အခန်း ၄၁
တစ်ချိန်က ငါသည် လူသားတို့အလယ်တွင် ကြီးမားသော ကြိုးပမ်းအားထုတ်မှုတစ်ခု ဆောင်ရွက်ခဲ့သော်လည်း၊ ၎င်းတို့ သတိမပြုမိခဲ့ကြပေ၊ ထို့ကြောင့် ယင်းကို ၎င်းတို့ထံ တစ်ဆင့်ချင်းစီ ထုတ်ဖော်ပြရန် ငါ၏နှုတ်ကပတ်တော်ကို ငါအသုံးပြုခဲ့ရသည်။ သို့တိုင် လူသားသည် ငါ၏နှုတ်ကပတ်တော်များကို နားမလည်နိုင်သေးသကဲ့သို့၊ ငါ့အစီအစဉ်၏ ရည်ရွယ်ချက်ကို မသိနားမလည်ရှိမြဲရှိလေသည်။ ထို့ကြောင့် ၎င်း၏ ချို့တဲ့မှုများနှင့် အားနည်းချက်များကြောင့်၊ လူသားများသည် ငါ၏ စီမံခန့်ခွဲမှုကို နှောင့်ယှက်ရန် အမှုအရာများ လုပ်ဆောင်ခဲ့ကြပြီး၊ ဤအရာက လူသားမျိုးနွယ်အနေဖြင့် ၎င်းတို့၏ သားကောင်များဖြစ်လာဖို့ရန်အလို့ငှာ၊ မသန့်ရှင်းသော ဝိညာဉ်မျိုးစုံအား ဝင်ရောက်ဖို့ အခွင့်အရေး ပေးခဲ့ပြီး၊ လုံးလုံးလျားလျား ညစ်ညူးသွားခဲ့သည်အထိ ဤမသန့်ရှင်းသော ဝိညာဉ်များ၏ ညှဉ်းဆဲခြင်းခံခဲ့ရလေသည်။ ထိုအခါမှသာ လူသား၏ ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်တို့ကို ရှင်းလင်းစွာ ငါမြင်ခဲ့ရသည်။ တိမ်များအတွင်းမှ ငါသည် သက်ပြင်းချခဲ့သည်- လူသားသည် အဘယ့်ကြောင့် မိမိတို့ကိုယ်ကိုယ်အတွက် အမြဲ ဆောင်ရွက်သနည်း။ ငါ၏ပြစ်တင်ဆုံးမမှုများသည် ၎င်းတို့ကို စုံလင်စေရန် မရည်ရွယ်သလော။ ငါသည် ၎င်းတို့၏ အပြုသဘောဆောင်သော သဘောထားကို တမင်တကာ တိုက်ခိုက်နေသလော။ လူသား၏ဘာသာစကားသည် အလွန်လှပပြီး နူးညံ့သိမ်မွေ့သော်လည်း၊ သူ၏ လုပ်ရပ်များမှာမူ လုံးဝ ကစဉ့်ကလျား ဖြစ်လေသည်။ လူသားအပေါ် ငါပြုသော သတ်မှတ်ချက်များသည် အဘယ့်ကြောင့် အမြဲ အချည်းနှီးဖြစ်လာရသနည်း။ ငါသည် ခွေးတစ်ကောင်ကို သစ်ပင်တစ်ပင်ပေါ် တက်ဖို့ရန် တောင်းဆိုနေ၍များ ဖြစ်နိုင်မည်လော။ ငါသည် ဘာမျှမဟုတ်သည့်အရာကို ရေးကြီးခွင်ကျယ် လုပ်နေခြင်းဖြစ်သလော။ ငါ၏စီမံခန့်ခွဲမှု အစီအစဉ်တစ်ခုလုံး တစ်လျှောက်တွင်၊ ငါသည် “စမ်းသပ်လုပ်ဆောင်ချက်နှင့်ဆိုင်သော ဇာတ်ကွက်” မျိုးစုံကို ထွင်ပြီးဖြစ်သည်။ သို့သော်ငြားလည်း ယင်း၏ မကောင်းသော အခြေအနေနှင့် နှစ်ပေါင်းများစွာ ယင်း၏ နေရောင်ခြည်ကင်းမဲ့မှုတို့ကြောင့်၊ မြေပြင်အခြေအနေသည် စဉ်ဆက်မပြတ် ပြောင်းလဲနေသည်၊ ယင်းက နယ်မြေတစ်ခုတွင် “ယိုယွင်းမှု” တစ်ခုသို့ ဆိုက်ရောက်စေသည်။ ထို့ကြောင့် ငါ၏မှတ်ဉာဏ်အတွင်းတွင် ငါသည် မရေမတွက်နိုင်သည့် ထိုသို့သော နယ်မြေ၏ မြေကွက်များကို စွန့်ပစ်ပြီး ဖြစ်သည်။ ယခုတွင်ပင် နယ်မြေ၏ အများအပြားသည် ဆက်၍ ပြောင်းလဲလေသည်။ အကယ်၍ တစ်နေ့နေ့တွင် နယ်မြေသည် အခြားသော ပုံစံအဖြစ်သို့ အမှန်တကယ် ပြောင်းလဲသွားပါက၊ ငါသည် ယင်းကို မဆိုင်းမတွ ဘေးဖယ်ထားလိုက်မည် ဖြစ်သည်- ဤသည်မှာ လတ်တလော အဆင့်ထဲက ငါ၏ အမှု အတိအကျ ဖြစ်သည် မဟုတ်လော။ သို့သော် လူသားမျိုးနွယ်သည် ဤအရာကို စိုးစဉ်းမျှ မသိချေ။ ၎င်းတို့သည် ငါ၏ “လမ်းပြမှု”အောက်တွင် “ပြစ်တင်ဆုံးမခြင်း” ခံရုံမျှခံကြရသည်။ ယင်းသည် အဘယ်အကျိုးရှိသနည်း။ ငါသည် လူကို ပြစ်တင်ဆုံးမဖို့ရန် အထူးတလည် ရည်ရွယ်၍ ကြွလာသော ဘုရားသခင်တစ်ပါး ဖြစ်နိုင်မည်လော။ အထက် ကောင်းကင်ဘုံ၌ ငါသည် လူများအလယ် ကြွလာသည့်အခါ၊ ငါချစ်သောသူအားလုံးသည် ငါနှင့် နီးစပ်နိုင်ကြဖို့အလို့ငှာ ငါသည် ၎င်းတို့နှင့်အတူ တစ်ပေါင်းတစ်စည်းတည်း ဖြစ်လာမည်ဟု တစ်ခါက ငါစီစဉ်ခဲ့သည်။ သို့သော် ယခုတွင် ယနေ့ ဤအဆင့်သို့ ရောက်ရှိပြီးဖြစ်လျက်၊ လူသားသည် ငါနှင့် အဆက်အသွယ် မရှိရုံသာမက၊ ယင်းအစား ငါ၏ ပြစ်တင်ဆုံးမမှုကြောင့် ငါ့ကို ခပ်တန်းတန်း ဆက်ဆံလေသည်။ သူ၏ ရှောင်ဖယ်မှုကြောင့် ငါမငိုကြွေးပေ။ ယင်းနှင့် ပတ်သက်၍ မည်သည့်အရာ လုပ်ဆောင်နိုင်မည်နည်း။ လူသားများသည် တီးခတ်လျက် ရှိသည့် မည်သည့်သံစဉ်ကိုမဆို လိုက်ဆိုသည့် ဖျော်ဖြေသူများသာ ဖြစ်သည်။ ငါသည် လူသားများအား ငါ့လက်မှ လျှောကျသွားခွင့်ပေးသည့် ငါ၏ အစွမ်းအစတွင် ယုံကြည်စိတ်ချမှုရှိပြီး၊ ၎င်းတို့ကို “အခြားအပိုင်းများ” မှ ငါ၏ “အလုပ်ရုံ” သို့ ပြန်ဆောင်ကြဉ်းဖို့ ငါ၏ အစွမ်းအစတွင် သာ၍ ယုံကြည်စိတ်ချမှု ရှိသည်။ ဤအဆင့်တွင် လူသားသည် မည်သည့် နာကျည်းချက် ရှိဖို့ ဖြစ်နိုင်မည်နည်း။ ပြီးလျှင် လူသားသည် ငါ့ကို မည်သည့်အရာ လုပ်ဆောင်နိုင်ဖို့ ဖြစ်နိုင်မည်နည်း။ လူသားများသည် တံတိုင်း ထိပ်ဖျားတွင် ပေါက်နေသည့် မြက်ပင် ဖြစ်ကြသည် မဟုတ်လော။ သို့သော်၊ ငါသည် ဤအပြစ်အနာအဆာအတွက် လူသားများကို ထိခိုက်နစ်နာစေခြင်း မရှိဘဲ၊ ထို့ထက် ၎င်းတို့ကို ငါ၏အာဟာရများ ပေး၏လူသားများသည် အားနည်းပြီး အစွမ်းမရှိပေ။ အာဟာရကင်းမဲ့သည်။ ဤသည်မှာ ၎င်းတို့၏ အရှိအတိုင်းပင်ဖြစ်သည်။ ငါသည် လူသားများ၏ အေးစက်သော စိတ်နှလုံးများကို ငါ၏နွေးထွေးသော ထွေးပွေ့ခြင်းဖြင့် အသွင်ပြောင်းသည်- အခြားမည်သူက ထိုသို့သော အရာတစ်ခုကို လုပ်ဆောင်နိုင်သနည်း။ အဘယ့်ကြောင့် ငါသည် ထိုသို့သော အမှုကို လူသားအလယ် ဆောင်ရွက်လေပြီနည်း။ လူသားသည် ငါ၏စိတ်နှလုံးကို အမှန်တကယ် နားလည်နိုင်သလော။
ငါရွေးချယ်ပြီးဖြစ်သော သူအားလုံးအလယ်တွင်၊ ငါသည် “စီးပွားရေးလုပ်ငန်း” တစ်ခု၌ ပါဝင်ပတ်သက်ပြီးဖြစ်သည်၊ ထို့ကြောင့် ငါ၏အိမ်တွင် မဆုံးနိုင်သော အလျဉ်တစ်ခုဖြင့် လူတို့ အမြဲ ဝင်ထွက်သွားလာ လေသည်။ ၎င်းတို့သည် ငါနှင့် စီးပွားရေး ဆွေးနွေးနေသည့်အလား ငါ၏နေရာ၌ အမျိုးမျိုးသော လုပ်ရိုးလုပ်စဉ်များကို ၎င်းတို့အားလုံး လုပ်ဆောင်ကြသည်၊ ယင်းက ငါ၏ အမှုကို အလွန့်အလွန် အလုပ်များစေသည်၊ တစ်ခါတစ်ရံ အလွန်များလှသည်မှာ အသေးအဖွဲ ကိစ္စများအတွက် ဆူဆူညံညံ ငြင်းခုံခြင်းများကို ကိုင်တွယ်ဖြေရှင်းရန် ငါအခွင့်အရေး မရှိပေ။ ငါ၏ ဝန်ထုပ်များကို မတိုးစေဖို့ လူတို့ကို ငါ တိုက်တွန်းသည်။ ၎င်းတို့သည် စဉ်ဆက်မပြတ် ငါ့အပေါ် မှီခိုနေမည့်အစား ၎င်းတို့၏ ကိုယ်ပိုင်လမ်းကြောင်းကို ၎င်းတို့ အစီအစဉ်ဆွဲသင့်ပေသည်။ ၎င်းတို့သည် ငါ၏အိမ်တွင် အမြဲ ကလေးသူငယ်များ ဖြစ်၍မရပေ။ ယင်းတွင် မည်သည့် အကျိုးကျေးဇူး ရှိမည်နည်း။ ငါ လုပ်ဆောင်သည်မှာ အရေးကြီးသော လုပ်ငန်း ဖြစ်သည်။ ငါသည် အချို့သော “ရပ်ကွက်မုန့်ဆိုင်” သို့မဟုတ် အချို့သော အခြား “အချိန်မရွေးဝယ်ယူနိုင်သော ကုန်မျိုးစုံဆိုင်” ငယ်လေးကို ဖွင့်သည် မဟုတ်ပေ။ လူအားလုံးသည် ငါကို တမင်တကာ ဟာသလုပ်ကြသည့်အလား၊ ကစားဖို့ မတင်းတိမ်နိုင်သည့် အာသီသရှိသော ဆိုးသော ကလေးများ ဖြစ်ကြသည့်အလား၊ လေးနက်သည့် ကိစ္စရပ်များကို မည်သည့်အခါတွင်မျှ စဉ်းစားခြင်း မရှိဘဲ၊ ထိုသို့ဖြင့် များစွာသောသူတို့အား ၎င်းတို့ကို ငါတာဝန်ပေးပြီးဖြစ်သည့် “အိမ်စာ” ကို မပြီးစီးနိုင်ဖြစ်စေလျက်၊ ငါ၏ စိတ်နေစိတ်ထားကို နားမလည်နိုင်ကြချေ။ ဤကဲ့သို့သော လူများသည် ၎င်းတို့ “ဆရာ” ၏ ရှေ့တွင် ၎င်းတို့၏ မျက်နှာကိုပြဖို့ မည်သို့ မျက်နှာပြောင်တိုက် အတင့်ရဲနိုင်မည်နည်း။ ၎င်းတို့ လုပ်ဆောင်နေသင့်သည့်အရာကို အဘယ်ကြောင့် ၎င်းတို့ လုံးဝ အာရုံမစိုက်ကြသနည်း။ လူသား၏ စိတ်နှလုံးသည် မည်သို့သော အရာဝတ္ထု ဖြစ်သနည်း။ ဤနေ့ထိတိုင် ဤအရာနှင့်ပတ်သက်၍ ငါသည် မရှင်းလင်းဘဲ ရှိနေသည်။ လူသား၏ စိတ်နှလုံးသည် အဘယ့်ကြောင့် မရပ်မနား ပြောင်းလဲရသနည်း။ ယင်းမှာ ဇွန်လထဲက နေ့တစ်နေ့ကဲ့သို့ ဖြစ်သည်- ယခု နေ ချစ်ချစ်တောက်ပူလိုက်၊ ယခု တိမ်များ ထူထပ်လိုက်နှင့်၊ ယခု ကြမ်းတမ်းသောလေက တဟူးဟူး တိုက်ခတ်လိုက် ဖြစ်လေသည်။ ထို့ကြောင့် လူသားသည် အတွေ့အကြုံမှ အဘယ်ကြောင့် မသင်ယူနိုင်သနည်း။ ငါပြောပြီးသည့်အရာမှာ ချဲ့ကား ပြောဆိုခြင်း ဖြစ်ကောင်းဖြစ်ပေမည်။ လူသားများသည် မိုးရာသီအတွင်းတွင် ထီးတစ်လက်ဆောင်ဖို့ပင် မသိချေ၊ ထိုသို့ဖြင့် ၎င်းတို့၏ မသိနားမလည်မှုကြောင့်၊ ငါသည် ၎င်းတို့ကို တမင်တကာ ကျီစယ်နေပြီး၊ ၎င်းတို့သည် ကောင်းကင်မှမိုး၏ ထိုးနှက်ခြင်းကို အမြဲခံကြရသည့်အလား၊ ၎င်းတို့သည် ရုတ်တရက် သည်းထန်စွာ ရွာသောမိုးများအားဖြင့် မရေတွက်နိုင်အောင် ရွှဲရွှဲစိုကြရပြီးဖြစ်သည်။ သို့မဟုတ် ယင်းမှာ ငါသည် မည်သည်အရာ လုပ်ဆောင်ရမည်ကို လုံးဝ မသိဘဲလျက်၊ လူသားများကို သတိလစ်ဟင်းစေပြီး အာရုံပျက်စေကာ၊ ထိုသို့ဖြင့် အမြဲ နမော်နမဲ့ဖြစ်စေရင်း၊ ငါသည် အလွန် “ရက်စက်” သောကြောင့် ဖြစ်ကောင်းဖြစ်ပေမည်။ မည်သည့်လူကမျှ ငါ့အမှု၏ ရည်မှန်းချက် သို့မဟုတ် အရေးပါမှုကို တစ်ကြိမ်တစ်ခါမျှ အမှန်တကယ် နားမလည်ဖူးပေ။ ဤသို့ဖြစ်သောကြောင့် ၎င်းတို့အားလုံးသည် မိမိတို့ကိုယ်ကိုယ် နှောင့်ယှက်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း နှင့်ဆိုင်သည့် ဤအမှုကို လုပ်ဆောင်နေကြပေသည်။ ငါသည် လူကို ပြစ်တင်ဆုံးမဖို့ အမှန်တကယ် စီစဉ်ထားပါသလော။ အဘယ့်ကြောင့် လူသားများသည် မိမိတို့ကိုယ်ကိုယ် ဒုက္ခရောက်စေကြသနည်း။ အဘယ်ကြောင့် ၎င်းတို့သည် ကျော့ကွင်းများထဲသို့ အမြဲ လှမ်းဝင်သွားကြသနည်း။ အဘယ့်ကြောင့် ၎င်းတို့သည် ငါနှင့် မညှိနှိုင်းဘဲ၊ ထိုအစား မိမိတို့ကိုယ်တိုင်အတွက် အလုပ်ဖြစ်မည့် နည်းလမ်းများကို ရှာဖွေကြသနည်း။ လူသားကို ငါ ပေးသောအရာ အားလုံးသည် မလုံလောက်၍များ ဖြစ်နိုင်မည်လော။
ငါသည် ငါ၏ “ပွဲဦးထွက် အမှု” ကို လူမျိုးနွယ်အားလုံး အလယ်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး၊ ငါ၏ ထုတ်ပြန်ကြေငြာခြင်းသည် လူသားများထဲတွင် ကြီးမားသော ကြည်ညိုလေးစားမှုကို နှိုးဆော်သောကြောင့်၊ ၎င်းတို့ အားလုံးသည် ယင်းကို အသေးစိတ်နှင့် သေချာစွာ လေ့လာကြကာ၊ ဤအာရုံစိုက်လေ့လာမှုမှတစ်ဆင့်၊ ၎င်းတို့ များစွာရရှိကြပြီးဖြစ်သည်။ ငါ ရေးသားထားသည့် အမှုသည် အံ့ဖွယ်ဖြစ်ကာ၊ အလွန် ရှုပ်ထွေးသည့် ဝတ္ထုတစ်ပုဒ်ဟု ထင်ရသည်။ ယင်းသည် စိတ်ကူးယဉ် စကားပြေကဗျာ တစ်ပုဒ်ဟု ထင်ရသည်။ နိုင်ငံရေး အစီအစဉ်တစ်ခုနှင့်ဆိုင်သည့် ဆွေးနွေးမှု တစ်ခုဟု ထင်ရသည်။ စီးပွားရေး အမြော်အမြင် သုတပေါင်းချုပ်တစ်ခုဟု ထင်ရသည်။ ငါ၏ ရေးသားထားသော အမှုသည် အလွန် ကြွယ်ဝသည်နှင့်အမျှ၊ ယင်းနှင့်ပတ်သက်၍ မတူကွဲပြားသော ထင်မြင်ချက်များစွာရှိပြီး၊ မည်သူမျှ ငါ၏ ဤအမှုကို ပေါင်းရုံးသည့် နိဒါန်းတစ်ခုကို မပေးနိုင်ကြချေ။ လူသားများသည် “ပြောင်မြောက်သော” အသိပညာနှင့် ပါရမီ ရှိကောင်းရှိနိုင်သော်လည်း၊ ငါ၏ ဤအမှုသည် ပိုင်နိုင်ပြီး ပါရမီရှိသော သူအားလုံးကို ခေါင်းခြောက်စေရန် လုံလောက်ပေသည်။ ၎င်းတို့က “သွေးစီးချင် စီးမည်၊ မျက်ရည်ကျချင် ကျမည်၊ သို့သော် မိမိ၏ ဦးခေါင်း မညွှတ်စေရ” ဟု ပြောကြစဉ်တွင်ပင်၊ ၎င်းတို့သည် ငါ၏ ရေးသားထားသော အမှုရှေ့မှောက်တွင် ၎င်းတို့၏ အရှုံးပေးခြင်းကို ဖော်ပြန်ရန် ၎င်းတို့၏ ဦးခေါင်းများကို မရည်ရွယ်ဘဲ ညွှတ်ထားကြသည်။ သူ၏ အတွေ့အကြုံ သင်ခန်းစာများမှ၊ လူသားသည် ငါ၏ ရေးသားထားသော အမှုကို ကောင်းကင်မှ ကျသည့် ကောင်းကင်နှင့်ဆိုင်သော စာအုပ်တစ်အုပ် ဖြစ်သည့်အလား ပေါင်းရုံးလိုက်ပြီးဖြစ်သည်။ သို့သော် ငါသည် လူသားအား အလွန် အကဲမဆတ်လွန်းရန် တိုက်တွန်းသည်။ ငါ၏အမြင်တွင် ငါပြောပြီးသမျှသောအရာသည် အလွန်သာမန်သာ ဖြစ်လေသည်။ သို့သော် ငါ၏ အမှုပါရှိသည့် ဘဝစွယ်စုံကျမ်းထဲတွင်၊ လူတို့သည် အသက်မွေးမှု နည်းလမ်းနှင့်ဆိုင်သည့် တစ်စုံတစ်ရာ ရှာတွေ့နိုင်လိမ့်မည်ဟု ငါမျှော်လင့်သည်။ လူသား၏ ခရီးပန်းတိုင်တွင်၊ ၎င်းတို့သည် ဘဝ၏အဓိပ္ပာယ်ကို ရှာဖွေကောင်း ရှာဖွေနိုင်သည်။ ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များတွင်၊ ၎င်းတို့သည် ငါ၏အလိုကို ရှာဖွေကောင်း ရှာဖွေနိုင်သည်။ ပြီးလျှင် လူသားမျိုးနွယ်၏ လမ်းကြောင်းတွင် ၎င်းတို့သည် ရှင်သန်ခြင်း အတတ်ပညာကို ရှာဖွေကောင်း ရှာဖွေနိုင်သည်။ ဤသို့ဖြင့် အမှုအရာများ သာ၍ ကောင်းမည် မဟုတ်လော။ ငါသည် လူသားကို အတင်းအကျပ်မပြုပေ။ တစ်စုံတစ်ဦးသည် ငါ၏ ရေးသားထားသော အမှုကို စိတ်မဝင်စားပါက၊ ငါသည် ၎င်းတို့ကို ငါ့စာအုပ်နှင့်ပတ်သက်၍ “ပြန်အမ်းငွေ” အပြင် “ဝန်ဆောင်မှုကြေး” တစ်ခုကို ပေးမည်။ ငါသည် မည်သူကိုမျှ အတင်းအကျပ် မပြု။ ဤစာအုပ်၏ စာရေးသူအနေဖြင့်၊ ငါ၏တစ်ခုတည်းသာ မျှော်လင့်ချက်မှာ စာဖတ်သူများက ငါ၏အမှုကို နှစ်သက်ရန်ဖြစ်သည်၊ သို့သော်ငြားလည်း လူတို့၏ နှစ်သက်မှုများက အမြဲ ကွဲပြားခြားနားပေသည်။ ထို့ကြောင့် ငါသည် လူသားများအား ဂုဏ်သိက္ခာကို ထည့်သွင်းစဉ်းစားခြင်းအား လက်မလွှတ်နိုင်သောကြောင့်မျှဖြင့် ၎င်းတို့၏ အနာဂတ်အလားအလာများကို အပေးအယူမလုပ်ရန် တိုက်တွန်းသည်။ ၎င်းတို့ ထိုသို့ လုပ်ဆောင်ခဲ့ကြမည် ဆိုပါက၊ ငါကဲ့သို့သော ကြင်နာတတ်သည့် သူသည် ထိုသို့သော ကြီးမားသည့် အရှက်ရခြင်းကို မည်သို့ ခံနိုင်မည်နည်း။ အကယ်၍ သင်တို့သည် ငါ၏အမှုကို နှစ်သက်သည့် စာဖတ်သူများ ဖြစ်ပါက၊ ငါ၏ အရေးအသားကို သာ၍ကောင်းစွာ တိုးတက်စေဖို့၊ သင်တို့၏ အဖိုးတန်သော အကြံပြုချက်များကို ငါ့အား လက်ဆင့်ကမ်းပေးလိမ့်မည်ဟု ငါမျှော်လင့်သည်၊ ထိုသို့ဖြင့် လူသား၏ အမှားများမှတစ်ဆင့် ငါ့အရေးအသားများ၏ အကြောင်းအရာ တိုးတက်ပေမည်။ ဤအရာက စာရေးသူနှင့် စာဖတ်သူနှစ်ဦးလုံးကို အကျိုးပြုမည် မဟုတ်လော။ ထိုသို့ ငါ ပြောဆိုခြင်းက မှန်ကန်ခြင်း ရှိမရှိဆိုသည်ကို ငါ မသိသကဲ့သို့၊ ဤနည်းဖြင့် ငါသည် ငါ၏အရေးအသား စွမ်းရည်ကို တိုးတက်ကောင်း တိုးတက်စေနိုင်ပေမည် သို့မဟုတ် ငါတို့ကြားက ခင်မင်မှုကို အားကောင်းစေပေမည်။ ခြုံပြောရလျှင် ငါ၏ နှုတ်ကပတ်တော်သည် မိသားစုနှင့် အိမ်တိုင်းထံ တစ်ဆင့် ပေးပို့ခံရနိုင်ဖို့အလို့ငှာနှင့်၊ ကမ္ဘာမြေပေါ်ရှိ လူအားလုံးသည် ငါ၏ နှုတ်ကပတ်တော်များအတွင်းတွင် အသက်ရှင်နိုင်ကြဖို့အလို့ငှာ၊ လူအားလုံးသည် ယင်းကို နှောင့်ယှက်ခြင်းမရှိဘဲ ငါ၏ အမှုနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည်ဟု ငါမျှော်လင့်သည်။ ဤသည်မှာ ငါ၏ ရည်မှန်းချက်ပန်းတိုင် ဖြစ်သည်။ ငါ၏ နှုတ်ကပတ်များထဲက ဘဝနှင့်ပတ်သက်သည့် အခန်းကို ဖတ်ရှုခြင်းအားဖြင့်၊ အားလုံးသည် ဘဝနှင့်ပတ်သက်သည့် နီတိများဖြစ်စေ သို့မဟုတ် လူ့လောကထဲ ကျရောက်သည့် အမှားများနှင့်ဆိုင်သော အသိပညာဖြစ်စေ သို့မဟုတ် လူသားအပေါ် ငါတောင်းဆိုသည့်အရာ အဘယ်အရာဖြစ်သည်ဖြစ်စေ သို့မဟုတ် ယနေ့ နိုင်ငံတော်၏ လူတို့နှင့်ဆိုင်သော “လျှို့ဝှက်ချက်များ” ဖြစ်စေ တစ်စုံတစ်ရာ ရရှိနိုင်ကြမည်ဟု ငါမျှော်လင့်သည်။ သို့သော်လည်း ငါသည် လူသားများအား ယနေ့ လူတို့၏ မကောင်းသတင်းများကို တစ်ချက် ဖတ်ကြည့်ရန် တိုက်တွန်းသည်။ ဤအရာသည် အားလုံးအဖို့ အကျိုးရှိပေမည်။ နောက်ဆုံးသော လျှို့ဝှက်ချက်များကို မကြာခဏ ဖတ်ရန်လည်း နစ်နာစရာဖြစ်မည်မဟုတ်၊ ယင်းသည် လူတို့၏ အသက်တာများအတွက် သာ၍ပင် အကျိုးရှိပေမည်။ တစ်ဖန် ရေပန်းစားသော အကြောင်းအရာများ ကဏ္ဍကို မကြာခဏ ဖတ်လော့- ဤအရာသည် လူတို့၏အသက်တာများအတွက် သာ၍ပင် အကျိုးရှိမည် မဟုတ်လော။ ငါသည် မှန်ကန်သောဆေးကို သာ၍ ကောင်းစွာ ညွှန်ကြားပေးနိုင်ရန်နှင့် အဆုံးတွင် လူသားမျိုးနွယ်၏ ရောဂါအားလုံးကို အမြစ်ဖြတ်နိုင်ဖို့အလို့ငှာ၊ အကျိုးသက်ရောက်မှု တစ်ခုတစ်လေ ရှိသည်မရှိသည်ကို ကြည့်ရင်း၊ ငါ၏ အကြံကို ရယူခြင်းနှင့် ထို့နောက် ယင်းကို သင်ဖတ်ပြီးသည့်နောက်တွင် မည်သို့ခံစားရသည်ကို ငါ့အား ပြန်ပြောပြခြင်းဖြင့် အကျိုးမယုတ်နိုင်ပေ။ ငါ၏အကြံပေးချက်များနှင့်သက်ဆိုင်၍ သင် မည်သို့ တွေးထင်သည်ကို ငါမသိ၊ သို့သော် သင်တို့သည် ယင်းတို့ကို သင်တို့၏ ကိုးကားချက်အတွက် အချက်အလက်ကုန်ကြမ်းများအဖြစ် သဘောထားကြလိမ့်မည်ဟု ငါမျှော်လင့်သည်။ ယင်းသည် အဘယ်သို့ဖြစ်မည်နည်း။
၁၉၉၂ ခုနှစ်၊ မေလ ၁၂ ရက်