အခန်း ၁၁
လူသားမျိုးနွယ်ထဲက လူတိုင်းသည် ငါ့ဝိညာဉ်တော်၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခံရခြင်းကို လက်ခံသင့်သည်၊ ၎င်းတို့၏ စကားလုံးတိုင်းနှင့် လုပ်ဆောင်ချက်တိုင်းကို အသေအချာ စစ်ဆေးသင့်သည်၊ ထို့ပြင် ငါ၏အံ့သြဖွယ်ရာ ဆောင်ရွက်ချက်များကို ကြည့်ရှုသင့်သည်။ ကမ္ဘာမြေပေါ် နိုင်ငံတော်ရောက်ရှိလာချိန်၌ သင်တို့ မည်သို့ခံစားရသနည်း။ ငါ့သားများနှင့် လူတို့ ငါ့ပလ္လင်ဆီသို့ တသီတတန်းလာကြသောအခါ၊ ငါသည် ဖြူသောပလ္လင်ကြီး ရှေ့မှောက်တွင် တရားစီရင်ခြင်းကို တရားဝင် စတင်သည်။ ဆိုလိုသည်မှာ ငါသည် ကမ္ဘာမြေပေါ်၌ ငါ၏အမှုကို ကိုယ်တိုင်စတင်သည့်အခါနှင့် တရားစီရင်ခြင်းခေတ် အဆုံးသတ်ချိန်နီးသည့် အခါတို့တွင် ငါသည် ငါ၏နှုတ်ကပတ်တော်များကို စကြဝဠာတစ်ခွင်လုံးသို့ စတင်ညွှန်ကြားပြီး ငါ့ဝိညာဉ်တော်၏အသံကို စကြဝဠာတစ်ခွင်လုံးသို့ ထုတ်လွှတ်သည်။ မြေကြီးသည် ညစ်ညမ်းခြင်းနှင့် လူမှုကျင့်ဝတ် မစောင့်ထိန်းခြင်းတို့ မရှိတော့ဘဲ၊ သန့်ရှင်းသော နိုင်ငံတော် ဖြစ်စေရန်အလို့ငှာ၊ ငါသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေပေါ်ရှိ လူခပ်သိမ်းနှင့် အရာခပ်သိမ်းတို့ကို ငါ၏ နှုတ်ကပတ်တော်တို့အားဖြင့် ဆေးကြောသန့်စင်မည်။ အရာခပ်သိမ်းတို့သည် ငါ၏အသုံးပြုမှုအတွက် ကြိုတင်စီမံထားခြင်း ခံရရန်အလို့ငှာ၊ ၎င်းတို့သည် မြေကြီးနှင့်ဆိုင်သော အသက်သွေးကြော မရှိတော့စေရန် အလို့ငှာနှင့် မြေကြီး၏ အနံ့အရသာနှင့် မစွန်းထင်းတော့စေရန်အလို့ငှာ ငါသည် အရာခပ်သိမ်းကို အသစ်ဖြစ်စေမည်။ မြေကြီးပေါ်တွင် လူသားသည် ငါ့နှုတ်ကပတ်တော်များ၏ ရည်မှန်းချက် နှင့် ဇာစ်မြစ်များကို စမ်းတဝါးဝါးရှာလျက် ငါ့ဆောင်ရွက်ချက်များကို စောင့်ကြည့်ခဲ့ပြီးဖြစ်သော်လည်း၊ မည်သူကမျှ ငါ့နှုတ်ကပတ်တော်များ၏ ဇာစ်မြစ်များကို အမှန်တကယ် မသိခဲ့ဖူးကြသည့်အပြင် မည်သူကမျှ ငါ၏ဆောင်ရွက်ချက်များတွင် အံ့သြဖွယ်ကောင်းခြင်းကို အမှန်တကယ် မမြင်ခဲ့ဖူးကြပေ။ ငါသည် ကိုယ်တိုင်ကိုယ်ကျ လူသားအကြား၌ လာ၍ ငါ၏နှုတ်ကပတ်တော်များကို ပြောဆိုသည့်အခါ၊ လူသားသည် ၎င်းတို့၏ အတွေးများထဲ၌ “ငါ” ယူထားသည့်နေရာကို ဖယ်ရှားလျက်၊ ထိုအစား ၎င်းတို့၏ အသိဉာဏ်ထဲတွင် လက်တွေ့ကျသော ဘုရားသခင်အတွက် နေရာဖန်တီးကာ ငါ့အကြောင်း အနည်းငယ်သော အသိပညာ ရှိကြသည်မှာ ယနေ့မှသာဖြစ်သည်။ လူသားတွင် အယူအဆများရှိကာ သိလိုစိတ်နှင့် ပြည့်နှက်နေ၏။ ဘုရားသခင်ကို မမြင်တွေ့လိုသူ မည်သူရှိမည်နည်း။ ဘုရားသခင်နှင့် ကြုံတွေ့ရန် ဆန္ဒမရှိသူ မည်သူရှိမည်နည်း။ သို့တိုင် လူသား၏ စိတ်နှလုံးထဲတွင် သေချာသောနေရာ ယူထားသည့် တစ်ခုတည်းသော အရာမှာ မရေမရာနှင့် စိတ်ကူးသက်သက်ဟု လူသားကခံစားရသည့် ဘုရားပင်ဖြစ်၏။ သူတို့အား ငါရိုးရှင်းစွာမပြောလျှင် မည်သူက ဤသည်ကို သဘောပေါက်မည်နည်း။ ငါအမှန်ပင် တည်ရှိကြောင်းကို သေချာမှုနှင့် သံသယအရိပ်အမြွက်ပင် မရှိဘဲ၊ မည်သူက အမှန်တကယ် ယုံကြည်မည်နည်း။ လူသား၏ စိတ်နှလုံးထဲက “ငါ” နှင့် လက်တွေ့အရှိတရားထဲက “ငါ” တို့အကြားတွင် အလွန်အမင်းကွာခြားမှုရှိပြီး ၎င်းတို့နှစ်ခုအကြား၌ နှိုင်းယှဉ်ချက်များကို မည်သူကမျှ ဖော်ပြနိုင်စွမ်း မရှိပေ။ ငါသည် လူ့ဇာတိမခံယူခဲ့ပါက လူသားသည် ငါ့ကို မည်သည့်အခါမျှ သိမည်မဟုတ်ဘဲ၊ ငါ့အား သူသိလာခဲ့သော်မှ၊ ထိုကဲ့သို့သော အသိသည် အယူအဆတစ်ခုမျှသာ ဖြစ်နေဦးမည် မဟုတ်လော။ ငါသည် အဆက်မပြတ် စီးဆင်းနေသည့် လူတို့အကြား နေ့စဉ်နေ့တိုင်း လျှောက်လှမ်းပြီး လူတစ်ဦးစီ၏အတွင်း၌ ငါသည် နေ့စဉ်နေ့တိုင်း အလုပ်လုပ်၏။ လူသားက ငါ့ကို အမှန်စင်စစ် တွေ့မြင်သည့်အခါ၌၊ သူသည် ငါ၏ နှုတ်ကပတ်တော်များထဲ၌ ငါ့ကိုသိနိုင်မည်ဖြစ်ပြီး ငါပြောဆိုသည့် နည်းလမ်းအပြင် ငါ၏ရည်ရွယ်ချက်များအား နားလည်လိမ့်မည်ဖြစ်သည်။
နိုင်ငံတော်သည် ကမ္ဘာမြေပေါ်တွင် တရားဝင် ရောက်ရှိသည့်အခါ၊ အရာခပ်သိမ်းထဲမှ မည်သည့်အရာသည် တိတ်ဆိတ်လျက်မနေသနည်း။ လူခပ်သိမ်းထဲမှ မည်သူသည် မကြောက်ရွံ့ဘဲနေသနည်း။ ငါသည် စကြဝဠာ လောကတစ်ခွင် နေရာအနှံ့ လျှောက်လှမ်းပြီး အရာခပ်သိမ်းသည် ငါ၏ ကိုယ်တိုင်ကိုယ်ကျ စီမံခြင်းကို ခံရ၏။ ဤအချိန်တွင် ငါ၏ ဆောင်ရွက်ချက်များက အံ့သြဖွယ်ကောင်းသည်ကို မည်သူမသိဘဲ နေသနည်း။ ငါ၏လက်များသည် အရာခပ်သိမ်းကို ထောက်မထား သော်လည်း၊ ငါသည် အရာခပ်သိမ်း၏ အထက်တွင်လည်း ရှိ၏။ ယနေ့ ငါ၏လူ့ဇာတိခံယူခြင်းနှင့် လူသားအကြား ငါကိုယ်တိုင်ရှိနေခြင်းသည် ငါ၏နှိမ့်ချခြင်းနှင့် ဖုံးကွယ်နေခြင်း၏ စစ်မှန်သောအဓိပ္ပာယ် မဟုတ်ပေဘူးလော။ အပြင်ပန်းတွင် များစွာသော လူတို့သည် ငါ့အား ကောင်းသည်ဟု ချီးမွမ်းလျက် လှသည်ဟု ချီးကျူးကြသော်လည်း၊ မည်သူသည် ငါ့အား အမှန်တကယ် သိသနည်း။ ယနေ့ သင်တို့ ငါ့အား သိသလောဟု အဘယ်ကြောင့် မေးရသနည်း။ ငါ၏ရည်မှန်းချက်မှာ အဆင်းနီသောနဂါးကြီးကို အရှက်ရစေရန် မဟုတ်သလော။ ငါသည် လူသားကို ငါ့အားချီးမွမ်းရန် အတင်းအကျပ်မပြုလိုသော်လည်း၊ သူ့ကို ငါ့အားသိအောင် ဆောင်ရွက်လိုသည်၊ ထိုသို့အားဖြင့် သူသည် ငါ့ကို ချစ်လာပြီး သို့ဖြစ်၍ ငါ့ကို ချီးမွမ်းလာလိမ့်မည်။ ထိုကဲ့သို့သော ချီးမွမ်းခြင်းသည် လျော်ကန်ထိုက်တန်၍ အချည်းနှီးပြောဆိုခြင်း မဟုတ်ပေ။ ဤသို့သော ချီးမွမ်းခြင်းသည်သာ ငါ၏ပလ္လင်သို့ရောက်နိုင်၍ မိုးကောင်းကင်ထက်သို့ တက်နိုင်မည်ဖြစ်သည်။ လူသားသည် စာတန်၏ သွေးဆောင်ခြင်းနှင့် ဖောက်ပြန်ဖျက်ဆီးခြင်း ခံရသောကြောင့်၊ သူသည် အယူအဆများနှင့် စဉ်းစားဉာဏ်တို့၏ လွှမ်းမိုးခြင်း ခံရသောကြောင့်၊ ငါသည် လူသားမျိုးနွယ်တစ်ရပ်လုံးကို ကိုယ်တိုင် သိမ်းပိုက်ရန်၊ လူသား၏ အယူအဆများ အားလုံးကို ဖော်ထုတ်ရန်နှင့် လူသား၏ စဉ်းစားဉာဏ်ကို အစိတ်စိတ်အမွှာမွှာ ဖျက်ဆီးပစ်ရန်အလို့ငှာ လူ့ဇာတိခံယူခဲ့ပြီးဖြစ်၏။ ရလဒ်အနေဖြင့် လူသားသည် ငါ၏ရှေ့မှောက်တွင် ဝင့်ကြွားထုတ်ပြခြင်း မပြုတော့ဘဲ၊ သူ၏ကိုယ်ပိုင်အယူအဆများကို အသုံးပြု၍ ငါ့အား အစေခံခြင်းလည်း မပြုတော့ပေ၊ ထို့ကြောင့် လူသား၏ အယူအဆများထဲက “ငါ” ကို လုံးဝ ပပျောက်စေသည်။ နိုင်ငံတော် တည်သည့်အခါ၊ ငါပြုသည့် ပထမဆုံးသောအရာမှာ အမှု၏ဤအဆင့်ကို စတင်ခြင်းဖြစ်ပြီး ငါ၏ လူတို့အကြား၌လည်း ငါထိုသို့ပြု၏။ အဆင်းနီသောနဂါးကြီး၏ နိုင်ငံတွင် မွေးဖွားသော ငါ၏လူတို့အနေဖြင့် အကယ်စင်စစ် သင်တို့၏အတွင်း၌ အဆင်းနီသောနဂါးကြီး၏ အဆိပ် အနည်းငယ်မျှပင် မရှိသည်သာမက တစ်စိတ်တစ်ပိုင်းမျှလည်း မရှိပေ။ ထို့ကြောင့် ငါ့အမှု၏ ဤအဆင့်သည် အဓိကအားဖြင့် သင်တို့အပေါ် ဗဟိုပြုထားခြင်းဖြစ်ပြီး၊ ဤသည်မှာ တရုတ်နိုင်ငံတွင် ငါလူ့ဇာတိခံယူခြင်း၏ အရေးပါမှုလက္ခဏာ တစ်ခုဖြစ်သည်။ လူအများစုသည် ငါပြောသည့် နှုတ်ကပတ်တော်များ၏ တစ်စွန်းတစ်စကိုမျှပင် နားလည်နိုင်ခြင်းမရှိဘဲ၊ သူတို့ နားလည်လျှင်ပင် သူတို့၏နားလည်ခြင်းသည် ဝိုးတိုးဝါးတားနှင့် မရှင်းမလင်းဖြစ်၏။ ဤသည်မှာ ငါ စကားပြောဆိုသည့်နည်းလမ်း၏ အလှည့်အပြောင်း တစ်ခု ဖြစ်၏။ လူအားလုံးသည် ငါ၏နှုတ်ကပတ်တော်များကို ဖတ်၍ ၎င်းတို့၏ အဓိပ္ပာယ်ကို နားလည်နိုင်ပါက၊ လူသားထဲမှ မည်သူသည် ကယ်တင်ခြင်း ခံရပြီး မရဏနိုင်ငံသို့ ပစ်ချမခံရဘဲ နေနိုင်မည်နည်း။ လူသားသည် ငါ့ကိုသိ၍ နာခံသည့်အချိန်သည် ငါနားသည့်အချိန် ဖြစ်မည်ဖြစ်ပြီး ယင်းသည်လူသားက ငါ့နှုတ်ကပတ်တော်များ၏ အဓိပ္ပာယ်ကို နားလည်နိုင်သည့် အချိန်ပင်ဖြစ်လိမ့်မည်။ ယနေ့ ငါ့အကြောင်း သင်၏ သိခြင်းကို မဆိုထားဘိ၊ သင်တို့၏ ဝိညာဉ်ရင့်ကျက်မှုသည် သေးငယ်လွန်းလျက်၊ ယင်းမှာ သနားစဖွယ်ကောင်းလောက်အောင်ပင် သေးငယ်ပြီး ချီးမြှောက်ရန်ပင် မထိုက်တန်ချေ။
ငါ၏သားတို့နှင့် လူတို့ကို အလုပ်အကျွေးပြုရန် ကောင်းကင်တမန်များကို စတင်စေလွှတ်လိုက်ပြီဟု ငါပြောသော်လည်း၊ ငါ့နှုတ်ကပတ်တော်တို့၏ အဓိပ္ပာယ်ကို မည်သူမျှ နားမလည်နိုင်ကြပေ။ လူသားအကြား ငါကိုယ်တိုင်လာသည့်အခါ၊ ကောင်းကင်တမန်တို့သည် လုပ်ကျွေးခြင်းအမှုကို တစ်ပြိုင်နက် စတင်ကြကာ၊ ကောင်းကင်တမန်တို့၏ အလုပ်အကျွေးပြုခြင်း အတောအတွင်း သားတို့နှင့် လူတို့အားလုံးသည် စမ်းသပ်မှုများနှင့် လုပ်ကျွေးခြင်းတို့ကို ရရှိရုံသာမက၊ ရူပါရုံများအမျိုးမျိုး ဖြစ်ပေါ်ခြင်းကိုလည်း ၎င်းတို့ကိုယ်တိုင်၏မျက်လုံးဖြင့် ရှုမြင်နိုင်ကြ၏။ ငါသည် ဘုရားသဘောသဘာဝထဲမှ တိုက်ရိုက်အမှုပြုသဖြင့် အရာခပ်သိမ်းသည် အသစ်တစ်ဖန်စတင်ခြင်းထဲသို့ ဝင်ရောက်ကြကာ၊ ဤဘုရားသဘောသဘာဝက တိုက်ရိုက်အမှုပြုသဖြင့် ၎င်းကို လူ့သဘောသဘာဝက စိုးစဉ်းမျှပင် ကန့်သတ်ထားခြင်းမရှိဘဲ၊ လူသားအတွက်မှာမူ သဘာဝလွန်အခြေအနေများ၌ လွတ်လပ်စွာ အလုပ်လုပ်နေပုံရသည်။ သို့သော်လည်း ငါ့အတွက်မူကား ယင်းမှာ လုံးလုံးလျားလျား ပုံမှန်ဖြစ်၏ (လူသားက သူသည် ဘုရားသဘောသဘာဝကို မည်သည့်အခါမျှ တိုက်ရိုက်မကြုံတွေ့ဖူးသေးသဖြင့် ယင်းကို သဘာဝလွန် ဖြစ်သည်ဟု ယုံကြည်၏။) ၎င်းသည် လူသား၏ အယူအဆများနှင့်ဆိုင်သည့် စရိုက်လက္ခဏာတစ်ခုမျှပင် မရှိသည့်အပြင်၊ လူသား၏ အတွေးအခေါ်များနှင့်လည်း စွန်းထင်းခြင်း မရှိပေ။ လူအားလုံးတို့သည် လမ်းကြောင်းမှန်ပေါ်သို့ ရောက်သည့်အခါမှသာ ဤအရာကို သူတို့ မြင်ကြလိမ့်မည်။ ယခုသည် အစဖြစ်သောကြောင့်၊ သူ၏ဝင်ရောက်မှုနှင့် ပတ်သက်ပါက လူသားတွင် ချို့ယွင်းချက် များစွာရှိကာ၊ အားနည်းချက်များနှင့် နားလည်ရန် ခက်ခဲခြင်းတို့ကို ရှောင်ရှားနိုင်ခဲပေသည်။ ယနေ့ ငါသည် သင်တို့အား ဤအဆင့်အထိ လမ်းပြခဲ့ပြီးဖြစ်သဖြင့် ငါသည် သင့်လျော်သော အစီအမံများကို ပြုလုပ်ထားပြီး ငါ၏ ကိုယ်ပိုင် ရည်မှန်းချက်များ ရှိ၏။ ငါသည် သင်တို့အား ၎င်းတို့အကြောင်း ယနေ့ပြောပြရမည်ဆိုလျှင် သင်တို့သည် ၎င်းတို့ကို အမှန်တကယ် သိနိုင်ပါမည်လော။ ငါသည် လူ့စိတ်၏ အတွေးများနှင့် လူ့စိတ်နှလုံး၏ ဆန္ဒများကို ကောင်းစွာ သိကျွမ်းသည်- မိမိတို့ကိုယ်တိုင်အတွက် ထွက်ပေါက်ကို တစ်ခါမျှမရှာဖူးသူ မည်သူရှိသနည်း။ မိမိတို့ကိုယ်တိုင်၏ အလားအလာများအကြောင်း မစဉ်းစားခဲ့ဖူးသူ မည်သူရှိသနည်း။ သို့ရာတွင် လူသားသည် ကြွယ်ဝ၍ ထူးချွန်သော အသိဉာဏ်နှင့်ဆိုင်သည့် လက္ခဏာ ရှိသော်လည်း၊ ခေတ်ကာလများ၏နောက် ပစ္စုပ္ပန်သည် ဤသို့ ဖြစ်လာလိမ့်မည်ဟု မည်သူက ခန့်မှန်းနိုင်ခဲ့သနည်း။ ဤသည်မှာ သင်ကိုယ်တိုင်၏ ပုဂ္ဂလဓိဋ္ဌာန်ကျသော ကြိုးပမ်းမှုများ၏ အသီးအပွင့် အမှန်ပင်ဖြစ်သလော။ ဤသည်မှာ သင်၏ မမောမပန်းနိုင်သော လုံ့လဝီရိယအတွက် အဖိုးအခပင်လော။ ဤသည်မှာ သင့်စိတ်ကူးဖြင့် မှန်းဆကြည့်သော လှပသည့် ပြကွက်ပေလော။ ငါသည် လူသားမျိုးနွယ် တစ်ရပ်လုံးကို လမ်းမပြခဲ့ပါက၊ ငါ၏အစီအမံများမှ မိမိတို့ကိုယ်ကိုယ် ခွဲထွက်ကာ အခြားထွက်ပေါက်ရှာနိုင်မည့်သူ မည်သူရှိသနည်း။ လူသားကို ယနေ့မျက်မှောက်သို့ ခေါ်လာသည့်အရာမှာ လူသား၏ စိတ်ကူးစိတ်သန်းများနှင့် စိတ်ဆန္ဒများပေလော။ များစွာသော လူတို့သည် ၎င်းတို့၏လိုအင်ဆန္ဒများ ပြည့်ဝခြင်းမရှိဘဲ၊ သူတို့ဘဝ တစ်လျှောက်လုံး အသက်ရှင်ကြ၏။ ဤသည်မှာ အမှန်တကယ်ပင် ၎င်းတို့၏ အတွေးအခေါ်ထဲရှိ အမှားတစ်ခုကြောင့်ပေလော။ များစွာသော လူတို့၏ ဘဝများသည် မျှော်လင့်မထားသော ပျော်ရွှင်ကျေနပ်မှုတို့နှင့် ပြည့်နှက်လျက် ရှိသည်။ ဤသည်မှာ အမှန်တကယ်ပင် သူတို့က အလွန်နည်းပါးစွာ မျှော်လင့်ထားကြ၍လော။ လူသားမျိုးနွယ်တစ်ရပ်လုံးထဲမှ အနန္တတန်ခိုးရှင်၏ မျက်လုံးထဲ၌ ဂရုစိုက်မခံရသူဟူ၍ မည်သူရှိသနည်း။ အနန္တတန်ခိုးရှင်၏ ကြိုတင်ပြဋ္ဌာန်းထားခြင်း အလယ်၌ မနေထိုင်သူ မည်သူရှိသနည်း။ လူသား၏ အသက်ရှင်ခြင်းနှင့် သေခြင်းသည် သူကိုယ်တိုင်၏ ရွေးချယ်ချက်ဖြင့် ဖြစ်ပျက်သလော။ လူသားသည် သူကိုယ်တိုင်၏ ကံကြမ္မာကို ထိန်းချုပ်ထား သလော။ များစွာသောလူတို့သည် သေခြင်းတရားကို အော်ခေါ်ကြ သော်လည်း၊ ၎င်းသည် သူတို့ထံမှ ဝေးကွာနေ၏။ များစွာသောလူတို့သည် ဘဝတွင် ကြံ့ခိုင်၍ သေခြင်းတရားကို ကြောက်ရွံ့သောသူများ ဖြစ်လိုကြသော်လည်း၊ ၎င်းတို့အား သေခြင်းတရား၏ အသူတစ်ရာ နက်သောချောက်ထဲသို့ ထိုးဆင်းနေရင်း ၎င်းတို့၏သေဆုံးခြင်း နေ့ရက်သည် ၎င်းတို့သတိမထားမိခင် ချဉ်းကပ်လာနေ၏။ များစွာသောလူတို့သည် ကောင်းကင်သို့ ကြည့်၍ လေးလေးပင်ပင် သက်ပြင်းချကြ၏။ များစွာသောလူတို့သည် သည်းထန်စွာငိုကြွေး၍ အော်မြည်ရှိုက်ငိုကြ၏။ များစွာသောလူတို့သည် စမ်းသပ်မှုများအကြား လဲပြိုကြပြီး များစွာသောလူတို့သည် စုံစမ်းသွေးဆောင်ခြင်း၏ အကျဉ်းသားများ ဖြစ်သွားကြ၏။ ငါ့အား ရှင်းလင်းစွာ မြင်ခွင့်ပြုရန် ငါသည် ကိုယ်တိုင်ပေါ်ထွန်းလာခြင်း မရှိသော်လည်း၊ များစွာသောလူတို့သည် ၎င်းတို့ကို ငါဒဏ်ခတ်မည် ဟုလည်းကောင်း၊ ၎င်းတို့ကို ငါအဆုံးစီရင်မည် ဟုလည်းကောင်း လွန်စွာကြောက်ရွံ့လျက် ငါ့၏မျက်နှာကိုမြင်ရန် ကြောက်ကြ၏။ လူသားသည် ငါ့ကို အမှန်တကယ် သိသလော၊ သို့မဟုတ် မသိသလော။ မည်သူမျှ သေချာပေါက် မပြောနိုင်ပေ။ ဤသည်မှာ မမှန်ကန်ပေဘူးလား။ သင်တို့သည် ငါ့ကိုရော ငါ၏ပြစ်တင်ဆုံးမမှုကိုပါ ကြောက်ရွံ့ကြသော်လည်း၊ သင်တို့သည် မတ်တတ်ရပ်၍ ငါ့ကို ပြောင်ပြောင်တင်းတင်းပင် ဆန့်ကျင်ကာ ငါ့အပေါ် တရားစီရင်၏။ ဤသည်မှာ မမှန်ကန်သလော။ လူသားသည် ငါ့ကို လုံးဝမသိခဲ့ဖူးခြင်းမှာ သူသည် မည်သည့်အခါမျှ ငါ၏မျက်နှာကို မမြင်ခဲ့ဖူး သို့မဟုတ် ငါ့အသံကို မကြားခဲ့ဖူးသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ငါသည် လူသား၏နှလုံးသားထဲ၌ပင် ရှိသော်လည်း၊ ၎င်း၏နှလုံးသားတွင် ငါသည် ဝိုးတဝါးနှင့် မထင်မရှား မဖြစ်သောသူ တစ်စုံတစ်ဦး ရှိသလော။ ၎င်း၏နှလုံးသားထဲတွင် ငါ ပကတိ ရှင်းလင်းနေသောသူ တစ်စုံတစ်ဦး ရှိသလော။ ငါ၏လူဖြစ်သောသူတို့က ငါ့ကို ဝိုးတိုးဝါးတားနှင့် နားလည်ရန်ခက်ခဲသည်ဟု မြင်မှာကိုလည်း ငါအလိုမရှိသဖြင့် ငါသည် ဤကြီးမြတ်သော အမှုတော်ကို စတင်ခြင်းဖြစ်၏။
ငါသည် လူသားအကြား တိတ်တဆိတ်လာ၍ ငါ ဖြည်းဖြည်းချင်း ထွက်သွား၏။ ငါ့ကို တစ်စုံတစ်ဦးက တွေ့မြင်ဖူးသလော။ နေမင်းသည် ယင်း၏ တောက်လောင်နေသော မီးလျှံများကြောင့် ငါ့ကို မြင်နိုင်သလော။ လမင်းသည် ၎င်း၏ ထွန်းပြောင်နေသော ကြည်လင်မှုကြောင့် ငါ့ကို မြင်နိုင်သလော။ နက္ခတ်တာရာများသည် ကောင်းကင်ထက်က ၎င်းတို့၏နေရာကြောင့် ငါ့ကိုမြင်နိုင်သလော။ ငါလာသည့်အခါ လူသားက မသိသည့်အပြင် အရာခပ်သိမ်းတို့သည်လည်း ဆက်လက်၍ မသိနားမလည်ကြဘဲ၊ ငါထွက်ခွာသည့်အခါတွင်လည်း လူသားသည် သတိမမူမိဘဲ ရှိနေကြဆဲဖြစ်သည်။ ငါ့အတွက် မည်သူက သက်သေခံပေးနိုင်သနည်း။ ယင်းမှာ ကမ္ဘာမြေပေါ်က လူတို့၏ ချီးမွမ်းခြင်းပင် ဖြစ်နိုင်သလော။ သဘာဝပတ်ဝန်းကျင်ထဲတွင် ပွင့်လန်းနေသည့် နှင်းပန်းတွေများ ဖြစ်နိုင်သလော။ မိုးကောင်းကင်ထက်တွင် ပျံနေကြသော ငှက်များလော။ တောင်များထက်တွင် ဟိန်းဟောက်နေသော ခြင်္သေ့များလော။ ငါ့ကို မည်သူမျှ အပြည့်အဝ မျက်မြင်မတွေ့နိုင်ပါတကား။ ငါပြုမည့်အမှုကို မည်သူမျှ မပြုလုပ်နိုင်ပါတကား။ သူတို့သည် ဤအမှုကို ပြုခဲ့လျှင်ပင် ယင်း၌ မည်သည့်သက်ရောက်မှု ရှိမည်နည်း။ ငါသည် နေ့စဉ် များစွာသောလူတို့၏ လုပ်ဆောင်မှုတိုင်းကို စောင့်ကြည့်၍၊ ငါသည် နေ့စဉ် များစွာသော လူတို့၏ နှလုံးသားနှင့် စိတ်တို့ကို ရှာဖွေစစ်ကြော၏။ မည်သူကမျှ ငါ၏တရားစီရင်မှုမှ မည်သည့်အခါမျှ လွတ်မြောက်ခဲ့ခြင်း မရှိသည့်အပြင် မည်သူကမျှ ငါ့တရားစီရင်ခြင်း၏ လက်တွေ့အရှိတရားမှ မည်သည့်အခါမျှ မိမိတို့ကိုယ်ကိုယ် ထုတ်ပယ်ခဲ့ခြင်း မရှိပေ။ ငါသည် မိုးကောင်းကင်အထက်တွင် မတ်တတ်ရပ်လျက် အဝေးသို့ကြည့်၏- မရေတွက်နိုင်အောင် များပြားသောလူတို့သည် ငါ၏ဒဏ်ခတ်ခြင်းကို ခံရသော်လည်း၊ အလားတူစွာပင် မရေတွက်နိုင်သော လူတို့သည်လည်း ငါ၏ သနားကရုဏာနှင့် မေတ္တာကျေးဇူးတော်တို့ အလယ်၌ နေထိုင်ကြ၏။ သင်တို့သည်လည်း ထိုကဲ့သို့သော အခြေအနေများတွင် နေထိုင်ကြသည် မဟုတ်လော။
၁၉၉၂ ခုနှစ်၊ မတ်လ ၅ ရက်