မှန်ကန်သော လမ်းကြောင်းကို ရွေးချယ်ခြင်းသည် ဘုရားသခင်အား ယုံကြည်မှုတွင် အရေးပါဆုံးအပိုင်း ဖြစ်သည်

နောက်ဆုံးသော ကာလတွင် ဘုရားသခင်၏ ဧဝံဂေလိတရားကို ဖြန့်ဝေခြင်း အလုပ်အချိန်ကာလအတွင်း၌ လူနည်းစုတစ်စုကသာ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အစစ်အမှန် အသုံးခံရန်အလို့ငှာ မိမိတို့မိသားစုများနှင့် အရာအားလုံးကို စွန့်လွှတ်နိုင်ကြ၏။ ဤလူများအားလုံးတွင် အတွေ့အကြုံကို အခြေခံသည့် စစ်မှန်သော သက်သေခံချက်တချို့ ရှိကြပြီး ဝိညာဉ်ရင့်သန်မှုတချို့လည်း ရှိကြ၏။ ၎င်းတို့သည် မိမိတို့တာဝန်များကို ထမ်းဆောင်ရန် မိမိတို့မိသားစုများနှင့် အလုပ်အကိုင်များအား စွန့်လွှတ်ရသည်ကို ဆင်းရဲဒုက္ခကြီးတစ်ခု ဖြစ်သည်ဟု မမှတ်ယူကြချေ။ ၎င်းတို့အနေဖြင့် ဆယ်နှစ်ဖြစ်စေ၊ တစ်သက်တာဖြစ်စေ အိမ်မပြန်ရဘဲ သွားလာရမည် ဆိုလျှင်ပင် ဤအရာကို လုပ်ကိုင်ချင်စိတ် ရှိကြ၏။ လုပ်ဆောင်ရန် ခက်ခဲသော အရာတစ်ခု ဖြစ်သည်ဟု မခံစားမိကြချေ။ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်က ၎င်းတို့ကို ပေးအပ်ထားသော ခွန်အားဖြစ်၏။ သို့သော် ၎င်းတို့၏ ဝိညာဉ်ရင့်သန်မှုအနေနှင့်ကား ဤအဆင့်အတန်းသို့ မရောက်ရှိနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သမ္မာတရားတချို့ကို နားလည်ကြသော်လည်း သမ္မာတရားစစ်မှန်မှုအတွင်းသို့ မဝင်ရောက်ကြသေးသကဲ့သို့ သမ္မာတရားကိုလည်း မရရှိကြသေးသောကြောင့် ဖြစ်၏။ ၎င်းတို့တွင် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံရာ၌ စစ်မှန်မှု အနည်းငယ် ရှိခြင်းမျှသာ ဖြစ်သည်။ လူတစ်ဦးတစ်ယောက်သည် သမ္မာတရားကို အားထုတ်လိုက်စားရန် စိတ်ပိုင်းဖြတ်မှု ရှိပြီး သန့်ရှင်းသော ဝိညာဉ်တော်ကလည်း ထိုသူအား ဤအပေါ်၌ ကျေးဇူးတော်တချို့ ပေးအပ်သည်ဆိုလျှင် ထိုသူသည် ထိုအခိုက်အတန့်တွင် အထူးတလည် ဝမ်းမြောက်ခြင်း ခံစားရ၏။ ခွန်အားတစ်မျိုးကို ရရှိကာ ဘုရားသခင်အတွက် အသုံးခံရန်အလို့ငှာ လောကီကမ္ဘာ၏ အနှောင်အဖွဲ့များမှ လွတ်မြောက်လာနိုင်၏။ ဤသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်ပင် ဖြစ်သည်။ သို့သော် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေစဉ်အတွင်း မိမိတို့၏ မှန်ကန်သော အလုပ်ကို အာရုံမစိုက်ကြသည့် အချို့သော လူပုဂ္ဂိုလ်များ ရှိကြသည်။ ၎င်းတို့သည် သမ္မာတရားကို လုံးဝ မလိုက်စားကြသည့်အပြင် မကောင်းသော လုပ်ရပ်မျိုးစုံတွင်လည်း ပါဝင်နိုင်စွမ်း ရှိကြသည်။ ထိုသို့သော အခြေအနေမျိုးတို့၌ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့အပေါ် အလုပ်မလုပ်ပေ။ ဤသို့သော လူများ၏ စိတ်တွန်းအားများမှာ ဖြောင့်မှန်ခြင်း မရှိသကဲ့သို့ ၎င်းတို့သည် ဘုရားသခင်ကို အစစ်အမှန် ယုံကြည်သူများလည်း မဟုတ်ကြ။ သန့်ရှင်းသော ဝိညာဉ်တော်က ၎င်းတို့အပေါ် ယခင်က အလုပ်အနည်းငယ် လုပ်ခဲ့သည်ဆိုလျှင်ပင် ယင်းကို လက်လွှတ်ရကာ ၎င်းတို့သည် မသိလိုက်မသိဘာသာဖြင့် ဆုတ်ယုတ်သော လမ်းကို လျှောက်မိကြ၏။ အကယ်၍ သင်သည် သမ္မာတရားကို အားထုတ်လိုက်စားရန် စိတ်ပိုင်းဖြတ်မှု ရှိသော လူတစ်ယောက် ဖြစ်သည်ဆိုလျှင် သန့်ရှင်းသော ဝိညာဉ်တော်သည် သင် ခံစားရန်အတွက် သင့်အား ကျေးဇူးတော်တချို့ ပေးအပ်လိမ့်မည်။ ထိုအခါတွင် သင်သည် သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို ဦးတည်ပေးသည့် လမ်းအတိုင်း သင်၏အားထုတ်လိုက်စားမှုတွင် ရှေ့ကို တိုးနိုင်ပေမည်။ သမ္မာတရားသည် သင့်အတွက် ပို၍ ပို၍ ရှင်းလင်းလာပေလိမ့်မည်။ သင်၏စိတ်ပိုင်းဖြတ်မှုသည် ခိုင်မာသည်ထက် ခိုင်မာလာမည် ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်အနေဖြင့် သင့်အပေါ် အလုပ်လုပ်ရန်မှာလည်း ပို၍ ပို၍ လွယ်ကူလာလိမ့်မည်။ လူတစ်ယောက်သည် သမ္မာတရားကို လိုက်စားခြင်းဟူသော မှန်ကန်သည့် လမ်းအား မလျှောက်လှမ်းသည့်အခါ သန့်ရှင်းသော ဝိညာဉ်တော်သည် ထိုသူကို နောက်ဆုံး၌ ဖယ်ရှားပစ်၏။ ဖယ်ရှားခံရပြီးသည့်နောက်တွင် ထိုသူ၏ မူလ စိတ်ပိုင်းဖြတ်မှု၊ ထိုသူ၏ မူလ စိတ်ထက်သန်မှု၊ စွန့်လွှတ်ကာ အသုံးခံမည်ဟူသော ထိုသူ၏ ဆန္ဒတို့သည် လုံးလုံး ပျောက်ကွယ်သွားတော့၏။ သူသည် နောင်တရပြီး “ငါဖယ်ရှားခံရမည့် နေ့တစ်နေ့ ရောက်လာမည်မှန်း သိခဲ့လျှင် ဘုရားသခင်ကို အစကတည်းက ငါယုံကြည်ခဲ့လိမ့်မည် မဟုတ်” ဟူ၍ စဉ်းစားလေသည်။ ဤအချိန်၌ သူ၏ နောင်တ၊ မကျေမနပ်ဖြစ်မှုများနှင့် အပျက်သဘောဆောင်မှုတို့ အားလုံးသည် ထွက်ပေါ်လာ၏။ အမှန်တကယ်တွင် သန့်ရှင်းသော ဝိညာဉ်တော်သည် ထိုသူအပေါ် အလုပ်လုပ်ခြင်းကို ရပ်တန့်ခဲ့သည်မှာ အချိန်ကြာခဲ့လေပြီ။ ထိုသူသည် ဧဝံဂေလိ ဖြန့်ဝေကာ စကားပြောဆိုရာတွင် အထုံပါရမီ ရှိပြီး ရလဒ်တချို့ ရရှိထားသော်လည်း ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုနှင့် လမ်းပြမှုတို့ကြောင့် ဖြစ်လာခြင်း မဟုတ်ပေ။ ထိုအစား ဤလူပုဂ္ဂိုလ်ထံတွင် အသိဉာဏ်တချို့နှင့် အရည်အချင်းတချို့ ရှိသောကြောင့် ဖြစ်သည်။ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်သည် ထိုသူအတွင်း၌ အလုပ်လုပ်လျက်ရှိသည်ဟူသော အဓိပ္ပာယ်မဟုတ်။ ထိုသူသည် အစေခံသူများနှင့် အလားတူ၏။ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့အတွင်း၌ အလုပ်လုပ်နေခြင်း မရှိသော်လည်း ၎င်းတို့သည် ယာယီမျှ အစေခံရန် စွမ်းနိုင်ကြသေး၏။ မည်သို့ဆိုစေ ၎င်းတို့တွင် အရည်အချင်းနှင့် ဆုကျေးဇူးများ ရှိကြ၏။ ၎င်းတို့သည် သမ္မာတရားကို အားထုတ်လိုက်စားကြမည့်အစား၊ မိမိတို့တာဝန်များကို ကောင်းစွာ ထမ်းဆောင်၍ ဘုရားသခင်၏ ချစ်ခြင်းကို ပြန်ပေးဆပ်ရန် ကြိုးစားကြမည့်အစား ဂုဏ်ဒြပ်၊ အကျိုးအမြတ်၊ အဆင့်အတန်းအပြင် ကောင်းချီးများနှင့် သရဖူကြီးတစ်ခုရဖို့ ကြိုးစားအားထုတ်ကြခြင်းသာ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ လျှောက်လှမ်းနေစဉ်တွင် ၎င်းတို့၏ လမ်းကြောင်းမှာ ပျောက်ကွယ်သွား၍ ခြေတစ်လှမ်း လှမ်းရန်ကိုပင် ၎င်းတို့အတွက် ခက်ခဲလာလေသည်။ ဤသည်မှာ သမ္မာတရားကို မလိုက်စားသော လူများအားလုံး ဖြစ်လာကြသည့် အရာပင် ဖြစ်၏။

“ငါ့သဘာဝက ဆိုးသည်ကို ငါသိသည်။ ငါ့ထံတွင် ပြင်းပြသော တွယ်တာမှုများ ပြည့်နှက်နေပြီး ငါသည် ပုန်ကန်လွန်းသည်” ဟူ၍ ပြောဆိုကြသော လူအများအပြားသည် ယခုအခါ ရှိကြ၏။ သို့သော် ဤသို့ ပြောဆိုသော်ငြား ဤလူများသည် ၎င်းတို့၏ ကိုယ်ပိုင် သဘာဝကို သိခြင်း ကင်းမဲ့ကြပြီး သမ္မာတရား၏ လက္ခဏာသွင်ပြင် တစ်ခုတလေကိုမျှလည်း နားမလည်ကြပေ။ ၎င်းတို့သည် အရာအားလုံးကို နားလည်နေပုံရကာ အယူဝါဒများအကြောင်းကို မည်မျှကောင်းမွန်စွာ ပြောဆိုသည်ဖြစ်စေ ဤအရာများကို လက်တွေ့ မလုပ်ဆောင်နိုင်ကြချေ။ ဤသည်မှာ ၎င်းတို့ထံတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်က ပျောက်ကွယ်သွားခဲ့ပြီဆိုသည်ကို သက်သေပြရန် လုံလောက်သည်ထက်ပင် ပိုနေလေပြီ။ သင်၏ လူ့သဘာဝက မည်ကဲ့သို့ ရှိသည်ဖြစ်စေ၊ သင်သည် အယူဝါဒမည်မျှကို နားလည်သည်ဖြစ်စေ၊ သင့်အနေဖြင့် မည်မျှဆင်းရဲဒုက္ခခံကာ စွန့်လွှတ်ခဲ့သည်ဖြစ်စေ သန့်ရှင်းသော ဝိညာဉ်တော်က သင့်အတွင်း၌ အလုပ်လုပ်နေခြင်း မရှိသရွေ့ သင်သည် သမ္မာတရားကို မချစ်ကြောင်း ဤအရာက သက်သေပြ၏။ သင်သည် မည်မျှ စိတ်အားထက်သန်သည်ဖြစ်စေ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် မရှိလျှင် အံ့ဩမှင်တက်ရပေလိမ့်မည်။ လူသားတွင် ပိုင်ဆိုင်သည့် အနည်းငယ်သော ခွန်အားကလေးမှာ အဘယ်ပြောပလောက်သနည်း။ လူသားတွင် ရှိသည့် ယုံကြည်ခြင်း အနည်းငယ်သည် အဘယ်ပြောပလောက်သနည်း။ လူသားတွင် ပိုင်ဆိုင်သည့် အသိဉာဏ် အနည်းငယ်သည် မည်သို့များ အသုံးကျသနည်း။ ဘုရားသခင်ကို ယုံကြည်သူများအား ဖိနှိပ်ခြင်း၊ ဖမ်းဆီးခြင်း၊ ထောင်သွင်းအကျဉ်းချခြင်းတို့ကို ဥပမာကြည့်လော့။ ၎င်းတို့သည် ဘုရားသခင်ကို ပထမဦးဆုံး စတင် ယုံကြည်ချိန်ကစ၍ မကြာခဏ ညှဉ်းပန်းနှိပ်စက်ခံရခြင်း၊ လိုက်လံဖမ်းဆီးခံရခြင်းများ ကြုံရကာ တစ်နေရာမှ တစ်နေရာသို့ မဖြစ်မနေ ထွက်ပြေးခဲ့ကြရ၏။ ဤအဖြစ်သည် ၎င်းတို့၏ စိတ်နှလုံးတွင် ဖျက်မရသော အစွန်းအထင်းတစ်ခုကို ကျန်ရစ်စေခဲ့သည်။ “ငါသာ ဖမ်းဆီးခံရလျှင် ယုဒကဲ့သို့ ဖြစ်၍မရ။ ငါသည် အသင်းတော်ကို ဘယ်သောအခါမျှ သစ္စာဖောက်၍ မဖြစ်” ဟူ၍ လူအများစုသည် ဤကဲ့သို့ မိမိကိုယ်ကို ပြင်ဆင်ထားခြင်း မရှိကြသလော။ သို့သော် ၎င်းတို့ အမှန်တကယ် ဖမ်းဆီးခံရသည့်အခါ ၎င်းတို့၏ သဘောအတိုင်း မဟုတ်တော့ချေ။ ၎င်းတို့သည် ဘုရားသခင်ထံ ဆုတောင်းကာ ဘုရားကို အားကိုးခြင်း မပြုလျှင် သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့အတွင်း၌ အလုပ်လုပ်ခြင်း ရှိလိမ့်မည် မဟုတ်သကဲ့သို့ ၎င်းတို့သည်လည်း ခိုင်မာစွာ ရပ်တည်နိုင်ကြလိမ့်မည် မဟုတ်။ လူတို့ကို ယုဒကဲ့သို့ ဖြစ်လာစေရန် ဦးတည်ပေးသည်မှာ တဒင်္ဂစာ မရေရာမှုတစ်ခုကြောင့် မဟုတ်ပေ။ ယခင်က ငါမိန့်ဆိုခဲ့သည့်အတိုင်း သင့်ထံတွင် နောက်ဆုံး၌ မည်သည်တို့ ဖြစ်ပျက်သနည်း၊ သင်၏ အဆုံးသတ်သည် မည်သို့ရှိသနည်း ဆိုသည်တို့မှာ အဓိကအားဖြင့် သင်က သမ္မာတရားကို ချစ်သလော၊ လက်ခံသလောဆိုသည့် အချက်အပေါ် မူတည်၏။ ဤသည်မှာ အရေးအကြီးဆုံး ဖြစ်သည်။ ယင်းနောက်တွင်မူ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် သင်နှင့်အတူ အစဉ်အမြဲ ရှိသလော၊ သင်သည် သမ္မာတရားကို နားလည်၍ သင်၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်နိုင်သလော ဟူသည့် အချက်တို့အပေါ် မူတည်၏။ ဤသည်တို့မှာ အဓိက မူတည်နေသည့် အကြောင်းအရာများ ဖြစ်သည်။ အချို့သော လူများသည် မိမိတို့၏ တာဝန်များကို ပထမဆုံး စတင် ထမ်းဆောင်သည့်အချိန်၌ အင်မတန်မှ စိတ်အားထက်သန်မှု ရှိကြကာ မိမိတို့တွင် မကုန်ခန်းနိုင်သော အင်အား ရှိသကဲ့သို့ ခံစားကြရ၏။ သို့ဆိုလျှင် ၎င်းတို့၌ ဤအားမာန် တဖြည်းဖြည်း စတင် ပျောက်ဆုံးကုန်သည်မှာ အဘယ်ကြောင့်နည်း။ အတိတ်ကာလမှ ၎င်းတို့နှင့် ယခု ပစ္စုပ္ပန်မှ ၎င်းတို့သည် လုံးဝ ကွဲပြားသော လူနှစ်မျိုးကဲ့သို့ ထင်ရလေသည်။ အဘယ်ကြောင့် ၎င်းတို့ ပြောင်းလဲခဲ့သနည်း။ ဤအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ ၎င်းတို့သည် မှားယွင်းသော လမ်းကို လျှောက်လှမ်း၍ ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းကြောင်းမှန်အတွင်း မဝင်ရောက်ခဲ့ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ကောင်းချီးများကို လိုက်စားသည့် လမ်းအား လျှောက်ခဲ့ကြ၏။ ၎င်းတို့၏ ရည်ရွယ်ချက်များအတွင်း၌ ဖုံးကွယ်ထားသော အချို့အရာများ ရှိကြ၏။ မည်သည့်အရာများကို ဖုံးကွယ်ထားလေသနည်း။ လူတို့သည် ဘုရားသခင်ကို ယုံကြည်သောအချိန်တွင် ၎င်းတို့၏ စိတ်နှလုံးအတွင်း အချို့သော မျှော်လင့်ချက်များကို သိုထားကြ၏။ ဘုရားသခင်၏ နေ့ရက်သည် များမကြာမီ ရောက်ရှိလာတော့မည်ဟုလည်းကောင်း၊ မိမိတို့၏ ဆင်းရဲဒုက္ခအားလုံးသည် အဆုံးသတ်တော့မည်ဟုလည်းကောင်း မျှော်လင့်ကြ၏။ ဘုရားသခင်သည် သဏ္ဌာန်တော် ပြောင်းလဲကာ ဇိအုန်သို့ ပြန်ကြွလာလိမ့်မည်ဟုလည်းကောင်း၊ ထိုအခါ မိမိတို့သည် ဆင်းရဲဒုက္ခအားလုံး ကင်းရှင်းသွားလိမ့်မည်ဟုလည်းကောင်း မျှော်လင့်ကြ၏။ တစ်နေ့နေ့တွင် မိမိတို့အိမ်သို့ ပြန်၍ မိမိတို့ချစ်ခင်ရသူများနှင့် ပြန်လည် ပေါင်းစည်းနိုင်မည်ဟု လူများအားလုံးက မျှော်လင့်ကြ၏။ ၎င်းတို့အနေဖြင့် ညှဉ်းပန်းနှိပ်စက်ခြင်း ခံရတော့မည် မဟုတ်သော၊ အမှန်တကယ် လွတ်လပ်ကာ ဘုရားသခင်ကို ပွင့်ပွင့်လင်းလင်း ယုံကြည်နိုင်သော နေ့တစ်နေ့သည် ရောက်ရှိလာလိမ့်မည်ဟု မျှော်လင့်ကြ၏။ ထိုအချိန်၌ ၎င်းတို့ကို ကန့်သတ်ချုပ်ချယ်မည့်သူဟူ၍ မည်သူမျှ ရှိလိမ့်မည် မဟုတ်ဘဲ ၎င်းတို့သည် သက်သောင့်သက်သာ ရှိသော ပတ်ဝန်းကျင်တစ်ခုတွင် နေထိုင်နိုင်ကြမည်၊ ကောင်းစွာ စားသောက်၍ အဝတ်အစားကောင်းများ ဝတ်ဆင်နိုင်ကြမည်ဟူ၍ ဖြစ်သည်။ လူများအားလုံးတွင် ထိုသို့သော မျှော်လင့်ချက်များ မရှိကြသလော။ လူတို့၏ ဇာတိခန္ဓာသည် ဆင်းရဲဒုက္ခကို မနှစ်သက်သောကြောင့် ဤမျှော်လင့်ချက်များမှာ ၎င်းတို့၏ စိတ်နှလုံးအတွင်း နက်နက်ရှိုင်းရှိုင်း တည်ရှိနေ၏။ ဆင်းရဲဒုက္ခ ရောက်ရသည့် အချိန်များတွင် ၎င်းတို့သည် ပို၍ ကောင်းမွန်သော နေ့ရက်များကို မျှော်လင့်ကြ၏။ ထိုသို့သော အရာများသည် ညှဉ်းပန်းနှိပ်စက်ခံရခြင်းနှင့် အတိဒုက္ခရောက်ခြင်း မရှိဘဲ ထွက်ပေါ်လာခြင်း မရှိချေ။ ညှဉ်းပန်းနှိပ်စက်ခံရခြင်း သို့မဟုတ် အတိဒုက္ခရောက်ခြင်း မရှိလျှင် လူတို့သည် ခိုင်မာသော ယုံကြည်ခြင်း ရှိကြသည်ဟု ထင်ရ၏။ ၎င်းတို့တွင် ဝိညာဉ်ရင့်သန်မှု ပမာဏတစ်ခု ရှိသည် ဟုလည်းကောင်း၊ ၎င်းတို့သည် သမ္မာတရားကို အတော်ကောင်းကောင်း နားလည်သည် ဟုလည်းကောင်း၊ အားမာန်အပြည့် ရှိသည်ဟုလည်းကောင်း ထင်ရ၏။ သို့ရာတွင် တစ်နေ့သောအခါ ညှဉ်းပန်းနှိပ်စက်မှု၊ အတိဒုက္ခများနှင့် ကြုံရသည့် အချိန်၌ ၎င်းတို့၏ လောကီ မျှော်လင့်ချက်များ၊ စိတ်ကူးများ၊ လွန်ကဲသော ဆန္ဒများမှာ ပေါက်ကွဲထွက်လာကြလေသည်။ ပဋိပက္ခသည် ၎င်းတို့၏ စိတ်နှလုံးအတွင်း စတင် ပေါ်ပေါက်လာ၏။ အချို့သော လူများမှာ အပျက်သဘောဆောင်ခြင်း၊ ပျော့ညံ့ခြင်းတို့ စတင် ကြီးထွားလာပြီး ဘုရားသခင်နှင့် ပတ်သက်သည့် သံသယများ၊ အထင်လွဲမှားမှုများသည် ၎င်းတို့အတွင်း၌ ဖြစ်ပေါ်လာကြ၏။ လူတို့သည် ဘုရားသခင်၏ အလိုတော်ကို နားမလည်ကြချေ။ ဘုရားသခင်သည် လွတ်မြောက်ရာ လမ်းတစ်ခုကို မထောက်ပံ့ဘဲနေခြင်း သို့မဟုတ် ၎င်းတို့အပေါ် သူ၏ ကျေးဇူးတော်ကို မပေးအပ်ဘဲနေခြင်း မဟုတ်။ ဘုရားသခင်သည် ၎င်းတို့၏ အခက်အခဲများကို နားမလည်ခြင်းလည်း လုံးဝ မဟုတ်ပေ။ ထိုအစား သင်သည် ခရစ်တော်နောက် လိုက်လျှောက်နေသောကြောင့် ဤဆင်းရဲဒုက္ခကို ယခု တွေ့ကြုံနိုင်ခြင်းသည် ကောင်းချီးမင်္ဂလာတစ်ခု ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် လူတို့အနေဖြင့် ဤဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံခြင်း မရှိဘဲ ကယ်တင်ခြင်းကို ရရှိရန်နှင့် ရှင်ကျန်ရစ်ရန်ဟူသည်မှာ မဖြစ်နိုင်သောကြောင့် ဖြစ်သည်။ ယင်းကို ဘုရားသခင်က စီမံခြင်းဖြစ်ရာ သင့်အပေါ် ဤဆင်းရဲဒုက္ခ ကျရောက်ခြင်းသည် ကောင်းချီးတစ်ခုပင် ဖြစ်၏။ သင်သည် ထိုအရာကို ရိုးရိုးစင်းစင်း ပုံစံမျိုးဖြင့် မမြင်သင့်။ ယင်းသည် လူတို့ကို ဆင်းရဲဒုက္ခရောက်စေပြီး ဆော့ကစားရုံသာ ပြု၍ ပြီးသွားသည့်ကိစ္စ မဟုတ်ချေ။ ဤအကြောင်းအရာ၏ ရည်ရွယ်ချက်အဓိပ္ပာယ်သည် အလွန့်အလွန် လေးနက်ထူးကဲလှ၏။ လက်တွဲဖော် ရှာဖွေခြင်း သို့မဟုတ် မိမိအိမ်သို့ ပြန်ခြင်း မရှိဘဲ ဘုရားသခင်အတွက် မိမိကိုယ်ကို အသုံးခံရန် သင်၏ ဘဝတစ်ခုလုံးအား ဆက်ကပ်မြှုပ်နှံခြင်းသည် အဓိပ္ပာယ်ရှိလှ၏။ သင်သည် မှန်သော လမ်းကို လျှောက်၍ မှန်ကန်သော အရာများကို အားထုတ်လိုက်စားသည်ဆိုလျှင် ခေတ်များတစ်လျှောက်လုံးတွင် သန့်ရှင်းသူများအားလုံး ရရှိခဲ့ကြသည်ထက် နောက်ဆုံး၌ ပို၍ ရရှိပေလိမ့်မည်၊ ပိုမို ကြီးမားသော ကတိတော်များကိုပင် ရရှိပေလိမ့်မည်။ “ဤဆင်းရဲဒုက္ခများကို ကြံ့ကြံ့ခံခြင်းအတွက် ဘုရားသခင်သည် ငါ့ကို အမှတ်ရပါမည်လော။ ငါအိုမင်းသည့်အခါ ငါ့ကို အထောက်အပံ့ပြုမည့်သူ မရှိလျှင် မည်သို့လုပ်မည်နည်း။ ငါမကျန်းမာသည့်အခါ မည်သူက ငါ့ကို ပြုစုစောင့်ရှောက်မည်နည်း။ ဘုရားသခင်က ဂရုရော စိုက်ပါ၏လော။ ဤဆင်းရဲဒုက္ခသည် မည်သည့်အချိန်တွင် အဆုံးသတ်မည်နည်း။ ငါသည် နေ့တာရောင်ခြည်ကို နောက်ဆုံးတွင် မည်သည့်အချိန်၌ မြင်ရမည်နည်း” ဟူ၍ အချို့သော လူများသည် ယခုအခါ အမြဲတစေ တွေးတောကြ၏။ ထိုသို့သော လူများသည် ဤအရာများကို အမြဲ စောင့်စားကြပြီး ကောင်းကင်နိုင်ငံတော်၏ ကောင်းချီးများကို ၎င်းတို့ ခံစားနိုင်စေရန်အတွက် ဘုရားသခင်က သဏ္ဌာန်တော် ပြောင်းလဲကာ ၎င်းတို့ကို ဆင်းရဲဒုက္ခမှ ကယ်တင်လိမ့်မည်ဟူ၍ မျှော်လင့်နေကြသည်။ ဘုရားသခင်နောက် လိုက်လျှောက်၍ ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံခြင်း၏ ရည်ရွယ်ချက်အဓိပ္ပာယ်မှာ အဘယ်အရာ ဖြစ်သည်ကိုသော်လည်းကောင်း၊ သမ္မာတရားကို ရရှိရန်အတွက် ဤဆင်းရဲဒုက္ခကို အဘယ်ကြောင့် ကြံ့ကြံ့ခံဖို့ လိုအပ်သည်ကိုသော်လည်းကောင်း ၎င်းတို့က မဆင်ခြင် မသုံးသပ်ကြပေ။ ၎င်းတို့၏ ယုံကြည်ခြင်းသည် အမှန်ပင် အားနည်းလွန်းပေစွ။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ပတ်သက်လာလျှင် လူတိုင်းလူတိုင်း၌ ၎င်းတို့၏ တစ်ကိုယ်ကောင်းဆန်သော တွက်ချက်မှုများ ရှိကြ၏။ ဤအချက်ကို အခြေခံကြည့်လျှင် ဘုရားသခင်အား သစ္စာဖောက်သည်မှာ လူ့သဘာဝပင် ဖြစ်သည်။ ဘုရားသခင်ကို အမှန်တကယ် ချစ်ခင်သူဟူ၍ တစ်ဦးမျှ မရှိ။ ဘုရားသခင်၏ အလိုတော်ကို အမှန်တကယ် အရေးထားမှု ပြနိုင်သူဟူ၍ တစ်ဦးမျှ မရှိ။ သို့မဟုတ် ဧဝံဂေလိအလုပ်ကို ဖြန့်ဝေရာတွင် ဘုရားသခင်နှင့် စိတ်နှလုံး တစ်သဘောတည်း ဖြစ်နိုင်သူဟူ၍ တစ်ဦးမျှ မရှိချေ။ လူတို့သည် ၎င်းတို့ကို ဆင်းရဲဒုက္ခမှ ဘုရားသခင် ကယ်တင်ပေး၍ ကောင်းကင်နိုင်ငံတော်တွင် ၎င်းတို့အား ဘဝစံစားခွင့် ပေးနိုင်ရန်အတွက် ကမ္ဘာမြေမှ ဘုရားထွက်ခွာပြီး သဏ္ဌာန်တော် ပြောင်းလဲမည့်အဖြစ်ကို မစောင့်နိုင်ဘဲ ဖြစ်နေကြသည်။ ဤသည်မှာ လူအများစု မျှော်လင့်ကြသောအရာ ဖြစ်၏။ “ဘုရားသခင်က ငါတို့ကို ချန်ရစ်သွားကာ အဆင်းနီသော နဂါးကြီးလည်း ကျရှုံးပြီဆိုလျှင် ငါတို့သည် အာဏာရယူနိုင်မည်။ ဆင်းရဲဒုက္ခ ခံဖို့ လိုအပ်တော့မည်မဟုတ်။ ငါတို့သည် တိုင်းနိုင်ငံများနှင့် လူမျိုးများ အားလုံးတို့ကို သံလှံတံဖြင့် အုပ်စိုးကြလိမ့်မည်။ ထိုအခါ ငါတို့သည် နေ့တာရောင်ခြည်ကို မြင်ကြရလိမ့်မည် မဟုတ်လော။ ထိုအချိန်၌ ဘုရားသခင်သည် အတိအလင်း ပေါ်ထွန်းလာ၍ စာတန်နှင့် နတ်ဆိုးမှန်သမျှကို အပြစ်ဒဏ်ပေးကာ ဖျက်ဆီးလိမ့်မည်။ ခရစ်တော်၏ နိုင်ငံတော်သည် မြေကြီးပေါ်၌ ပေါ်ပေါက်လာလိမ့်မည်။ ငါတို့သည်လည်း စာတန်နှင့် နတ်ဆိုးများ၏ ညှဉ်းပန်းနှိပ်စက်မှုကို ခံကြရတော့မည် မဟုတ်” ဟူ၍ လူအများအပြားက ၎င်းတို့ဘာသာ ယူဆကြ၏။ ဤမျှော်လင့်ချက် ရှိခြင်းသည် မမှားယွင်းသော်လည်း ဤလူများအတွင်း၌ လွဲမှားသော အခြေအနေတချို့ကား ရှိနေသည်။ ဆင်းရဲဒုက္ခမှ လွတ်မြောက်ရန်နှင့် ကိုယ်စိတ်ချမ်းသာမှုကို ခံစားရန် အမြဲ ဆန္ဒရှိနေခြင်းသည် ဘုရားသခင်၏ အလိုတော်ကို အရေးထားမှု ပြသနေခြင်း ဖြစ်သလော။ ယင်းသည် ဘုရားသခင်ကို စိတ်ကျေနပ်စေသလော။ လူအများစုသည် ဆင်းရဲဒုက္ခ တွေ့ကြုံရခြင်း၏ ရည်ရွယ်ချက်အဓိပ္ပာယ်ကို အပြည့်အဝ နားမလည်ကြချေ။

ဘုရားသခင်နောက်သို့ တစ်ဘဝလုံး လိုက်လျှောက်သည့် လမ်းကို လျှောက်လှမ်းရန်ဖြစ်စေ၊ အသက်ကို ရရှိရန်အလို့ငှာ သမ္မာတရားကို အားထုတ် လိုက်စားရန်ဖြစ်စေ၊ ဘုရားသခင်အပေါ် သိခြင်း ရရှိရန်ဖြစ်စေ၊ ဘုရားသခင်အတွက် သက်သေခံနိုင်ရန်ဖြစ်စေ၊ နောက်ဆုံးတွင် ပေတရုကဲ့သို့ အဓိပ္ပာယ်ရှိသော ဘဝကို အသက်ရှင် နေထိုင်သွားရန်ဖြစ်စေ မည်သူကမျှ မရည်ရွယ်ကြပေ။ လူအများစုသည် ဆင်းရဲဒုက္ခ ခံစားလိုသော ဆန္ဒမရှိကြသကဲ့သို့ သမ္မာတရားကိုလည်း အနည်းငယ်မျှ လက်မခံကြ။ သို့သော် ၎င်းတို့သည် ကောင်းကင်နိုင်ငံတော်၏ ကောင်းချီးများကို တတ်နိုင်သမျှ မြန်မြန် ခံစားချင်ကြပြီး အဆင့်အတန်း၏ ဂုဏ်ဒြပ်၊ အကျိုးအမြတ်နှင့် အကျိုးကျေးဇူးများကို ရှာဖွေရန် နှစ်သက်ကြ၏။ ဤအဖြစ်သည် ၎င်းတို့ကို လမ်းကြောင်းမှားသို့ ဦးတည်စေတတ်၏။ စိတ်ဆင်းရဲမှု၊ အတားအဆီးများ သို့မဟုတ် ကျရှုံးမှုတို့နှင့် တွေ့ကြုံရသည့်အခါ ၎င်းတို့သည် အပျက်သဘောဆောင်ကာ အားနည်းလာနိုင်ခြေရှိပြီး ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင်အတွက် နေရာတစ်ခု မရှိတော့မည့် အလားအလာလည်း များသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့အတွင်း၌ အလုပ်လုပ်တော့မည် မဟုတ်ဘဲ အချို့သောလူများမှာ နောက်ကြောင်းပင် ပြန်လှည့်ချင်မိကြလိမ့်မည်။ အကယ်၍ လူတစ်ယောက်သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်လာခဲ့သော်လည်း သမ္မာတရား စစ်မှန်မှု အနည်းငယ်မျှ ပိုင်ဆိုင်ခြင်း မရှိလျှင် ယင်းသည် အလွန် အန္တရာယ်ရှိသော အရာတစ်ခုပင် ဖြစ်၏။ ၎င်းတို့၏ ဆင်းရဲဒုက္ခများအားလုံး၊ ၎င်းတို့ ကြားနာခဲ့သည့် မရေမတွက်နိုင်သော တရားဒေသနာများအားလုံး၊ ဘုရားသခင်နောက် ၎င်းတို့ လိုက်လျှောက်ခဲ့သည့် နှစ်များအားလုံး အချည်းနှီး ဖြစ်သွားခဲ့ရသည်မှာ နှမြောစရာ ကောင်းပေစွ။ လူတို့အနေဖြင့် ယိုယွင်းပျက်စီးသွားရန် လွယ်ကူသကဲ့သို့ မှန်ကန်သော လမ်းကို လျှောက်လှမ်းရန်နှင့် ပေတရု၏ လမ်းကို ရွေးချယ်ရန် ခက်ခဲသည်မှာလည်း အမှန်ပင် ဖြစ်သည်။ လူအများစုတွင် မရှင်းလင်းသော တွေးခေါ်ခြင်း ရှိကြ၏။ မည်သည့်လမ်းကြောင်းသည် မှန်ကန်သောလမ်း ဖြစ်ပြီး မည်သည့်လမ်းကြောင်းသည် ယင်းမှ သွေဖည်ခြင်း ဖြစ်သည်ကို ၎င်းတို့ ရှင်းလင်းစွာ မမြင်နိုင်ကြပေ။ တရားဒေသနာမည်မျှကို ကြားနာသည်ဖြစ်စေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်မည်မျှကို ဖတ်ရှုသည်ဖြစ်စေ လူ့ဇာတိခံယူသော လူသား ကြွလာခဲ့ပြီ ဖြစ်ကြောင်းကိုလည်း ၎င်းတို့၏ စိတ်နှလုံးအတွင်း သိကြသည်ဆိုသည့်တိုင် ၎င်းတို့သည် ကိုယ်တော်ကို အပြည့်အဝ မယုံကြည်ကြသေးချေ။ ၎င်းတို့သည် ဤအရာကို မှန်သောလမ်းခရီး ဖြစ်မှန်း သိကြသော်လည်း စတင်၍ မလျှောက်လှမ်းနိုင်ကြပေ။ လူတို့သည် သမ္မာတရားကို မချစ်ကြသည်ဖြစ်၍ ၎င်းတို့အား ကယ်တင်ရန်မှာ ခက်ခဲလိုက်လေခြင်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သမ္မာတရား ဖြစ်မှန်း သင်သည် သိသော်ငြား ယင်းကို လက်မခံနိုင်ချေ။ သင့်ယုံကြည်ခြင်း၏ အရည်အသွေးအကြောင်းကို မပြောမဆိုဘဲ နေကြစို့။ အဘယ်ကြောင့် သင့်ထံတွင် သမ္မာတရားကို ချစ်ခင်ခြင်း လုံးဝ မရှိသနည်းဆိုသည်နှင့် အဘယ်ကြောင့် သင်သည် သမ္မာတရားကို လက်မခံနိုင်သနည်း ဆိုသည်တို့ကိုသာ ဆွေးနွေးကြအံ့။ သင်သည် မှန်သော လမ်းခရီးကို စတင် လျှောက်လှမ်းနိုင်စွမ်း မရှိ၊ သမ္မာတရားကို အားထုတ် လိုက်စားရန်လည်း ဆန္ဒမရှိ၊ မိမိနားလည်သော သမ္မာတရားများကိုလည်း လက်တွေ့မလုပ်ဆောင်နိုင်ပေ။ သင်သည် စာတန်လို လူစားမျိုးပင် ဖြစ်သည် မဟုတ်လော။ ဤသို့သော လူများသည် ဘဝ၌ ပန်းတိုင်များ သို့မဟုတ် ဦးတည်ချက်များဟူ၍ မရှိကြ။ ၎င်းတို့သည် တိရစ္ဆာန်များကဲ့သို့ လူ့သဘာဝ ကင်းမဲ့ကြ၏။ ထို့ကြောင့် အချို့သော လူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို ဆုံးရှုံးကုန်ကြသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့အတွင်း၌ တမင်တကာ အလုပ်မလုပ်ဘဲ နေခြင်း၊ ၎င်းတို့ကို ရည်ရွယ်ချက်ရှိရှိ ဖော်ထုတ်နေခြင်းတို့ကြောင့် မဟုတ်ဘဲ ၎င်းတို့အတွင်း၌ အလုပ်လုပ်၍ မရနိုင်သောကြောင့်သာ ဖြစ်သည်။ လူတို့သည် အတွင်း၌ အလွန် ဖောက်ပြန်ပျက်စီးကြကာ ၎င်းတို့အား ကိုင်တွယ်ရန် အလွန်ပင် ခက်ခဲလှသည်။ ၎င်းတို့က သမ္မာတရားကို မလိုက်စားလျှင် သို့မဟုတ် မှန်သော လမ်းကို မရွေးချယ်လျှင် သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့အတွင်း၌ မည်သို့အလုပ်လုပ်နိုင်မည်နည်း။ သန့်ရှင်းသော ဝိညာဉ်တော်သည် အလုပ်လုပ်သည့် အချိန်တိုင်းတွင် လူတို့အား ရွေးချယ်ခွင့် အမြဲ ပေး၏။ မည်သူကိုမျှ အတင်းအကျပ်ပြုခြင်း လုံးဝ မရှိပေ။ သို့သော် လူတို့၏ အတွေးအခေါ်သည် ဇဝေဇဝါဖြစ်လွန်းလှ၏။ ၎င်းတို့သည် သမ္မာတရားကို မချစ်ကြသကဲ့သို့ မည်သို့မျှ လက်ခံခြင်းလည်း မရှိကြ။ သမ္မာတရားကို ရရှိရန်အတွက် ဆင်းရဲဒုက္ခ ခံဖို့ကိုမူ ပို၍ပင် ဆန္ဒမရှိကြပေ။ ၎င်းတို့သည် ကောင်းချီးပေးခြင်း ခံချင်ကြသော်လည်း ကြိုးစား အားထုတ်ရန်ဖြစ်စေ၊ အဖိုးအခ ပေးရန်ဖြစ်စေ ဆန္ဒမရှိကြ။ ၎င်းတို့၏ တစ်ကိုယ်ကောင်းဆန်မှုသည် ကြီးမားလွန်း၏။ ၎င်းတို့သည် ၎င်းတို့၏ လတ်တလော အကျိုးကိုသာ အလေးထားကြသည်။ ၎င်းတို့၏ မျက်စိရှေ့မှ ၎င်းတို့မြင်နိုင် ခံစားနိုင်သော အရာများကို ရဖို့ အားထုတ် ကြိုးပမ်းကြသည်။ ၎င်းတို့အနေဖြင့် မမြင်နိုင်သော သို့မဟုတ် မည်သည့် အဓိပ္ပာယ်ကိုမျှ ရှာမရသော အရာများကိုမူ မသိကျိုးကျွန်ပြုကြ၏။ ဤသည်မှာ လူအများစု ဖြစ်နေကြသော အခြေအနေ ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်အတွက် မည်သည့်နေရာမျှ မရှိသလောက်ပင် ဖြစ်သည်။ “ကျွန်ုပ်ထံတွင် ကျွန်ုပ်မဖြေရှင်းနိုင်သော ပြဿနာအများအပြား ရှိသည်။ တစ်စုံတစ်ယောက်က ကျွန်ုပ်ကို မိတ်သဟာယပြုပေးပြီး သမ္မာတရားကို နားလည်ရန် ကူညီမည်ဆိုလျှင် ကျွန်ုပ်ထံတွင် ပြဿနာများ ရှိတော့မည် မဟုတ်” ဟူ၍ တချို့က ဆိုကြ၏။ သို့သော် ၎င်းတို့သည် သမ္မာတရားကို နားလည်ရုံဖြင့် ၎င်းတို့၏ ပြဿနာများကို အမှန်တကယ် ဖြေရှင်းနိုင်မည်လော။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်မည်လော။ ဤသည်တို့မှာ မသိရသော အရာများသာ ဖြစ်ကြ၏။ တရားဒေသနာ အများအပြားကို ကြားနာထားကာ သမ္မာတရား အတော်များများကို နားလည်ထားကြသည့် လူအများအပြား ရှိသည်။ သို့သော် ၎င်းတို့သည် ထိုသမ္မာတရားများကို တစ်ခုမျှ လက်တွေ့မလုပ်ဆောင်နိုင်ကြပေ။ အကယ်၍ သင်က ၎င်းတို့၏ ပြဿနာများအကြောင်း မေးမြန်းလျှင် ၎င်းတို့က “သမ္မာတရားအားလုံးကို ကျွန်ုပ်နားလည်သည်။ သို့သော် လက်တွေ့မလုပ်ဆောင်နိုင်ခြင်းသာ ဖြစ်သည်။ ဤပြဿနာကို ကျွန်ုပ်မည်သို့ဖြေရှင်းနိုင်မည်နည်း” ဟု ပြောဆိုကြ၏။ သင်သည် မည်သည့်သမ္မာတရားကိုမျှ လက်တွေ့မလုပ်ဆောင်နိုင်လျှင် ဘုရားသခင်ကို ယုံကြည်ခြင်းမှာ မည်သို့အကြောင်းထူးမည်နည်း။ အိမ်ကို အမြန်ပြန်၍ သင့်ဘဝကိုသာ ဆက်နေထိုင်သွားပေလော့။ သင့်အား သမ္မာတရားအကြောင်း မိတ်သဟာယပြုပေးခြင်းမှာ မည်သို့အသုံးကျမည်နည်း။ သင်သည် သမ္မာတရားကို ကြားနာဖို့ မထိုက်တန်သကဲ့သို့ ဘုရားသခင်ကို ယုံကြည်ဖို့လည်း မထိုက်တန်ပေ။ ထို့ကြောင့် သင်သည် သင်ဖျက်ဆီးခံရမည့် အဖြစ်ကိုသာ စောင့်မျှော်နေသင့်၏။ သင်သည် အကျည်းတန်သော၊ ယုတ်ညံ့သော၊ ဆိုးဝါးသော လမ်းကို ရွေးချယ်ထားပြီ ဖြစ်သောကြောင့် သင့်အား သမ္မာတရားမည်မျှကို မိတ်သဟာယပြုပေးသည်ဖြစ်စေ သင်သည် လက်ခံလိမ့်မည်မဟုတ်။ ထို့ကြောင့် သင်သည် ဘေးဖယ်နေသင့်၏။ ထိုသို့သော လူများကို မည်သည့်အရာမျှ ပြောဆိုရန် မလိုအပ်ချေ။ “ကျွန်ုပ်သည် သမ္မာတရားအားလုံးကို နားလည်သည်။ သို့သော် လက်တွေ့မလုပ်ဆောင်နိုင်ခြင်းသာ ဖြစ်သည်” ဟူ၍ ယခင်က ပြောဆိုကြဖူးသည့် လူအများအပြား ရှိကြသည်။ ဤပြောဆိုချက်တစ်ခုတည်းကပင် ၎င်းတို့သည် မကောင်းဆိုးဝါးဖြစ်ကြောင်း၊ စာတန်ကဲ့သို့ အတန်းအစားမျိုးတွင် လုံးလုံးလျားလျား ပါဝင်သူ ဖြစ်ကြောင်း သက်သေပြရန် လုံလောက်၏။ လူတစ်ဦးတစ်ယောက်သည် သမ္မာတရားကို မချစ်လျှင် မုချ ဆိုးယုတ်သည်သာ ဖြစ်၏။ လူတစ်ယောက်၏ သဘာဝကို ထိုသူ ချစ်ခင်သောအရာ၊ ထိုသူ မျှော်လင့်သော အရာ၊ ထိုသူ ဆန္ဒပြင်းပြသော အရာ၊ ထိုသူ တမ်းတသော အရာတို့က လုံးလုံး ကိုယ်စားပြု၏။ အကယ်၍ သင်သည် သမ္မာတရားကို မချစ်လျှင် မာရ်နတ်နှင့် သက်ဆိုင်၍ ပျက်စီးခြင်းသို့ ရောက်ရပေလိမ့်မည်။ သို့သော် သင်က သမ္မာတရားကို ချစ်သည်ဆိုလျှင် သင်သည် ဘုရားသခင်၏ ကြိုတင်ပြဋ္ဌာန်းခြင်းနှင့် ရွေးချယ်ခြင်းကို ခံရ၏။ ဤသည်မှာ သိသာထင်ရှားမနေသလော။ သင်ရွေးချယ်သော လမ်းသည် အရေးကြီးဆုံးဖြစ်၏။ သင်သည် စိတ်အေးအေးထားကာ ဤအရာကို အလေးအနက် ဆင်ခြင်စဉ်းစားကြည့်နိုင်သည်။ သင့်အနေဖြင့် လမ်းလွဲခဲ့ပြီဆိုလျှင် နောက်ပြန်လှည့်ရန်အတွက် လွန်စွာ နောက်မကျသေးပေ။ သင့်ထံ၌ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် စိတ်ဆန္ဒ ရှိသည်ဆိုလျှင် ဤသည်မှာ ကောင်းသော အရာတစ်ခု ဖြစ်၏။ ထို့အပြင် သင်၏ ဤစိတ်ဆန္ဒကို မည်သို့ဖြစ်မြောက်စေမည်၊ သင်၏ တောင့်တမှုကို မည်သို့ပြည့်စုံစေမည်ဆိုသည့် လမ်းတစ်ခုကို သင်သည် လိုအပ်၏။ ပထမဦးစွာ သင်သည် သမ္မာတရားကို နားလည်ရမည်။ လူသားမျိုးနွယ်၏ အနာဂတ် ပန်းတိုင်ကို သိရမည်။ လူသားတို့ လျှောက်လှမ်းသင့်သော လမ်းနှင့် ပြီးမြောက်သင့်သော ရည်မှန်းချက်များကို သိရမည်။ “ခပ်သိမ်းသော အမှုအရာများနှင့် အဖြစ်အပျက်များမှာ ဘုရားသခင်၏ လက်ထဲတွင် ရှိသည်” ဟူ၍ ယခင်က မကြာခဏ ပြောဆိုခဲ့ကြ၏။ ဤသည်မှာ သင်တို့ လုံးလုံးလျားလျား တွေ့ကြုံရမည့် အရာတစ်ခုပင် ဖြစ်သည်။ ဖြစ်လာသည့် ကိစ္စက ဘုရားသခင်၏ လက်ထဲတွင် ရှိသလောဆိုသည်ကို အရာရာတိုင်း၌ သုံးသပ်ဆင်ခြင်ကြည့်ရမည်။ ခပ်သိမ်းသော အမှုအရာများနှင့် အဖြစ်အပျက်များမှာ ဘုရားသခင်၏ လက်ထဲတွင် ရှိကြောင်း သင့်အတွက် အမှန်တကယ် သေချာပြီဆိုလျှင် သင့်ထံ၌ ယုံကြည်ခြင်း အမှန်တကယ် ရှိလေပြီ။ သင်သည် ဘုရားသခင်ကို ယုံကြည်လျှင် သူ့အား မနာခံသင့်သလော။ ဘုရားသခင်ကို ယုံကြည်ခြင်း၏ အဓိပ္ပာယ်မှာ အဘယ်သို့နည်း။ ဘုရားသခင်ကို ယုံကြည်ခြင်း၏ ရည်ရွယ်ချက်မှာ သူ၏ ကောင်းချီးများကို ရရှိရန်သက်သက်မျှ ဖြစ်သလော။ ယခု သင်သည် ဘုရားသခင်ကို သင်၏ ယုံကြည်ခြင်း၌ ခရစ်တော်နောက် လိုက်လျှောက်နေပေပြီ။ သို့သော် သင်သည် အဆုံးသတ်အထိ ဆုံးခန်းတိုင်အောင် လိုက်နိုင်မည်လော။ အနာဂတ်တွင် သင်၏လမ်း၌ ခလုတ်တံသင်းများ၊ ဆင်းရဲဒုက္ခများနှင့် ကြုံတွေ့ရသည့်အခါ သင်သည် မည်သို့ရှေ့ဆက်သင့်သနည်း။ သင်သည် ဘုရားသခင်၏ အဓိကကျသော နှုတ်ကပတ်တော်များကို မိမိကိုယ်ကို အားပေးရန် ဆောင်ပုဒ်များအဖြစ် မှတ်ယူရပေမည်။ ထိုသို့အားဖြင့် သင်သည် ပြိုလဲခြင်း၊ အားနည်းခြင်း သို့မဟုတ် အပျက်သဘောဆောင်ခြင်း၊ ဘုရားသခင်ကို အပြစ်တင်ခြင်း၊ လမ်းကြောင်းမှ သွေဖည်ခြင်း သို့မဟုတ် လမ်းတစ်ဝက်မှ ထွက်ပြေးကာ ဘုရားသခင်ကို သစ္စာဖောက်ခြင်းတို့ မဖြစ်လာစေရန် ဖြစ်သည်။ သင်သည် အဆုံးသတ်အထိ ဘုရားသခင်နောက် လိုက်လျှောက်ရန်အတွက် ဤအရာအားလုံးကို လုံးလုံးလျားလျား နားလည်ရမည်၊ ရှင်းလင်းသေချာရပေမည်။

ဘုရားသခင်နောက် လိုက်လျှောက်သည့် လမ်းသည် အနိမ့်အမြင့်များ ရှိသည်ဖြစ်ရာ ချိုမြိန်နိုင်သကဲ့သို့ ခါးလည်း ခါးသီးနိုင်၏။ လူများသည် ပျော်ရွှင်ကြသည့် အချိန်၌ “ငါသည် ဘုရားသခင်အတွက် မိမိကိုယ်ကို အသုံးခံချင်စိတ် ရှိသည်။ ငါ့ဘဝ တစ်ခုလုံးကို ကိုယ်တော့်အတွက် အသုံးခံတော့မည်” ဟူ၍ ပြောနိုင်ကြသည်သာ ဖြစ်၏။ သို့ရာတွင် တစ်ချိန်ချိန်၌ ၎င်းတို့သည် အဟန့်အတားများ တွေ့ကြုံရကာ အပျက်သဘောဆောင်လာကြသည်။ ၎င်းတို့၏ စိတ်နှလုံးအတွင်း၌ “ဘုရားသခင်က အဘယ်မှာနည်း။ ဆက်ပြီး ငါမယုံကြည်နိုင်တော့။ ဤလမ်းသည် လျှောက်လှမ်းရန် ခက်ခဲလွန်းပေစွ” ဟု တွေးမိကြ၏။ ယင်းနောက်တွင်မူ ၎င်းတို့အနေဖြင့် ဘုရားသခင်အပေါ် ကျေးဇူးကြွေးတင်နေသည်ဟု စဉ်းစားမိလျက် ဆုတောင်းကြကာ အပြစ်တင်ခြင်း ခံရသည်ဟု ခံစားကြသည်။ ဘုရားသခင်အပေါ် ကျေးဇူးကြွေးတင်နေသည်ဟု သိပြီးသည့်နောက်တွင် ၎င်းတို့အနေဖြင့် ဤသို့ ပြုမူခြင်းကို ရပ်တန့်သင့်၏။ သို့ရာတွင် တစ်နေ့၌ အကြောင်းကိစ္စများသည် ၎င်းတို့အလိုအတိုင်း ဖြစ်ချင်မှ ဖြစ်နိုင်မည် ဖြစ်ရာ ၎င်းတို့သည် နောက်တစ်ကြိမ် အပျက်သဘောဆောင်လာကြ၍ “ဘုရားသခင်သည် ဤအခြေအနေကို ငါ့အတွက် မည်သို့များ စီစဉ်ညွှန်ကြားရက်သနည်း။ ကိုယ်တော်သည် ငါ့ကို အဘယ်ကြောင့်များ အမြဲ ဆင်းရဲဒုက္ခ ရောက်စေသနည်း။ ငါ့ကို ဆင်းရဲဒုက္ခမှ ချမ်းသာမပေးနိုင်သလော” ဟု ပြောဆိုကာ ဘုရားသခင်ကို မကျေမနပ်ဖြစ်ကြပြန်သည်။ လူတို့သည် အမြဲတမ်း ညည်းညူကြ၏။ ညည်းညူပြီးသည့်နောက်တွင်မူ ၎င်းတို့အနေဖြင့် ဘုရားသခင်အပေါ် ကျေးဇူးကြွေးတင်နေပါသည်ဟု အမြဲတမ်း ပြောဆိုတတ်ကြသည်။ သို့သော် ၎င်းတို့မှာ ဘယ်သောအခါမျှ မပြောင်းလဲကြချေ။ အဟန့်အတားကလေးတစ်ခုကို တွေ့ကြုံရသည့်အခါဖြစ်စေ၊ အသေးဆုံးသော အကြောင်းကိစ္စတစ်ခု ၎င်းတို့အလိုအတိုင်း မဖြစ်သည့်အခါဖြစ်စေ ၎င်းတို့သည် ဒေါသဖြစ်ကာ မကျေမနပ် ပြောဆိုလာကြ၏။ အဆိုးဆုံးသော အခြေအနေများ၌ အချို့သော လူများသည် ဝေဖန်၍ ပြစ်မှားစော်ကားသော စကားတချို့ကိုပင် ဖွင့်ဟပြောဆိုကြသည်။ နောက်ပိုင်းတွင်မူ ၎င်းတို့ပြောမိသည်မှာ မှားယွင်းကြောင်း သဘောပေါက်လာ၍ ယင်းအတွက် ဝမ်းနည်းမိကြပြန်သည်။ ထို့ကြောင့် ၎င်းတို့ကိုယ်ကို ပြန်အဖတ်ဆယ်ရန် ၎င်းတို့၏ တာဝန်များထဲမှ အနည်းငယ်ကို အလောတကြီး ထမ်းဆောင်ကြပြီး ကောင်းမှုအနည်းငယ်ကို ပြုလုပ်ကြ၏။ ဤသရုပ်သကန်တို့မှာ ငါတို့အား မည်သည်ကို ညွှန်ပြသနည်း။ သမ္မာတရားကို မနှစ်သက်ခြင်း သို့မဟုတ် သမ္မာတရားအား စိတ်ပင်ကုန်ခြင်းသည် လူ၏သဘာဝ ဖြစ်ကြောင်းပင်။ လူသည် အတော်ပင် ဆိုးယုတ်၊ အကျည်းတန်ကာ သာမန် အသိစိတ်နှင့် အသိတရား ကင်းမဲ့နေလေသည်။ လူများက အရောင်းအဝယ် လုပ်နေသကဲ့သို့ ဘုရားသခင်ကို ယုံကြည်ကြ၏။ ၎င်းတို့သည် ဘုရားသခင်အား လိုအပ်သည့်အခါမှသာ ဆုတောင်းကြပြီး မလိုအပ်သည့်အခါတွင်မူ ဘုရားထံမှ သွေဖည်ကြ၏။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ဟူသည် မရှိဘဲ ၎င်းတို့ စိတ်ကျေနပ်သည့်အတိုင်းပင် ပြုမူကြ၏။ လူများသည် အလွန် မာနထောင်လွှားပြီး ထိန်းမနိုင်သိမ်းမရများချည်းသာ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း သော်လည်းကောင်း၊ အပျက်သဘောဆောင်သော အရာများကို အမှန်တကယ် စက်ဆုပ်ခြင်းသော်လည်းကောင်း မရှိကြ။ သမ္မာတရားကို အစစ်အမှန် ချစ်ခင်ခြင်းလည်း ကင်းမဲ့ကြကာ တရားခြင်းနှင့် မတရားခြင်းကိုလည်း မခွဲခြားနိုင်ကြချေ။ ၎င်းတို့တွင် အကန့်အသတ်များ၊ ရည်မှန်းချက်များဟူ၍ မရှိကြ။ ၎င်းတို့လုပ်သမျှ အရာခပ်သိမ်းတွင်လည်း ထိန်းချုပ်နိုင်ခြင်းနှင့် စည်းမျဉ်းဟူသည်တို့မှာ ပို၍ပင် ကင်းမဲ့နေ၏။ ၎င်းတို့၏ စိတ်နှလုံးမှာ တကယ်ပင် အကျည်းတန်လေသည်။ ထို့ပြင် ဤနောက်ခံအခြေအနေ၌ ၎င်းတို့သည် မည်မျှကြီးမြတ်လှသည့် ကတိတော်နှင့် မည်မျှများပြားလှသည့် ကောင်းချီးများကို အနာဂတ်တွင် လက်ခံရရှိနိုင်လိမ့်မည် သို့မဟုတ် နောင်သောအခါ မိမိတို့အနေဖြင့် မည်သို့ ထင်ရှားကျော်ကြားလာလိမ့်မည် ဟူသည်တို့အပြင် မိမိတို့ ခံစားနိုင်မည့် အရာများကိုပါ မျှော်လင့်နေကြဆဲ ဖြစ်သည်။ ထိုသို့သော အရာများကို တွေးကြသည့် အချိန်၌သာ ၎င်းတို့သည် “ဘုရားသခင်ကား ချစ်ခင်နှစ်လိုဖွယ် ကောင်းပေစွ။ ငါသည် ဘုရားသခင်၏ မေတ္တာကို ပြန်ပေးဆပ်ရမည်” ဟူ၍ ၎င်းတို့၏ စိတ်နှလုံးတွင် ခံစားမိကြ၏။ ဘုရားသခင်က ချစ်ခင်နှစ်လိုဖွယ် ကောင်းသည်ဟု အဘယ်ကြောင့် ၎င်းတို့ ပြောဆိုကြသနည်း။ ဘုရားသခင်အား ပြန်ပေးဆပ်လိုသည့် ၎င်းတို့၏ဆန္ဒမှာ မည်သည့်နေရာမှ လာသနည်း။ ဤပြောဆိုချက်များ၏ နောက်ကွယ်တွင် ရည်ရွယ်ချက်တစ်ခု မရှိသလော။ ၎င်းတို့သည် တစ်ခဏသာခံသည့် ကြိုက်နှစ်သက်မှုကြောင့်၊ တဒင်္ဂစာ ရုတ်တရက် ဝမ်းမြောက်မှုကြောင့် စိတ်လှုပ်ရှားသည့် စကားများကို ပြောဆိုနေကြခြင်းသာ ဖြစ်သည်။ ဤသည်မှာ စစ်မှန်သော သိနားလည်ခြင်း ဖြစ်သလော။ ဤသည်မှာ စစ်မှန်သော ချစ်ခြင်း ဖြစ်သလော။ ယင်းသည် ၎င်းတို့၏ စိတ်နှလုံး အတွင်းဆုံးမှ လာသလော။ သင်သည် ထိုသို့သော သိနားလည်ခြင်းကို အမှန်တကယ် ပိုင်ဆိုင်သည်ဆိုလျှင် အဘယ်ကြောင့် သင့်ထံ၌ မကျေမနပ်ဖြစ်ခြင်းများ ရှိနေဆဲ ဖြစ်ရသနည်း။ သင်သည် ဘုရားသခင်အပေါ် ကျေးဇူးကြွေး တင်နေသည်ဟု အမှန်တကယ် ခံစားမိသည်ဆိုလျှင် အဘယ်ကြောင့် ညည်းညူနေဆဲ ဖြစ်သနည်း။ ဘုရားသခင်က သင့်အပေါ် မကောင်းဟု ခံစားမိသောကြောင့် သင်သည် ဘုရားအား မသိကျိုးကျွန်ပြု၏။ အကယ်၍ ဘုရားသခင်က သင့်အား အသုံးမပြုလျှင် သင်သည် သင်၏ တာဝန်ကို မလုပ်ဆောင်ချင်ပေ။ သင်၏ အတွင်း၌ သိုထားသော မကျေချမ်းမှုမှာ များပြားလိုက်မည့် ဖြစ်ခြင်း။ ဤသို့ရှိစေကာမူ သင်သည် ဘုရားသခင်အား တခြားသောသူများက ချစ်သည်ထက် သင်က ပို၍ ချစ်သည်ဟု ယုံကြည်နေဆဲဖြစ်၏။ ဤသည်မှာ ဘုရားသခင်ကို ချစ်ခြင်း၏ လက်တွေ့အရှိတရား မည်သို့ဖြစ်မည်နည်း။ လူတစ်ယောက်ထံမှ ထိုသို့သော မကျေနပ်ချက်များ ပွင့်အံထွက်လာနိုင်သည့် အချက်မှာ ၎င်းတို့၌ ၎င်းတို့၏ ကိုယ်ပိုင်သဘာဝအား သိနားလည်ခြင်း ကင်းမဲ့နေသေးသည်ကို သက်သေပြသည်။ ၎င်းတို့မှာ မည်သည်တို့ဖြစ်ကြောင်း၊ ၎င်းတို့ကို မည်သည်တို့ဖြင့် ပြုလုပ်ထားကြောင်း၊ ၎င်းတို့၏ အစစ်အမှန်တန်ဖိုးမှာ မည်သို့ဖြစ်ကြောင်းတို့ကို ၎င်းတို့မသိကြသေးချေ။ အမှန်တကယ်၌ ဘုရားသခင်အား ခုခံ၍ သစ္စာဖောက်ခြင်းသည် လူအယောက်တိုင်း၏ သဘာဝထဲတွင် ရှိနေ၏။ ဤသည်မှာ အားလုံးနှင့် သက်ဆိုင်သည့်အပြင် လူအားလုံးတို့တွင် တူညီစွာ ရှိနေသည့် အရာတစ်ခုဖြစ်သည်။ သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာများကို မည်သူကမျှ အမှန်တကယ် မချစ်သကဲ့သို့ စာတန်နှင့် ဆိုးယုတ်သော အရာများကိုလည်း မည်သူကမျှ အမှန်တကယ် မမုန်းတီးပေ။ လူ၏ ချစ်ခြင်းနှင့် မုန်းခြင်းတွင် စည်းမျဉ်းများ သို့မဟုတ် အကန့်အသတ်များဟူ၍ မရှိ။ လူ၏ ချစ်ခြင်းနှင့် မုန်းခြင်းတို့က သမ္မာတရားတွင် အခြေခံထားခြင်း ဖြစ်ဖို့မှာမူ ဝေလာဝေးပင် ဖြစ်သည်။ လူ၏ စိတ်နှလုံးတွင် တရားခြင်းနှင့် မတရားခြင်းကြား၊ အဖြူနှင့် အမည်းကြား လုံးဝ ကွဲပြားခြင်း မရှိပေ။ သမ္မာတရားများနှင့် အယူဝါဒများ သို့မဟုတ် ဒိဋ္ဌိအယူများကြား ကွဲပြားခြင်းသည်ကား ပို၍ပင် မရှိချေ။ လူတို့သည် ဤခွဲခြားခြင်းများကို မလုပ်နိုင်ကြ။ မည်သည့်အရာကို ချစ်ခင်၍ အားထုတ်လိုက်စားထိုက်သည်၊ မည်သည့်အရာကို မုန်းတီးသင့်သည်၊ မည်သည့်အရာကို ငြင်းပယ်သင့်သည်တို့ကို ၎င်းတို့ မသဲကွဲကြ။ ၎င်းတို့အနေဖြင့် ပိုင်းခြားသိမြင်ခြင်း တစ်မျိုးမျိုးကို ပိုင်ဆိုင်ကြဖို့ဆိုသည်မှာ ဝေးလေစွ။ အချို့သော လူများသည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ကြသော်လည်း “မကြာမကြာ အိမ်ပြန်ခဲ့ပါ” ဟူသော လောကီသီချင်းကို ကြားကြသည့်အခါ အိမ်ကို လွမ်းလာကြ၍ ၎င်းတို့၏ တာဝန်များကို လုပ်ဆောင်ချင်စိတ် မရှိကြတော့ပေ။ ဤသည်မှာ မည်သို့သော လူပုဂ္ဂိုလ်မျိုး ဖြစ်သနည်း။ ထိုသူထံ၌ သမ္မာတရား စစ်မှန်မှု အနည်းငယ်မျှပင် ရှိပါ၏လော။ အချို့သော လူများက ၎င်းတို့အနေဖြင့် အလုပ်အနည်းငယ်ကို လုပ်ဆောင်နိုင်သည်၊ ၎င်းတို့တွင် အရည်အချင်းအနည်းငယ် ရှိသည်ဟု ယုံကြည်ကြသည်။ ၎င်းတို့အနေဖြင့် သမ္မာတရားကို ပိုင်ဆိုင်သည်ဟု ထင်ကောင်း ထင်နိုင်၏။ သို့သော် အမှန်တကယ်၌ ၎င်းတို့သည် ဘာကိုမျှ မပိုင်ဆိုင်သည့်အပြင် ၎င်းတို့သည် ဘာမျှလည်း မဟုတ်ကြပေ။ သင်သည် ယခုအချိန်၌ အယူဝါဒအနည်းငယ်ကို အခြားသူတို့အား ဟောပြောနိုင်သော်လည်း တစ်နေ့တွင် အခြားသူတို့က သင့်အား အားပေးစကား ပြောကောင်း ပြောရပေလိမ့်မည်။ သင်၏ ကျရှုံးမှုသည်လည်း အခြားသော လူတိုင်း၏ ကျရှုံးမှုထက် ပို၍ ဝမ်းနည်းစရာ ကောင်းပေလိမ့်မည်။ သင်သည်လည်း အခြားသော လူတိုင်းထက် ပို၍ပင် အပျက်သဘော ဆောင်လာပေလိမ့်မည်။ သင်သည် ထိုသို့သော အရာကို ယုံကြည်သလော။ သင်တို့သည် ထိုအဖြစ်ကို လက်ခံယုံကြည်ကြသလော။ သင်တို့သည် ပြင်းထန်သော ကျရှုံးမှုကို မတွေ့ကြုံရသေးခြင်း သို့မဟုတ် အထူးတလည် အပျက်သဘောဆောင်လာမှု မရှိဖူးသေးခြင်း ဖြစ်နိုင်၏။ သင်သည် မိမိကိုယ်ကို အတော်ပင် ကြံ့ခိုင်သည်ဟု ထင်သည်။ ထိုသို့သော အရာများကို မတွေ့ကြုံရသေးသောကြောင့် ဝိညာဉ်ရင့်သန်မှု အတော်အတန်ကို ပိုင်ဆိုင်ထားသည်ဟုလည်း ယုံကြည်သည်။ တစ်နေ့တွင် ထုတ်ဖော်ခံလိုက်ရသည့်အခါ သင်သည် “ပြီးဆုံးသွားလေပြီ။ ငါ့ဘဝကား ဇာတ်သိမ်းသွားချေပြီ” ဟု အော်ငိုလျက် မျက်ရည်များ တသွင်သွင် စီးကျကောင်း စီးကျနေပေလိမ့်မည်။ ဤသည်မှာ သင့်အနေဖြင့် အစွန်းတစ်ဖက်မှ တစ်ဖက်သို့ စတင် ကူးပြောင်းသွားမည့် အချိန်ပင်ဖြစ်သည်။ ဘုရားသခင်ကို ပထမဆုံး ယုံကြည်လာကြသည့် အချိန်တွင် အားမာန်အပြည့် ရှိကြသော လူအများအပြား ရှိကြ၏။ သို့သော် ၎င်းတို့ထံ အမှုကိစ္စများ ဖြစ်ပျက်လာသည့်အချိန်၌ ၎င်းတို့၏ တက်ကြွမှုမှာ ရုတ်ခြည်း ပျောက်ဆုံးသွားနိုင်သည့်အပြင် လဲကျရာမှ နောက်တစ်ကြိမ် ပြန်မထနိုင် ဖြစ်တတ်ကြသည်။ ဤသို့သော လူများနှင့်ပတ်သက်၍ ပြဿနာတစ်ခုခုကို သင်တို့ သတိပြုမိကြသလော။ မည်သည့်လူပုဂ္ဂိုလ်ကမျှ မိမိတို့၏ အားနည်းချက်နှင့် ခွန်အားအပေါ် ထိန်းချုပ်နိုင်ခြင်း မရှိချေ။ လူတို့အတွင်း၌ ပုန်းကွယ်နေသည့် ဖောက်ပြန်ပျက်စီးသော အရာများသည် အချိန်မရွေး နေရာမရွေး ပွင့်အံထွက်လာနိုင်၏။ လူ၏ အတွင်း၌ အပေးအယူလုပ်ခြင်းနှင့် ညစ်ညူးခြင်းတို့သည် ပြတ်လပ်သည်ဟူ၍ မရှိဘဲ ထိုသို့သော အရာများသည် လူ၏ အတွင်း၌ မဆုံးနိုင်အောင် ပေါ်ထွက်သည်။ ထို့ကြောင့် လူ၏ သဘာဝက စာတန်၏ သဘာဝပင် ဖြစ်သည်။ ဤအချက်ကား လုံးဝ တိကျမှန်ကန်၏။ ထိုသဘာဝသည် ဘုရားသခင်၏ အနှစ်သာရနှင့် အကြီးအကျယ် ခြားနားလေသည်။ ယခင်က ဘုရားသခင် ပြောခဲ့သည်မှာ “ငါသည် လူသားကို ထာဝရကာလကြာ ချစ်နိုင်ပြီး ထာဝရကာလကြာလည်း မုန်းနိုင်သည်” ဟူ၍ဖြစ်သည်။ တစ်နည်းဆိုရသော် ဘုရားသခင်ထံတွင် လူများကို အကဲဖြတ်သည့် စံနှုန်းတစ်ခု ရှိခြင်းဖြစ်သည်။ ဘုရားသခင်ထံတွင် သူ၏ အဆုံးအဖြတ်များ ရှိ၏။ အမှုအရာများအပေါ် အဆုံးအဖြတ်များ ချမှတ်ရာတွင် သူအခြေခံသည့် အရာများအတွက်လည်း စည်းမျဉ်းများ ရှိ၏။ သူချစ်သော အရာများနှင့် မုန်းသော အရာများ၊ သူရွံရှာသော သူများနှင့် သူကောင်းချီးပေးသော သူများအတွက် သူ့ထံတွင် ကိုယ်ပိုင်စံနှုန်းများနှင့် စည်းမျဉ်းများ ရှိသည်။ လူတို့၌မူ သမ္မာတရားနှင့် စည်းမျဉ်းများ ချို့တဲ့ကြ၏။ ထို့ကြောင့် ၎င်းတို့ သဘောဆန္ဒအတိုင်း ပြုမူတတ်ကြလေသည်။ ၎င်းတို့သည် ပြောင်းလဲလွယ်ကြပြီး ဘုရားသခင်၏ လမ်းပြမှု မရှိဘဲ လမ်းကြောင်းမှန်ကို စတင်၍ မလျှောက်လှမ်းနိုင်ကြချေ။

“ဘုရားသခင်သည် ကမ္ဘာမြေအား မည်သည့်အချိန်တွင် စွန့်ခွာမည်နည်း။ ဘုရားသခင်၏ အမှုတော်သည် မည်သည့်အချိန်တွင် ပြီးစီးမည်နည်း။ ငါသည် ထိုမျှလောက် မငယ်ရွယ်တော့။ ငါအိုမင်းသည့်အခါ မည်သို့နေထိုင်ရမည်နည်း” ဟူ၍ အချို့သော လူများက အမြဲ တွေးတောကြ၏။ ထိုသို့သော လူတစ်ယောက်သည် ယုံကြည်ခြင်း ရှိသလော။ ၎င်းတို့ အိုမင်းသည့်အခါ ထောက်ပံ့ကူညီမည့်သူ အမှန်တကယ် မရှိလျှင် ၎င်းတို့သည် မည်သို့လုပ်လိမ့်မည်နည်း။ ၎င်းတို့က ဘုရားသခင်အပေါ် အပြစ်တင်ကြလိမ့်မည် မဟုတ်လော။ ဘုရားသခင်ကို ယုံကြည်သူ အများအပြားသည် ၎င်းတို့အနေဖြင့် ဘုရားနောက် လိုက်လျှောက်ခြင်းမှ မည်သည်တို့ကို ရရှိသင့်သည် သို့မဟုတ် မည်သည့်အရာများက တန်ဖိုးအရှိဆုံးဖြစ်သည်ကို လုံးဝ မသိကြချေ။ ဤအကြောင်းအရာများကို အမှန်တကယ် နားလည်နိုင်သော လူများမှာ မရှိသလောက် နည်းလှ၏။ လူ့ဇာတိခံယူသော ဘုရားသခင်၏ လုပ်ဆောင်ချက် မရှိလျှင် တရုတ်ပြည်သူများသည် ကြာမြင့်စွာကပင် ဖျက်ဆီးခြင်း ခံခဲ့ရပေလိမ့်မည်။ အချို့သော လူများသည် ဤအရာကို ယုံကြည်ချင်မှ ယုံကြည်ပေမည်။ သို့သော် ဤသည်မှာ ၎င်းတို့သည် အခြေအနေကို ရှင်းလင်းစွာ မမြင်ကြသောကြောင့် ဖြစ်၏။ အဖြစ်မှန်ကား ဤသို့ပင် ဖြစ်သည်။ လူတို့အနေဖြင့် ဤသို့လည်း ယုံကြည်ကြသည်။ “ငါတို့သည် ဘုရားသခင်၏ ဦးဆောင်မှု မရှိဘဲ ရှေ့ဆက်နိုင်ပါသေးသည်။ ငါတို့ကို လမ်းပြရန် ဘုရားသခင်၏ နှုတ်ကပတ်တော် ရှိနေသဖြင့် လုံလောက်ပြီ။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ကျမ်းစာအုပ်ကို ငါတို့အားလုံး ဖတ်ပြီးကြပြီ။ ငါတို့စိတ်နှလုံးတွင် ထိုကျမ်းစာအုပ်ကို အကြမ်းဖျင်း သဘောပေါက် နားလည်ကြသကဲ့သို့ စည်းမျဉ်းများကိုလည်း ငါတို့ နားလည်သည်။ ယခု ငါတို့ ဦးဆောင် ထိန်းချုပ်နိုင်ကြပြီ” ဟူ၍ ဖြစ်သည်။ သို့သော် သင်သည် အမှန်တကယ် ဦးဆောင် ထိန်းချုပ်နိုင်သလော။ သင်သည် လမ်းကြောင်းမှန်ကို မလျှောက်နိုင်၍ လျှောက်လှမ်းသည့်အခါ လမ်းလွဲပေလိမ့်မည်။ သို့ဖြစ်ရာ သင်သည် စစ်မှန်မှုအတွင်း ဝင်ရောက်နိုင်သလော။ ယခုအချိန်၌ပင် သင်တို့သည် မလက်ခံမယုံကြည်ကြသေးချေ။ ဘုရားသခင်၏ ဦးဆောင်မှု ကင်းမဲ့သည့် လူပုဂ္ဂိုလ် မည်သူမဆိုသည် လမ်းလွဲလိမ့်မည်ဟု ဆိုနိုင်၏။ သန့်ရှင်းသော ဝိညာဉ်တော်သည် ကျေးဇူးတော်ခေတ်၌ အချို့သော လူများ၏ အတွင်းတွင် မပြတ်တမ်း အလုပ်လုပ်ခဲ့၏။ သို့သော် ၎င်းတို့ထဲမှ အများစုမှာ အဘယ်ကြောင့် ၎င်းတို့အလိုအတိုင်း မလျှော့တမ်း ပြုမူခဲ့ကြသနည်း။ ဘာသာရေးလောက တစ်ခုလုံးတွင် ဂိုဏ်းဂဏများ မည်မျှရှိသည်ကို အတိအကျ ရေတွက်ရန် ခက်ခဲလှ၏။ သင်သိချင်မှ သိနိုင်မည်ဖြစ်သော ဂိုဏ်းဂဏများ သို့မဟုတ် အမည်နာမကို သင်မသိသော ဂိုဏ်းဂဏများမှာ အများအပြား ရှိနေ၏။ ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ လူများသည် ရှုပ်ထွေးလွန်းနေကြသည့်အပြင် ၎င်းတို့အနေဖြင့် ၎င်းတို့သဘာဝအတွင်း၌ရှိသော အရာများကို ထိုးဖောက်မြင်ရန် မလွယ်ကူခြင်း ဖြစ်သည်။ ယနေ့အချိန်၌ ဘုရားသခင်သည် လူ၏ သဘာဝကို ထုတ်ဖော်ပြနေသည့် နှုတ်ကပတ်တော် အများအပြားကို မိန့်ဆိုထားလေပြီ။ လူများအနေဖြင့် မိမိတို့၏ သဘာဝအတွင်းရှိ အရာများကို ထိုးဖောက်မြင်ကြရန်နှင့် မိမိတို့၏ အနှစ်သာရကို ရှင်းလင်းစွာ မြင်ကြရန် ဘုရားက တောင်းဆို၏။ ဤသည်မှာ ၎င်းတို့အနေဖြင့် အခြားသူများကို ပိုင်းခြားသိမြင်ရန် သင်ယူနိုင်သည့်၊ အခြားသူများ၏ လှည့်စားမှုကို မခံရအောင် ရှောင်ရှားရန်အတွက်ဖြစ်စေ၊ အခြားသူများကို ဆက်ကပ်ခြင်း သို့မဟုတ် လေးစားခြင်း သို့မဟုတ် အခြားသူများနောက် လိုက်လျှောက်ခြင်းတို့ကို ရှောင်ရှားရန်အတွက်ဖြစ်စေ သင်ယူနိုင်သည့် တစ်ခုတည်းသော နည်းလမ်းပင် ဖြစ်သည်။ လူတစ်ဦးတစ်ယောက်သည် သမ္မာတရားကို သိနားလည်ခြင်း ချို့တဲ့သည်ဆိုလျှင် လူတို့၏ သရုပ်အမှန်ကို မြင်နိုင်လိမ့်မည် မဟုတ်ဘဲ ထိုလူတို့၏ လှည့်စားခြင်းနှင့် ကန့်သတ် ချုပ်ချယ်ခြင်းကို ခံရနိုင်ဖွယ်ရှိ၏။ ထို့ကြောင့် ဘုရားသခင်ကို ယုံကြည်သူများသည် သမ္မာတရားကို နားလည်ရမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပို၍ ဖတ်ရှုရမည်။ ဘုရားသခင်၏ ထုတ်ဖော်ချက်များမှတစ်ဆင့် လူ့သဘာဝကို သိလာကြရမည်ဖြစ်ပြီး လူ့အနှစ်သာရကို ထိုးဖောက်မြင်ကြရမည်။ ဘုရားနှုတ်ကပတ်တော်၏ ထုတ်ဖော်ချက်သည် လူ့သဘာဝကို ဖော်ထုတ်ပြ၏။ လူတို့အား ၎င်းတို့၏ အနှစ်သာရက မည်သို့ရှိသည်ကို သွန်သင်ပြ၏။ ၎င်းတို့ ဖောက်ပြန်ပျက်စီးမှု၏ အနှစ်သာရကို ဖောက်ထွင်းမြင်စေ၏။ ဤသည်မှာ လွန်စွာ အရေးကြီးလေသည်။ စာတန်ဆိုသည်မှာ စိတ်ရှုပ်စရာ အရာတစ်ခုဖြစ်ပြီး ၎င်းပြောဆိုသည့် ဆိုးယုတ်သော စကားများသည် အဓိပ္ပာယ်ဖော်ရန် ခက်ခဲ၏။ ဘုရားသခင်က ၎င်းအား “အသင် အဘယ်အရပ်က လာသနည်း” ဟု မေးသော် စာတန်က “မြေကြီးပေါ်တွင် ခေါက်တုံ့ခေါက်ပြန်၊ အနိမ့်အမြင့် သွားလာရာမှ လာသည်” (ယောဘ ဝတ္ထု ၁:၇) ဟု ပြန်ဖြေသည်။ ၎င်း၏အဖြေကို သေချာစွာ စဉ်းစားကြည့်လော့။ ၎င်းသည် လာနေသည်လော၊ သွားနေသည်လော။ ၎င်း၏ အဓိပ္ပာယ်သည် နားလည်ရန် ခက်၏။ ယင်းကြောင့်ပင် ဤစကားများမှာ ရှုပ်ထွေးသည်ဟု ငါပြောခြင်းဖြစ်သည်။ ဤစကားများကို အခြေခံကြည့်လျှင် စာတန်သည် ရှုပ်ထွေးလှကြောင်းကို မြင်နိုင်၏။ လူများသည် စာတန်ကြောင့် ဖောက်ပြန်ပျက်စီးကြသည့်အခါ ၎င်းတို့သည်လည်း ရှုပ်ထွေးလာကြသည်။ ၎င်းတို့လုပ်ဆောင်သည့် အရာတိုင်းတွင် စည်းမျဉ်းများ၊ အဆင့်အတန်းများနှင့် ထိန်းချုပ်နိုင်ခြင်းတို့ လုံးဝ မရှိကြချေ။ ထို့ကြောင့် မည်သည့်လူပုဂ္ဂိုလ်မဆိုသည် အလွယ်တကူ လမ်းလွဲနိုင်၏။ စာတန်သည် ဧဝအား “သင်သည် ထိုအပင်မှ အသီးကို အဘယ်ကြောင့် မစားသနည်း” ဟု ပြောဆိုလျက် ဖြားယောင်းခဲ့သည်။ ဧဝကလည်း “ထိုအပင်မှ စားသုံးလျှင် ငါတို့သေရလိမ့်မည်ဟု ဘုရားသခင်က အမိန့်တော် ရှိသည်” ဟု ပြန်ဖြေ၏။ ထိုအခါ စာတန်က “ထိုအပင်မှ အသီးကို စားလျှင် သင်တို့သည် ဧကန်အမှန် သေရမည်မဟုတ်” ဟု ဆိုခဲ့၏။ ဤစကားများအတွင်း၌ ဧဝကို သွေးဆောင်ရန် ရည်ရွယ်ချက်တစ်ခု ရှိသည်။ ထိုအပင်မှ အသီးကို စားလျှင် သူသေလိမ့်မည် မဟုတ်ဟု သေချာပေါက် ပြောဆိုမည့်အစား သူဧကန်အမှန် သေရမည်မဟုတ်ဟုသာ ဆိုခဲ့သဖြင့် “ဧကန်အမှန် သေရမည်မဟုတ်လျှင် ငါစား၍ ရနိုင်သည်” ဟု ဧဝကို စဉ်းစားမိသွားစေခဲ့သည်။ စုံစမ်းသွေးဆောင်ခြင်းကို မခုခံနိုင်သဖြင့် ဧဝသည် အသီးကို စားခဲ့မိ၏။ ဤနည်းဖြင့် စာတန်သည် ဧဝကို အပြစ်ပြုစေရန် သွေးဆောင်ခြင်းဟူသော ၎င်း၏ရည်မှန်းချက်ကို အထမြောက်စေခဲ့သည်။ ၎င်းသည် ထိုအသီးကို ဧဝစားအောင် အတင်းအကျပ် မလုပ်ခဲ့သောကြောင့် ဤအတွက် တာဝန်မယူခဲ့ချေ။ လူအယောက်တိုင်း၏ အတွင်း၌ ဆိုးယုတ်သော စိတ်သဘောထားတစ်ခု ရှိသည်။ စာတန်က ဘုရားသခင်ကို အစုံအစမ်းပြုကာ လူကို သွေးဆောင်ရာတွင် အသုံးပြုသည့် မြောက်မြားစွာသော အဆိပ်များသည် ၎င်းတို့အသီးသီး၏ စိတ်နှလုံးတွင် ရှိနေ၏။ တစ်ခါတစ်ရံ၌ ၎င်းတို့၏ ပြောစကားများတွင် စာတန်၏ လေယူလေသိမ်းနှင့် အသံနေအသံထားတို့အပြင် အစုံအစမ်းပြု သွေးဆောင်ရန် ရည်ရွယ်ချက်တစ်ခုပါ ရောစွက်နေလေသည်။ လူ၏ စိတ်ကူးများနှင့် အတွေးများသည် စာတန်၏ အဆိပ်များဖြင့် ပြည့်နှက်နေကာ စာတန်၏ အနံ့ဆိုးလည်း ထွက်နေ၏။ တစ်ခါတစ်ရံတွင် လူတို့၏ အကြည့်များ သို့မဟုတ် လုပ်ဆောင်ချက်များတွင် စုံစမ်းသွေးဆောင်ခြင်းနှင့် ဖြားယောင်းခြင်းဟူသော ဤတူညီသည့် အနံ့ဆိုးက ကပ်ပါနေသည်။ လူတချို့က ပြောကြသည်မှာ “ငါသည် ဤကဲ့သို့သာ လိုက်လျှောက်လျှင် ရရှိရန် သေချာသည်။ သမ္မာတရားကို မလိုက်စားလျှင်ပင် ငါသည် အဆုံးစွန်တိုင်အောင် ဘုရားသခင်နောက် လိုက်လျှောက်နိုင်သည်။ ငါသည် စိတ်ရင်းအမှန်ဖြင့် ဘုရားသခင်အတွက် ပစ္စည်းဥစ္စာများကို စွန့်လွှတ်၍ မိမိကိုယ်ကို အသုံးခံသည်။ ငါ့ထံတွင် အဆုံးစွန်တိုင်အောင် စွဲစွဲမြဲမြဲ အားထုတ်သွားဖို့ ခွန်အားရှိသည်။ အနည်းငယ်မျှ ငါပြစ်မှားမိလျှင်ပင် ဘုရားသခင်က ငါ့ကို သနားကရုဏာ ထားကာ စွန့်ပစ်လိမ့်မည် မဟုတ်” ဟူ၍ ဖြစ်သည်။ ၎င်းတို့ ပြောဆိုနေသည်မှာ မည်သည်တို့ ဖြစ်သည်ကို ၎င်းတို့မှာ သိပင် မသိကြ။ လူများ၏ အတွင်း၌ ဖောက်ပြန်ပျက်စီးနေသော အရာများ အမြောက်အမြား ရှိနေသည်။ ၎င်းတို့အနေဖြင့် သမ္မာတရားကို မလိုက်စားလျှင် မည်သို့ပြောင်းလဲနိုင်မည်နည်း။ ဘုရားသခင်က လူတို့ကို စောင့်ကြည့်ခြင်း မရှိလျှင် ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးမှု အတိုင်းအတာအပေါ် အခြေခံ၍ အချိန်မရွေး ပြိုလဲနိုင်သကဲ့သို့ ဘုရားသခင်ကိုလည်း အချိန်မရွေး သစ္စာဖောက်နိုင်လေသည်။ သင်သည် ဤအရာကို ယုံကြည်သလော။ အတင်းဖျစ်ညှစ်၍ လုပ်လျှင်ပင် သင်သည် အဆုံးတိုင်အောင် ရောက်နိုင်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် အမှုတော်၏ ဤနောက်ဆုံးအဆင့်မှာ အောင်မြင်သူ လူတစ်စုကို ဖန်တီးရန် ဖြစ်သောကြောင့်ဖြစ်၏။ ဤအရာကို လုပ်ဆောင်ခြင်းသည် သင်ထင်မြင်သလောက် အမှန်တကယ် လွယ်ကူသလော။ ဤနောက်ဆုံး ပြောင်းလဲခြင်းသည် လူတစ်ယောက်ကို ၁၀၀ ရာခိုင်နှုန်း သို့မဟုတ် ၈၀ ရာခိုင်နှုန်းပင် ပြောင်းလဲရန် မတောင်းဆိုဘဲ အနည်းဆုံးအားဖြင့် ၃၀ သို့မဟုတ် ၄၀ ရာခိုင်နှုန်းမျှသာ ပြောင်းလဲရန် တောင်းဆို၏။ ယုတ်စွအဆုံး သင်သည် သင်၏စိတ်နှလုံး အတွင်းဆုံး၌ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသည့်၊ ဘုရားသခင်ကို ခုခံသည့် သင်၏အတွင်းမှ အရာများကို ဖော်ထုတ်ရမည်၊ သန့်စင်ရမည်၊ ပြောင်းလဲရပေမည်။ ထိုအချိန်မှသာ သင်သည် ကယ်တင်ခြင်းကို ရရှိလိမ့်မည်။ သင့်အနေဖြင့် ဘုရားသခင် တောင်းဆိုသည့်အတိုင်း ၃၀ မှ ၄၀ ရာခိုင်နှုန်းဖြစ်စေ၊ ဖြစ်နိုင်က ၆၀ မှ ၇၀ ရာခိုင်နှုန်းမျှဖြစ်စေ ပြောင်းလဲသွားသည့် အချိန်မှသာ သင်သည် သမ္မာတရားကို ရရှိပြီဖြစ်ကြောင်း၊ ဘုရားသခင်နှင့်လည်း အခြေခံအားဖြင့် သဟဇာတ ဖြစ်ကြောင်း လက်တွေ့ပြပြီးဖြစ်လိမ့်မည်။ သင့်အပေါ်သို့ နောက်တစ်ကြိမ် တစ်စုံတစ်ရာ ဖြစ်ပျက်လာသည့်အခါ သင်သည် ဘုရားသခင်ကို ခုခံနိုင်ခြေ သို့မဟုတ် ဘုရား၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားနိုင်ခြေ ရှိတော့မည် မဟုတ်ပေ။ ဤနည်းဖြင့်သာ သင်သည် စုံလင်အောင် ပြုခြင်းကို ခံရနိုင်ပြီး ဘုရားသခင်၏ သဘောကျခြင်းကို ရရှိနိုင်လေသည်။

အချို့သော လူများသည် ဘုရားသခင်အား ယုံကြည်ခြင်းကိစ္စကို အင်မတန် ရိုးရိုးရှင်းရှင်းလေး မြင်ကြ၏။ “ဘုရားသခင်ကို ယုံကြည်ခြင်းသည် စုဝေးပွဲများ တက်ရောက်ခြင်း၊ ဆုတောင်းခြင်း၊ တရားဒေသနာများ ကြားနာခြင်း၊ မိတ်သဟာယပြုခြင်း၊ ဘုရားသခင်ကို သီဆိုချီးမွမ်းခြင်း၊ တာဝန်တချို့ ထမ်းဆောင်ခြင်းတို့ကို ဆိုလိုသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ ထိုအရာများပင် မဟုတ်သလော” ဟု ၎င်းတို့က ထင်မြင်ကြ၏။ ယခုအချိန်၌ ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ ယုံကြည်လာခဲ့သည်ဖြစ်စေ သင်တို့သည် ဘုရားသခင်အား ယုံကြည်ခြင်း၏ အဓိပ္ပာယ်ကို အပြည့်အဝ နားမလည်ကြသေးပေ။ အမှန်တကယ်၌ ဘုရားသခင်ကို ယုံကြည်ခြင်း၏ အဓိပ္ပာယ်သည် လွန်စွာ လေးနက်လှသည်ဖြစ်ရာ လူတစ်ယောက်၏ အတွေ့အကြုံများက တိမ်လွန်းနေလျှင် ထိုသူသည် ထိုအဓိပ္ပာယ်ကို နားလည်နိုင်လိမ့်မည် မဟုတ်။ သူ့အနေဖြင့် အဆုံးစွန်တိုင်အောင် တွေ့ကြုံသည့်အခါ သူ့အတွင်းမှ စာတန်၏ စိတ်သဘောထားနှင့် ဆိုးယုတ်သော အဆိပ်များကို သန့်စင်၍ ပြောင်းလဲပစ်ရမည် ဖြစ်သည်။ လူတို့သည် သမ္မာတရား အများအပြားနှင့် ပြည့်စုံနေအောင် လုပ်ရမည်။ လူအပေါ် ဘုရားသခင်က တောင်းဆိုသော စံနှုန်းများကို ပြည့်မီအောင် လုပ်ရမည်။ ဘုရားသခင်ကို အမှန်တကယ် နာခံကာ ကိုးကွယ်နိုင်ရမည်။ ထိုအခါမှသာ ၎င်းတို့သည် ကယ်တင်ခြင်းကို အမှန်တကယ် ရရှိကြ၏။ အကယ်၍ သင်သည် ယခင် ဘာသာတရားတစ်ခု၏ အဖွဲ့ဝင်ဖြစ်ခဲ့စဉ်က ရှိနေခဲ့ပုံအတိုင်း ဆက်ရှိနေဆဲဖြစ်ပြီး အယူဝါဒ စကားတချို့ကို ရွတ်ဆို၍ ဆောင်ပုဒ်တချို့ကို ကြွေးကြော်လျက်၊ အပြုအမူကောင်းနှင့် လုပ်ရပ်ကောင်း အနည်းငယ်ကို ပြုလုပ်လျက်၊ အနည်းဆုံးအနေဖြင့် သိသာထင်ရှားသော အပြစ်ရှိသည့် အချို့အရာများကို ရှောင်ကြဉ်လျက်သာ ရှိနေလျှင် သင်သည် ဘုရားသခင်ကို သင်၏ယုံကြည်ခြင်း၌ မှန်သော လမ်းကြောင်းကို ဝင်ရောက်ခဲ့ပြီဖြစ်ကြောင်း မဖော်ပြပေ။ စည်းကမ်းများ လိုက်နာခြင်းသည် သင့်အနေဖြင့် လမ်းကြောင်းမှန်ပေါ် ရှိနေသည်ဟု ဆိုလိုသလော။ သင်သည် မှန်ကန်သော ရွေးချယ်မှုကို ပြုခဲ့ပြီဟု ဆိုလိုသလော။ သင်၏ သဘာဝအတွင်းရှိ အရာများ မပြောင်းလဲလျှင် သင်သည် နောက်ဆုံး၌ ဘုရားသခင်ကို ခုခံနိုင်ဆဲဖြစ်ကာ ပုန်ကန် ပြစ်မှားမိနိုင်သေး၏။ ဤသည်မှာ အကြီးဆုံးသော ပြဿနာပင် ဖြစ်သည်။ ဘုရားသခင်ကို သင်၏ ယုံကြည်ခြင်း၌ ဤပြဿနာကို မဖြေရှင်းလျှင် သင်သည် ကယ်တင်ခြင်းကို အမှန်တကယ် ရရှိခဲ့ပြီဟု ဆိုနိုင်သလော။ ဤသို့ပြောရာ၌ ငါသည် အတိအကျအားဖြင့် မည်သည်ကို ဆိုလိုသနည်း။ ဘုရားသခင်အား ယုံကြည်ခြင်းဟူသည်ကို ဘုရား၏ နှုတ်ကပတ်တော်နှင့် သီးခြားခွဲထား၍ မရနိုင်သကဲ့သို့ ဘုရားသခင် ကိုယ်တော်တိုင်နှင့်ဖြစ်စေ၊ သမ္မာတရားနှင့်ဖြစ်စေ သီးခြားခွဲထား၍လည်း မရနိုင်ကြောင်းကို သင်တို့၏ စိတ်နှလုံးအတွင်း နားလည်ထားကြရန် ငါအလိုရှိခြင်းဖြစ်၏။ သင်သည် မှန်ကန်သော လမ်းကို ရွေးချယ်ရမည်ဖြစ်ပြီး သမ္မာတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကြိုးစား အားထုတ်ရမည်။ တစ်ပိုင်းတစ်စ သို့မဟုတ် အကြမ်းဖျင်း နားလည်ခြင်းကို ရရှိရုံမျှဖြင့် ရပ်လိုက်၍ မဖြစ်ချေ။ မိမိကိုယ်ကို လှည့်စားခြင်းသည် သင့်အား ထိခိုက်နစ်နာခြင်းသာ ဖြစ်စေလိမ့်မည်။ သင်၏ ယုံကြည်ခြင်းအား သင်၏ စိတ်ကူးများအပေါ် အခြေခံခြင်းသည် မည်သို့မျှ မကောင်းချေ။ သင်သည် အဆုံးတိုင်အောင် ယုံကြည်သော်လည်း သင်၏ စိတ်နှလုံး၌ ဘုရားသခင်မရှိလျှင်လည်းကောင်း၊ သင်သည် ဘုရားနှုတ်ကပတ်တော်များကို ခပ်မြန်မြန်သာ လှန်လှောကြည့်၍ ယင်းနောက်၌ မမှတ်မိနိုင်တော့လျှင်လည်းကောင်း၊ ဘုရားသခင်သည် သင်၏ စိတ်နှလုံးအတွင်း နေရာတစ်ခု မရှိလျှင်လည်းကောင်း သင်ဇာတ်သိမ်းလေပြီ။ “ဘုရားသခင်အား ယုံကြည်ခြင်းဟူသည်ကို ဘုရား၏ နှုတ်ကပတ်တော်နှင့် သီးခြားခွဲထား၍ မရနိုင်” ဟူသည်မှာ မည်သည်ကို ဆိုလိုသနည်း။ သင်တို့သည် ဤအရာကို နားလည်ကြသလော။ “ဘုရားသခင်အား ယုံကြည်ခြင်းဟူသည်ကို ဘုရားသခင် ကိုယ်တော်တိုင်နှင့် သီးခြားခွဲထား၍ မရနိုင်” ဟူသော ပြောဆိုချက်နှင့် ကွဲလွဲဆန့်ကျင်နေသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သင်၏ စိတ်နှလုံးအတွင်း မရှိလျှင် ဘုရားသခင်က သင်၏ စိတ်နှလုံးအတွင်း၌ မည်သို့ရှိနိုင်မည်နည်း။ သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း သင်၏ စိတ်နှလုံးတွင် ဘုရားသခင်၊ ဘုရား၏ နှုတ်ကပတ်တော်၊ ဘုရား၏ လမ်းပြခြင်းတို့ ကင်းမဲ့နေလျှင် သင်သည်ကား လုံးလုံး ဇာတ်သိမ်းလေပြီ။ သင်သည် အကြောင်းကိစ္စလေး တစ်ခုကိုပင် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ မကိုင်တွယ်နိုင်လျှင် စည်းမျဉ်းဆိုင်ရာ အကြောင်းကိစ္စကြီးတစ်ခုနှင့် ရင်ဆိုင်ရချိန်၌ ဘုရားသခင်၏ သတ်မှတ်ချက်များအား များစွာ အဆင့်မမီဘဲ ဖြစ်နေပေလိမ့်မည်။ ထိုအခါ သင်သည် မည်သည့် သက်သေခံချက်မျှ ရှိလိမ့်မည်မဟုတ်။ ယင်းသည် ပြဿနာရှိ၏။ သင်သည် မည်သည်ကိုမျှ ပိုင်ဆိုင်ခြင်း မရှိကြောင်းနှင့် မည်သည့်သမ္မာတရားကိုမျှ မရရှိထားကြောင်း သက်သေပြ၏။

ခိုင်လုံသော အသေးစိတ် အချက်အလက်ဖြင့် ရှင်းပြ၍ မရနိုင်သည့် အချို့သော သီးသန့် အကြောင်းအရာများ ရှိသည်။ တစ်နေ့တွင် သန့်ရှင်းသော ဝိညာဉ်တော်က သင်တို့အား ဉာဏ်အလင်းပေးသည့် အခါမှသာ သင်တို့သည် ၎င်းတို့ကို အပြည့်အဝ နားလည်နိုင်ပေလိမ့်မည်။ ယခု အချိန်တွင်မူ လူတို့အတွက် ရိုးလွန်းသည့်ပုံ သို့မဟုတ် အဓိပ္ပာယ်ပင် မရှိသည့်ပုံ ပေါက်နေနိုင်သည့် စကားလုံး အနည်းငယ်ဖြင့်သာ ထိုအရာများကို ငါဖော်ပြနိုင်သည်။ ထိုမျှသာ ဖြစ်၏။ တရုတ်ပြည်ရှိ ဘုရားသခင် ရွေးချယ်ထားသော လူများကို တိုင်းတစ်ပါးသားများက မည်သို့ထင်မြင်သည်ကို သင်တို့ သိကြသလော။ သင်တို့အနေဖြင့် တရုတ်ပြည်တွင် ဘုရားသခင်ကို ယုံကြည်ကာ ခရစ်တော်နောက် လိုက်နေခြင်း၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် ဆင်းရဲဒုက္ခများစွာကို ခံစားနေရခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ဘုရား၏ အမှုတော်ကို မွေ့လျော်ခံစားနေခြင်း၊ အမှုအရာများစွာအား ရရှိနေခြင်းတို့ကို ၎င်းတို့မြင်သည့်အခါ သင်တို့အား လွန်စွာမှ အားကျကြ၏။ တိုင်းတစ်ပါးသားများတွင် ဆန္ဒတစ်ခု ရှိကြသည်။ ၎င်းတို့က “ငါသည်လည်း ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံချင်သည်။ မည်သို့ဆင်းရဲဒုက္ခ ခံရသည်ဖြစ်စေ ငါသည်လည်း သမ္မာတရားကို ရရှိချင်သည်။ ငါသည်လည်း အသိပညာနှင့် ဝိညာဉ်ရင့်သန်မှုတွင် တိုးတက်ချင်သည်။ သို့သော် ဝမ်းနည်းစရာ ကောင်းသည်မှာ ငါသည် သင့်တော်သော ပတ်ဝန်းကျင်၌ ရှိမနေ” ဟူ၍ ၎င်းတို့ဘာသာ တွေးမိကြ၏။ တရုတ်လူမျိုးများသည် လွန်စွာ ကောင်းချီးပေးခံရသည်ဟု ၎င်းတို့က ထင်ကြသည်။ ဤသို့ ဖြစ်နေသော်ငြားလည်း သင်တို့ကမူ ၎င်းတို့မှာ ကောင်းချီးပေးခံရသူများ ဖြစ်သည်ဟု ထင်နေဆဲဖြစ်ကာ ၎င်းတို့ကို အားကျနေ၏။ ဧကန်အမှန်ပင် သင်တို့သည် မိမိတို့၏ ကောင်းမွန်သော ကံကြမ္မာကို ပေါ့ပေါ့တန်တန် သဘောထားကြသည်။ ဘုရားသခင်သည် အဆင်းနီသော နဂါးကြီး၏ တိုင်းပြည်မှ ဤလူအုပ်စုကို စုံလင်စေ၍ ၎င်းတို့အား ဤဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံရန် အခွင့်ကို ပေး၏။ ဤသည်မှာ ဘုရားသခင်၏ ကြီးစွာသော ချီးမြှောက်ခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။ “ငါသည် ငါ၏ ဘုန်းတော်ကို ဣသရေလပြည်မှ အရှေ့အရပ်သို့ ကြာမြင့်စွာကတည်းက ယူဆောင်လာခဲ့၏” ဟု ယခင်က ဘုရားသခင်မိန့်ဆိုခဲ့သည်။ ယခု သင်တို့သည် ဤပြောဆိုချက်၏ အဓိပ္ပာယ်ကို နားလည်ကြသလော။ အနာဂတ်တွင် သင်တို့၏ လမ်းကို မည်သို့လျှောက်လှမ်းသင့်သနည်း။ သင်တို့သည် သမ္မာတရားကို မည်သို့လိုက်စားသင့်သနည်း။ သမ္မာတရားကို အားထုတ်လိုက်စားခြင်း မရှိဘဲ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို မည်သို့ရရှိနိုင်မည်နည်း။ သန့်ရှင်းသော ဝိညာဉ်တော်သည် သင်တို့၏ အတွင်း၌ လုပ်ဆောင်ခြင်းကို ရပ်တန့်လိုက်လျှင် သင်တို့သည် အန္တရာယ်အရှိဆုံး အနေအထားတစ်ခုအတွင်း ရောက်ရှိလေပြီ။ သင်တို့ ယခု တွေ့ကြုံနေရသော ဆင်းရဲဒုက္ခ အနည်းငယ်လေးသည် အဘယ်ပြောပလောက်သနည်း။ ထိုအရာက သင်တို့အတွက် မည်သည်တို့အား ပြီးမြောက်စေလိမ့်မည်ကို သင်တို့ သိကြသလော။ ဆင်းရဲဒုက္ခ မခံစားဘဲ သမ္မာတရားကို လိုက်စားရန်မှာ ဖြစ်နိုင်သလော။ ဤနည်းဖြင့် သမ္မာတရားကို ရရှိနိုင်သလော။ စစ်မှန်သော သက်သေခံချက်ကို ပေးနိုင်ကြသလော။ ထိုသို့သော အရာများကို နားလည်နိုင်လျှင် သင်တို့သည် ဆင်းရဲဒုက္ခ ခံစားနေရသည်ဟု ထင်မိကြလိမ့်မည် မဟုတ်ပေ။ ဆင်းရဲဒုက္ခများ တိုးလာသည့်တိုင် ဘာမျှ မဟုတ်သကဲ့သို့ ထင်မိပေလိမ့်မည်။

ဆောင်းဦးရာသီ၊ ၁၉၉၉ ခုနှစ်

အရှေ့သို့- သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်

နောက်တစ်ခုသို့- လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို သင်သိသလော

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။