သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၃)
ယခုအချိန်ကာလတွင် တာဝန်ထမ်းဆောင်နေသောသူများသည် ပိုပို၍ အလုပ်ရှုပ်လာကြသည်။ အချိန် အလွန်အကုန်မြန်နေပြီး လုံလောက်မှုမရှိဟု ၎င်းတို့က ခံစားကြရ၏။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အမှန်မှာ ၎င်းတို့သည် ယခုအခါတွင် သမ္မာတရားကို နားလည်လာပြီး အမှုကိစ္စများစွာအပေါ် အသိအမြင်ရှိလာသောကြောင့် ဖြစ်သည်။ တာဝန်ခံယူရသည့်စိတ်သည် ၎င်းတို့အပေါ်တွင် ပိုပို၍ လေးလံလာသည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ပို၍ပင် ဇွဲလုံ့လရှိစွာ ထမ်းဆောင်နေကြပြီး ပို၍ အသေးစိတ်ကျသော အလုပ်ကို လုပ်ဆောင်နေကြသည်။ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့ထမ်းဆောင်သင့်သည့် တာဝန်များ ပိုပို၍ ရှိလာသည်ဟု ခံစားရသည်။ ဤအတွက်ကြောင့် ၎င်းတို့သည် မိမိတို့၏တာဝန်များဖြင့် ပိုပို၍ အလုပ်ရှုပ်လာကြခြင်းဖြစ်၏။ ထိုအရာအပြင် တာဝန်ထမ်းဆောင်သောသူအများစုသည် နေ့စဉ် ဘုရားနှုတ်ကပတ်တော်ကိုလည်း ဖတ်ရှုရပြီး သမ္မာတရားအကြောင်း မိတ်သဟာယပြုရသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ရသည်။ ၎င်းတို့အပေါ်သို့ ပြဿနာတစ်ခု ကျရောက်သောအခါ ဖြေရှင်းရန် သမ္မာတရားကို ရှာရသည်။ အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတချို့ကိုလည်း သင်ယူရသည်။ အစဉ်သဖြင့် အချိန်မလုံလောက်ဘဲ နေ့ရက်တိုင်းက အလွန်ပင် အကုန်မြန်သည်ဟု ၎င်းတို့ ခံစားရ၏။ ညရောက်လျှင် ၎င်းတို့သည် ထိုနေ့၌ ၎င်းတို့လုပ်ဆောင်ခဲ့သည့်အရာကို သေချာစဉ်းစားကြည့်ကြပြီး ၎င်းတို့လုပ်ဆောင်ခဲ့သည့်အရာမှာ တန်ဖိုးများစွာမရှိ၊ အလွန်ကောင်းသည့်အရာ ဘာတစ်ခုမျှ မဖြစ်ထွန်းခဲ့သည့်ပုံစံရှိသည်ဟု မြင်မိသည်။ ၎င်းတို့သည် ဝိညာဉ်ရင့်ကျက်မှု အလွန်နည်းပြီး လုံလောက်မှုမရှိဟု ခံစားရကာ ဝိညာဉ်ရင့်ကျက်မှု အလျင်အမြန်ကြီးထွားရန် စိတ်ထက်သန်နေကြသည်။ ၎င်းတို့ထဲမှ တချို့က “ဤအလုပ်တွင် အလုပ်ရှုပ်နေခြင်းက မည်သည့်အချိန်တွင် ပြီးမည်နည်း။ မည်သည့်အချိန်တွင် ငါ၏ စိတ်နှလုံးကို သင့်တင့်လျောက်ပတ်စွာ ငြိမ်သက်စေပြီး ဘုရားနှုတ်ကပတ်တော်များကို ငါဖတ်ရှုနိုင်မည်နည်း။ မည်သည့်အချိန်တွင် မိမိကိုယ်ကို သမ္မာတရားဖြင့် သင့်တင့်လျောက်ပတ်စွာ ငါဖြည့်ဆည်းနိုင်မည်နည်း။ တစ်ပတ်တွင် စုဝေးပွဲတစ်ခု၊ နှစ်ခုပြုလုပ်ခြင်းမှ ငါရရှိသောအရာသည် အလွန်နည်းပါး၏။ ငါတို့သည် ပို၍ စုဝေးသင့်ပြီး တရားဒေသနာများကို ပို၍ နားထောင်သင့်သည်။ ဤသည်မှာ သမ္မာတရားကို နားလည်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်” ဟူ၍ ဆိုကြသည်။ ထို့ကြောင့် ၎င်းတို့သည့် စောင့်ဆိုင်းပြီး တောင့်တကြသည်။ မျက်စိတစ်မှိတ်တွင် သုံး၊ လေး၊ ငါးနှစ်ကုန်ဆုံးသွားပြီး အချိန်က အလွန်အကုန်မြန်သည်ဟု ၎င်းတို့ခံစားရ၏။ လူတချို့သည် ဆယ်နှစ်ကြာ ယုံကြည်ပြီးနောက်တွင်ပင် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များစွာကို မပေးနိုင်ကြပေ။ ၎င်းတို့သည် ငြိမ်သက်ခြင်း မရှိဖြစ်လာကြပြီး စွန့်ပစ်ခံရမည်ကို စိုးရိမ်လာကြကာ ပို၍များသော သမ္မာတရားဖြင့် မိမိတို့ကိုယ်ကို အလျင်စလို ပြင်ဆင်ရန် ဆန္ဒရှိကြသည်။ ဤအတွက်ကြောင့် ၎င်းတို့က အချိန်၏ ဖိအားပေးခြင်းကို ခံစားကြရခြင်းဖြစ်သည်။ ဤသို့တွေးသောသူ များစွာရှိသည်။ တာဝန်ထမ်းဆောင်ခြင်း ဝန်ထုပ်ဝန်ပိုးကို သယ်ဆောင်သူများနှင့် သမ္မာတရားကို လိုက်စားသူများအားလုံးသည် အချိန်က အလွန်အကုန်မြန်သည်ဟု ခံစားကြရသည်။ သမ္မာတရားကို မချစ်သောသူများ၊ သက်သာခြင်းနှင့် ပျော်မွေ့ခြင်းတို့ကို တပ်မက်သူများကမူ အချိန်က လျင်မြန်စွာ ရွေ့လျားနေသည်ဟု မခံစားရပေ။ ၎င်းတို့အထဲမှ လူတချို့ဆိုလျှင် “ဘုရားသခင်၏ နေ့ရက်သည် မည်သည့်အချိန်တွင် ရောက်လာမည်နည်း။ သူ၏ အမှုတော်သည် အဆုံးသို့ ရောက်ရှိနေပြီဟု အစဉ်ပြောဆိုကြသည်။ အဘယ်ကြောင့် မပြီးဆုံးသေးသနည်း။ ဘုရားသခင်၏ အမှုတော်က မည်သည့်အချိန်တွင် စကြဝဠာတစ်ခွင်သို့ ပျံ့နှံ့မည်နည်း” ဟူ၍ပင် ညည်းညူကြသည်။ ဤသို့သောအရာများကို ပြောသောသူတို့သည် အချိန်က အလွန်နှေးကွေးစွာ ရွေ့လျားနေသည်ဟု ခံစားကြရ၏။ ၎င်းတို့သည် စိတ်နှလုံးထဲတွင် သမ္မာတရားကို စိတ်မဝင်စားကြပေ။ ၎င်းတို့သည် လောကဆီသို့ အစဉ်ပြန်သွားလိုကြပြီး ၎င်းတို့၏ ဘဝလေးများကို ဆက်ရှင်သန်သွားလိုကြသည်။ ၎င်းတို့၏ ဤအခြေအနေသည် သမ္မာတရားအား လိုက်စားသူများနှင့် သိသာစွာပင် ကွဲပြားနေ၏။ သမ္မာတရားကို လိုက်စားသူများသည် ၎င်းတို့၏ တာဝန်ဖြင့် မည်မျှအလုပ်ရှုပ်နေပါစေ ၎င်းတို့အပေါ်သို့ ကျရောက်သော ပြဿနာများကို ဖြေရှင်းရန်အတွက် သမ္မာတရားကို ရှာဖွေနိုင်ဆဲဖြစ်သည်။ ၎င်းတို့ကြားနာခဲ့သည့် တရားဒေသနာများတွင် မရှင်းလင်းသော အရာများနှင့်ပတ်သက်သည့် မိတ်သဟာယကို ရှာဖွေနိုင်ဆဲဖြစ်သည်။ ပြီးလျှင် ၎င်းတို့ထမ်းဆောင်ခဲ့သည့်ပုံစံကို ဆင်ခြင်သုံးသပ်ရန်အတွက် ၎င်းတို့၏ စိတ်နှလုံးကို နေ့စဉ် ငြိမ်သက်စေပြီး ဘုရားနှုတ်ကပတ်တော်များကို ဆင်ခြင်ကာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုများကို ကြည့်နိုင်ဆဲဖြစ်သည်။ ဤအရာများမှတစ်ဆင့် ၎င်းတို့သည် အကျိုးအမြတ်များ ရရှိကြ၏။ ၎င်းတို့၏ တာဝန်များဖြင့် မည်မျှအလုပ်ရှုပ်နေပါစေ ၎င်းတို့၏ အသက်ဝင်ရောက်မှုက လုံးဝ အနှောင့်အယှက်မဖြစ်သကဲ့သို့ နှောင့်နှေးခြင်းလည်းမရှိပေ။ သမ္မာတရားကို ချစ်သောသူများသည် ဤသို့ လက်တွေ့လုပ်ဆောင်သည်မှာ ဖြစ်ရိုးဖြစ်စဉ်ပင်ဖြစ်သည်။ သမ္မာတရားကို မချစ်သောသူများမူကား ၎င်းတို့၏ တာဝန်ဖြင့် အလုပ်ရှုပ်သည်ဖြစ်စေ၊ မရှုပ်သည်ဖြစ်စေ၊ ၎င်းတို့အပေါ်သို့ မည်သည့်ပြဿနာများ ကျရောက်သည်ဖြစ်စေ သမ္မာတရားကို မရှာဖွေသကဲ့သို့ မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး သိမြင်ရန်အတွက် ဘုရားသခင်ရှေ့တွင် မိမိတို့ကိုယ်ကို ငြိမ်သက်စေလိုစိတ်လည်း မရှိကြပေ။ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့၏ တာဝန်တွင် အလုပ်ရှုပ်နေသည်ဖြစ်စေ၊ အားလပ်နေသည်ဖြစ်စေ သမ္မာတရားကို မလိုက်စားကြ။ အမှန်မှာ လူတစ်ယောက်သည် သမ္မာတရားကို လိုက်စားရန် စိတ်ပါဝင်စားမှုရှိလျှင်၊ သမ္မာတရားကို တောင့်တလျှင်၊ အသက်ဝင်ရောက်ခြင်းနှင့် မိမိ၏ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းတို့၏ ဝန်ထုပ်ဝန်ပိုးကို သယ်ဆောင်လျှင် မိမိ၏တာဝန်ဖြင့် မည်သို့အလုပ်ရှုပ်နေပါစေ စိတ်နှလုံးတွင် ဘုရားသခင်နှင့် ပိုမိုနီးကပ်ပြီး ဘုရားသခင်ထံ ဆုတောင်းလိမ့်မည်ဖြစ်သည်။ သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် အလင်းပေးမှုတချို့ကို ရရှိဖို့ သေချာသည်။ သူ၏ အသက်တာသည်လည်း ရပ်တန့်မှုမရှိဘဲ ကြီးထွားတိုးတက်လိမ့်မည်။ လူတစ်ယောက်သည် သမ္မာတရားကို မချစ်သကဲ့သို့ အသက်ဝင်ရောက်ခြင်း၊ သို့မဟုတ် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်း၏ ဝန်ထုပ်ဝန်ပိုးတစ်ခုကိုမျှလည်း မသယ်ဆောင်လျှင်ဖြစ်စေ၊ ဤအရာများကို စိတ်မဝင်စားလျှင်ဖြစ်စေ မည်သည့်အရာကိုမျှ မရရှိနိုင်ပေ။ လူတစ်ယောက်သည် ဖောက်ပြန်ပျက်စီးခြင်းနှင့်ပတ်သက်ပြီး မိမိတွင် မည်သည့်ပွင့်အံထုတ်ပြမှုများ ရှိသည်ကို ဆင်ခြင်သုံးသပ်ခြင်းသည် အချိန်မရွေး၊ နေရာမရွေး လုပ်ဆောင်ရမည့် အရာတစ်ခုဖြစ်သည်။ ဥပမာ မိမိ၏တာဝန်ကို ထမ်းဆောင်စဉ်တွင် ဖောက်ပြန်ပျက်စီးမှုကို ဖွင့်ပြခဲ့လျှင် မိမိ၏ စိတ်နှလုံး၌ ဘုရားသခင်ထံ ဆုတောင်းရမည်။ မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ရမည်။ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိမြင်ရမည်။ ယင်းကို ဖြေရှင်းရန်အတွက် သမ္မာတရားကို ရှာဖွေရမည်။ ဤသည်မှာ စိတ်နှလုံးနှင့် သက်ဆိုင်သော ကိစ္စဖြစ်သည်။ လက်ထဲရှိအလုပ်အပေါ် သက်ရောက်မှုမရှိပေ။ ဤသည်မှာ လုပ်ဆောင်ရန် လွယ်ကူသလော။ ဤသည်မှာ သင်က သမ္မာတရားကို လိုက်စားသူတစ်ယောက်ဟုတ်မဟုတ်အပေါ်တွင် မူတည်သည်။ သမ္မာတရားကို မချစ်သောသူတို့သည် အသက်တာ၌ ကြီးထွားတိုးတက်မှုနှင့်သက်ဆိုင်သော ကိစ္စများကို စိတ်မဝင်စားကြပေ။ ဤသို့သောအရာများကို ၎င်းတို့ထည့်မတွက်ကြ။ ဘဝတွင် မိမိတို့ကိုယ်ကို ကြီးထွားတိုးတက်ရန် ကြိုးစားလိုစိတ်ရှိသောသူတို့သည် သမ္မာတရားကို လိုက်စားသောသူများသာဖြစ်သည်။ အမှန်တကယ် တည်ရှိသော ပြဿနာများနှင့် ထိုပြဿနာများဖြေရှင်းရန် သမ္မာတရားအား မည်သို့ရှာဖွေရမည်ကို မကြာခဏ တွေးတောသူများသည် ၎င်းတို့သာဖြစ်သည်။ အမှန်တွင် ပြဿနာများကို ဖြေရှင်းခြင်း ဖြစ်စဉ်နှင့် သမ္မာတရားကို လိုက်စားခြင်းဖြစ်စဉ်သည် တူညီ၏။ မိမိ၏တာဝန်ကို ထမ်းဆောင်စဉ်တွင် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားအား ရှာဖွေခြင်းကို စဉ်ဆက်မပြတ် အာရုံစိုက်ပြီး ဤသို့ လက်တွေ့လုပ်ဆောင်သည့် နှစ်တချို့တွင် ပြဿနာအတော်များများကို ဖြေရှင်းခဲ့လျှင် ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုသည် သေချာပေါက် စံနှုန်းနှင့် ကိုက်ညီသည်။ ဤသို့သောသူတို့တွင် ဖောက်ပြန်ပျက်စီးမှုကို ပွင့်အံထုတ်ပြခြင်းများက ပို၍ နည်းပါးပြီး ၎င်းတို့၏ တာဝန်ထမ်းဆောင်ခြင်းတွင်လည်း စစ်မှန်သော အတွေ့အကြုံများစွာကို ၎င်းတို့ရရှိကြသည်။ ဤသို့အားဖြင့် ၎င်းတို့သည် ဘုရားသခင်အတွက် သက်သေခံနိုင်ကြသည်။ ဤသို့သောသူများသည် ၎င်းတို့၏ တာဝန်ကို ပထမဆုံးယူသောအချိန်တွင် စတင်ဖြစ်ပေါ်သည့် တွေ့ကြုံခံစားမှုကို ဘုရားသခင်အတွက် သက်သေခံနိုင်သည်အထိ မည်သို့ဖြတ်သန်းကြသနည်း။ ၎င်းတို့သည် ပြဿနာများကို ဖြေရှင်းရန်အတွက် သမ္မာတရားအား ရှာဖွေခြင်းအားဖြင့် ထိုသို့လုပ်ဆောင်ကြခြင်းဖြစ်သည်။ ထို့ကြောင့် သမ္မာတရားအား လိုက်စားသူများသည် ၎င်းတို့၏ တာဝန်များဖြင့် မည်မျှအလုပ်ရှုပ်နေပါစေ စည်းမျဉ်းများနှင့်အညီ ပြဿနာများကို ဖြေရှင်းပြီး တာဝန်ထမ်းဆောင်ခြင်းတွင် အောင်မြင်ရန်အတွက် သမ္မာတရားကို ရှာဖွေလိမ့်မည်။ ပြီးလျှင် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်အား နာခံနိုင်လိမ့်မည်။ ဤသည်မှာ အသက်ဝင်ရောက်ခြင်း၏ ဖြစ်စဉ်ဖြစ်သည်။ သမ္မာတရား စစ်မှန်မှုအတွင်းသို့ ဝင်ရောက်သည့် ဖြစ်စဉ်လည်းဖြစ်သည်။ လူတချို့သည် ၎င်းတို့၏ တာဝန်များဖြင့် အလွန်အလုပ်ရှုပ်နေသဖြင့် သမ္မာတရားအား လိုက်စားရန်အချိန်မရှိဟု အစဉ်သဖြင့် ပြောဆိုကြသည်။ ဤသည်မှာ မခိုင်လုံပေ။ သမ္မာတရားအား လိုက်စားသူဆိုလျှင် မည်သည့်အလုပ်ကို လုပ်ဆောင်နေသည်ဖြစ်စေ ပြဿနာတစ်ခုကို ရှာဖွေတွေ့ရှိသည်နှင့် တစ်ပြိုင်နက် ယင်းကို ဖြေရှင်းရန် သမ္မာတရားအား ရှာဖွေလိမ့်မည်။ သမ္မာတရားအား နားလည်ပြီး ရရှိလိမ့်မည်။ ဤသည်မှာ သေချာ၏။ နေ့စဉ် စုဝေးခြင်းအားဖြင့်သာ သမ္မာတရားကို နားလည်နိုင်သည်ဟု ထင်သောသူများစွာရှိသည်။ ဤသည်မှာ အလွန်ပင် မှားယွင်း၏။ သမ္မာတရားသည် စုဝေးရုံ၊ တရားဒေသနာများကို နားထောင်ရုံမျှဖြင့် နားလည်နိုင်သည့်အရာတစ်ခု မဟုတ်ပေ။ ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံဖို့လည်း လိုအပ်သည်။ ပြီးလျှင် ပြဿနာများကို ရှာဖွေတွေ့ရှိပြီး ဖြေရှင်းသည့် ဖြစ်စဉ်လည်း လိုအပ်သည်။ အရေးပါသောအရာမှာ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေတတ်ရန် သင်ယူရမည်။ သမ္မာတရားကို မချစ်သူတို့သည် ၎င်းတို့အပေါ်သို့ မည်သည့်ပြဿနာများ ကျရောက်ပါစေ သမ္မာတရားအား မရှာဖွေပေ။ သမ္မာတရားအား ချစ်သူများမူကား ၎င်းတို့၏ တာဝန်များနှင့် မည်မျှအလုပ်ရှုပ်နေပါစေ သမ္မာတရားကို ရှာဖွေကြသည်။ ထို့ကြောင့် ၎င်းတို့၏ တာဝန်များနှင့် အလွန်အလုပ်ရှုပ်နေ၍ စုဝေးရန်အချိန်မရှိသောကြောင့် အကျိုးဆက်အနေဖြင့် သမ္မာတရားအား လိုက်စားခြင်းကို ရွှေ့ဆိုင်းထားရသည်ဟု အစဉ်သဖြင့် ညည်းညူနေကြသော ထိုလူများသည် သမ္မာတရားကို ချစ်သူများမဟုတ်ဟု ငါတို့ သေချာပေါက် ဆိုနိုင်သည်။ ၎င်းတို့သည် လွဲချော်နေသော သဘောပေါက်နားလည်မှုကို ကိုင်စွဲထားသည့် ဝိညာဉ်ရေးရာ နားလည်ခြင်း မရှိသောသူများ ဖြစ်သည်။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုသောအခါ၊ သို့မဟုတ် တရားဒေသနာများကို နားထောင်သောအခါတွင် အဘယ်ကြောင့် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရာ၌ ယင်းတို့ကို လက်တွေ့မလုပ်ဆောင်နိုင်သနည်း၊ သို့မဟုတ် အသုံးမချနိုင်သနည်း။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့၏ လက်တွေ့ဘဝများတွင် အဘယ်ကြောင့် အသုံးမချနိုင်သနည်း။ ဤသည်မှာ ၎င်းတို့က သမ္မာတရားအား မချစ်သည်ကို ပြရန် လုံလောက်သည်။ ထို့ကြောင့် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် မည်သည့်အခက်အခဲကို ၎င်းတို့ကြုံရကောင်းကြုံရပါစေ သမ္မာတရားကို မရှာဖွေကြ၊ သို့မဟုတ် လက်တွေ့မလုပ်ဆောင်ကြပေ။ သိသာထင်ရှားစွာပင် ဤလူတို့သည် အလုပ်လုပ်ပေးသူများဖြစ်ကြသည်။ လူတချို့သည် သမ္မာတရားကို လိုက်စားရန် ဆန္ဒရှိကောင်းရှိနေနိုင်၏။ သို့သော် ၎င်းတို့၏ အစွမ်းအစကမူ ညံ့ဖျင်းလွန်းသည်။ ၎င်းတို့၏ ကိုယ်ပိုင်ဘဝကိုပင် ကောင်းစွာ မစီမံနိုင်ပေ။ ၎င်းတို့တွင် လုပ်ဆောင်စရာ ကိစ္စနှစ်ခု၊ သုံးခုရှိသောအခါ မည်သည့်အရာကို ဦးစွာလုပ်ဆောင်ပြီး မည်သည့်အရာကို နောက်ဆုံးမှ လုပ်ဆောင်ရမည်ကို ၎င်းတို့မသိပေ။ ၎င်းတို့အပေါ်သို့ ပြဿနာနှစ်ခု၊ သုံးခုကျရောက်လျှင် ထိုပြဿနာများအား မည်သို့ဖြေရှင်းရမည်ကို ၎င်းတို့မသိပေ။ ၎င်းတို့၏ ခေါင်းများက ချာချာလည်နေကြသည်။ ဤသို့သောသူများသည် သမ္မာတရားအား ရရှိနိုင်သလော။ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားအား ရှာဖွေရာတွင် အောင်မြင်နိုင်သလော။ သေချာပေါက်အောင်မြင်ခြင်းမျိုး မဟုတ်ပေ။ ၎င်းတို့၏ အစွမ်းအစက အလွန်ညံ့ဖျင်းသောကြောင့်ဖြစ်သည်။ လူများစွာတို့သည် သမ္မာတရားအား လိုက်စားလိုကြသည်။ သို့တိုင်အောင် ဘုရားသခင်အား ဆယ်နှစ်၊ သို့မဟုတ် နှစ်နှစ်ဆယ်ကြာ ယုံကြည်ပြီးနောက်တွင် ၎င်းတို့၏ အတွေ့အကြုံဆိုင်ရာ မည်သည့်သက်သေခံချက်ကိုမျှ မပေးနိုင်သည့် အဖြစ်သို့ ရောက်ကြရ၏။ ပြီးလျှင် မည်သည့်သမ္မာတရားကိုမျှ လုံးဝ မရရှိခဲ့ပေ။ ဤအတွက် အဓိကအကြောင်းရင်းမှာ ၎င်းတို့၏ အစွမ်းအစသည် ညံ့ဖျင်းလွန်းသောကြောင့်ဖြစ်သည်။ လူတစ်ယောက်က သမ္မာတရားအား လိုက်စားခြင်းရှိမရှိသည် ထိုသူက သူ၏တာဝန်နှင့် မည်မျှအလုပ်ရှုပ်နေသည်၊ သို့မဟုတ် ထိုသူတွင် အချိန်မည်မျှရှိသည်တို့နှင့် မသက်ဆိုင်ပေ။ သူ့အနေဖြင့် စိတ်နှလုံး၌ သမ္မာတရားအား ချစ်ခြင်းရှိမရှိအပေါ်တွင် မူတည်သည်။ အမှန်မှာ လူတိုင်းတွင် တူညီသော အလျှံပယ် အချိန်ပမာဏရှိသည်။ ထိုအချိန်ကို လူတစ်ဦးချင်းစီ အသုံးချသည့်နေရာတွင်သာ ကွာခြားသွားခြင်းဖြစ်၏။ သမ္မာတရားအား လိုက်စားရန် အချိန်မရှိဟု ပြောသောသူ မည်သူမဆိုသည် ဇာတိပကတိ သာယာမှုများ၌ ၎င်းတို့၏ အချိန်ကို အသုံးချနေခြင်း၊ သို့မဟုတ် အပြင်ပန်း ကိစ္စတစ်ခုခုဖြင့် အလုပ်ရှုပ်နေခြင်းဖြစ်နိုင်သည်။ ၎င်းတို့သည် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားအား ရှာဖွေခြင်းတွင် အချိန်ကို အသုံးမချပေ။ ဤသည်မှာ ၎င်းတို့၏ လိုက်စားမှုတွင် ပေါ့ဆသောသူတို့၏ ပုံစံဖြစ်သည်။ ဤအဖြစ်က ၎င်းတို့၏ အသက်ဝင်ရောက်မှုဟူသော ကြီးမားသည့် အမှုကိစ္စကို နှောင့်နှေးစေသည်။
ငါတို့၏ လွန်ခဲ့သော စုဝေးပွဲနှစ်ခုတွင် “သမ္မာတရားကို လိုက်စားခြင်းဆိုသည်မှာ” ဟူသည့် ခေါင်းစဉ်နှင့် ထိုခေါင်းစဉ်၌ ပါဝင်သော အသေးစိတ်အချက်တချို့ကိုပါ မိတ်သဟာယပြုခဲ့သည်။ ငါတို့၏ ယခင်စုဝေးပွဲတွင် မိတ်သဟာယပြုခဲ့သောအရာကို ဆန်းစစ်ကြည့်ခြင်းဖြင့် အစပြုကြစို့။ “သမ္မာတရားကို လိုက်စားခြင်းဆိုသည်မှာ” ၏ တိကျသော အဓိပ္ပာယ်သတ်မှတ်ချက်ကို ငါတို့ဖွင့်ဆိုသတ်မှတ်ခဲ့ပြီး သမ္မာတရားကို လိုက်စားခြင်းဆိုသည်မှာ အဘယ်အရာဖြစ်ကြောင်းတွင်ပါဝင်သော အသေးစိတ် ပြဿနာတချို့နှင့် လူတို့ပြုမူသည့် အသေးစိတ် နည်းလမ်းတချို့ကို ဆက်၍ မိတ်သဟာယပြုခဲ့သည်။ ငါတို့၏ ယခင်စုဝေးပွဲတွင် ငါတို့မိတ်သဟာယပြုခဲ့သည့် နောက်ဆုံးအချက်မှာ အဘယ်နည်း။ (ဘုရားသခင်က မေးခွန်းတစ်ခုထုတ်ခဲ့ပါသည်။ လူသားက ကောင်းမွန်ပြီး မှန်ကန်သည်ဟု မှတ်ယူသောအရာသည် သမ္မာတရား မဟုတ်သည်ကို ကြည့်လျှင် သူသည် ထိုအရာကို သမ္မာတရားအဖြစ် အဘယ်ကြောင့် လိုက်စားဆဲဖြစ်သနည်းဟူသည့် မေးခွန်းဖြစ်ပါသည်။) လူသားက ကောင်းမွန်ပြီး မှန်ကန်သည်ဟု မှတ်ယူသောအရာများမှာ သမ္မာတရားမဟုတ်သည်ကို ကြည့်လျှင် သူသည် သမ္မာတရားအား လိုက်စားနေသည်ဟု ထင်မြင်လျက် ထိုအရာများကို သမ္မာတရားအလား အဘယ်ကြောင့် စောင့်ထိန်းနေဆဲဖြစ်သနည်း။ ဤမေးခွန်းကို ဖြေရှင်းသည့် အရာသုံးခုကို ယခင်တစ်ခေါက်က ငါတို့မိတ်သဟာယပြုခဲ့သည်။ ပထမတစ်ခုမှာ လူသားက လိုက်စားသော ဤအရာများက သမ္မာတရားမဟုတ်ပေ။ ဤသို့ဆိုလျှင် သူသည် ထိုအရာများကို သမ္မာတရားအလား အဘယ်ကြောင့် လက်တွေ့လုပ်ဆောင်ဆဲဖြစ်သနည်း။ အဘယ်ကြောင့်ဆိုသော် လူသားအတွက်မူ မှန်ကန်ပြီး ကောင်းမွန်သည်ဟု သူမြင်သောအရာများသည် သမ္မာတရားဖြစ်သည့်ပုံစံ ရှိသည်။ ထို့ကြောင့် ကောင်းမွန်ပြီး မှန်ကန်သည်ဟု သူထင်သောအရာများကို သမ္မာတရားအလား လိုက်စားခြင်းဖြစ်၏။ ဤသို့ပြောသည်မှာ ရှင်းလင်းသော နည်းလမ်းတစ်ခုမဟုတ်သလော။ (ဟုတ်ပါသည်။) ဤသို့ဆိုလျှင် ဤမေးခွန်းအတွက် တိကျသောအဖြေမှာ အဘယ်နည်း။ လူတို့သည် မှန်ကန်ပြီး ကောင်းမွန်သည်ဟု ၎င်းတို့ထင်မြင်သောအရာများကို သမ္မာတရားအလား စောင့်ထိန်းကြပြီး ထိုသို့စောင့်ထိန်းရာတွင် ၎င်းတို့က သမ္မာတရားအား လိုက်စားနေခြင်းဖြစ်သည်ဟု ထင်ကြ၏။ ဤသည်မှာ အဖြေအပြည့်အစုံဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဒုတိယတစ်ခုမှာ ကောင်းမွန်ပြီး မှန်ကန်သည်ဟု မိမိထင်သောအရာများကို သမ္မာတရားအလား စောင့်ထိန်းရာတွင် လူသားသည် သမ္မာတရားအား လိုက်စားနေခြင်းဖြစ်သည်ဟု အဘယ်ကြောင့် ထင်သနည်း။ ၎င်းကို ဤသို့ ဖြေဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုသော် လူသားက ကောင်းချီးခံစားရဖို့ ဆန္ဒရှိသောကြောင့်ဖြစ်သည်။ လူသားသည် မှန်ကန်ပြီး ကောင်းမွန်သည်ဟု သူမှတ်ယူထားသော ဤအရာများကို ဆန္ဒဖြင့်လည်းကောင်း၊ ရည်မှန်းချက်ဖြင့်လည်းကောင်း လိုက်စားပြီး ဤသို့လုပ်ခြင်းဖြင့် သူသည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ကာ လိုက်စားနေသည်ဟု ထင်မြင်သည်။ အနှစ်သာရတွင် ဤသည်မှာ ဘုရားသခင်နှင့် အပေးအယူပြုရန် ကြိုးစားနေခြင်းဖြစ်၏။ တတိယတစ်ခုမှာ လူတစ်ယောက်သည် သာမန်အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်လျှင် သမ္မာတရားကို သူနားမလည်သော အမှုကိစ္စများ၌ စည်းမျဉ်းများ၊ ဥပဒေများ၊ စည်းကမ်းများ စသည်တို့ကို လိုက်လျှောက်၍ ဗီဇအလျောက် သူ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားနှင့်အညီ ပြုမူဆောင်ရွက်ဖို့ ရွေးချယ်မည်ဖြစ်သည်။ လူသားသည် သူ၏ အသိစိတ်တွင် အပြုသဘောဆောင်သည်၊ အကျိုးဖြစ်သည်၊ လူ့သဘာဝနှင့် ကိုက်ညီသည်ဟု ဆင်ခြင်သုံးသပ်သည့်အရာများကို သမ္မာတရားအလား ဗီဇအလျောက် စောင့်ထိန်းကြသည်ဟု ဆိုနိုင်သည်။ ဤအရာကို လူသား၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ ကန့်သတ်ချက်ဘောင်အတွင်းတွင် စွမ်းဆောင်၍ရနိုင်သည်။ ဘုရားအိမ်တော်တွင် သာမန်အားဖြင့် အားသွန်ခွန်စိုက် လုပ်နိုင်သောသူများစွာရှိ၏။ ၎င်းတို့သည် သာမန်အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သောကြောင့် အလုပ်လုပ်ပေးပြီး ဘုရားအိမ်တော်၏ အစီအစဉ်များကို နာခံလိုစိတ်ရှိကြသည်။ ၎င်းတို့သည် ကောင်းချီးများရရှိရန်အတွက် ဒုက္ခကိုပင် ခံပြီး မည်သည့်အဖိုးအခကိုမဆို ပေးဆပ်လိမ့်မည်။ ထို့ကြောင့် လူသားသည် သူ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ ကန့်သတ်ချက်ဘောင်အတွင်းတွင် သူလုပ်ဆောင်နိုင်စွမ်းရှိသော အရာကိုလည်း သမ္မာတရားအား လက်တွေ့လုပ်ဆောင်မှုနှင့် လိုက်စားမှုအဖြစ် မှတ်ယူခြင်းဖြစ်သည်။ ဤသည်တို့မှာ ထိုမေးခွန်း၏ အဖြေအတွက် အဓိကအပိုင်းသုံးပိုင်းဖြစ်သည်။ ယခင်တစ်ခေါက်တွင် ငါတို့သည် ဤသုံးပိုင်းကို အကြမ်းဖျင်း မိတ်သဟာယပြုခဲ့သည်။ ယနေ့တွင်မူ ဤသုံးချက်၏ အကျိုးဆက် ပြဿနာများနှင့်ပတ်သက်၍ အသေးစိတ်၊ အတိအကျ မိတ်သဟာယပြုပြီး အချက်တစ်ချက်စီတွင် ပါဝင်သော ပြဿနာများကို ငါတို့စိစစ်သွားကြမည်။ ထို့အပြင် ရှုထောင့်တစ်ခုစီတိုင်းက သမ္မာတရားအား လိုက်စားခြင်းနှင့် မည်သို့ကွဲပြားနေသည်၊ သို့မဟုတ် မည်သို့ကွဲလွဲဆန့်ကျင်နေသည် ဆိုသည်ကို စိစစ်သွားကြမည်။ ဤသို့အားဖြင့် သမ္မာတရားအား လိုက်စားခြင်းသည် အဘယ်အရာဖြစ်ကြောင်းနှင့် ထိုလိုက်စားမှုကို အတိအကျ မည်သို့ လက်တွေ့လုပ်ဆောင်ရမည့်အကြောင်းကို ပို၍ ရှင်းလင်းစွာ သိနိုင်ရန်ဖြစ်သည်။ ဤသို့လုပ်ဆောင်ခြင်းသည် လူတို့အနေဖြင့် ၎င်းတို့၏ နေ့စဉ်ဘဝများတွင် သမ္မာတရားအား တိကျစွာ လက်တွေ့လုပ်ဆောင်ပြီး လိုက်စားဖို့အတွက် ပို၍ကောင်းမွန်သော ဆွဲဆောင်မှု ဖြစ်လိမ့်မည်။
ပထမအချက်ကို မိတ်သဟာယပြုခြင်းအားဖြင့် ငါတို့အစပြုကြမည်။ ရိုးရှင်းစွာဆိုရလျှင် ပထမအချက်အတွက် ငါတို့၏ မိတ်သဟာယသည် လူက သူ၏ အယူအဆများတွင် မှန်ကန်ပြီး ကောင်းမွန်သည်ဟု မှတ်ယူသောအရာများကို အာရုံစိုက်မည်ဖြစ်သည်။ ငါတို့၏ မိတ်သဟာယသည် အဘယ်ကြောင့် ထိုအကြောင်းအရာအပေါ် အာရုံစိုက်သင့်သနည်း။ ထိုအကြောင်းအရာတွင် ပါဝင်သော ပြဿနာများမှာ အဘယ်နည်း။ ရှေးဦးစွာ ထိုအရာကို အသေးစိတ် စဉ်းစားလော့။ ထိုအရာကို စုဝေးပွဲများတွင် ငါတို့ သင့်တင့်လျောက်ပတ်စွာ မိတ်သဟာယမဖွဲ့ပါက ထိုအကြောင်းကို သင်တို့ အတိအကျ သိမြင်နိုင်စွမ်းရှိမည်လော။ ထိုအရာကို ငါတို့သည် အသေးစိတ် မိတ်သဟာယမဖွဲ့လျှင်၊ သို့မဟုတ် သင်တို့၏ ဆင်ခြင်သုံးသပ်မှုအတိုင်းသာ လုပ်ဆောင်လျှင်၊ သို့မဟုတ် ထိုအရာကို တွေ့ကြုံပြီး သိမြင်ရန် အချိန်ကို အသုံးချလျှင် ထိုအကြောင်းကို သင်တို့ အတိအကျ သိမြင်နိုင်စွမ်းရှိမည်လော။ သို့ဖြစ်လျှင် ဤအကြောင်းအရာက မည်သည့်သမ္မာတရားအကြောင်း ပြောသည်ကို သင်တို့သိမည်လော။ ဆင်ခြင်သုံးသပ်ခြင်းအားဖြင့် ဤအရာများကို အဖြေရှာနိုင်မည်လော။ (မရှာနိုင်ပါ။) “လူက သူ၏ အယူအဆများတွင် မှန်ကန်ပြီး ကောင်းမွန်သည်ဟု မှတ်ယူသောအရာများ” ဆိုသည့် စကား၏ တိုက်ရိုက်အဓိပ္ပာယ်များကို ငါတို့ စတင်စဉ်းစားပြီး ထိုအရာအပေါ် သင်တို့၏ သိမြင်မှုက မည်မျှရှိသည်ကို ကြည့်မည်။ ရှေးဦးစွာ ငါတို့မိတ်သဟာယပြုမည့် ဤစကား၏ အရေးကြီးသောအပိုင်းက မည်သည့်အရာကို ပြောဆိုထားသနည်း။ သင်တို့ မသိနိုင်သလော။ ဤသည်မှာ စိတ်ကူးသက်သက် စကားတစ်ခုဖြစ်သလော။ ပဟေဠိပါဝင်နေသလော။ (ထိုအပိုင်းက လူတွင်ရှိသော အယူအဆများနှင့် စိတ်ကူးထင်မြင်မှုများကို ပြောဆိုထားပါသည်။) ဤသို့ပြောသည်မှာ အကြမ်းဖျင်းပုံစံဖြစ်သည်။ ဥပမာတစ်ခု ပေးလော့။ (လူက သူသည် စွန့်လွှတ်နိုင်သရွေ့၊ မိမိကိုယ်ကို အသုံးခံနိုင်သရွေ့၊ ဒုက္ခခံပြီး အဖိုးအခပေးဆပ်နိုင်သရွေ့ ဘုရားသခင်၏ လက်ခံမှုကို ရရှိနိုင်လိမ့်မည်ဟု သူ၏ အယူအဆများတွင် ယုံကြည်ပါသည်။ သားသမီးဝတ် ကျေပွန်ခြင်း၊ အမျိုးသမီးများက ၎င်းတို့၏ ခင်ပွန်းကို ပြုစုစောင့်ရှောက်ခြင်း၊ သားသမီးများကို ပျိုးထောင်ခြင်းတို့ကဲ့သို့သော ရိုးရာယဉ်ကျေးမှုများလည်း ရှိပါသည်။ လူတို့သည် ဤအရာများကိုလည်း ကောင်းသောအရာများအဖြစ် မှတ်ယူကြပါ၏။) ပြောသွားသည့်အထဲမှ တချို့ကား မှန်သည်။ အဓိကအချက်ကို သင်တို့သဘောပေါက်ကြသလော။ ငါတို့၏ ခေါင်းစဉ်နှင့် သက်ဆိုင်သည့်အပိုင်း မည်သည့်အပိုင်းများရှိသနည်း။ (စွန့်လွှတ်ခြင်း၊ အသုံးခံခြင်း၊ ဒုက္ခခံခြင်း၊ အဖိုးအခပေးဆပ်ခြင်းတို့ ဖြစ်ပါသည်။) (သားသမီးဝတ် ကျေပွန်ခြင်း၊ အမျိုးသမီးများက ၎င်းတို့၏ ခင်ပွန်းကို ပြုစုစောင့်ရှောက်ခြင်း၊ သားသမီးများကို ပျိုးထောင်ခြင်းတို့ ဖြစ်ပါသည်။) ဟုတ်သည်။ ရှိသေးသလော။ (ဖာရိရှဲများကဲ့သို့ ဆက်ကပ်ခြင်း၊ စိတ်ရှည်ခြင်း၊ သည်းခံခြင်းတို့ကို ပြသခြင်းတို့ ဖြစ်ပါသည်။) နှိမ့်ချခြင်း၊ စိတ်ရှည်ခြင်း၊ သည်းခံခြင်းတို့သည် အသေးစိတ်ကျသော အပြုအမူဆိုင်ရာ ထုတ်ဖော်ပြသမှုနှင့် ဆိုရိုးစကားအနည်းငယ်တို့ဖြင့် သက်ဆိုင်သည်။ ဤသို့သော အကြောင်းအရာကို ငါတို့ မိတ်သဟာယဖွဲ့မည်ဖြစ်သောကြောင့် အတိအကျဖြစ်သော ဆိုရိုးစကားများကို အသုံးပြုပြီး အသေးစိတ် မိတ်သဟာယဖွဲ့ခြင်းသည် အကောင်းဆုံးဖြစ်မည်။ မေးခွန်းအပေါ်တွင် ဤသို့ အာရုံစိုက်လျှင် လူတို့သည် ပို၍ မှန်ကန်တိကျသော နားလည်မှုကို ရလိမ့်မည်။ ယခုအချိန်တွင်မူ သင်တို့သည် မည်သည့်သဲလွန်စကိုမျှ မပေးနိုင်ပေ။ ထို့ကြောင့် ငါကပင် ဆက်လက်၍ မိတ်သဟာယပြုသွားမည်၊ အဆင်ပြေသလော။ (ပြေပါသည်။) တရုတ်၏ နှစ်ငါးထောင်ရှည်လျားသော ယဉ်ကျေးမှုသည် “ကျယ်ပြန့်ပြီး အလွန်လေးနက်သည်။” ကျော်ကြားသော ဆိုရိုးစကားမျိုးစုံ၊ ဗန်းစကားမျိုးစုံဖြင့် ပြည့်နှက်နေ၏။ ကွန်ဖြူးရှပ်၊ မန်စီးယပ်တို့ကဲ့သို့သော အမွှန်းတင်ထားသည့် “ရှေးပညာရှိများ” အများအပြားလည်းရှိသည်။ ၎င်းတို့က ကွန်ဖြူးရှပ်ဝါဒီနှင့်ဆိုင်သော တရုတ်အဆုံးအမများကို ဖန်တီးခဲ့ပြီး ထိုအဆုံးအမများသည် တရုတ်ရိုးရာယဉ်ကျေးမှု၏ အဓိကအပိုင်းတွင် ပါဝင်လေသည်။ တရုတ်ရိုးရာယဉ်ကျေးမှုတွင် လူတို့၏ မျိုးရိုးအစဉ်အဆက်က ဖန်တီးသော ဘာသာစကား၊ ဝေါဟာရနှင့် ဆိုရိုးစကားများစွာရှိသည်။ ၎င်းတို့အထဲမှ တချို့က ရှေးကာလကို သွယ်ဝိုက်ညွှန်းဆိုသည်။ တချို့က မညွှန်းဆိုပေ။ ၎င်းတို့အထဲမှ တချို့က သာမန်လူများထံမှ လာသည်။ တချို့က နာမည်ကြီးသူများထံမှလာသည်။ သင်တို့အနေဖြင့် ရိုးရာယဉ်ကျေးမှုကို များစွာ မနှစ်သက်ခြင်း၊ သို့မဟုတ် ယုတ်ညံ့သော ရိုးရာယဉ်ကျေးမှုကို ရှောင်ရှားခြင်း၊ သို့မဟုတ် သင်တို့သည် ငယ်ရွယ်လွန်းသဖြင့် တရုတ်၏ “ကျယ်ပြန့်ပြီး အလွန်လေးနက်သည့်” ရိုးရာယဉ်ကျေးမှုကို အလေးအနက် လေ့လာခြင်း၊ သို့မဟုတ် သုတေသနပြုခြင်းကို ယခုတိုင် မလုပ်ဆောင်ရသေးခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ထို့ကြောင့် သင်တို့သည် ထိုအကြောင်းကို မသိကြသေးခြင်း၊ သို့မဟုတ် ဤသို့သောအရာများကို နားမလည်ကြသေးခြင်းဖြစ်သည်။ ဤသည်မှာ အမှန်တကယ်တွင် ကောင်းသောအရာဖြစ်၏။ လူတစ်ဦးသည် နားလည်ချင်မှနားလည်မည် ဖြစ်သော်လည်း သူ၏ စဉ်းစားပုံနှင့် အယူအဆများမှာ ရိုးရာယဉ်ကျေးမှုနှင့်သက်ဆိုင်သော အရာများ၏ မသိစိတ်တွင် စွဲမှတ်အောင် သွန်သင်ခြင်းနှင့် စွဲကပ်ခြင်းကို ခံထားရသည်။ အဆုံးတွင် ၎င်းတို့ကိုယ်တိုင် သတိမထားမိဘဲ ထိုအရာများအတိုင်း အသက်ရှင်လာကြသည်။ ဘိုးဘေးဘီဘင်များမှတစ်ဆင့် လက်ဆင့်ကမ်းလာကြသည့် ထိုအရာ၊ ဆိုလိုသည်မှာ လူ၏ ဘိုးဘေးဘီဘင်များမှတစ်ဆင့် လက်ဆင့်ကမ်းလာသော ရိုးရာယဉ်ကျေးမှုသည် လူက မည်သို့စကားပြောသင့်သည်၊ မည်သို့ဆောင်ရွက်သင့်သည်၊ မည်သို့ကျင့်ကြံပြုမူသင့်သည်တို့နှင့်ပတ်သက်သည့် အဆိုမျိုးစုံကို ထုတ်ပြန်လေသည်။ ရိုးရာယဉ်ကျေးမှု၏ အမျိုးမျိုးသော အဆိုအမိန့်များနှင့်ပတ်သက်လျှင် လူတို့၌ မတူညီသော နားလည်မှုများနှင့် အမြင်များရှိနိုင်သော်လည်း ၎င်းတို့သည် ရိုးရာယဉ်ကျေးမှုနှင့်သက်ဆိုင်သည့် ထိုသို့သောအရာများနှင့်ပတ်သက်လျှင်မူ အများအားဖြင့် သေချာနေကြသည်။ ဤလေ့လာမှုမှတစ်ဆင့် ငါတို့မြင်နိုင်သည်မှာ လူသားမျိုးနွယ်၏ ဘဝနှင့် ဖြစ်တည်မှုအပေါ်၊ လူများ၊ အမှုအရာများနှင့်သက်ဆိုင်သည့် လူသားမျိုးနွယ်၏ အမြင်အပေါ်၊ လူသားမျိုးနွယ်၏ ကျင့်ကြံပြုမူမှုနှင့် လုပ်ဆောင်မှုအပေါ် လွှမ်းမိုးသည့် အရင်းအမြစ်အားလုံးသည် ရိုးရာယဉ်ကျေးမှုနှင့်သက်ဆိုင်သော အရာများဖြစ်ကြောင်းပင်။ လူသားမျိုးနွယ်၏ အမျိုးမျိုးသော လူမျိုးစုများသည် ၎င်းတို့စောင့်ထိန်းသော ကိုယ်ကျင့်တရား စံနှုန်းများ၊ ကိုယ်ကျင့်တရား စံသတ်မှတ်ချက်များနှင့်ပတ်သက်သော ၎င်းတို့၏ အဆိုအမိန့်များတွင် ကွဲပြားကြသော်လည်း ထိုအရာများနောက်ကွယ်ရှိ အကြမ်းဖျင်းအယူအဆများမှာမူ တူညီကြသည်။ ယနေ့တွင် ငါတို့သည် ထိုအရာအနည်းငယ်ကို အသေးစိတ် မိတ်သဟာယပြုပြီး စိတ်ဖြာလေ့လာကြမည်။ မှန်ကန်ပြီး ကောင်းမွန်သည်ဟု လူက မှတ်ယူသော အရာရာတိုင်းကို ငါတို့ပြောဆိုပြီး စိတ်ဖြာလေ့လာနိုင်မည် မဟုတ်သော်လည်း ၎င်းတို့၏ အကြမ်းဖျင်းအကြောင်းအရာသည် သမ္မာတရားအား လိုက်စားခြင်း၏ အဓိပ္ပာယ်သတ်မှတ်ချက်ကို ဆွေးနွေးထားသော ရှုထောင့်နှစ်ခုထက် မပိုပေ။ လူများနှင့် အမှုအရာများအပေါ် လူတစ်ဦး၏ အမြင်နှင့် မိမိကိုယ်ကို ကျင့်ကြံပြုမူပြီး လုပ်ဆောင်ပုံတို့ဖြစ်သည်။ တစ်ခုက အမြင်များဖြစ်ပြီး အခြားတစ်ခုက အပြုအမူများဖြစ်သည်။ ဤသည်မှာ လူသည် သူ၏ အယူအဆများတွင် မှန်ကန်ပြီး ကောင်းမွန်သည်ဟု မှတ်ယူသောအရာများမှတစ်ဆင့် ကမ္ဘာလောက၏ လူများနှင့် ဖြစ်ရပ်များကို ရှုမြင်သိမှတ်ကြောင်း၊ ထိုအရာများကို သူကျင့်ကြံပြုမူပြီး လုပ်ဆောင်သည့် အခြေခံအုတ်မြစ်၊ အခြေပြုချက်၊ စံသတ်မှတ်ချက်တို့အဖြစ် မှတ်ယူကြောင်း ဆိုလိုသည်။ ဤသို့ဆိုလျှင် အတိအကျဆိုရပါက ဤကောင်းမွန်ပြီး မှန်ကန်သောအရာများမှာ မည်သည့်အရာများဖြစ်သနည်း။ အကျယ်တဝင့် ရှင်းပြရလျှင် လူက သူ၏ အယူအဆများတွင် မှန်ကန်ပြီး ကောင်းမွန်သည်ဟု မှတ်ယူသောအရာများသည် လူကို ကောင်းမွန်စွာ ပြုမူစေသည့်၊ ကောင်းသော လူ့ကိုယ်ကျင့်တရားများနှင့် ကိုယ်ကျင့်စရိုက်တို့ ရှိစေသည့် သတ်မှတ်ချက်များမှလွဲပြီး အခြားမဟုတ်ပေ။ ဤအရာနှစ်ခုဖြစ်သည်။ စဉ်းစားကြည့်လော့။ အခြေခံအားဖြင့် ထိုအရာနှစ်ခုဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) တစ်ခုက ကောင်းသော အပြုအမူဖြစ်သည်။ အခြားတစ်ခုက လူ့ကိုယ်ကျင့်စရိုက်နှင့် ကိုယ်ကျင့်တရားများဖြစ်သည်။ လူသားမျိုးနွယ်သည် လူတစ်ယောက်က အသက်ရှင်နေထိုင်သည့် လူ့သဘာဝနှင့် သူကျင့်ကြံပြုမူသည့်ပုံစံကို တိုင်းတာရန် စံနှုန်းများအဖြစ် အချက်နှစ်ချက်ကို အခြေခံအားဖြင့် သတ်မှတ်ထားသည်။ တစ်ချက်မှာ လူအနေဖြင့် အပြင်ပန်းတွင် ကောင်းစွာ ပြုမူရန် သတ်မှတ်ချက်ဖြစ်ပြီး အခြားတစ်ချက်မှာ လူသည် ကိုယ်ကျင့်တရားနှင့်ညီစွာ ပြုမူဆောင်ရွက်ရန် သတ်မှတ်ချက်ဖြစ်သည်။ ၎င်းတို့သည် လူတစ်ယောက်၏ ကောင်းမြတ်ခြင်းကို တိုင်းတာရန်အတွက် ဤနှစ်ချက်ကို အသုံးပြုကြသည်။ လူတစ်ယောက်၏ ကောင်းမြတ်ခြင်းကို တိုင်းတာရန်အတွက် ဤနှစ်ချက်ကို ၎င်းတို့အသုံးပြုသောကြောင့် ထိုအဖြစ်ကို အကြောင်းပြု၍ လူတို့၏ အပြုအမူနှင့် ကိုယ်ကျင့်တရားများကို ဝေဖန်အကဲဖြတ်သည့် စံနှုန်းများပေါ်ထွက်လာသည်။ ထိုစံနှုန်းများ ပေါ်ထွက်လာသည်နှင့်အမျှ လူတို့သည် လူ၏ အကျင့်စာရိတ္တ၊ သို့မဟုတ် အပြုအမူနှင့်ပတ်သက်သော အဆိုအမိန့်မျိုးစုံကို အလိုအလျောက် စတင်ကြားလာရတော့သည်။ မည်သည့်အသေးစိတ် ဆိုရိုးစကားများ ရှိသနည်း။ သင်တို့သိသလော။ ဥပမာ ရိုးရှင်းသောအရာတစ်ခုအနေဖြင့် လူတို့၏ အပြုအမူကို တိုင်းတာရန်အတွက် မည်သည့်စံနှုန်းများနှင့် ဆိုရိုးစကားများရှိသနည်း။ အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်း၊ နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးမှုရှိခြင်းတို့ဖြစ်ကာ ဤအရာတို့သည် အပြင်ပန်း အပြုအမူများနှင့် ဆိုင်သည်။ ရည်မွန်ခြင်းလည်း ပါဝင်သလော။ (ပါဝင်ပါသည်။) ကျန်သည့်အရာများက အနည်းနှင့်အများ ဆင်တူသည်။ ပြီးလျှင် နှိုင်းယှဉ်ကြည့်ပါက မည်သည့်စကားများနှင့် အဆိုအမိန့်များမှာ လူ၏ အပြုအမူကို တိုင်းတာရန်အတွက် စံနှုန်းများဖြစ်သည်၊ မည်သည့်အဆိုအမိန့်များမှာ လူ၏ ကိုယ်ကျင့်တရားများကို တိုင်းတာရန်အတွက် စံနှုန်းများဖြစ်သည်ကို သင်တို့သိလိမ့်မည်။ ယခုတွင် “အမျိုးသမီးတစ်ယောက်သည် အကျင့်သီလကောင်းရမည်။ ကြင်နာ၊ နူးညံ့သိမ်မွေ့ကာ ကိုယ်ကျင့်တရားရှိရမည်” ဆိုသည်မှာ ပြင်ပ အပြုအမူ၊ သို့မဟုတ် ကိုယ်ကျင့်တရားများအတွက် စံနှုန်းတစ်ခုဖြစ်သလော။ (ယင်းသည် ကိုယ်ကျင့်တရားများ၊ ကျင့်ဝတ်များနှင့် သက်ဆိုင်ပါသည်။) သဘောထားကြီးခြင်းကရော အဘယ်သို့နည်း။ (ယင်းသည်လည်း ကိုယ်ကျင့်တရားနှင့် သက်ဆိုင်ပါသည်။) မှန်ပေ၏။ ဤအရာများသည် ကိုယ်ကျင့်တရားများနှင့်၊ လူ၏ ကိုယ်ကျင့်စရိုက်နှင့် သက်ဆိုင်သည်။ လူ၏ အပြုအမူနှင့် သက်ဆိုင်သည့် အဓိက အဆိုအမိန့်များမှာ ရည်မွန်ခြင်း၊ နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးမှုရှိခြင်း၊ အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်းတို့ကဲ့သို့သော အရာများဖြစ်သည်။ ဤအရာများအားလုံးသည် လူက သူ၏ အယူအဆများတွင် မှန်ကန်ပြီး ကောင်းမွန်သည်ဟု ထင်သောအရာများဖြစ်သည်။ ထိုအရာများသည် အပြုသဘောဆောင်သည်ဟုလည်းကောင်း၊ ရိုးရာယဉ်ကျေးမှု၏ အဆိုအမိန့်များကို အခြေခံထားသည်ဟုလည်းကောင်း၊ သို့မဟုတ် အနည်းဆုံးအနေဖြင့် အသိစိတ်၊ ဆင်ခြင်တုံတရားနှင့်ညီပြီး အပျက်သဘောဆောင်သောအရာများ မဟုတ်ဟုလည်းကောင်း လူက ယုံကြည်သောအရာများဖြစ်သည်။ ဤနေရာတွင် ငါတို့ပြောနေသောအရာများမှာ လူတို့က အကြမ်းဖျင်းအနေဖြင့် မှန်ကန်ပြီး ကောင်းမွန်သည်ဟု အသိအမှတ်ပြုသော အရာများဖြစ်သည်။ ဤသို့ဆိုလျှင် ငါယခုပြောခဲ့သည့် အရာသုံးခုအပြင် လူ၏ ကောင်းသောအပြုအမူနှင့် ပတ်သက်သည့် အခြားမည်သည့်အဆိုအမိန့်များရှိသနည်း။ (လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်ခြင်း ဖြစ်ပါသည်။) လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်ခြင်း၊ ဖော်ရွေတတ်ခြင်း၊ ပေါင်းသင်းရ လွယ်ကူခြင်း၊ ဤအရာအားလုံးသည် လူတို့ အတော်အတန် ရင်းနှီးပြီး နားလည်သောအရာများဖြစ်သည်။ အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်း၊ နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးမှုရှိခြင်း၊ ရည်မွန်ခြင်း၊ လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်ခြင်း၊ ဖော်ရွေတတ်ခြင်း၊ ပေါင်းသင်းရ လွယ်ကူခြင်းဟူသော ဤအပြုအမူများရှိသူတိုင်းသည် လူကောင်းဖြစ်သည်၊ ကြင်နာတတ်သောသူဖြစ်သည်၊ လူ့သဘာဝရှိသူဖြစ်သည်ဟု လူ့စိတ်တွင် ယုံကြည်ကြသည်။ လူတိုင်းက သူတစ်ပါးတို့ကို ၎င်းတို့၏ အပြုအမူအပေါ် အခြေခံပြီး တိုင်းတာကြသည်။ လူတစ်ယောက်၏ ကောင်းမြတ်ခြင်းကို သူ၏ အပြင်ပန်းအပြုအမူဖြင့် အကဲဖြတ်ကြ၏။ လူတစ်ယောက်က ရည်မွန်ယဉ်ကျေးပြီး လူ့သဘာဝရှိမရှိ၊ အပြန်အလှန်ဆက်ဆံရန်နှင့် ယုံကြည်ရန် ထိုက်တန်ခြင်းရှိမရှိကို လူတို့သည် ရိုးရာယဉ်ကျေးမှု၏ အတွေးများ၊ အယူအဆများနှင့် ၎င်းတို့မြင်နိုင်သည့် ထိုသူ၏ အပြုအမူများအရ အကဲဖြတ်ကာ ဆုံးဖြတ်၍ တိုင်းတာကြသည်။ လူတို့သည် ရုပ်ဝတ္ထုလောကကို ထိုးထွင်းသိမြင်နိုင်စွမ်းရှိသလော။ အနည်းငယ်မျှပင် မရှိပေ။ လူတို့သည် လူတစ်ယောက်က ကောင်းသည်၊ ဆိုးသည်ကို၊ သို့မဟုတ် မည်သို့သောသူမျိုးဖြစ်သည်ကို သူ၏ အပြုအမူအားဖြင့်သာ ဝေဖန်အကဲဖြတ်ပြီး ခွဲခြားသိမြင်နိုင်သည်။ လူတစ်ယောက်နှင့် အပြန်အလှန်ဆက်ဆံခြင်း၊ စကားပြောခြင်း၊ ပူးတွဲလုပ်ဆောင်ခြင်းတို့အားဖြင့်သာ လူတို့သည် ဤအရာများကို ကြည့်ရှုလေ့လာပြီး ဆုံးဖြတ်နိုင်သည်။ သင်၏ တိုင်းတာမှုများတွင် “အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်း”၊ “ဖော်ရွေတတ်ခြင်း”၊ “လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်ခြင်း” တို့ကဲ့သို့သော အဆိုအမိန့်များကို အတိအလင်း အသုံးပြုသည်ဖြစ်စေ၊ အသုံးမပြုသည်ဖြစ်စေ သင့်တိုင်းတာမှုများ၏ စံနှုန်းများသည် ဤအဆိုအမိန့်များကို မကျော်လွန်ပေ။ လူတစ်ယောက်သည် အခြားလူ၏ စိတ်တွင်း၌ ရှိသောအရာများကို မမြင်နိုင်သောအခါ ထိုသူကောင်းသည်၊ ဆိုးသည်၊ မြင့်မြတ်သည်၊ ယုတ်မာသည်ဆိုသည်ကို ထိုသူ၏ အပြုအမူနှင့် လုပ်ရပ်များကို ကြည့်ရှုလေ့လာခြင်း၊ အပြုအမူအတွက် ဤစံသတ်မှတ်ချက်များကို အသုံးပြုခြင်းအားဖြင့် တိုင်းတာသည်။ ဤအရာတို့သည် အခြေခံအားဖြင့် ၎င်းတို့အသုံးပြုသည့် အရာအားလုံးဖြစ်သည်။ ဤသို့ဖြစ်သည် မဟုတ်သလော။ (ဟုတ်ပါသည်။) ယခု အကြမ်းဖျဉ်းဖော်ပြခဲ့သော အဆိုအမိန့်များကို အခြေခံကြည့်လျှင် လူသားမျိုးနွယ်တွင် မည်သည့်တိုင်းတာမှုစံနှုန်းများရှိသနည်း။ လူသားမျိုးနွယ်၏ အယူအဆများတွင် ကောင်းမွန်ပြီး မှန်ကန်သည်ဟု မှတ်ယူသောအရာများက မည်သည့်အရာများဖြစ်သနည်း။ ငါတို့၏ မိတ်သဟာယပြုခြင်းနှင့် စိတ်ဖြာလေ့လာခြင်းကို အကျင့်စာရိတ္တနှင့်ဆိုင်သော အရာများဖြင့် အစပြုခြင်းထက် လူ၏ အပြုအမူတွင် သူပွင့်အံထုတ်ပြပြီး ပေါ်လွင်ထင်ရှားစေသည့် ကောင်းမွန်သော၊ မှန်ကန်သော၊ အပြုသဘောဆောင်သောအရာများဖြင့် အစပြုကြစို့။ ဤအရာများသည် အမှန်ပင် အပြုသဘောဆောင်သောအရာများ ဟုတ်မဟုတ်ကို ကြည့်ကြပါစို့။ ဤသို့ဆိုလျှင် ငါတို့စာရင်းပြုစုခဲ့သော အဆိုအမိန့်များတွင် သမ္မာတရားနှင့်သက်ဆိုင်သော အရာတစ်ခုတလေရှိသလော။ ၎င်းတို့၏ အကြောင်းအရာတစ်ခုတလေက သမ္မာတရားနှင့် ညီသလော။ (မညီပါ။) လူတစ်ယောက်၏ လိုက်စားမှုသည် ထိုသို့သောသူဖြစ်ရန်၊ ထိုသို့သော အပြုအမူများနှင့် ထိုသို့သော အပြင်ပန်းအသွင်သဏ္ဌာန် ရှိသည့်သူဖြစ်ရန်ဆိုလျှင် ထိုသူသည် သမ္မာတရားအား လိုက်စားနေခြင်း ဖြစ်သလော။ ထိုသူလိုက်စားသောအရာသည် သမ္မာတရားအား လိုက်စားမှုနှင့် ဆက်နွှယ်နေသလော။ ဤအပြုအမူများကို ပိုင်ဆိုင်သောသူတစ်ယောက်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး လိုက်စားနေခြင်းဖြစ်သလော။ အစစ်မှန်ဆုံးသော အဓိပ္ပာယ်အရဆိုလျှင် ဤအပြုအမူများနှင့် ထုတ်ဖော်ပြသမှုများကို ပိုင်ဆိုင်သောသူတစ်ယောက်သည် လူကောင်းတစ်ယောက်ဖြစ်သလော။ အဖြေမှာ မဟုတ်ပေ။ ထိုသူသည် လူကောင်းတစ်ယောက်မဟုတ်။ ဤအရာကို ရှင်းလင်းစွာ မြင်နိုင်သည်။
အသိပညာ ကြွယ်ဝပြီး အသိတရားရှိရမည်ဆိုသည့် အဆိုအမိန့်ကို ဦးစွာ ကြည့်ကြစို့။ “အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်း” ဟူသည့် အဆိုအမိန့်က ၎င်းဘာသာဆိုလျှင် မည်သည့်အဓိပ္ပာယ်ရှိသည်ကို ပြောလော့။ (ယင်းသည် အတော်အတန် လျော်ကန်သင့်မြတ်ပြီး ယဉ်ကျေးသောသူကို ဖော်ပြပါသည်။) “လျော်ကန်သင့်မြတ်သည်” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ (အတော်အတန် စည်းကမ်းရှိသည်ကို ဆိုလိုပါသည်။) မှန်သည်။ ဤသို့သောသူသည် မည်သည့်စည်းမျဉ်းများကို လိုက်နာသနည်း။ သင်၏ အဖြေက တိကျလေလေ၊ ဤအမှုအရာနှင့် အနှစ်သာရအပေါ် သင်၏ နားလည်မှုက နှံ့စပ်လေလေဖြစ်မည်။ ဤသို့ဆိုလျှင် စည်းကမ်းရှိသည်ဆိုသည်မှာ မည်သည့်အဓိပ္ပာယ်နည်း။ ဥပမာတစ်ခု ပြမည်။ စားသောက်သောအခါတွင် မျိုးဆက်သစ် လူငယ်များသည် မိမိထက် အသက်ကြီးသူများက မထိုင်ရသေးမီ မထိုင်ရပေ။ ပြီးလျှင် လူကြီးများက စကားမပြောသောအခါတွင် ၎င်းတို့သည် တိတ်ဆိတ်စွာ နေရသည်။ လူကြီးများအတွက် ချန်ထားသော အစားအစာများကို လူကြီးများက ခွင့်မပြုလျှင် မည်သူမျှ မစားရပေ။ ထို့အပြင် အစာစားနေစဉ်တွင် စကားမပြောရ၊ သို့မဟုတ် သွားမပေါ်စေရ၊ သို့မဟုတ် ကျယ်လောင်စွာ မရယ်ရ၊ သို့မဟုတ် ပါးစပ်မှ အသံမမြည်ရ၊ သို့မဟုတ် ထမင်းပန်းကန်ထဲတွင် ရှုပ်ပွနေအောင် လှန်လှောမွှေနှောက်မနေရ။ လူကြီးများက စားပြီးသောအခါ လူငယ်များက စားသောက်နေသည်ကို ချက်ချင်းရပ်ပြီး ထရပ်ရသည်။ လူကြီးများကို ၎င်းတို့လိုက်လံပို့ဆောင်ပြီးသည့်အခါမှသာ ဆက်လက်၍ စားသောက်နိုင်သည်။ ဤသည်မှာ စည်းကမ်းများကို လိုက်နာခြင်းမဟုတ်လော။ (ဟုတ်ပါသည်။) ဤစည်းကမ်းများသည် အိမ်တိုင်း၊ အိမ်ထောင်စုတိုင်းတွင်၊ မျိုးနွယ်တိုင်းနှင့် မျိုးရိုးတိုင်းရှိ မိသားစုများတွင် အနည်းနှင့်အများဆိုသလို ရှိသည်။ လူအားလုံးတို့သည် ဤစည်းကမ်းများကို အနည်းနှင့်အများဆိုသလို လိုက်နာကြ၍ ထိုသို့လိုက်နာသောအခါတွင် ထိုစည်းကမ်းများ၏ ကန့်သတ်ခြင်းကို ခံရလေသည်။ မိသားစုအမျိုးမျိုးတွင် မတူညီသော စည်းကမ်းများရှိကြသည်။ ထိုစည်းကမ်းများကို ချမှတ်သောသူမှာ မည်သူနည်း။ လွန်လေပြီးသော ခေတ်အမျိုးမျိုးရှိ ထိုမိသားစု၏ ဘိုးဘေးဘီဘင်များနှင့် ရိုသေလေးစားဖွယ်ရာ လူကြီးသူမများက ချမှတ်ခဲ့ခြင်းဖြစ်သည်။ အရေးကြီးသော အားလပ်ရက်များနှင့် အထိမ်းအမှတ်နေ့ရက်များကို ကျင်းပသောအခါတွင် ထိုစည်းကမ်းများသည် အထူးအရေးပါ၏။ ထိုအချိန်တွင်မူ လူတိုင်းက ထိုစည်းကမ်းများကို လိုက်နာရသည်။ မည်သူ့အတွက်မျှ ခြွင်းချက်မထားပေ။ လူတစ်ယောက်က စည်းမျဉ်းများကို ချိုးဖျက်လျှင်၊ သို့မဟုတ် ချိုးဖောက်လျှင် သူသည် မိသားစု၏ ပြစ်တင်ရှုတ်ချမှုများဖြင့် ပြင်းထန်စွာ အပြစ်ဒဏ်ပေးခြင်း ခံရမည်ဖြစ်သည်။ တချို့ဆိုလျှင် မိသားစုပူဇော်ရာစင်တွင် ဒူးထောက်တောင်းပန်ခြင်းပင် ပြုလုပ်ရနိုင်သည်။ စည်းမျဉ်းများဆိုသည်မှာ ယင်းတို့ပင် ဖြစ်သည်။ ငါတို့ ယခုပြောခဲ့သည့်အရာသည် အကြင်အိမ်ထောင်စု၊ သို့မဟုတ် အကြင်မိသားစုတစ်စုတွင် ကျင့်သုံးနိုင်သော စည်းမျဉ်းတချို့မျှသာ ဖြစ်သည်။ ဤသို့သော စည်းမျဉ်းများသည် “လျော်ကန်သင့်မြတ်ခြင်း” အဓိပ္ပာယ်၏ တစ်စိတ်တစ်ပိုင်းမဟုတ်သလော။ (ဟုတ်ပါသည်။) လူတစ်ယောက်က လျော်ကန်သင့်မြတ်ခြင်းရှိမရှိ ထိုသူစားသောက်သည်ကို ကြည့်ရုံမျှဖြင့် သိရှိနိုင်သည်။ စားသောအခါတွင် ပါးစပ်မှ အသံမြည်လျှင်၊ သို့မဟုတ် တို့ကနန်းဆိတ်ကနန်း စားလျှင်၊ သို့မဟုတ် သူတစ်ပါးတို့ကို အစဉ်သဖြင့် တစ်လုတ်တစ်ဖဲ့ လိုက်မြည်းခိုင်းနေပြီး အစာစားစဉ်တွင် စကားပြောလျှင်၊ ကျယ်လောင်စွာ ရီမောလျှင်၊ ထို့အပြင် အချို့သော အခြေအနေများ၌ ၎င်းတို့စကားပြောနေသည့်သူကို အစာစားသည့် တူဖြင့် ထိုးညွှန်ပြနေလျှင် ဤအရာများအားလုံး၌ ၎င်းတို့သည် ၎င်းတို့၏ လျော်ကန်သင့်မြတ်မှုမရှိခြင်းကို ထုတ်ဖော်ပြသနေခြင်းဖြစ်သည်။ လူတစ်ယောက်က လျော်ကန်သင့်မြတ်မှုမရှိဟု ပြောဆိုခြင်းသည် အခြားလူများက ထိုသူ၏ အပြုအမူနှင့်ပတ်သက်၍ ထိုသူကို ဆိုဆုံးမသည်၊ မေးခွန်းထုတ်သည်၊ စက်ဆုပ်သည်ဟု သွယ်ဝိုက်ညွှန်းဆိုသည်။ လျော်ကန်သင့်မြတ်သောသူများမှာမူ အစာစားသောအခါတွင် စကားမပြောပေ၊ သို့မဟုတ် တခစ်ခစ်မရီပေ၊ သို့မဟုတ် အစားအစာကို တို့ကနန်းဆိတ်ကနန်း မစားပေ၊ သို့မဟုတ် အခြားသူများကို တစ်လုတ်တစ်ဖဲ့ မမြည်းခိုင်းပေ။ ၎င်းတို့သည် အတော်ပင် စည်းကမ်းရှိသည်။ အခြားလူများက ထိုသူတို့၏ အပြုအမူနှင့် လုပ်ဆောင်မှုကို မြင်ပြီး ထိုအရာကို အခြေခံကာ ဤသည်မှာ လျော်ကန်သင့်မြတ်သောသူဖြစ်သည်ဟု ပြောကြ၏။ ထိုသူတို့၏ ဤလျော်ကန်သင့်မြတ်မှုကြောင့် အခြားလူများ၏ လေးစားမှု၊ အထင်ကြီးမှုအပြင် ၎င်းတို့၏ ချစ်ခင်နှစ်သက်မှုကိုပါ ရရှိသည်။ ဤသည်မှာ လျော်ကန်သင့်မြတ်ခြင်းတွင် ရှိသောအရာ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ဤသို့ဆိုလျှင် လျော်ကန်သင့်မြတ်ခြင်းဆိုသည်မှာ အမှန်တွင် မည်သည့်အရာဖြစ်သနည်း။ “လျော်ကန်သင့်မြတ်ခြင်း” သည် လူတို့၏ အပြုအမူနှင့်သာ သက်ဆိုင်သည်ဟု ငါတို့ဆိုခဲ့သည်။ ဤပြီးခဲ့သော ဥပမာများကို ကြည့်လျှင် အစားစားသောအခါ၌ လူကြီးများကို ဦးစားပေးရန် စီစဉ်ထားရှိမှုတစ်ခု ရှိသည်။ လူတိုင်းက စည်းကမ်းများနှင့်အညီ ၎င်းတို့၏ နေရာများကို ယူရမည်။ နေရာမှား၍ မထိုင်ရပေ။ လူကြီးများရော မျိုးဆက်သစ် လူငယ်များပါ မိသားစု စည်းကမ်းများကို လိုက်နာကြသည်။ မည်သူမျှ ချိုးဖောက်၍ မရပေ။ ၎င်းတို့သည် အလွန်ပင် စည်းကမ်းရှိသည့်ပုံစံ၊ အလွန်ရည်မွန်သည့်ပုံစံ၊ အလွန်မြင့်မြတ်သည့်ပုံစံ၊ အလွန်ဂုဏ်ရှိသည့်ပုံစံ ရှိကြသည်။ သို့တိုင်အောင် ၎င်းတို့သည် မည်မျှပင် ဤပုံစံရှိပါစေ အားလုံးက အပြင်ပန်း အပြုအမူကောင်းများသာ ဖြစ်သည်။ ယင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် သက်ဆိုင်သလော။ မသက်ဆိုင်ပေ။ ယင်းသည် လူတို့၏ အပြင်ပန်း အပြုအမူများကို တိုင်းတာသည့် စံနှုန်းတစ်ခုထက် မပိုပေ။ မည်သည့်အပြုအမူများဖြစ်သနည်း။ အဓိကအားဖြင့် ၎င်းတို့၏ အပြောနှင့် အလုပ်တို့ဖြစ်သည်။ ဥပမာ အစာစားသောအခါတွင် စကားမပြောသင့်၊ သို့မဟုတ် အစာဝါးသောအခါတွင် အသံမထွက်သင့်။ အစာစားရန် ထိုင်သောအခါ မည်သူက အရင်ဆုံးထိုင်ရမည်ဆိုသည်နှင့်ပတ်သက်ပြီး အစီအစဉ်တစ်ခုရှိသည်။ အကြမ်းဖျင်းအနေဖြင့် မတ်တတ်ရပ်ပြီး ထိုင်ရန် သင့်တင့်လျောက်ပတ်သော နည်းလမ်းများရှိသည်။ ဤအရာများအားလုံးသည် အပြုအမူများ၊ ပြင်ပအပြုအမူများထက် မပိုပေ။ ဤအရာအားလုံးပင်ဖြစ်သည်။ ဤသို့ဖြစ်ရာ လူတို့သည် ဤစည်းမျဉ်းများကို အမှန်တကယ် လိုက်နာလိုစိတ် ရှိကြသလော။ ဤအရေးကိစ္စနှင့်ပတ်သက်ပြီး လူတို့က မည်သို့စဉ်းစားကြသနည်း။ မည်သို့ခံစားရသနည်း။ ဤအရေးမပါသော စည်းမျဉ်းများကို လိုက်နာခြင်းသည် လူတို့အတွက် အကျိုးဖြစ်သလော။ ၎င်းတို့အား ဘဝတွင် တိုးတက်မှုကို ပေးအပ်သလော။ ဤအရေးမပါသော စည်းမျဉ်းများကို လိုက်နာခြင်းတွင် မည်သည့်ပြဿနာရှိသနည်း။ ထိုသို့လိုက်နာခြင်းက အမှုအရာများနှင့် အသက်စိတ်သဘောထားအပေါ် လူတစ်ယောက်၏ အမြင်တွင် ပြောင်းလဲမှုရှိမရှိဆိုသည့် ကိစ္စနှင့် သက်ဆိုင်သလော။ လုံးဝ မသက်ဆိုင်ပေ။ လူတို့၏ အပြုအမူနှင့်သာ သက်ဆိုင်သည်။ ယင်းသည် လူတို့၏ အပြုအမူအပေါ် သတ်မှတ်ချက်အနည်းငယ်ကိုသာ ချမှတ်သည်။ မည်သည့်စည်းမျဉ်းများကို လူတို့ပြည့်မီပြီး လိုက်နာရမည်ဆိုသည်နှင့်သက်ဆိုင်သော သတ်မှတ်ချက်များဖြစ်သည်။ လူတစ်ယောက်က ဤစည်းမျဉ်းများကို မည်သို့ထင်မြင်ကောင်းထင်မြင်ပါစေ၊ ဤစည်းမျဉ်းများကို မုန်းတီးစက်ဆုပ်ခြင်းပင် ဖြစ်ပါစေ သူ၏ မိသားစုနှင့် ဘိုးဘေးဘီဘင်များကြောင့်၊ သူ၏ အိမ်တွင်း စည်းကမ်းကျင့်ဝတ်ကြောင့် ဤစည်းကမ်းများ၏ ချည်နှောင်ခြင်းကို ခံရလျက် အသက်ရှင်ဖို့မှလွဲ၍ ရွေးချယ်စရာမရှိပေ။ သို့တိုင်အောင် ဤစည်းမျဉ်းများနှင့်ပတ်သက်ပြီး လူတို့တွင် မည်သည့်အသေးစိတ် အတွေးများရှိသည်၊ သို့မဟုတ် လူတို့သည် ၎င်းတို့၏ အတွေးတွင် ထိုစည်းကမ်းများကို မည်သို့ရှုမြင်ပြီး မှတ်ယူသည်ကို စုံစမ်းစစ်ဆေးဖို့၊ သို့မဟုတ် ထိုစည်းကမ်းများအပေါ် ၎င်းတို့၏ အမြင်နှင့် သဘောထားတို့ကို စုံစမ်းစစ်ဆေးဖို့ မည်သူကမျှ မလုပ်ဆောင်ပေ။ ဤသတ်မှတ်ထားသော နယ်ပယ်တွင် ကောင်းသောအပြုအမူကို ထုတ်ဖော်ပြသပြီး ဤစည်းကမ်းများကို လိုက်နာလျှင် သင့်အတွက် လုံလောက်နေသည်။ ဤသို့လုပ်ဆောင်သောသူတို့သည် လျော်ကန်သင့်မြတ်သောသူများ ဖြစ်သည်ဟူ၏။ “အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်း” သည် လူတို့၏ အပြုအမူအပေါ်ကိုသာ တောင်းဆိုမှုအမျိုးမျိုး လုပ်ဆောင်သည်။ ယင်းကို လူတို့၏ အပြုအမူကို ဘောင်ခတ်ရန်သာ အသုံးပြုသည်။ ထိုင်သောအခါ၊ ထသောအခါတွင် လူတို့၏ ကိုယ်နေဟန်ထား၊ ကိုယ်ခန္ဓာလှုပ်ရှားမှုများ၊ ၎င်းတို့၏ အာရုံခံ အင်္ဂါများ၏ ဟန်အမူအရာများ၊ ၎င်းတို့၏ မျက်လုံးများက မည်သည့်ပုံစံရှိရမည်၊ ပါးစပ်က မည်သို့လှုပ်ရမည်၊ ခေါင်းကမည်သို့ လှည့်ရမည် အစရှိသည်တို့ အကျုံးဝင်သော အပြုအမူများဖြစ်သည်။ ယင်းသည် လူတို့အား အပြင်ပန်း အပြုအမူအတွက် စံနှုန်းတစ်ခုကို ပေးပြီး ၎င်းတို့၏ စိတ်၊ စိတ်သဘောထားနှင့် ၎င်းတို့လူ့သဘာဝ၏ အနှစ်သာရကို ဂရုမစိုက်ပေ။ အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်းတို့အတွက် စံနှုန်းမှာ ထိုသို့ဖြစ်သည်။ သင်သည် ဤစံနှုန်းဖြင့် ကိုက်ညီလျှင် အသိပညာ ကြွယ်ဝပြီး အသိတရားရှိသောသူ ဖြစ်သည်။ သင်သည် အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်းဟူသည့် အပြုအမူကောင်းကို ပိုင်ဆိုင်လျှင် သူတစ်ပါးတို့၏ အမြင်တွင် အထင်ကြီးလေးစားမှုနှင့် ထိုက်တန်သောသူတစ်ယောက် ဖြစ်သည်။ ဤသို့ဖြစ်သည် မဟုတ်သလော။ (ဟုတ်ပါသည်။) ဤသို့ဖြစ်ရာ ဤအဆိုအမိန့်သည် လူ၏ အပြုအမူကို အာရုံစိုက်သလော။ (စိုက်ပါသည်။) အမှန်တကယ်တွင် ဤအပြုအမူဆိုင်ရာ စံနှုန်းကို မည်သည့်နေရာတွင် အသုံးပြုသနည်း။ အဓိကအားဖြင့် လူတစ်ယောက်က လျော်ကန်သင့်မြတ်ပြီး စည်းကမ်းကောင်းခြင်းရှိမရှိ၊ သူတစ်ပါးတို့နှင့် ဆက်ဆံရာတွင် ၎င်းတို့၏ အထင်ကြီးလေးစားမှုကို ရရှိနိုင်ခြင်းရှိမရှိ၊ အထင်ကြီးဖို့ ထိုက်တန်ခြင်းရှိမရှိကို တိုင်းတာရန် အသုံးပြုသည်။ လူတို့ကို ဤသို့တိုင်းတာခြင်းသည် သမ္မာတရားစည်းမျဉ်းများနှင့် လုံးလုံးလျားလျား ကွဲလွဲနေသည်။ ဤသည်မှာ အရေးမပါပေ။
ယခု ငါတို့၏ မိတ်သဟာယသည် အဓိကအားဖြင့် လူတစ်ယောက်၏ ရည်မွန်ယဉ်ကျေးခြင်းနှင့်သက်ဆိုင်သည်။ “အသိပညာ ကြွယ်ဝပြီး အသိတရားရှိပါ” ဟူသည့် အဆိုအမိန့်က ပြဋ္ဌာန်းထားသည့် သတ်မှတ်ချက်တစ်ခုဖြစ်သည်။ “အသိတရားရှိခြင်း” ဆိုသည်မှာ မည်သည့်အရာကို ရည်ညွှန်းသနည်း။ (မွန်ရည်မှုနှင့် ကျင့်ဝတ်ထုံးတမ်းကို နားလည်ကြောင်း ပြသခြင်းဖြစ်ပါသည်။) ဤသည်မှာ အနည်းငယ် အပေါ်ယံဆန်သော်လည်း ယင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ “အသိတရားရှိခြင်း” ဟူသည်မှာ အကျိုးအကြောင်းကို မြင်သည်အထိ ယဉ်ကျေးမှုရှိခြင်း၊ အကျိုးအကြောင်းကို လိုလိုလားလား လက်ခံနိုင်ခြင်းကို မဆိုလိုသလော။ ငါတို့သည် ဤအရာကို အသေးစိတ် ပြောဆိုနိုင်သလော။ (ပြောဆိုနိုင်ပါသည်။) မွန်ရည်မှုနှင့် ကျင့်ဝတ်ထုံးထမ်းကို နားလည်ကြောင်း ပြရန်၊ အကျိုးအကြောင်းကို မြင်သည်အထိ ယဉ်ကျေးမှုရှိရန်ဖြစ်၏။ သို့ဖြစ်ရာ ခြုံငုံ၍ ဆိုရလျှင် လူတစ်ယောက်သည် “အသိပညာ ကြွယ်ဝပြီး အသိတရားရှိပါ” တွင် ပါဝင်သော အပြုအမူများကို ပိုင်ဆိုင်လျှင် ယင်းအပြုအမူကို အလုံးစုံ မည်သို့ပြသသနည်း။ အသိပညာ ကြွယ်ဝပြီး အသိတရားရှိသောသူကို သင်တို့မြင်တွေ့ဖူးသလော။ သင်တို့၏ လူကြီးသူမများနှင့် ဆွေမျိုးများထဲတွင်၊ သို့မဟုတ် သင်တို့၏ မိတ်ဆွေများထဲတွင် အသိပညာ ကြွယ်ဝပြီး အသိတရားရှိသူ ရှိသလော။ သူ့ကို ခွဲခြားသိမြင်နိုင်သော အချက်က အဘယ်နည်း။ ထိုသူသည် အရေအတွက် များပြားလွန်းလှသော စည်းမျဉ်းများကို လိုက်နာသည်။ သူ၏ အပြောအဆိုနှင့်ပတ်သက်ပြီး အလွန်ပင် အနုစိတ်သည်။ သူတစ်ပါးတို့အပေါ် ကြမ်းတမ်းခြင်း၊ သို့မဟုတ် ရိုင်းပျခြင်း၊ သို့မဟုတ် ထိခိုက်ခြင်းတို့ မရှိပေ။ ထိုင်သောအခါ သင့်တင့်လျောက်ပတ်စွာ ထိုင်သည်။ မတ်တတ်ရပ်သောအခါ ဟန်ဖြင့် ရပ်သည်။ အဘက်ဘက်တွင် သူ့အပြုအမူသည် သူတစ်ပါးတို့အမြင်၌ ယဉ်ကျေးပြီး ဣန္ဒြေရသည့်ပုံပေါ်၍ သူတစ်ပါးတို့က သူ့ကို မြင်သည့်အခါ ချစ်ခင်နှစ်သက်ပြီး အားကျကြသည်။ ထိုသူသည် လူတို့နှင့် တွေ့ဆုံသောအခါ ခေါင်းကို ငုံ့ပြီး ကိုယ်ကို စောင်းသည်။ ဦးညွှတ်ပြီး ရိုကျိုးသည်။ ယဉ်ကျေးစွာ ပြောဆိုသည်။ အများပြည်သူ၏ လူမှုရေးကျင့်ဝတ်နှင့် ငြိမ်ဝပ်ပိပြားရေးတို့၏ စည်းကမ်းများကို တစ်သဝေမတိမ်း လိုက်နာသည်။ လူ့အဖွဲ့အစည်းရှိ နိမ့်ကျသော အဆင့်အတန်း၏ အလေ့အထ၊ သို့မဟုတ် ရမ်းကားမှု မရှိပေ။ ခြုံကြည့်လျှင် သူ၏ အပြင်ပန်းအပြုအမူကို မြင်သောသူတို့သည် စိတ်သက်သာရာရပြီး ချီးမွမ်းကြလေသည်။ သို့သော် ဤအရာနှင့်ပတ်သက်ပြီး ပြဿနာရှိသည့် အရာတစ်ခုကား ရှိ၏။ ထိုသူအတွက် အရာရာ၌ စည်းမျဉ်းများရှိသည်။ စားသောက်ခြင်းတွင် စည်းမျဉ်းရှိသည်။ အိပ်စက်ခြင်းတွင် စည်းမျဉ်းရှိသည်။ လမ်းလျှောက်ခြင်းတွင် စည်းမျဉ်းရှိသည်။ အိမ်မှ ထွက်ခွာပြီး အိမ်သို့ ပြန်လာခြင်းတွင်ပင် စည်းမျဉ်းများရှိသည်။ အကြင်သူသည် ထိုသို့သောသူနှင့်အတူ ရှိနေသောအခါ အလွန်စိတ်ကျဉ်းကျပ်ပြီး အနေရခက်၏။ ထိုသူသည် မည်သည့်အချိန်တွင် စည်းမျဉ်းတစ်ခု ထုတ်ပြောမည်ကို သင်မသိပေ။ သင်သည် ထိုစည်းမျဉ်းကို ပေါ့ဆစွာ ချိုးဖောက်လျှင် အလွန်ပင် မဆင်မခြင်ဖြစ်ပြီး မသိနားမလည်သည့် ပုံစံရှိသော်လည်း ထိုသူကမူ အလွန်ယဉ်ကျေးသည့် ပုံစံရှိလေသည်။ ထိုသူသည် သူ၏ အပြုံးတွင်ပင် အလွန် ယဉ်ကျေးသိမ်မွေ့၏။ သွားများကို မဖော်ပြပေ။ ငိုကြွေးသောအခါ၌ သူတစ်ပါးတို့ရှေ့တွင် မည်သည့်အခါမျှ မငိုဘဲ ညအချိန်၌ အခြားလူများ အိပ်ပျော်နေစဉ်တွင် သူ၏ စောင်ခြုံ၍သာ ငိုသည်။ မည်သည့်အရာကို သူလုပ်ဆောင်ပါစေ စည်းမျဉ်းနှင့်ညီသည်။ ဤသည်မှာ “သွန်သင်ဆုံးမခြင်း” ဟု ခေါ်သည်။ ဤသို့သောသူတို့သည် ကျင့်ဝတ်ထုံးတမ်း ထွန်းကားသော နယ်မြေတွင်၊ ကြီးမားသော မိသားစုကြီးတွင် နေထိုင်သည်။ ၎င်းတို့တွင် စည်းမျဉ်းအမြောက်အမြားနှင့် သွန်သင်ဆုံးမမှုအများအပြားရှိသည်။ မည်သည့်ပုံစံဖြင့် ပြောသည်ဖြစ်စေ အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်းတို့တွင် ပါဝင်သည့် ကောင်းသော အပြုအမူများသည် လူတစ်ယောက် ကြီးပြင်းလာသော ပတ်ဝန်းကျင်က စွဲမှတ်အောင် သွန်သင်ပေးခဲ့သော၊ မိမိ၏ ကိုယ်ပိုင်အပြုအမူအပေါ် ကိုယ်တိုင်သတ်မှတ်သည့် မြင့်မားသော စံနှုန်းများနှင့် တင်းကျပ်သော သတ်မှတ်ချက်များက လူတစ်ယောက်တွင် တဖြည်းဖြည်းချင်း ပုံသွင်းပေးသော အပြင်ပန်း အပြုအမူကောင်းများဖြစ်သည်။ ဤသို့သော အပြုအမူများက လူတို့အပေါ် မည်သည့်လွှမ်းမိုးမှုရှိနိုင်ပါစေ ၎င်းတို့သည် လူ၏ အပြင်ပန်း အပြုအမူမှလွဲ၍ အခြားမည်သည့်အရာနှင့်မျှ မသက်ဆိုင်ပေ။ ဤသို့သော အပြင်ပန်း အပြုအမူများကို လူက ကောင်းသော အပြုအမူများဖြစ်သည်ဟု မှတ်ယူထားသော်လည်း၊ ယင်းတို့သည် လူတို့ကြိုးပမ်းအားထုတ်ပြီး လက်ခံသည့် အပြုအမူများဖြစ်သော်လည်း လူ့စိတ်သဘောထားနှင့် ကွဲပြားသော အရာဖြစ်၏။ လူတစ်ဦး၏ အပြင်ပန်း အပြုအမူက မည်မျှကောင်းပါစေ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မဖုံးကွယ်နိုင်ပေ။ လူတစ်ဦး၏ အပြင်ပန်း အပြုအမူက မည်မျှကောင်းပါစေ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပြောင်းလဲမှုကို အစားမထိုးနိုင်ပေ။ အသိပညာ ကြွယ်ဝပြီး အသိတရားရှိသောသူ၏ အပြုအမူသည် အတော်အတန် စည်းကမ်းတင်းကျပ်၍ သူတစ်ပါးတို့၏ အထင်ကြီးလေးစားမှုကို များစွာ ဖြစ်ပေါ်စေသော်လည်း သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ပွင့်အံထွက်လာသောအခါတွင် သူ၏ ထိုကောင်းသော အပြုအမူသည် လုံးဝ အသုံးမဝင်ပေ။ သူ၏ အပြုအမူက မည်မျှမြင့်မြတ်ပြီး ရင့်ကျက်နိုင်ပါစေ သမ္မာတရားစည်းမျဉ်းများနှင့် သက်ဆိုင်သည့်အရာတစ်ခုခုက ထိုသူအပေါ်သို့ ကျရောက်လာသောအခါ သူ၏ ထိုကောင်းသော အပြုအမူသည် လုံးဝ အသုံးမဝင်သကဲ့သို့ သမ္မာတရားကို သူနားလည်အောင်လည်း လှုံ့ဆော်မပေးပေ။ ထိုအစား ထိုသူသည် အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်းက အပြုသဘောဆောင်သောအရာဖြစ်သည်ဟု သူ၏ အယူအဆများတွင် ယုံကြည်သောကြောင့် ထိုအရာကို သမ္မာတရားအဖြစ် ဆက်၍ မှတ်ယူပြီး ဘုရားသခင်ပြောဆိုသည့် နှုတ်ကပတ်တော်များကို ထိုအရာဖြင့် အကဲဖြတ်ကာ မေးခွန်းထုတ်သည်။ သူ၏ ကိုယ်ပိုင်အပြောအဆိုနှင့် လုပ်ရပ်များကို ထိုအဆိုအမိန့်နှင့်အညီ အကဲဖြတ်ပြီး ထိုအဆိုအမိန့်သည် သူတစ်ပါးတို့ကို အကဲဖြတ်ခြင်းအတွက် သူ၏ စံနှုန်းလည်းဖြစ်လေသည်။ သမ္မာတရားကို မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိကာ လုံးလုံးလျားလျား ဘုရားနှုတ်ကပတ်တော်နှင့်အညီ လူများနှင့် အမှုအရာများကို ရှုမြင်ပြီး ကျင့်ကြံပြုမူကာ လုပ်ဆောင်ခြင်းဟူသည့် “သမ္မာတရားကို လိုက်စားခြင်း ဆိုသည်မှာ” ၏ အဓိပ္ပာယ်သတ်မှတ်ချက်ကို ယခုကြည့်လော့။ ထိုသို့ကြည့်လျှင် အသိပညာ ကြွယ်ဝပြီး အသိတရားရှိရန် တောင်းဆိုသည့် အပြင်ပန်း အပြုအမူအတွက် စံနှုန်းသည် ဘုရားနှုတ်ကပတ်တော်များနှင့်ရော သမ္မာတရားနှင့်ပါ လုံးဝ သက်ဆိုင်မှုရှိသလော။ (မရှိပါ။) ၎င်းတို့သည် ဆက်စပ်မှုကို မရှိပေ။ ၎င်းတို့သည် ကွဲလွဲလျက်ရှိသည်။ ကွဲလွဲမှုက မည်သည့်နေရာတွင် ရှိသနည်း။ (ဤသို့သော ဆိုရိုးစကားများသည် လူတို့အား ၎င်းတို့အတွင်းတွင်ရှိသည့် ရည်ရွယ်ချက်များနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို လျစ်လျူရှုစေလျက် အပြင်ပန်း အပြုအမူကောင်းကိုသာ အာရုံစိုက်စေပါလိမ့်မည်။ လူတို့သည် ဤကောင်းသော အပြုအမူများ၏ လှည့်စားခြင်းကို ခံရပြီး ၎င်းတို့၏ ကိုယ်ပိုင်အတွေးများနှင့် အယူအဆများတွင်ရှိသော အရာကို ဆင်ခြင်သုံးသပ်ခြင်းမရှိအောင်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထိုးထွင်းမမြင်နိုင်ဘဲ သူတစ်ပါးတို့အား ထိုသူတို့၏ အပြုအမူကိုကြည့်ပြီး မစဉ်းမစားဖြင့် အားကျ၍ ကိုးကွယ်ကြအောင် ထိုဆိုရိုးစကားများက လုပ်ပါသည်။) ဤအရာများသည် ရိုးရာယဉ်ကျေးမှုရှိ အဆိုအမိန့်များကို လက်ခံခြင်း၏ အကျိုးဆက်များဖြစ်သည်။ ထို့ကြောင့် လူက ဤကောင်းသော အပြုအမူများအား လုပ်ဆောင်မှုကို မြင်သောအခါ ထိုအပြုအမူများကို တန်ဖိုးထားလိမ့်မည်။ ဤအပြုအမူများသည် ကောင်းသည်၊ အပြုသဘောဆောင်သောအရာများ ဖြစ်သည်ဟု စတင်ယုံကြည်ပြီး ၎င်းတို့သည် အပြုသဘောဆောင်သောအရာများ ဖြစ်သည်ဆိုသည်ကို အခြေခံလျက် ၎င်းတို့ကို သမ္မာတရားကဲ့သို့ မှတ်ယူသည်။ ထို့နောက်တွင် သူသည် သူ့ကိုယ်သူ ကန့်သတ်ချုပ်ချယ်ပြီး သူတစ်ပါးတို့ကို အကဲဖြတ်ရန်အတွက် စံသတ်မှတ်ချက်အဖြစ် ဤအရာကို အသုံးပြုသည်။ လူများနှင့် အမှုအရာများအပေါ် သူ၏ ရှုမြင်မှုများအတွက် အခြေပြုချက်အဖြစ် ထိုအရာကို သူမှတ်ယူပြီး ထိုသို့လုပ်ဆောင်စဉ်တွင် သူ၏ ကျင့်ကြံနေထိုင်မှုနှင့် ပြုမူဆောင်ရွက်မှုများအတွက် အခြေပြုချက်အဖြစ်လည်း ထိုအရာကို သူမှတ်ယူလေသည်။ ဤသို့ဆိုလျှင် ယင်းသည် သမ္မာတရားနှင့် မကွဲလွဲသလော။ (ကွဲလွဲပါသည်။) အသိပညာ ကြွယ်ဝပြီး အသိတရားရှိရမည်ဟူသည့် အဆိုအမိန့်က လူတို့ကို လှည့်စားခြင်းရှိမရှိကို ယခု ငါတို့ဘေးချထားပြီး ဤအဆိုအမိန့်အကြောင်းကိုပင် ပြောဆိုမည်။ “အသိပညာ ကြွယ်ဝပြီး အသိတရားရှိပါ” ဆိုသည့်အရာသည် ယဉ်ကျေးလိမ္မာသော၊ မြင့်မြတ်သော စကားဖြစ်သည်။ ဤအဆိုအမိန့်ကို လူတိုင်းက နှစ်သက်သည်။ ဤအဆိုအမိန့်သည် မှန်သည်၊ ကောင်းမွန်သည်၊ စံသတ်မှတ်ချက်တစ်ခုဖြစ်သည်ဆိုသည့် အယူအဆအပေါ်တွင် အခြေပြု၍ လူသည် သူတစ်ပါးတို့ကို အကဲဖြတ်ရန်၊ လူများနှင့် အမှုအရာများကို ရှုမြင်ရန် ဤအဆိုအမိန့်ကို အသုံးပြုသည်။ ထိုသို့ သူလုပ်ဆောင်ရာတွင် ထိုအဆိုအမိန့်ကို သူ၏ ကျင့်ကြံနေထိုင်မှုနှင့် ပြုမူဆောင်ရွက်မှုများအတွက် အခြေပြုချက်အဖြစ်လည်း မှတ်ယူလေသည်။ ဥပမာ လူသည် လူတစ်ယောက်၏ ကောင်းမြတ်ခြင်းအပေါ် သူ၏ အကဲဖြတ်ခြင်းကို ဘုရားနှုတ်ကပတ်တော်များတွင် အခြေမခံပေ။ မည်သည့်အရာအပေါ် အခြေခံသနည်း။ “ဤလူသည် အသိပညာ ကြွယ်ဝပြီး အသိတရားရှိသလော။ သူ၏ အပြင်ပန်း အပြုအမူက ယဉ်ကျေးသလော။ စည်းမျဉ်းကို သူကောင်းကောင်း လိုက်နာသလော။ သူတစ်ပါးတို့ကို သူလေးစားသလော။ သူ့တွင် ယဉ်ကျေးဖွယ်ရာမှု ရှိသလော။ သူတစ်ပါးတို့နှင့် စကားပြောရာတွင် နှိမ့်ချသော သဘောထားကို သူခံယူသလော။ ပိုကြီးသည့် သစ်တော်သီးကို တစ်ခါက ကောင်ရုံပေးခဲ့သကဲ့သို့ ကောင်းသော အပြုအမူများ သူ့တွင် ရှိသလော။[က] သူသည် ဤသို့သောသူမျိုး ဖြစ်သလော” ဟူ၍ ဖြစ်သည်။ ဤမေးခွန်းများနှင့် အမြင်များကို မည်သည့်အရာအပေါ်တွင် သူအခြေခံပြီး မေးသနည်း။ ရှေးဦးစွာ အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်း စံသတ်မှတ်ချက်အပေါ်တွင် အခြေခံသည်။ သူ၏ စံသတ်မှတ်ချက်အဖြစ် ထိုအရာကို အသုံးပြုခြင်းသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) အဘယ်ကြောင့် မမှန်သနည်း။ အလွန်ရိုးရှင်းသော အဖြေဖြစ်သည့်တိုင် သင်တို့ အဖြေမထုတ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ဘုရားသခင်က အကဲဖြတ်သည့်ပုံစံ မဟုတ်သောကြောင့်ဖြစ်သည်။ ပြီးလျှင် သူသည် လူကို ထိုသို့ လုပ်ဆောင်စေမည် မဟုတ်ပေ။ လူက ဤသို့ လုပ်ဆောင်လျှင် ထိုသူသည် အထင်မှားနေခြင်းပင် ဖြစ်၏။ တစ်စုံတစ်ယောက်က လူတစ်ယောက်၊ သို့မဟုတ် ဖြစ်ရပ်တစ်ခုကို ဤနည်းဖြင့် အကဲဖြတ်လျှင်၊ လူများနှင့် အမှုအရာများကို ရှုမြင်ရန် စံနှုန်းအဖြစ် ယင်းကို အသုံးပြုလျှင် ထိုသူသည် သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်များကို ချိုးဖောက်နေခြင်းဖြစ်သည်။ ယင်းသည် ရိုးရာအယူအဆများနှင့် သမ္မာတရားအကြား ကွဲလွဲမှုဖြစ်သည်။ ဤသို့ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သူတစ်ပါးတို့ကို လူက အကဲဖြတ်ရာတွင် ဘုရားသခင်သည် သူ့ကို မည်သည့်အရာအပေါ် အခြေခံစေသနည်း။ လူများနှင့် အမှုအရာများကို လူက ရှုမြင်ရာတွင် ဘုရားသခင်သည် သူ့ကို မည်သည့်အရာနှင့်အညီ ရှုမြင်စေသနည်း။ (ဘုရားနှုတ်ကပတ်တော်များ ဖြစ်ပါသည်။) ဘုရားသခင်သည် လူကို သူ၏ နှုတ်ကပတ်တော်နှင့်အညီ လူတို့အပေါ် ရှုမြင်စေသည်။ အတိအကျဆိုရလျှင် ဤသည်မှာ လူတစ်ယောက်တွင် လူ့သဘာဝရှိမရှိကို ဘုရားနှုတ်ကပတ်တော်များနှင့်အညီ အကဲဖြတ်ခြင်းကို ဆိုလိုသည်။ ဤသည်မှာ တစ်စိတ်တစ်ပိုင်းဖြစ်၏။ ထို့အပြင် ထိုသူက သမ္မာတရားကို ချစ်ခြင်းရှိမရှိ၊ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိမရှိ၊ သမ္မာတရားအား ကျိုးနွံနာခံနိုင်ခြင်း ရှိမရှိတို့အပေါ်တွင် အခြေခံသည်။ ဤအရာတို့သည် အသေးစိတ်အချက်များ ဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) ဤသို့ဆိုလျှင် လူသည် အခြားလူ၏ ကောင်းမြတ်ခြင်းကို အကဲဖြတ်ရာ၌ မည်သည့်အရာကို အခြေခံသနည်း။ ထိုသူသည် ရည်မွန်ယဉ်ကျေးပြီး စည်းမျဉ်းကို ကောင်းစွာလိုက်နာခြင်းရှိမရှိ၊ အစာစားသောအခါတွင် ပါးစပ်မှ အသံမြည်ခြင်း၊ သို့မဟုတ် တို့ကနန်းဆိတ်ကနန်းဖြင့် မွှေနှောက်နေခြင်းရှိမရှိ၊ အစာစားရာတွင် ကိုယ်တိုင်မထိုင်မီ လူကြီးသူမများထိုင်သည်အထိ စောင့်ဆိုင်းခြင်းရှိမရှိတို့အပေါ်တွင် အခြေခံသည်။ လူသည် သူတစ်ပါးတို့ကို အကဲဖြတ်ရန်အတွက် ဤသို့သောအရာများကို အသုံးပြုသည်။ ဤအရာများကို အသုံးပြုခြင်းသည် အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်းတို့ကို အပြုအမူအတွက် စံနှုန်းအနေဖြင့် အသုံးပြုခြင်း မဟုတ်သလော။ (ဟုတ်ပါသည်။) ဤသို့သော အကဲဖြတ်မှုများသည် မှန်ကန်တိကျသလော။ သမ္မာတရားနှင့် ကိုက်ညီသလော။ (မကိုက်ညီပါ။) သမ္မာတရားနှင့် မကိုက်ညီသည်မှာ အလွန်ရှင်းသည်။ ဤသို့ဆိုလျှင် ထိုသို့ အကဲဖြတ်ခြင်းမှ အဆုံး၌ မည်သည့်အရာကို ရရှိသနည်း။ အသိပညာ ကြွယ်ဝပြီး အသိတရားရှိသူ မည်သူမဆိုသည် လူကောင်းတစ်ယောက်ဖြစ်သည်ဟု အကဲဖြတ်သူက ယုံကြည်သည်။ သင်က ထိုသူကို သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့စေလျှင် သူသည် လူတို့အား ထိုအိမ်တွင်းစည်းကမ်းများနှင့် အဆုံးအမများအပြင် အပြုအမူကောင်းများကို စိတ်ထဲတွင် စွဲမှတ်အောင် အစဉ် သွန်သင်လိမ့်မည်ဖြစ်သည်။ ထိုသူက လူတို့၏ စိတ်ထဲတွင် ဤအရာများကို စွဲမှတ်အောင် သွန်သင်ခြင်းအားဖြင့် အဆုံး၌ ရရှိလာသည့်အရာမှာ လူတို့ကို အပြုအမူကောင်းများ ရရှိအောင် သူဦးတည်ပေးခြင်းဖြစ်၏။ သို့သော်လည်း ထိုလူများ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကမူ လုံးဝ ပြောင်းလဲမည်မဟုတ်ပေ။ အမှုအရာများကို ဤသို့ လုပ်ဆောင်ခြင်းသည် သမ္မာတရားနှင့်ရော ဘုရားနှုတ်ကပတ်တော်များနှင့်ပါ အလွန်ဝေးကွာလှသည်။ ဤသို့သောသူများသည် ကောင်းသော အပြုအမူအနည်းငယ်ကို ပိုင်ဆိုင်ခြင်းသာဖြစ်၏။ ဤသို့ဖြစ်ရာ ၎င်းတို့အတွင်းတွင်ရှိသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားသည် ကောင်းသော အပြုအမူကြောင့် ပြောင်းလဲနိုင်သလော။ ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်းနှင့် သစ္စာရှိခြင်းကို ၎င်းတို့ရရှိနိုင်သလော။ လုံးဝကို မရရှိနိုင်ပေ။ ဤလူများသည် မည်သူအဖြစ်သို့ ပြောင်းလဲသွားသနည်း။ အပြင်ပန်း အပြုအမူကောင်းသာရှိသော်လည်း အခြေခံအားဖြင့် သမ္မာတရားကို နားမလည်သော၊ ဘုရားသခင်ကို မကျိုးနွံမနာခံနိုင်သော ဖာရိရှဲများအဖြစ် ပြောင်းလဲသွားသည်။ ဤသို့မဟုတ်သလော။ (ဟုတ်ပါသည်။) ဖာရိရှဲများကို ကြည့်လော့။ ပုံပန်းသဏ္ဌာန်အရ ၎င်းတို့သည် အပြစ်အနာအဆာ မကင်းသလော။ ၎င်းတို့သည် ဥပုသ်နေ့ကို စောင့်ထိန်းသည်။ ဥပုသ်နေ့တွင် မည်သည့်အရာကိုမျှ မလုပ်ဆောင်ပေ။ ၎င်းတို့သည် အပြောအဆို ယဉ်ကျေးသည်။ အလွန်ပင် စည်းကမ်းရှိပြီး စည်းမျဉ်းများကို လိုက်နာသည်။ အလွန်ပင် ရည်မွန်သည်။ အလွန်ယဉ်ကျေးသိမ်မွေ့ပြီး အသိပညာကြွယ်ဝသည်။ ၎င်းတို့သည် ဟန်ဆောင်ကောင်းပြီး ဘုရားသခင်အား လုံးဝ မကြောက်ရွံ့ဘဲ ဘုရားသခင်ကို ဝေဖန်ပြီး ရှုတ်ချသောကြောင့် အဆုံးတွင် ဘုရားသခင်၏ ကျိန်ဆဲခြင်းကို ခံရသည်။ ဘုရားသခင်သည် ၎င်းတို့အားလုံးကို မကောင်းမှုပြုသူများဖြစ်သော ကြောင်သူတော် ဖာရိရှဲများအဖြစ် ကြေညာခဲ့သည်။ အလားတူပင် မိမိတို့၏ ကျင့်ကြံနေထိုင်မှုနှင့် ပြုမူဆောင်ရွက်မှုအတွက် စံသတ်မှတ်ချက်အနေဖြင့် အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်းဟူသည့် အပြုအမူကောင်းကို အသုံးပြုသည့် လူစားမျိုးသည် သမ္မာတရားကို လိုက်စားသောသူများ မဟုတ်သည်မှာ ထင်ရှား၏။ ၎င်းတို့က သူတစ်ပါးတို့ကို အကဲဖြတ်ရန်၊ ကျင့်ကြံနေထိုင်ပြီး ပြုမူဆောင်ရွက်ရန်အတွက် ဤစည်းကမ်းကို အသုံးပြုသောအခါတွင် သမ္မာတရားကို လိုက်စားနေခြင်း မဟုတ်သည်မှာ ပြောစရာမလိုပေ။ ၎င်းတို့သည် လူတစ်ယောက်၊ သို့မဟုတ် တစ်စုံတစ်ခုကို ဝေဖန်သုံးသပ်သောအခါ ထိုဝေဖန်သုံးသပ်မှုအတွက် စံနှုန်းနှင့် အခြေပြုချက်က သမ္မာတရားနှင့် မညီဘဲ သမ္မာတရားကို ချိုးဖောက်သည်။ ၎င်းတို့အာရုံစိုက်သည့် တစ်ခုတည်းသောအရာမှာ လူတစ်ယောက်၏ အပြုအမူနှင့် နည်းလမ်းများ ဖြစ်သည်။ ထိုသူ၏ စိတ်သဘောထားနှင့် အနှစ်သာရကို မဟုတ်ပေ။ ၎င်းတို့၏ အခြေပြုချက်မှာ ဘုရားနှုတ်ကပတ်တော်များမဟုတ်၊ သမ္မာတရား မဟုတ်ပေ။ ထိုအစား ၎င်းတို့၏ အကဲဖြတ်ချက်များသည် ရိုးရာယဉ်ကျေးမှုတွင်ရှိသော အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်းဟူသည့် ဤအပြုအမူစံနှုန်းကို အခြေခံသည်။ ဤသို့သော အကဲဖြတ်ခြင်း၏ ရလဒ်မှာ လူတစ်ယောက်တွင် အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်းကဲ့သို့သော အပြင်ပန်း အပြုအမူကောင်းများရှိသရွေ့ ထိုသူသည် ကောင်းမွန်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ညီသည်ဟူ၍ ဖြစ်သည်။ လူတို့သည် ဤသို့သော အမျိုးအစားခွဲခြင်းများကို ခံယူကျင့်သုံးသောအခါတွင် သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်အား သိသာစွာပင် ဆန့်ကျင်ပြီး ရပ်တည်သည်။ ပြီးလျှင် လူများနှင့် အမှုအရာများကို ရှုမြင်ပြီး ကျင့်ကြံနေထိုင်ကာ ပြုမူဆောင်ရွက်ရန် ဤအပြုအမူဆိုင်ရာ စံသတ်မှတ်ချက်ကို ၎င်းတို့ ပို၍အသုံးပြုလေ ထိုမှ ရရှိလာသောအရာသည် ၎င်းတို့အား ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားနှင့် ပို၍ ဝေးကွာစေလေပင် ဖြစ်သည်။ ထိုအချိန်တွင်ပင် ၎င်းတို့သည် ၎င်းတို့လုပ်ဆောင်သည့်အရာကို နှစ်သက်ပြီး သမ္မာတရားအား ၎င်းတို့လိုက်စားနေသည်ဟု ယုံကြည်ကြသည်။ ရိုးရာယဉ်ကျေးမှု၏ အဆိုအမိန့်ကောင်း အနည်းငယ်ကို စောင့်ထိန်းရာတွင် ၎င်းတို့သည် သမ္မာတရားနှင့် စစ်မှန်သော လမ်းခရီးကို စောင့်ထိန်းနေခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။ သို့တိုင်အောင် ၎င်းတို့သည် ထိုအရာများကို မည်သို့ပင် လိုက်နာစောင့်ထိန်းပါစေ၊ ထိုအရာများကို မည်သို့ပင် မလျှော့တမ်းလုပ်ဆောင်ပါစေ အဆုံးတွင် ဘုရားနှုတ်ကပတ်တော်များနှင့် ပတ်သက်၍လည်းကောင်း၊ သမ္မာတရားနှင့်ပတ်သက်၍လည်းကောင်း မည်သည့်အတွေ့အကြုံ၊ သို့မဟုတ် နားလည်သဘောပေါက်မှုမျှ ရှိမည်မဟုတ်သကဲ့သို့ ဘုရားသခင်အား အနည်းငယ်မျှပင် ကျိုးနွံနာခံမည်လည်း မဟုတ်ပေ။ ဘုရားသခင်အား အမှန်တကယ် ကြောက်ရွံ့စိတ် ပေါ်လာရန်မှာမူ ပို၍ပင် မဖြစ်နိုင်ပေ။ ဤသည်မှာ လူတို့က အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်းကဲ့သို့ ကောင်းသော အပြုအမူမှန်သမျှကို စောင့်ထိန်းသောအခါတွင် ဖြစ်ပျက်သောအရာဖြစ်သည်။ လူသည် ကောင်းသော အပြုအမူကိုလည်းကောင်း၊ ထိုအပြုအမူဖြင့် အသက်ရှင်နေထိုင်ခြင်းကိုလည်းကောင်း၊ ထိုအပြုအမူကို လိုက်စားခြင်းကိုလည်းကောင်း အာရုံစိုက်လေလေ ဘုရားနှုတ်ကပတ်တော်များနှင့် ဝေးကွာလေလေဖြစ်သည်။ လူသည် ဘုရားနှုတ်ကပတ်တော်များနှင့် ဝေးကွာလေလေ သမ္မာတရားကို ပို၍ နားမလည်နိုင်လေလေဖြစ်သည်။ ဤသည်မှာ ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်တော့၏။ လူတစ်ယောက်၏ အပြုအမူက တိုးတက်လာလျှင် သူ၏ စိတ်သဘောထားက ပြောင်းလဲသည်ဟု ဆိုလိုသလော။ သင်တို့သည် ဤအရာကို တွေ့ကြုံဖူးသလော။ သင်တို့သည် အသိပညာ ကြွယ်ဝပြီး အသိတရားရှိသောသူများဖြစ်ရန် မသိစိတ်မှနေ၍ အားထုတ်ဖူးသလော။ (အားထုတ်ဖူးပါသည်။) ဤသည်မှာ အကြင်သူသည် အသိပညာ ကြွယ်ဝပြီး အသိတရားရှိသောသူတစ်ယောက် ဖြစ်ခြင်းအားဖြင့် သူတစ်ပါးတို့အမြင်တွင် အလွန်လေးစားဖွယ်ဖြစ်ပြီး မြင့်မြတ်သည့်ပုံစံရှိကြောင်းကို လူတိုင်းက နားလည်သောကြောင့်ဖြစ်သည်။ သူတစ်ပါးတို့က ထိုသူကို အထင်ကြီးသည်။ ဤသို့ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသို့ဆိုလျှင် ဤကောင်းသော အပြုအမူများကို ပိုင်ဆိုင်ခြင်းသည် မကောင်းသောအရာ မဖြစ်သင့်ပေ။ သို့သော် ဤကောင်းသော အပြုအမူများ၊ ဤကောင်းသော ပြသမှုများကို ရရှိခြင်းသည် လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းနိုင်သလော။ မကောင်းသောအရာများကို လူတို့မလုပ်ဆောင်အောင် တားဆီးနိုင်သလော။ ဤသို့မဟုတ်လျှင် ထိုသို့သော အပြုအမူကောင်းများသည် မည်သို့အသုံးဝင်သနည်း။ အမြင်ကောင်းသည့် အရာတစ်ခုသာဖြစ်သည်။ အသုံးမဝင်ပေ။ ဤသို့သော အပြုအမူကောင်း ရှိသူတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်သလော။ သမ္မာတရားကို လက်ခံပြီး လက်တွေ့လုပ်ဆောင်နိုင်သလော။ မလုပ်ဆောင်နိုင်သည်မှာ ရှင်းသည်။ ကောင်းသော အပြုအမူသည် သမ္မာတရားအား လူ၏ လိုက်စားခြင်းကို အစားမထိုးနိုင်ပေ။ ယင်းသည် ဖာရိရှဲများကဲ့သို့ပင် ဖြစ်သည်။ ဖာရိရှဲများ၏ အပြုအမူက အလွန်ကောင်းသည်။ ၎င်းတို့သည် အလွန်ပင် ဘာသာတရား ကိုင်းရှိုင်းကြသည်။ သို့သော် ၎င်းတို့သည် သခင်ယေရှုအား မည်သို့ဆက်ဆံခဲ့သနည်း။ ၎င်းတို့သည် လူသားမျိုးနွယ်၏ ကယ်တင်ရှင်ကို ကားစင်တင်ပစ်ရက်ကြလိမ့်မည်ဟု မည်သူကမျှ စိတ်ကူးမိမည်မဟုတ်ပေ။ ထို့ကြောင့် အပြင်ပန်း အပြုအမူကောင်းများသာရှိပြီး သမ္မာတရားကို မရရှိသေးသောသူများသည် အန္တရာယ်ကြုံနေရ၏။ ၎င်းတို့သည် ဘုရားသခင်ကို အာခံပြီး သစ္စာဖောက်လျက် ၎င်းတို့လုပ်ဆောင်နေသည့်အတိုင်း ဆက်လက်လုပ်ဆောင်နိုင်သည်။ သင်သည် ဤအရာကို ထိုးထွင်းမမြင်နိုင်လျှင် လူတို့၏ ကောင်းသော အပြုအမူကြောင့် လှည့်စားခြင်းကို အစဉ် ခံရနိုင်သည်။
အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်းသည် လူ၏ ရိုးရာအယူအဆတစ်ခုဖြစ်သည်။ ယင်းသည် သမ္မာတရားနှင့် လုံးဝ မကိုက်ညီပေ။ ယင်းသည် သမ္မာတရားနှင့် ကွဲလွဲနေသည်ကို ကြည့်လျှင် လူသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်မည်ဆိုပါက အတိအကျအားဖြင့် မည်သည့်အရာကို ပိုင်ဆိုင်သင့်သနည်း။ အသက်ရှင်နေထိုင်သောအခါတွင် သမ္မာတရားနှင့်ရော ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်ပါ ကိုက်ညီသည့် လက်တွေ့အရှိတရားမှာ မည်သည့်အရာဖြစ်သနည်း။ သင်တို့သိသလော။ ဤသို့သော မိတ်သဟာယတွင် တချို့က “အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်းသည် သမ္မာတရားနှင့်မညီ၊ အပြင်ပန်း အပြုအမူကောင်းတစ်ခုသာဖြစ်သည်ဟု ကိုယ်တော်က ဆိုသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် အသိပညာ ကြွယ်ဝပြီး အသိတရားရှိအောင် မနေတော့ပါ။ ဘဝသည် ပို၍ ပူပင်ကြောင့်ကြမဲ့ပြီး မည်သည့်အကန့်အသတ်မျှ ရှိမည်မဟုတ်၊ မည်သည့်စည်းကမ်း၏ ချုပ်ချယ်ခြင်းကိုမျှ ခံရမည်မဟုတ်ပါ။ ကျွန်ုပ်တို့သည် မိမိတို့အလိုရှိသည့်အတိုင်း လုပ်ဆောင်နိုင်ပါမည်။ မိမိတို့အလိုရှိသည့်အတိုင်း အသက်ရှင်နိုင်ပါမည်။ ဤသို့ဆိုလျှင် ကျွန်ုပ်တို့သည် မည်မျှအပူအပင် ကင်းလိုက်မည့်ဖြစ်ခြင်း။ လူ၏ ကောင်းသော အပြုအမူသည် သူ၏ အဆုံးသတ်နှင့် မသက်ဆိုင်သည်ဖြစ်ရာ ကျွန်ုပ်တို့သည် ယခု ပို၍ လွတ်လပ်သွားပါပြီ။ ကျွန်ုပ်တို့သည် ရည်မွန်ယဉ်ကျေးခြင်း၊ သို့မဟုတ် စည်းကမ်းများ၊ သို့မဟုတ် ထိုကဲ့သို့သောအရာ တစ်ခုခုအတွက် စိုးရိမ်စရာ မလိုတော့ပါ” ဟူ၍ ဆိုနိုင်သည်။ ယင်းသည် ဤအရာမှ သင်ခန်းစာယူသင့်သော အရာဟုတ်သလော။ (မဟုတ်ပါ။) ယင်းသည် တလွဲတချော် နားလည်မှုဖြစ်၏။ ၎င်းတို့သည် အစွန်းရောက်သွားခြင်းဟူသည့် အမှားကို ကျူးလွန်လိုက်ကြခြင်း ဖြစ်သည်။ ဤသို့ဆိုလျှင် ထိုသို့သော အမှားမျိုးကို လုပ်ဆောင်မည့်သူ တစ်ဦးတလေရှိသလော။ “ရည်မွန်ယဉ်ကျေးသောသူများသည် ဘုရားသခင်ကို အာခံပြီး သစ္စာဖောက်နိုင်သေးသောကြောင့် ကျွန်ုပ်သည် ရည်မွန်ယဉ်ကျေးသောသူ ဖြစ်အောင်ကို မနေတော့ပါ။ ရည်မွန်ယဉ်ကျေးသော လူများကို အထင်သေးသည့်စိတ် ကျွန်ုပ်စတင်ခံစားလာရပါ၏။ ကျွန်ုပ်သည် အသိပညာ ကြွယ်ဝပြီး အသိတရားရှိသော၊ နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးမှုရှိသော၊ ရည်မွန်သောသူများ၊ လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်သောသူများ၊ ဖော်ရွေတတ်သောသူများကို စက်ဆုပ်ပါသည်။ ဤအရာကို ပြသသည်ဟု ကျွန်ုပ်မြင်သောသူ မည်သူ့ကိုမဆို အထင်သေးကာ ‘သင်၏ အပြုအမူသည် ဖာရိရှဲတို့၏ အပြုအမူဖြစ်သည်။ ထိုအပြုအမူသည် သူတစ်ပါးတို့ကို လှည့်စားဖို့ ရည်ရွယ်၏။ ထိုအပြုအမူသည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းဖြစ်ဖို့ မဆိုထားနှင့်၊ သမ္မာတရားကို လိုက်စားခြင်းပင် မဟုတ်။ ငါတို့အား လှည့်စားဖို့ ကြိုးစားခြင်းကို ရပ်လော့။ ငါတို့သည် သင်၏ လှည့်စားခြင်းကို ခံမည်မဟုတ်၊ သို့မဟုတ် သင်၏ လှည့်ကွက်များအတွင်းသို့ သက်ဆင်းမည်မဟုတ်’ ဟူ၍ ကျွန်ုပ်သည် ၎င်းတို့ကို အများရှေ့တွင် ပြစ်တင်ကြိမ်းမောင်းပါသည်” ဟု ပြောကြသူတချို့ ရှိနေနိုင်သည်။ သင်တို့သည် ဤသို့ လုပ်ဆောင်မည်လော။ (မလုပ်ဆောင်ပါ။) မလုပ်ဆောင်သည်မှာ မှန်သည်။ ဤသို့သော အသိစိတ်မရှိသည့်အရာတစ်ခုကို လုပ်ဆောင်လျှင် သင်သည် တလွဲတချော် နားလည်တတ်လွန်းသူတစ်ဦးဖြစ်ကြောင်း ဆိုလိုပေမည်။ လွဲချော်နေသော နားလည်မှုရှိသည့်သူတချို့သည် သမ္မာတရားအား သန့်စင်စွာ နားလည်ခြင်းမရှိပေ။ ၎င်းတို့တွင် နားလည်နိုင်စွမ်း မရှိကြ။ ၎င်းတို့လုပ်ဆောင်နိုင်သမျှမှာ စည်းကမ်းများကို လိုက်နာခြင်းသာ ဖြစ်သည်။ ထို့ကြောင့် ဤသည်မှာ ၎င်းတို့လုပ်ဆောင်သည့်ပုံစံဖြစ်၏။ ဤသို့ဖြစ်ရာ ငါတို့သည် အဘယ်ကြောင့် ဤပြဿနာကို မိတ်သဟာယဖွဲ့ပြီး စိတ်ဖြာလေ့လာကြသနည်း။ အဓိကအားဖြင့် သမ္မာတရားအား လိုက်စားခြင်းသည် အပြင်ပန်း အပြုအမူကောင်းကို လိုက်စားခြင်း မဟုတ်သကဲ့သို့ သင့်ကို ကောင်းစွာ ပြုမူပြီး စည်းကမ်းကောင်းစွာ လိုက်နာကာ ရည်မွန်ယဉ်ကျေးသောသူတစ်ဦးဖြစ်အောင် ပြုလုပ်ဖို့ ရည်ရွယ်ခြင်းလည်း မဟုတ်သည်ကို လူတို့နားလည်စေရန် ဖြစ်သည်။ ထိုအစား ယင်းသည် သင့်အား သမ္မာတရားကို နားလည်စေရန်၊ လက်တွေ့လုပ်ဆောင်စေရန်၊ သမ္မာတရားကို အခြေခံပြီး လုပ်ဆောင်နိုင်ရန်၊ ဆိုလိုသည်မှာ သင်လုပ်သမျှတွင် ဘုရားနှုတ်ကပတ်တော်များ၌ အခြေပြုခြင်းရှိရန်၊ အားလုံးက သမ္မာတရားနှင့်ညီရန် ရည်ရွယ်ခြင်းဖြစ်သည်။ သမ္မာတရားနှင့် ညီပြီး ဘုရားနှုတ်ကပတ်တော်များကို အခြေခံသော အပြုအမူများသည် အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်းနှင့် မတူညီသကဲ့သို့ ရိုးရာယဉ်ကျေးမှုနှင့် ရိုးရာကိုယ်ကျင့်တရားက လူအပေါ် တောင်းဆိုထားသည့် စံနှုန်းများနှင့်လည်း မတူညီပေ။ ၎င်းတို့သည် မတူသော အရာနှစ်ခုဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်ပြီး ထိုနှုတ်ကပတ်တော်များကသာ လူ၏ ကောင်းခြင်းနှင့် ဆိုးခြင်း၊ အမှန်နှင့် အမှားကို အကဲဖြတ်သည့် တစ်ခုတည်းသော စံသတ်မှတ်ချက်ဖြစ်သည်။ တစ်ဖက်တွင် အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်းဖြစ်သော ရိုးရာယဉ်ကျေးမှု၏ စံနှုန်းသည် သမ္မာတရားစည်းမျဉ်းများ၏ စံနှုန်းကို လုံးဝ မမီပေ။ မည်သည့်အချိန်တွင်၊ အမှုတော်၏ မည်သည့်အဆင့်အတွင်းတွင် ဘုရားသခင်က သင့်အား ယုတ်ညံ့သော ကိုယ်ကျိုးစီးပွားတစ်ခုမျှ မရှိသည့် အသိပညာ ကြွယ်ဝပြီး အသိတရားရှိသောသူ ဖြစ်ရမည်၊ ရည်မွန်ယဉ်ကျေးပြီး မြင့်မြတ်သောသူ ဖြစ်ရမည်ဟု ပြောခဲ့သနည်း။ ဘုရားသခင်က ဤသို့သောအရာမျိုးကို ပြောခဲ့သလော။ (မပြောခဲ့ပါ။) ပြောခဲ့ခြင်းမရှိပေ။ ဤသို့ဆိုလျှင် ဘုရားသခင်သည် လူ၏ အပြုအမူနှင့်ပတ်သက်ပြီး မည်သည့်အဆိုအမိန့်နှင့် သတ်မှတ်ချက်ကို ချမှတ်သနည်း။ သင်သည် သမ္မာတရားကို မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး လုံးလုံးလျားလျား ဘုရားနှုတ်ကပတ်တော်များနှင့်အညီ ကျင့်ကြံနေထိုင်ကာ လုပ်ဆောင်ရပေမည်။ ဤသို့ဆိုလျှင် ဘုရားနှုတ်ကပတ်တော်များ၏ ထိုအခြေပြုချက်မှာ အဘယ်နည်း။ ဆိုလိုသည်မှာ သင်၏ စံသတ်မှတ်ချက်အဖြစ် မည်သည့်သမ္မာတရားများကို အသုံးပြုသင့်သနည်း။ သမ္မာတရားအား သင်လိုက်စားပြီး လက်တွေ့လုပ်ဆောင်ရန်အတွက် မည်သို့သော အသက်တာမျိုးကို အသက်ရှင်ရမည်နည်း။ ဤသည်မှာ နားလည်သင့်သည့် အရာတစ်ခုဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသို့ဆိုလျှင် လူအပေါ် ဘုရားနှုတ်ကပတ်တော်များ၏ အပြုအမူဆိုင်ရာ သတ်မှတ်ချက်စံနှုန်းများမှာ အဘယ်နည်း။ ဤအရာနှင့်ပတ်သက်ပြီး ရှင်းလင်းသော ဘုရားနှုတ်ကပတ်တော်များကို သင်တို့ရှာနိုင်သလော။ (ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “ငါသည် မျှော်လင့်ချက်များစွာရှိ၏။ သင်တို့သည် မိမိတို့ကိုယ်ကို မှန်ကန်ပြီး လိမ္မာသော ပုံစံဖြင့် ပြုမူနေထိုင်နိုင်ဖို့၊ သင်တို့၏တာဝန်ကို သစ္စာရှိစွာ ထမ်းဆောင်နိုင်ဖို့၊ သမ္မာတရားနှင့် လူ့သဘာဝကို ပိုင်ဆိုင်နိုင်ဖို့၊ ဘုရားသခင်အတွက် ၎င်းတို့ ရှိသမျှတိုင်းနှင့် မိမိတို့၏ အသက်များကိုပင် စွန့်လွှတ်နိုင်သည့် လူများဖြစ်နိုင်ကြဖို့၊ စသည်တို့ကို ငါ မျှော်လင့်သည်။ ဤမျှော်လင့်ချက် အားလုံးသည် သင်တို့၏မပြည့်စုံခြင်းများ၊ သင်တို့၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် ပုန်ကန်ခြင်းတို့မှ အရင်းခံ၏။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လွန်ကျူးခြင်းအပြစ်များက လူသားကို ငရဲသို့ ဦးဆောင်လမ်းပြလိမ့်မည်)) ဤနှုတ်ကပတ်တော်အားလုံးသည် လူ၏ ကျင့်ကြံနေထိုင်မှုအတွက် စည်းမျဉ်းများနှင့် သတ်မှတ်ချက်များဖြစ်သည်။ ဤသို့ဆိုလျှင် အသေးစိတ် လက်တွေ့လုပ်ဆောင်မှုနှင့်သက်ဆိုင်သော အခြား မည်သည့်ဘုရားနှုတ်ကပတ်တော်များ ရှိသနည်း။ (ဤသို့ဆိုသော အခြားအပိုဒ်တစ်ခုရှိပါသည်။ “သင်၏ စိတ်နှလုံးသည် အမြဲတစေ ငြိမ်ဝပ်နေသော အခြေအနေတွင် ရှိနေရမည်ဖြစ်ပြီး သင့်အပေါ်သို့ အမှုကိစ္စများ ကျရောက်လာသည့်အခါ သင်သည် ဆင်ခြင်တုံတရားနှင့် ပြုမူနိုင်ရန်အလို့ငှာ မဆင်မခြင် မလုပ်ရ၊ သို့မဟုတ် မလိုမုန်းထားစိတ် မရှိရ၊ သို့မဟုတ် ခေါင်းမမာရ၊ သို့မဟုတ် အစွန်းမရောက်ရ၊ သို့မဟုတ် ဟန်များတုပခြင်း မပြုရ၊ သို့မဟုတ် အယောင်ဆောင်ခြင်း မပြုရ။ ဤသည်မှာ သာမန် လူ့သဘာဝ၏ သင့်လျော်သော သရုပ်သကန်ဖြစ်၏။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းခြင်း လမ်းကြောင်း)) ဤသည်မှာ အသေးစိတ် လက်တွေ့လုပ်ဆောင်မှု အနည်းငယ်ဖြစ်သည်။ ယင်းတို့သည် လူ၏ အပြင်ပန်း အပြုအမူနှင့် နည်းလမ်းများအတွက် အသေးစိတ် ညွှန်ကြားမှုများနှင့် သတ်မှတ်ချက်များ ဖြစ်သည်။ ဤအရာများကို ဘုရားနှုတ်ကပတ်တော်များ၏ အခြေပြုချက်အဖြစ် မှတ်ယူနိုင်သလော။ လုံလောက်သော အသေးစိတ်ကျမှု ရှိသလော။ (ရှိပါသည်။) ထပ်၍ ဖတ်လော့။ (“သင်၏ စိတ်နှလုံးသည် အမြဲတစေ ငြိမ်ဝပ်နေသော အခြေအနေတွင် ရှိနေရမည်ဖြစ်ပြီး သင့်အပေါ်သို့ အမှုကိစ္စများ ကျရောက်လာသည့်အခါ သင်သည် ဆင်ခြင်တုံတရားနှင့် ပြုမူနိုင်ရန်အလို့ငှာ မဆင်မခြင် မလုပ်ရ၊ သို့မဟုတ် မလိုမုန်းထားစိတ် မရှိရ၊ သို့မဟုတ် ခေါင်းမမာရ၊ သို့မဟုတ် အစွန်းမရောက်ရ၊ သို့မဟုတ် ဟန်များတုပခြင်း မပြုရ၊ သို့မဟုတ် အယောင်ဆောင်ခြင်း မပြုရ။ ဤသည်မှာ သာမန် လူ့သဘာဝ၏ သင့်လျော်သော သရုပ်သကန်ဖြစ်၏။”) ဤအချက်များကို မှတ်သားလော့။ ယင်းတို့သည် နောင်အချိန်တွင် သင်တို့ပြုမူဆောင်ရွက်သောအခါ စောင့်ထိန်းသင့်သည့် စည်းမျဉ်းများဖြစ်သည်။ ဤစည်းမျဉ်းများသည် လူတို့အား ၎င်းတို့၏ ကျင့်ကြံနေထိုင်မှုနှင့် ပြုမူဆောင်ရွက်မှုတွင် အမှုအရာများကို ဆင်ခြင်တုံတရားရှိရှိဖြင့် ရင်ဆိုင်ရန် သင်ယူသင့်ကြောင်း၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားဖြင့် လုပ်ဆောင်ခြင်း၏ အခြေခံအုတ်မြစ်မှတစ်ဆင့် သမ္မာတရားစည်းမျဉ်းများကို ဆက်၍ ရှာဖွေနိုင်ရမည်ဖြစ်ကြောင်း ဆိုသည်။ ဤသို့ ကျင့်ကြံနေထိုင်ပြီး ပြုမူဆောင်ရွက်လော့။ ထိုသို့ပြုလျှင် စည်းမျဉ်းများအပြင် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခုပါ ရှိလိမ့်မည်။
“သင့်အပေါ်သို့ အမှုကိစ္စများ ကျရောက်လာသည့်အခါ သင်သည် ဆင်ခြင်တုံတရားနှင့် ပြုမူနိုင်ရန်အလို့ငှာ မဆင်မခြင် မလုပ်ရ၊ သို့မဟုတ် မလိုမုန်းထားစိတ် မရှိရ၊ သို့မဟုတ် ခေါင်းမမာရ၊ သို့မဟုတ် အစွန်းမရောက်ရ၊ သို့မဟုတ် ဟန်များတုပခြင်း မပြုရ၊ သို့မဟုတ် အယောင်ဆောင်ခြင်း မပြုရ” ဟူသည့် ငါတို့ ယခုပြောခဲ့သော ထိုအရာအနည်းငယ်သည် လုပ်ဆောင်ရန် လွယ်ကူသော အရာများဖြစ်သလော။ အမှန်တကယ်တွင် အချိန်ကာလတစ်ခုအထိ လေ့ကျင့်ပြီးနောက် ယင်းတို့အားလုံးကို စွမ်းဆောင်ရရှိနိုင်သည်။ ထိုအရာများကို အမှန်တကယ် မလုပ်ဆောင်နိုင်သော သူတစ်ယောက်ရှိလျှင် မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ သင်သည် တစ်ခုကိုသာ လုပ်ဆောင်သရွေ့ အဆင်ပြေလိမ့်မည်။ ဆိုလိုသည်မှာ သင်သည် ပြဿနာတစ်ခုကို ကြုံရသောအခါ၊ သို့မဟုတ် အခြားသူများနှင့် ဆက်ဆံသောအခါ အနည်းဆုံးအနေဖြင့် စောင့်ထိန်းရမည့်အရာတစ်ခုရှိသည်။ သင်သည် အခြားသူများအတွက် တည်ဆောက်စရာ ဖြစ်စေသည့်ပုံစံဖြင့် ကျင့်ကြံပြုမူပြီး လုပ်ဆောင်ရပေမည်။ ဤသည်မှာ အခြေခံအကျဆုံး အချက်ဖြစ်၏။ သင်သည် ဤအရာကို သင်၏ စံသတ်မှတ်ချက်အဖြစ် ထားရှိ၍ ဤအရာနှင့်အညီ ၎င်းကို လက်တွေ့လုပ်ဆောင်ပြီး လိုက်နာလျှင် အများအားဖြင့် အခြားသူများကို ကြီးစွာ ထိခိုက်စေမည် မဟုတ်သကဲ့သို့ သင်ကိုယ်တိုင်လည်း ကြီးမားသော ဆုံးရှုံးမှုများ လုံးဝ ခံရမည်မဟုတ်ပေ။ အခြားသူများအတွက် တည်ဆောက်စရာ ဖြစ်စေသည့် ပုံစံဖြင့် ကျင့်ကြံပြုမူပြီး လုပ်ဆောင်လော့။ ဤတွင် အသေးစိတ်အချက်များ ရှိသလော။ (ရှိပါသည်။) အခြားသူများ၏ အကျိုးစီးပွားကို ထိခိုက်စေမှုအပေါ် အခြေခံ၍ မိမိကိုယ်ကို ကျေနပ်အားရအောင် မလုပ်နှင့်။ သင်၏ ပျော်ရွှင်မှုနှင့် ဝမ်းမြောက်မှုကို အခြားသူများ၏ ဒုက္ခအပေါ်တွင် မတည်ဆောက်နှင့်။ ဤသည်မှာ တည်ဆောက်စရာဖြစ်ခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ ဤသို့သော တည်ဆောက်စရာဖြစ်ခြင်းကို နားလည်ရန် အခြေခံအကျဆုံး နည်းလမ်းမှာ အဘယ်နည်း။ ဤသည်မှာ သင်၏ အပြုအမူသည် လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားဖြင့် တိုင်းတာသည့်အတိုင်း အခြားသူများအတွက် သည်းခံနိုင်ဖွယ် ဖြစ်ရမည်၊ လူ့သဘာဝ၏ အသိစိတ်၊ ဆင်ခြင်တုံတရားနှင့် ကိုက်ညီရမည်ဟု ဆိုလိုသည်။ သာမန်လူ့သဘာဝရှိသူ မည်သူမဆိုသည် ဤအရာနှင့် လျော်ညီစွာ လုပ်ဆောင်နိုင်သည် မဟုတ်လော။ (လုပ်ဆောင်နိုင်ပါသည်။) တစ်စုံတစ်ယောက်က အခန်းထဲတွင် အနားယူနေသည်ကို သင်သည် ဝင်သွားပြီး သင်၏ ဘေးပတ်ဝန်းကျင်ကို အရေးမစိုက်ဘဲ စတင်၍ သီချင်းထဆိုကာ သီချင်းများဖွင့်သည်ဟု ဆိုကြပါစို့။ ဤသည်မှာ သင့်လျော်မည်လော။ (မသင့်လျော်ပါ။) ဤသည်မှာ သင်၏ ပျော်ရွှင်ကျေနပ်မှုကို အခြားလူတစ်ယောက်၏ ဒုက္ခအပေါ်တွင် တည်ဆောက်ခြင်း ဖြစ်မည်မဟုတ်လော။ (ဟုတ်ပါသည်။) လူတစ်ယောက်က ဘုရားနှုတ်ကပတ်တော်များကို ဖတ်နေစဉ်၊ သို့မဟုတ် သမ္မာတရားကို မိတ်သဟာယဖွဲ့နေစဉ်တွင် သင်က ထိုသူကို သင်၏ ကိုယ်ပိုင်ပြဿနာများအကြောင်း ပြောကိုပြောမှ ဖြစ်မည်ဆိုလျှင် ဤသည်မှာ ထိုသူကို လေးစားခြင်း ဖြစ်သလော။ ဤသည်မှာ သူ့အတွက် တည်ဆောက်ပေးရာ မကျဘဲ ဖြစ်နေသည် မဟုတ်သလော။ (ဟုတ်ပါသည်။) တည်ဆောက်ပေးရာ မကျဟူသည်မှာ မည်သည့်အဓိပ္ပာယ်ရသနည်း။ အနည်းဆုံးအနေဖြင့် သင်သည် အခြားသူများကို လေးစားခြင်းမရှိဟု ဆိုလိုသည်။ အခြားသူများ၏ စကား၊ သို့မဟုတ် လုပ်ဆောင်ချက်များကို ကြားဝင်မဖြတ်ရပေ။ ဤသည်မှာ သာမန်လူ့သဘာဝက စွမ်းဆောင်နိုင်သည့် အရာတစ်ခုမဟုတ်သလော။ သင်သည် ဤအရာကိုပင် မစွမ်းဆောင်နိုင်လျှင် အမှန်ပင် အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရားမရှိပေ။ အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရား မရှိသူတို့သည် သမ္မာတရားကို ရရှိနိုင်သလော။ မရရှိနိုင်ပေ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် အနည်းဆုံးအနေဖြင့် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသူများ စွမ်းဆောင်နိုင်သော အရာတစ်ခု ဖြစ်သည်။ သင်သည် သမ္မာတရားကို လိုက်စားမည်ဆိုလျှင် အနည်းဆုံးအနေဖြင့် သင်၏ စကားနှင့် လုပ်ဆောင်ချက်များတွင် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့၏ စံနှုန်းများနှင့် ကိုက်ညီရမည်။ သင့်အနီးတွင် ရှိသောသူများက သင့်ကို သည်းခံနိုင်ဖွယ်ဖြစ်သည်ဟု မြင်ကြအောင် သင်လုပ်ရမည်ဖြစ်ပြီး သင်သည် အားလုံးအတွက် လက်သင့်ခံနိုင်ဖွယ်ရှိရမည်။ ငါတို့ ယခုပြောခဲ့သည့်အတိုင်းဖြစ်သည်။ အနည်းဆုံးအနေဖြင့် သင်၏ ပြုမူဆောင်ရွက်မှုများသည် အခြားသူများအတွက် သင့်တင့်မှုရှိပြီး တည်ဆောက်စရာဖြစ်စေလော့။ တည်ဆောက်စရာ ဖြစ်ခြင်းသည် အခြားသူများအတွက် အကျိုးပြုခြင်းနှင့် တူညီသလော။ မတူညီပေ။ စင်စစ်အားဖြင့် တည်ဆောက်စရာ ဖြစ်ခြင်းသည် အခြားသူများ၏ စိတ်ကြိုက် လွတ်လပ်စွာ လုပ်ဆောင်ခွင့်ကို အပြန်အလှန် လေးစားမှု ရှိခြင်းဖြစ်သည်။ အခြားသူများကို နှောင့်ယှက်ခြင်း၊ သို့မဟုတ် ကြားဖြတ်ခြင်း၊ သို့မဟုတ် စွက်ဖက်ခြင်းမဟုတ်ပေ။ သင်၏ အပြုအမူကြောင့် အခြားသူများကို ထိခိုက်စေခြင်း၊ သို့မဟုတ် ဒုက္ခခံစေခြင်းမဟုတ်ပေ။ ဤသည်မှာ တည်ဆောက်စရာ ဖြစ်ခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ သင်တို့ ဤအရာကို မည်သို့နားလည်သနည်း။ တည်ဆောက်စရာ ဖြစ်ခြင်းသည် အခြားသူများကို သင်မည်မျှအကျိုးပြုသနည်းဟူသည်နှင့် မသက်ဆိုင်ပေ။ သူတို့ တရားသဖြင့် ပိုင်ဆိုင်သော အကျိုးစီးပွားများနှင့် အခွင့်အရေးများကို သူတို့ အသုံးချနိုင်ခြင်း၊ ထိုအရာများကို သူတို့အသုံးပြုရာတွင် သင်၏ တစ်ဇွတ်ထိုး လုပ်ဆောင်မှုနှင့် မသင့်လျော်သော အပြုအမူတို့က ကြားဝင်စွက်ဖက်မှုနှင့် ထိုအရာများကို ပိတ်ပင်မှုတို့ မရှိခြင်းနှင့် သက်ဆိုင်သည်။ ဤသည်မှာ မမှန်သလော။ (မှန်ပါသည်။) သင်တို့သည် ယခုတွင် လူတို့၏ ကျင့်ကြံပြုမူမှုနှင့် လုပ်ဆောင်မှုအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် သက်ဆိုင်သော ဘုရားနှုတ်ကပတ်တော် အနည်းငယ်ကို သိကြသည်။ သို့သော် အဓိကအကျဆုံးအရာမှာ သင်သည် သင်၏ ကျင့်ကြံပြုမူမှုနှင့် လုပ်ဆောင်မှုများတွင် အခြားသူများအတွက် တည်ဆောက်စရာ ဖြစ်စေရမည့် အချက်ပင်ဖြစ်သည်ဟု သင်တို့ကို ငါပြောဦးမည်။ ဤသည်မှာ လုပ်ဆောင်ရန် စည်းမျဉ်းဖြစ်သည်။ တည်ဆောက်စရာ ဖြစ်ခြင်းဆိုသည်မှာ မည်သည့်အရာဖြစ်သည်ကို နားလည်သလော။ (နားလည်ပါသည်။) မိမိတို့၏ စကားနှင့် လုပ်ဆောင်ချက်တို့သည် အခြားသူများအတွက် တည်ဆောက်စရာ ဖြစ်မဖြစ်ကို မစဉ်းစားသည့်တိုင် မိမိတို့မှာ အသိပညာ ကြွယ်ဝသောသူများ၊ အသိတရား ရှိသောသူများ ဖြစ်သည်ဟု အခိုင်အမာ ဆိုသောသူ အနည်းငယ်ရှိသည်။ ဤသည်မှာ လိမ်လည်မှုပင်ဖြစ်သည် မဟုတ်သလော။ ကျင့်ကြံပြုမူမှုနှင့် လုပ်ဆောင်မှုတွင် အခြားသူများအတွက် တည်ဆောက်စရာ ဖြစ်ခြင်းမှတစ်ဆင့် သင်ယူဖို့ သင်ခန်းစာတစ်ခု မရှိသလော။ ယင်းသည် အပြုအမူဆိုင်ရာ ထုတ်ဖော်ပြသမှုဖြစ်နိုင်သော်လည်း အထမြောက်အောင် ဆောင်ရွက်ရန် လွယ်ကူသလော။ တစ်စုံတစ်ယောက်သည် သမ္မာတရား အနည်းငယ်ကို နားလည်လျှင် စည်းမျဉ်းများနှင့်အညီ မည်သို့လုပ်ဆောင်ရမည်ကိုလည်းကောင်း၊ အခြားသူများအတွက် တည်ဆောက်စရာ ဖြစ်စေသည့်ပုံစံနှင့် မည်သို့လုပ်ဆောင်ရမည်ကိုလည်းကောင်း၊ အခြားသူများအတွက် အကျိုးပြုသည့်ပုံစံနှင့် မည်သို့လုပ်ဆောင်ရမည်ကိုလည်းကောင်း သိလိမ့်မည်။ တစ်စုံတစ်ယောက်သည် သမ္မာတရားကို နားမလည်လျှင် မည်သည့်အရာ လုပ်ဆောင်ရမည်ကို သိမည်မဟုတ်။ သူ၏ အယူအဆများနှင့် စိတ်ကူးများကိုသာ အားကိုးပြီး လုပ်ဆောင်နိုင်လိမ့်မည်။ လူတချို့သည် ၎င်းတို့အပေါ်သို့ မည်သည့်အရာကျရောက်လာပါစေ ၎င်းတို့၏ နေ့စဉ် အသက်တာများတွင် သမ္မာတရားကို လုံးဝ မရှာဖွေကြပေ။ ၎င်းတို့သည် ၎င်းတို့၏ နှစ်သက်မှုများအတိုင်းသာ လုပ်ဆောင်ကြပြီး ၎င်းတို့လုပ်ရပ်ကြောင့် အခြားသူများ မည်သို့ခံစားရမည်ကို ဂရုမစိုက်ချေ။ ဤသို့သော လုပ်ရပ်တွင် စည်းမျဉ်းများရှိသလော။ စည်းမျဉ်းများရှိမရှိကို သင်တို့မြင်နိုင်သင့်ပေသည်၊ ဟုတ်သည်မဟုတ်လော။ သင်တို့အားလုံးသည် မကြာခဏ စုဝေးပြီး ဘုရားနှုတ်ကပတ်တော်များကို ဖတ်ကြသည်။ သင်တို့သည် သမ္မာတရားအနည်းငယ်ကို အမှန်တကယ် နားလည်နိုင်လျှင် အရေးကိစ္စတချို့ကို သမ္မာတရားစည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်၍ ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ဤသို့သော လက်တွေ့လုပ်ဆောင်မှုသည် သင့်ကို မည်သို့ခံစားရစေသနည်း။ အခြားသူများကို မည်သို့ခံစားရစေသနည်း။ ယင်းကို ပိုင်းခြားသိမြင်ရန် ကြိုးစားလုပ်ဆောင်လျှင် မည်သည့်လက်တွေ့လုပ်ဆောင်မှုမျိုးက အခြားသူများအတွက် တည်ဆောက်စရာ ဖြစ်စေသည်ကို သင်တို့သိလိမ့်မည်။ ပုံမှန်အားဖြင့် သင်တို့အပေါ်သို့ တစ်စုံတစ်ခု ကျရောက်လာသောအခါတွင် မည်သည့်အရာဖြစ်ပါစေ သင်တို့သည် သာမန်လူ့သဘာဝနှင့်ဖြစ်စေ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်မှုနှင့်ဖြစ်စေ သက်ဆိုင်သည့် ပုံစံဖြင့် မည်သို့လုပ်ဆောင်ရမည်ဆိုသည့် တကယ့်အရေးကိစ္စများကို မစဉ်းစားပေ။ ထို့ကြောင့် သင်တို့အပေါ်သို့ တစ်စုံတစ်ခု ကျရောက်လာသောအခါ မည်သို့သော လက်တွေ့လုပ်ဆောင်မှုမျိုး၊ သို့မဟုတ် ပြုမူဆောင်ရွက်မှုမျိုးက အခြားသူများအတွက် တည်ဆောက်စရာ ဖြစ်စေမည်နည်းဟု သင်တို့ကို မေးမြန်းလာလျှင် သင်တို့သည် ရှင်းလင်းသော လမ်းကြောင်း မရှိသည့်အလား ဖြေရန် ခက်ခဲလိမ့်မည်။ စုဝေးပွဲများတွင် ငါမိတ်သဟာယဖွဲ့သော အရာအားလုံးသည် လက်တွေ့ဘဝရှိ ဤပြဿနာများဖြစ်သည်။ သို့တိုင်အောင် ထိုပြဿနာများကို သင်တို့ကြုံရသောအခါ မည်သည့်အခါမျှ အမီမလိုက်နိုင်ဘဲ သင်တို့၏ စိတ်များက အစဉ်သဖြင့် စဉ်းစား၍မရ ဖြစ်သွားကြသည်။ ဤတွင် ကွာဟချက်တစ်ခု မရှိသလော။ (ရှိပါသည်။) ဤသို့ဆိုလျှင် ဘုရားသခင်အပေါ် သင်တို့ယုံကြည်ခြင်းမှ မည်သည့်အရာကို သင်တို့ရရှိခဲ့သနည်း။ အယူဝါဒအနည်းငယ်၊ ဆောင်ပုဒ်အနည်းငယ်ဖြစ်သည်။ သင်တို့သည် အလွန်တရာ ညံ့ဖျင်းပြီး သနားဖွယ်ရာဖြစ်လေခြင်း။
လူက သူ၏ အယူအဆများတွင် မှန်ကန်ပြီး ကောင်းမွန်သည်ဟု ခံယူထားသောအရာတစ်ခုအဖြစ် ငါတို့ဆွေးနွေးခဲ့သည့်အရာများထဲမှ တစ်ခုဖြစ်သော အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်းတွင် လူ၏ အသေးစိတ်အယူအဆတချို့နှင့် စိတ်ကူးတချို့ရှိသည့်အပြင် ဤအပြုအမူကို နားလည်ခြင်းနှင့်ပတ်သက်၍ လူ၌ ရှိသည့် ရိုးရာနည်းလမ်းတချို့လည်း ရှိသည်။ အချုပ်အားဖြင့် ယခုတွင် ဤအပြုအမူဆိုင်ရာ ပြသမှုကို ကြည့်လျှင် ယင်းသည် သမ္မာတရားနှင့်၊ သို့မဟုတ် စစ်မှန်သော လူ့သဘာဝနှင့် ဆက်စပ်မှုမရှိသည်ကို ငါတို့တွေ့ရ၏။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ထိုအပြုအမူသည် သမ္မာတရားကို လုံးဝအဆင့်မမီသကဲ့သို့ သမ္မာတရားနှင့် တစ်တန်းတည်းထားပြီး ပြောဆို၍လည်း မရသောကြောင့် ဖြစ်ပေသည်။ ထို့အပြင် ဤသို့သော အပြုအမူသည် လူများနှင့် အမှုအရာများအပေါ် လူ၏ အမြင်အတွက်သာမက လူ၏ ကျင့်ကြံပြုမူမှုနှင့် လုပ်ဆောင်မှုအတွက်ပါ ဘုရားသခင်ချမှတ်ထားသည့် သတ်မှတ်ချက်စံနှုန်းများနှင့် အခြေခံအားဖြင့် မကိုက်ညီ၍၊ လုံးဝ သဟဇာတမဖြစ်ဘဲ ဆက်စပ်မှုမရှိ၍ ဖြစ်ပေသည်။ ယင်းသည် လူ၏ အပြုအမူသာဖြစ်သည်။ လူက ဤသို့သောအပြုအမူကို မည်သို့ကောင်းစွာ ပြသသည်ဖြစ်စေ၊ မည်သို့လုံလောက်စွာ လက်တွေ့လုပ်ဆောင်သည်ဖြစ်စေ ယင်းမှာ အပြုအမူပုံစံတစ်ခုသာ ဖြစ်သည်။ စစ်မှန်သော သာမန်လူ့သဘာဝအဖြစ်ပင် အရည်အသွေးမမီပေ။ အသိပညာ ကြွယ်ဝပြီး အသိတရားရှိရမည်ဟူသည့် အဆိုအမိန့်သည် လူ၏ အပြင်ပန်း အပြုအမူကို အမွှမ်းတင်သည့် နည်းလမ်းတစ်ခုသာဖြစ်သည်။ လူသည် သူ့ကိုယ်သူ ကောင်းစွာပြင်ဆင်ပြီး အပေါ်ယံ တန်ဆာဆင်မွမ်းမံရန်အတွက် အသိပညာ ကြွယ်ဝပြီး အသိတရားရှိသူဖြစ်ရန် ကြိုးပမ်းသည်။ ထိုသို့အားဖြင့် အခြားသူများ၏ အထင်ကြီးလေးစားမှုကို ရရှိပြီး သူ၏ အုပ်စုထဲတွင် သူ၏ အဆင့်အတန်းနှင့် တန်ဖိုးကို မြှင့်တင်သည်။ သို့သော် အမှန်မှာ ထိုသို့သော အပြုအမူသည် စစ်မှန်သောသူတစ်ယောက် ပိုင်ဆိုင်သင့်သည့် ကိုယ်ကျင့်တရား အပြုအမူ၊ သမာဓိ၊ ဂုဏ်သိက္ခာတို့၏ အဆင့်သို့ပင် မရောက်ရှိပေ။ အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်းသည် ရိုးရာယဉ်ကျေးမှုမှ လာသော အဆိုအမိန့်တစ်ခုဖြစ်သည်။ ယင်းသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က စောင့်ထိန်းသင့်သည်ဟု ယုံကြည်သောအရာတစ်ခုအဖြစ် ၎င်းတို့အတွက် သတ်မှတ်သော အပြုအမူဆိုင်ရာ ပြသမှုတစ်စုံဖြစ်သည်။ ဤအပြုအမူဆိုင်ရာ ပြသမှုများသည် လူတစ်ယောက်၏ အုပ်စုတွင် သူ၏ ရပ်တည်မှုကို ကြီးထွားစေရန်၊ သူ၏ တန်ဖိုးကို မြင့်တက်စေရန်၊ ဤသို့အားဖြင့် အခြားသူများ၏ လေးစားမှုကို ရရှိပြီး အားလုံးထဲတွင် အစွမ်းအရှိဆုံး ဖြစ်နိုင်ရန်၊ သူ၏ အုပ်စုတွင် စက်ဆုပ်ခံရနိုင်ခြေ၊ သို့မဟုတ် အနိုင်ကျင့်ခံရနိုင်ခြေ မရှိသောသူ ဖြစ်နိုင်ရန်အတွက် ရည်ရွယ်သည်။ ဤအပြင်ပန်း အပြုအမူသည် လူ့သဘာဝ၏ ကိုယ်ကျင့်တရား အပြုအမူ၊ သို့မဟုတ် အရည်အသွေးနှင့် လုံးဝ မသက်ဆိုင်ပေ။ သို့တိုင်အောင် လူသည် ထိုအပြုအမူကို အလွန်အထင်ကြီးပြီး အင်မတန်အလေးပေးထားသည်။ ထိုအဖြစ်တွင် လိမ်လည်မှုမည်မျှ ရှိမည်ကို သင်ကိုယ်တိုင် ကြည့်လော့။ ထို့ကြောင့် သင်၏ လက်ရှိလိုက်စားမှုသည် အသိပညာ ကြွယ်ဝပြီး အသိတရားရှိသောသူဖြစ်ရန်ဖြစ်လျှင်၊ သင်သည် သင်၏ အပြုအမူကို စည်းကမ်းဖြင့် ထိန်းသိမ်းနေကာ အသိပညာ ကြွယ်ဝပြီး အသိတရားရှိရန်ဟူသည့် ပန်းတိုင်သို့ ဦးတည်၍ သင်၏ လိုက်စားမှုနှင့် လက်တွေ့လုပ်ဆောင်မှုတွင် အလွန်ကြိုးပမ်းနေလျှင် ချက်ချင်းရပ်တန့်ရန် သင့်ကို ငါတိုက်တွန်းသည်။ ဤသို့သော အပြုအမူများနှင့် နည်းလမ်းများသည် သင့်ကိုယ်သင် ပိုပို၍ ဟန်ဆောင်စေခြင်းသာ ဖြစ်စေနိုင်ပြီး ပိုပို၍ ကြောင်သူတော်တစ်ယောက်ဖြစ်စေသည်။ ထိုသို့ဖြစ်သည့်အခါတွင် သင်သည် ရိုးသားသူ၊ ရိုးရှင်းပွင့်လင်းသောသူတစ်ယောက်ဖြစ်ခြင်းနှင့် ပို၍ ဝေးကွာသွားလိမ့်မည်။ သင်သည် အသိပညာ ကြွယ်ဝပြီး အသိတရားရှိသောသူတစ်ယောက်ဖြစ်ရန် ကြိုးပမ်းလေလေ၊ သင့်ကိုယ်သင် ဟန်ဆောင်လေလေ ဖြစ်မည်။ သင့်ကိုယ်သင် ဟန်ဆောင်လေလေ၊ သင်၏ ဟန်ဆောင်မှုက ပို၍နက်ရှိုင်းလေလေ အခြားသူများက သင့်ကို အကဲဖြတ်ရန်၊ သို့မဟုတ် သင့်ကို နားလည်ရန် ပို၍ခက်ခဲလေလေဖြစ်ပြီး သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ပို၍ နက်ရှိုင်းစွာ ဖုံးကွယ်ခံရလေလေ ဖြစ်မည်။ ဤသို့လုပ်ဆောင်လျှင် သမ္မာတရားကို လက်ခံခြင်းနှင့် ကယ်တင်ခြင်းကို ရရှိရန် အလွန်ခက်ခဲလိမ့်မည်။ ထိုသို့ဖြစ်ရာ ဤအချက်များကို ကြည့်လျှင် အသိပညာ ကြွယ်ဝပြီး အသိတရားရှိသောသူ ဖြစ်ရန် လိုက်စားခြင်းလမ်းနှင့် သမ္မာတရားကို လိုက်စားခြင်းလမ်းသည် တူညီသလော။ ယင်းသည် သင့်လျော်သော လိုက်စားခြင်း ဟုတ်သလော။ (မဟုတ်ပါ။) အသိပညာ ကြွယ်ဝခြင်းနှင့် အသိတရားရှိခြင်း၏ အပျက်သဘောဆောင်သော အခြေအမြစ်နှင့် အပျက်သဘောဆောင်သော ရလဒ်များအပြင် ယင်း၏ အပြုအမူနောက်ကွယ်တွင် အခြားသူများနှင့် မိမိကိုယ်ကို ပို၍ လိမ်လည်ခြင်း မရှိသလော။ (ရှိပါသည်။) အသိပညာ ကြွယ်ဝပြီး အသိတရားရှိသောသူတစ်ယောက်သည် သူ၏ နောက်ကွယ်တွင် ထုတ်ပြော၍မရနိုင်လောက်သော လျှို့ဝှက်ချက်များစွာ ဖုံးကွယ်ထားသည်။ ထိုအရာများအပြင် သူသည် အခြားသူများမသိသော၊ အခြားသူများအပေါ် ယုတ်မာသော၊ ညစ်ညမ်းသော၊ ဆိုးယုတ်သော၊ စက်ဆုပ်ဖွယ်ဖြစ်သော မှားယွင်းသည့် အမျိုးစုံလှသော အတွေးများ၊ အယူအဆများ၊ အမြင်များ၊ သဘောထားများ၊ စိတ်ကူးများကို ဖုံးကွယ်ထား၏။ အသိပညာ ကြွယ်ဝသော၊ အသိတရားရှိသောသူ၏ အပြုအမူကောင်း နောက်ကွယ်တွင် သူ၏ ပို၍ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိနေသည်။ ဤသို့သောသူသည် ထိုအပြုအမူဆိုင်ရာ ပြသမှု၏ ဖုံးကွယ်မှုအောက်တွင် သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ရင်ဆိုင်ရန် သတ္တိမရှိသကဲ့သို့ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဝန်ခံရန် စိတ်ချယုံကြည်မှုလည်း မရှိပေ။ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၊ သူ၏ လွဲချော်နေသော အသိအမြင်၊ သူ၏ ဆိုးယုတ်သော အတွေးများ၊ ရည်ရွယ်ချက်များ၊ ပန်းတိုင်များကို ဖွင့်ပြောရန်၊ သို့မဟုတ် ရှိနေနိုင်သည့် သူ၏ မလိုမုန်းထားသော၊ အဆိပ်ရှိသော အတွေးများကိုပင် ဖွင့်ပြောရန် သတ္တိနှင့် စိတ်ချယုံကြည်မှုတို့ ပို၍ပင် မရှိချေ။ ထိုသူ၏ နောက်ကွယ်တွင် အကြောင်းအရာများစွာကို ဖုံးကွယ်ထားပြီး ထိုအရာများကို မည်သူကမျှ မမြင်နိုင်ပေ။ လူတို့မြင်သမျှမှာ သူတို့ရှေ့တွင်ရှိသော အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်းဟူသည့် အပြုအမူကောင်းရှိသူဖြစ်သော “လူကောင်း” ဟုဆိုလေသူသာ ဖြစ်သည်။ ဤသည်မှာ လိမ်လည်မှုတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ထိုသူ၏ အပြုအမူ၊ စွမ်းဆောင်မှု၊ လိုက်စားမှု၊ အနှစ်သာရတို့ အားလုံးသည် ဟန်ဆောင်မှု ဖြစ်သည်။ ထိုသူသည် အခြားသူများကို လိမ်ညာနေပြီး မိမိကိုယ်ကို လိမ်ညာနေခြင်းဖြစ်သည်။ ဤသို့သောသူ၏ အဆုံးစွန် အဆုံးသတ်မှာ မည်သည့်အရာ ဖြစ်မည်နည်း။ သူသည် အသိပညာ ကြွယ်ဝပြီး အသိတရားရှိသောသူတစ်ယောက်ဖြစ်ရန် ဘုရားသခင်ကို စွန့်ပစ်ပြီး စစ်မှန်သော လမ်းခရီးကို ကျောခိုင်း၍ ဘုရားသခင်၏ ပစ်ပစ်ခါခါ ငြင်းခြင်းကို ခံရလေသည်။ အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်းဟူသည့် ကောင်းသော အပြုအမူနောက်ကွယ်ရှိ ဖုံးကွယ်ထားသော နေရာတိုင်းတွင် လူသည် သူ၏ ဟန်ဆောင်သည့်၊ အယောင်ဆောင်သည့် နည်းလမ်းများနှင့် အပြုအမူများကို ဖုံးကွယ်ထားသည်။ ပြီးလျှင် ထိုသို့လုပ်ဆောင်ရာတွင် သူသည် မာနထောင်လွှားသော၊ ဆိုးယုတ်သော၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သော၊ ကြမ်းတမ်းသော၊ စိတ်နှလုံးခိုင်မာသော သူ၏ စိတ်သဘောထားများကို ဖုံးကွယ်၏။ ထို့ကြောင့် အကြင်သူသည် အသိပညာ ကြွယ်ဝပြီး အသိတရားရှိလေလေ ဟန်ဆောင်လေလေဖြစ်သည်။ အသိပညာ ကြွယ်ဝပြီး အသိတရားရှိရန် ကြိုးပမ်းလေလေ သမ္မာတရားကို ချစ်ခြင်း လျော့နည်းလေလေဖြစ်ပြီး သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်များကို အလွန်အမင်း မနှစ်မြို့သောသူဖြစ်လေလေဖြစ်သည်။ ငါ့ကို ပြောလော့။ ဤသို့ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်းဟူသည့် ကောင်းသော အပြုအမူနှင့်ပတ်သက်သည့် ငါတို့၏ မိတ်သဟာယကို လောလောဆယ် ဤတွင် အဆုံးသတ်မည်။
ရိုးရာယဉ်ကျေးမှုရှိ ကောင်းသော အပြုအမူနှင့်ပတ်သက်သည့် အဆိုအမိန့်တစ်ခုဖြစ်လေသော အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်းအကြောင်းကို ငါတို့ ယခုလေးတင် မိတ်သဟာယပြုခဲ့သည်။ အခြားအဆိုအမိန့် အနည်းငယ်ကို တစ်ခုချင်းစီ ငါတို့မိတ်သဟာယပြုသွားမည် မဟုတ်။ အုပ်စုတစ်စုအနေဖြင့် ကောင်းသော အပြုအမူနှင့်ပတ်သက်သည့် အဆိုအမိန့်အားလုံးသည် လူ၏ အပြင်ပန်း အပြုအမူနှင့် ပုံရိပ်ကို အမွှမ်းတင်သည့် နည်းလမ်းတစ်ခုသာ ဖြစ်သည်။ “အမွှမ်းတင်သည်” ဆိုသည်မှာ စကားလှလှ သုံးနှုန်းထားခြင်းဖြစ်သည်။ ပို၍ အတိအကျဆိုရလျှင် ယင်းသည် အမှန်တွင် အယောင်ဆောင်သည့် ပုံစံတစ်မျိုးဖြစ်၏။ မိမိကို ကျေနပ်အားရလာအောင် အခြားသူများကို လှည့်စားရန်၊ မိမိကို အပြုသဘောဆောင်စွာ အကဲဖြတ်လာအောင် အခြားသူများကို လှည့်စားရန်၊ မိမိကို လေးစားလာအောင် ၎င်းတို့ကို လှည့်စားရန် ဟန်လုပ်ခြင်းကို အသုံးပြုသည့် နည်းလမ်းတစ်ခုဖြစ်သည်။ မိမိစိတ်နှလုံး၏ မှောင်မိုက်သောအခြမ်း၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် မိမိ၏ သရုပ်မှန်တို့အားလုံးကိုမူ ကျကျနန ဖုံးကွယ်ထားပြီး ဖုံးဖိထားသည်။ ငါတို့အနေဖြင့် အောက်ပါအတိုင်းလည်း ဆိုနိုင်သည်။ ဤကောင်းသော အပြုအမူများ၏ အပေါ်ယံ ရွှေမှုန်ကြဲမှုအောက်တွင် ပုန်းကွယ်နေသောအရာသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ် အဖွဲ့ဝင်တစ်ဦးချင်းစီတိုင်း၏ ဖောက်ပြန်ပျက်စီးသော သရုပ်မှန်များဖြစ်ကြသည်။ ပုန်းကွယ်နေသောအရာမှာ မာနထောင်လွှားသော စိတ်သဘောထား၊ လှည့်စားသော စိတ်သဘောထား၊ ကြမ်းတမ်းသော စိတ်သဘောထား၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သော စိတ်သဘောထားတို့ရှိသည့် ဆိုးယုတ်သော လူသားမျိုးနွယ် အဖွဲ့ဝင် တစ်ဦးချင်းစီတိုင်းဖြစ်သည်။ လူတစ်ယောက်၏ အပြင်ပန်းအပြုအမူသည် အသိပညာ ကြွယ်ဝပြီး အသိတရားရှိသည်ဖြစ်စေ၊ နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးမှုရှိသည်ဖြစ်စေ၊ ဖော်ရွေတတ်သော၊ ပေါင်းသင်းရ လွယ်ကူသော၊ လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်သော၊ သို့မဟုတ် ဤသို့သောအရာတစ်ခုခု ရှိသူဖြစ်စေ ဤအရာများထဲမှ မည်သည့်အရာကို ထိုသူဖော်ပြသည်ဖြစ်စေ ယင်းသည် အခြားသူများ မြင်နိုင်သည့် အပြင်ပန်း အပြုအမူတစ်ခုထက် မပိုပေ။ ကောင်းသော အပြုအမူမှတစ်ဆင့် သူ၏ သဘာဝအနှစ်သာရကို သိကျွမ်းခြင်းဆီသို့ မဆိုက်ရောက်နိုင်ပေ။ လူသည် အသိပညာ ကြွယ်ဝပြီး အသိတရားရှိသည့်၊ နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးမှုရှိသည့်၊ ပေါင်းသင်းရ လွယ်ကူပြီး ဖော်ရွေသည့် အပြင်ပန်း အပြုအမူများတွင် ကြည့်ကောင်းသည်မှာ လူ့လောကတစ်ခုလုံးက ထိုသူအပေါ် အကောင်းမြင်သည်အထိ ဖြစ်သော်လည်း ငြင်းဆန်၍ မရသောအရာမှာ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ဤကောင်းသော အပြုအမူများ၏ အယောင်ပြမှုအောက်တွင် အမှန်တကယ် တည်ရှိနေသည်ဆိုသည့်အချက်ဖြစ်သည်။ သမ္မာတရားကို လူ၏ အလွန်အမင်း မနှစ်မြို့မှု၊ ဘုရားကို သူအာခံပြီး ပုန်ကန်မှု၊ ဖန်ဆင်းရှင်ပြောဆိုသော နှုတ်ကပတ်တော်များကို အလွန်အမင်း မနှစ်မြို့သည့်အပြင် ဖန်ဆင်းရှင်ကို အာခံသည့် သူ့သဘာဝ အနှစ်သာရတို့သည် ထိုနေရာတွင် အမှန်တကယ် တည်ရှိသည်။ ဤအရာနှင့်ပတ်သက်ပြီး ယုံမှားစရာမရှိပေ။ တစ်စုံတစ်ယောက်က မည်မျှအယောင်ဆောင်ပါစေ၊ သူ၏ အပြုအမူများက မည်မျှကြည့်ကောင်းပါစေ၊ မည်မျှတင့်တယ်ပါစေ၊ သူ့ကိုယ်သူ မည်သို့ကောင်းမွန်စွာ၊ သို့မဟုတ် လှပစွာ ပြရုပ်တင်သည်ဖြစ်စေ၊ မည်မျှလှည့်စားတတ်သည်ဖြစ်စေ ငြင်းဆန်၍ မရသောအရာမှာ ဖောက်ပြန်ပျက်စီးသူတစ်ယောက်ချင်းစီတိုင်းတွင် စာတန်ဆန်သော စိတ်သဘောထားနှင့် ပြည့်နေခြင်း ဖြစ်သည်။ ဤအပြင်ပန်း အပြုအမူများ၏ မျက်နှာဖုံးအောက်တွင် ၎င်းတို့သည် ဘုရားသခင်ကို အာခံပြီး ပုန်ကန်ဆဲဖြစ်သည်။ ဖန်ဆင်းရှင်ကို အာခံပြီး ပုန်ကန်ဆဲဖြစ်သည်။ ဤကောင်းသော အပြုအမူများက လူသားမျိုးနွယ်၏ ဝတ်ရုံ၊ အကာအကွယ်အဖြစ်ရှိနေပြီး လူသားမျိုးနွယ်သည် နေ့ရက်တိုင်း၊ အချိန်နာရီတိုင်း၊ မိနစ်စက္ကန့်တိုင်း၊ အရေးကိစ္စတိုင်းတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပွင့်အံထုတ်ပြကာ ထိုအချိန်ကာလအတွင်းတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် အပြစ်ထဲတွင် ၎င်းတို့အသက်ရှင်ကြကြောင်းကိုမူ ပြောနေရန်ပင် မလိုပေ။ ဤသည်မှာ အငြင်းမပွားနိုင်သော အမှန်တရားဖြစ်သည်။ လူ၏ ကြည့်ကောင်းသော အပြုအမူများ၊ သာယာနာပျော်ဖွယ် စကားများ၊ အပြင်ပန်း အတုအယောင်များ ရှိသော်လည်း သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှာ အနည်းငယ်မျှပင် လျော့မသွားသကဲ့သို့ သူ၏ ဤအပြင်ပန်း အပြုအမူများကြောင့် ထိုစိတ်သဘောထားက ပြောင်းလဲသွားခြင်းလည်း လုံးဝ မရှိပေ။ ပြောင်းပြန်ပင်ဖြစ်သည်။ သူသည် ဤအပြင်ပန်း အပြုအမူကောင်းများ၏ အယောင်ပြမှု ရှိသောကြောင့် သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက စဉ်ဆက်မပြတ် ပွင့်အံထွက်လာနေခြင်း ဖြစ်သည်။ ပြီးလျှင် သူသည် မကောင်းမှုလုပ်ပြီး ဘုရားသခင်အား အာခံခြင်းသို့ ဦးတည်သည့် သူ၏ ခြေလှမ်းများကို လုံးဝ မရပ်တန့်ပေ။ သူ၏ ကြမ်းတမ်းပြီး ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားများ၏ ထိန်းချုပ်ခြင်းကို ခံရ၍ သူ၏ ရည်မှန်းချက်များ၊ ဆန္ဒများ၊ လွန်ကျူးသော သတ်မှတ်ချက်များက စဉ်ဆက်မပြတ် ပြန့်ပွားနေပြီး ကြီးထွားလာနေသည်ကိုမူ ပြောနေရန်ပင် မလိုပေ။ ငါ့ကို ပြောလော့။ မိမိ၏ အသက်ရှင်နေထိုင်သော ပုံရိပ်နှင့် မိမိ၏ ကျင့်ကြံပြုမူမှုနှင့် ဆောင်ရွက်မှုများအတွက် မိမိ၏ အခြေပြုချက်က အပြုသဘောဆောင်ပြီး ဘုရားနှုတ်ကပတ်တော်များနှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း ကိုက်ညီနေသည့် ရည်မွန်သော၊ ဖော်ရွေတတ်သော၊ ပေါင်းသင်းရ လွယ်ကူသောသူမှာ မည်သည့်နေရာတွင် ရှိသနည်း။ သမ္မာတရားကို ချစ်သော၊ မိမိ၏ ဘဝဦးတည်ချက်နှင့် ပန်းတိုင်ကို ဘုရားနှုတ်ကပတ်တော်များတွင် ရှာဖွေလိုစိတ်ရှိသော၊ လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအတွက် ပါဝင်ကူညီထားသော အသိပညာ ကြွယ်ဝသည့်၊ အသိတရားရှိသည့်၊ နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးမှုရှိသည့်သူမှာ မည်သည့်နေရာတွင် ရှိသနည်း။ ဤသို့သောသူတစ်ယောက်ကို ရှာတွေ့နိုင်သလော။ (ရှာမတွေ့နိုင်ပါ။) အမှန်မှာ လူသားမျိုးနွယ်ထဲတွင် လူတစ်ယောက်သည် အသိပညာနှံ့စပ်လေလေ၊ အသိပညာ ကြွယ်ဝလေလေဖြစ်ပြီး အယူအဆများအပြင် အဆင့်အတန်းနှင့် ဂုဏ်တို့ ပိုရှိလေလေဖြစ်သည်။ ထိုသူသည် အသိပညာ ကြွယ်ဝပြီး အသိတရားရှိသော၊ ဖော်ရွေတတ်သော၊ ပေါင်းသင်းရ လွယ်ကူသောသူဟု ခေါ်ဆိုခံရနိုင်သော်လည်း ထိုသူချရေးသည့် ပြောဆိုချက်များက လူတို့ကို အထင်အမြင်မှားစေနိုင်လေလေ ဖြစ်ကာ ထိုသူသည် မကောင်းမှုကို ပြုလေလေဖြစ်ပြီး ဘုရားသခင်အပေါ် သူ၏ အာခံမှုက ပြင်းထန်လေလေ ဖြစ်သည်။ ဂုဏ်နှင့် အဆင့်အတန်း ပို၍ရှိသောသူများသည် အခြားသူများကို ပို၍ပင် အထင်အမြင်မှားစေပြီး ဘုရားသခင်ကို အာခံရာတွင် ပို၍ပင် အထိန်းအကွပ်မဲ့လေသည်။ လူသားမျိုးနွယ် သမိုင်းကြောင်း တစ်လျှောက်တွင် ရှိသော နာမည်ကြီးသူများ၊ ကြီးမြတ်သောသူများ၊ အတွေးအခေါ်သမားများ၊ ပညာသင်ကြားပေးသူများ၊ စာရေးသူများ၊ ပြုပြင်ပြောင်းလဲရေးသမားများ၊ အဓိကရ နိုင်ငံရေးသမားများ၊ သို့မဟုတ် နယ်ပယ်တစ်ခုတွင်ရှိသော အထင်ကရ ပုဂ္ဂိုလ်တစ်ယောက်ယောက်ကို ကြည့်လော့။ ၎င်းတို့အထဲတွင် မည်သူသည် အသိပညာ ကြွယ်ဝခြင်း၊ အသိတရားရှိခြင်း၊ ပေါင်းသင်းရ လွယ်ကူခြင်း၊ ဖော်ရွေတတ်ခြင်းတို့ မရှိသနည်း။ ၎င်းတို့အထဲတွင် မည်သူက အခြားသူများ၏ ချီးမွမ်းမှုကို ရယူပြီး အခြားသူများ၏ လေးစားမှုနှင့် ထိုက်တန်သည့် ပုံစံဖြင့် အပြင်ပန်းတွင် မပြုမူခဲ့သနည်း။ သို့တိုင်အောင် ၎င်းတို့သည် အမှန်စင်စစ်တွင် လူသားမျိုးနွယ်အတွက် မည်သည့်အရာကို ဖြည့်ဆည်းပေးခဲ့သနည်း။ ၎င်းတို့သည် လူသားမျိုးနွယ်ကို လမ်းမှန်ပေါ်သို့ ရောက်အောင် ခေါ်ဆောင်သလော၊ သို့မဟုတ် လမ်းလွဲစေသလော။ (လမ်းလွဲစေပါသည်။) ၎င်းတို့သည် လူသားမျိုးနွယ်ကို ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်သို့ ခေါ်ဆောင်လာသလော၊ သို့မဟုတ် စာတန်၏ ခြေထောက်အောက်သို့ ခေါ်ဆောင်သွားသလော။ (စာတန်၏ ခြေထောက်အောက်သို့ ခေါ်ဆောင်သွားပါသည်။) ၎င်းတို့သည် လူသားမျိုးနွယ်ကို ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာ၊ ပံ့ပိုးထောက်မမှု၊ လမ်းပြမှုတို့တွင် ပါဝင်စေသလော၊ သို့မဟုတ် စာတန်၏ နင်းခြေခြင်း၊ ရက်စက်ခြင်း၊ နှိပ်စက်ခြင်းတို့ကို ရင်ဆိုင်စေသလော။ သမိုင်းကြောင်းရှိ သူရဲကောင်းဆန်သော အကျော်အမော်ပုဂ္ဂိုလ်များ၊ နာမည်ကြီးသော၊ ကြီးမြတ်သော၊ ဂုဏ်မြင့်သော၊ ထူးခြားသော၊ ဩဇာအာဏာရှိသောသူများ အားလုံးထဲတွင် ၎င်းတို့၏ မည်သည့်ဩဇာအာဏာနှင့် အဆင့်အတန်းက လူသန်းပေါင်းများစွာကို သတ်ဖြတ်ခြင်းမှ မရရှိခြင်းဖြစ်သနည်း။ ၎င်းတို့၏ မည်သည့်ဂုဏ်က လူသားမျိုးနွယ်ကို ၎င်းတို့၏ လိမ်လည်ခြင်း၊ အထင်အမြင်မှားစေခြင်း၊ မက်လုံးပေးခြင်းတို့မှတစ်ဆင့် မရရှိခြင်းဖြစ်သနည်း။ အပြင်ပန်းတွင် ၎င်းတို့သည် အခြားသူများနှင့် နေ့စဉ် ကြုံတွေ့ဆက်ဆံရာ၌ ဖော်ရွေသည့် ပုံစံရှိသည်။ ပြီးလျှင် အလွန်ပင် အပူအပင်မထားဘဲ အခြားသူများနှင့် တန်းတူညီတူ ဆက်ဆံကာ အပြောအဆိုက ဖော်ရွေသည့်ပုံစံရှိသည်။ သို့တိုင်အောင် နောက်ကွယ်တွင် ၎င်းတို့လုပ်ဆောင်သည့်အရာသည် လုံးဝပင် ကွဲပြား၏။ ၎င်းတို့ထဲမှ တချို့မှာ အခြားသူများကို ထောင်ဖမ်းဖို့ အကွက်ဆင်ကြသည်။ တချို့မှာ အခြားသူများကို လိုက်လံနှောင့်ယှက်ပြီး ဒုက္ခပေးဖို့ရန်အတွက် လှည့်ကွက်များ ပြုလုပ်ကြသည်။ အခြားလူများက လက်စားချေရန် အခွင့်အရေးကို ရှာကြသည်။ နိုင်ငံရေးသမားများအများစုမှာ ရေတွက်၍မရအောင် များပြားသောသူတို့အပေါ် ရက်စက်ပြီး ထိခိုက်နစ်နာစေသည်။ ၎င်းတို့သည် မရေမတွက်နိုင်သော လူများ၏ ဦးခေါင်းပေါ်အပြင် ထိုလူများ၏ သွေးထဲတွင် အပီအပြင် ခြေချနင်းထားပြီး ၎င်းတို့၏ အဆင့်အတန်းနှင့် လွှမ်းမိုးမှုကို ရရှိခဲ့သည်။ သို့တိုင်အောင် လူအများရှေ့တွင် လူတို့မြင်သည်မှာ ၎င်းတို့၏ ပေါင်းသင်းရလွယ်ကူသော အမူအရာနှင့် ဖော်ရွေတတ်သော အပြုအမူဖြစ်သည်။ လူတို့မြင်သည့်အရာမှာ ၎င်းတို့ပြသသည့် နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးမှုရှိသော၊ အသိပညာ ကြွယ်ဝပြီး အသိတရားရှိသော၊ သိုသိပ်စွာနေသော ပုံစံတို့ဖြစ်သည်။ အပြင်ပန်းတွင် ၎င်းတို့သည် ရည်မွန်၍ နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးမှုရှိသည်။ သို့သော် ယင်း၏ နောက်ကွယ်တွင် ၎င်းတို့သည် မရေမတွက်နိုင်သော လူများကို သတ်သည်။ မရေမတွက်နိုင်သော လူတို့၏ ဥစ္စာပစ္စည်းများကို လုယူသည်။ မရေမတွက်နိုင်သော လူတို့ကို ကြီးစိုးပြီး ဆော့ကစားသည်။ ၎င်းတို့သည် ကောင်းသော စကားတိုင်းကို ပြောဆိုပြီး မကောင်းသောအရာမှန်သမျှကို လုပ်ဆောင်သည်။ ပြီးလျှင် ၎င်းတို့သည် အရှက်မဲ့စွာ၊ မျက်နှာပြောင်စွာ ၎င်းတို့၏ စင်မြင့်ပေါ်တွင် တရားဟောသည်။ ပေါင်းသင်းရ လွယ်ကူကာ အသိပညာ ကြွယ်ဝပြီး အသိတရားရှိအောင် မည်သို့လုပ်ရမည်ကိုလည်းကောင်း၊ နိုင်ငံနှင့် လူသားမျိုးနွယ်ကို ပံ့ပိုးကူညီသောသူများဖြစ်အောင် မည်သို့လုပ်ရမည်ကိုလည်းကောင်း၊ လူတို့ကို မည်သို့အစေခံပြီး ပြည်သူလူထု၏ အစေခံများဖြစ်အောင် မည်သို့လုပ်ရမည်ကိုလည်းကောင်း၊ နိုင်ငံတော်အတွက် မိမိကိုယ်ကို မည်သို့ဆက်ကပ်ရမည်ကိုလည်းကောင်း အခြားသူများကို ၎င်းတို့သင်ကြားပေးသည်။ ဤသည်မှာ အရှက်ကင်းမဲ့ခြင်း မဟုတ်လော။ ၎င်းတို့တစ်သိုက်သည် ရဲတင်းသော၊ တင်းတိမ်ရောင့်ရဲခြင်း မရှိသော ဆန်ကုန်မြေလေးများဖြစ်၏။ အတိုချုပ်အားဖြင့် ကိုယ်ကျင့်တရား အပြုအမူနှင့်ပတ်သက်သော ရိုးရာအယူအဆများနှင့် ကိုက်ညီအောင်နေသည့် အပြုအမူကောင်းရှိသောသူ ဖြစ်ခြင်းသည် သမ္မာတရားကို လိုက်စားခြင်း မဟုတ်ပေ။ စစ်မှန်သော ဖန်ဆင်းခံတစ်ယောက်ဖြစ်ရန် လိုက်စားခြင်း မဟုတ်ပေ။ ပြောင်းပြန်ပင်ဖြစ်သည်။ ဤကောင်းသော အပြုအမူများကို လိုက်စားခြင်း နောက်ကွယ်တွင် မှောင်မိုက်ပြီး ပြော၍မကောင်းသော လျှို့ဝှက်ချက်များစွာ ပုန်းကွယ်နေသည်။ လူသည် မည်သည့်အပြုအမူကောင်းမျိုးကို လိုက်စားသည်ဖြစ်စေ နောက်ကွယ်ရှိ ပန်းတိုင်မှာ ပိုများသော လူတို့၏ ချစ်ခင်မှုနှင့် လေးစားမှုကို ရယူရန်၊ မိမိ၏ ကိုယ်ပိုင်အဆင့်အတန်းကို မြှင့်တင်ရန်၊ မိမိသည် လေးစားဖွယ်ဖြစ်ပြီး ယုံကြည်ဖို့၊ တာဝန်ပေးခိုင်းစေဖို့ ထိုက်တန်သည်ဟု လူတို့ထင်မြင်လာအောင် လုပ်ရန်မှလွဲ၍ အခြားမဟုတ်ပေ။ သင်သည် ဤသို့ ကောင်းစွာ ပြုမူနေထိုင်သူတစ်ယောက်ဖြစ်ရန် လိုက်စားလျှင် ဤသည်မှာ နာမည်ကြီးပြီး ကြီးမြတ်သောသူများနှင့် အရည်အသွေး တူညီသည် မဟုတ်လော။ သင်သည် ကောင်းစွာ ပြုမူခြင်းသာရှိပြီး ဘုရားနှုတ်ကပတ်တော်များကို မချစ်သကဲ့သို့ သမ္မာတရားကိုလည်း လက်မခံသောသူတစ်ဦးဖြစ်လျှင် ၎င်းတို့နှင့် အရည်အသွေးတူညီသည်။ ထိုသို့ဖြစ်ရာ ရလဒ်မှာ အဘယ်နည်း။ သင်လက်လွှတ်လိုက်သည့်အရာက သမ္မာတရားဖြစ်သည်။ သင်ဆုံးရှုံးရသည့်အရာက ကယ်တင်ခြင်းရရှိရန် သင်၏ အခွင့်အရေးဖြစ်သည်။ ဤသည်မှာ အမိုက်မဲဆုံး အပြုအမူဖြစ်သည်။ လူတုံးတစ်ယောက်၏ ရွေးချယ်မှုနှင့် လိုက်စားမှုဖြစ်သည်။ သင်တို့သည် စင်မြင့်ပေါ်ရှိ ထိုကြီးမြတ်သော၊ နာမည်ကြီးသော၊ လူကြိုက်များသောသူ၊ သင်တို့ ကြာရှည်စွာ လေးစားခဲ့သော၊ ထိုဖော်ရွေတတ်သော၊ ပေါင်းသင်းရလွယ်ကူသော၊ ရည်မွန်သော၊ နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးမှုရှိသော၊ အသိပညာ ကြွယ်ဝပြီး အသိတရားရှိသော၊ အပြင်ပန်းတွင် ခင်မင်ဖွယ်ဖြစ်ပြီး ချစ်ခင်ဖွယ်ဖြစ်သည့်ပုံစံရှိသောသူ ဖြစ်ရန် ဆန္ဒရှိဖူးသလော။ သင်တို့သည် ယခင်က ဤသို့သောသူများနောက်သို့ လိုက်ကာ ကိုးကွယ်ခဲ့ဖူးသည် မဟုတ်သလော။ (ဟုတ်ပါသည်။) သင်သည် ယခုတွင် ဤသို့သောသူများနောက်ကို လိုက်ဆဲဖြစ်လျှင်၊ ဤသို့သောသူများကို မြတ်နိုးကိုးကွယ်နေသေးလျှင် သင့်ကို ငါပြောမည်။ သင်သည် သေခြင်းနှင့် အလှမ်းမဝေးပေ။ အဘယ်ကြောင့်ဆိုသော် သင်မြတ်နိုးကိုးကွယ်သူများသည် ကောင်းယောင်ဆောင်ထားသော ဆိုးယုတ်သူများ ဖြစ်သောကြောင့်ဖြစ်သည်။ ဘုရားသခင်က ဆိုးယုတ်သောသူများကို ကယ်တင်မည် မဟုတ်ပေ။ သင်သည် ဆိုးယုတ်သောသူများကို မြတ်နိုးကိုးကွယ်ပြီး သမ္မာတရားကို လက်မခံလျှင် အဆုံး၌ သင်သည်လည်း ဖျက်ဆီးခြင်းခံရမည်။
ပေါင်းသင်းရလွယ်ကူပြီး ဖော်ရွေတတ်ခြင်းကဲ့သို့ ကောင်းသော အပြုအမူ၏ နောက်ကွယ်ရှိ အနှစ်သာရကို စကားတစ်ခွန်းဖြင့် ဖော်ပြနိုင်သည်။ အယောင်ဆောင်ခြင်းဖြစ်သည်။ ဤသို့သော အပြုအမူကောင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ပေါက်ဖွားလာခြင်းမဟုတ်သကဲ့သို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ သို့မဟုတ် စည်းမျဉ်းနှင့်အညီ ဆောင်ရွက်ခြင်း၏ ရလဒ်တစ်ခုလည်း မဟုတ်ပေ။ မည်သည့်အရာက ယင်းကို ဖြစ်ပေါ်စေသနည်း။ ယင်းသည် လူတို့၏ ရည်ရွယ်ချက်များ၊ အကြံအစည်များမှ လာသည်။ ၎င်းတို့၏ ဟန်ဆောင်ခြင်း၊ အယောင်ဆောင်ခြင်း၊ လှည့်စားခြင်းတို့မှ လာသည်။ ဤကောင်းသော အပြုအမူများကို လူတို့က ဖက်တွယ်ထားသောအခါတွင် ရည်ရွယ်ချက်မှာ ၎င်းတို့အလိုရှိသောအရာများကို ရရှိရန်ဖြစ်သည်။ ဤသို့မဟုတ်လျှင် ၎င်းတို့သည် မည်သည့်အခါမျှ ဤနည်းလမ်းဖြင့် မိမိတို့ကိုယ်ကို ထိခိုက်စေပြီး ၎င်းတို့၏ ကိုယ်ပိုင်ဆန္ဒများကို ဆန့်ကျင်ကာ အသက်ရှင်လိမ့်မည်မဟုတ်ပေ။ ၎င်းတို့၏ ကိုယ်ပိုင်ဆန္ဒများကို ဆန့်ကျင်ကာ အသက်ရှင်ခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ၎င်းတို့၏ စစ်မှန်သော သဘာဝက လူတို့ထင်မြင်သကဲ့သို့ ကောင်းမွန်စွာ ပြုမူဆောင်ရွက်ခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း၊ သိမ်မွေ့ခြင်း၊ ကြင်နာခြင်း၊ ကိုယ့်ကျင့်တရားကောင်းခြင်းတို့ မရှိကြောင်း ဆိုလိုသည်။ ၎င်းတို့သည် အသိစိတ်၊ ဆင်ခြင်တုံတရားဖြင့် အသက်မရှင်ပေ။ ထိုအစား ရည်ရွယ်ချက်၊ သို့မဟုတ် တောင်းဆိုချက်တစ်ခုခုကို ရရှိရန် အသက်ရှင်ကြသည်။ လူ၏ စစ်မှန်သော သဘာဝသည် အဘယ်နည်း။ ယင်းသည် ပေါ့တန်ပြီး မသိနားမလည်ခြင်းဖြစ်သည်။ ဘုရားသခင်ချပေးသော တရားတော်များနှင့် ပညတ်တော်များမရှိလျှင် အပြစ်တရားက အဘယ်အရာဖြစ်သည်ကို လူတို့အနေဖြင့် လုံးဝ သိမည်မဟုတ်ပေ။ ဤသည်မှာ လူသားမျိုးနွယ်က ဖြစ်လေ့ရှိခဲ့သည့်ပုံစံပင် မဟုတ်လော။ ဘုရားသခင်က တရားတော်များနှင့် ပညတ်တော်များကို ထုတ်ပြန်ခဲ့သောအခါမှသာ လူတို့တွင် အပြစ်တရားနှင့်သက်ဆိုင်သော အယူအဆတချို့ ရှိလာကြခြင်းဖြစ်သည်။ သို့သော် ၎င်းတို့သည် အမှန်နှင့်အမှား၊ သို့မဟုတ် အပြုသဘောနှင့် အပျက်သဘောဆောင်သော အရာများနှင့်ပတ်သက်ပြီး အယူအဆမရှိကြသေးပေ။ ဤသို့ဖြစ်နေသဖြင့် ၎င်းတို့သည် ပြောဆိုပြုမူခြင်းအတွက် မှန်ကန်သော စည်းမျဉ်းများကို မည်သို့သတိပြုမိနိုင်မည်နည်း။ ၎င်းတို့သည် မည်သည့်ပြုမူပုံနည်းလမ်းများ၊ မည်သည့်ကောင်းသော အပြုအမူများကို ပုံမှန်လူ့သဘာဝတွင် တွေ့ရှိသင့်သည်ကို သိနိုင်သလော။ မည်သည့်အရာက အမှန်တကယ် ကောင်းမွန်သော အပြုအမူကို ဖြစ်ပေါ်စေသည်၊ လူသားပုံသဏ္ဌာန်တစ်ခုနှင့် အသက်ရှင်နေထိုင်ရန်အတွက် မည်သည့်လမ်းခရီးကို လိုက်လျှောက်သင့်သည်တို့ကို ၎င်းတို့သိနိုင်သလော။ မသိနိုင်ပေ။ လူတို့သည် ၎င်းတို့၏ စာတန်ဆန်သော သဘာဝကြောင့်၊ ၎င်းတို့၏ ဗီဇများကြောင့် သင့်တင့်လျောက်ပတ်စွာ အသက်ရှင်ရန်၊ ဂုဏ်သိက္ခာဖြင့် အသက်ရှင်ရန် ဟန်ဆောင်ပြီး အယောင်ဆောင်ခြင်းသာ ပြုလုပ်နိုင်သည်။ ဤအတွက်ကြောင့် အသိပညာကြွယ်ဝပြီး အသိတရားရှိခြင်း၊ နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးမှုရှိခြင်း၊ ရည်မွန်ခြင်း၊ လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်ခြင်း၊ ဖော်ရွေတတ်ပြီး ပေါင်းသင်းရလွယ်ကူခြင်းတို့ကဲ့သို့သော လှည့်စားမှုများ ဖြစ်ပေါ်လာကြသည်။ ဤနည်းအားဖြင့် ဤလှည့်စားမှု လှည့်ကွက်များနှင့် နည်းလမ်းများ ထွက်ပေါ်လာသည်။ ထိုအရာများ ထွက်ပေါ်လာသည်နှင့် လူတို့သည် ဤလှည့်စားမှုတစ်ခု၊ နှစ်ခုကို ရွေးချယ်ပြီး ဖက်တွယ်ထားကြသည်။ လူတချို့က ဖော်ရွေတတ်ပြီး ပေါင်းသင်းရလွယ်ကူခြင်းကို ရွေးချယ်ကြသည်။ လူတချို့က အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်း၊ နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးမှုရှိခြင်းကို ရွေးချယ်ကြသည်။ တချို့က ရည်မွန်ခြင်း၊ လူကြီးသူမများကို လေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်ခြင်းကို ရွေးချယ်ကြသည်။ တချို့က ဤအရာများအားလုံးကို ရွေးချယ်ကြသည်။ သို့တိုင်အောင် ငါသည် ဤသို့သော အပြုအမူကောင်းများရှိသည့် လူများကို ဝေါဟာရတစ်ခုဖြင့် အဓိပ္ပာယ်သတ်မှတ်၏။ ထိုဝေါဟာရသည် အဘယ်နည်း။ “ချောမွေ့သော ကျောက်ခဲများ” ဖြစ်သည်။ ချောမွေ့သော ကျောက်ခဲများဆိုသည်မှာ အဘယ်နည်း။ ချွန်ထွက်နေသော အစွန်းအနားမှန်သမျှက နှစ်ပေါင်းများစွာ ဖြတ်သန်းစီးဆင်းသွားသော ရေများ၏ တိုက်စားခြင်းကို ခံထားရ၍ ပြောင်နေသည့် ချောမွေ့သော ကျောက်ခဲများဖြစ်သည်။ ၎င်းတို့အပေါ် တက်နင်းလျှင် မနာကျင်နိုင်သော်လည်း ဂရုမစိုက်ပါက လူတို့သည် ထိုအရာများအပေါ်တွင် ချော်လဲနိုင်သည်။ ပုံသဏ္ဌာန်နှင့် အသွင်အပြင်တို့တွင် ဤကျောက်ခဲများသည် အလွန်လှပ၏။ သို့သော် အိမ်သို့ ယူသွားသည့်အခါ ၎င်းတို့သည် အလွန်ပင် အသုံးမဝင်တော့ပေ။ သင်သည် ၎င်းတို့ကို လွှင့်လည်း မပစ်ရက်။ သိမ်းဆည်းထားဖို့ဆိုသည်မှာလည်း အဓိပ္ပာယ်မရှိပေ။ ဤသည်မှာ “ချောမွေ့သော ကျောက်ခဲ” ဖြစ်သည်။ ငါ့အတွက်မူ ဤကောင်းသော အပြုအမူများဟု ထင်ရသည့်အရာများ ရှိကြကုန်သော လူတို့သည် အပေါ်ယံဖြစ်သည်။ ၎င်းတို့သည် အပြင်ပန်းတွင် ကောင်းသည့်ဟန်ဆောင်၏။ သို့သော် သမ္မာတရားကို ၎င်းတို့လုံးဝ လက်မခံပေ။ ၎င်းတို့သည် ကြားကောင်းသောအရာများကို ပြောကြ၏။ သို့သော် စစ်မှန်သည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်ပေ။ ၎င်းတို့သည် ချောမွေ့သော ကျောက်ခဲများသာ ဖြစ်ကြတော့သည်။ သင်သည် ၎င်းတို့ကို သမ္မာတရားနှင့် စည်းမျဉ်းများအကြောင်း မိတ်သဟာယဖွဲ့လျှင် ၎င်းတို့သည် သင့်အား နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးမှုရှိခြင်း၊ ရည်မွန်ခြင်းအကြောင်းကို ပြောလိမ့်မည်။ သင်သည် ၎င်းတို့အား အန္တိခရစ်များကို ပိုင်းခြားသိမြင်ခြင်းအကြောင်းပြောလျှင် ၎င်းတို့သည် သင့်အား လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်ခြင်း၊ အသိပညာကြွယ်ဝပြီး အသိတရားရှိခြင်းအကြောင်း ပြောလိမ့်မည်။ သင်သည် ၎င်းတို့ကို မိမိ၏ ကျင့်ကြံပြုမူမူတွင် စည်းမျဉ်းများရှိရမည်၊ မိမိတာဝန်တွင် စည်းမျဉ်းများကို ရှာရမည်ဖြစ်ပြီး တစ်ဇွတ်ထိုးမလုပ်ဆောင်ရဟု ပြောလျှင် ၎င်းတို့၏ သဘောထားသည် မည်သို့ဖြစ်မည်နည်း။ ၎င်းတို့က ပြောကြမည်မှာ “သမ္မာတရား စည်းမျဉ်းများနှင့်အညီ ပြုမူခြင်းက တခြားကိစ္စဖြစ်သည်။ ကျွန်ုပ်သည် အသိပညာ ကြွယ်ဝပြီး အသိတရားရှိချင်ရုံသာ ဖြစ်သည်။ ကျွန်ုပ်၏ လုပ်ရပ်များကို အခြားသူများ လက်ခံစေချင်ရုံသာ ဖြစ်သည်။ ကျွန်ုပ်အနေဖြင့် လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်ကာ အခြားလူများ၏ လက်ခံမှုကို ရရှိသရွေ့ လုံလောက်ပြီ” ဟူ၍ ဖြစ်သည်။ အပြုအမူကောင်းများကိုသာ ၎င်းတို့ဂရုစိုက်ကြပြီး သမ္မာတရားကို အာရုံမစိုက်ကြပေ။ ၎င်းတို့သည် အကြမ်းဖျင်းအားဖြင့် လူကြီးသူမများ၊ ဝါကြီးသူများ၊ အရည်အချင်းရှိသောသူများ၊ ၎င်းတို့အုပ်စုအတွင်းတွင် ကောင်းသော ကိုယ်ကျင့်တရား ရပ်တည်ချက်နှင့် ဂုဏ်သတင်းရှိသူများကို လေးစားနိုင်ပြီး တစ်ချိန်တည်းတွင် ငယ်ရွယ်သူများနှင့် အကာအကွယ်မဲ့သူများ၏ အသိုင်းအဝိုင်းများကိုလည်း အလွန်ပင် ချစ်ခင်စွာ စောင့်ရှောက်သည်။ ၎င်းတို့သည် မိမိတို့ မြင့်မြတ်ကြောင်း ထုတ်ဖော်ပြသရန် လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်ခြင်းဟူသည့် လူမှုစည်းကမ်းကို တစ်သဝေမတိမ်း စောင့်ထိန်းသည်။ သို့သော် ငြင်း၍မရသည်မှာ ၎င်းတို့၏ အကျိုးစီးပွားများနှင့် ထိုစည်းကမ်းက ဆန့်ကျင်ကွဲလွဲလာသောအခါတွင် ၎င်းတို့သည် ၎င်းတို့၏ အကျိုးစီးပွားများကို ကာကွယ်ရန်အတွက် စည်းကမ်းကို ဘေးဖယ်ထားပြီး မည်သူ၏ ကန့်သတ်ချုပ်ချယ်မှုကိုမျှ “မခံဘဲ” ဆင်ကန်းတောတိုး လုပ်ဆောင်လိမ့်မည်။ ၎င်းတို့၏ ကောင်းသော အပြုအမူသည် ၎င်းတို့နှင့် တွေ့ကြုံသော၊ သို့မဟုတ် ၎င်းတို့နှင့် သိကျွမ်းသော၊ သို့မဟုတ် ရင်းနှီးသောသူတိုင်း၏ လက်ခံမှုကို ရရှိသော်လည်း ငြင်း၍မရသည်မှာ အခြားသူများက ချီးမွမ်းသည့် ကောင်းသော ဤအပြုအမူများကို ၎င်းတို့လုပ်ဆောင်သည့်အခါတွင်ပင် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို အနည်းမျှပင် အဆုံးရှုံးမခံပေ။ ပြီးလျှင် ၎င်းတို့သည် မည်သူ၏ ကန့်သတ်ချုပ်ချယ်မှုကိုမျှ “မခံဘဲ” ၎င်းတို့၏ အကျိုးစီးပွားအတွက် လိုအပ်သည့် မည်သည့်နည်းလမ်းမဆိုဖြင့် ယှဉ်ပြိုင်တိုက်ခိုက်ကြသည်။ လူကြီးသူမများကို ၎င်းတို့၏ ရိုသေလေးစားမှုနှင့် ငယ်ရွယ်သူများကို ဂရုစိုက်မှုတို့သည် ခဏတာဖြစ်သော အပြုအမူသာဖြစ်ပြီး ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ဝင်ရောက်စွက်ဖက်ခြင်းမရှိသည့် အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ ယင်းသည် ကိုယ်ဟန်အမူအရာပုံစံ၏ နယ်ပယ်တွင်သာ ရှိသည်။ ၎င်းတို့၏ အကျိုးစီးပွားကို လုံးဝ မထိပါးသည့်၊ သို့မဟုတ် လုံးဝ မချိုးဖောက်သည့် အခြေအနေများတွင် ထိုအပြုအမူကို ၎င်းတို့လုပ်ဆောင်နိုင်သည်။ သို့သော် ၎င်းတို့၏ အကျိုးစီးပွားများက ရှေ့တန်းသို့ ရောက်လာသောအခါ ထိုအရာများသည် အဆုံးတွင် ၎င်းတို့ရေကုန်ရေခန်း ကြိုးပမ်းရယူကြမည့် အရာများဖြစ်သည်။ ထို့ကြောင့် အမှန်တွင် ၎င်းတို့က လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်ခြင်းသည် စင်စစ်အားဖြင့် ၎င်းတို့၏ အကျိုးစီးပွားများအား လိုက်စားခြင်းကို ဝင်ရောက်စွက်ဖက်ခြင်း မရှိသကဲ့သို့ ထိုလိုက်စားမှုကို ကန့်လည်းမကန့်သတ်နိုင်ပေ။ လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်ခြင်း အပြုအမူသည် အချို့သော အခြေအနေများတွင်သာ၊ မိမိတို့၏ အကျိုးစီးပွားကို ဝင်ရောက်စွက်ဖက်ခြင်းမရှိသည့် အနေအထားတွင်သာ လူတို့လုပ်ဆောင်နိုင်သော အပြုအမူကောင်းတစ်ခုဖြစ်သည်။ ယင်းသည် လူတစ်ယောက်၏ အသက်၊ လူတစ်ယောက်၏ အရိုးထဲမှ ထွက်ပေါ်လာသော အရာတစ်ခုမဟုတ်ပေ။ လူတစ်ယောက်က ဤသို့သော အပြုအမူကို မည်မျှလက်တွေ့လုပ်ဆောင်နိုင်ပါစေ၊ မည်မျှကြာရှည်စွာ မရပ်မနားလုပ်ဆောင်နိုင်ပါစေ လူက အသက်ရှင်ရန် မှီခိုသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မပြောင်းလဲနိုင်ပေ။ ဤသည်မှာ လူတစ်ယောက်တွင် ဤကောင်းသောအပြုအမူ မရှိနိုင်သော်လည်း သူသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အလားတူပင် ပွင့်အံထုတ်ပြသည်၊ ဤကောင်းသော အပြုအမူရှိသွားသည့်အခါတွင်လည်း သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် အနည်းငယ်မျှပင် တိုးတက်ကောင်းမွန်လာခြင်း၊ သို့မဟုတ် ပြောင်းလဲခြင်းမရှိဟု ဆိုလိုသည်။ ဤအရာနှင့် ဆန့်ကျင်ဘက်ပင်ဖြစ်သည်။ ၎င်းတို့သည် ထိုစိတ်သဘောထားများကို ပိုပို၍ နက်နဲစွာ ဖုံးကွယ်ကြသည်။ ဤအရာတို့မှာ ဤသို့သော အပြုအမူကောင်းများ၏ နောက်ကွယ်တွင် ပုန်းကွယ်နေသော အဓိကအချက်များဖြစ်သည်။
နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးမှုရှိခြင်း၊ ရည်မွန်ခြင်း၊ လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်ခြင်း၊ ဖော်ရွေတတ်ခြင်း၊ ပေါင်းသင်းရ လွယ်ကူခြင်းဟူသည့် ရိုးရာယဉ်ကျေးမှု၏ အပြုအမူကောင်းများအကြောင်း ငါတို့ မိတ်သဟာယပြုခြင်းနှင့် စိစစ်ခြင်းမှာ ဤမျှသာ ဖြစ်သည်။ ထိုအပြုအမူများသည် အသိပညာကြွယ်ဝပြီး အသိတရားရှိခြင်းကဲ့သို့ဖြစ်ကာ အနှစ်သာရ၌ အနည်းနှင့်အများ တူညီ၏။ ၎င်းတို့သည် အရာရောက်မှုမရှိပေ။ လူတို့သည် ဤအပြုအမူကောင်းများကို လက်လွှတ်သင့်သည်။ လူတို့အနေဖြင့် အများဆုံးရရှိရန် ကြိုးစားသင့်သည့်အရာမှာ ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့၏ အခြေပြုချက်ဖြစ်အောင်၊ သမ္မာတရားကို ၎င်းတို့၏ စံနှုန်းဖြစ်အောင် ပြုလုပ်ရန်ဖြစ်သည်။ ထိုအခါမှသာ ၎င်းတို့သည် အလင်း၌ အသက်ရှင်နိုင်ပြီး ပုံမှန်လူသားတစ်ဦး၏ ပုံသဏ္ဌာန်အတိုင်း အသက်ရှင်နိုင်လိမ့်မည်။ သင်သည် အလင်း၌ အသက်ရှင်လိုလျှင် သမ္မာတရားနှင့်အညီ ပြုမူဆောင်ရွက်သင့်၏။ ရိုးသားသည့် စကားများကို ပြောသော၊ ရိုးသားသည့် အရာများကို လုပ်ဆောင်သော ရိုးသားသူတစ်ယောက် ဖြစ်သင့်၏။ အဓိကကျသောအရာမှာ မိမိ၏ ကျင့်ကြံပြုမူမှုတွင် သမ္မာတရားစည်းမျဉ်းများ ရှိနေရန်ဖြစ်သည်။ လူများသည် သမ္မာတရား၏ စည်းမျဉ်းများကို ဆုံးရှုံးပြီး ကောင်းသော အပြုအမူကိုသာ အာရုံစိုက်သောအခါ အတုအယောင်နှင့် အယောင်ဆောင်မှုတို့က မလွှဲမရှောင်သာ ဖြစ်ပေါ်လာလေသည်။ လူတို့၏ ကျင့်ကြံပြုမူမှုတွင် စည်းမျဉ်းမရှိလျှင် ၎င်းတို့၏ အပြုအမူက မည်မျှကောင်းသည်ဖြစ်စေ ၎င်းတို့သည် ကြောင်သူတော်များဖြစ်သည်။ ၎င်းတို့သည် အခြားသူများကို ခဏတာ အထင်အမြင်မှားကောင်း မှားစေနိုင်မည်ဖြစ်သော်လည်း ၎င်းတို့ကို မည်သည့်အခါမျှ ယုံကြည်စိတ်ချ၍ရမည် မဟုတ်ပေ။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ လုပ်ဆောင်ပြီး ကျင့်ကြံပြုမူသည့်အခါမှသာ ၎င်းတို့၌ မှန်ကန်သော အခြေခံအုတ်မြစ်ရှိလေသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း ကျင့်ကြံပြုမူခြင်းမရှိဘဲ ကောင်းစွာပြုမူနေသယောင် ဟန်ဆောင်ခြင်းအပေါ်သာ အာရုံစိုက်လျှင် အကျိုးဆက်အနေဖြင့် လူကောင်းများ ဖြစ်လာနိုင်သလော။ လုံးဝ ဖြစ်မလာနိုင်ပေ။ ကောင်းသော အယူဝါဒများနှင့် အပြုအမူတို့သည် လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မပြောင်းလဲနိုင်ပေ။ လူ၏ အနှစ်သာရကိုလည်း မပြောင်းလဲနိုင်ပေ။ သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်များကသာ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ အတွေးများ၊ ထင်မြင်ချက်များကို ပြောင်းလဲနိုင်ပြီး လူတို့၏ အသက်ဖြစ်လာနိုင်သည်။ လူက သူ၏ ရိုးရာယဉ်ကျေးမှုနှင့် သူ၏ အယူအဆများ၌ အပြုအမူကောင်းများ ဖြစ်သည်ဟု ကိုင်စွဲထားသော အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်း၊ နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးမှုရှိခြင်း၊ ရည်မွန်ခြင်း၊ လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်ခြင်း၊ ဖော်ရွေတတ်ခြင်း၊ ပေါင်းသင်းရလွယ်ကူခြင်းတို့ကဲ့သို့ အမျိုးမျိုးသော အပြုအမူကောင်းများသည် အပြုအမူများသက်သက်သာဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားဖြစ်ဖို့ မဆိုထားနှင့်၊ အသက်ပင်မဟုတ်ပေ။ ရိုးရာယဉ်ကျေးမှုသည် သမ္မာတရားမဟုတ်သကဲ့သို့ ရိုးရာယဉ်ကျေးမှုက အားပေးမြှင့်တင်သည့် အပြုအမူကောင်းတစ်ခုမျှသည်လည်း သမ္မာတရားမဟုတ်ပေ။ လူသည် ရိုးရာယဉ်ကျေးမှုမည်မျှကို သဘောပေါက်သည်ဖြစ်စေ၊ သူ၏ ဘဝတွင် အပြုအမူကောင်းမည်မျှကို အသက်ရှင်နေထိုင်သည်ဖြစ်စေ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မပြောင်းလဲနိုင်ပေ။ ထို့ကြောင့် နှစ်ထောင်ချီကြာသည်အထိ လူသားမျိုးနွယ်သည် ရိုးရာယဉ်ကျေးမှု၏ စွဲမှတ်အောင် သွန်သင်ခြင်းခံရပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက လုံးဝ မပြောင်းလဲပေ။ ထိုအစား ယင်း၏ ဖောက်ပြန်ပျက်စီးမှုက ပို၍ နက်နဲလာသည်။ ကမ္ဘာလောကကလည်း ပို၍ မှောင်မိုက်ပြီး ဆိုးယုတ်လာသည်။ ဤသည်မှာ ရိုးရာယဉ်ကျေးမှု၏ သွန်သင်လေ့ကျင့်ပေးခြင်းနှင့် တိုက်ရိုက်ဆက်နွှယ်နေပေသည်။ လူသားများသည် ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့၏ အသက်အဖြစ် မှတ်ယူခြင်းအားဖြင့်သာ စစ်မှန်သော လူသားတစ်ဦး၏ ပုံသဏ္ဌာန်အတိုင်း ၎င်းတို့၏ ဘဝကို အသက်ရှင်နိုင်သည်။ ဤသည်မှာ အငြင်းပွားစရာမလိုပေ။ ဤသို့ဆိုလျှင် ဘုရားနှုတ်ကပတ်တော်များက လူ၏ အပြုအမူအတွက် မည်သို့သော ကန့်သတ်ချက်ဘောင်များနှင့် သတ်မှတ်ချက်များ ချထားသနည်း။ တရားတော်များနှင့် ပညတ်တော်များတွင် သတ်မှတ်ပြဋ္ဌာန်းထားသော အရာများအပြင် လူ၏ အပြုအမူအတွက် သခင်ယေရှု၏ သတ်မှတ်ချက်များလည်းရှိသည်။ အထူးသဖြင့် ဘုရားသခင်၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်းတွင် လူတို့အတွက် သတ်မှတ်ချက်များနှင့် စည်းကမ်းများရှိ၏။ ယင်းတို့သည် လူသားမျိုးနွယ်နှင့် ပတ်သက်ပြီး အားလုံးထဲတွင် တန်ဖိုးအရှိဆုံးသော စကားများဖြစ်သည်။ ပြီးလျှင် ယင်းတို့သည် လူသားမျိုးနွယ်၏ ကျင့်ကြံပြုမူခြင်းအတွက် အခြေခံအကျဆုံး စည်းမျဉ်းများဖြစ်သည်။ သင်တို့သည် သင်တို့၏ ကျင့်ကြံပြုမူမှုနှင့် လုပ်ဆောင်မှုတို့အတွက် အခြေခံအကျဆုံးသော အပြုအမူဆိုင်ရာ စံသတ်မှတ်ချက်ကို ဘုရားနှုတ်ကပတ်တော်များတွင် ရှာရမည်။ ဤသို့ ရှာသောအခါ သင်တို့သည် တရုတ်ရိုးရာယဉ်ကျေးမှုရှိ အပြုအမူကောင်းများ၏ လမ်းလွဲစေခြင်းနှင့် အထင်အမြင်မှားစေခြင်းတို့ကို ဖယ်ရှားနိုင်လိမ့်မည်။ ထိုအခါတွင် သင်တို့သည် ကျင့်ကြံပြုမူမှုနှင့် လုပ်ဆောင်မှုတို့အတွက် လမ်းကြောင်းနှင့် စည်းမျဉ်းများကို တွေ့ရှိပြီးဖြစ်လိမ့်မည်။ ဤသည်မှာ ကယ်တင်ခြင်းလမ်းကြောင်းနှင့် စည်းမျဉ်းများကို တွေ့ရှိပြီးဖြစ်မည်ဟုလည်း အဓိပ္ပာယ်ရသည်။ သင်တို့သည် ဘုရားသခင်၏ လက်ရှိ နှုတ်ကပတ်တော်များကို သင်တို့၏ အခြေပြုချက်အဖြစ်လည်းကောင်း၊ ယခု မိတ်သဟာယပြုခဲ့သော သမ္မာတရားကို သင်တို့၏ စံသတ်မှတ်ချက်အဖြစ်လည်းကောင်း မှတ်ယူလျှင်၊ လူသားမျိုးနွယ်က ၎င်းတို့၏ အယူအဆများတွင် ကောင်းသော အပြုအမူဖြစ်သည်ဟု မှတ်ယူကြလေသည့် အပြုအမူအတွက် ထိုစံနှုန်းများနေရာတွင် အစားထိုးဖို့ ထိုနှုတ်ကပတ်တော်များနှင့် သမ္မာတရားကို အသုံးပြုလျှင် သင်သည် သမ္မာတရားကို လိုက်စားသောသူတစ်ဦး ဖြစ်ပေသည်။ လူတို့အပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များမှာ အခြေအနေအားလုံးတွင် မည်သို့သောသူမျိုး ဖြစ်သင့်သည်နှင့် မည်သည့်လမ်းကို လျှောက်သင့်သည်ဆိုသည်တို့အကြောင်း ဖြစ်သည်။ လူသည် သီးသန့်အနေဖြင့် အပြုအမူတချို့ကို ပိုင်ဆိုင်သင့်သည်ဟု ဘုရားသခင်က လုံးဝ မတောင်းဆိုပေ။ သူသည် လူတို့ကို ရိုးသားသောသူများဖြစ်ဖို့နှင့် လှည့်စားသောသူများမဖြစ်ဖို့ တောင်းဆိုသည်။ သူသည် လူကို သမ္မာတရားအား လက်ခံပြီး လိုက်စားဖို့၊ သူ့အပေါ် သစ္စာရှိဖို့၊ သူ့ကို ကျိုးနွံနာခံပြီး သက်သေခံဖို့ တောင်းဆိုသည်။ ကောင်းသောအပြုအမူ အနည်းငယ်မျှ ရှိထားရမည်၊ ဤသို့ဆိုလျှင် ပြည့်စုံလုံလောက်မည်ဟု ဘုရားသခင်က လူကို လုံးဝ မတောင်းဆိုပေ။ သို့တိုင်အောင် တရုတ်ရိုးရာယဉ်ကျေးမှုသည် လူတို့အား ကောင်းသော အပြုအမူကိုသာ၊ အပြင်ပန်း ပြသမှုကောင်းများရှိဖို့သာ အာရုံစိုက်စေ၏။ ယင်းသည် လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားသည့် လမ်းကြောင်းကို ထောက်ပြရန် မဆိုထားနှင့်၊ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက မည်သည့်အရာဖြစ်ကြောင်း၊ သို့မဟုတ် သူ၏ ဖောက်ပြန်ပျက်စီးမှုက မည်သည့်နေရာမှ စတင်ဖြစ်ပေါ်လာကြောင်းတို့ကို အလင်းပြရန် မည်သည့်အရာမျှ မလုပ်ဆောင်ပေ။ ထို့ကြောင့် လူသည် မည်သည့်အပြုအမူကောင်းများကို ပိုင်ဆိုင်သင့်သည်ဟု ရိုးရာယဉ်ကျေးမှုက မည်သို့အားပေးထောက်ခံပါစေ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားခြင်းနှင့် စစ်မှန်သော လူသားတစ်ဦး၏ ပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်ခြင်းနှင့်ပတ်သက်လျှင် အချည်းနှီးဖြစ်သည်။ ကိုယ်ကျင့်တရားနှင့်ပတ်သက်ပြီး ရိုးရာယဉ်ကျေးမှု၏ အဆိုအမိန့်များက မည်မျှမြင့်မြတ်နေပါစေ၊ သို့မဟုတ် မည်မျှနှစ်သက်စဖွယ်ဖြစ်ပါစေ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို ပြောင်းလဲဖို့ မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်ပေ။ ရိုးရာယဉ်ကျေးမှု၏ စွဲမှတ်အောင် သွန်သင်မှုနှင့် လမ်းလွဲစေမှုအောက်တွင် မသိစိတ်နှင့်ဆိုင်သော အရာများစွာသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်တွင် ဖြစ်ပေါ်လာသည်။ ဤတွင် “မသိစိတ်” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ လူက မသိမသာဖြင့် ရိုးရာယဉ်ကျေးမှု၏ စွဲမှတ်အောင်သွန်သင်ခြင်း၊ ကူးစက်ခြင်းတို့ကို ခံလိုက်ရသည့်အခါ သင့်တင့်လျောက်ပတ်စွာ လုပ်ဆောင်ပုံလုပ်ဆောင်နည်းအကြောင်း ရှင်းလင်းသော စကားများ၊ သို့မဟုတ် အဆိုအမိန့်များ၊ သို့မဟုတ် စည်းကမ်းများ၊ သို့မဟုတ် သတိစိတ်များ လုံးဝ မရှိလျှင် သူသည် လူတို့၏ သမားရိုးကျ အယူအဆများနှင့် နည်းလမ်းများကို အလိုအလျောက် လက်တွေ့လုပ်ဆောင်ပြီး လိုက်နာကြောင်းကို ဆိုလိုသည်။ လူတို့အားလုံးနည်းတူ ဤသို့သော အခြေအနေများတွင်၊ ဤသို့သော အနေအထားတွင် အသက်ရှင်သောအခါ သူသည် သတိမမူမိဘဲ သူ၏ မသိစိတ်တွင် “အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်းသည် အလွန်ကောင်းသည်။ အပြုသဘောဆောင်ပြီး သမ္မာတရားနှင့် ညီသည်။ နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးမှုရှိခြင်းသည် အလွန်ကောင်းသည်။ လူတို့ဖြစ်သင့်သည့် ပုံစံဖြစ်သည်။ ၎င်းကို ဘုရားသခင်က နှစ်သက်ကာ ၎င်းက သမ္မာတရားနှင့်ညီသည်။ ရည်မွန်ခြင်း၊ လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်ခြင်း၊ ဖော်ရွေတတ်ခြင်း၊ ပေါင်းသင်းရလွယ်ကူခြင်းတို့အားလုံးသည် သာမန်လူ့သဘာဝအတွင်း ထုတ်ဖော်ပြသမှုများဖြစ်သည်။ ထိုအရာများသည် ဘုရားနှုတ်ကပတ်တော်များနှင့်ရော သမ္မာတရားနှင့်ပါ ညီသည်” ဟူ၍ တွေးလာသည်။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များထဲတွင် ရှင်းလင်းသည့် အခြေပြုချက်ကို မတွေ့သော်ငြားလည်း လူတို့အပေါ် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သတ်မှတ်ချက်များမှာ ရိုးရာယဉ်ကျေးမှု၏ သတ်မှတ်ချက်စံနှုန်းများနှင့် အတူတူခန့်ပင်ဖြစ်သည်၊ ယင်းတို့ကြားတွင် အကြီးစား ကွာခြားချက်မရှိဟု စိတ်နှလုံးထဲတွင် ခံစားမိကြလေသည်။ ဤသည်မှာ ဘုရားနှုတ်ကပတ်တော်များကို ကပြောင်းကပြန် လုပ်ခြင်းနှင့် မှားယွင်းစွာ အနက်ဖွင့်ဆိုခြင်းဖြစ်သည် မဟုတ်လော။ ဘုရားနှုတ်ကပတ်တော်များက ဤသို့သောအရာများကို ပြောဆိုထားသလော။ ပြောဆိုမထားသကဲ့သို့ ထိုအရာများသည် ဘုရားဆိုလိုသည့်အရာများလည်း မဟုတ်ပေ။ ထိုအရာများသည် လူက ဘုရားနှုတ်ကပတ်တော်များကို ကပြောင်းကပြန် လုပ်ခြင်းနှင့် မှားယွင်းစွာ အနက်ဖွင့်ဆိုခြင်းဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များက ဤအရာများကို လုံးဝ မပြောခဲ့ပေ။ ထို့ကြောင့် သင်တို့ လုပ်ဆောင်ရမည့်အရာမှာ မည်သည့်အခြေအနေတွင်မဆို ထိုစည်းကမ်းသတ်မှတ်ချက်များကို အခြေပြု၍ မစဉ်းစားရန်ဖြစ်သည်။ သင်သည် ဘုရားနှုတ်ကပတ်တော်များကို အသေးစိတ် ဖတ်ရှုသင့်ပြီး လူတို့အပေါ် ဘုရားနှုတ်ကပတ်တော်များက တောင်းဆိုထားသည့် အပြုအမူဆိုင်ရာ သတ်မှတ်ချက်များကို အတိအကျ ရှာဖွေသင့်သည်။ ထို့နောက်တွင် နောက်ထပ် ဘုရားနှုတ်ကပတ်တော်အပိုဒ်တချို့ကို ရှာဖွေသင့်ပြီး ယင်းတို့ကို စုစည်းသင့်သည်။ ပြီးလျှင် ယင်းတို့ကို တစ်စုတစ်စည်းတည်း ဆုတောင်းရင်းဖြင့် ဖတ်ရှုကာ မိတ်သဟာယဖွဲ့သင့်သည်။ ၎င်းတို့နှင့်ပတ်သက်ပြီး အသိအမြင်ရရှိသည်နှင့် ဤသည်မှာ ၎င်းတို့ကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံရမည့်အချိန်ဖြစ်သည်။ ဤအရာက ဘုရားနှုတ်ကပတ်တော်များကို သင်၏ လက်တွေ့ဘဝထဲသို့ ယူဆောင်လာပေးကာ ထိုနှုတ်ကပတ်တော်များသည် လူများနှင့် အမှုအရာများအပေါ် သင်၏ ရှုမြင်ပုံများအတွက်သာမက သင်၏ ကျင့်ကြံပြုမူမှုနှင့် လုပ်ဆောင်မှုတို့အတွက်ပါ အခြေပြုချက်ဖြစ်လာသည်။ လူတို့စကားနှင့် လုပ်ရပ်များ၏ အခြေခံပြုချက်သည် မည်သည့်အရာ ဖြစ်သင့်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်သည်။ သို့ဆိုလျှင် လူတို့၏ စကားနှင့် လုပ်ရပ်များအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် စံနှုန်းများမှာ အဘယ်နည်း။ (ထိုစကားနှင့် လုပ်ရပ်များသည် လူတို့အဖို့ အပြုသဘောဆောင်ရမည် ဖြစ်ပါသည်။) မှန်ပေသည်။ အခြေခံအကျဆုံး အချက်အနေဖြင့် သင်သည် အမှန်အတိုင်း ပြောရမည်၊ ရိုးသားစွာ ပြောဆိုရမည်၊ အခြားသူများကို အကျိုးပြုရမည် ဖြစ်သည်။ အနည်းဆုံးအနေဖြင့် သင်၏ စကားသည် လူတို့ကို တည်ဆောက်ပေးရမည်ဖြစ်ပြီး ၎င်းတို့ကို မလိမ်လည်ရ၊ သို့မဟုတ် မလှည့်စားရ၊ သို့မဟုတ် မသရော်ရ၊ သို့မဟုတ် ပြက်ရယ်မပြုရ၊ သို့မဟုတ် ရယ်သွမ်းမသွေးရ၊ သို့မဟုတ် ဘောင်မခတ်ရ၊ သို့မဟုတ် ၎င်းတို့၏ အားနည်းချက်များကို မဖော်ထုတ်ရ၊ သို့မဟုတ် ၎င်းတို့ကို မနာကျင်စေရပေ။ ဤသည်မှာ ပုံမှန် လူ့သဘာဝ၏ ဖော်ပြချက်ဖြစ်သည်။ လူ့သဘာဝ၏ သူတော်ကောင်းတရား ဖြစ်သည်။ ဘုရားသခင်က မည်မျှကျယ်လောင်စွာ သင်စကားပြောရမည်ဟု ပြောဆိုထားသလော။ စံသတ်မှတ်ထားသော ဘာသာစကားကို သင်အသုံးပြုရမည်ဟု သူတောင်းဆိုထားသလော။ လှပသော အလင်္ကာ၊ သို့မဟုတ် အဆင့်မြင့်သော၊ ယဉ်ကျေးသော ဘာသာစကားပုံစံကို သင်အသုံးပြုရမည်ဟု သူတောင်းဆိုထားသလော။ (တောင်းဆိုမထားပါ။) ထိုအပေါ်ယံဆန်သော၊ ကြောင်သူတော်ဆန်သော၊ မှားယွင်းသော၊ လက်ဆုပ်လက်ကိုင် အကျိုးမပြုသော အရာများတစ်ခုမျှ မရှိပေ။ ဘုရားသခင်၏ သတ်မှတ်ချက်အားလုံးမှာ ပုံမှန်လူများက ပိုင်ဆိုင်သင့်သောအရာများ၊ လူ၏ ဘာသာစကားနှင့် အပြုအမူအတွက် စံနှုန်းများနှင့် စည်းမျဉ်းများဖြစ်သည်။ လူတစ်ယောက်က မည်သည့်နေရာတွင် မွေးဖွားသည်ဖြစ်စေ၊ မည်သည့်ဘာသာစကားကို ပြောသည်ဖြစ်စေ အရေးမပါပေ။ မည်သို့ပင်ဖြစ်စေ သင်ပြောသည့် စကားများက၊ ထိုစကားများ၏ အသုံးအနှုန်းနှင့် အကြောင်းအရာက အခြားသူများအတွက် တည်ဆောက်စရာဖြစ်ရမည်။ ထိုစကားများက အခြားသူများအတွက် တည်ဆောက်စရာ ဖြစ်ရမည်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ အခြားသူများသည် ထိုစကားများကို ကြားပြီးသည့်အခါ ထိုစကားများက မှန်ကန်သည်ဟု ခံစားရကာ ထိုစကားများမှ တိုးတက်မှုနှင့် အကူအညီကို ရရှိ၍ သမ္မာတရားကို နားလည်နိုင်သွားသည့်အပြင် ရှုပ်ထွေးခြင်း မရှိတော့သကဲ့သို့ အခြားသူများ၏ အထင်အမြင်မှားအောင် လုပ်ခြင်းကို အလွယ်တကူ ခံရခြင်းတို့ မရှိတော့ခြင်းကို ဆိုလိုသည်။ ထို့ကြောင့် ဘုရားသခင်သည် လူတို့ကို အမှန်အတိုင်း ပြောရန်၊ ၎င်းတို့တွေးသည့်အရာကို ပြောရန် တောင်းဆိုပြီး အခြားသူများအပေါ် မလိမ်လည်ရ၊ သို့မဟုတ် မလှည့်စားရ၊ သို့မဟုတ် မသရော်ရ၊ သို့မဟုတ် ပြက်ရယ်မပြုရ၊ သို့မဟုတ် ရယ်သွမ်းမသွေးရ၊ သို့မဟုတ် ဘောင်မခတ်ရ၊ သို့မဟုတ် ၎င်းတို့၏ အားနည်းချက်များကို မဖော်ထုတ်ရ၊ သို့မဟုတ် ၎င်းတို့ကို မနာကျင်စေရဟု တောင်းဆိုသည်။ ဤအရာတို့သည် စကားပြောခြင်းနှင့်ဆိုင်သည့် စည်းမျဉ်းများဖြစ်သည် မဟုတ်လော။ လူတို့၏ အားနည်းချက်များကို မဖော်ထုတ်သင့်ဟု ဆိုရခြင်းမှာ မည်သည့်အရာကို ဆိုလိုသနည်း။ အခြားလူတို့အပေါ် အတင်းအဖျင်း မပြောခြင်းကို ဆိုလိုသည်။ ၎င်းတို့ကို ဝေဖန်ဖို့၊ သို့မဟုတ် ပြစ်တင်ရှုတ်ချဖို့ ၎င်းတို့၏ အတိတ်က အမှားများ၊ သို့မဟုတ် အားနည်းချက်များကို ဖက်တွယ်မထားနှင့်။ ဤသည်မှာ အနည်းဆုံး သင်လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ အခြေအနေကို ဖန်တီးယူခြင်းဘက်တွင် အပြုသဘောဆောင်သော စကားကို မည်သို့ထုတ်ပြောသနည်း။ ယင်းမှာ အဓိကအားဖြင့် အားပေးခြင်း၊ ညွှန်ကြားပေးခြင်း၊ လမ်းပြခြင်း၊ တိုက်တွန်းခြင်း၊ သိနားလည်ပေးခြင်း၊ နှစ်သိမ့်ခြင်းတို့ ဖြစ်သည်။ ထို့အပြင် အချို့သော အထူးဖြစ်ရပ်များတွင် အခြားသူများအနေဖြင့် သမ္မာတရားနှင့်ဆိုင်သော အသိကို ရရှိကာ နောင်တရလိုစိတ် ရှိဖို့အလို့ငှာ သူတို့၏ အမှားများကို တိုက်ရိုက်ဖော်ထုတ်ပြီး ကိုင်တွယ်ဖြေရှင်းကာ ပြုပြင်ဖို့ လိုအပ်သည်။ ထိုအခါမှသာ မျှော်လင့်ထားသော အကျိုးကို ရရှိပေသည်။ ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းနည်းလမ်းသည် လူတို့အတွက် အလွန်အကျိုးဖြစ်သည်။ ၎င်းတို့အတွက် တကယ့်အကူအညီဖြစ်ပြီး ၎င်းတို့အတွက် အပြုသဘောဆောင်၏၊ ဟုတ်သည် မဟုတ်လော။ ဥပမာအားဖြင့် သင်သည် အထူးပင် တစ်ဇွတ်ထိုးလုပ်တတ်ပြီး မာနထောင်လွှားသည် ဆိုကြပါစို့။ သင့်အနေဖြင့် ဤအရာကို လုံးဝ သတိမထားမိသော်လည်း သင်နှင့် အကျွမ်းဝင်သောသူ တစ်ယောက်သည် ဤပြဿနာကို သင့်အား တည့်တည့်ကြီး ပြောပြသည်။ သင်က “ငါတစ်ဇွတ်ထိုးလုပ်တတ်သလော။ မာနထောင်လွှားသလော။ အခြားမည်သူမျှ ငါ့ကို မပြောပြဝံ့ကြ။ သို့သော် သူကမူ ငါ့ကို နားလည်၏။ ဤစကားမျိုးကို သူပြောရက်ခြင်းက ဤအရာ တကယ်မှန်ကြောင်း ပြနေသည်။ ဤအရာကို အချိန်ခဏယူပြီး ငါသုံးသပ်ကြည့်ရမည်” ဟူ၍ စဉ်းစားသည်။ ထို့နောက်တွင် ထိုသူကို သင်က “အခြားလူများသည် ကျွန်ုပ်ကို ကောင်းသည့်အရာများသာ ပြောကြ၏။ ချီးမွမ်းကြ၏။ မည်သူကမျှ ကျွန်ုပ်ကို စိတ်ထဲရှိသည့်အတိုင်း ဘွင်းဘွင်းရှင်းရှင်း မပြောဖူးပါ။ ကျွန်ုပ်၌ရှိသည့် ဤအားနည်းချက်များ၊ ပြဿနာများကို မည်သူမျှ မထောက်ပြဖူးပါ။ သင်တစ်ဦးတည်းကသာ ကျွန်ုပ်ကို ပြောပြနိုင်၏၊ စိတ်ထဲရှိသည့်အတိုင်း ဘွင်းဘွင်းရှင်းရှင်း ပြောနိုင်၏။ ဤသည်မှာ အင်မတန် ကောင်းပါသည်။ ကျွန်ုပ်အတွက် ကြီးကြီးမားမား အထောက်အကူဖြစ်ပါ၏” ဟုပြောသည်ဆိုပါစို့။ ဤသည်မှာ ရင်းနှီးပွင့်လင်းစွာ ပြောဆိုခြင်းဖြစ်သည် မဟုတ်လော။ တဖြည်းဖြည်းချင်းဖြင့် အခြားလူသည် သူ၏ စိတ်တွင်ရှိသောအရာကို၊ သင်နှင့်ပတ်သက်သည့် သူ၏ အတွေးများကို၊ ဤကိစ္စနှင့်ပတ်သက်ပြီး သူ့တွင် အယူအဆများ၊ စိတ်ကူးများအပြင် အပျက်သဘောဆောင်မှုနှင့် အားနည်းချက်တို့ ရှိခဲ့ပုံနှင့်သက်ဆိုင်သည့် သူ၏ အတွေ့အကြုံများကို သင့်အား သိစေပြီး သမ္မာတရားကို ရှာဖွေခြင်းအားဖြင့် သူလွတ်မြောက်နိုင်သွားသည်။ ဤသည်မှာ ရင်းနှီးပွင့်လင်းစွာ ပြောဆိုခြင်းဖြစ်သည်။ ဤသည်မှာ ဝိညာဉ်ချင်း မိတ်သဟာယဖွဲ့မှု ဖြစ်သည်။ အနှစ်ချုပ်လျှင် စကားပြောဆိုခြင်းနောက်ကွယ်၌ရှိသော စည်းမျဉ်းမှာ အဘယ်နည်း။ ဤအရာဖြစ်သည်။ သင်၏ စိတ်နှလုံးတွင် ရှိသောအရာကို ပြောဆိုလော့။ သင်၏ တကယ့်အတွေ့အကြုံများနှင့် သင်အမှန်တကယ်ထင်မြင်သည့် အရာတို့ကို ပြောဆိုလော့။ ဤစကားများသည် လူတို့အတွက် အကျိုးအရှိဆုံးဖြစ်သည်။ လူတို့ကို ပံ့ပိုးပေးသည်။ လူတို့ကို ကူညီပေးသည်။ အပြုသဘောဆောင်သည်။ အတုအယောင်ဖြစ်သော စကားများ၊ လူတို့ကို အကျိုးမဖြစ်စေသည့်၊ တည်ဆောက်မပေးသည့် စကားများကို ပြောဖို့ ငြင်းဆန်လော့။ ဤနည်းအားဖြင့် လူတို့ကို ထိခိုက်နစ်နာစေခြင်း၊ သို့မဟုတ် အမှားလုပ်မိစေခြင်း၊ အပျက်သဘောအတွင်းသို့ ထိုးကျစေခြင်း၊ လူတို့အပေါ် အပျက်သဘောသက်ရောက်မှု ရှိခြင်းတို့ကို ရှောင်နိုင်လိမ့်မည်။ အပြုသဘောဆောင်သော အရာများကို သင်ပြောဆိုရမည်။ လူတို့ကို တတ်နိုင်သမျှ ကူညီရန်၊ အကျိုးပြုရန်၊ ပံ့ပိုးပေးရန်၊ လူတို့အထဲ၌ ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်း ဖြစ်ပေါ်လာစေရန် သင်ကြိုးပမ်းရမည်။ ဘုရားနှုတ်ကပတ်တော်များနှင့်ဆိုင်သည် သင်၏ အတွေ့အကြုံများအပြင် ပြဿနာများကို သင်ဖြေရှင်းသည့် နည်းလမ်းမှတစ်ဆင့် လူတို့ကို အကူအညီယူခွင့် ပြုရမည်။ များစွာရရှိခွင့် ပြုရမည်။ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခြင်းနှင့် သမ္မာတရား စစ်မှန်မှုအတွင်းသို့ ဝင်ရောက်ခြင်း လမ်းကြောင်းကို နားလည်နိုင်စေရမည်။ ၎င်းတို့ကို အသက်ဝင်ရောက်မှု ရစေပြီး ၎င်းတို့၏ အသက်တာကို ကြီးထွားအောင် ပြုလုပ်ရမည်။ ဤသည်မှာ စည်းမျဉ်းများရှိသော၊ လူတို့ကို တည်ဆောက်ပေးသော သင့်စကားများ၏ သက်ရောက်မှုအားလုံး ဖြစ်သည်။ ဤအရာအပြင် လူတို့သည် အတူတကွ စုရုံးပြီး အလဟဿ အတင်းအဖျင်းပြောဆိုကာ တခစ်ခစ် ရယ်မောသောအခါတွင် ဤသည်မှာ စည်းမျဉ်းနှင့်မညီပေ။ ၎င်းတို့ပွင့်အံထုတ်ပြသမျှမှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြစ်သည်။ ယင်းသည် ဘုရားနှုတ်ကပတ်တော်များအပေါ်တွင် အခြေမခံပေ။ ပြီးလျှင် သမ္မာတရား စည်းမျဉ်းများကို စောင့်ထိန်းခြင်းလည်း မရှိပေ။ ယင်းတို့အားလုံးမှာ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် လူ့အတွေးအခေါ်များ ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများက ကြိုးကိုင်ညွှန်ကြားသည့်အတိုင်း အသက်ရှင်နေကြခြင်း ဖြစ်သည်။
မိမိ၏ ပြောစကားတွင် လူသည် စည်းမျဉ်းနှင့်ညီပြီး အခြားသူများအပေါ် တည်ဆောက်စရာ ဖြစ်စေဖို့ ဘုရားသခင်တောင်းဆိုသည်။ ယင်းသည် လူ၏ ထိုအပြင်ပန်း အပြုအမူကောင်းများနှင့် သက်ဆိုင်မှုတစ်ခုခုရှိသလော။ (မရှိပါ။) ထိုအရာများနှင့် လုံးဝ မသက်ဆိုင်ပေ။ သင်သည် အခြားသူများအပေါ် ကြီးစိုးခြယ်လှယ်ခြင်းမရှိ၊ သို့မဟုတ် သင်၏ ပြောစကားတွင် ဟန်ဆောင်ခြင်းနှင့် လှည့်စားခြင်းတို့ မရှိသည့်အပြင် အခြားသူများကို အားပေးခြင်း၊ လမ်းပြခြင်း၊ နှစ်သိမ့်ခြင်းတို့ကိုလည်း လုပ်ဆောင်နိုင်သည်ဆိုပါစို့။ သင်သည် ဤအရာနှစ်ခုလုံးကို လုပ်ဆောင်နိုင်လျှင် ထိုအရာများကို ပေါင်းသင်းရလွယ်ကူသည့် သဘောထားဖြင့် လုပ်ဆောင်ဖို့ လိုအပ်သလော။ သင်သည် ပေါင်းသင်းရလွယ်ကူခြင်းကို မဖြစ်မနေ စွမ်းဆောင်ရရှိမှ ဖြစ်မည်လော။ သင်သည် ရည်မွန်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်းနှင့် ယဉ်ကျေးမှုရှိခြင်းတို့ကဲ့သို့သော အပြင်ပန်းအရာများ၏ အပြုအမူဆိုင်ရာ ဘောင်အတွင်း၌သာ ထိုအရာများကို လုပ်ဆောင်၍ရလေသလော။ မလိုအပ်ပေ။ သင်၏ ပြောစကားက အခြားသူများအဖို့ တည်ဆောက်စရာဖြစ်ရေးအတွက် မရှိမဖြစ် လိုအပ်ချက်သည် ထိုပြောစကားကို ရိုးရာယဉ်ကျေးမှုတွင် သတ်မှတ်ပြဋ္ဌာန်းခဲ့သော အပြုအမူကောင်းများအပေါ် အခြေခံရမည့်အစား ဘုရားနှုတ်ကပတ်တော်များနှင့် သူ၏ သတ်မှတ်ချက်များတွင် အခြေခံရန်၊ သမ္မာတရားတွင် အခြေခံရန်ဖြစ်သည်။ သင်၏ ပြောစကားက စည်းမျဉ်းနှင့်ညီပြီး အခြားသူများအတွက် တည်ဆောက်စရာ ဖြစ်သည့်အခါ သင်သည် ထိုင်လျက်ဖြစ်စေ၊ ထလျက်ဖြစ်စေ စကားပြောဆိုနိုင်သည်။ ကျယ်သောအသံဖြင့်ဖြစ်စေ၊ တိတ်ဆိတ်သောအသံဖြင့်ဖြစ်စေ စကားပြောနိုင်သည်။ နူးညံ့သိမ်မွေ့သော စကားများဖြင့်ဖြစ်စေ၊ ပြင်းထန်သော စကားများဖြင့်ဖြစ်စေ ပြောဆိုနိုင်သည်။ အဆုံးသတ်ရလဒ်က အပြုသဘောဆောင်သရွေ့၊ သင်က သင်၏ တာဝန်ကို ဖြည့်ဆည်းထားပြီး အခြားလူကလည်း အကျိုးထူးသွားသရွေ့ သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီသည်။ သင်လိုက်စားသည့်အရာမှာ သမ္မာတရားဖြစ်ကာ သင်လက်တွေ့လုပ်ဆောင်သည့်အရာမှာ သမ္မာတရားဖြစ်ပြီး သင်၏ ပြောစကားနှင့် လုပ်ရပ်များ၏ အခြေပြုချက်က ဘုရားနှုတ်ကပတ်တော်များဖြစ်လျှင်၊ သမ္မာတရား စည်းမျဉ်းများဖြစ်လျှင် အခြားသူများသည် သင့်ထံမှ အကျိုးအမြတ်ဖြစ်ထွန်းပြီး ရရှိနိုင်လျှင် ယင်းမှာ နှစ်ဦးနှစ်ဖက်လုံးအတွက် အကျိုးဖြစ်မည်မဟုတ်သလော။ ရိုးရာယဉ်ကျေးမှု၏ အတွေးအခေါ်ဖြင့် ချုပ်ချယ်ခံရလျက် အသက်ရှင်ရင်း သင်သည် ဟန်လုပ်စဉ် အခြားသူများကလည်း အလားတူလုပ်ဆောင်လျှင်၊ သင်က ယဉ်ကျေးစွာ အနုစိတ် သဘောကောင်းပြစဉ် ၎င်းတို့က မျက်နှာလိုမျက်နှာရပြုလုပ်လျှင်၊ တစ်ယောက်ချင်းစီတိုင်းက အခြားလူအတွက် ဟန်လုပ်နေလျှင် သင်တို့ထဲမှ မည်သူကမျှ လုံးဝ မကောင်းပေ။ သင်နှင့် ၎င်းတို့သည် ဟုတ်မှန်သည့် စကားတစ်ခွန်းမျှမပါဘဲ တစ်နေကုန် မျက်နှာလိုမျက်နှာရလုပ်ပြီး အနုစိတ် သဘောကောင်းပြကာ ရိုးရာယဉ်ကျေးမှုက အားပေးမြှင့်တင်သော အပြုအမူကောင်းကိုသာ အသက်တာတွင် သရုပ်ထင်စေကြသည်။ ဤသို့သော အပြုအမူသည် အပြင်ပန်းမှကြည့်လျှင် သမားရိုးကျအဖြစ် မြင်ရသော်လည်း အားလုံးက သူတော်ကောင်း ဟန်ဆောင်ခြင်းဖြစ်သည်။ အခြားသူများကို လိမ်လည်၍ အထင်အမြင်မှားစေသော အပြုအမူ၊ လူတို့ကို အယုံသွင်းပြီး လိမ်လည်သော အပြုအမူဖြစ်သည်။ ရိုးသားစစ်မှန်သော စကားတစ်ခွန်းမျှ မကြားရပေ။ သင်သည် ဤသို့သောသူတစ်ဦးနှင့် မိတ်ဆွေဖွဲ့လျှင် အဆုံး၌ အယုံသွင်းခံရပြီး လိမ်လည်ခံရဖို့ သေချာသည်။ ၎င်းတို့၏ ကောင်းသော အပြုအမူမှ ရရှိသည့် မည်သည့်အရာကမျှ သင့်ကို တည်ဆောက်ပေးမည် မဟုတ်ပေ။ ယင်းက သင့်ကို သင်ပေးရန်ရှိသမျှမှာ မုသားနှင့် လိမ်လည်မှုသာဖြစ်သည်။ သင်က ၎င်းတို့ကို လိမ်လည်ပြီး ၎င်းတို့က သင့်ကို လိမ်လည်သည်။ အဆုံးတွင် သင်ခံစားရမည့်အရာသည် သင်၏ တည်ကြည်မှုနှင့် ဂုဏ်သိက္ခာတို့ အလွန်အမင်း ဆုတ်ယုတ်ခြင်းဖြစ်ပြီး သင့်အနေဖြင့် တောင့်ခံဖို့သာ ရှိလိမ့်မည်။ သင်သည် အခြားသူများနှင့် အငြင်းပွားခြင်း၊ သို့မဟုတ် အခြားသူများထံမှ အလွန်အမင်း တောင်းဆိုခြင်းမရှိဘဲ ရည်မွန်ခြင်းရှိ၍ အသိပညာကြွယ်ဝပြီး အသိတရားရှိသော ပုံစံဖြင့် သင့်ကိုယ်သင် ပြရုပ်တင်ရဦးမည် ဖြစ်သည်။ သင်သည် တောက်ပသော အပြုံးကို ဆင်ယင်၍ အေးဆေးတည်ငြိမ်မှုနှင့် အမြင်ကျယ်သော သဘောထားကြီးမှုတို့ ရှိသယောင်ဟန်ဆောင်လျက် စိတ်ရှည်ကာ သည်းခံရဦးမည် ဖြစ်သည်။ ဤသို့သော အခြေအနေကို ရရှိရန်အတွက် နှစ်ပေါင်းမည်မျှကြာအောင် အားထုတ်လိုက်ရမည့်ဖြစ်ခြင်း။ သင်က အခြားသူများရှေ့တွင် ဤသို့ရှင်သန်နေထိုင်ရန် သင့်ကိုယ်သင် တောင်းဆိုလျှင် သင်၏ အသက်တာသည် သင့်ကို ခြေကုန်လက်ပန်းကျစေမည် မဟုတ်သလော။ သင်သည် မိမိတွင် များစွာသော ချစ်ခြင်းမေတ္တာ မရှိသည်ကို ကောင်းစွာသိလျက်ဖြင့် ရှိဟန်ဆောင်ရခြင်းဖြစ်သည့် ထိုသို့သော သူတော်ကောင်း ဟန်ဆောင်မှုသည် လွယ်ကူသောအရာ မဟုတ်ပေ။ လူတစ်ယောက်အနေဖြင့် သင့်ကိုယ်သင် ဤသို့ကျင့်ကြံပြုမူခြင်းဖြင့် သင်သည် ခြေကုန်လက်ပန်းကျခြင်းကို အစဉ်သဖြင့် တိုး၍ အလွန်အမင်း ခံစားလာရလိမ့်မည်။ သင်သည် သင်၏ နောက်ဘဝတွင် လူသားအဖြစ်ထက် နွား၊ သို့မဟုတ် မြင်း၊ ဝက်၊ သို့မဟုတ် ခွေးတစ်ကောင်အဖြစ်သာ မွေးဖွားလိုလိမ့်မည်။ သင်သည် ထိုအရာများကို အလွန်ပင် ဟန်ဆောင်ပြီး ဆိုးယုတ်သည်ဟု မြင်လိမ့်မည်။ လူသည် အဘယ်ကြောင့် မိမိကိုယ်ကို ဤသို့ ခြေကုန်လက်ပန်းကျစေသည့် ပုံစံဖြင့် အသက်ရှင်သနည်း။ အဘယ်ကြောင့်ဆိုသော် သူသည် ရိုးရာအယူအဆများထဲတွင် အသက်ရှင်သောကြောင့်ဖြစ်သည်။ ထိုအယူအဆများသည် သူ့ကို ချုပ်ချယ်ပြီး ချည်နှောင်လေသည်။ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အမှီပြုပြီး သူသည် အပြစ်ထဲတွင် အသက်ရှင်သည်။ ထိုအပြစ်မှ ရုန်းထွက်လွတ်မြောက်ရန် သူမကြိုးစားနိုင်ပေ။ သူ၌ လွတ်လမ်းမရှိပေ။ သူအသက်ရှင်နေထိုင်သည့် အရာသည် စစ်မှန်သော လူသားတစ်ဦး၏ ပုံသဏ္ဌာန်မဟုတ်ပေ။ လူတို့ကြားတွင် အခြေခံ ရိုးသားစစ်မှန်သည့် စကားတစ်လုံးကိုမျှ မကြားရနိုင်၊ သို့မဟုတ် မရရှိနိုင်သည်မှာ ခင်ပွန်းနှင့် ဇနီး၊ မိခင်နှင့် သမီး၊ ဖခင်နှင့် သား၊ တစ်ယောက်နှင့်တစ်ယောက် အကျွမ်းဝင်ဆုံး ဖြစ်နေသူများကြားတွင်ပင် ဤသို့ဖြစ်သည်။ ရင်းနှီးသည့် စကားလုံးတစ်လုံးကိုမျှ မကြားရပေ။ နွေးထွေးသော စကား၊ သို့မဟုတ် အခြားသူများ စိတ်သက်သာမှု ရရှိနိုင်သည့် စကားတစ်လုံးကိုမျှ မကြားရပေ။ ဤသို့ဖြစ်နေရာ ဤအပြင်ပန်း အပြုအမူကောင်းများက မည်သည့်အသုံးဝင်မှုကို ပေးသနည်း။ လူတို့ကြားရှိ သာမန်ကင်းကွာမှုနှင့် သာမန်ဆက်ဆံရေးများကို ထိန်းသိမ်းရန် ယာယီပြုလုပ်ပေးသည်။ သို့တိုင်အောင် ဤအပြုအမူကောင်းများ နောက်ကွယ်တွင် မည်သူကမျှ အခြားမည်သူနှင့်မဆို အလေးအနက် မထိတွေ့ရဲပေ။ ထိုအဖြစ်ကို လူသားမျိုးနွယ်သည် အဆုံးတွင် “ကင်းကွာခြင်းက လှပခြင်းကို ဖြစ်စေသည်” ဆိုသည့် စကားဖြင့် အနှစ်ချုပ်ရသည်။ ဤသည်မှာ လူသားမျိုးနွယ်၏ သဘာဝစစ်စစ်ကို ဖွင့်ပြသည်မဟုတ်လော။ ကင်းကွာခြင်းက လှပခြင်းကို မည်သို့ဖြစ်စေနိုင်မည်နည်း။ ဤသို့သော ဘဝ၏ ဟန်ဆောင်ပြီး ဆိုးယုတ်သော လက်တွေ့အရှိတရားတွင် လူသည် ရှေ့ဆက်ရန် လမ်းကြောင်းမရှိဘဲ အစဉ်တိုးပွားလာသော အထီးကျန်ခြင်း၊ ထီးတည်းနေခြင်း၊ စိတ်ဓာတ်ကျခြင်း၊ မခံမရပ်နိုင်ဖြစ်ခြင်း၊ မရောင့်ရဲခြင်းတို့တွင် အသက်ရှင်သည်။ ဤသည်မှာ ဘာသာတရား မရှိသူများ၏ အခြေအနေမှန်ဖြစ်သည်။ သို့ရာတွင် သင်ကမူ ယနေ့တွင် ဘုရားသခင်ကို ယုံကြည်သည်။ သင်သည် ဘုရားအိမ်တော်ထဲသို့ လာပြီး ဘုရားနှုတ်ကပတ်တော်များ၏ ပံ့ပိုးထောက်မမှုကို လက်ခံထားသည်။ တရားဒေသနာများကိုလည်း မကြာခဏ နားထောင်သည်။ သို့သော် သင်၏ စိတ်နှလုံးတွင်မူကား ရိုးရာယဉ်ကျေးမှုက အားပေးမြှင့်တင်သည့် အပြုအမူကောင်းများကို နှစ်သက်နေဆဲဖြစ်သည်။ ဤသည်မှာ တစ်စုံတစ်ခုကို သက်သေပြ၏။ သင်သည် သမ္မာတရားကို နားမလည်သကဲ့သို့ စစ်မှန်မှုလည်း မရှိကြောင်းပင်။ ယခု သင်၏ဘဝတွင် သင်သည် အဘယ်ကြောင့် အလွန် စိတ်ဓာတ်ကျခြင်း၊ အလွန် အထီးကျန်ခြင်း၊ အလွန် သနားဖွယ်ဖြစ်ခြင်း၊ မိမိကိုယ်ကို အလွန် သိမ်ငယ်စေခြင်းတို့ ရှိနေဆဲဖြစ်သနည်း။ ဤအရာအတွက် တစ်ခုတည်းသော အကြောင်းပြချက်မှာ သင်သည် သမ္မာတရားကို လက်မခံဘဲ လုံးဝ မပြောင်းလဲခြင်းပင် ဖြစ်သည်။ တစ်နည်းအားဖြင့် သမ္မာတရားကို စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး ဘုရားနှုတ်ကပတ်တော်များနှင့်အညီ လူများနှင့် အမှုအရာများကို ရှုမြင်ကာ ကျင့်ကြံပြုမူပြီး လုပ်ဆောင်ခြင်း သင့်တွင် မရှိပေ။ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ရိုးရာအယူအဆများကို အမှီပြုပြီး အသက်ရှင်နေဆဲ ဖြစ်သည်။ ထို့ကြောင့် သင်၏ ဘဝက ယခုအထိ အလွန်အထီးကျန်နေခြင်း ဖြစ်သည်။ သင့်တွင် မိတ်ဆွေမရှိ၊ ရင်ဖွင့်ရမည့်သူ မရှိပေ။ သင်သည် သင်ရရှိသင့်သော အားပေးခြင်း၊ သို့မဟုတ် လမ်းပြခြင်း၊ သို့မဟုတ် အကူအညီ၊ သို့မဟုတ် တည်ဆောက်စရာဖြစ်စေခြင်းတို့ကို အခြားသူများထံမှ မရရှိနိုင်သကဲ့သို့ အခြားသူများကိုလည်း အားပေးခြင်း၊ သို့မဟုတ် လမ်းပြခြင်း၊ သို့မဟုတ် အကူအညီတို့ကို သင်မပေးနိုင်ပေ။ အနည်းဆုံးသော အပြုအမူများဖြစ်သည့် ဤအရာများတွင်ပင် သင်သည် ဘုရားနှုတ်ကပတ်တော်များကို သင်၏ အခြေပြုချက်အဖြစ်၊ သမ္မာတရားကို သင်၏ စံသတ်မှတ်ချက်အဖြစ် မမှတ်ယူပေ။ ထို့ကြောင့် လူများနှင့် အမှုအရာများအပေါ် သင်၏ ရှုမြင်ပုံများ၊ သို့မဟုတ် သင်၏ ကျင့်ကြံပြုမူမှုနှင့် လုပ်ဆောင်မှုတို့ကို ထုတ်ပြောဖို့ ပို၍ပင် မလိုအပ်ပေ။ ယင်းတို့သည် သမ္မာတရားနှင့်လည်းကောင်း၊ ဘုရားနှုတ်ကပတ်တော်များနှင့်လည်းကောင်း မိုင်ထောင်ချီ၍ ဝေးကွာနေလေသည်။
လူ၏ အပြုအမူနှင့်ပတ်သက်ပြီး ဘုရားသခင်တွင် မည်သည့်တောင်းဆိုချက်များရှိသည်ကို ငါတို့ ယခုတင် မိတ်သဟာယပြုခဲ့သည်။ လူ၏ ပြောစကားနှင့် လုပ်ရပ်များသည် စည်းမျဉ်းနှင့်ညီပြီး အခြားသူများအတွက် တည်ဆောက်စရာ ဖြစ်စေဖို့ ဘုရားသခင်က တောင်းဆိုသည်။ သို့ဖြစ်လေရာ ထိုအရာကို အခြေခံလျှင် လူတို့က စိတ်ကူးရသည့် ဤအပြုအမူကောင်းများ၌ တန်ဖိုးတစ်ခုခုရှိမရှိ၊ ယင်းတို့ကို တန်ဖိုးထားထိုက်ခြင်းရှိမရှိကို ယခုအခါ လူတိုင်းသိကြသလော။ (မသိကြပါ။) ဤသို့ဆိုပါက ယင်းတို့ကို တန်ဖိုးထားရန် ထိုက်တန်ကြောင်း သင်တို့မယုံကြည်သည်ကို ထောက်လျှင် မည်သည့်အရာကို သင်တို့ လုပ်ဆောင်သင့်သနည်း။ (ယင်းတို့ကို စွန့်လွှတ်သင့်ပါသည်။) ယင်းတို့ကို မည်သို့စွန့်လွှတ်ရသနည်း။ ယင်းတို့ကို စွန့်လွှတ်ဖို့ဆိုလျှင် အကြင်သူ၌ တိကျသော လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းနှင့် အဆင့်များရှိရမည်။ ရှေးဦးစွာ မိမိတွင် ရိုးရာယဉ်ကျေးမှုက အားပေးမြှင့်တင်သည့် အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်း၊ နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးမှုရှိခြင်းတို့ဖြစ်သော အပြုအမူဆိုင်ရာ ပြသမှုများရှိမရှိကို ဆန်းစစ်ရမည်။ ဤသို့သော ဆန်းစစ်မှုက မည်သည့်ပုံစံရှိသနည်း။ ထိုဆန်းစစ်မှုတွင် မည်သည့်အကြောင်းအရာများ ပါဝင်သနည်း။ ယင်းတို့မှာ လူများနှင့် အမှုအရာများအပေါ် သင်၏ ရှုမြင်မှုများအတွက်သာမက သင်၏ ကျင့်ကြံပြုမူမှုနှင့် လုပ်ဆောင်မှုအတွက် အခြေပြုချက်သည် မည်သည့်အရာဖြစ်ကြောင်းကို တွေ့မြင်ရန်၊ စာတန်နှင့်သက်ဆိုင်သော မည်သည့်အရာများက သင်၏ စိတ်နှလုံးအတွင်းထဲတွင် အမြစ်တွယ်နေပြီး သင်၏ အသွေးအသားနှင့် အရိုးထဲတွင် နစ်ဝင်နေကြောင်းကို တွေ့မြင်ရန် သင့်ကိုယ်သင် ကြည့်ရှုခြင်းဖြစ်သည်။ ဥပမာ ကလေးဘဝကတည်းက တယုတယထားခံရပြီး မိမိကိုယ်ကို စည်းကမ်းရှိစွာ နေထိုင်ခြင်းနှင့်ပတ်သက်၍ များများစားစား မသိသော်လည်း သူ၏ လူ့သဘာဝက မဆိုးသောသူတစ်ယောက် ရှိသည်ဆိုပါစို့။ ထိုသူသည် အမှန်တကယ် ယုံကြည်သူတစ်ယောက်ဖြစ်ပြီး ရိုးသားစစ်မှန်စွာ ဘုရားသခင်ကို ယုံကြည်ကာ တာဝန်ကို ထမ်းဆောင်သည်။ ပြီးလျှင် ဒုက္ခခံပြီး အဖိုးအခလည်း ပေးဆပ်နိုင်သည်။ ထိုသူတွင် တစ်ခုသာ မှားယွင်းနေ၏။ အစာစားသောအခါတွင် တို့ကနန်းဆိတ်ကနန်း စားပြီး ပါးစပ်မှ အသံမြည်တတ်ခြင်းပင်။ ထိုအသံကို ကြားရလျှင် သင်သည် အလွန်စိတ်အနှောင့်အယှက်ဖြစ်ပြီး သင်၏ အစားအစာကို မျိုမကျ။ သင်သည် ဤသို့သော လူများကို အထူးပင် ရွံမုန်းလေ့ရှိခဲ့၏။ ၎င်းတို့သည် ကောင်းသော သွန်သင်ပျိုးထောင်ပေးခြင်းကို မခံခဲ့ရဟုလည်းကောင်း၊ မိမိကိုယ်ကို စည်းကမ်းနှင့် မည်သို့နေထိုင်ရမည်ကို မသိဟုလည်းကောင်း၊ အသိပညာကြွယ်ဝခြင်း၊ သို့မဟုတ် အသိတရားရှိခြင်း မရှိဟုလည်းကောင်း သင်ထင်သည်။ သင်၏ စိတ်နှလုံးတွင် ၎င်းတို့ကို စက်ဆုပ်ရွံရှာပြီး ဤသို့သောသူများသည် ယုတ်ညံ့၍ သိက္ခာမဲ့ကြောင်း၊ ဘုရားသခင်က ချစ်သောသူများဖြစ်ဖို့ မဆိုထားနှင့်၊ ဘုရားသခင်က ရွေးချယ်သော သူများပင်ဖြစ်ဖို့ လုံးဝ မဖြစ်နိုင်ကြောင်း သင်ယုံကြည်သည်ဆိုပါစို့။ ဤသို့ ယုံကြည်ခြင်းအတွက် သင်၏ အခြေပြုချက်မှာ အဘယ်နည်း။ ၎င်းတို့၏ အနှစ်သာရကို သင်ထိုးထွင်းမြင်ပြီးသလော။ ၎င်းတို့၏ အနှစ်သာရကို အခြေခံပြီး ၎င်းတို့ကို သင်အကဲဖြတ်ခြင်း ဖြစ်သလော။ သင့်အကဲဖြတ်မှု၏ အခြေပြုချက်မှာ အဘယ်နည်း။ သိသာစွာပင် သင်သည် တရုတ်ရိုးရာယဉ်ကျေးမှု၏ အဆိုအမိန့်အမျိုးမျိုးအပေါ် အခြေခံပြီး လူတို့ကို အကဲဖြတ်နေခြင်းဖြစ်သည်။ ဤသို့ဆိုလျှင် သင်သည် ဤပြဿနာအကြောင်း သိလာသောအခါ ယနေ့ ငါတို့ မိတ်သဟာယပြုခဲ့သည့် သမ္မာတရားများအပေါ် အခြေခံ၍ မည်သည့်အရာကို စဉ်းစားသင့်သနည်း။ “အလို၊ ငါသည် ၎င်းတို့ကို အထင်သေးလေ့ရှိခဲ့သည်။ ၎င်းတို့၏ မိတ်သဟာယကို ငါမည်သည့်အခါမျှ လိုလားစွာ နားထောင်ခြင်းမရှိ။ ၎င်းတို့က တစ်စုံတစ်ခုကို ပြောသည့်အခါတိုင်း သို့မဟုတ် လုပ်ဆောင်သည့်အခါတိုင်း ၎င်းတို့ လုပ်ဆောင်သည်မှာ မည်မျှမှန်ကန်ပါစေ၊ ၎င်းတို့၏ မိတ်သဟာယဖွဲ့သည့် စကားများက မည်မျှလက်တွေ့ကျပါစေ အစာစားချိန်တွင် ၎င်းတို့၏ ပါးစပ်က အသံမြည်ပြီး တို့ကနန်းဆိတ်ကနန်းဖြင့် ၎င်းတို့ဖွနေသည်ကို တွေးမိသည်နှင့်တစ်ပြိုင်နက် ငါသည် ၎င်းတို့စကားပြောသည်ကို မကြားချင်ဘဲ ဖြစ်သွား၏။ ၎င်းတို့ကို အစွမ်းအစမရှိသည့် ကောင်းစွာ ပြုစုပျိုးထောင်ခြင်း မခံခဲ့ရသောသူများအဖြစ် ငါအစဉ် မြင်ခဲ့မိသည်။ ယခုတွင် ဘုရားသခင်၏ ဤမိတ်သဟာယပြုချက်မှတစ်ဆင့် လူတို့အပေါ် ငါ၏ ရှုမြင်မှုများသည် ဘုရားနှုတ်ကပတ်တော်များအပေါ် အခြေမခံကြောင်းကို ငါမြင်ရသည်။ ထိုအစား ငါသည် လူတို့၏ ဘဝတွင်ရှိသည့် မကောင်းသော အလေ့အကျင့်များနှင့် အပြုအမူများ၊ အထူးသဖြင့် ကောင်းစွာ သွန်သင်ပျိုးထောင်ပေးခြင်း မခံခဲ့ရသော၊ သို့မဟုတ် သင့်တင့်လျောက်ပတ်ခြင်း မရှိသော ထိုနေရာများကို ၎င်းတို့လူ့သဘာဝ အနှစ်သာရ၏ ပွင့်အံထုတ်ပြခြင်းများ ဖြစ်သည့်အလား မှတ်ယူသည်။ ယခုအခါ ဘုရားနှုတ်ကပတ်တော်များကို အခြေခံပြီး အကဲဖြတ်သောအခါတွင် ထိုအရာများအားလုံးသည် ၎င်းတို့လူ့သဘာဝ အနှစ်သာရနှင့် မပတ်သက်သည့် သေးငယ်သော အမှားများဖြစ်နေ၏။ ထိုအရာများသည် စည်းမျဉ်းနှင့်ဆိုင်သည့် ပြဿနာများ လုံးဝ မဟုတ်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ မိမိကိုယ်ကို ဆန်းစစ်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားနှုတ်ကပတ်တော်များကို လက်ခံနိုင်ပြီး သမ္မာတရားကို နားလည်နိုင်သောသူတို့သည် ဤအရာများကို ရှင်းလင်းစွာ မြင်နိုင်သည်။ ဤသို့ဆိုလျှင် ထိုနေရာမှနေ၍ မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ လမ်းကြောင်းတစ်ခု ရှိသလော။ ဤမကောင်းသော အလေ့အကျင့်များကို ချက်ချင်း စွန့်ပစ်ဖို့ ၎င်းတို့ကို သင်တောင်းဆိုလျှင် အလုပ်ဖြစ်မည်လော။ (မဖြစ်ပါ။) ဤသို့သေးငယ်သော ချွတ်ယွင်းချက်များသည် အရိုးစွဲနေပြီး ပြောင်းလဲရန် ခက်ခဲသည်။ ထိုအရာများသည် တစ်ရက်၊ နှစ်ရက်အတွင်း ပြောင်းလဲနိုင်သော အရာများမဟုတ်ပေ။ အပြုအမူဆိုင်ရာ ပြဿနာများသည် ဖြေရှင်းရန် သိပ်မခက်လှ။ သို့သော် မိမိ၏ ဘဝအလေ့အကျင့်များရှိ ချွတ်ယွင်းချက်များနှင့် ပတ်သက်လာလျှင်မူ ထိုအလေ့အကျင့်များကို ဖယ်ရှားရန် အချိန်တချို့ လိုအပ်သည်။ သို့သော် ထိုအရာများသည် လူတစ်ယောက်၏ လူ့သဘာဝ၊ သို့မဟုတ် သူ၏ လူ့သဘာဝ အနှစ်သာရ၏ အရည်အသွေးနှင့် မပတ်သက်ပေ။ ထို့ကြောင့် ထိုအရာများကို အလွန်အမင်း အလေးအနက်မထားနှင့်၊ သို့မဟုတ် လက်လွှတ်ရန် ငြင်းဆန်ခြင်း မပြုနှင့်။ လူတိုင်းသည် ဘဝ၌ ၎င်းတို့၏ ကိုယ်ပိုင်အလေ့အကျင့်များနှင့် လုပ်နည်းကိုင်နည်းများ ရှိကြသည်။ မည်သူမျှ လေဟာနယ်ထဲမှ မွေးဖွားလာခြင်း မဟုတ်ပေ။ လူတိုင်းတွင် ချွတ်ယွင်းချက် အနည်းငယ်ရှိ၏။ ထိုချွတ်ယွင်းချက်များက မည်သည့်အရာများဖြစ်နေပါစေ အခြားသူများကို ထိခိုက်နေလျှင် မှန်အောင် ပြုပြင်ရမည်။ ဤသည်မှာ သင့်မြတ်သော ဆက်ဆံရေးများကို ရရှိရန် နည်းလမ်းဖြစ်သည်။ သို့ရာတွင် နေရာတိုင်း၌ စံပြဖြစ်ရန် မဖြစ်နိုင်ပေ။ လူတို့သည် မတူညီသော နေရာများမှ လာကြသည်။ ပြီးလျှင် ဘဝတွင်ရှိသော ၎င်းတို့၏ အလေ့အကျင့်များအားလုံးက ကွဲပြားသည်။ ထို့ကြောင့် ၎င်းတို့သည် အချင်းချင်း သည်းခံရပေမည်။ ဤသည်မှာ သာမန်လူ့သဘာဝက ပိုင်ဆိုင်သင့်သည့်အရာတစ်ခု ဖြစ်သည်။ အသေးအဖွဲ ပြဿနာများကို အလေးအနက်မထားနှင့်။ သည်းခံခြင်းကို ကျင့်သုံးလော့။ ဤသည်မှာ အခြားသူများကို ဆက်ဆံရန် အသင့်လျော်ဆုံး နည်းလမ်းဖြစ်သည်။ ဤသည်မှာ သည်းခံခြင်း စည်းမျဉ်းဖြစ်သည်။ ဤသို့သော အမှုကိစ္စများကို ကိုင်တွယ်သည့် စည်းမျဉ်းနှင့် နည်းလမ်းဖြစ်သည်။ လူတို့၏ သေးငယ်သော ချွတ်ယွင်းချက်များကို အခြေခံပြီး ၎င်းတို့၏ အနှစ်သာရနှင့် လူ့သဘာဝကို စိစစ်ဆုံးဖြတ်ဖို့ မကြိုးစားနှင့်။ ထိုအခြေပြုချက်သည် စည်းမျဉ်းများနှင့် လုံးဝမညီပေ။ အဘယ်ကြောင့်ဆိုသော် လူတစ်ယောက်၌ မည်သည့်ချွတ်ယွင်းချက်၊ သို့မဟုတ် အားနည်းချက်များ ရှိနေနိုင်ပါစေ ယင်းတို့သည် ထိုသူ၏ အနှစ်သာရနှင့် မသက်ဆိုင်သကဲ့သို့ ထိုသူက သမ္မာတရားကို လိုက်စားသူမဟုတ်ဟု ဆိုလိုရန် မဆိုထားနှင့်၊ ထိုသူသည် ဘုရားသခင်အား စစ်မှန်စွာ ယုံကြည်သူတစ်ယောက် မဟုတ်ဟုပင် မဆိုလိုပေ။ ငါတို့သည် လူတို့၏ အားသာချက်များကို ကြည့်ရမည်ဖြစ်ပြီး လူတို့အပေါ် ငါတို့၏ ရှုမြင်မှုများကို ဘုရားနှုတ်ကပတ်တော်များနှင့် လူအတွက် သူ၏ သတ်မှတ်ချက်များအပေါ် အခြေခံရမည်။ ဤသည်မှာ လူတို့ကို မျှတစွာ ဆက်ဆံသည့် နည်းလမ်းဖြစ်သည်။ သမ္မာတရားကို လိုက်စားသူတစ်ယောက်သည် လူတို့ကို မည်သို့ရှုမြင်သင့်သနည်း။ လူများနှင့် အမှုအရာများကို ၎င်းတို့၏ ရှုမြင်မှုများ၊ ၎င်းတို့၏ ကျင့်ကြံပြုမူမှုနှင့် လုပ်ဆောင်မှုများ အားလုံးသည် ဘုရားနှုတ်ကပတ်တော်များနှင့် ကိုက်ညီရမည်ဖြစ်ကာ သမ္မာတရားကို ၎င်းတို့၏ စံသတ်မှတ်ချက်အဖြစ် ထားရှိရမည်။ ဤသို့ဆိုလျှင် လူတစ်ယောက်ချင်းစီတိုင်းကို ဘုရားနှုတ်ကပတ်တော်များနှင့်အညီ မည်သို့မှတ်ယူရသနည်း။ ၎င်းတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်ခြင်းရှိမရှိကိုလည်းကောင်း၊ ကောင်းသောသူ ဖြစ်သလော၊ သို့မဟုတ် ဆိုးသောသူ ဖြစ်သလော ဆိုသည်ကိုလည်းကောင်း ကြည့်ရှုလော့။ ၎င်းတို့နှင့် သင်ထိတွေ့ဆက်ဆံရာတွင် ၎င်းတို့သည် အများနည်းတူ ချွတ်ယွင်းချက်များနှင့် အားနည်းချက်များ အနည်းအကျဉ်း ရှိသော်လည်း ၎င်းတို့၏ လူ့သဘာဝကမူ အလွန်ကောင်းသည်ကို သင်တွေ့မြင်ရနိုင်သည်။ ၎င်းတို့သည် လူတို့နှင့် ဆက်ဆံရာတွင် စိတ်ရှည်သည်းခံသည်။ ပြီးလျှင် တစ်စုံတစ်ယောက်က အပျက်သဘောဆောင်ပြီး အားနည်းသောအခါ ၎င်းတို့သည် ထိုသူ့အပေါ် ချစ်ခင်ပြီး ထိုသူကို ပံ့ပိုးကာ ကူညီနိုင်ကြသည်။ ဤသည်မှာ အခြားသူများအပေါ် ၎င်းတို့၏ သဘောထားဖြစ်သည်။ ဤသို့ဆိုလျှင် ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားတွင် ၎င်းတို့သည် လူ့သဘာဝရှိမရှိကို ပို၍ပင် အကဲဖြတ်နိုင်သည်။ ဘုရားသခင် လုပ်ဆောင်သမျှတွင် ၎င်းတို့သည် ကျိုးနွံနာခံခြင်းနှင့် ရှာဖွေခြင်းအပြင် တောင့်တခြင်းတို့ ရှိနေခြင်းမျိုး ဖြစ်နိုင်သည်။ ထို့ပြင် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ပြီး အခြားသူများနှင့် ဆက်ဆံချိန် တစ်လျှောက်လုံးတွင် ၎င်းတို့ပြုမူဆောင်ရွက်သောအခါ ၎င်းတို့၌ ဘုရားသခင်အား ကြောက်ရွံ့သော စိတ်နှလုံးတစ်ခု ရှိနေခြင်းမျိုး ဖြစ်နိုင်သည်။ ၎င်းတို့သည် မိုက်ရူးရဲဆန်ခြင်း၊ မဖွယ်မရာ ပြုမူဆောင်ရွက်ခြင်း မဟုတ်ပေ။ ပြီးလျှင် ၎င်းတို့သည် မည်သည့်အရာကိုမဆို လုပ်ဆောင်ခြင်း၊ မည်သည့်အရာကိုမဆို ပြောခြင်းမဟုတ်ပေ။ ဘုရားသခင်၊ သို့မဟုတ် သူ၏အမှုတော်နှင့် သက်ဆိုင်သောအရာတစ်ခု ဖြစ်ပျက်သောအခါ ၎င်းတို့သည် အလွန်သတိထား၏။ ၎င်းတို့တွင် ဤသို့သော ပြသမှုများရှိကြောင်း သင်သေချာသွားသည့်အခါ ၎င်းတို့၏ လူ့သဘာဝမှ ပွင့်အံထုတ်ပြသည့်အရာများကို အခြေခံပြီး ထိုသူသည် ကောင်းသလော၊ သို့မဟုတ် ဆိုးသလောဆိုသည်ကို သင်မည်သို့အကဲဖြတ်ရမည်နည်း။ ဘုရားနှုတ်ကပတ်တော်များကို အခြေခံပြီး အကဲဖြတ်လော့။ ၎င်းတို့၌ အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိမရှိအပြင် သမ္မာတရားအပေါ်နှင့် ဘုရားသခင်အပေါ် ၎င်းတို့ထားသည့် သဘောထားကို အခြေခံပြီး အကဲဖြတ်လော့။ ဤကဏ္ဍနှစ်ရပ်တွင် ၎င်းတို့ကို အကဲဖြတ်ခြင်းအားဖြင့် သင်သိမြင်ရမည်မှာ ၎င်းတို့၏ အပြုအမူတွင် ပြဿနာနှင့် ချွတ်ယွင်းချက်အနည်းငယ် ရှိသည့်တိုင် ၎င်းတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသည့်သူ၊ ဘုရားသခင်အပေါ် ကျိုးနွံနာခံပြီး ကြောက်ရွံ့သော စိတ်နှလုံးရှိသည့်သူ၊ သမ္မာတရားအပေါ် ချစ်ပြီး လက်ခံသော သဘောထားရှိသည့်သူ ဖြစ်နိုင်သေးကြောင်းပင် ဖြစ်သည်။ ဤသို့ဆိုလျှင် ဘုရားသခင်၏ အမြင်၌ ၎င်းတို့သည် ကယ်တင်ခြင်းခံရနိုင်သူများ၊ ဘုရားသခင်ချစ်သောသူများ ဖြစ်သည်။ ဘုရားသခင်၏ အမြင်တွင် ၎င်းတို့သည် ကယ်တင်ခြင်းခံရနိုင်သည့်၊ ဘုရားသခင်ချစ်သည့်သူများ ဖြစ်သည်ကိုထောက်လျှင် သင့်အနေဖြင့် ၎င်းတို့ကို မည်သို့ဆက်ဆံသင့်သနည်း။ သင်သည် လူများနှင့် အမှုအရာများကို ဘုရားနှုတ်ကပတ်တော်များနှင့်အညီ ရှုမြင်ပြီး ဘုရားနှုတ်ကပတ်တော်များနှင့်အညီ အကဲဖြတ်ရမည်။ ၎င်းတို့သည် စစ်မှန်သော ညီအစ်ကို သို့မဟုတ် မောင်နှမများဖြစ်၍ သင်သည် မလိုမုန်းထားစိတ်မရှိဘဲ ၎င်းတို့ကို မှန်ကန်စွာ ဆက်ဆံသင့်၏။ ၎င်းတို့ကို တစ်ဖက်စောင်း အမြင်များဖြင့် မကြည့်နှင့်၊ သို့မဟုတ် ရိုးရာယဉ်ကျေးမှု၏ အဆိုအမိန့်များနှင့်အညီ အကဲမဖြတ်နှင့်။ ထိုအစား ဘုရားနှုတ်ကပတ်တော်များနှင့် အကဲဖြတ်လော့။ ပြီးလျှင် ၎င်းတို့၏ အပြုအမူဆိုင်ရာ ချွတ်ယွင်းချက်များနှင့် ပတ်သက်၍မူ သင်သည် စိတ်နှလုံး ကြင်နာမှုရှိလျှင် ၎င်းတို့ကို ကူညီသင့်သည်။ သင့်တင့်လျောက်ပတ်စွာ မည်သို့ပြုမူဆောင်ရွက်ရမည်ကို ၎င်းတို့အား အသိပေးလော့။ ၎င်းတို့သည် ယင်းကို လက်ခံနိုင်သော်လည်း ၎င်းတို့၏ အပြုအမူဆိုင်ရာ ချွတ်ယွင်းချက်များကို ချက်ချင်း လွှတ်မချနိုင်လျှင် မည်သည့်အရာကို သင်လုပ်ဆောင်ရမည်နည်း။ သင်သည် သည်းခံခြင်းကို ပြန်လည်ကျင့်သုံးသင့်သည်။ သင်သည် သည်းမခံလျှင် စိတ်နှလုံး ကြင်နာမှုမရှိဟု ဆိုလိုနေ၍ ၎င်းတို့အပေါ် သင်၏ သဘောထားတွင် သမ္မာတရားကို ရှာဖွေသင့်သည်။ သင်၏ ကိုယ်ပိုင်အားနည်းချက်များကို ဆင်ခြင်သုံးသပ်ပြီး သိမြင်သင့်သည်။ ဤသည်မှာ လူတို့ကို မှန်ကန်စွာ ဆက်ဆံနိုင်သည့် နည်းလမ်းဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့် သင်က “ထိုသူသည် ချွတ်ယွင်းချက်များစွာ ရှိနေသည်။ သူသည် ကောင်းစွာ ပြုစုပျိုးထောင်ပေးခြင်း မခံထားရ။ မိမိကိုယ်ကို စည်းကမ်းရှိအောင် မည်သို့လုပ်ဆောင်ရမည်ကို သူမသိ။ အခြားသူများကို လေးစားခြင်းနှင့်ပတ်သက်ပြီး သူမသိ။ သူ၏ ပြုမူပြောဆိုပုံကို သူမသိပေ။ သို့ဖြစ်လေရာ သူသည် ဘာသာတရား မရှိသူတစ်ယောက်ပင် ဖြစ်၏။ ငါသည် သူနှင့် မပေါင်းသင်းလို။ သူ့ကို ငါမတွေ့လို။ သူသည် မည်သည့်အရာကို ပြောဖို့ရှိသည်ဖြစ်စေ၊ ထိုအရာများက မည်မျှမှန်ကန်နေပါစေ ငါမကြားလို။ သူသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး ကျိုးနွံနာခံကြောင်းကို မည်သူက ယုံမည်နည်း။ သူသည် ဤသို့ လုပ်ဆောင်နိုင်သလော။ အစွမ်းအစရှိသလော” ဟု ပြောလျှင် ဤသည်မှာ မည်သည့်သဘောထား ဖြစ်သနည်း။ အခြားသူများကို ဤသို့ ဆက်ဆံခြင်းသည် ကြင်နာသော ကူညီခြင်းဖြစ်သလော။ သမ္မာတရား စည်းမျဉ်းများနှင့် ညီသလော။ အခြားသူများကို သင့်ဘက်မှ ဤသို့ ဆက်ဆံခြင်းသည် သမ္မာတရားကို နားလည်ခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သလော။ ချစ်ခင်ကြင်နာခြင်း ဖြစ်သလော။ သင်သည် စိတ်နှလုံးတွင် ဘုရားသခင်အား ကြောက်ရွံ့သလော။ ဘုရားသခင်အပေါ် အကြင်သူ၏ ယုံကြည်မှုတွင် အခြေခံ ကြင်နာခြင်းပင် ကင်းမဲ့နေပါက ဤသို့သောသူတွင် သမ္မာတရား စစ်မှန်မှု ရှိသလော။ သင်သည် သင်၏ အယူအဆများကို ဆက်လက်၍ ဖက်တွယ်ထားလျှင်၊ လူများနှင့် အမှုအရာများအပေါ် သင်၏ ရှုမြင်မှုများသည် သင်၏ ကိုယ်ပိုင်ခံစားချက်များ၊ ထင်မြင်ချက်များ၊ နှစ်သက်မှုများ၊ အယူအဆများအပေါ် အခြေခံလျက်ရှိနေလျှင် သင်သည် သမ္မာတရား တစ်စွန်းတစ်စကိုမျှ နားမလည်ဘဲ စာတန်ဆန်သော အတွေးအခေါ်များအပေါ် အမှီပြုပြီး အသက်ရှင်နေဆဲဖြစ်ကြောင်း လုံလောက်သော သက်သေဖြစ်သည်။ သင်သည် သမ္မာတရားကို ချစ်သူ၊ သို့မဟုတ် လိုက်စားသူ မဟုတ်ဆိုသည့် လုံလောက်သော သက်သေဖြစ်သည်။ လူတချို့သည် အလွန်ပင် မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်ကြသည်။ သင်သည် ၎င်းတို့ကို မည်သို့မိတ်သဟာယဖွဲ့ပေးပါစေ ၎င်းတို့က “ငါသည် လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်သည့် ရည်မွန်သောသူဖြစ်သည်။ ယင်းက အဘယ်အရေးနည်း။ အနည်းဆုံးအနေဖြင့် ငါသည် လူကောင်းတစ်ယောက်ဖြစ်သည်။ ငါကျင့်ကြံပြုမူသည့် ပုံစံတွင် မည်သည့်အရာက မကောင်းသနည်း။ အနည်းဆုံးအနေဖြင့် လူတိုင်းက ငါ့ကို လေးစားကြသည်ပင်” ဟူ၍ မိမိတို့ ကိုယ်ပိုင်အမြင်များကို ဖက်တွယ်ဆဲဖြစ်သည်။ သင်က လူကောင်းဖြစ်ခြင်းကို ငါမကန့်ကွက်။ သို့သော် သင်သည် သင်၏ လက်ရှိပုံစံအတိုင်း ဆက်လက်၍ ဟန်ဆောင်နေလျှင် သမ္မာတရားနှင့် အသက်ကို ရရှိနိုင်မည်လော။ သင်၏ လက်ရှိပုံစံအတိုင်း လူကောင်းတစ်ယောက်ဖြစ်ခြင်းသည် သင်၏ သမာဓိကို ချိုးဖောက်ခြင်း၊ သို့မဟုတ် သင်၏ ကျင့်ကြံပြုမူမှုဆိုင်ရာ ပန်းတိုင်နှင့် ဦးတည်ချက်ကို ဆန့်ကျင်ခြင်းတို့ မရှိကောင်းမရှိနိုင်သော်လည်း သင်နားလည်ရမည့် အရာတစ်ခုကား ရှိသည်။ ဤသို့ ဆက်လက်၍ လုပ်ဆောင်လျှင် သင်သည် သမ္မာတရားကို နားလည်နိုင်မည်မဟုတ်၊ သို့မဟုတ် သမ္မာတရား စစ်မှန်မှုအတွင်းသို့ ဝင်ရောက်နိုင်မည်မဟုတ်ပေ။ ဤသို့ဖြင့် အဆုံးတွင် သင်သည် သမ္မာတရား၊ သို့မဟုတ် အသက်၊ သို့မဟုတ် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိနိုင်မည်မဟုတ်ပေ။ ဤသည်မှာ တစ်ခုတည်းသော ဖြစ်နိုင်ခြေရှိသည့် ရလဒ်ဖြစ်သည်။
လူတို့၏ အယူအဆများတွင်ရှိသော အပြုအမူကောင်းများကို မည်သို့မှတ်ယူရမည်၊ သမ္မာတရားကို အကြင်သူတစ်ဦး လိုက်စားသည့် ထိုအပြုအမူကောင်းများကို မည်သို့ခွဲခြားဖော်ထုတ်ရမည် ဆိုသည်တို့နှင့် ပတ်သက်ပြီး ငါယခုတင် မိတ်သဟာယပြုခဲ့သည်။ သင်တို့တွင် ယခု လမ်းကြောင်းရှိသလော။ (ရှိပါသည်။) မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ (ရှေးဦးစွာ မိမိကိုယ်တိုင်တွင် ထိုအပြုအမူများ ရှိမရှိကို ဆင်ခြင်သုံးသပ်သင့်ပါသည်။ ထို့နောက် လူများနှင့် အမှုအရာများအပေါ် မိမိ၏ ရှုမြင်မှုများအတွက် ပုံမှန်အခြေပြုချက်များနှင့် စံသတ်မှတ်ချက်များက မည်သည့်အရာများဖြစ်သည်ကို ဆင်ခြင်သုံးသပ်သင့်ပါသည်။) မှန်သည်။ လူများနှင့် အမှုအရာများအပေါ် သင်၏ ယခင်က ရှုမြင်မှုများတွင်၊ သို့မဟုတ် သင်၏ ကျင့်ကြံပြုမူမှုနှင့် လုပ်ဆောင်မှုတွင် ငါယနေ့ မိတ်သဟာယပြုခဲ့သည့်အရာနှင့် ကွဲလွဲနေသည့်၊ သို့မဟုတ် ဆန့်ကျင်နေသည့် အရာတစ်ခုခုရှိမရှိကို ရှင်းလင်းစွာ မြင်တွေ့ခြင်းအားဖြင့် စတင်သင့်သည်။ လူများနှင့် အမှုအရာများကို သင်ရှုမြင်သောအခါ သင်ခံယူသည့် ရှုထောင့်နှင့် ရှုမြင်မှုအတွက် အခြေပြုချက်သည် မည်သည့်အရာ ဖြစ်သည်ကိုလည်းကောင်း၊ သင်၏ အခြေပြုချက်သည် ရိုးရာယဉ်ကျေးမှု၏ စံနှုန်းများ၊ သို့မဟုတ် ကြီးမြတ်ပြီး ကျော်ကြားသောသူတစ်ယောက်ယောက်၏ ဆိုရိုးစကားများ ဖြစ်နေသလော၊ သို့တည်းမဟုတ် ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရား ဖြစ်နေသလောဆိုသည်ကိုလည်းကောင်း ဆင်ခြင်သုံးသပ်လော့။ ထိုနေရာမှနေ၍ ရိုးရာယဉ်ကျေးမှု၏ အတွေးများ၊ အမြင်များနှင့် ကြီးမြတ်သော၊ ကျော်ကြားသောသူများ၏ အတွေးအမြင်များသည် သမ္မာတရားနှင့် ကိုက်ညီခြင်း ရှိမရှိကိုလည်းကောင်း၊ ၎င်းတို့သည် မည်သည့်နေရာတွင် သမ္မာတရားနှင့် ကွဲလွဲသည်ကိုလည်းကောင်း၊ အတိအကျ မည်သည့်နေရာတွင် မှားယွင်းသွားသည်ကိုလည်းကောင်း ဆက်လက်၍ ဆင်ခြင်သုံးသပ်လော့။ ဤအရာတို့သည် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်း၏ ဒုတိယအဆင့်ရှိ အသေးစိတ်အချက်များ ဖြစ်သည်။ ယခု တတိယအဆင့်ကို ဆက်သွားမည်။ လူများနှင့် အမှုအရာများအပေါ် သင်၏ ရှုမြင်မှုအတွက်သာမက သင်၏ ကျင့်ကြံပြုမူမှုနှင့် လုပ်ဆောင်မှုတို့အတွက် အမြင်ရှုထောင့်များ၊ နည်းလမ်းများ၊ အခြေပြုချက်နှင့် စံသတ်မှတ်ချက်များသည် လူ၏ အလိုဆန္ဒမှ၊ လူ့အဖွဲ့အစည်း၏ ဆိုးယုတ်သော လားရာများမှ၊ ပြီးလျှင် ရိုးရာယဉ်ကျေးမှုမှ ပေါက်ဖွားလာသည်ကိုလည်းကောင်း၊ ၎င်းတို့သည် သမ္မာတရားနှင့် ဆန့်ကျင်ကွဲလွဲသည်ကိုလည်းကောင်း သင်တွေ့ရှိသောအခါ မည်သည့်အရာကို သင်လုပ်ဆောင်သင့်သနည်း။ သက်ဆိုင်မှုရှိသော ဘုရားနှုတ်ကပတ်တော်များကို ရှာဖွေသင့်ပြီး ထိုနှုတ်ကပတ်တော်များကို သင်၏ အခြေပြုချက်အဖြစ် မှတ်ယူသင့်သည် မဟုတ်လော။ (ဟုတ်ပါသည်။) လူများနှင့် အမှုအရာများကို ရှုမြင်မှုဖြင့်လည်းကောင်း၊ ကျင့်ကြံပြုမူမှုနှင့် လုပ်ဆောင်မှုတို့ဖြင့်လည်းကောင်း သက်ဆိုင်သည့် ဘုရားနှုတ်ကပတ်တော်တွင် သမ္မာတရား စည်းမျဉ်းများကို ရှာဖွေလော့။ သင်သည် ဘုရားနှုတ်ကပတ်တော်များက ပြောသည့်အရာအပေါ်တွင်၊ သို့မဟုတ် အတိအကျဆိုရလျှင် ဘုရားနှုတ်ကပတ်တော်များ၏ သမ္မာတရား စည်းမျဉ်းများအပေါ်တွင် အဓိကအားဖြင့် အခြေခံသင့်သည်။ ထိုသမ္မာတရား စည်းမျဉ်းများသည် လူများနှင့် အမှုအရာများအပေါ် သင်၏ ရှုမြင်မှုများအပြင် သင်၏ ကျင့်ကြံပြုမူမှုနှင့် လုပ်ဆောင်မှုအတွက် အခြေပြုချက်နှင့် စံသတ်မှတ်ချက် ဖြစ်လာသင့်သည်။ ဤသည်မှာ ဖြစ်မြောက်အောင်မြင်ရန် အခက်ခဲဆုံးသောအရာဖြစ်သည်။ ရှေးဦးစွာ မိမိ၏ ကိုယ်ပိုင်အမြင်များ၊ အယူအဆများ၊ ထင်မြင်ချက်များ၊ သဘောထားများကို ငြင်းဆန်ရမည်။ ဤတွင် လူ၏ မမှန်ကန်ဘဲ လွဲချော်နေသော အမြင်တချို့ ပါဝင်သည်။ ထိုအမြင်များကို ဖော်ထုတ်ရမည်။ သိလာရမည်။ ပြီးလျှင် ၎င်းတို့ကို စေ့စေ့စပ်စပ် ပိုင်းခြားစိစစ်ခြင်း ပြုလုပ်ရမည်။ ဤအရာ၏ အခြားအပိုင်းမှာ လူတို့သည် သက်ဆိုင်မှုရှိသော ဘုရားနှုတ်ကပတ်တော်များတွင် သင့်လျော်သော ဖော်ပြချက်ကို တွေ့သောအခါ ယင်းကို ဆင်ခြင်တွေးတောသင့်ပြီး မိတ်သဟာယဖွဲ့သင့်သည်။ သမ္မာတရား စည်းမျဉ်းများက မည်သည့်အရာဖြစ်သည်ကို ၎င်းတို့ရှင်းလင်းသွားသောအခါတွင် ကိစ္စရပ်မှာ ၎င်းတို့က သမ္မာတရားကို မည်သို့လက်ခံပြီး လက်တွေ့လုပ်ဆောင်မည်ဆိုသည်နှင့် ရုတ်ခြည်း သက်ဆိုင်လာသည်။ ငါ့ကို ပြောလော့။ လူတစ်ယောက်သည် သမ္မာတရား စည်းမျဉ်းများကို နားလည်သွားသည်နှင့် မကြာမီတွင် ထိုစည်းမျဉ်းများကို လက်ခံနိုင်ခြင်းနှင့် နာခံနိုင်ခြင်း ရှိသလော။ (မရှိပါ။) လူ၏ ပုန်ကန်ခြင်းနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ရုတ်တရက်ချက်ချင်း မဖြေရှင်းနိုင်ပေ။ လူတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည်။ သူသည် ဘုရားနှုတ်ကပတ်တော်များက မည်သည့်အရာကို ဆိုလိုကြောင်း သိကောင်းသိနိုင်သော်လည်း ချက်ချင်းကား လက်တွေ့မလုပ်ဆောင်နိုင်ပေ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် ဖြစ်ရပ်တစ်ခုစီတိုင်းတွင် သူ့အတွက် တိုက်ပွဲတစ်ခုဖြစ်၏။ လူသည် ပုန်ကန်သော စိတ်သဘောထား ရှိသည်။ သူသည် သူ၏ မလိုမုန်းထားမှု၊ သို့မဟုတ် ပြောင်းလဲလွယ်မှု၊ သို့မဟုတ် နှလုံးခိုင်မာမှု၊ သို့မဟုတ် မောက်မာမှု၊ သို့မဟုတ် မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်မှု၊ သို့မဟုတ် ခမ်းကြီးနားကြီးနိုင်မှုတို့ကို လက်မလွှတ်နိုင်သကဲ့သို့ သူ၏ များစွာသော ကျိုးကြောင်းပြချက်များနှင့် ဆင်ခြေများသာမက သူ၏ မိမိကိုယ်ကို တန်ဖိုးထားမှု၊ သို့မဟုတ် အဆင့်အတန်း၊ သို့မဟုတ် ဂုဏ်၊ သို့မဟုတ် ဘဝင်မြင့်မှုတို့ကိုလည်း လက်မလွှတ်နိုင်ပေ။ ထို့ကြောင့် သင်သည် သင်၏ အယူအဆများတွင် ကောင်းမွန်သည်ဟု သင်မှတ်ယူထားသော အရာတစ်ခုကို လက်လွှတ်သောအခါ သင်စွန့်လွှတ်ရမည့် အရာများသည် သင်၏ ဤအကျိုးစီးပွားများနှင့် သင်တန်ဖိုးထားသော အရာများဖြစ်သည်။ ဤအရာများအားလုံးကို သင်စွန့်လွှတ်နိုင်ပြီး လက်လွှတ်နိုင်သည့် အချိန်သည် ဘုရားနှုတ်ကပတ်တော်များအပေါ် အခြေခံပြီး သမ္မာတရား စည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်ဖို့ မျှော်လင့်ချက်၊ သို့မဟုတ် အခွင့်အရေး သင့်တွင် ရှိလာမည့်အချိန်ဖြစ်သည်။ သင့်ကိုယ်သင် စွန့်လွှတ်ခြင်းနှင့် ငြင်းဆန်ခြင်းသည် ကျော်လွှားရန် အခက်ခဲဆုံးသော အဆင့်ဖြစ်သည်။ သို့သော် သင်သည် ယင်းကို ဖြတ်ကျော်ပြီးသည်နှင့်တစ်ပြိုင်နက် သင်၏ စိတ်နှလုံးတွင် ကြီးမားသော အခက်အခဲများ ရှိမည်မဟုတ်ပေ။ သင်သည် သမ္မာတရားကို နားလည်ပြီး အပြုအမူကောင်းများ၏ အနှစ်သာရကို ထိုးထွင်းသိမြင်နိုင်သောအခါတွင် လူများနှင့် အမှုအရာများအပေါ် သင်၏ ရှုမြင်မှုများသည် ပြောင်းလဲသွားလိမ့်မည်။ ထို့နောက်တွင် သင်သည် ရိုးရာယဉ်ကျေးမှုမှလာသည့် ထိုကဲ့သို့သော အရာများကို တဖြည်းဖြည်းချင်း လက်လွှတ်နိုင်လိမ့်မည်။ ထို့ကြောင့် လူများနှင့် အမှုအရာများအပေါ် လူ၏ မှားယွင်းသော ရှုမြင်ပုံများ၊ သူ၏ လုပ်ဆောင်သည့် နည်းလမ်းများနှင့် ပုံစံများ၊ သူ၏ လုပ်ဆောင်မှုများ နောက်ကွယ်ရှိ မူလအရင်းအမြစ်နှင့် ရည်ရွယ်ချက်များကို ပြောင်းလဲခြင်းသည် လုပ်ဆောင်ရန် ရိုးရှင်းသောကိစ္စ မဟုတ်ပေ။ ပြောင်းလဲရန် အခက်ခဲဆုံးအရာမှာ လူတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိနေသည့် အဖြစ်ပင်။ အမှုအရာများအပေါ် လူ၏ ရှုမြင်မှုများနှင့် သူ၏ ဘဝနေမှုပုံစံသည် သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအားဖြင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် သင့်အား မာနထောင်လွှားခြင်း၊ မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်ခြင်း၊ တစ်ဇွတ်ထိုးလုပ်ဆောင်ခြင်း ဖြစ်စေသည်။ အခြားသူများအပေါ် အထင်သေးခြင်းကို ဖြစ်စေပြီး သင်၏ နာမည်နှင့် အဆင့်အတန်းကို ထိန်းသိမ်းခြင်းအပေါ် အစဉ် အာရုံစိုက်ခြင်း၊ အခြားသူများကြားတွင် အထင်ကြီးမှုကို သင်ရယူနိုင်ပြီး အရေးပါလာနိုင်ခြင်း ရှိမရှိကို အစဉ် အာရုံစိုက်ခြင်း၊ သင်၏ အနာဂတ် တက်လမ်းများနှင့် ကံကြမ္မာကို အစဉ် ထည့်သွင်းစဉ်းစားခြင်း စသည်တို့ကို ဖြစ်စေသည်။ ဤအရာများအားလုံးသည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကြောင့် ပေါက်ဖွားလာပြီး သင်၏ အကျိုးစီးပွားများနှင့် သက်ဆိုင်သောအရာများဖြစ်သည်။ သင်သည် ဤအရာတစ်ခုစီတိုင်းကို ယူပြီး ခွဲခြမ်းစိတ်ဖြာကြည့်ကာ ထိုးထွင်းမြင်၍ ငြင်းဆန်သောအခါတွင် ထိုအရာများကို စွန့်လွှတ်နိုင်မည်။ သင်သည် ထိုအရာများကို အနည်းငယ်ချင်းစီ စွန့်လွှတ်နိုင်သည့်အခါမှသာ လူများနှင့် အမှုအရာများအပေါ် သင်၏ ရှုမြင်မှုများသာမက သင်၏ ကျင့်ကြံပြုမူမှုနှင့် လုပ်ဆောင်မှုတွင် သမ္မာတရားကို သင်၏ စံသတ်မှတ်ချက်အဖြစ်လည်းကောင်း၊ ဘုရားနှုတ်ကပတ်တော်များကို သင်၏ အခြေပြုချက်အဖြစ်လည်းကောင်း ခိုင်ခိုင်မာမာနှင့် အပြည့်အဝ မှတ်ယူနိုင်လိမ့်မည်။
လူများနှင့် အမှုအရာများအပေါ် သင်၏ ရှုမြင်မှုများအပြင် သင်၏ ကျင့်ကြံပြုမူမှုနှင့် လုပ်ဆောင်မှုများတွင် ဘုရားနှုတ်ကပတ်တော်များကို သင်၏ အခြေပြုချက်အဖြစ် မှတ်ယူလော့ဟူသည့် ဤစကားများကို လူတိုင်းနားလည်သည်။ ၎င်းတို့သည် သဘောပေါက်နားလည်ရန် လွယ်ကူသည်။ လူသည် သူ၏ ဆင်ခြင်တုံတရားနှင့် သူ၏ အတွေးများတွင်၊ သူ၏ သန္နိဋ္ဌာန်များနှင့် စံထားရာများတွင် ဤစကားများကို သဘောပေါက်နားလည်နိုင်ပြီး လိုက်နာလိုစိတ် ရှိသည်။ ဤတွင် အခက်အခဲများ မရှိသင့်ပေ။ သို့သော် လက်တွေ့တွင်မူ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောအခါ ထိုစကားများအတိုင်း လုပ်ဆောင်ရန် လူအတွက် ခက်ခဲလေသည်။ ပြီးလျှင် ဤသို့လုပ်ဆောင်ရာ၌ရှိသော အတားအဆီးများနှင့် ပြဿနာများသည် သူ၏ ပြင်ပပတ်ဝန်းကျင်တွင်ဖြစ်သော အခက်အခဲများသာ မဟုတ်ပေ။ အဓိကအကြောင်းရင်းမှာ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် သက်ဆိုင်သည်။ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် အမျိုးမျိုးသော သူ့ပြဿနာများ၏ အရင်းအမြစ်ဖြစ်သည်။ ယင်းသည် ပြေလည်သွားသည်နှင့် လူ၏ ပြဿနာများနှင့် အခက်အခဲများ အားလုံးသည် မည်သည့်အကြီးစားပြဿနာမျှ မမည်တော့ပေ။ ဤသို့ဆိုလျှင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာတွင် လူ၏ အခက်အခဲများ အားလုံးသည် သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကြောင့်ဖြစ်သည်ဟု အဖြေထွက်သည်။ ထို့ကြောင့် ဤဘုရားနှုတ်ကပတ်တော်များကို သင်လက်တွေ့လုပ်ဆောင်သည်နှင့်အမျှ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည့် ဤစစ်မှန်မှုသို့ ဝင်ရောက်သည်နှင့်အမျှ သင်သည် ဤသို့ ပို၍ သတိပြုမိလာမည်ဖြစ်သည်။ “ငါသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသည်။ ငါသည် ဘုရားသခင်ပြောသည့် ‘ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်’ ဖြစ်သည်။ စာတန်ကြောင့် ငါ၏ ရိုးတွင်းခြင်ဆီအထိ ဖောက်ပြန်နေသည်။ စာတန်ဆန်သော စိတ်သဘောထားများဖြင့် အသက်ရှင်သော သူတစ်ယောက်ဖြစ်သည်” ဟူ၍ ဖြစ်သည်။ ဤသို့ ဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် လူသည် သမ္မာတရားကို လိုက်စားပြီး သမ္မာတရား၏ စစ်မှန်မှုသို့ ဝင်ရောက်လျှင် အပျက်သဘောဆောင်သောအရာများကို သိခြင်းနှင့် မြင်တွေ့ခြင်းသည် အသက်ဝင်ရောက်မှု၏ ပထမအဆင့်သာဖြစ်ပြီး တကယ်ကို ကနဦးအဆင့်တွင်သာ ရှိသေးသည်။ ဤသို့ဆိုလျှင် လူများစွာတို့သည် သမ္မာတရားအနည်းငယ်ကို နားလည်သည့်တိုင်အောင် အဘယ်ကြောင့် လက်တွေ့မလုပ်ဆောင်နိုင်သနည်း။ အဘယ်ကြောင့် ၎င်းတို့အားလုံးသည် များပြားလွန်းလှသော စကားများနှင့် အယူဝါဒများကို ဟောပြောနိုင်သော်လည်း သမ္မာတရား စစ်မှန်မှုအတွင်းသို့ ဆက်လက်၍ မဝင်ရောက်နိုင်သနည်း။ ၎င်းတို့သည် သမ္မာတရားကို လုံးဝ နားမလည်ခြင်း ဖြစ်သလော။ မဟုတ်ပေ။ လုံးဝ ဆန့်ကျင်ဘက်ပင် ဖြစ်သည်။ ၎င်းတို့၏ သမ္မာတရားနှင့်ပတ်သက်သော သဘောတရားဆိုင်ရာ၊ စကားလုံးနှင့် စကားစုဆိုင်ရာ နားလည်မှုအဆင့်သည် တကယ့်ကို ရှိသင့်သည့်နေရာတွင် ရှိသည်။ ၎င်းတို့သည် ထိုနားလည်ထားသည့်အရာကို ပြန်ရွတ်ဆိုသောအခါ အလွယ်တကူပင် ပြောဆိုနိုင်သည်။ ၎င်းတို့တွင် သန္နိဋ္ဌာန်ရှိသည်မှာလည်း အမှန်ပင်ဖြစ်သည်။ ပြီးလျှင် ၎င်းတို့တွင် ကောင်းသော စိတ်ဓာတ်နှင့် ရည်သန်မျှော်မှန်းချက်များ ရှိသည်။ ၎င်းတို့အားလုံးသည် သမ္မာတရားကို အားထုတ်လိုစိတ်ရှိကြ၏။ သို့တိုင်အောင် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ဘဲ သမ္မာတရား စစ်မှန်မှုအတွင်းသို့ ဆက်လက်၍ မဝင်ရောက်နိုင်သည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ သဘောပေါက်နားလည်သည့် စကားများ၊ စာများနှင့် သဘောတရားများကို ၎င်းတို့၏ လက်တွေ့ဘဝတွင် မဖော်ပြနိုင်သောကြောင့်ဖြစ်သည်။ ဤသို့ဆိုလျှင် ဤပြဿနာက မည်သည့်နေရာမှ လာသနည်း။ ထိုပြဿနာ၏ ဇာစ်မြစ်မှာ အလယ်ကောင်တွင် အမှုကိစ္စများကို နှောင့်ယှက်ဟန့်တားနေသည့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား တည်နေသည့် အဖြစ်တွင် ရှိသည်။ ထို့ကြောင့် ဝိညာဉ်ရေးရာ နားလည်မှု ကင်းမဲ့ပြီး သမ္မာတရားကို လိုက်စားခြင်းက အဘယ်အရာဖြစ်သည်ကို နားမလည်သော၊ ၎င်းတို့ ကျရှုံးသည့် အချိန်တိုင်းတွင်ဖြစ်စေ၊ လဲကျသည့် အချိန်တိုင်းတွင်ဖြစ်စေ၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်သည့် အချိန်တိုင်းတွင်ဖြစ်စေ ကတိပြုပြီး ၎င်းတို့၏ အလိုဆန္ဒကို ကြေညာသောသူတချို့ ရှိနေခြင်းဖြစ်သည်။ ၎င်းတို့သည် ဤသို့သော ကတိများနှင့် ကြေညာမှုများကို ပြောမပြနိုင်လောက်အောင်များသော အရေအတွက်အထိ လုပ်ဆောင်ကြသည်။ သို့တိုင်အောင် ယင်းသည် ပြဿနာကို မဖြေရှင်းပေ။ ၎င်းတို့သည် စိတ်ပိုင်းဖြတ်ချက်ချပြီး ကတိများပြုသော အဆင့်တွင် ရပ်မြဲရပ်လျက်ရှိနေသည်။ ၎င်းတို့သည် ထိုနေရာတွင် ပိတ်မိလျက်ရှိနေ၏။ လူများစွာတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောအခါ အစဉ်သဖြင့် ၎င်းတို့၏ စိတ်နှလုံးကို တုံးတုံးချပြီး ကျမ်းကျိန်ဆိုမှုများ ပြုလုပ်ကြကာ ၎င်းတို့ရုန်းကန်ကြိုးစားမည်ဟု ဆိုကြသည်။ နေ့စဉ် မိမိတို့ကိုယ်ကို အားပေးကြသည်။ သုံး၊ လေး၊ ငါးနှစ် ရုန်းကန်ကြိုးစားကြပြီး အဆုံးတွင် မည်သို့ဖြစ်သွားသနည်း။ မည်သည့်အရာကိုမျှ ဖြစ်မြောက်အောင်မြင်ခြင်း မရှိဘဲ အားလုံးက ရှုံးနိမ့်မှုဖြင့် အဆုံးသတ်သွားသည်။ ၎င်းတို့နားလည်သည့် အယူဝါဒအနည်းငယ်က မည်သည့်နေရာတွင်မျှ အသုံးချ၍မရပေ။ ၎င်းတို့အပေါ်သို့ တစ်စုံတစ်ခု ကျရောက်လာသောအခါ ယင်းကို မည်သို့ရှုမြင်ရမည်ကို မသိကြဘဲ ထိုးထွင်းမမြင်နိုင်ကြပေ။ ၎င်းတို့၏ အခြေပြုချက်အဖြစ်ထားရှိဖို့ ဘုရားနှုတ်ကပတ်တော်များကို မရှာနိုင်ပေ။ အမှုအရာများကို ဘုရားနှုတ်ကပတ်တော်များနှင့်အညီ မည်သို့ရှုမြင်ရမည်ကို မသိကြသကဲ့သို့ ၎င်းတို့အပေါ်သို့ ကျရောက်လာသော အမှုကိစ္စသည် ဘုရားနှုတ်ကပတ်တော်များတွင်ရှိသော သမ္မာတရား၏ မည်သည့်အချက်နှင့် သက်ဆိုင်သည်ကိုလည်း မသိကြပေ။ ထို့နောက်တွင် ၎င်းတို့သည် အလွန်အမင်း စိတ်သောကရောက်ကြပြီး မိမိတို့ကိုယ်ကို မုန်းတီးကြသည်။ ပြီးလျှင် ၎င်းတို့သည် ဆုတောင်းပြီး ၎င်းတို့အား ခွန်အားနှင့် ယုံကြည်ခြင်းကို ပို၍ပေးရန် ဘုရားသခင်ထံ တောင်းလျှောက်ကြသည်။ အဆုံး၌ မိမိတို့ကိုယ်ကို အားပေးနေကြဆဲ ဖြစ်သည်။ ဤသည်မှာ မိုက်ရူးရဲပြုမူသောသူ မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် ကလေးများကဲ့သို့ ဖြစ်၏။ သမ္မာတရားအား လိုက်စားခြင်းကို လူက နေ့စဉ်သဘောထားမှုသည် အမှန်ပင် ဤသို့ ကလေးမဆန်သလော။ လူသည် သူ၏ စိတ်ကို ပိုင်းဖြတ်ပြီး ကတိများပြုခြင်းအားဖြင့်၊ သူ့ကိုယ်သူ ချုပ်တည်းပြီး အားပေးခြင်းအားဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် သူ့ကိုယ်သူ အားပေးတိုက်တွန်းဖို့ အစဉ်ဆန္ဒရှိသည်။ သို့သော် သမ္မာတရားကို လက်တွေ့လုပ်ဆောင်မှုနှင့် သမ္မာတရားထဲ ဝင်ရောက်မှုသည် လူ၏ မိမိကိုယ်ကို အားပေးခြင်းမှ လာသည်မဟုတ်ပေ။ ထိုအစား သင်သည် ငါသင့်ကို ပြောသည့် နည်းလမ်းနှင့် အဆင့်များနှင့်အညီ ဝင်ရောက်ပြီး လက်တွေ့လုပ်ဆောင်ရမည်။ ခြေလှမ်းကို တစ်လှမ်းပြီးတစ်လှမ်း ခိုင်မြဲစွာနှင့် တည်ငြိမ်စွာ လျှောက်လှမ်းရမည်။ ဤနည်းအားဖြင့်သာ သင်သည် ရလဒ်များကို မြင်တွေ့ရမည်။ ဤနည်းအားဖြင့်သာ သင်သည် သမ္မာတရားကို လိုက်စားပြီး သမ္မာတရား စစ်မှန်မှုသို့ ဝင်ရောက်နိုင်မည်။ ဤအရာကို ရှောင်နိုင်သော ဖြတ်လမ်းမရှိပေ။ ဤသည်မှာ စိတ်အားထက်သန်မှုအနည်းငယ်၊ မိမိကိုယ်ကို အသုံးခံလိုသည့် ဆန္ဒအနည်းငယ်တို့အပြင် ကြီးမားသော စိတ်ဆန္ဒနှင့် ကြီးကျယ်ခမ်းနားသော ပန်းတိုင်တစ်ခုရှိလျှင် သမ္မာတရားသည် သင်၏ လက်တွေ့အရှိတရား ဖြစ်လာမည်ဟု မဆိုလိုဘဲ လူသည် သူ၏ လက်တွေ့ဘဝတွင်၊ လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများထဲတွင် ရှာဖွေခြင်း၊ ဝင်ရောက်ခြင်း၊ လက်တွေ့လုပ်ဆောင်ခြင်း၊ ကျိုးနွံနာခံခြင်းတို့နှင့် သက်ဆိုင်သော အခြေခံသင်ခန်းစာများကို သင်ယူရမည်ဟု ဆိုလိုသည်။ ဤသင်ခန်းစာများကို သင်ယူပြီးသည့်အခါမှသာ လူသည် သမ္မာတရားနှင့်ရော ဘုရားနှုတ်ကပတ်တော်နှင့်ပါ ထိတွေ့နိုင်သည်၊ သို့မဟုတ် တွေ့ကြုံနိုင်သည်၊ သို့မဟုတ် သိမြင်နိုင်သည်။ ဤသို့ မလုပ်ဆောင်လျှင် လူက သူ့ကိုယ်သူ တွန်းအားပေးလျက်၊ တိုက်တွန်းလျက်၊ အားပေးလျက်ဖြင့် နှစ်မည်မျှကုန်ဆုံးပါစေ သူရရှိမည့်အရာမှာ သူ၏ စိတ်နှလုံးတွင်ရှိသော ကွက်လပ်ကို ဖြည့်ရန် အယူအဆ အနည်းငယ်ထက် မပိုပေ။ သူသည် ခဏတာဖြစ်သော ဝိညာဉ်ရေးရာ အားရကျေနပ်မှုအနည်းငယ်ကိုသာ ခံစားရမည်။ သို့သော် စစ်မှန်သော မည်မည်ရရဖြစ်သည့် မည်သည့်အရာကိုမျှ ရရှိမည်မဟုတ်ပေ။ စစ်မှန်သော မည်မည်ရရဖြစ်သည့် မည်သည့်အရာကိုမျှ မရရှိခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ လူများနှင့် အမှုအရာများအပေါ် သင်၏ ရှုမြင်မှုများအပြင် သင်၏ ကျင့်ကြံပြုမူမှုနှင့် လုပ်ဆောင်မှု၏ အခြေပြုချက်မှာ ဘုရားနှုတ်ကပတ်တော်များ မဟုတ်ဟု ဆိုလိုသည်။ လူများနှင့် အမှုအရာများအပေါ် သင်၏ ရှုမြင်မှုများတွင်ဖြစ်စေ၊ ကျင့်ကြံပြုမူမှုနှင့် လုပ်ဆောင်မှုများအပေါ် သင်၏ သဘောထားအမြင်တွင်ဖြစ်စေ ဘုရားနှုတ်ကပတ်တော်များကို အခြေပြုချက်အဖြစ် သုံးထားခြင်း မတွေ့ရပေ။ သင်သည် စိတ်ရှုပ်ထွေးလျက်ရှိသော ဘဝ၊ အကူအညီမရှိသော ဘဝကို အသက်ရှင်သည်။ ပြီးလျှင် သင်၏ ရှုမြင်မှုများ၊ သင်၏ စည်းမျဉ်းများနှင့် ရပ်တည်မှုတို့ကို ချပြရန် လိုအပ်သော ပြဿနာတစ်ခုနှင့် သင်ရင်ဆိုင်ရခြင်း ရှိလေလေ၊ သင်၏ မသိနားမလည်ခြင်း၊ မိုက်မဲခြင်း၊ အနှစ်မရှိခြင်း၊ အကူအညီမဲ့ခြင်းတို့က သိသာထင်ရှားလေလေ ဖြစ်လိမ့်မည်။ သာမန်အခြေအနေများအောက်တွင် သင်သည် အရာရာကို နားလည်သည့်အလား မှန်ကန်သော အယူဝါဒ အရေအတွက်တချို့နှင့် ရေပန်းစားသော စကားလုံး အရေအတွက်တချို့ကို သွက်လက်စွာ ပြောဆိုနိုင်သည်။ သို့သော် ပြဿနာတစ်ခု ဖြစ်ပေါ်လာ၍ လူတစ်ယောက်က သင့်အား သင်၏ ရပ်တည်ချက်ကို ကြေညာခိုင်းပြီး မည်သည့်နေရာတွင် သင်ရပ်တည်သည်ကို သက်သေပြခိုင်းရန်အတွက် သင့်ထံသို့ အလေးအနက် လာရောက်သောအခါတွင် သင့်ထံမှ မည်သည့်စကားမျှ ထွက်လာမည် မဟုတ်ပေ။ လူတချို့က “မည်သည့်စကားမျှ ထွက်လာမည်မဟုတ်ဟု ဆိုသလော။ ဤသို့ မဟုတ်ပေ။ ကျွန်ုပ်က ထိုစကားများကို မပြောရဲခြင်းသာဖြစ်သည်” ဟု ဆိုလိမ့်မည်။ ဤသို့ဆိုလျှင် အဘယ်ကြောင့် မပြောရဲသနည်း။ ဤသည်မှာ သင်လုပ်ဆောင်သည့်အရာက မှန်ကန်မှုရှိမရှိကို သင်မသေချာကြောင်း ပြသည်။ သင်အဘယ်ကြောင့် မသေချာသနည်း။ အဘယ်ကြောင့်ဆိုသော် သင်သည် ထိုအရာကို လုပ်ဆောင်နေသောအခါ သင်လုပ်ဆောင်နေသည့်အရာအတွက် အခြေပြုချက်က မည်သည့်အရာ ဖြစ်သည်ကိုဖြစ်စေ၊ ဤသို့လုပ်ဆောင်ရာတွင် သင်၏ စည်းမျဉ်းများက အဘယ်အရာဖြစ်သည်ကိုဖြစ်စေ လုံးဝ အတည်မပြုသကဲ့သို့ သမ္မာတရားကို သင်၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး ထိုအမှုအရာကို ဘုရားနှုတ်ကပတ်တော်များနှင့်အညီ ရှုမြင်ကာ လုပ်ဆောင်ခြင်း ရှိမရှိကို ပို၍ပင် အတည်ပြုခြင်း မရှိသည်မှာ ပြောစရာမလိုသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ပြဿနာတစ်ခု ဖြစ်ပေါ်သောအခါ သင်သည် ခွတီးခွကျနှင့် ထိရောက်စွာ မစွမ်းဆောင်နိုင်သည့်ပုံစံ ဖြစ်ကျန်ရစ်သည်။ လူတချို့သည် လက်ခံယုံကြည်ခြင်း မရှိပေ။ ၎င်းတို့က “ငါသည် ထိုသို့မဟုတ်။ ငါသည် ကောလိပ်တက်ခဲ့သည်။ မဟာဘွဲ့ရခဲ့သည်”၊ သို့မဟုတ် “ငါသည် အတွေးအခေါ်ပညာရှင်၊ ပါမောက္ခတစ်ယောက် ဖြစ်သည်။ အဆင့်မြင့်သည့် ပညာရှင်ဖြစ်သည်”၊ သို့မဟုတ် “ငါသည် ယဉ်ကျေးဖွယ်ရာသောသူဖြစ်သည်။ ငါပြောသည့်အရာကို တန်းပုံနှိပ်ထုတ်ဝေ၍ပင် ရသည်”၊ သို့မဟုတ် “ငါသည် မှတ်သားထိုက်သည့် ပညာရှင်ဖြစ်သည်”၊ သို့မဟုတ် “ငါသည် ပါရမီရှင်တစ်ဦးဖြစ်သည်” ဟူ၍ ဆိုကြသည်။ ဤအရာများကို တင်ပြပြောဆိုခြင်းသည် သင့်အတွက် တစ်စုံတစ်ရာ အသုံးဝင်သလော။ ၎င်းတို့သည် သင်၏ ကောင်းမှုများ မဟုတ်ပေ။ အများဆုံးအနေဖြင့် ဤအရာများက သင့်တွင် အသိပညာအနည်းငယ် ရှိသည်ဟုသာ ဆိုလိုသည်။ ဘုရားအိမ်တော်တွင် အသုံးဝင်ခြင်းရှိမရှိကိုမူ ပြောရခက်၏။ သို့သော် အနည်းဆုံးအနေဖြင့် သင်၏ ထိုအသိပညာသည် သမ္မာတရားနှင့် မတူညီကြောင်းကား သေချာသည်။ ပြီးလျှင် ယင်းသည် သင်၏ ဝိညာဉ်ရင့်ကျက်မှုကို မထင်ဟပ်ပေ။ သင်၏ အသိပညာက သင်၏ ဝိညာဉ်ရင့်ကျက်မှုကို မထင်ဟပ်ဟု ပြောခြင်းသည် မည်သည့်အရာကို ဆိုလိုသနည်း။ ဤသို့သောအရာများသည် သင်၏ ဘဝမဟုတ်ပေ။ ယင်းတို့မှာ သင်ပိုင်ဆိုင်သည့် အပြင်ပန်းအရာများသာ ဖြစ်သည်။ ဤသို့ဆိုလျှင် သင်၏ ဘဝက အဘယ်နည်း။ မိမိ၏ အခြေပြုချက်နှင့် စံသတ်မှတ်ချက်က စာတန်၏ တွေးခေါ်ပုံစနစ်နှင့် အတွေးအခေါ်ဖြစ်နေသော ဘဝဖြစ်သည်။ ပြီးလျှင် သင်၏ အသိပညာ၊ သင်၏ ယဉ်ကျေးမှု၊ သင်၏ ထိုဦးနှောက်ဖြင့်ပင် ဤအရာများကို သင်မဖုံးဖိနိုင် သို့မဟုတ် မထိန်းချုပ်နိုင်ပေ။ ထို့ကြောင့် ပြဿနာတစ်ခု ဖြစ်ပေါ်သောအခါ သင်၏ ပါရမီနှင့် အသိဉာဏ် ရေသောက်မြစ်တို့အပြင် သင်၏ ကြွယ်ဝသော ဗဟုသုတက လုံးဝ အသုံးဝင်မည် မဟုတ်ပေ၊ သို့မဟုတ် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ သွင်ပြင်လက္ခဏာတစ်ခုက ပွင့်အံထွက်ကျလာသောအခါ သင်၏ စိတ်ရှည်မှု၊ ကောင်းမွန်သော ပျိုးထောင်မှု၊ အသိပညာနှင့် ဤသို့သောအရာအားလုံးသည် သင့်အတွက် အနည်းငယ်မျှပင် အသုံးဝင်မည်မဟုတ်ပေ။ ထိုအခါ သင်သည် အကူအညီမဲ့နေသည်ဟု ခံစားရမည်။ ဤအရာများအားလုံးသည် သမ္မာတရားကို မလိုက်စားခြင်းနှင့် သမ္မာတရား စစ်မှန်မှုအတွင်းသို့ ဝင်ရောက်မှုကင်းမဲ့ခြင်းက လူတွင် ပေါ်လွင်သည့် အချိုးမကျသော ပုံစံများဖြစ်သည်။ သမ္မာတရားသို့ ဝင်ရောက်ရန် လွယ်ကူသလော။ ယင်းတွင် အခက်အခဲတစ်ခုရှိသလော။ မည်သည့်နေရာတွင် ရှိသနည်း။ ငါ့အား မေးလျှင် အခက်အခဲမရှိဟု ဖြေမည်။ သင်၏ စိတ်ကို ပိုင်းဖြတ်ဖို့၊ သို့မဟုတ် ကတိများပေးဖို့ကို အာရုံမစိုက်နှင့်။ ယင်းတို့သည် အသုံးမဝင်ပေ။ သင်သည် သင်၏ စိတ်ကို ပိုင်းဖြတ်ပြီး ကတိများပေးဖို့ အချိန်ရှိသောအခါ ဤသို့ပြုလုပ်မည့်အစား ထိုအချိန်ကို ဘုရားနှုတ်ကပတ်တော်များအပေါ် အားစိုက်ထုတ်ရာတွင် အသုံးပြုလော့။ ယင်းတို့ ပြောသည့်အရာကို စဉ်းစားလော့။ မည်သည့်အပိုင်းက သင်၏ လက်ရှိအခြေအနေနှင့် သက်ဆိုင်သည်ကို စဉ်းစားလော့။ သင်၏ စိတ်ကို တုံးတုံးချခြင်းသည် အသုံးမဝင်ပေ။ သင်သည် သင်၏ခေါင်းကို ခွဲဖွင့်ပြီး သွေးများကို စီးဆင်းစေလျက် သင်၏ စိတ်ကို တုံးတုံးချသည့်တိုင် အသုံးမဝင်ဆဲပင် ဖြစ်လိမ့်မည်။ ၎င်းက မည်သည့်ပြဿနာကိုမျှ မဖြေရှင်းနိုင်ပေ။ သင်သည် လူနှင့် မကောင်းဆိုးဝါးများကို ဤသို့ လှည့်စားနိုင်သော်လည်း ဘုရားသခင်ကိုမူကား မလှည့်စားနိုင်ပေ။ ဘုရားသခင်က သင်၏ ထိုစိတ်တွင် ပျော်ရွှင်ဝမ်းမြောက်မှု မရှိပေ။ သင်သည် သင်၏ စိတ်ကို အကြိမ်မည်မျှ တုံးတုံးချခဲ့သနည်း။ သင်သည် ကတိများပေးပြီး လက်လျှော့လိုက်သည်။ လက်လျှော့ပြီးနောက် ထပ်မံ၍ ကတိပေးပြီး ထပ်မံ၍ လက်လျှော့ပြန်သည်။ ဤသို့ပြုခြင်းက သင့်ကို မည်သို့သောသူမျိုး ဖြစ်စေသနည်း။ မည်သည့်အချိန်တွင် သင်စကားတည်မည်နည်း။ သင်စကားတည်ခြင်း ရှိမရှိ၊ သို့မဟုတ် သင်၏ စိတ်ကို တုံးတုံးချခြင်း ရှိမရှိတို့က အရေးမပါပေ။ သင်ကတိပေးခြင်း ရှိမရှိဟူသည်မှာလည်း အရေးမကြီးပေ။ အရေးကြီးသောအရာမှာ အဘယ်နည်း။ သင်နားလည်သည့် သမ္မာတရားကို ယခုပင် ချက်ချင်း ရုတ်ခြည်း လက်တွေ့လုပ်ဆောင်ခြင်းဖြစ်၏။ ယင်းသည် အသိသာဆုံးသော သမ္မာတရား ဖြစ်လျှင်ပင်၊ အခြားသူများက သတိမပြုမိဆုံးသော အရာဖြစ်ပြီး သင်ကိုယ်တိုင်က အလေးပေးခြင်း မရှိဆုံးသောအရာ ဖြစ်လျှင်ပင် ချက်ချင်း လက်တွေ့လုပ်ဆောင်လော့။ ချက်ချင်း ဝင်ရောက်လော့။ ဤသို့လုပ်ဆောင်လျှင် သင်သည် သမ္မာတရား စစ်မှန်မှုအတွင်းသို့ ယခုချက်ချင်း ဝင်ရောက်လိမ့်မည်။ ပြီးလျှင် ချက်ချင်းပင် သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းပေါ်တွင် သင်စတင် တက်လှမ်းလိမ့်မည်။ သင်သည် သမ္မာတရားကို လိုက်စားသူတစ်ယောက် ဖြစ်လုနီးနီး ဖြစ်လိမ့်မည်။ ထိုအခြေခံအုတ်မြစ်ပေါ်၌ သင်သည် မကြာမီတွင် သမ္မာတရားကို မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး ဘုရားနှုတ်ကပတ်တော်များနှင့်အညီ လူများနှင့် အမှုအရာများကို ရှုမြင်ကာ ကျင့်ကြံပြုမူပြီး လုပ်ဆောင်သောသူ ဖြစ်လာနိုင်လိမ့်မည်။ ၎င်းသည် ကောင်းလိုက်သည့် ဆုလာဘ်ဖြစ်မည်ပင်တကား။ လက်ဆုပ်လက်ကိုင်ပြနိုင်ရအောင် သေချာသော တန်ဖိုးပင်တကား။
ရိုးရာယဉ်ကျေးမှုရှိ အပြုအမူကောင်းနှင့် ပတ်သက်သည့် ဆိုရိုးစကားများအပေါ် မိတ်သဟာယပြုပြီးနောက်တွင် ယင်းတို့နှင့် ပတ်သက်၍ သိနားလည်မှုတစ်ခုတလေ သင်တို့ ရရှိသွားကြပြီလော။ ဤအပြုအမူကောင်းမျိုးကို မည်သို့ချဉ်းကပ်သင့်သနည်း။ လူတချို့က “ယနေ့မှစ၍ ကျွန်ုပ်သည် အသိပညာ ကြွယ်ဝပြီး အသိတရားရှိသော၊ သို့မဟုတ် နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးမှုရှိသော၊ သို့မဟုတ် ရည်မွန်သောသူ လုပ်တော့မည်မဟုတ်။ ကျွန်ုပ်သည် ‘ကောင်းမြတ်သော’ လူ ဆိုသည့်သူတစ်ဦး လုပ်တော့မည် မဟုတ်ပါ။ လူကြီးသူမများကို ရိုသေလေးစားသည့်၊ သို့မဟုတ် ငယ်ရွယ်သူများကို ဂရုစိုက်သည့် သူတစ်ဦး လုပ်တော့မည် မဟုတ်ပါ။ ဖော်ရွေသော၊ ပေါင်းသင်းရ လွယ်ကူသော လူတစ်ဦး လုပ်တော့မည် မဟုတ်ပါ။ ထိုအရာတစ်ခုမျှ ပုံမှန်လူ့သဘာဝမှ သဘာဝအလျောက် ပွင့်အံထွက်ကျလာခြင်း မဟုတ်ပါ။ ၎င်းသည် တုပပြီး အယောင်ဆောင်ဖြစ်သော လှည့်ဖြားတတ်သည့် အပြုအမူဖြစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း အဆင့်ကို မမီပါ။ ကျွန်ုပ်သည် မည်သည့်လူစားမျိုး လုပ်မည်နည်း။ ရိုးသားသော လူတစ်ဦး လုပ်ပါမည်။ ရိုးသားသော လူတစ်ဦး ဖြစ်ခြင်းအားဖြင့် ကျွန်ုပ်အစပြုပါမည်။ ကျွန်ုပ်၏ ပြောစကားတွင် ကျွန်ုပ်သည် မယဉ်ကျေးမလိမ္မာဘဲ ဖြစ်နေနိုင်သည်၊ စည်းမျဉ်းများကို နားမလည်ဘဲ ဖြစ်နေနိုင်သည်၊ အသိပညာ ကင်းမဲ့နေနိုင်ပြီး အခြားသူများ၏ အထင်သေးခြင်း ခံရနိုင်သော်လည်း အယောင်ဆောင်ခြင်း မရှိဘဲ ရိုးသားစစ်မှန်မှုဖြင့် ပွင့်ပွင့်လင်းလင်း ကျွန်ုပ်စကားပြောပါမည်။ လူတစ်ဦးအနေဖြင့်လည်းကောင်း၊ ကျွန်ုပ်၏ လုပ်ရပ်များတွင်လည်းကောင်း အယောင်ဆောင်မည် မဟုတ်သကဲ့သို့ ဟန်ဆောင်မည်လည်း မဟုတ်ပါ။ ကျွန်ုပ်စကားပြောသည့်အခါတိုင်းတွင် စိတ်နှလုံးမှ လာသည့်စကား ဖြစ်ပါမည်။ စိတ်ထဲတွင် တွေးသည့်အရာကို ကျွန်ုပ်ပြောမည်။ တစ်စုံတစ်ဦးအပေါ် မုန်းတီးခြင်း ရှိပါက မိမိကိုယ်ကို ဆန်းစစ်ပြီး သူတို့အပေါ် ထိခိုက်နာကျင်စေသည့် အရာတစ်ခုမျှ လုပ်မည် မဟုတ်။ အပြုသဘောဆောင်သည့် အရာများကိုသာ လုပ်မည်။ ကျွန်ုပ်စကားပြောသည့်အခါ မိမိကိုယ်ပိုင် ကိုယ်ရေးကိုယ်တာ အကျိုးကို ထည့်တွက်မည် မဟုတ်သကဲ့သို့၊ ကျွန်ုပ်၏ နာမည်ဂုဏ်သတင်း၊ သို့မဟုတ် ဂုဏ်သိက္ခာ၏ ထိန်းချုပ်မှုကို ခံမည်လည်း မဟုတ်ပါ။ ထို့အပြင် ကျွန်ုပ်အပေါ် လူတို့အထင်ကြီးလာအောင် လုပ်ရန် ရည်ရွယ်ချက်လည်း ရှိမည်မဟုတ်ပါ။ ဘုရားသခင် ဝမ်းသာခြင်း ရှိမရှိဆိုသည့်အပေါ်သာ ကျွန်ုပ်အလေးထားမည်။ လူတို့ကို မထိခိုက်မနာကျင်စေခြင်းသည် ကျွန်ုပ်၏ အခြေခံစံနှုန်း ဖြစ်လိမ့်မည်။ ကျွန်ုပ်လုပ်ဆောင်သည့်အရာသည် ဘုရားသခင်၏ တောင်းဆိုချက်များနှင့်အညီ ဖြစ်လိမ့်မည်။ အခြားသူများကို ထိခိုက်နစ်နာစေမည့်အရာများ လုပ်မည် မဟုတ်သကဲ့သို့ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိခိုက်နစ်နာစေသော အရာများကိုလည်း လုပ်မည် မဟုတ်ပါ။ အခြားသူများကို အကျိုးပြုသည့် အရာများကိုသာ ကျွန်ုပ်လုပ်ဆောင်မည်၊ ရိုးသားသော လူတစ်ဦးနှင့် ဘုရားသခင်ကို ဝမ်းသာစေသည့် လူတစ်ဦးသာ ကျွန်ုပ်လုပ်မည်” ဟု ဆိုကောင်းဆိုနိုင်သည်။ ဤသည်မှာ လူတစ်ဦးထဲရှိ ပြောင်းလဲမှု ဖြစ်သည် မဟုတ်လော။ ဤစကားများကို ၎င်းတို့ အမှန်တကယ် လက်တွေ့လုပ်ဆောင်ပါက ၎င်းတို့ အမှန်တကယ် ပြောင်းလဲသွားကြပြီး ဖြစ်ပေမည်။ ၎င်းတို့၏ အနာဂတ်နှင့် ကံကြမ္မာတို့သည် အကောင်းဘက်သို့ ပြောင်းလဲသွားပြီး ဖြစ်လိမ့်မည်။ သမ္မာတရားကို လိုက်စားသည့် လမ်းကြောင်းပေါ်တွင် ၎င်းတို့မကြာမီ စတင် တက်လှမ်းလိမ့်မည်၊ သမ္မာတရား၏ စစ်မှန်မှုထဲသို့ မကြာမီ ဝင်ရောက်ပြီး ကယ်တင်ခြင်းရရန် မျှော်လင့်ချက်ရှိသည့် လူတစ်ဦး မကြာမီ ဖြစ်လာလိမ့်မည်။ ဤသည်မှာ ကောင်းသောအရာ၊ အပြုသဘောဆောင်သောအရာတစ်ခု ဖြစ်သည်။ ဤသည်မှာ သင်၏ စိတ်ကို တုံးတုံးချဖို့၊ သို့မဟုတ် သင်ကတိပြုဖို့ လိုအပ်သလော။ မည်သည့်အရာကိုမျှ မလိုအပ်ပေ။ ဘုရားသခင်အတွက် သင်၏ စိတ်ကို တုံးတုံးချရန်လည်း မလိုအပ်သကဲ့သို့ သင်၏ ယခင်က ပြစ်မှားမှုများ၊ အမှားများနှင့် ပုန်ကန်ခြင်းကိုလည်း စာရင်းပြုစုဖို့ မလိုအပ်ပေ။ ဘုရားသခင်ထံ အလျင်အမြန် ဝန်ချပြီး သူ၏ ခွင့်လွှတ်ခြင်းကို တောင်းခံလော့။ ထိုသို့သော လုပ်ရိုးလုပ်စဉ်များ မလိုအပ်။ မှန်ကန်သော၊ စိတ်နှလုံးထဲမှလာသော အရာကို ယခုလက်ငင်း ချက်ချင်းတစ်ခါတည်း ပြောပြီး လိမ်ညာခြင်း၊ သို့မဟုတ် လှည့်စားခြင်းမရှိဘဲ ခိုင်မာမှုရှိသောအရာတစ်ခုကို လုပ်ဆောင်လော့။ ထိုအခါ သင်သည် တစ်စုံတစ်ခုကို ရရှိပြီးဖြစ်လိမ့်မည်။ ပြီးလျှင် သင့်အနေဖြင့် ရိုးသားသူတစ်ယောက် ဖြစ်လာရန် မျှော်လင့်ချက် ရှိလိမ့်မည်။ လူတစ်ယောက်သည် ရိုးသားသူတစ်ယောက် ဖြစ်လာသောအခါ သမ္မာတရား စစ်မှန်မှုကို ရရှိပြီး လူသားအဖြစ် စတင်အသက်ရှင်သည်။ ဤသို့သောသူတို့သည် ဘုရားသခင် လက်ခံသောသူများ ဖြစ်သည်။ ဤအရာကို သံသယရှိစရာ မလိုပေ။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်
အောက်ခြေမှတ်စု(များ)-
က။ ကောင်ရုံသည် လူသိများသော တရုတ်ပုံပြင်တစ်ပုဒ်တွင် ပါဝင်၏။ ထိုပုံပြင်ကို ယဉ်ကျေးရည်မွန်မှုနှင့် ညီရင်းအစ်ကိုကြားရှိ မေတ္တာတို့၏ တန်ဖိုးများအကြောင်း ကလေးများကို အသိပညာပေးရာတွင် အစဉ်အဆက် သုံးလာခဲ့ကြသည်။ လေးနှစ်သားအရွယ် ကောင်ရုံသည် သူ၏ မိသားစုက သစ်တော်သီးတစ်ခြင်း လက်ခံရရှိသည့်အခါ ပိုကြီးသော သစ်တော်သီးများကို သူ့အစ်ကိုများအား ပေးပြီး သူကိုယ်တိုင်အတွက်မူ အသေးဆုံး သစ်တော်သီးကို ယူခဲ့ပုံအကြောင်း ဤဇာတ်လမ်းက ပြောပြသည်။