အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)

ဘုရားသခင်၏ အခွင့်အာဏာ (၁)

ငါ၏ ပြီးခဲ့သော မိတ်သဟာယပြုချက်အချို့မှာ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင်တို့ အကြောင်းဖြစ်သည်။ ဤမိတ်သဟာယပြုချက်ချက်များကို ကြားနာ ပြီးနောက်တွင် ဘုရားသခင်၏ စိတ်သဘောထားနှင့် ပတ်သက်ပြီး နားလည်မှုနှင့် အသိပညာ ရရှိလိုက်ပြီးဖြစ်သည်ဟု သင်တို့ ခံစားရသလော။ နားလည်သိမြင်မှုနှင့် အသိပညာ မည်သည့်အတိုင်းအတာအထိ ရရှိပြီးပြီနည်း။ ယင်းကို သင်တို့ ကိန်းဂဏန်းဖြင့် ဖော်ပြနိုင်သလော။ ဤဆွေးနွေးချက်များက သင်တို့ကို ဘုရားသခင်အကြောင်း ပိုမိုနက်နဲသော နားလည်သိမြင်မှု ပေးခဲ့သလော။ ဤနားလည်သိမြင်မှုက ဘုရားသခင်အကြောင်း စစ်မှန်သော အသိပညာဖြစ်သည်ဟု ပြောနိုင်သလော။ ဘုရားသခင်အကြောင်း ဤအသိပညာနှင့် နားလည်မှုက ဘုရားသခင်၏အနှစ်သာရ တစ်ခုလုံးနှင့် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းအား သိနားလည်မှု ဖြစ်သည်ဟု ဆိုနိုင်သလော။ မဆိုနိုင်သည်မှာ အသိသာပင်။ ယင်းမှာ အဘယ်ကြောင့် ဆိုသော် ဤဆွေးနွေးချက်များသည် ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏အရာအားလုံးနှင့် ဖြစ်ခြင်း၏ တစ်စိတ်တစ်ဒေသအပေါ် နားလည်မှုကိုသာလျှင် ပေးစွမ်းခဲ့ကာ ယင်း၏ တစ်ခုလုံးအနေဖြင့် မဟုတ်ပေ။ ဤမိတ်သဟာယပြုချက်များက သင်တို့ကို အတိတ်က ဘုရားသခင် ပြုလုပ်ခဲ့သော အမှုတော်၏ တစ်စိတ်တစ်ဒေသကို နားလည်စေခဲ့သည်။ ဤမိတ်သဟာယပြုချက်များအားဖြင့် ဘုရားသခင်၏ စိတ်သဘောထား၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းတို့အပြင် သူပြုခဲ့ပြီးသည့် အရာအားလုံး၏နောက်ကွယ်မှ လုပ်ဆောင်ပုံနှင့် ကြံဆပုံတို့ကို သင်ရှုမြင်ခဲ့ရသည်။ သို့သော် ဤသည်မှာ ဘုရားသခင်နှင့်ပတ်သက်သည့် စာသားအရ၊ စကားအရ နားလည်ခြင်းသာဖြစ်ပြီး၊ သင်တို့၏ စိတ်နှလုံးထဲတွင် ယင်းက မည်မျှစစ်မှန်သည်ကို မသေချာဘဲ ရှိနေသေးသည်။ ထိုကဲ့သို့သော အရာများအပေါ်တွင် လူတို့၏ နားလည်မှု၌ စစ်မှန်မှု တစ်စုံတစ်ရာ ရှိမရှိကို မည်သည့်အရာက အဓိက သတ်မှတ်ဆုံးဖြတ်သနည်း။ သူတို့၏ တကယ့် အတွေ့အကြုံများအတွင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် စိတ်သဘောထားကို သူတို့ မည်မျှ အမှန်တကယ် ကြုံတွေ့ရပြီးပြီနည်း ဆိုသည်နှင့် ဤတကယ့်အတွေ့အကြုံများအတွင်း သူတို့ မည်မျှ သိမြင်နိုင်ပြီးပြီနည်း ဆိုသည့်အပေါ်တွင် ယင်းကို သတ်မှတ်ဆုံးဖြတ်သည်။ “ပြီးခဲ့သော မိတ်သဟာယပြုချက်အချို့က ဘုရားသခင် ပြုလုပ်ခဲ့သည့် အရာများ၊ ဘုရားသခင်၏ အကြံအစည်တို့အပြင် လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ သဘောထားနှင့် သူ့လုပ်ဆောင်ချက်များ၏ အခြေခံအကြောင်းရင်းကိုသာမက သူ့လုပ်ဆောင်ချက်များ၏ အခြေခံသဘောတရားများကိုပါ ကျွန်ုပ်တို့ကို နားလည်စေခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ စိတ်သဘောထားကို နားလည်လာပြီး ဘုရားသခင်၏ အလုံးစုံကို သိလာခဲ့ကြပါသည်။” စသည်တို့ကဲ့သို့သော စကားများကို တစ်စုံတစ်ဦး ပြောဆိုပြီးပြီလော။ ဤသို့ပြောခြင်းက မှန်ကန်၏လော။ မမှန်ကန်သည်မှာ အထင်အရှားပင်။ ဤအရာ့ပြောခြင်းကို မမှန်ကန်ပါဟု အဘယ့်ကြောင့် ငါ ပြောရသနည်း။ ဘုရားသခင်၏ စိတ်သဘောထား၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့ကို သူလုပ်ဆောင်ပြီးဖြစ်သည့် အရာများနှင့် သူပြောဆိုပြီးဖြစ်သည့် နှုတ်ကပတ်တော်များထဲတွင် ဖော်ပြထားသည်။ ဘုရားသခင် လုပ်ဆောင်ပြီး ဖြစ်သည့် အမှုတော်နှင့် သူပြောပြီးဖြစ်သည့် နှုတ်ကပတ်တော်များမှတစ်ဆင့် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို လူသားက ရှုမြင်နိုင်သည်၊ သို့သော် အမှုတော်နှင့် နှုတ်ကပတ်တော်များက လူသားကို ဘုရားသခင်၏ စိတ်သဘောထား တစ်စိတ်တစ်ပိုင်းနှင့် သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်း တစ်စိတ်တစ်ပိုင်းတို့ကို နားလည်စေသည်ဟုသာ ပြောရမည် ဖြစ်သည်။ အကယ်၍ လူသားသည် ဘုရားသခင်အကြောင်း ပိုမိုကြီးမားပြီး ပိုမိုလေးနက်သော နားလည်မှုရရှိရန် ဆန္ဒရှိပါက၊ လူသားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်ကို ပို၍ ကြုံတွေ့ရမည် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ သို့မဟုတ် အမှုတော်တို့၏ တစ်စိတ်တစ်ပိုင်းကို ကြုံတွေ့ရစဉ်တွင် လူသားသည် ဘုရားသခင်အကြောင်း တစ်စိတ်တစ်ပိုင်း နားလည်ခြင်းကိုသာ ရရှိသော်လည်း၊ ဤတစ်စိတ်တစ်ပိုင်း နားလည်ခြင်းက ဘုရားသခင်၏ စိတ်သဘောထားအမှန်ကို ကိုယ်စားပြုသလော။ ယင်းက ဘုရားသခင်၏ အနှစ်သာရကို ကိုယ်စားပြုသလော။ ယင်းက ဘုရားသခင်၏ စိတ်သဘောထားအမှန်နှင့် ဘုရားသခင်၏ အနှစ်သာရတို့ကို ကိုယ်စားပြုသည်မှာ မှန်ပေ၏။ ယင်း၌ ယုံမှားဖွယ်ရာမရှိပေ။ အချိန်၊ နေရာ၊ သို့မဟုတ် ဘုရားသခင်က သူ၏အမှုကို မည်သည့်ပုံစံဖြင့် ပြုလုပ်သည် သို့မဟုတ် သူက မည်သည့်ပုံသဏ္ဌာန်ဖြင့် လူသားထံ ပေါ်ထွန်းလာသည် သို့မဟုတ် သူ၏အလိုတော်ကို မည်သည့်နည်းလမ်းဖြင့် ဖော်ပြသည် စသည်တို့နှင့် မသက်ဆိုင်ဘဲ၊ သူ ထုတ်ဖော်သိမြင်စေခဲ့သည့် အရာအားလုံးသည် ဘုရားသခင် ကိုယ်တော်တိုင်၊ ဘုရားသခင်၏ အနှစ်သာရနှင့် သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့ကို ကိုယ်စားပြုသည်။ ဘုရားသခင်သည် သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းနှင့် သူ၏ စစ်မှန်သော ဝိသေသလက္ခဏာဖြင့် သူ၏အမှုတော်ကို ဆောင်ရွက်သည်။ ဤသည်မှာ လုံးဝ မှန်ကန်သည်။ သို့ရာတွင် ယနေ့တွင် လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့်၊ ပြီးလျှင် တရားဟောချက်များ နားထောင်သည့်အခါတွင် သူတို့ကြားရသည့် အရာတို့မှတစ်ဆင့် ဘုရားသခင်အပေါ် နားလည်မှု တစ်စိတ်တစ်ပိုင်းသာ ရှိကြသည်၊ ထို့ကြောင့် အတိုင်းအတာ တစ်ခုအထိ ဤနားလည်မှုကို အယူအဆဆိုင်ရာ အသိပညာဟုသာ ဆိုနိုင်လေသည်။ သင်၏ အခြေအနေအမှန်တို့ကို အကြောင်းပြု၍ သင်တို့ တစ်ဦးစီတိုင်းက သင်တို့၏ တကယ့်အတွေ့အကြုံများထဲ၌ ခံစားပြီး ယင်းကို တစ်စတစ်စ သိလာမှသာလျှင်၊ သင်သည် ယနေ့ သင်၏စိတ်နှလုံးထဲ၌ ကြားခဲ့၊ မြင်ခဲ့ သို့မဟုတ် သိခဲ့ပြီးသည့် ဘုရားသခင်အကြောင်း နားလည်မှု သို့မဟုတ် အသိပညာကို စိစစ် အတည်ပြုနိုင်သည်။ အကယ်၍ ဤနှုတ်ကပတ်တော်များကို သင်တို့အား ငါ မိတ်သဟာယမပြုခဲ့လျှင်၊ သင်တို့၏ အတွေ့အကြုံများသက်သက်အားဖြင့် ဘုရားသခင်နှင့်ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်မည်လော။ ထိုသို့ ပြုလျှင် အလွန်ခက်ခဲမည်ကို ငါ စိုးရိမ်သည်။ ယင်းမှာ အဘယ်ကြောင့်ဆိုသော် မည်သို့ တွေ့ကြုံခံစားရမည်ကို သိရန်အတွက် လူတို့၌ ဦးစွာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ရှိရပေမည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်မျှများပြားစွာ စားသုံးသည်ဖြစ်စေ၊ ဤသည်မှာ သူတို့အမှန်တကယ် တွေ့ကြုံခံစားနိုင်သည့် တူညီသော အရေအတွက်ပင်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် ရှေ့၌ရှိသည့်လမ်းကို ဦးဆောင်ပြီး လူသားကို သူ၏အတွေ့အကြုံထဲ၌ လမ်းပြသည်။ အတိုချုပ်ပြောရလျှင် စစ်မှန်သော အတွေ့အကြုံအချို့ ရှိသောသူတို့အတွက် ပြီးခဲ့သော ဤမိတ်သဟာယပြုချက် အချို့က သူတို့အား သမ္မာတရား အကြောင်း ပိုမိုနက်ရှိုင်းသော နားလည်ခြင်းနှင့် ဘုရားသခင်အကြောင်း ပိုမို လက်တွေ့ကျသည့် အသိပညာတို့ကို ရရှိစေရန် ကူညီပေးလိမ့်မည်။ သို့သော် စစ်မှန်သည့်အတွေ့အကြုံ ဘာမျှမရှိသောသူများ သို့မဟုတ် သူတို့၏ အတွေ့အကြုံကို အစပြုရုံရှိသောသူများ သို့မဟုတ် လက်တွေ့အရှိတရားကို စတင် ထိတွေ့ရုံရှိသောသူများအတွက် ဤသည်မှာ ကြီးစွာသော့ စမ်းသပ်မှု တစ်ခုဖြစ်သည်။

ပြီးခဲ့သော မိတ်သဟာယပြုချက်အချို့၏ အဓိက အကြောင်းအရာက “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင်” နှင့် ပတ်သက်သည်။ ငါ ပြောခဲ့သည့်အရာ အားလုံး၏ အခရာကျပြီး အဓိကကျသော အပိုင်းများတွင် သင်တို့ အဘယ်အရာကို မြင်သနည်း။ ဤဆွေးနွေးချက်များမှတစ်ဆင့် အမှုကိုပြုခဲ့သူ၊ ဤစိတ်သဘောထားများကို ထုတ်ဖော်ခဲ့သူသည် အရာခပ်သိမ်းအပေါ်တွင် အချုပ်အခြာအာဏာကို စွဲကိုင်ထားသော အတုမရှိသည့် ဘုရားသခင် ကိုယ်တော်တိုင်သာ ဖြစ်ကြောင်းကို သင်တို့ သတိပြုမိနိုင်သလော။ သင်တို့၏ အဖြေက သတိပြုမိနိုင်ပါသည်ဆိုလျှင်၊ အဘယ်အရာက သင်တို့ကို ထိုကဲ့သို့ ကောက်ချက်ချစေသနည်း။ ဤကောက်ချက် ကို ရရှိရာတွင် မည်သည့်ကဏ္ဍများကို သင် စဉ်းစားသုံးသပ်ခဲ့သနည်း။ တစ်ယောက်ယောက် ငါ့ကို ပြောနိုင်မည်လော။ ပြီးခဲ့သော မိတ်သဟာယပြုချက်များ အနည်းငယ်က သင်တို့အပေါ် နက်ရှိုင်းစွာ သက်ရောက်မှုရှိခဲ့ပြီး ဘုရားသခင်အကြောင်း အသိပညာအတွက် သင်တို့ စိတ်နှလုံးထဲတွင် အလွန်ထူးကဲသည့် အသစ်သော အစပြုခြင်းကို ပေးစွမ်းခဲ့သည်ကို ငါသိသည်။ သို့သော် ယခင်ကနှင့်နှိုင်းစာလျှင် သင်တို့သည် ဘုရားသခင်အကြောင်း နားလည်မှုတွင် ကြီးမားသည့် ရုတ်ခြည်း တိုးတက်မှုတစ်ခုကို ပြုလုပ်ပြီးဖြစ်သော်လည်း၊ ဘုရားသခင်၏ ဝိသေသလက္ခဏာအပေါ် သင်တို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်သည် ပညတ်တော်ခေတ် ယေဟောဝါဘုရားသခင်၊ ကျေးဇူးတော်ခေတ်၏ သခင်ယေရှုနှင့် နိုင်ငံတော်ခေတ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်တို့၏ နာမတော်များကို ကျော်လွန်၍ တိုးတက်ရန် လိုသေးသည်။ ဆိုလိုသည်မှာ “ဘုရားသခင်၏ စိတ်သဘောထား၊ ဘုရားသခင်၏ အမှုတော်နှင့် ဘုရားသခင် ကိုယ်တော်တိုင်” နှင့်ပတ်သက်သည့် ဤမိတ်သဟာယပြုချက်များသည် တစ်ချိန်က ဘုရားသခင်မိန့်ခဲ့သည့် နှုတ်ကပတ်တော်များ၊ ဘုရားသခင် တစ်ချိန်က လုပ်ဆောင်ခဲ့သည့် အမှုတော်၊ ဘုရားသခင် တစ်ချိန်က ထုတ်ဖော်ခဲ့သည့် ဖြစ်ခြင်းနှင့် အရာအားလုံးတို့နှင့်ပတ်သက်သည့် နားလည်မှု အချို့်ကို ပေးခဲ့သော်လည်း၊ သင်တို့သည် “ဘုရားသခင်” ဆိုသည့် စကားလုံး၏ မှန်ကန်သည့် အဓိပ္ပာယ်နှင့် တိကျသည့်သဘောထားတို့ကို ပေးနိုင်စွမ်းမရှိကြပေ။ သင်တို့တွင် ဘုရားသခင်ကိုယ်တော်တိုင်၏ အဆင့်အတန်းနှင့် ဝိသေသလက္ခဏာနှင့် ပတ်သက်သည့် တစ်နည်းအားဖြင့်ဆိုသော် အရာခပ်သိမ်းထဲနှင့် စကြဝဠာ တစ်ခွင်လုံးရှိ ဘုရားသခင်၏ အဆင့်အတန်းနှင့်ပတ်သက်သည့် မှန်ကန်တိကျသော သဘောထားနှင့် အသိပညာတို့လည်း မရှိပေ။ ယင်းမှာ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကိုယ်တော်တိုင်နှင့် ဘုရားသခင်၏ စိတ်သဘောထားတို့အကြောင်း ပြီးခဲ့သည့် မိတ်သဟာယပြုချက်များထဲတွင် အကြောင်းအရာအားလုံးကို သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင်ထားသည့်အတိုင်း ဘုရားသခင်၏ ယခင်ဖော်ပြချက်များနှင့် ဗျာဒိတ်တော်များအပေါ်တွင် အခြေခံခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် လူသားမျိုးနွယ်အပေါ် သူ၏စီမံခန့်ခွဲမှုနှင့် ကယ်တင်ခြင်းတို့ အတွင်းတွင်ဖြစ်စေ၊ ပြင်ပတွင်ဖြစ်စေ ဘုရားသခင် ထုတ်ဖော်ဖွင့်ပြခဲ့သည့် ဖြစ်ခြင်းနှင့် အရာအားလုံးတို့ကို လူသားအနေဖြင့် ရှာဖွေတွေ့ရှိရန် ခက်ခဲနေသည်။ ထို့ကြောင့် ဘုရားသခင် အတိတ်က လုပ်ဆောင်ခဲ့ပြီးသော အမှုတွင် ထုတ်ဖော်ပြခဲ့သည့် ဘုရားသခင်၏ ဖြစ်ခြင်းနှင့် အရာအားလုံးကို သင်တို့ နားလည်လျှင်ပင်၊ ဘုရားသခင်၏ ဝိသေသလက္ခဏာနှင့် အဆင့်အတန်းတို့အပေါ် သင်တို့၏အဓိပ္ပာယ် ဖွင့်ဆိုချက်သည် “အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ၊ အတုမရှိသော ဘုရားသခင်” နှင့် အလှမ်းဝေးလျက်ပင် ရှိနေသေးပြီး၊ “ဖန်ဆင်းရှင်” ၏ ဝိသေသလက္ခဏာနှင့် အဆင့်အတန်းတို့နှင့်လည်း ကွဲပြားလေသည်။ ပြီးခဲ့သော မိတ်သဟာယပြုချက်အချို့သည် လူတိုင်းကို တူညီသည့် ခံစားမှုမျိုးဖြစ်စေခဲ့သည်- ဘုရားသခင်၏ အကြံအစည်များကို လူသားက မည်သို့သိနိုင်မည်နည်း။ တစ်စုံတစ်ဦးက အမှန်တကယ် သိခဲ့မည်ဆိုပါက၊ ထိုသူသည် ဘုရားသခင်သာ ဖြစ်မည်မှာ အသေချာဆုံး ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် ကိုယ်တော်တိုင်သာလျှင် သူ၏ ကိုယ်ပိုင်အကြံအစည်များကို သိရှိပြီး ဘုရားသခင် ကိုယ်တော်တိုင်သာလျှင် သူလုပ်သမျှအရာအားလုံး၏ သွယ်ဝိုက်သော အခြေခံအကြောင်းရင်းနှင့် လုပ်ဆောင်ပုံတို့ကို သိသောကြောင့် ဖြစ်သည်။ သင်တို့အနေဖြင့် ဤသို့သောနည်းလမ်းအတိုင်း ဘုရားသခင်၏ ဝိသေသလက္ခဏာကို သတိပြုမိရန်ဆိုသည်မှာ ကျိုးကြောင်းသင့်ပြီး ယုတ္တိရှိသည့် ပုံရသော်လည်း၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် အမှုတော်တို့မှနေ၍ ဤသည်မှာ ဘုရားသခင် ကိုယ်တော်တိုင်၏ အမှုတော်ဖြစ်ပြီး လူသား၏ အလုပ်မဟုတ်ဘဲ၊ ဘုရားသခင်ကိုယ်စား လူသားက ပြုလုပ်၍မရသည့် အမှုတော်ဖြစ်သည်ဟု မည်သူ ခွဲခြားသိမြင်နိုင်မည်နည်း။ ဤအမှုသည် ဘုရားသခင်၏ အနှစ်သာရနှင့် တန်ခိုးရှိသည့် သူ၏ အချုပ်အခြာအာဏာအောက်တွင် ရှိကြောင်း မည်သူ မြင်နိုင်မည်နည်း။ ဆိုလိုသည်မှာ သူသည် ဘုရားသခင်၏ ဝိသေသလက္ခဏာရှိသည့် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်ပြီး အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာကို စွဲကိုင်ထားသောသူဖြစ်ကြောင်း မည်သည့် ထူးခြားသော လက္ခဏာများ သို့မဟုတ် အနှစ်သာရမှတစ်ဆင့် သင်တို့ သတိပြုမိသနည်း။ ထိုအကြောင်းကို သင်တို့ တွေးကြည့်ဖူးသလော။ သင်တို့ တွေးမကြည့်ဖူးလျှင် ဤအရာက အချက်တစ်ခုကို သက်သေပြသည်- ပြီးခဲ့သော မိတ်သဟာယပြုချက် အချို့က သူ၏ အမှုတော်ကို ဘုရားသခင်လုပ်ဆောင်ခဲ့သည့် သမိုင်းနှင့် ယင်းအမှုတော်အတောအတွင်း ဘုရားသခင်၏ လုပ်ဆောင်ပုံ၊ ထင်ရှားပြသပုံနှင့် ဗျာဒိတ်တော်များတို့၏ သမိုင်းအပိုင်းအစနှင့်ပတ်သက်သည့် နားလည်မှု အနည်းငယ်ကိုသာ သင်တို့အား ပေးခဲ့လေသည်။ ထိုကဲ့သို့သော နားလည်မှုမျိုးသည် ဤအမှုအဆင့်နှစ်ခုကို ဆောင်ရွက်ခဲ့သူသည် သင်တို့ယုံကြည်ပြီး လိုက်လျှောက်သည့် ဘုရားသခင်ကိုယ်တော်တိုင်၊ သင်တို့ အမြဲတစေ လိုက်လျှောက်ရမည့်သူ ဖြစ်ကြောင်း သင်တို့ တစ်ဦးစီကို သံသယ ဖြစ်စရာမလိုအောင် သိမြင်စေသော်လည်း၊ သူသည် ကမ္ဘာကြီးကို ဖန်ဆင်းစဉ်ကတည်းက တည်ရှိခဲ့ပြီးဖြစ်သည့် ဘုရားသခင်၊ ထာဝရကာလ တည်ရှိနေမည့်သူ ဖြစ်ကြောင်း သင်တို့ သိမြင်နိုင်စွမ်း မရှိကြသေးသကဲ့သို့၊ သူသည် လူသားမျိုးနွယ်အပေါင်းတို့အပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားပြီး ဦးဆောင်နေသောသူ ဖြစ်ကြောင်းကိုလည်း သင်တို့ မသိမြင်နိုင်ကြပါပေ။ သင်တို့သည် ဤပြဿနာကို မည်သည့်အခါမျှ မတွေးမိခဲ့သည်မှာ သေချာသည်။ ယေဟောဝါဖြစ်စေ သို့မဟုတ် သခင်ယေရှုဖြစ်စေ သူသည် သင်တို့ လိုက်လျှောက်ရမည့် ဘုရားသခင်ဖြစ်သည်သာမက လူသားမျိုးနွယ်ကို ကွပ်ကဲအုပ်ချုပ်ကာ လူသားမျိုးနွယ်၏ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသည့် ဘုရားသခင်လည်း ဖြစ်သည့်အပြင်၊ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းအပေါ်တွင် အချုပ်အခြာအာဏာကို စွဲကိုင်ထားသည့် အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်ကြောင်းကို မည်သည့် အနှစ်သာရနှင့် ထင်ရှားပြသမှု၏ သွင်ပြင်လက္ခဏာများမှတစ်ဆင့် သင်တို့ သိမြင်နိုင်သနည်း။ သင်တို့ ယုံကြည်ပြီး လိုက်လျှောက်သော သူသည် အရာအားလုံးအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ဆောင်ထားသည့် ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်သည်ကို မည်သည့် လမ်းကြောင်းများမှ သင်တို့သိမြင်သနည်း။ သင်တို့ယုံကြည်သည့် ဘုရားသခင်ကို လူသားမျိုးနွယ်၏ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသည့် ဘုရားသခင်နှင့် မည်သည့်လမ်းကြောင်းများမှ သင်တို့ ဆက်စပ်သနည်း။ သင်တို့ယုံကြည်သည့် ဘုရားသခင်သည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့တွင်ရှိသည့် အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်ကြောင်း မည်သည့်အရာက သင်တို့ကို သိမြင်စေသနည်း။ ဤသည်မှာ လာမည့်အပိုင်းတွင် ငါဖြေရှင်းရမည့် ပြဿနာဖြစ်သည်။

သင်တို့ မည်သည့်အခါမျှ မတွေးဖူးသည့် သို့မဟုတ် မစဉ်းစားနိုင်သည့် ပြဿနာများသည် ဘုရားသခင်ကိုသိခြင်းအဖို့ အရေးကြီးဆုံးအရာများ ဖြစ်နိုင်ဖွယ် ရှိပြီး ထိုအထဲ၌ လူသားအတွက် ဉာဏ်မမီနိုင်သော သမ္မာတရားများကို ရှာတွေ့ကောင်း ရှာတွေ့နိုင်သည်။ ဤပြဿနာများက သင်တို့အပေါ်သို့ ကျရောက်ကာ၊ သင်တို့သည် ယင်းတို့ကို ရင်ဆိုင်ပြီး ရွေးချယ်မှုပြုလုပ်ရန် လိုအပ်လာသည့်အခါ၊ သင်တို့၏ မိုက်မဲမှုနှင့် မသိနားမလည်မှုကြောင့် သို့မဟုတ် သင်တို့၏ အတွေ့အကြုံများသည် အပေါ်ယံဆန်လွန်းပြီး ဘုရားသခင်အကြောင်း မှန်ကန်သော အသိပညာ ကင်းမဲ့သောကြောင့်၊ ယင်းတို့ကို အပြည့်အဝ မဖြေရှင်းနိုင်ပါက ယင်းတို့သည် သင်တို့၏ ဘုရားသခင်အပေါ် ယုံကြည်မှု လမ်းကြောင်းအပေါ်တွင် အကြီးမားဆုံးသော အနှောင့်အယှက်နှင့် အကြီးမာဆုံးသော အတားအဆီးတို့ ဖြစ်လာလိမ့်မည်။ ထို့ကြောင့် ဤအကြောင်းအရာနှင့် ပတ်သက်၍ သင်တို့ကို မိတ်သဟာယပြုရန် လွန်စွာလိုအပ်သည်ဟု ငါထင်ရသည်။ ယခု သင်တို့၏ ပြဿနာက အဘယ်အရာဖြစ်သည်ကို သင်တို့သိကြပြီလော။ ငါပြောသည့် ပြဿနာအကြောင်းကို သင်တို့ ရှင်းလင်းသလော။ ဤအရာတို့သည် သင်တို့ရင်ဆိုင်ရမည့် ပြဿနာများလော။ ယင်းတို့သည် သင်တို့နားမလည်သည့် ပြဿနာများလော။ ယင်းတို့သည် သင်တို့ထံ၌ မည်သည့်အခါမျှ မဖြစ်ပျက်ဖူးသည့် ပြဿနာများလော။ ဤပြဿနာများက သင်တို့အတွက် အရေးကြီးသလော။ ယင်းတို့သည် အမှန်တကယ် ပြဿနာများ ဟုတ်၏လော။ ဤကိစ္စသည် သင်တို့အတွက် ကြီးမားသောရှုပ်ထွေးမှု အရင်းအမြစ် တစ်ခုဖြစ်ပြီး၊ ယင်းက သင်တို့ ယုံကြည်သည့် ဘုရားသခင်အကြောင်း မှန်ကန်သည့်နားလည်မှု သင်တို့၌ မရှိကြောင်းနှင့်၊ သင်တို့သည် သူ့ကို အလေးအနက် မထားကြောင်းကို ပြလေသည်။ တချို့လူများက “သူသည် ဘုရားသခင်ဖြစ်ကြောင်း ကျွန်ုပ်သိသောကြောင့် သူ့နောက်ကို ကျွန်ုပ်လိုက်သည်။ သူ၏ နှုတ်ကပတ်တော်တို့သည် ဘုရားသခင်၏ ဖော်ပြချက်ဖြစ်သောကြောင့်ဖြစ်သည်။ ယင်းမှာ လုံလောက်သည်။ အဘယ် နောက်ထပ်သက်သေကို လိုအပ်သနည်း။ ဘုရားသခင်နှင့် ပတ်သက်၍ ကျွန်ုပ်တို့ သံသယများပွားနေရန် မလိုအပ်သည်မှာ သေချာသည် မဟုတ်လော။ ဘုရားသခင်ကို ကျွန်ုပ်တို့ မစမ်းသပ်သင့်သည်မှာ သေချာသည် မဟုတ်လော။ ဘုရားသခင်၏ အနှစ်သာရနှင့် ဘုရားသခင်ကိုယ်တော်တိုင်၏ ဝိသေသလက္ခဏာတို့ကို ကျွန်ုပ်တို့ သံသယဖြစ်စရာ မလိုအပ်သည်မှာ သေချာသည်မဟုတ်လော။” ဟု ပြောကြသည်။ သင်တို့က ဤအတိုင်း ထင်မြင်သည်ဖြစ်စေ မထင်မြင်သည်ဖြစ်စေ ဘုရားသခင်၏ ဝိသေသလက္ခဏာနှင့် အနှစ်သာရအကြောင်း သင်တို့ကို သံသယများပေးရန် မဆိုထားနှင့်၊ ဘုရားသခင်အကြောင်း ရှုပ်ထွေးစေရန် သို့မဟုတ် သူ့ကို စမ်းသပ်စေရန် ထိုကဲ့သို့သော မေးခွန်းများကို ငါအဆိုပြုခြင်း မဟုတ်ပေ။ ထို့ထက် ငါသည် ဘုရားသခင်၏ အနှစ်သာရအပေါ် ပို၍ ကြီးမားသော နားလည်မှုနှင့် ဘုရားသခင်၏ အဆင့်အတန်းနှင့် ပတ်သက်၍ ပို၍ ကြီးမားသော သေချာမှုနှင့် ယုံကြည်မှုတို့ကို တွန်းအားပေးရန်အတွက် ထိုသို့ပြုခြင်းဖြစ်ကာ၊ ဤသို့ဖြင့် ဘုရားသခင်သည် သူ့နောက်လိုက်သောသူအားလုံး၏ စိတ်နှလုံးများထဲရှိ တစ်ဦးတည်းသောအရှင် ဖြစ်လာနိုင်ရန်အတွက်နှင့်၊ ဖန်ဆင်းရှင်၊ အရာခပ်သိမ်း၏ အုပ်စိုးသူ၊ အတုမရှိ ဘုရားသခင် ကိုယ်တော်တိုင်အဖြစ် ဘုရားသခင်၏ မူလ အဆင့်အတန်းကို ဖန်ဆင်းခံတိုင်း၏ စိတ်နှလုံးထဲတွင် ပြန်လည်ဖော်ထုတ်နိုင်စေရန် ဖြစ်သည်။ ဤသည်မှာလည်း ငါမိတ်သဟာယပြုသွားမည့် အဓိကအချက်ဖြစ်သည်။

ယခု သမ္မာကျမ်းစာထဲမှ အောက်ပါကျမ်းပိုဒ်များကို စဖတ်ကြပါစို့။

၁။ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းရန် နှုတ်ကပတ်တော်များကို အသုံးပြုသည်

ကမ္ဘာဦးကျမ်း ၁:၃-၅ ဘုရားသခင်ကလည်း အလင်းဖြစ်စေဟု အမိန့်တော်ရှိ၍ အလင်းဖြစ်လေ၏။ ထိုအလင်းကောင်းသည်ကို ဘုရားသခင်မြင်၍၊ အလင်းနှင့် မှောင်မိုက်ကို ပိုင်းခြားခွဲထား တော်မူ၏။ အလင်းကို နေ့ဟူသောအမည်ဖြင့်၎င်း၊ မှောင်မိုက်ကို ညဉ့်ဟူသောအမည်ဖြင့်၎င်း၊ ခေါ်ဝေါ်သမုတ်တော်မူ၍ ညဦးနှင့် နံနက်သည် ပဌမနေ့ရက်ဖြစ်လေ၏။

ကမ္ဘာဦးကျမ်း ၁:၆-၇ တဖန်ဘုရားသခင်က ရေအလယ်၌ မိုဃ်းမျက်နှာကြက်ဖြစ်စေ၊ ရေနှင့်ရေချင်း ခြားနားစေဟု အမိန့်တော်ရှိသဖြင့်၊ မိုဃ်းမျက်နှာကြက်ကို ဘုရားသခင် ဖန်ဆင်းတော်မူ၍၊ မိုဃ်းမျက်နှာကြက် အောက်၌ရှိသော ရေနှင့်၊ မိုဃ်းမျက်နှာကြက် အပေါ်၌ရှိသော ရေကို ပိုင်းခြားတော်မူ သည်အတိုင်း ဖြစ်လေ၏။

ကမ္ဘာဦးကျမ်း ၁:၉-၁၁ တဖန်ဘုရားသခင်က မိုဃ်းကောင်းကင် အောက်၌ရှိသော ရေစုဝေးစေ၊ ကုန်းပေါ်စေဟု အမိန့်တော် ရှိသည်အတိုင်း ဖြစ်လေ၏။ ကုန်းကို မြေဟူသော အမည်ဖြင့်၎င်း၊ ရေစုဝေးရာကို ပင်လယ်ဟူသောအမည်ဖြင့်၎င်း၊ ဘုရားသခင် ခေါ်ဝေါ်သမုတ်တော်မူ၍ ထိုအမှုအရာ ကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၏။ တဖန် ဘုရားသခင်က၊ မြေသည် မြက်ပင်ကို၎င်း၊ စပါးသီးကို ဖြစ်စေသော စပါးပင်ကို၎င်း၊ မြေပေါ်မှာ မျိုးစေ့ပါလျက် သစ်သီးမျိုးကို ဖြစ်စေသော သစ်ပင်ကို၎င်း၊ ပေါက်စေဟု အမိန့်တော်ရှိသည် အတိုင်း ဖြစ်လေ၏။

ကမ္ဘာဦးကျမ်း ၁:၁၄-၁၅ တဖန် ဘုရားသခင်က၊ နေ့နှင့်ညဉ့်ကို ပိုင်းခြားစေခြင်းငှါ မိုဃ်းကောင်းကင် မျက်နှာကြက်၌ အလင်းအိမ်တည်စေ၊ နိမိတ်လက္ခဏာ၊ ချိန်းချက်သောအချိန်၊ နေ့ရက်အပိုင်းအခြား၊ နှစ်အပိုင်းအခြားဘို့ ဖြစ်စေ။ မိုဃ်းကောင်းကင် မျက်နှာကြက်၌တည်၍ မြေကြီး လင်းစရာ အလင်းအိမ်ဖြစ်စေဟု၊ အမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ၏။

ကမ္ဘာဦးကျမ်း ၁:၂၀-၂၁ တဖန် ဘုရားသခင်က အသက်ရှင်၍ လှုပ်ရှားတတ်သော တိရစ္ဆာန်တို့ကို ရေသည်များပြားစွာ မွေးဖွားစေ။ ငှက်တို့လည်း မြေပေါ် မိုဃ်းကောင်းကင် မျက်နှာကြက်ပြင်ဝယ် ပျံစေဟု အမိန့်တော်ရှိ၏။ ထိုသို့လျှင် ရေသည် တိရစ္ဆာန်အမျိုးအလိုက် များပြားစွာ မွေးဘွား၍၊ ငါးကြီး အစရှိသော အသက်ရှင်၍ လှုပ်ရှားတတ်သော တိရစ္ဆာန် အပေါင်းတို့ကို၎င်း၊ ပျံတတ်သော ငှက်မျိုးအပေါင်းတို့ကို၎င်း ဘုရားသခင်ဖန်ဆင်း၍၊ ထိုအမှုအရာ ကောင်းသည်ကို မြင်တော်မူ၏။

ကမ္ဘာဦးကျမ်း ၁:၂၄-၂၅ တဖန် ဘုရားသခင်က၊ မြေသည် အသက်ရှင်သော သတ္တဝါမျိုးတည်းဟူသော သားယဉ်တို့ကို၎င်း၊ တွားတတ်သော တိရစ္ဆာန်တို့ကို၎င်း၊ သားရဲမျိုးတို့ကို၎င်း၊ မွေးဖွားစေဟု အမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ၏။ ထိုသို့ ဘုရားသခင်သည် သားရဲမျိုး၊ သားယဉ်မျိုး၊ မြေပေါ်တွင် တွားတတ်သော တိရစ္ဆာန်မျိုး အပေါင်းတို့ကို ဖန်ဆင်း၍၊ ထိုအမှုအရာ ကောင်းသည်ကို မြင်တော်မူ၏။

ပထမနေ့တွင် လူသားမျိုးနွယ်၏ နေ့နှင့်ညသည် ပေါ်ပေါက်လာပြီး ဘုရားသခင်၏ သြဇာအာဏာကြောင့် ခိုင်မာစွာ ရပ်တည်ပေ၏

ပထမကျမ်းပိုဒ်ကို ကြည့်ကြပါစို့- “ဘုရားသခင်ကလည်း အလင်းဖြစ်စေဟု အမိန့်တော်ရှိ၍ အလင်းဖြစ်လေ၏။ ထိုအလင်းကောင်းသည်ကို ဘုရားသခင်မြင်၍၊ အလင်းနှင့် မှောင်မိုက်ကို ပိုင်းခြားခွဲထားတော်မူ၏။ အလင်းကို နေ့ဟူသော အမည်ဖြင့်၎င်း၊ မှောင်မိုက်ကို ညဉ့်ဟူသော အမည်ဖြင့်၎င်း၊ ခေါ်ဝေါ်သမုတ်တော်မူ၍ ညဦးနှင့် နံနက်သည် ပဌမနေ့ရက် ဖြစ်လေ၏။” (ကမ္ဘာဦးကျမ်း ၁:၃-၅) ဤကျမ်းပိုဒ်သည် ဖန်ဆင်းခြင်းအစတွင် ဘုရားသခင်၏ ပထမဆုံး လုပ်ဆောင်ချက်နှင့် ညဉ့်ဦးနှင့် နံနက်ပါဝင်သော ဘုရားသခင် ဖြတ်သန်းခဲ့သည့် ပထမနေ့ရက်ကို ဖော်ပြသည်။ သို့သော် ယင်းသည် ထူးခြားသည့်နေ့ တစ်နေ့ဖြစ်ခဲ့သည်- ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အလင်းကို စတင် ပြင်ဆင်ခဲ့သည့်အပြင် အလင်းကို မှောင်မိုက်မှ ခွဲခြားလိုက်သည်။ ဤနေ့ရက်တွင် ဘုရားသခင်သည် စတင်စကားပြောခဲ့ပြီး သူ၏ နှုတ်ကပတ်တော်များနှင့် သြဇာအာဏာသည် အတူတကွ တည်ရှိခဲ့သည်။ သူ၏ သြဇာအာဏာသည် အရာခပ်သိမ်းထဲတွင် စတင် ထင်ရှားပြလာပြီး သူ့နှုတ်ကပတ်တော်များ၏ အကျိုးရလဒ်အနေဖြင့် သူ၏တန်ခိုးသည် အရာခပ်သိမ်းအလယ်တွင် ပျံ့နှံ့လေသည်။ ထိုနေ့မှစပြီး အရာခပ်သိမ်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်၏ သြဇာအာဏာနှင့် ဘုရားသခင်၏ တန်ခိုးတို့ကြောင့် ဖြစ်ပေါ်လာခဲ့ပြီး ခိုင်မာစွာ ရပ်တည်ခဲ့ကြကာ၊ ယင်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်၏ သြဇာအာဏာနှင့် ဘုရားသခင်၏ တန်ခိုးတို့ကြောင့်၊ စတင် လှုပ်ရှားလည်ပတ်လာကြသည်။ ဘုရားသခင်က “အလင်းဖြစ်စေ” ဆိုသည့် နှုတ်ကပတ်တော်များကို မိန့်မြွက်လိုက်သည့်အခါတွင်၊ ထိုသို့ အလင်းဖြစ်ခဲ့သည်။ ဘုရားသခင်က မည်သည့်အလုပ် အစီအစဉ်တို့ကိုမျှ စတင်ခြင်းမရှိခဲ့ပေ။ အလင်းသည် သူ့နှုတ်ကပတ်တော်၏ ရလဒ်အနေဖြင့် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က နေ့ဟုခေါ်ခဲ့သည့် အလင်းဖြစ်ပြီး လူသားသည် ယနေ့ သူ၏တည်ရှိမှုအတွက် ယင်းအပေါ် မှီခိုနေရဆဲ ဖြစ်သည်။ ဘုရားသခင်၏ အမိန့်အားဖြင့် ထိုအလင်း၏ အနှစ်သာရနှင့် တန်ဖိုးက မည်သည့်အခါမျှ ပြောင်းလဲမသွားဘဲ၊ မည်သည့်အခါမျှလည်း ပျောက်ကွယ်မသွားပေ။ ယင်း၏တည်ရှိမှုသည် ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးကို ထင်ရှားစေပြီး ဖန်ဆင်းရှင်၏ တည်ရှိမှုကို ကြေညာသည်။ ယင်းသည် ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာနှင့် အဆင့်အတန်းကို အကြိမ်ကြိမ် အတည်ပြုသည်။ ယင်းသည် အထည်ကိုယ်ဒြပ်မရှိသည့်အရာ သို့မဟုတ် ထင်ယောင်ထင်မှားစရာ မဟုတ်ပါဘဲ၊ လူသားက မြင်တွေ့နိုင်သည့် တကယ်ရှိသော အလင်းဖြစ်သည်။ ထိုအချိန်မှစ၍ “မြေကြီးသည် အဆင်းသဏ္ဌာန်မရှိ၊ လွတ်လပ်လဟာဖြစ်၏။ နက်နဲရာအရပ်ကို မှောင်မိုက်ဖုံးလွှမ်း၏” ဆိုသည့် ဘာမျှမရှိသည့် ကမ္ဘာကြီးတွင် ပထမဆုံးသော ရုပ်ဝတ္ထုတစ်ခု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ဤအရာသည် ဘုရားသခင့်နှုတ်၏ နှုတ်ကပတ်တော်များမှ လာခဲ့ခြင်းဖြစ်ပြီး ဘုရားသခင်၏ သြဇာအာဏာနှင့် မိန့်မြွက်ချက်များကြောင့်၊ အရာခပ်သိမ်းအား ဖန်ဆင်းခြင်း၏ ပထမ လုပ်ဆောင်ချက်တွင် ထွက်ပေါ်လာခဲ့သည်။ နောက်မကြာမီတွင် ဘုရားသခင်သည် အလင်းနှင့် မှောင်မိုက်ကို ခွဲခြားရန် အမိန့်ပေးခဲ့သည်။...ဘုရားသခင်၏ နှုတ်ကပတ်တော်များကြောင့် အရာအားလုံးမှာ ပြောင်းလဲခဲ့ပြီး ပြည့်စုံလျက် ရှိခဲ့သည်။...ဘုရားသခင်က ဤအလင်းကို “နေ့” ဟုခေါ်ပြီး မှောင်မိုက်ကို “ည” ဟုခေါ်ခဲ့သည်။ ထိုအချိန်၌ ဘုရားသခင်က ဖန်ဆင်းရန် ရည်ရွယ်ခဲ့သည့် ကမ္ဘာပေါ်တွင် ပထမဆုံးညဉ့်ဦးနှင့် ပထမဆုံးနံနက်သည် ဖြစ်ပေါ်လာခဲ့ပြီး၊ ဤသည်မှာ ပထမနေ့ဖြစ်သည်ဟု ဘုရားသခင်က မိန့်ခဲ့သည်။ ဤနေ့သည် ဖန်ဆင်းရှင်၏ အရာခပ်သိမ်းအား ဖန်ဆင်းခြင်း ပထမနေ့ဖြစ်ခဲ့ပြီး အရာခပ်သိမ်းအား ဖန်ဆင်းခြင်း၏ အစဖြစ်ခဲ့သည့်အပြင်၊ သူဖန်ဆင်းခဲ့ပြီးသည့် ဤကမ္ဘာပေါ်တွင် ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုးကို ထင်ရှားပြသခဲ့ပြီးဖြစ်သည့် ပထမဆုံးအကြိမ် ဖြစ်ခဲ့သည်။

ဤနှုတ်ကပတ်တော်များအားဖြင့် လူသားသည် ဘုရားသခင်နှင့် ဘုရားသခင့် နှုတ်ကပတ်တော်များ၏ သြဇာအာဏာနှင့်သာမက ဘုရားသခင်၏ တန်ခိုးကိုပါ မြင်တွေ့နိုင်သည်။ ဘုရားသခင်သာလျှင် ထိုသို့သော တန်ခိုးကို ပိုင်ဆိုင်သောကြောင့်၊ ဘုရားသခင်သာလျှင် ထိုသို့သော သြဇာအာဏာ ရှိခြင်းဖြစ်သည်။ ဘုရားသခင်သည် ထိုသို့သော သြဇာအာဏာ ပိုင်ဆိုင်သောကြောင့်၊ ဘုရားသခင်သာလျှင် ထိုသို့သော တန်ခိုးရှိခြင်းဖြစ်သည်။ မည်သည့်လူသား သို့မဟုတ် အရာဝတ္ထုက ထိုသို့သော သြဇာအာဏာနှင့် တန်ခိုးကို ဤကဲ့သို့ ပိုင်ဆိုင်နိုင်သလော။ သင်တို့၏ စိတ်နှလုံးထဲတွင် အဖြေတစ်ခုရှိသလော။ ဘုရားသခင်မှလွဲ၍ မည်သည့်ဖန်ဆင်းခံ သို့မဟုတ် ဖန်ဆင်းမခံရသည့် သက်ရှိများက ထိုသို့သော သြဇာအာဏာကို ပိုင်ဆိုင်သလော။ ထိုသို့သော အရာမျိုး၏ သာဓကကို မည်သည့်စာအုပ် သို့မဟုတ် ပုံနှိပ်ထုတ်ဝေမှုတွင် သင်တို့တွေ့ဖူးပါသလော။ တစ်စုံတစ်ဦးက ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည်ဟူသည့် မှတ်တမ်းတစ်ခုခု ရှိသလော။ ထိုအရာကို အခြားမည်သည့်စာအုပ်များ သို့မဟုတ် မှတ်တမ်းများတွင်မျှ မတွေ့ရပေ။ အမှန်စင်စစ် ဤအရာများမှာ သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင်ထားသည့် ကမ္ဘာမြေအား ဘုရားသခင်၏ ကြီးကျယ်ခမ်းနားသော ဖန်ဆင်းခြင်းအကြောင်း ခိုင်လုံပြီး တန်ခိုးနှင့်ပြည့်စုံသည့် တစ်ခုတည်းသော နှုတ်ကပတ်တော်များပင် ဖြစ်သည်။ ဤနှုတ်ကပတ်တော်များက ဘုရားသခင်၏ အတုမရှိ သြဇာအာဏာနှင့် ဝိသေသလက္ခဏာအကြောင်းကို အခိုင်အမာ ပြောပြသည်။ ထိုသို့သော သြဇာအာဏာနှင့် တန်ခိုးသည် ဘုရားသခင်၏ အတုမရှိသော ဝိသေသလက္ခဏာကို ကိုယ်စားပြုသည်ဟု ဆိုနိုင်မည်လော။ ယင်းတို့ကို ဘုရားသခင်နှင့် ဘုရားသခင် တစ်ဦးတည်းကသာ ပိုင်ဆိုင်သည်ဟု ဆိုနိုင်မည်လော။ သံသယရှိစရာမလိုအောင် ဘုရားသခင် ကိုယ်တော်တိုင်ကသာလျှင် ထိုသို့သော သြဇာအာဏာနှင့် တန်ခိုးကို ပိုင်ဆိုင်သည်တကား။ ဤသြဇာအာဏာနှင့် တန်ခိုးကို မည်သည့်ဖန်ဆင်းခံ သို့မဟုတ် ဖန်ဆင်းမခံရသည့် သက်ရှိကမျှ ပိုင်ဆိုင်နိုင်ခြင်း သို့မဟုတ် အစားထိုးနိုင်ခြင်း မရှိပေ။ ဤသည်မှာ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင်၏ ထူးခြားသော လက္ခဏာများထဲက တစ်ခုဖြစ်သလော။ သင်တို့ ယင်းကို မျက်မြင်တွေ့ပြီးပြီလော။ ဤနှုတ်ကပတ်တော်များက ဘုရားသခင်သည် အတုမရှိသော သြဇာအာဏာနှင့် အတုမရှိသော တန်ခိုးကို ပိုင်ဆိုင်ပြီး၊ သာလွန်မြင့်မားသည့် ဝိသေသလက္ခဏာနှင့် အဆင့်အတန်း ရှိသည် ဟူသည့်အချက်ကို လူတို့အား လျင်မြန်စွာနှင့် ထင်ရှားစွာ နားလည်စေသည်။ အထက်ပါ မိတ်သဟာယပြုချက်မှနေ၍ သင်တို့ယုံကြည်သည့် ဘုရားသခင်သည် အတုမရှိ ဘုရားသခင် ကိုယ်တော်တိုင်ပင် ဖြစ်သည်ဟု သင်တို့ ဆိုနိုင်ပြီလော။

ဒုတိယနေ့တွင် ဘုရားသခင်၏ သြဇာအာဏာသည် ရေတို့ကို နေရာတကျ စီစဉ်ပြီး၊ မိုးမျက်နှာကြက်ကို ပြုလုပ်ကာ လူသား၏ အခြေခံအကျဆုံး ရပ်တည်ရှင်သန်နိုင်ရေးအတွက် နေရာတစ်ခု ပေါ်လာသည်

သမ္မာကျမ်းစာ၏ ဒုတိယကျမ်းပိုဒ်ကို ဖတ်ကြည့်ကြစို့။ “တဖန်ဘုရားသခင်က ရေအလယ်၌ မိုဃ်းမျက်နှာကြက်ဖြစ်စေ၊ ရေနှင့်ရေချင်းခြားနားစေဟု အမိန့်တော်ရှိသဖြင့်၊ မိုဃ်းမျက်နှာကြက်ကို ဘုရားသခင် ဖန်ဆင်းတော်မူ၍၊ မိုဃ်းမျက်နှာကြက် အောက်၌ ရှိသောရေနှင့်၊ မိုဃ်းမျက်နှာကြက်အပေါ်၌ရှိသော ရေကို ပိုင်းခြားတော်မူသည်အတိုင်း ဖြစ်လေ၏။” (ကမ္ဘာဦးကျမ်း ၁:၆-၇) ဘုရားသခင်သည် “ရေအလယ်၌ မိုဃ်းမျက်နှာကြက်ဖြစ်စေ၊ ရေနှင့်ရေချင်း ခြားနားစေ၊” ဟုမိန့်ပြီးနောက်တွင် မည်သည့် ပြောင်းလဲမှုများ ပေါ်ပေါက်ခဲ့သနည်း။ ကျမ်းစာပိုဒ်တွင် “မိုဃ်းမျက်နှာကြက်ကို ဘုရားသခင် ဖန်ဆင်းတော်မူ၍၊ မိုဃ်းမျက်နှာကြက် အောက်၌ရှိသောရေနှင့်၊ မိုဃ်းမျက်နှာကြက် အပေါ်၌ရှိသောရေကို ပိုင်းခြားတော်မူသည်။” ဟုဆိုသည်။ ဘုရားသခင်သည် ဤသည်ကို မိန့်ကြားကာ ပြုလုပ်ခဲ့အပြီးတွင် ရလဒ်မှာ အဘယ်နည်း။ ဤအဖြေသည် ကျမ်းပိုဒ်၏ နောက်ဆုံးအပိုင်း “ဖြစ်လေ၏။” တွင် ရှိသည်။

ဤဝါကျတိုနှစ်ခုသည် ကြီးကျယ်ခမ်းနားသော ဖြစ်ရပ်တစ်ခုကို မှတ်တမ်းတင်ထားပြီး၊ ဘုရားသခင်က ရေကို အုပ်စိုးခဲ့ပြီး လူသားအသက်ရှင် ရပ်တည်နိုင်သော နေရာလွတ်တစ်ခုကို ဖန်ဆင်းခဲ့သည့် ကြီးမားသောလုပ်ဆောင်မှုဖြစ်သည့် အံ့သြဖွယ် မြင်ကွင်းကို ဖော်ပြသည်။...

ဤရုပ်ပုံတွင် ဘုရားသခင်၏ မျက်မှောက်၌ ရေတို့နှင့် မိုးမျက်နှာကြက်သည် ချက်ချင်းပေါ်လာသည်၊ ပြီးလျှင် ဤအရာများသည် ဘုရားသခင့်နှုတ်ကပတ်တော်များ၏ သြဇာအာဏာနှင့် ပိုင်းခြားခံရပြီး ဘုရားသခင် စီစဉ်သည့်ပုံစံအရ “အပေါ်”နှင့် “အောက်” အဖြစ် ကွဲသွားခဲ့သည်။ ဆိုလိုသည်မှာ ဘုရားသခင် ဖန်ဆင်းခဲ့သည့် မိုးမျက်နှာကြက်သည် အောက်တွင်ရှိသည့် ရေကို ဖုံးအုပ်ရုံသာမကဘဲ၊ အပေါ်တွင်ရှိသည့် ရေကိုပါ ထိန်းပေးထားသည်။...ဤတွင် လူသားသည် ဖန်ဆင်းရှင်၏သြဇာအာဏာ၏ ကြီးမားသည့်အစွမ်းနှင့် သူသည် ရေကို ရွေ့လျားစေခဲ့ပြီး အမိန့်ပေးခဲ့ကာ၊ မိုးမျက်နှာကြက်ကို ဖန်ဆင်းခဲ့သော ရင်သပ်ရှုမောဖွယ်ကောင်းသည့် မြင်ကွင်းကို မှင်တက်မိကာ ငေးစိုက်ကြည့်၍ နှစ်ထောင်းအားရမှုဖြင့် ပင့်သက်မရှိုက်ဘဲ မနေနိုင်ပေ။ ဘုရားသခင်၏နှုတ်ကပတ်တော်များ၊ ဘုရားသခင်၏တန်ခိုးနှင့် ဘုရားသခင်၏သြဇာအာဏာတို့မှတစ်ဆင့် ဘုရားသခင်သည် နောက်ထပ်ကြီးမားသော စွမ်းဆောင်မှုကို ရရှိခဲ့သည်။ ဤသည်မှာ ဖန်ဆင်းရှင်၏သြဇာအာဏာ၏ ကြီးမားသည့်အစွမ်းပင် မဟုတ်လော။ ဘုရားသခင်၏လုပ်ဆောင်မှုတို့ကို ရှင်းပြရန် ကျမ်းပိုဒ်များကို ငါတို့အသုံးပြုကြစို့- ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်တို့ကို ပြောဆိုခဲ့ပြီး၊ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်တို့ကြောင့် ရေအလယ်၌ မိုးမျက်နှာကြက် တစ်ခုရှိခဲ့သည်။ တစ်ချိန်တည်းမှာပင် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်တို့ကြောင့် ဤနေရာတွင် ကြီးမားသည့် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်ခဲ့ပြီး၊ ယင်းမှာ သာမန်သဘောဖြင့် ပြောင်းလဲခြင်း မဟုတ်ဘဲ၊ ဘာမျှမရှိခြင်းမှ တစ်ခုခုရှိလာသည့် အစားထိုးခြင်းမျိုး ဖြစ်ခဲ့သည်။ ယင်းမှာ ဖန်ဆင်းရှင်၏ အကြံအစည်များမှ မွေးဖွားလာခဲ့ခြင်းဖြစ်ပြီး ဖန်ဆင်းရှင်ပြောဆိုသည့် နှုတ်ကပတ်တော်တို့ကြောင့် ဘာမျှမရှိခြင်းမှ တစ်ခုခု ရှိလာခြင်း ဖြစ်ခဲ့သည့်အပြင် ဤအချိန်မှစပြီး ယင်းသည် ဖန်ဆင်းရှင်အတွက် တည်ရှိကာ မြဲမြံစွာ ရပ်တည်လိမ့်မည်ဖြစ်ပြီး၊ ဖန်ဆင်းရှင်၏အကြံအစည်များနှင့်အညီ ရွှေ့ပြောင်းကာ ပြောင်းလဲပြီး အသစ်ပြုပြင်လိမ့်မည် ဖြစ်သည်။ ဤကျမ်းပိုဒ်က ဖန်ဆင်းရှင်၏ တစ်လောကလုံးကို ဖန်ဆင်းခြင်းတွင် သူ၏ဒုတိယလုပ်ဆောင်ချက်ကို ဖော်ပြသည်။ ယင်းသည် ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုးတို့ကို ဖော်ပြခြင်း နောက်တစ်ခု၊ ဖန်ဆင်းရှင် တာဝန်ယူသည့် ရှေ့ဆောင်လုပ်ရပ် နောက်တစ်ခုလည်း ဖြစ်သည်။ ဤနေ့သည် လောကကို စတင် တည်ထောင်သည့်အချိန်ကစပြီး ဖန်ဆင်းရှင် ဖြတ်သန်းခဲ့သည့် ဒုတိယနေ့ဖြစ်ပြီး၊ သူ့အတွက် နောက်ထပ် ပျော်ရွှင်ဖွယ် ကောင်းသောနေ့ တစ်နေ့လည်း ဖြစ်ခဲ့သည်- အလင်းကြားတွင် သူလျှောက်လှမ်းခဲ့သည်၊ မိုးမျက်နှာကြက်ကို ယူဆောင်ခဲ့သည်၊ ရေကို စီမံ၍အုပ်ချုပ်ခဲ့သည်။ ထို့ပြင် သူ၏လုပ်ဆောင်မှုများ၊ သူ၏ သြဇာအာဏာနှင့် သူ၏တန်ခိုးတို့ကို နေ့သစ်တွင် အသုံးပြုခဲ့သည်။...

ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်တို့ကို မပြောဆိုမီတွင် ရေအလယ်၌ မိုးမျက်နှာကြက်ရှိသလော။ မရှိသည်မှာ မှန်ပေသည်။ “ရေအလယ်၌ မိုဃ်းမျက်နှာကြက်ဖြစ်စေ၊” ဟု ဘုရားသခင်က ပြောဆိုလိုက်သည့်အခါရော မည်သို့ရှိသနည်း။ ဘုရားသခင် ရည်ရွယ်ထားခဲ့သည့် အရာများက ပေါ်လာခဲ့သည်၊ ဘုရားသခင်က “ရေနှင့်ရေချင်း ခြားနားစေ၊” ဟုပြောခဲ့သည့် အတွက်ကြောင့်၊ ရေအလယ်၌ မိုဃ်းမျက်နှာကြက် တစ်ခုဖြစ်ခဲ့ပြီး ရေက ကွဲသွားသည်။ ဤနည်းအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်နောက်တွင် အရာဝတ္ထု အသစ်နှစ်ခု၊ အသစ်ဖြစ်ပေါ်လာခဲ့သည့် အရာနှစ်ခုသည် ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးတို့၏ ရလဒ်အနေနှင့် အရာအားလုံးထဲတွင် ပေါ်လာခဲ့သည်။ ဤအရာဝတ္ထုအသစ်နှစ်ခု ပေါ်လာခြင်းနှင့် ပတ်သက်၍ သင်တို့ မည်သို့ခံစားရသနည်း။ ဖန်ဆင်းရှင်၏ တန်ခိုးကြီးမားမှုကို သင်တို့ ခံစားရသလော။ ဖန်ဆင်းရှင်၏ အတုမရှိဖြစ်ပြီး ထူးခြားပြောင်မြောက်သည့် စွမ်းအားကို သင်တို့ ခံစားရသလော။ ဤကဲ့သို့သောစွမ်းအားနှင့် တန်ခိုးတို့၏ ကြီးမားမှုသည် ဘုရားသခင်၏ သြဇာအာဏာကြောင့်ဖြစ်ပြီး၊ ဤသြဇာအာဏာသည် ဘုရားသခင် ကိုယ်တော်တိုင်ကို ကိုယ်စားပြုခြင်း ဖြစ်ကာ၊ ဘုရားသခင် ကိုယ်တော်တိုင်၏ အတုမရှိသည့် ဝိသေသလက္ခဏာရပ်တစ်ရပ် ဖြစ်သည်။

ဤကျမ်းပိုဒ်သည် ဘုရားသခင်၏ အတုမရှိခြင်းအကြောင်း နက်နဲသောအသိတစ်ခု သင်တို့ကို ထပ်မံပေးသလော။ အမှန်ဆိုရသော် ၎င်းသည် ဤသည်မှာ လုံလောက်ဖို့ ဝေးသေးသည်။ ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုးသည် ဤအရာထက်မက များစွာ သာလွန်သည်။ သူ၏ အတုမရှိခြင်းသည် မည်သည့်ဖန်ဆင်းခံနှင့်မျှ မတူသည့် အနှစ်သာရတစ်ခု သူ၌ရှိရုံကြောင့်သာမဟုတ်ဘဲ သူ၏သြဇာအာဏာနှင့်တန်ခိုးတို့သည် ထူးခြားပြောင်မြောက်ခြင်း၊ အကန့်အသတ်မရှိခြင်း၊ အားလုံးထဲတွင် အမြင့်ဆုံးဖြစ်ခြင်း၊ အားလုံးထဲတွင် သာလွန်ခြင်းတို့ကြောင့် ဖြစ်သည့်အပြင်၊ သူ၏သြဇာအာဏာနှင့် သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းသည် အသက်ကို ဖန်ဆင်းနိုင်ပြီး၊ အံ့ဖွယ်အမှုများကို ပြုလုပ်နိုင်ကာ ရင်သပ်ရှုမောဖွယ်ကောင်းသော ထူးခြားဆန်းကြယ်သည့် စက္ကန့်မိနစ် တစ်ခုစီတိုင်းကို ဖန်ဆင်းနိုင်ခြင်းတို့ကြောင့်လည်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဘုရားသခင်သည် သူဖန်ဆင်းသည့် အသက်ကို အုပ်စိုးနိုင်ပြီး၊ သူဖန်ဆင်းသည့် အံ့ဖွယ်အမှုများ၊ စက္ကန့်မိနစ် တစ်ခုစီတိုင်းအပေါ်တွင် အချုပ်အခြာအာဏာကို ကိုင်ဆောင် ထားနိုင်သည်။

တတိယနေ့တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် မြေကြီးနှင့် ပင်လယ်တို့ကို ဖြစ်ပေါ်စေခဲ့ပြီး ဘုရားသခင်၏ သြဇာအာဏာသည် ကမ္ဘာကို အသက်ပါခြင်းနှင့် ပြည့်လျှံစေခဲ့သည်

ဆက်လက်၍ ကမ္ဘာဦးကျမ်း ၁:၉-၁၁ ၏ ပထမဝါကျကို ဖတ်ကြည့်ကြစို့။ “တဖန်ဘုရားသခင်က မိုဃ်းကောင်းကင် အောက်၌ရှိသော ရေစုဝေးစေ၊ ကုန်းပေါ်စေ ဟု မိန့်တော်မူခဲ့သည်။” ဘုရားသခင်က “မိုဃ်းကောင်းကင်အောက်၌ရှိသော ရေစုဝေးစေ၊ ကုန်းပေါ်စေ၊” ဟုသာ ပြောပြီးနောက် မည်သည့်ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သနည်း။ အလင်းနှင့် မိုဃ်းမျက်နှာကြက်မှလွဲ၍ ဤနေရာတွင် အဘယ်အရာရှိနေခဲ့သနည်း။ ကျမ်းစာထဲတွင်- “ကုန်းကို မြေဟူသော အမည်ဖြင့်၎င်း၊ ရေစုဝေးရာကို ပင်လယ်ဟူသော အမည်ဖြင့်၎င်း၊ ဘုရားသခင် ခေါ်ဝေါ်သမုတ်တော်မူ၍ ထိုအမှုအရာ ကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၏။” ဟု ရေးထားသည်။ ဆိုလိုသည်မှာ ယခုတွင် ဤနေရာ၌ မြေကြီးနှင့် ပင်လယ်တို့ရှိလာခဲ့ပြီး၊ မြေကြီးနှင့် ပင်လယ်တို့ကို ခွဲခြားထားခဲ့သည်။ ဤအသစ်သောအရာများ ပေါ်ထွန်းခြင်းသည် ဘုရားသခင်၏နှုတ်တော်မှပညတ်တော်၏ “ဖြစ်လေ၏။” အတိုင်း လိုက်လေ၏။ ဘုရားသခင်သည် ဤအရာများကိုလုပ်နေစဉ်တွင် အလုပ်ရှုပ်နေခြင်းကို သမ္မာကျမ်းစာက ဖော်ပြသလော။ အလုပ်ကြမ်း လုပ်နေသည်ဟု ဖော်ပြသလော။ ဤသို့ဆိုလျှင် ဤအရာကို ဘုရားသခင်က မည်သို့ပြုလုပ်ခဲ့သနည်း။ ဤအရာဝတ္ထုအသစ်များကို ဘုရားသခင်က မည်သို့ ဖြစ်ပေါ်စေခဲ့သနည်း။ ပကတိအတိုင်း သိသာထင်ရှားစွာပင်၊ ဤအရာများအားလုံးကို ပြီးမြောက်ရန်၊ ဤအရာတစ်ခုလုံးကို ဖန်ဆင်းရန် ဘုရားသခင်သည် နှုတ်ကပတ်တော်တို့ကို အသုံးပြုခဲ့သည်။

အထက်ပါ ကျမ်းပိုဒ်သုံးပိုဒ်တွင် ဖြစ်ရပ်ကြီးသုံးရပ် ဖြစ်ပေါ်မှုကို ငါတို့ သိခဲ့ရသည်။ ဤဖြစ်ရပ်ကြီးသုံးရပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် ဖြစ်ပေါ်၊ ဖြစ်တည်လာခဲ့ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကြောင့် ဘုရားသခင်၏ မျက်မှောက်တွင် ထိုဖြစ်ရပ်များ တစ်ခုပြီးတစ်ခု ပေါ်ထွန်းလာခဲ့သည်။ ထို့ကြောင့် “ဘုရားသခင်သည် ပြောဆိုပြီး ထိုအရာသည် ပြီးပြည့်စုံလိမ့်မည်။ သူအမိန့်ပေးပြီး ထိုအရာသည် မြဲမြံစွာ ရပ်တည်လိမ့်မည်။” ဟူသည့် နှုတ်ကပတ်တော်များသည် အနှစ်သာရ မရှိ မဟုတ်ပေ။ ဘုရားသခင်၏ ဤအနှစ်သာရသည် သူ၏အကြံအစည်များပေါ်လာသည်နှင့် ချက်ချင်းပင် အတည်ပြုခြင်း ခံရပြီး၊ ဘုရားသခင်က ပြောဆိုရန် သူ၏နှုတ်ကို ဖွင့်ဟလိုက်သည့်အခါတွင် သူ၏ အနှစ်သာရသည် အပြည့်အဝ ထင်ဟပ်လာသည်။

ဤကျမ်းပိုဒ်၏ နောက်ဆုံးဝါကျကို ဆက်သွားကြစို့။ “တဖန် ဘုရားသခင်က၊ မြေသည် မြက်ပင်ကို၎င်း၊ စပါးသီးကိုဖြစ်စေသော စပါးပင်ကို၎င်း၊ မြေပေါ်တွင် မျိုးစေ့ပါလျက် သစ်သီးမျိုးကို ဖြစ်စေသော သစ်ပင်ကို၎င်း၊ ပေါက်စေဟု အမိန့်တော်ရှိသည် အတိုင်း ဖြစ်လေ၏။” ဘုရားသခင်က စကားပြောနေစဉ်တွင်၊ ဤအရာအားလုံးသည် ဘုရားသခင်၏အကြံအစည်များနောက် ဖြစ်တည်လာခဲ့ကာ၊ ချက်ချင်းပင် နုနယ်ပြီး သေးငယ်သည့် သက်ရှိအမျိုးမျိုးတို့သည် မြေကြီးထဲမှ တုန်တုန်ရီရီနှင့် ခေါင်းများ ပြူထွက်လာခဲ့ပြီး၊ ၎င်းတို့၏ကိုယ်ခန္ဓာက မြေမှုန့်များကို ခါမချသေးခင်တွင် ၎င်းတို့သည် စိတ်ထက်သန်စွာ အချင်းချင်း လက်ပြလျက်နှုတ်ဆက်ရင်း ခေါင်းညိတ်ရင်းနှင့် လောကကြီးကို ပြုံးပြနေခဲ့ကြသည်။ ဖန်ဆင်းရှင်သည် ၎င်းတို့အပေါ်တွင် အသက်ကို ချပေးသနားသည့်အတွက် သူ့ကို ကျေးဇူးတင်ကြပြီး ၎င်းတို့သည် အရာအားလုံးထဲရှိ အစိတ်အပိုင်းတစ်ခု ဖြစ်သည်၊ ၎င်းတို့သည် ဖန်ဆင်းရှင်၏ သြဇာအာဏာကို ဖော်ထုတ်ပြသရန် ၎င်းတို့၏ ဘဝများကို အသီးသီး အပ်နှံကြမည်ဟု ကြေညာခဲ့ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို မိန့်ကြားလိုက်သည့်အခါတွင်၊ ကုန်းမြေသည် စိမ်းလန်းစိုပြည်လာခဲ့သည်။ လူတို့အသုံးချနိုင်သည့် ဆေးဘက်ဝင်အပင် အမျိုးမျိုးတို့သည် ရှင်သန်လာကြပြီး မြေကြီးထဲမှ ဖောက်ထွက် လာခဲ့ကြကာ၊ တောင်များနှင့် လွင်ပြင်များသည် သစ်ပင်များ၊ တောများနှင့် ထူထပ်သွားခဲ့သည်။...အသက်ပါခြင်း အရိပ်အယောင် တစ်စက်မျှ မရှိခဲ့ဖူးသည့် ကျတ်တီးမြေ ဖြစ်သော ဤလောကကြီးသည် မြက်ပင်များ၊ ဆေးပင်များ၊ သစ်ပင်များ တစ်ပုံတစ်ခေါင်းနှင့် တစ်ဟုန်ထိုး ဖုံးသွားပြီး စိမ်းလန်းသော သစ်ပင် ချုံပင် များနှင့် ပြည့်လျှံသွားခဲ့သည်။...မြက်တို့၏ရနံ့နှင့် မြေကြီး၏ မွှေးပျံ့မှုသည် လေမှတစ်ဆင့် ပျံ့နှံ့သွားပြီး၊ အပင်အခင်းအကျင်းသည် လေ၏လည်ပတ်မှုနှင့် အတူ လေကို စတင်ရှုသွင်းကြပြီး၊ ကြီးထွားမှု ဖြစ်စဉ်ကို အစပြုခဲ့ကြသည်။ တစ်ချိန်တည်းတွင်ပင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကြောင့်နှင့် ဘုရားသခင်၏ အကြံအစည်များ နောက်လိုက်လျက်၊ အားလုံးသော အပင်တို့သည် ရှင်သန်ကြီးထွားခြင်း၊ ပွင့်ဖူးခြင်း၊ အသီးသီးခြင်းနှင့် ပွားများခြင်းတို့ဖြစ်သည့် မပြီးဆုံးသည့် ဘဝဖြစ်စဉ်သံသရာကို စတင်ခဲ့ကြသည်။ ၎င်းတို့၏ သက်ဆိုင်ရာ ဘဝလမ်းကြောင်းများကို တစ်သဝေမတိမ်း လိုက်လျှောက်ကြပြီး၊ အရာအားလုံးကြားတွင် ၎င်းတို့၏ သက်ဆိုင်ရာ အခန်းကဏ္ဍများကို စတင် ဆောင်ရွက်ခဲ့ကြသည်။...၎င်းတို့အားလုံးသည် ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များကြောင့် မွေးဖွားပြီး ရှင်သန်ခဲ့ကြသည်။ ၎င်းတို့သည် ဖန်ဆင်းရှင်၏ ရပ်တန့်ခြင်းမရှိသည့် ထောက်ပံ့ခြင်းနှင့် အာဟာရတို့ကို ရရှိကြလိမ့်မည်ဖြစ်ပြီး၊ ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုးတို့ကို ထင်ရှားပြသကြရန်အတွက် မြေ၏ နေရာအသီးသီးတွင် အမြဲတမ်း ဇွဲနပဲကြီးစွာ ရှင်သန်ရပ်တည်ကြလိမ့်မည်။ ထို့ပြင် ၎င်းတို့သည် ဖန်ဆင်းရှင်က ၎င်းတို့အပေါ် အပ်နှင်းပေးခဲ့သည့် အသက်စွမ်းအားကို အမြဲပင် ထင်ရှားပြသကြပေလိမ့်မည်။...

ဖန်ဆင်းရှင်၏အသက်သည် အံ့မခန်းဖြစ်၏။ သူ၏ အကြံအစည်များသည် ထူးခြားပြောင်မြောက်ပြီး၊ သူ၏ သြဇာအာဏာသည် အံ့ဖွယ်ထူးခြားသည်။ ထို့ကြောင့် သူ၏နှုတ်ကပတ်တော်များကို မိန့်မြွက်လိုက်သည့်အခါတွင်၊ နောက်ဆုံးရလဒ်မှာ “ဖြစ်လေ၏။” ဖြစ်သည်။ ရှင်းလင်းမြင်သာသည်မှာ ဘုရားသခင်သည် သူလုပ်ဆောင်သည့်အခါတွင်၊ သူ၏လက်များနှင့် အလုပ်လုပ်ရန် မလိုအပ်ပေ။ သူသည် ကွပ်ကဲအုပ်ချုပ်ရန်အတွက် သူ့အကြံအစည်များကို အသုံးပြုပြီး၊ အမိန့်ပေးရန်အတွက် သူ၏ နှုတ်ကပတ်တော်တို့ကို သုံးရုံမျှ အသုံးပြုလျက်၊ ဤနည်းလမ်းနှင့် အမှုအရာများကို စွမ်းဆောင်ရရှိလေသည်။ ဤနေ့ရက်တွင် ဘုရားသခင်သည် ရေများကို တစ်နေရာထဲတွင် စုစည်းပြီး၊ ခြောက်သွေ့သည့် ကုန်းမြေကို ပေါ်စေခဲ့သည်၊ ၎င်းနောက် ဘုရားသခင်သည် ကုန်းမြေပေါ်တွင် မြက်ပင်များကို ရှင်သန်ထွက်ပေါ် လာစေပြီးနောက်၊ ထိုနေရာ၌ အစေ့ပါဝင်သည့် ဆေးပင်များနှင့် အသီးသီးသည့်အပင်များ ကြီးထွားလာပြီး၊ ဘုရားသခင်သည် ၎င်းတို့ကို အမျိုးအစားပေါ်မူတည်ပြီး ခွဲခြားသတ်မှတ်ခဲ့ကာ တစ်ခုစီတိုင်းတွင် ကိုယ်ပိုင်အစေ့ ပါဝင်စေခဲ့သည်။ ဤအရာအားလုံးသည် ဘုရားသခင်၏ အကြံအစည်များနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အမိန့်ပေးချက်များအရ အကောင်အထည်ပေါ်လာခဲ့ပြီး၊ ဤကမ္ဘာသစ်တွင် တစ်ခုချင်းစီ တစ်ခုပြီးတစ်ခု ပေါ်လာခဲ့သည်။

ဘုရားသခင်သည် သူ၏အလုပ်ကို မစတင်မီတွင် သူ့စိတ်ထဲတွင် စွမ်းဆောင်ရန် ရည်ရွယ်ထားသည့်အရာ၏ပုံ ရှိနှင့်ပြီးဖြစ်ပြီး၊ ဘုရားသခင်သည် ဤအရာများကို စွမ်းဆောင်ရရှိရန် စတင် လုပ်ဆောင်သည့်အခါတွင်၊ ယင်းသည် ဘုရားသခင်သည် ဤပုံရိပ်ရှိ အကြောင်းအရာကို မိန့်ဆိုရန် သူ့နှုတ်ကို ဖွင့်ဟလိုက်သည့်အခါလည်း ဖြစ်ပြီး၊ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးကျေးဇူးကြောင့်၊ အရာအားလုံး၌ ပြောင်းလဲမှုများသည် စတင်ဖြစ်ပေါ်လာခဲ့သည်။ ဘုရားသခင်သည် မည်သို့လုပ်ဆောင်ခဲ့သည် သို့မဟုတ် သူ၏သြဇာအာဏာကို မည်သို့အသုံးချခဲ့သည်ဖြစ်ပါစေ၊ ခပ်သိမ်းသောအရာတို့သည် ဘုရားသခင်၏ အစီအစဉ်နှင့်အညီ ဘုရားသခင်၏ နှုတ်ကပတ်တော်များကြောင့် တစ်ဆင့်ချင်း ဖြစ်မြောက်ခဲ့ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သြဇာအာဏာတို့၏ ကျေးဇူးကြောင့် ကောင်းကင်နှင့် မြေကြီးကြားတွင် ပြောင်းလဲမှုများ တစ်ဆင့်ချင်း ဖြစ်ပေါ်ခဲ့သည်။ ဤပြောင်းလဲမှုများနှင့် ဖြစ်ပေါ်လာမှုအားလုံးတို့သည် ဖန်ဆင်းရှင်၏ သြဇာအာဏာ၊ ဖန်ဆင်းရှင်၏ အသက်တန်ခိုး၏ ထူးခြားဆန်းကြယ်မှုနှင့် ကြီးမြတ်မှုတို့ကို ထင်ရှားစွာပြသသည်။ သူ၏ အကြံအစည်များသည် ရိုးရှင်းသည့် စိတ်ကူးစိတ်သန်းများ သို့မဟုတ် အနှစ်မဲ့သည့် ရုပ်ပုံမဟုတ်ဘဲ၊ ရှင်သန်တက်ကြွမှုနှင့် ထူးခြားဆန်းကြယ်သည့် အင်အားရှိသည့် သြဇာအာဏာတစ်ခုဖြစ်ပြီး၊ ဤအရာတို့သည် အရာအားလုံးကို ပြောင်းလဲစေသည့်၊ ပြန်လည်လန်းဆန်းစေသည့်၊ အသစ်တစ်ဖန်ဖြစ်စေပြီး သေဆုံးစေသည့်တန်ခိုး ဖြစ်သည်။ ဤအကြောင်းကြောင့် အရာအားလုံးသည် သူ၏အကြံအစည်များကြောင့် လှုပ်ရှား လုပ်ဆောင်ကြပြီး၊ တစ်ချိန်တည်းမှာပင် သူ၏နှုတ်မှ နှုတ်ကပတ်တော်များကြောင့် ဤအရာအားလုံးတို့ ဖြစ်မြောက်ခဲ့သည်။...

အရာအားလုံး မပေါ်ထွန်းမီတွင် ပြည့်စုံသောအစီအစဉ်တစ်ခုသည် ဘုရားသခင်၏ အကြံအစည်များထဲ၌ ကြာမြင့်သောအချိန်ကပင် ဖြစ်ပေါ်နေခဲ့ပြီး၊ ကမ္ဘာသစ်တစ်ခုကို ကြာမြင့်သောအချိန်ကတည်းက ဖြစ်မြောက်စေခဲ့ပြီးဖြစ်သည်။ တတိယနေ့ရက်တွင် ကုန်းမြေပေါ်၌ အမျိုးမျိုးသောအပင်များ ပေါ်ခဲ့သော်လည်း၊ ဘုရားသခင်အနေဖြင့် သူ၏လောကကို ဖန်ဆင်းခြင်းအဆင့်များကို ရပ်တန့်ပစ်ရန် အကြောင်းရင်း မရှိခဲ့ပါချေ။ သူ၏နှုတ်ကပတ်တော်များကို ဆက်လက် ပြောဆိုရန်၊ အသစ်သော အရာအားလုံးကို ဖန်ဆင်းခြင်းအား ဆက်လက် စွမ်းဆောင်ရရှိရန် သူရည်ရွယ်ခဲ့သည်။ သူသည် ပြောကြားကာ၊ သူ၏အမိန့်များ ထုတ်ပြန်ပြီး သူ၏သြဇာအာဏာကို အသုံးပြု၍ သူ၏တန်ခိုးကို ထင်ရှားပြသမည်ဖြစ်သည့်အပြင် အရာအားလုံးအတွက်နှင့် သူဖန်ဆင်းရန် ရည်ရွယ်ထားသည့် လူသားမျိုးနွယ်အတွက် အဆင်သင့်ဖြစ်စေရန် သူစီစဉ်ထားခဲ့သည့် အရာခပ်သိမ်းကို ပြင်ဆင်ခဲ့သည်။

စတုတ္ထနေ့တွင် ဘုရားသခင်သည် သူ၏သြဇာအာဏာကို ထပ်မံအသုံးပြုသည့်အခါတွင် လူသားမျိုးနွယ်၏ ရာသီဥတုများ၊ နေ့ရက်များနှင့် ခုနှစ်များ ဖြစ်တည်လာသည်

ဖန်ဆင်းရှင်သည် သူ၏အစီအစဉ်ကို ပြီးမြောက်စေရန် သူ၏နှုတ်ကပတ်တော်များကို အသုံးပြုခဲ့ပြီး ဤသို့ဖြင့် သူ့အစီအစဉ်၏ ပထမသုံးရက်ကို လွန်မြောက်ခဲ့သည်။ ဤသုံးရက်အတောအတွင်း ဘုရားသခင်ကို အလုပ်ရှုပ်သည် သို့မဟုတ် အလွန်အမင်း ပင်ပန်းနွမ်းနယ်သည်ဟု မမြင်ရချေ။ ဆန့်ကျင်ဘက်အားဖြင့် သူ့အစီအစဉ်၏ နှစ်သက်ပျော်ရွှင်ဖွယ် ပထမသုံးရက်ကို လွန်မြောက်ခဲ့ပြီး၊ ကမ္ဘာမြေ၏ လုံးလုံးလျားလျား အသွင်ပြောင်းလဲခြင်းဆိုင်ရာ ကြီးမားသောလုပ်ငန်းကို အောင်မြင်ခဲ့သည်။ အသစ်စက်စက် ကမ္ဘာမြေသည် သူ့မျက်စိရှေ့တွင် ပေါ်လာခဲ့ပြီး သူ၏စိတ်ကူးများထဲတွင် ပိတ်ဖုံးထားသည့် လှပသောရုပ်ပုံမှာ နောက်ဆုံးတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် တစ်စချင်းစီ ပေါ်ထွက်လာခဲ့သည်။ အသစ်သောအရာ တစ်ခုစီ၏ ပေါ်ထွက်လာပုံမှာ မွေးကင်းစကလေးတစ်ဦး မွေးဖွားလာသကဲ့သို့ ဖြစ်ခဲ့ပြီး ဖန်ဆင်းရှင်သည် တစ်ချိန်က သူ့စိတ်ကူးများထဲတွင် ရှိခဲ့သော်လည်း၊ ယခု အသက်ဝင်လာခဲ့သည့် ရုပ်ပုံအပေါ်တွင် ကျေနပ်အားရလေသည်။ ဤအချိန်တွင် သူ့စိတ်နှလုံးက ကျေနပ်မှုတစ်စွန်းတစ်စကို ရခဲ့သော်လည်း၊ သူ၏အစီအစဉ်က အစပြုရုံသာရှိခဲ့သေးသည်။ မျက်စိတစ်မှိတ်အတွင်းတွင် နေ့သစ်တစ်ခု ရောက်ရှိလာခဲ့ပြီးလျှင်၊ ဖန်ဆင်းရှင်၏ အစီအစဉ်တွင် နောက်စာမျက်နှာက မည်သည့်အရာဖြစ်သနည်း။ သူ မည်သည့်အရာကို ပြောခဲ့သနည်း။ သူ၏သြဇာအာဏာကို မည်ကဲ့သို့ အသုံးပြုခဲ့သနည်း။ ထိုအချိန်အတွင်း၌ အသစ်သော မည်သည့်အရာများက ဤကမ္ဘာသစ်ထဲသို့ ရောက်ရှိလာခဲ့သနည်း။ ဖန်ဆင်းရှင်၏ လမ်းပြမှုနောက်တွင် နောက်ထပ် အသစ်သောအစပြုခြင်း ဖြစ်လာဦးမည့် နေ့တစ်နေ့ဖြစ်သည့်၊ အရာခပ်သိမ်းအား ဘုရားသခင်၏ ဖန်ဆင်းခြင်း စတုတ္ထနေ့ကို ငါတို့ စူးစိုက်ကြည့်ကြသည်။ အမှန်တကယ်ပင် ယုံမှားဖွယ်ရာမရှိအောင် ၎င်းသည် ဖန်ဆင်းရှင်အတွက် နောက်ထပ် နှစ်သက်ပျော်ရွှင်ဖွယ် နေ့တစ်နေ့ဖြစ်ခဲ့ပြီး၊ ယခုခေတ် လူသားမျိုးနွယ်အတွက် အဆုံးစွန် အရေးကြီးသော နောက်ထပ်နေ့တစ်နေ့ ဖြစ်ခဲ့ပေသည်။ ယင်းမှာ ခန့်မှန်းမရလောက်အောင် အဖိုးထိုက်သည့် နေ့တစ်နေ့ အမှန်ပင် ဖြစ်ခဲ့သည်။ ထိုနေ့သည် မည်ကဲ့သို့ နှစ်သက်ပျော်ရွှင်ဖွယ် ကောင်းသနည်း။ မည်ကဲ့သို့ အလွန်အရေးကြီး၍ မည်ကဲ့သို့ တန်ဖိုးဖြတ်မရသနည်း။ ဖန်ဆင်းရှင် မိန့်ဆိုခဲ့သည့် နှုတ်ကပတ်တော်များကို ဦးစွာကြားနာကြစို့...။

“တဖန်ဘုရားသခင်က၊ နေ့နှင့်ညဉ့်ကို ပိုင်းခြားစေခြင်းငှါ မိုဃ်းကောင်းကင်မျက်နှာကြက်၌ အလင်းအိမ် တည်စေ၊ နိမိတ်လက္ခဏာ၊ ချိန်းချက်သောအချိန်၊ နေ့ရက် အပိုင်းအခြား၊ နှစ်အပိုင်းအခြားဘို့ဖြစ်စေ။ မိုဃ်းကောင်းကင် မျက်နှာကြက်၌ တည်၍ မြေကြီးလင်းစရာ အလင်းအိမ် ဖြစ်စေဟု အမိန့်တော် ရှိသည့်အတိုင်းဖြစ်လေ၏။” (ကမ္ဘာဦးကျမ်း ၁:၁၄-၁၅) ဤသည်မှာ ကမ္ဘာပေါ်တွင် ခြောက်သွေ့သောကုန်းမြေနှင့် အပင်များကို သူ၏ဖန်ဆင်းခြင်း နောက်တွင် သတ္တဝါများက ထင်ရှားပြသခဲ့သည့် ဘုရားသခင်၏ သြဇာအာဏာအား နောက်ထပ် အသုံးပြုခြင်း ဖြစ်သည်။ ဘုရားသခင်အတွက် ထိုလုပ်ဆောင်မှုမျိုးက သူပြုလုပ်ခဲ့ပြီးသော အရာတမျှပင် လွယ်ကူသည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၌ ထိုသို့သော တန်ခိုးရှိပေသည်။ ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်တမျှ ကောင်းမြတ်ပြီး၊ သူ၏နှုတ်ကပတ်တော်သည် ပြီးပြည့်စုံလိမ့်မည်။ ဘုရားသခင်သည် မိုးကောင်းကင်တွင် အလင်းအိမ်ဖြစ်ပေါ်စေရန် အမိန့်ပေးခဲ့ပြီး ဤအလင်းအိမ်သည် မိုးကောင်းကင်နှင့် မြေကြီးပေါ်တွင် ထွန်းလင်းသည်သာမက၊ နေ့နှင့်ည၊ ရာသီဥတုများ၊ နေ့ရက်များနှင့် ခုနှစ်များအတွက် သင်္ကေတအမှတ်အသားများ အဖြစ်လည်း အသုံးတော်ခံခဲ့သည်။ ဤနည်းအားဖြင့် ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်များကို မိန့်ဆိုသည့်အတိုင်း၊ ဘုရားသခင် ပြီးမြောက်လိုသည့် လုပ်ဆောင်ချက်တိုင်းသည် ဘုရားသခင်၏ ရည်မှန်းချက်နှင့် ဘုရားသခင် ချမှတ်ခဲ့သည့်ပုံစံအတိုင်း ပြည့်စုံခဲ့သည်။

မိုးကောင်းကင်၌ရှိသော အလင်းအိမ်သည် အလင်းဖြာထွက်နိုင်သည့် ကောင်းကင်ယံက ဒြပ်ပစ္စည်းဖြစ်သည်။ ၎င်းတို့သည် ကောင်းကင်ကိုသာမက မြေကြီးနှင့် ပင်လယ်တို့ကိုပါ အလင်းရောင်ပေးနိုင်သည်။ ၎င်းတို့သည် ဘုရားသခင် အမိန့်ပေးသည့် စည်းချက်နှင့် ကြိမ်နှုန်းအတိုင်း လည်ပတ်ကြပြီး၊ ကုန်းမြေပေါ်၌ မတူညီသည့် အချိန်အပိုင်းအခြားများတွင် လင်းထိန်ကာ၊ ဤနည်းလမ်းအားဖြင့် အလင်းအိမ်၏ လည်ပတ်မှုစက်ဝန်းများက ကုန်းမြေ၏ အရှေ့နှင့်အနောက်တွင် နေ့နှင့်ညကို ဖြစ်ပေါ်စေကာ၊ ၎င်းတို့သည် နေ့နှင့်ညအတွက် သင်္ကေတ အမှတ်အသားများသာ မဟုတ်ဘဲ၊ ဤမတူညီသည့် စက်ဝန်းများအားဖြင့် လူသားမျိုးနွယ်၏ ပွဲတော်များ၊ အမျိုးမျိုးသော အထူးနေ့ရက်များကိုလည်း မှတ်သားပေးသည်။ ၎င်းတို့သည် ဘုရားသခင် ထုတ်ပြန်ခဲ့သည့် လေးရာသီဖြစ်သော နွေဦးရာသီ၊ နွေရာသီ၊ ဆောင်းဦးရာသီနှင့် ဆောင်းရာသီတို့အတွက် ပြီးပြည့်စုံသော ဖြည့်စွက်မှုနှင့် အတွဲအဖက်ဖြစ်ပြီး၊ ၎င်းနှင့်အတူ အလင်းအိမ်သည် လူသားမျိုးနွယ်၏ လနှင့်သက်ဆိုင်သော အချိန်ကာလများ၊ နေ့ရက်များနှင့် ခုနှစ်များအတွက် ပုံမှန်ဖြစ်ပြီး တိကျသော အမှတ်အသားများအဖြစ် သဟဇာတကျကျ အသုံးတော် ခံသည်။ လယ်ယာစိုက်ပျိုးရေး ထွန်းကားပြီးနောက်မှသာ လူသားမျိုးနွယ်သည် ဘုရားသခင် ဖန်ဆင်းခဲ့သည့် အလင်းအိမ်က ဖြစ်ပေါ်စေသော လနှင့်သက်ဆိုင်သည့် အချိန်ကာလများ၊ နေ့ရက်များနှင့် ခုနှစ်များ အပိုင်းအခြားကို စတင်နားလည်ပြီး ကြုံတွေ့ခဲ့ခြင်း ဖြစ်သော်လည်း၊ အမှန်တွင် ယနေ့ လူသားနားလည်သည့် လနှင့်သက်ဆိုင်သော အချိန်ကာလများ၊ နေ့ရက်များနှင့် ခုနှစ်များသည် အရာခပ်သိမ်းအား ဘုရားသခင်၏ ဖန်ဆင်းခြင်း စတုတ္ထနေ့ကတည်းက စတင်ဖြစ်ပေါ်ခဲ့သည်မှာ ကြာလှပြီဖြစ်ပြီး၊ အလားတူပင် လူသားတွေ့ကြုံရသည့် နွေဦးရာသီ၊ နွေရာသီ၊ ဆောင်းဦးရာသီနှင့် ဆောင်းရာသီတို့၏ ပြောင်းလဲမှု စက်ဝန်းများသည် အရာခပ်သိမ်းအား ဘုရားသခင်၏ ဖန်ဆင်းခြင်း စတုတ္ထနေ့ကတည်းက စတင်ခဲ့သည်မှာ ကြာမြင့်ပြီ ဖြစ်သည်။ ဘုရားသခင် ဖန်ဆင်းခဲ့သည့် အလင်းအိမ်သည် လူသားများအား နေ့နှင့်ညအကြား ပုံမှန်၊ တိတိကျကျနှင့် ရှင်းရှင်းလင်းလင်း ခွဲခြားသိမြင်စေနိုင်ပြီး၊ နေ့ရက်များကို ရေတွက်နိုင်စေကာ လနှင့်သက်ဆိုင်သော အချိန်ကာလများနှင့် ခုနှစ်များကို ရှင်းရှင်းလင်းလင်း မှတ်သားနိုင်စေခဲ့သည်။ (လပြည့်နေ့သည် တစ်လပြည့်သည့်နေ့ ဖြစ်ပြီး၊ ဤအချက်မှ အလင်းအိမ်၏ တောက်ပခြင်းက စက်ဝန်းအသစ်တစ်ခုကို အစပြုကြောင်း လူသားက သိရှိခဲ့သည်။ လနှင့်သက်ဆိုင်သောကာလ အသစ်စတင်ပြီဟု လူသားကို ပြောပြသည့် လတစ်ဝက်ရှိသည့်နေ့သည် တစ်လ၏တစ်ဝက် ပြည့်သည့်နေ့ ဖြစ်ပြီး၊ ယင်းအချက်မှ လနှင့်သက်ဆိုင်သည့် ကာလတစ်ခုတွင် ဘယ်နှစ်ရက် ဘယ်နှစ်ညရှိသည်၊ ရာသီတစ်ခုတွင် လနှင့်သက်ဆိုင်သည့်ကာလ ဘယ်နှစ်ခု ရှိသည်နှင့် တစ်နှစ်တွင် ဘယ်နှစ်ရာသီ ရှိသည်ဟူသည်ကို ကောက်ချက်ချနိုင်ပြီး ဤအရာ အားလုံးကို ထူးကဲသော ပုံမှန်ဖြစ်ပေါ်မှုဖြင့် ပြသသည်။) ထို့ကြောင့် လူသားသည် အလင်းအိမ်၏ လှည့်ပတ်ခြင်းတို့အားဖြင့် မှတ်သားထားသည့် လနှင့်သက်ဆိုင်သည့် အချိန်ကာလများ၊ နေ့ရက်များနှင့် ခုနှစ်များကို လွယ်လွယ်ကူကူနှင့် မှတ်သားသိရှိနိုင်ခဲ့သည်။ ဤအချိန်မှစပြီး လူသားမျိုးနွယ်နှင့် အရာခပ်သိမ်းသည် အလင်း၏ လှည့်ပတ်ခြင်းတို့အားဖြင့် ဖြစ်ပေါ်လာသည့် နေ့နှင့်ည စနစ်တကျ ပြောင်းလဲခြင်းနှင့် ရာသီဥတုများ၏ အလှည့်ကျ ဖြစ်ပေါ်မှုများကြားတွင် သတိမမူမိဘဲ အသက်ရှင်ခဲ့ကြသည်။ ဤသည်မှာ စတုတ္ထနေ့တွင် ဖန်ဆင်းရှင်မှ အလင်းအိမ်အား ဖန်ဆင်းခြင်း၏ အရေးပါမှုဖြစ်သည်။ အလားတူပင် ဖန်ဆင်းရှင်၏ ဤလုပ်ဆောင်ချက်၏ ရည်ရွယ်ချက်များနှင့် အရေးပါမှုတို့သည် သူ၏သြဇာအာဏာနှင့် တန်ခိုးတို့နှင့် ခွဲခြား၍ မရသေးပေ။ ထို့ကြောင့် ဘုရားသခင် ပြုလုပ်ခဲ့သည့် အလင်းအိမ်နှင့် ယင်းက လူသားထံ မကြာမီ ယူဆောင်လာမည့် တန်ဖိုးသည် ဖန်ဆင်းရှင်၏ သြဇာအာဏာအား အသုံးချခြင်း၌ နောက်ထပ် ကျွမ်းကျင်ပိုင်နိုင်မှု တစ်ခုဖြစ်သည်။

လူသားမျိုးနွယ် ပေါ်ထွန်းလာရဦးမည့် ဤကမ္ဘာသစ်ပေါ်တွင် ဖန်ဆင်းရှင်သည် မကြာမီ သူဖန်ဆင်းမည့် သက်ရှိအသစ်အတွက် ညနေနှင့်နံနက်၊ မိုးမျက်နှာကြက်၊ ကုန်းမြေနှင့်ပင်လယ်၊ မြက်ပင်၊ ဆေးပင်နှင့် အမျိုးမျိုးသော သစ်ပင်များနှင့်အတူ အလင်းအိမ်၊ ရာသီဥတုများ၊ နေ့ရက်များ၊ ခုနှစ်များကို ပြင်ဆင်ခဲ့ပြီးဖြစ်သည်။ ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုးကို သူဖန်ဆင်းခဲ့သည့် အသစ်သော အရာတစ်ခုစီတိုင်း၌ ဖော်ပြထားပြီးလျှင်၊ သူ၏ နှုတ်ကပတ်တော်များနှင့် ပြီးမြောက်မှုများသည် ခြားနားချက် စိုးစဉ်းမျှမရှိ၊ ကွာဟချက် စိုးစဉ်းမျှမရှိဘဲ တစ်ပြိုင်နက်တည်း ဖြစ်ပေါ်ခဲ့လေသည်။ ဤအသစ်သော အရာများအားလုံး၏ ပေါ်ထွန်းခြင်းနှင့် မွေးဖွားခြင်းမှာ ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုး၏ သက်သေဖြစ်သည်- သူသည် အပြောနှင့်အလုပ်ညီပြီး၊ သူ၏ နှုတ်ကပတ်တော်သည် ပြီးမြောက်လိမ့်မည်ဖြစ်ကာ၊ သူပြီးမြောက်သည့်အရာမှာ ထာဝရ တည်တံ့၏။ ဤအချက်မှာ မည်သည့်အခါမျှ မပြောင်းလဲပါချေ- အတိတ်တွင် ထိုသို့ ဖြစ်ခဲ့သည့်အတိုင်း ယနေ့တွင်လည်း ထိုသို့ဖြစ်ပြီးလျှင်၊ ထာဝရကာလပတ်လုံး ထိုသို့ပင် ဖြစ်လိမ့်မည်။ ကျမ်းစာ၏ ထိုနှုတ်ကပတ်တော်များကို နောက်တစ်ကြိမ် ကြည့်ရှုသောအခါ၊ ၎င်းတို့မှာ သင်တို့အတွက် လတ်ဆတ်သည်ဟု ခံစားရသလော။ အကြောင်းအရာ အသစ်များကို သင်တို့ တွေ့မြင်ပြီး၊ ရှာဖွေတွေ့ရှိမှု အသစ်များကို ရရှိပြီးပြီလော။ ယင်းမှာ ဖန်ဆင်းရှင်၏ ဆောင်ရွက်ချက်များက သင်တို့၏ စိတ်နှလုံးကို လှုံ့ဆော်ပေးခဲ့ပြီး၊ သူ၏သြဇာအာဏာနှင့် တန်ခိုးအပေါ် သင်တို့အသိပညာ၏ ဦးတည်ချက်ကို လမ်းပြပေးခဲ့ကာ၊ သင်တို့၏ ဖန်ဆင်းရှင်အပေါ် နားလည်ခြင်းအတွက် တံခါးဖွင့်လှစ်ခဲ့သည်သာမက၊ သူ၏ ဆောင်ရွက်ချက်များနှင့် သြဇာအာဏာတို့က ဤနှုတ်ကပတ်တော်များ အပေါ်၌ အသက်ကို အပ်နှင်းပေးခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ဤနှုတ်ကပတ်တော်တို့တွင် လူသားသည် ဖန်ဆင်းရှင်၏ သြဇာအာဏာ၏ စစ်မှန်ပြီး ထင်ရှားသည့် ဖော်ပြချက်ကို တွေ့မြင်ရပြီ ဖြစ်ပြီး၊ ဖန်ဆင်းရှင်၏ သာလွန်မြင့်မြတ်ခြင်းကို အမှန်တကယ် မျက်မြင်တွေ့ခဲ့ရကာ၊ ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုး၏ ထူးခြားဆန်းကြယ်မှုကို ရှုမြင်ခဲ့ရသည်။

ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုးက အံ့သြဖွယ်သောအမှုများ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်စေသည်။ သူသည် လူသား၏ အာရုံစိုက်မှုကို ဆွဲဆောင်သဖြင့် လူသားသည် သူ၏ သြဇာအာဏာအား အသုံးချခြင်းမှ ပေါက်ဖွားလာသည့် အံ့သြဖွယ် လုပ်ဆောင်ချက်များကို မှင်တက်လျက် ငေးစိုက်မကြည့်ဘဲ မနေနိုင်ပေ။ သူ၏ ထူးခြားဆန်းပြားသော တန်ခိုးက ကျေနပ်ပျော်ရွှင်မှုများ တစ်ခုပြီးတစ်ခု ဆောင်ကြဉ်းပေးသဖြင့် လူသားသည် ဖမ်းစားခံရပြီး အလွန်ဝမ်းမြောက်ကာ လေးစားကြည်ညိုမှုနှင့် ပင့်သက်ရှိုက်မောလျက် အံ့သြမှင်တက်ပြီး ကောင်းချီးသြဘာပေး၏။ ထိုမျှမက လူသားသည် သိသာထင်ရှားစွာ တို့ထိခြင်းခံရလျက် သူ့အထဲ၌ လေးစားမှု၊ ရိုသေလေးမြတ်မှုနှင့် တွယ်တာမှုတို့ ထွက်ပေါ်လာသည်။ ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် လုပ်ဆောင်ချက်များသည် လူသား၏ ဝိညာဉ်အပေါ်တွင် ကြီးမားသော အကျိုးသက်ရောက်မှုနှင့် သန့်ရှင်းစေခြင်းအာနိသင် ရှိသည်သာမက၊ လူသား၏ ဝိညာဉ်ကို အာသာဆန္ဒပြည့်ဝ စေသည်။ သူ၏ အကြံအစည်များ တစ်ခုစီတိုင်း၊ သူ၏မိန့်မြွက်ချက်များ တစ်ခုစီတိုင်း၊ သူ၏သြဇာအာဏာအား ထုတ်ဖော်မှု တစ်ခုစီတိုင်းသည် အရာခပ်သိမ်း အလယ်၌ အပြောင်မြောက်ဆုံး လက်ရာဖြစ်ပြီး၊ ဖန်ဆင်းခံ လူသားမျိုးနွယ်၏ လေးနက်သော နားလည်မှုနှင့် အသိပညာတို့နှင့် အထိုက်တန်ဆုံးဖြစ်သည့် ကြီးမားသော လုပ်ငန်းတစ်ခု ဖြစ်သည်။ ငါတို့သည် ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များမှ ပေါက်ဖွားလာသည့် သက်ရှိတိုင်းကို ရေတွက်သည့်အခါတွင်၊ ငါတို့၏ဝိညာဉ်များသည် ဘုရားသခင့် တန်ခိုး၏ အံ့သြဖွယ်ရာသို့ ဆွဲဆောင်ခြင်းခံရပြီး၊ အရာခပ်သိမ်းအား ဘုရားသခင်ဖန်ဆင်းခြင်း ပဉ္စမနေ့ ဖြစ်သည့် နောက်တစ်နေ့တွင် ငါတို့သည် ဖန်ဆင်းရှင်၏ ခြေရာများနောက်သို့ လိုက်နေကြသည်ကို တွေ့ရသည်။

ဖန်ဆင်းရှင်၏ နောက်ထပ် လုပ်ဆောင်ချက်များကို ကြည့်ရှုလျက်၊ သမ္မာကျမ်းစာကို တစ်ပိုဒ်ပြီးတစ်ပိုဒ် ဆက်ဖတ်ကြပါစို့။

ပဉ္စမနေ့တွင် စုံလင်ပြီး ကွဲပြားခြားနားသော သက်ရှိပုံစံများက ဖန်ဆင်းရှင်၏ သြဇာအာဏာကို အမျိုးမျိုးသော နည်းလမ်းများဖြင့် ပြသသည်

ကျမ်းစာက “တဖန် ဘုရားသခင်က အသက်ရှင်၍ လှုပ်ရှားတတ်သော တိရစ္ဆာန်တို့ကို ရေသည်များပြားစွာ မွေးဖွားစေ။ ငှက်တို့လည်း မြေပေါ် မိုဃ်းကောင်းကင် မျက်နှာကြက်ပြင်ဝယ် ပျံစေဟု အမိန့်တော်ရှိ၏။ ထိုသို့လျှင် ရေသည် တိရစ္ဆာန်အမျိုးအလိုက် များပြားစွာ မွေးဘွား၍၊ ငါးကြီး အစရှိသော အသက်ရှင်၍ လှုပ်ရှားတတ်သော တိရစ္ဆာန် အပေါင်းတို့ကို၎င်း၊ ပျံတတ်သော ငှက်မျိုးအပေါင်းတို့ကို၎င်း ဘုရားသခင်ဖန်ဆင်း၍၊ ထိုအမှုအရာ ကောင်းသည်ကို မြင်တော်မူ၏။” (ကမ္ဘာဦးကျမ်း ၁:၂၀-၂၁) ဟု ဆိုသည်။ ကျမ်းစာက ငါတို့အား ရှင်းလင်းစွာ ပြောပြသည်မှာ၊ ဤနေ့ရက်တွင် ဘုရားသခင်သည် ရေထဲက သတ္တဝါများ၊ လေပေါ်က ငှက်များကို ဖန်ဆင်းခဲ့သည်၊ ဆိုလိုသည်မှာ သူသည် ငါးနှင့် ငှက်အမျိုးမျိုးကို ဖန်ဆင်းပြီး ၎င်းတို့ကို အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ခဲ့ပေသည်။ ဤနည်းဖြင့် ကမ္ဘာမြေ၊ ကောင်းကင်ကြီးနှင့် ရေတို့မှာ ဘုရားသခင်၏ ဖန်ဆင်းခြင်းအားဖြင့် ပြည့်စုံကြွယ်ဝ ခဲ့လေသည်...။

ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိန့်ကြားလိုက် သည့်အခါတွင်၊ သက်ရှိသတ္တဝါအသစ်များသည် ကွဲပြားသော ပုံသဏ္ဌာန်တစ်ခုစီနှင့် ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များ အလယ်၌ တစ်မုဟုတ်ချင်း အသက်ဝင် လာခဲ့ကြသည်။ ၎င်းတို့သည် ကမ္ဘာပေါ်တွင် နေရာရရန်အတွက် တိုးဝှေ့ရင်း၊ ပျော်ရွှင်စွာ ခုန်ပေါက် မြူးထူးရင်း ဝင်လာခဲ့ကြသည်...။ ပုံသဏ္ဌာန်နှင့် အရွယ်အစားမျိုးစုံ ရှိသည့် ငါးများသည် ရေထဲတွင် ကူးခတ်ကြသည်။ အခွံမာကောင်မျိုးစုံတို့သည် သဲထဲမှ ဖြစ်ထွန်းလာကြသည်။ အကြေးခွံများပါသည့်၊ အခွံမာများပါသည့်၊ ကျောရိုးမဲ့သည့် သတ္တဝါများသည် အကြီးအငယ်မဆို၊ အရှည်အတိုမရွေး မတူညီသော ပုံစံများနှင့် အလျင်အမြန် ကြီးထွားလာကြသည်။ ထိုနည်းတူပင် ပင်လယ်ရေညှိမျိုးစုံတို့သည် ရေနေသတ္တဝါအမျိုးမျိုးတို့၏ လှုပ်ရှားမှုအပေါ်တွင် ယိမ်းနွဲ့ရင်း၊ ညင်သာစွာ လှုပ်ရှားရင်း၊ တည်ငြိမ်နေသည့်ရေကို လှုံ့ဆော်ရင်းဖြင့် စတင်၍ သွက်လက်စွာ ကြီးထွားလာခဲ့ကြကာ- “မြန်မြန်လုပ်။ နင့်သူငယ်ချင်းတွေကို ခေါ်ခဲ့။ နင် ဘယ်တော့မှ အထီးကျန်မှာ မဟုတ်တော့ဘူး” ဟု ၎င်းတို့ကို ပြောသည့်အလားပင် ဖြစ်သည်။ ဘုရားသခင် ဖန်ဆင်းခဲ့သည့် သက်ရှိသတ္တဝါ အမျိုးမျိုးတို့ ရေထဲတွင် ပေါ်လာသည့်အချိန်မှစ၍ သက်ရှိသတ္တဝါအသစ် တစ်ကောင်ချင်းစီတိုင်းသည် အချိန်ကြာမြင့်စွာ တည်ငြိမ်နေခဲ့သည့် ရေတို့ကို သက်ဝင်လှုပ်ရှားမှုပေးပြီး ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ပေးခဲ့သည်။...ထိုအခိုက်မှစ၍ သူတို့သည် အချင်းချင်း ခိုဝင်တိုးဝှေ့ကြပြီး တစ်ဦးနှင့်တစ်ဦး အဖော်ပြုခဲ့ကြကာ၊ သူတို့ကြားတွင် ကင်းကွာမှု မထားကြတော့ပေ။ ရေသည် သူ၏ရင်ခွင်ထဲတွင် မှီတင်းနေထိုင်သည့် သက်ရှိတိုင်းကို ပြုစုရင်း သူ၏အထဲ၌ရှိသော သတ္တဝါများအတွက် ရပ်တည်ကာ၊ သက်ရှိတိုင်းသည် ရေ၏ အာဟာရဓာတ်ကြောင့် ရေအတွက်ပင် ဖြစ်တည်ခဲ့သည်။ တစ်ခုနှင့်တစ်ခု အသက်ပေးကြပြီး တစ်ချိန်တည်းတွင် ထိုနည်းတူစွာ ဖန်ဆင်းရှင်၏ ဖန်ဆင်းခြင်း အံ့ဖွယ်ဆန်းကြယ်မှုနှင့် ကြီးမြတ်မှုကို လည်းကောင်း၊ ဖန်ဆင်းရှင်၏ သြဇာအာဏာ၏ တုပြိုင်ကျော်လွန်၍ မရသော တန်ခိုးကိုလည်းကောင်း အသီးသီး သက်သေခံကြလေသည်...။

ပင်လယ်သည် တိတ်ဆိတ်ခြင်း မရှိတော့သည့်နည်းတူ ကောင်းကင်ယံတွင်လည်း သက်ရှိတို့ စတင် ပြည့်နှက်လာခဲ့သည်။ ငှက်တို့သည် ကြီးငယ်မဆို တစ်ကောင်ပြီးတစ်ကောင် မြေပြင်မှ ကောင်းကင်သို့ ပျံတက်သွားကြသည်။ ပင်လယ်မှ သတ္တဝါများကဲ့သို့ မဟုတ်ဘဲ၊ သူတို့တွင် သေးသွယ်ပြီး ကြော့မော့လှပသော သူတို့၏ ကိုယ်ခန္ဓာများကို ဖုံးအုပ်ထားသည့် အမွှေးများနှင့် အတောင်များ ရှိကြသည်။ သူတို့သည် ဖန်ဆင်းရှင်က သူတို့အပေါ် ချပေးသနားသည့် သူတို့၏ ထည်ဝါလှပသော အမွှေးအတောင်များ၊ သူတို့၏ အထူးလုပ်ဆောင်မှုများနှင့် စွမ်းရည်များကို ဂုဏ်ယူဝံ့ကြွားစွာ ပြသရင်း သူတို့၏ အတောင်ပံများကို ခတ်ကြသည်။ သူတို့သည် မြက်ခင်းပြင်များနှင့် တောများကိုဖြတ်၍ ကောင်းကင်နှင့် မြေကြီးကြားတွင် ကျွမ်းကျင်စွာ လူးလာခတ်ကာ့ လွတ်လပ်စွာ ပျံသန်းကြသည်...။ သူတို့သည် လေ၏ အလွန်ချစ်ခင်ရသူများ ဖြစ်ကြကာ၊ အရာခပ်သိမ်း၏ ချစ်ခင်ရသူများ ဖြစ်ခဲ့ကြသည်။ သူတို့သည် မကြာမီတွင် ကောင်းကင်နှင့် မြေကြီးကြားထဲက ပေါင်းကူးပေးသူများ ဖြစ်လာကြပြီး အရာခပ်သိမ်းဆီသို့ သတင်းစကားများ သယ်ယူပေးတတ်ကြသည်...။ သူတို့သည် တေးဆိုကြသည်၊ ပျော်ရွှင်စွာနှင့် ထိုးဆင်းဝဲပျံကြသည်၊ တစ်ချိန်က ဘာမျှမရှိခဲ့သည့် ဤကမ္ဘာဆီသို့ သြဘာသံများ၊ ရယ်မောခြင်းနှင့် တက်ကြွခြင်းတို့ကို သယ်ဆောင်လာခဲ့ကြသည်...။ သူတို့သည် သူတို့အပေါ် ချပေးသနားခဲ့သည့် အသက်အတွက် ဖန်ဆင်းရှင်ကို ချီးမွမ်းရန် သူတို့၏စိတ်နှလုံးထဲက စကားလုံးများကို အသုံးပြုပြီး သူတို့၏ ကြည်လင်သာယာသော တေးဆိုသံကို အသုံးပြုကြသည်။ သူတို့သည် ဖန်ဆင်းရှင်၏ ဖန်ဆင်းခြင်း ပြီးပြည့်စုံမှုနှင့် အံ့ဖွယ်ဆန်းကြယ်မှုကို ပြသရန်အတွက် ရွှင်လန်းစွာ ကခုန်ခဲ့ကြပြီး၊ သူတို့အပေါ် ဘုရားသခင် ချပေးသနားခဲ့ပြီးသည့် ထူးမြတ်သော ဘဝအားဖြင့် ဖန်ဆင်းရှင်၏ သြဇာအာဏာကို သက်သေခံရန်အတွက် သူတို့၏ ဘဝတစ်ခုလုံးကို အပ်နှံကြလိမ့်မည်...။

၎င်းတို့သည် ရေထဲတွင်ရှိသည်ဖြစ်စေ၊ ကောင်းကင်၌ ရှိသည်ဖြစ်စေ ဖန်ဆင်းရှင်၏ ကွပ်ကဲမှုအားဖြင့် ဤကုံလုံများပြားလှသော သက်ရှိများသည် ကွဲပြားခြားနားလှသည့် ဘဝဖွဲ့စည်းပုံစနစ်များထဲ၌ ဖြစ်တည်ခဲ့ကြပြီး၊ ဖန်ဆင်းရှင်၏ ကွပ်ကဲမှုအားဖြင့် ၎င်းတို့သည် မိမိတို့နှင့်သက်ဆိုင်သည့် မျိုးစိတ်များအလိုက် အတူတကွ စုဝေးခဲ့ကြသည်— ဤနိယာမ၊ ဤစည်းမျဉ်းကို မည်သည့်သက်ရှိများကမျှ မပြောင်းလဲနိုင်ပါချေ။ ဖန်ဆင်းရှင်က ၎င်းတို့အတွက် ချမှတ်ထားသည့် စည်းဘောင်များကို မည်သည့်အခါမျှ ကျော်မသွားဝံ့ကြသကဲ့သို့၊ ကျော်သွားနိုင်စွမ်းလည်း မရှိခဲ့ကြပေ။ ၎င်းတို့သည် ဖန်ဆင်းရှင်က စီမံသည့်အတိုင်း ရှင်သန်နေထိုင်ပြီး ပွားများခဲ့ကြကာ၊ ဖန်ဆင်းရှင်က ၎င်းတို့အတွက် ချမှတ်ထားသည့် ဘဝဖြစ်စဉ်နှင့် နိယာမများကို တစ်သဝေမတိမ်း လိုက်နာခဲ့ကြပြီးလျှင်၊ ဖန်ဆင်းရှင်က သူတို့ကို ပေးအပ်ခဲ့သည့် နားလည်သိရှိပြီးဖြစ်သော အမိန့်များနှင့်အတူ ကောင်းကင်ဘုံ၏ အမိန့်ပြန်တမ်းများနှင့် ကျင့်ဝတ်များကို ယနေ့ထက်ထိပင် အသိနိုးကြားစွာ စောင့်ထိန်းခဲ့ကြသည်။ ၎င်းတို့သည် မိမိတို့၏ကိုယ်ပိုင် အထူးနည်းလမ်းဖြင့် ဖန်ဆင်းရှင်နှင့် စကားပြောကြပြီး ဖန်ဆင်းရှင်၏ ဆိုလိုရင်းကို သဘောပေါက်ကြကာ၊ သူ၏အမိန့်များကို နာခံခဲ့ကြသည်။ ဖန်ဆင်းရှင်၏ သြဇာအာဏာကို မည်သူမျှ လုံးဝ မချိုးဖောက်ခဲ့ကြဘဲ၊ ၎င်းတို့အပေါ် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် ကွပ်ကဲမှုကို သူ၏အကြံအစည်များထဲ၌ အသုံးပြုခဲ့သည်။ မည်သည့် စကားလုံးကိုမျှ မထုတ်ပြန်ခဲ့သော်လည်း၊ ဖန်ဆင်းရှင်၏ အတုမရှိသည့် သြဇာအာဏာသည် လူသားမျိုးနွယ်နှင့် မတူညီသည့်၊ ဘာသာစကား လုပ်ဆောင်မှု မပါသည့် တိတ်ဆိတ်မှုအားဖြင့် အရာခပ်သိမ်းကို ထိန်းချုပ်ခဲ့သည်။ ဤအထူးနည်းလမ်းအားဖြင့် သူ၏ သြဇာအာဏာအား အသုံးပြုခြင်းက လူသားအား အသိပညာအသစ်ကို မဖြစ်မနေ ရရှိစေပြီး ဖန်ဆင်းရှင်၏ အတုမရှိသည့် သြဇာအာဏာအား ဖွင့်ဆိုမှုအသစ် ပြုလုပ်စေခဲ့သည်။ ဤနေ့သစ်တွင် ဖန်ဆင်းရှင်၏ သြဇာအာဏာကို အသုံးချခြင်းက ဖန်ဆင်းရှင်၏ အတုမရှိခြင်းကို နောက်တစ်ကြိမ် ပြသခဲ့ခြင်းပင်ဖြစ်ကြောင်း ဤတွင် သင်တို့ကို ငါပြောရမည်။

ဆက်လက်၍ သမ္မာကျမ်းစာ ဤကျမ်းပိုဒ်၏ နောက်ဆုံးစာကြောင်းကို တစ်ချက် ကြည့်ကြစို့။ “ထိုအမှုအရာ ကောင်းသည်ကို မြင်တော်မူ၏။” ဤသည်မှာ အဘယ်အရာကို ဆိုလိုသည်ဟု သင်တို့ထင်သနည်း။ ဤနှုတ်ကပတ်တော်များထဲတွင် ဘုရားသခင်၏ စိတ်ခံစားချက်တို့ ပါရှိသည်။ သူဖန်ဆင်းခဲ့ပြီးသည့် အရာခပ်သိမ်းသည် ဖြစ်တည်လာပြီး သူ့နှုတ်ကပတ်တော်များကြောင့် ခိုင်မာစွာ ရပ်တည်လာကာ တဖြည်းဖြည်း စတင်ပြောင်းလဲလာသည်ကို ဘုရားသခင် စောင့်ကြည့်ခဲ့သည်။ ဤအချိန်တွင် ဘုရားသခင်သည် နှုတ်ကပတ်တော်များဖြင့် သူပြုလုပ်ခဲ့သည့် အရာအမျိုးမျိုးနှင့် သူပြီးမြောက်ခဲ့သည့် လုပ်ဆောင်ချက်အမျိုးမျိုးတို့အပေါ် ကျေနပ် ခဲ့သလော။ အဖြေက “ထိုအမှုအရာ ကောင်းသည်ကို မြင်တော်မူ၏” ဟူ၍ပင် ဖြစ်သည်။ ဤနေရာတွင် သင်တို့ အဘယ်အရာကို တွေ့သနည်း။ “ထိုအမှုအရာကောင်းသည်ကို မြင်တော်မူ၏” ဆိုသည်မှာ အဘယ်အရာကို ကိုယ်စားပြုသနည်း။ ယင်းက အဘယ်အရာကို အမှတ်သင်္ကေတ ပြုသနည်း။ ယင်းမှာ ဘုရားသခင်၌ သူစီစဉ်ထားခဲ့ပြီး ပြဋ္ဌာန်းထားခဲ့သည့် အရာကို ပြီးမြောက်စေရန်၊ ပြီးမြောက်အောင် သူရည်မှန်းထားခဲ့သည့် ရည်ရွယ်ချက်များကို ပြီးမြောက်စေရန် တန်ခိုးနှင့် ဉာဏ်ပညာ ရှိခဲ့သည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဘုရားသခင်သည် လုပ်ငန်းတစ်ခုစီကို အပြီးသတ်သည့်အခါတွင် နောင်တရခဲ့သလော။ အဖြေက “ထိုအမှုအရာ ကောင်းသည်ကို မြင်တော်မူ၏” ဟူသည်ပင် ဖြစ်နေသေးသည်။ တစ်နည်းပြောရလျှင် သူသည် နောင်တမရခဲ့ရုံမကဘဲ၊ ယင်းအစား ကျေနပ်မှုရရှိခဲ့သည်။ သူနောင်တမရခဲ့ပါ ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ ဘုရားသခင်၏ အစီအစဉ်သည် ပြည့်စုံသည်၊ သူ၏တန်ခိုးနှင့် ဉာဏ်ပညာသည် ပြီးပြည့်စုံသည်၊ ဤသို့ပြီးပြည့်စုံမှုမျိုးကို သူ၏ သြဇာအာဏာအားဖြင့်သာလျှင် ပြီးမြောက်စေနိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ လူသည် လုပ်ငန်းတစ်ခုကို ထမ်းဆောင်သည့်အခါတွင်၊ ဘုရားသခင်ကဲ့သို့ပင် ထိုအရာကောင်းသည်ဟု မြင်နိုင်သလော။ လူသား ပြုလုပ်သည့် အရာအားလုံးသည် ပြီးပြည့်စုံခြင်းကို ရရှိနိုင်သလော။ လူသားသည် တစ်စုံတစ်ခုကို ထာဝရအပြီးအပြတ် လက်စသတ်နိုင်သလော။ “မည်သည့်အရာမှ ပြီးပြည့်စုံခြင်းမရှိ၊ ပိုမိုကောင်းမွန်ခြင်းသာ ရှိသည်” ဟု လူတို့ ပြောသည့်အတိုင်းပင်၊ လူသားက ပြုလုပ်သည့် မည်သည့်အရာမျှ ပြီးပြည့်စုံခြင်းကို မရရှိနိုင်ပေ။ သူပြုလုပ်ခဲ့ပြီး ရရှိခဲ့သည့် အရာအားလုံးက ကောင်းမွန်သည်ကို ဘုရားသခင် မြင်ခဲ့သောအခါ၊ ဘုရားသခင် ပြုလုပ်သည့် အရာအားလုံးကို သူ၏နှုတ်ကပတ်တော်အားဖြင့် ပြဋ္ဌာန်းထားခြင်း ဖြစ်သည်၊ ဆိုလိုသည်မှာ ဘုရားသခင်က “ထိုအမှုအရာ ကောင်းသည်ကို မြင်တော်မူ” သောအခါ၊ သူပြုလုပ်ခဲ့ပြီးသည့်အရာ အားလုံးက အစဉ်တည်မြဲသော ပုံသဏ္ဌာန် တစ်ခုကို ဆောင်ယူခဲ့ကြပြီး၊ အမျိုးအစားအလိုက် ခွဲခြားသတ်မှတ် ခံခဲ့ရကာ သတ်မှတ်ထားသော နေရာ၊ ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန် တစ်ခုကို ထာဝရအပြီးအပြတ် ပေးအပ်ခြင်းခံခဲ့ရသည်။ ထိုမျှမက အရာခပ်သိမ်းအလယ်တွင် ၎င်းတို့၏ အခန်းကဏ္ဍနှင့် အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ စီမံခန့်ခွဲမှု အချိန်အတွင်း သူတို့သွားရမည့် ခရီးကို ဘုရားသခင်က စီမံပေးထားခဲ့ပြီဖြစ်ပြီး ပြောင်းလဲ၍ မရတော့ချေ။ ဤသည်မှာ အရာခပ်သိမ်းအား ဖန်ဆင်းရှင်မှ ပေးအပ်ထားသည့် ကောင်းကင်ဘုံဆိုင်ရာ ဥပဒေသ ဖြစ်သည်။

“ထိုအမှုအရာကောင်းသည်ကို မြင်တော်မူ၏” ဟူသည့် ရိုးရှင်းသော၊ ထိုက်တန်စွာ တန်ဖိုးထားခြင်းမခံရသော၊ မကြာခဏ လျစ်လျူရှုခြင်း ခံရသော ဤနှုတ်ကပတ်တော်တို့မှာ ဘုရားသခင်က သတ္တဝါခပ်သိမ်းကို ပေးအပ်ထားသည့် ကောင်းကင်ဘုံဆိုင်ရာ ဥပဒေသနှင့် ကောင်းကင်ဘုံဆိုင်ရာ အမိန့်ပြန်တမ်းပင် ဖြစ်သည်။ ၎င်းတို့သည် ဖန်ဆင်းရှင်၏ သြဇာအာဏာ၏ အခြားသော ပြယုဂ်တစ်ခု၊ ပို၍ လက်တွေ့ကျသည့်အရာ၊ ပို၍ နက်နဲသည့်အရာမျိုး ဖြစ်သည်။ ဖန်ဆင်းရှင်သည် သူ၏ နှုတ်ကပတ်တော်များအားဖြင့် သူရရှိရန် ရည်မှန်းထားသည့် အရာအားလုံးကိုရရှိနိုင်ပြီး သူပြီးမြောက်ရန် ရည်မှန်းထားသည့် အရာအားလုံးကို ပြီးမြောက်နိုင်ရုံသာမကဘဲ၊ သူဖန်ဆင်းထားခဲ့သည့် အရာအားလုံးကိုလည်း သူ့လက်ထဲတွင် ထိန်းချုပ်နိုင်ပြီး သူ၏ သြဇာအာဏာအောက်တွင် သူပြုလုပ်ထားခဲ့သည့် အရာခပ်သိမ်းကို အုပ်စိုးနိုင်ခဲ့သည့်အပြင်၊ ခပ်သိမ်းက စနစ်ကျပြီး ပုံမှန်ဖြစ်လေသည်။ အရာခပ်သိမ်းသည်လည်း သူ၏ နှုတ်ကပတ်တော်အားဖြင့် တိုးပွား၊ တည်ရှိပြီး ပျက်စီးသွားကြသည့်အပြင်၊ ၎င်းတို့သည် သူ၏ သြဇာအာဏာအားဖြင့် သူချမှတ်ထားခဲ့သည့် ဥပဒေသအတွင်း၌ တည်ရှိခဲ့ပြီး မည်သည့်အရာမျှ ကင်းလွတ်ခွင့် မရှိပါတကား။ ဤဥပဒေသမှာ ဘုရားသခင်က “ထိုအမှုအရာ ကောင်းသည်ကို မြင်တော်မူ” သည့် တစ်ခဏချင်းတွင်ပင် စတင်ခဲ့ပြီး၊ ယင်းသည် ဖန်ဆင်းရှင်မှ ရုပ်သိမ်းသည့် နေ့ရက်တိုင်အောင် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်အတွက် ဖြစ်တည်၊ ဆက်သွားပြီး လည်ပတ်နေမှာပါတကား။ ဖန်ဆင်းရှင်၏ အတုမရှိသော သြဇာအာဏာသည် အရာခပ်သိမ်းကို ဖန်ဆင်းပြီး အရာခပ်သိမ်းကို ဖြစ်တည်လာစေရန် အမိန့်ပေးနိုင်သည့် သူ၏ တတ်နိုင်စွမ်း၌သာမက၊ အရာခပ်သိမ်းအပေါ် အစိုးရပြီး အချုပ်အခြာအာဏာကို စွဲကိုင်ထားကာ အရာခပ်သိမ်းအပေါ် အသက်ဝင်ခြင်းနှင့် ရှင်သန်တက်ကြွခြင်းကို အပ်နှင်းနိုင်သည့် သူ၏ တတ်နိုင်စွမ်း၌ပါ ထင်ရှားပြသသည်၊ ထိုမျှမက သူ၏အစီအစဉ်ထဲတွင် သူဖန်ဆင်းမည့် အရာခပ်သိမ်းသည် သူပြုလုပ်ထားသည့် ကမ္ဘာပေါ်တွင် ပြီးပြည့်စုံသော အသွင်သဏ္ဌာန်၊ ပြီးပြည့်စုံသော အသက်ဖွဲ့စည်းတည်ဆောက်ပုံနှင့် ပြီးပြည့်စုံသော အခန်းကဏ္ဍဖြင့် ထာဝရအပြီးအပြတ် ပေါ်ပေါက် ဖြစ်တည်စေနိုင်သည့် သူ၏ တတ်နိုင်စွမ်း၌လည်း ထင်ရှားပြသလေသည်။ အလားတူပင် ဖန်ဆင်းရှင်၏ အကြံအစည်များသည် မည်သည့် ကန့်သတ်ချုပ်ချယ်မှုမျှ မခံရ၊ အချိန်၊ နေရာ၊ သို့မဟုတ် ပထဝီ အနေအထားတို့၏ ကန့်သတ်ထားခြင်းမရှိသည့် အနေအထား၌လည်း ယင်းက ထင်ရှားပြသပေသည်။ သူ၏ သြဇာအာဏာကဲ့သို့ပင် ဖန်ဆင်းရှင်၏ အတုမရှိသော ဝိသေသလက္ခဏာသည် ကမ္ဘာအဆက်ဆက် မပြောင်းမလဲ တည်မြဲနေမည် ဖြစ်သည်။ သူ၏သြဇာအာဏာသည် သူ၏အတုမရှိသော ဝိသေသလက္ခဏာ၏ ကိုယ်စားပြုချက်နှင့် သင်္ကေတတစ်ရပ် အစဉ်အမြဲ ဖြစ်နေမည်ဖြစ်ပြီး သူ၏ သြဇာအာဏာသည် သူ၏ ဝိသေသလက္ခဏာနှင့် အတူတကွယှဉ်တွဲလျက် ထာဝရတည်ရှိနေမည်တည်း။

ခြောက်ရက်နေ့မြောက်တွင် ဖန်ဆင်းရှင်သည် စကားပြောပြီး သူ့စိတ်ထဲတွင်ရှိသည့် သက်ရှိသတ္တဝါတစ်မျိုးချင်းစီသည် တစ်ခုပြီးတစ်ခု ပေါ်ထွက်လာသည်

မသိမသာနှင့် ဖန်ဆင်းရှင်၏ အရာအားလုံးကို ပြုလုပ်ခြင်း အမှုသည် ငါးရက်တိုင် ဆက်လက်ဖြစ်ပေါ်ခဲ့ပြီး ယင်းနောက်တွင် ချက်ချင်းပင် အရာအားလုံးအပေါ် သူ၏ဖန်ဆင်းခြင်း ခြောက်ရက်မြောက်နေ့ကို ဖန်ဆင်းရှင်က ဆီးကြိုခဲ့သည်။ ယနေ့သည် နောက်ထပ် အသစ်စတင်ခြင်းနှင့် နောက်ထပ် ထူးခြားဆန်းကြယ်သည့် နေ့တစ်နေ့ဖြစ်သည်။ သို့ဆိုလျှင် ဤနေ့သစ်၏ အကြိုတွင် ဖန်ဆင်းရှင်၏ အစီအစဉ်က အဘယ်အရာဖြစ်ခဲ့သနည်း။ မည်သည့်သတ္တဝါအသစ်များကို သူထုတ်လုပ်မည်နည်း၊ ဖန်ဆင်းမည်နည်း။ နားထောင်လော့။ ဤသည်မှာ ဖန်ဆင်းရှင်၏အသံဖြစ်သည်...

“တဖန်ဘုရားသခင်က၊ မြေသည် အသက်ရှင်သော သတ္တဝါမျိုးတည်းဟူသော သားယဉ်တို့ကို၎င်း၊ တွားတတ်သော တိရစ္ဆာန်တို့ကို၎င်း၊ သားရဲမျိုးတို့ကို၎င်း၊ မွေးဖွားစေဟု အမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ၏။ ထိုသို့ ဘုရားသခင်သည် သားရဲမျိုး၊ သားယဉ်မျိုး၊ မြေပေါ်တွင် တွားတတ်သော တိရစ္ဆာန်မျိုး အပေါင်းတို့ကို ဖန်ဆင်း၍၊ ထိုအမှုအရာကောင်းသည်ကို မြင်တော်မူ၏။” (ကမ္ဘာဦးကျမ်း ၁:၂၄-၂၅) အဘယ်သက်ရှိသတ္တဝါများ ပါဝင်သနည်း။ ကျမ်းစာက ဤသို့ပြောသည်- သားယဉ်များ၊ တွားတတ်သော တိရစ္ဆာန်များနှင့် သားရဲမျိုးများ။ တစ်နည်းအားဖြင့်ဆိုသော် ဤနေ့တွင် ကမ္ဘာပေါ်၌ သက်ရှိသတ္တဝါမျိုးစုံ ရှိရုံတင်မကဘဲ ၎င်းတို့အားလုံးသည် မိမိတို့အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ခြင်းခံခဲ့ရပြီး ထိုနည်းတူစွာပင် ဘုရားသခင်က “ထိုအမှုအရာကောင်းသည်ကို မြင်တော်မူ၏။”

ယခင် ငါးရက်ကဲ့သို့ တူညီသည့် အသံနေအသံထားနှင့် ခြောက်ရက်မြောက်နေ့တွင် ဖန်ဆင်းရှင်သည် သူဆန္ဒရှိသည့် သက်ရှိသတ္တဝါတို့ကို မွေးဖွားရန်၊ ကမ္ဘာပေါ်တွင် သူတို့၏အမျိုးအစားအလိုက် ပေါ်ထွက်ရန် အမိန့်ပေးခဲ့သည်။ ဖန်ဆင်းရှင်သည် သူ၏သြဇာအာဏာကို အသုံးချသည့်အခါတွင် သူ၏မည်သည့်နှုတ်ကပတ်တော်ကိုမျှ အချည်းနှီး မပြောဆိုပေ။ ထို့ကြောင့် ခြောက်ရက်မြောက်နေ့တွင် သူဖန်ဆင်းရန် ရည်ရွယ်ခဲ့သည့် သက်ရှိသတ္တဝါတိုင်းသည် သတ်မှတ်ထားသည့် အချိန်တွင် ပေါ်ထွက်ခဲ့သည်။ “မြေသည် အသက်ရှင်သော သတ္တဝါမျိုးတည်းဟူသော သားယဉ်တို့ကို၎င်း...မွေးဘွားစေ” ဟူ၍ ဖန်ဆင်းရှင်ပြောလိုက်သည်နှင့် ကမ္ဘာမြေကြီးသည် ချက်ချင်းပင် ရှင်သန်တက်ကြွခြင်းနှင့်ပြည့်သွားခဲ့ပြီး ကုန်းမြေပေါ်တွင် သက်ရှိသတ္တဝါမျိုးစုံ၏ ထွက်သက်ဝင်သက်သည် ရုတ်တရက် ပေါ်ထွက်လာသည်။...မြက်ပေါသော စိမ်းလန်းသည့် မြေရိုင်းတွင် ပြည့်ဖြိုးသည့်နွားများသည် သူတို့၏အမြီးများကို ဟိုဘက်သည်ဘက်လွှဲရင်း တစ်ကောင်ပြီး တစ်ကောင်ပေါ်လာကြကာ အော်ဟစ်နေသည့်သိုးများသည် အုပ်စုဖွဲ့နေကြလျက် ဟီနေသည့် မြင်းများက စတင်ကာ ခုန်ပေါက်ပြေးလွှားခဲ့ကြသည်။ တစ်မုဟုတ်ချင်းတွင် တိတ်ဆိတ်နေသည့် ကျယ်ပြောလှသော မြက်ခင်းပြင်သည် ရှင်သန်တက်ကြွခြင်းနှင့် ပြည့်ထွက်သွားခဲ့သည်။ ဤအမျိုးမျိုးသော ခြံမွေးတိရစ္ဆာန်များ ပေါ်ထွက်လာခြင်းသည် ငြိမ်းချမ်းသည့် မြက်ခင်းပြင်တွင် လှပသည့်မြင်ကွင်းဖြစ်ခဲ့ပြီး အကန့်အသတ်မရှိသည့် ရှင်သန်တက်ကြွမှုကို သယ်ဆောင်လာခဲ့သည်။...၎င်းတို့သည် မြက်ခင်းပြင်တို့၏ အဖော်များဖြစ်ကြမည်ဖြစ်ပြီး အချင်းချင်း မှီခိုအားထားကြလျက် မြက်ခင်းပြင်တို့၏ အရှင်သခင်များဖြစ်ကြလိမ့်မည်။ အလားတူပင် ၎င်းတို့သည် ၎င်းတို့အမြဲတမ်းကျက်စားရာနေရာ ဖြစ်လာမည့် ဤကုန်းမြေတို့၏ အုပ်ထိန်းသူနှင့် ကြည့်ရှုစောင့်ရှောက်သူတို့ ဖြစ်လာကြလိမ့်မည်ဖြစ်ကာ ထိုကုန်းမြေတို့သည် ၎င်းတို့လိုအပ်သည့် အရာအားလုံးကို ၎င်းတို့အား ထောက်ပံ့ပေးမည်ဖြစ်ပြီး ၎င်းတို့ရှင်သန်ရပ်တည်မှုအတွက် ထာဝရအာဟာရအရင်းအမြစ်တစ်ခု ဖြစ်လာမည်ဖြစ်သည်။

ဤအမျိုးမျိုးသော ခြံမွေးတိရစ္ဆာန်တို့သည် ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်အားဖြင့် ဖြစ်ပေါ်လာခဲ့သည့် ထိုနေ့တွင်ပင် များပြားလှသည့် ပိုးမွှားများလည်း တစ်ကောင်ပြီးတစ်ကောင် ပေါ်ထွက်လာခဲ့သည်။ သူတို့သည် သတ္တဝါအားလုံးထဲတွင် အသေးငယ်ဆုံးများဖြစ်ကြသော်လည်း သူတို့၏ အသက်အင်အားသည် ဖန်ဆင်းရှင်၏ ဆန်းကြယ်သည့် ဖန်ဆင်းမှုပင်ဖြစ်ပြီး သူတို့ရောက်လာခြင်းမှာ သိပ်နောက်မကျပေ။...အချို့က သူတို့၏သေးငယ်သည့် တောင်ပံများကို တဖျတ်ဖျတ်ခတ်ပြီး အချို့ကတော့ ဖြည်းဖြည်းချင်း တွားသွားခဲ့ကြသည်။ အချို့က ခုန်ပေါက်နေခဲ့ကြပြီး အချို့က ဒယိမ်းဒယိုင် သွားလာနေခဲ့ကြသည်။ အချို့က ရှေ့ကို လျင်မြန်စွာသွားနေပြီး အခြားသတ္တဝါများက လျင်မြန်စွာ ဆုတ်ခွာနေသည်။ အချို့က ဘေးတိုက်ရွေ့လျားနေကြပြီး အချို့က နိမ့်တစ်ချီ မြင့်တစ်လှည့် ခုန်ဆွနေခဲ့ကြသည်။...အားလုံးသည် မိမိတို့အတွက် နေအိမ်များကို ရှာဖွေရန်ကြိုးစားနေကြရင်း အလုပ်ရှုပ်နေခဲ့ကြသည်- အချို့က မြက်ခင်းဆီကို ရောက်ရန် လမ်းရှာခဲ့ကြသည်။ အချို့က မြေကြီးထဲတွင် လိုဏ်ခေါင်းများ ဖောက်ခဲ့ကြသည်။ အချို့က သစ်ပင်ပေါ်ကို ပျံတက်ကြပြီး တောအုပ်ထဲတွင် ပုန်းကွယ်နေခဲ့ကြသည်။...အရွယ်အစားသေးငယ်သော်လည်း သူတို့သည် ဗိုက်ဟောင်းလောင်း၏ နှိပ်စက်ခြင်းကိုခံရန် ဆန္ဒမရှိပေ။ သူတို့နေအိမ်များကို ရှာဖွေပြီးသည့်အခါတွင် သူတို့အစာစားရန်အတွက် အစာရှာရန် အလျင်အမြန် ပြုခဲ့ကြသည်။ အချို့က မြက်အညွှန့်လေးများကိုစားရန်အတွက် မြက်ပင်ပေါ်ကို တက်ခဲ့ကြသည်။ အချို့က မြေစာများကို ပါးစပ်နှင့် အပြည့်ယူပြီး သူတို့ဗိုက်ထဲ မျိုချကြကာ ကျေနပ်သာယာမှုအပြည့်နှင့် အားပါးတရစားခဲ့ကြသည် (သူတို့အတွက်မူ မြေစာပင်လျှင် အရသာရှိသည့် စားစရာဖြစ်သည်)။ အချို့က တောအုပ်ထဲတွင် ပုန်းကွယ်နေခဲ့ကြသည်။ သို့ရာတွင် အရောင်တောက်ပသည့် အစိမ်းရောင်ရင့်အရွက်ထဲမှ သစ်ပင်ရည်သည် အရည်ရွှမ်းသည့် စားစရာကို ပေးစွမ်းသည့်အတွက် သူတို့သည် အနားမယူကြပေ။...သူတို့သည် ပြည့်အင့်သွားသည့်အခါတွင်ပင် ပိုးမွှားများသည် သူတို့၏ လှုပ်ရှားမှုကို မရပ်ကြသေးပေ။ သူတို့၏အရွယ်အစားသည် သေးငယ်သော်လည်း ကြီးမားသည့်စွမ်းအင်နှင့် အကန့်အသတ်မရှိသည့် တက်ကြွမှုတို့ရှိကြပြီး ထို့ကြောင့်ပင် သတ္တဝါအားလုံးအထဲ၌ သူတို့သည် အတက်ကြွဆုံးနှင့် အလုပ်လုပ်နိုင်ဆုံး ဖြစ်ကြသည်။ သူတို့သည် မည်သည့်အခါမျှ မပျင်းရိပေ။ အနားယူခြင်းတွင် မွေ့လျော်မနေပေ။ သူတို့၏စားချင်စိတ် ပြေသွားသည့်အခါ သူတို့၏မနက်ဖြန်များအတွက်၊ သူတို့၏ရှင်သန်ရပ်တည်မှုအတွက် အလုပ်ရှုပ်ရင်း အပြေးအလွှား ပြုလုပ်ကြရင်း သူတို့သည် သူတို့၏အနာဂတ်အတွက် အလုပ်များကို အားသွန်ခွန်စိုက်လုပ်ခဲ့ကြသည်။ သူတို့သည် သူတို့ကိုယ်သူတို့ အားပေးတိုက်တွန်းရန်အတွက် အမျိုးမျိုးသော သံစဉ်များနှင့် ဂီတများကို ညင်သာစွာ ညည်းဆိုခဲ့ကြသည်။ သူတို့သည် နေ့ရက်တိုင်း၊ နှစ်တိုင်းကို ထူးခြားအောင်ပြုလုပ်ရင်း ပျော်ရွှင်မှုများကို မြက်ပင်များ၊ သစ်ပင်များနှင့် မြေကြီး၏နေရာတိုင်း၌ ထည့်သွင်းကြသည်။ သူတို့၏ ကိုယ်ပိုင်ဘာသာစကား၊ သူတို့၏ ကိုယ်ပိုင်နည်းလမ်းများနှင့် မြေကြီးပေါ်တွင်ရှိသည့် သက်ရှိသတ္တဝါအားလုံးကို သတင်းဖြန့်ခဲ့ကြသည်။ သူတို့၏ ထူးခြားသည့် ကိုယ်ပိုင်ရှင်သန်နေထိုင်မှုပုံစံကို အသုံးပြုရင်း အရာအားလုံးကို အမှတ်အသားပြုလျက် ထိုအရာများအပေါ် သူတို့၏ အရိပ်အယောင်များကို ချန်ထားခဲ့ကြသည်။ သူတို့သည် မြေကြီး၊ မြက်ပင်၊ တောများနှင့် ရင်းနှီးနီးစပ်ပြီး မြေကြီး၊ မြက်ပင်၊ တောများထံ အားမာန်နှင့် ရှင်သန်တက်ကြွမှုတို့ကို ယူဆောင်လာပေးခဲ့၏။ ဖန်ဆင်းရှင်၏ အားပေးခြင်း နှုတ်ဆက်ခြင်းတို့ကို အရာအားလုံးအပေါ် သယ်ဆောင်လာပေးခဲ့သည်...

ဖန်ဆင်းရှင်၏အကြည့်သည် သူဖန်ဆင်းခဲ့သည့် အရာအားလုံးအပေါ်တွင် ဖြတ်သန်းပြီးကြည့်ရှုခဲ့သည်။ ထိုအချိန်တွင် သူ၏စိတ်သည် လည်နေရင်း သူ၏မျက်လုံးသည် တောများနှင့် တောင်များအပေါ်တွင် ရပ်သွားခဲ့သည်။ သူ၏နှုတ်ကပတ်တော်တို့ကို မိန့်မြွက်လိုက်သည်နှင့် ထူထပ်သော တောအုပ်များထဲနှင့် တောင်များပေါ်တွင် ယခင်က ဖြစ်ပေါ်ခဲ့သည့်ပုံစံများနှင့် မတူသည့် သတ္တဝါအမျိုးအစားတစ်ခု ပေါ်ထွက်ခဲ့သည်။ သူတို့သည် ဘုရားသခင်၏နှုတ်က မိန့်ကြားခဲ့သည့် တိရစ္ဆာန်ရိုင်းများဖြစ်သည်။ အချိင်လင့်မှ ရောက်လာသော သူတို့သည် တစ်ကောင်ချင်းစီတိုင်း၌ မတူညီသည့် မျက်နှာနှင့် သူတို့ခေါင်းကို လှုပ်ရင်း အမြီးများကို ခါရမ်းကြလိမ့်မည်။ အချို့က ထူထပ်သည့် အမွှေးများရှိသည်။ အချို့က သံချပ်ကာများ ရှိသည်။ အချို့က အစွယ်များရှိသည်။ အချို့က အပြုံးများ ဆင်မြန်းထားကြသည်။ အချို့က လည်ပင်းရှည်ကြသည်။ အချို့က အမြီးတိုကြသည်။ အချို့က စူးရှသည့် မျက်လုံးများရှိကြသည်။ အချို့က ရှက်ရွံ့သည့် အကြည့်များရှိသည်။ အချို့က မြက်ပင်စားရန် ကိုယ်ကို ညွှတ်ကြသည်။ အချို့က ပါးစပ်တွင် သွေးများနှင့် ပေကျံနေကြသည်။ အချို့က ခြေနှစ်ချောင်းနှင့် ခုန်ကြသည်။ အချို့က ခွာလေးခုနှင့် လမ်းလျှောက်ကြသည်။ အချို့က သစ်ပင်များ၏ထိပ်မှ အဝေးကို ကြည့်ရှုကြသည်။ အချို့က တောထဲတွင် လဲလျောင်းရင်း စောင့်နေကြသည်။ အချို့က အနားယူရန် ဂူများကို ရှာဖွေနေကြသည်။ အချို့က ကွင်းပြင်များတွင် ရွှင်လန်းစွာ ပြေးလွှားနေကြသည်။ အချို့က တောထဲတွင် ချောင်းမြောင်း သွားလာနေကြသည်။...အချို့က ဟိန်းကြသည်။ အချို့က အူကြသည်။ အချို့က ဟောင်ကြသည်။ အချို့က အော်မြည်ကြသည်။...အချို့က အသံစူးကြသည်။ အချို့က အသံအောကြသည်။ အချို့က အသံကုန်ဟစ်ကြပြီး အချို့တို့၏အသံက ကြည်လင်ကာ သာယာနာပျော်ဖွယ် ဖြစ်ကြသည်။...အချို့က မနှစ်မြို့ဖွယ်ဖြစ်သည်။ အချို့က လှပသည်။ အချို့က ရွံစရာကောင်းသည်။ အချို့က ချစ်စရာကောင်းသည်။ အချို့က ကြောက်စရာကောင်းသည်။ အချို့က ချစ်စရာကောင်းလောက်အောင် နုံအသည်။...တစ်ကောင်ချင်းစီ သူတို့ပေါ်ထွက်ခဲ့ကြသည်။ သူတို့ ကြီးကျယ်မြင့်မြတ်ကြပုံ၊ လွတ်လပ်ကြပုံ၊ အချင်းချင်း အကြောင်းမဲ့သက်သက် စိတ်မဝင်စားကြပုံ၊ အချင်းချင်း ဝေ့ဝဲကြည့်ရင် ဒုက္ခမခံကြပုံတို့ကို ကြည့်လော့။...သူတို့အပေါ် ဖန်ဆင်းရှင် ချပေးသနားခဲ့သည့် သူတို့၏ကိုယ်ပိုင်တောရိုင်းဆန်မှု၊ ကြမ်းတမ်းမှုနှင့် သူတို့၏ဘဝများကို ခံယူရင်း တောင်များအပေါ်နှင့် တောများအတွင်း၌ သူတို့ပေါ်လာခဲ့ကြသည်။ အားလုံးကို မထီမဲ့မြင်ပြုပြီး လုံးဝပိုင်စိုးပိုင်နင်းနိုင်လွန်းသည်။ အမှန်တကယ်တွင်တော့၎င်းတို့သည် တောတောင်များ၏ စစ်မှန်သော အရှင်သခင်မျာဖြစ်ကြသည်။ ဖန်ဆင်းရှင်က သူတို့ကို ပေါ်ထွက်စေပြီးသည့် အခိုက်အတန့်မှစ၍ သူတို့သည် တောအုပ်များနှင့် တောင်များကို “သူတို့နေရာအဖြစ် သတ်မှတ်ကြသည်”၊ အကြောင်းမှာ ဖန်ဆင်းရှင်သည် သူတို့၏နယ်နိမိတ်များကို သတ်မှတ်ခဲ့ပြီး သူတို့၏ဖြစ်တည်မှုအတွက် နယ်ပယ်များကို ခွဲခြားဆုံးဖြတ်ခဲ့ပြီးဖြစ်သည့်အတွက်ဖြစ်သည်။ သူတို့သာလျှင် တောတောင်များ၏ အရှင်သခင်အစစ်အမှန်ဖြစ်သောကြောင့် သူတို့သည် အင်မတန်ရိုင်းစိုင်းကြကာ မထီမဲ့မြင်ပြုကြခြင်းဖြစ်သည်။ သူတို့ကို “တောရိုင်းတိရစ္ဆာန်များ” ဟုသာ ခေါ်ကြသည်၊ အဘယ်ကြောင့်ဆိုသော် သတ္တဝါအားလုံးထဲတွင် သူတို့သည် ဧကန်အမှန် ရိုင်းသည့်၊ ကြမ်းတမ်းသည့်၊ ယဉ်ပါးအောင်ပြုလုပ်၍မရသည့် သတ္တဝါများဖြစ်သောကြောင့်ဖြစ်သည်။ သူတို့ကို ယဉ်ပါးအောင်လုပ်၍မရပေ။ ထို့ကြောင့် သူတို့ကို မွေးမြူ၍မရပေ။ လူသားတို့နှင့်အတူ သူတို့မနေထိုင်နိုင်သကဲ့သို့ လူသားတို့၏ကိုယ်စား သူတို့အလုပ်မလုပ်ပေးနိုင်ပေ။ သူတို့ကို မွေးမြူ၍မရသောကြောင့်၊ လူသားတို့အတွက် သူတို့အလုပ်မလုပ်နိုင်ခြင်းကြောင့် သူတို့သည် လူသားနှင့်ဝေးရာတွင်နေရပြီး သူတို့ကို လူသားတို့ချဉ်းကပ်၍ မရနိုင်ချေ။ အပြန်အလှန်အားဖြင့် သူတို့သည် လူသားတို့နှင့်ဝေးရာတွင်နေပြီး လူသားတို့ချဉ်းကပ်၍ မရသောကြောင့် သူတို့သည် တောတောင်များကို ကာကွယ်စောင့်ရှောက်ခြင်းဟူသည့် ဖန်ဆင်းရှင်က သူတို့အပေါ်ကို ချပေးသနားခဲ့သည့် တာဝန်ကို ဖြည့်ဆည်းနိုင်ခြင်း ဖြစ်သည်။ သူတို့၏ ရိုင်းစိုင်းခြင်းသည် တောင်များကို ကာကွယ်ပေးပြီး တောအုပ်များကို စောင့်ကြပ်ပေးခဲ့ကာ သူတို့၏ဖြစ်တည်မှုနှင့် ပွားများမှုအတွက် အကောင်းဆုံးသော ကာကွယ်မှုနှင့် အာမခံချက်ဖြစ်ခဲ့သည်။ တစ်ချိန်တည်းတွင် သူတို့၏ ရိုင်းစိုင်းခြင်းသည် အရာအားလုံးအထဲတွင် ညီညွတ်မျှတမှုကို ထိန်းသိမ်းပြီး ခိုင်မာစေသည်။ သူတို့ရောက်ရှိလာခြင်းသည် တောတောင်များထံ အထောက်အပံ့နှင့် ခိုင်မာစွာ ရပ်တည်နိုင်မှုကို ယူလာပေးသည်။ သူတို့ရောက်ရှိလာခြင်းသည် ငြိမ်သက်ပြီး ဘာမျှမရှိသည့် တောတောင်များထံ အကန့်အသတ်မရှိသည့် အားမာန်နှင့် ရှင်သန်တက်ကြွမှုကို ထိုးသွင်းပေးသည်။ ဤအချိန်မှစပြီး တောတောင်များသည် သူတို့၏အမြဲတမ်းစားကျက် ဖြစ်လာခဲ့ပြီး တောတောင်များသည် သူတို့အတွက် ပေါ်ပေါက်တည်ရှိလာခြင်းဖြစ်သဖြင့် သူတို့သည် သူတို့၏အိမ်ကို မည်သည့်အခါမျှ ဆုံးရှုံးခံမည်မဟုတ်ပေ။ တောရိုင်းတိရစ္ဆာန်များသည် သူတို့၏တာဝန်များကို ထမ်းဆောင်ပြီး တောတောင်များကို စောင့်ရှောက်ကာကွယ်ရန် သူတို့တတ်နိုင်သမျှ လုပ်ဆောင်ကြမည်ဖြစ်သည်။ ထို့ကြောင့် တောရိုင်းတိရစ္ဆာန်များသည် သူတို့၏ပိုင်နက်နေရာကို စွဲကိုင်ထားရန်ဟူသည့် ဖန်ဆင်းရှင်၏ တိုက်တွန်းချက်များကို တင်းကြပ်စွာ လိုက်နာရင်းဖြင့် ဖန်ဆင်းရှင် တည်ထောင်ခဲ့သည့် အရာအားလုံး၏ ညီညွတ်မျှတမှုကို ထိန်းသိမ်းရန်အတွက် သူတို့၏ ကြမ်းတမ်းသည့်သဘာဝကို ဆက်လက်အသုံးပြုကာ ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုးကို ထင်ရှားပြသကြသည်။

ဖန်ဆင်းရှင်၏သြဇာအာဏာအောက်တွင် အရာအားလုံးသည် စုံလင်၏

ဘုရားသခင်ဖန်ဆင်းခဲ့သည့် အရာအားလုံးဖြစ်သော ပန်းပွင့်များ၊ သစ်ပင်များ၊ ငါးများ၊ ငှက်များကဲ့သို့ လှုပ်ရှားနိုင်သည့် သတ္တဝါများနှင့် မလှုပ်ရှားနိုင်သည့် သတ္တဝါများ အပါအဝင်၊ ခြောက်ရက်မြောက်နေ့တွင် ပြုလုပ်ခဲ့သည့် တောရိုင်းတိရစ္ဆာန်များ၊ ပိုးမွှားများ၊ ခြံမွေးတိရစ္ဆာန်များစသည့် ဤအရာများ အားလုံးသည် ဘုရားသခင်၏အမြင်တွင် ကောင်းမွန်ကြ၏၊ ထို့အပြင် ဘုရားသခင်၏အမြင်တွင် ဤအရာများသည် သူ၏အစီအစဉ်နှင့်အညီ အမြင့်ဆုံးစုံလင်မှုကို ရရှိခဲ့ပြီး ဘုရားသခင် ပြီးမြောက်လိုသည့် စံသတ်မှတ်ချက်များကို ရောက်ရှိခဲ့သည်။ ဖန်ဆင်းရှင်သည် တစ်ဆင့်ပြီးတစ်ဆင့် သူရည်မှန်းထားသည့် အလုပ်များကို သူ၏အစီအစဉ်နှင့်အညီ လုပ်ခဲ့သည်။ သူဖန်ဆင်းရန်ရည်မှန်းခဲ့သည့် အရာများသည် တစ်ခုပြီးတစ်ခု ပေါ်ထွက်လာပြီး တစ်ခုချင်းစီ၏ ပေါ်ထွက်မှုသည် ဖန်ဆင်းရှင်၏ သြဇာအာဏာဆိုင်ရာ ထင်ဟပ်မှုဖြစ်ကာ သူ၏သြဇာအာဏာ ပုံပေါ်လာခြင်းဖြစ်သည်။ ဤပုံပေါ်လာမှုများကြောင့် သတ္တဝါအားလုံးသည် ဖန်ဆင်းရှင်၏ ကျေးဇူးတော်ကို၊ ဖန်ဆင်းရှင်၏ ပံ့ပိုးမှုကို ကျေးဇူးမတင်ဘဲ မနေနိုင်ကြတော့ပေ။ ဘုရားသခင်၏ ဆန်းကြယ်သည့် လုပ်ဆောင်မှုများသည် ထင်ရှားခဲ့သည့်အတွက် ဤကမ္ဘာသည် ဘုရားသခင်ဖန်ဆင်းခဲ့သည့် အရာအားလုံးနှင့် တစ်စပြီးတစ်စ ပြည့်ဖောင်းလာခဲ့ပြီး ကမ္ဘာသည် ပရမ်းပတာဖြစ်ခြင်း၊ အမှောင်ထုဖြစ်ခြင်းမှ ကြည်လင်ခြင်းနှင့် တောက်ပခြင်းဆီသို့၊ သုဿန်တစပြင်ပမာ တိတ်ဆိတ်ငြိမ်သက်နေရာမှ ရှင်သန်လာခြင်းနှင့် အကန့်အသတ်မရှိသည့် ရှင်သန်တက်ကြွမှုဆီသို့ ကူးပြောင်းလာခဲ့သည်။ ဖန်ဆင်းထားသည့် အရာအားလုံးအထဲတွင်၊ အကြီးမှ အသေး၊ အသေးမှ သေးငယ်မှုန်မွှားသည့် အရာအထိ ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုးအားဖြင့် ဖန်ဆင်းခြင်းမခံထားရသည့်အရာ တစ်ခုမျှမရှိဘဲ သတ္တဝါတိုင်း၏ ဖြစ်တည်မှုတွင် ထူးခြားသည့်၊ ပင်ကိုလိုအပ်ချက်နှင့် တန်ဖိုးရှိသည်။ သူတို့၏ပုံသဏ္ဌာန်နှင့် တည်ဆောက်ပုံတို့ ကွဲပြားနေစေကာမူ သူတို့သည် ဖန်ဆင်းရှင်၏ သြဇာအာဏာအောက်တွင် ဖြစ်တည်ရန်အတွက် ဖန်ဆင်းရှင်၏ ပြုလုပ်ခြင်းကို ခံရသည်။ တစ်ခါတစ်ရံတွင် လူများက အလွန်ရုပ်ဆိုးသည့် ပိုးမွှားတစ်ကောင်ကိုတွေ့ပြီး ဤသို့ပြောကြသည်၊ “ဤပိုးမွှားက တော်တော်ဆိုးသည်။ ဤကဲ့သို့သော ကြည့်ရဆိုးသည့် ပိုးမွှားကို ဘုရားပြုလုပ်ထားခြင်း မဖြစ်နိုင်ပေ။ အလွန်ကြည့်ရဆိုးသည့် အရာတစ်ခုကို သူဖန်ဆင်းသည်ဆိုခြင်းမှာ မဖြစ်နိုင်ပေ။” မည်မျှ မိုက်မဲသည့် အမြင်ပေနည်း။ သူတို့ပြောသင့်သည်မှာ “ဤပိုးမွှားက အလွန်ကြည့်ရဆိုးသော်လည်း ၎င်းကို ဘုရားပြုလုပ်ထားခြင်း ဖြစ်၏။ ဤသို့ဆိုလျှင် သူ့တွင် သူ၏ကိုယ်ပိုင် ထူးခြားသည့်ရည်ရွယ်ချက်ရှိပေမည်။” ဘုရားသခင်၏ အတွေးများတွင် သူသည် သူဖန်ဆင်းခဲ့သည့် သက်ရှိအမျိုးမျိုးတို့ကို အသုံးဝင်မှုနှင့် အသုံးပြုမှုပုံစံအမျိုးမျိုးတို့နှင့် ပေါ်ထွက်လာစေရန် ရည်ရွယ်ထားခဲ့သည်။ ထို့ကြောင့် ဘုရားသခင်ပြုလုပ်ထားသည့် မည်သည့်အရာကမျှ ပုံစံတူနေခြင်း မရှိပေ။ သူတို့၏အပြင်ပန်းမှ အတွင်းဖွဲ့စည်းပုံအထိ၊ သူတို့၏ ရှင်သန်နေထိုင်မှု အကျင့်ပုံစံမှ သူတို့ပိုင်ဆိုင်သည့် တည်နေရာအထိ၊ တစ်ခုချင်းစီက ကွဲပြားသည်။ နွားများသည် နွားပုံစံရှိကြသည်။ မြည်းများသည် မြည်းပုံစံရှိသည်။ သမင်များက သမင်ပုံစံရှိပြီး ဆင်များက ဆင်၏ပုံစံရှိသည်။ မည်သည့်အရာက ကြည့်အကောင်းဆုံးဖြစ်ပြီး မည်သည့်အရာက ကြည့်ရအဆိုးဆုံးဖြစ်သည်ကို သင်ပြောနိုင်သလော။ မည်သည့်အရာက အသုံးဝင်ဆုံးနှင့် မည်သည့်ဖြစ်တည်မှုက မလိုအပ်ဆုံးဆိုသည်ကို သင်ပြောနိုင်သလော။ အချို့လူများက ဆင်၏ပုံသဏ္ဌာန်ကို ကြိုက်ကြသည်။ သို့ရာတွင် ကွင်းပြင်များ၌ အပင်စိုက်ရန်အတွက် မည်သူကမျှ ဆင်များကို အသုံးမပြုကြပေ။ အချို့လူများက ခြင်္သေ့၏ပုံစံ၊ ကျား၏ပုံသဏ္ဌာန်ကို ကြိုက်ကြသည်။ သူတို့၏ပုံသဏ္ဌာန်က အရာအားလုံးအထဲတွင် အထင်ကြီးချင်စရာအကောင်းဆုံး ဖြစ်သောကြောင့်ဖြစ်၏။ သို့ရာတွင် သူတို့ကို အိမ်မွေးတိရစ္ဆာန်အဖြစ် သင်ထိန်းသိမ်းထားနိုင်သလော။ အချုပ်ပြောရလျှင် ဖန်ဆင်းခြင်း၏ မြောက်မြားလှစွာသော အရာတို့နှင့်ပတ်သက်လာပါက လူသားသည် ဖန်ဆင်းရှင်၏ သြဇာအာဏာကို နာခံသင့်သည်၊ တစ်နည်းအားဖြင့် ဖန်ဆင်းရှင်က အရာအားလုံးကိုသတ်မှတ်ခဲ့သည့် အစီအစဉ်ကို နာခံသင့်သည်။ ဤသည်သာလျှင် အမြော်အမြင်အရှိဆုံးသော သဘောထားဖြစ်၏။ ဖန်ဆင်းရှင်၏ မူလရည်ရွယ်ချက်ကို ရှာဖွေလိုခြင်းသဘောနှင့် ထိုရည်ရွယ်ချက်ကို နာခံခြင်းကသာ ဖန်ဆင်းရှင်၏ သြဇာအာဏာကို စစ်မှန်စွာလက်ခံခြင်းနှင့် စိတ်ချသေချာခြင်းတို့ ဖြစ်သည်။ ယင်းမှာ ဘုရားသခင်အမြင်တွင် ကောင်းမွန်သည်၊ ဤသို့ဆိုလျှင် အမှားကို ရှာဖွေရန် လူတွင် အဘယ်အကြောင်းပြချက် ရှိပါမည်နည်း။

ထို့ကြောင့် ဖန်ဆင်းရှင်၏ သြဇာအာဏာအောက်တွင်ရှိသော အရာအားလုံးသည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအတွက် သံစုံသီချင်းများ သီဆိုကြရမည်။ နေ့သစ်တွင် သူ၏လုပ်ဆောင်မှုအတွက် အလွန်ကောင်းမွန်သည့် နိဒါန်းသီချင်းများကို စတင်ကြရမည်။ ဤအချိန်တွင် ဖန်ဆင်းရှင်သည်လည်း သူ၏စီမံခန့်ခွဲမှု အမှုတော်အတွက် စာမျက်နှာအသစ်တစ်ခုကို ဖွင့်လှစ်မည်။ ဘုရားသခင် သတ်မှတ်ပေးထားသည့် နွေဦးရာသီ၏ လတ်ဆတ်သော အညွှန့်အဖူးပေါက်ခြင်း၊ နွေရာသီ၏ ရင့်မှည့်ခြင်း၊ ဆောင်းဦးရာသီ၏ ရိတ်သိမ်းခြင်း၊ ဆောင်းရာသီ၏ သိုလှောင်ခြင်းဆိုင်ရာ နိယာမသဘောတရားအရ အရာအားလုံးသည် ဖန်ဆင်းရှင်၏ စီမံခန့်ခွဲမှု အစီအစဉ်နှင့် လိုက်ဖက်ညီလျက်ရှိပြီး သူတို့၏ ကိုယ်ပိုင်နေ့သစ်၊ အသစ်စတင်ခြင်းနှင့် ဘဝသစ်ပုံစံတို့ကို ကြိုဆိုကြမည်။ ဖန်းဆင်ရှင်၏ သြဇာအာဏာဆိုင်ရာ အချုပ်အခြာအာဏာအောက်တွင် နေ့ရက်တိုင်းကို ကြိုဆိုကြရန် သူတို့သည် အသက်ရှင်သွားကြမည်ဖြစ်ပြီး အဆုံးမရှိသည့် ဆက်တိုက်ဖြစ်ပေါ်မှုနှင့် မျိုးပွားကြလိမ့်မည်...

ဘုရားသခင်၏ ဝိသေသလက္ခဏာကို မည်သည့်ဖန်ဆင်းခံ၊ ဖန်ဆင်းခြင်းမခံရသည့် အရာမျှ အစားမထိုးနိုင်ပေ

အရာခပ်သိမ်းအား ဖန်ဆင်းခြင်းကို စတင်သည့်အချိန်မှစပြီး ဘုရားသခင်၏ တန်ခိုးသည် စတင်ဖော်ပြကာ စတင်ထုတ်ဖော်လာသည်။ အကြောင်းမှာ ဘုရားသခင်သည် အရာအားလုံးကို ဖန်ဆင်းရန် နှုတ်ကပတ်တော်တို့ကို အသုံးပြုခဲ့သည့်အတွက်ကြောင့်ဖြစ်သည်။ သူတို့ကို မည်သို့နည်းလမ်းနှင့် ဖန်ဆင်းခဲ့သည်ဖြစ်စေ၊ အဘယ်ကြောင့်ဖန်ဆင်းခဲ့သည်ဖြစ်စေ၊ အရာအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကြောင့် ဖြစ်ပေါ်လာပြီး ခိုင်မာစွာ ရပ်တည်လျက် တည်ရှိလာခဲ့ကြသည်။ ဤသည်မှာ ဖန်ဆင်းရှင်၏ အတုမရှိသည့် သြဇာအာဏာပင်ဖြစ်သည်။ ကမ္ဘာကြီးတွင် လူသားမျိုးနွယ် မပေါ်ပေါက်လာခင် အချိန်က ဖန်ဆင်းရှင်သည် လူသားမျိုးနွယ်အတွက် အရာအားလုံးကို ဖန်ဆင်းရန် သူ၏တန်ခိုးနှင့် သြဇာအာဏာကို အသုံးပြုခဲ့ပြီး လူသားတို့အတွက် သင့်တော်သည့် သက်ရှိပတ်ဝန်းကျင်တစ်ခုကို ပြင်ဆင်ရန် သူ၏ထူးခြားသည့် နည်းလမ်းများကို အသုံးချခဲ့သည်။ သူလုပ်ခဲ့သည့် အရာအားလုံးမှာ မကြာခင်တွင် သူ၏ဇီဝအသက်ကို ရရှိတော့မည့် လူသားမျိုးနွယ်အတွက် ပြင်ဆင်ခြင်းသာဖြစ်သည်။ တစ်နည်းအားဖြင့် လူသားမျိုးနွယ်ကို မဖန်ဆင်းမီအချိန်က ဘုရားသခင်၏ သြဇာအာဏာသည် လူသားမျိုးနွယ်နှင့် ကွဲပြားသည့် သတ္တဝါတို့တွင်၊ မိုးကောင်းကင်၊ အလင်းအိမ်များ၊ ပင်လယ်များနှင့် ကုန်းမြေများကဲ့သို့ ကြီးမြတ်သည့်အရာတို့တွင်၊ တိရစ္ဆာန်များနှင့် ငှက်ကလေးများကဲ့သို့ သေးငယ်သည့်အရာများတွင်၊ ပိုးမွှားများနှင့် အဏုဇီဝရုပ်အမျိုးမျိုးတို့တွင်၊ သာမန်မျက်စိနှင့်မမြင်နိုင်သည့် ဗက်တီးရီးယားအမျိုးမျိုးတို့တွင် ထင်ရှားပြသသည်။ တစ်ကောင်ချင်းစီတိုင်းသည် ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များအားဖြင့် အသက်ကိုပေးအပ်ခြင်းခံရပြီး ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များကြောင့် တစ်ဟုန်ထိုးပွားများလာခဲ့ကြကာ တစ်ကောင်ချင်းစီသည် ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များကြောင့် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအောက်တွင် ရှင်သန်နေထိုင်ခဲ့ကြသည်။ သူတို့သည် ဖန်ဆင်းရှင်၏ ဇီဝအသက်ကို မရရှိခဲ့သော်လည်း ဖန်ဆင်းရှင်က သူတို့ကို ချပေးသနားခဲ့သည့် အသက်နှင့် ရှင်သန်တက်ကြွမှုတို့ကို သူတို့၏မတူညီသည့်ပုံစံများနှင့် တည်ဆောက်ပုံများမှတစ်ဆင့် ထင်ရှားပြသခဲ့ကြသည်။ ဖန်ဆင်းရှင်က လူသားတို့ကို ပေးသည့် စကားပြောဆိုနိုင်စွမ်းကို သူတို့မရရှိသော်လည်း သူတို့အသီးသီးသည် ဖန်ဆင်းရှင်က သူတို့ကို ချပေးသနားခဲ့ပြီး လူသား၏ ဘာသာစကားနှင့် ကွဲပြားသည့် သူတို့ဘဝကို ထုတ်ဖော်ပြသခြင်း နည်းလမ်းတို့ကို ရရှိခဲ့သည်။ ဖန်ဆင်းရှင်၏ သြဇာအာဏာသည် အမြင်အားဖြင့် လှုပ်ရှားမှုမရှိသည့် ရုပ်ဝတ္ထုပစ္စည်းများကို မည်သည့်အခါမျှ ပျောက်ကွယ်မသွားအောင် အသက်၏ ရှင်သန်တက်ကြွခြင်းကို ပေးခဲ့ရုံသာမက သူတို့ မည်သည့်အခါမျှ မပျောက်ကွယ်သွားအောင်၊ ထို့ပြင် ဖန်ဆင်းရှင်က ပေးအပ်ခဲ့သည့် ရှင်သန်ရပ်တည်ရေး အခြေခံမူများနှင့် နိယာမတရားများကို မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်းပေးနိုင်အောင် သက်ရှိတိုင်းကို မျိုးပွားရန်နှင့် ပွားများရန် အသိစိတ်ကို ပေးအပ်ခဲ့သည်။ ဖန်ဆင်းရှင်က သူ၏သြဇာအာဏာကို အသုံးပြုသည့်ပုံစံက အနုစိတ်၊ သို့မဟုတ် အသေးစိတ် ရှုထောင့်များအပေါ်တွင်သာ တင်းတင်းကျပ်ကျပ်နှင့် စွဲကပ်မထားပေ။ မည်သည့်ပုံစံအပေါ်ကိုမျှ ကန့်သတ်ထားခြင်းမရှိပေ။ သူသည် စကြဝဠာလုပ်ဆောင်မှုများအပေါ်တွင် အုပ်ချုပ်အမိန့်ပေးနိုင်ပြီး အရာအားလုံး၏ သေခြင်းနှင့် ရှင်ခြင်းအပေါ်တွင် အချုပ်အခြာအာဏာကို စွဲကိုင်ထားသည်၊ ထို့အပြင် သူ့ကို အစေခံစေရန် အရာအားလုံးကို သူထိန်းသိမ်းနိုင်သည်။ သူသည် တောင်များ၊ မြစ်များနှင့် အင်းအိုင်များ၏ အလုပ်လုပ်ပုံအားလုံးကို စီမံခန့်ခွဲနိုင်ပြီး သူတို့အထဲတွင်ရှိသည့် အရာအားလုံးကို အုပ်ချုပ်နိုင်သည့်အပြင် အရာအားလုံး၏ လိုအပ်ချက်ကိုလည်း ထောက်ပံ့နိုင်သည်။ ဤသည်မှာ လူသားမျိုးနွယ်အပြင် အခြားအရာအားလုံးအတွင်းတွင် ဖန်ဆင်းရှင်၏ အတုမရှိသည့် သြဇာအာဏာ ထင်ရှားပေါ်လွင်ခြင်းဖြစ်သည်။ ဤကဲ့သို့သောထင်ရှားပေါ်လွင်ခြင်းသည် တစ်သက်တာအချိန်အတွက်တင် မဟုတ်ဘဲ မည်သည့်အခါမျှ ရပ်တန့်မသွားသကဲ့သို့ ပြီးဆုံးမသွားပေ။ ၎င်းကို မည်သည့်အရာ၊ သို့မဟုတ် မည်သူကမျှ ပြောင်းလဲ၍သော်လည်းကောင်း၊ ထိခိုက်၍သော်လည်းကောင်း မရသကဲ့သို့ မည်သည့်အရာ၊ သို့မဟုတ် မည်သူကမျှ ဖြည့်စွက်၍သော်လည်းကောင်း၊ လျှော့ချ၍သော်လည်းကောင်း မရပေ။ အကြောင်းမှာ ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာကို မည်သည့်အရာကမျှ အစားထိုး၍မရခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် ဖန်ဆင်းရှင်၏ သြဇာအာဏာကို မည်သည့်ဖန်ဆင်းခံကမျှ အစားထိုး၍ မရနိုင်ပေ။ ဖန်ဆင်းခံမဟုတ်သည့် မည်သည့်အရာကမျှ ရယူနိုင်သည့်အရာ မဟုတ်ပေ။ ဘုရားသခင်၏ သတင်းစကားပို့ဆောင်သူများနှင့် ကောင်းကင်တမန်တို့ကို ဥပမာအနေနှင့် ကြည့်လော့။ သူတို့သည် ဘုရားသခင်၏ သြဇာအာဏာကို ပိုင်ဆိုင်ရန်ဝေးစွ၊ ဘုရားသခင်၏ တန်ခိုးကိုပင် မပိုင်ဆိုင်ပေ။ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးကို သူတို့မပိုင်ဆိုင်ရသည့် အကြောင်းရင်းမှာ သူတို့သည် ဖန်ဆင်းရှင်၏ အနှစ်သာရကို မပိုင်ဆိုင်ထားသောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ သတင်းစကားပို့ဆောင်သူများနှင့် ကောင်းကင်တမန်တို့ကဲ့သို့ ဖန်ဆင်းခံမဟုတ်သည့်သူများသည် ဘုရားသခင်၏ကိုယ်စား အချို့အရာများကို လုပ်နိုင်သော်လည်း ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ပေ။ သူတို့သည် လူသားများမပိုင်ဆိုင်သည့် တန်ခိုးအချို့ကို ပိုင်ဆိုင်သော်လည်း ဘုရားသခင်၏ သြဇာအာဏာကို မပိုင်ဆိုင်ပေ။ အရာအားလုံးကိုဖန်ဆင်းရန်၊ အရာအားလုံးကို အမိန့်ပေးရန်၊ အရာအားလုံးအပေါ်တွင် အချုပ်အခြာအာဏာ ကိုင်စွဲရန် ဘုရားသခင်၏ သြဇာအာဏာကို သူတို့မပိုင်ဆိုင်ကြပေ။ ထို့ကြောင့် ဘုရားသခင်၏ အတုမရှိခြင်းကို မည်သည့်ဖန်ဆင်းခြင်း မခံရသည့်သူကမျှ အစားထိုး၍ မရနိုင်ပေ။ အလားတူပင် ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးကိုလည်း မည်သည့်ဖန်ဆင်းခြင်းမခံရသည့်သူကမျှ အစားထိုး၍မရနိုင်ပေ။ သမ္မာကျမ်းစာထဲတွင် အရာအားလုံးကို ဖန်ဆင်းခဲ့သည့် ဘုရားသခင်၏ သတင်းစကားပို့ဆောင်သူအကြောင်းကို သင်ဖတ်ဖူးသလော။ ဘုရားသခင်က သူ၏သတင်းစကားပို့ဆောင်သူများ၊ သို့မဟုတ် ကောင်းကင်တမန်များကို အဘယ်ကြောင့် အရာအားလုံးကို ဖန်ဆင်းရန် မစေလွှတ်ခြင်းဖြစ်သနည်း။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ဘုရားသခင်၏ သြဇာအာဏာကို မပိုင်ဆိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ သြဇာအာဏာကို အသုံးချရန်အစွမ်း သူတို့တွင် မရှိကြပေ။ အခြားသတ္တဝါများ အားလုံးကဲ့သို့ပင်၊ သူတို့အားလုံးသည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအောက်၊ ဖန်ဆင်းရှင်၏ သြဇာအာဏာအောက်တွင်ရှိပြီး အလားတူပင် ဖန်ဆင်းရှင်က သူတို့၏ဘုရားသခင်နှင့် သူတို့၏ အချုပ်အခြာအာဏာရှင်လည်းဖြစ်သည်။ သူတို့တစ်ယောက်ချင်းစီတိုင်းတွင် သူတို့သည် မြင့်မြတ်သည်ဖြစ်စေ၊ နိမ့်ကျသည်ဖြစ်စေ၊ တန်ခိုးကြီးသည်ဖြစ်စေ၊ တန်ခိုးသေးသည်ဖြစ်စေ၊ ဖန်ဆင်းရှင်၏ သြဇာအာဏာကို ကျော်လွန်နိုင်သည့်သူ တစ်ယောက်မျှမရှိပေ။ ထို့ကြောင့် သူတို့ထဲတွင် ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာကို အစားထိုးနိုင်သည့်သူ တစ်ယောက်မျှမရှိပေ။ သူတို့သည် ဘုရားသခင်ဟု မည်သည့်အခါမျှ အခေါ်ခံရမည်မဟုတ်၊ မည်သည့်အခါမျှ ဖန်ဆင်းရှင် ဖြစ်လာနိုင်မည်မဟုတ်ပေ။ ဤသည်မှာ ပြောင်းလဲ၍မရသည့် သမ္မာတရားများနှင့် အမှန်တရားများ ဖြစ်သည်။

အထက်က မိတ်သဟာယပြုလုပ်မှုမှတစ်ဆင့် အတုမရှိသည့် သြဇာအာဏာနှင့် အတုမရှိသည့် တန်ခိုးကိုပိုင်ဆိုင်သည့်၊ အရာအားလုံး၏ ဖန်ဆင်းရှင်နှင့် အုပ်စိုးရှင်သာလျှင် အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင်ဟု အခေါ်ခံနိုင်သည်ဟူသည့်အချက်ကို အခိုင်အမာပြောဆိုနိုင်သလော။ ဤနေရာတွင် ဤကဲ့သို့သော မေးခွန်းက အလွန်မြင့်လွန်းသည်ဟု သင်တို့ထင်ကောင်း ထင်နိုင်သည်။ ယခုအချိန်တွင် ဤအရာကို နားလည်ရန် သင်တို့မတတ်နိုင်ပေ။ ထို့ပြင် ထိုအတွင်းတွင်ရှိသည့် အနှစ်သာရကို သင်တို့ မသိရှိနိုင်ပေ။ ထို့ကြောင့် လောလောဆယ်တွင် ဖြေရန်ခက်သည်ဟု သင်တို့ ခံစားရလိမ့်မည်။ ဤသို့ဆိုလျှင် မိတ်သဟာယပြုလုပ်မှုကို ငါဆက်သွားမည်။ နောက်တစ်ခုတွင် ဘုရားသခင်တစ်ဆူတည်း ပိုင်ဆိုင်သည့် သြဇာအာဏာနှင့် တန်ခိုးဆိုင်ရာ များစွာသော ရှုထောင့်များ၏ အမှန်တကယ်လုပ်ဆောင်မှုတို့ကို သင်တို့အား ရှုမြင်ခွင့်ပြုမည်။ ထိုသို့အားဖြင့် ဘုရားသခင်၏ အတုမရှိခြင်းကို အမှန်တကယ်နားလည်ရန်၊ တန်ဖိုးထားရန်နှင့် သိရန်အပြင် ဘုရားသခင်၏ အတုမရှိသည့် သြဇာအာဏာဆိုသည်မှာ အဘယ်အရာအား ဆိုလိုကြောင်းကို သိရှိရန် သင်တို့ကို ငါအခွင့်ပေးမည်ဖြစ်သည်။

၂။ ဘုရားသခင်က လူသားနှင့် ပဋိညာဉ်တစ်ခု တည်ဆောက်ရန်အတွက် သူ၏နှုတ်ကပတ်တော်တို့ကို အသုံးပြုသည်

ကမ္ဘာဦးကျမ်း ၉:၁၁-၁၃ သင်တို့နှင့် ငါပြုသောပဋိညာဉ်ဟူမူကား၊ ရေလွှမ်းမိုးခြင်းအားဖြင့်၊ ခပ်သိမ်းသော သတ္တဝါတို့သည် နောက်တဖန် မဆုံးရကြ။ မြေကြီးကို ဖျက်ဆီးဘို့ရာ နောက်တဖန် ရေလွှမ်းမိုးခြင်း မရှိရ။ ထိုမှတပါး ငါတဘက်၊ သင်တို့နှင့် သင်တို့ထံတွင် အသက်ရှင်သမျှသော တိရစ္ဆာန်တို့ တဘက်၌ သားမြေး အစဉ်အဆက်မပြတ်၊ ငါပြုသော ပဋိညာဉ်၏ လက္ခဏာ သက်သေဟူမူကား၊ ငါ၏ သက်တံကို မိုဃ်းတိမ်၌ ငါထား၏။ ထိုသက်တံသည် မြေကြီးနှင့် ငါပြုသော ပဋိညာဉ်၏ သက်သေဖြစ်လိမ့်မည်။

ဖန်ဆင်းရှင်သည် အရာအားလုံးကို ပြုလုပ်ပြီးသည့်အခါတွင် သူ၏သြဇာအာဏာသည် အတည်ပြုပြီးဖြစ်ပြီး သက်တံ ပဋိညာဉ်တွင် နောက်တစ်ကြိမ် ထင်ရှားသည်

ဖန်ဆင်းရှင်၏ သြဇာအာဏာသည် အမြဲတမ်းထင်ရှားပြီး ဖန်ဆင်းခံတို့ထံတွင် အသုံးချသည်၊ သူသည် အရာအားလုံး၏ ကံကြမ္မာကို အုပ်စိုးရုံသာမကဘဲ သူ့လက်နှင့် သူဖန်ဆင်းခဲ့သည့် အထူးဖန်ဆင်းခံများဖြစ်သော မတူညီသည့် ဘဝတည်ဆောက်ပုံကို ပိုင်ဆိုင်ပြီး မတူညီသည့် ကိုယ်ခန္ဓာသဏ္ဌာန်နှင့် တည်ရှိသည့် လူသားတို့ကိုလည်း အုပ်စိုးသည်။ အရာအားလုံးကို ပြုလုပ်ပြီးသည့်အခါတွင် ဖန်ဆင်းရှင်သည် သူ၏သြဇာအာဏာနှင့် တန်ခိုးတို့အား ဖော်ပြခြင်းကို ရပ်တန့်မသွားပေ။ သူ့အတွက်မူ အရာအားလုံးနှင့် လူသားမျိုးနွယ်တစ်ခုလုံး၏ ကံကြမ္မာအား အချုပ်အခြာ အာဏာပိုင်သခြင်းကို ကိုင်ဆောင်ထားသည့် သြဇာအာဏာသည် သူ့လက်မှ လူသားမျိုးနွယ် အမှန်တကယ် ပေါက်ဖွားလာသည့်အချိန်တွင်သာ အမှန်တကယ် အစပြုလာသည်။ သူသည် လူသားမျိုးနွယ်ကို စီမံပြီး လူသားမျိုးနွယ်ကို အုပ်စိုးရန် ရည်ရွယ်ခဲ့သည်။ လူသားမျိုးနွယ်ကို ကယ်တင်ရန်နှင့် လူသားမျိုးနွယ်ကို အမှန်တကယ် ရရှိရန် သူရည်ရွယ်ခဲ့သည်။ အရာအားလုံးကို အုပ်ချုပ်နိုင်သည့် လူသားမျိုးနွယ်တစ်ရပ်ကို ရရှိရန် သူရည်ရွယ်ခဲ့ပြီး သူ၏သြဇာအာဏာအောက်တွင် အသက်ရှင်နေထိုင်သည့်၊ သူ၏သြဇာအာဏာကိုသိပြီး နာခံသည့် ထိုသို့သောလူသားမျိုးနွယ်ကို ပြုလုပ်ရန် ရည်ရွယ်ခဲ့သည်။ ထို့ကြောင့် ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်တို့ကို အသုံးပြုပြီး လူသားကြားတွင် သူ၏သြဇာအာဏာကို တရားဝင်ဖော်ပြရန် အစပြုခဲ့ကာ သူ၏နှုတ်ကပတ်တော်တို့ကို အကောင်အထည်ဖော်ရန် သူ၏သြဇာအာဏာကို စတင်အသုံးပြုခဲ့သည်။ ဤဖြစ်စဉ်အတောအတွင်း နေရာတိုင်း၌ ဘုရားသခင်၏ သြဇာအာဏာသည် ထင်ရှားခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ ဘုရားသခင်၏ အတုမရှိခြင်းနှင့် သူ၏အတုမရှိသည့် သြဇာအာဏာကို သင်တို့နားလည်ပြီး သိမြင်နိုင်မည့်၊ လူသိများသည့် သီးသန့်ဥပမာများကို ငါရွေးချယ်ခဲ့ရုံမျှသာဖြစ်သည်။

ကမ္ဘာဦးကျမ်း ၉:၁၁-၁၃ တွင်ပါသည့် ကျမ်းပိုဒ်နှင့် ကမ္ဘာကို ဘုရားသခင်ဖန်ဆင်းခြင်း၏ မှတ်တမ်းနှင့်ပတ်သက်သည့် အပေါ်က ကျမ်းပိုဒ်များတွင် တူညီမှုတစ်ခုရှိသော်လည်း ကွဲပြားမှုတစ်ခုလည်းရှိသည်။ တူညီမှုက အဘယ်အရာနည်း။ သူရည်ရွယ်ထားသည့်အရာများကို လုပ်ရန်အတွက် နှုတ်ကပတ်တော်တို့ကို ဘုရားသခင်အသုံးပြုခြင်းမှာ တူညီ၏၊ ကွဲပြားချက်ကမူ ဤနေရာ၌ ကိုးကားထားသောကျမ်းပိုဒ်က လူသားနှင့် ပဋိညာဉ်တစ်ခုကို ထူထောင်ကာ ပဋိညာဉ်တွင် ပါသည့်အရာများကို လူသားအား ပြောပြသည့် ဘုရားသခင်နှင့် လူသား၏ အပြန်အလှန် စကားပြောဆိုခြင်းဖြစ်သည်။ ဘုရားသခင်၏ သြဇာအာဏာကို အသုံးပြုခြင်းက လူသားနှင့် သူစကားပြောသည့်အချိန်တွင် ဖြစ်ပေါ်သည်။ တစ်နည်းအားဖြင့် လူသားမျိုးနွယ်ကို မဖန်ဆင်းမီတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့က သူဖန်ဆင်းရန် ရည်ရွယ်ထားသည့် ဖန်ဆင်းခံများကို ပြောဆိုသည့် ညွှန်ကြားချက်များ၊ အမိန့်များ ဖြစ်သည်။ သို့သော် ယခုတွင်မူ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ကြားနာမည့်သူတစ်ယောက်ရှိသည့်အတွက် သူ၏နှုတ်ကပတ်တော်တို့သည် လူသားနှင့် ပြောဆိုချက်ဖြစ်ပြီး လူသားကို တိုက်တွန်းချက်နှင့် သတိပေးချက်များဖြစ်သည်။ ထို့အပြင် သူ၏သြဇာအာဏာကို ခံယူသည့် အရာအားလုံးကို ပေးအပ်သည့် ပညတ်ချက်များလည်း ဖြစ်သည်။

ဘုရားသခင်၏ မည်သည့်လုပ်ဆောင်ချက်ကို ဤကျမ်းပိုဒ်တွင် မှတ်တမ်းတင်ထားသနည်း။ ကမ္ဘာကို ရေလွှမ်းမိုးခြင်းနှင့် သူဖျက်ဆီးပြီးနောက်တွင် ဘုရားသခင်က လူသားနှင့် တည်ဆောက်ခဲ့သည့် ပဋိညာဉ်ကို ကျမ်းပိုဒ်က မှတ်တမ်းတင်ထားသည်။ ယင်းက ဘုရားသခင်အနေဖြင့် ကမ္ဘာကို ဤကဲ့သို့သော ဖျက်ဆီးခြင်းမျိုး နောက်ထပ်လုပ်တော့မည် မဟုတ်ဆိုသည်ကို လူသားအား ပြောပြထားပြီး အဆုံးတွင် ဘုရားသခင်က သင်္ကေတတစ်ခုကို ဖန်ဆင်းခဲ့သည်။ ဤသင်္ကေတက အဘယ်အရာဖြစ်သနည်း။ ကျမ်းစာထဲတွင် ဤကဲ့သို့ဆိုထားသည်။ “ငါ၏ သက်တံကို မိုဃ်းတိမ်၌ ငါထား၏။ ထိုသက်တံသည် မြေကြီးနှင့် ငါပြုသောပဋိညာဉ်၏ သက်သေဖြစ်လိမ့်မည်။” ဤသည်မှာ ဖန်ဆင်းရှင်က လူသားမျိုးနွယ်ကို ပြောခဲ့သည့် မူရင်းနှုတ်ကပတ်တော်များဖြစ်သည်။ ဤနှုတ်ကပတ်တော်များကို သူပြောလိုက်သည်နှင့် လူသား၏ မျက်စိရှေ့တွင် သက်တံတစ်စင်း ပေါ်ပေါက်လာခဲ့ပြီး ယနေ့အထိတိုင်အောင် တည်ရှိနေခဲ့သည်။ ထိုသို့သောသက်တံကို လူတိုင်းမြင်ဖူးသည်။ ယင်းကို သင်မြင်သည့်အခါတွင် မည်သို့ပေါ်လာသည်ကို သင်သိသလော။ သိပ္ပံပညာက ဤအရာကို သက်သေမပြနိုင်ပေ။ သို့မဟုတ် ယင်း၏အရင်းအမြစ်ကို မရှာဖွေနိုင်ပေ။ သို့မဟုတ် ယင်းသည် ဘယ်ဆီဘယ်ဝယ်တွင်ရှိသည်ကို မသတ်မှတ်နိုင်ပေ။ ဤသည်မှာ သက်တံသည် ဖန်ဆင်းရှင်နှင့် လူသားကြားတွင် ထူထောင်ထားသည့် ပဋိညာဉ်၏ သင်္ကေတဖြစ်၍ဖြစ်သည်။ ယင်းသက်တံက သိပ္ပံအခြေခံအကြောင်းရင်းများ မလိုအပ်ပေ။ ယင်းကို လူသားက ပြုလုပ်ထားခြင်း မဟုတ်သကဲ့သို့ လူသားက ပြောင်းလဲနိုင်စွမ်းလည်း မရှိပေ။ ဤသည်မှာ ဖန်ဆင်းရှင်က သူ၏နှုတ်ကပတ်တော်များကို ပြောပြီးနောက်တွင် သူ၏သြဇာအာဏာ ဆက်လက်ဖြစ်တည်နေခြင်းပင် ဖြစ်သည်။ လူသားနှင့်ပြုလုပ်သည့် ပဋိညာဉ်နှင့် သူ၏ကတိကို လိုက်နာရန်အတွက် ဖန်ဆင်းရှင်က သူ၏သီးသန့်နည်းလမ်းကို အသုံးပြုခဲ့သည်။ ထို့ကြောင့် သူထူထောင်ခဲ့သည့် ပဋိညာဉ်၏ သင်္ကေတအနေနှင့် သက်တံကို သူအသုံးပြုခြင်းသည် ဖန်ဆင်းရှင်နှင့် ဆက်စပ်ပြီးဖြစ်စေ၊ ဖန်ဆင်းခံ လူသားမျိုးနွယ်နှင့် ဆက်စပ်ပြီးဖြစ်စေ ထာဝရ မပြောင်းလဲဘဲ တည်ရှိနေမည့် ကောင်းကင်ဘုံနှင့်ဆိုင်သည့် အမိန့်ပြန်တမ်းနှင့် နိယာမဖြစ်သည်။ ဤအချက်ကိုပြောရမည်။ မပြောင်းလဲနိုင်သည့် ဤနိယာမသည် အရာအားလုံးကို ဘုရားသခင်ဖန်ဆင်းပြီးနောက်တွင် လိုက်ပါလာသည့် ဖန်ဆင်းရှင်၏ သြဇာအာဏာဆိုင်ရာ နောက်ထပ်စစ်မှန်သည့် ထင်ရှားပြသခြင်းဖြစ်သည်။ ထို့အပြင် ဤအချက်ကို ပြောရမည်။ ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုးသည် အကန့်အသတ်မရှိပေ။ သက်တံကို သင်္ကတတစ်ခုအနေနှင့် အသုံးပြုခြင်းက ဖန်ဆင်းရှင်၏ သြဇာအာဏာဆိုင်ရာ ဆက်လက်တိုးပွားလုပ်ဆောင်ခြင်းပင် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က သူ၏နှုတ်ကပတ်တော်များကို အသုံးပြုပြီး လုပ်ဆောင်သည့် နောက်ထပ်လုပ်ရပ်တစ်ခုဖြစ်ပြီး နှုတ်ကပတ်တော်တို့ကို အသုံးပြု၍ လူသားနှင့်ထူထောင်ခဲ့သည့် ပဋိညာဉ်၏ သင်္ကေတတစ်ခုလည်း ဖြစ်သည်။ သူသည် လုပ်ဆောင်ရန်အတွက် သူဆုံးဖြတ်ထားခဲ့သည့်အရာအပြင် ထိုအရာအား မည်သည့်ပုံစံနှင့် ပြီးမြောက်အောင်မြင်စေမည်ဆိုခြင်းကို လူသားအား ပြောပြခဲ့သည်။ ဤနည်းလမ်းအားဖြင့် ထိုကိစ္စသည် ဘုရားသခင်၏နှုတ်မှလာသည့် နှုတ်ကပတ်တော်များအရ ပြီးမြောက်သည်။ ဘုရားသခင်သာလျှင် ဤကဲ့သို့သော တန်ခိုးကို ပိုင်ဆိုင်သည်။ ဤစကားများကို သူပြောပြီးနောက် နှစ်ထောင်ပေါင်းအချို့ကြာသည့် ယနေ့တွင် ဘုရားသခင်၏ နှုတ်မှပြောဆိုခဲ့သည့် သက်တံကို လူသားတို့ ကြည့်ရှုနိုင်ပါသေးသည်။ ဘုရားသခင်မိန့်မြွက်ခဲ့သည့် ထိုနှုတ်ကပတ်တော်တို့ကြောင့် ယနေ့အထိ ဤအရာက မပြောင်းမလဲဘဲ ကျန်ရှိနေသည်။ မည်သူမျှ ဤသက်တံကို မဖယ်ရှားနိုင်ပေ။ မည်သူမျှ ယင်း၏နိယာမများကို မပြောင်းလဲနိုင်ပေ။ သက်တံသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့်သာ တည်ရှိနေသည်။ ဤသည်မှာ ဘုရားသခင်၏ သြဇာအာဏာ အတိအကျပင်ဖြစ်သည်။ “ဘုရားသခင်က ကတိတည်တော်မူပြီး သူ၏နှုတ်ကပတ်တော်သည် ပြီးမြောက်လိမ့်မည်ဖြစ်ကာ သူပြီးမြောက်သည့်အရာသည် ထာဝရတည်သည်။” ဤနှုတ်ကပတ်တော်တို့က ဤနေရာတွင် ရှင်းလင်းစွာ ထင်ရှားပြသသည်။ ဤသည်မှာ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုး၏ ရှင်းလင်းသည့် သင်္ကေတနှင့် ပင်ကိုလက္ခဏာများဖြစ်သည်။ ဤကဲ့သို့သော သင်္ကေတ၊ သို့မဟုတ် ပင်ကိုလက္ခဏာကို မည်သည့်ဖန်ဆင်းခံမျှ မပိုင်ဆိုင်၊ သို့မဟုတ် မည်သည့်ဖန်ဆင်းခံများတွင်မျှ မမြင်ရသကဲ့သို့ ဖန်ဆင်းခံမဟုတ်သည့် အရာများတွင်လည်း မတွေ့ရပေ။ ယင်းသည် အတုမရှိသည့် ဘုရားသခင်နှင့်သာ သက်ဆိုင်ပြီး ဖန်ဆင်းရှင်သာလျှင် ပိုင်ဆိုင်သည့် ဝိသေသလက္ခဏာနှင့် အနှစ်သာရကို ဖန်ဆင်းခံများနှင့် ခွဲခြားပေးသည်။ တစ်ချိန်တည်းတွင် ယင်းတို့သည် ဘုရားသခင်မှလွဲ၍ မည်သည့်ဖန်ဆင်းခံ၊ သို့မဟုတ် ဖန်ဆင်းခံမဟုတ်သည့်သူများမျှ ကျော်လွန်၍မရသည့် သင်္ကေတနှင့် ပင်ကိုလက္ခဏာများလည်း ဖြစ်သည်။

လူသားနှင့် သူ၏ပဋိညာဉ်ကို ဘုရားသခင်ထူထောင်မှုသည် အလွန်အရေးကြီးသည့် လုပ်ရပ်တစ်ခုဖြစ်ပြီး လူသားဆီကို အချက်အလက်တစ်ခု ဆက်သွယ်ပြောဆိုခြင်းငှာ အသုံးပြုရန်နှင့် သူ့အလိုတော်ကို လူသားကို ပြောပြရန်အတွက် ရည်ရွယ်ထားသည့် အရာဖြစ်သည်။ ဤရည်ရွယ်ချက်ဖြင့် လူသားနှင့် တည်ဆောက်ခဲ့သည့် ပဋိညာဉ်၏ ကတိသင်္ကေတဖြစ်သော လူသားနှင့် ပဋိညာဉ်ကို ထူထောင်ရန် အထူးသင်္ကေတကို အသုံးပြုခြင်းအားဖြင့် ထူးခြားသည့် နည်းလမ်းတစ်ခုကို သူအသုံးချခဲ့သည်။ သို့ဆိုလျှင် ဤပဋိညာဉ်ကို ထူထောင်ခြင်းက ကြီးမြတ်သည့် ဖြစ်ရပ်တစ်ခုလော။ ထို့အပြင် မည်မျှကြီးမြတ်သနည်း။ ဤသည်မှာ ပဋိညာဉ်နှင့်ပတ်သက်၍ အလွန်ထူးခြားသည့်အရာ အတိအကျပင်ဖြစ်သည်။ လူတစ်ယောက်နှင့်တစ်ယောက်၊ သို့မဟုတ် အုပ်စုတစ်ခုနှင့်တစ်ခု၊ သို့မဟုတ် နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ ထူထောင်ခဲ့သည့် ပဋိညာဉ်မဟုတ်ဘဲ ဖန်ဆင်းရှင်နှင့် လူသားမျိုးနွယ်တစ်ရပ်လုံးကြားတွင် ထူထောင်ခဲ့သည့် ပဋိညာဉ်ဖြစ်သည်။ ဤပဋိညာဉ်သည် ဖန်ဆင်းရှင်က အရာအားလုံးကို အဆုံးသတ်သည့်အချိန် မတိုင်ခင်အထိ တည်ရှိနေမည်ဖြစ်သည်။ ဤပဋိညာဉ်ကို အကောင်အထည်ဖော်သူက ဖန်ဆင်းရှင်ဖြစ်ပြီး ထိန်းသိမ်းသူသည်လည်း ဖန်ဆင်းရှင်ပင်ဖြစ်သည်။ အချုပ်ပြောရလျှင် လူသားမျိုးနွယ်နှင့် တည်ဆောက်ခဲ့သည့် သက်တံပဋိညာဉ်တစ်ခုလုံးသည် ဖန်ဆင်းရှင်နှင့် လူသားမျိုးနွယ်အကြားက ပြောစကားတို့နှင့်အညီ ရရှိပြီးမြောက်ပြီး ယနေ့အချိန်အထိ ကျန်ရှိဆဲဖြစ်သည်။ ဖန်ဆင်းရှင်၏ သြဇာအာဏာကို ကျိုးနွံခြင်း၊ နာခံခြင်း၊ ယုံကြည်ခြင်း၊ တန်ဖိုးထားခြင်း၊ သက်သေခံခြင်းနှင့် ချီးမွမ်းခြင်းတို့မှလွဲ၍ ဖန်ဆင်းခံများက အခြားဘယ်အရာကို လုပ်နိုင်ဦးမည်နည်း။ အကြောင်းမှာ ဤကဲ့သို့သော ပဋိညာဉ်မျိုးကို ထူထောင်ရန် တန်ခိုးကို အတုမရှိ ဘုရားသခင်မှလွဲ၍ မည်သူမျှ မပိုင်ဆိုင်သည့်အတွက်ဖြစ်သည်။ အကြိမ်ကြိမ် သက်တံပေါ်လာခြင်းသည် ဖန်ဆင်းရှင်နှင့် လူသားကြားတွင်ရှိသည့် ပဋိညာဉ်ကို လူသားတို့ အာရုံပြုစေရန် ကြေညာခြင်းဖြစ်သည်။ ဖန်ဆင်းရှင်နှင့် လူသားမျိုးနွယ်ကြားက ပဋိညာဉ် ဆက်လက်ဖြစ်ပေါ်နေခြင်း၌ လူသားမျိုးနွယ်ကို ဖော်ပြသည့်အရာမှာ သက်တံမဟုတ်သကဲ့သို့ ပဋိညာဉ်ကိုယ်၌လည်း မဟုတ်ဘဲ ဖန်ဆင်းရှင်၏ မပြောင်းလဲနိုင်သည့် သြဇာအာဏာပင် ဖြစ်သည်။ တစ်ချိန်ပြီးတစ်ချိန် သက်တံပေါ်လာခြင်းက ဖုံးကွယ်ထားသည့် နေရာများတွင် ဖန်ဆင်းရှင်၏ ကြီးမြတ်ပြီး ထူးဆန်းသည့် လုပ်ဆောင်ချက်ကို ဖော်ပြပြီး တစ်ချိန်တည်းတွင် မည်သည့်အခါမျှ ပျောက်ကွယ်မသွားမည့်၊ မည်သည့်အခါမျှ မပြောင်းလဲမည့် ဖန်ဆင်းရှင်၏ သြဇာအာဏာဆိုင်ရာ အလွန်အရေးကြီးသည့် ထင်ဟပ်မှုပင်ဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းရှင်၏ အတုမရှိသည့် သြဇာအာဏာကို နောက်တစ်မျိုး ပြသခြင်း မဟုတ်ပေလော။

၃။ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများ

ကမ္ဘာဦးကျမ်း ၁၇:၄-၆ ငါပြုသော ပဋိညာဉ်သည် သင်၌ရှိ၏။ သင်သည် လူမျိုးအများတို့၏ အဘဖြစ်လိမ့်မည်။ နောက်တဖန်သင်၏ အမည်ကို အာဗြံဟုမခေါ်ရ။ သင်၏အမည်ကို အာဗြဟံဟုခေါ်ရ၏။ အကြောင်းမူကား၊ ငါသည် သင့်ကို များစွာသော လူအမျိုးတို့၏ အဘအရာ၌ ခန့်ထားပြီ။ ငါသည် သင့်ကို အလွန်ပွါးများစေမည်။ သင်အားဖြင့် လူအမျိုးမျိုးတို့ကို ဖြစ်စေမည်။ သင်၏အမျိုးအနွယ်၌လည်း ရှင်ဘုရင်ဖြစ်ရကြလိမ့်မည်။

ကမ္ဘာဦးကျမ်း ၁၈:၁၈-၁၉ အာဗြဟံသည် ကြီးမြတ်၍၊ တန်ခိုးနှင့်ပြည့်စုံသော လူမျိုးဖြစ်လိမ့်မည်။ လူမျိုးအပေါင်းတို့သည် သူ့အားဖြင့် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်။ အကြောင်းမှာ သူသည် သူ၏နောက်မှဖြစ်သော သူ့သားသမီးများနှင့် အိမ်သူအိမ်သားများအား အာဏာနှင့်အမိန့်ပေးမည်ကို ငါသိရှိသောကြောင့်ဖြစ်သည်။ သူတို့သည် ယေဟောဝါ၏ လမ်းခရီးကို လိုက်ကာ တရားမျှတစွာ စီရင်ဆုံးဖြတ်ကြလိမ့်မည်။ ယေဟောဝါသည် အာဗြဟံအပေါ် မိန့်တော်မူခဲ့သည့်အတိုင်း အာဗြဟံအပေါ်သို့ ပြုမည်ဟု မိန့်တော်မူ၏။

ကမ္ဘာဦးကျမ်း ၂၂:၁၆-၁၈ သင်သည် ဤအမှုကို ပြုပြီး သင်၏သား၊ တစ်ဦးတည်းသောသားကို ထိန်ဝှက်မထားသည့် အတွက်ကြောင့် ကောင်းကြီးမင်္ဂလာဖြင့် သင့်ကို ငါကောင်းကြီးပေးမည်၊ တိုးပွားများပြားခြင်း၌ သင်၏ အမျိုးအနွယ်ကို မိုးကောင်းကင် ကြယ်များကဲ့သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေပေါ်မှ သဲလုံးနှင့်အမျှလည်းကောင်း ငါတိုးပွားများပြားစေမည်။ သင်၏ အမျိုးအနွယ်သည် သူ့ရန်သူတို့၏ တံခါးတို့ကို အပိုင်ရလိမ့်မည်၊ မြေကြီးပေါ်ရှိ တိုင်းနိုင်ငံတို့သည် သင်၏အမျိုးအနွယ်အားဖြင့် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်။ သင်သည် ငါ၏စကားသံကို နာခံသောကြောင့် ငါသည် ကိုယ့်ကိုယ်ကိုယ် ကျိန်ဆိုပြီဟု ယေဟောဝါ မိန့်တော်မူ၏။

ယောဘ ၄၂:၁၂ ထိုသို့ ယေဟောဝါသည် ယောဘ၏ နောက်ပိုင်းအဆုံးသတ်ကို သူ၏အစပိုင်းထက်သာ၍ ကောင်းကြီးပေးတော်မူသဖြင့်၊ သူသည် သိုးတစ်သောင်းလေးထောင်၊ ကုလားအုတ်ခြောက်ထောင်၊ နွားရှဉ်းတစ်ထောင်နှင့် မြည်းမတစ်ထောင်တို့ကို ရခဲ့လေသည်။

ဖန်ဆင်းရှင်၏ မိန့်မြွက်ချက်များဆိုင်ရာ အတုမရှိသည့် သဘောနှင့် ပင်ကိုလက္ခဏာများသည် ဖန်ဆင်းရှင်၏ အတုမရှိသည့် ဝိသေသလက္ခဏာနှင့် သြဇာအာဏာ၏ သင်္ကေတပင် ဖြစ်သည်

ဘုရားသခင်၏ ကောင်းချီးများကို လူအများက ရှာဖွေရရှိချင်ကြသည်။ သို့ရာတွင် ဘုရားသခင်၌ သူ၏ကိုယ်ပိုင်အခြေခံမူများရှိပြီး သူ၏ကိုယ်ပိုင်နည်းလမ်းနှင့် လူသားကို ကောင်းချီးပေးသည့်အတွက် ဤကောင်းချီးများကို လူတိုင်းမရနိုင်ပေ။ ဘုရားသခင် လူသားအပေါ်ထားသည့် ကတိတော်များနှင့် လူသားအပေါ် သူချပေးသည့် ကျေးဇူးတော်ပမာဏတို့သည် လူသား၏အတွေးနှင့် အပြုအမူတို့အပေါ်တွင် အခြေခံပြီး သတ်မှတ်ချပေးခြင်း ဖြစ်သည်။ ဤသို့ဆိုလျှင် ဘုရားသခင်၏ ကောင်းချီးမှ အဘယ်အရာကို ပြသနည်း။ ၎င်းတို့အထဲတွင် လူတို့က အဘယ်အရာကို တွေ့နိုင်သနည်း။ ဤနေရာတွင် မည်သည့်လူမျိုးကို ဘုရားသခင်ကောင်းချီးပေးပြီး လူသားအပေါ် ဘုရားသခင် ကောင်းချီးပေးခြင်း၏ အခြေခံမူများနှင့်ပတ်သက်သည့် ဆွေးနွေးချက်ကို ခဏဖယ်ထားကြစို့။ ထိုအစား ဘုရားသခင်၏ သြဇာအာဏာကိုသိရန် ရည်ရွယ်ချက်နှင့် ဘုရားသခင်၏ သြဇာအာဏာကို သိရန်ရှုထောင့်မှ လူသားအပေါ် ဘုရားသခင်၏ ကောင်းချီးပေးခြင်းကို ကြည့်ကြစို့။

အထက်ပါ ကျမ်းပိုဒ် လေးပိုဒ်အားလုံးက လူသားအပေါ် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများအကြောင်းကို မှတ်တမ်းတင်ထားခြင်းများဖြစ်သည်။ ဤကျမ်းပိုဒ်များသည် အာဗြဟံနှင့် ယောဘကဲ့သို့ ဘုရားသခင်၏ ကောင်းချီးတို့ကို လက်ခံရရှိသူများ၏ အသေးစိတ် သရုပ်ဖော်ချက်ကို ပေးပြီး ဘုရားသခင်က အဘယ်ကြောင့် သူ၏ကောင်းချီးများကို ပေးသနားသည်ဆိုသည့် အကြောင်းရင်းများနှင့် ဤကောင်းချီးများထဲတွင် အဘယ်အရာများ ပါဝင်သည်ဆိုသည်ကို ပြသထားသည်။ ဘုရားမိန့်မြွက်ချက်များ၏ လေသံနှင့် ဟန်ပန်၊ သူပြောဆိုသည့် ရှုထောင့်နှင့် အနေအထားတို့သည် ကောင်းချီးများကို ချပေးသည့်သူနှင့် ထိုကောင်းချီးတို့ကို လက်ခံရရှိသူများသည် ထင်ရှားသည့် ကွဲပြားသည့် ဝိသေသလက္ခဏာ၊ ဂုဏ်ဒြပ်နှင့် အနှစ်သာရတို့ ရှိသည်ဆိုသည့်အချက်ကို လူများအား နားလည်စေသည်။ ဤမိန့်မြွက်ချက်များ၏ ဟန်ပန်နှင့် သဘောထား၊ ယင်းတို့ကို ပြောဆိုသည့် အနေအထားတို့သည် ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာကို ပိုင်ဆိုင်သည့် ဘုရားသခင်အတွက် အတုမရှိပေ။ သူ၌ သြဇာအာဏာနှင့် တန်ခိုးရှိပြီး ဖန်ဆင်းရှင်၏ ဂုဏ်ဒြပ်နှင့် မည်သည့်လူသားမျှ သံသယမဖြစ်သည့် ဘုန်းအာနုဘော်တို့ ရှိသည်။

ကမ္ဘာဦးကျမ်း ၁၇:၄-၆ ကို ဦးစွာကြည့်ကြစို့။ “ငါပြုသော ပဋိညာဉ်သည် သင်၌ရှိ၏။ သင်သည် လူမျိုးအများတို့၏ အဘဖြစ်လိမ့်မည်။ နောက်တဖန်သင်၏ အမည်ကို အာဗြံဟုမခေါ်ရ။ သင်၏အမည်ကို အာဗြဟံဟုခေါ်ရ၏။ အကြောင်းမူကား၊ ငါသည် သင့်ကို များစွာသော လူအမျိုးတို့၏ အဘအရာ၌ ခန့်ထားပြီ။ ငါသည် သင့်ကို အလွန်ပွါးများစေမည်။ သင်အားဖြင့် လူအမျိုးမျိုးတို့ကို ဖြစ်စေမည်။ သင်၏အမျိုးအနွယ်၌လည်း ရှင်ဘုရင်ဖြစ်ရကြလိမ့်မည်။” ဤနှုတ်ကပတ်တော်များသည် ဘုရားသခင်က အာဗြဟံနှင့် ပြုလုပ်ခဲ့သည့် ပဋိညာဉ်ဖြစ်ပြီး အာဗြဟံအပေါ် ဘုရားသခင်၏ ကောင်းချီးလည်း ဖြစ်သည်။ ဘုရားသခင်က အာဗြဟံကို လူမျိုးတို့၏ ဖခင်အဖြစ် ပြုလုပ်မည်ဖြစ်ပြီး သူ့ကို အလွန်ပွားများစေကာ သူ့အားဖြင့် တိုင်းနိုင်ငံများဖြစ်ပေါ်စေပြီး၊ သူ့ထံမှ ရှင်ဘုရင်များ ဆင်းသက်လာစေလိမ့်မည်။ ဤနှုတ်ကပတ်တော်များတွင် ဘုရားသခင်၏ သြဇာအာဏာကို သင်မြင်သလော။ ဤကဲ့သို့သော သြဇာအာဏာမျိုးကို သင်မည်သို့မြင်သနည်း။ ဘုရားသခင့် သြဇာအာဏာနှင့်ဆိုင်သည့် အနှစ်သာရ၏ မည်သည့်ရှုထောင့်ကို သင်မြင်သနည်း။ ဤနှုတ်ကပတ်တော်များကို သေချာဖတ်ကြည့်ပါက ဘုရားသခင်၏ သြဇာအာဏာနှင့် ဝိသေသလက္ခဏာတို့သည် ဘုရားသခင့် မိန့်မြွက်ချက်များ၏ အသုံးအနှုန်းတွင် ရှင်းလင်းစွာ ဖွင့်ပြထားသည်ဆိုခြင်းကို တွေ့ရှိရန်မခက်ခဲပေ။ ဥပမာ ဘုရားသခင်က “ငါပြုသော ပဋိညာဉ်သည် သင်၌ရှိ၏။ သင်သည်...ဖြစ်လိမ့်မည်။ ငါသည် သင့်ကို...ခန့်ထားပြီ။ ငါသည် သင့်ကို...စေမည်” စသည့် “သင်သည်...ဖြစ်လိမ့်မည်” “ငါသည်...စေမည်” ဆိုသည့် အတည်ပြုသော အသုံးအနှုန်းများသည် ဘုရားသခင်၏ ကိုယ်ပိုင်လက္ခဏာနှင့် သြဇာအာဏာကို ဖော်ဆောင်သည့် နှုတ်ကပတ်တော်များဖြစ်ကာ တစ်ဖက်တွင် ဖန်ဆင်းရှင်၏ သစ္စာရှိမှုကို ပြသမှုတစ်ခုဖြစ်ပြီး အခြားတစ်ဖက်တွင်မူ ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာကို ပိုင်ဆိုင်သော ဘုရားသခင် အသုံးပြုသည့် သမားရိုးကျ ဝေါဟာရများထဲတွင် ပါဝင်သည့် ထူးခြားလေးနက်သည့် နှုတ်ကပတ်တော်များဖြစ်သည်။ တစ်ယောက်ယောက်က အခြားလူတစ်ယောက်ကို အလွန်ပွားများမည့်အကြောင်း၊ လူမျိုးများသည် သူ့ထံမှ ဖြစ်လာမည့်အကြောင်း၊ ရှင်ဘုရင်များသည် သူ့ထံမှ ထွက်ပေါ်လာမည့်အကြောင်း မျှော်လင့်သည်ဟုပြောသည်ဆိုလျှင် ဤသည်မှာ မုချဆန္ဒပြုခြင်းတစ်မျိုးဖြစ်ပြီး ကတိ၊ သို့မဟုတ် ကောင်းကြီးတစ်ခု မဟုတ်ပေ။ ထို့ကြောင့် လူများက “ငါသည် သင့်ကို ဤကဲ့သို့ဖြစ်စေမည်။ သင်သည် အကြင်မည်သော အရာဖြစ်မည်၊” ဆိုသည့်အရာမျိုး မပြောရဲကြပေ။ ထိုသို့သောတန်ခိုးကို သူတို့မပိုင်ဆိုင်ကြောင်း သိကြသည့်အတွက်ကြောင့် ဖြစ်သည်။ ဤသည်မှာ သူတို့အပေါ်တွင် မူတည်သည့်အရာ မဟုတ်ပေ။ ဤကဲ့သို့သောအရာမျိုးကို သူတို့ပြောသည်ဆိုလျှင်ပင် သူတို့၏စိတ်ဆန္ဒနှင့် ရည်မှန်းချက်ကြောင့် ဖြစ်ပေါ်လာခြင်းမျိုးဖြစ်ပြီး သူတို့၏ စကားလုံးများသည် အနှစ်မရှိ၊ အဓိပ္ပာယ်မရှိဖြစ်နေမည်ဖြစ်သည်။ သူတို့၏ဆန္ဒများကို သူတို့အကောင်အထည်မဖော်နိုင်ဟု ခံစားရလျှင် ဤကဲ့သို့သော ကြီးကျယ်ခမ်းနားသည့် လေသံမျိုးနှင့် မည်သူက ပြောဝံ့မည်နည်း။ လူတိုင်းက သူတို့၏မျိုးဆက်များကို ကောင်းစေချင်ကြသည်၊ သူတို့ ကောင်းစားပြီး ကြီးကျယ်သည့် အောင်မြင်မှုများအား ခံစားရမည်ကို မျှော်လင့်ကြသည်။ “သူတို့ထဲမှ တစ်ယောက်သည် ဧကရာဇ်မင်းတစ်ပါးဖြစ်လာမည်ဆိုလျှင် မည်မျှကြီးကျယ်သည့် ကံဖြစ်မည်နည်း။ အုပ်ချုပ်သူတစ်ယောက်ဖြစ်လာပါကလည်း ကောင်းပေလိမ့်မည်။ အရေးပါသည့်သူတစ်ယောက် ဖြစ်နေသရွေ့ ကောင်းပေလိမ့်မည်။” ဤအရာများအားလုံးက လူတို့၏ ဆန္ဒများဖြစ်သည်။ သို့ရာတွင် လူများက သူတို့၏မျိုးဆက်များအပေါ် ကောင်းချီးများသက်ရောက်ရန်သာ ဆန္ဒပြုနိုင်ကြပြီး သူတို့၏ကတိများ အမှန်တကယ် ဖြစ်လာရန် မလုပ်နိုင်ကြ၊ သို့မဟုတ် မဖြည့်ဆည်းနိုင်ကြ။ ဤကဲ့သို့သောအရာမျိုးကို ရနိုင်ရန် တန်ခိုးအစွမ်း သူတို့မပိုင်ဆိုင်ကြောင်းကို လူတိုင်းက သူတို့နှလုံးသားထဲတွင် ရှင်းရှင်းလင်းလင်းသိသည်၊ အဘယ်ကြောင့်ဆိုသော် သူတို့၏အရာအားလုံးက သူတို့ထိန်းချုပ်နိုင်သည်ထက် ကျော်လွန်နေသည့်အတွက်ဖြစ်သည်။ ထို့ကြောင့် သူတို့အနေဖြင့် အခြားလူများ၏ ကံကြမ္မာကို မည်သို့ချုပ်ကိုင်နိုင်မည်နည်း။ ဤကဲ့သို့သောနှုတ်ကပတ်တော်များကို ဘုရားသခင်က ပြောနိုင်သည့် အကြောင်းရင်းမှာ ဘုရားသခင်က ဤကဲ့သို့သောသြဇာအာဏာကို ပိုင်ဆိုင်ပြီး သူသည် လူသားအပေါ်တွင် ပေးအပ်သည့် ကတိများအားလုံးကို ပြည့်စုံစေရန်၊ အမှန်တကယ်ဖြစ်လာစေရန်၊ လူသားတို့အပေါ်ကို သူချပေးသနားသည့် ကောင်းချီးများအားလုံးကို အမှန်တကယ်ဖြစ်လာစေရန် တတ်စွမ်းနိုင်သည့်အတွက်ဖြစ်သည်။ လူသားကို ဘုရားသခင်က ဖန်ဆင်းခဲ့ခြင်းဖြစ်ပြီး လူတစ်ယောက်ကို လွန်စွာပွားများစေခြင်းငှာလုပ်ရန်မှာ ဘုရားသခင်အတွက်မူ ကလေးကစားစရာကဲ့သို့ဖြစ်သည်။ လူတစ်ယောက်၏မျိုးဆက်ကို ကောင်းစားအောင်လုပ်ရန်မှာ သူ့အတွက်မူ နှုတ်ကပတ်တော်တစ်လုံးသာ လိုသည်။ ဤကဲ့သို့သောအရာမျိုးအတွက် သူပင်ပင်ပန်းပန်းလုပ်ရန်၊ သို့မဟုတ် သူ့စိတ်ကို အားစိုက်ရန်၊ သို့မဟုတ် စိတ်ရှုပ်ခံရန်မလိုပေ။ ဤသည်မှာ ဘုရားသခင်၏ တန်ခိုးသက်သက်၊ ဘုရားသခင်၏ သြဇာအာဏာသက်သက်ဖြစ်သည်။

ကမ္ဘာဦးကျမ်း ၁၈:၁၈ တွင်ပါသည့် “အာဗြဟံသည် ကြီးမြတ်၍၊ တန်ခိုးနှင့်ပြည့်စုံသော လူမျိုးဖြစ်လိမ့်မည်။ လူမျိုးအပေါင်းတို့သည် သူ့အားဖြင့် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်” ဟူသည်ကို ဖတ်ပြီးနောက်တွင် ဘုရားသခင်၏ သြဇာအာဏာကို သင်တို့ ခံစားရသလော။ ဖန်ဆင်းရှင်၏ ထူးခြားဆန်းကြယ်မှုကို သင်တို့အာရုံခံစားနိုင်သလော။ ဖန်ဆင်းရှင်၏ ကြီးစိုးမှုကို သင်တို့အာရုံခံစားနိုင်သလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် သေချာမှုရှိသည်။ ဘုရားသခင်က အောင်မြင်မှုအပေါ်တွင် သူ၏ယုံကြည်မှုကို ကိုယ်စားပြုပြီး၊ သို့မဟုတ် သူ၏ယုံကြည်မှုကြောင့် ဤကဲ့သို့သော နှုတ်ကပတ်တော်များကို ပြောခြင်းမဟုတ်ပေ။ ထိုအစား ဤနှုတ်ကပတ်တော်များသည် ဘုရားသခင်၏ မိန့်မြွက်ချက်များဆိုင်ရာ သြဇာအာဏာ၏ သက်သေဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပြည့်စုံစေသည့် ပညတ်ချက်တစ်ခုဖြစ်သည်။ ဤနေရာတွင် သင်တို့ အာရုံစိုက်သင့်သည့် ဖော်ပြချက်နှစ်ခုရှိသည်။ “အာဗြဟံသည် ကြီးမြတ်၍၊ တန်ခိုးနှင့်ပြည့်စုံသော လူမျိုးဖြစ်လိမ့်မည်။ လူမျိုးအပေါင်းတို့သည် သူ့အားဖြင့် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်” ဟုဘုရားသခင်က ပြောသည့်အခါ ဤနှုတ်ကပတ်တော်များထဲတွင် ရှုပ်ထွေးနက်နဲမှုသဘောများ ပါဝင်သလော။ စိုးရိမ်သည့် သဘောများ ပါဝင်သလော။ ကြောက်ရွံ့သည့် သဘောများ ပါဝင်သလော။ ဘုရားသခင်၏ မိန့်မြွက်ချက်များထဲတွင် “အမှန်တကယ်ဖြစ်လိမ့်မည်”၊ “ဖြစ်လိမ့်မည်” ဟူသည့် စကားလုံးများကြောင့် လူသားများအတွက် သီးသန့်ဖြစ်ပြီး သူ့ထံ မကြာခဏ ဖြစ်ပေါ်လေ့ရှိသည့် ဤသဘောများက ဖန်ဆင်းရှင်နှင့် အဘယ်ဆက်စပ်မှုမျှ မရှိပေ။ အခြားလူများအပေါ် ကောင်းရန်အတွက် ဆန္ဒပြုသည့်အခါတွင် ဤကဲ့သို့သော စကားလုံးများကို မည်သူမျှ သုံးရဲကြမည် မဟုတ်ပေ။ ဤကဲ့သို့သောသေချာမှုမျိုးနှင့် အခြားလူတစ်ယောက်ကို ကြီးမြတ်ပြီး တန်ခိုးနှင့်ပြည့်စုံသည့် လူမျိုးအဖြစ် မည်သူမျှ ကောင်းချီးပေးရဲကြမည် မဟုတ်ပေ။ သို့မဟုတ် ကမ္ဘာမြေကြီးပေါ်က လူမျိုးအားလုံးက သူ့အားဖြင့် ကောင်းချီးမင်္ဂလာရမည်ဟု မည်သူမျှ ကတိမပေးရဲပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်က ပိုပြီး သေချာလေလေ၊ သူတို့သည် တစ်ခုခုကို သက်သေခံနေလေလေဖြစ်သည်— ထိုတစ်ခုခုဆိုသည်မှာ မည်သည့်အရာနည်း။ ဘုရားသခင်၌ ဤကဲ့သို့သော သြဇာအာဏာရှိသည့်အကြောင်း၊ ဤအရာများကို သူ၏သြဇာအာဏာနှင့် ပြီးမြောက်စေနိုင်သည့်အကြောင်း၊ ထို့ပြင် ၎င်းတို့၏ ပြီးမြောက်မှုကို ရှောင်လွှဲ၍မရနိုင်သည့်အကြောင်းကို သက်သေပြသည်။ ဘုရားသခင်သည် အာဗြဟံကို ကောင်းချီးပေးသည့်အပေါ်တွင် နည်းနည်းမျှ တုံ့နှေးခြင်းမရှိဘဲ သူ့နှလုံးသားထဲတွင် သေချာခဲ့သည်။ ထို့အပြင် ဤအရာအားလုံးသည် သူ၏နှုတ်ကပတ်တော်အရ ပြီးမြောက်မည်ဖြစ်ပြီး ဤပြီးမြောက်မှုကို ပြောင်းလဲရန်၊ တားဆီးရန်၊ ထိခိုက်ရန်၊ သို့မဟုတ် နှောင့်ယှက်ရန် မည်သည့်သက်ရောက်မှုကမျှ မပြုလုပ်နိုင်ပေ။ မည်သည့်အရာပင် ဖြစ်ပျက်ခဲ့စေကာမူ ဘုရားသခင့်နှုတ်ကပတ်တော်တို့၏ ပြည့်စုံမှုနှင့် ပြီးမြောက်မှုကို မည်သည့်အရာကမျှ ပယ်ဖျက်ခြင်း၊ သို့မဟုတ် လွှမ်းမိုးခြင်း ပြုလုပ်နိုင်မည်မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်၏နှုတ်မှ မိန့်မြွက်သည့် နှုတ်ကပတ်တော်များ၏ တန်ခိုးအစွမ်းသက်သက်ဖြစ်ပြီး လူသား၏ ငြင်းပယ်မှုကို ခွင့်ပြုမည်မဟုတ်သည့် ဖန်ဆင်းရှင်၏ သြဇာအာဏာဖြစ်သည်။ ဤနှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက်တွင် သင်၌ သံသယရှိနေဆဲလော။ ဤနှုတ်ကပတ်တော်များသည် ဘုရားသခင်၏နှုတ်က ပြောသည့် စကားများဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ထဲတွင် တန်ခိုးအစွမ်း၊ ဘုန်းအာနုဘော်နှင့် သြဇာအာဏာတို့ရှိသည်။ ဤကဲ့သို့သော တန်ခိုးစွမ်းအား၊ သြဇာအာဏာနှင့် အမှန်တရားကို မလွဲမုချ ပြီးမြောက်အောင်မြင်ခဲ့ခြင်းတို့ကို မည်သည့်ဖန်ဆင်းခံ၊ သို့မဟုတ် ဖန်ဆင်းခံမဟုတ်သည့်အရာများကမျှ မရရှိနိုင်ပေ။ ထို့ပြင် မည်သည့်ဖန်ဆင်းခံ၊ သို့မဟုတ် ဖန်ဆင်းခံ မဟုတ်သည့် အရာများကမျှ သာလွန်ခြင်း မရှိနိုင်ပေ။ ဖန်ဆင်းရှင်သာလျှင် လူသားမျိုးနွယ်နှင့် ဤကဲ့သို့သော လေသံ၊ လေယူလေသိမ်းနှင့် ပြောနိုင်ပြီး သူ၏ကတိများသည် အချည်းနှီး စကားလုံးသက်သက်၊ သို့မဟုတ် အလဟဿ ဝံ့ကြွားပြောဆိုခြင်းသက်သက် မဟုတ်ဘဲ မည်သည့်လူပုဂ္ဂိုလ်၊ ဖြစ်ရပ်၊ သို့မဟုတ် အရာဝတ္ထုကမျှ သာလွန်၍မရနိုင်သည့် အတုမရှိသြဇာအာဏာ၏ ဖော်ပြချက်ပင်ဖြစ်သည်။

ဘုရားသခင်ပြောသည့် နှုတ်ကပတ်တော်များနှင့် လူသားပြောသည့် စကားလုံးတို့တွင် အဘယ်အရာက ကွာခြားသနည်း။ ဘုရားသခင်ပြောသည့် ဤနှုတ်ကပတ်တော်များကို သင်ဖတ်သည့်အခါတွင် ဘုရားသခင့်နှုတ်ကပတ်တော်များ၏ တန်ခိုးအစွမ်းနှင့် ဘုရားသခင်၏ သြဇာအာဏာကို သင်အာရုံခံစားရသည်။ ထိုသို့သောစကားများကို လူများက ပြောသည့်အခါတွင် သင်မည်သို့ခံစားရသနည်း။ သူတို့သည် အလွန်အမင်း မာနထောင်လွှားကာ လေလုံးထွားပြီး သူတို့ကိုယ်သူတို့ ကြွားဝါနေသည်ဟု သင်ထင်သလော။ သူတို့၌ ဤတန်ခိုး မရှိသည့်အတွက်၊ ဤကဲ့သို့သော သြဇာအာဏာကို မပိုင်ဆိုင်သည့်အတွက် သူတို့သည် ဤကဲ့သို့သောအရာမျိုးကို ရရှိရန် လုံးဝမတတ်နိုင်ကြပေ။ သူတို့သည် သူတို့၏ ကတိများအပေါ် အလွန်သေချာနေခြင်းမှာ သူတို့မှတ်ချက်များ၏ ဂရုမစိုက်မှုကိုသာ ပြသည်။ တစ်ယောက်ယောက်က ဤကဲ့သို့သောစကားမျိုးကို ပြောသည်ဆိုလျှင် ထိုသူသည် သေချာပေါက်ပင် မာနထောင်လွှားပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေလိမ့်မည်ဖြစ်ကာ ကောင်းကင်တမန်မင်း၏ စိတ်သဘောထားနှင့်ဆိုင်သည့် အကောင်းဆုံး ဥပမာအနေနှင့် သူ့ကိုယ်သူ ထုတ်ဖော်ပြနေမည်ဖြစ်သည်။ ဤနှုတ်ကပတ်တော်များသည် ဘုရားသခင်၏နှုတ်မှ လာ၏၊ ဤနှုတ်ကပတ်တော်များတွင် မာနထောင်လွှားသည့် သဘောမျိုးကို သင်ခံစားရသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ဟာသသက်သက်ဖြစ်သည်ဟု သင်ခံစားရသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် သြဇာအာဏာဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် အမှန်တရားဖြစ်သည်။ ထို့ပြင် သူ၏နှုတ်မှ နှုတ်ကပတ်တော်တို့ကို မမိန့်မြွက်မီတွင်၊ တစ်နည်းအားဖြင့် တစ်ခုခုကိုလုပ်ရန် သူဆုံးဖြတ်ချက်ချနေသည့်အခါတွင် ထိုအရာသည် ပြီးမြောက်နှင့်ပြီးဖြစ်သည်။ ဘုရားသခင်က အာဗြဟံကို ပြောသည့်အရာအားလုံးသည် အာဗြဟံနှင့် ဘုရားသခင်ပြုလုပ်ခဲ့သည့် ပဋိညာဉ်ဖြစ်ပြီး ဘုရားသခင်က အာဗြဟံအပေါ်ထားခဲ့သည့် ကတိတစ်ခုဖြစ်သည်ဟု ဆိုနိုင်သည်။ ဤကတိသည် ထူထောင်ထားသည့် အချက်တစ်ခုဖြစ်ပြီး ပြီးမြောက်ခဲ့သည့် အချက်လည်းဖြစ်သည်။ ဤအချက်များသည် ဘုရားသခင်၏ အစီအစဉ်နှင့်အညီ ဘုရားသခင်၏ အတွေးများထဲတွင် တဖြည်းဖြည်း ပြီးမြောက်ခဲ့သည်။ ထို့ကြောင့် ဤကဲ့သို့သော နှုတ်ကပတ်တော်များကို ဘုရားသခင်ပြောဆိုခြင်းက သူ၌ မာနထောင်လွှားသည့် သဘောထားရှိသည်ဟု မဆိုလိုပေ။ အကြောင်းမှာ ဘုရားသခင်သည် ဤကဲ့သို့သောအရာမျိုးကို လုပ်ဆောင်နိုင်သောကြောင့်ဖြစ်သည်။ သူ့တွင် ဤကဲ့သို့သော တန်ခိုးနှင့် သြဇာအာဏာရှိပြီး ဤလုပ်ရပ်များကို ရရှိရန် အပြည့်အဝ တတ်စွမ်းနိုင်ကာ ဤအရာများ၏ ပြီးမြောက်မှုများသည် သူ၏လုပ်နိုင်စွမ်းအတွင်းတွင် လုံးဝတည်ရှိသည်။ ဤကဲ့သို့သော နှုတ်ကပတ်တော်များကို ဘုရားသခင်၏နှုတ်မှ မိန့်မြွက်သည့်အခါတွင် ၎င်းတို့သည် ဘုရားသခင်၏ စစ်မှန်သည့် စိတ်သဘောထားကို ထုတ်ဖော်ခြင်းနှင့် ဖွင့်ပြခြင်းတို့ဖြစ်ပြီး ဘုရားသခင်၏ အနှစ်သာရနှင့် သြဇာအာဏာတို့၏ စုံလင်သည့်ထုတ်ဖော်ခြင်း၊ ထင်ရှားပြသခြင်းတို့ဖြစ်၏။ ထို့ပြင် ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာဆိုင်ရာ သက်သေအနေနှင့် ယင်းတို့ထက် ပိုပြီးသင့်လျော်သည့်၊ သင့်တော်သည့် အရာမရှိပေ။ ဤကဲ့သို့သော မိန့်မြွက်ချက်များ၏ သဘောထား၊ လေသံနှင့် အသုံးအနှုန်းတို့သည် ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာဆိုင်ရာ အမှတ်အသား အတိအကျဖြစ်ပြီး ဘုရားသခင်ကိုယ်တော်တိုင်၏ ဝိသေသလက္ခဏာဆိုင်ရာ ဖော်ပြချက်နှင့် လုံးဝကိုက်ညီသည်။ ဤမိန့်မြွက်ချက်များထဲတွင် ဟန်ဆောင်ခြင်း၊ သို့မဟုတ် မသန့်စင်ခြင်းတို့ မပါဝင်ပေ။ ယင်းတို့မှာ ဖန်ဆင်းရှင်၏ အနှစ်သာရနှင့် သြဇာအာဏာများကို ပြည့်စုံစွာနှင့် ကုံလုံစွာ အကောင်းဆုံးဖော်ပြခြင်း ဖြစ်သည်။ ဖန်ဆင်းခံများကမူ ဘုရားသခင် ပေးအပ်သည့် တန်ခိုးကို ပိုင်ဆိုင်ရန် မဆိုထားနှင့် ဤသြဇာအာဏာကို မပိုင်ဆိုင်သကဲ့သို့ ဤအနှစ်သာရများကိုလည်း မပိုင်ဆိုင်ပေ။ လူသားသည် ဤကဲ့သို့သော အပြုအမူမျိုးကို ဖော်ပြပါက ယင်းသည် သေချာပေါက်ပင် သူ၏အကျင့်ပျက်စီးသည့် စိတ်သဘောထား ပေါ်ထွက်လာခြင်းဖြစ်ပြီး ဤအရာ၏ အရင်းအမြစ်သည် လူသား၏ မာနထောင်လွှားခြင်းနှင့် ရိုင်းစိုင်းသည့် ရည်မှန်းချက်တို့၏ ဝင်စွက်ဖက်တတ်သည့် အကျိုးသက်ရောက်မှု ဖြစ်လိမ့်မည်၊ ထို့ပြင် ဘုရားသခင်ကို သစ္စာဖောက်ရန်အတွက် လူများကို လှည့်စားသွေးဆောင်လိုသည့် နတ်ဆိုး၊ စာတန်၏ အန္တရာယ်ပြုလိုသည့် ရည်ရွယ်ချက်များ ပေါ်ထွက်လာခြင်းသာ ဖြစ်လိမ့်မည်။ ဤကဲ့သို့သော ဘာသာစကားမျိုးနှင့် ထုတ်ဖော်ခံရခြင်းကို ဘုရားသခင်က မည်သို့ထင်မြင်မည်နည်း။ သင်သည် သူ့နေရာကို လုယူလိုပြီး သူ့ကိုအစားထိုးကာ သူအဖြစ် အယောင်ဆောင်လိုသည်ဟု ဘုရားသခင်က ဆိုလိမ့်မည်။ သင်သည် ဘုရားသခင့်မိန့်မြွက်ချက်များ၏ လေသံကို တုပပါက သင်၏ရည်ရွယ်ချက်က လူတို့၏နှလုံးသားထဲက ဘုရားသခင်၏နေရာကို အစားဝင်ရန်၊ ဘုရားသခင် တရားဝင် ပိုင်ဆိုင်သည့် လူသားမျိုးနွယ်ကို အပိုင်စီးရန်ဖြစ်သည်။ ဤသည်မှာ စာတန်ပင်ဖြစ်၏။ ရှင်းလင်းရိုးရှင်းသည်။ ဤအရာတို့သည် ကောင်းကင်တမန်မင်းမှ ဆင်းသက်လာသူတို့၏ လုပ်ရပ်များသာဖြစ်သည်၊ ကောင်းကင်ဘုံမှ သည်းမခံနိုင်စရာဖြစ်သည်။ လူတစ်ဦး၏ စကားလုံးနှင့် အပြုအမူများ၌ ဘုရားသခင်၏သြဇာအာဏာနှင့် တန်ခိုးတို့ပါဝင်သည့်အလား၊ ထိုလူ၏ အနှစ်သာရနှင့် ဝိသေသလက္ခဏာတို့သည် အတုမရှိသည့်အလား၊ ထိုလူ၏ စကားလေသံပင်လျှင် ဘုရားသခင်နှင့် ဆင်တူသည့်အလား ခံစားရစေရန် ပြုလုပ်လျက် လူများကို အမြင်မှားစေရန်နှင့် လှည့်စားရန် ရည်ရွယ်ချက်ဖြင့် စကားအချို့ကိုပြောပြီး နည်းလမ်းတစ်ခုနှင့် ဘုရားသခင်ကို တုပသည့်သူ သင်တို့ထဲတွင် ရှိသလော။ ဤကဲ့သို့သောအရာမျိုးကို သင်တို့လုပ်ဖူးသလော။ ဘုရားသခင်၏ စိတ်သဘောထားကို ကိုယ်စားပြုသည်ဟု ထင်ရသည့် လက်ဟန်ခြေဟန်အပြင် တန်ခိုးအစွမ်းနှင့် သြဇာအာဏာဟု သင်ယူဆသည့် အရာတို့နှင့် သင်တို့၏ ဟောပြောချက်များတွင် ဘုရားသခင်၏လေသံကို တုပဖူးသလော။ သင်တို့အများစုသည် ဤကဲ့သို့သောနည်းနှင့် မကြာခဏ ပြုမူကြသလော၊ သို့မဟုတ် ပြုမူရန် စီစဉ်ထားသလော။ ဖန်ဆင်းရှင်၏ သြဇာအာဏာကို သင်တို့ အမှန်တကယ် မြင်တွေ့ကာ သတိပြုမိ၍ သိရှိလာပြီး သင်တို့ပြုလုပ်လေ့ရှိသည့်အရာနှင့် သင်တို့ကိုယ်သင်တို့ ဖွင့်ပြလေ့ရှိသည့်အရာတို့ကို ပြန်ကြည့်သည့်အခါတွင် ရွံရှာစက်ဆုပ်ခြင်းကို ခံစားကြရသလော။ သင်တို့၏ ယုတ်ညံ့မှုနှင့် အရှက်မဲ့မှုကို သိမြင်သလော။ ဤကဲ့သို့သောလူများ၏ စိတ်သဘောထားနှင့် အနှစ်သာရကို ခွဲခြားစိတ်ဖြာကြည့်ပြီးနောက် သူတို့သည် ကျိန်စာမိထားသည့် ငရဲသားများဖြစ်သည်ဟု ဆိုနိုင်မည်လော။ ဤကဲ့သို့သောအရာများကို လုပ်သည့်လူတိုင်းက ကိုယ့်ကိုယ်ကိုယ် အရှက်ရအောင်လုပ်နေကြသည်ဟု ဆိုနိုင်မည်လော။ ဤသဘောတရား၏ လေးနက်မှုကို သင်တို့သိမြင်သလော။ မည်မျှလေးနက်သနည်း။ ဤကဲ့သို့သောနည်းနှင့် ပြုမူကြသည့် လူများ၏ ရည်ရွယ်ချက်က ဘုရားသခင်ကို တုပရန်ဖြစ်သည်။ သူတို့သည် ဘုရားသခင်ဖြစ်ချင်ကြပြီး လူများအား သူတို့ကို ဘုရားသခင်အနေနှင့် ကိုးကွယ်စေချင်ကြသည်။ သူတို့သည် လူတို့ကို ထိန်းချုပ်ရန်၊ ဝါးမြိုရန်နှင့် သိမ်းပိုက်ရန်အလို့ငှာ လူတို့၏နှလုံးသားထဲက ဘုရားသခင်၏နေရာကို ဖျက်သိမ်းပစ်ချင်ကြပြီး လူသားကြားတွင် အလုပ်လုပ်သည့် ဘုရားသခင်ကို ဖယ်ထုတ်ပစ်ချင်ကြသည်။ လူတိုင်း၏ မသိစိတ်၌ ဤကဲ့သို့သော ဆန္ဒများနှင့် ရည်ရွယ်ချက်များရှိကြပြီး လူတိုင်းက ဤကဲ့သို့သော အကျင့်ပျက်စီးသည့် စာတန်နှင့်ဆိုင်သည့် အနှစ်သာရအတိုင်း အသက်ရှင်ကြကာ ဘုရားသခင်နှင့် ရန်ဘက်ဖြစ်သည့်၊ ဘုရားသခင်ကို သစ္စာဖောက်ပြီး ဘုရားသခင်ဖြစ်ချင်သည့် စာတန်နှင့်ဆိုင်သည့် သဘာဝအတိုင်း အသက်ရှင်ကြသည်။ ဘုရားသခင်၏ သြဇာအာဏာ ခေါင်းစဉ်အပေါ် ငါ၏မိတ်သဟာယပြုမှုကို ကြားနာပြီးနောက် ဘုရားသခင်အဖြစ် အယောင်ဆောင်ရန်၊ သို့မဟုတ် ဘုရားသခင်ကို တုပရန် ဆန္ဒရှိကြသလေးသလော၊ သို့မဟုတ် ရည်သန်ကြိုးပမ်းနေကြသေးသလော။ သင်တို့တွင် ဘုရားဖြစ်ချင်သည့်ဆန္ဒ ရှိသေးသလော။ သင်တို့ ဘုရားဖြစ်ချင်သေးသလော။ ဘုရားသခင်၏ သြဇာအာဏာကို လူသားက တုပ၍မရပေ။ ဘုရားသခင်၏ ဝိသေသလက္ခဏာနှင့် ဂုဏ်ဒြပ်ကို လူသားက အယောင်ဆောင်၍မရပေ။ သင်သည် ဘုရားသခင်ပြောသည့် လေသံအတိုင်း တုပနိုင်စွမ်းရှိသော်လည်း ဘုရားသခင်၏ အနှစ်သာရကိုမူ မတုပနိုင်ပေ။ ဘုရားသခင်၏နေရာတွင်ရပ်ပြီး ဘုရားအဖြစ် အယောင်ဆောင်နိုင်သော်လည်း ဘုရားသခင် လုပ်ဆောင်ရန် ရည်ရွယ်ထားသည့် အရာများကို မည်သည့်အခါမျှ သင်လုပ်ဆောင်နိုင်မည်မဟုတ်ပေ၊ ထို့ပြင် သင့်အနေဖြင့် အရာအားလုံးကို မည်သည့်အခါမျှ အုပ်စိုးပြီး အမိန့်ပေးနိုင်မည်မဟုတ်ပေ။ ဘုရားသခင်၏အမြင်တွင် သင်သည် သေးငယ်သည့် ဖန်ဆင်းခံတစ်ခုသာ ထာဝရဖြစ်နေမည်ဖြစ်သည်။ သင်၏ကျွမ်းကျင်မှုနှင့် အရည်အချင်းက မည်မျှကြီးမားပါစေ၊ သင့်တွင် ဆုကျေးဇူးများ မည်မျှပင်ရှိပါစေ၊ သင်၏ အရာအားလုံးသည် ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်တွင်ရှိသည်။ သင်သည် မထီတရီ စကားအချို့ကို ပြောနိုင်သော်လည်း ဤအချက်က သင့်တွင် ဖန်ဆင်းရှင်၏ အနှစ်သာရရှိသည်ဟု မပြနိုင်သကဲ့သို့ ဖန်ဆင်းရှင်၏ သြဇာအာဏာကို သင်ပိုင်ဆိုင်သည်ဟုလည်း မဖော်ပြပေ။ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးသည် ဘုရားသခင် ကိုယ်တော်တိုင်၏ အနှစ်သာရများဖြစ်သည်။ ဤအရာများသည် သင်ယူထားခြင်းမဟုတ်သကဲ့သို့ အပြင်မှ ထည့်သွင်းထားခြင်းလည်း မဟုတ်ပေ။ ထိုအစား ဘုရားသခင် ကိုယ်တော်တိုင်၏ ရှိရင်းစွဲ အနှစ်သာရများ ဖြစ်သည်။ ထို့ကြောင့် ဖန်ဆင်းရှင်နှင့် ဖန်ဆင်းခံကြားတွင်ရှိသည့် ဆက်နွှယ်မှုကို မည်သည့်အခါမျှ ပြောင်းလဲ၍ မရနိုင်ပေ။ ဖန်ဆင်းခံတစ်ခုအနေနှင့် လူသားသည် သူ၏အနေအထားကို ထိန်းသိမ်းပြီး တာဝန်သိသိ ပြုမူရမည်။ ဖန်ဆင်းရှင်က တာဝန်ပေးစေခိုင်းထားသည့်အရာကို တာဝန်သိတတ်စွာနှင့် စောင့်ရှောက်ရမည်။ စည်းကျော်၍ မလုပ်ရ၊ သို့မဟုတ် မိမိတတ်နိုင်သည့် နယ်ပယ်ထက် ကျော်၍မလုပ်ရ၊ သို့မဟုတ် ဘုရားသခင် စက်ဆုပ်သည့် အရာများကို မလုပ်ရ။ ကြီးမြတ်ရန်၊ သို့မဟုတ် အာဂလူသားဖြစ်ရန်၊ သို့မဟုတ် အခြားလူများထက်ကျော်လွန်ရန် မလုပ်ရသကဲ့သို့ ဘုရားဖြစ်အောင်လည်း မကြိုးစားရ။ ဤသည်မှာ လူတို့ဆန္ဒမပြုသင့်သည့် အရာဖြစ်သည်။ ကြီးမြတ်ရန်၊ သို့မဟုတ် အာဂလူသားဖြစ်ရန် ကြိုးစားလုပ်ဆောင်ခြင်းက အဓိပ္ပာယ်မရှိပေ။ ဘုရားဖြစ်ရန် ကြိုးစားလုပ်ဆောင်ခြင်းက ပို၍ပင် ဆိုးဝါးသည်။ ဤသည်မှာ ရွံ့ရှာစက်ဆုပ်ဖွယ်ဖြစ်ပြီး ယုတ်ညံ့၏။ ချီးကျူးထိုက်ပြီး အရာအားလုံးထက် ဖန်ဆင်းခံတို့ စွဲကိုင်ထားသင့်သည့် အရာမှာ စစ်မှန်သည့် ဖန်ဆင်းခံဖြစ်ရန်ဖြစ်၏။ ဤသည်မှာ လူအားလုံး လိုက်လျှောက်သင့်သည့် တစ်ခုတည်းသော ပန်းတိုင်ဖြစ်သည်။

ဖန်ဆင်းရှင်၏ သြဇာအာဏာသည် အချိန်၊ နေရာ သို့မဟုတ် မြေမျက်နှာသွင်ပြင်အားဖြင့် ကန့်သတ်ထားခြင်းမရှိသကဲ့သို့၊ ဖန်ဆင်းရှင်၏ သြဇာအာဏာသည် တိုင်းတာ၍မရနိုင်ပေ

ကမ္ဘာဦးကျမ်း ၂၂:၁၇-၁၈ ကို ကြည့်ကြစို့။ ဤသည်မှာ ယေဟောဝါ ဘုရားသခင်က အာဗြဟံကိုပြောသည့် နောက်ထပ် ကျမ်းပိုဒ်တစ်ခုဖြစ်သည်၊ ယင်းတွင် သူက အာဗြဟံကို၊ “ကောင်းကြီးမင်္ဂလာဖြင့် သင့်ကို ငါကောင်းကြီးပေးမည်၊ တိုးပွားများပြားခြင်း၌ သင်၏ အမျိုးအနွယ်ကို မိုးကောင်းကင် ကြယ်များကဲ့သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေပေါ်မှ သဲလုံးနှင့်အမျှလည်းကောင်း ငါတိုးပွားများပြားစေမည်။ သင်၏ အမျိုးအနွယ်သည် သူ့ရန်သူတို့၏ တံခါးတို့ကို အပိုင်ရလိမ့်မည်၊ မြေကြီးပေါ်ရှိ တိုင်းနိုင်ငံတို့သည် သင်၏အမျိုးအနွယ်အားဖြင့် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်။ သင်သည် ငါ၏စကားသံကို နာခံသောကြောင့် ဖြစ်သည်။” ဟု ဆိုခဲ့သည်။ ယေဟောဝါ ဘုရားသခင်က အာဗြဟံကို သူ၏ သားသမီးများက ပွားများဖို့ရန် အကြိမ်ပေါင်းများစွာ ကောင်းကြီးပေးခဲ့သည်။ သို့သော် မည်သည့် အတိုင်းအတာအထိ ၎င်းတို့ ပွားများမည်နည်း။ ကျမ်းစာတွင် ပြောထားသည့် အတိုင်းအတာအထိဖြစ်သည် “မိုးကောင်းကင် ကြယ်များကဲ့သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေပေါ်မှ သဲလုံးနှင့် အမျှလည်းကောင်း၊” ယင်းမှာ ဘုရားသခင်သည် အာဗြဟံကို မိုးကောင်းကင်က ကြယ်များကဲ့သို့များပြားပြီး ပင်လယ်ကမ်းခြေက သဲများကဲ့သို့ ပေါများသည့် သားသမီးများ နှင်းအပ်ပေးသနားရန် ဆန္ဒရှိခဲ့သည်ဟု ဆိုလိုပေသည်။ ဘုရားသခင်သည် နိမိတ်ပုံကို အသုံးပြုလျက် စကားပြောခဲ့ပြီး၊ ဤနိမိတ်ပုံမှ ဘုရားသခင်သည် အာဗြဟံကို မျိုးဆက် တစ်ယောက်၊ နှစ်ယောက်မျှ သို့မဟုတ် ထောင်ပေါင်းများစွာကိုမျှပင် ပေးသနားမည်မဟုတ်ဘဲ၊ ဘုရားသခင်က အာဗြဟံသည် လူမျိုးစုများစွာ၏ ဖခင်ဖြစ်မည်ဟု သူ့ကို ကတိပေးခဲ့သည့်အတွက်၊ လူမျိုးစု အမြောက်အမြား ဖြစ်လာလောက်အောင် မရေမတွက်နိုင်သည့် အရေအတွက်ကို ချပေးသနားမည်ကို မြင်ရန် မခက်ခဲပေ။ ယခု ထိုအရေအတွက်ကို လူက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သလော၊ ဘုရားသခင်က ဆုံးဖြတ်ခဲ့ခြင်းလော။ လူသားက သူ့တွင် မျိုးဆက်မည်မျှ ရှိမည်ဆိုသည်ကို ထိန်းချုပ်၍ရသလော။ ယင်းသည် သူ့သဘောအတိုင်း ဖြစ်သလော။ “မိုးကောင်းကင် ကြယ်များကဲ့သို့ လည်းကောင်း၊ ပင်လယ်ကမ်းခြေပေါ်မှ သဲလုံးနှင့်အမျှ လည်းကောင်း” ဆိုသလောက် များရန်မဆိုထားနှင့် အချို့ရှိသည် မရှိသည်ဆိုသည်ပင်လျှင် လူသား သဘောအတိုင်း မဟုတ်ပေ။ အဘယ်သူသည် ၎င်းတို့၏ သားသမီးများ ကြယ်များကဲ့သို့ များပြားရန်အတွက် ဆန္ဒမရှိဘဲနေမည်နည်း။ အကြောင်းအပေါင်း မသင့်၍၊ အမှုအရာများသည် သင်ဖြစ်ချင်သကဲ့သို့ အမြဲတမ်း မဖြစ်ပေ။ လူသားက မည်မျှကျွမ်းကျင်သည်ဖြစ်စေ တတ်စွမ်းသည် ဖြစ်စေ၊ သူ၏ သဘောအတိုင်း မဟုတ်ပေ။ ဘုရားသခင် စီမံထားသည့်အရာ၏ ပြင်ပတွင် မည်သူမျှ မရပ်တည်နိုင်ပေ။ သူက သင့်ကို မည်မျှခွင့်ပြုသည်ဖြစ်စေ ယင်းမှာ သင်ရရှိသင့်သလောက် ဖြစ်သည်။ ဘုရားသခင်က သင့်ကို အနည်းငယ်ပေးလျှင်၊ သင်သည် မည်သည့်အခါမျှ များစွာရမည် မဟုတ်ပေ။ ဘုရားသခင်က သင့်ကို များစွာပေးလျှင် သင်မည်မျှရှိသည် ဆိုကို မကျေမနပ်ဖြစ်ခြင်းသည် အသုံးမဝင်ပေ။ ဤသည်မှာ မမှန်ကန်သလော။ ဤအရာအားလုံးက ဘုရားသခင်၏ သဘောအတိုင်း ဖြစ်သည်၊ လူသား သဘောအတိုင်း မဟုတ်ပေ။ လူသားကို ဘုရားသခင်က အုပ်စိုးပြီး မည်သူမျှ မလွတ်ကင်းပေ။

“သင်၏ အမျိုးအနွယ်ကို ငါတိုးပွားများပြားစေမည်။” ဟု ဘုရားသခင်ပြောခဲ့ချိန်တွင်၊ ဤသည်မှာ သက်တံ ပဋိညာဉ်ကဲ့သို့ ဘုရားသခင်က အာဗြဟံနှင့် ထူထောင်ခဲ့သည့် ပဋိညာဉ်တစ်ခု ဖြစ်သည်၊ ယင်းသည် ထာဝရဖြစ်မြောက်မည် ဖြစ်ပြီး အာဗြဟံထံ ဘုရားသခင်ပြုခဲ့သည့် ကတိတစ်ခုလည်း ဖြစ်သည်။ ဤကတိကို အမှန်တကယ်ဖြစ်လာစေရန် ဘုရားသခင်သာ အရည်အချင်း ပြည့်မီပြီး လုပ်နိုင်စွမ်းရှိသည်။ လူသားက ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ၊ လူသားက လက်ခံသည်ဖြစ်စေ လက်မခံသည် ဖြစ်စေ၊ ပြီးလျှင် လူသားက မည်သို့ မြင်ပြီး မည်သို့ သဘောထားသည်ဖြစ်စေ၊ ဤအရာအားလုံးသည် ဘုရားသခင် ပြောဆိုသည့် နှုတ်ကပတ်တော်များနှင့်အညီ အသေးစိတ် အတိအကျ ပြီးပြည့်စုံမည် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူ၏အလိုဆန္ဒ သို့မဟုတ် အယူအဆများ ပြောင်းလဲမှုကြောင့် ပြောင်းလဲသွားမည်မဟုတ်သကဲ့သို့၊ မည်သည့်လူ၊ အဖြစ်အပျက် သို့မဟုတ် အမှုအရာ၌ ပြောင်းလဲမှုကြောင့် ပြောင်းလဲမည်မဟုတ်ပေ။ အရာအားလုံး ပျောက်ကွယ်ကောင်း ပျောက်ကွယ် သွားနိုင်သော်လည်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ထာဝရ ကျန်ရှိနေမည်ဖြစ်သည်။ အမှန်တွင်၊ သူသည် ဖန်ဆင်းရှင်ဖြစ်ပြီး ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် ဖန်ဆင်းရှင်၏ တန်ခိုးကို ပိုင်ဆိုင်ကာ သူသည် အရာခပ်သိမ်းနှင့် သက်ရှိ အင်အားစုအားလုံးကို ထိန်းချုပ်သည့်အတွက်၊ အရာအားလုံး ပျောက်ကွယ်သွားသည့်နေ့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ လုံးဝ ပြည့်စုံသည့်နေ့ရက် အတိအကျ ဖြစ်သည်။ သူသည် ဘာမျှမရှိသည့်အရာမှ တစ်စုံတစ်ရာရှိလာဖို့ သို့မဟုတ် တစ်စုံတစ်ရာကို ဘာမျှမရှိဖြစ်လာဖို့ ဖြစ်စေနိုင်ပြီး၊ ရှင်သန်သောအရာမှသည် သေသောအရာအထိ အရာအားလုံး၏ ပြောင်းလဲခြင်းကို သူထိန်းချုပ်သည်။ ဘုရားသခင်အတွက် တစ်စုံတစ်ဦး၏ မျိုးနွယ်ကို ပွားများစေခြင်းထက် မည်သည့်အရာမျှ သာ၍ မရိုးရှင်းနိုင်ပေ။ ဤသည်မှာ လူသားအတွက် နတ်သမီးပုံပြင် တစ်ပုဒ်ကဲ့သို့ ဆန်းပြားပုံရသော်လည်း၊ ဘုရားသခင်အဖို့ သူလုပ်ဆောင်ရန် ဆုံးဖြတ်ထားပြီး ကတိပေးထားသည့်အရာသည် မဆန်းပြားသကဲ့သို့ နတ်သမီးပုံပြင်တစ်ပုဒ်လည်း မဟုတ်ပေ။ ယင်းထက်၊ ထိုအရာသည် ဘုရားသခင် မြင်နှင့်ပြီးဖြစ်ကာ ဧကန်မုချ ဖြစ်မြောက်ရမည့် အမှန်တရားတစ်ခုဖြစ်သည်။ ဤအရာကို သင်တို့ နားလည်ကြပါသလော။ အာဗြဟံ၏ မျိုးဆက်များက များပြားခဲ့သည်ကို အချက်အလက်များက သက်သေပြသလော။ ၎င်းတို့ မည်မျှ များပြားခဲ့သနည်း။ “မိုးကောင်းကင် ကြယ်များကဲ့သို့ လည်းကောင်း၊ ပင်လယ်ကမ်းခြေပေါ်မှ သဲလုံးနှင့်အမျှ လည်းကောင်း” ဟု ဘုရားသခင်ပြောခဲ့သကဲ့သို့ များပြားခဲ့သလော။ ၎င်းတို့သည် တိုင်းနိုင်ငံအားလုံး၊ ဒေသအားလုံးအနှံ့၊ ကမ္ဘာလောက ထဲက နေရာတိုင်းကို ပျံ့နှံ့ခဲ့ကြသလော။ ဤအချက်သည် မည်သည့်အရာမှတစ်ဆင့် ဖြစ်မြောက်ခဲ့သနည်း။ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ သြဇာအာဏာအားဖြင့် ပြီးမြောက်ခဲ့သလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပြောကြားပြီးနောက် နှစ်ကာလ ရာပေါင်း၊ ထောင်ပေါင်းအချို့ကြာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ဆက်လက်ပြည့်စုံခဲ့ပြီး၊ အမှန်တရားများ စဉ်ဆက်မပြတ် ဖြစ်လာနေခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်၏ ကြီးမားသောအင်အား၊ ဘုရားသခင်၏ သြဇာအာဏာ၏ သက်သေဖြစ်သည်။ အစအဦးတွင် အရာခပ်သိမ်းကို ဘုရားသခင် ဖန်ဆင်းခဲ့ချိန်တွင်၊ ဘုရားသခင်က “အလင်းဖြစ်စေ” ဟု ပြောခဲ့ပြီး အလင်း ရှိခဲ့သည်။ ဤသည်မှာ အလွန်လျင်မြန်စွာ ဖြစ်ပျက်ခဲ့ပြီး၊ အလွန် တိုတောင်းသော အချိန်အတွင်း ပြည့်စုံခဲ့ကာ၊ ယင်း၏ ပြီးမြောက်မှုနှင့် ပြည့်စုံမှုတွင် ကြန့်ကြာခြင်း မရှိခဲ့ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ သက်ရောက်မှုသည် ချက်ချင်းဖြစ်ခဲ့သည်။ နှစ်ခုလုံးက ဘုရားသခင်၏ သြဇာအာဏာနှင့်ဆိုင်သည့် ပြသချက်များဖြစ်သည်၊ သို့ရာတွင် ဘုရားသခင်က အာဗြဟံကို ကောင်းကြီးပေးခဲ့ချိန်တွင်၊ သူ၏ သြဇာအာဏာ၏ အနှစ်သာရ အခြားတစ်ဘက်အပြင် ဖန်ဆင်းရှင်၏ သြဇာအာဏာကို တိုင်းတာ၍မရဟူသည့် အချက်ကို လူသားအား မြင်ခွင့်ပေးခဲ့သည်၊ ထို့အပြင် ဖန်ဆင်းရှင်၏ သြဇာအာဏာ၏ ပိုပြီးစစ်မှန်သည့်၊ သာ၍ အလေးထားဖွယ် ကောင်းသောဘက်ကို လူသားအား သူ မြင်ခွင့်ပေးခဲ့သည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိန့်မြွက်သည်နှင့် တစ်ပြိုင်နက်၊ ဘုရားသခင်၏ သြဇာအာဏာသည် ဤအမှုကို ကွပ်ကဲအုပ်ချုပ်ပြီး ဘုရားသခင်၏ နှုတ်မှ ကတိပေးခဲ့သည့် အချက်သည် တဖြည်းဖြည်း လက်တွေ့အရှိတရား စတင် ဖြစ်လာသည်။ အကျိုးဆက်အနေဖြင့်၊ နွေဦးရောက်လာချိန်တွင် မြက်ပင်များ စိမ်းလန်းလာသကဲ့သို့၊ ပန်းများ ဖူးပွင့်လာသကဲ့သို့၊ သစ်ပင်မှ အဖူးလေးများ ထွက်လာသကဲ့သို့၊ ငှက်များ သီချင်းစတင် သီကျူးသကဲ့သို့၊ ငန်းများ ပြန်လာပြီး ကွင်းပြင်များက လူများနှင့် ဖွေးဖွေးလှုပ်သကဲ့သို့ များစွာတူညီသည့် ပြောင်းလဲမှုများသည် အရာအားလုံးအလယ် စတင်ဖြစ်ပေါ်လာသည်။...နွေဦး ရောက်ရှိခြင်းနှင့်အတူ အရာအားလုံးသည် နုပျိုသစ်လွင်လာပြီး၊ ဤသည်မှာ ဖန်ဆင်းရှင်၏ ထူးခြားဆန်းကြယ်သည့် လုပ်ဆောင်ချက် ဖြစ်သည်။ ဘုရားသခင်က သူ၏ကတိများကို ပြီးမြောက်သည့်အခါတွင်၊ ကောင်းကင်နှင့် ကမ္ဘာမြေကြီးပေါ်ရှိ အရာအားလုံးသည် ဘုရားသခင်၏ အတွေးများနှင့်အညီ အသစ်ပြုပြင်ပြီး ပြောင်းလဲကြသည်- မည်သည့်အရာမျှ မကင်းလွတ်ပေ။ ဘုရားသခင်၏နှုတ်မှ ကတိပေးပြီးသော အမှု သို့မဟုတ် ကတိတစ်ခု မိန့်မြွက်လိုက်သည့်အခါတွင်၊ အရာအားလုံးက ယင်း၏ ပြီးပြည့်စုံခြင်းအတွက် အသုံးတော်ခံကြပြီး၊ ယင်း၏ ပြီးပြည့်စုံခြင်းအတွက် ခိုင်းစေခြင်းခံကြရသည်။ ဖန်ဆင်းခံ အားလုံးသည် ၎င်းတို့၏ သက်ဆိုင်ရာ အခန်းကဏ္ဍကို ဆောင်ရွက်ရင်းနှင့် ၎င်းတို့၏ သက်ဆိုင်ရာ လုပ်ငန်းတာဝန်ကို အစေခံရင်း၊ ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်တွင် စီစဉ်ညွှန်ကြားကာ စီမံခံရသည်။ ဤသည်မှာ ဖန်ဆင်းရှင်၏ သြဇာအာဏာ ထင်ရှားပြသခြင်းဖြစ်သည်။ ဤအရာတွင် မည်သည့်အရာကို သင် မြင်သနည်း။ ဘုရားသခင်၏ သြဇာအာဏာကို သင်မည်သို့ သိသနည်း။ ဘုရားသခင်၏ သြဇာအာဏာအဖို့ အပိုင်းအခြားတစ်ခု ရှိသလော။ အချိန်အကန့်အသတ် ရှိသလော။ ယင်းကို အမြင့်တစ်ခုခု သို့မဟုတ် အလျားတစ်ခုခုအဖြစ် ပြောဆို၍ရနိုင်သလော။ ယင်းကို အရွယ်အစား သို့မဟုတ် ခွန်အားတစ်ခုခုအဖြစ် ပြောဆို၍ ရနိုင်သလော။ လူသား၏ အတိုင်းအတာဖြင့် ယင်းကို တိုင်းတာ၍ရသလော။ ဘုရားသခင်၏ သြဇာအာဏာသည် ပေါ်လိုက်၊ ပျောက်လိုက် မဟုတ်သကဲ့သို့၊ လာလိုက် သွားလိုက် မလုပ်ပေ၊ ပြီးလျှင် သူ၏ သြဇာအာဏာ မည်မျှကြီးမြတ်သည်ကို တိုင်းတာနိုင်သူ မည်သူမျှမရှိပေ။ ဘုရားသခင်က လူတစ်ယောက်ကို ကောင်းချီးပေးသည့်အခါတွင်၊ အချိန်မည်မျှ ကုန်သွားသည်ကို ပဓာနမထားဘဲ၊ ဤကောင်းချီးမင်္ဂလာသည် ဆက်လက်ဖြစ်ပေါ်မည် ဖြစ်ပြီး ယင်း၏ ဆက်လက်ဖြစ်နေမှုသည် ဘုရားသခင်၏ မခန့်မှန်းနိုင်သည့် သြဇာအာဏာကို သက်သေခံပြီး ဖန်ဆင်းရှင်၏ မငြိမ်းသတ်နိုင်သည့် အသက်အင်အား၏ တစ်ဖန်ပြန်လည် ပေါ်ထွန်းမှုကို မကြာခဏ လူသားမျိုးနွယ်ကို ရှုမြင်ခွင့်ပေးမည် ဖြစ်သည်။ သူ၏သြဇာအာဏာနှင့်ဆိုင်သည့် ပြသမှုတစ်ခုစီသည် အရာခပ်သိမ်းနှင့် လူသားမျိုးနွယ်ထံ ထုတ်ဖော်ပြသထားသည့် သူ၏နှုတ်မှ နှုတ်ကပတ်တော်များ၏ စုံလင်သော သရုပ်ပြခြင်းဖြစ်သည်၊ ထို့အပြင် သူ၏သြဇာအာဏာဖြင့် ပြီးမြောက်သည့် အရာတိုင်းသည် နှိုင်းယှဉ်၍မရအောင် အလွန်လှပသိမ်မွေ့ပြီး လုံးဝ အပြစ်အနာအဆာ ကင်းသည်။ သူ၏အတွေးများ၊ သူ၏ နှုတ်ကပတ်တော်များ၊ သူ၏ သြဇာအာဏာများနှင့် သူပြီးမြောက်ခဲ့သည့် အမှုအားလုံးသည် မယှဉ်သာအောင် လှပသည့် ပန်းချီကားတစ်ချပ်ဖြစ်ပြီး၊ ဖန်ဆင်းခံများအတွက်၊ လူသားမျိုးနွယ်၏ ဘာသာစကားသည် ယင်း၏ အရေးပါမှုနှင့် တန်ဖိုးကို ရှင်းလင်းစွာပြောဆိုနိုင်စွမ်း မရှိပေ။ ဘုရားသခင်က လူတစ်ဦးကို ကတိတစ်ခု ပြုသည့်အခါတွင်၊ ၎င်းတို့ မည်သည့်နေရာတွင် နေထိုင်သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့ အဘယ်အရာကို လုပ်ဆောင်သည် ဖြစ်စေ၊ ကတိကို လက်မခံမီ သို့မဟုတ် လက်ခံပြီးနောက် ၎င်းတို့၏ နောက်ခံအကြောင်း မည်သည့်အရာဖြစ်ပါစေ၊ သို့မဟုတ် ၎င်းတို့ အသက်ရှင်နေထိုင်သည့် ပတ်ဝန်းကျင်တွင် ကသောင်းကနင်း ဖြစ်မှုများ မည်မျှကြီးမားသည် ဖြစ်စေ၊ ၎င်းတို့နှင့်ပတ်သက်သည့် အရာရာတိုင်းကို ဘုရားသခင်က ကောင်းကောင်း ရင်းနှီးလေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပြောဆိုပြီးနောက် အချိန်မည်မျှ ကုန်လွန်သွားသည်ဖြစ်စေ၊ ယင်းသည် သူ့အတွက် ခုလေးတင် မိန့်မြွက်ပြီးဖြစ်သည့်အလား ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် လူသားမျိုးနွယ်ထံ သူပြုသည့် ကတိတိုင်းကို မျက်ခြေမပြတ် ထိန်းသိမ်းနိုင်ပြီး ပြည့်စုံစေနိုင်သည့် တန်ခိုးနှင့် ထိုသို့သော သြဇာအာဏာရှိပြီး ကတိက မည်သည့်အရာဖြစ်သည်ကို ပဓာနမထားဘဲ၊ လုံးဝ ပြည့်စုံရန် မည်မျှကြာသည်ကို ပဓာနမထားဘဲ၊ ထို့အပြင် ယင်း၏ပြီးမြောက်မှုက ထည့်သွင်းစဉ်းစားသည့် နယ်ပယ်သည်— ဥပမာအားဖြင့်၊ အချိန်၊ မြေမျက်နှာသွင်ပြင်၊ လူမျိုး စသဖြင့်— မည်မျှ ကျယ်ပြန့်သည်ကို ပဓာနမထားဘဲ၊ ဤကတိသည် ပြီးမြောက်ကာ ပြည့်စုံလိမ့်မည်ဖြစ်ပြီး၊ ထို့အပြင် ယင်း၏ ပြီးမြောက်မှုနှင့် ပြည့်စုံမှုသည် သူ့ကို အနည်းငယ်အားစိုက်မှု လိုအပ်စေမည် မဟုတ်ပေ။ ဤအရာက မည်သည့်အရာကို သက်သေပြသနည်း။ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုး၏ ကျယ်ပြန့်မှုသည် စကြဝဠာတစ်ခုလုံးနှင့် လူသားမျိုးနွယ်တစ်ခုလုံးကို ထိန်းချုပ်ရန် လုံလောက်သည်ကို သက်သေပြပေသည်။ ဘုရားသခင်သည် အလင်းကို ဖန်တီးခဲ့သော်လည်း၊ ဤသည်မှာ ဘုရားသခင်က အလင်းကိုသာ စီမံသည် သို့မဟုတ် သူက ရေကို ဖန်ဆင်းခဲ့သောကြောင့်၊ ရေကိုသာ စီမံခန့်ခွဲပြီး၊ အခြားအရာတိုင်းသည် ဘုရားသခင်နှင့် မဆက်နွှယ်ဟု မဆိုလိုပေ။ ဤသည်မှာ နားလည်မှုလွဲခြင်းတစ်ခု ဖြစ်မည် မဟုတ်လော။ အာဗြဟံနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာသည် နှစ်ပေါင်းရာပေါင်းများစွာကြာပြီးသည့်နောက်တွင် လူသား၏ မှတ်ဉာဏ်ထဲမှ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်ခဲ့ပြီး ဖြစ်သော်လည်း၊ ဘုရားသခင်အတွက်မူ ဤကတိသည် ယခင်အတိုင်း ရှိနေဆဲဖြစ်သည်။ ယင်းသည် ပြီးမြောက်မှု ဖြစ်စဉ်တွင် ရှိနေဆဲဖြစ်ပြီး၊ မည်သည့်အခါမျှ မရပ်တန့်ခဲ့လေပြီ။ ဘုရားသခင်က သူ၏ သြဇာအာဏာကို မည်သို့အသုံးချသည်၊ အရာခပ်သိမ်းကို မည်သို့ စီစဉ်ညွှန်ကြားပြီး စီမံသည်ဆိုသည်နှင့် ဤအချိန်အတော အတွင်း၌ ဘုရားသခင်၏ ဖန်ဆင်းခြင်း အရာခပ်သိမ်းအလယ်တွင် အံ့သြဖွယ် အဖြစ်အပျက်များ မည်မျှဖြစ်ပွားခဲ့သည်ကို လူသားသည် တစ်ခါမျှ မသိဖူး သို့မဟုတ် မကြားဖူးပေ၊ သို့ရာတွင် ဘုရားသခင်၏ သြဇာအာဏာနှင့်ဆိုင်သည့် ပြသမှုနှင့် သူ၏ လုပ်ဆောင်ချက်များ၏ ထုတ်ဖော်မှုတို့နှင့်ဆိုင်သည့် အံ့သြဖွယ် ခင်းကျင်းပြသမှု အစိတ်အပိုင်းတိုင်းကို အရာခပ်သိမ်းအလယ် လက်ဆင့်ကမ်းခဲ့ပြီး ချီးမြှောက်ခြင်းခံခဲ့ရသည်၊ အရာခပ်သိမ်းသည် ဖန်ဆင်းရှင်၏ အံ့ဩလောက်သည့် လုပ်ဆောင်ချက်များကို ပြသခဲ့ကြပြီး ပြောဆိုခဲ့ကြသကဲ့သို့၊ အရာခပ်သိမ်းအပေါ် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့်သက်ဆိုင်သည့် အပြောများသည့် အဖြစ်အပျက်အသီးသီးကို အရာအားလုံးက ထာဝရ အစဉ်အဆက် ပို၍ ကြွေးကြော်ကြလိမ့်မည်ဖြစ်သည်။ အရာခပ်သိမ်းကို ဘုရားသခင် အုပ်စိုးသည့် သြဇာအာဏာနှင့် ဘုရားသခင်၏ တန်ခိုးသည် ဘုရားသခင်သည် နေရာတိုင်းနှင့် အချိန်တိုင်းတွင် ဘုရားသခင် ပါရှိသည်ကို အရာအားလုံးထံ ပြသလေသည်။ သင်သည် ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးတို့၏ နေရာအနှံ့ရှိခြင်းကို မျက်မြင်ကြုံတွေ့ပြီးသည့်အခါတွင်၊ ဘုရားသခင်သည် နေရာတိုင်းနှင့် အချိန်တိုင်းတွင်ရှိသည်ကို သင်တွေ့မြင်လိမ့်မည်။ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးသည် အချိန်၊ မြေမျက်နှာသွင်ပြင်၊ နေရာ သို့မဟုတ် မည်သည့်လူ၊ အဖြစ်အပျက် သို့မဟုတ် အမှုအရာအားဖြင့်မျှ ကန့်သတ်ခြင်းမခံရပေ။ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုး၏ ကျယ်ပြန့်မှုသည် လူ၏ စိတ်ကူးစိတ်သန်းကို ကျော်လွန်သည်။ ယင်းသည် လူသားအဖို့ နားမလည်နိုင်ဖွယ်၊ မစဉ်းစားတတ်အောင်ဖြစ်ပြီး၊ လူသားက မည်သည့်အခါမျှ လုံးဝ သိရှိလိမ့်မည် မဟုတ်ပေ။

လူအချို့က ကောက်ချက်ချပြီး စိတ်ကူးရန် နှစ်သက်ကြသည်၊ သို့ရာတွင် လူ၏စိတ်ကူးစိတ်သန်းသည် မည်မျှအတိုင်းအတာအထိ ရောက်ရှိနိုင်သနည်း။ ယင်းသည် ဤကမ္ဘာကို ကျော်လွန် သွားနိုင်သလော။ လူသားသည် ဘုရားသခင်၏ သြဇာအာဏာ၏ စစ်မှန်မှုနှင့် တိကျမှုကို ကောက်ချက်ချခြင်း၊ စိတ်ကူးခြင်းတို့ လုပ်နိုင်စွမ်းရှိသလော။ လူသား၏ ကောက်ချက်ချခြင်းနှင့် စိတ်ကူးစိတ်သန်းတို့က ၎င်းအား ဘုရားသခင်၏ သြဇာအာဏာနှင့် သက်ဆိုင်သည့် အသိပညာတစ်ခုကို ရရှိခွင့်ပေးနိုင်စွမ်းရှိသလော။ ထိုအရာများက လူသားအား ဘုရားသခင်၏ သြဇာအာဏာကို အမှန်တကယ် တန်ဖိုးထားပြီး ကျိုးနွံနာခံစေနိုင်သလော။ လူသား၏ ကောက်ချက်ချခြင်းနှင့် စိတ်ကူးစိတ်သန်းတို့သည် လူသား၏ အသိဉာဏ်၏ ရလဒ်တစ်ခုသာဖြစ်ပြီး ဘုရားသခင်၏ သြဇာအာဏာနှင့်ဆိုင်သည့် လူသား၏ အသိပညာကို ကူညီခြင်း သို့မဟုတ် အကျိုးပြုခြင်း စိုးစဉ်းမျှ မပေးနိုင်သည်ကို အချက်အလက်များက သက်သေပြလေသည်။ သိပ္ပံစိတ်ကူးယဉ် ဝတ္ထုများကို ဖတ်ရှုပြီးနောက်တွင်၊ အချို့သည် လ သို့မဟုတ် ကြယ်များက မည်သည့်အရာနှင့် တူသည်ကို စိတ်ကူးနိုင်ကြသည်။ သို့ရာတွင် ဤသည်မှာ လူသားသည် ဘုရားသခင်၏ သြဇာအာဏာနှင့်သက်ဆိုင်သည့် သိနားလည်မှုတစ်ခုတစ်လေ ရှိသည်ဟု မဆိုလိုပေ။ လူသား၏ စိတ်ကူးစိတ်သန်း ဆိုသည်မှာ စိတ်ကူးစိတ်သန်းသာ ဖြစ်သည်။ ဤအရာများ၏ အချက်အလက်နှင့်သက်ဆိုင်၍ ဆိုလိုသည်မှာ၊ ဘုရားသခင်၏ သြဇာအာဏာကို ၎င်းတို့၏ ဆက်နွှယ်မှုနှင့်ဆိုင်သည့် အချက်အလက်များကို သူက လုံးဝ သဘောမပေါက်ပေ။ သင်သည် လသို့ ရောက်ရှိဖူးလျှင်ပင် မည်သည့်အရေးပါမှုရှိသနည်း။ ဤအရာက သင်သည် ဘုရားသခင်၏ သြဇာအာဏာကို ရှုထောင့်ပုံစံ အမျိုးမျိုးနှင့် သိနားလည်မှုရှိသည်ကို ပြသသလော။ ယင်းက သင်သည် ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုး၏ ကျယ်ပြန့်မှုကို စိတ်ကူးနိုင်သည်ကို ပြသသလော။ လူသား၏ ကောက်ချက်ချခြင်းနှင့် စိတ်ကူးစိတ်သန်းတို့သည် ဘုရားသခင်၏ သြဇာအာဏာကို သူ့အား သိခွင့်ပေးနိုင်စွမ်းမရှိသည့်အတွက်၊ လူသားသည် အဘယ်အရာကို လုပ်ဆောင်သင့်သနည်း။ အမြော်အမြင်အရှိဆုံး ရွေးချယ်စရာမှာ ကောက်ချက်မချရန် သို့မဟုတ် စိတ်မကူးရန်ဖြစ်ပေမည်၊ ယင်းမှာ ဘုရားသခင်၏ သြဇာအာဏာကို သိကျွမ်းခြင်းနှင့် ပတ်သက်လာသည့်အခါ၊ လူသားသည် စိတ်ကူးစိတ်သန်းအပေါ် မည်သည့်အခါမျှ မှီခိုရမည်မဟုတ်သကဲ့သို့၊ ကောက်ချက်ချခြင်း အပေါ် အားမထားရဟု ဆိုရပေမည်။ ဤနေရာတွင် သင်တို့ကို ငါပြောချင်သည်မှာ အဘယ်အရာဖြစ်သနည်း။ ဘုရားသခင်၏ သြဇာအာဏာ၊ ဘုရားသခင်၏ တန်ခိုး၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် ဘုရားသခင်၏ အနှစ်သာရတို့နှင့်ဆိုင်သည့် အသိပညာကို သင်၏ စိတ်ကူးစိတ်သန်းအပေါ် အမှီပြုခြင်းအားဖြင့် မရရှိနိုင်ပေ။ သင်သည် ဘုရားသခင်၏ သြဇာအာဏာကို သိရှိရန် စိတ်ကူးစိတ်သန်းကို အမှီမပြုနိုင်သည့်အတွက်၊ ဘုရားသခင်၏ သြဇာအာဏာနှင့် ဆိုင်သည့် စစ်မှန်သော အသိပညာကို မည်သည့်နည်းလမ်းဖြင့် သင် ရရှိနိုင်သနည်း။ ဤအရာကို လုပ်ဆောင်ရမည့် နည်းလမ်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းမှတစ်ဆင့်၊ မိတ်သဟာယပြုခြင်းမှတစ်ဆင့်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြုံတွေ့ခံစားခြင်းမှတစ်ဆင့် ဖြစ်သည်။ ထိုသို့ဖြင့် သင်သည် ဘုရားသခင်၏ သြဇာအာဏာနှင့်ဆိုင်သည့် ဖြည်းညင်းသော အတွေ့အကြုံတစ်ခုနှင့် အတည်ပြုခြင်း ရှိလိမ့်မည်ဖြစ်ပြီး၊ ယင်းနှင့်သက်ဆိုင်သည့် ဖြည်းညင်းသော သိနားလည်မှုနှင့် နည်းနည်းချင်းတိုးပွားသော အသိပညာတို့ကို ရရှိလိမ့်မည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ သြဇာအာဏာနှင့်ဆိုင်သည့် အသိပညာကို ရရှိဖို့ တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။ ဖြတ်လမ်းများ မရှိပေ။ သင်တို့ကို စိတ်မကူးရန် တောင်းဆိုခြင်းသည် ပျက်စီးခြင်းကို စောင့်ဆိုင်းရန် သင်တို့ကို မလှုပ်မယှက် ထိုင်စေခြင်း သို့မဟုတ် တစ်ခုတစ်လေကို လုပ်ဆောင်ခြင်းမှ သင်တို့ကို တားဆီးခြင်းနှင့် မတူပေ။ စဉ်းစားရန်နှင့် စိတ်ကူးရန် သင်၏ ဦးနှောက်ကို အသုံးမပြုခြင်းသည် ကောက်ချက်ချရန် ဆင်ခြင်တွေးခေါ်မှုစနစ်ကို အသုံးမပြုခြင်း၊ စိစစ်ရန် အသိပညာကို အသုံးမပြုခြင်း၊ အခြေခံအကြောင်းရင်းအဖြစ် သိပ္ပံပညာကို အသုံးမပြုဘဲ၊ ထိုအစား သင်ယုံကြည်သည့် ဘုရားသခင်က သြဇာအာဏာရှိသည်ဆိုသည်ကို နားလည်ခြင်း၊ စိစစ်ခြင်းနှင့် အတည်ပြုခြင်း၊ သူသည် သင်၏ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာ စွဲကိုင်သည်ဆိုသည်နှင့် အချိန်တိုင်းတွင် သူ၏ တန်ခိုးက သူသည် စစ်မှန်သည့် ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်မှန်း သက်သေပြသည်ကို ဘုရားသခင်၏နှုတ်ကပတ်တော်များမှ တစ်ဆင့်၊ သမ္မာတရား မှတစ်ဆင့်၊ ဘဝတွင် သင်ကြုံရသည့် အရာရာတိုင်းမှတစ်ဆင့် အတည်ပြုခြင်းကို ဆိုလိုပေသည်။ ဤသည်မှာ ဘုရားသခင်နှင့်ဆိုင်သည့် သိနားလည်မှုကို မည်သူမဆို ရရှိနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ အချို့က ၎င်းတို့သည် ဤရည်မှန်းချက်ကို စွမ်းဆောင်ရရှိရန် ရိုးရှင်းသည့် နည်းလမ်းတစ်ခုကို ရှာတွေ့ လိုသည်ဟု ပြောကြသည်၊ သို့ရာတွင် ထိုသို့သောနည်းလမ်းကို သင်တို့ စဉ်းစားနိုင်သလော။ သင့်ကို ငါပြော၏၊ စဉ်းစားရန်မလိုပေ- အခြားနည်းလမ်းများမရှိပေ။ တစ်ခုတည်းသော နည်းလမ်းမှာ သူဖော်ပြသည့် နှုတ်ကပတ်တော်တိုင်းနှင့် သူလုပ်ဆောင်သည့် အရာရာတိုင်း မှတစ်ဆင့် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို သေသေချာချာ စဉ်းစားချင့်ချိန်စွာနှင့် တည်ကြည်ခိုင်မာစွာ သိရှိပြီး မှန်ကန်ကြောင်း အတည်ပြုရန် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို သိရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်၏အရာအားလုံးနှင့် ဖြစ်ခြင်းနှင့် ဘုရားသခင်၏ အရာရာတိုင်းသည် ပေါ့တန်ပြီး အနှစ်မဲ့သောအရာမဟုတ်ဘဲ၊ စစ်မှန်သောကြောင့် ဖြစ်သည်။

အရာခပ်သိမ်းနှင့် သက်ရှိသတ္တဝါအားလုံးအပေါ် ဖန်ဆင်းရှင်၏ ထိန်းချုပ်ခြင်းနှင့် အုပ်စိုးခြင်းအချက်က ဖန်ဆင်းရှင်၏ သြဇာအာဏာ ၏ စစ်မှန်သော တည်ရှိမှုအကြောင်းကို ပြောဆိုသည်

ထိုနည်းတူစွာ ယောဘနှင့်ဆိုင်သည့် ယေဟောဝါ၏ ကောင်းချီးမင်္ဂလာကို ယောဘဝတ္ထုတွင် မှတ်တမ်းတင်ထားသည်။ ဘုရားသခင်က ယောဘကို အဘယ်အရာ ချပေးသနားခဲ့သနည်း။ “ထိုသို့ ယေဟောဝါသည် ယောဘ၏ နောက်ပိုင်းအဆုံးသတ်ကို သူ၏အစပိုင်းထက်သာ၍ ကောင်းကြီးပေးတော်မူသဖြင့်၊ သူသည် သိုးတစ်သောင်းလေးထောင်၊ ကုလားအုတ်ခြောက်ထောင်၊ နွားရှဉ်း တစ်ထောင်နှင့် မြည်းမတစ်ထောင်တို့ကို ရခဲ့လေသည်။” (ယောဘ ဝတ္ထု ၄၂:၁၂) လူသား၏ အမြင်ရှုထောင့်မှ၊ ယောဘကို ပေးခဲ့သည့် ဤအရာများသည် မည်သည့်အရာများ ဖြစ်သနည်း။ ၎င်းတို့သည် လူသား၏ ဥစ္စာပစ္စည်များ ဖြစ်ခဲ့သလော။ ဤဥစ္စာပစ္စည်းများဖြင့်၊ ယောဘသည် ထိုခေတ်တွင် အလွန်ချမ်းသာကြွယ်ဝခဲ့မည် မဟုတ်လော။ သို့ဆိုလျှင် ထိုသို့သော ဥစ္စာပစ္စည်းများကို သူ မည်သို့ရရှိခဲ့သနည်း။ သူ၏ ကြွယ်ဝချမ်းသာမှုကို မည်သည့်အရာက ဖြစ်စေခဲ့သနည်း။ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကြောင့် ထိုအရာများကို ယောဘပိုင်ဆိုင်လာခဲ့သည်မှာ သိသာထင်ရှား ပေသည်။ ယောဘက ဤဥစ္စာပစ္စည်းများကို မည်သို့မြင်ပြီး၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို သူမည်သို့ သဘောထားခဲ့သည် ဆိုသည်မှာ ဤတွင် ငါတို့ ဆွေးနွေးမည့်အရာတစ်ခု မဟုတ်ပေ။ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများနှင့်ပတ်သက်လာသည့်အခါ၊ လူအားလုံးသည် ဘုရားသခင်၏ ကောင်းချီးပေးခြင်းခံရရန် နေ့ရောညပါ တမ်းတကြသော်လည်း၊ လူသားသည် သူ၏ တစ်သက်တာအတွင်းတွင် ပစ္စည်းဥစ္စာမည်မျှ ရရှိနိုင်သည် ဆိုသည့်အပေါ် သို့မဟုတ် ဘုရားသခင်ထံမှ ကောင်းချီးမင်္ဂလာများ သူ ရရှိနိုင်ခြင်း ရှိမရှိဆိုသည့်အပေါ် ထိန်းချုပ်မှု မရှိပေ— ဤသည်မှာ ငြင်းပယ်၍မရသည့် အချက်ဖြစ်သည်။ ဘုရားသခင်သည် လူသားအပေါ် မည်သည့် ဥစ္စာပစ္စည်းကိုမဆို အပ်နှင်းရန်၊ မည်သည့် ကောင်းချီးပေးခြင်းကိုမဆို လူသားအား ရရှိခွင့်ပေးရန် တန်ခိုးနှင့် သြဇာအာဏာတို့ရှိသော်လည်း၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများအဖို့ အခြေခံသဘောတရားတစ်ခု ရှိလေသည်။ ဘုရားသခင်သည် မည်သည့်လူစားမျိုးကို ကောင်းချီးပေးသနည်း။ ဟုတ်ပေ၏၊ သူနှစ်သက်သည့် လူများကို သူ ကောင်းချီးပေး၏။ အာဗြဟံနှင့် ယောဘတို့ နှစ်ဦးလုံးသည် ဘုရားသခင်၏ ကောင်းချီးပေးခြင်း ခံခဲ့ကြရသည်၊ သို့ရာတွင် ၎င်းတို့ရရှိခဲ့သည့် ကောင်းချီးမင်္ဂလားများက မတူညီခဲ့ပေ။ ဘုရားသခင်က အာဗြဟံကို သဲများနှင့် ကြယ်များကဲ့သို့များပြားသည့် သားစဉ်မြေးဆက်များနှင့် ကောင်းချီးပေးခဲ့သည်။ ဘုရားသခင်က အာဗြဟံကို ကောင်းချီး ပေးခဲ့ချိန်တွင်၊ လူတစ်ဦး၏ သားစဉ်မြေးဆက်များနှင့် လူမျိုးတစ်မျိုးကို အင်အားကြီးမားပြီး ကြွယ်ဝလာစေခဲ့သည်။ ဤတွင် အရာခပ်သိမ်းနှင့် သက်ရှိသတ္တဝါများထဲတွင် ဘုရားသခင်၏ ဇီဝအသက်ကို ရှူသွင်းခဲ့သည့် လူသားမျိုးနွယ်ကို ဘုရားသခင်၏ သြဇာအာဏာက အုပ်စိုးခဲ့သည်။ ဘုရားသခင်၏ သြဇာအာဏာ၏ အချုပ်အခြာအာဏာအောက်တွင် ဤလူသားမျိုးနွယ်သည် ဘုရားသခင် ဆုံးဖြတ်ထားသည့် အမြန်နှုန်းနှင့် ဘုရားသခင် သတ်မှတ်ထားသည့် နယ်ပယ်အတွင်းတွင် မျိုးပွားပြီး တည်ရှိခဲ့ကြသည်။ အထူးသဖြင့် ဤလူမျိုး၏ အလားအလာ ကောင်းခြင်း၊ တိုးချဲ့သည့်နှုန်းနှင့် သက်တမ်းအားလုံးသည် ဘုရားသခင်၏ စီစဉ်မှုများ၏ အစိတ်အပိုင်းဖြစ်ပြီး ဤအရာအားလုံး၏ အခြေခံ သဘောတရားမှာ ဘုရားသခင်က အာဗြဟံထံ ပြုခဲ့သည့် ကတိအပေါ်တွင် လုံးလုံးလျားလျား အခြေခံထားသည်။ ဆိုလိုသည်မှာ အခြေအနေများကို ပဓာနမထားဘဲ၊ ဘုရားသခင်၏ ကတိများသည် ဘုရားသခင်၏ သြဇာအာဏာ၏ စောင်မမှုအောက်တွင် အတားအဆီးမရှိဘဲ ရှေ့ဆက်ကာ အမှန်တကယ်ဖြစ်ပေါ်လာမည် ဖြစ်သည်။ အာဗြဟံကို ဘုရားသခင်ပြုခဲ့သည့် ကတိတွင် ကမ္ဘာလောက၏ ကသောင်းကနင်း ဖြစ်မှုများကို ပဓာနမထားဘဲ၊ ခေတ်ကို ပဓာနမထားဘဲ၊ လူသားမျိုးနွယ်က ကြံ့ကြံ့ခံခဲ့ရသည့် ကပ်ဘေးများကို ပဓာန မထားဘဲ၊ အာဗြဟံ၏ သားစဉ်မြေးဆက်များသည် ပျက်သုဉ်းမှု အန္တရာယ်ကို ရင်ဆိုင်ရမည်မဟုတ်သကဲ့သို့၊ ၎င်းတို့၏ လူမျိုးသည် မျိုးတုံးသွားမည် မဟုတ်ပေ။ သို့ရာတွင် ယောဘနှင့်ဆိုင်သည့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာသည် သူ့ကို အလွန့်အလွန် ချမ်းသာကြွယ်ဝစေခဲ့သည်။ ဘုရားသခင် သူ့ကို ပေးခဲ့သည့်အရာမှာ သက်ရှိများ၊ အသက်ရှူနေကြသည့် သတ္တဝါများဖြစ်ကာ- ၎င်းတို့၏ အရေအတွက်၊ ၎င်းတို့၏ မျိုးပွားမှုနှုန်း၊ ရှင်သန်ရပ်တည်နိုင်သည့် နှုန်း၊ ၎င်းတို့ကိုယ်ခန္ဓာပေါ်ရှိ အဆီပမာဏ၊ စသည့် အချက်အလက်တို့ကိုလည်း- ဘုရားသခင် ထိန်းချုပ်ခဲ့လေသည်။ ဤသက်ရှိ သတ္တဝါများသည် စကားပြောနိုင်စွမ်း မပိုင်ဆိုင်ကြ သော်လည်း၊ ၎င်းတို့သည်လည်း ဖန်ဆင်းရှင်၏ စီစဉ်မှုများနှင့် သက်ဆိုင်ပြီး၊ ၎င်းတို့အတွက် ဘုရားသခင်၏ အစီအစဉ်များ နောက်ကွယ်မှ အခြေခံသဘောတရားကို ယောဘထံ ဘုရားသခင် ကတိပေးခဲ့သည့် ကောင်းချီးမင်္ဂလာများအရ ပြုလုပ်ထားပေသည်။ အာဗြဟံနှင့် ယောဘကို ဘုရားသခင်ပေးခဲ့သည့် ကောင်းချီးမင်္ဂလာများထဲတွင် ကတိပေးခဲ့သည့်အရာများက မတူညီသော်လည်း၊ အရာခပ်သိမ်းနှင့် သက်ရှိသတ္တဝါများကို ဖန်ဆင်းရှင် အုပ်စိုးသည့် သြဇာအာဏာက တူညီပေသည်။ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုး၏ အသေးစိတ်တိုင်းသည် အာဗြဟံနှင့်ယောဘထံ ပေးခဲ့သည့် သူ၏ မတူညီသည့် ကတိများနှင့် ကောင်းချီးမင်္ဂလာများတွင် ဖော်ပြထားပြီး၊ ဘုရားသခင်၏ သြဇာအာဏာသည် လူသား၏ စိတ်ကူးနိုင်စွမ်းအား အလွန်ကျော်လွန်သည်ကို လူသားမျိုးနွယ်ကို နောက်တစ်ဖန် ပြသလေသည်။ ဤအသေးစိတ် အချက်အလက်များက လူသားအနေဖြင့် ဘုရားသခင်၏ သြဇာအာဏာကို သိရှိလိုပါက၊ ဤအရာကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့်၊ ပြီးလျှင် ဘုရားသခင်၏ အမှုကို တွေ့ကြုံခြင်းမှတစ်ဆင့်သာ စွမ်းဆောင်ရရှိနိုင်သည်ကို လူသားမျိုးနွယ်အား နောက်တစ်ကြိမ် ပြောပြပေသည်။

အရာခပ်သိမ်းအပေါ် အချုပ်အခြာနှင့်ဆိုင်သည့် ဘုရားသခင်၏ သြဇာအာဏာသည် လူသားတို့ကို အချက်တစ်ချက်အား မြင်ခွင့်ပေးသည်- “တဖန်ဘုရားသခင်က အလင်းဖြစ်စေဟု အမိန့်တော်ရှိ၍ အလင်းဖြစ်လေ၏။ မိုဃ်းမျက်နှာကြက်ဖြစ်စေဟု အမိန့်တော်ရှိ၍ မိုဃ်းမျက်နှာကြက်ဖြစ်စေ၏။ ကုန်းပေါ်စေဟု အမိန့်တော်ရှိသည်အတိုင်း ကုန်းပေါ်လာလေ၏။” ဟူသည့် နှုတ်ကပတ်တော်များထဲတွင် ဘုရားသခင်၏ သြဇာအာဏာ သရုပ်ထင်သည်သာမက၊ ထို့အပြင် အလင်းကို ဆက်လက်ဖြစ်ပေါ်ရန် သူပြုလုပ်ခဲ့ပုံ၊ မိုးမျက်နှာကြက်ကို ပျောက်ကွယ်မသွားအောင် သူတားဆီးကာကွယ်ခဲ့ပုံနှင့် ကုန်းမြေကို ရေနှင့် ထာဝရကွဲနေအောင် ထိန်းသိမ်းခဲ့ပုံအပြင်၊ သူဖန်ဆင်းခဲ့သည့် အရာများဖြစ်သည့် အလင်း၊ မိုးမျက်နှာကြက်၊ ကုန်းမြေတို့ကို သူအုပ်စိုးပြီး စီမံခန့်ခွဲပုံ အသေးစိတ်တို့တွင်လည်း ဘုရားသခင်၏ ဩဇာအာဏာ သရုပ်ထင်နေပေသည်။ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာတွင် အခြားမည်သည့်အရာကို သင်တို့ မြင်သနည်း။ သိသာထင်ရှားစွာပင်၊ ဘုရားသခင်သည် အာဗြဟံနှင့်ယောဘတို့ကို ကောင်းချီးပေးပြီးနောက်၊ သူ၏ သြဇာအာဏာကို အသုံးချရန် စတင်ရုံသာရှိသေး သည့်အတွက်၊ ဘုရားသခင်၏ ခြေလှမ်းများ မရပ်တန့်ခဲ့သကဲ့သို့၊ သူ၏ နှုတ်ကပတ်တော်တစ်လုံးစီတိုင်းကို လက်တွေ့အရှိတရား ဖြစ်စေရန်နှင့် သူပြောခဲ့သမျှ အသေးစိတ်တစ်လုံးချင်းစီတိုင်းကို အမှန်တကယ်ဖြစ်လာစေရန် သူရည်ရွယ်ခဲ့သည်၊ ထို့ကြောင့် လာမည့်နှစ်များတွင်၊ သူသည် သူရည်ရွယ်ထားသည့် အရာတိုင်းကို ဆက်လက် လုပ်ဆောင်နေခဲ့ပေသည်။ ဘုရားသခင်သည် သြဇာအာဏာ ရှိသောကြောင့်၊ လူသားအဖို့ ဘုရားသခင်က စကားပြောရန်သာလိုအပ်ပြီး၊ အားစိုက်မထုတ်ရဘဲ ကိစ္စရပ်များနှင့် အမှုအရာများအားလုံး ပြီးမြောက်သည်ဟု ထင်ရကောင်း ထင်ရနိုင်ပေသည်။ ထိုသို့သော စိတ်ကူးမှုများသည် အတော်အတန် အဓိပ္ပာယ်မရှိပေ။ နှုတ်ကပတ်တော်အသုံးပြုလျက် လူသားနှင့် ဘုရားသခင်၏ ပဋိညာဉ်ကို ထူထောင်ခြင်းနှင့် နှုတ်ကပတ်တော်များကို အသုံးပြုလျက် အရာရာတိုင်းကို ဘုရားသခင်၏ ပြီးမြောက်စေခြင်းတို့၏ တစ်ဖက်သတ်အမြင်ကိုသာ သင်သည် ယူပြီး၊ ဘုရားသခင်၏ သြဇာအာဏာက အရာခပ်သိမ်း၏ တည်ရှိခြင်းအပေါ် အုပ်စိုးမှု စွဲကိုင်ထားသည်ဟူသော သင်္ကေတနှင့် အချက်အလက် အမျိုးမျိုးတို့ကို မြင်နိုင်စွမ်းမရှိပါက၊ ဘုရားသခင်၏ သြဇာအာဏာနှင့်ဆိုင်သည့် သင်၏သိနားလည်မှုသည် အလွန် ပေါ့ပြက်ပြီး အဓိပ္ပာယ် မရှိပေ။ အကယ်၍ လူသားသည် ဘုရားသခင်ကို ထိုသို့ စိတ်ကူးပါက၊ ဘုရားသခင်နှင့်ဆိုင်သည့် လူသား၏ အသိသည် မျှော်လင့်ချက်ကင်းမဲ့သည့် အခြေအနေ့သို့ တွန်းပို့ခံရပြီးဖြစ်ကာ လမ်းဆုံးကို ရောက်ရှိပြီးဖြစ်သည်ဟု ပြောရပေမည်၊ အကြောင်းမှာ လူသား စိတ်ကူးသည့် ဘုရားသခင်သည် သြဇာအာဏာပိုင်ဆိုင်သည့် ဘုရားသခင်မဟုတ်၊ အမိန့်များကို ထုတ်ပြန်သည့် စက်တစ်ခုသာဖြစ်သောကြောင့် ဖြစ်သည်။ အာဗြဟံနှင့် ယောဘ၏ ပုံသက်သေများမှ သင်မည်သည့်အရာကို မြင်ပြီးပြီနည်း။ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုး၏ စစ်မှန်သည့်ဘက်ကို သင်မြင်ပြီးပြီလော။ အာဗြဟံနှင့် ယောဘကို ဘုရားသခင် ကောင်းချီးပေးပြီးသည့်နောက်တွင်၊ ဘုရားသခင်သည် သူရှိခဲ့ သည့်နေရာတွင် မနေခဲ့သကဲ့သို့၊ ရလဒ်က မည်သည့်အရာ ဖြစ်မည်ကို မြင်တွေ့ရန် စောင့်ဆိုင်းစဉ် သူ၏ စေတမန်များကို အလုပ် မလုပ်စေခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့်၊ ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်များကို မိန့်မြွက်ပြီးလျှင်ပြီးချင်း၊ ဘုရားသခင်၏ သြဇာအာဏာ၏ လမ်းပြမှုအောက်တွင် အရာအားလုံးသည် ဘုရားသခင် လုပ်ဆောင်ရန် ရည်ရွယ်ထားသည့် အမှုကို စတင်လိုက်နာကြပြီး၊ ဘုရားသခင်လိုအပ်သည့် ပြင်ဆင်ထားသည့် လူများ၊ အမှုအရာများနှင့် အရာဝတ္ထုများ ရှိခဲ့လေသည်။ ဆိုလိုသည်မှာ ဘုရားသခင်၏နှုတ်မှ နှုတ်ကပတ်တော်များ မိန့်မြွက်ခဲ့သည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင်၏ သြဇာအာဏာကို မြေတစ်ပြင်လုံးအနှံ့ စတင်အသုံးပြုခဲ့ပြီး၊ သူ ဆောင်ရွက်ရန် စီစဉ်ထားသည့် ခြေလှမ်းတိုင်းနှင့် အဓိကအဆင့်အသီးသီး လိုအပ်သည့်အရာ အားလုံးအတွက် သင့်တော်သည့် အစီအစဉ်နှင့် ပြင်ဆင်မှုများကို ပြုလုပ်နေစဉ်တွင်လည်း၊ အာဗြဟံနှင့် ယောဘထံ သူပြုခဲ့သည့် ကတိများကို ပြီးမြောက်ကာ ပြည့်စုံစေရန် လမ်းကြောင်းတစ်ခုကို သူပြင်ဆင်ခဲ့သည်။ ဤအချိန် အတောအတွင်းတွင်၊ ဘုရားသခင်သည် သူ၏ စေတမန်များကို စေခိုင်းခဲ့ရုံသာမက၊ သူဖန်ဆင်းခဲ့သည့် အရာအားလုံးကိုပါ စေခိုင်းခဲ့သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ သြဇာအာဏာကို အသုံးပြုခဲ့သည့် နယ်ပယ် အတွင်းတွင် စေတမန်များသာ ပါဝင်သည်မဟုတ်ဘဲ၊ သူ ပြီးမြောက်ရန် ရည်ရွယ်ထားသည့် အမှုကို လိုက်နာရန်အလို့ငှာ စေခိုင်းခြင်းခံခဲ့ရသည့် ဖန်ဆင်းခြင်းထဲက အရာအားလုံးပါ ပါဝင်ခဲ့သည်။ ဤအရာတို့သည် ဘုရားသခင်၏ သြဇာအာဏာကို အသုံးပြုခဲ့သည့် အတိအကျပုံစံများဖြစ်သည်။ သင်တို့၏ စိတ်ကူးများတွင်၊ အချို့က ဘုရားသခင်၏ သြဇာအာဏာနှင့် ဆိုင်သည့် အောက်ပါသိနားလည်မှု ရှိကောင်း ရှိနိုင်သည်- ဘုရားသခင်က သြဇာအာဏာရှိပြီး၊ ဘုရားသခင်က တန်ခိုးရှိသည်၊ ထို့ကြောင့် ဘုရားသခင်သည် တတိယ ကောင်းကင်တွင် သို့မဟုတ် သတ်မှတ်ထားသည့် နေရာတွင် ရှိနေရန်သာ လိုအပ်ပြီး၊ မည်သည့် သီးသန့်အမှုမျှ လုပ်ဆောင်ဖို့မလိုအပ်သကဲ့သို့၊ ဘုရားသခင်၏ အမှုအလုံးစုံသည် သူ၏အတွေးများထဲ၌ ပြီးပြည့်စုံပေသည်။ အချို့ကလည်း ဘုရားသခင်က အာဗြဟံကို ကောင်းချီး ပေးခဲ့သော်လည်း၊ ဘုရားသခင်က မည်သည့်အရာကိုမျှ လုပ်ဆောင်ရန် မလိုအပ်ခဲ့သကဲ့သို့၊ သူ၏နှုတ်ကပတ်တော်များကို ပြောရုံမျှသည် သူ့အတွက် လုံလောက်သည်ဟုလည်း ယုံကြည်ကောင်း ယုံကြည်နိုင်သည်။ ဤသည်မှာ အမှန်တကယ် ဖြစ်ပျက်ပါသလော။ လုံးဝကို မဟုတ်ပေ။ ဘုရားသခင်က သြဇာအာဏာနှင့် တန်ခိုးကို ပိုင်ဆိုင်သော်လည်း၊ သူ၏သြဇာအာဏာသည် အနှစ်မမဲ့ဘဲ၊ မှန်ကန်ပြီး စစ်မှန်သည်။ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုး၏ စစ်မှန်မှုနှင့် လက်တွေ့အရှိတရားသည် သူ၏ အရာခပ်သိမ်းကို ဖန်ဆင်းခြင်း၊ အရာခပ်သိမ်းကို သူ၏ ထိန်းချုပ်ခြင်းနှင့် လူသားမျိုးနွယ်ကို သူဦးဆောင်ပြီး စီမံခန့်ခွဲသည့်ဖြစ်စဉ်တွင် တဖြည်းဖြည်း ထုတ်ဖော်ပြပြီး သရုပ်ထင်လေသည်။ လူသားမျိုးနွယ်နှင့် အရာအားလုံးအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာ၏ နည်းလမ်းတိုင်း၊ ရှုထောင့်တိုင်း၊ အသေးစိတ်အချက်အလက်တိုင်းနှင့် သူပြီးမြောက်ပြီးဖြစ်သည့် အမှုအားလုံးအပြင်၊ အရာအားလုံးအပေါ် သူ၏သိနားလည်ခြင်း- ဤအရာများအားလုံးသည် ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးတို့သည် အနှစ်မဲ့သည့် စကားလုံးများ မဟုတ်သည်ကို အကယ်ပင် သက်သေပြပေသည်။ သူ၏ သြဇာအာဏာနှင့် တန်ခိုးတို့သည် ပြသခြင်းခံရပြီး စဉ်ဆက်မပြတ် ထုတ်ဖော်ပြထားကာ အရာခပ်သိမ်းတွင် ရှိလေသည်။ သူသည် သူ၏အမှုကို ဆက်လက်လုပ်ဆောင်ရန်၊ အရာအားလုံးကို အမိန့်ပေးရန်နှင့် အချိန်တိုင်းတွင် အရာအားလုံးကို အုပ်စိုးရန်၊ သူ၏ သြဇာအာဏာနှင့် တန်ခိုးကို အသုံးပြုနေသည့်အတွက်၊ ဤသရုပ်သကန်များနှင့် ဖွင့်ပြခြင်းများသည် ဘုရားသခင်၏ သြဇာအာဏာ၏ စစ်မှန်သော တည်ရှိမှုအကြောင်းကို ပြောဆိုလေသည်။ သူ၏တန်ခိုးနှင့် သြဇာအာဏာတို့ကို ကောင်းကင်တမန်များက အစားထိုး၍ မရနိုင်သကဲ့သို့၊ ဘုရားသခင်၏ စေတမန်များကလည်း အစားထိုး၍ မရနိုင်ပေ။ အာဗြဟံနှင့် ယောဘတို့အပေါ် မည်သည့်ကောင်းချီးမင်္ဂလာများ သူ အပ်နှင်းမည်ကို ဘုရားသခင်ဆုံးဖြတ်ခဲ့သည်- ယင်းမှာ ဘုရားသခင် ဆုံးဖြတ်ရမည့်အရာ ဖြစ်သည်။ ဘုရားသခင်၏ စေတမန်များသည် အာဗြဟံနှင့် ယောဘထံ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခဲ့ကြသော်လည်း၊ ၎င်းတို့၏ လုပ်ဆောင်ချက်များသည် ဘုရားသခင်၏ ပညတ်ချက်များပေါ် အခြေခံခဲ့ပြီး၊ ၎င်းတို့၏ လုပ်ဆောင်ချက်များကို ဘုရားသခင်၏ သြဇာအာဏာအောက်တွင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကာ၊ ထိုနည်းတူ စေတမန်များသည် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် ရှိခဲ့ကြပေသည်။ ဘုရားသခင်၏ စေတမန်များက အာဗြဟံထံသို့ လည်ပတ်ကြသည်ကို လူက မြင်ရပြီး၊ သမ္မာကျမ်းစာ၏ မှတ်တမ်းများတွင် ယေဟောဝါ ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ တစ်ခုတစ်လေ လုပ်ဆောင်ခဲ့သည်ကို မျက်မြင်မကြုံတွေ့ ရသော်လည်း၊ အမှန်တွင်၊ တန်ခိုးနှင့် သြဇာအာဏာကို အမှန်တကယ် အသုံးပြုသူမှာ ဘုရားသခင် ကိုယ်တိုင်ဖြစ်ပြီး ဤအရာကို မည်သည့်လူကမျှ သံသယထားခွင့်မရှိပေ။ သင်သည် ကောင်းကင်တမန်များနှင့် စေတမန်များက ကြီးမားသည့် တန်ခိုးကို ပိုင်ဆိုင်ပြီး နိမိတ်လက္ခဏာများကို ပြုဖူးသည်ကို သို့မဟုတ် ဘုရားသခင် တာဝန်ပေးစေခိုင်းသည့် အရာတစ်ချို့ ၎င်းတို့ လုပ်ဆောင်ဖူးသည်ကို သင်မြင်ဖူးသော်လည်း၊ ၎င်းတို့၏ လုပ်ဆောင်ချက်များသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးပြည့်စုံစေရန်အတွက်မျှ ဖြစ်ပြီး၊ ဘုရားသခင်၏ သြဇာအာဏာကို ပြသခြင်း လုံးဝ မဟုတ်ပေ- အကြောင်းမှာ မည်သည့်လူသား သို့မဟုတ် အရာဝတ္ထုမျှ အရာအားလုံးကို ဖန်ဆင်းပြီး အရာအားလုံးကိုအုပ်စိုးရန် ဖန်ဆင်းရှင်၏ သြဇာအာဏာ မရှိသည့်အတွက် သို့မဟုတ် မပိုင်ဆိုင်သည့်အတွက် ဖြစ်သည်။ ထို့ကြောင့် မည်သည့်လူသား သို့မဟုတ် အရာဝတ္ထုကမျှ ဖန်ဆင်းရှင်၏ သြဇာအာဏာကို အသုံးမပြုနိုင်ပေ သို့မဟုတ် ဖော်ထုတ်ပြသခြင်း မပြုနိုင်ပေ။

ဖန်ဆင်းရှင်၏ သြဇာအာဏာသည် မပြောင်းလဲနိုင်သကဲ့သို့ ပုန်ကန်ပြစ်မှား၍မရနိုင်ပေ

ကျမ်းစာ၏ ဤအပိုင်းသုံးပိုင်းတွင် သင်တို့ အဘယ်အရာကို မြင်ရပြီနည်း။ ဘုရားသခင်က သူ၏သြဇာအာဏာကို အသုံးပြုသည့် အခြေခံသဘောတရားတစ်ခုရှိသည်ကို သင်တို့မြင်ပြီလော။ ဥပမာအားဖြင့်၊ ဘုရားသခင်သည် လူသားနှင့်အတူ ပဋိညာဉ်တစ်ခု ထူထောင်ရန် သက်တံတစ်ခုကို အသုံးပြုခဲ့သည်- ကမ္ဘာလောကကိုဖျက်ဆီးရန် ရေလွှမ်းမိုးခြင်းကို မည်သည့်အခါမျှ တစ်ဖန် သူ အသုံးပြုတော့မည် မဟုတ်သည်ကို လူသားအား ပြောပြရန် တိမ်ထဲတွင် သက်တံကို သူ ထားရှိခဲ့သည်။ ယနေ့ လူတို့ မြင်ရသည့် သက်တံသည် ဘုရားသခင်၏နှုတ်မှ ပြောခဲ့သည့် သက်တံနှင့် တူညီဆဲဖြစ်ပါသလော။ ယင်းသက်တံ၏ သဘောဝနှင့် အဓိပ္ပာယ်သည် ပြောင်းလဲပြီးပြီလော။ ပြောင်းလဲမသွားသည်မှာ ယုံမှားဖွယ်ရာ မရှိပေ။ ဘုရားသခင်သည် ဤလုပ်ဆောင်ချက်များကို ဆောင်ရွက်ရန် သူ၏သြဇာအာဏာကို အသုံးပြုခဲ့ပြီး လူသားနှင့် သူထူထောင်ခဲ့သည့် ပဋိညာဉ်သည် ယနေ့အထိ ဆက်လက်တည်ရှိနေပြီး ဤပဋိညာဉ်ပြောင်းလဲမည့်အချိန်က ဘုရားသခင် ဆုံးဖြတ်ချက် အတိုင်း ဖြစ်မည်မှာ အမှန်ဖြစ်သည်။ ဘုရားသခင်က “ငါ၏ သက်တံကို မိုဃ်းတိမ်၌ ငါထား၏။” ဟုဆိုပြီးနောက်တွင်၊ ဘုရားသခင်သည် ယနေ့ထက်ထိ ဤပဋိညာဉ်ကို အမြဲ လိုက်နာခဲ့သည်။ ဤအရာတွင် အဘယ်အရာကို သင်တွေ့မြင်သနည်း။ ဘုရားသခင်သည် သြဇာအာဏာနှင့် တန်ခိုးကို ပိုင်ဆိုင်သော်လည်း၊ သူသည် သူ၏လုပ်ဆောင်မှုများ၌ အလွန် တင်းကျပ်ပြီး စည်းကမ်းရှိကာ သူ၏ကတိကို တည်လေသည်။ သူ၏ တင်းကျပ်မှုနှင့် သူ၏ လုပ်ဆောင်ချက်များ၏ အခြေခံသဘောတရားများက ဖန်ဆင်းရှင်၏ ပုန်ကန်ပြစ်မှား၍ မရခြင်းနှင့် ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့်ဆိုင်သည့် ကျော်လွန်၍မရခြင်းကို ပြသသည်။ သူသည် အထွတ်အထိပ် သြဇာအာဏာကို ပိုင်ဆိုင်ထားပြီး အရာအားလုံးသည် သူ၏အုပ်စိုးမှုအောက်တွင်ရှိသော်လည်း၊ ပြီးလျှင် သူသည် အရာအားလုံးကို အုပ်စိုးရန် တန်ခိုးရှိသော်လည်း၊ ဘုရားသခင်သည် မည်သည့်အခါတွင်မျှ သူကိုယ်တိုင်၏ အစီအစဉ်ကို ထိခိုက်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း မပြုဖူးသကဲ့သို့၊ သူ၏သြဇာအာဏာကို အသုံးပြုသည့် အချိန်တိုင်းတွင်၊ ယင်းသည် သူ၏ ကိုယ်ပိုင် အခြေခံသဘောတရားများနှင့် အတိအကျ ကိုက်ညီပြီး သူ့နှုတ်မှ ပြောဆိုထားခဲ့သည့်အရာနောက် အတိအကျ လိုက်ကာ သူ၏ အစီအစဉ်နှင့်သက်ဆိုင်သည့် အဆင့်များနှင့် ရည်မှန်းချက်များနောက် လိုက်လေသည်။ ဘုရားသခင်အုပ်စိုးသည့် အရာခပ်သိမ်းသည်လည်း ဘုရားသခင်၏ သြဇာအာဏာကို အသုံးပြုထားသည့် အခြေခံသဘောတရားများကို လိုက်နာကြပြီး မည်သည့်လူ သို့မဟုတ် မည်သည့်အရာကမျှ သူ၏ သြဇာအာဏာ၏ အစီအစဉ်များမှ မလွတ်ကင်းသကဲ့သို့၊ သူ၏သြဇာအာဏာ အသုံးပြုထားသည့် အခြေခံသဘောတရားများကို ၎င်းတို့ မပြောင်းလဲနိုင်သည်ကို ပြောစရာမလိုပေ။ ဘုရားသခင်၏ အမြင်တွင်၊ ကောင်းချီးခံစားရသည့်သူများသည် သူ၏ သြဇာအာဏာက ဖြစ်ပေါ်စေသည့် ကောင်းမွန်သည့် အခွင့်အလမ်းများကို ရရှိကြပြီး ကျိန်ဆဲခံရသူများမှာ ဘုရားသခင်၏ သြဇာအာဏာကြောင့် ၎င်းတို့၏ အပြစ်ပေးခြင်းကို ရရှိကြပေသည်။ ဘုရားသခင်၏ သြဇာအာဏာနှင့်ဆိုင်သည့် အချုပ်အခြာအာဏာ အောက်တွင်၊ မည်သည့်လူ သို့မဟုတ် မည်သည့်အရာမျှသည် သူ၏သြဇာအာဏာ အသုံးပြုခြင်းမှ မကင်းလွတ်သကဲ့သို့၊ သူ့သြဇာအာဏာကို အသုံးပြုထားသည့် အခြေခံ သဘောတရားများကိုလည်း မပြောင်းလဲနိုင်ပေ။ ဖန်ဆင်းရှင်၏ သြဇာအာဏာသည် အကြောင်းရင်းတစ်ခုတစ်လေ၌ ပြောင်းလဲခြင်းအားဖြင့် မပြောင်းလဲနိုင်ပေ၊ အလားတူစွာ၊ သူ၏ သြဇာအာဏာကို အသုံးပြုသည့် အခြေခံသဘောတရားများသည် မည်သည့်အကြောင်းရင်းအတွက်မျှ မပြောင်းလဲပေ။ မိုးကောင်းကင်နှင့် မြေကြီးသည် ကြီးစွာသော ကသောင်းကနင်း ဖြစ်မှုများကို ကြုံရနိုင်သော်လည်း၊ ဖန်ဆင်းရှင်၏ သြဇာအာဏာသည် ပြောင်းလဲလိမ့်မည်မဟုတ်ပေ။ အရာအားလုံး ဆိတ်သုဉ်းပျောက်ကွယ်သွားနိုင်သော်လည်း၊ ဖန်ဆင်းရှင်၏ သြဇာအာဏာသည် မည်သည့်အခါမျှ ပျောက်ကွယ်သွားမည် မဟုတ်။ ဤသည်မှာ ဖန်ဆင်းရှင်၏ မပြောင်းလဲနိုင်သကဲ့သို့ ပုန်ကန်ပြစ်မှား၍မရနိုင်သည့် သြဇာအာဏာ၏ အနှစ်သာရဖြစ်ပြီး ဖန်ဆင်းရှင်၏ တကယ့် အတုမရှိခြင်း ဖြစ်ပေသည်။

အောက်ပါနှုတ်ကပတ်တော်များသည် ဘုရားသခင်၏ သြဇာအာဏာကို သိရေးအတွက် မရှိမဖြစ်ဖြစ်ပြီး ၎င်းတို့၏ အဓိပ္ပာယ်ကို အောက်တွင်ရှိသည့် မိတ်သဟာယပြုလုပ်ခြင်းတွင် ဖော်ပြထားသည်။ ကျမ်းစာကို ဆက်ဖတ်ကြစို့။

၄။ စာတန်အတွက် ဘုရားသခင်၏အမိန့်

ယောဘ ၂:၆ ထိုအခါ ယေဟောဝါက စာတန်အား၊ သူသည် သင့်လက်ထဲ၌ ရှိ၏၊ သို့ရာတွင် သူ၏အသက်ကို ချန်ထားလော့ဟု မိန့်တော်မူ၏။

စာတန်သည် ဖန်ဆင်းရှင်၏ သြဇာအာဏာကို မည်သည့်အခါမျှ မကျော်လွန်ဝံ့ပေ၊ ဤအတွက်ကြောင့် အရာအားလုံးသည် စနစ်တကျ အသက်ရှင်နေထိုင်ကြသည်

ဤသည်မှာ ယောဘဝတ္ထုမှ ကောက်နုတ်ချက်ဖြစ်သည်။ ဤနှုတ်ကပတ်တော်များထဲရှိ “သူသည်” ဆိုသည်မှာ ယောဘကို ရည်ညွှန်းသည်။ ဤစာကြောင်းသည် တိုတောင်းသော်လည်း အကြောင်းအရာများစွာကို ရှင်းလင်းစေသည်။ ယင်းက ဝိညာဉ်လောကတွင် ဘုရားသခင်နှင့် စာတန်ကြားက ခွန်းတုံ့ဖလှယ်မှုတစ်ခုကို ဖော်ပြပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဦးတည်ပြောနေသူမှာ စာတန်ဖြစ်သည်ဆိုသည်ကို ပြော၏။ ဘုရားသခင်က သေသေချာချာပြောခဲ့သည့်အရာကိုလည်း မှတ်တမ်းတင်ထားသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့က စာတန်အတွက် အမိန့်နှင့် ခိုင်းစေချက် ဖြစ်သည်။ ဤအမိန့်၏ အသေးစိတ်အချက်အလက်က ယောဘ၏အသက်ကို ချမ်းသာပေးရန်အပြင် ယောဘအပေါ်တွင် စာတန်၏ပြုမူပုံနှင့်ပတ်သက်ပြီး ဘုရားသခင်သတ်မှတ်ထားသည့် စည်းတို့နှင့် ဆက်နွှယ်သည်။ စာတန်က ယောဘ၏အသက်ကို ချမ်းသာပေးရပေမည်။ ဤဝါကျမှ သင်ယူလေ့လာရသည့် ပထမဆုံးအရာက ဤနှုတ်ကပတ်တော်များသည် ဘုရားသခင်က စာတန်ကိုပြောသည့် နှုတ်ကပတ်တော်များဖြစ်ကြောင်းပင် ဖြစ်၏။ ယောဘဝတ္ထု၏ မူရင်းစာသားများအရ ထိုဝါကျက ဤကဲ့သို့သော နှုတ်ကပတ်တော်များ၏ နောက်ခံအား ငါတို့ကိုပြောပြသည်။ စာတန်က ယောဘကို စွပ်စွဲချင်ခဲ့၏။ ထို့ကြောင့် စာတန်က သူ့ကို သွေးမဆောင်မီတွင် ဘုရားသခင်၏ သဘောတူညီမှုကို ရရန်လိုခဲ့သည်။ ယောဘကို သွေးဆောင်ရန် စာတန်၏တောင်းဆိုမှုကို ခွင့်ပြုရာတွင် ဘုရားသခင်က စာတန်အတွက် ဤစည်းကမ်းချက်ကို ပြဋ္ဌာန်းခဲ့သည်- “ယောဘသည် သင့်လက်ထဲ၌ ရှိ၏၊ သို့ရာတွင် သူ၏ အသက်ကို ချန်ထားလော့။” ဤနှုတ်ကပတ်တော်များ၏ သဘာဝက အဘယ်အရာနည်း။ ယင်းတို့က ခိုင်းစေချက်တစ်ခု၊ အမိန့်တစ်ခု ဖြစ်သည်ဆိုခြင်းမှာ ရှင်း၏။ ဤစကားလုံးများ၏ သဘာဝကို နားလည်ပြီးလျှင် ဤအမိန့်ကို ထုတ်သည့်သူသည် ဘုရားသခင်ဖြစ်ပြီး ဤအမိန့်ကိုခံယူကာ နာခံသည့်သူက စာတန်ဖြစ်သည်ကို သင်နားလည်ရမည်။ ဤအမိန့်ထဲရှိ ဘုရားသခင်နှင့် စာတန်တို့၏ ဆက်ဆံရေးမှာ ဤနှုတ်ကပတ်တော်များကို ဖတ်သည့်သူတိုင်းအတွက် သိသာထင်ရှားလှ၏ ဆိုသည်ကို ပြောစရာမလိုပေ။ ဤသည်မှာ ဝိညာဉ်လောကတွင်ရှိသော ဘုရားသခင်နှင့် စာတန်တို့၏ ဆက်ဆံရေးလည်းဖြစ်သည်မှာ အမှန်ပင်ဖြစ်၏။ ဤသည်မှာ ကျမ်းစာထဲရှိ ဘုရားသခင်နှင့် စာတန်ကြားက ခွန်းတုံ့ဖလှယ်ခြင်း၏ မှတ်တမ်းများထဲတွင် ဖော်ပြထားသော ဘုရားသခင်နှင့် စာတန်တို့၏ ဝိသေသလက္ခဏာနှင့် ဂုဏ်ဒြပ်ကြားရှိ ခြားနားချက်ဖြစ်သည်။ ထို့ပြင် တိကျသည့် ပုံဥပမာနှင့် စာသားမှတ်တမ်းအနေဖြင့် ယခုချိန်အထိ လူသားတို့ သင်ယူနိုင်သော ဘုရားသခင်နှင့် စာတန်တို့၏ ဝိသေသလက္ခဏာနှင့် ဂုဏ်ဒြပ်ကြားရှိ ထင်ရှားသော ခြားနားချက်ပင် ဖြစ်သည်။ ဤနေရာတွင် ဤနှုတ်ကပတ်တော်များ၏ မှတ်တမ်းက ဘုရားသခင်၏ ဝိသေသလက္ခဏာနှင့် ဂုဏ်ဒြပ်အပေါ် လူသား၏သိမြင်မှုနှင့် ပတ်သက်၍ အရေးကြီးသည့် မှတ်တမ်းတစ်ခုဖြစ်သည်ဟု ငါဆိုရပေမည်။ ထို့အပြင် ဤမှတ်တမ်းက ဘုရားသခင်နှင့်ပတ်သက်သည့် လူသား၏ သိမြင်မှုအတွက် အရေးကြီးသည့် အချက်အလက်ကို ထောက်ပံ့ပေးသည်။ ဝိညာဉ်လောကရှိ ဖန်ဆင်းရှင်နှင့် စာတန်တို့၏ ဤခွန်းတုံ့ဖလှယ်ခြင်းမှတစ်ဆင့် လူသားသည် ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့်ဆိုင်သည့် နောက်ထပ်ရှုထောင့်အတိအကျတစ်ခုကို နားလည်နိုင်လိမ့်မည်။ ဤနှုတ်ကပတ်တော်များသည် ဖန်ဆင်းရှင်၏ အတုမရှိသည့် သြဇာအာဏာအတွက် နောက်ထပ် သက်သေခံချက်တစ်ခုဖြစ်သည်။

အပြင်ပန်းအားဖြင့် ယေဟောဝါဘုရားသခင်က စာတန်နှင့် ခွန်းတုံ့ဖလှယ်နေခြင်းဖြစ်သည်။ အနှစ်သာရအရမူ ယေဟောဝါဘုရားသခင် စကားပြောသည့် သဘောထားနှင့် သူရပ်တည်သည့် အနေအထားက စာတန်ထက် မြင့်၏။ တစ်နည်းအားဖြင့်ဆိုသော် ယေဟောဝါဘုရားသခင်က စာတန်ကို အမိန့်ပေးသည့်လေသံနှင့် ခိုင်းစေနေခြင်းဖြစ်ပြီး၊ စာတန်အား အဘယ်အရာကိုလုပ်ရမည်နှင့် အဘယ်အရာကိုမလုပ်ရမည့်အကြောင်း၊ ယောဘက သူ့လက်ထဲတွင်ရှိနှင့်ပြီးဖြစ်ကြောင်း၊ ယောဘကို သူ့စိတ်ကြိုက် လုပ်၍ရကြောင်း— သို့ရာတွင် ယောဘ၏အသက်ကို မနုတ်ယူရမည့်အကြောင်း စသည်တို့ကို ပြောနေခြင်းဖြစ်သည်။ နောက်ခံအကြောင်းရင်းမှာ ယောဘက စာတန်၏လက်ထဲတွင် ရှိသော်လည်း သူ၏အသက်အား စာတန်ကို မပေးထားပေ။ ဘုရားသခင်က ခွင့်မပြုပါက ဘုရားသခင်၏ လက်ထဲမှ ယောဘ၏အသက်ကို မည်သူမျှ မယူနိုင်ပေ။ ဘုရားသခင်၏ သဘောထားကို စာတန်အပေါ် ဤအမိန့်ပေးချက်တွင် ရှင်းရှင်းလင်းလင်းဖော်ပြထားသည်။ ထို့ပြင် ယေဟောဝါဘုရားသခင်က မည်သည့်အဆင့်အနေအထားမှ စာတန်နှင့် စကားစမြည်ပြောသည်ကိုလည်း ဤအမိန့်ပေးချက်က ထုတ်ဖော်ပြသည်။ ဤနေရာတွင် ယေဟာဝါဘုရားသခင်သည် အလင်း၊ လေ၊ အရာအားလုံးနှင့် သက်ရှိသတ္တဝါအားလုံးကို ဖန်ဆင်းသည့် ဘုရားသခင်၏ဂုဏ်ဒြပ်၊ အရာအားလုံးနှင့် သက်ရှိသတ္တဝါအားလုံးတို့အပေါ် အချုပ်အခြာအာဏာကို ကိုင်ဆောင်ထားသည့် ဘုရားသခင်၏ဂုဏ်ဒြပ်ကို ကိုင်စွဲထားရုံတင်မကဘဲ လူသားမျိုးနွယ်ကို ကွပ်ကဲအုပ်ချုပ်သည့်၊ မရဏနိုင်ငံကို ကွပ်ကဲအုပ်ချုပ်သည့်၊ သက်ရှိအရာအားလုံး၏ သေခြင်း၊ ရှင်ခြင်းကို ထိန်းချုပ်သည့် ဘုရားသခင်၏ ဂုဏ်ဒြပ်ကိုလည်း ကိုင်စွဲထားသည်။ ဝိညာဉ်လောကတွင် ဘုရားသခင်မှလွဲ၍ မည်သူက စာတန်ကို ဤကဲ့သို့သော အမိန့်မျိုး ပေးရဲသနည်း။ ထို့အပြင် ဘုရားသခင်က စာတန်ထံ သူ့အမိန့်ကို အဘယ်ကြောင့်ကိုယ်တိုင်ထုတ်ခဲ့ခြင်း ဖြစ်သနည်း။ ယောဘ၏ အသက်အပါအဝင် လူသား၏အသက်ကို ဘုရားသခင်က ထိန်းချုပ်ထားသောကြောင့်ဖြစ်သည်။ ဘုရားသခင်က စာတန်အား ယောဘ၏အသက်ကို ထိခိုက်ရန်၊ သို့မဟုတ် နုတ်ယူရန် ခွင့်မပြုပေ။ ဘုရားသခင်က စာတန်ကို ယောဘအား သွေးဆောင်ရန် ခွင့်ပြုသောအချိန်တွင် ဤကဲ့သို့သောအမိန့်ကို သေချာထုတ်ရန် ဘုရားသခင်က သတိရပြီး ယောဘ၏အသက်ကို မနုတ်ယူရန် စာတန်ကို နောက်တစ်ခါ အမိန့်ပေးခဲ့ခြင်းဖြစ်သည်။ စာတန်က ဘုရားသခင်၏ သြဇာအာဏာကို မည်သည့်အခါမျှ မကျော်လွန်ရဲသည့်အပြင် ဘုရားသခင်၏ အမိန့်များနှင့် အထူးမိန့်ကြားချက်များကို သေချာနားထောင်ပြီး နာခံခဲ့သည်။ ၎င်းတို့ကို မည်သည့်အခါမျှ သူမဖီဆန်ဝံ့ပေ။ ထို့ပြင် ဘုရားသခင်၏ အမိန့်များကိုလည်း ထင်သလို မပြောင်းလဲဝံ့ပေ။ ဤအရာတို့သည် ဘုရားသခင်က စာတန်အတွက် ချမှတ်ထားသည့် အကန့်အသတ်များဖြစ်သည်။ ထို့ကြောင့် စာတန်က ဤအကန့်အသတ်များကို မည်သည့်အခါမျှ မကျော်ဖြတ်ရဲပေ။ ဤသည်မှာ ဘုရားသခင့်သြဇာအာဏာ၏ တန်ခိုးအစွမ်း မဟုတ်ပေလော။ ဤသည်မှာ ဘုရားသခင့်သြဇာအာဏာ၏ သက်သေခံခြင်းတစ်ခု မဟုတ်ပေလော။ ဘုရားသခင်အပေါ် မည်သို့ပြုမူရမည်၊ ဘုရားသခင်ကို မည်သို့မြင်ရမည်ဆိုသည်နှင့်ပတ်သက်၍ စာတန်၌ လူသားမျိုးနွယ်ထက် ပိုရှင်းလင်းသည့် နားလည်မှုရှိသည်။ ထို့ကြောင့် ဝိညာဉ်လောကတွင် စာတန်က ဘုရားသခင်၏ သြဇာအာဏာနှင့် ဂုဏ်ဒြပ်ကို အလွန်ရှင်းရှင်းလင်းလင်းမြင်ပြီး ဘုရားသခင့်သြဇာအာဏာ၏ တန်ခိုးအစွမ်းနှင့် သူ၏သြဇာအာဏာနောက်က အခြေခံမူများကို လေးလေးနက်နက် စာတန်သဘောပေါက်သည်။ ဤအရာများကို စာတန်သည် လုံဂဝလျစ်လျူမရှုရဲသကဲ့သို့ မည်သည့်နည်းနှင့်မျှ မချိုးဖောက်ရဲပေ၊ သို့မဟုတ် ဘုရားသခင်၏ သြဇာအာဏာကို ကျော်လွန်သည့်အရာ တစ်ခုမျှ မလုပ်ရဲပေ။ ဘုရားသခင်၏ အမျက်ဒေါသကို မည်သည့်နည်းလမ်းနှင့်မျှ သူစိန်မခေါ်ရဲပေ။ စာတန်၏သဘာဝမှာ ဆိုးယုတ်ပြီး မာနထောင်လွှားသော်လည်း သူသည် ဘုရားသခင်က သူ့အတွက် ချမှတ်ထားသည့် နယ်နိမိတ်များနှင့် အကန့်အသတ်များကို တစ်ခါမျှ မဖြတ်ကျော်ရဲပေ။ နှစ်သန်းပေါင်းများစွာအကြာထိ ဤနယ်နိမိတ်များကို တိတိကျကျ သူလိုက်နာခဲ့သည်။ ဘုရားသခင်ပေးအပ်သည့် ခိုင်းစေမှုနှင့် အမိန့်တိုင်းကို သူလိုက်နာပြီး မည်သည့်အခါမျှ ဘောင်မကျော်ဝံ့ခဲ့ပေ။ စာတန်သည် အန္တရာယ်ရှိသော်လည်း ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်ထက် သူက ပိုပါးနပ်သည်။ ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာကို သူသိပြီး သူ၏ ကိုယ်ပိုင်နယ်နိမိတ်များကို သူသိသည်။ စာတန်၏ “ကျိုးနွံနာခံသည့်” အပြုအမူများမှတစ်ဆင့် ဘုရားသခင်၏သြဇာအာဏာနှင့် တန်ခိုးတို့သည် စာတန်ကျော်လွန်၍မရနိုင်သည့် ကောင်းကင်ဘုံနှင့်ဆိုင်သော အမိန့်ထုတ်ပြန်ချက်များဖြစ်ကြောင်းကို မြင်နိုင်ပြီး၊ ဘုရားသခင်၏ အတုမရှိခြင်းနှင့် သြဇာအာဏာ အတိအကျကြောင့်သာ အရာအားလုံးသည် အစီအစဉ်တကျ ပြောင်းလဲပြီး ပွားများခြင်းဖြစ်ကြောင်း၊ ဤအမိန့်ကို နှောင့်ယှက်နိုင်သည့် လူပုဂ္ဂိုလ်၊ သို့မဟုတ် အရာဝတ္ထုတို့မရှိဘဲ၊ ထို့ပြင် ဤနိယာမကို ပြောင်းလဲနိုင်သည့် လူပုဂ္ဂိုလ်၊ သို့မဟုတ် အရာဝတ္ထုတို့မရှိဘဲ ဘုရားသခင်တည်ထောင်ထားသည့် လမ်းကြောင်းအတွင်း၌ လူသားတို့ အသက်ရှင်ပြီး မျိုးပွားနိုင်ခြင်းဖြစ်ကြောင်း မြင်နိုင်သည်- အကြောင်းမှာ သူတို့အားလုံးသည် ဖန်ဆင်းရှင်၏လက်မှလာပြီး ဖန်ဆင်းရှင်၏ အမိန့်နှင့် သြဇာအာဏာမှ လာသည့်အတွက်ဖြစ်သည်။

ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာရှိသည့် ဘုရားသခင်သာလျှင် အတုမရှိသည့် သြဇာအာဏာကို ပိုင်ဆိုင်၏

စာတန်၏ ထူးခြားသည့် ဝိသေသလက္ခဏာသည် အမျိုးမျိုးသော ရှုထောင့်များနှင့်စပ်ဆိုင်သည့် သူ၏ထင်ရှားပြသခြင်းအပေါ်တွင် လူအများကို အလွန်စိတ်ဝင်စားစေခဲ့သည်။ စာတန်အနေဖြင့် နိမိတ်လက္ခဏာများကို ပြသနိုင်စွမ်းရှိပြီး လူသားတို့အတွက် မဖြစ်နိုင်သည့် အရာများကို လုပ်နိုင်စွမ်းရှိသောကြောင့် ဘုရားသခင်ကဲ့သို့ သြဇာအာဏာကို စာတန်ပိုင်ဆိုင်သည်ဟု ယုံကြည်သည့် မိုက်သောလူ အများအပြားပင်ရှိသည်။ ထို့ကြောင့် လူသားမျိုးနွယ်သည် ဘုရားသခင်ကို ကိုးကွယ်ခြင်းအပြင် မိမိတို့၏နှလုံးသားထဲတွင် စာတန်အတွက်လည်း နေရာတစ်နေရာ ချန်ထားကာ စာတန်ကို ဘုရားအနေနှင့်ပင် ကိုးကွယ်ကြသည်။ ဤလူများသည် သနားစရာကောင်းသကဲ့သို့ စက်ဆုပ်ရွံ့ရှာဖွယ်လည်း ကောင်း၏။ သူတို့၏ မသိနားမလည်မှုကြောင့် သနားစရာကောင်းပြီး သူတို့၏ မိစ္ဆာဒိဌိအယူနှင့် ပင်ကိုဆိုးယုတ်သည့်အနှစ်သာရကြောင့် စက်ဆုပ်ရွံ့ရှာဖွယ်သည်။ ဤနေရာတွင် သြဇာအာဏာက အဘယ်အရာဖြစ်သည်၊ မည်သည်အရာကို သင်္ကေတပြုသည်၊ အဘယ်အရာကို ကိုယ်စားပြုသည်ဆိုခြင်းအား သင်တို့ကို အသိပေးရန် လိုအပ်သည်ဟု ငါခံစားရသည်။ ယေဘုယျအားဖြင့် ပြောရလျှင် ဘုရားသခင်ကိုယ်တော်တိုင်က သြဇာအာဏာဖြစ်ပြီး ဘုရားသခင်၏သြဇာအာဏာသည် သူ၏ကြီးစိုးမှုနှင့် အနှစ်သာရကို သင်္ကေတပြုသည်။ ထို့ပြင် ဘုရားသခင်ကိုယ်တော်တိုင်၏ သြဇာအာဏာသည် ဘုရားသခင်၏ ဂုဏ်ဒြပ်နှင့် ဝိသေသလက္ခဏာကို ကိုယ်စားပြုသည်။ ဤသို့ဖြစ်သောကြောင့် စာတန်အနေဖြင့် သူကိုယ်တိုင်က ဘုရားဖြစ်သည်ဟု ပြောရဲသလော။ အရာအားလုံးကို သူဖန်ဆင်းထားပြီး အရာအားလုံးအပေါ်တွင် အချုပ်အခြာအာဏာကို သူကိုင်ဆောင်ထားသည်ဟု စာတန်ပြောရဲသလော။ မည်သို့လျှင် ပြောရဲမည်နည်း။ အကြောင်းမှာ သူသည် အရာအားလုံးကို ဖန်ဆင်းရန် မတတ်စွမ်းနိုင်ခြင်းကြောင့်ဖြစ်သည်။ ယနေ့အထိ ဘုရားသခင်ဖန်ဆင်းခဲ့သည့်အရာ တစ်ခုကိုမျှ သူမပြုလုပ်ခဲ့ဖူးပေ။ အသက်ရှိသည့်အရာ တစ်ခုကိုမျှ တစ်ခါမျှ သူမဖန်ဆင်းဖူးပေ။ အကြောင်းမှာ သူ့ထံ၌ ဘုရားသခင်၏ သြဇာအာဏာ မရှိသောကြောင့်ဖြစ်သည်။ သူသည် ဘုရားသခင်၏ ဂုဏ်ဒြပ်နှင့် ဝိသေသလက္ခဏာကို မည်သည့်အခါမျှ ပိုင်ဆိုင်နိုင်မည် မဟုတ်ပေ။ ဤသည်ကို သူ၏အနှစ်သာရဖြင့် သတ်မှတ်ထားသည်။ သူသည် ဘုရားသခင်ကဲ့သို့ တန်ခိုးရှိသလော။ မည်သို့ရှိမည်နည်း။ စာတန်၏ လုပ်ရပ်များနှင့် စာတန်ဖော်ပြသည့် နိမိတ်လက္ခဏာများကို မည်သို့ခေါ်ကြသနည်း။ တန်ခိုးလော။ သြဇာအာဏာဟု ခေါ်၍ရနိုင်သလော။ မည်သို့ရနိုင်မည်နည်း။ စာတန်က မကောင်းမှုရေစီးကြောင်းကို ညွှန်ကြားပြီး ဘုရားသခင့်အမှု၏ ရှုထောင့်တိုင်းကို နှောင့်ယှက်ကာ ထိခိုက်စေပြီး ကြားဝင်သည်။ လွန်ခဲ့သည့် နှစ်ထောင်ပေါင်းအချို့တွင် လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေခြင်းနှင့် အလွဲသုံးစားပြုလုပ်ခြင်း၊ သေမင်းအရိပ်လွှမ်းမိုးသည့် ချိုင့်ဝှမ်းဆီကို လျှောက်သွားစေရန် လူသားကို စာရိတ္တပျက်ပြားအောင်၊ ဘုရားသခင်ကို ငြင်းပယ်အောင် မျှားခေါ်ခြင်းနှင့် လှည့်စားခြင်းတို့မှလွဲ၍ စာတန်သည် လူသား၏ အောက်မေ့မှု၊ ချီးကျူးမှု၊ သို့မဟုတ် ချစ်ခင်မြတ်နိုးမှုတို့နှင့် အနည်းငယ်မျှပင် ထိုက်တန်သည့် အရာတစ်ခုခု လုပ်ခဲ့ဖူးသလော။ စာတန်က သြဇာအာဏာနှင့် တန်ခိုးကို ပိုင်ဆိုင်သည်ဆိုလျှင် လူသားမျိုးနွယ်သည် ထိုအရာများ၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရပြီးဖြစ်မည် မဟုတ်လော။ အကယ်၍ စာတန်သည် သြဇာအာဏာနှင့် တန်ခိုးကို ပိုင်ဆိုင်သည်ဆိုလျှင် လူသားမျိုးနွယ်သည် ထိုအရာများ၏ အန္တရာယ်ပြုခြင်းကို ခံထားရပြီးဖြစ်မည် မဟုတ်လော။ အကယ်၍ စာတန်အနေဖြင့် တန်ခိုးနှင့် သြဇာအာဏာကို ပိုင်ဆိုင်သည်ဆိုလျှင် လူသားမျိုးနွယ်က ဘုရားသခင်ကို စွန့်ပစ်ပြီး သေခြင်းကို အားထားကြပြီးဖြစ်မည် မဟုတ်လော။ စာတန်၌ သြဇာအာဏာ၊ သို့မဟုတ် တန်ခိုးမရှိသည့်အတွက် သူလုပ်သည့်အရာအားလုံး၏ အနှစ်သာရနှင့် ပတ်သက်၍ ငါတို့အနေဖြင့် မည်သို့ကောက်ချက်ချသင့်သနည်း။ စာတန်လုပ်ဆောင်သည့် အရာအားလုံးက လိမ်လည်လှည့်စားမှုသက်သက်သာ ဖြစ်သည်ဟု အနက်ဖွင့်သည့်သူများရှိသည်။ သို့ရာတွင် ဤကဲ့သို့သော အနက်ဖွင့်ချက်က သိပ်မသင့်တော်ဟု ငါမြင်သည်။ လူသားတို့ကို ဖောက်ပြန်ပျက်စီးစေသည့် သူ၏ဆိုးယုတ်သည့် လုပ်ဆောင်ချက်များက လိမ်လည်လှည့်စားမှုသက်သက်ပင်လော။ စာတန်က ယောဘကို နှိပ်စက်သည့် ဆိုးယုတ်သော အင်အားနှင့် ယောဘကို နှိပ်စက်ပြီး ဝါးမျိုရန် သူ၏ခက်ထန်သောဆန္ဒတို့ကို လိမ်လည်လှည့်စားမှုသက်သက်ဖြင့် ရရှိနိုင်ခြေ မရှိပေ။ အတိတ်ကို ပြန်ကြည့်ပါက တောင်ကုန်းများ၊ တောင်များတွင် ပြန့်ကျဲနေသည့် ယောဘ၏ တိရစ္ဆာန်အုပ်များသည် ချက်ချင်းပင် ကွယ်ပျောက် သွားခဲ့ကြသည်။ ယောဘ၏ ကြီးမားသည့် စည်းစိမ်သည် တစ်မုဟုတ်ချင်းပင် ပျောက်ကွယ်သွားသည်။ ဤအရာတို့ကို လိမ်လည်လှည့်စားမှုသက်သက်နှင့် ရရှိနိုင်မည်လော။ စာတန်လုပ်သည့်အရာအားလုံး၏ သဘာဝသည် ထိခိုက်စေရန်၊ ကြားဝင်နှောင့်ယှက်ရန်၊ ဖျက်ဆီးရန်၊ အန္တရာယ်ပြုရန်၊ ဆိုးယုတ်ခြင်း၊ မလိုမုန်းထားတတ်ခြင်းနှင့် မှောင်မိုက်ခြင်းတို့ကဲ့သို့ အဖျက်သဘောဆောင်သည့် ဝေါဟာရများနှင့် ဆက်နွှယ်ပြီး ကိုက်ညီသည်။ ထို့ကြောင့် မဖြောင့်မတ်ဘဲ ဆိုးယုတ်သည့် အရာအားလုံး ဖြစ်ပေါ်ခြင်းသည် စာတန်၏ လုပ်ရပ်များနှင့် ခွဲခြား၍မရအောင် ဆက်နွှယ်နေပြီး စာတန်၏ ဆိုးယုတ်သည့် အနှစ်သာရနှင့် ခွဲခြား၍မရပေ။ စာတန်က မည်မျှပင် “အစွမ်းထက်” ပါစေ၊ မည်မျှပင် ရဲတင်းပြီး ရည်ရွယ်ချက် ကြီးမားပါစေ၊ ထိခိုက်မှုများ ပေးနိုင်သော သူ၏အစွမ်းက မည်မျှပင်ကြီးမားပါစေ၊ လူသားကို သူဖောက်ပြန်ပျက်စီးစေပြီး မျှားခေါ်သည့် နည်းလမ်းများက မည်မျှပင် ကျယ်ပြန့်ပါစေ၊ လူသားကို သူခြိမ်းခြောက်သည့် ပရိယာယ်များနှင့် လှည့်ကွက်များက မည်မျှပါးနပ်နေပါစေ၊ သူဖြစ်တည်နေသည့် ပုံစံက မည်မျှပင် ပြောင်းလဲ၍ရနေပါစေ စာတန်သည် သက်ရှိအရာတစ်ခုကို တစ်ခါမျှ မဖန်ဆင်းနိုင်ခဲ့ပေ။ အရာအားလုံးဖြစ်တည်မှုအတွက် နိယာမများ၊ သို့မဟုတ် စည်းမျဉ်းတို့ကို တစ်ခါမျှ သူမချပေးနိုင်ခဲ့ပေ။ သက်ရှိဖြစ်စေ၊ သက်မဲ့ဖြစ်စေ မည်သည့်အရာဝတ္ထုကိုမျှ သူအုပ်စိုးပြီး ထိန်းချုပ်နိုင်စွမ်း တစ်ခါမျှ မရှိခဲ့ပေ။ စကြဝဠာနှင့် မိုးမျက်နှာကြက်အတွင်းတွင် စာတန်ထံမှ ပေါက်ဖွားလာသည့်၊ သို့မဟုတ် သူ့ကြောင့် ဖြစ်တည်နေသည့် လူပုဂ္ဂိုလ်တစ်ယောက်တလေ၊ သို့မဟုတ် အရာဝတ္ထုတစ်ခုတလေမျှ မရှိပေ။ သူအုပ်စိုးသည့်၊ သို့မဟုတ် သူထိန်းချုပ်သည့် လူပုဂ္ဂိုလ်တစ်ယောက်တလေ၊ သို့မဟုတ် အရာဝတ္ထုတစ်ခုတလေမျှ မရှိပေ။ ဆန့်ကျင်ဘက်အနေနှင့် သူသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် နေရရုံသာမကဘဲ ဘုရားသခင်၏ အမိန့်များနှင့် ခိုင်းစေမှုများအားလုံးကို နာခံရသည်။ ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ ရေတစ်စက်၊ သို့မဟုတ် ကုန်းမြေပေါ်က သဲတစ်ပွင့်ကို ထိရန်ပင် စာတန်အတွက် ခက်ခဲသည်။ ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ ဘုရားသခင်ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်ကိုမဆိုထားနှင့် စာတန်သည် ကုန်းမြေပေါ်က ပုရွက်ဆိတ်များကိုပင်လျှင် ရွှေ့ပိုင်ခွင့်မရှိပေ။ ဘုရားသခင်၏ အမြင်တွင် စာတန်သည် တောင်ပေါ်က နှင်းပန်းများ၊ လေထဲတွင် ပျံနေသည့်ငှက်များ၊ ပင်လယ်ထဲက ငါးများနှင့် ကမ္ဘာမြေကြီးပေါ်က ပိုးကောင်များထက် နိမ့်ကျသည်။ အရာအားလုံးထဲတွင် သူ၏တာဝန်သည် အရာအားလုံးကို အစေခံရန်၊ လူသားမျိုးနွယ်အတွက် အလုပ်လုပ်ရန်နှင့် ဘုရားသခင်၏အမှုနှင့် သူ၏စီမံခန့်ခွဲမှု အစီအစဉ်တို့ကို အစေခံရန်ဖြစ်သည်။ သူ၏သဘာဝက မည်မျှပင် မလိုမုန်းထားတတ်ပါစေ၊ သူ၏အနှစ်သာရက မည်မျှပင် ဆိုးယုတ်ပါစေ၊ သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာက ဘုရားသခင်အတွက် အစေခံခြင်းနှင့် ဘုရားသခင်အဖို့ အဖြည့်ခံဟူသည့် သူ၏တာဝန်ကို သိတတ်စွာနှင့် လိုက်နာရန်ပင်ဖြစ်သည်။ ယင်းမှာ စာတန်၏ အနှစ်သာရနှင့် အဆင့်နေရာဖြစ်သည်။ သူ၏ အနှစ်သာရသည် အသက်နှင့် ဆက်စပ်မှုမရှိပေ။ တန်ခိုးနှင့် ဆက်စပ်မှုမရှိပေ။ သြဇာအာဏာနှင့် ဆက်စပ်မှုမရှိပေ။ သူသည် ဘုရားသခင်၏ လက်ထဲမှ ကစားစရာတစ်ခုမျှသာဖြစ်သည်။ ဘုရားသခင်ကို အစေခံသည့် စက်တစ်လုံးသာ ဖြစ်၏။

စာတန်၏သရုပ်မှန်ကို အမှန်တကယ် နားလည်ပြီးနောက် လူအများအပြားက သြဇာအာဏာမှာ အဘယ်အရာဖြစ်သည်ကို နားမလည်သေးပေ။ ထို့ကြောင့် ငါပြောပြမည်။ သြဇာအာဏာကိုယ်၌ကို ဘုရားသခင်၏ တန်ခိုးအဖြစ် ရှင်းပြနိုင်သည်။ ပထမဦးဆုံး သြဇာအာဏာနှင့် တန်ခိုးတို့သည် အပြုသဘောဆောင်သည်ကို သေချာပေါက်ပြောနိုင်သည်။ အဖျက်သဘောဆောင်သည့် မည်သည့်အရာနှင့်မျှ ဆက်နွှယ်မှုမရှိပေ။ မည်သည့်ဖန်ဆင်းခံ၊ သို့မဟုတ် ဖန်ဆင်းခြင်းမခံရသည့် အရာတစ်ခုနှင့်မျှ ဆက်စပ်ခြင်းမရှိပေ။ ဘုရားသခင်၏ တန်ခိုးက အသက်နှင့် ရှင်သန်တက်ကြွခြင်းရှိသည့် မည်သည့်ပုံစံကိုမဆို ဖန်ဆင်းနိုင်သည်။ ဤသည်ကို ဘုရားသခင်၏ အသက်နှင့် ပိုင်းခြားဆုံးဖြတ်သည်။ ဘုရားသခင်သည် အသက်ဖြစ်၏။ ထို့ကြောင့် သူသည် သက်ရှိသတ္တဝါအားလုံး၏ အရင်းအမြစ် ဖြစ်သည်။ ထို့အပြင် ဘုရားသခင်၏ သြဇာအာဏာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်တိုင်းကို သက်ရှိသတ္တဝါအားလုံး နာခံရန် ပြုလုပ်နိုင်သည်။ ဆိုလိုသည်မှာ သက်ရှိသတ္တဝါအားလုံးကို ဘုရားသခင်၏နှုတ်မှလာသည့် နှုတ်ကပတ်တော်တို့နှင့်အညီ သက်ရှိဖြစ်လာရန်နှင့် ဘုရားသခင်၏ ကွပ်ကဲအုပ်ချုပ်မှုအားဖြင့် အသက်ရှင်ပြီး မျိုးပွားကြရန် ပြုလုပ်နိုင်သည်။ ယင်းနောက်တွင် ဘုရားသခင်သည် သက်ရှိသတ္တဝါအားလုံးကို အမိန့်ပေး၍ ကွပ်ကဲအုပ်ချုပ်ကာ ပြောင်းလဲယိမ်းယိုင်ခြင်းဆိုသည်မှာ ထာဝရ မရှိတော့ပေ။ မည်သည့်လူပုဂ္ဂိုလ်၊ သို့မဟုတ် မည်သည့်အရာဝတ္ထု၌မျှ ဤအရာများ မရှိပေ။ ဖန်ဆင်းရှင်သာလျှင် ဤကဲ့သို့သော တန်ခိုးကို ပိုင်ဆိုင်ပြီး ထိန်းသိမ်းသည်။ ထို့ကြောင့် ၎င်းကို သြဇာအာဏာဟုခေါ်သည်။ ဤသည်မှာ ဖန်ဆင်းရှင်၏ အတုမရှိခြင်းဖြစ်သည်။ ဤအတိုင်းပင်၊ “သြဇာအာဏာ” ဆိုသည့် စကားလုံးကိုယ်၌ဖြစ်စေ၊ သို့မဟုတ် ဤသြဇာအာဏာ၏ အနှစ်သာရဖြစ်စေ၊ တစ်ခုချင်းစီတိုင်းက ဖန်ဆင်းရှင်နှင့်သာ ဆက်စပ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ဖန်ဆင်းရှင်၏ အတုမရှိသော ဝိသေသလက္ခဏာနှင့် အနှစ်သာရ၏ သင်္ကေတဖြစ်ပြီး၊ ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာနှင့် ဂုဏ်ဒြပ်ကို ကိုယ်စားပြုသောကြောင့်ဖြစ်သည်။ ဖန်ဆင်းရှင်မှလွဲ၍ မည်သည့်ပုဂ္ဂိုလ်၊ သို့မဟုတ် မည်သည့်အရာဝတ္ထုကိုမျှ “သြဇာအာဏာ” ဟူသည့် စကားလုံးနှင့် ဆက်စပ်၍ မရပေ။ ဤသည်မှာ ဖန်ဆင်းရှင်၏ အတုမရှိသည့် သြဇာအာဏာ၏ အဓိပ္ပာယ်ကောက်ချက်ဖြစ်သည်။

စာတန်သည် ယောဘကို တပ်မက်သည့် မျက်လုံးများနှင့် ကြည့်နေသော်လည်း ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲနှင့် သူသည် ယောဘ၏ ကိုယ်ခန္ဓာမှ အမွေးတစ်မျှင်ကိုပင် မထိရဲပေ။ စာတန်သည် ပင်ကိုသဘောအားဖြင့် ဆိုးယုတ်ပြီး ရက်စက်သော်လည်း ဘုရားသခင်က သူ၏အမိန့်ကို ထုတ်ပြန်ပြီးနောက်တွင် စာတန်သည် ဘုရားသခင်၏အမိန့်ကို လက်ခံရန်မှလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။ ထို့ကြောင့် စာတန်သည် ယောဘနှင့်ပတ်သက်ပါက သိုးများကြားထဲက ဝံပုလွေကဲ့သို့ ထိန်းမနိုင်သိမ်းမရဖြစ်နေသော်လည်း ဘုရားသခင်က သူ့အတွက် ပြင်ဆင်ထားသည့် အကန့်အသတ်များကို မမေ့ဝံ့ပေ။ ဘုရားသခင်၏ အမိန့်များကို သူမဖောက်ဖျက်ရဲပေ။ ထို့ပြင် သူလုပ်လေသမျှတွင် စာတန်သည် ဘုရားသခင့်နှုတ်ကပတ်တော်၏ အခြေခံမူများနှင့် အကန့်အသတ်များမှ မယိမ်းယိုင်သွားရဲပေ။ ဤသည်မှာ အမှန်တရားပင်ဖြစ်သည် မဟုတ်လော။ ဤအချက်မှ စာတန်သည် ယေဟောဝါဘုရားသခင်၏ မည်သည့်နှုတ်ကပတ်တော်ကိုမဆို မချိုးဖောက်ဝံ့သည်ကို မြင်နိုင်သည်။ စာတန်အတွက် ဘုရားသခင်၏နှုတ်မှ နှုတ်ကပတ်တော်တိုင်းက အမိန့်ဖြစ်ပြီး၊ ကောင်းကင်ဘုံနှင့်ဆိုင်သည့် နိယာမနှင့် ဘုရားသခင့်သြဇာအာဏာ၏ ဖော်ပြချက်တစ်ခုဖြစ်သည်။ အကြောင်းမှာ ဘုရားသခင့်နှုတ်ကပတ်တော်တိုင်း၏ နောက်တွင် ဘုရားသခင်၏ အမိန့်များကို ချိုးဖောက်သူများ၊ ကောင်းကင်ဘုံနှင့်ဆိုင်သည့် နိယာမများကို မနာခံဘဲ ဆန့်ကျင်သည့်သူများအတွက် ဘုရားသခင်၏ အပြစ်ဒဏ်ကို ညွှန်ပြနေသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ အမိန့်များကို ချိုးဖောက်လျှင် ဘုရားသခင်၏ သြဇာအာဏာကို ကျော်လွန်ခြင်းနှင့် ကောင်းကင်ဘုံနှင့်ဆိုင်သည့် နိယာမများကို ဆန့်ကျင်ခြင်း၏ အကျိုးဆက်များအား လက်ခံရမည်ဆိုသည်ကို စာတန်က ရှင်းရှင်းလင်းလင်းသိသည်။ ဤအကျိုးဆက်များက မည်သည့်အရာများနည်း။ ပြောစရာမလိုပေ။ ဤအရာတို့သည် သူ့အတွက် ဘုရားသခင်၏ အပြစ်ဒဏ်ပင်ဖြစ်သည်။ ယောဘအပေါ် စာတန်၏ လုပ်ရပ်များသည် လူသားကို စာတန်ဖောက်ပြန်ပျက်စီးစေခြင်း၏ ပုံစံအသေးစားမျှသာဖြစ်သည်။ စာတန်က ဤလုပ်ရပ်များကို လုပ်ဆောင်နေသည့်အခါတွင် စာတန်အပေါ် ဘုရားသခင် ချမှတ်ထားသည့် အကန့်အသတ်များနှင့် သူထုတ်ထားသည့် အမိန့်များသည် စာတန်လုပ်သည့် အရာတိုင်း၏ နောက်ကွယ်မှ အခြေခံမူများ၏ ပုံစံအသေးစားမျှသာဖြစ်သည်။ ထို့အပြင် ဤကိစ္စတွင် စာတန်၏တာဝန်နှင့် အဆင့်နေရာသည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအလုပ်ထဲက သူ၏တာဝန်နှင့် အဆင့်နေရာ၏ ပုံစံအသေးစားမျှသာဖြစ်ပြီး ယောဘကို သွေးဆောင်ရာ၌ စာတန်၏ ဘုရားသခင်အပေါ် အပြည့်အဝနာခံခြင်းက ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအလုပ်တွင် ဘုရားသခင်ကို စာတန်က နည်းနည်းမျှ မဆန့်ကျင်ရဲခြင်း၏ ပုံစံအသေးစားမျှသာဖြစ်သည်။ ဤပုံစံအသေးစားများက သင်တို့ကို မည်သည့်သတိပေးချက်များ ပေးသနည်း။ စာတန်အပါအဝင် အရာအားလုံးထဲတွင် ဖန်ဆင်းရှင်ချမှတ်ထားသည့် ကောင်းကင်ဘုံနှင့်ဆိုင်သည့် နိယာမများနှင့် အမိန့်ပြန်တမ်းများကို ကျော်လွန်နိုင်သည့် မည်သည့်ပုဂ္ဂိုလ်၊ သို့မဟုတ် မည်သည့်အရာဝတ္ထုမျှ မရှိပေ။ ထို့ပြင် ဤကောင်းကင်ဘုံနှင့်ဆိုင်သည့် နိယာမများနှင့် အမိန့်ပြန်တမ်းများကို ချိုးဖောက်ရဲသည့် မည်သည့်ပုဂ္ဂိုလ်၊ သို့မဟုတ် မည်သည့်အရာဝတ္ထုမျှ မရှိပေ။ အကြောင်းမှာ ဖန်ဆင်းရှင်က မနာခံသည့်သူများအပေါ် ချမှတ်သည့် ပြစ်ဒဏ်ကို မည်သည့်ပုဂ္ဂိုလ်၊ သို့မဟုတ် မည်သည့်အရာဝတ္ထုကမျှ ပြောင်းလဲနိုင်ခြင်းသော်လည်းကောင်း၊ လွတ်မြောက်နိုင်ခြင်းသော်လည်းကောင်း မရှိသောကြောင့်ဖြစ်သည်။ ဖန်ဆင်းရှင်သာလျှင် ကောင်းကင်ဘုံနှင့်ဆိုင်သည့် နိယာမများနှင့် အမိန့်ပြန်တမ်းများကို တည်ထောင်နိုင်သည်။ ဖန်ဆင်းရှင်သာလျှင် ဤအရာတို့ကို အကျိုးသက်ရောက်မှုရှိအောင် ပြုလုပ်ရန် တန်ခိုးရှိသည်။ ဖန်ဆင်းရှင်၏ တန်ခိုးကိုသာ မည်သည့်ပုဂ္ဂိုလ်၊ သို့မဟုတ် မည်သည့်အရာဝတ္ထုကမျှ မကျော်လွန်နိုင်ခြင်းဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းရှင်၏ အတုမရှိသည့် သြဇာအာဏာဖြစ်ပြီး ဤသြဇာအာဏာသည် အရာအားလုံးထက် သာလွန်သည်။ ထို့ကြောင့် “ဘုရားသခင်က အကြီးမြတ်ဆုံးဖြစ်ပြီး စာတန်က နံပါတ်နှစ်ဖြစ်သည်” ဟု ပြောရန် မဖြစ်နိုင်ပေ။ အတုမရှိသည့် သြဇာအာဏာကို ပိုင်ဆိုင်သည့် ဖန်ဆင်းရှင်မှလွဲပြီး အခြားဘုရားမရှိပေ။

ဘုရားသခင်၏ သြဇာအာဏာနှင့် ပတ်သက်သော အသိပညာအသစ်ကို ယခု သင်တို့ရရှိပြီလော။ ပထမဦးဆုံး ယခုပြောခဲ့သည့် ဘုရားသခင်၏ သြဇာအာဏာနှင့် လူသား၏ အစွမ်းတို့ကြားတွင် ကွာခြားချက်ရှိသလော။ ကွာခြားချက်က အဘယ်နည်း။ အချို့လူများက ဤနှစ်ခုကြားတွင် နှိုင်းယှဉ်စရာမရှိဟု ပြောကြသည်။ မှန်ပေသည်။ လူတို့က ဤနှစ်ခုကြားတွင် နှိုင်းယှဉ်စရာမရှိဟု ဆိုသော်လည်း လူသား၏အတွေးနှင့် အယူအဆများတွင် လူသား၏အစွမ်းကို သြဇာအာဏာနှင့် မကြာခဏ ရောထွေးကြကာ ဤနှစ်ခုကို မကြာခဏ ဘေးချင်းယှဉ်လျက် နှိုင်းကြသည်။ ဤနေရာတွင် အဘယ်အရာဖြစ်နေသနည်း။ လူများက ဤနှစ်ခုကို တစ်ခုနှင့်တစ်ခု အမှုမဲ့အမှတ်မဲ့နှင့် မှားယွင်းပြီး အစားထိုးနေကြခြင်းဖြစ်သည် မဟုတ်လော။ ဤနှစ်ခုက ဆက်စပ်မှုမရှိပေ။ ဤနှစ်ခုကြားတွင် နှိုင်းယှဉ်စရာ မရှိပေ။ သို့ရာတွင် လူများက မနေနိုင်ကြချေ။ ဤသည်ကို မည်သို့ဖြေရှင်းသင့်သနည်း။ သင်သည် ဖြေရှင်းချက်ကို ရှာတွေ့ရန် အမှန်တကယ် ဆန္ဒရှိပါက တစ်ခုတည်းသော နည်းလမ်းမှာ ဘုရားသခင်၏ အတုမရှိသည့် သြဇာအာဏာကို သိကျွမ်းပြီး နားလည်ရန်သာဖြစ်သည်။ ဖန်ဆင်းရှင်၏ သြဇာအာဏာကို သိကျွမ်း၍ နားလည်ပြီးနောက်တွင် သင်သည် လူသား၏ အစွမ်းနှင့် ဖန်ဆင်းရှင်၏ သြဇာအာဏာကို တစ်တန်းတည်းထား၍ အတူတူပြောဆိုတော့မည် မဟုတ်ပေ။

လူသား၏အစွမ်းဆိုသည်မှာ အဘယ်အရာကို ရည်ညွှန်းသနည်း။ ရိုးရိုးပြောရလျှင် လူသား၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား၊ ဆန္ဒများနှင့် ရည်ရွယ်ချက်တို့ကို အကြီးမားဆုံး အတိုင်းအတာအထိ ကျယ်ပြန့်စေသည့်၊ သို့မဟုတ် ပြီးမြောက်စေသည့် စွမ်းရည်သော်လည်းကောင်း၊ တတ်ကျွမ်းမှုသော်လည်းကောင်းဖြစ်သည်။ ဤအရာကို သြဇာအာဏာဟု ပြော၍ရသလော။ လူသား၏ ရည်ရွယ်ချက်များနှင့် ဆန္ဒများမှာ မည်မျှပင် ကြီးမားပါစေ၊ သို့မဟုတ် မည်မျှပင်အကျိုးများပါစေ ဤလူသည် သြဇာအာဏာကို ပိုင်ဆိုင်သည်ဟု မဆိုနိုင်ပေ။ အလွန့်အလွန်ပြောရလျှင် ဤကြီးမားခြင်းနှင့် အောင်မြင်ခြင်းသည် လူသားကြားရှိ စာတန်၏ ရွှတ်နောက်နောက် အပြုအမူဆိုင်ရာ သာဓကတစ်ခုသာဖြစ်၏၊ အလွန့်အလွန်ပြောရလျှင် ယင်းသည် စာတန်သည် ဘုရားဖြစ်ရန်ဟူသည့် သူ၏ရည်ရွယ်ချက်ကို ပြီးမြောက်စေရန်အတွက် သူ၏ဘိုးဘေးကဲ့သို့ ပြုမူပြသည့် ဟာသဇာတ်တစ်ခုသာ ဖြစ်သည်။

ယခု သင်သည် ဘုရားသခင်၏ သြဇာအာဏာကို အတိအကျအားဖြင့် မည်သို့မြင်သနည်း။ ယခု ဤနှုတ်ကပတ်တော်များကို မိတ်သဟာယပြုပြီးသည့်အတွက် ဘုရားသခင်၏ သြဇာအာဏာနှင့်ပတ်သက်သော အသိပညာအသစ်ကို သင်ရရှိသင့်ပေပြီ။ ထို့ကြောင့် သင်တို့ကို ငါမေးမည်- ဘုရားသခင်၏ သြဇာအာဏာက အဘယ်အရာကို သင်္ကေတပြုသနည်း။ ဘုရားသခင်ကိုယ်တော်တိုင်၏ ဝိသေသလက္ခဏာကို သင်္ကေတပြုသလော။ ဘုရားသခင်ကိုယ်တော်တိုင်၏ တန်ခိုးကို သင်္ကေတပြုသလော။ ဘုရားသခင်ကိုယ်တော်တိုင်၏ အတုမရှိသည့် ဂုဏ်ဒြပ်ကို သင်္ကေတပြုသလော။ အရာအားလုံးထဲတွင် မည်သည့်အရာအထဲ၌ ဘုရားသခင်၏သြဇာအာဏာကို သင်မြင်ခဲ့သနည်း။ ယင်းကို မည်သို့မြင်ခဲ့သနည်း။ လူသားကြုံတွေ့သည့် ရာသီဥတုလေးခုအရဆိုပါက နွေဦးရာသီ၊ နွေရာသီ၊ ဆောင်းဦးရာသီနှင့် ဆောင်းရာသီတို့ကြားထဲက ဖလှယ်ခြင်းနိယာမကို မည်သူပြောင်းနိုင်သနည်း။ နွေဦးရာသီတွင် သစ်ပင်များက ဖူးပွင့်သည်။ နွေရာသီတွင် သစ်ပင်တို့သည် အရွက်များနှင့် ဖုံးနေသည်။ ဆောင်းဦးရာသီတွင် အသီးသီးကြပြီး ဆောင်းရာသီတွင် အရွက်ကြွေလေသည်။ ဤနိယာမကို မည်သူပြောင်းလဲနိုင်သနည်း။ ဤအရာက ဘုရားသခင့်သြဇာအာဏာ၏ ရှုထောင့်တစ်ခုကို ထင်ဟပ်စေသလော။ ဘုရားသခင်က “အလင်းဖြစ်စေ” ဟုပြောသည်နှင့် အလင်းဖြစ်လာသည်။ ဤအလင်းက တည်ရှိနေဆဲဖြစ်သလော။ အလင်းက အဘယ်ကြောင့် တည်ရှိနေသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်၏ သြဇာအာဏာကြောင့် တည်ရှိနေခြင်းပင်တည်း။ ဘုရားသခင်ဖန်ဆင်းထားသည့် လေက တည်ရှိနေဆဲဖြစ်သလော။ လူသား ရှူသွင်းသည့်လေက ဘုရားသခင်ထံမှ လာသလော။ မည်သူတစ်ဦးတစ်ယောက်သည် ဘုရားသခင်ထံမှလာသည့် အရာများကို ယူဆောင်သွားနိုင်သလော။ မည်သူတစ်ဦးတစ်ယောက်သည် ၎င်းတို့၏အနှစ်သာရနှင့် တာဝန်များကို ပြောင်းလဲနိုင်သလော။ ဘုရားသခင်ခွဲဝေသတ်မှတ်ထားခဲ့သည့် နေ့နှင့်ည၊ ဘုရားသခင်အမိန့်ပေးခဲ့သည့် နေ့နှင့်ည၏ နိယာမကို မည်သူက အစီအစဉ်ပျက်အောင် လုပ်နိုင်သနည်း။ စာတန်က ဤကဲ့သို့လုပ်နိုင်သလော။ သင်သည် ညတွင်မအိပ်ဘဲ ညကို နေ့ဟူ၍သတ်မှတ်လျှင်ပင် ညအချိန်က ညအချိန်ပဲဖြစ်နေမည် ဖြစ်သည်။ သင်၏ နေ့စဉ်လုပ်ရိုးလုပ်စဉ်ကို ပြောင်းလဲကောင်း ပြောင်းလဲနိုင်လိမ့်မည်။ သို့ရာတွင် သင်သည် ညနှင့်နေ့၏ ဖလှယ်ပုံနိယာမကို ပြောင်းရန် မတတ်စွမ်းပေ။ ဤသည်မှာ မည်သူမျှ မပြောင်းလဲနိုင်သည့် အချက်ပင်ဖြစ်သည်၊ မဟုတ်သလော။ မည်သူတစ်ဦးတစ်ယောက်သည် ခြင်္သေ့တစ်ကောင်ကို ကုန်းမြေပေါ်တွင် နွားကဲ့သို့လယ်ထွန်ခိုင်းရန် တတ်စွမ်းနိုင်သလော။ မည်သူတစ်ဦးတစ်ယောက်သည် ဆင်တစ်ကောင်ကို မြည်းဖြစ်သွားအောင် ပြောင်းရန် တတ်နိုင်သလော။ မည်သူတစ်ဦးတစ်ယောက်သည် ကြက်တစ်ကောင်ကို လင်းယုန်ငှက်တစ်ကောင်ကဲ့သို့ ပျံဝဲအောင်လုပ်ရန် တတ်နိုင်သလော။ မည်သူတစ်ဦးတစ်ယောက်သည် ဝံပုလွေတစ်ကောင်ကို သိုးတစ်ကောင်ကဲ့သို့ မြက်စားအောင် လုပ်နိုင်သလော။ (မလုပ်နိုင်ပါ။) မည်သူတစ်ဦးတစ်ယောက်သည် ရေထဲက ငါးတစ်ကောင်ကို ခြောက်သွေ့သည့် ကုန်းမြေပေါ်တွင် အသက်ရှင်အောင် လုပ်နိုင်သလော။ ထိုအရာကို လူသားတို့ မလုပ်နိုင်ကြပါ။ အဘယ်ကြောင့် မလုပ်နိုင်ရသနည်း။ ဘုရားသခင်က ငါးတို့ကို ရေထဲတွင် အသက်ရှင်ရန် အမိန့်ပေးထားခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ရေထဲတွင် အသက်ရှင်သည်။ ၎င်းတို့သည် ကုန်းမြေပေါ်တွင် အသက်ရှင်နိုင်မည် မဟုတ်ပေ။ သေသွားမည်ဖြစ်သည်။ သူတို့သည် ဘုရားသခင့်အမိန့်၏ အကန့်အသတ်ကို မကျော်လွန်နိုင်ပေ။ အရာအားလုံး၏ ဖြစ်တည်မှုတွင် နိယာမနှင့် အကန့်အသတ်များရှိပြီး သူတို့အသီးသီးတွင် ကိုယ်ပိုင်ဗီဇအသိစိတ်များ ရှိကြသည်။ ဤအရာတို့ကို ဖန်ဆင်းရှင်က ချမှတ်ပေးထားခြင်းဖြစ်ပြီး မည်သည့်လူသားကမျှ ပြောင်းလဲ၍၊ ကျော်လွန်၍ မရနိုင်ပေ။ ဥပမာ၊ ခြင်္သေ့သည် လူ့အဖွဲ့အစည်းနှင့် အဝေးတစ်နေရာတွင်ရှိသည့် တောထဲတွင်သာ အမြဲနေထိုင်လိမ့်မည်။ လူနှင့်အတူနေထိုင်ပြီး လူသားအတွက် အလုပ်လုပ်ပေးသည့် နွားကဲ့သို့ မည်သည့်အခါမျှ ကျိုးနွံပြီး သစ္စာရှိမလာနိုင်ပေ။ ဆင်နှင့် မြည်းနှစ်မျိုးလုံးက တိရစ္ဆာန်များဖြစ်ကြပြီး နှစ်မျိုးလုံးက ခြေလေးချောင်းရှိကာ လေကို ရှူသွင်းကြသည့် သတ္တဝါများဖြစ်သော်လည်း သူတို့သည် မတူညီသည့် မျိုးစိတ်များဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်က သူတို့ကို မတူညီသည့် အမျိုးအစားများအဖြစ် ခွဲခြားထား၍ဖြစ်သည်။ သူတို့အသီးသီးတွင် ကိုယ်ပိုင်ဗီဇအသိစိတ်များ ရှိကြသည်။ ထို့ကြောင့် သူတို့ကို မည်သည့်အခါမျှ ဖလှယ်နိုင်မည်မဟုတ်ပေ။ ကြက်က လင်းယုန်ကဲ့သို့ ခြေနှစ်ချောင်းရှိပြီး အတောင်ပံများရှိသော်လည်း လေထဲတွင် မည်သည့်အခါမျှ ပျံနိုင်မည်မဟုတ်ပေ။ အလွန်ဆုံး သစ်ပင်ပေါ်လောက်သာ ပျံတက်နိုင်လိမ့်မည်— ဤသည်မှာ သူ၏ဗီဇအသိစိတ်က ပိုင်းခြားသတ်မှတ်ထားခြင်းဖြစ်သည်။ ဤအရာ အားလုံးက ဘုရားသခင့်သြဇာအာဏာ၏ အမိန့်များကြောင့် ဖြစ်သည်ကို ပြောပြနေစရာမလိုပေ။

ယနေ့ လူသားတို့၏ ဖွံ့ဖြိုးတိုးတက်မှုတွင် လူသားတို့၏ သိပ္ပံသည် တိုးတက်လျက်ရှိသည်ဟု ဆိုနိုင်ပြီး လူသားတို့၏ သိပ္ပံဆိုင်ရာ ရှာဖွေတွေ့ရှိမှုများသည် အထင်ကြီးစရာကောင်းသည်ဟု ဆိုနိုင်သည်။ လူသား၏ အရည်အချင်းသည် အမြဲတမ်း ကြီးမားသည်ထက် ကြီးမားလာနေသည်ဟု ပြောရမည်ဖြစ်သည်။ သို့ရာတွင် လူသားမျိုးနွယ်က မလုပ်နိုင်သေးသည့် သိပ္ပံဆိုင်ရာ ထိုးဖောက်ကျော်လွှားမှုတစ်ခုရှိနေသည်။ လူသားမျိုးနွယ်သည် လေယာဉ်ပျံများ၊ လေယာဉ်တင် သင်္ဘောများ၊ အက်တမ်ဗုံးများကို ပြုလုပ်ခဲ့သည်။ လူသားမျိုးနွယ်သည် စကြဝဠာထဲကို ထွက်ခဲ့သည်။ လပေါ်တွင် လမ်းလျှောက်ခဲ့သည်။ အင်တာနက်ကို တီထွင်ခဲ့သည်။ နည်းပညာမြင့် ဘဝနေမှုပုံစံနှင့် နေထိုင်ခဲ့ကြသည်။ သို့ရာတွင် လူသားမျိုးနွယ်သည် အသက်ရှိသည့်၊ အသက်ရှူသည့် သတ္တဝါကို ဖန်တီးရန် မတတ်နိုင်ပေ။ သက်ရှိသတ္တဝါတိုင်း၏ ဗီဇအသိစိတ်နှင့် သူတို့အသက်ရှင်နေထိုင်သည့် နိယာမများ၊ သက်ရှိအမျိုးအစားတိုင်း၏ သေခြင်းနှင့်ရှင်ခြင်း စက်ဝန်း- ဤအရာများအားလုံးသည် လူသားတို့၏ သိပ္ပံပညာစွမ်းအားထက် ကျော်လွန်ပြီး၊ ၎င်းတို့ကို သိပ္ပံပညာက မထိန်းချုပ်နိုင်ပေ။ လူသား၏ သိပ္ပံပညာနှင့် မည်မျှကြီးမားသည့် အမြင့်ကို ရယူပြီးဖြစ်ပါစေ ၎င်းတို့သည် ဖန်ဆင်းရှင်၏ မည်သည့်အတွေးနှင့်မျှ နှိုင်းယှဉ်၍ မရနိုင်ကြောင်း၊ ဖန်ဆင်းရှင်၏ ဖန်ဆင်းခြင်းဆိုင်ရာ ဆန်းကြယ်မှုနှင့် သူ့သြဇာအာဏာ၏ တန်ခိုးတို့ကို ခွဲခြမ်းနိုင်စွမ်း မရှိကြောင်း ဤနေရာတွင် ပြောရပေမည်။ ကမ္ဘာမြေကြီးပေါ်တွင် သမုဒ္ဒရာများ များစွာရှိသည်။ သို့ရာတွင် ၎င်းတို့သည် သူတို့၏နယ်နိမိတ်များကိုကျော်ပြီး ကုန်းမြေပေါ်ကို ၎င်းတို့စိတ်ကြိုက် တစ်ခါမျှမလာဖူးပေ။ ဤသည်မှာ ဘုရားသခင်က ၎င်းတို့တစ်ခုချင်းစီ၏ နယ်နိမိတ်များကို သတ်မှတ်ထားသောကြောင့်ဖြစ်သည်။ ဘုရားသခင်အမိန့်ပေးထားသည့် မည်သည့်နေရာတွင်မဆို ၎င်းတို့နေပြီး ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ ၎င်းတို့သည် ကြိုက်သလို မလှုပ်ရှားနိုင်ပေ။ ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ အချင်းချင်း စည်းမဖောက်နိုင်ကြပေ။ ဘုရားသခင်က ပြောမှသာလျှင် ၎င်းတို့လှုပ်ရှားနိုင်သည်။ ၎င်းတို့သွားသည့်နေရာနှင့် ၎င်းတို့နေသည့်နေရာကို ဘုရားသခင်၏ သြဇာအာဏာအားဖြင့် ပိုင်းခြားသတ်မှတ်သည်။

ရိုးရိုးရှင်းရှင်းပြောရလျှင် “ဘုရားသခင်၏ သြဇာအာဏာ” ဆိုသည်မှာ ဘုရားသခင်အပေါ်တွင် မူတည်သည်ဟု ဆိုလိုသည်။ ဘုရားသခင်သည် တစ်ခုခုကို မည်သို့လုပ်မည်ဆိုသည့်အပေါ်တွင် ဆုံးဖြတ်သတ်မှတ်ရန် အခွင့်အရေးရှိပြီး သူဆန္ဒရှိသည့် နည်းလမ်းအတိုင်း ပြီးမြောက်သည်။ အရာအားလုံး၏ နိယာမက ဘုရားသခင်အပေါ် မူတည်သည်၊ လူသားအပေါ်တွင် မူတည်ခြင်း မရှိသကဲ့သို့ လူသားက ပြောင်းလဲ၍လည်း မရပေ။ ထိုနိယာမကို လူသား၏ အလိုဆန္ဒနှင့် မရွှေ့နိုင်ဘဲ ထိုအစား ဘုရားသခင်၏အတွေးများ၊ ဘုရားသခင်၏ ဉာဏ်ပညာ၊ ဘုရားသခင်၏ အမိန့်တို့နှင့် ပြောင်းလဲနိုင်သည်။ ဤသည်မှာ မည်သည့်လူသားမျှ မငြင်းဆိုနိုင်သည့် အချက်တစ်ခုဖြစ်သည်။ ကောင်းကင်၊ မြေကြီးနှင့် အရာအားလုံး၊ စကြဝဠာ၊ ကြယ်များပြည့်နေသည့် ကောင်းကင်၊ နှစ်တစ်နှစ်၏ ရာသီဥတုလေးခု၊ လူသားက မြင်နိုင်သည့်အရာများနှင့် မမြင်နိုင်သည့်အရာများ- စသည်တို့အားလုံးသည် အမှားအယွင်း စိုးစဉ်းမျှမပါဘဲ ဘုရားသခင်၏ သြဇာအာဏာအောက်တွင် ဘုရားသခင်၏ အမိန့်များနှင့်အညီ၊ ဘုရားသခင်၏ ပညတ်ချက်များနှင့်အညီ၊ ဖန်ဆင်းခြင်းအစ၏ နိယာမတို့နှင့်အညီ တည်ရှိသည်၊ လည်ပတ်သည်၊ ပြောင်းလဲသည်။ မည်သည့်လူပုဂ္ဂိုလ်၊ သို့မဟုတ် မည်သည့်အရာဝတ္ထုကမျှ ၎င်းတို့၏နိယာမများကို မပြောင်းလဲနိုင်ပေ၊ သို့မဟုတ် ၎င်းတို့လည်ပတ်လှုပ်ရှားသည့် ရှိရင်းစွဲလမ်းကြောင်းများကို မပြောင်းလဲနိုင်ပေ။ ၎င်းတို့သည် ဘုရားသခင်၏ သြဇာအာဏာကြောင့် ဖြစ်တည်လာကြပြီး ဘုရားသခင်၏ သြဇာအာဏာကြောင့် ပျက်စီးကြသည်။ ဤသည်မှာ ဘုရားသခင်၏ သြဇာအာဏာသက်သက်ဖြစ်သည်။ ဤမျှလောက် ပြောပြီးဖြစ်သည့်အတွက် ဘုရားသခင်၏ သြဇာအာဏာသည် ဘုရားသခင်၏ ဝိသေသလက္ခဏာနှင့် ဂုဏ်ဒြပ်၏ သင်္ကေတဖြစ်သည်ကို သင်ခံစားနိုင်သလော။ ဘုရားသခင်၏ သြဇာအာဏာကို ဖန်ဆင်းခံ၊ သို့မဟုတ် ဖန်ဆင်းခြင်းမခံရသည့် အရာများက ပိုင်ဆိုင်နိုင်သလော။ ဤအရာကို တုပနိုင်သလော။ ဟန်ဆောင်နိုင်သလော။ သို့မဟုတ် လူပုဂ္ဂိုလ်၊ အရာဝတ္ထု၊ သို့မဟုတ် ပစ္စည်းတို့နှင့် အစားထိုး၍ ရနိုင်သလော။

ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာသည် အတုမရှိပေ၊ သင်သည် ဘုရားအများကိုးကွယ်သည့်ဝါဒ၏ အယူအတိုင်း မလိုက်နာသင့်

စာတန်၏ အရည်အချင်းနှင့် အစွမ်းတို့သည် လူသားတို့ထက် ကြီးမားသော်လည်း၊ လူသားက မရရှိနိုင်သည့် အရာများကို သူလုပ်နိုင်သော်လည်း၊ စာတန်လုပ်သည့်အရာကို သင်မနာလိုသည်ဖြစ်စေ၊ အားကျသည်ဖြစ်စေ၊ ထိုအရာများကို သင်မုန်းသည်ဖြစ်စေ၊ ရွံရှာသည်ဖြစ်စေ၊ ထိုအရာများကို သင်မြင်နိုင်စွမ်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ထို့ပြင် စာတန်က မည်မျှရရှိနိုင်သည်ဖြစ်စေ၊ သို့မဟုတ် သူ့ကို ကိုးကွယ်ရန်နှင့် ပစားထားရန် လူမည်မျှများများကို သူလှည့်စားနိုင်သည်ဖြစ်စေ၊ ထို့ပြင် သင့်အနေဖြင့် စာတန်ကို မည်သို့သတ်မှတ်သည်ဖြစ်စေ စာတန်၌ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးရှိသည်ဟု သင်ပြော၍မရပေ။ ဘုရားသခင်သည် ဘုရားသခင်သာဖြစ်သည်ကို သင်သိရမည်။ ဘုရားသခင်တစ်ပါးတည်းသာ ရှိ၏။ ထို့အပြင် ဘုရားသခင်သာလျှင် သြဇာအာဏာရှိပြီး အရာအားလုံးကို ထိန်းချုပ်ရန်နှင့် အုပ်စိုးရန် တန်ခိုးရှိသည်ကို သင်သိရမည်။ စာတန်၌ လူတို့ကို လှည့်စားနိုင်သည့် အရည်အချင်းရှိပြီး သူသည် ဘုရားသခင်အသွင် ယောင်ဆောင်နိုင်ကာ ဘုရားသခင်ပြုခဲ့သည့် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို တုပနိုင်သည့်အပြင် ဘုရားသခင်ကဲ့သို့ ဆင်တူသည့် အရာများကို သူလုပ်ထားသည်ဆိုရုံနှင့် ဘုရားသခင်က အတုမရှိမဟုတ်ကြောင်း၊ ဘုရားများ အများအပြားရှိကြောင်း၊ သူတို့တွင် ပိုကြီးမားသည့်၊ သို့မဟုတ် သေးငယ်သည့် အစွမ်းများရှိကြခြင်းသာဖြစ်ကြောင်းနှင့် သူတို့ကိုင်ဆောင်သည့် တန်ခိုး၏ အတိုင်းအတာက ကွဲပြားမှုများရှိကြောင်း သင်သည် မှားယွင်းစွာ ယုံကြည်တော့သည်။ သူတို့ရောက်ရှိလာသည့် အစီအစဉ်အတိုင်း၊ သူတို့၏ အသက်အရွယ်တို့နှင့်အညီ သူတို့၏ကြီးမြတ်မှုကို သင်အဆင့်သတ်မှတ်၏။ ထို့ပြင် ဘုရားသခင်အပြင် အခြားဘုရားများရှိသည်ဟု သင်သည် မှားယွင်းစွာ ယုံကြည်ပြီး ဘုရားသခင်၏ တန်ခိုးနှင့် သြဇာအာဏာသည် အတုမရှိမဟုတ်ဟု သင်ထင်မြင်၏။ အကယ်၍ သင့်တွင် ဤကဲ့သို့သော စိတ်ကူးမျိုးရှိပါက၊ ဘုရားသခင်၏ အတုမရှိခြင်းကို သင်မသိမြင်ပါက၊ ဘုရားသခင်သာလျှင် သြဇာအာဏာကို ပိုင်ဆိုင်သည်ဟု သင်မယုံကြည်ပါက၊ ထို့အပြင် သင်သည် ဘုရားအများ ကိုးကွယ်သည့်ဝါဒအတိုင်းသာ လိုက်နာပါက သင်သည် ဖန်ဆင်းခံများ၏ လူညံ့၊ လူဖျင်းတစ်ယောက်ဖြစ်ပြီး စာတန်၏ ပြယုဂ်စစ်စစ်ဖြစ်ကာ လုံးဝဆိုးယုတ်သည့် ပုဂ္ဂိုလ်ဖြစ်သည်ဟု ငါပြောမည်။ ဤနှုတ်ကပတ်တော်များကို ပြောပြီး သင်တို့ကို အဘယ်အရာအား ငါသင်ကြားနေခြင်းဖြစ်သည်ကို သင်တို့နားလည်သလော။ မည်သည့်အချိန်၊ မည်သည့်နေရာဖြစ်စေ၊ သို့မဟုတ် သင်၏နောက်ကြောင်းက မည်သို့ပင်ဖြစ်စေ၊ သင်သည် ဘုရားသခင်ကို အခြားပုဂ္ဂိုလ်၊ အရာဝတ္ထု၊ သို့မဟုတ် ပစ္စည်းများနှင့် မရောထွေးရ။ ဘုရားသခင်၏ သြဇာအာဏာနှင့် ဘုရားသခင် ကိုယ်တော်တိုင်၏ အနှစ်သာရတို့က မသိနိုင်၊ မချဉ်းကပ်နိုင်ဟု မည်မျှပင် သင်ခံစားရသည်ဖြစ်စေ၊ စာတန်၏ စကားလုံးများနှင့် လုပ်ဆောင်ချက်များက သင်၏အယူအဆ၊ စိတ်ကူးထင်မြင်မှုများနှင့် မည်မျှပင် ကိုက်ညီပါစေ၊ ထိုအရာများက သင့်အတွက် မည်မျှပင် ကျေနပ်အားရဖွယ်ရာဖြစ်နေပါစေ၊ မမိုက်မဲနှင့်၊ ဤအယူအဆများကို မရောထွေးနှင့်၊ ဘုရားသခင်၏ တည်ရှိမှုကို မငြင်းပယ်နှင့်၊ ဘုရားသခင်၏ ဝိသေသလက္ခဏာနှင့် ဂုဏ်ဒြပ်ကို မငြင်းပယ်နှင့်၊ ဘုရားသခင်ကို တံခါးအပြင်သို့ တွန်းထုတ်ပြီး သင့်နှလုံးသားထဲတွင် ဘုရားသခင်ကို အစားထိုးရန်နှင့် သင်၏ဘုရားဖြစ်စေရန်အတွက် စာတန်ကို မခေါ်ဆောင်နှင့်။ ဤကဲ့သို့ပြုလုပ်ခြင်း၏ အကျိုးဆက်အား သင်စိတ်ကူးနိုင်စွမ်းရှိသည်ကို ငါသံသယမဝင်ပေ။

လူသားမျိုးနွယ်သည် ဖောက်ပြန်ပျက်စီးစေခြင်းကို ခံထားရသော်လည်း ဖန်ဆင်းရှင်၏ သြဇာအာဏာဆိုင်ရာ အချုပ်အခြာအာဏာအောက်တွင် အသက်ရှင်နေထိုင်ဆဲရှိသည်

စာတန်သည် လူသားမျိုးနွယ်ကို နှစ်ထောင်ပေါင်းများစွာ ကြာအောင် ဖောက်ပြန်ပျက်စီးစေနေသည်။ စာတန်သည် ပြောပြ၍မရနိုင်သည့် မကောင်းမှုများကို ဖြစ်ပေါ်စေခဲ့သည်။ မျိုးဆက်တစ်ဆက်ပြီး တစ်ဆက်ကို လှည့်စားခဲ့သည်။ အလွန်ယုတ်မာသည့် ပြစ်မှုများကို ကမ္ဘာတွင် ကျူးလွန်ခဲ့သည်။ လူသားကို နှိပ်စက်ခဲ့သည်။ လှည့်စားခဲ့သည်။ ဘုရားသခင်ကို ဆန့်ကျင်ရန် သွေးဆောင်ခဲ့သည်။ ဘုရားသခင်၏စီမံခန့်ခွဲမှု အစီအစဉ်တို့ကို နှောင့်ယှက်ကာ ထိခိုက်စေသည့် ဆိုးယုတ်သည့် လုပ်ရပ်များကို ထပ်ခါတလဲလဲ သူကျူးလွန်ခဲ့သည်။ သို့ရာတွင် ဘုရားသခင်၏ သြဇာအာဏာအောက်တွင် အရာအားလုံးနှင့် သက်ရှိသတ္တဝါတို့သည် ဘုရားသခင် ချမှတ်ထားသည့် စည်းမျဉ်းနှင့် နိယာမများကို ဆက်လက်လိုက်နာစောင့်ထိန်းကြသည်။ ဘုရားသခင်၏ သြဇာအာဏာနှင့် နှိုင်းယှဉ်လိုက်လျှင် စာတန်၏ ဆိုးယုတ်သည့် သဘာဝနှင့် ထကြွသောင်းကျန်းမှုတို့က အလွန်အကျည်းတန်သည်။ အလွန်ရွံစရာကောင်းပြီး စက်ဆုပ်ဖွယ်ကောင်းသည်။ အလွန်သေးငယ်ပြီး အားနွဲ့သည်။ ဘုရားသခင်ဖန်ဆင်းခဲ့သည့် အရာအားလုံးကြားတွင် စာတန်သည် လျှောက်လှမ်းသော်လည်း ဘုရားသခင်အုပ်ချုပ်သည့် လူများ၊ အရာဝတ္ထုများ၊ ပစ္စည်းများတွင် ပြောင်းလဲမှု အနည်းငယ်ကိုပင် သူမပြဋ္ဌာန်းနိုင်ပေ။ နှစ်ထောင်ပေါင်းအချို့ ကုန်ဆုံးပြီးနောက် လူသားမျိုးနွယ်သည် ဘုရားသခင် ချပေးသနားခဲ့သည့် အလင်းနှင့် လေကို မွေ့လျော်ခံစားနေဆဲပင်ဖြစ်သည်။ ဘုရားသခင်ကိုယ်တော်တိုင် မှုတ်သွင်းခဲ့သည့် ဇီဝအသက်ကို အသက်ရှူဆဲပင် ဖြစ်သည်။ ဘုရားသခင်ဖန်ဆင်းခဲ့သည့် ပန်းပွင့်များ၊ ငှက်များ၊ ငါးများနှင့် ပိုးမွှားများကို မွေ့လျော်ခံစားနေဆဲဖြစ်ပြီး ဘုရားသခင်ပေးအပ်ခဲ့သည့် အရာအားလုံးကို မွေ့လျော်ခံစားနေဆဲဖြစ်သည်။ နေ့နှင့်ညသည် အချင်းချင်း အဆက်မပြတ် အစားထိုးနေဆဲဖြစ်သည်။ ရာသီဥတုလေးခုသည် ယခင်ကဲ့သို့ပင် လှည့်ပတ်နေဆဲဖြစ်သည်။ ကောင်းကင်တွင်ပျံနေသည့် ငန်းများသည် ဤဆောင်းရာသီတွင် ထွက်ခွာကြပြီး နောက်နှစ်နွေဦးတွင် ပြန်လာဆဲဖြစ်သည်။ ရေထဲက ငါးများသည် သူတို့၏အိမ်ဖြစ်သည့် မြစ်များနှင့် အင်းအိုင်များကို မည်သည့်အခါမျှ မစွန့်ခွာပေ။ ပုစဉ်းရင်ကွဲများသည် နွေနေ့ရက်များတွင် ကျယ်လောင်စွာ သီချင်းဆိုကြသည်။ မြက်ထဲတွင်ရှိသည့် ပုရစ်များက ဆောင်းဦးရာသီတွင် တိုက်ခတ်သောလေနှင့်အတူ အချိန်မီ တီးတိုးသီဆိုနေကြသည်။ ငန်းများသည် ငန်းအုပ်အဖြစ် စုစည်းကြပြီး လင်းယုန်များက သီးသန့်နေထိုင်ကြသည်။ ခြင်္သေ့အုပ်များက အမဲလိုက်ခြင်းဖြင့် မိမိတို့ကိုယ်မိမိ အားဖြည့်သည်။ သမင်ကြီးများသည် မြက်နှင့် ပန်းပွင့်များမှ ရှောင်ဖယ်မသွားပေ။...အရာအားလုံးထဲမှ သက်ရှိသတ္တဝါ အမျိုးအစားတိုင်းသည် ထွက်ခွာပြီး ပြန်လာသည်။ ပြီးနောက် ပြန်ထွက်ခွာကြပြန်သည်။ မျက်စိတစ်မှိတ်အတွင်းတွင် ပြောင်းလဲမှုများစွာ ဖြစ်ပေါ်နေသည်။ သို့ရာတွင် မပြောင်းလဲသည့်အရာမှာ သူတို့၏ ဗီဇအသိစိတ်များနှင့် ရှင်သန်ရပ်တည်နေရေး နိယာမများပင်ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ထောက်ပံ့မှုနှင့် အာဟာရဖြည့်ပေးမှုအောက်တွင် အသက်ရှင်ကြသည်။ မိမိတို့၏ ဗီဇအသိစိတ်များကို မည်သူမျှ မပြောင်းနိုင်ပေ။ မိမိတို့၏ ရှင်သန်ရပ်တည်ရေး စည်းမျဉ်းများကို မည်သူမျှ မဖျက်ဆီးနိုင်ပေ။ အရာအားလုံးကြားတွင် နေထိုင်သည့် လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းနှင့် လှည့်စားခြင်းကို ခံရသော်လည်း လူသားသည် ဘုရားသခင်ပြုလုပ်ထားသည့် ရေ၊ ဘုရားသခင်ပြုလုပ်ခဲ့သည့် လေနှင့် ဘုရားသခင်ပြုလုပ်ထားသည့် အရာအားလုံးကို စွန့်လွှတ်နိုင်ခြင်း မရှိပေ။ လူသားသည် ဘုရားသခင်ဖန်ဆင်းခဲ့သည့် ဤနေရာတွင် နေထိုင်ပြီး ပွားများဆဲဖြစ်သည်။ လူသားမျိုးနွယ်၏ ဗီဇအသိစိတ်များက မပြောင်းလဲပေ။ လူသားသည် မြင်နိုင်ရန်အတွက် သူ၏မျက်လုံး၊ ကြားရန်အတွက် သူ၏နားများ၊ စဉ်းစားရန်အတွက် သူ၏ဦးနှောက်၊ နားလည်ရန်အတွက် သူ၏နှလုံးသား၊ လမ်းလျှောက်ရန်အတွက် သူ၏ခြေထောက်နှင့် ခြေဖဝါး၊ အလုပ်လုပ်ရန်အတွက် သူ၏လက်များစသည့် ဤအရာများကို အားကိုးဆဲပင် ဖြစ်သည်။ ဘုရားသခင်၏ ထောက်ပံ့မှုများ မပြောင်းမလဲဘဲ ရှိနေမှုကို လက်ခံနိုင်စေရန် လူသားအပေါ် ဘုရားသခင်ချပေးသနားခဲ့သည့် ဗီဇအသိစိတ်များ၊ ဘုရားသခင်နှင့် လက်တွဲလုပ်ဆောင်ရန်အတွက် လူသားအသုံးပြုသည့် စွမ်းရည်များ မပြောင်းလဲပေ။ ဖန်ဆင်းခံတစ်ဦး၏ တာဝန်များကို ထမ်းဆောင်ရန်အတွက် လူသားမျိုးနွယ်၏ စွမ်းရည်သည် မပြောင်းလဲသေးပေ။ လူသားမျိုးနွယ်၏ ဝိညာဉ်ရေးရာ လိုအပ်ချက်များ မပြောင်းလဲပေ။ သူတို့၏ဇာစ်မြစ်များကို ရှာဖွေရန်အတွက် လူသားမျိုးနွယ်၏ ဆန္ဒသည် မပြောင်းလဲပေ။ ဖန်ဆင်းရှင်၏ ကယ်တင်ခြင်းကို လူသားတို့ တောင့်တခြင်းက မပြောင်းလဲပေ။ ဤအရာများသည် ဘုရားသခင်၏ သြဇာအာဏာအောက်တွင်နေထိုင်သည့်၊ စာတန်က ဖြစ်ပေါ်စေသည့် သွေးစွန်းသည့် ပျက်စီးမှုများကို ကြံ့ကြံ့ခံခဲ့ရသည့် လူသားမျိုးနွယ်၏ လက်ရှိအခြေအနေများဖြစ်သည်။ လူသားမျိုးနွယ်သည် စာတန်၏ဖိနှိပ်မှုကို ခံရသော်လည်း ဖန်ဆင်းခြင်းအစက အာဒံနှင့်ဧဝတို့ကဲ့သို့ မဟုတ်တော့ပေ။ ထိုအစား အသိပညာ၊ ထင်မြင်ယူဆချက်၊ အယူအဆများစသည့် ဘုရားသခင်ကို ရန်မူလိုသည့် အရာများနှင့် ပြည့်နေပြီး စာတန်နှင့်ဆိုင်သည့် စိတ်သဘောထားနှင့် ပြည့်နေသည်။ ဘုရားသခင်၏ အမြင်တွင်မူ လူသားမျိုးနွယ်သည် သူဖန်ဆင်းခဲ့သည့် ယခင်က လူသားမျိုးနွယ်ဖြစ်နေဆဲပင်ဖြစ်သည်။ လူသားတို့သည် ဘုရားသခင်၏ အုပ်စိုးခြင်းနှင့် စီစဉ်ညွှန်ကြားခြင်းကို ခံနေရဆဲဖြစ်ပြီး ဘုရားသခင်ပြင်ဆင်ထားသည့် လမ်းကြောင်းအတွင်းတွင် အသက်ရှင်နေထိုင်ဆဲဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏အမြင်တွင် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံထားရသည့် လူသားမျိုးနွယ်သည် လှုပ်ရွနေသည့် အစာအိမ်နှင့်၊ အတန်ငယ်နှေးကွေးသည့် တုံ့ပြန်မှုများနှင့်၊ ယခင်ကဲ့သို့ မကောင်းတော့သည့် မှတ်ဉာဏ်များနှင့်၊ အနည်းငယ် အသက်ကြီးလာပြီး အညစ်အကြေးတို့နှင့် ဖုံးလွှမ်းနေခြင်းမျှသာဖြစ်သည်- သို့သော်လည်း လူသား၏ အသုံးဝင်မှုနှင့် ဗီဇအသိစိတ်အားလုံးတို့သည် လုံးဝ ထိခိုက်မှုမရှိပေ။ ဤသည်မှာ ဘုရားသခင်ကယ်တင်ရန် ရည်မှန်းသည့် လူသားမျိုးနွယ်ဖြစ်သည်။ ဤလူသားမျိုးနွယ်သည် ဖန်ဆင်းရှင်၏ ခေါ်သံကို ကြားရန်၊ ဖန်ဆင်းရှင်၏ အသံတော်ကို ကြားရန်သာလိုပြီး ဤအသံ၏ အရင်းအမြစ်ကိုရှာရန် သူသည် မတ်တပ်ရပ်ပြီး အပြေးအလွှား သွားလိမ့်မည်။ ဤလူသားမျိုးနွယ်သည် ဖန်ဆင်းရှင်၏ ပုံသဏ္ဌာန်ကို တွေ့ရန်သာလိုပြီး သူသည် သူ့ကိုယ်သူ ဘုရားသခင်ထံတွင် အပ်နှံရန်အတွက် အားလုံးကို ဂရုမစိုက်တော့ဘဲ အရာအားလုံးကို စွန့်လွှတ်ပြီး ဘုရားသခင်အတွက် သူ၏ဘဝကိုပင် ချပေးလိမ့်မည်။ လူသားမျိုးနွယ်၏ နှလုံးသားက ဖန်ဆင်းရှင်၏ လှိုက်လှဲသော နှုတ်ကပတ်တော်များကို နားလည်သည့်အခါတွင် လူသားမျိုးနွယ်သည် စာတန်ကို ငြင်းပယ်ပြီး ဖန်ဆင်းရှင်ထံပါးသို့ လာလိမ့်မည်။ လူသားမျိုးနွယ်သည် သူ၏ကိုယ်ခန္ဓာက အညစ်အကြေးများကို လုံးဝဆေးကြောပြီးသည့်အခါတွင်၊ ဖန်ဆင်းရှင်၏ ထောက်ပံ့ခြင်းနှင့် အာဟာရဖြည့်ပေးခြင်းကို နောက်တစ်ကြိမ် ထပ်၍ရရှိသည့်အခါတွင် လူသားမျိုးနွယ်၏ မှတ်ဉာဏ်တို့သည် ပြန်လည်ကောင်းမွန်လာမည်ဖြစ်ပြီး ဤအချိန်တွင် လူသားမျိုးနွယ်သည် ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်ကို အမှန်တကယ် ပြန်လာပေလိမ့်မည်။

၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်

အရှေ့သို့- ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)

နောက်တစ်ခုသို့- အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။