၃။ ဘုရားသခင်ကို ယုံကြည်ရာ၌ သင်သည် ဘုရားသခင်နှင့် သာမန် ဆက်ဆံရေးကို တည်ဆောက်သင့်သည်
ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-
ဘုရားသခင်ကို ယုံကြည်ရာတွင်၊ သင်သည် အနည်းဆုံးအနေဖြင့် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးရှိခြင်းနှင့် သက်ဆိုင်သည့် ကိစ္စကို ဖြေရှင်းရမည်။ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးမရှိပါက၊ ဘုရားသခင်၌ သင်၏ယုံကြည်ခြင်း၏ အဓိပ္ပာယ် ပျောက်ဆုံးသွားသည်။ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး တည်ဆောက်ခြင်းကို ဘုရားသခင်၏ မျက်မှောက်တွင် ငြိမ်သက်သောစိတ်နှလုံးဖြင့် လုံးဝ ရရှိနိုင်ပေသည်။ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးရှိခြင်းမှာ ဘုရားသခင်၏ မည်သည့်အမှုကိုမဆို သံသယမဝင်နိုင်ခြင်း၊ မငြင်းပယ်နိုင်ခြင်းနှင့် သူ၏ အမှုကို နာခံနိုင်ခြင်း ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ မျက်မှောက်တွင် မှန်ကန်သော ရည်ရွယ်ချက်များ ရှိခြင်း၊ မိမိကိုယ်တိုင်အတွက် အစီအစဉ်များ မလုပ်ခြင်းနှင့် အရာခပ်သိမ်းတွင် ဘုရားမိသားစု၏ အကျိုးစီးပွားများကို ပထမဦးစွာ စဉ်းစားဆင်ခြင်ခြင်းတို့ကို ဆိုလိုသည်။ ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို လက်ခံခြင်းနှင့် ဘုရားသခင်၏ စီမံမှုများအား ကျိုးနွံနာခံခြင်းတို့ကို ဆိုလိုသည်။ သင် လုပ်ဆောင်သမျှ၌ ဘုရားသခင်၏ မျက်မှောက်တွင် သင်၏ စိတ်နှလုံးကို ငြိမ်သက်စေနိုင်ရမည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင်နားမလည်လျှင်ပင်၊ သင်၏တာဝန်နှင့် ဝတ္တရားများကို သင်စွမ်းဆောင်နိုင်သမျှ အကောင်းဆုံး ဖြည့်ဆည်းနေဆဲ ဖြစ်ရမည်။ ဘုရားသခင်၏ရည်ရွယ်ချက်များသည် သင့်ထံ ထုတ်ဖော်ပြသည်နှင့်တစ်ပြိုင်နက် ဆောင်ရွက်လော့၊ ယင်းသည် နောက်ကျလွန်းလိမ့်မည်မဟုတ်။ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်လာသည့်အခါ သင်သည် လူများနှင့်လည်း ပုံမှန်ဆက်ဆံရေးများ ရှိလိမ့်မည်။ ဘုရားသခင်နှင့် ပုံမှန်ပေါင်းသင်းဆက်ဆံရေး တည်ဆောက်ဖို့အလို့ငှာ၊ အရာအားလုံးကို ဘုရားနှုတ်ကပတ်တော်များ၏ အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ရမည်၊ သင်၏တာဝန်ကို ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် ဘုရားသခင် တောင်းဆိုသည့်အရာတို့နှင့်အညီ ထမ်းဆောင်နိုင်ရမည် ဖြစ်သည်၊ သင်၏အမြင်များကို ပြင်ဆင်ရမည်ဖြစ်ပြီး အရာခပ်သိမ်းတွင် သမ္မာတရားကို ရှာဖွေရမည် ဖြစ်သည်။ သမ္မာတရားကို သင်နားလည်သောအခါတွင် ယင်းကို သင် လက်တွေ့လုပ်ဆောင်ရမည်ဖြစ်ပြီး သင့်ကို မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ၊ သင်သည် ဘုရားသခင်ထံ ဆုတောင်းရမည် ဖြစ်ကာ ဘုရားသခင်ကို ကျိုးနွံနာခံသော စိတ်နှလုံးဖြင့် ရှာဖွေရမည်။ ထိုသို့လက်တွေ့လုပ်ဆောင်ခြင်းဖြင့်၊ သင်သည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခုကို ထိန်းသိမ်းနိုင်လိမ့်မည်။ တစ်ချိန်တည်းမှာပင် သင်၏တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ရင်း ဘုရားသခင် ရွေးချယ်ထားသူများ၏ အသက်ဝင်ရောက်မှုကို အကျိုးမဖြစ်စေသည့်အရာ တစ်ခုမျှ မလုပ်မိစေရန်လည်း သေချာစေရမည်၊ ပြီးလျှင် ညီအစ်ကိုမောင်နှမများကို အထောက်အကူ မဖြစ်စေသည့်အရာကို ပြော၍မဖြစ်ပေ။ ယုတ်စွအဆုံး၊ သင်၏အသိစိတ်ကို ဆန့်ကျင်သည့် မည်သည့်အရာကိုမျှ လုပ်၍မဖြစ်သကဲ့သို့၊ ရှက်ဖွယ်ကောင်းသည့်အရာ တစ်ခုမျှ လုံးဝ လုပ်ဆောင်၍မဖြစ်ပေ။ အထူးသဖြင့် ဘုရားသခင်ကို ပုန်ကန်သောအရာ၊ သို့မဟုတ် ခုခံသောအရာကို သင် လုံးဝ လုပ်ဆောင်၍မဖြစ်ပေ၊ ပြီးလျှင် အသင်းတော်၏ အလုပ်၊ သို့မဟုတ် အသင်းတော်အသက်တာကို နှောင့်ယှက်သည့်အရာ တစ်ခုမျှ သင် လုပ်၍မဖြစ်ပေ။ သင် လုပ်သမျှတိုင်းတွင် တရားမျှတပြီး ဂုဏ်သိက္ခာရှိကာ သင်၏ လုပ်ရပ်တိုင်းက ဘုရားသခင်၏ ရှေ့မှောက်၌ တင့်တယ်သည်ကို သေချာစေလော့။ တစ်ခါတစ်ရံတွင် ဇာတိပကတိသည် အားနည်းကောင်း အားနည်းနိုင်သော်လည်း၊ တစ်ကိုယ်ရေ အကျိုးအမြတ်အတွက် လောဘမကြီးဘဲ၊ တစ်ကိုယ်ကောင်းဆန်သည့်အရာ၊ သို့မဟုတ် စက်ဆုပ်ဖွယ်ကောင်းသည့်အရာ တစ်ခုမျှ မလုပ်ဘဲ၊ သင့်ကိုယ်သင် မကြာခဏ သုံးသပ်လျက်၊ ဘုရားသခင်၏မိသားစု အကျိုးများကို သင် ဦးစားပေးနိုင်ရမည်ဖြစ်သည်။ ဤနည်းအားဖြင့် သင်သည် ဘုရားသခင်၏ရှေ့မှောက်တွင် မကြာခဏ အသက်ရှင်နိုင်လိမ့်မည် ဖြစ်ပြီး ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် လုံးလုံး ပုံမှန်ဖြစ်လာပေလိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေး မည်သို့ရှိသနည်း
သင် လုပ်သည့်အရာတိုင်းတွင်၊ သင်၏ ရည်ရွယ်ချက်များ မှန်သည်၊ မမှန်သည်ကို သင် ဆန်းစစ်ရမည်။ ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း သင်လုပ်ဆောင်နိုင်ပါက ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်ပေသည်။ ဤသည်မှာ အနိမ့်ဆုံး စံနှုန်းဖြစ်သည်။ သင်၏ ရည်ရွယ်ချက်များကို ဆန်းစစ်လော့၊ ပြီးလျှင် မမှန်ကန်သော ရည်ရွယ်ချက်များ ထွက်ပေါ်သည်ကို ရှာတွေ့ပါက၊ ထိုအရာများကို ပုန်ကန်နိုင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ လုပ်ဆောင်နိုင်စွမ်းရှိလော့။ ထိုသို့ဖြင့် သင်သည် ဘုရားသခင်၏ ရှေ့မှောက်တွင် မှန်ကန်သောသူတစ်ဦး ဖြစ်လာလိမ့်မည်၊ အပြန်အလှန်အားဖြင့် ယင်းသည် ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်သည်ကို ပြသပြီး၊ သင်လုပ်ဆောင်သမျှတို့သည် သင် ကိုယ်တိုင်အတွက် မဟုတ်၊ ဘုရားသခင်အတွက် ဖြစ်သည်ကို ပြပေသည်။ သင် လုပ်ဆောင်သမျှနှင့် ပြောဆိုသမျှတွင်၊ သင်၏စိတ်နှလုံးကို တည့်မှန်အောင်ထားနိုင်ပြီး၊ သင်၏ လုပ်ရပ်များတွင် တရားမျှတနိုင်စွမ်းရှိလော့၊ ပြီးလျှင် သင့်ခံစားချက်များ၏ ဦးဆောင်မှုကို မခံနှင့်၊ သို့မဟုတ် သင်ကိုယ်တိုင်၏ အလိုအတိုင်း မလုပ်ဆောင်နှင့်။ ဤသည်တို့မှာ ဘုရားသခင်ကို ယုံကြည်သူများ မိမိတို့ကိုယ်ကိုယ် ပြုမူနေထိုင်ရမည့် အခြေခံစည်းမျဉ်းများဖြစ်သည်။ သေးငယ်သောအရာများက လူတစ်ဦး၏ ရည်ရွယ်ချက်များနှင့် ဝိညာဉ်ရင့်ကျက်မှုတို့ကို ထုတ်ဖော်ပြနိုင်သောကြောင့်၊ တစ်ဦးတစ်ယောက်အတွက် ဘုရားသခင်၏ စုံလင်စေခြင်းလမ်းကြောင်းပေါ်သို့ ဝင်ရောက်ရန်၊ သူ၏ ရည်ရွယ်ချက်များနှင့် ဘုရားသခင်နှင့် သူ၏ဆက်ဆံရေးကို ဦးစွာ ပြုပြင်ရမည်။ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်သည့်အခါမှသာလျှင် သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းခံရနိုင်၏။ ထိုအခါမှသာ ဘုရားသခင်၏ ပြုပြင်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် စစ်ဆေးခြင်းတို့သည် ၎င်းတို့ ရည်ရွယ်သည့် အကျိုးတရားကို သင်၌ ရရှိနိုင်ပေသည်။ ဆိုလိုသည်မှာ လူသားများသည် ၎င်းတို့၏စိတ်နှလုံးများထဲတွင် ဘုရားသခင်ကို ထိန်းသိမ်းထားနိုင်ပြီး၊ ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်ကို မလိုက်စားပါက၊ သို့မဟုတ် ၎င်းတို့၏ ကိုယ်ပိုင် ရှေ့ရေးများကို (ဇာတိပကတိ အသိဖြင့်) တွေးတောခြင်း မပြုဘဲ၊ ယင်းအစား အသက် ဝင်ရောက်မှု ဝန်ထုပ်ဝန်ပိုးကို ထမ်းရွက်ကာ၊ သမ္မာတရားကို လိုက်စားရန် အကောင်းဆုံး လုပ်ဆောင်ကြပြီး ဘုရားသခင်၏ အမှုကို ကျိုးနွံနာခံကြပါက၊ ဤအရာကို သင် လုပ်ဆောင်နိုင်ပါက၊ သင်လိုက်စားသော ပန်းတိုင်များ မှန်ကန်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်လာလိမ့်မည်။ ဘုရားသခင်နှင့် မိမိ၏ ဆက်ဆံရေးကို မှန်ကန်စေခြင်းကို မိမိ၏ ဝိညာဉ်ရေးရာ ခရီးထဲ ဝင်ရောက်ခြင်း၏ ပထမခြေလှမ်းဖြစ်သည်ဟု ပြောနိုင်သည်။ လူသား၏ ကံကြမ္မာသည် ဘုရားသခင်၏ လက်ထဲတွင် ရှိပြီး ဘုရားသခင်က ခွဲခန့်မှတ်သားထားပြီး ဖြစ်သော်လည်း၊ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်း သို့မဟုတ် ရယူခြင်းကိုခံနိုင်ခြင်း ရှိမရှိမှာ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်ခြင်း ရှိမရှိဆိုသည့်အပေါ် မူတည်သည်။ သင့်တွင် အားနည်းသည့် သို့မဟုတ် ပုန်ကန်သည့် အစိတ်အပိုင်းများ ရှိကောင်းရှိနိုင်သည်။ သို့သော် သင်၏အမြင်နှင့် ရည်ရွယ်ချက်များ မှန်ကန်သရွေ့၊ ပြီးလျှင် ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး မှန်ကန်ပြီး လျော်ကန်သရွေ့၊ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းခံရရန် အရည်အချင်းပြည့်မီပေသည်။ သင်သည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး မရှိသည့်အပြင် ဇာတိပကတိအတွက်၊ သို့မဟုတ် သင်၏မိသားစုအတွက် လုပ်ဆောင်ပါက၊ သင်မည်မျှ ကြိုးစား လုပ်ဆောင်သည်ဖြစ်စေ အချည်းနှီး ဖြစ်လိမ့်မည်။ အကယ်၍ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်ပါက၊ အခြားအရာအားလုံးသည် နေရာတကျ ရှိလိမ့်မည်။ ဘုရားသခင်သည် အခြားမည်သည့်အရာကိုမျှ မကြည့်ဘဲ၊ သင်မည်သူ့ကို ယုံကြည်သည်၊ မည်သူ့အတွက် သင်ယုံကြည်သည်ဆိုသည်နှင့် အဘယ်ကြောင့် သင်ယုံကြည်သည်ဆိုသည့် ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းရှိ သင်၏အမြင်များ မှန်ကန်ခြင်း ရှိမရှိဆိုသည်ကို ကြည့်၏။ ဤအရာများကို သင်သည် ရှင်းလင်းစွာ မြင်နိုင်ပြီး ကောင်းစွာ စီမံခန့်ခွဲထားသော သင်၏အမြင်များဖြင့် လက်တွေ့လုပ်ဆောင်နိုင်ပါက သင်သည် သင်၏အသက်တာတွင် တိုးတက်မှု လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်ကာ လမ်းကြောင်းမှန်ပေါ်သို့ ဝင်ရောက်ရန်လည်း သေချာလိမ့်မည်။ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်မဖြစ်သကဲ့သို့၊ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်း အမြင်များ လွဲချော်နေပါက အခြားအရာအားလုံး အချည်းနှီးဖြစ်ကာ မည်မျှ သင် ကြိုးစားယုံကြည်ပါစေ၊ အဘယ်အရာကိုမျှ ရရှိလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်လာသည့်နောက်တွင်သာ၊ ဇာတိပကတိကို သင် ပုန်ကန်သည့်အခါ၊ ဆုတောင်းသည့်အခါ၊ ဆင်းရဲဒုက္ခခံသည့်အခါ၊ သည်းခံသည့်အခါ၊ နာခံသည့်အခါနှင့် သင်၏ညီအစ်ကိုမောင်နှမများကို ကူညီသည့်အခါ၊ ဘုရားသခင်အတွက် မိမိကိုယ်ကိုယ် အသုံးခံသည့်အခါ စသည့်အခါတို့တွင် ဘုရားသခင်ထံမှ ချီးမွမ်းခြင်းကို သင် ရရှိလိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေး မည်သို့ရှိသနည်း
ဘုရားသခင်ကို လူတို့ယုံကြည်ကာ ချစ်မြတ်နိုးပြီး စိတ်ကျေနပ်စေသည့်အခါတွင် ၎င်းတို့သည် ဘုရားသခင်၏ ဝိညာဉ်တော်ကို ၎င်းတို့၏နှလုံးသားဖြင့် ထိတွေ့ပြီး ထိုသို့အားဖြင့် သူ၏ စိတ်ကျေနပ်ခြင်းကို ရရှိကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဆက်သွယ်ရန် ၎င်းတို့၏နှလုံးသားကို အသုံးပြုကြသည်။ ထိုသို့အားဖြင့် သူ၏ ဝိညာဉ်တော်၏ တို့ထိမှုကို ခံရလေသည်။ အကယ်၍ သင်သည် ပုံမှန်ဝိညာဉ်ရေး အသက်တာတွင် အသက်ရှင်နေထိုင်လိုပြီး ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ရပ်ကို ထူထောင်လိုပါက သင်သည် ပထမဦးစွာ သင်၏နှလုံးသားကို သူ့အား ပေးအပ်ရမည်။ ဘုရားသခင်၏ ရှေ့မှောက်တွင် သင်၏နှလုံးသားကို ငြိမ်သက်စေပြီး သင်၏ နှလုံးသားတစ်ခုလုံးကို သူ့ထံ ပေးအပ်ပြီးမှသာ သင်သည် ပုံမှန်ဝိညာဉ်ရေး အသက်တာကို တဖြည်းဖြည်း ဖြစ်ပေါ်စေနိုင်လိမ့်မည်။ လူတို့၏ ဘုရားသခင်ကို ယုံကြည်မှုတွင် ၎င်းတို့သည် မိမိတို့၏ နှလုံးသားများကို သူ့အား မပေးပါက၊ ၎င်းတို့၏ နှလုံးသားများသည် သူနှင့်အတူ မရှိသကဲ့သို့ သူ၏ ဝန်ထုပ်ဝန်ပိုးကို မိမိတို့ ကိုယ်တိုင်၏ ဝန်ထုပ်ဝန်ပိုးကဲ့သို့ ၎င်းတို့ သဘောမထားပါက သူတို့လုပ်သမျှတိုင်းသည် ဘုရားသခင်ကို လိမ်လည်လှည့်စားသော လုပ်ရပ်၊ ဘာသာရေးသမားများ၏ လုပ်ရပ်စစ်စစ်ဖြစ်ပြီး ဘုရားသခင်၏ ချီးမွမ်းမှုကို ရမည် မဟုတ်ပေ။ ဘုရားသခင်သည် ဤသို့သောသူမျိုးထံမှ မည်သည့်အရာကိုမျှ မရရှိနိုင်ပေ။ ထိုသူသည် ဘုရားသခင်၏အလုပ်အတွက် အဖြည့်ခံတစ်ဦးအဖြစ်သာ အစေခံနိုင်သည်။ ဤလူတို့သည် ဘုရားသခင်၏ အိမ်တော်တွင် အဆင်တန်ဆာများကဲ့သို့ဖြစ်သည်။ ၎င်းတို့သည် လူအရေအတွက် များရန် အစားထိုးပေးသောသူများ သလိုပြီး အမှိုက်များဖြစ်သည်။ ဘုရားသခင်က ၎င်းတို့ကို အသုံးမချပေ။ သန့်ရှင်းသော ဝိညာဉ်တော်က ၎င်းတို့၌ အလုပ်လုပ်ဖို့ ဖြစ်နိုင်စရာအကြောင်း မရှိရုံမကဘဲ ၎င်းတို့ကို စုံလင်စေခြင်းတွင်လည်း အကျိုးမရှိပေ။ ဤလူအမျိုးအစားသည် လမ်းလျှောက်နေသော အလောင်းကောင်သဖွယ်ဖြစ်သည်။ ၎င်းတို့၏ မည်သည့်အပိုင်းကိုမျှ သန့်ရှင်းသောဝိညာဉ်တော်က အသုံးမပြုနိုင်ပေ။ ၎င်းတို့သည် စာတန်၏ အုပ်စိုးခြင်းနှင့် နက်ရှိုင်းစွာ ဖျက်ဆီးခြင်းတို့ကို လုံးလုံးလျားလျား ခံထားရပြီးဖြစ်သည်။ ဘုရားသခင်သည် ဤလူတို့ကို ဖယ်ရှားရှင်းလင်းလိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ယနေ့ခေတ်လူတို့ကို အသုံးပြုသောအခါတွင် အမှုအရာများကို ပြီးမြောက်စေရန်အတွက် ထိုလူတို့၏ နှစ်သက်ဖွယ် ဖြစ်သောအပိုင်းတို့ကို အသုံးချရုံတင်မကဘဲ ၎င်းတို့၏ မနှစ်သက်ဖွယ်ဖြစ်သော အပိုင်းများကိုလည်း စုံလင်စေပြီး ပြောင်းလဲပေးသည်။ သင်၏စိတ်နှလုံးကို ဘုရားသခင်ထံတွင် ပေးအပ်နိုင်ပြီး သူ၏ရှေ့မှောက်တွင် ငြိမ်သက်နိုင်ပါက သင်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် အသုံးပြုခံရရန် အခွင့်အရေးနှင့် အရည်အချင်းများ ရှိလိမ့်မည်ဖြစ်ပြီး သူ၏ ဉာဏ်အလင်းပွင့်စေခြင်းနှင့် အလင်းပေးခြင်းတို့ကို ရရှိလိမ့်မည် ဖြစ်သည်။ ထို့ထက်ပင်မက သင်၏ အားနည်းချက်များကို သန့်ရှင်းသော ဝိညာဉ်တော်က ကုစားပေးရန် သင်အခွင့်အရေး ရရှိလိမ့်မည်။ သင်၏ စိတ်နှလုံးကို ဘုရားသခင်အား သင်ပေးအပ်လိုက်သောအခါ အပြုသဘောဆောင်သည့်ဘက်တွင် သင်သည် ပိုမို နက်ရှိုင်းသောဝင်ရောက်မှုနှင့် ပိုမိုအဆင့်မြင့်မားသော ထိုးထွင်းသိမြင်မှုကို ရရှိနိုင်မည်ဖြစ်သည်။ အပျက်သဘောဆောင်သည့်ဘက်တွင် သင်သည် သင်ကိုယ်တိုင်၏ ချို့ယွင်းချက်များ၊ အားနည်းချက်များနှင့် ပတ်သက်သော သာ၍ကြီးမားသော နားလည်မှုကို ရရှိလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်အောင် ဆောင်ရွက်ရန် ပို၍ တမ်းတပြီး ပို၍ ကြိုးစားလိမ့်မည်။ ထို့အပြင် သင်သည် အပျက်သဘောမဆောင်ဘဲ တက်တက်ကြွကြွ ဝင်ရောက်လိမ့်နိုင်မည်ဖြစ်သည်။ ဤအရာက သင်သည် မှန်ကန်သော လူတစ်ယောက် ဖြစ်ကြောင်းကို ပြ၏။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခုတည်ဆောက်ရန် အလွန်အရေးကြီး၏
အကယ်၍ သင်သည် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးကို တည်ထောင်လိုပါက သင်၏စိတ်နှလုံးသည် သူ့ထံသို့ လှည့်ရမည်။ ယင်းကို အခြေခံအုတ်မြစ်အဖြစ်ထား၍ ထို့နောက်တွင် သင်သည် အခြားသူများနှင့်လည်း ပုံမှန် ဆက်ဆံရေးများ ရှိလိမ့်မည်။ သင့်တွင် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးမရှိပါက အခြားသူများနှင့် ဆက်ဆံရေးကို သင်မည်မျှပင် ထိန်းသိမ်းစေကာမူ သင်သည် မည်မျှပင် အလုပ်ကြိုးစားစေကာမူ၊ သို့မဟုတ် သင်သည် မည်မျှပင် အားစိုက်ထုတ်စေကာမူ အားလုံးသည် လောကီဆိုင်ရာ ဆက်ဆံရေးများအတွက် လူသား၏ အတွေးအခေါ်နှင့်သာ ဖြစ်ပေမည်။ သင်သည် ဘုရားနှုတ်ကပတ်တော်နှင့်အညီ ပုံမှန် လူလူချင်း ပေါင်းသင်းဆက်ဆံရေးများကို ထူထောင်ခြင်းထက် လူများအလယ်ရှိ သင်၏ ဂုဏ်အဆင့်အတန်းကို ထိန်းသိမ်းနေပြီး လူ့အမြင်ရှုထောင့်များနှင့် လူ့အတွေးအခေါ်များအားဖြင့် သူတို့၏ ချီးမွမ်းခြင်းကို ကြိုးပမ်းရရှိလိမ့်မည်။ သင်သည် အခြားသူများနှင့် သင်၏ ဆက်ဆံရေးများအပေါ် အာရုံစိုက်မည့်အစား ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးကို ထိန်းသိမ်းကာ သင်၏ စိတ်နှလုံးကို ဘုရားသခင်ထံ ပေးအပ်၍ ကိုယ်တော်အား ကျိုးနွံနာခံရန် သင်ယူလိုလျှင် သင်၏ လူအပေါင်းတို့နှင့် ဆက်ဆံရေးများသည်လည်း အလိုအလျောက် ပုံမှန်ဖြစ်လာပေမည်။ ဤသို့ဆိုလျှင် ဤဆက်ဆံရေးများသည် ဇာတိပကတိဖြင့် တည်ဆောက်ခြင်း ဖြစ်လိမ့်မည်မဟုတ်ဘဲ ဘုရားသခင်ကို ချစ်ခြင်းဆိုင်ရာ အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ခြင်း ဖြစ်လိမ့်မည်။ သင်သည် အခြားလူတို့နှင့် ဇာတိပကတိဆိုင်ရာ အပြန်အလှန်ဆက်ဆံမှုများ မရှိလုနီးပါး ဖြစ်လိမ့်မည်။ သို့သော် ဝိညာဉ်ရေးအဆင့်တစ်ခုတွင် သင်တို့ကြား၌ မိတ်သဟာယဖွဲ့ခြင်း ရှိမည်ဖြစ်သည့်အပြင် အပြန်အလှန်ချစ်ခြင်း၊ နှစ်သိမ့်ခြင်း၊ ပံ့ပိုးခြင်းတို့လည်း ရှိလိမ့်မည်။ ဤအရာအားလုံးတို့ကို ဘုရားသခင်အား ကျေနပ်စေရန် ဆန္ဒတစ်ခု၏ အခြေခံအုတ်မြစ်အပေါ်တွင် လုပ်ဆောင်သည်။ ဤပေါင်းသင်းဆက်ဆံရေးများကို လူသား၏ လောကီဆိုင်ရာ ဆက်ဆံရေးအတွက် အတွေးအခေါ်များအားဖြင့် ထိန်းသိမ်းထားခြင်း မဟုတ်ပေ။ ယင်းတို့သည် သင့်အနေဖြင့် ဘုရားသခင်အတွက် ဝန်တာထားစိတ် ရှိသည့်အခါတွင် အလိုအလျောက် ဖြစ်ပေါ်သည်။ ဤဆက်ဆံရေးများသည် သင့်ထံမှ လူသား၏ အားထုတ်မှု တစ်ခုတလေကို မလိုအပ်ဘဲ ဘုရားနှုတ်ကပတ်တော်များ၏ စည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်ဖို့ကိုသာ လိုအပ်သည်။ ဘုရားသခင်၏ရည်ရွယ်ချက်များကို သင် အလေးထားလိုစိတ် ရှိသလော။ သူ၏ရှေ့မှောက်တွင် “အသိစိတ်မဲ့” သောသူ ဖြစ်ရန် သင်လိုလိုလားလားရှိသလော။ သင့်စိတ်နှလုံးကို ဘုရားသခင်အား အကြွင်းမဲ့ပေးကာ အခြားလူများအလယ်တွင် သင်၏ ဂုဏ်အဆင့်အတန်းကို ဥပေက္ခာပြုရန် သင်လိုလိုလားလား ရှိသလော။ သင်နှင့် အပြန်အလှန်ဆက်ဆံသည့် သူအားလုံးထဲတွင် သင်သည် မည်သူနှင့် အကောင်းဆုံး ဆက်ဆံရေးရှိသနည်း။ မည်သူနှင့် အဆိုးရွားဆုံး ဆက်ဆံရေး ရှိသနည်း။ လူတို့နှင့် သင်၏ဆက်ဆံရေးများသည် ပုံမှန်ဖြစ်သလော။ သင်သည် လူအားလုံးကို တန်းတူညီမျှ ဆက်ဆံသလော။ အခြားလူများနှင့် သင်၏ဆက်ဆံရေးများကို သင်၏ လောကီဆိုင်ရာ ဆက်ဆံရေးအတွက် အတွေးအခေါ်နှင့်အညီ ထိန်းသိမ်းထားသလော၊ သို့မဟုတ် ယင်းတို့ကို ဘုရားသခင်ကို ချစ်ခြင်းဆိုင်ရာ အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ထားသလော။ လူများသည် သူတို့၏ စိတ်နှလုံးများကို ဘုရားသခင်အား မပေးပါက သူတို့၏ဝိညာဉ်သည် ခြောက်ကပ်သွားကာ ထုံသွားပြီး သတိမဲ့သွားသည်။ ထိုသို့သောလူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဘယ်သောခါမျှ နားလည်မည် မဟုတ်သကဲ့သို့ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးကို ဘယ်သောခါမျှ ရမည်မဟုတ်ပေ။ ပြီးလျှင် ၎င်းတို့သည် မိမိတို့၏ စိတ်သဘောထားတွင် ပြောင်းလဲမှုကို မည်သည့်အခါမျှ စွမ်းဆောင်ရရှိမည် မဟုတ်ချေ။ လူတစ်ဦး၏ စိတ်သဘောထား ပြောင်းလဲခြင်းဟူသည် ဘုရားသခင်အား သူ၏စိတ်နှလုံးကို အပြည့်အဝပေးခြင်းနှင့် သူ၏နှုတ်ကပတ်တော်မှ ဉာဏ်အလင်းဖွင့်ခြင်းနှင့် အလင်းပေးခြင်းကို ရရှိခြင်း ဖြစ်စဉ်ပေတည်း။ ဘုရားသခင်၏ အမှုသည် လူများအား တက်ကြွစွာ ဝင်ရောက်ခွင့်ပေးသကဲ့သို့ အပျက်သဘောဆောင်သော ကဏ္ဍများအကြောင်း သိရှိလာပြီးနောက် ယင်းတို့ကို စွန့်ပစ်နိုင်စွမ်း ရှိစေသည်။ ဘုရားသခင်ထံ သင်၏စိတ်နှလုံးကို ပေးအပ်ပြီးသောအခါတွင် သင့်ဝိညာဉ် အနည်းငယ် ရွေ့လျားသွားသည့်အခါတိုင်း သင် ခံစားနိုင်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ ဉာဏ်အလင်းဖွင့်ပြခြင်းနှင့် အလင်းပေးခြင်းတို့၏ အစိတ်အပိုင်းတိုင်းကိုလည်း သိနိုင်လိမ့်မည်။ သင် စွဲမြဲစွာပြုလုပ်လျှင် သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ စုံလင်စေခြင်းကိုခံရသော လမ်းကြောင်းပေါ်သို့ တဖြည်းဖြည်း ဝင်ရောက်လိမ့်မည်။ ဘုရားသခင်ရှေ့မှောက်တွင် သင့်စိတ်နှလုံး ငြိမ်သက်လေလေ၊ သင့်ဝိညာဉ်သည် ပို၍ သိမ်မွေ့လာပြီး နူးညံ့လာလေဖြစ်မည်၊ ပြီးလျှင် ယင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ တို့ထိမှုကို သတိမူနိုင်စွမ်း ရှိလာလေလေဖြစ်မည်၊ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးသည် ပို၍ ပုံမှန် ဖြစ်လာလေလေ ဖြစ်မည်။ လူအချင်းချင်း ပုံမှန်ဆက်ဆံရေးသည် လူသား၏အားထုတ်မှုမှ မဟုတ်ဘဲ စိတ်နှလုံးကို ဘုရားသခင်ထံသို့ လှည့်ခြင်းဟူသည့် အခြေခံအုတ်မြစ်ပေါ်တွင် ထူထောင်ထားသည်။ လူတစ်ဦး၏ စိတ်နှလုံးထဲတွင် ဘုရားသခင်မရှိပါက သူ၏ အခြားလူများနှင့် ပေါင်းသင်းဆက်ဆံရေးများသည် ဇာတိပကတိ၏ ဆက်ဆံရေးများမျှသာ ဖြစ်သည်။ ယင်းဆက်ဆံရေးများသည် ပုံမှန်မဟုတ်ဘဲ၊ ရာဂစိတ်ကြီးသော ဇိမ်ယူခြင်းများသာ ဖြစ်ပြီး ဘုရားသခင်သည် ယင်းတို့ကို မုန်းတီးပြီး စက်ဆုပ်လေသည်။ သင့်ဝိညာဉ်တို့ထိခံရသည်ဟု သင်ပြောသော်လည်း သင်သည် သင်နှစ်သက်ပြီး သင်လေးစားသော လူများကိုသာ မိတ်သဟာယဖွဲ့ဖို့ လိုလားပြီး သင်မနှစ်သက်သည့် လူများက သင့်ထံသို့ လာရောက် ရှာဖွေသည့်အခါတွင် သင်သည် ၎င်းတို့ကို အမြင်စောင်းကာ ၎င်းတို့နှင့် စကားပြောရန် ငြင်းဆန်သည်။ ဤသည်မှာ သင်သည် သင်၏ခံစားချက်များ၏ စိုးမိုးခြင်းခံရကြောင်းနှင့် သင်သည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး လုံးဝ မရှိကြောင်းကို ပို၍ပင် သက်သေပြ၏။ ယင်းက သင်သည် ဘုရားသခင်ကို အရူးလုပ်ဖို့နှင့် သင်ကိုယ်တိုင်၏အကျည်းတန်မှုကို ဖုံးကွယ်ဖို့ ကြိုးစားအားထုတ်နေကြောင်း ပြလေသည်။ သင်သည် သင်၏ အသိပညာအချို့ကို မျှဝေကောင်း မျှဝေနိုင်မည်။ သို့သော် သင်၏ ရည်ရွယ်ချက်များက မှားယွင်းလျှင် သင်လုပ်ဆောင်သမျှသည် လူသားစံနှုန်းများအရသာ ကောင်းမွန်သည်။ ဘုရားသခင်က သင့်အား အသိအမှတ်ပြုမည်မဟုတ်။ သင်၏ လုပ်ရပ်များသည် သင်၏ ဇာတိပကတိက တွန်းအားပေးခြင်းကို ခံရမည်။ ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးက တွန်းအားပေးခြင်းကို ခံရမည်မဟုတ်ပေ။ သင်သည် ဘုရားသခင်ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးကို ငြိမ်သက်စေနိုင်ပြီး သူ့ကို ချစ်သောသူများအားလုံးနှင့် ပုံမှန် အပြန်အလှန် ဆက်ဆံရေးရှိနိုင်မှသာလျှင် ဘုရားသခင် အသုံးပြုဖို့အတွက် သင့်တော်သည်။ ဤသို့လုပ်ဆောင်နိုင်လျှင် သင်သည် သူတစ်ပါးတို့နှင့် မည်သို့ ထိတွေ့ဆက်ဆံသည်ဖြစ်စေ သင်သည် လောကီဆိုင်ရာ ဆက်ဆံရေးများအတွက် အတွေးအခေါ်တစ်ခုကို လုပ်ဆောင်နေခြင်း ဖြစ်မည်မဟုတ်ဘဲ ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို အလေးထားပြီး ဘုရားသခင်ရှေ့မှောက်တွင် အသက်ရှင်နေခြင်း ဖြစ်လိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခုတည်ဆောက်ရန် အလွန်အရေးကြီး၏
ဘုရားသခင်၏ မိန့်မြွက်ချက်တိုင်းကို ဖတ်ကြားပြီး ၎င်းတို့ကို နားလည်သည်နှင့်တစ်ပြိုင်နက် လက်တွေ့လုပ်ဆောင်လော့။ သင်၏ ဇာတိပကတိ အားနည်းသည့် အချိန်အခါများ၊ သို့မဟုတ် သင် ပုန်ကန်တတ်သည့် အချိန်အခါများ သို့မဟုတ် သင် ခုခံတတ်သည့် အချိန်အခါများ ရှိကောင်းရှိလိမ့်မည်။ ယခင်က သင်မည်သို့ပင် ပြုမူခဲ့ပါစေ၊ အနည်းငယ်သော အကျိုးဆက်သာ ရှိပြီး ယနေ့ သင်၏ အသက်တာကို ရင့်ကျက်ခြင်းမှ မဟန့်တားနိုင်ပေ။ ယနေ့တွင် သင်သည် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေး ရှိနိုင်သရွေ့ မျှော်လင့်ချက် ရှိ၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်ဖတ်သည့်အချိန်တိုင်းတွင် သင့်အထဲ၌ ပြောင်းလဲမှုရှိပြီး၊ သင်၏အသက်တာသည် ပိုကောင်းဖို့အတွက် ပြောင်းလဲပြီဟု အခြားသူများ ပြောနိုင်ပါက၊ ယင်းသည် ယခုတွင် ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်ပြီဖြစ်ပြီး၊ မှန်ကန်စေပြီး ဖြစ်သည်ကို ပြပေသည်။ ဘုရားသခင်သည် လူတို့ကို ၎င်းတို့၏ အပြစ်ကျူးလွန်မှုများအတိုင်း ဆက်ဆံခြင်းမပြုပေ။ သင်နားလည်ပြီး သတိပြုမိ လာသည်နှင့်တစ်ပြိုင်နက်၊ သင်သည် ပုန်ကန်ခြင်း၊ ခုခံခြင်း ရပ်တန့်နိုင်သရွေ့၊ ဘုရားသခင်သည် သင့်အပေါ် သနားခြင်းကရုဏာ ရှိနေဆဲဖြစ်လိမ့်မည်။ သင်သည် ဘုရားသခင်အားဖြင့် စုံလင်စေခြင်းခံရခြင်းအဖြစ်ကို လိုက်စားဖို့ သိနားလည်မှု ရှိပြီး ဆုံးဖြတ်ချက် ရှိသည့်အခါတွင်၊ ဘုရားသခင်၏ မျက်မှောက်တွင် သင်၏အခြေအနေက ပုံမှန်ဖြစ်လာလိမ့်မည်။ သင်အဘယ်အရာကို လုပ်ဆောင်နေပါစေ၊ လုပ်ဆောင် နေသည့်အချိန်တွင် အောက်ပါတို့ကို စဉ်းစားဆင်ခြင်လော့။ ဤအရာကို ငါလုပ်လျှင် ဘုရားသခင် မည်ကဲ့သို့ထင်မည်နည်း၊ ယင်းသည် ငါ၏ညီအစ်ကိုမောင်နှမများကို အကျိုးပြုမည်လော၊ ယင်းသည် ဘုရားသခင်၏ အိမ်တော်၌ရှိသည့် အလုပ်ကို အကျိုးပြုမည်လော။ ဆုတောင်းခြင်း၊ မိတ်သဟာယပြုခြင်း၊ စကားပြောဆိုခြင်း၊ အလုပ် သို့မဟုတ် အခြားသူများနှင့် ဆက်သွယ်ခြင်းတွင် သင်၏ရည်ရွယ်ချက်များကို ဆန်းစစ်ပြီး ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်ခြင်းရှိမရှိဆိုသည်ကို စစ်ဆေးလော့။ သင်ကိုယ်တိုင်၏ ရည်ရွယ်ချက်များနှင့် အတွေးများကို သင်သည် မသိမြင်နိုင်ပါက၊ ဤအရာက သင်သည် ခွဲခြားနိုင်ခြင်း ကင်းမဲ့သည်ကို ဆိုလိုသည်၊ ယင်းမှာ သင်သည် သမ္မာတရားအား အလွန်နည်းပါးစွာ နားလည်သည်ကို သက်သေပြပေသည်။ ဘုရားသခင်လုပ်ဆောင်သမျှတိုင်းကို သင်သည် ရှင်းရှင်းလင်းလင်း နားလည်နိုင်ပြီး ဘုရားသခင်ဘက်တွင် ရပ်တည်ရင်း ဘုရားနှုတ်ကပတ်တော်၏ ရှုထောင့်မှတစ်ဆင့် အမှုကိစ္စများကို သိမြင်နိုင်ပါက၊ သင်၏အမြင်များ မှန်ကန်လာပြီးဖြစ်လိမ့်မည်။ ထို့ကြောင့် ဘုရားသခင်နှင့် ကောင်းမွန်သည့် ဆက်ဆံရေးတစ်ခုကို တည်ဆောက်ခြင်းသည် ဘုရားသခင်ကို ယုံကြည်သူ မည်သူမဆိုအဖို့ အဆုံးစွန် အရေးကြီးသောအရာ ဖြစ်သည်။ အယောက်တိုင်းသည် ယင်းကို ၎င်းတို့ဘဝတွင် ပဓာန အရေးကြီးသည့်တာဝန်တစ်ခုနှင့် အကြီးမားဆုံးသော ဖြစ်ရပ်အဖြစ် မှတ်ယူသင့်သည်။ သင်လုပ်ဆောင်သမျှ အရာတိုင်းကို သင်သည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး ရှိမရှိဆိုသည့်အရာဖြင့် တိုင်းတာပေသည်။ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးသည် ပုံမှန်ဖြစ်ပြီး သင်၏ရည်ရွယ်ချက်များ မှန်ပါက၊ ဆောင်ရွက်လော့။ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးကို ထိန်းသိမ်းရန်၊ သင်သည် ပုဂ္ဂိုလ်ရေးရာ အကျိုးများ ဆုံးရှုံးခြင်း ခံစားရဖို့ မစိုးရွံ့နှင့်။ စာတန်ကို အနိုင်ယူခွင့် သင်ပေး၍မရ၊ စာတန်အား သင့်အပေါ် အခိုင်အမာတွယ်ခွင့် ပေး၍မရသကဲ့သို့၊ စာတန်က သင့်အား ရယ်ဖွယ်ကောင်းသည့် အရာတစ်ခု ဖြစ်စေခွင့် ပေး၍မဖြစ်ပေ။ ထိုသို့သော ရည်ရွယ်ချက်များရှိခြင်းသည် သင်နှင့် ဘုရားသခင်၏ဆက်ဆံရေး ပုံမှန်ဖြစ်သည့် လက္ခဏာဖြစ်သည်။ ၎င်းသည် ဇာတိပကတိအတွက် မဟုတ်ဘဲ စိတ်ဝိညာဉ်ငြိမ်သက်ခြင်းအတွက်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို ရရှိခြင်းအတွက်နှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ကျေနပ်စေခြင်းအတွက် ဖြစ်သည်။ မှန်ကန်သည့် အခြေအနေသို့ ဝင်ရောက်ရန်၊ သင့်အနေဖြင့် ဘုရားသခင်နှင့် ကောင်းမွန်သည့် ဆက်ဆံရေးကို တည်ဆောက်ရမည်ဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် သင်၏အမြင်ကို မှန်ကန်စေရမည်။ ဤသည်မှာ ဘုရားသခင်က သင့်ကို ရရှိနိုင်ဖို့နှင့်၊ သူ၏နှုတ်ကပတ်တော်များ၏ အသီးအပွင့်များကို သင့်အထဲတွင် သူဖော်ထုတ်ပြနိုင်ဖို့နှင့် သင့်ကို သာ၍ပင် ဉာဏ်အလင်းပေးပြီး အလင်းပြနိုင်ဖို့အလို့ငှာ ဖြစ်သည်။ ဤနည်းလမ်းဖြင့်၊ သင်သည် မှန်ကန်သည့် အမူအကျင့်ထဲသို့ ဝင်ရောက်ပြီးဖြစ်လိမ့်မည်။ ဘုရားသခင်၏ ယနေ့နှုတ်ကပတ်တော်များကို ဆက်လက် စားသောက်လော့၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလုပ်လုပ်ခြင်းနည်းဟန်ထဲသို့ ဝင်ရောက်လော့၊ ဘုရားသခင်၏ ယနေ့ တောင်းဆိုချက်များအတိုင်း ဆောင်ရွက်လော့၊ ခေတ်နောက်ကျသော လက်တွေ့လုပ်ဆောင်မှု နည်းစနစ်များကို မလိုက်နာနှင့်၊ အမှုအရာများ လုပ်ဆောင်ခြင်းနှင့်ဆိုင်သည့် နည်းလမ်းဟောင်းများကို မဖက်တွယ်နှင့်၊ ပြီးလျှင် ယနေ့ အလုပ်လုပ်ခြင်း နည်းဟန်ထဲသို့ ဖြစ်နိုင်သမျှမြန်မြန် ဝင်ရောက်လော့။ ထိုသို့ဖြင့် ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးသည် လုံးဝ ပုံမှန်ဖြစ်လာလိမ့်မည်ဖြစ်ပြီး သင်သည် ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းကြောင်းမှန်ပေါ် တက်လှမ်းပြီးဖြစ်လိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေး မည်သို့ရှိသနည်း