အလှည့်အပြောင်း
ဝမ်ရှင်း တောင်ကိုရီးယားနိုင်ငံ ကျွန်မမှာ ပျော်ရွှင်စရာ မိသားစု ရှိနေကျဖြစ်ပြီး ကျွန်မယောက်ျားက ကျွန်မအပေါ် တကယ်ကောင်းခဲ့တယ်။ တော်တော်လေး...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ငယ်ငယ်လေးကတည်းက ကျွန်မဟာ အချစ်ဒရာမာဇာတ်ကားတွေ ကြည့်ရတာကို အမြဲတမ်း ကြိုက်နှစ်သက်ခဲ့ပြီး ဇာတ်လိုက်စုံတွဲတွေကြားက အချစ်ရေးတွေကို အမြဲတမ်း အားကျခဲ့တယ်။ ဒီတော့ ကျွန်မကို ချစ်ပြီး ဂရုစိုက်တဲ့ ခင်ပွန်းတစ်ယောက်ရှိတာထက် ဘယ်အရာကမှ ကျွန်မကို ပိုပြီး ပျော်ရွှင်စေနိုင်မှာ မဟုတ်ဘူးလို့ ယုံကြည်လာခဲ့တယ်။ ကျွန်မ အသက် ဆယ့်ခုနစ်နှစ်မှာ ကျွန်မရဲ့ ခင်ပွန်းလောင်းနဲ့ တွေ့ခဲ့တယ်။ သူ့ရုပ်ရည်က ကျွန်မရဲ့ အကြိုက်နဲ့ တစ်ထပ်တည်း ကျတယ်၊ လူက အတော်လေး ရိုးသားပြီး ကျွန်မတို့ ဆက်ဆံရေးမှာ သူက ကျွန်မအပေါ် တော်တော်လေး ဂရုစိုက်ပြီး အလေးထားတာကို တွေ့ခဲ့ရလို့ ဒီလိုနဲ့ပဲ ကျွန်မတို့ လက်ထပ်ဖြစ်သွားကြတာပေါ့။ လက်ထပ်ပြီးတဲ့နောက်မှာလည်း ကျွန်မခင်ပွန်းက ကျွန်မအပေါ် အရမ်းကောင်းပြီး အရမ်း အလျှော့ပေးခဲ့တယ်။ သူက အိမ်အလုပ်တွေကို လုပ်ပေးပြီး ကျွန်မ လိုချင်တာမှန်သမျှ ဝယ်ပေးတယ်။ တစ်ခါတလေ ကျွန်မ မပျော်မရွှင်ဖြစ်နေရင် သူက ကျွန်မကို စိတ်ပျော်အောင်လုပ်ပေးပြီး ကျွန်မ စိတ်ဆိုးဒေါသထွက်တာကို သည်းခံပေးခဲ့တယ်။ ကျွန်မကို ဒီလိုမျိုး ဂရုစိုက်ပြီး ချစ်ခင်တဲ့ ခင်ပွန်းတစ်ယောက် ရထားတာကို ကျွန်မ အရမ်းကံကောင်းတယ်လို့ ထင်ခဲ့ပြီး ဒါနဲ့ ကျွန်မတို့ရဲ့ အိမ်ထောင်ရေးကို တန်ဖိုးထားဖို့ ဆုံးဖြတ်ခဲ့တာပေါ့။
၂၀၁၉ ခုနှစ် ကပ်ရောဂါကာလအတွင်းမှာ အမေက ကျွန်မကို ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ ဧဝံဂေလိတရား ဟောပြောခဲ့တယ်။ အဲဒီနောက်မှာတော့ ကျွန်မလည်း ကိုယ့်စွမ်းအားရှိသလောက်နဲ့ တာဝန်တစ်ခုကို စပြီး ထမ်းဆောင်ခဲ့တယ်လေ။ ကျွန်မခင်ပွန်းက ဘုရားမဲ့ဝါဒီတစ်ယောက်ဖြစ်ပြီး ဘုရားကိုယုံကြည်တဲ့အကြောင်း ပြောလိုက်တာနဲ့ ဒေါသထွက်တတ်တယ်။ နောက်ပြီးတော့ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်အပေါ် တရုတ်ကွန်မြူနစ်ပါတီရဲ့ ပြစ်တင်ရှုတ်ချမှုတွေ၊ ဖမ်းဆီးမှုတွေနဲ့ အသရေဖျက်မှုတွေကြောင့် သူက ကျွန်မ ဘုရားယုံကြည်တာကို အရမ်းကို ဆန့်ကျင်ခဲ့တယ်။ တစ်နေ့မှာ ညီအစ်ကိုမောင်နှမတွေ ကျွန်မတို့အိမ်မှာ စုဝေးနေတုန်း ကျွန်မခင်ပွန်းက ရုတ်တရက်ကြီး ပြန်ရောက်လာတယ်။ အဲဒီမှာ ညီအစ်ကိုမောင်နှမတွေကို တွေ့လိုက်တော့ သူက အကြီးအကျယ် ဒေါသထွက်သွားပြီး ရက်ရက်စက်စက် ခြိမ်းခြောက်တယ်၊ “နောက်တစ်ခါ ဒီလိုဖြစ်လို့ကတော့ ရဲခေါ်လိုက်မယ်” တဲ့။ အဲဒီလိုပြောပြီး သူ ဒေါနဲ့မောနဲ့ ထွက်သွားပြီး တံခါးကို ဆောင့်ပိတ်လိုက်တယ်။ ကျွန်မခင်ပွန်း ဒီလောက်ဒေါသထွက်တာ တစ်ခါမှမမြင်ဖူးဘူး။ သူက လုံးဝကို တခြားလူတစ်ယောက် ဖြစ်သွားသလိုပဲ။ ကျွန်မယုံကြည်ခြင်းကို ခင်ပွန်းက ဒီလောက်အတိုက်အခံလုပ်တာတွေ့တော့ ကျွန်မ တကယ်ကို လန့်သွားပြီး တွေးမိတယ်၊ “ငါဘာလုပ်သင့်လဲ။ သူ ငါတို့ကို နောက်တစ်ခါ မိသွားရင် ရဲ တကယ်ခေါ်လိုက်မှာလား။ ဒီည သူ အိမ်ပြန်ရောက်တဲ့အခါ ငါ့အပေါ် ပေါက်ကွဲတော့မှာလား။ ငါတို့ရဲ့ ဆက်ဆံရေးကို မထိခိုက်စေဘဲ သူ့ကို ဒါကို ဘယ်လို ရှင်းပြရမလဲ” လို့ပေါ့။ အဲဒီအချိန်မှာ အသင်းတော်ခေါင်းဆောင်တစ်ယောက်က သူ့ရဲ့ကိုယ်ပိုင်အတွေ့အကြုံနဲ့ဆက်စပ်ပြီး ကျွန်မနဲ့ မိတ်သဟာယဖွဲ့ရင်း အောက်ကဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ပြခဲ့တယ်။ “လူတို့အပေါ် ဘုရားသခင်လုပ်ဆောင်သည့် အလုပ်အဆင့်တိုင်းသည် အပြင်ပန်းအားဖြင့် လူ့စီစဉ်မှုများမှ သို့မဟုတ် လူတို့၏ နှောင့်ယှက်ခြင်းမှ ဖြစ်ပေါ်လာသည့်အလား လူအချင်းချင်းကြားရှိ အပြန်အလှန် ဆက်ဆံမှုများ ဖြစ်သည့်ပုံ ပေါ်၏။ သို့သော်လည်း လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်း၏ နောက်ကွယ်တွင် ဘုရားသခင်ရှေ့တွင် စာတန်ပြုလုပ်သည့် အလောင်းအစားတစ်ခုဖြစ်ပြီး ယင်းတို့သည် လူတို့အနေဖြင့် ဘုရားသခင်အတွက် မိမိ၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ဖို့ လိုအပ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ သဘောပေါက်သွားတယ်။ အပေါ်ယံမှာတော့ ကျွန်မခင်ပွန်းက ကျွန်မကို တားဆီးနေတယ်လို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ ဒါရဲ့နောက်ကွယ်မှာ စာတန်ရဲ့ ပရိယာယ်ရှိနေခဲ့တယ်။ စာတန်က ကျွန်မခင်ပွန်းရဲ့ ခြိမ်းခြောက်မှုကို အသုံးချပြီး ကျွန်မကို စိုးရိမ်ကြောက်လန့်စေတယ်၊ ကျွန်မတို့ရဲ့ဆက်ဆံရေးကို ထိန်းသိမ်းဖို့အတွက် ဘုရားသခင်နဲ့ ဝေးကွာသွားအောင်၊ ဘုရားသခင်ကို သစ္စာဖောက်အောင်၊ ပြီးတော့ ကျွန်မရဲ့ ယုံကြည်ခြင်းနဲ့ တာဝန်ကို စွန့်လွှတ်ပစ်အောင်တောင် လုပ်နေခဲ့တာပဲ။ ဘုရားသခင်ရဲ့ ခွင့်ပြုချက်နဲ့ ကျွန်မယောက်ျားက ကျွန်မတို့ စုဝေးနေတာကို မိသွားခဲ့တာပါ။ ဘုရားသခင်က အဲဒီအခြေအနေမှာ ကျွန်မရဲ့ သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ဖို့ မျှော်လင့်ခဲ့ပြီး ကျွန်မဟာ ဘုရားသခင်ဘက်မှာ ရပ်တည်ပြီး စာတန်ဆီမှာ အရှုံးမပေးရဘူး။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို နားလည်သွားတာနဲ့ ကျွန်မမှာ ယုံကြည်ခြင်းအသစ်တစ်ခု ရလာသလို ခံစားလိုက်ရတယ်။ ကျွန်မခင်ပွန်း အိမ်ပြန်ရောက်လာတဲ့အခါ တကယ်ကိုပဲ သူ အရမ်းစိတ်ဆိုးနေခဲ့တယ်။ သူက စောင့်ကြည့်ကင်မရာတွေ တပ်မယ်၊ သူ ကျွန်မကို နောက်တစ်ခါ မိရင် ရဲခေါ်ပြီး ကွာရှင်းပစ်မယ်လို့ ပြောတယ်။ သူအဲဒီလိုပြောတာတွေ ကြားလိုက်ရတော့ ကျွန်မ အရမ်းကို ဝမ်းနည်းသွားပြီး မျက်ရည်တွေက ထိန်းမနိုင်သိမ်းမရ ကျလာတယ်။ အဲဒီအချိန်မှာပဲ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ပြန်အမှတ်ရလိုက်တယ်။ “ဖြစ်ပျက်မှုတိုင်း၏ နောက်ကွယ်တွင် ဘုရားသခင်ရှေ့တွင် စာတန်ပြုလုပ်သည့် အလောင်းအစားတစ်ခုဖြစ်ပြီး ယင်းတို့သည် လူတို့အနေဖြင့် ဘုရားသခင်အတွက် မိမိ၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ဖို့ လိုအပ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်) စာတန်က ကျွန်မခင်ပွန်းကနေတစ်ဆင့် ကျွန်မကို ဘုရားသခင်ကို ဆက်မယုံကြည်တော့အောင် လုပ်နေတာပဲ။ သူ့ရဲ့ ဆိုးယုတ်တဲ့ အကြံအစည်ကို ကျွန်မ ထိုးထွင်းသိမြင်မှရမယ်။ ဒါနဲ့ ကျွန်မက ပြတ်ပြတ်သားသား ပြောလိုက်တယ်၊ “ကျွန်မယုံကြည်ခြင်းကြောင့် ရှင့်ကို ဒုက္ခရောက်စေမှာ စိုးရိမ်တယ်ဆိုရင် ကျွန်မက ရှင့်ကို ကျွန်မနဲ့ဆက်နေဖို့ အတင်းအကျပ်မလုပ်နိုင်ပါဘူး။ ရှင်က ကွာရှင်းချင်တယ်ဆိုရင်လဲ ကွာရှင်းလိုက်ပါ၊ ဘာလို့လဲဆိုတော့ ကျွန်မကတော့ ကျွန်မရဲ့ ယုံကြည်ခြင်းကို စွန့်လွှတ်လို့မရလို့ပဲ” လို့ပေါ့။ သူက ဒေါသထွက်လွန်းလို့ မျက်လုံးတွေ နီရဲလာပြီး ကုတင်ကို သူ့လက်သီးတွေနဲ့ ထုတော့တာပဲ။ အဲဒီအချိန်တုန်းက ခင်ပွန်းကို အလျှော့မပေးခဲ့ပေမဲ့ ကျွန်မစိတ်ထဲမှာတော့ ကွာရှင်းရမှာကို ကြောက်နေခဲ့သေးတယ်၊ ပြီးတော့ ကျွန်မရဲ့ယုံကြည်ခြင်းက ကျွန်မတို့ဆက်ဆံရေးကို အနှောင့်အယှက်ဖြစ်စေတာမျိုးလည်း မလိုလားခဲ့ဘူး။
ဘုရားသခင်ကို ကျွန်မ ယုံကြည်ကြောင်း သူသိသွားပြီးတဲ့နောက်မှာ ကျွန်မယောက်ျားက ကျွန်မကို ကောင်းကောင်းမွန်မွန် မဆက်ဆံတော့ဘဲ အချိန်ပြည့် ကျွန်မအပေါ် ပေါက်ကွဲတတ်ပြီး ကျွန်မရဲ့အမှားတွေကိုပဲ အပြစ်ရှာတတ်တယ်။ “တစ်နေ့လုံး အိမ်မှာ ဘာတွေလုပ်နေတာလဲ။ နင့်အသက်အရွယ်နဲ့ ဘုရားသခင်ကို ဘယ်လိုလုပ် ယုံကြည်နိုင်ရတာလဲ။ တခြားလူတွေရဲ့ မိန်းမတွေကို ကြည့်စမ်းပါဦး၊ တစ်နေ့လုံး အိမ်မှာ ဘာအရသာရှိတာတွေ ချက်ရမလဲဆိုတာ လေ့လာနေကြတယ်၊ အကုန်လုံးလည်း ချက်တတ်ကြတယ်။ အဲဒီတော့ နင်က ငါ့အတွက် ဘာအသုံးဝင်လို့လဲ။ ခွေးတစ်ကောင် မွေးထားတာတောင်မှ ပိုကောင်းဦးမယ်။ နင်က ပိုက်ဆံလည်း ကြိုးစားပြီးမရှာဘူး။ ငါတို့ကလေးက တစ်နေ့ကျရင် ကျောင်းတက်ရဦးမှာ၊ နေမကောင်းဖြစ်ရင်လည်း ဆေးကုဖို့ လိုဦးမှာ။ နင်က ပိုက်ဆံနည်းနည်းပါးပါး မစုထားရင် အသက်ကြီးလာတဲ့အခါ နင့်ဘုရားကိုပဲ နင့်ကို ထောက်ပံ့ခိုင်းလိုက်။ နင့်ရဲ့ ဘုရားယုံကြည်မှုကြောင့် နင် အဖမ်းခံရရင် ငါတို့ကလေး စစ်မှုထမ်းခွင့်နဲ့တက္ကသိုလ်ဝင်ခွင့်အခွင့်အလမ်းတွေကို ထိခိုက်လိမ့်မယ်။ တရုတ်ပြည်မှာက ကွန်မြူနစ်ပါတီကို နားထောင်ရတယ်၊ အားနည်းတဲ့သူက အားကြီးတဲ့သူကို မနိုင်ဘူး” တဲ့။ ခင်ပွန်းရဲ့ ဒီလို တရားမမျှတတဲ့ ဆက်ဆံမှုကို ခံရတော့ ကျွန်မ အရမ်းကို စိတ်ထိခိုက်ခဲ့ရတယ်။ ဘုရားသခင်ကို စယုံကြည်ပြီးတဲ့နောက်မှာ ကျွန်မဟာ အဘက်ဘက်မှာ နည်းနည်း ပြောင်းလဲခဲ့ပါတယ်။ အရင်တုန်းကတော့ ကျွန်မက အရမ်းတစ်ကိုယ်ကောင်းဆန်တယ်၊ ချက်ပြုတ်တာ၊ သပ်ရပ်အောင်လုပ်တာ၊ သန့်ရှင်းရေးလုပ်တာ ရှားတယ်၊ ပြီးတော့ သူ့အပေါ် ခဏခဏ ဒေါသထွက်တတ်တယ်။ အခုတော့ ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာတရားကို နားလည်လာတယ်၊ နောက်ပြီး ဘုရားနှုတ်ကပတ်တော်အတိုင်း လက်တွေ့လုပ်ဆောင်တဲ့အတွက် ပုံမှန်လူ့သဘာဝအတိုင်း တဖြည်းဖြည်းချင်း နေထိုင်နိုင်ခဲ့တယ်။ ဘုရားကိုမယုံကြည်ခင်က ကျွန်မရှာသမျှပိုက်ဆံကို အလှကုန်ပစ္စည်းတွေဝယ်တာနဲ့ အလှအပပြင်ဆင်တာတွေမှာပဲ သုံးခဲ့တယ်။ ဘုရားကိုယုံကြည်ပြီးတဲ့နောက်မှာလည်း အလုပ်လုပ်တုန်းပါပဲ၊ ပိုက်ဆံနည်းနည်းပဲ ရှာနိုင်ပေမဲ့ တတ်နိုင်သလောက် ချွေတာဖို့ ကြိုးစားခဲ့ပြီး ကျွန်မရဲ့ လစာအားလုံးကို မိသားစုရဲ့ နေထိုင်စားသောက်စရိတ်တွေအတွက် သုံးခဲ့တယ်။ ဒီလိုဆိုရင် သူက ကျွန်မ ပိုက်ဆံမရှာတော့ဘူးလို့ ဘယ်လိုလုပ် ပြောနိုင်ရတာလဲ။ ဒါပေမဲ့ ကျွန်မခင်ပွန်းရဲ့ နှလုံးသားက သံမဏိလိုပဲ မာကျောနေပုံရပြီး ကျွန်မဆီက ဘယ်လိုပြောင်းလဲမှုကိုမှ လုံးဝ သတိမထားမိခဲ့ဘူး။ သူက “ငါ နင့်ခြေထောက်တွေကို ရိုက်ချိုးပြီး အိမ်မှာ သော့ခတ်ထားလိုက်မယ်၊ အဲဒီအခါကျမှ နင် ဘုရားသခင်ကို ယုံကြည်သေးလား ကြည့်ကြသေးတာပေါ့” လို့တောင် ခြိမ်းခြောက်ခဲ့တယ်။ တစ်ခါတုန်းကဆိုရင် သူက ကျွန်မလည်ပင်းကို ဆွဲညှစ်ပြီး ပြောတယ်၊ “နင့်ကို ငါလည်ပင်းညှစ်သတ်လိုက်မယ်၊ ပြီးရင် နင့်ဘုရားသခင်က နင့်ကို လာကယ်လား မကယ်လား ကြည့်ကြသေးတာပေါ့” တဲ့။ အဲဒီညမှာ ခင်ပွန်းက အရင်တုန်းက ကျွန်မအပေါ် ဘယ်လောက်ဂရုစိုက်ခဲ့သလဲ၊ အခုကျတော့ ကျွန်မ ဘုရားကိုယုံကြည်တဲ့အတွက်နဲ့ နေ့တိုင်း ကျွန်မရဲ့အပြစ်ကိုပဲ ရှာနေတယ်ဆိုတာကို တွေးမိရင်း ကျွန်မ မတရားခံရတယ်လို့ ခံစားရပြီး ရှိုက်ကြီးတငင် ငိုကြွေးမိတော့တယ်။ နောက်တစ်နေ့မနက်မှာ ငိုထားလို့ ကျွန်မမျက်လုံးတွေက ဖူးရောင်နေတုန်းပဲ၊ ဒါပေမဲ့ ခင်ပွန်းက ကျွန်မကို မြင်တော့ ဘာတုံ့ပြန်မှုမှ မရှိခဲ့ဘူး။ ကျွန်မသာ ဘုရားကိုမယုံကြည်ခဲ့ရင် ခင်ပွန်းက ကျွန်မကို ဒီလိုဆက်ဆံမှာမဟုတ်ဘူးလို့ တွေးမိတဲ့အခါ ကျွန်မ နည်းနည်းတွေဝေသွားတယ်။ ဒါပေမဲ့ ဘုရားသခင်က လူသားတွေကို ကယ်တင်ဖို့ သူ့အမှုကို လာလုပ်ဆောင်ဖို့ ကြွလာခဲ့တာကို ပြန်စဉ်းစားမိတယ်။ ကျွန်မဟာ ယုံကြည်ခြင်းကို ကောင်းကောင်းလက်တွေ့လုပ်ဆောင်ပြီး လမ်းကြောင်းမှန်ကို လျှောက်လှမ်းဖို့လိုတယ်။ ဒါကြောင့် ခင်ပွန်းအတွက်နဲ့ ယုံကြည်ခြင်းကို စွန့်လွှတ်လို့မဖြစ်ဘူးဆိုတာ သိလိုက်တယ်။ ဒါပေမဲ့လည်း ဒီအိမ်ထောင်ရေးကိုလည်း မဆုံးရှုံးချင်ဘူး။ အဲဒီနောက်မှာတော့ ကျွန်မတို့ရဲ့ ဆက်ဆံရေးကို သတိတကြီးနဲ့ ထိန်းသိမ်းခဲ့ပြီး ကျွန်မခင်ပွန်း အကြိုက်လိုက်ဖို့ နည်းလမ်းတွေကို စဉ်းစားခဲ့တယ်။ ခင်ပွန်းက ကျွန်မရဲ့ယုံကြည်ခြင်းကို မနှစ်မြို့ဘူးဆိုတာ သိလို့ ဘုရားနှုတ်ကပတ်တော်စာအုပ်တွေကို သူ မမြင်အောင် ကြိုးစားပြီး ဝှက်ထားခဲ့တယ်၊ စုဝေးပွဲတွေပြီးရင်လည်း အခန်းကို သန့်ရှင်းရေး လုပ်ပြီး စုဝေးပွဲရဲ့ခြေရာလက်ရာ နည်းနည်းလေးမှ မကျန်အောင် ရှင်းလင်းခဲ့တယ်။ ကျွန်မကလေးကို စောင့်ရှောက်ရလို့ ဘယ်လောက်ပဲ ပင်ပန်းနေပါစေ အိမ်သန့်ရှင်းရေးလုပ်ဖို့နဲ့ အစားအစာတွေ ချက်ပြုတ်ဖို့ အချိန်ကို အမြဲပေးခဲ့တယ်။ ကျွန်မရဲ့ဝတ်ပြုခြင်းတွေကို ခင်ပွန်းအိမ်မှာမရှိတဲ့အချိန်မှပဲ လုပ်တယ်၊ သူက ကျွန်မကို အပြစ်ရှာမှာစိုးလို့ပါ။ တစ်ခါတလေ ခင်ပွန်းက ညဘက် အချိန်ပိုဆင်းတဲ့အခါ အခွင့်အရေးယူပြီး ဘုရားနှုတ်ကပတ်တော်ကို ဖတ်တယ်၊ ဒါပေမဲ့ သူ စောစောပြန်လာမှာကို စိုးရိမ်နေလို့ အာရုံစိုက်လို့ မရခဲ့ဘူး။ တံခါးဝကို နားတစ်ဖက်က အမြဲစွင့်ထားခဲ့ရပြီး တံခါးပွင့်လာတာနဲ့ ကွန်ပျူတာကို အသည်းအသန် ပိတ်ပြီး ကျွန်မစာအုပ်တွေကို သိမ်းလိုက်တယ်။ အဲဒီနောက်မှာ ကျွန်မခင်ပွန်းက ကျွန်မ ယုံကြည်ခြင်းကို လက်တွေ့လုပ်ဆောင်တာ ဒါမှမဟုတ် ဘုရားနှုတ်ကပတ်တော်တွေ ဖတ်တာကို နောက်တစ်ခါ မမိတော့ဘဲ ကျွန်မအပေါ်ထားတဲ့ သူ့ရဲ့သဘောထားလည်း တဖြည်းဖြည်း ကောင်းလာတယ်။ ၂၀၂၁ ခုနှစ်မှာ ကျွန်မကလေး နည်းနည်းကြီးလာတော့ ယောက္ခမက သူ့ကို စပြီးစောင့်ရှောက်ပေးခဲ့လို့ ကျွန်မက လူသစ်တွေ ရေလောင်းပေးတာကို စလုပ်နိုင်ခဲ့တယ်။ ခဏအကြာမှာ ကျွန်မကို ရေလောင်းပေးတဲ့ သင်းထောက်အဖြစ် ရွေးချယ်ခဲ့တယ်။ ကျွန်မရဲ့ တာဝန်မှာ ဝန်တာတချို့ ထားရှိခဲ့လို့ ၂၀၂၃ ခုနှစ် မတ်လမှာ အသင်းတော်ခေါင်းဆောင်အဖြစ် ရွေးချယ်ခံခဲ့ရတယ်။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျွန်မက စုဝေးပွဲတွေ ကျင်းပရပြီး ကျွန်မရဲ့ အလုပ်တာဝန်က တိုးလာခဲ့တယ်။ တစ်ခါတလေ ညဘက်မှာ စာတွေကနေတစ်ဆင့် မေးခွန်းတွေကို ပြန်ဖြေပေးရတာမျိုးတွေ ရှိတယ်၊ ဒါပေမဲ့ ညဘက်မှာ အဲဒါတွေကို တကယ် မကိုင်တွယ်ရဲခဲ့ဘူး။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ငါ ယုံကြည်ခြင်းကို လက်တွေ့လုပ်ဆောင်နေတုန်း၊ ငါ့တာဝန်ကို ထမ်းဆောင်နေတုန်းဆိုတာကို သူ မသိဘူး။ ငါတို့ရဲ့ ဆက်ဆံရေးက အခုမှ စပြီး ကောင်းလာရုံရှိသေးတာ၊ ငါက ဆက်ယုံကြည်နေတုန်း၊ တာဝန်ထမ်းဆောင်နေတုန်းဆိုတာ သူသိသွားရင် အရင်ကလို တစ်နေ့လုံး ငါ့အမှားတွေကိုပဲ ထိုင်အပြစ်ရှာတဲ့ အခြေအနေကို ပြန်ရောက်သွားမှာ မဟုတ်ဘူးလား။ ညဘက် အလုပ်မလုပ်နိုင်လည်း ကိစ္စမရှိပါဘူး၊ နေ့ဘက်မှာ အလုပ်ပိုလုပ်လိုက်မယ်ပေါ့” လို့ပေါ့။ ညဘက်မှာ စာတွေကို မပြန်ရဲတာနဲ့ နေ့တိုင်း စုဝေးပွဲတွေ ရှိနေတာကြောင့် မဖတ်ရသေးတဲ့ စာတွေက စပြီးပုံလာခဲ့တယ်။ အသင်းတော်ရဲ့ သန့်စင်ခြင်းနဲ့ နှင်ထုတ်ခြင်းအလုပ်က ဆက်ပြီး နှောင့်နှေးနေခဲ့သလို ကျွန်မတို့ရဲ့ ဧဝံဂေလိအလုပ် တိုးတက်မှုကလဲ နှေးကွေးသွားခဲ့တယ်။ ဒီအရာတွေအားလုံးအတွက် ကျွန်မကိုယ်တိုင်လည်း အရမ်းစိုးရိမ်ပူပန်ခဲ့တယ်၊ ကျွန်မ တွေးမိတယ်၊ “ငါ့ယောက္ခထီးနဲ့ ယောက္ခမက ငါတို့နဲ့အတူ နေနေကြတော့ ငါ့ယုံကြည်ခြင်းအကြောင်း သူတို့သိသွားပြီး ငါ့ကိုနှောင့်ယှက်ဖို့ ခင်ပွန်းနဲ့ ပူးပေါင်းလိုက်ရင်၊ ဒါမှမဟုတ် ငါ့အမျိုးသားကို ငါနဲ့ကွာရှင်းဖို့ တိုက်တွန်းရင် ဘယ်လိုလုပ်မလဲ” ပေါ့။ အဲဒီအိမ်ထောင်ရေးကို ကျွန်မ မဆုံးရှုံးချင်ခဲ့ဘူး၊ ဒါကြောင့် ကျွန်မရဲ့ တာဝန်ကို ထမ်းဆောင်နေတုန်းမှာ ဘောင်ခတ်ခံထားရတယ်လို့ ခံစားခဲ့ရတယ်။
တစ်ခါမှာ စုဝေးပွဲတစ်ခုအတွင်းမှာ ဒီဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မကြားခဲ့တယ်။ “အချို့သောသူတို့သည် အိမ်ထောင်ပြုသည်နှင့်တစ်ပြိုင်နက် အိမ်ထောင်ရေး သုခချမ်းသာအတွက် မိမိတို့၏ အားအင်အလုံးစုံကို အသုံးပြုကာ ကြိုးပမ်းရန်၊ ရုန်းကန်ရန်နှင့် ပင်ပန်းကြီးစွာ အလုပ်လုပ်ရန် ပြင်ဆင်ကြလေသည်။ အချို့ကမူ မိမိတို့၏ မိသားစုကို ထောက်ပံ့ရန် ငွေရှာနိုင်ရေးအတွက် ဒုက္ခဆင်းရဲကို မမောမပန်း ခါးစည်းခံကာ အရိုးကြေကြေ အရေခမ်းခမ်း အလုပ်လုပ်ကြ၏။ ထို့ပြင် မိမိတို့၏ ဘဝတစ်သက်တာ သုခချမ်းသာကို အိမ်ထောင်ဖက်အပေါ်၌ အပ်နှံကြသော လူအများအပြားပင် ရှိကြသေးသည်မှာ အမှန်ပင်ဖြစ်၏။ ဘဝတွင် ၎င်းတို့ ပျော်ရွှင်ဝမ်းမြောက်ခြင်းရှိမရှိဟူသည်မှာ ၎င်းတို့၏ လက်တွဲဖော်က မည်သည့်ပုံစံရှိမည်၊ သူက လူကောင်းတစ်ယောက် ဟုတ်မဟုတ်၊ သူ၏ ပင်ကိုစရိုက်နှင့် စိတ်ဝင်စားမှုတို့က ၎င်းတို့နှင့် ကိုက်ညီခြင်းရှိမရှိ၊ သူသည် ပိုက်ဆံရှာနိုင်ပြီး မိသားစုတစ်စုကို စီမံနိုင်သည့်သူ ဟုတ်မဟုတ်၊ အနာဂတ်တွင် ၎င်းတို့အတွက် အခြေခံ မရှိမဖြစ် လိုအပ်ချက်များကို သေချာစေနိုင်ပြီး ၎င်းတို့အား ပျော်ရွှင်သော၊ တည်ငြိမ်သော၊ နှစ်သက်ဖွယ်ကောင်းသော မိသားစုတစ်စုကို ပေးနိုင်သူဟုတ်မဟုတ်၊ ဝေဒနာ၊ ဆင်းရဲဒုက္ခ၊ ကျရှုံးမှု၊ သို့မဟုတ် အဆင်မပြေမှုတစ်ခုခုကို ကြုံရသည့်အခါတွင် ၎င်းတို့ကို နှစ်သိမ့်ပေးနိုင်သူဟုတ်မဟုတ်တို့အပေါ်တွင် မူတည်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ဤအရာများကို အတည်ပြုရန်အတွက် ၎င်းတို့သည် အတူတကွနေစဉ်တွင် ၎င်းတို့၏ လက်တွဲဖော်ကို အထူးအာရုံစိုက်ကြသည်။ ၎င်းတို့သည် အလွန်ဂရုစိုက်ပြီး အာရုံစိုက်ခြင်းဖြင့် ၎င်းတို့ လက်တွဲဖော်၏ အတွေး၊ အမြင်၊ စကား၊ အပြုအမူ၊ သူ၏ လှုပ်ရှားမှုတိုင်းနှင့် သူ၏ အားသာချက်၊ အားနည်းချက်တိုင်းကိုပါ ကြည့်ရှုလေ့လာပြီး မှတ်သားကြသည်။ ၎င်းတို့သည် ဘဝတွင် ၎င်းတို့၏ လက်တွဲဖော်က ဖွင့်ပြသည့် အတွေးများ၊ အမြင်များ၊ စကားများ၊ အပြုအမူများအားလုံးကို အသေးစိတ် မှတ်မိကြသည်။ ဤသို့ဖြင့် ၎င်းတို့၏ လက်တွဲဖော်ကို ပို၍ နားလည်နိုင်ကြသည်။ တစ်ချိန်တည်းတွင် ၎င်းတို့၏ လက်တွဲဖော်က ၎င်းတို့ကို ပို၍ နားလည်ပေးရန်လည်း မျှော်လင့်ကြသည်။ ၎င်းတို့သည် အချင်းချင်း ချုပ်ထိန်းနိုင်ရန်၊ သို့မဟုတ် တစ်စုံတစ်ခုဖြစ်ပျက်သောအခါတိုင်းတွင် ၎င်းတို့၏ လက်တွဲဖော်ရှေ့တွင် ပေါ်လာသော ပထမဆုံးသောသူဖြစ်နိုင်ရန်၊ သူ့ကို ကူညီသည့် ပထမဆုံးသူဖြစ်ရန်၊ သူ့အတွက် ရပ်တည်ပြီး ပံ့ပိုးသည့်၊ အားပေးသည့်၊ သူ၏ ခိုင်မာသော အထောက်အပံ့ဖြစ်သည့် ပထမဆုံးသောသူဖြစ်ရန်အတွက် ၎င်းတို့၏ လက်တွဲဖော်ကို ၎င်းတို့၏ စိတ်နှလုံးထဲတွင် နေရာယူခွင့်ပေးပြီး ၎င်းတို့ လက်တွဲဖော်၏ စိတ်နှလုံးထဲသို့လည်း မိမိတို့ဘာသာ နေရာယူကြသည်။ ဤသို့သော အသက်ရှင်နေထိုင်မှု အခြေအနေတစ်ခုတွင် ခင်ပွန်းနှင့် ဇနီးသည် ၎င်းတို့၏ လက်တွဲဖော်က မည်သို့သောသူမျိုးဖြစ်သည်ကို ပိုင်းခြားသိမြင်ဖို့ ကြိုးစားလေ့မရှိဘဲ ၎င်းတို့၏ လက်တွဲဖော်အပေါ်ရှိသည့် ၎င်းတို့၏ ခံစားချက်သက်သက်ဖြင့်သာ အသက်ရှင်နေထိုင်ကြသည်။ ၎င်းတို့၏ လက်တွဲဖော်ကို ဂရုစိုက်ရန်၊ သည်းခံရန်၊ သူ၏ အမှားများ၊ အားနည်းချက်များ၊ လိုက်စားမှုများအားလုံးကို ကိုင်တွယ်ရန် ၎င်းတို့၏ ခံစားချက်များကို အသုံးပြုကြသည်။ ၎င်းတို့ အလိုရှိသည့်အချိန်တိုင်းတွင် လုပ်ဆောင်ပေးသည်အထိပင်ဖြစ်သည်။ ဥပမာအနေဖြင့် ညီအစ်မတစ်ဦးက စုဝေးပွဲမှ ပြန်လာပြီး သူမ၏ ခင်ပွန်းက ‘သင်၏စုဝေးပွဲက ကြာလွန်းသည်။ နာရီဝက်သာသွားပြီး အိမ်ပြန်လာခဲ့တော့’ ဟု ဆိုသည်။ သူမက ‘ကျွန်မ တတ်နိုင်သလောက် ကြိုးစားပါမည်’ ဟု တုံ့ပြန်သည်။ အသေအချာပင် နောက်တစ်ကြိမ်တွင် သူမသည် စုဝေးပွဲသို့ နာရီဝက်သွားပြီး အိမ်ပြန်လာသည်။ ယခုတွင် သူမ၏ ခင်ပွန်းက ‘ထိုသို့သာ ဖြစ်ရမည်။ နောက်တစ်ကြိမ်တွင် သင့်မျက်နှာကိုသာ သွားပြပြီး ပြန်လာခဲ့လိုက်ပါ’ ဟု ပြောသည်။ သူမက ‘အို ရှင် ကျွန်မကို ထိုမျှ လွမ်းသည်လော။ ကောင်းပြီ၊ အတတ်နိုင်ဆုံးလုပ်လိုက်ပါမည်’ ဟု ပြောသည်။ အသေအချာပင် စုဝေးပွဲသို့ သူမသွားသည့် နောက်တစ်ကြိမ်တွင် သူ့ကို စိတ်မပျက်စေပေ။ ဆယ်မိနစ်ခန့်တွင် အိမ်သို့ ပြန်လာသည်။ သူမ၏ ခင်ပွန်းက အလွန်ကျေနပ်အားရပြီး ပျော်ရွှင်လေသည်။ သူသည် သူမကို အရှေ့သို့ သွားစေလိုလျှင် သူမက အနောက်သို့ မသွားရဲပေ။ သူသည် သူမကို ရယ်စေလိုလျှင် သူမက မငိုရဲပေ။ သူမက ဘုရားနှုတ်ကပတ်တော်ဖတ်ပြီး ဓမ္မသီချင်းများအား နားထောင်သည်ကို သူ မြင်ပြီး မနှစ်သက်ဘဲ ရွံရှာကာ ‘တစ်ချိန်လုံး ဤစာများကို ဖတ်ပြီး ဤသီချင်းများကို ဆိုနေခြင်းသည် အဘယ် အသုံးဝင်သနည်း။ ကျွန်ုပ် အိမ်တွင် ရှိနေစဉ် ဤစာများကို မဖတ်ဘဲ၊ ထိုသီချင်းများကို မဆိုဘဲ နေ၍မရသလော’ ဟု ပြောသည်။ သူမသည် ချက်ချင်းပင် သဘောတူလိုက်ပြီး ထို့နောက်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရန် သို့မဟုတ် ဓမ္မတေးများကို နားထောင်ရန် နောက်တစ်ဖန် မဝံ့တော့ချေ။ သူမခင်ပွန်း၏ တောင်းဆိုချက်များက သူသည် သူမ ဘုရားသခင်ကို ယုံကြည်သည်ကို မနှစ်သက်ကြောင်း၊ ဘုရားသခင်၏နှုတ်ကပတ်တော်များ ဖတ်ရှုသည်ကိုမူ သာ၍ပင် မနှစ်သက်ကြောင်းကို နောက်ဆုံး၌ သူမအား နားလည်သဘောပေါက်စေခဲ့သည်၊ ထို့ကြောင့် သူ အိမ်၌ရှိနေသည့်အခါ သူမသည် သူနှင့်အတူ တီဗီကြည့်ကာ စားသောက်စကားပြော၍၊ သူ၏ မကျေနပ်ချက်များ ရင်ဖွင့်သည်ကိုပင် နားထောင်ပေးလျက် သူ့အား အဖော်ပြုလေသည်။ သူမသည် သူပျော်သရွေ့ မည်သည့်အရာကိုမဆို လုပ်ဆောင်မည်ဖြစ်သည်။ ဤအရာများသည် အိမ်ထောင်ဘက်တစ်ယောက်က ဖြည့်ဆည်းသင့်သည့် တာဝန်များဖြစ်သည်ဟု သူမ ယုံကြည်သည်။ ဤသို့ဆိုလျှင် သူမသည် ဘုရားနှုတ်ကပတ်တော်ကို မည်သည့်အချိန်၌ ဖတ်သနည်း။ သူမ၏ခင်ပွန်း အပြင်ထွက်သွားသည့်အချိန်မှသာလျှင် သူမသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ခဏတာ ဖတ်ရှုဝံ့သည်၊ သို့သော် တံခါးမှ အသံတစ်ခု ကြားလိုက်သည်နှင့်တစ်ပြိုင်နက် သူမသည် ဆက်လက်ဖတ်ရှုရန် အလွန်ကြောက်ရွံ့နေလေသည်။ သူမသည် ခင်ပွန်းဖြစ်သူ ရုတ်တရက် ပြန်လာမည်ကို ကြောက်ရွံ့လျက် အမြဲ ရင်တထိတ်ထိတ်နှင့် ရှိနေပြီး သူမ၏ စိတ်နှလုံးသည် အလွန် ဂနာမငြိမ်ဖြစ်နေသဖြင့် မည်သို့ပင် ကြိုးစားစေကာမူ ငြိမ်သက်အောင် မလုပ်နိုင်ပေ။ သူမသည် ဘုရားသခင်ထံ ဆုတောင်းသောအခါတွင်လည်း အဘယ်အရာ ပြောရမည်ကို မသိပေ။ ဘုရားသခင်ကို ယုံကြည်ခြင်း ကင်းမဲ့ကြောင်း၊ ခင်ပွန်းကို ကြောက်ရွံ့ကြောင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရန် စိတ်နှလုံးကို ငြိမ်သက်အောင် မလုပ်နိုင်ကြောင်းတို့ကို ပြောမထွက်နိုင်ဟု သူမ ခံစားရသည်။ သူမထံတွင် ကိုယ်တော့်အား ပြောစရာ တစ်ခုမျှ မရှိပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသောအခါ သူမသည် နှလုံးမသွင်းနိုင်ပေ၊ ထိုနှုတ်ကပတ်တော်များကို ဆင်ခြင်သုံးသပ်ရန် သူမ၏ စိတ်နှလုံးကို ငြိမ်သက်အောင် မလုပ်နိုင်ပေ။ သူမ၏စိတ်သည် ထိတ်ထိတ်ပျာပျာနှင့် ဂနာမငြိမ် ဖြစ်နေသည်။ ထို့ကြောင့် နောက်ဆုံးတွင် သူမသည် မိမိ၏ ဝိညာဉ်ရေးရာ ဆက်ကပ်ခြင်းများကို တစ်ကြိမ် လွတ်သွားပါက အရေးကြီးသည့်ကိစ္စမဟုတ်ဟု တွေးထင်လျက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းအား ရပ်လိုက်လေသည်။ သင် မည်သို့ထင်သနည်း။ ဘဝက သူမအတွက် ကောင်းမွန်နေသလော။ (မဟုတ်ပါ။) ဤသည်မှာ အိမ်ထောင်ရေးဆိုင်ရာ စိတ်သောက၊ သို့မဟုတ် အိမ်ထောင်ရေး သာယာပျော်ရွှင်မှုလော။ (စိတ်သောက ဖြစ်သည်။)” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၁)) ဘုရားနှုတ်ကပတ်တော်က ကျွန်မရဲ့အခြေအနေကို အတိအကျ ဖော်ထုတ်ခဲ့တယ်။ လူတွေက ယုံကြည်ခြင်းကို လက်တွေ့လုပ်ဆောင်ပြီး သူတို့ရဲ့ တာဝန်တွေကို ထမ်းဆောင်တာဟာ လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတတယ်။ ဒါပေမဲ့ ကျွန်မခင်ပွန်းက ကျွန်မကို တားဆီးတဲ့အခါမှာတော့ ကျွန်မတို့ရဲ့ ဆက်ဆံရေးကို ထိန်းသိမ်းဖို့၊ သူ့ရဲ့ ဂရုစိုက်မှုနဲ့ အလေးထားမှုကို ဆက်ပြီး ခံစားနိုင်ဖို့နဲ့ ပြီးတော့ ကျွန်မရဲ့အိမ်ထောင်ရေးကို မဆုံးရှုံးဖို့အတွက် ကျွန်မရဲ့ တာဝန်ကို ဘေးဖယ်ထားဖို့ ဂရုမထားဘဲ သူ့အကြိုက်လိုက်ဖို့ ကျွန်မ တတ်နိုင်သမျှ အရာအားလုံးကို လုပ်ခဲ့တယ်။ ကျွန်မအမျိုးသားက ကျွန်မ ယုံကြည်ခြင်းကို ကျင့်သုံးတာ မကြိုက်လို့ သူအိမ်မှာရှိနေတုန်း ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ မစားသောက်ဝံ့ခဲ့ဘူး၊ သူအိမ်ပြန်ရောက်လာသံကြားတာနဲ့ လန့်ပြီး စာအုပ်တွေကို အသည်းအသန် ဝှက်ထားလိုက်တယ်။ ကျွန်မအမျိုးသားသာမရှိရင် ညနေပိုင်း အိမ်ပြန်ရောက်တဲ့အခါ ပုံမှန် ဝတ်ပြုတာတွေ လုပ်နိုင်မယ်၊ ကိုယ့်အလုပ်ထဲက အမှားတွေကို သုံးသပ်နိုင်မယ်၊ ကိုယ့်ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းဖို့ ဘုရားနှုတ်ကပတ်တော်ကို စားသောက်နိုင်ပြီး ပြီးတော့ ကျွန်မရဲ့ အသက်တာက ပိုမြန်မြန် ကြီးထွားလာမှာပဲ။ ဒါက ကျွန်မရဲ့ တာဝန်အတွက်လဲ အကျိုးရှိမှာပဲ။ ဒါပေမဲ့ ကျွန်မရဲ့ ပျော်ရွှင်တဲ့အိမ်ထောင်ရေးကို ထိန်းသိမ်းဖို့အတွက် ကျွန်မရဲ့တာဝန်နဲ့ သမ္မာတရား လိုက်စားခြင်းကို ဘေးဖယ်ထားခဲ့ပြီး အိမ်မှာ ဝတ်ပြုတာကို မလုပ်သလောက်နီးပါး ဖြစ်ခဲ့တယ်။ ဆိုးယုတ်တဲ့လောကီရေစီးကြောင်းတချို့ကို ကျွန်မ မတွန်းလှန်နိုင်တဲ့အတွက် ဘာသာတရားမရှိသူတွေရဲ့ ဗီဒီယိုတွေ၊ ရုပ်ရှင်တွေကြည့်ရင်း မကြာမကြာ နစ်မျောနေတတ်တယ်၊ ဘုရားသခင်နဲ့ ကျွန်မရဲ့ဆက်ဆံရေးက ဝေးကွာသွားပြီး ကျွန်မရဲ့ အသက်ဝင်ရောက်မှုလည်း ထိခိုက်ပျက်စီးခဲ့တယ်။ ပြီးတော့လည်း ညဘက်မှာ စာတွေကို အချိန်မီ မပြန်နိုင်ခဲ့ဘူး။ ဒါကြောင့် အလုပ်တွေအများကြီး နှောင့်နှေးခဲ့ပြီး ခေါင်းဆောင်က လာစစ်ဆေးပြီး ဖိအားပေးတဲ့အထိ မပြီးစီးခဲ့ဘူး။ ကျွန်မဟာ ကိုယ့်ကိုယ်ကိုယ်ပဲ ဂရုစိုက်ခဲ့တယ်ဆိုတာ မြင်ခဲ့ရတယ်။ ကျွန်မရဲ့အိမ်ထောင်ရေးကို ထိန်းသိမ်းထားနိုင်သရွေ့ အသင်းတော်ရဲ့အကျိုးစီးပွား ထိခိုက်မှာကိုတောင် ဂရုမစိုက်ခဲ့ဘူး၊ အကျိုးဆက်အနေနဲ့ အစီအစဉ်တွေအများကြီး နှောင့်နှေးခဲ့တယ်။ ကျွန်မဟာ တကယ်ကို အသိစိတ်နဲ့ ဆင်ခြင်တုံတရား ကင်းမဲ့ပြီး အရမ်းကို တစ်ကိုယ်ကောင်းဆန်ခဲ့တယ်၊ စက်ဆုပ်စရာကောင်းခဲ့တယ်။
အဲဒီနောက်မှာတော့ ကျွန်မ အောက်ကနှုတ်ကပတ်တော်တစ်ပိုဒ်ကို တွေ့ခဲ့တယ်။ “သင့်အနေဖြင့် သင်၏ တာဝန်များကို ဖြည့်ဆည်းတတ်ဖို့ သင်ယူနိုင်ရန်၊ အခြားလူတစ်ယောက်နှင့် အတူတကွ ငြိမ်းချမ်းစွာနေထိုင်ပြီး ဘဝကို အတူတကွမျှဝေတတ်ဖို့ သင်ယူနိုင်ရန်၊ သင်၏ လက်တွဲဖော်နှင့် အတူမျှဝေခံစားသည့် ဘဝက အဘယ်ကဲ့သို့ဖြစ်သည်ဆိုသည်နှင့် သင်တို့အတူတကွ ကြုံတွေ့သည့် အရာများအားလုံးအား မည်သို့ကိုင်တွယ်ရမည်ဆိုသည်တို့ကို တွေ့ကြုံခံစားပြီး သင်၏ ဘဝကို ပို၍ကြွယ်ဝကာ ပို၍ ထူးခြားစေနိုင်ရန်အလို့ငှာ သင့်အတွက် အိမ်ထောင်ကို ဘုရားသခင်က အမိန့်ဖြင့်ပြဋ္ဌာန်းပေးခဲ့သည်။ သို့ရာတွင် သူသည် သင့်အား အိမ်ထောင်ထံသို့ လွှဲအပ်လိုက်ခြင်းမရှိပေ။ ပြီးလျှင် သင့်အား သင်၏ လက်တွဲဖော်ထံသို့ သူ၏ကျွန်ဖြစ်ရန် ရောင်းမစားသည်မှာ အမှန်ပင်ဖြစ်သည်။ သင်သည် သူ၏ ကျွန်မဟုတ်ပေ။ သူသည်လည်း သင်၏ သခင်မဟုတ်ပေ။ သင်တို့သည် တန်းတူညီမျှ ဖြစ်ကြသည်။ သင်သည် သင်၏ ဘဝလက်တွဲဖော်အတွက် ဇနီးသည်တစ်ဦး (သို့မဟုတ် ခင်ပွန်း)၏ တာဝန်သာရှိပြီး ဤတာဝန်များကို သင် ကောင်းမွန်စွာ ဖြည့်ဆည်းသည့်အခါတွင် ဘုရားသခင်က သင့်အား စံနှုန်းပြည့်မီသော ဇနီးတစ်ဦး (ခင်ပွန်း)အဖြစ် သတ်မှတ်လေသည်။ သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာတရားကို လိုက်စားလျှင်၊ သင့်တာဝန်ကို ထမ်းဆောင်နိုင်လျှင်၊ စုဝေးပွဲများကို မကြာခဏ တက်နိုင်လျှင်၊ ဘုရားနှုတ်ကပတ်တော်ကို ဆုတောင်းရင်းဖြင့် ဖတ်ရှုပြီး ဘုရားရှေ့သို့ လာနိုင်လျှင် ဤအရာများသည် ဘုရားသခင် လက်ခံသောအရာများဖြစ်ပြီး ဖန်ဆင်းခံတစ်ယောက် လုပ်ဆောင်သင့်သည့်အရာများဖြစ်ကာ ဖန်ဆင်းခံတစ်ယောက် နေထိုင်သင့်သည့် သာမန်ဘဝဖြစ်သည်။ ဤအရာနှင့်ပတ်သက်ပြီး ရှက်ဖွယ်ကောင်းသည့်အရာမရှိသကဲ့သို့ ဤသို့သောဘဝမျိုးကို နေထိုင်ရသောကြောင့် သင်၏ လက်တွဲဖော်အပေါ် တစ်ခုတလေ အကြွေးတင်သည်ဟုလည်း မခံစားရပေ။ သင်သည် သူ့အပေါ် မည်သည့်အရာမျှ အကြွေးမတင်ပေ။...ဇာတိပကတိဆိုင်ရာ လောက၏ ဆက်ဆံရေးများအရ သင်၏ မိဘများမှလွဲပြီး ဤကမ္ဘာလောက၌ သင်နှင့် အနီးစပ်ဆုံးသူသည် သင်၏ အိမ်ထောင်ဘက်ဖြစ်သည်။ သို့တိုင်အောင် ဘုရားသခင်ကို သင် ယုံကြည်ရုံဖြင့် သူသည် သင့်အား ရန်သူတစ်ယောက်ကဲ့သို့ ဆက်ဆံပြီး သင့်အား တိုက်ခိုက်၊ ဖိနှိပ်သည်။ သူသည် သင်တို့ စုဝေးပွဲများ တက်ရောက်ခြင်းကို ကန့်ကွက်၏။ သူသည် အတင်းအဖျင်း တစ်စုံတစ်ရာ ကြားလျှင် အိမ်သို့ပြန်လာကာ သင့်ကို ချက်ချင်းပင် ဆူပူကြိမ်းမောင်း၍ ရိုက်နှက်၏။ သင် အိမ်၌ ဆုတောင်းနေ၍ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုနေ၍ သူ၏ သာမန်အသက်တာကို လုံးဝ မထိခိုက်စေသည့်အခါ၌ပင် သူသည် သင့်ကို ဆူပူကြိမ်းမောင်း၍ ဆန့်ကျင်မည်ဖြစ်ပြီး ရိုက်နှက်သည်အထိပင် ပြုလိမ့်မည်။ ငါ့အား ပြောလော့၊ သူသည် မည်သို့သော သတ္တဝါမျိုး ဖြစ်သနည်း။ သူသည် မကောင်းဆိုးဝါးတစ်ကောင် မဟုတ်လော။ ဤသည်မှာ သင်နှင့် အနီးဆုံးသူဖြစ်သလော။ ဤသို့သောသူသည် သင့်အား သူ့အပေါ် မည်သည့်တာဝန်ကိုမဆို ဖြည့်ဆည်းစေရန် ထိုက်တန်သလော။ (မထိုက်တန်ပါ။) ဤသို့သော အိမ်ထောင်မျိုးတွင်ရှိသည့် လူအချို့သည် ၎င်းတို့လက်တွဲဖော်၏ အလိုကျ ရှိနေဆဲဖြစ်သည်။ အရာရာကို အနစ်နာခံလိုစိတ်ရှိဆဲဖြစ်ပြီး မိမိတို့တာဝန်ကို ထမ်းဆောင်လျက် ကုန်ဆုံးသင့်သည့်အချိန်၊ မိမိတို့တာဝန်ကို ထမ်းဆောင်ရန် အခွင့်အရေးနှင့် ကယ်တင်ခြင်းရရန် အခွင့်အရေးကိုပင် စွန့်လွှတ်လိုစိတ်ရှိနေဆဲဖြစ်သည်။ ဤအရာများကို ၎င်းတို့ မလုပ်ဆောင်သင့်ပေ။ အနည်းဆုံးအနေဖြင့် ၎င်းတို့သည် ဤသို့သော အယူအဆများကို စွန့်လွှတ်သင့်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၁)) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီး ကျွန်မ သဘောပေါက်သွားတယ်။ ဘုရားသခင်က အိမ်ထောင်ရေးကို အမိန့်နဲ့ပြဋ္ဌာန်းပေးတာက လူတွေကို ငြိမ်းငြိမ်းချမ်းချမ်း အတူနေထိုင်တတ်ဖို့၊ တစ်ယောက်နဲ့တစ်ယောက် အဖော်ပြုပြီး ဂရုစိုက်တတ်ဖို့နဲ့ တာဝန်တွေကို ဖြည့်ဆည်းတတ်ဖို့ သင်ယူဖို့အတွက်ပဲ။ အခက်အခဲတွေကြုံလာတဲ့အခါ တိုင်ပင်ဆွေးနွေးဖို့ လူတစ်ယောက်ရှိနေဖို့၊ အိမ်ထောင်ရေးရဲ့ဘောင်အောက်မှာ ကိစ္စရပ်တွေကို အတူတကွ ကိုင်တွယ်ဖြေရှင်းဖို့ လူတစ်ယောက်ရှိနေဖို့ဆိုတဲ့ စိတ်ကူးနဲ့ပဲ။ ဘုရားသခင်က ကျွန်မကို အိမ်ထောင်ရေးဆီ ရောင်းစားလိုက်တာမဟုတ်ဘူး၊ ကျွန်မကလည်း ခင်ပွန်းရဲ့ ကျွန်မဟုတ်ဘူး။ ကျွန်မတို့အားလုံးဟာ ဖန်ဆင်းခံတွေဖြစ်ပြီး တန်းတူညီမျှပဲ။ ဘုရားသခင်ကို ယုံကြည်ပြီးတဲ့နောက်မှာ ကျွန်မယောက်ျားကို ဂရုစိုက်ဖို့ ကျွန်မ အစွမ်းကုန် ကြိုးစားခဲ့တုန်းပဲ။ သူ အခက်အခဲတွေကြုံရတဲ့အခါ သူ့ဘေးမှာ ကျွန်မ ရပ်တည်ပေးခဲ့တယ်၊ သူနေမကောင်းဖြစ်တဲ့အခါလည်း သူ့ကို ပြုစုစောင့်ရှောက်ခဲ့တယ်။ ကျွန်မတို့အိမ်ထောင်ရေးမှာ ကျွန်မရဲ့တာဝန်ကို အပြည့်အဝ ဖြည့်ဆည်းခဲ့တယ်၊ သူ့အပေါ်မှာ ဘာအကြွေးမှ မတင်ဘူး။ တကယ်တမ်းမှာတော့ သူကသာ ကျွန်မရဲ့အပြစ်ကို အမြဲရှာပြီး ကွာရှင်းမယ်လို့ ခြိမ်းခြောက်ခဲ့တာ၊ သူက ကျွန်မတို့အိမ်ထောင်ရေးကို တန်ဖိုးမထားခဲ့ဘူး၊ ဒါပေမဲ့ ကျွန်မကတော့ မိုက်မိုက်မဲမဲ ထိန်းသိမ်းဖို့ ကြိုးစားခဲ့ပြီး သူ့ရဲ့ ဘောင်ခတ်တာကိုတောင် ခံခဲ့ရပြီး ယုံကြည်ခြင်းကို လက်တွေ့လုပ်ဆောင်ဖို့ သမ္မာတရားကို လိုက်စားဖို့ မဝံ့ရဲခဲ့ဘူး။ ကျွန်မ တကယ်ကို မိုက်မဲခဲ့တာပဲ။ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ ပိုပြီး ရှင်းလင်းသွားတယ်။ ကျွန်မ အပြင်မှာ စုဝေးပွဲတွေ တက်တာ ဒါမှမဟုတ် အိမ်မှာ ဘုရားနှုတ်ကပတ်တော်တွေ စားသုံးတာက သူ့ကို လုံးဝကို အနှောင့်အယှက်မပေးခဲ့ဘူး၊ ဒါပေမဲ့ ကျွန်မခင်ပွန်းက ကျွန်မကို အားမပေးတဲ့အပြင် အမြဲတမ်း ဖိအားပေးပြီး တားဆီးခဲ့တယ်၊ ကွာရှင်းမယ်၊ ရဲခေါ်မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တယ်။ ဒါက ကျွန်မခင်ပွန်းဟာ လူ့သဘာဝညံ့ဖျင်းပြီး အနှစ်သာရက နတ်ဆိုးပဲဆိုတာကို ပြနေတယ်။ ကျွန်မ သူ့အပေါ် ကောင်းခဲ့တာတွေနဲ့ သူ မထိုက်တန်ဘူး၊ သူ့အတွက်နဲ့တော့ ဘုရားနှုတ်ကပတ်တော်ကို စားသောက်တာ၊ သမ္မာတရားကို လိုက်စားတာ၊ ကျွန်မရဲ့တာဝန်ကို ထမ်းဆောင်တာနဲ့ ကယ်တင်ခြင်းခံရဖို့ အခွင့်အရေးကိုတောင် စွန့်လွှတ်တာမျိုး လုံးဝ မလုပ်သင့်ဘူး။ အိမ်ပြန်ရောက်တော့ ကျွန်မတွေးတယ်၊ “ငါ့ယောက်ျားရဲ့ ဘောင်ခတ်တာကို ငါ နောက်ထပ် မခံနိုင်တော့ဘူး” လို့ပေါ့။ နောက်နေ့မှာပဲ ကျွန်မ အိမ်မှာ တာဝန်ကို စပြီး ထမ်းဆောင်ခဲ့တယ်။ ကျွန်မ လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်တဲ့အခါ ခင်ပွန်းကလည်း ပြဿနာရှာတာတွေ ရပ်သွားတယ်။ ဟုတ်ပါတယ်၊ သူက ဟိုတစ်စ ဒီတစ်စနဲ့ ဟိုပြောဒီပြောလုပ်ပါတယ်၊ ကျွန်မက ဘောင်ခတ်မခံရတော့ဘဲ ကျွန်မရဲ့ တာဝန်ကို ပုံမှန်အတိုင်း ထမ်းဆောင်နိုင်ခဲ့တယ်။
နောက်ပိုင်းမှာတော့ ကျွန်မ ဆင်ခြင်သုံးသပ်မိတယ်၊ ဘာဖြစ်လို့ ပျော်ရွှင်တဲ့အိမ်ထောင်ရေးကို ကျွန် ဒီလောက်အလေးထားခဲ့ရတာလဲ၊ ဒါကို ကျွန်မရဲ့ ဘဝမှာ အဓိက လိုက်စားမှုအဖြစ်တောင် ဘာလို့ ရှုမြင်ခဲ့တာလဲဆိုတာကိုပေါ့။ ကျွန်မ ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ်ကို တွေ့ခဲ့တယ်။ “ရှေးဦးစွာ အိမ်ထောင်နှင့်ပတ်သက်သော ထင်မြင်ချက်အချို့သည် လူ့အဖွဲ့အစည်းတွင် လူသိများလာသည်။ ထို့နောက် စာပေလက်ရာအမျိုးမျိုးက အိမ်ထောင်နှင့်ပတ်သက်၍ စာရေးသူ၏ အယူအဆများ၊ ထင်မြင်ချက်များကို သယ်ဆောင်သည်။ ဤစာပေလက်ရာများသည် ဖန်သားပြင်တွင်ကြည့်ရန်အတွက် တီဗီအစီအစဉ်များ၊ ရုပ်ရှင်များအဖြစ်သို့ ပြောင်းသွားသောအခါ၌ ယင်းတို့သည် အိမ်ထောင်နှင့်ပတ်သက်သော လူတို့၏ အမျိုးမျိုးသော ထင်မြင်ချက်များ၊ ၎င်းတို့၏ အမျိုးမျိုးသော လိုက်စားမှုများ၊ ရည်သန်မျှော်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို ပို၍ပင် ကွက်ကွက်ကွင်းကွင်း အသေးစိတ်ရှင်းလင်းပြသည်။ များသည်ဖြစ်စေ၊ နည်းသည်ဖြစ်စေ၊ မြင်နိုင်သည်ဖြစ်စေ၊ မမြင်နိုင်သည်ဖြစ်စေ ဤအရာများကို သင်တို့အတွင်းသို့ အဆက်မပြတ် သွတ်သွင်းသည်။ သင်တို့၌ အိမ်ထောင်နှင့်ပတ်သက်ပြီး တိကျသော အယူအဆတစ်ခုခု မရှိမီတွင် အိမ်ထောင်နှင့်ပတ်သက်ပြီး ဤလူ့အဖွဲ့အစည်းထင်မြင်ချက်နှင့် သတင်းစကားတို့သည် သင်တို့အတွင်း၌ ကြိုတင်ယူဆချက်များကို ဖန်တီးပြီး သင်တို့၏ လက်ခံမှုကို ရရှိသည်။ ထို့နောက် သင်တို့သည် သင်တို့၏ ကိုယ်ပိုင်အိမ်ထောင်က အဘယ်သို့ဖြစ်မည်၊ သင်တို့၏ ကြင်ရာက မည်သည့်ပုံစံရှိမည်ဆိုသည်တို့ကို စတင်၍ စိတ်ကူးယဉ်သည်။ တီဗီအစီအစဉ်များ၊ ရုပ်ရှင်များ၊ ဝတ္ထုများမှတစ်ဆင့်၊ သို့မဟုတ် သင်၏လူမှုအသိုင်းအဝိုင်းနှင့် သင့်ဘဝတွင်ရှိသောလူများမှတစ်ဆင့် ဤသတင်းစကားများကို လက်ခံသည်ဖြစ်စေ၊ အရင်းအမြစ်က မည်သို့ဖြစ်စေ ဤသတင်းစကားအားလုံးသည် လူသားများ၊ လူ့အဖွဲ့အစည်းနှင့် ကမ္ဘာလောကထံမှလာသည်၊ သို့မဟုတ် တိကျစွာ ဆိုရလျှင် ယင်းတို့သည် ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများမှ ဆင့်ကဲဖြစ်ပေါ်ပြီး ဖွံ့ဖြိုးလာသည်။ ပို၍ပင် တိကျစွာဆိုရလျှင် ယင်းတို့သည် စာတန်ဆီမှလာသည်မှာ အမှန်ပင်ဖြစ်သည်။ ဤသို့မဟုတ်သလော။ (ဟုတ်ပါသည်။)...အိမ်ထောင်နှင့်သက်ဆိုင်သော လူ့အဖွဲ့အစည်း၏ ဤထင်မြင်ချက်များသည်၊ လူတို့၏ အတွေးများနှင့် ဝိညာဉ်အတွင်းထဲတွင် စိမ့်ဝင်ပျံ့နှံ့သော ဤအရာများသည် အဓိကအားဖြင့် စိတ်ကူးယဉ်ဆန်သော ချစ်ခြင်းနှင့်သက်ဆိုင်သည်။ ဤထင်မြင်ချက်များကို လူတို့အတွင်းသို့ သွတ်သွင်းပြီး လူတို့၌ အိမ်ထောင်နှင့်ပတ်သက်သည့် စိတ်ကူးယဉ်မှုမျိုးစုံကို ဖြစ်ပေါ်စေသည်။ ဥပမာ ၎င်းတို့ချစ်သည့်သူက မည်သူဖြစ်မည်၊ မည်သို့သောလူမျိုးဖြစ်မည်၊ ပြီးလျှင် ၎င်းတို့၏ အိမ်ထောင်ဖက်အပေါ် သတ်မှတ်ချက်များက မည်သည့်အရာများဖြစ်သည်ဆိုသည်တို့ကို စိတ်ကူးယဉ်ကြသည်။ အထူးသဖြင့် လူ့အဖွဲ့အစည်းမှလာသော ရှုထောင့်အမျိုးမျိုး ပါဝင်သော သတင်းစကားများရှိသည်။ ထိုသတင်းစကားများက ၎င်းသည် ထိုသူကို ချစ်ဖို့လိုပြီး ထိုသူကလည်း ၎င်းကို ပြန်၍ ချစ်ဖို့လိုသည်ဟုလည်းကောင်း၊ ဤသည်ကသာ စိတ်ကူးယဉ်ဆန်သော ချစ်ခြင်းစစ်စစ် ဖြစ်သည်ဟုလည်းကောင်း၊ စိတ်ကူးယဉ်ဆန်သော ချစ်ခြင်းစစ်စစ်ကသာ အိမ်ထောင်ဆီသို့ ဦးတည်ပေးနိုင်သည်ဟုလည်းကောင်း၊ စိတ်ကူးယဉ်ဆန်သော ချစ်ခြင်းအပေါ် အခြေခံသော အိမ်ထောင်သည်သာ ကောင်းပြီး ပျော်ရွှင်သည်ဟုလည်းကောင်း၊ စိတ်ကူးယဉ်ဆန်သော ချစ်ခြင်းမရှိသည့် အိမ်ထောင်သည် ကိုယ့်ကျင့်တရားနှင့်မညီဟုလည်းကောင်း ဆိုသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၀)) “လူများစွာတို့သည် ၎င်းတို့ဘဝ၏ ပျော်ရွှင်မှုကို ၎င်းတို့၏ အိမ်ထောင်အပေါ်တွင် အမှီပြုထားကြသည်။ ပြီးလျှင် ပျော်ရွှင်မှုအား လိုက်စားရာတွင် ၎င်းတို့၏ ပန်းတိုင်သည် အိမ်ထောင်၏ ပျော်ရွှင်မှုနှင့် ပြည့်စုံမှုကို လိုက်စားခြင်းဖြစ်သည်။ ၎င်းတို့၏ အိမ်ထောင်သည် ပျော်ရွှင်သော အိမ်ထောင်ဖြစ်ပြီး ၎င်းတို့၏ လက်တွဲဖော်နှင့် အတူနေရသည်ကို ပျော်ရွှင်လျှင် ၎င်းတို့၌ ပျော်ရွှင်သောဘဝရှိမည်ဟူ၍ ၎င်းတို့ ယုံကြည်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့၏ အိမ်ထောင်ပျော်ရွှင်မှုကို မနားမနေ အားစိုက်ထုတ်ခြင်းမှတစ်ဆင့် စွမ်းဆောင်ရရှိရမည့် ဘဝတစ်သက်တာတာဝန်အဖြစ် မှတ်ယူကြသည်။...ထို့ကြောင့် ဘုရားအိမ်တော်၏ အလုပ်က အိမ်ထောင်ပျော်ရွှင်မှုကို အခြားအရာအားလုံးထက် လိုက်စားသူတို့အား ဧဝံဂေလိတရားဟောပြီး မိမိတို့ တာဝန်ကို ထမ်းဆောင်ရန် မိမိတို့အိမ်မှထွက်ခွာပြီး ဝေးသောတစ်နေရာသို့ သွားဖို့အတွက် လိုအပ်သောအချိန်တွင် ၎င်းတို့သည် မကြာခဏ စိတ်ပျက်ကြသည်။ အကူအညီမဲ့သလို ခံစားရသည်။ ၎င်းတို့သည် မကြာခင်တွင် ၎င်းတို့၏ အိမ်ထောင်ရေးသာယာပျော်ရွှင်မှုကို ဆုံးရှုံးရနိုင်သည်ဆိုသည့် အချက်ကိုပင် စိတ်မအေးနိုင်ဖြစ်ကြသည်။ လူအချို့မှာ ၎င်းတို့၏ အိမ်ထောင်ရေးသာယာပျော်ရွှင်မှုကို ထိန်းသိမ်းရန်အတွက် ၎င်းတို့၏တာဝန်များကို စွန့်ပစ်ကြသည်၊ သို့မဟုတ် ထမ်းဆောင်ဖို့ ငြင်းဆန်ကြသည်။ အချို့မှာ ဘုရားအိမ်တော်၏ အရေးကြီးသော အစီအစဉ်များကိုပင် ငြင်းဆန်ကြသည်။ မိမိတို့၏ အိမ်ထောင်ပျော်ရွှင်မှုကို ထိန်းသိမ်းရန်အတွက် မိမိတို့ အိမ်ထောင်ဘက်၏ ခံစားချက်များကို သိဖို့ မကြာခဏ ကြိုးစားသူအချို့လည်းရှိသည်။ ၎င်းတို့၏ ယုံကြည်မှု၊ ၎င်းတို့ ခံယူခဲ့သော ဘုရားသခင်အား ယုံကြည်မှုလမ်းကြောင်း၊ ၎င်းတို့၏ တာဝန်အား ထမ်းဆောင်ခြင်းတို့နှင့်ပတ်သက်ပြီး ၎င်းတို့၏ အိမ်ထောင်ဘက်က အနည်းငယ် မကျေနပ်လျှင်၊ သို့မဟုတ် နှစ်သက်မှုမရှိလျှင်၊ သို့မဟုတ် စိတ်ကျေနပ်ခြင်းမရှိလျှင် ၎င်းတို့သည် ရုတ်ချည်းပင် လမ်းကြောင်းပြောင်းပြီး အလျှော့ပေးသည်။ ၎င်းတို့သည် ၎င်းတို့၏ အိမ်ထောင်ရေးသာယာပျော်ရွှင်မှုအား ထိန်းသိမ်းရန်အတွက် ၎င်းတို့၏ အိမ်ထောင်ဘက်အပေါ် မကြာခဏ အလျှော့ပေးမှုများ ပြုလုပ်သည်။ ၎င်းတို့ရှိနေသည်ဆိုသည်ကို ၎င်းတို့၏ အိမ်ထောင်ဘက်အား ပြရန်အတွက်၊ ၎င်းတို့၏ အိမ်ထောင်ဘက်အား တစ်ယောက်တည်းဖြစ်ကာ အထီးကျန်နေသည်ဟု မခံစားရစေရန်အတွက်၊ ၎င်းတို့၏ အိမ်ထောင်ဘက်အား ၎င်းတို့၏ ချစ်ခြင်းကို ခံစားရစေရန်အတွက် ၎င်းတို့တာဝန်ကို ထမ်းဆောင်ရန် အခွင့်အရေးအား စွန့်လွှတ်ရမည်၊ စုဝေးခြင်း၊ ဘုရားနှုတ်ကပတ်တော်အား ဖတ်ခြင်းနှင့် ဝိညာဉ်ရေးဝတ်ပြုခြင်းများ ပြုလုပ်ခြင်းအတွက် အချိန်ကို စွန့်လွှတ်ရမည်ဆိုလျှင်ပင် ၎င်းတို့သည် ၎င်းတို့အိမ်ထောင်ဘက်၏ ချစ်ခြင်းကို ဆုံးရှုံးခြင်း၊ သို့မဟုတ် မရှိခြင်းထက် ဤသို့သာ လုပ်ဆောင်ကြလိမ့်မည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ ယုံကြည်ခြင်းအတွက်၊ သို့မဟုတ် ၎င်းတို့ လျှောက်လှမ်းခဲ့သည့်ဘုရားသခင်အပေါ် ယုံကြည်ခြင်းလမ်းကြောင်းအတွက် ၎င်းတို့အိမ်ထောင်ဘက်၏ ချစ်ခြင်းကို စွန့်လွှတ်လျှင် ဤသည်မှာ ၎င်းတို့သည် ၎င်းတို့အိမ်ထောင်ရေး သာယာပျော်ရွှင်မှုကို စွန့်လွှတ်ခြင်းဖြစ်သည်၊ ထိုအိမ်ထောင်ရေးသာယာပျော်ရွှင်မှုကို ခံစားနိုင်တော့မည်မဟုတ်၊ ဤသို့ဆိုလျှင် ၎င်းတို့သည် အထီးကျန်သော၊ သနားစဖွယ်ဖြစ်သော၊ ကြေကွဲဝမ်းနည်းဖွယ်ဖြစ်သောသူတစ်ယောက်ဖြစ်လိမ့်မည်ဟူ၍ ခံစားရသောကြောင့်ဖြစ်သည်။ ကြေကွဲဝမ်းနည်းဖွယ်ဖြစ်သော၊ သနားစဖွယ်ဖြစ်သော သူတစ်ယောက်ဖြစ်ခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဤသည်မှာ အခြားလူတစ်ယောက်၏ ချစ်ခြင်း၊ သို့မဟုတ် မြတ်နိုးခြင်းကို မခံရသောသူတစ်ယောက်ကို ဆိုလိုသည်။ ဤလူတို့သည် အယူဝါဒအချို့နှင့် သူ၏ ကယ်တင်ခြင်းအမှုကို ဘုရားသခင် လုပ်ဆောင်ခြင်း၏ အရေးပါမှုကို နားလည်သော်လည်း၊ ဖန်ဆင်းခံအနေဖြင့် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်သင့်သည်ဆိုသည်ကို ၎င်းတို့နားလည်သည်မှာ အမှန်ပင်ဖြစ်သော်လည်း၊ ၎င်းတို့၏ အိမ်ထောင်ဘက်အား ၎င်းတို့၏ ကိုယ်ပိုင်ပျော်ရွှင်မှုကို အပ်နှံကာ ၎င်းတို့၏ ကိုယ်ပိုင်ပျော်ရွှင်မှုကို ၎င်းတို့၏ အိမ်ထောင်ရေးသာယာပျော်ရွှင်မှုအပေါ်တွင် အမှီပြုစေသည်မှာ အမှန်ပင်ဖြစ်သောကြောင့် ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်သင့်သည်ဆိုသည်ကို နားလည်ပြီး သိကြသော်လည်း ၎င်းတို့၏ အိမ်ထောင်ရေး သာယာပျော်ရွှင်မှုအား လိုက်စားမှုကို လက်မလွှတ်နိုင်ကြသေးပေ။ ၎င်းတို့သည် အိမ်ထောင်ရေး သာယာပျော်ရွှင်မှုအား လိုက်စားခြင်းကို ဤဘဝသက်တမ်းတွင် ၎င်းတို့ လိုက်စားသင့်သည့် တာဝန်အဖြစ် မှားယွင်းစွာ မြင်ကြသည်။ ပြီးလျှင် အိမ်ထောင်ရေးသာယာပျော်ရွှင်မှုအား လိုက်စားခြင်းကို ဖန်ဆင်းခံတစ်ယောက်က လိုက်စားပြီး ပြီးမြောက်သင့်သည့် တာဝန်အဖြစ် မှားယွင်းစွာ ရှုမြင်ကြသည်။ ဤသည်မှာ အမှားတစ်ခုမဟုတ်လော။ (ဟုတ်သည်။)” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၁)) ဘုရားနှုတ်ကပတ်တော်တွေက အိမ်ထောင်ရေးနဲ့ပတ်သက်တဲ့ လူတွေရဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ အမြင်တွေကို စာတန်က ဘယ်လို ဖြစ်ပေါ်စေခဲ့တယ်ဆိုတာကို ဖော်ထုတ်ခဲ့တယ်။ ကျွန်မငယ်ငယ်တုန်းက တစ်ရပ်ကွက်လုံးမှာ အချစ်သီချင်းတွေ ဖွင့်တာကို ကြားနိုင်တယ်ဆိုတာကို ကျွန်မ မှတ်မိတယ်။ အဲဒီသီချင်းတွေကို ကြားရတိုင်း ကျွန်မက ပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခု ရှိဖို့ အမြဲတမ်း မျှော်လင့်ပြီး အိပ်မက်မက်ခဲ့တယ်။ “သစ္စာရှိတဲ့ နှလုံးသားတစ်ခုကို ပိုင်ဆိုင်ရပါစေ၊ နောက်ဆုံးသောနေ့များအထိ လုံးဝ မခွဲခွာရပါစေနဲ့”တို့၊ “အတူတကွ လက်တွဲပြီး ကြီးပြင်းခြင်း” တို့လို အတွေးအခေါ်တွေနဲ့ အမြင်တွေက ကျွန်မရဲ့ ယုံကြည်မှုစနစ်ထဲမှာတဖြည်းဖြည်းနဲ့ စွဲမှတ်လာခဲ့တယ်။ ကျွန်မခင်ပွန်းက ကျွန်မရဲ့ တစ်သက်တာလုံး အဖော်ပြုပေးမှာဖြစ်ပြီး ကိုယ့်ကိုဂရုစိုက်ပြီးချစ်တဲ့ ခင်ပွန်းတစ်ယောက်ရှိတာထက် ပိုအရေးကြီးတာ ဘာမှမရှိဘူးလို့ ကျွန်မ ယုံကြည်လာခဲ့တယ်။ ဘုရားသခင်ကို ယုံကြည်လာပြီးတဲ့နောက်မှာ တာဝန်ထမ်းဆောင်ခြင်းနဲ့ပတ်သက်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို အများကြီးဖတ်ခဲ့ရပြီး သဘောတရားအရတော့ နောက်ဆုံးသောကာလမှာ မွေးဖွားလာခွင့်ရတာ ကံကောင်းတယ်၊ ဖန်ဆင်းခံတစ်ဦးအနေနဲ့ ကျွန်မရဲ့ တာဝန်ကို ကောင်းကောင်းဖြည့်ဆည်းခြင်းက ကျွန်မဘဝရဲ့ အဓိက လိုက်စားမှု ဖြစ်သင့်ပြီး အရာအားလုံးထဲမှာ အဓိပ္ပာယ်အရှိဆုံး ဖြစ်တယ်ဆိုတာကို သိခဲ့တယ်။ ဒါပေမဲ့ ကျွန်မက ဒီလောကီဆိုင်ရာ အတွေးအခေါ်တွေနဲ့ အမြင်တွေရဲ့ ချည်နှောင်ခြင်းနဲ့ တုပ်နှောင်ခြင်းကို ခံခဲ့ရတယ်။ ကျွန်မခင်ပွန်းက ကျွန်မရဲ့ တစ်သက်တာလုံး အဖော်ပြုပေးသင့်ပြီး အချစ်မရှိတဲ့ အိမ်ထောင်ရေးက သနားစရာကောင်းပြီး ဝမ်းနည်းစရာကောင်းတယ်လို့ ကျွန်မ တွေးခဲ့တယ်။ ဒါကြောင့် ကျွန်မခင်ပွန်းက ကျွန်မရဲ့ ယုံကြည်ခြင်းကြောင့် ကျွန်မကို ဂရုမစိုက်တော့ဘဲ မချစ်တော့တဲ့အခါ ကျွန်မ ဘယ်လိုမှ လက်မခံနိုင်ခဲ့ဘူး။ ကျွန်မရဲ့ အိမ်ထောင်ရေးသာ ပြိုကွဲသွားရင် ကျွန်မကို ချစ်ပြီး ဂရုစိုက်တဲ့သူ တစ်ယောက်မှ မရှိတဲ့ သနားစရာကောင်းတဲ့ အခြေအနေမျိုးနဲ့ အဆုံးသတ်သွားမှာကို ကျွန်မ အရမ်းကို ကြောက်လန့်ခဲ့တယ်။ ဒါကြောင့် ခင်ပွန်းရဲ့အချစ်ကို ပြန်ရဖို့ တတ်နိုင်သမျှ အရာအားလုံးကို ကျွန်မ လုပ်ခဲ့တယ်။ သူက ကျွန်မရဲ့ယုံကြည်ခြင်းကို ဆန့်ကျင်တာကို မြင်တော့ သူ့ကို အလျှော့ပေးခဲ့ပြီး ကျွန်မရဲ့အိမ်ထောင်ရေးကို ထိန်းသိမ်းဖို့အတွက် ဘုရားနှုတ်ကပတ်တော်ကို စားသောက်ချိန်တွေကို လျှော့ချပြီး အသင်းတော်အလုပ်ကို နှောင့်နှေးစေဖို့တောင် ဆန္ဒရှိခဲ့တယ်။ ကျွန်မဟာ တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းခဲ့တာပဲ။ ပြန်စဉ်းစားကြည့်တော့၊ ကျွန်မ ဘုရားကို စယုံကြည်တဲ့အချိန်ကစပြီး ခင်ပွန်းက လုံးဝပြောင်းလဲသွားပြီး အချိန်တိုင်း ကျွန်မရဲ့အပြစ်ကိုပဲ ရှာနေတတ်တယ်၊ ကွာရှင်းမယ်၊ ရဲခေါ်မယ်ဆိုပြီး မကြာခဏ ခြိမ်းခြောက်ခဲ့တယ်။ ခင်ပွန်းက ကျွန်မကို ကောင်းကောင်းဆက်ဆံခဲ့တာဟာ အချစ်စစ်အချစ်မှန်မဟုတ်ဘဲ၊ ကျွန်မက သူ့အတွက် ကလေးမွေးပေးနိုင်တာနဲ့ အိမ်ထောင်စုကို ထိန်းသိမ်းနိုင်တာအပေါ်မှာပဲ လုံးဝ အခြေခံထားတဲ့ ဟန်ဆောင်မှုတစ်ခုသက်သက် ဖြစ်တယ်ဆိုတာကို ကျွန်မ မြင်ခဲ့တယ်။ ကျွန်မရဲ့ ယုံကြည်ခြင်းက သူ့ရဲ့ အကျိုးစီးပွားတွေကို ခြိမ်းခြောက်လာတဲ့အခါ သူက သူ့ရဲ့ မျက်နှာဖုံးကို ဆွဲချွတ်လိုက်ပြီး နတ်ဆိုးတစ်ကောင်အဖြစ် သူ့ရဲ့ အနှစ်သာရကို ထုတ်ဖော်ခဲ့တယ်။ အချစ်နဲ့ ပျော်ရွှင်တဲ့အိမ်ထောင်ရေးဆိုတာဟာ လူတွေကို လှည့်စားပြီး ထောင်ချောက်ဆင်ဖို့ စာတန်ဖန်တီးထားတဲ့ လိမ်လည်မှုတွေသက်သက်ပဲ။ အိမ်ထောင်ရေး သာယာမှုကို ထိန်းသိမ်းဖို့ ကြိုးစားနေလို့ ကျွန်မရဲ့ တာဝန်ကို အမြဲတမ်း ပေါ့ပေါ့တန်တန် သဘောထားခဲ့ရင် ကျွန်မဟာ သမ္မာတရားကို ဘယ်တော့မှ ရရှိမှာမဟုတ်ဘဲ နောက်ဆုံးမှာတော့ ဘုရားသခင်ရဲ့ ဖယ်ရှားရှင်းလင်းခြင်းကို ခံရမှာပဲ။
၂၀၂၃ ခုနှစ် ဇွန်လမှာ ဒေသခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့တယ်။ ဒါဟာ ဘုရားသခင်ရဲ့ ချီးမြှောက်မှုပဲဆိုတာ ကျွန်မသိခဲ့တယ်၊ တာဝန်ထမ်းဆောင်ပြီး တစ်လအကြာမှာ သံသယဖြစ်စရာ လူတစ်ယောက်က ကျွန်မနောက်ကို မကြာမကြာ လိုက်နေတာကို သတိပြုမိခဲ့တယ်။ အဲဒီလို အခြေအနေမျိုးမှာ ကျွန်မရဲ့ တာဝန်ကို ဘေးကင်းကင်းနဲ့ ထမ်းဆောင်နိုင်မဲ့ တစ်ခုတည်းသောနည်းလမ်းက အိမ်ကနေ ထွက်သွားဖို့ပဲ။ ဒါပေမဲ့ ကျွန်မ အိမ်ကထွက်သွားရင် ခင်ပွန်းက ကျွန်မကို ကွာရှင်းနိုင်တယ်ဆိုတာကို သိတဲ့အတွက် ကျွန်မဟာ စိုးရိမ်သောကနဲ့ မပြတ်မသားဖြစ်မှုတွေနဲ့ ငေါင်သွားတယ်။ ရှာဖွေခြင်းအားဖြင့် ဒီဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ်ကို ကျွန်မ တွေ့ခဲ့တယ်။ “မိသားစု၊ သို့မဟုတ် လူ့အဖွဲ့အစည်း၌ သင်၏ အခန်းကဏ္ဍက မည်သို့ရှိသည်ဖြစ်စေ၊ ဇနီး၊ ခင်ပွန်း၊ ကလေး၊ မိဘ၊ ဝန်ထမ်း၊ သို့မဟုတ် အခြားသောအရာတစ်ခုခုဖြစ်စေ၊ အိမ်ထောင်ဘဝရှိ သင်၏ အခန်းကဏ္ဍက အရေးကြီးသည်ဖြစ်စေ၊ အရေးမကြီးသည်ဖြစ်စေ သင်သည် ဘုရားသခင်ရှေ့၌ ပင်ကိုလက္ခဏာတစ်ခုသာရှိပြီး ယင်းမှာ ဖန်ဆင်းခံတစ်ယောက်အနေဖြင့် ဖြစ်သည်။ သင်သည် ဘုရားသခင်ရှေ့တွင် ဒုတိယပင်ကိုလက္ခဏာမရှိပေ။ ထို့ကြောင့် ဘုရားအိမ်တော်က သင့်ကို ဆင့်ခေါ်သောအခါတွင် ဤသည်မှာ သင်၏ အထူးတာဝန်ကို ဖြည့်ဆည်းသင့်သည့် အချိန်ဖြစ်သည်။ ဆိုလိုသည်မှာ ဖန်ဆင်းခံတစ်ယောက်အနေဖြင့် သင်၏ အိမ်ထောင်ပျော်ရွှင်မှုနှင့် အိမ်ထောင်တည်တံ့ခိုင်မြဲမှု ထိန်းသိမ်းရန် အခြေအနေ ပြည့်စုံသောအခါတွင်မှသာ သင်၏ အထူးတာဝန်ကို ထမ်းဆောင်သင့်ခြင်းမဟုတ်ဘဲ သင်က ဖန်ဆင်းခံဖြစ်သရွေ့ ဘုရားသခင်က သင့်ကို ပေးအပ်ပြီး အပ်နှံသောအထူးတာဝန်ကို ခြွင်းချက်မရှိ ဖြည့်ဆည်းသင့်ခြင်းဖြစ်သည်။ သင်၏ အခြေအနေများက မည်သို့ဖြစ်ပါစေ သင်၏ အထူးတာဝန်ကို ပြီးမြောက်သင့်ပြီး ယင်းကို သင်၏ ရှောင်လွှဲမရသော တာဝန်အဖြစ် သဘောထားပြုမူကာ ဘုရားသခင်က သင့်အား အပ်နှံထားသော အထူးတာဝန်ကို ရှေ့တန်းတင်သင့်သည်၊ တစ်ချိန်တည်းမှာပင် အိမ်ထောင်ရေးမှ သင့်အပေါ် အပ်နှင်းသော အထူးတာဝန်နှင့် ဝတ္တရားများကို ဒုတိယနေရာတွင် ထားရှိသင့်သည်။ ဖန်ဆင်းခံတစ်ယောက်အနေဖြင့် သင်ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သော ဘုရားသခင်က သင့်အား အပ်နှင်းထားသည့် အထူးတာဝန်သည် မည်သည့်သတ်မှတ်ချက်၊ မည်သည့်အခြေအနေမျိုးတွင်မဆို အစဉ်သဖြင့် သင်၏ ပထမဦးစားပေးဖြစ်သင့်သည်။ ထို့ကြောင့် သင်၏ အိမ်ထောင်ပျော်ရွှင်မှုကို သင်မည်မျှ ထိန်းသိမ်းလိုပါစေ၊ သင်၏ အိမ်ထောင်အခြေအနေက မည်သို့ရှိသည်ဖြစ်စေ၊ သင်၏အိမ်ထောင်အတွက် သင်၏ အဖော်က မည်မျှကြီးမားသော အဖိုးအခကို ပေးဆပ်ပါစေ ဤအရာများအားလုံးသည် ဘုရားသခင်က သင့်အား အပ်နှံသောအထူးတာဝန်ကို ငြင်းဆန်ရန် အကြောင်းပြချက်များ မဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၀)) “သင်၏ အိမ်ထောင်ပျော်ရွှင်မှုကို လိုက်စားခြင်းသည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ခြင်းကို ထိခိုက်စေလျှင် သို့မဟုတ် အတားအဆီးဖြစ်စေလျှင်၊ သို့တည်းမဟုတ် သင် ထမ်းဆောင်သင့်သော ဤတာဝန်ကို စွန့်လွှတ်သည်အထိပင် ဖြစ်စေလျှင် သင်သည် အလွန်အမင်း ပုန်ကန်သောသူတစ်ဦး ဖြစ်သည်။ ဤကိစ္စရပ်နှင့်ပတ်သက်၍ သမ္မာတရားကို သင် ရှာဖွေလျှင် လူတို့အနေဖြင့် အဘယ်အရာကို ခိုင်မြဲစွာ စွဲကိုင်ထားသင့်ပြီး အဘယ်အရာကို စွန့်ပစ်သင့်သည်ကို ရှင်းလင်းစွာ မြင်နိုင်သင့်သည်။ သင် စွန့်ပစ်သင့်သည့်အရာမှာ သင်၏ အိမ်ထောင်ပျော်ရွှင်မှုကို လိုက်စားခြင်းမျှသာ မဟုတ်ပေ။ သင်သည် သင်၏ အိမ်ထောင်ရေးတစ်ခုလုံးကို စွန့်လွှတ်သင့်သည်။ ဤနည်းအားဖြင့် သင်သည် သမ္မာတရား စည်းမျဉ်းများနှင့် လုံးဝကိုက်ညီမှုကို ရရှိလိမ့်မည်။ ဤပြဿနာအပေါ်တွင် မိတ်သဟာယဖွဲ့ခြင်း၏ နောက်ဆုံး ရည်ရွယ်ချက်နှင့် အဓိပ္ပာယ်မှာ အဘယ်နည်း။ ဤသည်မှာ အိမ်ထောင်ပျော်ရွှင်ခြင်းက သင်၏ ခြေလှမ်းများကို မဟန့်တားစေရန်၊ သင်၏ လက်ကို မချည်နှောင်စေရန်၊ သင့်မျက်လုံးများကို ကန်းအောင် မလုပ်ရန်၊ သင်၏ အမြင်ကို ပုံမပျက်စေရန်၊ သင်၏ စိတ်ကို နှောင့်ယှက်ပြီး နေရာမယူစေရန်ဖြစ်သည်။ အိမ်ထောင်ပျော်ရွှင်မှုအား လိုက်စားခြင်းက သင်၏ ဘဝလမ်းကြောင်းနှင့် သင်၏ ဘဝတွင် ပြည့်မနေစေရန်ဖြစ်သည်။ အိမ်ထောင်တွင် သင်ဖြည့်ဆည်းသင့်သော တာဝန်၊ ဝတ္တရားများကို မှန်ကန်စွာ ချဉ်းကပ်ပြီး သင် ဖြည့်ဆည်းသင့်သည့် တာဝန်၊ ဝတ္တရားများနှင့် သက်ဆိုင်သော မှန်ကန်သည့် ရွေးချယ်မှုများ ပြုလုပ်ရန် ဖြစ်သည်။ လက်တွေ့လုပ်ဆောင်ရန် ပို၍ ကောင်းသောနည်းလမ်းမှာ သင်၏တာဝန်၌ အချိန်နှင့် အားအင်ကို ပို၍ ဆက်ကပ်ရန်၊ သင်ထမ်းဆောင်သင့်သည့် တာဝန်ကို ထမ်းဆောင်ရန်၊ ဘုရားသခင်က သင့်အား အပ်နှံခဲ့သော တာဝန်ကို ပြီးမြောက်ရန်ဖြစ်သည်။ သင်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်သည်ကိုလည်းကောင်း၊ ဤအချိန်အခိုက်အတန့်အထိ ဘဝတစ်လျှောက် သင့်အား ခေါ်ဆောင်ခဲ့သည်မှာ ဘုရားသခင် ဖြစ်သည်ကိုလည်းကောင်း၊ သင့်အား အိမ်ထောင်ကိုပေးခဲ့သည်မှာ၊ မိသားစုကို ပေးခဲ့သည်မှာ ဘုရားသခင် ဖြစ်သည်ကိုလည်းကောင်း၊ အိမ်ထောင်၏ စည်းဘောင်အတွင်းတွင် သင် ဖြည့်ဆည်းသင့်သည့်တာဝန်များအား သင့်ကို ပေးအပ်သည်မှာ ဘုရားသခင် ဖြစ်သည်ကိုလည်းကောင်း၊ အိမ်ထောင်ကို ရွေးချယ်ခဲ့သည်မှာ သင်မဟုတ်သည်ကိုလည်းကောင်း မည်သည့်အခါမျှ သင် မမေ့ရပေ။ သင်သည် ရုတ်တရက်ကြီးအိမ်ထောင်ကျခြင်းမဟုတ်ကြောင်း၊ သို့မဟုတ် သင်၏ ကိုယ်ပိုင်အရည်အချင်းများနှင့် အင်အားများကို အားကိုးခြင်းအားဖြင့် သင်၏ အိမ်ထောင်ပျော်ရွှင်မှုကို ထိန်းသိမ်းနိုင်ခြင်းမဟုတ်ကြောင်းကိုလည်း မည်သည့်အခါမျှ မမေ့ရပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၀)) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီး ကျွန်မ သဘောပေါက်သွားတယ်၊ ကျွန်မရဲ့ ကိုယ်ပိုင်အိမ်ထောင်စုမှာ ကျွန်မက ဇနီးတစ်ယောက်၊ မိခင်တစ်ယောက် ဖြစ်ပေမဲ့ ဘုရားသခင်ဖန်ဆင်းထားတဲ့ ဖန်ဆင်းခံတစ်ယောက်လည်း ဖြစ်တယ်၊ တာဝန်တစ်ခုကို ခန့်အပ်ခံရတဲ့အခါ ဒါကို ခြွင်းချက်မရှိ လက်ခံပြီး ကျွန်မရဲ့ နံပါတ်တစ်ဦးစားပေးအဖြစ် ထားရမယ်။ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကျွန်မရဲ့တာဝန်ကို ကောင်းကောင်းဖြည့်ဆည်းခြင်းက ကျွန်မဘဝရဲ့ တစ်ခုတည်းသော အထူးတာဝန်ပဲ။ ဘုရားသခင်က ကျွန်မကို အသက် လက်ဆောင်ပေးခဲ့တယ်၊ ကိုယ်တော်က ကောင်းကင်နဲ့ မြေကြီးနဲ့ အရာခပ်သိမ်းကို ဖန်ဆင်းပြီး လူသားတွေကို သူတို့လိုအပ်သမျှ အရာအားလုံးကို ထောက်ပံ့ပေးရုံသာမက လူသားတွေကို ကယ်တင်ဖို့ သမ္မာတရားအားလုံးကိုလည်း ဖော်ပြတယ်၊ ကျွန်မတို့ကို ဘယ်လို ကျင့်ကြံပြုမူရမလဲ၊ စာတန်ရဲ့ ဖောက်ပြန်ပျက်စီးမှုရဲ့ ဖျက်ဆီးခြင်းကနေ ဘယ်လို လွတ်မြောက်ရမလဲ၊ ပြီးတော့ စစ်မှန်တဲ့လူ့ပုံသဏ္ဌာန်အတိုင်း ဘယ်လိုအသက်ရှင်နေထိုင်ရမလဲဆိုတာတွေကို သင်ပေးတယ်။ ကျွန်မရဲ့ အိမ်ထောင်ရေးကို ထိန်းသိမ်းဖို့အတွက် ကျွန်မရဲ့ တာဝန်ကို ငြင်းပယ်ခဲ့ရင် ဒါဟာ မယုံနိုင်လောက်အောင် အသိစိတ်ကင်းမဲ့ပြီး ကျိုးကြောင်းမဆီလျော်ရာ ကျမှာပဲ။ ဖန်ဆင်းခံတစ်ဦးအနေနဲ့ ကျွန်မရဲ့ တာဝန်ကို မနှောင့်နှေးစေခဲ့ရင် အိမ်ထောင်ရေးရဲ့ဘောင်အောက်မှာ ကျွန်မရဲ့တာဝန်တွေကို ဖြည့်ဆည်းနိုင်တယ်၊ ဒါပေမဲ့ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို လိုက်စားခြင်းက ကျွန်မရဲ့ တာဝန်ကို လွှမ်းမိုးနေခဲ့လို့ ကျွန်မရဲ့အိမ်ထောင်ရေးကို ဘေးဖယ်ထားပြီး ဖန်ဆင်းခံတစ်ဦးအနေနဲ့ ကျွန်မရဲ့ တာဝန်ကို ထမ်းဆောင်ရာမှာ အားအင်နဲ့ အချိန်ကို ပိုထည့်ပြီး၊ အိမ်ထောင်ရေးကြောင့် နောက်ဆံတင်းတာကို ရပ်တန့်ပစ်ရမယ်။ အဲဒီအချိန်မှာ ကျွန်မရဲ့ အိမ်ထောင်ရေးကို ထိန်းသိမ်းဖို့အတွက် ကျွန်မရဲ့ တာဝန်မှာ တိုးတက်မှုကို စတေးတာကို ရပ်ရတော့မယ်ဆိုတာကို ကျွန်မ ရှင်းရှင်းလင်းလင်း နားလည်သွားခဲ့တယ်။ ဒါကြောင့် တာဝန်ထမ်းဆောင်ဖို့ အိမ်ကနေထွက်ခွာဖို့ ကျွန်မ စိတ်ပိုင်းဖြတ်လိုက်တယ်။ ကျွန်မ ခဏလောက် အိမ်ကနေထွက်ပြီး ပုန်းရှောင်ဖို့လိုတယ်ဆိုတဲ့အကြောင်း ခင်ပွန်းကို ပြောလိုက်တဲ့အခါ သူက ချက်ချင်းပဲ ကွာရှင်းဖို့ တောင်းဆိုလာတယ်။ သူက ပြောတယ်၊ “နင် အဖမ်းခံရပြီး ထောင်ထဲမှာ သုံးလေးနှစ်ကျနေရင်တောင် ငါ နင့်ကိုစောင့်နိုင်တယ်၊ ဒါပေမဲ့ နင် အိမ်ကထွက်သွားရင်တော့ ငါတို့ ကိစ္စပြတ်ပြီ” တဲ့။ အဲဒီလိုကြားလိုက်ရတော့ ကျွန်မ အရမ်းကို စိတ်ပျက်သွားတယ်။ ခင်ပွန်းက ကျွန်မကို ပုန်းရှောင်ခွင့်ပေးတာထက် အဖမ်းခံပြီး ထောင်ကျတာကို ပိုပြီးလိုလားတယ်ဆိုတာ ကျွန်မ မယုံနိုင်ခဲ့ဘူး။ ကျွန်မခင်ပွန်းမှာ ဘုရားသခင်ကို မုန်းတီးတဲ့ အနှစ်သာရရှိတယ်ဆိုတာကို ကျွန်မ မြင်ခဲ့ရတယ်။ ကျွန်မ မျက်ရည်တွေကိုသုတ်ပြီး ပြတ်ပြတ်သားသား ပြန်ပြောလိုက်တယ်၊ “လူကို ဘုရားသခင်က ဖန်ဆင်းထားတာ၊ ဒါကြောင့် ကျွန်မတို့က ကိုယ်တော့်ကို ကိုးကွယ်သင့်တယ်။ ကျွန်မ အဖမ်းခံရရင်တောင် အပြင်ပြန်ရောက်ရင် ဆက်ပြီးယုံကြည်နေဦးမှာပဲ။ ရှင် ဒါကို လက်ခံနိုင်ရင် ကျွန်မတို့ အတူဆက်နေလို့ရတယ်၊ လက်မခံနိုင်ရင်တော့ ကျွန်မတို့ ကိုယ့်လမ်းကိုယ်လျှောက်ကြတာပေါ့” ဆိုပြီးတော့ပါ။ နောက်တစ်နေ့မှာပဲ ကျွန်မတို့ ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးခဲ့ကြတယ်။
အခု ကျွန်မ အိမ်နဲ့ ဝေးရာမှာ ရောက်နေပြီး ခင်ပွန်းရဲ့တားဆီးမှုတွေ မရှိတော့တဲ့အတွက် ဘုရားနှုတ်ကပတ်တော်ကိုဖတ်ဖို့နဲ့ တာဝန်ထမ်းဆောင်ဖို့ အချိန်တွေ ပိုပြီးရလာတယ်။ ကျွန်မမှာ ပြဿနာတွေ ရှိလာတိုင်း ညီအစ်ကိုမောင်နှမတွေကို ချက်ချင်း မိတ်သဟာယဖွဲ့ပြီး ရှာဖွေနိုင်ခဲ့တယ်။ ကျွန်မရဲ့တာဝန်မှာ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ထုတ်ဖော်မိပြီး ညီအစ်ကိုမောင်နှမတွေက အဲဒါကို ထောက်ပြတဲ့အခါ အခု ကျွန်မမှာ စိတ်ငြိမ်သက်ပြီး ဆင်ခြင်သုံးသပ်ဖို့ အချိန်ပိုရလာခဲ့တယ်။ အလုပ်ကို စစ်ဆေးဖို့နဲ့ တွေ့ရှိတဲ့ ဘယ်ပြဿနာကိုမဆို ချက်ချင်း ပြင်ဆင်ဖို့ အချိန်လည်း ပိုရလာခဲ့တယ်။ ရလဒ်အနေနဲ့ ကျွန်မတို့ရဲ့ အလုပ်မှာ ပိုကောင်းတဲ့ ရလဒ်တွေ စပြီး ရလာခဲ့တယ်။ ကျွန်မဟာ အရင်က စာတန်သွတ်သွင်းပေးတဲ့ အမြင်တွေ၊ အတွေးအခေါ်တွေအတိုင်း အသက်ရှင်ခဲ့တယ်၊ သမ္မာတရားကိုရရှိဖို့ အခွင့်အရေးတွေအများကြီး ဆုံးရှုံးခဲ့ပြီး ကျွန်မရဲ့တာဝန်ကိုလည်း ကောင်းကောင်းမထမ်းဆောင်ခဲ့ဘူးဆိုတာကို အခု ကျွန်မ မြင်ရပြီ။ အိမ်ထောင်ရေးရဲ့ ချည်နှောင်မှုနဲ့ ဘောင်ခတ်ခြင်းတွေကနေ လွတ်မြောက်နိုင်ခဲ့တာဟာ ဘုရားနှုတ်ကပတ်တော်ရဲ့ လမ်းပြမှုကြောင့်သာ ဖြစ်ပါတယ်။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ဝမ်ရှင်း တောင်ကိုရီးယားနိုင်ငံ ကျွန်မမှာ ပျော်ရွှင်စရာ မိသားစု ရှိနေကျဖြစ်ပြီး ကျွန်မယောက်ျားက ကျွန်မအပေါ် တကယ်ကောင်းခဲ့တယ်။ တော်တော်လေး...
ကျွန်မက သာမန်ကျေးလက်မိသားစုလေးတစ်ခုမှာ ကြီးပြင်းခဲ့ပါတယ်။ ကျွန်မတို့က လုံးဝ မချမ်းသာပေမယ့်လည်း အရမ်းတော့ ပျော်ရွှင်ခဲ့ရတယ်။ ကျွန်မအမေက...