အကျပ်အတည်းနှစ်ထပ်ဆင့်ဖြင့် စမ်းသပ်ခံရခြင်း

22.01.2026

ကျုံးကျိန်း၊ တရုတ်ပြည်

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်၊ စနေနေ့၊ နေသာပြီး တိမ်ထူလာ

သိပ်မကြာသေးခင်က ဟွာရှီးအသင်းတော်က အကြီးအကျယ် ဖြိုခွင်းမှုတစ်ခု ရင်ဆိုင်ခဲ့ရပါတယ်။ ဒါနဲ့ နောက်ဆက်တွဲအလုပ်တွေကို လာပြီးကူညီပေးဖို့ ခေါင်းဆောင်တွေက ကျွန်မအတွက် စီစဉ်ပေးခဲ့တာပေါ့။ ဒီနေ့ ဟွာရှီးအသင်းတော်ကို ကျွန်မရောက်တော့ ဝမ်ယင်းက ကျွန်မကို ဧည့်ခံတဲ့အိမ်တစ်အိမ်ကို ခေါ်သွားပြီး ပြောတယ်၊ “စက်တင်ဘာ ၂၆ ရက်နေ့တုန်းက ကျွန်မတို့ ညီအစ်ကိုမောင်နှမတွေ၊ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေ အများကြီး အဖမ်းခံခဲ့ရတယ်။ ကျွန်မတို့အိမ်အများစုက မလုံခြုံတော့ဘူး။ အဖမ်းမခံရတဲ့ ကျွန်မတို့ရဲ့ နာမည်နဲ့ ဓာတ်ပုံတွေကို ရဲတွေဆီမှာ ရှိထားတော့ အလုပ်ထွက်လုပ်ဖို့ ခက်တယ်” တဲ့။ ဒီစကားတွေကြားတော့ ကျွန်မ စိတ်တွေလေးလံသွားတယ်။ ကိုယ့်ဘာသာကိုယ်တွေးမိတယ်၊ “ဒီမှာ အလုပ်ပြီးတာနဲ့ ငါပြန်မယ်လို့ စီစဉ်ထားတာ။ ဒါပေမဲ့ အခုမှ ဒီကအခြေအနေတွေက ငါထင်ထားတာထက် အများကြီး ပိုဆိုးနေမှန်း သိတော့တယ်။ ငါတို့ ညီအစ်ကိုမောင်နှမတွေ၊ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေ အများကြီး အဖမ်းခံခဲ့ရတာပဲ။ ဘုရားနှုတ်ကပတ်တော်စာအုပ်တွေ အများကြီးကိုလည်း ရွှေ့ဖို့လိုနေတယ်။ အခုအချိန်မှာ လုံခြုံတဲ့နေရာတစ်ခုရှာဖို့ဆိုတာ လွယ်မှာမဟုတ်ဘူး။ နောက်ပြီး လုံခြုံမှုမရှိတဲ့သူတွေနဲ့ အလုပ်အစီအစဉ်တွေ ဆွေးနွေးရဦးမှာ။ ဘယ်အချိန် စောင့်ကြည့်ခံရပြီး အဖမ်းခံရမလဲဆိုတာလည်း ဘယ်တော့မှ ငါသိမှာမဟုတ်ဘူး။ အခုဆို ရဲတွေက ယုံကြည်သူတွေကို အရူးအမူးလိုက်ဖမ်းနေတာ။ ဒီအတိုင်းသာဆိုရင် ငါသာအဖမ်းခံရရင် သေတဲ့အထိ နှိပ်စက်ညှဉ်းပန်းမှာပဲ။ ရဲတွေက ငါ့ကို ညှဉ်းဆဲသတ်ဖြတ်လိုက်ရင် ငါ့တာဝန်ကို ထမ်းဆောင်ခွင့် ဆုံးရှုံးသွားမှာမဟုတ်ဘူးလား။ အဲဒီလိုဆိုရင် ငါ ဘယ်လိုလုပ် ကယ်တင်ခံရနိုင်မှာလဲ” လို့ပေါ့။ ဒါပေမဲ့ နောက်တော့ ကျွန်မစဉ်းစားမိတယ်၊ ဒီပတ်ဝန်းကျင်က ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်ညွှန်ကြားမှုအောက်မှာ ဖြစ်ပေါ်လာခဲ့တာပဲလေ။ ဆင်ခြင်တုံတရားရဲ့လမ်းပြမှုနဲ့ အခြေအနေတွေကို ကျွန်မ ကျိုးနွံနာခံလိုက်ပြီး ဘုရားနှုတ်ကပတ်တော်စာအုပ်တွေနဲ့ပတ်သက်တဲ့ အခြေအနေကို ချက်ချင်းပဲ စစုံစမ်းကြည့်လိုက်တယ်။

ဝမ်ယင်းထွက်သွားပြီးတော့ ဧည့်ခံတဲ့ညီအစ်မက ကျွန်မကိုပြောတယ်၊ သူ့အိမ်ကစာအုပ်တွေရော၊ ညီအစ်ကိုတစ်ယောက်အိမ်က စာအုပ်တွေရော မရွှေ့ရသေးဘူးတဲ့၊ အဲဒီညီအစ်ကိုကတော့ အဖမ်းခံလိုက်ရပြီတဲ့လေ။ ဒီလိုကြားလိုက်တာနဲ့ ကျွန်မရင်ထဲမှာ တင်းကျပ်သွားတယ်၊ “ငါတို့ညီအစ်ကိုမောင်နှမတွေ ရက် ၂၀ ကျော်က အဖမ်းခံခဲ့ရတယ်၊ ဒီဘုရားနှုတ်ကပတ်တော်စာအုပ်တွေက မလုံခြုံတဲ့နေရာတွေမှာ ရှိနေတုန်းပဲ။ ဒီစာအုပ်တွေသာ ရဲတွေလက်ထဲရောက်သွားရင် ဆုံးရှုံးမှုက အရမ်းကို ကြီးမားမှာပဲ။ ဒီစာအုပ်တွေကို ဘာပဲဖြစ်ဖြစ် ကာကွယ်ရမယ်။” ပေါ့။ ဒါပေမဲ့ စာအုပ်တွေကို ကိုယ်တိုင်ရွှေ့ဖို့ စဉ်းစားလိုက်တာနဲ့ ကျွန်မ စိုးရိမ်လာတယ်။ ညီအစ်မတစ်ယောက်အကြောင်း ကျွန်မ သတိရသွားတယ်။ စာအုပ်တွေ သယ်နေတုန်း အဖမ်းခံရပြီး ရဲတွေရဲ့ ရိုက်နှက်သတ်ဖြတ်တာကို ခံခဲ့ရသူပေါ့။ ငါသာ စာအုပ်တွေရွှေ့နေတုန်း အဖမ်းခံရရင် ဘယ်လိုလုပ်မလဲ။ ရဲတွေက ငါ့ကို ဘယ်တော့မှ လွှတ်မှာမဟုတ်ဘူး၊ ငါ ထောင်ဒဏ်ကြီးကြီးမားမား ကျခံရဖို့များတယ်။ ငါ သေတဲ့အထိတောင် အရိုက်ခံရနိုင်တယ်။ အဲဒါဆိုရင် ဘုရားသခင်ကို ယုံကြည်သူတစ်ယောက်အနေနဲ့ ငါ့ရဲ့ဘဝဇာတ်သိမ်းသွားမှာ မဟုတ်ဘူးလား။ ကျွန်မကိုယ်တိုင်ရဲ့အနာဂတ်နဲ့ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကြားမှာ ကျွန်မ ဝေခွဲမရဖြစ်ခဲ့တယ်။ နာကျင်မှုတွေ၊ ဝေခွဲမရတာတွေက ကျွန်မရင်ထဲကနေ တလိပ်လိပ်တက်လာတယ်။ ဘုရားသခင်ကို ယုံကြည်သူတစ်ယောက်အနေနဲ့ ဘုရားနှုတ်ကပတ်တော်စာအုပ်တွေ အန္တရာယ်ရှိနေတာကို ဒီအတိုင်း လက်ပိုက်ကြည့်ပြီး ဘာမှမလုပ်ဘဲနေရင် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်တွေနဲ့ ပြည့်နေမှာပဲ။ ဒါနဲ့ ကျွန်မ စာအုပ်တွေသိမ်းဆည်းဖို့နေရာတစ်ခုအကြောင်း ညီအစ်မနဲ့ အမြန်ဆွေးနွေးခဲ့တယ်။ ဒါပေမဲ့ ဒီကပတ်ဝန်းကျင်က ဆိုးဝါးတော့ သင့်တော်မယ့်နေရာတစ်ခုကို ကျွန်မတို့ မစဉ်းစားနိုင်ခဲ့ဘူး။ အလုပ်က မတိုးတက်တာကိုကြည့်ပြီး ပေါင်တစ်ထောင်လောက်လေးတဲ့ ဝန်ထုပ်ကြီးတစ်ခု ကျွန်မစိတ်နှလုံးပေါ် ဖိနေသလိုပဲ။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်၊ တနင်္လာနေ့။ တိမ်ထူ

မနေ့က ကျွန်မတို့ ညနက်တဲ့အထိ အလုပ်အကြောင်းဆွေးနွေးခဲ့ကြတော့ ဧည့်ခံတဲ့ညီအစ်မစွန်ယိအိမ်မှာပဲ တစ်ညအိပ်လိုက်တယ်။ ဒီနေ့နေ့လယ်မှာ ဝမ်ယင်းရောက်လာပြီး စိုးရိမ်တကြီးနဲ့ ကျွန်မကိုပြောတယ်၊ “ကပ်ရောဂါတစ်ခု ဖြစ်သွားလို့ မနေ့ညက မြို့ကို ပိတ်ချလိုက်ပြီ။ အစ်မ ပြန်လို့မရတော့ဘူး” တဲ့။ ဒီစကားကိုကြားတော့ ကျွန်မ စိတ်လောသွားတယ်။ ဖြိုခွင်းမှုရဲ့နောက်ဆက်တွဲကို ဖြေရှင်းရတာကတင် အတော်ခက်နေပြီ။ အခု ကပ်ရောဂါကရောက်လာပြီး မြို့ကိုလည်း ပိတ်လိုက်ပြီ။ ဒီလိုအခက်အခဲနှစ်ထပ်ဆင့်နဲ့ ရင်ဆိုင်နေရတော့ ဒီအလုပ်ကို ဘယ်လိုပြီးအောင်လုပ်မှာလဲ။ အခု ကပ်ရောဂါက ထိန်းမနိုင်သိမ်းမရဖြစ်နေတာ၊ အပြင်မှာလည်း နေရာတိုင်းမှာ ကင်းလှည့်နေကြတယ်။ စစ်ဆေးရေးဂိတ်အားလုံးကိုလည်း တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတယ်။ စာအုပ်တွေအတွက် လုံခြုံတဲ့နေရာတစ်ခု ကျွန်မရှာတွေ့ခဲ့ရင်တောင်၊ စာအုပ်တွေရွှေ့နေတုန်း ကင်းလှည့်ရဲတွေက ကျွန်မကိုဖမ်းမိသွားရင် စာအုပ်တွေကို လုံခြုံအောင်ထားနိုင်မှာမဟုတ်ဘူး။ အဲဒါဆိုရင် ဆုံးရှုံးမှုက ပိုပြီးတောင် ကြီးမားသွားမှာပဲ။ ဒါပေမဲ့ စာအုပ်တွေကို မလုံခြုံတဲ့နေရာတွေမှာ ဒီအတိုင်းထားခဲ့လို့လည်း မဖြစ်ပြန်ဘူး။ ဘယ်လိုလုပ်သင့်လဲ။ ကျွန်မရဲ့တစ်ခုတည်းသောမျှော်လင့်ချက်ကတော့ ပိတ်ဆို့မှုက မကြာခင်ရုပ်သိမ်းပြီး စာအုပ်တွေကို အမြန်ဆုံးရွှေ့နိုင်ဖို့ပါပဲ။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်၊ ကြာသပတေးနေ့။ မိုးအုံ့ပြီးရွာ

ဒီမနက် ကျွန်မ စိုးရိမ်တကြီးနဲ့ ပြတင်းပေါက်ကနေ အပြင်ကိုကြည့်လိုက်တယ်။ အောက်ကလမ်းပေါ်မှာ PCR စစ်ဖို့ လူတန်းရှည်ကြီးရှိနေတယ်။ ပိတ်ဆို့မှု ရုပ်သိမ်းတော့မယ့် အရိပ်အယောင်တစ်ခုမှ ကျွန်မ မမြင်ဘူး။ စိုးရိမ်တကြီးနဲ့ပဲ ကျွန်မ ဧည့်ခံတဲ့ညီအစ်မကို တခြားထွက်ပေါက်ရှိမရှိ ကြည့်ပေးဖို့ တိုက်တွန်းခဲ့တယ်။ သူက လက်လျှော့တဲ့အသံနဲ့ ပြောတယ်၊ “ကပ်ရောဂါက ပိုဆိုးလာနေပြီ။ ရပ်ကွက်ထဲက ဘယ်သူ့ကိုမှ အပြင်ထွက်ခွင့်မပေးဘူး။ အကုန်လုံးကို ပိတ်ထားတယ်” တဲ့။ ဒီစကားကြားတော့ ကျွန်မ ပိုပြီးတော့တောင် စိတ်လောသွားပြီး တွေးမိတယ်၊ “မြို့ကို လုံးဝပိတ်ထားတော့ ဒီအလုပ်ကို ငါ ဘယ်လိုပြီးအောင်လုပ်ရမှာလဲ။ ပိတ်ဆို့မှုက ဆက်ဖြစ်နေရင် ဘုရားနှုတ်ကပတ်တော်စာအုပ်တွေကို ငါ ဘယ်လိုရွှေ့မှာလဲ။ ဒီပိတ်ဆို့မှုက ဘယ်တော့မှပြီးမှာလဲ။ ငါ ဒီမှာနေတာ ရက် ၂၀ ကျော်နေပြီ၊ ငါ့ကိုဧည့်ခံတဲ့ညီအစ်မကလည်း ရဲတွေလိုက်ဖမ်းနေတဲ့သူပဲ။ ငါက အချိန်မရွေးအဖမ်းခံရနိုင်တဲ့အန္တရာယ်ရှိနေတာ။ ဒီမြို့က ကပ်ရောဂါအတွက် အန္တရာယ်များတဲ့နေရာလည်းဖြစ်တော့ ပိတ်ဆို့မှုရုပ်သိမ်းရင်တောင်၊ ငါအပြင်ထွက်တာနဲ့ ရောဂါကူးစက်ပြီး သီးသန့်ခွဲနေရနိုင်တယ်။ ပြီးတော့ ငါသာ ရောဂါကူးပြီး ဒီမှာသေသွားရင် ဘယ်လိုလုပ်မလဲ” လို့ပေါ့။ ဒီအကြောင်းတွေစဉ်းစားမိတော့ ကျွန်မရင်ထဲမှာ နုန်းသွားတယ်။ ကျွန်မတွေးတယ်၊ “အခု ငါ့မှာနေဖို့ လုံခြုံတဲ့နေရာတောင်မရှိဘူး။ အရမ်းအန္တရာယ်များတယ်! ဒီကအလုပ်ကို ပြီးအောင်လုပ်ပြီး ငါ အမြန်ဆုံးပြန်မှဖြစ်မယ်။ ဒါမှ တစ်နေရာပြီးတစ်နေရာ ပုန်းနေစရာမလိုဘဲ ဒီလိုဖိနှိပ်တဲ့အခြေအနေမျိုးမှာ နေစရာမလိုတော့မှာ။ ဒါပေမဲ့ အခု ကပ်ရောဂါက ထိန်းမနိုင်သိမ်းမရဖြစ်နေတာ၊ ဘတ်စ်ကားတွေ၊ ရထားတွေလည်း မပြေးဆွဲတော့ဘူး၊ ဒီတော့ ငါ ဘယ်လိုပြန်ရမှာလဲ” လို့ပေါ့။ ကျွန်မ ဘေးကင်းကင်းနဲ့ပြန်နိုင်မယ့်နည်းလမ်းတွေကို ဆက်စဉ်းစားနေမိတယ်။ စဉ်းစားလေလေ ဘုရားသခင်နဲ့ ပိုပြီးဝေးကွာသွားလေလေပဲ။ ကျွန်မ စိတ်မချမ်းမသာဖြစ်ပြီး တုန်လှုပ်လာတယ်။ ကျွန်မ တော်တော်စိတ်ဆင်းရဲနေခဲ့တယ်။

ဒီညနေ ကျွန်မ နေမကောင်းဖြစ်တယ်။ ခေါင်းက တဒိန်းဒိန်းနဲ့ ထိုးကိုက်နေပြီး တစ်ကိုယ်လုံးလည်း အားနည်းပြီး နာကျင်ကိုက်ခဲနေတယ်။ လမ်းလျှောက်တာတောင် ခြေလှမ်းမမှန်ဘဲ ခန္တာကိုယ်က ပျော့ခွေနေတယ်။ စားပွဲပေါ်မှာ ခေါင်းချထားပြီး၊ ခေါင်းမထောင်နိုင်ခဲ့ဘူး။ ကပ်ရောဂါလက္ခဏာတွေကို ခံနေရသလို ခံစားခဲ့ရတယ်။ ဒီအကြောင်းတွေအားလုံးကြောင့် ကျွန်မ တော်တော်စိတ်ရှုပ်သွားတယ်။ အရင်က အကောင်းပကတိရှိနေပြီး ဘယ်လိုဖြစ်လို့ ရုတ်တရက် နေမကောင်းဖြစ်သွားရတာလဲ။ ငါ ဘာသင်ခန်းစာများ သင်ယူရမှာလဲ။ ဒီအခြေအနေမှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်က ဘာများလဲ။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်၊ သောကြာနေ့။ နေသာ

ဒီမနက် ကျွန်မ ဘုရားဝတ်ပြုနေတုန်း ဘုရားသခင်ရဲ့ဒီနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့ရတယ်။ “တရုတ်ပြည်မကြီးတွင် ဘုရားသခင် ရွေးချယ်ထားသော လူများအားလုံးသည် အဆင်းနီသော နဂါးကြီး၏ နှိပ်ကွပ်ခြင်းနှင့် ဖမ်းဆီးခြင်းများကို တွေ့ကြုံခံစားခဲ့ကြပြီးဖြစ်သကဲ့သို့ အချို့သော စုံစမ်းသွေးဆောင်ခြင်းများကိုလည်း တွေ့ကြုံခံစားခဲ့ကြသည်။ ၎င်းတို့သည် အကြိမ်မည်မျှ အားနည်းပြီး ကျရှုံးခဲ့သည်ဖြစ်စေ သမ္မာတရားကို လိုက်စားနိုင်သောသူအားလုံးသည် တဖြည်းဖြည်း ဝိညာဉ်ရင့်ကျက်မှု ကြီးထွားလာခဲ့ကြပြီး အသက်ဝင်ရောက်မှု ရှိခဲ့ကြသည်။ ၎င်းတို့သည် အတိတ်တွင် တွေ့ကြုံခံစားခဲ့ရသော ပတ်ဝန်းကျင်များနှင့် စုံစမ်းသွေးဆောင်ခြင်းများကို တစ်ဖန်ပြန်လည်ကြုံတွေ့ရပါက ၎င်းတို့တွင် အချို့သော ယုံကြည်ခြင်း ရှိကြလိမ့်မည်။ တစ်နေ့တွင် ၎င်းတို့၏ အတွေ့အကြုံက ၎င်းတို့ကို သေခြင်းကို မကြောက်ရွံ့သည့်အဆင့်သို့ ဆောင်ကြဉ်းလာပြီး လူတို့၏ အသက်နှင့် သေခြင်းသည် အမှန်စင်စစ် ဘုရားသခင်၏ လက်တော်ထဲတွင် ရှိကာ ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းနှင့် စီစဉ်ထားခြင်းကို ခံရကြောင်း ရှင်းလင်းစွာ မြင်နိုင်ပါက ယင်းက ၎င်းတို့၏ ယုံကြည်ခြင်း ပို၍ ကြီးမားလာခဲ့သည်ဟု ဆိုလိုသည် မဟုတ်လော။ ဓမ္မဟောင်းကျမ်းခေတ်ကဲ့သို့ပင် ဒံယေလကို ခြင်္သေ့တွင်းထဲသို့ ပစ်ချခဲ့သောအခါ အဘယ်ကြောင့် ခြင်္သေ့များက သူ့ကို မစားခဲ့သနည်း။ အကြောင်းမှာ သူ၌ ယုံကြည်ခြင်း ရှိသောကြောင့် ဘုရားသခင်က ခြင်္သေ့များကို သူ့အား ကိုက်ခွင့်မပြုခဲ့ခြင်း ဖြစ်သည်။ သို့ဆိုလျှင် ဒံယေလသည် သူ၏ စိတ်နှလုံးထဲ၌ မည်သည့်အရာကို တွေးတောနေခဲ့သနည်း။ သူသည် ဘုရားသခင်ကို မညည်းညူခဲ့ပေ။ သူ၏ စိတ်နှလုံးထဲ၌ သူက ‘ဘုရားသခင်က ကျွန်ုပ်ကို ခြင်္သေ့တွင်းထဲသို့ ပစ်ချခဲ့ပြီ။ ကျွန်ုပ်နှင့် ခြင်္သေ့များမှာ ဖန်ဆင်းခံများ ဖြစ်ကြသည်။ ဘုရားသခင်က ၎င်းတို့ကို ကျွန်ုပ်အား စားခွင့်ပြုပါက ယင်းမှာ ကျွန်ုပ် သေရမည့်အချိန် ဖြစ်သည်။ ဘုရားသခင်က ခွင့်မပြုပါက ခြင်္သေ့များက ကျွန်ုပ်ကို စားမည်မဟုတ်ပေ။ ဤသည်မှာ ကျွန်ုပ်သည် ဘုရားသခင်၏ လက်တော်ထဲ၌ ဆက်လက်အသက်ရှင်သင့်သေးကြောင်းနှင့် ကျွန်ုပ်၏ သက်တမ်းသည် မကုန်ဆုံးသေးဘဲ ကျွန်ုပ် သေဆုံးရန် မဖြစ်သင့်သေးကြောင်း သက်သေပြသည်။ ဤသည်မှာ ဖန်ဆင်းရှင်၏ ဆုံးဖြတ်ချက် ဖြစ်သည်’ ဟု ဆိုခဲ့သည်။ ဒံယေလသည် ဤကိစ္စရပ်ကို ကြုံတွေ့ခဲ့ရသောအခါ ပထမဦးစွာ သူသည် ဘုရားသခင်၏ နာမတော်ကို မငြင်းပယ်ခဲ့ပေ။ ဒုတိယအနေဖြင့် သူသည် ဘုရားသခင် လုပ်ဆောင်သည့်အရာအပေါ် သံသယမရှိခဲ့၊ ယင်းအပေါ် ဝေဖန်ခြင်း သို့မဟုတ် ပြစ်တင်ရှုတ်ချခြင်း မပြုခဲ့သကဲ့သို့ ဘုရားသခင်ကိုလည်း ပုန်ကန်ခြင်းမရှိဘဲ ဘုရားသခင်၏ စီစဉ်မှုများကို ကျိုးနွံနာခံနိုင်ခဲ့သည်။ ဤသို့ဖြင့် စာတန်သည် ရှုံးနိမ့်ပြီး အရှက်ရခဲ့သည်။ သို့ဆိုလျှင် ဒံယေလ၏ လုပ်ဆောင်ချက်များနှင့် သရုပ်သကန်များမှာ အဘယ်အရာများ ဖြစ်သနည်း။ ယင်းတို့သည် သက်သေခံချက် ဖြစ်သည်။ သင်သည် ထိုသို့သော ဝိညာဉ်ရင့်ကျက်မှု ရှိမှသာလျှင် ထိုသို့သော စမ်းသပ်မှုများကို ကြုံတွေ့ရလိမ့်မည်။ ဘုရားသခင်က သင့်ကို ခြင်္သေ့တွင်းထဲ၌ ထားလျှင်ပင် သင်သည် မကြောက်ရွံ့ဟု ဆိုကြပါစို့၊ ခြင်္သေ့များကလည်း သင့်ကို စားရန် မဝံ့ရဲပါက ဤသည်မှာ သင်၌ စစ်မှန်သော ယုံကြည်ခြင်း ရှိကြောင်းနှင့် သင်သည် စုံလင်အောင် ပြုခြင်းခံရသည့် လမ်းကြောင်းပေါ်သို့ တက်ရောက်ခဲ့ပြီးဖြစ်ကြောင်း သက်သေပြသည်။ အသက်ကြီးထွားတိုးတက်ခြင်းသည် ဤအတိုင်းပင် ဖြစ်သည်။ ခြင်္သေ့တွင်းထဲသို့ ပစ်ချခံရခြင်းသည်လည်း ယောဘ၏ ကြီးမားသော ကြွယ်ဝချမ်းသာမှုများ ရုပ်သိမ်းခံခဲ့ရသကဲ့သို့ စမ်းသပ်မှုတစ်ခု ဖြစ်သည်။ ယောဘ၏ သရုပ်သကန်မှာ အဘယ်အရာဖြစ်သနည်း။ (ကျိုးနွံနာခံခြင်း ဖြစ်ပါသည်။) အဘယ်ကြောင့် သူသည် ကျိုးနွံနာခံနိုင်ခဲ့သနည်း။ အကြောင်းမှာ ယောဘသည် ဘုရားသခင် လုပ်ဆောင်သည့်အရာအပေါ် သံသယမရှိခဲ့သောကြောင့် ဖြစ်သည်။ ဘုရားသခင်က ဆုလာဘ်များ ချီးမြှင့်သည်ဖြစ်စေ၊ ရုပ်သိမ်းသည်ဖြစ်စေ ယောဘအတွက် ကိစ္စမရှိခဲ့ပေ။ ဘုရားသခင်က တစ်နေ့တွင် ပေးပြီး နောက်တစ်နေ့တွင် ရုပ်သိမ်းလျှင်ပင် ယောဘသည် ကျိုးနွံနာခံနေဦးမည် ဖြစ်သည်။ ဘုရားသခင်က မည်သို့ပင် ပြုမူဆောင်ရွက်သည်ဖြစ်စေ ယောဘအတွက် အဆင်ပြေခဲ့သည်။ သူသည် ဘုရားသခင်ကို ကိုယ်တော်၏အလိုတော်အတိုင်း စီစဉ်ညွှန်ကြားခွင့်ပြုနိုင်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ခဲ့သည်။ သူသည် ဘုရားသခင်နှင့် သဟဇာတဖြစ်ခဲ့သည်။ ဘုရားသခင်က မည်သို့ပင် ပြုမူဆောင်ရွက်သည်ဖြစ်စေ ဘုရားသခင်က သူ့ကို လှည့်စားလျှင်ပင် သူသည် ကျိုးနွံနာခံနိုင်ခဲ့ဆဲ ဖြစ်သည်။ … စစ်မှန်သော ယုံကြည်ခြင်းတွင် စစ်မှန်သော ကျိုးနွံနာခံခြင်း ပါဝင်ပြီး စစ်မှန်သော ကျိုးနွံနာခံခြင်းက စစ်မှန်သော ယုံကြည်ခြင်းကို ဖြစ်ပေါ်စေသည်။ သင်၌ စစ်မှန်သော ယုံကြည်ခြင်း ရှိပြီး စစ်မှန်သော ကျိုးနွံနာခံခြင်းကို ရရှိနိုင်ပါက မည်သည့် စမ်းသပ်မှုက သင့်အား အနိုင်ယူနိုင်မည်နည်း။ မည်သည့် ပတ်ဝန်းကျင်က သင့်အား အနိုင်ယူနိုင်မည်နည်း။ မည်သည့်အရာကမျှ သင့်ကို အနိုင်ယူနိုင်မည် မဟုတ်ပေ။ သင်သည် ခြင်္သေ့တွင်းထဲသို့ ပစ်ချခံရလျှင်ပင် ခြင်္သေ့များက သင့်ကို စားရန် မဝံ့ရဲကြပေ။ ဤသည်မှာ ကောင်းသောအရာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။)” (ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း) ဘုရားနှုတ်ကပတ်တော်တွေက မီးပြတိုက်လိုပဲ ကျွန်မရဲ့စိတ်နှလုံးကို လင်းလက်စေခဲ့တယ်။ ဒံယေလဟာ ဘုရင်ရဲ့ဖိနှိပ်မှုအောက်မှာ ခြင်္သေ့တွင်းထဲကို အပစ်ခံရတဲ့အခါ သေခြင်းနဲ့ရင်ဆိုင်နေရပေမဲ့ ဘုရားသခင်ကို အပြစ်မတင်ခဲ့ဘူး။ အဲဒီအစား သူဟာ အရာအားလုံးထက် ဘုရားသခင်ရဲ့အချုပ်အခြာအာဏာအပေါ် သူ့ရဲ့ ယုံကြည်မှုကို ခိုင်ခိုင်မာမာဆုပ်ကိုင်ပြီး သူ့ကိုယ်သူ ဘုရားသခင်ဆီကို လုံးလုံးအပ်နှံခဲ့တယ်။ သူ့မှာ ဘုရားသခင်ကို စစ်မှန်တဲ့ယုံကြည်ခြင်းရှိခဲ့တယ်။ ဒံယေလရဲ့အတွေ့အကြုံက ကျွန်မကို ခွန်အားရစေခဲ့တယ်။ နှိပ်စက်ညှဉ်းပန်းမှုနဲ့ ဖိနှိပ်မှုပတ်ဝန်းကျင်မှာ ကျွန်မလည်း ဘုရားသခင်ကို ဒံယေလလိုယုံကြည်ခြင်းမျိုးရှိဖို့နဲ့ ကိုယ်တော်ရဲ့အချုပ်အခြာအာဏာကို ကျိုးနွံနာခံဖို့လိုတယ်ဆိုတာကို ပြသခဲ့တယ်။ ဒါပေမဲ့ ဒီတကယ့်လက်တွေ့အခြေအနေတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာတော့ ဒံယေလမှာရှိခဲ့တဲ့ယုံကြည်ခြင်းမျိုး ကျွန်မမှာ မရှိခဲ့ဘူး။ အသင်းတော်က အကြီးအကျယ်ဖမ်းဆီးမှုနဲ့ ရင်ဆိုင်ရပြီး ဘုရားနှုတ်ကပတ်တော်စာအုပ်တွေကို အမြန်ရွှေ့ဖို့လိုတဲ့အခါ ကျွန်မရဲ့ပထမဆုံးအတွေးတွေက ဒီတာဝန်မှာ ပါဝင်ပတ်သက်တဲ့ သိသာတဲ့ အန္တရာယ်တွေအကြောင်းပဲ။ လမ်းမှာ ရဲတွေဖမ်းမိပြီး သေတဲ့အထိ အရိုက်ခံရမှာကို ကျွန်မကြောက်ခဲ့တယ်။ ကပ်ရောဂါဖြစ်ပွားတော့လည်း ရောဂါကူးပြီးသေမှာကို ကြောက်တယ်၊ ကြောက်ရွံ့ခြင်းနဲ့ သူရဲဘောကြောင်တဲ့အခြေအနေမှာ ကျွန်မ နေထိုင်ခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့နဲ့ ပြေးနိုင်သမျှအမြန်ဆုံးထွက်ပြေးဖို့ ကျွန်မတာဝန်ကိုတောင် စွန့်ပစ်ချင်ခဲ့တယ်။ ကျွန်မမှာ ဘုရားသခင်အပေါ် စစ်မှန်တဲ့ယုံကြည်ခြင်းနဲ့ ကျိုးနွံနာခံခြင်း မရှိတာကို ဒီရန်လိုတဲ့ ပတ်ဝန်းကျင်က ထုတ်ဖော်ခဲ့တယ်။ ကပ်ရောဂါက မြို့တစ်မြို့လုံး ဝါးမျိုသွားတာကို ဘာသာတရားမရှိသူတွေမြင်တဲ့အခါ ကြောက်ရွံ့ထိတ်လန့်မှုတွေနဲ့ နစ်မွန်းနေကြတယ်။ ဒါက သူတို့က ဘုရားသခင်ကို မယုံကြည်ဘဲ အားကိုးစရာဘယ်သူမှမရှိလို့ပဲ။ ဒါပေမဲ့ ဘုရားသခင်ကို ယုံကြည်သူဖြစ်တဲ့ကျွန်မက အရမ်းကြောက်နေတုန်းပဲ၊ ဘုရားသခင်ရဲ့ အနန္တတန်ခိုးနဲ့ အချုပ်အခြာအာဏာကို မယုံကြည်ခဲ့ဘူး၊ ဒီတော့ ကျွန်မကိုယ်ကျွန်မ ယုံကြည်သူလို့ ဘယ်လိုလုပ်ခေါ်နိုင်မှာလဲ။ ကျွန်မ ဒံယေလအကြောင်းကို စဉ်းစားမိတယ်။ သူက တိုင်းတစ်ပါးမှာရောက်နေပြီး ဘုရားသခင်ဆီဆုတောင်းတာကို တားဆီးတဲ့ဘုရင်ရဲ့ ညှဉ်းပန်းနှိပ်စက်တာကို ခံခဲ့ရတယ်။ ဒံယေလက အမှောင်အင်အားတွေနဲ့ အပေးအယူလုပ်ဖို့ ငြင်းဆန်ခဲ့ပြီး၊ အလျှော့ပေးမယ့်အစား သေခြင်းကိုရွေးချယ်ပြီး ဘုရားသခင်ဆီ ဆက်ဆုတောင်းခဲ့တယ်။ နောက်ဆုံးမှာ သူ ခြင်္သေ့တွင်းထဲကို အပစ်ခံခဲ့ရပေမဲ့ ဘုရားသခင်က သူ့ဘေးမှာရှိတော့ ခြင်္သေ့တွေက သူ့ကို အန္တရာယ်မပြုရဲခဲ့ဘူး။ အဲဒီလိုပဲ ကျွန်မတို့ ကပ်ရောဂါနဲ့ရင်ဆိုင်ရတာဖြစ်ဖြစ်၊ အဖမ်းခံရတာဖြစ်ဖြစ် အားလုံးက ဘုရားသခင်ရဲ့လက်ထဲမှာပဲ။ ကျွန်မ အဖမ်းခံရမလား၊ အဖမ်းမခံရဘူးလားဆိုတာက ဘုရားသခင်အပေါ်မှာ လုံးဝမူတည်တယ်။ ကျွန်မသာ အဖမ်းခံရပြီး ထောင်ကျခဲ့ရင်တောင် ကိုယ့်ကိုယ်ကိုယ် ဘုရားသခင်ဆီအပ်နှံပြီး ကိုယ်တော်အတွက် သက်သေခံချက်မှာ ခိုင်ခိုင်မာမာရပ်တည်သင့်တယ်။ ကျွန်မသာ ရောဂါကူးစက်ခဲ့ရင် ကိုယ်တော်ရဲ့စီစဉ်ညွှန်ကြားမှုတွေနဲ့ စီမံခန့်ခွဲမှုတွေကို ကျိုးနွံနာခံမယ်။ ကျွန်မသေသွားရင်တောင် ညည်းညူမှာမဟုတ်ဘူး။ အခု အရေးအကြီးဆုံးကိစ္စက ဘုရားနှုတ်ကပတ်တော်စာအုပ်တွေကို ကာကွယ်ဖို့ပဲ။ အန္တရာယ်ဘယ်လောက်ပဲရှိရှိ၊ စာအုပ်တွေကို အမြန်ဆုံးရွှေ့ဖို့ ဘုရားသခင်ကို အားကိုးရမယ်။ ငါ့ရဲ့စိုးရိမ်မှုတွေကို ငါလက်လွှတ်ရမယ်၊ ဒီနောက်ဆက်တွဲအလုပ်ကို ကောင်းကောင်းကိုင်တွယ်ဖို့ ငါ့ညီအစ်ကိုမောင်နှမတွေနဲ့ တစ်စိတ်တစ်ဝမ်းတည်း အလုပ်လုပ်ရမယ်။ ဒီလိုစဉ်းစားလိုက်တာနဲ့ ကျွန်မရင်ထဲမှာ အရမ်းကို ပေါ့ပါးသွားတယ်။ ဒီနေ့နေ့လယ်မှာ ကျွန်မမသိလိုက်ခင်မှာပဲ နေကောင်းသွားတယ်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်၊ ကြာသပတေးနေ့။ မိုးရွာ

အချိန်က ကုန်တာမြန်လိုက်တာ။ ကျွန်မဒီကိုရောက်တာ နှစ်လရှိပြီ။ ဒီကိုရောက်ကတည်းက ဖြိုခွင်းမှုရဲ့နောက်ဆက်တွဲကို ကိုင်တွယ်ဖြေရှင်းနေခဲ့ပေမဲ့ ဆိုးဝါးတဲ့ပတ်ဝန်းကျင်ကြောင့် တိုးတက်မှုက နှေးကွေးနေခဲ့တယ်။ မနေ့ညနေက၊ တစ်ယောက်ယောက်က ယုဒလိုပြုမူပြီး ခေါင်းဆောင်တွေ၊ အမှုဆောင်တွေ၊ ညီအစ်ကိုမောင်နှမတွေအများကြီးကို သစ္စာဖောက်ခဲ့တယ်လို့ ကျွန်မသိခဲ့ရတယ်။ “လူတွေကို ဧည့်ခံနိုင်တဲ့ ဒီကအိမ်တွေက မလုံခြုံတော့ဘူး။ ငါတို့အလုပ်အားလုံးက အကြီးအကျယ်ဟန့်တားခံနေရပြီး အခုအခြေအနေက ပိုလို့တောင်ဆိုးလာပြီ။ ဒီအလုပ်ကိုပြီးဖို့ ဘယ်လောက်ကြာဦးမှာလဲ” လို့ တွေးမိတယ်။ ဒီအတွေးကြောင့် ကျွန်မ မွန်းကျပ်သွားတယ်။ ဒီည ဝမ်ယင်းရောက်လာပြီး ပြောတယ်၊ မနေ့ညက သူ နောက်ယောင်ခံလိုက်ခံရဖို့များပြီး ဒီနေရာက မလုံခြုံတော့ဘူးတဲ့။ သူက ကျွန်မကို ပြန်သွားဖို့ အကြံပေးတယ်။ သူ့အကြံနဲ့ ကျွန်မသဘောအတူဆုံးဖြစ်နေတော့ ကျွန်မတွေးမိတယ်၊ “အခြေအနေတွေ ဒီလောက်ဆိုးနေတော့ ပြန်သွားတာအကောင်းဆုံးပဲ။ ဘာပဲဖြစ်ဖြစ် ငါက ဒီမှာမနေချင်လို့မှ မဟုတ်တာ၊ နေဖို့လုံခြုံတဲ့နေရာမရှိလို့ပဲ။ ခုဆိုရင်တော့ ငါထွက်သွားဖို့အတွက် အကြောင်းပြချက်ကောင်းကောင်းရှိသွားပြီ” လို့ပေါ့။ ဒါပေမဲ့ ထွက်သွားဖို့စဉ်းစားလိုက်တာနဲ့ အပြစ်ရှိသလို နောက်တစ်ခါ ကျွန်မ ခံစားလာရပြန်တယ်။ ဒီမှာလုပ်စရာအလုပ်တွေ အများကြီးရှိသေးတာပဲ။ ကိုယ့်တာဝန်တွေကို စွန့်ပစ်ပြီးထွက်သွားတာက သင့်ပါ့မလား။ လက်ရှိအခြေအနေက ကိုယ့်ကို ဆန့်ကျင်နေပေမဲ့ ငါတို့ညီအစ်ကိုမောင်နှမတွေက ဒီကိုလာပြီးအလုပ်ကိစ္စဆွေးနွေးဖို့ နည်းလမ်းရှာကြတုန်းပဲ။ ငါသာပြန်သွားရင် အလုပ်ကို နောက်ဆက်တွဲလုပ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီမှာနေဖို့ လုံခြုံတဲ့နေရာမရှိဘူး။ ခဲမှန်ဖူးတဲ့ စာသူငယ်လိုပဲ ကျွန်မဟာ အမြဲတမ်းကြောက်ရွံ့စိုးရိမ်မှုတွေနဲ့ နေထိုင်နေတာကို ကျွန်မတွေ့ခဲ့တယ်။ ကျွန်မ အရမ်းကို ဝေခွဲမရဖြစ်ခဲ့တယ်။ သွားသင့်လား၊ နေသင့်လား။ ဘာလုပ်ရမှန်း ကျွန်မမသိဘူး။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်၊ တနင်္ဂနွေနေ့။ နေသာ

ဒီနေ့ ကျွန်မ ဆက်ပြီးတွေးတောနေခဲ့တယ်၊ “ဆိုးဝါးတဲ့ပတ်ဝန်းကျင်နဲ့ ရင်ဆိုင်ရတဲ့အခါ ဘာလို့ငါက အမြဲတမ်းထွက်ပြေးချင်နေရတာလဲ” လို့ပေါ့။ ညီအစ်မတစ်ယောက်ဆီက စာတစ်စောင် ကျွန်မလက်ခံရရှိခဲ့ပြီး၊ ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ စိတ်ထဲမှာ တော်တော်လေး ခံစားခဲ့ရတယ်။ သူက ထိန်းသိမ်းခံရရာကနေ လွတ်မြောက်လာပြီးနောက်မှာ ဖမ်းဆီးမှုရဲ့နောက်ဆက်တွဲကို ဖြေရှင်းဖို့ အသင်းတော်မှာ နေချင်ခဲ့တဲ့အကြောင်း ပြောပြတယ်။ ဒါပေမဲ့ ရဲတွေက သူ့ကို အချိန်မရွေးဖမ်းဆီးနိုင်တာကို သူစိုးရိမ်ခဲ့လို့ ထွက်သွားခဲ့တယ်။ ရလဒ်အနေနဲ့ သူဟာ သူ့တာဝန်ကို ခဏတာမထမ်းဆောင်နိုင်ခဲ့ဘဲ နောင်တတွေနဲ့ ကျန်ရစ်ခဲ့ရတယ်။ အထူးသဖြင့် ကျွန်မကိုယ်တိုင်ရဲ့အခြေအနေနဲ့ တော်တော်လေးသက်ဆိုင်တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို သူကိုးကားခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သင်၏ တာဝန်များကို ထမ်းဆောင်ခြင်း ဖြစ်စဉ်တွင် အပြုသဘောဆောင်သော အပိုင်း၌ သင်သည် မိမိ၏တာဝန်များကို မှန်ကန်သောပုံစံဖြင့် သဘောထားပြုမူနိုင်ကာ အခြေအနေများကို ရင်ဆိုင်ရပါစေ ယင်းတို့ကို မည်သည့်အခါမျှ မစွန့်လွှတ်ပါက၊ ထို့ပြင် အခြားသူများက ယုံကြည်ခြင်းပျောက်ဆုံး၍ ၎င်းတို့၏ တာဝန်များအား ထမ်းဆောင်ခြင်းကို ရပ်တန့်လိုက်သည့် အချိန်တွင်ပင် သင်သည် မိမိ၏ တာဝန်များကို မြဲမြံစွာ ထိန်းသိမ်းနေဆဲဖြစ်ပြီး ယင်းတို့ကို အစမှအဆုံး မည်သည့်အခါမျှ မစွန့်လွှတ်ဘဲ သင်၏တာဝန်များအပေါ် အဆုံးတိုင်အောင် ဆက်လက်၍ တည်ကြည်ခိုင်မာပြီး သစ္စာစောင့်သိနေလျှင် သင်သည် သင်၏တာဝန်များကို တာဝန်များအဖြစ် အမှန်တကယ် သ‌ဘောထားပြုမူနေပြီး အပြည့်အဝ သစ္စာစောင့်သိခြင်းကို လက်တွေ့ပြသနေသည်။ သင်သည် ဤစံနှုန်းကို ပြည့်မီနိုင်လျှင်၊ သင်၏ တာဝန်များအား အခြေခံအားဖြင့် စံနှုန်းပြည့်မီအောင် ထမ်းဆောင်လာပြီးဖြစ်၏။ ဤသည်မှာ အပြုသဘောဆောင်သော အပိုင်း၌ ရှိနေပြီဖြစ်သည်။ သို့ရာတွင် ဤစံနှုန်းကို မရောက်မီ အပျက်သဘောဆောင်သော အပိုင်းတွင် လူတစ်ဦးသည် စုံစမ်းသွေးဆောင်ခြင်းအမျိုးမျိုးကို ခါးစည်းခံနိုင်ရမည်။ လူတစ်ဦးသည် မိမိ၏တာဝန်ထမ်းဆောင်နေစဉ်အတွင်း စုံစမ်းသွေးဆောင်မှုများကို ခါးစည်းမခံနိုင်သဖြင့် မိမိ၏တာဝန်ကို စွန့်ပစ်ပြီး ထွက်ပြေးကာ တာဝန်အပေါ် သစ္စာဖောက်သည့်အခါ ယင်းက မည်သည့်ပြဿနာမျိုး ဖြစ်သနည်း။ ယင်းက ဘုရားသခင်ကို သစ္စာဖောက်ခြင်းသဘော သက်ရောက်သည်။ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အား သစ္စာဖောက်ခြင်းသည် ဘုရားသခင်အား သစ္စာဖောက်ခြင်း ဖြစ်သည်။ ဘုရားသခင်ကို သစ္စာဖောက်သည့် လူတစ်ဦးသည် ကယ်တင်ခြင်း ခံရနိုင်သေးသလော။ ဤလူသည် ဇာတ်သိမ်းသွားပြီဖြစ်သည်။ မျှော်လင့်ချက်တစ်ခုလုံး ဆုံးရှုံးသွားပြီး ယခင်က ထိုလူ ထမ်းဆောင်ခဲ့သော တာဝန်များမှာ အလုပ်လုပ်ပေးခြင်းသက်သက်သာ ဖြစ်သွားကာ ယင်းက သူ၏သစ္စာဖောက်ခြင်းနှင့်အတူ စုပ်စမြုပ်စပျောက်ကွယ်သွားလေသည်။ ထို့ကြောင့် မိမိ၏တာဝန်အား မြဲမြံစွာ ထိန်းသိမ်းထားဖို့ ပဓာနကျလေသည်။ ထိုသို့ပြုခြင်းဖြင့် မျှော်လင့်ချက် ရှိသည်။ မိမိ၏တာဝန်ကို သစ္စာရှိစွာ ကောင်းကောင်းမွန်မွန် ဖြည့်ဆည်းခြင်းဖြင့် လူတစ်ဦးသည် ကယ်တင်ခြင်းကို ခံရနိုင်ပြီး ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရယူနိုင်သည်။ မိမိ၏တာဝန်အား မြဲမြံစွာ ထိန်းသိမ်းထားခြင်းတွင် အခက်အခဲဆုံး အပိုင်းဖြစ်သည်ဟု လူတိုင်း မြင်ကြသည်မှာ မည်သည့်အပိုင်း ဖြစ်သနည်း။ ယင်းမှာ စုံစမ်းသွေးဆောင်ခြင်းကို ရင်ဆိုင်ရသောအခါ ခိုင်မာစွာ ရပ်တည်နိုင်ခြင်းရှိမရှိပင် ဖြစ်သည်။ ဤစုံစမ်းသွေးဆောင်မှုများ၌ မည်သည့်အရာများ ပါဝင်သနည်း။ ငွေ၊ အဆင့်အတန်း၊ ချစ်ရေးချစ်ရာထုံးဖွဲ့မှုများ၊ ခံစားချက်များပင်ဖြစ်၏။ အခြားမည်သည့်အရာ ရှိ‌သေးသနည်း။ တာဝန်အချို့က အသက်ကို အန္တရာယ်ဖြစ်စေသည်အထိပင် အန္တရာယ်များကို ယူဆောင်လာပြီး ထိုကဲ့သို့သော တာဝန်များအား ထမ်းဆောင်ခြင်းသည် အဖမ်းခံရခြင်းနှင့် ထောင်ချခံရခြင်း သို့မဟုတ် သေသည်အထိ နှိပ်စက်ညှဉ်းပန်းခံရခြင်းတို့ကိုပင် အကျိုးဆက်ဖြစ်ပေါ်စေခဲ့မည်ဆိုလျှင် သင်သည် သင့်တာဝန်ကို ထမ်းဆောင်နိုင်ဦးမည်လော။ သင်သည် မဆုတ်မနစ် လုံ့လထုတ်နိုင်မည်လော။ ဤစုံစမ်းသွေးဆောင်မှုများကို အလွယ်တကူ ကျော်လွှားနိုင်ရန်ဟူသည်မှာ မိမိအနေဖြင့် သမ္မာတရားကို လိုက်စားခြင်းရှိမရှိအပေါ် မူတည်သည်။ ယင်းမှာ သမ္မာတရားကို လိုက်စားနေစဉ် ဤစုံစမ်းသွေးဆောင်မှုများကို တဖြည်းဖြည်းချင်း ပိုင်းခြားသိမြင်ပြီး သတိပြုမိရန်၊ ယင်းတို့၏ အနှစ်သာရနှင့် ယင်းတို့၏နောက်ကွယ်မှ စာတန်၏ လှည့်ကွက်များကို သတိပြုမိရန်အတွက် မိမိ၏ အစွမ်းအစပေါ် မူတည်သည်။ ယင်းက မိမိ၏ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ မိမိ၏ သဘာဝအနှစ်သာရနှင့် မိမိ၏ အားနည်းချက်များအား သတိပြုမိရန်ကိုလည်း တောင်းဆိုသည်။ လူတစ်ဦးသည် သူ့အနေဖြင့် ဤစုံစမ်းသွေးဆောင်မှုများကို ကြံ့ကြံ့ခံနိုင်ရန်အတွက် သူ့အား ကာကွယ်ဖို့ ဘုရားသခင်အား အဆက်မပြတ်လည်း တောင်းဆိုရမည်။ လူတစ်ဦးသည် ယင်းတို့ကို ကြံ့ကြံ့ခံနိုင်ပြီး မည်သည့်အခြေအနေ၌မျှ သစ္စာဖောက်ခြင်းမရှိဘဲ သို့မဟုတ် ထွက်ပြေးခြင်းမရှိဘဲ တာဝန်ကို မြဲမြံစွာ ထိန်းသိမ်းထားနိုင်လျှင် ကယ်တင်ခံရနိုင်ခြေမှာ ၅၀ ရာခိုင်နှုန်း ရောက်ရှိလေသည်။ ဤ ၅၀ ရာခိုင်နှုန်းမှာ အလွယ်တကူ ရရှိနိုင်သလော။ အဆင့်တစ်ခုစီတိုင်းသည် စိန်ခေါ်မှုတစ်ခုဖြစ်ပြီး ကြီးမားသော အန္တရာယ်နှင့် အပြည့်ဖြစ်၏။ ယင်းကို ရရှိရန် မလွယ်ကူချေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ တာဝန်ကို စံနှုန်းပြည့်မီအောင် ထမ်းဆောင်ခြင်းဟူသည်မှာ အဘယ်နည်း) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မရဲ့စိတ်နှလုံးကို ပြင်းပြင်းထန်ထန် တို့ထိခဲ့တယ်။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်က ကျွန်မအပေါ်ကျရောက်တဲ့ အခြေအနေတွေဘယ်လိုပဲဖြစ်ဖြစ်၊ ကျွန်မရဲ့တာဝန်တွေကို အမြဲတမ်းခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားဖို့ မျှော်လင့်တာပေါ့။ သစ္စာဖောက်တာ၊ ထွက်ပြေးတာမျိုးမရှိဘဲနဲ့ပေါ့။ အဲဒီလိုလုပ်မှသာ ကျွန်မမှာ စစ်မှန်တဲ့ သက်သေခံချက်ရှိမှာ။ ဆိုးဝါးတဲ့ပတ်ဝန်းကျင်နဲ့ ရင်ဆိုင်ရတဲ့အခါ သူရဲဘောကြောင်ပြီး ကြောက်ရွံ့မှုနဲ့ နောက်ဆုတ်ရင်၊ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့အတွက်နဲ့ ကိုယ့်တာဝန်တွေကို စွန့်ပစ်ရင် ဘုရားသခင်ကို ကျွန်မ သစ္စာဖောက်တာဖြစ်ပြီး ကျွန်မရဲ့သက်သေခံချက် ဆုံးရှုံးမှာပဲ။ ညီအစ်ကိုမောင်နှမတွေ အများကြီးအဖမ်းခံနေရတော့ ဖြိုခွင်းမှုရဲ့နောက်ဆက်တွဲကို အာရုံစိုက်ဖို့ အရေးတကြီးလိုအပ်နေတယ်။ ကျွန်မ ဘုရားနှုတ်ကပတ်တော်တွေ အများကြီးဖတ်ခဲ့ပြီး ဘုရားသခင်ထောက်ပံ့ပေးတဲ့အရာအားလုံးကို ခံစားခဲ့ရပေမဲ့ အရေးကြီးတဲ့အချိန်မှာ ဘုရားသခင်အပေါ် သစ္စာစောင့်သိမှုကို မထိန်းသိမ်းနိုင်ဘူး၊ ဖန်ဆင်းခံတစ်ဦးရဲ့အခန်းကဏ္ဍကို မထမ်းဆောင်နိုင်ဘူး။ ထွက်သွားဖို့ ဒီက ရန်လိုတဲ့ပတ်ဝန်းကျင်ကို အကြောင်းပြချက်အနေနဲ့တောင် သုံးချင်ခဲ့တယ်။ ကျွန်မ တစ်ကိုယ်ကောင်းဆန်ပြီး ကောက်ကျစ်လိုက်တာ။ ကျွန်မသာထွက်သွားရင် ညီအစ်ကိုမောင်နှမတွေနဲ့ မျက်နှာချင်းဆိုင် အလုပ်ကိစ္စဆွေးနွေးနိုင်မှာမဟုတ်ဘူး။ ဒါက အလုပ်ကိုထိခိုက်မှာပဲ။ ဒါ့အပြင် အစုလိုက်အပြုံလိုက်ဖမ်းဆီးမှုတွေကြောင့် ညီအစ်ကိုမောင်နှမတွေက နည်းနည်း တွန့်ဆုတ်ကြောက်ရွံ့လာကြတော့ ဒီအချိန်မှာ ကျွန်မတို့ အချင်းချင်းထောက်ပံ့ပြီး အားပေးရမယ်။ နှိပ်စက်ညှဉ်းပန်းမှုတွေနဲ့ အခက်အခဲတွေရင်ဆိုင်ရတဲ့အခါမှာ ကိုယ့်တာဝန်တွေကို ဘယ်လိုကောင်းကောင်းထမ်းဆောင်ရမလဲဆိုတာနဲ့ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်အကြောင်း သူတို့နဲ့ ခဏခဏပိုပြီး မိတ်သဟာယပြုဖို့ လိုမှာပဲ။ ဒါကြောင့် ကျွန်မဒီမှာနေတာက အလုပ်အတွက် အကျိုးရှိတယ်။ ကျွန်မသာ ကိုယ့်အကျိုးစီးပွားကိုပဲ စိတ်ပူပြီး သေမှာကြောက်လို့ ကိုယ့်တာဝန်ကို စွန့်ပစ်ခဲ့ရင် အဲဒါဆိုရင် ကျွန်မက ထွက်ပြေးတဲ့သူတစ်ယောက်၊ ဘုရားသခင်ကို သစ္စာဖောက်တဲ့သူတစ်ယောက် လုံးလုံးလျားလျားဖြစ်သွားမှာပဲ။ အဲဒါက တစ်ကိုယ်ကောင်းဆန်ပြီး၊ စက်ဆုပ်စရာကောင်းကာ၊ လူ့သဘာဝကင်းမဲ့လိုက်တာ။ ဒီအကြောင်းတွေကို စဉ်းစားပြီးတာနဲ့ ဘာလုပ်ဖို့လိုမလဲဆိုတာ ကျွန်မသိလိုက်ပြီ။ မျက်မှောက်အခြေအနေတွေက ကျွန်မကို ကြောက်လန့်စေတာကို ခွင့်မပြုနိုင်ဘူး၊ ဝမ်ယင်းနောက်ယောင်ခံလိုက်ခံနေရလို့ ကိုယ်ပါအမှုပတ်မှာကြောက်ပြီး ကိုယ့်တာဝန်ကို စွန့်ပစ်ပြီးထွက်သွားလို့လည်း မဖြစ်ဘူး။ ဒီကိုကိုင်တွယ်ဖြေရှင်းဖို့ စေလွှတ်ခံရတဲ့ နောက်ဆက်တွဲအလုပ်ကို ကြည့်ရာမှာ ကျွန်မ ဘုရားသခင်ကို အားကိုးပြီး တတ်နိုင်တာ အကုန်လုပ်ရမယ်။ ဘယ်လိုအန္တရာယ်တွေပဲ ကျရောက်ပါစေ၊ အလုပ်က ဘယ်လောက်ပဲခက်ခဲပါစေ ကျွန်မရဲ့သစ္စာစောင့်သိမှုကို ပေးအပ်ဖို့ဆန္ဒရှိတယ်။ ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ကိုယ့်ကိုယ်ကိုယ် ဘုရားသခင်ထံ အပ်နှံမယ်၊ ကိုယ်တော်ကို အရာအားလုံးစီစဉ်ညွှန်ကြားခွင့်ပေးပြီး ကိုယ်တော်ရဲ့ အချုပ်အခြာအာဏာနဲ့ စီမံခန့်ခွဲမှုတွေကို ကျိုးနွံနာခံမယ်။ ကျွန်မအသက်ကို ရင်းရရင်တောင်မှ ဒီအလုပ်ကို ကောင်းကောင်းပြီးမြောက်အောင် ကျွန်မလုပ်သွားမယ်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်၊ အင်္ဂါနေ့။ နေသာ

ကျွန်မအပေါ်မှာ ဖြစ်ပျက်ခဲ့တာတွေကို တစ်ခန်းချင်း ဆင်ခြင်သုံးသပ်ရင်း ကျွန်မ သေချာတွေးကြည့်မိတယ်။ “အန္တရာယ်ရှိတဲ့ပတ်ဝန်းကျင်နဲ့ကြုံရတဲ့အခါ ဘာဖြစ်လို့ ငါကထွက်ပြေးပြီး ကိုယ့်တာဝန်ကို စွန့်ပစ်ချင်နေရတာလဲ။ ဘယ်လိုသဘာဝက ငါ့ကိုချုပ်ကိုင်နေတာလဲ” လို့ပေါ့။ ကျွန်မရှာဖွေရင်း ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ကို တွေ့ခဲ့တယ်။ “အန္တိခရစ်များသည် အလွန်အမင်း တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းကြသည်။ ၎င်းတို့၌ ဘုရားသခင်အပေါ် သစ္စာရှိဖို့ မဆိုထားနှင့်၊ ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်းမရှိကြပေ။ ၎င်းတို့သည် ပြဿနာတစ်ခုကို ကြုံရသည့်အခါ မိမိကိုယ်ကိုသာ ကာကွယ်ပြီး ဘေးဆီးရန်ကာကြသည်။ ၎င်းတို့အတွက်မူ မိမိတို့ကိုယ်တိုင်၏ ဘေးကင်းရေးထက် မည်သည့်အရာမျှ သာ၍ အရေးမကြီးချေ။ ၎င်းတို့ အသက်ရှင်နိုင်ပြီး အဖမ်းမခံရသရွေ့ အသင်းတော်၏ အလုပ်အဖို့ မည်မျှ ဘေးဖြစ်စေသည်ကို ၎င်းတို့ ဂရုမစိုက်ကြချေ။ ဤလူများသည် အလွန်အမင်း တစ်ကိုယ်ကောင်းဆန်သည်၊ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ သို့မဟုတ် အသင်းတော်အတွက် လုံးဝ မစဉ်းစားကြပေ၊ ၎င်းတို့က မိမိတို့၏ ဘေးကင်းလုံခြုံမှုအတွက်သာ စဉ်းစားကြသည်။ ၎င်းတို့သည် အန္တိခရစ်များ ဖြစ်ကြသည်။...အန္တိခရစ်များသည် အသင်းတော်၏ အလုပ်နှင့် ဘုရားသခင်၏ အလှူငွေများကို စွန့်ပစ်ကြပြီး၊ နောက်ဆက်တွဲကိစ္စကို ကိုင်တွယ်ရန် လူတို့အတွက် မစီစဉ်ပေးကြပေ။ ဤသည်မှာ အဆင်းနီသော နဂါးကြီးအား ဘုရားသခင်၏ ပူဇော်သက္ကာများနှင့် သူ၏ ရွေးချယ်ခြင်းခံရသည့် လူတို့ကို ဖမ်းဆီးခွင့်ပေးခြင်းနှင့် တူသည်။ ဤသည်မှာ ဘုရားသခင်၏ ပူဇော်သက္ကာများနှင့် သူ၏ ရွေးချယ်ထားသောလူတို့အပေါ် သွယ်ဝိုက်သောနည်းဖြင့် သစ္စာဖောက်ဖျက်ခြင်း ဖြစ်သည် မဟုတ်လော။ ဘုရားသခင်ကို သစ္စာစောင့်သိသည့်သူများက ပတ်ဝန်းကျင်တစ်ခုသည် အန္တရာယ် ရှိသည်ကို ရှင်းလင်းစွာ သိသည့်အခါတွင် ၎င်းတို့ကိုယ်တိုင် မဆုတ်ခွာမီ နောက်ဆက်တွဲ အခြေအနေကို ကိုင်တွယ်သည့် အလုပ်ကို လုပ်ဖို့ လိုလားဆဲဖြစ်ကာ ဘုရားအိမ်တော်ကို ဆုံးရှုံးမှုများ အနည်းဆုံးဖြစ်အောင် ထိန်းသိမ်းကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်၏ ဘေးကင်းရေးကို ဦးစားမပေးကြပေ။ ငါ့ကိုပြောလော့၊ အဆင်းနီသောနဂါးကြီး၏ ဤကောက်ကျစ်ဆိုးယုတ်သောနိုင်ငံတွင် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းတွင် အန္တရာယ်လုံးဝ မရှိဟု မည်သူက သေချာစေနိုင်သနည်း။ မည်သည့်တာဝန်ကို တာဝန်ယူဆောင်ရွက်ပါစေ ယင်းက အန္တရာယ်အချို့ ပါဝင်သည်။ သို့တိုင် တာဝန်ထမ်းဆောင်ခြင်းသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းထားခြင်းဖြစ်ပြီး ဘုရားသခင်၏ နောက်လိုက်စဉ်တွင် မိမိ၏တာဝန် ထမ်းဆောင်ခြင်းနှင့် ပတ်သက်သည့် အန္တရာယ်ကို ခံယူရမည် ဖြစ်သည်။ အကြင်သူသည် ဉာဏ်ပညာကို အသုံးပြုသင့်ပြီး မိမိ၏ဘေးကင်းလုံခြုံရေးကို သေချာစေဖို့ ချိန်ဆရန် လိုအပ်သော်လည်း မိမိ၏ ကိုယ်ရေးကိုယ်တာ ဘေးကင်းလုံခြုံရေးကို ဦးစားမပေးသင့်ပေ။ ထိုသူသည် ဘုရားအိမ်တော်၏အလုပ်နှင့် ဧဝံဂေလိဖြန့်ဝေခြင်းကို ဦးစားပေးလျက် ဘုရားရည်ရွယ်ချက်များကို အလေးထားသင့်သည်။ မိမိအတွက် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်ခြင်းသည် အရေးအကြီးဆုံး အရာဖြစ်ပြီး ဦးစားပေးဖြစ်သည်။ အန္တိခရစ်များသည် မိမိတို့ကိုယ်တိုင်၏ ဘေးကင်းရေးကိုသာ အဓိက ဦးစားပေးကြသည်။ အခြားမည်သည့်အရာမျှ ၎င်းတို့နှင့် မသက်ဆိုင်ဟု ၎င်းတို့ တွေးထင်ကြသည်။ အခြားသူတစ်ဦးကို တစ်စုံတစ်ခုဖြစ်သည့်အခါ၊ ထိုသူ မည်သူဖြစ်နိုင်ပါစေ ၎င်းတို့ ဂရုမစိုက်ကြချေ။ အန္တိခရစ်များ ကိုယ်တိုင် မည်သည့်ဆိုးရွားသည့်အရာမျှ မဖြစ်သရွေ့၊ ၎င်းတို့ စိတ်အေးလက်အေး ဖြစ်ကြသည်။ ၎င်းတို့၌ သစ္စာစောင့်သိခြင်း တစ်စက်မျှ မရှိပေ၊ ယင်းကို အန္တိခရစ်များ၏ သဘာဝ အနှစ်သာရက ဆုံးဖြတ်ပေး၏။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၂))အန္တိခရစ်များသည် ဘုရားသခင်ကို သစ္စာစောင့်သိမှု မပြကြပေ။ ၎င်းတို့သည် အလုပ်တာဝန်ပေးခံရသည့်အခါ အတော်လေး ဝမ်းမြောက်ဝမ်းသာ လက်ခံကြပြီး ကောင်းမွန်သည့် ကြေညာချက်အချို့ ပြုလုပ်ကြသော်လည်း အန္တရာယ်လာသည့်အခါ အမြန်ဆုံး ထွက်ပြေးသွားကြသည်။ ၎င်းတို့သည် ပြေးရာတွင် ပထမ၊ ရှောင်တိမ်းရာတွင် ပထမဖြစ်သည်။ ဤအရာက ၎င်းတို့၏ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် စက်ဆုပ်ဖွယ်ဖြစ်ခြင်းတို့သည် အထူးသဖြင့် ဆိုးရွားပြင်းထန်သည်ကို ပြသည်။ ၎င်းတို့တွင် တာဝန်သိစိတ် သို့မဟုတ် သစ္စာစောင့်သိမှု လုံးဝ မရှိကြပေ။ ပြဿနာတစ်ခုနှင့် ရင်ဆိုင်ရသည့်အခါ၊ မည်သို့ ထွက်ပြေးပြီး မည်သို့ ပုန်းကွယ်ရမည်ဟူသည်ကိုသာ သိကြကာ မိမိတို့၏ တာဝန်များ သို့မဟုတ် အလုပ်များကို လုံးဝ ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ မိမိတို့ကိုယ်ကို ကာကွယ်ခြင်းကိုသာ စဉ်းစားကြသည်။ မိမိတို့၏ ကိုယ်ပိုင် ဘေးကင်းလုံခြုံမှုအတွက်၊ အန္တိခရစ်များသည် မိမိတို့၏ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ် သဘာဝကို တစ်သမတ်တည်း ပြသကြသည်။ ဘုရားအိမ်တော်၏ အလုပ် သို့မဟုတ် မိမိတို့ကိုယ်ပိုင် တာဝန်များကို ၎င်းတို့ ဦးစားမပေးကြပေ။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို သာ၍ပင် ဦးစားမပေးကြပေ။ ထိုအစား မိမိတို့ကိုယ်ပိုင် ဘေးကင်းလုံခြုံမှုကိုသာ ဦးစားပေးကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၂)) ဘုရားသခင်က အန္တိခရစ်တွေရဲ့ တစ်ကိုယ်ကောင်းဆန်ခြင်းနဲ့ စက်ဆုပ်စရာကောင်းခြင်းကို ဖော်ထုတ်ထားတယ်။ သူတို့တာဝန်ထမ်းဆောင်ရင်း ဆိုးဝါးတဲ့ပတ်ဝန်းကျင်နဲ့ကြုံရတဲ့အခါ ဘယ်သွားသွား ကိုယ့်အတွက်ပဲ စဉ်းစားကြတယ်။ သူတို့ရဲ့လုံခြုံရေးနဲ့ အသက်ကို အထူးတလည် တန်ဖိုးထားကြတယ်။ သူတို့ရဲ့အကျိုးစီးပွား ထိခိုက်တာနဲ့ ဘုရားအိမ်တော်ရဲ့အလုပ်ကို စွန့်ပစ်ပြီး ဘုရားသခင်အပေါ် သစ္စာစောင့်သိမှုမရှိကြဘူး။ အန္တိခရစ်တွေကို ဖော်ထုတ်ထားတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရတော့ ကျွန်မရင်ထဲမှာ စူးရှသွားတယ်။ ကျွန်မ ဒီလိုပဲပြုမူခဲ့တာမဟုတ်လား။ ဒီကအသင်းတော်မှာ ဆိုးဝါးတဲ့ပတ်ဝန်းကျင်နဲ့ ကပ်ရောဂါဖြစ်ပွားတာကိုမြင်တော့ ရဲတွေဖမ်းဆီးပြီး ညှဉ်းဆဲသတ်ဖြတ်မှာကို ကျွန်မကြောက်ခဲ့တယ်။ ရောဂါကူးပြီးသေမှာကိုလည်း ကြောက်ခဲ့တယ်။ ကျွန်မက အထူးသဖြင့် သေမှာကိုကြောက်ပြီး တတ်နိုင်သမျှ အမြန်ဆုံးထွက်ပြေးချင်ခဲ့တယ်။ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော”၊ “လူတစ်ယောက်ရဲ့ကံကြမ္မာက ကိုယ့်လက်ထဲမှာပဲ” နဲ့ “ကောင်းကောင်းသေတာထက် မကောင်းမကန်းရှင်တာက ပိုကောင်းတယ်” ဆိုတာလို စာတန်ရဲ့အဆိပ်အတောက်တွေနဲ့ နေထိုင်လာခဲ့တော့ ဘဝမှာ ကိုယ့်အတွက်ကိုယ် စဉ်းစားသင့်တယ်လို့ ကျွန်မယုံကြည်ခဲ့တယ်။ ကိုယ့်တာဝန်ထမ်းဆောင်ဖို့ အဖိုးအခပေးရမယ့်အစား ယုတ်ညံ့တဲ့ဘဝနဲ့ ဆက်ပြီးရှင်သန်ချင်ခဲ့တယ်။ ကျွန်မ အရမ်းတစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းလိုက်တာ။ သစ္စာရှိရှိနဲ့ တာဝန်ထမ်းဆောင်တဲ့ ညီအစ်ကိုမောင်နှမတွေက ရန်လိုတဲ့ပတ်ဝန်းကျင်မှာ တာဝန်ထမ်းဆောင်ရတဲ့အန္တရာယ်တွေကို သိသိကြီးနဲ့၊ ဘုရားသခင်အပေါ် အားကိုးပြီး သူတို့တာဝန်တွေကို ခိုင်ခိုင်မာမာဆုပ်ကိုင်တယ်၊ သူတို့အသက်ကိုစွန့်စားပြီး နောက်ဆုံးမှာ ဘုရားနှုတ်ကပတ်တော်စာအုပ်တွေနဲ့ တခြားညီအစ်ကိုမောင်နှမတွေရဲ့လုံခြုံရေးကို ကာကွယ်ခဲ့ကြတယ်။ နှိုင်းယှဉ်လိုက်တော့ ကျွန်မ အရမ်းရှက်မိတယ်။ ဒီမှာ ပတ်ဝန်းကျင်ကဆိုးဝါးတယ်၊ ကပ်ရောဂါက နည်းနည်းပိုဆိုးတယ်၊ ဒါပေမဲ့ ကျွန်မကိုဧည့်ခံရင်း အန္တရာယ်ကို စွန့်စားနေတဲ့ ညီအစ်ကိုမောင်နှမတွေ ရှိနေသေးတယ်၊ ဒါပေမဲ့ ကျွန်မက ကိုယ့်အတွက်ပဲ ဆက်ပြီးစိုးရိမ်နေပြီး ကိုယ့်တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ မထမ်းဆောင်နိုင်ခဲ့ဘူး။ ကျွန်မ တကယ်ကို လူ့သဘာဝကင်းမဲ့နေတာပဲ။ ကျွန်မမှာသာ အသိတရားနဲ့ ဆင်ခြင်တုံတရားနည်းနည်းလောက်ရှိပြီး ဘုရားနှုတ်ကပတ်တော်စာအုပ်တွေ အန္တရာယ်ရှိနေမှန်းသိရင် နောက်ဆက်တွဲအလုပ်ကို ကောင်းကောင်းပြီးမြောက်အောင်လုပ်ပြီး ဆုံးရှုံးမှုတွေကို အနည်းဆုံးဖြစ်တာ သေချာအောင် အစွမ်းကုန်ကြိုးစားမှာပဲ။ ကျွန်မသာ တကယ်ထွက်ပြေးခဲ့ပြီး ဘုရားနှုတ်ကပတ်တော်စာအုပ်တွေကို အချိန်မီမရွှေ့ခဲ့ရင် အဲဒီစာအုပ်တွေက အဆင်းနီသော နဂါးကြီးလက်ထဲကို ကျသွားဖို့များတယ်။ ပိုများတဲ့ ညီအစ်ကိုမောင်နှမတွေ အဖမ်းခံရမယ့်အန္တရာယ်ရှိမှာဖြစ်ပြီး ရလဒ်အနေနဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုက ပိုကြီးမားတဲ့ဆုံးရှုံးမှုတွေကို ခံစားရမှာပဲ။ ဒီလိုသာဆိုရင် ကျွန်မ အဖမ်းမခံရဘဲ ကိုယ့်အသက်ကို ကယ်နိုင်ခဲ့ရင်တောင် ပြင်းထန်တဲ့ပြစ်မှားမှုတစ်ခုကို ကျွန်မ ချန်ခဲ့မှာပဲလေ။ ကျွန်မ မခံမရပ်နိုင်တဲ့နောင်တတွေနဲ့ ပြည့်နှက်နေမှာဖြစ်ပေမဲ့ အဲဒီအခါကျရင် တစ်ခုခုလုပ်ဖို့ အရမ်းနောက်ကျသွားမှာပဲ။ သခင်ယေရှုပြောခဲ့တာကို ကျွန်မသတိရလိုက်တယ်။ “ကိုယ်ခန္ဓာကိုသာ သတ်၍ စိတ်ဝိညာဉ်ကို မသတ်နိုင်သော သူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ်ကို ငရဲ၌ ဖျက်ဆီးနိုင်သောသူကို သာ၍ ကြောက်ကြလော့။(ရှင်မဿဲခရစ်ဝင် ၁၀:၂၈)မိမိအသက်ကို တွေ့သောသူသည် အသက်ရှုံးလိမ့်မည်။ ငါ့ကြောင့် မိမိအသက်ရှုံးသောသူမူကား အသက်ကို တွေ့လိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၁၀:၃၉) အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကိုလည်း ကျွန်မသတိရလိုက်တယ်။ “မိသားစု၊ ကြွယ်ဝခြင်းနှင့် ဤအသက်တာ၏ ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုများသည် အပြင်ပန်းအရာများသာ ဖြစ်သည်။ ကိုယ်နှင့်ဆက်စပ်သည့် တစ်ခုတည်းသော အရာမှာ အသက်ဖြစ်သည်။ အသက်ရှင်သည့် လူတိုင်းအတွက် အသက်သည် တန်ဖိုးအထားထိုက်ဆုံးသော အရာ၊ အဖိုးတန်ဆုံးသော အရာဖြစ်ပြီး ဖြစ်ချင်တော့ ဤလူများသည် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ချစ်ခြင်းနှင့်ပတ်သက်၍ အတည်ပြုချက် အနေဖြင့်လည်းကောင်း၊ သက်သေခံချက် အနေဖြင့်လည်းကောင်း ၎င်းတို့၏ အဖိုးအတန်ဆုံး ပိုင်ဆိုင်မှုဖြစ်သည့် အသက်ကို ပူဇော်ဆက်ကပ်နိုင်ခဲ့ကြသည်။ ၎င်းတို့ သေဆုံးသည့် နေ့ရက်အထိ ၎င်းတို့သည် ဘုရားသခင်၏နာမတော်ကို မငြင်းပယ်ခဲ့ကြသကဲ့သို့ ဘုရားသခင်၏ အမှုတော်ကိုလည်း မငြင်းပယ်ခဲ့ကြဘဲ ဤအဖြစ်မှန် တည်ရှိမှုအတွက် သက်သေခံဖို့ ၎င်းတို့အသက်၏ နောက်ဆုံးအခိုက်အတန့်များကို အသုံးပြုခဲ့ကြသည်။ ဤသည်မှာ အမြင့်မားဆုံး သက်သေခံသည့် ပုံစံမဟုတ်လော။ ဤသည်မှာ တစ်စုံတစ်ဦး၏တာဝန်ကို ထမ်းဆောင်ဖို့ အကောင်းဆုံး နည်းလမ်းဖြစ်သည်။ ဤသည်မှာ တစ်စုံတစ်ဦး၏တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်း ဆိုသည့်အရာဖြစ်သည်။ စာတန်က ၎င်းတို့ကို ခြိမ်းခြောက်ပြီး ခြောက်လှန့်ကာ အဆုံး၌ စာတန်သည် သူတို့၏ အသက်ကို အဖိုးအခ ပေးစေသည့်အခါတွင်ပင် ၎င်းတို့သည် ၎င်းတို့၏ တာဝန်ကို မစွန့်ပစ်ခဲ့ပေ။ ဤသည်မှာ တစ်စုံတစ်ဦး၏ တာဝန်ကို အဆုံးစွန်သော အတိုင်းအတာအထိ ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းဖြစ်ပေသည်။ ဤအရာနှင့်ပတ်သက်၍ ငါ မည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားသခင်ကို သက်သေခံဖို့နှင့် သူ၏ဧဝံဂေလိတရားအား ဖြန့်ချိဖို့ တစ်ထေရာတည်းသော နည်းစနစ်ကို သင်တို့ အသုံးပြုစေဖို့ ငါရည်ရွယ်သလော။ ထိုသို့ ပြုလုပ်ရန် မလိုအပ်သော်လည်း ဤသည်မှာ သင်၏တာဝန် ဖြစ်ကြောင်း၊ ဘုရားသခင်က သင့်အား လိုအပ်ပါက ယင်းကို မလွဲမသွေ တာဝန်ရှိသည့်အရာတစ်ခုအဖြစ် သင် လက်ခံသင့်ကြောင်းကို သင်နားလည်ရမည်။ ယနေ့လူများသည် ၎င်းတို့ထဲ၌ ကြောက်စိတ်နှင့် စိုးရိမ်မှုတို့ ရှိကြသော်လည်း ထိုခံစားချက်များသည် မည်သည့်အသုံးတည့်မှုရှိသနည်း။ ဘုရားသခင်က သင့်အား ဤသည်ကို လုပ်စေဖို့ လိုအပ်ခြင်းမရှိပါက ယင်းနှင့်ပတ်သက်၍ စိုးရိမ်နေခြင်းမှာ မည်သည့် အသုံးတည့်မှုရှိသနည်း။ ဘုရားသခင်က သင့်အား ဤသည်ကို လုပ်ဖို့ လိုအပ်ပါက သင်သည် သင်၏တာဝန်ကို ခေါင်းမရှောင်သင့်သကဲ့သို့ မငြင်းပယ်သင့်ပေ။ သင်သည် တက်ကြွစွာ ပူးပေါင်းသင့်ပြီး စိတ်ပူခြင်းမရှိဘဲ လက်ခံသင့်သည်။ တစ်စုံတစ်ဦးသည် မည်သို့သေဆုံးပါစေ ၎င်းသည် စာတန်ရှေ့မှောက်တွင် မသေဆုံးသင့်ပေ၊ ပြီးလျှင် စာတန်၏လက်ထဲတွင် မသေဆုံးသင့်ပေ။ တစ်စုံတစ်ဦးက သေဆုံးတော့မည်ဖြစ်ပါက ၎င်းသည် ဘုရားသခင်၏လက်ထဲတွင် သေဆုံးသင့်သည်။ လူများသည် ဘုရားသခင်ထံမှ လာကြသည်၊ ပြီးလျှင် ဘုရားသခင်ထံသို့ ၎င်းတို့ ပြန်ကြသည်။ ယင်းမှာ ဖန်ဆင်းခံတစ်ဦး ပိုင်ဆိုင်သင့်သည့် ဆင်ခြင်တုံတရားနှင့် သဘောထားတို့ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဧဝံဂေလိတရားဟောခြင်းသည် ယုံကြည်သူများအားလုံး ကောင်းမွန်စွာ ဖြည့်ဆည်းရမည့် တာဝန်ဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို နားလည်စေခဲ့တယ်၊ ကျွန်မတာဝန်ထမ်းဆောင်နေတုန်း အန္တရာယ်နဲ့ သေခြင်းခြိမ်းခြောက်မှုတွေ ကျရောက်လာတဲ့အခါ ဘုရားသခင်အပေါ် သစ္စာရှိနေသင့်တယ်။ ကိုယ့်အသက်ကို စတေးရမယ်ဆိုရင်တောင် ကိုယ့်တာဝန်ကို ခိုင်ခိုင်မာမာဆုပ်ကိုင်ပြီး စာတန်ဆီမှာ ဘယ်တော့မှ အရှုံးမပေးသင့်ဘူး။ ဒါက စာတန်ကို အောင်နိုင်ခြင်းရဲ့ အစွမ်းအထက်ဆုံးသက်သေခံချက်ဖြစ်ပြီး၊ ဘုရားသခင်က အသိအမှတ်ပြုတဲ့အရာပဲ။ ကိုယ့်အသက်ကို ခြိမ်းခြောက်တာတွေနဲ့ ရင်ဆိုင်ရတဲ့အခါ သေမှာကြောက်လို့ ဘုရားသခင်ရဲ့တာဝန်ပေးစေခိုင်းချက်ကို ငြင်းဆန်ခဲ့ရင် အဲဒါက ရှက်စရာအမှတ်အသားဖြစ်သွားပြီး ဘုရားသခင်က စက်ဆုပ်ရွံရှာမှာပဲ။ ခေတ်အဆက်ဆက်က ပရောဖက်တွေ၊ တမန်တော်တွေက ဧဝံဂေလိတရားဟောပြောဖို့နဲ့ ဘုရားသခင်အတွက် သက်သေခံဖို့အတွက် ထိတ်လန့်စက်ဆုပ်စရာကောင်းတဲ့ သေခြင်းတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်၊ တချို့က မြင်းတွေနဲ့ ဆွဲဖြဲခံရတယ်၊ တချို့က ဓားနဲ့ခုတ်သတ်ခံရတယ်၊ တချို့က မီးရှို့သတ်ခံရတယ်။ ပေတရုဆိုရင် ဘုရားသခင်အတွက် ဇောက်ထိုးကားစင်တင်ခံရပြီးတောင် အသတ်ခံခဲ့ရတယ်။ နောက်ဆုံးသောကာလမှာ ညီအစ်ကိုမောင်နှမတွေအများကြီးက နိုင်ငံတော်ဧဝံဂေလိတရားကို ဖြန့်ဝေလို့ ကွန်မြူနစ်ပါတီရဲ့ ဖမ်းဆီးခြင်းနဲ့ ရက်စက်တဲ့ညှဉ်းပန်းနှိပ်စက်မှုတွေကို ခံခဲ့ရတယ်။ သေခါနီးအချိန်မှာတောင် ဘုရားသခင်ရဲ့နာမတော်ကို မငြင်းဆန်ခဲ့ကြဘူး။ တချို့ဆိုရင် ညှဉ်းဆဲသတ်ဖြတ်ခံနေရချိန်မှာတောင် ယုဒဖြစ်ဖို့ ဒါမှမဟုတ် ဘုရားသခင်ကို သစ္စာဖောက်ဖို့ ငြင်းဆန်ခဲ့ကြတယ်။ သူတို့က ဘုရားသခင်အတွက် လှပပြီး အားကောင်းတဲ့ သက်သေခံချက်တွေ ဆောင်ခဲ့ကြတယ်။ သူတို့က မှန်တဲ့လမ်းခရီးကို ကာကွယ်ဖို့ သူတို့ရဲ့အသက်တွေကို အသုံးပြုခဲ့ပြီး ဘုရားသခင်ဟာ တစ်ဆူတည်းသောစစ်မှန်တဲ့ဘုရား၊ ဖန်ဆင်းရှင်ဖြစ်ကြောင်းကို သူတို့ရဲ့သေခြင်းနဲ့ ဒီဆိုးယုတ်တဲ့လောကကို ကြေညာသက်သေခံခဲ့ကြတယ်။ သူတို့အသက်ကို စတေးရမယ်ဆိုရင်တောင် သူတို့တွေ တုံ့ဆိုင်းခဲ့ကြဦးမှာမဟုတ်ဘူး။ ဘုရားသခင်အတွက် သက်သေခံဖို့ အသက်ပေးတာက တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိတဲ့လုပ်ရပ်ပဲ။ ဒါက အမြင့်မြတ်ဆုံးသက်သေခံချက်ပဲ။ ဒီလိုသဘောပေါက်လိုက်တော့ ကျွန်မ သိပ်မကြောက်တော့ဘူး။ ဘုရားသခင်ကို အားကိုးပြီး ဒီပတ်ဝန်းကျင်ကို ရင်ဆိုင်ဖို့ ကျွန်မဆန္ဒရှိခဲ့တယ်။

ဒီအချိန်မှာ ဘုရားသခင်ရဲ့ဒီနှုတ်ကပတ်တော်တွေက ကျွန်မစိတ်ထဲမှာ ပေါ်လာခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “စာတန်က မည်မျှပင် ‘အလွန့်အလွန် အာဏာရှိ’ ပါစေ၊ မည်မျှပင် ရဲတင်းပြီး ရည်မှန်းချက် ကြီးမားပါစေ၊ ထိခိုက်မှုများ ပေးနိုင်သော ၎င်း၏အစွမ်းက မည်မျှပင်ကြီးမားပါစေ၊ လူသားကို ၎င်း၏ ဖောက်ပြန်ပျက်စီးစေနိုင်စွမ်းနှင့် မျှားခေါ်နိုင်စွမ်းတို့က မည်မျှပင် ကျယ်ပြန့်ပါစေ၊ လူသားကို ၎င်းခြိမ်းခြောက်သည့် ပရိယာယ်များနှင့် လှည့်ကွက်များက မည်မျှပါးနပ်နေပါစေ၊ ၎င်းဖြစ်တည်နေသည့် ပုံစံက မည်မျှပင် မဆုံးနိုင်အောင် ပြောင်းလဲ၍ရနေပါစေ စာတန်သည် သက်ရှိအရာတစ်ခုကို တစ်ခါမျှ မဖန်ဆင်းနိုင်ခဲ့ပေ။ အရာအားလုံးဖြစ်တည်မှုအတွက် နိယာမများ၊ သို့မဟုတ် စည်းမျဉ်းတို့ကို တစ်ခါမျှ ၎င်းမချပေးနိုင်ခဲ့ပေ။ သို့မဟုတ် သက်ရှိဖြစ်စေ၊ သက်မဲ့ဖြစ်စေ မည်သည့်အရာဝတ္ထုကိုမျှ ၎င်း အုပ်စိုးပြီး အချုပ်အခြာအာဏာ ကိုင်စွဲနိုင်စွမ်း တစ်ခါမျှ မရှိခဲ့ပေ။ စကြဝဠာနှင့် မိုးမျက်နှာကြက်အတွင်းတွင် စာတန်ထံမှ ပေါက်ဖွားလာသည့်၊ သို့မဟုတ် ၎င်းကြောင့် ဖြစ်တည်နေသည့် လူပုဂ္ဂိုလ်တစ်ယောက်တလေ၊ သို့မဟုတ် အရာဝတ္ထုတစ်ခုတလေမျှ မရှိပေ။ လူတစ်ဦးမျှ သို့မဟုတ် အရာဝတ္ထုတစ်ခုမျှ ၎င်း၏ အချုပ်အခြာအာဏာအောက်တွင်ဖြစ်စေ၊ ၎င်း၏ အုပ်စိုးခံရခြင်းဖြစ်စေ မရှိချေ။ ဆန့်ကျင်ဘက်အနေနှင့် ၎င်းသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် နေရရုံသာမကဘဲ ဘုရားသခင်၏ အမိန့်များနှင့် ခိုင်းစေမှုများအားလုံးကို ကျိုးနွံနာခံရသည်။ ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ စာတန်သည် ကုန်းမြေပေါ်မှ ရေတစ်စက်၊ သို့မဟုတ် သဲတစ်ပွင့်ကိုပင် အလွယ်တကူ မထိနိုင်ပေ။ ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ ဘုရားသခင်ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်ကိုမဆိုထားနှင့်၊ စာတန်သည် ကုန်းမြေပေါ်က ပုရွက်ဆိတ်များကိုပင်လျှင် ထိပါးပိုင်ခွင့်မရှိပေ။ ဘုရားသခင်၏ အမြင်တွင် စာတန်သည် တောင်ပေါ်က နှင်းပန်းများ၊ လေထဲတွင် ပျံနေသည့်ငှက်များ၊ ပင်လယ်ထဲက ငါးများနှင့် ကမ္ဘာမြေကြီးပေါ်က လောက်များထက် နိမ့်ကျသည်။ အရာအားလုံးထဲတွင် ၎င်း၏ကဏ္ဍသည် အရာအားလုံးကို အစေခံရန်၊ လူသားမျိုးနွယ်အတွက် အစေခံရန်နှင့် ဘုရားသခင်၏အမှုနှင့် သူ၏စီမံခန့်ခွဲမှု အစီအစဉ်တို့ကို အစေခံရန်ဖြစ်သည်။ ၎င်း၏သဘာဝက မည်မျှပင် မလိုမုန်းထားတတ်ပါစေ၊ ၎င်း၏အနှစ်သာရက မည်မျှပင် ကောက်ကျစ်ဆိုးယုတ်ပါစေ ၎င်းလုပ်နိုင်သည့် တစ်ခုတည်းသောအရာက ဘုရားသခင်အတွက် အစေခံမှုပေးခြင်းဟူသည့် ၎င်း၏ တာဝန်ကို ကျေပွန်စွာ လိုက်နာရန်နှင့် အဖြည့်ခံတစ်ဦးအနေဖြင့် ကောင်းမွန်စွာ အစေခံရန် ဖြစ်၏။ ယင်းမှာ စာတန်၏ အခြေအမြစ်နှင့် မူလနေရာဖြစ်သည်။ သူ၏ အနှစ်သာရသည် အသက်နှင့် ဆက်စပ်မှုမရှိပေ။ တန်ခိုးနှင့် ဆက်စပ်မှုမရှိပေ။ သြဇာအာဏာနှင့် ဆက်စပ်မှုမရှိပေ။ ၎င်းသည် ဘုရားသခင်၏ လက်ထဲမှ ကစားစရာတစ်ခုမျှသာဖြစ်သည်။ အစေခံမှုအတွက် ဘုရားသခင် အသုံးချသည့် စက်ယန္တရားတစ်လုံးသာ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁))လူတို့သည် ၎င်းတို့၏အသက်များကို စွန့်လွှတ်ရန် အဆင်သင့်ဖြစ်သည့်အခါ အရာရာသည် အသေးအဖွဲ ဖြစ်လာပြီး မည်သူမျှ ၎င်းတို့ကို အနိုင်မယူနိုင်တော့ချေ။ အသက်ထက် မည်သည့်အရာသည် သာ၍အရေးကြီးနိုင်မည်နည်း။ ထို့ကြောင့် စာတန်သည် လူတို့အထဲတွင် နောက်ထပ် မည်သည့်အရာမျှ လုပ်ဆောင်နိုင်စွမ်း ရှိမလာပေ၊ လူနှင့် ပတ်သက်၍ ၎င်းလုပ်ဆောင်နိုင်သည့်အရာ တစ်ခုမျှ မရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို ထုတ်ဖော်ချက်များ၊ အခန်း (၃၆)) ဘုရားနှုတ်ကပတ်တော်တွေမှာ အာဏာနဲ့ တန်ခိုးပါရှိတယ်။ အရာအားလုံးက ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်မှုအောက်မှာ ရှိတယ်။ စာတန်က ဘယ်လောက်ပဲရက်စက်ကြမ်းကြုတ်ပါစေ၊ သူတောင် ဘုရားသခင်သတ်မှတ်ထားတဲ့ နယ်နိမိတ်တွေကို မကျော်လွန်နိုင်ဘူး။ ဘုရားသခင်ခွင့်မပြုဘဲနဲ့ သူက စည်းမကျော်ရဲဘူး၊ ကျွန်မတို့ကို ထိခိုက်ဖို့ဆိုတာ ဝေးရောပေါ့။ စာတန်က ယောဘကို ဖျက်ဆီးချင်ခဲ့သလိုပဲပေါ့၊ ဘုရားသခင်က စာတန်ကို ယောဘရဲ့အသက်ကို ယူခွင့်မပြုခဲ့ဘူး။ စာတန်က သူ့မှာရှိသမျှ လှည့်ကွက်တွေ၊ အကြံအစည်တွေအားလုံးကို အသုံးပြုခဲ့ပေမဲ့ ယောဘရဲ့အသက်ကို မထိရဲခဲ့ဘူး။ ဒါက ဘယ်ရန်လိုတဲ့အင်အားစုတွေကမှ ဘုရားသခင်ရဲ့အာဏာကို လက်လှမ်းမမီဘူးဆိုတာ ကျွန်မကို နားလည်စေခဲ့တယ်။ ဒီကအခြေအနေတွေ ဘယ်လောက်ပဲဆိုးနေပါစေ ကျွန်မ အဖမ်းမခံရဘူး။ ဒါအားလုံးက ဘုရားသခင်ရဲ့ ကွယ်ကာစောင့်ရှောက်မှုကြောင့်ပဲ။ တစ်ခါက ကျွန်မ ဧည့်ခံတဲ့အိမ်တစ်အိမ်ကိုသွားပေမဲ့ ညီအစ်မက ကျွန်မကို လာခေါ်ဖို့ လုံးဝပေါ်မလာခဲ့ဘူး။ နောက်မှသိရတာက အဲဒီအိမ်ကို ယုဒတစ်ယောက်က သစ္စာဖောက်ခဲ့လို့ ရဲတွေ အပြည့်အကျပ် စောင့်ကြည့်နေတယ်ဆိုတာပါပဲ။ ကျွန်မအဲဒီကိုမရောက်ခဲ့တာက ဘုရားသခင်ရဲ့ ကာကွယ်စောင့်ရှောက်မှုကြောင့်ပဲ။ ဒါ့အပြင် ဒီကပ်ရောဂါကြောင့် ရဲတွေမအားမလပ်ဖြစ်သွားပြီး၊ ညီအစ်ကိုမောင်နှမတွေကို ဖမ်းဆီးဖို့ သူတို့ရဲ့ကြိုးပမ်းမှုတွေကို အဟန့်အတားဖြစ်ခဲ့တယ်။ မဟုတ်ရင် နောက်ထပ်ညီအစ်ကိုမောင်နှမ ဘယ်လောက်များများ အဖမ်းခံရဦးမလဲဆိုတာ ဘယ်သူသိမှာလဲ။ ဒါတွေအားလုံးက ဘုရားသခင်ရဲ့ အံ့သြစရာအမှု၊ ဉာဏ်ပညာနဲ့ အနန္တတန်ခိုးပဲ။ ဒီဆိုးဝါးတဲ့ပတ်ဝန်းကျင်ကြားမှာတောင် ဘုရားသခင်ခွင့်မပြုဘဲနဲ့ စီစီပီက ကျွန်မကို မထိရဲဘူး။ ကျွန်မ အဖမ်းခံရမလား၊ ထောင်ဒဏ်ကြီးကြီးမားမားကျခံရမလားဆိုတာအားလုံးက ဘုရားသခင်ပေါ် မူတည်ပါတယ်။ ကျွန်မ ကိုယ့်အတွက်ကိုယ် ဆက်ပြီးအသက်မရှင်နိုင်တော့ဘူး။ ကိုယ့်ကိုယ်ကိုယ် ဘုရားသခင်ဆီအပ်နှံဖို့နဲ့ နေ့ရက်တိုင်း ကိုယ်တော့်ကိုဦးဆောင်ခွင့်ပေးဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ဒီကပတ်ဝန်းကျင် ဘယ်လောက်ပဲဆိုးဝါးပါစေ၊ ကပ်ရောဂါ ဘယ်လောက်ပဲပြင်းထန်ပါစေ၊ ကျွန်မရဲ့တာဝန်ကို အဆုံးထိ ခိုင်ခိုင်မာမာဆုပ်ကိုင်ထားမယ်။ ဒီလိုသဘောပေါက်လိုက်တော့ ကျွန်မ စိတ်ထဲမှာ ငြိမ်သက်ခြင်းကိုတွေ့ရှိပြီး ကိုယ့်တာဝန်ထဲကို စိတ်နှစ်လိုက်တယ်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်၊ စနေနေ့။ နေသာ

မနေ့က ကျွန်မနဲ့ စုရှောင် အသင်းတော်တစ်ခုကို ရောက်သွားတယ်။ ကျွန်မတို့ကို ဧည့်ခံတဲ့ညီအစ်ကိုက စာအုပ်တွေထားဖို့ နေရာတစ်ခုပေးတော့ ကျွန်မတို့ အံ့အားသင့်သွားတယ်။ ကျွန်မတို့နှစ်ယောက်လုံး စိတ်လှုပ်ရှားသွားပြီး အလုပ်ကိုခွဲလုပ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ စုရှောင်က အိမ်ရဲ့အခြေအနေကို သွားတီးခေါက်ကြည့်ပြီး ကျွန်မကတော့ ဘုရားနှုတ်ကပတ်တော်စာအုပ်တွေရွှေ့တဲ့ကိစ္စကို ညီအစ်ကိုမောင်နှမတွေနဲ့ ဆွေးနွေးဖို့ ပြန်လာခဲ့တယ်။ ဒီနေ့နေ့လယ်မှာ ကျွန်မတို့ ပထမစာအုပ်အသုတ်ကို အောင်အောင်မြင်မြင် ရွှေ့နိုင်ခဲ့ကြတယ်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်၊ အင်္ဂါနေ့။ နေသာ

ဒီလွန်ခဲ့တဲ့ရက်ပိုင်းတွေမှာ ဘုရားနှုတ်ကပတ်တော်စာအုပ်တွေကို ကျွန်မတို့ အဆက်မပြတ်ရွှေ့ခဲ့ကြပြီး၊ ဒီနေ့တော့ စာအုပ်နောက်ဆုံးအသုတ်ကို ရွှေ့ပြီးသွားပြီ။ ဒီမနက် ၃ နာရီလောက်မှာ စာအုပ်တွေရွှေ့နေခဲ့တဲ့ညီအစ်ကိုတွေ ဘေးကင်းကင်းနဲ့ပြန်လာတာကို မြင်တော့ ကျွန်မ စကားလုံးတွေနဲ့ ဖော်ပြလို့မရအောင် စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်သွားတယ်။ ဒီကာလအတွင်းမှာ ဒီလောက်ဆိုးဝါးတဲ့ပတ်ဝန်းကျင်ကြားကနေ စာအုပ်အားလုံးကို ကျွန်မတို့ ဘေးကင်းကင်းနဲ့ ရွှေ့နိုင်ခဲ့ကြတယ်။ ဒါအားလုံးက ဘုရားသခင်ရဲ့ လမ်းပြမှုနဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ တစ်စိတ်တစ်ဝမ်းတည်း ပူးပေါင်းဆောင်ရွက်မှုရဲ့အသီးအပွင့်ပဲ။ အိမ်အပြန်ဘတ်စ်ကားပေါ်မှာထိုင်နေရင်း ကျွန်မစိတ်ထဲမှာ တည်ငြိမ်လုံခြုံပြီး အေးချမ်းတဲ့ခံစားချက်နဲ့ ပြည့်နေခဲ့တယ်။ ခရီးတစ်လျှောက်လုံး ကျွန်မ ဆက်ပြီးစဉ်းစားနေခဲ့တယ်၊ ဒီကို အန္တရာယ်ရှိတဲ့ပတ်ဝန်းကျင်မှာ အလုပ်လုပ်ဖို့လာခဲ့ပေမဲ့ ဒီလိုအန္တရာယ်ရှိတဲ့ပတ်ဝန်းကျင်တွေမှာမှ ဘုရားသခင်ရဲ့ အံ့သြစရာလုပ်ဆောင်ချက်တွေကို ကျွန်မတို့မြင်နိုင်တာကို နက်နက်ရှိုင်းရှိုင်း သဘောပေါက်လာခဲ့ပြီး၊ ဘယ်ရန်လိုတဲ့ အင်အားစုတွေကမှ ဘုရားသခင်ရဲ့ အာဏာနဲ့ တန်ခိုးကို လက်လှမ်းမမီဘူးဆိုတာကို ကျွန်မအသိအမှတ်ပြုနိုင်လာခဲ့တယ်။ ဒီလိုဆိုးဝါးတဲ့ပတ်ဝန်းကျင်တွေကို တွေ့ကြုံရတာက ကျွန်မရဲ့ယုံကြည်ခြင်းကို စုံလင်စေတယ်၊ ဘုရားသခင်ရဲ့ အနန္တတန်ခိုးနဲ့ အချုပ်အခြာအာဏာကို နားလည်ဖို့ ကူညီပေးတယ်၊ ပြီးတော့ ကျွန်မရဲ့တစ်ကိုယ်ကောင်းဆန်မှုနဲ့ စက်ဆုပ်စရာကောင်းမှုကို ထုတ်ဖော်တယ်ဆိုတာကိုလည်း ကျွန်မ နားလည်သွားတယ်။ အန္တရာယ်ရှိတဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့အခါ ကျွန်မက ကိုယ့်အကျိုးစီးပွားကို ကာကွယ်တတ်ပြီး ကိုယ့်အနာဂတ်နဲ့ ကံကြမ္မာကိုပဲ စဉ်းစားခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို စာတန်ရဲ့အမှောင်လွှမ်းမိုးမှုကနေ ဖောက်ထွက်ပြီး အဆုံးထိဇွဲရှိရှိနဲ့ ကျွန်မစေလွှတ်ခံရတဲ့အလုပ်ကို ပြီးမြောက်အောင်လုပ်ဆောင်ဖို့ ဦးဆောင်ခဲ့တယ်။ ဒီခရီးတစ်လျှောက်လုံးမှာ ကျွန်မ အများကြီး အကျိုးရခဲ့တယ်။ ဒါက ကျွန်မဘဝမှာ မမေ့နိုင်တဲ့အတွေ့အကြုံတစ်ခုဖြစ်ပြီး အဖိုးတန်ရတနာတစ်ခုပါပဲ။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

နောက်တစ်ခုသို့- ဖျောက်ဖျက်မရတဲ့ နောင်တ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

နောက်ဆုံးတွင် လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ခြင်း

ကျိုးဟုန် တရုတ်နိုင်ငံကျွန်မ ၂၀၁၈ခုနှစ်မှာ အသင်းတော်ခေါင်းဆောင် ဖြစ်လာခဲ့သည့် အချိန်က၊ အစွမ်းအစကောင်းရှိပြီး၊ သမ္မာတရားကို အားထုတ်သည့်...

တာဝန်ခံယူမှုကို ကြောက်ခြင်း၏ နောက်ကွယ်မှ အကြောင်းရင်းများ

ခေါင်ရင့် ဂျပန်နိုင်ငံ ညီမက အသင်းတော်မှာ ရေလောင်းတဲ့အလုပ်ကို ဦးဆောင်ရတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလအမှုတော်ကို...

အလုပ်ထုတ်ခံရခြင်းမှ ကျွန်မ သင်ယူရရှိခဲ့သည့်အရာ

ကျိန်းယိ အမေရိကန်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူတို့သည် မိမိတို့ကိုယ်တိုင်၏ စိတ်သဘောထားများကို မပြောင်းလဲနိုင်ကြပေ။...

နောက်ဆုံးတွင် ကျွန်တော် လူတစ်ဦးကဲ့သို့ အနည်းငယ် အသက်ရှင်နေထိုင်ပြီ

ရှန်ဝမ်၊ စီချွမ်စီရင်စု ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဤသို့ပြောသည်ကို မြင်ရသောအခါတိုင်း ကျွန်တော့်နှလုံးသားထဲတွင် ပြစ်တင်ဆုံးမခံရသကဲ့သို့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။