ငွေနောက်လိုက်သည့် နေ့ရက်များကို နှုတ်ဆက်ခြင်း
ကျွန်တော်က ဆင်းရဲတဲ့ မိသားစုမှာ မွေးခဲ့တယ်။ ကျွန်တော့်ရဲ့ ရိုးသားဖြောင့်မတ်ပြီး အလုပ်ကြိုးစားတဲ့ မိဘတွေက မိသားစုကို လယ်အလုပ်နဲ့...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ကျွန်မက မောင်နှမ ဆယ်ယောက်ရှိတဲ့ ဆင်းရဲတဲ့ မိသားစုမှာ ကြီးပြင်းလာခဲ့တာပါ။ ငယ်ငယ်ကတည်းက ကျွန်မဟာ ငွေအများကြီးရှာပြီးတော့ မိသားစုကို ဆင်းရဲတွင်းကနေ ဆွဲထုတ်ပေးချင်ခဲ့တယ်။ ကောလိပ်တက်နေတုန်း အတန်းဖော်တစ်ယောက်က စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ခုကို တက်ဖို့ ဖိတ်ခေါ်ခဲ့တယ်။ အဲဒီမှာ ဟောပြောသူတွေက သူတို့ရဲ့ ဆင်းရဲရာကနေ ချမ်းသာလာတဲ့အတွေ့အကြုံတွေကို ဝေမျှခဲ့တာက ကျွန်မကို တော်တော် အားကျစေခဲ့တယ်။ ကျွန်မလည်း အောင်မြင်တဲ့ အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဖြစ်ချင်လာတယ်။ ပြီးတော့ ငွေအများကြီးရှာတာ၊ အိမ်တွေ၊ ကားတွေ ပိုင်ဆိုင်တာ၊ ကမ္ဘာပတ်ပြီး ခရီးသွားတာ စတာတွေကို လုပ်ချင်လာတယ်ပေါ့။ ဒီလိုဆိုရင် ကျွန်မကိုသိတဲ့သူတွေက ကျွန်မကို ဆင်းရဲတွင်းကနေ ရုန်းထွက်နိုင်ခဲ့တဲ့ စံပြဆင်းရဲသားလေးတစ်ယောက်အနေနဲ့ မြင်ကြပြီး သူတို့က ကျွန်မကို အထင်ကြီးလေးစားကြမှာပေါ့။ ဘွဲ့ရပြီးနောက်မှာ ကျွန်မ ယူအေအီးကို သွားခဲ့ပြီး ကုမ္ပဏီတစ်ခုမှာ ဧည့်ကြိုဝန်ထမ်းအဖြစ် အလုပ်လုပ်ခဲ့တယ်။ ဝင်ငွေကနည်းတော့ အချိန်ပိုင်းအလုပ်တွေကို တောက်လျှောက်ရှာနေခဲ့ရတယ်။ မကြာမကြာဆိုသလို နေ့ဘက်မှာ ပုံမှန်အလုပ်လုပ်ပြီး ညဘက်မှာ အပိုစီးပွားရေးတစ်ခု လုပ်ခဲ့ရတယ်။ ရင်းနှီးမြှုပ်နှံမှုအမျိုးမျိုးကိုလည်း ကျွန်မ ကြိုးစားလုပ်ကြည့်ခဲ့ပေမဲ့ အားလုံး အရှုံးနဲ့ အဆုံးသတ်သွားပြီး ကျွန်မဘဝက ပိုလို့တောင် ခက်ခဲလာခဲ့တယ်။ အဲဒီအချိန်တုန်းက ကျွန်မ တော်တော်လေး စိတ်ဓာတ်ကျခဲ့ပြီး နားမလည်နိုင်ခဲ့ဘူး။ “ငွေရှာဖို့ အရမ်းကြိုးစားပမ်းစား အလုပ်လုပ်ခဲ့တာပဲ၊ ဘာလို့ ကိစ္စတွေက ဒီလိုမျိုးတွေချည်းပဲ ဆက်ဖြစ်နေရတာလဲ။ ဘယ်လောက်ပဲ ကြိုးစားပမ်းစား အလုပ်လုပ်လုပ်၊ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လုပ် ဘာလို့ ဆက်ပြီး ရှုံးနိမ့်နေရတာလဲ” ပေါ့။ ကျွန်မ လုံးလုံးကို ခြေကုန်လက်ပန်းကျနေပြီ။
၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလမှာတော့ ကျွန်မဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်က ကျွန်မကို တကယ်ကို တို့ထိခံစားစေခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ငါတို့၏ဖြစ်တည်မှုအလုံးစုံသည် ဘုရားသခင်ထံမှလာပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့် တည်ရှိသည့်အတွက်၊ လူသားမျိုးနွယ်ဝင်များနှင့် ဘုရားတရားကိုင်းရှိုင်းသော ခရစ်ယာန်များ အနေဖြင့် ဘုရားသခင်၏တာဝန်ပေးစေခိုင်းချက်ကို ဖြည့်ဆည်းခြင်းအတွက် ငါတို့၏ စိတ်နှင့် ခန္ဓာများကို ဆက်ကပ်ပူဇော်ရန်မှာ ငါတို့အားလုံး၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်။ အကယ်၍ ငါတို့၏စိတ်နှင့် ခန္ဓာတို့သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အတွက် ဆက်ကပ်ထားခြင်း မဟုတ်သကဲ့သို့၊ လူသားမျိုးနွယ်၏ တရားမျှတသော အကြောင်းတရားအတွက် မဟုတ်ပါက၊ ငါတို့၏ ဝိညာဉ်များသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အတွက် မာတုရဖြစ်ခဲ့ကြသူများ၏ ရှေ့မှောက်တွင် အရှက်ရလိမ့်မည် ဖြစ်ပြီး၊ ငါတို့ကို အရာရာ ထောက်ပံ့ပေးပြီးဖြစ်သည့် ဘုရားသခင်အတွက် များစွာသာ၍ မထိုက်တန်ဟု ခံစားရလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် အချုပ်အခြာအာဏာ ကိုင်စွဲသည်) အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေတစ်ဆင့် ကျွန်မနားလည်လာတာက ဖန်ဆင်းခံတွေအနေနဲ့ ကျွန်မတို့ဟာ ဖန်ဆင်းခံတစ်ဦးရဲ့ တာဝန်ကို ဖြည့်ဆည်းသင့်တယ်၊ ဒါဟာ ကျွန်မတို့ရဲ့ တာဝန်နဲ့ ဝတ္တရားဖြစ်တယ် ဆိုတာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားသခင်က ကျွန်မတို့မိသားစု၊ မိဘတွေ၊ ကြီးပြင်းလာရတဲ့ ပတ်ဝန်းကျင်အပါအဝင် အရာအားလုံးကို ကျွန်မတို့အတွက် စီစဉ်ပေးထားလို့ပါပဲ။ ဒါတွေအားလုံးက ဘုရားသခင်က အစောကြီးကတည်းက ကြိုတင်သတ်မှတ်ထားပြီးသားဖြစ်ပြီး ဖန်ဆင်းခံတွေအနေနဲ့ ကျွန်မတို့ဟာ ကိုယ်တော့်ရဲ့မေတ္တာကို ပြန်လည်ပေးဆပ်သင့်တယ်လေ။ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို အရမ်းတို့ထိလှုပ်ရှားစေခဲ့ပြီး ဘုရားသခင်ရဲ့မေတ္တာကို ပြန်ဆပ်ဖို့ ကိုယ့်တာဝန်ကို ထမ်းဆောင်ချင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မနားလည်တဲ့ သမ္မာတရားက သိပ်နည်းတော့ ငွေကြေးရဲ့ စုံစမ်းသွေးဆောင်မှုကို ကျွန်မ မတွန်းလှန်နိုင်ခဲ့ဘူး။ ကျွန်မရဲ့စိတ်က ငွေရှာဖို့အပေါ်မှာပဲ တောက်လျှောက် အာရုံစိုက်နေခဲ့တယ်။
နောက်ပိုင်းမှာ ကျွန်မဟာ ဧည့်ကြိုဝန်ထမ်းကနေ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ လက်ထောက်တစ်ယောက် ဖြစ်လာခဲ့ပြီး လစာလည်း တိုးလာခဲ့တယ်။ ဒါပေမဲ့ ကျွန်မ သိပ်မပျော်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ ဒီအလုပ်က ကျွန်မကို ချမ်းသာအောင် မလုပ်ပေးနိုင်သလို တခြားသူတွေ အားကျလေးစားအောင်လည်း မလုပ်ပေးနိုင်လို့ပဲ။ ဒီအတိုင်းသာ ဆက်သွားနေရင် ဘယ်တော့မှ အိမ်ပြန်ဆောက်နိုင်မှာလဲ၊ မိသားစုဘဝကို မြှင့်တင်ပေးပြီး သူတို့ကို ခရီးတွေ ဘယ်တော့မှ လိုက်ပို့နိုင်မှာလဲ။ ဒါကြောင့် ကျွန်မဟာ လစာပိုကောင်းတဲ့အလုပ်ကို ရှာဖို့ ဒါမှမဟုတ် အပိုအလုပ်တွေ ပိုလုပ်ဖို့ လိုအပ်ခဲ့တယ်။ ဒါနဲ့ ကိုယ်ရေးရာဇဝင်တချို့ကို ထပ်ပို့လိုက်တယ်။ မကြာခင်မှာပဲ တခြားကုမ္ပဏီတစ်ခုရဲ့ အရောင်းဌနမှာ အုပ်ချုပ်ရေးဆိုင်ရာ လက်ထောက်အဖြစ် အလုပ်သစ်တစ်ခု စတင်ခဲ့တယ်။ ကျွန်မ တကယ်ကို ပျော်သွားတယ်။ ဘာလို့လဲဆိုတော့ ပုံသေလစာအပြင် ကော်မရှင်ကြေးတွေလည်းရမှာ ဖြစ်သလို၊ ကျွန်မသာ ကောင်းကောင်းလုပ်ဆောင်နိုင်မယ်ဆိုရင် အပိုဆုကြေးတွေပါ ရဦးမှာလေ။ ကျွန်မစိတ်ထဲမှာ တွေးလိုက်တယ် “နောက်ဆုံးတော့ ငွေပိုရှာဖို့ အခွင့်အရေး ရပြီ။ ကိုယ့်ရပ်ရွာမှာ အိမ်တစ်လုံးဆောက်ပြီးသွားရင် အဲဒီကလူတွေက ငါ့ကို မော့ကြည့်ပြီး အားကျလေးစားကြမှာ သေချာတယ်” လို့ပေါ့။ ဒါက အလုပ်သစ်တစ်ခုဖြစ်ပြီး ကျွန်မမှာ အတွေ့အကြုံလည်းမရှိတော့ ကိုယ်လိုချင်တဲ့ လစာကောင်းကောင်းရဖို့အတွက် အချိန်အများကြီးပေးပြီး သင်ယူခဲ့ရတယ်။ ငွေပိုရှာနိုင်ဖို့အတွက် မကြာခဏဆိုသလို အချိန်ပိုတွေ ဆင်းခဲ့ရတယ်။ အဲဒီအချိန်အတောအတွင်းမှာ ကျွန်မရဲ့အချိန်နဲ့ ခွန်အားအားလုံးကို အလုပ်ထဲမှာပဲ နှစ်မြှုပ်ထားခဲ့တယ်။ အလုပ်မှာဆိုရင် အချိန်မှန်မစားဖြစ်တာတွေ၊ တစ်ခါတလေဆို စားဖို့တောင် မေ့သွားတာတွေ မကြာခဏ ဖြစ်ခဲ့တယ်။ အထူးသဖြင့် မန်နေဂျာ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေက အရေးကြီးကိစ္စတစ်ခုကို ကိုင်တွယ်ဖို့ ကျွန်မကို လိုအပ်လာတဲ့အခါမျိုးတွေမှာပေါ့၊ ကျွန်မ နေမကောင်းဖြစ်နေရင်တောင် အလုပ်ကို ဆက်လုပ်ခဲ့ရတယ်။ အဲဒီအချိန်က ကျွန်မဟာ ဧဝံဂေလိအမှုဆောင်တစ်ယောက်ပါ။ ဒါပေမဲ့ အလုပ်အရမ်းများတော့ ဧဝံဂေလိတရားကို ဟောဖို့ အချိန်သိပ်မရှိခဲ့ဘူး။ အိမ်ပြန်ရောက်ရင်တောင် အလုပ်လုပ်နေတုန်းပဲ။ ခေါင်းဆောင်က ကျွန်မကို စုဝေးပွဲတွေ ဦးဆောင်ကျင်းပပေးဖို့ တာဝန်ပေးတဲ့အခါ အများအားဖြင့် ကျွန်မ ငြင်းခဲ့တယ်။ ဘာလို့လဲဆိုတော့ ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်သုံးသပ်ဖို့ အချိန်မရှိလို့ပါ။ အဲဒီအပြင် တစ်နေကုန်အလုပ်လုပ်ပြီးသားမို့ ပင်ပန်းနေပြီ၊ စုဝေးပွဲကို ဦးဆောင်ဖို့ ခွန်အားလည်းမရှိတော့ဘဲ အနားပဲယူချင်တော့တယ်။ အဲဒီအချိန်တုန်းက စုဝေးပွဲတွေမှာလည်း ကျွန်မ စိတ်မပါဘူး၊ အများအားဖြင့် အွန်လိုင်းကနေ စုဝေးပွဲတက်ရင်းနဲ့ တစ်ဖက်ကလည်း အလုပ်လုပ်နေခဲ့တယ်။ တစ်ခါတလေဆို စုဝေးပွဲတက်ရင်းတောင် အိပ်ပျော်သွားခဲ့တယ်။ ကျွန်မက ငွေရှာဖို့အပေါ်မှာပဲ အာရုံစိုက်နေခဲ့တော့ ဧဝံဂေလိတရားဟောတဲ့နေရာမှာ အသီးအပွင့်မကောင်းခဲ့ဘူး။ ကျွန်မ စိတ်ထဲမှာ အရမ်းကို အပြစ်ရှိသလို ခံစားခဲ့ရတယ်၊ “အလုပ်အတွက်ဆိုရင် ပင်ပန်းနေရင်တောင်၊ နေမကောင်းရင်တောင် ငါက ဆက်လုပ်ခဲ့တာပဲ။ ဒါပေမဲ့ ကိုယ့်တာဝန်အပေါ်မှာတော့ ဝတ်ကျေတမ်းကျေလုပ်ပြီး စိတ်မပါ့တပါနဲ့ လုပ်နေပါလား” လို့ တွေးမိတယ်။ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိပေမဲ့လည်း ကိုယ့်အမှားကိုယ်တော့ အလွယ်တကူပဲ ခွင့်လွှတ်လိုက်တယ်၊ စိတ်ထဲမှာ ဒီလိုတွေးလိုက်တယ်လေ “ငါက အရောင်းဌာနမှာ လူသစ်ပဲ ရှိသေးတာ၊ ဒီအလုပ်ကို ကျွမ်းကျင်သွားရင် တာဝန်ထမ်းဆောင်ဖို့ အချိန်ပိုရလာမှာပါ” လို့ပေါ့။ ဒါပေမဲ့ အခြေအနေတွေက ကျွန်မထင်သလို ဖြစ်မလာခဲ့ဘူး။ အလုပ်နဲ့ ပိုကျွမ်းဝင်လာလေလေ၊ အလုပ်လုပ်ရတဲ့အချိန်က ပိုကြာလာလေလေပဲ။ အားလပ်ချိန်ပိုရမလာတဲ့အပြင် ပိုလို့တောင် အလုပ်များလာခဲ့တယ်။ ကျွန်မရဲ့စိတ်နှလုံးက ဂနာမငြိမ်ဖြစ်စပြုလာတယ်။ ဘာလို့လဲဆိုတော့ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်ဖို့က ကျွန်မရဲ့ ဝတ္တရားနဲ့ တာဝန်ဖြစ်တယ်၊ ဘုရားသခင်ရဲ့မေတ္တာကို ပြန်ဆပ်ဖို့အတွက် ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်သင့်တယ်ဆိုတာကို ကျွန်မသိလို့ပဲ။ ဒါပေမဲ့ ကျွန်မက ကိုယ့်တာဝန်ကို မဖြည့်ဆည်းခဲ့ဘူး။ တစ်ချိန်တည်းမှာပဲ ကျွန်မ တကယ်ကို ကြောက်လည်းကြောက်လာတယ်။ ဘာလို့လဲဆိုတော့ ကျွန်မက လောကီအရာတွေကိုပဲ အမြဲလိုက်စားနေတော့ ကျွန်မရဲ့စိတ်နှလုံးက ဘုရားသခင်နဲ့ တဖြည်းဖြည်း ပိုပိုပြီး ဝေးကွာသွားလို့ပဲ။ ကိုယ့်တာဝန်မှာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လမ်းပြမှုကိုလည်း မခံစားရတော့ဘူး၊ ဧဝံဂေလိတရားဟောတာကလည်း အသီးအပွင့်မရှိတော့ဘူး။ ကျွန်မ စိတ်နှလုံးထဲကနေ ဘုရားသခင်ဆီကို ဆုတောင်းခဲ့တယ် “အနန္တတန်ခိုးရှင် ဘုရားသခင်၊ အခု သမီးဟာ လမ်းပျောက်နေသလို ခံစားနေရပါတယ်။ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကိုလည်း မခံစားရတော့ဘူး၊ ကိုယ်တော်ရဲ့ လမ်းပြမှုကိုလည်း မခံစားရတော့ပါဘူး။ ကျေးဇူးပြုပြီး သမီးကို ကူညီတော်မူပါ” လို့ပေါ့။
နောက်ပိုင်းမှာ ကျွန်မ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ခဲ့ရတယ်။ “သင်တို့ထဲ၌ အမှားနှင့် အမှန်ကြား ဝေခွဲမရဖြစ်နေသူ များစွာရှိသည် မဟုတ်လော။ အပြုသဘောဆောင်ခြင်းနှင့် အပျက်သဘောဆောင်ခြင်း၊ အဖြူနှင့်အမည်း၊ မိသားစုနှင့် ဘုရားသခင်၊ သားသမီးနှင့် ဘုရားသခင်၊ သဟဇာတကျခြင်းနှင့် ပြိုကွဲခြင်း၊ ကြွယ်ဝခြင်းနှင့် ဆင်းရဲခြင်း၊ အဆင့်အတန်းနှင့် သာမန်ဖြစ်ခြင်း၊ ပံ့ပိုးအားပေးမှုခံရခြင်းနှင့် ငြင်းပယ်ခံရခြင်း စသည်တို့ကြားမှ ရုန်းကန်မှုများအားလုံးတွင် သင်တို့ပြုလုပ်ခဲ့သည့် ရွေးချယ်မှုများနှင့်ပတ်သက်၍ သင်တို့သည် သေချာပေါက် မသိနားမလည်ခြင်း မဟုတ်။ သဟဇာတကျသောမိသားစုနှင့် အိမ်ထောင်ကွဲ မိသားစုအကြားဆိုလျှင် သင်တို့သည် တုံ့ဆိုင်းမနေဘဲ ပထမတစ်ခုကို ရွေးကြသည်၊ စည်းစိမ်ဥစ္စာနှင့် တာဝန်ဝတ္တရား ဆိုလျှင်လည်း ကမ်းခြေသို့ ပြန်ဆိုက် လိုစိတ်ပင် မရှိဘဲ ပထမတစ်ခုကိုသာ ထပ်ရွေးကြသည်၊ ဇိမ်ခံခြင်းနှင့် ဆင်းရဲမှုအကြားဆိုလျှင်လည်း ပထမတစ်ခုကိုသာ ရွေးကြသည်၊ သားသမီးများ၊ ဇနီး၊ ယောက်ျားနှင့် ငါနှင့်အကြားဆိုလျှင်လည်း ပထမတစ်ခုကိုသာ ရွေးကြသည်၊ အယူအဆများနှင့် သမ္မာတရား ဆိုလျှင်လည်း ပထမတစ်ခုကိုသာ ရွေးကြဆဲဖြစ်သည်။ သင်တို့၏ အမျိုးမျိုးသော ဒုစရိုက်အမှုများကို ရင်ဆိုင်ရသည့်အတွက်၊ ငါသည် သင်တို့အပေါ်၌ ယုံကြည်ခြင်း ကင်းမဲ့သွားခဲ့ကာ အလွန်အမင်းပင် အံ့အားသင့်မိလေသည်။ သင်တို့၏ စိတ်နှလုံးများသည် မထင်မှတ်လောက်အောင်ပင် ပျော့ပျောင်းလာနိုင်စွမ်း မရှိချေ။ နှစ်ပေါင်းများစွာ ငါ အသုံးခံခဲ့သည့် ကြီးမားသော အဖိုးအခသည် အံ့အားသင့်စရာ ကောင်းလောက်အောင် သင်တို့၏ စွန့်ပစ်ခြင်းနှင့် ကြိတ်မှိတ်သည်းခံခြင်းမှလွဲ၍ ငါ့အား မည်သည့်အရာမျှ မဆောင်ကြဉ်းပေးခဲ့သော်လည်းသို့သော် တစ်ယောက်ချင်းစီ၏ရှေ့၌ ငါ၏နေ့ရက်ကို အလုံးစုံချခင်းထားပြီး ဖြစ်သည့်အတွက် သင်တို့အပေါ်ထားသော ငါ၏မျှော်လင့်ချက်များမှာ တစ်နေ့ပြီးတစ်နေ့ ပိုကြီးထွားလာ၏။ သို့တိုင်အောင် သင်တို့သည် အမှောင်ထုနှင့် ဆိုးယုတ်သော အရာများကို လိုက်စားနေကြဆဲဖြစ်ကာ ယင်းတို့ကို စွန့်လွှတ်ဖို့ ငြင်းဆန်ကြသည်။ ထိုသို့ဆိုလျှင် သင်တို့၏ ရလဒ်ကား အဘယ်အရာဖြစ်မည်နည်း။ ဤအကြောင်းကို သင်တို့ သေသေချာချာ တွေးကြည့်ဖူးသလော။ အကယ်၍ သင်တို့ကို ထပ်ရွေးခိုင်းပါက သင်တို့၏ရပ်တည်ချက်သည် မည်သို့ဖြစ်လိမ့်မည်နည်း။ ယခင်အတိုင်းပင် ဖြစ်ကြဦးမည်လော။ သင်တို့က ငါ့ကို စိတ်ပျက်မှုနှင့် နာကျင်ဖွယ် ဝမ်းနည်းမှုတို့ကို ထပ်ပေးဦးမည်လော။ သင်တို့၏ နှလုံးသားများသည် ငွေ့ငွေ့လေးသာ နွေးနေဦးမည်လော။ ငါ၏ နှလုံးသားကို နှစ်သိမ့်စေဖို့ရန်အတွက် အဘယ်အရာလုပ်ရမည်ကို သင်တို့ မသိဘဲနေဦးမည်လော။ ယခုအခိုက်အတန့်၌ သင်တို့သည် အဘယ်အရာကို ရွေးချယ်မည်နည်း။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်မည်သူ့ကို သစ္စာစောင့်သိသနည်း) ဘုရားသခင် ဖော်ထုတ်ပြတာက လူတစ်ယောက်ရဲ့ တကယ့်အခြေအနေပါပဲ။ အကြိမ်ပေါင်းများစွာမှာ ကျွန်မတို့ဟာ ဘာကအမှန်၊ ဘာကအမှားလဲ၊ ဘာတွေက အပြုသဘောဆောင်တဲ့အရာ၊ ဘာတွေက အပျက်သဘောဆောင်တဲ့အရာလဲဆိုတာကို သိကြတယ်။ ဒါပေမဲ့ ကျွန်မတို့ဟာ ဒီမှားယွင်းပြီး အပျက်သဘောဆောင်တဲ့အရာတွေကိုပဲ ရွေးချယ်နေတုန်းပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကို လက်ခံခဲ့တဲ့အချိန်ကစပြီး၊ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကိုယ့်တာဝန်ကို ဖြည့်ဆည်းသင့်မှန်း ကျွန်မသိခဲ့တယ်။ ဒါပေမဲ့ တခြားသူတွေရဲ့ အားကျလေးစားမှုကို ခံရဖို့၊ ငွေပိုရဖို့နဲ့ ပိုကောင်းတဲ့ ရုပ်ပစ္စည်းဘဝကို ခံစားနိုင်ဖို့အတွက် တစ်နေကုန် အလုပ်ကြိုးစားလုပ်ပြီး အချိန်နဲ့ခွန်အားတွေ အများကြီးကို ပေးဆပ်ခဲ့တယ်။ ကိုယ့်တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့နဲ့ လုံးဝမထမ်းဆောင်ခဲ့ပါဘူး။ ညဘက် အလုပ်ပြီးတဲ့နောက်မှာ ကိုယ့်တာဝန်အတွက် အချိန်ပေးသင့်ပေမဲ့ ကျွန်မစိတ်ထဲမှာ တွေးနေခဲ့တာအားလုံးက ငွေပိုဘယ်လိုရှာရမလဲ ဆိုတာချည်းပဲ၊ ဧဝံဂေလိတရားဟောဖို့ ဒါမှမဟုတ် တာဝန်ထမ်းဆောင်ဖို့ စိတ်မရှိတော့ဘူး။ ကျွန်မထင်တာကတော့ ကိုယ်တာဝန်ကို ထမ်းဆောင်နေသရွေ့ ဒါနဲ့တင် လုံလောက်ပြီပေါ့၊ တာဝန်က အသီးအပွင့်ရှိရဲ့လားဆိုတာကို လုံးဝဂရုမစိုက်ခဲ့ဘူး။ ကိုယ့်တာဝန်အပေါ်မှာ ကျွန်မက တကယ်ကို မထီမဲ့မြင်ပြုတဲ့ သဘောထားရှိခဲ့မှန်း မြင်ခဲ့ရတယ်။ ကျွန်မက ဘုရားသခင်ကို ယုံကြည်ခဲ့ပေမဲ့ ကိုယ်တော့်နောက်ကို အမှန်တကယ် မလိုက်နိုင်ခဲ့ဘဲ လောကီအရာတွေကိုပဲ ရွေးချယ်ပြီး ဘာသာတရားမရှိသူရဲ့ လမ်းစဉ်အတိုင်း လျှောက်လှမ်းနေတုန်းပဲ။ ဘုရားသခင်က ကျွန်မကို တာဝန်ထမ်းဆောင်ဖို့ အခွင့်အရေးပေးနေတုန်းမှာ ဒီအခွင့်အရေးကို ဆုပ်ကိုင်ပြီး တန်ဖိုးထားသင့်တယ်၊ ပြီးတော့ ကိုယ့်ရဲ့အချိန်နဲ့ခွန်အားကို သမ္မာတရားကို လိုက်စားပြီး တာဝန်ကို ဖြည့်ဆည်းတဲ့အပေါ်မှာပဲ အာရုံစိုက်သင့်တယ်။ ဒါကမှ တန်ဖိုးအရှိဆုံးနဲ့ အဓိပ္ပာယ်အရှိဆုံးအရာပဲလေ။ အဲဒီအချိန်ကစပြီး ကျွန်မဟာ စုဝေးပွဲတွေကို တက်တက်ကြွကြွ စပြီးတက်ခဲ့တယ်၊ အလုပ်များတာကြောင့် ကိုယ့်တာဝန်ကို ထိခိုက်စေတာမျိုး မဖြစ်စေတော့ဘူး။ အရင်ကဆို အိမ်ပြန်ရောက်ရင် အချိန်ပိုတွေဆင်းတယ်၊ ည ၁၁ နာရီမှာတောင် အလုပ်ဖုန်းတွေ လက်ခံဖြေဆိုခဲ့ပေမဲ့ အခုတော့ ည ၈ နာရီနောက်ပိုင်းမှာ ဘယ်အလုပ်ဖုန်းမှ မကိုင်တော့သလို၊ စာတွေကိုလည်း မစစ်တော့ဘူး။ နောက်ပြီး အရင်က ကျွန်မ ဆုတောင်းတာ ရှားတယ်၊ ဝတ်ပြုကိုးကွယ်ခြင်းကိုလည်း ပုံမှန်မလုပ်ခဲ့ဘူး။ အခုတော့ မနက်စောစောထပြီး ဘုရားနှုတ်ကပတ်တော်တွေဖတ်တယ်၊ ဓမ္မတေးတွေနားထောင်တယ်၊ ပြီးတော့ အတွေ့အကြုံသက်သေခံချက် ဗီဒီယိုတွေ ကြည့်တယ်။ ကိုယ့်ရဲ့နားရက်မနက်မှာ ဧဝံဂေလိ လက်ခံနိုင်ခြေရှိသူတွေကို စုဝေးပွဲတက်ဖို့ ဖိတ်ခေါ်တယ်၊ နေ့လယ်ဘက်တွေမှာတော့ သူတို့နဲ့အတူ စုဝေးပွဲလုပ်တယ်။ အလုပ်မှာ အားလပ်ချိန်ရရင်တောင် ကိုယ့်တာဝန်ကို မြန်မြန်ထမ်းဆောင်ဖြစ်ခဲ့တယ်။ ဒီလိုကျင့်ကြံရင်းနဲ့ ကျွန်မရဲ့စိတ်နှလုံးထဲမှာ ငြိမ်သက်ခြင်းနဲ့ ပျော်ရွှင်ခြင်းကို ခံစားခဲ့ရတယ်။
မကြာခင်မှာပဲ သူငယ်ချင်းတစ်ယောက်က ရင်းနှီးမြှုပ်နှံမှုတစ်ခုမှာ ပါဝင်ဖို့ ကျွန်မကို ဖိတ်ခေါ်တယ်။ သူက အဲဒီရင်းနှီးမြှုပ်နှံမှုမှာ ပါဝင်လိုက်ရင် ငွေအများကြီးရှာနိုင်မယ်၊ ကားဝယ်နိုင်ရုံတင်မကဘဲ အိမ်ပါဆောက်နိုင်မယ်၊ တခြားနိုင်ငံတွေကိုတောင် ခရီးသွားနိုင်မယ်လို့ ကတိပေးခဲ့တယ်။ ဒါတွေအားလုံးက ကျွန်မရဲ့ အိပ်မက်တွေချည်းပဲလေ။ ကျွန်မစိတ်ထဲမှာ တွေးလိုက်တယ် “ရင်းနှီးမြှုပ်နှံမှုဆိုတာက ပိုက်ဆံထည့်လိုက်ရုံပဲ၊ လတိုင်း အမြတ်ငွေရမှာဆိုတော့ ကိုယ့်တာဝန်ကို ထိခိုက်မှာမဟုတ်ပါဘူး” လို့ပေါ့။ ဒီလိုနဲ့ ကျွန်မအစ်မနဲ့ ကျွန်မက ပီဆိုငါးသိန်းသုံးပြီးတော့ အဲဒီရင်းနှီးမြှုပ်နှံမှုမှာ ပါဝင်လိုက်တယ်။ ရင်းနှီးမြှုပ်နှံပြီး ပထမနှစ်လမှာတော့ အမြတ်ငွေတွေ ရခဲ့ပေမဲ့ တတိယလရောက်တော့ သူတို့က အမြတ်ငွေ မပေးတော့ဘူး။ ဒီတော့ ကျွန်မတို့ ပိုက်ဆံပြန်တောင်းတော့ သူတို့က အကြောင်းပြချက်အမျိုးမျိုးပေးပြီး ငြင်းခဲ့တယ်။ ကျွန်မ အရမ်းဒေါသထွက်ခဲ့တယ်။ အရင်းကို ပြန်လိုချင်တယ်၊ ဒါပေမဲ့ ဘယ်လောက်ပဲကြိုးစားကြိုးစား ပြန်မရခဲ့ဘူး။ ကျွန်မ အရမ်းဝမ်းနည်းသွားတယ်၊ ဘာလို့လဲဆိုတော့ ဒါက အိမ်ပြန်ပြီး အိမ်ဆောက်ဖို့ သီးသန့်ဖယ်ထားတဲ့ ပိုက်ဆံဖြစ်နေလို့ပဲ။ ရင်းနှီးမြှုပ်နှံမှုမှာ ဆုံးရှုံးသွားတဲ့ပိုက်ဆံကို မြန်မြန်ပြန်ရှာနိုင်မယ့် နည်းလမ်းတစ်ခုကိုပဲ ကျွန်မ ရှာချင်နေခဲ့တယ်။ ဒါနဲ့ ကျွန်မ အလုပ်ကို ပိုပြီးကြိုးစားလုပ်တယ်၊ မကြာခဏ အချိန်ပိုတွေဆင်းခဲ့တယ်။ ဒါပေမဲ့ ကုမ္ပဏီဖွဲ့စည်းပုံအပြောင်းအလဲကြောင့် ကျွန်မရဲ့လစာက နောက်ကျပြီးမှ ထုတ်ပေးခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်မလက်ထဲမှာ ပိုက်ဆံသိပ်မကျန်တော့ဘဲ အိမ်ငှားခပေးဖို့နဲ့ အစားအသောက်ဝယ်ဖို့တောင် ပြဿနာဖြစ်လာခဲ့တယ်။ ဒီကိစ္စတွေက ကျွန်မရဲ့စိတ်နှလုံးကို လွှမ်းမိုးထားတော့ ကိုယ့်တာဝန်ကို ထမ်းဆောင်တဲ့နေရာမှာ ကျွန်မ နောက်တစ်ကြိမ် စိတ်မပါ့တပါနဲ့ ဝတ်ကျေတမ်းကျေ ဖြစ်လာပြန်ရော။ ဧဝံဂေလိ လက်ခံနိုင်ခြေရှိသူတွေကို စုဝေးပွဲတက်ဖို့ ဖိတ်ခေါ်ရုံပဲဖိတ်ခေါ်ပြီး သူတို့ရဲ့ပြဿနာတွေကို တကယ်နားလည်အောင်လုပ်ပေးတာ၊ ဖြေရှင်းပေးတာတွေ မလုပ်ခဲ့ဘူး။ ဒီအတိုင်းသာ ဆက်သွားနေရင် ကိုယ့်ရဲ့အခြေအနေက ပိုပိုပြီးဆိုးလာမှာပဲ၊ နောက်ဆုံးမှာ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကို ဆုံးရှုံးပြီး ဘုရားသခင်ရဲ့ စွန့်ပစ်တာကို ခံရနိုင်တယ်ဆိုတာကို ကျွန်မ သဘောပေါက်လာတယ်။ ဒါနဲ့ ကျွန်မ ဘုရားသခင်ဆီကို ဆုတောင်းခဲ့တယ် “အို ဘုရားသခင်၊ ဒီသုံးလလုံးလုံးမှာ သမီးက ကိုယ့်တာဝန်ထက် ကိုယ့်ရဲ့ကိုယ်ပိုင်အလုပ်ကိုပဲ ဦးစားပေးခဲ့မိပါတယ်။ သမီးရဲ့စိတ်နှလုံးက ငွေပိုရှာဖို့နဲ့ ရင်းနှီးမြှုပ်နှံထားတဲ့ငွေကို ဘယ်လိုပြန်ရမလဲဆိုတာတွေနဲ့ပဲ လုံးလုံးပြည့်နေခဲ့ပါတယ်။ အို ဘုရားသခင်၊ ကျေးဇူးပြုပြီး သမီးကို စွန့်မပစ်ပါနဲ့။ သမီးကို ဉာဏ်အလင်းပေးပြီး ကိုယ်တော့်ရဲ့အနားကို၊ မှန်ကန်တဲ့လမ်းခရီးပေါ်ကို ပြန်ရောက်အောင် လမ်းပြတော်မူပါ။ သမီးရဲ့စိတ်ကို နှောင့်ယှက်ပြီး ကိုယ်တော်နဲ့ဝေးကွာစေတဲ့အရာတွေကို သမီး စွန့်လွှတ်ချင်ပါတယ်” လို့ပေါ့။
ဒီနောက်မှာတော့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့ရတယ်။ “လူ၏ကံကြမ္မာကို ဘုရားသခင်၏လက်များက ထိန်းချုပ်ထား၏။ သင်သည် မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း မရှိပေ။ လူသည် သူ၏အကျိုးအတွက် အမြဲပြေးလွှားကာ အလုပ်ရှုပ်နေသော်လည်း၊ မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း မရှိမြဲဖြစ်လေသည်။ သင်သည် သင်ကိုယ်တိုင်၏အလားအလာများကို သိနိုင်မည်ဆိုပါက၊ သင်၏ကံကြမ္မာကို ထိန်းချုပ်နိုင်မည်ဆိုပါက၊ သင်သည် အဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်ဦးမည်လော။ တိုတိုပြောရလျှင်၊ ဘုရားသခင်သည် မည်သို့ အမှုပြုသည်ကို ပဓာနမထားဘဲ၊ သူ၏အမှုအားလုံးသည် လူသားအတွက်ဖြစ်၏။ ဥပမာအားဖြင့်၊ လူသားကို အလုပ်အကျွေးပြုရန် ဘုရားသခင် ဖန်ဆင်းခဲ့သည့် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ကြည့်လော့။ လူသားအတွက် သူဖန်ဆင်းခဲ့သည့် လ၊ နေနှင့် ကြယ်များ၊ တိရစ္ဆာန်များနှင့် အပင်များ၊ နွေဦးရာသီ၊ နွေရာသီ၊ ဆောင်းဦးရာသီနှင့် ဆောင်းရာသီ စသည်တို့ အားလုံးသည် လူသား၏ဖြစ်တည်မှုအတွက် ဖန်တီးထားခြင်း ဖြစ်၏။ ထို့ကြောင့်၊ ဘုရားသခင်သည် လူကို မည်သို့ ပြစ်တင်ဆုံးမကာ တရားစီရင်သည်ဖြစ်စေ၊ အားလုံးသည် လူ၏ ကယ်တင်ခြင်းအတွက်သာ ဖြစ်၏။ သူသည် လူသားထံမှ ၎င်း၏ ဇာတိဆန်သည့် မျှော်လင့်ချက်များကို ဖယ်ရှားပစ်သော်လည်း၊ ယင်းသည် လူသားကို သန့်စင်စေခြင်းအတွက်ဖြစ်ပြီး လူ ရှင်သန်နိုင်ဖို့အလို့ငှာ လူကိုသန့်စင်ခြင်းကို လုပ်ဆောင်ခြင်း ဖြစ်သည်။ လူ၏ ခရီးပန်းတိုင်သည် ဖန်ဆင်းရှင်၏ လက်ထဲတွင်ရှိ၏၊ ထို့ကြောင့် လူသည် မိမိကိုယ်ကိုယ် မည်သို့ ထိန်းချုပ်နိုင်မည်နည်း။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း) ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့် ကျွန်မနားလည်လာတာက လူတစ်ယောက်ရဲ့ ကံကြမ္မာဟာ ဘုရားသခင်ရဲ့ လက်ထဲမှာ ရှိပြီး လူတွေက ကိုယ့်ကံကြမ္မာကိုယ် မပြောင်းလဲနိုင်ဘူး ဆိုတာပါပဲ။ လူတွေက ကိုယ့်ရဲ့ပန်းတိုင်ကိုရောက်ဖို့ ဘယ်လောက်ပဲ ကြိုးစားပမ်းစား အလုပ်လုပ်လုပ်၊ သက်သောင့်သက်သာနဲ့ လှပတဲ့ဘဝကို ဘယ်လောက်ပဲ တောင့်တနေပါစေ၊ အဲဒါကို ရရှိမလား၊ မရရှိဘူးလားဆိုတာက သူတို့အပေါ်မှာ မူမတည်ပါဘူး။ ကျွန်မကိစ္စမှာလိုပဲပေါ့။ အလုပ်ပြောင်းပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ခြင်းအားဖြင့် ငွေပိုရှာပြီး ကိုယ့်အိပ်မက်တွေကို အကောင်အထည်ဖော်ချင်တယ်၊ တောက်ပတဲ့အနာဂတ်ကို ပိုင်ဆိုင်ချင်ခဲ့တယ်။ ဒါပေမဲ့ ငွေပိုမရှာနိုင်ခဲ့တဲ့အပြင် ရင်းနှီးမြှုပ်နှံမှုက ရှုံးပြီး ငွေအများကြီး ဆုံးရှုံးခဲ့တယ်၊ အချိန်နဲ့ခွန်အားတွေ အများကြီးကိုလည်း အလဟဿ ဖြုန်းတီးမိခဲ့တယ်။ ကိုယ့်တာဝန်ကိုလည်း ကောင်းကောင်းမဖြည့်ဆည်းနိုင်ခဲ့ဘဲ ကျွန်မရဲ့ဘဝက ပိုလို့တောင် ဆိုးရွားလာခဲ့တယ်။ ဒါက ကျွန်မကို နားလည်စေခဲ့တာကတော့ လူတစ်ယောက်ဟာ ချမ်းသာမလား၊ ဆင်းရဲမလားဆိုတာက သူတို့မမွေးဖွားခင်ကတည်းက ကြိုတင်သတ်မှတ်ထားပြီးသား ဆိုတာပါပဲ။ ဘုရားသခင်က ကျွန်မရဲ့ကံကြမ္မာထဲမှာ ချမ်းသာကြွယ်ဝမှုကို မသတ်မှတ်ထားဘူးဆိုရင် ကျွန်မဘယ်လောက်ပဲ ငွေရှာဖို့ ကြိုးစားလုပ်ဆောင်ပါစေ၊ နောက်ဆုံးမှာ ရှုံးနိမ့်မှုနဲ့ပဲ အဆုံးသတ်မှာပါပဲ။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ထပ်ဖတ်ရင်းနဲ့ ကိုယ့်ရဲ့ပြဿနာတွေအပေါ် ပိုပြီး ရှင်းရှင်းလင်းလင်း သိမြင်လာခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “‘ငွေက ကမ္ဘာကို လည်ပတ်စေသည်’ ဆိုသည်မှာ စာတန်၏ အတွေးအခေါ်တစ်ခုဖြစ်သည်။ ယင်းသည် လူသားမျိုးနွယ် တစ်ခုလုံးအကြား၊ လူ့အသိုင်းအဝိုင်းတိုင်းတွင် ပျံ့နှံ့လေသည်။ ၎င်းကို ခေတ်ရေစီးကြောင်းတစ်ခု ဖြစ်သည်ဟု သင်ပြောနိုင်သည်။ ဤသည်မှာ ယင်းသည် ကနဦးက ဤဆိုရိုးစကားကို လက်မခံခဲ့ကြသော်လည်း ထို့နောက် လက်တွေ့ဘဝနှင့် ထိတွေ့လာရချိန်တွင် ထိုဆိုရိုးစကားကို သိသိသာသာ လက်ခံကြပြီး ဤစကားများက ဧကန်အမှန် မှန်ကန်သည်ဟု စတင်ခံစားကြရသည့် လူတစ်ဦးစီတိုင်း၏ စိတ်နှလုံးထဲ သွတ်သွင်းခံရသောကြောင့်ဖြစ်သည်။ ဤသည်မှာ စာတန်က လူသားကို ဖောက်ပြန်ပျက်စီးစေခြင်း ဖြစ်စဉ် မဟုတ်လော။ လူတို့သည် ဤဆိုရိုးစကားကို တူညီသည့်အတိုင်းအတာဖြင့် နားလည်ကောင်း နားလည်မည်မဟုတ်သော်လည်း၊ အယောက်တိုင်းသည် အနီးတစ်ဝိုက်တွင် ဖြစ်နေသည့် အရာများနှင့် ၎င်းတို့၏ ပုဂ္ဂိုလ်ရေး အတွေ့အကြုံများကို အခြေခံပြီး၊ ဤဆိုရိုးစကား နှင့်ဆိုင်သော မတူကွဲပြားသည့် အနက်ပြန်ခြင်းနှင့် သိမှတ်မှု အတိုင်းအတာများ ရှိကြသည်။ ယင်းမှာ မှန်၏လော။ တစ်စုံတစ်ယောက်သည် ဤဆိုရိုးစကားနှင့် သက်ဆိုင်သော အတွေ့အကြုံမည်မျှရှိပါစေ၊ တစ်စုံတစ်ယောက်၏ စိတ်နှလုံးသား အပေါ် မည်သည့် အပျက်သဘောဆောင်သော သက်ရောက်မှု ရှိနိုင်သနည်း။ သင်တို့ အယောက်စီတိုင်းအပါအဝင် ဤလောက ထဲက လူတို့၏ လူသား စိတ်သဘောထားမှတစ်ဆင့် တစ်စုံတစ်ခု ထုတ်ဖော်ပြခံရသည်။ ယင်းက မည်သည့်အရာနည်း။ ယင်းသည် ငွေကို ကိုးကွယ်ခြင်းဖြစ်သည်။ ယင်းကို တစ်စုံတစ်ယောက်၏ စိတ်နှလုံးသားထဲမှ ဖယ်ရှားဖို့ ခက်ခဲသလော။ အင်မတန် ခက်ခဲသည်။ လူသားနှင့်ဆိုင်သော စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းသည် ဧကန်အမှန် အလွန် နက်ရှိုင်း၏။ စာတန်သည် လူများကို စုံစမ်းသွေးဆောင်ဖို့ ငွေကို အသုံးပြုပြီး လူတို့အား ငွေကို ကိုးကွယ်အောင်နှင့် ရုပ်ဝတ္ထုပစ္စည်းများကို အမွန်အမြတ်ထားအောင် ဖောက်ပြန်ပျက်စီးစေသည်။ ဤငွေကို ကိုးကွယ်ခြင်းသည် လူတို့၌ မည်သို့ပေါ်လွင်သနည်း။ ဤလောကတွင် ငွေတစ်ခုတစ်လေမျှမရှိဘဲ အသက်ရှင်မနေနိုင်၊ ငွေမရှိဘဲ တစ်ရက်မျှပင် မဖြစ်နိုင်ဟု သင်တို့ခံစားသလော။ လူတို့၏ အဆင့်အတန်းသည် ၎င်းတို့ ခံယူသည့် လေးစားမှုကဲ့သို့ ငွေမည်မျှရှိသည်ဆိုသည့်အပေါ် အခြေခံနေသည်။ ဆင်းရဲသားတို့၏ နောက်ကျောသည် အရှက်တရားတို့ဖြင့် ကွေးညွှတ်နေစဉ်၊ လူချမ်းသာတို့သည် ၎င်းတို့၏ မြင့်မားသည့် အဆင့်အတန်းကို သာယာ နေကြသည်။ သူတို့သည် ရဲရင့်ပြီး မော်ကြွားကြသည်၊ ကျယ်လောင်စွာ စကားပြောကြပြီး၊ မာန်မာနထောင်လွှားစွာ နေထိုင်ကြသည်။ ဤဆိုရိုးစကားနှင့် ခေတ်ရေစီးကြောင်းသည် လူသားတို့အား အဘယ်အရာကို ယူဆောင်လာပေးသနည်း။ ငွေကို လိုက်စားရှာဖွေရာတွင် မည်သည့်စွန့်လွှတ်မှုကိုမဆို လူများစွာက ပြုကြသည်မှာ မှန်သည်မဟုတ်လော။ လူတို့သည် ငွေကို ပိုမိုလိုက်စား ရှာဖွေရာတွင် ၎င်းတို့၏ ဂုဏ်သိက္ခာနှင့် သမာဓိတို့ကို မစွန့်လွှတ်သလော။ ငွေကြေးအတွက် များစွာသော လူတို့သည် မိမိတို့၏တာဝန်များကို ထမ်းဆောင်ရန်နှင့် ဘုရားသခင်နောက်လိုက်ရန် အခွင့်အရေးကို ဆုံးရှုံးကြသည် မဟုတ်လော။ သမ္မာတရားကို ရရှိကာ ကယ်တင်ခံရမည့် အခွင့်အရေးကို ဆုံးရှုံးခြင်းသည် ဆုံးရှုံးမှုများ အားလုံးထဲတွင် လူတို့အတွက် အကြီးမားဆုံးသော ဆုံးရှုံးမှုကြီးဖြစ်သည် မဟုတ်သလော။ စာတန်သည် ဤနည်းလမ်းနှင့် ဤဆိုရိုးစကားကို ထိုသို့သော အတိုင်းအတာတစ်ခုထိ အသုံးပြုသည်မှာ အန္တရာယ်ပြုမည့် လက္ခဏာ မဟုတ်သလော။ ဤသည်မှာ မလိုမုန်းထားသည့် လှည့်ကွက်တစ်ခု မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၅)) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မသိလာတာက “ငွေကြေးသည် ကမ္ဘာကို လည်ပတ်စေသည်” ဆိုတာဟာ စာတန်ရဲ့ အတွေးအခေါ်တစ်ခု ဆိုတာပါပဲ။ အစပိုင်းမှာတော့ ဒီစကားအပေါ်မှာ ကျွန်မမှာ ပိုင်းခြားသိမြင်မှု မရှိခဲ့ဘူး၊ ကျွန်မသိခဲ့တာက ငွေမရှိရင် လူတွေက ဘဝကောင်းကောင်းနဲ့ မနေနိုင်ဘူး၊ ကိုယ်လိုချင်တာကို မရနိုင်ဘူး ဆိုတာပဲ။ အခု စဉ်းစားကြည့်တော့ ဒါဟာ လူတွေကို ဖောက်ပြန်ပျက်စီးစေဖို့ စာတန်အသုံးပြုတဲ့ နည်းလမ်းတစ်ခုဆိုတာ အမှန်ပါပဲ။ စာတန်ဟာ ငွေကြေးကနေတစ်ဆင့် လူတွေကို ဖောက်ပြန်ပျက်စီးစေပြီး သွေးဆောင်ဖြားယောင်းတယ်၊ ငွေရှိမှသာ သူများရဲ့လေးစားမှုကို ခံရမယ်၊ လူ့အသိုင်းအဝိုင်းမှာ နေရာတစ်နေရာရပြီး အထင်ကြီးခံရမယ်လို့ သူတို့ကို ယုံကြည်လာအောင် လုပ်တယ်။ ကျွန်မက ဒီစာတန်ရဲ့ အတွေးအခေါ်တွေအတိုင်း အသက်ရှင်ခဲ့ပြီး ငွေရှာဖို့ တောင့်တတဲ့စိတ်နဲ့ ပြည့်နေခဲ့တယ်။ လစဉ်ပုံသေဝင်ငွေနဲ့ မကျေနပ်နိုင်တော့ ရင်းနှီးမြှုပ်နှံမှုထဲကို ဝင်လုပ်ခဲ့တယ်။ ဒီလိုနည်းနဲ့ ငွေပိုရှာပြီး ကိုယ့်ဘဝရဲ့အိပ်မက်တွေဖြစ်တဲ့ အိမ်ဆောက်တာ၊ မိသားစုနဲ့အတူ ခရီးသွားတာ၊ တခြားသူတွေ မော့ကြည့်ပြီး အားကျလေးစားရတဲ့ဘဝမျိုးနဲ့ နေထိုင်တာတွေကို အကောင်အထည်ဖော်နိုင်မယ်လို့ ကျွန်မထင်ခဲ့တယ်။ ငွေကြေးနဲ့ ရုပ်ပစ္စည်းဆိုင်ရာ သာယာမှုကို လိုက်စားဖို့အတွက် ကျွန်မဟာ ကိုယ့်တာဝန်ကို အကြိမ်ကြိမ် ဘေးဖယ်ထားခဲ့ပြီး ကျွန်မရဲ့စိတ်နှလုံးက ဘုရားသခင်နဲ့ တဖြည်းဖြည်း ပိုပိုပြီး ဝေးကွာသွားခဲ့တယ်။ အမှောင်ထုထဲမှာ အသက်ရှင်ခဲ့ပြီး သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကို မခံစားနိုင်ခဲ့ဘူး။ အခုတော့ စာတန်ရဲ့ အကြံအစည်တွေနဲ့ ပရိယာယ်တွေကို ကျွန်မ ရှင်းရှင်းလင်းလင်း မြင်လာပြီ။ အဲဒါကတော့ လူတွေကို ငွေကြေးရဲ့ ကျော့ကွင်းထဲမှာ ပိတ်မိစေပြီး သူတို့ရဲ့စိတ်နှလုံးတွေကို ဘုရားသခင်ဆီကနေ လမ်းလွဲစေတယ်၊ ကိုယ်တော့်ကို သစ္စာဖောက်စေတယ်၊ နောက်ဆုံးမှာတော့ သူနဲ့အတူ ငရဲထဲကို ချပစ်ခြင်းခံရတဲ့အထိပါပဲ။ ချမ်းသာတဲ့လူအများကြီးကိုလည်း ကျွန်မ တွေ့ခဲ့ရတယ်။ သူတို့က သာယာချမ်းမြေ့တဲ့ဘဝနဲ့ နေထိုင်ပြီး သူတို့လိုချင်တာမှန်သမျှကို ဝယ်နိုင်ကြတယ်၊ ဥပမာ လှပတဲ့အိမ်တွေ၊ ဈေးကြီးတဲ့ကားတွေ စတာတွေလိုမျိုးပေါ့၊ အပေါ်ယံကြည့်ရင်တော့ ပူပင်သောကကင်းတဲ့ဘဝနဲ့ နေထိုင်နေပုံရပေမဲ့ တကယ်တမ်းမှာ သူတို့ မပျော်ကြဘူး။ တချို့ဆိုရင် ကာလရှည်ကြာ အရက်သောက်တာ၊ မူးယစ်ဆေးသုံးတာတွေကြောင့် ဖြစ်ရတဲ့ ဆိုးရွားတဲ့ရောဂါတွေနဲ့ သေဆုံးကြရတယ်၊ ဘယ်လောက်ပဲ ချမ်းသာကြွယ်ဝမှုတွေ၊ အဆင့်အတန်းတွေ ရှိနေပါစေ သူတို့အသက်ကို မကယ်နိုင်ခဲ့ဘူး။ တချို့က နှစ်ပေါင်းများစွာ ကြိုးစားပမ်းစားလုပ်ပြီး သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေကို တည်ထောင်ခဲ့ပေမဲ့ နောက်ဆုံးမှာ ဒေဝါလီခံလိုက်ရပြီး အကြွေးတွေတင်ကျန်ခဲ့တယ်။ တချို့လူတွေက ဖိအားကိုမခံနိုင်ဘဲ ကာလရှည် စိတ်ကျရောဂါဖြစ်ပြီး နောက်ဆုံးမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားကြတယ်။ ဒီလိုဥပမာတွေ အများကြီးပါပဲ။ စာတန်က ငွေကြေးနဲ့ သာယာချမ်းမြေ့တဲ့ဘဝတွေကိုသုံးပြီး လူတွေကို သွေးဆောင်ဖြားယောင်းတယ်၊ လူတွေကို ပိုပိုပြီး ဟာလာဟင်းလင်းဖြစ်တဲ့၊ ဆိုးညစ်ပြီး ယုတ်ညံ့တဲ့ဘဝတွေနဲ့ အသက်ရှင်နေထိုင်စေတယ်။ ဒါကို သဘောပေါက်သွားပြီးတဲ့နောက်မှာ ရင်းနှီးမြှုပ်နှံထားတဲ့ငွေကို ဘယ်လိုပြန်ရမလဲဆိုတာကို ကျွန်မ မစဉ်းစားတော့ဘူး၊ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်မှုတွေကို ကျိုးနွံနာခံပြီး ကိုယ့်ရဲ့စိတ်နှလုံးကို တာဝန်ထဲမှာ နှစ်မြှုပ်ဖို့ ဆန္ဒရှိလာတယ်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့မှာ ကျွန်မတို့ကုမ္ပဏီကို မန်နေဂျာအသစ်တစ်ယောက် ပြောင်းလာပြီး ကျွန်မရဲ့အလုပ်ဝန်က တိုးလာခဲ့တယ်။ မူလအလုပ်အပြင် သူ့ရဲ့အတွင်းရေးမှူးလည်း ဖြစ်လာခဲ့တယ်။ ဒါက ကျွန်မကို ပိုပြီးအလုပ်များစေခဲ့ပြီး အလုပ်အတွက် တစ်နေ့ ၂၄ နာရီလုံးလုံးနီးပါး အသင့်အနေအထားမှာ ရှိနေခဲ့ရတယ်။ ဒါပေမဲ့ ဒီတစ်ခါတော့ ဘာပဲဖြစ်ဖြစ်၊ ဒါက ကိုယ့်တာဝန်ကို ထိခိုက်စေလို့မဖြစ်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် ပြောခဲ့တယ်။ နောက်ပိုင်းမှာ အသင်းတော်ရဲ့ ကြီးကြပ်ရေးမှူးတစ်ယောက်က ဧဝံဂေလိတရားဟောပြောပြီး သက်သေခံဖို့ လေ့ကျင့်ချင်စိတ်ရှိလားလို့ မေးတော့ ကျွန်မ သဘောတူခဲ့တယ်။ ကျွန်မ တကယ်ကို ဝမ်းမြောက်ခဲ့ပြီး ဒါဟာ ဘုရားသခင်က ကျွန်မကို ပေးတဲ့အခွင့်အရေးတစ်ခုလို့ ခံစားခဲ့ရတယ်။ ကျွန်မ ဘုရားသခင်ကို ယုံကြည်တာ ဒီလောက်ကြာနေပြီ၊ ဒါပေမဲ့ ငွေနောက်ကိုပဲ အမြဲလိုက်ခဲ့ပြီး ကိုယ့်တာဝန်ကို ကောင်းကောင်းမထမ်းဆောင်ခဲ့ဘူး၊ ဒီတော့ ဒီတစ်ခါတော့ ဒီအခွင့်အရေးကို တကယ်တန်ဖိုးထားရမယ်။ အဲဒီအချိန်ကစပြီး ဧဝံဂေလိတရားဟောတဲ့အပေါ်မှာ အချိန်ပိုပေးခဲ့တယ်။ ဒါပေမဲ့ ကျွန်မအလုပ်က ပိုပိုပြီးများလာတယ်၊ ညဘက် အလုပ်ကနေ အိမ်ပြန်ရောက်ရင်တောင် နားလို့မရဘူး။ မန်နေဂျာက မကြာခဏဆိုသလို ဖုန်းခေါ်တာ၊ စာပို့တာတွေတောင် လုပ်သေးတယ်။ တစ်ခါတလေ ကျွန်မက ဧဝံဂေလိ လက်ခံနိုင်ခြေရှိသူတစ်ယောက်နဲ့ မိတ်သဟာယဖွဲ့နေတုန်းမှာ မန်နေဂျာ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေက ဖုန်းခေါ်လာတတ်တယ်၊ အဲဒါက ကျွန်မစိတ်ကို မငြိမ်သက်နိုင်အောင် လုပ်ခဲ့တယ်။ ဒါပေမဲ့ ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့အခွင့်အရေးကို နောက်တစ်ခါ ထပ်မဆုံးရှုံးချင်တော့ဘူး၊ ဒါနဲ့ ကျွန်မကို လမ်းပြဖို့နဲ့ စာတန်ရဲ့ ချည်နှောင်မှုတွေကနေ ရုန်းထွက်လွတ်မြောက်ဖို့ ခွန်အားပေးဖို့ ဘုရားသခင်ဆီကို ကျွန်မ ဆုတောင်းခဲ့တယ်။ သခင်ယေရှုရဲ့ နှုတ်ကပတ်တော်ကို ကျွန်မ သတိရလိုက်တယ်။ “လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့်ရွေးနိုင်သနည်း။” (ရှင်မဿဲခရစ်ဝင် ၁၆:၂၆) သခင်ရဲ့နှုတ်ကပတ်တော်တွေကနေ ကျွန်မနားလည်လာတာက ကျွန်မသာ ချမ်းသာကြွယ်ဝမှုတွေ အများကြီးရခဲ့ရင်တောင်၊ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကိုပါ ရခဲ့ရင်တောင်၊ ကျွန်မမှာ ဘုရားသခင်ရဲ့ ကာကွယ်စောင့်ရှောက်မှုမရှိဘူး၊ သမ္မာတရားနဲ့အသက်ကိုလည်း မရရှိခဲ့ဘူးဆိုရင် နောက်ဆုံးမှာ ကျွန်မရဲ့အဆုံးသတ်က ပျက်စီးခြင်းပဲ ဖြစ်နေဦးမှာပဲ။ ဒီလောကမှာ ချမ်းသာတဲ့လူအများကြီးက ရုပ်ပစ္စည်းကြွယ်ဝမှုတွေ အလျှံပယ်ရှိကြတယ်၊ ဒါပေမဲ့ ကပ်ဘေးတွေကျရောက်လာတဲ့အခါ သူတို့ရဲ့ငွေက သူတို့ကို လုံးဝကယ်တင်နိုင်မှာမဟုတ်ဘူး၊ သူတို့ကံကြမ္မာပါရင် သေသင့်ရင် သေရမှာပဲ။ ကပ်ဘေးတွေရှေ့မှာ ငွေကြေးနဲ့ အဆင့်အတန်းက အသုံးမဝင်ဘူး။ ပြီးတော့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့ရတယ်။ “ဤအခြေအနေမှ မိမိကိုယ်ကို လွတ်မြောက်စေရန် အလွယ်ကူဆုံးနည်းလမ်းမှာ မိမိ၏ ယခင် အသက်ရှင်နေထိုင်ပုံကို ကျောခိုင်းရန်၊ မိမိ၏ ယခင် ဘဝရည်မှန်းချက်များကို ကျောခိုင်းရန်၊ မိမိ၏ ယခင် အသက်ရှင်နေထိုင်ပုံ၊ ဘဝအမြင်၊ လိုက်စားမှုများ၊ လိုအင်ဆန္ဒများနှင့် ရည်သန်မျှော်မှန်းချက်များကို အကျဉ်းရုံးသုံးသပ်ကာ စိစစ်ပြီး ထို့နောက် ယင်းတို့ကို လူသားအတွက်ထားရှိသော ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ တောင်းဆိုချက်များနှင့် နှိုင်းယှဉ်ကာ ယင်းတို့ထဲမှ တစ်ခုခုသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သဟဇာတဖြစ်ခြင်း ရှိမရှိ၊ ဘုရားသခင်၏ တောင်းဆိုချက်များနှင့် ကိုက်ညီခြင်း ရှိမရှိ၊ ယင်းတို့သည် မှန်ကန်သော ဘဝတန်ဖိုးများကို ပေးဆောင်ခြင်း ရှိမရှိ၊ လူတစ်ဦးကို သမ္မာတရား ပို၍ပို၍ နားလည်သဘောပေါက်စေခြင်း ရှိမရှိနှင့် လူတစ်ဦးကို လူ့သဘာဝနှင့် လူသားပုံသဏ္ဌာန်ဖြင့် အသက်ရှင်နေထိုင်စေခြင်း ရှိမရှိတို့ကို ကြည့်ရှုစစ်ဆေးရန် ဖြစ်၏။ ဘဝတွင် လူတို့ကြိုးစားအားထုတ်သည့် ပန်းတိုင် အမျိုးမျိုးနှင့် ၎င်းတို့၏ မတူကွဲပြားသော အသက်ရှင်နေထိုင် နည်းမျိုးစုံကိုသင့်အနေဖြင့် ထပ်တလဲလဲ စုံစမ်းစစ်ဆေးပြီး ဂရုတစိုက် စိတ်ဖြာကြည့်သည့်အခါ ဖန်ဆင်းရှင်က လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သည့်အချိန်က သူ၏ နဂိုမူလ ရည်ရွယ်ချက်နှင့် မည်သည့်အရာကမျှ ကိုက်ညီမှုမရှိသည်ကို သင်တွေ့ရလိမ့်မည်။ ၎င်းတို့အားလုံးက ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် ဂရုစိုက်မှု၏ အဝေးသို့ လူတို့ကို ဆွဲခေါ်သွားသည်။ ၎င်းတို့အားလုံးသည် လူများကို အကျင့်ပျက်ပြားလာစေသည့်၊ ငရဲသို့ ဦးတည်ခေါ်ဆောင်သွားသည့် ထောင်ချောက်များသာ ဖြစ်သည်။ ဤအရာကို သင်အသိအမှတ်ပြုပြီးနောက် သင်လုပ်ဆောင်သင့်သည့် အရာမှာ သင်၏ ဘဝအပေါ် ရှုမြင်ပုံဟောင်းကို လက်လွှတ်ပြီး ထောင်ချောက် အမျိုးမျိုးမှ ဝေးဝေးနေကာ သင့်ဘဝကို ဘုရားသခင်အား တာဝန်ယူစေ၍ ယင်းအတွက် အစီအစဉ်များ ပြုလုပ်စေဖို့၊ ကိုယ်ပိုင်ရွေးချယ်မှုများ မပြုလုပ်ဘဲ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် လမ်းပြမှုတို့ကို ကျိုးနွံနာခံဖို့သာ၊ ဘုရားသခင်ကို ကိုးကွယ်သည့်လူတစ်ယောက် ဖြစ်လာရန်သာ လိုက်စားဖို့ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မနားလည်လာတာက ကျွန်မဟာ ကိုယ့်ရဲ့နေထိုင်မှုပုံစံအဟောင်းကနေ ရုန်းထွက်ပြီး ဘုရားသခင်ရဲ့ အလိုတော်နဲ့ တောင်းဆိုချက်တွေအတိုင်း အသက်ရှင်သင့်တယ် ဆိုတာပါပဲ။ ကိုယ့်ကိုယ်ကိုယ် ပြန်ဆင်ခြင်ကြည့်တော့၊ ကျွန်မက ဘုရားသခင်ကို ယုံကြည်တာ နှစ်အနည်းငယ်ရှိပြီဖြစ်ပေမဲ့ အရာရာအပေါ်ထားတဲ့ ကျွန်မရဲ့အမြင်တွေက မပြောင်းလဲသေးတဲ့အတွက် ငွေအများကြီးရှာချင်နေတုန်းပဲ၊ တခြားသူတွေ မော့ကြည့်လေးစားရအောင် အဆင့်အတန်းနဲ့ ကျော်ကြားမှုကို လိုက်စားခဲ့တယ်။ အလုပ်နဲ့ပဲ အမြဲတမ်း အလုပ်ရှုပ်နေခဲ့ပြီး ဝန်ထုပ်ဝန်ပိုးမရှိဘဲ ကိုယ့်တာဝန်ကို ဝတ်ကျေတမ်းကျေ ထမ်းဆောင်ခဲ့တယ်၊ အကျိုးဆက်အနေနဲ့ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကို ဆုံးရှုံးပြီး ဟာလာဟင်းလင်းဖြစ်ခြင်းနဲ့ အမှောင်ထုထဲမှာ အသက်ရှင်ခဲ့ရတယ်၊ သမ္မာတရားကို လက်တွေ့ကျင့်သုံးဖို့နဲ့ ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ အခွင့်အရေးတွေ အများကြီးကို လွဲချော်ခဲ့တယ်။ ငွေကြေး၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်တွေက ကျွန်မကိုပေးတဲ့ သာယာမှုက ယာယီပဲဖြစ်ပြီး ကျွန်မအသက်ကို မကယ်နိုင်ခဲ့ဘူး။ သမ္မာတရားကို လိုက်စားမှသာ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖယ်ရှားပြီး ကယ်တင်ခြင်းကို ရရှိနိုင်မှာပါ။ အဲဒီအချိန်အတောအတွင်းမှာ ကျွန်မဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်အောင် လမ်းပြပေးဖို့ ဘုရားသခင်ဆီကို မကြာခဏ ဆုတောင်းခဲ့တယ်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ မန်နေဂျာဆီကို ကျွန်မ အလုပ်ထွက်စာ တင်ခဲ့တယ်။ သူက အရမ်းအံ့ဩသွားပြီး ဘာလို့အလုပ်ထွက်တာလဲလို့ မေးတယ်၊ သူသဘောမတူဘူးလို့တောင် ပြောခဲ့သေးတယ်။ ဒါပေမဲ့ ကျွန်မက “ညဘက်တွေနဲ့ နားရက်တွေမှာ ကျွန်မလုပ်ရမယ့် ပိုအရေးကြီးတဲ့ကိစ္စတွေ ရှိပါတယ်။ ဒါကြောင့် ဒီအလုပ်ကို ကျွန်မ ဆက်မလုပ်နိုင်တော့ပါဘူး” လို့ ပြတ်ပြတ်သားသား ပြောခဲ့တယ်။ နောက်ဆုံးမှာတော့ သူလည်း သဘောတူပြီး လက်မှတ်ထိုးပေးရုံကလွဲလို့ တခြားနည်းလမ်းမရှိတော့ဘူး။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျွန်မ အဲဒီကုမ္ပဏီကနေ ထွက်ခဲ့တယ်။ အလုပ်ထွက်ပြီးတဲ့နောက်မှာ စိတ်ထဲက ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုကို ချလိုက်ရသလိုမျိုး ကျွန်မ တကယ်ကို ပေါ့ပါးသွားတယ်လို့ ခံစားခဲ့ရတယ်။ အတွင်းစိတ်ကနေ ပျော်ရွှင်မှုကို အမှန်တကယ် ခံစားခဲ့ရတယ်။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ကျွန်မလျှောက်ထားခဲ့တဲ့ အလုပ်သစ်တစ်ခုမှာ အလုပ်ခန့်ခံခဲ့ရတယ်။ ခံစားခွင့်တွေကလည်း မဆိုးဘူး၊ မန်နေဂျာက ခြောက်လကြာရင် လစာတိုးပေးမယ်လို့ ကတိပေးခဲ့တယ်။ ဒီအလုပ်က တကယ်ကို ဆွဲဆောင်မှုရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီအလုပ်ကလည်း အရင်အလုပ်လိုပဲ အလုပ်များမှာပဲ၊ အဲဒီအခါကျရင် ကိုယ့်တာဝန်ကို ဘယ်လိုမှ ထမ်းဆောင်နိုင်မှာမဟုတ်ဘူးလို့ ကျွန်မ စဉ်းစားမိတယ်။ မှန်ကန်တဲ့ရွေးချယ်မှုလုပ်နိုင်အောင် လမ်းပြပေးဖို့ ဘုရားသခင်ဆီကို ကျွန်မ ဆုတောင်းခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ သတိရလိုက်တယ်။ “ပုံမှန်ဖြစ်ပြီး ဘုရားသခင်အတွက် ချစ်ခြင်းကို လိုက်စားသော သူတစ်ဦးဖြစ်သည်နှင့်အမျှ၊ ဘုရားသခင်၏ လူများထဲမှ တစ်ဦးဖြစ်လာဖို့ နိုင်ငံတော်ထဲသို့ ဝင်ရောက်ခြင်းသည် သင်၏ စစ်မှန်သော အနာဂတ်ဖြစ်ပြီး၊ အဆုံးစွန်သော တန်ဖိုးနှင့် အဓိပ္ပာယ်ရှိသည့် အသက်တာ တစ်ခု ဖြစ်သည်။ မည်သူမျှ သင်တို့ထက် သာ၍ကောင်းချီးမခံစားရပေ။ ဤအရာကို အဘယ်ကြောင့် ငါပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကို မယုံကြည်သော သူတို့သည် ဇာတိပကတိအတွက် အသက်ရှင်ကြပြီး စာတန်အတွက် အသက်ရှင်ကြသည်၊ သို့သော် ယနေ့တွင် သင်တို့သည် ဘုရားသခင်အတွက် အသက်ရှင်ကြပြီး ဘုရားသခင်၏အလိုတော်ကို လိုက်လျှောက်ရန် အသက်ရှင်ကြပေသည်။ ယင်းမှာ သင်တို့၏ အသက်တာများသည် အဆုံးစွန် အဓိပ္ပာယ်ရှိသည်ဟု ငါ ပြောရသည့် အကြောင်းရင်း ဖြစ်သည်။ ဘုရားသခင်ရွေးချယ်ထားသော ဤလူအုပ်စုသည်သာ အဓိပ္ပာယ်အရှိဆုံးဖြစ်သည့် အသက်တာကို အသက်ရှင်နေထိုင်နိုင်သည်။ ကမ္ဘာမြေပေါ်ရှိ အခြားမည်သူမျှ ထိုသို့သော တန်ဖိုးနှင့် အဓိပ္ပာယ် ရှိသည့် အသက်တာတစ်ခုကို အသက်ရှင်နေထိုင်နိုင်ခြင်း မရှိကြပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အသစ်ဆုံးသောအမှုကို သိပြီး သူ၏ ခြေလှမ်းများနောက် လိုက်လော့) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မနားလည်လာတာက သမ္မာတရားကို လိုက်စားပြီး ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်တာကသာ ဘဝကို စစ်မှန်တဲ့တန်ဖိုးနဲ့ အဓိပ္ပာယ်ပေးတာဖြစ်ပြီး ဒါဟာ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကျွန်မလိုက်စားသင့်တဲ့အရာပဲ ဆိုတာပါပဲ။ သမ္မာတရားကို လိုက်စားပြီး ရရှိတဲ့သူတွေသာ ဘုရားသခင်ရဲ့ နိုင်ငံတော်ထဲကို ဝင်ရောက်ဖို့ အရည်အချင်းပြည့်မီပြီး သူတို့ဟာ အမှန်တကယ် ကောင်းချီးမင်္ဂလာ ခံစားရတဲ့သူတွေပဲ ဖြစ်တယ်။ ဒါပေမဲ့ ငွေကြေး၊ ချမ်းသာမှု၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်တွေကိုပဲ အမြဲလိုက်စားနေတဲ့သူတွေကတော့ စာတန်ရဲ့ စွမ်းအားအောက်မှာ အသက်ရှင်နေကြပြီး နောက်ဆုံးမှာ ဘုရားသခင်ရဲ့ စွန့်ပစ်တာကို ခံရမှာပဲ။ ကျွန်မသာ အလုပ်အတွက်ကြောင့် ကိုယ့်တာဝန်ကို နောက်တစ်ခါ ထပ်ပြီးစွန့်လွှတ်လိုက်မယ်ဆိုရင် ကျွန်မ အမှောင်နဲ့ ဗလာဖြစ်ခြင်းထဲမှာ ထပ်ပြီးနေထိုင်ရင်းနဲ့ အဆုံးသတ်မှာ သေချာတယ်၊ နောက်ဆုံးမှာတော့ ကိုယ့်ရဲ့ကယ်တင်ခြင်းရမယ့်အခွင့်အရေးကို ဖျက်ဆီးလိုက်မိမှာပဲ။ ဒါနဲ့ ကျွန်မ အဲဒီအလုပ်ကို ငြင်းလိုက်တယ်။ ဒီလိုနည်းနဲ့ ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ အချိန်ပိုရနိုင်ခဲ့တယ်။ ခြောက်လကြာပြီးတဲ့နောက်မှာ သင့်တော်တဲ့အလုပ်တစ်ခုကို ကျွန်မ ရှာတွေ့ခဲ့တယ်။ အလုပ်ချိန်တွေက ကျွန်မရဲ့တာဝန်နဲ့ မတိုက်ခဲ့ဘူး၊ ပြီးတော့ အချိန်ပိုလည်း မရှိခဲ့ဘူး။ လစာက နည်းနည်းနည်းပေမဲ့ တည်ငြိမ်အေးချမ်းတယ်လို့ ကျွန်မခံစားရတယ်၊ ဘာလို့လဲဆိုတော့ အခု ကျွန်မမှာ တာဝန်ထမ်းဆောင်ဖို့ အချိန်ရှိနေပြီလေ။ အခု ကျွန်မဟာ အသင်းတော်မှာ တာဝန်ထမ်းဆောင်နေပြီး ဧဝံဂေလိတရားဟောဖို့နဲ့ နောက်ဆုံးသောကာလက ဘုရားသခင်ရဲ့ အမှုတော်ကို သက်သေခံဖို့ အခွင့်အရေးရနေပါတယ်။ ဒါက တကယ်ပဲ မင်္ဂလာရှိတဲ့အရာတစ်ခုပဲ။ ကျွန်မတို့အတွက် ကိုယ့်ရဲ့အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့တင် လုံလောက်တယ်ဆိုတာကို ကျွန်မ နားလည်လာခဲ့တယ်၊ ကိုယ့်တာဝန်ကို ကောင်းကောင်းဖြည့်ဆည်းတာနဲ့ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ရရှိဖို့ သမ္မာတရားကို လိုက်စားတာကသာ အရေးကြီးဆုံးနဲ့ တန်ဖိုးအရှိဆုံးအရာတွေပဲ ဖြစ်ပါတယ်။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ကျွန်တော်က ဆင်းရဲတဲ့ မိသားစုမှာ မွေးခဲ့တယ်။ ကျွန်တော့်ရဲ့ ရိုးသားဖြောင့်မတ်ပြီး အလုပ်ကြိုးစားတဲ့ မိဘတွေက မိသားစုကို လယ်အလုပ်နဲ့...
ရယ်ချိုး၊ ယူနိုက်တက်ကင်းဒမ်းကျွန်မကို တရုတ်ပြည်တောင်ပိုင်းက မြို့ငယ်လေးတစ်မြို့မှာ မွေးဖွားခဲ့ပါတယ်။ ကျွန်မအဖေက ဒေသမှာ နာမည်ကြီးတဲ့...
ကျောက်ဂွမ်မင်း၊ တရုတ်ပြည် ၁၉၈၀ခုနှစ်များ အစပိုင်းတွင် ကျွန်တော်က အသက် ၃၀အရွယ်ရှိပြီး၊ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုတွင် အလုပ် လုပ်နေခဲ့သည်။...
ကျွန်မက ကလေးအရွယ်က ကျန်းမာရေးမကောင်းဘူး။ ကျွန်မမိသားစုရဲ့ ပိုက်ဆံ တော်တော်များများက ကျွန်မ ကျန်းမာရေးကြောင့် ကုန်တာများတယ်။ ဒါကြောင့်...