ကျွန်တော့်ရဲ့ ပြစ်မှားခြင်းကြောင့် အထင်လွဲမှားခြင်းထဲမှာ ကျွန်တော် မနေတော့ပါ

18.03.2026

ဆူထျန်း၊ တရုတ်ပြည်

၂၀၁၈ ခုနှစ် ဩဂုတ်လမှာ ကျွန်တော် အသက် နှစ်ဆယ့်နှစ်နှစ်ပြည့်ခဲ့တယ်။ တရုတ်ကွန်မြူနစ်ပါတီက ခရစ်ယာန်တွေကို အမြဲတမ်း ဖိနှိပ်ဖမ်းဆီးနေတာဆိုတော့ ကျွန်တော်လည်း ဘုရားသခင်ကို ယုံကြည်ဖို့ လွတ်လပ်ပြီး ဒီမိုကရေစီကျတဲ့ နိုင်ငံကို သွားဖို့ စီစဉ်ခဲ့တယ်။ ဒါပေမဲ့ မမျှော်လင့်ဘဲနဲ့၊ လေဆိပ်မှာ ကျွန်တော် အဖမ်းခံလိုက်ရတယ်။ ရဲတွေက အသင်းတော် သတင်းအချက်အလက်တွေကို အတင်းအကျပ် ထုတ်ပြောခိုင်းဖို့အတွက် ကျွန်တော့်ကို မနက် ၆ နာရီကနေ ည ၁၂ နာရီအထိ နေ့တိုင်း ခြေထောက်နှစ်ချောင်း ပူးပြီး မတ်တတ်ရပ်ခိုင်းတယ်။ တစ်ခါရပ်ရင် ခြောက်ရက်၊ ခုနစ်ရက်လောက် ကြာတယ်။ ကျွန်တော် ရပ်ရတာ ကြာလွန်းလို့ ခေါင်းတွေမူး၊ ခြေထောက်တွေလည်း ကိုက်ခဲပြီး ထုံကျင်လာသလို အသက်ရှူပါ မြန်လာတယ်။ ရဲတွေက ကျွန်တော့်ကို ခြိမ်းလည်းခြိမ်းခြောက်တယ်။ “မင်းမပြောရင် မင်းကို ဆွဲထားပြီး ‘ရေခဲမီးလျှံ ဒဏ်ခတ်နည်း’ အရသာကို မြည်းခိုင်းမယ်။ အရင်ဆုံး အပူချိန်မြင့်တဲ့စက်နဲ့ ကင်မယ်၊ ပြီးရင် ရေတွေ အတင်းလောင်းထည့်မယ်၊ အဲဒီလို ထပ်ခါတလဲလဲ လုပ်မယ်။ အဲဒီအချိန်ကျရင် မင်း ပြောချင်ရင်တောင် ပြောနိုင်မှာ မဟုတ်ဘူး” တဲ့။ ရဲတွေရဲ့ နှိပ်စက်ညှဉ်းပန်းတာကို ခံခဲ့ရတဲ့ ညီအစ်ကိုမောင်နှမတွေကို တွေးမိပြီး ကျွန်တော့် ရင်ထဲမှာ အကြောက်တရားက တလိပ်လိပ်တက်လာခဲ့တယ်။ “သူတို့သာ ငါ့ကို နှိပ်စက်ရင် ငါ ခံနိုင်ပါ့မလား” ပေါ့။ ကျွန်တော် စိတ်ထဲကနေ တိတ်တဆိတ် ဆုတောင်းပြီး ခွန်အားနဲ့ ယုံကြည်ခြင်းပေးဖို့ ဘုရားသခင်ကို တောင်းလျှောက်လိုက်တယ်။ ကျွန်တော် ဘာမှမပြောတာကို မြင်တော့ ရဲတွေက ကျွန်တော့်ခေါင်းကို ဖိချပြီး မီးရဲနေတဲ့ ဆေးလိပ်တိုနဲ့ ကျွန်တော့် နှာခေါင်းဝမှာ တေ့ထားတယ်။ မီးခိုးလုံးကြီးတွေနဲ့ အပူချိန်က နှာခေါင်းထဲ ဝင်လာတော့ ကျွန်တော် အသက်မရှူနိုင်အောင် မွန်းသွားတယ်။ ကျွန်တော် မွန်းကျပ်ပြီး သေမလို ခံစားခဲ့ရတယ်။ နှာခေါင်းအောက်က အရေပြားလည်း မီးလောင်သွားပြီး စပ်ခနဲ နာကျင်သွားတယ်။ ပြီးတော့ သူတို့က ကျွန်တော့်လက်မောင်းကို ဆွဲမလိုက်တယ်၊ မီးခြစ်ခြစ်ပြီး ကျွန်တော့်လက်မောင်းကို မီးရှို့တယ်။ ကျွန်တော်လည်း အလိုအလျောက် လက်ကို ရုန်းမိပေမဲ့ ရဲတွေက လှုပ်ခွင့်မပေးဘဲ တင်းတင်းကြပ်ကြပ် ကိုင်ထားတယ်။ စက္ကန့်ဒါဇင်နဲ့ချီ ကျွန်တော့်လက်မောင်းတွေ မီးရှို့ခံခဲ့ရတယ်။ ဝေဒနာက မခံနိုင်အောင်ပါပဲ။ လက်မောင်းအောက်က အရေပြားဆို မီးလောင်ပြီး မည်းတူးသွားတယ်။ နောက်ပိုင်းမှာ ပြည်တည်အနာဖြစ်ပြီး ကြက်ဥလောက်ရှိတဲ့ အမာရွတ်တွေ ကျန်ခဲ့တာပေါ့။ အဲဒီအချိန်မှာ ရဲတွေက ယုတ်မာတဲ့ အပြုံးတွေနဲ့ ကြည့်နေတော့ ကျွန်တော် ဒေါသဖြစ်ပြီး နာကြည်းမိသလို ကြောက်လည်း ကြောက်မိတယ်။ တွေးမိတာက “ဒီနတ်ဆိုးတွေက ဘာမဆို လုပ်နိုင်စွမ်းရှိတယ်။ နောက်ထပ် ငါ့ကို ဘယ်လိုများ နှိပ်စက်ဦးမလဲ မသိဘူး” ပေါ့။ ကျွန်တော် တော်တော်အားနည်းနေပြီး ဒီငရဲလိုနေရာကနေ ဖြစ်နိုင်သမျှ မြန်မြန် ထွက်သွားချင်တယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ ယုတ်ညံ့တဲ့ ဖြစ်တည်မှုကို အချိန်ဆွဲဖို့ ယုဒတစ်ယောက်ဖြစ်ပြီး ညီအစ်ကိုမောင်နှမတွေကို ကျွန်တော် သစ္စာဖောက်နိုင်မှာ မဟုတ်တာကို သိနေခဲ့တယ်။ ဒါကြောင့် သေရင်တောင်မှ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို သစ္စာမဖောက်ပါဘူး၊ ဘယ်တော့မှ ယုဒမလုပ်ပါဘူးလို့ သန္နိဋ္ဌာန်ချပြီး စိတ်နှလုံးထဲကနေ ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်။ ရက်နည်းနည်းကြာတော့ ရဲတွေက ကတိခံဝန်ချက်သုံးမျိုးကို လက်မှတ်ထိုးခိုင်းဖို့ ကျွန်တော့်မိသားစုကို ခေါ်လာတယ်။ ထိုးရင် ပြန်လွှတ်ပေးမယ်လို့ ပြောတာပေါ့။ အဆင်းနီသော နဂါးကြီးရဲ့ အထင်အမြင်မှားအောင် လုပ်တာခံခဲ့ရတဲ့ ကျွန်တော့်အဖေက ကျွန်တော်သာ လက်မှတ်မထိုးရင် သားအဖအဖြစ်ကနေ စွန့်လွှတ်မယ်လို့ ပြောတယ်။ ဒါ စာတန်ရဲ့ လှည့်ကွက်မှန်း ကျွန်တော်သိလို့ လက်မှတ်ထိုးဖို့ ငြင်းလိုက်တယ်။ အဲဒီတော့ ရဲက ကျွန်တော့်ကို ခြိမ်းခြောက်ပြန်ရော။ “မင်းကို နောက်ဆုံး တစ်ည အချိန်ပေးမယ်၊ ဒါပေမဲ့ မနက်ဖြန်မှာ လက်မှတ်မထိုးသေးရင် မင်းကို ငါတို့ တစ်နေရာရာ ခေါ်သွားပြီး ကောင်းကောင်း ကိုင်တွယ်မယ်” တဲ့။ ဒါကိုကြားတော့ ကျွန်တော် ကြောက်သွားတယ်။ “သူတို့က ဘာမဆို လုပ်နိုင်စွမ်းရှိတယ်။ အထူးသဖြင့် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တဲ့သူတွေအပေါ်ဆို ပိုပြီးတော့တောင် ရက်စက်ကြမ်းကြုတ်ကြတာ။ ငါသာ ဆက်ပြီး ငြင်းနေရင် ငါ့ကို ဘယ်လိုများ နှိပ်စက်ဦးမလဲ မသိဘူး” ပေါ့။ သေတာထက်ဆိုးတဲ့ ဒုက္ခကို ခံစားရမယ်ဆိုတဲ့ အတွေးက အရမ်းကြောက်စရာကောင်းတယ်။ ကျွန်တော် တွေးမိတယ်။ “ငါသာ နှိပ်စက်တာကို မခံနိုင်ဘဲ ယုဒဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ အဲဒါဆိုရင် ငါက ဘုရားသခင်ရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိပြီး ကယ်တင်ခံရဖို့ ဘယ်တော့မှ အခွင့်အရေးရမှာ မဟုတ်တော့ဘူး။ ငါ့စိတ်နှလုံးက ဘုရားသခင်ကို သစ္စာမဖောက်ဘဲ အမြော်အမြင်နဲ့ ကတိခံဝန်ချက်သုံးခုကို လက်မှတ်ထိုးလိုက်ရင်ရော ဘုရားသခင်က ငါ့ကို နောက်ထပ် အခွင့်အရေး ပေးမလား” လို့ပေါ့။ နောက်ဆုံးမှာတော့ ကျွန်တော်ဟာ ဇာတိပကတိရဲ့ အားနည်းချက်ကို မကျော်လွှားနိုင်ဘဲ ကတိခံဝန်ချက်သုံးမျိုးကို လက်မှတ်ထိုးလိုက်မိတယ်။ လက်မှတ်ထိုးပြီးသွားတော့ ရဲတွေက ကျွန်တော့်ကို အိမ်ပြန်လွှတ်ပေးလိုက်တယ်။

အိမ်ပြန်ပြီးတဲ့နောက်မှာ ကျွန်တော် စိတ်မသက်မသာ ခံစားရတယ်။ ဉာဏ်ပညာသုံးမယ်လို့ တွေးခဲ့ပေမဲ့ ကျွန်တော်က ကတိခံဝန်ချက်သုံးမျိုးကို လက်မှတ်ထိုးလိုက်မိတာပဲလေ။ ဘုရားရဲ့ အမြင်မှာ ဒါက သစ္စာဖောက်ခြင်းရဲ့ အမှတ်အသားတစ်ခုပဲလေ။ ဘုရားသခင်က ကျွန်တော့်ကို ကယ်တင်ပါဦးမလား။ နောက်ပိုင်းမှာ ကျွန်တော့်အဖေက ကျွန်တော့်ကို အလုပ်လုပ်ဖို့ အပြင်ခေါ်သွားချင်ခဲ့ပြီး ကျွန်တော့်ကို နားချဖို့ ဆွေမျိုးမိတ်ဆွေတွေကိုပါ ခေါ်လာတယ်။ ကျွန်တော် ကိုယ့်ဘာသာ တွေးမိတယ်။ “ငါ ထွက်သွားလို့ မဖြစ်ဘူး။ ငါသာ ထွက်သွားရင် ညီအစ်ကိုမောင်နှမတွေက ငါ့ကို ရှာတွေ့နိုင်မှာ မဟုတ်ဘူး။ အဲဒါဆိုရင် ဘုရားအိမ်တော်ကို ပြန်လာဖို့ ငါ ဘယ်တော့မှ အခွင့်အရေးရတော့မှာ မဟုတ်ဘူး” လို့ပေါ့။ မသိရသေးတဲ့ အဖြေတစ်ခုကို တစ်ယောက်တည်း စောင့်ဆိုင်းရင်း ကျွန်တော်ဟာ လမ်းပျောက်နေတဲ့ ငှက်တစ်ကောင်လို ခံစားခဲ့ရတယ်။ လဝက်အကြာမှာ၊ ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်ကို ရှာတွေ့သွားပြီး ကျွန်တော့်တာဝန်တွေကို ထမ်းဆောင်တာနဲ့ပတ်သက်လို့ မိတ်သဟာယပြုပေးကြတယ်။ ဘုရားအိမ်တော်ကို ပြန်လာနိုင်သေးတယ်၊ တာဝန်ထမ်းဆောင်ဖို့ အခွင့်အရေး ရှိသေးတယ်ဆိုတာ မြင်တော့ ကျွန်တော် စိတ်လှုပ်ရှားလွန်းလို့ ငိုတောင်ငိုမိမလိုဖြစ်ပြီး အမြန် ခေါင်းညိတ်သဘောတူလိုက်တယ်။ အဲဒီနောက်ပိုင်း အသင်းတော်က ကျွန်တော့်ကို ဘာတာဝန်ပဲပေးပေး ဖြည့်ဆည်းနိုင်ဖို့ ကျွန်တော် အကောင်းဆုံးလုပ်တယ်။ ဒါပေမဲ့ ကတိခံဝန်ချက်သုံးမျိုး လက်မှတ်ထိုးတဲ့ကိစ္စကို ညီအစ်ကိုမောင်နှမတွေ ဆွေးနွေးကြတာကို ကျွန်တော် ရံဖန်ရံခါ ကြားရတယ်။ သူတို့က ပြောကြတယ်။ “ကတိခံဝန်ချက်သုံးမျိုးကို ငါတို့ လုံးဝ လက်မှတ်ထိုးလို့ မဖြစ်ဘူး။ ကတိခံဝန်ချက်သုံးမျိုးကို လက်မှတ်ထိုးတာက ဘုရားသခင်ကို သစ္စာဖောက်တာပဲ။ ပြီးတော့ အဲဒါက ငါတို့အပေါ် သားရဲရဲ့ တံဆိပ် ရိုက်နှိပ်လိုက်တာပဲ” တဲ့။ ဒီစကားတွေကို ကြားရတိုင်း ကျွန်တော့်ရင်ထဲမှာ နာကျင်ရတယ်။ အထူးသဖြင့် ဒီဘုရားနှုတ်ကပတ်တော်တွေကို ဖတ်မိတဲ့အခါမှာပေါ့။ “သို့ရာတွင် ဆင်းရဲဒုက္ခကြီးစွာ ခံစားရချိန်များတွင် ငါ့အပေါ် စိုးစဉ်းမျှ သစ္စာစောင့်သိမှု မပြသခဲ့သူများအား ငါသည် နောက်ထပ် သနားကြင်နာတော့မည် မဟုတ်ဘဲ ငါ၏ကရုဏာသည် အကန့်အသတ်ရှိကြောင်းကို ငါရှင်းလင်းစေရမည်။ ထို့ပြင် တစ်ချိန်က ငါ့ကို သစ္စာဖောက်ခဲ့သူ မည်သူ့ကိုမျှ ငါနှစ်သက်ခြင်းမရှိ၊ ၎င်းတို့၏မိတ်ဆွေများ၏ အကျိုးအပေါ် သစ္စာဖောက်သူများနှင့် ငါသည် သာ၍ပင် ပတ်သက်ဆက်နွှယ်လိုခြင်း မရှိ။ ထိုသူသည် မည်သူပင်ဖြစ်စေ ဤသည်မှာ ငါ၏စိတ်သဘောထား ဖြစ်သည်။ ငါ၏နှလုံးကို ကြေကွဲစေသူ မည်သူမဆို ငါ့ထံမှ ဒုတိယအကြိမ် သက်ညှာမှု ရလိမ့်မည် မဟုတ်ကြောင်းနှင့် ငါ့အပေါ်သစ္စာရှိနေခဲ့သောသူ မည်သူမဆို ငါ၏နှလုံးသားတွင် ထာဝရ တည်ရှိနေမည် ဖြစ်ကြောင်း သင်တို့ကို ငါပြောကြားရမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့) ဘုရားသခင်ရဲ့ စိတ်သဘောထားက ဖြောင့်မတ်တယ်၊ ဘုန်းအာနုဘော်ရှိပြီး ပုန်ကန်ပြစ်မှားတာကို သည်းမခံဘူးဆိုတာနဲ့ ကိုယ်တော့်ကို သစ္စာဖောက်ပြီး ကိုယ်တော့်စိတ်နှလုံးကို နာကျင်စေတဲ့ ဘယ်သူ့ကိုမဆို ဘုရားသခင်က သနားကရုဏာပြတော့မှာ မဟုတ်ဘူး ဆိုတာတွေကို ကျွန်တော် တွေ့ခဲ့ရတယ်။ ကျွန်တော် ကိုယ့်ဘာသာ တွေးမိတယ်။ “ငါက ကတိခံဝန်ချက်သုံးမျိုးကို လက်မှတ်ထိုးပြီး ဘုရားသခင်ကို သစ္စာဖောက်ခဲ့မိပြီ။ ဘုရားသခင်ရဲ့ ဖယ်ရှားရှင်းလင်းတာကို ငါ ခံရပြီးသားဖြစ်ပြီလား။ ငါက အဆုံးထိ ယုံကြည်ရင်တောင်မှ ဘုရားသခင်ရဲ့ ကယ်တင်တာကို ဘယ်တော့မှ မခံရတော့ဘူးလို့ ဆိုလိုတာလား” ပေါ့။ အထူးသဖြင့် ဘုရားအိမ်တော်က ထုတ်တဲ့ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုတွေထဲမှာ ညီအစ်ကိုမောင်နှမတွေက အဖမ်းခံရပြီး နှိပ်စက်မှုအမျိုးမျိုးနဲ့ ရင်ဆိုင်ရတာတောင် သူတို့ရဲ့ သက်သေခံချက်မှာ ခိုင်မာစွာ ရပ်တည်ပြီး ကတိခံဝန်ချက်သုံးမျိုးကို လက်မှတ်ထိုးဖို့ ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့ကြတာကို ကျွန်တော် တွေ့ခဲ့ရတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ နှိပ်စက်မခံရအောင်လို့ ကတိခံဝန်ချက်သုံးမျိုးကို လက်မှတ်ထိုးခဲ့တယ်။ ဘုရားသခင်အတွက် သက်သေမခံနိုင်ခဲ့ရုံမကဘူး၊ စာတန် လှောင်ပြောင်ခွင့်ပေးရင်းနဲ့ ရှက်စရာကောင်းတဲ့ အမည်းစက်တစ်ခုကို ချန်ထားရစ်ခဲ့တယ်။ ဘုရားသခင်က ကျွန်တော့်ကို တကယ် စိတ်ပျက်မှာပဲလို့ ကျွန်တော် ခံစားရတယ်။ တွေးမိလေလေ၊ ကျွန်တော် ပိုပြီး အပျက်သဘောဆောင်လာလေပါပဲ။ ကျွန်တော့်ရင်ထဲမှာ ဓားနဲ့ထိုးသလို နာကျင်ရပြီး ကတိခံဝန်ချက်သုံးမျိုးကို လက်မှတ်မထိုးခဲ့ရင် ကောင်းသားလို့ တွေးမိတယ်။ ဒါပေမဲ့ ဖိတ်သွားတဲ့ရေက ပြန်ရုတ်လို့မရတော့သလိုပဲ ပြီးခဲ့တာတွေက ပြီးသွားပါပြီ။ နောက်ပိုင်းမှာ ဘုရားအိမ်တော်က ကတိခံဝန်ချက်သုံးမျိုး လက်မှတ်ထိုးခဲ့တဲ့လူတွေကို စပြီး စုံစမ်းစစ်ဆေးခဲ့တယ်။ ကျွန်တော်လည်း စုံစမ်းစစ်ဆေးတာ ခံခဲ့ရတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် တွေးမိတယ်။ “‘ကတိခံဝန်ချက်သုံးမျိုး’ ကို လက်မှတ်ထိုးသူတို့သည် ဗုံးကို ဖောက်ခွဲပြီး မိမိတို့ကိုယ်ကို အစိတ်စိတ်အမွှာမွှာ ဖြစ်စေခဲ့သူများ မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၇)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၅)) ကတိခံဝန်ချက်သုံးမျိုးကို လက်မှတ်ထိုးပြီး ကိုယ်တော့်ကို သစ္စာဖောက်တဲ့လူတွေကို ဘုရားသခင်က စက်ဆုပ်ရွံရှာတယ်။ ကျွန်တော်က ကတိခံဝန်ချက်သုံးမျိုးကို လက်မှတ်ထိုးခဲ့တာဆိုတော့ ဘုရားသခင်က ကျွန်တော့်ကို အပြစ်စီရင်ပြီး ဖယ်ရှားရှင်းလင်းတာခံရပြီးပြီပဲဖြစ်ရမယ်။ ဆက်ပြီး ကျွန်တော် ရှင်းလင်းတာခံရမှာလား။ နောက်ပိုင်းမှာ အသင်းတော်က ကျွန်တော့်ကို မရှင်းလင်းပစ်ပေမဲ့ ကျွန်တော်က အပျက်သဘောဆောင်တာထဲမှာပဲ နေနေမိတယ်။ အတူတူ တွဲဖက်လုပ်ဆောင်တဲ့ ညီအစ်ကိုမောင်နှမတွေက အတွေ့အကြုံဆိုင်ရာ ဆောင်းပါး‌တွေ ရေးတာ၊ အသက် ဝင်ရောက်မှုအကြောင်းတွေ အချင်းချင်း ဆွေးနွေးကြတာကို မြင်ရတဲ့အခါ ကျွန်တော်က သူတို့နဲ့ မတူဘူး၊ သူတို့အားလုံးက ညီအစ်ကိုမောင်နှမတွေဖြစ်ပြီး သမ္မာတရားကို လိုက်စားဖို့နဲ့ ကယ်တင်ခံရဖို့ အခွင့်အရေး ရှိကြတယ်လို့ ကျွန်တော် ခံစားခဲ့ရတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ မတူဘူးလေ။ ကျွန်တော်က ဘုရားသခင်ကို သစ္စာဖောက်ထားတာ၊ ဘုရားသခင်က ကျွန်တော့်ကို လုံးဝ စက်ဆုပ်ရွံရှာမှာပဲ။ ကျွန်တော်လိုလူမျိုးက သမ္မာတရားကို လိုက်စားဖို့ အရည်အချင်းမရှိဘူး၊ အဆုံးထိ ယုံကြည်ရင်တောင် အားလုံးက အချည်းနှီးပဲဖြစ်မှာဖြစ်ပြီး၊ ကျွန်တော်က အလုပ်လုပ်ပေးတဲ့သူတစ်ယောက်ပဲ ဖြစ်နိုင်တယ်၊ ကယ်တင်ခြင်းနဲ့ ကျွန်တော် ဘာမှမဆိုင်တော့ဘူးလို့ ခံစားရတယ်။ ကျွန်တော်ဟာ အပျက်သဘောဆောင်တဲ့ အခြေအနေထဲမှာ နေခဲ့ပြီး နေ့တိုင်း ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်းပဲ တာဝန်ထမ်းဆောင်ခဲ့တယ်၊ ကျွန်တော့်ရင်ထဲမှာတော့ ပြောမပြတတ်အောင် နာကျင်ရတယ်။ အဲဒီအချိန်တုန်းက “အကယ်၍ သင်သည် အစေခံသူတစ်ဦး ဖြစ်ပါက” ဆိုတဲ့ ဘုရားနှုတ်ကပတ်တော် ဓမ္မတေးကို ကျွန်တော် ခဏခဏ နားထောင်ဖြစ်တယ်။ ဘုရားသခင်က ကျွန်တော်တို့ကို မေးထားတယ်။ “သင်သည် အမှန်တကယ် အစေခံသူတစ်ဦး ဖြစ်ပါက၊ ဝတ်ကျေတမ်းကျေဆန်မှု သို့မဟုတ် အပျက်သဘောဆောင်ခြင်း တစ်ခုမျှ မပါဘဲ၊ သင်သည် ငါ့ကို သစ္စာရှိရှိ အစေခံမှု ပေးနိုင်သလော။ သင့်ကို ငါ လုံးဝ အသိအမှတ်မပြုသည်ကို သင် တွေ့ရှိပါက၊ သင်သည် ဆက်လက် နေထိုင်ပြီး ငါ့ကို ရာသက်ပန် အစေခံမှု ပေးနိုင်ဦးမည်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၂)) ဒီသီချင်းကို ကြားရတိုင်း ကျွန်တော် အရမ်း စိတ်လှုပ်ရှားရတယ်။ ကျွန်တော်က ဖန်ဆင်းခံတစ်ယောက်ဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်တာ၊ တာဝန်ထမ်းဆောင်တာက လုံးဝ သဘာဝကျသလို ကျိုးကြောင်းခိုင်လုံမျှတပါတယ်။ ဘုရားသခင်က ကျွန်တော့်ကို မလိုချင်တော့ရင်တောင် ကိုယ်တော့်ကို အဆုံးထိ ယုံကြည်နေဦးမှာပါ။ တာဝန်ထမ်းဆောင်ဖို့ ကျွန်တော့်မှာ နောက်ထပ် တစ်ရက် အချိန်ရနေသရွေ့ ကျွန်တော့်တာဝန်ကို ဖြည့်ဆည်းဖို့ အကောင်းဆုံး လုပ်ဆောင်ရမှာပါ။

တစ်နေ့မှာ ကျွန်တော့်အခြေအနေကို လုံးဝ ကွက်တိ ဖြေရှင်းပေးတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် အမှတ်မထင် တွေ့ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “စိတ်မချမ်းမြေ့ခြင်းနှင့်ဆိုင်သည့် စိတ်ခံစားမှုထဲသို့ လူတို့ ကျဆင်းကြခြင်းအတွက် အခြားသော အကြောင်းတရားတစ်ခုလည်း ရှိ၏။ ယင်းမှာ ၎င်းတို့ အသက်အရွယ် ရမလာမီ၊ သို့မဟုတ် လူကြီးများအဖြစ်သို့ ၎င်းတို့ အရွယ်ရောက်ပြီးနောက်တွင် လူတို့အပေါ် ဖြစ်ပျက်သည့် အချို့သော အမှုကိစ္စတစ်စုံတစ်ရာဖြစ်သည့် ပြစ်မှားမှုအချို့ကို ကျူးလွန်မိကြခြင်း၊ သို့မဟုတ် ရူးနှမ်းသော အရာများ၊ မိုက်မဲသော အရာများနှင့် မသိနားမလည်သော အရာများ အချို့ကို လုပ်ဆောင်မိကြခြင်း ဖြစ်သည်။ ၎င်းတို့ လုပ်ဆောင်မိပြီးဖြစ်သည့် ဤပြစ်မှားမှုများကြောင့်၊ ဤရူးနှမ်းပြီး မသိနားမလည်သော အရာများကြောင့် စိတ်မချမ်းမြေ့ခြင်းထဲသို့ ၎င်းတို့ ကျဆင်းကြသည်။ ဤစိတ်မချမ်းမြေ့ခြင်းမျိုးသည် မိမိကိုယ်ကို ရှုတ်ချခြင်းတစ်ခုဖြစ်ပြီး ၎င်းတို့ မည်သည့် လူစားမျိုးဖြစ်သည်ကို စိစစ်သတ်မှတ်ခြင်းမျိုးလည်း ဖြစ်သည်။...လူအချို့သည် တစ်ခါတစ်ရံ ၎င်းတို့၏ စိတ်မချမ်းမြေ့သည် စိတ်ခံစားချက်ကို လက်လွှတ်နိုင်ကြပြီး နောက်ချန်ထားရစ်နိုင်ကြသည်။ ၎င်းတို့သည် မိမိတို့၏ ရိုးသားစစ်မှန်မှုနှင့် မိမိတို့ စုစည်းနိုင်သည့် အားအင်ရှိသမျှကို ယူပြီး မိမိတို့အလုပ်၊ မိမိတို့၏ ဝတ္တရားများနှင့် တာဝန်များကို ထမ်းဆောင်ရာတွင် အသုံးပြုကြပြီး သမ္မာတရားကို လိုက်စားခြင်းနှင့် ဘုရားနှုတ်ကပတ်တော်များ ချင့်ချိန်စဉ်းစားရာတွင် စိတ်နှင့်နှလုံးကိုပင် အကြွင်းမဲ့ ထားရှိနိုင်ကြကာ ဘုရားနှုတ်ကပတ်တော်များထဲသို့ မိမိတို့ အားထုတ်မှုများကို စိုက်ထုတ်ကြသည်။ သို့သော် ထူးခြားသည့် အနေအထား၊ သို့မဟုတ် အခြေအနေ အစပြုလာသည့်အခိုက်တွင် စိတ်မချမ်းမြေ့သည် စိတ်ခံစားမှုက ၎င်းတို့ကို တစ်ဖန် ထိန်းချုပ်ပြီး မိမိတို့ စိတ်နှလုံးနက်နက်တွင် စွပ်စွဲခြင်း တစ်ဖန်ခံစားရစေသည်။ ၎င်းတို့က ‘ယခင်က ထိုအရာကို သင် လုပ်ဆောင်ခဲ့ပြီး သင်သည် ထိုလူစားမျိုး ဖြစ်သည်။ ကယ်တင်ခြင်းကို သင် ရရှိနိုင်ပါသလား။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာတွင် အဓိပ္ပာယ်တစ်ခုတလေ ရှိပါသလား။ သင် လုပ်ဆောင်မိပြီး ဖြစ်သည့်အရာအပေါ် ဘုရားသခင် မည်သည့်အရာကို တွေးပါသနည်း။ သင် လုပ်ဆောင်မိသည့်အတွက် ဘုရားသခင်က သင့်ကို ခွင့်လွှတ်လိမ့်မည်လား။ ယခုတွင် ဤသို့ အဖိုးအခပေးဆပ်ခြင်းသည် ထိုပြစ်မှားမှုအတွက် ထေမိစေနိုင်ပါသလား’ဟု မိမိတို့ဘာသာ တွေးကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို မကြာခဏ အပြစ်ဖော်ဆုံးမကြပြီး စိတ်ထဲတွင် စွပ်စွဲခြင်းခံစားရကြသကဲ့သို့ မေးခွန်းများဖြင့် မိမိတို့ကိုယ်ကို အမြဲ သံသယထားနေကြသည်၊ အမြဲ ဖိစစ်နေကြလေသည်။ ၎င်းတို့သည် ဤစိတ်မချမ်းမြေ့သည့် ခံစားချက်များကို လုံးဝ နောက်ချန်မထားနိုင်၊ သို့မဟုတ် မစွန့်ပယ်နိုင်ကြသကဲ့သို့ ၎င်းတို့ လုပ်ဆောင်မိပြီးဖြစ်သည့် ရှက်ဖွယ်သော အရာနှင့်ပတ်သက်၍ မစဲသော စိုးရိမ်ပူပန်မှု ခံစားချက်တစ်ခု ခံစားကြရသည်။ ထို့ကြောင့် ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ပြီးဖြစ်လင့်ကစား ဘုရားသခင် ပြောဆိုပြီးသည့် အရာတစ်ခုတလေကို ၎င်းတို့ လုံးဝ နားမထောင်ဖူးသကဲ့သို့ နားမလည်ခဲ့သည့်အလား ဖြစ်လေသည်။ ထိုအရာမှာ ၎င်းတို့အနေဖြင့် ကယ်တင်ခြင်း ရရှိခြင်းသည် ၎င်းတို့နှင့် ပတ်သက်မှုတစ်ခုတလေ ရှိမရှိ၊ ၎င်းတို့ လွတ်ငြိမ်းခွင့်ပေးခံရပြီး ရွေးနုတ်ခံရနိုင်ခြင်း ရှိမရှိ၊ သို့မဟုတ် ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ကယ်တင်ခြင်းတို့ကို ရရှိရန် ၎င်းတို့ အရည်အချင်း ပြည့်မီခြင်းရှိမရှိဆိုသည်ကို ၎င်းတို့ မသိကြသည့်အလား ဖြစ်သည်။ ဤအရာအားလုံးကို ၎င်းတို့ မသိကြချေ။ မည်သည့် အဖြေကိုမျှ ၎င်းတို့ မရရှိသောကြောင့်၊ ပြီးလျှင် တိကျမှန်ကန်သည့် မည်သည့် ထင်မြင်ချက်တစ်ခုမျှ ၎င်းတို့ မရရှိကြသောကြောင့် စိတ်ထဲတွင် စဉ်ဆက်မပြတ် ၎င်းတို့ စိတ်မချမ်းမြေ့ဖြစ်ကြသည်။ ၎င်းတို့၏ အတွင်းကျကျ စိတ်နှလုံးတွင် ၎င်းတို့ လုပ်ဆောင်ခဲ့သည့်အရာကို အဖန်ဖန် ၎င်းတို့ အမှတ်ရကြသည်။ အားလုံး အစပြုခဲ့ပုံနှင့် အဆုံးသတ်ခဲ့ပုံကို သတိရလျက်၊ အစမှအဆုံးထိ အားလုံးကို သတိရလျက် မိမိတို့ စိတ်တွင် ထိုအရာကို အဖန်အဖန် ပြန်တွေးမိကြသည်။ ထိုအရာကို ၎င်းတို့ မည်သို့ပင် ပြန်လည်သတိရသည်ဖြစ်စေ ၎င်းတို့ အပြစ်ရှိသည်ဟု အမြဲ ခံစားရသောကြောင့် နှစ်ချီကြာ ဤကိစ္စနှင့်ပတ်သက်၍ ၎င်းတို့ စဉ်ဆက်မပြတ် စိတ်မချမ်းမြေ့ခြင်းခံစားကြရသည်။ မိမိတို့တာဝန်ကို ၎င်းတို့ ထမ်းဆောင်သည့် အချိန်တွင်ပင်၊ အလုပ်တစ်ခုခုကို ၎င်းတို့ ကြီးကြပ်သည့်အချိန်တွင်ပင် ကယ်တင်ခံရမည့် မျှော်လင့်ချက် မရှိသကဲ့သို့ ၎င်းတို့ ခံစားကြရဆဲ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် သမ္မာတရား လိုက်စားခြင်းကို မည်သည့်အခါတွင်မျှ အတိအလင်း ရင်ဆိုင်ခြင်း မရှိကြသကဲ့သို့ ထိုအရာကို အမှန်ကန်ဆုံးနှင့် အရေးအကြီးဆုံးသော အရာတစ်ခုအဖြစ် မှတ်ယူခြင်း မရှိကြချေ။ ၎င်းတို့ ပြုလုပ်မိပြီးဖြစ်သည့် အမှား၊ သို့မဟုတ် အတိတ်ကာလက ၎င်းတို့ လုပ်ဆောင်ပြီးသည့် အရာကို လူအများစုက ဆိုးဝါးစွာ ထင်မြင်ခဲ့ကြကြောင်း၊ သို့မဟုတ် လူတို့၏ ရှုတ်ချခြင်းနှင့် စက်ဆုပ်ခြင်းကို ၎င်းတို့ ခံရနိုင်ကြောင်း၊ သို့မဟုတ် ဘုရားသခင်၏ ရှုတ်ချခြင်းကိုပင် ခံရနိုင်ကြောင်း ၎င်းတို့ ယုံကြည်ကြလေသည်။ ဘုရားသခင်၏ အမှုတော် မည်သည့်အဆင့်တွင် ရှိသည်ဖြစ်စေ၊ သို့မဟုတ် မိန့်မြွက်ချက် မည်မျှ သူပြုလုပ်ပြီးသည်ဖြစ်စေ သမ္မာတရား လိုက်စားခြင်း ကိစ္စရပ်ကို မှန်ကန်သည့် နည်းလမ်းဖြင့် ၎င်းတို့ လုံးဝ ရင်ဆိုင်ခြင်း မရှိကြချေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ ၎င်းတို့သည် မိမိတို့၏ စိတ်မချမ်းမြေ့ခြင်းကို နောက်ချန်ထားရန် သတ္တိ မရှိကြ။ ဤသည်မှာ ဤအရာများကို တွေ့ကြုံရခြင်းမှ ဤလူစားမျိုးက ကောက်ချက်ဆွဲသည့် နောက်ဆုံး ကောက်ချက်ဖြစ်ပြီး မှန်ကန်သည့် ကောက်ချက်ကို ၎င်းတို့ မဆွဲကြသောကြောင့် မိမိတို့၏ စိတ်မချမ်းမြေ့ခြင်းကို ၎င်းတို့ နောက်ချန်ထားရစ်နိုင်စွမ်း ရှိကြချေ။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂)) ဘုရားသခင်က ကျွန်တော့်ရဲ့ အခြေအနေ အတိအကျကို ဖော်ပြခဲ့တယ်။ ကတိခံဝန်ချက်သုံးမျိုးကို လက်မှတ်ထိုးပြီးကတည်းက အဲဒီကိစ္စက ကျွန်တော့်ရင်ထဲက ဆူးတစ်ချောင်းလို ဖြစ်နေပြီး ကျွန်တော် ခဏခဏ ကြေကွဲဝမ်းနည်းပြီး စိတ်ဆင်းရဲရတယ်။ “ငါက ကတိခံဝန်ချက်သုံးမျိုးကို လက်မှတ်ထိုးပြီးပြီ၊ သားရဲရဲ့ တံဆိပ် ခတ်နှိပ်ခံထားရပြီဆိုတော့ ငါလိုလူတစ်ယောက်ကို ဘုရားသခင်က ကယ်တင်ပါဦးမလား။ ဘုရားသခင်က သူ့အတွက် သက်သေခံနိုင်တဲ့ လူတွေကို လိုချင်တာ၊ ဒါပေမဲ့ ငါက ဘုရားသခင်အတွက် သက်သေမခံခဲ့တဲ့အပြင် ကတိခံဝန်ချက်သုံးမျိုးကိုတောင် လက်မှတ်ထိုးပြီး ဘုရားသခင်ကို သစ္စာဖောက်ခဲ့တယ်၊ ရှက်စရာကောင်းတဲ့ အမှတ်အသား ဖြစ်လာခဲ့တယ်။ ဘုရားသခင်က ငါ့ကို ဖယ်ရှားရှင်းလင်းလိုက်ပြီလား” လို့ ကိုယ့်ကိုယ်ကိုယ် မေးခဲ့တာ တစ်ခါမကတော့ပါဘူး။ ဒီလိုတွေးမိတိုင်း ကျွန်တော့်နှလုံးသားက ဓားနဲ့ထိုးခွဲခံရသလို နာကျင်ရတယ်။ ကျွန်တော့်ဆုတောင်းချက်တွေမှာ ဘာပြောရမှန်းတောင် မသိတော့ဘူး။ အသင်းတော်က ကျွန်တော့်ကို တာဝန်ထမ်းဆောင်ဖို့ အခွင့်အရေး ပေးနေတုန်းပဲဖြစ်ပြီး ကျွန်တော် အရမ်းကျေးဇူးတင်မိသလို တတ်နိုင်သမျှ အကောင်းဆုံး ပူးပေါင်းဆောင်ရွက်ချင်ပေမဲ့ ကျွန်တော့်ရဲ့ စိုးရိမ်ပူပန်မှုက ဒီအတိုင်း ပျောက်မသွားဘူး။ ကတိခံဝန်ချက်သုံးမျိုး လက်မှတ်ထိုးခဲ့တဲ့ လူတွေအကြောင်း ညီအစ်ကိုမောင်နှမတွေ ဆွေးနွေးကြတာကို ကြားရတိုင်း ကျွန်တော့်ရင်ထဲမှာ တဆစ်ဆစ် နာကျင်ရတယ်။ အဖမ်းခံရပြီးနောက်မှာ သူတို့ရဲ့ သက်သေခံချက်မှာ ခိုင်မာစွာ ရပ်တည်ခဲ့တဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ အတွေ့အကြုံတွေကို မြင်ရတာက ကျွန်တော့်ရင်ကို ပိုလို့တောင် နာကျင်စေတယ်။ ဒီလူတွေဟာ ဘုရားသခင် အသိအမှတ်ပြုတဲ့လူတွေပဲ၊ ဒါပေမဲ့ ငါကတော့ ကိုယ်တော်ရဲ့ ကယ်တင်ခြင်းနဲ့ မထိုက်တန်အောင် ကတိခံဝန်ချက်သုံးမျိုးကို လက်မှတ်ထိုးပြီး ဘုရားသခင်ကို သစ္စာဖောက်ခဲ့တယ်လို့ ကျွန်တော် တွေးမိတယ်။ ကတိခံဝန်ချက်သုံးမျိုးကို လက်မှတ်ထိုးလိုက်မိတဲ့ အရိပ်မည်းကို ကျွန်တော် မခွာချနိုင်တာကြောင့် အပျက်သဘောဆောင်တဲ့ အခြေအနေထဲမှာပဲ ခဏခဏ နေနေမိတယ်။ သမ္မာတရားကို လိုက်စားဖို့၊ အသက် ဝင်ရောက်မှု ရှိဖို့အတွက် ဘာစိတ်အားထက်သန်မှုမှ မရှိတော့ဘူး။ ကျွန်တော်ဟာ ဝိညာဉ်မရှိတဲ့ ခန္ဓာကိုယ်ခွံတစ်ခုလို ခံစားရပြီး နေ့တိုင်း အလုပ်ပြီးဖို့လောက်ပဲ သိတော့တယ်။ ကိစ္စတွေကို ကောင်းကောင်းလုပ်မှပဲ ကျွန်တော့်ရဲ့ ပြစ်မှားခြင်းတွေအတွက် အပြစ်ဖြေနိုင်မယ်၊ ဒါမှပဲ ကျွန်တော့်စိတ်နှလုံးက သက်သာရာ နည်းနည်းရမယ်လို့ ထင်မိတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်သုံးသပ်ရင်းနဲ့ ဘုရားသခင်က သမ္မာတရားကို လိုက်စားဖို့ ကျွန်တော့်အခွင့်အရေးကို ရုပ်သိမ်းမသွားဘူးဆိုတာ ကျွန်တော် သဘောပေါက်လိုက်တယ်။ ခေါင်းဆောင်တာဝန်ကို ထမ်းဆောင်ဖို့ လေ့ကျင့်ပေးတာမျိုးတောင် ကိုယ်တော်က ခွင့်ပြုထားသေးတာလေ။ အကယ်၍သာ ဘုရားသခင်က ကျွန်တော့်ကို ဖယ်ရှားရှင်းလင်းလိုက်မယ်ဆိုရင် တာဝန်ထမ်းဆောင်ဖို့ ကျွန်တော် ဘယ်လိုလုပ် အခွင့်အရေး ရှိပါ့မလဲ။ ဒီအခြေအနေမှာ ဘုရားနှုတ်ကပတ်တော်ရဲ့ ရေလောင်းပေးမှုနဲ့ ထောက်ပံ့မှုကို မွေ့လျော်ခံစားဖို့ဆိုတာကိုလည်း မပြောနဲ့တော့။ ဒါပေမဲ့ ကျွန်တော်က ဘုရားသခင်ကို ဆက်တိုက် အထင်လွဲပြီး အပျက်သဘောဆောင်မှုထဲမှာ နေရင်း အချိန်တွေ အများကြီး ဖြုန်းတီးခဲ့မိတယ်။ ဒီလိုသာ ဆက်ပြီး အပျက်သဘောဆောင်နေမယ်ဆိုရင် ဘုရားသခင်က ကျွန်တော့်ကို ဖယ်ရှားရှင်းလင်းတာ မဟုတ်ဘဲ သမ္မာတရားကို မလိုက်စားတဲ့ ကျွန်တော်ကိုယ်တိုင်က ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးလိုက်တာ ဖြစ်သွားလိမ့်မယ်။ ဒီအပျက်သဘောဆောင်တဲ့ အခြေအနေကနေ ထွက်မြောက်ဖို့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် သေချာ ပြန်လည်သုံးသပ်ပြီး သမ္မာတရားကို ရှာဖွေရမယ်။

နောက်ပိုင်းမှာ ပြဿနာရဲ့ အရင်းအမြစ်ကို ရှာတွေ့ဖို့ ကူညီပေးတဲ့ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်တော် တွေ့လိုက်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူတို့သည် ကောင်းချီးခံစားရရန်၊ ဆုလာဘ်ချီးမြှင့်ခြင်းခံရရန်၊ ဆုသရဖူရရှိရန်အတွက် ဘုရားသခင်ကို ယုံကြည်ကြသည်။ လူတိုင်း၏ စိတ်နှလုံးတွင် ဤအရာ တည်ရှိသည်မဟုတ်လော။ ဤအရာတည်ရှိသည်မှာ အမှန်တရားဖြစ်သည်။ ထိုအကြောင်းကို လူတို့က မကြာခဏ မပြောကြသော်လည်း၊ ကောင်းချီးများရရန် ၎င်းတို့၏ ရည်ရွယ်ချက်နှင့် ဆန္ဒကိုပင် ဖုံးကွယ်သော်လည်း လူတို့၏ စိတ်နှလုံးအတွင်းတွင်ရှိသော ဤဆန္ဒနှင့် ရည်ရွယ်ချက်သည် အစဉ် ပြောင်းလဲ၍ မရနိုင်ပေ။ လူတို့သည် ဝိညာဉ်ရေးရာ သဘောတရားများကို မည်မျှ နားလည်သည်ဖြစ်စေ၊ အတွေ့အကြုံဆိုင်ရာ အသိပညာ မည်မျှရှိသည်ဖြစ်စေ၊ မည်သည့်တာဝန်ကို ထမ်းဆောင်နိုင်သည်ဖြစ်စေ၊ မည်မျှ ဒုက္ခခံနိုင်သည်ဖြစ်စေ၊ သို့မဟုတ် မည်မျှ အဖိုးအခ ပေးဆပ်နိုင်သည်ဖြစ်စေ၊ ၎င်းတို့စိတ်နှလုံး အတွင်းနက်နက်ထဲတွင် ကွယ်ဝှက်နေသော ကောင်းချီးရလိုသည့် စိတ်ဓာတ်လှုံ့ဆော်မှုကို မည်သည့်အခါမျှ လက်မလွှတ်နိုင်ဘဲ အစေခံရာတွင် အစဉ်သဖြင့် တိတ်ဆိတ်စွာ အားသွန်ခွန်စိုက်လုပ်ဆောင်သည်။ ဤသည်မှာ လူတို့၏ စိတ်နှလုံးအတွင်းထဲရှိ အနက်ဆုံးနေရာတွင် မြုပ်နှံထားသောအရာ မဟုတ်လော။ ကောင်းချီးမင်္ဂလာများ ရရှိဖို့ဖြစ်သည့် ဤလှုံ့ဆော်မှုမရှိလျှင် သင်တို့သည် မည်သို့ခံစားရမည်နည်း။ မည်သည့်သဘောထားနှင့် တာဝန်ကို ထမ်းဆောင်ပြီး ဘုရားသခင်နောက် လိုက်မည်နည်း။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဖုံးကွယ်နေသော ကောင်းချီးရရှိဖို့ဖြစ်သည့် ဤစိတ်ဓာတ်လှုံ့ဆော်မှုကို ဖယ်ရှားပစ်လိုက်လျှင် လူတို့သည် မည်သည့်အရာ ဖြစ်လာမည်နည်း။ လူများစွာက အပျက်သဘောဆောင်လာခြင်း ဖြစ်နိုင်သည်။ အချို့မှာ မိမိတို့၏တာဝန်များတွင် စိတ်အားလျော့လာမည်။ ၎င်းတို့၏ ဝိညာဉ်က ပျောက်ကွယ်သွားခဲ့ပြီးဖြစ်သည့်အလား ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုတွင် စိတ်ဝင်စားမှု ပျောက်သွားပေမည်။ ၎င်းတို့၏ စိတ်နှလုံးက ဆွဲယူခံခဲ့ရပြီးသည့် ပုံပေါ်နေမည်။ ဤအတွက်ကြောင့် ကောင်းချီးရရန် စိတ်ဓာတ်လှုံ့ဆော်မှုသည် လူတို့၏ စိတ်နှလုံးတွင် နက်နက်ရှိုင်းရှိုင်း ကွယ်ဝှက်နေသည့်အရာ ဖြစ်သည်ဟု ငါပြောရခြင်းဖြစ်သည်။ ၎င်းတို့သည် မိမိတို့တာဝန်ကို ထမ်းဆောင်သည်နှင့်အမျှ သို့မဟုတ် အသင်းတော်အသက်တာကို ရှင်သန်သည်နှင့်အမျှ ၎င်းတို့၏ မိသားစုများကို စွန့်လွှတ်နိုင်ပြီး ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို ဝမ်းမြောက်စွာ အသုံးခံနိုင်သည်၊ ယခုအခါတွင် ကောင်းချီးရရန် ၎င်းတို့၏ စိတ်ဓာတ်လှုံ့ဆော်မှုအပေါ် အသိရှိသည်၊ ဤစိတ်ဓာတ်လှုံ့ဆော်မှုကို ဘေးဖယ်ထားပြီးဖြစ်ကာ ဤအရာ၏ အုပ်စိုးခြင်း၊ သို့မဟုတ် ချုပ်ချယ်ခြင်းကို မခံရတော့ဟု မိမိတို့ကိုယ်ကို ခံစားရခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ထို့နောက်တွင် ၎င်းတို့တွင် ကောင်းချီးခံစားလိုသည့် စိတ်ဓာတ်လှုံ့ဆော်မှု မရှိတော့ဟု ၎င်းတို့က ထင်မြင်ကြသည်။ သို့သော် ဘုရားသခင်က ဤသို့ မယုံကြည်ပေ။ လူတို့သည် အကြောင်းကိစ္စများကို အပေါ်ယံသာ ရှုမြင်သည်။ စမ်းသပ်မှုများမပါဘဲ ၎င်းတို့က မိမိတို့ကိုယ်ကို ကျေနပ်ကြသည်။ အသင်းတော်ကို ၎င်းတို့ မစွန့်ခွာသရွေ့၊ သို့မဟုတ် ဘုရားသခင်၏ အမည်နာမကို မငြင်းပယ်သရွေ့၊ ဘုရားသခင်အတွက် ဆက်လက် အသုံးခံသရွေ့ ၎င်းတို့က ပြောင်းလဲသွားပြီဟု ယုံကြည်ကြသည်။ ၎င်းတို့သည် တာဝန်ထမ်းဆောင်ရာတွင် တစ်ကိုယ်ရေ စိတ်အားထက်သန်မှု၊ သို့မဟုတ် ခဏတာ ရုတ်တရက်ဖြစ်ပေါ်သော ဆန္ဒတို့အားဖြင့် တွန်းအားပေးခြင်းမခံရတော့ဟု ခံစားမိကြသည်။ ထိုအစား ၎င်းတို့က သမ္မာတရားကို လိုက်စားနိုင်သည်၊ တာဝန်ထမ်းဆောင်စဉ်တွင် သမ္မာတရားကို အဆက်မပြတ်ရှာဖွေပြီး လက်တွေ့လုပ်ဆောင်နိုင်သည်၊ ဤနည်းအားဖြင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက သန့်စင်ခံရပြီး စစ်မှန်သော ပြောင်းလဲမှုအချို့ကို ရရှိသည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ သို့ရာတွင် လူတစ်ယောက်၏ ခရီးပန်းတိုင်၊ အဆုံးသတ်တို့နှင့် တိုက်ရိုက်ဆက်နွှယ်သောအရာများ ဖြစ်ပျက်သောအခါ ၎င်းတို့ မည်သို့ ပြုမူကြသနည်း။ သမ္မာတရားကို အလုံးစုံ ထုတ်ဖော်ပြထားပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အသက်တာ ကြီးထွားတိုးတက်ခြင်း၏ အညွှန်းခြောက်ခု) ဘုရားသခင်က ကျွန်တော့်ရဲ့ စစ်မှန်တဲ့ အခြေအနေကို ဖော်ထုတ်ခဲ့တယ်။ ကောင်းချီးတွေအတွက် ကျွန်တော့် လိုအင်ဆန္ဒတွေ တစ်စစီပြိုကွဲသွားလို့ ကျွန်တော် အရမ်းအပျက်သဘောဆောင်ခဲ့တာပါ။ ဘုရားသခင်ကို တွေ့ပြီးတဲ့နောက်မှာ၊ သူ့အတွက် ကိုယ့်ကိုယ်ကိုယ် အသုံးခံဖို့ စိတ်ထက်သတ်ခဲ့ပြီး၊ ဒီလိုသာ ဆက်ပြီး လိုက်စားသွားရင် နိုင်ငံတော်ထဲဝင်ပြီး ကောင်းကင်နိုင်ငံတော်ရဲ့ ကောင်းချီးတွေကို သေချာပေါက် ခံစားရမယ်လို့ တွေးရင်း အထက်တန်းကျောင်းပြီးတာနဲ့ အချိန်ပြည့် တာဝန်ထမ်းဆောင်ခဲ့တယ်။ ကျွန်တော် အဖမ်းခံရပြီး နှိပ်စက်ခံရမှာကြောက်လို့ ကတိခံဝန်ချက်သုံးမျိုးကို လက်မှတ်ထိုးလိုက်တဲ့အချိန်မှာ ကောင်းချီးရဖို့ မျှော်လင့်ချက် မရှိတော့ဘူးလို့ ခံစားလိုက်ရပြီး ဘုရားသခင်အပေါ် ကျွန်တော့်ရဲ့ သံသယတွေ၊ အထင်လွဲတာတွေ အကုန်လုံး ပေါ်လာတော့တာပဲ။ “ကတိခံဝန်ချက်သုံးမျိုးကို လက်မှတ်ထိုးပြီးတဲ့နောက်မှာ ဘုရားသခင်က ငါ့ကို ခွင့်လွှတ်နိုင်ပါ့ဦးမလား။ ဘုရားသခင်က ငါ့ကို မကယ်တင်ရင် ငါ့မှာ ကောင်းချီးရဖို့ မျှော်လင့်ချက် ရှိသေးရဲ့လား။ ကောင်းချီးရဖို့ မျှော်လင့်ချက်မရှိရင် အဆုံးထိ ယုံကြည်နေလို့ ဘာထူးမှာလဲ” လို့ ကျွန်တော် တွေးမိတယ်။ ကျွန်တော့် စိတ်ထဲမှာ တော်တော်ကို အပျက်သဘောဆောင်သွားတယ်။ အထူးသဖြင့် နောက်ပိုင်းမှာ ခေါင်းဆောင်တွေက ကျွန်တော် ကတိခံဝန်ချက်သုံးမျိုး လက်မှတ်ထိုးတဲ့ကိစ္စကို စစ်ဆေးတဲ့အခါ အသင်းတော်က ကျွန်တော့်ကို အချိန်မရွေး ရှင်းလင်းပစ်နိုင်တယ်ဆိုတဲ့ သံသယတွေ ဝင်လာတယ်။ ဘုရားနှုတ်ကပတ်တော်ရဲ့ ထောက်ပံ့မှုကို ခံစားရပြီး တာဝန်ထမ်းဆောင်နိုင်သေးပေမဲ့ ဖယ်ရှားရှင်းလင်းခံရမဲ့ ကံကြမ္မာကနေ မလွတ်မြောက်နိုင်ဘူးလို့ ကျွန်တော် ခံစားခဲ့ရတယ်။ ကောင်းချီးရဖို့ မျှော်လင့်ချက် မရှိတော့ဘူးလို့ တွေးမိပြီး ကျွန်တော့် စိတ်နှလုံးကို ကျောက်တုံးကြီးက ဖိချေလိုက်သလိုမျိုး ခံစားခဲ့ရတယ်။ ကျွန်တော့် ဝိညာဉ် ဆုံးရှုံးသွားသလို ခံစားခဲ့ရတယ်။ အပျက်သဘော၊ နာကျင်မှုတွေနဲ့ ကျွန်တော် မကြာမကြာ ဖုံးလွှမ်းသွားပြီး သမ္မာတရားကို လိုက်စားဖို့၊ အသက် ဝင်ရောက်မှု ရှိဖို့ အင်အားမရှိတော့ဘူး။ ကျွန်တော့်ရဲ့ ကောင်းချီးရလိုတဲ့ စိတ်ဆန္ဒက အရမ်းပြင်းပြနေတာကို ကျွန်တော် တွေ့လိုက်ရတယ်။ ဒီနှစ်တွေတစ်လျှောက် ကျွန်တော် လုပ်ခဲ့တဲ့ အသုံးခံတာတွေ၊ စွန့်လွှတ်အနစ်နာခံတာတွေက ဘုရားသခင်ကို ကျေနပ်စေဖို့ မဟုတ်ဘဲ ကိုယ်တော်နဲ့ အလဲအလှယ်လုပ်ဖို့ ကြိုးစားနေတာတွေပါပဲ။ တစ်ခုခု ရစရာရှိတဲ့အခါ ကိုယ့်တာဝန်တွေကို ထမ်းဆောင်ရာမှာ ကျွန်တော် တကယ် တက်ကြွပေမဲ့ ကောင်းချီးတွေ မရနိုင်ခဲ့တဲ့အခါ၊ ကျွန်တော် အလွန်အကျွံ အပျက်သဘောဆောင်လာခဲ့တယ်။ ကျွန်တော့်ရဲ့ လိုက်စားမှုနဲ့ မယုံကြည်သူတွေရဲ့ လိုက်စားမှုက ဘာကွာခြားလို့လဲ။ ကျွန်တော်က မြေမှုန့်လောက်တောင် တန်ဖိုးမရှိတဲ့ ဖန်ဆင်းခံတစ်ယောက်ပေမဲ့၊ ဘုရားအိမ်တော်ကို လာပြီး တာဝန်ထမ်းဆောင်နိုင်တယ်၊ ဘုရားသခင် ဖော်ပြတဲ့ သမ္မာတရားအားလုံးကို မွေ့လျော်ခံစားနိုင်တယ်။ ဘုရားသခင်ဆီကနေ ကျွန်တော် အများကြီး လက်ခံရရှိပြီးပါပြီ။ ဒါပေမဲ့ ဘုရားသခင် ပေးထားသမျှအတွက် ကျွန်တော် လုံးဝ ကျေးဇူးမတင်ခဲ့ဘူး။ ကောင်းကင်နိုင်ငံတော်ရဲ့ ကောင်းချီးတွေကိုတောင် အရှက်မရှိဘဲ ဘုရားသခင်ဆီကနေ တောင်းဆိုခဲ့ပြီး၊ ကောင်းချီးမရနိုင်ခဲ့ရင် အပျက်သဘောဆောင်လာပြီး အတိုက်အခံလုပ်လာတယ်။ ကျွန်တော့်မှာ လူ့သဘာဝ တကယ် မရှိပါဘူး။ ဒါကို သဘောပေါက်လိုက်တော့ ကျွန်တော် တော်တော်လေး နောင်တရမိတယ်။ ဒါနဲ့ ကောင်းချီးတွေအတွက် ကျွန်တော့်ရဲ့ လိုအင်ဆန္ဒတွေကို စွန့်လွှတ်ပြီး နောင်တရဖို့ လိုလားရင်းနဲ့ ဘုရားသခင်ဆီ ကျွန်တော် ဆုတောင်းလိုက်တယ်။

အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ကို ထပ်ဖတ်ပြီးတော့ ကိုယ်တော့်ရဲ့ ရည်ရွယ်ချက်ကို ပိုရှင်းရှင်းလင်းလင်း နားလည်သွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူအများစုသည် ပြစ်မှားခြင်းအချို့ရှိကြပြီး နာမည်အချို့ပျက်ကြလေသည်။ ဥပမာ လူအချို့သည် ဘုရားသခင်ကို အာခံပြီး ပြစ်မှားစော်ကားသောအရာများကို ပြောဆိုကြပြီးဖြစ်သည်။ လူအချို့သည် ဘုရားသခင်၏ စေခိုင်းချက်ကို ငြင်းဆန်ခဲ့ကြပြီး ၎င်းတို့တာဝန်ကို မထမ်းဆောင်ကြဘဲ ဘုရားသခင်၏ ပစ်ပယ်ခြင်းကို ခံရပြီးဖြစ်သည်။ လူအချို့သည် စုံစမ်းသွေးဆောင်ခြင်းနှင့် ရင်ဆိုင်ခဲ့ရသည့်အခါ ဘုရားသခင်ကို သစ္စာဖောက်ခဲ့ကြသည်။ လူအချို့သည် အဖမ်းခံရသည့်အခါတွင် ‘စာသုံးစောင်’ကို လက်မှတ်ထိုးခြင်းအားဖြင့် ဘုရားသခင်ကို သစ္စာဖောက်ခဲ့ကြသည်။ အချို့မှာ လှူဖွယ်ပစ္စည်းများကို ခိုးယူခဲ့ကြသည်။ အချို့မှာ လှူဖွယ်ပစ္စည်းများကို ဖြုန်းတီးခဲ့ကြသည်။ အချို့မှာ အသင်းတော်အသက်တာကို မကြာခဏ နှောင့်ယှက်ခဲ့ပြီး ဘုရားသခင် ရွေးချယ်ထားသော လူများကို ထိခိုက်နစ်နာစေကြသည်။ အချို့မှာ အုပ်စုများဖွဲ့ပြီး အခြားလူများကို ကြမ်းတမ်းစွာ ကိုင်တွယ်ကြကာ အသင်းတော်ကို ကမောက်ကမဖြစ်အောင် လုပ်ခဲ့ကြသည်။ အချို့မှာ အယူအဆများနှင့် သေခြင်းကို ဖြန့်ကြပြီး ညီအစ်ကိုမောင်နှမများကို နစ်နာစေခဲ့ကြသည်။ အချို့မှာ မကောင်းသောမေထုန်နှင့် လူတကာနှင့် မေထုန်မှီဝဲကြကာ ဆိုးဝါးသော ဩဇာလွှမ်းမိုးမှုတစ်ခု ဖြစ်နေခဲ့သည်။ လူတိုင်းက ပြစ်မှားမှုများနှင့် စွန်းထင်းမှုများရှိသည်ဟု ဆိုရန် လုံလောက်သည်။ သို့တိုင်အောင် လူအချို့သည် သမ္မာတရားကို လက်ခံနိုင်ပြီး နောင်တရနိုင်သည်။ အခြားလူများက သမ္မာတရားကို လက်မခံနိုင်ဘဲ နောင်တရမည့်အစား သေသာသေလိုက်ကြမည်ဖြစ်သည်။ ထို့ကြောင့် လူတို့ကို ၎င်းတို့၏ သဘာဝ အနှစ်သာရနှင့် ၎င်းတို့၏ တစ်သမတ်တည်းဖြစ်သော အပြုအမူတို့နှင့်အညီ ဆက်ဆံသင့်သည်။ နောင်တရနိုင်သောသူတို့သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောသူများ ဖြစ်သည်။ သို့ရာတွင် အမှန်တကယ်ကို နောင်တမရနိုင်သူများအတွက်မူ ရှင်းလင်းပစ်ပြီး နှင်ထုတ်သင့်သည့်သူများကို ရှင်းလင်းပစ်သင့်ပြီး နှင်ထုတ်လိမ့်မည်။...လူအသီးသီးကို ဘုရားသခင်၏ ကိုင်တွယ်ခြင်းသည် ထိုအချိန်က ထိုလူ၏ အခြေအနေများနှင့် နောက်ခံအခြေအနေတို့နှင့်ပတ်သက်သော တကယ့်အခြေအနေများတွင် အခြေခံထားသည့်အပြင် ထိုသူ၏ လုပ်ရပ်များနှင့် အပြုအမူ၊ ပြီးလျှင် ၎င်း၏ သဘာဝ အနှစ်သာရတို့တွင်လည်း အခြေခံထားသည်။ ဘုရားသခင်သည် မည်သူ့ကိုမျှ ဘယ်သောအခါမျှ မတရားသဖြင့် ဆက်ဆံလိမ့်မည်မဟုတ်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရား၏ ဘက်တစ်ဖက် ဖြစ်သည်။ ဥပမာအားဖြင့် ဧဝသည် ကောင်းမကောင်းသိကျွမ်းရာအပင်မှ အသီးကို စားရန် မြွေ၏ သွေးဆောင်ဖြားယောင်းခြင်းကို ခံခဲ့ရသော်လည်း ယေဟောဝါသည် သူမအား ‘သင့်အား မစားဖို့ ငါပြောခဲ့သည်၊ ထို့ကြောင့် သင်သည် ယင်းကို အဘယ့်ကြောင့် စားဖြစ်အောင် စားခဲ့သနည်း။ သင်၌ ပိုင်းခြားသိမြင်မှု ရှိသင့်သည်။ မြွေသည် သင့်ကို ဖြားယောင်းဖို့သာ စကားပြောခြင်းဖြစ်သည်ကို သင် သိသင့်သည်’ ဟု ပြောခြင်းအားဖြင့် အပြစ်ဆိုခြင်း မရှိခဲ့ပေ။ ယေဟောဝါသည် ဧဝကို ထိုကဲ့သို့ အပြစ်ဖော်ဆုံးမခြင်းမရှိခဲ့ပေ။ အကြောင်းမှာ လူသားများသည် ဘုရားသခင်၏ ဖန်ဆင်းခြင်းဖြစ်သောကြောင့် ၎င်းတို့၏ ဗီဇသည် မည်သည့်အရာဖြစ်သည်၊ ပြီးလျှင် ထိုဗီဇများသည် မည်သည့်အရာများကို တတ်နိုင်စွမ်းသည်၊ လူများသည် မည်သည့်အတိုင်းအတာအထိ မိမိတို့ကိုယ်ကို ထိန်းချုပ်နိုင်ပြီး လူတို့သည် မည်သည့်အတိုင်းအတာ တစ်ခုအထိ အမှုကိစ္စများကို လုပ်ဆောင်နိုင်သည်ကို သူသိသည်။ ဘုရားသခင်က ဤအရာအားလုံးကို လုံးဝ ရှင်းရှင်းလင်းလင်း သိသည်။ လူတစ်ယောက်ကို ဘုရားသခင်က ကိုင်တွယ်ခြင်းသည် လူတို့ စိတ်ကူးသကဲ့သို့ မရိုးရှင်းပေ။ လူတစ်ယောက်အပေါ် သူ၏ သဘောထားသည် စက်ဆုပ်ခြင်း၊ သို့မဟုတ် ရွံရှာခြင်းဖြစ်သောအခါ၊ သို့မဟုတ် အဆိုပါအကြောင်းအရာတစ်ခုတွင် ဤလူက ပြောဆိုသည့်အရာနှင့် ပတ်သက်သည့်အခါ ဘုရားသခင်သည် ၎င်းတို့၏ အခြေအနေများကို ကောင်းစွာနားလည်သည်။ ဤသည်မှာ ဘုရားသခင်က လူ၏ စိတ်နှလုံးနှင့် အနှစ်သာရကို စိစစ်သောကြောင့်ဖြစ်သည်။ လူတို့က အစဉ် စဉ်းစားကြသည်။ ‘ဘုရားသခင်က သူ၏ ဘုရားသဘောသဘာဝ သာရှိသည်။ သူက ဖြောင့်မတ်ပြီး လူသားထံမှ ပုန်ကန်ပြစ်မှားမှုကို သည်းမခံပါ။ လူ၏ အခက်အခဲများကို ထည့်မတွက်ပါ၊ သို့မဟုတ် လူများကို ကိုယ်ချင်းမစာဘူး။ လူတစ်ယောက်က ဘုရားကို အာခံလျှင် ဘုရားက သူ့ကို အပြစ်ဒဏ်ပေးမည်သာဖြစ်သည်’ ဟူ၍ဖြစ်သည်။ အမှုကိစ္စများသည် လုံးဝ ဤသို့ မဟုတ်ပေ။ ဤသည်မှာ ဘုရား၏ ဖြောင့်မတ်ခြင်း၊ ဘုရား၏ အမှုတော်နှင့် လူတို့အပေါ် သူ၏ ဆက်ဆံမှုကို လူတစ်ယောက်က နားလည်သည့်ပုံစံဖြစ်လျှင် ထိုသူသည် အလွန်ပင် မှားယွင်းသည်။ လူတစ်ယောက်၏ အဆုံးသတ်အပေါ် ဘုရားသခင်၏ ဆုံးဖြတ်ချက်သည် လူ၏ အယူအဆများ၊ စိတ်ကူးထင်မြင်မှုများအပေါ် အခြေမခံဘဲ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားတွင် အခြေခံသည်။ လူတစ်ယောက်ချင်းစီကို ၎င်းတို့လုပ်ဆောင်ခဲ့သည့်အရာနှင့်အညီ ဘုရားသခင်က ပြန်လည်ပေးဆပ်လိမ့်မည်။ ဘုရားသခင်က ဖြောင့်မတ်သည်။ အနှေးနှင့် အမြန် လူတိုင်းက လုံးလုံးလျားလျား လက်ခံယုံကြည်စေရန် ဘုရားသခင်က သေချာလုပ်ဆောင်မည်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး)သမ္မာကျမ်းစာတွင် ပျောက်သောသား ပြန်လာခြင်း အကြောင်း ဇာတ်လမ်းတစ်ခု ပါရှိသည်။ သခင်ယေရှုက ဤပုံဥပမာကို အဘယ့်ကြောင့် အသုံးပြုခဲ့သနည်း။ ယင်းမှာ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်၏ ရည်ရွယ်ချက်သည် ရိုးသားသည်ကိုလည်းကောင်း၊ ဘုရားသခင်သည် လူများအား နောင်တရပြီးပြောင်းလဲဖို့ အခွင့်အရေး ပေးသည်ကိုလည်းကောင်း လူတို့နားလည်စေရန် ဖြစ်သည်။ ဤဖြစ်စဉ်တစ်လျှောက်တွင် ဘုရားသခင်သည် လူများကို နားလည်ပြီး၊ ၎င်းတို့၏ အားနည်းချက်များနှင့် ၎င်းတို့ ဖောက်ပြန်ပျက်စီးခြင်း၏ အတိုင်းအတာတို့ကို ကောင်းစွာသိသည်။ လူတို့သည် လဲကျပြီး ရှုံးနိမ့်မည်ကို သူသိထားသည်။ လမ်းလျှောက်သင်နေသည့် ကလေးကဲ့သို့ ဖြစ်သည်။ သူသည် ခန္ဓာကိုယ် မည်မျှသန်စွမ်းပါစေ၊ လဲကျပြီး ယိမ်းယိုင်သည့်အချိန်များ၊ အရာဝတ္ထုများကို တိုက်မိပြီး လဲသည့်အချိန်များ ရှိပေလိမ့်မည်။ မိခင်တစ်ဦးက သူ၏ ကလေးကို နားလည်သည့်ပုံစံအတိုင်း လူတိုင်းကို ဘုရားသခင် နားလည်သည်။ လူတစ်ဦးစီ၏ အခက်အခဲများ၊ ၎င်းတို့၏ အားနည်းချက်များနှင့် လိုအပ်ချက်များကို သူနားလည်သည်။ ထိုထက်သာ၍ပင်၊ လူတို့က ၎င်းတို့၏ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှု ဖြစ်စဉ်တွင် မည်သည့် အခက်အခဲများ၊ အားနည်းချက်များနှင့် ကျရှုံးမှုများ ရင်ဆိုင်ရလိမ့်မည်ကို ဘုရားသခင် နားလည်သည်။ ဤသည်တို့မှာ ဘုရားသခင်က အကောင်းဆုံး နားလည်သည့်အရာများ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က လူတို့ စိတ်နှလုံးများ၏ အတွင်းပိုင်းနေရာများကို စိစစ်သည်ဟု ဆိုလိုပေသည်။ သင် မည်မျှ အားနည်းသည်ဖြစ်စေ၊ ဘုရားသခင်၏ နာမကို သင် မစွန့်ပယ်သရွေ့၊ သို့မဟုတ် သူနှင့် ဤလမ်းခရီးတို့ကို မစွန့်ခွာသရွေ့၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို စွမ်းဆောင်ရရှိရန် သင့်တွင် အခွင့်အရေး အမြဲ ရှိလိမ့်မည်။ သင့်ထံတွင် ဤအခွင့်အရေးရှိလျှင်၊ ရှင်သန်ရဖို့ မျှော်လင့်ချက်ရှိပြီး၊ ထို့ကြောင့် ဘုရားသခင်၏ ကယ်တင်ခြင်းခံရဖို့ မျှော်လင့်ချက် ရှိပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏စိတ်သဘောထားပြောင်းလဲခြင်းအပေါ် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်း) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးနောက်မှာ ဘုရားသခင်ရဲ့ ဖြောင့်မတ်သော စိတ်သဘောထားကို ကျွန်တော် နားလည်မှုတချို့ ရခဲ့တယ်။ လူတစ်ယောက် ကယ်တင်ခံရနိုင်ခြင်း ရှိမရှိဆိုတာကို ဘုရားသခင် အကဲဖြတ်တဲ့အခါ၊ ခဏတာ ပြစ်မှားခြင်းတစ်ခုတည်းအပေါ်မှာ အခြေခံပြီး အဲဒီလူကို အပြစ်စီရင်တာ၊ ဖယ်ရှားရှင်းလင်းတာမျိုး သူမလုပ်ပါဘူး။ ဘုရားသခင်က ကျွန်တော်တို့ရဲ့ ဝိညာဉ်ရင့်ကျက်မှုကို သိသလို ကျွန်တော်တို့ရဲ့ အားနည်းချက်တွေကိုလည်း နားလည်ပါတယ်။ ဘုရားသခင်က လူတစ်ယောက်ကို အဓိက တိုင်းတာတာက သူတို့ရဲ့ တစ်သမတ်တည်းဖြစ်သော အပြုအမူနဲ့ သမ္မာတရားကို လက်ခံနိုင်ခြင်း ရှိမရှိဆိုတဲ့အပေါ်မှာပါ။ သူတို့တာဝန်မှာ သူတို့ရဲ့ အပြုအမူက တစ်သမတ်တည်း ကောင်းရင်၊ ပြီးတော့ ပြစ်မှားခြင်းတစ်ခု ကျူးလွန်ပြီးနောက်မှာ သမ္မာတရားကို လက်ခံနိုင်ပြီး စစ်မှန်တဲ့ နောင်တ ရနိုင်ရင် ဘုရားသခင်က အဲဒီလိုလူအပေါ် ကရုဏာပြပြီး သည်းခံမှာပါ။ ဥပမာအနေနဲ့ ဒါဝိဒ်ဆိုရင် ဥရိယရဲ့ မိန်းမကို သိမ်းပိုက်ပြီးတဲ့နောက်မှာ နောင်တနဲ့ပြည့်ခဲ့ပြီး နောက်ထပ် ဘယ်တော့မှ မတရားသောမေထုန် မကျူးလွန်တော့ဘူး။ သူ အသက်ကြီးလို့ သူ့အိပ်ရာနွေးအောင် မိန်းမပျိုတစ်ယောက်ကို ခေါ်ပေးတဲ့အခါမှာတောင် သူ အဲဒီမိန်းကလေးကို ထိတောင်မထိခဲ့ဘူး။ ဒါဝိဒ်ဟာ ပြစ်မှားခြင်း ရှိခဲ့ပေမဲ့ အစစ်အမှန် နောင်တရခဲ့ပြီး ဘုရားသခင်က သူ့ကို အသိအမှတ်ပြုခဲ့တုန်းပါပဲ။ တချို့သော ညီအစ်ကိုမောင်နှမတွေဆိုရင် အန္တိခရစ် လမ်းကြောင်းကို လျှောက်ပြီး အသင်းတော်အလုပ်ကို ဆိုးဆိုးရွားရွား နှောင့်ယှက်ခဲ့လို့ နှင်ထုတ်ခံခဲ့ရတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ သူတို့ တကယ် နောင်တရခဲ့ပြီး ဘုရားအိမ်တော်ထဲကို ပြန်လက်ခံတာခံခဲ့ကြရပြီး သူတို့အပေါ် ဘုရားသခင် ပြုခဲ့တဲ့ ကယ်တင်ခြင်းအမှုတော်ကို သက်သေခံရင်းနဲ့ အတွေ့အကြုံဆိုင်ရာ ဆောင်းပါး‌တွေကုတောင် ရေးခဲ့ကြတယ်။ စစ်မှန်တဲ့ နောင်တရပြီး သမ္မာတရားကို လက်ခံနိုင်တဲ့သူတွေအပေါ်ထားတဲ့ ဘုရားသခင်ရဲ့ သဘောထားက သနားကရုဏာနဲ့ ကယ်တင်ခြင်း ဖြစ်တယ်ဆိုတာကို သူတို့ဆီကနေ ကျွန်တော် မြင်တွေ့ခဲ့ရတယ်။ ဆန့်ကျင်ဘက်အနေနဲ့၊ တစ်သတ်မတ်တည်း ညံ့ညံ့ဖျင်းဖျင်း ဆောင်ရွက်ခဲ့တဲ့သူတွေ၊ သမ္မာတရားကို လက်မခံကြသူတွေ၊ အစစ်အမှန် နောင်တမရသူတွေအတွက်၊ ဘုရားသခင်ရဲ့ သဘောထားက အပြစ်စီရင်ပြီး ဖယ်ရှားရှင်းလင်းဖို့ပါပဲ။ ဥပမာအနေနဲ့ ကတိခံဝန်ချက်သုံးမျိုးကို လက်မှတ်ထိုးပြီးတဲ့သူတချို့က နောက်ပိုင်းမှာ ဘုရားသခင်အပေါ် သူတို့ သစ္စာဖောက်ခဲ့တဲ့အတွက် ဘာသိနားလည်မှု၊ ဘာနောင်တမှ မရှိတဲ့အပြင် အသင်းတော်နဲ့ ညီအစ်ကိုမောင်နှမတွေကိုတောင် ရောင်းစားခဲ့ကြတယ်။ အဲဒီလိုလူမျိုးတွေက သမ္မာတရားကို အရမ်းမနှစ်မြို့သလို အသိစိတ်၊ ဆင်ခြင်တုံတရား မရှိကြလို့ ဘုရားသခင်က သူတို့ကို နောက်ထပ် အခွင့်အရေး မပေးဘူး။ ကျွန်တော် အဖမ်းခံရတုန်းက တာဝန်ထမ်းဆောင်တာ သိပ်မကြာသေးဘူး၊ အတွေ့အကြုံက ပေါ့တန်ပြီး ဝိညာဉ်ရင့်ကျက်မှု သေးငယ်ခဲ့တာကို ကျွန်တော် တွေးမိတယ်။ ခဏတာ အားနည်းချက်ကြောင့် ကတိခံဝန်ချက်သုံးမျိုးကို ကျွန်တော် လက်မှတ်ထိုးလိုက်မိပေမဲ့ နောက်ပိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ပြင်းပြင်းထန်ထန် အပြစ်တင်ပြီး နောင်တရခဲ့တယ်၊ နောင်တရပြီး ပြောင်းလဲချင်ခဲ့တယ်။ တာဝန်မှာ ကျွန်တော့်ရဲ့ တစ်သမတ်တည်းဖြစ်တဲ့ အပြုအမူအပေါ် အခြေခံပြီး အသင်းတော်က ကျွန်တော့်ကို အခွင့်အရေး ပေးခဲ့တယ်။ ဒါဟာ ဘုရားသခင်ရဲ့ သနားကရုဏာဖြစ်ပြီး သူ့ရဲ့ ဖြောင့်မတ်ခြင်းကို ထုတ်ဖော်ပြခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော်က ဘုရားသခင်ရဲ့ စိတ်သဘောထားကို နားမလည်ခဲ့သလို ကိုယ်တော့်ကို အထင်လွဲမြဲလွဲခဲ့တယ်။ သူက ကျွန်တော့်ကို အလုပ်လုပ်ပေးဖို့အတွက် အသုံးပြုနေသလိုမျိုး ကျွန်တော်က အလုပ်လုပ်ပေးရုံမျှဖြစ်ပြီး အလုပ်လုပ်ပေးပြီးတဲ့တာနဲ့ ဖယ်ရှားရှင်းလင်းခံရမှာပဲလို့ ထင်ခဲ့တယ်။ ဖောက်ပြန်ပျက်စီးတဲ့ လူသားတွေလိုပဲ ဘုရားသခင်ကလည်း လူတွေကို အချိန်တိုင်းမှာ ကျိတ်ကြံစည်တယ်လို့ ကျွန်တော် ထင်ခဲ့တာ။ ဒါက ဘုရားသခင်ကို ပြစ်မှားစော်ကားတာ မဟုတ်လား။ ကျွန်တော့်မှာ ဘုရားသခင်ကို ကြောက်ရွံ့တဲ့ စိတ်နှလုံး လုံးဝ မရှိခဲ့ပါဘူး။ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းကို ကျွန်တော် လုံးဝ ငြင်းပယ်ခဲ့သလို လူသားတွေကို အကြီးမားဆုံးအတိုင်းအတာထိ ကယ်တင်ချင်တဲ့ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကိုလည်း ငြင်းပယ်ခဲ့တယ်။ ကျွန်တော့်ယုံကြည်ခြင်းမှာ ဘုရားသခင်ကို လုံးဝ မသိခဲ့ဘူးဆိုတာ ကျွန်တော် သဘောပေါက်လိုက်တယ်။ ကျွန်တော် တကယ်ကို ကြောင်းကျိုးမမြင်ဖြစ်ခဲ့တာပဲ။ ဒီပုံစံအတိုင်းသာ ဆက်သွားရင် ဘုရားသခင်ရဲ့ ခွင့်လွှတ်တာကို ကျွန်တော် ဘယ်တော့မှ ရမှာ မဟုတ်ဘူး။ ကျွန်တော် ဒါဝိဒ်ရဲ့ စံနမူနာကို လိုက်ရမယ်၊ ကိုယ့်ရဲ့ ပြစ်မှားခြင်းတွေကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ပြီး တကယ် နောင်တ ရရမယ်။ နောက်ဆုံးမှာ ကောင်းတဲ့အဆုံးသတ် ကျွန်တော် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကျွန်တော် လက်ခံပြီး ကျိုးနွံနာခံရမယ်၊ ကိုယ့်ရဲ့ အနာဂတ် ရှေ့ရေးနဲ့ လမ်းခရီးအတွက် ပူပန်ရမှာ မဟုတ်ဘူး။

နောက်ပိုင်းမှာ ကျွန်တော် တွေးမိတယ်။ “အဖမ်းခံရပြီးနောက် ကတိခံဝန်ချက်သုံးမျိုး လက်မှတ်ထိုးမိတဲ့ကိစ္စမှာ ကျွန်တော့်ရဲ့ ကျရှုံးခြင်း အရင်းအမြစ်က ဘာလဲ” ပေါ့။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် ဖတ်တယ်။ “ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းသည် မည်သည့်အခက်အခဲများ သို့မဟုတ် အတိဒုက္ခများ သို့မဟုတ် ဆင်းရဲဒုက္ခ အနည်းငယ်ကိုမျှ ဖြစ်ပေါ်စေမည်မဟုတ်ဟု သင်မျှော်လင့်သည်။ သင်သည် တန်ဖိုးမရှိသော ထိုအရာများကို အမြဲလိုက်စားပြီး၊ အသက်ကို တန်ဖိုးမထားပေ၊ ထိုအစား သင်၏ ကိုယ်ပိုင် လွန်ကဲသော အတွေးများကို သမ္မာတရားရှေ့မှောက်သို့ ထားရှိလေသည်။ သင်သည် အလွန်တန်ဖိုးမရှိပါတကား။ သင်သည် ဝက်တစ်ကောင်ကဲ့သို့ အသက်ရှင်၏။ သင်နှင့် ဝက်များ၊ ခွေးများကြားတွင် မည်သည့် ကွာ‌ခြားချက် ရှိပါသနည်း။ သမ္မာတရားကို မလိုက်စားဘဲ ယင်းအစား ဇာတိပကတိကို နှစ်သက်သူများ အားလုံးသည် သားရဲများ ဖြစ်ကြသည်မဟုတ်လော။ ဝိညာဉ်မရှိသော ဤအသေကောင်များ အားလုံးသည် လမ်းလျှောက် နေသည့် အလောင်းကောင်များ မဟုတ်ပေလော။ သင်တို့အလယ်တွင် နှုတ်ကပတ်တော်ပေါင်းမည်မျှ ပြောပြီးပြီနည်း။ သင်တို့အလယ်တွင် အနည်းငယ်သော အမှုကိုသာ လုပ်ဆောင်ပြီးလေပြီလော။ သင်တို့အလယ်တွင် ငါမည်မျှ ထောက်ပံ့ပေးပြီးပြီနည်း။ သို့ဆိုလျှင် သင်သည် အဘယ်ကြောင့် ယင်းကို မရရှိသေးသနည်း။ သင်သည် စောဒကတက်စရာ မည်သည့်အရာ ရှိသနည်း။ သင်သည် ဇာတိပကတိကို အလွန်နှစ်သက်သောကြောင့်၊ မည်သည့်အရာမျှ မရလေပြီမှာ ဟုတ်သည် မဟုတ်လော။ ပြီးလျှင် သင်၏အတွေးများက လွန်ကဲလွန်းသောကြောင့် ဖြစ်သည် မဟုတ်လော။ သင်သည် အလွန်မိုက်မဲလွန်းသောကြောင့် ဖြစ်သည် မဟုတ်လော။ ဤကောင်းချီးမင်္ဂလာများကို သင်သည် ရယူနိုင်စွမ်းမရှိပါက၊ သင့်ကို မကယ်တင်ခြင်းအတွက် ဘုရားသခင်ကို သင် အပြစ်တင်နိုင်သလော။...ငါသည် သင့်အပေါ် စစ်မှန်သော လူ့အသက်တာကို အပ်နှင်းသော်လည်း၊ သင်သည် မလိုက်စားပေ။ သင်သည် ဝက်များ၊ ခွေးများနှင့် မည်သည့် ကွာခြားမှုမျှမရှိသလော။ ဝက်များသည် လူ့အသက်တာကို မလိုက်စားကြပေ၊ ၎င်းတို့သည် သန့်ရှင်းစေခြင်းကို မလိုက်စားသကဲ့သို့၊ အသက်တာက မည်သည့်အရာဖြစ်သည်ကို ၎င်းတို့နားမလည်ကြပေ။ နေ့စဉ်တွင် ၎င်းတို့ ဝသည်ထိစားပြီးနောက်၊ ၎င်းတို့ အိပ်ရုံသာပြုကြသည်။ ငါသည် သင့်အား မှန်သော လမ်းခရီးကို ပေးပြီးဖြစ်သော်လည်း၊ သင်သည် ယင်းကို မရယူသေးပေ။ သင်သည် လက်ချည်းသက်သက် ဖြစ်ပေသည်။ သင်သည် ဤဘဝမျိုး၊ ဝက်တစ်ကောင်၏ဘဝမျိုးတွင် ဆက်လက် အသက်ရှင်ရန် လိုလားနေပါသလော။ ထိုသို့သောလူများ အသက်ရှင်ခြင်း၏ အရေးပါမှုမှာ အဘယ်နည်း။ သင်၏ အသက်တာသည် အထင်သေးဖွယ် ဖြစ်သကဲ့သို့ ရှက်ဖွယ်ဖြစ်သည်၊ သင်သည် ညစ်ညမ်းမှုနှင့် ကိုယ်ကျင့်သိက္ခာ ကင်းမဲ့မှုအလယ်တွင် အသက်ရှင်ပြီး၊ သင်သည် မည်သည့် ရည်မှန်းချက်များကိုမျှ မလိုက်စားပေ။ သင့်ဘဝသည် အားလုံးထဲတွင် ရှက်ဖွယ်အကောင်းဆုံး ဖြစ်သည်မဟုတ်လော။ ဘုရားသခင်ကို သင်ရင်ဆိုင်ဝံ့သလော။ ဤနည်းဖြင့် သင် ဆက်လက် တွေ့ကြုံပါက၊ သင်သည် မည်သည့်အရာကိုမျှ မရရှိဘဲ ဖြစ်လိမ့်မည် မဟုတ်လော။ သင့်ထံ မှန်ကန်သောလမ်းခရီးကို ပေးထားပြီး ဖြစ်သော်လည်း၊ နောက်ဆုံးတွင် သင်သည် ယင်းကို ရရှိနိုင်ခြင်း ရှိမရှိဆိုသည်မှာ သင်၏ ကိုယ်ရေးကိုယ်တာ လိုက်စားမှုအပေါ် မူတည်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိ)ယနေ့တွင် လောကရှိ လူတိုင်း စမ်းသပ်မှုများကို ကြုံနေရသည်။ ဘုရားသခင်ပင်လျှင် ဆင်းရဲဒုက္ခခံစားနေရသည်။ ထို့ကြောင့် သင်တို့ ဆင်းရဲဒုက္ခမခံစားရလျှင် သင့်လျော်ပါ၏လော။...လူအချို့သည် မိသားစုနှင့်သက်ဆိုင်သည့် စိတ်ဆင်းရဲမှုကို ရင်ဆိုင်ရသည်။ အချို့မှာ အိမ်ထောင်ရေးနှင့်ဆိုင်သည့် စိတ်ဆင်းရဲမှုကို ရင်ဆိုင်ရသည်။ အချို့မှာ နေထိုင်စရာ နေရာတစ်ခုပင် မရှိဘဲ နှိပ်စက်ညှဉ်းပန်းမှုကို ခံစားရသည်။ ၎င်းတို့ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ အခြားတစ်စုံတစ်ဦး၏ နေအိမ်ဖြစ်နေပြီး ၎င်းတို့သည် မိမိတို့စိတ်နှလုံး၌ နာကျင်မှုခံစားရသည်။ ယခု သင် တွေ့ကြုံနေသည့် နာကျင်မှုသည် ဘုရားသခင် ခံစားခဲ့သည့် နာကျင်မှုဝေဒနာ ဖြစ်သည်မဟုတ်လော။ သင်သည် ဘုရားသခင်နှင့်အတူ ဆင်းရဲဒုက္ခခံနေပြီး ဘုရားသခင်က ဆင်းရဲဒုက္ခထဲတွင် လူသားများနှင့်အတူ ပါရှိသည်။ သင်တို့အားလုံးသည် ယနေ့တွင် ခရစ်တော်၏ ဆင်းရဲဒုက္ခ၊ နိုင်ငံတော်နှင့် သည်းခံမှုတို့တွင် တစ်စိတ်တစ်ဒေသ ပါဝင်ကြပြီး အဆုံးတွင် ဘုန်းအသရေ ရရှိကြလိမ့်မည်။ ဤဆင်းရဲဒုက္ခသည် အဓိပ္ပာယ်ရှိ၏။ ထိုသို့ ဖြစ်သည် မဟုတ်လော။ သင်သည် ဤစိတ်ဆန္ဒ ကင်းမဲ့၍မရပေ။ ယနေ့တွင် ဆင်းရဲဒုက္ခ ခံစားရခြင်း၏ အဓိပ္ပာယ်နှင့် ဆင်းရဲဒုက္ခများစွာ ခံစားရသည့် အကြောင်းရင်းကို သင် နားလည်ရမည်။ သင်သည် သမ္မာတရားကို ရှာဖွေပြီး ဘုရားအလိုတော်ကို သိနားလည်ရမည်ဖြစ်သည်။ ထို့နောက်တွင် သင်သည် ဆင်းရဲဒုက္ခခံရန် လိုအင်ဆန္ဒ ရှိလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း) ကတိခံဝန်ချက်သုံးမျိုး လက်မှတ်ထိုးမိတဲ့ အဓိက အရင်းအမြစ်က ဇာတိပကတိကို ကျွန်တော် အရမ်း တန်ဖိုးထားလွန်းလို့ဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်တော် သဘောပေါက်လိုက်တယ်။ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်၊ ဘယ်သူသေသေ ငတေမာပြီးရော” ဆိုတဲ့ စာတန်ရဲ့ အသက်ရှင်ရပ်တည်ရေး နိယာမကို ကျွန်တော် လိုက်လျှောက်ပြီး ကိုယ့်ဇာတိပကတိ အကျိုးစီးပွားကို အရာရာထက် ပိုဦးစားပေးခဲ့တယ်။ ဘုရားသခင်ကို ယုံကြည်ရာမှာ ဘာအခက်အခဲ၊ ဘာနာကျင်မှုမှ လုံးဝ မရှိဖို့နဲ့ ဇာတိပကတိ ဒုက္ခမခံရဖို့ ကျွန်တော် ဆန္ဒရှိခဲ့တယ်။ အဲဒီထက်တောင် ပိုပြီးတော့ ဘယ်စမ်းသပ်မှု၊ ဆင်းရဲဒုက္ခမှ ကြုံတွေ့စရာမလိုဖို့ ဆန္ဒရှိခဲ့တယ်။ ဒါကြောင့် အဆင်းနီသော နဂါးကြီးက နှိပ်စက်မယ်လို့ ခြိမ်းခြောက်တဲ့အခါ ကျွန်တော့်စိတ်ထဲမှာ ရှိတာက သက်သေခံချက်မှာ ခိုင်မာစွာ ဘယ်လို ရပ်တည်မလဲဆိုတာ မဟုတ်ဘဲ နှိပ်စက်ခံရမှာကို ကြောက်တဲ့စိတ်ပါပဲ။ နှိပ်စက်တာ သက်သာအောင်လို့ ကျွန်တော်က ကတိခံဝန်ချက်သုံးမျိုးကို လက်မှတ်ထိုးလိုက်တယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြီး ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခကို ရှောင်ရှားဖို့ နတ်ဆိုးကို ကျွန်တော် ဦးညွှတ်ခဲ့ပြီး ရှင်သန်ဖို့ ကိုယ့်ကိုယ်ကိုယ် အညွှန့်ချိုးခဲ့တယ်၊ ရှက်စရာကောင်းတဲ့ ဖြစ်တည်မှုကို ဖက်တွယ်ခဲ့တယ်၊ ဘုရားသခင်ကို ငြင်းပယ်ပြီး သစ္စာဖောက်ခဲ့တယ်။ ကျွန်တော့်ရဲ့ အပြုအမူက ယုဒနဲ့ ဘာကွာခြားလို့လဲ။ ယုံကြည်ခြင်းမှာ ကယ်တင်ခံရဖို့အတွက် ဆင်းရဲဒုက္ခ အများကြီးကို ကြံ့ကြံ့ခံရမယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်တော် သဘောပေါက်လိုက်တယ်။ နာကျင်ရတဲ့ အခြေအနေတွေကနေတစ်ဆင့်ပဲ ဘုရားသခင်အပေါ် စစ်မှန်တဲ့ ယုံကြည်ခြင်း ကျွန်တော်တို့ ရှိနိုင်တယ်။ ဥပမာအနေနဲ့ ပေတရုကို ကြည့်လိုက်။ သခင်ယေရှုနောက်ကို သူ လိုက်ခဲ့တုန်းက၊ သူ့ဘဝတစ်လျှောက်လုံးမှာ စမ်းသပ်မှုတွေနဲ့ စစ်ဆေးခြင်းတွေကို ရာချီ ကြုံတွေ့ခဲ့ရတယ်။ ဒီစစ်ဆေးခြင်းတွေထဲမှာ ဘုရားသခင်ကို ချစ်ဖို့ သူ ကြိုးစားခဲ့ပြီး၊ နောက်ဆုံးမှာတော့ ဘုရားသခင်ကို အဆုံးစွန် ချစ်တဲ့အချစ်နဲ့ သေသည်အထိ ကျိုးနွံနာခံခြင်းကို သူ ရခဲ့ပြီး ဘုရားသခင်အတွက် ပြောင်းပြန် ကားစင်တင်သတ်ခံခဲ့တယ်။ ခေတ်ကာလတစ်လျှောက်မှာ ဘုရားသခင်ရဲ့ စုံလင်အောင် ပြုလုပ်ပေးခြင်းကို ခံရတဲ့ ပထမဆုံးလူ ဖြစ်လာခဲ့တယ်။ စမ်းသပ်မှုတွေ ရင်ဆိုင်ခဲ့ရတဲ့ ယောဘလည်း ရှိသေးတယ်။ သူ့ရဲ့ များပြားတဲ့ ကြွယ်ဝမှုနဲ့ သားသမီးတွေကို တစ်ခဏချင်းတွင်းမှာ ဆုံးရှုံးလိုက်ရပြီး သူ့ခန္ဓာကိုယ်ကိုလည်း အနာဆိုးတွေ ဖုံးလာခဲ့တယ်။ ဒါပေမဲ့ ယောဘက ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်ညွှန်ကြားမှုကို ကျိုးနွံနာခံနိုင်ခဲ့ပြီး ဘုရားသခင်အတွက် သက်သေခံချက်မှာ ခိုင်မာစွာ ရပ်တည်နိုင်ခဲ့တယ်။ စာတန်ကို ကြောက်လန့်စေခဲ့ပြီး ထိတ်ထိတ်ပြာပြာ ထွက်ပြေးသွားစေခဲ့တယ်။ ယောဘက တကယ်ကို လွတ်မြောက်တဲ့သူ ဖြစ်လာခဲ့တယ်။ သူတို့နဲ့ ယှဉ်လိုက်ရင် ကျွန်တော် ရှက်မိတယ်။ ကျွန်တော်က ပြင်းပြင်းထန်ထန် နှိပ်စက်မခံရသေးဘဲနဲ့တောင် အရမ်းကြောက်လန့်ပြီး စာတန်နဲ့ အပေးအယူ လုပ်လိုက်မိတယ်။ ကျွန်တော်က လေနည်းနည်း၊ မိုးနည်းနည်းလောက်ကိုတောင် မခံနိုင်တဲ့ ဖန်လုံအိမ်ထဲက ပန်းပွင့်လေးလိုပါပဲ။ ကျွန်တော် တကယ် ပျော့ညံ့ခဲ့တယ်။ ကျွန်တော် သမ္မာတရားကို လိုက်စားရမယ်၊ ဇာတိပကတိကို မလိုက်လျောတော့ဘူး။ တစ်နေ့နေ့မှာ ကျွန်တော် ထပ်ပြီး အဖမ်းခံရရင် အရမ်းကို ဆိုးဆိုးရွားရွား နှိပ်စက်ခံရလို့ သေတာထက်ဆိုးတဲ့ ဘဝဖြစ်လာရင်တောင် သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ပါ့မယ်လို့ ကျွန်တော် ကတိသစ္စာပြုလိုက်တယ်။

၂၀၂၄၊ ဇူလိုင်လကုန်မှာ တုန်းယန် အသင်းတော်ကို ကျွန်တော် ရောက်ခါစပဲ ရှိသေးတယ်၊ အနီးအနားက အသင်းတော်မှာ အကြီးအကျယ် ဖမ်းဆီးမှုတွေ ဖြစ်လာတယ်။ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေကို အမြန် ကူညီပြောင်းရွှေ့ပေးဖို့ ခေါင်းဆောင်တွေက ကျွန်တော်တို့ကို စီစဉ်ပေးတယ်။ စာအုပ်သိုလှောင်ရာနေရာ သုံးလေးနေရာလောက်ကို ရွှေ့ပြီးကာစမှာပဲ ယာဉ်မောင်းက နောက်ယောင်ခံ အလိုက်ခံရတယ်လို့ သံသယဖြစ်လာတယ်။ ပြီးတော့ ကျွန်တော်နဲ့ တွဲဖက်လုပ်ဆောင်တဲ့ ညီအစ်ကိုကလည်း ယာဉ်မောင်းနဲ့ ထိတွေ့ဆက်ဆံဖူးလို့ အန္တရာယ်ရှိလာနိုင်တယ်။ ကျွန်တော် အရမ်းကြောက်သွားတယ်။ မကြာသေးခင်ကမှ ရဲတွေရဲ့ နောက်ယောင်ခံလိုက်တာကို ကျွန်တော် အကြာကြီး ခံခဲ့ရပြီး အဖမ်းခံရလုနီးပါး ဖြစ်ခဲ့ပုံနဲ့ ယုဒတစ်ယောက်က ကျွန်တော့်ကို သစ္စာဖောက်ခဲ့ပြီး ရဲတွေရဲ့ အဓိကဖမ်းဆီးမဲ့ ပစ်မှတ် ကျွန်တော်ဖြစ်ခဲ့ရပုံကို တွေးမိတယ်။ ကျွန်တော်နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ညီအစ်ကိုသာ ရဲတွေရဲ့ ပစ်မှတ်ထားတာ ခံရရင် ကျွန်တော်လည်း လွတ်နိုင်မှာ မဟုတ်ဘူး။ ရဲတွေသာ ကျွန်တော့်ကို ဖမ်းမိရင် သေချာပေါက် လွှတ်ပေးမှာ မဟုတ်ဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့တစ်ခေါက် အဖမ်းခံရတုန်းက ကတိခံဝန်ချက်သုံးမျိုး လက်မှတ်ထိုးပြီး ကျူးလွန်ခဲ့တဲ့ ပြစ်မှားမှုကို တွေးမိလိုက်တော့ ကျွန်တော့်ရင်ထဲမှာ ပြင်းပြတဲ့ ခံစားချက်တစ်ခု ဖြစ်ပေါ်လာတယ်။ “ငါ တကယ် အဖမ်းခံရရင် ဘုရားသခင်ကို လုံးဝ ငြင်းပယ်မှာ မဟုတ်ဘူး၊ ဘုရားသခင်အတွက် သေချာပေါက် သက်သေခံမယ်” ဆိုပြီးပေါ့။ ဒီလို တွေးလိုက်မိတဲ့အခါ ကျွန်တော့်စိတ်နှလုံးက ဒီပတ်ဝန်းကျင်အခြေအနေရဲ့ ဘောင်ခတ်တာကို မခံရတော့ဘူး။ အဖမ်းခံရမလား၊ မခံရဘူးလား ဆိုတာက ဘုရားသခင်ရဲ့ လက်ထဲမှာပဲ ရှိပြီး ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ အစီအစဉ်တွေကို ကျွန်တော် ကျိုးနွံနာခံရမယ်။ စာအုပ်တွေကို အရေးပေါ် ပြောင်းရွှေ့ဖို့ လိုနေတယ်၊ အလုပ်တာဝန်အမျိုးမျိုးကို အရေးပေါ် အကောင်အထည်ဖော်ဖို့ လိုနေတယ်၊ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို ကျွန်တော် ကာကွယ်ရမယ်။ ဒါကြောင့် စာအုပ်တွေ ပြောင်းရွှေ့ဖို့အတွက် အစီအစဉ်တွေကို တွဲဖက်ညီအစ်ကိုနဲ့ ကျွန်တော် ဆက်ဆွေးနွေးတယ်။ တစ်ချိန်တည်းမှာပဲ အပြောင်းအရွှေ့ တိုးတက်မှုနဲ့ပတ်သက်လို့ နောက်ဆက်တွဲလုပ်ပေးဖို့ အသင်းတော်ဆီ စာရေးလိုက်တယ်။ ဒီလို လက်တွေ့လုပ်ဆောင်လိုက်တော့၊ ကျွန်တော့် စိတ်နှလုံးထဲမှာ အများကြီး ပိုစိတ်အေးလက်အေးဖြစ်သွားတယ်။ ဒီလို အသိပညာနဲ့ ပြောင်းလဲမှု နည်းနည်းကို ကျွန်တော် စွမ်းဆောင်ရရှိနိုင်တာက ဘုရားနှုတ်ကပတ်တော်တွေရဲ့ လမ်းပြမှုနဲ့ မကင်းပါဘူး။ ဘုရားသခင်ကို စိတ်ရင်းအမှန်နဲ့ ကျေးဇူးတင်မိပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်မရဲ့ တာဝန်မှာ ဘာကြောင့် အမြဲ အလွန်အကျွံသတိထားနေရတာလဲ

ဟန်ရှီး တရုတ်နိုင်ငံ ၂၀၂၁၊ မတ်လမှာ ညီမက ဂရတ်ဖစ်ဒီဇိုင်နာအနေနဲ့ အသင်းတော်မှာ အလုပ်လုပ်နေတာပါ။ ညီမက ညီမတာဝန်မှာ မာနထောင်လွှားပြီး...

ကျွန်မ၏အထင်လွဲခြင်းများနှင့် သတိထားခြင်းတို့အားဖြင့် ဘေးဖြစ်ခြင်း

ဆူရှင်း တရုတ်နိုင်ငံများမကြာမီအချိန်က ကျွန်မ၏ အသင်းတော်ခေါင်းဆောင်သည် သမ္မာတရားကို မလိုက်စားသကဲ့သို့၊ လက်တွေ့ကျသော အလုပ်ကို မလုပ်သောကြောင့်...

ခေါင်းဆောင်တစ်ဦးဖြစ်ရန် ငြင်းဆန်ခြင်းနောက်ကွယ်၌ တည်ရှိသောအရာ

၂၀၂၂ ခုနှစ် ဇန်နဝါရီမှာ ကျွန်မက အသင်းတော် ခေါင်းဆောင်အနေနဲ့ အစေခံဖို့ အရွေးခံရပြီး၊ ဗီဒီယိုထုတ်လုပ်ရေးကို ကြီးကြပ်တာကို အဓိက ဦးဆောင်ဖို့...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။