ဘုရားသခင် ကိန်းဝပ်သော ဇာတိပကတိ၏ အနှစ်သာရ

ပထမဦးဆုံးသော လူ့ဇာတိခံယူသည့် အခါ၌ ဘုရားသခင်သည် ကမ္ဘာပေါ်တွင် နှစ်ပေါင်းသုံးဆယ့်သုံးနှစ်ခွဲ နေထိုင်သွားခဲ့ပြီး၊ သူသည် သူ၏အမှုတော်ကို ထိုနှစ်များထဲမှ သုံးနှစ်ခွဲသာ ထမ်းဆောင်သွားခဲ့သည်။ သူ အမှုတော်ကို ဆောင်ရွက်ခဲ့သော အချိန်အတောအတွင်းနှင့် သူ၏အလုပ်ကို အစမပြုရသေးခင်အချိန် ထိုနှစ်ချိန်လုံးတွင် သူသည် သာမန် လူ့သဘာဝကို ပိုင်ဆိုင်ထားခဲ့သည်။ သူသည် သူ၏ သာမန် လူ့သဘာဝတွင် နှစ်ပါင်းသုံးဆယ့်သုံးနှစ်ခွဲ နေထိုင်သွားခဲ့သည်။ နောက်ဆုံးသုံးနှစ်ခွဲတစ်လျှောက်တွင် သူသည် သူ့ကိုယ်သူ လူ့ဇာတိခံ ဘုရားသခင်အဖြစ် ဖော်ပြခဲ့သည်။ သူ၏အမှုတော်ကို စတင်၍ မထမ်းဆောင်ခင်တွင် သူသည် သူ၏ဘုရားသဘောသဘာဝ ဘာမျှမပြခဲ့ဘဲ၊ ပုံမှန်ဖြစ်သော သာမန်လူ့သဘာဝနှင့်သာ ပေါ်လာခဲ့ပြီး၊ သူ၏အမှုတော်ကို တရားဝင် စတင်ထမ်းဆောင်သည့် နောက်ပိုင်းမှသာ သူ၏ဘုရားသဘောသဘာဝမှာ ထင်ရှားလာခြင်းဖြစ်သည်။ ထိုပထမနှစ်ပေါင်း နှစ်ဆယ့်ကိုးနှစ်အတွင်း သူ၏အသက်တာနှင့် အလုပ်အားလုံးမှာ သူသည် စစ်မှန်သည့်လူ၊ လူသားနှင့် လူ့ဇာတိခန္ဓာ ရှိကြောင်း ဖော်ပြခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် သူ့အသက် နှစ်ဆယ့်ကိုးနှစ် နောက်ပိုင်းမှသာ သူ၏အမှုတော်သည် အလွန်လေးနက်စွာ စတင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ “လူ့ဇာတိခံယူခြင်း” သည် ဘုရားသခင် လူ့ဇာတိတွင် ပေါ်ထွန်းခြင်း ဖြစ်သည်၊ သူ၏ ဖန်ဆင်းခံ လူသားမျိုးနွယ်အကြားတွင် လူ့ဇာတိပုံသဏ္ဌာန်ဖြင့် အလုပ်လုပ်၏။ ထို့ကြောင့် ဘုရားသခင်အဖို့ လူ့ဇာတိခံယူရန်မှာ ရှေးဦးစွာ သူသည် ဇာတိပကတိ ဖြစ်လာရမည်၊ သာမန်လူ့သဘာဝနှင့် ဇာတိကပတိ ဖြစ်လာရမည်၊ ဤအရာမှာ အခြေခံအကျဆုံးသော မရှိမဖြစ် လိုအပ်ချက်ဖြစ်သည်။ အမှန်တွင် ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ သွယ်ဝိုက်သော အနက်အဓိပ္ပာယ်မှာ ဘုရားသခင်သည် လူ့ဇာတိထဲတွင် အသက်ရှင်၍ အလုပ်လုပ်ခြင်း၊ ဘုရားသခင်သည် သူ၏ အနှစ်သာရ၌ လူ့ဇာတိခံယူခြင်း၊ လူသားတစ်ယောက် ဖြစ်လာခြင်းပင်ဖြစ်သည်။ သူ၏ လူ့ဇာတိခံအသက်တာနှင့် အလုပ်ကို အဆင့်နှစ်ဆင့် ခွဲခြား၍ရသည်။ ပထမအဆင့်မှာ သူ၏ အမှုတော်ကို မထမ်းဆောင်ခင် နေထိုင်ရှင်သန်ခဲ့သော အသက်တာဖြစ်သည်။ သူသည် သာမန်လူသားမိသားစု၊ လုံး၀ သာမန်လူ့သဘာဝဖြင့် လူ့ဘဝ၏ သာမန်ကိုယ်ကျင့်တရားများ၊ ပညတ်တရားများကို လိုက်နာရင်း၊ (အစားအစာ၊ အဝတ်အထည်၊ နေထိုင်စရာ၊ အိပ်ခြင်းစသည့်) သာမန်လူသား လိုအပ်ချက်များ၊ သာမန် လူ့အားနည်းချက်များနှင့် သာမန် လူ့ခံစားမှုများနှင့် နေထိုင်သည်။ တစ်နည်းအားဖြင့်ဆိုရလျှင်၊ ဤပထမအဆင့် အတောအတွင်း သူသည် ဘုရား၏သဘောသဘာဝ မဟုတ်၊ လုံး၀ သာမန် လူ့သဘာဝ၌ သာမန်လူသား၏ လုပ်ဆောင်မှုများ အားလုံးတွင် ပါဝင်လုပ်ဆောင်ရင်း အသက်ရှင် နေထိုင်သည်။ ဒုတိယအဆင့်မှာ သူ၏ အမှုတော် စတင်ထမ်းဆောင်ပြီးနောက် အသက်ရှင် နေထိုင်သည့် အသက်တာ ဖြစ်သည်။ သူသည် သဘာဝလွန်ဖြစ်သည့် အပြင်ပန်းလက္ခဏာ ဘာမျှမပြဘဲ သာမန်လူ့ကိုယ်ထည်ဖြင့် သာမန် လူ့သဘာဝထဲတွင် ကျိန်းဝပ်နေသေးသည်။ သို့သော်လည်း သူသည် သူ၏အမှုတော်အတွက်သက်သက်သာ အသက်ရှင်ပြီး၊ ဤအချိန်အတောအတွင်း သူ၏သာမန်လူ့သဘာဝမှာ သူ၏ ဘုရားသဘောသဘာဝ၏ သာမန်အလုပ် ဆက်လက်တည်ရှိနိုင်ရန်အတွက် လုံးဝ တည်ရှိသည်၊ အဘယ်ကြောင့်ဆိုသော် ထိုအချိန်သို့ရောက်သောအခါ သူ၏ သာမန်လူ့သဘာဝသည် အမှုတော်ဆောင်နိုင်စွမ်းရှိသည့် အနေအထားအထိ ရင့်ကျက်လာပြီ ဖြစ်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် သာမန်လူ့သဘာဝနှင့် အကြွင်းမဲ့ဘုရားသဘောသဘာဝ နှစ်မျိုးစလုံး၏ အသက်တာလည်းဖြစ်သော သူ့အသက်တာ၏ ဒုတိယအဆင့်သည် သူ၏အမှုတော်ကို သူ၏သာမန်လူ့သဘာဝနှင့် ထမ်းဆောင်ရန် ဖြစ်သည်။ သူ့အသက်တာ၏ ပထမအဆင့် အတောအတွင်းတွင် သူသည် လုံး၀ သာမန်လူ့သဘာဝထဲ နေရခြင်း၏ အကြောင်းရင်းမှာ သူ၏လူ့သဘာဝသည် ဘုရားသဘောသဘာဝ အလုပ်၏ အလုံးစုံကို ထိန်းသိမ်းနိုင်ခြင်း မရှိသေး၊ မရင့်ကျက်သေး၍ ဖြစ်သည်၊ သူ၏လူ့သဘာဝ ရင့်ကျက်လာပြီး သူ၏အမှုတော်အား ထမ်းဆောင်နိုင်စွမ်း ရှိလာသည့် နောက်ပိုင်းတွင်မှ သူထမ်းဆောင်သင့်သည့် သူ၏အမှုတော်ကို စတင်ထမ်းဆောင်နိုင်ခြင်း ဖြစ်သည်။ ဇာတိပကတိအနေနှင့် သူသည် ကြီးထွား ရင့်ကျက်ရန် လိုအပ်သည့်အတွက် သူ့အသက်တာ၏ ပထမအဆင့်သည် သာမန်လူ့သဘာဝ အသက်တာပင်ဖြစ်ပြီး၊ ဒုတိယအဆင့်၌မူ သူ၏လူ့သဘာဝသည် သူ၏အလုပ်နှင့် အမှုတော်ကို ထမ်းဆောင်နိုင်စွမ်း ရှိသည့်အတွက် သူ၏အမှုတော်လုပ်ငန်းများ လုပ်နေသည့်အတောအတွင်း အသက်ရှင်သည့် လူ့ဇာတိခံဘုရားသခင်၏အသက်တာသည် လူ့သဘာဝနှင့် ဘုရား၏သဘောသဘာဝ လုံးလုံးလျားလျား နှစ်မျိုးလုံး ပင်ဖြစ်သည်။ အကယ်၍ လူ့ဇာတိခံ ဘုရားသခင်သည် သူမွေးဖွားသည့် အချိန်မှစ၍ သဘာဝလွန် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကိုပြပြီး သူ၏အမှုတော်ကို လေးနက်စွာ စတင်ခဲ့မည်ဆိုပါက၊ သူ့တွင် ခန္ဓာဆိုင်ရာ အနှစ်သာရရှိလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သူ၏လူ့သဘာဝသည် သူ၏ခန္ဓာဆိုင်ရာ အနှစ်သာရအတွက် တည်ရှိခြင်းဖြစ်သည်၊ လူ့သဘာဝ မရှိဘဲနှင့် လူ့ဇာတိ မရှိနိုင်၊ လူ့သဘာဝမရှိသော ပုဂ္ဂိုလ်တစ်ယောက်သည်လည်း လူသားတစ်ဦး မဟုတ်ပေ။ ဤနည်းအားဖြင့် ဘုရားသခင်၏ ဇာတိပကတိ၏ လူ့သဘာဝသည် ဘုရားသခင် ခံယူထားသော ဇာတိပကတိ၏ ပင်ကိုဂုဏ်ဒြပ်ဖြစ်သည်။ “ဘုရားသခင်သည် လူ့ဇာတိခံယူသောအခါ သူသည် အကြွင်းမဲ့ ဘုရား၏သဘောသဘာဝ ဖြစ်ပြီး၊ လူသားလုံးဝမဟုတ်” ဟု ဆိုခြင်းသည် ဘုရားသခင်ကို စော်ကားခြင်းပင်ဖြစ်သည်၊ အကြောင်းမှာ ဤထွက်ဆိုချက်မျိုး လုံး၀မရှိဘဲ၊ လူ့ဇာတိခံယူခြင်း၏ အခြေခံသဘောတရားကို ချိုးဖောက်သောကြောင့် ဖြစ်သည်။ သူ၏အမှုတော်ကို စတင်ထမ်းဆောင်သည့် နောက်ပိုင်းတွင်ပင်လျှင်၊ သူ၏အလုပ်ကို ဆောင်ရွက်ချိန်၌ သူသည် သူ၏ ဘုရားသဘောသဘာဝထဲ၌ လူသားအပြင်ပန်းကိုယ်ထည်နှင့်အတူ နေထိုင်ဆဲပင်ဖြစ်သည်၊ ထိုအချိန်၌ပင် သူ၏လူ့သဘာဝသည် သူ၏ဘုရားသဘောသဘာဝကို သာမန်ဇာတိပကတိ၌ အလုပ်လုပ်စေသည့် ရည်ရွယ်ချက် တစ်ခုတည်းအတွက်သာ ဆောင်ရွက်ပေးသည်။ ထို့ကြောင့် အလုပ်ကို ဆောင်ရွက်သူမှာ သူ၏လူ့သဘာဝထဲတွင် ကိန်းဝပ်နေသည့် ဘုရား၏သဘောသဘာဝ ဖြစ်သည်။ လုပ်ဆောင်နေသည်မှာ သူ၏ဘုရားသဘောသဘာဝဖြစ်ပြီး သူ၏လူ့သဘာဝ မဟုတ်သော်ငြားလည်း ယင်းဘုရား၏သဘောသဘာဝကို သူ၏လူ့သဘာဝထဲ သိုဝှက်ထားသည်၊ အနှစ်သာရအားဖြင့် သူ၏အလုပ်ကို သူ၏ ဘုရား၏သဘောသဘာဝ လုံးလုံးလျားလျားက လုပ်ဆောင်ခြင်းဖြစ်ပြီး သူ၏လူ့သဘာဝက လုပ်ဆောင်ခြင်း မဟုတ်ပေ။ သို့သော်လည်း အလုပ်ကို ထမ်းရွက်သည်မှာကား သူ၏ဇာတိပကတိ ဖြစ်သည်။ သူသည် လူသားတစ်ဦးဖြစ်ပြီး ဘုရားသခင်လည်းဖြစ်သည်ဟု ပြောနိုင်သည်၊ အကြောင်းမှာ ဘုရားသခင်သည် လူ့ကိုယ်ထည်နှင့်၊ လူသားအနှစ်သာရသာမက ဘုရားသခင်၏ အနှစ်သာရပါ ရှိသည့် ဇာတိပကတိထဲတွင် နေထိုင်သည့် ဘုရားသခင် ဖြစ်လာသောကြောင့် ဖြစ်သည်။ သူသည် ဘုရားသခင်၏ အနှစ်သာရနှင့် လူသားတစ်ယောက် ဖြစ်သည့်အတွက် ဖန်ဆင်းခံ မည်သည့်လူသားမဆို၏ အထက်၌ရှိပြီး၊ ဘုရားသခင်၏အလုပ်ကို ဆောင်ရွက်နိုင်သည့် မည်သည့်လူသားမဆို၏ အထက်၌လည်း ရှိသည်။ ထို့ကြောင့် သူကဲ့သို့ပင် လူ့ခန္ဓာအပြင်ပန်းကိုယ်ထည် ရှိကြသည့်သူများထဲတွင်၊ လူ့သဘာဝကို ပိုင်ဆိုင်ကြသည့်သူများထဲတွင်၊ သူတစ်ပါးတည်းသာလျှင် လူ့ဇာတိခံယူသည့် ဘုရားသခင် ကိုယ်တိုင်ဖြစ်ပြီး အခြားသူအားလုံးမှာမူ ဖန်ဆင်းခံလူသားများသာ ဖြစ်သည်။ ထိုသူအားလုံးတို့တွင် လူ့သဘာဝရှိကြသော်လည်း ဖန်ဆင်းခံလူသားများ၌ လူ့သဘာဝမှလွဲ၍ ဘာမျှမရှိကြပေ၊ လူ့ဇာတိခံယူသော ဘုရားသခင်ကမူ ကွဲပြားခြားနားသည်၊ သူ၏ဇာတိပကတိ၌ သူသည် လူ့သဘာဝရှိရုံသာမက ပိုအရေးကြီးသည်မှာ ဘုရား၏သဘောသဘာဝ ရှိနေခြင်းဖြစ်သည်။ သူ၏လူ့သဘာဝကို သူ့ဇာတိပကတိ၏ အပြင်ပန်းသဏ္ဌာန်နှင့် သူ၏နေ့စဉ်အသက်တာတွင် မြင်နိုင်သော်ငြားလည်း သူ၏ဘုရားသဘောသဘာဝကိုမူ သိမြင်ရန် ခက်ခဲသည်။ သူ၏ ဘုရားသဘောသဘာဝသည် သူ၌ လူ့သဘာဝရှိမှသာ ဖော်ပြခြင်း ဖြစ်သည့်အတွက်နှင့် လူများစိတ်ကူးထားသမျှ သဘာဝလွန် မဟုတ်သည့်အတွက်၊ ၎င်းကိုမြင်နိုင်ရန်မှာ လူတို့အဖို့ အလွန်တရာပင် ခက်ခဲလှသည်။ ယနေ့ကာလတွင်ပင် လူ့ဇာတိခံယူသော ဘုရားသခင်၏ စစ်မှန်သော အနှစ်သာရကို နားလည်နိုင်ရန်မှာ လူတို့အတွက် အခက်ခဲဆုံး ဖြစ်သည်။ ထိုအကြောင်းအရာကို ဤမျှရှည်လျားစွာ ငါပြောပြီးသော နောက်ပိုင်းတွင်ပင်၊ သင်တို့အများစုအတွက် ထိုအရာမှာ လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုပင် ဖြစ်နေပေဦးမည်ဟု ငါမျှော်လင့်သည်။ အမှန်တွင်၊ ဤအရေးကိစ္စမှာ အလွန်ပင်ရိုးရှင်း၏၊ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်လာသည့်အတွက်၊ သူ၏ အနှစ်သာရသည် ဘုရား၏သဘောသဘာဝနှင့် လူ့သဘာဝတို့ ပေါင်းစပ်ထားခြင်း ဖြစ်သည်။ ဤပေါင်းစပ်ခြင်းကို ဘုရားသခင်ကိုယ်တော်တိုင်ဟု၊ ကမ္ဘာပေါ်၌ရှိသော ဘုရားသခင် ကိုယ်တော်တိုင်ဟု ခေါ်သည်။

ယေရှု ကမ္ဘာပေါ်တွင် နေထိုင်သွားခဲ့သော အသက်တာမှာ ဇာတိပကတိ၏ သာမန်အသက်တာ ဖြစ်သည်။ သူသည် သူ့ဇာတိပကတိ၏ သာမန် လူ့သဘာဝထဲတွင် နေထိုင်ခဲ့သည်။ သူ၏အလုပ်ကို ဆောင်ရွက်ခြင်းနှင့် သူ၏နှုတ်ကပတ်တော်ကို ပြောဆိုခြင်းအတွက်၊ သို့မဟုတ် နာမကျန်းသောသူများကို ကျန်းမာစေပြီး နတ်ဆိုးများကို နှင်ထုတ်ခြင်းအတွက်၊ ထိုကဲ့သို့ ထူးကဲလှသောအရာများကို ပြုလုပ်ခြင်းအတွက် သူ၏သြဇာအာဏာသည် များသောအားဖြင့် သူ၏အမှုတော်ကို စတင်ခြင်း မပြုမီအချိန်အထိ မိမိကိုယ်ကိုယ် ပြသခဲ့ခြင်း မရှိပေ။ သူ၏အမှုတော်ကို မထမ်းဆောင်ခင်၊ သူ၏အသက် နှစ်ဆယ့်ကိုးနှစ် မတိုင်ခင်က သူ၏အသက်တာက သူသည် သာမန်ဇာတိပကတိပင် ဖြစ်ခဲ့ကြောင်း လုံလောက်သော သက်သေဖြစ်သည်။ ယင်းကြောင့်နှင့် သူ၏အမှုတော်ကို စတင်မထမ်းဆောင်ရသေးသည့် အတွက်တို့ကြောင့် လူများသည် သူ့အထဲတွင် ဘုရား၏ သဘောသဘာဝရှိသော အရာတစ်ခုမျှ မမြင်ခဲ့ကြ၊ သာမန်လူတစ်ယောက်ထက်ပို၍ ဘာတစ်ခုမျှ မမြင်ခဲ့ကြ၊ ၎င်းအချိန်တုန်းက လူအချို့တို့သည် သူ့ကို ယောသပ်၏သားဟု ယုံကြည်ခဲ့ကြသကဲ့သို့ သာမန် လူသားတစ်ယောက်ဟုသာ မြင်ခဲ့ကြသည်။ လူများက သူသည် သာမန်လူတစ်ယောက်၏သားဟု တွေးထင်ခဲ့ကြပြီး၊ သူသည် ဘုရားသခင်ခံယူထားသော လူ့ဇာတိပကတိ ဖြစ်သည်ဆိုခြင်းကို လုံးဝ မသိခဲ့ကြပေ၊ သူ၏အမှုတော်ကို ထမ်းဆောင်နေချိန် အတွင်းမှာပင်လျှင်၊ သူသည် အံဩဖွယ်ရာများစွာ ပြုလုပ်ခဲ့သော်ငြားလည်း၊ သူသည် သာမန်လူ့သဘာဝ အပြင်ပန်းကိုယ်ထည်နှင့် ခရစ်တော် ဖြစ်နေခဲ့သည့်အတွက်၊ လူအများစုသည် သူ့ကို ယောသပ်၏သားဖြစ်သည်ဟုသာ ပြောဆိုခဲ့ကြတုန်းဖြစ်၏။ သူ၏ သာမန်လူ့သဘာဝနှင့် သူ၏အလုပ်နှစ်ခုစလုံးသည် ပထမ လူ့ဇာတိခံယူခြင်း၏ အရေးပါမှုကို ဖြည့်စွမ်းရန်၊ ဘုရားသခင်သည် ဇာတိပကတိထဲသို့ အလုံးစုံ ၀င်ရောက်လာခဲ့ကြောင်း၊ သာမန်လူသားတစ်ယောက် လုံးလုံးလျားလျား ဖြစ်လာကြောင်းကို သက်သေပြရန်၊ တည်ရှိခဲ့ခြင်း ဖြစ်သည်။ သူ၏အလုပ်ကို မစတင်ခင်က သူ၏သာမန်လူ့သဘာဝသည် သူသည် သာမန်ဇာတိပကတိ ဖြစ်ကြောင်း သက်သေပင်ဖြစ်ပြီး၊ နောက်ပိုင်း သူအလုပ်လုပ်လုပ်ခဲ့ခြင်းမှာလည်း သူသည် သာမန် ဇာတိပကတိသာ ဖြစ်ခဲ့ကြောင်း သက်သေပြသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဇာတိပကတိ၌ သာမန် လူ့သဘာဝနှင့်ပင် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်သောအမှုများကို ဆောင်ရွက်ခဲ့ပြီး၊ နာမကျန်းသောသူတို့ကို ကျန်းမာစေကာ နတ်ဆိုးများကို နှင်ထုတ်ခဲ့သောကြောင့် ဖြစ်သည်။ နိမိတ်လက္ခဏာများ သူပြုနိုင်ခဲ့ခြင်း၏ အကြောင်းရင်းမှာ သူ၏ဇာတိပကတိသည် ဘုရားသခင်၏ သြဇာအာဏာရှိပြီး၊ ဘုရားသခင်၏ဝိညာဉ်တော် ၀တ်ဆင်ထားသည့် ဇာတိပကတိ ဖြစ်သောကြောင့် ဖြစ်သည်။ ဤသြဇာအာဏာကို သူပိုင်ဆိုင်ထားခြင်းမှာ ဘုရားသခင်၏ ဝိညာဉ်တော်ကြောင့်ဖြစ်ပြီး၊ ထိုသို့ပိုင်ဆိုင်ခြင်းကြောင့် သူသည် ဇာတိပကတိ မဟုတ်ကြောင်းကို ဆိုလိုခြင်း မဟုတ်ပေ။ နာမကျန်းသောသူတို့ကို ကျန်းမာစေခြင်း၊ နတ်ဆိုးများကို နှင်ထုတ်ခြင်းသည် သူ၏အမှုတော်တွင် ထမ်းဆောင်ရန်လိုအပ်သည့် အလုပ်ပင်ဖြစ်သည်၊ ၎င်းမှာ သူ၏လူ့သဘာဝထဲတွင် သိုဝှက်ထားသော ဘုရားသဘောသဘာဝ၏ ဖော်ပြချက်တစ်ရပ် ဖြစ်ပြီး၊ မည်သည့် နိမိတ်လက္ခဏာများကို သူပြသည်ဖြစ်စေ၊ သူ၏သြဇာအာဏာကို မည်ကဲ့သို့ပင်ပြသည်ဖြစ်စေ၊ သူသည် သာမန်လူ့သဘာဝထဲတွင် အသက်ရှင်ဆဲဖြစ်ပြီး၊ သာမန် ဇာတိပကတိ ဖြစ်နေဆဲဖြစ်သည်။ ကားတိုင်ပေါ်တွင် အသေခံပြီးနောက် ရှင်ပြန်ထမြောက်ခဲ့သည့် အချိန်အထိ၊ သူသည် သာမန် ဇာတိပကတိ၌ ကိန်းဝပ်ခဲ့သည်။ ကျေးဇူးတော်ကို အပ်နှင်းပေးခြင်း၊ နာမကျန်းသောသူကို ကျန်းမာစေခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်း အားလုံးတို့သည် သူ့အမှုတော်၏ အစိတ်အပိုင်းဖြစ်ပြီး၊ သူ၏သာမန် ဇာတိကပတိ၌ ဆောင်ရွက်ခဲ့သည့် အလုပ်အားလုံးပင်ဖြစ်သည်။ သူသည် ကားတိုင်သို့ မသွားခင်တွင် သူမည်သည့်အရာကို လုပ်နေခဲ့သည် ဖြစ်ပါစေ၊ သူ၏သာမန် လူ့ဇာတိပကတိနှင့် ဘယ်သောအခါမျှ မခွဲခွာခဲ့ပေ။ သူသည် ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်ပြီး၊ ဘုရားသခင်ကိုယ်တိုင်၏ အလုပ်ကို ဆောင်ရွက်နေခဲ့သော်ငြားလည်း၊ သူသည် ဘုရားသခင်ခံယူထားသော လူ့ဇာတိဖြစ်သည့်အတွက်၊ သူသည် အစာစားပြီး အဝတ် ဝတ်ဆင်ခဲ့သည်၊ သာမန်လူသား၏ လိုအပ်ချက်များ ရှိခဲ့ပြီး၊ သာမန်လူသား၏ အသိဉာဏ်နှင့် သာမန်လူသား၏စိတ်တို့ ရှိခဲ့သည်။ ဤအရာအားလုံးမှာ သူသည် သာမန် လူသားတစ်ယောက် ဖြစ်ကြောင်း သက်သေဖြစ်ပြီး၊ ဘုရားသခင် ခံယူထားသည့် လူ့ဇာတိသည် သာမန်လူ့သဘာဝ ရှိသည့် ဇာတိပကတိ ဖြစ်ကြောင်းနှင့် သဘာဝလွန် မဟုတ်ကြောင်းကို သက်သေပြ၏။ သူ၏လုပ်ငန်းတာဝန်မှာ ဘုရားသခင်၏ ပထမလူ့ဇာတိခံယူခြင်း အလုပ်ကို ပြီးပြည့်စုံစေရန်၊ ပထမလူ့ဇာတိခံယူခြင်းက ပြုလုပ်ရမည့် အမှုတော် ဖြည့်စွမ်းရန်ပင် ဖြစ်သည်။ လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်မှာ ရိုးရိုးပုံမှန်လူသား တစ်ယောက်သည် ဘုရားသခင် ကိုယ်တော်တိုင်၏ အလုပ်ကို ထမ်းဆောင်ခြင်း ဖြစ်သည်၊ ဆိုလိုသည်မှာ ဘုရားသခင်သည် သူ၏ဘုရားသဘောသဘာဝ အလုပ်ကို လူ့သဘာဝနှင့် ထမ်းဆောင်ပြီး၊ ဤနည်းဖြင့် စာတန်ကို နှိမ်နှင်းခဲ့ခြင်းဖြစ်သည်။ လူ့ဇာတိခံယူခြင်း ဆိုသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဇာတိခန္ဓာ တစ်ခု ဖြစ်လာခြင်းကို ဆိုလိုသည်၊ ယင်းသည် ဘုရားသခင်သည် ဇာတိပကတိ ဖြစ်လာခြင်း ဖြစ်သည်၊ ဇာတိပကတိပြုသော အလုပ်မှာ ဇာတိပကတိ၌ ပြည့်မြောက်သော၊ ဇာတိပကတိအားဖြင့် ဖော်ပြသော ဝိညာဉ်တော်၏ အလုပ်ပင်ဖြစ်သည်။ ဘုရားသခင်၏ ဇာတိပကတိမှလွဲ၍ မည်သူတစ်ဦးတစ်ယောက်ကမျှ လူ့ဇာတိခံယူသော ဘုရားသခင်၏ အမှုတော်ကို ဖြည့်စွမ်းနိုင်ခြင်း မရှိပေ၊ ဆိုလိုသည်မှာ အခြားမည်သူတစ်ဦးမျှ မဟုတ်ဘဲ၊ ဘုရားသခင် ခံယူထားသော လူ့ဇာတိတစ်ခုတည်းသာ၊ ဤသာမန် လူ့သဘာဝ တစ်ခုတည်းသာ ဘုရားသဘောသဘာဝ၏ အလုပ်ကို ဖော်ပြနိုင်သည်။ အကယ်၍ သူ၏ ပထမအကြိမ် ကြွလာခြင်းတွင် ဘုရားသခင်သည် အသက်နှစ်ဆယ့်ကိုးနှစ် မတိုင်ခင်တွင် သာမန် လူ့သဘာဝ မရှိခဲ့ပါက၊ အကယ်၍ သူမွေးဖွားပြီးသည်နှင့် ချက်ချင်းပင် နိမိတ်လက္ခဏာများ ပြုနိုင်ခဲ့မည် ဆိုပါက၊ အကယ်၍ သူစကားပြောတတ်သည်နှင့် ချက်ချင်းပင် ကောင်းကင် ဘာသာစကားကို ပြောနိုင်ခဲ့မည် ဆိုပါက၊ အကယ်၍ ကမ္ဘာပေါ်၌ ပထမဆုံးအကြိမ် သူ၏ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် သူသည် လောကီရေးရာ အားလုံးကို နားလည်သဘောပေါက်ကာ၊ လူပုဂ္ဂိုလ်တိုင်းစီ၏ အတွေးများနှင့် ရည်ရွယ်ချက်များကို ထိုးထွင်းသိမြင်နိုင်မည် ဆိုပါက၊ ထိုသို့သော လူတစ်ဦးသည် သာမန်လူသားတစ်ယောက်ဟု ခေါ်ဆိုခြင်းခံရနိုင်ခဲ့မည် မဟုတ်သည့်အပြင်၊ ထိုသို့သော ဇာတိပကတိမှာလည်း လူသားဇာတိပကတိဟု ခေါ်ဆိုခြင်း ခံနိုင်ခဲ့ရမည် မဟုတ်ပေ။ အကယ်၍ ခရစ်တော်သည် ဤအတိုင်းဖြစ်ခဲ့မည်ဆိုပါက၊ ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်နှင့် အနှစ်သာရသည်လည်း ပျောက်ဆုံးသွားမည် ဖြစ်သည်။ သူ သာမန် လူ့သဘာဝ ပိုင်ဆိုင်ခြင်းမှာ သူသည် လူ့ဇာတိခံယူထားသော ဘုရားသခင်ဖြစ်ကြောင်းကို သက်သေပြသည်၊ သာမန်လူသားတစ်ဦး၏ ကြီးထွားမှုဖြစ်စဉ်ကို သူကြုံရသည်ဟူသည့် အချက်သည်လည်း သူသည် သာမန် ဇာတိပကတိ ဖြစ်ကြောင်းကို ဆက်လက် ထင်ရှားစေသည်၊ ထို့အပြင် သူ၏အလုပ်မှာ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်၊ ဘုရားသခင်၏ ဝိညာဉ်တော်တို့ လူ့ဇာတိခံယူခြင်းဖြစ်ကြောင်းကို ဖော်ပြသည့် လုံလောက်သော သက်သေပင်ဖြစ်သည်။ သူ့အလုပ်၏ လိုအပ်ချက်များအရ ဘုရားသခင်သည် လူ့ဇာတိခံယူခြင်း ဖြစ်သည်၊ တစ်နည်းဆိုရလျှင် အလုပ်၏ ဤအဆင့်မှာ ဇာတိပကတိ၌ လုပ်ဆောင်ရန် လိုအပ်ပြီး၊ သာမန် လူ့သဘာဝနှင့် လုပ်ဆောင်ရန် လိုအပ်သည်။ ဤအရာသည် “လူ့ဇာတိ ခံယူသော နှုတ်ကပတ်တော်” နှင့် “လူ့ဇာတိတွင် ပေါ်လာသော နှုတ်ကပတ်တော်” အတွက် ကြိုတင်လိုအပ်သည့်အချက်ဖြစ်ပြီး၊ ဘုရားသခင်၏ လူ့ဇာတိ ခံယူသည့် အကြိမ်နှစ်ကြိမ်စလုံး၏ နောက်ကွယ်မှ ဖြစ်ရပ်အမှန်ပင် ဖြစ်သည်။ လူတို့က ယေရှုသည် သူ၏အသက်တာ တစ်လျှောက်လုံးမှာ အံ့သြဖွယ်ရာများ ပြုလုပ်ခဲ့ပြီး၊ ကမ္ဘာပေါ်မှ သူ့အလုပ် ဆုံးခန်းတိုင်သည့် အချိန်အထိ သူသည် သာမန်လူ့သဘာဝ၏လက္ခဏာကို မပြသခဲ့၊ သူ့တွင် သာမန်လူသား၏ လိုအပ်ချက်များ၊ သို့မဟုတ် အားနည်းချက်များ၊ သို့မဟုတ် လူသား စိတ်ခံစားမှုများ မရှိ၊ ဘဝ၏ အခြေခံ လိုအပ်ချက်များလည်း လိုအပ်ခဲ့ခြင်း မရှိ၊ သို့မဟုတ် သာမန်လူသား အတွေးများကိုလည်း စဉ်းစားခဲ့ခြင်းမရှိ စသဖြင့် ယုံကြည်ကောင်း ယုံကြည်ကြလိမ့်မည်။ သူတို့သည် ယေရှုကို လူ့ထက်သာလွန်သော ဉာဏ်သာရှိရမည်၊ သာလွန်ထူးကဲသော လူ့သဘာဝ ရှိရမည်ဟုသာ မှတ်ထင်ကြသည်။ သူသည် ဘုရားသခင် ဖြစ်သည့်အတွက် သာမန်လူသားတို့ တွေးခေါ် နေထိုင်သည့်အတိုင်း သူမပြုသင့်ဟု သူတို့ယုံကြည်ကြပြီး၊ သာမန်လူသားတစ်ယောက်ကသာ၊ လူသားအစစ် တစ်ဦးကသာလျှင် သာမန်လူသားအတွေးအခေါ်များကို တွေးနိုင်ပြီး၊ သာမန် လူသားအသက်တာကို အသက်ရှင်နိုင်မည်ဟု ယုံကြည်ကြသည်။ ဤအရာအားလုံးသည် လူသား အတွေးအခေါ်နှင့် လူသား အယူအဆများဖြစ်ပြီး၊ ဤအယူအဆများသည် ဘုရားသခင် အလုပ်၏ မူလရည်ရွယ်ချက်များနှင့် ဆန့်ကျင်နေသည်။ သာမန်လူသား အတွေးအခေါ်သည် သာမန် လူသား ဆင်ခြင်ဉာဏ်နှင့် သာမန်လူ့သဘာဝကို ထောက်မသည်၊ သာမန် လူ့သဘာဝသည် ဇာတိပကတိ၏ သာမန် လုပ်ဆောင်ချက်များကို ထောက်မပြီး၊ ဇာတိပကတိ၏ သာမန် လုပ်ဆောင်ချက်များသည်လည်း ဇာတိပကတိ၏ သာမန်အသက်တာကို အပြည့်အဝ ဖြစ်စေသည်။ ထိုကဲ့သို့သော ဇာတိပကတိထဲတွင် လုပ်ဆောင်ခြင်းအားဖြင့်သာ ဘုရားသခင်သည် သူ၏လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို ဖြည့်ဆည်းနိုင်မည်ဖြစ်သည်။ အကယ်၍ လူ့ဇာတိခံသော ဘုရားသခင်သည် ဇာတိပကတိ၏ အပြင်ပန်း ကိုယ်ထည်ကိုသာ ပိုင်ဆိုင်ထားပြီး၊ သာမန်လူသား အတွေးများကို တွေးခေါ်ခြင်း မရှိခဲ့ပါက၊ လူ့သဘာဝ အစစ်အမှန်ကို မဆိုထားနှင့် ဤဇာတိပကတိသည် လူ၏ ဆင်ခြင်ဉာဏ်ကိုပင် ပိုင်ဆိုင်လိမ့်မည် မဟုတ်ပေ။ လူ့သဘာဝ မရှိသည့် ဤကဲ့သို့သော ဇာတိပကတိသည် လူ့ဇာတိခံယူသော ဘုရားသခင် ဆောင်ရွက်သင့်သည့် အမှုတော်ကို အဘယ်သို့ ဖြည့်စွမ်းနိုင်မည်နည်း။ သာမန်စိတ်သည် လူသားအသက်တာ၏ ကဏ္ဍအားလုံးကို ထိန်းထားပေးသည်၊ သာမန်စိတ် မရှိပါက လူသားတစ်ယောက် မဟုတ်ပေ။ တစ်နည်းဆိုရလျှင်၊ သာမန် အတွေးအခေါ်များ တွေးခေါ်ခြင်းမရှိသော လူပုဂ္ဂိုလ်တစ်ဦးသည် စိတ်မနှံ့သူတစ်ဦး ဖြစ်သည်။ ဘုရား၏သဘောသဘာဝသာရှိပြီး လူ့သဘာဝ မရှိသော ခရစ်တော် အားလည်း ဘုရားသခင် ခံယူထားသော လူ့ဇာတိဟု ပြော၍ မရနိုင်ပေ။ ထို့ကြောင့် ဘုရားသခင် ခံယူထားသော လူ့ဇာတိသည် အဘယ်နည်းနှင့် သာမန် လူ့သဘာဝ မရှိနိုင်ရမည်နည်း။ ခရစ်တော်သည် သာမန်လူသားစိတ် မရှိဟု ပြောဆိုခြင်းသည် ဘုရားသခင်ကို စော်ကားခြင်းပင် မဟုတ်ပေလော။ သာမန် လူသားများ ဆောင်ရွက်သည့် လုပ်ဆောင်မှုအားလုံးသည် သာမန်လူသားစိတ်၏ လုပ်ဆောင်ခြင်းအပေါ်တွင် မူတည်သည်။ ထိုအရာမရှိပါက လူသားများသည် မူမမှန်စွာ ပြုမူကြမည်ဖြစ်သည်၊ သူတို့သည် အဖြူနှင့် အမည်းကြား၊ အကောင်းနှင့် အဆိုးကြားမှ ကွဲပြားခြားနားချက်ကိုပင် ပြောနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ၊ ထို့အပြင် သူတို့၌ ကိုယ်ကျင့်တရားများနှင့် လူ့ကျင့်ဝတ်တရားများလည်း ရှိလိမ့်မည် မဟုတ်ပေ။ ထိုနည်းတူစွာပင်၊ အကယ်၍ လူ့ဇာတိခံယူသော ဘုရားသခင်သည် သာမန်လူသားကဲ့သို့ မတွေးခေါ်ပါက၊ သူသည် စစ်မှန်သော ဇာတိပကတိ၊ သာမန်ဇာတိပကတိ ဖြစ်လိမ့်မည် မဟုတ်ပေ။ စဉ်းစားတွေးခေါ်ခြင်း မရှိသည့် ထိုကဲ့သို့သော ဇာတိပကတိသည် ဘုရားသဘောသဘာဝ၏ အလုပ်ကို ထမ်းဆောင်နိုင်လိမ့်မည် မဟုတ်ချေ။ ကမ္ဘာပေါ်တွင် လူသားများနှင့် အတူတကွ နေထိုင်ရန် မဆိုထားနှင့်၊ သူသည် ပုံမှန်ဇာတိပကတိ၏ လုပ်ဆောင်မှုများကိုပင် ပုံမှန်အားဖြင့် ဆောင်ရွက်နိုင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့်၊ ဘုရားသခင် လူ့ဇာတိခံယူရခြင်း၏ အရေးပါမှု၊ လူ့ဇာတိသို့ ဘုရားသခင်ကြွလာခြင်း၏ ပကတိ အနှစ်သာရသည် ပျောက်ဆုံး သွားခဲ့မည်ဖြစ်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်၏ လူ့သဘာဝသည် ဇာတိပကတိ၌ သာမန် ဘုရားသဘောသဘာဝ၏ အလုပ်ကို ထိန်းသိမ်းရန် တည်ရှိသည်။ သူ၏ သာမန် လူသားအတွေးအခေါ်သည် သူ၏သာမန် လူ့သဘာဝနှင့် သူ၏ ခန္ဓာဆိုင်ရာ လုပ်ဆောင်မှုအားလုံးကို ထောက်မသည်။ သူ၏ သာမန် လူသားအတွေးအခေါ်သည် ဇာတိပကတိ၌ ဘုရားသခင်၏ အလုပ်အားလုံးကို ထောက်မရန် တည်ရှိသည်ဟု ပြော၍ရသည်။ အကယ်၍ ထိုဇာတိခန္ဓာသည် သာမန် လူသားစိတ်ကို မပိုင်ဆိုင်ပါက၊ ဘုရားသခင် ထိုဇာတိပကတိတွင် လုပ်ဆောင်နိုင်မည် မဟုတ်ပေ၊ ထို့အပြင် ဇာတိပကတိ၌ သူလုပ်ဆောင်ရန် လိုအပ်သည့် အရာကိုလည်း ဘယ်သောအခါမျှ ပြီးမြောက်အောင် လုပ်နိုင်မည် မဟုတ်ပေ။ လူ့ဇာတိခံယူသော ဘုရားသခင်သည် သာမန်လူသား စိတ်ကို ပိုင်ဆိုင်သော်ငြားလည်း၊ သူ၏အလုပ်သည် လူသားအတွေးအခေါ်နှင့် ရောနှောနေခြင်း မရှိပေ၊ စိတ်ရှိသော လူ့သဘာဝကို ပိုင်ဆိုင်ဖို့ လိုအပ်ချက်ဖြင့်၊ သူသည် လူ့သဘာဝထဲမှ အလုပ်ကို သာမန်လူသား အတွေးအခေါ်ကို အသုံးချခြင်းဖြင့် မဟုတ်ဘဲ သာမန်စိတ်နှင့် လုပ်ဆောင်သည်။ သူ့ဇာတိပကတိ၏ အတွေးအခေါ်များ မည်မျှပင် မြင့်မားနေပါစေ၊ သူ၏အလုပ်၌ ဆင်ခြင်တွေးခေါ်မှု သို့မဟုတ် အတွေးအခေါ်ဖြင့် စွန်းထင်းခြင်း မရှိပေ။ တစ်နည်းဆိုရလျှင်၊ သူ၏အလုပ်သည် သူ့ဇာတိပကတိ၏ စိတ်အားဖြင့် အကြံရလာခြင်း မဟုတ်ဘဲ၊ သူ၏ လူ့သဘာဝထဲရှိ ဘုရားသဘောသဘာဝ အလုပ်၏ တိုက်ရိုက် ဖော်ပြချက်ပင် ဖြစ်သည်။ သူ၏ အလုပ်အားလုံးသည် သူကျေပွန်အောင် ဆောင်ရွက်ရန် လိုအပ်သည့် အမှုတော်ပင်ဖြစ်ပြီး၊ ထိုအရာတစ်ခုကမျှ သူ၏ဦးနှောက်အားဖြင့် အကြံရလာခြင်း မဟုတ်ပေ။ ဥပမာအားဖြင့် နာမကျန်းသူကို ကျန်းမာစေခြင်း၊ နတ်ဆိုးများကို နှင်ထုတ်ခြင်းနှင့် ကားတိုင်တွင် အသေခံခြင်းတို့မှာ သူ၏ လူ့စိတ်မှ ထုတ်လုပ်သည့်အရာများ မဟုတ်ပေ၊ ၎င်းအရာများကို လူသားစိတ်ရှိသည့် မည်သည့် လူသားမျှ ဖြစ်မြောက်အောင်မြင်အောင် လုပ်နိုင်မည် မဟုတ်ပေ။ ထိုနည်းတူစွာပင်၊ ယနေ့ကာလ၏ သိမ်းပိုက်ခြင်း အလုပ်သည် လူ့ဇာတိခံယူသော ဘုရားသခင်က ထမ်းဆောင်ရမည့် အမှုတော်ဖြစ်ပြီး၊ ၎င်းမှာ လူသားဆန္ဒမှဖြစ်လာသော အလုပ် မဟုတ်ပေ၊ ၎င်းသည် သူ၏ဘုရားသဘောသဘာဝက လုပ်ဆောင်သင့်သည့် အလုပ်ဖြစ်ပြီး၊ မည်သည့် ဇာတိပကတိ ဆန်သော လူသားကမျှ မစွမ်းဆောင်နိုင်သည့် အလုပ်ဖြစ်သည်။ ထို့ကြောင့် လူ့ဇာတိခံယူသော ဘုရားသခင်သည် သာမန် လူသားစိတ်ကို ပိုင်ဆိုင်ရမည်၊ သာမန် လူ့သဘာဝကို ပိုင်ဆိုင်ရမည်၊ အဘယ်ကြောင့်ဆိုသော် သူ၏အလုပ်ကို သူသည် လူ့သဘာဝ၌ သာမန်စိတ်နှင့် ထမ်းဆောင်ရမည် ဖြစ်သောကြောင့်ဖြစ်သည်။ ဤအရာသည် လူ့ဇာတိခံယူသော ဘုရားသခင်အလုပ်၏ အနှစ်သာရဖြစ်ပြီး၊ လူ့ဇာတိခံယူသော ဘုရားသခင်၏ အနှစ်သာရ စင်စစ်လည်း ဖြစ်သည်။

ယေရှုသည် အလုပ်ကို မဆောင်ရွက်မီ သူသည် သူ၏သာမန်လူ့သဘာဝတွင်သာ နေထိုင်ခဲ့သည်။ သူသည် ဘုရားသခင်ဖြစ်ကြောင်းကို မည်သူမျှမပြောနိုင်ခဲ့၊ သူသည် လူ့ဇာတိခံယူသော ဘုရားသခင်ဖြစ်ကြောင်းကို မည်သူမျှမသိခဲ့ကြပေ၊ လူတို့က သူ့ကို လုံးလုံးလျားလျား သာမန်လူသားတစ်ယောက်အဖြစ်သာ သိရှိခဲ့ကြသည်။ သူ၏ လုံး၀ ရိုးရိုးသာမန်လူ့သဘာဝမှာ ဘုရားသခင်သည် ဇာတိပကတိထဲသို့ လူ့ဇာတိခံယူခဲ့ပြီးဖြစ်ကြောင်းနှင့် ကျေးဇူးတော်ခေတ်ဆိုသည်မှာ လူ့ဇာတိခံယူသော ဘုရားသခင်၏ အလုပ်၏ခေတ် ဖြစ်ကြောင်း၊ ဝိညာဉ်တော်အလုပ်၏ ခေတ်မဟုတ်ကြောင်း သက်သေပင်ဖြစ်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဇာတိပကတိထဲတွင် လုံးလုံး အကောင်အထည်ဖော်ခဲ့ကြောင်းနှင့် ဘုရားသခင်၏ လူ့ဇာတိခံယူသည့်ခေတ်တွင် သူ၏ဇာတိပကတိသည် ဝိညာဉ်တော်၏အလုပ်အားလုံးကို ဆောင်ရွက်မည်ဖြစ်ကြောင်းတို့၏ သက်သေပင်ဖြစ်သည်။ သာမန် လူ့သဘာဝရှိသော ခရစ်တော်သည် ဝိညာဉ်တော်ကို အကောင်အထည်ဖော်သော ဇာတိပကတိဖြစ်ပြီး၊ သာမန် လူ့သဘာဝ၊ သာမန် အသိစိတ်နှင့် လူသားအတွေးအခေါ်တို့ ပိုင်ဆိုင်ထားသည်။ “အကောင်အထည်ဖော်ခံရခြင်း” ဆိုသည်မှာ ဘုရားသခင် လူသားဖြစ်လာခြင်း၊ ဝိညာဉ်တော် လူ့ဇာတိ ခံယူခြင်းကို ဆိုလိုသည်၊ ရှင်းရှင်းပြောရလျှင် ၎င်းမှာ ဘုရားသခင်ကိုယ်တိုင်က ဇာတိပကတိထဲတွင် သာမန် လူ့သဘာဝနှင့် ကိန်းဝပ်ပြီး၊ ၎င်းမှတစ်ဆင့် သူ၏ ဘုရားသဘောသဘာဝ အလုပ်ကို ဖော်ပြခြင်း ဖြစ်သည်၊ အကောင်အထည်ဖော်ခံရခြင်း သို့မဟုတ် လူ့ဇာတိခံယူခြင်း ဆိုသည်မှာ ဤအရာပင်ဖြစ်သည်။ သူ၏ ပထမအကြိမ် လူ့ဇာတိခံယူသည့် အတောအတွင်း သူ၏အလုပ်မှာ ရွေးနုတ်ရန် ဖြစ်သည့်အတွက် နာမကျန်းသောသူကို ကျန်းမာစေရန်နှင့် နတ်ဆိုးများကို နှင်ထုတ်ရန် ဘုရားသခင်အတွက် လိုအပ်ခဲ့သည်။ လူသားမျိုးနွယ် တစ်ရပ်လုံးကို ရွေးနှတ်ရန် အလို့ငှာ သူသည် သနားကြင်နာတတ်ရန်နှင့် ခွင့်လွှတ်တတ်ရန် လိုအပ်ခဲ့သည်။ ကားစင်တင်ခြင်း မခံရမီ သူလုပ်ဆောင်ခဲ့သည့် အလုပ်မှာ နာမကျန်းသောသူကို ကျန်းမာစေခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်း ဖြစ်ပြီး၊ ထိုအရာမှာ လူသားကို အပြစ်တရားနှင့် မစင်ကြယ်ခြင်းမှ သူ၏ကယ်တင်ခြင်း အကြောင်းကို ကြိုတင်နိမိတ်ပြခဲ့ခြင်း ဖြစ်သည်။ ထိုခေတ်သည် ကျေးဇူးတော်ခေတ် ဖြစ်သည့်အတွက် နာမကျန်းသောသူများကို သူကျန်းမာအောင်လုပ်ပေးရန် လိုအပ်ခဲ့ပြီး ဤနည်းဖြင့် ထိုခေတ်တွင် ကျေးဇူးတော်ကို ကိုယ်စားပြုသည့် အရာများဖြစ်သော နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်သော အမှုများကို ပြသခဲ့သည်၊ အကြောင်းမှာ ကျေးဇူးတော်ခေတ်သည် ယေရှု၌ထားရှိသည့် လူများ၏ ယုံကြည်ခြင်း၏ အမှတ်သညာအားလုံးဖြစ်သော ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းနှင့် ရုပ်ဝတ္ထုပစ္စည်းများဖြင့် သင်္ကေတပြုထားသည့် ကျေးဇူးတော်ကို အပ်နှင်းခြင်း အပေါ်တွင် ဗဟိုပြုထားသောကြောင့် ဖြစ်သည်။ ဆိုလိုသည်မှာ နာမကျန်းသောသူကို ကုသပေးခြင်း၊ နတ်ဆိုးများကို နှင်ထုတ်ခြင်းနှင့် ကျေးဇူးတော်ကို အပ်နှင်းပေးခြင်းတို့သည် ကျေးဇူးတော်ခေတ်တွင် ယေရှု၏ ဇာတိပကတိက ပိုင်ဆိုင်သော ပင်ကိုစွမ်းရည်များပင် ဖြစ်သည်၊ ၎င်းတို့မှာ ဇာတိပကတိ၌ ဝိညာဉ်တော်က အကောင်အထည်ဖော်သော အလုပ်ဖြစ်သည်။ သို့သော် သူသည် ထိုသို့သော အလုပ်ကို လုပ်ဆောင်နေသည့်အချိန်တွင် ဇာတိပကတိ၌ ရှင်သန်ခဲ့ခြင်းဖြစ်သည်၊ ဇာတိပကတိကို ကျော်လွန်ခဲ့ခြင်း မရှိပေ။ မည်ကဲ့သို့သော အနာရောဂါငြိမ်းစေခြင်း အပြုအမူများကို သူထမ်းဆောင်ခဲ့သည်ဖြစ်စေ၊ သူသည် သာမန် လူ့သဘာဝကို ပိုင်ဆိုင်ဆဲပင်ဖြစ်ပြီး၊ သာမန် လူသားဘဝကို ရှင်သန်ခဲ့ဆဲပင် ဖြစ်သည်။ ဘုရားသခင် လူ့ဇာတိခံယူသည့်ခေတ် အတောအတွင်း ဝိညာဉ်တော်၏ အလုပ်အားလုံးကို ဇာတိပကတိက ထမ်းဆောင်သည်ဟု ငါပြောရခြင်း၏ အကြောင်းရင်းမှာ မည်သည့်အလုပ်ကို သူလုပ်ဆောင်သည်ဖြစ်စေ၊ သူသည် ဇာတိပကတိ၌ လုပ်ဆောင်ခဲ့သောကြောင့် ဖြစ်သည်။ သို့သော် သူ၏ အလုပ်ကြောင့် လူများသည် သူ၏ ဇာတိပကတိအား ခန္ဓာဆိုင်ရာ အနှစ်သာရများ အပြည့်အဝရှိသည်ဟု မမှတ်ယူခဲ့ကြပေ၊ အကြောင်းမှာ ဤဇာတိပကတိသည် အံ့သြဖွယ်သော အမှုများကို လုပ်ဆောင်နိုင်ပြီး၊ အချို့သော ထူးခြားသည့် အခိုက်အတန့်များတွင် ဇာတိပကတိကို ကျော်လွန်သောအရာများ လုပ်ဆောင်နိုင်သောကြောင့် ဖြစ်သည်။ မှန်ပေသည်၊ ဤအဖြစ်အပျက်များ အားလုံးသည် ရက်လေးဆယ် အစမ်းသပ်ခံခြင်း သို့မဟုတ် တောင်ပေါ်တွင် သူ၏အဆင်းသဏ္ဌာန် ပြောင်းလဲခြင်းတို့ကဲ့သို့ သူ၏ အမှုတော်ကို သူစတင်ထမ်းဆောင်သည့် နောက်ပိုင်းမှ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ယေရှုနှင့် ဆိုပါက၊ ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်သည် ပြီးပြည့်စုံခဲ့ခြင်း မရှိဘဲ၊ တစ်စိတ်တစ်ဒေသသာ ပြည့်စုံခဲ့သည်။ သူ၏အလုပ်ကို မစတင်မီ ဇာတိပကတိ၌ နေထိုင်ခဲ့သော သူ၏အသက်တာသည် အရာအားလုံးနှင့် စပ်လျဉ်း၍ လုံး၀ သာမန်ပင်ဖြစ်သည်။ အလုပ်ကို သူစတင်ပြီးနောက်တွင် သူသည် သူ့ဇာတိပကတိ၏ အပြင်ပန်းကိုယ်ထည်ကိုသာ ထိန်းသိမ်းထားခဲ့သည်။ သူ၏ အလုပ်မှာ ဘုရားသဘောသဘာဝ၏ ဖော်ပြချက်တစ်ရပ် ဖြစ်သဖြင့်၊ ၎င်းသည် ဇာတိပကတိ၏ သာမန် လုပ်ဆောင်ချက်များကို ကျော်လွန်ခဲ့သည်။ စင်စစ်မှာကား ဘုရားသခင် ခံယူထားသော လူ့ဇာတိသည် အသွေးအသားရှိသော လူသားများနှင့် ကွဲပြားခြားနားသည်။ သူ၏ နေ့စဉ်အသက်တာတွင် သူသည် အခြားသူများကဲ့သို့ပင် အစားအစာ၊ အဝတ်အထည်၊ အိပ်စက်ခြင်းနှင့် နေရာထိုင်ခင်းတို့ လိုအပ်ခဲ့သည်၊ သာမန်လိုအပ်ချက်များ အားလုံးကိုလည်း လိုအပ်ခဲ့သည်၊ သာမန်သက်ရှိလူသား တစ်ဦးကဲ့သို့ ကျိုးကြောင်းဆင်ခြင်၊ တွေးခေါ်ခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ လူများသည် သူ့ကို သာမန်လူသား တစ်ယောက်အဖြစ် ထင်မှတ်နေခဲ့ကြဆဲပင် ဖြစ်သည်၊ သို့သော် သူ၏လုပ်ဆောင်ခဲ့သောအမှုက သဘာဝလွန်ဖြစ်သည်ဟု ထင်မှတ်နေကြဆဲဖြစ်သည်။ အမှန်အားဖြင့် သူမည်သည့်အရာပင် လုပ်ဆောင်ခဲ့သည် ဖြစ်ပါစေ၊ သူသည် ရိုးရိုး သာမန် လူ့သဘာဝထဲတွင် နေထိုင်ခဲ့သည်၊ ထို့မျှသာမကသေး၊ အလုပ်ကို သူထမ်းဆောင်ခဲ့သည့် အတိုင်းအတာအထိ သူ၏ ကျိုးကြောင်းဆင်ခြင်မှုသည် အထူးသဖြင့် သာမန်ဖြစ်နေခဲ့ပြီး၊ သူ၏ အတွေးအခေါ်များသည်လည်း အထူးသဖြင့် ရှင်းလင်းပြတ်သားနေခဲ့ကာ၊ အခြားမည်သည့် သာမန်လူသားထက်မဆို သာလွန်နေခဲ့သည်။ လူ့ဇာတိခံယူသော ဘုရားသခင်အတွက် ဤကဲ့သို့ တွေးတောရန်နှင့် ကျိုးကြောင်းဆင်ခြင်ရန် လိုအပ်ခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသဘောသဘာဝ၏အလုပ်ကို ဖော်ပြရန်အတွက် ဆင်ခြင်တုံတရား အလွန်ပင် သာမန်ဖြစ်ပြီး အတွေးများလည်း အလွန်ရှင်းသော ဇာတိပကတိတစ်ရပ် လိုသောကြောင့်ဖြစ်သည်၊ ဤနည်းလမ်းအားဖြင့်သာ သူ၏ ဇာတိပကတိသည် ဘုရားသဘောသဘာဝ၏ အလုပ်ကို ဖော်ပြနိုင်မည်ဖြစ်သည်။ ကမ္ဘာပေါ်တွင် နေထိုင်ခဲ့သည့် ယေရှု၏ နှစ်ပေါင်း သုံးဆယ့်သုံးနှစ်ခွဲ ကာလတစ်လျှောက်အတွင်း သူသည် သူ၏ သာမန် လူ့သဘာဝကို ထိန်းထားခဲ့သည်၊ သို့သော်လည်း သုံးနှစ်ခွဲ သာသာနာအတွင်း သူ၏အလုပ်ကြောင့် လူများက သူသည် အလွန်ပင် ထူးကဲသာလွန်ပြီး၊ ယခင်ကထက်ပင် ပို၍ သဘာ၀လွန်ဖြစ်ပေသည်ဟု တွေးထင်ခဲ့ကြသည်။ အမှန်တွင် ယေရှု၏ သာမန် လူ့သဘာဝသည် သူ၏အမှုတော်ကို သူမစတင်မီနှင့် စတင်ပြီး နောက်ပိုင်းတွင်ပါ မပြောင်းမလဲ ရှိနေခဲ့သည်၊ သူ၏ လူ့သဘာဝသည် တစ်လျှောက်လုံးတွင် အတူတူပင် ဖြစ်သည်၊ သို့သော် သူ၏အမှုတော်ကို သူမစတင်မီနှင့် စတင်ပြီး နောက်ပိုင်းကြား ကွဲပြားခြားနားမှုကြောင့် သူ၏ ဇာတိပကတိနှင့် ပတ်သက်၍ ကွဲပြားသော အမြင်နှစ်မျိုး ပေါ်ထွက်လာခဲ့သည်။ လူများ မည်သို့ပင် တွေးထင်ပါလေစေ၊ လူ့ဇာတိခံယူသော ဘုရားသခင်သည် သူ၏မူလ သာမန်လူ့သဘာဝကို တစ်ချိန်လုံး ထိန်းထားခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် လူ့ဇာတိခံယူခဲ့သည့်အတွက် သူသည် သာမန် လူ့သဘာဝရှိသည့် ဇာတိပကတိ၌ နေထိုင်ခဲ့သည်။ သူသည် သူ၏အမှုတော်ကို ထမ်းဆောင်နေသည် ဖြစ်စေ၊ မထမ်းဆောင်နေသည် ဖြစ်စေ၊ လူ့သဘာဝသည် ဇာတိပကတိ၏ အခြေခံ အနှစ်သာရ ဖြစ်သည့် အတွက် သူ့ဇာတိပကတိ၏ သာမန် လူ့သဘာဝကို ဖျောက်ဖျက်ပစ်၍ မရနိုင်ပေ။ ယေရှုသည် သူ၏ အမှုတော်ကို မထမ်းဆောင်မီတွင် သူ၏ ဇာတိပကတိသည် သာမန်လူတို့၏ လုပ်ဆောင်မှုများကို ဆောင်ရွက်လျက် အကြွင်းမဲ့ သာမန်အဖြစ် နေသည်၊ သူသည် အဘယ်နည်းနှင့်မျှ သဘာဝလွန်ပုံ မရခဲ့ဘဲ၊ မည်သည့် အံ့သြဖွယ် နိမိတ်လက္ခဏာများကိုမျှလည်း မပြသခဲ့ပေ။ ထိုအချိန်တွင် သူ၏ ကြိုးစားအားထုတ်မှုသည် မည်သူထက်မဆို သာ၍ရိုးသားခဲ့ပြီး သာ၍ စိတ်ရင်းမှန်ခဲ့သော်ငြားလည်း၊ သူသည် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သော သာမန်လူသားတစ်ယောက် သက်သက်သာ ဖြစ်သည်။ ဤသည်မှာ ကိုယ်တော်၏ လုံး၀ သာမန်လူ့သဘာဝမှ ၎င်းကိုယ်ကိုယ် ဖော်ပြခြင်း ဖြစ်သည်။ သူ၏ အမှုတော်ကို အကောင်အထည်မဖော်မီ သူသည် မည်သည့်အလုပ်ကိုမျှ လုံးဝမလုပ်ခဲ့သောကြောင့်၊ မည်သူကမျှ သူမည်သူမည်ဝါ ဖြစ်ကြောင်းကို မသိခဲ့ကြ၊ သူ၏ ဇာတိပကတိသည် အခြားသူအားလုံး၏ ဇာတိပကတိနှင့် ကွဲပြားခြားနားသည်ဟုလည်း မည်သူကမျှ မပြောနိုင်ခဲ့ကြပေ၊ အကြောင်းမှာ သူသည် နိမိတ်လက္ခဏာ တစ်ခုလေးမျှပင် မလုပ်ဆောင်ခဲ့၊ ဘုရားသခင် ကိုယ်တိုင်၏အလုပ်ကို စိုးစဉ်းမျှပင် မလုပ်ဆောင်ခဲ့၍ ဖြစ်သည်။ သို့သော်လည်း၊ သူ၏ အမှုတော်ကို သူစတင် ထမ်းဆောင်ပြီးနောက်ပိုင်းတွင် သူသည် သာမန် လူ့သဘာဝ၏ အပြင်ပန်းကိုယ်ထည်ကို ဆက်ထိန်းသိမ်းထားပြီး သာမန်လူသား ဆင်ခြင်တုံတရားနှင့်ပင် ဆက်၍ နေထိုင်ခဲ့သည်၊ သို့သော် သူသည် ဘုရားသခင် ကိုယ်တော်တိုင်၏ အလုပ်ကို လုပ်ဆောင်ရန်၊ ခရစ်တော်၏ အမှုတော်ကို အကောင်အထည်ဖော်ရန်နှင့် သေမျိုးဖြစ်သော အသွေးအသား ဇာတိပကတိနှင့် လူသားတို့ တတ်စွမ်းနိုင်စွမ်း မရှိသော အလုပ်ကို လုပ်ဆောင်ရန် စတင်ခဲ့ပြီး ဖြစ်သောကြောင့်၊ လူများမှာ သူ၌ သာမန် လူ့သဘာဝ မရှိ၊ လုံး၀ သာမန် ဇာတိပကတိ မဟုတ်ဘဲ မပြည့်စုံသော ဇာတိပကတိသာ ရှိသည်ဟု ထင်မှတ်ခဲ့ကြသည်။ သူလုပ်ဆောင်ခဲ့သော အလုပ်ကြောင့် လူများက သူသည် ဇာတိပကတိရှိ ဘုရားသခင်သာ ဖြစ်ပြီး သာမန်လူ့သဘာဝ မရှိဟု ဆိုခဲ့ကြသည်။ လူများက ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို သဘောပေါက်နားလည်နိုင်ခြင်း မရှိသည့်အတွက်၊ ဤအရာမှာ လွဲမှားသော နားလည်မှုပင် ဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင် ဖော်ပြခဲ့သည့် အမှုသည် သာမန် လူ့သဘာဝရှိသော ဇာတိပကတိ၌ ဖော်ပြခဲ့သည့် ဘုရားသဘောသဘာဝ၏ အလုပ်ဖြစ်သောကြောင့် လူတို့ ထိုသို့ နားလည်မှု လွဲကြခြင်းဖြစ်သည်။ ဘုရားသခင်သည် ဇာတိပကတိကို ၀တ်ဆင်ထားပြီး၊ ဇာတိပကတိအထဲတွင် ကျိန်းဝပ်ခဲ့ကာ၊ သူ၏ လူ့သဘာဝထဲရှိ သူ၏အလုပ်သည် သူ၏လူ့သဘာဝ၏ သာမန် သဘောကို မှေးမှိန်စေခဲ့သည်။ ဤအကြောင်းကြောင့်ပင် လူများက ဘုရားသခင်သည် လူ့သဘာဝ မရှိဘဲ ဘုရားသဘောသဘာ၀သာ ရှိသည်ဟု ယုံကြည်ခဲ့ကြခြင်း ဖြစ်သည်။

ပထမ လူ့ဇာတိခံယူသော ဘုရားသခင်သည် လူ့ဇာတိခံယူခြင်း၏ အလုပ်ကို ပြီးမြောက်အောင် မလုပ်ဆောင်ခဲ့ပေ၊ သူသည် ဘုရားသခင် ဇာတိပကတိ၌ လုပ်ဆောင်နိုင်ရန် လိုအပ်ခဲ့သည့် အလုပ်၏ ပထမအဆင့်ကိုသာ ပြီးမြောက်အောင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် လူ့ဇာတိခံယူခြင်း၏ အလုပ်ကို ပြီးဆုံးစေရန် အလို့ငှာ၊ ဘုရားသခင်သည် ဇာတိပကတိသို့ နောက်တစ်ကြိမ် ပြန်ကြွလာခဲ့ပြီး၊ ဇာတိပကတိ၏ သာမန်သဘောနှင့် စစ်မှန်သောသဘော အားလုံးကို အသက်ရှင်နေထိုင်သွားသည်၊ ဆိုလိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လုံး၀ ပုံမှန် ရိုးရိုးဇာတိပကတိထဲတွင် ထင်ရှားပြသစေခြင်း ဖြစ်သည်၊ ဤနည်းအားဖြင့် သူမလုပ်ဆောင်ရသေးသည့် ဇာတိပကတိထဲမှ အလုပ်ကို အဆုံးသတ်သွား၏။ ဒုတိယအကြိမ် ခံယူသော ဇာတိပကတိသည် အနှစ်သာရအားဖြင့် ပထမအကြိမ်နှင့် တူသော်လည်း၊ ပထမအကြိမ်ထက် သာ၍ပင် စစ်မှန်သည်၊ သာ၍ပင် ပုံမှန်ဖြစ်သည်။ အကျိုးဆက်အနေနှင့်၊ ဒုတိယအကြိမ် ခံယူသော ဇာတိပကတိ၏ ခံစားရသော ဆင်းရဲဒုက္ခသည် ပထမအကြိမ်ထက် ပို၍ ကြီးမားသည်၊ သို့သော် ဤဆင်းရဲဒုက္ခသည် လူ့ဇာတိ၌ လုပ်ဆောင်သော သူ့အမှုတော်၏ ရလဒ်သာဖြစ်ပြီး၊ ၎င်းသည် ဖောက်ပြန်ပျက်စီးနေသော လူသားများ၏ ဆင်းရဲဒုက္ခနှင့် ကွဲပြားခြားနားသည်။ ၎င်းသည်လည်း သူ့ဇာတိပကတိ၏ သာမန်သဘောနှင့် စစ်မှန်မှုမှ ပေါ်ထွက်လာခြင်း ဖြစ်သည်။ သူ၏ အမှုတော်ကို သူသည် လုံး၀သာမန်ဖြစ်ကာ စစ်မှန်သော ဇာတိပကတိ၌ ထမ်းဆောင်သည့်အတွက်၊ ဇာတိပကတိသည် အကြီးအကျယ် ခက်ခဲမှုကို ခံရပ်ရပေမည်။ သူ၏ဇာတိပကတိမှာ လက်တွေ့ကျပြီး သာမန်ဖြစ်လေလေ၊ သူ၏ အမှုတော်ကို ထမ်းဆောင်ရာတွင် သူ ဆင်းရဲဒုက္ခခံစားရလေလေ ဖြစ်လိမ့်မည်။ ဘုရားသခင်၏အလုပ်ကို လုံးဝသဘာဝလွန် မဟုတ်သော၊ အလွန်သာမန်ဖြစ်သော ဇာတိပကတိ၌ ဖော်ပြသည်။ သူ၏ ဇာတိပကတိသည် သာမန်ဖြစ်ပြီး လူသားအား ကယ်တင်ခြင်း အလုပ်ကိုလည်း တာ၀န်ယူရမည် ဖြစ်သဖြင့်၊ သူသည် သဘာဝလွန် ဇာတိပကတိက ခံရမည့် ဆင်းရဲဒုက္ခထက် ပို၍ ကြီးမားသော အတိုင်းအတာကို ခံစားခဲ့ရသည်၊ ဤဆင်းရဲဒုက္ခ အားလုံးသည် သူ့ဇာတိပကတိ၏ စစ်မှန်မှုနှင့် သာမန်သဘောမှ ပေါ်ထွက်လာခြင်း ဖြစ်သည်။ သူတို့၏ အမှုတော်များကို ထမ်းဆောင်နေစဉ်အတွင်း ဇာတိပကတိ နှစ်ခု ကြုံတွေ့ခဲ့ရသည့် ဆင်းရဲဒုက္ခမှ လူ့ဇာတိခံယူသော ဇာတိပကတိ၏ အနှစ်သာရကို တွေ့မြင်နိုင်သည်။ ဇာတိပကတိသည် သာမန်ဖြစ်လေလေ၊ အလုပ်ကို ဆောင်ရွက်ချိန်တွင် သူသည် ကြံ့ကြံ့ခံရမည့် အခက်အခဲ ကြီးမားလေလေ ဖြစ်သည်၊ အလုပ်ကို လုပ်ဆောင်သည့် ဇာတိပကတိသည် စစ်မှန်လေလေ၊ လူများ၏ အယူအဆများ ပြင်းထန်လာလေလေ ဖြစ်ပြီး၊ သူ့အပေါ် ဘေးအန္တရာယ်များ ကျရောက်လာနိုင်လေလေ ဖြစ်သည်။ သို့သော်ငြားလည်း ဇာတိပကတိသည် စစ်မှန်လေလေ၊ ဇာတိပကတိသည် လိုအပ်ရာများနှင့် သာမန် သက်ရှိ လူသားတစ်ယောက်၏ အသိစိတ်အပြည့်အစုံတို့ကို ပိုင်ဆိုင်လေလေ ဖြစ်ပြီး၊ ဘုရားသခင်၏ အလုပ်ကို ဇာတိပကတိထဲ၌ သူသည် ဆောင်ရွက်နိုင်စွမ်း ရှိလေလေဖြစ်သည်။ ကားတိုင်ပေါ်တွင် သံမှို ရိုက်နှက်ခြင်း ခံခဲ့ရသည်မှာ ယေရှု၏ ဇာတိပကတိပင် ဖြစ်ပြီး၊ အပြစ်ဖြေရာယဇ်အနေနှင့် ပေးအပ်ခဲ့သော သူ၏ ဇာတိပကတိ ဖြစ်သည်၊ သူစာတန်ကို အနိုင်ယူပြီး လူသားကို လက်ဝါးကပ်တိုင်မှ အပြည့်အ၀ ကယ်တင်ခဲ့ခြင်းမှာလည်း သာမန်လူ့သဘာဝရှိသော ဇာတိပကတိ အားဖြင့်ပင် ဖြစ်သည်။ ထို့အပြင် ဒုတိယအကြိမ် လူ့ဇာတိခံယူသော ဘုရားသခင်သည် သိမ်းပိုက်သော အလုပ်ကို ထမ်းဆောင်ပြီး စာတန်ကို အနိုင်ယူခြင်းမှာလည်း ပြီးပြည့်စုံသော ဇာတိပကတိ အနေနှင့်ပင် ဖြစ်သည်။ လုံး၀ သာမန်ဖြစ်ပြီး စစ်မှန်သော ဇာတိပကတိသာလျှင် သိမ်းပိုက်ခြင်း အလုပ်တစ်ခုလုံးကို ထမ်းဆောင်နိုင်မည်ဖြစ်ပြီး အစွမ်းထက်သော သက်သေခံချက်ပေးနိုင်မည်ဖြစ်သည်။ ဆိုလိုသည်မှာ၊ သဘာဝလွန်သော အံ့သြဖွယ်ရာများနှင့် ထုတ်ဖော်ခြင်းများမှတစ်ဆင့် မဟုတ်ဘဲ၊ ဇာတိပကတိထဲရှိ ဘုရားသခင်၏ စစ်မှန်ခြင်းနှင့် သာမန်သဘောမှတစ်ဆင့်သာ လူသားအား သိမ်းပိုက်ခြင်းကို ထိထိရောက်ရောက် လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ ဤလူ့ဇာတိခံယူသော ဘုရားသခင်၏ အမှုတော်မှာ စကားပြောရန်ဖြစ်ပြီး၊ ဤနည်းဖြင့် လူသားကို သိမ်းပိုက်ပြီး စုံလင်စေရန် ဖြစ်သည်၊ တစ်နည်းဆိုရလျှင်၊ ဇာတိပကတိထဲတွင် ပြီးပြည့်မြောက်သော ဝိညာဉ်တော်၏ အလုပ်၊ ဇာတိပကတိ၏ တာဝန်မှာ စကားပြောရန်ဖြစ်ပြီး ဤနည်းအားဖြင့် လူသားကို လုံး၀သိမ်းပိုက်၊ ဖွင့်ပြကာ စုံလင်စေပြီး ပယ်ရှင်းရန်ပင် ဖြစ်သည်။ ထို့ကြောင့် သိမ်းပိုက်ခြင်း အလုပ်အားဖြင့် ဇာတိပကတိ၌ ဘုရားသခင်၏ အလုပ်သည် အပြည့်အဝ ပြီးမြောက် အောင်မြင်မည် ဖြစ်သည်။ ကနဦး ရွေးနှုတ်ခြင်း အလုပ်သည် လူ့ဇာတိခံယူခြင်း အလုပ်၏ အစအဦးပိုင်းမျှသာ ဖြစ်သည်၊ သိမ်းပိုက်ခြင်း အလုပ်ကို လုပ်ဆောင်သည့် ဇာတိပကတိသည် လူ့ဇာတိခံယူခြင်း၏ အလုပ်တစ်ခုလုံးကို ပြီးပြည့်စုံစေ လိမ့်မည် ဖြစ်သည်။ လိင်သတ်မှတ်ချက်တွင်၊ တစ်ဦးသည် အမျိုးသားဖြစ်ပြီး၊ အခြားတစ်ဦးမှာ အမျိုးသမီး ဖြစ်သည်၊ ထို့ကြောင့် ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်သည် ပြီးပြည့်စုံသွားပြီ ဖြစ်ပြီး၊ ၎င်းသည် ဘုရားသခင်နှင့် ပတ်သက်သည့် လူသားများ၏ အယူအဆများကို ပပျောက်စေသည်၊ ဘုရားသခင်သည် အမျိုးသားရော၊ အမျိုးသမီးပါ နှစ်မျိုးစလုံးဖြစ်နိုင်ပြီး၊ လူ့ဇာတိခံယူသော ဘုရားသခင်သည် အနှစ်သာရအားဖြင့် လိင်သတ်မှတ်ချက် မရှိပေ။ သူသည် ယောက်ျားနှင့် မိန်းမ နှစ်မျိုးစလုံးကို ဖန်ဆင်းခဲ့ပြီး၊ သူ့အတွက် လိင်သတ်မှတ်ချက် မရှိပေ။ အလုပ်၏ ဤအဆင့်တွင် ဘုရားသခင်သည် နိမိတ် လက္ခဏာများနှင့် အံ့ဖွယ်သောအမှုများကို မလုပ်ဆောင်သည်မှာ အလုပ်သည် နှုတ်ကပတ်တော်များအားဖြင့် ရလဒ်များကို ရရှိရန်အတွက် ဖြစ်သည်။ ထို့အပြင်၊ ဤသို့ဖြစ်ရခြင်းအကြောင်းရင်းမှာ လူ့ဇာတိခံယူသော ဘုရားသခင်၏အလုပ်မှာ ဤအကြိမ်တွင် နာမကျန်းသောသူကို ကျန်းမာစေရန်နှင့် နတ်ဆိုးများကို နှင်ထုတ်ရန် မဟုတ်ဘဲ၊ စကားပြောခြင်းအားဖြင့် လူသားကို သိမ်းပိုက်ရန်ဖြစ်သည်၊ ဆိုလိုသည်မှာ ဘုရားသခင် ခံယူထားသော ဤလူ့ဇာတိမှ ပိုင်ဆိုင်ထားသော ပင်ကိုစွမ်းရည်မှာ နှုတ်ကပတ်တော်များကို ပြောဆိုပြီး လူသားကို သိမ်းပိုက်ရန်ပင် ဖြစ်သည်၊ နာမကျန်းသူကို ကျန်းမာစေရန်နှင့် နတ်ဆိုးများကို နှင်ထုတ်ရန်မဟုတ်ပေ။ သာမန် လူ့သဘာဝထဲရှိ သူ၏အလုပ်သည် အံ့သြဖွယ်ရာများကို ပြုလုပ်ရန် မဟုတ်၊ နာမကျန်းသူတို့ကို ကျန်းမာစေရန်နှင့် နတ်ဆိုးများကို နှင်ထုတ်ရန်လည်း မဟုတ်ဘဲ၊ စကားပြောရန် ဖြစ်သည်၊ ထို့ကြောင့် ဒုတိယအကြိမ် ခံယူသော ဇာတိပကတိသည် လူများအတွက် ပထမတစ်ကြိမ်ထက် ပို၍ သာမန်ဖြစ်သည်ဟု ထင်ရသည်။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည် မုသားမဟုတ်မှန်း သိမြင်ကြသော်လည်း၊ ဤလူ့ဇာတိခံယူသော ဘုရားသခင်သည် ယေရှု လူ့ဇာတိခံယူခြင်းနှင့် ကွဲပြားခြားနားပြီး၊ သူတို့ နှစ်ဦးစလုံးသည် လူ့ဇာတိခံယူသော ဘုရားသခင်ဖြစ်သော်လည်း၊ သူတို့သည် လုံး၀တူညီနေခြင်းကား မဟုတ်ပေ။ ယေရှုသည် ပုံမှန် လူ့သဘာဝ၊ သာမန် လူ့သဘာဝကို ပိုင်ဆိုင်ခဲ့သော်လည်း၊ နိမိတ်လက္ခဏာများ၊ အံ့သြဖွယ်ရာများစွာသည် သူနှင့်အတူရှိနေခဲ့သည်။ ဤလူ့ဇာတိခံယူသော ဘုရားသခင်တွင် လူသား၏မျက်လုံးများသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများ၊ နာမကျန်းသောသူများကို ကျန်းမာစေခြင်း၊ နတ်ဆိုးများကို မောင်းထုတ်ခြင်း၊ ပင်လယ်ပေါ်၌ လမ်းလျှောက်ခြင်း၊ ရက်လေးဆယ် အစာရှောင်ခြင်း အစရှိသည်တို့ကို မြင်တွေ့ရလိမ့်မည် မဟုတ်ပေ။…သူသည် ယေရှု လုပ်ဆောင်ခဲ့သည့် အလုပ်ကို မလုပ်ဆောင်ပေ၊ အကြောင်းမှာ သူ၏ ဇာတိပကတိသည် အနှစ်သာရအားဖြင့် ယေရှု၏ ဇာတိပကတိနှင့် ကွဲပြားခြားနားသောကြောင့် မဟုတ်ဘဲ၊ သူ၏ အမှုတော်မှာ နာမကျန်းသောသူများကို ကျန်းမာစေရန်နှင့် နတ်ဆိုးများကို နှင်ထုတ်ရန် မဟုတ်သည့် အတွက်ကြောင့်ပင် ဖြစ်သည်။ သူသည် သူကိုယ်တိုင်၏ အလုပ်ကို မဖြိုဖျက်ပေ၊ သူကိုယ်တိုင်၏အလုပ်ကို မနှောင့်ယှက်ပေ။ သူသည် လူသားကို သူ၏ စစ်မှန်သော နှုတ်ကပတ်တော်များအားဖြင့် သိမ်းပိုက်သည့်အတွက်၊ လူသားကို အံ့သြဖွယ်ရာများနှင့် ချိုးနှိမ်ရန် မလိုအပ်တော့ပေ၊ ထို့ကြောင့် ဤအဆင့်သည် လူ့ဇာတိခံယူခြင်း အလုပ်ကို ပြီးပြည့်စုံစေရန် ဖြစ်သည်။ သင်ယနေ့ မြင်တွေ့ရသည့် လူ့ဇာတိခံယူသော ဘုရားသခင်သည် ဇာတိပကတိ လုံးလုံးလျားလျား ဖြစ်ပြီး၊ သူနှင့်ပတ်သက်ပြီး မည်သည့် သဘာဝလွန် အရာမျှ မရှိပေ။ သူသည် အခြားသူများကဲ့သို့ ဖျားနာသည်၊ အခြားသူများကဲ့သို့ပင် အစားအစာနှင့် အဝတ်အထည်ကို လိုအပ်သည်။ သူသည် အပြည့်အ၀ ဇာတိပကတိတစ်ရပ် ဖြစ်သည်။ ဤတစ်ကြိမ်တွင်၊ လူ့ဇာတိခံယူသော ဘုရားသခင်သည် သဘာဝလွန်သော နိမိတ် လက္ခဏာများနှင့် အံ့ဖွယ်သော အမှုများကို ပြုလုပ်ပြီး၊ နာမကျန်းသောသူတို့ကို ကျန်းမာစေသည်၊ နတ်ဆိုးများကို နှင်ထုတ်သည်၊ သို့မဟုတ် နှုတ်ကပတ်တော်တစ်ခွန်းတည်းနှင့် သေစေနိုင်စွမ်း ရှိသည်ဆိုပါက၊ သိမ်းပိုက်ခြင်း အလုပ်ကို မည်သို့ လုပ်ဆောင်နိုင်မည်နည်း။ တစ်ပါးအမျိုးသား တိုင်းပြည်များသို့ ထိုအလုပ်သည် မည်သို့မည်ပုံ ပျံ့နှံ့နိုင်မည်နည်း။ နာမကျန်းသောသူများကို ကျန်းမာစေခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်းသည် ကျေးဇူးတော်ခေတ်၏ အလုပ်ဖြစ်ပြီး၊ ရွေးနုတ်ခြင်းအလုပ်၏ ပထမအဆင့်လည်း ဖြစ်သည်၊ ယခုတွင် ဘုရားသခင်သည် လက်ဝါးကပ်တိုင်အားဖြင့် လူသားကို ကယ်တင်ခဲ့ပြီး ဖြစ်သောကြောင့်၊ သူသည် ထိုအလုပ်ကို မလုပ်ဆောင်တော့ပေ။ အကယ်၍ နောက်ဆုံးသော ကာလတွင် နာမကျန်းသောသူကို ကျန်းမာစေပြီး၊ နတ်ဆိုးများကို နှင်ထုတ်ကာ၊ လူသားအတွက် ကားစင်တင်ခံမည့် ယေရှုနှင့် အတူတူပင်ဖြစ်သော “ဘုရားသခင်” တစ်ပါး ပေါ်ထွက်လာခဲ့မည် ဆိုပါက၊ သမ္မာကျမ်းစာထဲရှိ ဘုရားသခင်၏ ဖော်ပြချက်များနှင့် ထပ်တူထပ်မျှဖြစ်ပြီး လူသားအတွက် လက်ခံရန် လွယ်ကူသော်ငြားလည်း၊ ၎င်း၏ အနှစ်သာရအရ ဘုရားသခင်၏ ဝိညာဉ်တော်က ယူတင်ဝတ်ဆင်ထားသော ဇာတိပကတိ ဖြစ်လိမ့်မည် မဟုတ်ဘဲ၊ နတ်ဆိုးက ယူတင်ဝတ်ဆင်ထားသော ဇာတိပကတိသာလျှင် ဖြစ်လိမ့်မည်။ အကြောင်းမှာ သူပြီးပြည့်စုံစေခဲ့ပြီးသော အရာကို မည်သည့်အခါမျှ ထပ်မလုပ်သည်မှာ ဘုရားသခင် အလုပ်၏ အခြေခံသဘောတရား ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့်ပင် ဘုရားသခင် ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်း၏ အလုပ်သည်လည်း ပထမအကြိမ်၏ အလုပ်နှင့် ကွဲပြားခြားနားသည်။ နောက်ဆုံးသော ကာလတွင်၊ ဘုရားသခင်သည် သိမ်းပိုက်ခြင်း အလုပ်ကို ရိုးရိုးပုံမှန် ဇာတိပကတိထဲတွင် အကောင်အထည်ဖော်သည်၊ သူသည် နာမကျန်းသူတို့ကို ကျန်းမာစေခြင်းမပြု၊ လူသားအတွက် ကားစင်တင်ခံရလိမ့်မည် မဟုတ်ဘဲ၊ ဇာတိပကတိ၌ ရိုးစင်းစွာနှင့် နှုတ်ကပတ်တော်များကို ပြောဆိုမည်ဖြစ်ပြီး၊ ဇာတိပကတိ၌ လူသားကို သိမ်းပိုက်မည် ဖြစ်သည်။ ထိုကဲ့သို့သော ဇာတိပကတိသာလျှင် ဘုရားသခင် ခံယူသော ဇာတိပကတိဖြစ်သည်၊ ထိုကဲ့သို့သော ဇာတိပကတိသာလျှင် ဘုရားသခင်၏ ဇာတိပကတိ၌ အလုပ်ကို ပြီးပြည့်စုံစေနိုင်မည် ဖြစ်သည်။

ဤအဆင့်တွင် လူ့ဇာတိခံယူသော ဘုရားသခင်သည် အခက်အခဲကို ကြံ့ကြံ့ခံနေသည် ဖြစ်စေ၊ သူ၏ အမှုတော်ကို ထမ်းဆောင်နေရသည် ဖြစ်စေ၊ လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်ကို ပြီးပြည့်စုံစေရန် ထိုကဲ့သို့ သူလုပ်ဆောင်ခြင်း ဖြစ်သည်၊ အကြောင်းမှာ ဤသည်ကား ဘုရားသခင်၏ နောက်ဆုံး လူ့ဇာတိခံယူခြင်း ဖြစ်သောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် နှစ်ကြိမ်တည်းသာ လူ့ဇာတိခံယူနိုင်သည်။ တတိယအကြိမ် မရှိနိုင်ပေ။ ပထမ လူ့ဇာတိခံယူခြင်းသည် အမျိုးသားဖြစ်ခဲ့ပြီး၊ ဒုတိယသည် အမျိုးသမီး ဖြစ်သည့်အတွက်ကြောင့်၊ ဘုရားသခင် ဇာတိပကတိ၏ ပုံရိပ်သည် လူသား၏ စိတ်တွင် ပြီးပြည့်စုံသွားပြီ ဖြစ်သည်၊ ထို့အပြင် လူ့ဇာတိခံယူခြင်း နှစ်ကြိမ်သည် ဇာတိပကတိထဲ၌ ဘုရားသခင်၏ အလုပ်ကို ပြီးဆုံးစေ ခဲ့ပြီးဖြစ်သည်။ ပထမအကြိမ် လူ့ဇာတိခံယူသော ဘုရားသခင်သည် လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်ကို ပြီးပြည့်စုံစေရန် အလို့ငှါ ပုံမှန် လူ့သဘာဝကို ပိုင်ဆိုင်ခဲ့သည်။ ဤတစ်ကြိမ်တွင်လည်း သူသည် သာမန် လူ့သဘာဝကို ပိုင်ဆိုင်ထားသော်လည်း၊ ဤလူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်မှာမူ ကွဲပြားခြားနားသည်၊ ယင်းသည် ပို၍နက်ရှိုင်းပြီး၊ သူ၏ အလုပ်သည် သာ၍ နက်နဲသော အဓိပ္ပာယ် ရှိသည်။ ဘုရားသခင် လူ့ဇာတိကို နောက်တစ်ကြိမ် ပြန်၍ခံယူရခြင်း၏ အကြောင်းရင်းမှာ လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်ကို ပြီးပြည့်စုံစေရန် ဖြစ်သည်။ ဘုရားသခင်သည် သူ့အလုပ်၏ ဤအဆင့်ကို လုံး၀နိဂုံးချုပ်ပြီးသောအခါ၊ လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်အလုံးစုံ၊ ဆိုလိုသည်မှာ၊ ဇာတိပကတိ၌ ဘုရားသခင်၏ အလုပ်သည် ပြီးပြည့်စုံလိမ့်မည် ဖြစ်ပြီး၊ ဇာတိပကတိထဲတွင် လုပ်ဆောင်ရမည့် အလုပ်ရှိတော့မည် မဟုတ်ပေ။ ဆိုလိုသည်မှာ၊ ယခုအချိန်မှစ၍ ဘုရားသခင်သည် သူ၏အလုပ်ကို ဆောင်ရွက်ရန် ဇာတိပကတိသို့ နောက်တစ်ဖန် ဘယ်သောအခါမျှ ပြန်ကြွလာတော့မည် မဟုတ်ပေ။ လူသားမျိုးနွယ်ကို ကယ်တင်ရန်နှင့် စုံလင်စေရန်သာ ဘုရားသခင်သည် လူ့ဇာတိခံယူခြင်းအလုပ်ကို လုပ်ဆောင်ခြင်းဖြစ်သည်။ တစ်နည်းဆိုရလျှင်၊ သူ့အလုပ်အတွက်မှလွဲ၍ လူ့ဇာတိခံယူဖို့ ဆိုသည်မှာ ဘုရားသခင် လုပ်လေ့လုပ်ထရှိသည့် အရာတစ်ခု လုံးဝ မဟုတ်ပေ။ အလုပ်လုပ်ဆောင်ရန် ဇာတိပကတိထဲသို့ ကြွလာခြင်းအားဖြင့်၊ သူသည် စာတန်ကို ဘုရားသခင်မှာ ဇာတိပကတိ၊ သာမန် လူပုဂ္ဂိုလ်တစ်ဦး၊ ပုံမှန် လူပုဂ္ဂိုလ်တစ်ဦး ဖြစ်သော်ငြားလည်း၊ သူသည် လောကအပေါ် ထူးကဲ အောင်မြင်စွာ အုပ်စိုးနိုင်ပြီး၊ စာတန်ကို နှိမ်နှင်းနိုင်ကာ၊ လူသားမျိုးနွယ်ကို ရွေးနုတ်ကယ်တင်ပြီး၊ လူသားမျိုးနွယ်ကို သိမ်းပိုက်နိုင်ကြောင်း ပြခြင်းဖြစ်သည်။ စာတန်၏အလုပ်၏ပန်းတိုင်မှာ လူသားမျိုးနွယ်ကို ဖျက်စီးရန် ဖြစ်ပြီး၊ ဘုရားသခင်၏ ပန်းတိုင်မှာမူ လူသားမျိုးနွယ်ကို ကယ်တင်ရန် ဖြစ်သည်။ စာတန်သည် လူသားကို အောက်ခြေမဲ့သော တွင်းနက်ထဲတွင် ပိတ်လှောင်ပြီး၊ ဘုရားသခင်ကမူ လူသားကို ထိုတွင်းထဲမှ ကယ်နုတ်သည်။ စာတန်သည် လူသားအားလုံးကို သူ့အား ကိုးကွယ်စေသည်၊ ဘုရားသခင်ကမူ ၎င်းတို့အား သူ၏ အုပ်စိုးမှုကို ခံစေသည်၊ အကြောင်းမှာ သူသည် ဖန်ဆင်းခြင်း၏ သခင်ဖြစ်သောကြောင့် ဖြစ်သည်။ ဤအလုပ်အားလုံးသည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း နှစ်ကြိမ်စလုံးမှတစ်ဆင့် ရရှိခဲ့ခြင်း ဖြစ်သည်။ သူ၏ ဇာတိပကတိသည် အနှစ်သာရအားဖြင့် ဘုရား၏သဘောသဘာဝနှင့် လူ့သဘာဝတို့ ပေါင်းစပ်ခြင်းပင်ဖြစ်ပြီး ပုံမှန် လူ့သဘာဝကို ပိုင်ဆိုင်သည်။ ထို့ကြောင့် ဘုရားသခင် ခံယူသော ဇာတိပကတိ မရှိပါက၊ ဘုရားသခင်သည် လူသားမျိုးနွယ်အား ကယ်တင်ရာတွင် ရလဒ်များကို ရရှိနိုင်မည် မဟုတ်ပေ၊ သူ့ဇာတိပကတိ၏ သာမန်လူ့သဘာဝ မရှိပါကလည်း၊ ဇာတိပကတိ၌ သူ၏ အလုပ်သည်လည်း ဤရလဒ်များကို ရနိုင်ဦးမည် မဟုတ်ပေ။ ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ အနှစ်သာရမှာ သူသည် သာမန်လူ့သဘာဝကို ပိုင်ဆိုင်ရမည်အတွက် ဖြစ်သည်၊ အကြောင်းမှာ ဤကဲ့သို့မဟုတ်ပါက လူ့ဇာတိခံယူရခြင်းတွင် ဘုရားသခင်၏ မူလရည်ရွယ်ချက်နှင့် ဆန့်ကျင်နေမည် ဖြစ်သည်။

ယေရှု၏အလုပ်၌ လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်မှာ ပြီးပြည့်စုံခဲ့ခြင်းမရှိဟု ငါပြောရခြင်းမှာ အဘယ်ကြောင့်နည်း။ အကြောင်းမှာ နှုတ်ကပတ်တော်သည် ဇာတိပကတိ လုံးလုံးလျားလျား ဖြစ်မလာခဲ့သောကြောင့် ဖြစ်သည်။ ယေရှုပြုခဲ့သည့်အရာမှာ ဇာတိပကတိ၌ ဘုရားသခင်၏အလုပ်၏ တစ်ပိုင်းမျှသာ ဖြစ်သည်၊ သူသည် ရွေးနုတ်ခြင်း အလုပ်ကိုသာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ လူသားအား လုံး၀ ရယူပိုင်ဆိုင်ခြင်း အလုပ်ကို မလုပ်ဆောင်ခဲ့ပေ။ ဤအကြောင်းကြောင့် ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် နောက်တစ်ကြိမ် လူ့ဇာတိခံယူခြင်းဖြစ်သည်။ အလုပ်၏ ဤအဆင့်ကိုလည်း သာမန်ဇာတိပကတိ၌ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ လုံး၀ သာမန်ဖြစ်သော၊ လူ့သဘာဝမှာ စိုးစဉ်းမျှပင် ထူးကဲသာလွန်ခြင်း မရှိသော လူသားတစ်ဦးမှ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ အခြားတစ်နည်းနှင့် ဆိုရလျှင်၊ ဘုရားသခင်သည် လူသား လုံး၀ ဖြစ်သွားသည်၊ သူ၏ကိုယ်ပိုင်လက္ခဏာသည် ဘုရားသခင်၏ ကိုယ်ပိုင်လက္ခဏာ ဖြစ်ပြီး၊ အလုပ်ကို လုပ်ဆောင်နေသည့် လုံး၀သက်ရှိလူသား၊ လုံး၀ ဇာတိပကတိ ဖြစ်သည်။ လူ့မျက်စိသည် ကောင်းကင် ဘာသာစကားကို ပြောဆိုနိုင်သော ပကတိ သာမန်လူပုဂ္ဂိုလ် တစ်ဦး၊ စည်းဝေးခန်းမကြီးများတွင် ဘာသာရေး၏ အတွင်းကျသော သမ္မာတရားကို ထုတ်ဖော်ပြရန် မဆိုထားနှင့် အံ့သြဖွယ် နိမိတ်လက္ခဏာများ ဘာမျှမပြသူ၊ အံ့ဖွယ်ရာများ ဘာမျှ မလုပ်ဆောင်သော၊ လုံး၀ ထူးကဲသာလွန်ခြင်း မရှိသော ဇာတိခန္ဓာကို မြင်သည်။ ဒုတိယ အကြိမ် ခံယူသော ဇာတိပကတိ၏ အလုပ်သည် လူများအတွက် ပထမ အကြိမ်နှင့် လုံးဝ မတူကွဲပြား နေသကဲ့သို့ ထင်ရသည်၊ ကွဲပြားလွန်းလှသည့်အတွက် သူတို့နှစ်ခုတွင် တူသောအရာ ဘာမျှ မရှိဟု ထင်မှတ်ရပြီး၊ ပထမ အလုပ်နှင့်သက်ဆိုင်သော မည်သည့်အရာကိုမျှ ဤတစ်ကြိမ်တွင် မမြင်တွေ့နိုင်ပေ။ ဒုတိယအကြိမ် ခံယူသော ဇာတိပကတိ၏ အလုပ်သည် ပထမအကြိမ်၏ အလုပ်နှင့် ကွဲပြားခြားနားသော်လည်း၊ ထိုအချက်က သူတို့၏ အရင်းအမြစ်သည် တူညီသောအရာ တစ်ခုတည်းမဟုတ်ကြောင်း သက်သေမပြပေ။ သူတို့၏ အရင်းအမြစ်သည် တစ်ခုတည်း ဟုတ်၊ မဟုတ် ဆိုသည်မှာ သူတို့၏ အပြင်ပိုင်းကိုယ်ထည်များအပေါ်၌ မူတည်ခြင်း မရှိဘဲ၊ ဇာတိပကတိများမှ လုပ်ဆောင်ခဲ့သည့် အလုပ်၏ သဘာဝအပေါ်တွင်သာ မူတည်သည်။ သူ့အလုပ်၏ အဆင့်သုံးဆင့် အတောအတွင်း၊ ဘုရားသခင်သည် နှစ်ကြိမ် လူ့ဇာတိခံယူခဲ့ပြီး၊ နှစ်ကြိမ်စလုံးတွင် ဘုရားသခင်၏ လူ့ဇာတိခံယူသော အလုပ်သည် ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ပေးသည်၊ အလုပ်သစ်တစ်ခုကို အစပြုပေးသည်၊ လူ့ဇာတိခံယူခြင်းများသည် တစ်ခုနှင့်တစ်ခု အပြန်အလှန် ပြည့်စုံစေသည်။ အမှန်တကယ်အားဖြင့် ဇာတိပကတိနှစ်ပါးသည် အရင်းအမြစ် တစ်ခုတည်းမှ လာသည် ဆိုခြင်းကို လူသားမျက်လုံးများဖြင့် မြင်နိုင်ရန်မှာမူ မဖြစ်နိုင်ပေ။ ထိုသို့မြင်နိုင်ဖို့ဆိုသည်မှာ လူသားမျက်လုံးနှင့် လူသားစိတ်တို့၏ တတ်စွမ်းနိုင်သည်ထက် လွန်သည်ဆိုခြင်းကို ပြောရန်ပင် မလိုအပ်ပေ။ သို့သော် ၎င်းတို့၏ အနှစ်သာရ၌မူ ၎င်းတို့သည် အတူတူပင်ဖြစ်သည်၊ အကြောင်းမှာ သူတို့၏ အလုပ်သည် ဝိညာဉ်တော်တစ်ပါးတည်းမှ အရင်းခံသောကြောင့် ဖြစ်သည်။ ခံယူသော ဇာတိပကတိ နှစ်ပါးသည် တူညီသော အရင်းအမြစ်မှ ပေါ်ထွက်လာခြင်း ဟုတ်၊ မဟုတ်ဆိုသည်ကို သူတို့ မွေးဖွားခဲ့သည့် ခေတ်ကာလနှင့် နေရာဒေသများအားဖြင့် သို့မဟုတ် ထိုကဲ့သို့သော အခြားအကြောင်းရင်းများဖြင့် ဆုံးဖြတ်၍ မရဘဲ၊ သူတို့မှ ဖော်ပြသည့် ဘုရားသဘောသဘာဝ အလုပ်အားဖြင့်သာ ဆုံးဖြတ်၍ ရမည်ဖြစ်သည်။ ဒုတိယအကြိမ် ခံယူသော ဇာတိပကတိသည် ယေရှုလုပ်ဆောင်ခဲ့သော အလုပ်နှင့်သက်ဆိုင်သော မည်သည့်အရာကိုမျှ ဆောင်ရွက်ခြင်းမရှိပေ၊ အကြောင်းမှာ ဘုရားသခင်၏ အလုပ်သည် လုပ်ရိုးလုပ်စဉ်များကို မလိုက်နာဘဲ၊ အကြိမ်တိုင်းတွင် ၎င်းသည် လမ်းကြောင်းအသစ်ကို ဖွင့်ပေးသောကြောင့် ဖြစ်သည်။ ဒုတိယအကြိမ် ခံယူသော ဇာတိပကတိသည် လူများ၏ စိတ်ထဲရှိသော ပထမ ဇာတိပကတိအပေါ် ထင်မြင်ချက်ကို နက်ရှိုင်းစေရန် သို့မဟုတ် ခိုင်ခံ့စေရန် မရည်ရွယ်ဘဲ၊ ဖြည့်စွက်ရန်နှင့် စုံလင်စေရန်၊ ဘုရားသခင်နှင့် ပတ်သက်သည့် လူသား၏ အသိပညာကို နက်ရှိုင်းစေရန်၊ လူတို့၏ နှလုံးသားများထဲ၌ တည်ရှိသော စည်းကမ်းများ အားလုံးကို ချိုးဖျက်ရန်နှင့် သူတို့၏ နှလုံးသားများထဲ၌ ရှိသော ဘုရားသခင်နှင့် ပတ်သက်သည့် မှားယွင်းသော ပုံရိပ်ကို သုတ်သင်ပယ်ရှင်းရန် ဖြစ်သည်။ ဘုရားသခင် ကိုယ်တိုင်၏အလုပ်၏ မည်သည့်သီးသန့်အဆင့် တစ်ဆင့်ကမျှ လူသားကို ကိုယ်တော်နှင့်ပတ်သက်သည့် စုံလင်သည့် အသိပညာကို မပေးနိုင်ဟု ပြော၍ရသည်၊ တစ်ဆင့်စီသည် အစိတ်အပိုင်း တစ်ခုကိုသာ ပေးပြီး၊ အလုံးစုံကို မပေးပေ။ ဘုရားသခင်သည် သူ၏ စိတ်သဘောထားကို အပြည့်အဝ ဖော်ပြခဲ့ပြီး ဖြစ်သော်လည်း၊ လူသား၏ နည်းပါးသော နားလည်နိုင်စွမ်းကြောင့် ဘုရားသခင်နှင့် ပတ်သက်သော သူ၏ အသိပညာမှာ မပြည့်မစုံဘဲ ရှိနေသည်။ လူ့ဘာသာ စကားကို အသုံးပြု၍ ဘုရားသခင်၏ စိတ်သဘောထား အလုံးစုံကို ဖော်ပြရန်မှာ မဖြစ်နိုင်ပေ၊ ထို့အပြင်၊ သူ့အလုပ်၏ အဆင့်တစ်ဆင့်တည်းက ဘုရားသခင်ကို အပြည့်အဝ အဘယ်သို့ ဖော်ပြနိုင်မည်နည်း။ သူ့သာမန် လူ့သဘာဝဖြင့် ကွယ်ဝှက်ထားသော ဇာတိပကတိဖြင့် သူအလုပ်လုပ်ပြီး သူ၏ ခန္ဓာကိုယ်ထည်အားဖြင့် မဟုတ်ဘဲ သူ၏ဘုရားသဘောသဘာဝ၏ ဖော်ပြမှုများအားဖြင့်သာ သူ့ကို သိကျွမ်းနိုင်သည်။ သူ၏ အမျိုးမျိုးသော အလုပ်အားဖြင့် လူသားက သူ့အားသိကျွမ်း လာနိုင်စေရန် ဘုရားသခင်သည် ဇာတိပကတိထဲသို့ ဆင်းကြွလာခြင်းဖြစ်ပြီး၊ သူ့အလုပ်၏ အဆင့်များသည် တစ်ဆင့်နှင့် တစ်ဆင့်လုံးဝ မတူပေ။ ဤနည်းလမ်းအားဖြင့်သာ လူသားသည် ရှုထောင့်တစ်ခုတည်းတွင်ပင် ပိတ်မိမနေဘဲ ဇာတိပကတိထဲရှိ ဘုရားသခင်၏အလုပ်နှင့် ပတ်သက်သည့် ပြည့်စုံသော အသိပညာကို ရရှိနိုင်မည်ဖြစ်သည်။ ခံယူသော ဇာတိပကတိ နှစ်ခု၏ အလုပ်သည် ကွဲပြားခြားနား သော်ငြားလည်း၊ ထိုဇာတိပကတိများ၏ အနှစ်သာရနှင့် သူတို့ အလုပ်၏ အရင်းအမြစ်မှာ ထပ်တူပင် ဖြစ်သည်၊ သူတို့သည် အလုပ်၏ မတူကွဲပြားသော အဆင့်နှစ်ဆင့်ကို ထမ်းဆောင်ရန် တည်ရှိပြီး၊ မတူကွဲပြားသော ခေတ်နှစ်ခေတ်တွင် ပေါ်ထွက်လာခြင်းသာ ဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ၊ ဘုရားသခင်ခံယူသော ဇာတိပကတိများသည် အနှစ်သာရချင်းတူပြီး အရင်းအမြစ်တူသည်၊ ဤအရာသည် မည်သူမျှ ငြင်းဆို၍ မရနိုင်သော သမ္မာတရားပင် ဖြစ်သည်။

အရှေ့သို့- ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်သည်

နောက်တစ်ခုသို့- ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ခေါ်ခြင်းခံရသူ များသော်လည်း ရွေးကောက်ခံရသူ နည်းပါး၏

ဤကမ္ဘာပေါ်၌ ငါ၏နောက်လိုက်များ ဖြစ်လာစေရန် လူအမြောက်အမြားကို ရှာတွေ့ထားသည်။ ထိုနောက်လိုက်များ အားလုံးအထဲ၌ ယဇ်ပုရောဟိတ်များ၊...

အမှုတော်နှင့် ဝင်ရောက်ခြင်း (၄)

လူသားသည် သန့်ရှင်းသောဝိညာဉ်တော်၏အလုပ်နှင့်အညီ စစ်မှန်စွာ ဝင်ရောက်နိုင်ပါက၊ သူ၏ဘဝသည် နွေဦးမိုးရွာပြီးနောက် မျှစ်စို့ပေါက်လာသကဲ့သို့၊...

ဘုရားသခင်အတွက် စစ်မှန်သောချစ်ခြင်းသည် အလိုအလျောက် ဖြစ်သည်

လူအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကြောင့် စစ်ဆေးခြင်းကို ခံကြရသည်။ ဘုရားသခင်သည် လူ့ဇာတိ မခံယူပြီးခဲ့ပါက၊ လူသားမျိုးနွယ်သည်...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေများ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်