အမှောင်၏လွှမ်းမိုးမှုမှ လွတ်မြောက်လော့၊ ပြီးလျှင် သင်သည် ဘုရားသခင်၏ ရယူခြင်း ခံရလိမ့်မည်
အမှောင်၏ လွှမ်းမိုးမှုဟူသည်မှာ အဘယ်အရာဖြစ်သနည်း။ ဤ “အမှောင်၏ လွှမ်းမိုးမှု” ဆိုသောအရာသည် လူတို့အပေါ် စာတန်၏ အထင်အမြင်မှားစေခြင်း၊ ဖောက်ပြန်ပျက်စီးစေခြင်း၊ ချည်နှောင်ခြင်းနှင့် ထိန်းချုပ်ခြင်းတို့၏ လွှမ်းမိုးမှုဖြစ်ပေသည်။ စာတန်၏ လွှမ်းမိုးမှုသည် သေခြင်း၏ အရိပ်အယောင်ရှိသော လွှမ်းမိုးမှုတစ်ခု ဖြစ်သည်။ စာတန်၏ အာဏာအောက်တွင် အသက်ရှင်နေထိုင်သူ အားလုံးတို့သည် ပျက်စီးကိန်းကြုံရပြီဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်လာပြီးနောက်တွင် အမှောင်၏ လွှမ်းမိုးမှုမှ မည်သို့ လွတ်မြောက်နိုင်မည်နည်း။ သင်သည် ဘုရားသခင်ထံ ရိုးသားစစ်မှန်စွာ ဆုတောင်းပြီးသောအခါ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ထံသို့ အပြည့်အဝ လှည့်လာလိမ့်မည်ဖြစ်ပြီး ထိုအချိန်တွင် ဘုရားသခင်၏ ဝိညာဉ်တော်က သင်၏ စိတ်နှလုံးကို တို့ထိလိမ့်မည်ဖြစ်ကာ ဘုရားသခင်ထံ သင့်ကိုယ်သင် အပြည့်အဝ ပေးအပ်ရန် လိုလားလာလိမ့်မည်။ ဤအခိုက်အတန့်တွင် သင်သည် အမှောင်၏ လွှမ်းမိုးမှုမှ လွတ်မြောက်ပြီးဖြစ်လိမ့်မည်။ လူတစ်ဦး လုပ်ဆောင်သမျှ အရာအားလုံးသည် ဘုရားသခင်ကို နှစ်သက်စေပြီး ဘုရားသခင်၏ တောင်းဆိုချက်များနှင့် ကိုက်ညီပါက ထိုသူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း၌လည်းကောင်း၊ ဘုရားသခင်၏ စောင့်ရှောက်ခြင်းနှင့် ကာကွယ်ခြင်းအောက်၌လည်းကောင်း အသက်ရှင်နေထိုင်သူတစ်ဦး ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့မလုပ်ဆောင်နိုင်ပါက၊ ၎င်းတို့သည် ဘုရားသခင်အပေါ် အမြဲတစေ ဝတ်ကျေတမ်းကျေလုပ်ပြီး ဘုရားသခင်တည်ရှိခြင်းကို မယုံကြည်ပါက ဤလူများအားလုံးသည် အမှောင်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်နေထိုင်သော လူများ ဖြစ်ကြသည်။ ဘုရားသခင်၏ ကယ်တင်ခြင်း မခံရသေးသောသူ အားလုံးတို့သည် စာတန်၏ အာဏာအောက်တွင် အသက်ရှင်နေထိုင်ကြသည်။ ဆိုလိုသည်မှာ ၎င်းတို့အားလုံးသည် အမှောင်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်နေထိုင်ကြခြင်း ဖြစ်သည်။ ဘုရားသခင်ကို မယုံကြည်သော သူတို့သည် စာတန်၏ အာဏာအောက်တွင် အသက်ရှင်နေထိုင်ကြသည်။ ဘုရားသခင်၏ တည်ရှိမှုကို ယုံကြည်သော သူတို့ပင်လျှင် ဘုရားသခင်၏ အလင်းထဲတွင် မလွဲမသွေ အသက်ရှင်နေထိုင်နေခြင်း မဟုတ်နိုင်ပေ။ အကြောင်းမှာ ဘုရားသခင်ကို ယုံကြည်သောသူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း မလွဲမသွေ အသက်ရှင်နေထိုင်နေခြင်း သို့မဟုတ် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ခြင်း မရှိသောကြောင့် လူသည် ဘုရားသခင်ကို ယုံကြည်ခြင်း၌သာ ကန့်သတ်ခံရပြီး ဘုရားသခင်ကို သိကျွမ်းခြင်း မရှိသောကြောင့် သူသည် ဟောင်းနွမ်းသော စည်းမျဉ်းစည်းကမ်းများအတွင်း အသက်ရှင်နေထိုင်ဆဲ၊ အသေဖြစ်သော စကားလုံးများကြားတွင် အသက်ရှင်နေထိုင်ဆဲဖြစ်ကာ မှောင်မိုက်ပြီး မရေရာသော အသက်တာတစ်ခုကို အသက်ရှင်နေထိုင်ဆဲ ဖြစ်ပြီး ဘုရားသခင်၏ အပြည့်အဝ သန့်စင်ပေးခြင်းကိုဖြစ်စေ၊ ဘုရားသခင်၏ အပြည့်အဝ ရယူခြင်းကိုဖြစ်စေ မခံရပေ။ ထို့ကြောင့် ဘုရားသခင်ကို မယုံကြည်သော သူတို့သည် အမှောင်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်နေထိုင်ကြသည်မှာ ဆိုဖွယ်ရာမရှိပေ။ ဘုရားသခင် တည်ရှိသည်ကို ယုံကြည်သော လူများပင်လျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် မရှိခြင်းကြောင့် ယင်း၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်နေထိုင်ဆဲ ဖြစ်နိုင်သည်။ ဘုရားသခင်၏ ကျေးဇူးတော် သို့မဟုတ် သနားကရုဏာ မရှိသော သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ရေစီးကြောင်းကို မမြင်နိုင်ကြပေ။ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့ထဲတွင် အလုပ်လုပ်နေခြင်း ရှိမရှိကို သတိမပြုမိနိုင်သောသူ အားလုံးတို့သည် အမှောင်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်နေထိုင်ကြသည်။ ပြီးလျှင် အချိန်အများစုတွင် ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရုံမျှခံစားပြီး ဘုရားသခင်ကို မသိကျွမ်းသော လူများသည်လည်း ထိုနည်းတူပင် ဖြစ်ကြသည်။ လူတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်သည့်တိုင် သူ့ဘဝ၏ အချိန်အများစုကို အမှောင်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်နေထိုင်လျက် ကုန်ဆုံးပါက ဤလူ၏ တည်ရှိမှုသည် ယင်း၏ အဓိပ္ပာယ်ကို ဆုံးရှုံးသွားပြီ ဖြစ်သည်။ သို့ဆိုလျှင် ဘုရားသခင် တည်ရှိသည်ကို မယုံကြည်သော လူများအကြောင်းကို ဖော်ပြရန် အဘယ်သို့ လိုအပ်မည်နည်း။
ဘုရားသခင်၏ အလုပ်ကို လက်မခံနိုင်သော သူအားလုံး သို့မဟုတ် ဘုရားသခင်၏ အလုပ်ကို လက်ခံသော်လည်း ဘုရားသခင်၏ တောင်းဆိုချက်များကို မဖြည့်ဆည်းနိုင်သောသူအားလုံးတို့သည် အမှောင်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်နေထိုင်သော လူများ ဖြစ်ကြသည်။ သမ္မာတရားကို လိုက်စားပြီး ဘုရားသခင်၏ တောင်းဆိုချက်များကို ဖြည့်ဆည်းနိုင်စွမ်းရှိသော သူတို့သာလျှင် ဘုရားသခင်၏ ကောင်းချီးပေးခြင်းကို ခံရပြီး ၎င်းတို့သာလျှင် အမှောင်၏ လွှမ်းမိုးမှုမှ လွတ်မြောက်ပြီး ဖြစ်ကြသည်။ လွတ်မြောက်မှုကို မခံစားရသောသူတို့၊ အချို့သော အရာများ၏ ဘောင်ခတ်ခြင်းကို အစဉ်သဖြင့် ခံရသောသူတို့နှင့် ဘုရားသခင်ထံ ၎င်းတို့၏ စိတ်နှလုံးကို မပေးအပ်နိုင်သောသူတို့သည် သေခြင်းတရား၏ အရိပ်အလယ်တွင် အသက်ရှင်နေထိုင်ကြသည့် စာတန်၏ ချည်နှောင်မှုအောက်ရှိ လူများ ဖြစ်ကြသည်။ မိမိတို့ လုပ်ဆောင်သင့်သော တာဝန်များအပေါ် ဆက်ကပ်မှုမရှိသော သူတို့၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အပေါ် ဆက်ကပ်မှုမရှိသော သူတို့နှင့် အသင်းတော်တွင် မိမိတို့၏ လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရန် ပျက်ကွက်သော သူတို့သည် အမှောင်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်နေထိုင်သော လူများ ဖြစ်ကြသည်။ အသင်းတော်အသက်တာကို တမင်တကာ နှောင့်ယှက်သော သူတို့၊ မိမိတို့၏ ညီအစ်ကိုမောင်နှမများကြားတွင် သွေးကွဲစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်သော သူတို့ သို့မဟုတ် ဂိုဏ်းဂဏများ ဖွဲ့စည်းသော သူတို့သည် အမှောင်၏ လွှမ်းမိုးမှုအောက်တွင်၊ စာတန်၏ ချည်နှောင်မှုထဲတွင် အသက်ရှင်နေထိုင်သော လူများ ပို၍ပင် ဖြစ်ကြသည်။ ဘုရားသခင်နှင့် ပုံမှန်မဟုတ်သော ဆက်ဆံရေးရှိသည့် သူတို့၊ အလွန်အကျွံဖြစ်သော လိုအင်ဆန္ဒများ အစဉ်သဖြင့် ရှိသော သူတို့၊ အကျိုးအမြတ်တစ်ခုကို အစဉ်သဖြင့် ရယူလိုသော သူတို့နှင့် စိတ်သဘောထား ပြောင်းလဲခြင်းကို လိုက်စားရန် လုံးဝ ဆန္ဒမရှိသော သူတို့သည် အမှောင်၏ စွမ်းအားအောက်တွင် အသက်ရှင်နေထိုင်သော လူများ ဖြစ်ကြသည်။ သမ္မာတရားကို ၎င်းတို့ လက်တွေ့လုပ်ဆောင်ရာတွင် အမြဲတစေ ဖြစ်ကတတ်ဆန်းနိုင်ပြီး မည်သည့်အခါမျှ အလေးအနက်မထားသော သူတို့နှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းရန် မရှာဖွေဘဲ ၎င်းတို့၏ ဇာတိပကတိကိုသာ ဖြည့်ဆည်းသောသူတို့သည်လည်း သေခြင်းတရား၏ ဖုံးလွှမ်းခြင်းခံရလျက် အမှောင်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်နေထိုင်နေသော လူများ ဖြစ်ကြသည်။ ဘုရားသခင်အတွက် အလုပ်လုပ်သောအခါ ကလိမ်ကကျစ်ကျခြင်းနှင့် လှည့်ဖြားခြင်းတို့ကို လုပ်ဆောင်သော သူတို့၊ ဘုရားသခင်ကို ဝတ်ကျေတမ်းကျေပုံစံဖြင့် ဆက်ဆံသောသူတို့၊ ဘုရားသခင်ကို လိမ်ညာသော သူတို့နှင့် မိမိတို့ကိုယ်တိုင်အတွက် အမြဲတစေ အစီအစဉ်များ ဆွဲသော သူတို့သည် အမှောင်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်နေထိုင်သော လူများ ဖြစ်ကြသည်။ ဘုရားသခင်ကို ရိုးသားသော စိတ်နှလုံးများဖြင့် မချစ်နိုင်သော သူ၊ သမ္မာတရားကို မလိုက်စားသော သူတို့နှင့် မိမိတို့၏ စိတ်သဘောထားများကို ပြောင်းလဲခြင်းအပေါ် အာရုံမစိုက်သော သူတို့အားလုံးသည် အမှောင်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်နေထိုင်သော လူများ ဖြစ်ကြသည်။
ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရယူလိုပါက သင်သည် စာတန်၏ အမှောင်လွှမ်းမိုးမှုမှ ဦးစွာ လွတ်မြောက်ရမည်ဖြစ်ပြီး သင်၏ စိတ်နှလုံးကို ဘုရားသခင်ထံ ဖွင့်ဟကာ ဘုရားသခင်ထံသို့ အပြည့်အဝ လှည့်ရမည်။ ယခု သင် လုပ်ဆောင်နေသော အရာများသည် ဘုရားသခင် အသိအမှတ်ပြုသော အရာများ ဖြစ်သလော။ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ထံသို့ လှည့်ပြီးပြီလော။ သင် လုပ်ဆောင်နေသော အရာများသည် ဘုရားသခင်က သင့်ထံမှ တောင်းဆိုသော အရာများ ဖြစ်သလော။ ယင်းတို့သည် သမ္မာတရားနှင့် ကိုက်ညီသလော။ အချိန်တိုင်းတွင် မိမိကိုယ်ကို ဆန်းစစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအပေါ် အာရုံစိုက်လော့။ သူ၏ ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးကို ဖွင့်ပြလော့၊ သူ့ကို ရိုးသားစစ်မှန်မှုဖြင့် ချစ်လော့၊ ပြီးလျှင် ဘုရားသခင်အတွက် သင့်ကိုယ်သင် သစ္စာစောင့်သိစွာ အသုံးခံလော့။ ဤသို့ လုပ်ဆောင်သောလူများသည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို သေချာပေါက် ရရှိကြလိမ့်မည်။ ဘုရားသခင်ကို ယုံကြည်သည့်တိုင် သမ္မာတရားကို မလိုက်စားသောသူ အားလုံးတို့သည် စာတန်၏ စွမ်းအားမှ လွတ်မြောက်ရန် မဖြစ်နိုင်ချေ။ ဟန်ဆောင်မှုကင်းသောပုံစံဖြင့် ကျင့်ကြံပြုမူခြင်း မရှိသောသူတို့၊ အခြားသူများ၏ ရှေ့တွင် တစ်မျိုး၊ ကွယ်ရာတွင် တစ်မျိုး ပြုမူသောသူတို့၊ အနှစ်သာရအားဖြင့် ကောက်ကျစ်ပြီး စဉ်းလဲသော်လည်း နှိမ့်ချမှု၊ စိတ်ရှည်မှုနှင့် ချစ်ခြင်းမေတ္တာရှိသည့် အသွင်အပြင်ကို ပြသသောသူတို့နှင့် ဘုရားသခင်အပေါ် သစ္စာစောင့်သိခြင်း မရှိသောသူတို့ကဲ့သို့သော လူများအားလုံးသည် အမှောင်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်နေထိုင်သော သူများ၏ ဖြစ်နေကျကိုယ်စားလှယ်များ ဖြစ်ကြသည်။ ၎င်းတို့သည် မြွေ၏ အမျိုးအနွယ်များ ဖြစ်ကြသည်။ ဘုရားသခင်ကို ၎င်းတို့ ယုံကြည်ရာတွင် မိမိတို့၏ ကိုယ်ကျိုးအတွက်သာ အမြဲတစေ အကောက်ကြံသောသူတို့၊ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ပြီး မိမိဘာသာ ကြီးကျယ်နေသောသူတို့၊ ကြွားဝါသောသူတို့နှင့် မိမိတို့၏ ကိုယ်ပိုင် အဆင့်အတန်းကို ကာကွယ်သောသူတို့သည် စာတန်ကို ချစ်ပြီး သမ္မာတရားကို ဆန့်ကျင်သော လူများ ဖြစ်ကြသည်။ ဤလူများသည် ဘုရားသခင်ကို အတိုက်အခံလုပ်ကြပြီး စာတန်နှင့် လုံးဝ သက်ဆိုင်ကြသည်။ ဘုရားသခင်၏ ဝန်ထုပ်များကို အလေးမထားသော သူတို့၊ ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ အစေမခံသော သူတို့၊ မိမိတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများနှင့် မိမိတို့ မိသားစုများ၏ အကျိုးစီးပွားများကို အမြဲတစေ ပူပန်သော သူတို့၊ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံရန် အရာအားလုံးကို မစွန့်လွှတ်နိုင်သော သူတို့နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း မည်သည့်အခါမျှ အသက်မရှင်သောသူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ပြင်ပရှိ လူများ ဖြစ်ကြသည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို မရရှိနိုင်ကြပေ။
ဘုရားသခင်သည် လူတို့ကို ဖန်ဆင်းခဲ့သောအခါ သူ၏ ကြွယ်ဝပြည့်စုံမှုကို ၎င်းတို့ ခံစားနိုင်ရန်နှင့် သူ့ကို ရိုးသားစစ်မှန်စွာ ချစ်နိုင်ရန် ဖြစ်သည်။ ဤနည်းအားဖြင့် ၎င်းတို့သည် သူ၏ အလင်းထဲတွင် အသက်ရှင်နေထိုင်ကြလိမ့်မည်။ ယနေ့တွင် ဘုရားသခင်ကို မချစ်နိုင်သောသူ၊ ဘုရားသခင်၏ ဝန်ထုပ်များကို အလေးမထားနိုင်သောသူ၊ ဘုရားသခင်ထံ မိမိ၏ စိတ်နှလုံးကို အပြည့်အဝ မပေးအပ်နိုင်သောသူ၊ ဘုရားသခင်၏ စိတ်နှလုံးကို မိမိ၏ ကိုယ်ပိုင်အဖြစ် မခံယူနိုင်သောသူနှင့် ဘုရားသခင်၏ ဝန်ထုပ်များကို မိမိ၏ ကိုယ်ပိုင်အဖြစ် မထမ်းရွက်နိုင်သောသူအားလုံးတို့အပေါ် ဘုရားသခင်၏ အလင်း ထွန်းလင်းခြင်း မရှိပေ၊ ထို့ကြောင့် ၎င်းတို့အားလုံးသည် အမှောင်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်နေထိုင်ကြသည်။ ဤလူများသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် လုံးဝ ဆန့်ကျင်ကြပြီး ၎င်းတို့ လုပ်ဆောင်သည့် မည်သည့်အရာတွင်မဆို သမ္မာတရား တစ်စက်မျှ မရှိပေ။ ၎င်းတို့သည် စာတန်နှင့်အတူ နွံထဲတွင် လူးလှိမ့်နေကြသည်။ ၎င်းတို့သည် အမှောင်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်နေထိုင်သော လူများ ဖြစ်ကြသည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မကြာခဏ စားသောက်နိုင်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားနိုင်ကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်နိုင်ပါက ဘုရားသခင်၏ ရွေးချယ်ခြင်းကို ခံရသူဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း အသက်ရှင်နေထိုင်သော လူတစ်ဦး ဖြစ်သည်။ သင်သည် စာတန်၏ အာဏာမှ လွတ်မြောက်ပြီး ဘုရားသခင်၏ အလင်းထဲတွင် အသက်ရှင်နေထိုင်လိုစိတ်ရှိသလော။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း အသက်ရှင်နေထိုင်ပါက သန့်ရှင်းသော ဝိညာဉ်တော်သည် သူ၏ အလုပ်ကို လုပ်ဆောင်ရန် အခွင့်အရေးတစ်ခု ရရှိလိမ့်မည်။ စာတန်၏ လွှမ်းမိုးမှုအောက်တွင် သင်အသက်ရှင်နေထိုင်ပါက သန့်ရှင်းသော ဝိညာဉ်တော်သည် ထိုသို့သော အခွင့်အရေး ရရှိမည် မဟုတ်ပေ။ လူတို့အပေါ် သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်သည့် အလုပ်၊ ၎င်းတို့အပေါ် သူထွန်းလင်းပေးသည့် အလင်းနှင့် ၎င်းတို့ကို သူပေးသည့် ယုံကြည်ခြင်းတို့သည် ခဏတာမျှသာ တည်တံ့သည်။ အကယ်၍ လူတို့သည် သတိမပြုဘဲ အာရုံမစိုက်ပါက သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် ၎င်းတို့ကို ကျော်လွန်သွားလိမ့်မည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း အသက်ရှင်နေထိုင်ပါက သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့နှင့်အတူ ရှိမည်ဖြစ်ပြီး ၎င်းတို့အပေါ် အလုပ်လုပ်လိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း အသက်မရှင်ပါက ၎င်းတို့သည် စာတန်၏ ချည်နှောင်မှုထဲတွင် အသက်ရှင်နေထိုင်ကြသည်။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအတွင်း အသက်ရှင်နေထိုင်ပါက ၎င်းတို့တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော် သို့မဟုတ် အလုပ် မရှိပေ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ နယ်နိမိတ်များအတွင်း၌လည်းကောင်း၊ ဘုရားသခင် တောင်းဆိုသော အခြေအနေ၌လည်းကောင်း အသက်ရှင်နေထိုင်ပါက ဘုရားသခင် ရွေးချယ်ခြင်းခံရသူတစ်ဦးဖြစ်ပြီး ဘုရားသခင်သည် သင့်အပေါ် အလုပ်လုပ်လိမ့်မည်။ သင်သည် ဘုရားသခင်၏ တောင်းဆိုချက်များ၏ နယ်နိမိတ်များအတွင်း အသက်မရှင်ဘဲ ထိုအစား စာတန်၏ အာဏာအောက်တွင် အသက်ရှင်နေထိုင်ပါက သင်သည် စာတန်၏ ဖောက်ပြန်ပျက်စီးမှုအတွင်း သေချာပေါက် အသက်ရှင်နေထိုင်နေခြင်း ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း အသက်ရှင်နေထိုင်ပြီး ဘုရားသခင်ထံ သင်၏ စိတ်နှလုံးကို ပေးအပ်ခြင်းအားဖြင့်သာ ဘုရားသခင်၏ တောင်းဆိုချက်များကို သင် ပြည့်ဝနိုင်မည် ဖြစ်သည်။ သင်သည် ဘုရားသခင် ပြောသည့်အတိုင်း လုပ်ဆောင်ရမည်ဖြစ်ပြီး သူ၏ နှုတ်ကပတ်တော်များကို သင်၏ တည်ရှိမှု အခြေခံအုတ်မြစ်နှင့် သင်၏ နေ့စဉ်အသက်တာ၏ လက်တွေ့ကျမှုအဖြစ် ပြုလုပ်ရမည်။ သို့မှသာ သင်သည် ဘုရားသခင် ရွေးချယ်ခြင်းခံရသူတစ်ဦး ဖြစ်သည်။ သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ အမှန်တကယ် လက်တွေ့လုပ်ဆောင်ပါက ဘုရားသခင်သည် သင့်အပေါ် အလုပ်လုပ်လိမ့်မည်ဖြစ်ပြီး ထို့နောက် သင်သည် ဘုရားသခင်၏ ကောင်းချီးများအောက်တွင်၊ ဘုရားသခင်၏ မျက်နှာတော်အလင်းထဲတွင် အသက်ရှင်နေထိုင်ရလိမ့်မည်။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို နားလည်သဘောပေါက်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ မျက်မှောက်တော်၏ ဝမ်းမြောက်ခြင်းကို ခံစားရလိမ့်မည်။
အမှောင်၏ လွှမ်းမိုးမှုမှ လွတ်မြောက်ရန် သင်သည် ဘုရားသခင်အပေါ် ဦးစွာ သစ္စာစောင့်သိရမည်ဖြစ်ပြီး သမ္မာတရားကို လိုက်စားသော စိတ်နှလုံးတစ်ခု ရှိရမည်။ သို့မှသာ သင်သည် မှန်ကန်သော အခြေအနေတစ်ခု ရှိနိုင်မည် ဖြစ်သည်။ မှန်ကန်သော အခြေအနေတစ်ခုတွင် အသက်ရှင်နေထိုင်ခြင်းသည် အမှောင်၏ လွှမ်းမိုးမှုမှ လွတ်မြောက်ရန်အတွက် မရှိမဖြစ် ရှိထားရမည့် လိုအပ်ချက်ပင် ဖြစ်သည်။ မှန်ကန်သော အခြေအနေတစ်ခု မရှိခြင်းသည် ဘုရားသခင်အပေါ် သစ္စာစောင့်သိခြင်း မရှိခြင်းနှင့် သမ္မာတရားကို ရှာဖွေသော စိတ်နှလုံးတစ်ခု မရှိခြင်း ဖြစ်ပြီး ထိုအခြေအနေမျိုးတွင် အမှောင်၏ လွှမ်းမိုးမှုမှ လွတ်မြောက်ရန်ဟူသည်မှာ မဖြစ်နိုင်ပေ။ ငါ၏ နှုတ်ကပတ်တော်များသည် အမှောင်၏ လွှမ်းမိုးမှုမှ လူ၏ လွတ်မြောက်ခြင်းအတွက် အခြေခံအုတ်မြစ် ဖြစ်ပြီး ငါ၏ နှုတ်ကပတ်တော်များနှင့်အညီ လက်တွေ့မလုပ်ဆောင်နိုင်သော လူများသည် အမှောင်လွှမ်းမိုးမှု၏ ချည်နှောင်ခြင်းမှ လွတ်မြောက်နိုင်ကြမည် မဟုတ်ပေ။ မှန်ကန်သော အခြေအနေတစ်ခုတွင် အသက်ရှင်နေထိုင်ခြင်းဟူသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လမ်းပြမှုအောက်တွင် အသက်ရှင်နေထိုင်ခြင်း၊ ဘုရားသခင်အပေါ် သစ္စာစောင့်သိသော အခြေအနေတစ်ခုတွင် အသက်ရှင်နေထိုင်ခြင်း၊ သမ္မာတရားကို ရှာဖွေသော အခြေအနေတစ်ခုတွင် အသက်ရှင်နေထိုင်ခြင်း၊ ဘုရားသခင်အတွက် မိမိကိုယ်ကို ရိုးသားစစ်မှန်စွာ အသုံးခံသည့် လက်တွေ့ကျမှုတွင် အသက်ရှင်နေထိုင်ခြင်းနှင့် ဘုရားသခင်ကို စစ်မှန်စွာ ချစ်သော အခြေအနေတစ်ခုတွင် အသက်ရှင်နေထိုင်ခြင်း ဖြစ်သည်။ ဤအခြေအနေများနှင့် ဤလက်တွေ့ကျမှုများအတွင်း အသက်ရှင်နေထိုင်သော သူတို့သည် သမ္မာတရား၏ နက်ရှိုင်းမှုထဲသို့ ၎င်းတို့ ဝင်ရောက်သည်နှင့်အမျှ၊ အလုပ်က ပို၍ နက်ရှိုင်းသွားသည်နှင့်အမျှ တဖြည်းဖြည်း ပြောင်းလဲသွားလိမ့်မည်။ ပြီးလျှင် အဆုံးတွင် ၎င်းတို့သည် ဘုရားသခင်၏ ရယူခြင်းကို ခံရသော လူများနှင့် ဘုရားသခင်ကို စစ်မှန်စွာ ချစ်သော လူများ သေချာပေါက် ဖြစ်လာကြလိမ့်မည်။ အမှောင်၏ လွှမ်းမိုးမှုမှ လွတ်မြောက်ပြီးသောသူတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို တဖြည်းဖြည်း နားလည်သဘောပေါက်နိုင်ပြီး ယင်းတို့ကို တဖြည်းဖြည်း နားလည်လာနိုင်ကာ နောက်ဆုံးတွင် ဘုရားသခင်၏ လူယုံတော်များ ဖြစ်လာကြသည်။ ၎င်းတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများ မထားရှိခြင်းနှင့် ဘုရားသခင်ကို ပုန်ကန်ခြင်း မရှိသည်သာမက ၎င်းတို့သည် မိမိတို့၏ အတိတ်မှ အယူအဆများနှင့် ပုန်ကန်မှုတို့ကိုလည်း သာ၍ပင် အလွန်မုန်းတီးကြပြီး ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာ ပေါ်ပေါက်လာသည်။ အမှောင်၏ လွှမ်းမိုးမှုမှ မလွတ်မြောက်နိုင်သော လူအားလုံးတို့သည် ဇာတိပကတိ၏ အပြည့်အဝနေရာယူခြင်းကို ခံရပြီး ပုန်ကန်မှုနှင့် ပြည့်နှက်နေကြသည်။ ၎င်းတို့၏ စိတ်နှလုံးများသည် လူသား၏ အယူအဆများ၊ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များနှင့် ၎င်းတို့၏ ကိုယ်ပိုင် ရည်ရွယ်ချက်များ၊ အစီအစဉ်များနှင့် ပြည့်နှက်နေသည်။ ဘုရားသခင် အလိုရှိသောအရာမှာ လူထံမှ တစ်ခုတည်းသော ချစ်ခြင်းမေတ္တာ ဖြစ်သည်။ သူအလိုရှိသောအရာမှာ လူ၏အထဲတွင် သူ၏ နှုတ်ကပတ်တော်များနှင့် သူ့ကို ချစ်ခြင်းနှင့် ပြည့်နေသော စိတ်နှလုံးတစ်ခု နေရာယူထားရန် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း အသက်ရှင်နေထိုင်ရန်၊ သူ လိုက်စားသင့်သောအရာကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း ရှာဖွေရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကြောင့် ဘုရားသခင်ကို ချစ်ရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကြောင့် ပြေးလွှားအလုပ်ရှုပ်ရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကြောင့် အသက်ရှင်ရန်တို့သည် လူက ရရှိသင့်သောအရာ ဖြစ်သည်။ အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် တည်ဆောက်ရမည်။ သို့မှသာ လူသည် ဘုရားသခင်၏ တောင်းဆိုချက်များကို ပြည့်ဝနိုင်မည် ဖြစ်သည်။ လူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် ပြင်ဆင်မထားပါက သူသည် စာတန် ပူးကပ်နေသော လောက်ကောင်တစ်ကောင်မှလွဲ၍ အခြားမဟုတ်ပေ။ ဤအရာကို ချိန်ဆကြည့်လော့။ ဘုရားသခင်၏ နှုတ်ကပတ်တော် မည်မျှက သင်၏အထဲတွင် အမြစ်တွယ်ပြီးဖြစ်သနည်း။ မည်သည့်အရာများတွင် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ အသက်ရှင်နေထိုင်နေသနည်း။ မည်သည့်အရာများတွင် ထိုသို့ အသက်မရှင်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင့်ကို အပြည့်အဝ နေရာယူမထားပါက သင်၏ စိတ်နှလုံးကို မည်သည့်အရာက အတိအကျ နေရာယူထားသနည်း။ သင်၏ နေ့စဉ်ဘဝတွင် သင်သည် စာတန်၏ ထိန်းချုပ်ခြင်းကို ခံနေရသလော၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ နေရာယူခြင်းကို ခံရသလော။ သူ၏ နှုတ်ကပတ်တော်များသည် သင်၏ ဆုတောင်းခြင်းများက အခြေခံထားသည့် အခြေခံအုတ်မြစ် ဖြစ်သလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ဉာဏ်ပွင့်ခြင်းမှတစ်ဆင့် သင်သည် မိမိ၏ အပျက်သဘောဆောင်သော အခြေအနေမှ ထွက်လာပြီးပြီလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ တည်ရှိမှု အခြေခံအုတ်မြစ်အဖြစ် ခံယူခြင်းသည် လူတိုင်း ဝင်ရောက်သင့်သောအရာ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင်၏ အသက်တာတွင် မရှိပါက သင်သည် အမှောင်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်နေထိုင်နေသည်၊ သင်သည် ဘုရားသခင်ကို ပုန်ကန်နေသည်၊ ဘုရားသခင်ကို အတိုက်အခံလုပ်နေသည်၊ ပြီးလျှင် ဘုရားသခင်၏ နာမတော်ကို အရှက်ရနေစေသည်။ ထိုသို့သော လူများ၏ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဟာသသက်သက်နှင့် နှောင့်ယှက်မှုသက်သက်သာ ဖြစ်သည်။ အချိန်မည်မျှတွင် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ အသက်ရှင်နေထိုင်သနည်း။ အချိန်မည်မျှတွင် ထိုသို့ အသက်မရှင်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်က သင့်ထံမှ တောင်းဆိုထားသည့်အရာ မည်မျှသည် သင်၏အထဲတွင် ပြည့်စုံပြီးဖြစ်သနည်း။ သင်၏အထဲတွင် မည်မျှ ဆုံးရှုံးသွားပြီနည်း။ ထိုသို့သောအရာများကို သင် သေချာစွာ ဆန်းစစ်ပြီးပြီလော။
အမှောင်၏ လွှမ်းမိုးမှုမှ လွတ်မြောက်ခြင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နှင့် လူ၏ အစွမ်းကုန် ပူးပေါင်းဆောင်ရွက်ခြင်း နှစ်ခုလုံးကို လိုအပ်သည်။ လူသည် လမ်းကြောင်းမှန်ပေါ်တွင် မရှိဟု ငါ အဘယ်ကြောင့် ပြောသနည်း။ လမ်းကြောင်းမှန်ပေါ်တွင် ရှိသော လူများသည် ၎င်းတို့၏ စိတ်နှလုံးကို ဘုရားသခင်ထံ ဦးစွာ ပေးအပ်နိုင်ကြသည်။ ဤသည်မှာ ဝင်ရောက်ရန် အချိန်ကြာမြင့်စွာ ယူရသော သင်ခန်းစာတစ်ခု ဖြစ်သည်၊ အကြောင်းမှာ လူသားမျိုးနွယ်သည် အမှောင်၏ လွှမ်းမိုးမှုအောက်တွင် အမြဲတစေ အသက်ရှင်နေထိုင်ခဲ့ပြီး နှစ်ထောင်ပေါင်းများစွာ စာတန်၏ ချည်နှောင်မှုအောက်တွင် ရှိနေခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဤဝင်ရောက်မှုကို တစ်ရက် သို့မဟုတ် နှစ်ရက်မျှဖြင့် မရရှိနိုင်ပေ။ လူတို့သည် မိမိတို့၏ ကိုယ်ပိုင် အခြေအနေများကို နားလည်သဘောပေါက်နိုင်ရန်အလို့ငှာ ယနေ့ ဤကိစ္စကို ငါ ထုတ်ဖော်ပြောဆိုခဲ့သည်။ အမှောင်၏ လွှမ်းမိုးမှုဟူသည်မှာ အဘယ်အရာဖြစ်ကြောင်းနှင့် အလင်းထဲတွင် အသက်ရှင်နေထိုင်ခြင်းဟူသည်မှာ အဘယ်အရာကို ဆိုလိုကြောင်း လူတို့ ပိုင်းခြားသိမြင်နိုင်သည်နှင့်တစ်ပြိုင်နက် ဝင်ရောက်မှုသည် လွယ်ကူလာသည်။ အကြောင်းမှာ သင်သည် စာတန်၏ လွှမ်းမိုးမှုမှ မလွတ်မြောက်နိုင်မီ ယင်းမှာ အဘယ်အရာဖြစ်သည်ကို သင် သိရမည်ဖြစ်သောကြောင့် ဖြစ်သည်။ ထိုသို့သိပြီးနောက်မှသာ ယင်းမှ တဖြည်းဖြည်း ရုန်းထွက်လွတ်မြောက်ရန် လမ်းကြောင်းတစ်ခု သင် ရရှိလိမ့်မည်။ ထို့နောက်တွင် မည်သို့ လုပ်ဆောင်ရမည်ဟူသည်နှင့်ပတ်သက်၍မူ ယင်းမှာ လူ၏ ကိုယ်ပိုင်ကိစ္စ ဖြစ်သည်။ အရာအားလုံးထဲသို့ အပြုသဘောဆောင်သော ရှုထောင့်မှ ဝင်ရောက်လော့၊ ပြီးလျှင် မည်သည့်အခါမျှ မလှုပ်မယှက်နေ၍ မစောင့်ဆိုင်းနှင့်။ ဤနည်းအားဖြင့်သာ သင်သည် ဘုရားသခင်၏ ရယူခြင်းကို ခံရနိုင်မည် ဖြစ်သည်။