ဖော်ရွေတတ်ခြင်းက ကျင့်ကြံပြုမူခြင်းစည်းမျဉ်းတစ်ခုလား

05.12.2025

ကျစ်ယီ၊ တရုတ်ပြည်။

ကျွန်မ ပထမတန်းတုန်းကပေါ့၊ ကျွန်မတို့ အတန်းပိုင်ဆရာမက ဖော်ရွေပြီး ခင်ဖို့ကောင်းသလို သူ့မျက်နှာမှာ အမြဲတမ်း ကြင်နာတဲ့ပုံ ရှိခဲ့တာကို မှတ်မိသေးတယ်။ သူက ကျွန်မတို့ကို ဘယ်တော့မှ ဒေါသမထွက်ဘူး၊ ပြင်းပြင်းထန်ထန်လည်း ဘယ်တော့မှ မဝေဖန်ခဲ့ဘူး။ တစ်ခါတလေဆို သူက ကျွန်မတို့ဆရာမမဟုတ်သလိုမျိုး ကျွန်မတို့နဲ့ စကားစမြည် ပြောတတ်တယ်။ ကျွန်မတို့အားလုံး သူ့အနား နေရတာကို သဘောကျကြပြီး ကျွန်မတို့မိဘတွေကလည်း သူ့ကို ဆရာမကောင်းတစ်ယောက်ဖြစ်လို့ဆိုပြီး ချီးကျူးကြတယ်။ ကျွန်မ သူ့ကို တကယ်ပဲ အားကျပြီး လေးစားခဲ့တယ်၊ သူ့လိုလူမျိုး ဖြစ်ချင်ခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်မ ဘယ်သူနဲ့ပဲ ဆက်ဆံပါစေ၊ ဘယ်သူနဲ့မှ ရန်ဖြစ်တယ်ဆိုတာ မရှိသလောက်ပဲ။ တစ်ယောက်ယောက်က ကျွန်မကို ထိခိုက်အောင်လုပ်ပြီး သူတို့ကို ကျွန်မ စိတ်တိုရင် ဒါမှမဟုတ် မုန်းရင်တောင်၊ ကျွန်မ အံကြိတ်ပြီး သူတို့နဲ့ အေးအေးချမ်းချမ်း ရှိဖို့ အပြုံးနဲ့ နှုတ်ဆက်ဖို့ကို ရွေးချယ်ခဲ့တုန်းပဲ။ ဒီအကြောင်းကြောင့်ပဲ အတန်းဖော်တွေက ကျွန်မနဲ့ ပေါင်းသင်းရတာကို သဘောကျကြပြီး ကျွန်မဆွေမျိုးတွေအားလုံးကလည်း ကျွန်မကို လိမ္မာပြီး အသိတရားရှိတယ်လို့ ပြောကြတယ်။ ဘုရားသခင်ကို ယုံကြည်ပြီးတဲ့နောက်မှာလည်း ညီအစ်ကိုမောင်နှမတွေနဲ့ ဒီလိုပုံစံအတိုင်းပဲ ဆက်ဆံခဲ့တယ်။ ညင်ညင်သာသာ စကားပြောပြီး ဘယ်သူ့မာနကိုမှ မထိခိုက်အောင် အတတ်နိုင်ဆုံး လုပ်ခဲ့တယ်။ တခြားသူတွေမှာ ပြဿနာရှိတွေတာကို ကျွန်မ မြင်နိုင်တဲ့အခါမှာတောင် ကျွန်မက ကိစ္စတွေကို အမြဲဖော့ပြောတတ်လို့ တခြားသူတွေက ကျွန်မကို အကောင်းမြင်သွားပြီး ဒီလိုနေထိုင်တာက ကောင်းတဲ့အရာပဲဆိုတဲ့ ကျွန်မရဲ့ယုံကြည်ချက်ကို ပိုပြီးခိုင်မာစေခဲ့တယ်။ ကိစ္စတချို့ကို ကြုံတွေ့ပြီးတဲ့နောက်ပိုင်းကျမှသာ ဘုရားနှုတ်ကပတ်တော်ရဲ့ ဖော်ထုတ်မှုကတစ်ဆင့်၊ ဖော်ရွေခြင်းဆိုတာ လူတစ်ယောက် ကျင့်ကြံပြုမူဖို့ စည်းမျဉ်းတစ်ခုမဟုတ်မှန်း ကျွန်မနားလည်ခဲ့ရတယ်။ လူစင်စစ်တစ်ယောက်ရဲ့ ပုံသဏ္ဌာန်နဲ့ ဘယ်လိုကျင့်ကြံပြုမူရမလဲဆိုတာကိုလည်း နားလည်လာခဲ့တယ်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှာ ကျွန်မက အသင်းတော်ရဲ့ ဖယ်ရှားရေး အလုပ်တချို့ကို ကြီးကြပ်နေခဲ့တယ်။ လီယွမ်နဲ့ လင်ရှီးက ဒီအလုပ်ကို စခါစပဲရှိသေးပြီး စည်းမျဉ်းတွေကို သဘောမပေါက်သေးတော့၊ သူတို့အလုပ်ကို ကျွန်မ နည်းနည်းပိုပြီး လိုက်ကြည့်ပေးခဲ့တယ်။ အဲဒီအချိန်မှာ သူတို့ဟာ သူတို့တာဝန်မှာ တော်တော်လေး ဝတ်ကျေတမ်းကျေ ဖြစ်ခဲ့ပြီး၊ သိသာတဲ့ပြဿနာတချို့ ပေါ်လာခဲ့တာကို ကျွန်မ တွေ့ခဲ့ရတယ်။ တစ်ခါတော့ သူတို့ စုစည်းထားတဲ့ ရှင်းလင်းရေးဆိုင်ရာ စာရွက်စာတမ်းတွေထဲမှာ ကျွန်မ သတိပြုမိတယ်၊ လူတချို့ရဲ့ အပြုအမူတွေကို အကျဉ်းချုပ်ပဲ ဖော်ပြထားပြီး အသေးစိတ်အချက်အလက်တွေ မပါတာ၊ တချို့ကိစ္စတွေမှာ သက်သေအထောက်အထား မလုံလောက်တာ ဒီလူတွေကို ဖယ်ထုတ်ပစ်သင့်မပစ်သင့် အတည်ပြုဖို့ နောက်ထပ်ဥပမာတွေ လိုအပ်တာကို ကျွန်မ သတိပြုမိတယ်။ ရှင်းရှင်းလင်းလင်း စုံစမ်းအတည်မပြုဘူးဆိုရင် လူတစ်ယောက်ဟာ အလွယ်တကူပဲ မှားယွင်းပြီး ရှင်းလင်းပစ်ခံရ၊ နှင်ထုတ်ခံရနိုင်တယ်။ ဒါက အရမ်းကို ဆိုးရွားတဲ့ ပြဿနာတစ်ခုပဲ။ သူတို့နှစ်ယောက်ဟာ လူတွေကို ရှင်းလင်းပစ်ဖို့အတွက် စာရွက်စာတမ်းတွေ စုစည်းရာမှာ ဘယ်လောက်တောင် ပေါ့ဆလဲဆိုတာကို ကျွန်မတွေ့လိုက်ရပြီ။ ကျွန်မ စဉ်းစားလေလေ ဒေါသထွက်လေလေပဲ။ ဒါနဲ့ ကျွန်မရဲ့တွဲဖက်၊ ညီအစ်မလျူကျင့်ကို ပြောလိုက်တယ်၊ “လီယွမ်နဲ့ လင်ရှီးက ဒါကို စလုပ်ခါစပဲရှိသေးပြီး သူတို့နားမလည်တဲ့ ကိစ္စတော်တော်များများကို အကြံဉာဏ်မတောင်းဘူး။ သူတို့က ကိုယ့်တာဝန်တွေမှာ အရမ်းကို ဝတ်ကျေတမ်းကျေနိုင်လွန်းတယ်။ ဒီတစ်ခါတော့ သူတို့ရဲ့ တာဝန်အပေါ်ထားတဲ့ ပြဿနာရှိတဲ့ သဘောထားကို ကျွန်မ ထောက်ပြရတော့မယ်” လို့ပေါ့။ လျူကျင့်က ကျွန်မနဲ့ သဘောတူတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ဆီ စာရေးတဲ့အခါ ကျွန်မ တွေဝေသွားတယ်၊ “သူတို့နဲ့အတူရှိခဲ့တဲ့ လွန်ခဲ့တဲ့သုံးလေးရက်တုန်းက သူတို့ရဲ့အခြေအနေတွေက နည်းနည်းအပျက်သဘောဆောင်တဲ့ပုံပေါက်ခဲ့တယ်၊ တာဝန်တွေမှာ ဝတ်ကျေတမ်းကျေဖြစ်တဲ့သဘာဝကို ငါက ပြုပြင်ပြီး စိတ်ဖြာလေ့လာဆွေးနွေးလိုက်ရင်၊ သူတို့ အရမ်း အပျက်သဘောဆောင်လာပြီး ထွက်သွားကြမလား။ ငါက သူတို့အခက်အခဲတွေကို နားမလည်ဘူး၊ ငါက မညှာမတာနဲ့ ရက်စက်လွန်းတယ်လို့ သူတို့ ပြောကြမလား။ သူတို့ ငါ့အပေါ် အကောင်းမြင်နေတာဟာ ပျောက်သွားရင် ပျောက်သွားနိုင်တယ်” လို့ပေါ့။ ကိုယ့်ပုံရိပ်ကို ကာကွယ်ဖို့အတွက်၊ သူတို့ဖြစ်စေခဲ့တဲ့ လမ်းလွဲတာတွေကိုပဲ ကျွန်မ ထောက်ပြခဲ့ပြီး၊ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖော်ထုတ်ဖို့ ဘာမှမပြောခဲ့ဘူး။ ဒါ့အပြင် နှစ်သိမ့်မှုတွေ၊ တိုက်တွန်းမှုတွေ အများကြီးနဲ့တောင် ရောပြီးပြောခဲ့သေးတယ်၊ သူတို့ရဲ့အားနည်းချက်တွေ၊ ချို့တဲ့မှုတွေကို မှန်မှန်ကန်ကန်ရှုမြင်ဖို့၊ အပျက်သဘောဆောင်ခြင်းနဲ့အထင်မှားခြင်းမှာ မနေထိုင်ဖို့ သူတို့ကို အားပေးတာလိုမျိုးပေါ့။ လျူကျင့်က ကျွန်မစာကိုဖတ်ပြီးတော့ ပြောတယ်၊ “အစ်မက သူတို့တာဝန်တွေမှာ ဝတ်ကျေတမ်းကျေဖြစ်တဲ့သဘာဝအကြောင်း ပြောမလို့မဟုတ်ဘူးလား။ ဘာလို့ ဒီလောက် သွယ်ဝိုက်နေရတာလဲ။ သူတို့ကို ဒီလိုပြောရင် သူတို့ပြဿနာကို သူတို့ သိမြင်မှာလို့ အစ်မ ထင်လို့လား” တဲ့။ လျူကျင့် ဒီလိုပြောတာကိုကြားတော့၊ ဒီလို ဝေ့လည်ကြောင်ပတ်ပြောနေတာက ဘာရလဒ်မှ ရလာမှာမဟုတ်ဘူးဆိုတာ ကျွန်မ သိလိုက်တယ်၊ ဒါပေမဲ့ သူတို့က မကောင်းမြင်သွားမှာကို ကြောက်ပြီး ဒီကိစ္စကို ရှောင်ကွင်းဖို့ ကျွန်မ ဆင်ခြေတစ်ခုရှာလိုက်တယ်။

ဖေဖော်ဝါရီလရောက်တော့ အလုပ်ဆွေးနွေးဖို့ ကျွန်မ သူတို့အဖွဲ့ဆီကို သွားခဲ့တယ်။ သူတို့နဲ့ ခပ်ခွာခွာမနေဖို့ ကျွန်မကိုယ့်ကိုယ်ကိုယ် ပြောထားတာပေါ့၊ ကျွန်မဟာ သူတို့နဲ့ ညင်ညင်သာသာရှိရမယ်၊ စကားလုံးရွေးချယ်သုံးနှုန်းရာမှာလည်း သတိထားရမယ်၊ အထက်စီးကနေ လွန်လွန်ကဲကဲ ဒါမှမဟုတ် ကြမ်းတမ်းတဲ့ပုံစံနဲ့ မပြောရဘူးလို့ပေါ့။ သူတို့ နောက်နေပြောင်နေတာကို မြင်တော့ ကျွန်မလည်း သူတို့နဲ့ လိုက်ပြီး ရယ်မောနောက်ပြောင်ခဲ့တယ်၊ ဒီလိုနဲ့ သူတို့က ကျွန်မကို အပူအပင်မထားဘူး၊ ခင်မင်တတ်တယ်၊ မာနမကြီးဘူး၊ လူတိုင်းနဲ့ အဆင်ပြေနိုင်တယ်လို့ မြင်ကြမှာလေ။ သူတို့က ဘာတိုးတက်မှုမရှိဘဲ စိတ်မချမ်းမသာဖြစ်နေတယ်လို့ ပြောတာကို ကြားတော့၊ သူတို့ကို ကျွန်မ ပြောတာပေါ့၊ အရင်က ကျွန်မမှာလည်း အားနည်းချက်တွေ အများကြီးရှိခဲ့ပြီး၊ စည်းမျဉ်းတချို့ကို တဖြည်းဖြည်းနားလည်လာဖို့ အချိန်အကြာကြီးယူခဲ့ရတယ်လို့ပေါ့။ သူတို့ကို နှစ်သိမ့်အားပေးဖို့ ကျွန်မ ဒီလိုပြောခဲ့တာပေါ့။ ခဏကြာတော့ ကျွန်မတို့ တကယ်ကို သင့်မြတ်သွားကြပြီး ဒီလိုမျိုး ဘာဖိအားမရှိဘဲ ဆက်ဆံရတာ စိတ်ချမ်းသာတယ်ဆိုပြီး ညီအစ်မတစ်ယောက်က ကျွန်မကို ပြောခဲ့တယ်။ သူ ဒီလိုပြောတာကိုကြားတော့ ကျွန်မ ဒီလိုကျင့်ကြံပြုမူတာက မှန်ကန်တယ်ဆိုတာကို ပိုလို့တောင် သေချာသွားစေခဲ့တယ်။ တစ်ခါတော့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ချန်ရှင်းက ကျွန်မကို ပြောတယ်၊ သူ ဒီအလုပ်မှာ ပါဝင်နေတာ အတော်ကြာပြီဖြစ်ပေမဲ့၊ တစ်ချိန်လုံး သူ အမှားတွေလုပ်နေမိတုန်းပဲ၊ ဘာတိုးတက်မှုမှ မရှိဘူးလို့ထင်ပြီး တော်တော်လေး အပျက်သဘောဆောင်ခဲ့တယ်တဲ့။ ချန်ရှင်း တိုးတက်မှုမရှိတာက ရလဒ်ကောင်းတွေအတွက် စိတ်မရှည်တာနဲ့ တခြားသူတွေနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်တာ၊ ပြီးတော့ စည်းမျဉ်းတွေကို အာရုံမစိုက်တာကြောင့်မှန်း ကျွန်မသိတယ်။ ဒါပေမဲ့ သူ့ပြဿနာကို တိုက်ရိုက်ထောက်ပြလိုက်ရင် သူ ကောင်းကောင်းမွန်မွန် လက်မခံနိုင်မှာ၊ ကျွန်မအပေါ် အာဃာတမျိုး၊ ဒါမှမဟုတ်အပျက်သဘောဆောင်တဲ့အမြင်မျိုး တစ်ခုခု ဖြစ်သွားမှာကို ကျွန်မ ကြောက်ခဲ့တယ်။ ဒါနဲ့ ကျွန်မ သူ့ကို အားပဲပေးလိုက်ပြီး “ညီမက အခုမှ စခါစပဲရှိသေးတာ၊ ညီမအလုပ်မှာ ပြဿနာလေးတွေ၊ လမ်းလွဲတာလေးတွေ ရှိတာက ပုံမှန်ပါပဲ။ ဒါက လေ့ကျင့်မှုတစ်ခုပဲ။ ကိုယ့်ကိုယ်ကိုယ် မှန်မှန်ကန်ကန် ရှုမြင်ဖို့လိုတယ်၊ ဖြစ်ပေါ်လာတဲ့ ပြဿနာတွေ၊ လွဲချော်မှုတွေကို အနှစ်ချုပ်ပြီး သက်ဆိုင်ရာစည်းမျဉ်းတွေကို ပစ်မှတ်ထားတဲ့ ပုံစံနဲ့ လေ့လာပါ။ ဒီလိုလုပ်မှ ညီမ တိုးတက်မှာ” လို့ ပြောလိုက်တယ်။ ချန်ရှင်းရဲ့ ပြဿနာကို ကျွန်မ မထောက်ပြခဲ့တဲ့အတွက်၊ သူက သူ့ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို မသိမြင်ခဲ့ဘဲ နောက်ပိုင်းမှာ တခြားသူတွေနဲ့ ဆက်ပြီး နှိုင်းယှဉ်ကာ၊ မယှဉ်နိုင်တဲ့အခါမှာ အပျက်သဘောဆောင်နေခဲ့တယ်။ လင်ရှီးကလည်း သူ့တာဝန်တွေမှာ ဝတ်ကျေတမ်းကျေဖြစ်နေပြီး ပြဿနာအများကြီး ကျန်ရှိနေသေးတာမို့ အလုပ်ရဲ့တိုးတက်မှုကို ထိခိုက်စေခဲ့တယ်။ လင်ရှီးက သူ့တာဝန်မှာ အရမ်းဖျင်းလွန်းပြီး၊ သူ့ကို ကျွန်မ ပြုပြင်ပြီး ဖော်ထုတ်သင့်မှန်း သိပေမဲ့၊ ဒါပေမဲ့ သူ ကျွန်မအပေါ် မကောင်းတဲ့အမြင်ရှိသွားမှာ၊ ကျွန်မကို ဆက်ပြီး မထောက်ခံ၊ အားမပေးတော့မှာကို ကြောက်ခဲ့တယ်။ ဒါကြောင့် သူ့ပြဿနာတွေကို အပေါ်ယံပဲ ကျော်ပြောခဲ့ပြီး၊ သူ့မှာ တိုးတက်မှုမရှိတာက သူ့တာဝန်မှာ ရည်ရွယ်ချက်မှားနေလို့ ဖြစ်နိုင်တဲ့အကြောင်း အကြံပြုခဲ့တယ်။ ကျွန်မ ကိစ္စတွေကို ဖော့ပြောခဲ့ပုံကြောင့် လင်ရှီးက ကျွန်မပြောတာကို လုံးဝ အလေးမထားခဲ့ဘဲ သူ့ရဲ့ဝတ်ကျေတမ်းကျေ သဘောထားပြဿနာကိုလည်း မပြုပြင်ခဲ့ဘဲ၊ သူ့အလုပ်က ခဏခဏ ပြန်လုပ်ရတာမျိုးတွေ ဖြစ်ခဲ့တယ်။ ကျွန်မက ကိုယ့်ဆက်ဆံရေးတွေကို ဘယ်လိုကာကွယ်ရမလဲဆိုတာကိုပဲ တွေးနေခဲ့တဲ့အတွက်၊ ကျွန်မမြင်တဲ့ ပြဿနာတွေကို အပေါ်ယံပဲ ပြောခဲ့တယ်၊ ဒါကြောင့် ဘာရလဒ်မှ မထွက်ဘဲ အလုပ်ကို နှောင့်နှေးစေခဲ့တယ်။ ဒါပေမဲ့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်တာ၊ သိမြင်တာမျိုး မရှိခဲ့ဘူး။

စုဝေးပွဲတစ်ခုမှာ၊ အန္တိခရစ်တွေက လူတွေကို ဘယ်လိုစည်းရုံးသိမ်းသွင်းတယ်ဆိုတာကို ဖော်ထုတ်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မတို့ မိတ်သဟာယဖွဲ့ခဲ့ကြတယ်။ ကျွန်မအခြေအနေနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ကျမ်းပိုဒ်တစ်ပိုဒ်ကို ကျွန်မ ဖတ်မိသွားတော့၊ နောက်ဆုံးမှာ ကိုယ့်အပြုအမူအပေါ် အသိတချို့ ကျွန်မ ရခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အသင်းတော်ခေါင်းဆောင်အချို့သည် ညီအစ်ကိုများ သို့မဟုတ် ညီအစ်မများက မိမိတို့၏ တာဝန်များအား ဝတ်ကျေတမ်းကျေ ဆောင်ရွက်နေသည်ကို ၎င်းတို့မြင်တွေ့ရသောအခါ ၎င်းတို့အား ပြစ်တင်မောင်းမဲခြင်း ပြုသင့်သော်ငြားလည်း မပြုကြချေ။ ဘုရားအိမ်တော်၏ အကျိုးစီးပွား ထိခိုက်နစ်နာစေသည်ကို ၎င်းတို့ ရှင်းရှင်းလင်းလင်း မြင်သည့်အခါ ၎င်းတို့သည် စိတ်ဝင်စားခြင်းမရှိ သို့မဟုတ် မည်သည့် မေးမြန်းစုံစမ်းခြင်းကိုမျှ မပြုသည့်အပြင် အခြားသူများအား စိတ်အနှောင့်အယှက် တစ်စက်မျှပင် မဖြစ်စေကြပေ။ အမှန်မှာမူ ၎င်းတို့သည် လူများ၏ အားနည်းချက်များကို အမှန်တကယ် ထည့်တွက်စဉ်းစားနေခြင်း မဟုတ်ပေ။ ထိုအစား ၎င်းတို့၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်ပန်းတိုင်က လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းဖို့ ဖြစ်သည်။ ၎င်းတို့သည် ‘ဤအရာကို ငါ ပြုလုပ်ပြီး မည်သူ့ကိုမျှ စိတ်အနှောင့်အယှက် မဖြစ်စေသရွေ့ ငါသည် ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်သည်ဟု ၎င်းတို့ ထင်ကြလိမ့်မည်။ ၎င်းတို့သည် ငါနှင့်သက်ဆိုင်၍ ကောင်းမွန်၊ မြင့်မားသည့် ထင်မြင်ချက်တစ်ခု ရှိကြလိမ့်မည်။ ငါ့ကို ၎င်းတို့ သဘောကျကာ နှစ်သက်ကြလိမ့်မည်’ ဟူ၍ ကောင်းစွာ သိရှိကြလေသည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားအား မည်မျှ ထိခိုက်နစ်နာစေသည်ဖြစ်စေ သို့မဟုတ် ဘုရားသခင် ရွေးချယ်ထားသော လူများ၏ အသက်ဝင်ရောက်မှုကို မည်မျှကြီးမားသော ဆုံးရှုံးမှုများ ဖြစ်ပျက်သည်ဖြစ်စေ သို့မဟုတ် ၎င်းတို့၏ အသင်းတော်အသက်တာသည် မည်မျှကြီးမားစွာ နှောင့်ယှက်ခံရသည်ဖြစ်စေ ၎င်းတို့ ဂရုမစိုက်ချေ။ ၎င်းတို့သည် ၎င်းတို့၏ စာတန်ဆန်သော အတွေးအခေါ်ကိုပင် မလျှော့တမ်း ထားရှိပြီး မည်သူ့ကိုမျှ မစော်ကားကြချေ။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် မည်သည့်အခါတွင်မျှ မိမိကိုယ်ကို အပြစ်တင်မှု တစ်ခုမျှ မရှိကြပေ။ တစ်စုံတစ်ဦးက နှောင့်ယှက်မှုများနှင့် အဖျက်အမှောင့်လုပ်ခြင်းများ ဖြစ်စေသည်ကို ၎င်းတို့မြင်သည့်အခါ အလွန်ဆုံးအနေဖြင့် ၎င်းတို့သည် ယင်းနှင့်ပတ်သက်၍ ထိုသူ့ကို စကားအနည်းငယ်မျှ ပြောကောင်းပြောမည်ဖြစ်ပြီး ထိုပြဿနာကို ဖော့ပြောလိုက်ပြီး အဆုံးသတ်လိုက်သည်။ ၎င်းတို့သည် ထိုလူကို သမ္မာတရားအပေါ် မိတ်သဟာယပြုခြင်း သို့မဟုတ် ထိုပြဿနာ၏ အနှစ်သာရကို ထောက်ပြခြင်း ရှိမည်မဟုတ်ပေ။ ထိုသူ၏ အခြေအနေအား စိတ်ဖြာလေ့လာဆွေးနွေးခြင်းကို သာ၍ပင် လုပ်မည် မဟုတ်သည့်အပြင် ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များက မည်သည့်အရာဖြစ်သည်ကို မိတ်သဟာယပြုခြင်း လုံးဝ ရှိမည် မဟုတ်ပေ။ အယောင်ဆောင် ခေါင်းဆောင်များသည် လူတို့ မကြာခဏ ပြုလုပ်သည့် အမှားများ သို့မဟုတ် လူများ မကြာခဏ ထုတ်ဖော်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မည်သည့်အခါမျှ ဖော်ထုတ်ခြင်း သို့မဟုတ် စိတ်ဖြာလေ့လာဆွေးနွေးခြင်း မရှိပေ။ ၎င်းတို့သည် မည်သည့် တကယ့်ပြဿနာကိုမျှ မဖြေရှင်းဘဲ၊ ထိုအစား လူများ၏ မှားယွင်းသော လက်တွေ့လုပ်ဆောင်မှုများနှင့် ဖောက်ပြန်ပျက်စီးမှု ထုတ်ဖော်ခြင်းများကို အစဉ်သဖြင့် အလိုလိုက်ကြသည်။ ပြီးလျှင် လူတို့သည် မည်မျှ အပျက်သဘောဆောင်ပါစေ၊ အားနည်းပါစေ ၎င်းတို့သည် ဤအရာကို အလေးအနက် မထားကြချေ။ ၎င်းတို့သည် အချို့သော စကားလုံးများနှင့် အယူဝါဒများကို ဟောပြောရုံမျှ ဟောပြောပြီး ထိုအခြေအနေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ဝတ်ကျေတမ်းကျေ ပုံစံဖြင့် တိုက်တွန်းအားပေးခြင်း စကားအနည်းငယ် ပြောရုံမျှပြောလျက် သဟဇာတဖြစ်ခြင်းကို ထိန်းသိမ်းဖို့ ကြိုးစားလေသည်။ အကျိုးဆက်အနေဖြင့် ဘုရားသခင် ရွေးချယ်ထားသော လူများသည် မိမိတို့ကိုယ်ကို မည်သို့ ဆင်ခြင်သုံးသပ်ရမည်ကိုလည်းကောင်း၊ မိမိတို့ကိုယ်ကို မည်သို့ သိနားလည်ရမည်ကိုလည်းကောင်း မသိကြချေ။ ၎င်းတို့သည် မိမိတို့ထုတ်‌ဖော်သည့် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအတွက်ကိုမျှ ဖြေရှင်းချက် မရှိသည့်အပြင် ၎င်းတို့သည် အသက်ဝင်ရောက်မှု တစ်စုံတစ်ရာမရှိဘဲ စကားလုံးများနှင့် အယူဝါဒများ၊ အယူအဆများနှင့် စိတ်ကူးများအလယ်တွင် အသက်ရှင်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးများထဲ၌ ‘ငါတို့၏ခေါင်းဆောင်သည် ငါတို့၏ အားနည်းချက်များအတွက် ဘုရားသခင်ထက်ပင် ပို၍များသော နားလည်မှုရှိသည်။ ငါတို့၏ဝိညာဉ်ရင့်ကျက်မှုသည် ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း အသက်ရှင်ဖို့အတွက် အလွန်သေးငယ်သည်။ ငါတို့သည် ငါတို့ခေါင်းဆောင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းရန်သာ လိုအပ်သည်။ ငါတို့၏ခေါင်းဆောင်ကို ကျိုးနွံနာခံခြင်းအားဖြင့် ငါတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံနေခြင်း ဖြစ်သည်။ အထက်က ငါတို့၏ခေါင်းဆောင်ကို ရာထူးမှဖြုတ်ချသည့် နေ့ရက်ရောက်လာပါက ငါတို့၏ သဘောထားကို သိအောင်ထုတ်ပြောမည်။ ငါတို့ ခေါင်းဆောင်ကို ဆက်ထားရှိဖို့နှင့် သူ့ကို ဖြုတ်ချခြင်းမှ တားဆီးဖို့ ငါတို့သည် အထက်နှင့်ညှိနှိုင်းရမည်ဖြစ်ပြီး ၎င်းတို့အား ငါတို့၏ တောင်းဆိုမှုကို လက်ခံသဘောတူအောင် ဖိအားပေးရမည်။ ဤသည်မှာ ငါတို့၏ခေါင်းဆောင်ကို ကျေးဇူးသိတတ်သည့် ပုံစံဖြစ်ပေသည်’ ဟုပင် ထင်မြင်ယူဆကြသည်။ လူများသည် ၎င်းတို့၏စိတ်နှလုံးထဲတွင် ထိုသို့သော အတွေးများရှိသည့်အခါ၊ ၎င်းတို့၌ ခေါင်း‌ဆောင်နှင့် ထိုသို့သော ဆက်ဆံရေးတစ်ခုကို တည်ဆောက်ထားပြီး ၎င်းတို့၏ခေါင်းဆောင်အပေါ် ဤသို့သော မှီခိုမှု၊ အားကျမှု၊ ကိုးကွယ်ခြင်းတို့ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ပေါ်ထွက်လာပြီးသည့်အခါ ၎င်းတို့သည် ဤခေါင်းဆောင်အပေါ် သာ၍ပင် ကြီးမားသော ယုံကြည်ခြင်း ရှိလာကြလေသည်။ ထို့ပြင် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ သမ္မာတရားကို ရှာဖွေခြင်းထက် ထိုခေါင်းဆောင်၏ စကားများကို အမြဲတမ်း နားထောင်လိုကြသည်။ ထိုသို့သော ခေါင်းဆောင်သည် လူများ၏ စိတ်နှလုံးများထဲ၌ ဘုရားသခင်၏ နေရာကို ယူပြီးလုနီးပါး ဖြစ်လေသည်။ ခေါင်းဆောင်တစ်ဦးသည် ဘုရားသခင် ရွေးချယ်ထားသော လူများနှင့် ထိုသို့သော ဆက်ဆံရေးကို ထိန်းသိမ်းထားလိုပါက၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဤအရာမှ ပျော်ရွှင်မှု ခံစားချက်တစ်ခု ရရှိပါက၊ ဘုရားသခင် ရွေးချယ်ထားသောလူများသည် ၎င်းတို့ကို ဤကဲ့သို့ ဆက်ဆံသင့်သည်ဟု ယုံကြည်ပါက၊ ဤခေါင်းဆောင်နှင့် ပေါလုကြားတွင် ကွာခြားချက်မရှိသည့်အပြင် ၎င်းတို့သည် အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းပေါ် ခြေချမိနှင့်ပြီးဖြစ်သည်။ ထို့ပြင် ဘုရားသခင် ရွေးကောက်ထားသော လူတို့သည် ဤအန္တိခရစ်၏ အထင်အမြင်မှားစေခြင်းကို ခံခဲ့ရပြီးသားဖြစ်ကာ ပိုင်းခြားသိမြင်နိုင်စွမ်း လုံးဝ ကင်းမဲ့ကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁- လူတို့၏စိတ်နှလုံးများ စည်းရုံးသိမ်းသွင်းရန် ၎င်းတို့ကြိုးစားကြသည်) ဘုရားသခင်က အန္တိခရစ်တွေဟာ လူတွေရဲ့ဇာတိပကတိကို အမြဲတမ်း အလေးထားတယ်လို့ ဖော်ထုတ်ထားတယ်။ ညီအစ်ကိုမောင်နှမတွေ သူတို့တာဝန်တွေမှာ ဝတ်ကျေတမ်းကျေဖြစ်ပြီး အသင်းတော်အလုပ်ကို နှောင့်နှေးစေတာကို သူတို့ သတိထားမိပေမဲ့၊ အဲဒါကို ထောက်ပြတာ၊ ပြုပြင်တာမျိုး သူတို့ မလုပ်ဘူး။ အဲဒီအစား လူတွေကို အလိုလိုက်ပြီး လိုက်လျောပေးတယ်၊ ဒါက လူတွေရဲ့စိတ်နှလုံးတွေထဲမှာ သူတို့ကိုယ်သူတို့ ပုံရိပ်ကောင်းတစ်ခု သွတ်သွင်းပေးနိုင်ဖို့အတွက်ပဲ၊ အနှစ်သာရအရတော့ လူတွေကို သူတို့ဘက်ပါအောင် စည်းရုံးတာပဲ။ ဘုရားသခင်က ကျွန်မရဲ့ကိုယ်ပိုင်အပြုအမူကို ဖော်ထုတ်နေသလို ခံစားလိုက်ရတယ်။ ကျွန်မတာဝန်မှာ လူတွေရဲ့စိတ်နှလုံးတွေထဲက ကိုယ့်ပုံရိပ်နဲ့ အဆင့်အတန်းကို ကာကွယ်ဖို့ အမြဲတမ်း ကြိုးစားနေခဲ့တယ်။ အဖွဲ့ဝင်တွေ ကျွန်မအပေါ် အကောင်းမြင်စေဖို့ ကျွန်မက ဖော်ဖော်ရွေရွေ ပြုမူတတ်တယ်၊ စကားပြောတဲ့အခါမှာတောင် ကိုယ့်လေသံနဲ့ ကိုယ်နှုတ်အမူအရာကို အထူးဂရုစိုက်ခဲ့တယ်။ ခြေလှမ်းအမှား တစ်ခုခုကြောင့် ကျွန်မအပေါ် လူတွေ မကောင်းမြင်သွားမှာကို ကြောက်ခဲ့တယ်။ ချန်ရှင်းရဲ့ ထိုင်းနေတဲ့ တိုးတက်မှုနဲ့၊ မကောင်းတဲ့အခြေအနေကို ကျွန်မ မြင်တယ်၊ ဒါက သူဟာ နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို အမြဲလိုက်စားပြီး တခြားသူတွေနဲ့ သူ့ကိုယ်သူ နှိုင်းယှဉ်လို့၊ ကိုယ့်ရဲ့အတတ်ပညာကျွမ်းကျင်မှုတွေကို အာရုံမစိုက်လို့ဆိုတာ ကျွန်မသိတယ်။ သူ ဒီအတိုင်းဆက်လုပ်ရင် ဒါက သူ့ရဲ့အသက်ဝင်ရောက်မှုကို ထိခိုက်ရုံပဲမဟုတ်ဘူး၊ အလုပ်လည်း နှောင့်နှေးမှာပဲဆိုတာ ကျွန်မအတွက် ရှင်းနေတာပေါ့။ ကျွန်မ သူနဲ့ မိတ်သဟာယဖွဲ့ပြီး ဒီအရာတွေကို ထောက်ပြသင့်ခဲ့ပေမဲ့၊ သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေမှာ ကြောက်လို့ ကျွန်မက နှစ်သိမ့်၊ အားပေးပြီး တိုက်တွန်းရုံပဲ လုပ်ခဲ့တယ်။ ချန်ရှင်းက ကိုယ့်ပြဿနာတွေကိုယ် မသိမြင်နိုင်ခဲ့ဘဲ အပျက်သဘောဆောင်တဲ့ အခြေအနေမှာပဲ နေထိုင်ခဲ့တယ်၊ သူ့ရဲ့အသက်ဝင်ရောက်မှုက အဟန့်အတားဖြစ်ခဲ့ပြီး အတတ်ပညာပိုင်း တိုးတက်မှုလည်း နည်းနည်းပဲရှိခဲ့တယ်။ လင်ရှီးက သူ့တာဝန်တွေမှာ ဝတ်ကျေတမ်းကျေဖြစ်နေတာကို ကျွန်မလည်း ကောင်းကောင်းသိခဲ့တဲ့အပြင် ကိစ္စတွေကို သူ ဆင်ခြင်သုံးသပ်ပြီး နားလည်အောင် ကူညီဖို့ သူ့ပြဿနာတွေကို ထောက်ပြဖို့နဲ့ သူ့ရဲ့အနှစ်သာရကို မိတ်သဟာယဖွဲ့ဖို့ အသေအချာ လိုအပ်မှန်းလည်း ကျွန်မ ကောင်းကောင်းသိခဲ့တယ်။ ဒါပေမဲ့ သူ့ပြဿနာတွေကို တိုက်ရိုက်ထောက်ပြရင် သူ ကျွန်မကို မကောင်းမြင်သွားမှာကြောက်လို့၊ ဒါတွေအပေါ် ကျွန်မ ဝေ့ဝိုက်ခဲ့လို့ ဘာမှ မဖြေရှင်းခဲ့ဘူး။ ဒီလိုသိမြင်လာတော့မှ ကျွန်မ နောက်ဆုံးမှာ နားလည်ခဲ့တယ်၊ ကျွန်မရဲ့ကျင့်ကြံပြုမူမှုဟာ လူတွေရဲ့စိတ်နှလုံးကို စည်းရုံးသိမ်းသွင်းဖို့ ကြိုးစားနေတဲ့ အန္တိခရစ်တစ်ယောက်ရဲ့ ကျင့်ကြံပြုမူမှုဖြစ်နေတယ် ဆိုတာကိုပေါ့။ အဖွဲ့ဝင်တွေရဲ့ သဘောတူညီမှုနဲ့ ထောက်ခံမှုကို ရဖို့အတွက်၊ ကျွန်မ သူတို့ကို အမြဲတမ်း လိုက်လျောခဲ့ပြီး၊ ပြဿနာတွေကို ထောက်ပြတာ၊ အဲဒါတွေကို ဖြေရှင်းဖို့ မိတ်သဟာယဖွဲ့တာတွေကို ကျွန်မ ရှောင်ခဲ့တယ်။ ကျွန်မက ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုကို နှောင့်နှေးစေခဲ့ရုံသာမက၊ အသင်းတော်ရဲ့အလုပ်ကိုလည်း နှောင့်နှေးစေခဲ့တယ်။ ကျွန်မ အရမ်းကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းခဲ့တာပဲ။

နောက်ပိုင်းမှာ၊ ကျွန်မ လူတွေကို စည်းရုံးသိမ်းသွင်းနိုင်ဖို့ ကြိုးစားခဲ့ပုံအကြောင်း အဖွဲ့ဝင်တွေကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့တယ်။ သူတို့ထဲကတစ်ယောက်က ပြောတယ်၊ “နောက်ဆုံးတစ်ခါ ကျွန်တော်တို့အလုပ်မှာ လမ်းလွဲမှုတွေရှိတုန်းက အစ်မ ကျွန်တော်တို့ကို ပြုပြင်ပေးရမယ့်အစား အားပေးတိုက်တွန်းတဲ့စာတစ်စောင်ပဲ ပို့ခဲ့တယ်။ ညီအစ်မတစ်ယောက်ကတောင် ပြောခဲ့သေးတယ်၊ ‘ကြည့်စမ်း၊ သူ ငါတို့ကို နှစ်သိမ့်ဖို့ ကြိုးစားနေပြန်ပြီ’ဆိုပြီးတော့လေ” လို့ပေါ့။ သူ ဒီလိုပြောတာကိုကြားတော့ ကျွန်မ ပိုပြီးတော့တောင် အပြစ်ရှိသလို ခံစားရတယ်။ အသင်းတော်က လူတစ်ယောက်ကို ဖယ်ရှားတဲ့အခါ၊ သူ့ကို သမ္မာတရားစည်းမျဉ်းတွေနဲ့အညီ တိတိကျကျ အကဲဖြတ်ရမယ်။ ပေါ့ဆမှု၊ ဝတ်ကျေတမ်းကျေဖြစ်မှု နည်းနည်းလေးမှ မရှိရဘူး။ ကျွန်မတို့က ဒါကို အလေးအနက်မထားဘူး၊ စည်းမျဉ်းတွေနဲ့အညီ ကိစ္စတွေကို အကဲမဖြတ်ဘူးဆိုရင်၊ မှားယွင်းတဲ့စွဲချက်တွေဖြစ်စေပြီး ညီအစ်ကိုမောင်နှမတွေကို ထိခိုက်စေနိုင်တယ်။ သူတို့တွေဟာ ကိုယ့်တာဝန်တွေမှာ ဝတ်ကျေတမ်းကျေဖြစ်နေပြီး အသင်းတော်အလုပ်ကို နှောင့်ယှက်လုနီးပါးဖြစ်နေတာက ကျွန်မအတွက် ရှင်းနေပေမဲ့၊ သူတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေမှာ ကြောက်လို့ လမ်းပြမှု ဒါမှမဟုတ် အကူအညီ မပေးခဲ့ဘဲ အသင်းတော်အလုပ် ထိခိုက်မှု ရှိမရှိဆိုတာကို လုံးဝ လျစ်လျူရှုခဲ့တယ်။ ကျွန်မရဲ့အပြုအမူက ဘုရားသခင်ကို အတိုက်အခံလုပ်နေတာပဲ။ ဒီသိမြင်မှုကြောင့် ကျွန်မကြောက်သွားပြီး အမြန်ဆုံးပြုပြင်မှု တွေ လုပ်ချင်ခဲ့တယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ “အခြားသူများနှင့် ပေါင်းသင်းဆက်ဆံသောအခါ ပထမဦးစွာ သူတို့အား သင်၏ စစ်မှန်သော စိတ်နှလုံးနှင့် ရိုးသားမှန်ကန်မှုကို သတိပြုမိစေရမည်။ အတူတကွ စကားပြောဆိုခြင်းနှင့် အလုပ်လုပ်ခြင်းအပြင် အခြားသူများနှင့် ထိတွေ့ဆက်ဆံရာတွင် အကယ်၍ လူတစ်ဦး၏ စကားများက ဝတ်ကျေတမ်းကျေ ဖြစ်သည်၊ စကားကြီးစကားကျယ် သုံးသည်၊ ချိုသာသောစကားများ ဖြစ်သည်၊ မြှောက်လုံးပင့်လုံးဖြစ်သည်၊ စိတ်ချယုံကြည်၍မရသည့်အပြင် စိတ်ကူးသက်သက်ဖြစ်သည် ဆိုပါက၊ သို့မဟုတ် သူသည် အခြားသူများ စိတ်ကျေနပ်စေဖို့သာ ပြောဆိုသည် ဆိုပါက သူတို့၏ စကားများအားလုံး၌ ခိုင်လုံမှုကင်းမဲ့ပြီး ရိုးသားမှန်ကန်မှု နည်းနည်းလေးမျှပင် မရှိပေ။ ဤသည်မှာ အခြားသူများက မည်သူပင်ဖြစ်စေ၊ ထိုအခြားသူများနှင့် သူတို့၏ ပေါင်းသင်းဆက်ဆံသည့် နည်းလမ်းဖြစ်သည်။ ဤသို့သောသူတွင် ရိုးသားသောစိတ်နှလုံးမရှိပေ။ ဤသည်မှာ ရိုးသားသောလူ မဟုတ်ပေ။ လူတစ်ဦးသည် အပျက်သဘောဆောင်သော အခြေအနေတစ်ခု၌ ရှိနေပြီး သူက သင့်အား ‘ကျွန်ုပ် လွန်စွာ အပျက်သဘောဆောင်နေသည်မှာ အတိအကျ အဘယ်အတွက်ကြောင့် ဖြစ်ရသည်ကို ကျွန်ုပ်အား ပြောပါ။ ယင်းကို ကျွန်ုပ် လုံးဝ သဘောမပေါက်နိုင်ပါ’ ဟု ရိုးသားမှန်ကန်စွာ ပြောသည်ဆိုပါစို့။ ထို့အပြင် အမှန်မှာ သင်၏ စိတ်နှလုံးထဲတွင် သူ့ပြဿနာကို တကယ်နားလည်သော်လည်း သူ့ကို ပြောပြမည့်အစား ‘ဘာမျှမဟုတ်ပါ။ သင်သည် အပျက်သဘောဆောင်နေခြင်းမရှိပါ။ ကျွန်ုပ်လည်း ထိုသို့ ဖြစ်တတ်သည်’ ဟု ပြောသည်ဆိုပါစို့။ ဤစကားများမှာ ထိုသူအတွက် ကြီးမားသော နှစ်သိမ့်မှုတစ်ခု ဖြစ်သော်လည်း သင့်စိတ်ထားက ရိုးသားမှန်ကန်ခြင်း မရှိပေ။ သင်သည် ထိုသူ့အပေါ် ဝတ်ကျေတမ်းကျေ ဖြစ်နေသည်။ သူ့ကို ပို၍ စိတ်ချမ်းသာစေပြီး ဖြေသိမ့်ဖို့ရန်အတွက် သင်သည် သူ့အား ရိုးသားစွာ စကားပြောခြင်းကို ရှောင်ကြဉ်ခဲ့ပြီဖြစ်သည်။ သူ့အနေဖြင့် သူ၏ အပျက်သဘောဆောင်ခြင်းကို စွန့်ပစ်နိုင်ရန်အလို့ငှာ သင်သည် သူ့ကို အလေးအနက် ကူညီနေခြင်းမရှိသည့်အပြင် သူ၏ပြဿနာကို ထင်ထင်ရှားရှား ပြသခြင်းမရှိပေ။ သင်သည် ရိုးသားသော လူတစ်ဦး ပြုလုပ်သင့်သည့်အရာကို မပြုလုပ်ခဲ့သေးပေ။ သူ့အား နှစ်သိမ့်ရန်နှင့် သင်တို့အကြား ခပ်တန်းတန်းဖြစ်ခြင်း သို့မဟုတ် သ‌ဘောထားကွဲလွဲခြင်း မရှိအောင် သေချာစေဖို့ ကြိုးစားရန်အလို့ငှာ သင်သည် သူ့အပေါ် ဝတ်ကျေတမ်းကျေ ဖြစ်နေလျက်ရှိကာ ဤသည်မှာ ရိုးသားသော လူတစ်ဦးဖြစ်နေခြင်း မဟုတ်ချေ။ သို့ဆိုလျှင် ရိုးသားသော လူတစ်ဦးဖြစ်ရန်အတွက် ဤအခြေအနေမျိုးကို ကြုံတွေ့သောအခါ ဘာလုပ်သင့်သနည်း။ သင်သည် သူ့အား သင် တွေ့ရှိဖူးပြီး ဖော်ထုတ်ခဲ့ပြီးသောအရာကို ပြောပြရန်လိုသည်။ ‘ကျွန်ုပ်တွေ့ရှိဖူးသည့်အရာနှင့် တွေ့ကြုံဖူးသည့်အရာကို သင့်အား ပြောပြမည်။ ကျွန်ုပ်ပြောသည့်အရာ မှန်သည်၊ မှားသည်ကို သင်ဆုံးဖြတ်ပါ။ မှားလျှင် သင် လက်ခံစရာ မလိုပါ။ မှန်လျှင် သင် လက်ခံမည်ဟု မျှော်လင့်သည်။ သင့်အနေဖြင့် နားထောင်ရခက်ပြီး သင့်အား စိတ်ဆင်းရဲစေသည့်အရာတစ်ခုကို ကျွန်ုပ်ပြောပြပါက ယင်းကို ဘုရားသခင်ထံမှ သင် ခံယူနိုင်မည်ဟု ကျွန်ုပ်မျှော်လင့်သည်။ ကျွန်ုပ်၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်မှာ သင့်ကို ကူညီရန်ဖြစ်သည်။ ဤအရေးကိစ္စကို ကျွန်ုပ် ရှင်းလင်းစွာ သိမြင်သည်။ သင်သည် အရှက်ခွဲခံရပြီဖြစ်ကာ သင့်ကို မည်သူမျှ ချီးပင့်မြှောက်စားမနေကြဟု သင်ခံစားရပြီး သင့်ကို အခြားလူတိုင်းက အထင်သေးသည်၊ သင်သည် တိုက်ခိုက်ခံနေရသည်၊ ထို့ပြင် သင်သည် မည်သည့်အခါမျှ ထိုသို့ မတရားသဖြင့် မခံရဖူးဟု ထင်သောကြောင့် ယင်းကို သင် လက်မခံနိုင်သည့်အပြင် အပျက်သဘောဆောင်လာခြင်းဖြစ်သည်။ ဤသည်မှာ အမှန်တကယ် ဖြစ်ပျက်နေသည့်အရာ ဟုတ်သလော၊ သင် မည်သို့ထင်သနည်း’ ဟူ၍ဖြစ်သည်။ ထိုအခါ ဤအရာကို ကြားရပြီးနောက် သူက ယင်းမှာ အမှန်တကယ်ဖြစ်သည့် အခြေအနေဖြစ်မှန်း ခံစားရလေသည်။ ဤသည်မှာ သင်၏ စိတ်နှလုံးထဲ၌ အမှန်တကယ်ရှိသည့် အရာပင်ဖြစ်သော်လည်း သင်သည် ရိုးသားသော လူတစ်ဦး မဟုတ်ပါက ယင်းကို သင် ပြောမည်မဟုတ်ပေ။ သင်က ‘ကျွန်ုပ်လည်း မကြာခဏ အပျက်သဘောဆောင်တတ်သည်’ ဟု ပြောကာ တစ်ဖက်လူက လူတိုင်း အပျက်သဘောဆောင်တတ်သည်ဟု ကြားရသောအခါ သူ့အနေဖြင့် အပျက်သဘောဆောင်သည်မှာ ပုံမှန်ဖြစ်သည်ဟု ထင်မှတ်ပြီး အဆုံးတွင် သူ၏ အပျက်သဘောဆောင်ခြင်းကို မစွန့်ပစ်တော့ချေ။ သင်သည် ရိုးသားသော လူတစ်ဦးဖြစ်ပြီး သူ့ကို ရိုးသားသော စိတ်ထားနှင့် ရိုးသားသော စိတ်နှလုံးဖြင့် ကူညီလျှင် သူ့အား သမ္မာတရားကို နားလည်ရန်နှင့် သူ၏ အပျက်သဘောဆောင်ခြင်းကို စွန့်ပစ်ရန်အတွက် ကူညီနိုင်မည်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ရိုးသားသောသူလူတစ်ဦးကသာ စစ်မှန်သော လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်နိုင်သည်) ဘုရားနှုတ်ကပတ်တော်ကိုဖတ်တာက ကျွန်မကို လက်တွေ့လုပ်ဆောင်ရာ လမ်းကြောင်းတစ်ခု ပေးခဲ့တယ်။ တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံတဲ့အခါ ကျွန်မတို့ဟာ ရိုးသားပွင့်လင်းပြီး စိတ်ရင်းမှန်ရမယ်။ တခြားသူတွေရဲ့ ပြဿနာတွေကို မြင်တဲ့အခါ ကျွန်မတို့ ရိုးရိုးသားသား ပြောနိုင်ရမယ်၊ ဒါမှ သူတို့ရဲ့ ဒီပြဿနာတွေကို သူတို့ သိမြင်နိုင်မှာပေါ့။ လူတွေကို ဒီလိုနည်းနဲ့ဆက်ဆံတာက သူတို့ရဲ့အသက်ဝင်ရောက်မှုအတွက် အကျိုးရှိတယ်။ လင်ရှီးက သူ့တာဝန်မှာ ဝတ်ကျေတမ်းကျေဖြစ်နေတာကို ကျွန်မ မြင်ခဲ့တယ်၊ ဒါတောင်မှ သူ့ရဲ့မျက်နှာသာရဖို့အတွက် မရိုးသားတဲ့ နှစ်သိမ့်တိုက်တွန်းစကားတွေကို ဆက်ပြီး ပေးနေခဲ့တယ်။ ဒါက သူ့ကို ထိခိုက်စေပြီး လှည့်ဖြားတတ်တဲ့လုပ်ရပ်တစ်ခုပဲ။ သူ့ပြဿနာကို တိုက်ရိုက်ထောက်ပြလိုက်ရင် သူ ခဏလောက် ကသိကအောက်ဖြစ်သွားနိုင်ပေမဲ့၊ ဒါက သူ့ကိုယ်သူ ဆင်ခြင်သုံးသပ်ဖို့ အထောက်အကူပေးမှာဖြစ်ပြီး အသင်းတော်အလုပ်ကိုလည်း ကာကွယ်ရာရောက်တယ်။ ဒီလိုသိမြင်လိုက်တော့ ကျွန်မ လင်ရှီးဆီကိုသွားပြီး လူတွေ ဝတ်ကျေတမ်းကျေဖြစ်ခြင်းရဲ့ အနှစ်သာရနဲ့ အကျိုးဆက်တွေကို ဖော်ထုတ်ထားတဲ့ ဘုရားနှုတ်ကပတ်တော်တချို့ကိုသုံးပြီး သူနဲ့ မိတ်သဟာယဖွဲ့ခဲ့တယ်။ လင်ရှီးက သူ ဘယ်လောက်တောင် စက်ဆုပ်စရာကောင်းခဲ့သလဲ၊ သူ့တာဝန်တွေမှာ ဂရုမစိုက်ဘဲ တာဝန်မသိခဲ့ဘူးဆိုတာကို ဝန်ခံခဲ့တယ်။ နောက်ပိုင်းမှာ လင်ရှီးက ပြောင်းလဲဖို့နဲ့ အသက်ဝင်ရောက်မှု ပိုရဖို့ သတိရှိရှိ ကြိုးစားနေတာကို ကျွန်မ တွေ့ခဲ့ရတယ်။ သူဟာ အရင်ကထက် သူ့တာဝန်တွေမှာ ပိုတာဝန်သိပြီး တာဝန်ယူလာသလို သိသာထင်ရှားတဲ့ တိုးတက်မှုလည်း ရှိလာတယ်။ ဒီရလဒ်ကိုမြင်တော့ ကျွန်မ အရမ်းရှက်မိတယ်။ ကျွန်မက လူတွေရဲ့အမြင်မှာ ဖော်ရွေတတ်တဲ့ ပုံရိပ်ကို အမြဲထိန်းသိမ်းခဲ့ပြီး၊ ဖန်တစ်ရာတေနေတဲ့ စိတ်မပါ့တပါ စကားတွေကိုပဲ အမြဲပေးခဲ့တယ်။ သူတို့ကို အကျိုးဖြစ်စေမယ့်အရာ ဘာတစ်ခုမှ မလုပ်ခဲ့ဘူး။ လင်ရှီးရဲ့ပြဿနာတွေကို ကျွန်မသာ စောစောထောက်ပြခဲ့ရင် သူ စောစောစီးစီး ပြုပြင်ပြောင်းလဲနိုင်ခဲ့မှာဖြစ်ပြီး၊ အလုပ်ရဲ့တိုးတက်မှုအတွက်လည်း အကျိုးရှိခဲ့မှာပဲ။ နောက်ပိုင်းမှာ ချန်ရှင်း အခြေအနေမကောင်းဘူးဆိုတာ ကျွန်မ သိခဲ့ရတယ်။ သူက သူ့မှာ အစွမ်းအစနဲ့ အလုပ်လုပ်နိုင်စွမ်းမရှိဘူး၊ သူ့ရဲ့အဖွဲ့ဝင်တွေထက် နိမ့်ကျတယ်လို့ သူ ခံစားနေခဲ့ရတယ်။ ကျွန်မက သူ့ကို အထင်သေးနေတယ်လို့လည်း သူထင်နေတော့၊ သူဟာ အပျက်သဘောဆောင်နေခဲ့ပြီး နုတ်ထွက်ချင်နေခဲ့တယ်။ ကျွန်မ သူ့ဆီကိုလာပြီး ပွင့်ပွင့်လင်းလင်း မိတ်သဟာယဖွဲ့ခဲ့တယ်။ သူက နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို အရမ်းအလေးထားလွန်းတယ်လို့ သူ့ကို ကျွန်မ ပြောခဲ့တယ်၊ ပြီးတော့ ဘုရားနှုတ်ကပတ်တော်ကို သုံးပြီး၊ နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို လိုက်စားခြင်း၊ သူ့တာဝန်ကို စွန့်လွှတ်ခြင်းရဲ့ အနှစ်သာရနဲ့ အကျိုးဆက်တွေအကြောင်း သူနဲ့ မိတ်သဟာယဖွဲ့ခဲ့တယ်။ ကျွန်မတို့ မိတ်သဟာယဖွဲ့ပြီးတဲ့နောက်မှာ ချန်ရှင်းက သူ့ကိုယ်သူ နားလည်မှုတချို့ ရရှိလာပြီး သူ့အခြေအနေလည်း နည်းနည်းတိုးတက်လာခဲ့တယ်။ ကျွန်မ အရမ်းပျော်သွားပြီး၊ လူတစ်ယောက်ဟာ ဘုရားနှုတ်ကပတ်တော်အတိုင်း ကျင့်ကြံပြုမူရင် သူတို့စိတ်နှလုံးက အေးချမ်းတည်ငြိမ်မှာဖြစ်ပြီး၊ တခြားသူတွေနဲ့လည်း ပုံမှန်ဆက်ဆံရေးရှိနိုင်တယ်ဆိုတာကို နားလည်ခဲ့တယ်။

နောက်ပိုင်းမှာ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ရင်း၊ ဖော်ရွေခြင်းနဲ့ ခင်မင်တတ်ခြင်းလိုမျိုး ရိုးရာယဉ်ကျေးမှုမှာ တန်ဖိုးထားတဲ့ ကောင်းတဲ့အပြုအမူတွေရဲ့ နောက်ကွယ်က တကယ့်အနှစ်သာရကို စနားလည်လာခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ပေါင်းသင်းရလွယ်ကူပြီး ဖော်ရွေတတ်ခြင်းကဲ့သို့ ကောင်းသော အပြုအမူ၏ နောက်ကွယ်ရှိ အနှစ်သာရကို စကားတစ်ခွန်းဖြင့် ဖော်ပြနိုင်သည်။ အယောင်ဆောင်ခြင်းဖြစ်သည်။ ဤသို့သော အပြုအမူကောင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ပေါက်ဖွားလာခြင်းမဟုတ်သကဲ့သို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ သို့မဟုတ် စည်းမျဉ်းနှင့်အညီ ဆောင်ရွက်ခြင်း၏ ရလဒ်တစ်ခုလည်း မဟုတ်ပေ။ မည်သည့်အရာက ယင်းကို ဖြစ်ပေါ်စေသနည်း။ ယင်းသည် လူတို့၏ ရည်ရွယ်ချက်များ၊ အကြံအစည်များမှ လာသည်။ ၎င်းတို့၏ ဟန်ဆောင်ခြင်း၊ အယောင်ဆောင်ခြင်း၊ လှည့်စားခြင်းတို့မှ လာသည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၃))အုပ်စုတစ်စုအနေဖြင့် ကောင်းသော အပြုအမူနှင့်ပတ်သက်သည့် အဆိုအမိန့်အားလုံးသည် လူ၏ အပြင်ပန်း အပြုအမူနှင့် ပုံရိပ်ကို အမွှမ်းတင်သည့် နည်းလမ်းတစ်ခုသာ ဖြစ်သည်။ ‘အမွှမ်းတင်သည်’ ဆိုသည်မှာ စကားလှလှ သုံးနှုန်းထားခြင်းဖြစ်သည်။ ပို၍ အတိအကျဆိုရလျှင် ယင်းသည် အမှန်တွင် အယောင်ဆောင်သည့် ပုံစံတစ်မျိုးဖြစ်၏။ မိမိကို ကျေနပ်အားရလာအောင် အခြားသူများကို လှည့်စားရန်၊ မိမိကို အပြုသဘောဆောင်စွာ အကဲဖြတ်လာအောင် အခြားသူများကို လှည့်စားရန်၊ မိမိကို လေးစားလာအောင် ၎င်းတို့ကို လှည့်စားရန် ဟန်လုပ်ခြင်းကို အသုံးပြုသည့် နည်းလမ်းတစ်ခုဖြစ်သည်။ မိမိစိတ်နှလုံး၏ မှောင်မိုက်သောအခြမ်း၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် မိမိ၏ သရုပ်မှန်တို့အားလုံးကိုမူ ကျကျနန ဖုံးကွယ်ထားပြီး ဖုံးဖိထားသည်။ ငါတို့အနေဖြင့် အောက်ပါအတိုင်းလည်း ဆိုနိုင်သည်။ ဤကောင်းသော အပြုအမူများ၏ အပေါ်ယံ ရွှေမှုန်ကြဲမှုအောက်တွင် ပုန်းကွယ်နေသောအရာသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ် အဖွဲ့ဝင်တစ်ဦးချင်းစီတိုင်း၏ ဖောက်ပြန်ပျက်စီးသော သရုပ်မှန်များဖြစ်ကြသည်။ ပုန်းကွယ်နေသောအရာမှာ မာနထောင်လွှားသော စိတ်သဘောထား၊ လှည့်စားသော စိတ်သဘောထား၊ ကြမ်းတမ်းသော စိတ်သဘောထား၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သော စိတ်သဘောထားတို့ရှိသည့် ဆိုးယုတ်သော လူသားမျိုးနွယ် အဖွဲ့ဝင် တစ်ဦးချင်းစီတိုင်းဖြစ်သည်။ လူတစ်ယောက်၏ အပြင်ပန်းအပြုအမူသည် အသိပညာ ကြွယ်ဝပြီး အသိတရားရှိသည်ဖြစ်စေ၊ နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးမှုရှိသည်ဖြစ်စေ၊ ဖော်ရွေတတ်သော၊ ပေါင်းသင်းရ လွယ်ကူသော၊ လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်သော၊ သို့မဟုတ် ဤသို့သောအရာတစ်ခုခု ရှိသူဖြစ်စေ ဤအရာများထဲမှ မည်သည့်အရာကို ထိုသူဖော်ပြသည်ဖြစ်စေ ယင်းသည် အခြားသူများ မြင်နိုင်သည့် အပြင်ပန်း အပြုအမူတစ်ခုထက် မပိုပေ။ ကောင်းသော အပြုအမူမှတစ်ဆင့် သူ၏ သဘာဝအနှစ်သာရကို သိကျွမ်းခြင်းဆီသို့ မဆိုက်ရောက်နိုင်ပေ။ လူသည် အသိပညာ ကြွယ်ဝပြီး အသိတရားရှိသည့်၊ နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးမှုရှိသည့်၊ ပေါင်းသင်းရ လွယ်ကူပြီး ဖော်ရွေသည့် အပြင်ပန်း အပြုအမူများတွင် ကြည့်ကောင်းသည်မှာ လူ့လောကတစ်ခုလုံးက ထိုသူအပေါ် အကောင်းမြင်သည်အထိ ဖြစ်သော်လည်း ငြင်းဆန်၍ မရသောအရာမှာ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ဤကောင်းသော အပြုအမူများ၏ အယောင်ပြမှုအောက်တွင် အမှန်တကယ် တည်ရှိနေသည်ဆိုသည့်အချက်ဖြစ်သည်။ သမ္မာတရားကို လူ၏ အလွန်အမင်း မနှစ်မြို့မှု၊ ဘုရားကို သူအာခံပြီး ပုန်ကန်မှု၊ ဖန်ဆင်းရှင်ပြောဆိုသော နှုတ်ကပတ်တော်များကို အလွန်အမင်း မနှစ်မြို့သည့်အပြင် ဖန်ဆင်းရှင်ကို အာခံသည့် သူ့သဘာဝ အနှစ်သာရတို့သည် ထိုနေရာတွင် အမှန်တကယ် တည်ရှိသည်။ ဤအရာနှင့်ပတ်သက်ပြီး ယုံမှားစရာမရှိပေ။ တစ်စုံတစ်ယောက်က မည်မျှအယောင်ဆောင်ပါစေ၊ သူ၏ အပြုအမူများက မည်မျှကြည့်ကောင်းပါစေ၊ မည်မျှတင့်တယ်ပါစေ၊ သူ့ကိုယ်သူ မည်သို့ကောင်းမွန်စွာ၊ သို့မဟုတ် လှပစွာ ပြရုပ်တင်သည်ဖြစ်စေ၊ မည်မျှလှည့်စားတတ်သည်ဖြစ်စေ ငြင်းဆန်၍ မရသောအရာမှာ ဖောက်ပြန်ပျက်စီးသူတစ်ယောက်ချင်းစီတိုင်းတွင် စာတန်ဆန်‌သော စိတ်သဘောထားနှင့် ပြည့်နေခြင်း ဖြစ်သည်။ ဤအပြင်ပန်း အပြုအမူများ၏ မျက်နှာဖုံးအောက်တွင် ၎င်းတို့သည် ဘုရားသခင်ကို အာခံပြီး ပုန်ကန်ဆဲဖြစ်သည်။ ဖန်ဆင်းရှင်ကို အာခံပြီး ပုန်ကန်ဆဲဖြစ်သည်။ ဤကောင်းသော အပြုအမူများက လူသားမျိုးနွယ်၏ ဝတ်ရုံ၊ အကာအကွယ်အဖြစ်ရှိနေပြီး လူသားမျိုးနွယ်သည် နေ့ရက်တိုင်း၊ အချိန်နာရီတိုင်း၊ မိနစ်စက္ကန့်တိုင်း၊ အရေးကိစ္စတိုင်းတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပွင့်အံထုတ်ပြကာ ထိုအချိန်ကာလအတွင်းတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် အပြစ်ထဲတွင် ၎င်းတို့အသက်ရှင်ကြကြောင်းကိုမူ ပြောနေရန်ပင် မလိုပေ။ ဤသည်မှာ အငြင်းမပွားနိုင်သော အမှန်တရားဖြစ်သည်။ လူ၏ ကြည့်ကောင်းသော အပြုအမူများ၊ သာယာနာပျော်ဖွယ် စကားများ၊ အပြင်ပန်း အတုအယောင်များ ရှိသော်လည်း သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှာ အနည်းငယ်မျှပင် လျော့မသွားသကဲ့သို့ သူ၏ ဤအပြင်ပန်း အပြုအမူများကြောင့် ထိုစိတ်သဘောထားက ပြောင်းလဲသွားခြင်းလည်း လုံးဝ မရှိပေ။ ပြောင်းပြန်ပင်ဖြစ်သည်။ သူသည် ဤအပြင်ပန်း အပြုအမူကောင်းများ၏ အယောင်ပြမှု ရှိသောကြောင့် သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက စဉ်ဆက်မပြတ် ပွင့်အံထွက်လာနေခြင်း ဖြစ်သည်။ ပြီးလျှင် သူသည် မကောင်းမှုလုပ်ပြီး ဘုရားသခင်အား အာခံခြင်းသို့ ဦးတည်သည့် သူ၏ ခြေလှမ်းများကို လုံးဝ မရပ်တန့်ပေ။ သူ၏ ကြမ်းတမ်းပြီး ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားများ၏ ထိန်းချုပ်ခြင်းကို ခံရ၍ သူ၏ ရည်မှန်းချက်များ၊ ဆန္ဒများ၊ လွန်ကျူးသော သတ်မှတ်ချက်များက စဉ်ဆက်မပြတ် ပြန့်ပွားနေပြီး ကြီးထွားလာနေသည်ကိုမူ ပြောနေရန်ပင် မလိုပေ။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၃)) ကျွန်မဟာ အရင်တုန်းက ဖော်ရွေတာနဲ့ ခင်မင်တတ်တာဟာ ပုံမှန်လူ့ကျင့်ဝတ်တွေနဲ့ ကိုက်ညီတယ်၊ လူအများစုက ဒီအမူအကျင့်ကို သဘောကျပြီး အသိအမှတ်ပြုကြတယ်၊ နောက်ပြီး ဒါတွေဟာ အပြုသဘောဆောင်တဲ့အရာတွေပဲလို့ အမြဲထင်ခဲ့တယ်။ ကလေးတစ်ယောက်အနေနဲ့ ကျွန်မဆရာမက ဖော်ရွေလို့ ချီးကျူးခံရတာကို မြင်ခဲ့ရပြီး ဒီလိုလူစားမျိုးဖြစ်အောင် အမြဲကြိုးစားခဲ့တယ်။ ဒီလိုနည်းနဲ့ နေလို့ ကျွန်မအနားက လူတွေရဲ့ လက်ခံမှုနဲ့ ထောက်ခံမှုကို ရတဲ့အခါမှာ၊ ကျွန်မ ဖော်ဖော်ရွေရွေ ပြုမူသင့်တယ်ဆိုတဲ့ အတွေးကိုပဲ ဒါက ပိုပြီးခိုင်မာစေခဲ့တယ်။ ဒါဟာ ကိုယ့်ရဲ့ကျင့်ကြံပြုမူတဲ့ စည်းမျဉ်းတစ်ခုလို ဖြစ်ခဲ့တယ်။ ဘုရားသခင်က အသိအမှတ်ပြုရုံသာမကဘဲ တခြားသူတွေ သဘောကျတာလည်း ခံရတဲ့ဟာပေါ့။ အခု ဘုရားနှုတ်ကပတ်တော်ရဲ့ ဖော်ထုတ်မှုကတစ်ဆင့် ကျွန်မ နားလည်ခဲ့တယ်၊ ဖော်ရွေခြင်းနဲ့ ခင်မင်တတ်ခြင်းနောက်ကွယ်က အနှစ်သာရဟာ တကယ်တော့ အယောင်ဆောင်မှုတစ်မျိုးပဲ၊ ဒါဟာ လူတွေရဲ့ အထင်ကြီးလေးစားမှုနဲ့ အသိအမှတ်ပြုမှုကို ရဖို့အတွက် လှည့်ကွက်တစ်ခုပဲ၊ ဒါဟာ လှည့်ဖြားတတ်တယ်။ ကျွန်မ ငယ်ငယ်တုန်းက လူတွေက အချင်းချင်း ဖော်ရွေပြီး ခင်မင်သင့်တယ်လို့ ထင်ခဲ့တာကို ပြန်စဉ်းစားမိတယ်။ ဒီအတွေးအခေါ်ရဲ့ လွှမ်းမိုးမှုကြောင့် ကျွန်မ ဘယ်သူနဲ့မှ ရန်မဖြစ်ခဲ့ဘူး။ သူတို့က ကျွန်မကို ထိခိုက်စေရင်တောင်၊ ကျွန်မစိတ်ထဲမှာ ဒေါသထွက်ပြီး မုန်းနေပေမဲ့၊ ဒါကို ထုတ်ပြခွင့်မပြုဘဲ လူတွေကို အပြုံးနဲ့ အမြဲ နှုတ်ဆက်တယ်။ တကယ်တော့ ကျွန်မ ဒီလိုလျှော့ပေးတာတွေ လုပ်တာက လူတွေရဲ့ အသိအမှတ်ပြုတာကိုရဖို့သက်သက်ပဲ။ ကျွန်မဟာ ကြောင်သူတော်တစ်ယောက်ဖြစ်ပြီး မုသားနဲ့ ရှင်သန်ခဲ့တာပါ။ ဘုရားသခင်ကို ယုံကြည်ပြီးတဲ့နောက်မှာလည်း လူတွေနဲ့ ဒီလိုပဲ ဆက်ဆံခဲ့တုန်းပဲ။ ကျွန်မပြောသမျှ၊ လုပ်သမျှတိုင်းမှာ တခြားသူတွေရဲ့ ခံစားချက်ကို အမြဲထည့်စဉ်းစားပြီး သူတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေမှာကို အမြဲကြောက်ခဲ့တယ်။ ကျွန်မက ရိုးရိုးသားသားပြောရင် သူတို့ ကျွန်မအပေါ် မကောင်းမြင်မှာကို ကြောက်ခဲ့တယ်၊ ဒါကြောင့် တစ်ယောက်ယောက်ရဲ့ပြဿနာကို မြင်ရင်တောင် အမှန်တရားကို ကျွန်မ မပြောရဲခဲ့ဘူး၊ ဒါကို မထောက်ပြရဲခဲ့ဘူး။ အသင်းတော်က ကျွန်မကို ဒီအဖွဲ့ရဲ့အလုပ်ကို ကြီးကြပ်ဖို့ စီစဉ်ပေးခဲ့ပေမဲ့၊ ကျွန်မက တကယ့်အခန်းကဏ္ဍကနေ မပါဝင်ခဲ့ဘူး။ တခြားသူတွေရဲ့အမြင်မှာ ကိုယ့်ရဲ့အဆင့်အတန်းနဲ့ ပုံရိပ်ကို အမြဲတမ်း ကာကွယ်ချင်ခဲ့ပြီး အသင်းတော်အလုပ်ကို လုံးဝဂရုမစိုက်ခဲ့ဘူး။ ကျွန်မကို ဘယ်လိုလုပ် လူကောင်းတစ်ယောက်လို့ သတ်မှတ်နိုင်မှာလဲ။ ဒီအချိန်မှာ ကျွန်မ မြင်ခဲ့ရတယ်၊ အပြင်ပန်းမှာ ဖော်ရွေတယ်၊ ချစ်ခင်တတ်တယ်၊ ထောက်ထားစာနာတတ်တယ်လို့ ထင်ရပေမဲ့၊ အတွင်းစိတ်မှာတော့ တကယ်တမ်းမှာ ကျိတ်ကြံနေခဲ့တယ်ဆိုတာကိုပေါ့။ တခြားသူတွေရဲ့ အထင်ကြီးလေးစားမှုကို ရဖို့အတွက် ဒီလှည့်ကွက်ကို သုံးချင်ခဲ့တာ။ ကျွန်မက အရမ်းကို ကလိမ်ကကျစ်ကျပြီး လှည့်ဖြားတတ်တဲ့သူတစ်ယောက်ပဲ။ အရင်တုန်းက ဖော်ရွေတဲ့လူတွေဟာ လူကောင်းတွေ၊ သူတို့က တခြားသူတွေနဲ့ ဆက်ဆံရေးကောင်းတယ်၊ လူတွေက သဘောကျတယ်၊ ဘုရားသခင်ကလည်း သူတို့ကို အသိအမှတ်ပြုတယ်လို့ ကျွန်မ ယုံကြည်ခဲ့တယ်။ ဒါပေမဲ့ အခုတော့ ဖော်ရွေတဲ့လူတွေဟာ သူတို့ကိုယ်သူတို့ အယောင်ဆောင်ရာမှာ တော်တဲ့သူတွေသက်သက်ပဲဖြစ်ပြီး၊ ဖော်ရွေခြင်းဆိုတာ ကျင့်ကြံပြုမူခြင်းရဲ့ စည်းမျဉ်းတစ်ခုမဟုတ်ဘူးဆိုတာကို ကျွန်မ မြင်ခဲ့ရတယ်။ ဒီလို ရိုးရာယဉ်ကျေးမှုဆိုင်ရာ အတွေးအခေါ်နဲ့ ရှင်သန်ခြင်းက လူတွေကို ပိုပြီး တစ်ကိုယ်ကောင်းဆန်၊ စက်ဆုပ်စရာကောင်း၊ ကလိမ်ကကျစ်ကျပြီး လှည့်ဖြားတတ်စေရုံပဲရှိပြီး၊ ဒီလိုလုပ်တာဟာ သမ္မာတရားနဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်၊ ဒါဟာ ဆိုးယုတ်တဲ့ လုပ်ရပ်ဖြစ်ပြီး ဘုရားသခင်ကို အတိုက်အခံလုပ်နေတာပဲ။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နောက်ထပ်နှစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ ကောင်းတဲ့လူ့သဘာဝက ဘာလဲဆိုတာကို ကျွန်မ နားလည်လာပြီး ကျင့်ကြံပြုမူခြင်းဆိုင်ရာ စည်းမျဉ်းတွေကို သင်ယူခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ကောင်းမွန်သော လူ့သဘာဝ ရှိခြင်းအတွက် စံနှုန်းရှိရမည်။ ယင်းသည် အလယ်အလတ်လမ်းကြောင်းကို လျှောက်လှမ်းခြင်း၊ အခြေခံသဘောတရားများကို မလိုက်နာခြင်း၊ မည်သူကိုမျှ စိတ်အနှောင့်အယှက်မဖြစ်စေဖို့ ကြိုးပမ်းအားထုတ်မှု၊ သင် သွားသည့် နေရာတိုင်းတွင် မျက်နှာလို မျက်နှာရ လုပ်ခြင်း၊ သင် တွေ့ဆုံသည့် လူတိုင်းကို ပြေပြစ်စွာ ဆက်ဆံခြင်းနှင့် လူတိုင်းကို သင့်အား အကောင်းပြောစေခြင်းတို့ မပါဝင်ပေ။ ဤသည်မှာ စံနှုန်းမဟုတ်။ ထိုသို့ဆိုလျှင် မည်သည်မှာ စံနှုန်းဖြစ်သနည်း။ ဘုရားသခင်နှင့် သမ္မာတရားကို ကျိုးနွံနာခံနိုင်ခြင်း ဖြစ်သည်။ ယင်းမှာ မိမိတို့၏ တာဝန်နှင့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအပေါ် မည်သို့ချဉ်းကပ်သည်နှင့် စပ်လျဉ်းရာတွင် စည်းမျဉ်းရှိခြင်းနှင့် တာဝန်ယူခြင်းတို့ဖြစ်သည်။ ဤသည်မှာ အားလုံးမြင်နိုင်လောက်အောင် ရိုးရှင်းပေသည်။ လူတိုင်းက မိမိတို့၏စိတ်နှလုံးထဲတွင် ဤအရာနှင့်ပတ်သက်၍ ရှင်းလင်းကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ စိတ်နှလုံးကို ဘုရားသခင်အား ပေးအပ်ရာတွင် မိမိသည် သမ္မာတရားကို ရရှိနိုင်သည်)လူတို့အနေဖြင့် အများဆုံးရရှိရန် ကြိုးစားသင့်သည့်အရာမှာ ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့၏ အခြေပြုချက်ဖြစ်အောင်၊ သမ္မာတရားကို ၎င်းတို့၏ စံနှုန်းဖြစ်အောင် ပြုလုပ်ရန်ဖြစ်သည်။ ထိုအခါမှသာ ၎င်းတို့သည် အလင်း၌ အသက်ရှင်နိုင်ပြီး ပုံမှန်လူသားတစ်ဦး၏ ပုံသဏ္ဌာန်အတိုင်း အသက်ရှင်နိုင်လိမ့်မည်။ သင်သည် အလင်း၌ အသက်ရှင်လိုလျှင် သမ္မာတရားနှင့်အညီ ပြုမူဆောင်ရွက်သင့်၏။ ရိုးသားသည့် စကားများကို ပြောသော၊ ရိုးသားသည့် အရာများကို လုပ်ဆောင်သော ရိုးသားသူတစ်ယောက် ဖြစ်သင့်၏။ အဓိကကျသောအရာမှာ မိမိ၏ ကျင့်ကြံပြုမူမှုတွင် သမ္မာတရားစည်းမျဉ်းများ ရှိနေရန်ဖြစ်သည်။ လူများသည် သမ္မာတရား၏ စည်းမျဉ်းများကို ဆုံးရှုံးပြီး ကောင်းသော အပြုအမူကိုသာ အာရုံစိုက်သောအခါ အတုအယောင်နှင့် အယောင်ဆောင်မှုတို့က မလွှဲမရှောင်သာ ဖြစ်ပေါ်လာလေသည်။ လူတို့၏ ကျင့်ကြံပြုမူမှုတွင် စည်းမျဉ်းမရှိလျှင် ၎င်းတို့၏ အပြုအမူက မည်မျှကောင်းသည်ဖြစ်စေ ၎င်းတို့သည် ကြောင်သူတော်များဖြစ်သည်။ ၎င်းတို့သည် အခြားသူများကို ခဏတာ အထင်အမြင်မှားကောင်း မှားစေနိုင်မည်ဖြစ်သော်လည်း ၎င်းတို့ကို မည်သည့်အခါမျှ ယုံကြည်စိတ်ချ၍ရမည် မဟုတ်ပေ။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ လုပ်ဆောင်ပြီး ကျင့်ကြံပြုမူသည့်အခါမှသာ ၎င်းတို့၌ မှန်ကန်သော အခြေခံအုတ်မြစ်ရှိလေသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်‌တော်များအတိုင်း ကျင့်ကြံပြုမူခြင်းမရှိဘဲ ကောင်းစွာပြုမူနေသယောင် ဟန်ဆောင်ခြင်းအပေါ်သာ အာရုံစိုက်လျှင် အကျိုးဆက်အနေဖြင့် လူကောင်းများ ဖြစ်လာနိုင်သလော။ လုံးဝ ဖြစ်မလာနိုင်ပေ။ ကောင်းသော အယူဝါဒများနှင့် အပြုအမူတို့သည် လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မပြောင်းလဲနိုင်ပေ။ လူ၏ အနှစ်သာရကိုလည်း မပြောင်းလဲနိုင်ပေ။ သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်များကသာ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ အတွေးများ၊ ထင်မြင်ချက်များကို ပြောင်းလဲနိုင်ပြီး လူတို့၏ အသက်ဖြစ်လာနိုင်သည်။...သို့ဆိုလျှင် လူတို့၏ စကားနှင့် လုပ်ရပ်များအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် စံနှုန်းများမှာ အဘယ်နည်း။ (ထိုစကားနှင့် လုပ်ရပ်များသည် လူတို့အဖို့ တည်ဆောက်စရာဖြစ်စေရမည် ဖြစ်ပါသည်။) မှန်ပေသည်။ အခြေခံအကျဆုံး အချက်အနေဖြင့် သင်သည် အမှန်အတိုင်း ပြောရမည်၊ ရိုးသားစွာ ပြောဆိုရမည်၊ အခြားသူများကို အကျိုးပြုရမည် ဖြစ်သည်။ အနည်းဆုံးအနေဖြင့် သင်၏ စကားသည် လူတို့ကို တည်ဆောက်ပေးရမည်ဖြစ်ပြီး ၎င်းတို့ကို မလိမ်လည်ရ၊ အထင်အမြင်မှားအောင် မလုပ်ရ၊ မစနောက်မကျီစယ်ရ၊ မသရော်မထိပါးရ၊ မလှောင်မပြောင်ရ၊ ပြက်ရယ်ပြု၍ ရယ်မောခြင်း မပြုရ၊ ဘောင်မခတ်ရ၊ ၎င်းတို့၏ အားနည်းချက်များကို မဖော်ထုတ်ရ၊ သို့မဟုတ် ၎င်းတို့ကို မနာကျင်စေရပေ။ ဤသည်မှာ ပုံမှန် လူ့သဘာဝ၏ ဖော်ပြချက်ဖြစ်သည်။ လူ့သဘာဝ၏ သူတော်ကောင်းတရား ဖြစ်သည်။ ဘုရားသခင်က မည်မျှကျယ်လောင်စွာ သင်စကားပြောရမည်ဟု ပြောဆိုထားသလော။ စံသတ်မှတ်ထားသော ဘာသာစကားကို သင်အသုံးပြုရမည်ဟု သူတောင်းဆိုထားသလော။ လှပသော အလင်္ကာ၊ သို့မဟုတ် အဆင့်မြင့်သော၊ ယဉ်ကျေးသော ဘာသာစကားပုံစံကို သင်အသုံးပြုရမည်ဟု သူတောင်းဆိုထားသလော။ (တောင်းဆိုမထားပါ။) ထိုအပေါ်ယံဆန်သော၊ ကြောင်သူတော်ဆန်သော၊ မှားယွင်းသော၊ လက်ဆုပ်လက်ကိုင် အကျိုးမပြုသော အရာများတစ်ခုမျှ မရှိပေ။ ဘုရားသခင်၏ သတ်မှတ်ချက်အားလုံးမှာ ပုံမှန်လူများက ပိုင်ဆိုင်သင့်သောအရာများ၊ လူ၏ ဘာသာစကားနှင့် အပြုအမူအတွက် စံနှုန်းများနှင့် စည်းမျဉ်းများဖြစ်သည်။ လူတစ်ယောက်က မည်သည့်နေရာတွင် မွေးဖွားသည်ဖြစ်စေ၊ မည်သည့်ဘာသာစကားကို ပြောသည်ဖြစ်စေ အရေးမပါပေ။ မည်သို့ပင်ဖြစ်စေ သင်ပြောသည့် စကားများက၊ ထိုစကားများ၏ အသုံးအနှုန်းနှင့် အကြောင်းအရာက အခြားသူများအတွက် တည်ဆောက်စရာဖြစ်ရမည်။ ထိုစကားများက အခြားသူများအတွက် တည်ဆောက်စရာ ဖြစ်ရမည်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ အခြားသူများသည် ထိုစကားများကို ကြားပြီးသည့်အခါ ထိုစကားများက မှန်ကန်သည်ဟု ခံစားရကာ ထိုစကားများမှ တိုးတက်မှုနှင့် အကူအညီကို ရရှိ၍ သမ္မာတရားကို နားလည်နိုင်သွားသည့်အပြင် ရှုပ်ထွေးခြင်း မရှိတော့သကဲ့သို့ အခြားသူများ၏ အထင်အမြင်မှားအောင် လုပ်ခြင်းကို အလွယ်တကူ ခံရခြင်းတို့ မရှိတော့ခြင်းကို ဆိုလိုသည်။ ထို့ကြောင့် ဘုရားသခင်သည် လူတို့ကို အမှန်အတိုင်း ပြောရန်၊ ၎င်းတို့တွေးသည့်အရာကို ပြောရန် တောင်းဆိုပြီး အခြားသူများအပေါ် မလိမ်လည်ရ၊ အထင်အမြင်မှားအောင် မလုပ်ရ၊ မစနောက်မကျီစယ်ရ၊ မသရော်မထိပါးရ၊ မလှောင်မပြောင်ရ၊ ပြက်ရယ်ပြု၍ ရယ်မောခြင်း မပြုရ သို့မဟုတ် ဘောင်မခတ်ရ၊ သို့မဟုတ် ၎င်းတို့၏ အားနည်းချက်များကို မဖော်ထုတ်ရ၊ သို့မဟုတ် ၎င်းတို့ကို မနာကျင်စေရဟု တောင်းဆိုသည်။ ဤအရာတို့သည် စကားပြောခြင်းနှင့်ဆိုင်သည့် စည်းမျဉ်းများဖြစ်သည် မဟုတ်လော။ လူတို့၏ အားနည်းချက်များကို မဖော်ထုတ်သင့်ဟု ဆိုရခြင်းမှာ မည်သည့်အရာကို ဆိုလိုသနည်း။ အခြားလူတို့အပေါ် နိုင်ကွက်ယူ၍ မချုပ်ကိုင်ခြင်းကို ဆိုလိုသည်။ ၎င်းတို့ကို ဝေဖန်ဖို့၊ သို့မဟုတ် ပြစ်တင်ရှုတ်ချဖို့ ၎င်းတို့၏ အတိတ်က အမှားများ၊ သို့မဟုတ် အားနည်းချက်များကို ဖက်တွယ်မထားနှင့်။ ဤသည်မှာ အနည်းဆုံး သင်ပိုင်ဆိုင်သင့်သည့်အရာ ဖြစ်သည်။ အခြေအနေကို ဖန်တီးယူခြင်းဘက်တွင် အကျိုးပြုတည်ဆောက်ပေးသော စကားကို မည်သို့ထုတ်ပြောသနည်း။ ယင်းမှာ အဓိကအားဖြင့် အားပေးခြင်း၊ ညွှန်ကြားပေးခြင်း၊ ကူညီလမ်းညွှန်ခြင်း၊ တိုက်တွန်းခြင်း၊ သိနားလည်ပေးခြင်း၊ နှစ်သိမ့်ခြင်းတို့ ဖြစ်သည်။ ထို့အပြင် အချို့သော အထူးဖြစ်ရပ်များတွင် အခြားသူများအနေဖြင့် သမ္မာတရားနှင့်ဆိုင်သော အသိကို ရရှိကာ နောင်တရလိုစိတ် ရှိဖို့အလို့ငှာ သူတို့၏ အမှားများကို တိုက်ရိုက်ဖော်ထုတ်ပြီး ကိုင်တွယ်ဖြေရှင်းကာ ပြုပြင်ဖို့ လိုအပ်သည်။ ထိုအခါမှသာ မျှော်လင့်ထားသော အကျိုးကို ရရှိပေသည်။ ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းနည်းလမ်းသည် လူတို့အတွက် အလွန်အကျိုးဖြစ်သည်။ ၎င်းတို့အတွက် တကယ့်အကူအညီဖြစ်ပြီး ၎င်းတို့အတွက် တည်ဆောက်စရာဖြစ်စေ၏၊ ဟုတ်သည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၃)) လူတစ်ယောက်ရဲ့ လူ့သဘာဝ ကောင်းမကောင်းကို တိုင်းတာတဲ့စံနှုန်းကို ဘုရားနှုတ်ကပတ်တော်က ကျွန်မကို နားလည်စေခဲ့တယ်။ တကယ့်လူ့သဘာဝကောင်းဆိုတာ အလယ်အလတ်လမ်းကို လျှောက်လှမ်းတာ၊ လူတွေကို စိတ်အနှောင့်အယှက်မဖြစ်အောင် ရှောင်ရှားတာ၊ သဟဇာတဖြစ်တဲ့ဆက်ဆံရေးတွေကို ထိန်းသိမ်းတာ၊ လူတိုင်းနဲ့ အဆင်ပြေအောင်ပေါင်းသင်းတာမဟုတ်တဲ့အပြင် လူတွေအပေါ် ဖော်ရွေတဲ့၊ ခင်မင်တတ်တဲ့ ကိစ္စလည်း မဟုတ်ပါဘူး။ ဒါတွေဟာ အပြင်ပန်းအပြုအမူတွေသက်သက်ပဲ ဖြစ်ပြီး၊ သူတို့ဟာ ဘယ်လောက်ပဲ ကောင်းကောင်းလုပ်ဆောင်လုပ်ဆောင်၊ ဘုရားသခင်က သူတို့ကို အသိအမှတ်မပြုပါဘူး။ ဘုရားနှုတ်ကပတ်တော်တွေကို အခြေခံပြီး လူတွေနဲ့ ဆက်ဆံမှသာ လူတစ်ယောက်ဟာ စည်းမျဉ်းကို စောင့်ထိန်းရောက်တယ်။ တခြားသူတွေနဲ့ ကိုယ့်တာဝန်ကို စိတ်ရင်းအမှန်နဲ့ ချဉ်းကပ်တာ၊ တာဝန်ယူတတ်တာ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်တာ၊ ရိုးသားတဲ့သူတစ်ယောက်ဖြစ်တာကပဲ၊ လူတစ်ယောက်ကို တကယ့်လူ့သဘာဝကောင်းရှိတဲ့သူတစ်ယောက်အဖြစ် သတ်မှတ်နိုင်ပါတယ်။ အရင်တုန်းက ကျွန်မ အမြဲထင်ခဲ့တာက၊ လူတွေရဲ့ပြဿနာတွေကို ထောက်ပြဖော်ထုတ်လိုက်ရင် သူတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေပြီး ညီအစ်ကိုမောင်နှမတွေက ကျွန်မအပေါ် အပျက်သဘောဆောင်တဲ့အမြင် ဖြစ်ပေါ်သွားလိမ့်မယ် ဆိုပြီးတော့ပေါ့၊ ဒါကြောင့် စကားပြောတဲ့အခါ ကျွန်မပြောတဲ့စကားကို လူတွေ လက်ခံလွယ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာနဲ့ လူတွေရဲ့ခံစားချက်ကို ဘယ်လို မထိခိုက်အောင် လုပ်ရမယ်ဆိုတာကို အမြဲစဉ်းစားခဲ့တယ်။ ဒီလိုလုပ်တာက ထိရောက်မှုရှိမရှိဆိုတာကို လုံးဝ မစဉ်းစားခဲ့ဘူး။ တကယ်တော့ လူတွေနဲ့ ဒီလိုညင်သာတဲ့နည်းလမ်းနဲ့ ဆက်ဆံတာက သူတို့ကို စိတ်အနှောင့်အယှက်မဖြစ်စေဘဲ ကိုယ့်ရဲ့ပုံရိပ်ကောင်းကိုလည်း ထိန်းသိမ်းခွင့်ပြုပေမဲ့၊ တခြားသူတွေအတွက်ရော၊ အသင်းတော်အလုပ်အတွက်ရော ဘာအကျိုးကျေးဇူးမှ မရှိဘူး။ တစ်ယောက်ယောက်ကို ကူညီတဲ့အခါ၊ အနည်းဆုံးတော့ သူတို့ကို အကျိုးရှိစေသင့်ပြီး သူတို့ပြဿနာတွေကို ခွဲခြားနိုင်တဲ့အခါ ရှင်းရှင်းလင်းလင်း ထောက်ပြနိုင်ရမယ်။ တစ်ခါတလေ ဒီဟာမှာ ဝေဖန်တဲ့လေသံပါလို့ တခြားသူက အစပိုင်းမှာ လက်ခံဖို့ခက်ခဲနိုင်ရင်တောင်၊ ဒါက သူတို့ကို ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး ပြုပြင်ပြောင်းလဲဖို့ စေ့ဆော်ပေးနိုင်တယ်။ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းအမှုက နည်းလမ်းတစ်ခုတည်းနဲ့ ဖွဲ့စည်းထားတာမဟုတ်ပုံကို ကျွန်မ စဉ်းစားမိတယ်။ ဘုရားသခင်က လူတွေကို နှစ်သိမ့်မှုနဲ့ တိုက်တွန်းမှုတွေ ပေးရုံတင်မဟုတ်ဘူး၊ တရားစီရင်၊ ပြစ်တင်ဆုံးမပြီး ပြုပြင်မှုလည်း ပေးတယ်။ ဒါက လူတွေကို ကယ်တင်ဖို့ ပိုကောင်းတဲ့နည်းလမ်းပဲ။ တစ်ယောက်ယောက်က ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ ရှင်သန်နေတာကို မြင်ပြီး သူတို့ကို နှစ်သိမ့်တိုက်တွန်းနေရုံပဲဆိုရင်၊ ဒါက သူတို့အတွက် အကျိုးမရှိဘူး၊ သူတို့ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို သူတို့ သိမြင်ဖို့လည်း ခက်ခဲစေမှာပဲ။ လူတွေကို ကူညီရာမှာလည်း စည်းမျဉ်းတွေလိုအပ်ပြီး၊ လူတစ်ယောက်ရဲ့ ဝိညာဉ်ရင့်ကျက်မှုနဲ့ ထူးခြားတဲ့ နောက်ခံအခြေအနေအပေါ် အခြေခံရမယ်ဆိုတာကို ကျွန်မ သိမြင်ခဲ့တယ်။ ညီအစ်ကိုတစ်ယောက် ဒါမှမဟုတ် ညီအစ်မတစ်ယောက်က လေ့ကျင့်ခါစဖြစ်ပြီး အတတ်ပညာပိုင်းကျွမ်းကျင်မှုတွေမှာ အားနည်းနေရင် သူတို့ကို ပိုပြီးကူညီပေးသင့်တယ်၊ ဒါပေမဲ့ သူတို့က ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို အားကိုးပြီး သူတို့တာဝန်တွေကို ထမ်းဆောင်နေလို့ အသင်းတော်အလုပ်ကို ထိခိုက်ထားပြီဆိုရင်တော့၊ သူတို့ကို အမှန်ပြင်ပေးလို့ ဖော်ထုတ်ပြီး ပြုပြင်ပေးဖို့ လိုအပ်တယ်။ ဒါမှ တာဝန်ကျေပွန်ရာရောက်ပြီး သူတို့အတွက်လည်း အကျိုးပြုရာရောက်တယ်။ ဒီအရာတွေကို နားလည်ပြီးတဲ့နောက်မှာ၊ ရိုးရာယဉ်ကျေးမှုအတိုင်း တခြားသူတွေနဲ့ ဆက်ပြီး ဆက်ဆံလို့မဖြစ်နိုင်တော့ဘူး၊ ဘုရားနှုတ်ကပတ်တော်နဲ့ တောင်းဆိုချက်တွေအတိုင်း လက်တွေ့လုပ်ဆောင်ရမယ်လို့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ပြောခဲ့တယ်။

တစ်နေ့မှာ တခြားညီအစ်မနှစ်ယောက် စုပေါင်းထားတဲ့ အချက်အလက် စာရွက်စာတမ်းတွေကို ကျွန်မ စစ်ဆေးနေခဲ့တယ်။ ဥပမာတွေက အသေးစိတ်မကျဘဲ ဖြည့်စွက်မွမ်းမံဖို့ လိုအပ်နေတာကို သတိပြုမိတယ်။ ဒီညီအစ်မနှစ်ယောက်က ဒီအလုပ်ကို လုပ်လာတာ အတော်ကြာပြီ၊ သူတို့သာ စစ်ဆေးတဲ့အခါမှာ နည်းနည်းလေးပိုပြီး တာဝန်သိခဲ့ရင် ဒီလိုလွဲချော်မှုတွေ မဖြစ်ပေါ်သင့်ဘူးလေ။ ဒါဟာ သူတို့ရဲ့ တာဝန်အပေါ်ထားတဲ့ သူတို့ရဲ့သဘောထားမှာ ပြဿနာရှိနေတာ ရှင်းနေတာပဲ။ အရင်တုန်းက ကျွန်မ လူတွေကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်မိမှာကြောက်တဲ့အပြင် တခြားသူတွေနဲ့ ဆက်ဆံရေးကို ထိန်းသိမ်းချင်ခဲ့ပြီး လူတွေရဲ့ပြဿနာတွေကို မထောက်ပြရဲခဲ့တာကို ကျွန်မ စဉ်းစားမိတယ်။ ဒါက လူတွေအတွက် အကျိုးမရှိရုံသာမက အသင်းတော်အလုပ်ကိုလည်း ထိခိုက်စေခဲ့တယ်။ ဒီတစ်ခါတော့ ကျွန်မ သင်ခန်းစာယူရမယ်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး စည်းမျဉ်းတွေအတိုင်း လုပ်ဆောင်ရမယ်၊ ဒါနဲ့ သူတို့ရဲ့ တာဝန်အပေါ်ထားတဲ့ သူတို့ သဘောထားနဲ့၊ ဒီလိုနည်းနဲ့ သူတို့တာဝန်တွေကို ထမ်းဆောင်ခြင်းရဲ့ အနှစ်သာရနဲ့ အကျိုးဆက်တွေကို ကျွန်မ ဖော်ထုတ်ခဲ့တယ်၊ နောက်ပိုင်းမှာ ညီအစ်မတစ်ယောက်က ပြောပြတယ်၊ အစပိုင်းမှာ ပြုပြင်ခံရတာကို သူ လက်မခံနိုင်ခဲ့တဲ့အပြင် ကျွန်မက အရမ်းကြမ်းတယ်လို့ သူ ခံစားခဲ့ရပေမဲ့ ဘုရားနှုတ်ကပတ်တော်အတိုင်း ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ရင်းနဲ့ သူ့မှာရှိတဲ့ ပြဿနာတွေကို နားလည်မှုတချို့ ရရှိခဲ့တယ်၊ စည်းမျဉ်းတွေနဲ့အညီ သူ့တာဝန်ထမ်းဆောင်ခြင်းရဲ့ အရေးကြီးပုံကိုလည်း နားလည်ခဲ့တယ်တဲ့။ ဒီလို ပြုပြင်ခံရတဲ့အတွေ့အကြုံကနေ အကျိုးကျေးဇူးတချို့ ရရှိခဲ့တယ်လို့ သူပြောတယ်။ ဒီအဖြစ်မှန်တွေက ကျွန်မကို ပြသခဲ့တာကတော့၊ သမ္မာတရားကို လိုက်စားတဲ့သူတွေအတွက်၊ ပြုပြင်ခံခြင်းက သူတို့ရဲ့ပြဿနာတွေကို သူတို့ သိမြင်အောင်၊ သူတို့တာဝန်တွေကို ပိုအာရုံစိုက်ပြီး ထမ်းဆောင်အောင်၊ သူတို့အလုပ်တွေထဲက လမ်းလွဲမှုအရေအတွက်ကို လျော့နည်းအောင် ကူညီပေးနိုင်တယ်ဆိုတာပါပဲ။ ကျွန်မ သိမြင်လာခဲ့တာက၊ လူတစ်ယောက်ဟာ ဘုရားနှုတ်ကပတ်တော်နဲ့ သမ္မာတရားအတိုင်း လုပ်ဆောင်လို့ ကျင့်ကြံပြုမူမှသာ ပုံမှန်လူ့သဘာဝကို အသက်ရှင်နေထိုင်နိုင်ပြီး ဒါက တခြားသူတွေအတွက်၊ ကိုယ့်အတွက်၊ ပြီးတော့ အသင်းတော်အလုပ်အတွက်ပါ အကျိုးရှိတယ်ဆိုတာကိုပေါ့။ ဘုရားနှုတ်ကပတ်တော်တွေကသာ လူတစ်ယောက် လုပ်ဆောင်ပြီး ကျင့်ကြံပြုမူဖို့ စည်းမျဉ်းတွေပါပဲ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

လူ့အကြိုက်လိုက်သူတစ်ဦး ဖြစ်ခြင်း၏ ခါးသီးမှု

ဂျူချူံး ဂရိနိုင်ငံပြီးခဲ့တဲ့နှစ်က၊ လမ်းပေါ်မှာ ကျွန်တော်နဲ့ ဧဝံဂေလိအတူဟောခဲ့တဲ့ အစ်ကိုစင်း အထုတ်ခံခဲ့ရတယ်။ အဲဒီအကြောင်း သူ့ကို မေးတော့၊...

လူမုန်းမခံချင်သူများက ဘုရားသခင်၏ကယ်တင်ခြင်းကို ခံရနိုင်ပါသလား

ဟောင်ကျန့် တရုတ်နိုင်ငံကျွန်တော်က ကံကြွေးချစနစ်နှင့် ရှုပ်ထွေးသည့် လူမှုဆက်ဆံရေးများရှိသည့်၊ ဆင်းရဲပြီး ခေတ်နောက်ကျနေသည့် ရွာတစ်ရွာက...

သမ္မာတရားကို ကျွန်မ ဘာကြောင့် လက်တွေ့မလုပ်နိုင်တာလဲ

ကျွန်မ ခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့တုန်းက ကျွန်မတာဝန်ယူရတဲ့ အသင်းတော်ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ယန်လီက တကယ့်အလုပ်ကို ဘာတစ်ခုမှ မလုပ်ဘူးဆိုပြီး...

လူမုန်းမခံချင်သူများသည် ဘုရားသခင်၏ ချီးမြှောက်မှုကို ရယူနိုင်ပါသလား

လီယျူရီ တရုတ်နိုင်ငံကျွန်မ ယုံကြည်သူမဖြစ်မီက အခြားလူများကို မစော်ကားမိစေဖို့ အမြဲတမ်း ဂရုစိုက်ခဲ့ပြီး လူတိုင်းနှင့် အဆင်ပြေသည်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။