ဘုရားသခင်ကို သက်သေခံခြင်းသည် တာဝန်ကို အမှန်တကယ် လုပ်ဆောင်ခြင်း ဖြစ်သည်
ရှင်းရွေ တောင်ကိုရီးယားနိုင်ငံ ခုတစ်လောမှာ လူသစ်တွေရဲ့ အတွေ့အကြုံ သက်သေခံချက် ဗီဒီယိုတချို့ကို ကျွန်မ မြင်ပြီး အရမ်းတို့ထိခံခဲ့ရတယ်။...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ကျွန်မဟာ အသင်းတော်မှာ စာနဲ့ပတ်သက်တဲ့ တာဝန်တစ်ခုကို ထမ်းဆောင်နေခဲ့ပါတယ်။ ကျွန်မဟာ စည်းမျဉ်းတချို့ကို တဖြည်းဖြည်း သဘောပေါက်လာပြီး ကျွန်မအလုပ်မှာ အခက်အခဲများများစားစား မကြုံခဲ့ရပါဘူး။ နေ့ရက်တိုင်းက တော်တော်လေး ပျင်းစရာကောင်းပြီး နည်းနည်း ငြီးငွေ့စရာကောင်းတယ်လို့ ကျွန်မ ခံစားခဲ့ရတယ်။ စာနဲ့ပတ်သက်တဲ့အလုပ်ကို စလုပ်ခါစတုန်းက ကိုယ့်တာဝန်ထမ်းဆောင်မှုမှာ လွဲချော်မှုတွေ အဆက်မပြတ်ရှိခဲ့တာကို ကျွန်မ ပြန်အမှတ်ရမိတယ်။ အဲဒီအချိန်က စိတ်ထဲမှာ ခံရခက်ခဲ့ပေမဲ့ သမ္မာတရားကို ရှာဖွေရင်းနဲ့ အကျိုးကျေးဇူးတချို့တော့ ရခဲ့တာပေါ့လေ။ ကျွန်မ တွေးမိတယ်၊ “လတ်တလောမှာ အလုပ်က ရလဒ်တချို့ထွက်လာပြီး လွဲချော်မှုတွေနဲ့ ပြဿနာတွေ နည်းသွားပြီ။ ပြုပြင်တာမျိုးလဲ သိပ်မကြုံရသလို စိတ်ကို တို့ထိလှုပ်ရှားစေတာမျိုး၊ စိတ်ထိခိုက်နာကျင်စေတာမျိုးလဲ ဘာမှမရှိဘူး။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး သင်ခန်းစာယူဖို့ ငါ ဘယ်သွားရမှာလဲ။ အသက်ဝင်ရောက်မှု မရှိရင် တာဝန်ထမ်းဆောင်တယ်ဆိုတာ အားထုတ်ပြီး အလုပ်လုပ်ပေးနေတာသက်သက်ပဲ မဟုတ်ဘူးလား။ ဒီကနေ ငါ နောက်ဆုံး ဘာများရနိုင်မှာလဲ” လို့ပေါ့။ ကျွန်မရဲ့စိတ်ထဲမှာတော့ မစိုးရိမ်ဘဲ မနေနိုင်ခဲ့ပါဘူး။
တစ်နေ့မှာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ဗီဒီယို တော်တော်များများကို ကျွန်မ ကြည့်ဖြစ်ခဲ့တယ်။ အများစုက ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေ ရေးထားတာဖြစ်ပြီး သူတို့တွေ့ကြုံခဲ့ရတဲ့ အရာတွေကလည်း အရမ်းကို စုံလင်ကွဲပြားတာပေါ့။ ကျွန်မရဲ့စိတ်ထဲမှာ မနာလိုဖြစ်ပြီး တွေးမိတယ်၊ “ခေါင်းဆောင်လုပ်ရတာက ပိုကောင်းတာပဲ။ လူတွေနဲ့လဲ ပိုပြီးထိတွေ့ဆက်ဆံရတယ်၊ အခြေအနေတွေလဲ ပိုကြုံရတယ်၊ နေ့တိုင်း သင်ခန်းစာယူစရာတွေရှိတော့ သမ္မာတရားကိုရဖို့နဲ့ ကယ်တင်ခြင်းကို ရရှိဖို့ မျှော်လင့်ချက်က ပိုကြီးတာပေါ့” လို့လေ။ အဲဒီနောက် အရင်က အသင်းတော်မှာ ကြီးကြပ်ရေးမှူးလုပ်ခဲ့တုန်းက လူတွေနဲ့ ပိုပြီးထိတွေ့ဆက်ဆံခဲ့ရတာ၊ လူတွေကို ပိုင်းခြားသိမြင်ပြီး စည်းမျဉ်းတွေနဲ့အညီ သူတို့ကို ဆက်ဆံတဲ့နေရာမှာ တိုးတက်မှုတချို့ ရှိခဲ့တာကို ကျွန်မ ပြန်သတိရမိတယ်။ အခု စာနဲ့ပတ်သက်တဲ့ တာဝန်မှာတော့ အရင်ကလိုမဟုတ်ဘဲ၊ နေ့တိုင်း ကိုယ့်ဘေးက လူနည်းနည်းလေးနဲ့ပဲ ထိတွေ့ဆက်ဆံရပြီး ရင်ဆိုင်ရမယ့် ကြီးကြီးမားမား ပြဿနာတွေလဲ မရှိဘူး။ သင်ခန်းစာယူဖို့နဲ့ သမ္မာတရားရဖို့ အခွင့်အရေးတွေ အရမ်းနည်းလွန်းတယ်လို့ ကျွန်မ ခံစားခဲ့ရတယ်။ ကျွန်မ ဘုရားသခင်ကို ယုံကြည်လာတာ ဆယ်နှစ်ကျော်ပြီ။ တကယ်လို့ နောက်ဆုံးမှာ သမ္မာတရားကို မရခဲ့ရင် ကျွန်မ ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းတာ ခံရမှာ မဟုတ်ဘူးလား။ ကျွန်မ အကြောင်းပြချက်မရှိ စိတ်မချမ်းမသာဖြစ်လာပြီး၊ ဧဝံဂေလိတရားဟောတာ ဒါမှမဟုတ် ယုံကြည်သူအသစ်တွေကို ရေလောင်းပေးရတာမျိုးဖြစ်ရင်တောင်မှ၊ အတွေ့အကြုံတချို့ရဖို့အတွက် ကိုယ့်တာဝန် ဒါမှမဟုတ် ပတ်ဝန်းကျင်ကို ပြောင်းဖို့တောင် စဉ်းစားခဲ့တယ်။ ဒါပေမဲ့ ဒီလိုအတွေးတွေက သိပ်လက်တွေ့မကျမှန်း ကျွန်မ သိပါတယ်။ အသင်းတော်က ကျွန်မကို စာနဲ့ပတ်သက်တဲ့အလုပ်မှာ ဒီလောက်အချိန်အကြာကြီး ပျိုးထောင်ပေးခဲ့တာ၊ ပြီးတော့ အထူးအခြေအနေတွေမရှိဘဲ တာဝန်တွေကို ပေါ့ပေါ့ဆဆ ပြောင်းမှာမဟုတ်ဘူးလေ။ အဲဒီအချိန်မှာ ကျွန်မ စိတ်မချမ်းမသာဖြစ်ပြီး ကိုယ့်တာဝန်မှာ စိတ်အားထက်သန်မှု ကင်းမဲ့နေခဲ့တယ်။
စုဝေးပွဲတစ်ခုမှာ ကျွန်မနဲ့အတူတကွ တာဝန်ထမ်းဆောင်နေတဲ့ ညီအစ်မတစ်ယောက်ကို ကိုယ့်အခြေအနေအကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြခဲ့တယ်။ သူက ကျွန်မကို မိတ်သဟာယပြုရင်း ပြောတယ်၊ “အမှုကိစ္စ ကြီးငယ်မရွေး အသက် ဝင်ရောက်မှု ရရှိနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး သင်ခန်းစာယူဖို့အတွက် စိတ်ထိခိုက်နာကျင်စရာ အဖြစ်အပျက်တွေကို တွေ့ကြုံခံစားရဖို့ ဒါမှမဟုတ် ပြုပြင်ခံရဖို့ မလိုအပ်ပါဘူး။ အဓိကက နေ့စဉ် ကိုယ့်အတွေးတွေရဲ့ ထုတ်ဖော်ပြမှုကို နားလည်သဘောပေါက်ဖို့နဲ့ ပြီးတော့ ကြုံတွေ့ရတဲ့ ရှိသမျှအရာအမျိုးမျိုး ကနေ သင်ခန်းစာယူဖို့ အာရုံစိုက်ဖို့ပါပဲ” တဲ့။ ကျွန်မက “ဘဝမှာရှိတဲ့ အသေးအဖွဲကိစ္စတွေဟာလည်း သင်ယူစရာ အခွင့်အလမ်းတွေ ဖြစ်ပါတယ်” ဆိုတဲ့ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ဗီဒီယိုကို ကြည့်ဖြစ်ခဲ့တယ်။ ဇာတ်ဆောင်ရဲ့အခြေအနေက ကျွန်မနဲ့ အရမ်း ဆင်တူတယ်။ အဲဒါကို ကြည့်ပြီးတဲ့နောက်မှာ ကျွန်မရဲ့ အသက်ဝင်ရောက်မှု ရပ်တန့်နေခဲ့တာဟာ ကျွန်မရဲ့ တာဝန်က ငြီးငွေ့စရာကောင်းလို့ မဟုတ်ဘဲ ကိစ္စတွေအပေါ် ကျွန်မရဲ့အမြင်ရှုထောင့်မှာ ပြဿနာရှိနေလို့ ဖြစ်တယ်ဆိုတာကို ကျွန်မ သဘောပေါက်သွားတယ်။ ရှာဖွေရင်းနဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့ရတယ်။ “သင် ထမ်းဆောင်သည့် တာဝန်မှန်သမျှတွင် အသက်တာ ဝင်ရောက်ခြင်း ပါဝင်သည်။ သင်၏ တာဝန်သည် အတော်အသင့် ပုံမှန်ဖြစ်စေ သို့မဟုတ် တစ်သမတ်တည်း မဟုတ်သည်ဖြစ်စေ၊ ပျင်းစရာကောင်းသည်ဖြစ်စေ သို့မဟုတ် အသက်ဝင်သည်ဖြစ်စေ သင်သည် အသက်တာ ဝင်ရောက်ခြင်းကို အမြဲတမ်း ကြိုးပမ်းရရှိရမည်။ လူအချို့ ထမ်းဆောင်သည့် တာဝန်များသည် အတော်အတန် ငြီးငွေ့ဖွယ်ကောင်းသည်။ ၎င်းတို့သည် နေ့စဉ် တစ်ခုတည်းသောအရာကိုသာ လုပ်ဆောင်ကြပေသည်။ သို့သော် ထိုအရာများကို ဆောင်ရွက်သည့်အခါ ဤလူများ ထုတ်ဖော်ပြသည့် အခြေအနေများသည် အားလုံး တစ်ထပ်တည်း မဟုတ်ပေ။ တစ်ခါတစ်ရံတွင် ကောင်းမွန်သည့် စိတ်ခံစားမှုရှိသည့်အခါ လူများသည် အနည်းငယ်ပို၍ စိတ်ပါပါလုပ်ဆောင်ပြီး အလုပ်ကို ပိုကောင်းမွန်စွာ ဆောင်ရွက်ကြသည်။ အခြားအချိန်များတွင် အမည်မသိသော သြဇာလွှမ်းမိုးမှုများကြောင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးပြီး စာတန်ဆန်သော စိတ်သဘောထားများသည် ၎င်းတို့အထဲတွင် ဒုက္ခပေးခြင်းကို လှုံ့ဆော်လေရာ ၎င်းတို့တွင် မလျော်ကန်သော အမြင်ရှုထောင့်များရှိစေပြီး ဆိုးရွားသော အခြေအနေများနှင့် ဆိုးရွားသော စိတ်ခံစားမှုများထဲသို့ ၎င်းတို့ကို ရောက်သွားစေသည်။ ဤအရာက ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် ဝတ်ကျေတမ်းကျေ ပုံစံဖြင့် ထမ်းဆောင်ခြင်း အကျိုးဆက် ဖြစ်စေသည်။ လူများ၏ အတွင်းအခြေအနေများသည် အမြဲမပြတ် ပြောင်းလဲနေကြသည်။ ၎င်းတို့သည် အချိန်မရွေး နေရာမရွေး ပြောင်းလဲနိုင်သည်။ သင်၏ အခြေအနေ မည်သို့ ပြောင်းလဲပါစေ သင်၏ စိတ်ခံစားမှုအရ ပြုမူခြင်းသည် အမြဲတမ်း မှားယွင်းပေသည်။ သင်သည် ကောင်းသော စိတ်ခံစားမှုတစ်ခုရှိချိန်တွင် အနည်းငယ် ပိုကောင်းမွန်အောင် ဆောင်ရွက်ပြီး မကောင်းသော စိတ်ခံစားမှုတစ်ခု ရှိနေချိန်တွင် အနည်းငယ် ပို၍ ဆိုးရွားအောင် ဆောင်ရွက်ပေသည်။ ဤသည်မှာ အမှုအရာများကို စည်းမျဥ်းအရ ဆောင်ရွက်ခြင်းဖြစ်သလော။ ဤအရာသည် သင်၏တာဝန်ကို စံနှုန်းပြည့်မီအောင် ထမ်းဆောင်ခွင့် ပေးမည်လော။ ၎င်းတို့၏ စိတ်ခံစားမှု မည်သို့ရှိပါစေ လူတို့သည် ဘုရားသခင်၏ ရှေ့မှောက်တွင် ဆုတောင်းဖို့နှင့် သမ္မာတရားကို ရှာဖွေဖို့ သိရှိရမည်။ ဤနည်းအားဖြင့်သာ ၎င်းတို့၏ စိတ်ခံစားမှုအားဖြင့် ဘောင်ခတ်ခံရခြင်းနှင့် ဟိုဟိုသည်သည် တိမ်းညွတ်စေခြင်းတို့မှ ရှောင်ကြဉ်နိုင်သည်။ သင်၏ တာဝန်ကို ထမ်းဆောင်သည့်အခါ စည်းမျဉ်းအရ အမှုအရာများကို ဆောင်ရွက်နေခြင်း ရှိမရှိ၊ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းတွင် စံနှုန်းမီမမီ၊ တာဝန်ကို ဝတ်ကျေတမ်းကျေ ထမ်းဆောင်ခြင်း သက်သက် ဟုတ်မဟုတ်၊ သင်၏ တာဝန်ဝတ္တရားများကို ရှောင်ရှားရန် ကြိုးစားခြင်း ပြုမပြုနှင့် သင်၏ သဘောထားနှင့် သင်တွေးပုံခေါ်ပုံတို့တွင် ပြဿနာများ ရှိမရှိတို့ကို သင့်ကိုယ်သင် အမြဲတမ်း စစ်ဆေးသင့်သည်။ သင်သည် မိမိကိုယ်ကို ပြန်လည်သုံးသပ်ပြီး ဤအရာများသည် သင့်အတွက် ရှင်းလင်းလာသည်နှင့် တစ်ပြိုင်နက် သင်၏တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းရာတွင် ပို၍လွယ်ကူသော အချိန်တစ်ခု ရှိလာလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အသက်ဝင်ရောက်ခြင်းသည် တာဝန် ထမ်းဆောင်ခြင်းဖြင့် စတင်သည်) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ဘုရားသခင်ရဲ့ အိမ်တော်မှာ ဘာတာဝန်ပဲထမ်းဆောင်ပါစေ၊ သမ္မာတရားကို လိုက်စားနေသရွေ့ အသက်မှာ တိုးတက်မှုရှိနိုင်တယ်ဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ကြည့်တော့ စာနဲ့ပတ်သက်တဲ့အလုပ်ကို လုပ်ရတာက ထိတွေ့ဆက်ဆံမှုတွေ နည်းပြီး အတွေ့အကြုံတွေ နည်းပါးလို့၊ အသက်ဝင်ရောက်မှုကို နှေးကွေးစေမယ်လို့ ကျွန်မ ထင်ခဲ့တယ်။ ဒါကြောင့် ဒီတာဝန်ကို မထမ်းဆောင်ချင်ဘဲ အတိုက်အခံလုပ်တဲ့ စိတ်ခံစားမှုနဲ့ အသက်ရှင်နေခဲ့တာပေါ့။ အခုမှပဲ ဒီအမြင်ရှုထောင့်က ဘယ်လောက်တောင် လွဲချော်နေမှန်း ကျွန်မ သိမြင်လာတယ်။ တကယ်လို့ သမ္မာတရားကို မလိုက်စားဘူးဆိုရင် ဘာတာဝန်ပဲထမ်းဆောင်ပါစေ အသက်ဝင်ရောက်မှု ရှိမှာမဟုတ်သလို နောက်ဆုံးမှာလဲ ဘာတစ်ခုမှ ရရှိမှာမဟုတ်ဘူး။ ကျွန်မသိတဲ့ အရင်က ခေါင်းဆောင်တစ်ယောက်အဖြစ် အမြဲတမ်း အမှုထမ်းဆောင်ခဲ့တဲ့ အန္တိခရစ် ရှောင်မြောင်ကို ကျွန်မ သတိရမိတယ်။ ဒါပေမဲ့ သူက လမ်းကြောင်းမှန်ကို မလျှောက်လှမ်းခဲ့သလို သမ္မာတရားကိုလဲ မလိုက်စားခဲ့ဘဲ၊ အမြဲတမ်း ကျော်ကြားမှုနဲ့ အဆင့်အတန်းကိုပဲ လိုက်ခဲ့တယ်။ နောက်ဆုံးမှာတော့ အသင်းတော်အလုပ်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်ခဲ့တယ်၊ လုံးဝ နောင်တမရဘဲ ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းတာ ခံခဲ့ရတယ်။ ဆန့်ကျင်ဘက်အနေနဲ့ ညီအစ်ကိုမောင်နှမတချို့က အရေးမပါသလိုထင်ရတဲ့ တာဝန်တွေကို ထမ်းဆောင်ပြီး တခြားသူတွေနဲ့ ထိတွေ့ဆက်ဆံမှု နည်းပါးခဲ့ပေမဲ့၊ အမှုအရာတွေ ဖြစ်ပျက်လာတိုင်းမှာ သူတို့က သမ္မာတရားကို ရှာဖွေပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ဖို့ အာရုံစိုက်ခဲ့ကြတယ်၊ ပြီးတော့ အတွေ့အကြုံဆိုင်ရာ နားလည်မှုတချို့ကို ရရှိခဲ့ကြတယ်။ အသက် ဝင်ရောက်မှု ရှိမရှိနဲ့ သမ္မာတရားကို ရမရဆိုတာက ကိုယ်ထမ်းဆောင်တဲ့ တာဝန်အပေါ်မှာ မမူတည်ဘဲ၊ သမ္မာတရားကို လိုက်စားပြီး လက်တွေ့လုပ်ဆောင်သလား ဆိုတာပေါ်မှာပဲ မူတည်တယ်ဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ ကျွန်မရဲ့ စာနဲ့ပတ်သက်တဲ့အလုပ်က အပေါ်ယံမှာတော့ တစ်မျိုးတစ်ဘာသာ ငြီးငွေ့စရာကောင်းပြီး လူအများနဲ့ ထိတွေ့ဆက်ဆံရတာမျိုး မပါဝင်ပေမဲ့၊ ကျွန်မ ပုံမှန်ကြုံတွေ့ရတဲ့ အရာတွေကနေ သင်ခန်းစာယူစရာတွေ ရှိနေတုန်းပါပဲ။ ဥပမာ၊ အလုပ်ဝန်ပိလာပြီး ရွေးချယ်ဖို့ အကဲဖြတ်ရမယ့် တရားဒေသနာဆောင်းပါးတွေ များလာတဲ့အခါ ကျွန်မက ပေါ့ဆပြီး ဝတ်ကျေတမ်းကျေဖြစ်လာတယ်၊ အသေးစိတ်ကို စေ့စေ့စပ်စပ် မစစ်ဆေးနိုင်ခဲ့ဘူး။ ဒါက အမှားအယွင်းတွေကို ဖြစ်စေခဲ့ပြီး ပြန်လုပ်ရတာတွေ၊ တိုးတက်မှုကို နှောင့်နှေးစေတာတွေ ဖြစ်ခဲ့တယ်။ တရားဒေသနာဆောင်းပါးတွေကို ရွေးချယ်ဖို့ အကဲဖြတ်နေတုန်းမှာ ကျွန်မက မာနထောင်လွှားတဲ့ စိတ်သဘောထားကိုလဲ ထုတ်ဖော်ခဲ့တယ်၊ ကိုယ့်တာဝန်ကို အချိန်အကြာကြီး ထမ်းဆောင်ခဲ့ပြီး အလုပ်အတွေ့အကြုံတချို့ ရခဲ့ပြီလို့ ထင်မှတ်ခဲ့တာကြောင့်၊ စည်းမျဉ်းတွေကို မရှာဖွေဘဲ ကိုယ့်သဘောအတိုင်း အားကိုးခဲ့တယ်။ ရလဒ်အနေနဲ့ အရည်အချင်းပြည့်မီတဲ့ တရားဒေသနာဆောင်းပါးတချို့ကို ကျွန်မ ပယ်ချခဲ့မိတယ်။ ဒါ့အပြင် အလုပ်မှာ ရလဒ်တချို့ ထွက်လာတဲ့အခါမှာလဲ ကိုယ့်ကိုယ်ကိုယ် ကျေနပ်ရောင့်ရဲတဲ့ အခြေအနေမှာ အသက်ရှင်၊ ကိုယ်အောင်မြင်ခဲ့တာတွေမှာ သာယာပြီး ဖြစ်သလိုပဲ နေခဲ့တယ်။ ဘဝမှာ တစ်ခါတလေ ကျွန်မနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ညီအစ်မက မရည်ရွယ်ဘဲ ပြောလိုက်တဲ့ စကားတစ်ခွန်းက ကျွန်မရဲ့ မာနကို ထိခိုက်သွားတဲ့အခါ ကျွန်မ အရမ်းကို အထိမခံဖြစ်သွားတယ်။ သူက ကျွန်မကို အထင်သေးတယ်လို့တောင် သံသယဝင်ခဲ့ပြီး၊ နောက်ဆုံးမှာ ကိုယ့်မာနနဲ့ အဆင့်အတန်းမှာပဲ နစ်မွန်းနေခဲ့တယ်။ နေ့စဉ်ဘဝနဲ့ အလုပ်ထဲမှာ ကျွန်မက အမှုအရာ ကြီးငယ်အမျိုးမျိုးနဲ့ ကြုံတွေ့ရမယ်ဆိုတာကို ကျွန်မ သဘောပေါက်သွားတယ်။ ကျွန်မက ဒါတွေကို လုံ့လဝီရိယရှိရှိ အာရုံစိုက်ပြီး ရှာဖွေ၊ တွေးတောဆင်ခြင်နေသရွေ့ အရာအားလုံးကနေ သင်ခန်းစာယူနိုင်ပါတယ်။ ကျွန်မရဲ့ အသက် ဝင်ရောက်မှု ကင်းမဲ့နေတာဟာ ကျွန်မထမ်းဆောင်တဲ့ တာဝန်ကြောင့် မဟုတ်ဘဲ၊ သမ္မာတရားကို မလိုက်စားဘဲ အလုပ်ပြီးဖို့ကိုပဲ အာရုံစိုက်နေခဲ့လို့ ဖြစ်တယ်ဆိုတာ ကျွန်မ သဘောပေါက်လိုက်တယ်။ နေ့တိုင်း အလုပ်ရှုပ်နေပေမဲ့ ကျွန်မ ဘာသင်ခန်းစာမှ မရခဲ့ဘူး။
နောက်ပိုင်းမှာ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မဖတ်ခဲ့ရတယ်။ “သင်သည် သမ္မာတရားနှင့် ကယ်တင်ခြင်းကို လိုက်စားရန် အမှန်တကယ် လိုလားနေပါက၊ ပထမခြေလှမ်းမှာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ သင်၏ အမျိုးမျိုးသော မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အတွေးများ၊ အယူအဆများနှင့် လုပ်ရပ်များမှ ထွက်ပြေးလွတ်မြောက်ခြင်းဖြင့် အစပြုရန် ဖြစ်သည်။ သင်၏ နေ့စဉ်ဘဝတွင် ဘုရားသခင်က သင့်အတွက် စီစဉ်ဖွဲ့စည်းထားပြီးဖြစ်သည့် ပတ်ဝန်းကျင်များကို လက်ခံလော့၊ သူ၏ စိစစ်ခြင်း၊ စစ်ဆေးစမ်းသပ်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို လက်ခံလော့၊ အမှုအရာများ သင့်ထံ ကျရောက်သည့်အခါ သမ္မာတရား စည်းမျဉ်းများအတိုင်း တဖြည်းဖြည်း လက်တွေ့လုပ်ဆောင်ရန် ကြိုးပမ်းပြီး၊ ဘုရားနှုတ်ကပတ်တော်များကို သင်၏ နေ့စဉ်ဘဝတွင် သင် ကျင့်ကြံပြုမူပြီး ပြုမူဆောင်ရွက်ပုံအတွက် စည်းမျဉ်းများနှင့် စံအဖြစ်၊ ပြီးလျှင် သင်၏ အသက်အဖြစ် အဆင့်ဆင့် ပြောင်းလဲစေလော့။ ဤသည်မှာ သမ္မာတရား လိုက်စားသူတစ်ဦးတွင် သိသာထင်ရှားသင့်သည့်အရာ ဖြစ်ပြီး၊ ကယ်တင်ခြင်းကို လိုက်စားနေသည့် လူတစ်ဦးတွင် သိသာထင်ရှားသင့်သည့်အရာ ဖြစ်သည်။ ထိုအရာသည် လွယ်ကူပုံရ၏၊ အဆင့်များက ရိုးရှင်းပြီး၊ ရှည်ကြာသည့် ရှင်းလင်းဖော်ပြခြင်းမရှိသော်လည်း၊ ထိုအရာကို လက်တွေ့လုပ်ဆောင်ခြင်းသည် မလွယ်ကူပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူတို့အတွင်းတွင် ဖောက်ပြန်ပျက်စီးသော အရာများစွာ ရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့၏ သဘောထားသေးခြင်း၊ အကြံအစည်လေးများ၊ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်ညံ့မှု၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် လှည့်ကွက်မျိုးစုံတို့ ဖြစ်သည်။ ဤအရာအပြင်၊ လူအချို့သည် အသိပညာ ပိုင်ဆိုင်ကြသည်။ ၎င်းတို့သည် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်အချို့နှင့် လူမှုအဖွဲ့အစည်းရှိ ခြယ်လှယ်တတ်သော နည်းလမ်းများကို သင်ယူကြပြီးဖြစ်ကာ ၎င်းတို့၏ လူ့သဘာဝအရ အားနည်းချက်များနှင့် အပြစ်အနာအဆာအချို့ ပိုင်ဆိုင်ကြလေသည်။ ဥပမာအားဖြင့်၊ လူအချို့သည် အစားကြူးပြီး ပျင်းရိကြသည်။ အခြားသူတို့မှာ ရွှန်းရွှန်းဝေအောင် ပြောတတ်ကြသည်။ အချို့မှာ အလွန်ဖျင်းသော သဘောသဘာဝတစ်ခု ရှိကြသည်၊ အခြားသူတို့မှာ အခြားသော ပြစ်ချက်များစွာနှင့်အတူ ၎င်းတို့၏ လုပ်ရပ်များတွင် အလှကြိုက်ကြသည် သို့မဟုတ် မိုက်ရူးရဲပြီး စိတ်လိုက်မာန်ပါလုပ်တတ်ကြသည်။ ၎င်းတို့၏ လူ့သဘာဝနှင့်ပတ်သက်လျှင် လူတို့ အောင်မြင်ကျော်လွှားရန် လိုအပ်သည့် ပျော့ကွက်များနှင့် ပြဿနာများစွာရှိ၏။ သို့ရာတွင်၊ ကယ်တင်ခြင်းကို ရရှိရန် သင် ဆန္ဒရှိပါက၊ ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံကာ သမ္မာတရားနှင့် အသက်ကို ရရှိရန် သင် ဆန္ဒရှိပါက၊ ဘုရားနှုတ်ကပတ်တော်များကို သာ၍ ဖတ်ရှုရမည်၊ သမ္မာတရားအား နားလည်ခြင်းကို ကြိုးပမ်းရရှိရမည်။ သူ၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ကာ ကျိုးနွံနာခံနိုင်ရမည်ဖြစ်ပြီး၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သမ္မာတရား စည်းမျဉ်းများကို ထိန်းသိမ်းခြင်းဖြင့် အစပြုနိုင်ရမည်။ ဤသည်တို့မှာ စာကြောင်းအနည်းငယ်သာဖြစ်သော်လည်း၊ ယင်းတို့ကို မည်သို့ လက်တွေ့လုပ်ဆောင်ရမည်၊ တွေ့ကြုံရမည်ကို လူတို့ မသိကြပေ။ မည်သို့ဆိုစေ၊ သင်၏ အစွမ်းအစ သို့မဟုတ် ပညာရေးကို ပဓာနမထားဘဲ၊ ပြီးလျှင် သင်၏ အသက်အရွယ် သို့မဟုတ် ယုံကြည်ခြင်း နှစ်ကာလများကို ပဓာနမထားဘဲ၊ မည်သို့ပင်ဖြစ်စေ သင်သည် မှန်ကန်သည့် ရည်မှန်းချက်များနှင့် ဦးတည်ချက်တို့ဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းမှန်ပေါ်တွင် ရှိပါက၊ ပြီးလျှင် သင် လိုက်စားအားထုတ်ပြီး၊ အသုံးပြုသည့်အရာမှာ သမ္မာတရား လက်တွေ့လုပ်ဆောင်ခြင်းအတွက်သာ ဖြစ်ပါက၊ နောက်ဆုံးတွင် သင် ရရှိမည့်အရာမှာ ဧကန်မုချ သမ္မာတရား လက်တွေ့ကျမှုနှင့် ဘုရားနှုတ်ကပတ်တော်များ သင်၏ အသက်ဖြစ်လာခြင်း ဖြစ်လိမ့်မည်။ ပထမဦးစွာ သင်၏ ရည်မှန်းချက်ပန်းတိုင်ကို သတ်မှတ်လော့၊ ထို့နောက် ဤလမ်းကြောင်းအတိုင်း တဖြည်းဖြည်း လက်တွေ့လုပ်ဆောင်လော့။ အဆုံးတွင် တစ်စုံတစ်ရာကို သင် မုချ ရရှိလိမ့်မည်။ ဤအရာကို သင်တို့ ယုံကြည်ကြပါသလော။ (ယုံကြည်ပါသည်။)” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂၀)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို တွေးတောဆင်ခြင်ရင်း ကယ်တင်ခြင်းကို ရရှိဖို့အတွက် အဓိကအချက်က လူတစ်ယောက်ဟာ သမ္မာတရားကို လိုက်စားသလား၊ ပြီးတော့ သူ့ရဲ့ အသက်စိတ်သဘောထားမှာ ပြောင်းလဲမှုရှိသလားဆိုတာအပေါ်မှာ မူတည်မှန်း ကျွန်မနားလည်သွားတယ်။ ဒါက အခရာပဲ။ ဥပမာ၊ ကျွန်မက အသက်ဝင်ရောက်မှု မရှိဘူးလို့ အမြဲညည်းညူပြီး ကယ်တင်ခြင်းမရနိုင်မှာကို စိုးရိမ်နေခဲ့တယ်။ ကိုယ့်တာဝန်မှာ ကျွန်မက အပျက်သဘောဆောင်ပြီး တက်ကြွမှုမရှိခဲ့ဘူး၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် တခြားတာဝန်တစ်ခုကို ပြောင်းခန့်ခိုင်းဖို့တောင် စဉ်းစားခဲ့တယ်။ ကျွန်မ ရင်ဆိုင်ခဲ့ရတဲ့ ဒီကိစ္စက သမ္မာတရားကို ရှာဖွေပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ဖို့ အခွင့်အရေးကောင်းတစ်ခု ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ရှာဖွေပြီး ဝင်ရောက်မယ့်အစား ကျွန်မက ကြီးမားတဲ့ကိစ္စတွေကို ကြုံတွေ့ချင်စိတ်နဲ့ အမြဲတမ်း မျှော်လင့်ချက်ကြီးကြီး ထားနေခဲ့တယ်။ ဒါက သမ္မာတရားကို လိုက်စားခြင်းရဲ့ သရုပ်သကန် မဟုတ်ဘူးလေ။ ဒီလိုသာ ဆက်သွားနေရင် သမ္မာတရားကို ဘယ်လိုရရှိပြီး ကယ်တင်ခြင်းကို ဘယ်လိုရနိုင်မှာလဲ။ ကျွန်မက ကြီးမားတဲ့အမှုအရာတွေကိုပဲ တွေ့ကြုံခံစားချင်ခဲ့ပြီး နေ့စဉ်အသေးအဖွဲအရာတွေကို လျစ်လျူရှုခဲ့တယ်။ တစ်ခါတလေ၊ ကျွန်မက မှားယွင်းတဲ့အခြေအနေတွေကို ထုတ်ဖော်တဲ့အခါ ဒါမှမဟုတ် မသင့်တော်တဲ့ အတွေးအခေါ်တွေ၊ အယူအဆတွေ ပေါ်ပေါက်လာတဲ့အခါ၊ အဲဒါတွေက ကိုယ့်တာဝန်ကို မထိခိုက်သရွေ့ ပြဿနာကြီးကြီးမားမားမဟုတ်ဘူး၊ ပြီးတော့ ပြေလည်သည်ဖြစ်စေ၊ မပြေလည်သည်ဖြစ်စေ အရေးမကြီးဘူးလို့ ကျွန်မထင်ခဲ့တယ်။ ဒါကြောင့် ကျွန်မ သင်ယူသင့်တဲ့ သင်ခန်းစာအများကြီးကို အလဟဿ ဆုံးရှုံးစေခဲ့တယ်၊ ဒါကလဲ ကျွန်မရဲ့ အသက်ဝင်ရောက်မှုမှာ လမ်းလွဲမှုတစ်ခုပဲ။ တကယ်တော့ သမ္မာတရားကို လိုက်စားရာမှာ ရည်ရွယ်ချက်ရှိရှိနဲ့ လုံ့လဝီရိယရှိနေသရေ့ ဘယ်လိုအခြေအနေမျိုးကနေမဆို သင်ခန်းစာတွေ ယူနိုင်ပါတယ်။ ဥပမာ၊ တစ်ခါတလေ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို စားသောက်ပြီးတဲ့နောက်မှာ ကိုယ့်ရဲ့အခြေအနေနဲ့ ပြဿနာတွေကို နားလည်မှုတချို့ရပြီး လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခုကို ရှာတွေ့တယ်၊ အဲဒါက အကျိုးကျေးဇူးတချို့ ရရှိစေတယ်။ တစ်ခါတလေ ကိုယ်တိုင်မကြုံဖူးတဲ့ ကိစ္စတစ်ခုကို ကိုယ့်ဘေးက ညီအစ်ကိုမောင်နှမတွေ ကြုံဖူးတယ်ဆိုရင် သူတို့ရဲ့မိတ်သဟာယကို ဂရုတစိုက်နားထောင်ရင်းနဲ့လည်း အကျိုးကျေးဇူးနဲ့ သင်ခန်းစာတွေကို အတူတူပဲ ရနိုင်ပါတယ်။ ဒါ့အပြင် တာဝန်ထမ်းဆောင်ရင်း ကိုယ့်ရဲ့အတွေးအခေါ်တွေနဲ့ အယူအဆတွေကို ဆန်းစစ်ဖို့ အာရုံစိုက်တာ၊ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်နိုင်တာ၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေအတိုင်း လက်တွေ့လုပ်ဆောင်တာတွေကလည်း အသက်တာမှာ ကြီးထွားမှုကို ဖြစ်စေနိုင်ပါတယ်။ ဒါကို သဘောပေါက်လိုက်တော့ ကျွန်မက အရမ်းကို ထုံထိုင်းနေခဲ့ပြီး သမ္မာတရားကို ရရှိဖို့ အခွင့်အရေးတော်တော်များများကို ဆုံးရှုံးခဲ့တယ်၊ ကိုယ့်ရဲ့အသက်ဝင်ရောက်မှု ကင်းမဲ့တာကိုတောင် ကိုယ့်တာဝန်က ငြီးငွေ့စရာကောင်းလို့ဆိုပြီး မှားအပြစ်တင်ခဲ့မိတယ်လို့ ခံစားခဲ့ရတယ်။ ကျွန်မက ပွဲတော်ကြီးတစ်ခုမှာ ငတ်မွတ်ခေါင်းပါးခြင်းကို ခံစားနေရတဲ့သူတစ်ယောက်လိုပါပဲ၊ တကယ်ကို မိုက်မဲလိုက်တာ။
နောက်ပိုင်းမှာ ကျွန်မရဲ့အခြေအနေအတွက် အရမ်းအထောက်အကူဖြစ်တဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ခဲ့ရပြီး ကျွန်မလည်း ဘယ်လိုလက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်ရမလဲဆိုတာကိုလည်း သိလာခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်ခြင်း ပါဝင်သော ကိစ္စရပ်များကို အရေးပါသော သို့မဟုတ် အရေးမပါသော ကိစ္စရပ်များဟူ၍ ပိုင်းခြားမထားပေ၊ ၎င်းတို့အားလုံးသည် အရေးကြီးကိစ္စဖြစ်သည်။ ထိုအရာကို သင်တို့ နားလည်နိုင်သလော။ (၎င်းကို ကျွန်ုပ်တို့ နားလည်နိုင်ပါသည်။) နေ့စဉ်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အလွန်ကြီးမားပြီး အရေးပါသည်ဟု လူတို့ရှုမြင်ကြသော ကိစ္စရပ်အချို့ရှိပြီး အရေးမပါသော အသေးအမွှားများဟု ရှုမြင်ခံရသော အခြားအရာများ ရှိပေသည်။ လူတို့သည် ဤကြီးမားသော ကိစ္စရပ်များကို အလွန်အရေးကြီးသည်ဟု မြင်တတ်ကြပြီး ၎င်းတို့မှာ ဘုရားသခင် ပို့ဆောင်ပေးထားသည်ဟု သူတို့က ယူဆကြသည်။ သို့သော်လည်း ဤကိစ္စရပ်များ ဖြစ်ပျက်နေသည့်အခါတွင် လူတို့၏ ဝိညာဉ်ရင့်ကျက်မှုနုနယ်သောကြောင့်၊ သူတို့၏ ညံ့ဖျင်းသော အစွမ်းအစတို့ကြောင့် လူတို့သည် ယေဘုယျအားဖြင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အဆင့်မမီဘဲရှိကာ၊ မည်သည့် ဗျာဒိတ်တော်ကိုမျှ မရနိုင်သည့်အပြင် တန်ဖိုးရှိသော တကယ့်အသိပညာကို မရရှိနိုင်ကြပေ။ သေးငယ်သော ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ၎င်းတို့သည် လူတို့၏ လျစ်လျူရှုခြင်း၊ တစ်စတစ်စ လက်လွတ်ဆုံးရှုံးသွားရန် စွန့်ပစ်ခြင်းကို ခံကြရသည်။ သို့ဖြစ်၍ လူတို့သည် ဘုရားသခင်ရှေ့၌ စစ်ကြောခြင်းနှင့် စစ်ဆေးခြင်းကို ခံရရန် အခွင့်အရေးများစွာ ဆုံးရှုံးခဲ့ကြပြီ ဖြစ်သည်။ သင်သည် လူများ၊ အမှုအရာများ၊ ကိစ္စရပ်များနှင့် ဘုရားသခင် သင့်အတွက် စီစဉ်ပေးထားသော အခြေအနေများကို အမြဲလျစ်လျူရှုပါက၊ ဤသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ၎င်းမှာ သင်သည် နေ့စဉ်နေ့တိုင်းနှင့် အချိန်တိုင်းမှာပင် သင့်အပေါ် ဘုရားသခင်၏ စုံလင်အောင်ပြုလုပ်ပေးခြင်းကိုရော သူ၏ ခေါင်းဆောင်မှုကိုပါ အမြဲပစ်ပယ် နေသည်ဟု အဓိပ္ပာယ် သက်ရောက်သည်။ ဘုရားသခင်သည် သင့်အတွက် အခြေအနေတစ်ရပ်ကို စီစဉ်ပေးသည့် အခါတိုင်းတွင်၊ သူသည် တိတ်တဆိတ် စောင့်ကြည့်နေလျက်၊ သင်၏ စိတ်နှလုံးကို စိုက်ကြည့်နေပြီး၊ သင်၏စိတ်ကူးများနှင့် သုံးသပ်ချက်များကို အကဲခတ်နေ၍၊ သင် မည်သို့တွေးပုံကို စောင့်ကြည့်နေကာ သင်မည်ကဲ့သို့ ပြုမူမည့်ပုံတို့ကို ကြည့်ရှုရန် စောင့်ဆိုင်းနေပါသည်။ အကယ်၍ သင်သည် ဂရုမစိုက်သော လူတစ်ဦး၊ ဘုရားသခင်၏ လမ်းခရီး၊ သူ၏ နှုတ်ကပတ်တော်များ သို့မဟုတ် သမ္မာတရားနှင့်ပတ်သက်၍ မည်သည့်အခါမျှ အလေးအနက် မရှိခဲ့သောသူ ဖြစ်နေပါက၊ ဘုရားသခင်သည် သင့်အတွက် အခြေအနေတစ်စုံတစ်ရာကို စီစဉ်ပေးသောအခါ၊ သင်သည် ဘုရားသခင် ပြည့်စုံစေလိုသည့်အရာ သို့မဟုတ် သင်ဖြည့်ဆည်းပေးရန် သူမျှော်လင့်ထားသည့် တောင်းဆိုချက်များကို သင် သတိမူလိမ့်မည်မဟုတ် သို့မဟုတ် အာရုံစိုက်လိမ့်မည် မဟုတ်ပေ။ ထို့ပြင် သင်ကြုံတွေ့သော လူများ၊ ဖြစ်ရပ်များနှင့် အရာဝတ္ထုများသည် သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် မည်ကဲ့သို့ ဆက်စပ်မှု ရှိကြောင်းကိုလည်း သင်သိလိမ့်မည် မဟုတ်ပေ။ သင်သည် ဤကဲ့သို့ အကြိမ်ကြိမ်ဖြစ်ပွားသော အခြေအနေများနှင့် အကြိမ်ကြိမ်ဖြစ်ပွားသော စမ်းသပ်မှုများကို ရင်ဆိုင်ပြီးနောက် ဘုရားသခင်သည် သင့်အထဲတွင် မည်သည့်ရလဒ်ကိုမျှ မမြင်တွေ့ပါက၊ သူသည် မည်သို့ဆက်လုပ်မည်နည်း။ စမ်းသပ်မှုများကို အကြိမ်ကြိမ်အခါအခါ ရင်ဆိုင်ပြီးနောက် သင်သည် သင်၏စိတ်နှလုံးထဲ၌ ဘုရားသခင်ကို ကြီးမြတ်သူအဖြစ် ဂုဏ်မပြုသကဲ့သို့ သင့်အတွက် ဘုရားသခင် စီစဉ်ပေးသည့် အခြေအနေများကိုလည်း အလေးအနက် သင် မခံယူသည့်အပြင် ဘုရားသခင်ထံမှလာသော စမ်းသပ်မှုများ သို့မဟုတ် စစ်ဆေးမှုများ အဖြစ် ရှုမြင်ခြင်း မရှိခဲ့ပေ။ ထိုအစား သင့်အား ဘုရားသခင် ပေးအပ်ခဲ့သော အခွင့်အရေးများကို တစ်ခုပြီးတစ်ခု သင် ငြင်းပယ်ပြီဖြစ်ပြီး ၎င်းတို့အား အကြိမ်ကြိမ်အခါခါ လက်လွှတ် ဆုံးရှုံးခံလျက်ရှိသည်။ ဤသည်မှာ လူတို့ထုတ်ဖော်ပြသည့် လွန်ကဲသော ပုန်ကန်ခြင်းပင် မဟုတ်လော။ (ဟုတ်ပေသည်။)” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက အသက်ဝင်ရောက်မှုအတွက် လက်တွေ့လုပ်ဆောင်ရမယ့် လမ်းကို ညွှန်ပြခဲ့တယ်။ ဘုရားသခင်ရဲ့ လမ်းခရီးကို လိုက်လျှောက်ရာမှာ အမှုကိစ္စကြီးငယ်ဆိုပြီး ခွဲခြားမထားဘူး။ ကြုံတွေ့ရတဲ့ ကိစ္စတွေက ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ သမ္မာတရားစည်းမျဉ်းအမျိုးမျိုးနဲ့ သက်ဆိုင်ပြီး ဝင်ရောက်နိုင်ဖို့ သမ္မာတရားကို ရှာဖွေဖို့ လိုအပ်ပါတယ်။ ပေတရုကို ကျွန်မ သတိရမိတယ်၊ သူက အမှုကိစ္စအားလုံးမှာ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး ဘုရားသခင်ရဲ့ ရည်ရွယ်ချက်များကို ရှာဖွေဖို့ အာရုံစိုက်တော့ သမ္မာတရားကို လိုက်စားတဲ့လမ်းကြောင်းကို လျှောက်လှမ်းခဲ့တယ်။ သူဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေအတိုင်း တိတိကျကျ လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်ခဲ့တယ်၊ နောက်ဆုံးမှာတော့ သူဟာ သမ္မာတရားကို ရရှိပြီး ဘုရားသခင်ရဲ့ စုံလင်အောင်ပြုခြင်းကို ခံခဲ့ရတယ်။ သူ့နဲ့ဆန့်ကျင်ဘက်အနေနဲ့ ကျွန်မကတော့ တကယ့်အလုပ်ကို ပစ်ပယ်ပြီး မျှော်လင့်ချက်ကြီးကြီး ထားနေခဲ့တယ်၊ အရေးမပါဘူးလို့ ကျွန်မယူဆခဲ့တဲ့ ကိစ္စတွေကို လျစ်လျူရှုရင်း ကြီးမားတဲ့ကိစ္စတချို့ကနေ သင်ခန်းစာယူချင်ခဲ့တယ်။ ရလဒ်အနေနဲ့ သမ္မာတရားရရှိဖို့ အခွင့်အရေးများစွာကို ကျွန်မ လွဲချော်ခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်တွေးကြည့်တော့၊ အချိန်အများစုမှာ အသေးအဖွဲအရာတွေကိုတောင် ကျွန်မ ဂရုမစိုက်ခဲ့ဘူး။ ဒါဆိုရင်၊ ကြီးမားတဲ့အရာတွေကနေ ကျွန်မ ဘာသင်ခန်းစာတွေ ယူနိုင်မှာလဲ။ ရှေ့ဆက်ပြီး၊ ကျွန်မ ပေတရုရဲ့လမ်းကြောင်းကို လိုက်လျှောက်တတ်ဖို့ လိုအပ်တယ်။ ကြုံတွေ့ရတဲ့ ကိစ္စတွေက ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ ကိုယ့်လုပ်ရပ်တွေရဲ့ နောက်ကွယ်က အတွေးအခေါ်တွေနဲ့ အယူအဆတွေ၊ ဘယ်လိုမှားယွင်းတဲ့ ရည်ရွယ်ချက်တွေ ရှိခဲ့သလဲ၊ ဘယ်လိုဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ ထုတ်ဖော်ခဲ့သလဲဆိုတာကို ဆန်းစစ်ဖို့ အာရုံစိုက်သင့်တယ်။ ဒီကိစ္စတွေကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေရာမှာ ပိုပြီး အာရုံစိုက်ဖို့ လိုအပ်တယ်။ နောက်ပြီး ကျွန်မအလုပ်က ရလဒ်တချို့ ထွက်ခဲ့ပေမဲ့ လက်ရှိအခြေအနေနဲ့ ကျေနပ်နေလို့မဖြစ်ဘူး။ အလုပ်ထဲက လွဲချော်မှုတွေနဲ့ ကွာဟချက်တွေ၊ ကျွန်မ သတိမထားမိခဲ့တဲ့ ပြဿနာတွေကို ပိုပြီးဆင်ခြင်သုံးသပ်ပြီး အကျဉ်းချုပ်ရမယ်၊ အလုပ်ကို ပိုကောင်းအောင်လုပ်ဖို့ ကြိုးစားရမယ်။ ဒါကို သဘောပေါက်လိုက်တော့ စာနဲ့ပတ်သက်တဲ့အလုပ်ကို ကျွန်မ အတိုက်အခံ မလုပ်တော့ဘူး။ ကိုယ့်တာဝန်ကို ထမ်းဆောင်ရာမှာ ကိုယ့်ရဲ့ဝင်ရောက်မှုအပေါ်လဲ အာရုံစိုက်လာခဲ့တယ်၊ ကိစ္စတွေကို လက်လွတ်မခံတော့ဘဲ “ပေါ့ပေါ့ဆဆနိုင်တဲ့သူ” မဖြစ်အောင် ရှောင်ရှားတယ်။ ဒီလိုနည်းနဲ့ လက်တွေ့လုပ်ဆောင်ပြီးတဲ့နောက်မှာ ကျွန်မ အကျိုးကျေးဇူးတချို့ ရရှိခဲ့တယ်။
သုံးလေးရက်နေတော့ ကြီးကြပ်ရေးမှူးက ကျွန်မတို့ကို ရွေးချယ်ဖို့ အကဲဖြတ်ရမယ့် တရားဒေသနာဆောင်းပါးတချို့ကို တာဝန်ပေးခဲ့တယ်။ ကျွန်မတို့ အကဲဖြတ်ရွေးချယ်မှုကို အမြန်ဆုံး ပြီးစီးခဲ့ပေမဲ့ ညီအစ်ကိုမောင်နှမတွေက ကျွန်မတို့ အကဲဖြတ်ချက်တွေရဲ့ ရလဒ်နဲ့ပတ်သက်ပြီး မတူညီတဲ့ အကြံပြုချက်တွေ ပေးခဲ့ကြတယ်။ နောက်တော့ ကျွန်မတို့ရဲ့ အကဲဖြတ်ချက်တွေက တကယ်ပဲ လွဲချော်နေခဲ့မှန်း ကျွန်မ သဘောပေါက်သွားတယ်။ ဒါကြောင့် ရှေ့လျှောက် ဒါကို ပြင်လိုက်ရင် ပြီးတာပဲလို့ ကျွန်မ ထင်ခဲ့ပေမဲ့ နောက်တော့ ဒီလိုချဉ်းကပ်ပုံက မလုံလောက်ဘူးဆိုတာ သဘောပေါက်သွားတယ်။ တာဝန်မှာ ဘယ်လိုလမ်းလွဲမှုမျိုးမဆို အလေးအနက်ထားဖို့ လိုအပ်တယ်။ ဒီလမ်းလွဲမှုက ဘာကြောင့်၊ ဘယ်နေရာမှာ ဖြစ်ခဲ့တာလဲ၊ ဒါက ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကြောင့်လား ဒါမှမဟုတ် ကျွမ်းကျင်မှုမရှိတာကြောင့်လားဆိုတာကို ကျွန်မ တွေးတောဆင်ခြင်ဖို့ လိုအပ်ခဲ့တယ်။ ကျွန်မက ကိုယ့်ပြဿနာတွေကို ဆင်ခြင်သုံးသပ်ဖို့ အာရုံမစိုက်ဘဲ ပြဿနာကို ခဏလောက်ပဲ စဉ်းစားခဲ့မယ်ဆိုရင်၊ ကျွန်မ ဘာသင်ခန်းစာများ ရနိုင်မှာလဲ။ အဲဒီနောက် ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့ရတယ်။ “သမ္မာတရားကို သင်ရရှိလိုလျှင် မည်သည့်နေရာမှ အစပြုသနည်း။ သင့်အနီးအနားရှိ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများမှ အစပြု၍ မည်သို့သင်ခန်းစာယူရမည်၊ မည်သို့သမ္မာတရားရှာဖွေရမည်ကို သင်ယူလော့။ သင့်အနီးအနားရှိ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများတွင် သမ္မာတရားနှင့် ဘုရား၏ရည်ရွယ်ချက်များတို့ကို ရှာဖွေခြင်းအားဖြင့်သာလျှင် သင်သည် သမ္မာတရားကို ရရှိနိုင်လိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို ရရှိရန်၊ အနီးအနားတွင်ရှိသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများမှ သင်ယူရမည်) အဲဒီနောက် ကျွန်မ တွေးတောဆင်ခြင်မိတယ်။ ညီအစ်ကိုမောင်နှမတွေ ထောက်ပြခဲ့တဲ့ ပြဿနာတွေကို အကဲဖြတ်နေတုန်းမှာ ကျွန်မတို့သာ ပိုပြီးဂရုတစိုက်ရှိခဲ့ရင် ရှောင်လွှဲနိုင်ခဲ့မှာပဲ၊ ဒါပေမဲ့ ဘာကြောင့် ဒီလိုလမ်းလွဲမှုတွေ ဖြစ်ခဲ့ရတာလဲ။ ပြန်သုံးသပ်ကြည့်တော့ တရားဒေသနာဆောင်းပါးတွေကို အကဲဖြတ်နေတုန်းက ကျွန်မရဲ့စိတ်နေသဘောထားက မှားယွင်းနေခဲ့မှန်း သဘောပေါက်ခဲ့တယ်။ ဒီညီအစ်ကိုမောင်နှမတွေ အရင်ကရေးခဲ့တဲ့ တရားဒေသနာဆောင်းပါးတွေရဲ့ အရည်အသွေးမကောင်းဘူးလို့ ခံစားခဲ့ရတော့၊ ကျွန်မရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကြောင့် သူတို့ကို အထင်သေးခဲ့မိတယ်။ သူတို့ရဲ့ တရားဒေသနာဆောင်းပါးတွေကို ကျွန်မ ဂရုတစိုက် ပြန်မစစ်ဆေးခဲ့ဘူး၊ ဒါကြောင့် လမ်းလွဲမှုတွေ ဖြစ်ခဲ့ရတာပေါ့။ ကိုယ့်ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို မဖြေရှင်းရင် တာဝန်ကို ကောင်းကောင်းမထမ်းဆောင်နိုင်ဘူးဆိုတာ ကျွန်မ မြင်ခဲ့ရတယ်။
ဒါကို တွေ့ကြုံခံစားပြီးတဲ့နောက်မှာ အသက် ဝင်ရောက်မှုကို လိုက်စားဖို့အတွက်၊ လူတစ်ယောက်ဟာ ပထမဆုံး ဖြောင့်မတ်ခြင်းကို ဆာငတ်တောင့်တတဲ့ စိတ်နှလုံးရှိရမယ်၊ ပြီးတော့ နေ့စဉ်ကြုံတွေ့ရတဲ့ အကြီးအသေး ကိစ္စရပ်တွေကနေ စတင်ရမယ်ဆိုတာကို ကျွန်မ တကယ်ပဲ သဘောပေါက်ခဲ့တယ်။ အခြေအနေတစ်ခုစီမှာ ကိုယ်ဘယ်လိုဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ ထုတ်ဖော်ခဲ့သလဲဆိုတာကို သတိပြုရမယ်၊ အတွင်းစိတ်ထဲက အတွေးအခေါ်တွေနဲ့ အယူအဆတွေကို တက်တက်ကြွကြွ ရှာဖွေပြီး ဆင်ခြင်သုံးသပ်သင့်တယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ သမ္မာတရား စည်းမျဉ်းတွေကို လိုက်နာပြီး လက်တွေ့လုပ်ဆောင်ဝင်ရောက်ရမယ်။ တစ်စတစ်စနဲ့ စုဆောင်းပြီး အရာရာတိုင်းမှာ သင်ခန်းစာယူဖို့ အာရုံစိုက်ရင်း လူတစ်ယောက်ရဲ့ အသက်တာအတွေ့အကြုံက ပိုပြီးကြွယ်ဝလာမှာဖြစ်ပြီး၊ ကယ်တင်ခြင်းရဲ့ ပန်းတိုင်နဲ့လည်း ပိုပြီးနီးကပ်လာမှာပါပဲ။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ရှင်းရွေ တောင်ကိုရီးယားနိုင်ငံ ခုတစ်လောမှာ လူသစ်တွေရဲ့ အတွေ့အကြုံ သက်သေခံချက် ဗီဒီယိုတချို့ကို ကျွန်မ မြင်ပြီး အရမ်းတို့ထိခံခဲ့ရတယ်။...
မုတုံ ဂျပန်နိုင်ငံ အသင်းတော်က အခုရက်ပိုင်းမှာ ခေါင်းဆောင်နေရာကို ဖြည့်ဖို့ အထူးရွေးကောက်ပွဲတစ်ခုလုပ်တယ်။ အထက်ခေါင်းဆောင်ပိုင်းက...
ရှောင်ဖန် တရုတ်နိုင်ငံ ၂၀၁၉ ဩဂုတ်လမှာ ကျွန်မ ဗီဒီယိုထုတ်လုပ်ရေးတာဝန်ကို ယူခဲ့ပြီး အလုပ်မှာ ကြီးကြပ်ရတယ်။ အဲဒီအချိန်မှာအဖွဲ့ထဲက ဘယ်သူမဆိုထက်...
ရှန့်ရွှင် တရုတ်နိုင်ငံ အရင်အောက်တိုဘာလတုန်းက ကျွန်မနဲ့ ကျွန်မရဲ့ တွဲဖက်အမှုဆောင်တွေက အသင်းတော်တချို့ရဲ့ အလုပ်ကို...