အခန်း ၁၁
ငါသည် သင်၏ဘုရားသခင်လော။ ငါသည် သင်၏ ရှင်ဘုရင်လော။ သင်သည် သင့်အထဲ၌ ငါ့ကို ရှင်ဘုရင်အဖြစ် အမှန်တကယ် အုပ်စိုးခွင့်ပြုပြီလော။ သင့်ကိုယ်သင် စေ့စပ်သေချာစွာ ဆန်းစစ်သင့်၏- အလင်းသစ်လာသောအခါ၊ ယင်းနောက်သို့မလိုက်ဘဲ ဟန့်တားသည်အထိ တိုင်အောင်ပင် သေချာစွာမလေ့လာဘဲ၊ ငြင်းပယ်ခဲ့သည် မဟုတ်လော။ ဤအတွက် သင်သည် တရားစီရင်ခြင်းကို ကြုံရမည်ဖြစ်ပြီး သင်၏ပျက်စီးကိန်းသို့ ကျရောက်လိမ့်မည်။ သင်သည် တရားစီရင်ခြင်းကို ခံရကာ သံလှံတံဖြင့် ရိုက်နှက်ခြင်းကို ခံရမည်ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ခံစားရမည်မဟုတ်ပေ။ သင်သည် များမကြာမီ ငိုကြွေးရမည် ဖြစ်ပြီး အော်ငိုမြည်တမ်းရင်းဖြင့် ဒူးထောက်လျက် ဝတ်ပြုလိမ့်မည်။ ငါသည် သင့်တို့ကို အမြဲတမ်း ပြောဆိုပြီး စကားပြောခဲ့ပြီ ဖြစ်သည်။ ငါသည် ငါ၏နှုတ်ကပတ်တော်များကို သင့်တို့အား မည်သည့်အခါမျှ ထိမ်ချန်ထားခဲ့ခြင်းမရှိပေ။ ပြန်စဉ်းစားလော့- ငါသည် သင်တို့ကို တစ်စုံတစ်ခုပြောပြရန် ပျက်ကွက်ခဲ့ဖူးသလော။ သို့ပါလျက် အမှုအရာများကို မှားယွင်းသောနည်းဖြင့် လုပ်မြဲလုပ်ကြသော လူအချို့ရှိသည်။ သူတို့သည် နေမင်းကို ပိတ်ဖုံးထားသော သံသယ မြူခိုးများထဲတွင် လမ်းပျောက်နေကြပြီး၊ သူတို့သည် အလင်းကို လုံးဝ မမြင်ကြပေ။ ဤသည်မှာ သူတို့၏ “အတ္တ” ဟူသော အသိက အလွန် ပြင်းထန်သောကြောင့် သို့မဟုတ် သူတို့၏ကိုယ်ပိုင် အယူအဆများက အလွန် ကြီးမားသောကြောင့် မဟုတ်သလော။ သင်သည် မည်သည့်အချိန်မှစ၍ ငါ့အပေါ် အလေးထားမှု ရှိခဲ့သနည်း။ သင်သည် မည်သည့်အချိန်မှစ၍ သင့်စိတ်နှလုံးထဲတွင် ငါ့အတွက်နေရာပေးခဲ့သနည်း။ သင်ကျရှုံးခဲ့သောအခါ၊ မတတ်စွမ်းကြောင်း သင့်ကိုယ်သင် တွေ့မြင်သောအခါနှင့် သင်၌ ရွေးချယ်စရာများ လုံးဝမရှိသော အခါများမှသာ သင်သည် ငါ့ထံ ဆုတောင်း၏။ သို့ဆိုလျှင် ကောင်းပြီ- ယခု အမှုအရာများကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် အဘယ်ကြောင့် မလုပ်ဆောင်သနည်း။ အသင်လူသားတို့။ သင့်ကို ဖျက်ဆီးသည်မှာ ထိုအတ္တဟောင်းပင် ဖြစ်ချေသည်။
လူအချို့တို့သည် လမ်းကို ရှာမတွေ့နိုင်ကြသည့်အပြင် သူတို့သည် အလင်းသစ်ကို မီအောင် မလိုက်နိုင်ကြပေ။ သူတို့သည် ယခင်က သူတို့မြင်တွေ့ဖူးသည့် ထိုအရာများကိုသာ မိတ်သဟာယပြုကြ၏။ သူတို့အတွက် အသစ်သောအရာ မရှိပေ။ ယင်းမှာ အဘယ်ကြောင့်နည်း။ သင်တို့သည် မိမိကိုယ်တိုင်၏ အတွင်းထဲ၌ နေထိုင်ပြီး ငါ့အတွက် တံခါးကို ပိတ်ထားကြ၏။ သင်သည် သန့်ရှင်းသောဝိညာဉ်တော် အလုပ်၏ နည်းလမ်းများ ပြောင်းလဲသည်ကို တွေ့မြင်လျက်၊ မှားယွင်းမှု မရှိစေရန် သင်၏စိတ်နှလုံးထဲ၌ အမြဲပင် သတိထား၏။ ဘုရားသခင်အပေါ် သင်၏ ချစ်ကြောက်ရိုသေခြင်းက အဘယ်မှာနည်း။ ယင်းကို ဘုရားသခင့် မျက်မှောက်၏ ဆိတ်ငြိမ်မှုထဲ၌ သင် ရှာဖွေခဲ့ပြီလော။ သင်သည် “သန့်ရှင်းသော ဝိညာဉ်တော်က အမှန်တကယ် ထိုကဲ့သို့ အမှုပြုသလော။” ဟုသာ တွေးမိသည်။ အချို့သော လူတို့ မြင်တွေ့ခဲ့ပြီးသောအရာမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ပင် ဖြစ်သည်၊ သို့ရာတွင် သူတို့၌ ထိုအရာနှင့်ပတ်သက်၍ ပြောစရာ အကြောင်းများ ရှိနေသေးသည်။ အခြားသူတို့က ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်သည်ဟု ဝန်ခံသော်လည်း၊ ထိုသူတို့က ၎င်းကို လက်မခံကြပေ။ သူတို့ တစ်ဦးစီ၏ အတွင်းထဲ၌ အမျိုးမျိုးသော အယူအဆများ ပေါ်ထွက်လာပြီး သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို နားမလည်ကြပေ။ သူတို့သည် ပေါ့လျော့ပြီး ဂရုမစိုက်ကြသည့်အပြင်၊ အဖိုးအခ ပေးရန်နှင့် ငါမျက်မှောက်၌ စိတ်အားထက်သန်ရန် အလိုမရှိကြချေ။ သန့်ရှင်းသော ဝိညာဉ်တော်သည် သူတို့ကို ဉာဏ်အလင်းပေးပြီးဖြစ်သော်လည်း၊ သူတို့သည် ပြောဆိုဆွေးနွေးရန် သို့မဟုတ် ရှာဖွေရန် ငါ့ရှေ့မှောက်သို့ လာကြမည် မဟုတ်ချေ။ ထို့အစား သူတို့သည် သူတို့သဘောရှိသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်လျက်၊ သူတို့၏ ကိုယ်ပိုင် လိုအင်ဆန္ဒများ နောက်ကိုသာ လိုက်ကြသည်။ ဤသည်မှာ မည်ကဲ့သို့သော ရည်ရွယ်ချက်မျိုး ဖြစ်သနည်း။