ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)

ယနေ့တွင် ငါတို့သည် အရေးကြီးသည့် အကြောင်းအရာ တစ်ခုနှင့်ပတ်သက်၍ မိတ်သဟာယပြုနေကြခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏အမှု စတင်ချိန်ကစ၍ ဆွေးနွေးကြခဲ့သည့် အကြောင်းအရာ တစ်ခုဖြစ်ပြီး ယင်းသည် လူတစ်ဦးစီတိုင်းအတွက် အလွန်တရာကြီးမားသည့် အရေးပါမှု ရှိပေသည်။ တစ်နည်းအားဖြင့်၊ ဤသည်မှာ ဘုရားသခင်၌ ယုံကြည်ခြင်းလမ်းကြောင်း တစ်လျှောက်တွင် အယောက်တိုင်း ကြုံမည့် ကိစ္စရပ်တစ်ခု ဖြစ်သည်။ ယင်းသည် ကြုံကိုကြုံရမည့် ကိစ္စရပ်တစ်ခု ဖြစ်သည်။ ယင်းသည် အရေးပါလှသည့် ကိစ္စရပ်တစ်ခု၊ လူသားမျိုးနွယ်က ခေါင်းရှောင်၍မရသည့် ရှောင်လွှဲမရသော ကိစ္စရပ်တစ်ခု ဖြစ်သည်။ အရေးပါမှုကို ပြောဆိုရာတွင် ဘုရားသခင်ကို ယုံကြည်သူတိုင်းအတွက် မည်သည့်အရာသည် အရေးပါဆုံးဖြစ်သနည်း။ လူအချို့က အရေးကြီးဆုံးသောအရာမှာ ဘုရားသခင်၏ အလိုကို နားလည်ခြင်းဖြစ်သည်ဟု တွေးထင်ကြသည်။ အချို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သာ၍ စားသောက်ဖို့မှာ အရေးကြီးဆုံးဖြစ်သည်ဟု ယုံကြည်ကြသည်။ အချို့က အရေးကြီးဆုံးမှာ မိမိတို့ကိုယ်ကိုယ် သိရှိဖို့ဖြစ်သည်ဟု ထင်ကြသည်။ အခြားသူတို့က အရေးအကြီးဆုံးသောအရာမှာ ဘုရားသခင်မှတစ်ဆင့် ကယ်တင်ခြင်းကို မည်သို့ ရှာတွေ့ရမည်၊ ဘုရားသခင်နောက် မည်သို့လိုက်ရမည် ဆိုသည်နှင့် ဘုရားသခင်၏ အလိုကို မည်ကဲ့သို့ ဖြည့်ဆည်းရမည်ဆိုသည်တို့ကို သိရှိခြင်းသည် အရေးအကြီးဆုံးသော အရာဖြစ်သည်ဟု ထင်မြင်ချက် ရှိကြသည်။ ယနေ့အတွက် ဤအကြောင်းအချက် အားလုံးကို ငါတို့ မေ့ထားကြမည်။ သို့ဆိုလျှင် မည်သည့်အရာကို ငါတို့ဆွေးနွေးနေကြသနည်း။ အကြောင်းအရာမှာ ဘုရားသခင်ဖြစ်သည်။ ဤသည်မှာ လူတိုင်းအတွက် အရေးပါဆုံးသော အကြောင်းအရာ ဖြစ်သည် မဟုတ်လော။ ဤအကြောင်းအရာ၌ မည်သည့်အရာသည် ပါဝင်နေသနည်း။ ဟုတ်ပေ၏၊ ယင်းကို ဘုရားသခင်၏ စိတ်သဘောထား၊ ဘုရားသခင်၏အနှစ်သာရနှင့် ဘုရားသခင်၏ အမှုတို့မှ သေချာပေါက် ခွဲထုတ်၍မရပေ။ ထို့ကြောင့် ယနေ့တွင် “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင်” အကြောင်းအရာကို ဆွေးနွေးကြစို့။

လူသားသည် ဘုရားသခင်ကို စတင်ယုံကြည်ခဲ့သည့် အချိန်မှစ၍၊ ၎င်းတို့သည် ဘုရားသခင်၏အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် ကဲ့သို့သော အကြောင်းအရာများနှင့် ကြုံကြရပြီးဖြစ်သည်။ ဘုရားသခင်၏အမှုနှင့် ပတ်သက်လာသောအခါတွင် လူတချို့က “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင်” ဟု ဆိုကြလိမ့်မည်။ ဘုရားသခင်၏ စိတ်သဘောထားနှင့်ပတ်သက်၍ ပြောဆိုသည့်အခါ အချို့က “ဘုရားသခင်၏ စိတ်သဘောထား ဆိုသည်မှာ ကျွန်ုပ်တို့ အသက်တာများ တစ်ခုလုံးတွင် ကျွန်ုပ်တို့ လေ့လာ၊ စူးစမ်းစစ်ဆေးပြီး အာရုံစိုက်သည့် အကြောင်းအရာတစ်ခု ဖြစ်ပါသည်၊ ထို့ကြောင့် ထိုအရာကို ကျွန်ုပ်တို့ အကျွမ်းတဝင် ရှိသင့်သည်” ဟု ဆိုကြလိမ့်မည်။ ဘုရားသခင် ကိုယ်တော်တိုင်အတွက်မူ အချို့က “ဘုရားသခင် ကိုယ်တော်တိုင်သည် ကျွန်ုပ်တို့လိုက်လျှောက်သောသူ၊ ကျွန်ုပ်တို့ ယုံကြည်သောသူဖြစ်ပြီး ကျွန်ုပ်တို့ လိုက်ရှာဖွေသော သူတစ်ဦးဖြစ်သည်။ သူနှင့်ပတ်သက်၍ ကျွန်ုပ်တို့ ကြားဖူးနားဝမရှိသည် မဟုတ်ပါ” ဟု ပြောဆိုကြလိမ့်မည်။ ဘုရားသခင်သည် ဖန်ဆင်းခြင်းကတည်းက သူ့အမှုကို မည်သည့် အခါမျှ မရပ်တန့်ခဲ့ပေ။ သူ၏ အမှုတစ်လျှောက်လုံးတွင် သူသည် သူ၏ စိတ်သဘောထားကို ဆက်လက်ဖော်ပြထားကာ သူ၏နှုတ်ကပတ်တော်ကို ဖော်ပြရန် နည်းလမ်း အမျိုးမျိုးကို အသုံးပြုထားသည်။ တစ်ချိန်တည်းတွင်၊ လူသားမျိုးနွယ်ထံ မိမိကိုယ်ကိုယ်နှင့် မိမိ၏ အနှစ်သာရတို့ကို ဖော်ပြခြင်း၊ လူသားအပေါ် သူ၏ အလိုနှင့် လူထားထံမှ သူတောင်းဆိုသောအရာတို့ကို ဖော်ပြခြင်းအား မည်သည့်အခါမျှ မရပ်တန့်ခဲ့ပေ။ ထို့ကြောင့် တိုက်ရိုက်စကားရပ်များအရ၊ မည်သူမျှ ဤအကြောင်းအရာများနှင့် မစိမ်းပေ။ သို့သော် ယနေ့ ဘုရားသခင်နောက်လိုက်သော လူများအဖို့၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင်တို့သည် မရင်းနှီးသော အရာများအားလုံး ဖြစ်လေသည်။ အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်း။ လူသားသည် ဘုရားသခင်၏အမှုကို ကြုံတွေ့ရသည့်အမျှ၊ ၎င်းတို့ကို ဘုရားသခင်၏ စိတ်သဘောထားအား နားလည်သည့်အလား သို့မဟုတ် ယင်းက မည်သည့်အရာနှင့်တူသည်ဆိုသည့် အသိအချို့ ရှိသည့်အလား ခံစားရစေရင်း၊ ၎င်းတို့သည်လည်း ဘုရားသခင်နှင့် ထိတွေ့လာကြလေသည်။ သို့ဖြစ်သောကြောင့် လူသားသည် မိမိမှာ ဘုရားသခင်၏ အမှု သို့မဟုတ် ဘုရားသခင်၏ စိတ်သဘောထားနှင့် အစိမ်းသက်သက်ဖြစ်သည်ဟု မတွေးထင်ပေ။ ယင်းထက် သူသည် ဘုရားသခင်နှင့် အလွန်ရင်းနှီးပြီး ဘုရားသခင်အကြောင်းကို များစွာနားလည်သည်ဟု လူသားက တွေးထင်လေသည်။ သို့သော် လက်ရှိအခြေအနေအရ၊ များစွာသောအရာများ ထဲတွင်၊ ဘုရားသခင်နှင့် သက်ဆိုင်သည့် ဤသိနားလည်မှုသည် စာအုပ်များ၌ ၎င်းတို့ဖတ်ရှုပြီး ဖြစ်သည့် အရာများ၌သာ ကန့်သတ်ခံထားရသည်၊ ပုဂ္ဂိုလ်ရေး အတွေ့အကြုံ၌သာ ကန့်သတ်ခံထားရသည်၊ စိတ်ကူးစိတ်သန်းများဖြင့် ချုပ်ထိန်းခံရပြီး၊ အခြားအရာအားလုံးထက်၊ ၎င်းတို့ ကိုယ်တိုင်၏ မျက်စိများဖြင့် မြင်နိုင်သည့် အချက်အလက်များ၌သာ ဘောင်ခတ် ခံထားရလေသည်- ထိုအရာ အားလုံးသည် စစ်မှန်သော ဘုရားသခင်ကိုယ်တော်တိုင်ထံမှ များစွာကွာခြားပေသည်။ ပြီးလျှင် ဤ “များစွာ” ဆိုသည်မှာ မည်မျှများပြားသနည်း။ လူသားသည် မိမိကိုယ်ကိုယ် မသေမချာ ဖြစ်ကောင်းဖြစ်မည်၊ သို့မဟုတ် အသိစိတ် အနည်းငယ် သို့မဟုတ် အရိပ်အမြွက်တစ်ခု ရှိကောင်းရှိမည်- သို့ရာတွင် ဘုရားသခင်ကိုယ်တော်တိုင်နှင့် ပတ်သက်လာသည့်အခါ၊ သူနှင့်သက်ဆိုင်သည့် လူသား၏ သိနားလည်ခြင်းသည် စစ်မှန်သော ဘုရားသခင် ကိုယ်တော်တိုင်၏ အနှစ်သာရမှ များစွာ ကွာခြားလွန်းလှပေသည်။ ထို့ကြောင့် ဤသည်မှာ၊ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင်” ကဲ့သို့သော အကြောင်းအရာအတွက်၊ စနစ်ကျကာ ခိုင်မာသောနည်းဖြင့် မိတ်သဟာယတွင် ပါဝင်ဖို့သည် ကျွန်ုပ်တို့အတွက် အလွန်အရေးကြီးရသည့် အကြောင်းရင်း ဖြစ်သည်။

အမှန်တွင် ဘုရားသခင်သည် မည်သူ့ကိုမျှ သိလျက်နှင့် မည်သည့်အခါတွင်မျှ မရှောင်ဖူးသကဲ့သို့၊ လူတို့ကို သူ့အား သိရှိခြင်းမှ သို့မဟုတ် သူ့ကို သိနားလည်ခြင်းမှ တားဆီးဖို့ မိမိကိုယ်ကိုယ် မည်သည့်အခါတွင်မျှ သိလျက်နှင့် မကွယ်ဝှက်ဖူးသောကြောင့်၊ ဘုရားသခင်၏ စိတ်သဘောထားသည် အယောက်တိုင်းအဖို့ ဖွင့်ဟထားပြီး ဖုံးကွယ်မထားပေ။ ဘုရားသခင်၏ စိတ်သဘောထားသည် အမြဲပင် ဖွင့်ပြထားရန်ဖြစ်ပြီး လူအသီးသီးကို ပွင့်ပွင့်လင်းလင်း ရင်ဆိုင်ရန် ဖြစ်သည်။ ဘုရားသခင်၏စီမံခန့်ခွဲမှုတွင်၊ ဘုရားသခင်သည် အယောက်တိုင်းကို ရင်ဆိုင်ရင်း၊ သူ၏အမှုကို လုပ်ဆောင်ကာ လူအယောက်စီတိုင်းအပေါ်၌ သူ၏ အမှုကို လုပ်ဆောင်လေသည်။ သူသည် ဤအမှုကို လုပ်ဆောင်သည်နှင့်အမျှ၊ လူအယောက်စီတိုင်းကို လမ်းပြကာ ထောက်ပံ့ဖို့၊ သူ၏စိတ်သဘောထားကို မရပ်မနား ထုတ်ဖော်ပြနေပြီး၊ သူ၏အနှစ်သာရ၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းကို စဉ်ဆက်မပြတ် အသုံးပြုနေ၏။ ခေတ်တိုင်းနှင့် အဆင့်တိုင်းတွင် အခြေအနေများ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ၊ ဘုရားသခင်၏စိတ်သဘောထားကို အယောက်စီတိုင်းအား အမြဲ ဖွင့်ပြထားပြီး၊ သူ၏ အသက်သည် လူသားမျိုးနွယ်ကို စဉ်ဆက်မပြတ်နှင့် မရပ်မနား ထောက်ပံ့ကာ ပံ့ပိုးပေးနေသကဲ့သို့ပင်၊ သူ၏ ပိုင်ဆိုင်မှုများနှင့် ဖြစ်ခြင်းတို့ကို အယောက်စီတိုင်းအဖို့ အမြဲ ဖွင့်ပြထားပေသည်။ ဤအရာအားလုံး ဖြစ်နေစေကာမူ၊ ဘုရားသခင်၏ စိတ်သဘောထားသည် တချို့အဖို့ ဖုံးကွယ်နေမြဲဖြစ်သည်။ အဘယ့်ကြောင့်နည်း။ အဘယ့်ကြောင့်ဆိုသော် ဤလူတို့သည် ဘုရားသခင်၏ အမှုအတွင်းတွင် အသက်ရှင်ပြီး ဘုရားသခင် နောက်သို့ လိုက်ကြ သော်လည်း၊ ၎င်းတို့သည် ဘုရားသခင်နှင့် သာ၍ နီးစပ်ဖို့မဆိုထားနှင့်၊ ဘုရားသခင်ကို သိနားလည်ဖို့ မည်သည့်အခါတွင်မျှ မကြိုးစားခဲ့ကြသကဲ့သို့၊ ဘုရားသခင်ကို မည်သည့်အခါတွင်မျှ သိကျွမ်းလိုခြင်း မရှိခဲ့ကြသောကြောင့် ဖြစ်ပေသည်။ ဤလူတို့အဖို့ ဘုရားသခင်၏ စိတ်သဘောထားကို နားလည်ခြင်းသည် ၎င်းတို့၏နိဂုံးသည် နီးပြီဟူသည်ကို နိမိတ်ပြပေသည်။ ယင်းက ၎င်းတို့သည် ဘုရားသခင်၏ စိတ်သဘောထား အားဖြင့် တရားစီရင်ခံရကာ ရှုတ်ချခြင်းခံရတော့မည် ဖြစ်သည်ကို ဆိုလိုပေသည်။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင် သို့မဟုတ် သူ၏စိတ်သဘောထားကို သိနားလည်ဖို့ မည်သည့်အခါတွင်မျှ စိတ်ဆန္ဒမရှိဖူး ကြသကဲ့သို့၊ ဘုရားသခင်၏အလိုနှင့်သက်ဆိုင်သည့် သာ၍ နက်ရှိုင်းသော သိနားလည်မှု သို့မဟုတ် အသိပညာကိုလည်း မည်သည့်အခါမျှ မတပ်မက်ဖူး ကြပေ။ ၎င်းတို့သည် သတိရှိသည့် ပူးပေါင်းလုပ်ဆောင်ခြင်းမှတစ်ဆင့် ဘုရားသခင်၏ အလိုကို သဘောပေါက်ဖို့ မကြိုးစားကြပေ- ၎င်းတို့သည် ၎င်းတို့ လုပ်ဆောင်လိုသည့်အရာများ လုပ်ဆောင်ရခြင်းကို အစဉ်အမြဲ ပျော်မွေ့ပြီး မည်သည့်အခါတွင်မျှ မငြီးငွေ့ကြပေ။ ၎င်းတို့ ယုံကြည်ချင်သော ဘုရားသခင်ကို ၎င်းတို့ ယုံကြည်ကြ၏။ ၎င်းတို့၏ စိတ်ကူးများ၌သာ တည်ရှိသည့် ဘုရားသခင်၊ ၎င်းတို့၏ အယူအဆများ၌သာ တည်ရှိသည့် ဘုရားသခင်ကို ၎င်းတို့ယုံကြည်ကြပြီး၊ ၎င်းတို့၏နေ့စဉ် အသက်တာများတွင် ၎င်းတို့နှင့် ခွဲထုတ်၍မရသော ဘုရားသခင်ကို ယုံကြည်ကြလေသည်။ စစ်မှန်သော ဘုရားသခင်ကိုယ်တိုင်နှင့် ပတ်သက်လာသည့် အခါတွင်၊ ၎င်းတို့သည် သူနှင့် သာ၍ နီးစပ်ရန် ဆန္ဒရှိဖို့ မဆိုထားနှင့်၊ သူ့ကို လုံးဝ အထင်အမြင်သေးပြီး သူ့ကို နားလည်ဖို့ သို့မဟုတ် သူ့ကို အရေးစိုက်ဖို့ စိတ်ဆန္ဒမရှိကြချေ။ ၎င်းတို့သည် ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်များကို မိမိတို့ကိုယ်ကိုယ် တန်ဆာဆင်ဖို့၊ မိမိတို့ကိုယ်ကိုယ် ပြရုပ်တင်ဖို့သာ အသုံးပြုနေကြသည်။ ၎င်းတို့အဖို့၊ ဤအရာက ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့ကို အောင်မြင်သော ယုံကြည်သူများနှင့် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ ဖြစ်စေနှင့်ပြီး ဖြစ်သည်။ ၎င်းတို့၏စိတ်နှလုံးများတွင်၊ ၎င်းတို့သည် မိမိတို့၏စိတ်ကူးစိတ်သန်းများ၊ မိမိတို့၏ အယူအဆများနှင့် ဘုရားသခင်နှင့် သက်ဆိုင်သည့် မိမိတို့၏ပုဂ္ဂိုလ်ရေး အဓိပ္ပာယ်ဖွင့်ဆိုချက်များဖြင့်ပင် လမ်းပြခြင်း ခံရသည်။ အခြားတစ်ဘက်တွင်မူ၊ စစ်မှန်သော ဘုရားသခင် ကိုယ်တိုင်သည် ၎င်းတို့နှင့် မည်သို့မျှ ပတ်သက်မှုမရှိပေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် စစ်မှန်သော ဘုရားသခင် ကိုယ်တိုင်ကို သိနားလည်ခဲ့ကြမည်ဆိုပါက၊ ဘုရားသခင်၏ စစ်မှန်သော စိတ်သဘောထားကို ၎င်းတို့ သိနားလည်ပြီး၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို နားလည်ခဲ့ကြမည်ဆိုပါက၊ ၎င်းတို့၏ လုပ်ဆောင်ချက်များ၊ ၎င်းတို့၏ယုံကြည်ခြင်းနှင့် ၎င်းတို့၏ အားထုတ်မှုတို့သည် ရှုတ်ချခြင်းကိုခံရမည် ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်၏ အနှစ်သာရကို နားလည်ဖို့ကို စက်ဆုပ်ကြသကဲ့သို့၊ ဘုရားသခင်ကို သာ၍ ကောင်းစွာ သိနားလည်ဖို့၊ ဘုရားသခင်၏ အလိုကို သာ၍ ကောင်းစွာ သိရှိဖို့နှင့် ဘုရားသခင်၏ စိတ်သဘောထားကို သာ၍ ကောင်းစွာ နားလည်ဖို့ တက်ကြွစွာ ကြိုးစားရန် သို့မဟုတ် ဆုတောင်းရန် စက်ဆုပ်ပြီး လိုလားခြင်း မရှိရသည့် အကြောင်းရင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို ဖန်တီးထားသည့်အရာတစ်ခု၊ အနှစ်သာရမဲ့ပြီး မရေရာသည့်အရာတစ်ခုသာ တကယ်တမ်း ဖြစ်စေလိုကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ၎င်းတို့ တွေးထင်ထားသည့်အတိုင်း အတိအကျ ဖြစ်သည့်သူ တစ်ဦး၊ ၎င်းတို့၏ တောင်းဆိုချက်များကို ဖြည့်ဆည်းရန် အသင့်ရှိနေလျက်၊ ထောက်ပံ့မှု မကုန်မခမ်းရှိနေပြီး အမြဲရှိနေနိုင်သူတစ်ဦးသာ တကယ်တမ်း ဖြစ်စေလိုကြသည်။ ဘုရားသခင်၏ကျေးဇူးတော်ကို ၎င်းတို့ မွေ့လျော်ချင်သည့်အခါတွင်၊ ထိုကျေးဇူးတော် ဖြစ်ပေးရန် ဘုရားသခင်ကို တောင်းဆိုကြသည်။ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို ၎င်းတို့ လိုအပ်သောအခါ၊ ထိုကောင်းချီးမင်္ဂလာဖြစ်ပေးရန် ဘုရားသခင်ကို တောင်းဆိုကြသည်။ ဒုက္ခဘေးဆိုးနှင့် ရင်ဆိုင်ကြရသောအခါ၊ ၎င်းတို့ကို ရဲဆေးတင်ပေးရန်၊ ၎င်းတို့၏ နောက်ကျော အကွယ်အကာဖြစ်ဖို့ ဘုရားသခင်ကို တောင်းဆိုတတ် ကြသည်။ ဤလူတို့၏ ဘုရားသခင်နှင့်သက်ဆိုင်သည့် အသိပညာသည် ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာ ခွင်အတွင်းတွင် ပိတ်မိနေသည်။ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင်နှင့်သက်ဆိုင်သည့် ၎င်းတို့၏ သိနားလည်ခြင်းသည်လည်း ၎င်းတို့၏စိတ်ကူးများ၊ ကျမ်းဟောင်းတရားများနှင့် အယူဝါဒများ၌သာ ကန့်သတ်ခံရလေသည်။ သို့ရာတွင် ဘုရားသခင်၏ စိတ်သဘောထားကို နားလည်ဖို့ စိတ်ထက်သန်သည့်လူများ၊ ဘုရားသခင် ကိုယ်တော်တိုင်ကို အကယ်ပင် တွေ့မြင်လိုပြီး၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့ကို အမှန်တကယ် နားလည်လိုသော လူအချို့ ရှိကြပေသည်။ ဤလူတို့သည် သမ္မာတရား၏စစ်မှန်မှုနှင့် ဘုရားသခင်၏ ကယ်တင်ခြင်းတို့ကို ရှာဖွေလျက် ရှိကြပြီး၊ ဘုရားသခင်၏ သိမ်းပိုက်ခြင်း၊ ကယ်တင်ခြင်းနှင့် စုံလင်စေခြင်းတို့ကို ရရှိရန် ကြိုးစားကြလေသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုရန် ၎င်းတို့၏စိတ်နှလုံးများကို အသုံးပြုကြသည်၊ ၎င်းတို့အတွက် ဘုရားသခင် စီစဉ်ထားပြီးဖြစ်သည့် အခြေအနေတိုင်းနှင့် လူတိုင်း၊ အဖြစ်အပျက်တိုင်းနှင့် အမှုအရာတိုင်းအတွက် ကျေးဇူးတင်ဖို့ မိမိတို့၏ စိတ်နှလုံးများကို အသုံးပြုကြပြီး၊ စစ်မှန်ရိုးသားမှုဖြင့် ဆုတောင်းကာ ရှာဖွေကြလေသည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားခြင်း မရှိနိုင်တော့ရန်နှင့် ၎င်းတို့၏ အတွေ့အကြုံများ မှတစ်ဆင့် ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ဖြစ်ခြင်းနှင့် သူ၏ စစ်မှန်သည့်ဘက်ကို သာ၍ မြင်နိုင်ကြဖို့အလို့ငှာ၊ ၎င်းတို့ အသိချင်ဆုံးသော အရာမှာ ဘုရားသခင်၏ အလိုဖြစ်ပြီး၊ နားအလည်ချင်ဆုံးသောအရာမှာ ဘုရားသခင်၏ စစ်မှန်သော စိတ်သဘောထားနှင့် အနှစ်သာရဖြစ်သည်။ ယင်းမှာ အမှန်ပင် စစ်မှန်သော ဘုရားသခင်သည် ၎င်းတို့၏စိတ်နှလုံးများထဲတွင် တည်ရှိရန်နှင့် သူတို့အနေဖြင့် စိတ်ကူးစိတ်သန်းများ၊ အယူအဆများ သို့မဟုတ် မရေရာမှုအလယ်တွင် မကျင်လည်ကြတော့သည်အထိ၊ ဘုရားသခင်သည် ၎င်းတို့၏စိတ်နှလုံးထဲ၌ နေရာတစ်နေရာ ရှိရန်အလို့ငှာလည်း ဖြစ်သည်။ ဤလူများအတွက်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အနှစ်သာရတို့ကို နားလည်ဖို့ အပူတပြင်း ဆန္ဒရှိကြသည့် အကြောင်းရင်းမှာ၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရတို့ကို လူသားမျိုးနွယ်က မိမိတို့၏ အတွေ့အကြုံများတစ်လျှောက်တွင် တစ်ချိန်ပြီးတစ်ချိန် လိုအပ်သောကြောင့် ဖြစ်သည်။ လူတစ်ဦး၏ တစ်သက်တာတစ်လျှောက် အသက်ကို ထောက်ပံ့ ပေးသည်မှာ ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရ ဖြစ်သည်။ ဘုရားသခင်၏ စိတ်သဘောထားကို ၎င်းတို့ သိနားလည်သည် နှင့်တစ်ပြိုင်နက်၊ ဘုရားသခင်ကို ၎င်းတို့ သာ၍ ကောင်းစွာ ကြည်ညိုနိုင်ကြလိမ့်မည်၊ ဘုရားသခင်၏ အမှုနှင့်အတူ သာ၍ကောင်းစွာ ပူးပေါင်းလုပ်ဆောင် နိုင်ကြလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်၏အလိုအပေါ် သာ၍ အရေးထားနိုင်ကြလိမ့်မည် ဖြစ်ကာ၊ ၎င်းတို့၏ တာဝန်ကို မိမိတို့အစွမ်းရှိသမျှ လုပ်ဆောင်နိုင်ကြလိမ့်မည် ဖြစ်သည်။ ထိုကဲ့သို့သဘောထားများမှာ လူနှစ်မျိုးနှစ်စားက ဘုရားသခင်၏ စိတ်သဘောထား အပေါ် ထားရှိသော ၎င်းတို့၏ သဘောထားများ ဖြစ်သည်။ ပထမလူစားမှာ ဘုရားသခင်၏ စိတ်သဘောထားကို နားမလည်ချင်ပေ။ ဘုရားသခင်၏ စိတ်သဘောထားကို နားလည်ချင်သည်၊ ဘုရားသခင် ကိုယ်တိုင်ကို သိရှိလိုသည်၊ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို မြင်တွေ့လိုပြီး၊ ဘုရားသခင်၏ အလိုကို စစ်မှန်ရိုးသားစွာ အသိအမှတ် ပြုလိုသည်ဟု ၎င်းတို့ ပြောဆိုကြသော်လည်း၊ စိတ်ထဲတွင် ဘုရားသခင် မတည်ရှိရန်ကိုသာ ပိုမိုလိုလားကြသည်။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် ဤလူစားမျိုးများသည် ဘုရားသခင်ကို တစ်သမတ်တည်း နာခံခြင်း မရှိကြသကဲ့သို့၊ ခုခံကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ရာထူးအတွက် ဘုရားသခင်ကို ၎င်းတို့ ကိုယ်တိုင်၏ စိတ်နှလုံးထဲတွင် တိုက်ခိုက်ကြပြီး၊ ဘုရားသခင်၏တည်ရှိခြင်းကို မကြာခဏ သံသယ ရှိကြသည်၊ သို့မဟုတ် ငြင်းပင် ငြင်းပယ်ကြလေသည်။ ၎င်းတို့သည် ဘုရားသခင်၏စိတ်သဘောထား သို့မဟုတ် စစ်မှန်သည့် ဘုရားသခင် ကိုယ်တော်တိုင်ကို ၎င်းတို့၏ စိတ်နှလုံးထဲ၌ နေရာယူခွင့် မပေးလိုကြပေ။ မိမိတို့၏ ကိုယ်ပိုင် လိုအင်ဆန္ဒများ၊ စိတ်ကူးများနှင့် ရည်မှန်းချက်များကိုသာ ၎င်းတို့ ဖြည့်ဆည်းလိုကြသည်။ သို့ဖြစ်၍၊ ဤလူတို့သည် ဘုရားသခင်ကို ယုံကြည်ကောင်း ယုံကြည်နိုင်သည်၊ ဘုရားသခင်နောက် လိုက်ကောင်း လိုက်နိုင်ပြီး၊ သူ့အတွက် ၎င်းတို့၏ မိသားစုများနှင့် အလုပ်များကိုလည်း စွန့်လွှတ်ကောင်း စွန့်လွှတ်နိုင်ကြမည် ဖြစ်သော်လည်း၊ ၎င်းတို့၏ ဆိုးယုတ်သောလမ်းများကို မစွန့်ကြချေ။ အခြားသူများသည် မိမိတို့ကိုယ်ကိုယ်အကြောင်း ထပ်တလဲလဲ သက်သေခံဖို့၊ မိမိတို့၏ သြဇာအာဏာ အရှိန်အဝါကို မြှင့်တင်ဖို့နှင့် လူများနှင့် အဆင့်အတန်းအတွက် ဘုရားသခင်နှင့် ယှဉ်ပြိုင်ရန် မိမိတို့၏ ရာထူးများကို အသုံးပြုကောင်း အသုံးပြုကြစဉ်တွင်၊ အချို့မှာ အလှူငွေများကို ခိုးပင် ခိုးယူကြသည်၊ သို့မဟုတ် ဖြုန်းပင် ဖြုန်းတီးကြသည်၊ သို့မဟုတ် ဘုရားသခင်ကို တိတ်တဆိတ် ကျိန်ဆဲကြလေသည်။ ၎င်းတို့သည် လူများကို သိမ်းသွင်းနိုင်ဖို့နှင့် ထိန်းချုပ်ဖို့ စဉ်ဆက်မပြတ် ကြိုးစားရင်း၊ လူတို့ကို ၎င်းတို့အား ကိုးကွယ်စေရန် နည်းလမ်းအမျိုးမျိုးနှင့် ဆောင်ရွက်မှုအမျိုးမျိုးကို အသုံးပြုကြလေသည်။ အချို့သည် ဘုရားသခင်ကဲ့သို့ ဆက်ဆံခြင်းခံရနိုင်ဖို့အလို့ငှာ၊ ၎င်းတို့မှာ ဘုရားသခင် ဖြစ်သည်ဟု တွေးထင်စေရန် လူများကို တမင်တကာ လှည့်စားကြသည်။ ၎င်းတို့သည် ဖောက်ပြန်ဖျက်ဆီးခြင်း ခံခဲ့ရဖူးသည်- ၎င်းတို့သည်လည်း ဖောက်ပြန်ပျက်စီးပြီး မာနထောင်လွှားသော သူများဖြစ်သည်၊ ၎င်းတို့ကို မကိုးကွယ်ကြဖို့နှင့် သူတို့မည်မျှကောင်းစွာ လုပ်ဆောင်ကြသည်ဖြစ်စေ ထိုအရာအားလုံးမှာ ဘုရားသခင်၏ ချီးမြှောက်ခြင်းကြောင့် ဖြစ်ပြီး၊ မည်သို့ပင်ဖြစ်စေ ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာကို ၎င်းတို့ လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု တစ်စုံတစ်ဦးကို မည်သည့်အခါတွင်မျှ ပြောမည်မဟုတ်။ အဘယ့်ကြောင့် ဤအရာများကို ၎င်းတို့ မပြောကြသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် လူတို့၏ စိတ်နှလုံးထဲ၌ မိမိတို့၏နေရာ ဆုံးရှုံးသွားမည်ကို အလွန်အမင်း စိုးရွံ့ကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ထိုသို့သောလူတို့သည် ဘုရားသခင်ကို သိနားလည်ရန် မည်သည့်အခါမျှ မကြိုးစားကြသကဲ့သို့၊ ဘုရားသခင်ကို မည်သည့်အခါတွင်မျှ မချီးမြှောက်ဘဲ ဘုရားသခင်အတွက် မည်သည့်အခါတွင်မျှ သက်သေ မခံကြပေ။ ၎င်းတို့သည် ဘုရားသခင်ကို နားလည်ခြင်းမရှိဘဲ၊ ဘုရားသခင်ကို သိကျွမ်းနိုင်သလော။ မဖြစ်နိုင်ပေ။ ထို့ကြောင့်၊ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင်” ဟူသည့် အကြောင်းအရာထဲက နှုတ်ကပတ်တော်များသည် ရိုးရှင်းကောင်း ရိုးရှင်းနိုင်သော်လည်း၊ လူအသီးသီးအတွက် ကွဲပြားသော အဓိပ္ပာယ်များ ရှိကြလေသည်။ ဘုရားသခင်ကို မကြာခဏ မနာခံသောသူ၊ ဘုရားသခင်ကို ခုခံသောသူနှင့် ဘုရားသခင်အပေါ် ရန်လိုသောသူ တစ်ဦးအတွက်၊ ထိုနှုတ်ကပတ်တော်များက ပြစ်တင်ရှုတ်ချခြင်းကို နိမိတ်ပြသည်။ သမ္မာတရား လက်တွေ့အရှိတရားကို လိုက်စားပြီး၊ ဘုရားသခင်၏အလိုကို ရှာဖွေရန် ဘုရားသခင် ရှေ့မှောက်သို့ မကြာခဏ လာသောသူတစ်ဦးကမူ၊ ထိုသို့သော နှုတ်ကပတ်တော်များကို လွယ်ကူသကဲ့သို့ မှတ်ယူလိမ့်မည်။ ထို့ကြောင့် သင်တို့အထဲတွင် ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အမှုအကြောင်း ပြောဆိုသည်ကို ကြားရသည့်အခါ၊ ခေါင်းစကိုက်လာပြီး ၎င်းတို့၏စိတ်နှလုံးသည် ခုခံမှုနှင့် တိုး၍ ပြည့်နှက်လာကာ အလွန့်အလွန် ကသိကအောက်ဖြစ်ကြသူများ ရှိ၏။ သို့သော် သင်တို့အထဲတွင်- အကြောင်းအရာသည် ၎င်းတို့အတွက်အလွန် အကျိုးပြုသောကြောင့်၊ ၎င်းတို့လိုအပ်သော အကြောင်းအရာ အတိအကျဖြစ်သည်၊ ယင်းသည် ၎င်းတို့၏ဘဝအတွေ့အကြုံမှ လွတ်သွား၍ မဖြစ်သည့်အရာ တစ်ခု ဖြစ်သည်၊ အခရာထဲမှ အခရာကျသည့်အရာ၊ ဘုရားသခင်ကို ယုံကြည်ခြင်း၏ အခြေခံအုတ်မြစ်နှင့် လူသားမျိုးနွယ်က မစွန့်လွှတ်နိုင်သည့် အရာတစ်ခု ဖြစ်သည်ဟူ၍ ခံစားရသည့် အခြားသူများ ရှိပေသည်။ သင်တို့အားလုံးအတွက်၊ ဤအကြောင်းအရာသည် နီးသည်ဟု ထင်ရသကဲ့သို့၊ ဝေးသည်ဟုလည်း ထင်ကောင်းထင်ရမည်၊ မသိသော်လည်း ရင်းနှီးသည်ဟု ထင်ကောင်း ထင်ရပေမည်။ သို့သော် မည်သို့ပင်ဖြစ်စေ ဤသည်မှာ အယောက်တိုင်း နားထောင်ရမည့်၊ သိရှိကာ နားလည်ရမည့် အကြောင်းအရာ ဖြစ်သည်။ ယင်းကို သင်မည်သို့ ကိုင်တွယ်ဖြေရှင်းသည်ဖြစ်စေ၊ ယင်းကို မည်သို့ ရှုမြင်သည်ဖြစ်စေ သို့မဟုတ် မည်သို့ နားလည်သည်ဖြစ်စေ ဤအကြောင်းအရာ၏ အရေးပါမှုကို လျစ်လျူရှု၍ မရနိုင်ပေ။

ဘုရားသခင်သည် လူသားမျိုးနွယ်ကို သူ ဖန်ဆင်းခဲ့ကတည်းက၊ သူ၏အမှုကို သူလုပ်ဆောင် နေခဲ့ပြီး ဖြစ်၏။ အစတွင် ယင်းသည် အလွန်ရိုးရှင်းသော အမှုဖြစ်ခဲ့သော်လည်း၊ ယင်း၏ရိုးရှင်းမှု ရှိစေကာမူ၊ ဘုရားသခင်၏ အနှစ်သာရ နှင့် စိတ်သဘောထားတို့၏ ဖော်ပြမှုများ ပါရှိခဲ့ပေသည်။ ဘုရားသခင်၏အမှုသည် ယခုချီးမြှောက်ခြင်းခံရပြီးဖြစ်ကာ၊ သူ့ နောက်လိုက်သော လူတိုင်းအပေါ် ပြုသည့် ဤအမှုသည် သူ၏ နှုတ်ကပတ်တော်နှင့် သက်ဆိုင်သည့် ကြီးမားသော ဖော်ပြချက်နှင့်အတူ အံ့မခန်း ကြီးမားများပြားလာကာ ခိုင်ခံ့လာစဉ်တွင်၊ ဘုရားသခင်၏ ဇာတိအဖြစ်တော်သည် လူသားမျိုးနွယ်ထံမှ တစ်လျှောက်လုံး ကွယ်ဝှက်ထားခဲ့သည်။ ကိုယ်တော်သည် သမ္မာကျမ်းစာဆိုင်ရာ ဖြစ်စဉ်များ၏ အချိန်ကာလမှစ၍ မျက်မှောက်ခေတ် အချိန်ကာလအထိ၊ လူ့ဇာတိကို နှစ်ကြိမ် ခံယူပြီးသော်လည်း၊ မည်သူသည် ဘုရားသခင်၏ စစ်မှန်သည့် ဇာတိ အဖြစ်တော်ကို တွေ့ဖူးသနည်း။ သင်တို့၏ သိနားလည်မှုပေါ်အခြေခံ၍၊ ဘုရားသခင်၏ စစ်မှန်သော ဇာတိအဖြစ်တော်ကို တစ်ဦးတစ်ယောက်က တွေ့မြင်ဖူးပါသလော။ မတွေ့ဖူးကြပေ။ မည်သူမျှ ဘုရားသခင်၏ စစ်မှန်သော ဇာတိအဖြစ်တော်ကို မမြင်ဖူးပေ၊ ဆိုလိုသည်မှာ မည်သူမျှ ဘုရားသခင်၏ ပင်ကိုအမှန်ကို မတွေ့ဖူးပေ။ ဤသည်မှာ အယောက်တိုင်း လက်ခံထားကြသည့် အရာတစ်ခု ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ စစ်မှန်သော ဇာတိ အဖြစ်တော် သို့မဟုတ် ဘုရားသခင်၏ဝိညာဉ်တော်သည် သူဖန်ဆင်းခဲ့သည့် အာဒံနှင့်ဧဝအပါအဝင်၊ ပြီးလျှင် သူလက်ခံခဲ့သော ဖြောင့်မတ်သည့် ယောဘအပါအဝင် လူသားမျိုးနွယ် အားလုံးထံမှ ဖုံးကွယ်ထားပေသည်။ ၎င်းတို့ထဲမှ မည်သူမျှ ဘုရားသခင်၏ စစ်မှန်သည့် ဇာတိအဖြစ်တော်ကို မတွေ့မြင်ခဲ့ပေ။ သို့သော် ဘုရားသခင်သည် သူ၏ စစ်မှန်သော ဇာတိအဖြစ်တော်ကို တမင်တကာ အဘယ့်ကြောင့် ဖုံးကွယ်သနည်း။ လူအချို့က “ဘုရားသခင်သည် လူများအထိတ်တလန့် ဖြစ်မည်ကို စိုးရွံ့သည်” ဟု ဆိုကြသည်။ အခြားသူများက “လူသားသည် အလွန်သေးငယ်ပြီး ဘုရားသခင်မှာ ကြီးမြတ်လွန်းသောကြောင့် ဘုရားသခင်သည် သူ၏စစ်မှန်သော ဇာတိအဖြစ်တော်ကို ဖုံးကွယ်ထားသည်။ လူသားများသည် ဘုရားသခင်ကို မတွေ့မြင်နိုင်ပေ၊ သို့မဟုတ်ပါက ၎င်းတို့ သေဆုံးသွားကြလိမ့်မည်” ဟု ဆိုကြသည်။ “ဘုရားသခင်သည် နေ့စဉ် သူ၏အမှုကို စီမံခန့်ခွဲလျက် အလုပ်များနေပြီး အခြားသူများက သူ့အား မြင်နိုင်ကြဖို့အလို့ငှာ ပေါ်ထွန်းရန် သူ၌ အချိန်မရှိခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်” ဟု ဆိုကြသူများလည်း ရှိပေသည်။ သင်တို့ မည်သည့်အရာကို ယုံကြည်သည် ဖြစ်စေ၊ ဤနေရာတွင် ငါ၌ သုံးသပ်ချက်တစ်ခု ရှိသည်။ ထိုသုံးသပ်ချက်မှာ အဘယ်နည်း။ ယင်းမှာ ဘုရားသခင်သည် လူတို့အား သူ၏ စစ်မှန်သည့် ဇာတိအဖြစ်တော်ကို တကယ့်ကို မတွေ့မြင်စေလို၍ ဖြစ်သည်။ လူသားမျိုးနွယ်ထံမှ ပုန်းကွယ်မြဲ ပုန်းကွယ်နေခြင်းသည် ဘုရားသခင် တမင်တကာ လုပ်ဆောင်သည့် အရာတစ်ခု ဖြစ်သည်။ တစ်နည်းအားဖြင့်၊ သူ၏ စစ်မှန်သည့် ဇာတိအဖြစ်တော်ကို မတွေ့မြင်ရန်မှာ လူတို့အတွက် ဘုရားသခင်၏ရည်ရွယ်ချက် ဖြစ်သည်။ ယခု ဤအရာသည် အားလုံးအဖို့ ရှင်းလင်းသွားသင့်ပေပြီ။ အကယ်၍ ဘုရားသခင်သည် မိမိ၏ဇာတိအဖြစ်တော်ကို မည်သူ့ထံမျှ ထုတ်ဖော်မပြဖူးပါက၊ ဘုရားသခင်၏ ဇာတိအဖြစ်တော် တည်ရှိသည်ဟု သင်တို့ ထင်ကြသလော။ (သူ တည်ရှိပါသည်။) မှန်သည်၊ သူတည်ရှိပေသည်။ ဘုရားသခင်၏ ဇာတိအဖြစ်တော် တည်ရှိခြင်းကို လုံးဝ ငြင်း၍မရပေသည်။ သို့ရာတွင် ဘုရားသခင်၏ ဇာတိအဖြစ်တော် အဘယ်မျှ ကြီးမြတ်သည် သို့မဟုတ် မည်သည့်အရာနှင့် တူသည်ဆိုသည်အတွက်မူ၊ ဤမေးခွန်းများကို လူသားမျိုးနွယ်က စုံစမ်းမေးမြန်း သင့်သလော။ မမေးမြန်းသင့်ပေ။ အဖြေမှာ ငြင်းပယ်ရမည့်သဘော ဖြစ်သည်။ ဘုရားသခင်၏ ဇာတိအဖြစ်တော်သည် ငါတို့စူးစမ်းလေ့လာသင့်သည့် အကြောင်းအရာမဟုတ်ပါက၊ ငါတို့ စူးစမ်းလေ့လာ သင့်သည်မှာ မည်သည့်အရာနည်း။ (ဘုရားသခင်၏ စိတ်သဘောထားဖြစ်ပါသည်။) (ဘုရားသခင်၏ အမှုတော် ဖြစ်ပါသည်။) သို့သော်၊ တရားဝင် အကြောင်းအရာနှင့် ပတ်သက်၍ မိတ်သဟာယ ပြုခြင်းကို ငါတို့ မစတင်မီတွင်၊ လွန်ခဲ့သည့် အခိုက်အတန့်က ငါတို့ဆွေးနွေးနေခဲ့သော အရာကို ပြန်ပြောကြစို့။ ဘုရားသခင်သည် သူ၏ ဇာတိအဖြစ်တော်ကို အဘယ့်ကြောင့် လူသားမျိုးနွယ်ထံ မည်သည့်အခါမျှ ထုတ်ဖော်မပြဖူးသနည်း။ ဘုရားသခင်သည် မိမိ၏ဇာတိအဖြစ်တော်ကို လူသားမျိုးနွယ်ထံမှ အဘယ့်ကြောင့် တမင်တကာ ဖုံးကွယ်သနည်း။ အကြောင်းပြချက် တစ်ခုသာရှိပြီး ယင်းမှာ- ဘုရားသခင် ဖန်ဆင်းခဲ့သည့် လူသားသည် ဘုရားသခင်၏အမှုကို နှစ်ပေါင်းထောင်ချီ တွေ့ကြုံရပြီး ဖြစ်သော်လည်း၊ ဘုရားသခင်၏အမှု၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အနှစ်သာရကို သိရှိသည့်လူ တစ်ဦးတစ်ယောက်မျှ မရှိပေ။ ဘုရားသခင်၏ အမြင်၌ ထိုသို့သော လူများသည် သူနှင့် ဆန့်ကျင်ဘက်တွင်ရှိကြပြီး၊ သူ့အပေါ် ရန်လိုသော လူများထံ ဘုရားသခင်သည် မိမိကိုယ်ကိုယ် ပြသမည် မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်က သူ၏ ဇာတိအဖြစ်တော်ကို လူသားမျိုးနွယ်ထံ မည်သည့်အခါမျှ ထုတ်ဖော်မပြဖူးသည့် တစ်ခုတည်းသော အကြောင်းရင်းနှင့် လူသားမျိုးနွယ် ထံမှ သူ၏ ဇာတိအဖြစ်တော်ကို တမင်တကာ ကွယ်ထားရသည့် အကြောင်းရင်း ဖြစ်သည်။ ဘုရားသခင်၏စိတ်သဘောထားကို သိရှိခြင်း၏ အရေးပါမှုသည် ယခု သင်တို့ဖို့ ရှင်းပြီလော။

ဘုရားသခင်၏စီမံခန့်ခွဲမှု တည်ရှိကတည်းက၊ ဘုရားသခင်သည် သူ၏အမှုကို ဆောင်ရွက်ရန် အမြဲ အပြည့်အဝ ဆက်ကပ်ထားပြီးဖြစ်သည်။ သူသည် လူသားထံမှ သူ၏ဇာတိအဖြစ်တော်ကို ဖုံးကွယ်ထားသော်လည်း၊ လူသားအပေါ် အမှုပြုရင်း၊ သူ၏စိတ်သဘောထားကို ဖော်ပြရင်း၊ လူသားမျိုးနွယ် အားလုံးကို သူ၏အနှစ်သာရဖြင့် လမ်းပြပေးရင်း၊ ပြီးလျှင် သူ၏အစွမ်းတန်ခိုး၊ သူ၏ဉာဏ်ပညာနှင့် သူ၏ဩဇာအာဏာတို့မှတစ်ဆင့် လူတစ်ဦးချင်းစီ အပေါ်တွင် သူ၏အမှုကို လုပ်ဆောင်ရင်း၊ ထိုသို့ဖြင့် ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ်နှင့် ယနေ့နိုင်ငံတော်ခေတ် ဖြစ်တည်မှုကို ဆောင်ကြဉ်းရင်း လူသားကို သူ အမြဲထောက်ပံ့ပေးခဲ့သည်။ ဘုရားသခင်သည် သူ၏ဇာတိ အဖြစ်တော်ကို လူသားထံမှ ဖုံးကွယ်သော်လည်း၊ သူ၏ စိတ်သဘောထား၊ သူ၏ဖြစ်ခြင်းနှင့် ပိုင်ဆိုင်မှုများ၊ ပြီးလျှင် လူသားမျိုးနွယ်အပေါ် သူ၏အလိုတို့သည် လူသားက မြင်တွေ့ပြီး တွေ့ကြုံခံစားရန် ပြည့်ပြည့်ဝဝ ဖော်ပြထားပေသည်။ တစ်နည်းအားဖြင့်၊ လူသားများသည် ဘုရားသခင်ကိုမမြင်နိုင် သို့မဟုတ် မထိတွေ့နိုင်သော်လည်း၊ လူသားမျိုးနွယ်က ကြုံရသည့် ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရတို့သည် ဘုရားသခင်ကိုယ်တိုင်၏ အပြည့်အဝ ဖော်ပြချက်များ ဖြစ်သည်။ ယင်းမှာ သမ္မာတရား မဟုတ်ပေလော။ သူ၏ အမှုအတွက် ဘုရားသခင်ရွေးချယ်သည့် ကိုင်တွယ်ဖြေရှင်းမှု၏ နည်းလမ်း သို့မဟုတ် ရှုထောင့်ကို ပဓာနမထားဘဲ၊ ဘုရားသခင်သည် လူတို့ကို သူ၏ စစ်မှန်သော ပင်ကိုလက္ခဏာမှတစ်ဆင့် အမြဲဆက်ဆံသည်၊ သူ တာဝန်ရှိသည့်အမှုကို လုပ်ဆောင်ပြီး သူပြောရမည့် စကားများကို ပြောလေသည်။ မည်သည့်အနေအထားမှ ဘုရားသခင် ပြောဆိုသည်ဖြစ်စေ- သူသည် တတိယကောင်းကင်တွင် ရပ်နေနိုင်သည်၊ သို့မဟုတ် လူ့ဇာတိ၌ ရပ်နေနိုင်သည်၊ သို့မဟုတ် သာမန် လူတစ်ဦးအဖြစ်ပင် ရပ်နေနိုင်သည်- သူသည် လှည့်စားခြင်းနှင့် ဖုံးကွယ်ထားခြင်းမရှိဘဲ၊ သူ၏စိတ်နှလုံး အကြွင်းမဲ့ဖြင့် လူသားကို သူ အမြဲ စကားပြောဆို၏။ သူ၏ အမှုကို ဆောင်ရွက်ချိန်တွင်၊ ဘုရားသခင်သည် မည်သည့် ခြွင်းချန်မှုမျှ မရှိဘဲ၊ သူ၏နှုတ်ကပတ်တော်နှင့် သူ၏စိတ်သဘောထားတို့ကို ဖော်ပြပြီး သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းကို ဖော်ပြ၏။ လူသားမျိုးနွယ်ကို သူ၏အသက်၊ သူ၏ဖြစ်ခြင်းနှင့် ပိုင်ဆိုင်မှုတို့ဖြင့် သူ လမ်းပြ၏။ ဤသည်ကား၊ “မြင်၍မရနိုင်သကဲ့သို့ ထိတွေ့၍မရသော” ဘုရားသခင်၏ လမ်းပြမှုအောက်တွင် လူသားက လူသားမျိုးနွယ်၏ အစပျိုးရာခေတ်ဖြစ်သည့် ပညတ်တော်ခေတ်ကို အသက်ရှင်ဖြတ်သန်းခဲ့ပုံ ဖြစ်ပေသည်။

ဘုရားသခင်သည် ပညတ်တော်ခေတ်ပြီးနောက်တွင် ပထမဆုံး အကြိမ် လူ့ဇာတိကိုခံယူခဲ့သည်- သုံးဆယ့်သုံးနှစ်ခွဲကြာခဲ့သည့် လူ့ဇာတိခံယူခြင်း တစ်ခု ဖြစ်သည်။ လူသားတစ်ဦးအတွက်၊ သုံးဆယ့်သုံးနှစ်ခွဲသည် ရှည်ကြာသော အချိန်ကာလ တစ်ခုလော။ (မရှည်ကြာပါ။) လူသားတစ်ဦး၏ သက်တမ်းသည် ပုံမှန်အားဖြင့် နှစ်ပေါင်း သုံးဆယ်ကျော်ထက် များစွာရှည်ကြာသည့် အတွက်၊ ဤသည်မှာ လူသားတစ်ဦးအတွက် သိပ်မရှည်ကြာသည့် အချိန်ကာလတစ်ခု ဖြစ်သည်။ သို့သော် လူ့ဇာတိခံ ဘုရားသခင်အတွက်မူ ဤသုံးဆယ့်သုံးနှစ်ခွဲသည် ဧကန်အမှန် ရှည်ကြာခဲ့သည်။ သူသည် လူတစ်ဦး၊ ဘုရားသခင်၏ အမှုတော်နှင့် တာဝန်ပေး စေခိုင်းချက်ကို လက်ခံဆောင်ရွက်ခဲ့သည့် သာမန်လူတစ်ဦး ဖြစ်လာခဲ့သည်။ ဤသည်မှာ သာမန်လူတစ်ဦး မခံရပ်နိုင်သော ဆင်းရဲဒုက္ခကိုလည်း ကြံ့ကြံ့ခံနေရင်း သာမန်လူတစ်ဦး မကိုင်တွယ်နိုင်သည့် အလုပ်ကို တာဝန်ယူခဲ့ရသည်ဟု ဆိုလိုပေသည်။ သူ၏အမှု အစပြုရာမှ ကားတိုင်ပေါ်တွင် သူ သံမှိုရိုက်နှက် ခံခဲ့ရသည်အထိ၊ ကျေးဇူးတော်ခေတ်အတွင်း သခင်ယေရှု ကြံ့ကြံ့ခံခဲ့ရသည့် ဆင်းရဲဒုက္ခပမာဏသည် ယနေ့ လူတို့က လူကိုယ်တိုင် မျက်မြင်ကြုံတွေ့နိုင်မည့် အရာမျိုး မဟုတ်သော်လည်း၊ သင်တို့အနေဖြင့် သမ္မာကျမ်းစာထဲက အဖြစ်အပျက်များမှတစ်ဆင့် ယင်းကို အနည်းဆုံးအနေဖြင့် တစ်စုံတစ်ရာ သဘောမပေါက်နိုင်ကြသလော။ ဤမှတ်တမ်းတင်ထားသည့် အချက်အလက်များတွင် အသေးစိတ်အချက်များ မည်မျှရှိသည် ဖြစ်စေ၊ အားလုံးခြုံကြည့်သော် ဤကာလအတွင်း ဘုရားသခင်၏ အမှုသည် ခက်ခဲမှုနှင့် ဆင်းရဲဒုက္ခများဖြင့် ပြည့်နှက်နေခဲ့ပေသည်။ ဖောက်ပြန်ပျက်စီးသည့် လူသားတစ်ဦးအတွက်၊ သုံးဆယ့် သုံးနှစ်ခွဲသည် ရှည်ကြာသည့် အချိန်ကာလတစ်ခုမဟုတ်ပေ။ အနည်းငယ်သော ဆင်းရဲဒုက္ခသည် မပြောပလောက်ပေ။ သို့ရာတွင် လူသားမျိုးနွယ်အားလုံး၏ အပြစ်များကို ခံခဲ့ရပြီး၊ အပြစ်သားများနှင့် အတူစား၊ အတူအိပ်ကာ အတူ အသက်ရှင်နေထိုင်ခဲ့ရသည့် သန့်ရှင်းကာ ပြစ်မျိုးမှဲ့မထင်သော ဘုရားသခင်အတွက်မူ ဤဒုက္ခသည် မယုံကြည်နိုင်လောက်အောင် ကြီးမားလှပေသည်။ သူသည် ဖန်ဆင်းရှင်ဖြစ်သည်၊ အရာခပ်သိမ်း၏ ဦးသျှောင်နှင့် အရာရာတိုင်း၏ အုပ်စိုးရှင် ဖြစ်သော်လည်း၊ လောကထဲသို့ သူကြွလာခဲ့ချိန်တွင်၊ ဖောက်ပြန်ပျက်စီးသော လူသားများ၏ ဖိနှိပ်မှုနှင့် ရက်စက်မှုတို့ကို ကြံ့ကြံ့ခံခဲ့ရသည်။ သူ၏အမှုကို ပြည့်စုံစေဖို့နှင့် လူသားများကို ဒုက္ခပင်လယ်မှ ကယ်ဆယ်ဖို့ရန်အလို့ငှာ၊ သူသည် လူသား၏ ပြစ်တင်ရှုတ်ချခြင်းကို ခံခဲ့ရပြီး လူသားမျိုးနွယ်အားလုံး၏ အပြစ်များကို ခံခဲ့ရသည်။ သူ ဖြတ်သန်းခဲ့ရသည့် ဆင်းရဲဒုက္ခ အတိုင်းအတာကို သာမန်လူတို့က နားလည်သဘောပေါက်နိုင်ဖို့ မဖြစ်နိုင်သကဲ့သို့ အသိအမှတ်ပြုခံရရန်မှာလည်း မဖြစ်နိုင်ပေ။ ဤဆင်းရဲဒုက္ခသည် မည်သည့်အရာကို ကိုယ်စားပြုသနည်း။ ယင်းသည် လူသားမျိုးနွယ်အဖို့ ဘုရားသခင်၏ ကြီးမားသောသံယောဇဉ်ကို ကိုယ်စားပြုပေသည်။ ယင်းသည် လူသားများကို ၎င်းတို့၏ အပြစ်များထဲမှ ရွေးနုတ်ရန်နှင့် သူ့အမှု၏ ဤအဆင့်ကို ပြည့်စုံစေရန်၊ သူခံစားခဲ့ရသည့် အရှက်ရခြင်းနှင့် လူသားတို့၏ ကယ်တင်ခြင်းအတွက် သူပေးဆပ်ခဲ့ရသည့် အဖိုးအခကို ကိုယ်စားပြု၏။ ယင်းမှာ လူသားသည် ဘုရားသခင်အားဖြင့် ကားတိုင်မှ ရွေးနုတ်ခြင်းခံရလိမ့်မည်ဟုလည်း ဆိုလိုသည်။ ဤသည်မှာ အသွေး၊ အသက်ဖြင့် ပေးဆပ်သည့် အဖိုးအခတစ်ခုဖြစ်ပြီး၊ မည်သည့် ဖန်ဆင်းခံသတ္တဝါမျှ မတတ်နိုင်သည့် အဖိုးအခတစ်ခု ဖြစ်သည်။ သူသည် ဤဆင်းရဲဒုက္ခမျိုးကို ခံနိုင်ခဲ့ပြီး ဤအမှုမျိုးကို လုပ်ဆောင်နိုင်သည်မှာ သူသည် ဘုရားသခင်၏ အနှစ်သာရရှိပြီး ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့ကို ပိုင်ဆိုင်သောကြောင့် ဖြစ်ပေသည်။ ဤသည်မှာ သူ ဖန်ဆင်းထားသည့် မည်သည့် သတ္တဝါကမျှ သူ့ကိုယ်စား လုပ်ဆောင်နိုင်ခဲ့မည် မဟုတ်သည့် အရာတစ်ခုဖြစ်သည်။ ဤသည်မှာ ကျေးဇူးတော်ခေတ်အတွင်းက ဘုရားသခင်၏ အမှုဖြစ်ပြီး သူ၏စိတ်သဘောထားနှင့် သက်ဆိုင်သည့် ထုတ်ဖော်ပြခြင်းတစ်ခု ဖြစ်ပေသည်။ ဤအရာက ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာ တစ်ခုတစ်လေကို ထုတ်ဖော်ပြသလော။ ယင်းကို လူသားမျိုးနွယ်က သိရှိထိုက်သလော။ ထိုခေတ်တွင်၊ လူသားသည် ဘုရားသခင်၏ ဇာတိ အဖြစ်တော်ကို မမြင်ခဲ့ရသော်လည်း၊ ၎င်းတို့သည် ဘုရားသခင်၏ အပြစ်ဖြေရာယဇ်ကို ရရှိခဲ့ကြပြီး ဘုရားသခင်အားဖြင့် ကားတိုင်မှ ရွေးနုတ်ခြင်းခံခဲ့ကြ၏။ လူသားမျိုးနွယ်သည် ကျေးဇူးတော်ခေတ်အတွင်းတွင် ဘုရားသခင်လုပ်ဆောင်ခဲ့သည့်အမှုနှင့် ရင်းနှီးမှုမရှိ ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း၊ ဤကာလအတွင်း၌ ဘုရားသခင်ဖော်ပြခဲ့သည့် စိတ်သဘောထားနှင့် အလိုတို့နှင့် ရင်းနှီးသည့်သူ တစ်စုံတစ်ဦးရှိသလော။ လူသားသည် ကွဲပြားသည့် ခေတ်များအတွင်းနှင့် အမျိုးမျိုးသော လမ်းကြောင်းများမှတစ်ဆင့် ဘုရားသခင်အမှု၏ အသေးစိတ် အကြောင်းအရာများကို သိရုံမျှသိသည်၊ သို့မဟုတ် ဘုရားသခင်သည် သူ၏အမှုကို ဆောင်ရွက်နေသည့် တစ်ချိန်တည်းတွင် ဖြစ်ပျက်ခဲ့သည့် ဘုရားသခင်နှင့် ဆက်စပ်သည့် ဖြစ်ရပ်များကို သိရုံမျှ သိလေသည်။ ဤအသေးစိတ် အချက်အလက်များနှင့် အဖြစ်အပျက်များသည် အများဆုံးအနေဖြင့် ဘုရားသခင်အကြောင်း သတင်းအချက်အလက်အချို့ သို့မဟုတ် ဒဏ္ဍာရီများ ဖြစ်ပြီး ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရတို့နှင့် ဘာမျှပတ်သက်မှု မရှိပေ။ ထို့ကြောင့် လူတို့သည် ဘုရားသခင်နှင့် ပတ်သက်သည့် အဖြစ်အပျက်များ မည်မျှ သိရှိသည်ဖြစ်စေ၊ ယင်းက ၎င်းတို့သည် ဘုရားသခင်၏ စိတ်သဘောထား သို့မဟုတ် သူ၏အနှစ်သာရနှင့်သက်ဆိုင်သည့် နက်နဲသော သိနားလည်မှုနှင့် အသိပညာတစ်ခု ရှိသည်ဟု မဆိုလိုပေ။ ပညတ်တော်ခေတ်၌ကဲ့သို့၊ ကျေးဇူးတော်ခေတ်ထဲက လူများသည် လူ့ဇာတိ၌ရှိသည့် ဘုရားသခင်နှင့် အနီးဆုံးနှင့် ရင်းနှီးသော တွေ့ဆုံခြင်းကို ကြုံခဲ့ကြသော်လည်း၊ ဘုရားသခင်၏ စိတ်သဘောထား နှင့် အနှစ်သာရတို့နှင့် သက်ဆိုင်သည့် ၎င်းတို့၏ အသိသည် မရှိသလောက် ဖြစ်ခဲ့သည်။

နိုင်ငံတော်ခေတ်တွင်၊ ပထမအကြိမ်က သူလုပ်ဆောင်ခဲ့သည့်နည်းနှင့် အလားတူနည်းလမ်းဖြင့်၊ ဘုရားသခင်သည် နောက်တစ်ကြိမ် လူ့ဇာတိခံခဲ့သည်။ ဤအမှုကာလအတွင်းတွင်၊ ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်ကို ပွင့်ပွင့်လင်းလင်း ဖော်ပြဆဲဖြစ်သည်၊ သူလုပ်ဆောင်ရမည့် အမှုကို လုပ်ဆောင်ကာ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းတို့ကို ဖော်ပြဆဲဖြစ်၏။ တစ်ချိန်တည်းတွင်၊ လူသား၏ မနာခံမှုနှင့် မသိနားမလည်မှုကို သူသည် ဆက်လက်၍ ကြံ့ကြံ့ခံကာ သည်းခံလေသည်။ ဘုရားသခင်သည် ဤအမှုကာလအတွင်းတွင်လည်း သူ၏ စိတ်သဘောထားကို အလျဉ်မပြတ် ထုတ်ဖော်ပြီး သူ၏ အလိုကို ဖော်ပြသည် မဟုတ်လော။ ထို့ကြောင့် လူသားကို ဖန်ဆင်းခြင်းမှစ၍ ယနေ့ထိ၊ ဘုရားသခင်၏ စိတ်သဘောထား၊ သူ၏ဖြစ်ခြင်းနှင့် ပိုင်ဆိုင်မှုများ၊ သူ၏ အလိုတို့ကို အယောက်တိုင်းထံ အမြဲ ဖွင့်ပြထားပြီးဖြစ်၏။ ဘုရားသခင်သည် သူ၏ အနှစ်သာရ၊ သူ၏စိတ်သဘောထား သို့မဟုတ် သူ၏အလိုတို့ကို မည်သည့်အခါမျှ တမင်တကာ မကွယ်ဝှက်ထားဖူးပေ။ လူသားမျိုးနွယ်က ဘုရားသခင် မည်သည့်အရာ လုပ်ဆောင်နေသည်၊ ဘုရားသခင်၏ အလို မည်သည့်အရာဖြစ်သည် ဆိုသည်တို့ကို အလေးမထားခြင်းသာ ဖြစ်သည်- ထို့ကြောင့် လူသားသည် ဘုရားသခင်နှင့် သက်ဆိုင်သည့် အင်မတန် နုံချာသော သိနားလည်မှု ရှိရခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်သည် သူ၏ဇာတိအဖြစ်တော်ကို ဖုံးကွယ်ထားစဉ်တွင်၊ သူ၏အလို၊ သူ၏ စိတ်သဘောထားနှင့် အနှစ်သာရများကို အချိန်တိုင်း ပွင့်ပွင့်လင်းလင်း ဖော်ပြရင်း၊ လူသားမျိုးနွယ်ကိုလည်း အခိုက်အတန့်တိုင်းထောက်ပံ့လျက်နေ၏။ တစ်နည်းအားဖြင့်၊ ဘုရားသခင်၏ ဇာတိအဖြစ်တော်ကိုလည်း လူတို့ထံ ဖွင့်ပြ ထားသော်လည်း၊ လူသား၏ ကျိုးကြောင်းမမြင်မှုနှင့် မနာခံမှုတို့ကြောင့် ၎င်းတို့သည် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို လုံးဝ မမြင်နိုင်ကြပေ။ ထိုသို့ဖြစ်ပါက၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင်ကို သိနားလည်ခြင်းသည် အယောက်တိုင်းအတွက် လွယ်ကူသင့်သည် မဟုတ်လော။ ယင်းမှာ ဖြေဆိုရန် အလွန်ခက်ခဲသော မေးခွန်းတစ်ခု ဖြစ်သည် မဟုတ်လော။ ယင်းသည် လွယ်ကူသည်ဟု သင်တို့ဆိုနိုင်သည်၊ သို့သော် လူအချို့က ဘုရားသခင်ကို သိကျွမ်းဖို့ ကြိုးစားကြစဉ်တွင်၊ ၎င်းတို့သည် သူ့ကို အမှန်တကယ် မသိရှိနိုင်ကြပေ၊ သို့မဟုတ် ဘုရားသခင်နှင့် သက်ဆိုင်သည့် ရှင်းလင်းသော သိနားလည်မှုတစ်ခု မရနိုင်ကြချေ- ယင်းသည် အမြဲမထင်မရှားနှင့် မရေရာ ဖြစ်လေသည်။ သို့သော် ယင်းသည် မလွယ်ကူဟု သင်တို့ ဆိုပါကလည်း၊ မမှန်ပြန်ပေ။ အချိန်ကြာမြင့်စွာ ဘုရား အမှု၏ အပြုခံ ဖြစ်ရင်းဖြင့်၊ အယောက်တိုင်းသည် ၎င်းတို့၏ အတွေ့အကြုံများ မှတစ်ဆင့် ဘုရားသခင်နှင့် စစ်မှန်သော ဆက်ဆံမှု ရှိခဲ့သင့်ပြီဖြစ်သည်။ ၎င်းတို့သည် အနည်းဆုံးအနေဖြင့် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို အတိုင်းအတာတစ်ခုထိ သတိပြုမိပြီးဖြစ်သင့်သည်၊ သို့မဟုတ် ဘုရားသခင်နှင့် ဝိညာဉ်ရေးရာ တွေ့ထိခြင်းတစ်ခု ရှိပြီးဖြစ်သင့်ပြီး အနည်းဆုံးအနေဖြင့် ဘုရားသခင်၏စိတ်သဘောထားနှင့် သက်ဆိုင်သည့် အမြော်အမြင်ရှိသော အသိအချို့ ရှိသင့်ပြီဖြစ်သည်၊ သို့မဟုတ် သူနှင့်သက်ဆိုင်သည့် သိနားလည်မှုအချို့ကို ရရှိသင့်ပြီဖြစ်သည်။ လူသားသည် ဘုရားသခင်နောက်ကို လိုက်သည့် အချိန်မှစ၍ ယခုထိ လူသားမျိုးနွယ်သည် အလွန်များလှစွာ ရရှိပြီးဖြစ်သော်လည်း၊ လူသား၏ ညံ့ဖျင်းသော အရည်အချင်း၊ မသိနားမလည်ခြင်း၊ ပုန်ကန်ခြင်းနှင့် အမျိုးမျိုးသော ကြံရွယ်ချက်များ ဖြစ်သည့် အကြောင်းရင်းမျိုးစုံကြောင့်၊ လူသားမျိုးနွယ်သည် ယင်းနှင့်ပတ်သက်၍လည်း အလွန်များစွာ ဆုံးရှုံးရပြီး ဖြစ်သည်။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို လုံလုံလောက်လောက် ပေးထားပြီးဖြစ်သည် မဟုတ်လော။ ဘုရားသခင်သည် သူ၏ဇာတိအဖြစ်တော်ကို လူသားမျိုးနွယ်ထံမှ ကွယ်ဝှက်သော်လည်း၊ သူသည် လူသားများကို သူ၏အရာအားလုံးနှင့်ဖြစ်ခြင်း၊ ပြီးလျှင် သူ၏အသက်တို့ဖြင့် ထောက်ပံ့လေသည်။ ဘုရားသခင်နှင့်သက်ဆိုင်သည့် လူသားမျိုးနွယ်၏ အသိသည် ယခုဖြစ်သည့်အရာသာ မဖြစ်သင့်ပေ။ ထိုအကြောင်းရင်းကြောင့် ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် ဟူသည့် အကြောင်းအရာနှင့် ပတ်သက်၍ သင်တို့နှင့် နောက်ထပ်မိတ်သဟာယပြုဖို့ လိုအပ်သည်ဟု ငါထင်ရခြင်းဖြစ်သည်။ ရည်ရွယ်ချက်မှာ လူသား၌ ဘုရားသခင် အပ်နှင်းထားသည့် နှစ်ပေါင်းထောင်နှင့်ချီသည့် စောင့်ရှောက်မှုနှင့် အရေးထားမှုတို့သည် အချည်းနှီးအဆုံးသတ် မသွားရန်ဖြစ်ပြီး လူသားမျိုးနွယ်အနေဖြင့် ၎င်းတို့အပေါ် ဘုရားသခင်၏ အလိုကို စစ်မှန်စွာ သိနားလည်ကာ အရေးကြီးကြောင်းသိရှိနိုင်ဖို့ရန်အလို့ငှာ ဖြစ်ပေသည်။ ယင်းမှာ လူတို့သည် ဘုရားသခင်နှင့်သက်ဆိုင်သည့် ၎င်းတို့၏ အသိပညာတွင် အဆင့်သစ်ဆီသို့ တက်လှမ်းနိုင်ဖို့အလို့ငှာ ဖြစ်သည်။ ယင်းသည် ဘုရားသခင်ကို လူသားတို့၏နှလုံးသားထဲက သူ၏နေရာမှန်သို့ ပြန်ပို့ပေးလိမ့်မည် ဖြစ်သည်၊ ဆိုလိုသည်မှာ သူ့ကို အကောင်းဆုံးဆက်ဆံရန် ဖြစ်သည်။

ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင်ကို နားလည်ရန်၊ သင်တို့သည် သေးငယ်သောအရာနှင့် အစပြုရမည်ဖြစ်သည်။ သို့သော် မည်သည့်နေရာမှ သေးငယ်သည့်အရာဖြင့် အစပြုရမည်နည်း။ အစပြုဖို့၊ သမ္မာကျမ်းစာမှ အခန်းကြီး အချို့ကို ငါရွေးချယ်ပြီးဖြစ်သည်။ အောက်ပါ အချက်အလက်သည် ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် ဆိုသည့် အကြောင်းအရာ နှင့် ဆက်စပ်သည့် ကျမ်းပိုဒ်အချို့ပါရှိသည်။ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင်တို့ကို သင်တို့ သိရှိရန် ကူညီဖို့ မှီငြမ်းစာပေများအဖြစ် ဤကောက်နုတ်ချက်များကို အထူးသဖြင့် ငါရှာတွေ့ ထားပေသည်။ ထိုအရာများကို မျှဝေခြင်းဖြင့်၊ ဘုရားသခင်သည် သူ၏ အတိတ်က အမှုမှတစ်ဆင့် မည်သည့် စိတ်သဘောထားမျိုး ထုတ်ဖော်ပြပြီး ဖြစ်သည်ဆိုသည်နှင့် သူ၏ အနှစ်သာရနှင့် သက်ဆိုင်သည့် မည်သည့် ရှုထောင့်များကို လူသားက မသိသေးသည်ကို ငါတို့ မြင်နိုင်ပေမည်။ ဤအခန်းကြီးများသည် အိုဟောင်းကောင်း အိုဟောင်းနိုင်သော်လည်း၊ ငါတို့ မိတ်သဟာယ ပြုနေသည့် အကြောင်းအရာသည် လူများအနေဖြင့် မပိုင်ဆိုင်ကြသကဲ့သို့၊ လုံးဝ မကြားဖူးသည့် အသစ်သော အရာတစ်ခု ဖြစ်သည်။ သင်တို့ထဲမှ အချို့သည် ထိုအရာကို မယုံကြည်နိုင်လောက်သည့်အရာအဖြစ် မြင်ကောင်းမြင်လိမ့်မည်- အာဒံနှင့်ဧဝအကြောင်းကို တင်ပြပြီး နောဧအကြောင်းကို ပြန်သွားခြင်းသည် တူညီသော အဆင့်များကို ခြေရာပြန်ကောက်ခြင်း မဟုတ်လော။ သင်တို့ မည်သည့်အရာကို တွေးထင်ကြပါစေ၊ ဤအခန်းကြီးများသည် ယခုအကြောင်းအရာနှင့် ပတ်သက့််၍ မိတ်သဟာယပြုခြင်းအဖို့ အလွန် အကျိုးရှိပြီး၊ ယနေ့မိတ်သဟာယအတွက် သင်ကြားပို့ချချက် ပြဋ္ဌာန်းစာအုပ်များ သို့မဟုတ် မူရင်းစာပေများအဖြစ် ဆောင်ရွက်နိုင်ပေသည်။ ဤမိတ်သဟာယ ငါပြီးဆုံးသည်နှင့်၊ ဤအခန်းကြီးများကို ရွေးချယ်ခြင်း၏နောက်ကွယ်က ငါ၏ ရည်ရွယ်ချက်များကို သင်တို့နားလည်ကြလိမ့်မည်။ သမ္မာကျမ်းစာကို ယခင်က ဖတ်ရှုပြီးသူများအနေဖြင့် ဤကျမ်းချက်အနည်းငယ်ကို ဖတ်ရှုပြီးကောင်း ဖတ်ရှုပြီးကြလိမ့်မည်ဖြစ်သော်လည်း၊ အမှန်တကယ် နားလည်ကောင်း နားလည်လိမ့်မည် မဟုတ်ပေ။ ပထမဦးစွာ ထိုကျမ်းချက်များကို အချုပ်အားဖြင့် ပြန်လည်သုံးသပ်ပြီးနောက်၊ ငါတို့၏ မိတ်သဟာယ ပြုခြင်းတွင် တစ်ခုချင်းစီ အသေးစိတ် သုံးသပ်ကြစို့။

အာဒံနှင့်ဧဝတို့သည် လူသားမျိုးနွယ်၏ ဘိုးဘေးများ ဖြစ်ကြ၏။ ငါတို့အနေဖြင့် သမ္မာကျမ်းစာထဲမှ ဇာတ်ကောင်များကို ဖော်ပြရမည်ဆိုပါက၊ ၎င်းတို့ နှစ်ယောက်ဖြင့် စတင်ရမည်ဖြစ်သည်။ နောက်တစ်ဦးမှာ လူသားမျိုးနွယ်၏ ဒုတိယဘိုးဘေးဖြစ်သည့် နောဧ ဖြစ်သည်။ တတိယဇာတ်ကောင်မှာ မည်သူနည်း။ (အာဗြဟံ ဖြစ်ပါသည်။) အာဗြဟံ၏ ဘဝ ဇာတ်ကြောင်းကို သင်တို့အားလုံး သိကြသလော။ သင်တို့ထဲမှ အချို့ သိကောင်းသိနိုင်သော်လည်း၊ အခြားသူများအတွက် ယင်းသည် သိပ်ရှင်းလင်းမည် မဟုတ်။ စတုတ္ထဇာတ်ကောင်မှာ မည်သူနည်း။ သောဒုံမြို့ ဖျက်ဆီးခံရခြင်း အဖြစ်အပျက်၌ မည်သူ့ကို ဖော်ပြထားသနည်း။ (လောတကို ဖော်ပြထားပါသည်။) သို့ရာတွင် လောတကို ဤနေရာတွင် ရည်ညွှန်းမထားပေ။ မည်သူကို ရည်ညွှန်း ထားသနည်း။ (အာဗြဟံကို ရည်ညွှန်းထားပါသည်။) အာဗြဟံ၏အဖြစ်အပျက်တွင် အဓိက ဖော်ပြထားသည်မှာ ယေဟောဝါ ဘုရားသခင် ပြောဆိုခဲ့ပြီးဖြစ်သည့်အရာ ဖြစ်သည်။ သင်တို့ မြင်ကြပါသလော။ ပဉ္စမဇာတ်ကောင်သည် မည်သူနည်း။ (ယောဘ ဖြစ်ပါသည်။) ဘုရားသခင်သည် သူ၏ အမှု၏ လတ်တလော အဆင့်အတောအတွင်းတွင် ယောဘ၏ ဇာတ်ကြောင်းကို များစွာ ဖော်ပြသည် မဟုတ်လော။ သို့ဆိုလျှင် သင်တို့သည် ဤဇာတ်ကြောင်းကို လွန်စွာ အရေးစိုက်ကြပါသလော။ သင်တို့ လွန်စွာ အရေးစိုက်ပါက၊ သမ္မာကျမ်းစာထဲက ယောဘ၏ ဇာတ်ကြောင်းကို သင်တို့ သေချာစွာ ဖတ်ရှုပြီး ကြပြီလော။ ယောဘ မည်သည့်အရာကို ပြောဆိုခဲ့သည်၊ ပြီးလျှင် မည်သည့်အရာ လုပ်ဆောင်ခဲ့သည်ကို သင်တို့သိကြပါသလော။ ယင်းကို အများဆုံး ဖတ်ရှုပြီးသူများအဖို့၊ သင်တို့ အကြိမ်ရေမည်မျှ ဖတ်ရှုပြီးဖြစ်သနည်း။ မကြာခဏ ဖတ်ကြသလော။ ဟောင်ကောင်မှ ညီအစ်မတို့၊ ငါတို့ကို ပြောပြကြလော့။ (ယခင် ကျွန်ုပ်တို့ ကျေးဇူးတော်ခေတ်၌ ရှိခဲ့ချိန်တွင် နှစ်ကြိမ် သုံးကြိမ်မျှ ဖတ်ဖြစ်ခဲ့ပါသည်။) ထိုအချိန်ကတည်းက သင်တို့ ထိုဇာတ်ကြောင်းကို တစ်ဖန် မဖတ်ဖြစ်သေးသလော။ ယင်းမှာ စိတ်ပျက်ဖွယ်ရာ ဖြစ်သည်။ သင်တို့ကို ငါပြောပါရစေ- ဘုရားသခင်၏ အမှု၏ ဤအဆင့်အတောအတွင်းတွင် ဘုရားသခင်သည် ယောဘကို အကြိမ်များစွာ ဖော်ပြခဲ့သည်၊ ယင်းသည် ဘုရားသခင်၏ ရည်ရွယ်ချက်များ ထင်ဟပ်မှုတစ်ခု ဖြစ်သည်။ ဘုရားသခင်သည် ယောဘအကြောင်းကို အကြိမ်များစွာ ပြောဆိုခဲ့သော်လည်း၊ သင်တို့၏ အာရုံစိုက်မှုကို မနိုးကြားစေခဲ့သည်မှာ- သင်တို့သည် ကောင်းမြတ်သည့် လူများနှင့် ဘုရားသခင်ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်သည့်လူများ ဖြစ်ခြင်းကို စိတ်မဝင်စားကြသည့် အမှန်တရား၏ သက်သေတစ်ခု ဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ဘုရားသခင်က သာဓကအဖြစ် ညွှန်းခဲ့သည့် ယောဘ၏ အဖြစ်အပျက်နှင့် ပတ်သက်၍ အကြမ်းဖျင်း နားလည်သဘောပေါက်မှုတစ်ခု ရှိခြင်းဖြင့်သာ ကျေနပ်ကြသောကြောင့် ဖြစ်သည်။ သင်တို့သည် အဖြစ်အပျက်ကိုယ်၌ကို နားလည်ခြင်းမျှဖြင့် ရောင့်ရဲကြသည်၊ သို့ရာတွင် ယောဘက မည်သူ ဖြစ်သည်ဟူသည့် အသေးစိတ် အချက်အလက်များနှင့် ဖြစ်ရပ်များစွာတွင် ဘုရားသခင်က ယောဘကို ရည်ညွှန်းရသည့် အကြောင်းအရင်း၏ နောက်ကွယ်မှ ရည်ရွယ်ချက်ကို အရေးမစိုက်ကြသကဲ့သို့၊ သိရှိ နားလည်ရန် မကြိုးစားကြချေ။ ဘုရားသခင် ချီးမွမ်းခဲ့သည့် ထိုသို့သော လူသည် သင်တို့ကို စိတ်မဝင်စားစေပါက၊ သင်တို့သည် မည်သည့်အရာကို အတိအကျ အာရုံစိုက်နေကြပါသနည်း။ ဘုရားသခင် ဖော်ပြခဲ့သည့် ထိုသို့သော အရေးကြီးသည့် လူတစ်ဦးကို သင်တို့သည် အရေးမစိုက်ကြပါက သို့မဟုတ် နားလည်ရန် မကြိုးစားကြပါက၊ ဘုရားသခင်၏ နှုတ်ကပတ်တော်အပေါ် ထားရှိသည့် သင်တို့၏ သဘောထားနှင့်ပတ်သက်၍ ယင်းက မည်သည့်အရာကို ဆိုနိုင်သနည်း။ ယင်းသည် မနှစ်မြို့ဖွယ် ဖြစ်မည် မဟုတ်လော။ သင်တို့အများစုသည် လက်တွေ့ကျသည့် အရာများ၌ ပါဝင်ပတ်သက်ခြင်းမရှိ သို့မဟုတ် သမ္မာတရားကို လိုက်စားခြင်းမရှိဟု ယင်းက သက်သေပြမည် မဟုတ်လော။ သင်သည် သမ္မာတရားကို အမှန် လိုက်စားပါက၊ ဘုရားသခင် ထောက်ခံသည့် လူများနှင့် ဘုရားသခင် ပြောဆိုသည့် ဇာတ်ကောင်များ၏ အဖြစ်အပျက်များကို သင်သည် လိုအပ်သည့် အာရုံစိုက်လိမ့်မည် ဖြစ်သည်။ သင့်အနေဖြင့် ၎င်းတို့အတိုင်း လျော်ညီအောင် နေနိုင်သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့၏ အဖြစ်အပျက်များက ထင်သာမြင်သာရှိသည်ဟု သင် မြင်သည်ဖြစ်စေ၊ သင်သည် ၎င်းတို့နှင့်ပတ်သက်၍ အလျင်အမြန် သွား၍ ဖတ်ရှုလိမ့်မည်၊ ၎င်းတို့အတွက် သဘောပေါက်ရန် ကြိုးစားလိမ့်မည်၊ ၎င်းတို့၏ ပုံသက်သေအတိုင်း လိုက်လျှောက်ရန် နည်းလမ်းများကို ရှာလိမ့်မည်ဖြစ်ပြီး၊ သင်လုပ်နိုင်သည့်အရာကို သင် အစွမ်းရှိသမျှ သင် လုပ်ဆောင်လိမ့်မည်။ ဤသည်မှာ သမ္မာတရားကို တောင့်တသောသူတစ်ဦး ပြုမူသင့်သည့် ပုံဖြစ်သည်။ သို့သော် အမှန်မှာ၊ ဤနေရာတွင် ထိုင်နေကြသည့် သင်တို့ထဲမှ အများစုသည် ယောဘ၏ဇာတ်ကြောင်းကို လုံးဝ မဖတ်ရှုဖူးကြပေ- ယင်းမှာ ပြောလောက်စရာ ဖြစ်ပေသည်။

ယခုတင် ငါဆွေးနွေးနေခဲ့သည့် အကြောင်းအရာကို ပြန်ဆွေးနွေးကြစို့။ ဓမ္မဟောင်းကျမ်း ပညတ်တော်ခေတ်နှင့် သက်ဆိုင်သည့် ကျမ်းစာ၏ ဤအပိုင်းတွင်၊ သမ္မာကျမ်းစာကို ဖတ်သည့် လူအများစု ရင်းနှီးလိမ့်မည်ဖြစ်သည့် အလွန်စံထားထိုက်သော ဇာတ်ကောင်များ နှင့်ပတ်သက်သည့် တချို့သော အဖြစ်အပျက်များ အပေါ် အာရုံစိုက်ဖို့ ငါ ရွေးချယ်ထားပြီးဖြစ်သည်။ ဤဇာတ်ကောင်များ၏ ဇာတ်ကြောင်းများကို ဖတ်ရှုဖူး သူများသည် ၎င်းတို့အပေါ် ဘုရားသခင်ပြုခဲ့သည့် အမှုနှင့် ၎င်းတို့ထံ ဘုရားသခင်ပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များသည် ယနေ့ခေတ်လူများအတွက် ညီတူညီမျှ လက်ဆုပ်လက်ကိုင်ပြနိုင်ပြီး၊ နားလည်ရန် လွယ်သည်ကို ခံစားနိုင်လိမ့်မည်ဖြစ်သည်။ သင့်အနေဖြင့် သမ္မာကျမ်းစာထဲမှ မှတ်တမ်းများဖြစ်သည့် ဤဇာတ်ကြောင်းများကို ဖတ်ရှုသည့်အခါတွင်၊ သမိုင်းထဲက ထိုအချိန်ကာလများအတွင်းတွင် ဘုရားသခင်သည် သူ၏အမှုကို မည်သို့ ဆောင်ရွက်ခဲ့ပြီး လူများကို မည်သို့ ဆက်ဆံခဲ့သည်ကို သာ၍ ကောင်းစွာ နားလည်နိုင်လိမ့်မည် ဖြစ်သည်။ သို့ရာတွင် ယနေ့ ဤအခန်းကြီးများကို ဆွေးနွေးဖို့ ငါ ဆုံးဖြတ်ရသည့် အကြောင်းရင်းမှာ အဖြစ်အပျက်များချည်းသက်သက် သို့မဟုတ် ထိုအဖြစ်အပျက်များထဲက ဇာတ်ကောင်များ အပေါ် အာရုံစိုက်ရန် သင် ကြိုးစားကြဖို့ မဟုတ်ပေ။ ယင်းထက်၊ ဤဇာတ်ကောင်များ၏ အဖြစ်အပျက်များ မှတစ်ဆင့် ဘုရားသခင်၏ လုပ်ဆောင်မှုများနှင့် သူ၏စိတ်သဘောထားကို သင်တို့မြင်နိုင်လာကြဖို့အလို့ငှာ ဖြစ်သည်။ ဤအရာက သင်တို့ကို ဘုရားသခင်အား သာ၍ လွယ်ကူစွာ သိရှိကာ နားလည်နိုင်စေလိမ့်မည်၊ ဘုရားသခင်၏ စစ်မှန်သည့် ဘက်ခြမ်းကို တွေ့မြင်နိုင်စေလိမ့်မည်ဖြစ်သည်။ ယင်းက သူနှင့်ပတ်သက်သည့် သင်၏ထင်မြင်ချက်များ နှင့် အယူအဆများကို ပပျောက်စေလိမ့်မည်ဖြစ်ပြီး၊ မရေရာမှုများဖြင့် ပတ်ချာဝိုင်းသည့် ယုံကြည်ခြင်းမှ သင့်ကို အဝေးသို့ လမ်းကြောင်းပေးလိမ့်မည်ဖြစ်သည်။ ခိုင်မာသည့် အခြေခံအုတ်မြစ်တစ်ခုမရှိပါက၊ ဘုရားသခင်၏ စိတ်သဘောထားကို နားလည်ရန်နှင့် ဘုရားသခင်ကိုယ်တော်တိုင်ကို သိရှိခြင်းငှာ ကြိုးစားခြင်းသည် အကူအညီမဲ့ခြင်း၊ အစွမ်းအစ မရှိခြင်းနှင့် မည်သည့်နေရာတွင် စတင်ရမည်ကိုပင် မသေချာမှု အသိစိတ်တစ်ခုဆီသို့ မကြာခဏ ဆိုက်ရောက်စေနိုင်ပေသည်။ ဤသည်မှာ သင့်ကို ဘုရားသခင်အား သာ၍ကောင်းစွာ နားလည် သဘောပေါက်ရန်၊ ဘုရားသခင်၏ အလိုကို ပိုမိုစစ်မှန်စွာ အသိအမှတ်ပြုရန်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တိုင်ကို သိရှိရန် ကူညီနိုင်ပြီး၊ ဘုရားသခင်၏ တည်ရှိခြင်းကို စစ်မှန်စွာ ခံစားခွင့် ပေးနိုင်ကာ လူသားမျိုးနွယ်အပေါ် သူ၏ အလိုကို အသိအမှတ်ပြုခွင့်ပေးနိုင်သည့် နည်းစနစ်နှင့် ချဉ်းကပ်မှု တစ်ခုကို ဖြစ်ပေါ်စေဖို့ ငါ့ကို စေ့ဆော်ခဲ့သည့်အရာ ဖြစ်သည်။ ဤအရာသည် သင်တို့၏ အကျိုးအားလုံးအဖို့ ဖြစ်မည် မဟုတ်လော။ ယခုတွင် ဤဇာတ်ကြောင်းများနှင့် ဤကျမ်းစာ၏ အစိတ်အပိုင်းများကို သင်တို့ ပြန်လေ့လာ ကြသည့်အခါတွင်၊ သင်တို့၏ စိတ်နှလုံးများထဲတွင် မည်သည့်အရာ ခံစားရသနည်း။ ငါရွေးချယ်ထားသည့် ကျမ်းစာအစိတ်အပိုင်းများသည် မလိုလားအပ်သော အရာများဖြစ်သည်ဟု သင်တို့ ထင်ကြသလော။ ခုတင် ငါသင်တို့ကို ငါပြောခဲ့သည့်အရာကို ငါ ပြန်လည် အလေးထားပြောရပေမည်- ဤဇာတ်ကောင်များ၏ ဇာတ်ကြောင်းများကို သင်တို့အား ဖတ်ရှုစေခြင်း၏ ရည်မှန်းချက်မှာ လူတို့အပေါ် ဘုရားသခင်သည် သူ၏အမှုကို မည်သို့ပြုသည်ကို သင်တို့ မြင်ရန် ကူညီဖို့နှင့် လူသားမျိုးနွယ်အပေါ် သူ၏ သဘောထားကို သာ၍ကောင်းစွာ သိနားလည်စေဖို့ ဖြစ်သည်။ ဤသိနားလည်ခြင်းသို့ရောက်ဖို့ သင်တို့ကို မည်သည့်အရာက ကူညီလိမ့်မည်နည်း။ အတိတ်က ဘုရားသခင် လုပ်ဆောင်ခဲ့သည့်အမှုကို သိနားလည်ခြင်း နှင့် ယင်းကို ယခု ဘုရားသခင် လုပ်ဆောင်နေသည့် အမှုနှင့် ဆက်နွှယ်စေခြင်း- ဤအရာက သူ၏ မရေမတွက်နိုင်သော သွင်ပြင်လက္ခဏာများကို သင် နားလည်ရန် ကူညီပေးလိမ့်မည်ဖြစ်သည်။ ဤမရေမတွက်နိုင်သည့် သွင်ပြင်လက္ခဏာများသည် စစ်မှန်ပြီး ဘုရားသခင်ကို သိရှိရန် ဆန္ဒရှိသူများ အားလုံးက သိရှိပြီး နားလည်ရမည့် အရာ ဖြစ်သည်။

ကျမ်းစာမှ ကိုးကားချက်တစ်ခုဖြင့် စတင်ရင်း၊ အာဒံနှင့် ဧဝတို့ ဇာတ်ကြောင်းဖြင့် ငါတို့အစပြုကြစို့။

က။ အာဒံနှင့်ဧဝ

၁။ အာဒံအတွက် ဘုရားသခင်၏ အမိန့်

ကမ္ဘာဦးကျမ်း ၂:၁၅-၁၇ ထိုအခါ ယေဟောဝါ ဘုရားသခင်သည် လူကိုယူပြီး ဧဒင်ဥယျာဉ်ထဲတွင် ပြုစုစောင့်ရှောက်စေရန် ထားတော်မူ၏။ ယေဟောဝါ ဘုရားသခင်က ဥယျာဉ်ထဲရှိသည့် ခပ်သိမ်းသောအပင်တို့ကို သင်သည် လွတ်လပ်စွာ စားသုံး နိုင်၏။ သို့သော် အကောင်း၊ အဆိုး သိကျွမ်းရာအပင်ကို သင်သည် မစားရ။ သင်စားသောနေ့တွင် ဧကန်မုချ သေရမည်ဟု လူကို အမိန့်ပေးတော်မူ၏။

ဤကျမ်းချက်များမှ သင်တို့ မည်သည့်အရာကို နားလည်ကြသနည်း။ ကျမ်းစာ၏ ဤအပိုင်းက သင်တို့ကို မည်သို့ ခံစားရစေသနည်း။ အာဒံထံ ဘုရားသခင်၏ အမိန့်အကြောင်းကို ပြောဆိုဖို့ အဘယ်ကြောင့် ငါ ဆုံးဖြတ်ပြီနည်း။ ယခုတွင် သင်တို့ တစ်ဦးချင်းစီသည် သင်တို့၏စိတ်ထဲ၌ ဘုရားသခင်နှင့် အာဒံ၏ ပုံရိပ်တစ်ခု ရှိကြပါသလော။ သင်တို့ ကြိုးစားစိတ်ကူး ကြည့်နိုင်သည်- သင်တို့သည် ထိုအဖြစ်အပျက်တွင် ရှိသူတစ်ဦးဖြစ်ခဲ့ပါက၊ စိတ်ထဲတွင် ဘုရားသခင်သည် မည်သည့်အရာနှင့် တူခဲ့မည်ဟု သင်တို့ ထင်သနည်း။ ဤအကြောင်းကို စဉ်းစားခြင်းက သင်တို့ကို မည်သို့ ခံစားရစေသနည်း။ ဤသည်မှာ တို့ထိပြီး ကြည်နူးအားရဖွယ်ကောင်းသည့် ရုပ်ပုံတစ်ပုံ ဖြစ်သည်။ ထိုပုံတွင် ဘုရားသခင်နှင့် လူသားသာ ပါရှိသော်လည်း၊ ၎င်းတို့အကြားက ရင်းနှီးကျွမ်းဝင်မှုသည် သင့်ကို လေးစားမှု အသိစိတ် တစ်ခုဖြင့် ပြည့်စေသည်။ ဘုရားသခင်၏ ပြည့်လျှမ်းနေသည့် ချစ်ခြင်းမေတ္တာကို လူသားအပေါ် အခမဲ့ အပ်နှင်းထားပြီး လူသားကို ဝန်းရံလျက်ရှိသည်။ လူသားသည် ဘုရားသခင်၏ ကြည့်ရှုမှုအောက်တွင် ချမ်းမြေ့ပျော်ရွှင်စွာ အသက်ရှင်ရင်း၊ အပြစ်မဲ့ကာ ဖြူစင်သည်၊ ဝန်ထုပ်ဝန်ပိုးမရှိသကဲ့သို့ ပူပင် ကြောင့်ကြမဲ့သည်။ လူသည် ဘုရားသခင်၏ ကွယ်ကာမှုနှင့် ကောင်းချီးမင်္ဂလာအောက်တွင် အသက်ရှင်စဉ်တွင် ဘုရားသခင်သည် လူသားကို ပူပန်လေသည်။ လူသား လုပ်ဆောင်ကာ ပြောဆိုသည့် အမှုအရာတစ်ခုစီတိုင်းသည် ဘုရားသခင်နှင့် ခွဲခြားမရအောင် ဆက်စပ်ထားကာ ဘုရားသခင်ထံမှ ခွဲခွာ၍ မရပေ။

ဤအရာကို လူသားကို ဖန်ဆင်းပြီးနောက် သူ့အဖို့ ဘုရားသခင်၏ ပထမဆုံးအမိန့်ဟု ခေါ်ဆိုနိုင်ပေသည်။ ဤအမိန့်က မည်သည့်အရာကို သိရှိစေသနည်း။ ယင်းသည် ဘုရားသခင်၏ အလိုကို သိရှိစေရုံသာမက၊ လူသားမျိုးနွယ်အတွက် သူ၏ စိုးရိမ်ပူပန်မှုများကိုလည်း သိရှိစေသည်။ ဤသည်မှာ ဘုရားသခင်၏ ပထမဆုံးအမိန့်ဖြစ်ပြီး လူသားအတွက် စိုးရိမ်ပူပန်မှုကို ဘုရားသခင် ဖော်ပြသည့် ပထမဦးဆုံးသော အကြိမ်လည်း ဖြစ်ပေသည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် လူသားကို ဖန်ဆင်းလိုက်သည့် အခိုက်အတန့်မှစ၍ သူ့ထံတွင် လူသားနှင့် ပတ်သက်၍တာဝန်ရှိခြင်းကို သူခံစားရပြီးဖြစ်သည်။ သူ၏တာဝန်မှာ အဘယ်နည်း။ လူသားကို သူကာကွယ်ရမည်၊ လူသားကို သူ ကြည့်ရှုစောင့်ရှောက်ရမည်။ လူသားအနေဖြင့် သူ၏ နှုတ်ကပတ်တော်များကို ယုံကြည်ကိုးစားပြီး နာခံဖို့ ဘုရားသခင် မျှော်လင့်သည်။ ဤသည်မှာ လူသားနှင့် သက်ဆိုင်သည့် ဘုရားသခင်၏ ပထမဆုံးသော မျှော်လင့်ချက်လည်း ဖြစ်သည်။ အောက်ပါအရာများကို ဘုရားသခင် ပြောဆိုသည်မှာ ဤမျှော်လင့်ချက်နှင့် ဖြစ်သည်- “ဥယျာဉ်ထဲရှိသည့် ခပ်သိမ်းသောအပင်တို့ကို သင်သည် လွတ်လပ်စွာ စားသုံး နိုင်၏။ သို့သော် အကောင်း၊ အဆိုး သိကျွမ်းရာအပင်ကို သင်သည် မစားရ။ သင်စားသောနေ့တွင် ဧကန်မုချ သေရမည်။” ဤရိုးရှင်းသော နှုတ်ကပတ်တော်များသည် ဘုရားသခင်၏ အလိုကို ကိုယ်စားပြုကြ၏။ ၎င်းတို့က သူ၏စိတ်နှလုံးထဲတွင် ဘုရားသခင်သည် လူသားအတွက် စိုးရိမ်ပူပန်မှု စတင်ပြသပြီး ဖြစ်သည်ကိုလည်း ထုတ်ဖော်ပြပေသည်။ ခပ်သိမ်းသော အရာများထဲတွင် အာဒံတစ်ဦးတည်းကိုသာ ဘုရားသခင်၏ ပုံသဏ္ဌာန်နှင့် အညီ ဖန်ဆင်းခဲ့ခြင်း ဖြစ်သည်။ အာဒံသည် ဘုရားသခင်၏ ဇီဝအသက်ရှိသည့် တစ်ဦးတည်းသော သက်ရှိဖြစ်သည်။ သူသည် ဘုရားသခင်နှင့်အတူ လမ်းလျှောက်နိုင်သည်၊ ဘုရားသခင်နှင့်အတူ စကားစမြည်ပြောဆိုနိုင်သည်။ ယင်းမှာ သူ့ကို ဘုရားသခင်က ဤအမိန့် ပေးခဲ့သည့် အကြောင်းရင်း ဖြစ်သည်။ ဘုရားသခင်သည် သူ၏ အမိန့်တွင် လူက လုပ်ဆောင်နိုင်သည့် အရာနှင့် မလုပ်ဆောင်နိုင်သည့် အရာကို အလွန် ပေါ်လွင်စေခဲ့သည်။

ဤရိုးရှင်းသည့် နှုတ်ကပတ်တော်အနည်းငယ်ထဲတွင် ဘုရားသခင်၏နှလုံးသားကို ငါတို့ မြင်တွေ့ရသည်။ သို့ရာတွင် မည်သည့်နှလုံးသားမျိုးက မိမိဘာသာ ထင်ရှားပါသနည်း။ ဘုရားသခင်၏နှလုံးသားထဲတွင် ချစ်ခြင်းမေတ္တာ ရှိသလော။ စိုးရိမ်ပူပန်မှု ရှိသလော။ ဤကျမ်းချက်များထဲတွင်၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် စိုးရိမ်ပူပန်မှုတို့ကို အသိအမှတ်ပြု၍ ရနိုင်သည်သာမက၊ အတွင်းကျကျ ခံစား၍လည်း ရနိုင်ပေသည်။ သင်တို့ သဘောတူမည်မဟုတ်လော။ ဤအရာအား ငါပြောသည်ကို ကြားပြီးနောက်တွင်၊ ဤအရာများသည် ရိုးရှင်းသည့် နှုတ်ကပတ်တော် အနည်းငယ်သာ ဖြစ်သည်ဟု သင်တို့ ထင်သေးသလော။ တကယ်တော့ ၎င်းတို့ သိပ်မရိုးရှင်းကြပေ၊ ဟုတ်ပါသလော။ ယခင်က ဤအရာကို သင်တို့ သိခဲ့ကြပါသလော။ ဘုရားသခင်သည် ဤနှုတ်ကပတ်တော် အနည်းငယ်ကို သင်တို့အား ကိုယ်တိုင်ကိုယ်ကျ ပြောဆိုခဲ့ပါက၊ အတွင်းတွင် သင်တို့ မည်သို့ ခံစားရမည်နည်း။ သင်သည် လူဆန်သော လူသားတစ်ဦး မဟုတ်ပါက၊ သင့်နှလုံးသားသည် အေးစက်မာကျောခဲ့မည် ဆိုပါက၊ သင်သည် တစ်ခုခုကို ခံစားရမည်မဟုတ်၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို သင်အသိအမှတ်ပြုမည် မဟုတ်သကဲ့သို့၊ ဘုရားသခင်၏ စိတ်နှလုံးကို နားလည်ဖို့ သင် ကြိုးစားမည် မဟုတ်ပေ။ သို့ရာတွင်၊ ဆင်ခြင်တုံတရား နှင့် လူ့သဘာဝ အသိစိတ်ရှိသည့် လူတစ်ဦးအနေဖြင့် သင်သည် ကွဲပြားစွာ ခံစားရပေမည်။ သင်သည် နွေးထွေးမှုကို ခံစားရမည်။ ဂရုစိုက်ခံရပြီး အချစ်ခံရသည်ကို ခံစားရမည်ဖြစ်ပြီး၊ ပျော်ရွှင်မှုကို ခံစားရပေမည်။ မှန်သည် မဟုတ်လော။ ဤအရာများကို သင်ခံစားရသည့်အခါတွင်၊ ဘုရားသခင်အပေါ် သင်မည်သို့ ပြုမူမည်နည်း။ ဘုရားသခင်ကို သံယောဇဉ် တွယ်သွား မည်လော။ ဘုရားသခင်ကို လှိုက်လှိုက်လှဲလှဲ ချစ်ပြီး ရိုသေလေးစားမည်လော။ သင့်နှလုံးသားက ဘုရားသခင်နှင့် တိုး၍ နီးစပ်မည်လော။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် လူသားအဖို့ မည်မျှ အရေးကြီးသည်ကို ဤအရာမှ သင်မြင်တွေ့နိုင်သည်။ သို့ရာတွင် သာ၍ပင် အရေးကြီးသည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ နှင့်သက်ဆိုင်သည့် လူသား၏ အသိအမှတ်ပြုမှုနှင့် သဘောပေါက်နားလည်မှု ဖြစ်သည်။ အမှန်တွင် ဘုရားသခင်သည် သူ့အမှု၏ ဤအဆင့်အတွင်းတွင် ဆင်တူသော အရာများစွာ ပြောဆိုသည် မဟုတ်လော။ ယနေ့တွင် ဘုရားသခင်၏ နှလုံးသားကို အသိအမှတ်ပြုသော လူများ ရှိကြပါသလော။ ခုလေးတင် ငါပြောသွားသည့် ဘုရားသခင်၏အလိုကို သင်တို့ အသိအမှတ်ပြုနိုင်သလော။ ဤမျှခိုင်လုံပြီး လက်ဆုပ်လက်ကိုင် ပြနိုင်ကာ စစ်မှန်သည့်အချိန်တွင် ဘုရားသခင်၏အလိုကို သင်တို့ အသိအမှတ်မပြုနိုင်ကြချေ။ ယင်းမှာ သင်တို့သည် ဘုရားသခင်နှင့် သက်ဆိုင်သည့် စစ်မှန်သည့် အသိနှင့် နားလည်မှု မရှိဟု ငါ ဆိုရသည့် အကြောင်းရင်း ဖြစ်သည်။ ဤသည်မှာ မှန်သည် မဟုတ်လော။ သို့သော် ယခုအတွက် ယင်းကို ထိုမျှဖြင့် ထားလိုက်ကြစို့။

၂။ ဘုရားသခင် ဧဝကို ဖန်ဆင်းသည်

ကမ္ဘာဦးကျမ်း ၂:၁၈-၂၀ ထိုအခါ ယေဟောဝါ ဘုရားသခင်က လူသည် တစ်ယောက်တည်းနေမည်မှာ မကောင်းပေ။ သူ့အတွက် သူနှင့်သင့်တော်သော အထောက်အမကို ငါဖန်တီးမည်။ ယေဟောဝါ ဘုရားသခင်သည် မြေထဲမှ မြေသားရဲတိရစ္ဆာန်တိုင်းနှင့် မိုးကောင်းကင် ငှက်အားလုံးတို့ကို ဖြစ်ပေါ်စေခဲ့ပြီး ၎င်းတို့ကို အာဒံ အဘယ်သို့ သတ်မှတ်ခေါ်ဝေါ်လိမ့်မည်ကို သိရန်အတွက် သူ့ထံသို့ ခေါ်ဆောင်လာခဲ့သည်။ အသက်ရှင်သော သတ္တဝါအပေါင်းတို့ကို အာဒံ သတ်မှတ်ခေါ်ဝေါ်သော အမည်တိုင်းမှာ ယင်းနှင့် သက်ဆိုင်သောအမည် ဖြစ်လာခဲ့သည်။ အာဒံသည် ကျွဲနွား တိရစ္ဆာန်အပေါင်း၊ မိုးကောင်းကင်ငှက်များနှင့် မြေသားရဲ တိရစ္ဆာန်တိုင်းကို အမည်များပေးလေသည်။ သို့သော်လည်း အာဒံအတွက် သူနှင့် သင့်တော်သော အထောက်အမ မတွေ့ရသေးပေ။

ကမ္ဘာဦးကျမ်း ၂:၂၂-၂၃ ထိုအခါ ယေဟောဝါ ဘုရားသခင်သည် လူထဲကယူခဲ့သောနံရိုးဖြင့် မိန်းမတစ်ဦးကို ဖန်ဆင်းကာ လူသားထံသို့ သူမကို ဆောင်ခဲ့လေ၏။ ထို့နောက် အာဒံက ယခု ဤသူမှာ ငါ၏အရိုးများထဲကအရိုး၊ ငါ၏အသားထဲကအသား ဖြစ်၏၊ သူ့ကို လူ၏အထဲမှ ထုတ်ယူသောကြောင့် လူမိန်းမဟု ခေါ်ရမည်ဟု ဆိုလေသည်။

သမ္မာကျမ်းစာ၏ ဤအပိုင်း၌ အဓိကကျသည့် စာကြောင်းတစ်ကြောင်း ရှိသည်- “အသက်ရှင်သော သတ္တဝါအပေါင်းတို့ကို အာဒံ သတ်မှတ်ခေါ်ဝေါ်သော အမည်တိုင်းမှာ ယင်းနှင့် သက်ဆိုင်သောအမည် ဖြစ်လာခဲ့သည်။” သို့ဆိုလျှင် သက်ရှိသတ္တဝါအားလုံးကို မည်သူက နာမည်ပေးခဲ့သနည်း။ အာဒံဖြစ်သည်၊ ဘုရားသခင် မဟုတ်ပေ။ ဤစာကြောင်းက လူသားမျိုးနွယ်အား အမှန်တရားတစ်ခုကို ပြောသည်- လူသားကို ဖန်ဆင်းခဲ့ချိန်တွင် ဘုရားသခင်သည် သူ့ကို အသိဉာဏ်ပေးခဲ့သည်။ ဆိုလိုသည်မှာ၊ လူသား၏ အသိဉာဏ်သည် ဘုရားသခင်ထံမှ လာပေသည်။ ဤသည်မှာ ကျိန်းသေဖြစ်သည်။ သို့သော် အဘယ်ကြောင့်နည်း။ ဘုရားသခင်သည် အာဒံကိုဖန်ဆင်း ပြီးနောက် အာဒံသည် ကျောင်းတက်ခဲ့သလော။ မည်သို့စာဖတ်ရမည်ကို သူသိခဲ့ပါသလော။ ဘုရားသခင်သည် သက်ရှိသတ္တဝါအမျိုးမျိုးကို ဖန်ဆင်းပြီးနောက်တွင် ဤသတ္တဝါအားလုံးကို အာဒံ သတိပြုမိခဲ့သလော။ ၎င်းတို့၏နာမည်များက မည်သည့်အရာများဖြစ်သည်ကို ဘုရားသခင်က အာဒံကို ပြောခဲ့သလော။ ဟုတ်ပေ၏၊ ဤသတ္တဝါများ၏ အမည်များအား မည်သို့ စိတ်ကူးရမည်ကို ဘုရားသခင်က သူ့ကို သင်မပေးခဲ့ပေ။ ယင်းမှာ အမှန်တရားဖြစ်သည်။ သို့ဆိုလျှင်၊ ဤသတ္တဝါများအား ၎င်းတို့၏နာမည်များ မည်သို့ ပေးရမည်ဆိုသည်နှင့် မည်သည့် နာမည်မျိုးပေးရမည် ဆိုသည်ကို အာဒံက မည်သို့သိခဲ့သနည်း။ ဤသည်မှာ ဘုရားသခင်က အာဒံကို ဖန်ဆင်းခဲ့ချိန်တွင် သူ့ကို အဘယ်အရာ ထည့်ပေးလိုက်သည် ဆိုသည့် မေးခွန်းနှင့် ဆက်နွှယ်ပေသည်။ ဘုရားသခင်သည် လူကို ဖန်ဆင်းခဲ့ချိန်တွင်၊ သူ၏အသိဉာဏ်ကို လူသားထံ ထည့်သွင်းပေးခဲ့သည်ကို အချက်အလက်များက သက်သေပြပေသည်။ ဤသည်မှာ အဓိကကျသည့် အချက်ဖြစ်သည်၊ ထို့ကြောင့် သေချာစွာ နားထောင်ကြလော့။ သင်တို့ နားလည်သင့်သည့် နောက်ထပ် အဓိကကျသည့်အချက်လည်း ရှိပေသည်။ ဤသက်ရှိသတ္တဝါများကို အာဒံက ၎င်းတို့၏ နာမည်များ ပေးပြီးသည့်နောက်တွင်၊ ဤနာမည်များသည် ဘုရားသခင်၏ ဝေါဟာရထဲတွင် သတ်မှတ် ခံလာခဲ့ရသည်။ ဤအရာကို ငါအဘယ်ကြောင့် ဖော်ပြရသနည်း။ အဘယ်ကြောင့်ဆိုသော် ဤအရာသည်လည်း ဘုရားသခင်၏စိတ်သဘောထား ပါဝင်သောကြောင့်ဖြစ်ပြီး ဤသည်မှာ ငါ နောက်ထပ် အသေးစိတ်ရှင်းပြရမည့် အချက်တစ်ချက် ဖြစ်သောကြောင့် ဖြစ်သည်။

ဘုရားသခင်သည် လူကိုဖန်ဆင်းခဲ့သည်၊ ၎င်း၏အထဲသို့ ဇီဝအသက်ကို မှုတ်သွင်းခဲ့ပြီး၊ သူ၏အသိဉာဏ်၊ သူ၏ အစွမ်းအစများနှင့် သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းထဲမှ အချို့ကိုလည်း လူကို ပေးခဲ့သည်။ ဘုရားသခင်သည် လူကို ဤအရာအားလုံးပေးခဲ့ပြီးနောက်တွင်၊ လူသားသည် အချို့အရာများကို အမှီအခိုကင်းစွာ လုပ်ဆောင်နိုင်ခဲ့ပြီး၊ မိမိဘာသာ တွေးခေါ်နိုင်ခဲ့သည်။ လူသားက စိတ်ကူးရပြီး လုပ်ဆောင်သည့်အရာများသည် ဘုရားသခင်၏ အမြင်၌ ကောင်းမွန်ပါက၊ ဘုရားသခင်သည် လက်ခံပြီး ဝင်ရောက်စွက်ဖက်ခြင်း မရှိပေ။ လူသား လုပ်ဆောင်သည့် အရာက မှန်ကန်ပါက၊ ဘုရားသခင်က တည်နေခွင့်ပေးမည် ဖြစ်သည်။ သို့ဆိုလျှင် “အသက်ရှင်သော သတ္တဝါအပေါင်းတို့ကို အာဒံ သတ်မှတ်ခေါ်ဝေါ်သော အမည်တိုင်းမှာ ယင်းနှင့် သက်ဆိုင်သောအမည် ဖြစ်လာခဲ့သည်” ဟူသည့် စကားရပ်သည် မည်သည့်အရာကို ညွှန်ပြသနည်း။ ယင်းက သတ္တဝါအမျိုးမျိုးတို့ကို ပေးထားသည့် အမည် တစ်ခုတစ်လေကို ပြောင်းလဲရန် သင့်တော်သည်ဟု ဘုရားသခင် မမြင်သည်ကို ညွှန်ပြပေသည်။ သတ္တဝါ တစ်ကောင်ကို အာဒံက မည်သည့် နာမည်ပေးသည်ဖြစ်စေ၊ ဘုရားသခင်က သတ္တဝါ၏ အမည်ကို အတည်ပြုပေးရင်း၊ “ထိုသို့ ဖြစ်စေ” ဟု ပြောပေမည်။ ထိုကိစ္စရပ်နှင့်ပတ်သက်၍ ဘုရားသခင်သည် ထင်မြင်ချက်တစ်ခုတစ်လေကို ဖော်ပြခဲ့ပါသလော။ မဖော်ပြခဲ့၊ ဘုရားသခင်က သေချာပေါက် မဖော်ပြခဲ့ပေ။ သို့ဆိုလျှင် ဤအရာမှ မည်သည့်အရာကို သင်တို့ နားလည်လိုက်သနည်း။ ဘုရားသခင်သည် လူကို အသိဉာဏ်ပေးခဲ့ပြီး လူသည် အမှုအရာများကို လုပ်ဆောင်ရန် သူ၏ ဘုရားပေးထားသည့် အသိဉာဏ်ကို အသုံးပြုခဲ့သည်။ လူလုပ်ဆောင်သည့်အရာသည် ဘုရားသခင်၏ အမြင်တွင် အပြုသဘောဆောင်ပါက၊ မည်သည့် အကဲဖြတ်ခြင်း သို့မဟုတ် ဝေဖန်ခြင်းမျှမရှိဘဲ ဘုရားသခင်သည် ယင်းကို အတည်ပြုပေးသည်၊ အသိအမှတ်ပြုပြီး လက်ခံပေးခဲ့သည်။ ဤသည်မှာ မည်သည့်လူဖြစ်စေ၊ သို့မဟုတ် မည်သည့် ဆိုးယုတ်သော ဝိညာဉ်ဖြစ်စေ သို့မဟုတ် စာတန်ကဖြစ်စေ လုပ်ဆောင်နိုင်သည့်အရာတစ်ခု မဟုတ်ပေ။ ဤတွင် ဘုရားသခင်၏စိတ်သဘောထား ဖွင့်ပြမှုကို သင်တို့မြင်သလော။ လူသားတစ်ဦး၊ ဖောက်ပြန်ပျက်စီးနေသည့် လူတစ်ဦး သို့မဟုတ် စာတန်သည် ၎င်းတို့၏ မျက်စိအောက်တွင်ပင် တစ်ဦးတစ်ယောက်က ၎င်းတို့၏ အမည်ဖြင့် တစ်စုံတစ်ရာ လုပ်ဆောင်ဖို့ ခွင့်ပြုမည်လော။ ခွင့်ပြုမည် မဟုတ်သည်မှာ မှန်ပေ၏။ ၎င်းတို့သည် ဤရာထူးနှင့်ပတ်သက်၍ ၎င်းတို့နှင့်မတူညီသည့် အခြားလူ သို့မဟုတ် အခြား အင်အားစုနှင့် တိုက်ခိုက်မည်လော။ တိုက်ခိုက်ကြပေမည်မှာ မှန်ပေ၏။ ထိုအချိန်က အာဒံနှင့်အတူရှိခဲ့သည်မှာ ဖောက်ပြန်ပျက်စီးသည့် လူတစ်ဦး သို့မဟုတ် စာတန်ဖြစ်ခဲ့မည်ဆိုပါက၊ ၎င်းတို့သည် အာဒံ လုပ်ဆောင်နေခဲ့သည့်အရာကို သေချာပေါက် ငြင်းပယ်ခဲ့ကြမည် ဖြစ်သည်။ ၎င်းတို့အနေဖြင့် အမှီအခိုကင်းစွာ စဉ်းစားနိုင်စွမ်းရှိပြီး၊ ၎င်းတို့၏ ကိုယ်ပိုင် တစ်မူထူးသော ထိုးထွင်းသိမြင်မှုရှိသည်ကို သက်သေပြရန် အာဒံလုပ်ဆောင်ခဲ့သည့် အရာတိုင်းကို လုံးဝ ငြင်းပယ်ခဲ့ကြမည် ဖြစ်သည်- “၎င်းကို ဤသို့ သင်ခေါ်ချင်သလော။ ကောင်းပြီ၊ ၎င်းကို ဤသို့ ငါခေါ်မည်မဟုတ်၊ ထိုသို့ ငါခေါ်မည်။ သင်က တွမ်ဟု ခေါ်သော်လည်း၊ ငါက ဟယ်ရီဟု ခေါ်မည်။ ငါမည်မျှ လိမ္မာပါးနပ်သည်ကို ပြသရမည်။” ဤသည်မှာ မည်သည့် သဘာဝမျိုး ဖြစ်သနည်း။ ယင်းမှာ လွန်လွန်ကဲကဲ မာနထောင်လွှားသည် မဟုတ်လော။ ဘုရားသခင်နှင့် သက်ဆိုင်၍ မည်သည့်အရာ ဖြစ်သနည်း။ ဘုရားသခင်သည် ထိုသို့သော စိတ်သဘောထားတစ်ခု ရှိသလော။ အာဒံ လုပ်ဆောင်သည့်အရာကို ဘုရားသခင်က တစ်မူထူးခြားသည့် ကန့်ကွက်မှုများတစ်ခုတစ်လေ ရှိခဲ့သလော။ အဖြေမှာ ပြတ်ပြတ်သားသား မရှိဟူ၍ ဖြစ်သည်။ ဘုရားသခင်ဖော်ပြသည့် စိတ်သဘောထားနှင့် သက်ဆိုင်၍၊ အငြင်းအခုန်ပြုခြင်း၊ မာနထောင်လွှားခြင်း၊ သို့မဟုတ် မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူခြင်းတို့၏ အရိပ်အယောင် နည်းနည်းမျှ မရှိပေ။ ဤတွင် ထိုမျှ ရှင်းပေသည်။ ဤသည်မှာ အသေးအဖွဲဖြစ်သော အချက်တစ်ခု ဖြစ်ပုံရနိုင်သော်လည်း၊ ဘုရားသခင်၏ အနှစ်သာရကို သင်နားမလည်ပါက၊ ဘုရားသခင် မည်သို့ ပြုမူပြီး ဘုရားသခင်၏သဘောထားက မည်သည့်အရာ ဖြစ်သည်ကို သဘောပေါက်ဖို့ သင်မကြိုးစားပါက၊ သင်သည် ဘုရားသခင်၏ စိတ်သဘောထားကို သိလိမ့်မည်မဟုတ်၊ သို့မဟုတ် ဘုရားသခင်၏ စိတ်သဘောထား ဖော်ပြချက်နှင့် ဖွင့်ပြချက်တို့ကို သင်မြင်လိမ့်မည် မဟုတ်ပေ။ ယင်းမှာ မမှန်ကန်သလော။ သင့်ကို ငါ ခုလေးတင် ရှင်းပြခဲ့သည့်အရာကို သင် သဘောတူသလော။ အာဒံ၏လုပ်ရပ်များကို တုန့်ပြန်ရာတွင်၊ ဘုရားသခင်က “ကောင်းစွာ သင်ပြုလေပြီ၊ မှန်ကန်စွာ သင်ပြုပြီဖြစ်ကာ ငါထောက်ခံသည်” ဟူ၍ ကိန်းကြီးခမ်းကြီးနိုင်စွာ မကြွေးကြော်ပေ။ သို့ရာတွင် ဤအရာတွင် သူ၏ စိတ်နှလုံးထဲ၌ ဘုရားသခင်သည် အာဒံ လုပ်ဆောင်ခဲ့သည့်အရာကို အတည်ပြုခဲ့သည်၊ အသိအမှတ်ပြုခဲ့ပြီး ချီးကျူးခဲ့သည်။ ဤသည်မှာ ဖန်ဆင်းခြင်းကတည်းက ဘုရားသခင်၏ ညွှန်ကြားချက်ဖြင့် ဘုရားသခင်အတွက် လူသားက လုပ်ဆောင်သည့် ပထမဆုံးသောအရာဖြစ်သည်။ ယင်းမှာ လူသားက ဘုရားသခင်၏ကိုယ်စားနှင့် ဘုရားသခင်ကို ကိုယ်စားပြုခြင်းဖြင့် လုပ်ဆောင်ခဲ့သည့် အရာတစ်ခု ဖြစ်သည်။ ဘုရားသခင်၏အမြင်တွင်၊ ဤသည်မှာ လူသားကို သူပေးသနားခဲ့သည့် အသိဉာဏ်မှ ပေါ်ထွက်လာခဲ့ပေသည်။ ယင်းကို ကောင်းမြတ်သည့် အရာတစ်ခု၊ အပြုသဘောဆောင်သည့်အရာတစ်ခုအဖြစ် ဘုရားသခင်က မြင်ခဲ့သည်။ ထိုအချိန်က အာဒံ လုပ်ဆောင်ခဲ့သည့်အရာသည် လူသားအထဲက ဘုရားသခင်၏ အသိဉာဏ်၏ ပထမဆုံးသော သရုပ်သကန် ဖြစ်ခဲ့သည်။ ယင်းသည် ဘုရားသခင်၏ ရှုထောင့်အမြင်မှ ကောင်းမွန်သည့် သရုပ်သကန်တစ်ခု ဖြစ်ခဲ့သည်။ ဤတွင် သင်တို့ကို ငါပြောလိုသည့် အရာမှာ လူသားထံ သူ၏အရာအားလုံးနှင့်ဖြစ်ခြင်း၊ သူ၏ အသိဉာဏ်နှင့် သက်ဆိုင်သည့် တစ်စုံတစ်ရာကို လူသားထံ ပေးရာတွင် ဘုရားသခင်၏ ရည်မှန်းချက်မှာ လူသားမျိုးနွယ်အနေဖြင့် ဘုရားသခင်ကို ထင်ရှားစေသည့် သက်ရှိသတ္တဝါ ဖြစ်နိုင်ဖို့အလို့ငှာ ဖြစ်သည်။ ထိုသို့သော သက်ရှိ သတ္တဝါတစ်ဦးအနေဖြင့် သူ့ကိုယ်စား ပြုမူဖို့သည်ကို တွေ့မြင်ရန်မှာ ဘုရားသခင် တောင့်တနေခဲ့ပြီး ဖြစ်သည့်အရာ အတိအကျ ဖြစ်ခဲ့ပေသည်။

၃။ ဘုရားသခင်သည် အာဒံနှင့် ဧဝအတွက် သားရေဝတ်လုံကို ဖန်တီးပေး၏

ကမ္ဘာဦးကျမ်း ၃:၂၀-၂၁ သူသည် အသက်ရှင်သောသူ အပေါင်းတို့၏အမိဖြစ်သောကြောင့် အာဒံက သူ့ဇနီး၏အမည်ကို ဧဝဟု ခေါ်လေသည်။ ထို့အပြင် အာဒံနှင့် သူ၏ဇနီးတို့အတွက် ယေဟောဝါ ဘုရားသခင်သည် သားရေဖြင့် အင်္ကျီကို ပြုလုပ်ပြီးလျှင် သူတို့ကို ဝတ်စေခဲ့သည်။

အာဒံက ဧဝကို ပေးသည့် နာမည်၏နောက်ကွယ်၌ ဧကန်အမှန် အဓိပ္ပာယ်တစ်ခုရှိသည်ကို ဖော်ပြသည့် ဤတတိယ ကျမ်းပိုဒ်ကို တစ်ချက် ကြည့်ကြစို့။ ဖန်ဆင်းခြင်းခံရပြီးနောက် အာဒံသည် သူ၏ ကိုယ်ပိုင် အတွေးများ ရှိခဲ့ပြီး အမှုအရာများစွာကို သူ နားလည်ခဲ့သည်ဆိုသည်ကို ဤအရာက ပြသပေသည်။ သို့ရာတွင် ယခုတွင်မူ၊ ငါတို့သည် အာဒံ မည်သည့်အရာကို နားလည်ခဲ့သည် သို့မဟုတ် မည်မျှနားလည်ခဲ့သည်ကို လေ့လာ သို့မဟုတ် စူးစမ်းရှာဖွေမည်မဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် ယင်းသည် တတိယကျမ်းပိုဒ်ကို ဆွေးနွေးရာတွင် ငါ၏ အဓိက ရည်မှန်းချက် မဟုတ်သောကြောင့် ဖြစ်သည်။ သို့ဆိုလျှင် ငါ အသားပေးလိုသည့် အဓိကအချက်မှာ အဘယ်နည်း။ “အာဒံနှင့် သူ၏ဇနီးတို့အတွက် ယေဟောဝါ ဘုရားသခင်သည် သားရေဖြင့် အင်္ကျီကို ပြုလုပ်ပြီးလျှင် သူတို့ကို ဝတ်စေခဲ့သည်” ဟူသည့် စာကြောင်းကို တစ်ချက် ကြည့်ကြစို့။ ယနေ့ ငါတို့၏ မိတ်သဟာယတွင် ကျမ်းစာ၏ ဤစာကြောင်းကို ငါတို့ မဆွေးနွေးပါက၊ ဤနှုတ်ကပတ်တော်များ၏ ပါဝင်ပတ်သက်မှုများကို သင်တို့ လုံးဝ နားလည်နိုင်မည် မဟုတ်ပေ။ ပထမဦးစွာ၊ သဲလွန်စအချို့ကို ငါပေးပါရစေ။ သင်တို့သည် အာဒံနှင့် ဧဝနှင့်အတူ ဧဒင်ဥယျာဉ်ထဲတွင် အသက်ရှင် နေထိုင်ရသည်ကို စိတ်ကူးကြည့်လော့။ ဘုရားသခင်က ၎င်းတို့ထံ သွားရောက် လည်ပတ်သော်လည်း၊ ၎င်းတို့က အဝတ်အချည်းစည်း ဖြစ်ကြသောကြောင့် ပုန်းကွယ်နေကြသည်။ ဘုရားသခင်သည် ၎င်းတို့ကို မမြင်နိုင်ပေ၊ ပြီးလျှင် ၎င်းတို့ကို သူက အော်ခေါ်လိုက်ပြီးနောက်၊ ၎င်းတို့က “ကျွန်ုပ်တို့ ကိုယ်ခန္ဓာများသည် အဝတ်အချည်းစည်း ဖြစ်နေသည့်အတွက် ကိုယ်တော်နှင့် မတွေ့ဝံ့ပါ” ဟု ပြောကြသည်။ ၎င်းတို့သည် အဝတ်အချည်းစည်း ဖြစ်ကြသောကြောင့် ဘုရားသခင်ကို မတွေ့ဝံ့ကြပေ။ ထို့ကြောင့် ယေဟောဝါ ဘုရားသခင်သည် ၎င်းတို့အတွက် အဘယ်အရာကို လုပ်ဆောင်ပေးသနည်း။ မူရင်းစာသားက၊ “အာဒံနှင့် သူ၏ဇနီးတို့အတွက် ယေဟောဝါ ဘုရားသခင်သည် သားရေဖြင့် အင်္ကျီကို ပြုလုပ်ပြီးလျှင် သူတို့ကို ဝတ်စေခဲ့သည်” ဟု ဆိုလေသည်။ ဤအရာမှ ၎င်းတို့၏ အဝတ်အစားများကို ဖန်တီးရန် ဘုရားသခင်က မည်သည့်အရာ အသုံးပြုခဲ့သည်ကို သင်တို့ နားလည်ကြပါသလော။ ဘုရားသခင်သည် ၎င်းတို့၏ အဝတ်အစားများကို ပြုလုပ်ပေးရန် တိရစ္ဆာန် သားရေများကို အသုံးပြုခဲ့သည်။ ဆိုလိုသည်မှာ အဝတ်အစားအဖြစ် ဝတ်ဆင်ဖို့ လူသားအတွက် သားမွေးဝတ်လုံများ ဖန်တီးခဲ့ပေသည်။ ဤအရာများမှာ လူသားအတွက် ဘုရားသခင် ပြုလုပ်ပေးခဲ့သည့် ပထမဆုံးသော အဝတ်အစားများ ဖြစ်သည်။ ယနေ့စံနှုန်းများအရ သားမွေးဝတ်လုံသည် တန်ဖိုးကြီး ပစ္စည်းတစ်ခု ဖြစ်ပြီး၊ လူတိုင်း ဝတ်ဆင်ဖို့ တတ်နိုင်သည့်အရာတစ်ခု မဟုတ်ပေ။ တစ်စုံတစ်ဦးက သင့်ကို- “ငါတို့၏ ဘိုးဘေးများ ဝတ်ဆင်ခဲ့သည့် ပထမဆုံးသော အဝတ်အစားမှာ မည်သည့်အရာနည်း”ဟု မေးခဲ့ပါက၊ “သားမွေးဝတ်လုံဖြစ်သည်”ဟု သင် ဖြေနိုင်သည်။ “မည်သူသည် ဤသားမွေးဝတ်လုံကို ပြုလုပ်ခဲ့သနည်း” ထိုအခါ သင်က- “ဘုရားသခင် ပြုလုပ်ခဲ့သည်”ဟု ပြန်ဖြေနိုင်သည်။ ယင်းမှာ အဓိကအချက်ဖြစ်သည်။ ဤအဝတ်အစားကို ဘုရားသခင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ယင်းမှာ ဆွေးနွေးထိုက်သည့်အရာတစ်ခု ဖြစ်သည် မဟုတ်လော။ ငါ၏ ဖော်ပြချက်ကို ကြားပြီးနောက်၊ ပုံရိပ်တစ်ခု သင်တို့စိတ်ထဲတွင် ပေါ်လာပြီလော။ အနည်းဆုံး အကြမ်းဖျင်းပုံရိပ်တစ်ခု သင် ရှိသင့်သည်။ ယနေ့ သင်တို့ကို ဤအရာ ပြောပြရခြင်း၏ အဓိကချက်မှာ လူသား၏ ပထမဆုံးအဝတ်က အဘယ်အရာဖြစ်သည်ကို သင်တို့ သိကြဖို့ မဟုတ်ပေ။ သို့ဆိုလျှင် ဆိုလိုရင်းက မည်သည့်အရာဖြစ်သနည်း။ ဆိုလိုရင်းမှာ သားရေဝတ်လုံ မဟုတ်ဘဲ- ဘုရားသခင်က ဤတွင် သူလုပ်ဆောင်ခဲ့သည့်အရာ၌ ထုတ်ဖော်ပြသည်နှင့်အမျှ- သူ၏ စိတ်သဘောထား၊ သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့ကို လူတို့ မည်သို့ သိရှိလာကြသည်ဆိုသည့်အချက် ဖြစ်သည်။

“အာဒံနှင့် သူ၏ဇနီးတို့အတွက် ယေဟောဝါ ဘုရားသခင်သည် သားရေဖြင့် အင်္ကျီကို ပြုလုပ်ပြီးလျှင် သူတို့ကို ဝတ်စေခဲ့သည်။” ဤအဖြစ်အပျက်တွင် အာဒံနှင့်ဧဝတို့နှင့် အတူရှိချိန်တွင် ဘုရားသခင်သည် မည်သည့်အခန်းကဏ္ဍမျိုး ဆောင်ရွက်သည်ကို ငါတို့ တွေ့ရသနည်း။ လူသားနှစ်ဦးတည်းနှင့်အတူ ဤလောကတွင် ဘုရားသခင်သည် မည်သည့် နည်းလမ်းဖြင့် မိမိကိုယ်ကိုယ် ထင်ရှားစေပါသနည်း။ သူသည် ဘုရားသခင်၏ အခန်းကဏ္ဍဖြင့် မိမိကိုယ်ကိုယ် ထင်ရှားစေသလော။ ဟောင်ကောင်မှ ညီအစ်ကို မောင်နှမများ ကျေးဇူးပြု၍ ဖြေကြလော့။ (မိဘတစ်ဦး၏ အခန်းကဏ္ဍဖြင့် ဖြစ်ပါသည်။) တောင်ကိုးရီးယားမှ ညီအစ်ကို မောင်နှမတို့၊ ဘုရားသခင်သည် မည်သည့်အခန်းကဏ္ဍမှ ပေါ်ထွန်းသည်ဟု သင်တို့ ထင်သနည်း။ (မိသားစု၏ ဦးသျှောင် ဖြစ်ပါသည်။) ထိုင်ဝမ်မှ ညီအစ်ကို မောင်နှမတို့၊ သင်တို့ မည်သို့ထင်သနည်း။ (အာဒံနှင့်ဧဝတို့၏ မိသားစုရှိ တစ်စုံတစ်ဦး၏ အခန်းကဏ္ဍ၊ မိသားစုဝင် တစ်ဦး၏အခန်းကဏ္ဍမှ ဖြစ်ပါသည်။) သင်တို့ထဲမှ အချို့က ဘုရားသခင်သည် အာဒံနှင့်ဧဝ၏ မိသားစုဝင်တစ်ဦးအဖြစ် ပေါ်ထွန်းသည်ဟု ထင်ပြီး၊ အချို့က ဘုရားသခင်သည် မိသားစု၏ ဦးစီးအနေနှင့် ပေါ်ထွန်းသည်ဟု ဆိုကြကာ အခြားသူတို့က မိဘအနေဖြင့်ဟု ပြောသည်။ ဤအရာအားလုံး အလွန် ဆီလျော်လှသည်။ သို့ရာတွင် ငါဆိုလိုသည့်အရာကို သင်တို့ မြင်ကြပါသလော။ ဘုရားသခင်သည် ဤလူနှစ်ဦးကို ဖန်ဆင်းခဲ့ပြီး သူ၏အပေါင်းအဖော်များ အဖြစ် ဆက်ဆံခဲ့သည်။ ၎င်းတို့၏ တစ်ခုတည်းသော မိသားစုအနေနှင့် ဘုရားသခင်သည် ၎င်းတို့၏ ဘဝများကို စောင့်ရှောက်ခဲ့ပြီး ၎င်းတို့၏ အစားအစာ၊ အဝတ်အစားနှင့် အမိုးအကာ လိုအပ်ချက်များကို ဂရုစိုက်ပေးခဲ့သည်။ ဤတွင် ဘုရားသခင်သည် အာဒံနှင့်ဧဝ၏ မိဘအနေနှင့် ပေါ်ထွန်းသည်။ ဤအရာကို ဘုရားသခင် လုပ်ဆောင် နေစဉ်တွင်၊ ဘုရားသခင် မည်မျှမြင့်မြတ်သည်ကို လူသားက မမြင်ပေ။ ဘုရားသခင်၏ ကြီးမြတ်သည့်သာလွန်မှု၊ သူ၏နက်နဲမှုနှင့် အထူးသဖြင့် သူ၏အမျက်ဒေါသ သို့မဟုတ် ဘုန်းအာနုဘော်တို့ကို မမြင်ပေ။ သူမြင်သမျှမှာ ဘုရားသခင်၏ နှိမ့်ချမှု၊ သူ၏ချစ်ခင်မှု၊ လူသားအတွက် သူ၏ပူပန်မှုနှင့် လူသားအတွက် သူ၏တာဝန်ရှိခြင်းနှင့် ဂရုစိုက်မှုတို့ ဖြစ်သည်။ အာဒံနှင့် ဧဝတို့ကို ဘုရားသခင် ဆက်ဆံခဲ့သည့် သဘောထားနှင့် နည်းလမ်းသည် မိဘများက ၎င်းတို့သားသမီးအတွက် ပူပန်မှုကို ပြသပုံနှင့် ဆင်တူသည်။ ယင်းသည် မိဘများသည် မိမိတို့၏ကိုယ်ပိုင် သားသမီးများကို ချစ်သည့်နည်းလမ်း၊ ကြည့်ရှုစောင့်ရှောက်ကာ ဂရုစိုက်သည့် နည်းလမ်းနှင့်လည်း ဆင်တူသည်- စစ်မှန်သည်၊ ထင်သာမြင်သာရှိကာ လက်ဆုပ်လက်ကိုင်ပြ၍ရနိုင်၏။ မိမိကိုယ်ကိုယ် မြင့်မားပြီး တန်ခိုးကြီးမားသည့် နေရာတစ်ခုတွင် ချီးမြှောက်မည့်အစား၊ ဘုရားသခင်သည် လူသားအတွက် အဝတ်အစားပြုလုပ်ရန် သားရေကို ကိုယ်တိုင်ကိုယ်ကျ အသုံးပြုခဲ့သည်။ ဤသားမွေးဝတ်လုံကို ၎င်းတို့၏ အရှက်ကိုကွယ်ဖို့ အသုံးပြုသည်ဖြစ်စေ၊ သို့မဟုတ် အအေးဒဏ်မှ ၎င်းတို့ကို ကာကွယ်ဖို့ အသုံးပြုသည်ဖြစ်စေ အရေးမကြီးပေ။ အရေးကြီးသည်မှာ လူ့ကိုယ်ခန္ဓာကို ဖုံးကာဖို့အတွက်ဖြစ်သည့် ဤအဝတ်အစားသည် ဘုရားသခင်က မိမိ၏ ကိုယ်ပိုင်လက်များဖြင့် ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်မည်ဟု လူတို့ စိတ်ကူးသကဲ့သို့ အတွေးသက်သက်ဖြင့် အဝတ်အစားကို ဖြစ်တည်စေခြင်း သို့မဟုတ် အခြား အံ့ဩဖွယ် နည်းလမ်းအချို့ကို အသုံးပြုခြင်းထက် ဘုရားသခင်သည် လူများက ဘုရားသခင်အနေဖြင့် လုပ်မည်မဟုတ်သကဲ့သို့ လုပ်လည်း မလုပ်သင့်ဟု ထင်ထားသည့်အရာတစ်ခုကို တရားဝင် လုပ်ဆောင်ခဲ့သည်။ ဤသည်မှာ အသေးအဖွဲ အရာတစ်ခုကဲ့သို့ ထင်ရသော်လည်း- အချို့က ဖော်ပြန်ရန်ပင် မထိုက်တန်ဟု ထင်ကောင်းထင်ကြမည် ဖြစ်သော်လည်း- ဤအရာက ဘုရားသခင်နှင့် ပတ်သက်၍ မရေရာသည့် ယူဆချက်များနှင့် ပတ်ချာဝိုင်းခံရသည့် ဘုရားသခင်၏ မည်သည့် နောက်လိုက်ကိုမဆို သူ၏ စစ်မှန်မှုနှင့် ချစ်ခင်ဖွယ်ကောင်းခြင်းထဲသို့ ထိုးထွင်းသိမြင်မှုတစ်ခု ရရှိခွင့်ပေးပြီး၊ သူ၏ သစ္စာရှိခြင်းနှင့် နှိမ့်ချမှုတို့ကို မြင်တွေ့ခွင့် ပေးလေသည်။ ယင်းက ၎င်းတို့သည် မြင့်မားပြီး အစွမ်းကြီးမားသည်ဟု ထင်ကြသည့် သည်းမခံနိုင်လောက်အောင် မာနထောင်လွှားသည့် လူတို့ကို ဘုရားသခင်၏ စစ်မှန်ခြင်းနှင့် နှိမ့်ချခြင်းတို့ရှေ့တွင် အရှက်ဖြင့် မိမိတို့၏ စိတ်ကြီးဝင်သော ဦးခေါင်းများကို ကိုင်းညွတ်စေသည်။ ဤတွင် ဘုရားသခင်၏ စစ်မှန်မှုနှင့် နှိမ့်ချခြင်းတို့က သူ မည်မျှ ချစ်ဖွယ်ဖြစ်သည်ကို လူတို့အား နောက်ထပ် မြင်တွေ့နိုင်စေလေသည်။ ဆန့်ကျင်ဘက်အနေဖြင့် ၎င်းတို့၏စိတ်နှလုံးများထဲတွင် လူတို့ ကိုင်စွဲထားကြသည့် “အလွန့်အလွန် ကြီးမားသည့်” ဘုရားသခင်၊ “ချစ်ဖွယ်ကောင်းသည့်” ဘုရားသခင်နှင့် “အရာခပ်သိမ်း တတ်နိုင်စွမ်းရှိသည့်” ဘုရားသခင်သည် မဖြစ်စလောက်ဖြစ်ပြီး အကျည်းတန်လာကာ အနည်းငယ်မျှ တို့ထိသည်နှင့် တစ်စစီပျက်စီးသွားသည့်အရာ ဖြစ်လာပြီဖြစ်သည်။ သင့်အနေဖြင့် ဤကျမ်းပိုဒ်ကို မြင်ပြီး ဤအဖြစ်အပျက်ကို ကြားသည့်အခါ၊ ထိုသို့သောအရာကို ဘုရားသခင် လုပ်ဆောင်ခဲ့သောကြောင့် သူကို သင် အထင်သေးပါသလော။ လူအချို့က အထင်သေးကောင်း အထင်သေးမည်၊ သို့သော် အခြားသူများက ဆန့်ကျင်ဘက်ဖြစ်သည့် တုန့်ပြန်မှု ရှိကြလိမ့်မည်။ ဘုရားသခင်သည် စစ်မှန်ပြီး ချစ်ဖွယ်ဖြစ်သည်ဟု ၎င်းတို့ထင်မြင်ကြလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့ကို တို့ထိသည်မှာ ဘုရားသခင်၏စစ်မှန်မှုနှင့် ချစ်ဖွယ်ကောင်းမှု အတိအကျဖြစ်သည်။ ဘုရားသခင်၏ စစ်မှန်သောဘက်ကို ၎င်းတို့ သာ၍မြင်လေ၊ ဘုရားသခင်၏ချစ်ခြင်းမေတ္တာ အမှန်တကယ်တည်ရှိမှု၊ ၎င်းတို့ စိတ်နှလုံးသားထဲက ဘုရားသခင်၏ အရေးပါမှုနှင့် အချိန်တိုင်း၌ ၎င်းတို့ နံဘေးတွင် ဘုရားသခင် ရပ်တည်ပုံတို့ကို ၎င်းတို့ သာ၍ အသိအမှတ်ပြုနိုင်လေ ဖြစ်သည်။

ယခု ငါတို့၏ဆွေးနွေးမှုကို ပစ္စုပ္ပန်ကာလနှင့် ပြန်ချိတ်ဆက်ကြစို့။ အစအဦး၌ သူဖန်ဆင်းခဲ့သည့် လူသားများအတွက် ဘုရားသခင်သည် အမျိုးမျိုးသော ဤသေးငယ်သည့်အရာလေးများ၊ လူတို့ မတွေးဝံ့သည့်အရာများ သို့မဟုတ် မမျှော်လင့်ဝံ့သည့် အရာများကိုပင် လုပ်ဆောင်ပေးနိုင်ပါက၊ ယနေ့ လူတို့အတွက် ဘုရားသခင်သည် ထိုသို့သော အရာများကို လုပ်ဆောင်နိုင်မည်လော။ အချို့လူများက “လုပ်နိုင်သည်” ဟုပြောကြသည်။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ အနှစ်သာရသည် အယောင်ဆောင်ထားခြင်း မဟုတ်သောကြောင့် ဖြစ်ပြီး၊ သူ၏ ချစ်ဖွယ်ကောင်းခြင်းသည် အယောင်ဆောင်ထားခြင်း မဟုတ်သောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရသည် အမှန်တကယ်တည်ရှိပြီး အခြားလူများ ဖြည့်စွက်ထားသည့်အရာတစ်ခု မဟုတ်သကဲ့သို့၊ မတူညီသော အချိန်များ၊ နေရာများနှင့် ခေတ်ကာလများနှင့်အတူ ပြောင်းလဲသည့်အရာတစ်ခု သေချာပေါက် မဟုတ်ပေ။ ဘုရားသခင်၏ စစ်မှန်မှုနှင့် ချစ်ခင်ဖွယ်ဖြစ်ခြင်းတို့သည် မထူးခြားသကဲ့သို့ အရေးမပါသည့်အရာဟု လူများထင်ကြသည့် အရာတစ်ခု- မဖြစ်စလောက် ဖြစ်လွန်းသဖြင့် တစ်ချိန်ချိန်တွင် ဘုရားသခင် လုပ်ဆောင်မည်ဟု လူတို့ ထင်ပင်မထင်ထားကြသည့် အရာတစ်ခုကို- လုပ်ဆောင်ခြင်းအားဖြင့်သာ အမှန်တကယ် ဖြစ်ပေါ်လာနိုင်ပေသည်။ ဘုရားသခင်သည် လေလုံးမထွားပေ။ သူ၏စိတ်သဘောထားနှင့် အနှစ်သာရတွင် ချဲ့ကားခြင်း၊ ဟန်ဆောင်ခြင်း၊ ပလွှားမှု သို့မဟုတ် မာနထောင်လွှားခြင်းတို့ မရှိပေ။ သူသည် မည်သည့်အခါတွင်မျှ မကြွားဝါဘဲ၊ ယင်းအစား သစ္စာရှိခြင်းနှင့် စိတ်ရင်းအမှန်တို့ဖြင့် သူဖန်ဆင်းခဲ့သည့် လူသားများကို ချစ်ခင်သည်၊ ပူပန်မှုပြသည်၊ စောင့်ရှောက်ပြီး ဦးဆောင်လမ်းပြလေသည်။ ဘုရားသခင် လုပ်ဆောင်သည့်အရာကို လူများက မည်မျှနည်းပါးစွာ အသိအမှတ်ပြုနိုင်သည်ဖြစ်စေ၊ ခံစားနိုင်သည်ဖြစ်စေ၊ သို့မဟုတ် မြင်နိုင်သည်ဖြစ်စေ၊ ဘုရားသခင်က ယင်းကို လုပ်ဆောင်နေသည်မှာ အသေချာဆုံး ဖြစ်ပေသည်။ ဘုရားသခင်သည် ထိုသို့သော အနှစ်သာရရှိသည်ကို သိရှိခြင်းက သူ့ကို လူတို့၏ ချစ်ခြင်းအား သက်ရောက်မှု ရှိမည်လော။ ဘုရားသခင်အား ၎င်းတို့၏ ကြောက်ရွံ့ခြင်းကို လွှမ်းမိုးသွားမည်လော။ သင်သည် ဘုရားသခင်၏စစ်မှန်သည့် ဘက်ကို နားလည်သောအခါတွင်၊ သင်သည် သူနှင့် တိုး၍ပင် နီးကပ်လိမ့်မည်ဖြစ်ပြီး၊ လူသားမျိုးနွယ်အတွက် သူ၏ချစ်ခြင်းမေတ္တာနှင့် ဂရုစိုက်မှုကို သာ၍ အမှန်တကယ် အသိအမှတ်ပြုနိုင်လိမ့်မည် ဖြစ်သည့်အပြင်၊ သင်၏ နှလုံးသားကို ဘုရားသခင်အား ပေးပြီး သူနှင့်ပတ်သက်သည့် မသင်္ကာမှုများနှင့် ယုံမှားသံသယများမှ ကယ်တင်ခံရလိမ့်မည်ဟု ငါမျှော်လင့်သည်။ ဘုရားသခင်သည် လူသားအတွက် အရာရာတိုင်းကို တိတ်ဆိတ်စွာ လုပ်ဆောင်ပေးနေသည်၊ ထိုအရာအားလုံးကို သူ၏စိတ်ရင်းအမှန်၊ သစ္စာရှိမှုနှင့် ချစ်ခြင်းမေတ္တာတို့ဖြင့် တိတ်ဆိတ်စွာ လုပ်ဆောင်ပေးနေသည်။ သို့သော် သူသည် သူလုပ်ဆောင်သည့် မည်သည့်အရာမဆိုနှင့်ပတ်သက်၍ စိုးရိမ်ကြောင့်ကြမှုများ သို့မဟုတ် နောင်တရမှုများ တစ်ခုတစ်လေမျှ မရှိသကဲ့သို့၊ သူ့ကို တစ်နည်းနည်းနှင့်ပြန်ပေးဆပ်ဖို့ မည်သူ့ကိုမျှ တစ်ကြိမ်တစ်ခါမျှ မလိုအပ်ခဲ့ပေ သို့မဟုတ် လူသားမျိုးနွယ်ထံမှ တစ်ခုခုကို ရရှိခြင်းငှာ ရည်ရွယ်ချက်များလည်း မရှိဖူးပေ။ သူလုပ်ဆောင်ဖူးသည့်အရာများ အားလုံး၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ လူသားမျိုးနွယ်၏ စစ်မှန်သည့် ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာကို သူရရှိနိုင်ရန်ဖြစ်သည်။ ယင်းနှင့်အတူ၊ ပထမအကြောင်းအရာကို ဤနေရာတွင် ငါ အဆုံးသတ်မည်။

ဤဆွေးနွေးမှုများက သင်တို့ကို အထောက်အကူ ဖြစ်စေသလော။ မည်မျှအထောက်အကူ ဖြစ်သနည်း။ (ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့်သက်ဆိုင်သည့် နားလည်မှုနှင့် အသိ သာ၍ ကျွန်ုပ်တို့ ရှိပါသည်။) (ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သာ၍ကောင်းစွာ နားလည်ရန်၊ ဘုရားသခင် ရှိခဲ့သည့် စိတ်ခံစားမှုများနှင့် အမှုအရာများကို သူပြောဆိုချိန်တွင် သူပြောဆိုသည့် အမှုအရာများနောက်ကွယ်က အဓိပ္ပာယ်များကို သဘောပေါက်ရန်နှင့် ထိုအချိန်တွင် သူမည်သည့်အရာကို ခံစားခဲ့ရသည်ဆိုသည်ကို သတိပြုမိရန် အနာဂတ်တွင် ဤမိတ်သဟာယ နည်းလမ်းက ကျွန်ုပ်တို့ကို ကူညီနိုင်ပါသည်။) ဤနှုတ်ကပတ်တော်များကို ဖတ်ရှုပြီးသည့်နောက်တွင် ဘုရားသခင်၏ တကယ့် တည်ရှိမှုကို သင်တို့အထဲမှ တစ်ဦးဦးက သာ၍ ပြင်းပြင်းပြပြ သိရှိသလော။ ဘုရားသခင်၏တည်ရှိမှုသည် မပေါ့တန်တော့ သို့မဟုတ် မရေမရာမဖြစ်တော့သည်ကို သင်တို့ ခံစားရသလော။ ဤခံစားချက်ကို သင်တို့ ရှိသည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင်သည် သင်တို့၏ဘေး၌ ရှိနေသည်ကို သင်တို့ ခံစားနိုင်သလော။ အတွေ့အထိက ယခုအချိန်၌ သိသာမှု ရှိကောင်းရှိလိမ့်မည် မဟုတ် သို့မဟုတ် သင်သည် ထိုအရာကို ခံစားကောင်း ခံစားနိုင်ဦးမည်မဟုတ်ပေ။ သို့သော် တစ်နေ့တွင် သင် စိတ်နှလုံး၌ ဘုရားသခင်၏ စိတ်သဘောထား၊ အနှစ်သာရနှင့်သက်ဆိုင်သည့် နက်ရှိုင်းသည့် သဘောပေါက်ခြင်းနှင့် စစ်မှန်သည့် အသိတစ်ခု အမှန်တကယ် ရှိသည့်အချိန်တွင်၊ ဘုရားသခင်သည် သင့်နံဘေးတည့်တည့်တွင် ရှိနေသည်ကို သင်ခံစားရလိမ့်မည်- သင့်အနေဖြင့် ဘုရားသခင်ကို သင်၏ စိတ်နှလုံးထဲတွင် မည်သည့်အခါမျှ စစ်မှန်စွာ လက်မခံဖူးသေးခြင်းသာ ဖြစ်သည်။ ယင်းမှာ အမှန်တရားဖြစ်၏။

ဤမိတ်သဟာယ ပြုသည့်နည်းလမ်းကို သင်တို့ မည်သို့ထင်သနည်း။ သင်တို့ အမီလိုက်နိုင်သလော။ ဘုရားသခင်၏ အမှုနှင့် ဘုရားသခင်၏ စိတ်သဘောထား အကြောင်းအရာနှင့် ပတ်သက်သည့် ဤမိတ်သဟာယမျိုးသည် အလွန် ခက်ခဲနက်နဲလှသည်ဟု သင်တို့ ထင်သလော။ သင်တို့ မည်သို့ခံစားရသနည်း။ (အလွန် ကောင်းပါသည်။ စိတ်လှုပ်ရှားပါသည်။) မည်သည့်အရာက သင်တို့ကို ကောင်းသည်ဟု ခံစားစေသနည်း။ အဘယ်ကြောင့် စိတ်လှုပ်ရှားခဲ့ ကြသနည်း။ (ယင်းမှာ ဧဒင်ဥယျာဉ်ထဲသို့ ပြန်သွားရသကဲ့သို့၊ ဘုရားသခင်၏ထံပါးသို့ ပြန်ရောက် နေသကဲ့သို့ ဖြစ်ပါ၏။) “ဘုရားသခင်၏ စိတ်သဘောထား” သည် လူတို့အဖို့ အမှန်တကယ် သာ၍ မရင်းနှီးသည့် အကြောင်းအရာတစ်ခုဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် သင်တို့ စိတ်ကူးနေကျအရာ၊ စာအုပ်များ၌ သင်တို့ ဖတ်နေကျအရာ၊ သို့မဟုတ် မိတ်သဟာယများ၌ သင်တို့ ကြားနေကျ အရာများက သင့်ကို ဆင်တစ်ကောင်အား တို့ထနေသည့် မျက်ကန်းတစ်ဦးကဲ့သို့ အနည်းငယ် ခံစားစေလေ့ရှိသောကြောင့်ဖြစ်သည်- သင်သည် သင့်လက်ဖြင့်သာ လိုက်စမ်းနေခြင်း ဖြစ်ပြီး မည်သည့်အရာကိုမျှ အမှန်တကယ် ရုပ်ကိုမဖမ်းမိနိုင်ပေ။ ဘုရားသခင်နှင့်သက်ဆိုင်သည့် ရှင်းလင်းသော ယူဆချက် ရှိဖို့မဆိုထားနှင့်၊ မမြင်မကန်းနှင့် ဟိုစမ်းစမ်း သည်စမ်းစမ်း လုပ်ခြင်းသည် ဘုရားသခင်နှင့် သက်ဆိုင်သည့် အကြမ်းဖျင်း သိနားလည်မှုတစ်ခုကိုပင် သင့်ကို မပေးနိုင်ပေ။ ယင်းက ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရများက မည်သည့်အရာ ဖြစ်သည်ကို တိတိကျကျ ဖွင့်ဆိုခြင်းမှ သင့်ကို တားဆီးရင်း၊ သင်၏ စိတ်ကူးစိတ်သန်းများကိုသာ နောက်ထပ် လှုံ့ဆော်ပေးသကဲ့သို့၊ သင်၏ စိတ်ကူးစိတ်သန်းမှ ထွက်ပေါ်လျက်ရှိသည့် မရေရာ မသေချာမှုများက သင်၏စိတ်နှလုံးကို သံသယများဖြင့် အစဉ်သဖြင့် ပြည့်စေလိမ့်မည်ဖြစ်သည်။ သင့်အနေဖြင့် တစ်စုံတစ်ခုနှင့် ပတ်သက်၍ မသေချာသော်လည်း၊ နားလည်အောင် ကြိုးစားနေဆဲဖြစ်ချိန်တွင်၊ သင်၏ စိတ်နှလုံးထဲ၌ ကွဲလွဲခြားနားခြင်းများနှင့် ဝိရောဓိတို့ အမြဲရှိလိမ့်မည် ဖြစ်ကာ၊ သင့်ကို လမ်းပျောက်စေကာ စိတ်ရှုပ်စေရစ်ရင်း၊ အနှောင့်အယှက် ဖြစ်သည့် ခံစားချက်တစ်ခုပင် ရှိလိမ့်မည်။ ဘုရားသခင်ကို သင်ရှာဖွေချင်၊ ဘုရားသခင်ကို သိချင်ပြီး သူ့ကို ရှင်းလင်းစွာ မြင်လိုသော်လည်း၊ အဖြေများကို မည်သည့်အခါတွင်မျှ ရှာတွေ့နိုင်မည့်ပုံမရသည်မှာ မချိတင်ကဲဖြစ်ရသည့် အရာတစ်ခု မဟုတ်လော။ မှန်ပေ၏၊ ဤနှုတ်ကပတ်တော်များသည် ဘုရားသခင်ကို ကြောက်ရွံ့စွာ ကြည်ညိုရန်နှင့် စိတ်ကျေနပ်စေရန် ကြိုးစားလိုစိတ်ရှိသူများကိုသာ ရည်ရွယ်ပေသည်။ ထိုသို့သောအရာများကို မည်သို့မျှ အာရုံမစိုက်သည့် လူတို့အတွက်၊ ဤအရာသည် အမှန်တကယ် အရေးမကြီးပေ၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ လုပ်ချင်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်ဖို့၊ ၎င်းတို့အနေဖြင့် အကြီးမားဆုံးနှင့် အရေးအပါဆုံးသောသူ ဖြစ်နိုင်ဖို့၊ အကျိုးဆက်များကို အရေးထားခြင်းမရှိဘဲ မကောင်းမှု ကျူးလွန်နိုင်ဖို့၊ အပြစ်ဒဏ်ပေးခြင်းကို ၎င်းတို့ မရင်ဆိုင်ရဖို့ သို့မဟုတ် မည်သည့် တာဝန်မျှ ယူစရာမလိုဖို့နှင့် ဒုစရိုက်ကိုပြုသောသူများနှင့်ပတ်သက်၍ ဘုရားသခင် ပြောဆိုသည့်အရာများပင်လျှင် ၎င်းတို့နှင့် မသက်ဆိုင်ဖို့အလို့ငှာ၊ ဘုရားသခင်၏ စစ်မှန်မှုနှင့် တည်ရှိခြင်းသည် ယုံတမ်းစကားတစ်ခု သို့မဟုတ် စိတ်ကူးယဉ်သက်သက်မျှ ဖြစ်ဖို့ဆိုသည်မှာ ၎င်းတို့ အမျှော်လင့်ဆုံးသောအရာ ဖြစ်သောကြောင့် ဖြစ်သည်။ ဤလူများသည် ဘုရားသခင်၏စိတ်သဘောထားကို သဘောပေါက်ရန် လိုလားခြင်းမရှိပေ။ ၎င်းတို့သည် ဘုရားသခင်နှင့် သူနှင့်သက်ဆိုင်သည့် အရာအားလုံးကို သိဖို့ရန်ကြိုးစားခြင်းကို ငြီးငွေ့ကာ စိတ်ကုန်နေ ကြသည်။ ဘုရားသခင် မတည်ရှိဖို့ကိုသာ ၎င်းတို့ ပိုပြီးနှစ်သက် ကြသည်။ ဤလူများသည် ဘုရားသခင်ကို ဆန့်ကျင်ကြပြီး ဖယ်ရှားခံရမည့်သူများထဲတွင် ရှိကြလေသည်။

နောက်ထပ်၊ နောဧ၏အဖြစ်အပျက်နှင့် ထိုအဖြစ်အပျက်က ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင်ဟူသည့် အကြောင်းအရာနှင့် မည်သို့ ဆက်နွှယ်သည်ကို ငါတို့ ဆွေးနွေးကြမည်။

ကျမ်းစာ၏ ဤအပိုင်း၌ နောဧအပေါ် ဘုရားသခင် အဘယ်အရာပြုနေသည်ကို သင်တို့မြင်သနည်း။ ဤနေရာတွင် ထိုင်နေကြသူ အယောက်တိုင်းက ကျမ်းစာကို ဖတ်ရှုခြင်းမှ ထိုအရာနှင့်ပတ်သက်၍ တစ်စုံတစ်ရာ သိကောင်းသိမည်ဖြစ်သည်။ ဘုရားသခင်သည် နောဧကို သင်္ဘောဆောက်စေသည်၊ ထို့နောက် ကမ္ဘာလောကကို ရေလွှမ်းမိုးခြင်းဖြင့် ဘုရားသခင်က ဖျက်ဆီးခဲ့သည်။ နောဧတို့ မိသားစုရှစ်ယောက်ကို ကယ်တင်ရန် ဘုရားသခင်သည် နောဧကို သင်္ဘောဆောက်စေခဲ့သည်၊ ယင်းက ၎င်းတို့ကို အသက်ရှင်ကျန်ကာ လူသားမျိုးနွယ်၏ နောက်မျိုးဆက် အတွက် ဘိုးဘေးများ ဖြစ်လာခွင့်ပေးခဲ့သည်။ ယခု ကျမ်းစာကို ဖတ်ကြည့်ကြစို့။

ခ။ နောဧ

၁။ ဘုရားသခင်သည် ကမ္ဘာလောကကို ရေလွှမ်းမိုးခြင်းဖြင့် ဖျက်ဆီးရန် ရည်ရွယ်ကာ နောဧကို သင်္ဘောဆောက်ရန် ညွှန်ကြားသည်

ကမ္ဘာဦးကျမ်း ၆:၉-၁၄ နောဧအတ္ထုပ္ပတ္တိဟူမူကား၊ နောဧသည် ဖြောင့်မတ်သောသူ၊ မိမိအမျိုး၌ စုံလင်သောသူဖြစ်၏။ ဘုရားသခင်နှင့် အတူသွားလာ၏။ နောဧသည် ရှေမ၊ ဟာမ၊ ယာဖက်တည်းဟူသော သားသုံးယောက်ကို မြင်လေ၏။ ထိုအခါ မြေကြီးသည် ဘုရားသခင့်ရှေ့မှာ ပုပ်စပ်လျက်ရှိ၏။ မြေကြီးသည် အဓမ္မအမှုနှင့် ပြည့်စုံလေ၏။ ဘုရားသခင်သည် မြေကြီးကိုကြည့်ရှုသောခါ၊ ပုပ်စပ်လျက်ရှိသည်ကို မြင်တော်မူ၏။ အကြောင်းမူကား မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ဖေါက်ပြန်ခြင်းသို့ ရောက်ကြပြီ။ ထိုအခါ ဘုရားသခင်သည်၊ နောဧအား မိန့်တော်မူသည်ကား၊ သတ္တဝါအပေါင်းတို့၏ အဆုံးသည် ငါ့မျက်မှောက်တွင် ပေါ်လာပြီ။ သူတို့ကြောင့် မြေကြီးသည် အဓမ္မမှုနှင့် ပြည့်စုံလေ၏။ အကယ်စင်စစ် မြေကြီးနှင့်တကွ သူတို့ကို ငါဖျက်ဆီးမည်။ ဂေါဖရသစ်သားဖြင့် သင်္ဘောကို ကိုယ်ဘို့ တည်လုပ်လော့။ အထဲ၌လည်း အခန်းများကို လုပ်လော့။ အတွင်း၊ ပြင်၊ ပတ်လည်ကို ထင်းရူးစေးနှင့်သုတ်လော့။

ကမ္ဘာဦးကျမ်း ၆:၁၈-၂၂ သင်၌မူကား၊ ငါ့ပဋိညာဉ်ကို ငါတည်စေမည်။ သင်သည် သား၊ မယား၊ ချွေးမများနှင့်တကွ၊ သင်္ဘောထဲသို့ ဝင်ရမည်။ အသက်ရှင်သော တိရစ္ဆာန် အမျိုးမျိုးထဲက၊ အထီးအမ၊ အစုံတို့ကိုယူ၍၊ သင်နှင့်အတူ အသက်ချမ်းသာစေခြင်းငှါ၊ သင်္ဘောထဲသို့ သွင်းရမည်။ ငှက်လည်းအမျိုးအလိုက်၊ သားလည်း အမျိုးအလိုက်၊ တွားတက်သော တိရစ္ဆာန်အပေါင်းလည်း အမျိုးအလိုက်၊ အထီးအမ၊ အစုံတို့သည် အသက်ချမ်းသာ စေခြင်းငှါ၊ သင့်ထံသို့ လာကြလိမ့်မည်။ ကိုယ်စားစရာအဘို့၊ တိရစ္ဆာန်တို့ စားစရာအဘို့၊ စားအပ်သော အစာအမျိုးမျိုးကို ယူ၍ သိုထားရမည်ဟု၊ ဘုရားသခင် မှာထားတော်မူ၏။ မှာထားတော်မူသည် အတိုင်းလည်း နောဧ ပြုလေ၏။

ဤကျမ်းပိုဒ်နှစ်ပိုဒ်ကိုဖတ်ပြီးသည့်နောက် နောဧ မည်သူဖြစ်သည်ကို သင်တို့အနေဖြင့် အကြမ်းဖျင်း သိနားလည်ခြင်း တစ်ခု ယခု ရှိကြသလော။ နောဧက မည်သို့သောပုဂ္ဂိုလ်မျိုးဖြစ်ခဲ့သနည်း။ မူရင်းစာက၊ “နောဧသည် ဖြောင့်မတ်သောသူ၊ မိမိအမျိုး၌ စုံလင်သောသူဖြစ်၏” ဟုဆိုထားသည်။ ခေတ်သစ်လူများ၏ နားလည်မှုအရ၊ ထိုအချိန်အခါက “ဖြောင့်မတ်သောသူ” ဆိုသည်မှာ မည်သို့သော လူမျိုးနည်း။ ဖြောင့်မတ်သောသူသည် စုံလင်သည့်သူ ဖြစ်ရပေမည်။ ဤစုံလင်သည့်လူသည် လူ့အမြင်၌ စုံလင်သည်၊ သို့တည်းမဟုတ် ဘုရားသခင်၏ အမြင်၌ စုံလင်ခြင်းသည် ဆိုသည်ကို သင်တို့သိသလော။ ဤစုံလင်သည့် လူသည် လူ့အမြင်တွင် မဟုတ်ဘဲ၊ ဘုရားသခင်၏အမြင်၌ စုံလင်သည့်သူ ဖြစ်သည်မှာ ယုံမှားဖွယ်ရာမရှိပေ။ ဤအရာသည် သေချာ၏။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် လူသားသည် မျက်စိကန်းပြီး မမြင်နိုင်သောကြောင့်ဖြစ်ပြီး ဘုရားသခင်သည်သာ ကမ္ဘာတစ်ခုလုံးနှင့် လူတစ်ဦးချင်းစီတိုင်း အပေါ် ကြည့်ရှုကာ နောဧသည် စုံလင်သောသူဖြစ်သည်ကို ဘုရားသခင် တစ်ပါးတည်းသာ သိသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာကို ရေလွှမ်းမိုးခြင်းဖြင့် ဖျက်ဆီးရန် ဖြစ်သော ဘုရားသခင်၏အစီအစဉ်သည် နောဧကို သူခေါ်သည့် အခိုက်အတန့်မှ စတင်ခဲ့သည်။

ထိုခေတ်တွင် ဘုရားသခင်သည် အင်မတန် အရေးကြီးသည့် အရာတစ်ခုကိုလုပ်ဆောင်ဖို့ နောဧကို ခေါ်ရန် ရည်ရွယ်ခဲ့သည်။ အဘယ်ကြောင့် ဤအလုပ်ကို လုပ်ဆောင်ခဲ့ရသနည်း။ ထိုအခိုက်အတန့်တွင် ဘုရားသခင်သည် သူ၏ စိတ်နှလုံးထဲတွင် ဘုရားသခင်သည် အစီအစဉ်တစ်ခု ရှိခဲ့သောကြောင့် ဖြစ်သည်။ သူ၏အစီအစဉ်မှာ ကမ္ဘာကြီးကို ရေလွှမ်းမိုးခြင်းဖြင့် ဖျက်ဆီးရန်ဖြစ်သည်။ ကမ္ဘာကြီးကို သူ အဘယ်ကြောင့် ဖျက်ဆီးသနည်း။ ဤတွင် ပြောထားသည်မှာ- “မြေကြီးသည် ဘုရားသခင့်ရှေ့မှာ ပုပ်စပ်လျက်ရှိ၏။ မြေကြီးသည် အဓမ္မအမှုနှင့် ပြည့်စုံလေ၏” ဟူ၍ဖြစ်သည်။ “မြေကြီးသည် အဓမ္မအမှုနှင့် ပြည့်စုံလေ၏” ဟူသည့် စကားရပ်မှ သင်တို့ မည်သည့်အရာကို နားလည်ကြသနည်း။ ယင်းမှာ ကမ္ဘာလောကနှင့် ကမ္ဘာသူကမ္ဘာသားများသည် အဆုံးစွန်အထိ ဖောက်ပြန်ပျက်စီးလာပြီးဖြစ်သည့် ကမ္ဘာမြေပေါ်က ဖြစ်ရပ်တစ်ခုဖြစ်သည်။ ထို့ကြောင့် “မြေကြီးသည် အဓမ္မအမှုနှင့် ပြည့်စုံလေ၏” ယနေ့ခေတ်စကားဖြင့်၊ “အဓမ္မအမှုနှင့်ပြည့်စုံသည်” ဆိုသည်မှာ အရာအားလုံး ကမောက်ကမဖြစ်နေခြင်းကို ဆိုလိုသည်။ လူသားအဖို့ ဘဝ၏ ကဏ္ဍတိုင်းတွင် စနစ်ကျသည့် ပုံစံအားလုံး ပျောက်ဆုံးသွားပြီး အရာရာသည် ဖရိုဖရဲဖြစ်ကာ စီမံခန့်ခွဲ၍မရနိုင်ဖြစ်လာသည်ဟု ဆိုလိုသည်။ ဘုရားသခင်၏အမြင်တွင်၊ ယင်းမှာ ကမ္ဘာသူ ကမ္ဘာသားများ အလွန် ဖောက်ပြန်ပျက်စီးလာခဲ့ကြပြီဟု ဆိုလိုသည်။ သို့သော် မည်သည့်အတိုင်းအတာထိ ဖောက်ပြန်ပျက်စီး ကြသနည်း။ ဘုရားသခင်က မကြည့်နိုင်တော့သည့်အထိ၊ သို့မဟုတ် ၎င်းတို့နှင့်ပတ်သက်၍ သည်းမခံနိုင်တော့သည်အထိ ဖောက်ပြန်ပျက်စီးကြသည်။ ဘုရားသခင်က ၎င်းတို့ကို ဖျက်ဆီးပစ်ရန် ရည်ရွယ်သည်အထိ ဖောက်ပြန်ပျက်စီး ကြလေသည်။ ကမ္ဘာလောကို ဖျက်ဆီးရန် ဘုရားသခင် ဆုံးဖြတ်ခဲ့ချိန်တွင်၊ သင်္ဘောတစ်စီး တည်ဆောက်ဖို့ တစ်စုံတစ်ဦးကို ရှာဖွေရန် သူ စီစဉ်ခဲ့သည်။ ဘုရားသခင်က ဤအလုပ်ကို ဆောင်ရွက်ရန် နောဧကို ရွေးချယ်ခဲ့သည်။ ဆိုလိုသည်မှာ နောဧကို သင်္ဘောဆောက် စေခဲ့ခြင်း ဖြစ်သည်။ အဘယ်ကြောင့် နောဧကို သူရွေးချယ်ခဲ့သနည်း။ ဘုရားသခင်၏ အမြင်တွင် နောဧသည် ဖြောင့်မတ်သည့် လူတစ်ဦး ဖြစ်သည်။ ဘုရားသခင်က သူ့ကို လုပ်ဆောင်ဖို့ မည်သည့်အရာ ညွှန်ကြားသည်ဖြစ်စေ လျော်ညီစွာ နောဧက လုပ်ဆောင်ခဲ့ပေသည်။ ယင်းမှာ နောဧသည် သူ့ကို ဘုရားသခင် လုပ်ဆောင်ရန် ပြောသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ရန် လိုလားလျက် ရှိခဲ့သည်ဟု ဆိုရပေမည်။ ဘုရားသခင်သည် သူနှင့်အတူ အမှုပြုဖို့၊ သူပေးအပ်ထားသည့်အရာကို ပြည့်စုံစေဖို့- ကမ္ဘာမြေပေါ်က သူ၏ အမှုကို ပြည့်စုံစေဖို့- ဤကဲ့သို့သော တစ်စုံတစ်ဦးကို ရှာတွေ့လိုခဲ့ပေသည်။ ထိုအချိန်အခါက ထိုသို့သော အလုပ်ကို ပြည့်စုံစေနိုင်မည့်သူ နောဧအပြင် အခြားလူ ရှိခဲ့ပါသလော။ သေချာပေါက် မရှိခဲ့ပေ။ နောဧသည် တစ်ဦးတည်းသော သင့်တော်သူ၊ ဘုရားသခင် ပေးအပ်သည့်အရာကို ပြည့်စုံစေနိုင်မည့် တစ်ဦးတည်းသော လူ ဖြစ်ခဲ့ပြီး၊ ထို့ကြောင့် ဘုရားသခင်က သူ့ကို ရွေးချယ်ခဲ့လေသည်။ သို့ရာတွင် လူတို့ကို ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ အကန့်အသတ်များနှင့် စံသတ်မှတ်ချက်များမှာ ထိုအချိန်ကကဲ့သို့ ယခု အတူတူဖြစ်ပါသလော။ အဖြေမှာ တကယ်ကို ကွဲပြားခြားနားမှုတစ်ခု ရှိ၏။ အဘယ်ကြောင့် ဤအရာကို ငါမေးသနည်း။ ထိုအချိန် အတောအတွင်းတွင် ဘုရားသခင်၏အမြင်၌ နောဧသည် တစ်ဦးတည်းသော ဖြောင့်မတ်သည့်လူဖြစ်ခဲ့သည်၊ ယင်းက သူ၏ မိန်းမ၊ သူ၏သားများ သို့မဟုတ် ချွေးမများထဲမှ မည်သူမျှ ဖြောင့်မတ်သည့်လူများ မဟုတ်ခဲ့ဟု သွယ်ဝိုက် ညွှန်းဆိုပေသည်၊ သို့ရာတွင် ဘုရားသခင်သည် နောဧကြောင့် ၎င်းတို့ကို ချမ်းသာပေးဆဲဖြစ်ခဲ့ပေသည်။ ဘုရားသခင်သည် ယခု သူတောင်းဆိုသကဲ့သို့၊ ၎င်းတို့အပေါ် တောင်းဆိုမှုများ မထားခဲ့ဘဲ၊ ယင်းအစား နောဧ၏မိသားစု ရှစ်ယောက်လုံးကို အသက်ရှင်မြဲ ရှင်စေခဲ့သည်။ နောဧ၏ ဖြောင့်မတ်မှုကြောင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို ၎င်းတို့ ရရှိခဲ့ကြသည်။ နောဧ မရှိဘဲနှင့်၊ ဘုရားသခင် ပေးအပ်ခဲ့သည့်အရာကို ၎င်းတို့ထဲမှမည်သူမျှ ပြည့်စုံစေနိုင်ခဲ့မည်မဟုတ်ပေ။ ထို့ကြောင့် နောဧသည် ထိုသို့ ကမ္ဘာကို ဖျက်ဆီးခြင်းမှ အသက်ရှင်ကျန်သင့်သည့် တစ်ဦးတည်းသောလူဖြစ်ခဲ့ပြီး၊ အခြားသူများမှာ ဆက်စပ်အကျိုးခံစားရသည့်သူများ ဖြစ်ခဲ့သည်။ ဤအရာက ဘုရားသခင်သည် သူ၏ စီမံခန့်ခွဲသည့်အမှုကို တရားဝင် မစတင်မီ ခေတ်ကာလထဲတွင်၊ လူတို့ကို သူဆက်ဆံခဲ့ပြီး တောင်းဆိုခဲ့သည့် အခြေခံသဘောတရားများနှင့် စံနှုန်းများသည် အတော်အတန် သက်သာမှုရှိခဲ့သည်ကို ပြပေသည်။ ယနေ့ခေတ်လူများအဖို့ နောဧ၏မိသားစု ရှစ်ယောက်ကို ဘုရားသခင် ဆက်ဆံခဲ့သည့်ပုံစံသည် “မျှတမှု” မရှိဟု ထင်ရသည်။ သို့သော် ယခု လူတို့အပေါ် သူလုပ်ဆောင်သည့် ကြီးမားသော အမှုပမာဏနှင့် ယခု သူ သိရှိစေသည့် ကြီးမားသော သူ၏နှုတ်ကပတ်တော် ပမာဏနှင့် ယှဉ်ကြည့်လျှင်၊ နောဧ၏ မိသားစု ရှစ်ယောက်ကို ဘုရားသခင်၏ ဆက်ဆံမှုသည် ထိုအချိန်က သူ၏အမှု နောက်ခံအကြောင်းအရာကို ပေးထားသည့် အမှု၏ အခြေခံသဘောတရားတစ်ခုသာ ဖြစ်သည်။ ယှဉ်ကြည့်ခြင်းဖြင့် နောဧ၏ မိသားစု ရှစ်ယောက်သည် ဘုရားသခင်ထံမှ သာ၍ရရှိသလော သို့မဟုတ် ယနေ့ခေတ် လူများက သာ၍ရရှိသလော။

နောဧသည် ခေါ်ခြင်းခံရသည်မှာ ရိုးရှင်းသည့် အချက်တစ်ခုဖြစ်သော်လည်း၊ ဤမှတ်တမ်းထဲက ဘုရားသခင်၏ စိတ်သဘောထား၊ သူ၏အလိုတော်နှင့် သူ၏အနှစ်သာရဖြစ်သည့် ငါတို့ပြောဆိုနေသည့် အဓိကအချက်ဖြစ်မှာ မရိုးရှင်းပေ။ ဘုရားသခင်၏ ဤသွင်ပြင်လက္ခဏာအချို့ကို နားလည်ရန်၊ ပထမဦးစွာ ဘုရားသခင် ခေါ်လိုသည့် လူစားမျိုးကို ငါတို့ နားလည်ရမည်၊ ပြီးလျှင် ဤအရာမှတစ်ဆင့် သူ၏စိတ်သဘောထား၊ အလိုနှင့် အနှစ်သာရတို့ကို နားလည်ရမည် ဖြစ်သည်။ ဤသည်မှာ အရေးကြီးလှပေသည်။ သို့ဆိုလျှင် ဘုရားသခင်၏ အမြင်တွင်၊ သူခေါ်သည့် ဤလူသည် မည်သို့သော လူစားမျိုး ဖြစ်ပါသနည်း။ ဤသူမှာ သူ၏ နှုတ်ကပတ်တော်များကို နားထောင်နိုင်သူနှင့် သူ၏ညွှန်ကြားချက်များကို လိုက်လျှောက်နိုင်သူ ဖြစ်ရပေမည်။ တစ်ချိန်တည်းတွင် ဤသူသည် တာဝန်သိစိတ် ရှိသူ၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ၎င်းတို့ ဖြည့်ဆည်းရမည့် တာဝန်နှင့် ဝတ္တရားအဖြစ် သဘောထားခြင်းဖြင့် ဆောင်ရွက်မည့်သူတစ်ဦးလည်း ဖြစ်ရပေမည်။ သို့ဆိုလျှင် ဤလူသည် ဘုရားသခင်ကို သိရှိသောသူတစ်ဦး ဖြစ်ဖို့ လိုအပ်ပါသလော။ မလိုအပ်ပေ။ ထိုအချိန်အခါက နောဧသည် ဘုရားသခင်၏ သွန်သင်မှုများကို သိပ်မကြားဖူးခဲ့ပေ သို့မဟုတ် ဘုရားသခင်၏အမှုကို မတွေ့ကြုံဖူးခဲ့ပေ။ ထို့ကြောင့် နောဧသည် ဘုရားသခင်နှင့် သက်ဆိုင်သည့် အသိပညာ အလွန် နည်းပါးခဲ့သည်။ နောဧသည် ဘုရားသခင်နှင့်အတူ လျှောက်လှမ်းခဲ့သည်ဟု ဤနေရာတွင် မှတ်တမ်းတင် ထားသော်လည်း၊ ဘုရားသခင်၏ ဇာတိအဖြစ်တော်ကို သူ မြင်ခဲ့ဖူးပါသလော။ အဖြေမှာ လုံးဝ မမြင်ဖူးပေ။ အဘယ်ကြောင့်ဆိုသော် ထိုနေ့ရက်များတွင် ဘုရားသခင်၏ စေတမန်များသာ လူတို့အလယ် လာခဲ့ပေသည်။ ၎င်းတို့သည် အမှုအရာများကို ပြောဆိုခြင်းနှင့် လုပ်ဆောင်ရာတွင်၊ ဘုရားသခင်ကို ကိုယ်စားပြုနိုင်ခဲ့သော်လည်း၊ ၎င်းတို့သည် ဘုရားသခင်၏အလိုနှင့် ရည်ရွယ်ချက်များကို သယ်ဆောင်ပေးရုံမျှသာ ဖြစ်ခဲ့သည်။ ဘုရားသခင်၏ ဇာတိအဖြစ်တော်သည် လူသားကို မျက်နှာချင်းဆိုင် ထုတ်ဖော်ပြခြင်း မရှိခဲ့ပေ။ ကျမ်းစာ၏ ဤအပိုင်း၌ ငါတို့ အခြေခံအားဖြင့် မြင်ကြရသည်မှာ နောဧ လုပ်ဆောင်ဖို့ရှိခဲ့သည့်အရာနှင့် သူ့အဖို့ ဘုရားသခင်၏ ရည်ရွယ်ချက်များက မည်သည့်အရာများ ဖြစ်ခဲ့သည်ဆိုသည်တို့ ဖြစ်သည်။ သို့ဆိုလျှင် ဤနေရာတွင် ဘုရားသခင်ဖော်ပြခဲ့သည့် အနှစ်သာရမှာ မည်သည့်အရာ ဖြစ်ခဲ့သနည်း။ ဘုရားသခင်လုပ်ဆောင်သည့် အရာအားလုံးသည် တိတိကျကျ စီစဉ်ထားခြင်းဖြစ်သည်။ ဘုရားသခင်သည် အမှုအရာတစ်ခုကို မြင်သည့်အခါ၊ သို့မဟုတ် အခြေအနေတစ်ခု ဖြစ်ပေါ်နေသည်ကို မြင်သည့်အခါ၊ သူ၏ အမြင်တွင် ယင်းကို တိုင်းတာဖို့ စံတစ်ခု ရှိပြီး၊ ဤစံနှုန်းက ယင်းကို ကိုင်တွယ်ဖြေရှင်းဖို့ အစီအစဉ် တစ်ခု သူ စတင်သည် မစတင်သည်၊ သို့မဟုတ် ဤအရာ သို့မဟုတ် အခြေအနေကို ကိုင်တွယ် ဖြေရှင်းရာတွင် မည်သည့်နည်းလမ်း ခံယူရမည်ဆိုသည်ကို အကြောင်းအရာများကို ဆုံးဖြတ်ပေးလေသည်။ သူသည် အရာရာအပေါ် စိတ်မဝင်စားခြင်း သို့မဟုတ် ခံစားချက်မရှိခြင်း မဟုတ်ပေ။ ယင်းသည် အမှန်တကယ်တွင် လုံးဝ ဆန့်ကျင်ဘက်ဖြစ်သည်။ ဤနေရာတွင် ဘုရားသခင်က နောဧကိုပြောခဲ့သည့် အရာကို ဖော်ပြသည့် ကျမ်းတစ်ချက် ရှိသည်- “သတ္တဝါအပေါင်းတို့၏ အဆုံးသည် ငါ့မျက်မှောက်တွင် ပေါ်လာပြီ။ သူတို့ကြောင့် မြေကြီးသည် အဓမ္မမှုနှင့် ပြည့်စုံလေ၏။ အကယ်စင်စစ် မြေကြီးနှင့်တကွ သူတို့ကို ငါဖျက်ဆီးမည်။” ဤအရာကို ဘုရားသခင် ပြောဆိုခဲ့ချိန်တွင်၊ သူသည် လူသားများကိုသာ ဖျက်ဆီးမည်ဟု ဆိုလိုခဲ့ပါသလော။ မဟုတ်ပေ။ ဘုရားသခင်က သူသည် အသွေးအသားရှိသည့် သက်ရှိသတ္တဝါအားလုံးကို ဖျက်ဆီးမည်ဟု ပြောခဲ့ပေသည်။ ဘုရားသခင်သည် အဘယ်ကြောင့် ဖျက်ဆီးခြင်းကို လိုချင်ခဲ့သနည်း။ ဤနေရာတွင် ဘုရားသခင်၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် နောက်ထပ် ဖွင့်ပြချက်ရှိပေသည်။ ဘုရားသခင်၏ အမြင်တွင် လူသား၏ ဖောက်ပြန်ပျက်စီးမှု၊ သတ္တဝါ အားလုံးတို့၏ ညစ်ညမ်းမှု၊ အဓမ္မအမှုနှင့် မနာခံမှုတို့အပေါ် သူ၏သည်းခံမှု အကန့်အသတ် တစ်ခုရှိပေသည်။ သူ၏ အကန့်အသတ်သည် မည်သည့်အရာဖြစ်သနည်း။ ဘုရားသခင်၊ “ဘုရားသခင်သည် မြေကြီးကိုကြည့်ရှုသောခါ၊ ပုပ်စပ်လျက်ရှိသည်ကို မြင်တော်မူ၏။ အကြောင်းမူကား မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ဖေါက်ပြန်ခြင်းသို့ ရောက်ကြပြီ” ဟု ပြောခဲ့သကဲ့သို့ ဖြစ်သည်။ “အကြောင်းမူကား မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ဖေါက်ပြန်ခြင်းသို့ ရောက်ကြပြီ” ဟူသည့် စကားရပ်သည် မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းက ဘုရားသခင်နောက် လိုက်ခဲ့ကြသူများ၊ ဘုရားသခင်၏ နာမကို ခေါ်ဆိုခဲ့ကြသူများ၊ တစ်ချိန်က ဘုရားသခင်ထံ မီးရှို့ရာယဇ်ကို ပူဇော်ခဲ့ကြသူများ၊ ဘုရားသခင်ကို နှုတ်အားဖြင့် ဝန်ခံပြီး ချီးမွမ်းပင် ချီးမွမ်းခဲ့ကြသူများအပါအဝင် မည်သည့် သက်ရှိ သတ္တဝါကိုမဆို ဆိုလိုပေသည်- ၎င်းတို့၏ အပြုအမူသည် ဖောက်ပြန်ပျက်စီးမှုတို့နှင့်ပြည့်ပြီး ဘုရားသခင်၏ မျက်မှောက်သို့ ရောက်ရှိသည်နှင့် တစ်ပြိုင်နက်၊ ၎င်းတို့ကို ဘုရားသခင် ဖျက်ဆီးရမည် ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ အကန့်အသတ် ဖြစ်၏။ သို့ဆိုလျှင် ဘုရားသခင်သည် လူသားနှင့် သတ္တဝါအားလုံး၏ ဖောက်ပြန်ပျက်စီးခြင်းနှင့်ပတ်သက်၍ မည်မျှ အတိုင်းအတာထိ သည်းခံမြဲ သည်းခံခဲ့သနည်း။ ဘုရားသခင်၏ နောက်လိုက်များ ဖြစ်စေ သို့မဟုတ် မယုံကြည်သူများဖြစ်စေ လူအားလုံးသည် လမ်းမှန်ကို လျှောက်မနေခဲ့သည့် အတိုင်းအတာထိဖြစ်သည်။ လူသားသည် ကိုယ်ကျင့်တရားနှင့် ပတ်သက်၍ ဖောက်ပြန်ပျက်စီးကာ မကောင်းမှုနှင့်ပြည့်ရုံသာမက၊ ကမ္ဘာလောကကို ဘုရားသခင်က အုပ်စိုးပြီး၊ ဘုရားသခင်သည် လူတို့ကို အလင်းနှင့် မှန်ကန်သည့်လမ်းကြောင်းကို ယူဆောင်ပေးနိုင်သည်ဟု ယုံကြည်သူ တစ်ဦးတစ်လေ ရှိဖို့မဆိုထားနှင့်၊ ဘုရားသခင်၏ တည်ရှိမှုကို ယုံကြည်ခဲ့သူ တစ်ဦးမျှ မရှိခဲ့သည့် အတိုင်းအတာအထိ ဖြစ်သည်။ လူသားသည် ဘုရားသခင်၏ တည်ရှိမှုကို စက်ဆုပ်ရွံရှာပြီး ဘုရားသခင်ကို တည်ရှိခွင့်မပေးသည့် အတိုင်းအတာထိ ဖြစ်သည်။ လူသား၏ ဖောက်ပြန်ပျက်စီးခြင်းသည် ဤအခြေအနေကိုရောက်သည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင်သည် နောက်ထပ် သည်းမခံနိုင်တော့ပေ။ ယင်းကို မည်သည့်အရာက အစားထိုး မည်နည်း။ ဘုရားသခင်၏ အမျက်ဒေါသနှင့် ဘုရားသခင်၏ အပြစ်ဒဏ်ခတ်ခြင်းတို့ ကျရောက်လာခြင်း ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏စိတ်သဘောထား နှင့်သက်ဆိုင်သည့် တစ်ဝက်တစ်ပျက် ဖွင့်ပြခြင်းတစ်ခု မဟုတ်ခဲ့ပါသလော။ ဤလက်ရှိခေတ်ကာလတွင်၊ ဘုရားသခင်၏အမြင်၌ ဖြောင့်မတ်သည့်လူ မည်သူမျှ မရှိသလော။ ဘုရားသခင်၏အမြင်၌ စုံလင်သည့်လူ မည်သူမျှမရှိသလော။ ဤခေတ်သည် ကမ္ဘာပေါ်ရှိ သတ္တဝါအားလုံး၏ အပြုအမူက ဘုရားသခင်၏အမြင်တွင် ဖောက်ပြန်ပျက်စီးသည့် ခေတ်တစ်ခေတ်ဖြစ်သလော။ ဤနေ့ရက်နှင့် ခေတ်ကာလတွင်၊ ဘုရားသခင်က စုံလင်စေလိုသူများ၊ ဘုရားသခင်၏နောက်လိုက်နိုင်ပြီး သူ၏ကယ်တင်ခြင်းကို လက်ခံနိုင်သည့်သူများမှလွဲ၍- အသွေးအသားရှိသည့် လူအားလုံးသည် ဘုရားသခင်၏ သည်းခံမှုအကန့်အသတ်ကို စိန်ခေါ်နေကြသည် မဟုတ်လော။ သင်တို့၏ဘေးတွင် ဖြစ်ပျက်သည့်အရာရာတိုင်း- သင်တို့၏ မျက်စိများဖြင့် မြင်သည့်အရာနှင့် နားများဖြင့် ကြားရသည့်အရာများ၊ ပြီးလျှင် ဤလောကတွင် နေ့စဉ် သင်တို့ ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ရသည့်အရာများသည် အဓမ္မ အမှုနှင့် ပြည့်သည် မဟုတ်လော။ ဘုရားသခင်၏ အမြင်တွင်၊ ထိုသို့သောကမ္ဘာ၊ ထိုသို့သောခေတ်သည် အဆုံးသတ်သင့်သည် မဟုတ်လော။ လက်ရှိခေတ်ကာလ၏ နောက်ခံသည် နောဧ၏ အချိန်ကာလ နောက်ခံနှင့် လုံးဝ မကွဲပြားသော်လည်း၊ လူသား၏ ဖောက်ပြန်ပျက်စီးမှုအပေါ် ဘုရားသခင်၏ ခံစားမှုများနှင့် အမျက်ဒေါသသည် အတိအကျ တူညီဆဲဖြစ်ပေသည်။ ဘုရားသခင်သည် သူ၏အမှုကြောင့် စိတ်ရှည်သည်းခံနိုင်သော်လည်း၊ အခြေအနေများနှင့် အနေအထားများအရ၊ ဘုရားသခင်၏ အမြင်တွင် ဤကမ္ဘာလောကသည် အချိန်ကြာမြင့်စွာက ဖျက်ဆီးခြင်းခံရသင့်ပြီး ဖြစ်သည်။ အခြေအနေများသည် ကမ္ဘာကြီးက ရေလွှမ်းမိုးခြင်းဖြင့် ဖျက်ဆီးခံခဲ့ရသည့် အချိန်ထက် များစွာ ကျော်လွန်ပေသည်။ သို့ရာတွင် ကွာခြားချက်မှာ အဘယ်နည်း။ ဤသည်မှာ ဘုရားသခင်၏ စိတ်နှလုံးကို ဝမ်းအနည်းစေဆုံးသော အရာတစ်ခုလည်း ဖြစ်ပြီး သင်တို့ထဲမှ မည်သူမျှ နားမလည်နိုင်သည့် အရာတစ်ခုလည်း ဖြစ်ကောင်းဖြစ်ပေမည်။

ဘုရားသခင်သည် ကမ္ဘာကို ရေလွှမ်းမိုးခြင်းဖြင့် ဖျက်ဆီးခဲ့ချိန်တွင်၊ သင်္ဘောဆောက်ပြီး ပြင်ဆင်ခြင်း အလုပ်တစ်ချို့ လုပ်ဆောင်ရန် နောဧကို ဘုရားသခင် ခေါ်နိုင်ခဲ့သည်။ ဘုရားသခင်သည် ဤအမှုအရာများ တသီတတန်းကို လုပ်ဆောင်ဖို့ နောဧဟူသည့် လူတစ်ဦးကို ခေါ်ယူနိုင်ခဲ့သည်။ သို့ရာတွင် လက်ရှိခေတ်ကာလတွင် ခေါ်ယူရန် ဘုရားသခင်ထံတွင် မည်သူမျှ မရှိပေ။ အဘယ်ကြောင့်နည်း။ ဤနေရာတွင် ထိုင်နေကြသည့် လူတစ်ဦးချင်းစီတိုင်းသည် အကြောင်းရင်းကို အလွန်ကောင်းစွာ နားလည်ပြီး သိသည်မှာ သေချာသလောက်ဖြစ်သည်။ သင်တို့သည် ငါ့ကို ထုတ်ဖော်ပြောစေလိုသလော။ ယင်းကို ကျယ်လောင်စွာ ထုတ်ဖော်ပြောဆိုခြင်းက သင်တို့ကို အရှက်ရစေပြီး အယောက်တိုင်းကို စိတ်ပျက်သွား စေနိုင်သည်။ လူအချို့က၊ “ဘုရားသခင်၏အမြင်တွင် ကျွန်ုပ်တို့သည် ဖြောင့်မတ်သည့်လူများနှင့် စုံလင်သည့် လူများ မဟုတ်သော်လည်း၊ ဘုရားသခင်က ကျွန်ုပ်တို့ကို တစ်စုံတစ်ခုပြုလုပ်ရန် ညွှန်ကြားပါက၊ ကျွန်ုပ်တို့သည် ထိုအရာကို လုပ်နိုင်စွမ်းရှိဦးမည် ဖြစ်သည်။ ယခင်က၊ ကပ်ဘေးတစ်ခု ကျရောက်တော့မည်ဟု ဘုရားသခင် ပြောခဲ့ချိန်တွင်၊ ကျွန်ုပ်တို့သည် ကပ်ဘေးထဲတွင် လိုအပ်မည့် အစားအစာများနှင့် ပစ္စည်းများကို စတင်ပြင်ဆင်ခဲ့ကြပါသည်။ ဤအရာအားလုံးသည် ဘုရားသခင်၏ တောင်းဆိုချက်များနှင့်အညီ လုပ်ဆောင်ခဲ့ကြသည် မဟုတ်ပါလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၏အမှုနှင့် အမှန်တကယ် ပူးပေါင်း လုပ်ဆောင်နေခဲ့ကြသည် မဟုတ်ပါလား။ ကျွန်ုပ်တို့ လုပ်ခဲ့သည့် ဤအရာများသည် နောဧ လုပ်ဆောင်ခဲ့သည့်အရာနှင့် ယှဉ်၍ မရနိုင်ပါသလား။ ကျွန်ုပ်တို့ လုပ်ခဲ့သည့်အရာကို လုပ်ဆောင်ခြင်းသည် စစ်မှန်သည့် နာခံမှု မဟုတ်ပါလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ညွှန်ကြားချက်များကို လိုက်နာ နေခဲ့ကြသည် မဟုတ်ပါလား။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ ကျွန်ုပ်တို့ ယုံကြည်ချက် ရှိကြသောကြောင့် ဘုရားသခင်ပြောသည့်အရာကို ကျွန်ုပ်တို့ လုပ်ခဲ့ကြသည် မဟုတ်ပါလား။ သို့ဆိုလျှင် ဘုရားသခင်သည် အဘယ်ကြောင့် ဝမ်းနည်း နေသေးသနည်း။ သူခေါ်စရာ မည်သူမျှမရှိဟု အဘယ်ကြောင့် ဘုရားသခင် ပြောသနည်း” ဟု ပြောကောင်းပြောကြပေမည်။ သင်တို့၏လုပ်ရပ်များနှင့် နောဧ၏လုပ်ရပ်ကြားတွင် ကွာခြားချက်တစ်ခုတစ်လေ ရှိသလော။ ကွာခြားချက်မှာ အဘယ်နည်း။ (ကပ်ဘေးအတွက် ယနေ့တွင် အစားအစာ ပြင်ဆင်ခြင်းသည် ကျွန်ုပ်တို့၏ ကိုယ်ပိုင် ရည်ရွယ်ချက် ဖြစ်ပါသည်။) (ကျွန်ုပ်တို့၏ လုပ်ရပ်များသည် “ဖြောင့်မတ်သောသူ” ဖြစ်ခြင်းနှင့် မညီမျှနိုင်ပါ၊ နောဧမှာမူ ဘုရားသခင်၏အမြင်တွင် ဖြောင့်မတ်သူ တစ်ဦး ဖြစ်ပါသည်။) သင်တို့ပြောသည့် အရာများသည် သိပ်အလှမ်းမကွာခြားလှပေ။ နောဧလုပ်ခဲ့သည့်အရာမှာ ယခု လူများလုပ်နေသည့်အရာနှင့် အခြေခံအားဖြင့် ကွဲပြားပေသည်။ ဘုရားသခင် ညွှန်ကြားခဲ့သကဲ့သို့ နောဧလုပ်ဆောင်ခဲ့ချိန်တွင်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များက မည်သည့်အရာဖြစ်သည်ကို သူ မသိခဲ့ပေ။ ဘုရားသခင်က မည်သည့်အရာ ပြီးမြောက်လိုခဲ့သည်ကို သူမသိခဲ့ပေ။ ဘုရားသခင်သည် သူ့ကို အမိန့်တစ်ခုသာပေးခဲ့ပြီး တစ်စုံတစ်ရာကို လုပ်ဆောင်ဖို့ ညွှန်ကြားခဲ့ကာ၊ ရှင်းပြချက် သိပ်မရှိဘဲ နောဧသည် ရှေ့ဆက်ပြီး လုပ်ဆောင်ခဲ့သည်။ သူသည် ဘုရားသခင်၏ရည်ရွယ်ချက်များကို နားလည်ဖို့ တိတ်တဆိတ် မကြိုးစားခဲ့သကဲ့သို့၊ ဘုရားသခင်ကို မခုခံခဲ့ပေ သို့မဟုတ် သစ္စာမရှိခြင်းကို မပြသခဲ့ပေ။ သူသည် ဖြူစင်ပြီး ရိုးရှင်းသည့် စိတ်နှလုံးနှင့် လျော်ညီစွာ သွားရောက်၊ လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်သည်။ ဘုရားသခင်က သူ့ကို မည်သည့်အရာ လုပ်ဆောင်စေခဲ့သည်ဖြစ်စေ၊ သူ လုပ်ဆောင်ခဲ့ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နာခံခြင်းနှင့် နားထောင်ခြင်းတို့သည် သူ လုပ်ဆောင်ခဲ့သည့် အရာ၌ သူ၏ ယုံကြည်မှုကို ကျောထောက် နောက်ခံပြု ခဲ့ပေသည်။ ယင်းမှာ ဘုရားသခင် ပေးအပ်သည့်အရာနှင့် ပတ်သက်၍ ရိုးရိုးတန်းတန်းနှင့် ရိုးရှင်းစွာ သူကိုင်တွယ်ခဲ့သည့်ပုံ ဖြစ်သည်။ သူ၏ အနှစ်သာရ- သူ၏အပြုအမူများ၏ အနှစ်သာရသည် နာခံခြင်းဖြစ်ပြီး၊ ဝေဖန်သုံးသပ်ခြင်း မဟုတ်၊ ခုခံခြင်း မဟုတ်သည့်အပြင်၊ မိမိ၏ ပုဂ္ဂိုလ်ရေး အကျိုးအမြတ်များ သို့မဟုတ် သူ၏ အမြတ်အစွန်းများ နှင့် ဆုံးရှုံးမှုများကို တွေးခြင်း မဟုတ်ပေ။ ထို့အပြင် ဘုရားသခင်သည် ကမ္ဘာလောကကို ရေလွှမ်းမိုးခြင်းဖြင့် ဖျက်ဆီးမည်ဟုပြောသည့်အချိန်တွင်၊ မည်သည့် အချိန်တွင် ဖြစ်မည် သို့မဟုတ် မည်သည့်အရာများ ဖြစ်လာမည် ဆိုသည်ကို နောဧ မမေးခဲ့သကဲ့သို့၊ ကမ္ဘာလောကကို ဘုရားသခင်က မည်သို့ ဖျက်ဆီးမည် ဆိုသည်ကို ဘုရားသခင်အား သူ သေချာပေါက် မမေးခဲ့ပေ။ ဘုရားသခင် ညွှန်ကြားခဲ့သည့်အတိုင်းသာ သူလုပ်ဆောင်ခဲ့သည်။ ဘုရားသခင်က ထိုအရာကို မည်သို့မည်ပုံ လုပ်စေလိုသည်ဖြစ်စေ၊ မည်သည့်အရာနှင့် လုပ်စေလိုသည်ဖြစ်စေ၊ ဘုရားသခင် စေခိုင်းခဲ့သည့် အတိုင်း အတိအကျ သူလုပ်ခဲ့ပြီး ချက်ချင်း စတင် လုပ်ဆောင်ခဲ့သည်။ ဘုရားသခင်ကို ကျေနပ်စေလိုသည့် သဘောထားတစ်ခုဖြင့် သူသည် ဘုရားသခင်၏ ညွှန်ကြားချက်များအတိုင်း ပြုမူခဲ့သည်။ ကပ်ဘေးမှ မိမိကိုယ်ကိုယ် ရှောင်လွှဲစေဖို့ ထိုအရာကို သူလုပ်ခဲ့ခြင်း ဖြစ်သလော။ မဟုတ်ပေ။ ကမ္ဘာကြီး ဖျက်ဆီးခြင်းမခံရမီတွင် မည်မျှကြာမည်ဆိုသည်ကို ဘုရားသခင်အား သူမေးခဲ့သလော။ မမေးခဲ့ပေ။ သင်္ဘောကို တည်ဆောက်ဖို့ အချိန်မည်မျှ ကြာမည်ဆိုသည်ကို ဘုရားသခင်အား သူမေးခဲ့သလော သို့မဟုတ် သူ သိခဲ့သလော။ ယင်းကိုလည်း သူမသိခဲ့ပေ။ သူသည် ရိုးရိုးရှင်းရှင်း နာခံခဲ့သည်၊ နားထောင်ခဲ့ပြီး လျော်ညီစွာ ဆောင်ရွက်ခဲ့ခြင်းသာဖြစ်သည်။ ယခု လူများမှာ မတူကြပေ- ဘုရားသခင်၏ နှုတ်ကပတ်တော်မှတစ်ဆင့် သတင်းအချက်အလက် အနည်းငယ် ပေါက်ကြားလျှင် ပေါက်ကြားချင်း၊ အနှောင့်အယှက် သို့မဟုတ် လေထဲက သစ်ရွက်လှုပ်ခတ်သံ သဲ့သဲမျှ ကြားရလျှင် ကြားရချင်း၊ ၎င်းတို့သည် ကပ်ဘေးအပြီးတွင် စားရမည့်အရာ၊ သောက်ရမည့်အရာနှင့် အသုံးပြုမည့်အရာကို ပြင်ဆင်ဖို့၊ ကပ်ဘေးကျရောက်လျှင် ထွက်ပြေးလွတ်မြောက်ရန် လမ်းများကိုပင် ပြင်ဆင်ရင်း၊ မည်သည့်အဖိုးအခပင် ဖြစ်ပါစေ၊ အဖိုးအခကို ဂရုမထားဘဲ ချက်ချင်း စတင်ဆောင်ရွက်ကြလေသည်။ သာ၍ စိတ်ဝင်စားစရာ ကောင်းသည်မှာ ဤအဓိကကျသည့် အခိုက်အတန့်တွင် လူ့ဦးနှောက်များသည် “အလုပ်တာဝန်ကို ပြီးစီးအောင် လုပ်ဆောင်ရာတွင်” အင်မတန် တော်ကြပေသည်။ ဘုရားသခင်က မည်သည့် ညွှန်ကြားချက်မျှ မပေးသည့်အခြေအနေအောက်တွင်၊ လူသားသည် အရာအားလုံးအတွက် အလွန်သင့်တော်စွာ စီစဉ်နိုင်လေသည်။ ထိုသို့သော အစီအစဉ်များကို ဖော်ပြရန် “စုံလင်သည်” ဟူသည့် စကားကို သင်တို့အသုံးပြုနိုင်သည်။ ဘုရားသခင်ပြောသည့်အရာ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များ မည်သည့်အရာဖြစ်သည် သို့မဟုတ် ဘုရားသခင် လိုချင်သည့်အရာ မည်သည့်အရာ ဖြစ်သည်ကိုမူ မည်သူမျှ ဂရုမစိုက်ကြသကဲ့သို့၊ မည်သူမျှ နားလည်ရန် မကြိုးစားကြပေ။ ယင်းသည် ယနေ့ခေတ် လူများနှင့် နောဧတို့ကြားက အကြီးမားဆုံးသော ကွာခြားချက် ဖြစ်သည် မဟုတ်သလော။

ဤနောဧ၏ အဖြစ်အပျက် မှတ်တမ်းတွင်၊ ဘုရားသခင်၏ စိတ်သဘောထား တစ်စိတ်တစ်ပိုင်းကို သင်တို့ မြင်ကြသလော။ လူသား၏ ဖောက်ပြန်ပျက်စီးခြင်း၊ ညစ်ညမ်းမှုနှင့် အဓမ္မမှုတို့အပေါ် ဘုရားသခင်၏ သည်းခံမှုသည် အကန့်အသတ်ရှိ၏။ ထိုအကန့်အသတ်ကို သူရောက်သွားသည့်အခါ၊ သူသည် ဆက်လက် သည်းခံတော့မည် မဟုတ်သကဲ့သို့၊ ယင်းအစား သူ၏စီမံခန့်ခွဲမှု အသစ်နှင့် အစီအစဉ် အသစ်တို့ကို အစပြုလိမ့်မည်၊ သူလုပ်ရမည့်အရာကို စတင် လုပ်ဆောင်လိမ့်မည်၊ သူ၏ လုပ်ဆောင်ချက်များ နှင့် သူ့စိတ်သဘောထား၏ အခြားတစ်ဖက်ကို ထုတ်ဖော်ပြလိမ့်မည်။ သူ၏ ဤလုပ်ရပ်သည် လူသား၏ ပုန်ကန်ပြစ်မှားမှုကို သူသည် မည်သည့်အခါတွင်မျှ ခံရမည်မဟုတ်သည်ကို ပြသဖို့၊ သို့မဟုတ် သူသည် ဩဇာအာဏာ၊ အမျက်ဒေါသတို့နှင့် ပြည့်သည်ကို ပြသရန်မဟုတ်သကဲ့သို့၊ သူသည် လူသားမျိုးနွယ်အား ဖျက်ဆီးပစ်နိုင်သည်ကို ပြသရန်လည်းမဟုတ်ပေ။ ယင်းမှာ သူ၏စိတ်သဘောထားနှင့် သူ၏သန့်ရှင်းသည့် အနှစ်သာရသည် ဤသို့သောလူသားမျိုးနွယ်ကို သူ၏ မျက်မှောက်တွင် ရှင်သန်ခွင့်ပေးရန်၊ သူ၏ အုပ်စိုးမှုအောက်တွင် ရှင်သန်ခွင့်ပေးရန် ခွင့်မပြုနိုင်တော့ခြင်း သို့မဟုတ် စိတ်ရှည်သည်းခံမှု မရှိတော့ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ လူသားမျိုးနွယ် အားလုံးသည် သူ့ကို ဆန့်ကျင်သည့်အခါ၊ တစ်ကမ္ဘာလုံးတွင် သူကယ်နိုင်သည့်သူ တစ်ဦးမျှ မရှိသည့်အခါတွင်၊ သူသည် ထိုသို့သော လူသားမျိုးနွယ်ကို ဆက်၍ သည်းခံတော့မည် မဟုတ်သကဲ့သို့၊ ဤလူသားမျိုးနွယ်မျိုးကို ဖျက်ဆီးရန် သူ၏အစီအစဉ်ကို မည်သည့်ဒွိဟမျှမရှိဘဲ ဆောင်ရွက်မည် ဖြစ်သည်။ ထိုသို့သော ဘုရားသခင်၏ လုပ်ရပ်ကို သူ့စိတ်သဘောထားဖြင့် ဆုံးဖြတ် ထားပေသည်။ ဤသည်မှာ မလွှဲမရှောင်သာသည့် အကျိုးဆက်ဖြစ်ပြီး ဘုရားသခင်၏အုပ်စိုးမှုအောက်တွင် ရှိသည့် ဖန်ဆင်းခံ သတ္တဝါအားလုံး ခံယူရမည့် အကျိုးဆက်ဖြစ်သည်။ ဤအရာက လက်ရှိခေတ် ကာလတွင်၊ ဘုရားသခင်သည် သူ၏အစီအစဉ်ကို ပြည့်စုံစေရန်နှင့် သူကယ်တင်လိုသည့် လူများကို ကယ်တင်ရန် စိတ်အားထက်သန်နေသည်ကို ပြသည် မဟုတ်လော။ ဤအခြေအနေများအောက်တွင် ဘုရားသခင်သည် မည်သည့်အရာကို ဂရုအစိုက်ဆုံး ဖြစ်သနည်း။ သူ့နောက်ကို လုံးဝမလိုက်သည့်သူများ၊ သို့မဟုတ် သူ့ကို ဆန့်ကျင်သူများက မည်သို့မည်ပုံ ဆက်ဆံပုံ သို့မဟုတ် ခုခံပုံကို မဟုတ်၊ သို့မဟုတ် လူသားမျိုးနွယ်က သူ့ကို မည်ကဲ့သို့ မကောင်း ပြောဆိုကြပုံကို မဟုတ်ပေ။ သူ၏စီမံခန့်ခွဲမှု အစီအစဉ်ထဲက သူ၏ကယ်တင်ခြင်းခံရသူများဖြစ်သည့် သူ့နောက်လိုက်သူများသည် သူ၏ စုံလင်စေခြင်း ခံရသည် မခံရသည်၊ သူ ကျေနပ်အားရထိုက်သူများ ဖြစ်လာ၏ မဖြစ်လာ၏ ဆိုသည်ကိုသာ သူဂရုစိုက်သည်။ သူ့နောက်ကိုလိုက်သူများမှလွဲ၍ အခြားလူများအတွက်မူ သူ၏အမျက်ဒေါသကိုဖော်ပြရန် ပြစ်ဒဏ်ပေးခြင်း အနည်းငယ်ကို ရံဖန်ရံခါမျှ သူပေးလေသည်။ ဥပမာအားဖြင့်- ဆူနာမီများ၊ ငလျင်လှုပ်ခြင်းများ၊ မီးတောင်ပေါက်ကွဲခြင်းများ ဖြစ်သည်။ တစ်ချိန်တည်းတွင် သူ့နောက်ကိုလိုက်ကာ သူ့အားဖြင့် ကယ်တင်ခြင်း ခံရဆဲဆဲရှိသည့် သူများကို သူသည် ခိုင်မာစွာ ကွယ်ကာပြီး စောင့်ရှောက်နေသည်။ ဘုရားသခင်၏ စိတ်သဘောထားမှာ ဤသို့ဖြစ်သည်- တစ်ဖက်တွင်၊ သူသည် စုံလင်စေရန် သူရည်ရွယ်ထားသည့် လူများအပေါ် အဆုံးစွန်သော စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းရှိနိုင်ပြီး၊ ၎င်းသူတို့ကို သူတတ်နိုင်သရွေ့ စောင့်ဆိုင်းနိုင်သည်။ အခြားတစ်ဖက်တွင်၊ သူ့နောက်ကိုမလိုက်ဘဲ သူ့ကိုဆန့်ကျင်သည့် စာတန်ပုံစံ လူများကို အလွန်အမင်း မုန်းတီးကာ စက်ဆုပ်လေသည်။ ဤစာတန်ပုံစံ လူများသည် သူ့နောက်ကိုလိုက်ခြင်း သို့မဟုတ် သူ့ကို ကိုးကွယ်ခြင်းများ ရှိ မရှိဆိုသည်ကို သူ ဂရုမစိုက်သော်လည်း၊ သူ၏ စိတ်နှလုံးထဲတွင် ၎င်းတို့အတွက် သည်းခံစိတ်ရှိစဉ်တွင်၊ ၎င်းတို့ကို သူ စက်ဆုပ်ရွံရှာဆဲဖြစ်ပြီး ဤစာတန်ပုံစံ လူများ၏ အဆုံးသတ်ကို သူ ချမှတ်သည်နှင့်အမျှ၊ သူ၏ စီမံခန့်ခွဲမှု အစီအစဉ်၏ အဆင့်များ ရောက်ရှိလာခြင်းကိုလည်း သူ စောင့်ဆိုင်းနေပေသည်။

နောက်ကျမ်းပိုဒ်ကို ကြည့်ကြစို့။

၂။ ရေလွှမ်းမိုးခြင်းပြီးနောက် နောဧကိုပေးသော ဘုရားသခင်၏ကောင်းချီးမင်္ဂလာ

ကမ္ဘာဦးကျမ်း ၉:၁-၆ ဘုရားသခင်သည်လည်း၊ နောဧနှင့် သူ၏သား တို့ကိုကောင်းကြီးပေးတော်မူ၍၊ သင်တို့သည် များပြားစွာ မွေးဖွားလျက် မြေကြီးပြည့်စေကြလော့။ မြေတိရစ္ဆာန်၊ မိုဃ်းကောင်းကင်ငှက်အစရှိသော၊ မြေပေါ်မှာ လှုပ်ရှားတတ်သမျှနှင့်၊ ပင်လယ်ငါးအပေါင်းတို့သည်၊ သင်တို့ရှေ့မှာကြောက်ရွံ့ တုန်လှုပ်ခြင်းသဘောရှိကြလိမ့်မည်။ ထိုတိရစ္ဆာန်တို့ကို သင်တို့ လက်၌ငါ အပ်၏။ အသက်ရှင်၍ လှုပ်ရှားတတ်သမျှသည်၊ အသီးအရွက်ကဲ့သို့၊ သင်တို့စားစရာဘို့ ဖြစ်ရမည်။ ခပ်သိမ်း သောအရာတို့ကို သင်တို့၌ ငါအပ်ပေး၏။ သို့သော်လည်း အသက်တည်းဟူသော အသွေးနှင့်တကွ အသားကို မစားရ။ သင်တို့၏ အသက်တည်းဟူသော သင်တို့၏ အသွေးကိုသွန်းသောသူ မည်သူမဆိုသည် သားရဲတိရစ္ဆာန်ဖြစ်စေ၊ လူဖြစ်စေ၊ ခပ်သိမ်းသော လူတို့၏ ညီအစ်ကိုများဖြစ်စေ ၎င်းတို့၏ အသက်ကို ငါတောင်းမည်။ အကြင်သူသည် လူ၏အသွေးကို သွန်း၏။ ထိုသူ၏အသွေးကို လူလက်ဖြင့် သွန်းရမည်။ အကြောင်းမူကား ဘုရားသခင်သည် မိမိပုံသဏ္ဍာန်နှင့်အညီ လူကို ဖန်ဆင်းတော်မူ၏။

ဤကျမ်းပိုဒ်မှ မည်သည့်အရာကို သင်တို့ တွေ့မြင်သနည်း။ ဤကျမ်းပိုဒ်ကို အဘယ်ကြောင့် ငါရွေးခဲ့သနည်း။ သင်္ဘောပေါ်က နောဧနှင့်သူ့မိသားစု၏ ဘဝအကြောင်း ကောက်နုတ်ချက်တစ်ခုကို အဘယ်ကြောင့် ငါမရွေးချယ်ခဲ့သနည်း။ အဘယ်ကြောင့် ဆိုသော်၊ ထိုအချက်အလက်သည် ယနေ့ ငါတို့ ပြောဆိုနေသည့် အကြောင်းအရာနှင့် များစွာဆက်စပ်မှု မရှိသောကြောင့် ဖြစ်သည်။ ငါတို့အာရုံစိုက်နေသည်မှာ ဘုရားသခင်၏ စိတ်သဘောထား ဖြစ်သည်။ ထိုအသေးစိတ် အချက်အလက်များကို သင်တို့ သိချင်သည် ဆိုပါက၊ သင်တို့ကိုယ်တိုင် ဖတ်ရှုဖို့ သမ္မာကျမ်းစာကို ရွေးချယ်နိုင်သည်။ ယင်းနှင့် ပတ်သက်၍ ဤနေရာတွင် ငါတို့ ပြောမည်မဟုတ်။ ယနေ့ ငါတို့ပြောဆိုဆွေးနွေးနေသည့် အဓိကအရာမှာ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို မည်သို့ သိရှိရမည် ဆိုသည့်အကြောင်း ဖြစ်သည်။

နောဧသည် ဘုရားသခင်၏ညွန်ကြားချက်များကို လက်ခံပြီး သင်္ဘောကိုတည်ဆောက်ကာ ကမ္ဘာကြီးကို ဖျက်ဆီးဖို့ ရေလွှမ်းမိုးခြင်းကို ဘုရားသခင် အသုံးပြုသည့်နေ့ရက်များကို ဖြတ်သန်းခဲ့ပြီးနောက်၊ သူ၏မိသားစုဝင် ရှစ်ဦးလုံး အသက်ရှင်ကျန်ရစ်ခဲ့သည်။ နောဧ၏ မိသားစု ရှစ်ဦးမှလွဲ၍ လူသားမျိုးနွယ်အားလုံး ဖျက်ဆီးခြင်းခံခဲ့ရပြီး ကမ္ဘာပေါ်ရှိ သက်ရှိသတ္တဝါအားလုံး ဖျက်ဆီးခံခဲ့ရသည်။ နောဧကိုမူ ဘုရားသခင်သည် ကောင်းချီးမင်္ဂလာများပေးခဲ့ပြီး သူနှင့်သူ၏သားများကို အချို့အရာများ ပြောဆိုခဲ့သည်။ ဤအရာများမှာ ဘုရားသခင်က သူ့ကို ပေးသနားခဲ့သည့် အရာများဖြစ်ပြီး သူ့အပေါ် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာလည်း ဖြစ်သည်။ ဤသည်မှာ သူ့ကို နားထောင်နိုင်ပြီး သူ၏ညွှန်ကြားချက်များကို လက်ခံနိုင်သူကို ဘုရားသခင်ပေးသည့် ကောင်းချီးမင်္ဂလာနှင့် ကတိတို့ဖြစ်ကာ ဘုရားသခင်က လူတို့ကို ဆုချီးမြှင့်သည့် နည်းလမ်းလည်း ဖြစ်သည်။ ဆိုလိုသည်မှာ၊ နောဧသည် ဘုရားသခင်အမြင်တွင် စုံလင်သောသူဖြစ်ခဲ့သည်ဖြစ်စေ သို့မဟုတ် ဖြောင့်မတ်သည့်လူ ဖြစ်ခဲ့သည်ဖြစ်စေ ပဓာနမထားဘဲ၊ ပြီးလျှင် ဘုရားသခင်အကြောင်းကို သူမည်မျှ သိသည်ဆိုသည်ကို ပဓာနမထားဘဲ၊ တိုတိုပြောရလျှင်၊ နောဧနှင့် သူ့သားသုံးယောက်လုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ခဲ့သည်၊ ဘုရားသခင်၏ အမှုနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး၊ ဘုရားသခင်၏ ညွှန်ကြားချက်များနှင့်အညီ သူတို့ လုပ်သင့်သည့်အရာကို လုပ်ဆောင်ခဲ့ကြသည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် နောက်တစ်ဆင့်အတွက် ကြီးမားသည့်အထောက်အပံ့ ဖြစ်စေရင်း၊ ရေလွှမ်းမိုးခြင်းအားဖြင့် ကမ္ဘာကို ဖျက်ဆီး ခဲ့ပြီးနောက်ပိုင်းတွင် လူသားများနှင့် သက်ရှိသတ္တဝါ အမျိုးမျိုးကို ဘုရားသခင်အတွက် ထိန်းသိမ်းခဲ့ကြသည်။ နောဧ လုပ်ဆောင်ခဲ့သည့် အရာရာတိုင်းကြောင့်၊ ဘုရားသခင်သည် သူ့ကို ကောင်းချီးပေးခဲ့သည်။ ယနေ့ခေတ်လူများအတွက်မူ နောဧလုပ်ခဲ့သည့် အရာသည် ထုတ်ဖော်ပြောဆိုရန်ပင် ထိုက်တန်ခြင်းမရှိ ဖြစ်ကောင်း ဖြစ်နိုင်သည်။ အချို့က- “နောဧသည် မည်သည့်အရာမျှ မလုပ်ခဲ့ပေ။ သူ့ကို ချမ်းသာပေးဖို့ ဘုရားသခင်က စိတ်ပိုင်းဖြတ်ခဲ့ပြီးဖြစ်သည်၊ ထို့ကြောင့် သူသည် တကယ်ကို ကယ်တင်ခြင်းခံခဲ့ရမည် ဖြစ်သည်။ သူ၏ အသက်ရှင်ကျန်ရစ်ခြင်းသည် သူ ကိုယ်တိုင်၏ ထူးချွန်မှုများကြောင့် မဟုတ်ခဲ့ပေ။ လူသည် မလှုပ်မယှက်ဖြစ်သောကြောင့် ဤသည်မှာ ဘုရားသခင်က ဖြစ်စေချင်ခဲ့သည့်အရာဖြစ်သည်ဟူ၍ တွေးပင် တွေးပေလိမ့်မည်။” သို့ရာတွင် ဤသည်မှာ ဘုရားသခင် စဉ်းစားနေခဲ့သည့်အရာ မဟုတ်ပေ။ ဘုရားသခင်အဖို့၊ လူတစ်ယောက် ကြီးမြတ်သည်ဖြစ်စေ သို့မဟုတ် အရေးမပါသည်ဖြစ်စေ၊ ၎င်းတို့အနေဖြင့် သူ့ကို နားထောင်နိုင်သရွေ့၊ သူ၏ညွှန်ကြားချက်များနှင့် သူ ပေးအပ်သည့်အရာကို နာခံနိုင်သရွေ့၊ ပြီးလျှင် သူ၏အလိုနှင့် သူ၏အစီအစဉ်တို့ ချောမွေ့စွာ ပြီးမြောက်နိုင်ရန်အလို့ငှာ သူ၏အမှု၊ သူ၏အလိုနှင့် သူ၏ အစီအစဉ်တို့နှင့် ပူးပေါင်းဆောင်ရွက်နိုင်သရွေ့၊ ထိုလုပ်ရပ်သည် သူ၏ အမှတ်ရခြင်းနှင့် ကောင်းချီးမင်္ဂလာကို ရရှိဖို့ ထိုက်တန်ပေသည်။ ဘုရားသခင်သည် ထိုသို့သောလူများကို တန်ဖိုးထားပြီး ၎င်းတို့၏ လုပ်ဆောင်ချက်များ၊ ၎င်းတို့၏ ချစ်ခြင်းနှင့် သူ့အတွက် ချစ်ခင်မှုများကို နှစ်သက်မြတ်နိုးသည်။ ဤသည်မှာ ဘုရားသခင်၏ သဘောထား ဖြစ်သည်။ သို့ဆိုလျှင် ဘုရားသခင်သည် နောဧကို အဘယ်ကြောင့် ကောင်းချီးပေးခဲ့သနည်း။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ လူသား၏ ထိုသို့သော လုပ်ရပ်များနှင့် နာခံခြင်းကို ဘုရားသခင် ဆက်ဆံသည့် ပုံစံ ဖြစ်သောကြောင့် ဖြစ်သည်။

နောဧနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာနှင့် စပ်လျဉ်း၍၊ လူအချို့က- “လူသည် ဘုရားသခင်ကို နားထောင်ပြီး ဘုရားသခင်ကို စိတ်ကျေနပ်စေပါက၊ ဘုရားသခင်သည် လူသားကို ကောင်းချီးပေးသင့်ပါသည်။ ဤအချက်က သိသာထင်ရှားပေသည် မဟုတ်လော” ဟု ပြောကြလိမ့်မည်။ ငါတို့ ထိုကဲ့သို့ ပြောနိုင်သလော။ “မပြောနိုင်ပါ” ဟု လူအချို့က ပြောသည်။ အဘယ်ကြောင့် ထိုကဲ့သို့ ငါတို့ မပြောနိုင်ရသနည်း။ လူအချို့က “လူသားသည် ဘုရားသခင်၏ကောင်းချီးမင်္ဂလာကို မွေ့လျော်ခြင်းငှာ မထိုက်တန်ပါ” ဟု ပြောကြသည်။ ယင်းသည် လုံးဝဥဿုံ မမှန်ပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်က ၎င်းတို့ကို ပေးအပ်သည့်အရာကို လူတစ်ဦးက လက်ခံလိုက်သည့်အခါ၊ ၎င်းတို့၏ လုပ်ရပ်များက ကောင်းသည် ဆိုးသည်၊ ပြီးလျှင် ထိုလူက နာခံသည် မနာခံသည်၊ ထိုလူက ဘုရားသခင်၏အလိုကို ဖြည့်ဆည်းပေးသည် မဖြည့်ဆည်းပေးသည်ဆိုသည်နှင့် ၎င်းတို့ လုပ်ဆောင်သည့် အရာသည် စံနှုန်းမီသည် မမီသည်ဆိုသည်တို့ကို အကဲဖြတ်ခြင်းအတွက် ဘုရားသခင်ထံတွင် စံနှုန်းတစ်ခုရှိပေသည်။ ဘုရားသခင် ဂရုစိုက်သည့်အရာမှာ လူ၏စိတ်နှလုံး ဖြစ်သည်၊ အပေါ်ယံက ၎င်းတို့၏ လုပ်ရပ်များမဟုတ်ပေ။ ၎င်းတို့ မည်သို့လုပ်ဆောင်သည်ကို ပဓာနမထားဘဲ၊ တစ်စုံတစ်ရာကို ၎င်းတို့လုပ်ဆောင်သရွေ့၊ ဘုရားသခင်က တစ်စုံတစ်ဦးကို ကောင်းချီး ပေးသင့်သည် ဆိုသည်မှာ မမှန်ပေ။ ဤသည်မှာ ဘုရားသခင်နှင့် ပတ်သက်၍ လူတို့ရှိကြသည့် နားလည်မှုလွဲခြင်းတစ်ခု ဖြစ်သည်။ ဘုရားသခင်သည် အမှုအရာများ၏ အဆုံးသတ် ရလဒ်ကိုသာ ကြည့်သည်မဟုတ်ဘဲ၊ အမှုအရာများ တိုးတက်မှု ဖြစ်စဉ်အတွင်း၌ လူတစ်ဦး၏စိတ်နှလုံးက မည်သို့ရှိပြီး လူတစ်ဦး၏သဘောထားက မည်သို့ရှိသည် ဆိုသည်တို့အပေါ် သာ၍အလေးပေးကာ၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် နာခံမှု၊ အရေးထားမှုနှင့် ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ ဆန္ဒတို့ ရှိမရှိ ဆိုသည်ကိုလည်း ကြည့်ရှုလေသည်။ ထိုအချိန်အခါက နောဧသည် ဘုရားသခင်အကြောင်းကို မည်မျှ သိခဲ့သနည်း။ ယင်းသည် ယခု သင်တို့သိသည့် အယူဝါဒများလောက် များခဲ့သလော။ ဘုရားသခင်၏ အယူအဆများနှင့် အသိပညာကဲ့သို့သော သမ္မာတရား၏ ရှုထောင့်များအရ၊ သူသည် သင်တို့ကဲ့သို့ ရေလောင်းပေးမှုနှင့် ထိန်းကျောင်းပေးမှုများကို ရရှိခဲ့သလော။ မရခဲ့ပေ။ သို့ရာတွင် ငြင်း၍မရသည့် အချက်တစ်ချက်ရှိသည်။ ယနေ့ခေတ်လူတို့၏ အသိ၊ စိတ်များနှင့် နှလုံးသား၏ နက်ရှိုင်းသော နေရာများတွင်ပင်၊ ဘုရားသခင်အပေါ် ၎င်းတို့၏ အယူအဆများနှင့် သဘောထားသည် ဝေဝါးပြီး မရေမရာ ဖြစ်လေသည်။ လူအချို့သည် ဘုရားသခင်၏ တည်ရှိမှုအပေါ်တွင် အပျက်သဘောဆောင်သည့် သဘောထားတစ်ခု ကိုင်စွဲထားသည်ဟုပင် ပြောနိုင်သည်။ သို့ရာတွင် နောဧ၏ နှလုံးသားနှင့် သူ၏အသိထဲတွင်၊ ဘုရားသခင်၏ တည်ရှိမှုသည် အကြွင်းမဲ့ဖြစ်ပြီး ယုံမှားဖွယ်ရာ နည်းနည်းမျှ မရှိခဲ့ပေ၊ ထို့ကြောင့် ဘုရားသခင်အပေါ် သူ၏နာခံမှုသည် အစစ်အမှန်ဖြစ်ပြီး စမ်းသပ်မှုကို ခံနိုင်ခဲ့ပေသည်။ သူ၏ စိတ်နှလုံးသည် ဘုရားသခင်အပေါ် ဖြူစင်ပြီး ပွင့်လင်းသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်တိုင်းကို လိုက်လျှောက်ဖို့ မိမိကိုယ်ကိုယ် သိမ်းသွင်းဖို့ရန် အယူဝါဒများနှင့်ဆိုင်သည့် အသိပညာများစွာကို သူမလိုအပ်ခဲ့သကဲ့သို့၊ ဘုရားသခင်က သူ့ကို ပေးအပ်သည့်အရာကို လက်ခံနိုင်ဖို့နှင့် ဘုရားသခင် လုပ်စေသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်စွမ်း ရှိဖို့ရန် ဘုရားသခင်၏ တည်ရှိမှုကို သက်သေပြဖို့ အချက်အလက်များစွာကိုလည်း သူမလိုအပ်ခဲ့ပေ။ ဤသည်မှာ နောဧနှင့် ယနေ့ခေတ်လူများကြား ပဓာနကျသည့် ခြားနားချက်ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏အမြင်၌ စုံလင်သည့်လူဆိုသည်မှာ တိတိကျကျ မည်သည့်အရာ ဖြစ်သည်ဆိုသည့် စစ်မှန်သော အဓိပ္ပာယ် ဖွင့်ဆိုချက်လည်း ဖြစ်ပေသည်။ ဘုရားသခင် လိုချင်သည်မှာ နောဧကဲ့သို့သော လူများဖြစ်သည်။ သူသည် ဘုရားသခင် ချီးမွမ်းသည့် လူစားမျိုးဖြစ်ပြီး ဘုရားသခင် ကောင်းချီးပေးသည့်လူစားမျိုးလည်း အတိအကျ ဖြစ်သည်။ ဤအရာမှ ဉာဏ်အလင်းပေးမှု တစ်ခုတစ်လေကို သင်တို့ရကြပြီလော။ လူတို့က လူတို့ကို အပြင်ပန်းမှ ကြည့်ကြသော်လည်း၊ ဘုရားသခင်ကြည့်သည့် အရာမှာ လူတို့၏နှလုံးသားနှင့် ၎င်းတို့၏ အနှစ်သာရ ဖြစ်သည်။ ဘုရားသခင်သည် သူ့အပေါ် မည်သည့် စိတ်မပါ့တပါဖြစ်ခြင်းမျှ သို့မဟုတ် မည်သည့်သံသယမျှရှိဖို့ မည်သူကိုမျှ ခွင့်မပြုသကဲ့သို့၊ သူ့ကို လူများက တစ်နည်းနည်းဖြင့် သံသယရှိဖို့ သို့မဟုတ် စမ်းသပ်ဖို့ ခွင့်မပြုပေ။ ထို့ကြောင့် ယနေ့ခေတ်လူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် မျက်နှာချင်းဆိုင် နေရသော်လည်း- ဘုရားသခင်နှင့် မျက်နှာချင်းဆိုင်ရသည်ဟုပင် ပြောနိုင်သည်- သူတို့ စိတ်နှလုံးအတွင်း နက်ရှိုင်းနေရာများထဲက တစ်စုံတစ်ခုကြောင့်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသည့် အနှစ်သာရ၏ တည်ရှိခြင်းနှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ ရန်လိုသည့် သဘောထားတို့ကြောင့်၊ လူတို့သည် ဘုရားသခင်၌ အမှန်တကယ် ယုံကြည်မှု ရှိခြင်းမှ ပိတ်ပင်ခံထားရပြီးဖြစ်ကာ၊ သူ့ကို နာခံခြင်းမှ ထားဆီးခံရပြီးဖြစ်သည်။ ဤအရာကြောင့် ၎င်းတို့အတွက် နောဧအပေါ် ဘုရားသခင် အပ်နှင်းခဲ့သည့် အလားတူ ကောင်းချီးမင်္ဂလာကို ရရှိဖို့ အလွန်ခက်ခဲပေသည်။

ဆက်လက်၍ လူသားနှင့် သူ၏ပဋိညာဉ် သင်္ကေတအဖြစ် ဘုရားသခင်က သက်တံကို မည်သို့အသုံးပြုခဲ့သည်နှင့် ပတ်သက်သည့် ကျမ်းစာ၏ ဤအပိုင်းကို တစ်ချက် ကြည့်ကြစို့။

၃။ လူသားနှင့် သူ၏ပဋိညာဉ် သင်္ကေတတစ်ခုအဖြစ် ဘုရားသခင်သည် သက်တံကို အသုံးပြုသည်

ကမ္ဘာဦးကျမ်း ၉:၁၁-၁၃ သင်တို့နှင့် ငါပြုသော ပဋိညာဉ်ဟူမူကား၊ ရေလွှမ်းမိုးခြင်းအားဖြင့်၊ ခပ်သိမ်းသော သတ္တဝါတို့သည် နောက်တဖန် မဆုံးရကြ။ မြေကြီးကို ဖျက်ဆီးဘို့ရာ နောက်တဖန် ရေလွှမ်းမိုးခြင်း မရှိရ။ ထိုမှတပါး ငါတဘက်၊ သင်တို့နှင့် သင်တို့ထံမှာ အသက်ရှင်သမျှသော တိရစ္ဆာန်တို့ တဘက်၌ သားမြေး အစဉ်အဆက်မပြတ်၊ ငါပြုသော ပဋိညာဉ်၏ လက္ခဏာ သက်သေဟူမူကား၊ ငါ၏ သက်တံကို မိုဃ်းတိမ်၌ ငါထား၏။ ထိုသက်တံသည် မြေကြီးနှင့် ငါပြုသော ပဋိညာဉ်၏ သက်သေဖြစ်လိမ့်မည်။

လူအများစုက သက်တံသည် မည်သည့်အရာဖြစ်သည်ကို သိရှိကြပြီး၊ သက်တံများနှင့် ဆက်နွှယ်သည့် ဖြစ်ရပ်အချို့ကို ကြားဖူးကြပေသည်။ သမ္မာကျမ်းစာထဲက သက်တံနှင့်ပတ်သက်သည့် အဖြစ်အပျက်အတွက်မူ၊ လူအချို့က ထိုအရာကို ယုံကြည်ပြီး၊ အချို့က ယုံတမ်းစကားအဖြစ် သဘောထားကြသော်လည်း၊ အခြားသူတို့က လုံးဝမယုံကြည်ကြပေ။ မည်သို့ပင်ဖြစ်စေ သက်တံနှင့်ဆက်နွှယ်၍ ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်အားလုံးသည် ဘုရားသခင်၏ အမှုဖြစ်ခဲ့ပြီး လူသားနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ စီမံခန့်ခွဲမှု ဖြစ်စဉ်တွင် ဖြစ်ပျက်ခဲ့ပေသည်။ ဤအဖြစ်အပျက်များကို သမ္မာကျမ်းစာထဲတွင် တိတိကျကျ မှတ်တမ်းတင် ထားခဲ့သည်။ ဤမှတ်တမ်းများက ဘုရားသခင်သည် ထိုအချိန်အခါက မည်သို့စိတ်နေစိတ်ထားရှိခဲ့သည် သို့မဟုတ် ဘုရားသခင်ပြောခဲ့သည့် ဤနှုတ်ကပတ်တော်များ၏ နောက်ကွယ်က ရည်ရွယ်ချက်တို့ကို ငါတို့အား မပြောပြပေ။ ထို့အပြင် ဘုရားသခင်က ထိုအရာများကို ပြောခဲ့ချိန်တွင် မည်သည့်အရာ ခံစားနေခဲ့ရသည်ကိုလည်း မည်သူမျှ နားမလည်နိုင်ပေ။ သို့ရာတွင် ဤအဖြစ်အပျက် တစ်ခုလုံးနှင့် စပ်လျဉ်း၍ ဘုရားသခင်၏ စိတ်အခြေအနေကို စာကြောင်းများကြားတွင် ထုတ်ဖော်ပြထားသည်။ ယင်းမှာ ထိုအချိန်အခါက သူ၏အတွေးများသည် ဘုရားနှုတ်ကပတ်တော်၏ စာလုံးအသီးသီးနှင့် စာစုအသီးသီးမှတစ်ဆင့် ကျွန်ုပ်တို့၏ အာရုံစိုက်မှုကို ချက်ချင်း ဆွဲယူသွားသည့်အလား ဖြစ်သည်။

ဘုရားသခင်၏ အတွေးများသည် လူတို့ အလေးထားသင့်သည့်အရာဖြစ်ပြီး၊ ၎င်းတို့ သိရှိဖို့ အကြိုးစားသင့်ဆုံးသော အရာဖြစ်သည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်၏ အတွေးများသည် ဘုရားသခင်နှင့်သက်ဆိုင်သည့် လူသား၏ သိနားလည်မှုနှင့် ခွဲခြားမရနိုင်အောင် ဆက်နွှယ်နေပြီး ဘုရားသခင်နှင့်သက်ဆိုင်သည့် လူသား၏ သိနားလည်မှုသည် လူသား၏ အသက်အတွင်း ဝင်ရောက်ခြင်းအဖို့ မရှိမဖြစ်သည့် ကွင်းဆက်တစ်ခု ဖြစ်သောကြောင့် ဖြစ်သည်။ သို့ဆိုလျှင် ဤအဖြစ်အပျက်များ ဖြစ်ပျက်ခဲ့သည့် ထိုအချိန်တွင် ဘုရားသခင်သည် မည်သည့်အရာကို စဉ်းစားနေခဲ့သနည်း။

မူလက၊ ဘုရားသခင်သည် သူ့အမြင်၌ အလွန် ကောင်းမွန်ပြီး သူ့နှင့်နီးစပ်သည့် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သော်လည်း၊ သူ့ကို ပုန်ကန်ကြပြီးနောက်တွင် ရေလွှမ်းမိုးခြင်းအားဖြင့် ၎င်းတို့ ဖျက်ဆီးခံခဲ့ရသည်။ ထိုသို့သော လူသားမျိုးနွယ်သည် ထိုကဲ့သို့ ချက်ချင်းသာ ပျောက်ကွယ်သွားသည်မှာ ဘုရားသခင်ကို နာကျင်စေခဲ့သလော။ နာကျင်စေသည်မှာ အမှန်ပင်ဖြစ်၏။ ဤသို့ဆိုလျှင် ဤနာကျင်မှုနှင့် သက်ဆိုင်သည့် သူ၏ ဖော်ပြချက်မှာ အဘယ်နည်း။ ယင်းကို သမ္မာကျမ်းစာထဲ၌ မည်သို့ မှတ်တမ်းတင်ထားသနည်း။ သမ္မာကျမ်းစာ၌ ဤနှုတ်ကပတ်တော်များဖြင့် မှတ်တမ်းတင်ထားသည်- “သင်တို့နှင့် ငါပြုသော ပဋိညာဉ်ဟူမူကား၊ ရေလွှမ်းမိုးခြင်းအားဖြင့်၊ ခပ်သိမ်းသော သတ္တဝါတို့သည် နောက်တဖန် မဆုံးရကြ။ မြေကြီးကို ဖျက်ဆီးဘို့ရာ နောက်တဖန် ရေလွှမ်းမိုးခြင်း မရှိရ။” ဤရိုးရှင်းသည့် စာကြောင်းသည် ဘုရားသခင်၏ အတွေးများကို ထုတ်ဖော်ပြပေသည်။ ဤကမ္ဘာလောကကို ဖျက်ဆီးခြင်းသည် သူ့ကို အလွန်တရာ နာကျင် စေခဲ့သည်။ လူသား၏စကားများဖြင့်၊ သူသည် အလွန် ဝမ်းနည်းခဲ့၏။ ငါတို့ စိတ်ကူးကြည့်၍ရသည်- တစ်ချိန်က သက်ရှိများနှင့်ပြည့်ခဲ့သည့် ကမ္ဘာသည် ရေလွှမ်းမိုးခြင်းဖြင့် ဖျက်ဆီးခံရခြင်း ပြီးနောက် မည်သို့ဖြစ်ခဲ့သနည်း။ တစ်ချိန်က လူသားများနှင့် ပြည့်ခဲ့သည့် ကမ္ဘာသည် ထိုအချိန်တွင် မည်သည့်အရာနှင့် တူခဲ့သနည်း။ လူသား နေထိုင်မှုမရှိ၊ သက်ရှိသတ္တဝါများမရှိ၊ ရေက နေရာတိုင်းတွင်ရှိပြီး၊ ရေမျက်နှာပြင်ပေါ်တွင် လုံးလုံး ကြီးစွာသော အပျက်အစီးရှိနေသည်။ ထိုသို့သော မြင်ကွင်းတစ်ခုသည် ကမ္ဘာလောကကို သူဖန်ဆင်းခဲ့ချိန်က ဘုရားသခင်၏ မူလ ရည်ရွယ်ချက်ဖြစ်ခဲ့ပါသလော။ မဟုတ်ပါပေ။ ဘုရားသခင်၏မူလရည်ရွယ်ချက်မှာ ကုန်းမြေ တစ်လျှောက် သက်ရှိများကို မြင်ရဖို့၊ သူဖန်ဆင်းခဲ့သည့် လူသားများက သူ့ကို ကိုးကွယ်ကြခြင်းကို မြင်ရဖို့ဖြစ်သည်၊ နောဧသာ သူ့ကို ကိုးကွယ်နေသည့် တစ်ဦးတည်းသောသူဖြစ်ရန် သို့မဟုတ် သူ့ကို ပေးအပ်သည့်အရာကို ပြည့်စုံစေဖို့ သူ၏ ခေါ်ခြင်းကို အဖြေပေးနိုင်ခဲ့သည့် တစ်ဦးတည်းသောသူဖြစ်ရန်သာ မဟုတ်ပေ။ လူသားမျိုးနွယ် ပျောက်ကွယ်သွားခဲ့ချိန်တွင်၊ ဘုရားသခင်သည် မူလက သူရည်ရွယ်ထားခဲ့သည့် အရာကို မမြင်ခဲ့ဘဲ လုံးဝ ဆန့်ကျင်ဖက်ကို မြင်ခဲ့ရသည်။ သူ့နှလုံးသားသည် မည်သို့မနာကျင်ဘဲ နေနိုင်မည်နည်း။ ထို့ကြောင့် သူ၏စိတ်သဘောထားကို ထုတ်ဖော် ပြနေခဲ့ပြီး သူ၏စိတ်ခံစားချက်များကို ဖွင့်ပြသည့် အချိန်တွင်၊ ဘုရားသခင်သည် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့သည်။ မည်သည့်ဆုံးဖြတ်ချက်မျိုးကို သူ ချမှတ်ခဲ့သနည်း။ လူနှင့် ပဋိညာဉ်တစ်ခု၊ ရေလွှမ်းမိုးခြင်းနှင့် လူသားကို တစ်ဖန် ဘုရားသခင် ဖျက်ဆီးတော့မည်မဟုတ်သည့် ကတိတစ်ခုအဖြစ် မိုးတိမ်ထဲတွင် သက်တံတစ်ခုပြုလုပ်ရန် (ယင်းမှာ၊ ငါတို့မြင်ရသည့် သက်တံ) ဖြစ်သည်။ တစ်ချိန်တည်းတွင် ယင်းမှာ ထိုသို့သောအရာကို ဘုရားသခင်က အဘယ်ကြောင့် ပြုခဲ့သည်ကို လူသားမျိုးနွယ်က ထာဝရ အောက်မေ့ဖို့အလို့ငှာ ဘုရားသခင်သည် ကမ္ဘာလောကကို ရေလွှမ်းမိုးခြင်းနှင့် ဖျက်ဆီးခဲ့ပြီး ဖြစ်သည်ကို လူတို့အား ပြောပြရန်လည်း ဖြစ်ခဲ့သည်။

ထိုအချိန်က ကမ္ဘာလောကကို ဖျက်ဆီးခြင်းသည် ဘုရားသခင် လိုချင်ခဲ့သည့် အရာဖြစ်ခဲ့သလော။ ဘုရားသခင် လိုလားသည့်အရာ လုံးဝ မဟုတ်ခဲ့ပေ။ ကမ္ဘာလောက၏ ပျက်စီးခြင်းနောက်တွင် ကမ္ဘာမြေ၏ သနားချင့်စဖွယ် မြင်ကွင်း၏ အစိတ်အပိုင်း အနည်းငယ်ကို ငါတို့ စိတ်ကူးကြည့်၍ရနိုင်သည်၊ သို့ရာတွင် ထိုအချိန်အခါက ဘုရားသခင်၏အမြင်တွင် မြင်ကွင်းက မည်သည့်အရာနှင့်တူခဲ့မည်ကို ငါတို့ နီးစပ်အောင် စိတ်ကူးကြည့်၍မရနိုင်ပေ။ ထိုအချိန်က လူတို့ဖြစ်စေ ယခုခေတ် လူတို့ဖြစ်စေ၊ ရေလွှမ်းမိုးခြင်းအားဖြင့် ဖျက်ဆီးခံရပြီးနောက် ကမ္ဘာလောက၏ပုံရိပ်ဖြစ်သည့် ထိုမြင်ကွင်းကို ဘုရားသခင်မြင်သည့်အခါ သူမည်သည့်အရာ ခံစားနေခဲ့ရသည်ကို မည်သူမျှ စိတ်ကူးမကြည့်နိုင် သို့မဟုတ် နားမလည်နိုင်ပါဟု ငါတို့ဆိုနိုင်သည်။ လူသား၏မနာခံမှုအားဖြင့် ဘုရားသခင်သည် ဤအရာကို မဖြစ်မနေ လုပ်ဆောင်ခဲ့ရသော်လည်း၊ ရေလွှမ်းမိုးခြင်းအားဖြင့် ဤကမ္ဘာလောက ပျက်စီးခြင်းမှ ဘုရားသခင်၏ စိတ်နှလုံးက ခံစားရသည့် နာကျင်မှုသည် မည်သူမျှ ဉာဏ်မမီနိုင်သည့် သို့မဟုတ် နားမလည်နိုင်သည့် လက်တွေ့အရှိတရားတစ်ခု ဖြစ်သည်။ ယင်းမှာ ဘုရားသခင်သည် လူသားမျိုးနွယ်နှင့် ပဋိညာဉ်တစ်ခု ပြုလုပ်ခဲ့ရသည့် အကြောင်းရင်းဖြစ်သည်၊ ယင်းမှတစ်ဆင့် သူသည် တစ်ချိန်က ဤကဲ့သို့သော တစ်စုံတစ်ရာကို ဘုရားသခင် လုပ်ဆောင်ခဲ့သည်ကို အောက်မေ့ဖို့ လူတို့အား ပြောပြရန်နှင့် ထိုသို့သော နည်းလမ်းဖြင့် ဘုရားသခင်သည် ကမ္ဘာလောကကို တစ်ဖန် ဖျက်ဆီးမည်မဟုတ်သည်ကို ၎င်းတို့ထံ ကျိန်ဆိုဖို့ရန် ရည်ရွယ်ခဲ့သည်။ ဤပဋိညာဉ်၌ ဘုရားသခင်၏ နှလုံးသားကို ငါတို့မြင်ရသည်- ဤလူသားမျိုးနွယ်ကို သူဖျက်ဆီးခဲ့ချိန်တွင် ဘုရားသခင်၏ နှလုံးသားက နာကျင်မှုတွင် ရှိခဲ့သည်ကို ငါတို့ မြင်တွေ့ရသည်။ လူ၏ဘာသာစကားအရ၊ လူသားမျိုးနွယ်ကို ဘုရားသခင်ဖျက်ဆီးပြီး လူသားမျိုးနွယ် ပျောက်ကွယ်သည်ကို မြင်ခဲ့ချိန်တွင်၊ သူ၏ နှလုံးသားသည် ငိုကြွေးနေခဲ့ပြီး သွေးများယိုစီးနေခဲ့သည်။ ယင်းမှာ ထိုအရာကို ဖော်ပြဖို့ အကောင်းဆုံးနည်းလမ်းဖြစ်သည် မဟုတ်လော။ ထိုစကားလုံးများကို လူသား၏စိတ်ခံစားမှုများအား ဖော်ပြဖို့ရန် လူသားများက အသုံးပြုကြသော်လည်း၊ လူ၏ဘာသာစကားသည် အလွန်ချို့တဲ့လှသည့်အတွက်၊ ဘုရားသခင်၏ ခံစားချက်များနှင့် စိတ်ခံစားမှုများကို ဖော်ပြဖို့ရန် ၎င်းတို့ကို အသုံးပြုခြင်းသည် ငါ့အဖို့ အလွန်ဆိုးဝါးသည့်ပုံ မပေါ်သကဲ့သို့ လွန်လည်းမလွန်ကဲလှပေ။ အနည်းဆုံးအနေဖြင့် ယင်းက ထိုအချိန်က ဘုရားသခင်၏ စိတ်အခြေအနေမှာ မည်သည့်အရာနှင့်တူခဲ့သည် ဆိုသည်နှင့်သက်ဆိုင်သည့် အလွန်ရှင်းလင်းသည့်၊ အလွန် လျော်ကန်သည့် သိနားလည်မှုအား သင်တို့ကို ပေးသည်။ သက်တံတစ်ခုကို တစ်ဖန် သင်တို့ မြင်ရသည့်အခါ မည်သို့စဉ်းစားကြလိမ့်မည်နည်း။ အနည်းဆုံးအနေဖြင့် ဘုရားသခင်သည် တစ်ချိန်က ရေလွှမ်းမိုးခြင်းအားဖြင့် ကမ္ဘာကို ဖျက်ဆီးခဲ့ခြင်းနှင့်ပတ်သက်၍ မည်မျှ ဝမ်းနည်းခဲ့ရသည်ကို သင်တို့ အောက်မေ့သတိရပေလိမ့်မည်။ ဘုရားသခင်သည် ဤလောကကိုမုန်းတီးပြီး ဤလူသားမျိုးနွယ်ကို စက်ဆုပ်ခဲ့သော်လည်း၊ သူကိုယ်တိုင်၏လက်များဖြင့် သူဖန်ဆင်းခဲ့သည့် လူသားများကို သူဖျက်ဆီးခဲ့ချိန်တွင်၊ သူ၏ နှလုံးသားက မည်သို့နာကျင်နေခဲ့သည်၊ ဖြေဖျောက်ဖို့ရန် မည်သို့ရုန်းကန်ကြိုးစားနေခဲ့ရသည်၊ တွန့်ဆုတ်မှု မည်သို့ခံစားနေခဲ့ရပြီး၊ သည်းခံဖို့ မည်သို့ခက်ခဲနေခဲ့သည်တို့ကို သင်တို့အနေဖြင့် အောက်မေ့သတိရပေလိမ့်မည်။ သူ၏ တစ်ခုတည်းသော စိတ်သက်သာမှုမှာ နောဧ၏မိသားစုရှစ်ယောက်တွင် ရှိခဲ့သည်။ အရာခပ်သိမ်းကို ဖန်ဆင်းခြင်းနှင့် သက်ဆိုင်သည့် ဘုရားသခင်၏ အပတ်တကုတ် အားထုတ်မှုများကို အချည်းနှီးမဖြစ်စေခဲ့သည်မှာ နောဧ၏ ပူးပေါင်းလုပ်ဆောင်မှုဖြစ်သည်။ ဘုရားသခင် နာကျင်ခံစားနေခဲ့ရသည့်အချိန်တွင်၊ ဤသည်မှာ သူ့နာကျင်မှုကို အစားထိုးပေးနိုင်ခဲ့သည့် တစ်ခုတည်းသော အရာဖြစ်ခဲ့သည်။ ထိုအချိန်မှစ၍ ဘုရားသခင်သည် နောဧမိသားစုအနေဖြင့် သူ၏ကျိန်ခြင်းအမင်္ဂလာ အောက်၌မဟုတ်ဘဲ၊ ကောင်းချီးမင်္ဂလာအောက်၌ အသက်ရှင်နိုင်ဖို့ မျှော်လင့်ရင်း၊ ဘုရားသခင်က ကမ္ဘာကို ရေလွှမ်းမိုးခြင်းဖြင့် တစ်ဖန် ဖျက်ဆီးသည်ကို ၎င်းတို့ လုံးဝ မမြင်ရဖို့ မျှော်လင့်ရင်း၊ ပြီးလျှင် ၎င်းတို့ ဖျက်ဆီးခြင်းမခံရမည်ကိုလည်း မျှော်လင့်ရင်း၊ ဘုရားသခင်သည် လူသားမျိုးနွယ်အပေါ် သူ၏ မျှော်လင့်ချက်များ အားလုံးကို နောဧ၏မိသားစု အပေါ်တွင် ထားရှိခဲ့သည်။

ဤအရာမှ ဘုရားသခင်၏ စိတ်သဘောထား၏ မည်သည့်အပိုင်းကို ငါတို့ သင်ယူသင့်သနည်း။ လူသားသည် ဘုရားသခင်ကို ရန်လိုခဲ့သောကြောင့် ဘုရားသခင်သည် လူသားကို စက်ဆုပ်ရွံရှာခဲ့သော်လည်း၊ သူ့စိတ်နှလုံးထဲတွင်၊ လူသားမျိုးနွယ်အတွက် သူ၏စောင့်ရှောက်မှု၊ ပူပန်မှုနှင့် သနားကရုဏာတို့သည် မပြောင်းမလဲ ဆက်လက် တည်ရှိနေခဲ့သည်။ လူသားမျိုးနွယ်ကို သူဖျက်ဆီးခဲ့ချိန်တွင်ပင်၊ သူ့စိတ်နှလုံးသည် မပြောင်းမလဲ ဆက်လက် ရှိနေခဲ့သည်။ လူသားမျိုးနွယ်သည် ဖောက်ပြန်ပျက်စီးမှုနှင့်ပြည့်ခဲ့ပြီး၊ ဘုရားသခင်အပေါ် ဆိုးရွားသည့် အတိုင်းအတာ တစ်ခုအထိ မနာခံသည့်အခါတွင်၊ သူ၏ စိတ်သဘောထားနှင့် အနှစ်သာရကြောင့်၊ ပြီးလျှင် သူ၏ အခြေခံသဘောတရားများနှင့်အညီ ဘုရားသခင်သည် လူသားတို့ကို ဖျက်ဆီးခဲ့ရသည်။ သို့ရာတွင် ဘုရားသခင်၏ အနှစ်သာရကြောင့်၊ သူသည် လူသားမျိုးနွယ်ကို သနားဆဲဖြစ်ပြီး ၎င်းတို့ ဆက်လက်ရှင်သန်နိုင်ရန်အလို့ငှာ လူသားမျိုးနွယ်ကို ရွေးနုတ်ရန် နည်းလမ်းအမျိုးမျိုးပင် အသုံးပြုချင်ခဲ့သည်။ သို့ရာတွင် လူသားသည် ဘုရားသခင်ကိုဆန့်ကျင်ကာ ဘုရားသခင်ကို ဆက်လက်မနာခံခဲ့သကဲ့သို့၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရန် ငြင်းပယ်ခဲ့သည်။ ဆိုလိုသည်မှာ၊ ဘုရားသခင်၏ ကောင်းမွန်သည့် ရည်ရွယ်ချက်များကို လက်ခံဖို့ ငြင်းဆန်ခဲ့ပေသည်။ ဘုရားသခင်သည် ၎င်းတို့ကို မည်သို့ ခေါ်သည်ဖြစ်စေ၊ မည်သို့ သတိပေးခဲ့သည်ဖြစ်စေ၊ မည်သို့ ပံ့ပိုးပေးသည်ဖြစ်စေ၊ မည်သို့ ကူညီခဲ့သည်ဖြစ်စေ သို့မဟုတ် ၎င်းတို့ကို မည်သို့သည်းခံခဲ့သည်ဖြစ်စေ၊ လူသားသည် ထိုအရာကို နားမလည်ခဲ့ သို့မဟုတ် အသိအမှတ်မပြုခဲ့သကဲ့သို့ အာရုံလည်း မစိုက်ခဲ့ပေ။ သူ၏ နာကျင်မှုတွင်၊ ဘုရားသခင်သည် လူသားတို့ လမ်းကြောင်းပြောင်းရန် စောင့်ဆိုင်းရင်း၊ သူ၏ အကြီးမားဆုံး သည်းခံမှုကို ပေးဖို့ ဘုရားသခင်သည် မမေ့လျော့သေးပေ။ သူ၏အကန့်အသတ်ကို ရောက်ရှိသည့်နောက်တွင်၊ သူသည် သူ လုပ်ဆောင်ရမည့်အရာကို တွန့်ဆုတ်ခြင်းမရှိဘဲ လုပ်ဆောင်ခဲ့သည်။ တစ်နည်းအားဖြင့် ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဖျက်ဆီးရန် စီစဉ်ခဲ့သည့်အခိုက်အတန့်မှ လူသားကို ဖျက်ဆီးခြင်းဖြင့် သူ၏ အမှုကို အစပြုခြင်းအထိ တိကျသည့် အချိန်ကာလနှင့် ဖြစ်စဉ်တစ်ခု ရှိခဲ့ပေသည်။ ဤဖြစ်စဉ်သည် လူသားကို လမ်းကြောင်း ပြောင်းနိုင်စေခြင်းတည်းဟူသော ရည်ရွယ်ချက်အတွက် တည်ရှိခဲ့ခြင်းဖြစ်ပြီး ဤသည်မှာ ဘုရားသခင်က လူသားကိုပေးခဲ့သည့် နောက်ဆုံးအခွင့်အရေးဖြစ်သည်။ သို့ဆိုလျှင် လူသားမျိုးနွယ်ကို မဖျက်ဆီးမီတွင်၊ ဘုရားသခင်သည် ဤအချိန်ကာလတွင် မည်သည့်အရာကို လုပ်ဆောင်ခဲ့သနည်း။ ဘုရားသခင်သည် သတိပေးခြင်းနှင့် တိုက်တွန်းခြင်း အမှုကို သိသာသော ပမာဏတစ်ခု လုပ်ဆောင်ခဲ့သည်။ ဘုရားသခင်၏နှလုံးသားသည် မည်မျှ နာကျင်မှု၊ ဝမ်းနည်းမှုများ၌ ရှိခဲ့သည်ဖြစ်စေ သူ၏ဂရုစိုက်မှု၊ ပူပန်မှုနှင့် များပြားပြည့်လျှံသည့် သနားကရုဏာတို့ကို လူသားမျိုးနွယ်၌ ဆက်လက်ထားရှိခဲ့သည်။ ဤအရာမှ မည်သည့်အရာကို ငါတို့ တွေ့ရသနည်း။ ဧကန်မုချ၊ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် စစ်မှန်ပြီး သူ အပြောသက်သက် ဖြစ်သည့်အရာတစ်ခု မဟုတ်သည်ကို ငါတို့ မြင်တွေ့ရသည်။ ယင်းသည် စစ်မှန်သည်၊ လက်ဆုပ်လက်ကိုင်ပြနိုင်ပြီး သိသာသည်၊ အယောင်ဆောင်ထားခြင်းမဟုတ်၊ ရောနှောခြင်းမရှိ၊ လှည့်စားခြင်း သို့မဟုတ် ဟန်ဆောင်ခြင်း မရှိပေ။ သူသည် ချစ်ခင်ဖွယ်ဖြစ်သည်ဟု လူတို့ မြင်စေရန် ဘုရားသခင်သည် မည်သည့်လှည့်စားမှုမျှ လုံးဝ အသုံးမပြုပေ သို့မဟုတ် ပုံရိပ်အတုအယောင်များ မဖန်တီးပေ။ သူ၏ ချစ်ခင်နှစ်လိုဖွယ်ဖြစ်ခြင်းကို လူတို့ မြင်တွေ့စေဖို့ရန် သို့မဟုတ် သူ၏ချစ်ခင်နှစ်လိုဖွယ်ဖြစ်ခြင်းနှင့် သန့်ရှင်းခြင်းကို ကြွားလုံးထုတ်ဖို့ရန် မှားယွင်းသည့်သက်သေကို မည်သည့်အခါမျှ သူအသုံးမပြုပေ။ ဘုရားသခင်၏ စိတ်သဘောထားနှင့် သက်ဆိုင်သည့် ဤသွင်ပြင်လက္ခဏာများသည် လူသား၏ချစ်ခြင်းနှင့် ထိုက်တန်သည် မဟုတ်လော။ ယင်းတို့ကို ကိုးကွယ်ခြင်းငှာ မထိုက်တန်သလော။ ချစ်ခင်နှစ်သက်ခြင်းငှာ မထိုက်တန်သလော။ ဤအချိန်တွင်၊ သင်တို့ကို ငါ မေးလိုသည်- ဤနှုတ်ကပတ်တော်များကို ကြားရပြီးနောက်၊ ဘုရားသခင်၏ကြီးမြတ်ခြင်းသည် စာတစ်ရွက်ပေါ်က အနှစ်မဲ့သည့် စကားလုံးများမျှသာ ဖြစ်သည်ဟု သင်တို့ထင်သလော။ ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ် ဖြစ်ခြင်းသည် အနှစ်မဲ့သည့် စကားလုံးများသာ ဖြစ်သလော။ မဟုတ်ပေ။ သေချာပေါက် မဟုတ်ပေ။ ဘုရားသခင်၏ သာလွန်ခြင်း၊ ကြီးမြတ်ခြင်း၊ သန့်ရှင်းခြင်း၊ သည်းခံခြင်း၊ ချစ်ခြင်း၊ အစရှိသည့်- ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရ၏ အမျိုးမျိုးသော သွင်ပြင်လက္ခဏာ တစ်ခုစီတိုင်း၏ အသေးစိတ်အချက်အလက်တိုင်းသည် သူအမှုပြုသည့်အခါတိုင်း လက်တွေ့ကျသည့် ဖော်ပြမှု၌ တွေ့ရှိရပြီး လူသားအပေါ်ထားရှိသည့် သူ၏အလို၌ သရုပ်ထင်ကာ လူတိုင်း၌လည်း ပြည့်စုံကာ ထင်ဟပ်ပေသည်။ သင်သည် ယခင်က ထိုအရာကို ခံစားဖူးသည်ဖြစ်စေ မခံစားဖူးသည်ဖြစ်စေ၊ ဘုရားသခင်သည် လူတစ်ဦးချင်းစီ၏ နှလုံးသားကို နွေးထွေးစေရန်နှင့် လူတစ်ဦးချင်းစီ၏ စိတ်ဝိညာဉ်ကို နိုးထစေရန် သူ၏ ရိုးသားစစ်မှန်သည့် နှလုံးသား၊ ဉာဏ်ပညာနှင့် အမျိုးမျိုးသောနည်းလမ်းများကို အသုံးပြုရင်း၊ လူတိုင်းကို ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းဖြင့် စောင့်ရှောက်နေပေသည်။ ဤသည်မှာ ငြင်း၍မရသည့် အချက်တစ်ချက် ဖြစ်သည်။ ဤနေရာတွင် လူမည်မျှ ထိုင်နေကြသည်ဖြစ်စေ၊ လူအသီးသီးသည် ဘုရားသခင်၏ သည်းခံခြင်း၊ စိတ်ရှည်ခြင်းနှင့် ချစ်ခင်နှစ်လိုဖွယ်ဖြစ်ခြင်းတို့အပေါ် မတူညီသော အတွေ့အကြုံများနှင့် ခံစားချက်များ ရှိကြပြီးဖြစ်သည်။ ဘုရားသခင်နှင့် သက်ဆိုင်သည့် ဤအတွေ့အကြုံများနှင့် သူနှင့်သက်ဆိုင်သည့် ဤခံစားချက်များ သို့မဟုတ် သိမြင်နားလည်မှုများသည်- တိုတိုပြောရလျှင် ဤအပြုသဘောဆောင်သည့် အရာအားလုံးသည် ဘုရားသခင်ထံမှလာပေသည်။ ထို့ကြောင့် အယောက်တိုင်း၏ ဘုရားသခင်နှင့် သက်ဆိုင်သည့် အတွေ့အကြုံများနှင့် အသိပညာတို့ကို ပေါင်းကာ ယင်းတို့ကို ယနေ့ ဤသမ္မာကျမ်းစာပိုဒ်များကို ငါတို့၏ ဖတ်ရှုခြင်းများနှင့် ပေါင်းစပ်လိုက်ခြင်းအားဖြင့်၊ ယခု သင်တို့သည် ဘုရားသခင်နှင့်သက်ဆိုင်သည့် သာ၍စစ်မှန်ကာ သင့်တင့်လျောက်ပတ်သည့် သိနားလည်မှုတစ်ခုကို ရရှိကြပြီလော။

ဤအဖြစ်အပျက်ကို ဖတ်ရှုပြီး ဤအဖြစ်အပျက် မှတစ်ဆင့် ထုတ်ဖော်ပြထားသည့် ဘုရားသခင်၏ စိတ်သဘောထား အချို့ကို သိနားလည်ပြီးနောက်တွင်၊ ဘုရားသခင်နှင့်သက်ဆိုင်သည့် မည်သည့် အသစ်သောအသိအမြင်မျိုး သင် ရှိပါသနည်း။ ယင်းသည် ဘုရားသခင်နှင့် သူ၏ စိတ်နှလုံးနှင့်သက်ဆိုင်သည့် သာ၍နက်ရှိုင်းသော သိနားလည်မှုတစ်ခုကို သင်တို့အား ပေးလေပြီလော။ နောဧ၏အဖြစ်အပျက်ကို ပြန်ကြည့်သည့်အခါတွင် သင်တို့သည် ယခု မတူကွဲပြားစွာ ခံစားရပါသလော။ သင်တို့၏ ထင်မြင်ချက်တွင်၊ ဤကျမ်းပိုဒ်များကို မိတ်သဟာယပြုရန် မလိုအပ်ခဲ့သလော။ ယခု ထိုကျမ်းပိုဒ်များကို ငါတို့ မိတ်သဟာယပြုပြီး ဖြစ်သည့်အတွက်၊ ယင်းသည် မလိုအပ်ဟု သင်တို့ထင်သလော။ ဧကန်မုချ လိုအပ်ခဲ့ပေ၏။ ငါတို့ ဖတ်ရှုခဲ့သည်မှာ အဖြစ်အပျက်တစ်ခုဖြစ်သော်လည်း၊ ယင်းသည် ဘုရားသခင်လုပ်ဆောင်ခဲ့သည့် အမှု၏ စစ်မှန်သည့် မှတ်တမ်းတစ်ခုဖြစ်သည်။ ငါ၏ရည်မှန်းချက်မှာ ဤအဖြစ်အပျက်များ သို့မဟုတ် ဤဇာတ်ကောင်နှင့်သက်ဆိုင်သည့် အသေးစိတ် အချက်အလက်များကို သင်တို့ သဘောပေါက်နိုင်စေဖို့ မဟုတ်သကဲ့သို့၊ ဤဇာတ်ကောင်ကို သင်တို့အနေဖြင့် သွားရောက်လေ့လာနိုင်ဖို့ရန်လည်း မဟုတ်သည့်အပြင် သမ္မာကျမ်းစာကို သင်တို့ နောက်တစ်ဖန် သွားလေ့လာရန်လည်း သေချာပေါက် မဟုတ်ပေ။ သင်တို့ နားလည်သလော။ သို့ဆိုလျှင် ဤအဖြစ်အပျက်များသည် ဘုရားသခင်နှင့် သက်ဆိုင်သည့် သင်တို့၏ အသိကို အထောက်အပံ့ ဖြစ်စေပြီလော။ ဤအဖြစ်အပျက်သည် ဘုရားသခင်နှင့် သက်ဆိုင်သည့် သင်တို့၏ သိနားလည်မှုကို မည်သည့်အရာ ဖြည့်ပေးပြီးပြီနည်း။ ဟောင်ကောင်မှ ညီအစ်ကို မောင်နှမတို့၊ ငါတို့ကို ပြောပြကြလော့။ (ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ဖောက်ပြန်ပျက်စီးနေသည့် လူသားများဖြစ်သည့် ကျွန်ုပ်တို့ထဲမှ မည်သူမျှ မပိုင်ဆိုင်သောအရာ တစ်ခုဖြစ်သည်ကို ကျွန်ုပ်တို့ မြင်ခဲ့ရပါသည်။) တောင်ကိုးရီးယားမှ ညီအစ်ကိုမောင်နှမတို့၊ ငါတို့ကို ပြောပြကြလော့။ (လူသားအတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် စစ်မှန်သည်။ လူသားအတွက် ဘုရားသခင်၏ချစ်ခြင်းမေတ္တာသည် သူ၏ စိတ်သဘောထားကို သယ်ဆောင်ပြီး သူ၏ ကြီးမြတ်ခြင်း၊ သန့်ရှင်းခြင်း၊ သာလွန်ခြင်းနှင့် သည်းခံခြင်းတို့ကို သယ်ဆောင်ပါသည်။ ထိုအရာနှင့်သက်ဆိုင်သည့် သာ၍ နက်ရှိုင်းသည့် သိနားလည်မှု ရရှိဖို့ ကျွန်ုပ်တို့ ကြိုးစားထိုက်ပါသည်။) (တစ်ဖက်တွင်၊ ခုနလေးတင် မိတ်သဟာယ ပြုခြင်းမှတစ်ဆင့်၊ ဘုရားသခင်၏ ဖြောင့်မတ်ကာ သန့်ရှင်းသည့် စိတ်သဘောထားကို ကျွန်ုပ်မြင်နိုင်ပြီး လူသားမျိုးနွယ်အတွက် ဘုရားသခင် ထားရှိသည့် ပူပန်မှု၊ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ သနားကရုဏာနှင့်၊ ဘုရားသခင် ပြုသည့်အရာတိုင်းနှင့် သူထားရှိသည့် အကြံအစည်တိုင်းနှင့် စိတ်ကူးတိုင်းသည် လူသားမျိုးနွယ်အတွက် သူ၏ချစ်ခြင်းမေတ္တာနှင့် ပူပန်မှုကို ထုတ်ဖော်ပြသည်ကိုလည်း ကျွန်ုပ် မြင်ရပါသည်။) (အတိတ်က ကျွန်ုပ်၏သိနားလည်မှုမှာ လူသားမျိုးနွယ်သည် ဆိုးရွားသည့် အတိုင်းအတာ တစ်ခုအထိ ဆိုးယုတ်လာခဲ့ကြပြီး ဖြစ်သောကြောင့်၊ ဘုရားသခင်သည် ကမ္ဘာလောကကို ဖျက်စီးဖို့ ရေလွှမ်းမိုးခြင်းကို အသုံးပြုခဲ့ပြီး၊ သူသည် ၎င်းတို့ကို စက်ဆုပ်ရွံရှာခဲ့သောကြောင့် ဤလူသားမျိုးနွယ်ကို ဘုရားသခင်က ဖျက်ဆီးခဲ့သည့်အလားဖြစ်သည်။ ဘုရားသခင်သည် ဤလူသားမျိုးနွယ်ကို လက်လွတ်ဖို့ အမှန်တကယ် တွန့်ဆုတ်ခဲ့သည်ကို ကျွန်ုပ် နားလည်ခဲ့သည်မှာ ဘုရားသခင်က နောဧ၏ အဖြစ်အပျက်အကြောင်း ယနေ့ပြောပြပြီး၊ ဘုရားသခင်၏ နှလုံးသားသည် သွေးယိုစီးနေခဲ့သည်ဟု ပြောပြီးသည့်နောက်တွင်မှ ဖြစ်ခဲ့ပါသည်။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဖျက်ဆီးဖို့မှလွဲ၍ ရွေးချယ်စရာမရှိခဲ့သည်မှာ လူသားမျိုးနွယ်က အလွန် မနာခံလွန်းခဲ့သောကြောင့်သာ ဖြစ်ပါသည်။ အမှန်တွင် ထိုအချိန်က ဘုရားသခင်၏ နှလုံးသားသည် အလွန် ဝမ်းနည်းနေခဲ့ပါသည်။ ဤအရာမှ လူသားမျိုးနွယ် အတွက် ဘုရားသခင်၏ စိတ်သဘောထားထဲက သူ၏ဂရုစိုက်မှုနှင့် ပူပန်မှုတို့ကို ကျွန်ုပ်မြင်နိုင်ပါ၏။ ဤသည်မှာ ယခင်က ကျွန်ုပ်မသိခဲ့သည့်အရာတစ်ခု ဖြစ်ပါသည်။) သိပ်ကောင်းသည်။ သင်တို့ နောက်တစ်ယောက် ဆက်ပြောနိုင်သည်။ (နားထောင်ပြီးသည့်နောက် ကျွန်ုပ် အလွန်စိတ်ထိခိုက် သွားခဲ့ပါသည်။ ယခင်က သမ္မာကျမ်းစာကို ကျွန်ုပ်ဖတ်ဖူးပါသည်၊ သို့ရာတွင် ကျွန်ုပ်တို့အနေဖြင့် ဘုရားသခင်ကို သိနိုင်ဖို့အလို့ငှာ ဘုရားသခင်က ဤအရာများကို တိုက်ရိုက် စိတ်ဖြာလေ့လာ ဆွေးနွေးပေးသည့် ယနေ့ကဲ့သို့သော အတွေ့အကြုံမျိုး တစ်ခါမျှ မရှိဖူးပါ။ ဘုရားသခင်အနေဖြင့် သမ္ဘာကျမ်းစာကို ကျွန်ုပ်တို့ နားလည်နိုင်ဖို့ရန် ကျွန်ုပ်တို့ကို ဤကဲ့သို့ ခေါ်ဆောင်ခြင်းက လူသား၏ ဖောက်ပြန်ပျက်စီးမှုမတိုင်ခင်က ဘုရားသခင်၏ အနှစ်သာရသည် လူသားမျိုးနွယ်အတွက် ချစ်ခြင်းမေတ္တာနှင့် ဂရုစိုက်မှုဖြစ်သည်ကို ကျွန်ုပ်အား သိနိုင်စေခဲ့ပါသည်။ လူသားသည် ဖောက်ပြန်ပျက်စီးလာခဲ့သည့်အချိန်မှ ဤလတ်တလော နောက်ဆုံးသော ကာလအထိ၊ ဘုရားသခင်သည် ဖြောင့်မတ်သည့် စိတ်သဘောထားတစ်ခု ရှိသော်လည်း၊ သူ၏ချစ်ခြင်းနှင့် ဂရုစိုက်မှုတို့သည် မပြောင်းမလဲ ရှိနေပါသည်။ ဤအရာက လူသားသည် ဖောက်ပြန်ပျက်စီးခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ဖန်ဆင်းခြင်းမှ ယခုအထိ၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ အနှစ်သာရသည် မည်သည့်အခါမျှ မပြောင်းလဲသည်ကို ပြပါသည်။) (ဘုရားသခင်၏ အနှစ်သာရသည် သူ၏အမှုနှင့်သက်ဆိုင်သည့် အချိန် သို့မဟုတ် နေရာ အပြောင်းအလဲတစ်ခုကြောင့် ပြောင်းလဲမည်မဟုတ်သည်ကို ယနေ့ ကျွန်ုပ် တွေ့မြင်ခဲ့ရပါသည်။ ဘုရားသခင်သည် ကမ္ဘာကို ဖန်ဆင်းနေသည်ဖြစ်စေ သို့မဟုတ် လူသားတို့ ဖောက်ပြန်ပျက်စီးလာသည့်နောက်တွင် ကမ္ဘာကို ဖျက်ဆီးနေသည်ဖြစ်စေ၊ သူလုပ်သမျှတိုင်းက အဓိပ္ပာယ်ရှိပြီး၊ သူ၏စိတ်သဘောထား ပါရှိသည် ကိုလည်း ကျွန်ုပ်မြင်တွေ့ခဲ့ရပါသည်။ ထို့ကြောင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အဆုံးမရှိဖြစ်ပြီး၊ တိုင်းတာ၍မရသည်ကို ကျွန်ုပ်တွေ့မြင်ခဲ့ရပြီး အခြားညီအစ်ကို မောင်နှမများ ပြောသွားသကဲ့သို့ပင်၊ ဘုရားသခင်က ကမ္ဘာကို ဖျက်ဆီးခဲ့ချိန်တွင် လူသားမျိုးနွယ်ပေါ်ထားရှိသည့် သူ၏ဂရုစိုက်မှုနှင့် သနားကရုဏာတို့ကိုလည်း ကျွန်ုပ်မြင်တွေ့ခဲ့ရပါသည်။) (ဤအရာများမှာ ယခင်က ကျွန်ုပ်အနေဖြင့် ဧကန်အမှန် မသိခဲ့သည့်အရာများ ဖြစ်ပါသည်။ ယနေ့ နားထောင်ပြီးသည့်နောက်၊ ဘုရားသခင်သည် အမှန်တကယ် ယုံကြည်စိတ်ချရသည်၊ အမှန်တကယ် ယုံကြည်အားကိုး၍ရသည်၊ ယုံကြည်ထိုက်သကဲ့သို့၊ သူသည် ဧကန်အမှန် တည်ရှိသည်ကို ကျွန်ုပ် ခံစားရပါသည်။ ဘုရားသခင်၏ စိတ်သဘောထားနှင့် ချစ်ခြင်းမေတ္တာသည် အမှန်တကယ် ဤမျှခိုင်လုံသည်ကို ကျွန်ုပ်၏ နှလုံးသားထဲတွင် စစ်မှန်စွာ အသိအမှတ်ပြုနိုင်ပါသည်။ ဤသည်မှာ ယနေ့ ကျွန်ုပ်နားထောင်ပြီးနောက် ရှိသည့် ခံစားချက် ဖြစ်ပါသည်။) ကောင်းလိုက်လေစွ။ သင်တို့အားလုံးသည် သင်တို့ကြားခဲ့သည့် အရာကို လေးလေးနက်နက် ခံယူကြပြီးဖြစ်ပုံရသည်။

ယနေ့ ငါတို့ မိတ်သဟာယပြုခဲ့ကြသည့် သမ္မာကျမ်းစာ အဖြစ်အပျက်များ အားလုံးအပါအဝင်၊ ကျမ်းပိုဒ်များ အားလုံးမှ တစ်စုံတစ်ရာကို သင်တို့ သတိထားမိကြပြီလော။ ဘုရားသခင်သည် သူ၏ ကိုယ်ပိုင်အတွေးများကို ဖော်ပြရန် သို့မဟုတ် လူသားမျိုးနွယ်အတွက် သူ၏ချစ်ခြင်းနှင့် ဂရုစိုက်မှုတို့ကို ရှင်းပြရန် သူ၏ ကိုယ်ပိုင် ဘာသာစကားကို အသုံးပြုဖူးပါသလော။ ဘုရားသခင်အနေဖြင့် လူသားမျိုးနွယ်ကို မည်မျှအလေးထားသည် သို့မဟုတ် မည်မျှချစ်သည်ကို ဖော်ပြဖို့ရန် သာမန် ဘာသာစကားကို သူသုံးခဲ့သည့် မှတ်တမ်းတစ်ခု ရှိပါသလော။ မရှိပေ။ မှန်သည် မဟုတ်လော။ သင်တို့ထဲတွင် သမ္မာကျမ်းစာကို ဖတ်ဖူးသည့်သူများ သို့တည်းမဟုတ် သမ္မာကျမ်းစာ အပြင် အခြားစာအုပ်များကို ဖတ်ဖူးသူများစွာရှိသည်။ သင်တို့ထဲမှ တစ်ဦးတလေသည် ထိုသို့သော စကားများကို မြင်ဖူးသလော။ အဖြေမှာ လုံးဝ မမြင်ဖူးကြပေ။ ဆိုလိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ သို့မဟုတ် သူ၏ အမှုနှင့် သက်ဆိုင်သည့် မှတ်တမ်းများအပါအဝင်၊ သမ္မာကျမ်းစာ၏ မှတ်တမ်းများတွင် ဘုရားသခင်သည် သူ၏ ခံစားချက်များကို ဖော်ပြရန် သို့မဟုတ် လူသားမျိုးနွယ်အတွက် သူ၏ချစ်ခြင်းနှင့် ဂရုစိုက်မှုကို ဖော်ပြရန် သူ၏ကိုယ်ပိုင် နည်းလမ်းများကို မည်သည့်ခေတ် သို့မဟုတ် မည်သည့်ကာလတွင်မျှ လုံးဝမသုံးဖူးသကဲ့သို့၊ သူ၏ခံစားချက်များနှင့် သူ့စိတ်ခံစားမှုများကို သိရှိစေဖို့ မိန့်ခွန်း သို့မဟုတ် မည်သည့်လုပ်ရပ်များကိုမျှ အသုံးမပြုဖူးပေ- ယင်းမှာ အမှန်တရားတစ်ခု ဖြစ်သည်မဟုတ်လော။ အဘယ်ကြောင့် ထိုသို့ ငါပြောသနည်း။ ဤအရာကို အဘယ်ကြောင့် ငါ ဖော်ပြပြောဆိုရသနည်း။ အဘယ်ကြောင့်ဆိုသော် ဤအရာတွင်လည်း ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ဖြစ်ခြင်းနှင့် သူ၏စိတ်သဘောထားတို့ ဖွဲ့စည်းပါဝင်သောကြောင့် ဖြစ်ပေသည်။

ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့၏။ ၎င်းတို့ ဖောက်ပြန်ဖျက်ဆီးခံရပြီးသည်ဖြစ်စေ သို့မဟုတ် သူ့နောက်လိုက်လျှောက်ကြသည်ဖြစ်စေ ပဓာနမထားဘဲ၊ ဘုရားသခင်သည် လူသားများကို သူ၏ကစားစရာများကဲ့သို့ မဟုတ်ဘဲ၊ သူ အမြတ်နိုးရဆုံး ချစ်ရသူများအဖြစ်- သို့မဟုတ် လူသားများ ပြောသကဲ့သို့ သူ့အဖို့ အချစ်မြတ်နိုးရဆုံးသော လူများအဖြစ်- ဆက်ဆံလေသည်။ ဘုရားသခင်က သူသည် ဖန်ဆင်းရှင်ဖြစ်ပြီး လူသားသည် သူ၏ဖန်ဆင်းခြင်း ဖြစ်သည်ဟု ပြောသော်လည်း၊ ယင်းသည် အဆင့်အတန်းဖြင့် ကွာခြားမှုအနည်းငယ် ရှိသည်ဟု ထင်ကောင်းထင်ရနိုင်သော်လည်း၊ လက်တွေ့အရှိတရားမှာ လူသားမျိုးနွယ်အတွက် ဘုရားသခင် လုပ်ဆောင်ပြီးဖြစ်သည့် အရာတိုင်းသည် ဤသဘောသဘာဝနှင့်သက်ဆိုင်သည့် ဆက်နွှယ်မှုကို များစွာကျော်လွန်ပေသည်။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ချစ်၏၊ လူသားမျိုးနွယ်ကို ဂရုစိုက်ပြီး၊ လူသားမျိုးနွယ်အတွက် ပူပန်မှုကို ပြသည့်အပြင်၊ လူသားမျိုးနွယ်အတွက် စဉ်ဆက်မပြတ် ရပ်တန့်ခြင်း မရှိဘဲ ထောက်ပံ့ပေးလျက်ရှိသည်။ ဤသည်မှာ အပိုအလုပ်ဖြစ်ပြီး နာမည်ကောင်းများစွာ ရထိုက်သည့်အရာ ဖြစ်သည် သို့မဟုတ် များစွာ ချီးကျူးထိုက်သည့်အရာတစ်ခုဟု သူ၏နှလုံးသားတွင် ဘုရားသခင်သည် လုံးဝ မခံစားရပေ။ လူသားမျိုးနွယ်ကို ကယ်တင်ခြင်း၊ ထောက်ပံ့ခြင်းနှင့် အရာရာ ပေးအပ်ခြင်းသည် လူသားမျိုးနွယ်ကို ဧရာမ အထောက်အကူပြုခြင်းတစ်ခု ဖြစ်သည်ဟုလည်း သူမခံစားရချေ။ သူသည် လူသားမျိုးနွယ်ကို သူ၏ ကိုယ်ပိုင်နည်းလမ်း၊ သူ၏အနှစ်သာရနှင့် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းတို့မှတစ်ဆင့် တိတ်ဆိတ်စွာနှင့် ငြိမ်သက်စွာ သက်သက် ထောက်ပံ့ ပေးလေသည်။ လူသားမျိုးနွယ်သည် သူ့ထံမှ မည်မျှထောက်ပံ့မှုနှင့် မည်မျှအကူအညီတို့ကို ရရှိသည် ဖြစ်စေ၊ ဘုရားသခင်သည် ချီးကျူးမှုရဖို့ လုံးဝ မစဉ်းစား သို့မဟုတ် မကြိုးစားပေ။ ဤအရာကို ဘုရားသခင်၏ အနှစ်သာရက သတ်မှတ်ပေးထားပြီး ဘုရားသခင်၏ စိတ်သဘောထား၏ စစ်မှန်သည့် ဖော်ပြချက်လည်း အတိအကျ ဖြစ်သည်။ ဤသည်မှာ သမ္မာကျမ်းစာထဲတွင် ရှိသည်ဖြစ်စေ၊ သို့မဟုတ် အခြားမည်သည့် စာအုပ်ထဲတွင် ရှိသည်ဖြစ်စေ၊ ဘုရားသခင် အနေဖြင့် သူ၏အတွေးများကို ဖော်ပြနေခြင်းကို ငါတို့ မည်သည့်အခါမျှ မတွေ့ရသကဲ့သို့၊ လူသားများက သူ့အပေါ် ကျေးဇူးတင်ရှိဖို့ သို့မဟုတ် သူ့ကို ချီးမွမ်းစေဖို့ ရည်မှန်းချက်ဖြင့်၊ ဤအရာများကို သူ အဘယ်ကြောင့် လုပ်ဆောင်ရသည်၊ သို့မဟုတ် လူသားမျိုးနွယ်ကို သူ အဘယ်ကြောင့် အလွန် အရေးစိုက်သည်ဆိုသည်ကို လူသားများထံ ဖော်ပြနေခြင်း သို့မဟုတ် တရားဝင် ကြေညာနေခြင်းကို မည်သည့်အခါမျှ ငါတို့ မတွေ့ရသည့် အကြောင်းရင်း ဖြစ်သည်။ သူ နာကျင်ရသည့် အခါတွင်ပင်၊ သူ၏နှလုံးသားသည် ပြင်းထန်သော နာကျင်မှုတွင် ရှိချိန်တွင်ပင်၊ လူသားမျိုးနွယ်အပေါ် သူ၏ဝတ္တရား သို့မဟုတ် သူ၏ ပူပန်မှုကို မည်သည့်အခါမျှ မမေ့လျော့ပေ။ တစ်ချိန်လုံး သူသည် ဤနာကျင်မှုနှင့် ဝေဒနာကို တစ်ကိုယ်တည်း တိတ်တဆိတ် သည်းခံလေသည်။ ဆန့်ကျင်ဘက်အနေဖြင့်၊ ဘုရားသခင်သည် သူ အမြဲလုပ်ဆောင်ပြီးသည့်အတိုင်း လူသားမျိုးနွယ်ကို ဆက်လက်ထောက်ပံ့သည်။ လူသားမျိုးနွယ်သည် တစ်ခါတစ်ရံ ဘုရားသခင်ကို ချီးမွမ်းသော်လည်း သို့မဟုတ် သူ့ကို သက်သေခံသော်လည်း၊ ဤအပြုအမူထဲမှ မည်သည့်အရာမျှကို ဘုရားသခင် မတောင်းဆိုထားပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည် လူသားများ အတွက် သူလုပ်ဆောင်သည့် ကောင်းသော အရာများထဲမှ တစ်ခုတစ်လေကို ကျေးဇူးတင်ရှိခြင်း အတွက် အလဲအလှယ်ပြုရန် သို့မဟုတ် ပြန်လည် ပေးဆပ်ခံရရန် မည်သည့်အခါမျှ မရည်ရွယ်ခဲ့သောကြောင့် ဖြစ်သည်။ အခြားတစ်ဖက်တွင်၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ရှားနိုင်သူများ၊ ဘုရားသခင်နောက် အမှန်တကယ် လိုက်လျှောက်နိုင်သူများ၊ သူ့စကားကို နားထောင်ပြီး၊ သူ့ကို သစ္စာစောင့်သိသူများနှင့် သူ့ကို နာခံနိုင်သူများ- ဤသူများသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို မကြာခဏ ရရှိမည့်လူများ ဖြစ်ပြီး၊ ဘုရားသခင်သည် ထိုသို့သော ကောင်းချီးမင်္ဂလာများကို မခြွင်းမချန် နှင်းအပ်လိမ့်မည်။ ထို့အပြင် ဘုရားသခင်ထံမှ လူတို့ရရှိသည့် ကောင်းချီးမင်္ဂလာများသည် မကြာခဏ ၎င်းတို့၏ စိတ်ကူးများကိုကျော်လွန်ကာ လူသားများအနေဖြင့် ၎င်းတို့ လုပ်ဆောင်ပြီးဖြစ်သည့်အရာ သို့မဟုတ် ၎င်းတို့ ပေးပြီးဖြစ်သည့် အဖိုးအခမှတစ်ဆင့် ရှင်းချက်ထုတ်၍ ရနိုင်သည့် အရာတစ်ခုတစ်လေကိုလည်း ကျော်လွန်ပေသည်။ လူသားမျိုးနွယ်သည် ဘုရားသခင်၏ကောင်းချီးမင်္ဂလာများကို မွေ့လျော် ခံစားနေချိန်တွင်၊ ဘုရားသခင် မည်သည့်အရာ လုပ်ဆောင်နေသည်ကို တစ်ဦးတစ်လေက ဂရုစိုက်ပါသလော။ တစ်ဦးတစ်ယောက်သည် ဘုရားသခင် မည်ကဲ့သို့ ခံစားနေရသည်ကို အရေးထားမှု တစ်ခုတစ်လေ ပြပါသလော။ ဘုရားသခင်၏ နာကျင်မှုကို နားလည်ဖို့ရန် တစ်ဦးတစ်ယောက်က ကြိုးစားပါသလော။ အဖြေမှာ ပြတ်သားသည့် အငြင်းတစ်ခု ဖြစ်သည်။ နောဧ အပါအဝင် လူသားတစ်ဦးတစ်လေသည် ထိုအခိုက်အတန့်တွင် ဘုရားသခင် ခံစားနေခဲ့ရသည့် ခံစားချက်ကို နားလည်နိုင်သလော။ ဘုရားသခင်သည် ထိုသို့သော ပဋိညာဉ်ကို အဘယ်ကြောင့် တည်ထောင်ခဲ့သည်ကို တစ်ဦးတစ်လေကအသိအမှတ်ပြုနိုင်ပါသလော။ သဘောမပေါက်နိုင်ပေ။ လူသားမျိုးနွယ်သည် ဘုရားသခင်၏ နာကျင်မှုကို အသိအမှတ်မပြုသည်မှာ ၎င်းတို့က ဘုရားသခင်၏ နာကျင်မှုကို နားမလည်နိုင်သောကြောင့် မဟုတ်သကဲ့သို့၊ လူသားနှင့် ဘုရားသခင်အကြားမှ ကွာဟချက် သို့မဟုတ် ၎င်းတို့၏ အဆင့်အတန်းထဲက ခြားနားမှုကြောင့် မဟုတ်ပေ။ ယင်းထက် လူသားမျိုးနွယ်သည် ဘုရားသခင်၏ မည်သည့် ခံစားချက်ကိုမျှ လုံးဝ အရေးမစိုက်သောကြောင့် ဖြစ်သည်။ လူသားမျိုးနွယ်က၊ ဘုရားသခင်သည် အမှီအခိုကင်းသည်- ဘုရားသခင်သည် သူနှင့်ပတ်သက်၍ ဂရုစိုက်ဖို့၊ သူ့ကိုနားလည်ဖို့နှင့် သူ့ကို အရေးထားမှု ပြရန် လူတို့ကို မလိုအပ်။ ဘုရားသခင်သည် ဘုရားသခင်ဖြစ်သည်၊ ထို့ကြောင့် သူသည် နာကျင်မှုမရှိ၊ စိတ်ခံစားမှုများ မရှိပေ။ သူ ဝမ်းနည်းလိမ့်မည်မဟုတ်၊ ပူဆွေးမှုကို သူ မခံစားရ၊ သူသည် ငိုပင်မငိုပေ။ ဘုရားသခင်သည် ဘုရားသခင်ဖြစ်သည်၊ ထို့ကြောင့် သူသည် စိတ်ခံစားမှုဆိုင်ရာ ဖော်ပြချက်တစ်ခုတစ်လေ မလိုအပ်သကဲ့သို့၊ မည်သည့် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုမျှ မလိုအပ်ပေ။ အကယ်၍ သူသည် အချို့သော အခြေအနေများအောက်တွင်၊ ဤအရာများကို အမှန်တကယ် လိုအပ်ပါက သူသည် တစ်ကိုယ်တည်း နိုင်နိုင်နင်းနင်း လုပ်ဆောင်နိုင်ပြီး၊ လူသားမျိုးနွယ်ထံမှ မည်သည့် အကူအညီမျှ လိုအပ်မည်မဟုတ်ပေ။ အပြန်အလှန်အားဖြင့် ဘုရားသခင်၏ နှစ်သိမ့်ခြင်း၊ ထောက်ပံ့ခြင်း၊ အားပေးခြင်းနှင့် အချိန်တိုင်းနှင့် နေရာတိုင်းတွင် ၎င်းတို့၏ စိတ်ခံစားမှုများကို ဘုရားသခင် နှစ်သိမ့်ပေးရန်အတွက်ပင် လိုအပ်သည်မှာ အားနည်းပြီး မရင့်ကျက်သည့် လူသားများဖြစ်သည်။ လူသားသည် အားနည်းသူတစ်ဦး ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကို နည်းလမ်းတိုင်းဖြင့် ကြည့်ရှု စောင့်ရှောက်ရန် ဘုရားသခင်ကို လိုအပ်ကြသည်၊ ဘုရားသခင်ထံမှ ရရှိသည့် ဂရုစိုက်မှုအားလုံးကို ၎င်းတို့ရထိုက်ပြီး၊ မိမိတို့ ပိုင်ဆိုင်သည့်အရာများဟု ၎င်းတို့ခံစားရသည့် မည်သည့်အရာကိုမဆို ဘုရားသခင်ထံမှ ၎င်းတို့ တောင်းဆိုသင့်သည်ဟူသည့် အရာများသည် လူသားမျိုးနွယ်၏စိတ်နှလုံးထဲတွင် နက်နက်ရှိုင်းရှိုင်း ခိုအောင်းနေသည်။ ဘုရားသခင်သည် သန်မာသူတစ်ဦး ဖြစ်သည်။ သူသည် အရာရာကို ပိုင်ဆိုင်ပြီး၊ သူသည် လူသားမျိုးနွယ်၏ ကာကွယ်စောင့်ရှောက်သူနှင့် ကောင်းချီးမင်္ဂလာများ အပ်နှင်းပေးသူ ဖြစ်သင့်သည်။ သူသည် ဘုရားသခင်ဖြစ်နှင့်သည့်အတွက်၊ သူသည် အရာခမ်သိမ်းကို တတ်စွမ်းနိုင်ပြီး၊ လူသားမျိုးနွယ်ထံမှ မည်သည့်အရာကိုမျှ မလိုအပ်ဟု ထင်တတ်ကြလေသည်။

လူသားသည် ဘုရားသခင်၏ဖွင့်ပြချက်များ တစ်ခုတလေကိုမျှ အာရုံမစိုက်သည်နှင့်အမျှ၊ သူသည် ဘုရားသခင်၏ပူဆွေးခြင်း၊ နာကျင်ခြင်း သို့မဟုတ် ဝမ်းမြောက်ခြင်းတို့ကို လုံးဝ မခံစားရလေပြီ။ သို့သော် အပြန်အလှန်အားဖြင့်၊ ဘုရားသခင်သည် လူသား၏ မျက်နှာအမူအရာများ အားလုံးကို ကောင်းကောင်း သိရှိလေသည်။ ဘုရားသခင်သည် လူတစ်ဦးစီတိုင်း၏ ပြောင်းလဲနေသည့် အတွေးများကို လေ့လာရင်းနှင့်၊ ထိုသို့ဖြင့် ၎င်းတို့ကို နှစ်သိမ့်ကာ တိုက်တွန်းရင်း၊ ပြီးလျှင် ၎င်းတို့ကို လမ်းပြကာ အလင်းပေးရင်း၊ အယောက်တိုင်း၏ လိုအပ်ချက်များကို အချိန်တိုင်းနှင့် နေရာတိုင်းတွင် ထောက်ပံ့ပေးလေသည်။ လူသားမျိုးနွယ် အပေါ် ဘုရားသခင်လုပ်ဆောင်ပြီးသည့် အရာအားလုံးနှင့် ၎င်းတို့ကြောင့် သူပေးဆပ်ပြီးဖြစ်သည့် အဖိုးအခများအားလုံးအရ၊ ဘုရားသခင်သည် လူသားထံမှ တစ်စုံတစ်ရာ တောင်းဆိုလိမ့်မည် ဆိုသည်ကို ရှင်းရှင်းလင်းလင်း ဖော်ပြထားသည့် ကျမ်းပိုဒ်အား ကျမ်းစာထဲတွင် သို့မဟုတ် ယနေ့အချိန်ထိ ဘုရားသခင် ပြောဆိုခဲ့သည့် အရာများထဲတွင် လူတို့က ရှာတွေ့နိုင်ကြပါသလော။ မရှာတွေ့နိုင်ပေ။ ဆန့်ကျင်ဘက်အနေဖြင့်၊ လူတို့သည် ဘုရားသခင်၏ အတွေးကို မည်မျှ လျစ်လျူရှုပါစေ၊ ၎င်းတို့အတွက် သူပြင်ဆင်ထားသည့် လှပသောခရီးပန်းတိုင်ကို ၎င်းတို့ ရရှိနိုင်ရန်အလို့ငှာ ဘုရားသခင်၏ လမ်းခရီးကို ၎င်းတို့အား လျှောက်လှမ်းနိုင်စေဖို့ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ထပ်တလဲလဲ ဦးဆောင်ဆဲဖြစ်သည်၊ လူသားမျိုးနွယ်ကို ထပ်တလဲလဲ ထောက်ပံ့ကာ ကူညီပေးဆဲဖြစ်ပေသည်။ ဘုရားသခင်နှင့် ပတ်သက်လာသည့်အခါ၊ သူ၏အရာအားလုံးနှင့်ဖြစ်ခြင်း၊ သူ၏ကျေးဇူးတော်၊ သူ၏သနားကရုဏာနှင့် သူ၏ဆုလာဘ်များအားလုံးကို သူ့ကိုချစ်ကာ သူ့နောက်လိုက်သည့် သူများအပေါ် ခြွင်းချန်ထားခြင်းမရှိဘဲ အပ်နှင်းလိမ့်မည် ဖြစ်သည်။ သို့ရာတွင် သူသည် သူခံစားရသည့် နာကျင်မှု သို့မဟုတ် သူ၏ စိတ်အခြေအနေကို မည်သည့်လူထံမျှ ထုတ်ဖော်ပြခြင်းမရှိသကဲ့သို့၊ သူ့အပေါ် ထောက်ထားမှု မရှိခြင်း သို့မဟုတ် သူ့အလိုကို မသိရှိခြင်းအတွက် မည်သူကိုမျှ လုံးဝ စောဒကမတက်ပေ။ သူသည် လူသားမျိုးနွယ်က နားလည်နိုင်မည့်နေ့ရက်ကို စောင့်ဆိုင်းရင်း၊ ဤအရာအားလုံးကို တိတ်တဆိတ်သာ သည်းခံလေသည်။

ဤအရာများကို ဤနေရာတွင် ငါအဘယ်ကြောင့် ပြောသနည်း။ ငါပြောပြီးသည့်အရာများမှ သင်တို့ မည်သည့်အရာကို မြင်တွေ့သနည်း။ ဘုရားသခင်၏ အနှစ်သာရနှင့် စိတ်သဘောထားထဲတွင် အားလုံး သတိမမူမိဖို့ လွယ်ကူလွန်းလှသည့် အရာတစ်ခု၊ အခြားသူများက ကြီးမြတ်သည့်လူများ၊ သူတော်ကောင်းများ၊ သို့မဟုတ် ၎င်းတို့စိတ်ကူးထဲက ဘုရားအဖြစ် တွေးထင်ကြသည့် သူများအပါအဝင်၊ မည်သည့် လူကမျှ မပိုင်ဆိုင်ဘဲ၊ ဘုရားသခင်သာလျှင် ပိုင်ဆိုင်သည့် အရာတစ်ခုရှိပေသည်။ ဤအရာမှာ အဘယ်နည်း။ ဘုရားသခင်၏ ကိုယ်ကျိုးမငဲ့မှု ဖြစ်သည်။ ကိုယ်ကျိုးမငဲ့မှုအကြောင်းဆိုသည့်အခါ၊ သင်သည် သင်၏သားသမီးများနှင့် ပတ်သက်လာသည့်အခါတွင်၊ ၎င်းတို့နှင့် ပတ်သက်၍ မကတ်သတ် သို့မဟုတ် ရက်ရောတတ်သောကြောင့် မိမိမှာလည်း အင်မတန်မှပင် ကိုယ်ကျိုးမငဲ့တတ်သည့်သူ ဖြစ်သည်ဟု သင်တွေးကောင်းတွေးနိုင်သည် သို့မဟုတ် သင်၏ မိဘနှင့် ပတ်သက်လာသည့်အခါ သင်သည်လည်း အလွန်ကိုယ်ကျိုးမငဲ့ဟု သင် ထင်တတ်သည်။ သင် မည်သည့်အရာကို တွေးသည်ဖြစ်စေ၊ အနည်းဆုံးအနေဖြင့် သင်သည် “ကိုယ်ကျိုးမငဲ့” ဟူသည့်စကားလုံးနှင့် သက်ဆိုင်သည့် အယူအဆ တစ်ခုရှိပြီး၊ ယင်းကို အပြုသဘောဆောင်သည့် စကားလုံးတစ်လုံးအဖြစ် တွေးထင်ကာ၊ ကိုယ်ကျိုးမငဲ့သောသူတစ်ဦး ဖြစ်ခြင်းမှာ အင်မတန် မြင့်မြတ်သည်ဟု တွေးထင်လေသည်။ သင်သည် ကိုယ်ကျိုးမငဲ့သည့်အခါတွင်၊ မိမိကိုယ်ကိုယ် မြင့်မြင့်မားမား အထင်ကြီးခြင်း ဖြစ်သည်။ သို့ရာတွင် အရာခပ်သိမ်းတွင်၊ လူများ၊ အဖြစ်အပျက်များ၊ အရာဝတ္ထုများအလယ်နှင့် ဘုရားသခင်၏ အမှုတို့တွင် ဘုရားသခင်၏ ကိုယ်ကျိုးမငဲ့ခြင်းကို မြင်နိုင်သူ မည်သူမျှ မရှိပေ။ အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။ အဘယ်ကြောင့်ဆိုသော် လူသားသည် အလွန်အမင်း တစ်ကိုယ်ကောင်းဆန်သောကြောင့် ဖြစ်သည်။ အဘယ်ကြောင့် ငါသည် ထိုသို့ပြောရသနည်း။ လူသားမျိုးနွယ်သည် ရုပ်ဝတ္ထုလောကထဲတွင် အသက်ရှင်၏။ သင်သည် ဘုရားသခင်နောက်ကို လိုက်ကောင်း လိုက်နိုင်သော်လည်း၊ ဘုရားသခင်သည် သင့်ကို မည်သို့ထောက်ပံ့ပေးသည်၊ မည်သို့ချစ်ပြီး မည်သို့ အရေးထားသည်ကို မည်သည့်အခါမျှ သင် မမြင် သို့မဟုတ် နားမလည်ပေ။ သို့ဆိုလျှင် မည်သည့်အရာကို သင်မြင်သနည်း။ သင့်ကို ချစ်မြတ်နိုးသည့် သို့မဟုတ် သင့်ကို တုန်နေအောင်ချစ်ကြသည့် သွေးသားရင်းချာ ဆွေမျိုးများကို သင်မြင်သည်။ သင်၏ အသွေးအသားအတွက် အကျိုးရှိသည့် အရာများကို သင် မြင်သည်၊ သင်ချစ်သည့် လူများနှင့် အမှုအရာများနှင့် ပတ်သက်၍ သင် ဂရုစိုက်သည်။ ဤသည်မှာ လူသားက ကိုယ်ကျိုးမငဲ့ခြင်းဟု ခေါ်သည့်အရာ ဖြစ်တော့သည်။ သို့ရာတွင် ထိုသို့သော “ကိုယ်ကျိုးမငဲ့သည့်” လူများသည် ၎င်းတို့ကိုအသက်ပေးသည့် ဘုရားသခင်ကိုမူ မည်သည့်အခါတွင်မျှ အလေးမထားခဲ့ကြပေ။ ဘုရားသခင်၏ ကိုယ်ကျိုးမငဲ့ခြင်းနှင့် ဆန့်ကျင်စွာ၊ လူသား၏ ကိုယ်ကျိုးမငဲ့မှုသည် တစ်ကိုယ်ကောင်းဆန် လာပြီး စက်ဆုပ်ရွံရှာဖွယ် ဖြစ်လာသည်။ လူသားက ယုံကြည်သည့် ကိုယ်ကျိုးမငဲ့မှုသည် အနှစ်မဲ့ပြီး သဘာဝမကျပေ၊ ဖောက်ပြန်ကာ၊ ဘုရားသခင်နှင့် သဟဇာတမဖြစ်သကဲ့သို့၊ ဘုရားသခင်နှင့် ဆက်နွှယ်ခြင်း မရှိပေ။ လူ၏ ကိုယ်ကျိုးမငဲ့ခြင်းသည် မိမိကိုယ်ကိုယ်အတွက် ဖြစ်သော်လည်း၊ ဘုရားသခင်၏ ကိုယ်ကျိုးမငဲ့ခြင်းသည် သူ၏အနှစ်သာရ၏ စစ်မှန်သည့် ဖော်ပြချက် ဖြစ်ပေသည်။ လူသည် ဘုရားသခင်၏ စဉ်ဆက်မပြတ် ထောက်ပံ့မှုခံရသည်မှာ ဘုရားသခင်၏ ကိုယ်ကျိုးမငဲ့မှုကြောင့် အတိအကျ ဖြစ်ပေသည်။ ယနေ့ငါပြောသည့် ဤအကြောင်းအရာနှင့် ပတ်သက်၍ သင်တို့အနေဖြင့် အလွန် စိတ်ထိခိုက်ခြင်း ရှိကောင်း ရှိမည်မဟုတ်သကဲ့သို့၊ ထောက်ခံမှုဖြင့် ခေါင်းညိတ်ရုံမျှ ညိတ်နေကြသော်လည်း၊ သင်၏နှလုံးသားထဲတွင် ဘုရားသခင်၏ စိတ်နှလုံးကို နားလည်ဖို့ ကြိုးစားသည့်အခါတွင်၊ သင်သည် ဤအရာကို အမှတ်တမဲ့ သိရလိမ့်မည်- သင့်အတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည်သာ အခြေအနေပေါ် မမူတည်သကဲ့သို့ ပြစ်မျိုး မှဲ့မထင်သောကြောင့်၊ ဤလောကကြီးထဲ၌ သင်ခံစား သိရှိနိုင်သော လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများ အားလုံးအထဲတွင် ဘုရားသခင်၏ ကိုယ်ကျိုးမငဲ့ခြင်းသည်သာ စစ်မှန်ပြီး ခိုင်မာသည် ဟူ၍ ဖြစ်သည်။ ဘုရားသခင်မှလွဲ၍၊ အခြားမည်သူမဆို၏ ကိုယ်ကျိုးမငဲ့မှုဟုခေါ်သော အရာသည် အယောင်ဆောင်ထားခြင်း ဖြစ်သည်၊ အပေါ်ယံဖြစ်ပြီး အစစ်အမှန်မဟုတ်ပေ။ ယင်းသည် ရည်မှန်းချက်တစ်ခု၊ ရည်ရွယ်ချက်အချို့ရှိသည်၊ အပေးအယူသဘော ပါရှိပြီး၊ စမ်းသပ်ခြင်းကို မခံနိုင်ပေ။ ယင်းသည် ညစ်ညူးကာ စက်ဆုပ်ဖွယ် ဖြစ်သည်ဟုပင် သင်တို့ ပြောနိုင်သည်။ ဤစကားများနှင့်ပတ်သက်၍ သင်တို့ သဘောတူကြပါသလော။

သင်တို့သည် ဤအကြောင်းအရာများနှင့် အလွန် မရင်းနှီးသကဲ့သို့၊ ထိုအရာများကို သင်တို့အမှန်တကယ် နားမလည်နိုင်မီ နားဝင်ဖို့ အချိန်အနည်းငယ် လိုအပ်သည်ကို ငါသိသည်။ ဤကိစ္စရပ်များ၊ အကြောင်းအရာများနှင့် သင်တို့ သာ၍မရင်းနှီးလေ၊ ဤအကြောင်းအရာများသည် သင်တို့ နှလုံးသားထဲတွင် ကင်းမဲ့နေသည်ကို သာ၍ သက်သေပြလေဖြစ်သည်။ အကယ်၍ ဤအကြောင်းအရာများကို ငါ လုံးဝ မဖော်ပြခဲ့ပါက၊ သင်တို့ထဲ တစ်ဦးတလေသည် ထိုအရာများနှင့်ပတ်သက်၍ တစ်ခုတစ်လေ သိလိမ့်မည်လော။ သင်တို့သည် မည်သည့်အခါတွင်မျှ သိကြမည်မဟုတ်ဟု ငါယုံကြည်သည်။ ယင်းမှာ သေချာပေသည်။ သင်တို့သည် မည်မျှ သဘောပေါက်နိုင်သည်ဖြစ်စေ သို့မဟုတ် နားလည်နိုင်သည်ဖြစ်စေ၊ တိုတိုပြောရလျှင် ငါပြောသည့် ဤအကြောင်းအရာများသည် လူတို့ အချို့တဲ့ဆုံးသောအရာနှင့် ၎င်းတို့ အသိသင့်ဆုံးသော အရာ ဖြစ်သည်။ ဤအကြောင်းအရာများသည် အယောက်တိုင်းအတွက် အလွန်အရေးကြီး၏- ၎င်းတို့သည် တန်ဖိုးရှိပြီး အသက်ဖြစ်ကာ ရှေ့ဆက်ရမည့်လမ်းအတွက် သင်တို့ပိုင်ဆိုင်ထားရမည့် အရာများဖြစ်သည်။ လမ်းညွှန်ချက်အဖြစ် ဤနှုတ်ကပတ်တော်များမရှိဘဲနှင့်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရတို့နှင့်သက်ဆိုင်သည့် သင်၏ သိနားလည်ခြင်း မရှိဘဲနှင့်၊ ဘုရားသခင်နှင့်ပတ်သက်လာပါက သင်သည် အမြဲ မေးခွန်းထုတ်မိလိမ့်မည်ဖြစ်သည်။ သင်သည် ဘုရားသခင်ကို နားပင်မလည်ပါက သူ့ကို မည်သို့ ကောင်းမွန်စွာ ယုံကြည်နိုင်မည်နည်း။ သင်သည် ဘုရားသခင်၏ စိတ်ခံစားမှုများ၊ သူ၏အလို၊ သူ၏စိတ်အခြေအနေ၊ မည်သည့်အရာ သူတွေးနေသည်၊ မည်သည့်အရာက သူ့ကို ဝမ်းနည်းစေပြီး မည်သည့်အရာက သူ့ကိုပျော်ရွှင်စေသည်တို့ကို သင်ဘာမျှမသိပေ၊ ထို့ကြောင့် သင်သည် ဘုရားသခင်၏ စိတ်နှလုံးအပေါ် မည်သို့ အရေးထားနိုင်မည်နည်း။

ဘုရားသခင် စိတ်မကောင်းသည့်အချိန်တိုင်းတွင်၊ သူသည် သူ့ကို လုံးဝ အာရုံမစိုက်သည့် လူသားမျိုးနွယ်၊ သူ့နောက်လိုက်ကာ သူ့ကိုချစ်ပါသည်ဟု အခိုင်အမာဆိုသော်လည်း၊ သူ့ခံစားချက်များကို လုံးဝ လျစ်လျူရှုသည့် လူသားမျိုးနွယ်ကို ရင်ဆိုင်ရလေသည်။ သူ၏ စိတ်နှလုံသည် အဘယ်သို့ မနာကျင်ဘဲ နေနိုင်မည်နည်း။ ဘုရားသခင်၏စီမံခန့်ခွဲခြင်း အမှုတွင် ဘုရားသခင်သည် လူအသီးသီးအပေါ် သူ့အမှုကို စိတ်ရင်းအမှန်ဖြင့် ဆောင်ရွက်ပြီး၊ လူအသီးသီးကို စကားပြောကာ၊ ထိန်ချန်ထားခြင်း သို့မဟုတ် ဖုံးကွယ်ထားခြင်းမရှိဘဲ ၎င်းတို့ကိုရင်ဆိုင်လေသည်။ သို့သော် အပြန်အလှန်အားဖြင့် သူ့နောက်ကိုလိုက်သည့် လူတိုင်းသည် သူ့အပေါ် ပိတ်ပင်ထားကြပြီး၊ သူနှင့် တက်ကြွစွာ သာ၍ နီးကပ်ဖို့၊ သူ၏စိတ်နှလုံးကို နားလည်ဖို့၊ သို့မဟုတ် သူ၏ ခံစားချက်များကို အာရုံစိုက်ဖို့ မည်သူမျှ လိုလားခြင်းမရှိကြချေ။ ဘုရားသခင်၏ အကျွမ်းဝင်သူများ ဖြစ်လာချင်ကြသည့် သူများပင်လျှင်၊ သူနှင့် မနီးကပ်ချင်ကြ၊ သူ၏စိတ်နှလုံးအပေါ် မထောက်ထားချင်ကြ သို့မဟုတ် သူ့ကို နားလည်ရန် မကြိုးစားချင်ကြပေ။ ဘုရားသခင်သည် ဝမ်းမြောက်ကာ ပျော်ရွှင်နေသည့်အချိန်တွင်၊ သူ၏ပျော်ရွှင်မှုကို မျှဝေခံစားပေးမည်သူ တစ်ဦးမျှမရှိပေ။ ဘုရားသခင်သည် လူတို့၏ အထင်မြင်လွဲမှားမှု ခံရချိန်တွင်၊ သူ၏ ဒဏ်ရာရသည့် နှလုံးသားကို နှစ်သိမ့်ပေးမည့်သူတစ်ဦးမျှမရှိပေ။ သူ၏နှလုံးသား နာကျင်နေချိန်တွင်၊ ၎င်းတို့ထံ ရင်ဖွင့်ခွင့်ပေးရန် လိုလားလျက်ရှိသည့် လူတစ်ဦးမျှ မရှိပေ။ ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှု၏ ဤနှစ်ထောင်ချီကာလတစ်လျှောက်တွင်၊ ဘုရားသခင်၏ ပျော်ရွင်မှုနှင့် ပူဆွေးမှုများကို ဘုရားသခင်နှင့်အတူ မျှဝေခံစားဖို့ သူ့ဘက်တွင် ရပ်တည်နိုင်ခဲ့သူ တစ်ဦးတစ်လေရှိဖို့ မဆိုထားနှင့် ဘုရားသခင်၏ စိတ်ခံစားမှုများကို နားလည်သည့်သူ၊ ယင်းတို့ကို သဘောပေါက်သူ သို့မဟုတ် အသိအမှတ်ပြုသည့်သူ တစ်ဦးမျှ မရှိပေ။ ဘုရားသခင်သည် အထီးကျန် နေ၏။ သူ အထီးကျန်နေပေ၏။ ဘုရားသခင် အထီးကျန်သည်မှာ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က သူ့ကိုဆန့်ကျင်သောကြောင့်သာ မဟုတ်ဘဲ၊ ဝိညာဉ်ရေးပြည့်ဝဖို့ ကြိုးစားသူများ၊ ဘုရားသခင်ကို သိရှိရန်နှင့် သူ့ကို နားလည်ဖို့ရန် ကြိုးစားသူများကြောင့် သာ၍ အထီးကျန်ရခြင်းဖြစ်ပြီး၊ မိမိတို့ဘဝတစ်ခုလုံးကို သူ့အတွက် အသုံးခံရန် လိုလားနေကြသူများပင်လျှင် သူ၏ အတွေးများကို မသိကြ သို့မဟုတ် သူ၏စိတ်သဘောထားနှင့် စိတ်ခံစားမှုများကို နားမလည်ကြပေ။

နောဧ၏ အဖြစ်အပျက်အဆုံးတွင်၊ ဘုရားသခင်သည် ထိုအချိန်က သူ၏ခံစားချက်များကို ဖော်ပြဖို့ရန် တစ်မူထူးခြားသော နည်းလမ်းတစ်ခု အသုံးပြုခဲ့သည်ကို ငါတို့မြင်ရသည်။ ယင်းမှာ အလွန်ထူးခြားသော နည်းလမ်းတစ်ခု ဖြစ်ပေသည်- ကမ္ဘာကြီးကို ရေလွှမ်းမိုးခြင်းဖြင့် ဘုရားသခင်၏ ဖျက်ဆီးခြင်း အဆုံးသတ်ကို ကြေငြာသည့် ပဋိညာဉ်တစ်ခုကို လူသားများနှင့် ဖွဲ့ရန်ဖြစ်သည်။ အပေါ်ယံအားဖြင့်၊ ပဋိညာဉ်ဖွဲ့ခြင်းသည် အလွန် သာမန်ဖြစ်သည့် တစ်ခုကဲ့သို့ ထင်ရသည်။ ယင်းသည် နှစ်ဦးနှစ်ဘက်၏ အကျိုးစီးပွားများကို ကာကွယ်ရန်အလို့ငှာ၊ အဖွဲ့နှစ်ဖွဲ့ကို လိုက်နာဆောင်ရွက်စေဖို့နှင့် ၎င်းတို့၏ သဘောတူညီချက်ကို ကျူးလွန်ဖောက်ဖျက်ခြင်းမှ တားဆီးဖို့ စကားလုံးများကို အသုံးပြုခြင်းထက် ဘာမျှမပိုပေ။ ပုံစံအရ ယင်းမှာ အလွန် သာမန်ဖြစ်သည့်အရာတစ်ခု ဖြစ်သည်၊ သို့သော် နောက်ကွယ်မှ အရင်းခံအကြောင်းများနှင့် ဤအရာကို ဘုရားသခင်လုပ်ဆောင်ရခြင်း၏ ရည်ရွယ်ချက်မှ၊ ယင်းမှာ ဘုရားသခင်၏စိတ်သဘောထားနှင့် စိတ်အခြေအနေတို့နှင့်သက်ဆိုင်သည့် မှန်ကန်သည့် ထုတ်ဖော်ပြမှုတစ်ခု ဖြစ်သည်။ သင်သည် ဤစကားများကိုသာ ဘေးဖယ်ကာ လျစ်လျူရှုပါက၊ အကယ်၍ ငါသည် အမှုအရာများနှင့် သက်ဆိုင်သည့် သမ္မာတရားကို သင်တို့အား မည်သည့်အခါတွင်မျှ မပြောပြပါက၊ လူသားမျိုးနွယ်သည် ဘုရားသခင်၏ အတွေးကို အမှန်တကယ် မည်သည့်အခါတွင်မျှ သိရှိကြလိမ့်မည် မဟုတ်ပေ။ သင်၏ စိတ်ကူးထဲတွင် ဘုရားသခင်သည် ဤပဋိညာဉ်ကို သူ ဖွဲ့ချိန်တွင် ပြုံးနေခဲ့ကောင်းပြုံးနေပေမည် သို့မဟုတ် သူ၏ မျက်နှာအမူအရာသည် လေးနက်ခဲ့ကောင်း လေးနက် ခဲ့ပေမည်၊ သို့သော် ဘုရားသခင်က ရှိခဲ့မည်ဟု လူတို့စိတ်ကူးသည့် သာမန်အဖြစ်ဆုံးသော မည်သည့်မျက်နှာအမူအရာကို ပဓာနမထားဘဲ၊ ဘုရားသခင်၏ အထီးကျန်မှုကို မဆိုထားနှင့်၊ ဘုရားသခင်၏နှလုံးသား သို့မဟုတ် သူ၏နာကျင်မှုကို မည်သူမျှ မြင်နိုင်ပြီးဖြစ်လိမ့်မည် မဟုတ်ပေ။ မည်သူမျှ ၎င်းတို့ကို ဘုရားသခင် ယုံကြည်ဖို့ မလုပ်နိုင် သို့မဟုတ် ဘုရားသခင်၏ ယုံကြည်မှုနှင့် မထိုက်တန်နိုင်ပေ၊ သို့မဟုတ် သူ၏အတွေးများကို ဖော်ပြပေးနိုင်သည့်သူ သို့မဟုတ် သူ၏နာကျင်မှုကို အသိပေးခံရနိုင်သူ တစ်စုံတစ်ဦး မဖြစ်နိုင်ပေ။ ယင်းမှာ ဘုရားသခင်သည် ထိုသို့သောအရာကို လုပ်ဆောင်ရုံမှတစ်ပါး ရွေးချယ်စရာ မရှိခဲ့သည့် အကြောင်းရင်းဖြစ်သည်။ အပေါ်ယံအားဖြင့်၊ ဘုရားသခင်သည် အတိတ်၏ အရေးကိစ္စကို ပြီးပြတ်စေရင်းနှင့် ရေလွှမ်းမိုးခြင်းအားဖြင့် ကမ္ဘာကြီးကို သူ၏ဖျက်ဆီးခြင်းအား ပြီးပြည့်စုံသည့် အဆုံးသတ်သို့ ဆောင်ကြဉ်းရင်း၊ ရှိခဲ့သည့် လူသားမျိုးနွယ်ကို နှုတ်ဆက်ရာတွင် လွယ်ကူသည့်အရာတစ်ခု လုပ်ဆောင်ခဲ့ပေသည်။ သို့သော် ဘုရားသခင်သည် ဤအခိုက်အတန့်မှ နာကျင်မှုကို သူ၏ အတွင်းစိတ်နှလုံးထဲတွင် မြှုပ်နှံခဲ့သည်။ ဘုရားသခင်သည် ပြောပြရမည့်လူတစ်ယောက်မျှ မရှိသည့်အချိန် ထိုအချိန်တွင်၊ သူသည် ကမ္ဘာကြီးကို ရေလွှမ်းမိုးခြင်းနှင့် ဖျက်ဆီးတော့မည်မဟုတ်သည်ကို ၎င်းတို့အား ပြောပြရင်း၊ လူသားမျိုးနွယ်နှင့် ပဋိညာဉ်တစ်ခု ဖွဲ့ခဲ့သည်။ သက်တံပေါ်ထွက်လာသောအခါ၊ ယင်းမှာ လူသားများကို ဖြစ်ခဲ့ပြီးဖြစ်သည့် ထိုသို့သော အရာတစ်ခုကို လူတို့အား အသိပေးရန်နှင့်၊ မကောင်းမှုကို ရှောင်ကြဉ်ရန် ၎င်းတို့ကို သတိပေးဖို့ ဖြစ်သည်။ ထိုသို့သော နာကျင်ရသည့် အခြေအနေတွင်ပင်၊ ဘုရားသခင်သည် လူသားမျိုးနွယ်နှင့်ပတ်သက်၍ မမေ့လျော့ခဲ့သကဲ့သို့၊ သူတို့ကို များစွာသော အလေးထားမှု ပြနေဆဲ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းနှင့် ကိုယ်ကျိုးမငဲ့မှုတို့ ဖြစ်သည် မဟုတ်သလော။ သို့ရာတွင် လူတို့သည် ၎င်းတို့ ဆင်းရဲဒုက္ခခံစားနေရချိန်တွင် မည်သည့်အရာကို တွေးကြသနည်း။ ဤသည်မှာ ဘုရားသခင်ကို ၎င်းတို့ အလိုအပ်ဆုံးအချိန် ဖြစ်သည် မဟုတ်သလော။ ဤသို့သောအချိန်များတွင်၊ လူများသည် ၎င်းတို့ကိုနှစ်သိမ့်ပေးနိုင်စေဖို့ ဘုရားသခင်ကို အတင်းဆွဲခေါ်ကြသည်။ မည်သည့်အချိန်တွင် ဖြစ်ပါစေ ဘုရားသခင်သည် လူသားများကို စိတ်ပျက်စေလိမ့်မည်မဟုတ်သကဲ့သို့၊ ဘုရားသခင်သည် လူတို့ကို ၎င်းတို့၏အကျပ်အတည်းများမှ အမြဲ လွတ်မြောက်နိုင်စေလိမ့်မည်ဖြစ်ပြီး အလင်းထဲတွင် အသက်ရှင်နိုင်စေလိမ့်မည်ဖြစ်သည်။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို များစွာထောက်ပံ့ပေးသော်လည်း၊ လူသား၏ နှလုံးသားထဲတွင်၊ ဘုရားသခင်သည် ဖြေသိမ့်ပေးသည့်ဆေးတစ်လုံး၊ ကိုယ်စိတ်ချမ်းသာစေသည့် အားဆေးတစ်လုံးထက် ဘာမျှမပိုပေ။ ဘုရားသခင်သည် ဆင်းရဲဒုက္ခခံစားနေရချိန်တွင်၊ သူ၏နှလုံးသား ထိခိုက်ချိန်တွင်၊ သူ့ကို အဖော်ပြုမြဲပြုဖို့ သို့မဟုတ် သူ့ကို နှစ်သိမ့်ပေးဖို့ အဖန်ဆင်းခံတစ်ဦး သို့မဟုတ် လူတစ်ဦးတစ်လေ ရှိခြင်းသည် ဘုရားသခင်အတွက် သေချာပေါက် လွန်ကဲလှသည့် ဆန္ဒတစ်ခုသာ ဖြစ်ပေမည်။ လူသားသည် ဘုရားသခင်၏ ခံစားချက်များကို မည်သည့်အခါတွင်မျှ အာရုံမစိုက်ခဲ့ပေ၊ ထို့ကြောင့် ဘုရားသခင်သည် သူ့ကိုနှစ်သိမ့်ပေးနိုင်မည့် တစ်စုံတစ်ဦးရှိဖို့ မည်သည့်အခါမျှ မတောင်းဆိုပေ သို့မဟုတ် မမျှော်လင့်ပေ။ သူ၏စိတ်နေစိတ်ထားကို ဖော်ပြဖို့ ဘုရားသခင်သည် သူ့ကိုယ်ပိုင်နည်းကိုသာ အသုံးပြုသည်။ ဘုရားသခင်အနေဖြင့် ဆင်းရဲဒုက္ခအချို့ကို ဖြတ်သန်းဖို့မှာ ကြီးမားသည့် အခက်အခဲတစ်ခုဖြစ်သည်ဟု လူတို့က မစဉ်းစားကြပေ၊ သို့ရာတွင် သင်သည် ဘုရားသခင်ကို နားလည်ဖို့ အမှန်တကယ် ကြိုးစားသည့်အခါမှသာ၊ သူလုပ်သမျှအရာတိုင်းတွင် ဘုရားသခင်၏ လေးနက်သည့် ရည်ရွယ်ချက်များကို စစ်မှန်စွာ သင် အသိအမှတ်ပြုနိုင်သည့်အခါမှသာ၊ သင်သည် ဘုရားသခင်၏ကြီးမြတ်မှုနှင့် ကိုယ်ကျိုးမငဲ့မှုတို့ကို ခံစားရနိုင်ပေသည်။ ဘုရားသခင်သည် သက်တံကို အသုံးပြုရင်း လူသားမျိုးနွယ်နှင့် ပဋိညာဉ်တစ်ခု ဖွဲ့ခဲ့သော်လည်း ဤအရာကို သူ အဘယ်ကြောင့် လုပ်ဆောင်ခဲ့သည်- အဘယ်ကြောင့် ဤပဋိညာဉ်ကို သူ တည်ထောင်ခဲ့သည်- ဆိုသည်ကို မည်သူ့ကိုမျှ လုံးဝ မပြောခဲ့ပေ၊ ဆိုလိုသည်မှာ သူသည် သူ၏ စစ်မှန်သည့် အတွေးများကို မည်သူ့ကိုမျှ မပြောပြခဲ့ပေ။ ဤသည်မှာ သူကိုယ်တိုင် လက်ဖြင့် ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ အတိမ်အနက်ကို သဘောပေါက်နိုင်သူ တစ်ဦးမျှ မရှိသောကြောင့်ဖြစ်ပြီး၊ လူသားမျိုးနွယ်ကို သူ ဖျက်ဆီးခဲ့သည့်အချိန်တွင် သူ၏နှလုံးသားက မည်မျှနာကျင်မှုသာ ခံစားခဲ့ရသည်ကို အသိအမှတ်ပြုနိုင်သူ တစ်ဦးမျှလည်း မရှိပေ။ ထို့ကြောင့် ဘုရားသခင်က သူမည်သို့ခံစားရသည်ကို လူတို့အား ပြောပြခဲ့မည်ဆိုလျှင်ပင်၊ ၎င်းတို့သည် ဤယုံကြည်မှုကို ခံယူနိုင်မည်မဟုတ်ပေ။ နာကျင်မှုတွင်ရှိနေသော်လည်း သူသည် သူ၏အမှု နောက်တစ်ဆင့်ကို ဆက်လက်လုပ်ဆောင်ဆဲဖြစ်သည်။ ဆင်းရဲဒုက္ခကို မိမိဘာသာ တိတ်တဆိတ် သည်းညည်းခံရင်း၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို သူ၏အကောင်းဆုံးအပိုင်းနှင့် အကောင်းဆုံးအရာများကို အမြဲ ပေးလေသည်။ ဘုရားသခင်သည် ဤဆင်းရဲဒုက္ခများကို မည်သည့်အခါတွင်မျှ ပွင့်ပွင့်လင်းလင်း မဖွင့်ဟပေ။ ထိုအစား သူသည် ယင်းတို့ကို ကြံ့ကြံ့ခံပြီး တိတ်တဆိတ် စောင့်ဆိုင်းနေသည်။ ဘုရားသခင်၏ ခံနိုင်ရည်သည် အေးစက်၊ ထုံထိုင်းခြင်းမရှိ သို့မဟုတ် ကူကယ်ရာမဲ့ မဖြစ်သကဲ့သို့ အားနည်းမှု၏ လက္ခဏာတစ်ရပ်လည်း မဟုတ်။ ယင်းထက် ဘုရားသခင်၏ချစ်ခြင်းနှင့် အနှစ်သာရသည် အစဉ်အမြဲ ကိုယ်ကျိုးငဲ့ခြင်း မရှိပေ။ ဤသည်မှာ သူ၏စိတ်သဘောထားနှင့် အနှစ်သာရတို့နှင့်သက်ဆိုင်သည့် သဘာဝအလျောက် ဖွင့်ပြခြင်းဖြစ်ပြီး၊ စစ်မှန်သည့် ဖန်ဆင်းရှင်အဖြစ် ဘုရားသခင်၏ ပင်ကိုလက္ခဏာ၏ စစ်မှန်သည့် သရုပ်သကန်တစ်ခုလည်းဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ၊ အချို့က ငါဆိုလိုသည့်အရာကို အဓိပ္ပာယ်ကောက်လွဲနိုင်ပြီး “ဘုရားသခင်၏ ခံစားချက်များကို သည်းထိတ်ရင်ဖိုစရာ ဖန်တီးမှုများစွာဖြင့်၊ ထိုသို့ အသေးစိတ်ဖော်ပြခြင်းသည် လူသားများကို ဘုရားသခင်အတွက် ဝမ်းနည်းစေဖို့ ရည်ရွယ်ပါသလော” ဟု တွေးနိုင်သည်။ ယင်းသည် ဤနေရာတွင်ရှိသည့် ရည်ရွယ်ချက်လော။ (မဟုတ်ပါ။) ငါ့အနေနှင့် ဤအရာများကို ပြောရခြင်း၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ဘုရားသခင်ကို သာ၍ကောင်းစွာ သင်တို့ သိကျွမ်းလာစေရန်၊ သူ၏ သွင်ပြင်လက္ခဏာ အမြောက်အများကို နားလည်ရန်၊ သူ၏ စိတ်ခံစားမှုများကို နားလည်ရန်၊ ဘုရားသခင်၏ အနှစ်သာရနှင့် စိတ်သဘောထားတို့သည် လူသား၏ အနှစ်မဲ့သည့် စကားလုံးများ၊ ၎င်းတို့၏ ကျမ်းဟောင်းတရားများနှင့် အယူဝါဒများ၊ သို့မဟုတ် ၎င်းတို့၏ စိတ်ကူးများမှတစ်ဆင့် ပုံဖော်ခံထားရသည့် အဖြစ်နှင့် တခြားစီ ဖြစ်သည်နှင့်အမျှ၊ သူ၏အမှုမှတစ်ဆင့် ခိုင်ခိုင်လုံလုံနှင့် တစ်စချင်း ဖော်ပြခြင်းခံရသည်ကို သင်တို့အား နားလည်စေဖို့ ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်နှင့် ဘုရားသခင်၏ အနှစ်သာရသည် အမှန်တကယ် တည်ရှိပေသည်- ၎င်းတို့သည် ပန်းချီများ မဟုတ်၊ စိတ်ကူးများ မဟုတ်၊ လူက တည်ဆောက်ထားသည့် အရာ မဟုတ်သကဲ့သို့၊ လူက လုပ်ကြံဖန်တီးထားသည့် အရာ သေချာပေါက် မဟုတ်ပေ။ ဤအရာကို သင်တို့ ယခု သတိပြုမိကြပါသလော။ သင်တို့ သတိပြုမိပါက၊ ယနေ့ ငါ၏နှုတ်ကပတ်တော်များသည် ၎င်းတို့၏ ရည်မှန်းချက် ပန်းတိုင်ကို ရရှိပြီဖြစ်သည်။

ယနေ့ အကြောင်းအရာသုံးခုကို ငါတို့ ဆွေးနွေးခဲ့ကြသည်။ အယောက်တိုင်းသည် ဤအကြောင်းအရာသုံးခုအပေါ် မိတ်သဟာယပြုခြင်းမှ များစွာ ရရှိကြပြီးဖြစ်သည်ဟု ငါယုံကြည်သည်။ ဤအကြောင်းအရာသုံးခုမှတစ်ဆင့် ငါဖော်ပြခဲ့သည့် ဘုရားသခင်၏အတွေးများ သို့မဟုတ် ငါပြောဆိုခဲ့သည့် ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရတို့သည် ဘုရားသခင်နှင့်ပတ်သက်သည့် လူတို့၏ စိတ်ကူးစိတ်သန်းများနှင့် သိနားလည်မှုတို့ကို ပြောင်းလဲပေးပြီးဖြစ်သည်၊ အယောက်တိုင်း၏ ဘုရားသခင်၌ ယုံကြည်ခြင်းမှုကိုပင် ပြောင်းလဲစေပြီးဖြစ်သည့်အပြင်၊ အယောက်တိုင်းက ၎င်းတို့၏ စိတ်နှလုံးများထဲတွင် လေးစားကြည်ညိုကြသည့် ဘုရားသခင်၏ပုံရိပ်ကို ပြောင်းလဲစေပြီးဖြစ်သည်ဟု ငါအသေအချာ ပြောနိုင်သည်။ မည်သို့ပင်ဖြစ်စေ သမ္မာကျမ်းစာ၏ ဤအခန်းနှစ်ခန်းထဲက ဘုရားသခင်၏ စိတ်သဘောထားများအကြောင်း သင်တို့သင်ယူပြီးဖြစ်သည့်အရာများသည် သင်တို့အဖို့ အကျိုးရှိသည်ဟု ငါမျှော်လင့်သည်၊ ပြီးလျှင် သင်တို့ ပြန်သွားပြီးနောက်တွင် ယင်းကို သင်တို့ သာ၍ တွေးဆကြမည်ဟု ငါမျှော်လင့်သည်။ ယနေ့ စည်းဝေးမှုသည် ဤတွင် ပြီး၏။ နှုတ်ဆက်ပါသည်။

၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်

အရှေ့သို့- ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ

နောက်တစ်ခုသို့- ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။