာ ဘုရားနှုတ်ကပတ်တော်နဲ့အညီ လုပ်ပြီး အသင်းတော်အကျိုးစီးပွားကို ကာကွယ်ဖို့ ထိပ်တိုက်ရင်ဆိုင်မှာပဲ။ ဒါပေမဲ့ ဒီလိုအခြေအနေကို ကျွန်မ ကြုံတဲ့အခါမှာ သမ္မာတရားကို လက်တွေ့မလုပ်ခဲ့ဘူး။ ဒီအစား စာတန်ရဲ့ လောကီအတွေးအခေါ်တွေအတိုင်း အသက်ရှင်ခဲ့တယ်။ ကျွန်မက ဘယ်လိုလုပ်ပြီး ဘုရားကို ယုံကြည်သူတစ်ယောက်ဖြစ်နိုင်မလဲ။ ကျွန်မက ဘုရားကို ယုံကြည်ခဲ့တယ်၊ ကိုယ့်ကိုယ်ကိုယ် စွန့်ပစ်ပြီး အသုံးခံနိုင်တယ်၊ ကျွန်မ ယုံကြည်မှုအတွက် ဒုက္ခခံပြီး ပေးဆပ်နိုင်တယ်လို့ ကျွန်မ ထင်ခဲ့တယ်။ အသင်းတော်က ကျွန်မကို ချပေးတဲ့ ဘယ်တာဝန်ကိုမဆို ကျွန်မ ကျိုးနွံနာခံနိုင်တယ်လို့ ထင်ခဲ့တယ်။ ဒါပေမဲ့ အခုတော့ ဒါတွေအားလုံးက အပေါ်ယံ အပြုအမူကောင်းတွေဆိုတာ ကျွန်မ သဘောပေါက်ခဲ့တယ်။ ဒီပြဿနာနဲ့ ရင်ဆိုင်ရခြင်းက ကျွန်မကို ထုတ်ဖော်ခဲ့တယ်။ ကျွန်မမှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းရဲ့ စစ်မှန်မှုမရှိခဲ့ဘူး။ ကျွန်မတာဝန်ကို ထမ်းဆောင်တော့ ကျွန်မက ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ စာတန်ဆန်တဲ့ အတွေးအခေါ်တွေက ချည်နှောင်တာကို ခံရတယ်။ ဘုရားကို ကျွန်မ မယုံကြည်ခဲ့ဘဲ ဘာသာတရားကို ယုံကြည်ခဲ့တယ်။ ကျွန်မ ယုံကြည်မှုကို ဘုရားက အသိအမှတ်မပြုဘဲ စက်ဆုပ်ပြီး ရွံမုန်းတယ်။ ကျွန်မ နောင်တမရရင် ကျွန်မရဲ့ အဆုံးသတ်က အပြစ်ပေးခံရပြီး ဖယ်ရှားရှင်းလင်းခံရဖို့ပဲ။
နောက်ထပ် ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “ဘုရားအိမ်တော်တွင် သင်မည်သည့်တာဝန်ကို ထမ်းဆောင်ပါစေ စည်းမျဉ်းများကို သင် သဘောပေါက်ရမည်ဖြစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ရမည်။ သို့ဆိုလျှင် သင်သည် စည်းမျဉ်းများ ရှိပေမည်။ သင်သည် တစ်စုံတစ်ခုကို မရိပ်စားမိနိုင်လျှင်၊ သင့်တင့်လျောက်ပတ်သည့် ပြုမူလုပ်ဆောင်နည်းသည် မည်သည့်အရာဖြစ်သည်ကို မသေချာလျှင် အများသဘောတူညီမှုတစ်ခု ရရှိလာရန် သင် ရှာဖွေပြီး မိတ်သဟာယဖွဲ့သင့်သည်။ အသင်းတော်အလုပ်နှင့် ညီအစ်ကိုမောင်နှမများအတွက် အကျိုးပြုသည့်အရာကို သင်ဆုံးဖြတ်ပြီးသည်နှင့် ယင်းကို လုပ်ဆောင်လော့။ မည်သည့်စည်းမျဉ်းစည်းကမ်းများ၏ ဘောင်ခတ်ခြင်းကိုမျှ မခံနှင့်၊ အချိန်မဆွဲနှင့်၊ မစောင့်ဆိုင်းနှင့်၊ ပြီးလျှင် မတုန်မလှုပ် စောင့်ကြည့်လေ့လာသူတစ်ဦး မဖြစ်စေနှင့်။ သင်သည် အစဉ်သဖြင့် မတုန်မလှုပ် စောင့်ကြည့်လေ့လာသူတစ်ဦး ဖြစ်နေပြီး မည်သည့်အခါမျှ သင်၏ ကိုယ်ပိုင်ထင်မြင်ချက်တစ်ခု မရှိလျှင်၊ သင်သည် တစ်စုံတစ်ရာကို မလုပ်ဆောင်မီတွင် အခြားသူတစ်ဦး ဆုံးဖြတ်ချက်ချပြီးသည်အထိ အစဉ်သဖြင့် စောင့်ဆိုင်းလျှင်၊ ပြီးလျှင် မည်သူကမျှ ဆုံးဖြတ်ချက်မချရသေးသည့်အချိန်တွင် သင်သည် အချိန်ဆွဲပြီး စောင့်ဆိုင်းလျှင် အကျိုးဆက်မှာ မည်သည့်အရာ ဖြစ်မည်နည်း။ အလုပ်ကိစ္စတိုင်းသည် လုံးဝဥဿုံ ရပ်တန့်သွားမည်ဖြစ်ပြီး မည်သည့်အရာမျှ ပြီးမြောက်လိမ့်မည် မဟုတ်ချေ။ သင်သည် သမ္မာတရားကို ရှာဖွေရန် သင်ယူသင့်သည်၊ သို့မဟုတ် အနည်းဆုံးအနေဖြင့် သင်၏ အသိတရားနှင့် အသိစိတ်တို့ကို အခြေခံ၍ ပြုမူဆောင်ရွက်နိုင်သင့်သည်။ တစ်စုံတစ်ခုကို လုပ်ဆောင်ရန် သင့်တင့်လျောက်ပတ်သည့် နည်းလမ်းကို သင်ရိပ်စားမိနိုင်သရွေ့၊ ပြီးလျှင် လူအများစုကလည်း ထိုနည်းစနစ်ကို အလုပ်ဖြစ်နိုင်သည်ဟု တွေးထင်သရွေ့ ယင်းမှာ သင်လက်တွေ့လုပ်ဆောင်သင့်သည့်ပုံစံ ဖြစ်၏။ တာဝန်ယူရခြင်းကိုဖြစ်စေ၊ အခြားသူများကို စိတ်အနှောင့်အယှက် ပေးမိခြင်းကိုဖြစ်စေ၊ အကျိုးဆက်များကို တာဝန်ယူရသည်ကိုဖြစ်စေ မကြောက်နှင့်။ လူတစ်ဦးသည် မည်သည့်စစ်မှန်သည့်အရာကိုမျှ မလုပ်ဘဲ အစဉ်သဖြင့် အပိုင်ကြံတတ်ကာ တာဝန်ယူရမည်ကို ကြောက်ပြီး မိမိ၏ လုပ်ရပ်များတွင် စည်းမျဉ်းများကို မစောင့်ထိန်းရဲပါက ဤသည်မှာ ထိုသူသည် အလွန်ပင် စိတ်မချရဘဲ လှည့်ဖြားတတ်ကာ ပါးနပ်သော အကြံအစည်များစွာကို စိတ်ထဲသိုထားကြောင်း ပြလေသည်။ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးများကို ပျော်မွေ့ရန် ဆန္ဒရှိသည့်တိုင် စစ်မှန်သောအရာ တစ်ခုမျှ မလုပ်ဆောင်ခြင်းသည် အကျင့်သီလကောင်း ကင်းမဲ့လိုက်လေခြင်းပါတကား။ ဘုရားသခင်သည် ဤကဲ့သို့ စဉ်းလဲပြီး လှည့်ဖြားတတ်သော လူအမျိုးအစားများထက် သာ၍ စက်ဆုပ်ရွံရှာသည့်သူ တစ်ဦးမျှ မရှိပေ။ သင် မည်သည့်အရာကို တွေးနေသည်ဖြစ်စေ သင်သည် သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်ခြင်း မရှိပါက၊ သစ္စာစောင့်သိခြင်း မရှိပါက၊ ကိုယ်ရေးကိုယ်တာ မသန့်စင်မှုများဖြင့် အစဉ်သဖြင့် စွန်းထင်းနေပြီး သင်၏ တစ်ကိုယ်ရေ အတွေးအခေါ်များနှင့် စိတ်ကူးများ အစဉ်သဖြင့် ထားရှိပါက ဘုရားသခင်သည် ဤအရာအားလုံးကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ ယင်းတို့အကြောင်းကို သိလေသည်။ ဘုရားသခင်သည် ယင်းတို့အကြောင်းကို မသိဟု သင်ထင်သလော။ သို့ဖြစ်ပါက သင်သည် အလွန် မိုက်မဲလေသည်။ ပြီးလျှင် သင် ချက်ချင်း နောင်တမရပါက ဘုရားသခင်၏ အလုပ်ကို ရရှိမည် မဟုတ်ချေ။ ယင်းမှာ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ဘုရားသခင်သည် လူတို့၏ စိတ်နှလုံးနက်ရှိုင်းရာကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသောကြောင့် ဖြစ်၏။ သူသည် ၎င်းတို့တွင် ရှိသော ပါးနပ်သော အကြံအစည်းလေးများအားလုံးကို ပကတိ ကြည်လင်ပြတ်သားမှုဖြင့် သူမြင်ရသည်။ ပြီးလျှင် သူ့အပေါ် ၎င်းတို့၏ စိတ်နှလုံးများကို ပိတ်ထားကြောင်း၊ ၎င်းတို့သည် သူ၏ စိတ်တော်နှင့် တညီတညွတ်တည်း မဖြစ်ကြောင်းကို သူမြင်ရသည်။ လူတို့၏ စိတ်နှလုံးကို ဘုရားသခင်ထံမှ ဟန့်တားထားသည့် အဓိကအရာများမှာ အဘယ်နည်း။ ၎င်းတို့၏ အတွေးအခေါ်များ၊ ၎င်းတို့၏ အကျိုးစီးပွားများနှင့် မာန်မာန၊ ၎င်းတို့၏ အဆင့်အတန်းနှင့် ၎င်းတို့၏ တစ်ကိုယ်ရေ ပါးနပ်သော အကြံအစည်လေးများဖြစ်သည်။ လူတို့၏ စိတ်နှလုံးများထဲတွင် ၎င်းတို့ကို ဘုရားသခင်ထံမှ ခွဲထားသည့် ဤအရာများနှင့်ဆိုင်သော နံရံတစ်ခု ရှိနေပြီး ၎င်းတို့က လျှို့ဝှက်ချက်များကို မပြတ် ဖုံးကွယ်ထားကာ မိမိတို့၏ တစ်ကိုယ်ရေ ကြံရွယ်ချက်များ အစဉ်သဖြင့် ရှိသည့်အခါတွင် ဤသည်မှာ ပြဿနာဟု အဓိပ္ပာယ်ရသည်။ သင်သည် အနည်းငယ် ညံ့ဖျင်းသော အစွမ်းအစရှိပြီး အနည်းငယ် ပေါ့တန်သော အတွေ့အကြုံ ရှိသော်လည်း သမ္မာတရားကို လိုက်စားရန် လိုလားပြီး အစဉ်သဖြင့် ဘုရားသခင်၏ စိတ်တော်နှင့် တညီတညွတ်တည်း ရှိကာ မည်သည့်လှည့်စားမှုမျှ မပြုဘဲ သင့်ကို ဘုရားသခင် ပေးအပ်ထားသည့် အရာအတွက် သင့်ထံတွင် ရှိသမျှအရာအားလုံးကို ပေးနိုင်လျှင် ဘုရားသခင်သည် ဤအရာကို တွေ့လိမ့်မည်။ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ကို အစဉ်သဖြင့် ပိတ်ထားပြီး သေးသိမ်သော အကြံအစည်များကို သင် အစဉ်သဖြင့် သိုထားကာ သင်၏ ကိုယ်ပိုင် အကျိုးစီးပွားများနှင့် မာနတို့အတွက် အစဉ်သဖြင့် အသက်ရှင်လျှင်၊ သင်၏ စိတ်နှလုံးထဲတွင် ဤအရာများကို အစဉ်သဖြင့် ချင့်တွက်နေပြီး ယင်းတို့ကို စိတ်ထဲစွဲနေလျှင် ဘုရားသခင်သည် သင့်ကို ကျေနပ်အားရလိမ့်မည် မဟုတ်ဘဲ သင့်ကို သူ ဉာဏ်အလင်းပေးခြင်းဖြစ်စေ၊ အလင်းပြခြင်းဖြစ်စေ ပြုမည် မဟုတ်သည့်အပြင် သင့်ကို သူ လျစ်လျူရှုလိမ့်မည်။ ပြီးလျှင် သင်၏ စိတ်နှလုံးသည် ယခင်ထက် သာ၍ပင် မှောင်မိုက်လာလိမ့်မည်။ ဤသည်မှာ သင်သည် မိမိ၏ တာဝန်ကို ထမ်းဆောင်ချိန်တွင် သို့မဟုတ် တစ်စုံတစ်ခုကို လုပ်ဆောင်ချိန်တွင် ယင်းကို ပျက်စီးရာပျက်စီးကြောင်း ဖြစ်စေလိမ့်မည် ဖြစ်ပြီး ယင်းနှင့်ပတ်သက်၍ လုပ်ဆောင်ရကျိုးနပ်ခြင်း တစ်ခုမျှ ရှိမည် မဟုတ်ဟု ဆိုလိုသည်။ ယင်းမှာ သင်သည် ဘုရားသခင်အပေါ် ရိုးသားစစ်မှန်မှု မရှိဘဲ သင်၏ကိုယ်ကျိုးအတွက် အစဉ်သဖြင့် ကြံစည်နေကာ အလွန်ပင် တစ်ကိုယ်ကောင်းဆန်ပြီး ဆိုးညစ်သောကြောင့်လည်းကောင်း၊ ဘုရားသခင်အပေါ်ကိုပင် လိမ်လည်လှည့်ဖြားရဲပြီး လှည့်စားဖို့ ကြိုးစားသည့်အပြင် သမ္မာတရားကို လက်မခံရုံသာမက သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် မရိုးသားသောကြောင့်လည်းကောင်း ဖြစ်သည်။ ယင်းမှာ ဘုရားသခင်အတွက် ရိုးသားစစ်မှန်စွာ အသုံးခံနေခြင်း မဟုတ်ချေ။ ပြီးလျှင် သင်သည် သင်၏တာဝန်ကို ရိုးသားစစ်မှန်စွာ မထမ်းဆောင်ဘဲ အနည်းငယ်မျှသာ အားသွန်ခွန်စိုက်လုပ်ပြီး ဤအရာကို အကျိုးအမြတ်များ ပိုမိုရရှိရန် အခွင့်အရေးတစ်ခုအနေဖြင့် အသုံးပြုသည့်အတွက်၊ သင့်အတွက် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို ရရှိဖို့ လျှို့ဝှက်ကြံစည်ရန် ဆန္ဒလည်း ရှိသည့်အပြင် သင် ပြုပြင်ခြင်းခံရသည့်အခါတွင် လက်ခံခြင်းနှင့် နာခံခြင်း မရှိသည့်အတွက် သင်သည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိမည်မှာ ဖြစ်နိုင်ချေရှိသည်။ ဘုရားသခင်သည် လူတို့၏ စိတ်နှလုံးနက်ရှိုင်းရာကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်။ သင်နောင်တမရလျှင် သင်သည် အန္တရာယ်ရှိမည် ဖြစ်ပြီး ဘုရားသခင်၏ ဖယ်ရှားရှင်းလင်းခြင်းကို ခံရမည်မှာ ဖြစ်နိုင်ချေရှိသည်။ ထိုအခြေအနေတွင် သင်သည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို လက်ခံရရှိရန် အခွင့်အရေးကို မည်သည့်အခါမျှ တစ်ဖန် ရလိမ့်မည် မဟုတ်ပေ။” (ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို လက်တွေ့လုပ်ဖို့ လမ်းကြောင်းတစ်ခုပေးခဲ့ပါတယ်။ ကိုယ်ရှင်းရှင်းလင်းလင်း မမြင်နိုင်တဲ့ ပြဿနာတွေကို ကြုံရတဲ့အခါမှာ သမ္မာတရားကို နားလည်တဲ့ ညီအစ်ကိုမောင်နှမတွေနဲ့ မိတ်သဟာယဖွဲ့နိုင်တယ်။ ဒါကို ဖြေရှင်းဖို့မလုပ်ခင်မှာ အများသဘောတူညီချက်ယူနိုင်တယ်။ လုပ်တဲ့နည်းလမ်းက သမ္မာတရားစည်းမျဉ်းတွေနဲ့ ညီတာကို ရှင်းရှင်းလင်းလင်းမြင်ရင်၊ ပြီးတော့ အသင်းတော်အလုပ်အတွက် အကျိုးဖြစ်မယ်ဆိုရင် အဲဒီအတိုင်း အချိန်မီ လုပ်သင့်တယ်။ ဒါပေမဲ့ ကိုယ်က မပြတ်သားရင်၊ ဆုံးဖြတ်ချက်မချခင်မှာ ခေါင်းဆောင်တစ်ယောက်က အတည်ပြုတာကို အမြဲတမ်းစောင့်နေရင် အသင်းတော်အလုပ် နှောင့်နှေးဖို့ များလိမ့်မယ်။ တကယ်တော့ မသင့်တော်တဲ့ ခေါင်းဆောင်တွေ၊ အမှုဆောင်တွေကို ထုတ်တဲ့အခါမှာ ညီအစ်ကိုမောင်နှမတွေရဲ့ အကဲဖြတ်ချက်တွေကို နားလည်တာ၊ ပြည့်စုံတဲ့ အကဲဖြတ်ချက်ကို လုပ်ပြီး ဆုံးဖြတ်တာကလည်း စည်းမျဉ်းတွေနဲ့ ညီလိမ့်မယ်။ ဒါက ခေါင်းဆောင်တွေ၊ အမှုဆောင်တွေကို ထုတ်တဲ့အခါမှာ အမှားမလုပ်မိဖို့ နည်းလမ်းကောင်းတစ်ခု ဖြစ်နိုင်တယ်။ ဒါပေမဲ့ စည်းမျဉ်းတွေက နည်းဥပဒေတွေ မဟုတ်ဘူး။ ဒါတွေကို အခြေအနေပေါ်မူတည်ပြီး ပြောင်းလွယ်ပြင်လွယ် အသုံးပြုရမယ်။ ယန်လီကို ထုတ်တဲ့ကိစ္စမှာ ယန်လီဟာ အယောင်ဆောင်ခေါင်းဆောင်တစ်ယောက်ဖြစ်တယ်၊ ကျွန်မက သူ့ကို ချက်ချင်းမထုတ်ရင် အသင်းတော်အလုပ်ပဲ နှောင့်နှေးလိမ့်မယ်ဆိုတာကို ကျွန်မရဲ့ တွဲဖက်ညီအစ်မနဲ့ ကျွန်မက စည်းမျဉ်းတွေနဲ့အညီ အတည်ပြုပြီးသားပါ။ သူ့ကို မထုတ်ခင်မှာ ညီအစ်ကိုမောင်နှမတွေရဲ့ အကဲဖြတ်ချက်တွေကို စုဆောင်းတဲ့အထိ စောင့်ဖို့မလိုဘူး။ အဲဒါအပြင်ကို ညီအစ်ကိုမောင်နှမတွေက ယန်လီအကြောင်းကို မသိခဲ့ဘူး။ ယန်လီက အထင်အမြင်မှားအောင်လုပ်တာကို သူတို့ ခံခဲ့ရတာ။ သူတို့ကို ကျွန်မက အကဲဖြတ်ချက်ရေးဖို့ တကယ်ပြောခဲ့တယ်ဆိုရင်တောင် အဓိပ္ပာယ်မရှိဖြစ်မှာပဲ။ လုပ်ရိုးလုပ်စဉ်သက်သက်နဲ့ အချိန်ဖြုန်းတာ ဖြစ်မှာပဲ။ သူ့ကို ကျွန်မ တိုက်ရိုက်ထုတ်ပစ်ပြီး တကယ့်အလုပ်ကို သူမလုပ်တာကို ဖော်ထုတ်သင့်တယ်။ ဒီလိုနဲ့ ညီအစ်ကိုမောင်နှမတွေကို သူ့အပေါ် ချင့်ချိန်နိုင်စွမ်းရှိအောင် လုပ်ပေးပြီး သူအထင်အမြင်မှားအောင်လုပ်တာ မခံရဖို့ လုပ်ပေးသင့်တယ်။ ဒါက ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျွန်မတာဝန်ကို ဖြည့်ဆည်းဖို့ တစ်ခုတည်းသောနည်းလမ်း ဖြစ်မှာပဲ။ ဒါပေမဲ့ ဒီကိစ္စမှာ ကျွန်မက ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့အတွက် လှည့်ဖြားမှုကို သုံးပြီး စာတန်ရဲ့ အတွေးအခေါ်အတိုင်း အသက်ရှင်ခဲ့တယ်။ သမ္မာတရားကို လက်တွေ့မလုပ်ခဲ့ဘူး။ နည်းနည်းလေးမှ တာဝန်မယူခဲ့ဘူး။ ကျွန်မတာဝန်ကို ဒီလိုဆက်လုပ်နေရင် ဘုရားက ပစ်ပယ်တာကို ခံရမှာပဲ။ ယန်လီက အယောင်ဆောင်ခေါင်းဆောင်ဖြစ်တယ်ဆိုတာ ကျွန်မ သိခဲ့တယ်။ ဒါပေမဲ့ ကျွန်မကို မာနထောင်လွှားတယ်လို့ လူတွေပြောမှာကို ကြောက်ပြီး သူ့ကို တိုက်ရိုက်မထုတ်ရဲခဲ့ဘူး။ ဒါဟာ မာနထောင်လွှားခြင်းက ဘာလဲဆိုတာကို ကျွန်မနားမလည်ခဲ့သလို တရားမျှတစိတ်ရှိတာမျိုး၊ စည်းမျဉ်းတွေကို လိုက်နာတာလိုမျိုးအရာတွေကိုလည်း နားမလည်ခဲ့ဘူးဆိုတာကို ပြပါတယ်။ ရှာဖွေခြင်း၊ ဆင်ခြင်သုံးသပ်ခြင်းကတစ်ဆင့် လူတစ်ယောက်ရဲ့ မာနထောင်လွှားမှုက သူ့ရဲ့ စာတန်ဆန်တဲ့ စိတ်သဘောထားကို ပေါ်လွင်စေတယ်ဆိုတာ ကျွန်မ နားလည်လာခဲ့တယ်။ လူတွေက သမ္မာတရားစည်းမျဉ်းတွေကိုမရှာဘဲ အမြဲတမ်းခေါင်းမာတဲ့အခါ၊ သူတို့ရဲ့ ကိုယ်ပိုင်အယူအဆတွေ၊ အမြင်ရှုထောင့်တွေကို မရမကလုပ်ပြီး လူတိုင်းကို သူတို့ကို နာခံအောင်လုပ်တဲ့အခါမှာ ဒါဟာ စိတ်ကြီးဝင်ခြင်း၊ မာနထောင်လွှားခြင်း၊ ကိုယ့်ကိုယ်ကိုယ် မှန်တယ်လို့ ယူမှတ်ခြင်းပဲ။ တရားမျှတစိတ်ရှိတာဟာ သမ္မာတရားကို ထိန်းသိမ်းပြီး ဘုရားအမှုတော်ကို ကာကွယ်ပေးတဲ့ သဘောပဲ။ ရှာဖွေခြင်းနဲ့ ဆုတောင်းခြင်းကတစ်ဆင့် ဘယ်နည်းလမ်းက သမ္မာတရားနဲ့၊ ဘုရားနှုတ်ကပတ်တော်နဲ့ ညီတယ်ဆိုတာကို အတည်ပြုနိုင်တယ်။ ပြီးတော့ သူများတွေက ဘယ်လိုထင်ပါစေ၊ ပြောပါစေ၊ သမ္မာတရားကို ထိန်းသိမ်းပြီး အသင်းတော်အလုပ်ကို ကာကွယ်ပေးနိုင်တယ်၊ ဒါကို အဆုံးထိ မလျှော့တမ်းလုပ်နိုင်တယ်။ ဒါဟာ တရားမျှတစိတ်ရှိခြင်းရဲ့ သရုပ်သကန်ပဲ။ တကယ်တော့ ယန်လီက အယောင်ဆောင်ခေါင်းဆောင်ဆိုပြီး ကျွန်မတို့ ဆုံးဖြတ်တာက စည်းမျဉ်းတွေကို အခြေခံခဲ့တာပါ။ သူ့ကို ထုတ်ရင် အသင်းတော်အလုပ်အတွက် အကျိုးရှိခဲ့မှာပဲ။ ဒီလိုလုပ်တာက စည်းမျဉ်းနဲ့ညီမှာဖြစ်ပြီး တရားမျှတစိတ်ကို ပြခဲ့မှာပဲ။ ဒါပေမဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ သဘောတူညီမှုမပါဘဲနဲ့ ယန်လီကို ထုတ်ရင် လူတွေက ကျွန်မကို မာနထောင်လွှားတယ်လို့ ပြောမှာ ကြောက်ခဲ့တယ်။ မာနထောင်လွှားတာနဲ့ တရားမျှတစိတ်ရှိတာကို ကျွန်မ ခွဲခြားမသိနိုင်ခဲ့ဘူး။ အပြုသဘောဆောင်တဲ့အရာကို အပျက်သဘောဆောင်တာဖြစ် မြင်ခဲ့တယ်။ ဒီဟာကြောင့် ကျွန်မက ကိုယ့်ကိုယ်ကိုယ် လွတ်မြောက်အောင် မလုပ်နိုင်ခဲ့ဘူး။ မှန်တာလုပ်ဖို့ကို မဝံ့ရဲခဲ့ဘူး။ ကျွန်မနားလည်မှုက လုံးဝ မူမမှန်တာကို ကျွန်မ မြင်ခဲ့ပါတယ်။ ညီအစ်ကိုမောင်နှမတွေက အယောင်ဆောင်ခေါင်းဆောင်ကို မရိပ်စားမိနိုင်ရင် ကျွန်မက သူတို့ကို မိတ်သဟာယဖွဲ့ပေးနိုင်တယ်။ သူများတွေ ဝေဖန်အပြစ်တင်မှာကိုကြောက်ပြီး စည်းမျဉ်းတွေကို မထိန်းသိမ်းလို့ မဖြစ်ဘူး။ သူတို့ ဘာပဲထင်ပါစေ ဘုရားသခင်ရဲ့ စိစစ်မှုကို ကျွန်မ လက်ခံပြီး အသင်းတော်အကျိုးကို ကာကွယ်ရမယ်။ အဲဒါနဲ့ နောက်တစ်နေ့မှာ ယန်လီကို ကျွန်မတို့ ထုတ်လိုက်တယ်။
အဲဒီနောက်တော့ ကျွန်မရဲ့ တွဲဖက်ညီအစ်မနဲ့ ကျွန်မတို့က ညီအစ်ကိုမောင်နှမတွေနဲ့အတူ ဘုရားနှုတ်ကပတ်တော်ကို အခြေခံပြီး မိတ်သဟာယဖွဲ့ခဲ့တယ်။ ယန်လီရဲ့ စွမ်းဆောင်မှုကို စိစစ်ခဲ့တယ်။ သူက တကယ့်အလုပ်ကို လုပ်ဖို့ ဆက်တိုက်ပျက်ကွက်တာတွေ၊ သမ္မာတရားကို လက်မခံတာတွေကို စိစစ်ခဲ့တယ်။ မိတ်သဟာယဖွဲ့ပြီးတဲ့နောက်မှာ ညီအစ်ကိုမောင်နှမတွေက ယန်လီရဲ့ အပြင်ပန်းစိတ်ထက်သန်မှုက လှည့်စားတာကို ခံခဲ့ရတယ်ဆိုတာကို မြင်သွားကြတယ်။ ပြီးတော့ ခေါင်းဆောင်တစ်ယောက်က အရည်အချင်းပြည့်မီလား၊ မပြည့်မီဘူးလားဆိုတာကို ဘယ်လို ရှင်းရှင်းလင်းလင်းသိအောင်လုပ်ရမယ်ဆိုတာ နားလည်သွားတယ်။ ဒါကို ရှင်းရှင်းလင်းလင်းသိဖို့အတွက်က သူတို့ရဲ့ ဆုကျေးဇူးတွေကို မကြည့်ရဘူး။ စကားပြောပုံဆိုပုံတွေ၊ အလုပ်ရှုပ်တဲ့ ပုံစံတွေကို မကြည့်ရဘူးဆိုတာ သူတို့ နားလည်သွားခဲ့တယ်။ ဒါထက် သမ္မာတရားကို သူတို့ လိုက်စားသလား၊ မလိုက်စားဘူးလား၊ တကယ့်အလုပ်ကို လုပ်မလုပ်၊ တကယ့်ပြဿနာတွေကို ဖြေရှင်းမရှင်းနဲ့ သူတို့အလုပ်မှာ တကယ့်ရလဒ်တွေ ရမရကို ကြည့်ရမယ်။ ညီအစ်ကိုမောင်နှမတွေက ဒီလိုအသိပညာတွေရတာကို ကျွန်မ မြင်ရတော့ ဝမ်းသာမိတယ်။ ပြီးတော့ ကိုယ့်တာဝန်ကို သမ္မာတရားစည်းမျဉ်းတွေအတိုင်းလုပ်တာက ဘုရားရဲ့ လမ်းပြမှုကို ရနိုင်တယ်ဆိုတာ ကျွန်မ သိလိုက်ရတယ်။ အရင်တုန်းက ကျွန်မက ယန်လီကို တိုက်ရိုက်ထုတ်လိုက်ရင် ညီအစ်ကိုမောင်နှမတွေက လက်မခံနိုင်မှာ၊ ကျွန်မက မာနထောင်လွှားတယ်လို့ သူတို့ပြောမှာကို စိုးရိမ်ခဲ့တယ်။ ဒါပေမဲ့ အခုတော့ ဒါတွေအားလုံးက ကျွန်မရဲ့ စိတ်အထင်ပဲဆိုတာ မြင်ခဲ့ပါတယ်။ သမ္မာတရားစည်းမျဉ်းတွေအတိုင်း ကျွန်မလုပ်တဲ့အခါမှာ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို မဝေဖန်ဘူး။ ဒီအစား ဒီအခြေအနေကနေ သူတို့ ချင့်ချိန်နိုင်စွမ်းရသွားတယ်။ မကြာခင်မှာပဲ အသင်းတော်က သင့်တော်တဲ့ ခေါင်းဆောင်တစ်ယောက်ကို ရွေးကောက်ခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေက ပုံမှန်အသင်းတော်အသက်တာကို စပြီး နေထိုင်ကြတယ်။ အလုပ်က ပြန်ပြီး ပုံမှန်လည်ပတ်နိုင်ခဲ့တယ်။ ဒါတွေအားလုံးကို မြင်ရတော့ ကျွန်မ တော်တော်ပျော်ခဲ့ပါတယ်။ သမ္မာတရားစည်းမျဉ်းတွေနဲ့အညီ ကိုယ့်တာဝန်ကို လုပ်တာ၊ ထမ်းဆောင်တာက ဘုရားရဲ့ အသိအမှတ်ပြုခြင်းကို ရဖို့ တစ်ခုတည်းသောနည်းလမ်းပဲဆိုတာ ကျွန်မ သိလိုက်ရတယ်။ အဲဒီနောက်တော့ ကျွန်မရဲ့ တစ်ကိုယ်ရေအကျိုးစီးပွားတွေကို သတိရှိရှိနဲ့ လက်လွှတ်ပြီး သမ္မာတရားစည်းမျဉ်းတွေကို၊ ကျွန်မ စိတ်နှလုံးမှာ ငြိမ်သက်ခြင်းပေးပြီး ကျွန်မကို လွတ်မြောက်စေခဲ့တဲ့ လက်တွေ့လုပ်ဆောင်မှုတစ်ခုကို အခြေခံပြီး ကိစ္စတွေကို စလုပ်ခဲ့ပါတယ်။
ဒီအတွေ့အကြုံကတစ်ဆင့် ကျွန်မက တစ်ကိုယ်ကောင်းဆန်ပြီး လှည့်ဖြားတတ်တယ်ဆိုတာ တွေ့လိုက်ရတယ်။ ကျွန်မရဲ့ ကိုယ်ပိုင်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက် အသင်းတော်အကျိုးစီးပွားကို ဘေးဖယ်ထားခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေက ဖော်ထုတ်တာကြောင့်မဟုတ်ရင် ကျွန်မ ကိုယ့်ကိုယ်ကိုယ် နားလည်ခဲ့မှာမဟုတ်ဘူး။ ပြောင်းလဲခဲ့မှာ မဟုတ်ဘူး။ တစ်ချိန်တည်းမှာပဲ ကျွန်မလုပ်သမျှတိုင်းမှာ သမ္မာတရားစည်းမျဉ်းတွေကို ရှာဖွေဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာ၊ သမ္မာတရားကို ရှာပြီး စည်းမျဉ်းတွေအတိုင်း လုပ်မှသာ ကျွန်မက တာဝန်ထမ်းဆောင်ဖို့ အရည်အချင်းပြည့်မီနိုင်တယ်ဆိုတာတွေကို အခု နားလည်သွားတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။