၄။ ဘုရားသခင်ကို ယုံကြည်သူများ ပိုင်ဆိုင်သင့်သော သန့်ရှင်းသူများနှင့်ဆိုင်သော ကျင့်ဝတ်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ပုံမှန်လူ့သဘာဝတွင် မည်သည့်ရှုထောင့်များ ပါဝင်သနည်း။ ထိုးထွင်းသိမြင်ခြင်း၊ ဆင်ခြင်ဉာဏ်၊ အသိတရားနှင့် အကျင့်စရိုက်တို့ဖြစ်၏။ ဤရှုထောင့်အသီးသီးတွင် ပုံမှန်ဖြစ်ခြင်းကို သင် ရရှိနိုင်ပါက၊ သင်၏ လူ့သဘာဝသည် စံချိန်မီလိမ့်မည်။ သင်သည် ပုံမှန် သက်ရှိလူသားတစ်ဦး၏ ပုံသဏ္ဌာန်ရှိသင့်ပြီး၊ ဘုရားသခင်ကို ယုံကြည်သောသူတစ်ဦးနှင့် ဆင်တူသင့်သည်။ သင့်အနေဖြင့် အလွန်များစွာ ရရှိဖို့မလို သို့မဟုတ် လူမှုဆက်ဆံရေး ပရိယာယ်တွင် ပါဝင်ပတ်သက်စရာမလိုပေ။ သင့်အနေဖြင့် အမှုအရာများကို ရိပ်မိနိုင်ဖို့ရန် ပုံမှန် လူတစ်ဦး၏ အသိဉာဏ်ရှိသည့် ပုံမှန်လူသားတစ်ဦး ဖြစ်ဖို့သာ လိုပြီး၊ အနည်းဆုံးအနေဖြင့် ပုံမှန်လူသားတစ်ဦးနှင့် တူရမည် ဖြစ်သည်။ ယင်းသည် လုံလောက်လိမ့်မည်။ ယနေ့ သင့်ကို တောင်းဆိုသည့် အရာအားလုံးသည် သင်၏ တတ်စွမ်းနိုင်မှုများ အတွင်းတွင် ရှိ၏။ ဤသည်မှာ ဘဲကို ငှက်အိပ်တန်းပေါ် မောင်းရန် ကြိုးစားနေသည့် ကိစ္စတစ်ခု မဟုတ်ပေ။ သင့်အပေါ် အချည်းနှီး စကားများ သို့မဟုတ် အချည်းနှီး အလုပ်ကို ဆောင်ရွက်လိမ့်မည် မဟုတ်ပေ။ သင့်အသက်တာထဲတွင် ဖော်ပြထားသည့် သို့မဟုတ် ဖွင့်ပြထားသည့် အကျည်းတန်ခြင်း အားလုံးကို ဖယ်ရှားရမည်။ သင်တို့သည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရပြီးဖြစ်ကာ စာတန်၏ အဆိပ်များဖြင့် ပြည့်လျှံလျက်ရှိသည်။ သင့်ကို တောင်းဆိုသမျှမှာ ဤဖောက်ပြန်ပျက်စီးသည့် စာတန်ဆန်သော စိတ်သဘောထားကို ဖယ်ရှားဖို့ ဖြစ်သည်။ သင့်ကို အဆင့်မြင့်မားသည့် ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် ကျော်ကြားသော လူတစ်ဦး သို့မဟုတ် ကြီးမြတ်သော လူတစ်ဦး ဖြစ်လာဖို့ တောင်းဆိုထားခြင်း မဟုတ်။ ယင်းတွင် အဓိပ္ပာယ်မရှိချေ။ သင်တို့၌ လုပ်ဆောင်သည့် အမှုသည် သင်တို့ထဲက မွေးရာပါဖြစ်သည့်အရာကိုသာ ထည့်တွက်သည်။ လူတို့ကို ငါတောင်းဆိုသည့်အရာအား အကန့်အသတ်များအတွင်းတွင် သတ်မှတ်ထား၏။ အကယ်၍ သင်သည် ပညာတတ်များ ပြောဆိုသည့် နည်းလမ်းနှင့် အသံနေအသံထားဖြင့် သင် လေ့ကျင့်ခဲ့ပါက၊ ဤသည်မှာ အလုပ်ဖြစ်မည်မဟုတ်ပေ။ ယင်းကို သင် လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ သင်တို့၏ အရည်အချင်းကို ထောက်ဆလျှင်၊ သင်တို့သည် အနည်းဆုံးအနေဖြင့် ဉာဏ်ပညာနှင့် လိမ္မာပါးနပ်မှုတို့ဖြင့် စကားပြောဆိုနိုင်သင့်ပြီး ကိစ္စရပ်များကို ရှင်းလင်းပြီး နားလည်သဘောပေါက်နိုင်သည့် ပုံစံဖြင့် ရှင်းပြနိုင်သင့်ပေသည်။ ယင်းမှာ သတ်မှတ်ချက်များကို ဖြည့်ဆည်းဖို့ လိုသမျှ အရာအားလုံး ဖြစ်သည်။ အနည်းဆုံးအနေဖြင့် သင်သည် ထိုးထွင်းအမြင်နှင့် အသိဉာဏ်တို့ကို ရရှိပါက၊ အလုပ်ဖြစ်ပါလိမ့်မည်။ ယခု အရေးကြီးဆုံးသော အရာမှာ သင်၏ ဖောက်ပြန်ပျက်စီးသည့် စာတန်ဆန်သော စိတ်သဘောထားကို စွန့်ပစ်ခြင်း ဖြစ်သည်။ သင်၌ ထင်ရှားသည့် အကျည်းတန်ခြင်းကို သင်စွန့်ပစ်ရမည်။ ဤအရာများကို သင်မစွန့်ပစ်ပါက၊ အမြင့်ဆုံးသော အသိဉာဏ်နှင့် အမြင့်ဆုံးသော ထိုးထွင်းသိမြင်မှုအကြောင်းကို သင်မည်သို့ ပြောဆိုနိုင်မည်နည်း။ လူများစွာသည် ခေတ်ကာလ ပြောင်းလဲပြီးဖြစ်သည်ကို မြင်သော်လည်း၊ မည်သည့် နှိမ့်ချခြင်း၊ သို့မဟုတ် စိတ်ရှည်ခြင်း လုံးဝ မရှိကြဘဲ၊ မေတ္တာတရား၊ သို့မဟုတ် သန့်ရှင်းသူကဲ့သို့ အပြုအမူ အနေအထိုင် တစ်ခုမျှ မရှိလျှင်လည်း သာ၍ကောင်းလိမ့်မည်။ ထိုသို့သော လူများသည် အဓိပ္ပါယ်မဲ့လှပါတကား။ ၎င်းတို့၌ ပုံမှန်လူ့သဘာဝ တစ်စက်မျှပင် ရှိကြသလော။ ပြောစရာ သက်သေခံချက် တစ်စုံတစ်ရာ ရှိကြသလော။ ၎င်းတို့သည် ထိုးထွင်းအမြင်နှင့် အသိဉာဏ်တို့ လုံးဝမရှိကြချေ။ လူတို့၏ ကျင့်ကြံမှုများနှင့်ဆိုင်သည့် သွေဖည်ပြီး မှားယွင်းသည့် ရှုထောင့်အချို့ကို ပြုပြင်ဖို့လိုသည်မှာ မှန်ပေ၏။ ဥပမာအားဖြင့် ၎င်းတို့၏ ယခင်က တင်းမာသော ဝိညာဉ်ရေးရာ အသက်များနှင့် ၎င်းတို့၏ တွေဝေထိုင်းမှိုင်းပြီး မိုက်မဲသော သွင်ပြင်- ဤအရာအားလုံးကို ပြောင်းလဲရမည် ဖြစ်သည်။ ပြောင်းလဲခြင်း ဆိုသည်မှာ သင် ပြောဆိုလိုသည့် အရာမှန်သမျှကို ပြောဆိုရင်း၊ သင့်ကို ကိုယ်ကျင့်သိက္ခာ ကင်းမဲ့ဖို့ သို့မဟုတ် ဇာတိပကတိတွင် မွေ့လျော်ဖို့ အခွင့်ပေးခြင်းကို မဆိုလိုပေ။ သင့်အနေဖြင့် မရေမရာ စကားမပြောရ။ ပုံမှန်လူသားတစ်ဦး၏ အပြောအဆိုနှင့် အပြုအမူတို့ ရှိဖို့ဆိုသည်မှာ “ဟုတ်သည်” ကို “ဟုတ်သည်”၊ “မဟုတ်သည်” ကို “မဟုတ်သည်” ဟု ဆိုရင်း၊ ရှင်းရှင်းလင်းလင်း ပြောဆိုဖို့ ဖြစ်သည်။ အမှန်တရားများကို ဆုပ်ကိုင်ထားပြီး သင့်တင့်လျောက်ပတ်စွာ ပြောဆိုလော့။ မလှည့်စားနှင့်၊ မုသားမပြောနှင့်။ စိတ်သဘောထား ပြောင်းလဲခြင်းနှင့် စပ်လျဉ်း၍ ပုံမှန်လူတစ်ဦး ရောက်ရှိနိုင်သည့် အတိုင်းအတာများကို နားလည်ထားရမည်။ အကယ်၍ နားမလည်ပါက၊ သင်သည် လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်နိုင်မည် မဟုတ်ချေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အရည်အချင်းကို မြှင့်တင်ခြင်းသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိရေးအတွက် ဖြစ်သည်

ပုံမှန်လူတို့၏ စိတ်နေသဘောထားများတွင် ကောက်ကျစ်စဥ်းလဲမှု သို့မဟုတ် လှည့်ဖြားမှုတို့ မရှိပေ၊ လူတို့သည် အချင်းချင်း တစ်ယောက် နှင့် တစ်ယောက် ပုံမှန်ဆက်ဆံရေး ရှိကြသည်၊ သူတို့သည် တစ်ဦးတည်း မရပ်တည်၊ သူတို့၏ အသက်တာများသည်လည်း သာမန်မျှသာ မဟုတ်သကဲ့သို့ ယိုယွင်းပျက်စီးမှုလည်း မရှိ။ ထိုနည်းတူစွာ ဘုရားသခင်သည် အားလုံးတို့အကြားတွင် ချီးမြှောက်ခံရသည်၊ သူ၏ နှုတ်ကပတ်တော်များသည်လည်း လူသားအလယ်တွင် စိမ့်ဝင်ပျံ့နှံ့သည်၊ ဘုရားသခင်၏ ကာကွယ်မှုနှင့် စောင့်ရှောက်မှု အောက်တွင် လူများသည် အချင်းချင်း တစ်ယောက်နှင့် တစ်ယောက် သဟဇာတဖြစ်လျက် နေထိုင်ကြသည်၊ စာတန်၏ နှောင့်ယှက်မှု မပါဘဲနှင့် ကမ္ဘာမြေကြီးသည်လည်း စည်းလုံးညီညွတ်မှုနှင့် ပြည့်လွှမ်းနေကာ၊ လူသားအလယ်တွင် ဘုရားသခင်၏ ဘုန်းတော်သည် အရေးကြီးဆုံး အရာအဖြစ် ရှိ၏။ ထိုကဲ့သို့သော လူများ သည် ကောင်းကင်တမန်များကဲ့သို့ ဖြစ်၏၊ ဖြူစင်သည်၊ အားမာန်ပြည့် လျက်ရှိသည်၊ ဘုရားသခင် အကြောင်းကို မည်သည့်အခါမျှ ညည်းညူ ပြောဆိုခြင်းမရှိဘဲ၊ ၎င်းတို့၏ လုံ့လအားလုံးကို ကမ္ဘာမြေကြီးပေါ်မှ ဘုရားသခင်၏ ဘုန်းတော်တစ်ခုတည်း အတွက်သာ ဆက်ကပ်အပ်နှံထားကြသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ အခန်း (၁၆)

ငါသည် မျှော်လင့်ချက်များစွာရှိ၏။ သင်တို့သည် မိမိတို့ကိုယ်ကိုယ် မှန်ကန်ပြီး လိမ္မာသော ပုံစံဖြင့် ပြုမူနေထိုင်နိုင်ဖို့၊ သင်တို့၏တာဝန်ကို သစ္စာရှိစွာ ဖြည့်ဆည်းနိုင်ဖို့၊ သမ္မာတရားနှင့် လူ့သဘာဝကို ပိုင်ဆိုင်နိုင်ဖို့၊ ဘုရားသခင်အတွက် ၎င်းတို့ ရှိသမျှတိုင်းနှင့် မိမိတို့၏ အသက်များကိုပင် စွန့်လွှတ်နိုင်သည့် လူများဖြစ်နိုင်ကြဖို့၊ စသည်တို့ကို ငါ မျှော်လင့်သည်။ ဤမျှော်လင့်ချက် အားလုံးသည် သင်တို့၏မပြည့်စုံခြင်းများ၊ သင်တို့၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် မနာခံခြင်းတို့မှ အရင်းခံ၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လွန်ကျူးခြင်းအပြစ်များက လူသားကိုငရဲသို့ ဦးဆောင်လမ်းပြလိမ့်မည်

ဘုရားသခင် အသုံးပြုသော သူများသည် လျော်ကန်စွာ စကားဆိုပြီး၊ ပေါ့ပေါ့ဆဆပြောဆိုခြင်းမပြုသည့်အပြင်၊ ဘုရားသခင် ရှေ့မှောက်တွင် အမြဲတစေ ငြိမ်းချမ်းသော စိတ်နှလုံးထားရှိနိုင်သော်လည်း၊ အပြင်ပန်းတွင် ဆင်ခြင်တုံမရှိသူများ၊ အခြားသူများနှင့် ပုံမှန် ဆက်ဆံရေးမရှိသူများဟု ထင်ရသည်။ သန့်ရှင်းသောဝိညာဉ်တော် အသုံးပြုရန် စံနှုန်းမီသူမှာ ထိုသို့သောလူစားသာလျှင် အတိအကျဖြစ်သည်။ ဘုရားသခင် မြွက်ဟသည့် ယင်း “ဆင်ခြင်တုံမဲ့” သူများသည် အခြားသူများနှင့် ပုံမှန် ဆက်ဆံရေးမရှိဟု ထင်ရပြီး၊ သူတို့သည် အပြင်ပန်းချစ်ခင်မှု သို့မဟုတ် အပြင်ပန်းကျင့်ထုံးများအပေါ် ထိုက်သင့်သလောက် အလေးမထားပေ၊ သို့သော် ဝိညာဉ်ရေးရာနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ရာတွင် သူတို့သည် သူတို့၏နှလုံးသားကို ဖွင့်နိုင်စွမ်းရှိပြီး ဘုရားသခင် ရှေ့မှောက် တကယ့်အတွေ့အကြုံများမှ ရရှိလာသော အလင်းပေးခံရခြင်းနှင့် အသိဉာဏ်ပွင့်ခြင်းကို သူတစ်ပါးအား ကိုယ်ကျိုးမငဲ့ဘဲ ပံ့ပိုးနိုင်စွမ်းရှိသည်။ ဤသည်မှာ ဘုရားသခင်ကို သူတို့ချစ်ကြောင်းဖော်ပြပုံဖြစ်ပြီး ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းပုံဖြစ်သည်။ အခြားသူများအားလုံးက သူတို့အား ကဲ့ရဲ့လှောင်ပြောင်နေကြစဉ်တွင် သူတို့သည် ပြင်ပမှလူများ၊ အကြောင်းကိစ္စများ၊ သို့မဟုတ် အမှုအရာတို့၏ ထိန်းချုပ်မှုကို ရှောင်ရှားနိုင်ကြကာ ဘုရားသခင်ရှေ့မှောက်တွင် ငြိမ်သက်နိုင်ဆဲရှိကြသည်။ ထိုသို့သော လူတွင် ထူးခြားသော ကိုယ်ပိုင်ထိုးထွင်းသိမြင်မှု ရှိနေသည်ဟု ထင်မှတ်ရသည်။ အခြားသူများက မည်သည့်အရာပြုသည်ဖြစ်စေ၊ သူတို့၏စိတ်နှလုံးသည် ဘုရားသခင်ထံမှ ဘယ်သောခါမျှ ခွဲခွာမသွားပေ။ အခြားသူများ ပျော်ရွှင်စွာနှင့် ရယ်မောဖွယ်ကောင်းစွာ စကားလက်ဆုံကျနေစဉ်၊ သူတို့၏စိတ်နှလုံးသည် ဘုရားသခင်ရှေ့တွင် ရှိမြဲရှိနေကာ ဘုရားသခင်၏နှုတ်ကပတ်တော်ကို စဉ်းစားဆင်ခြင် နေကြသည်၊ သို့မဟုတ် နှလုံးသားတွင်းမှ ဘုရားသခင်ထံ အသံတိတ် ဆုတောင်းကာ ဘုရားသခင်၏ရည်ရွယ်ချက်များကို ရှာဖွေနေကြသည်။ ထိုသူတို့သည် အခြားသူများနှင့် ပုံမှန်ဆက်ဆံရေး ထိန်းသိမ်းထားခြင်းကို မည်သည့်အခါကမျှ အရေးမထား။ ထိုကဲ့သို့သောသူသည် အသက်ရှင်ရေးအတွက် သဘောတရားခံယူချက်မရှိဟု ထင်ရသည်။ အပြင်ပန်းတွင် ထိုသူသည် ရွှင်ရွှင်ပျပျနှင့် ချစ်ဖွယ်ဖြစ်သည်။ ဖြူစင်သည်။ သို့သော် စိတ်အေးချမ်းမှုကိုလည်း ပိုင်ဆိုင်ထားသည်။ ဤသည်မှာ ဘုရားသခင် အသုံးပြုသောလူစား၏ ပုံစံပင်တည်း။ အသက်ရှင်ရေးအတွက် သဘောတရား ခံယူချက်ကဲ့သို့သော အရာများ၊ သို့မဟုတ် “သာမန်အကြောင်းရင်း” သည် ထိုလူစားမျိုးအတွက် လုံးဝအလုပ်မဖြစ်ပေ။ ယင်းသည် စိတ်နှလုံးတစ်ခုလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်၌ မြှုပ်နှံထားသော လူစားမျိုး ဖြစ်ပြီး သူတို့၏စိတ်နှလုံးတွင် ဘုရားသခင်သာ ရှိပုံရသည်။ ယင်းမှာ “အကြောင်းမဲ့သော” သူဟု ဘုရားသခင် ရည်ညွှန်းသော လူစားဖြစ်ပြီး ဤလူစားမှာ ဘုရားသခင် အသုံးပြုသည့် လူစား အတိအကျဖြစ်၏။ ဘုရားသခင် အသုံးပြုနေသောသူ၏ အမှတ်အသားမှာ- မည်သည့်အချိန် မည်သည့်နေရာတွင်မဆို သူတို့၏စိတ်နှလုံးသည် ဘုရားသခင်ရှေ့တွင် အစဉ်ရှိသည်၊ ထို့အပြင် အခြားလူများ မည်မျှပင် အကျင့်ပျက်သည်ဖြစ်စေ၊ သူတို့၏ ရာဂနှင့်ဇာတိကို မည်မျှပင် အလိုလိုက်ကြသည်ဖြစ်စေ၊ ထိုလူ၏စိတ်နှလုံးကမူ ဘုရားသခင်ထံမှမခွဲခွာ၊ ထိုလူတို့သည် လူအများ၏ နောက်ကိုမလိုက်ပေ။ ထိုလူစားသည်သာ ဘုရားသခင်၏အသုံးပြုမှုအတွက် သင့်တော်သည်။ ထိုလူစားသည်သာ သန့်ရှင်းသောဝိညာဉ်တော်၏ စုံလင်စေခြင်းကိုခံရသည်။ အကယ်၍ သင်သည် ဤအရာများကို မရယူနိုင်ပါက ဘုရားသခင်၏ ရယူခြင်းကိုခံရရန်၊ သန့်ရှင်းသောဝိညာဉ်တော်၏ စုံလင်စေခြင်းကိုခံရရန် သင်သည် အရည်အချင်း မပြည့်မီပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခုတည်ဆောက်ရန် အလွန်အရေးကြီး၏

သမ္မာတရား ရှိသောသူများသည် သူတို့၏ လက်တွေ့အတွေ့အကြုံများတွင် နောက်သို့ ပြန်ဆုတ်ခြင်း အလျှင်းမရှိဘဲ၊ သူတို့၏ သက်သေခံချက်များ၌ ခိုင်မာစွာ ရပ်တည်နိုင်သောသူများ၊ သူတို့၏နေရာ၌ ခိုင်မာစွာရပ်တည် နိုင်သောသူများ၊ ဘုရားသခင်ကို သစ္စာရှိနိုင်သော သူများဖြစ်ပြီး ဘုရားသခင်ကို ချစ်သောသူများနှင့် ပုံမှန်ဆက်ဆံရေးရှိသောသူများ၊ တစ်စုံတစ်ခုဖြစ်သောအခါ ဘုရားသခင်ကို အပြည့်အဝ နာခံနိုင်သောသူများ၊ သေသည်အထိ ဘုရားသခင်ကို နာခံနိုင်သောသူများ ဖြစ်ကြ၏။ လက်တွေ့ဘဝတွင် သင်၏လက်တွေ့လုပ်ဆောင်မှုနှင့် ထုတ်ဖော်မှုတို့သည် ဘုရားသခင်အတွက် သက်သေခံချက်ပင် ဖြစ်သည်။ ယင်းသည် ဘုရားသခင်အတွက် လူ၏အသက်ရှင်နေထိုင်ခြင်းနှင့် သက်သေခံချက်ဖြစ်၏၊ ထို့ပြင် ယင်းသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို စစ်မှန်စွာ မွေ့လျော်ခြင်းဖြစ်သည်။ သင်သည် ဤအဆင့်အထိ တွေ့ကြုံခဲ့ပြီးသောအခါ၊ ထိုက်သင့်သော အကျိုးဆက်ကို ရရှိပြီးဖြစ်လိမ့်မည်။ သင်သည် စစ်မှန်သော အသက်ရှင်နေထိုင်မှုကို ပိုင်ဆိုင်ထားမည်ဖြစ်ပြီး သင့်လုပ်ဆောင်ချက်တိုင်းကို အခြားသူများက လေးစား အားကျမှုဖြင့် မော်ကြည့်ကြလိမ့်မည်။ သင်၏အဝတ်အစားနှင့် အပြင်ပန်းရုပ်သွင်သည် ထူးခြားခြင်းမရှိသော်လည်း၊ ဘုရားတရားကို အဆုံးစွန် ကိုင်းရှိုင်းသော အသက်တာကို သင်အသက်ရှင် နေထိုင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်ပြောဆိုသည့် အချိန်တွင်၊ ဘုရားသခင်သည် သင့်အား လမ်းပြကာ ဉာဏ်အလင်းကို ဖွင့်ပေးမည်ဖြစ်သည်။ သင်သည် သင်၏ စကားလုံးများမှတစ်ဆင့် ဘုရားသခင်၏ အလိုတော်ကို ပြောဆိုနိုင်မည်၊ လက်တွေ့အရှိတရားကိုလည်း ပြောဆိုနိုင်ပြီး ဝိညာဉ်တော် အားဖြင့် အသုံးခံခြင်းအကြောင်းကို များစွာ နားလည်လာလိမ့်မည်။ သင်သည် စကားပြောရာတွင် တဲ့တိုးပြောပြီး သိက္ခာရှိကာ ဖြောင့်မတ်မည်။ ထိပ်တိုက်ရင်ဆိုင်မှု မရှိဘဲ၊ ယဉ်ကျေးသိမ်မွေ့ကာ ဘုရားသခင်၏ အစီအစဉ်များကို နာခံနိုင်ပြီး တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက၊ သင်သည် သင့်သက်သေခံချက်အပေါ်တွင် ခိုင်မာစွာ ရပ်တည်နိုင်မည်၊ မည်သည့်ကိစ္စကိုမဆို ကိုင်တွယ်ဖြေရှင်းရာတွင် သင်သည် တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး ဖြစ်နေမည် ဖြစ်သည်။ ဤသို့သောသူသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို အမှန်တကယ် တွေ့မြင်ခဲ့ရပြီး ဖြစ်သည်။ အချို့သော သူများသည် ငယ်ရွယ်သေးသော်လည်း၊ လူလတ်ပိုင်းတစ်ဦး ကဲ့သို့ ပြုမူကြသည်၊ သူတို့သည် ရင့်ကျက်၍ သမ္မာတရားကို ပိုင်ဆိုင်ကာ အခြားသူများ၏ လေးစားအားကျမှုကို ခံကြရသည်၊ ဤလူများသည် သက်သေခံချက်ရှိသူများဖြစ်ပြီး ဘုရားသခင်၏ သရုပ်သကန် ဖြစ်ကြသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်သောသူများသည် သူ၏အလင်းထဲတွင် ထာဝရနေထိုင်လိမ့်မည်

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သော လူတစ်ဦးသည် အနိမ့်ဆုံးအနေဖြင့် ဝိညာဉ်ရေးရာ အသက်တာ၏ ဤကဏ္ဍငါးခုကို နေ့စဉ်လုပ်ဆောင်လိမ့်မည်- ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ခြင်း၊ ဘုရားသခင်ထံ ဆုတောင်းခြင်း၊ သမ္မာတရားအပေါ် မိတ်သဟာယဖွဲ့ခြင်း၊ ဓမ္မတေးများနှင့် ချီးမွမ်းခြင်းသီချင်းများ သီဆိုခြင်းနှင့် အရာရာတိုင်းတွင် သမ္မာတရားကို ရှာဖွေခြင်းတို့ဖြစ်ကြသည်။ သင်၌ စုဝေးခြင်း အသက်တာတစ်ခုလည်း ရှိပါက၊ သင်သည် ပိုမိုကြီးမားသော ပျော်ရွှင်မှုကို ရလိမ့်မည်။ အကယ်၍ လူတစ်ဦးသည် လက်ခံနိုင်သော အထွေထွေစွမ်းရည်ကို ပိုင်ဆိုင်ပါက၊ ဆိုလိုသည်မှာ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ကိုယ်တိုင် ဖတ်ရှုပြီးနောက်တွင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်သဘောပေါက်နိုင်ခြင်း၊ သမ္မာတရားကို နားလည်နိုင်ပြီး သမ္မာတရားနှင့်အညီ မည်သို့ပြုမူရမည်ကို သိနိုင်ခြင်းရှိပါက၊ ထိုသို့သော ပုဂ္ဂိုလ်တစ်ဦးသည် ၎င်းတို့၏ ယုံကြည်ခြင်းတွင် အောင်မြင်လိမ့်မည်ဟု ပြောနိုင်ပါသည်။ အကယ်၍ လူတစ်ဦးသည် ဤသို့သော ဝိညာဉ်အသက်တာမျိုး မရှိပါက၊ သို့မဟုတ် ၎င်းတို့၏ ဝိညာဉ်အသက်တာသည် အလွန်အကျွံ မသင့်လျော်ဘဲ၊ ရံဖန်ရံခါမှသာလျှင် တည်ရှိပါက၊ ထိုပုဂ္ဂိုလ်သည် စိတ်ရှုပ်ထွေးနေသော ယုံကြည်သူတစ်ဦး ဖြစ်သည်။ စိတ်ရှုပ်ထွေးသော ယုံကြည်သူများသည် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းမှ ကောင်းသောရလဒ်များကို မရရှိနိုင်ပေ။ ဝိညာဉ်အသက်တာဖြင့် အသက်မရှင်ဘဲ ဘုရားသခင်ကို ယုံကြည်ခြင်းသည် နှုတ်ပြောမျှသာဖြစ်သော ယုံကြည်ခြင်း ဖြစ်လိမ့်မည်။ ထိုသို့သော ပုဂ္ဂိုလ်များမူကား ၎င်းတို့၏ စိတ်နှလုံးအတွင်းတွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းရှိရန် မဆိုထားနှင့်၊ ဘုရားသခင်ပင် မရှိချေ၊ ထိုသို့သောလူများ၌ စစ်မှန်သော လူသား၏ပုံသဏ္ဌာန် မည်ကဲ့သို့ ရှိနိုင်မည်နည်း။

............

စစ်မှန်သော လူတစ်ယောက်ဖြစ်သင့်သည့် နည်းလမ်းနှင့်စပ်လျဉ်း၍ လက်တွေ့ကျင့်သုံးရန်နှင့် ဝင်ရောက်ရန်အတွက် မှတ်သားသင့်သောအချက် ဆယ်ချက်ရှိသည်။

၁။ ကျင့်ဝတ်ထုံးတမ်းများကို လိုက်နာပါ၊ စည်းမျဉ်းများကို သိပါ၊ ထို့နောက် ကြီးသူကို လေးစားပြီး ငယ်သူကို စောင့်ရှောက်ပါ။

၂။ သင်ကိုယ်တိုင်နှင့် အခြားသူများအတွက် အကျိုးရှိသော သင့်လျော်သည့် ဘဝနေပုံထိုင်ပုံဖြင့် နေထိုင်ပါ။

၃။ သိက္ခာရှိပြီး တည်ကြည်သည့် နည်းဟန်ဖြင့် ဝတ်ဆင်ပါ။ ထူးခြားသော၊ သို့မဟုတ် ဆန်းပြားသော အဝတ်အထည်များကို တားမြစ်ထားသည်။

၄။ မည်သည့်အကြောင်းကြောင့်ပင်ဖြစ်စေ ညီအစ်ကိုများ၊ သို့မဟုတ် မောင်နှမများထံမှ ပိုက်ဆံမချေးပါနှင့်၊ ထို့နောက် အခြားသူများ၏ ပိုင်ဆိုင်မှုပစ္စည်းများကို သာမန်ကာလျှံကာ မသုံးပါနှင့်။

၅။ ဆန့်ကျင်ဖက်လိင်နှင့် ထိတွေ့ဆက်သွယ်ခြင်း၌ စည်းများရှိရမည်။ လုပ်ဆောင်မှုများသည် ဂုဏ်သိက္ခာနှင့် တည်ကြည်မှုရှိရန် လိုအပ်သည်။

၆။ လူများနှင့် မငြင်းခုံပါနှင့်၊ အခြားသူများကို စိတ်ရှည်စွာ နားထောင်နိုင်ရန် သင်ယူပါ။

၇။ တစ်ကိုယ်ရေ သန့်ရှင်းမှုကို ထိန်းသိမ်းပါ၊ သို့သော် အမှန်တကယ် အခြေအနေများအတိုင်း ဖြစ်ပါစေ။

၈။ အခြားသူများနှင့် လျော်ကန်သော အပြန်အလှန် တုံ့ပြန်မှုများနှင့် ဆက်ဆံရေးများ ရှိပါ၊ လူများအပေါ် လေးစားမှုနှင့် ညှာတာထောက်ထားမှု ထားတတ်အောင် သင်ယူပြီး တစ်ဦးကိုတစ်ဦး ချစ်ခင်ပါ။

၉။ လိုအပ်နေသောသူများကို သင်တတ်နိုင်သမျှကူညီပါ။ အခြားသူများထံမှ ပစ္စည်းများ တောင်းယူခြင်း၊ သို့မဟုတ် လက်ခံခြင်း မပြုပါနှင့်။

၁၀။ အခြားသူများက သင့်အား အစေခံခြင်းကို လက်မခံပါနှင့်။ သင်ကိုယ်တိုင် လုပ်သင့်သည်များကို အခြားသူများ မလုပ်ပါစေနှင့်။

ယုံကြည်သူ အားလုံးတို့သည် ၎င်းတို့၏ အသက်တာများတွင် အထက်ပါစည်းမျဉ်းဆယ်ချက်ကို အနိမ့်ဆုံး လိုက်နာသင့်သည်။ ဤစည်းမျဉ်းများကို ဖောက်ဖျက်သူ မည်သူမဆိုမှာ ကိုယ်ကျင့်တရား ပျက်ပြားသောသူဖြစ်သည်။ ယင်းတို့ကို ဘုရားသခင်၏ အိမ်ထောင်စု စည်းမျဉ်းများဟု ခေါ်ဆိုနိုင်ပြီး၊ ယင်းတို့ကို မကြာခဏ ဖောက်ဖျက်သူများသည် ဘေးဖယ်ထားခြင်း သေချာပေါက်ခံရမည်။

သမ္မာတရားကို လေ့လာလိုက်စားသောသူအားလုံးတို့သည် ရှေးရှေးက သန့်ရှင်းသူတို့၏ အပြုသဘောဆောင်သော စရိုက်လက္ခဏာဆယ်ချက်ကို ၎င်းတို့၏ စံနမူနာအဖြစ်လည်း လိုက်နာရန် လိုသည်။ ဤအချက်များကို ပုံမှန်လက်တွေ့လုပ်ဆောင်ပြီး ထိန်းသိမ်းသော သူများသည် ကြီးမားသော တစ်ကိုယ်ရေဆုလာဘ်များကို သေချာပေါက် ရိတ်သိမ်းကြရလိမ့်မည်။ ယင်းတို့မှာ လူသားတို့အတွက် အလွန်အကျိုးရှိသည်။

သန့်ရှင်းသူတို့၏ ကျင့်ဝတ်နှင့်ကိုက်ညီသော ဥပဒေသဆယ်ချက်-

၁။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နာရီဝက်ခန့် ဆုတောင်း-ဖတ်ရှုခြင်းဖြင့် နေ့စဉ် နံနက်တိုင်းတွင် ဝိညာဉ်ရေးရာ ဝတ်ပြုခြင်းများကို လုပ်ဆောင်ပါ။

၂။ သမ္မာတရားကို ပိုမိုတိကျမှန်ကန်စွာ လက်တွေ့လုပ်ဆောင်နိုင်ရန် အရာအားလုံးတွင် ဘုရားသခင်၏ အလိုတော်ကို နေ့စဉ်နေ့တိုင်း ရှာဖွေပါ။

၃။ သင်နှင့်ထိတွေ့ဆက်ဆံသောသူအားလုံးနှင့် မိတ်သဟာယဖွဲ့ပါ၊ နှစ်ဦးစလုံး တိုးတက်နိုင်စေရန်အတွက် တစ်ဦးနှင့်တစ်ဦး၏ အားသာချက်များကို သင်ယူပြီး၊ တစ်ဦးနှင့်တစ်ဦး၏ အားနည်းချက်များကို ကျေရာကျေကြောင်း ဖြစ်စေပါ။

၄။ အသက်တာအပေါ် အကောင်းမြင်သည့် သဘောထား ထားရှိပါ။ ဓမ္မတေးများနှင့် ချီးမွမ်းခြင်းသီချင်းများကို မကြာခဏ သီဆိုပြီး ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါ။

၅။ လောကီကမ္ဘာ၏ တွယ်ငြိမှုကို မခံရစေနှင့်၊ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်အထံတော်သို့ ပုံမှန်တိုးဝင်ပြီး အခြားသူများ၏ ကိစ္စများတွင် မစွက်ဖက်ပါနှင့်။

၆။ သင်၏စိတ်နှလုံးတွင် ဉာဏ်ပညာကို စွဲကိုင်ပြီး၊ ဒုစရိုက်နှင့် ဘေးအန္တရာယ်များသော နေရာများကို ရှောင်ကြဉ်ပါ။

၇။ လူများနှင့် မငြင်းခုံပါနှင့်၊ သမ္မာတရားအပေါ် မိတ်သဟာယဖွဲ့ပြီး၊ အခြားသူများနှင့် အဆင်ပြေအောင်နေပါ။

၈။ အခြားသူများကို သင်တတ်နိုင်သမျှ ကူညီပေးရန် ပျော်ရွှင်ပါ၊ အခြားသူများ၏ စိုးရိမ်မှုများကို သက်သာစေပြီး၊ ဘုရားသခင်၌ ယုံကြည်ခြင်းသို့ ဝင်ရောက်ရာတွင် ၎င်းတို့၏ အခက်အခဲများကို ကူညီဖြေရှင်းပေးပါ။

၉။ အခြားသူများကို မည်သို့နာခံရမည်ကို သင်ယူပါ၊ လူများကို မထိန်းချုပ်ပါနှင့်၊ သို့မဟုတ် အတင်းအဓမ္မ စေခိုင်းခြင်းမပြုပါနှင့်။ လူများကို အရာအားလုံးတွင် အကျိုးအမြတ်အချို့ ရရှိခွင့်ပြုပါ။

၁၀။ သင်၏စိတ်နှလုံးအတွင်းတွင် ဘုရားသခင်ကို မကြာခဏ ကိုးကွယ်ပါ။ အရာခပ်သိမ်း၌ သူ့ကိုစိုးပိုင်ခွင့်ပေးပြီး အရာရာ၌ သူ့ကို အားရကျေနပ်စေပါ။

အသက်တာအတွက် အထက်ပါ ဥပဒေသဆယ်ချက်နှင့် သန့်ရှင်းသူတို့၏ ကျင့်ဝတ်နှင့် ကိုက်ညီသော နည်းလမ်းဆယ်ခုတို့သည် လူများလုပ်နိုင်သော အရာများအားလုံးဖြစ်သည်။ ယင်းတို့ကို နားလည်သရွေ့ ယင်းတို့ကို လက်တွေ့ကျင့်သုံးနိုင်ပြီး၊ ရံဖန်ရံခါ ပြစ်မှားခြင်းသည် ဖြေရှင်းရန် မခက်ခဲပါ။ မှန်ပါ၏၊ လူ့သဘာဝ အလွန်ယုတ်ညံ့သော ပုဂ္ဂိုလ်အချို့မှာ ခြွင်းချက်ဖြစ်သည်။

—အထက်အရပ်မှ မိတ်သဟာယပြုခြင်း

မှန်ကန်သော လူ့သဘာဝဆိုသည်မှာ အသိတရား၊ ဆင်ခြင်တုံတရား၊ စရိုက်နှင့် ဂုဏ်သိက္ခာရှိခြင်းကို အဓိကရည်ညွှန်းခြင်းဖြစ်သည်။ အသိတရားနှင့် ဆင်ခြင်တုံတရားတွင် သည်းခံမှုကိုပြခြင်း၊ အခြားသူများအပေါ် စိတ်ရှည်ခြင်း၊ ဖြောင့်မတ်မှုရှိခြင်း၊ သင်၏အပြန်အလှန်ဆက်ဆံမှုများတွင် ဉာဏ်ပညာရှိခြင်းနှင့် ညီအစ်ကို မောင်နှမများအပေါ် စစ်မှန်သော ချစ်ခြင်းမေတ္တာရှိခြင်းတို့ ပါဝင်သည်။ ၎င်းတို့သည် မှန်ကန်သော လူ့သဘာဝအတွင်း ပိုင်ဆိုင်သင့်သော သွင်ပြင်လက္ခဏာ ငါးခုတို့ ဖြစ်ကြသည်။

ပထမသွင်ပြင်လက္ခဏာမှာ သည်းခံသော စိတ်နှလုံးရှိခြင်း ဖြစ်သည်။ ကျွန်ုပ်တို့၏ ညီအစ်ကို မောင်နှမများ၌ မည်သည့်အမှားများကို မြင်ပါစေ ကျွန်ုပ်တို့သည် ၎င်းတို့ကို မှန်ကန်စွာ ဆက်ဆံသင့်သည်၊ သည်းခံခြင်းနှင့် နားလည်ခြင်းကို ဖော်ပြရမည်။ ကျွန်ုပ်တို့သည် ၎င်းတို့ကို ဖယ်ခွာခြင်း၊ သို့မဟုတ် ပုတ်ခတ်ပြောဆိုခြင်း မပြုသင့်ပေ။ အခြားသူများ၌ အားနည်းချက်များနှင့် ဖောက်ပြန်ပျက်စီးမှု ထုတ်ဖော်ခြင်းကို ကျွန်ုပ်တို့ မြင်သောအခါ၊ ဤအချိန်သည် ဘုရားသခင်၏ ကယ်တင်ခြင်းအမှု၏ အချိန်ကာလ ဖြစ်သောကြောင့် ဘုရားသခင် ရွေးကောက်ထားသူများသည် ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်ခြင်းမှာ ပုံမှန်ဖြစ်ပြီး၊ ကျွန်ုပ်တို့ နားလည်ပေးသင့်ကြောင်း ကျွန်ုပ်တို့၏စိတ်ထဲတွင် မှတ်သားထားသင့်သည်။ ထိုအရာမှလွဲ၍ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးမှုကို ကြည့်ရန်လိုအပ်သည်။ ကျွန်ုပ်တို့သည် အခြားသူများထက် ဖောက်ပြန်ပျက်စီးမှုကို လျှော့ပြီးထုတ်ဖော်နေခြင်းမှာ သေချာပေါက် မဟုတ်ပါ။ အခြားသူများ၏ ဖောက်ပြန်ပျက်စီးမှု ထုတ်ဖော်ခြင်းများကို ကျွန်ုပ်တို့ကိုယ်ပိုင်ထုတ်ဖော်ခြင်းများအတိုင်း တစ်ပုံစံတည်း သဘောထားသင့်သည်။ ဤနည်းဖြင့် ကျွန်ုပ်တို့သည် အခြားသူများအပေါ် သည်းခံခြင်း ရှိနိုင်သည်။ သင်သည် အခြားသူများကို သည်းခံနိုင်ခြင်းမရှိပါက၊ သင်၌ ဆင်ခြင်တုံတရားနှင့်ပတ်သက်သည့် ပြဿနာတစ်ခုရှိနေကြောင်း ဆိုလိုသည်။ သင်သည် သမ္မာတရားကို နားမလည်ကြောင်းနှင့် ဘုရားသခင်၏အမှုကို မသိကြောင်းလည်း ပြသနေသည်။ ဘုရားသခင်၏အမှုကို မသိခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ ဘုရားသခင်၏အမှုသည် အဆုံးသို့ရောက်မလာသေးဘဲ လူသည် ဘုရားသခင်၏ ကယ်တင်ခြင်းအမှုနှင့်ဆိုင်သော ကာလအတွင်းတွင် နေထိုင်နေဆဲဖြစ်ကြောင်း အသိအမှတ်မပြုခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် စုံလင်ခြင်းသို့ မရောက်သေးပေ။ သို့ဖြစ်ရာ လူတိုင်းသည် မလွဲမရှောင်သာ ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်လိမ့်မည်။ လူတိုင်းသည် ယခုအခါ သမ္မာတရားကို မှန်ကန်စွာ လေ့လာလိုက်စားနေကြ၍ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးမှုကို နားလည်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တွေ့ကြုံခံစားလျက်ရှိသည်။ လူတိုင်းသည် သမ္မာတရားထဲ ဝင်ရောက်ခြင်း ကာလအတွင်းတွင်ရှိပြီး သမ္မာတရားကို အပြည့်အဝ ရရှိခြင်း မရှိသေးပေ။ လူများသည် သမ္မာတရားကို ရရှိသည့်အခါမှသာ ၎င်းတို့၏ အသက်တာ စိတ်သဘောထားသည် စတင်ပြောင်းလဲလိမ့်မည်။ လူများသည် ဤအချက်ကို နားလည်သဘောပေါက်သည့်အခါ ၎င်းတို့၌ မှန်ကန်သော ပုဂ္ဂိုလ်တစ်ဦး၏ ဆင်ခြင်တုံတရား ရှိလိမ့်မည်ဖြစ်ပြီး၊ ထို့နောက်တွင် ၎င်းတို့သည်လည်း အခြားသူများကို ကျိုးကြောင်းညီညွတ်စွာ ဆက်ဆံကြလိမ့်မည်။ လူများတွင် ဆင်ခြင်တုံတရား မရှိပါက၊ ၎င်းတို့သည် အခြားမည်သူတစ်စုံတစ်ယောက်ကိုမျှ ကျိုးကြောင်းညီညွတ်စွာ ဆက်ဆံလိမ့်မည် မဟုတ်ပေ။

ဒုတိယသွင်ပြင်လက္ခဏာမှာ အခြားသူများအပေါ် စိတ်ရှည်ခြင်းကို ကျင့်သုံးရန်ဖြစ်သည်။ သည်းခံရုံသက်သက်ဖြင့် လုံလောက်မှု မရှိပေ၊ သင်သည် စိတ်လည်းရှည်ရမည်။ တစ်ခါတစ်ရံတွင် သင်သည် သည်းခံခြင်းနှင့် နားလည်ခြင်းသာ ရှိနိုင်သော်လည်း မလွဲမရှောင်သာဘဲ၊ အထူးသဖြင့် ညီအစ်ကို မောင်နှမ တစ်ဦးဦးသည် သင့်ကို နာကျင်စေအောင် သို့မဟုတ် မကျေမနပ်ဖြစ်အောင် တစ်ခုခုကို လုပ်လိမ့်မည်။ ဤအခြေအနေများအောက်တွင် လူ၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ရုတ်တရက် ပွင့်ထွက်လေ့ရှိသည်၊ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့အားလုံးသည် တိုက်ခိုက်ရန်နှင့် ကျွန်ုပ်တို့၏မာနကို ကာကွယ်ရန် နှစ်သက်ကြပြီး၊ ကျွန်ုပ်တို့အားလုံးသည် အတ္တကြီးကာ စိတ်ကြီးဝင်ကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် တစ်စုံတစ်ယောက်က သင့်ကို ထိခိုက်စေသော စကားတစ်စုံတစ်ရာကို ပြောပါက၊ သို့မဟုတ် သင့်ကို စောက်ကားပုတ်ခတ်သည်ဟု သင်ခံစားရသော အရာတစ်ခုခု လုပ်ပါက၊ သင်စိတ်ရှည်သင့်သည်။ စိတ်ရှည်ခြင်းသည် ဆင်ခြင်တုံတရား၏ အတိုင်းအတာအတွင်းတွင်လည်း ပါဝင်သည်။ လူများသည် ဆင်ခြင်တုံတရား ရှိမှသာလျှင် စိတ်ရှည်ခြင်းကို ဖြစ်ပွားစေနိုင်မည်။ သို့သော် ကျွန်ုပ်တို့ မည်သို့စိတ်ရှည်နိုင်မည်နည်း။ အခြားသူများအပေါ် သင်စိတ်ရှည်ခြင်း ရှိလိုပါက၊ ပထမဦးစွာ သင်သည် ၎င်းတို့အပေါ် နားလည်မှုရရှိရန် လိုအပ်သည်၊ ဆိုလိုသည်မှာ သင့်ကို ထိခိုက်နာကျင်အောင် တစ်စုံတစ်ခုကို မည်သူက ပြောသည်ဖြစ်စေ၊ သင်သည် ဤအရာကို ပထမဆုံး အသိအမှတ် ပြုရမည်- “သူ၏ စကားလုံးများသည် ကျွန်ုပ်ကို နာကျင်စေသည်။ သူပြောသည်မှာ ကျွန်ုပ်၏ အားနည်းချက်များကို မြင်သာအောင် ပြနေပုံရပြီး ကျွန်ုပ်ကို ပစ်မှတ်ထားနေပုံရသည်။ သူ၏စကားလုံးများမှာ ကျွန်ုပ်ကို ပစ်မှတ်ထားသည်ဆိုလျှင်၊ သူသည် မည်သည့်အရာကို ဆိုလိုသနည်း။ သူသည် ကျွန်ုပ်ကို ထိခိုက်နစ်နာအောင်လုပ်ဖို့ ကြိုးစားနေခြင်း ဖြစ်သလော။ သူသည် ကျွန်ုပ်ကို သူ့ရန်သူအဖြစ် မြင်နေသလော။ သူသည် ကျွန်ုပ်ကို မုန်းနေသလော။ သူသည် ကျွန်ုပ်အပေါ် လက်စားချေမှုတစ်ခုကို လုပ်နေသလော။ ကျွန်ုပ်သူ့ကို ပုတ်ခတ်စော်ကားခဲ့ခြင်း မရှိပါ၊ ထို့ကြောင့် ထိုမေးခွန်းများ၏ အဖြေမှာ ဟုတ်မှန်သည်ဟူ၍ မဖြစ်နိုင်ပါ။” ဤကဲ့သို့သာ ဖြစ်ပါက၊ ဤညီအစ်ကို သို့မဟုတ် ညီအစ်မသည် မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ သူတို့တွင် သင့်ကို ထိခိုက်နာကျင်စေလိုသည့်၊ သို့မဟုတ် သင့်ကို ၎င်းတို့၏ ရန်သူကဲ့သို့ ဆက်ဆံရန် ရည်ရွယ်ချက်များ မရှိပေ။ ယင်းမှာ သေချာပါသည်။ ဤစကားလုံးများကို ၎င်းတို့ပြောခဲ့သောအခါ ၎င်းတို့သည် သာမာန်လူပုဂ္ဂိုလ်က စဉ်းစားသည့်အရာကို ရိုးရှင်းစွာ ဖော်ပြခြင်း၊ ၎င်းတို့သည် သမ္မာတရားနှင့် မိတ်သဟာယဖွဲ့ခြင်း၊ အသိပညာ ဆွေးနွေးခြင်း၊ လူများ၏ ဖောက်ပြန်ပျက်စီးမှုများကို ဖော်ထုတ်ခြင်း၊ သို့မဟုတ် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးနေသော အခြေအနေကို အသိအမှတ်ပြုနေကြခြင်းသက်သက်ဖြစ်သည်။ ၎င်းတို့သည် တမင်သက်သက် မည်သည့်ပုဂ္ဂိုလ်တစ်စုံတစ်ယောက်ကိုမျှ ပစ်မှတ်ထားနေခြင်း မဟုတ်သည်မှာ သေချာသည်။ ပထမဦးစွာ သင့်အနေဖြင့် နားလည်မှုပေးပါ၊ ထိုအခါ သင်၏ဒေါသသည် ပျောက်ကွယ်သွားနိုင်ပြီးနောက်တွင်၊ သင်သည် စိတ်ရှည်ခြင်းကို ရရှိနိုင်သည်။ အချို့က “အကယ်၍ တစ်ယောက်ယောက်သည် သိသိကြီးဖြင့် ကျွန်ုပ်ကိုတိုက်ခိုက်ပြီး ပစ်မှတ်ထားကာ ရည်ရွယ်ချက်အချို့ ဖြစ်မြောက်ရန်အတွက် ဤအရာများကို တမင်သက်သက် ပြောလျှင်၊ ကျွန်ုပ် မည်ကဲ့သို့ စိတ်ရှည်နိုင်ဦးမည်နည်း” ဟု မေးကြလိမ့်မည်။ ဤကဲ့သို့ သင်စိတ်ရှည်သင့်သည်- “အကယ်၍ တစ်စုံတစ်ယောက်သည် တမင်သက်သက် ကျွန်ုပ်ကို တိုက်ခိုက်သည့်တိုင်အောင်၊ ကျွန်ုပ်သည် စိတ်ရှည်သင့်တုန်းပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ကျွန်ုပ်၏ ညီအစ်ကို သို့မဟုတ် မောင်နှမများဖြစ်ကြပြီး၊ ကျွန်ုပ်၏ရန်သူ မဟုတ်သကဲ့သို့ မာရ်နတ်ဖြစ်သည့် စာတန်မဟုတ်သည်မှာ သေချာသည်။ ညီအစ်ကို မောင်နှမများသည် အချို့သော ဖောက်ပြန်ပျက်စီးခြင်းကို ဖော်ပြမည်မှာ မလွဲမရှောင်သာဖြစ်ပြီး ၎င်းတို့၏ စိတ်နှလုံးသားတွင် အချို့ရည်ရွယ်ချက်များ ရှိလိမ့်မည်။ ယင်းမှာ ပုံမှန်ဖြစ်သည်။ ကျွန်ုပ်အနေဖြင့် နားလည်သင့်သည်၊ စာနာသင့်သည်၊ စိတ်ရှည်သင့်သည်။” ဤနည်းအတိုင်း သင်စဉ်းစားသင့်ပြီး ဘုရားသခင်ထံ ဆုတောင်းကာ “ဘုရားသခင်၊ တစ်စုံတစ်ယောက်သည် ကျွန်ုပ်၏မာနကို ခုပင် ထိခိုက်စေပါသည်။ ကျွန်ုပ်သည် မျက်နှာပျက်ခြင်းကို လက်မခံနိုင်ပါ။ ကျွန်ုပ်သည် အစဉ်အမြဲ ဒေါသထွက်ပြီး ဒေါသတကြီးရမ်းလိုပါသည်။ ဤအရာသည် ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း အမှန်တကယ်ပင် ဖြစ်သည်။ ကျွန်ုပ်သည် အခြားသူများအပေါ် ချစ်ခြင်းမေတ္တာ ထားသည်ဟု ထင်ခဲ့ပါသည်၊ သို့သော် ယခုအခါ တစ်စုံတစ်ယောက်၏ စကားလုံးများက ကျွန်ုပ်၏ နှလုံးသားကို ဓါးနှင့် ထိုးသကဲ့သို့ဖြစ်ရာ ကျွန်ုပ်မခံနိုင်ပါ။ ကျွန်ုပ် ပြန်လည်တိုက်ခိုက်လိုပါသည်။ ကျွန်ုပ်လက်စားချေလိုသည်၊ ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာမှာ မည်သည့်နေရာ၌ရှိသနည်း။ ဤသည်မှာ အမုန်းတရားချည်းသာ ဖြစ်သည်မဟုတ်လော။ ကျွန်ုပ်၏စိတ်နှလုံးထဲတွင် ယခုတိုင် အမုန်းတရား ရှိနေဆဲဖြစ်သည်။ ဘုရားသခင်၊ ကျွန်ုပ်တို့အပေါ်သို့ ကိုယ်တော်သနားကြင်နာပြီး ကျွန်ုပ်တို့၏ ပြစ်မှားခြင်းများကို ခွင့်လွှတ်သည့်နည်းတူ ကျွန်ုပ်တို့သည်လည်း အခြားသူများအပေါ် သနားခြင်း ရှိသင့်ပါသည်။ ကျွန်ုပ်တို့သည် အခြားသူများအပေါ် အာဃာတ မထားသင့်ပါ။ ဘုရားသခင်၊ ကျေးဇူးပြု၍ ကျွန်ုပ်ကို ကာကွယ်ပါ၊ ကျွန်ုပ်၏ သဘာဝကို ပွင့်မထွက်ပါစေနှင့်၊ ကျွန်ုပ်သည် ကိုယ်တော့်ကို နာခံရန်နှင့် ကိုယ်တော်၏ ချစ်ခြင်းမေတ္တာအတွင်း၌နေရန် ဆန္ဒရှိပါသည်။ ကျွန်ုပ်တို့ လုပ်သမျှ အရာအားလုံးတွင်၊ ကျွန်ုပ်တို့သည် ခရစ်တော်နှင့် ဘုရားသခင်ကို လွန်စွာမနာခံဘဲ ဆန့်ကျင်နေပါ၏၊ သို့ရာတွင် ခရစ်တော်သည် ကျွန်ုပ်တို့ကို သည်းခံနေဆဲဖြစ်သည်။ ဘုရားသခင်သည် ကိုယ်တော့်အမှု၏ ဤအဆင့်ကို အလွန်အကျွံ စိတ်ရှည်ခြင်းနှင့် ချစ်ခြင်းမေတ္တာတို့ဖြင့် လုပ်ဆောင်လျက်ရှိသည်။ ခရစ်တော်အနေဖြင့် မည်မျှသောဝေဒနာခံစားမှု၊ အရှက်ကွဲခြင်းခွဲမှုနှင့် အသရေဖျက်ခြင်းတို့ကို သည်းညည်းခံခဲ့ရသနည်း။ အကယ်၍ ခရစ်တော် စိတ်ရှည်နိုင်ခဲ့ပါက၊ ကျွန်ုပ်တို့၌ ရှိရန်လိုသည့် အနည်းငယ်မျှသော စိတ်ရှည်ခြင်းသည် ဘာမျှမဟုတ်ပေ။ ခရစ်တော်နှင့် ယှဉ်လျှင် ကျွန်ုပ်တို့၏ စိတ်ရှည်ခြင်းမှာ အလွန်ပင် နည်းပါးလျက် ရှိပေသည်...” ဟု ပြောသင့်သည်။ ဤနည်းဖြင့် သင်ဆုတောင်းသည့်အခါ သင်သည် အလွန်ဖောက်ပြန်ပျက်စီးနေကြောင်း၊ အလွန် မထင်မရှားဖြစ်ကြောင်း၊ ဝိညာဉ်အသက်တာ အလွန်အားနည်းကြောင်း ခံစားရလိမ့်မည်ဖြစ်ပြီး၊ ထိုအချိန်တွင် သင်၏အမျက်ဒေါသ ပျောက်ကွယ်သွားလိမ့်မည်။ ဤနည်းဖြင့် စိတ်ရှည်ခြင်းကို သင်ရရှိနိုင်သည်။

တတိယသွင်ပြင်လက္ခဏာမှာ လူများကို ရိုးသားဖြောင့်မတ်မှုဖြင့် ဆက်ဆံခြင်းဖြစ်သည်။ လူများအပေါ် ရိုးသားဖြောင့်မတ်ခြင်းဆိုသည်မှာ ကျွန်ုပ်တို့ မည်သည့်အရာကို လုပ်သည်ဖြစ်စေ၊ အခြားသူများကို အကူအညီ ပေးရာတွင်ဖြစ်စေ၊ သို့မဟုတ် ညီအစ်ကို မောင်နှမများကို အမှုတော်ဆောင်ရာတွင်ဖြစ်စေ၊ သို့မဟုတ် သမ္မာတရားအပေါ် မိတ်သဟာယဖွဲ့ရာတွင်ဖြစ်စေ၊ ကျွန်ုပ်တို့သည် စိတ်နှလုံးထဲမှ စကားပြောရန် လိုသည်။ ထိုမျှမက သင်မလုပ်ရသေးသည့် အကြောင်းကို တရားမဟောကြားပါနှင့်။ ညီအစ်ကို မောင်နှမများ ကျွန်ုပ်တို့၏ အကူအညီကို လိုအပ်သောအခါတိုင်းတွင်၊ ကျွန်ုပ်တို့ ကူညီသင့်သည်။ မည်သည့်တာဝန်ကိုမဆို ကျွန်ုပ်တို့ ထမ်းဆောင်ရန် လိုအပ်လျှင် ကျွန်ုပ်တို့ ထမ်းရွက်သင့်သည်။ စစ်မှန်ပါစေ၊ ယုံမှားစေခြင်း၊ သို့မဟုတ် ဟန်များခြင်း မလုပ်ပါနှင့်။...ရိုးသားဖြောင့်မတ်သောသူဖြစ်ရန် အချို့သော လူပုဂ္ဂိုလ်များနှင့် ဆက်ဆံရာတွင် အသိဉာဏ်ပညာ အနည်းငယ်ရှိရန် လိုအပ်သည်မှာ အမှန်ပင်ဖြစ်သည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးမှုမှာ အလွန်နက်ရှိုင်းနေသောကြောင့်၊ လူတစ်ဦးကို မယုံကြည်ရလျှင်၊ ၎င်းတို့အတွင်းသို့ သင်မြင်နိုင်စွမ်း မရှိဘဲ၊ ၎င်းတို့အနေဖြင့် မည်သည့်အရာ လုပ်မည်ကို သင်မသိလျှင်၊ ထိုအခါ သင်သည် ဉာဏ်ပညာသုံးရန် လိုအပ်ပြီး ၎င်းတို့ကို အကုန်အစင် ပြောဆိုခြင်းမှ ရှောင်ရှားရန် လိုအပ်သည်။ ရိုးသားဖြောင့်မတ်သော လူပုဂ္ဂိုလ်တစ်ဦးဖြစ်ခြင်း၌ ဥပဒေသများ လိုအပ်သည်။ သင်မပြောသင့်သည့် အရာများကို ဆင်ခြင်သုံးသပ်မှု မရှိဘဲ မပြောပါနှင့်။ ထိုမျှသာမက ရိုးသားဖြောင့်မတ်သောသူ တစ်ဦးဖြစ်ရန် ဆင်ခြင်တုံတရားနှင့် သင့်တင်လျောက်ပတ်မှုဖြင့် ပြောဆိုရန် လိုအပ်သည်။ အချို့လူများသည် ရိုးသားဖြောင့်မတ်ခြင်းကို လက်တွေ့ကျင့်ကြံရန်နှင့် ၎င်းတို့အနေဖြင့် မည်မျှပင်အလုပ်များနေစေကာမူ ၎င်းတို့၏ စိတ်နှလုံးကို တစ်စုံတစ်ယောက်အတွက် ဖွင့်ထားပေးရန် အခိုင်အမာဆိုကြသည်။ ၎င်းမှာ ရိုးသားဖြောင့်မတ်သော လူပုဂ္ဂိုလ်တစ်ဦးဖြစ်ရန် လက်တွေ့လုပ်ဆောင်မှု မည်ကဲ့သို့ဖြစ်နိုင်မည်နည်း။ ယင်းမှာ ရူးမိုက်ခြင်း မဟုတ်သလော။ ရိုးသားဖြောင့်မတ်သော လူပုဂ္ဂိုလ်ဖြစ်ခြင်းမှာ ရူးမိုက်သောသူတစ်ဦးဖြစ်ခြင်း မဟုတ်ပေ။ ယင်းမှာ ထူးချွန်ကာ ရိုးရှင်းပြီး ပွင့်လင်း၍ လှည့်ဖြားမှု မရှိခြင်းအကြောင်း ဖြစ်ပေသည်။ သင်သည် မှန်ကန်ပြီး အသိတရားရှိရမည်။ ရိုးသားဖြောင့်မတ်ခြင်းကို ဆင်ခြင်တုံတရား အခြေခံပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ လူများနှင့် ဆက်ဆံရာတွင် ရိုးသားဖြောင့်မတ်မှုရှိခြင်းနှင့် ရိုးသားဖြောင့်မတ်သော လူတစ်ဦးဖြစ်ခြင်းမှာ ထိုအရာကို ဆိုလိုခြင်းဖြစ်သည်။ မှန်ပေ၏၊ ရိုးသားဖြောင့်မတ်သူတစ်ဦးဖြစ်ရန်အတွက် အရေးကြီးဆုံးအချက်မှာ ဘုရားသခင်အပေါ် ရိုးသားဖြောင့်မတ်ခြင်း ဖြစ်သည်။ သင်သည် အခြားသောသူများ၏ ရှေ့တွင်သာ ရိုးသားဖြောင့်မတ်ပြီး ဘုရားသခင်ရှေ့မှောက်တွင် ရိုးသားဖြောင့်မတ်ခြင်း မရှိဘဲ သူ့ကိုလှည့်စားခဲ့ပါက ပြဿနာကြီးဖြစ်လိမ့်မည် မဟုတ်လော။ အကယ်၍ သင်တို့သည် ဘုရားသခင်ရှေ့မှောက်တွင် ရိုးသားဖြောင့်မတ်ခြင်းရှိရန် ကြိုးစားပါက၊ အခြားသူများရှေ့တွင် သဘာဝအလျောက် ရိုးသားဖြောင့်မတ်လာလိမ့်မည်။ အကယ်၍ သင်သည် ဘုရားသခင်ရှေ့မှောက်တွင် မရိုးသားမဖြောင့်မတ်နိုင်ပါက၊ အခြားသူများ ရှေ့တွင်လည်း သင်အမှန်တကယ် ရိုးသားဖြောင့်မတ်နိုင်လိမ့်မည် မဟုတ်ပေ။ သမ္မာတရား၏ မည်သည့်ရှုထောင့်ကိုဖြစ်စေ၊ သို့မဟုတ် မည်သည့်အပြုသဘောဆောင်သော အရာကိုဖြစ်စေ သင်ဝင်ရောက်နေပါက၊ သင်သည် ဦးစွာ ဘုရားသခင်၏ ရှေ့မှာက်တွင် ပြုရလိမ့်မည်။ သင်သည် ဘုရားသခင်ရှေ့မှောက်တွင် ရလဒ်များ ရရှိခဲ့ပြီးသည်နှင့်၊ သဘာဝအလျောက်ပင် အခြားသူများ ရှေ့မှောက်တွင် ထိုအရာကို သင်လက်တွေ့ကျင့်သုံးနိုင်လိမ့်မည်။ ဤအရာကို သို့မဟုတ် ထိုအရာကို လုပ်ရန် အခြားသူများရှေ့တွင် ကိုယ့်ကိုယ်ကိုယ် အားမစိုက်ပါနှင့်၊ သို့ရာတွင် ဘုရားသခင်ရှေ့မှောက်တွင် သင်လုပ်လိုရာကို လွတ်လပ်စွာ လုပ်ဆောင်ပါ။ ယင်းက အလုပ်ဖြစ်မည် မဟုတ်ပါ။ အရေးကြီးဆုံးအရာမှာ၊ လူသားကို စမ်းသပ်ပြီး ၎င်းတို့၏ စိတ်နှလုံးများကို ရှာဖွေသော ဘုရားသခင်ရှေ့မှောက်တွင် လုပ်ဆောင်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ ရှေ့မှောက်တွင် ဤစမ်းသပ်ခြင်းကို အောင်မြင်နိုင်ပါက သင်သည် လက်တွေ့အရှိတရားကို အမှန်တကယ် ပိုင်ဆိုင်ခြင်းပင် ဖြစ်သည်။ ဘုရားသခင်၏ ရှေ့မှောက်တွင် ဤစမ်းသပ်မှုကို မအောင်မြင်နိုင်ပါက သင်သည် လက်တွေ့အရှိတရားကို ပိုင်ဆိုင်ခြင်း မရှိပေ၊ ယင်းမှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ ဥပဒေသတစ်ခု ဖြစ်သည်။

စတုတ္ထသွင်ပြင်လက္ခဏာမှာ သင်၏အပြန်အလှန်ဆက်ဆံမှုများတွင် ဉာဏ်ပညာရှိခြင်းဖြစ်သည်။ အချို့လူများက “ညီအစ်ကို မောင်နှမများနှင့် အဆင်ပြေစေရန် ဉာဏ်ပညာ လိုအပ်သလော” ဟုပြောကြသည်။ မှန်ပါ၏၊ လိုအပ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဉာဏ်ပညာကို အသုံးချခြင်းက သင်၏ညီအစ်ကို မောင်နှမများအတွက် ပိုမို၍ပင် အကျိုးကျေးဇူးရှိနိုင်သည်။ အချို့က “ညီအစ်ကို မောင်နှမများအပေါ် ဉာဏ်ပညာကို သုံးခြင်းမှာ စဉ်းလဲခြင်း မဟုတ်လော” ဟု မေးကြလိမ့်မည်။ ဉာဏ်ပညာမှာ စဉ်းလဲခြင်းမဟုတ်ပေ။ အမှန်မှာ ဉာဏ်ပညာသည် စဉ်းလဲခြင်း၏ လုံးလုံးဆန့်ကျင်ဖက်ဖြစ်သည်။ ဉာဏ်ပညာကို အသုံးပြုခြင်းဆိုသည်မှာ ညီအစ်ကို မောင်နှမများ၏ ဝိညာဉ်အသက်တာ သေးငယ်သည့်အခါ၊ သင်ပြောဆိုသည်ကို ၎င်းတို့လက်မခံနိုင်သည့်အခါတွင် ၎င်းတို့နှင့် သင်စကားပြောရာတွင် သတိထားခြင်းဖြစ်သည်။ သေးငယ်သော ဝိညာဉ်အသက်တာ ရှိသူများ၊ အထူးသဖြင့် သမ္မာတရားကို မပိုင်ဆိုင်သောသူများ၊ ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်သူများနှင့် ဖောက်ပြန်ပျက်စီးမှု အချို့ရှိသောသူများအတွက် သင်သည် ရိုးစင်းလွန်းပြီး ၎င်းတို့အား ပွင့်လင်းစွာ အရာအားလုံးကို ပြောပြလျှင် သင့်ထံမှ တစ်စုံတစ်ခု ရယူရန်၊ သို့မဟုတ် သင့်ကို အမြတ်ထုတ်ရန် ၎င်းတို့အတွက် လွယ်ကူလိမ့်မည်။ ထို့ကြောင့် သင့်အနေဖြင့် အနည်းနှင့်အများ ကြိုတင်ကာကွယ်မှုများ ရှိရမည်ဖြစ်ပြီး သင်စကားပြောရာတွင် နည်းစနစ်တစ်ခုခု ရှိရမည်။ သို့ရာတွင် လူအများအပေါ် သတိထားခြင်းဆိုသည်မှာ ၎င်းတို့ကို မကူညီခြင်း၊ သို့မဟုတ် ၎င်းတို့အပေါ် ချစ်ခြင်းမေတ္တာ မထားခြင်း မဟုတ်ပေ၊ ယင်းမှာ ၎င်းတို့ကို ဘုရားသခင်၏ အိမ်ထောင်စုအကြောင်း အရေးကြီးသည့် အရာများကို ချက်ချင်းမပြောပြခြင်းနှင့် ၎င်းတို့ကို သမ္မာတရားနှင့် ရိုးရှင်းစွာ မိတ်သဟာယဖွဲ့ပေးခြင်းကို ဆိုလိုသည်။ အကယ်၍ ၎င်းတို့သည် အသက်တာတွင် ဝိညာဉ်ရေးရာ အကူအညီ လိုအပ်ပါက၊ ၎င်းတို့သည် သမ္မာတရား၏ အထောက်အပံ့ကို လိုအပ်ပါက၊ ကျွန်ုပ်တို့သည် ဤကိစ္စနှင့်စပ်လျဉ်း၍ ၎င်းတို့ကို ဖြည့်ဆည်းပေးရန် တတ်စွမ်းသမျှ အရာရာကို လုပ်ဆောင်ရမည်။ သို့ရာတွင် ၎င်းတို့က ဘုရားသခင်၏ အိမ်ထောင်စုနှင့် ပတ်သက်၍ ဤအရာ ထိုအရာများကို မေးမြန်းစုံစမ်းပါက၊ သို့မဟုတ် ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များနှင့် ပတ်သက်၍ ဤအရာ ထိုအရာများကို မေးမြန်းစုံစမ်းပါက၊ ၎င်းတို့ကို ပြောပြရန် မလိုအပ်ပါ။ အကယ်၍ ၎င်းတို့ကို သင်ပြောပြပါက၊ ၎င်းတို့သည် ထိုသတင်းအချက်အလက်ကို ပေါက်ကြားစေမည့် အလားအလာရှိပြီး ယင်းသည် ဘုရားသခင် အိမ်ထောင်စု၏ အမှုအပေါ် အကျိုးသက်ရောက်စေလိမ့်မည်။ တစ်နည်းအားဖြင့်ဆိုသော်၊ ၎င်းတို့ မသိသင့်သောအရာ သို့မဟုတ် ၎င်းတို့သိရန်မလိုသောအရာ ဖြစ်ခဲ့သော်၊ ထိုအကြောင်းကို ၎င်းတို့အား မသိစေနှင့်။ ၎င်းတို့ သိသင့်သည့်အရာ ဖြစ်ပါက၊ ၎င်းတို့ကို အသိပေးရန် သင်တတ်နိုင်သမျှ အခိုင်အမာနှင့် ခြွင်းချန်ခြင်းမရှိဘဲ အလုံးစုံ လုပ်ဆောင်ရမည်။ သို့ဖြစ်လျှင် ၎င်းတို့သိသင့်သောအရာများမှာ အဘယ်နည်း။ သမ္မာတရားကို လေ့လာလိုက်စားခြင်းသည် လူအများသိသင့်သော အရာဖြစ်သည်။ မည်သည့်သမ္မာတရားများကို ၎င်းတို့ယူတင်ဝတ်ဆင်သင့်ကြောင်း၊ သမ္မာတရား၏ မည်သည့်ရှုထောင့်များကို ၎င်းတို့နားလည်ထားသင့်ကြောင်း၊ မည်သည့်တာဝန်များကို ၎င်းတို့ဖြည့်ဆည်းသင့်ကြောင်း၊ မည်သည့်တာဝန်များကို ၎င်းတို့ဖြည့်ဆည်းရန် ကိုက်ညီကြောင်း၊ ထိုတာဝန်များကို ၎င်းတို့ မည်ကဲ့သို့ ဖြည့်ဆည်းသင့်ကြောင်း၊ မှန်ကန်သော လူ့သဘာဝကို မည်သို့နေထိုင်သင့်ကြောင်း၊ အသင်းတော်၏ အသက်တာကို မည်သို့နေထိုင်သင့်ကြောင်း၊ အစရှိသည်တို့မှာ လူအများသိသင့်သော အရာများ အလုံးစုံဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော်၊ ဘုရားသခင်၏ အိမ်ထောင်စုဆိုင်ရာ စည်းမျဉ်းများနှင့် ဥပဒေသများ၊ အသင်းတော်၏ အမှုနှင့် သင်တို့၏ ညီအစ်ကို မောင်နှမများ၏ အခြေအနေများကို အပြင်လူများ၊ သို့မဟုတ် သင့်မိသားစုအတွင်းမှ မယုံကြည်သူများကို သာမန်ကာလျှံကာ မဖွင့်ပြောအပ်ပေ။ ဤသည်မှာ ကျွန်ုပ်တို့အနေဖြင့် ဉာဏ်ပညာကို အသုံးချသည့်အခါ စွဲကိုင်ထားရမည့် ဥပဒေသဖြစ်သည်။ ဥပမာအားဖြင့်၊ သင်သည် သင့်ခေါင်းဆောင်များ၏ အမည်များ၊ သို့မဟုတ် မည်သည့်နေရာတွင် ၎င်းတို့နေထိုင်သည်တို့ကို မည်သည့်အခါမျှ မပြောသင့်ပေ။ ထိုအရာများကို သင်ပြောပါက၊ ထိုအချက်အလက်များကို မယုံကြည်သူများက မည်သည့်အခါတွင် ကြားသွားမည်ကို သင်မသိနိုင်ဘဲ၊ ထိုအချက်အလက်များက ဆိုးယုတ်သော သူလျှိုများ၊ သို့မဟုတ် လျှို့ဝှက်စုံထောက်များထံသို့ ထပ်ဆင့်ရောက်ရှိသွားမည်ဆိုပါက ယင်းသည် ကြီးမားသော ပြဿနာတစ်ခု ဖြစ်လာနိုင်ပေသည်။ ဤသည်မှာ ဉာဏ်ပညာရှိရန် လိုအပ်ပြီး၊ ယင်းကြောင့်ပင်လျှင် ဉာဏ်ပညာရှိခြင်းမှာ အလွန်အရေးကြီးသည်ဟု ကျွန်ုပ်ပြောခြင်းဖြစ်သည်။ ထိုမျှသာမက၊ သင်သည် ရိုးစင်းပြီး ပွင့်လင်းသည့်အခါ၊ မည်သူတစ်ဦးတစ်ယောက်ကိုမျှ သင်မပြောပြနိုင်သော သီးသန့်ပုဂ္ဂိုလ်ရေး အကြောင်းအရာ အချို့ရှိသည်။ ၎င်းတို့ကို သင်ပြောပြီးသည့်အခါ ၎င်းတို့သည် လော်လည်ပြီး သင်ပြောသည့်အရာများကို ပြက်ရယ်ပြုခြင်း၊ သင်ပြောသည့်အရာများ ပျံ့နှံ့သွားသည့်နောက်တွင် သင့်အတွက် ပြဿနာများ ဖြစ်ပေါ်စေခြင်း၊ သင်၏ဂုဏ်သိက္ခာကို ထိခိုက်စေခြင်းများ ရှိနိုင်မရှိနိုင်ကို မြင်နိုင်ရန် သင်၏ညီအစ်ကို မောင်နှမများ၏ ဝိညာဉ်အသက်တာကို သင်သည် သုံးသပ်ရမည်။ ဤအကြောင်းကြောင့်ပင်လျှင် ရိုးရှင်းမှုနှင့် ပွင့်လင်းမှုရှိရာတွင် ဉာဏ်ပညာရှိရန် လိုအပ်သည်။ ထိုအရာသည် မှန်ကန်သော လူ့သဘာဝအတွက် မရှိမဖြစ်လိုအပ်သော စတုတ္ထ စံချိန်စံညွှန်း ဖြစ်သည်၊ ယင်းမှာ သင်၏အပြန်အလှန်ပြောဆိုဆက်ဆံမှုများတွင် ဉာဏ်ပညာရှိခြင်းပင် ဖြစ်သည်။

ပဉ္စမသွင်ပြင်လက္ခဏာမှာ ဘုရားသခင်၌ အမှန်တကယ် ယုံကြည်သော ညီအစ်ကို မောင်နှမများအပေါ် စစ်မှန်သော ချစ်ခြင်းမေတ္တာ ရှိခြင်းဖြစ်သည်။ ယင်းတွင် အနည်းငယ် ဂရုစိုက်ခြင်း၊ အမှန်တကယ် ကူညီခြင်းနှင့် အစေခံသည့် စိတ်ဓာတ်တို့ ပါဝင်သည်။ ကျွန်ုပ်တို့သည် အထူးသဖြင့် သမ္မာတရားကို လေ့လာလိုက်စားကြသော ထိုညီအစ်ကို မောင်နှမများနှင့် ပိုမို၍ မိတ်သဟာယဖွဲ့သင့်ပြီး၊ ၎င်းတို့ကို အကူအညီများ ပိုမိုပေးရမည်။ ၎င်းတို့သည် ယုံကြည်သူအသစ်ဖြစ်ခြင်း၊ သို့မဟုတ် ၎င်းတို့သည် နှစ်ပေါင်းများစွာ ယုံကြည်သူဖြစ်ခြင်းနှင့် မသက်ဆိုင်ပေ။ အသင်းတော် အသက်တာတွင် အထူးဥပဒေသတစ်ရပ် ရှိပေသည်- သမ္မာတရားကို လေ့လာလိုက်စားသူတို့ကို အထူးဂရုပြုခြင်း ဖြစ်သည်။ ၎င်းတို့နှင့် ပိုမို၍မိတ်သဟာယဖွဲ့ပါ၊ ၎င်းတို့အား အသက်မွေးလောက်သောအစာကို ပိုပေးပါ၊ ထိုသို့အားဖြင့် ၎င်းတို့သည် ဖြစ်နိုင်သမျှ အမြန်ဆုံး အကူအညီရနိုင်ရန်၊ ၎င်းတို့၏ အသက်တာထဲတွင် တတ်နိုင်သမျှ အမြန်ဆုံး ကြီးထွားစေကာ ၎င်းတို့ကို ရေလောင်းပေးပါ။ သမ္မာတရားကို လေ့လာလိုက်စားခြင်း မရှိသူတို့အတွက်မူကား၊ ရေလောင်းပေးသည့် ကာလအတိုင်းအတာတစ်ခုနောက်တွင် ၎င်းတို့သည် သမ္မာတရားကို ချစ်မြတ်နိုးခြင်း မရှိသည်မှာ ထင်ရှားလာပါက၊ ၎င်းတို့အပေါ်တွင် လုံ့လများစွာစိုက်ထုတ်ရန် မလိုအပ်ပေ။ သင်သည် တတ်စွမ်းသမျှ အရာအားလုံးကို လုပ်ဆောင်ပြီးဖြစ်သောကြောင့် မလိုအပ်တော့ပေ။ သင်၏တာဝန်ကို ဖြည့်ဆည်းပြီး ဖြစ်သည့်အတွက် လုံလောက်ပြီဖြစ်သည်။...သင်၏အမှုကို မည်သူ့အပေါ် အာရုံစူးစိုက်ရမည်ကို သင်မြင်နိုင်ရန် လိုအပ်သည်။ သမ္မာတရားကို လေ့လာလိုက်စားခြင်း မရှိသူတို့ကို ဘုရားသခင် စုံလင်စေလိမ့်မည်လော။ သန့်ရှင်းသောဝိညာဉ်တော် မလုပ်ဆောင်လျှင်၊ လူများသည် အဘယ်ကြောင့် ဆင်ခြင်သုံးသပ်မှုမရှိဘဲ ဆက်လုပ်ရမည်နည်း။ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏အမှုကို နားမလည်သေးသော်လည်း အစဉ်အမြဲ မိမိကိုယ်ကို အလွန်စိတ်ချလွန်းနေသည်၊ ယင်းမှာ လူ၏ တုံးအမှုနှင့် မသိနားမလည်မှု မဟုတ်သလော။ ထို့ကြောင့်၊ သမ္မာတရားကို စစ်မှန်စွာလေ့လာလိုက်စားသော ညီအစ်ကို မောင်နှမများအတွက် အကူအညီများ ပို၍ပေးပါ၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းခံရမည့် သူများဖြစ်ပြီး သူ၏ ကြိုတင်ခွဲခန့်မှတ်သားထားသော ရွေးကောက်ခံထားရသူများ ဖြစ်သောကြောင့်ဖြစ်သည်။ ဤလူများနှင့် သမ္မာတရားအပေါ် စိတ်နှလုံး တစ်လုံးတစ်ဝတည်း မကြာခဏ မိတ်သဟာယဖွဲ့ပြီး တစ်ဦးနှင့်တစ်ဦး ခွန်အားပေးလျှင်၊ နောက်ဆုံးတွင် ကျွန်ုပ်တို့အားလုံး ကယ်တင်ခြင်းကို ရရှိလိမ့်မည်။ ထိုသူတို့နှင့် မပူးပေါင်းလျှင် သင်သည် ဘုရားသခင်၏ အလိုတော်ကို သစ္စာဖောက်ခြင်း ဖြစ်သည်။...မှန်ကန်သော လူ့သဘာဝကို ပိုင်ဆိုင်သည့် အသင်းတော်အတွင်းရှိသူတို့သည် သမ္မာတရားကို လေ့လာလိုက်စားသော သူတို့အကြားတွင် မိမိကိုယ်ကို နေရာချထားသင့်သည်၊ ၎င်းတို့နှင့် လိုက်လျောညီထွေစွာ အပြန်အလှန် ဆက်ဆံသင့်ပြီး၊ သမ္မာတရားကို လေ့လာလိုက်စားခြင်းအားဖြင့် ဘုရားသခင်အဖို့ ၎င်းတို့ကိုယ်ကို စိတ်နှလုံးတစ်လုံးတစ်ဝတည်းဖြင့် တဖြည်းဖြည်း အသုံးခံသင့်သည်။ ထိုနည်းအားဖြင့် သမ္မာတရားကို လေ့လာလိုက်စားသော သူတို့သည် ကယ်တင်ခံရလိမ့်မည်ဖြစ်ပြီး သင်သည်လည်း ကယ်တင်ခံရလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် သန့်ရှင်းသောဝိညာဉ်တော်သည် သမ္မာတရားကို လေ့လာလိုက်စားသည့် ထိုသူတို့အကြားတွင် အမှုပြုသောကြောင့် ဖြစ်သည်။...

ကျွန်ုပ်တို့ ယခုပင် မိတ်သဟာယပြုခဲ့သည်မှာ မှန်ကန်သော လူ့သဘာဝအတွင်း ယူတင်ဝတ်ဆင်ထားရမည့် ကဏ္ဍငါးခုအကြောင်းဖြစ်သည်။ ဤသွင်ပြင်လက္ခဏာ ငါးခုစလုံးကို သင်ပိုင်ဆိုင်ပါက၊ သင်သည် သင်၏ညီအစ်ကို မောင်နှမများနှင့် လိုက်လျောညီထွေစွာ အပြန်အလှန် ဆက်ဆံနိုင်လိမ့်မည်၊ အသင်းတော်အတွင်း သင်၏နေရာကို သင်တွေ့ရှိလိမ့်မည်၊ ထို့နောက် သင်၏တာဝန်ကို သင်တတ်စွမ်းသမျှ အကောင်းဆုံး ထမ်းဆောင်နိုင်လိမ့်မည်။

—အသက်ထဲ ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ

အရှေ့သို့- ၃။ ဘုရားသခင်ကို ယုံကြည်ရာ၌ သင်သည် ဘုရားသခင်နှင့် သာမန် ဆက်ဆံရေးကို တည်ဆောက်သင့်သည်

နောက်တစ်ခုသို့- ၅။ ဘုရားသခင်၌ ယုံကြည်ခြင်းမှာ ငြိမ်သက်ခြင်းနှင့် ကောင်းချီးမင်္ဂလာများကို ရှာရန်အတွက်သာ မဖြစ်သင့်ပေ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

မေးခွန်း (၁)- သခင်ယေရှုက အခု ပြန်ကြွလာပြီဖြစ်ပြီး သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ အမည်နာမအသစ်ရှိပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲက နှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့ပြီး အဲဒါက မင်္ဂလာဆောင်လုလင်ရဲ့ အသံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ၊ ညီအစ်ကိုမောင်နှမတော်တော်များများက ဘုရားသခင်ရဲ့အသံကို မခွဲခြားနိုင်ကြသေးပါဘူး။ ဒါကြောင့် ဒီနေ့၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က ညီမရှန့်ကို ဖိတ်ထားပါတယ်။ ဘုရားသခင်ရဲ့အသံကို ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိတ်သဟာယပြုဖို့အတွက် သူတို့ကို ဖိတ်ထားတာပါ။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်လာခြင်းဖြစ်ကြောင်း ဘယ်လိုအတည်ပြုမလဲဆိုတာကို ကျွန်တော်တို့သိလာလိမ့်မယ်။

အဖြေ- ခုနတင် မေးလိုက်တဲ့မေးခွန်းဟာ အရေးကြီးဆုံးပါပဲ။ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့၊ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းကို...

မေးခွန်း (၁)- ကျွန်တော် ယုံကြည်လာခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး၊ သခင်ယေရှုဆိုတာ ဘုရားသခင် လူ့ဇာတိခံခြင်းဖြစ်တယ်လို့ သိပေမယ့်၊ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို ကျွန်တော် နားမလည်ခဲ့ပါဘူး။ ဒုတိယအကြိမ်ပြန် ကြွခြင်းအဖြစ် သခင်ပေါ်ထွန်းခြင်းဟာ ဟိုးတစ်ချိန်တုန်းက သခင်ယေရှု လူသားအဖြစ် လူ့ဇာတိခံခဲ့ပုံနဲ့ အတူတူပဲဆိုရင်တော့၊ ကျွန်တော်တို့အနေနဲ့ သခင်ယေရှုကို မှတ်မိနိုင်မှာမဟုတ်သလို၊ သခင်ကြွရောက်တာကိုလည်း ကြိုဆိုနိုင်ကြမှာမဟုတ်ဘူး။ လူ့ဇာတိခံယူတယ်ဆိုတာ တော်တော့်ကို နက်နဲတဲ့ကိစ္စလို့ ယုံကြည်ပါတယ်။ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို စစ်စစ်မှန်မှန်နားလည်နိုင်သူ မရှိသလောက်ပါပဲ။ ဒါကြောင့် ဒီနေ့မှာ အဲဒီအကြောင်းကိုဆွေးနွေးကြမယ်။ လူ့ဇာတိခံခြင်းဆိုတာ အတိအကျ ဘာလဲပေါ့။

အဖြေ- လူ့ဇာတိခံခြင်းဟာ မယုံနိုင်လောက်အောင် နက်နဲလွန်းတဲ့ကိစ္စပါ။ လူ့ဇာတိခံခြင်းရဲ့အဖြစ်မှန်ကို နားမလည်နိုင်ခဲ့ကြတာဟာ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။