လမ်းပျောက်ပြီးနောက် စဉ်းစားဆင်ခြင်ခြင်း
၂၀၁၉ခုနှစ်၊ သြဂုတ်လရဲ့ နေ့တစ်နေ့မှာ ခေါင်းဆောင်က ကျွန်မကို မြို့ပြင်က အစ်မတစ်ယောက်ကို သွားခေါ်ခိုင်းတဲ့ စာတစ်စောင်ပို့တယ်။ အဲဒီအစ်မရဲ့ အိမ်လိပ်စာက အိမ်နီးချင်းအသင်းတော်ရဲ့ ဧရိယာအတွင်းမှာရှိတာကို တွေ့ရတယ်။ ကျွန်မ စဉ်းစားတယ်။ “ငါတို့အသင်းတော်ဆီကို ဘာလို့ပြောင်းလာတာလဲ။ ပိုနီးတဲ့နေရာကို ဘာလို့မသွားတာလဲ” ပေါ့။ ဒါပေမဲ့ ထပ်စဉ်းစားကြည့်တော့ ကျွန်မတို့အသင်းတော်က အလုပ်မျိုးစုံအတွက် နောက်ထပ်လူတွေလိုနေတယ်ဆိုတော့ သူ့ကိုသွားခေါ်ပြီး ကြည့်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူ့တာဝန်က ဘာပဲဖြစ်ဖြစ် ကျွန်မတို့က နောက်ထပ် အကူအညီလိုတယ်လေ။ နောက်တော့ အဲဒီအစ်မနာမည်က ကျုယန်ဆိုပြီး စာမှာပြောထားတာကိုတွေ့တယ်။ ကျွန်မ ရုတ်တရက် သတိရသွားတယ်။ “အစ်မကျုယန်ကို အရင်သုံးလေးနှစ်က တွေ့ခဲ့တယ်။ သူက အသက်လေးဆယ်ထဲမှာရှိနေပြီး ကိစ္စတွေကို ကောင်းကောင်းနားလည်တယ်။ သူဆိုရင်တော့ ငါတို့အသင်းတော်မှာ ခေါင်းဆောင်၊ ဒါမှမဟုတ် အမှုဆောင်တစ်ယောက်တောင် ဖြစ်လာနိုင်တယ်။ ဒါဆိုရင် နောက်ထပ် ကူညီတဲ့သူထပ်ရမှာပဲ” ပေါ့။ ဒီလိုတွေးပြီး ကျွန်မ တော်တော်ပျော်သွားတယ်။ သူက အဝေးကြီးမှာနေတာကို ကျွန်မ ဂရုမစိုက်တော့ဘဲ အသင်းတော်ဆီကို ချက်ချင်းပဲ ခေါ်ချင်တယ်။
စာထဲက လိပ်စာကို အသုံးပြုပြီး အစ်မကျုယန်ရဲ့အိမ်ကိုရှာတွေ့ပြီးတော့ တံခါးကို ခေါက်လိုက်တယ်။ ဒါပေမဲ့ တံခါးဖွင့်တဲ့သူက တော်တော်အသက်ကြီးနေပြီ။ ကျွန်မ မှတ်မိတဲ့ ကျုယန်မဟုတ်ဘူး။ ကျွန်မက အမြန်ပြောလိုက်တယ်။ “ဆောရီးပါ။ တံခါးမှားခေါက်မိသွားတယ်” ပေါ့။ ကျွန်မက ပြန်ဖို့ လှည့်ထွက်လိုက်ပေမဲ့ သူက ကျွန်မနောက်လိုက်ပြီး စိတ်ထက်သန်ပြီး မေးတယ်။ “ဘယ်သူ့ကို ရှာနေတာလဲ” တဲ့။ ကျွန်မက ကျုယန်ကိုရှာနေတာလို့ ပြောလိုက်တယ်။ သူက “အဲဒါ ကျွန်မပဲ” လို့ အမြန်ပြောတယ်။ ကျွန်မ သူ့နောက်ကနေ အိမ်ထဲလိုက်သွားလိုက်တယ်။ ကျွန်မတို့ စကားပြောကြရင်းနဲ့ သူက စီစီပီဖမ်းတာခံရပြီး ထောင်ထဲမှာ သုံးနှစ်ကျော်နေခဲ့ရတယ်ဆိုတာ သိလိုက်ရတယ်။ သူလွတ်လာပြီးတော့ ရဲတွေက သူ့ကို စောင့်ကြည့်နေတုန်းပဲ။ ဒါကြောင့် သူက သူ့ဇာတိမြို့မှာ စုဝေးပွဲတွေ မတက်နိုင်ဘူး။ အသင်းတော်အသက်တာကို ပြန်စနိုင်ဖို့အတွက် သူ့သားအိမ်ကိုလာဖို့ကလွဲပြီး ရွေးချယ်စရာမရှိဘူး။ သူ့အခြေအနေကို သိပြီးတော့ ကျွန်မ တော်တော်စိတ်ပျက်သွားတယ်။ ကျွန်မ စဉ်းစားတယ်။ “ငါသိတဲ့ ကျုယန်သာဖြစ်ခဲ့ရင်။ အသင်းတော်မှာ သူပါဝင်ရင် ငါ့မှာ သိပ်တော်တဲ့ အကူတစ်ယောက်ရှိမှာပဲ။ ဒီကျုယန်က ဖမ်းဆီးခံရတဲ့ မှတ်တမ်းရှိပြီး ရဲတွေက သူ့ကို စောင့်ကြည့်နေတုန်းပဲ။ ဒါက အသင်းတော်မှာ ဘာတာဝန်ကိုမှ သူ မလုပ်နိုင်ဘူးဆိုတဲ့ သဘောပဲ။ ကျွန်မတို့အသင်းတော်က အမှုထမ်းကနည်းနေတာ။ အခု တစ်ယောက်ယောက်က သူနဲ့သွားပြီး တစ်ယောက်ချင်း စုဝေးဖို့လိုတယ်။ သူနဲ့ဆက်သွယ်တဲ့ ညီအစ်ကိုမောင်နှမတွေကိုပါ ရဲက ပစ်မှတ်ထားရင် ဆုံးရှုံးရတာတွေက တော်တော်ဆိုးမှာပဲ။ မဖြစ်ဘူး။ ငါတို့အသင်းတော်ထဲ ဝင်ခွင့်ပြုလို့မရဘူး။ ငါပြန်ရင် ခေါင်းဆောင်ဆီကို စာရေးပြီး အနီးတဝိုက်က အသင်းတော်ဆီပြောင်းခိုင်းလိုက်မယ်” ပေါ့။ သူ့အခြေအနေကို သိပြီးတဲ့နောက်မှာ ကျွန်မ ပြန်ဖို့ အဆင်သင့်ဖြစ်နေပြီ။ သူ့မှာ ပြဿနာ၊ အခက်အခဲတစ်ခုခုရှိသလားဆိုပြီး ကျွန်မ မမေးဘူး။ သူက ကျွန်မကို အရေးတကြီးမေးတယ်။ “ညီမက ဘယ်တော့ပြန်လာမှာလဲ” တဲ့။ ကျွန်မက ဝတ်ကျေတမ်းကျေပဲ ပြောလိုက်တယ်။ “ဒီမှာပဲ စောင့်နေပါ။ တချို့ကိစ္စတွေ ဆွေးနွေးပြီးရင် ကျွန်မ ပြန်လာမယ်” ပေါ့။
အပြန်လမ်းမှာ လမ်းလျှောက်ရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ညည်းညူမိတယ်။ “ခေါင်းဆောင်က သူလုပ်နေတဲ့ဟာကို မကျွမ်းကျင်ဘူး။ ကျုယန်က အိမ်နီးချင်းအသင်းတော်နဲ့ အရမ်းနီးတယ်။ အဲဒီအသင်းတော်က တစ်ယောက်ယောက်က ဘာလို့သူ့ကို သွားမခေါ်တာလဲ။ ငါတို့အတွက်က အရမ်းဝေးတယ်။ နောက်ကျရင် သူ့ကိုသွားတွေ့ဖို့ အချိန်တော်တော်ကုန်မယ်” ပေါ့။ ကျွန်မ မြောက်ဘက်ကို လမ်းဆက်လျှောက်ရင်းနဲ့ စိတ်နှလုံးထဲမှာ ညည်းတွားမိတယ်။ ကျွန်မဆက်သွားရင်းနဲ့ လမ်းပျောက်နေတာကို သတိထားမိတယ်။ လမ်းမေးကြည့်တော့ ကျွန်မက ဆန့်ကျင်ဘက်လမ်းဖြစ်တဲ့ မြို့ပြင်ဘက်ကိုသွားနေတာကို သိလိုက်ရတယ်။ ကျွန်မလည်း တွေးမိတယ်။ “ငါ ဒီလမ်းကို အရင်က လျှောက်ခဲ့ဖူးတယ်။ ဘယ်လိုဖြစ်ပြီး လမ်းပျောက်တာလဲ” ပေါ့။ အဲဒီအချိန်တုန်းက ဒါကို ကျွန်မ သိပ်မစဉ်းစားခဲ့ဘူး။ အိမ်ပြန်ရောက်တော့ ကျုယန်ကို အနီးတဝိုက်က အသင်းတော်ဆီပြောင်းဖို့ ခေါင်းဆောင်ကို အကြံပေးတဲ့စာရေးတယ်။
စာပို့ပြီးတဲ့နောက်နေ့တွေမှာ ကျွန်မ အမြဲတမ်း စိတ်မအေးနိုင်ဖြစ်တယ်။ တစ်ခုခုမှားနေသလိုမျိုးပေါ့။ ဘုရားနှုတ်ကပတ်တော်ဖတ်တဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် စိတ်ငြိမ်အောင်မထားနိုင်သလို တရားဒေသနာနဲ့ မိတ်သဟာယကိုလည်း အာရုံမစိုက်နိုင်ဘူး။ ဘုရားအလိုတော်နဲ့ ဆန့်ကျင်တာတစ်ခုကို ကျွန်မလုပ်ခဲ့တာဖြစ်နိုင်တယ်ဆိုတာ သဘောပေါက်လိုက်တယ်။ အဲဒါနဲ့ ဘုရားကို အမြန်ဆုတောင်းရှာဖွေပြီး ကိုယ့်ကိုယ်ကိုယ်သိဖို့ ဉာဏ်အလင်းဖွင့်ပြီး လမ်းပြပေးဖို့ ဆုတောင်းလိုက်တယ်။ ဆုတောင်းပြီးတဲ့နောက်မှာ အရင်နေ့က ကျွန်မ လမ်းပျောက်သွားတာကို ရုတ်တရက်သတိရတယ်။ ကျုယန်ကို အသင်းတော်ကို ဝင်ခွင့်ပေးတာနဲ့ ပတ်သက်ရင် ကျွန်မဂရုစိုက်သမျှက ကိုယ့်အကျိုးစီးပွားပဲဆိုတာ သဘောပေါက်သွားတယ်။ ကျွန်မအတွက် ကောင်းတယ်ဆိုရင် ကျွန်မကလုပ်မယ်။ မကောင်းဘူးဆိုရင် အတိုက်အခံလုပ်၊ ငြင်းဆန်ပြီး ညည်းညူတယ်။ ကျွန်မအစ်မရဲ့ ဘဝကို ကျွန်မ လုံးဝ ဂရုမစိုက်ပါဘူး။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့အခါမှ ကျွန်မပြဿနာကို နည်းနည်းနားလည်လာတယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “လူတစ်ယောက်၏ ကိုယ်ကျိုးစီးပွားများနှင့်သက်ဆိုင်သော အကြောင်းကိစ္စများသည် အရာအားလုံးတွင် ၎င်းတို့ကို ထုတ်ဖော်အပြဆုံးဖြစ်သည်။ ကိုယ်ကျိုးစီးပွားများသည် လူတိုင်း၏ ဘဝနှင့် နီးကပ်စွာ ဆက်စပ်နေသည်။ တစ်ရက်ချင်းစီတိုင်းတွင် လူတစ်ယောက်က ထိတွေ့သည့်အရာရာတိုင်းသည် သူ၏ ကိုယ်ကျိုးစီးပွားများပါဝင်သည်။ ဥပမာအနေဖြင့် သင်သည် တစ်စုံတစ်ခုကို ပြောဆိုသည့်အခါ၊ သို့မဟုတ် အကြောင်းကိစ္စတစ်ခုအကြောင်း ပြောသည့်အခါ မည်သည့်ကိုယ်ကျိုးစီးပွားများ ပါဝင်သနည်း။ လူနှစ်ယောက်က တစ်စုံတစ်ခုကို ဆွေးနွေးသည့်အခါတွင် မည်သူက စကားပြောကောင်းစွာ ပြောဆိုနိုင်ပြီး မည်သူက မပြောဆိုနိုင်သည်တွင်လည်းကောင်း၊ ထို့အပြင် မည်သူက လေးစားခံရပြီး မည်သူက အထင်သေးခံရသည် တွင်လည်းကောင်း ကိုယ်ကျိုးစီးပွားများ ပါဝင်သည်။...ဤအရာအပြင် လူတစ်ယောက်၏ ကိုယ်ကျိုးစီးပွားကို လိုက်စားမှု၌ မည်သည့်အရာ ပါဝင်သနည်း။ လူတို့သည် အမှုအရာများကို လုပ်ဆောင်သောအခါ ၎င်းတို့သည် အစဉ်သဖြင့် မည်သည့်အရာက ၎င်းတို့အတွက် မည်သည့်အရာက အကျိုးရှိမည် မရှိမည်၊ မည်သည့်အရာက ၎င်းတို့၏ ကိုယ်ကျိုးစီးပွားများကို တိုးပွားစေမည်၊ သို့မဟုတ် အနည်းဆုံး ၎င်းတို့၏ ကိုယ်ကျိုးစီးပွားများကို ထိခိုက်ခြင်းကို တားဆီးပေးမည်၊ မည်သည့်အရာက ၎င်းတို့ကို အကြီးမြတ်ဆုံးဂုဏ်နှင့် အကောင်းဆုံးသော ရုပ်ပိုင်းဆိုင်ရာပြုစုမှုကို ရရှိစေလိမ့်မည်၊ မည်သည့်အရာက ၎င်းတို့ကို မည်သည့်ကိစ္စတွင်မဆို အကြီးမြတ်ဆုံးသော အကျိုးအမြတ်ခံစားခွင့်ရသူဖြစ်စေမည်တို့နှင့်ပတ်သက်ပြီး တိုင်းတာနေကြသည်။ ချိန်ဆသည်။ တွေးတောသည်။ ဦးနှောက်ခြောက်ခံစဉ်းစားကြသည်။” (အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၁)”) “လူတို့သည် ဘုရားသခင်၏ အမှုကို တွေ့ကြုံရပြီး သမ္မာတရားကို နားလည်ပြီးသည်အထိ အတွင်း၌ သူတို့ကို ထိန်းချုပ်၍ အုပ်စိုးသည်မှာ စာတန်၏ သဘာဝဗီဇဖြစ်၏။ အတိအကျဆိုရလျှင် ထိုသဘာဝဗီဇကို မည်သည့်အရာက ဖြစ်ပေါ်စေသနည်း။ ဥပမာ၊ သင်သည် အဘယ်ကြောင့် တစ်ကိုယ်ကောင်းဆန်ရသနည်း။ သင်၏ကိုယ်ပိုင် ရာထူးဂုဏ်ဒြပ်ကို အဘယ်ကြောင့် ကာကွယ် သနည်း။ သင်သည် အဘယ်ကြောင့် ထိုသို့သော အားကောင်းသည့် စိတ်ခံစားချက်များ ရှိသနည်း။ ထိုမဖြောင့်မတ်သော အရာများကို သင်သည် အဘယ်ကြောင့် မွေ့လျော်ခံစားသနည်း။ သင်သည် အဘယ်ကြောင့် ထိုမကောင်းမှုများကို နှစ်သက်သနည်း။ ထိုသို့သော အရာများကို သင်၏ ကြိုက်နှစ်သက်ခြင်း၏ အခြေခံအကြောင်းရင်းက အဘယ်နည်း။ ဤအရာတို့သည် အဘယ်အရပ်က လာကြသနည်း။ ၎င်းတို့အား လက်ခံသည်ကို သင် အဘယ်ကြောင့် အလွန်ပျော်ရွှင်နေသနည်း။ ဤအရာများအားလုံး၏ နောက်ကွယ်ရှိ အဓိက အကြောင်းရင်းမှာ လူသားအတွင်းတွင် စာတန်၏အဆိပ်ရှိခြင်းကြောင့် ဖြစ်ကြောင်း ယခုတွင် သင်တို့အားလုံး နားလည်လာကြပြီ။ ဤသို့ဆိုလျှင် စာတန်၏ အဆိပ်ဆိုသည်မှာ အဘယ်နည်း။ ယင်းကို မည်သို့ ဖော်ပြနိုင်သနည်း။ ဥပမာအားဖြင့်၊ သင်က ‘လူများ အဘယ်သို့ အသက်ရှင်နေထိုင်သင့်သနည်း။ လူများသည် အဘယ်အရာအတွက် အသက်ရှင်သင့်သနည်း’ ဟု မေးပါက၊ သူတို့က ‘လူတိုင်း ကိုယ့်အတွက်သာ ကိုယ်ကြည့်ပြီး၊ ဘယ်သူသေသေ ငတေမာပြီးရော ဖြစ်သည်’ ဟု ဖြေကြလိမ့်မည်။ ဤတစ်ခုတည်းသော စကားစုက ပြဿနာ၏ တကယ့်အရင်းအမြစ်ကို ဖော်ပြလေသည်။ စာတန်၏ အတွေးအခေါ်နှင့် တွေးခေါ်မှုစနစ်သည် လူသားတို့၏ အသက်တာများ ဖြစ်လာပြီဖြစ်သည်။ လူများသည် အဘယ်အရာနောက်သို့ လိုက်သည်ဖြစ်စေ၊ မိမိတို့ကိုယ်တိုင်အတွက်သာ လုပ်ဆောင်ခြင်းဖြစ်သည်— ထို့ကြောင့် ၎င်းတို့သည် မိမိတို့ကိုယ်ကိုအတွက်သာ အသက်ရှင်ကြသည်။ ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်၊ ဘယ်သူသေသေ ငတေမာပြီးရော’ ဟူသော ဤအရာမှာ လူသား၏အသက်နှင့် ဒဿနအမြင်ဖြစ်ပြီး ယင်းက လူသား၏ သဘာဝကိုလည်း ကိုယ်စားပြုလေသည်။ ဤစကားများသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ သဘာဝ၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဆိုးယုတ်သော သဘာဝ၏ အမှန်တကယ် ပြယုဂ်ဖြစ်လာနှင့်ပြီးဖြစ်သည်။ ဤဆိုးယုတ်သော သဘာဝသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဖြစ်တည်မှုအတွက် အခြေခံအချက်ဖြစ်လာနှင့်ပြီးဖြစ်သည်။ နှစ်ထောင်ချီကြာသည်အထိ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် လက်ရှိအချိန်ကာလအထိ စာတန်၏ အဆိပ်ဖြင့် အသက်ရှင်ခဲ့ပြီးဖြစ်သည်။” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း”) ဘုရားနှုတ်ကပတ်တော်က ကျွန်မအခြေအနေကို ဖွင့်ပြတယ်။ ကျွန်မက အထူးသဖြင့် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာဖြစ်တယ်ဆိုတာ မြင်ခဲ့ပါတယ်။ အရာရာမှာ ကျွန်မက ကိုယ့်အကျိုးစီးပွားကိုပဲ စဉ်းစားတယ်။ ကျွန်မအတွက် အကျိုးအမြတ် တိုးပွားအောင် နည်းလမ်းတွေပဲ ရှာချင်တယ်။ ညီအစ်ကိုမောင်နှမတွေအတွက် လုံးဝမစဉ်းစားခဲ့ဘူး။ အသင်းတော်အလုပ်အတွက်ဆိုတာ ထားလိုက်တော့။ အစ်မကျုယန်ကို သွားခေါ်ဖို့ ခေါင်းဆောင်က ကျွန်မကို ခိုင်းတော့ သူက အသင်းတော်အတွက် အလုပ်လုပ်နိုင်တယ်၊ ကျွန်မအလုပ်ပေါ့သွားပြီး ပိုပြီးထိရောက်အောင်လုပ်ဖို့ နောက်ထပ် ကူညီသူတစ်ယောက်ရှိလာမယ်၊ ဒါဆိုရင် ကျွန်မက အမြင်ပိုကောင်းမယ်လို့ တွေးမိတယ်။ ဒါကြောင့် သူ့ကို ပြန်ခေါ်ဖို့ မစောင့်နိုင်ခဲ့ဘူး။ ဒါပေမဲ့ သူက ကျွန်မသိတဲ့အစ်မမဟုတ်မှန်းတွေ့တော့ သူက လုံခြုံရေးအတွက် အန္တရာယ်ရှိတာကို သိရတော့ သူက တာဝန်ကို မထမ်းဆောင်နိုင်ရုံတင်မကဘဲ တစ်ယောက်ယောက်က သူနဲ့ တစ်ယောက်ချင်း စုဝေးဖို့လိုမှာကို ကျွန်မ သတိထားမိတယ်။ သူက ကျွန်မတို့ရဲ့ ဖြစ်ထွန်းမှုကို တိုးတက်စေတာ၊ ကျွန်မကိုအမြင်ကောင်းစေတာ မဖြစ်ရုံမကဘဲ ကျွန်မတို့လုံခြုံရေးအတွက် အန္တရာယ်ရှိနိုင်တယ်လို့ တွေးမိတယ်။ ကျွန်မက ဒါကိုဆန့်ကျင်ပြီး ခေါင်းဆောင်ရဲ့ အစီအစဉ်က ကျိုးကြောင်းမသင့်ဘူးလို့ ညည်းညူတယ်။ ဒါကြောင့် သူ့ကို အိမ်နီးချင်းအသင်းတော်တစ်ခုဆီ ပို့လွှတ်လိုက်ဖို့ ကျွန်မ အမြန်ကြိုးစားတယ်။ “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏” ဆိုတဲ့ ဆိုးယုတ်တဲ့ အဆိပ်နဲ့ အသက်ရှင်တာဟာ ကျွန်မကို ပိုပိုပြီး တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ဖြစ်စေတယ်ဆိုတာ မြင်ခဲ့ပါတယ်။ ကျွန်မက စိတ်နှလုံးမှာ ကိုယ့်အကျိုးစီးပွားပဲရှိပြီး ဂရုစိုက်သမျှက ကိုယ့်ကိုယ်ကိုယ်ပဲ။ ကျွန်မတို့စိတ်နှလုံးထဲမှာရှိတာကို ဘုရားကမြင်တယ်။ ကျွန်မ အတွေးတွေကို ဘုရားက ဘယ်လိုလုပ် မမုန်းဘဲ နေမလဲ။ အစ်မကျုယန်က အိမ်နီးချင်းအသင်းတော်ဆီပြောင်းရွှေ့ခံရတာကို ကျွန်မ တွေးကြည့်တော့ ကျွန်မ သူ့အပေါ် အကြွေးတင်သလို ခံစားမိတယ်။ ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ပြီး ကိုယ်ပိုင်အကျိုးစီးပွားတွေကို ထည့်စဉ်းစားလို့မရတော့ဘူးဆိုတာ သိခဲ့ပါတယ်။
အချိန်ခဏလောက်ကြာတော့ ခေါင်းဆောင်ဆီကနေ နောက်စာတစ်စောင်ရတယ်။ ညီအစ်ကိုမောင်နှမတချို့က စီစီပီဆီကနေ ပြေးနေရတယ်။ ကျွန်မတို့အသင်းတော်ကိုလာဖို့ သူတို့အတွက် စီစဉ်ပေးဖို့လိုတယ်။ ဒီတစ်ခါတော့ ကျွန်မရဲ့ ကိုယ်ပိုင်အကျိုးစီးပွားကို ထည့်တွက်လို့ မရတော့ဘူး။ အသင်းတော်အသက်တာကို သူတို့ ရရှိဖို့အတွက် တာဝန်တွေကို သူတို့ ထမ်းဆောင်နိုင်သလားဆိုတာ မကြည့်ဘဲ သူတို့ကို လက်ခံဖို့ ကျွန်မ အဆင့်သင့်ဖြစ်နေတယ်။ ခေါင်းဆောင်က ကျွန်မကိုပေးတဲ့ လိပ်စာတွေဆီကို သွားပြီး ကျွန်မတို့အသင်းတော်ကနေ ကြိုဆိုလိုက်တယ်။ လိုအပ်တဲ့ အစီအစဉ်တွေ လုပ်ခဲ့တယ်။ ဒီလို လက်တွေ့လုပ်ဆောင်ပြီးတဲ့နောက်မှာ ကျွန်မ တော်တော်ငြိမ်းချမ်းပြီး စိတ်အေးမိတယ်။
နောက်ပိုင်းမှာ ရဲတွေက ကျွန်မကိုလည်း စောင့်ကြည့်နေကြတယ်။ ဒါကြောင့် ကျွန်မက လုံခြုံရေးအတွက် အန္တရာယ်ရှိပြီး သူများတွေနဲ့ ဆက်သွယ်လို့မရခဲ့ဘူး။ စုဝေးပွဲတွေ မတက်နိုင်ဘူး။ တာဝန်မထမ်းဆောင်နိုင်ဘူး။ ဒါက ကျွန်မအတွက် သိပ်ခက်ခဲတဲ့ အချိန်ပဲ။ ညီအစ်ကိုမောင်နှမတွေနဲ့ စုဝေးပြီး တာဝန်တွေထမ်းဆောင်နိုင်တဲ့အချိန်က နေ့ရက်တွေကို ခဏခဏ သတိရတယ်။ ညီအစ်ကိုမောင်နှမတွေကို နောက်တစ်ခါ ပြန်တွေ့ဖို့ သမ္မာတရားကို အတူမိတ်သဟာယဖွဲ့ပြီး စိတ်နှလုံးထဲမှာရှိတာတွေကိုပြောဖို့ မျှော်လင့်မိတယ်။ အသင်းတော်အသက်တာနဲ့ ညီအစ်ကိုမောင်နှမတွေကို တောင့်တပြီး ကျွန်မ စိတ်ဆင်းရဲရတယ်။ အဲဒီအခါကျမှ စီစီပီက လိုက်ဖမ်းတဲ့ ညီအစ်ကိုမောင်နှမတွေက အသင်းတော်အသက်တာမရနိုင်တဲ့အခါ၊ ညီအစ်ကိုမောင်နှမတွေနဲ့ မဆက်သွယ်နိုင်တဲ့အခါ သူတို့ဘယ်လိုခံစားရတယ်ဆိုတာ ကျွန်မ နားလည်သွားတယ်။ အိမ်နီးချင်းအသင်းတော်ဆီကို ကျွန်မပို့လွှတ်လိုက်တဲ့ အစ်မကျုယန်ကို ကျွန်မ တွေးမိတယ်။ အဲဒီအချိန်တုန်းက သူက တာဝန်တွေကို မထမ်းဆောင်နိုင်တော့ အသင်းတော်အလုပ်အတွက် အကူအညီဖြစ်မှာမဟုတ်ဘူးလို့ ကျွန်မ ထင်ခဲ့တယ်။ ဒါပေမဲ့ စီစီပီက သုံးနှစ်ကျော်ထောင်ချတာကို ခံထားရတာ လွတ်လာပြီးတဲ့နောက်မှာ စောင့်ကြည့်ခံနေရသေးတာ ညီအစ်ကိုမောင်နှမတွေကို မဆက်သွယ်နိုင်တာ၊ အသင်းတော်အသက်တာကို မရှင်သန်နိုင်တာတွေကို ကြည့်ရင် သူ ဘယ်လောက်စိတ်ဆင်းရဲပြီး နာကျင်နေရမယ်ဆိုတာ ကျွန်မ မစဉ်းစားခဲ့ဘူး။ စုဝေးပွဲတွေတက်ဖို့ သူ့ဇာတိမြို့ကနေ ကျွန်မတို့ အသင်းတော်ကို သူ မဖြစ်မနေလာရတယ်။ သူက ညီအစ်ကိုမောင်နှမတွေနဲ့ အဆက်အသွယ်ရှိဖို့ ဒီလိုလုပ်တာပါ။ ဒါပေမဲ့ နှစ်သိမ့်တဲ့ စကားတစ်ခွန်းတောင်မပြောဘဲ၊ နည်းနည်းလေးမှ မကြင်နာဘဲ သူ့ကို ငြင်းဆန်ခဲ့တယ်။ ကျွန်မ စဉ်းစားကြည့်လေလေ၊ အပြစ်ရှိသလို ခံစားရလေလေပဲ။ ဘာလို့ ကျွန်မက အရမ်းအေးစက်ပြီး အကြင်နာမဲ့ရတာလဲ။ ကျွန်မမှာ လူ့သဘာဝ လုံးဝမရှိပါဘူး။
နောက်ပိုင်းမှာ အန္တိခရစ်တွေကို ဖွင့်ပြတဲ့ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ ဖတ်ရပြီး ကျွန်မပြဿနာကို ပိုပြီးရှင်းရှင်းလင်းလင်းမြင်အောင် ကူညီပေးခဲ့တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “အန္တိခရစ်တို့၏ မသိမသာအန္တရာယ်ရှိခြင်းနှင့် အဆိပ်ရှိခြင်းတို့၏ အဓိကသရုပ်သန်များသည် ၎င်းတို့လုပ်သမျှတိုင်းတွင် ရည်ရွယ်ချက်တစ်ခုရှိခြင်းဖြစ်သည်။ ၎င်းတို့စဉ်းစားသည့် ပထမဆုံးသောအရာမှာ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများဖြစ်သည်။ ၎င်းတို့၏ နည်းလမ်းများသည် စက်ဆုပ်ဖွယ်ဖြစ်သည်။ ရိုင်းစိုင်းသည်။ ယုတ်ညံ့သည်။ စိတ်ဆင်းရဲဖွယ်ဖြစ်ပြီး ကလိမ်ကကျစ်ကျသည်။ အမှုအရာများကို ၎င်းတို့လုပ်ဆောင်သည့်နည်းတွင်၊ လူများကို ၎င်းတို့ဆက်ဆံသည့်နည်းလမ်းတွင်၊ ၎င်းတို့ဆက်ဆံသည့် စည်းမျဉ်းများတွင် ရိုးသားစစ်မှန်မှုမရှိပေ။ လူတို့ကို ၎င်းတို့ဆက်ဆံသည့်နည်းသည် လူတို့အပေါ် အခွင့်အရေးယူရန်၊ ခြယ်လှယ်ရန်ဖြစ်သည်။ လူတို့သည် ၎င်းတို့အတွက် အသုံးဝင်သောတန်ဖိုးမရှိတော့လျှင် လူတို့ကို စွန့်ပစ်လိုက်သည်။ သင်သည် ၎င်းတို့အတွက် အသုံးဝင်သောတန်ဖိုးရှိလျှင် ၎င်းတို့က သင့်အား ဂရုစိုက်သည့်ဟန်ဆောင်သည်။ ‘သင် မည်သို့ အခြေအနေရှိသနည်း။ အခက်အခဲတစ်စုံတစ်ရာရှိသလော။ ပြဿနာတစ်စုံတစ်ခုရှိလျှင် ပြောပါ။ သင့်အတွက် ကျွန်ုပ်ရှိသည်။ ကျွန်ုပ်တို့သည် အလွန်ကောင်းသည့် ဆက်ဆံရေးရှိသည်မှာ ကံကောင်းလိုက်လေခြင်း။’ ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် အလွန် အာရုံစိုက်သည့်ပုံစံရှိသည်။ သို့တိုင်အောင် သင်သည် ၎င်းတို့အတွက် အသုံးဝင်သောတန်ဖိုးတစ်ခုခုမရှိတော့သည့် နေ့ရက်အချိန်ရောက်လာလျှင် ၎င်းတို့က သင့်ကို စွန့်ပစ်လိမ့်မည်။ သင်ကို ဘေးဖယ်လိမ့်မည်ဖြစ်ပြီး သင်နှင့် လုံးဝ မတွေ့ခဲ့ဖူးသကဲ့သို့ သင့်ကို ဆက်ဆံလိမ့်မည်။ သင်သည် အမှန်တကယ်ပင် ပြဿနာတစ်ခုရှိပြီး အကူအညီတောင်းရန်အတွက် ၎င်းတို့ကို သွားရောက်ရှာဖွေလျှင် ၎င်းတို့၏ သဘောထားသည် ရုတ်တရက်ပြောင်းလဲသွားသည်။ ၎င်းတို့၏ စကားများသည် အစက သင့်ကိုကူညီရန် ၎င်းတို့ကတိပေးခဲ့သောအချိန်ကကဲ့သို့ မချိုသာတော့ပေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ သင်သည် ၎င်းတို့အတွက် အသုံးဝင်သောတန်ဖိုးမရှိတော့သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် သင့်အပေါ် မည်သည့်အာရုံမျှမစိုက်တော့ပေ။ ဤမျှနှင့် မပြီးသေးပေ။ သင်သည် တစ်စုံတစ်ခုကို မှားယွင်းလုပ်ဆောင်ခဲ့သည်ကို ၎င်းတို့ သိရှိလျှင်၊ သို့မဟုတ် ခုတုံးအဖြစ် ၎င်းတို့အသုံးပြုနိုင်သောအရာတစ်ခုကို တွေ့ရှိလျှင် သင့်အပေါ်သို့ အေးစက်စွာ အဆိုးမြင်လာသည်။ သင့်ကို ရှုတ်ချခြင်းပင်ပြုလုပ်နိုင်သည်။ ဤသည်မှာ မည်သို့သောလုပ်ရပ်ဖြစ်သနည်း။ ဤသည်မှာ ကြင်နာခြင်း၊ ရိုးသားခြင်းကို ဖော်ပြခြင်းဖြစ်သလော။ အန္တိခရစ်များသည် သူတစ်ပါးတို့အပေါ် ၎င်းတို့၏ အပြုအမူများတွင် ဤမသိမသာ အန္တရာယ်ဖြစ်စေတတ်ပြီး အဆိပ်ရှိခြင်းမျိုးကို ထင်ရှားပြသသောအခါ လူ့သဘာဝတစ်စွန်းတစ်စပါဝင်သလော။ ၎င်းတို့သည် လူတို့အပေါ် အနည်းငယ်မျှပင် ရိုးသားစစ်မှန်မှုရှိသလော။ လုံးဝ မရှိပေ။ ၎င်းတို့လုပ်သမျှတိုင်းသည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးအမြတ်၊ မာနနှင့် ဂုဏ်သတင်းအတွက်၊ သူတစ်ပါးတို့ကြားတွင် မိမိတို့ ဂုဏ်အဆင့်အတန်းနှင့် ကျော်ကြားမှုရရန်အတွက်ဖြစ်သည်။ ၎င်းတို့ တွေ့ဆုံသည့်လူတိုင်းတွင် ၎င်းတို့သည် ထိုသူတို့အပေါ် အခွင့်အရေးယူနိုင်လျှင် ယူမည်ဖြစ်သည်။ ၎င်းတို့ အခွင့်အရေးမယူနိုင်သည့်သူများအပေါ်တွင် ၎င်းတို့သည် အထင်သေးပြီး အရေးမစိုက်ပေ။ သင်သည် သင့်ဘာသာ ၎င်းတို့ကို ချဉ်းကပ်လျှင်ပင် ၎င်းတို့က သင့်ကို လျစ်လျူရှုသည်။ ၎င်းတို့သည် သင့်ကို မမြင်နိုင်သကဲ့သို့ပင်ဖြစ်သည်။ သို့သော် ၎င်းတို့က သင့်ကိုလိုအပ်သောနေ့ကိုရောက်လာလျှင် သင့်အပေါ် ၎င်းတို့၏ သဘောထားသည် ရုတ်တရက်ပြောင်းလဲသွားသည်။ ၎င်းတို့သည် နားလည်ရခက်စွာဖြင့် အလွန်အာရုံစိုက်ပြီး ဖော်ရွေတတ်လာသည်။ သင့်အပေါ် ၎င်းတို့၏ သဘောထားသည် အဘယ်ကြောင့် ပြောင်းလဲသွားသနည်း။ (သင်၌ အသုံးဝင်သောတန်ဖိုး ရှိသောကြောင့်ဖြစ်သည်။) မှန်သည်။ သင့်တွင် အသုံးဝင်သောတန်ဖိုးရှိသည်ကို မြင်ပြီး ၎င်းတို့၏ သဘောထားက ပြောင်းလဲသည်။” (အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “အသေးစိတ်ရှင်းလင်းချက် ၄- အန္တိခရစ်များ၏ ထူးခြားသော လက္ခဏာနှင့် ၎င်းတို့၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် အဖြစ်အနေတို့ကို အနှစ်ချုပ်ခြင်း (အပိုင်း ၁)”) ဘုရားနှုတ်ကပတ်တော်က ဖွင့်ပြတာကို မြင်တဲ့အခါမှာ ကျွန်မ စိတ်ဆင်းရဲပြီး အပြစ်ရှိသလို ခံစားရတယ်။ ကျွန်မလုပ်ခဲ့တာက အန္တိခရစ်နဲ့ အတူတူပဲ။ အခြေအနေတိုင်းမှာ ကျွန်မက ရည်ရွယ်ချက်တစ်ခုရှိနေပြီး ကိုယ့်အကျိုးစီးပွားကိုပဲ ထည့်စဉ်းစားတယ်။ ပြောဆိုဆက်ဆံတဲ့နေရာမှာ ကျွန်မက အမြဲတမ်း တွက်ချက်ပြီး လူတွေကို အသုံးပြုတယ်။ ညီအစ်ကိုမောင်နှမတွေအပေါ် ချစ်ခြင်းမရှိဘူး။ ရိုးသားခြင်း၊ ကြင်နာခြင်းမရှိခဲ့ဘူး။ အစ်မကျုယန်က စီစီပီက စောင့်ကြည့်တာကို အကြာကြီးခံနေရပြီး အသင်းတော်အသက်တာကို မရရှိနိုင်ဘူး။ သူ့အခြေအနေကို ကျွန်မ နားလည်ပြီး သူ့ကို ချစ်ခြင်းနဲ့ ကူညီပံ့ပိုးသင့်တယ်။ စုဝေးပွဲတွေတက်ပြီး သူလုပ်နိုင်တဲ့တာဝန်ကို ထမ်းဆောင်ဖို့ သူ့အတွက် အမြန်ဆုံး စီစဉ်ပေးသင့်ပါတယ်။ ဒါပေမဲ့ ကျွန်မက သူ့ကြောင့်ဖြစ်တဲ့ လုံခြုံရေးအန္တရာယ်ကို စိတ်ပူနေတယ်။ အသင်းတော်မှာ သူ့ကို လက်ခံတာက အသင်းတော်အလုပ်ကို ကူဖို့အတွက် ဘာမှဖြစ်မှာမဟုတ်ဘူး၊ သူ့ကို ကူညီဖို့အတွက် နောက်ထပ်အားစိုက်ပြီး အဖိုးအခပေးဆပ်ရမယ်လို့ ထင်ခဲ့တယ်။ အဆိုးဆုံးအနေနဲ့ သူ့ကြောင့် တခြားညီအစ်ကိုမောင်နှမတွေရဲ့ လုံခြုံရေးအတွက် အန္တရာယ်ရှိနိုင်တယ်။ ဒါဆိုရင် အသင်းတော်အလုပ်ကို ထိခိုက်မယ်ပေါ့။ အဲဒါနဲ့ သူ အသင်းတော်အသက်တာကို ရနိုင်၊ မရနိုင်ကို ကျွန်မ လုံးဝ ဂရုမစိုက်ခဲ့ဘူး။ သူ့အခြေအနေ၊ အခက်အခဲတွေနဲ့ပတ်သက်ပြီး မေးခွန်းတစ်ခုမှ မမေးခဲ့ဘူး။ သူ့ကိုပဲ ဖယ်ထုတ်ချင်ပြီး အသင်းတော်ထဲကို ဝင်ခွင့်မပေးချင်ခဲ့ဘူး။ ကျွန်မက အရမ်း ဥပေက္ခာပြုပြီး တစ်ကိုယ်ကောင်းဆန်ပါတယ်။ တကယ်ကို လူ့သဘာဝ လုံးဝ မရှိခဲ့ပါဘူး။ ကျွန်မ မနေနိုင်ဘဲ ကိုယ့်ကိုယ်ကိုယ် မေးလိုက်တယ်။ “အသေးအဖွဲကိစ္စမှာတောင် ငါ့အစ်မအတွက် စဉ်းစားမပေးနိုင်ဘူး။ ငါ့မှာ သူ့အပေါ် ချစ်ခြင်း၊ ကြင်နာခြင်းမရှိဘူး။ ဒါဆိုရင် အရင်တုန်းက ညီအစ်ကိုမောင်နှမတွေကို ငါကူညီတာက ဘယ်လိုလုပ် ရိုးသားစစ်မှန်နိုင်မလဲ” ပေါ့။ ဆင်ခြင်စဉ်းစားခြင်းကတစ်ဆင့် အချိန်တော်တော်များများမှာ ညီအစ်ကိုမောင်နှမတွေကို ကျွန်မကူညီတာက ကျွန်မက အသင်းတော်ခေါင်းဆောင်ဖြစ်နေလို့ပဲဆိုတာ တွေ့ရတယ်။ သူတို့ကို ကောင်းကောင်းပံ့ပိုးပြီး လူတိုင်းရဲ့ အခြေအနေက ပုံမှန်ဖြစ်အောင် သေချာလုပ်ပေးခြင်းအားဖြင့် တာဝန်မှာ ရလဒ်တွေရနိုင်ပြီး ပုံရိပ်ကောင်းတစ်ခုကို ကျွန်မ တင်ပြဖို့ သေချာစေတယ်လို့ ထင်ခဲ့တယ်။ အခုမှပဲ ကျွန်မလုပ်ရပ်တွေက ဘုရားအလိုတော်ကို မထောက်ထားဘူး၊ ခေါင်းဆောင်အနေနဲ့ ကျွန်မတာဝန်ကို မဖြည့်ဆည်းနေခဲ့ဘူးဆိုတာ သဘောပေါက်သွားတယ်။ အဲဒီအစား ကျွန်မက ကိုယ့်ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်နေခဲ့တယ်။ အပြင်ပန်းမှာ ကျွန်မက တာဝန်ထမ်းဆောင်နေတယ်ပေါ့။ ဒါပေမဲ့ တကယ်တမ်းတော့ တာဝန်ထမ်းဆောင်တဲ့အယောင်ဆောင်ပြီး ကိုယ့်အကျိုးစီးပွားကို စောင့်ရှောက်နေတာပါ။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို လိုက်စားရာမှာ သူများတွေကို ခုတုံးလုပ်ခဲ့တယ်။ ကျွန်မလုပ်ခဲ့တာက ဘုရားအတွက် ရွံရှာဖွယ်ပါပဲ။ ကျွန်မက ဘုရားကို အာခံတဲ့ လမ်းကြောင်းကို လျှောက်နေတာပါ။ အသင်းတော်အသက်တာကို လက်လွတ်ဆုံးရှုံးရတဲ့ နာကျင်မှုကို မတွေ့ကြုံရသေးရင် စုဝေးပွဲတွေနဲ့ အသင်းတော်အသက်တာမရှိဘဲ ညီအစ်ကိုမောင်နှမတွေခံရတဲ့ ဝေဒနာနဲ့ ဒုက္ခတွေကို ကျွန်မ လုံးဝ သိမှာမဟုတ်ဘူး။ ကျွန်မရဲ့ အန္တရာယ်ရှိပြီး ကြမ်းတမ်းတဲ့ အန္တိခရစ်စိတ်သဘောထားကို လုံးဝ သတိထားမိမှာမဟုတ်ဘူး။
နောက်ပိုင်းမှာ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မဖတ်တယ်။ “လူများက မိမိတို့၏ကိုယ်ပိုင် အကျိုးစီးပွားများကို လိုက်စားခြင်းနှင့် ပတ်သက်သည့် ပြဿနာမှာ ၎င်းတို့ လိုက်စားသည့် ပန်းတိုင်များသည် စာတန်၏ပန်းတိုင်များ ဖြစ်နေခြင်းပင် ဖြစ်သည်— ယင်းတို့သည် ယုတ်မာပြီး မတရားသည့်ပန်းတိုင်များ ဖြစ်သည်။ လူများသည် ဂုဏ်သိက္ခာနှင့် ဂုဏ်အဆင့်အတန်းကဲ့သို့သော တစ်ကိုယ်ရေ အကျိုးစီးပွားများကို လိုက်စားသည့်အခါ၊ ၎င်းတို့သည် စာတန်၏တန်ဆာပလာတစ်ခု အမှတ်တမဲ့ ဖြစ်လာသည်၊ ၎င်းတို့သည် စာတန်အတွက် လမ်းကြောင်းတစ်ခု ဖြစ်လာသည်၊ ထို့အပြင် ၎င်းတို့သည် စာတန်၏ပြယုဂ်ဖြစ်လာသည်။ ၎င်းတို့သည် အသင်းတော်တွင် အပျက်သဘောဆောင်သော ကဏ္ဍကို ပါဝင်လုပ်ဆောင်ကြသည်။ အသင်းတော်၏ အလုပ်၊ အသင်းတော် ပုံမှန်အသက်တာနှင့် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ ပုံမှန်လိုက်စားမှုတို့အပေါ် ၎င်းတို့ဖြစ်စေသည့် အကျိုးသက်ရောက်မှုသည် နှောင့်ယှက်ဖို့နှင့် ထိခိုက်စေဖို့ ဖြစ်သည်။ ၎င်းတို့၌ အပျက်သဘောဆောင်သည့် အကျိုးသက်ရောက်မှု ရှိပေသည်။” (အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၁)”) ကျွန်မတို့က သမ္မာတရားကို လက်တွေ့မလုပ်ဘဲ တာဝန်ထမ်းဆောင်ပြီး ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်ရင် ကျွန်မတို့ပေးဆပ်တဲ့ အဖိုးအခက ဘယ်လောက်ကြီးပါစေ ကျွန်မတို့ဟာ အသင်းတော်မှာ အပျက်သဘောဆောင်တဲ့နေရာမှာပဲ အမြဲတမ်း လုပ်နေပြီး စာတန်ရဲ့ ထွက်ပေါက်တစ်ခုဖြစ်နေမှာပဲဆိုတာ ဒီဘုရားနှုတ်ကပတ်တော်ဖွင့်ပြချက်ကြောင့် ကျွန်မ သဘောပေါက်သွားတယ်။ အသင်းတော်အလုပ်အတွက် အနှောင့်အယှက်တွေပဲဖြစ်စေပြီး ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုကို ထိခိုက်မှာပဲ။ အသင်းတော်အသက်တာမှာ ပါဝင်ဖို့အတွက်နဲ့ သူ့ဇာတိမြို့ကနေ ကျွန်မတို့ဆီကို မဖြစ်မနေလာခဲ့ရတဲ့ အစ်မကို တွေးမိတယ်။ သူက ဘုရားကို ရိုးရိုးသားသားယုံကြည်ပြီး ဘုရားနှုတ်ကပတ်တော်ကို တောင့်တတယ်။ ကျွန်မမှာ လူ့သဘာဝနည်းနည်းလေးတောင်ရှိရင် သူ့ကို ဒီလို ဆက်ဆံမှာမဟုတ်ဘူး။ ကျွန်မက အသင်းတော်ခေါင်းဆောင်ဖြစ်ခဲ့တယ်။ ဒါပေမဲ့ အစ်မကျုယန် ဒုက္ခရောက်နေတော့ ကျွန်မ မကူညီခဲ့ဘူး။ ဥပေက္ခာပြုပြီး အကြင်နာမဲ့ပြီးတော့ သူ့ကို တခြားအသင်းတော်ကို ပို့လွှတ်လိုက်တယ်။ ကျွန်မလုပ်ခဲ့တာကို စဉ်းစားလေလေ၊ ကိုယ့်ကိုယ်ကိုယ် မုန်းလေလေပဲ။ အဲဒီအစ်မကို ကျွန်မ အကြွေးတင်ပြီး ဘုရားကို ပိုလို့တောင် အကြွေးတင်သလို ခံစားရတယ်။ ကျွန်မ ဘုရားရှေ့လာပြီး ဆုတောင်းတယ်။ “ဘုရားသခင် အမှုကိစ္စတွေကို လုပ်တဲ့အခါမှာ ကိုယ့်အကျိုးစီးပွားကိုပဲ သမီး ထည့်စဉ်းစားပြီး ညီအစ်ကိုမောင်နှမတွေအပေါ် ချစ်ခြင်းမရှိပါဘူး။ သမီးက အရမ်းတစ်ကိုယ်ကောင်းဆန်ပြီး ကြမ်းတမ်းတယ်။ ဘုရားသခင် သမီးနောင်တရချင်ပါတယ်” ဆိုပြီးတော့။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မဖတ်တယ်။ လူသားမျိုးနွယ်အတွက် ဘုရားရဲ့ ကိုယ်ကျိုးမကြည့်တဲ့ ပံ့ပိုးဂရုစိုက်မှုကို ကျွန်မ မြင်ရတယ်။ ကျွန်မရဲ့ တစ်ကိုယ်ကောင်းဆန်မှုနဲ့ ကြမ်းတမ်းမှုအတွက် ပိုပြီးတော့တောင် ရှက်မိတယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “သင်သည် ဘုရားနှုတ်ကပတ်တော်မည်မျှကို ကြားပြီးဖြစ်စေ၊ သမ္မာတရားမည်မျှကို သင်လက်ခံနိုင်ပြီး နားလည်ပြီးသည်ဖြစ်စေ၊ စစ်မှန်မှုမည်မျှကို သင် အသက်ရှင်နေထိုင်ပြီးသည်ဖြစ်စေ၊ သို့မဟုတ် ရလဒ်မည်မျှကို သင် ရရှိပြီးသည်ဖြစ်စေ သင်နားလည်ရမည့် အချက်တစ်ခုရှိသည်။ ဘုရားသခင်၏ သမ္မာတရား၊ လမ်းခရီးနှင့် အသက်ကိုလူတစ်ယောက်ချင်းစီတိုင်းအား အခမဲ့ အပ်နှင်းထားပြီး ဤသည်မှာ လူတစ်ယောက်ချင်းစီတိုင်းအဖို့် မျှတမှုရှိသည်။ လူတို့က ဘုရားသခင်ကို ယုံကြည်ခဲ့သည်မှာ မည်မျှကြာပြီဖြစ်သောကြောင့်၊ သို့မဟုတ် မည်မျှဒုက္ခခံခဲ့သောကြောင့်ဟူ၍ လူတစ်ယောက်ကို အခြားလူတစ်ယောက်ထက်ပိုပြီး မည်သည့်အခါမျှ ဘုရားသခင်က မျက်နှာသာပေးမည်မဟုတ်ပေ။ လူတစ်ယောက်သည် ဘုရားသခင်အပေါ် ယုံကြည်ခဲ့သည်မှာ မည်မျှကြာပြီဖြစ်သောကြောင့်၊ သို့မဟုတ် မည်မျှ ဒုက္ခခံပြီးဖြစ်သောကြောင့်ဟူ၍ ထိုသူကို ဘုရားသခင်က မည်သည့်အခါမျှ မျက်နှာသာ သို့မဟုတ် ကောင်းချီးပေးမည်မဟုတ်ပေ။ လူတို့၏ အသက်အရွယ်၊ အသွင်အပြင်၊ လိင်၊ မိသားစုနောက်ခံ စသည်ဖြင့်တို့ကြောင့်လည်း ဘုရားသခင်သည် မည်သူ့ကိုမျှ တစ်မျိုးတစ်မည် ဆက်ဆံမည်မဟုတ်ပေ။ လူတစ်ယောက်ချင်းစီတိုင်းသည် ဘုရားသခင်ထံမှ တူညီစွာ ရရှိသည်။ တစ်စုံတစ်ယောက်ကို ပို၍ လျော့နည်းပြီးရရှိရန်၊ သို့မဟုတ် တစ်စုံတစ်ယောက်ကို ပို၍များစွာ ရရှိစေရန် ဘုရားသခင်က မလုပ်ဆောင်ပေ။ ဘုရားသခင်သည် လူတစ်ယောက်ချင်းစီတိုင်းအပေါ် တရားမျှတသည်။ ဘုရားသခင်သည် လူသားအတွက် အချိန်မီ၊ အချိုးကျကျ ထောက်ပံ့သည်။ လူတို့ကို ဆာလောင်ခြင်း၊ အေးစက်ခြင်း၊ ရေငတ်ခြင်းမဖြစ်စေသကဲ့သို့၊ ဘုရားသခင်သည် လူသား၏ စိတ်နှလုံး၏ လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းသည်။ ဘုရားသခင်က ဤအရာများကို လုပ်ဆောင်သောအခါ လူတို့ထံမှ မည်သည့်အရာကို ဘုရားသခင် တောင်းဆိုသနည်း။ ဘုရားသခင်သည် ဤအရာများကို လူတို့ထံ ပေးအပ်သည်။ ထို့ကြောင့် ဘုရားသခင်သည် တစ်ကိုယ်ကောင်းဆန်ခြင်းတစ်ခုခုရှိသလော။ (မရှိပါ။) ဘုရားသခင်သည် လုံးဝ တစ်ကိုယ်ကောင်းဆန်ခြင်းမရှိပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် လုပ်ဆောင်မှုအားလုံးသည် လူသားမျိုးနွယ်၏ အကျိုးအတွက်ဖြစ်ပြီး၊ လူသားမျိုးနွယ်က ဘုရားသခင်ထံမှ စစ်မှန်သောဘဝကို ရရှိရန်အလို့ငှာ၊ လူသားမျိုးနွယ်၏ ဆင်းရဲဒုက္ခများနှင့် အခက်အခဲများအားလုံးကို ဖြေရှင်းရန် ရည်ရွယ်သည်။ ဤသည်မှာ အမှန်တရားတစ်ခုဖြစ်သည်။” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “လူသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်၏ အကြီးမားဆုံးသော အကျိုးခံစားရသူဖြစ်သည်”) ဘုရားက လူတိုင်းအတွက် ကိုယ်ကျိုးမကြည့်ဘဲ ပံ့ပိုးပေးတယ်။ ကျွန်မတို့ တစ်ယောက်ချင်းစီတိုင်းမှာ ဘုရားက အရမ်းအလုပ်လုပ်ပြီး ဘာကိုမှ ပြန်ပြီး မမျှော်လင့်ဘူး။ ကျွန်မတို့တွေ သမ္မာတရားကို လိုက်စားဖို့၊ စိတ်သဘောထားပြောင်းလဲဖို့၊ တကယ့်လူ့သားပုံသဏ္ဍန်ကို အသက်ရှင်နေထိုင်ဖို့ပဲ မျှော်လင့်တယ်။ ဒါပေမဲ့ ညီအစ်ကိုမောင်နှမတွေအပေါ် ကျွန်မ ဆက်ဆံတာက သူတို့အသုံးဝင်သလားဆိုတဲ့အပေါ် အခြေခံတယ်။ သူတို့က အသုံးဝင်ရင် ကျွန်မက ဘယ်အဖိုးအခမဆို ပေးဖို့ လိုလားတယ်။ မဟုတ်ရင်တော့ ကျွန်မက အလေးမထားဘူး။ အကျိုးအမြတ်မရှိရင် ကျွန်မက စိတ်ရှုပ်မခံဘူး။ ကျွန်မက တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ဖြစ်ပါတယ်။ သခင်ယေရှု ပြောခဲ့သည်မှာ- “ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ဤသူတည်းဟူသော ငါ့ညီတို့တွင် အငယ်ဆုံးသောသူတစ်ယောက်အား ပြုကြသမျှတို့ကို ငါ့အား ပြုကြပြီ။” (ရှင်မဿဲခရစ်ဝင် ၂၅:၄၀) ဟုတ်တယ်။ အသင်းတော်မှာ မထင်ပေါ်ဆုံး ညီအစ်ကိုမောင်နှမတွေတောင် အကူအညီရသင့်ပါတယ်။ ဘုရားကို သူတို့ စစ်မှန်စွာ ယုံကြည်သရွေ့ မကောင်းမှုပြုသူတွေ၊ အန္တိခရစ်တွေ၊ မယုံကြည်သူတွေ မဖြစ်သရွေ့ပေါ့။ သူတို့ကို ချစ်ချစ်ခင်ခင်နဲ့ ကူညီတာဟာ ဘုရားအလိုတော်ကို ထောက်ထားတာဖြစ်ပြီး ဘုရားရဲ့ လက်ခံမှုကို ရပါတယ်။ အထူးသဖြင့် စီစီပီက အလိုရှိပြီး လိုက်ဖမ်းနေတဲ့၊ အိမ်မပြန်နိုင်တဲ့ ညီအစ်ကိုမောင်နှမတွေအတွက် သူတို့ကို ကောင်းကောင်းဆက်ဆံပြီး ဘေးကင်းအောင် သေချာလုပ်ပေးဖို့ လိုတယ်။ ဒါက ပိုပြီးတော့တောင် ကောင်းတဲ့အမှုပါပဲ။ ညီအစ်ကိုမောင်နှမတွေအပေါ် လူတစ်ယောက်ရဲ့သဘောထားက သူတို့လူ့သဘာဝကို ပြတယ်။ ကျွန်မ အရမ်းနောင်တရမိတယ်။ ကျွန်မမှာ တာဝန်ထမ်းဆောင်ဖို့ နောက်ထပ်အခွင့်အရေးရှိရင် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းလို့ မဖြစ်တော့ဘူး။ ညီအစ်ကိုမောင်နှမတွေနဲ့ ဆက်ဆံတဲ့အခါ ကိုယ့်အကျိုးစီးပွားကိုပဲ ထည့်စဉ်းစားလို့မဖြစ်တော့ဘူး။ ညီအစ်ကိုမောင်နှမတွေကို ကူညီဖို့ လူ့သဘာဝနဲ့ အသိစိတ်ပိုင်ဆိုင်တဲ့သူဖြစ်ဖို့ အကောင်းဆုံးလုပ်ရမယ်။
ဒီနှစ် ဇန်နဝါရီလမှာ နောက်ထပ်တာဝန်တစ်ခုကို နောက်ဆုံးတော့ စလုပ်ရတယ်။ လုံခြုံရေးအန္တရာယ်ရှိတဲ့ အစ်မတစ်ယောက်ကို ပံ့ပိုးဖို့ ခေါင်းဆောင်က ကျွန်မကို စီစဉ်ပေးတယ်။ ကျွန်မ တွေးတယ်။ “ငါ အကုန်ဖြတ်သန်းပြီးတဲ့နောက်မှာ နောက်ဆုံးတော့ တာဝန်တစ်ခုရှိလာပြီ။ ဒီအစ်မနဲ့ အဆက်အသွယ်လုပ်ရင် ငါအမှုပတ်သွားရင် ဘာဖြစ်လာမှာလဲ” ပေါ့။ ဒီအချိန်မှာ ကျွန်မက မှန်ကန်တဲ့ အခြေအနေမှာရှိမနေဘူးဆိုတာ သဘောပေါက်ပြီး ဘုရားရှေ့ကို အမြန်လာပြီး ကျွန်မ ကိုယ့်ကိုယ်ကိုယ် စွန့်ပစ်ကောင်းစွန့်ပစ်နိုင်ပါတယ်လို့ ဆုတောင်းတယ်။ ကျွန်မ အစ်မကို ကူညီပံ့ပိုးဖို့ အကောင်းဆုံးလုပ်ချင်ပါတယ်လို့ ပြောလိုက်တယ်။ သူနဲ့စုဝေးပြီး ဘုရားနှုတ်ကပတ်တော်ကို မိတ်သဟာယဖွဲ့တာကြောင့် သူ့ရဲ့ အပျက်သဘောဆောင်တဲ့အခြေအနေက တဖြည်းဖြည်းချင်း ပြောင်းလဲလာတယ်။ သူက ဘုရားကို သက်သေခံတဲ့ ဆောင်းပါးတစ်ခု ရေးချင်လာတယ်။ ကျွန်မအစ်မကို ကူညီဖို့ အစွမ်းကုန်လုပ်တဲ့အခါ ကျွန်မ တော်တော်ငြိမ်းချမ်းတယ်။
အရင်တုန်းက ကျွန်မက ဆင်းရဲဒုက္ခကို တောင့်ခံနိုင်တယ်၊ တာဝန်မှာ ကြိုးစားလုပ်နိုင်တယ်၊ လူ့သဘာဝကောင်းရှိတယ် ညီအစ်ကိုမောင်နှမတွေအပေါ် ချစ်ခြင်းရှိတယ်လို့ ခံစားမိတယ်။ အချက်အလက်တွေက ပြတာကတစ်ဆင့်၊ ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်းနဲ့ ထုတ်ဖော်ပြခြင်းကတစ်ဆင့် ကျွန်မက အကျိုးအမြတ်ရဖို့ပဲ ရှာဖွေတယ်ဆိုတာ နောက်ဆုံးမှာ မြင်ခဲ့ပါတယ်။ တစ်ကိုယ်ကောင်းဆန်တယ်။ ဥပေက္ခာပြုတယ်။ ကျွန်မစိတ်နှလုံးမှာ ရိုးသားခြင်း၊ ကြင်နာခြင်းမရှိဘူး။ ကျွန်မက လူသားမဆန်တော့တဲ့အထိ စာတန်ရဲ့ ဖျက်ဆီးခြင်းကို ခံခဲ့ရတယ်။ ညီအစ်ကိုမောင်နှမတွေကို လူ့သဘာဝနဲ့ အသိစိတ်နဲ့ ဘယ်လိုဆက်ဆံရမယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်းနဲ့ ဖွင့်ပြခြင်းကြောင့် ကျွန်မ နားလည်သွားတယ်။ ကိုယ့်အကျိုးစီးပွားကို အမြဲတမ်းရှာမနေဘဲ သူများတွေနဲ့ အဆင်ပြေဖို့ ညီအစ်ကိုမောင်နှမတွေကို ပံ့ပိုးကူညီရာမှာ ရိုးသားစစ်မှန်ဖို့ ကူညီပေးပါတယ်။ ကျေးဇူးတော်ပါပဲ။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။