ဘုရားသခင်ကို သတိထားရှောင်ကြဉ်ခြင်း၏ ရလဒ်

24.01.2025

၂၀၁၃ ခုနှစ်မှာ ကျွန်မက ကိုယ့်တာဝန်မှာ စည်းမျဉ်းတွေကို မရှာဘဲ ကျွန်မရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကို ကျွန်မလုပ်ရပ်တွေအပေါ် လမ်းညွှန်စေစားခွင့်ပြုခဲ့ပြီး ဒါတွေအားလုံးက အသင်းတော်ရဲ့ ဧဝံဂေလိအလုပ်အပေါ် အနှောင့်အယှက်တွေ၊ အဖျက်အမှောင့်တွေဖြစ်ခဲ့တာကို တွေ့ရပြီးတဲ့နောက်မှာ ကျွန်မက အယောင်ဆောင်ခေါင်းဆောင်အဖြစ် သတ်မှတ်ခံရပြီး အထုတ်ခံခဲ့ရတယ်။ အထုတ်ခံရပြီးနောက်ပိုင်းမှာ ကျွန်မ တော်တော်အပျက်သဘောဆောင်ပြီး နောင်တရတယ်။ ဘုရားနှုတ်ကပတ်တော်ဖတ်တာ၊ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်တာတွေကနေ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို နည်းနည်းသိလာခဲ့တယ်။ ဒါပေမဲ့ စိတ်ထဲမှာတော့ ကျွန်မက ဘုရားသခင်ကို တော်တော်သတိထားနေတုန်းပဲ။ ပြီးတော့ ကျွန်မက ဒီလို ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားရှိပြီး တော်တော်ဆိုးတဲ့ ပြစ်မှားမှုတစ်ခုကို ကျူးလွန်ခဲ့တာကြောင့် နောင်မှာ အရေးကြီးတဲ့တာဝန်ကို လုံးဝ မထမ်းဆောင်သင့်ဘူးလို့ တွေးမိတယ်။ ကျွန်မက နောက်ထပ် ပြစ်မှားမှုတစ်ခုကို ကျူးလွန်ခဲ့ရင် အနည်းဆုံးအနေနဲ့ အထုတ်ခံရမှာပဲ။ ပိုဆိုးတဲ့ အခြေအနေမှာဆိုရင် ကျွန်မက သေသေချာချာ ထုတ်ဖော်ခံရပြီး၊ ဖယ်ရှားရှင်းလင်းခံရပြီးတော့ ကယ်တင်ခြင်းရဖို့ အခွင့်အရေး ဆုံးရှုံးရနိုင်ချေရှိတယ်။ အထူးသဖြင့် ပါရမီရှိတဲ့၊ အစွမ်းအစရှိတဲ့၊ အရေးကြီးတာဝန်တွေထမ်းဆောင်တဲ့သူတချို့က နောက်ဆုံးမှာ အယောင်ဆောင်ခေါင်းဆောင်တွေအနေနဲ့ ထုတ်ဖော်ခံရပြီး အထုတ်ခံရတာ၊ သမ္မာတရားကို မရှာလို့၊ အဆင့်အတန်းနဲ့ ဂုဏ်ကို ရဖို့ ဆက်တိုက် ကြိုးစားပြီး သူတို့ရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားအရ ပြုမူပြီးတော့ နောင်တရဖို့ ပျက်ကွက်လို့၊ ဒါတွေကြောင့် အသင်းတော်အလုပ်မှာ အနှောင့်အယှက်တွေ၊ အဖျက်အမှောင့်တွေဖြစ်လို့ အန္တိခရစ်တွေအဖြစ်တောင် သတ်မှတ်ခံရပြီး နှင်ထုတ်ခံရတာကို ကျွန်မ မြင်ပြီးတဲ့နောက်မှာ ကျွန်မ ထင်တာက မှန်တယ်ဆိုပြီးတော့ ပိုတောင် သေချာသွားတယ်။ အဲဒီအချိန်ကစလို့ ကျွန်မက တာဝန်မကြီးတဲ့၊ အန္တရာယ်သိပ်မများတဲ့ တာဝန်တွေကိုပဲ လုပ်တယ်။ ဒါဆိုရင် ဘုရားအမှုတော် အဆုံးသတ်တဲ့အခါမှာ ကျွန်မက အသက်ရှင်ကျန်ရစ်မဲ့ အခွင့်အရေးရှိဦးမယ်ပေါ့။ နောက်ပိုင်းမှာ ကျွန်မ ခေါင်းဆောင်က ကျွန်မကို အသင်းတော်ရဲ့ ဖယ်ရှားခြင်းအလုပ်ကို တာဝန်ပေးတယ်။ ကျွန်မ ကိုယ့်ဘာသာ စဉ်းစားတယ်။ “အရင်တုန်းက ဖယ်ရှားခြင်းအလုပ်ကို လုပ်တဲ့ ညီအစ်မတချို့က သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေအတိုင်း ပြုမူပြီး စည်းမျဉ်းတွေကို မလိုက်နာတာကြောင့် အသင်းတော်အလုပ်မှာ အနှောင့်အယှက်၊ အဖျက်အမှောင့်တွေဖြစ်လို့ အထုတ်ခံရတယ်။ အဲဒီအပြင် ငါက သူတို့လောက် သမ္မာတရားကို သိမြင်မှုမရှိဘူး။ တော်တော်ဆိုးတဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားလည်းရှိတယ်။ ငါကသာ အနှောင့်အယှက်၊ အဖျက်အမှောင့်တစ်ခုခုကို လုပ်ခဲ့ရင် မကောင်းမှုကို ကျူးလွန်မိမှာပဲ” ပေါ့။ အချိန်ယူစဉ်းစားပြီးတဲ့နောက်မှာ ကျွန်မ တာဝန်ကို ငြင်းလိုက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲဒီနောက်တော့ ခေါင်းဆောင်က ကျွန်မကို စာသားကိုအခြေခံတဲ့အလုပ်ကို တာဝန်ပေးတယ်။ ဒီတာဝန်ကို ကျွန်မ တော်တော်ကျေနပ်နေခဲ့တာ။ စာသားကိုအခြေခံတဲ့အလုပ်က အသင်းတော်အတွက် အကြီးစားဆုံးဖြတ်ချက်တွေ ချဖို့ လိုမှာမဟုတ်ဘူး၊ အန္တရာယ်များတဲ့ အခြေအနေတစ်ခုမှ ပါမှာမဟုတ်ဘူးလို့ တွေးမိတယ်။ အဲဒါနဲ့ ပျော်ပျော်ရွှင်ရွှင်နဲ့ လက်ခံလိုက်တယ်။ ၂၀၁၇ ခုနှစ်မှာ ကျွန်မ ခေါင်းဆောင်က ကျွန်မကို နောက်တစ်ခါ တကူးတကလာရှာပြီးတော့ အသိပေးတယ်။ အသင်းတော်ရဲ့ ဖယ်ရှားရေးအလုပ်က အမှုဆောင်တွေကို တော်တော်လေးလိုနေတယ်တဲ့။ ပြီးတော့ ဘုရားရဲ့ ရည်ရွယ်ချက်ကို ကျွန်မအလေးထားပြီး ဖယ်ရှားရေးအဖွဲ့ထဲမှာ တာဝန်တစ်ခုယူပေးဖို့ သူမျှော်လင့်ကြောင်း ပြတယ်။ ကျွန်မက နည်းနည်း တွန့်ဆုတ်နေတုန်းပဲ။ ဒါပေမဲ့ ကျွန်မက တာဝန်ကို တစ်ကြိမ်ငြင်းပြီးပြီ၊ ကျွန်မရဲ့ အနာဂတ်နဲ့ ရှေ့ရေးတွေအတွက် စဉ်းစားပြီး နောက်တစ်ခါငြင်းလိုက်ရင် ဘုရားကို သစ္စာဖောက်မိမှာပဲဆိုပြီး တွေးမိတယ်။ ကျွန်မ အရမ်းအသိတရားမဲ့နေလို့ မဖြစ်ဘူးလေ။ ကျွန်မ ဒုက္ခရောက်နေတုန်းမှာပဲ ဘုရားကို ဆုတောင်းပြီး အဲဒီ မမှန်ကန်တဲ့ အခြေအနေကနေ လွတ်မြောက်အောင် ကျွန်မကို လမ်းပြပေးဖို့ တောင်းလျှောက်လိုက်တယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် ဒီအပိုဒ်ကို ကျွန်မ တွေ့မိတယ်။ “ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားမည်မျှကို ၎င်းတို့ ထုတ်ဖော်ပြသည်ဖြစ်စေ ယင်းတို့ကို ဖြေရှင်းရန် လူအချို့က သမ္မာတရားကို မရှာဖွေကြပေ။ အကျိုးဆက်အနေဖြင့် ဘုရားသခင်ကို နှစ်များစွာကြာ ယုံကြည်သည့်နောက်တွင်ပင် ၎င်းတို့၏ စိတ်သဘောထားများက မပြောင်းမလဲ ရှိနေသည်။ ၎င်းတို့က ‘တစ်စုံတစ်ရာကို ငါ လုပ်ဆောင်သည့်အခါတိုင်းတွင် ငါ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ငါ ထုတ်ဖော်ပြသည်။ တစ်ခုခု လုပ်ဆောင်ခြင်းကို ငါ ရှောင်ကြဉ်လျှင် ယင်းတို့ကို ငါ ထုတ်ဖော်ပြမည်မဟုတ်ပါ။ ယင်းက ပြဿနာကို ပြေလည်စေသည် မဟုတ်လော’ဟု တွေးကြသည်။ ဤသည်မှာ အစာနင်မည်ကို ကြောက်သောကြောင့် အစာစားခြင်းကို ရှောင်ကြဉ်ခြင်း မဟုတ်လော။ ဤအရာ၏ အကျိုးဆက်မှာ မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ ငတ်ပြတ်ခြင်းဆီသို့သာ ဆိုက်ရောက်စေနိုင်သည်။ အကြင်သူသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ပြပြီး မဖြေရှင်းပါက ထိုအရာမှာ သမ္မာတရားကို လက်မခံခြင်းနှင့် မမျှော်လင့်ဘဲ သေဆုံးခြင်း သဘောသက်ရောက်ပေသည်။ သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာတရားကို မလိုက်စားလျှင် အကျိုးဆက်များက မည်သည့်အရာများ ဖြစ်လိမ့်မည်နည်း။ သင်သည် ကိုယ့်သေတွင်း ကိုယ်တူးမိလိမ့်မည်ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ဘုရားသခင်၌ သင့် ယုံကြည်မှု၏ ရန်သူဖြစ်သည်။ ယင်းတို့သည် သင်၏ သမ္မာတရား လိုက်စားခြင်း၊ ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သည့် သင်၏ အတွေ့အကြုံနှင့် သူ့ကို သင်၏ ကျိုးနွံနာခံခြင်းတို့အား ဟန့်တားသည်။ အကျိုးဆက်အနေဖြင့် သင်သည် အဆုံးတွင် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိလိမ့်မည်မဟုတ်။ ယင်းမှာ ကိုယ့်သေတွင်းကို ကိုယ်တူးခြင်း မဟုတ်လော။ ဆိုးယုတ်သော စိတ်သဘောထားများက သင့်ကို သမ္မာတရားအား လက်ခံခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းမှ ဟန့်တား၏။ ထိုစိတ်သဘောထားများကို သင် ရှောင်လွှဲမရနိုင်။ ရင်ဆိုင်ရမည်ဖြစ်သည်။ ထိုအရာများကို သင် အောင်မြင်ကျော်လွှားခြင်း မရှိပါက သင့်ကို ထိန်းချုပ်လိမ့်မည်။ ထိုအရာများကို သင် အောင်မြင်ကျော်လွှားနိုင်လျှင် ထိုအရာများအားဖြင့် သင် ဘောင်ခတ်ခံရမည်မဟုတ်တော့ဘဲ လွတ်မြောက်သွားလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်ကို ဆင်ခြင်ပြီးနောက်မှာ ကျွန်မလည်း အစာနင်မှာစိုးလို့ အစာရှောင်နေတာပဲဆိုတာကို သဘောပေါက်သွားတယ်။ သမ္မာတရားကို မရှာလို့၊ မာနထောင်လွှားတဲ့ စိတ်သဘောထားနဲ့ ပြုမူလို့၊ အသင်းတော်ရဲ့ ဧဝံဂေလိအလုပ်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်လို့ ကျွန်မ အထုတ်ခံခဲ့ရတာကြောင့် ကျွန်မက သတိတွေထားပြီး အထင်လွဲမှုတွေနဲ့ ပြည့်လာတယ်။ အရေးကြီးတာဝန်တစ်ခုကို ယူချင်စိတ်မရှိဘဲ အရေးမကြီးတဲ့ ဘယ်တာဝန်ကိုမဆို လုပ်ဖို့ပဲ ပျော်နေခဲ့တယ်။ ကျွန်မအတွက် အရေးကြီးတာက ဘာအမှားမှမလုပ်မိဖို့၊ ဘာပြဿနာမှမရှိဖို့ပဲ။ အရေးကြီးတဲ့တာဝန်တစ်ခု ချပေးတာကို ရင်ဆိုင်ရတဲ့အခါ အမှုမဲ့အမှတ်မဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့ပုံစံ ရောက်သွားတယ်။ ကျွန်မက ကိုယ့်ရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကို ကျွန်မလုပ်ရပ်တွေအပေါ် လမ်းညွှန်စေစားခွင့်ပြုပြီး အသင်းတော်အလုပ်ကို နောက်တစ်ခါ အနှောင့်အယှက်တွေ၊ အဖျက်အမှောင့်တွေ ဖြစ်စေခဲ့ရင် အထုတ်ခံရပြီး ဖယ်ရှားရှင်းလင်းခံရနိုင်ချေရှိတယ်လို့ စိတ်ပူပြီးတော့ အမြဲတမ်းပဲ အဲဒီတာဝန်ကို ငြင်းဆန်ချင်ခဲ့တယ်။ ဒီလိုလုပ်ရင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တယ်လို့ တွေးပြီးတော့ပေါ့။ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ကိုင်တွယ်ဖြေရှင်းဖို့ကို ကျွန်မ အမြဲတမ်းရှောင်ခဲ့ပြီး ဒါကို ဖြေရှင်းဖို့ သမ္မာတရား မရှာခဲ့ဘူး။ ဒီလိုဆက်သွားနေရင် ကျွန်မရဲ့ အသက်စိတ်သဘောထားက နည်းနည်းလေးမှ မပြောင်းလဲရုံမကဘူး။ ကယ်တင်ခြင်းကို ကျွန်မ ရမှာလား၊ မရဘူးလားဆိုတာကလည်း သေချာမှာ မဟုတ်ဘူး။ ဘုရားနှုတ်ကပတ်တော်ကလည်း ကျွန်မကို လက်တွေ့လုပ်ဖို့ လမ်းကြောင်းတစ်ခုပေးခဲ့ပြီး ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ကိုင်တွယ်ဖြေရှင်းတာကို မရှောင်ဖို့ လိုအပ်တာ၊ ဒါကို ဖြေရှင်းဖို့အတွက် သမ္မာတရားကို ရှာသင့်တယ်ဆိုတာကို ပြခဲ့တယ်။

နောက်ပိုင်းမှာ ဘုရားသခင်ကို အမြဲ သတိထားအောင်၊ ချပေးတဲ့တာဝန်တွေကို ငြင်းအောင် ကျွန်မကို ဘယ်ဖောက်ပြန်ပျက်စီးတဲ့ သဘာဝက လုပ်နေလဲဆိုတာကို ပြန်သုံးသပ်ခဲ့တယ်။ တစ်နေ့တော့ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ကျွန်မ တွေ့မိတယ်။ “အခြားသူများအပေါ် သံသယမထားသည့်သူများကို ငါသဘောကျသည်၊ ထို့အပြင် သမ္မာတရားကို မဆိုင်းမတွ လက်ခံသောသူများကိုလည်း ငါနှစ်သက်၏၊ ထိုသို့သောလူနှစ်မျိုးကို ငါအလွန်ဂရုစိုက်သည်၊ အဘယ်ကြောင့်ဆိုသော် ငါ၏အမြင်၌ သူတို့သည် ရိုးသားသောသူများ ဖြစ်ကြသောကြောင့်ဖြစ်သည်။ အကယ်၍ သင်တို့သည် လိမ်လည်လှည့်ဖျားတတ်လျှင် လူတိုင်းနှင့် ကိစ္စတိုင်းကို သတိထားပြီး သံသယဝင်နေမည်ဖြစ်၍ ငါ့အပေါ်၌ထားသော သင်တို့၏ ယုံကြည်ခြင်းသည် သံသယအုတ်မြစ်အပေါ်၌ တည်ထားသည့် ယုံကြည်ခြင်း ဖြစ်နေလိမ့်မည်။ ထိုသို့သော ယုံကြည်ခြင်းကို မည်သည့်အခါမျှ ငါအသိအမှတ်ပြုနိုင်မည် မဟုတ်ပေ။ စစ်မှန်သော ယုံကြည်ခြင်း မရှိသော သင့်တွင် စစ်မှန်သော ချစ်ခြင်းမေတ္တာ သာ၍ပင် ကင်းမဲ့နေသည်။ အကယ်၍ သင်သည် ဘုရားသခင်ကို သံသယဝင်တတ်သည့်အပြင် သင်ဆန္ဒရှိသည့်အတိုင်း သူ့အကြောင်းကို ထင်ကြေးပေးတတ်လျှင် သင်သည် လူတို့ထဲတွင် အလိမ်လည် အလှည့်ဖျားတတ်ဆုံးသူဖြစ်သည်မှာ သံသယဖြစ်စရာ မလိုပေ။ ခွင့်မလွှတ်နိုင်သော အပြစ်များဖြင့် ပြည့်နေသော၊ သေးသိမ်သည့် စရိုက်လက္ခဏာရှိသော၊ တရားမျှတမှုနှင့် ဆင်ခြင်တုံတရား ကင်းမဲ့သော၊ တရားမျှတသောသဘော ကင်းမဲ့သော၊ ရက်စက်သည့် နည်းပရိယာယ်များ ပြုတတ်သော၊ ဖောက်ပြန်ပြီး ကောက်ကျစ်သော၊ ဆိုးယုတ်မှုနှင့် အမှောင်ထုကို နှစ်သက်သော စသည့်စရိုက်လက္ခဏာများရှိသူ လူသားနှင့် ဘုရားသခင်တူနိုင်မတူနိုင်ကို သင်မှန်းဆသည်။ လူတို့၌ ဘုရားသခင်နှင့်ပတ်သက်သည့် အသိပညာ စိုးစဉ်းမျှပင် မရှိသောကြောင့် ၎င်းတို့တွင် ထိုသို့သောအတွေးများရှိခြင်းဖြစ်သည် မဟုတ်လော။ ထိုသို့သော ယုံကြည်ခြင်းသည် အပြစ်နှင့်ဘာမျှမထူး။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မြေကြီးပေါ်ရှိ ဘုရားသခင်ကို သိရှိနိုင်ပုံ) ဘုရားနှုတ်ကပတ်တော်ကို အချိန်ယူစဉ်းစားရင်း ကျွန်မမှာ လှည့်ဖြားတတ်ပြီး ကောက်ကျစ်ဆိုးယုတ်တဲ့ သဘာဝရှိတယ်ဆိုတာ သဘောပေါက်သွားတယ်။ ကျွန်မအတွေးတွေက မဖြောင့်မတ်တဲ့သူရဲ့ အတွေးတွေလိုပဲ။ ဘုရားသခင်နဲ့ပတ်သက်ပြီး အမြဲတမ်း မှန်းဆကြည့်နေတယ်။ ကျွန်မက လူဆိုးတစ်ယောက်အပေါ် ပြုမူတဲ့ပုံစံမျိုးအတိုင်း ဘုရားကို ကျွန်မ သတိထားရှောင်နေခဲ့တယ်။ ကျွန်မကို အရေးကြီးတာဝန်တစ်ခုချပေးတာက ကျွန်မကို ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းဖို့ ရည်ရွယ်တာလို့ ထင်ခဲ့တယ်။ ကျွန်မက အရင်က မာနထောင်လွှားတဲ့ စိတ်သဘောထားနဲ့ ပြုမူပြီး အသင်းတော်အလုပ်အပေါ် အနှောင့်အယှက်တွေ၊ အဖျက်အမှောင့်တွေဖြစ်စေတာကြောင့် ပြစ်မှားမှုရှိတယ်လို့ သတ်မှတ်ခံရတော့ နောက်ထပ် ပြစ်မှားမှုတစ်ခုရှိတယ်လို့ သတ်မှတ်ခံရရင် ဖယ်ရှားရှင်းလင်းခံရမဲ့ အန္တရာယ်ကြုံရမှာကို စိတ်ပူပြီး ဒီဟာကြောင့် ဘုရားကို သတိထားပြီး အထင်လွဲတဲ့ အခြေအနေမှာ ကျွန်မ အသက်ရှင်ခဲ့တယ်။ ဒီတော့ ကျွန်မခေါင်းဆောင်က ကျွန်မကို အသင်းတော်ရဲ့ ဖယ်ရှားရေးအလုပ်ကို တာဝန်ပေးတော့ လူတွေအပေါ် ကျွန်မ အကဲဖြတ်တာတွေမှာ အမှားတွေလုပ်မိမှာကို စိုးရိမ်ခဲ့တယ်။ ကျွန်မက မှားပြီးတော့ လူကောင်းတစ်ယောက်အပေါ် မဟုတ်တာလုပ်မိရင်၊ ဒါမှမဟုတ် အသင်းတော်မှာ မကောင်းတဲ့လူ၊ အန္တိခရစ်တစ်ယောက်ကို ဆက်နေခွင့်ပေးခဲ့ပြီး ဒီလိုနဲ့ အောင်းနေတဲ့ အန္တရာယ်တစ်ခုကို အသင်းတော်အပေါ် ဝန်ပိစေခဲ့ရင် ဒါက အကြီးစားပြစ်မှားမှုတစ်ခုလို့ သတ်မှတ်မှာဖြစ်ပြီး ကျွန်မက ဖယ်ရှားရှင်းလင်းခံရနိုင်ချေရှိတယ်။ ဒီစဉ်းစားစရာအချက်တွေကြောင့် တာဝန်ကို ရှောင်ပြီး ငြင်းပယ်ဖို့အတွက် ဆင်ခြေတွေပေးခဲ့တယ်။ အခု ဒါကို ကျွန်မ ပြန်သုံးသပ်ကြည့်တော့ ကျွန်မမှာ အထုတ်ခံရတဲ့ အဲဒီအတွေ့အကြုံမရှိခဲ့ရင် ကျွန်မမှာ အရမ်းကို မာနထောင်လွှားတဲ့ စိတ်သဘောထားရှိတယ်ဆိုတာကို လုံးဝ သဘောပေါက်မှာမဟုတ်ဘူး။ ကျွန်မက သမ္မာတရားကို မရှာဘဲ ကျွန်မအလုပ်မှာ ကိုယ့်သဘောဆန္ဒအတိုင်း လုပ်ခဲ့ပြီး အန္တိခရစ်ရဲ့ လမ်းကြောင်းကို လျှောက်နေတယ်ဆိုတာကို ပိုလို့တောင် သဘောပေါက်ခဲ့မှာ မဟုတ်ဘူး။ ကျွန်မကို ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်စေပြီး ကျွန်မလျှောက်နေတဲ့ လမ်းမှားကနေ ကျွန်မကို ခေါ်ဆောင်သွားတာက ဘုရားသခင်ရဲ့ အချိန်မီ ဆုံးမမှုနဲ့ ပဲ့ပြင်မှုပဲ။ ဘုရားသခင်ရဲ့ လုပ်ဆောင်မှုတွေကြောင့်မဟုတ်ရင် ကျွန်မရဲ့ မာနထောင်လွှားပြီး စိတ်ကြီးဝင်တဲ့ သဘာဝက ထိန်းချုပ်တာကို ကျွန်မ ခံနေရတုန်းမှာ ဘယ်လိုဆိုးဝါးတဲ့ မကောင်းမှုကို ကျွန်မ ကျူးလွန်နိုင်တယ်ဆိုတာ ဘယ်သူသိမလဲ။ အထုတ်ခံရတဲ့ရလဒ်အနေနဲ့ ကျွန်မ နည်းနည်း ဒုက္ခခံရပေမဲ့ ထုတ်တာဟာ တကယ်တမ်း ကျွန်မကို ဘုရားက ကာကွယ်ပြီး ကယ်တင်တဲ့နည်းလမ်းပဲ။ ဒါက သူ့ရဲ့ အရမ်းလေးနက်တဲ့ ရည်ရွယ်ချက်တွေနဲ့ ပြည့်နေပါတယ်။ ဒီကျရှုံးမှုက ကျွန်မအပေါ်မှာ တော်တော်လေးသက်ရောက်ခဲ့တယ်။ ကျွန်မရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားနဲ့ ပြုမူတဲ့ အကျိုးဆက်ရဲ့ ပြင်းထန်မှုကို ပြခဲ့ပြီး ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားက ဘယ်ပုန်ကန်ပြစ်မှားမှုကိုမှ သည်းမခံပုံကို ကျွန်မကို တွေ့ကြုံစေခဲ့တယ်။ နောက်ပိုင်း ကျွန်မတာဝန်မှာ ကျွန်မရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကို ကျွန်မ လုပ်ရပ်တွေအပေါ် လမ်းညွှန်စေစားခွင့်မပြုဘဲ ဘုရားကို ကြောက်ရွံ့တဲ့ စိတ်နှလုံးကို စိတ်ထဲထားဖို့ ကိုယ့်ကိုယ်ကိုယ် သတိပေးခဲ့တယ်။ ပြဿနာတွေကို ကြုံရတဲ့အခါမှာ အမှားအကြီးကြီးတွေမဖြစ်အောင်လို့ သူများတွေဆီက အကြံဉာဏ်တွေ တောင်းတတ်ပြီး သမ္မာတရား စည်းမျဉ်းတွေကို ရှာသင့်တယ်။ ဘုရားရဲ့ စိတ်သဘောထားက ဖြောင့်မတ်ပြီး ကောင်းမွန်ပါတယ်။ သူ့ရဲ့ ချစ်ခြင်းနဲ့ ကယ်တင်ခြင်းက လက်တွေ့ကျပြီး နည်းနည်းလေးမှ လိမ်ညာဟန်ဆောင်မှုမရှိဘဲ စစ်မှန်တယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး နားလည်သဘောပေါက်သရွေ့ ဘုရားသခင်က ကျွန်မကို လက်တွေ့လုပ်ဖို့ အခွင့်အရေးတွေ ပေးမှာပဲ။ ဒါပေမဲ့ ကျွန်မက အမြဲတမ်း ဘုရားသခင်နဲ့ပတ်သက်ပြီး မှန်းဆနေခဲ့တယ်။ ဘုရားကို သတိထားရှောင်ပြီး သာမန်လူတစ်ယောက်လိုပဲ သူဟာ သေးသိမ်ပြီး စာနာတတ်မှာ မဟုတ်ဘူး၊ တရားမျှတခြင်းနဲ့ ဖြောင့်မတ်ခြင်း ရှိမှာ မဟုတ်ဘူးလို့ ယုံကြည်ခဲ့တယ်။ ဘုရားက ကျွန်မကို ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းဖို့အတွက်ပဲ ဒီတာဝန်ကို အသုံးပြုနေခဲ့တာလို့ ကျွန်မ ထင်ခဲ့တယ်။ ကျွန်မက ဘုရားကို အသရေဖျက်နေတာ မဟုတ်ဘူးလား။ ကျွန်မက တော်တော့်ကို လှည့်စားတာပဲ။ ဘုရားက ရိုးသားတဲ့သူတွေကို နှစ်သက်တယ်။ ရိုးသားသူတွေက သမ္မာတရားကို လက်ခံပြီး လက်တွေ့လုပ်နိုင်တယ်။ ကျွန်မမှာတော့ ကိုယ့်လှည့်ဖြားတတ်တဲ့ စိတ်သဘောထားက ဘုရားအပေါ် သံသယဖြစ်ပြီး သတိထားရှောင်အောင် ကျွန်မကို လှုံ့ဆော်ခဲ့တယ်။ ကျွန်မကို ပေးတဲ့တာဝန်တွေကို ထပ်ခါထပ်ခါ ရှောင်ခဲ့တယ်။ ပွင့်လင်းရိုးသားတဲ့ စိတ်နှလုံးနဲ့ ကျွန်မရဲ့ တာဝန်၊ ဝတ္တရားကို ကောင်းကောင်း မဖြည့်ဆည်းနိုင်ခဲ့ဘူး။ ကျွန်မ ဒီလိုဆက်လုပ်နေရင် ကိုယ့်သေတွင်းကိုယ်တူးသလိုဖြစ်မှာ မဟုတ်ဘူးလား။ ဒါကို သဘောပေါက်တော့ ကျွန်မ တော်တော်နောင်တရပြီး ဘုရားကို တိတ်တဆိတ်ဆုတောင်းခဲ့တယ်။ ကျွန်မတာဝန်ကို ထမ်းဆောင်ဖို့ အခွင့်အရေးကို မြတ်နိုးချင်စိတ်ရှိခဲ့တယ်။ ဖယ်ရှားရေးအလုပ်ကို ကောင်းကောင်းလုပ်ပြီး တာဝန်ကို အတိုက်အခံလုပ်ပြီး ငြင်းဆန်တာကို ရပ်ဖို့အတွက် ဘုရားကို အားကိုးချင်စိတ်ရှိခဲ့တယ်။

နောက်ပိုင်းမှာ ကျွန်မ အသင်းတော်မှာ ဖယ်ရှားရေးအလုပ်ကို စပြီးလုပ်တယ်။ တစ်နေ့တော့ ထုတ်ပစ်တဲ့ကိစ္စတွေထဲက တစ်ခုကို ကျွန်မသတိထားမိသွားတယ်။ ထုတ်ပစ်တာခံရသင့်တဲ့သူက အရင်က ကျွန်မရဲ့ ဧည့်ခံဝတ်ပြုတဲ့သူအနေနဲ့ အစေခံခဲ့တဲ့ ညီအစ်မလီပါ။ သူက အမြဲတမ်းပဲ ဧည့်ခံဝတ်ပြုသူအဖြစ် အစေခံခဲ့တယ်။ ကျွန်မက သူ့ကို သိပ်အရေးမကြီးတဲ့တာဝန်ကို ထမ်းဆောင်ရလို့ အားကျခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ သူက အကြီးစားပြစ်မှားမှုတစ်ခုကို ကျူးလွန်ဖို့ သိပ်ဖြစ်နိုင်ချေရှိမှာမဟုတ်ဘူး၊ ယုံကြည်ခြင်းကို ဒီလိုလက်တွေ့လုပ်တာက သိပ်အန္တရာယ်မများဘူးလို့ ကျွန်မ ထင်လို့ပေါ့။ ဒါပေမဲ့ လက်တွေ့အရှိတရားက ကျွန်မ အယူအဆကို မမှန်ကြောင်းပြခဲ့တယ်။ ညီအစ်မလီက အရေးကြီးတာဝန်တစ်ခုကို မထမ်းဆောင်ပေမဲ့ သူ့ရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားက လုံးဝ မပြောင်းလဲခဲ့ဘူး။ ပြီးတော့ သူက အသင်းတော်ကို ထိန်းချုပ်ဖို့အတွက် အလကားသက်သက် ကြိုးစားတဲ့အနေနဲ့ အသင်းတော်ခေါင်းဆောင်ဖြစ်တဲ့ သူ့သမီးကို အသုံးပြုပြီး ကြိုးကိုင်ညွှန်ကြားနေခဲ့တယ်။ ဒီလိုနဲ့ အသင်းတော်က ဖရိုဖရဲဖြစ်ခဲ့တယ်။ မယုံကြည်သူတွေ၊ မကောင်းမှုပြုသူတွေအနေနဲ့ ထုတ်ဖော်ခံရတဲ့သူအများစုက အရေးကြီးတာဝန်တစ်ခုကို မထမ်းဆောင်နေပေမဲ့ သမ္မာတရားကို မလိုက်စားတာကြောင့်၊ သူတို့ရဲ့ စာတန်ဆန်တဲ့ စိတ်သဘောထားအတိုင်း မဆင်မခြင်နဲ့ အကြောင်းမဲ့ ပြုမူတာကြောင့်၊ နောင်တရဖို့ ပျက်ကွက်ပြီး မကောင်းမှုမျိုးစုံကို ကျူးလွန်တာကြောင့် နောက်ဆုံးမှာ ဖယ်ရှားရှင်းလင်းခံရတာကိုလည်း ကျွန်မ တွေးမိတယ်။ ကျွန်မ ဒီလိုသဘောပေါက်သွားတော့ တော်တော် အံ့အားသင့်တယ်။ နောက်ပိုင်းမှာ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ကျွန်မ တွေ့မိတယ်။ “လူအချို့က ‘ဦးဆောင်သူမည်သူမဆို မိုက်မဲပြီး မသိနားမလည်ကြသည့်အပြင် ကိုယ့်ဒုက္ခကိုယ်ရှာနေကြသည်။ အဘယ့်ကြောင့်ဆိုသော် ခေါင်းဆောင်တစ်ဦးအဖြစ် ထမ်းဆောင်ခြင်းအားဖြင့် လူတို့သည် ဘုရားသခင်မြင်တွေ့အောင် ဖောက်ပြန်ပျက်စီးခြင်းကို မလွှဲသာမရှောင်သာ ထုတ်ဖော်ကြ၍ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ဤအလုပ်ကို မလုပ်ခဲ့လျှင် ဖောက်ပြန်ပျက်စီးခြင်း ‌မြောက်မြားစွာ ထုတ်ဖော်ခံရမည်လော’ ဟု ထင်ကြသည်။ အဓိပ္ပာယ်မဲ့သော စိတ်ကူးပါတကား။ အကယ်၍ သင်သည် ခေါင်းဆောင်တစ်ဦးအဖြစ် မထမ်းဆောင်လျှင် ဖောက်ပြန်ပျက်စီးခြင်းကို သင်မထုတ်ဖော်ဘဲ နေမည်လော။ ခေါင်းဆောင်တစ်ဦးဖြစ်ခြင်း ဟူသည်မှာ သင်သည် ဖောက်ပြန်ပျက်စီးခြင်း လျှော့‌ပေါ့၍ ပြသလျှင်ပင် ကယ်တင်ခြင်းကို သင်ရရှိပြီးပြီဖြစ်သည်ဟု ဆိုလိုခြင်းမဟုတ်လော။ ဤဆွေးနွေးချက်အရ ခေါင်းဆောင်များအဖြစ် အစေမခံသောသူတို့ အားလုံးသည် ဆက်လက်ရှင်သန်ပြီး ကယ်တင်ခြင်းခံရနိုင်သူများ ဖြစ်ကြသလော။ ဤစကားသည် ရယ်ဖွယ်ကောင်းလွန်းသည် မဟုတ်လော။ ခေါင်းဆောင်များအဖြစ် အစေခံသော လူတို့သည် ဘုရားသခင်ရွေးကောက်ထားသော လူတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ရန်နှင့် ဘုရားသခင်၏ အလုပ်ကို တွေ့ကြုံရန်အတွက် လမ်းပြကြသည်။ ဤသတ်မှတ်ချက်နှင့် စံချိန်စံညွှန်းသည် မြင့်မားသောကြောင့် ခေါင်းဆောင်များသည် ပထမဆုံးအနေဖြင့် လေ့ကျင့်မှုကို အစပြုသောအခါ ဖောက်ပြန်ပျက်စီးသော အခြေအနေအချို့ကို ထုတ်ဖော်ကြမည်မှာ မလွဲပေ။ ဤသည်မှာ ပုံမှန်ဖြစ်ပြီး ဘုရားသခင်က ယင်းကို ပြစ်တင်ရှုတ်ချခြင်း မပြုပေ။ သို့သော် ဘုရားသခင်သည် ယင်းကို ပြစ်တင်ရှုတ်ချခြင်း မပြုသည်သာမက သူသည် ဤလူတို့ကို ဉာဏ်ပွင့်စေခြင်း၊ အလင်းပေးခြင်းနှင့် လမ်းပြခြင်းကိုလည်း ပြုလုပ်ပြီး ၎င်းတို့အပေါ် အပိုဝန်ထုပ်ဝန်ပိုးများ တင်ပေးသည်။ ၎င်းတို့သည် ဘုရားသခင်၏ လမ်းပြခြင်းနှင့် အလုပ်ကို ကျိုးနွံနာခံနိုင်သရွေ့ အသက်တာ၌ သာမန်လူတို့ထက် ပို၍မြန်မြန်ဆန်ဆန် တိုးတက်ကြမည် ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသောလူများ ဖြစ်လျှင် ဘုရားသခင်၏ စုံလင်အောင်ပြုခြင်းခံရသည့် လမ်းကြောင်းပေါ် အစပျိုးနိုင်လေသည်။ ဤသည်မှာ ဘုရားသခင် ကောင်းချီးအပေးဆုံးအရာ ဖြစ်၏။ လူအချို့က ဤအရာကို မမြင်နိုင်ကြဘဲ အမှန်တရားများကို လွဲချော်ကြသည်။ လူ၏ သိနားလည်မှုအရ ခေါင်းဆောင်တစ်ဦးသည် အဘယ်မျှပြောင်းလဲသည်ဖြစ်စေ ဘုရားသခင် ဂရုစိုက်မည်မဟုတ်ချေ။ သူသည် ခေါင်းဆောင်များနှင့် အမှုဆောင်များက ဖောက်ပြန်ပျက်စီးခြင်း အဘယ်မျှ ထုတ်ဖော်သည်ကိုသာ ကြည့်မည်ဖြစ်ပြီး ဤအရာအပေါ်မူတည်၍သာ ၎င်းတို့ကို ပြစ်တင်ရှုတ်ချမည် ဖြစ်သည်။ ထို့ပြင် ခေါင်းဆောင်များနှင့် အမှုဆောင်များ မဟုတ်သောသူတို့အတွက်မူ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးခြင်း အနည်းငယ်ကိုသာ ထုတ်ဖော်သောကြောင့် ၎င်းတို့ မပြောင်းလဲလျှင်ပင် ဘုရားသခင်က ထိုသူတို့ကို ပြစ်တင်ရှုတ်ချမည် မဟုတ်ပေ ဟူ၍ဖြစ်သည်။ ဤသည်မှာ အဓိပ္ပာယ်မဲ့သည် မဟုတ်လော။ ယင်းသည် ဘုရားသခင်အပေါ် ပြစ်မှားစော်ကားခြင်း မဟုတ်လော။ သင်သည် ဘုရားသခင်ကို သင့်စိတ်နှလုံးထဲတွင် အလွန် ပြင်းထန်စွာ ခုခံလျှင် သင်သည် ကယ်တင်ခြင်းခံရနိုင်မည်လော။ သင်သည် ကယ်တင်ခြင်းခံရနိုင်မည် မဟုတ်ပေ။ ဘုရားသခင်သည် လူတို့၏ အဆုံးသတ်များကို ၎င်းတို့၌ သမ္မာတရားနှင့် စစ်မှန်သော သက်သေခံချက် ရှိမရှိအပေါ် အဓိကအားဖြင့် အခြေခံ၍ အဆုံးအဖြတ်ပေးကာ ယင်းမှာ ၎င်းတို့သည် သမ္မာတရားလိုက်စားသော လူများဟုတ်မဟုတ်အပေါ် အဓိကအားဖြင့် မူတည်၏။ ၎င်းတို့သည် သမ္မာတရားကို အမှန်တကယ် လိုက်စားပြီး ပြစ်မှားခြင်းတစ်ခု ကျူးလွန်သည့်အတွက် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း ခံရပြီးနောက် အမှန်တကယ် နောင်တရနိုင်ပါက ဘုရားသခင်အား ပြစ်မှားစော်ကားသည့် စကားများ ပြောဆိုခြင်း သို့မဟုတ် အရာများ ပြုလုပ်ခြင်း မရှိသရွေ့ ၎င်းတို့သည် သေချာပေါက် ကယ်တင်ခြင်းကို ရရှိနိုင်စွမ်းရှိမည်။ သင်တို့၏ စိတ်ကူးစိတ်သန်းများအရ အဆုံးတိုင်အောင် ဘုရားသခင်နောက်လိုက်သော သာမန်ယုံကြည်သူများအားလုံး ကယ်တင်ခြင်းရရှိနိုင်ပြီး ခေါင်းဆောင်များအဖြစ် အစေခံသူတို့အားလုံး ဖယ်ရှားရှင်းလင်းခြင်းခံရမည်ဖြစ်သည်။ အကယ်၍ သင်တို့သည် ခေါင်းဆောင်တစ်ဦးဖြစ်ဖို့ တောင်းဆိုခံရလျှင် ယင်းကို မလုပ်ဆောင်ခြင်းသည် အဆင်ပြေမည် မဟုတ်ကြောင်း၊ ခေါင်းဆောင်တစ်ဦးအဖြစ် အစေခံဖို့ဆိုလျှင် ဖောက်ပြန်ပျက်စီးခြင်းကို မရည်ရွယ်ဘဲ သင် ထုတ်ဖော်မိမည်ဖြစ်ကြောင်း၊ ထို့ပြင် ယင်းမှာ သင့်ကိုယ်သင် ခေါင်းဖြတ်စက်ဖြင့် ကွပ်မျက်ခံခြင်းနှင့်ပင် တူမည်ဟု သင်တို့ထင်မိမည်။ ဤအရာအားလုံးမှာ ဘုရားသခင်နှင့်ပတ်သက်၍ သင်တို့၏ အထင်မြင်လွဲမှားခြင်းများကြောင့် ဖြစ်ရသည်မဟုတ်လော။ အကယ်၍ လူတို့၏ အဆုံးသတ်များကို ၎င်းတို့ထုတ်ဖော်သည့် ဖောက်ပြန်ပျက်စီးခြင်းအပေါ် အခြေခံ၍ အဆုံးအဖြတ် ပေးလျှင် မည်သူမျှ ကယ်တင်ခံမည်မဟုတ်ချေ။ ဤသည်မှာ မှန်ကန်ပါက ဘုရားသခင်အနေဖြင့် ကယ်တင်ခြင်းအလုပ် လုပ်ဆောင်ခြင်း၏ ရည်ရွယ်ချက်က မည်သည့်အရာ ဖြစ်တော့မည်နည်း။ ဤသည်မှာ တကယ်ကို စစ်မှန်လျှင် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းက မည်သည့်နေရာ၌ ရှိတော့မည်နည်း။ လူသားမျိုးနွယ်သည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်နေသဘောထားကို မြင်တွေ့နိုင်မည်မဟုတ်ချေ။ ထို့အတွက်ကြောင့် သင်တို့အားလုံးသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထင်မြင်လွဲမှားသွားပြီဖြစ်ကာ ယင်းက သင်တို့၌ ဘုရားသခင်နှင့် ပတ်သက်၍ စစ်မှန်သော သိနားလည်မှုမရှိကြောင်း ပြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်ကတစ်ဆင့် ကျွန်မသိလိုက်ရတာက ဘုရားသခင်က လူတွေရဲ့ အဆုံးသတ်တွေကို သူတို့ ဘာတာဝန်ကို လုပ်တယ်၊ ဖောက်ပြန်ပျက်စီးမှုဘယ်လောက်ကို သူတို့ထုတ်ဖော်တယ်ဆိုတာတွေအပေါ် အခြေခံပြီး ဆုံးဖြတ်တာမဟုတ်ဘဲ ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်ပြီးတဲ့နောက်မှာ သမ္မာတရားကို သူတို့လိုက်စားပြီး သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းဖို့အပေါ် အာရုံစိုက်ခြင်းရှိမရှိကို အခြေခံပြီး ဆုံးဖြတ်တယ်ဆိုတာပဲ။ ဘုရားသခင်က စာတန် ဖျက်ဆီးတာခံထားရတဲ့သူတွေကို ကယ်တင်တယ်။ ဘုရားသခင်က လူတွေ ထုတ်ဖော်တဲ့ ဖောက်ပြန်ပျက်စီးမှုကို အခြေခံပြီး လူတွေရဲ့ အဆုံးသတ်ကို ဆုံးဖြတ်ရင် ကျွန်မတို့အားလုံး ဖယ်ရှားရှင်းလင်းခံရမှာ။ ဒါဆိုရင် ဘယ်သူက ကယ်တင်ခြင်းကို ရယူနိုင်မှာလဲ။ ကျွန်မရဲ့ ဒီယုံကြည်မှုက တော်တော်အဓိပ္ပာယ်မဲ့လွန်းတယ်။ ခေါင်းဆောင်တွေ၊ ကြီးကြပ်ရေးမှူးတွေက သူတို့ရဲ့ ဖောက်ပြန်ပျက်စီးခြင်းနဲ့ အားနည်းချက်တွေကို ခဏခဏ ထုတ်ဖော်ပေမဲ့ သမ္မာတရားကို သူတို့ လိုက်စားသရွေ့၊ သူတို့ပြဿနာတွေကို ဖြေရှင်းဖို့အတွက် သူတို့ကိုယ်သူတို့ ခဏခဏ ပြန်သုံးသပ်ပြီး သမ္မာတရားကို ရှာသရွေ့ သမ္မာတရားကို ပိုပိုပြီး နားလည်လာပြီးတော့ သူတို့အသက်ဝင်ရောက်မှုက လုံးဝ ပိုပြီး အမြန်ရှေ့ဆက်လာမှာပဲဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရတဲ့ အဲဒီအယောင်ဆောင်ခေါင်းဆောင်တွေ၊ အန္တိခရစ်တွေက ခေါင်းဆောင်တွေ၊ ကြီးကြပ်ရေးမှူးတွေအနေနဲ့ အစေခံနေတာကြောင့် အဲဒီကံကြမ္မာကို ကြုံရတာမဟုတ်ဘဲ သူတို့အားလုံးက သမ္မာတရားကို အရမ်းမနှစ်မြို့တာကြောင့်၊ ဂုဏ်နဲ့ အဆင့်အတန်းနောက်ကို ဆက်တိုက် လိုက်တာကြောင့်၊ အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်တဲ့ မကောင်းမှုတွေကို ကျူးလွန်ပြီး ခဏခဏ ပြုပြင်ခံရပြီးတာတောင် နောင်တရဖို့ ပျက်ကွက်တာကြောင့် ဖြစ်တယ်ဆိုတာကို ကျွန်မ တွေးမိတယ်။ အရင်က ကျွန်မရဲ့ ခေါင်းဆောင်တာဝန်ကနေ ကျွန်မ အထုတ်ခံရတဲ့ အကြောင်းရင်းကလည်း သမ္မာတရားကို ကျွန်မ မလိုက်စားခဲ့တာကြောင့်၊ လမ်းမှန်ကို မလျှောက်ခဲ့တာကြောင့်ဖြစ်ပြီး အရေးကြီးတာဝန်ကို ကျွန်မထမ်းဆောင်ရတာနဲ့ ဘာမှမဆိုင်ဘူးဆိုတာကိုလည်း တွေးမိတယ်။ ဒါတောင်မှ ဒီအမှန်တရားကို ကျွန်မ နားမလည်နိုင်ခဲ့ဘူး။ ကျွန်မရဲ့ လဲပြိုကျရှုံးခြင်းရဲ့ အရင်းအမြစ်ကို ပြန်မသုံးသပ်ကြည့်ခဲ့ဘူး။ နောင်မှာ ကျွန်မ သတိထားနိုင်တဲ့ သင်ခန်းစာတွေကို မယူခဲ့ဘူး။ အဲဒီအစား ဘုရားကို ထင်ကြေးပေးပြီး အကဲဖြတ်ဖို့အတွက် မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ အမြင်ရှုထောင့်ကို သုံးခဲ့တယ်။ ဒါက ဘုရားအပေါ် ပြစ်မှားစော်ကားတာမဟုတ်ဘူးလား။ ဘုရားရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကို မြတ်နိုးတန်ဖိုးထားခဲ့တဲ့ ပေတရုကို ကျွန်မ စဉ်းစားမိတယ်။ ဘုရားရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းက သူ့အနားကနေ ထွက်သွားတယ်ဆိုရင် သူက ထိတ်ထိတ်ပျာပျာဖြစ်ပြီး အနေရခက်တယ်။ သူ ဆက်ပြီး အသက်မရှင်နိုင်တော့ဘူးလို့ ခံစားရတယ်။ ပေတရုဟာ သမ္မာတရားကို သူ့စိတ်နှလုံးအကြွင်းမဲ့နဲ့ ချစ်ခဲ့တယ်၊ အပြုသဘောဆောင်တာတွေကို တောင့်တတယ်၊ ဘုရားရဲ့ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ရိုက်နှက်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်းတွေကို မြတ်နိုးခဲ့တယ်ဆိုတာ ကျွန်မ မြင်ခဲ့ပါတယ်။ အဲဒီပတ်ဝန်းကျင်မှာ သူက သူ့ရဲ့ ချို့ယွင်းချက်၊ အားနည်းချက်တွေကို ဆင်ခြင်သုံးသပ်နိုင်ခဲ့တယ်။ သမ္မာတရားကို ရှာပြီး ပြောင်းလဲဖို့ကို လိုက်စားနိုင်ခဲ့တယ်။ ကျွန်မကတော့ ကျရှုံးပြီး ထုတ်ဖော်ခံရတဲ့နောက်မှာ သတိထားတဲ့၊ နားလည်မှုလွဲတဲ့၊ အပျက်သဘောဆောင်ပြီး အတိုက်အခံဖြစ်တဲ့ အခြေအနေထဲကို ရောက်သွားတယ်။ ကျွန်မက နောက်ထပ် အရေးကြီးတာဝန်တစ်ခုကို ယူရင် ထပ်ပြီး ထုတ်ဖော်ခံရမှာကို ကြောက်ပြီးတော့ တာဝန်တွေကို ထပ်တလဲလဲ ငြင်းခဲ့တယ်။ ကျွန်မက သမ္မာတရားကို တကယ်ကို မနှစ်မြို့ဘူးဆိုတာ မြင်ခဲ့ပါတယ်။ ကျွန်မက ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို အမြဲတမ်း ဖုံးကွယ်ဖို့ ဆန္ဒရှိတယ်။ ဒါပေမဲ့ ဒီလိုလုပ်တော့ ကိုယ့်ကိုယ်ကိုယ် သိမြင်မှုမရနိုင်ခဲ့ဘူး။ ကျွန်မ ပြဿနာတွေကို အချိန်နဲ့တစ်ပြေးညီ ဖြေရှင်းဖို့အတွက် သမ္မာတရားကို ရှာနိုင်ဖို့ဆိုတာ ပိုဆိုးတာပေါ့။ နောက်ဆုံးမှာ ကျွန်မရဲ့ စိတ်သဘောထား လုံးဝ မပြောင်းလဲမဲ့အတွက် ကယ်တင်ခြင်းရဖို့ ကျွန်မ အခွင့်အရေးကိုပဲ ဆုံးရှုံးရမှာ။ ပေတရုရဲ့ အတွေ့အကြုံကတစ်ဆင့် လက်တွေ့လုပ်ဖို့ လမ်းကြောင်းတချို့ကို ကျွန်မတွေ့ခဲ့တယ်။ ဖောက်ပြန်ပျက်စီးခြင်းကို ကျွန်မ ထုတ်ဖော်တဲ့အခါမှာ ဒါကို ဖြေရှင်းဖို့အတွက် ကိုယ့်ကိုယ်ကိုယ်သိပြီး သမ္မာတရားကို ရှာဖို့ အာရုံစိုက်သင့်တယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် သတိပေးချက်အနေနဲ့ သုံးဖို့ သူများတွေရဲ့ ကျရှုံးမှုတွေကနေလည်း သင်ခန်းစာတွေယူသင့်တယ်။

၂၀၂၁ခုနှစ် ဩဂုတ်လမှာ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို အသင်းတော်ခေါင်းဆောင်အနေနဲ့ ရွေးခဲ့ကြတယ်။ တာဝန်ကို ယူဖို့နဲ့ပတ်သက်ပြီး ကျွန်မမှာ သံသယတွေရှိနေတုန်းပဲ။ အဲဒါနဲ့ ဘုရားကို ဆုတောင်းခဲ့တယ်။ “အို ဘုရားသခင်၊ ကျွန်မ ဒီတာဝန်ကိုယူပြီး ကျွန်မအပိုင်းကို ပံ့ပိုးပေးချင်ပါတယ်။ ဒါပေမဲ့ ကျွန်မ မစိုးရိမ်ဘဲ မနေနိုင်ပါဘူး။ ကျွန်မကို လမ်းပြပေးပြီးညွှန်ကြားတော်မူပါ” လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက် ကျွန်မက ဘုရားနှုတ်ကပတ်တော်ကို စားသောက်နေတုန်း လူတွေကို တာဝန်တွေထမ်းဆောင်ခိုင်းတဲ့နေရာမှာဘုရားရဲ့ ရည်ရွယ်ချက်က လူတွေကို ဖယ်ရှားရှင်းလင်းဖို့ မဟုတ်ဘဲ သမ္မာတရားကို ရှာစေဖို့၊ စိတ်သဘောထားပြောင်းလဲမှုကို ရရှိစေဖို့၊ သူတို့တာဝန်တွေကို ထမ်းဆောင်နေတုန်းမှာ ကယ်တင်ခြင်းကို ရယူစေဖို့ဆိုတာကို ကျွန်မ သိခဲ့ရပုံကို တွေးမိတယ်။ အသင်းတော်က လက်ရှိမှာ ကွဲနေပြီး အသင်းတော်အလုပ်အတွက် အကူအညီတော်တော်လိုနေတဲ့ ဒီလိုအရေးပါတဲ့အချိန်မှာ ကျွန်မရဲ့ ကိုယ်ပိုင် တစ်ကိုယ်ရေအကျိုးစီးပွားတွေကိုပဲ အလေးထားလို့မရဘူးဆိုတာကိုလည်း ကျွန်မစဉ်းစားမိတယ်။ ကျွန်မတာဝန်ကို ထပ်ပြီး ငြင်းပယ်ရင် လူ့သဘာဝ တော်တော်နည်းသလိုဖြစ်မှာပဲ။ ဘုရားရဲ့ ရည်ရွယ်ချက်ကို အလေးထားပြီး ကျွန်မထမ်းဆောင်သင့်တဲ့ တာဝန်ကို ထမ်းဆောင်ရမယ်။ နောက်ပိုင်းမှာ ကျွန်မ ဆက်ပြီးတွေးမိတယ်။ “ငါက အရေးကြီးတာဝန်တစ်ခု အပေးခံရတဲ့အခါတိုင်းမှာ ဘာလို့ တွန့်ဆုတ်ပြီး ကြောက်နေတာလဲ။ ဒီနောက်ကွယ်မှာ မသင့်တော်တဲ့ ဘာရည်ရွယ်ချက်တွေရှိနေတာလဲ” ပေါ့။ ကျွန်မ ရှာကြည့်ရင်းနဲ့ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို တွေ့မိတယ်။ “အန္တိခရစ်များသည် ဘုရားအိမ်တော်၏ အစီအစဉ်များကို မည်သည့်အခါမျှ မနာခံကြပေ။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းတို့ကို ၎င်းတို့၏ ကောင်းချီးရရှိရန် မျှော်လင့်ချက်နှင့် အနာဂတ် ခရီးပန်းတိုင်တို့ဖြင့် နီးကပ်စွာ ချိတ်ဆက်ထားကြသည်။ ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်း ဆုံးရှုံးသွားသည်နှင့် ကောင်းချီးများ၊ ဆုလာဘ်များရရှိရန် မျှော်လင့်ချက်မရှိတော့သကဲ့သို့ပင်ဖြစ်သည်။ ဤအရာများက ၎င်းတို့၏ ဘဝများကို ဆုံးရှုံးရသကဲ့သို့ ခံစားရသည်။ ၎င်းတို့က ‘ငါသည် ဂရုစိုက်ရမည်။ ပေါ့ဆ၍ မရပေ။ ဘုရားအိမ်တော်၊ ညီအစ်ကိုမောင်နှမများ၊ ခေါင်းဆောင်များ၊ အမှုဆောင်များနှင့် ဘုရားသခင်ကိုပင် အားကိုး၍မရပေ။ ၎င်းတို့ထဲမှ မည်သူ့ကိုမျှ ငါ ယုံကြည်၍မရပေ။ သင် အားအကိုးနိုင်ဆုံးသောသူနှင့် ယုံကြည်ရန် အထိုက်တန်ဆုံးသောသူမှာ သင်ကိုယ်တိုင်ဖြစ်သည်။ သင်သည် သင့်ကိုယ်သင်အတွက် အစီအစဉ်များ မပြုလုပ်နေလျှင် သင့်အား မည်သူက ဂရုစိုက်မည်နည်း။ သင်၏ အနာဂတ်ကို မည်သူက ထည့်စဉ်းစားမည်နည်း။ ကောင်းချီးများအား သင်လက်ခံရရှိခြင်းရှိမည်၊ မရှိမည်ကို မည်သူက ထည့်စဉ်းစားမည်နည်း။ ထို့ကြောင့် ငါသည် ငါ၏အကျိုးအတွက် အစီအစဉ်များနှင့် တွက်ချက်မှုများကို သေချာလုပ်ဆောင်ရမည်။ အမှားများပြုလုပ်၍မရ၊ သို့မဟုတ် အနည်းငယ်မျှပင် ပေါ့ဆ၍ မရပေ။ မဟုတ်လျှင် တစ်စုံတစ်ယောက်က ငါ့အပေါ် အခွင့်အရေးယူဖို့ ကြိုးစားလျှင် မည်သည့်အရာကို ငါလုပ်ဆောင်ရမည်နည်း’ ဟု တွေးကြသည်။ ထို့ကြောင့် ၎င်းတို့သည် တစ်စုံတစ်ယောက်က ၎င်းတို့အား ပိုင်းခြားသိမြင်မည်၊ သို့မဟုတ် ရိပ်စားမိမည်ကိုလည်းကောင်း၊ ဤသို့ဖြင့် ၎င်းတို့သည် ထုတ်ပယ်ခံရပြီး ၎င်းတို့၏ ကောင်းချီးရရှိဖို့အိပ်မက်က ပျက်စီးသွားမည်ကိုလည်းကောင်း ကြောက်ရွံ့လျက် ဘုရားအိမ်တော်၏ ခေါင်းဆောင်များနှင့် အမှုဆောင်များကို သတိထားကာကွယ်ကြသည်။ ၎င်းတို့သည် ကောင်းချီးများ ရရှိရန် မျှော်လင့်ချက်ကို ထားရှိဖို့အလို့ငှာ မိမိတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကိုထိန်းသိမ်းရမည်ဟု ထင်ကြသည်။ ကောင်းကြီးခံစားရခြင်းသည် ကောင်းကင်ဘုံထက်ကြီးမြတ်သည်၊ အသက်ထက် ပိုကြီးမြတ်သည်၊ သမ္မာတရားကို လိုက်စားခြင်း၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်း၊ သို့မဟုတ် တစ်ကိုယ်ရေ ကယ်တင်ခြင်းထက်ပို၍ အရေးကြီးသည်၊ မိမိတာဝန်ကို ကောင်းစွာလုပ်ဆောင်ခြင်း၊ စံနှုန်းနှင့် ကိုက်ညီသော ဖန်ဆင်းခံတစ်ယောက်ဖြစ်ခြင်းထက် ပို၍အရေးကြီးသည်ဟု အန္တိခရစ်တစ်ယောက်က မြင်သည်။ ၎င်းတို့သည် စံနှုန်းနှင့် ကိုက်ညီသော ဖန်ဆင်းခံတစ်ယောက်ဖြစ်ခြင်း၊ မိမိတို့တာဝန်ကို ကောင်းစွာထမ်းဆောင်ပြီး ကယ်တင်ခံရခြင်းသည် ပြောဆိုဖို့ပင် သို့မဟုတ် မှတ်ချက်ပေးဖို့ပင် ထိုက်တန်မှုသိပ်မရှိသည့် သေးနုပ်သောအရာများဖြစ်သည်ဟု ထင်မြင်သော်လည်း၊ ကောင်းကြီးရရှိခြင်းကမူ ၎င်းတို့၏ တစ်ဘဝလုံးတွင် မည်သည့်အခါမျှ မေ့၍မရနိုင်သော တစ်ခုတည်းသောအရာဖြစ်သည်။ မည်သည့်အရာကို ၎င်းတို့ ကြုံတွေ့ရသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ၊ သေးငယ်သည်ဖြစ်စေ ၎င်းတို့သည် ယင်းကို ကောင်းချီးခံစားရခြင်းနှင့် ဆက်စပ်ပြီး အလွန်အမင်း သတိထားပြီး အာရုံစိုက်ကြသည်။ ပြီးလျှင် အစဉ်သဖြင့် မိမိတို့ကိုယ်တိုင်အတွက် ထွက်ပေါက်တစ်ခု ထားထားကြသည်။ ထို့ကြောင့် ၎င်းတို့တာဝန် ချိန်ညှိခြင်းခံရသောအခါ ယင်းသည် ရာထူးတိုးခြင်းဖြစ်လျှင် ကောင်းချီးရဖို့ မျှော်လင့်ချက်ရှိသည်ဟု အန္တိခရစ်က ထင်မြင်လိမ့်မည်။ အဖွဲ့ခေါင်းဆောင်မှ လက်ထောက်အဖွဲ့ခေါင်းဆောင်အဖြစ်သို့၊ သို့မဟုတ် လက်ထောက်အဖွဲ့ခေါင်းဆောင်မှ သာမန်အဖွဲ့ဝင်အဖြစ်သို့ ရာထူးချခြင်းဖြစ်လျှင် ဤသည်မှာ ပြဿနာအကြီးစား ဖြစ်သည်ဟု ကြိုတင်ခန့်မှန်းပြီး ကောင်းချီးများရရန် မျှော်လင့်ချက်က နည်းပါးသည်ဟု ထင်မြင်သည်။ ဤသည်မှာ မည်သည့် ရှုမြင်ပုံမျိုးနည်း။ မှန်ကန်သော ရှုမြင်ချက်ဖြစ်သလော။ လုံးဝ မဟုတ်ပေ။ ဤအမြင်သည် အဓိပ္ပာယ်မရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၂- ရာထူးဂုဏ်သိမ် မရှိသောအခါ၊ သို့မဟုတ် ကောင်းချီးရရန် မျှော်လင့်ချက်မရှိသောအခါ ၎င်းတို့က နောက်ဆုတ်ချင်ကြသည်) အန္တိခရစ်တွေက ကောင်းချီးတွေရဖို့ပဲ ဘုရားကို ယုံကြည်ပုံ၊ သူတို့တာဝန်မှာ သူတို့ကိုယ်ကျိုးကိုပဲ ပထမဦးစားပေးပြီး ကောင်းချီးတွေရဖို့ကို အရေးကြီးဆုံးအဖြစ် မြင်ပုံတွေကို ဘုရားနှုတ်ကပတ်တော်က ဖော်ထုတ်ခဲ့တယ်။ ကိုယ့်အပြုအမူကိုယ် ပြန်သုံးသပ်ကြည့်တော့ ကျွန်မက အန္တိခရစ်တစ်ယောက်လိုပဲ ဖြစ်နေခဲ့တယ်ဆိုတာကို မြင်ခဲ့ရတယ်။ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကျွန်မတာဝန်ကို ဘယ်လိုအကောင်းဆုံးထမ်းဆောင်ရမယ်ဆိုတာကို သေချာမစဉ်းစားခဲ့ဘဲ ဒီအစား ကောင်းချီးတွေရဖို့ကို ဦးစားပေးခဲ့တယ်။ ကျွန်မတာဝန်မှာ အမြဲတမ်း တွန့်ဆုတ်ပြီး သတိထားနေခဲ့တယ်။ ကျွန်မက တလွဲလုပ်မိပြီး ပြစ်မှားမှုလုပ်တယ်လို့ သတ်မှတ်ခံရရင် ကောင်းချီးတွေရဖို့ ကျွန်မရဲ့ အခွင့်အရေးဆုံးရှုံးရမှာပဲလို့ အမြဲတမ်း စိတ်ပူခဲ့တယ်။ ကျွန်မ အပြုအမူတွေက “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော”၊ “ကောင်းအောင်မလုပ်နဲ့။ အပြစ်လွတ်အောင်လုပ်” ဆိုတာမျိုး စာတန်ဆန်တဲ့ အတွေးအခေါ်တွေက ကျွန်မ စိတ်နှလုံးထဲမှာ အရမ်းကို အမြစ်တွယ်နေပြီး ကျွန်မရဲ့ ဘဝစည်းမျဉ်းတွေအဖြစ် လည်ပတ်နေတာရဲ့ ရလဒ်ပဲဆိုတာကို ကျွန်မ သဘောပေါက်သွားတယ်။ လူတွေက ကိုယ့်အတွက်ကိုယ် အသက်ရှင်သင့်တယ်၊ ကောင်းချီးတွေရဖို့ ဘုရားကို ယုံတာက မှန်ကန်ပြီး သင့်တော်တယ်လို့ပဲ ကျွန်မ ယုံကြည်ခဲ့တယ်။ အသင်းတော်က ကျွန်မကို တာဝန်တွေထမ်းဆောင်ဖို့ လိုအပ်တဲ့အခါမှာ ဘယ်တာဝန်က ကျွန်မကို ကောင်းချီးတွေအရဆုံးဖြစ်စေမလဲ၊ တစ်ချိန်တည်းမှာပဲ ကျွန်မရဲ့ ချို့ယွင်းချက်တွေနဲ့ ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်တဲ့ အန္တရာယ်မရှိဘဲ အမှားအကြီးကြီးတစ်ခုခုကို ကျွန်မလုပ်နိုင်တဲ့ အခြေအနေမှာထားခံရတာကို ရှောင်လို့ရမလဲဆိုတာတွေကို ထပ်ခါထပ်ခါ ချိန်ဆတယ်။ ဒီအခြေအနေတွေ ဖြည့်ဆည်းပေးတဲ့ တာဝန်တစ်ခုကိုပဲ ကျွန်မ ထမ်းဆောင်ချင်စိတ်ရှိခဲ့တယ်။ ယှဉ်ကြည့်ရင် ကျွန်မက ကျွန်မကို ကောင်းချီးမရစေတဲ့ ဘယ်တာဝန်ကိုမဆို အတိုက်အခံလုပ်ပြီး ငြင်းပယ်ခဲ့တယ်။ ကောင်းချီးတွေရဖို့က တာဝန်ကို ကျွန်မ ထမ်းဆောင်ခြင်းရဲ့ ကဏ္ဍတိုင်းကို ကြီးစိုးခဲ့ပြီး ကျွန်မ လက်ခံတဲ့ တာဝန်တွေနဲ့ပတ်သက်ပြီး တော်တော်ကြေးများခဲ့တယ်။ အသင်းတော်အလုပ်ကို ကျွန်မ နည်းနည်းလေးမှ အလေးမထားခဲ့ဘူး။ ဘုရားအပေါ် ကျွန်မရဲ့ ကျိုးနွံနာခံခြင်းနဲ့ သစ္စာစောင့်သိခြင်းက ဘယ်မှာလဲ။ ကျွန်မက လောကီရေးရာ ဆက်ဆံမှုတွေအတွက် စာတန်ဆန်တဲ့ အတွေးအခေါ်တွေနဲ့ အသက်ရှင်ခဲ့တယ်။ ဘုရားဆီကနေ အပြန်အလှန်အနေနဲ့ တစ်ခုခုရဖို့ အမြဲတမ်းရှာဖွေခဲ့တယ်။ ပြီးတော့ ကျွန်မရဲ့ ရှေ့ရေးတွေနဲ့ ခရီးပန်းတိုင်အတွက် ကျွန်မကို ချပေးတဲ့တာဝန်ကို ငြင်းပယ်ခဲ့တယ်။ ကျွန်မက ဘုရားကို သစ္စာဖောက်နေခဲ့တာ မဟုတ်ဘူးလား။ ကျွန်မ ပြန်သုံးသပ်ကြည့်လေလေ၊ ဘုရားကို ယုံကြည်တဲ့နေရာမှာ ကျွန်မ ရည်ရွယ်ချက်တွေက တကယ်ကို အရမ်းစက်ဆုပ်စရာကောင်းတယ်လို့ ခံစားရလေလေပဲ။ ဒီပြဿနာကို ကျွန်မ မဖြေရှင်းရင် ဒါက ဘုရားကို ယုံကြည်ခြင်းမှာ လမ်းမှန်ပေါ်ကို ကျွန်မ ခြေချတာကို တားဆီးမဲ့ အဟန့်အတားတစ်ခု ဖြစ်လာမှာပဲ။ တကယ်ပဲ ကျွန်မက ဒီလိုဆက်လုပ်နေပြီး ကျွန်မအသက်စိတ်သဘောထားက မပြောင်းလဲခဲ့ရင် ဘုရားက ကျွန်မကို စက်ဆုပ်ရွံရှာပြီး နောက်ဆုံးမှာ ကျွန်မ ဖယ်ရှားရှင်းလင်းခံရမှာပဲ။ သရဖူရပြီး ဆုချီးမြှင့်ခံရဖို့အတွက်သက်သက်ပဲ ဘုရားအတွက် သူ့ကိုယ်သူ အသုံးခံရင်းနဲ့ သူ့တစ်ဘဝလုံးကို ကုန်ဆုံးခဲ့တဲ့ ပေါလုကို ကျွန်မ တွေးမိတယ်။ သူ့ရဲ့အလုပ်လမ်းကြောင်းမှာ သမ္မာတရားကို သူမလိုက်စားခဲ့ဘူး၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို မလိုက်စားခဲ့ဘူး။ နှစ်တွေအကြာကြီး အလုပ်လုပ်ခဲ့ပေမဲ့ သူ့ရဲ့ စာတန်ဆန်တဲ့ စိတ်သဘောထားက မပြောင်းမလဲဘဲ ကျန်ရှိနေတယ်။ နောက်ဆုံးမှာ သူဟာ ဘုရားကို အတိုက်အခံလုပ်တဲ့အတွက် ဘုရားက အပြစ်ဒဏ်ပေးတာကို ခံခဲ့ရတယ်။ ကျွန်မက ပေါလုလိုလမ်းကြောင်းကို လျှောက်နေခဲ့တာပါ။ နောင်တမရရင် ဘုရားက ကျွန်မကို သမ္မာတရား မလိုက်စားတဲ့အတွက် စက်ဆုပ်ရွံရှာပြီး ဖယ်ရှားရှင်းလင်းခံရမှာပဲ။ ဘုရားရှေ့မှာ ကျွန်မ ဒူးထောက်ပြီး ဆုတောင်းခဲ့ပါတယ်။ “အို ဘုရားသခင်၊ ကျွန်မဟာ ဘယ်လောက်တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းလဲဆိုတာကိုအခုမှပဲ သဘောပေါက်ပါတော့တယ်။ ကျွန်မ ယုံကြည်ခြင်းကို ဝင်ရောက်ကတည်းက ကောင်းချီးတွေပဲ ရှာဖွေခဲ့တယ်။ ဒီမှားနေတဲ့လမ်းကြောင်းကို ကျွန်မ ဆက်မလျှောက်ချင်ပါဘူး။ ကျွန်မတာဝန်ကိုပဲ ကောင်းကောင်းထမ်းဆောင်ပြီး သမ္မာတရားလိုက်စားတဲ့ လမ်းကြောင်းကို လျှောက်ချင်ပါတယ်” လို့ပေါ့။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ တွေ့မိတယ်။ အဲဒီအပိုဒ်က ကျွန်မကို တာဝန်ထမ်းဆောင်ခြင်းရဲ့ အဓိပ္ပာယ်နဲ့ တန်ဖိုးကို ပိုပြီးနားလည်အောင် ကူညီပေးခဲ့ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ ထိုတာဝန်သည် မိမိတို့လုပ်ဆောင်နိုင်သည့် အသင့်လျော်ဆုံးသောအရာဖြစ်သည်။ လူသားမျိုးနွယ်ကြားတွင် အလှပဆုံး၊ တရားအမျှတဆုံးသောအရာ ဖြစ်သည်။ ဖန်ဆင်းခံများအနေဖြင့် လူတို့သည် မိမိတို့တာဝန်ကို ထမ်းဆောင်သင့်သည်။ ထိုအခါမှသာ ဖန်ဆင်းရှင်၏ လက်ခံအတည်ပြုခြင်းကို ၎င်းတို့ ရရှိနိုင်သည်။ ဖန်ဆင်းခံတို့သည် ဖန်ဆင်းရှင်၏ စိုးမိုးမှုအောက်တွင် အသက်ရှင်ပြီး ဘုရားသခင် ပံ့ပိုးသည့်အရာအားလုံးနှင့် ဘုရားသခင်ဆီကလာသည့် အရာရာတိုင်းကို ၎င်းတို့ လက်ခံသည်။ ထို့ကြောင့် ၎င်းတို့၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်သင့်သည်။ ဤသည်မှာ လုံးဝ သဘာဝကျပြီး ခိုင်လုံသည်။ ဘုရားသခင်က စီမံခဲ့ခြင်း ဖြစ်သည်။ လူတို့အတွက် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်ခြင်းသည် ကမ္ဘာမြေပေါ်တွင် နေထိုင်စဉ် လုပ်ဆောင်သည့် မည်သည့်အရာမဆိုထက်ပို၍တရားမျှတသည်၊ လှပသည်၊ မြင့်မြတ်သည်ကို ဤအရာမှ မြင်နိုင်သည်။ ဖန်ဆင်းခံတစ်ဦးနှင့်ဆိုင်သည့် တာဝန်ကို ထမ်းဆောင်ခြင်းထက် လူသားမျိုးနွယ်ကြားတွင် မည်သည့်အရာကမျှ ပို၍အဓိပ္ပာယ်မရှိ၊ သို့မဟုတ် ပို၍တန်ဖိုးမရှိသည့်အပြင် မည်သည့်အရာကမျှ ဖန်ဆင်းခံဖြစ်သူတစ်ဦး၏ အသက်တာအတွင်းသို့ သာ၍ကြီးမားသော အဓိပ္ပာယ်နှင့် အနှစ်သာရကို မဆောင်ကြဉ်းပေ။ ကမ္ဘာမြေပေါ်တွင် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို အမှန်တကယ်၊ ရိုးသားစွာ ထမ်းဆောင်သော လူအုပ်စုသာလျှင် ဖန်ဆင်းရှင်ကို ကျိုးနွံနာခံသောသူများဖြစ်သည်။ ဤအုပ်စုသည် လောကီ၌ ရေပန်းစားသောအရာများနောက်သို့ မလိုက်ပေ။ ၎င်းတို့သည် ဘုရားသခင်၏ ခေါင်းဆောင်မှုနှင့် လမ်းပြမှုကို ကျိုးနွံနာခံသည်။ ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များကိုသာ နားထောင်သည်။ ဖန်ဆင်းရှင် ဖော်ပြသော သမ္မာတရားများကို လက်ခံသည်။ ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များအတိုင်း အသက်ရှင်သည်။ ဤသည်မှာ အမှန်ကန်ဆုံး၊ အထူးကဲဆုံးသော သက်သေခံချက်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အပေါ် ယုံကြည်ခြင်း၏ အကောင်းဆုံး သက်သေခံချက် ဖြစ်သည်။ ဖန်ဆင်းခံတစ်ဦးအနေဖြင့် ဖန်ဆင်းခံတစ်ဦးနှင့်ဆိုင်သည့် တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်ခြင်း၊ ဖန်ဆင်းရှင်ကို ကျေနပ်မှုပေးနိုင်ခြင်းသည် လူသားမျိုးနွယ်ကြားတွင်အလှပဆုံးသောအရာဖြစ်ပြီး၊ ယင်းသည် လူအားလုံးက ချီးမွမ်းရန်အတွက် ပုံပြင်တစ်ခုအဖြစ် ဖြန့်သင့်သည့်အရာ ဖြစ်သည်။ ဖန်ဆင်းရှင်က ဖန်ဆင်းခံများထံ အပ်နှံထားသော မည်သည့်အရာကိုမဆို ၎င်းတို့က အကြွင်းမဲ့လက်ခံသင့်သည်၊ ယင်းသည် လူသားမျိုးနွယ်အတွက်ပျော်ရွှင်ခြင်းနှင့် အထူးအခွင့်အရေး နှစ်မျိုးလုံးနှင့်ဆိုင်သော ကိစ္စဖြစ်ပြီး ဖန်ဆင်းခံတစ်ဦး၏တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်စွမ်းရှိသော သူများအားလုံးအတွက် မည်သည့်အရာကမျှ ပို၍ လှပဖွယ်၊ သို့မဟုတ် အောက်မေ့ဂုဏ်ပြုထိုက်ဖွယ် မကောင်းပေ၊ ဤသည်မှာ အပြုသဘောဆောင်သောအရာပင် ဖြစ်သည်။...ဖန်ဆင်းခံတစ်ဦးအနေဖြင့် ဖန်ဆင်းရှင် ရှေ့မှောက်သို့ လာသည့်အခါ၊ မိမိတာဝန်ကို ထမ်းဆောင်သင့်သည်။ ဤသည်မှာ လုပ်ဆောင်ရန် အလွန်သင့်တော်သည့် အရာတစ်ခုဖြစ်ပြီး ဤတာဝန်ကို ဖြည့်ဆည်းသင့်သည်။ ဖန်ဆင်းခံများက မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းအပေါ်တွင် အခြေခံပြီး ဖန်ဆင်းရှင်သည် လူသားမျိုးနွယ်အကြားတွင် သာ၍ပင် ကြီးမြတ်သော အမှုတော်ကို ဆောင်ရွက်ပြီးဖြစ်ကာ လူတို့အပေါ် အမှု၏နောက်ထပ်တစ်ဆင့်ကို သူ ဆောင်ရွက်ပြီးဖြစ်သည်။ ပြီးလျှင် ယင်းမှာ အဘယ်အမှုနည်း။ လူသားမျိုးနွယ်သည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်နေစဉ် သူ့ထံမှ သမ္မာတရားကို ရရှိပြီး ထိုသို့အားဖြင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားဖို့နှင့် သန့်စင်ခြင်းခံရဖို့ ခွင့်ပြုလျက် သူက ၎င်းတို့အား သမ္မာတရားကို ပေးသည်။ ထိုသို့ဖြင့် ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို စိတ်ကျေနပ်စေလာပြီး၊ အသက်တာ၌ လမ်းကြောင်းမှန်ပေါ် စတင်လျှောက်လှမ်းကာ အဆုံး၌ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်နိုင်ကြသည်၊ စုံလင်သော ကယ်တင်ခြင်းကို ရရှိနိုင်ပြီး စာတန်၏ ဒုက္ခပေးမှုများကို မခံရတော့ပေ။ ဤသည်မှာ မိမိတို့၏တာဝန်ကို ထမ်းဆောင်ခြင်းအားဖြင့် အဆုံးသတ်၌ ဘုရားသခင်က လူသားမျိုးနွယ်တို့အား စွမ်းဆောင်ရရှိစေလိုမည့်အကျိုးတရားဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၇)) မှန်ပါတယ်။ သားသမီးတွေက မိဘအပေါ် သားသမီးဝတ်ကျေဖို့ တာဝန်၊ ဝတ္တရားရှိသလိုပါပဲ။ ဖန်ဆင်းခံတွေကလည်း သူတို့တာဝန်တွေကို ထမ်းဆောင်ဖို့ တာဝန်ရှိပါတယ်။ ကိုယ့်တာဝန်ကို ထမ်းဆောင်တဲ့နေရာမှာ အပေးအယူနဲ့ဆိုင်တဲ့ အလဲအလှယ်လုံးဝ မရှိသင့်ဘူး။ ကျွန်မက ဖန်ဆင်းခံတစ်ယောက်ဖြစ်ပြီး ဘုရားက ကျွန်မကို အသက်ပေးခဲ့တယ်။ ကျွန်မလိုအပ်တဲ့အရာ အားလုံးကို ကျွန်မကို ပေးအပ်ပြီး သူ့နှုတ်ကပတ်တော် ပံ့ပိုးမှုကို ရရှိပြီး တာဝန်တစ်ခုကို ထမ်းဆောင်ဖို့အတွက် သူ့ရှေ့ကို ကျေးဇူးတော်ကြီးစွာနဲ့ လာရောက်ခွင့်ပေးခဲ့တယ်။ ဒါဟာ ဘုရားရဲ့ ချစ်ခြင်းနဲ့ သနားကရုဏာရဲ့ အမှတ်အသားပဲ။ ကျွန်မရဲ့ တာဝန်ကို ထမ်းဆောင်နေတုန်းမှာ သမ္မာတရားကို ကျွန်မ ရှာဖွေပြီး အသက်ဝင်ရောက်မှုကို လိုက်စားဖို့ ဘုရားက မျှော်လင့်ပါတယ်။ ကျွန်မအတွက် သူစီစဉ်ညွှန်ကြားပေးတဲ့ အခြေအနေတွေကနေတစ်ဆင့် ကျွန်မ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ဖို့၊ ကိုယ့်ကိုယ်ကိုယ် သိမြင်မှုရဖို့၊ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းဖို့၊ ဘုရားကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်တဲ့ လမ်းပေါ် ခြေချဖို့၊ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးမှုကို ဖယ်ရှားဖို့၊ သူ့ရဲ့ ကယ်တင်ခြင်းကို ရယူဖို့ သူဆန္ဒရှိတယ်။ ကောင်းချီးတွေရဖို့ ကျွန်မရဲ့ ရည်ရွယ်ချက်နဲ့ လိုအင်ဆန္ဒကို ကျွန်မ ဘေးဖယ်ရမယ်။ ကျွန်မ စိတ်နှလုံးကို ဘုရားကို ပေးရမယ်။ ဘုရားရဲ့ စိတ်နှလုံးကို နှစ်သိမ့်မှုပေးဖို့ ကျွန်မရဲ့ တာဝန်၊ ဝတ္တရားတွေကို ပွင့်ပွင့်လင်းလင်းနဲ့ ကောင်းကောင်းမွန်မွန် ဖြည့်ဆည်းရမယ်။ အဲဒီနောက်တော့ ကျွန်မတာဝန်မှာ ကျွန်မ တော်တော်ကိုပိုပြီး လွတ်မြောက်သလို ခံစားရတယ်။ တစ်ခါတလေမှာ ဘုရားကို သတိထားပြီး နားလည်မှုလွဲသေးပေမဲ့ ကျွန်မ စပြီးတော့ သမ္မာတရားကို သတိရှိရှိနဲ့ ရှာဖွေတယ်။ ကိုယ့်ကိုယ်ကိုယ် ပုန်ကန်တယ်။ အသင်းတော် အကျိုးစီးပွားတွေကို ဦးစားပေးပြီး သမ္မာတရားစည်းမျဉ်းတွေအတိုင်း ကိုယ့်တာဝန်ကို ထမ်းဆောင်တယ်။ တွန့်ဆုတ်ပြီး သတိထားနေတာတွေကို ရှောင်တယ်။ ဒီလိုပုံစံနဲ့ ကျွန်မစပြီး လက်တွေ့လုပ်တော့ တော်တော်ကိုပိုပြီး ငြိမ်သက်ခြင်းရှိပြီး စိတ်အေးရတယ်။

ဒီအတွေ့အကြုံတစ်ခုလုံးကို ပြန်စဉ်းစားကြည့်တော့ ခေါင်းဆောင်အနေနဲ့ ကျွန်မ အလုပ်လုပ်တဲ့ အချိန်မှာဖြစ်စေ၊ အထုတ်ခံရတဲ့အချိန်မှာဖြစ်စေ ဘုရားသခင်က ကျွန်မကို ကိုယ့်ကိုယ်ကိုယ်သိမြင်မှုကို ရပြီး ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးမှုကို ဖယ်ရှားစေဖို့အတွက် ဒီအခြေအနေအားလုံးကို စေ့စေ့စပ်စပ် စီစဉ်ညွှန်ကြားခဲ့တယ်ဆိုတာကို ကျွန်မ သဘောပေါက်သွားတယ်။ ကျွန်မတာဝန်မှာ ကျွန်မရဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ အမြင်တွေ၊ ဖောက်ပြန်ပျက်စီးမှုနဲ့ မသန့်စင်မှုတွေကို သိမြင်စေခဲ့တာ၊ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားရဲ့ အရမ်းလေးနက်တဲ့ရည်ရွယ်ချက်ကို နားလည်စေခဲ့တာ၊ နောက်ဆုံးမှာ ကျွန်မရဲ့ အထင်လွဲခြင်းနဲ့ သတိထားခြင်းကနေ ရုန်းထွက်လွတ်မြောက်စေခဲ့တာက ဘုရားနှုတ်ကပတ်တော်ရဲ့ ဉာဏ်အလင်းဖွင့်ပြခြင်းနဲ့ အလင်းပေးခြင်းပါပဲ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

လူပီသအောင် နေထိုင်ဖို့ တစ်ခုတည်းသောနည်းလမ်း

ရှင်းချန် တရုတ်နိုင်ငံဂျပန်စာရေးဆရာတစ်ယောက်ရဲ့ ဝတ္ထုတစ်ပုဒ်ကို ကျွန်မ ဖတ်ဖူးတယ်။ အရောင်းစာရေးတစ်ယောက်အကြောင်းပေါ့။ သူက ဆံပင်မသန်တဲ့...

နာမကျန်းဖြစ်သည့် အချိန်များမှတစ်ဆင့် ဆင်ခြင်သုံးသပ်မှုများ

ရှီကျိ အမေရိကန်နိုင်ငံ ကျွန်မက ငယ်ငယ်ကတည်းက အားနည်းပြီး ဖျားနာ လေ့ရှိတယ်။ ကျွန်မကို လမစေ့ခင်မွေးပြီး၊ အမေ့ဗိုက်ထဲက ထွက်လာကတည်းက...

ကံမကောင်းအကြောင်းမလှခြင်းမှတစ်ဆင့် ကောင်းချီးရရှိခြင်း

ဒုကျွမ်း ဂျပန်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “၎င်းလျှောက်ခဲ့သည့်လမ်းကို ပြန်ကြည့်သည့်အခါ၊ ၎င်းခရီး၏ ပြောင်းလဲမှု...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။