အချက် ၁၀- ၎င်းတို့သည် သမ္မာတရားကို စက်ဆုပ်ရွံရှာသည်၊ စည်းမျဉ်းများကို မျက်နှာပြောင်တိုက်၍ မထီမဲ့မြင်ပြုပြီး ဘုရားအိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြသည် (အပိုင်း ၇)
၃။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စက်ဆုပ်ရွံရှာခြင်း
ယနေ့ ငါတို့သည် အန္တိခရစ်တို့၏ အမျိုးမျိုးသော သရုပ်သကန်များထဲမှ ဒသမအချက်ဖြစ်သော ၎င်းတို့သည် သမ္မာတရားကို စက်ဆုပ်ရွံရှာသည်၊ စည်းမျဉ်းများကို မျက်နှာပြောင်တိုက်၍ မထီမဲ့မြင်ပြုပြီး ဘုရားအိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြသည် ဟူသောအချက်ကို ဆက်လက်၍ မိတ်သဟာယဖွဲ့ကြမည်။ ပြီးခဲ့သည့်အခေါက်က ငါတို့သည် ဤအဓိကခေါင်းစဉ်ကြီး၏ တတိယပိုင်းဖြစ်သည့် အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စက်ဆုပ်ရွံရှာခြင်းအကြောင်းအထိ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ဤအပိုင်းနှင့်ပတ်သက်၍ ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းနှင့် စိတ်ဖြာလေ့လာဆွေးနွေးခြင်းကို ခေါင်းစဉ်ငယ်သုံးခုအဖြစ် ခွဲခြားခဲ့သည်။ ထိုခေါင်းစဉ်ငယ်သုံးခုမှာ အဘယ်နည်း။ (ပထမအချက်မှာ အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိမိတို့သဘောအတိုင်း ကလီကမာလုပ်ပြီး အနက်ဖွင့်ဆိုခြင်း ဖြစ်ပါသည်။ ဒုတိယအချက်မှာ အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ၎င်းတို့၏ အယူအဆများနှင့် မကိုက်ညီသည့်အခါတွင် ငြင်းပယ်ခြင်း ဖြစ်ပါသည်။ တတိယအချက်မှာ အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံလာခြင်း ရှိမရှိကို စပ်စုခြင်း ဖြစ်ပါသည်။) ဤသုံးချက်သည် အန္တိခရစ်တို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စက်ဆုပ်ရွံရှာသည်ဟု ဆိုလိုသည့်အရာ၏ အားလုံး ဟုတ်သလော။ (နောက်ထပ် ရှိသင့်ပါသည်။) အခြား မည်သည့်စကားများနှင့် သရုပ်သကန်များ ရှိသေးသနည်း။ (အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မရိုမသေ သဘောထားခြင်း ဖြစ်ပါသည်။) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မရိုမသေ သဘောထားခြင်းသည် ၎င်းတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စက်ဆုပ်ရွံရှာခြင်း၏ သရုပ်သကန်များထဲမှ တစ်ခု ဟုတ်သလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မရိုမသေ သဘောထားခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စက်ဆုပ်ရွံရှာခြင်း၏ အနက်ဖွင့်ဆိုချက်တစ်ခု မဟုတ်လော။ ဤနေရာတွင် ငါတို့သည် အနက်ဖွင့်ဆိုချက်များကို မလိုအပ်ဘဲ သင်မြင်နိုင်ပြီး ထိတွေ့နိုင်သည့်အပြင် သင် ကြားဖူးသည့် အန္တိခရစ်တို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စက်ဆုပ်ရွံရှာခြင်း၏ အမျိုးမျိုးသော သရုပ်သကန်များနှင့် အလေ့အကျင့်များကိုသာ လိုအပ်သည်။ သင်တို့သည် အန္တိခရစ်တို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စက်ဆုပ်ရွံရှာသည့် အမျိုးမျိုးသော သရုပ်သကန်များနှင့်ပတ်သက်၍ များစွာနားလည်မှုမရှိကြဟု ထင်ရသည်။ သင်တို့သည် ငါယခင်က မိတ်သဟာယဖွဲ့ခဲ့သည့် အချက်သုံးချက်ကို စာအားဖြင့် နားလည်မှုအချို့ ရှိကောင်းရှိနိုင်သော်လည်း အန္တိခရစ်တို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စက်ဆုပ်ရွံရှာခြင်း၏ အခြားမည်သည့် သရုပ်သကန်များ ရှိနိုင်သည်ကို သင်တို့ တွေးမိကြမည်မဟုတ်ပေ၊ ဟုတ်သည် မဟုတ်လော။ ငါတို့ ယခင်က မိတ်သဟာယဖွဲ့ခဲ့သည့် သရုပ်သကန်သုံးခုလုံးကို သင်တို့ မှတ်မိသင့်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စက်ဆုပ်ရွံရှာသည့် အန္တိခရစ်တို့၏ အပြုအမူများနှင့် သရုပ်သကန်များသည် ဗြောင်ကျကျ ပွင့်လင်းမြင်သာမှု ရှိသလော။ ယင်းတို့သည် ဖြောင့်မှန်သောသူများ လုပ်ဆောင်သင့်သည့်အရာ ဟုတ်သလော။ (မဟုတ်ပါ။) ဤအရာများသည် ပုံမှန်လူ့သဘာဝတွင် ရှိသင့်သည့် သရုပ်သကန်များ မဟုတ်ပေ။ ယင်းတို့သည် အပြုသဘောဆောင်ခြင်းမရှိဘဲ အပျက်သဘောဆောင်လေသည်။ ဤအပြုအမူအနည်းငယ်၏ နောက်ကွယ်ရှိ အနှစ်သာရသည် စာတန်ကိုလည်းကောင်း၊ မကောင်းဆိုးဝါးများကိုလည်းကောင်း၊ ဘုရားသခင်၏ ရန်သူများကိုလည်းကောင်း ရည်ညွှန်းပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အန္တိခရစ်တို့ သဘောထားပြုမူခြင်းတွင် ကျိုးနွံနာခံခြင်းမရှိ၊ လက်ခံခြင်းမရှိ၊ တွေ့ကြုံခံစားခြင်းမရှိ၊ မိမိတို့၏ ကိုယ်ပိုင်အယူအဆများကို ဘေးဖယ်ထားပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရိုးစင်းစွာနှင့် ပွင့်လင်းစွာ လက်ခံခြင်းမရှိပေ။ ထိုအစား ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် အမျိုးမျိုးသော စာတန်ဆန်သည့် သဘောထားများကို ဖြစ်ပေါ်စေသည်။ အန္တိခရစ်တို့၏ ဤသရုပ်သကန်များနှင့် အပြုအမူများမှတစ်ဆင့် ထုတ်ဖော်သည့် စိတ်သဘောထားသည် ဝိညာဉ်ရေးရာနယ်ပယ်တွင် စာတန် ထုတ်ဖော်သည့်အရာ အတိအကျပင် ဖြစ်သည်။ ဤအပြုအမူများသည် မည်သည့်အခြေအနေတွင်မဆို၊ မည်သည့်ခေတ်တွင်မဆို၊ မည်သည့်လူအုပ်စုကြားတွင်မဆို အပြုသဘောဆောင်ခြင်း မရှိပေ။ ယင်းတို့သည် ကောက်ကျစ်ဆိုးယုတ်ပြီး အပျက်သဘောဆောင်ကာ ဖန်ဆင်းခံတစ်ဦး သို့မဟုတ် ပုံမှန်လူတစ်ဦး ရှိသင့်သည့် သရုပ်သကန်များ သို့မဟုတ် အပြုအမူများ မဟုတ်ချေ။ ထို့ကြောင့် ငါတို့သည် ယင်းတို့ကို အန္တိခရစ်တို့၏ သရုပ်သကန်များအဖြစ် သတ်မှတ်သည်။ ဤအချက်သုံးချက်ကို မိတ်သဟာယဖွဲ့ပြီးနောက် လူအများစုသည် ဤသရုပ်သကန်သုံးခုက ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် အန္တိခရစ်တို့၏ အခြေခံသဘောထားပြုမူခြင်းများအားလုံးကို လွှမ်းခြုံနိုင်ဖွယ်ရှိသည်ဟု တွေးထင်ကောင်း တွေးထင်နိုင်သည်။ သို့သော် သင်တို့ လျစ်လျူရှုခဲ့သည့် အချက်တစ်ချက် ရှိပေသည်။ အန္တိခရစ်တို့၏ ဘုရားသခင်နှုတ်ကပတ်တော်များအပေါ် သဘောထားပြုမူခြင်းသည် ဤချဉ်းကပ်နည်းသုံးခုတွင်သာ ကန့်သတ်ထားသည်မဟုတ်ဘဲ များစွာပို၍ ရှိသေးသည်။ အန္တိခရစ်တို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စက်ဆုပ်ရွံရှာကြောင်းကို သရုပ်ဖော်သည့် နောက်ထပ်သရုပ်သကန်နှင့် အပြုအမူတစ်ခု ရှိသေးသည်။ ဤသရုပ်သကန်မှာ အဘယ်နည်း။ ယင်းမှာ အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကုန်ပစ္စည်းတစ်ခုအဖြစ် သဘောထားပြုမူခြင်း ဖြစ်သည်။ ဤအရာ၏ စာသားအတိုင်း အဓိပ္ပာယ်ကို ငါတို့ ကြည့်မည်ဆိုလျှင် အချို့လူများ၏ စိတ်ထဲတွင် အချို့သော ပုဂ္ဂိုလ်များကို ညွှန်းဆိုသည့် ပုံရိပ်အချို့ ရှိကောင်းရှိနိုင်သော်လည်း ဤအရာ၏ တိကျပြီး စစ်မှန်သော သရုပ်သကန်များသည် အလွန်ရှင်းလင်းခြင်း မရှိသေးပေ။ ယင်းတို့သည် အလွန် မရေရာဘဲ ယေဘုယျကျလွန်းနေဆဲ ဖြစ်သည်။ သို့ဖြစ်၍ ယနေ့တွင် အန္တိခရစ်တို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကုန်ပစ္စည်းတစ်ခုအဖြစ် မည်သို့ သဘောထားသည်ကို ငါတို့ မိတ်သဟာယဖွဲ့ကြမည်။
ဃ။ အန္တိခရစ်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကုန်ပစ္စည်းတစ်ခုအဖြစ် သဘောထားပြုမူကြသည်
အန္တိခရစ်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကုန်ပစ္စည်းတစ်ခုအဖြစ် သဘောထားပြုမူကြသည်၊ အန္တိခရစ်များသည် သမ္မာတရားကိုယ်၌ကိုပင် ကုန်ပစ္စည်းတစ်ခုအဖြစ် သဘောထားပြုမူကြသည်ဟုလည်း ဆိုနိုင်ပါသည်။ ယင်းတို့ကို ကုန်ပစ္စည်းများအဖြစ် သဘောထားသည်ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကို ရရှိရန်အလို့ငှာ ပါးစပ်ဖြင့် အချို့သော အခိုင်အမာပြောဆိုခြင်းများ၊ ကြွားဝါခြင်း၊ ထို့နောက် လူတို့၏ ယုံကြည်မှု၊ ပံ့ပိုးမှုနှင့် ထောက်ခံမှုတို့ကို လိမ်လည်လှည့်ဖြား၍ ရယူခြင်းကို ဆိုလိုသည်။ ဤသို့ဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားသည် ၎င်းတို့၏ နင်းတက်သည့်အရာများ ဖြစ်လာသည်။ ဤသည်မှာ သမ္မာတရားအပေါ် အန္တိခရစ်တို့၏ သဘောထား ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို အမြတ်ထုတ်သည်၊ ကပြက်ကချော်လုပ်သည်၊ နင်းခြေသည်၊ ယင်းကို အန္တိခရစ်တို့၏ သဘာဝအနှစ်သာရအားဖြင့် အဆုံးအဖြတ်ပေးသည်။ သို့ဆိုလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားသည် အတိအကျအားဖြင့် အဘယ်အရာများ ဖြစ်သနည်း။ သမ္မာတရားကို ငါတို့ မည်သို့ တိကျစွာ အနက်အဓိပ္ပာယ်ဖွင့်ဆိုသင့်သနည်း။ ငါ့ကို ပြောလော့၊ သမ္မာတရားကား အဘယ်နည်း။ (သမ္မာတရားသည် လူ၏ ကျင့်ကြံပြုမူခြင်း၊ လုပ်ဆောင်မှုများနှင့် ဘုရားသခင်ကို ကိုးကွယ်ခြင်းတို့အတွက် စံသတ်မှတ်ချက် ဖြစ်သည်။) ဤသည်မှာ သမ္မာတရား၏ တိကျပြီး သတ်သတ်မှတ်မှတ်ဖြစ်သော အနက်အဓိပ္ပာယ်ဖွင့်ဆိုချက် ဖြစ်သည်။ ဤစကားကို သင်တို့အားလုံး မည်သို့ နားလည်သနည်း။ သင်၏ နေ့စဉ်အသက်တာနှင့် သင်၏ ဘဝတစ်လျှောက်လုံးတွင် ဤစကားကို သင်မည်သို့ အသုံးချသင့်သနည်း။ ဤစကားကို သင်မည်သို့ တွေ့ကြုံခံစားသင့်သနည်း။ စစ်ထုတ်ခြင်း သို့မဟုတ် ပြုပြင်မွမ်းမံခြင်းမရှိဘဲ သင်တို့ တွေးမိနိုင်ပြီး နားလည်နိုင်သည့်အရာကို ချက်ချင်း ပြောလော့။ သင်တို့၏ အတွေ့အကြုံဆိုင်ရာ ဘာသာစကားဖြင့်ဆိုလျှင် သမ္မာတရားကား အဘယ်နည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကား အဘယ်နည်း။ (သမ္မာတရားသည် လူတစ်ဦး၏ ဘဝအပေါ် ရှုမြင်ပုံနှင့် သူ၏ တန်ဖိုးများကို ပြောင်းလဲနိုင်ပြီး ပုံမှန်လူသားတစ်ဦး၏ ပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်စေရန် ထောက်ကူပေးနိုင်ပါသည်။) ပြည့်စုံခြင်းမရှိသော်လည်း သင်ပြောခဲ့သည့်အရာတိုင်းသည် သမ္မာတရား၏ အတွေ့အကြုံဆိုင်ရာ နားလည်သဘောပေါက်မှုကို ဖော်ပြပါသည်။ ယင်းတို့သည် နေ့စဉ်အသက်တာမှ သင်တို့ တွေ့ကြုံခံစားပြီး အနှစ်ချုပ်ထားသည့် ထိုးထွင်းအမြင်များနှင့် တန်ဖိုးထားမှုများ ဖြစ်ကြသည်။ အခြားမည်သူ မျှဝေလိုသေးသနည်း။ (သမ္မာတရားသည် ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သန့်စင်နိုင်ပြီး ကျွန်ုပ်တို့ကို စည်းမျဉ်းများအတိုင်း ပြုမူလုပ်ဆောင်ရန်နှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ အမှုအရာများကို ဆောင်ရွက်ရန် ထောက်ကူပေးနိုင်ပါသည်။) ဤစကားသည် အတော်ကောင်းပြီး တိကျပြတ်သားလှသည်။ ဆက်ပြောလော့။ (သမ္မာတရားသည် အသက်ဖြစ်သည်၊ ထာဝရအသက်ရှင်ခြင်းသို့ လမ်းခရီး ဖြစ်သည်။ သမ္မာတရားကို လိုက်စားပြီး ယင်းအားဖြင့် အသက်ရှင်နေထိုင်ခြင်းအားဖြင့်သာ လူတစ်ဦးသည် အသက်ကို ရရှိနိုင်ပါသည်။) (သမ္မာတရားသည် လူတို့ကို ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ရန်၊ စစ်မှန်သော လူသားတစ်ဦး ဖြစ်လာရန် ထောက်ကူပေးနိုင်ပါသည်။) ဤအချက်နှစ်ချက်လုံးသည် လူတို့၏ နေ့စဉ်အသက်ရှင်နေထိုင်မှုအတွက် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများနှင့် သက်ဆိုင်သည်။ ရှင်းလင်းချက်များသည် အတော်အတန် နက်နဲပြီး မြင့်မားသော်လည်း အလွန်လက်တွေ့ကျသည်။ (သမ္မာတရားသည် ငါတို့အတွင်းရှိ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖော်ထုတ်နိုင်သည်၊ ကိစ္စရပ်များအပေါ် ငါတို့၏ မမှန်ကန်သော ရှုမြင်ပုံများကို ပြောင်းလဲနိုင်ပြီး စစ်မှန်သော လူသားတစ်ဦး၏ ပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်စေရန် ထောက်ကူပေးနိုင်ပါသည်။) ဤစကားများသည် လက်တွေ့ကျပြီး လူတို့အတွက် သမ္မာတရား၏ တန်ဖိုးနှင့် အရေးပါမှုအပြင် လူတို့အပေါ် သမ္မာတရား သက်ရောက်နိုင်သည့် အကျိုးများနှင့် သက်ဆိုင်သည်။ သင်တို့အားလုံး ထုတ်ပြောသွားသည့်အရာကို ငါတို့ ယခင်က မကြာခဏ ပြောခဲ့ပြီးဖြစ်သည်။ လူတစ်ဦးချင်းစီ၏ အလေးပေးမှု ကွဲပြားသော်လည်း ယင်းအားလုံးသည် သမ္မာတရားနှင့်ပတ်သက်၍ ယခင်က ရှင်းပြပြီး အနက်အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည့် စကားဖြစ်သော သမ္မာတရားသည် အရာရာတိုင်းကို အကဲဖြတ်ခြင်းအတွက် စံသတ်မှတ်ချက်ဖြစ်သည်ဟူသည့်အချက်နှင့် သက်ဆိုင်သည်။ သမ္မာတရားကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် တန်းတူညီမျှဖြစ်သည်ဟု သတ်မှတ်နိုင်သလော။ (သတ်မှတ်နိုင်ပါသည်။) ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရား ဖြစ်သည်။ သင်တို့၏ မိတ်သဟာယတွင် မျှဝေခဲ့သည့် အတွေ့အကြုံဆိုင်ရာ နားလည်သဘောပေါက်မှုကို အခြေခံ၍ သမ္မာတရားသည် အပြုသဘောဆောင်သော အရာအားလုံး၏ လက်တွေ့ကျမှုဖြစ်သည်ဟု ငါတို့ ဆိုနိုင်သလော။ (ဆိုနိုင်ပါသည်။) သမ္မာတရားသည် အပြုသဘောဆောင်သော အရာအားလုံး၏ လက်တွေ့ကျမှု ဖြစ်သည်။ ယင်းသည် လူတစ်ဦး၏ အသက်နှင့် သူတို့ လျှောက်လှမ်းသည့် လမ်းညွှန်ချက် ဖြစ်နိုင်သည်၊ ယင်းသည် လူတစ်ဦးကို သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားစေနိုင်သည်၊ ဘုရားသခင်ကို ကြောက်ရွံ့လာပြီး မကောင်းမှုကို ရှောင်ကြဉ်လာစေနိုင်သည်၊ ဘုရားသခင်ကို ကျိုးနွံနာခံသူနှင့် စံနှုန်းပြည့်မီသော ဖန်ဆင်းခံတစ်ဦး၊ ဘုရားသခင် ချစ်ပြီး လက်ခံနိုင်ဖွယ် ဖြစ်သည်ဟု မြင်သည့်သူတစ်ဦး ဖြစ်လာစေနိုင်သည်။ သမ္မာတရား တန်ဖိုးကြီးမားသည်ကိုထောက်သော် လူတစ်ဦးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သမ္မာတရားတို့နှင့်ပတ်သက်၍ မည်သို့သော သဘောထားနှင့် အမြင်ရှုထောင့် ရှိသင့်သနည်း။ ယင်းမှာ အတော်ပင် သိသာထင်ရှားပါသည်။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ပြီး ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ရှိသည့်သူများအတွက် သူ၏ နှုတ်ကပတ်တော်များသည် ၎င်းတို့၏ အသက်သွေးကြော ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တန်ဖိုးထားသင့်သည်၊ ယင်းတို့ကို စားသောက်သင့်သည်၊ မွေ့လျော်သင့်သည်၊ ပြီးလျှင် ၎င်းတို့၏ အသက်အဖြစ်၊ ၎င်းတို့ လျှောက်လှမ်းသည့် လမ်းညွှန်ချက်အဖြစ်၊ အသင့်ရှိသော အကူအညီနှင့် ထောက်ပံ့မှုအဖြစ် လက်ခံသင့်သည်။ လူတို့သည် သမ္မာတရား၏ စကားများနှင့် သတ်မှတ်ချက်များနှင့်အညီ လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံခံစားသင့်ကာ သမ္မာတရားက ၎င်းတို့အား ပေးအပ်သည့် သတ်မှတ်ချက်များနှင့် စည်းမျဉ်းတစ်ခုစီတိုင်းကို ကျိုးနွံနာခံသင့်သည်။ ဤသို့အားဖြင့်သာ လူတစ်ဦးသည် အသက်ကို ရရှိနိုင်သည်။ သမ္မာတရားကို လိုက်စားခြင်းသည် အဓိကအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း၊ ဆန်းစစ်ခြင်း၊ မှန်းဆခြင်းနှင့် သံသယရှိခြင်းတို့ထက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် တွေ့ကြုံခံစားခြင်း ဖြစ်သည်။ သမ္မာတရားသည် လူတို့၏ အသင့်ရှိသော အကူအညီနှင့် ထောက်ပံ့မှုဖြစ်ပြီး ၎င်းတို့၏ အသက်ဖြစ်နိုင်သဖြင့် ၎င်းတို့သည် သမ္မာတရားကို အဖိုးတန်ဆုံးအရာအဖြစ် သဘောထားပြုမူသင့်သည်။ အကြောင်းမှာ ၎င်းတို့သည် အသက်ရှင်နေထိုင်ရန်၊ ဘုရားသခင်၏ တောင်းဆိုချက်များကို ဖြည့်ဆည်းနိုင်လာရန်၊ သူ့ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်နိုင်လာရန်နှင့် ၎င်းတို့၏ နေ့စဉ်အသက်တာအတွင်း၌ လက်တွေ့လုပ်ဆောင်ခြင်း လမ်းခရီးကို ရှာဖွေရန်နှင့် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများကို သဘောပေါက်ရန်၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းကို စွမ်းဆောင်ရရှိရန် သမ္မာတရားအပေါ် မှီခိုရမည် ဖြစ်သောကြောင့် ဖြစ်သည်။ လူတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားရန်၊ ကယ်တင်ခြင်းခံရသူနှင့် စံနှုန်းပြည့်မီသော ဖန်ဆင်းခံတစ်ဦး ဖြစ်လာရန်လည်း သမ္မာတရားအပေါ် မှီခိုရမည် ဖြစ်သည်။ မည်သည့်ရှုထောင့်မှဖြစ်စေ၊ မည်သို့သောနည်းလမ်းဖြင့် ဖော်ပြသည်ဖြစ်စေ သမ္မာတရားအပေါ် လူတို့ အလျဉ်းမထားသင့်ဆုံးသော သဘောထားမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို သာမန်ကာလျှံကာ ရောင်းဝယ်ဖောက်ကားနိုင်သည့် ထုတ်ကုန်တစ်ခုအဖြစ် သို့မဟုတ် ကုန်ပစ္စည်းတစ်ခုအဖြစ်ပင် သဘောထားပြုမူခြင်း ဖြစ်၏။ ဤသည်မှာ ဘုရားသခင် အမြင်မလိုဆုံးသော အရာဖြစ်ပြီး စစ်မှန်သော ဖန်ဆင်းခံတစ်ဦးတွင် လုံးဝမရှိသင့်သော အပြုအမူနှင့် သရုပ်သကန်မျိုးလည်း ဖြစ်သည်။
အန္တိခရစ်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကုန်ပစ္စည်းတစ်ခုအဖြစ် သဘောထားခြင်း၏ အကြောင်းရင်းနှင့် ရည်ရွယ်ချက်မှာ အဘယ်နည်း။ ၎င်းတို့သည် အမှန်တကယ် မည်သည့်အရာကိုလုပ်ရန် ရည်ရွယ်နေကြသနည်း၊ ပြီးလျှင် ၎င်းတို့၏ အလိုမှာ အဘယ်နည်း။ ကုန်သည်တစ်ဦးသည် ကုန်ပစ္စည်းတစ်ခုကို ရရှိသောအခါ ထိုကုန်ပစ္စည်းအတွက် သူ၏မျှော်လင့်ချက်မှာ ယင်းက သူ့အတွက် အကျိုးအမြတ်များနှင့် သူအလိုရှိသော များပြားသည့်ငွေပမာဏကို ဆောင်ကြဉ်းပေးရန် ဖြစ်သည်။ ထို့ကြောင့် အန္တိခရစ်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကုန်ပစ္စည်းတစ်ခုအဖြစ် သဘောထားပြုမူသောအခါ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အကျိုးအမြတ်များနှင့် ငွေကြေးအတွက် လဲလှယ်နိုင်သော ရုပ်ဝတ္ထုပစ္စည်းတစ်ခုအဖြစ် သဘောထားပြုမူနေခြင်း ဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် တန်ဖိုးထားခြင်း၊ လက်ခံခြင်း၊ လက်တွေ့လုပ်ဆောင်ခြင်း သို့မဟုတ် တွေ့ကြုံခံစားခြင်း မရှိသကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့လိုက်နာစောင့်ထိန်းသင့်သည့် အသက်တာလမ်းခရီးအဖြစ် သို့မဟုတ် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားရန် လက်တွေ့လုပ်ဆောင်ရမည့် သမ္မာတရားအဖြစ် သဘောထားပြုမူခြင်း မရှိကြပေ။ ထိုအစား ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကုန်ပစ္စည်းတစ်ခုအဖြစ် သဘောထားပြုမူကြသည်။ ကုန်သည်တစ်ဦးအတွက် ကုန်ပစ္စည်းတစ်ခု၏ အကြီးမားဆုံးတန်ဖိုးမှာ ယင်းကို ငွေကြေးအတွက်၊ အလိုရှိသော အမြတ်အစွန်းအတွက် လဲလှယ်ရန် ဖြစ်သည်။ ထို့ကြောင့် အန္တိခရစ်များက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကုန်ပစ္စည်းတစ်ခုအဖြစ် သဘောထားပြုမူသောအခါ ၎င်းတို့၏ ရည်ရွယ်ချက်နှင့် ကြံရွယ်ချက်တို့သည် အနှစ်သာရအားဖြင့် အတူတူပင် ဖြစ်သည်။ အန္တိခရစ်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကုန်ပစ္စည်းတစ်ခုအဖြစ် သဘောထားပြုမူကြသည်၊ ဆိုလိုသည်မှာ ၎င်းတို့သည် ယင်းတို့ကို စားသောက်ရန်နှင့် မွေ့လျော်ရန်၊ သို့မဟုတ် ၎င်းတို့၏ တွေ့ကြုံခံစားမှု သို့မဟုတ် လက်တွေ့လုပ်ဆောင်မှုအတွက် အသုံးမပြုဘဲ ထိုအစား မိမိတို့ အကျိုးအမြတ်ရနိုင်သည့်သူများထံ အချိန်မရွေး နေရာမရွေး ကမ်းလှမ်းရန်၊ ဖလှယ်ရန်နှင့် ရောင်းချရန် ၎င်းတို့၏ လက်ထဲရှိ ကုန်စည်များအဖြစ်သာ အသုံးပြုခြင်း ဖြစ်သည်။ အန္တိခရစ်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကုန်ပစ္စည်းတစ်ခုအဖြစ် သဘောထားပြုမူသည်ကို စာသားအတိုင်း ယူဆလျှင် ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ငွေနှင့်လဲလှယ်ရန် အရောင်းအဝယ်အတွက် အသုံးပြုသည့် ကုန်ပစ္စည်းကဲ့သို့ သဘောထားပြုမူခြင်းကို ဆိုလိုသည်၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဝယ်ခြင်းနှင့် ရောင်းခြင်းအား ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းအဖြစ်သို့ ပြောင်းလဲလိုက်ကြသည်။ စာသားအတိုင်း ရှုထောင့်မှကြည့်သော် ဤသည်မှာ မြင်လျှင်မြင်ချင်း နားလည်နိုင်သည်။ အန္တိခရစ်တို့၏ ထိုသို့သော လုပ်ရပ်များနှင့် အပြုအမူများသည် ရှက်ဖွယ်ဖြစ်ပြီး လူတို့၏ ရွံရှာခြင်းနှင့် စက်ဆုပ်ခြင်းကို ခံရလေ၏။ သို့ဆိုလျှင် အန္တိခရစ်တို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကုန်ပစ္စည်းတစ်ခုအဖြစ် သဘောထားပြုမူခြင်း၏ တိကျသော သရုပ်သကန်များမှာ အဘယ်နည်း။ ဤသည်မှာ ငါတို့ မိတ်သဟာယဖွဲ့ကြမည့် အဓိကအချက် ဖြစ်သည်။ အန္တိခရစ်တို့တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကုန်ပစ္စည်းတစ်ခုအဖြစ် သဘောထားပြုမူခြင်း၏ အလွန်သိသာထင်ရှားသော သရုပ်သကန်အချို့ ရှိသည်။ သင်တို့အတွက် ပို၍ရှင်းလင်းပြီး ပို၍နားလည်လွယ်စေရန် ငါတို့သည် ယင်းတို့ကို တစ်ခုပြီးတစ်ခု ဆက်လက်ဆွေးနွေးကြမည်။ ငါသည် အဘယ်ကြောင့် ဤနည်းလမ်းကို သုံးရသနည်း။ ငါ၏ နှစ်ပေါင်းများစွာ အလုပ်လုပ်ခြင်းနှင့် စကားပြောခြင်း အတွေ့အကြုံကို အခြေခံ၍ လူအများစုသည် အတွေးအခေါ်များ မပြတ်သားဘဲ လွတ်လပ်စွာ တွေးခေါ်နိုင်စွမ်း မရှိကြပေ။ ဤအချက်ကို အခြေခံ၍ ငါသည် အရှင်းဆုံးနှင့် အထိရောက်ဆုံးသော နည်းလမ်းတစ်ခုကို စဉ်းစားခဲ့သည်၊ ယင်းမှာ မည်သည့်ကိစ္စဖြစ်စေ၊ မည်သည့်အကြောင်းအရာဖြစ်စေ၊ မည်သည့်အရာပင်ဖြစ်စေ ယင်းကို သင်တို့ သုံးသပ်ပြီး အချိန်ယူစဉ်းစားနိုင်ရန် ကူညီဖို့ တစ်ခုပြီးတစ်ခု ရှင်းပြပြီး ပို၍နားလည်စေရန် ဖြစ်သည်။ ဤသည်မှာ သင့်တော်သလော။ (သင့်တော်ပါသည်။) အချို့လူများက “ယင်းမှာ အဆင်အပြေဆုံးသာ ဖြစ်သည်၊ ယင်းက ကျွန်ုပ်တို့ ဦးနှောက်ခြောက်ခံ စဉ်းစားပြီး ကြိုးစားတွေးတောရသည့် ဒုက္ခမှ သက်သာစေသည်။ ကျွန်ုပ်တို့သည် အလွန် အလုပ်ရှုပ်ပြီး ယင်းအတွက် အချိန်မရှိ။ ကျွန်ုပ်တို့၏ စွမ်းအားနှင့် အတွေးအခေါ်များသည် ကိစ္စကြီးများအတွက် အသုံးပြုကာ ဤအသေးအဖွဲဖြစ်သော မဆိုစလောက် ပြဿနာများအတွက် မဟုတ်ပါ။ ဤကိစ္စလေးများကို ကျွန်ုပ်တို့အား တွေးဆစေခြင်းမှာ ကျွန်ုပ်တို့အား ကိုယ်တော်က လျှော့တွက်နေပြီး ကျွန်ုပ်တို့၏ ကြီးမားသော ပါရမီကို အပြည့်အဝ အသုံးမချသကဲ့သို့ ထင်ရသည်” ဟု ဆိုကြသည်။ ယင်းမှာ မှန်ကန်သလော။ (မမှန်ကန်ပါ။) သို့ဆိုလျှင် အဘယ်နည်း။ (ကျွန်ုပ်တို့၏ အစွမ်းအစက အလွန်နိမ့်ကျသောကြောင့် တစ်ခါတစ်ရံ သမ္မာတရားကို သဘောပေါက်နားလည်နိုင်ခြင်း မရှိပါ၊ ပြီးလျှင် ကျွန်ုပ်တို့ အနည်းငယ် နားလည်နိုင်ရန် ဘုရားသခင်က ကျွန်ုပ်တို့နှင့်အတူ အသေးစိတ်၊ တစ်လုံးချင်း၊ တစ်ကြောင်းချင်း မိတ်သဟာယဖွဲ့ပေးရန် လိုအပ်ပါသည်။) သင်တို့ မြင်သလော၊ ငါသည် တကယ့်အခြေအနေကို အမှုမဲ့အမှတ်မဲ့ ဖော်ပြမိပြီး သင်တို့အားလုံးတွင် အမှန်တကယ် ဖြစ်ပျက်နေသည့်အရာကို ထုတ်ဖော်လိုက်သော်လည်း ယင်းမှာ အဖြစ်မှန်များသာ ဖြစ်သည်။ ငါမဖော်ထုတ်ခဲ့လျှင်ပင် အခြေအနေက ထိုအတိုင်းပင် ဖြစ်နေဦးမည်။ ဤသို့လုပ်ဆောင်ခြင်းမှလွဲ၍ အခြားနည်းလမ်းမရှိပေ။ ငါသည် ကြီးမားသောအကြောင်းအရာများကို ရိုးရှင်းစွာနှင့် ယေဘုယျအားဖြင့်သာ ပြောဆိုမည်ဆိုလျှင် ငါသည် အချည်းနှီး ပြောဆိုနေခြင်းဖြစ်ပြီး ငါ၏ကြိုးစားမှုကို ဖြုန်းတီးနေခြင်းသာ ဖြစ်မည်။ ယင်းမှာ အချိန်ဖြုန်းခြင်းသာ ဖြစ်သည်မဟုတ်လော။ ပင်မအကြောင်းအရာကို ပြန်ဆွေးနွေးကြစို့။ အန္တိခရစ်တို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကုန်ပစ္စည်းတစ်ခုအဖြစ် သဘောထားပြုမူခြင်းနှင့်ပတ်သက်၍ အန္တိခရစ်တို့က ဤအရာအား မည်သို့လုပ်ဆောင်သည်ကိုလည်းကောင်း၊ အန္တိခရစ်တို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စက်ဆုပ်ရွံရှာကြောင်းကို လုံလောက်စွာ သက်သေပြနိုင်ပြီး အန္တိခရစ်တို့တွင် ထိုသို့သော အနှစ်သာရ အမှန်တကယ် ရှိကြောင်းကိုလည်း အတည်ပြုပေးနိုင်သည့် တိကျသော ဥပမာများနှင့် သရုပ်သကန်များမှာ မည်သည့်အရာများ ဖြစ်သည်ကိုလည်းကောင်း တစ်ဆင့်ပြီးတစ်ဆင့် ရှင်းပြပြီး နားလည်အောင်လုပ်ပေးရန် ဤအချက်ကို ခေါင်းစဉ်ငယ်အချို့သို့ ခွဲခြားမည်။ ငါတို့သည် ဤအချက်ကို အဓိကအပိုင်းနှစ်ပိုင်းဖြင့် မိတ်သဟာယဖွဲ့ကြမည်။
၁။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အဆင့်အတန်း၊ ဂုဏ်သတင်းနှင့် ဂုဏ်သိက္ခာတို့ကို ရရှိမှုအတွက် တန်ဆာပလာတစ်ခုအဖြစ် သဘောထားပြုမူခြင်း
ပထမဦးဆုံး အဓိကအသွင်အပြင်အနေဖြင့် အန္တိခရစ်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကုန်ပစ္စည်းတစ်ခုအဖြစ် သဘောထားပြုမူခြင်း၏ အတွေ့ရအများဆုံး သရုပ်သကန်မှာ ၎င်းတို့သည် ယင်းတို့ကို မိမိတို့၏ ကိုယ်ပိုင်အဆင့်အတန်း၊ ဂုဏ်သတင်း၊ ဂုဏ်သိက္ခာကို ရရှိရန်အတွက်၊ ထို့ထက်ပင် ရုပ်ဝတ္ထုဆိုင်ရာ မွေ့လျော်မှုအတွက်၊ ထို့ထက်မက ငွေကြေးအတွက် တန်ဆာပလာတစ်ခုအဖြစ် အသုံးပြုခြင်း ဖြစ်သည်။ အန္တိခရစ်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ထိတွေ့သောအခါ ၎င်းတို့က “ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကောင်းမြတ်လှသည်။ ဝါကျတိုင်းသည် ဆင်ခြင်တုံတရားရှိပြီး မှန်ကန်သည်၊ ဤနှုတ်ကပတ်တော်များကို လူတို့ မပြောနိုင်ကြ၊ ပြီးလျှင် ယင်းတို့ကို သမ္မာကျမ်းစာထဲတွင် မတွေ့နိုင်ပါ” ဟု ခံစားကြရသည်။ လွန်ခဲ့သော ခေတ်နှစ်ခေတ်တွင် ဘုရားသခင်သည် ဤနှုတ်ကပတ်တော်များကို မပြောခဲ့ပေ။ ဓမ္မဟောင်းကျမ်းတွင်ဖြစ်စေ၊ ဓမ္မသစ်ကျမ်းတွင်ဖြစ်စေ ဤသို့သော အတိအလင်းနှင့် ပြတ်သားစွာ ပြောဆိုထားသည့် နှုတ်ကပတ်တော်များ မရှိပေ။ သမ္မာကျမ်းစာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲမှ အလွန်ကန့်သတ်ထားသော အပိုင်းကိုသာ မှတ်တမ်းတင်ထားသည်။ ယခု ဘုရားသခင် ပြောနေသည့်အရာကို ကြည့်လျှင် အကြောင်းအရာသည် အလွန်ကြွယ်ဝလှသည်။ ထို့နောက် အန္တိခရစ်တို့သည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် မနာလိုခြင်းနှင့် အားကျခြင်းကို ခံစားရပြီး ၎င်းတို့သည် စိတ်ထဲ၌ စတင်၍ ကျိတ်ကြံစည်ကြသည်။ “ဤသာမန်လူက များစွာပြောနိုင်သည်၊ ငါသည်လည်း ဤနှုတ်ကပတ်တော်များကို မည်သည့်အချိန်တွင် ပြောနိုင်မည်နည်း။ ငါသည် ဤလူကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အဆုံးမရှိ မည်သည့်အချိန်တွင် ပြောနိုင်မည်နည်း” ဟူ၍ ဖြစ်လေသည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ထိုသို့သော ထိန်းချုပ်မရသည့်ဆန္ဒနှင့် လိုအင်ဆန္ဒ ရှိကြသည်။ ဤစေ့ဆော်မှုနှင့် လိုအင်ဆန္ဒကို အကဲဖြတ်ကြည့်သော် ၎င်းတို့၏ စိတ်နှလုံးထဲ၌ အန္တိခရစ်တို့သည် ဘုရားသခင်ပြောဆိုသော ဤနှုတ်ကပတ်တော်များကို မနာလိုဖြစ်ကာ ရိုသေလေးမြတ်ကြသည်။ ငါသည် “မနာလိုဖြစ်ခြင်း” နှင့် “ရိုသေလေးမြတ်ခြင်း” ဟူသော စကားလုံးများကို အသုံးပြုသည်၊ ဤဝေါဟာရနှစ်ခုအား ထားသိုမှုကို ထောက်ရှု၍ ငါဆိုလိုသည်မှာ အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် မမှတ်ယူကြဘဲ၊ ၎င်းတို့ကို လက်ခံရန်လည်း ရည်ရွယ်ခြင်းမရှိဘဲ ထိုအစား ဤနှုတ်ကပတ်တော်များ၏ ကြွယ်ဝသော အကြောင်းအရာကိုလည်းကောင်း၊ ကျယ်ပြန့်သော အပိုင်းများကိုလည်းကောင်း၊ လူသားများ အလှမ်းမမီနိုင်သော နက်နဲမှုကို ထင်ဟပ်စေသည့် ဤနှုတ်ကပတ်တော်များ၏ နက်နဲမှုကိုလည်းကောင်း မနာလိုဖြစ်ကြသည်။ ထို့ထက်မက ၎င်းတို့သည် ဤနှုတ်ကပတ်တော်များမှာ ၎င်းတို့ကိုယ်တိုင် မပြောနိုင်သည့် နှုတ်ကပတ်တော်များဖြစ်သဖြင့် မနာလိုဖြစ်ကြခြင်း ဖြစ်သည်။ “မနာလိုဖြစ်ခြင်း” ၏ ဤအသွင်အပြင်များမှ ကြည့်လျှင် အန္တိခရစ်တို့သည် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ဘုရားသဘောသဘာဝ၏ ဖော်ပြချက်များအဖြစ်၊ သမ္မာတရားအဖြစ်၊ သို့မဟုတ် ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်ရန်နှင့် လူသားမျိုးနွယ်ကို ထောက်ပံ့ရန် ရည်ရွယ်သည့် အသက်နှင့် သမ္မာတရားအဖြစ် မမှတ်ယူကြသည်မှာ သိသာထင်ရှားသည်။ အန္တိခရစ်တို့က ဤနှုတ်ကပတ်တော်များကို မနာလိုဖြစ်နိုင်သည်ကို ထောက်ရှုသော် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ထိုသို့သော နှုတ်ကပတ်တော်များကို ဖော်ပြသည့်သူများ ဖြစ်လာရန်လည်း ဆန္ဒရှိကြသည်မှာ သိသာထင်ရှားပေသည်။ ဤအချက်အရ အန္တိခရစ်များစွာတို့သည် နောက်ကွယ်တွင် အလွန်ကြီးမားသော ကြိုးစားအားထုတ်မှုများ ပြုလုပ်ခဲ့ကြပြီး နေ့စဉ် ဆုတောင်းခြင်း၊ ဤနှုတ်ကပတ်တော်များကို နေ့စဉ်ဖတ်ရှုခြင်း၊ မှတ်စုမှတ်သားခြင်း၊ အလွတ်ကျက်မှတ်ခြင်း၊ အကျဉ်းချုပ်ခြင်းနှင့် စုစည်းခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။ ၎င်းတို့သည် ဘုရားသခင်ပြောဆိုသော ဤနှုတ်ကပတ်တော်များနှင့်ပတ်သက်၍ များစွာအလုပ်လုပ်ခဲ့ကြပြီး မရေမတွက်နိုင်သော မှတ်စုများ ရေးချမှတ်သားကာ ၎င်းတို့၏ ဝိညာဉ်ရေးရာ ဆက်ကပ်ခြင်းများအတွင်း များပြားလှသော ထိုးထွင်းအမြင်များကို မှတ်သားထားသည့်အပြင် ဤနှုတ်ကပတ်တော်များကို မှတ်မိရန် မရေမတွက်နိုင်သော အကြိမ်များစွာ ဆုတောင်းခဲ့ကြသည်။ ဤအရာအားလုံးကို လုပ်ဆောင်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ တစ်နေ့တွင် ၎င်းတို့ ရုတ်တရက် ဉာဏ်ကွန့်မြူးမှုရရှိပြီး ဖွင့်လိုက်သော ရေတံခါးပေါက်မှ ရေများကဲ့သို့ ဘုရားသခင်ပြောမည့် နှုတ်ကပတ်တော်များကို အဆုံးမရှိ ပြောနိုင်ရန် ဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကဲ့သို့ ၎င်းတို့၏ စကားများကလည်း လူတို့လိုအပ်သည့်အရာကို ထောက်ပံ့နိုင်ရန်၊ လူတို့အား အသက်ကို ထောက်ပံ့နိုင်ရန်၊ လူတို့စွမ်းဆောင်သင့်သည့်အရာကို ထောက်ပံ့နိုင်ရန်နှင့် လူတို့အပေါ် တောင်းဆိုချက်များ ပြုလုပ်နိုင်ရန် မျှော်လင့်ကြသည်။ ယင်းမှာ ၎င်းတို့ လိုအင်ဆန္ဒ ရှိသည့်အတိုင်း ဘုရားသခင် လူ့ဇာတိခံယူသော ဇာတိပကတိကဲ့သို့ ၎င်းတို့သည် ဘုရားသခင်၏ ရှုထောင့်နှင့် အဆင့်အတန်းတွင် ရပ်တည်နိုင်ပြီး ဘုရားသခင် ပြုသည့်အတိုင်း သူ၏လေသံနှင့် စကားပြောပုံဖြင့် အလားတူသောအရာများကို ပြောဆိုနိုင်ရန် ဖြစ်သည်။ အန္တိခရစ်တို့သည် ဤအရာအတွက် များစွာ ကြိုးစားအားထုတ်ခဲ့ကြပြီး ၎င်းတို့ထဲမှ အချို့သည် ၎င်းတို့ပြောလိုသည့် နှုတ်ကပတ်တော်များ၊ ဘုရားသခင်က ၎င်းတို့အား ပေးရန် စောင့်ဆိုင်းနေသည့် နှုတ်ကပတ်တော်များကို မှတ်တမ်းတင်ရန် နောက်ကွယ်တွင် မှတ်စုစာအုပ်များကို မကြာခဏ ထုတ်ယူကြသည်ဟု ဆိုလျှင် ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ။ သို့သော် ၎င်းတို့ မည်သို့ပင်လုပ်ဆောင်စေကာမူ အန္တိခရစ်တို့၏ လိုအင်ဆန္ဒများသည် အစဉ်သဖြင့် မပြည့်စုံဘဲ ၎င်းတို့၏ လိုအင်ဆန္ဒများမှာ မည်သည့်အခါမျှ အကောင်အထည် မပေါခဲ့ပေ။ ၎င်းတို့ မည်မျှပင် ကြိုးစားအားထုတ်စေကာမူ၊ မည်မျှပင် ဆုတောင်းစေကာမူ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်မျှပင် မှတ်တမ်းတင်စေကာမူ၊ သို့မဟုတ် ယင်းတို့ကို မည်သို့ပင် အလွတ်ကျက်မှတ်ပြီး စုစည်းစေကာမူ အချည်းနှီးသာ ဖြစ်သည်။ ဘုရားသခင်သည် ၎င်းတို့မှတစ်ဆင့် ဝါကျတစ်ကြောင်းမျှ မပြောသကဲ့သို့ ဘုရားသခင်သည် ၎င်းတို့ကို သူ၏အသံကို တစ်ကြိမ်မျှပင် ကြားခွင့်မပေးခဲ့ပေ။ ၎င်းတို့ မည်မျှပင် တောင့်တစေကာမူ သို့မဟုတ် မည်မျှပင် စိတ်မရှည်နိုင်ဖြစ်စေကာမူ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော် တစ်ကြောင်းမျှကို မပြောနိုင်ကြပေ။ ၎င်းတို့ ပို၍စိုးရိမ်ပူပန်ပြီး ပို၍မနာလိုဖြစ်လေ၊ ၎င်းတို့၏ ပန်းတိုင်ကို ပို၍မစွမ်းဆောင်နိုင်လေ၊ ထို့နောက် ၎င်းတို့သည် အတွင်း၌ ပို၍စိတ်တိုလာလေ ဖြစ်သည်။ ၎င်းတို့သည် အဘယ်အရာကို စိတ်တိုနေကြသနည်း၊ ပြီးလျှင် ၎င်းတို့သည် အဘယ်ကြောင့် ဤမျှ စိုးရိမ်ပူပန်နေကြသနည်း။ ၎င်းတို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များက လူတို့ကို ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံရန်နှင့် သူ၏နှုတ်ကပတ်တော်ကို အသက်အဖြစ် လက်ခံရန် ဘုရားသခင်၏ ရှေ့မှောက်သို့ ပို၍ပို၍ ဆောင်ကြဉ်းနေသော်လည်း ၎င်းတို့၏ ခြေရင်း၌၊ ၎င်းတို့၏ မျက်မှောက်၌ ၎င်းတို့ကို ကြည်ညိုကိုးကွယ်သူ သို့မဟုတ် အထင်ကြီးလေးစားသူ တစ်ဦးတစ်ယောက်မျှ မရှိသည်ကို မြင်ကြရသည်။ ဤသည်မှာ ၎င်းတို့ကို စိုးရိမ်ပူပန်ပြီး စိတ်တိုစေသည့်အရာ ဖြစ်သည်။ ၎င်းတို့၏ စိတ်တိုခြင်းနှင့် စိုးရိမ်ပူပန်ခြင်းထဲတွင် အန္တိခရစ်တို့ စဉ်းစားဆင်ခြင်နိုင်သည့်အရာမှာ “ဤလူများသည် အဘယ်ကြောင့် ဘုရားအိမ်တော်၌ တာဝန်ထမ်းဆောင်ကြသနည်း။ ၎င်းတို့သည် မယုံကြည်သူများ၏ လောကနှင့်နှိုင်းယှဉ်လျှင် ဘုရားအိမ်တော်သို့ လာသောအခါ အဘယ်ကြောင့် ကွဲပြားနေသနည်း။ လူအများစုသည် ဘုရားအိမ်တော်သို့ ရောက်လာပြီးနောက် အဘယ်ကြောင့် ကောင်းမွန်စွာ ပြုမူလာပြီး တဖြည်းဖြည်း ပိုကောင်းလာကြသနည်း။ လူအများစုသည် အဘယ်ကြောင့် ဘုရားအိမ်တော်၌ လုပ်အားခ မယူဘဲ မိမိတို့ကိုယ်ကို အသုံးခံပြီး အဖိုးအခပေးဆပ်ကြသနည်း၊ ပြီးလျှင် ၎င်းတို့ ပြုပြင်ခြင်းခံရသည့်အခါတွင်ပင် အဘယ်ကြောင့် မထွက်ခွာကြသနည်း၊ ပြီးလျှင် အချို့မှာ ဖယ်ထုတ်ပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းခံရပြီးနောက်တွင်ပင် မထွက်ခွာကြသနည်း။ အရင်းစစ်လျှင် တစ်ခုတည်းသော အကြောင်းရင်းမှာ ဘုရား၏ နှုတ်ကပတ်တော်များကြောင့်သာ ဖြစ်သည်၊ ယင်းမှာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ အားဖြင့် ရရှိစေသည့် အကျိုးသက်ရောက်မှုနှင့် အခန်းကဏ္ဍကြောင့် ဖြစ်သည်” ဟူ၍သာ ဖြစ်သည်။ အန္တိခရစ်တို့သည် ဤအချက်ကို မြင်သောအခါ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သာ၍ပင် မနာလိုဖြစ်လာကြသည်။ ထို့ကြောင့် ကြီးမားသော ကြိုးစားအားထုတ်မှုများ ပြုလုပ်ပြီးနောက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မပြောနိုင်သေးသည့်အခါ သို့မဟုတ် ဘုရားသခင်အတွက် စကားပြောဆိုပေးသူ မဖြစ်နိုင်သေးသည့်အခါ အန္တိခရစ်တို့သည် ၎င်းတို့၏ အာရုံစိုက်မှုကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ်သို့ ပြောင်းလိုက်ကြသည်။ “ဘုရားပြောခဲ့သည့်အရာမှလွဲ၍ အခြားစကားများကို ငါမပြောနိုင်သော်လည်း ငါသည် ဘုရားနှုတ်ကပတ်တော်များနှင့် ကိုက်ညီသော နှုတ်ကပတ်တော်များကို ပြောနိုင်လျှင် ယင်းတို့သည် အယူဝါဒများသာ သို့မဟုတ် အနှစ်မဲ့သောအရာများသာ ဖြစ်နေလျှင်ပင် လူတို့အတွက် မှန်ကန်သည်ဟု ထင်နေရသမျှ၊ ယင်းတို့သည် ဘုရား၏ ဤနှုတ်ကပတ်တော်များနှင့် ကိုက်ညီပုံရသမျှ ငါသည် လူတို့ကြားတွင် နေရာတစ်ခု ရယူနိုင်မည် မဟုတ်လော။ ငါသည် ၎င်းတို့ကြားတွင် ခိုင်မာစွာ ရပ်တည်နိုင်မည် မဟုတ်လော။ သို့မဟုတ် ငါသည် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ထဲရှိ နှုတ်ကပတ်တော်များကို မကြာခဏ တရားဟောပြီး ရှင်းပြလျှင်၊ လူတို့ကို ကူညီရန် ဤနှုတ်ကပတ်တော်များကို မကြာခဏ အသုံးပြုလျှင်၊ ပြီးလျှင် ငါပြောသမျှနှင့် တရားဟောသမျှအားလုံးသည် ဘုရားနှုတ်ကပတ်တော်များမှ လာပုံရပြီး မှန်ကန်နေလျှင် လူတို့ကြားရှိ ငါ၏အဆင့်အတန်းသည် ပို၍ပို၍ တည်ငြိမ်လာမည် မဟုတ်လော။ ငါသည် ၎င်းတို့ကြားတွင် ပို၍ ဂုဏ်ဒြပ် ရရှိမည် မဟုတ်လော” ဟူ၍ ဖြစ်သည်။ ဤသို့တွေးလျက် အန္တိခရစ်တို့သည် အဆင့်အတန်း၊ ပိုကြီးမားသော ဂုဏ်သတင်းနှင့် ချီးကျူးဂုဏ်ပြုမှုကို ရရှိရန် ၎င်းတို့၏ ဆန္ဒများကို အကောင်အထည်ဖော်ဖို့ နည်းလမ်းတစ်ခု တွေ့ရှိပြီဟု ခံစားရပြီး ဤသည်ကို စွမ်းဆောင်ရရှိရန် မျှော်လင့်ချက်ကို ၎င်းတို့ မြင်ကြသည်။ မျှော်လင့်ချက်ကို မြင်ပြီးနောက် အန္တိခရစ်တို့သည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် တိတ်တဆိတ် ကျေနပ်ကြသည်။ “ငါသည် မည်မျှပါးနပ်လိုက်လေသနည်း။ ဤအရာကို မည်သူမျှ သတိမပြုမိကြ။ အခြားသူများသည် ဤနည်းလမ်းကို အဘယ်ကြောင့် မသိကြသနည်း။ ငါသည် အလွန်ပင် ထက်မြက်သည်။ သို့ရာတွင် ငါ မည်မျှပင်ထက်မြက်နေပါစေ ဤအရာနှင့်ပတ်သက်၍ မည်သူ့ကိုမျှ ပြောပြ၍မရပေ။ ယင်းကိုငါ၏ စိတ်နှလုံးထဲတွင် သိလျှင် လုံလောက်ပါသည်” ဟူ၍ ဖြစ်လေသည်။ ထိုသို့သော ပန်းတိုင်နှင့် အစီအစဉ်တစ်ခု စိတ်ထဲတွင် ရှိလျက် အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် စတင်၍ အလေးအနက် ကြိုးစားအားထုတ်လာကြသည်။ ၎င်းတို့က “ယခင်က ဘုရားနှုတ်ကပတ်တော်များကို ငါ တစ်ချက်မျှသာ ကြည့်ခဲ့သည်၊ သာမန်ကာလျှံကာ နားထောင်ပြီး စိတ်ထဲပေါ်လာသမျှအရာကို ပြောခဲ့သည်။ ယခုအခါတွင် ငါ၏ နည်းဗျူဟာကို ပြောင်းရန် လိုအပ်သည်။ ယင်းကို ငါ လုပ်၍မရနိုင်တော့ပါ၊ ယင်းမှာ အချိန်ဖြုန်းခြင်းသာ ဖြစ်သည်။ ယခင်က ထိုနည်းလမ်းဖြင့် လုပ်ဆောင်ခြင်းသည် ရလဒ်တစ်ခုမျှ မထွက်လာခဲ့ပါ၊ ယင်းကဲ့သို့ ဆက်လက်လုပ်ဆောင်ခြင်းသည် တကယ်ကို မိုက်မဲပေမည်” ဟု တွေးကြသည်။ သို့ဖြစ်၍ ၎င်းတို့သည် စိတ်ကို တည်ငြိမ်အောင်ထားပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ကြိုးစားအားထုတ်ရန်နှင့် ၎င်းတို့၏ အရည်အချင်းများကို အစွမ်းကုန် ပြသရန် ဆုံးဖြတ်ကြသည်။ ၎င်းတို့၏ အရည်အချင်းများကို အစွမ်းကုန် ပြသရန် အန္တိခရစ်တို့သည် မည်သည့်လုပ်ရပ်များကို လုပ်ဆောင်ကြသနည်း။ ၎င်းတို့သည် ဘုရားသခင်၏ စကားပြောပုံနှင့် သူ၏လေသံကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး အဆင့်တိုင်းနှင့် ကာလတိုင်းရှိ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တိကျသော အကြောင်းအရာကိုလည်း စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကြသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို မည်သို့ရှင်းပြရမည်ကို ပြင်ဆင်ကြပြီး ၎င်းတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တရားဟောသောအခါ လူတို့ကို ၎င်းတို့အား အထင်ကြီးလေးစားပြီး ကိုးကွယ်စရာအဖြစ် ကိုးကွယ်စေမည့် နည်းလမ်းဖြင့် မည်သို့ပြောဆိုပြီး ရှင်းပြရမည်ကို ပြင်ဆင်ကြသည်။ ဤသို့ဖြင့် တဖြည်းဖြည်းနှင့် အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် များစွာကြိုးစားအားထုတ်ခဲ့ကြသည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် အချက်တစ်ချက်မှာ သေချာပါသည်။ ဤကြိုးစားအားထုတ်မှု နောက်ကွယ်ရှိ ၎င်းတို့၏ ကြံရွယ်ချက်များသည် မှားယွင်းပြီး ၎င်းတို့၏ ရည်ရွယ်ချက်များမှာ ဆိုးယုတ်သောကြောင့် ၎င်းတို့ပြောဆိုသော နှုတ်ကပတ်တော်များသည် အခြားသူများ မည်သို့ပင်နားထောင်စေကာမူ အယူဝါဒများသာဖြစ်ပြီး ဘုရားသခင်၏ မိန့်မြွက်ချက်မှ ကူးယူထားသော စကားလုံးများနှင့် စကားစုများသာ ဖြစ်သည်။ သို့ဖြစ်၍ အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် မည်မျှပင် ကြိုးစားအားထုတ်စေကာမူ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်အတွက် တစ်ကိုယ်ရေ အကျိုးအမြတ် တစ်ခုမျှ မပြည့်မြောက်နိုင်ခဲ့ချေ။ အကျိုးအမြတ်မရှိဟု ဆိုသည်မှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် သဘောထားပြုမူမှု မရှိခြင်းဖြစ်သည်။ ၎င်းတို့သည် လက်တွေ့မလုပ်ဆောင်ဘဲ တရားဟောရုံသာ ရှိသဖြင့် မည်သူမျှ ၎င်းတို့အထဲ၌ မည်သည့်ပြောင်းလဲမှုကိုမျှ မမြင်ရပေ။ ၎င်းတို့၏ မှားယွင်းသော အတွေးအခေါ်များနှင့် ရှုမြင်ပုံများ မပြောင်းလဲ၊ ဘဝအပေါ် ၎င်းတို့၏ မှားယွင်းသော ရှုမြင်ပုံ မပြောင်းလဲ၊ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မည်သို့မျှ နားလည်ခြင်းမရှိဘဲ ဘုရားသခင်ဖော်ပြသည့် လူ၏ အမျိုးမျိုးသော အခြေအနေများနှင့် မိမိတို့ကိုယ်ကို လုံးဝ နှိုင်းယှဉ်ချိန်ဆရန် လုံးလုံး ပျက်ကွက်ကြသည်။ ထို့ကြောင့် အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်မျှပင် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးစေကာမူ ၎င်းတို့၌ ရလဒ်နှစ်ခုသာ မြင်နိုင်သည်။ ပထမဦးစွာ ၎င်းတို့ပြောဆိုသော ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် မှန်ကန်ပြီး ဤနှုတ်ကပတ်တော်များ၏ ရှင်းလင်းချက်များပင် မမှားယွင်းသော်လည်း သင်သည် ၎င်းတို့အထဲ၌ မည်သည့်ပြောင်းလဲမှုကိုမျှ မမြင်နိုင်ပေ။ ဒုတိယအနေဖြင့် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်မျှပင် အားတက်သရော မြှင့်တင်ပြီး တရားဟောစေကာမူ ၎င်းတို့တွင် မိမိကိုယ်ကို သိမြင်မှု လုံးဝမရှိပေ။ ဤသည်မှာ ရှင်းလင်းစွာ သတိပြုမိနိုင်သောအရာ ဖြစ်သည်။ အန္တိခရစ်တို့က ထိုသို့သော အပြုအမူကို ပြသရသည့် အကြောင်းရင်းမှာ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြားသူများထံ မကြာခဏ မြှင့်တင်ပြီး တရားဟောသော်လည်း ၎င်းတို့ကိုယ်တိုင်က ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရား ဖြစ်သည်ကို လက်မခံသောကြောင့် ဖြစ်သည်။ ၎င်းတို့ကိုယ်တိုင်က ဤနှုတ်ကပတ်တော်များကို လက်မခံခဲ့ကြပေ၊ ၎င်းတို့သည် ယင်းတို့ကို မိမိတို့၏ ကွယ်ဝှက်ထားသော ရည်ရွယ်ချက်များကို စွမ်းဆောင်ရရှိရန်အတွက်သာ အသုံးပြုလိုကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တရားဟောခြင်းဖြင့် မိမိတို့အလိုရှိသော အဆင့်အတန်းနှင့် အကျိုးအမြတ်များကို ရရှိရန်နှင့် လူတို့က ၎င်းတို့ကို ဘုရားကဲ့သို့ သဘောထားပြီး ဝတ်ပြုကိုးကွယ်လျှင် အကောင်းဆုံးပင် ဖြစ်ပေမည်ဟု မျှော်လင့်ကြသည်။ ၎င်းတို့သည် ဤရည်ရွယ်ချက် သို့မဟုတ် ရလဒ်ကို မစွမ်းဆောင်နိုင်သေးသော်လည် ဤသည်မှာ အန္တိခရစ်တိုင်း၏ အန္တိမပန်းတိုင် ဖြစ်သည်။
အန္တိခရစ်များသည် ဘုရားနှုတ်ကပတ်တော်အပေါ်တွင် များစွာ အားစိုက်ထုတ်သည်။ လူအချို့ကို ဤအရာကိုကြားပြီး နားလည်မှုလွဲကောင်းလွဲနိုင်ကာ "ဤသည်မှာ ဘုရားနှုတ်ကပတ်တော်အပေါ် အားစိုက်ထုတ်သူတိုင်းသည် အန္တိခရစ်တစ်ဦး ဖြစ်သည်ဟု ဆိုလိုသလော" ဟု မေးကောင်းမေးနိုင်သည်။ သင်က ဤသို့ အနက်အဓိပ္ပာယ်ဖွင့်ဆိုလျှင် သင့်၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သည်။ ဘုရားနှုတ်ကပတ်တော်အပေါ် အန္တိခရစ်များ၏ အားစိုက်ထုတ်မှုနှင့် သမ္မာတရားကို လိုက်စားသူတို့၏ အားစိုက်ထုတ်မှု ကြားတွင် ကွာဟချက်မှာ အဘယ်နည်း။ (ကြံရွယ်ချက်နှင့် ရည်ရွယ်ချက်က ကွဲပြားသည်။ အန္တိခရစ်များသည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးအမြတ်နှင့် အဆင့်အတန်းအတွက်လည်းကောင်း၊ ၎င်းတို့၏ တစ်ကိုယ်ရေ ရည်မှန်းချက်များကို ဖြည့်ဆည်းရန်အတွက်လည်းကောင်း ဘုရားနှုတ်ကပတ်တော်အပေါ် အားစိုက်ထုတ်သည်။) အန္တိခရစ်များက ဘုရားနှုတ်ကပတ်တော်အပေါ် မည်သည့် အားစိုက်ထုတ်မှုကို ပြုသနည်း။ ၎င်းတို့သည် ၎င်းတို့၏ အယူအဆများနှင့် ကိုက်ညီသည့် ဘုရားနှုတ်ကပတ်တော် အပိုင်းများကို ကျက်မှတ်သည်။ လူသား ဘာသာစကားကို အသုံးပြုပြီး ဘုရားနှုတ်ကပတ်တော်များကို ရှင်းပြတတ်ရန် သင်ယူသည်။ ပြီးလျှင် အချို့သော ဝိညာဉ်ရေးရာ မှတ်စုများနှင့် အသိအမြင်များကို ရေးသည်။ လူသားအယူအဆများနှင့် အတော်အတန် ကိုက်ညီသည်ဟု လူတို့ ယုံကြည်သည့်အရာများ၊ ဘုရားသခင်၏ စကားပြောသံ ရှိသည်ဟု အလွယ်တကူ မြင်သည့်အရာများ၊ နက်နဲမှုများနှင့်ပတ်သက်သော စကားအချို့၊ အသင်းတော်တွင် အချိန်ကာလတစ်ခုအထိ လူသိများပြီး မကြာခဏ တရားဟောသော ဘုရားနှုတ်ကပတ်တော်အချို့တို့ကဲ့သို့သောအရာများ ဖြစ်သည့် ဘုရားသခင်၏ အမျိုးမျိုးသော ပြောဆိုချက်များကိုလည်း အဆီအနှစ်ထုတ်သည်၊ အနှစ်ချုပ်သည်၊ စီစဉ်သည်။ ကျက်မှတ်ခြင်း၊ စီစဉ်ခြင်း၊ အနှစ်ချုပ်ခြင်း၊ အသိအမြင်များ ရေးခြင်းအပြင် တစ်မျိုးတစ်မည်ဖြစ်နေသော လှုပ်ရှားမှုအချို့အပါအဝင် နောက်ထပ်အရာများ ရှိသည်မှာ အမှန်ပင် ဖြစ်သည်။ အန္တိခရစ်တို့သည် ၎င်းတို့၏ အဆင့်အတန်း ရရှိဖို့၊ ၎င်းတို့၏ ရည်မှန်းချက်ကို ဖြည့်ဆည်းဖို့၊ အသင်းတော်ကို ထိန်းချုပ်ခြင်းနှင့် ဘုရားဖြစ်ခြင်းနှင့်ဆိုင်သည့် ၎င်းတို့၏ပန်းတိုင်ကို ဖြစ်မြောက်အောင်မြင်ဖို့အတွက် မည်သည့်အဖိုးအခကိုမဆို ပေးဆပ်မည်ဖြစ်သည်။ ၎င်းတို့သည် မဆိုစလောက် နာရီများ၌ ညဉ့်နက်သည့်အချိန်ထိ အလုပ်လုပ်ပြီး မိမိတို့၏ဒေသနာများကို လေ့ကျင့်လျက် ညမိုးချုပ်သည့်တိုင် မကြာခဏ အလုပ်လုပ်ပြီး အရုဏ်ဦးတွင် နိုးထကြသည်၊ ပြီးလျှင် အခြားလူများပြောခဲ့သည့် အလွန်ကောင်းသောအရာများကိုလည်း ရေးမှတ်သည်။ အားလုံးမှာ မြင့်မားသော ဒေသနာများ ဟောကြားဖို့ ၎င်းတို့ လိုအပ်သည့် အယူဝါဒများဖြင့် မိမိတို့ကိုယ်ကို ပြင်ဆင်ဖို့အလို့ငှာသာ ဖြစ်လေသည်။ ၎င်းတို့သည် မည်သည့် ဘုရားနှုတ်ကပတ်တော်က ရွေးချယ်ရန် အသုံးဝင်ဆုံးဖြစ်မည်ကို ချင့်ချိန်စဉ်းစားလျက် ဤအဆင့်မြင့်သော တရားဒေသနာများအား မည်သို့ဟောရမည်ကို နေ့စဉ် တွေးတောသည်။ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်ရွေးချယ်ထားသောလူများကြားတွင် လေးစားခြင်းနှင့် ချီးမွမ်းခြင်းကို လှုံ့ဆော်ပြီး ထို့နောက်တွင် ထိုနှုတ်ကပတ်တော်များကို ၎င်းတို့ အလွတ်ကျက်မှတ်ကြသည်။ ထို့နောက်တွင် ထိုနှုတ်ကပတ်တော်များကို ၎င်းတို့၏ ဉာဏ်အမြော်အမြင်ကြီးမှုနှင့် ဉာဏ်ထက်မြက်ခြင်းတို့ကို ထင်ရှားစေသည့် နည်းလမ်းဖြင့် မည်သို့အဓိပ္ပာယ် ဖွင့်ဆိုရမည်ကို ၎င်းတို့ ဆင်ခြင်စဉ်းစားကြသည်။ ၎င်းတို့စိတ်နှလုံးတွင် ဘုရားနှုတ်ကပတ်တော်ကို အလွန် စွဲမှတ်သွားရန်အတွက် ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို အကြိမ်အတန်ငယ်ပို၍ နားထောင်ရန် ကြိုးပမ်းကြသည်။ ၎င်းတို့သည် ဤအရာအားလုံးကို ကောလိပ်၌ နေရာတစ်ခုအတွက် ယှဉ်ပြိုင်နေသည့် ကျောင်းသားများ၏ အားထုတ်မှုများကဲ့သို့ လုပ်ဆောင်ကြသည်။ တစ်စုံတစ်ဦးက ဒေသနာကောင်းတစ်ခု ဟောကြားသည့်အခါ သို့မဟုတ် အလင်းပေးခြင်းအချို့ သို့မဟုတ် သဘောတရားအချို့ပေးသည့် ဒေသနာတစ်ခု ဟောကြားသည့်အခါ၊ အန္တိခရစ်သည် ယင်းကို စုစည်းပြုစုကာ ၎င်းတို့၏ကိုယ်ပိုင် ဒေသနာအဖြစ် ပြုလုပ်ကြမည် ဖြစ်သည်။ မည်သည့်အားထုတ်မှု ပမာဏမျှ အန္တိခရစ်တစ်ဦးအတွက် ကြီးမားလွန်းခြင်း မရှိပေ။ သို့ဆိုလျှင် ၎င်းတို့၏ ဤအားထုတ်မှု နောက်ကွယ်မှ ကြံရွယ်ချက်နှင့် ရည်ရွယ်ချက်တို့မှာ အဘယ်နည်း။ အခြားသူများက အန္တိခရစ်သည် မိမိတို့ထက် ပိုဝိညာဉ်ရေးဆန်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပိုတန်ဖိုးထားသည်၊ ဘုရားသခင်ကို ပိုချစ်သည်ဟု မြင်ကောင်းမြင်နိုင်စေဖို့အလို့ငှာ ယင်းက ဘုရားနှုတ်ကပတ်တော်များကို ဟောကြားနိုင်ဖို့၊ ရှင်းလင်းပြီး အလွယ်တကူ ပြောနိုင်ဖို့၊ ယင်းတို့ကို ကျွမ်းကျင်ပိုင်နိုင်စွာ ပြောနိုင်ဖို့ ဖြစ်ပေသည်။ ဤနည်းအားဖြင့် အန္တိခရစ်တစ်ဦးသည် ၎င်းတို့အနီးအနားရှိ လူအချို့၏ လေးစားအားကျမှုနှင့် ကြည်ညိုမှုကို ရရှိနိုင်သည်။ အန္တိခရစ်တစ်ဦးအနေဖြင့် ဤအရာမှာ လုပ်ဖို့ အကျိုးရှိသည့်အရာ၊ မည်သည့်ကြိုးစားအားထုတ်မှု၊ အဖိုးအခ၊ သို့မဟုတ် ဆင်းရဲဒုက္ခမဆို ထိုက်တန်သည်ဟု ခံစားရလေသည်။ ဤကြိုးစားအားထုတ်မှုများကို နှစ်နှစ်၊ သုံးနှစ်၊ ငါးနှစ်ကျော်ကြာ ပြုလုပ်ပြီးနောက် အန္တိခရစ်တို့သည် ဘုရားသခင်၏ စကားပြောပုံနှင့် သူ၏နှုတ်ကပတ်တော်များ၏ အကြောင်းအရာနှင့် လေသံကို တဖြည်းဖြည်း ပို၍ပို၍ ရင်းနှီးလာကြသည်၊ အချို့အန္တိခရစ်တို့သည် ပါးစပ်ဟလိုက်တိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အတုပင်ခိုးနိုင်သည် သို့မဟုတ် ဝါကျအနည်းငယ်ကို ရွတ်ပင်ရွတ်ဆိုနိုင်သည်။ ဤသည်မှာ ၎င်းတို့အတွက် အရေးကြီးဆုံးအရာ မဟုတ်သည်မှာ အမှန်ပေ။ အရေးကြီးဆုံးအရာမှာ အဘယ်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိမိတို့သဘောအတိုင်း အတုခိုးပြီး ရွတ်ဆိုနိုင်လာသည်နှင့်အမျှ ၎င်းတို့၏ စကားပြောပုံ၊ လေသံနှင့် အသံနေအသံထားပင်လျှင် ဘုရားနှင့် တဖြည်းဖြည်း ပိုတူလာပြီး ခရစ်တော်နှင့် ပို၍ပို၍ တူလာသည်။ အန္တိခရစ်တို့သည် ဤအတွက် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဝမ်းမြောက်ဝမ်းသာဖြစ်ကြသည်။ ၎င်းတို့သည် အဘယ်အရာအတွက် ဝမ်းမြောက်နေကြသနည်း။ ၎င်းတို့သည် လူများစွာက ၎င်းတို့ကို ကိုးကွယ်စရာအဖြစ် ကိုးကွယ်ပြီး ဝန်းရံလျက် ဘုရားဖြစ်ရခြင်းသည် မည်မျှကောင်းမြတ်လိုက်မည်ကို တိုး၍တိုး၍ ခံစားလာကြသည်၊ ယင်းမှာ ဘုန်းအသရေ ရှိလိုက်မည့်ဖြစ်ခြင်းပါတကား။ ၎င်းတို့သည် ဤပြီးမြောက်အောင်မြင်မှုအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်များကြောင့်ဟု မှတ်ယူကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ၎င်းတို့အား အခွင့်အရေးပေးခဲ့သည်ဟုလည်းကောင်း၊ ၎င်းတို့ကို ဉာဏ်ကွန့်မြူးစေခဲ့သည်ဟုလည်းကောင်း၊ ထို့ထက်မက ဘုရားသခင်၏ နှုတ်ကပတ်တော်များကြောင့် ၎င်းတို့သည် ဘုရားသခင်၏ စကားပြောပုံနှင့် ဘုရားသခင်၏ လေသံကို အတုခိုးတတ်လာခဲ့သည်ဟုလည်းကောင်း ယုံကြည်ကြသည်။ ဤသည်မှာ နောက်ဆုံးတွင် ၎င်းတို့ကို ဘုရားနှင့် ပို၍ပို၍ တူသည်ဟု ခံစားစေပြီး ဘုရား၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းသို့ တိုး၍တိုး၍ ချဉ်းကပ်လာစေသည်။ ထို့ထက်မက ဘုရားသခင်၏ စကားပြောပုံနှင့် လေသံကို အတုခိုးနိုင်ခြင်း၊ ဘုရားသခင်၏ စကားပြောပုံစံနှင့် အသံနေအသံထားဖြင့် ပြောဆိုအသက်ရှင်နိုင်ခြင်းသည် အလွန်အမင်း နှစ်လိုဖွယ်ကောင်းပြီး ၎င်းတို့၏ အပျော်ရွှင်ဆုံးအချိန်အခါများကို ဖြစ်ပေါ်စေသည်ဟု ၎င်းတို့ကို ခံစားရစေသည်။ အန္တိခရစ်တို့သည် ဤအဆင့်သို့ ရောက်ရှိသွားပြီ။ သင်တို့က ဤသည်မှာ အန္တရာယ်ရှိသည်ဟု ဆိုမည်လော။ (ရှိပါသည်။) အန္တရာယ်က မည်သည့်နေရာတွင် ရှိသနည်း။ (၎င်းတို့သည် ဘုရားဖြစ်ချင်ကြသည့် နေရာတွင် ရှိပါသည်။) ဘုရားဖြစ်ချင်ခြင်းသည် အန္တရာယ်ရှိသည်၊ အသက်ရှင်ခြင်းသည် ခရစ်တော်ဖြစ်သည်ဟု ဆိုခဲ့သော ပေါလုကဲ့သို့ပင် ဖြစ်သည်။ ထိုသို့သော နှုတ်ကပတ်တော်များကို ပြောဆိုပြီးသည်နှင့် လူတစ်ဦးသည် ကယ်တင်ခြင်း မခံရနိုင်တော့ပေ။ အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဘုရားဖြစ်လာရန် နည်းလမ်းတစ်ခုအဖြစ် သဘောထားကြသည်။ ဤဖြစ်စဉ်တွင် အန္တိခရစ်တို့သည် အဘယ်အရာကို လုပ်ဆောင်ခဲ့ကြသနည်း။ ၎င်းတို့သည် များစွာသော ကြိုးစားအားထုတ်မှု ပြုလုပ်ခဲ့ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် များစွာသော စိတ်အင်အားနှင့် အချိန်ကို သုံးစွဲခဲ့ကြသည်။ ဤကာလအတွင်း ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး ဆန်းစစ်ကာ အကြိမ်ကြိမ် ဖတ်ရှုခြင်း၊ အလွတ်ကျက်မှတ်ခြင်းနှင့် စုစည်းခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုနေစဉ် ဘုရားသခင်၏ စကားပြောပုံနှင့် လေသံကိုပင် အတုခိုးခဲ့ကြသည်၊ အထူးသဖြင့် ဘုရားသခင်၏ မိန့်မြွက်ချက်တွင် အသုံးများသော စကားစုများကို ဖြစ်သည်။ ဤလုပ်ရပ်အားလုံး၏ အနှစ်သာရမှာ အဘယ်နည်း။ ဤနေရာတွင် ငါသည် ယင်းကို ကုန်သည်တစ်ဦးက ကုန်စည်များကို လက်ကားဈေးနှုန်းများဖြင့် ဝယ်ယူခြင်း၏ အနှစ်သာရအဖြစ် ဖော်ပြသည်၊ ဆိုလိုသည်မှာ အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ပိုင်ဆိုင်သော ရုပ်ဝတ္ထုပစ္စည်းတစ်ခုအဖြစ်သို့ ပြောင်းလဲရန် အသက်သာဆုံးနည်းလမ်းကို အသုံးပြုခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသောအခါ ယင်းတို့ကို သမ္မာတရားအဖြစ် လက်မခံကြသကဲ့သို့ လူတို့ဝင်ရောက်သင့်သည့် လမ်းခရီးအဖြစ်လည်း လက်ခံပြီး မှတ်ယူခြင်း မရှိပေ။ ထိုအစား ၎င်းတို့သည် ဤနှုတ်ကပတ်တော်များ၊ စကားပြောပုံနှင့် လေသံကို အလွတ်ကျက်မှတ်ရန် နည်းမျိုးစုံဖြင့် ကြိုးစားပြီး မိမိတို့ကိုယ်ကို ထိုသို့သော နှုတ်ကပတ်တော်များကို ဖော်ပြသည့်သူများအဖြစ်သို့ ပြောင်းလဲရန် ကြိုးပမ်းကြသည်။ အန္တိခရစ်တို့သည် ဘုရားသခင်၏ လေသံနှင့် စကားပြောပုံကို အတုခိုးနိုင်ပြီး ဤစကားပြောပုံနှင့် လေသံကို ၎င်းတို့၏ ပြောဆိုမှုနှင့် လုပ်ရပ်များတွင် အပြည့်အဝ အသုံးချနိုင်ကာ လူတို့ကြားတွင် အသက်ရှင်နေထိုင်သောအခါ ၎င်းတို့ စွမ်းဆောင်ရရှိရန် ရည်မှန်းသည့်အရာမှာ မိမိတို့၏ တာဝန်ကို သစ္စာစောင့်သိစွာ ထမ်းဆောင်ရန်၊ အမှုအရာများကို စည်းမျဉ်းများဖြင့် လုပ်ဆောင်ရန် သို့မဟုတ် ဘုရားသခင်အပေါ် သစ္စာစောင့်သိရန် မဟုတ်ပေ။ ထိုအစား ဘုရားသခင်၏ စကားပြောလေသံနှင့် ပုံစံကို အတုခိုးခြင်းဖြင့်၊ ပြီးလျှင် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို တရားဟောခြင်းဖြင့် ၎င်းတို့သည် လူတို့၏ စိတ်နှလုံးထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်ပြီး လူတို့၏ ကြည်ညိုကိုးကွယ်ရာ ဖြစ်လာသည်ကို လိုချင်ကြသည်။ ၎င်းတို့သည် လူတို့၏ စိတ်နှလုံးထဲရှိ ပလ္လင်ပေါ်သို့ တက်ရန်နှင့် ထိုနေရာတွင် ဘုရင်များအဖြစ် အုပ်စိုးရန်၊ ပြီးလျှင် လူတို့၏ အတွေးအခေါ်များနှင့် အပြုအမူများကို ကြိုးကိုင်ညွှန်ကြားရန် တောင့်တကြပြီး ထိုသို့ဖြင့် လူတို့ကို ထိန်းချုပ်ခြင်းဟူသော ပန်းတိုင်ကို စွမ်းဆောင်ရရှိရန် ဖြစ်သည်။
အန္တိခရစ်တို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ကြိုးစားအားထုတ်ခြင်းကို ကုန်သည်များက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကုန်ပစ္စည်းများအဖြစ် ဈေးပေါပေါဖြင့် ဝယ်ယူခြင်းဟု ငါတို့ သရုပ်ဖော်မည်ဆိုလျှင်၊ အန္တိခရစ်တို့၏ ဘုရားသခင်၏ စကားကို အတုယူခြင်း၊ သူ၏နှုတ်ကပတ်တော်များကို တရားဟောရန် သူ၏ ပြောဆိုပုံနည်းလမ်းနှင့် လေသံကို ၎င်းတို့ အသုံးပြုခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကုန်ပစ္စည်းတစ်ခုအဖြစ် ရောင်းချခြင်းနှင့် တူညီသည် မဟုတ်လော။ (တူညီပါသည်။) မည်သည့်ကုန်သည်မျှ နောက်ပိုင်းတွင် ပြန်ရောင်းချခြင်း မရှိဘဲ ကုန်ပစ္စည်းများကို ဝယ်ယူခြင်း မရှိချေ။ ဤကုန်ပစ္စည်းများကို ရယူခြင်းနှင့် ပိုင်ဆိုင်ခြင်းတို့တွင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ ဤအရာများမှ ပိုမိုမြင့်မားသော အကျိုးအမြတ်များ ရရှိရန်၊ ယင်းတို့ကို ပိုများသော ငွေဖြင့် လဲလှယ်ရန် ဖြစ်သည်။ သို့ဖြစ်၍ အန္တိခရစ်တို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် အလွန်အမင်း ကြိုးပမ်းအားထုတ်ခြင်းနှင့် ယင်းတို့အပေါ် ၎င်းတို့၏ သဘောထားသည် အန္တိခရစ်တို့က ယင်းတို့ကို ဈေးအပေါဆုံး၊ ကုန်ကျစရိတ်အနည်းဆုံးနှင့် လက်တွေ့အကျဆုံး နည်းလမ်းများကို အသုံးပြု၍ ရယူရန်၊ ယင်းတို့ကို မိမိတို့၏ ကိုယ်ပိုင်ဥစ္စာများအဖြစ်သို့ ပြောင်းလဲရန်၊ ထို့နောက် ၎င်းတို့လိုအင်ဆန္ဒရှိသော အကျိုးအမြတ်များကို ရရှိရန် ဈေးကြီးကြီးဖြင့် ရောင်းချရန် ကုန်သည်များကဲ့သို့ ပြုမူခြင်းထက် တစ်စက်မျှ မပိုပေ။ ပြီးလျှင် ဤအကျိုးအမြတ်များမှာ အဘယ်နည်း။ ယင်းတို့သည် လူတို့၏ အထင်ကြီးလေးစားမှု၊ ကိုးကွယ်ရာအဖြစ် ကိုးကွယ်ခြင်း၊ ကြည်ညိုလေးစားမှုနှင့် အထူးသဖြင့် ၎င်းတို့၏ နောက်လိုက်ခြင်းတို့ ဖြစ်ကြသည်။ ထို့ကြောင့် အသင်းတော်၌ အခြေခံအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့မလုပ်ဆောင်ဘဲ မိမိကိုယ်ကို မသိသောသူတစ်ဦးတွင် နောက်လိုက်များစွာ၊ မှီခိုပြီး ကိုးကွယ်ရာအဖြစ် ကိုးကွယ်သူများစွာ ရှိသည့် ဖြစ်ရပ်ဆန်းတစ်ခုကို တွေ့မြင်ရခြင်းမှာ အဆန်းမဟုတ်ပေ။ ဤအရာအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ ဤပုဂ္ဂိုလ်သည် စကားအရာတွင် လိမ္မာကျွမ်းကျင်ပြီး ရှင်းလင်းစွာ ပြောဆိုနိုင်ကာ လူတို့ကို အလွယ်တကူ အထင်အမြင်မှားစေသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့မလုပ်ဆောင်သကဲ့သို့ စည်းမျဉ်းများအတိုင်း အမှုအရာများကို မကိုင်တွယ်သည့်အပြင် အသင်းတော်၏ အလုပ်နှင့် အထက်၏ စီစဉ်မှုများကိုလည်း အကောင်အထည်ဖော်ရန် ပျက်ကွက်ကြသည်။ သို့သော် အဘယ်ကြောင့် လူအချို့က ၎င်းတို့အပေါ် အကောင်းမြင်အောင် ၎င်းတို့ လုပ်ဆောင်နိုင်သေးသနည်း။ ၎င်းတို့အပေါ် တစ်စုံတစ်ခု အမှန်တကယ် ဖြစ်ပျက်သည့်အခါ ၎င်းတို့အတွက် ဖုံးကွယ်ပေးပြီး ကာကွယ်ပေးသည့် လူများစွာ အဘယ်ကြောင့် ရှိနေရသနည်း။ ၎င်းတို့ ခေါင်းဆောင်တစ်ဦးဖြစ်သည့်အခါ အဘယ်ကြောင့် လူအချို့က ၎င်းတို့ကို ကာကွယ်ပေးကြသနည်း။ အဘယ်ကြောင့် လူအချို့က ၎င်းတို့ကို ဖြုတ်ချခြင်းကို ကန့်လန့်ကန့်လန့်နှင့် ဆန့်ကျင်ကြသနည်း။ အမှားများနှင့် ပြည့်နေသော၊ စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြင့် ပြည့်နေသော၊ သမ္မာတရားကို မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်သော ပုဂ္ဂိုလ်တစ်ဦးသည် အသင်းတော်၌ ထိုသို့သော အထူးအခွင့်အရေးကို ရနိုင်ဆဲဖြစ်ခြင်း၏ အကြောင်းရင်းမှာ ဤပုဂ္ဂိုလ်သည် စကားပြောရာတွင် အလွန်ကျွမ်းကျင်လွန်းသောကြောင့်သာ၊ ဟန်ဆောင်ရာတွင် အလွန် ကောင်းလွန်းသောကြောင့်သာ၊ လူတို့ကို အထင်အမြင်မှားစေရာတွင် အလွန် ကျွမ်းကျင်လွန်းသောကြောင့်သာ ဖြစ်သည်။ အန္တိခရစ်တို့သည် ထိုသို့သော လူများ အတိအကျပင် ဖြစ်ကြသည်။ သို့ဆိုလျှင် ထိုသို့သော လူများသည် အန္တိခရစ်များဖြစ်သည်ဟု ငါတို့ ပြောနိုင်သလော။ ပြောနိုင်သည်၊ ထိုသို့သော လူများသည် သေချာပေါက် အန္တိခရစ်များ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မကြာခဏ ဖတ်ကြသည်၊ မကြာခဏ အလွတ်ကျက်မှတ်ပြီး တရားဟောကြသည်၊ အခြားသူများကို ဩဝါဒခြွေရန်နှင့် ပြုပြင်ရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မကြာခဏ အသုံးပြုကြပြီး လူတို့ကို ဩဝါဒခြွေရန် ဘုရားသခင်၏ ရှုထောင့်နှင့် ရပ်တည်ချက်များကို ခံယူကြကာ ၎င်းတို့ပြောသော ကြီးကျယ်သည့် အယူဝါဒများကို ကြားပြီးနောက် လူတို့ကို စကားမပြောနိုင်အောင် ဖြစ်စေလျက် ၎င်းတို့အပေါ် အပြည့်အဝ နာခံပြီး လိုက်နာစေကြသည်။ သို့တိုင်အောင် ထိုသို့သော လူများသည် မိမိတို့ကိုယ်ကို မည်သည့်အခါမျှ မသိကြဘဲ အခြေခံသဘောတရားများအတိုင်း အမှုအရာများကို မည်သည့်အခါမျှ မကိုင်တွယ်သောသူများ ဖြစ်ကြသည်။ ၎င်းတို့သည် ခေါင်းဆောင်တစ်ဦးဖြစ်လျှင် ၎င်းတို့၏ အထက်ခေါင်းဆောင်များသည် ဩဇာအာဏာ မဲ့သွားကြသည်။ ၎င်းတို့၏ ခေါင်းဆောင်ပိုင်းအောက်ရှိ အသင်းတော်၌ အခြေအနေကို နားလည်ရန် မဖြစ်နိုင်တော့ပေ။ ၎င်းတို့ ရှိနေလျှင် ဘုရားအိမ်တော်၏ အလုပ်စီစဉ်မှုများ၊ ဘုရားအိမ်တော်က ချမှတ်သော စည်းမျဉ်းများနှင့် သတ်မှတ်ချက်များကို အကောင်အထည် ဖော်၍မရနိုင်ပေ။ ထိုသို့သော လူများသည် အန္တိခရစ်များ မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် မှတ်ယူကြသလော။ (မဟုတ်ပါ၊ ၎င်းတို့ မယူမှတ်ကြပါ။) ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရာ၌ ကြိုးစားအားထုတ်ခဲ့ပြီးဖြစ်ကာ အချို့ကို အလွတ်ရွတ်ဆိုနိုင်သည်။ စုဝေးပွဲများ၌ မိတ်သဟာယဖွဲ့စဉ်တွင် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မကြာခဏ ဖော်ပြကြပြီး အားလပ်ချိန်များတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ရွတ်သည့် အသံသွင်းခွေများကို နားထောင်ကြသည်။ ၎င်းတို့သည် အခြားသူများနှင့် စကားပြောသည့်အခါ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အတုယူရုံသာ ပြုပြီး အခြားမည်သည့်အရာမျှ မပြောပေ။ ၎င်းတို့ တရားဟောပြီး ပြောဆိုသမျှသည် အမှားကင်းသည်။ အပြင်ပန်းတွင် အလွန်ပြည့်စုံပုံရသော၊ “မှန်ကန်သော ပုဂ္ဂိုလ်” ဟုခေါ်သော ထိုသို့သော ပုဂ္ဂိုလ်တစ်ဦးသည် ဘုရားအိမ်တော်၏ အလုပ်စီစဉ်မှုများ၊ သတ်မှတ်ချက်များနှင့် စည်းမျဉ်းများ ၎င်းတို့ထံ ရောက်ရှိလာသည့်အခါ ရှေ့မဆက်နိုင် ဖြစ်သွားစေသည်။ ၎င်းတို့၏ လက်အောက်ရှိ လူများသည် ၎င်းတို့မှလွဲ၍ မည်သူ့ကိုမျှ အသိအမှတ်မပြုကြပေ။ ၎င်းတို့၏ လက်အောက်ရှိ ထိုသူတို့သည် ၎င်းတို့ကိုလည်းကောင်း၊ ကောင်းကင်ဘုံရှိ မရေရာသော ဘုရားကိုလည်းကောင်း ရိုသေလေးမြတ်ခြင်းမှလွဲ၍ အခြားမည်သူ့စကားကိုမျှ နားမထောင်ဘဲ လူတိုင်းကို လျစ်လျူရှုကြသည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး မဟုတ်လော။ ဤအရာအားလုံးကို စွမ်းဆောင်ရရှိရန် ၎င်းတို့သည် မည်သည့်နည်းလမ်းများကို အသုံးပြုခဲ့သနည်း။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမြတ်ထုတ်ခဲ့သည်။ မိမိတို့၏ ယုံကြည်ခြင်းတွင် မရှင်းမလင်း ဖြစ်နေသောသူများ၊ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သောသူများ၊ အသိဉာဏ်မဲ့သောသူများ၊ အတွေးအခေါ်တွင် မပြတ်သားသောသူများအပြင် သမ္မာတရားကို မလိုက်စားသောသူများ၊ မယုံကြည်သူများနှင့် လေယူရာတိမ်းတတ်သူများသည် အန္တိခရစ်ကို ဝိညာဉ်ရေးရာဆန်သော ပုဂ္ဂိုလ်တစ်ဦးအဖြစ် မှတ်ယူကြသည်။ ၎င်းတို့သည် အန္တိခရစ်က တရားဟောသော စကားလုံးများနှင့် အယူဝါဒများကို သမ္မာတရား လက်တွေ့ကျမှုအဖြစ် ယူမှတ်ကြပြီး အန္တိခရစ်ကို ၎င်းတို့၏ လိုက်လျှောက်ရာအဖြစ် မှတ်ယူကြသည်။ ၎င်းတို့သည် အန္တိခရစ်နောက်သို့ လိုက်လျှောက်သည့်အခါ ဘုရားသခင်နောက်သို့ လိုက်လျှောက်နေသည်ဟု ယုံကြည်ကြသည်။ ၎င်းတို့သည် ဘုရားသခင်နောက်လိုက်ခြင်းကို အန္တိခရစ်နောက် ၎င်းတို့၏ လိုက်လျှောက်ခြင်းဖြင့် အစားထိုးကြသည်။ လူအချို့ကပင် “ကျွန်ုပ်တို့၏ ခေါင်းဆောင်သည် စကားမပြောသေးပါ၊ မိတ်သဟာယ မဖွဲ့ရသေးပါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ်တို့ ဖတ်လျှင်ပင် နားလည်နိုင်မည် မဟုတ်ပါ”၊ “ကျွန်ုပ်တို့၏ ခေါင်းဆောင်သည် ဤနေရာတွင် မရှိပါ၊ ကျွန်ုပ်တို့ တစ်စုံတစ်ခုအတွက် ဘုရားသခင်ကို ဆုတောင်းသော်လည်း အလင်း မရနိုင်ပါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်သော်လည်း လမ်းခရီးကို နားမလည်နိုင်ပါ၊ ကျွန်ုပ်တို့၏ ခေါင်းဆောင် ပြန်လာသည်ကို စောင့်ရပါမည်”၊ “ကျွန်ုပ်တို့၏ ခေါင်းဆောင်သည် ဤရက်ပိုင်းများတွင် အလုပ်များနေပြီး ကျွန်ုပ်တို့၏ ကိစ္စများကို ဖြေရှင်းပေးရန် အချိန်မရှိပါ” ဟု ပြောကြလေသည်။ ၎င်းတို့၏ သခင်မရှိဘဲ ဤလူတို့သည် မည်သို့ဆုတောင်းရမည်ကို မသိကြ၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့စားသောက်ရမည်ကို မသိကြ၊ ၎င်းတို့သည် ဘုရားသခင်ကို ရှာဖွေရန်နှင့် မှီခိုရန် သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် လက်တွေ့လုပ်ဆောင်ခြင်း၏ လမ်းခရီးကို မိမိတို့ဘာသာ ရှာဖွေရန် မသင်ယူကြပေ။ ၎င်းတို့၏ သခင်မရှိဘဲ ၎င်းတို့သည် မျက်မမြင်များကဲ့သို့ ဖြစ်ကြသည်၊ ၎င်းတို့၏ စိတ်နှလုံးများ တူးထုတ်ခံလိုက်ရသည့်အလား ဖြစ်သည်။ ၎င်းတို့၏ သခင်သည် ၎င်းတို့၏ မျက်စိများဖြစ်သကဲ့သို့ ၎င်းတို့၏ အသည်းနှလုံးလည်း ဖြစ်သည်။ ၎င်းတို့၏ သခင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရာ၌ အကောင်းဆုံးဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ၎င်းတို့၏ သခင်မရှိလျှင် ၎င်းတို့ကိုယ်တိုင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရန် စိတ်ဝင်စားမှုမရှိဘဲ ၎င်းတို့ နားလည်နိုင်ရန်အလို့ငှာ ၎င်းတို့အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆုတောင်းရင်းဖြင့် ဖတ်ရှုပြီး အနက်ဖွင့်ဆိုပေးရန် ၎င်းတို့၏ သခင် ပြန်လာသည်ကို စောင့်ရပေမည်။ စိတ်ထဲတွင် ဤလူတို့သည် ၎င်းတို့၏ သခင်မှာ ဘုရားသခင်၏ ရှေ့မှောက်သို့ ရောက်ရှိရန် ၎င်းတို့ကို ကူညီနိုင်သည့် ၎င်းတို့၏ တမန်တစ်ဦးဖြစ်သည်ဟု ယုံကြည်ကြသည်။ ထိုသို့သော “အကျိုးသက်ရောက်မှု” ကို စွမ်းဆောင်ရရှိခြင်းသည် အန္တိခရစ်တို့က ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းရာတွင် ပျော်ရွှင်ကြည်နူးရန် အထိုက်တန်ဆုံးဟု မြင်သော အရာတစ်ခု ဖြစ်သည်။ “ကျွန်ုပ်၏ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှုများသည် နောက်ဆုံးတွင် အရာထင်လာခဲ့ပြီ၊ နောက်ဆုံးတွင် ကျွန်ုပ်ကုန်ဆုံးခဲ့သော အချိန်သည် အချည်းနှီး မဖြစ်ခဲ့ပါ။ ဇွဲလုံ့လရှိသူတို့ကို ကြိုးစားအားထုတ်မှုက အမှန်တကယ် ဆုချပေသည်။ ဇွဲလုံ့လ လုံလောက်လျှင် သံချောင်းတစ်ချောင်းကိုပင် အပ်တစ်ချောင်းဖြစ်အောင် သွေးယူနိုင်ပေသည်။ ဤကြိုးစားအားထုတ်မှုသည် တန်ပါပေသည်တကား” ဟူ၍ဖြစ်သည်။ ၎င်းတို့၏ နောက်လိုက်များက ၎င်းတို့မရှိဘဲ အသက်မရှင်နိုင်ကြောင်း ကြားရသည့်အခါတွင် အန္တိခရစ်တို့သည် စိတ်ထဲ၌ အပြစ်ရှိသည့်စိတ် တစ်စက်မျှ ခံစားရခြင်း မရှိပေ။ ထိုအစား ၎င်းတို့က “ဘုရားသခင်၏ နှုတ်ကပတ်တော်များက အမှန်ပင် ကောင်းမြတ်ပါသည်။ ထိုအချိန်က ကျွန်ုပ်၏ ဆုံးဖြတ်ချက်က မှန်ခဲ့သည်၊ ဤနှစ်များတစ်လျှောက် ကျွန်ုပ်ကြိုးစားအားထုတ်ခဲ့သည်မှာ မှန်ကန်ခဲ့သည်၊ ပြီးလျှင် ဤနှစ်များတစ်လျှောက် ကျွန်ုပ်၏ချဉ်းကပ်ပုံက အတည်ပြုခြင်းခံခဲ့ရပြီး အသီးအပွင့်များ သီးခဲ့ပြီ” ဟု တွေးလျက် တိတ်တဆိတ် ပျော်ရွှင်ကြည်နူးကြသည်။ ၎င်းတို့သည် တိတ်တဆိတ် ကျေနပ်နေကြသည်။ ၎င်းတို့သည် မိမိတို့၏ ဆိုးယုတ်သော လုပ်ရပ်များအတွက် အပြစ်ရှိသည့်စိတ်၊ နောင်တရခြင်း သို့မဟုတ် အမုန်းတရား မရှိသည်သာမက ၎င်းတို့၏ ချဉ်းကပ်ပုံသည် မှန်ကန်ကြောင်း ပို၍ပင် ယုံကြည်ပြီး သေချာလာကြသည်။ ထို့ကြောင့် နောင်လာမည့်အချိန်တွင် ၎င်းတို့၏ အနာဂတ်အသက်တာ၌ ၎င်းတို့သည် ယခင်က ပြုလုပ်ခဲ့သည့်အတိုင်း ဘုရားသခင်၏ ပြောဆိုပုံနည်းလမ်းနှင့် လေသံကို လေ့လာရန်၊ ယခင်ကထက် ပိုမိုဇွဲရှိရှိဖြင့် ထိုသို့ပြုလုပ်ရန်နှင့် ဘုရားသခင်၏ ပြောဆိုပုံနည်းလမ်းနှင့် စကားလုံးရွေးချယ်မှုကို ပို၍ပင် ကျယ်ကျယ်ပြန့်ပြန့်နှင့် နက်နက်ရှိုင်းရှိုင်း အတုယူရန် စီစဉ်ကြသည်။
အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်သည့်အခါ ၎င်းတို့၏ အာရုံစိုက်မှုနှင့် ရည်ရွယ်ချက်များသည် သမ္မာတရားကို လိုက်စားသောသူများနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်သည်။ သမ္မာတရားကို လိုက်စားသောသူတို့သည် ဘုရားသခင်၏ ပြောဆိုပုံနည်းလမ်း မည်သို့ပင်ဖြစ်စေ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ သမ္မာတရား စည်းမျဉ်းများနှင့် လူတို့ စောင့်ထိန်းပြီး လိုက်နာသင့်သည့်အရာတို့ကို နားလည်ရန်သာ စိတ်ဝင်စားကြသည်။ ဆန့်ကျင်ဘက်အားဖြင့် အန္တိခရစ်တို့သည် ဤအရာများကို ခေါင်းထဲမထည့်ဘဲ လျစ်လျူရှုကြသည်၊ ဤအရာများနှင့် သက်ဆိုင်သော စကားစုများကိုပင် အလွန်အမင်း မနှစ်မြို့ခြင်းဖြစ်ကြပြီး ဤအရာများနှင့် သက်ဆိုင်သော စကားစုများနှင့် ဝေါဟာရများကို တိတ်တဆိတ် ဆန့်ကျင်ကြသည်။ အချို့သော “ရလဒ်များ” ကို စွမ်းဆောင်ရရှိပြီးနောက် ၎င်းတို့သည် ယခင်က ချဉ်းကပ်ပုံမျိုးကို အသုံးပြုလျက် ဘုရားသခင်၏ ပြောဆိုပုံနည်းလမ်းနှင့် လေသံသည် မည်သို့ဖြစ်သည်၊ သူ၏ အသံနေအသံထား၏ ကွဲပြားမှုများသည် မည်သို့ရှိသည်၊ သူသည် မည်သည့်စကားလုံးများကို ရွေးချယ်သည်တို့ကို ဆက်လက်၍ ပို၍နက်ရှိုင်းစွာနှင့် ပို၍စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကြသည်၊ သူ၏ သဒ္ဒါနှင့် ပုံမှန်သုံးလေ့ရှိသော ဝါကျဖွဲ့ထုံး၏ အသေးစိတ်အချက်များကိုပင် လျစ်လျူမရှုကြပေ။ ၎င်းတို့၏ ပန်းတိုင်နှင့် ပိုမိုနီးစပ်စေရန် အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပို၍ပင် ခဲယဉ်းစွာ၊ ပို၍ပြင်းထန်စွာနှင့် နက်ရှိုင်းစွာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးရန်၊ ဘုရားသခင်၏ စကားနောက်ကွယ်ရှိ ရည်ရွယ်ချက်များနှင့် ပန်းတိုင်များကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးရန်နှင့် လူသားမျိုးနွယ်နှင့် စကြဝဠာတစ်ခုလုံးကို ပြောဆိုသည့် ပြောဆိုသူဖြစ်သည့် ဘုရားသခင်က မိမိကိုယ်ကို ဖော်ပြသည့် နည်းလမ်းကိုပင် ကြည့်ရှုစစ်ဆေးရန် ၎င်းတို့၏ စိတ်နှလုံးထဲ၌ တိတ်တဆိတ် သန္နိဋ္ဌာန်ချကြသည်။ အန္တိခရစ်တို့သည် ဘုရားသခင်၏ စကားပြောဆိုခြင်း၏ ကဏ္ဍတိုင်းကို မမောမပန်းနိုင် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကြပြီး ဘုရားသခင်၏ စကားကို အတုယူရန် ကြိုးပမ်းလျက် ဘုရားသခင်၏ အနှစ်သာရကို ပိုင်ဆိုင်ထားသကဲ့သို့လည်းကောင်း၊ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို ပိုင်ဆိုင်ထားသကဲ့သို့လည်းကောင်း၊ ဘုရားသခင်၏ စိတ်သဘောထားကို ပိုင်ဆိုင်ထားသကဲ့သို့လည်းကောင်း မိမိတို့ကိုယ်ကို ဟန်ဆောင်ကြသည်။ ဤအရာအားလုံးသည် အလွန်သဘာဝကျကျနှင့် ချောချောမွေ့မွေ့ ဖြစ်ပျက်နေပုံရသည်၊ ၎င်းတို့သည် မိမိတို့၏ ပန်းတိုင်များဆီသို့ လုပ်ရိုးလုပ်စဉ်အတိုင်း အလုပ်လုပ်ပြီး ပြုမူကြသည်၊ ပြီးလျှင် လုပ်ရိုးလုပ်စဉ်အတိုင်း သတိမထားမိဘဲ မိမိတို့ကိုယ်ကို ဘုရားအဖြစ်၊ အခြားလူတို့အနေဖြင့် ကြည်ညိုလေးစားပြီး နောက်လိုက်ရသော ပုဂ္ဂိုလ်တစ်ဦးအဖြစ်သို့ ပြောင်းလဲကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များက လူတို့၏ စိတ်နှလုံးကို မည်သို့တို့ထိသည်ကိုလည်းကောင်း၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မည်သို့ဖော်ထုတ်သည်ကိုလည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက လူတို့၏ အမျိုးမျိုးသော အခြေအနေများကို မည်သို့ဖော်ထုတ်သည်ကိုလည်းကောင်း၊ ထိုထက်မက ဘုရားသခင်၏ နှုတ်ကပတ်တော်များက လူတို့အပေါ်တွင် အကျိုးသက်ရောက်မှုများကို မည်သို့စွမ်းဆောင်ရရှိသည်ကိုလည်းကောင်း စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကြသည်။ ဤအရာအားလုံးကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ လူတို့၏ စိတ်နှလုံးထဲသို့ ဝင်ရောက်ရန်၊ ၎င်းတို့၏ အမှန်တကယ်ဖြစ်သော အခြေအနေများကို သဘောပေါက်ရန်နှင့် ၎င်းတို့၏ အတွင်းစိတ်အတွေးများကို စေ့စေ့စပ်စပ် သိမြင်နေစဉ်တွင် ထိုလူတို့ကို အထင်အမြင်မှားစေပြီး ထိန်းချုပ်ရန် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖော်ထုတ်ပြီး ၎င်းတို့၏ အားနည်းချက်ကို ထိမှန်သည့်အခါ အန္တိခရစ်တို့က “ဤနှုတ်ကပတ်တော်များ၊ ဤပုံစံသည် အလွန်ကြီးမြတ်ပြီး အံ့ဩဖွယ်ကောင်းပါတကား။ ငါလည်း ဤကဲ့သို့ ပြောဆိုချင်သည်၊ ငါသည် ဤပြောဆိုပုံနည်းလမ်းကို အသုံးပြုပြီး လူတို့ကို ဤပုံစံဖြင့် ဆက်ဆံချင်သည်” ဟု တွေးကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီး ရင်းနှီးကျွမ်းဝင်ခဲ့သည့် နှစ်ပေါင်းများစွာတစ်လျှောက်တွင် အန္တိခရစ်တို့သည် ဘုရားဖြစ်ရန် ၎င်းတို့၏ ဆန္ဒနှင့် လိုအင်ဆန္ဒကို ဘုရားသခင်ကို ယုံကြည်ခြင်း၌ ၎င်းတို့၏ တစ်ခုတည်းသော ပန်းတိုင်အဖြစ် တိုး၍မှတ်ယူလာကြသည်။ ထို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များက လူတို့ကို သမ္မာတရားလိုက်စားရန်နှင့် စည်းမျဉ်းများအတိုင်း အမှုအရာများကို ပြုလုပ်ရန် တောင်းဆိုခြင်းအကြောင်း မည်သို့ပင်ပြောဆိုပါစေ၊ အပြုသဘောဆောင်သော အရာများ၏ အခြားသော လက်တွေ့ကျမှုအားလုံးကို မည်သို့ပင်ပြောဆိုပါစေ အန္တိခရစ်တို့သည် ဤအရာကို နားမဝင်ဘဲ လျစ်လျူရှုကြသည်။ ၎င်းတို့သည် အခြားမည်သူမျှ အရေးမပါသည့်အလား မိမိတို့၏ ကိုယ်ပိုင်ပန်းတိုင်ကို စွဲစွဲမြဲမြဲ လိုက်စားကြကာ မိမိတို့၏ ကိုယ်ပိုင်ကြံရွယ်ချက်များနှင့်အညီ ပြုမူဆောင်ရွက်ကာ မိမိတို့လုပ်ချင်သည့်အရာကို လုပ်ဆောင်ကြသည်။ ဘုရားနှုတ်ကပတ်တော်၏ မည်သည့်စာကြောင်းမျှဖြစ်စေ၊ မည်သည့်တရားဒေသနာမျှဖြစ်စေ၊ ဘုရားသခင်ထံမှ မည်သည့်မိန့်မြွက်ချက်မျှဖြစ်စေ ၎င်းတို့ကို နောင်တရသော စိတ်နှလုံး ရှိစေရန် မဆိုထားနှင့်၊ ဘုရားနှုတ်ကပတ်တော် မည်သည့်စာကြောင်းမျှ ၎င်းတို့၏ စိတ်နှလုံးကို မတို့ထိနိုင်ပေ၊ သို့မဟုတ် ၎င်းတို့၏ ဘဝအပေါ် ရှုမြင်ပုံနှင့် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် ၎င်းတို့၏ အတွေးအခေါ်ကို မပြောင်းလဲစေပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက မည်သည့်အရာကို ဖော်ထုတ်သည်ဖြစ်စေ၊ လူ၏ မည်သည့်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖော်ထုတ်သည်ဖြစ်စေ အန္တိခရစ်တို့သည် ဘုရားသခင်၏ ပြောဆိုပုံနည်းလမ်း၊ သူ၏ လေသံ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက လူတို့အပေါ်တွင် စွမ်းဆောင်ရရှိရန် ရည်ရွယ်သည့် အကျိုးသက်ရောက်မှုများနှင့် စသည်ဖြင့်၊ သမ္မာတရားနှင့် မသက်ဆိုင်သော အမှုအရာအားလုံးကိုသာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကြသည်။ ထို့ကြောင့် အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ပို၍ထိတွေ့လေလေ၊ ဘုရားဖြစ်လိုသော ၎င်းတို့၏ အတွင်းကျကျ လိုအင်ဆန္ဒသည် ပို၍အားကောင်းလာလေလေ ဖြစ်သည်။ ဤလိုအင်ဆန္ဒသည် မည်မျှပြင်းထန်သနည်း။ ယင်းသည် ၎င်းတို့၏ အိပ်မက်များထဲတွင်ပင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရွတ်ဆိုသည့်အဆင့်သို့ ရောက်ရှိသည်၊ သူ၏ ပြောဆိုပုံနည်းလမ်းနှင့် လေသံကို အသုံးပြု၍ မိမိတို့ဘာသာ စကားပြောခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တရားဟောခြင်းကို လေ့ကျင့်ခြင်းတို့ပင် ပြုကြသည်။ ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းရာတွင် ၎င်းတို့သည် မကောင်းဆိုးဝါးပူးကပ်ခြင်း ခံရသည့်အလား ဘုရားသခင်၏ ပြောဆိုပုံနည်းလမ်းနှင့် လေသံကို အဆက်မပြတ် ထပ်ခါတလဲလဲ ပြောဆိုကြသည်။ ထိုသို့သောသူများသည် အန္တိခရစ်များ ဖြစ်ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် မည်မျှပင် တိကျပါစေ၊ လေးနက်ပါစေ၊ သို့မဟုတ် စစ်မှန်ပါစေ၊ ၎င်းတို့သည် လူတို့အား မည်မျှပင် အကူအညီ သို့မဟုတ် ဉာဏ်ကွန့်မြူးမှုပေးပါစေ အန္တိခရစ်တို့သည် ဤအရာအားလုံးကို လျစ်လျူရှုလျက် ရှိနေကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို တန်ဖိုးမထားကြပေ။ ၎င်းတို့၏ စိတ်နှလုံးများသည် အဘယ်မှာနည်း။ ၎င်းတို့သည် လူတို့က ၎င်းတို့ကို ကိုးကွယ်စရာအဖြစ် ကိုးကွယ်စေမည့် နည်းလမ်းဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့အတုယူရမည်ကို အာရုံစိုက်နေကြသည်။ ၎င်းတို့၏ လိုအင်ဆန္ဒ ပို၍ပြင်းထန်လေလေ၊ ဘုရားသခင်၏ အသံကို ကြားရန် ပို၍မျှော်လင့်လေလေ၊ ဘုရားသခင်ပြောသော စကားတစ်ကြောင်းချင်းစီ၏ နောက်ကွယ်ရှိ ရည်ရွယ်ချက်၊ ဆန္ဒနှင့် အတွေးအခေါ်များကို၊ သူ၏ အတွင်းအကျဆုံးသော တွေးခေါ်မှုကိုပင် နားလည်နိုင်ရန် ပို၍မျှော်လင့်လေလေ ဖြစ်သည်။ အန္တိခရစ်တို့၏ လိုအင်ဆန္ဒများနှင့် ဆန္ဒများ ပို၍ပြင်းထန်လာလေလေ၊ ၎င်းတို့သည် ဘုရားသခင်၏ ပြောဆိုပုံနည်းလမ်းကို ပို၍အတုယူချင်လေလေ၊ အချိန်တိုအတွင်း ဘုရားနှင့်ပိုတူလာရန်၊ ဘုရား၏ ပြောဆိုပုံနည်းလမ်း၊ ဘုရား၏ ပြောဆိုပုံလေသံကို ပိုင်ဆိုင်ရန် မိမိတို့ကိုယ်ကို လျင်မြန်စွာ ပြောင်းလဲရန် ပို၍ဆန္ဒပြင်းပြလေလေ ဖြစ်သည်။ ထို့အပြင် အချို့က ၎င်းတို့၏ လုပ်ရပ်များတွင် ဘုရား၏ ပုံစံနှင့် အမူအရာကိုပင် ခံယူချင်ကြသည်။ အန္တိခရစ်တို့သည် ထိုသို့သော အခြေအနေတွင် ရှိနေကြပြီး ဤအတွေးအခေါ်များ၊ စိတ်ကူးများ၊ ရည်ရွယ်ချကများနှင့် စေ့ဆော်မှုများအောက်တွင် နေ့စဉ် အသက်ရှင်နေထိုင်ကြသည်။ ၎င်းတို့သည် မည်သည့်အရာကို လုပ်ဆောင်နေကြသနည်း။ ၎င်းတို့သည် ဘုရားဖြစ်လာခြင်း၊ ခရစ်တော်ဖြစ်လာခြင်း၏ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းရန် မိမိတို့ကိုယ်ကို နေ့စဉ် တွန်းအားပေးနေကြသည်။ ၎င်းတို့သည် ဤလမ်းကြောင်းသည် တရားနည်းလမ်းကျပြီး တောက်ပသော လမ်းတစ်ခုဖြစ်သည်ဟု ယုံကြည်ကြသည်။ သို့ဖြစ်၍ စုဝေးပွဲများတွင်ဖြစ်စေ၊ တွေ့ဆုံပွဲများတွင်ဖြစ်စေ အခြားသူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် မိမိတို့၏ နားလည်သဘောပေါက်မှုနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခံစားရခြင်းအပေါ် မိမိတို့၏ ခံစားချက်များကို မည်သို့ပင် မိတ်သဟာယဖွဲ့ပါစေ မည်သည့်အရာကမျှ ၎င်းတို့ကို မတို့ထိနိုင်သကဲ့သို့ ၎င်းတို့၏ ပန်းတိုင်များနှင့် ဆန္ဒများကို မပြောင်းလဲစေနိုင်ပေ။ ၎င်းတို့သည် မကောင်းဆိုးဝါး ဝင်ပူးခြင်းခံရသည့်အလား၊ မမြင်ရသော အရာတစ်ခု၏ ထိန်းချုပ်မှုကို ခံနေရသည့်အလား၊ မမြင်ရသော သံခြေကျင်းများကို ဝတ်ဆင်ထားရသည့်အလား ခရစ်တော်ဖြစ်လာခြင်းဆီသို့၊ ဘုရားဖြစ်လာခြင်းဆီသို့ လမ်းကြောင်းပေါ်တွင် ခြေလှမ်းကျဲများဖြင့် လှမ်းနေကြသည်။ ဤသည်မှာ မည်သို့သော စိတ်နေစိတ်ထားမျိုး ဖြစ်သနည်း။ ဤသည်မှာ ယုတ်မာသော စိတ်နေစိတ်ထားတစ်မျိုး မဟုတ်လော။ (ဟုတ်ပါသည်။)
ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်သည့်အခါ အန္တိခရစ်တို့သည် ယင်းတို့၏ ကဏ္ဍတိုင်းကို မိမိတို့၏ ကိုယ်ပိုင်ဥစ္စာများအဖြစ် မှတ်သားကြပြီး ၎င်းတို့ကို ပိုမိုမြင့်မားသော အကျိုးအမြတ်များနှင့် ပိုများသောငွေကြေးကို ရရှိစေနိုင်သည့် ကုန်ပစ္စည်းများအဖြစ် သဘောထားပြုမူကြသည်။ ဤကုန်ပစ္စည်းများ ရောင်းချလိုက်သည့်အခါ၊ ဤအရာများကို ကြွားဝါသည့်အခါ ၎င်းတို့အလိုရှိသော အကျိုးအမြတ်များကို ရရှိကြသည်။ ၎င်းတို့ ဤသို့ ပို၍လုပ်လေလေ၊ အတွင်းစိတ်၌ ပို၍ကျေနပ်သည်ဟု ခံစားရလေလေ ဖြစ်သည်၊ ၎င်းတို့ ဤသို့ ပို၍လုပ်လေလေ၊ ဘုရားဖြစ်လိုသော ၎င်းတို့၏ လိုအင်ဆန္ဒသည် ပို၍ကြီးမားပြီး ပို၍ပြင်းထန်လာလေလေ ဖြစ်သည်။ ဤသည်မှာ မည်သို့သော သဘောထား၊ မည်သို့သော အခြေအနေမျိုး ဖြစ်သနည်း။ အန္တိခရစ်တို့၏ ဘုရားဖြစ်လိုသော ဆန္ဒသည် အဘယ်ကြောင့် ဤမျှအားကောင်းရသနည်း။ ယင်းမှာ တစ်စုံတစ်ဦးက ၎င်းတို့ကို သွန်သင်ခဲ့သည့် အရာတစ်ခုလော။ မည်သူက ၎င်းတို့ကို လှုံ့ဆော်ခဲ့သနည်း သို့မဟုတ် လမ်းညွှန်ခဲ့သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဤသို့တောင်းဆိုသလော။ (မတောင်းဆိုပါ။) ဤသည်မှာ အန္တိခရစ်တို့ကိုယ်တိုင် ရွေးချယ်ခဲ့သော လမ်းကြောင်းဖြစ်သည်။ ၎င်းတို့တွင် ပြင်ပအကူအညီမရှိသော်လည်း ၎င်းတို့သည် အလွန်ပင် စေ့ဆော်ခြင်းခံရသည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ ယင်းကို ၎င်းတို့၏ သဘာဝ အနှစ်သာရအားဖြင့် အဆုံးအဖြတ်ပေးသည်။ အန္တိခရစ်တို့သည် မည်သည့်ပြင်ပအကူအညီမျှမပါဘဲ ဤလမ်းကြောင်းကို မမောမပန်းနိုင်၊ မဆုတ်မနစ်ဘဲ၊ နောင်တတစ်စက်မျှမရှိဘဲ လျှောက်လှမ်းကြသည်၊ သင်သည် ၎င်းတို့ကို မည်သို့ပင် ပြစ်တင်ရှုတ်ချပါစေ အကျိုးမရှိပေ၊ သင်သည် ၎င်းတို့ကို မည်သို့ပင် စိတ်ဖြာလေ့လာဆွေးနွေးပါစေ ၎င်းတို့သည် နားမဝင် သို့မဟုတ် နားမလည်ကြပေ၊ ယင်းမှာ ၎င်းတို့ မကောင်းဆိုးဝါး ဝင်ပူးခြင်း ခံထားရသကဲ့သို့ ဖြစ်သည်။ ဤအရာများကို ၎င်းတို့၏ သဘာဝအားဖြင့် အဆုံးအဖြတ်ပေးသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် အန္တိခရစ်တို့၏ သဘောထားသည် အပေါ်ယံအားဖြင့် အတိုက်အခံလုပ်ခြင်း သို့မဟုတ် အသရေဖျက်ခြင်း မဟုတ်ဟု ထင်ရသည်။ ၎င်းတို့သည် ကြိုးစားအားထုတ်ကြသည်။ သာမန်လူတစ်ဦးထက်ပင် ပို၍ကြိုးစားကြသည်။ အကယ်၍ သင်သည် ၎င်းတို့ အတွင်းစိတ်၌ မည်သို့တွေးနေသည်ကို သို့မဟုတ် ၎င်းတို့လိုက်လျှောက်နေသော လမ်းကြောင်းသည် မည်သည့်အရာဖြစ်သည်ကို မသိလျှင်၊ အပြင်ပန်းအသွင်အပြင်များကို အခြေခံ၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ သဘောထားသည် တောင့်တခြင်းတစ်ခု ဖြစ်ပုံရသည်။ အနည်းဆုံးတော့ ဤဝေါဟာရကို သုံး၍ ယင်းကို စရိုက်လက္ခဏာ သရုပ်ဖော်နိုင်ပေမည်။ သို့သော် လူတစ်ဦး၏ အနှစ်သာရကို ၎င်း၏ အပြင်ပန်းအသွင်အပြင်မျှဖြင့် မြင်နိုင်သလော။ (မမြင်နိုင်ပါ။) သို့ဆိုလျှင် ယင်းကို အဘယ်မှာ မြင်နိုင်သနည်း။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တောင့်တပုံရသော်လည်း၊ မကြာခဏ ဖတ်ရှုပြီး နားထောင်ကာ အလွတ်ပင် ကျက်မှတ်ကြသော်လည်း ဤအပြင်ပန်းလုပ်ရပ်များမှ အကဲဖြတ်လျှင် ၎င်းတို့ကို အန္တိခရစ်များအဖြစ် စရိုက်လက္ခဏာ သရုပ်ဖော်ခြင်း မပြုသင့်သော်လည်း အမှန်တကယ်ဖြစ်သော အခြေအနေများတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပတ်သက်လာသည့်အခါ ၎င်းတို့ ထိုသို့ လုပ်ဆောင်ကြသလော။ (မလုပ်ဆောင်ပါ။) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီး အလွတ်ကျက်မှတ်ပြီးနောက် အမှန်တကယ်ဖြစ်သော အခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် တစ်ခါတစ်ရံ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ အခန်းတစ်ခန်းကို ကိုးကားကောင်း ကိုးကားမည်ဖြစ်သည်မှာ သို့မဟုတ် စာကြောင်းအနည်းငယ်ကို ရွတ်ဆိုကောင်း ရွတ်ဆိုမည်ဖြစ်သည်မှာ တစ်ခါတစ်ရံတွင် တိတိကျကျပင် ဖြစ်လေသည်။ သို့သော် ၎င်းတို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကိုးကားပြီးနောက် ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်သည်၊ မည်သည့်လမ်းကြောင်းကို လျှောက်လှမ်းသည်၊ အခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ မည်သည့်ရွေးချယ်မှုများကို ပြုလုပ်သည်တို့ကို စောင့်ကြည့်လေ့လာလော့။ အကယ်၍ ယင်းသည် ၎င်းတို့၏ အဆင့်အတန်းနှင့်ဖြစ်စေ၊ ၎င်းတို့၏ ဂုဏ်သတင်း သို့မဟုတ် ပုံရိပ်ကို ထိခိုက်နိုင်သည့် တစ်စုံတစ်ရာနှင့်ဖြစ်စေ သက်ဆိုင်လျှင် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လုံးဝ ပြုမူမည်မဟုတ်ပေ။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်ပုံရိပ်နှင့် အဆင့်အတန်းကို ကာကွယ်ကြသည်။ အကယ်၍ ၎င်းတို့ တစ်စုံတစ်ခု မှားလုပ်မိလျှင် လုံးဝ ဝန်ခံမည်မဟုတ်ပေ။ ထိုအစား ၎င်းတို့သည် ယင်းကို ဖုံးကွယ်ရန် သို့မဟုတ် ထိုကိစ္စကို ရှောင်ရှားရန် နည်းလမ်းမျိုးစုံကို ရှာဖွေကြမည်၊ ယင်းအကြောင်းကို မပြောဘဲ မိမိတို့၏ ကိုယ်ပိုင်အမှားကို ဝန်ခံမည့်အစား အခြားသူတစ်ပါးအပေါ် အပြစ်ပင်ဖို့ကာ ဒုက္ခရောက်စေမည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရာ၌လည်းကောင်း၊ မိမိတို့၏ အဆင့်အတန်းကို ကာကွယ်ရာ၌လည်းကောင်း ကြိုးစားအားထုတ်ကြသည်၊ သို့သော် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်နှင့် သမ္မာတရား စည်းမျဉ်းများအတိုင်း ပြုမူရန်အလို့ငှာ မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ဘေးဖယ်ထားပြီး ရုပ်ခန္ဓာဆိုင်ရာ ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံခြင်းနှင့် ပတ်သက်လာသည့်အခါ ၎င်းတို့ မည်သို့ရွေးချယ်သည်ကို စောင့်ကြည့်လေ့လာလော့။ အကယ်၍ ၎င်းတို့သည် မည်သူ့ကို ထိခိုက်စေသည် သို့မဟုတ် စော်ကားမိသည်ဖြစ်စေ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ရန် စည်းမျဉ်းများအတိုင်း ပြုမူရမည်ဆိုလျှင် ၎င်းတို့ လုပ်ဆောင်မည်လော။ လုံးဝ လုပ်ဆောင်မည်မဟုတ်ပေ။ ၎င်းတို့၏ ပထမဆုံးရွေးချယ်မှုမှာ အစဉ်သဖြင့် မိမိတို့ကိုယ်ကို ကာကွယ်ရန် ဲဖြစ်သည်။ မည်သူက အမှားလုပ်သည် သို့မဟုတ် မည်သူက မကောင်းမှုကျူးလွန်သည်ကို ၎င်းတို့ သိလျှင်ပင် ၎င်းတို့သည် ထိုသူတို့ကို ဖော်ထုတ်မည်မဟုတ်ပေ။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ တိတ်တဆိတ် ဝမ်းမြောက်နေကောင်း ဝမ်းမြောက်နေမည်။ အကယ်၍ တစ်စုံတစ်ဦးက ဆိုးယုတ်သောလူများကို ဖော်ထုတ်လျှင် ၎င်းတို့သည် ဆိုးယုတ်သောသူများကိုပင် ကာကွယ်ပြီး ဆင်ခြင်များ ပေးကြမည်။ အန္တိခရစ်တို့သည် သူတစ်ပါး ကံမကောင်းအကြောင်းမလှလျှင် ဝမ်းသာအားရဖြစ်တတ်သူများ ဖြစ်သည်မှာ သိသာထင်ရှားပေသည်။ ၎င်းတို့ ရင်ဆိုင်ရသော အခြေအနေ မည်သို့ပင်ဖြစ်စေ ၎င်းတို့ မည်သည့်အရာကို ရွေးချယ်သည်၊ မည်သည့်လမ်းကြောင်းကို လျှောက်လှမ်းသည်တို့ကို စောင့်ကြည့်လေ့လာလော့။ အကယ်၍ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများအတိုင်း ပြုမူရန် ရွေးချယ်လျှင် ၎င်းတို့၏ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းသည် အသီးအပွင့်များ သီးပွင့်ပြီဖြစ်သည်။ သို့မဟုတ်ပါက ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ပင် စားသောက်ပါစေ သို့မဟုတ် မည်မျှပင် ကောင်းစွာ အလွတ်ကျက်မှတ်ထားပါစေ အကျိုးမရှိပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် သဘောထားပြုမူခြင်း မရှိသေးပေ။ ထို့အပြင် အန္တိခရစ်တို့သည် မိမိတို့ကိုယ်ကို သိကြသလော။ (မသိကြပါ။) လူအချို့က “သို့သော် အန္တိခရစ်တို့သည် မိမိတို့ မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကြောင်းပင် အသိအမှတ်ပြုကြသည်၊ မိမိတို့သည် နတ်ဆိုးများနှင့် စာတန်များဖြစ်သည်ဟု ပြောကြသည်” ဟု ဆိုကြသည်။ ၎င်းတို့သည် ဤအရာများကို ပြောရုံသာပြောသည်၊ သို့သော် တကယ့်အခြေအနေတစ်ခုနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့ စင်စစ်အားဖြင့် မည်သည့်အရာကို လုပ်ဆောင်ကြသနည်း။ တစ်စုံတစ်ဦးသည် အန္တိခရစ်တစ်ဦးနှင့် ပူးပေါင်းဆောင်ရွက်နေပြီး သူက အန္တိခရစ်ပြောဆိုသည့် မှားယွင်းသောအရာကို ဆန့်ကျင်ကာ သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီသော မှန်ကန်သည့်အရာတစ်ခုခုကို ပြောဆိုပါက၊ ထိုသူသည် အန္တိခရစ်ပြောသည့်အတိုင်း လိုက်လုပ်ရန် ငြင်းဆန်ပါက အန္တိခရစ်သည် မိမိ၏ ပုံရိပ်နှင့် အဆင့်အတန်း ထိခိုက်သည်ဟု ခံစားရမည်။ ထိုအခါ ၎င်းတို့ မည်သည့်အရာကို ရွေးချယ်သနည်း။ ၎င်းတို့သည် အခြားသူ၏စကားကို နားထောင်ရန်နှင့် သမ္မာတရား စည်းမျဉ်းများအတိုင်း ပြုမူရန် မိမိတို့ကိုယ်ကို ဘေးဖယ်ထားဖို့ ရွေးချယ်နိုင်မည်လော။ လုံးဝ မရွေးချယ်နိုင်ပေ။ သို့ဆိုလျှင် ၎င်းတို့ပြောသော ထိုမှန်ကန်သည့်စကားများသည် တစ်စုံတစ်ရာ အကျိုးရှိသလော။ ယင်းတို့သည် ၎င်းတို့၏ လက်တွေ့ကျမှု၊ ၎င်းတို့၏ အမှန်တကယ်ဖြစ်သော ဝိညာဉ်ရင့်ကျက်မှု၊ ၎င်းတို့၏ ရွေးချယ်မှုများ သို့မဟုတ် ၎င်းတို့လျှောက်လှမ်းသော လမ်းကြောင်းကို ထင်ဟပ်စေသလော။ မထင်ဟပ်စေပေ၊ ထိုစကားများသည် ၎င်းတို့၏ အတွေ့အကြုံမှ ပေါက်ဖွားလာသော စကားများမဟုတ်၊ ယင်းတို့သည် ၎င်းတို့ သင်ယူခဲ့သည့် စကားများမျှသာ ဖြစ်သည်။ ၎င်းတို့၏ ပါးစပ်မှ ထွက်လာသောအရာသည် အယူဝါဒများ၊ လှည့်ဖြားသော စကားများမျှသာ ဖြစ်သည်။ ၎င်းတို့၏ အဆင့်အတန်းနှင့် သို့မဟုတ် ကိုယ်ကျိုးစီးပွားနှင့် သက်ဆိုင်လာသည်နှင့်တစ်ပြိုင်နက် အန္တိခရစ်တို့၏ ပထမဆုံးရွေးချယ်မှုမှာ မိမိတို့ကိုယ်ကို ထိန်းသိမ်းပြီး ကာကွယ်ရန်၊ အခြားသူများကို ထုံထိုင်းစေပြီး အထင်အမြင်မှားစေရန်နှင့် တာဝန်တစ်ခုတလေကို ယူရန် ရှောင်တိမ်းရန် မယူဘဲ မည်သည့်ပြစ်မှားခြင်းကိုမျှ ဝန်မခံရန် အမြဲဖြစ်သည်။ အန္တိခရစ်တို့၏ ဤအနှစ်သာရများကို သုံးသပ်ကြည့်လျှင် ၎င်းတို့သည် သမ္မာတရားကို လိုက်စားနေကြသလော။ ၎င်းတို့သည် သမ္မာတရားကို နားလည်ရန်နှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သည့် အဆင့်သို့ရောက်ရှိရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုနေကြခြင်းလော။ မဟုတ်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရာတွင် အန္တိခရစ်တို့၏ ရည်ရွယ်ချက်များနှင့် ပန်းတိုင်များကို ထောက်ရှုလျှင် ၎င်းတို့သည် ယင်းတို့ကို နားလည်သဘောပေါက်မှုကို မည်သည့်အခါမျှ စွမ်းဆောင်ရရှိမည် မဟုတ်ပေ။ အကြောင်းမှာ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သဘောပေါက်နားလည်ရန် သမ္မာတရားအဖြစ် ဖတ်ရှုခြင်းမဟုတ်ဘဲ မိမိတို့၏ ကိုယ်ပိုင်ပန်းတိုင်များကို စွမ်းဆောင်ရရှိရန် ပို့ဆောင်ပေးသည့် အရာတစ်ခုအဖြစ် ဖတ်ရှုသောကြောင့် ဖြစ်သည်။ အန္တိခရစ်တို့က “ငါသည် ဘုရားဖြစ်ချင်သည်၊ ငါသည် ခရစ်တော်ဖြစ်ချင်သည်” ဟု အတိအလင်း မပြောဆိုသော်လည်း ၎င်းတို့၏ လုပ်ရပ်များ၏ အနှစ်သာရနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ၎င်းတို့ သဘောထားပြုမူပုံ၏ အနှစ်သာရမှကြည့်သော် ခရစ်တော်ဖြစ်လာရန် ၎င်းတို့၏ ပန်းတိုင်သည် သိသာထင်ရှားသည်။ ဤအရာကို မည်သို့ စောင့်ကြည့်လေ့လာနိုင်သနည်း။ ၎င်းတို့သည် လူတို့ကို အထင်အမြင်မှားစေရန်၊ သမ္မာတရားကို နားမလည်သောသူများ၊ အသိဉာဏ်မဲ့သောသူများ၊ ဝိညာဉ်ရင့်ကျက်မှု အနည်းငယ်ရှိသောသူများ၊ သမ္မာတရားကို မလိုက်စားသောသူများ၊ မယုံကြည်သူများနှင့် ဆိုးယုတ်သောလူအချို့ကိုပင် အထင်အမြင်မှားစေရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်က ထုတ်ဖော်သည်ကို ၎င်းတို့မြင်ရသည့်အရာ၊ ဥပမာ သူ၏အရာအားလုံးနှင့်ဖြစ်ခြင်း စသည်တို့ကို အသုံးပြုကြသည်။ ၎င်းတို့သည် ဤလူတို့ကို မိမိတို့တွင် သမ္မာတရားရှိသည်၊ မိမိတို့သည် မှန်ကန်သောလူများဖြစ်သည်၊ မိမိတို့သည် ကြည်ညိုလေးစားခြင်းနှင့် မှီခိုခြင်းတို့နှင့် ထိုက်တန်သော ပုဂ္ဂိုလ်များဖြစ်သည်ဟု ယုံကြည်စေသည်။ အန္တိခရစ်တို့သည် ဤလူတို့ကို မိမိတို့အပေါ် မျှော်လင့်ချက်ထားရှိပြီး မိမိတို့ထံမှ ရှာဖွေစေရန် ရည်ရွယ်သည်၊ ပြီးလျှင် ဤသို့ဖြစ်ပျက်သည့်အခါ ၎င်းတို့သည် အတွင်းစိတ်၌ ကျေနပ်သည်ဟု ခံစားရသည်။
အန္တိခရစ်တို့သည် ဘုရားသခင်သည် အတုမရှိဖြစ်ကြောင်းကို ဘယ်သောအခါမျှ ဝန်မခံကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ကို ဘယ်သောအခါမျှ ဝန်မခံကြပေ၊ သို့မဟုတ် ဘုရားသခင်တစ်ပါးတည်းသာလျှင် သမ္မာတရားကို ဖော်ပြနိုင်သည်ကိုလည်း ဘယ်သောအခါမျှ ဝန်မခံကြချေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ သဘောထား၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ၎င်းတို့ ကြိုးပမ်းအားထုတ်မှုနှင့် ဘုရားဖြစ်လိုသော၊ ခရစ်တော်ဖြစ်လိုသော ၎င်းတို့၏ လိုအင်ဆန္ဒတို့ကို အကဲဖြတ်ကြည့်လျှင် အန္တိခရစ်တို့သည် လူတစ်ဦးအနေဖြင့် ဘုရားဖြစ်လာရန်မှာ လွယ်ကူသောအရာဖြစ်ကြောင်း၊ ယင်းမှာ လူသားတို့ စွမ်းဆောင်နိုင်သည့်အရာတစ်ခုဖြစ်ကြောင်း ယုံကြည်ကြသည်။ ၎င်းတို့က “လူ့ဇာတိခံယူသော ဘုရားကို ခရစ်တော်ဟု ခေါ်ခြင်းမှာ သူက ဘုရားစကားအချို့ကို ပြောနိုင်သောကြောင့်သာ ဖြစ်သည်မဟုတ်လော။ သူသည် ဘုရားစကားများအတွက် သံတော်ဆင့်မျှသာ မဟုတ်လော။ လူများစွာတို့က သူ့နောက်လိုက်ခြင်းကြောင့်သာ မဟုတ်လော။ သို့ဖြစ်၍ လူတစ်ဦးသည်လည်း လူတို့အကြားတွင် တူညီသော အဆင့်အတန်းနှင့် ဂုဏ်သတင်းရှိလျှင်၊ ထိုသူ့ကိုလည်း လူများစွာတို့က ကိုးကွယ်စရာအဖြစ် ကိုးကွယ်ပြီး အားကိုးအားထားပြုကြလျှင် ထိုသူတို့သည် ခရစ်တော်ကဲ့သို့ ဆက်ဆံခံရခြင်းကို၊ ဘုရားအဖြစ် ဆက်ဆံခံရခြင်းကို မမွေ့လျော်နိုင်သလော။ ခရစ်တော်ကဲ့သို့ ဆက်ဆံခံရခြင်းကို မွေ့လျော်နိုင်ခြင်း၊ ဘုရား၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရရှိသောသူကဲ့သို့ ဆက်ဆံခံရခြင်းကို မွေ့လျော်နိုင်ခြင်းက လူတစ်ဦးကို ဘုရားဖြစ်စေသည် မဟုတ်လော။ ထိုအရာသည် အဘယ်မှာ ခက်ခဲသနည်း” ဟု ဆိုကြသည်။ ဤသို့ဖြင့် အန္တိခရစ်တို့၏ ဘုရားဖြစ်လိုသော လိုအင်ဆန္ဒသည် ရှိရင်းစွဲဖြစ်၏။ ၎င်းတို့သည် စာတန်ကဲ့သို့ ရည်မှန်းချက်နှင့် အနှစ်သာရမျိုး ရှိကြသည်။ ၎င်းတို့သည် အန္တိခရစ်များဖြစ်သောကြောင့်လည်းကောင်း၊ အန္တိခရစ်တို့၏ အနှစ်သာရကို ပိုင်ဆိုင်သောကြောင့်လည်းကောင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ဤသို့သော တုံ့ပြန်မှုများကို ပြသကြခြင်း အတိအကျပင် ဖြစ်သည်။ အန္တိခရစ်တို့အတွက် ၎င်းတို့အား ဝမ်းသာစေသည့်အရာမှာ ဘုရားသခင် လူ့ဇာတိခံယူခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူတို့ ကြားနိုင်ကြပြီး တစ်ချိန်တည်းမှာပင် သူ့ကို ထိုလူတို့ မြင်နိုင်ကြသည်။ သူသည် ထိတွေ့နိုင်ပြီး မြင်နိုင်သော သာမန်လူတစ်ဦးဖြစ်ကာ ဤသာမန်ဖြစ်သော၊ မထင်ရှားသော၊ အရေးမပါသော ပုဂ္ဂိုလ်က များစွာသော စကားတို့ကို ပြောနိုင်ပြီး ဤသို့ဖြင့် ဘုရားသခင်ဟု ခေါ်ခံရသောကြောင့် အတိအကျပင် အန္တိခရစ်တို့သည် ဘုရားဖြစ်လာရန် ၎င်းတို့၏ အခွင့်အရေး နောက်ဆုံးတွင် ဆိုက်ရောက်လာပြီဖြစ်ကြောင်း မြင်ကြသည်။ ဤသာမန်လူသာ စကားမပြောခဲ့လျှင် အန္တိခရစ်တို့သည် ဘုရား သို့မဟုတ် ခရစ်တော်ဖြစ်လာရန် ၎င်းတို့၏ မျှော်လင့်ချက်မှာ အလွန်နည်းပါးသည်ဟု တွေးထင်ကြပေမည်။ သို့သော် ဤသာမန်လူက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပြောကြားခဲ့ပြီး ဘုရားသခင်၏ အမှုကို လုပ်ဆောင်ခဲ့ကာ လူတို့အကြားတွင် လူများကို ကယ်တင်ရန် ဘုရားသခင်ကို ကိုယ်စားပြုခဲ့သောကြောင့် အတိအကျပင် အန္တိခရစ်တို့သည် ဤအရာကို ၎င်းတို့၏ အခွင့်အရေးအဖြစ်၊ အခွင့်ကောင်းယူစရာ အခွင့်အရေးတစ်ခုအဖြစ် မြင်ကြပြီး ၎င်းတို့အား ဘုရားသခင်၏ ပြောဆိုပုံ၊ သူ၏ လေသံနှင့် စကားပြောနည်းလမ်း၊ သူ၏ စိတ်သဘောထားကိုပင် အတုယူရန် သဲလွန်စများ ပိုမိုရရှိကာ တဖြည်းဖြည်း မိမိတို့ကိုယ်ကို ဘုရားနှင့် ပိုတူအောင်၊ ခရစ်တော်နှင့် ပိုတူအောင် ပြုလုပ်ကြလေသည်။ ဤသို့ဖြင့် ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းရာတွင် အန္တိခရစ်တို့သည် ၎င်းတို့က ဘုရားနှင့် ပို၍ပို၍ တူလာနေကြောင်း၊ ၎င်းတို့သည် ဘုရားနှင့် တဖြည်းဖြည်း ပို၍ နီးစပ်လာနေကြောင်း ခံစားကြရသည်။ ၎င်းတို့သည် အမှုအရာအားလုံးတွင် ရိုသေလေးမြတ်ခြင်း၊ နောက်လိုက်ခြင်းနှင့် အားကိုးခြင်းခံရသော ဘုရားတစ်ပါးကို၊ အရာရာတိုင်းတွင် လူတို့က ရှာဖွေပြီး အားကိုးအားထားပြုကြသော ဘုရားတစ်ပါးကို အလွန်ပင် မနာလိုဖြစ်ကြသည်။ ၎င်းတို့သည် ခရစ်တော်၏ ပင်ကိုလက္ခဏာနှင့် ကိုယ်ပိုင်တန်ဖိုးကို မနာလိုဖြစ်ကြသည်။ အန္တိခရစ်တို့သည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် မည်သည့်အရာများကို တွေးတောနေကြသနည်း။ ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းရာသည် မှောင်မိုက်ပြီး ကောက်ကျစ်ဆိုးယုတ်သည် မဟုတ်လော။ ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းရာသည် စက်ဆုပ်ဖွယ်ကောင်းသော၊ ညစ်ညမ်းသော၊ ရှက်ဖွယ်ဖြစ်သော အရာများ မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် အလွန်ပင် ရွံရှာဖွယ်ကောင်းလှပါတကား။
လူအချို့က “ကိုယ်တော် အန္တိခရစ်တို့အကြောင်း ဆက်တိုက်ပြောနေသည်ကို ကျွန်ုပ်တို့ နားထောင်ခဲ့ပြီးဖြစ်သော်လည်း ထိုသို့သောလူတစ်ဦးကို ကျွန်ုပ်တို့ အဘယ်ကြောင့် တစ်ခါမျှ မမြင်ဖူးရသနည်း။ ကိုယ်တော်က ပုံပြင်များ ပြောနေခြင်းလော။ လက်လှမ်းမမီသော အကြောင်းအရာများကို ပြောနေခြင်းလော” ဟု ဆိုကြသည်။ ထိုသို့သောလူများ တည်ရှိသည်ဟု သင်တို့ ထင်သလော။ (ထင်ပါသည်။) သင်တို့ မည်မျှ တွေ့ဖူးသနည်း။ သင်တို့သည် ၎င်းတို့ထဲမှ တစ်ဦးလော။ (ကျွန်ုပ်တို့သည်လည်း ဤအခြေအနေများကို ပြသပြီး ထိုသို့သော သွင်ပြင်လက္ခဏာများကို ထုတ်ဖော်ပါသည်။ ၎င်းတို့သည် အန္တိခရစ်များကဲ့သို့ မပြင်းထန်သော်လည်း သဘာဝ အနှစ်သာရမှာမူ အတူတူပင်ဖြစ်ပါသည်။) ဤအခြေအနေများရှိခြင်းသည် အန္တရာယ်ရှိသည်ဟု သင်တို့ ထင်သလော။ (ထင်ပါသည်။) အန္တရာယ်ရှိသည်ကို သင်သိလျှင် သင်ပြောင်းလဲရန် လိုအပ်သည်။ ပြောင်းလဲရန် လွယ်ကူသလော။ စင်စစ်အားဖြင့် လွယ်ကူသကဲ့သို့ ခက်လည်းခက်ခဲနိုင်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လိုက်နာရန် သမ္မာတရားအဖြစ် သဘောထားမည်ဆိုလျှင် သခင်ယေရှု မိန့်တော်မူခဲ့သည့် “သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့” ဟူသည့်အတိုင်း ရိုးရှင်းလှစွာပင် သင်သည် အမှန်တကယ် နောင်တရနိုင်သည်။ ဥပမာအားဖြင့် ဘုရားသခင်က သင့်အား တစ်စုံတစ်ခုကို ဖြစ်မြောက်စေရန် “စားပြီးလျှင် ဇလုံကို ဆေးထားသကဲ့သို့ သန့်စင်သွားအောင် လျက်ရမည်။ ဤသည်မှာ အစားအစာကို ခြွေတာခြင်းဖြစ်ပြီး တစ်ကိုယ်ရေသန့်ရှင်းရေးကိုလည်း ဂရုစိုက်ခြင်း ဖြစ်သည်” ဟု ပြောလေသည်။ ဤညွှန်ကြားချက်များသည် ရိုးရှင်းသလော။ အကောင်အထည်ဖော်ရန် လွယ်ကူသလော။ (လွယ်ကူပါသည်။) အကယ်၍ ဘုရားသခင်က ထိုသို့သော တောင်းဆိုမှုကို ပြုလုပ်လျှင် ဤဝါကျအနည်းငယ်မျှသာဖြစ်ပြီး လူတို့၏ အခက်အခဲများ သို့မဟုတ် ၎င်းတို့၏ အခြေအနေများအကြောင်းကို အကျယ်တဝင့် မရှင်းပြဘဲ သို့မဟုတ် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအကြောင်း မပြောဘဲ၊ အမျိုးမျိုးသော အခြေအနေများကို မခွဲခြားဘဲ ဤအမှုအရာတစ်ခုတည်းကို သင်မည်သို့ အကောင်အထည်ဖော်ပြီး လက်တွေ့လုပ်ဆောင်မည်နည်း။ သင့်အတွက်မူ ဤဝါကျများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြစ်သည်၊ ယင်းတို့သည် သမ္မာတရားဖြစ်သည်၊ ပြီးလျှင် ယင်းတို့သည် သင်လိုက်နာသင့်သည့်အရာတစ်ခု ဖြစ်သည်။ သင်လုပ်ဆောင်သင့်သည့်အရာမှာ နေ့စဉ်နေ့တိုင်း၊ စားပြီးတိုင်း ဘုရားသခင်၏ သတ်မှတ်ချက်အတိုင်း လိုက်နာရန်ဖြစ်သည်။ ထိုသို့ဆိုလျှင် သင်သည် ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်နေခြင်းဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ်၊ သင်နာခံသင့်သည့်အရာအဖြစ် သဘောထားနေခြင်း ဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်သောသူတစ်ဦး ဖြစ်လာပြီး ဤအရှင်းဆုံးသော အမှုအရာတွင် သင်သည် အန္တိခရစ်၏ စိတ်သဘောထားကို ဖယ်ရှားပြီးဖြစ်လေသည်။ သို့တည်းမဟုတ်ပါက ထိုအစား သင်သည် ဤစကားအနည်းငယ်ကို ကြားပြီးနောက်တွင် နှုတ်ဖြင့် သဘောတူပြီး မှတ်သားကောင်း မှတ်သားထားနိုင်သော်လည်း စားပြီးသည့်အခါ ဇလုံထဲတွင် ထမင်းစေ့အနည်းငယ် ကျန်နေသည်ကို မြင်သောအခါ “ငါက အခြားသောအရာများဖြင့် အလုပ်ရှုပ်နေသည်” ဟု တွေးကာ ဇလုံကို ထိုအတိုင်း ထားခဲ့လိုက်သည်။ နောက်တစ်နပ်တွင်လည်း ထိုအတိုင်းပင် သင်လုပ်သည်။ သင်သည် ဘုရားသခင်ထံမှ ဤညွှန်ကြားချက်အနည်းငယ်ကို စိတ်ထဲတွင် မှတ်ထားသော်လည်း ယင်းတို့ကို သင်အမှန်တကယ် လက်တွေ့လုပ်ဆောင်မည့် တိကျသောနေ့ရက် မရှိပေ။ အချိန်ကြာလာသည်နှင့်အမျှ သင်သည် ဤစကားများကို မေ့သွားသည်။ သို့ဖြစ်၍ သင်သည် ယင်းတို့ကို လက်တွေ့မလုပ်ဆောင်ရုံသာမက ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုလည်း စွန့်ပစ်လိုက်ပြီးဖြစ်သည်။ ဤသည်က သင့်ကို မည်သို့သောလူစားမျိုး ဖြစ်စေသနည်း။ သင်သည် ဤစကားများကို အကောင်အထည်ဖော်ခြင်း မရှိလျှင် သင်သည် သူ၏နှုတ်ကပတ်တော်များကို ကြားရုံဖြင့် ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်နိုင်သောသူတစ်ဦး ဟုတ်သလော။ သင်သည် သမ္မာတရားကို လိုက်စားသောသူတစ်ဦး ဟုတ်သလော။ မဟုတ်သည်မှာ သိသာထင်ရှားပေသည်။ အကယ်၍ တစ်စုံတစ်ဦးသည် သမ္မာတရားကို မလိုက်စားလျှင် ၎င်းတို့ကို အန္တိခရစ်တစ်ဦးအဖြစ် သတ်မှတ်နိုင်သလော။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ပျက်ကွက်ခြင်းသည် အန္တိခရစ်တစ်ဦးဖြစ်ခြင်းနှင့် မလွဲမသွေ ညီမျှသလော။ (မဟုတ်ပါ။) ဤလူစားမျိုးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အရေးမပါသောအရာတစ်ခုအဖြစ် တစ်ဖက်နားမှဝင်ပြီး တစ်ဖက်နားမှထွက်သကဲ့သို့ သဘောထားပြုမူသည်၊ ယင်းတို့ကို လက်တွေ့မလုပ်ဆောင်သကဲ့သို့ များများစားစားလည်း မစဉ်းစားပေ။ ၎င်းတို့သည် ရိုးရိုးလေး မေ့သွားခြင်းသာ ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး မဟုတ်ပေ။ ဘုရားသခင်ထံမှ ဤညွှန်ကြားချက်များကို ကြားပြီးနောက်တွင် “စားပြီးလျှင် ဇလုံကို လျက်ရမည်လော။ အလွန်ရှက်စရာကောင်းပါတကား။ ကျွန်ုပ်သည် သူတောင်းစားတစ်ဦး မဟုတ်ပါ၊ ထို့အပြင် စားစရာမရှိသည့် အခြေအနေမျိုးလည်း မဟုတ်။ ကျွန်ုပ်သည် ထိုအရာကို လုံးဝ လုပ်ဆောင်မည် မဟုတ်။ ဇလုံကို သန့်စင်အောင် လျက်လိုသောသူများ လျက်ကြပါစေ” ဟု တွေးသော အခြားလူအမျိုးအစားတစ်မျိုးလည်း ရှိသည်။ တစ်စုံတစ်ဦးက “ဤသည်မှာ ဘုရားသခင်၏ တောင်းဆိုချက်ဖြစ်သည်” ဟု ပြောသောအခါ ၎င်းတို့က “ဤသည်မှာ ဘုရား၏ တောင်းဆိုချက်ဖြစ်လျှင်ပင် လက်မခံနိုင်စရာပင်။ ဘုရားက ထိုသို့သောအရာများကို မတောင်းဆိုသင့်ပါ။ ဤစကားများသည် သမ္မာတရား မဟုတ်။ ဘုရားသည် အရေးမပါသော၊ ယုတ္တိမတန်သော၊ ထိုမျှ မကောင်းသော အရာများကိုလည်း ပြောဆိုသည်။ လူတို့အပေါ် ဘုရား၏ တောင်းဆိုချက်အားလုံးသည် သမ္မာတရားဖြစ်ချင်မှ ဖြစ်ပေမည်။ ဤတောင်းဆိုချက်တစ်ခုမှာမူ ငါ့အဖို့ သမ္မာတရားနှင့် မတူပါ။ သခင်ယေရှုက ‘ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့အဘ၏အလိုတော်ကိုဆောင်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိ ဖြစ်သတည်းဟု မိန့်တော်မူ၏။’ ဤကဲ့သို့သော စကားများသာ သမ္မာတရားဖြစ်သည်။ စားပြီးလျှင် ဇလုံကို သန့်စင်အောင် လျက်ခြင်းသည် တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုစိုက်ခြင်းဖြစ်သည်တဲ့လား။ ရိုးရိုးတန်းတန်း ဆေးလိုက်လျှင် ပြီးသွားမည်သာ။ အဘယ်ကြောင့် ငါတို့ကို ဇလုံများ လျက်ခိုင်းရသနည်း။ ဤတောင်းဆိုချက်သည် ငါ၏ အယူအဆများနှင့်ဖြစ်စေ၊ စိတ်ကူးများနှင့်ဖြစ်စေ မကိုက်ညီပေ။ မည်သည့်နေရာတွင်မဆို လက်မခံနိုင်စရာပင်။ ငါ့ကို ဇလုံလျက်ခိုင်းသည်မှာ လုံးဝမဖြစ်နိုင်သည့် ကိစ္စပင်။ တစ်ကိုယ်ရေသန့်ရှင်းရေးကို ထိုသို့ အဓိပ္ပာယ်ဖွင့်သလော။ ငါသည် ငါ၏ဇလုံကို ရေဖြင့်ဆေးသည်၊ ပိုးသတ်ဆေး သုံးသည်။ ယင်းကို ငါက တစ်ကိုယ်ရေသန့်ရှင်းရေးဟု ခေါ်သည်” ဟု တွေးကြသည်။ ဤလူစားမျိုးသည် ဤစကားများကို ကြားပြီးနောက်တွင် ၎င်းတို့၏ ကိုယ်ပိုင်အတွေးအခေါ်များနှင့် အတွင်းစိတ်မှ အတိုက်အခံလုပ်ခြင်းတို့ ရှိကြသည်၊ ၎င်းတို့သည် လှောင်ပြောင်ခြင်းနှင့် အသရေဖျက်ခြင်းတို့ကိုပင် ပြုလုပ်ကြသည်။ ဤစကားများသည် ဘုရားသခင်ထံမှ ဖြစ်သောကြောင့် ၎င်းတို့သည် လူအများရှေ့တွင် ယင်းတို့ကို ဝေဖန်ခြင်းမပြုရဲကြသော်လည်း ၎င်းတို့တွင် ထိုအရာများနှင့်ပတ်သက်၍ ထင်မြင်ချက်များ သို့မဟုတ် အယူအဆများ မရှိဟု မဆိုလိုပေ။ ၎င်းတို့၏ ထင်မြင်ချက်များနှင့် အယူအဆများက မည်သည့်နေရာတွင် ပေါ်လွင်ထင်ရှားသနည်း။ ၎င်းတို့သည် ဤစကားများကို လက်မခံပေ သို့မဟုတ် လက်တွေ့လုပ်ဆောင်ခြင်း မရှိပေ။ ၎င်းတို့တွင် ထိုအရာများနှင့်ပတ်သက်၍ ကိုယ်ပိုင်အတွေးအခေါ်များ ရှိကြပြီး ယင်းတို့ကို ဝေဖန်သုံးသပ်နိုင်စွမ်းနှင့် ယင်းတို့အပေါ် အယူအဆများ ထားရှိနိုင်စွမ်း ရှိကြသည်။ ထို့ကြောင့် ၎င်းတို့ စားသောက်ပြီး၍ လူအချို့က မိမိတို့၏ဇလုံများကို သန့်စင်အောင် လျက်နေသည်ကို မြင်သောအခါ ၎င်းတို့သည် ထိုသို့မလုပ်ဆောင်ဘဲ ရှောင်ကြဉ်ကြသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လက်တွေ့လုပ်ဆောင်သောသူတို့အပေါ် ၎င်းတို့၏ စိတ်နှလုံးထဲတွင် မထီမဲ့မြင်ပြုစိတ်ပင် ထားရှိကြသည်။ ၎င်းတို့၏ အပြင်ပန်းသည် မကြာခဏဆိုသလို လှောင်ပြောင်ခြင်းနှင့် ကဲ့ရဲ့ခြင်းကို ထုတ်ဖော်ပြပြီး အခြားသူများ၏ အပြုအမူကို ပြုပြင်လိုသော သဘောထားမျိုးကိုပင် ထုတ်ဖော်ပြတတ်သည်။ ၎င်းတို့သည် ဘုရားသခင်ပြောသည့်အရာအတိုင်း မလုပ်ဆောင်ရုံသာမက တစ်ချိန်တည်းမှာ ပြောင်းပြန်ပင် လုပ်ဆောင်လျက် ယင်းတို့နှင့် ဆန့်ကျင်သော လုပ်ရပ်များကို လုပ်ဆောင်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ တောင်းဆိုချက်များကို ငြင်းပယ်ရန်၊ ဘုရားသခင်ပြောခဲ့သည့်အရာကို အတိုက်အခံလုပ်ရန် ၎င်းတို့၏ လုပ်ဆောင်ချက်များကို အသုံးပြုကြပြီး ဘုရားသခင်ပြောသည့်အရာက မမှန်ကန်ကြောင်းနှင့် ၎င်းတို့၏ နည်းလမ်းသာလျှင် မှန်ကန်ကြောင်း နောက်ထပ် ပို၍များသော လူတို့ကို ဖျောင်းဖျကာ ပို၍များသော လူတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအား အတိုက်အခံလုပ်ပြီး ပြစ်တင်ရှုတ်ချရန် ဦးဆောင်လျက် ၎င်းတို့၏ လုပ်ဆောင်ချက်များမှတစ်ဆင့် ပိုမို၍များသော အာရုံစိုက်မှုကို ဆွဲဆောင်ရန်လည်း ကြိုးပမ်းကြသည်။ ၎င်းတို့သည် ဘုရားသခင် ညွှန်ကြားသည့်အတိုင်း လုံးဝကို မလုပ်ဆောင်ကြပေ။ စားပြီးတိုင်း ၎င်းတို့သည် မိမိတို့၏ ဇလုံကို ရေဖြင့် ဆေးရုံသာမက ပိုးသတ်ဆေးနှင့် ပန်းကန်ဆေးဆပ်ပြာတို့ဖြင့် အကြိမ်ကြိမ် ဆေးကြောပြီးနောက် ပိုးသတ်စက်ဖြင့် ပိုးသတ်ကြသည်။ ဤသို့လုပ်ဆောင်နေစဉ် ၎င်းတို့သည် စကားအချို့ကိုလည်း အမှုမဲ့အမှတ်မဲ့ ဖန်တီးပြောဆိုကာ လူတိုင်းကို “အမှန်စင်စစ် လျက်ခြင်းသည် ပိုးမွှားများကို မသေစေနိုင်သကဲ့သို့ ရေဖြင့် ဆေးကြောခြင်းကလည်း မသေစေနိုင်ပါ။ ပိုးသတ်ဆေးကို အပူချိန်မြင့်မားမှုနှင့် ပေါင်းစပ်အသုံးပြုမှသာလျှင် လုံးဝ ပိုးသန့်စင်နိုင်မည် ဖြစ်သည်။ ယင်းက တစ်ကိုယ်ရေသန့်ရှင်းမှု ဖြစ်သည်” ဟု ပြောကြသည်။ ၎င်းတို့သည် ဘုရားသခင် ပြောသည့်အရာကို လက်ခံရန် သို့မဟုတ် ဘုရားသခင်ညွှန်ကြားသည့်အတိုင်း လက်တွေ့လုပ်ဆောင်ရန် ငြင်းပယ်ရုံသာမက ဘုရားသခင်တောင်းဆိုသည့်အရာကို အတိုက်အခံလုပ်ရန်၊ ပြစ်တင်ရှုတ်ချရန်နှင့် ဝေဖန်သုံးသပ်ရန် ၎င်းတို့၏ ကိုယ်ပိုင်စကားများနှင့် လုပ်ရပ်များကိုပင် အသုံးပြုကြသည်။ ထို့ထက်ပင် ပို၍လွန်ကဲသည်မှာ ၎င်းတို့သည် ဘုရားသခင်၏ တောင်းဆိုချက်များကို ပြစ်တင်ရှုတ်ချရန်၊ အတိုက်အခံလုပ်ရန်နှင့် ဝေဖန်သုံးသပ်ရန် ၎င်းတို့နှင့်အတူ ပူးပေါင်းစေဖို့ ပို၍များသော လူတို့ကို သွေးဆောင်ရန်နှင့် အထင်အမြင်မှားစေရန် ၎င်းတို့မှန်ကန်သည်ဟု ယူဆသော ထင်မြင်ချက်အချို့ကို အသုံးပြုကြသည်။ ဤနေရာတွင် ၎င်းတို့သည် မည်သည့်ကဏ္ဍမှ ပါဝင်ဆောင်ရွက်နေသနည်း။ ယင်းမှာ လူများစွာတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ရန်နှင့် ဘုရားသခင်ကို ခြွင်းချက်မရှိ ကျိုးနွံနာခံရန် ဦးဆောင်ဖို့မဟုတ်သကဲ့သို့ လူတို့တွင် အယူအဆများ ပေါ်ပေါက်လာသည့်အခါ ၎င်းတို့၏ အယူအဆများကို ဖြေရှင်းပေးရန်လည်း မဟုတ်၊ ထိုသို့သော ပဋိပက္ခများ ပေါ်ပေါက်လာသည့်အခါ လူနှင့်ဘုရားကြားရှိ ပဋိပက္ခကို ဖြေရှင်းပေးရန်ဖြစ်စေ၊ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းပေးရန်ဖြစ်စေ မဟုတ်ပေ။ ထိုအစား ၎င်းတို့သည် ဘုရားသခင်ကို ဝေဖန်ရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှန်ကန်မှု ရှိမရှိကို ဆန်းစစ်ရာတွင်လည်းကောင်း၊ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးရာတွင်လည်းကောင်း ၎င်းတို့နှင့်အတူ ပူးပေါင်းစေရန် လူများစွာတို့ကို သွေးထိုးလှုံ့ဆော်ပြီး အထင်အမြင်မှားစေသည်။ အပြင်ပန်းအားဖြင့် ၎င်းတို့သည် မှန်ကန်ပုံရသည့်အရာကို လုပ်ဆောင်လျက် တရားမျှတမှုကို စောင့်ထိန်းသူများ ဖြစ်ပုံပေါ်ကြသည်။ သို့သော် ဤမှန်ကန်သော အပြုအမူသည် ဘုရားသခင်နောက် လိုက်သောသူတစ်ဦးနှင့် သင့်တော်သလော။ ဤသည်မှာ လူ့တရားမျှတစိတ်လော။ (မဟုတ်ပါ။) သို့ဆိုလျှင် ဤလူစားမျိုး၏ အပြုအမူနောက်ကွယ်ရှိ ၎င်းတို့၏ အနှစ်သာရသည် အတိအကျအားဖြင့် မည်သည့်အရာဖြစ်သနည်း။ (၎င်းတို့တွင် အန္တိခရစ်များ၏၊ နတ်ဆိုးများ၏ အနှစ်သာရ ရှိပါသည်။) ဤပုဂ္ဂိုလ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် သဘောထားဆက်ဆံရန် ပျက်ကွက်ကြရုံသာမက ပို၍ ရှက်ဖွယ်ကောင်းသည်မှာ ၎င်းတို့သည် သူတစ်ပါးကို ညွှန်ကြားရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မကြာခဏ အသုံးပြုကာ မိမိတို့ကိုယ်ကို အမွှမ်းတင်ပြီး လေးစားအားကျခြင်းကို ရယူခြင်းဖြင့် ဝိညာဉ်ရေးရာဆန်သော လူများအဖြစ် ဟန်ဆောင်နိုင်ကြခြင်းပင် ဖြစ်သည်။ ၎င်းတို့ကိုယ်တိုင်က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့မလုပ်ဆောင်ကြသကဲ့သို့ ယင်းတို့ကို တွေ့ကြုံခံစားရန်နှင့် အကောင်အထည်ဖော်ရန် သမ္မာတရားအဖြစ်လည်း သဘောထားပြုမူခြင်း မရှိကြပေ။ သို့သော် ၎င်းတို့သည် အခြားသူများကို “ဘုရားက စားပြီးလျှင် ဇလုံကို သန့်စင်အောင် လျက်ရမည်၊ ဤသည်မှာ အကျင့်ကောင်းတစ်ခုဖြစ်ပြီး အစားအစာကို ခြွေတာရာရောက်သည်ဟု မိန့်တော်မူခဲ့သည်” ဟု မျက်နှာထားတင်းတင်းဖြင့် တည်ကြည်လေးနက်စွာ မကြာခဏ ပြောကြသည်။ စကားလုံးတိုင်း၊ ဝါကျတိုင်းတွင် ၎င်းတို့သည် “ဘုရားက ပြောသည်”၊ “ဤသည်မှာ ဘုရား၏ နှုတ်ကပတ်တော်ဖြစ်သည်” သို့မဟုတ် “ဤသည်မှာ သမ္မာတရားဖြစ်သည်” ဟူသော အလံကို ဝှေ့ယမ်းကြသော်လည်း ၎င်းတို့ကိုယ်တိုင်ကမူ ယင်းကို လုံးဝ လက်မခံကြချေ၊ သို့မဟုတ် လက်တွေ့မလုပ်ဆောင်ပေ။ ထို့အပြင် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် အမျိုးမျိုးသော ဝေဖန်သုံးသပ်မှုများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အနက်ဖွင့်ဆိုချက်များကို ဖန်တီးကြသည်။ ဤသည်မှာ အန္တိခရစ်တို့ လုပ်ဆောင်သည့်အရာ ဖြစ်သည်။
ဤလူအမျိုးအစားသုံးမျိုး၏ သရုပ်သကန်များကို ယခုပင် ဆန်းစစ်ပြီးသည့်နောက် မည်သည့်အမျိုးအစားက အပြင်းထန်ဆုံးဖြစ်သနည်း။ (နောက်ဆုံးအမျိုးအစား ဖြစ်ပါသည်။) ဤလူစားမျိုးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကိုယ်တိုင် လက်တွေ့မလုပ်ဆောင်ဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆန့်ကျင်သော အမျိုးမျိုးသော အတိုက်အခံလုပ်ခြင်းများနှင့် ဝေဖန်သုံးသပ်ခြင်းများဖြင့် ပြည့်နေသည်။ ထို့အပြင် ၎င်းတို့သည် အခြားသူများကို အထင်အမြင်မှားစေရန်နှင့် ၎င်းတို့၏ ကိုယ်ပိုင်ပန်းတိုင်များကို ဖြစ်မြောက်အောင်မြင်စေရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသုံးပြုကြသည်။ ထိုသို့သောလူများသည် အန္တိခရစ်များ ဖြစ်ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ မည်သည့်သွင်ပြင်လက္ခဏာပင်ဖြစ်စေ ဤနှုတ်ကပတ်တော်များသည် ၎င်းတို့၏ အယူအဆများနှင့် ကိုက်ညီလျှင်ပင်၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် မမှတ်ယူကြပေ။ ဤသည်မှာ လူ့အယူအဆများ၊ ရိုးရာယဉ်ကျေးမှုနှင့် အတွေးအခေါ်တို့နှင့် လုံးဝဆန့်ကျင်သော ဘုရားသခင်၏ ထိုနှုတ်ကပတ်တော်များအတွက် အထူးသဖြင့် မှန်ကန်ပေသည်။ အန္တိခရစ်တို့သည် ဤနှုတ်ကပတ်တော်များကို သာ၍ပင် အရေးမထားကြချေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အရေးမကြီးဟု ရှုမြင်လျှင် အဘယ်ကြောင့် ယင်းတို့ကို တရားဟောကြမည်နည်း။ ၎င်းတို့သည် မိမိတို့၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသုံးပြုလိုကြသည်။ ဤလူအမျိုးအစားသုံးမျိုးတွင် အန္တရာယ်အရှိဆုံးမှာ နောက်ဆုံးတစ်မျိုးဖြစ်သည်။ ပထမအမျိုးအစားမှာ အဘယ်နည်း။ (၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ပြီး လက်တွေ့လုပ်ဆောင်ကြပါသည်။) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ပြီး လက်တွေ့လုပ်ဆောင်သောသူများသည် အားလုံး ဦးနှောက်မရှိသောသူများဖြစ်သည်ဟု သင်တို့ ထင်သလော။ အပေါ်ယံအားဖြင့် ဘုရားသခင်ပြောသမျှနှင့် လူတို့ကို လုပ်ဆောင်ခိုင်းသမျှကို တိကျစွာ နာခံခြင်းသည် အနည်းငယ် မိုက်မဲပုံရသလော။ (မဟုတ်ပါ။) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်သောသူများသည် အထက်မြက်ဆုံးဖြစ်ကြသည်။ ဒုတိယလူအမျိုးအစားသည် လုပ်ဆောင်မှုကို အာရုံစိုက်သည်၊ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ဘဲ မိမိတို့၏ ကိုယ်ပိုင်အလိုဆန္ဒအတိုင်းသာ လုပ်ဆောင်ပြီး အလုပ်လုပ်ပေးခြင်းအချို့ကိုသာ ပြုလုပ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အဓိပ္ပာယ် သို့မဟုတ် တောင်းဆိုချက်များနှင့် စံနှုန်းများကို အာရုံမစိုက်ကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များ သို့မဟုတ် သူ၏ အတွင်းပိုင်းသဘောထားကို သဘောပေါက်နားလည်ခြင်းမရှိဘဲ လုပ်ဆောင်ခြင်းကိုသာ အာရုံစိုက်ကြသည်။ ၎င်းတို့က “ကိုယ်တော်က ကျွန်ုပ်တို့အတွက် စေတနာကောင်း ရှိသည်ကို ကျွန်ုပ်သိပါသည်။ ကိုယ်တော်ပြောသမျှ မှန်ကန်ပါသည်။ ကိုယ်တော်ပြောသည့်အရာကို ကျွန်ုပ်တို့ ကျိုးနွံနာခံပြီး လက်တွေ့လုပ်ဆောင်သင့်သည်၊ ကိုယ်တော်က စကားပြောခြင်းကိုသာ အာရုံစိုက်ပါ၊ ကျွန်ုပ်တို့အားလုံး နားထောင်ပါမည်” ဟု စဉ်းစားကြသည်။ သို့သော် လက်တွေ့တွင် ၎င်းတို့သည် ဘုရားသခင်ပြောသည့်အရာ သို့မဟုတ် ဘုရားသခင်က လူတို့အတွက် ထားရှိသော အသေးစိတ် တောင်းဆိုချက်များကို အလေးအနက်မထားကြပေ။ ၎င်းတို့သည် မစဉ်းမစားဘဲ ပြုမူကြခြင်းသာ ဖြစ်သည်။ မစဉ်းမစားဘဲ ပြုမူခြင်းသည် တစ်ခါတစ်ရံတွင် အထိန်းအကွပ်မဲ့စွာနှင့် စဉ်းတောင့်စဉ်းလဲ ပြုမူခြင်းသို့၊ အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေခြင်းသို့ ဆိုက်ရောက်စေနိုင်သည်၊ ယင်းသည် ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းသို့ ဆိုက်ရောက်စေနိုင်သည်။ ဘုရားသခင်ကို ပြင်းထန်သောအတိုင်းအတာအထိ အတိုက်အခံလုပ်ခြင်းသည် တစ်ခါတစ်ရံတွင် ကြီးမားသော ဒုက္ခများစွာကို ဖြစ်စေပြီး ဤသည်က တစ်ဖန် ပျက်စီးခြင်းသို့ ဆိုက်ရောက်စေနိုင်သည်။ ဤသည်မှာ သမ္မာတရားကို မလိုက်စားသောသူများအတွက် အပြင်းထန်ဆုံးသော အကျိုးဆက်ဖြစ်ပြီး အချို့လူများသည် ဤအဆင့်သို့ ရောက်ရှိနိုင်သည်။ တတိယလူအမျိုးအစားဖြစ်သော အန္တိခရစ်တို့သည် စာတန်၏ အမာခံနောက်လိုက်များ ဖြစ်ကြသည်။ ၎င်းတို့သည် မည်သည့်အရာပင်ဖြစ်စေ သမ္မာတရားကို မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်ကြပေ။ ၎င်းတို့တွင် ကိုယ်ပိုင်အယူအဆများ ရှိသည့်အချိန်ကို မဆိုထားနှင့်၊ သင်ပြောသည့်အရာ မှန်ကန်လျှင်ပင် ၎င်းတို့ နားထောင်မည်မဟုတ်ချေ။ ၎င်းတို့သည် ဘုရားသခင်၏ အသေအကြေတိုက်မည့် ရန်သူတော်များ၊ သမ္မာတရား၏ အသေအကြေတိုက်မည့် ရန်သူတော်များ ဖြစ်ကြသည်။ အပြင်ပန်းအားဖြင့် အစဉ်းလဲဆုံးနှင့် အပါးနပ်ဆုံးမှာ ဤလူများဖြစ်ပုံရသည်။ ၎င်းတို့သည် အရာရာတိုင်းကို ထိုးထွင်းသိမြင်ပြီး စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ အမှုကိစ္စအားလုံးကို တွေးဆပြီး အဖြေရှာရန် ကြိုးစားကြသည်။ သို့သော်လည်း များစွာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီးနောက်တွင် ၎င်းတို့သည် ဘုရားသခင်ကိုယ်တော်တိုင်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းဖြင့် အဆုံးသတ်သွားပြီး ကိုယ်တော်နှင့်ပတ်သက်၍ အယူအဆများနှင့် ထင်မြင်ချက်များ ဖြစ်ပေါ်လာကြသည်။ ဘုရားသခင် မည်သို့ပင်လုပ်ဆောင်ပါစေ ယင်းသည် ၎င်းတို့၏ ကိုယ်ပိုင်ဝေဖန်သုံးသပ်မှုကို မကျော်လွှားနိုင်ပါက၊ ၎င်းတို့သည် ယင်းကို ခြွင်းချက်မရှိ ပြစ်တင်ရှုတ်ချကြသည်၊ ၎င်းတို့အတွက် အန္တရာယ်ဖြစ်မည်ကို စိုးရိမ်သဖြင့် ယင်းကို လက်တွေ့လုပ်ဆောင်ရန် ငြင်းပယ်ကြသည်။ အခြားတစ်ဖက်တွင် အပြင်ပန်းအားဖြင့် အသိဉာဏ်နည်းပြီး ရိုးအပုံရသောသူများသည် ဘုရားသခင်ပြောသည့်အတိုင်း တိတိကျကျ လုပ်ဆောင်ကြသည်။ ၎င်းတို့သည် အထူးတလည် ရိုးရှင်းပြီး ရိုးသားပုံရကာ မဖွင့်ဟသင့်သည့်အရာကိုပင် ပွင့်လင်းစွာ မျှဝေကြသည်၊ တိုင်ကြားရန် မလိုအပ်သည့်အရာကိုပင် တိုင်ကြားကြပြီး တစ်ခါတစ်ရံတွင် နုံအသော အပြုအမူအနည်းငယ်ကိုပင် ပြသကြသည်။ ဤသည်က မည်သည့်အရာကို ညွှန်ပြသနည်း။ ထိုသို့သောလူများ၏ စိတ်နှလုံးသည် ဘုရားသခင်ထံသို့ ပိတ်ထားခြင်း သို့မဟုတ် တားဆီးခံထားရခြင်းမရှိဘဲ ပွင့်လင်းနေကြောင်း ပြသသည်။ ဤရိုးရှင်းသော ဥပမာကို ဆွေးနွေးခြင်းအားဖြင့် ရည်ရွယ်ချက်မှာ အန္တိခရစ်ဆိုသည်မှာ မည်သည့်အရာပင် ဖြစ်သည်ကိုလည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ သဘောထားသည် အမှန်တကယ် မည်သို့ရှိသည်ကိုလည်းကောင်း သင်တို့ကို နားလည်စေရန် ကူညီပေးဖို့ ဖြစ်သည်။ ယင်းမှာ မည်သည့်လူစားမျိုးက အန္တိခရစ်များဖြစ်ပြီး မည်သည့်အမျိုးအစားက သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သော်လည်း အန္တိခရစ်များ မဟုတ်သည်ကို သင်တို့ ပိုင်းခြားသိမြင်စေရန် ဖြစ်သည်။ ယင်းမှာ ဤသို့သော ပိုင်းခြားသိမြင်နိုင်စွမ်းမျိုး ရှိစေရန် ဖြစ်သည်။ ငါသည် ယနေ့ ငါတို့ မိတ်သဟာယဖွဲ့နေသည့် အကြောင်းအရာကို သင်တို့ ပိုမိုကောင်းမွန်စွာ နားလညရန် လွယ်ကူစေဖို့ ဤဥပမာကို သာမန်ကာလျှံကာ ထုတ်ပြောလိုက်ခြင်းသာ ဖြစ်သည်။ သင်တို့ကို အမှန်တကယ် စားပြီးလျှင် ဇလုံများကို လျက်ခိုင်းနေခြင်း မဟုတ်ချေ။ ဇလုံလျက်ခြင်းသည် တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် အဓိပ္ပာယ်တူသည် သို့မဟုတ် အစားအစာ မဖြုန်းတီးခြင်းနှင့် အဓိပ္ပာယ်တူသည်ဟုလည်း ငါ အဓိပ္ပာယ်မဖွင့်ဆိုခဲ့ပေ။ သင်တို့ ဤအရာကို လုပ်ဆောင်ရန် မလိုအပ်၊ သင်တို့ အထင်အမြင် မလွဲရ။
ယနေ့တွင် အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ စက်ဆုပ်ရွံရှာကြသည်နှင့်ပတ်သက်၍ နောက်ထပ်အချက်တစ်ခုကို မိတ်သဟာယဖွဲ့ခဲ့သည်။ အန္တိခရစ်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကုန်ပစ္စည်းအဖြစ် သဘောထားပြုမူကြသည်။ ကုန်ပစ္စည်းများနှင့်ပတ်သက်လာလျှင် ရောင်းချခြင်း၊ ရောင်းဝယ်ခြင်း၊ အမြတ်နှင့် ငွေကြေးတို့ ပါဝင်သည်။ အန္တိခရစ်တို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကုန်ပစ္စည်းအဖြစ် သဘောထားပြုမူခြင်းသည် လုံးဝ မလုပ်ဆောင်သင့်သည့်အရာဖြစ်ပြီး ယင်းမှာ အလွန် ဆိုးရွားပြီး အလွန်ကြီးမားသော အပြစ်ဖြစ်၏။ အဘယ်ကြောင့်နည်း။ ငါတို့ စုဝေးပွဲကို စတင်ခါစအချိန်က လူတိုင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားအပေါ် မိမိတို့၏ နားလည်သဘောပေါက်မှုကို မိမိတို့၏ ဘာသာစကားဖြင့် မိတ်သဟာယဖွဲ့ခဲ့ကြပြီး အရိုးရှင်းဆုံးသော စကားလုံးများဖြင့် အကျဉ်းချုပ်ခဲ့ကြသည်။ ခြုံငုံ၍ဆိုရလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည်။ လူသားမျိုးနွယ်အတွက် သမ္မာတရားသည် အလွန်အရေးကြီးသည်။ သမ္မာတရားသည် လူ၏အသက် ဖြစ်နိုင်သည်၊ ယင်းသည် လူများကို ကယ်တင်နိုင်ပြီး သေခြင်းမှ ပြန်လည်အသက်ရှင်စေနိုင်သည်၊ တစ်ဦးတစ်ယောက်ကို စံနှုန်းပြည့်မီသော ဖန်ဆင်းခံတစ်ဦး ဖြစ်လာစေနိုင်သည်။ လူသားမျိုးနွယ်အတွက် သမ္မာတရား၏ တန်ဖိုးကို စကားလုံးများ၊ ရုပ်ဝတ္ထုပစ္စည်းများ သို့မဟုတ် ငွေကြေးတို့ဖြင့် တိုင်းတာ၍မရနိုင်ပေ။ ယင်းသည် တန်ဖိုးထားပြီး မြတ်နိုးခံရရန် ထိုက်တန်သည်၊ ပြီးလျှင် လူတစ်ဦး၏ လုပ်ဆောင်ချက်များ၊ ကျင့်ကြံပြုမူမှု၊ ဘဝနှင့် တစ်သက်တာလုံးတည်ရှိမှုတို့အတွက် လမ်းညွှန်၊ ဦးတည်ရာနှင့် ပန်းတိုင်အဖြစ် ရှိနေထိုက်သည်။ လူတို့သည် သမ္မာတရားမှ လက်တွေ့လုပ်ဆောင်ခြင်း၏ လမ်းကြောင်းကိုလည်းကောင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ခြင်း၏ လမ်းကြောင်းကိုလည်းကောင်း၊ ဤကဲ့သို့ အခြားအရာများကိုလည်းကောင်း ရရှိသင့်သည်။ လူတို့အတွက် သမ္မာတရားသည် အသက်နှင့်ပင် ညီမျှသည်။ မည်သည့်ရုပ်ဝတ္ထုပစ္စည်း သို့မဟုတ် ဥစ္စာဓနကိုမျှ သမ္မာတရားနှင့် တစ်တန်းတည်းထား၍ ပြောဆို၍မရနိုင်ပေ။ ဤရုပ်ဝတ္ထုလောကတွင်ဖြစ်စေ၊ စကြဝဠာလောကတစ်ခုလုံးတွင်ဖြစ်စေ သမ္မာတရားနှင့် နှိုင်းယှဉ်ရန် ထိုက်တန်သောအရာ တစ်ခုမျှမရှိသကဲ့သို့ ယင်းနှင့် ညီမျှနိုင်သောအရာလည်း တစ်ခုမျှမရှိပေ။ ဤအရာမှကြည့်လျှင် ကယ်တင်ခြင်းကို လိုအပ်နေသော လူသားမျိုးနွယ်အတွက်၊ သမ္မာတရားသည် အဖိုးတန်ဆုံးသော ရတနာဖြစ်ပြီး ယင်းမှာ အဖိုးမဖြတ်နိုင်ပေ။ သို့သော်လည်း အံ့ဩစရာကောင်းလောက်အောင်ပင် ထိုသို့သော အဖိုးမဖြတ်နိုင်သည့်အရာကို အမြတ်အတွက် ရောင်းချရန်နှင့် ရောင်းဝယ်ရန် ကုန်ပစ္စည်းအဖြစ် သဘောထားပြုမူသော ပုဂ္ဂိုလ်များ ရှိနေသည်။ ထိုသို့သော ပုဂ္ဂိုလ်များကို နတ်ဆိုးများအဖြစ်၊ စာတန်များအဖြစ် စရိုက်လက္ခဏာ သရုပ်ဖော်နိုင်သလော။ လုံးဝ သရုပ်ဖော်နိုင်သည်။ ဝိညာဉ်ရေးရာနယ်ပယ်တွင် ထိုသို့သော ပုဂ္ဂိုလ်များသည် နတ်ဆိုးများနှင့် စာတန်ဖြစ်သည်၊ လူတို့အကြားတွင်မူ ၎င်းတို့သည် အန္တိခရစ်များ ဖြစ်ကြသည်။
အန္တိခရစ်တို့သည် ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်များရရှိရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကုန်ပစ္စည်းအဖြစ် သဘောထားပြုမူပုံ၏ သရုပ်သကန်အချို့ကို ငါတို့ ယခုပင် မိတ်သဟာယဖွဲ့ခဲ့သည်။ ဤသည်မှာ တစ်နည်းအားဖြင့် ပြောဆိုခြင်းဖြစ်ပြီး စာသားအတိုင်း အဓိပ္ပာယ်နှင့် လုံးဝမကိုက်ညီသည်မှာ အမှန်ပင်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကုန်ပစ္စည်းများအဖြစ် သဘောထားပြုမူနေသည်မှာ သိသိသာသာ မြင်နိုင်သောအရာ မဟုတ်ပေ။ သို့သော်လည်း အမှန်တကယ်တွင် ၎င်းတို့၏ အပြုအမူ၊ ချဉ်းကပ်ပုံနှင့် ၎င်းတို့၏ အနှစ်သာရကိုပင် အကဲဖြတ်ကြည့်သော် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကုန်ပစ္စည်းများအဖြစ်၊ ပိုင်ဆိုင်ရန် ရုပ်ဝတ္ထုပစ္စည်းတစ်ခုအဖြစ် လုံးဝသေချာပေါက် သဘောထားပြုမူပြီးဖြစ်သည် သို့မဟုတ် သဘောထားနေကြသည်။ ၎င်းတို့၏ လက်ဝယ်သို့ ရောက်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ ဆိုင်ငယ်လေးထဲမှ ပစ္စည်းတစ်ခုအဖြစ် သဘောထားကာ လိုအပ်နေသော မည်သူ့ကိုမဆို အခွင့်အခါသင့်သည့်အချိန်တွင် ရောင်းချပြီး ယင်းမှ အမြတ်ထုတ်ကြသည်။ အန္တိခရစ်တို့သည် ဤအရာမှ မည်သည့်အကျိုးအမြတ်များကို ရရှိကြသနည်း။ ဤအရာများတွင် ၎င်းတို့၏ ဂုဏ်သတင်း၊ အခြားသူများထံမှ အထင်ကြီးလေးစားမှုနှင့် ကိုးကွယ်စရာအဖြစ် ကိုးကွယ်မှု၊ ၎င်းတို့ကို ကြည့်သော အထင်ကြီးလေးစားသော အကြည့်များ၊ ၎င်းတို့၏ အဆင့်အတန်းနှင့် သိက္ခာကို ကာကွယ်ပေးခြင်းကဲ့သို့သော အခြားသူများ ပေးအပ်သည့် အကာအကွယ်တို့ ပါဝင်သည်။ ၎င်းတို့ ဖြုတ်ချခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်း ခံရသည့်အခါတွင်ပင် လူတို့သည် ၎င်းတို့အတွက် ပြောဆိုပေးပြီး ခုခံကာကွယ်ပေးကြလိမ့်မည်။ ဤသည်တို့မှာ အန္တိခရစ်တို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ရရှိလာသည့် အကျိုးအမြတ်များ ဖြစ်ကြသည်။ ဤအကျိုးအမြတ်များသည် အန္တိခရစ်တို့ လိုချင်ပြီး လိုက်စားသည့်အရာ၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် အချိန်ကြာမြင့်စွာ ကြံစည်ခဲ့သည့်အရာ အတိအကျပင် ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တို့၏ အနှစ်သာရဖြစ်သည်။ ၎င်းတို့၏ လုပ်ဆောင်ချက်များနှင့် အပြုအမူတို့သည် ၎င်းတို့၏ သဘာဝအားဖြင့် တိုက်တွန်းအားပေးခြင်းနှင့် စိုးမိုးခြင်းကို ခံရပြီး ဤသရုပ်သကန်များမှ အန္တိခရစ်တို့၏ သဘာဝ အနှစ်သာရကို မြင်တွေ့နိုင်သည်။
၂။ ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်များကို တစ်ကိုယ်ရေ အကျိုးအမြတ်အတွက် ရောင်းချခြင်း
ဆက်လက်၍ အန္တိခရစ်တို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကုန်ပစ္စည်းများအဖြစ် သဘောထားပြုမူသည့် တကယ့်အပြုအမူနှင့် လုပ်နည်းကိုင်နည်းဖြစ်သည့် ဒုတိယသွင်ပြင်လက္ခဏာကို ငါတို့ မိတ်သဟာယပြုကြမည်။ ဤလုပ်နည်းကိုင်နည်းတွင် ဤအန္တိခရစ်အမျိုးအစားက ဘုရားသခင်၏ နှုတ်ကပတ်တော်များပါသည့် အမျိုးမျိုးသော စာအုပ်များကို ကုန်ပစ္စည်းများအဖြစ် သဘောထားပြုမူခြင်း ပါဝင်သည်။ ၎င်းတို့သည် ဤဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်များကို ရရှိသောအခါ ငွေရှာရန် အရင်းအနှီးကို ရရှိပြီဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်ရန် လိုအပ်သော ပိုင်ဆိုင်မှုများကို ပိုင်ဆိုင်ပြီဖြစ်ကြောင်း ၎င်းတို့က ယုံကြည်ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် ပုံနှိပ်ထားသည့် ဤစာအုပ်များသည် ၎င်းတို့၏ ပိုင်ဆိုင်မှုများ၊ ၎င်းတို့ ရောင်းချရန် ကြံရွယ်သည့် ကုန်ပစ္စည်းများနှင့် မတရားသောအမြတ်အစွန်းများရရန် ၎င်းတို့ အသုံးပြုသည့် အရာဝတ္ထုများ ဖြစ်လာသည်။ အန္တိခရစ်တို့သည် ဤစာအုပ်များကို ဘုရားအိမ်တော်က သတ်မှတ်သည့် စည်းမျဉ်းအတိုင်း ဖြန့်ဝေရမည့်အစား မိမိတို့၏ ကိုယ်ပိုင်ရည်ရွယ်ချက်များအရ မတော်မလျော် အမြတ်ထုတ်ရန် ကြိုးစားကာ ယင်းတို့ကို သိမ်းထားကြသည်။ ဘုရားအိမ်တော်တွင် စာအုပ်များ ဖြန့်ဝေခြင်း၏ စည်းမျဉ်းမှာ အဘယ်နည်း။ ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရန် နှစ်သက်ခုံမင်ပြီး သမ္မာတရားကို ဆာငတ်သော သူအားလုံးထံသို့ ဖြန့်ဝေရန်ဖြစ်ပြီး ထိုသို့ အခမဲ့ ဖြန့်ဝေရန် ဖြစ်သည်။ လူမည်မျှ ယင်းတို့ကို လက်ခံရရှိသည်ဖြစ်စေ၊ စာအုပ်မည်မျှ ဖြန့်ဝေသည်ဖြစ်စေ အစဉ်သဖြင့် အခမဲ့ဖြစ်သည်။ ခရစ်ယာန်ဘာသာတွင် ဘုရားသခင်ကို ယုံကြည်သည့်အခါ သမ္မာကျမ်းစာသည် အခမဲ့မဟုတ်ပေ။ ယင်းကို ငွေဖြင့် ဝယ်ယူရသည်။ သို့သော် ယခုအခါတွင် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များနှင့် ဤစာအုပ်များကို ဘုရားအိမ်တော်က အခမဲ့ ဖြန့်ဝေသည်၊ ဤသည်မှာ အဓိကအချက်ဖြစ်သည်။ သို့ရာတွင် အန္တိခရစ်တို့သည် ဤစာအုပ်များကို လက်ခံရရှိပြီး စည်းမျဉ်းအတိုင်း အခမဲ့ ဖြန့်ဝေရန် ပျက်ကွက်သည့်အခါ ပြဿနာ ပေါ်ပေါက်လာသည်။ ပုံမှန်အခြေအနေများအောက်တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး အနည်းငယ်ရှိသူတို့သည် ဤစာအုပ်များကို စည်းမျဉ်းအတိုင်း အခမဲ့ ဖြန့်ဝေမည်ဖြစ်ပြီး ငွေတောင်းခံခြင်း သို့မဟုတ် လွန်ကဲသော အမြတ်အစွန်းကို မတော်မလျော် ရှာဖွေခြင်း မပြုပေ။ သို့သော် အန္တိခရစ်တို့သာလျှင် ဤစာအုပ်များကို ရရှိရာတွင် စီးပွားရေးအခွင့်အလမ်းတစ်ခု ရောက်ရှိလာပြီဟု တွေးထင်ကြသည်။ ထိုသို့ဖြင့် ၎င်းတို့၏ ရည်မှန်းချက်နှင့် လောဘတို့သည် ပေါ်ထွက်လာသည်၊ “ဤမျှထူထဲပြီး ကောင်းမွန်သော စာအုပ်များကို အခမဲ့ပေးပစ်ရသည်မှာ ဆုံးရှုံးခြင်း မဟုတ်လော။ ၎င်းတို့ထံမှ ငွေအနည်းငယ် မရှာပါက မိုက်မဲရာကျသည် မဟုတ်လော။ ထို့အပြင် ဤစာအုပ်များကို အခြားနေရာတွင် ဝယ်၍မရနိုင်ဘဲ ဘုရားသခင်ကို ယုံကြည်သူအများစုသည် မည်မျှပင် ကုန်ကျစေကာမူ ဤစာအုပ်ကို ဖတ်ရှုလိုကြပေမည်” ဟူ၍ ဖြစ်သည်။ လူတို့တွင် ဤစိတ်နေစိတ်ထားရှိသည်ကို ၎င်းတို့ သဘောပေါက်သည်နှင့်တစ်ပြိုင်နက် အန္တိခရစ်တို့သည် အတွေးအခေါ်အချို့ ပေါ်ပေါက်လာသည်၊ “ငွေရှာရန် ဤအခွင့်အရေးကို ငါ လက်လွှတ်၍မဖြစ်ပေ၊ ထိုသို့သော အခွင့်အရေးမျိုးသည် ရခဲလှသည်။ ထိုစာအုပ်များ ဖြန့်ဝေသည့်အခါ လူများကို အဆင့်အတန်းခွဲသင့်သည်၊ ချမ်းသာသူများထံမှ ပိုတောင်းသင့်သည်၊ သာမန်လူများထံမှ အလယ်အလတ်ဈေးနှုန်း တောင်းသင့်သည်၊ ဆင်းရဲသူများထံမှ အနည်းငယ်သာ တောင်းသင့်သည် သို့မဟုတ် လုံးဝမဖြန့်ဝေဘဲ ထားသင့်သည်၊ ငါ့ကို မြှောက်ပင့်သူများအား လျှော့ဈေးပေးသင့်ပြီး ငါနှင့် မသင့်မြတ်သူများထံမှ ပိုတောင်းသင့်သည်” ဟူ၍ ဖြစ်လေသည်။ ဤသည်မှာ စာအုပ်များ ဖြန့်ဝေခြင်းအတွက် ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့် ကိုက်ညီပါသလော။ (မကိုက်ညီပါ။) ဤသည်မှာ စီးပွားရေးလုပ်နေခြင်းဖြစ်သည်။ အန္တိခရစ်တို့သည် ဤသို့သော စိတ်ကူးများ ပေါ်ပေါက်လာကြသည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ စည်းမျဉ်းစည်းကမ်းများနှင့် စည်းမျဉ်းများအတိုင်း စာအုပ်များကို ဖြန့်ဝေသည်ဖြစ်စေ၊ မဖြန့်ဝေသည်ဖြစ်စေ ယင်းကို ဘေးဖယ်ထားလျက် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့သဘောထားပြုမူသည်ကို ဦးစွာ ပြောကြစို့။ ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်များသည် ၎င်းတို့၏ လက်ထဲသို့ ရောက်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့က တန်ဖိုးထားကြသလော။ (မထားပါ။) ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် မိန့်မြွက်ထားသည့် အသက်လမ်းခရီးကိုဖြစ်စေ၊ သမ္မာတရားကိုဖြစ်စေ စိတ်မဝင်စားကြပေ။ ၎င်းတို့သည် ယင်းတို့ကို တန်ဖိုးမထားကြသကဲ့သို့ စိုးစဉ်းမျှပင် သိလိုစိတ်မရှိကြပေ။ ၎င်းတို့သည် စာအုပ်များကို အပေါ်ယံသာ ဖြစ်သလိုဖတ်ရှုပြီး စာမျက်နှာများကို သာမန်ကာလျှံကာ လှန်လှောကြည့်ရှုကြသည်၊ “ဤသည်မှာ ဘုရားက လူတို့ကို တရားစီရင်သည့် အလုပ်ကို မည်သို့လုပ်ဆောင်ကြောင်း၊ လူတစ်စုကို သူမည်သို့သိမ်းပိုက်ခဲ့ကြောင်းနှင့် လူတို့ကို ကောင်းသောပန်းတိုင်တစ်ခု သူမည်သို့ပေးကြောင်းကို ပြောဆိုနေခြင်းသာ ဖြစ်သည်။ လူသားမျိုးနွယ်၏ အနာဂတ်အတွက်မူ ဤအသေးစိတ်အချက်များ မပါရှိပေ၊ ထို့ကြောင့် ဤစာအုပ်သည် ထိုမျှ စိတ်ဝင်စားဖွယ် မကောင်းပေ။ စာအုပ်သည် အလွန်စိတ်ဝင်စားဖွယ် မကောင်းသော်လည်း လူများစွာတို့က ယင်းကို ဖတ်ရှုရန် ဆန္ဒရှိကြသည်။ ဤသည်မှာ ကောင်း၏၊ ကျွန်ုပ်သည် ယင်းမှ အမြတ်ထုတ်နိုင်သည်” ဟူ၍ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်များသည် ၎င်းတို့၏ လက်ထဲသို့ ကျရောက်သောအခါ ကုန်ပစ္စည်းများ ဖြစ်သွားကြပြီး ယင်းက လူများစွာ၊ အနည်းဆုံး လူတစ်စုသည် ဤစာအုပ်များကို ဝယ်ရန် ငွေကုန်ကြေးကျခံရမည်ကို သွယ်ဝိုက်ညွှန်းဆိုခြင်း ဖြစ်သည်။ အန္တိခရစ်တို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း၊ ဘုရားအိမ်တော်၏ အလုပ်ကို လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်များ ဖြန့်ဝေရေးကို တာဝန်ယူခြင်းဟူသည့် အကြောင်းပြချက်များဖြင့် ဝင်ရောက်စွက်ဖက်ပြီး ဘုရားအိမ်တော်၏ ဤစာအုပ်များကို အခမဲ့ဖြန့်ဝေခြင်းအား လုပ်ငန်းတစ်ခုအဖြစ်၊ ဝယ်ခြင်းရောင်းခြင်းတစ်ခုအဖြစ်သို့ ပြောင်းလဲပစ်ကြသည်။ ဘုရားသခင်နှင့်ပတ်သက်လျှင် သူ၏ ပြောဆိုခဲ့သော နှုတ်ကပတ်တော်များကို သူ၏နှုတ်ကပတ်တော်များကို အလေးဂရုစိုက်၍ နားထောင်သူတိုင်းထံသို့ မေတ္တာဖြင့် ထောက်ပံ့ပေးသည်၊ ယင်းတို့သည် အခမဲ့ဖြစ်ပြီး မည်သည့်အရာနှင့်မျှ လဲလှယ်ရန် မလိုအပ်ပေ။ လူတို့ထံမှ လိုအပ်သည့်အရာမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျိုးနွံနာခံခြင်းကို စွမ်းဆောင်ရန်နှင့် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သောသူတစ်ဦး ဖြစ်လာရန်အလို့ငှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံခြင်း၊ လက်တွေ့လုပ်ဆောင်ခြင်းနှင့် တွေ့ကြုံခြင်းတို့သာ ဖြစ်သည်။ ထိုအခါ ဘုရားသခင်သည် စိတ်ကျေနပ်မှု ရှိသည်၊ သူ၏ ပန်းတိုင်သည် ဖြစ်မြောက်အောင်မြင်ပြီးဖြစ်သည်၊ သူ၏ နှုတ်ကပတ်တော်များသည် အချည်းနှီး ပြောဆိုခဲ့ခြင်း မဟုတ်ပေ။ သူသည် ဤအရာ၌ နှစ်သိမ့်မှုကို တွေ့ကြုံခံစားရသည်။ ဤသည်မှာ ဘုရားသခင်၏ ဆန္ဒဖြစ်သကဲ့သို့ လူသားအပေါ် ဆောင်ရွက်ခဲ့သည့် သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအလုပ်၏ ရည်ရွယ်ချက်လည်းဖြစ်ကာ ဖန်ဆင်းခံများအပေါ် ဖန်ဆင်းရှင်၏ အလှပဆုံးသော လိုအင်ဆန္ဒလည်း ဖြစ်သည်။ ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များ၊ သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်း၊ သူ၏ ရည်ရွယ်ချက်များကို သူ့နောက်လိုက်သောသူများထံသို့ မေတ္တာဖြင့် အဆက်မပြတ် ထောက်ပံ့ပေးသည်။ ဤသည်မှာ အလွန်ပင် စင်ကြယ်သော၊ သန့်ရှင်းသော လုပ်ရပ်၊ အလွန် ကြီးမြတ်သော လုပ်ဆောင်ချက် ဖြစ်သည်၊ ဤနေရာတွင် အရောင်းအဝယ် ပါဝင်ခြင်း မရှိပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အလေးဂရုပြု၍ နားထောင်ပြီး တမ်းတသော လူတိုင်းအတွက် ဘုရားသခင်ပြောသည့် စာကြောင်းတိုင်းသည် တန်ဖိုးမဖြတ်နိုင်ပေ။ လူတို့သည် ဘုရားသခင်ထံမှ သမ္မာတရားနှင့် သူ၏ နှုတ်ကပတ်တော်များကို အခမဲ့ ရရှိကြပြီး ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းရာတွင် ဘုရားသခင်အတွက် ၎င်းတို့ လုပ်ဆောင်လိုသည့်အရာမှာ သူ့အား ကျေးဇူးဆပ်ရန်၊ သူ၏ ရည်ရွယ်ချက်များကို အထမြောက်အောင် ဆောင်ရွက်ရန်နှင့် သူ၏ ကြီးမြတ်သော အမှုတော် မကြာမီ ပြီးစီးအောင်မြင်စေရန် သူ့အား နှစ်သိမ့်မှု ခံစားရစေရန် ဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းရှင်နှင့် ဖန်ဆင်းခံ လူသားမျိုးနွယ်တို့အကြား ရှိသင့်သော အပြန်အလှန်နားလည်မှုတစ်မျိုး ဖြစ်သည်။ သို့သော် အန္တိခရစ်တို့သည် ဤကိစ္စကို အရောင်းအဝယ်တစ်ခုအဖြစ်သို့ ပြောင်းလဲပစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင် စကားပြောခြင်းနှင့် အလုပ်လုပ်ခြင်း အခွင့်အရေးကိုလည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ထောက်ပံ့မှုအတွက် လူတို့၏ လိုအပ်ချက်ကိုလည်းကောင်း အမြတ်ထုတ်၍ တစ်ကိုယ်ရေ အကျိုးအမြတ်ကို ရှာဖွေကာ ၎င်းတို့ မရသင့်သော ငွေနှင့် အကျိုးအမြတ်များကို ရယူကြသည်။ ထိုသို့သော အပြုအမူသည် ကျိန်စာတိုက်ခြင်းခံထိုက်သည် မဟုတ်လော။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို စကားပြောဆိုခြင်းအတွက် အပြန်အလှန်အနေဖြင့် နစ်နာကြေးတောင်းသည်ကို ဘုရားသခင်၏ မည်သည့်နှုတ်ကပတ်တော်များမှ သင် မြင်ဖူးခြင်း သို့မဟုတ် ကြားဖူးခြင်း ရှိလေသနည်း။ စာတစ်ကြောင်းအတွက် မည်မျှဖြစ်သနည်း၊ စာတစ်ပိုဒ်အတွက် မည်မျှဖြစ်သနည်း၊ တရားဒေသနာတစ်ခုအတွက် မည်မျှဖြစ်သနည်း၊ စာအုပ်တစ်အုပ်အတွက် မည်မျှဖြစ်သနည်း၊ သို့မဟုတ် ပြုပြင်ခြင်း တစ်ကြိမ်အတွက်၊ သို့မဟုတ် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း တစ်ကြိမ်အတွက်၊ သို့မဟုတ် စစ်ဆေးခြင်း တစ်ကြိမ်အတွက်၊ သို့မဟုတ် အသက်ထောက်ပံ့မှု တစ်ကြိမ်အတွက် မည်မျှဖြစ်သနည်း။ ဘုရားသခင်သည် ထိုသို့သော စကားများကို ပြောခဲ့ဖူးသလော။ (မပြောဖူးပါ။) ဘုရားသခင်သည် ထိုသို့သော အရာများကို မည်သည့်အခါမျှ မပြောခဲ့ပေ။ ဘုရားသခင် မိန့်မြွက်သည့် စာကြောင်းတိုင်း၊ စာပိုဒ်တိုင်းနှင့် အပိုင်းတိုင်း၊ လူတို့ ဘုရားသခင်ထံမှ လက်ခံရရှိသည့် ပြုပြင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း၊ စစ်ကြောခြင်းနှင့် စစ်ဆေးခြင်း အကြိမ်တိုင်းအပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ထောက်ပံ့မှုနှင့် အာဟာရဖြည့်တင်းပေးမှု စသည်တို့အားလုံးထဲမှ မည်သည့်အရာကို ငွေဖြင့် တိုင်းတာနိုင်သနည်း။ မည်သည့်အရာကို လူသားတို့က ငွေ သို့မဟုတ် ပစ္စည်းဥစ္စာများနှင့် လဲလှယ်၍၊ သို့မဟုတ် ဇာတိပကတိဆိုင်ရာ အဖိုးအခကို ပေး၍ ရယူနိုင်သနည်း။ တစ်ခုမျှ မရှိပေ။ ဘုရားသခင် လုပ်ဆောင်သမျှ အရာအားလုံး၊ ဘုရားသခင် ဖော်ပြသည့် သမ္မာတရားများအားလုံးသည် တန်ဖိုးမဖြတ်နိုင်ပေ။ ယင်းတို့သည် တန်ဖိုးမဖြတ်နိုင်သောကြောင့်၊ လူတို့က ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းအတွက် အလဲအထပ်လုပ်နိုင်သည့် မည်သည့်ငွေ သို့မဟုတ် ပစ္စည်းဥစ္စာမျှ မရှိသောကြောင့် အတိအကျပင် ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များကို လူတို့အား အခမဲ့ ထောက်ပံ့ပေးသည်ဟု မိန့်ဆိုခြင်းဖြစ်သည်။ သို့တိုင်အောင် အန္တိခရစ်တို့သည် ဘုရားသခင် ဖော်ပြသည့် သမ္မာတရားများ၊ သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့၏ တန်ဖိုးမဖြတ်နိုင်သော၊ အဖိုးတန်သော သဘာဝကို မမြင်နိုင်ကြပေ။ ထိုအစား ၎င်းတို့သည် ယင်းတို့မှ လွန်ကဲသော အမြတ်အစွန်းများကို မတော်မလျော် ရယူရန် လိုက်စားကြသည်၊ ဤသည်မှာ လုံးလုံး ရှက်ဖွယ်ကောင်းသော အမှုဖြစ်ပေသည်။
အချို့သော အန္တိခရစ်တို့သည် လူတို့ကို ညှဉ်းပန်းရန်၊ မိမိတို့၏ ကိုယ်ပိုင်ဂုဏ်သတင်းနှင့် ဂုဏ်သိက္ခာကို တည်ဆောက်ရန်၊ အခြားသူများကို ၎င်းတို့၏ ကြောက်မက်ဖွယ်ဖြစ်ခြင်းနှင့် တန်ခိုးအာဏာကို ခံစားရအောင် လုပ်ရန်အလို့ငှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ လက်အောက်ရှိ ညီအစ်ကိုမောင်နှမများထံ ဖြန့်ဝေခြင်းမပြုဘဲ သိမ်းထားကြသည်။ သို့ဖြစ်၍ ထိုသို့သော ဆိုးယုတ်သည့်လူများနှင့် အန္တိခရစ်တို့ အာဏာရသော အချို့သောအသင်းတော်များတွင် ညီအစ်ကိုမောင်နှမများသည် ဖတ်ရှုရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များ သို့မဟုတ် နားထောင်ရန် ဘုရားသခင်၏ တရားဒေသနာများ မရှိကြသည်ကို တွေ့ရှိရသည်။ ထိုသို့သော လူများသည် ကျိန်စာတိုက်ခြင်း ခံထိုက်သည် မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သည့်အရာအဖြစ် သဘောထားပြုမူခဲ့ကြသနည်း။ ၎င်းတို့၏ ကိုယ်ပိုင်ပစ္စည်းအဖြစ် သဘောထားခဲ့ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်ပြီး နောက်လိုက်သောသူများထံ ဘုရားသခင်က ပေးအပ်ခြင်းဖြစ်သည်၊ ယင်းတို့သည် မည်သည့်လူတစ်ဦးတစ်ယောက်တည်းအတွက်မျှ သီးသန့်ပေးအပ်ထားခြင်းမဟုတ်သကဲ့သို့ မည်သည့်လူတစ်ဦးတစ်ယောက်၏ ကိုယ်ပိုင်ပစ္စည်းလည်း သေချာပေါက် မဟုတ်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူသားမျိုးနွယ်အားလုံးထံ မိန့်မြွက်ခြင်းဖြစ်ပြီး မည်သူကမျှ မည်သည့်အကြောင်းပြချက်ဖြင့်ဖြစ်စေ၊ မည်သည့်ဆင်ခြေဖြင့်ဖြစ်စေ ဘုရားသခင်၏ မိန့်မြွက်ခြင်းကို သိမ်းထား၍မရပေ။ သို့တိုင်အောင် အန္တိခရစ်တို့သည် ဤအရာကိုလုပ်ဆောင်ရန် စံနှုန်းကိုဖောက်ဖျက်လျက် ထိုသို့သောအခန်းကဏ္ဍတွင် အတိအကျ ပါဝင်ဆောင်ရွက်နေကြသည်။ အချို့သော အန္တိခရစ်တို့သည် နောက်ဆုံးပေါ် တရားဒေသနာ အသံသွင်းခွေများကို လက်ခံရရှိပြီးနောက် ယင်းတို့ကို ဦးစွာနားထောင်ပြီး အလင်းသစ်အချို့ကို ရှာဖွေတွေ့ရှိကာ ၎င်းတို့မသိရှိခဲ့သော အကြောင်းအရာအချို့ရှိသည်ကို တွေ့ရှိသည့်အခါ ဤတရားဒေသနာအတွဲကို ၎င်းတို့၏ တာဝန်ခံရသူများထံ မဖြန့်ဝေရန် ဆုံးဖြတ်ကြသည်။ အခြားမည်သူမျှမသိဘဲ ၎င်းတို့သည် တရားဒေသနာ အသံသွင်းခွေများကို သိမ်းထားကြသည်။ သိမ်းထားခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ရည်ရွယ်ချက်မှာ စုဝေးပွဲများအတွင်း ကြွားဝါရန်ဖြစ်ပြီး ဤကြွားဝါခြင်းသည် ရောင်းချခြင်းပင်ဖြစ်သည်။ ဤသို့ ကြွားဝါသည့်လုပ်ရပ်မှတစ်ဆင့် ၎င်းတို့၏ လက်အောက်ရှိလူများသည် ယခင်က မကြားဖူးခဲ့သော အကြောင်းအရာများ၊ အသစ်ဖြစ်သော အရာအားလုံးကို ကြားရသည့်အခါ ၎င်းတို့သည် အန္တိခရစ်တို့ကို အထင်ကြီးလာကြပြီး ဤနည်းဖြင့် အန္တိခရစ်တို့၏ ပန်းတိုင်သည် ဖြစ်မြောက်အောင်မြင်လေသည်။ နေရာတိုင်းရှိ အသင်းတော်များတွင် မိတ်သဟာယ တရားဒေသနာများ သို့မဟုတ် အသံသွင်းခွေများကို အချိန်နှင့်တစ်ပြေးညီဖြစ်စေ၊ အပြည့်အစုံဖြစ်စေ မဖြန့်ဝေသော လူအချို့ အသေအချာရှိသည်မှာ ငြင်းမရနိုင်ပေ၊ ထိုသို့သော လူပုဂ္ဂိုလ်များသည် လုံးဝတည်ရှိပါသည်။ ထို့အပြင် အချို့သော အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်များကို ၎င်းတို့အပေါ်ထားသည့် လူတို့၏ သဘောထားကို အခြေခံ၍ ဖြန့်ဝေကြကာ ၎င်းတို့ထံ မြှောက်ပင့်သူများကိုသာဖြစ်စေ၊ ဖားယားသူများကိုသာဖြစ်စေ ပေးကြသည်။ စာအုပ်များသည် အခမဲ့ဖြစ်သော်လည်း လူတိုင်းက ယင်းတို့ကို အလွယ်တကူ မရရှိနိုင်ပေ၊ အခမဲ့၊ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေခြင်းဟူသည့် စည်းမျဉ်းသည် အန္တိခရစ်တို့၏ လက်ထဲတွင် အခြေအနေအမျိုးမျိုးအရ ထိခိုက်သွားသည်။ ၎င်းတို့သည် ၎င်းတို့နှင့်အတူရှိသူများ သို့မဟုတ် ၎င်းတို့စကားကို နားထောင်သူများအား စာအုပ်များကို အင်တင်တင်ဖြင့် ပေးကောင်း ပေးနိုင်သော်လည်း အချိန်နှင့်တစ်ပြေးညီ ပေးအပ်ခြင်း ဖြစ်ချင်မှ ဖြစ်ပေမည်၊ ၎င်းတို့၏ အမြင်များနှင့် သဘောထားကွဲလွဲသူများ သို့မဟုတ် ဆန့်ပင် ဆန့်ကျင်သူများကိုမူ အန္တိခရစ်တို့က ရွေးချယ်၍ ပေးကောင်းပေးမည် သို့မဟုတ် လုံးဝမပေးဘဲပင် နေပေမည်။ အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်များ ဖြန့်ဝေခြင်း၌ မတော်မလျော်သော အမြတ်အစွန်းများကို ရှာဖွေရန် ကြိုးပမ်းသည်သာမက ယင်းကို လူတို့အား သိမ်းသွင်းရန်၊ လူတို့အား စည်းရုံးရန်အပြင် အခြားသူများကို နှိပ်ကွပ်ရန်နှင့် ညှဉ်းပန်းရန် နည်းလမ်းတစ်ခုအဖြစ်လည်း အသုံးပြုကြသည်၊ ၎င်းတို့သည် မည်သည့်မကောင်းမှုမျိုးကိုမဆို လုပ်ဆောင်နိုင်စွမ်း ရှိသည်။ တစ်စုံတစ်ဦးက ၎င်းတို့အကြောင်း မကောင်းပြောလျှင်၊ ၎င်းတို့ကို မရွေးကောက်လျှင်၊ သို့မဟုတ် ၎င်းတို့ကို ဆန့်ကျင်မဲပေးလျှင် ထိုသူကို ညှဉ်းပန်းရန် နည်းလမ်းတစ်ခုအဖြစ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သိမ်းထားကောင်းထားမည်ဟု ဆိုကာ လူတို့ကို ခြိမ်းခြောက်ပင် ခြိမ်းခြောက်နိုင်သည်။ ထို့ကြောင့် အချို့သောလူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်များ သို့မဟုတ် တရားဒေသနာ အသံသွင်းခွေများကို အချိန်နှင့်တစ်ပြေးညီ မရရှိနိုင်မည်ကို စိုးရွံ့ခြင်းကြောင့် ဤအန္တိခရစ်တို့ကို အလွန်ကြောက်ရွံ့ကြသည်။ အန္တိခရစ်တို့က မကောင်းမှုပြုပြီး ၎င်းတို့ကိုယ်တိုင် မတရားသောဆက်ဆံမှုကို ခံရလျှင်ပင် အန္တိခရစ်တို့၏ နှိပ်ကွပ်ခြင်းနှင့် ညှဉ်းပန်းခြင်းကို ခံရမည်ကိုလည်းကောင်း၊ အထက်နှင့် အဆက်အသွယ် ပြတ်သွားမည်ကိုလည်းကောင်း၊ အထက်မှ ရေလောင်းခြင်းနှင့် ထောက်ပံ့ခြင်းကို လက်လွတ်ဆုံးရှုံးမည်ကိုလည်းကောင်း စိုးရွံ့သဖြင့် ၎င်းတို့ကို တိုင်ကြားဝံ့ခြင်းမရှိပေ။ ထိုသို့သော လူများ ရှိသလော။ ရာနှုန်းပြည့် လုံးဝရှိပါသည်။ အန္တိခရစ်တို့သည် မကောင်းမှုအမျိုးမျိုးကို ကျူးလွန်ကြသည်၊ ၎င်းတို့သည် အာဏာနှင့် အကျိုးအမြတ်အတွက် တိုက်ခိုက်ခြင်း၊ အုပ်စုဖွဲ့ခြင်းနှင့် မိမိတို့၏ ကိုယ်ပိုင်လွတ်လပ်သော နိုင်ငံတော်များကို ဖန်တီးခြင်းတို့ကို လုပ်ဆောင်သည်သာမက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖြန့်ဝေသည့်အခါတွင်လည်း ချွင်းချက်မထားပေ။ ၎င်းတို့အား အကျိုးအမြတ်များကို မတော်မလျော် ရရှိစေနိုင်ပြီး ၎င်းတို့၏ အဆင့်အတန်းနှင့် အာဏာကို ရရှိစေနိုင်သည့် မည်သည့်အရာကိုမဆို ၎င်းတို့က အမြတ်ထုတ်သည်၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပါအဝင် မည်သည့်အရာကိုမျှ မချန်လှပ်ပေ။ ဤအမှုအရာများသည် သင်တို့၏ အသင်းတော်တွင်၊ သင်တို့၏ ပတ်ဝန်းကျင်တွင် ဖြစ်ပျက်ခဲ့ဖူးသလော။ အချို့သော အန္တိခရစ်တို့သည် ၎င်းတို့၏ လက်အောက်ရှိသူများကို ဤသို့ ခြိမ်းခြောက်ကြသည်၊ “ကျွန်ုပ်ကို သင် မရွေးကောက်လျှင်၊ အထက်ကို ကျွန်ုပ်အကြောင်း တိုင်ကြားလျှင်၊ သင်က ကျွန်ုပ်ကို မနှစ်သက်လျှင်၊ သင်က သတင်းပေးတိုင်တောသဖြင့် ကျွန်ုပ်သိသွားလျှင် နောက်နောင် တရားဒေသနာ အသံသွင်းခွေများကို သင်ရတော့မည်မဟုတ်။ ကျွန်ုပ်သည် သင့်အား ထောက်ပံ့မှုကို ဖြတ်တောက်မည်၊ သင့်ကို အာဟာရမရှိဘဲ ထားမည်၊ သင့်ကို သေသည်အထိ အစာငတ်၊ ရေငတ်ထားမည်” ဟု ပြောလေသည်။ အန္တိခရစ်တို့၏ စိတ်သဘောထားသည် ရက်စက်ကြမ်းကြုတ်သည် မဟုတ်လော။ အလွန်အမင်း ရက်စက်ကြမ်းကြုတ်လှသည်။ ၎င်းတို့သည် မကောင်းမှုအမျိုးမျိုးကို လုပ်ဆောင်နိုင်စွမ်းရှိသည်။
သင်တို့သည် ထိုသို့သော အန္တိခရစ်တို့ကို ကြုံတွေ့ရလျှင် ၎င်းတို့ကို သင်တို့ မည်သို့ ကိုင်တွယ်မည်နည်း။ ၎င်းတို့ကို အထက်သို့ တိုင်ကြားဝံ့သလော။ သင်တို့ စည်းလုံးပြီး ၎င်းတို့ကို ပစ်ပယ်ဝံ့သလော။ (ဟုတ်ပါသည်။) သင်တို့သည် ယခုအခါတွင် ဟုတ်ပါသည်ဟု ပြောသော်လည်း ၎င်းတို့နှင့် အမှန်တကယ် ရင်ဆိုင်ရသည့်အခါတွင် သင်သည် မလုပ်ဝံ့ဘဲ ဖြစ်ကောင်းဖြစ်ပေမည်၊ သင်က “ကျွန်ုပ်သည် ဝိညာဉ်ရင့်ကျက်မှု နည်းပါး၏၊ ကျွန်ုပ်သည် ငယ်ရွယ်၏၊ ကျွန်ုပ်သည် အားနည်းပြီး တစ်ယောက်တည်း ဖြစ်သည်။ အန္တိခရစ်တို့က အမှန်တကယ် အုပ်စုဖွဲ့၍ ကျွန်ုပ်ကို အနိုင်ကျင့်လျှင် ကျွန်ုပ် ဇာတ်သိမ်းမည် မဟုတ်လော။ ဘုရားသခင်သည် အဘယ်မှာနည်း။ မည်သူက ကျွန်ုပ်၏ နစ်နာချက်များကို နားထောင်မည်နည်း။ မည်သူက ကျွန်ုပ်၏ နစ်နာချက်များကို ဖြေရှင်းပေးပြီး လက်စားချေပေးမည်နည်း။ မည်သူက ကျွန်ုပ်ဘက်မှ ရပ်တည်ပေးမည်နည်း” ဟု တွေးတောလျက် တွန့်ဆုတ်သွားပေမည်။ သင်၏ ယုံကြည်ခြင်းသည် အဘယ်ကြောင့် ဤမျှ သေးငယ်ရသနည်း။ သင်သည် အန္တိခရစ်တစ်ဦးနှင့် ရင်ဆိုင်ရသည့်အခါ ကြောက်ရွံ့သွားသည်၊ သို့သော် စာတန်က သင့်ကို ကိုယ်တိုင်ကိုယ်ကျ ခြိမ်းခြောက်လျှင်ရော အဘယ်သို့နည်း၊ သင်သည် ဘုရားသခင်ကို ယုံကြည်ခြင်းကို ရပ်တန့်လိုက်မည်လော။ အန္တိခရစ်တစ်ဦးက သင့်ထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မဖြန့်ဝေလျှင် သင်သည် မည်သို့လုပ်ဆောင်မည်နည်း။ ၎င်းတို့က သင့်အား ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်များအတွက် ငွေပေးခိုင်းလျှင် သင်သည် မည်သို့လုပ်ဆောင်မည်နည်း။ အန္တိခရစ်က သင့်ထံ ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်များကို ဖြန့်ဝေသည့်အခါတိုင်း ၎င်းတို့က သင့်ကို အခက်တွေ့စေပြီး မကြားဝံ့မနာသာ စကားများ ပြောဆိုလျှင် သင်သည် မည်သို့လုပ်ဆောင်မည်နည်း။ ဤအခြေအနေသည် ကိုင်တွယ်ရန် လွယ်ကူပါသလော။ သင်တို့အား ပါးနပ်သောနည်းဗျူဟာတစ်ခုကို ငါပြောပြမည်။ စာအုပ်များ ဖြန့်ဝေရန် အချိန်နီးကပ်လာသည့်အခါတိုင်း သင်သည် အန္တိခရစ်နှင့်အတူ ရပ်တည်သင့်ပြီး ၎င်းတို့၏ ယုံကြည်မှုကို ရရှိရန်အလို့ငှာ ချိုသာသောစကားများကို အားသွန်ခွန်စိုက်ပြောဆိုကာ ၎င်းတို့ကို အားတက်သရော ချီးမွမ်းပြီး မြှောက်ပင့်သင့်သည်။ ၎င်းတို့က သင့်ထံ ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်များနှင့် တရားဒေသနာ အသံသွင်းခွေများကို ဖြန့်ဝေပြီးသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကို အထက်သို့ တိုင်ကြားရန် အခွင့်အရေးတစ်ခုကို ရှာဖွေလော့။ ၎င်းတို့ကို အထက်သို့ တိုင်ကြားရန် နည်းလမ်းမရှိလျှင် အန္တိခရစ်ကို ကန့်သတ်ပြီး ချည်နှောင်ထားရန် ပိုင်းခြားသိမြင်နိုင်စွမ်းရှိသော ညီအစ်ကိုမောင်နှမများနှင့် စည်းလုံးရန် အခွင့်အရေးကို ရှာဖွေလော့။ ဤသည်မှာ အသင်းတော်အတွက် အန္တရာယ်ကို အမှန်တကယ် ဖယ်ရှားခြင်းဖြစ်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အကိုက်ညီဆုံးဖြစ်သည်။ အချို့က အန္တိခရစ်သည် ဤအစီအစဉ်ကို ရှာဖွေတွေ့ရှိလျှင် မည်သို့လုပ်မည်နည်းဟု မေးကောင်းမေးပေမည်။ သင်သည် ဤတစ်ကြိမ်တွင် ယုံကြည်မှုမရှိလျှင် နောက်အခွင့်အရေးကို စောင့်ဆိုင်းလော့။ သင်သည် သတ္တိရှိလာပြီး အခါအခွင့်သင့်သောအခါ ထိုအခါတွင် သင်သည် အရေးတယူဆောင်ရွက်လော့။ အတိုချုပ်ဆိုရလျှင် အန္တိခရစ်က သင်၏ အာဟာရဖြည့်တင်းအား ဖြတ်တောက်မည်ကို သင်ကြောက်ရွံ့လျှင် အစပိုင်းတွင် အာရုံစိုက်ခံရအောင် မလုပ်နှင့်။ သင့်ကိုယ်သင် မြင်သာအောင် မပြနှင့် သို့မဟုတ် အန္တိခရစ်က သင့်ကို ထိုးထွင်းသိမြင်ခွင့်မပြုနှင့်။ သင်သည် လုံလောက်သော ဝိညာဉ်ရင့်ကျက်မှုကို ရရှိသည့်အခါ သင့်တွင် သင့်တော်သောလူများ၊ မှန်ကန်သောလူများနှင့် အန္တိခရစ်ကို ဆန့်ကျင်ရာတွင် သင်နှင့်အတူ ရပ်တည်နိုင်သော၊ အန္တိခရစ်ကို ပိုင်းခြားသိမြင်ပြီး ပစ်ပယ်နိုင်သော လူများ ပိုမိုရှိလာသည့်အခါ ထိုအချိန်သည် သင်သည် အန္တိခရစ်နှင့် ပြတ်စဲနိုင်သည့်အချိန်ဖြစ်သည်။ ဤနည်းဗျူဟာသည် မည်သို့ရှိသနည်း။ (ကောင်းပါသည်။) အချို့က “ဤသည်မှာ အခြားသူများကို လှည့်ဖြားခြင်း မဟုတ်လော။ ဘုရားသခင်က ကျွန်ုပ်တို့ကို ရိုးသားသောလူများ ဖြစ်စေလိုသည် မဟုတ်လော။ ဤသည်မှာ ရိုးသားပုံမရပေ” ဟု ပြောကောင်းပြောပေမည်။ ဤသည်မှာ အခြားသူများကို လှည့်ဖြားခြင်းလော။ (မဟုတ်ပါ။) ဤသည်မှာ နတ်ဆိုးတစ်ကောင်ကို လှည့်ကွက်ဆင်ခြင်းဖြစ်သည်။ နတ်ဆိုးတစ်ကောင်ဖြစ်သည့် အန္တိခရစ်တစ်ဦးကို ကိုင်တွယ်သည့်အခါ မည်သည့်နည်းလမ်းမဆို လက်ခံနိုင်ဖွယ်ရှိသည်။
သင်တို့သည် အန္တိခရစ်တို့ကို ကြောက်ရွံ့ကြသလော။ သင်၏ ကိုယ်ပိုင်အသင်းတော်၌ သင်၏ ပတ်ဝန်းကျင်တွင် အန္တိခရစ်တစ်ဦး အမှန်တကယ် ရှိသည်ဟု ဆိုကြပါစို့။ သင်သည် ၎င်းတို့ကို သတိပြုမိပြီးဖြစ်သည်။ ၎င်းတို့တွင် အာဏာနှင့် အဆင့်အတန်းရှိပြီး လူများစွာက ၎င်းတို့ကို ထောက်ခံကြသည်။ ၎င်းတို့တွင် ဂိုဏ်းတစ်ခုနှင့် အမာခံနောက်လိုက် အနည်းငယ် ရှိသည်။ သင်သည် ၎င်းတို့ကို ကြောက်ရွံ့မည်လော။ အချို့က ကြောက်ရွံ့မည်ဟု ဆိုကြသည်။ ကြောက်ရွံ့ခြင်းသည် မှန်ကန်သလော။ ဤကြောက်ရွံ့ခြင်းတွင် အနည်းဆုံး ကောင်းမွန်ပြီး မှန်ကန်သော သွင်ပြင်လက္ခဏာတစ်ခု ရှိသည်။ ငါအဘယ်ကြောင့် ထိုသို့ပြောရသနည်း။ သင်သည် ၎င်းတို့ကို ကြောက်ရွံ့လျှင် ယင်းက သင်၏ စိတ်နှလုံးထဲ၌ ၎င်းတို့သည် ဆိုးယုတ်ကြောင်း၊ ၎င်းတို့သည် သင့်ကို ညှဉ်းပန်းနိုင်ပြီး သင့်ကို ဒုက္ခပေးနိုင်ကြောင်း၊ ၎င်းတို့သည် လူကောင်းတစ်ဦး သို့မဟုတ် သမ္မာတရားကို လိုက်စားသူတစ်ဦး မဟုတ်ကြောင်း သင် ယုံကြည်ကြောင်းကို အနည်းဆုံးတော့ ပြသနေသည်။ သင်သည် အနည်းဆုံးအနေဖြင့် သင်၏ စိတ်နှလုံးထဲ၌ ၎င်းတို့နှင့်ပတ်သက်၍ ဤနားလည်မှုနှင့် ပိုင်းခြားသိမြင်မှု ရှိသည်။ သင်သည် ၎င်းတို့ကို အန္တိခရစ်တစ်ဦးအဖြစ် စရိုက်လက္ခဏာ သရုပ်ဖော်နိုင်ခြင်း သို့မဟုတ် ၎င်းတို့သည် အန္တိခရစ်တစ်ဦးဖြစ်ကြောင်း ပိုင်းခြားသိမြင်နိုင်ခြင်း မရှိနိုင်သော်ငြားလည်း အနည်းဆုံးအနေဖြင့် သင်သည် ၎င်းတို့မှာ လူကောင်းတစ်ဦး၊ သမ္မာတရားကို လိုက်စားသူတစ်ဦး၊ ဖြောင့်မတ်သူ သို့မဟုတ် ကြင်နာတတ်သူတစ်ဦး၊ သို့မဟုတ် ရိုးသားသူတစ်ဦး မဟုတ်ကြောင်းကို သိရှိသောကြောင့် ၎င်းတို့ကို ကြောက်ရွံ့ခြင်းဖြစ်သည်။ သာမန်နှင့် သာမည သို့မဟုတ် ဟန်ဆောင်မှုကင်းသောလူများသည် နတ်ဆိုးများမှလွဲ၍ မည်သည့်လူစားမျိုးကို အများအားဖြင့် ကြောက်ရွံ့ကြသနည်း။ (ဆိုးယုတ်သောလူများ ဖြစ်ပါသည်။) လူတိုင်းသည် ဆိုးယုတ်သောလူများကို ကြောက်ရွံ့ကြသည်။ အနည်းဆုံးအနေဖြင့် သင်၏ စိတ်နှလုံးထဲ၌ ဤလူသည် ဆိုးယုတ်ကြောင်း သိသည်။ ဤအခြေခံအပေါ်၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရား စည်းမျဉ်းများအပေါ် ၎င်းတို့၏ သဘောထားကို စောင့်ကြည့်လေ့လာလော့။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ရှိမရှိကို ကြည့်ရှုလော့၊ ပြီးလျှင် ၎င်းတို့၏ အမျိုးမျိုးသော အပြုအမူများကို ပိုင်းခြားသိမြင်ကာ ၎င်းတို့၏ အပြုအမူများမှတစ်ဆင့် ၎င်းတို့၏ အနှစ်သာရကို နားလည်ပြီး ပိုင်းခြားသိမြင်လာလော့။ အဆုံးစွန်၌ သင်သည် ၎င်းတို့မှာ အန္တိခရစ်တစ်ဦးဖြစ်ကြောင်း သတ်မှတ်နိုင်လျှင် သင်၏ ကြောက်ရွံ့မှုတွင် နောက်ထပ် အစိတ်ပိုင်းတစ်ခု ပါဝင်လာလိမ့်မည်၊ ယင်းမှာ ၎င်းတို့အပေါ် ပိုင်းခြားသိမြင်နိုင်စွမ်း ဖြစ်သည်။ သင်သည် သင်၏ စိတ်နှလုံးထဲ၌ ၎င်းတို့ကို ကြောက်ရွံ့နိုင်သော်ငြားလည်း သင်သည် ၎င်းတို့ဘက်တွင် ရှိမည်မဟုတ်ဘဲ သင်၏ စိတ်နှလုံးထဲ၌ ၎င်းတို့ကို ငြင်းပယ်လိမ့်မည်၊ ဤသည်မှာ ကောင်းသောအရာလော သို့မဟုတ် ဆိုးသောအရာလော။ (ကောင်းသောအရာ ဖြစ်ပါသည်။) ၎င်းတို့က သင့်ကို ၎င်းတို့နှင့်အတူ မကောင်းမှုပြုရန် တောင်းဆိုလျှင် သင် သဘောတူမည်လော။ သင်၏ စိတ်နှလုံးထဲ၌ ဤအပေါ် ပိုင်းခြားသိမြင်နိုင်စွမ်း ရှိမည်လော။ ၎င်းတို့က သင့်ကို ၎င်းတို့နှင့်အတူ ဘုရားသခင်ကို သံကုန်အော်ဟစ် ဆဲဆိုရန် သို့မဟုတ် ဝေဖန်အပြစ်တင်ရန် တောင်းဆိုလျှင် သင်သဘောတူမည်လော။ ၎င်းတို့က သင့်ကို အခြားသူများကို ညှဉ်းပန်းနှိပ်စက်ရာ၌ ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ရန်နှင့် အချို့သော လူပုဂ္ဂိုလ်များထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ စာအုပ်များကို မဖြန့်ဝေရန် တောင်းဆိုလျှင် သင်သဘောတူမည်လော။ သင်သည် ဤအရာများကို လုပ်ဆောင်ရန် သဘောတူမည် မဟုတ်ကြောင်း ရာနှုန်းပြည့် မသေချာနိုင်သော်ငြားလည်း အနည်းဆုံးအနေဖြင့် သင်သည် သင်၏ စိတ်နှလုံးထဲ၌ ၎င်းတို့၏ လုပ်ရပ်များအပေါ် ပိုင်းခြားသိမြင်နိုင်စွမ်း ရှိပေလိမ့်မည်။ သင်သည် ၎င်းတို့နှင့်အတူ အချို့အရာများကို မလိုမလားနှင့် အတင်းအကျပ်ဖိအားပေးမှုအောက်တွင် လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်သော်လည်း ယင်းမှာ သင်သည် ထိုသို့လုပ်ဆောင်ရန် အတင်းအကျပ်စေခိုင်းခြင်း ခံခဲ့ရသောကြောင့်သာ ဖြစ်လိမ့်မည်ဖြစ်ပြီး ဆန္ဒအလျောက် ဖြစ်လိမ့်မည်မဟုတ်ပေ။ အနည်းဆုံးအနေဖြင့် သင်သည် အဓိကပြစ်မှုကျူးလွန်သူ ဖြစ်မည်မဟုတ်ဘဲ အများဆုံးအနေဖြင့် သင်သည် ၎င်းတို့၏ ပြစ်မှုများတွင် အပေါင်းအပါတစ်ဦး ဖြစ်လိမ့်မည်။ သင်သည် ၎င်းတို့ကို လူကိုယ်တိုင် ဖော်ထုတ်ခြင်း သို့မဟုတ် ဒေါသထွက်အောင်ဆွပေးခြင်း မပြုနိုင်သော်ငြားလည်း သင်သည် ၎င်းတို့၏ နောက်လိုက်အဖြစ်ဖြစ်စေ၊ ကြံရာပါအဖြစ်ဖြစ်စေ ပြုမူမည်မဟုတ်ပေ။ ဤသည်မှာ အတိုင်းအတာတစ်ခုအထိ အန္တိခရစ်ကို ငြင်းပယ်ခြင်းပင် ဖြစ်သည်။ လူအများစုသည် ဆိုးယုတ်သောလူများနှင့် အန္တိခရစ်တို့ကို ကြောက်ရွံ့ခြင်းကြောင့် မိမိတို့ကိုယ်ကို ကာကွယ်ရန် အလျှော့ပေးလိုက်လျောမှုများ ပြုလုပ်နိုင်ရုံသာ ပြုလုပ်နိုင်ကြသည်၊ ထို့ကြောင့် သင်သည် ယာယီ၊ အရေးပေါ်ဖြေရှင်းနည်းတစ်ခုအဖြစ် ဤအရာကို လုပ်ဆောင်နိုင်ခြင်းသည် မဆိုးလှဟု ဆိုနိုင်ပေသည်။ သို့သော် ဤအဆင့်သို့ ရောက်ရှိခြင်းသည် သင်၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ခြင်းဟု မှတ်ယူနိုင်သလော။ ယင်းသည် သမ္မာတရား စည်းမျဉ်းများကို ထိန်းသိမ်းခြင်းဟု မှတ်ယူနိုင်သလော။ ယင်းသည် စာတန်ကို အောင်နိုင်ခြင်းဟု မှတ်ယူနိုင်သလော။ ဘုရားသခင်၏ အမြင်တွင်မူ မှတ်ယူ၍မရပေ။ သို့ဆိုလျှင် သင်၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်နိုင်ရန် သင်မည်သို့ လုပ်ဆောင်နိုင်မည်နည်း။ သင်တို့အားလုံးသည် လမ်းကြောင်းတစ်ခု ကင်းမဲ့နေကြပြီး မိမိတို့ကိုယ်ကို ကာကွယ်ရန် အလျှော့ပေးလိုက်လျောမှုများ ပြုလုပ်လိုက်ကြခြင်းသာ ဖြစ်၏။ “၎င်းတို့က မကောင်းမှုပြုသည်၊ သို့သော် ကျွန်ုပ်သည် ၎င်းတို့နှင့်အတူ မကောင်းမှုပြုရန် မဝံ့ရဲပါ၊ ကျွန်ုပ်သည် အပြစ်ပေးခံရမည်ကို ကြောက်ရွံ့ပါသည်။ ၎င်းတို့သည် ဆိုးယုတ်သောလူများ ဖြစ်ကြသည်၊ ၎င်းတို့သည် လူများကို ညှဉ်းပန်းနှိပ်စက်ရန် မကောင်းမှုများ ပြုကြသည်။ သို့သော် မည်သို့ပင်ဖြစ်စေ ကျွန်ုပ်ကိုယ်တိုင် မည်သူ့ကိုမျှ မညှဉ်းပန်းသရွေ့ အဆင်ပြေပါသည်။ ထိုမကောင်းမှုအတွက် ကျွန်ုပ် အပြစ်တင်ခြင်း ခံရမည်မဟုတ်ပါ” ဟူ၍ ဖြစ်သည်။ အများဆုံးအနေဖြင့် သင်တို့သည် ဤသို့လုပ်ဆောင်နိုင်လျှင် မဆိုးလှဟု ဆိုနိုင်ပေသည်၊ သင်သည် လူ့အကြိုက်လိုက်သူတစ်ဦး ဖြစ်နေပြီး အလယ်အလတ် လမ်းစဉ်ကို ပုံသေစောင့်ထိန်းနေခြင်းမျှသာ ဖြစ်ကာ သင်သည် သက်သေခံနိုင်စွမ်း မရှိပေ။ သို့ဆိုလျှင် သက်သေခံရန် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ အယူဝါဒအရဆိုလျှင် သင်သည် ဆိုးယုတ်သောလူများကို ငြင်းပယ်သင့်သည်၊ အန္တိခရစ်တို့ကို ငြင်းပယ်ပြီး ဖော်ထုတ်သင့်သည်၊ ပြီးလျှင် အန္တိခရစ်တို့အား ဘုရားအိမ်တော်၌ မကောင်းမှုများလုပ်ကာ သောင်းကျန်းခြင်းနှင့် ဘုရားအိမ်တော်သို့ ဆုံးရှုံးမှုများ ဖြစ်စေခြင်းတို့မှ တားဆီးသင့်သည်။ သို့သော် ဤအရာကို အတိအကျ မည်သို့လုပ်ဆောင်ရမည်ကို သင်သိသလော။ (အထက်သို့ တိုင်ကြားပြီး ပြောပြပါ။) ယင်းမှာ သင်တို့ ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်သည့် တာဝန်များနှင့် ဝတ္တရားများ၏ အတိုင်းအတာပင်လော။ ယင်းမှာ သင်တို့ ခိုင်မာစွာ ရပ်တည်နိုင်သည့် သက်သေခံချက်အားလုံး၊ သင်၌ရှိသော ဝိညာဉ်ရင့်ကျက်မှုအားလုံးပင်လော။ အန္တိခရစ်တစ်ဦးကို တိုင်ကြားခြင်းမှလွဲ၍ သင်တို့ အခြားမည်သည့်အရာကို လုပ်ဆောင်နိုင်သေးသနည်း။ (ကျွန်ုပ်တို့သည် ရှေးဦးစွာ အန္တိခရစ်၏ တစ်သမတ်တည်းဖြစ်သော အပြုအမူနှင့် မကောင်းမှုပြုခြင်းဆိုင်ရာ အချက်အလက်များကို အတူတကွ စုစည်းနိုင်ပြီးနောက် ဤအချက်အလက်များအရ ညီအစ်ကိုမောင်နှမများနှင့်အတူ အန္တိခရစ်ကို ပိုင်းခြားသိမြင်ခြင်းအကြောင်း မိတ်သဟာယဖွဲ့နိုင်ပါသည်။ ညီအစ်ကိုမောင်နှမများသည် အန္တိခရစ်အပေါ် ပိုင်းခြားသိမြင်နိုင်စွမ်း တိုးပွားလာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့အားလုံးသည် အန္တိခရစ်ကို ဖော်ထုတ်ရန်အတွက် ဆောင်ရွက်နိုင်ပြီး နောက်ပိုင်းတွင် ကျွန်ုပ်တို့သည် ၎င်းတို့ကို အသင်းတော်မှ နှင်ထုတ်နိုင်ပါသည်။) အဆင့်များနှင့် လုပ်ငန်းစဉ်များသည် မှန်ကန်သည်၊ သို့သော် အချို့သော အထူးအခြေအနေများအတွက်မူ အဘယ်သို့နည်း။ သင်သည် ခေါင်းဆောင်တစ်ဦး၏ ရာထူးနေရာမှ ပြောဆိုနေခြင်းဖြစ်သည်၊ သို့သော် သာမန်ယုံကြည်သူတစ်ဦးက အန္တိခရစ်တစ်ဦးနှင့် ကြုံတွေ့လျှင် မည်သို့ဖြစ်မည်နည်း။ ယင်းမှာ ကျောက်တုံးကို ကြက်ဥနှင့် ပေါက်ခြင်းနှင့် တူသည် မဟုတ်လော။ ထိုသို့သောအခြေအနေများတွင် သင်တို့ မည်သည့်အရာကို လုပ်ဆောင်မည်နည်း။ ဝင်ငွေနှင့် အသုံးစရိတ်များကို စာရင်းပြုစုခြင်းနှင့် အစီရင်ခံခြင်းတို့နှင့် သက်ဆိုင်သော ဇာတ်လမ်းတစ်ပုဒ်ကို သင့်ကို ငါပြောပြမည်။ စာရင်းများကို ထိန်းသိမ်းရန် တာဝန်ရှိသူတစ်ဦး ရှိခဲ့သည်၊ တစ်ခုမှာ အပြင်ပိုင်း အသုံးပြုရန်အတွက်ဖြစ်ပြီး တစ်ခုမှာ အတွင်းပိုင်း အသုံးပြုရန်အတွက် ဖြစ်သည်။ တစ်နေ့တွင် အတွင်းပိုင်းစာရင်း၌ ဒေါ်လာနှစ်ရာ ကွာဟချက်တစ်ခု ရှိနေခဲ့သည်။ နောက်ပိုင်းတွင် ကြီးကြပ်ရေးမှူးက စာရင်းများကို စစ်ဆေးရန် ရောက်လာပြီး ကွာဟချက်ကို မြင်သောအခါ သူက “အတွင်းပိုင်းစာရင်းကို ဆုတ်ဖြဲလိုက်ပါ။ အပြင်ပိုင်းစာရင်းတစ်ခုတည်းကိုသာ ထားလိုက်၊ သို့ဆိုလျှင် မည်သူ့တွင်မျှ သက်သေရှိမည် မဟုတ်ပါ” ဟု ဆိုသည်။ ထိုနေရာရှိ လူပုဂ္ဂိုလ်များထဲမှ တစ်ဦးက သဘောမတူဘဲ “ဤသည်မှာ ပူဇော်သက္ကာ ဖြစ်သည်။ ငွေမည်မျှပင်ဖြစ်စေ၊ ဤသည်မှာ ဘုရားသခင်၏ ငွေဖြစ်သည်၊ သင်ဤသို့ လုပ်၍မရနိုင်ပါ” ဟု ဆိုသည်။ ကြီးကြပ်ရေးမှူးက မည်သည့်အရာမျှ မပြောဆိုဘဲ အခြားလူတစ်ဦးကမူ “ဒေါ်လာနှစ်ရာသည် အဘယ်မှာ အရေးပါသနည်း။ အန္တိခရစ်တို့ အလွဲသုံးစားလုပ်သည့်အခါ တစ်ခါတည်းကို သောင်းချီနေခြင်း ဖြစ်သည်” ဟု မှတ်ချက်ပေးခဲ့သည်။ ဤသို့ဖြင့် ထိုလူတို့သည် ထိုကိစ္စကို ထိုနည်းအတိုင်း ဖြေရှင်းခဲ့ကြသည်။ သို့သော် နောက်ပိုင်းတွင် လူတစ်ဦးက ဤချဉ်းကပ်ပုံသည် မှားယွင်းသည်ဟု ခံစားရပြီး ဆုံးဖြတ်ချက်ချသည့်အဖွဲ့ထံ အထက်သို့ တိုင်ကြားခဲ့သည်။ ထိုအဖွဲ့က ဒေါ်လာနှစ်ရာသည် များပြားသော ပမာဏမဟုတ်ကြောင်းနှင့် ၎င်းတို့သည် ယင်းကို ကိုင်တွယ်ရန် အလွန်အလုပ်များနေကြောင်း ပြောဆိုခဲ့သည်။ အသင်းတော်ခေါင်းဆောင်များထံ တိုင်ကြားသည့်အခါတွင်လည်း ၎င်းတို့သည်လည်း ယင်းကို မဖြေရှင်းခဲ့ကြဘဲ အားလုံးက ထိုကိစ္စကို လျစ်လျူရှုခဲ့ကြသည်။ ထိုကိစ္စကို တိုင်ကြားခဲ့သူသည် “ဤသူတို့အားလုံး အဘယ်၍များ ဤသို့ဖြစ်နေကြသနည်း။ ဘုရားသခင်၏ ပူဇော်သက္ကာများအပေါ်တွင် ၎င်းတို့သည် မည်သို့ဖြစ်၍များ အလွန် တာဝန်မဲ့နိုင်ကြသနည်း။ သူတို့က အလွန် ဗြောင်ကျကျ လိမ်လည်လှည့်ဖြားဖို့ပင် ဝံ့ရဲကြသည်” ဟု ဆိုကာ စိတ်မချမ်းမသာ ဖြစ်ခဲ့သည်။ သူသည် ဤကိစ္စအတွက် စိတ်မချမ်းမသာ ဖြစ်ခဲ့သည်။ တစ်နေ့တွင် ငါသည် ထိုလူတို့ထံ အလည်အပတ်သွားသောအခါ ထိုသူသည် ဤကိစ္စကို ငါ့အား တိုင်ကြားခဲ့ပြီး စာရင်းကိုင်လုပ်သူသည် ပေါ့ဆကြောင်း၊ ၎င်းတို့သည် စာရင်းကို ကမောက်ကမဖြစ်အောင် လုပ်ခဲ့ကြောင်း၊ အဆုံး၌ ကွာဟချက်တစ်ခု ရှိခဲ့ကြောင်း ပြောဆိုခဲ့သည်။ ဤကိစ္စသည် အလွန်ကြီးမားခြင်း မရှိသော်လည်း ပါဝင်ပတ်သက်သူတစ်ဦးချင်းစီ၏ သဘောထားများမှာ မတူညီခဲ့ပေ။ ဤကြီးကြပ်ရေးမှူးများနှင့် ခေါင်းဆောင်များဟု ခေါ်သူတို့သည် ထိုကိစ္စကို မဖြေရှင်းခဲ့ကြပေ။ ၎င်းတို့သည် စာရင်းကိုင်လုပ်သူကို ထွက်သွားခိုင်းခြင်း မရှိသည်သာမက ထိုသူကို ကာကွယ်ရန် ဆင်ခြေတစ်ခုကိုပင် ရှာခဲ့ကြသည်။ ကိစ္စကို တိုင်ကြားခဲ့သူသည် ဆက်လက်တိုင်ကြားခဲ့သော်လည်း လူများစွာ၏ ကြဉ်ခြင်းကို ခံခဲ့ရသည်။ ငါ့ကို ပြောလော့၊ ဤသူသည် ထိုကိစ္စကို တိုင်ကြားသည့်အခါ မည်သို့သော စိတ်နေစိတ်ထားမျိုး ရှိခဲ့သနည်း။ အကယ်၍ ၎င်းတို့တွင် “ဒေါ်လာနှစ်ရာသည် အဘယ်မှာ အရေးပါသနည်း။ အန္တိခရစ်တို့ အလွဲသုံးစားလုပ်သည့်အခါ တစ်ခါတည်းကို သောင်းချီနေခြင်း ဖြစ်သည်” ဟု ဆိုခဲ့သော အခြားသူတစ်ဦးကဲ့သို့ တစ်ပုံစံတည်းသော သဘောထားမျိုး ရှိခဲ့မည်ဆိုလျှင် ၎င်းသည် ထိုကိစ္စကို တိုင်ကြားနေဦးမည်လော။ တိုင်ကြားမည် မဟုတ်ပေ။ အကယ်၍ ၎င်းက “ဤသည်မှာ ကျွန်ုပ်၏ပိုက်ဆံမဟုတ်ပေ၊ အလွဲသုံးစားလုပ်လိုသူ မည်သူမဆို လုပ်ပါစေ၊ ၎င်းတို့၌ တာဝန်ရှိပေလိမ့်မည်။ ကျွန်ုပ်သည် မည်သည့်အရာကိုမျှ အလွဲသုံးစား မလုပ်ခဲ့သည့်အတွက် ဤတာဝန်ကို ယူရန်မလိုပေ”၊ သို့မဟုတ် “ကျွန်ုပ်သည် ဆုံးဖြတ်ချက်ချသည့်အဖွဲ့နှင့် အသင်းတော်ခေါင်းဆောင်များကို တိုင်ကြားပြီးပြီဖြစ်ကာ ၎င်းတို့အားလုံးက ကျွန်ုပ်ကို လျစ်လျူရှုသည်၊ ထို့ကြောင့် ကျွန်ုပ်၏အပိုင်းကို ကျွန်ုပ်လုပ်ပြီးပြီ၊ နောက်ထပ် ဒုက္ခခံရန်မလိုပေ” ဟု ဆိုခဲ့မည်ဆိုလျှင်၊ သူ့ထံတွင် ဤသဘောထားရှိခဲ့လျှင် ၎င်းသည် တိုင်ကြားခြင်းကို မဆုတ်မနစ် ဆက်လက် လုပ်ဆောင်နိုင်ဦးမည်လော။ သေချာပေါက် မလုပ်ဆောင်နိုင်ပေ၊ လူအများစုသည် အများဆုံးအနေဖြင့် ဆုံးဖြတ်ချက်ချသည့်အဖွဲ့ထံ တိုင်ကြားပြီးနောက်တွင် ရပ်တန့်သွားကြလိမ့်မည်။ သို့သော် ဤသူသည် ဆုံးဖြတ်ချက်ချသည့်အဖွဲ့ထံ သူ၏တိုင်ကြားချက်ကို တင်ပြသည့်အချိန်၌ပင် နောဧနှင့် အာဗြဟံတို့၏ ဇာတ်လမ်းများအကြောင်း ငါ၏မိတ်သဟာယကို ကြားခဲ့ရသည်။ နားထောင်ပြီးနောက် သူသည် စိတ်ထိခိုက်သွားပြီး “ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားပြီးနောက် နောဧသည် နောက်မဆုတ်ဘဲ ယင်တို့ကို နှစ်ပေါင်းများစွာ စွဲကိုင်ခဲ့သည်။ သို့တိုင်အောင် ကျွန်ုပ်မူကား ဤသေးငယ်သောအခက်အခဲကို ကြုံတွေ့ရုံမျှဖြင့် မရမနေလုပ်ဆောင်ခြင်း မပြုနိုင်ပေ။ ဤသည်မှာ လူတစ်ယောက်လုပ်သင့်သည့်အရာ မဟုတ်ပေ” ဟု တွေးတောခဲ့သည်။ ထို့ကြောင့် သူသည် အဆုံး၌ အထက်သို့ ရောက်သည်အထိ ဇွဲဖြင့် တိုင်ကြားခဲ့ပြီး အထက်က ထိုကိစ္စကို ဖြေရှင်းပေးခဲ့သည်။ သင်အလယ်၌ ထိုသို့သောလူများစွာ ရှိသည်ဟု သင်တို့ထင်သလော။ သင်တို့သည် ထိုသို့သောအခြေအနေမျိုးနှင့် ကြုံတွေ့ခဲ့လျှင် သင်တို့ထဲမှ မည်မျှသည် ဤသူကဲ့သို့ ဇွဲရှိမည်နည်း။ သင်တို့သည်လည်း ဒေါ်လာနှစ်ရာသည် များပြားခြင်းမရှိ၊ ကြီးမားသောကိစ္စမဟုတ်ဟု ယုံကြည်ပြီး ထို့ကြောင့် စည်းမျဉ်းများကို အလွန်ပင် ခိုင်မာစွာ စွဲကိုင်ရန် သို့မဟုတ် အလွန် အလေးအနက်ထားရန် မလိုအပ်ကြောင်းနှင့် ကွာဟချက်ကြီးမားလာသည့်အချိန်အထိ စောင့်ပြီးမှ တိုင်ကြားနိုင်သည်ဟု တွေးထင်ကြမည်လော။ သင်တို့က “မည်သို့ပင်ဖြစ်စေ ကျွန်ုပ်၏တာဝန်ကို ကောင်းမွန်စွာ ကျွန်ုပ်ဖြည့်ဆည်းပြီးပြီဖြစ်သည်။ ဖြေရှင်းလိုက်သည်ဖြစ်စေ၊ မဖြေရှင်းလိုက်သည်ဖြစ်စေ ဤသည်မှာ ခေါင်းဆောင်တို့၏ကိစ္စပင်ဖြစ်သည်။ ကျွန်ုပ်သည် သာမန်ယုံကြည်သူတစ်ဦးသာ၊ ကျွန်ုပ်၌ ဤမျှလောက်သာ အစွမ်းအစရှိသည်၊ ဤမျှလောက်သာ လုပ်ဆောင်နိုင်၏။ ကျွန်ုပ်တိုင်ကြားပြီးပြီ၊ ကျွန်ုပ်၏ဝတ္တရားကို ကျွန်ုပ်ဖြည့်ဆည်းပြီးပြီ၊ ကျန်သောအရာသည် ကျွန်ုပ်နှင့်မဆိုင်တော့ပေ” ဟု တွေးထင်ကြမည်လော။ ဤသည်မှာ သင်တို့ တွေးထင်ကြမည့်ပုံစံဖြစ်သည် မဟုတ်လော။ ပြီးလျှင် တစ်စုံတစ်ယောက်က သင့်ကို ဖိနှိပ်ခဲ့လျှင် သင်သည် တိုင်ကြားဖို့ မဝံ့ရဲတော့မည် မဟုတ်လော။ ဤသူသည် ကိစ္စကို တိုင်ကြားသည့် ဖြစ်စဉ်အတွင်း ဖိနှိပ်မှုကို ရင်ဆိုင်ခဲ့ရပြီး အချို့လူများက လက်ညှိုးထိုးပြီး ၎င်းတို့ကို ပြစ်တင်ရှုတ်ချလျက် ၎င်းတို့ကို အမြဲတစေ ညှဉ်းပန်းရန် ကြည့်နေခဲ့ကြသည်။ ဤလူတို့သည် မည်မျှ မလိုမုန်းထားတတ်လိုက်ကြမည်နည်း။ ဤလူအနည်းငယ်ကို ငါအမှတ်ရနေသည်၊ အဘယ်ကြောင့် ငါအမှတ်ရနေသနည်း။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အစာကို စားသုံးပြီး ဘုရားသခင်ကျွေးမွေးသော သမ္မာတရားအားလုံးကို မွေ့လျော်ခံစားခဲ့ကြသည့်တိုင် ဘုရားသခင်၏ ပူဇော်သက္ကာများအပေါ် ထိုသို့သော သဘောထားမျိုး ရှိခဲ့ကြသည်။ ၎င်းတို့ကို ဘုရားအိမ်တော်၏ လူများအဖြစ် မှတ်ယူနိုင်သလော။ ၎င်းတို့သည် မထိုက်တန်ပေ။ ၎င်းတို့သည် ဤကိုယ်ကျင့်စရိုက် မရှိသည့်အတွက် ၎င်းတို့၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ရန် တောင်းဆိုခြင်း မခံခဲ့ရပေ။ သို့သော် ၎င်းတို့လုပ်ဆောင်သင့်သည့်အရာကိုပင် မလုပ်ဆောင်နိုင်ခဲ့သည့်အတွက် ၎င်းတို့သည် ဘုရားအိမ်တော်၌ နေထိုင်ရန် ထိုက်တန်သေးသလော။ ထိုသို့သောလူများကို အမှတ်ရသင့်သလော။ သင်တို့သည် ထိုသို့သောလူများကို နှစ်သက်ကြသလော။ (မနှစ်သက်ပါ။) သို့ဆိုလျှင် သင်တို့သည် မည်သို့သောလူစားမျိုးကို နှစ်သက်ကြသနည်း။ (စည်းမျဉ်းများကို စောင့်ထိန်းလိုက်နာသူများ၊ အဆုံးတိုင်အောင် ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ကာကွယ်ရန် ဇွဲရှိသူများကို နှစ်သက်ပါသည်။) ငါသည် ရှိန်လောက်သောသူကို မြင်လျှင် ကြောက်ရွံ့သော်လည်း ဟန်ဆောင်မှုကင်းသော လူများရှေ့တွင်မူ ခေါင်းမော့ရင်ကော့တတ်သည့် ထိုအသုံးမကျသူတို့ကို စက်ဆုပ်ရွံရှာသည်။ ငါသည် ကျွေးသောလက်ကို ပြန်ကိုက်သူများ၊ သမ္မာတရားကို စိတ်ဝင်စားမှုမရှိသူများ၊ အထူးသဖြင့် နှစ်ပေါင်းများစွာ တရားဒေသနာများကို နားထောင်ခဲ့သော်လည်း သမ္မာတရားကို လုံးဝနားမလည်၊ စိုးစဉ်းမျှပင် မပြောင်းလဲဘဲ စိတ်နှလုံးထဲ၌ ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး သတိထားရှောင်နေဆဲဖြစ်သူများကိုလည်း စက်ဆုပ်ရွံရှာသည်။ အကယ်၍ ထိုသို့သောလူများ သိသာထင်ရှားစွာ မကောင်းမှုပြုသည့် ကိစ္စများမရှိလျှင် ၎င်းတို့ကို အန္တိခရစ်များအဖြစ် စရိုက်လက္ခဏာ သရုပ်ဖော်ခြင်း မပြုနိုင်သော်လည်း ကျွန်ုပ်သည် ၎င်းတို့ကို စက်ဆုပ်ရွံရှာသည်။ မည်မျှ စက်ဆုပ်ရွံရှာသနည်း။ အန္တိခရစ်တို့နှင့် ထပ်တူထပ်မျှပင် ဖြစ်သည်။ အဘယ်ကြောင့်နည်း။ အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကုန်ပစ္စည်းတစ်ခုအဖြစ် သဘောထားပြုမူကာ ရောင်းချခြင်း၊ ကုန်သွယ်ခြင်း၊ ဖလှယ်ခြင်းတို့ပြုလုပ်ပြီး ယင်းမှ အကျိုးအမြတ်များ ရယူကြသည်။ ဤလူအမျိုးအစားသည် ဘုရားနှုတ်ကပတ်တော်များမှ အကျိုးအမြတ် မရနိုင်သော်လည်း ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ သဘောထားပြုမူသည့် သဘောထားမှနေ၍ ၎င်းတို့သည် အန္တိခရစ်တို့ကဲ့သို့ပင်ဖြစ်ကြောင်း၊ ၎င်းတို့သည် ဘုရားသခင်၏ လမ်းခရီးကို မလိုက်လျှောက်ကြောင်း၊ သို့မဟုတ် ဘုရားသခင်၏ ပူဇော်သက္ကာများအပေါ် ၎င်းတို့ထားရှိသင့်သည့် ရိုးရှင်းပြီး အခြေခံအကျဆုံးသော သဘောထားကိုပင် မပိုင်ဆိုင်ကြောင်းနှင့် ၎င်းတို့သည် ကျွေးသောလက်ကို ပြန်ကိုက်ကြောင်း ကျွန်ုပ်တို့ တွက်ချက်ခန့်မှန်းနိုင်သည်။ ၎င်းတို့သည် မည်သို့သောအရာများ ဖြစ်ကြသနည်း။ ၎င်းတို့သည် သခင်နှင့် မိမိတို့၏မိတ်ဆွေများကို သစ္စာဖောက်သော ယုဒများ ဖြစ်ကြသည်။ ဤဇာတ်လမ်းကို ကြားပြီးနောက် သင်တို့၏ အတွေးအခေါ်များမှာ အဘယ်နည်း။ သင်တို့သည် ထိုသို့သောအခြေအနေများတွင် စည်းမျဉ်းများကို စောင့်ထိန်းလိုက်နာပြီး သင်၏ ရပ်တည်ချက်ကို ခိုင်မာစွာ ဖက်တွယ်နိုင်ကြသလော။ သင်သည် အသုံးမကျသူတစ်ဦးဖြစ်ပြီး အမြဲတစေ တွန့်ဆုတ်နေလျှင်၊ အန္တိခရစ်တို့၏ အင်အားကို အမြဲကြောက်ရွံ့နေလျှင်၊ ၎င်းတို့၏ ညှဉ်းပန်းခြင်း ခံရမည်ကို ကြောက်ရွံ့နေလျှင်၊ ၎င်းတို့၏ အင်အားက သင့်ကို ဒုက္ခပေးမည်ကို ကြောက်ရွံ့နေလျှင်၊ ပြီးလျှင် သင်၏ စိတ်နှလုံးထဲ၌ အမြဲကြောက်ရွံ့နေပြီး ဤအရာကို တုံ့ပြန်ရန် ဉာဏ်ပညာ ကင်းမဲ့နေလျှင်၊ အန္တိခရစ်တို့ကို အမြဲတစေ အလျှော့ပေးလိုက်လျောနေလျှင်၊ ၎င်းတို့ကို တိုင်ကြားရန် သို့မဟုတ် ဖော်ထုတ်ရန် မဝံ့ရဲလျှင်၊ သို့မဟုတ် ၎င်းတို့ကို ငြင်းပယ်ရန် သင်နှင့်အတူ ပေါင်းစည်းမည့် အခြားသူများကို မရှာဖွေဝံ့လျှင် သင်သည် ဘုရားသခင်အတွက် သင်၏သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်နိုင်သူတစ်ဦး မဟုတ်ပေ၊ သင်သည် အသုံးမကျသူတစ်ဦး၊ ကျွေးသောလက်ကို ပြန်ကိုက်သည့်အရာတစ်ခု ဖြစ်သည်။ အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကုန်ပစ္စည်းများအဖြစ် သဘောထားပြုမူကာ ၎င်းတို့ကို အသုံးပြု၍ မိမိတို့အတွက် မတရားသော အမြတ်အစွန်းများကို မတော်တရော် ရယူရန်၊ သင့်ကို ခြိမ်းခြောက်ရန်နှင့် သင်၏ အာဟာရဖြည့်တင်းပေးခြင်းကို ဖြတ်တောက်ရန် ပြုလုပ်သည့်အခါ ထိုသို့သောအခြေအနေများတွင် သင်သည် ၎င်းတို့ကို ငြင်းပယ်နိုင်ခြင်းမရှိသေးလျှင် သင်သည် အောင်နိုင်သူတစ်ဦး ဟုတ်သလော။ သင်သည် ခရစ်တော်၏ နောက်လိုက်တစ်ဦးဖြစ်ရန် ထိုက်တန်သလော။ ဘုရားသခင်က သင်အား အခမဲ့ပေးသနားသော နှုတ်ကပတ်တော်များနှင့် ဝိညာဉ်ရေးရာ အာဟာရဖြည့်တင်းပေးခြင်းကို ရယူရန် စွမ်းရည်ပင် သင်၌ ကင်းမဲ့နေလျှင်၊ ဤအရာများကို စားသောက်ခြင်း သို့မဟုတ် ခံစားခြင်းပင် မပြုနိုင်လျှင် ယင်းက သင့်ကို မည်မျှ တန်ဖိုးမရှိဖြစ်စေသနည်း။
အထက်တွင် ငါ ယခုလေးတင် မိတ်သဟာယဖွဲ့ခဲ့သည့် အချက်အလက်များသည် အန္တိခရစ်တို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကုန်ပစ္စည်းများအဖြစ် သဘောထားပြုမူခြင်း၏ သရုပ်သကန်အချို့ပင် ဖြစ်သည်။ အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မစားမသောက်ကြဘဲ သမ္မာတရားကိုလည်း လက်မခံကြပေ၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို အမွှမ်းတင်ရန်အလို့ငှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သဘောလောက်သာဖတ်ပြီး တစ်ချက်ကြည့်ရုံမျှသာဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ ပိုင်ဆိုင်မှုများနှင့် ကိုယ်ပိုင်ပစ္စည်းအဖြစ် သဘောထားပြုမူကြသည်၊ သို့ဖြစ်၍ ၎င်းတို့လိုအင်ဆန္ဒရှိသော ငွေနှင့် အကျိုးအမြတ်များကို ရရှိရန် အရောင်းအဝယ်များ ပြုလုပ်နိုင်မည်ဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရန်၊ စားသောက်ရန် ဘုရားသခင်ရွေးချယ်ထားသော လူတို့၏ လွတ်လပ်ခွင့်ကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။ ထိုသို့သော အန္တိခရစ်တို့သည် ဆိုးယုတ်သောလူများ၊ နတ်ဆိုးများ၊ မယုံကြည်သူများ ဖြစ်ကြသည်၊ ၎င်းတို့သည် ဘာသာတရားမရှိသူတို့၏ အမျိုးအနွယ်ပင်တည်း။ ဘုရားအိမ်တော်၌ ပေါ်လာသူ မည်သူမဆို နှင်ထုတ်ခြင်းခံသင့်သည်၊ ထာဝရ နှင်ထုတ်ခြင်းခံရသင့်လေ၏။ သင်တို့သည် ထိုသို့သောလူများနှင့် ကြုံတွေ့သည့်အခါ ၎င်းတို့ကို ငြင်းပယ်ဝံ့သလော။ သင်တို့သည် ပေါင်းစည်းပြီး ၎င်းတို့ကို ဖော်ထုတ်ဝံ့သလော။ ၎င်းတို့ကို ဖော်ထုတ်သင့်သည်၊ ၎င်းတို့ကို ငြင်းပယ်သင့်သည်။ ဘုရားအိမ်တော်သည် သမ္မာတရားက အုပ်စိုးသည်။ သင်သည် ထိုသို့သော ဝိညာဉ်ရင့်ကျက်မှုကို မပိုင်ဆိုင်လျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားသည် သင်၏အတွင်း၌ အသက်မဖြစ်သေးကြောင်း သက်သေပြနေသည်။ သင်သည် ကြောက်တတ်လျှင်၊ စာတန်များကို ကြောက်ရွံ့လျှင်၊ ဆိုးယုတ်သောလူများကို ကြောက်ရွံ့လျှင်၊ အန္တိခရစ်တို့ကို တိုက်ခိုက်မည့်အစား သင့်ကိုယ်သင် ကာကွယ်ရန် အလျှော့ပေးလိုက်လျောရခြင်းကို ပိုနှစ်သက်လျှင်၊ ယင်းက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မစားမသောက်ခြင်း သို့မဟုတ် မရရှိခြင်းကို ဆိုလိုလျှင်ပင် သင်သည် ငတ်သေထိုက်သည်၊ သင်သေသွားလျှင်ပင် မည်သူကမျှ သနားမည်မဟုတ်ပေ။ သင်တို့သည် ထိုသို့သောအခြေအနေများနှင့် ကြုံတွေ့လျှင် မည်သို့ရွေးချယ်ပြီး လက်တွေ့လုပ်ဆောင်သင့်သနည်း။ သင်တို့သည် ၎င်းတို့ကို ချက်ချင်း ဖော်ထုတ်သင့်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကုန်ပစ္စည်းများမဟုတ်ပေ၊ ယင်းတို့သည် ဘုရားသခင်ရွေးချယ်ထားသော လူအားလုံးအတွက် ထောက်ပံ့ပေးခြင်းဖြစ်သည်၊ ယင်းတို့သည် မည်သည့်လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ ကိုယ်ပိုင်ပစ္စည်းမျှ မဟုတ်ပေ။ မည်သူမျှ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိမိတို့အတွက် ထိမ်ချန်ထားပိုင်ခွင့် သို့မဟုတ် ပိုင်ဆိုင်ခွင့် မရှိပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဘုရားသခင်နောက်လိုက်သည့် ရွေးချယ်ထားသော လူအားလုံးထံ အခမဲ့နှင့် အဖိုးအခမယူဘဲ ဖြန့်ဝေသင့်သည်။ ယင်းတို့ကို ထိမ်ချန်ထားသူ၊ ယင်းတို့ထံမှ မတရားသော အမြတ်အစွန်းများကို မတော်တရော် ရယူရန် ကြိုးပမ်းသူ၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ပတ်သက်၍ ကိုယ်ပိုင်အစီအစဉ်များ ရှိသူတိုင်းသည် ကျိန်ခြင်းခံရထိုက်သည်။ ၎င်းတို့သည် ဘုရားသခင်ရွေးချယ်ထားသော လူတို့က ထ၍ ဖော်ထုတ်ပြီး ငြင်းပယ်သင့်သည့် လူပုဂ္ဂိုလ်များဖြစ်ကြကာ ဖယ်ထုတ်ပစ်ခြင်းနှင့် ဖြတ်တောက်ဖယ်ရှားခြင်း ခံရသင့်သည့်သူများ ဖြစ်ကြသည်။
ယနေ့ ငါ မိတ်သဟာယဖွဲ့ခဲ့သည့် အချက်နှစ်ချက်သည် အန္တိခရစ်တို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့မထီမဲ့မြင်ပြုကြောင်းကို လုံလောက်စွာ သရုပ်ဖော်ပြနိုင်သလော။ (ပြနိုင်ပါသည်။) အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် မည်သည့်အခါမျှ သဘောထားပြုမူခြင်း မရှိကြသကဲ့သို့ ယင်းတို့ကို ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များကဲ့သို့ မြတ်နိုးခြင်း၊ တန်ဖိုးထားခြင်း၊ သို့မဟုတ် သဘောထားပြုမူခြင်းလည်း မရှိကြပေ။ ထိုအစား ၎င်းတို့သည် ၎င်းတို့၏ ပြောမထွက်နိုင်အောင် စက်ဆုပ်ဖွယ်ကောင်းပြီး ညစ်ညမ်းသော ရည်ရွယ်ချက်များကို အချိန်တိုင်း ထုတ်ဖော်ပြသကြသည်။ ၎င်းတို့သည် ၎င်းတို့၏ ပြောမထွက်နိုင်သော ပန်းတိုင်များကို ဖြစ်မြောက်အောင်မြင်ရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသုံးပြုလိုကြခြင်းသာဖြစ်ပြီး ရုပ်ဝတ္တုပိုင်းဆိုင်ရာဖြစ်စေ၊ ရုပ်ပိုင်းဝတ္တုဆိုင်ရာ မဟုတ်သည့်အရာများဖြစ်စေ ၎င်းတို့သည် မိမိတို့အတွက် မတရားသော အကျိုးအမြတ်ကို မတော်တရော် ရယူရန်၊ ငွေနှင့် ရုပ်ဝတ္ထုပစ္စည်းများကို ရရှိရန်၊ သို့မဟုတ် လူတို့ကို ၎င်းတို့အား မျက်နှာလိုမျက်နှာရလုပ်စေခြင်း၊ အထင်ကြီးစေခြင်း၊ ကိုးကွယ်စရာကဲ့သို့ ကိုးကွယ်စေခြင်းနှင့် နောက်လိုက်စေခြင်းဟူသော ၎င်းတို့၏ပန်းတိုင်ကို ဖြစ်မြောက်အောင်မြင်ရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသုံးပြုလိုကြသည်။ ဤအရာများသည် ဘုရားသခင်အတွက် စက်ဆုပ်ရွံရှာဖွယ်ဖြစ်ပြီး လူတို့က ငြင်းပယ်သင့်သည်။ တစ်ဦးတလေက ထိုသို့သော လူပုဂ္ဂိုလ်များ သို့မဟုတ် ထိုသို့သောအရာများ ဖြစ်ပျက်နေသည်ကို တွေ့ရှိသည့်အခါတိုင်း ၎င်းတို့သည် ထိုသို့သော လူပုဂ္ဂိုလ်များအား ဘုရားသခင်ရွေးချယ်ထားသော လူတို့အလယ်၌ ခိုင်မာစွာ ရပ်တည်ခြင်းမှ တားဆီးလျက် ၎င်းတို့ကို ထ၍ ဖော်ထုတ်ပြီး ငြင်းပယ်သင့်သည်။ အချို့က ၎င်းတို့သည် ဤအရာများကို ကြုံတွေ့လျှင် အထက်သို့ တိုင်ကြားမည်ဟု ဆိုကြသော်လည်း ယင်းမှာ ဘာသိဘာသာ ဖြစ်လွန်းပြီး နှောင့်နှေးလွန်းသည်။ သင်သည် ဤအရာများကို အထက်သို့ တိုင်ကြားရုံမျှသာဆိုလျှင် သင်သည် အလွန်အသုံးမကျပေ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာကို စားသောက်ခဲ့ပြီး တရားဒေသနာများစွာကို ကြားခဲ့သည့်တိုင် တိုင်ကြားရန်သာ သိသည်၊ ဤသည်မှာ သင်၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန်သေးငယ်လွန်းကြောင်း ဆိုလိုသည်။ သင်၌ အန္တိခရစ်တို့ကို ကိုင်တွယ်ရန် အခြားနည်းလမ်းများ ရှိလောက်သည် မဟုတ်လော။ အထက်သို့ တိုင်ကြားခြင်းသည် နောက်ဆုံးအားကိုးရာဖြစ်ပြီး လုံးဝလိုအပ်သည့်အခါမှသာ လုပ်ဆောင်ရသော အဆင့်တစ်ခုဖြစ်သည်။ သင်သည် အင်အားမမျှ၊ အစွမ်းအစမယှဉ်နိုင်ဘဲ ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့နေလျှင်၊ တစ်စုံတစ်ဦးသည် အန္တိခရစ်ဟုတ်မဟုတ် မသေချာလျှင် သင်သည် ၎င်းတို့၏ အမျိုးမျိုးသော သရုပ်သကန်များနှင့် လုပ်ရပ်များကို ဖော်ထုတ်ရန် မဝံ့ရဲဘဲ ဖြစ်ကောင်းဖြစ်နေနိုင်သည်။ သို့သော် သင်သည် ၎င်းတို့မှာ အန္တိခရစ်ဖြစ်ကြောင်း သေချာပြီးဖြစ်လျက်နှင့် ၎င်းတို့ကို တိုက်ခိုက်ရန်၊ ငြင်းပယ်ရန်နှင့် အနိုင်ယူရန် ထ၍မတိုက်ဝံ့သေးလျှင် သင်သည် အလွန်အသုံးမကျသည် မဟုတ်လော။ သင်နားလည်သော သမ္မာတရားအနည်းငယ်သည် အသုံးချခြင်းမခံရပေ။ သင်နားလည်ပြီး ကြားသိရသောအရာသည် သမ္မာတရားဖြစ်ကြောင်း သင်သေချာပါသလော။ အကယ်၍ သေချာပါက အဘယ်ကြောင့် သင်သည် အန္တိခရစ်တို့ကို မျက်နှာတင်းတင်းဖြင့် ဖြောင့်မတ်စွာ ထ၍ မတိုက်ခိုက်ဝံ့ရသနည်း။ အန္တိခရစ်တို့သည် အုပ်စိုးသူ အာဏာပိုင်များ မဟုတ်သည့်အတွက် သင်သည် ၎င်းတို့ကို အဘယ်အရာအတွက် ကြောက်ရွံ့နေရသနည်း။ သင်သည် ၎င်းတို့ကို မဆင်မခြင် ဖော်ထုတ်လိုက်လျှင် ၎င်းတို့က သင့်ကို အာဏာပိုင်များလက်သို့ အပ်နှံနိုင်သည့် အခြေအနေမျိုးမှလွဲ၍ ထိုသို့သောအခြေအနေများအောက်တွင် သင်သည် သတိထားသင့်သည်၊ ၎င်းတို့ကို ဒေါသထွက်အောင် မဆွပေးဘဲ အန္တိခရစ်တို့ကို တိတ်တဆိတ် ဝေဖန်သုံးသပ်ပြီး အသရေဖျက်ရန်၊ ၎င်းတို့ကို တဖြည်းဖြည်း ဖယ်ရှားရှင်းလင်းရန် ဉာဏ်ပညာရှိသော နည်းလမ်းများကို အသုံးပြုသင့်သည်။ ၎င်းတို့ကို တိတ်တဆိတ် ဖယ်ရှားရှင်းလင်းခြင်းသည် ပို၍ အထင်ကြီးလောက်စရာ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ကောင်းပြီ၊ ယနေ့အတွက် မိတ်သဟာယကို ဤမျှဖြင့် အဆုံးသတ်မည်။ နှုတ်ဆက်ပါသည်။
၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်