တာဝန်ကို ရှောင်ဖယ်ခြင်း၏ အကျိုးဆက်များ

03.02.2022

၂၀၂၁ ဖေဖော်ဝါရီ ရက်တစ်ရက်မှာ၊ စပိန်စကားပြောနိုင်ငံတွေထဲက လူသစ်အသင်းတော်တွေကို ကြီးကြပ်ရမယ်လို့ ကျွန်မကို ခေါင်းဆောင်တစ်ယောက်က ပြောတယ်။ ကျွန်မ တော်တော် အံ့ဩသွားတယ်။ ဧဝံဂေလိအလုပ်ကို ကျွန်မ အမြဲ လုပ်နေခဲ့ပြီး၊ ယုံကြည်သူသစ်တွေရဲ့ အသင်းတော်အတွက် လုံးဝ တာဝန်မယူဖူးဘူးလေ။ လူသစ်တွေကို ရေလောင်းရာမှာ ကျွန်မ အတွေ့အကြုံမရှိသလို၊ စပိန်စကားလည်း ပြောတတ်တာ မဟုတ်ဘူး။ ပြဿနာနဲ့ အခက်အခဲအများကြီး ကြုံရမှာ သေချာတယ်။ အဲဒါတွေကို ဘယ်လိုဖြေရှင်းရမှန်း သိမှာမဟုတ်ဘူးလေ။ ယုံကြည်သူသစ်တွေက မွေးကင်းစကလေးတွေလိုပဲ။ အချိန်မီ ရေလောင်းမခံရရင်၊ သမ္မာတရားကို နားလည်မှာမဟုတ်သလို စစ်မှန်တဲ့ လမ်းခရီးပေါ် အမြစ်တွယ်မှာ မဟုတ်ဘူး။ ယုံကြည်ခြင်းကို သူတို့စွန့်ရင်၊ ကျွန်မ မကောင်းမှု လုပ်နေတာ ဖြစ်မှာမဟုတ်လား။ ကျွန်မ ထုတ်ပယ်ခံရနိုင်တယ်၊ ဖယ်ရှင်းတာတောင် ခံရနိုင်တယ်။ အရင်က အဲဒီကဏ္ဍမှာရှိခဲ့တဲ့လူက စွမ်းဆောင်ရည် ညံ့လို့ ထွက်ခွင့်ပေးခံရပြီးပြီလေ။ လူသစ်အသင်းတော်ထဲက အလုပ်က စရုံပဲရှိသေးတာ။ အတော်များများက စူးစမ်းတဲ့အဆင့်တစ်ခုမှာပဲ ရှိသေးတာ။ မလွယ်ဘူးလေ။ ကျွန်မ လုပ်နိုင်မယ်လို့ မထင်ခဲ့ဘူး။ ဒါပေမဲ့ ကျွန်မကို အဲဒီတာဝန်ပေးထားပြီး ငြင်းလို့မရမှန်း သိခဲ့ပါတယ်။ ဒါပေမဲ့လည်း ကိုယ့်ခံစားချက်တွေကို တည်ငြိမ်အောင်ပဲ မထားနိုင်တာ။ အရင်က ကျွန်မရဲ့ ဧဝံဂေလိအလုပ်မှာ ကိစ္စတွေက သိပ်အဆင်ပြေနေခဲ့တာလေ။ လတိုင်းမှာ လူတော်တော်များများကို ကျွန်မ ပြောင်းလဲစေခဲ့တာ။ ဒါပေမဲ့ လူသစ်အသင်းတော်အတွက် အလုပ်က ခက်ခဲမှာဖြစ်ပြီး အားရလောက်အောင် မလုပ်ရင် ဖယ်ရှင်းခံရနိုင်တယ်။ ကျွန်မမှာ ပူပန်စရာတွေအများကြီးဖြစ်ပြီး အလုပ်ကောင်းကောင်း လုပ်နိုင်မယ်လို့ စိတ်ချယုံကြည်မှုမရှိဘူး ဖြစ်နေတယ်။ ဧဝံဂေလိ ဖြန့်ဝေတဲ့ ကိုယ့်ရဲ့အချိန်နဲ့ပတ်သက်လို့ ထပ်သလဲလဲ ပြန်တွေးနေမိတယ်။ လူသစ်အသင်းတော်တွေမှာ ပြဿနာတွေ အရမ်းများတာကို မြင်ခဲ့ရပြီး၊ တချို့ကို ဘယ်လိုဖြေရှင်းရမှန်း မသိခဲ့ဘူး။ ကူကယ်ရာမဲ့ ခံစားရပြီး အဲဒီတာဝန်က ခက်လွန်းတယ်လို့ ခံစားရတယ်။ ဒါတွေကို ကျွန်မ အမြန်မဖြေရှင်းပေးရင်၊ အသင်းတော်တွေရဲ့ အလုပ်ကို ထိခိုက်နိုင်တယ်။ ဘာလုပ်ရမယ်မှန်းမသိဘဲ၊ ဘုရားဆီ သူ့အလိုတော်ကို နားလည်ပြီး ကျိုးနွံနာခံအောင် ကျွန်မကို လမ်းပြဖို့ တောင်းလျှောက်ရင်းနဲ့ ဆုတောင်းလိုက်တယ်။

နောက်နေ့မှာ၊ အဲဒီအသင်းတော်ထဲက ပြဿနာတချို့ကို ညီအစ်ကို တစ်ယောက်က ကျွန်မကို ဝေမျှတယ်။ သူက၊ “ပိုများသထက်များတဲ့ လူတွေက ဘုရားရဲ့ နောက်ဆုံးသော ကာလအမှုတော်ကို လက်ခံနေကြတယ်။ အသင်းတော်တွေ ကွဲပြားတုန်းက အသင်းတော်ခေါင်းဆောင်တချို့ဟာ တာဝန်မဲ့ကြပြီး အသင်းသားတွေကို ထွက်သွားစေကြတယ်။ သူတို့က အဖွဲ့စုဝေးပွဲတွေ မရှိသလို ဘုရားနှုတ်ကပတ်တော်တွေကို မဖတ်နိုင်ကြဘူး။ လူသစ်တချို့ဆီက စာတွေကို ကြည့်လိုက်”တဲ့။ သူတစ်ဆင့်ကမ်းပို့လိုက်တဲ့ စာတွေကို ကျွန်မဖွင့်ဖတ်ကြည့်တော့၊ တစ်ယောက်က၊ “ညီအစ်ကို၊ ခင်ဗျားက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကလား။ အသင်းတော် စုဝေးတဲ့အဖွဲ့မှာ ကျွန်တော် မပါဘူး။ အွန်လိုင်းမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်တော် မိတ်သဟာယပြုချင်တယ်။ ကူညီပေးလို့ရမလား။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို အခု မစားသောက်နိုင်တာ စိတ်မကောင်းဘူး”တဲ့။ တခြားလူသစ်တစ်ယောက်က၊ “ညီအစ်ကိုရေ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်တော် မစားသောက်နိုင်ဘူး။ ကျွန်တော်က ဘုရားအိမ်တော်ပြင်ပမှာဖြစ်ပြီး တကယ်မပျော်ဘူး။ စုဝေးပွဲတွေကို ကူရှာပေးလို့ရမလား”တဲ့။ ပြီးတော့ တချို့က စုဝေးပွဲတွေကို နေ့တိုင်း စိတ်ထက်သန်စွာ စောင့်ဆိုင်းနေကြပေမဲ့၊ ခေါင်းဆောင်တွေက အစီအစဉ်ဆွဲမနေကြဘူး။ ဒီညီအစ်ကိုက စိတ်ပျက်ပြီး ပြောတယ်၊ “သူတို့ကို အစ်မဘယ်လို ရေလောင်းပေးနေလဲ မသိဘူး။ အစ်မ ဘယ်လောက်ပဲ အလုပ်များများ၊ အစ်မရဲ့ အလုပ်က ဘယ်လောက်ခက်ခဲပါစေ၊ ဧဝံဂေလိကို လက်ခံပြီးကြတဲ့ ဒီလူတွေက မစုဝေးနိုင်တာ၊ ဘုရားနှုတ်ကပတ်တော်တွေကို မဖတ်နိုင်ကြတာကို မြင်ရတော့ အစ်မအတွက် စိတ်မချမ်းသာစရာ မဖြစ်ဘူးလား”တဲ့။ “သူတို့ကို နည်းနည်း ဂရုစိုက်ပေးလိုက်ရင်၊ ဘုရားအိမ်တော်ကနေ သူတို့ထွက်သွားမှာ မဟုတ်ဘူး”တဲ့။ သူ့ဆီက ဒါကို ကြားရပြီး သူတို့ရဲ့ စာတွေကို မြင်ရတော့၊ ကျွန်မအတွက် စိတ်မသက်သာစရာဖြစ်ခဲ့သလို၊ မျက်ရည်မဆည်နိုင်ခဲ့ဘူး။ ကျွန်မတို့ရဲ့ သတိမမူမိခြင်းကြောင့်၊ ယုံကြည်သူသစ်တွေက ဘုရားအိမ်တော်ကနေ ထွက်သွားနေကြတယ်။ အသင်းတော် အသက်တာကို သူတို့ အသက်မရှင်နိုင်ခဲ့သလို ဘုရားနှုတ်ကပတ်တော်တွေကို မဖတ်နိုင်ခဲ့တာကြောင့် သူတို့အသက်တာတွေ ထိခိုက်ကြရတယ်။ ဒါပေမဲ့ ကျွန်မကတော့၊ အသင်းတော်တွေထဲမှာ အဲဒီပြဿနာတွေအားလုံးကို တွေ့ခဲ့ပေမဲ့၊ တာဝန်ယူမနေခဲ့ဘူး။ သူတို့အသက်တာတွေအတွက် ဝန်တာမထားခဲ့ဘူး။ သူတို့ရဲ့ အသင်းတော်အသက်တာကို ဘယ်လို မြန်မြန် တည့်မတ်အောင်လုပ်မလဲဆိုတာ တွေးမနေခဲ့ဘဲ၊ လွတ်ပဲလွတ်မြောက်ချင်ခဲ့တယ်။ ကျွန်မ အရမ်းတစ်ကိုယ်ကောင်းဆန်တာပဲ။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ တွေးမိတယ်- “သင်က ဘုရား၏ ဝန်ထုပ်ဝန်ပိုးကို အရေးထားကာ၊ အသင်းတော်၏ သက်သေခံချက်ကို ကာကွယ်ပြောဆိုမည်ဟု ပြောကြသော်လည်း၊ သင်တို့ထဲမှ မည်သူသည် ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို အမှန်တကယ် အရေးထားခဲ့ကြပြီနည်း။ သင့်ကိုယ်သင် မေးလော့- သင်သည် ဘုရားသခင်၏ ဝန်ထုပ် ဝန်ပိုးကို ထည့်သွင်းစဉ်းစားမှု ပြသပြီးသော သူတစ်စုံတစ်ဦးလော။...သင့်အထဲတွင် ငါ၏ ရည်ရွယ်ချက်များ ပြည့်စုံစေခွင့် သင် ပေးနိုင်သလော။ အရေးအပါဆုံးသော အခိုက်အတန့်များတွင် သင်၏နှလုံးသားကို သင် ဆက်ကပ်ပြီးပြီလော။ သင်သည် ငါ၏အလိုကို လုပ်ဆောင်သောသူ တစ်စုံတစ်ဦးလော။ ဤမေးခွန်းများကို သင့်ကိုယ်သင် မေးပြီး ၎င်းတို့နှင့်ပတ်သက်၍ မကြာခဏ စဉ်းစားလော့။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၃)) ဘုရားဆီက နှုတ်ကပတ်တော်တစ်ခုစီတိုင်းက ကျွန်မကို တည့်တည့်ဦးတည်သလို ခံစားရတယ်။ ကျွန်မ စိတ်မချမ်းသာဖြစ်ပြီး အရမ်းအပြစ်ရှိသလို ခံစားခဲ့ရတယ်။ ဘုရားအိမ်တော်က ကျွန်မကို လူသစ်တွေနဲ့ အလုပ်လုပ်တာကို ကြီးကြပ်ဖို့ ထားခဲ့တယ်။ ဘုရားအလိုတော်ကို အရေးထားစေချင်ခဲ့တယ်။ ညီအစ်ကို မောင်နှမတွေအနေနဲ့ စုဝေးနိုင်ဖို့၊ ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြီး မှန်တဲ့ လမ်းခရီးပေါ် အမြစ်တွယ်နိုင်အောင်လို့၊ သူတို့ကို ရေလောင်းပေးဖို့ ကျွန်မက ညီအစ်ကို မောင်နှမတွေနဲ့ တစ်လုံးတစ်ဝတည်း ဖြစ်ဖို့လိုတယ်။ လူသစ်အသင်းတော်တွေကို တချို့နိုင်ငံတွေမှာ တည်ထောင်ထားခဲ့တာဖြစ်ပြီး အရေးပေါ် အာရုံစိုက်ဖို့လိုတဲ့ ပြဿနာတွေအများကြီး ရှိသေးတယ်။ ဒါပေမဲ့ ဘုရားအလိုတော်ကို ကျွန်မ အလေးထားမနေခဲ့ဘူး။ အဲဒီစေခိုင်းချက်တာဝန်ကို လက်ခံကတည်းက အလုပ်ကောင်းကောင်း မလုပ်ခဲ့ရင် ကျွန်မ အဖော်ထုတ်ခံရပြီး ရလဒ်မရှိမှာ စိုးခဲ့ပြီး ကိုယ့်ကိုယ်ပိုင် အနာဂတ်ကိုပဲ တွေးနေမိခဲ့တယ်။ ကိုယ့်တာဝန်အတွက် ဝန်တာ၊ ဒါမှမဟုတ် တာဝန်ယူစိတ် မရှိခဲ့ဘူး။ ကျွန်မက အရမ်းစက်ဆုပ်စရာဖြစ်ပြီး လူ့သဘာဝ မဲ့နေခဲ့တယ်။ လူသစ်တွေရဲ့ စာတွေကို ကျွန်မဆီ တစ်ဆင့်ကမ်းနေတဲ့ အဲဒီညီအစ်ကိုရဲ့ နောက်ကွယ်မှာ ဘုရားအလိုတော်ရှိတယ်။ အဲဒါက ကျွန်မယူခဲ့တဲ့ တာဝန်ကို မြင်ပြီး၊ ကိုယ့်တာဝန်အတွက် တကယ့်ဝန်တာရှိနိုင်အောင်လို့ ကျွန်မရဲ့ ထုံထိုင်းတဲ့ နှလုံးသားကို နိုးကြားစေဖို့ဖြစ်ပါတယ်။ ကျွန်မရဲ့ ကိုယ်ပိုင် အနာဂတ်ကို နောက်ထပ် မစဉ်းစားချင်တော့ဘဲ၊ သူ့အပေါ် မှီခိုဖို့၊ ကျွန်မရဲ့ စေခိုင်းချက်တာဝန်ကို ယူဖို့၊ ကြိုးကြိုးစားစား ကိုယ့်တာဝန်ကို လုပ်ဖို့၊ သူများတွေနဲ့ပတ်သက်ပြီး သမ္မာတရားကို ရှာဖွေပြီး၊ အသင်းတော်ရဲ့ ပြဿနာတွေကို တတ်နိုင်သမျှ အမြန်ဆုံး ဖြေရှင်းဖို့ လိုလားရင်းနဲ့ ဘုရားဆီ ကျွန်မဆုတောင်းခဲ့တယ်၊

အဲဒီနောက် စုဝေးပွဲတွေ မရှိခဲ့တဲ့ လူသစ်တွေအတွက် အစီအစဉ်တွေ ကူလုပ်ပေးဖို့ လူတချို့အတွက် ကျွန်မ စီစဉ်ခဲ့တယ်။ အသင်းတော်တွေရဲ့ အလုပ်အားလုံးကို တကယ်နားလည်မှုရအောင်လည်း ကြိုးစားခဲ့တယ်။ လူသစ်အသင်းတော်တွေ အများကြီးမှာ ကြီးကြပ်သူတချို့က သူတို့အလုပ်နဲ့ စိမ်းကြပြီး ဘာလုပ်ရမှန်း မသိခဲ့ကြသလို၊ သူတို့ထဲက တချို့က ဖြစ်သလိုပဲ လုပ်နေခဲ့ကြတယ်၊ ယုံကြည်သူသစ်တွေရဲ့ ပြဿနာတွေကို လုံလောက်အောင် မြန်မြန် ဂရုစိုက်မနေခဲ့ကြဘူး။ သူတို့က အကူအညီလိုတယ်၊ မဟုတ်ရင် ထုတ်ပယ်ခံရမှာ။ အထူးသဖြင့်၊ သူတို့ရဲ့ ဆရာတော်တွေက သူတို့ကို လှည့်စားနေခဲ့ပြီး တစ်ချိန်လုံး ပိုတိုးနေခဲ့လို့ လူသစ်တချို့က စုဝေးပွဲတွေ တက်တာ ရပ်လိုက်ကြတယ်။ ဒီပြဿနာတွေကို မြင်တော့ ကျွန်မ စပြီး မစိုးရိမ်ဘဲ မနေနိုင်ခဲ့ဘူး။ ကျွန်မက ခဏတာ ကြီးကြပ်ရပေမဲ့ ကိစ္စတွေက ကျွန်မတို့အလုပ်မှာ တိုးတက်မနေခဲ့ရင်၊ ကျွန်မမှာ ငြင်းလို့မရတဲ့ တာဝန်ရှိပြီး အချိန်နဲ့အမျှ ဖော်ထုတ်ခံမှာ သေချာတယ်။ ကျွန်မ ပိုပြီး စိတ်မချမ်းမသာ ခံစားနေခဲ့ရတယ်။ ကျွန်မက ဟိုပြေးသည်ပြေး အလုပ်များနေပုံရပေမဲ့၊ ကိုယ့်စိတ်နှလုံးထဲမှာ ဖိအားအများကြီး ခံစားခဲ့ရတယ်။ လကုန်မှာ၊ စုဝေးပွဲတွေ မတက်တဲ့ ယုံကြည်သူသစ် အရေအတွက်က တိုးပွားလာတာကို မြင်ခဲ့ရတယ်။ ကျွန်မ ကြက်သေသေသွားတယ်။ ကျွန်မတွေးမိတယ်၊ ကျွန်မက တာဝန်ယူရုံပဲရှိသေးတယ်၊ ဒီတော့ စောစော ကျွန်မနုတ်ထွက်ရင်၊ မကောင်းမှုလုပ်တာ နည်းသွားမှာပဲ။ အဲဒါကို ကျွန်မ ဆက်လုပ်ပြီး ယုံကြည်သူသစ်တွေရဲ့ ပြဿနာတွေ ပြေလည်မသွားခဲ့သလို၊ အသင်းတော်ကို သူတို့စွန့်ကြမယ်ဆိုရင်၊ မကောင်းမှုကြီးကို ကျွန်မလုပ်မိမှာပဲ။ နောက်တော့ ကျွန်မ ထုတ်ပယ်ခံရနိုင်တယ်၊ ကျွန်မရဲ့ ခရီးပန်းတိုင်နဲ့ ရလဒ်တောင် ပျက်စီးသွားနိုင်တယ်။ အရှုံးပေးမယ့် ကျွန်မရဲ့အတွေးတွေက ဆက်တိုးပွားနေခဲ့ပြီး၊ နောက်ဆုံးမှာ လုပ်ရမယ်လို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီအတွေးနဲ့၊ ကျွန်မ ထရပ်လိုက်ပြီး ရုတ်တရက် အရမ်းကို ခေါင်းမူးသွားတယ်။ အရာရာတိုင်းက လှုပ်ရှားနေသလိုဖြစ်ပြီး သတိမေ့မလို ဖြစ်သွားတယ်။ အဲဒီလိုတစ်ခါမှ ကျွန်မ မခံစားဖူးဘူး။ ပြီးတော့ အဲဒါက စိတ်ဖိစီးမှုကြောင့်လားလို့ တွေးမိတယ်။ ညီအစ်မတစ်ယောက်ကို ကျွန်မ ပြောပြခဲ့ပြီး သူက ရုတ်တရက်ဖြစ်တဲ့ အရာထဲမှာ ဘုရားအလိုတော်ရှိပြီး အဲဒီကနေ သင်ခန်းစာတစ်ခု သင်ယူရမယ်လို့ ကျွန်မကို မိတ်သဟာယပြုခဲ့တယ်။ အဲဒါကို ကြားပြီးတဲ့နောက်မှာ၊ ရှာဖွေရင်း သုံးသပ်ရင်းနဲ့ ကျွန်မ စိတ်တည်ငြိမ်သွားပြီး၊ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးခြင်းကို နားလည်အောင် ဘုရားဆီ သူ့ရဲ့ ဉာဏ်အလင်းပေးမှုကို တောင်းလျှောက်ရင်းနဲ့ ဆုတောင်းခဲ့တယ်။

ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ခဲ့တယ်။ စာမျက်နှာ ၆၇၂က ဒုတိယအပိုဒ်ပါ။ “ဘုရားသခင်၏နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ ဆုတောင်းခြင်းကို လက်တွေ့လုပ်ဆောင်ခြင်း၊ ဘုရားသခင်၏ဝန်ထုပ်ကို လက်ခံခြင်းနှင့် ဘုရားသခင် သင့်ကို အပ်နှံသည့် လုပ်ငန်းတာဝန်များကို လက်ခံခြင်း- ဤအရာအားလုံးသည် သင့်ရှေ့တွင် လမ်းကြောင်းတစ်ခု ရှိနိုင်ဖို့အလို့ငှာ ဖြစ်သည်။ ဘုရားသခင်၏ အပ်နှံမှု ဝန်ထုပ် သင့်အပေါ် ဖိစီးလေလေ၊ သူ၏ စုံလင်စေခြင်းခံရဖို့ သင့်အတွက် လွယ်ကူလေလေ ဖြစ်လိမ့်မည်။ အချို့သော သူတို့သည် ခေါ်ခြင်းခံရသည့်အချိန်တွင်ပင် ဘုရားသခင်ကို အစေခံရာ၌ အခြားသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် လိုလားခြင်းမရှိကြချေ။ ဤလူများသည် သက်တောင့်သက်သာရှိခြင်းတွင် သောက်စားမြူးထူးဖို့သာ ဆန္ဒရှိသည့် ပျင်းရိသောလူများ ဖြစ်ကြသည်။ အခြားသူများနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် အစေခံဖို့ သင် စေခိုင်းခံရလေလေ၊ သင်သည် အတွေ့အကြုံ ရရှိလေလေ ဖြစ်လိမ့်မည်။ သာ၍ များသော ဝန်ထုပ်များနှင့် အတွေ့အကြုံများရှိခြင်းကြောင့်၊ စုံလင်ခြင်းခံရဖို့ အခွင့်အရေးများ သင် သာ၍ ရရှိလိမ့်မည်။ ထို့ကြောင့်၊ သင်သည် ဘုရားသခင်ကို စစ်မှန်ရိုးသားမှုဖြင့် အစေခံနိုင်ပါက၊ ဘုရားသခင်၏ဝန်ထုပ်ဝန်ပိုးအပေါ် သင် သတိရှိလိမ့်မည်။ ထိုသို့ဖြစ်သဖြင့်၊ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ အခွင့်အရေးများ သာ၍ ရှိလိမ့်မည်။ လောလောဆယ်တွင် စုံလင်စေခြင်း ခံရလျက်ရှိသည်မှာ ထိုသို့သော လူစုတစ်စုသာ ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် သင့်ကို တို့ထိလေလေ၊ ဘုရားသခင်၏ ဝန်ထုပ်အပေါ် သတိရှိဖို့အချိန်ကို သင် ဆက်ကပ်လေလေ ဖြစ်ပြီး ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရလေလေ ဖြစ်လိမ့်မည်ဖြစ်ပြီး သင်သည် သူ၏ ရယူခြင်းကို ခံရလေလေ ဖြစ်လိမ့်မည်- နောက်ဆုံးတွင် သင်သည် ဘုရားသခင် အသုံးပြုသော လူတစ်ဦး ဖြစ်လာမည့်အချိန်အထိ ဖြစ်သည်။ လက်ရှိတွင်၊ အသင်းတော်အတွက် မည်သည့်ဝန်ထုပ်ကိုမျှ သယ်ဆောင်ခြင်း မရှိသည့် သူအချို့ရှိသည်။ ဤလူများသည် ပေါ့ဆပြီး ဖြစ်ကတတ်ဆန်းနိုင်ကာ၊ မိမိတို့ကိုယ်တိုင်၏ ဇာတိပကတိအတွက်သာ ဂရုစိုက်ကြသည်။ ထိုသို့သောလူများသည် အလွန့်အလွန် တစ်ကိုယ်ကောင်းဆန်ပြီး မျက်စိလည်းကန်းနေကြသည်။ သင်သည် ဤကိစ္စကို ရှင်းလင်းစွာ မမြင်နိုင်ပါက၊ မည်သည့် ဝန်ထုပ်ကိုမျှ သင် သယ်ဆောင်လိမ့်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်၏အလိုတော်ကို အလေးထားလေလေ၊ သင့်ထံ သူ အပ်နှံသည့် ဝန်ထုပ်သည် ကြီးမားလေလေ ဖြစ်လိမ့်မည်။ တစ်ကိုယ်ကောင်းဆန်သူများသည် ထိုသို့သောအရာများကို ဒုက္ခခံရန် လိုလားခြင်းမရှိကြချေ။ ၎င်းတို့သည် အဖိုးအခပေးရန် လိုလားခြင်း မရှိကြသကဲ့သို့၊ အကျိုးဆက်အနေဖြင့် ဘုရားသခင်၏စုံလင်စေခြင်း ခံရမည့် အခွင့်အရေးများကို ၎င်းတို့ လက်လွတ်သွားကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ထိခိုက်အောင် လုပ်ဆောင်နေကြခြင်း မဟုတ်လော။ သင်သည် ဘုရားသခင်၏အလိုတော်ကို သတိရှိသူတစ်ဦးဖြစ်ပါက၊ အသင်းတော်အတွက် စစ်မှန်သော ဝန်ထုပ်တစ်ခုကို သင် ဖြစ်ပေါ်စေလိမ့်မည်။ အမှန်တွင်၊ အသင်းတော်အတွက် သင် ဖြစ်ပေါ်စေသည့် ဤဝန်ထုပ်၏ ရည်ရွယ်ချက်မှာ ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ ထိုသို့သော အတွေ့အကြုံများအား သင့်ကို အသုံးပြုစေဖို့ဖြစ်သောကြောင့် ဤအရာကို အသင်းတော်အတွက် သင် သယ်ပိုးသည့် ဝန်ထုပ်တစ်ခုဟု ခေါ်မည့်အစား၊ သင်ကိုယ်တိုင်၏ အသက်တာအတွက် သင် သယ်ပိုးသည့် ဝန်ထုပ်တစ်ခုဟု ခေါ်ဖို့ ပိုကောင်းပေမည်။ ထို့ကြောင့် အသင်းတော်အတွက် အကြီးမားဆုံးသော ဝန်ထုပ်ကို သယ်ဆောင်သူ မည်သူမဆို၊ အသက်တာထဲသို့ ဝင်ရောက်ခြင်းအတွက် ဝန်ထုပ်တစ်ခုကို သယ်ဆောင်သူ မည်သူမဆို- ၎င်းတို့သည် ဘုရားသခင်၏စုံလင်စေခြင်းခံရမည့် သူများဖြစ်ကြလိမ့်မည်။ ဤအရာကို သင်ရှင်းလင်းစွာ မြင်ပြီးပြီလော။ သင်ပါဝင်သောအသင်းတော်သည် သဲကဲ့သို့ လူစုကွဲနေသော်လည်း သင်သည် စိုးရိမ်ခြင်း မရှိသကဲ့သို့ ပူပန်ခြင်းလည်း မရှိပါက၊ ပြီးလျှင် ညီအစ်ကိုမောင်နှမများက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပုံမှန်စားသောက်ခြင်း မရှိသည့်အခါ သင်သည် မသိကျိုးကျွန်ပင်ပြုထားပါက၊ သင်သည် မည်သည့်ဝန်ထုပ်ကိုမျှ သယ်ဆောင်နေခြင်း မရှိပေ။ ထိုသို့သောလူများသည် ဘုရားသခင် အထူးနှစ်သက်သည့် သူမျိုး မဟုတ်ပေ။ ဘုရားသခင် အထူးနှစ်သက်သည့်သူမျိုးက ဖြောင့်မတ်ခြင်းတရားအတွက် ဆာငတ်မွတ်သိပ်ပြီး သူ၏အလိုတော်အပေါ် သတိရှိ၏။ ထို့ကြောင့်၊ သင်တို့သည် လက်ရှိအချိန်တွင် ဘုရားသခင်၏ ဝန်ထုပ်အပေါ် သတိရှိသင့်ပေသည်။ သင်သည် ဘုရားသခင်၏ဝန်ထုပ်များအပေါ် သတိရှိခြင်း မကြီးထွားမီ၊ ဘုရားသခင်က သူ၏ ဖြောင့်မတ်သော စိတ်သဘောထားကို လူသားမျိုးနွယ် အားလုံးထံသို့ ထုတ်ဖော်ပြဖို့ရန်အတွက် မစောင့်ဆိုင်းသင့်ပေ။ ထိုအချိန်အရောက်တွင် အလွန် နောက်ကျသွားမည် မဟုတ်လော။ ယခုအချိန်သည် ဘုရားသခင်၏ စုံလင်စေခြင်းခံရရန် အခွင့်ကောင်းတစ်ခု ဖြစ်၏။ အကယ်၍ သင်သည် ဤအခွင့်အရေးကို လက်လွှတ်ဆုံးရှုံးလိုက်ရပါက၊ မောရှေသည် ခါနန်ပြည်သို့ မဝင်ရောက်နိုင်ခဲ့သဖြင့်၊ သူ့ဘဝ၏ ကျန်ရှိသည့်အချိန်များတွင် နောင်တရကာ ကြေကွဲဝမ်းနည်းခြင်းဖြင့် သေအံ့ဆဲဆဲ ဖြစ်ခဲ့သကဲ့သို့၊ သင်၏ကျန်ရှိသည့် ဘဝအချိန်များတွင် ထိုအရာအတွက် သင် နောင်တရလိမ့်မည်။ ဘုရားသခင်သည် လူအားလုံးထံ မိမိ၏ဖြောင့်မတ်သည့် စိတ်သဘောထားကို ထုတ်ဖော်ပြပြီးသည်နှင့် တစ်ပြိုင်နက် သင်သည် ဝမ်းနည်းမှုဖြင့် ပြည့်လိမ့်မည်။ ဘုရားသခင်က သင့်ကို ပြစ်တင်ဆုံးမခြင်းမရှိလျှင်ပင်၊ သင်ကိုယ်တိုင်၏ နောင်တကြောင့် သင်သည် မိမိကိုယ်ကိုယ် ပြစ်တင်ဆုံးမလိမ့်မည် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းကိုရရှိဖို့အလို့ငှာ ဘုရားသခင်၏ အလိုတော်ကို အလေးထားလော့) ဒီဘုရားနှုတ်ကပတ်တော်ပိုဒ်ကနေ၊ ဘုရားရဲ့ စေခိုင်းချက်တာဝန်အတွက် ဝန်တာတစ်ခုရှိတာဟာ တစ်ယောက်ယောက်က စုံလင်ခံရနိုင်ခြင်းရှိမရှိဆိုတာနဲ့ ဆက်နွှယ်တယ်ဆိုတာ မြင်ခဲ့ရတယ်။ လူတစ်ယောက်မှာ ဝန်တာပိုရှိပြီး ဘုရားရဲ့ ဝန်ထုပ်ကို ပိုအလေးဂရုပြုနိုင်လေ၊ ဘုရားရဲ့ ကောင်းကြီးပေးတာ ပိုခံရလေပဲ။ ဒါပေမဲ့၊ အသင်းတော်အလုပ်နဲ့ သူတို့တာဝန်အပေါ် လုံးလုံး တာဝန်မဲ့နေကြသူတွေ၊ အသင်းတော်ရဲ့ အကျိုးစီးပွားတွေကို မထိန်းသိမ်းဘဲ ကိုယ့်ကိုယ်ကိုယ်ပဲ ကာကွယ်ကြသူတွေအားလုံးက ဘုရားစုံလင်တာ မခံရနိုင်တဲ့ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတဲ့ လူတွေပဲဖြစ်တယ်။ တကယ့် ဝန်ထုပ်ကို ယူဖို့၊ ဒါမှမဟုတ် ဘုရားအလိုတော်ကို ထောက်ထားဖို့ မလိုလားဘဲ၊ ကိုယ့်ရဲ့ကိုယ်ပိုင် အနာဂတ်ကိုပဲ တွေးနေမိရင်းနဲ့ ကျွန်မ တစ်ကိုယ်ကောင်းဆန်ခဲ့ပုံကို ပြန်သုံးသပ်မိတယ်။ ပုံမှန်မစုဝေးကြတဲ့ လူသစ်တွေ ပိုများလာတဲ့အခါ သူတို့ကို အထောက်အပံ့ပေးဖို့ ကျွန်မက ဖြေရှင်းချက်တစ်ခုကို အရေးပေါ် ရှာမနေခဲ့ဘဲ၊ တာဝန်မှာ ရှိနေခဲ့ရင် ဖော်ထုတ်ခံရပြီး ဖယ်ရှင်းခံရမှာကို စိုးရိမ်ပူပန်ခဲ့မိတယ်။ အဲဒီဝိညာဉ်တွေအတွက် တာဝန်ကို ကျွန်မ မယူနိုင်ခဲ့တာပဲ။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့၊ အဲဒီတာဝန်ကနေ နှုတ်ထွက်လိုက်ချင်ခဲ့တယ်။ ဘုရားကို လုံးဝ မဆက်ကပ်ခဲ့ဘူး။ ကိုယ့်တာဝန်မှာ ကိုယ့်ရဲ့ကိုယ်ပိုင် အကျိုးစီးပွားတွေကိုပဲ တွေးနေမိခဲ့တာ။ ကျွန်မက အကျိုးပြုမနေခဲ့တဲ့အပြင်၊ ဆင်းရဲဒုက္ခခံရပြီး တာဝန်ယူရဖို့ဖြစ်တဲ့အခါ၊ ကျွန်မ ထွက်ပြေးသွားချင်မိခဲ့တယ်၊ ကျွန်မကိုယ်ကျွန်မ ထွက်ပေါက်ပေးချင်ခဲ့မိတယ်။ ကိစ္စတွေ အဆင်ပြေနေတဲ့အချိန်မှာ ကျွန်မ အလုပ်လုပ်ဖို့ လုံးဝ ဆန္ဒရှိခဲ့ပေမဲ့၊ ပြဿနာတွေ ပေါ်လာပြီး၊ ကျွန်မအနာဂတ်က ခြိမ်းခြောက်ခံရတဲ့အခါ၊ လက်လျှော့လိုက်ချင်ခဲ့တယ်။ ကျွန်မက ဘုရားအပေါ် မစစ်မှန်ခဲ့သလို၊ ရိုးသားတဲ့ စိတ်နှလုံး တကယ်မရှိခဲ့ဘူး။ ကျွန်မက ဉာဏ်များတဲ့လူ၊ အားကိုးလို့မရတဲ့ ကိုယ်ကျိုးရှာ ဆိုးယုတ်တဲ့လူတစ်ယောက်ဖြစ်ခဲ့တယ်။ ကျွန်မလို တစ်ကိုယ်ကောင်းဆန်ပြီး ဉာဏ်များတဲ့ လူတစ်ယောက်ကို ဘုရားက စုံလင်စေမှာ မဟုတ်ဘူး။ အဲဒီအကြောင်း ပိုတွေးလေ၊ အသိစိတ်ကင်းမဲ့တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ပိုမုန်းမိလေပဲ။ ဘုရားရှေ့မှာ ကျွန်မ အသက်မရှင်ထိုက်ပါဘူး။ အပြစ်နဲ့ နောင်တတွေနဲ့ ကျွန်မ ပြည့်သွားတယ်။

ကျွန်မတို့တာဝန်မှာ ကျွန်မတို့က ဘာလို့ ကိုယ့်ကိုယ်ပိုင် အကျိုးစီးပွားတွေနဲ့ အနာဂတ်ကို အမြဲ စဉ်းစားကြတာလဲ။ ဘာလို့ အရမ်းတစ်ကိုယ်ကောင်းဆန်ကြတာလဲ။ ကျွန်မလည်း တကယ်တွေးမိတယ်။ ကျွန်မရဲ့ ဝတ်ပြုဆုတောင်းမှုတွေမှာ အန္တိခရစ်တွေကို စိတ်ဖြာဆွေးနွေးတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်မိတော့၊ ဒါကို ပိုပြီးနည်းနည်း ရှင်းသွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သာမန်အခြေအနေများအောက်တွင် လူတစ်ယောက်သည် ၎င်း၏တာဝန်တွင် ပြောင်းလဲမှုများကို လက်ခံပြီး နာခံသင့်သည်။ သို့သော် ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်သင့်သည်။ ပြဿနာ၏ အနှစ်သာရကို သတိပြုသင့်ပြီး ၎င်းတို့ကိုယ်တိုင်၏ အားနည်းချက်များကို သတိပြုသင့်သည်။ ဤသည်မှာ အလွန်ကောင်းသောအရာဖြစ်ပြီး မကျော်လွှားနိုင်သော အခက်အခဲ အတားအဆီးများမရှိပေ။ ယင်းမှာ မရှုပ်ထွေးပေ။ အလွန်ရိုးရှင်းပြီး မည်သူမဆို ရှင်းလင်းစွာ စဉ်းစားနိုင်သည်။ သာမန်လူတစ်ယောက်တွင် ဤကဲ့သို့သောအရာဖြစ်သည့်အခါ ၎င်းသည် အနည်းဆုံး တစ်စုံတစ်ခုကို သင်ယူရရှိပြီး မိမိကိုယ်ကိုယ် ပို၍ တိကျစွာနားလည်မှု၊ အကဲဖြတ်မှုကို ရရှိလိမ့်မည်။ သို့သော် အန္တိခရစ်တစ်ယောက်အတွက် ဤသို့မဟုတ်ပေ။ ၎င်းတို့တွင် မည်သည့်အရာဖြစ်ပျက်ပါစေ ၎င်းတို့သည် သာမန်လူနှင့် ကွာခြားသည်။ ဤကွာခြားချက်က မည်သည့်နေရာတွင် ရှိသနည်း။ ၎င်းတို့သည် မနာခံပေ။ ၎င်းတို့သည် ယင်းကို စစ်မှန်စွာ လက်ခံဖို့မဆိုထားနှင့်၊ တက်ကြွစွာ၊ လိုလားစွာ ပူးပေါင်းဆောင်ရွက်ခြင်းပင်မရှိပေ။ ယင်းအစား ၎င်းတို့သည် ဤအရာအပေါ် ရွံရှာမှုကို ခံစားရသည်။ ဤအရာကို ခုခံသည်။ စိစစ်လေ့လာသည်။ ချင့်ချိန်စဉ်းစားသည်။ ဦးနှောက်ခြောက်ခံ၍ မှန်းဆသည်။ ‘ငါသည် အခြားနေရာသို့ အဘယ်ကြောင့် ပြောင်းရွေ့ခံရသနည်း။ ငါ၏ လက်ရှိတာဝန်ကို အဘယ်ကြောင့် ဆက်လုပ်၍မရသနည်း။ ငါက အမှန်တကယ်ပင် မသင့်တော်သည့်သူလော။ ငါ့ကို ထုတ်ပယ်တော့မည်လော၊ သို့မဟုတ် ဖယ်ရှားမည်လော’ ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် မည်သည့်အရာဖြစ်ပျက်ခဲ့သည်ကို ၎င်းတို့စိတ်ထဲတွင် ပြန်ပြောင်းတွေးတောကြပြီး အဆုံးမရှိစွာ လေ့လာစိစစ်ကာ တွေးဆကြသည်။...ထိုကဲ့သို့ ရိုးရှင်းသည့် အရေးကိစ္စတစ်ခုဖြစ်သည့်တိုင် အန္တိခရစ်များသည် ရေးကြီးခွင့်ကျယ်လုပ်ပြီး မကြာခဏ စဉ်းစားသည်မှာ ၎င်းတို့သည် တစ်မှေးမျှ မအိပ်စက်ကြပေ။ ဤသည်မှာ ၎င်းတို့ တွေးခေါ်သည့် နည်းလမ်း အဘယ့်ကြောင့် ဖြစ်ရသနည်း။ ရိုးရှင်းသော အမှုကိစ္စတစ်ခုနှင့် ပတ်သက်၍ ၎င်းတို့သည် အဘယ့်ကြောင့် အလွန် ရှုပ်ထွေးသည့် နည်းလမ်းဖြင့် တွေးတောရသနည်း။ အကြောင်းရင်း တစ်ခုတည်းသာ ရှိပါသည်။ ၎င်းတို့နှင့်သက်ဆိုင်သည့် ဘုရားသခင့်အိမ်တော်က ပြုလုပ်သည့် စီစဉ်မှုတိုင်း၌၊ ထိုအရာကို ၎င်းတို့၏ ကောင်းကြီးရဖို့ မျှော်လင့်ချက်နှင့် အနာဂတ်ပန်းတိုင်နှင့်း မြဲမြံစွာ ချိတ်ဆက်ထားလိမ့်မည် ဖြစ်သည်။ ဤသည်မှာ ၎င်းတို့က ‘ငါ ဂရုစိုက်ရမယ်။ ခြေလှမ်းတစ်ချက် မှားတာနဲ့ ခြေလှမ်းတိုင်း မှားသွားမှာ၊ ပြီးတော့ ကောင်းချီးမင်္ဂလာတွေ ရဖို့ ငါ့ဆန္ဒကိုပါ မေ့လိုက်ရမှာ- အဲဒါကတော့ ငါ့ဇာတ်သိမ်းပဲ ဖြစ်မှာပဲ။ ငါ ပေါ့ဆလို့ မရဘူး။ ဘုရားသခင်ရဲ့ အိမ်တော်၊ ညီအစ်ကို မောင်နှမတွေ၊ အကြီးပိုင်း ခေါင်းဆောင်မှု၊ ဘုရားသခင်ကိုတောင်မှ- သူတို့တွေအားလုံးဟာ အားကိုးလို့ မရဘူး။ ငါကတော့ သူတို့ထဲက တစ်ယောက်ကိုမှ မယုံဘူး။ အားအကိုးရဆုံးနဲ့ အယုံကြည်ရဆုံးကတော့ ကိုယ့်ကိုယ်ကိုယ်ပဲ။ ကိုယ့်အတွက်ကိုယ် အစီအစဉ် မဆွဲထားဘူးဆိုရင်၊ ဘယ်သူက ကိုယ့်ကိုလာကြည့်ပေးမှာလဲ။ ကိုယ့်ရဲ့ ရှေ့ရေးတွေနဲ့ ကိုယ်ကောင်းချီးမင်္ဂလာခံစားရ မရကို တခြား ဘယ်သူက တွေးပေးမှာလဲ။ ဒါကြောင့် ငါတိကျစေ့စပ်တဲ့ ပြင်ဆင်မှုတွေလုပ်ပြီး ကိုယ့်အတွက် အစီအစဉ်တွေ ဆွဲဖို့အသားကုန် ကြိုးစားဖို့လိုတယ်၊ ငါ နည်းနည်းလေးမှ ပေါ့ပေါ့တန်တန် လုပ်လို့မရဘူး- မဟုတ်ရင်တော့ လူတွေက ငါ့ကိုလှည့်စားဖို့လွယ်သလို၊ ငါ့ကို အခွင့်ကောင်းယူဖို့လည်း လွယ်လိမ့်မယ်။’ ဟု တွေးရသည့် အကြောင်းအရင်း ဖြစ်သည်။ ကောင်းကြီးခံစားရခြင်းသည် ကောင်းကင်ဘုံထက်ကြီးမြတ်သည်၊ အသက်ထက် ပိုကြီးမြတ်သည်၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်း၊ သို့မဟုတ် တစ်ကိုယ်ရေ ကယ်တင်ခြင်းထက်ပို၍ အရေးကြီးသည်၊ စံနှုန်းနှင့် ကိုက်ညီသော ဖန်ဆင်းခံတစ်ယောက်ဖြစ်ခြင်းထက် ပို၍အရေးကြီးသည်ဟု အန္တိခရစ်တစ်ယောက်က မြင်သည်။ ၎င်းတို့သည် စံနှုန်းနှင့် ကိုက်ညီသော ဖန်ဆင်းခံတစ်ယောက်ဖြစ်ခြင်း၊ မိမိတို့တာဝန်ကို ကောင်းစွာထမ်းဆောင်ပြီး ကယ်တင်ခံရခြင်းသည် ပြောဆိုဖို့ပင် ထိုက်တန်မှုသိပ်မရှိသည့် သေးနုပ်သောအရာများဖြစ်သည်ဟု ထင်မြင်သော်လည်း၊ ကောင်းကြီးရရှိခြင်းကမူ ၎င်းတို့၏ တစ်ဘဝလုံးတွင် မည်သည့်အခါမျှ မေ့၍မရနိုင်သော တစ်ခုတည်းသောအရာဖြစ်သည်။ ထို့ကြောင့် မည်သည့်အရာကို ၎င်းတို့ ကြုံတွေ့ရသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ၊ သေးငယ်သည်ဖြစ်စေ ၎င်းတို့သည် အလွန်အမင်း သတိထားပြီး အာရုံစိုက်ကြသည်။ ပြီးလျှင် အစဉ်သဖြင့် မိမိတို့ကိုယ်တိုင်အတွက် ထွက်ပေါက်တစ်ခု ထားထားကြသည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “ရာထူးဂုဏ်သိန် မရှိသောအခါ၊ သို့မဟုတ် ကောင်းချီးရရန် မျှော်လင့်ချက်မရှိသောအခါ ၎င်းတို့က နောက်ဆုတ်ချင်ကြသည်”) ဒါကို သေချာတွေ့ကြည့်တော့၊ ကိုယ့်တာဝန်မှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြီး ကိုယ့်ကိုယ်ပိုင် အကျိုးစီးပွားတွေကို တွေးတာက၊ ဘုရား ထုတ်ဖော်ပြတဲ့ အန္တိခရစ်တွေရဲ့ စိတ်သဘောထားကို ကျွန်မက ပြသနေတာ၊ တကယ်ကို တစ်ကိုယ်ကောင်းဆန်နေတာ၊ ကောင်းကြီးတွေ၊ ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်တွေကိုပဲ တွေးနေတာဖြစ်မှန်း တွေ့ရတယ်။ ယုံကြည်ခြင်းရှိရာမှာ ရည်ရွယ်ချက်က ဘုရားရဲ့ ကောင်းကြီးပေးတာခံရဖို့ဖြစ်ခဲ့တယ်။ တစ်ခုခု ဖြစ်ပျက်တဲ့အခါတိုင်း၊ ကောင်းကြီးတွေကို ဘဝလောက် တန်ဖိုးထားရင်းနဲ့ ကျွန်မကိုယ်တိုင်ရဲ့ ရလဒ်နဲ့ ခရီးပန်းတိုင်ကို ပထမဆုံး စဉ်းစားခဲ့တယ်။ ကျွန်မ ဂရုမစိုက်ရင် ဖော်ထုတ်ခံရပြီး ဖယ်ရှင်းခံရမှာ စိုးပြီး၊ ဘုရားကို သတိထားရင်းနဲ့ ကိုယ့်ကိုယ်ကိုယ်အတွက် ထွက်လမ်းတစ်ခု ချန်ထားရင်း၊ ထောင့်ပေါင်းစုံ စဉ်းစားခဲ့တယ်။ ဘုရားအပေါ် စစ်မှန်တဲ့ ယုံကြည်ခြင်း မရှိခဲ့ဘူး။ လူသစ်တွေရဲ့ အသင်းတော်ကို ကြီးကြပ်ကတည်းက၊ အခက်အခဲအများကြီးကို တွေ့တဲ့အခိုက်မှာ၊ ဧဝံဂေလိပြုတာဆီ ပြန်သွားချင်ခဲ့တယ်။ အဲဒီတာဝန်မှာ ကျွန်မ ကောင်းကောင်းလုပ်ခဲ့လို့၊ ကိစ္စတွေကို စွမ်းဆောင်ရရှိနေခဲ့လို့ ဘုရားရဲ့ ကတိတော်ကို ရရှိပြီး လှပတဲ့ ခရီးပန်းတိုင်တစ်ခု ရှိမယ်လို့ ကျွန်မ ခံစားခဲ့ရတယ်။ ယုံကြည်သူသစ်တွေရဲ့ အသင်းတော်တွေထဲက အဲဒီပြဿနာတွေအားလုံးကို မြင်တော့၊ ရေလာင်းတာ ကောင်းကောင်းမလုပ်ရင် လူတွေ နုတ်ထွက်သွားကြမှာ၊ ကျွန်မမှာ တာဝန်ရှိပြီး ဖယ်ရှင်းခံရမှာ စိုးခဲ့တယ်။ ကျွန်မရဲ့ အဆင့်အတန်းနဲ့ အနာဂတ် ထိခိုက်ပြီး ကျွန်မ ကောင်းကြီးခံစားရမှာ မဟုတ်ဘူးလို့ ခံစားမိခဲ့တယ်၊ ဒီတော့ အမြီးကုပ်ပြီး ထွက်ပြေးသွားချင်ခဲ့ပြီး၊ အဲဒီတာဝန်ကို လုံးဝ မလုပ်ချင်ခဲ့ဘူး။ ဘုရားနဲ့ အပေးအယူလုပ်ဖို့ ကြိုးစားရင်းနဲ့ ကောင်းကြီးတွေရဖို့ပဲ ကိုယ့်တာဝန်ကို ကျွန်မ လုပ်နေခဲ့တာ။ ဘုရားကို ကျိုးနွံနာခံပြီး အဖန်ဆင်းခံတစ်ယောက်ရဲ့တာဝန်ကို လုပ်ဖို့မဟုတ်ခဲ့ဘူး။ ဧဝံဂေလိဖြန့်ဝေဖို့ ဥရောပတစ်ခွင် သွားခဲ့ပေမဲ့၊ ဆင်းရဲဒုက္ခအများကြီးခံခဲ့ပြီး အသင်းတော်အများကြီး ထူထောင်ခဲ့ပေမဲ့ အဲဒီ အလုပ်ကြိုးစားတာအားလုံးက ကောင်းကြီးခံစားရဖို့ပဲ ဖြစ်ခဲ့တဲ့ ပေါလုကို တွေးမိတယ်။ သူက သူ့အလုပ်ကို ဘုရားနဲ့အပေးအယူလုပ်ဖို့ အသုံးပြုချင်ခဲ့တယ်။ အဲဒါကြောင့် သူဒီလိုပြောခဲ့တာပဲ၊ “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။” (တိမောသေသြဝါဒစာဒုတိယစောင် ၄:၇-၈) ပေါလုလို ကျွန်မတာဝန်မှာ ရိုးသားစစ်မှန်မှု တစ်ခုမှမရှိဘဲ ကျွန်မ ပြုမူခဲ့တယ်။ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” ဆိုတဲ့ အဆိပ်နဲ့ အသက်ရှင်နေမိရင်းနဲ့ ကျွန်မရဲ့ အပေါ်ယံ အားထုတ်မှုတွေအတွက် ဘုရားဆီက နစ်နာကြေးနဲ့ ကောင်းကြီးတွေ လိုချင်ခဲ့တယ်။ အဲဒါ တာဝန်ကို လုပ်နေခဲ့တာမှ မဟုတ်တာ။ ကျွန်မက အခွင့်အရေးသမားတစ်ယောက်၊ ဘုရားအိမ်တော်ထဲကို သွားခဲ့တဲ့ မယုံကြည်သူတစ်ယောက်ပဲ။ ကျွန်မက တကယ်နှိမ့်ကျတဲ့ သူတစ်ယောက်ပါ။ အသင်းတော်ထဲမှာ ကိုင်တွယ်ဖို့လိုတဲ့ လက်တွေ့ကျတဲ့ ပြဿနာတွေအများကြီးရှိခဲ့ပြီး၊ အဲဒါတွေကို ကျွန်မ အာရုံမစိုက်ခဲ့ဘူး။ ကျွန်မရဲ့ ရလဒ်နဲ့ ခရီးပန်းတိုင်၊ ကျွန်မကောင်းချီးခံစားရခြင်း ရှိမရှိဆိုတာတွေကိုပဲ တွေးနေခဲ့တယ်။ လူမဟုတ်သလောက်ပါပဲ။ ဒါကို မြင်တော့ ကျွန်မ အရမ်းအပြစ်ရှိသလို ခံစားရတယ်၊ ဒီတော့ ကျွန်မရဲ့ ရလဒ်ကို နောက်ထပ်မစဉ်းစားချင်တော့ဘဲ ကိုယ့်စိတ်နှလုံးကို တည်ငြိမ်စေပြီး ကိုယ့်တာဝန်ကို ကောင်းကောင်းလုပ်ချင်လျက်နဲ့ ဆုတောင်းလိုက်တယ်။

တကယ်ကို ဉာဏ်အလင်းပေးတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို နောက်ပိုင်းမှာ ကျွန်မဖတ်ခဲ့ရတယ်။ စာမျက်နှာ ၁၁၆၇က ဒုတိယစာပိုဒ်ပါ။ “၎င်းတို့၏တာဝန်နှင့်သက်ဆိုင်သည့် လူ၏ ဆောင်ရွက်မှုသည် အမှန်အားဖြင့် လူသားအတွင်းရှိ ရှိရင်းစွဲ အရာအားလုံးနှင့်ဆိုင်သည့် ပြီးမြောက်အောင်မြင်ခြင်း ဖြစ်သည်၊ ဆိုလိုသည်မှာ လူသားအတွက် ဖြစ်နိုင်သည့် အရာဖြစ်သည်။ ထိုအခါ ယင်းမှာ ၎င်း၏တာဝန်ကို ဖြည့်ဆည်းခြင်း ဖြစ်ပေသည်။ သူ၏အစေခံမှုအတွင်း လူသား၏ အပြစ်အနာအဆာများသည် တိုးတက်သည့် အတွေ့ကြုံနှင့် တရားစီရင်ခြင်းအား သူ၏ကြုံရခြင်း ဖြစ်စဉ်မှတစ်ဆင့် တဖြည်းဖြည်း လျော့နည်းလာသည်။ ယင်းတို့သည် လူသား၏တာဝန်ကို မတားဆီးပေ သို့မဟုတ် မထိခိုက်ပေ။ အစေခံမှုကို ရပ်စဲသောသူ သို့မဟုတ် ၎င်းတို့၏ အစေခံမှုတွင် ချွက်ယွင်းချက်များ ရှိကောင်းရှိနိုင်သည်ဟု ကြောက်ရွံ့ခြင်းအတွက် အလျှော့ပေးကာ နောက်ပြန်ဆုတ်သူများသည် အားလုံးထဲတွင် သတ္တိ အနည်းဆုံးသောသူများ ဖြစ်သည်။ လူတို့သည် အစေခံမှုအတွင်းတွင် ၎င်းတို့ ဖော်ပြသင့်သည့်အရာကို မဖော်ပြနိုင်သကဲ့သို့ သို့မဟုတ် ၎င်းတို့အတွက် ပင်ကိုအားဖြင့် ဖြစ်နိုင်သည့်အရာကို စွမ်းဆောင် မရရှိနိုင်သကဲ့သို့၊ ယင်းအစား တည်ကြည်လေးနက်မှု မရှိဘဲ ဟန်ဆောင်လုပ်ပြပါက၊ ၎င်းတို့သည် ဖန်ဆင်းခံ တစ်ဦး ရှိသင့်သည့် အလုပ်တာဝန်ကို ဆုံးရှုံးကြပြီး ဖြစ်ပေသည်။ ထိုသို့သော လူတို့သည် ‘သာမညောင်ညများ’ ဟု သိရသောအရာများ ဖြစ်သည်။ ၎င်းတို့သည် အသုံးမဝင်သော အမှိုက်သရိုက် ဖြစ်ကြသည်။ ထိုသို့သောလူတို့ကို ဖန်ဆင်းခံများဟု အဘယ်သို့ ကောင်းမွန်စွာ ခေါ်ဆို၍ ရနိုင်မည်နည်း။ ၎င်းတို့သည် အပြင်ပန်းတွင် တောက်ပြောင်သော်လည်း၊ အတွင်း၌ ပုပ်သိုးသော ဖောက်ပြန်ပျက်စီးသည့် သတ္တဝါများ ဖြစ်သည် မဟုတ်လော။...လူ၏တာဝန်နှင့် သူ ကောင်းချီးခံစားရခြင်း သို့မဟုတ် ကျိန်ခြင်းခံရခြင်း ရှိမရှိဆိုသည်တို့ကြားတွင် အချင်းချင်း ဆက်နွှယ်နေမှု မရှိပေ။ တာဝန်သည် လူက ဖြည့်ဆည်းသင့်သည့်အရာ ဖြစ်သည်။ ယင်းသည် ကောင်းကင်ဘုံပေးသည့် သူ၏အသက်မွေးအလုပ် ဖြစ်ပြီး၊ ဆုလာဘ်၊ အခြေအနေများ သို့မဟုတ် အကြောင်းရင်းများပေါ်တွင် မမူတည်သင့်ပေ။ ထိုအခါမှသာ သူ၏တာဝန်ကို သူ လုပ်ဆောင်နေခြင်း ဖြစ်သည်။ ကောင်းချီးမင်္ဂလာ ခံစားရဖို့ဟူသည်မှာ တစ်စုံတစ်ဦးသည် တရားစီရင်ခြင်းကို ကြုံရပြီးနောက် စုံလင်စေခြင်းခံရကာ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို မွေ့လျော်ရခြင်း ဖြစ်သည်။ ကျိန်ခြင်းအမင်္ဂလာခံရဖို့ဟူသည်မှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ကြုံရပြီးနောက် တစ်စုံတစ်ဦး၏ စိတ်သဘောထား မပြောင်းလဲခြင်း ဖြစ်သည်၊ ယင်းမှာ ၎င်းတို့သည် စုံလင်စေခြင်းကို မတွေ့ကြုံရဘဲ အပြစ်ပေးခံရသည့်အချိန် ဖြစ်သည်။ ၎င်းတို့ ကောင်းချီးပေး ခံရသည်ဖြစ်စေ၊ ကျိန်ခြင်းခံရသည်ဖြစ်စေ၊ ဖန်ဆင်းခံသတ္တဝါများသည် ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်ရင်းနှင့် လုပ်ဆောင်နိုင်သည့်အရာကို လုပ်ဆောင်ရင်း၊ ၎င်းတို့၏တာဝန်ကို ဖြည့်ဆည်းသင့်ကြပေသည်။ ဤသည်မှာ လူတစ်ဦး၊ ဘုရားသခင်၏ ကျိန်ခြင်းခံရသည့် လူတစ်ဦးက အနည်းဆုံး လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ သင်သည် ကောင်းချီးမင်္ဂလာ ခံစားရရန်သာ သင်၏တာဝန်ကို မလုပ်ဆောင်သင့်သကဲ့သို့၊ ကျိန်ခြင်း ခံရမည်ကို ကြောက်ရွံ့ခြင်းအတွက် ဆောင်ရွက်ရန် မငြင်းဆန်သင့်ပေ။ ဤအရာတစ်ခုကို သင်တို့အား ငါပြောပါရစေ- သူ၏တာဝန်နှင့်သက်ဆိုင်သည့် လူ၏ စွမ်းဆောင်မှုသည် သူ လုပ်ဆောင်သင့်သည့်အရာ ဖြစ်ပြီး၊ သူသည် သူ၏တာဝန်ကို ဆောင်ရွက်နိုင်စွမ်း မရှိပါက၊ ဤသည်မှာ သူ၏ ပုန်ကန်မှုကြောင့် ဖြစ်သည်။ လူသည် တဖြည်းဖြည်း ပြောင်းလဲသည်မှာ သူ၏တာဝန်ကို လုပ်ဆောင်ခြင်း ဖြစ်စဉ်မှတစ်ဆင့်ဖြစ်ပြီး သူ၏ သစ္စာစောင့်သိမှုကို ပြသသည်မှာ ဤဖြစ်စဉ်မှတစ်ဆင့် ဖြစ်ပေသည်။ ထိုသို့ဖြင့် သင်သည် သင်၏တာဝန်ကို ပို၍ လုပ်ဆောင်နိုင်လေ၊ သာ၍ များသည့် သမ္မာတရားကို သင် ရရှိလေဖြစ်လိမ့်မည် ဖြစ်ပြီး၊ သင်၏ဖော်ပြချက်သည် သာ၍ စစ်မှန်လာလေ ဖြစ်လိမ့်မည် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု) တာဝန်ဆိုတာ ကောင်းချီးခံစားရတာ၊ ကျိန်ခြင်းခံရတာနဲ့ ဘာမှမပတ်သက်မှန်း ဒါက ကျွန်မကို နားလည်သွားစေတယ်။ အဖန်ဆင်းခံတစ်ယောက်အနေနဲ့၊ တာဝန်တစ်ခုကို ကောင်းချီးတွေနဲ့ မဆက်နွှယ်စေဘဲ ဆောင်ရွက်ဖို့က ကျွန်မရဲ့ ဝတ္တရားပဲ။ တာဝန်တစ်ခုမှာ ဘာအခက်အခဲတွေပဲရှိပါစေ အဲဒါကို စိတ်နှလုံးအကြွင်းမဲ့လုပ်ပြီး တာဝန်ယူသင့်တယ်။ ကောင်းကောင်း မလုပ်တဲ့အတွက် ပြောင်းရွေ့ခံရ၊ ထုတ်ပယ်ခံရတယ်ဆိုရင်တောင်၊ သင်ယူစရာ တစ်ခုခုရှိမှာပဲလေ။ ဖော်ထုတ်ခံရပြီး ပယ်ရှင်းခံရမှာကြောက်တဲ့အတွက် ကျွန်မ လက်မလျှော့သင့်ဘူး။ လူတွေကို ထုတ်ပယ်၊ ဖယ်ရှင်းခြင်းအတွက် ဘုရားအိမ်တော်မှာ စည်းမျဉ်းတွေ ရှိတယ်။ ဘုရားအိမ်တော်ကနေ လူတွေ ဖယ်ရှားခံရတဲ့အခါ၊ သူတို့ သီးသန့်လုပ်တဲ့ တာဝန်ကြောင့်မဟုတ်သလို၊ သူတို့တာဝန်မှာ အမှားတစ်ခု လုပ်မိလို့လည်း မဟုတ်ဘူး။ အဲဒီလို လုံးဝ မဟုတ်ဘူး။ သမ္မာတရားကို သူတို့ မလိုက်စားလို့၊ မှန်တဲ့လမ်းကြောင်းပေါ် သူတို့ ရှိမနေခဲ့သလို၊ နောင်တရဖို့ တစ်သမတ်တည်း ငြင်းပယ်ကြလို့ပဲ အမြဲဖြစ်ပါတယ်။ သမ္မာတရားကို လိုက်စားတဲ့ ညီအစ်ကို မောင်နှမတွေက အပြစ်ကျုးလွန်မှုတွေပြီးတဲ့နောက်မှာတောင် အခွင့်အရေး ပေးခံရဦးမှာပါ။ အကူအညီ၊ ကိုင်တွယ်ဖြေရှင်းခြင်းနဲ့အတူ၊ တစ်ယောက်ယောက်က ကိုယ့်ကိုယ်ကိုယ် သိရင်၊ နောင်တရပြီး ပြောင်းလဲရင်၊ ဘုရားအိမ်တော်ထဲမှာ နေလို့ရပါတယ်။ တစ်ယောက်ယောက်က သူ့တာဝန်မှာ အဆင်ပြေလားဆိုတာ ဘုရားစဉ်းစားတဲ့အခါ၊ သူတို့ ကိုယ်ကိုယ်ကိုယ် ဘယ်လောက် အသုံးတော်ခံနေပုံပေါ်တယ်၊ ဒါမှမဟုတ် သူတို့ ဘယ်လောက်အောင်မြင်မှုတွေ ရတယ်ဆိုတာနဲ့ မပတ်သက်ဘဲ၊ သမ္မာတရားရှာဖွေခြင်းနဲ့ စည်းမျဉ်းတွေ လိုက်လျှောက်ခြင်းအပေါ် သူတို့ အာရုံစိုက်မှု ရှိမရှိ၊ အဲဒါကို သူတို့ စိတ်နှလုံး အကြွင်းမဲ့ ထားပြီး အစွမ်းကုန် အားထုတ်ရဲ့လားဆိုတာနဲ့ ပတ်သက်မှန်းလည်း ကျွန်မ သင်ယူခဲ့ရတယ်။ တစ်ယောက်ယောက်က ဘယ်လောက်များတဲ့ ပြဿနာတွေ ကြုံရပါစေ၊ ဘုရားအလိုတော်ကို ထောက်ထားပြီး သမ္မာတရားကို လိုက်စားသရွေ့၊ ဘုရားက ဉာဏ်အလင်းပေးမှာပဲ။ အဲဒီအခါ ဘယ်အရာကိုမဆို ဖြေရှင်းလို့ရတယ်။ တစ်ယောက်ယောက်က သမ္မာတရားကို မလိုက်စားဘဲ၊ ကိုယ့်ကိုယ်ပိုင် အရှုံး အမြတ်တွေကိုပဲ တွေးရင်၊ သူတို့တာဝန်ကို အိုးနင်းခွက်နင်းပြီးသွားပြီး လုံးဝ နောင်တမရနေခဲ့ရင်၊ ဖော်ထုတ်ခံရပြီး ဖယ်ရှင်းခံရမှာ သေချာတယ်။ ဘုရားအလိုတော်ကို ကျွန်မ နားလည်လိုက်တာနဲ့၊ ကျွန်မကိုယ်တိုင်ရဲ့ အရှုံးအမြတ်တွေ စဉ်းစားတာကို ရပ်လိုက်ပြီး၊ ကျွန်မတာဝန်မှာ အစွမ်းကုန် ပေးဆပ်ချင်ရင်းနဲ့ နောက်ထပ် ကျွန်မ ဆုတောင်းလိုက်တယ်။

အဲဒီနောက်တော့၊ ကျွန်မတာဝန်ကို တကယ် ခေါင်းမဖော်တမ်းလုပ်ခဲ့ပြီး၊ အသင်းတော်တွေမှာရှိတဲ့ အလုပ်အသေးစိတ်ကို သေချာ ပိုက်စိပ်တိုက်ရှာခဲ့တယ်၊ ရှိတဲ့ တကယ့်ပြဿနာတွေအားလုံးကို စာရင်းလုပ်လိုက်တယ်။ ကျွန်မ မဖြေရှင်းနိုင်တာတွေအတွက် ခေါင်းဆောင်နဲ့ တိုင်ပင်ခဲ့ပြီး တခြားအသင်းတော် ခေါင်းဆောင်တွေဆီက မိတ်သဟာယ တောင်းခံခဲ့တယ်။ စည်းမျဉ်းတွေနဲ့ အလေ့အထတွေကို နားလည်သွားတာနဲ့ ပြဿနာတွေအများကြီးကို ကျွန်မ ကိုင်တွယ်နိုင်ခဲ့တယ်။ ကျွန်မရဲ့ သဘောထားကို ပြောင်းလဲပြီး ကိုယ့်အနာဂတ်ကို မစဉ်းစားတော့ဘဲ၊ လူသစ်တွေရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ညီအစ်ကို မောင်နှမတွေနဲ့ ဘယ်လိုအတူလုပ်ရမလဲဆိုတာကိုပဲ စဉ်းစားလိုက်တဲ့အခါ၊ နည်းနည်းကြာတော့ အသင်းတော် အသက်တာက လမ်းကြောင်းမှန်ပေါ် တစ်ဆင့်ချင်း ရောက်သွားတယ်။ မစုဝေးတဲ့ လူသစ်တွေလည်း တဖြည်းဖြည်း သူတို့ရဲ့ အသင်းတော် အသက်တာကို ပြန်ရခဲ့ကြပြီး၊ ဘုရားနှုတ်ကပတ်တော်တွေကို စားနိုင်၊ သောက်နိုင်ခဲ့ကြတယ်။ လူသစ်တော်တော်များများကလည်း ဧဝံဂေလိလုပ်တဲ့တာဝန်ကို စယူလာကြတယ်။ ဘုရားရဲ့ လမ်းပြမှုနဲ့ ကောင်းချီးတွေကို ကျွန်မ မြင်ခဲ့ရတယ်။ “ဘုရား၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် မိမိတာဝန်ကို တက်ကြွစွာ ထမ်းဆာင်ရန် ကြိုးစားခြင်းသည် အောင်မြင်မှုဆီသို့ လမ်းကြောင်းတည်း” ဆိုတဲ့ ဘုရားရဲ့ ဖော်ပြချက်က ကျွန်မ ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခဲ့ရတဲ့ အရာတစ်ခုပဲ။ လူသစ်တွေရဲ့ အသင်းတော်တွေမှာ ပြဿနာတွေအများကြီးရှိခဲ့တဲ့အချိန်ကစပြီး လမ်းကြောင်းမှန်ပေါ် သူတို့ တဖြည်းဖြည်း ရောက်ပြီး ယုံကြည်သူသစ်တွေက ပုံမှန် အသင်းတော်အသက်တာတွေ အသက်ရှင်နေခဲ့တဲ့အချိန်ထိ၊ အဲဒါတွေအားလုံးကို ပြန်စဉ်းစားကြည့်တော့၊ အားလုံးက ဘုရားအမှုတော်ရဲ့ အသီးအပွင့်ပဲ ဖြစ်ပါတယ်။ ဘုရားအလုပ်ကို ဘုရားကိုယ်တိုင် တကယ်လုပ်နေခဲ့တာဖြစ်ပြီး ကျွန်မတို့က တစ်စိတ်တစ်ပိုင်းပဲ လုပ်ခဲ့တာဖြစ်မှန်း တွေ့ရတယ်။ ဘာတာဝန်၊ ဘာအခက်အခဲတွေပဲဖြစ်စေ ကျွန်မတို့ ကျိုးနွံနာခံပြီး ကိုယ့်ရဲ့ အရှုံးအမြတ်တွေကို မစဉ်းစားရဘူး။ သမ္မာတရားကို ရှာဖွေရမယ်၊ ဘုရားအလိုတော်ကို စဉ်းစားပြီး ကျွန်မတို့တာဝန်မှာ အစွမ်းကုန် လုပ်ဆောင်ရမှာပါ။ အဲဒါဆိုရင် ဘုရားကောင်းချီးတွေကို ကျွန်မတို့ မြင်ရမှာဖြစ်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

လုံးဝ မေ့မရတော့မည့် ဆယ့်လေးရက်

ဆုန့်ရန် တရုတ်နိုင်ငံ ၂၀၂၀ခုနှစ်မှာ ကျွန်မက အသင်းတော်မှာ စာသားတွေနဲ့ဆိုင်တဲ့အလုပ် လုပ်ရတယ်။ နိုဝင်ဘာ ၁၀ ရက်၊ မနက် ၉ နာရီမှာ အစ်မစုကျင်နဲ့...

ကျွန်မရဲ့ တာဝန်မှာ ဘာကြောင့် အမြဲ အလွန်အကျွံသတိထားနေရတာလဲ

ဟန်ရှီး တရုတ်နိုင်ငံ ၂၀၂၁၊ မတ်လမှာ ညီမက ဂရတ်ဖစ်ဒီဇိုင်နာအနေနဲ့ အသင်းတော်မှာ အလုပ်လုပ်နေတာပါ။ ညီမက ညီမတာဝန်မှာ မာနထောင်လွှားပြီး...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။