မိမိ၏ တာဝန်ကို ကောင်းကောင်းထမ်းဆောင်ခြင်းသည် ဘုရားသခင် အပ်နှံထားသည့် အထူးတာဝန်ဖြစ်သည်

06.06.2026

ချင့်ထျန်၊ တရုတ်ပြည်

ကျွန်မတို့ မိသားစုက သိပ်မပြေလည်ဘူး။ ကျွန်မ ငယ်ငယ်လေးတုန်းကဆို ကျွန်မနဲ့ မောင်လေးကို ကျောင်းထားပေးဖို့အတွက် အဖေက အဝေးမှာ အလုပ်သွားလုပ်ပြီး ငွေရှာခဲ့ရတာ။ သူက ချွေချွေတာတာ နေထိုင်ပြီး နေမကောင်းရင်တောင် မနားခဲ့ဘူးလေ။ ငယ်ရွယ်ပြီး အသိဉာဏ် မကြွယ်ဝသေးတဲ့ အရွယ်မှာတောင်၊ ကျွန်မတို့ကို ကျွေးမွေးပြုစုဖို့ အဖေ ဒုက္ခအများကြီး ခံခဲ့ရတယ်လို့ ကျွန်မ ခံစားခဲ့ရတယ်၊ ဒါကြောင့် ကြီးလာရင် အဖေ့အပေါ် သားသမီးဝတ်ကျေပွန်မယ်လို့ ကျွန်မ ဆုံးဖြတ်ခဲ့တာပေါ့။ ကျွန်မက ငယ်သေးပေမဲ့၊ အဝတ်လျှော်တာ၊ ဟင်းချက်တာနဲ့ မောင်လေးကို ထိန်းတာလိုမျိုး အိမ်မှုကိစ္စတွေကို တတ်နိုင်သလောက် ကူညီလုပ်ပေးခဲ့တယ်၊ အိမ်နီးချင်းတွေကလည်း “လိမ္မာပြီး အလုပ်ကြိုးစားတဲ့ သမီးလေးပဲ” ဆိုပြီး ကျွန်မကို ချီးကျူးကြတယ်။ ကျွန်မ ကြီးလာတဲ့အခါ၊ လတိုင်း မုန့်ဖိုး နည်းနည်းပဲ ချန်ထားပြီး ကျန်တဲ့ ဝင်ငွေတွေကို မိဘတွေကို ပေးခဲ့တယ်၊ ပြီးတော့ မိဘတွေအတွက် အဝတ်အစားတွေ၊ အစားအသောက်တွေနဲ့ တခြား လိုအပ်တဲ့ ပစ္စည်းတွေကို ခဏခဏ ဝယ်ပေးခဲ့တယ်။ တစ်ခါတလေဆို ကျွန်မ ဝယ်ပေးတဲ့ အဝတ်အစားသစ်တွေကို အဖေဝတ်ပြီး ဆွေမျိုးတွေ၊ အိမ်နီးချင်းတွေကို “ကြည့်ပါဦး၊ ငါ့သမီး ငါ့အတွက် ဝယ်ပေးထားတာလေ” ဆိုပြီး ဝမ်းသာအားရ ပြောတတ်တယ်။ မိဘတွေ အဲဒီလို ပျော်နေတာကို မြင်ရတော့ ကျွန်မလည်း ဝမ်းသာရတာပေါ့။

၂၀၀၉ ခုနှစ်မှာ၊ ဘုရားသခင်ကို ကျွန်မ တွေ့ရှိခဲ့ပြီး နောက်ဆုံးမှာတော့ အသင်းတော်မှာ တာဝန်တစ်ခု ထမ်းဆောင်ခဲ့တယ်။ အဲဒီအချိန်တုန်းက ကျွန်မ တာဝန်ထမ်းဆောင်နေတဲ့ နေရာက အိမ်နဲ့ နီးတော့ မိဘတွေဆီကို ခဏခဏ သွားလည်လို့ ရခဲ့တယ်။ ၂၀၁၃ ခုနှစ် ရောက်တော့၊ တရုတ်ကွန်မြူနစ်ပါတီ ရဲတွေက ကျွန်မရဲ့ ယုံကြည်ခြင်းအကြောင်းကို သိသွားပြီး ကျွန်မကို ဖမ်းဖို့ အိမ်အထိ လာကြတယ်၊ အဲဒီနောက်ပိုင်းကစပြီး ကျွန်မ အိမ်ပြန်လို့ မရတော့ဘူးလေ။ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလမှာ၊ အဖေ ကားတိုက်မှုဖြစ်ပြီး လက်ကောက်ဝတ် ကျိုးသွားတယ်လို့ ကျွန်မ သိလိုက်ရတယ်။ ဒါကို ကြားလိုက်ရတော့၊ ကျွန်မ ဂနာမငြိမ် ဖြစ်သွားပြီး အဖေ့ကို သွားကြည့်ဖို့ အိမ်ပြန်ချင်ခဲ့တယ်။ သူ့ကို တိုက်တဲ့ ယာဉ်မောင်းကလည်း တာဝန်ယူဖို့ ငြင်းလို့၊ တရားရုံးသွားရမယ်ဆိုတာကိုလည်း ကြားလိုက်ရတယ်။ ကျွန်မ အရမ်း စိတ်ပူသွားပြီး တွေးမိတယ်၊ “မောင်လေးကလည်း အိမ်မှာမရှိဘူး၊ အမေက အဖေ့ကို ပြုစုရင်းနဲ့ ဒီကိစ္စတွေအားလုံးကို ဖြေရှင်းနေရမှာ။ သူ နိုင်နိုင်နင်းနင်း လုပ်နိုင်ပါ့မလား။ ငါသာ အိမ်မှာရှိရင်၊ အဖေ့ကို ပြုစုဖို့ ကူညီပေးနိုင်မှာ၊ ဒါပေမဲ့ ဒီလို ကိစ္စကြီး ဖြစ်နေတာတောင်၊ သူတို့ရဲ့ ဝန်ထုပ်ဝန်ပိုးကို ငါ မမျှဝေပေးနိုင်ဘူး” ပေါ့။ သူတို့အပေါ် အရမ်းကို အပြစ်ရှိသလို ခံစားရပြီး၊ အိမ်ပြန်ပြီး အဖေ့ကို တကယ် ပြုစုချင်ခဲ့တယ်၊ ဒါပေမဲ့ ဖမ်းဆီးခံရမှာကို ကြောက်တော့၊ မစဉ်းစားမဆင်ခြင်ဘဲ ပြန်သွားဖို့ ကျွန်မ မရဲခဲ့ဘူး။ ဒါပေမဲ့ ကျွန်မ တွေးမိတယ်၊ “ဆေးရုံမှာရှိတဲ့ အဖေ့ကို သွားမကြည့်ရင်၊ ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေက လူ့သဘာဝနဲ့ အသိစိတ် ကင်းမဲ့တယ်လို့ ငါ့ကို ဆူကြမှာ မဟုတ်လား” ပေါ့။ ကျွန်မ အရမ်းကို စိတ်ရှုပ်ထွေးခဲ့ပြီး အိမ်ပြန်ဖို့ကိုပဲ စိတ်စောနေခဲ့တယ်။ ဒါနဲ့ ကျွန်မရဲ့ အလုပ်တွေကို ပြီးအောင် အချိန်ပိုလုပ်ခဲ့ပြီး၊ တရုတ်ပြက္ခဒိန် ၁၂ လပိုင်း ၂၉ ရက်နေ့မှာ၊ အန္တရာယ်ကို မမှုဘဲ အိမ်ပြန်ခဲ့တယ်။

အိမ်ရောက်တဲ့အချိန်မှာ အဖေက ဆေးရုံက ဆင်းလာပြီဖြစ်ပြီး၊ အဖေ ကောင်းကောင်း သက်သာနေတာကို မြင်တော့မှပဲ ကျွန်မ စိတ်အေးသွားတော့တယ်။ ကျွန်မကို မြင်တော့ အဖေက အရမ်းဝမ်းသာခဲ့တယ်၊ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ၊ သူ့မျက်နှာမှာ စိုးရိမ်ပူပန်မှုတွေ ဖုံးလွှမ်းသွားတယ်၊ ဘာဖြစ်လို့လဲဆိုတော့ လွန်ခဲ့တဲ့ သုံးလေးနာရီလောက်ကမှ ကျွန်မရဲ့ ယုံကြည်ခြင်းနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ မွေးရပ်မြေကို ပြန်လာခဲ့ဖို့ အဖေ့ကို ရဲတွေက ဖုန်းဆက်ခေါ်ထားလို့ပဲ။ ရဲတွေရဲ့ နှောင့်ယှက်မှုကို ရင်ဆိုင်ရတော့၊ ကျွန်မတို့ မိသားစုဟာ အရမ်းကို ဖိနှိပ်ခံရပြီး အကူအညီမဲ့နေတယ်လို့ ခံစားခဲ့ရတယ်။ အဖေ ထွက်သွားပြီးတဲ့နောက်မှာ ကျွန်မ ဘယ်မှာလဲဆိုတာ စုံစမ်းဖို့ ရဲစခန်းက တစ်နှစ်ကို သုံးလေးကြိမ် အိမ်ကို ဖုန်းဆက်တတ်တဲ့အပြင် အဘိုးအဘွားတွေအိမ်ကိုလည်း သွားပြီး ခဏခဏ နှောင့်ယှက်တတ်တယ်လို့ အမေက ပြောပြတယ်။ နှစ်သစ်ကူးနဲ့ အားလပ်ရက်တိုင်းမှာလည်း ကျွန်မ အိမ်ပြန်လာသလားဆိုပြီး ရဲတွေက လာမေးတတ်တယ်လို့ သူက ပြောပြသေးတယ်။ အမေ့ဆီက ဒါကို ကြားရတော့ ကျွန်မ တကယ်ကို ဒေါသထွက်မိတယ်။ ကျွန်မ အိမ်က ထွက်လာကတည်းက ဒီနှစ်တွေတစ်လျှောက်လုံး ရဲတွေက ကျွန်မကို လိုက်ရှာနေလိမ့်မယ်လို့ မထင်ထားခဲ့တဲ့အပြင် နှစ်သစ်ကူးမှာတောင် မိဘတွေကို နှောင့်ယှက်လိမ့်မယ်လို့ မထင်ထားခဲ့ဘူးလေ။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ၊ အိမ်ကို ရဲတွေ လာဖမ်းမှာကို ကြောက်နေတော့၊ အိမ်မှာ နေခဲ့ရတဲ့ နှစ်ရက်လုံးလုံး တစ်ချိန်လုံး ထိတ်လန့်တုန်လှုပ်နေခဲ့ရတယ်။ အဖေ့ကို ထပ်တွေ့ရအောင်လို့ သူပြန်လာတာကို စောင့်ချင်ခဲ့ပေမဲ့၊ တတိယမြောက်နေ့ ရောက်တဲ့အထိ သူ ပြန်မလာသေးဘူး။ ကျွန်မ အရမ်းကို စိတ်မသက်မသာ ဖြစ်ရပြီး၊ အိမ်မှာ ကြာကြာနေလေ အန္တရာယ်ပိုများလေပဲလို့ တွေးမိတော့၊ မြန်မြန်ပဲ ထွက်လာခဲ့လိုက်တယ်။ ကျွန်မ တာဝန်ထမ်းဆောင်တဲ့နေရာကို ပြန်ရောက်တဲ့အခါ၊ အိမ်မှာ ဖြစ်ပျက်ခဲ့တာတွေကိုပဲ တွေးနေမိပြီး စိတ်ငြိမ်အောင် မထားနိုင်ခဲ့ဘူး။ ကျွန်မ တွေးမိတယ်၊ “တခြားသူတွေရဲ့ သားသမီးတွေက နှစ်သစ်ကူးမှာ မိဘတွေကို သွားတွေ့ကြတယ်၊ အာဟာရဖြစ်စေမဲ့ ပစ္စည်းတွေ ဝယ်သွားပေးပြီး မိသားစုအကြောင်းတွေ ပြောရင်း ရင်ဖွင့်စကားပြောကြတယ်။ ဒါပေမဲ့ ငါကတော့ အိမ်ကိုတောင် သိပ်မပြန်ရတဲ့အပြင် မိဘတွေအတွက်လည်း အချိန်သိပ်မပေးနိုင်ဘူး။ ဒါ့အပြင်၊ ငါ့ကြောင့် ရဲတွေက သူတို့ကို ဆက်တိုက် နှောင့်ယှက်နေကြသေးတယ်။ အဖေ ပြန်သွားတဲ့အခါ ရဲတွေက သူ့ကို ဘယ်လို ဆက်ဆံမလဲဆိုတာကိုတောင် ငါ မသိဘူး” လို့ပေါ့။ ကျွန်မ တကယ်ကို ဝမ်းနည်းခဲ့ရတယ်။ ကိုယ့်တာဝန်ကို ထမ်းဆောင်နေပေမဲ့လည်း၊ မိဘတွေအကြောင်း တွေးမိတိုင်း ကျွန်မ စိတ်မကောင်းဖြစ်ရတယ်။

နောက်ပိုင်းမှာ၊ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ဖတ်လိုက်ရတော့ ကျွန်မရဲ့ အခြေအနေ နည်းနည်း တိုးတက်လာခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “မိဘအချို့သည် ကြီးမားပြီး ကြီးပွားချမ်းသာသော မိသားစုတစ်စုနှင့်ဆိုင်သည့် အိမ်တွင်း အတိသုခနှင့် ပျော်ရွှင်မှုကို မွေ့လျော်ခံစားနိုင်ရန် ထိုကောင်းချီးနှင့် ကံကြမ္မာရှိကြသည်။ ဤသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာဖြစ်ပြီး ၎င်းတို့ကို ဘုရားသခင်ပေးသည့် ကောင်းချီးတစ်ခု ဖြစ်သည်။ မိဘအချို့သည် ဤကံကြမ္မာမရှိကြချေ။ ၎င်းတို့အတွက် ဘုရားသခင်က ဤအရာကို မစီစဉ်ပေးခဲ့ပေ။ ပျော်ရွှင်သည့် မိသားစုတစ်စု ရှိခြင်းကို မွေ့လျော်ခံစားရန်၊ သို့မဟုတ် မိမိတို့ သားသမီးများက မိမိတို့နံဘေးတွင်ရှိနေခြင်းကို မွေ့လျော်ခံစားရန် ကောင်းချီးခံစားရခြင်း မရှိကြပေ။ ဤသည်မှာ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုဖြစ်ပြီး လူတို့က ဤအရာကို အတင်းအကျပ်ပြု၍မရပေ။ မည်သို့ပင်ဖြစ်စေ နောက်ဆုံးတွင် သားသမီးဝတ်ကျေပွန်ခြင်းနှင့် ပတ်သက်လာသည့်အခါ လူတို့သည် အနည်းဆုံးအနေဖြင့် ကျိုးနွံနာခံမှုရှိသည့် စိတ်နေစိတ်ထားတစ်ခု ရှိရမည်။ ပတ်ဝန်းကျင်က အခွင့်ပေးပြီး ထိုသို့လုပ်ဆောင်ရန် သင့်ထံတွင် လူအင်အားငွေအင်းအားရှိလျှင် သင်၏ မိဘများကို သင် သားသမီးဝတ်ကျေပွန်နိုင်သည်။ ပတ်ဝန်းကျင်က အခွင့်မပေးသကဲ့သို့ သင့်ထံတွင် လူအင်အားငွေအင်းအားကင်းမဲ့လျှင် အတင်းမကြိုးစားနှင့်။ ဤသည်ကို မည်သို့ ခေါ်ဆိုသနည်း။ (ကျိုးနွံနာခံမှုဖြစ်သည်။) ဤအရာကို ကျိုးနွံနာခံမှုဟု ခေါ်သည်။ ဤကျိုးနွံနာခံမှုသည် အဘယ်သို့ ဖြစ်လာသနည်း။ ကျိုးနွံနာခံမှုအတွက် အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ ထိုအရာသည် ဘုရားသခင် စီစဉ်ထားပြီး ဘုရားသခင် အုပ်စိုးထားသည့် ဤအရာများအားလုံးပေါ်တွင် အခြေခံပေသည်။ လူတို့အနေဖြင့် ရွေးချယ်ရန် ဆန္ဒရှိကောင်းရှိနိုင်သော်လည်း မရွေးချယ်နိုင်ကြ၊ ရွေးချယ်ပိုင်ခွင့်မရှိကြဘဲ ၎င်းတို့ ကျိုးနွံနာခံသင့်ကြပေသည်။ လူတို့ ကျိုးနွံနာခံသင့်ပြီး အရာရာကို ဘုရားသခင်က စီစဉ်ညွှန်ကြားထားကြောင်းကို သင် ခံစားရသည့်အခါ သင်၏ စိတ်နှလုံးတွင် သာ၍ ငြိမ်သက်မှုခံစားရသည်မဟုတ်လော။ (ခံစားရပါသည်။) ထို့နောက်တွင် သင်၏ အသိစိတ်ထဲတွင် လိပ်ပြာမသန့်ဆဲ ဖြစ်လိမ့်မည်လော။ စဉ်ဆက်မပြတ် လိပ်ပြာမသန့်ဟု ခံစားရလိမ့်မည် မဟုတ်တော့ဘဲ သင်၏ မိဘများကို သားသမီးဝတ်မကျေပွန်သည့် စိတ်ကူးသည် သင့်ကို စိုးမိုးထားတော့မည် မဟုတ်ပေ။ ဤသည်တို့မှာ လူ့သဘာဝအတွင်းရှိ ပုံမှန်အတွေး သို့မဟုတ် ဗီဇအချို့ဖြစ်ပြီး မည်သူမျှ မရှောင်လွှဲနိုင်ကြသည်နှင့်အမျှ ထိုအကြောင်းကို သင် ရံဖန်ရံခါ တွေးကောင်းတွေးနိုင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားလက်တွေ့ကျမှု ဆိုသည်မှာ အဘယ်နည်း။) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ၊ ဒီဘဝမှာ မိဘတွေဟာ သူတို့သားသမီးတွေဆီကနေ ကောင်းချီး ဘယ်လောက် ခံစားရတယ်၊ ပြီးတော့ သားသမီးတွေအတွက် ဘယ်လောက် ဆင်းရဲဒုက္ခ ခံစားရတယ်ဆိုတာတွေ အားလုံးက ဘုရားသခင် အမိန့်နဲ့ ပြဋ္ဌာန်းထားပြီးသားပါလားဆိုတာကို ကျွန်မ နားလည်လိုက်တယ်။ မိဘတချို့က တစ်သက်လုံး သားသမီးတွေ အနားမှာရှိပြီး မိသားစု ပျော်ရွှင်မှုကို ခံစားရပေမဲ့၊ တချို့ကတော့ အဲဒီလို ဘဝမျိုး မရကြဘူး။ ဒီအရာတွေအားလုံးမှာ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေ ပါဝင်နေပါတယ်။ အဖေ ကားတိုက်မှု ဖြစ်တုန်းက အစပိုင်းမှာ တိုက်တဲ့ ယာဉ်မောင်းက တာဝန်ယူဖို့ ငြင်းခဲ့ပေမဲ့၊ မထင်မှတ်ဘဲ ဖြတ်သွားတဲ့ သတင်းထောက်တစ်ယောက်က အဲဒီ ယာဉ်တိုက်မှုအကြောင်းကို ဖွင့်ချပေးခဲ့တယ်။ နောက်ပိုင်း၊ အမေက ဆေးရုံမှာ ရှေ့နေတစ်ယောက်နဲ့ တွေ့ပြီး၊ အဲဒီရှေ့နေက အမှုအတွက် အခမဲ့ ရှေ့နေလိုက်ပေးခဲ့တော့ ကိစ္စက ချောချောမွေ့မွေ့ ဖြေရှင်းခဲ့တယ်။ ဒါက မိဘတွေ သူတို့ဘဝမှာ ဘာတွေကြုံရမယ်၊ ကောင်းချီး ဘယ်လောက်ခံစားရပြီး ဆင်းရဲဒုက္ခ ဘယ်လောက်ခံစားရမယ်ဆိုတာတွေကို ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းထားပြီးသား ဖြစ်တယ်ဆိုတာကို ကျွန်မ သဘောပေါက်စေခဲ့တယ်။ ဒီအရာတွေက မိဘတွေဘေးမှာ သားသမီးတွေ ရှိမရှိဆိုတာနဲ့ ဘာမှမဆိုင်ပါဘူး၊ ပြီးတော့ ကျွန်မအနေနဲ့ အရာရာကို ဘုရားနှုတ်ကပတ်တော်တွေအပေါ် အခြေခံပြီး ရှုမြင်သင့်တယ်၊ မိဘတွေကို ဘုရားသခင်ရဲ့ လက်ထဲ အပ်နှံသင့်တယ်၊ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို ကျိုးနွံနာခံပြီး ကိုယ့်တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းသင့်တယ်။ ဒါကသာ အမြော်အမြင်ရှိတဲ့ ရွေးချယ်မှုပါပဲ။ ဒီတစ်ခေါက် အိမ်အလည်သွားတုန်းက မိဘတွေကို စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှု နည်းနည်းပေးတာကလွဲရင် သူတို့အတွက် ကျွန်မ ဘာမှ မလုပ်ပေးနိုင်ခဲ့ဘူးဆိုတာကိုလည်း ကျွန်မ တွေးမိတယ်။ ပြောင်းပြန်ပြောရရင်၊ အိမ်မှာ ကျွန်မသာ အဖမ်းခံရရင်၊ ကိုယ့်တာဝန်ကို မထမ်းဆောင်နိုင်တော့ရုံတင်မကဘဲ ကျွန်မရဲ့ အသက်ကိုလည်း အန္တရာယ်ဖြစ်စေမှာဖြစ်ပြီး ကျွန်မ အဖမ်းခံရတာကို မြင်ရင် မိဘတွေက ပိုပြီးတော့တောင် စိတ်ဆင်းရဲ ဝမ်းနည်းရဦးမှာလေ။ နောင်မှာတော့၊ ကိစ္စတစ်ခုခု ကြုံလာရင် ဘုရားသခင်ကို ပိုပြီး ဆုတောင်းတဲ့အပြင် ရှာဖွေရမယ်၊ ပြီးတော့ ခံစားချက်တွေအပေါ် အခြေခံပြီး မလုပ်ဆောင်လို့ မရတော့ဘူး။

၂၀၂၃ ခုနှစ်၊ ဩဂုတ်လရဲ့ တစ်နေ့မှာ၊ လွန်ခဲ့တဲ့ နှစ်နှစ်က အဖေ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ခဲ့တယ်ဆိုပြီး မောင်လေးဆီကနေ စာတစ်စောင် ရခဲ့တယ်၊ ပြီးတော့ ကျွန်မကို ထပ်မတွေ့ရတော့ဘဲ တစ်နေ့ ရုတ်တရက် သေသွားမှာကို အဖေက အမြဲ ကြောက်နေခဲ့တယ်တဲ့။ ကျွန်မ အဖမ်းခံရပြီး ရဲတွေရဲ့ ညှဉ်းပန်းနှိပ်စက်တာကို ခံရတယ်လို့ အဖေက အမြဲ သံသယရှိနေခဲ့တာကြောင့် စိတ်ဓာတ်ကျနေခဲ့တယ်၊ ပြီးတော့ ကျွန်မဆီမှာ ဆိုးရွားတဲ့ အရာတွေ ဖြစ်နေတယ်လို့ ခဏခဏ အိပ်မက်မက်တယ်ဆိုတဲ့ အကြောင်းကိုလည်း သူက ပြောပြထားတယ်။ သူက ကျွန်မကို လွမ်းတဲ့အကြောင်း မိသားစုကို ခဏခဏ ပြောပြရင်း ငိုတတ်တယ်တဲ့။ စာကို ဖတ်နေရင်းနဲ့ ကျွန်မ ခေါင်းထဲမှာ ဘာမှမရှိတော့ဘူး။ စာထဲမှာ ရေးထားတဲ့သူဟာ ကျွန်မ အဖေဆိုတာကို မယုံနိုင်အောင် ဖြစ်ခဲ့ရတယ်။ ကျွန်မ တွေးမိတယ်၊ “အဖေက အမြဲတမ်း ကျန်းမာရေး ကောင်းခဲ့တာ။ ဘယ်လိုလုပ်ပြီး ရုတ်တရက် နှလုံးသွေးကြောကျဉ်းရောဂါနဲ့ စိတ်ဓာတ်ကျတာတွေ ဖြစ်ရတာလဲ။ အဖေက ငါ့အကြောင်း ပြောတိုင်း ငိုပြီး ငါ့ကို ဘယ်လောက်လွမ်းတယ်ဆိုတဲ့အကြောင်း ဆက်တိုက် ပြောနေတာ။ သူ့ရောဂါက ငါ့ကို စိတ်ပူနေတာကြောင့် ဖြစ်လာတာလား။ ငါ့အတွက် အမြဲ ကြောက်လန့်နေရတာက သူ့ကို စိတ်ဓာတ်ကျစေတာလား” လို့ပေါ့။ ကျွန်မ အရမ်းကို ရင်ကွဲမတတ်ခံစားရပြီး မျက်လုံးထဲမှာ မျက်ရည်တွေ ဝဲလာတယ်။ မိဘတွေက ကျွန်မကို ဘယ်လောက်တောင် အပင်ပန်းခံ ကျွေးမွေးပြုစုခဲ့တယ်၊ သူတို့အတွက် ဘယ်လောက်တောင် ခက်ခဲခဲ့တယ်ဆိုတာကို ကျွန်မ တွေးမိတယ်။ သူတို့ကို မပြုစုခဲ့တဲ့အပြင် တရုတ်ကွန်မြူနစ်ပါတီရဲ့ နှောင့်ယှက်တာကို ခံရအောင်လည်း ကျွန်မ လုပ်ခဲ့မိတယ်။ သူတို့က ကျွန်မကို စိတ်ပူနေရပြီး အကြောက်တရားနဲ့ နေထိုင်နေကြရတယ်၊ ပြီးတော့ အဖေဆိုရင် စိတ်ကျရောဂါတောင် ဖြစ်နေပြီလေ။ ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေက သေချာပေါက် ကျေးဇူးကန်းပြီး အသိစိတ် ကင်းမဲ့တယ်ဆိုပြီး ကျွန်မကို ကဲ့ရဲ့ကြမှာပဲ။ ကျွန်မစိတ်ထဲမှာ အရမ်းကို လိပ်ပြာမလုံသလို ခံစားရတယ်။ ပြင်းထန်တဲ့ နှလုံးသွေးကြောကျဉ်းရောဂါက အသက်အန္တရာယ်ရှိနိုင်တယ်ဆိုတာကိုလည်း ကျွန်မ တွေးမိတယ်။ ဒီရောဂါက စိတ်လှုပ်ရှားတာကို တကယ် မခံနိုင်ဘူး၊ ပြီးတော့ အဖေက ကျွန်မကို အမြဲ စိတ်ပူနေပြီး သူ့စိတ်တွေကလည်း မကြည်ဘူးဆိုတော့၊ သူ့အသက်က အချိန်မရွေး အန္တရာယ်ရှိနိုင်တယ်လေ။ အဲဒီလိုမျိုး သူ ဆက်ပြီး စိတ်ဓာတ်ကျနေရင်၊ စိတ်လွတ်သွားမလား။ အဲဒီထက်ပိုပြီး ကျွန်မ ဆက်မတွေးရဲတော့ဘူး။ မျက်ရည်တွေက ထိန်းမနိုင်သိမ်းမရ ကျလာပြီး၊ မခံမရပ်နိုင်လောက်အောင် စိတ်ထိခိုက်နာကျင်ရတယ်။ ကျွန်မ ဒီလိုတောင် တွေးမိသေးတယ်၊ “အဲဒီတုန်းက ငါသာ ခေါင်းဆောင်အနေနဲ့ ရွေးချယ်မခံခဲ့ရရင်၊ အပြင်ထွက်ပြီး ခဏခဏ စုဝေးစရာ လိုမှာမဟုတ်ဘူး၊ ပြီးတော့ ရဲတွေရဲ့ စောင့်ကြည့်တာနဲ့ ဖမ်းဆီးတာကိုလည်း ခံရမှာ မဟုတ်ဘူး။ အဲဒါသာ မဖြစ်ခဲ့ရင်၊ ငါ အိမ်ကနေ ထွက်သွားစရာ လိုမှာမဟုတ်ဘူး၊ မိဘတွေ နေမကောင်းဖြစ်တဲ့အခါ သူတို့ကို ပြုစုဖို့ ငါ သူတို့အနားမှာ နေလို့ရမှာ၊ ပြီးတော့ အဖေလည်း ငါ့ကို စိတ်ပူပြီး လွမ်းရလို့ စိတ်ဓာတ်ကျမှာ မဟုတ်ဘူး” လို့ပေါ့။ နောက်ရက်နှစ်ရက်သုံးရက်လောက်အထိ မိဘတွေအပေါ် အပြစ်ရှိတယ်ဆိုတဲ့ ခံစားချက်ထဲမှာ ကျွန်မ နစ်မွန်းနေခဲ့တယ်၊ ကျွန်မရဲ့ အခြေအနေက အရမ်းဆိုးရွားနေပြီး၊ ကိုယ့်တာဝန်ကို လုပ်ဖို့ စိတ်မပါတော့ဘူး။ တစ်ခါတလေကျရင်၊ “ငါ အိမ်ပြန်ပြီး ငါဘာမှမဖြစ်ဘူးဆိုတာကို အဖေ့ကို ပြလိုက်ရင်၊ သူ့ခံစားချက်တွေ ပိုကောင်းလာပြီး၊ ပိုမြန်မြန် သက်သာလာမလား” ဆိုတဲ့ အတွေးတစ်ခု ခေါင်းထဲ ဝင်လာတတ်တယ်။ ဒီအရာတွေကို တွေးနေတာက ကျွန်မကို စိတ်ကစဉ့်ကလျားဖြစ်စေတယ်။ ကျွန်မရဲ့ ဆင်းရဲဒုက္ခထဲမှာ၊ ဘုရားသခင် ရှေ့မှောက်တိုးဝင်ပြီး ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ ဒီလိုကိစ္စတွေက ကိုယ်တော့်ရဲ့ ခွင့်ပြုချက်နဲ့ ဖြစ်လာတယ်ဆိုတာ သမီး သိပါတယ်၊ ပြီးတော့ ကိုယ်တော့် ရည်ရွယ်ချက်ကို သမီး ရှာဖွေသင့်ပေမဲ့၊ သမီးက ခံစားချက်တွေရဲ့ ဘောင်ခတ်တာကို ခံရပြီး မိဘတွေကို အမြဲ စိတ်ပူနေမိတယ်။ သမီး အရမ်း စိတ်ဆင်းရဲရပါတယ်။ သမ္မာတရားကို ရှာဖွေဖို့နဲ့ ခံစားချက်တွေရဲ့ ဘောင်ခတ်တာကနေ ရုန်းထွက်ဖို့ သမီးကို လမ်းပြပေးပါ” လို့ပေါ့။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့ရတယ်။ “သင်သည် သင့်တာဝန်ကို အခြားတစ်နေရာ၌ ထမ်းဆောင်ရန် အိမ်မှ မထွက်ခွာဘဲ သင့်မိဘများအနီးတွင် နေခဲ့လျှင် ၎င်းတို့ နေမကောင်းဖြစ်ခြင်းကို သင်တားဆီးနိုင်ခဲ့မည်လော။ (မတားဆီးနိုင်ပါ။) သင့်မိဘများအသက်ရှင်မည်လော၊ သေမည်လောဆိုသည်ကို သင်ထိန်းချုပ်နိုင်သလော။ ၎င်းတို့ ချမ်းသာမည်လော၊ ဆင်းရဲမည်လောဆိုသည်ကို သင်ထိန်းချုပ်နိုင်သလော။ (မထိန်းချုပ်နိုင်ပါ။) သင့်မိဘများက မည်သည့်ရောဂါကို ရသည်ဖြစ်စေ ယင်းမှာ ၎င်းတို့သည် သင့်အား ပျိုးထောင်ခြင်းကြောင့် အလွန်မောပန်းသောကြောင့်၊ သို့မဟုတ် ၎င်းတို့က သင့်အား သတိရသောကြောင့် ဖြစ်မည်မဟုတ်ပေ။ အထူးသဖြင့် ၎င်းတို့သည် သင့်ကြောင့် ထိုအကြီးစားဖြစ်သော၊ ဆိုးဝါးသော၊ သေစေနိုင်သော ရောဂါတစ်ခုခုကို ကူးစက်မည်မဟုတ်ပေ။ ယင်းသည် ၎င်းတို့၏ ကံကြမ္မာဖြစ်ပြီး သင်နှင့် လုံးဝ မသက်ဆိုင်ပေ။ သင်က မည်မျှ သားသမီးဝတ်ကျေပွန်ပါစေ သင်အစွမ်းဆောင်နိုင်ဆုံးမှာ ၎င်းတို့၏ ဇာတိပကတိ ဒုက္ခနှင့် ဝန်ထုပ်ဝန်ပိုးကို အနည်းငယ်လျှော့ချဖို့ဖြစ်သည်။ သို့သော် ၎င်းတို့သည် မည်သည့်အချိန်၌ ဖျားနာသည်၊ မည်သည့်ရောဂါ ကူးစက်သည်၊ မည်သည့်အချိန်တွင် သေသည်၊ မည်သည့်နေရာတွင် သေသည်တို့အတွက်မူ ဤအရာများသည် သင်နှင့် တစ်ခုခုသက်ဆိုင်ခြင်းရှိသလော။ မရှိပေ။ သင်က သားသမီးဝတ်ကျေပွန်လျှင်၊ သင်က စာနာစိတ်ကင်းမဲ့သော ကျေးဇူးကန်းသူတစ်ယောက် မဟုတ်လျှင်၊ ထို့အပြင် သင်က ၎င်းတို့နှင့်အတူ တစ်နေကုန် နေထိုင်ပြီး ၎င်းတို့အား ကြည့်ရှုစောင့်ရှောက်လျှင် ၎င်းတို့သည် ဖျားနာခြင်းမရှိမည်လော။ ၎င်းတို့သည် မသေဘဲ နေမည်လော။ ၎င်းတို့သည် ဖျားနာဖို့ရှိသည်ဆိုလျှင် မည်သို့ပင်ဖြစ်စေ ဖျားနာလိမ့်မည်သာဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် သေတော့မည်ဆိုလျှင် မည်သို့ပင်ဖြစ်စေ သေမည်မဟုတ်လော။ ဤသို့ မဟုတ်သလော။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၇))သင့်မိဘများက ခံယူပြီး ရင်ဆိုင်ခဲ့သည့် အရာရာတိုင်းသည် သင်နှင့်သက်ဆိုင်သည်ဟုလည်းကောင်း၊ သင်သည် ထိုဝန်များကို မျှဝေခံယူသင့်သည်ဟုလည်းကောင်း အစဉ်ထင်မြင်သည်။ သင့်ကိုယ်သင် အစဉ် အပြစ်ဖို့ပြီး ဤအရာများသည် သင်နှင့် တစ်ခုခုသက်ဆိုင်မှုရှိသည်ဟု အစဉ်တွေးထင်သည်။ အစဉ်သဖြင့် ပါဝင်ပတ်သက်လိုသည်။ ဤအယူအဆမှာ မှန်သလော။ (မမှန်ပါ။) အဘယ်ကြောင့်နည်း။...ဘဝတွင် လူတို့မွေးဖွားခြင်း၊ အသက်ကြီးခြင်း၊ နာမကျန်းဖြစ်ခြင်း၊ သေဆုံးခြင်း၊ အမှုကြီး အမှုငယ် အမျိုးမျိုးကို ကြုံရခြင်းသည် အလွန်ပုံမှန်ဖြစ်သော ဖြစ်ရပ်များဖြစ်သည်။ သင်သည် အရွယ်ရောက်ပြီးသူတစ်ဦးဖြစ်လျှင် ရင့်ကျက်သော အတွေးအခေါ်ပုံစံ ရှိသင့်သည်။ ဤအမှုကိစ္စကို တည်ငြိမ်စွာနှင့် မှန်ကန်စွာ ချဉ်းကပ်သင့်သည်။ ‘ငါ့မိဘများသည် မကျန်းမာကြပါ။ ဤသည်မှာ သူတို့ ငါ့ကို အရမ်းသတိရသောကြောင့် ဖြစ်ရသည်ဟု အချို့လူများက ပြောကြသည်။ ဤသည်မှာ ဖြစ်နိုင်သလား။ သူတို့က သေချာပေါက် ငါ့ကို သတိရပါသည်။ လူတစ်ယောက်က သူ့သားသမီးကို မည်သို့များ သတိမရဘဲ နေမည်နည်း။ ငါလည်း သူတို့ကို သတိရသည်။ သို့ဆိုလျှင် ငါက အဘယ်ကြောင့် နေမကောင်း မဖြစ်ရသနည်း’ ဟူ၍ ဖြစ်သည်။ လူတစ်ယောက်ယောက်က သူ၏ သားသမီးများကို သတိရသောကြောင့် နေမကောင်းဖြစ်သလော။ ဤသည်မှာ မမှန်ပေ။ ဤသို့ဆိုလျှင် သင့်မိဘများက ဤအရေးပါသောအရာများကို ကြုံရသောအခါ၌ မည်သို့ ဖြစ်သနည်း။ ၎င်းတို့ဘဝတွင် ဤအမှုအရာမျိုးကို ဘုရားသခင်က စီစဉ်ညွှန်ကြားခဲ့သည်ဟုသာ ဆိုနိုင်သည်။ ဘုရားသခင်၏ လက်ဖြင့် စီစဉ်ညွှန်ကြားခဲ့ခြင်းဖြစ်သည်။ သင်သည် အရှိအတိုင်းဖြစ်သော အကြောင်းပြချက်များ၊ အကြောင်းတရားများကို အာရုံစိုက်၍ မရပေ။ သင့်မိဘများက ဤအသက်အရွယ်သို့ ရောက်သောအခါတွင် ဤအမှုကိစ္စကို ကြုံရမည်ဖြစ်သည်။ ၎င်းတို့သည် ဤရောဂါ၏ ဖိစီးနှိပ်စက်ခြင်းကို ခံရမည်ဖြစ်သည်။ သင်ရှိနေခဲ့လျှင် ၎င်းတို့သည် ထိုရောဂါကို ရှောင်နိုင်မည်လော။ ဘုရားသခင်က ၎င်းတို့ကံကြမ္မာ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် နာမကျန်းဖြစ်ရန်အတွက် ၎င်းတို့ကို မစီစဉ်ခဲ့လျှင် သင်က ၎င်းတို့နှင့်အတူ မရှိနေခဲ့လျှင်ပင် ၎င်းတို့အပေါ်၌ မည်သည့်အရာမျှ ဖြစ်ပျက်မည်မဟုတ်ပေ။ ၎င်းတို့သည် ၎င်းတို့ဘဝတွင် ဤကြီးမားသော ကံဆိုးမှုမျိုးကို ကြုံရရန် ကံစီမံပြီးဖြစ်လျှင် သင်က ၎င်းတို့အနီး၌ ရှိနေခဲ့လျှင် မည်သည့်သက်ရောက်မှုကို သင်ပြုလုပ်နိုင်မည်နည်း။ ၎င်းတို့သည် ရှောင်နိုင်ဦးမည် မဟုတ်ပေ။ မှန်သလော။ (မှန်ပါသည်။) ဘုရားသခင်ကို မယုံကြည်သော ထိုလူများအကြောင်းကို စဉ်းစားကြည့်လော့။ ၎င်းတို့မိသားစုများသည် တစ်နှစ်ပြီးတစ်နှစ် အတူတကွ ရှိသည်မဟုတ်လော။ ထိုမိဘများက ကြီးမားသော ကံဆိုးမှုနှင့် ကြုံရသောအခါ ၎င်းတို့၏ မိသားစုဆွေမျိုးနီးစပ်များနှင့် ၎င်းတို့၏ သားသမီးများအားလုံးက ၎င်းတို့နှင့်အတူ ရှိနေသည်မဟုတ်လော။ မိဘများက နေမကောင်းဖြစ်သောအခါ၊ သို့မဟုတ် ၎င်းတို့ရောဂါက ပို၍ဆိုးလာသောအခါ ၎င်းတို့၏ သားသမီးများက ၎င်းတို့ထံမှ ထွက်ခွာသွားသောကြောင့် ဖြစ်သလော။ ဤသို့မဟုတ်ပေ။ ဤသို့ဖြစ်လာဖို့ ကံပါလာခြင်းဖြစ်သည်။ သင်က ၎င်းတို့၏ သားသမီးတစ်ယောက်အနေဖြင့် သင့်မိဘများနှင့် သွေးသားတော်စပ်သောကြောင့် ၎င်းတို့က နေမကောင်းဖြစ်သည်ဟု သင်ကြားသောအခါ၌ သင်သည် စိတ်မကောင်းဖြစ်မည်ဖြစ်ပြီး အခြားလူများက မည်သို့မျှ ခံစားရမည်မဟုတ်ခြင်းသာ ဖြစ်သည်။ ဤသည်မှာ အလွန်ပင် ပုံမှန်ဖြစ်သည်။ သို့ရာတွင် သင့်မိဘများက ဤသို့သော ကြီးမားသော ကံဆိုးမှုမျိုးကို ကြုံရခြင်းသည် သင်က ယင်းအား မည်သို့ ဖယ်ရှားရမည်၊ သို့မဟုတ် ဖြေရှင်းရမည်ဆိုသည်ကို စိစစ်ရန်၊ စုံစမ်းစစ်ဆေးရန်၊ တွေးတောရန် လိုအပ်သည်ဟု မဆိုလိုပေ။ သင့်မိဘများသည် အရွယ်ရောက်ပြီးသူများ ဖြစ်သည်။ ၎င်းတို့သည် လူ့အဖွဲ့အစည်းတွင် ဤအရာကို အကြိမ်ရေအနည်းငယ်ထက် ပိုပြီး ကြုံခဲ့ရပြီးဖြစ်သည်။ ဘုရားသခင်က ဤအမှုကိစ္စကို ၎င်းတို့ထံမှ ဖယ်ရှားရန် ပတ်ဝန်းကျင်တစ်ခုကို စီစဉ်လျှင် ယင်းသည် အနှေးနှင့် အမြန်ဆိုသလို လုံးဝ ပျောက်ကွယ်သွားလိမ့်မည်။ ဤအမှုကိစ္စသည် ၎င်းတို့အတွက် ဘဝအခက်အခဲတစ်ခုဖြစ်လျှင်၊ ၎င်းတို့သည် ယင်းကို တွေ့ကြုံရမည်ဆိုလျှင် ၎င်းတို့သည် ယင်းအား မည်မျှကြာရှည်စွာ တွေ့ကြုံရမည်ဆိုသည်မှာ ဘုရားသခင်အပေါ် မူတည်သည်။ ယင်းသည် ၎င်းတို့တွေ့ကြုံရမည့်အရာတစ်ခု ဖြစ်ပြီး မရှောင်ရှားနိုင်ပေ။ သင်သည် ဤအမှုကိစ္စကို တစ်ကိုယ်တည်း ဖြေရှင်းလိုလျှင်၊ ဤအမှုကိစ္စ၏ အရင်းအမြစ်၊ အကြောင်းရင်းနှင့် အကျိုးဆက်များကို စိစစ်ပြီး စုံစမ်းစစ်ဆေးလိုလျှင် ယင်းသည် မိုက်မဲသောအတွေးဖြစ်သည်။ အကျိုးမရှိသကဲ့သို့ မလိုလားအပ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၇)) မိဘတွေ နေမကောင်းဖြစ်တဲ့ကိစ္စကို ဘယ်လို သဘောထားပြုမူရမယ်ဆိုတာကို ဘုရားသခင်က ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။ လူတစ်ယောက်ရဲ့ ကံကြမ္မာ ဘယ်လိုဖြစ်လာမယ်၊ နေမကောင်း ဖြစ်မလား၊ ဘယ်အသက်အရွယ်မှာ ရောဂါရမလဲ၊ ဘယ်လိုရောဂါမျိုး ရမလဲ၊ အဲဒီရောဂါနဲ့ပဲ သေမလား၊ သူ့ရဲ့ သက်တမ်းက ဘယ်လောက်ရှည်မလဲ စတာတွေအားလုံးကို ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းထားပြီးသားပါ။ ဘယ်သူကမှ ဒီအရာတွေကို ဝင်စွက်ဖက်လို့၊ ဒါမှမဟုတ် ပြောင်းလဲလို့ မရပါဘူး။ အပေါ်ယံကြည့်ရင်တော့ အဖေက ကျွန်မကို လွမ်းလို့ နေမကောင်းဖြစ်တာနဲ့ တူပေမဲ့၊ တကယ်တမ်းကျတော့ သူ့ဘဝရဲ့ ဒီအချိန်မှာ ဒီအခက်အခဲကို ကြုံရဖို့ ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းထားပြီးသား ဖြစ်ပါတယ်။ အဖေ့ရောဂါအတွက် တာဝန်အားလုံးကို ကျွန်မတစ်ယောက်တည်း အကုန်ယူထားတာက လုံးဝ ဆင်ခြင်တုံတရားမဲ့လွန်းပြီး အဖြစ်မှန်နဲ့လည်း မကိုက်ညီပါဘူး။ ဝမ်းကွဲမောင်နှမတွေက သူတို့မိဘတွေနဲ့ အတူနေပြီး ပြုစုစောင့်ရှောက်ပေမဲ့၊ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အဒေါ်ဖြစ်သူဟာ သွေးတိုးရောဂါနဲ့ ပန်းနာရင်ကျပ်ရောဂါ ဖြစ်လာတယ်၊ ပြီးတော့ ဦးလေးကလည်း ပြင်းထန်တဲ့ ရောဂါတစ်ခု ရလာတယ်ဆိုတာကို ကျွန်မ တွေးမိတယ်။ ဒါက သားသမီးတွေက မိဘတွေဘေးမှာ ရှိနေရင်တောင် ဘာကိုမှ မပြောင်းလဲဘူးဆိုတာကို ပြနေတာပဲလေ။ ဒါ့အပြင်၊ လူတွေဆိုတာ အသားနဲ့သွေးနဲ့ တည်ဆောက်ထားတာဖြစ်ပြီး၊ မြေကြီးကထွက်တဲ့ ကောက်နှံတွေကို စားသုံးကြတဲ့အတွက် တစ်ချိန်ချိန်မှာ နေမကောင်းဖြစ်မှာ သေချာပါတယ်။ အဖေက အသက်ခြောက်ဆယ်ကျော်နေပြီ၊ ဒီအရွယ်မှာ သူ့ရဲ့ ခန္ဓာကိုယ်လုပ်ဆောင်ချက်တွေက ကျဆင်းလာပြီး ကိုယ်ခံစွမ်းအားစနစ်က အားနည်းလာတယ်လေ၊ ဒါကြောင့် သက်လတ်ပိုင်းနဲ့ သက်ကြီးရွယ်အိုတွေမှာ အဖြစ်များတဲ့ ရောဂါတွေ သူ့မှာ ဖြစ်လာတာ ပုံမှန်ပါပဲ။ သက်ကြီးရွယ်အို အများစုဟာ သွေးတိုး၊ ဆီးချိုနဲ့ နှလုံးရောဂါတွေကို ခံစားရတတ်ပါတယ်။ ကျွန်မ အိမ်မှာရှိတုန်းက၊ အဖေ ဆေးလိပ်နဲ့ အရက်ကို အလွန်အကျွံသောက်တာ၊ ပြီးတော့ သူ့ရဲ့ နေ့စဉ်လုပ်ရိုးလုပ်စဉ်တွေက ပုံမှန်မရှိတာကို မြင်ခဲ့တယ်။ သူ့ကို ဆေးလိပ်နဲ့ အရက် ဖြတ်ဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ကူညီပေးခဲ့ပြီး၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ စားဖို့ တိုက်တွန်းခဲ့ပေမဲ့၊ ကျွန်မရဲ့ အကြံပေးစကားတွေကို သူ ဘယ်တော့မှ နားမထောင်ခဲ့ဘူး။ အဖေ့ရဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အကျင့်တွေကိုတောင် ကျွန်မ မပြောင်းလဲပေးနိုင်ခဲ့ရင်၊ သူ့ရောဂါနဲ့ ပတ်သက်ပြီး တစ်ခုခုလုပ်ပေးနိုင်ဖို့ ဘယ်လိုလုပ် မျှော်လင့်လို့ ရမှာလဲ။ ဒါ့အပြင်၊ မိဘတွေမှာ ဆီးချိုနဲ့ သွေးတိုးရောဂါ ရှိတဲ့ ညီအစ်မတစ်ယောက် ကျွန်မပတ်ဝန်းကျင်မှာ ရှိတယ်။ အဲဒီ ညီအစ်မက ဆရာဝန်တစ်ယောက်ပါ၊ မိဘတွေ နေမကောင်းဖြစ်တဲ့အခါ၊ အကောင်းဆုံး ဆေးဝါးတွေနဲ့ ဈေးကြီးတဲ့ အာဟာရဖြည့်စွက်စာတွေ တိုက်တယ်၊ ပြီးတော့ သူတို့အတွက် အကောင်းဆုံး ဘိုးဘွားရိပ်သာကို ရှာပေးဖို့ လိုသမျှ ကုန်ကျစရိတ်ကို အကုန်ခံခဲ့တယ်။ မိဘတွေဆီကို နေ့တိုင်းနီးပါး သွားကြည့်ပြီး၊ အစားအသောက်ကနေ နေ့စဉ်လုပ်ရိုးလုပ်စဉ်တွေအထိ သူတို့ရဲ့ လိုအပ်ချက်အားလုံးကို လုံးဝ ပြုစုစောင့်ရှောက်ပေးခဲ့တယ်၊ ဒါပေမဲ့ သူ့အမေက ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲပြဿနာတွေကြောင့် ခြေထောက်နှစ်ဖက်လုံးကို ဖြတ်ပစ်လိုက်ရတယ်၊ အဖေဖြစ်သူကလည်း အော်လ်ဇိုင်းမားရောဂါ ဖြစ်သွားတယ်။ သားသမီးတွေ အနားမှာမရှိတဲ့ သက်ကြီးရွယ်အို ညီအစ်မတစ်ယောက်ကိုလည်း ကျွန်မ သိတယ်။ သူက အသက်ရှစ်ဆယ်နီးပါး ရှိနေပြီဖြစ်ပေမဲ့၊ အရမ်းကျန်းမာနေဆဲဖြစ်ပြီး၊ ကျန်းမာရေးစစ်ဆေးတဲ့အခါတိုင်း ရလဒ်တွေက ပုံမှန်ပဲ ပြတယ်။ လူတိုင်း သူတို့ဘဝမှာ ဘယ်လောက် ဖြတ်သန်းရမယ်ဆိုတာနဲ့ ဖျားနာမှုရဲ့ နှိပ်စက်တာကို ခံရမခံရဆိုတာတွေ အားလုံးဟာ ဘုရားသခင်ရဲ့ ကြိုတင်ပြဋ္ဌာန်းချက်အပေါ်မှာပဲ မူတည်ပြီး ဘယ်သူကမှ ဒီအရာကို မပြောင်းလဲနိုင်ဘူးဆိုတာကို ကျွန်မ မြင်ခဲ့တယ်။ မိဘတွေဟာ သားသမီးတွေက အနားမှာ ပြုစုပေးနေရုံနဲ့ ကောင်းချီးပိုခံစားရမှာ ဒါမှမဟုတ် ရောဂါဘယ ကင်းဝေးမှာ မဟုတ်သလို၊ သားသမီးတွေက အနားမှာ မပြုစုပေးလို့လည်း ပိုပြီး ဒုက္ခရောက်မှာ ဒါမှမဟုတ် ရောဂါ ပိုဖြစ်မှာ မဟုတ်ပါဘူး။ ဒီအဖြစ်အမှန်တွေကနေတစ်ဆင့်၊ လူတိုင်းရဲ့ ဘဝမှာ မွေးဖွားခြင်း၊ အိုမင်းခြင်း၊ နာမကျန်းဖြစ်ခြင်းနဲ့ သေဆုံးခြင်းတွေဟာ ကြိုတင်ပြဋ္ဌာန်းထားပြီးသား ဖြစ်တယ်ဆိုတာနဲ့ အဖေ့ရောဂါနဲ့ ပတ်သက်ပြီး သူ့ဘေးမှာ ကျွန်မ နေပေးရင်တောင် ဘာမှ ပြောင်းလဲနိုင်မှာ မဟုတ်ဘူးဆိုတာကို ကျွန်မ မြင်ခဲ့တယ်။ ဒီအရာတွေကို နားလည်သွားတော့ ကျွန်မရဲ့ စိတ်နှလုံးက အများကြီး ပေါ့ပါးသွားတယ်။

တစ်နေ့မှာ၊ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုတစ်ခုကို ကျွန်မ ကြည့်ခဲ့ရတယ်၊ အဲဒီထဲမှာ ကျွန်မအတွက် အရမ်းအထောက်အကူဖြစ်တဲ့ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ် ပါလာတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဘာသာတရားမရှိသော လောကတွင် ‘ကျီးကန်းများက ၎င်းတို့၏မိခင်ကို အစာကျွေးခြင်းအားဖြင့် ကျေးဇူးဆပ်သည်။ သိုးငယ်များက ၎င်းတို့၏မိခင်ထံမှ နို့ကို ရရှိဖို့ ဒူးထောက်သည်’ ဟူသည့် ဆိုရိုးစကားတစ်ခုရှိသည်။ ‘သားသမီးဝတ် မကျေပွန်သောသူသည် သားရဲတိရစ္ဆာန်ထက် နိမ့်ကျသည်’ ဟူသည့် ဤဆိုရိုးစကားလည်း ရှိသည်။ ဤဆိုရိုးစကားများသည် အလွန်ပင် ဟိတ်ဟန်များလှပါတကား။ အမှန်တကယ်တွင် ကျီးကန်းများက ၎င်းတို့၏မိခင်ကို အစာကျွေးခြင်းအားဖြင့် ကျေးဇူးဆပ်သည်။ သိုးငယ်များက ၎င်းတို့၏မိခင်ထံမှ နို့ကို ရရှိဖို့ ဒူးထောက်သည်ဟူသည့် ပထမဆိုရိုးစကားက ပြောသော ဖြစ်ရပ်သည် အမှန်ပင် တည်ရှိသည်။ ဤသည်တို့မှာ အမှန်တရားများဖြစ်သည်။ သို့သော်ငြားလည်း ယင်းတို့သည် သက်ရှိလောကအတွင်းရှိ ဖြစ်စဉ်များမျှသာ ဖြစ်ကြသည်။ သက်ရှိသတ္တဝါအမျိုးမျိုးအတွက် ဘုရားသခင်က ချမှတ်ခဲ့သော နိယာမတစ်မျိုးသာဖြစ်သည်။ လူသားများအပါအဝင် သက်ရှိသတ္တဝါအမျိုးမျိုးတို့သည် ဤနိယာမကို လိုက်နာကြပြီး ဤသည်က သက်ရှိသတ္တဝါအားလုံးကို ဘုရားသခင်က ဖန်ဆင်းတော်မူကြောင်းကို ထပ်မံ၍ သက်သေပြနေခြင်းလည်း ဖြစ်၏။ မည်သည့်သက်ရှိသတ္တဝါကမျှ ဤနိယာမကို မချိုးဖျက်နိုင်သလို မည်သည့်သက်ရှိသတ္တဝါကမျှ မကျော်လွန်နိုင်ပေ။ ခြင်္သေ့နှင့် ကျားတို့ကဲ့သို့သော အတော်အတန် ရက်စက်သော အသားစားသတ္တဝါများသည်ပင် ၎င်းတို့၏ ကလေးများကို ပြုစုပျိုးထောင်ပြီး အရွယ်မရောက်မီတွင် ကလေးများကို မကိုက်ပေ။ ဤသည်မှာ တိရစ္ဆာန် ဗီဇစိတ်ဖြစ်သည်။ ၎င်းတို့သည် မည်သည့်မျိုးစိတ်ဖြစ်ပါစေ၊ ရက်စက်သည်ဖြစ်စေ၊ ကြင်နာသည်ဖြစ်စေ၊ သိမ်မွေ့နူးညံ့သည်ဖြစ်စေ တိရစ္ဆာန်အားလုံးက ဤဗီဇစိတ်ကို ပိုင်ဆိုင်သည်။ လူသားများအပါအဝင် သတ္တဝါမျိုးစုံတို့သည် ဤဗီဇစိတ်နှင့် နိယာမကို လိုက်နာခြင်းအားဖြင့်သာ ဆက်လက်၍ မျိုးပွားပြီး ရှင်သန်နိုင်သည်။ ၎င်းတို့က ဤနိယာမကို မလိုက်နာလျှင်၊ သို့မဟုတ် ဤနိယာမနှင့် ဗီဇစိတ်မရှိလျှင် မျိုးပွားပြီး ရှင်သန်နိုင်မည်မဟုတ်ပေ။ ဇီဝကွင်းဆက်က တည်ရှိမည်မဟုတ် ဤကမ္ဘာလည်း တည်ရှိမည်မဟုတ်ပေ။ ဤသည်မှာ မမှန်သလော။ (မှန်ပါသည်။) ကျီးကန်းများက ၎င်းတို့၏မိခင်ကို အစာကျွေးခြင်းအားဖြင့် ကျေးဇူးဆပ်ခြင်း၊ သိုးငယ်များက ၎င်းတို့၏မိခင်ထံမှ နို့ကို ရရှိဖို့ ဒူးထောက်ခြင်းက သက်ရှိလောကသည် ဤနိယာမမျိုးကို လိုက်နာကြောင်းကို အတိအကျ ထင်ရှားစေသည်။ သက်ရှိသတ္တဝါ အမျိုးအစားအားလုံးတို့တွင် ဤဗီဇစိတ်ရှိသည်။ ကလေးများမွေးပြီးသည်နှင့် ၎င်းတို့သည် အရွယ်မရောက်မီအထိ ထိုမျိုးစိတ်များ၏ အမများ၊ သို့မဟုတ် အထီးများ၏ ဂရုစိုက်ခြင်း၊ ပြုစုပျိုးထောင်ခြင်းကို ခံရသည်။ သက်ရှိသတ္တဝါမျိုးစုံသည် ၎င်းတို့၏ ကလေးများအပေါ် ၎င်းတို့၏တာဝန်များနှင့် ဝတ္တရားများကို ဖြည့်ဆည်းနိုင်ကြပြီး တာဝန်ကျေပွန်စွာနှင့် တာဝန်သိတတ်စွာဖြင့် နောက်မျိုးဆက်ကို ပျိုးထောင်နိုင်ကြသည်။ ဤသည်မှာ လူသားများအတွက် ပို၍ပင် မှန်ကန်သင့်သည်။ လူသားများကို လူသားမျိုးနွယ်က ပိုမိုအဆင့်မြင့်သော တိရစ္ဆာန်အဖြစ် ခေါ်ဆိုကြသည်။ ၎င်းတို့သည် ဤနိယာမကို မလိုက်နာနိုင်ဘဲ ဤဗီဇ ကင်းမဲ့နေလျှင် လူသားများသည် တိရစ္ဆာန်များထက် ပို၍ ယုတ်ညံ့သည် မဟုတ်ပေလော။ သို့ဖြစ်၍ သင်၏မိဘများက သင့်ကို ပြုစုပျိုးထောင်စဉ်တွင် သင့်ကို မည်မျှစောင့်ရှောက်ခဲ့သည်ဖြစ်စေ၊ သင့်အပေါ်၌ ၎င်းတို့၏ တာဝန်ကို မည်မျှပင် ဖြည့်ဆည်းခဲ့သည်ဖြစ်စေ ၎င်းတို့သည် ဖန်ဆင်းခံတစ်ဦး လုပ်ဆောင်အပ်သည့်အရာကိုသာ လုပ်ဆောင်နေခြင်း ဖြစ်၏။ ဤသည်မှာ ၎င်းတို့၏ ဗီဇဖြစ်၏။...သက်ရှိသတ္တဝါနှင့် တိရစ္ဆာန်မျိုးစုံသည် ဤဗီဇစိတ်နှင့် နိယာမများကို ပိုင်ဆိုင်ကြသည်။ ပြီးလျှင် ယင်းတို့ကို အလွန်ကောင်းစွာ လိုက်နာကြကာ ပြည့်စုံစွာ ဆောင်ရွက်ကြသည်။ ဤသည်မှာ မည်သည့်လူကမျှ မဖျက်ဆီးနိုင်သောအရာတစ်ခုဖြစ်သည်။ ကျား၊ ခြင်္သေ့များကဲ့သို့သော ထူးခြားသော တိရစ္ဆာန်အချို့လည်းရှိသည်။ ဤတိရစ္ဆာန်များက အရွယ်ရောက်သောအခါတွင် ၎င်းတို့မိဘများကို စွန့်ခွာပြီး အချို့သောအထီးများက ယှဉ်ပြိုင်ဘက်များဖြစ်လာကာ လိုအပ်သလို ကိုက်ကြသည်။ ယှဉ်ပြိုင်ကြသည်။ တိုက်ခိုက်ကြသည်။ ဤသည်မှာ ပုံမှန်ဖြစ်သည်။ နိယာမတစ်ခုဖြစ်သည်။ ၎င်းတို့သည် အလွန်ကြင်နာယုယမှုမရှိပေ။ ထို့အပြင် လူတို့ကဲ့သို့ ‘ကျွန်ုပ်သည် သူတို့၏ ကြင်နာမှုကို ပြန်ပေးဆပ်ရမည်။ သူတို့ကို ကျွန်ုပ် နစ်နာကြေးပြန်ပေးရမည်။ ကျွန်ုပ်၏ မိဘများကို ကျွန်ုပ်နာခံရမည်။ သူတို့အပေါ် သားသမီးဝတ်မကျေပွန်လျှင် အခြားသူများက ကျွန်ုပ်ကို ရှုတ်ချကြလိမ့်မည်၊ ဒေါသဖြင့်ပြောဆိုကာ ကျွန်ုပ်၏ နောက်ကွယ်တွင် ဝေဖန်ကြလိမ့်မည်။ ယင်းကို ကျွန်ုပ် မခံနိုင်ပါ’ ဟု ပြောလျက် ၎င်းတို့၏ ခံစားချက်များဖြင့် အသက်မရှင်ကြပေ။ တိရစ္ဆာန်လောကတွင် ဤသို့သောအရာများကို မပြောပေ။ လူတို့သည် အဘယ်ကြောင့် ဤသို့သောအရာများကို ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် လူ့အဖွဲ့အစည်းနှင့် လူအုပ်စုများအတွင်းတွင် မမှန်ကန်သော အယူအဆနှင့် သဘောတူညီမှုအမျိုးမျိုး ရှိသောကြောင့်ဖြစ်သည်။ လူတို့သည် ဤအရာများ၏ လွှမ်းမိုးခြင်း၊ ဖျက်ဆီးခြင်း၊ ဖောက်ပြန်ပျက်ယွင်းစေခြင်းကို ခံရပြီးနောက်တွင် ၎င်းတို့အတွင်း၌ မိဘနှင့် သားသမီးဆက်ဆံရေးအပေါ် မတူညီသော အနက်ဖွင့်ဆိုခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းနည်းလမ်းများ ဖြစ်ပေါ်လာသည်။ ပြီးလျှင် အဆုံးတွင် ၎င်းတို့သည် ၎င်းတို့မိဘများကို ၎င်းတို့၏ ကြွေးရှင်များအဖြစ်၊ ၎င်းတို့၏ တစ်ဘဝလုံး မည်သည့်အခါမျှ ပြန်လည်ပေးဆပ်နိုင်မည်မဟုတ်သည့် ကြွေးရှင်များအဖြစ် ဆက်ဆံကြသည်။ မိမိတို့၏ မိဘများကို မပျော်ရွှင်စေသည့် အရာတစ်ခုကို လုပ်ဆောင်ခဲ့သောကြောင့်၊ သို့မဟုတ် မိမိတို့၏ မိဘများက အလိုရှိသည့်လမ်းကို မသွားခဲ့သောကြောင့် မိမိတို့၏ မိဘများသေဆုံးပြီးနောက်တွင် တစ်ဘဝလုံး အပြစ်ရှိသလိုခံစားနေရပြီး မိဘများ၏ ကြင်နာမှုဖြင့် မထိုက်တန်ဟု မိမိတို့ကိုယ်ကို ထင်သောသူအချို့ပင်ရှိသည်။ ငါ့ကို ပြောလော့။ ဤသည်မှာ အလွန်အကျွံဖြစ်ခြင်း မဟုတ်သလော။ လူတို့သည် ၎င်းတို့၏ ခံစားချက်ထဲတွင် နေထိုင်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် ဤခံစားချက်များမှ အရင်းခံသည့် အယူအဆအမျိုးမျိုး၏ ထိပါးခြင်းနှင့် နှောင့်ယှက်ခြင်းကိုသာ ခံရနိုင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၇)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာတော့၊ “ကျီးကန်းများက ၎င်းတို့၏မိခင်ကို အစာကျွေးခြင်းအားဖြင့် ကျေးဇူးဆပ်သည်။ သိုးငယ်များက ၎င်းတို့၏မိခင်ထံမှ နို့ကို ရရှိဖို့ ဒူးထောက်သည်” ဆိုတဲ့ အယူအဆဟာ သတ္တဝါအားလုံးကို ဘုရားသခင် ပေးထားတဲ့ ပင်ကိုဗီဇကို ပြသနေတယ်ဆိုတာကို နောက်ဆုံးမှာ ကျွန်မ နားလည်လိုက်တယ်။ တိရစ္ဆာန်အမျိုးမျိုးဟာ ငယ်ရွယ်ချိန်မှာ ကိုယ့်ဘာသာ လွတ်လွတ်လပ်လပ် အသက်ရှင်ရပ်တည်နိုင်စွမ်း မရှိကြဘဲ၊ အသက်ရှင်ဖို့အတွက် သူတို့မိဘတွေရဲ့ စောင့်ရှောက်မှုကို လိုအပ်ကြတယ်။ ဒါဟာ သတ္တဝါအားလုံး မျိုးပွားပြီး ရှင်သန်ကြီးထွားစေတဲ့ ရှင်သန်ခြင်း နိယာမတစ်ခုပါပဲ။ လူတွေလည်း အတူတူပါပဲ၊ မိဘတွေက သားသမီးတွေကို ကျွေးမွေးပြုစုတာဟာ ပင်ကိုဗီဇတစ်ခုဖြစ်ပြီး၊ ဒီလိုလုပ်ခြင်းအားဖြင့် မိဘတွေအနေနဲ့ သူတို့ရဲ့ တာဝန်နဲ့ ဝတ္တရားကို ဖြည့်ဆည်းနေကြတာဖြစ်ကာ၊ သားသမီးတွေကို ကျေးဇူးပြုနေတာ မဟုတ်ပါဘူး။ ကျွန်မ မိဘတွေက ကျွန်မကို ကြီးမားတဲ့ အားထုတ်မှု၊ ဆင်းရဲဒုက္ခတွေနဲ့ ကျွေးမွေးပြုစုခဲ့တယ်လို့ ထင်ခဲ့တယ်၊ အထူးသဖြင့်၊ မိသားစုကို ထောက်ပံ့ဖို့နဲ့ ကျွန်မကို ကျောင်းထားပေးဖို့အတွက် ငွေရှာဖို့ အဖေ ကြိုးကြိုးစားစား အလုပ်လုပ်နေတာ၊ ချွေချွေတာတာ နေထိုင်ပြီး နေမကောင်းရင်တောင် မနားတာတွေကို မြင်ရတဲ့အခါ၊ ကျွန်မကို ကျွေးမွေးပြုစုဖို့ အဖေ ပေးဆပ်ခဲ့တဲ့ အဖိုးအခနဲ့ သူခံစားခဲ့ရတဲ့ ဆင်းရဲဒုက္ခတွေကို ကျေးဇူးတရားတစ်ခုလို ကျွန်မ သဘောထားပြုမူခဲ့ပြီး ဒါက ကျွန်မရဲ့ စိတ်နှလုံးထဲမှာ စွဲထင်ကျန်ရစ်ခဲ့တယ်။ ကျွန်မ ကြီးလာတဲ့အခါ သူ့အပေါ် သားသမီးဝတ်ကျေပွန်ရမယ်၊ မဟုတ်ရင် လုံးဝကို အသိစိတ် ကင်းမဲ့ရာကျမယ်လို့ တွေးခဲ့မိတယ်။ ဒါ့အပြင်၊ “သားသမီးဝတ်သည် အရာအားလုံးထက် ပိုပြီး ထိန်းသိမ်းရမည့် သူတော်ကောင်းတရား ဖြစ်၏” ဆိုတာနဲ့ “သားသမီးဝတ် မကျေပွန်သောသူသည် သားရဲတိရစ္ဆာန်ထက် နိမ့်ကျသည်” ဆိုတာမျိုးလို အတွေးအခေါ်တွေရဲ့ လွှမ်းမိုးတာကို ခံခဲ့ရပြီး၊ မိဘတွေအပေါ် သားသမီးဝတ်ကျေပွန်တာကို အရေးကြီးဆုံးအရာအဖြစ် ကျွန်မ မှတ်ယူခဲ့တယ်။ အဖေ ကားတိုက်မှု ဖြစ်တယ်လို့ ကြားရတဲ့အခါ၊ သူ့ကို သွားတွေ့ဖို့ အဖမ်းခံရမဲ့ အန္တရာယ်ကိုတောင် ဂရုမစိုက်ခဲ့ဘူး။ အဖေ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ စိတ်ဓာတ်ကျတာတွေ ဖြစ်နေတယ်လို့ သိရတဲ့အခါ၊ ဒီရောဂါဟာ ကျွန်မကြောင့် သူခံရတဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ နှောင့်ယှက်မှုတွေနဲ့ ကျွန်မအတွက် သူ့ရဲ့ အကြောက်တရား၊ စိုးရိမ်ပူပန်မှုတွေကြောင့် ဖြစ်ရတာလို့ ကျွန်မ ခံစားခဲ့ရတယ်။ ရလဒ်အနေနဲ့ ကျွန်မ အရမ်းကို အပြစ်ရှိသလို ခံစားခဲ့ရပြီး၊ အစပိုင်းက ခေါင်းဆောင်တာဝန်ကို ယူခဲ့မိတာကိုတောင် နောင်တရမိတယ်။ ဆုတောင်းချက်ကြောင့် ကိုယ့်တာဝန်ကို ပစ်ထားတာမျိုး၊ အိမ်ပြန်တာမျိုး မလုပ်ခဲ့ပေမဲ့လည်း ကျွန်မရဲ့ အတွေးတွေက ကိုယ့်တာဝန်အပေါ်မှာ လုံးဝ မရှိခဲ့ဘဲ၊ ကိုယ့်တာဝန်ကို ဝတ်ကျေတမ်းကျေ လုပ်လာခဲ့မိတယ်။ စာတန်က လူတွေကို သွတ်သွင်းပေးတဲ့ ရိုးရာအတွေးအခေါ်တွေဟာ အထင်အမြင်မှားစေပြီး ဖောက်ပြန်ပျက်စီးစေတယ်ဆိုတာနဲ့၊ အဲဒါတွေက လူတွေကို ခံစားချက်တွေထဲမှာ အသက်ရှင်စေပြီး၊ ဘုရားသခင်ကို သစ္စာဖောက်တဲ့အပြင် ဘုရားသခင်နဲ့ ဝေးကွာသွားစေပြီး နောက်ဆုံးမှာတော့ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ရရှိမဲ့ အခွင့်အရေးကို ဆုံးရှုံးစေတယ်ဆိုတာကို အခု ကျွန်မ နားလည်သွားပြီ။

နောက်ပိုင်းမှာ၊ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ထပ်ဖတ်ခဲ့တယ်။ “ဘုရားသခင်က သင်၏မိဘများ သင့်ကို ပြုစုပျိုးထောင်ပေးရန် အမိန့်ဖြင့် ပြဋ္ဌာန်းတော်မူခဲ့သော်လည်း၊ သင်၏ဘဝကို ၎င်းတို့အား ကျေးဇူးဆပ်ခြင်းဖြင့် ကုန်ဆုံးစေရန်အတွက်မူ မဟုတ်ပေ။ ဤဘဝတွင် သင် ဖြည့်ဆည်းရမည့် တာဝန်များနှင့် ဝတ္တရားများ၊ သင် လျှောက်လှမ်းရမည့် လမ်းကြောင်းတစ်ခု သင့်တွင် ရှိသည်၊ သင်သည် ကိုယ့်ဘဝနှင့်ကိုယ် ရှိသည်။ သင်၏ ဘဝတွင် သင်၏မိဘများအပေါ် သားသမီးဝတ္တရားကျေပွန်အောင် ပြုခြင်းနှင့် ၎င်းတို့၏ ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းထဲသို့ သင်၏ စွမ်းအင်အားလုံးကို မထည့်သွင်းသင့်ပေ။ သင်၏ မိဘများအပေါ် သားသမီးဝတ္တရား ကျေပွန်အောင် ပြုခြင်းသည် သင်၏ဘဝတွင် သင့်နှင့်အတူ ပါရှိသည့်အရာတစ်ခုမျှသာ ဖြစ်သည်။ ယင်းမှာ ချစ်ခင်တွယ်တာသော လူ့ဆက်ဆံရေးများတွင် ရှောင်လွှဲ၍မရသော အရာတစ်ခု ဖြစ်သည်။ သို့သော် သင်နှင့် သင်၏ မိဘများသည် မည်သို့သော ဆက်နွှယ်မှုမျိုးရှိရန် ကံကြမ္မာအရ သတ်မှတ်ထားသည်နှင့်ပတ်သက်၍၊ သင်တို့ အတူတကွ မည်မျှကြာအောင် နေထိုင်နိုင်မည်ဟူသည်နှင့်ပတ်သက်၍မူ ဤသည်မှာ ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများနှင့် အစီအစဉ်များအပေါ်တွင် မူတည်သည်။ ဘုရားသခင်က သင်နှင့် သင်၏ မိဘများသည် မတူညီသော နေရာများတွင် ရှိနေကြမည်ဖြစ်ကြောင်း၊ သင်သည် ၎င်းတို့နှင့် အလွန်အလှမ်းဝေးနေပြီး အတူတကွ နေထိုင်နိုင်မည် မဟုတ်ကြောင်း စီစဉ်ညွှန်ကြားပြီး စီစဉ်ထားပါက ဤတာဝန်ကို ဖြည့်ဆည်းခြင်းသည် သင့်အတွက် တမ်းတခြင်းတစ်မျိုးမျှသာ ဖြစ်သည်။ ဘုရားသခင်က သင်၏ နေထိုင်ရာသည် သင်၏ မိဘများနှင့် အလွန်နီးကပ်ရန်နှင့် သင်သည် ၎င်းတို့၏ ဘေးတွင် နေနိုင်မည်ဖြစ်ကြောင်း စီစဉ်ထားပါက သင်၏ မိဘများအတွက် တာဝန်အချို့ကို ဖြည့်ဆည်းခြင်းနှင့် ၎င်းတို့အား သားသမီးဝတ္တရား အနည်းငယ်ပြခြင်းတို့သည် သင် လုပ်ဆောင်သင့်သည့်အရာများ ဖြစ်သည်၊ ဤအရာနှင့်ပတ်သက်၍ ဝေဖန်ပြစ်တင်စရာ တစ်ခုမျှ မရှိပေ။ သို့သော် သင်သည် သင့်မိဘများနှင့် မတူညီသည့်နေရာ၌ ရှိနေလျှင်၊ သင်သည် ၎င်းတို့အပေါ် သားသမီးဝတ်ကျေပွန်ရန် အခွင့်အလမ်း၊ သို့မဟုတ် သင့်တော်သော အခြေအနေမရှိလျှင် ဤအရာကို ရှက်စရာကောင်းသောအရာအဖြစ် မှတ်ယူရန် မလိုအပ်ပေ။ သင်သည် သင်၏ မိဘများအပေါ် သားသမီးဝတ် မကျေပွန်နိုင်သောကြောင့် ၎င်းတို့ကို ရင်ဆိုင်ရန် မရှက်ရွံ့သင့်ပေ။ သင့်အခြေအနေများက ခွင့်မပြုခြင်းသာ ဖြစ်သည်။ သင်သည် သားသမီးတစ်ယောက်အနေဖြင့် သင့်မိဘများက သင်၏ ကြွေးရှင်များမဟုတ်သည်ကို နားလည်သင့်သည်။ သင်သည် သင်၏ မိဘများ၏ ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ရန်သာ အလေးထားပါက ဤသည်မှာ သင် လုပ်ဆောင်သင့်သည့် တာဝန်များစွာကို အတားအဆီးဖြစ်စေလိမ့်မည်။ သင်၏ ဘဝတွင် သင် လုပ်ဆောင်ရမည့်အရာများစွာ ရှိပြီး သင် လုပ်ဆောင်သင့်သည့် ဤတာဝန်များသည် ဖန်ဆင်းခံတစ်ဦး လုပ်ဆောင်သင့်သည့်အရာများဖြစ်ကာ ဖန်ဆင်းရှင်က သင့်အား အပ်နှင်းထားခဲ့သည့်အရာများ ဖြစ်သည်၊ ပြီးလျှင် ယင်းတို့သည် သင်၏ မိဘများ၏ ကျေးဇူးတရားကို သင် ပြန်လည်ပေးဆပ်ခြင်းနှင့် မည်သို့မျှ သက်ဆိုင်ခြင်းမရှိပေ။ သင့်မိဘများအပေါ် သားသမီးဝတ်ကျေပွန်ခြင်း၊ ၎င်းတို့အား ပြန်လည်ပေးဆပ်ခြင်း၊ ၎င်းတို့၏ ကြင်နာမှုကို တုံ့ပြန်ခြင်းဟူသည့်အရာတို့သည် ဘဝတွင် သင်၏အထူးတာဝန်နှင့် သက်ဆိုင်ခြင်းမရှိပေ။ သင့်မိဘများအပေါ် သားသမီးဝတ် ကျေပွန်ရန်၊ ၎င်းတို့အား ပြန်လည်ပေးဆပ်ရန်၊ သို့မဟုတ် ၎င်းတို့အပေါ် သင်၏တာဝန်တစ်ခုခုကို ဖြည့်ဆည်းရန် သင့်အနေဖြင့် မလိုအပ်ဟုလည်း ဆိုနိုင်သည်။ ရှင်းရှင်းပြောရလျှင် သင်သည် အခါအခွင့်သင့်သည့်အခါ၌ သင်သည် ဤအရာကို အနည်းငယ် လုပ်ဆောင်နိုင်ပြီး သင်၏ တာဝန်များကို အနည်းငယ် ဖြည့်ဆည်းနိုင်သည်၊ အခါအခွင့်မသင့်လျှင်မူ ထိုသို့ အတင်းအကျပ်ပြုလုပ်ရန် မလိုအပ်ပေ။ သင်သည် သင်၏ မိဘများအပေါ် သားသမီးဝတ္တရားကျေပွန်ရန် သင်၏ တာဝန်ကို မဖြည့်ဆည်းနိုင်ပါက ဤသည်မှာ ဆိုးရွားသော အမှားတစ်ခု မဟုတ်ပေ၊ ယင်းမှာ သင်၏ အသိစိတ်နှင့် ကိုယ်ကျင့်တရားဆိုင်ရာ တရားမျှတမှုကို အနည်းငယ် ဆန့်ကျင်ရုံသာဖြစ်ပြီး သင်သည် အချို့လူများ၏ ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံရလိမ့်မည်၊ ဤမျှသာ ဖြစ်သည်။ သို့သော် အနည်းဆုံးအနေဖြင့် ယင်းသည် သမ္မာတရားကို ဆန့်ကျင်ခြင်း မရှိပေ။ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းနှင့် ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်ခြင်းတို့အတွက် ဖြစ်ပါက သင်သည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကိုပင် ခံရလိမ့်မည်။ ထို့ကြောင့် သင်၏ မိဘများအပေါ် သားသမီးဝတ္တရားကျေပွန်အောင် ပြုခြင်းနှင့်ပတ်သက်၍ သင်သည် သမ္မာတရားကို နားလည်ပြီး လူတို့အတွက် ဘုရားသခင်၏ တောင်းဆိုချက်များကို နားလည်သရွေ့ သင်၏ မိဘများအပေါ် သားသမီးဝတ္တရားကျေပွန်အောင် ပြုရန် အခါအခွင့်မသင့်လျှင်ပင် သင်သည် လိပ်ပြာသန့်ပေလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၇)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ၊ သားသမီးဝတ်ကျေပွန်တာကို ကျွန်မဘဝရဲ့ အထူးတာဝန်အနေနဲ့ သဘောမထားသင့်ဘူးဆိုတာကို ကျွန်မ နားလည်လိုက်တယ်။ မိဘတွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ၊ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျွန်မ ကျိုးနွံနာခံသင့်တယ်၊ ပြီးတော့ မိဘတွေနဲ့ အတူနေဖို့ အခွင့်အရေးရှိရင်၊ သူတို့ကို ပြုစုစောင့်ရှောက်ဖို့ အကောင်းဆုံး ကြိုးစားပြီး သားသမီးတစ်ယောက်ရဲ့ တာဝန်တွေကို ကောင်းကောင်းမွန်မွန် ဖြည့်ဆည်းသင့်တယ်။ ဒါပေမဲ့ အဲဒီလို အခွင့်အရေးမျိုး မရှိရင်၊ ကိုယ့်တာဝန်တွေကို ငြိမ်သက်တဲ့စိတ်နဲ့ ထမ်းဆောင်ဖို့ကိုပဲ အာရုံစိုက်သင့်ပါတယ်။ မိဘတွေကို ကျွန်မ မပြုစုနိုင်ခဲ့တဲ့ အကြောင်းရင်းက သားသမီးတစ်ယောက်အနေနဲ့ ကိုယ့်တာဝန်ကို မဖြည့်ဆည်းချင်လို့ မဟုတ်ဘဲ၊ တရုတ်ကွန်မြူနစ်ပါတီရဲ့ လိုက်လံဖမ်းဆီးတာကို ခံနေရလို့ အိမ်မပြန်နိုင်တာကြောင့်ပါ၊ ဒါအတွက် အပြစ်ရှိသလို၊ ဒါမှမဟုတ် ပြစ်တင်ရှုတ်ချခံရသလို ခံစားနေဖို့ မလိုပါဘူး။ ဘုရားသခင်က ကျွန်မကို နောက်ဆုံးသောကာလမှာ မွေးဖွားဖို့ ကြိုတင်ပြဋ္ဌာန်းထားပြီး သူ့ရှေ့မှောက်ကို ခေါ်ဆောင်လာခဲ့တယ်၊ ပြီးတော့ ဘုရားနှုတ်ကပတ်တော်တွေ အများကြီးရဲ့ ရေလောင်းပေးတာနဲ့ ထောက်ပံ့ပေးတာကို ကျွန်မ ခံစားခဲ့ရတယ်။ အခုအချိန်ဟာ နိုင်ငံတော် ဧဝံဂေလိတရား ဖြန့်ကျက်ဖို့အတွက် အရေးကြီးတဲ့ အချိန်ဖြစ်ပြီး၊ ကျွန်မအနေနဲ့ ဧဝံဂေလိအလုပ်မှာ စိတ်နှလုံးကို မြှုပ်နှံထားသင့်တယ်၊ ကိုယ့်တာဝန်ကို ကောင်းကောင်းမွန်မွန် ဖြည့်ဆည်းပြီး ဘုရားသခင်ရဲ့ မေတ္တာကို ပြန်ဆပ်သင့်ပါတယ်။ ကျွန်မက သားသမီးဝတ်ကျေပွန်ဖို့ကိုပဲ ရှာဖွေပြီး ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်နဲ့ သာသနာကို စွန့်လွှတ်လိုက်ရင် ကျွန်မအပေါ်ထားတဲ့ ဘုရားသခင်ရဲ့ ထောက်ပံ့မှု၊ ဂရုစိုက်မှုနဲ့ ကာကွယ်မှုတွေကို သစ္စာဖောက်ရာကျမှာဖြစ်ပြီး၊ အဲဒါကမှ တကယ်ကို အသိစိတ်နဲ့ လူ့သာဝ ကင်းမဲ့တာပါပဲ။ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်တော့ မိဘနဲ့ သားသမီးကြားက ဆက်ဆံရေးကို ကျွန်မ နားလည်လာတယ်၊ စာတန်ရဲ့ ရိုးရာအတွေးအခေါ်တွေရဲ့ ချည်နှောင်တာ၊ ဒါမှမဟုတ် ဘောင်ခတ်တာကို မခံရတော့ဘူးလို့ ခံစားရတယ်၊ စိတ်ထဲမှာ လွတ်မြောက်သွားသလို ခံစားရပြီး၊ ကိုယ့်တာဝန်ကို ငြိမ်သက်တဲ့စိတ်နဲ့ ထမ်းဆောင်ဖို့ကို အာရုံစိုက်လာနိုင်တယ်။ ဘုရားသခင်ကို ကျွန်မရဲ့ စိတ်နှလုံးအကြွင်းမဲ့ ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကျေးဇူးတုံ့ပြန်ခြင်း ဝန်ထုပ်ဝန်ပိုးမှ လွတ်ငြိမ်းခြင်း

ကျွန်မ အသက်ကိုးနှစ်မှာ ကျွန်မအဖေ ဆုံးပါတယ်၊ ကျွန်မနဲ့ ကျန်တဲ့မောင်နှမလေးယောက်ကို အမေပဲ ကျပ်ကျပ်တည်းတည်းနဲ့ ကျွေးမွေးပြုစုခဲ့ရတယ်။...

မိဘကျေးဇူးသည် ပြန်ဆပ်၍မကုန်နိုင်သည့် အကြွေးတစ်ခုလား

မြောင်ရှောင်၊ တရုတ်ပြည်ကျွန်မက ဆင်းရဲတဲ့ တောင်သူလယ်သမား မိသားစုမှာ ကြီးပြင်းလာခဲ့တာပါ။ ကျွန်မမိဘတွေက အသက် ၄၀ နားနီးမှ ကျွန်မကို...

ကျွန်မ၏အဖေကို ထုတ်ပယ်ပြီးနောက်

ဘိုင်ကျင့် ပြင်သစ်နိုင်ငံကျွန်မ ပြန်ရောက်တော့ အစ်မအဖေက အသင်းတော်ကနေ ထုတ်ခံရတယ်လို့ ကြားတယ်။ သူက အသင်းတော်အသက်တာကို နှောင့်ယှက်နေခဲ့တာပါ။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။