အချက် ၁၀- ၎င်းတို့သည် သမ္မာတရားကို စက်ဆုပ်ရွံရှာသည်၊ စည်းမျဉ်းများကို မျက်နှာပြောင်တိုက်၍ မထီမဲ့မြင်ပြုပြီး ဘုရားအိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြသည် (အပိုင်း ၆)

၃။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စက်ဆုပ်ရွံရှာခြင်း

ယနေ့တွင် ငါတို့သည် အန္တိခရစ်တို့၏ အမျိုးမျိုးသော သရုပ်သကန်များ၏ ဒသမအချက်ဖြစ်သည့် “၎င်းတို့သည် သမ္မာတရားကို စက်ဆုပ်ရွံရှာသည်၊ စည်းမျဉ်းများကို မျက်နှာပြောင်တိုက်၍ မထီမဲ့မြင်ပြုပြီး ဘုရားအိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြသည်” ဟူသည်ကို ဆက်လက် မိတ်သဟာယဖွဲ့ပြီး ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စက်ဆုပ်ရွံရှာသည် ဟူသည့် တတိယအပိုင်းကို အာရုံစိုက်မည်။ ပြီးခဲ့သည့် စုဝေးပွဲတွင် ဤအပိုင်း၏ ကဏ္ဍနှစ်ခုကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ထိုနှစ်ခုမှာ အဘယ်နည်း။ (ပထမတစ်ခုမှာ အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ထင်သလို ကလိမ်ကကျစ်ပြုပြီး အနက်ဖွင့်ဆိုကြခြင်း ဖြစ်ပါသည်။ အခြားတစ်ခုမှာ အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ၎င်းတို့၏ အယူအဆများနှင့် မကိုက်ညီသောအခါတွင် ငြင်းဆိုကြခြင်း ဖြစ်ပါသည်။) ကဏ္ဍနှစ်ခုလုံးသည် အန္တိခရစ်တို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စက်ဆုပ်ရွံရှာခြင်းနှင့် သက်ဆိုင်သည်။ အန္တိခရစ်တို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စက်ဆုပ်ရွံရှာခြင်းသည် နည်းလမ်းများစွာတွင် သိသာထင်ရှား၏။ ယင်းမှာ ၎င်းတို့၏ အနှစ်သာရ၊ ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားနှင့် ဘုရားသခင်နှင့်သက်ဆိုင်သော ကဏ္ဍအားလုံးကို ၎င်းတို့ သဘောထားပုံတို့နှင့် ဆက်စပ်နေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကျယ်ပြန့်သော အကြောင်းအရာမျိုးစုံကို လွှမ်းခြုံထားသောကြောင့် အန္တိခရစ်တို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စက်ဆုပ်ရွံရှာခြင်းသည် သူ၏နှုတ်ကပတ်တော်များအပေါ် ၎င်းတို့ထားရှိသည့် သာမန်သဘောထားတစ်ခု မဟုတ်ပေ။ သူ၏နှုတ်ကပတ်တော်များကို ၎င်းတို့ စက်ဆုပ်ရွံရှာရသည့် အကြောင်းရင်းများသည် များပြားလှကာ တစ်ခုတည်း မဟုတ်ပေ။ ပြီးခဲ့သည့် စုဝေးပွဲတွင် အန္တိခရစ်တို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ စက်ဆုပ်ရွံရှာကြသည်နှင့်ပတ်သက်၍ တိကျသော သရုပ်သကန်နှစ်ခုကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ယနေ့တွင် ငါတို့သည် နောက်ထပ် သရုပ်သကန်တစ်ခုကို မိတ်သဟာယပြုကြမည်။

ဂ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြည့်စုံလာခြင်း ရှိမရှိကို အန္တိခရစ်များက စပ်စုကြ၏

အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စက်ဆုပ်ရွံရှာကြသည်။ ဘုရားသခင် ပြောဆိုသည့်အရာ၊ ဘုရားသခင် ပြောဆိုခဲ့သော အကြောင်းအရာအားလုံးနှင့်ပတ်သက်၍ ၎င်းတို့၌ စစ်မှန်သော ယုံကြည်လက်ခံခြင်း ရှိသလော။ (မရှိပါ။) ဤအရာအတွက် အမှန်တကယ်ဖြစ်သော သက်သေအထောက်အထား ရှိသည်။ ၎င်းတို့သည် အမှန်တကယ် မယုံကြည်ကြပေ၊ သို့ဖြစ်၍ ဘုရားသခင် ပြောဆိုခဲ့သော နှုတ်ကပတ်တော်များအားလုံးသည် လက်တွေ့ကျမှုနှင့် ကိုက်ညီခြင်း ရှိမရှိ၊ ယင်းတို့သည် ပြည့်စုံလာနိုင်ခြင်း ရှိမရှိ၊ သို့မဟုတ် ယင်းတို့သည် အဖြစ်မှန်ဟုတ်မဟုတ်တို့နှင့်ပတ်သက်၍ ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ၎င်းတို့သည် အမှန်တကယ် ယုံကြည်ကြသလော၊ သို့မဟုတ် ၎င်းတို့၏ စိတ်နှလုံးထဲတွင် သံသယရှိပြီး ချီတုံချတုံဖြင့် စောင့်ကြည့်လေ့လာနေကြသလော။ ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ခိုင်မာစွာ သံသယရှိနေပြီး ချီတုံချတုံဖြင့် စောင့်ကြည့်လေ့လာနေကြခြင်း ဖြစ်သည်။ ယနေ့တွင် ငါတို့သည် အန္တိခရစ်တို့၏ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြည့်စုံလာခြင်း ရှိမရှိကို အန္တိခရစ်များက စပ်စုကြ၏ ဟူသည့် ဤသရုပ်သကန်နှင့်ပတ်သက်၍ မိတ်သဟာယ ပြုကြမည်။ “စပ်စုကြ၏” ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ “စပ်စုကြ၏” ဟူသော စကားစုကို အဘယ်ကြောင့် အသုံးပြုရသနည်း။ (ဘုရားသခင်၊ စပ်စုခြင်းဆိုသည်မှာ တိတ်တဆိတ် စောင့်ကြည့်လေ့လာခြင်း၊ ချောင်းကြည့်ခြင်းကို ဆိုလိုပါသည်။) ဤရှင်းလင်းချက်သည် အခြေခံအားဖြင့် မှန်ကန်သည်။ လူတိုင်းသည် “စပ်စုကြသည်” ၏ အဓိပ္ပာယ်ကို ယခု နားလည်ကြသည်၊ ယင်းမှာ တိတ်တဆိတ် ကြည့်ပြီး ချီတုံချတုံဖြင့် စောင့်ကြည့်လေ့လာခြင်း၊ အခြားသူများ မသိရှိအောင် ခိုးကြောင်ခိုးဝှက် ကြည့်ခြင်း၊ လူအများရှေ့တွင် မဟုတ်ဘဲ သို့မဟုတ် အခြားသူများကို မြင်ခွင့်မပြုဘဲ မထင်မရှား ပြုမူဆောင်ရွက်ခြင်း ဖြစ်သည်၊ ယင်းမှာ သေးနုပ်သော ပရိယာယ်တစ်ခု ဖြစ်သည်။ ဤပရိယာယ်ကို လုပ်ဆောင်နေသည့်သူသည် လူအများရှေ့တွင် လုပ်ဆောင်နေခြင်းမဟုတ်ဘဲ တိတ်တဆိတ် လုပ်ဆောင်နေခြင်းဖြစ်သည်မှာ ရှင်းလင်းလှသည်။ သို့ဖြစ်၍ ဤသရုပ်သကန်များနှင့် ရှင်းလင်းချက်များအရ အန္တိခရစ်တို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စပ်စုသည့်အခါ ယင်းမှာ မည်သို့သော အပြုအမူမျိုး ဖြစ်သနည်း။ (သမ္မာတရားကို စက်ဆုပ်ရွံရှာခြင်း ဖြစ်ပါသည်။) ယင်းမှာ သမ္မာတရားကို စက်ဆုပ်ရွံရှာခြင်းဖြစ်ကြောင်း မည်သည့်အရာက သိသာထင်ရှားစေသနည်း။ အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပွင့်ပွင့်လင်းလင်း၊ ကျိုးကြောင်းဆီလျော်စွာနှင့် လူအများရှေ့တွင် အဘယ်ကြောင့် မဖတ်ရှုနိုင်ကြသနည်း။ ၎င်းတို့သည် အဘယ်ကြောင့် စပ်စုကြသနည်း။ စပ်စုခြင်းသည် အမှန်တကယ်ပင် လုပ်ရပ်အမျိုးအစားတစ်ခု ဟုတ်ပါသလော။ ယင်း၏ ရှင်းလင်းချက်အရ စပ်စုခြင်းသည် ပေါ်ပေါ်ထင်ထင် လုပ်ဆောင်သည့်အရာတစ်ခု မဟုတ်သည်မှာ ရှင်းလင်းသည်၊ ယင်းမှာ အပြင်ပန်း အသွင်အပြင်များ၊ ဖော်ပြချက်များ သို့မဟုတ် လုပ်ရပ်များမှ ပိုင်းခြားသိမြင်နိုင်သည့် အရာတစ်ခု မဟုတ်ပေ။ ထိုအစား ဤအတွေးအခေါ်များအားလုံးသည် အခြားသူများအတွက် မသိမြင်နိုင်ဘဲ စိတ်နှလုံးအတွင်း၌ ထားရှိကာ ဖုံးကွယ်ထားခြင်းဖြစ်ပြီး ၎င်းတို့၏ ဖော်ပြချက်များနှင့် လုပ်ရပ်များမှ ၎င်းတို့ မည်သည့်အရာကို တွေးတောနေသည်ကို ပိုင်းခြားသိမြင်ရန် ခက်ခဲသည်။ ဤသည်ကို စပ်စုခြင်းဟု ခေါ်သည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် လူအများရှေ့တွင် ပေါ်ပေါ်ထင်ထင် မဖော်ပြနိုင်သော သဘောထားတစ်ခု ဖြစ်သည်၊ ယင်းမှာ မှားယွင်းသော သဘောထားတစ်ခုဖြစ်သည်မှာ ရှင်းလင်းလှသည်။ ယင်းမှာ အပြင်လူတစ်ဦး၏ ရှုထောင့်မှ၊ ရန်လိုသော ရှုထောင့်မှ၊ ချီတုံချတုံဖြင့် စောင့်ကြည့်လေ့လာခြင်း၊ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း၊ သံသယရှိခြင်းနှင့် အတိုက်အခံလုပ်ခြင်းတို့၏ ရှုထောင့်မှ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သဘောထားပြုမူသည့် သဘောထားတစ်ခု ဖြစ်သည်။ ဤအပြုအမူများမှနေ၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံလာမည်ဟုတ်မဟုတ်ကို အန္တိခရစ်တို့က စပ်စုခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စက်ဆုပ်ရွံရှာခြင်း၏ သဘာဝအားဖြင့် ဆိုးရွားသော သရုပ်သကန်တစ်ခုဖြစ်သည်ဟု ဆိုနိုင်သလော။ (ဟုတ်ကဲ့၊ ဆိုနိုင်ပါသည်။) ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံလာမည်ဟုတ်မဟုတ်ကို အန္တိခရစ်တို့က စပ်စုခြင်းသည် ၎င်းတို့၏ စိတ်နှလုံး၊ အတွေးအခေါ်နှင့် တိတ်တဆိတ်ထားရှိသော ထင်မြင်ယူဆချက်များမှ ထုတ်ဖော်သည့် ၎င်းတို့၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ စစ်မှန်သော သဘောထားကို ထင်ဟပ်စေသည်။

အန္တိခရစ်တို့သည် ဘုရားသခင်၏ မည်သည့်နှုတ်ကပတ်တော်များကို စပ်စုကြသနည်း။ ၎င်းတို့၏အမြင်တွင် ဘုရားသခင်၏ မည်သည့်နှုတ်ကပတ်တော်များက ၎င်းတို့၏ တိတ်တဆိတ်၊ အသေးစိတ်ကျသော စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းနှင့် ဆန်းစစ်ခြင်းတို့ဖြင့် ထိုက်တန်သနည်း။ ဆိုလိုသည်မှာ ဘုရားသခင် ပြောကြားထားသည့် မည်သည့်တိကျသော အကြောင်းအရာများကို အန္တိခရစ်တို့က အထူးသဖြင့် စိတ်ဝင်စားကာ တစ်ချိန်တည်းမှာပင် ယင်းတို့ကို ၎င်းတို့၏ စိတ်ထဲတွင် မကြာခဏ သံသယဝင်ပြီး ချီတုံချတုံဖြင့် စောင့်ကြည့်လေ့လာနေသနည်း။ အန္တိခရစ်တို့သည် ဘုရားသခင်၏ မည်သည့်နှုတ်ကပတ်တော်များက ၎င်းတို့၏စိတ်နှလုံးထဲတွင် စပ်စုရန် အချိန်အင်အားနှင့် လူအင်အား အသုံးပြုဖို့ ထိုက်တန်သည်ဟု ယုံကြည်ကြသနည်း။ (ဘုရားသခင်၏ ပရောဖက်ပြုချက်အချို့၊ နက်နဲသောအရာများနှင့် လူသားတို့၏ အလားအလာ၊ ကံကြမ္မာနှင့် ပန်းတိုင်တို့နှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ ဖြစ်ပါသည်။) ပရောဖက်ပြုချက်များ၊ ပန်းတိုင်များ၊ နက်နဲသောအရာများဟူသည့် ဤသည်တို့မှာ လူအများစု စိတ်ဝင်စားသည့်အရာများဖြစ်ပြီး အန္တိခရစ်တို့က ၎င်းတို့၏စိတ်နှလုံးနက်ရှိုင်းရာတွင် မည်သည့်အခါမျှ လက်မလွှတ်နိုင်သည့်အရာများ သာ၍ပင် ဖြစ်သည်။ တိတိကျကျဆိုရလျှင် အန္တိခရစ်တို့သည် ဘုရားသခင်၏ မည်သည့်နှုတ်ကပတ်တော်များကို အတော်အတန် စိတ်ဝင်စားကြပြီး ၎င်းတို့၏စိတ်နှလုံးထဲတွင် မကြာခဏ စပ်စုကြသနည်း။ ဤနှုတ်ကပတ်တော်များ ပြည့်စုံလာမည်ဟုတ်မဟုတ်၊ အကောင်အထည် ပေါ်လာမည်ဟုတ်မဟုတ်၊ ၎င်းတို့၏ အမှန်တကယ်ဖြစ်မြောက်မှုကို အဖြစ်မှန်များအဖြစ် ၎င်းတို့မြင်တွေ့ရမည် ဟုတ်မဟုတ်တို့နှင့် သက်ဆိုင်သောကြောင့် အန္တိခရစ်တို့ စိတ်ဝင်စားသည့်အရာမှာ လူသားမျိုးနွယ်ကို ဘုရားသခင်ပြုခဲ့သော ကတိတော်များ ဖြစ်သည်မှာ သေချာသည်၊ မှန်သည်မဟုတ်လော။ (မှန်ပါသည်။) ထို့ပြင် ဘုရားသခင်က လူတို့ကို ကျိန်ဆဲခြင်းနှင့် အပြစ်ဒဏ်ပေးခြင်း၊ ဆိုးယုတ်သောလူတို့ကို အပြစ်ဒဏ်ပေးခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆန့်ကျင်သူအားလုံးကို အပြစ်ဒဏ်ပေးခြင်းတို့နှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များလည်း ဖြစ်သည်။ ပြီးလျှင် ကပ်ဘေးများအကြောင်း ပရောဖက်ပြုချက်များလည်း ရှိသည်။ ဤသည်မှာလည်း အန္တိခရစ်တို့၏ စိတ်ဝင်စားမှု နယ်ပယ်တစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) အခြားမည်သည့်အရာ ရှိသေးသနည်း။ (ဘုရားသခင်သည် ကမ္ဘာမြေမှ မည်သည့်အချိန်တွင် ထွက်ခွာမည်နှင့်ပတ်သက်သော နှုတ်ကပတ်တော်များ ဖြစ်ပါသည်။) ဘုရားသခင်သည် ကမ္ဘာမြေမှ မည်သည့်အချိန်တွင် ထွက်ခွာမည်၊ ဘုရားသခင်သည် မည်သည့်အချိန်တွင် ဘုန်းထင်ရှားမည်၊ ဘုရားသခင်၏ ကြီးမြတ်သော အမှုတော် မည်သည့်အချိန်တွင် ပြီးဆုံးမည်၊ ဘုရားသခင်သည် ဤလူသားမျိုးနွယ်ကို မည်သည့်အချိန်တွင် အဆုံးသတ်မည်၊ မှန်သည်မဟုတ်လော။ (မှန်ပါသည်။) စုစုပေါင်း အချက်မည်မျှ ရှိသနည်း။ (လေးချက်ဖြစ်ပါသည်။) ပထမတစ်ခုမှာ လူသားအတွက် ဘုရားသခင်၏ ကတိတော်များနှင့် ကောင်းချီးများဆိုင်ရာ နှုတ်ကပတ်တော်များ ဖြစ်သည်။ ဒုတိယတစ်ခုမှာ လူသားကို ဘုရားသခင်၏ ကျိန်စာတိုက်ခြင်းများနှင့် အပြစ်ဒဏ်ပေးခြင်းဆိုင်ရာ နှုတ်ကပတ်တော်များ ဖြစ်သည်။ တတိယတစ်ခုမှာ ကပ်ဘေးကို ပရောဖက်ပြုသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်သည်။ စတုတ္ထတစ်ခုမှာ ကိုယ်တော်သည် မည်သည့်အချိန်တွင် ကမ္ဘာမြေမှ ထွက်ခွာမည်နှင့် သူ၏ကြီးမြတ်သော အမှုတော် ပြီးဆုံးမည့်အကြောင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်သည်။ ထို့အပြင် အန္တိခရစ်တို့ အထူးသဖြင့် စပ်စုရန် စိတ်အားထက်သန်သည့် နောက်ထပ် အရေးအကြီးဆုံးအချက်တစ်ချက်ဖြစ်သည့် ဘုရားနှုတ်ကပတ်တော်အမျိုးအစားတစ်ခု ရှိသေးပြီး ယင်းမှာ သူ၏စိတ်သဘောထား၊ သူ၏ပင်ကိုလက္ခဏာနှင့် သူ၏အနှစ်သာရတို့အကြောင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်သည်။ ဤနောက်ဆုံးအချက်ကို အဘယ်ကြောင့် ထပ်ထည့်ရသနည်း။ အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံလာမည်ဟု မယုံကြည်ကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မကြာခဏ စပ်စုကြသည်၊ သို့ဖြစ်၍ အဓိကအားဖြင့် မည်သည့်အရာက ၎င်းတို့၏သံသယများကို ဖြစ်ပေါ်စေပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စပ်စုစေသနည်း။ ၎င်းတို့၏ အဓိကမယုံကြည်မှုမှာ ဘုရားသခင်အပေါ်၌ ဖြစ်သည်။ အခြေခံအားဖြင့် အန္တိခရစ်တို့သည် မယုံကြည်သူများ၊ နတ်ဆိုးများ ဖြစ်ကြသည်၊ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိမှုကို သံသယရှိကြသည်၊ ဤလောကတွင် ဘုရားသခင်တစ်ပါး ရှိသည်ဟု မယုံကြည်ကြ၊ ဘုရားသခင်၏ တည်ရှိမှုကို မယုံကြည်ကြသကဲ့သို့ ဘုရားသခင်ပြုလေသမျှ အရာခပ်သိမ်းကိုလည်း မယုံကြည်ကြပေ။ သို့ဖြစ်၍ ၎င်းတို့သည် ဘုရားသခင်၏ စိတ်သဘောထား၊ ပင်ကိုလက္ခဏာနှင့် အနှစ်သာရတို့ကို လုံးဝ သံသယရှိကြသည်။ ၎င်းတို့၏ သံသယကို ထောက်သော် ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်ကြမည်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို သံသယရှိနိုင်ပါက ဘုရားသခင်၏ စိတ်သဘောထား၊ ပင်ကိုလက္ခဏာ၊ အနှစ်သာရတို့နှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များနှင့် ပတ်သက်လာသည့်အခါ ၎င်းတို့သည် ထိုနှုတ်ကပတ်တော်များကို သိမြင်မှု သို့မဟုတ် တုံ့ပြန်မှုမရှိဘဲ ဖတ်ရှုရုံမျှသာ ဖတ်ရှုကြမည်လော။ ဤနှုတ်ကပတ်တော်များကို ၎င်းတို့ ခိုင်မာစွာ ယုံကြည်ပြီး လက်ခံနိုင်ကြမည်လော။ (လက်မခံနိုင်ပါ။) ဥပမာအားဖြင့် လူတစ်ဦးက မိမိသည် မွေးစားခံရသည်ဟု အမြဲသံသယရှိပါက သူ၏မိဘများသည် သူ၏ မိဘအရင်းများဖြစ်သည်ဟု သူယုံကြည်နိုင်မည်လော။ သူ၏မိဘများ၏ ချစ်ခြင်းမေတ္တာ၊ ကာကွယ်စောင့်ရှောက်ခြင်းနှင့် သူ၏အလားအလာအတွက် ပြုလုပ်ခဲ့သော စွန့်လွှတ်အနစ်နာခံမှုအားလုံးသည် စစ်မှန်သည်ဟု သူယုံကြည်နိုင်မည်လော။ (မယုံကြည်နိုင်ပါ။) ဤအရာအားလုံးကို သူသံသယရှိပြီး မယုံကြည်သည့်အခါ သူသည် တိတ်တဆိတ် အမှုအရာအချို့ကို လုပ်ဆောင်မည် မဟုတ်လော။ ဥပမာအားဖြင့် တစ်ခါတစ်ရံတွင် သူ၏မိဘများသည် သူ၏ဇာစ်မြစ်အကြောင်း ဆွေးနွေးနေခြင်း ရှိမရှိကို သိရန် ၎င်းတို့၏ စကားပြောဆိုမှုများကို သူ ခိုးနားထောင်ကောင်း ထောင်ပေမည်။ ထို့အပြင် သူသည် အများအားဖြင့် အသေအချာ အာရုံစိုက်ပြီး သူမည်သည့်နေရာတွင် မွေးဖွားခဲ့သည်၊ မည်သူက သူ့ကို မွေးဖွားပေးခဲ့သည်၊ မွေးဖွားစဉ်က သူ၏ကိုယ်အလေးချိန် မည်မျှရှိသည်တို့ကို သူ၏မိဘများအား အဆက်မပြတ် စစ်မေးပေမည်။ သူသည် ဤအရာများအကြောင်းကို အမြဲတစေ မေးမြန်းနေပေလိမ့်မည်။ သူ၏မိဘများက သူ့ကို ရိုက်နှက်လျှင် သို့မဟုတ် ဆုံးမပဲ့ပြင်လျှင် သူ၏သံသယများက ပို၍ နက်ရှိုင်းလာမည်သာ ဖြစ်သည်။ သူ၏မိဘများ မည်သည့်အရာကို လုပ်ဆောင်ပါစေ သူသည် အမြဲ သတိထားပြီး သံသယရှိနေမည်။ သူ၏မိဘများက သူ့ကို မည်မျှပင် ကောင်းစွာဆက်ဆံပါစေ သူ၏ စိတ်နှလုံးထဲမှ သတိထားစောင့်ကြည့်ခြင်းကို သူလက်မလွှတ်နိုင်ပေ။ သို့ဖြစ်၍ ဤသတိထားစောင့်ကြည့်ခြင်းအားလုံး၊ ဤစိတ်အတွင်းပိုင်း လှုပ်ရှားမှုများ၊ အတွေးအခေါ်များနှင့် သဘောထားများအားလုံးသည် တိတ်တဆိတ် ဖြစ်ပျက်နေခြင်း မဟုတ်လော။ သူ၏မိဘများသည် သူ၏ မိဘအရင်း ဟုတ်မဟုတ်ကို သူသံသယဝင်သည်နှင့်တစ်ပြိုင်နက် သူသည် ကွယ်ရာတွင် အမှုအရာအချို့ကို ဧကန်မလွဲ လုပ်ဆောင်လေသည်။ ထို့ကြောင့် အန္တိခရစ်တို့၏ အနှစ်သာရသည် မယုံကြည်သူများ၏ အနှစ်သာရ ဖြစ်သောကြောင့်၊ ၎င်းတို့သည် ဘုရားသခင်၏ စိတ်သဘောထား၊ ပင်ကိုလက္ခဏာနှင့် အနှစ်သာရတို့ကို သေချာပေါက် မယုံကြည်၊ အသိအမှတ်မပြု၊ လက်မခံကြပေ။ မယုံကြည်ခြင်း၊ အသိအမှတ်မပြုခြင်းနှင့် လက်မခံခြင်းတို့၏ ဤသဘောထားနှင့်အတူ၊ ဘုရားသခင်၏ စိတ်သဘောထား၊ ပင်ကိုလက္ခဏာ၊ အနှစ်သာရတို့နှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များကို ၎င်းတို့၏ စိတ်နှလုံးထဲတွင် အမှန်တကယ် ယုံကြည်ပြီး လက်ခံကြသလော။ သေချာပေါက် မဟုတ်ပေ။ ဘုရားသခင်၏ စိတ်သဘောထား၊ ပင်ကိုလက္ခဏာနှင့် အနှစ်သာရတို့အကြောင်း နှုတ်ကပတ်တော်များနှင့် သက်ဆိုင်နေသမျှ ကာလပတ်လုံး ၎င်းတို့သည် ၎င်းတို့၏စိတ်နှလုံးထဲတွင် သံသယ၊ ဆန့်ကျင်ခြင်းနှင့် ချီတုံချတုံဖြင့် စောင့်ကြည့်လေ့လာခြင်းတို့ကို ထားရှိကြသည်။ ဤကဏ္ဍနှင့်ပတ်သက်၍ ယခုလောလောဆယ် အသေးစိတ် မပြောကြစို့နှင့်။

ယခုလေးတင် ဆွေးနွေးခဲ့သည့် အန္တိခရစ်တို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စပ်စုခြင်း၏ သရုပ်သကန်ငါးမျိုးသည် အခြေခံအားဖြင့် အတော်အတန် ပြည့်စုံပြီး သဘောထားထင်ဟပ်မှု ရှိသည်။ အန္တိခရစ်တို့ စပ်စုသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် တိကျသော အကြောင်းအရာနှင့် အာရုံစိုက်မှု ရှိသည်။ အသက်ဝင်ရောက်မှုနှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များစွာ၊ ဘုရားသခင်က လူတို့ကို နှစ်သိမ့်သည့် နှုတ်ကပတ်တော်များ၊ နက်နဲသောအရာအချို့ကို ရှင်းပြသည့် သို့မဟုတ် လူ၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖော်ထုတ်သည့် နှုတ်ကပတ်တော်များ စသည်တို့ကို အန္တိခရစ်တို့က ဂရုစိုက်ကြသလော။ (မစိုက်ပါ။) ဤနှုတ်ကပတ်တော်များသည် ၎င်းတို့အတွက် အရေးမပါပေ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ အန္တိခရစ်တို့သည် သမ္မာတရားကို မချစ်ကြ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည်ဟု မယုံကြည်ကြဘဲ ၎င်းတို့သည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း သို့မဟုတ် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရန် ရည်ရွယ်ချက် မရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့တွင် ထိုသို့သော အစီအစဉ်များ မရှိပေ၊ သို့ဖြစ်၍ ၎င်းတို့သည် လူ့စိတ်သဘောထားနှင့် အသက်ဝင်ရောက်မှုတို့၏ ပြောင်းလဲခြင်းများနှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များကို အရေးမပါဟုလည်းကောင်း၊ ဖတ်ရှုရန်၊ တွေးတောရန် သို့မဟုတ် နှလုံးသွင်းရန် မထိုက်တန်ဟုလည်းကောင်း မှတ်ယူကြသည်။ ၎င်းတို့သည် ဤနှုတ်ကပတ်တော်များကို စိတ်ဝင်စားမှု မရှိကြပေ။ ၎င်းတို့က၊ “ထိုနှုတ်ကပတ်တော်များသည် ကျွန်ုပ်တို့၏ အလားအလာ၊ ကံကြမ္မာတို့နှင့် မည်သို့ သက်ဆိုင်သနည်း။ ယင်းတို့သည် ကျွန်ုပ်တို့၏ ပန်းတိုင်နှင့် မည်သို့ သက်ဆိုင်သနည်း။ ထိုနှုတ်ကပတ်တော်များသည် အသေးအဖွဲကိစ္စများသာဖြစ်၍ ဖတ်ရှုရန် သို့မဟုတ် နားထောင်ရန် မထိုက်တန်ပေ။ အကယ်၍ လူတစ်ဦးသည် အမှန်တကယ် စိတ်ဆင်းရဲပြီး အခြားဖြေရှင်းနည်းမရှိပါက စိတ်နှလုံးထဲမှ အနှစ်မဲ့ခြင်းကို ဖြည့်ဆည်းရန် သို့မဟုတ် ကျော်လွှားရန် အထူးသဖြင့် ခက်ခဲသော အတားအဆီးအချို့နှင့် ဖြေရှင်း၍မရသော အခက်အခဲအချို့ကို ဖြေရှင်းရန်အလို့ငှာ ထိုနှုတ်ကပတ်တော်များကို ယာယီမျှသာ ဖတ်ရှုနိုင်၏။ ထိုမျှသာ ဖြစ်၏။ ထိုနှုတ်ကပတ်တော်များက လူတစ်ဦး၏ စိတ်သဘောထားကို ပြောင်းလဲစေနိုင်သည်ဟု ဆိုခြင်းမှာ ထိုမျှလောက် မည်သို့ ရိုးရှင်းနိုင်မည်နည်း” ဟု စိတ်ထဲ၌ ဆိုကြသည်။ ၎င်းတို့သည် အခြေခံအားဖြင့် ၎င်းတို့၏ စိတ်သဘောထားကို ပြောင်းလဲရန် ရည်ရွယ်ချက် မရှိကြပေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသက်၊ လမ်းခရီး သို့မဟုတ် သမ္မာတရားအဖြစ် လက်ခံရန် အစီအစဉ် မရှိကြပေ။ ၎င်းတို့ လိုချင်သည့်အရာမှာ ၎င်းတို့၏ အလားအလာနှင့် ပန်းတိုင်အပြင် တန်ခိုးအာဏာ ဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့သည် ထိုသို့သော နှုတ်ကပတ်တော်များကို အလေးအနက်မထားသကဲ့သို့ နှလုံးသွင်းခြင်းလည်း မရှိကြပေ။ အန္တိခရစ်တို့၏ ရှုထောင့်မှ သွယ်ဝိုက်သော ဆိုလိုရင်းမှာ ဤနှုတ်ကပတ်တော်များသည် ၎င်းတို့၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းနှင့် တကယ်ကို မထိုက်တန်သည့်အပြင် ယင်းတို့သည် သမ္မာတရားဟုတ်မဟုတ် သို့မဟုတ် လူတို့ကို ပြောင်းလဲနိုင်ခြင်းရှိမရှိကို ဆန်းစစ်ရန်နှင့် စုံစမ်းစစ်ဆေးရန် ၎င်းတို့၏အချိန်ကို အသုံးပြုဖို့ သာ၍ပင် မထိုက်တန်ခြင်း ဖြစ်သည်။ ၎င်းတို့၏ ကံကြမ္မာနှင့် ပန်းတိုင်၊ ၎င်းတို့၏ ကိုယ်ပိုင်ပင်ကို လက္ခဏာ၊ အဆင့်အတန်း၊ ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားအားလုံး စသည်တို့နှင့် သက်ဆိုင်သော မည်သည့်နှုတ်ကပတ်တော်မဆိုသည် အန္တိခရစ်တို့အတွက် အရေးပါသည်၊ ယင်းတို့သည် အရေးကြီးဆုံး ဖြစ်သည်။ အချို့လူများက “အန္တိခရစ်များက ဘုရားသခင် နှုတ်ကပတ်တော်များ၏ ဤအပိုင်းများကို ဤမျှလောက် အလေးထားပြီး အာရုံစိုက်နေပါလျက် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စပ်စုနေသည်ဟု မည်သို့ ဆိုနိုင်မည်နည်း။ ဤသည်မှာ အနည်းငယ် မတရား စွပ်စွဲခြင်း ဖြစ်မနေသလော။ ဤသည်မှာ အနည်းငယ် အလှမ်းကွာပြီး အတော်လေး မဆီမလျော် ဖြစ်မနေသလော” ဟု ပြောကြသည်။ (မဟုတ်ပါ၊ အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များက သေချာပေါက် ပြည့်စုံပြီး အောင်မြင်လိမ့်မည်ဟု မယုံကြည်ကြပါ၊ ဘုရားသခင်သည် မိမိပြောသည့်အတိုင်း ဆိုလိုပြီး သူပြောသည့်အရာသည် ဖြစ်မြောက်လိမ့်မည်ဟု မယုံကြည်ကြပါ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ယုံကြည်လက်ခံခြင်းနှင့် အသိအမှတ်ပြုခြင်း စိတ်ဓာတ်ဖြင့် မဖတ်ရှုဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များ အမှန်တကယ် ပြည့်စုံနိုင်ခြင်း ရှိမရှိကို စောင့်ကြည့်နေခြင်းသာ ဖြစ်ပါသည်။) ဤသည်မှာ မှန်ကန်သလော။ (မှန်ပါသည်။) အန္တိခရစ်တို့သည် ဤနှုတ်ကပတ်တော်များကို တန်ဖိုးထားကြသည်၊ အကြောင်းမှာ ယင်းတို့သည် မိမိတို့၏ လိုအင်ဆန္ဒများကို ဖြည့်ဆည်းပေးနိုင်သောကြောင့် ဖြစ်သည်။ ထို့အပြင် ဤနှုတ်ကပတ်တော်များ ဖြစ်မြောက်အောင်မြင်ခဲ့ပါက ယင်းက ၎င်းတို့၏ ရည်မှန်းချက်များကို ဖြည့်ဆည်းပေးမည် ဖြစ်သည်။ ၎င်းတို့သည် ဤနှုတ်ကပတ်တော်များကို ဆုပ်ကိုင်ပြီး စွဲကိုင်ထားပါက ဤနှုတ်ကပတ်တော်များ ပြည့်စုံလာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် မှန်သည့်အရာကို လောင်းကြေးထပ်လိုက်သကဲ့သို့ ဖြစ်ပြီး ဘုရားသခင်နောက်လိုက်ခြင်းသည် ၎င်းတို့အတွက် မှန်ကန်သော ခြေလှမ်းတစ်ခု ဖြစ်ခဲ့လိမ့်မည်။ သို့သော် ၎င်းတို့က ဤနှုတ်ကပတ်တော်များကို တန်ဖိုးထားခြင်းသည် ယင်းတို့ကို ဘုရားသခင်ထံမှလာသော သမ္မာတရားအဖြစ် အတွင်းစိတ်ထဲမှ လက်ခံနိုင်သည်ဟု မဆိုလိုသကဲ့သို့ ၎င်းတို့က ဤနှုတ်ကပတ်တော်များကို ၎င်းတို့၏စိတ်နှလုံးထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအဖြစ် လက်ခံသည်ဟုလည်း မဆိုနိုင်ပေ။ ဆန့်ကျင်ဘက်အားဖြင့် ၎င်းတို့သည် ဤနှုတ်ကပတ်တော်များကို တန်ဖိုးထားနေစဉ်တွင် ၎င်းတို့၏စိတ်နှလုံးထဲ၌ ထိုအရာများအပေါ် သံသယများကို ထားရှိကြသည်၊ ၎င်းတို့သည် ချီတုံချတုံဖြင့် စောင့်ကြည့်လေ့လာနေခြင်းသာ ဖြစ်သည်။ ဤနှုတ်ကပတ်တော်များသည် အခိုက်အတန့်မရွေး၊ အချိန်မရွေး၊ နေရာမရွေး ဘုရားသခင်ကို ငြင်းပယ်ရန်နှင့် ဘုရားသခင်၏ ဤအမှုအဆင့်ကို ငြင်းပယ်ရန်အတွက် ၎င်းတို့အတွက် သက်သေအထောက်အထားနှင့် နိုင်ကွက် ဖြစ်လာနိုင်သည်ဟုလည်း ဆိုနိုင်သည်။ ၎င်းတို့သည် ဘုရားသခင်၏ အမှုအဆင့်တိုင်းနှင့် ဘုရားသခင်က လူတို့ကို ဦးဆောင်သည့် ကာလတိုင်းတွင် ဤနှုတ်ကပတ်တော်များ အကောင်အထည်ပေါ်ပြီး အောင်မြင်ခြင်း ရှိမရှိကို မြင်ရန် အဆက်မပြတ်နှင့် စူးစိုက်စွာ စောင့်ကြည့်နေကြသည်။ အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံလာမည် ဟုတ်မဟုတ်ကို အစဉ်အမြဲ အာရုံစိုက်နေကြသည်မှာ သိသာထင်ရှားပေသည်။ ဤကာလအတွင်း ဘုရားသခင်အပေါ် ၎င်းတို့၏ ရန်လိုသောသဘောထား၊ ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းနှင့် ဘုရားသခင်ကို စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးခြင်းနှင့် ဆန်းစစ်ခြင်းတို့သည် မည်သည့်အခါမျှ မပြောင်းလဲခဲ့ပေ။ ၎င်းတို့သည် ဘုရားသခင်ကို ရန်လိုပြီး စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးကြသည်၊ ဘုရားသခင်၏ လုပ်ဆောင်ချက်နှင့် နှုတ်ကပတ်တော်တိုင်းကို ၎င်းတို့၏စိတ်နှလုံးထဲတွင် အမြဲ စပ်စုနေကြသည်၊ တစ်ချိန်တည်းတွင်ပင် ၎င်းတို့သည် ဘုရားသခင်နှင့် ဘုရားသခင်၏ အမှုကို ပြစ်တင်ရှုတ်ချရန်လည်း ကြိုးပမ်းကြသည်။ ဤသည်မှာ အန္တိခရစ်တို့က ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်း၏ တစ်သမတ်တည်းဖြစ်သော သရုပ်သကန်တစ်ခုသာဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) အန္တိခရစ်တို့၏ ဤသရုပ်သကန်များမှနေ၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် လက်ခံခြင်း အရိပ်အယောင် တစ်စုံတစ်ရာ ရှိသလော။ ကျိုးနွံနာခံခြင်း အရိပ်အယောင် တစ်စုံတစ်ရာ ရှိသလော။ ဘုရားသခင်ကို ဘုရားသခင်ကဲ့သို့ ဆက်ဆံခြင်း စိုးစဉ်းမျှ ရှိသလော။ (မရှိပါ။) ဆက်လက်၍ ငါတို့သည် ဤအချက်များကို တစ်ခုပြီးတစ်ခု မိတ်သဟာယပြုကြမည်။

၁။ လူသားအတွက် ကတိတော်များ၊ ကောင်းချီးမင်္ဂလာတို့နှင့်ဆိုင်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စပ်စုခြင်း

ပထမအချက်မှာ အန္တိခရစ်တို့သည် ကတိတော်များနှင့် ကောင်းချီးများဆိုင်ရာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စပ်စုခြင်း ဖြစ်သည်။ ဘုရားသခင်သည် သူ၏အမှုကို စတင်ပြီး စကားပြောဆိုသည့်အချိန်ကတည်းက လူသားမျိုးနွယ်၊ သူရွေးချယ်ထားသောလူများနှင့် သူ၏နှုတ်ကပတ်တော်များကို နားထောင်သူတို့အား သူသည် မည်သည့်ကောင်းချီးများနှင့် ကျေးဇူးတော်များကို လူတို့အပေါ် ပေးသနားတော်မူမည်၊ လူတို့အား မည်သည့်ကောင်းချီးများကို သူကတိပေးသည် စသည်တို့အကြောင်း များစွာ ပြောကြားခဲ့သည်။ မတူညီသော ကာလများ၊ အခါသမယများ သို့မဟုတ် နောက်ခံအကြောင်းအရာများတွင် ဘုရားသခင်သည် သူ၏နောက်လိုက်များအား ကောင်းချီးများနှင့် ကတိတော်များအကြောင်း ပြောကြားပြီး အကယ်၍ ၎င်းတို့သည် အချို့အရာများကို စွမ်းဆောင်ရရှိနိုင်ပါက ဘုရားသခင်သည် ၎င်းတို့ကို တိကျသော နည်းလမ်းများဖြင့် ကောင်းချီးပေးမည်ဖြစ်ပြီး ၎င်းတို့သည် အချို့သော ကောင်းချီးများနှင့် ကတိတော်များကို လက်ခံရရှိမည် စသည်ဖြင့် အသိပေးလေသည်။ ဘုရားသခင်သည် ဤနှုတ်ကပတ်တော်များကို ပြောဆိုခဲ့သည့် ကာလက မည်သို့ဖြစ်စေ၊ ဘုရားသခင်က ထိုသို့သော ကတိတော်များကို မည်သူ့ကို ပေးခဲ့သည်ဖြစ်စေ ဤနှုတ်ကပတ်တော်များသည် အချို့သော နောက်ခံအကြောင်းအရာများနှင့် အချို့သော ပတ်ဝန်းကျင်တစ်ခုအောက်တွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ဘုရားသခင်က လူတို့အပေါ် ပေးသနားသည့် ကတိတော်များနှင့် ကောင်းချီးများသည် သမ္မာတရားကို လိုက်စားခြင်း၊ စိတ်သဘောထား ပြောင်းလဲခြင်းများနှင့် ဘုရားသခင်ကို စစ်မှန်စွာ ကျိုးနွံနာခံခြင်းကဲ့သို့သော ၎င်းတို့၏ အပြုသဘောဆောင်သည့် သရုပ်သကန်များနှင့် သက်ဆိုင်သည်။ သွယ်ဝိုက်ညွှန်းဆိုသည်မှာ ဘုရားသခင်၏ ကတိတော်များနှင့် လူတို့အား ကောင်းချီးပေးခြင်းတို့သည် သတ်မှတ်ချက်များ ပြည့်မီခြင်း ရှိမရှိပေါ်တွင် မူတည်သည်ဟူ၍ ဖြစ်၏။ လူတို့သည် ဤသတ်မှတ်ချက်များတွင် ဆုံးဖြတ်ပိုင်ခွင့် မရှိသကဲ့သို့ ယင်းတို့ကို လူ့အယူအဆများနှင့် စိတ်ကူးများအတိုင်း သတ်မှတ်ခြင်းလည်း မဟုတ်ပေ။ ထိုအစား ယင်းတို့ကို အချို့သော စည်းမျဉ်းများနှင့် နည်းဥပဒေများ အပါအဝင် ဘုရားသခင်၏ စံနှုန်းများနှင့် တောင်းဆိုချက်များအတိုင်း သတ်မှတ်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက လူအမျိုးမျိုးတွင် မည်သို့ပြည့်စုံလာသည်၊ မည်သို့အကောင်အထည် ပေါ်လာသည်၊ မည်သို့ဖြစ်မြောက်အောင်မြင်သည်နှင့်ပတ်သက်၍ ယင်းကို ဘုရားသခင်က လုံးဝ ဖြစ်ကတတ်ဆန်း လုပ်ဆောင်ခြင်းမဟုတ်ဘဲ ထိုအစား ယင်းအတွက် အခြေခံအကြောင်းရင်းတစ်ခု ရှိသည်။ လုပ်ဆောင်ချက်တစ်မျိုးတည်းကို လူအမျိုးမျိုးက လုပ်ဆောင်လျှင်ပင် ဘုရားသခင်ထံမှ မတူညီသော ပြုမူဆက်ဆံပုံများကို ဖြစ်ပေါ်စေနိုင်သည်။ ဥပမာအားဖြင့် အသင်းတော်တစ်ခုစီကို ဦးဆောင်သည့် လူနှစ်ဦး ရှိကောင်းရှိနိုင်သည်၊ တစ်ဦးမှာ မကြာခဏ ဉာဏ်အလင်းရခြင်းနှင့် အလင်းပေးခြင်းတို့ကို လက်ခံရရှိပြီး မကြာခဏ ဆုံးမပဲ့ပြင်ခြင်းကို ကြံ့ကြံ့ခံကာ ဝိညာဉ်ရင့်ကျက်မှုတွင် လျင်မြန်စွာ ကြီးထွားမှုကို ဖြစ်စေသည်။ ဆန့်ကျင်ဘက်အားဖြင့် အခြားတစ်ဦးမှာ အတော်အတန် ထုံထိုင်းပြီး တုံ့ပြန်မှုနှေးကွေးကာ တိုးတက်မှုနှေးကွေးခြင်းကို ဖြစ်စေနိုင်သည်။ လူ့ရှုထောင့်မှကြည့်လျှင် အလုပ်တစ်မျိုးတည်းကို လုပ်ဆောင်ပြီး ဆင်တူသော အပြုအမူများကို ပြသသည့် ဤလူနှစ်ဦးသည် ဘုရားသခင်ထံမှ တူညီသော ကောင်းချီးများနှင့် ပြုမူဆက်ဆံပုံကို လက်ခံရရှိသင့်သည်။ သို့သော်လည်း ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင်လည်းကောင်း၊ ၎င်းတို့၏ဘဝများတွင်လည်းကောင်း ၎င်းတို့တွေ့ကြုံပြီး ရရှိသည့် အသက်ဝင်ရောက်မှု၊ သို့မဟုတ် ၎င်းတို့လက်ခံရရှိသည့် အပြင်ပန်း ကျေးဇူးတော်တို့အရ သေချာသော ကွဲပြားမှုများ ရှိလိမ့်မည်။ ဤ “သေချာသော ကွဲပြားမှုများ” မှာမူ မလွဲမသွေ ဖြစ်ရမည်ဟု မဆိုလိုသည်မှာ အမှန်ပင်ဖြစ်၏။ သို့ဖြစ်လျှင် ဘုရားသခင်သည် ဤကောင်းချီးများဟု ခေါ်ဆိုသည့်အရာများနှင့် မတူညီသော ပြုမူဆက်ဆံပုံများ၊ သို့မဟုတ် ဉာဏ်အလင်းရခြင်း၊ အလင်းပေးခြင်းနှင့် လူတို့ ဘုရားသခင်ထံမှ ရရှိသည့် အခြားအကျိုးကျေးဇူးများကို မည်သို့ ခွဲဝေပေးသနည်း။ ဘုရားသခင်၌ မတူညီသောလူများကို ဆက်ဆံရန် မတူညီသော နည်းလမ်းများ ရှိသည်။ အချို့လူများသည် ပျင်းရိသည်၊ ဂုဏ်မောက်သည်၊ ပြိုင်ဆိုင်လိုစိတ်ရှိသည်၊ မနာလိုဝန်တိုတတ်သည်၊ ပြီးလျှင် ၎င်းတို့သည် အပေါ်ယံတွင် မိမိတို့ကိုယ်ကို အသုံးခံလိုပြီး အချို့သော ဒုက္ခဆင်းရဲကို ကြံ့ကြံ့ခံနိုင်သော်လည်း ၎င်းတို့သည် သမ္မာတရားကို လက်မခံနိုင် သို့မဟုတ် လက်တွေ့မလုပ်ဆောင်နိုင်ကြပေ။ တစ်ဖက်တွင် အချို့လူများသည် လုံ့လဝီရိယရှိကြသည်၊ ၎င်းတို့တွင် တူညီသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ ရှိသော်ငြားလည်း ၎င်းတို့သည် အတော်အတန် ရိုးသားပြီး နှိမ့်ချကြသည်။ ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်ပြီး ပြုပြင်ခြင်းခံရသည်ကို လက်ခံနိုင်သည်။ ၎င်းတို့သည် ဘုရားသခင်ပြောသမျှနှင့် ဘုရားသခင်က ၎င်းတို့အတွက် သတ်မှတ်ပေးသည့် ပတ်ဝန်းကျင်တိုင်းကို စိတ်ထက်သန်စွာ လက်ခံပြီး နားလည်သဘောပေါက်ကြသည့်အပြင် ယင်းကို အလွန်အလေးအနက်ထား၍ ဆက်ဆံကြသည်။ သို့ဖြစ်၍ အပြင်ပန်းအားဖြင့် လူနှစ်ဦးသည် တူညီသောအလုပ်ကို လုပ်ဆောင်နေနိုင်ပြီး အလုပ်ပမာဏမှာလည်း အလားတူ ဖြစ်နိုင်သော်လည်း ဘုရားသခင်သည် ၎င်းတို့၏ မတူညီသော စိတ်သဘောထားများနှင့် လိုက်စားမှုများအပေါ အခြေခံ၍ မတူညီသော ကောင်းချီးများနှင့် မတူညီသော ဉာဏ်အလင်းရခြင်း၊ အလင်းပေးခြင်းတို့ကို ပေးသနားတော်မူလိမ့်မည်။ အပေါ်ယံမှကြည့်လျှင် ဉာဏ်အလင်းရခြင်းနှင့် အလင်းပေးခြင်းတို့ကို လက်ခံရရှိသူသည် ပို၍ဒုက္ခခံရနိုင်ပြီး မကြာခဏ ဆုံးမပဲ့ပြင်ခြင်းကို ခံနိုင်ရည်ရှိနိုင်သော်လည်း သူ၏အကျိုးရလဒ်မှာလည်း ပို၍ကြီးမားသည်။ ဆန့်ကျင်ဘက်အားဖြင့် ထုံထိုင်းပြီး ထိုင်းမှိုင်းသောသူသည် ဆုံးမပဲ့ပြင်ခြင်းကို များစွာလျော့နည်း၍ ရင်ဆိုင်ရသည်၊ များစွာလျော့နည်း၍ ဒုက္ခခံရသည်၊ သို့ဖြစ်၍ သူ၏အသက်တာ ကြီးထွားရင့်ကျက်မှုမှာ ပို၍နှေးကွေးပြီး သူရရှိသည်မှာလည်း ပို၍နည်းပါးသည်။ အနှစ်သာရအားဖြင့် မည်သည့်လူက ဘုရားသခင်၏ ကောင်းချီးများနှင့် ကတိတော်များကို အမှန်တကယ် လက်ခံရရှိသနည်း။ (ပို၍ဒုက္ခခံရပြီး မကြာခဏ ဆုံးမပဲ့ပြင်ခြင်းကို လက်ခံရရှိသူ ဖြစ်ပါသည်။) ဘုရားသခင်၏ ကတိတော်များနှင့် ကောင်းချီးများကို လက်ခံရရှိသူသည် ဆုံးမပဲ့ပြင်ခြင်းခံရသည်၊ အဆင်မပြေမှုများနှင့် မကြာခဏ ရင်ဆိုင်ရသည်၊ ဖောက်ပြန်ပျက်စီးမှုကို မကြာခဏ ထုတ်ဖော်ပြီး မကြာခဏ ဖော်ထုတ်ခြင်းခံရသည်ဟု ထင်ရနိုင်သော်လည်း ၎င်းတို့သည် ဘုရားသခင်၏ ဉာဏ်အလင်းရခြင်းနှင့် အလင်းပေးခြင်းတို့ကို မကြာခဏ လက်ခံရရှိကြသည်။ တစ်ဖက်တွင် ဆုံးမပဲ့ပြင်ခြင်းမခံရသူသည် သက်သောင့်သက်သာ၊ ဝမ်းမြောက်ပြီး လွတ်လပ်သောဘဝဖြင့် နေထိုင်သည်။ ၎င်းတို့ ပျင်းရိသောအခါ ဆုံးမပဲ့ပြင်ခြင်းကို မရင်ဆိုင်ရပေ၊ ၎င်းတို့ မနာလိုဝန်တိုသောအခါ ဆုံးမပဲ့ပြင်ခြင်းကို မရင်ဆိုင်ရပေ၊ ၎င်းတို့၏အလုပ်တွင် တာဝန်မဲ့သောအခါ ဆုံးမပဲ့ပြင်ခြင်းကို မရင်ဆိုင်ရပေ။ ၎င်းတို့သည် အဆင့်အတန်း၏ အကျိုးကျေးဇူးများကိုပင် မွေ့လျော်ခံစားပြီး အတော်အတန် ကျေနပ်စွာ နေထိုင်ကြသည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုရှိသူများ၊ အမှုအရာများကို သန့်စင်စွာ သဘောပေါက်နားလည်သူများနှင့် အပြုသဘောဆောင်သော အရာများကို ချစ်မြတ်နိုးသူများသည် မည်သူ့ကို ပိုနှစ်သက်ကြသနည်း။ ၎င်းတို့သည် ဆုံးမပဲ့ပြင်ခြင်းကို ကြံ့ကြံ့ခံသူ၊ အဆင်မပြေမှုများနှင့် မကြာခဏ ရင်ဆိုင်ရသူ၊ ဉာဏ်အလင်းရခြင်းနှင့် အလင်းပေးခြင်းတို့ကို လက်ခံရရှိသူကို ပိုနှစ်သက်ကြသည်၊ ၎င်းတို့သည် ထိုသို့သောလူကို ဘုရားသခင်က အမှန်တကယ် ကောင်းချီးပေးသောသူအဖြစ် မှတ်ယူကြသည်။ သမ္မာတရားကို လိုက်စားသူများသည် ထိုသို့သောလူတစ်ဦးဖြစ်ရန် ဆန္ဒရှိကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းနှင့် ရိုက်နှက်ဆုံးမခြင်းတို့ကို မကြာခဏ လက်ခံရရှိခြင်းကို ဆိုလိုလျှင်ပင် ဘုရားသခင်ရှေ့မှောက်တွင် အစဉ်မပြတ် အသက်ရှင်နေထိုင်ရန် လိုလားကြသည်။ ၎င်းတို့သည် ဤသည်မှာ ဘုရားသခင်၏ ကောင်းချီးဖြစ်ပြီး ဘုရားသခင်၏ ကတိတော် အမှန်တကယ် ဖြစ်သည်ဟု ယုံကြည်ကြသည်။ ဤအတွေ့အကြုံများနှင့် အကျိုးရလဒ်များ ရှိခြင်းသည် ဘုရားသခင် ပြောဆိုခဲ့သော ကောင်းချီးများနှင့် ကတိတော်များ တည်ရှိကြောင်းကို အတည်ပြုသည်။ သို့သော် အန္တိခရစ်တို့သည် ဤအရာကို မည်သို့ရှုမြင်ကြသနည်း။ အန္တိခရစ်တို့သည် လူတစ်ဦးက သမ္မာတရားကို မည်မျှနားလည်သည်ကိုဖြစ်စေ၊ ၎င်းက သမ္မာတရားကို မည်မျှရရှိခဲ့သည်ကိုဖြစ်စေ၊ ၎င်းက အပြုသဘောဆောင်သော အကျိုးရလဒ်များကို မည်မျှလက်ခံရရှိခဲ့သည်ကို အခြေခံ၍ ဘုရားသခင်၏ ကတိတော်များနှင့် ကောင်းချီးများကို မတိုင်းတာကြပေ။ ထိုအစား ၎င်းတို့သည် ဇာတိပကတိဆိုင်ရာ အကျိုးကျေးဇူးများနှင့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အကျိုးစီးပွားများ၏ ရှုထောင့်မှ မည်မျှရရှိခဲ့သည်ကို တိုင်းတာကြသည်။ အန္တိခရစ်တို့သည် မည်သည့်လူကို မနာလိုဖြစ်သည်ဟု သင်တို့ထင်သနည်း။ (ဆုံးမပဲ့ပြင်ခြင်းကို ကြံ့ကြံ့မခံသည့်သူ ဖြစ်ပါသည်။) အန္တိခရစ်တို့သည် ပျင်းရိပြီး သစ္စာစောင့်သိမှု မရှိသူ၊ မည်သည့်ဆုံးမပဲ့ပြင်မှုကိုမျှ မရင်ဆိုင်ဘဲ အဆင့်အတန်း၏ အကျိုးကျေးဇူးများကို ပျော်မွေ့ခံစားသူကို မနာလိုဖြစ်ကြသည်။ အန္တိခရစ်တို့က ထိုသို့သော ပုဂ္ဂိုလ်များကို မနာလိုဖြစ်ခြင်းသည် ၎င်းတို့ အမှုအရာများကို ရှုမြင်ပုံတွင် ပြဿနာတစ်ခုရှိကြောင်း သက်သေပြသည်၊ ဤသည်မှာ ၎င်းတို့၏ သဘာဝအနှစ်သာရအားဖြင့် သတ်မှတ်ခြင်း ဖြစ်သည်။

လူကို ဘုရားသခင် ပေးထားသည့် ကတိတော်များနှင့် ကောင်းချီးများနှင့်ဆိုင်သော နှုတ်ကပတ်တော်များ ပြည့်စုံလာမည်ဟုတ်မဟုတ်ကို အန္တိခရစ်တို့က မည်သို့ စပ်စုကြသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သူမည်သူ့ကို ကောင်းချီးပေးသည်၊ မည်သူက သူ၏ကတိတော်များကို လက်ခံရရှိသည်၊ မည်သူက ဘုရားသခင်ထံမှ ကတိတော်များကို လက်ခံရရှိနိုင်သည်တို့ကို ဖော်ပြသည့်အခါ အန္တိခရစ်တို့က ဤအရာကို မည်သို့ စောင့်ကြည့်လေ့လာသနည်း။ ၎င်းတို့က “ဘုရားသခင်အတွက် အသုံးခံသော လူတို့သည် ဉာဏ်အလင်းရခြင်းနှင့် အလင်းရခြင်းတို့ကို လက်ခံရရှိသည်၊ ဘုရား၏ ဆုံးမပဲ့ပြင်ခြင်းနှင့် လမ်းပြမှုကို ရရှိသည်၊ ပြီးလျှင် ယင်းကို ကောင်းချီးများ လက်ခံရရှိခြင်းဟု မှတ်ယူသလော။ ဆုံးမပဲ့ပြင်ခံရခြင်းသည် ဘုရား၏ ကောင်းချီးများ ဖြစ်သလော။ လူမိုက်များသာ ထိုသို့ တွေးထင်ကြပေမည်။ ဤသည်မှာ ထိခိုက်နစ်နာခြင်း မဟုတ်လော။ ဤသည်မှာ လူတစ်ဦး၏ ဂုဏ်သတင်းကို ပျက်စီးစေခြင်း မဟုတ်လော။ ပြီးလျှင် ယင်းကို ဘုရား၏ ကောင်းချီးဟု ခေါ်သလော။ ဘုရား၏ နှုတ်ကပတ်တော်များ ဤသို့ ပြည့်စုံလာပြီး အကောင်အထည် ပေါ်လာခြင်းလော။ အကယ်၍ ထိုသို့ဖြစ်ပါက ကျွန်ုပ်သည် ထိုသို့သောလူတစ်ဦး မဖြစ်လိုပါ၊ ဆင်းရဲဒုက္ခခံရန်နှင့် အဖိုးအခပေးရန် မလိုက်စားလိုပေ။ ဘုရား၏ ဤသို့ အလုပ်လုပ်သည့် နည်းလမ်းကို ကျွန်ုပ် လက်မခံပါ၊ ဤသည်မှာ မည်သို့သော သမ္မာတရားမျိုးဖြစ်သနည်း။ ယင်းကို လူများကို ကယ်တင်ခြင်းဟု မည်သို့ မှတ်ယူနိုင်မည်နည်း” ဟု ဆိုကြသည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် အတိုက်အခံပြုခြင်း ပေါ်ပေါက်လာသည်။ ၎င်းတို့သည် ဘုရားသခင်က ဤနည်းလမ်းဖြင့် လူများကို ကောင်းချီးပေးခြင်းနှင့် ဦးဆောင်ခြင်းကို လက်မခံကြပေ၊ ဘုရားသခင်က ဤပုံစံဖြင့် လူများကို အသက်ပေးသနားတော်မူခြင်းကို လက်မခံကြပေ၊ ဘုရားသခင်က ဤနည်းလမ်းဖြင့် လူတို့ထဲသို့ သမ္မာတရားကို အမှုပြုပေးခြင်းကို လက်မခံကြပေ။ အန္တိခရစ်တို့၏ ပတ်ဝန်းကျင်တွင် ဘုရားသခင်ကို ယုံကြည်သည့်အချိန်မှစ၍ စီးပွားရေးလုပ်ငန်းများ ကြီးပွားတိုးတက်လာခဲ့ပြီး ငွေပိုမိုရှာဖွေနိုင်ခဲ့ကာ ကားများနှင့် အိမ်များ ဝယ်ယူနိုင်ခဲ့ပြီး ၎င်းတို့၏ လောကီဘဝ တိုးတက်လာသည့်အပြင် ကြွယ်ဝချမ်းသာလာခဲ့သည့် ထိုသို့သောလူများလည်း ရှိကောင်းရှိနိုင်သည်မှာ ပြောစရာမလိုပေ။ ဤအရာကို မြင်သည့်အခါ အန္တိခရစ်တို့က “ဘုရားကို ယုံကြည်ပြီးနောက် ၎င်းတို့သည် ကောင်းချီးများကို လက်ခံရရှိခဲ့ပြီး ဘုရား၏ ကျေးဇူးတော်ကို ခံစားခဲ့ကြရသည်။ ဤအဖြစ်မှန်များအရ လူကို ဘုရားပေးသည့် ကတိတော်များနှင့် ကောင်းချီးများသည် ထိုသို့သောလူများတွင် အကောင်အထည် ပေါ်လာပုံရသည်၊ ဘုရား၏ နှုတ်ကပတ်တော်များ ပြည့်စုံလာခဲ့ပြီ။ ဘုရား၏ နှုတ်ကပတ်တော်များတွင် အမှန်ပင် သြဇာအာဏာ ပါရှိပုံရသည်၊ ဘုရားအမှုတော်၏ ဤအဆင့်ကို လက်ခံခြင်းသည် မှန်ကန်ပြီး လူတစ်ဦးသည် ကြီးမြတ်သော ကောင်းချီးများကို လက်ခံရရှိနိုင်သည်၊ အရာရာတိုင်း အဆင်ပြေချောမွေ့သွားမည်ဖြစ်ပြီး ဘုရားထံမှ ကျေးဇူးတော်ကို လက်ခံရရှိနိုင်သည်” ဟု တွေးထင်ကြသည်။ ထိုသို့သော အဖြစ်မှန်များကို မျက်မြင်တွေ့ရှိပြီးနောက်တွင် အန္တိခရစ်တို့သည် ၎င်းတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်၏ ကတိတော်များနှင့် ကောင်းချီးများကို ယာယီအားဖြင့် အနည်းငယ် အသိအမှတ်ပြုခြင်းနှင့် ယုံကြည်လက်ခံခြင်း ရှိလာကြသည်။ ပြောစရာ မလိုသည်မှာ ဤအသိအမှတ်ပြုခြင်းနှင့် ယုံကြည်လက်ခံခြင်းသည် “နောက်ထပ် အတည်ပြုရန် လိုအပ်သည်” ဟု ဖော်ပြထားသည့် ကွင်းစကွင်းပိတ်အတွင်းမှ မှတ်ချက်တစ်ခုနှင့်အတူ လာသင့်သည်။ ၎င်းတို့၏ နေ့စဉ်အသက်တာများတွင် အန္တိခရစ်တို့သည် ဘုရားသခင်၏ ကောင်းချီးများနှင့် ကတိတော်များ လူများစွာတို့တွင် ပြည့်စုံလာပြီး အကောင်အထည်ပေါ်နေကြောင်း အတည်ပြုရန် သက်သေအထောက်အထားအမျိုးမျိုးကို အဆက်မပြတ် စောင့်ကြည့်လေ့လာပြီး စုဆောင်းကြသည်။ စောင့်ကြည့်လေ့လာနေစဉ်တွင် ဤအန္တိခရစ်တို့သည် မည်သည့်လူများက ဘုရားသခင်၏ ကောင်းချီးများနှင့် ကတိတော်များကို လက်ခံရရှိခဲ့သည်၊ ဤလူများက မည်သည့်အရာကို လုပ်ဆောင်ခဲ့ကြသည်၊ ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားများ၊ ၎င်းတို့ ဘုရားသခင်နောက်သို့ မည်သို့လိုက်လျှောက်ကြသည်နှင့် ၎င်းတို့၏ ရှုမြင်ပုံများကို ကြည့်ရှုရန် ကြိုးစားလျက် ဤသက်သေအထောက်အထားကို စုဆောင်းနေကြခြင်း ဖြစ်သည်။ ပြောစရာမလိုသည်မှာ ဤသို့ အဆက်မပြတ် စောင့်ကြည့်လေ့လာခြင်းနှင့် သက်သေအထောက်အထား စုဆောင်းခြင်း ကာလအတွင်းတွင် အန္တိခရစ်တို့သည် ဘုရားသခင်၏ ကောင်းချီးများနှင့် ကတိတော်များကို လက်ခံရရှိခဲ့သူတို့၏ အပြုအမူ၊ လုပ်ဆောင်ချက်များနှင့် ရှုမြင်ပုံများကို အတုယူရန်လည်း ကြိုးပမ်းကြသည်။ အကယ်၍ ၎င်းတို့ကိုယ်တိုင်က လောကီဆိုင်ရာ ကောင်းချီးများ၊ ခံစားခွင့်နှင့် သာယာမှုအချို့ကို လက်ခံရရှိပါက ၎င်းတို့သည် အတွင်းစိတ်၌ “ဘုရား၏ ကောင်းချီးများနှင့် ကတိတော်များသည် အနှစ်မဲ့သော စကားများမဟုတ်ပါ၊ ယင်းတို့သည် အကောင်အထည် ပေါ်လာနိုင်ပါသည်။ ဤဘုရားသည် အမှန်ပင် ဘုရားဖြစ်ပုံရသည်၊ သူ၌ အမှန်တကယ်ပင် လုပ်နိုင်စွမ်းအချို့ ရှိသည်။ သူသည် လူတို့အပေါ် ကောင်းချီးများနှင့် ကတိတော်များကို ပေးသနားနိုင်သည်၊ အကျိုးကျေးဇူးအချို့ကို ဆောင်ကြဉ်းပေးနိုင်သည်၊ အချို့သော အကျိုးစီးပွားများအတွက် ၎င်းတို့၏ လိုအပ်ချက်အချို့ကို ဖြည့်ဆည်းပေးနိုင်သည်။ ကျွန်ုပ်သည် သူ့ကို ဆက်လက်ယုံကြည်ပြီး လိုက်လျှောက်သင့်ပုံရသည်၊ ကျွန်ုပ် နောက်ကျကျန်နေခဲ့ခြင်း သို့မဟုတ် ပေါ့လျော့ခြင်း မဖြစ်စေရ” ဟု လက်ခံကြသည်။ အစမှအဆုံးတိုင် အန္တိခရစ်တို့သည် ချီတုံချတုံဖြင့် စောင့်ကြည့်လေ့လာနေကြသည်။ သို့သော် ၎င်းတို့ ဤသို့ပြုလုပ်သည့်အခါ တစ်စုံတစ်ဦးက သတိပြုမိသလော။ ၎င်းတို့က “ဘုရား၏ ဤကောင်းချီးများနှင့် ကတိတော်များကို ကျွန်ုပ်မယုံကြည်ပါ” ဟု လူတိုင်းကို ပြောလျက် လူအများရှေ့တွင် ချီတုံချတုံဖြင့် စောင့်ကြည့်လေ့လာနေကြသလော။ (စောင့်ကြည့်လေ့လာခြင်း မရှိပါ။) အပြင်ပန်းတွင် သင် ပိုင်းခြားသိမြင်နိုင်ခြင်း မရှိပေ။ သင်သည် ၎င်းတို့ကို အခြားလူများအားလုံးနှင့် အတူတူဖြစ်နေသည်ကို တွေ့မြင်ရသည်၊ ၎င်းတို့၏ အလုပ်အကိုင်၊ အိမ်ထောင်၊ မိသားစုများ စသည်တို့ကို စွန့်လွှတ်ကြသည်၊ ထို့အပြင် အခြားလူတိုင်းနှင့်အတူ မိမိတို့၏ တာဝန်များကိုလည်း ထမ်းဆောင်ကြသည်၊ စောစောထပြီး ညဉ့်နက်မှ အိပ်ကြသည်၊ ဒုက္ခဆင်းရဲကို ကြံ့ကြံ့ခံပြီး အဖိုးအခကို ပေးကြသည်။ ၎င်းတို့သည် အနှောင့်အယှက် ဖြစ်စေသော စကားများ သို့မဟုတ် အပျက်သဘောဆောင်သော စကားများကို မပြောကြပေ၊ ဝေဖန်သုံးသပ်ချက်များကို မဖော်ပြကြပေ၊ မကောင်းမှုများကို မလုပ်ဆောင်ကြပေ၊ အနှောင့်အယှက်များကို မဖြစ်စေကြပေ။ သို့သော်ငြားလည်း အချက်တစ်ချက် ရှိနေသေးသည်။ ၎င်းတို့သည် အပြင်ပန်း၌ မည်မျှပင် လျှို့ဝှက်စွာ ပြုမူပါစေ၊ ၎င်းတို့၏ အတွင်းစိတ်မှ ရှုမြင်ပုံများနှင့် အတွေးအခေါ်များသည် ၎င်းတို့၏ အပြုအမူကို လွှမ်းမိုးပြီး သက်ရောက်မှုရှိသည်။ စိတ်နှလုံး နက်ရှိုင်းရာ၌ ၎င်းတို့၏ ချီတုံချတုံဖြင့် စောင့်ကြည့်လေ့လာခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စပ်စုခြင်းတို့သည် ဘုရားသခင်ထံမှ ဖုံးကွယ်၍မရနိုင်ပေ။ သို့ဆိုလျှင် အန္တိခရစ်တို့၏ မည်သည့်သွင်ပြင်လက္ခဏာများကို လူတို့ထံမှ ဖုံးကွယ်နိုင်သော်လည်း ဘုရားသခင်ထံမှ မဖုံးကွယ်နိုင်သနည်း။ လူတို့သည် အခြားသူများ၏ အပြုအမူကိုသာ မြင်ကြသည်၊ ၎င်းတို့သည် အခြားသူများ ထုတ်ဖော်သည့်အရာကိုသာ မြင်ကြသည်။ တစ်ဖက်တွင် ဘုရားသခင်မှာမူ ဤအရာများကို ကြည့်ရှုရုံသာမက အရေးကြီးဆုံးမှာ လူတို့၏ စိတ်နှလုံးများနှင့် အတွင်းအကျဆုံးသော အတွေးအခေါ်များကို ကြည့်ရှုစစ်ဆေးခြင်း ဖြစ်သည်။ လူတစ်ဦး၏ အပြုအမူများနှင့် ထုတ်ဖော်ခြင်းများသည် အတော်အတန် အပေါ်ယံကျသော်လည်း လူတစ်ဦး၏ စိတ်နှလုံး နက်ရှိုင်းရာသည် လူက မခံစားသိရှိနိုင်သော နယ်ပယ်တစ်ခုဖြစ်ပြီး ယင်းအတွင်း၌ ၎င်းတို့၏ ပိုမိုနက်ရှိုင်းသော အတွေးအခေါ်များနှင့် ၎င်းတို့၏ သဘာဝနှင့်ဆိုင်သော အစိတ်အပိုင်းများစွာတို့သည် ဖုံးကွယ်လျက်ရှိသည်။ အန္တိခရစ်တို့သည် သူ၏ ကတိတော်များနှင့် ကောင်းချီးများကဲ့သို့သော ဘုရားသခင်၏ ထိုနှုတ်ကပတ်တော်များကို စပ်စုသည့်အခါ အပြင်ပန်းတွင် ၎င်းတို့သည် မိမိတို့၏ အချိန်ကို ဆက်ကပ်ကောင်း ဆက်ကပ်နိုင်ပြီး ရုပ်ပိုင်းဆိုင်ရာ အဖိုးအခကို ပေးကောင်း ပေးနိုင်သော်လည်း ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်ထံ အပြည့်အဝ ဆက်ကပ်ထားခြင်း မရှိပေ။ မိမိတို့၏ စိတ်နှလုံးများကို ဘုရားသခင်ထံ အပြည့်အဝ မဆက်ကပ်ခြင်း၏ ခိုင်မာသော သရုပ်သကန်များမှာ အဘယ်နည်း။ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ သို့မဟုတ် မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ ၎င်းတို့သည် မိမိတို့၏ စွမ်းအင်အားလုံးကို ထိုအထဲသို့ မထည့်ကြသကဲ့သို့ ချွင်းချက်မရှိဘဲလည်း မလုပ်ဆောင်ကြပေ၊ သို့သော် သိသာထင်ရှားသော အမှားအယွင်းများ မရှိကြောင်းနှင့် လုပ်ငန်းစဉ်တစ်ခုလုံး၏ အခြေခံကျသော လားရာသည် မှန်ကန်ကြောင်း သေချာစေရန်သာ ရည်ရွယ်ကြသည်။ ၎င်းတို့သည် ဤသို့ အဘယ်ကြောင့် လုပ်ဆောင်နိုင်သနည်း။ ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းရာ၌၊ ၎င်းတို့၏ အတွင်းအကျဆုံးသော ဖြစ်တည်မှု၌ ၎င်းတို့သည် အတွေးတစ်ခုကို စွဲကိုင်ထားကြသည်၊ “ဘုရား၏ နှုတ်ကပတ်တော်များ ပြည့်စုံလာမည်ဟုတ်မဟုတ်သည် ဘုရားက ကျွန်ုပ်ကို ကယ်တင်နိုင်မည်ဟုတ်မဟုတ်နှင့် သူသည် အမှန်ပင် ကျွန်ုပ်၏ ဘုရားဖြစ်သည်ဟုတ်မဟုတ်ကို သတ်မှတ်သည်။ ဤမေးခွန်းကို မဖြေဆိုရသေးပါက ဘုရား၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရတို့၏ စစ်မှန်မှုသည်ပင် မေးခွန်းထုတ်စရာ ဖြစ်နေသည်” ဟူ၍ ဖြစ်သည်။ အတွင်းစိတ် နက်ရှိုင်းရာ၌ ထိုသို့သော အတွေးများဖြင့် ၎င်းတို့သည် ဘုရားသခင်အပေါ် စစ်မှန်သော စိတ်နှလုံးတစ်ခု ရှိနိုင်သေးသလော။ ၎င်းတို့၏ စိတ်နှလုံးထဲရှိ ဤနက်ရှိုင်းစွာ အမြစ်တွယ်နေသော အတွေးအခေါ်များသည် ၎င်းတို့ကို အဟန့်အတားဖြစ်စေပြီး အဆက်မပြတ် သတိပေးနေသည်မှာ သင်၏ စစ်မှန်သော စိတ်နှလုံးကို ဘုရားထံ မပေးနှင့်၊ ရှိသမျှကို အကုန်အစင် မပုံအောနှင့်၊ သင်လုပ်ဆောင်သည့် မည်သည့်အရာတွင်မဆို ဝတ်ကျေတမ်းကျေ လုပ်ဆောင်သွားရုံသာ ဖြစ်သည်၊ မမိုက်မဲနှင့်၊ ဘုရားအပေါ် တစ်စုံတစ်ရာကို ထိမ်ချန်ထားလော့၊ မိမိအတွက် ထွက်ပေါက်တစ်ခု အသေအချာ ချန်ထားလော့၊ ပြီးလျှင် သင်၏ အသက် သို့မဟုတ် သင်၏ အရေးကြီးဆုံးသော အရာများကို ဤသို့ မသိရှိသေးသော ဘုရားတစ်ပါးထံ မအပ်နှံနှင့် ဟူ၍ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ စိတ်နှလုံးထဲတွင် တွေးတောပုံဖြစ်သည်။ သင်တို့ ဤအရာကို သတိပြုမိကြသလော။ (မပြုမိပါ။) ဤအန္တိခရစ်တို့သည် စည်းဝေးပွဲများအတွင်းနှင့် အခြားသူများနှင့် အပြန်အလှန်ဆက်ဆံရာတွင် အပြင်ပန်း၌ ကြင်နာတတ်သည်၊ ပုံမှန်ပေါင်းသင်းဆက်ဆံမှုများ ရှိနိုင်သည်၊ ၎င်းတို့၏ ကိုယ်ပိုင်ထိုးထွင်းသိမြင်မှု၊ နားလည်မှုနှင့် အတွေ့အကြုံအချို့အကြောင်းကိုပင် မိတ်သဟာယဖွဲ့နိုင်ပြီး ၎င်းတို့သည် ယုံကြည်သူတစ်ဦး၌ ရှိသင့်သည့် အပြင်ပန်းကျသော၊ အပေါ်ယံကျသော၊ အခြေခံကျသော အပြုအမူများနှင့် သရုပ်သကန်များကို ပြသနိုင်သော်လည်း ဘုရားသခင်ကို ကြောက်ရွံ့ခြင်း သို့မဟုတ် ကိုယ်တော်အပေါ် ရိုးသားမှုတို့တွင် ကြီးထွားရင့်ကျက်မှု သို့မဟုတ် တိုးတက်မှု တစ်စက်မျှ မရှိပေ။ ဤလူတို့သည် မည်သို့ပင် အသုံးခံသည်ဖြစ်စေ သို့မဟုတ် ဘုရားအိမ်တော်၌ မိမိတို့၏ တာဝန်ကို နှစ်ပေါင်းမည်မျှပင် ထမ်းဆောင်သည်ဖြစ်စေ၊ အချက်တစ်ချက်မှာ သေချာသည်။ ၎င်းတို့၏ အသက်သည် ကြီးထွားရင့်ကျက်ခြင်း မရှိပေ။ ၎င်းတို့၌ အသက်မရှိပေ။ ဤအသက်မရှိခြင်းသည် မည်သည့်နယ်ပယ်များတွင် ပေါ်လွင်ထင်ရှားသနည်း။ အခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် စည်းမျဉ်းများကို လုံးဝမရှာဖွေကြပေ။ လက်ရှိအလုပ် ဆက်လက်လုပ်ဆောင်နေပါက ကျေနပ်နေကြရုံသာ ဖြစ်ပြီး ၎င်းတို့သည် ဘုရားသခင် မိန့်ကြားသည့် စည်းမျဉ်းများကို မိမိတို့၏ လက်တွေ့လုပ်ဆောင်ခြင်းအတွက် စံနှုန်းအဖြစ် မည်သည့်အခါမျှ မမှတ်ယူကြဘဲ အခြားလူများထံမှ ကြီးကြပ်မှု၊ အုပ်ထိန်းမှုနှင့် ဦးဆောင်မှုကို အပေါ်ယံအားဖြင့်သာ လက်ခံပြီး ဘုရားသခင်၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းကို လက်မခံကြပေ။ ဤသည်မှာ ဘုရားသခင်၏ ကတိတော်များနှင့် ကောင်းချီးများသည် မည်သူ့အတွက် အမှန်တကယ် ပြည့်စုံလာနေသည်၊ မည်သည့်လူအုပ်စုအတွက် အကောင်အထည်ပေါ်နေသည်ကို ၎င်းတို့ ရှင်းလင်းစွာ အတည်မပြုမချင်း၊ ပြီးလျှင် ၎င်းတို့ကိုယ်တိုင်က လူကို ဘုရားပေးသည့် ကတိတော်များနှင့် ကောင်းချီးများကို ဘုရားသခင်ထံမှ အမှန်တကယ် လက်ခံရရှိနိုင်ကြောင်း အတည်မပြုမချင်း ၎င်းတို့၏ လုပ်ဆောင်ချက်ဆိုင်ရာ စည်းမျဉ်းများနှင့် နည်းလမ်းများအပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ သဘောထားသည် ပြောင်းလဲမည်မဟုတ်ကြောင်း ဆိုလိုသည်။ တစ်နည်းအားဖြင့် ၎င်းတို့သည် မိမိတို့ကိုယ်ကို အဆက်မပြတ် သတိပေးနေကြသကဲ့သို့ အတွင်းစိတ်၌ ဘုရားသခင်နှင့် အငြင်းအခုံပြုရန်လည်း ကြံစည်နေကြသည်။ ဘုရားသခင်နှင့် ၎င်းတို့၏ အငြင်းအခုံပြုခြင်း၏ အဓိကအချက်မှာ အဘယ်နည်း။ ၎င်းတို့က “သင်၏ ကတိတော်များနှင့် ကောင်းချီးများလည်း အကောင်အထည် မပေါ်သေးပါ။ ယင်းတို့ အကောင်အထည်ပေါ်သည်ကို ကျွန်ုပ် မမြင်တွေ့ရသေးပါ၊ သင် မည်သို့ အလုပ်လုပ်သည်ကိုလည်း ကျွန်ုပ် မမြင်နိုင်ပါ၊ ထို့ကြောင့် သင်၏ ပင်ကိုလက္ခဏာကို ကျွန်ုပ် အတည်မပြုနိုင်ပေ။ သင်၏ ပင်ကိုလက္ခဏာကို ကျွန်ုပ် အတည်မပြုနိုင်ပါက သင်၏ ဤနှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ်၊ ဘုရား၏ နှုတ်ကပတ်တော်များအဖြစ် ကျွန်ုပ် မည်သို့ မှတ်ယူနိုင်မည်နည်း” ဟု တွေးထင်ကြသည်။ ၎င်းတို့သည် ဤကိစ္စကို ဘုရားသခင်နှင့် စိတ်ထဲ၌ အငြင်းပွားနေကြသည် မဟုတ်လော။ ၎င်းတို့က “သင်က လူတို့အပေါ် ပေးသနားမည်ဟု ကတိပေးထားသည့် ကောင်းချီးများနှင့် သင်၏ ကတိတော်များ၏ အမျိုးမျိုးသော အကြောင်းအရာအားလုံးကို ကျွန်ုပ်က အတည်မပြုနိုင်ပါက သင့်အပေါ် ကျွန်ုပ်၏ ယုံကြည်ခြင်းသည် ရာနှုန်းပြည့် မဖြစ်နိုင်ပေ။ ယင်းအတွင်း၌ ရောနှောခြင်းအချို့ အမြဲရှိနေမည်ဖြစ်ပြီး ကျွန်ုပ် အပြည့်အဝ မယုံကြည်နိုင်ပါ” ဟု ဆိုကြသည်။ ဤသည်မှာ အန္တိခရစ်တို့၏ သဘောထားဖြစ်သည်။ ထိုသို့သော သဘောထားသည် ကြောက်စရာ ကောင်းသလော။ (ဟုတ်ပါသည်။) ဤသဘောထားမျိုးသည် “ယုန်ကို မမြင်မချင်း သိမ်းငှက်ကို မလွှတ်နှင့်” ဟူသည့် ဘာသာတရားမရှိသူများကြားမှ ဆိုရိုးစကားနှင့် သဘောသဘာဝအားဖြင့် အတူတူပင်ဖြစ်သည်။ ၎င်းတို့က “သင်သည် ဘုရားဖြစ်သည်၊ သင်၏ ကတိတော်များနှင့် ကောင်းချီးများကို အကောင်အထည်ဖော်ရန် တန်ခိုးသင့်၌ ရှိသင့်သည်။ သင်ပြောသည့်အရာကို အကောင်အထည်ဖော်၍ မရနိုင်ပါက၊ သင့်ကို ယုံကြည်သောလူများသည် ကြီးမြတ်သော ကောင်းချီးများကို မခံစားနိုင်ပါက၊ ဘုန်းအသရေ၊ စည်းစိမ်နှင့် ဂုဏ်သိက္ခာကို မခံစားနိုင်ပါက၊ ကျေးဇူးတော်ကို မခံစားနိုင်ပါက၊ သင်၏ ကွယ်ကာမှုကို မရရှိနိုင်ပါက လူတို့သည် သင့်နောက်သို့ အဘယ်ကြောင့် လိုက်သင့်သနည်း” ဟု ဆိုကြသည်။ အန္တိခရစ်တို့၏ အမြင်တွင်၊ ၎င်းတို့၏ အတွေးအခေါ်များနှင့် ရှုမြင်ပုံများတွင် ဘုရားသခင်နောက်လိုက်ရာ၌ အကျိုးအမြတ်အချို့ ရှိရမည်ဖြစ်သည်။ ၎င်းတို့သည် အကျိုးအမြတ်မရှိဘဲ မည်သည့်အရာကိုမျှ မလုပ်ဆောင်ကြပေ။ ခံစားနိုင်သည့် ကျော်ကြားမှု၊ အကျိုးအမြတ် သို့မဟုတ် အဆင့်အတန်း မရှိပါက၊ ၎င်းတို့လုပ်ဆောင်သည့် အလုပ် သို့မဟုတ် ထမ်းဆောင်သည့် တာဝန်တစ်ခုမျှက ၎င်းတို့ကို အခြားသူများ၏ လေးစားမှုကို မရရှိစေပါက ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းတို့တွင် အဓိပ္ပာယ်မရှိတော့ပေ။ ၎င်းတို့ ရရှိရမည့် ပထမဆုံးသော အကျိုးအမြတ်များမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် မိန့်ကြားထားသည့် ကတိတော်များနှင့် ကောင်းချီးများဖြစ်ပြီး ၎င်းတို့သည် အသင်းတော်အတွင်း၌ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကိုလည်း ခံစားရမည်ဖြစ်သည်။ အန္တိခရစ်တို့က ဘုရားသခင်ကို ယုံကြည်ရာတွင် လူတစ်ဦးသည် အခြားသူများထက် သာလွန်ရမည်၊ လေးစားခြင်းခံရမည်၊ ထူးခြားရမည်ဟု တွေးထင်ကြသည်၊ အနည်းဆုံးအနေဖြင့် ဘုရားသခင်ကို ယုံကြည်သူများသည် ဤအရာများကို ခံစားရမည်ဖြစ်သည်။ အကယ်၍ မခံစားရပါက ၎င်းတို့ ယုံကြည်နေသည့် ဤဘုရားသခင်သည် စစ်မှန်သော ဘုရားသခင် ဟုတ်မဟုတ်အပေါ် မေးခွန်းအချို့ ရှိနေသည်။ အန္တိခရစ်တို့၏ တွေးခေါ်မှုစနစ်မှာ “ဘုရားကို ယုံကြည်သောသူများသည် ဘုရား၏ ကောင်းချီးများနှင့် ကျေးဇူးတော်ကို ခံစားရမည်” ဟူသော စကားများကို သမ္မာတရားအဖြစ် မှတ်ယူနေခြင်း မဟုတ်လော။ ဤစကားများကို ဆန်းစစ်ကြည့်ကြလော့။ ယင်းတို့သည် သမ္မာတရား ဟုတ်ပါသလော။ (မဟုတ်ပါ။) ယခုအခါ ဤစကားများသည် သမ္မာတရားမဟုတ်ကြောင်း၊ ယင်းတို့သည် မှားယွင်းပြီး အဓိပ္ပာယ်မဲ့ကြောင်း၊ ယင်းတို့သည် စာတန်၏ တွေးခေါ်မှုစနစ်ဖြစ်ကြောင်းနှင့် သမ္မာတရားနှင့် မည်သို့မျှ မသက်ဆိုင်ကြောင်း ရှင်းလင်းသွားပြီဖြစ်သည်။ ဘုရားသခင်က “လူတို့သည် ငါ့ကို ယုံကြည်လျှင် ၎င်းတို့သည် သေချာပေါက် ကောင်းချီးခံစားရမည်ဖြစ်ပြီး ဘေးဒုက္ခကို မည်သည့်အခါမျှ ခံစားရမည်မဟုတ်” ဟု တစ်ခါဖူးမျှ မိန့်ကြားခဲ့ဖူးသလော။ ဘုရားသခင်၏ မည်သည့်နှုတ်ကပတ်တော်က ဤအကြောင်းကို ပြောထားသနည်း။ ဘုရားသခင်သည် ထိုသို့သော စကားများကို မည်သည့်အခါမျှ မမိန့်ကြားခဲ့သကဲ့သို့ ဤသို့လည်း မလုပ်ဆောင်ခဲ့ပေ။ ကောင်းချီးများ၊ ဒုက္ခဆင်းရဲများနှင့် ပတ်သက်သည့်အခါ ရှာဖွေရမည့် သမ္မာတရားတစ်ခု ရှိနေသည်။ လူတို့ လိုက်နာစောင့်ထိန်းသင့်သည့် ပညာရှိစကားမှာ အဘယ်နည်း။ ယောဘက “ငါတို့သည် ဘုရားသခင်၏ လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော။” (ယောဘ ဝတ္ထု ၂:၁၀) ဟု ဆိုခဲ့သည်။ ဤစကားများသည် သမ္မာတရား ဟုတ်သလော။ ဤသည်တို့မှာ လူတစ်ဦး၏ စကားများဖြစ်သည်၊ ယင်းတို့သည် တစ်နည်းတစ်ဖုံအားဖြင့် သမ္မာတရားနှင့် ကိုက်ညီမှုရှိလင့်ကစား ယင်းတို့ကို သမ္မာတရားအဖြစ် မမြှင့်တင်သင့်ပေ။ မည်သည့်နည်းလမ်းဖြင့် သမ္မာတရားနှင့် ကိုက်ညီမှုရှိသနည်း။ လူတို့သည် ကောင်းချီးခံစားရသည်ဖြစ်စေ၊ ဘေးဒုက္ခခံစားရသည်ဖြစ်စေ အားလုံးသည် ဘုရားသခင်၏ လက်တော်ထဲ၌ ရှိသည်၊ အားလုံးသည် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်၌ ရှိသည်။ ဤသည်မှာ သမ္မာတရားဖြစ်သည်။ အန္တိခရစ်တို့သည် ဤအရာကို ယုံကြည်သလော။ မယုံကြည်ကြပေ။ ၎င်းတို့သည် ဤအရာကို အသိအမှတ်မပြုကြပေ။ ၎င်းတို့သည် ဤအရာကို အဘယ်ကြောင့် မယုံကြည် သို့မဟုတ် အသိအမှတ်မပြုကြသနည်း။ (၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ ကောင်းချီးခံစားရရန်ဖြစ်သည်၊ ၎င်းတို့သည် ကောင်းချီးခံစားလိုရုံသာ ဖြစ်ပါသည်။) (အကြောင်းမှာ ၎င်းတို့သည် အလွန် တစ်ကိုယ်ကောင်းဆန်ပြီး ဇာတိပကတိ၏ အကျိုးစီးပွားများကိုသာ လိုက်စားသောကြောင့် ဖြစ်ပါသည်။) ၎င်းတို့၏ ယုံကြည်ခြင်း၌ အန္တိခရစ်တို့သည် ကောင်းချီးခံစားလိုရုံသာဖြစ်ပြီး ဘေးဒုက္ခကို မခံစားလိုကြပေ။ ကောင်းချီးခံစားရသူ၊ အကျိုးကျေးဇူးရရှိသူ၊ ကျေးဇူးတော်ခံစားရသူနှင့် ဥစ္စာပစ္စည်းဆိုင်ရာ ဇိမ်ခံမှုများ၊ ကြီးမားသော အကျိုးကျေးဇူးများကို ပိုမိုရရှိသူတစ်ဦးကို ၎င်းတို့ မြင်သည့်အခါ ဤသည်မှာ ဘုရားသခင်က လုပ်ဆောင်ခြင်းဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်၊ အကယ်၍ ၎င်းတို့သည် ထိုသို့သော ဥစ္စာပစ္စည်းဆိုငရာ ကောင်းချီးများကို မရရှိပါက ဤသည်မှာ ဘုရားသခင်၏ လုပ်ဆောင်ချက်မဟုတ်ဟု ၎င်းတို့ ယုံကြည်ကြသည်။ သွယ်ဝိုက်ညွှန်းဆိုချက်မှာ “သင်သည် အကယ်၍ အမှန်တကယ် ဘုရားဖြစ်ပါက လူများကိုသာ ကောင်းချီးပေးနိုင်သည်၊ သင်သည် လူတို့၏ ဘေးဒုက္ခကို ရှောင်ရှားပေးသင့်ပြီး ၎င်းတို့ကို ဆင်းရဲဒုက္ခနှင့် ကြုံတွေ့ခွင့် မပြုသင့်ပေ။ ထိုအခါမှသာ လူတို့ သင့်ကို ယုံကြည်ခြင်း၌ တန်ဖိုးနှင့် အဓိပ္ပာယ်ရှိမည်ဖြစ်သည်။ သင့်နောက်သို့ လိုက်ပြီးနောက်တွင် လူတို့သည် ဘေးဒုက္ခနှင့် ဝန်းရံဖိစီးခြင်းကို ခံနေရဆဲဖြစ်ပါက၊ ၎င်းတို့ ဆင်းရဲဒုက္ခခံနေရသေးပါက သင့်ကို ယုံကြည်ခြင်း၌ အဘယ်အဓိပ္ပာယ် ရှိမည်နည်း” ဟူ၍ဖြစ်သည်။ ၎င်းတို့သည် အမှုအရာအားလုံးသည် ဘုရားသခင်၏ လက်တော်ထဲ၌ ရှိကြောင်း၊ ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲထားကြောင်းကို ဝန်မခံကြပေ။ ပြီးလျှင် ၎င်းတို့သည် ဤအရာကို အဘယ်ကြောင့် ဝန်မခံကြသနည်း။ အကြောင်းမှာ အန္တိခရစ်တို့သည် ဘေးဒုက္ခခံစားရမည်ကို ကြောက်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် အကျိုးခံစားလိုရုံ၊ အခွင့်အရေးယူလိုရုံ၊ ကောင်းချီးများကို ခံစားလိုရုံသာဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာ သို့မဟုတ် စီစဉ်ညွှန်ကြားခြင်းကို လက်မခံလိုဘဲ ဘုရားသခင်ထံမှ အကျိုးကျေးဇူးများကိုသာ လက်ခံရယူလိုကြသည်။ ဤသည်မှာ အန္တိခရစ်တို့၏ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းသော ရှုမြင်ပုံဖြစ်သည်။ ဤသည်မှာ သူ၏ ကတိတော်များနှင့် ကောင်းချီးများကဲ့သို့သော ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ပတ်သက်၍ အန္တိခရစ်တို့က ပြသသည့် သရုပ်သကန်များ တသီတတန်းကြီး ဖြစ်ပေသည်။ ခြုံငုံကြည့်လျှင် ဤသရုပ်သကန်များသည် အဓိကအားဖြင့် အန္တိခရစ်တို့၏ လိုက်စားမှုနောက်ကွယ်ရှိ အမြင်ရှုထောင့်များအပြင် ဘုရားသခင်က လူတို့အတွက် လုပ်ဆောင်သည့် ဤအရာမျိုးအပေါ် ၎င်းတို့၏ ရှုမြင်ပုံများ၊ အကဲဖြတ်ချက်များနှင့် နားလည်မှုတို့နှင့် သက်ဆိုင်သည်။ ၎င်းတို့သည် အပြင်ပန်း၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဗြောင်ကျကျ အသရေဖျက်ခြင်း သို့မဟုတ် ဆန့်ကျင်ခြင်း မပြုနိုင်သော်လည်း စိတ်နှလုံး နက်ရှိုင်းရာ၌ ဘုရားသခင်ထံမှ ဤနှုတ်ကပတ်တော်မျိုးများနှင့် ဘုရားသခင်က ဤအရာမျိုးကို လုပ်ဆောင်သည့် နည်းလမ်းအပေါ် ၎င်းတို့၏ ချဉ်းကပ်ပုံသည် အသရေဖျက်ခြင်း၊ သံသယရှိခြင်း၊ ပြစ်တင်ရှုတ်ချခြင်းနှင့် ရွေးချယ်ခြင်းတို့ဖြစ်သည်။ ဘုရားသခင်၏ ကတိတော်များနှင့် ကောင်းချီးများနှင့်ဆိုင်သော နှုတ်ကပတ်တော်များ အချို့လူများ၌ ပြည့်စုံလာသည့်အခါ ၎င်းတို့သည် ဘုရားသခင်၏ တန်ခိုးကို ချီးမွမ်းပြီး သူ၏နာမတော်နှင့် သူ၏ချစ်ခြင်းမေတ္တာကို ချီးမြှောက်ကြသည်။ သို့သော် ဘုရားသခင် လုပ်ဆောင်သည့်အရာသည် ၎င်းတို့၏ ကတိတော်များနှင့် ကောင်းချီးများနှင့်ဆိုင်သော အယူအဆများ၊ စိတ်ကူးများနှင့် မကိုက်ညီသည့်အခါ အန္တိခရစ်တို့သည် ၎င်းတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်၏ တည်ရှိမှုကို ချက်ချင်း ငြင်းပယ်ကြသကဲ့သို့၊ ဘုရားသခင် လုပ်ဆောင်သမျှ၏ မှန်ကန်မှုကိုလည်း ငြင်းပယ်ကြပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် သူသည် လူ့ကံကြမ္မာကို စီစဉ်ညွှန်ကြားပြီး ကြိုတင်စီစဉ်သည်ဟူသည့် အချက်ကို ပို၍ပင် ငြင်းပယ်ကြသည်။ အန္တိခရစ်တို့၏ ဤသရုပ်သကန်အားလုံးသည် အပြင်ပန်း၌ ထုတ်ဖော်ခြင်း မခံရနိုင်သကဲ့သို့ ၎င်းတို့သည် မိမိတို့၏ ရှုမြင်ပုံများကို ရှင်းလင်းသော ဘာသာစကားဖြင့် မဖြန့်ဝေနိုင်သော်လည်း ၎င်းတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်ထံမှ ဤနှုတ်ကပတ်တော်များကို ချီတုံချတုံ စောင့်ကြည့်ပြီး စပ်စုသည့် ရှုမြင်ပုံသည် ပြောင်းလဲခြင်းမရှိပေ။ အခြားသူများက အသက်ဝင်ရောက်မှုဆိုင်ရာ ကိစ္စရပ်များအကြောင်း သို့မဟုတ် လူတို့ မည်သို့ ကယ်တင်ခြင်း ခံရနိုင်ပုံအကြောင်း မည်သို့ပင် မိတ်သဟာယဖွဲ့ပါစေ ဘုရားသခင်၏ ကတိတော်များနှင့် ကောင်းချီးများကဲ့သို့သော နှုတ်ကပတ်တော်များ ပြည့်စုံလာမည် ဟုတ်မဟုတ်နှင့် မည်သို့ အကောင်အထည် ပေါ်လာမည်ကို စပ်စုသည့် အန္တိခရစ်တို့၏ စိတ်နေစိတ်ထားနှင့် သဘောထားကို ဘေးဖယ်ထားမည် မဟုတ်ချေ။ ဘုရားသခင်၏ ကတိတော်များနှင့် ကောင်းချီးများ အကောင်အထည် ပေါ်လာသည့်အခါ အန္တိခရစ်တို့သည် ဘုရားသခင်၏ ကြီးမြတ်ခြင်းကို ချီးမွမ်းလျက် ဝမ်းမြောက်စွာ လက်ခုပ်တီးပြီး ဩဘာပေးကောင်း ပေးနိုင်ပါသည်။ သို့သော် ဘုရားသခင်၏ ကတိတော်များနှင့် ကောင်းချီးများသည် ၎င်းတို့၏ အယူအဆများအတိုင်း အကောင်အထည်မပေါ်သည့်အခါ သို့မဟုတ် ပြည့်စုံမလာသည့်အခါ ချက်ချင်းဆိုသလိုပင် ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်ကို လျှို့ဝှက်စွာ ကျိန်စာတိုက်ပြီး ဆဲဆိုကာ သူ၏နာမတော်ကို အသရေဖျက်ကြသည်။ ထို့ကြောင့် နေ့စဉ်အသက်တာ၌ အရာအားလုံး ငြိမ်းချမ်းပြီး ပြဿနာကင်းနေသည့်အခါ၌ပင် အချို့လူတို့၏ အခြေအနေများသည် အလွန်အမင်း အတက်အကျရှိသည်။ ၎င်းတို့ ပျော်ရွှင်သည့်အခါ ၎င်းတို့သည် ကောင်းကင်ဘုံသတ္တမထပ်သို့ ရောက်နေနိုင်သော်လည်း ၎င်းတို့ စိတ်ဓာတ်ကျသည့်အခါ ၎င်းတို့သည် ငရဲသို့ ကျသွားသကဲ့သို့သော စိတ်ပျက်အားငယ်မှုထဲသို့ နစ်မြုပ်သွားနိုင်သည်။ ၎င်းတို့၏ စိတ်ခံစားချက်များသည် မတည်တံ့သကဲ့သို့ ခန့်မှန်း၍မရနိုင်ဘဲ မည်သည့်အရာ ဖြစ်ပျက်နေသည်ကို အခြားသူများကို နားမလည်နိုင်အောင် ဖြစ်စေသည်။ ၎င်းတို့ ပျော်ရွှင်သည့်အခါ ၎င်းတို့က “ဘုရားသည် အမှန်ပင် ဘုရားဖြစ်ပေသည်။ ဘုရားသည် အလွန်ကြီးမြတ်လှသည်၊ ဘုရား၏ သြဇာအာဏာသည် အမှန်တကယ် တည်ရှိသည်၊ ဘုရားသည် လူတို့ကို အလွန်ချစ်သည်” ဟု ဆိုကြသည်။ သို့သော် ၎င်းတို့ မပျော်ရွှင်သည့်အခါ “ဘုရား” ဟူသော စကားလုံးကိုပင် ၎င်းတို့၏ ပါးစပ်မှ ဟရန် အလွန်အမင်း ခက်ခဲသွားသည်။ ဘုရားသခင်၏ နာမတော်ကို ကျယ်လောင်စွာ ချီးမွမ်းသောသူသည် သူ၏စိတ်နှလုံးထဲ၌ ဘုရားသခင်ကို အသရေဖျက်၊ ငြင်းပယ်၊ ပြစ်မှားစော်ကား၊ ဆဲဆိုပြီး ကျိန်စာတိုက်သောသူလည်း ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရန် စောစောထပြီး ညဉ့်နက်မှ အိပ်ကြသည်၊ အခြားသူအများစု မတတ်နိုင်သည့် အဖိုးအခကို ပေးကြသော်လည်း မိမိတို့၏ တာဝန်များအပေါ် ခံပြင်းမှုများကို ပွင့်အံချသူ၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို သစ္စာဖောက်သူ၊ အလုပ်ကို တမင်တကာ နှောင့်ယှက်သူနှင့် မိမိတို့၏ တာဝန်များနှင့် အလုပ်ကို တမင်တကာ ပေါ့ဆစွာ ကိုင်တွယ်သူလည်း ဖြစ်သည်။ အပြင်ပန်း၌ ဤသည်မှာ လူတစ်ဦးတည်းသာ ဖြစ်သော်လည်း ၎င်းတို့၏ အပြုအမူများနှင့် စိတ်သဘောထားများအရ အကဲဖြတ်လျှင် ထိုသို့သော ဆန့်ကျင်ဘက် သရုပ်သကန်များသည် လူနှစ်ဦး ပါဝင်နေသည့်ပုံ ပေါက်လေသည်။ ဤသည်မှာ ပြဿနာတစ်ခုကို ပြနေသည်။ အန္တိခရစ်တို့၏ ဤသရုပ်သကန်များအရ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များအဖြစ် အခြေခံအားဖြင့် လက်မခံကြောင်းက ထင်ရှားသည်။ ထို့ပြင် အန္တိခရစ်တို့၏ အနှစ်သာရအရ အကဲဖြတ်လျှင် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ်၊ သို့မဟုတ် ၎င်းတို့၏ အသက်တာတစ်လျှောက်လုံး စောင့်ထိန်းရမည့် သမ္မာတရား စည်းမျဉ်းများအဖြစ် မည်သည့်အခါမျှ မှတ်ယူမည်မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံလာမည်ဟုတ်မဟုတ်ကို အန္တိခရစ်တို့က စပ်စုခြင်း၏ ပထမအချက်ဖြစ်သည်။ ၎င်းတို့သည် ကတိတော်များနှင့် ကောင်းချီးများနှင့်ဆိုင်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စပ်စုကြသည်။ အန္တိခရစ်တို့အတွက် ဘုရားသခင်၏ ကတိတော်များနှင့် ကောင်းချီးများသည် ဤဘဝ၌ ၎င်းတို့ ခံစားရသည့် လောကီရုပ်ပိုင်းဆိုင်ရာ အထူးအခွင့်အရေးများ၊ ဝိညာဉ်ရေးရာ အထူးအခွင့်အရေးများ၊ နေထိုင်မှုပတ်ဝန်းကျင်၊ အခြားထိုသို့သောအရာများနှင့် ခွဲခြား၍မရအောင် ဆက်စပ်နေသည်၊ ထို့ကြောင့် ၎င်းတို့သည် ဤကဏ္ဍကို အထူးဂရုပြုကြခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ တန်ခိုးပမာဏနှင့် ဘုရားသခင်၏ ပင်ကိုလက္ခဏာ၏ စစ်မှန်မှုကို တိုင်းတာရန် စံနှုန်းအဖြစ် ဘုရားသခင်၏ ကတိတော်များနှင့် ကောင်းချီးများနှင့်ဆိုင်သော နှုတ်ကပတ်တော်များ၏ ပြည့်စုံမှုကို အသုံးပြုကြသည်။ ၎င်းတို့သည် ဤအရာကို လျှို့ဝှက်စွာ တွေးတောပြီး စဉ်းစားကြသည်။ ဤသည်မှာ စပ်စုခြင်းက ဆိုလိုသည့်အရာဖြစ်သည်။ အန္တိခရစ်တို့သည် ဘုရားသခင် မိန့်ကြားသည့် အသက်ဝင်ရောက်မှုဆိုင်ရာ အမျိုးမျိုးသော သမ္မာတရားများကို စိတ်ဝင်စားမှုမပြကြပေ။ သို့သော် ဘုရားသခင်၏ ကတိတော်များနှင့် ကောင်းချီးများနှင့်ဆိုင်သော နှုတ်ကပတ်တော်များကို ဖော်ပြသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ မျက်လုံးများသည် တပ်မက်ခြင်းဖြင့် တောက်ပလာပြီး ၎င်းတို့၏ လိုအင်ဆန္ဒသည် ခေါင်းပြူထွက်လာသည်။ အပေါ်ယံတွင် ၎င်းတို့က “ကျွန်ုပ်တို့သည် ဘုရားအတွက် ခြွင်းချက်မရှိ အသုံးခံသင့်သည်၊ ကျွန်ုပ်တို့သည် ဘုရား၏ သတ်မှတ်ချက်များအတိုင်း ကျွန်ုပ်တို့၏ တာဝန်များကို ထမ်းဆောင်သင့်သည်” ဟု ဆိုကြသော်လည်း ၎င်းတို့၏ မျက်လုံးများသည် အမှန်တကယ် မည်သည့်နေရာတွင် အာရုံစူးစိုက်နေသနည်း။ ၎င်းတို့သည် ဘုရားသခင်၏ ကတိတော်များနှင့် ကောင်းချီးများကဲ့သို့သော နှုတ်ကပတ်တော်များပေါ်တွင် စွဲမြဲနေသည်။ ဤအရာများကို ၎င်းတို့ ဆုပ်ကိုင်မိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် လက်မလွှတ်ကြတော့ပေ။ ဤသည်မှာ လူကို ဘုရားသခင်ပေးသည့် ကတိတော်များ၊ ကောင်းချီးများနှင့်ဆိုင်သော နှုတ်ကပတ်တော်များအပေါ် အန္တိခရစ်တို့ ပြုမူပုံဖြစ်သည်။

၂။ လူသားကို ကျိန်ခြင်းအမင်္ဂလာ၊ အပြစ်ဒဏ်ပေးခြင်းတို့နှင့်ဆိုင်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စပ်စုခြင်း

ဒုတိယအချက်မှာ အန္တိခရစ်တို့သည် လူကို ကျိန်ခြင်းအမင်္ဂလာ၊ အပြစ်ဒဏ်ပေးခြင်းတို့နှင့်ဆိုင်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စပ်စုခြင်း ဖြစ်သည်။ အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် ဖော်ပြထားသည့် ကျိန်ခြင်းအမင်္ဂလာများနှင့် အပြစ်ဒဏ်ပေးခြင်းတို့အပေါ် ပထမအချက်တွင် ထားရှိသကဲ့သို့ တူညီသော ရှုမြင်ပုံနှင့် ရပ်တည်ချက်ကို ထားရှိကြသည်။ ဤနှုတ်ကပတ်တော် အမျိုးအစားများကို ၎င်းတို့သည် မည်သို့ စပ်စုကြသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက မည်သည့်လူအမျိုးအစားကို ကျိန်ဆဲရန် ရည်ရွယ်သည်၊ မည်သည့်အမျိုးအစားကို အပြစ်ဒဏ်ပေးရန် ရည်ရွယ်သည်၊ ဘုရားသခင်သည် ထိုသို့သောလူများကို ကျိန်ဆဲရန် မည်သည့်နှုတ်ကပတ်တော်များကို ပြောဆိုခဲ့သည်၊ ဘုရားသခင်သည် ထိုသို့သောလူများကို အပြစ်ပေးရန် မည်သည့်ပုံစံကို အသုံးပြုသည်၊ ထို့အပြင် မည်သည့်လူအမျိုးအစားကို ကျိန်ဆဲရန် ဘုရားသခင်သည် မည်သည့်နည်းလမ်းနှင့် နှုတ်ကပတ်တော်များကို အသုံးပြုသည်တို့ကို ၎င်းတို့တွေ့သောအခါ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များ မည်သို့ အမှန်တကယ် ဖြစ်လာသည်ကိုလည်းကောင်း၊ ယင်းတို့ ယခုထိတိုင် အမှန်တကယ်ဖြစ်လာပြီးခြင်း ရှိမရှိကိုလည်းကောင်း မိမိတို့၏ နေ့စဉ်အသက်တာတွင် ကြည့်လျက် စတင်စောင့်ကြည့်လေ့လာကြသည်။ ဥပမာအားဖြင့် ဘုရားအိမ်တော်၏ ရန်ပုံငွေများကို အလွဲသုံးစားလုပ်သည့်၊ ညီအစ်ကိုမောင်နှမများကို မဆင်မခြင် ညှဉ်းပန်းနှိပ်စက်ပြီး ဖိနှိပ်သည့်၊ အသင်းတော်တွင် နိုင်လိုမင်းထက်ပြုမူပြီး မဆင်မခြင် ပြုမူသည့်၊ စည်းမျဉ်းများမရှိဘဲ လုပ်ဆောင်သည့်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို မရှာဖွေသည့်၊ အခြားသူများနှင့် သဟဇာတရှိရှိ ပူးပေါင်းဆောင်ရွက်ခြင်း မရှိသည့် အသင်းတော်ခေါင်းဆောင်တစ်ဦး ရှိသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဤလူအမျိုးအစားအတွက် ကျိန်ခြင်းအမင်္ဂလာများနှင့် အပြစ်ဒဏ်ပေးခြင်းတို့ ရှိသည်ဟု ဖော်ပြထားသည်။ အန္တိခရစ်တစ်ဦးက စောင့်ကြည့်လေ့လာသည်။ “ဘုရားသခင်သည် ထိုသို့သောလူများကို မချစ်ပေ၊ ကိုယ်တော်သည် ၎င်းတို့ကို ပစ်ပစ်ခါခါငြင်းသည်။ သို့သော် ဤသူကို ကိုယ်တော်သည် မည်သို့ ပစ်ပစ်ခါခါငြင်းနေသနည်း။ ထိုသူသည် နေ့စဉ် အတော်ပင် သက်သောင့်သက်သာ နေထိုင်ပြီး ညီအစ်ကိုမောင်နှမများကို ဖိနှိပ်နေသည့်တိုင် အပြစ်တင်ဆုံးမခြင်းမခံရပေ။ ညီအစ်ကိုမောင်နှမများက ဤသည်ကို ခံနေရုံသာ ဖြစ်သည်။ သို့ဆိုလျှင် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များ မည်သို့ အမှန်တကယ် ဖြစ်လာနိုင်မည်နည်း။ ယင်းတို့ မည်သို့ အမှန်တကယ်ဖြစ်လာနိုင်သည်ကို ကျွန်ုပ် မမြင်ပေ။ ဘုရားသခင်က ဤသို့သောလူများကို ကျိန်ဆဲသည်ဆိုခြင်းမှာ ပြောရုံသက်သက် စကားတစ်ခွန်းသာ ဖြစ်ကောင်းဖြစ်မည်။ ဘုရား၏ နှုတ်ကပတ်တော်များတွင် ဩဇာအာဏာရှိသင့်ပြီး ဘုရား စကားပြောပြီးနောက်တွင် လူတို့၏ စိတ်နှလုံးထဲ၌ အနေရခက်ကာ အပြစ်တင်ဆုံးမခြင်း ခံရသည်ဟု ခံစားရသင့်သည်။ သူ၏စိတ်နှလုံးထဲ၌ မသက်မသာဖြစ်နေခြင်း ရှိမရှိကို ကျွန်ုပ် စောင့်ကြည့်လေ့လာရန်နှင့် ရှုမြင်ရန် လိုအပ်သည်၊ သူနှင့် စကားစမြည်ပြောပြီး သူ၏သဘောထားကို စနည်းနာရန် လိုအပ်သည်” ဟူ၍ ဖြစ်လေသည်။ သို့ဖြစ်၍ ထိုအန္တိခရစ်က ထိုသူကို “သင်သည် မကြာသေးမီက အမှုအရာများကို မည်သို့ တွေ့ကြုံခံစားနေရသနည်း” ဟု မေးသည်။ “အခြေအနေ အတော်ပင် ကောင်းမွန်ပါသည်၊ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဦးဆောင်တော်မူသည်။ အသင်းတော်အသက်တာသည် မဆိုးပါ၊ ညီအစ်ကိုမောင်နှမများအားလုံး လမ်းကြောင်းမှန်ပေါ်သို့ ဝင်ရောက်ကြပြီဖြစ်ပြီး သူတို့အားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရန် နှစ်သက်ကြသည်၊ ပြီးလျှင် ဧဝံဂေလိအလုပ်သည်လည်း ကောင်းမွန်စွာ တိုးတက်လျက်ရှိသည်” “အလုပ်သည် ချောချောမွေ့မွေ့ တိုးတက်မနေသည့်အခါ သင် စိတ်မညစ်သလော။ သင် အပျက်သဘောမဆောင်သလော။ ဘုရားသည် သင့်ကို ဆုံးမပဲ့ပြင်သလော။ သင့်အတွင်းစိတ်ထဲ၌ အပြစ်တင်ဆုံးမခြင်း ခံရသည်ဟု ခံစားရသလော” “မရှိပါ၊ အလုပ်ကို ဤမျှကောင်းမွန်စွာ လုပ်ဆောင်နေသည်ဖြစ်ရာ အဘယ်ကြောင့် အပြစ်တင်ဆုံးမခြင်းကို ခံရမည်ဟု ခံစားရမည်နည်း။ ဖြစ်ခြင်းဖြစ်လျှင် ဘုရားသခင်သည် ကျွန်ုပ်ကို ကောင်းချီးပေးလျက်ပင် ရှိသေးသည်” ဟူ၍ ပြော၏။ ထိုအန္တိခရစ်က စိတ်ထဲ၌ တွေးသည်၊ “ဘုရားသည် ဤသို့သောလူကို မကျိန်ဆဲခဲ့ပေ၊ သို့ဖြစ်၍ ဘုရားပြောခဲ့သည့် ဆိုးယုတ်သော လူများကို ကျိန်ဆဲခြင်း၊ ဘုရားသခင်ကို အတိုက်အခံ လုပ်သောသူများကို ကျိန်ဆဲခြင်းအကြောင်း နှုတ်ကပတ်တော်များသည် အမှန်တကယ် မဖြစ်လာသေးပါတကား။ ဤခေါင်းဆောင်သည် ဘုရားသခင်ကို အတိုက်အခံလုပ်သည့်၊ အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်သည့် ဤသို့ သိသာထင်ရှားသော လုပ်ရပ်များကို ကျူးလွန်ခဲ့သည်၊ ဘုရား၏ ကျိန်ခြင်းအမင်္ဂလာများသည် သူ့အပေါ် ကျရောက်သင့်သည်။ အဘယ်ကြောင့် မကျရောက်သေးသနည်း။ လူတို့ကို ကျိန်ဆဲသည့် ဘုရား၏ နှုတ်ကပတ်တော်များ အမှန်တကယ် ဖြစ်လာနိုင်ခြင်း ရှိမရှိကို ပြောရခက်သည်။ ထို့ကြောင့် ကျွန်ုပ် ဆက်လက်၍ စောင့်ကြည့်လေ့လာမည်” ဟူ၍ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် “အတိုက်အခံလုပ်မှုသည် သေခြင်းသို့ ဦးတည်သည်” ဟူသော စကားရပ်တစ်ခု ရှိသည်။ အန္တိခရစ်၏ အမြင်တွင် ဘုရားသခင်ကို အတိုက်အခံလုပ်သော လူများစွာရှိသည်။ ဥပမာအနေဖြင့် အချို့သောလူများသည် ဘုရားသခင်၏ ဤအမှုအဆင့်နှင့် ပထမဆုံး ထိတွေ့ခဲ့စဉ်က သမ္မာတရားကို နားမလည်ဘဲ ဘုရားသခင်၏ ဤအမှုအဆင့်ကို ငြင်းပယ်လျက် ဘုရားသခင်ကို ပြစ်မှားစော်ကားသော၊ အသရေဖျက်သော စကားအချို့ကို ပြောဆိုခဲ့ကြသည်။ ထိုအန္တိခရစ်က မိမိဘာသာ စိတ်ထဲ၌ တွေးသည်၊ “ဤလူများသည် ဘုရားသခင်ကို အတိုက်အခံလုပ်သောလူများ ဖြစ်သလော။ ၎င်းတို့သာ ဖြစ်ပါက ဘုရား၏ နှုတ်ကပတ်တော်များအရ အတိုက်အခံလုပ်မှုသည် သေခြင်းသို့ ဦးတည်သည်။ သို့သော် ဤမျှနှစ်များစွာ ကြာပြီးနောက်တွင် ဤလူများထဲမှ တစ်ဦးတစ်ယောက်မျှ မသေသေးဟု ထင်ရသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ အမှန်တကယ် မဖြစ်လာသေးပါတကား။ ၎င်းတို့ မသေသေးလျှင်ပင် အနည်းဆုံးအနေဖြင့် ဤလူများသည် လက်ကျိုးခြင်း သို့မဟုတ် ခြေထောက်မရှိခြင်း ဖြစ်သင့်သည်၊ သို့မဟုတ် မိသားစုဝင်တစ်ဦး သေဆုံးခြင်း၊ သို့မဟုတ် ၎င်းတို့၏အိမ် ပြိုကျခြင်း၊ သို့မဟုတ် ကားတိုက်မှုဖြစ်ခြင်းကဲ့သို့ အိမ်၌ ဘေးဒုက္ခအချို့ ခံစားရသင့်သည်။ ဤကံဆိုးမိုးမှောင်ကျမှုများထဲမှ တစ်ခုမျှ မဖြစ်ခဲ့ပေ၊ သို့ဆိုလျှင် အတိုက်အခံလုပ်မှုသည် သေခြင်းသို့ ဦးတည်သည်ဟု မည်သို့ ပြောနိုင်မည်နည်း။ ဖြစ်နိုင်သည်မှာ ကျွန်ုပ်တို့၏ နားလည်နိုင်စွမ်း ညံ့ဖျင်းသောကြောင့် ဘုရား၏ နှုတ်ကပတ်တော်များ မည်သို့အမှန်တကယ်ဖြစ်လာပြီး အကောင်အထည် ပေါ်လာသည်ကို ကျွန်ုပ်တို့ မသိသေးခြင်းပင် ဖြစ်ကောင်း ဖြစ်နိုင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ အမှန်တကယ်ဖြစ်လာမည် မဖြစ်လာမည်ကို လူတို့မသိကြပေ၊ ပြောရခက်သည်” ဟူ၍ ဖြစ်လေသည်။ အန္တိခရစ်သည် ဤစောင့်ကြည့်လေ့လာနိုင်သော အဖြစ်မှန်များမှတစ်ဆင့်လည်းကောင်း၊ မိမိ၏စိတ်ပိုင်းဆိုင်ရာ ဆန်းစစ်မှုမှတစ်ဆင့်လည်းကောင်း၊ ၎င်း၏ “တစ်မူထူးခြားသော” ရှုမြင်ပုံမှလည်းကောင်း ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များ အမှန်တကယ် ဖြစ်လာခြင်း ရှိမရှိနှင့် မည်သို့အမှန်တကယ် ဖြစ်လာသည်ကို ရှုမြင်သည်။ ၎င်းသည် ဤကိစ္စအပေါ်တွင် အမြဲတမ်း ကြီးမားသော မေးခွန်းထုတ်စရာတစ်ခုအဖြစ် ထားရှိသည်။ ၎င်းသည် ဤကိစ္စ၏ နောက်ဆုံး ရလဒ်သည် အဘယ်အရာ ဖြစ်သည်ကိုလည်းကောင်း၊ ဤအဖြစ်အပျက်များကို မည်သို့ရှင်းပြရမည်ကိုလည်းကောင်း၊ ဤဖြစ်စဉ်များကို မည်သို့သိမြင်နားလည်ရမည်ကိုလည်းကောင်း မသိပေ။ ၎င်းသည် ဤအကြောင်းအတွက် မကြာခဏ ဆုတောင်းလေ့ရှိသည်မှာမူ အမှန်ပင်ဖြစ်သည်၊ “အို ဘုရားသခင်၊ ကျေးဇူးပြုပြီး ကျွန်ုပ်ကို ဉာဏ်ပွင့်စေတော်မူပါ၊ ကိုယ်တော်သည် လူတို့ကို မည်သို့ ကျိန်စာတိုက်ပြီး အပြစ်ဒဏ်ပေးသည်ကိုလည်းကောင်း၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များ မည်သို့ အမှန်တကယ် ဖြစ်လာသည်ကိုလည်းကောင်း ကျွန်ုပ်ကို နားလည်ခွင့်ပေးပါ၊ ထိုသို့ဖြင့် ကိုယ်တော့်ကို ကြောက်ရွံ့သော စိတ်နှလုံးတစ်ခု ကျွန်ုပ်၌ ဖြစ်ပေါ်လာစေရန်အလို့ငှာ၊ ထိုသို့ဖြင့် ကျွန်ုပ်သည် ကိုယ်တော့်ကို ကြောက်ရွံ့ပြီး ကိုယ်တော့်ကို အတိုက်အခံလုပ်သော အမှုအရာများကို မလုပ်ဆောင်မိစေရန် ဖြစ်ပါသည်” ဟူ၍ ဖြစ်သည်။ ဤဆုတောင်းချက်သည် အသုံးဝင်သလော။ ဘုရားသခင် နားညောင်းတော်မူမည်လော။ (မညောင်းပါ။) ဘုရားသခင်သည် ယင်းကို အရေးပင်မလုပ်ပေ။ ကိုယ်တော်သည် ဤဆုတောင်းချက်များကို ယင်ကောင်များနှင့် ပိုးဟပ်များ၏ အဓိပ္ပာယ်မဲ့သော တဝီဝီမြည်သံများကဲ့သို့ မှတ်ယူသည်။ ဘုရားသခင်သည် အဘယ်ကြောင့် ထိုသို့သော ဆုတောင်းချက်များကို နားမညောင်းသနည်း။ အကြောင်းမှာ အန္တိခရစ်ပြောဆိုသည့် ဝါကျတိုင်းသည် စမ်းသပ်ခြင်း၊ ရန်စခြင်း၊ အသရေဖျက်ခြင်းနှင့် ပြစ်မှားစော်ကားခြင်းတို့ဖြင့် ပြည့်နေသောကြောင့် ဖြစ်သည်။ ထိုသို့သောလူအတွက်မူ ဘုရားသခင်သည် ၎င်းတို့ကို ဗြောင်ကျကျ ဒဏ်ခတ်ခြင်း သို့မဟုတ် ပြစ်တင်ရှုတ်ချခြင်း မပြုခဲ့သော်လည်း ၎င်းတို့လုပ်ဆောင်သမျှ၊ ၎င်းတို့၏ အတွေးအခေါ်များ၊ ရှုမြင်ပုံများနှင့် ရပ်တည်ချက်တို့သည် ဘုရားသခင်၏ အမြင်တွင် ပြစ်တင်ရှုတ်ချခြင်းခံရပြီးဖြစ်သည်။ အန္တိခရစ်၏ ဤသရုပ်သကန်များအားလုံးသည် စိတ်နှလုံးထဲတွင် ဖုံးကွယ်ထားခြင်းခံရသည်။ ၎င်းတို့သည် ဤအမှုအရာများကို တိတ်တဆိတ် လုပ်ဆောင်ပြီး ဤအမှုအရာများကို လျှို့ဝှက်စွာ စပ်စုသည်။ ဘုရားသခင်သည် ၎င်းတို့ကို မိမိ၏စိတ်နှလုံးထဲ၌ ပြစ်တင်ရှုတ်ချပြီး ကျိန်စာတိုက်သည်မှာလည်း ပြောစရာမလိုပေ။

လူကို ကျိန်ခြင်းအမင်္ဂလာ၊ အပြစ်ဒဏ် ပေးခြင်းတို့နှင့်ဆိုင်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ပတ်သက်၍ အန္တိခရစ်တို့သည် မယုံကြည်ကြသကဲ့သို့ နားလည်ခြင်းလည်း မရှိပေ။ ၎င်းတို့သည် မကြာခဏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး ဆန်းစစ်ကြသည်။ “ဤနှုတ်ကပတ်တော်များသည် အတိအကျ မည်သို့ အမှန်တကယ်ဖြစ်လာသနည်း။ ယင်းတို့သည် အမှန်တကယ် ဖြစ်လာနိုင်သလော။ မည်သူ့အတွက် အမှန်တကယ်ဖြစ်လာမည်နည်း။ ဘုရား၏ ကျိန်ခြင်းအမင်္ဂလာနှင့် အပြစ်ဒဏ်ပေးခြင်းကို ခံရသောသူတို့သည် ကျိန်ခြင်းအမင်္ဂလာများနှင့် အပြစ်ဒဏ်ပေးခြင်းကို အမှန်တကယ် လက်ခံရရှိကြသလော။ လူ့မျက်စိဖြင့် မြင်နိုင်သလော။ ဘုရားသခင်သည် ယင်းအားလုံးကို လူ့မျက်စိဖြင့် မြင်နိုင်အောင် မပြုလုပ်သင့်သလော” ဟူ၍ ဖြစ်လေသည်။ ၎င်းတို့သည် ဤကိစ္စရပ်များကို မိမိတို့၏ နေ့စဉ်အသက်တာတွင် အရေးပါပြီး အရာရောက်သော ပြဿနာများအဖြစ် သဘောထားပြုမူလျက် မိမိတို့၏စိတ်နှလုံးထဲ၌ အဆက်မပြတ် စဉ်းစားကြသည်။ အချိန် သို့မဟုတ် အခွင့်အရေးရသည့်အခါတိုင်း ၎င်းတို့သည် ယင်းတို့ကို စဉ်းစားကြသည်။ ပတ်ဝန်းကျင်က သင့်တော်နေသမျှနှင့် ထိုသို့သော အဖြစ်အပျက်များ ဖြစ်ပေါ်နေသမျှ၊ သို့မဟုတ် ထိုသို့သော အကြောင်းအရာများ ပါဝင်နေသမျှ ၎င်းတို့၏ ရပ်တည်ချက်နှင့် ရှုမြင်ပုံတို့သည် ရှင်းလင်းစွာ ထုတ်ဖော်ခြင်းခံရသည်။ ၎င်းတို့သည် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး အသရေဖျက်နေကြသည်၊ ဤနှုတ်ကပတ်တော်များကို လူ့ရှုမြင်ပုံမှလည်းကောင်း၊ လူ့နည်းလမ်းဖြင့်လည်းကောင်း နားလည်ရန် ကြိုးပမ်းနေကြသည်၊ တစ်ချိန်တည်းတွင် ဤနှုတ်ကပတ်တော်များ အမှန်တကယ်ဖြစ်လာနိုင်ခြင်း ရှိမရှိ၊ နေ့စဉ်အသက်တာတွင် အမှန်တကယ်ဖြစ်လာပြီး လက်တွေ့ကျသော အကျိုးသက်ရောက်မှုများ ရှိခဲ့ခြင်း ရှိမရှိကိုလည်း စမ်းသပ်နေကြသည်။ အဘယ်ကြောင့် ၎င်းတို့သည် ဤသို့လုပ်ဆောင်ကြသနည်း။ အဘယ်ကြောင့် ၎င်းတို့သည် ဤအမှုအရာများကို မိမိတို့၏စိတ်နှလုံးထဲ၌ တနုံ့နုံ့စဉ်းစား၍ မမောနိုင်မပန်းနိုင် တွေးဆနိုင်ကြသနည်း။ အကြောင်းမှာ အန္တိခရစ်တို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်သည် သမ္မာတရားမည်မျှပင် ဖော်ပြပါစေ၊ ယင်းတို့သည် ဘုရားသခင်၏ ပင်ကိုလက္ခဏာ သို့မဟုတ် အနှစ်သာရကို သက်သေပြရန် မလုံလောက်သောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို သက်သေပြနိုင်သည့် တစ်ခုတည်းသောအရာမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ အမှန်တကယ် ဖြစ်လာခြင်းနှင့် အကောင်အထည်ပေါ်လာခြင်း ရှိမရှိပင် ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်၏ နှုတ်ကပတ်တော်များ အကောင်အထည်ပေါ်ခြင်းနှင့် အမှန်တကယ်ဖြစ်လာခြင်း ရှိမရှိသည် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို စမ်းသပ်ရန် ၎င်းတို့၏ တစ်ခုတည်းသော စံသတ်မှတ်ချက်ဖြစ်သည်။ အလားတူပင် လူကို ကျိန်ဆဲခြင်းနှင့် အပြစ်ဒဏ်ပေးခြင်းဆိုင်ရာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ အမှန်တကယ်ဖြစ်လာခြင်း ရှိမရှိသည်လည်း ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို စမ်းသပ်ရန် ၎င်းတို့၏ စံသတ်မှတ်ချက် ဖြစ်လာခဲ့သည်။ ဤသည်မှာ ဘုရားသခင်ကို အကဲဖြတ်ရာတွင် အန္တိခရစ်တို့၏ အရေးကြီးဆုံးသော အတွေးအခေါ်နှင့် အမြင်ရှုထောင့် ဖြစ်သည်။ အန္တိခရစ်တို့သည် လူ့ရှုမြင်ပုံများနှင့် နားလည်ခြင်းနည်းလမ်းများကို အသုံးပြုလျက်၊ လူ့အသိဉာဏ်ကို အားကိုးလျက် လူတို့ကို ကျိန်ဆဲခြင်းနှင့် အပြစ်ဒဏ်ပေးခြင်းဆိုင်ရာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စမ်းသပ်ပြီး အကဲဖြတ်ကြသည်။ မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် အဖြစ်မှန်များကို မမြင်နိုင်သည့်အခါတွင်လည်းကောင်း၊ မိမိတို့မြင်လိုသည့် မြင်ကွင်းကို မမြင်နိုင်သည့်အခါတွင်လည်းကောင်း ၎င်းတို့သည် မိမိတို့၏စိတ်နှလုံးထဲ၌ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို အကြိမ်ကြိမ် ငြင်းပယ်ကြသည်။ ၎င်းတို့ မြင်နိုင်စွမ်းနည်းလေလေ၊ ဘုရားသခင်ကို ၎င်းတို့၏ ငြင်းပယ်မှု ပိုမိုပြင်းထန်လေလေဖြစ်ပြီး မိမိတို့ ရင်းနှီးမြှုပ်နှံခဲ့သည့်အရာနှင့် အသုံးခံခဲ့သည့်အရာတို့ တန်ဖိုးရှိခြင်း ရှိမရှိကို ပို၍ သံသယဝင်လေလေဖြစ်သည်။ သို့သော် ဘုရားအိမ်တော်၌ ဘုရားသခင်ကို အသရေဖျက်သော သို့မဟုတ် ဘုရားအိမ်တော်၏ အလုပ်ကို နှောင့်ယှက်သော ဆိုးယုတ်သောလူအချို့ဖြစ်စေ၊ ဘုရားသခင်ကို ပြစ်မှားစော်ကားပြီး အတိုက်အခံ လုပ်သောသူတို့ဖြစ်စေ အမျိုးမျိုးသော အတိုင်းအတာဖြင့် အပြစ်ဒဏ်ပေးခြင်း သို့မဟုတ် ကျိန်ခြင်းအမင်္ဂလာများကို လက်ခံရရှိသည်ကို အန္တိခရစ်တို့ မျက်မြင်တွေ့ရှိသည့်အခါတွင်လည်းကောင်း၊ ဤလူတို့၏ မည်သည့်အရာဖြစ်လာသည်ကို မြင်တွေ့သည့်အခါတွင်လည်းကောင်း ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသွားကြပြီး “ဘုရားသည် တကယ့်ကို အရှိန်အဝါကြီးလှသည်။ ကိုယ်တော်ပြောသမျှက အောင်မြင်ပြီးမြောက်သည်။ ထိုသူသည် အရင်က ကောင်းနေပြီး ရုတ်တရက် သေဆုံးသွားသည်၊ အကြောင်းမှာ မနေ့ကပင် သူသည် ဘုရားကို နှုတ်ဖြင့်ဆဲဆိုနေခဲ့သောကြောင့် ဖြစ်သည်။ နောက်တစ်ယောက်မှာ နွားထီးကဲ့သို့ သန်မာခဲ့သော်လည်း ယခု ရုတ်တရက် ဖျားနာသွားသည်၊ အကြောင်းမှာ သူသည် ဘုရားအိမ်တော်၏အလုပ်ကို သိသိသာသာ ဆုံးရှုံးမှုများ ဖြစ်စေခဲ့ပြီး ယင်းကို ဝန်မခံခဲ့သောကြောင့် ဘုရား၏ ကျိန်ခြင်းအမင်္ဂလာကို ထိုက်ထိုက်တန်တန် ခံရခြင်းဖြစ်သည်။ အခြားတစ်ဦးမှာ အသင်းတော်ထဲ၌ မကောင်းမှုအချို့ ကျူးလွန်ပြီး ဒုစရိုက်အမှုအချို့ကို လုပ်ဆောင်ခဲ့သောကြောင့် သူ၏မိသားစုအပေါ် ကံဆိုးမိုးမှောင်ကျခဲ့ပြီး ထိုအချိန်မှစ၍ သူ၏အိမ်၌ ငြိမ်သက်ခြင်း မရှိတော့ပေ။ ဘုရားအကြောင်းကို အမြဲ ပြစ်မှားစော်ကားသောစကားများ ပြောဆိုခဲ့သည့် နောက်တစ်ဦးမှာ ယခု ရူးသွားပြီး မိမိကိုယ်ကို ဘုရားဖြစ်သည်ဟု ကြွေးကြော်နေသည်။ ဤသည်မှာ နတ်ဆိုးစွဲခြင်းဖြစ်သည်၊ ဘုရားက သူ့ကို စာတန်လက်သို့ အပ်လိုက်ပြီး ညစ်ညူးသော မကောင်းဆိုးဝါးများ၏ နေထိုင်ရာ၌ ထားလိုက်ခြင်းဖြစ်သည်။ သူ့ကို နတ်ဆိုးစွဲအောင် လုပ်ဆောင်ခြင်းသည် လူသားများ လုပ်ဆောင်နိုင်သည့်အရာ မဟုတ်ပေ၊ ဤအရာကို လုပ်ဆောင်ရန် ဘုရား၌သာ အာဏာဩဇာရှိသည်။ ဘုရားသည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်။ ကိုယ်တော်က ထိုသူကို နတ်ဆိုးများလက်သို့ အပ်လိုက်ရာ၊ ၎င်းတို့က သူ့ကို ဝင်စွဲပြီး သူ့ကို စိတ်ဖောက်ပြန်စေ၍ အရှက်ကင်းမဲ့စေကာ လမ်းများပေါ်တွင် ဝတ်လစ်စလစ်ဖြင့် လျှောက်ပြေးလွှားစေခဲ့သည်။ ဤလူတို့၏ ဖြစ်လာသည့်အရာကို ကြည့်လော့၊ ၎င်းတို့ခံစားခဲ့ရသော အပြစ်ဒဏ်များနှင့် ကျိန်ခြင်းအမင်္ဂလာများကို ကြည့်လော့၊ ၎င်းတို့အားလုံး အဘယ်အရာကို လုပ်ဆောင်ခဲ့ကြသနည်း” ဟု ရုတ်တရက် ခံစားလိုက်ရသည်။ အကျဉ်းချုပ်ပြီးနောက် အန္တိခရစ်တို့၏ ရင်ထဲ၌ ထိတ်ခနဲ ဖြစ်သွားသည်။ “ဤလူများတွင် ဘုရားသခင်ကို ဗြောင်ကျကျ နှုတ်ဖြင့်ဆဲဆိုသောသူများ၊ ဘုရားသခင်ကို ဗြောင်ကျကျ ပြစ်မှားစော်ကားပြီး ေဝေဖန်သုံးသပ်သောသူများနှင့် ဘုရားအိမ်တော်၌ အနှောင့်အယှက်များနှင့် အဖျက်အမှောင့်လုပ်ခြင်းများ တမင်တကာ ပြုလုပ်သောသူများ ပါဝင်သည်။ ဘုရားကို ဆန့်ကျင်ခြင်းသည် ကောင်းကျိုးမရှိဟု ထင်ရသည်။ ဘုရားသည် တကယ့်ကို အရှိန်အဝါကြီးလှသည်။ သင်သည် အခြားလူများကို စော်ကားလျှင် ၎င်းတို့က သင့်ကို များစွာမလုပ်ဆောင်နိုင်ပေ၊ သို့သော် သင်သည် ဘုရားသခင်ကို ပြစ်မှားလျှင်မူကား ယင်းမှာ ကြီးလေးသောကိစ္စဖြစ်သည်။ သင်သည် သင်၏ အပြုအမူအတွက် တာဝန်ယူရမည်၊ ဤအဖိုးအခသည် အလွန်ကြီးမားလှသည်။ အနည်းဆုံးအနေဖြင့် သင်သည် ရူးသွပ်ကောင်း ရူးသွပ်သွားနိုင်ပြီး ဘုရားသခင်သည် သင့်အား မသန့်ရှင်းသော မကောင်းဆိုးဝါးများထံသို့ လွှဲပြောင်းပေးအပ်လိမ့်မည်၊ ယင်းက ငရဲသို့သွားခြင်းဟု သေချာပေါက် ဆိုလိုပေသည်။ အများဆုံးအနေဖြင့် ဘုရားသခင်သည် ဤဘဝတွင် သင်၏ ဇာတိပကတိဆိုင်ရာ ဖြစ်တည်မှုကု ဖျက်သိမ်းမည်ဖြစ်ကာ သင့်အား ဖျက်ဆီးပြီး နောင်ဘဝတွင် သင်သည် ပန်းတိုင်ရှိမည် မဟုတ်ဘဲ နိုင်ငံတော်သို့ ဝင်ရောက်နိုင်မည် မဟုတ်သကဲ့သို့ ကောင်းချီးမင်္ဂလာများကို လက်ခံရရှိမည် မဟုတ်သည်မှာ ပြောစရာမလိုချေ။ ၎င်းတို့ ဘုရားသခင်ကို အတိုက်အခံလုပ်ခဲ့သည့် နည်းလမ်းအမျိုးမျိုးကို သုံးသပ်သော် ကျွန်ုပ် ပို၍ သတိထားရန် လိုအပ်ပြီး ကိုယ့်အတွက် စည်းမျဉ်းအချို့ ချမှတ်ရန် လိုအပ်သည်။ ပထမဦးစွာ ကျွန်ုပ်သည် ဘုရားသခင်ကို ဗြောင်ကျကျ နှုတ်ဖြင့်မဆဲဆိုရ၊ ဆဲဆိုရမှဖြစ်မည်ဆိုလျှင် စိတ်ထဲ၌ တိတ်တဆိတ်သာ ဆဲဆိုရမည်။ ဒုတိယအနေဖြင့် ကျွန်ုပ်၌ ဘုရားဖြစ်လိုသော လိုအင်ဆန္ဒနှင့် ရည်မှန်းချက်ရှိလျှင်ပင် ယင်းကို ထုတ်ဖော်၍မရနိုင်၊ သို့မဟုတ် အခြားသူများကို မသိစေနိုင်ပေ။ တတိယအနေဖြင့် ကျွန်ုပ်သည် ကျွန်ုပ်၏ အပြုအမူနှင့် လှုပ်ရှားမှုများကို ချုပ်တည်းရမည်၊ နှောင့်ယှက်မှုများ ဖြစ်စေသည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်ရ။ ကျွန်ုပ်သည် ဘုရားအိမ်တော်၏အလုပ်ကို ဆုံးရှုံးမှုများ ဖြစ်စေပြီး ဘုရားသခင်ကို အမျက်ထွက်စေလျှင် ယင်းမှာ ဆိုးရွားပေလိမ့်မည်။ မဆိုးရွားသည့်အခြေအနေတွင် ကျွန်ုပ် အသက်ဆုံးရှုံးနိုင်သည်၊ ပိုမိုဆိုးရွားသော အခြေအနေတွင် ကျွန်ုပ်သည် ကျိန်ခြင်းအမင်္ဂလာကိုခံရပြီး အနက်ဆုံးသောတွင်းထဲသို့ ကျရောက်ကာ ယင်းမှာ ကျွန်ုပ်၏ ဇာတ်သိမ်းပင် ဖြစ်ပေမည်” ဟူ၍ ဖြစ်လေသည်။ အန္တိခရစ်တို့သည် ဤအမှုအရာများ ဖြစ်ပျက်သည်ကို မြင်သောအခါ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ အမှန်တကယ်ဖြစ်လာပြီဟု ခံစားရပြီး ဘုရားသခင်သည် အလွန်ကြီးမြတ်ကာ အစွမ်းထက်သည်ဟု ခံစားရသည်။ ဘုရားသခင်၏ ကြီးမြတ်ခြင်းနှင့် အစွမ်းထက်ခြင်းတို့ကို ဤဖြစ်ရပ်များမှတစ်ဆင့် ၎င်းတို့က သိမြင်ပြီး အသိအမှတ်ပြုကြသည်။ အန္တိခရစ်တို့၏စိတ်နှလုံးထဲရှိ ဤအတွေးဖြစ်စဉ်များအားလုံးအပြင် ဤအမှုအရာများကို မြင်ပြီးနောက် ၎င်းတို့အကျဉ်းချုပ်ခဲ့သော လုပ်ဆောင်မှုအတွက် စည်းမျဉ်းများသည် ၎င်းတို့၏ အတွင်းစိတ်ကမ္ဘာ၏ လှုပ်ရှားမှုများ မဟုတ်လော။ ၎င်းတို့၏စိတ်နှလုံးထဲ၌ ဘုရားသခင်အပေါ် လုပ်ဆောင်သမျှသည် စပ်စုခြင်းဟု သိကြသည့်အရာပင် ဖြစ်သည်။

အန္တိခရစ်တို့သည် “ဘုရားက လူများအား မကျိန်ဆဲပါ၊ ဘုရားနှုတ်ကပတ်တော်များသည် အမှန်တကယ် ဖြစ်မလာပါ” ဟု ဗြောင်ကျကျ မပြောကြသကဲ့သို့ “ဘုရားသခင်က မည်သူမည်ဝါကို အပြစ်ဒဏ်ပေးခဲ့ပြီ၊ ဘုရားသခင်က မည်သူမည်ဝါကို ကျိန်ဆဲခဲ့ပြီ။ ဘုရားနှုတ်ကပတ်တော်များ အမှန်တကယ် ဖြစ်လာပြီ၊ ဘုရားသည် အမှန်ပင် ကြီးမြတ်လေသည်” ဟုလည်း ဗြောင်ကျကျ မပြောကြပေ။ ထိုအစား ၎င်းတို့သည် မိမိတို့၏စိတ်နှလုံး နက်ရှိုင်းရာ၌ ဤကိစ္စရပ်များကို အကြံအစည်ထုတ်၊ စီစဉ်ပြီး စဉ်းစားသုံးသပ်ကြသည်။ စဉ်းစားသုံးသပ်ရာတွင် ၎င်းတို့၏ ပန်းတိုင်မှာ အဘယ်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ အမှန်တကယ် ဖြစ်လာလျှင် မည်သို့လုပ်ဆောင်ရမည်ကိုလည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ အမှန်တကယ် မဖြစ်လာလျှင် သို့မဟုတ် အကောင်အထည် ပေါ်ခြင်းမရှိလျှင် မည်သို့လုပ်ဆောင်ရမည်ကိုလည်းကောင်း တွေးတောကြသည်။ ၎င်းတို့၏ စပ်စုမှု၏ ရည်ရွယ်ချက်မှာ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို နားလည်ရန်မဟုတ်၊ ဘုရားသခင်၏ စိတ်သဘောထားကို နားလည်ရန်မဟုတ်၊ သမ္မာတရားကို ရရှိပြီး စံနှုန်းပြည့်မီသော ဖန်ဆင်းခံတစ်ဦးဖြစ်လာရန်မှာ သာ၍ပင် မဟုတ်ဘဲ ထိုအစား လူ့နည်းလမ်းများနှင့် ပရိယာယ်များကို အသုံးပြုလျက် ဤကိစ္စရပ်အားလုံးကို ကိုင်တွယ်ဖြေရှင်းရန်၊ ဘုရားသခင်၏ ကျိန်ခြင်းအမင်္ဂလာများနှင့် အပြစ်ဒဏ်ပေးခြင်းကို ထိပ်တိုက်ရင်ဆိုင်ရန်သာ ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တို့ မိမိတို့၏စိတ်နှလုံးထဲ၌ အကြံအစည် ထုတ်သည့်အရာ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ပတ်သက်သော ဤအတွေးအခေါ် တသီတတန်းကြီးသည် ၎င်းတို့သည် ဘုရားသခင်ကို ရန်လိုကြောင်း သက်သေပြနိုင်သလော။ ၎င်းတို့သည် ဘုရားသခင်ကို အဆက်မပြတ် အသရေဖျက်ပြီး ပြစ်မှားစော်ကားနေခဲ့ကြောင်း သက်သေပြနိုင်သလော။ (ပြနိုင်ပါသည်။) လုံးဝ သက်သေပြနိုင်သည်။ ဤသည်မှာ အန္တိခရစ်တို့ လုပ်ဆောင်သည့်အရာ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ အမှန်တကယ် ဖြစ်လာလျှင် ၎င်းတို့၌ အသင့်ပြင်ထားသော တန်ပြန်ဖြေရှင်းနည်းများ ရှိသည်၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များ အမှန်တကယ် မဖြစ်လာလျှင်လည်း၊ ၎င်းတို့၌ ထိုအတွက် တန်ပြန်ဖြေရှင်းနည်းများ ရှိသည်။ ၎င်းတို့၏ တန်ပြန်ဖြေရှင်းနည်းများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ အမှန်တကယ်ဖြစ်လာခြင်း ရှိမရှိအပေါ်မူတည်၍ ပြောင်းလဲသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံလာပါက အန္တိခရစ်များသည် ကောင်းမွန်စွာ ကျင့်ကြံပြုမူခြင်း၊ ဘုရားသခင်၏ အိမ်တော်အတွင်းရှိ အလုပ်တာဝန်များကို သတိကြီးစွာဖြင့် ထမ်းဆောင်ခြင်း၊ ခပ်လျှိုလျှို ထိန်းထိန်းသိမ်းသိမ်း နေထိုင်ခြင်း၊ စိတ်ကြီးဝင်ခြင်းနှင့် ရိုင်းစိုင်းခြင်း မရှိခြင်းတို့ဖြင့် မည်သည့်အမှားမျှ မပြုလုပ်မိစေရန် သတိထားကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ အမှန်တကယ်မဖြစ်လာလျှင် ၎င်းတို့သည် ဗြောင်ကျကျ ဝတ်ကျေတမ်းကျေ ပြုမူလုပ်ဆောင်ကြလိမ့်မည်။ မည်သို့ပင်ဖြစ်စေ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ၎င်းတို့၏အမြင်တွင် အမှန်တကယ် ဖြစ်လာသည်ဟု မြင်ရသည်ဖြစ်စေ၊ မမြင်ရသည်ဖြစ်စေ ၎င်းတို့၏စိတ်နှလုံးသည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် မည်သည့်အခါမျှ အမှန်တကယ် အသိအမှတ်ပြုကြမည် မဟုတ်ပေ၊ ၎င်းတို့၏စိတ်နှလုံးကို ဘုရားသခင်ထံသို့ မည်သည့်အခါမျှ အပြည့်အဝ ပေးအပ်နိုင်ကြမည် မဟုတ်ပေ။ ၎င်းတို့၏ တာဝန်များနှင့် လုပ်ဆောင်ချက်များသည် စိတ်နှလုံးဖြင့် ထမ်းဆောင်ခြင်းမဟုတ်ဘဲ လှည့်ဖြားခြင်း၊ ဖုံးကွယ်ခြင်း၊ လျှို့ဝှက်ခြင်းတို့ဖြင့် အကြံအစည်များ၊ လှည့်ကွက်များ၊ ဟန်ဆောင်မှုများကို အသုံးပြု၍ လုပ်ဆောင်ခြင်း ဖြစ်သည်။ ၎င်းတို့၏စိတ်နှလုံး နက်ရှိုင်းရာ၌ တွေးထင်သည့်အရာ၊ စဉ်းစားသုံးသပ်သည့်အရာနှင့် သံသယဝင်သည့်အရာကို အခြားသူများနှင့်ဖြစ်စေ၊ ဘုရားသခင်နှင့်ဖြစ်စေ မည်သည့်အခါမျှ ပွင့်လင်းစွာ ဝေမျှခြင်းမရှိပေ။ ထိုအစား ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အတွေးအခေါ်များနှင့် စိတ်ကူးများကို သမ္မာတရားအဖြစ်၊ လုပ်ဆောင်ရန်နှင့် လက်တွေ့လုပ်ဆောင်ရန် မှန်ကန်ကောင်းမွန်သော လားရာနှင့် ပန်းတိုင်အဖြစ် ခေါင်းမာစွာ မှတ်ယူကြသည်။ အန္တိခရစ်တို့၏ အမြင်တွင် လူကို ကျိန်ဆဲခြင်းနှင့် အပြစ်ဒဏ်ပေးခြင်းဆိုင်ရာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ အမှန်တကယ်ဖြစ်လာခြင်း ရှိမရှိသည် အလွန်အရေးကြီးသည်၊ အကြောင်းမှာ ယင်းက နေ့စဉ်အသက်တာတွင် ၎င်းတို့ မည်သို့ပြုမူလုပ်ဆောင်ပြီး ကျင့်ကြံမည်ကို၊ အလုပ်ကို မည်သို့သဘောထားပြုမူမည်ကို၊ ညီအစ်ကိုမောင်နှမများကို မည်သို့ဆက်ဆံမည်ကို ဆုံးဖြတ်ပေးသောကြောင့်ဖြစ်သည်၊ ယင်းက ၎င်းတို့ထုတ်ဖော်သည့် အပြုအမူများ၊ ၎င်းတို့၌ရှိသော လုပ်ဆောင်ချက်များနှင့် သရုပ်သကန်များကိုလည်း ဆုံးဖြတ်ပေးသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ အမှန်တကယ် ဖြစ်လာသည့်အခါ အန္တိခရစ်တို့သည် ကောင်းမွန်စွာနှင့် ဟန်ဆောင်မှုကင်းမဲ့စွာ ကျင့်ကြံပြုမူကြသည်၊ မိမိတို့၏ လှုပ်ရှားမှုများကို ချုပ်တည်းကြသည်၊ နှောင့်ယှက်မှုများ သို့မဟုတ် အဖျက်အမှောင့်လုပ်ခြင်းများကို ဖြစ်စေသည့် အရာတစ်ခုကိုမျှ မလုပ်ဆောင်ရန် ကြိုးစားကြပြီး နှောင့်ယှက်သော သို့မဟုတ် အဖျက်အမှောင့်လုပ်သော၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသရေဖျက်သော၊ သို့မဟုတ် ကိုယ်တော်၏အလုပ်ကို အသရေဖျက်သော စကားများကို မပြောဆိုရန် ကြိုးစားကြသည်။ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များ အမှန်တကယ်မဖြစ်လာလျှင် ၎င်းတို့သည် သိက္ခာစောင့်ထိန်းမှု မရှိဘဲ ဘုရားသခင်၏အလုပ်ကို တရားစီရင်ရန်နှင့် ပြစ်တင်ရှုတ်ချကြရန် အားမနာကြပေ။ ဤသို့ဖြင့် အန္တိခရစ်တို့သည် မိမိတို့၏စိတ်နှလုံး နက်ရှိုင်းရာ၌ ဘုရားသခင်ကို အဆက်မပြတ် ဆန့်ကျင်ပြီး ပွက်လောညံအောင် ကန့်ကွက်ကြသည်။ ၎င်းတို့သည် ထုတ်ဖော်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်း မခံရဘဲ နေနိုင်မည်လော။ ၎င်းတို့၏ ဤသဘောထား၊ ဤစိတ်သဘောထားနှင့် ဤအနှစ်သာရသည် ဘုရားသခင်၏ စစ်မှန်သော ရန်သူတစ်ဦး၏ သဘောထား၊ စိတ်သဘောထားနှင့် အနှစ်သာရပင် ဖြစ်သည်။ အန္တိခရစ်တို့သည် မိမိတို့အလိုရှိသမျှကို မလုပ်ဆောင်နိုင်သော်လည်း ၎င်းတို့သည် မိမိတို့၏စိတ်နှလုံး နက်ရှိုင်းရာ၌ ၎င်းတို့ တွေးထင်သည့်အရာ၊ ကြံစည်သည့်အရာ၊ စဉ်းစားသုံးသပ်သည့်အရာ၊ သို့မဟုတ် ထားရှိသည့် ရှုမြင်ပုံများကို လုံးဝ မဖုံးကွယ်ကြပေ၊ အကြောင်းမှာ ၎င်းတို့သည် ဘုရားသခင်ကို မကြောက်ရွံ့ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို မကြောက်ရွံ့ရခြင်း၏ အကြောင်းရင်းမှာ အဘယ်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိမှုကို မယုံကြည်ကြသကဲ့သို့ လူ၏ အတွင်းစိတ်နှလုံးကို ဘုရားသခင်က စောင့်ကြည့်လေ့လာသည်ဟုလည်း မယုံကြည်ကြပေ။ ထို့ကြောင့် အန္တိခရစ်တို့၏ တွေးခေါ်မှုစနစ်တွင် ၎င်းတို့သည် အကောင်းဆုံးသော ရှင်သန်ရေးနည်းဗျူဟာဟု မှတ်ယူသည့်အရာမှာ ဤသို့ဖြစ်သည်၊ “ကျွန်ုပ် လုပ်ဆောင်သည့်အရာနှင့် ပြုမူသည့်အရာ၊ အခြားသူများ မြင်နိုင်သည့်အရာသည် ကျွန်ုပ်သည် မည်သို့သောလူစားမျိုးဖြစ်သည်ကို တိုင်းတာရန် စံနှုန်းတစ်ခု ဖြစ်လာနိုင်သည်။ သို့သော် ကျွန်ုပ်၏စိတ်နှလုံးထဲ၌ တွေးထင်သည့်အရာ၊ ကျွန်ုပ် ကြံစည်ပြီး ရည်ရွယ်သည့်ပုံစံ၊ ကျွန်ုပ်၏ အတွင်းစိတ်ကမ္ဘာသည် မည်သို့ရှိသည်၊ ကျွန်ုပ်သည် ဘုရားကို အသရေဖျက်ပြီး ပြစ်မှားစော်ကားနေသည်ဖြစ်စေ၊ ဘုရားကို တရားစီရင်နေသည်ဖြစ်စေ၊ သို့မဟုတ် ဘုရားကို ယုံကြည်ပြီး ချီးမွမ်းနေသည်ဖြစ်စေ ကျွန်ုပ် မပြောလျှင် သင်တို့ထဲမှ မည်သူမျှ သိမည်မဟုတ်။ ကျွန်ုပ်ကို အပြစ်တင်ရှုတ်ချရန်မှာ လုံးဝ မဖြစ်နိုင်ပေ။ ကျွန်ုပ် စကားမပြောလျှင် ကျွန်ုပ်၏စိတ်နှလုံးထဲ၌ ကျွန်ုပ် မည်သည့်အရာ တွေးထင်သည်ကိုဖြစ်စေ၊ မည်သည့်အရာကြံစည်သည်ကိုဖြစ်စေ၊ ဘုရားအပေါ် ကျွန်ုပ်၏ သဘောထားနှင့် ရှုမြင်ပုံသည် အဘယ်အရာဖြစ်သည်ကိုဖြစ်စေ သင်တို့ထဲမှ မည်သူမျှ သိရန် မျှော်လင့်၍ပင်မရ၊ ပြီးလျှင် မည်သူမျှ ကျွန်ုပ်ကို မည်သည့်အပြစ်အတွက်မျှ စွပ်စွဲနိုင်မည် မဟုတ်ပေ” ဟူ၍ ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တို့၏ အကြံအစည်ဖြစ်သည်။ ၎င်းတို့က ဤသည်မှာ လူတို့အကြား နေထိုင်ခြင်းနှင့် အမှုအရာများကို လုပ်ဆောင်ခြင်း၌ ပြုမူကျင့်ကြံခြင်းဆိုင်ရာ အမြင့်ဆုံးသော စည်းမျဉ်းဖြစ်သည်ဟု ယုံကြည်ကြသည်။ ၎င်းတို့၏ အပြုအမူသည် မှားယွင်းခြင်းမရှိသမျှ၊ ၎င်းတို့၏ လုပ်ဆောင်ချက်များတွင် အမှားအယွင်းများ မရှိသမျှ၊ ၎င်းတို့၏စိတ်နှလုံးထဲ၌ တွေးထင်သည့်အရာကို မည်သူမျှ ဝင်ရောက်စွက်ဖက်နိုင်မည် မဟုတ်ပေ။ အန္တိခရစ်တို့သည် အလွန်ပါးနပ်ကြသည် မဟုတ်လော။ (မဟုတ်ပါ။) ၎င်းတို့သည် မည်သို့ဖြစ်၍များ မပါးနပ်ကြသနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အလွန်ကောင်းမွန်စွာ ရုပ်ဖျက်ဖုံးကွယ်ကြသည်။ ၎င်းတို့ ဆုတောင်းသည့်အခါ လမ်းထောင့်များ၌ ဆုတောင်းကြပြီး အခြားသူများရှေ့တွင် ၎င်းတို့ပြောဆိုသည့် စကားများသည် အားလုံးမှန်ကန်ကာ အပြစ်တင်စရာ ရှာမတွေ့နိုင်ပေ။ ၎င်းတို့ ယုံကြည်သည့်အချိန် ကြာလေလေ ပို၍ ဝိညာဉ်ရေးရာဆန်လေလေ ဖြစ်လာသည်။ ၎င်းတို့၏ စိတ်နှလုံးထဲ၌ အမှန်တကယ် တွေးထင်သည့်အရာကို ၎င်းတို့သည် မိမိတို့၏မိသားစုနှင့် တံခါးပိတ်၍သာ ပြောဆိုကြပြီး အချို့မှာ မိမိတို့၏မိသားစုကိုပင် မပြောကြသောကြောင့် မည်သူမျှ ၎င်းတို့ကို ထိုးထွင်းသိမြင်နိုင်ခြင်း မရှိချေ။ သို့သော် ၎င်းတို့သည် အချက်တစ်ချက်ကို မေ့နေကြသည်။ လူသားများက ၎င်းတို့ကို ရိပ်စားမိခြင်း ရှိမရှိသည် အဘယ်အသုံးဝင်သနည်း။ ၎င်းမှာ အရေးမပါပေ၊ မည်သည့်လူသားမျှ အခြားလူတစ်ဦး၏ ကံကြမ္မာကို အဆုံးအဖြတ် မပေးနိုင်ပေ။ လူသားများက ၎င်းတို့ကို ထိုးထွင်းသိမြင်နိုင်ခြင် ရှိမရှိသည် အရေးမကြီးပေ၊ ယင်းမှာ မသက်ဆိုင်သကဲ့သို့ မည်သည့်အရာကိုမျှ မဆုံးဖြတ်ပေ။ အရေးကြီးသောအချက်မှာ ဘုရားသခင်သည် လူတို့၏ အပြင်ပန်းအပြုအမူကိုသာ ကြည့်ရှုခြင်း မဟုတ်ဘဲ ကိုယ်တော်သည် ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းရာကိုလည်း စောင့်ကြည့်လေ့လာတော်မူသည်။ အန္တိခရစ်တို့သည် လူ၏ အတွင်းကျကျ စိတ်နှလုံးကို ဘုရားသခင်က စောင့်ကြည့်လေ့လာသည်ဟု မယုံကြည်သောကြောင့်လည်းကောင်း၊ မသိသောကြောင့်လည်းကောင်း ၎င်းတို့က “ကျွန်ုပ်၏စိတ်နှလုံးထဲ၌ ကျွန်ုပ်တွေးထင်သည့်အရာကို မည်သူမျှ ဝင်ရောက်စွက်ဖက်နိုင်မည် မဟုတ်၊ လူများရော ဘုရားပါ ဝင်မစွက်ဖက်နိုင်” ဟု မိုက်မဲစွာနှင့် အဓိပ္ပာယ်မဲ့စွာ တွေးထင်ကြသည်။ ဘုရားသခင်သည် လူ၏ အတွင်းကျကျ စိတ်နှလုံးကို စောင့်ကြည့်လေ့လာနိုင်သည်၊ သို့ဖြစ်၍ သင်၏ အတွေးအခေါ်များသည် သင့်အပေါ် ဘုရားသခင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် သက်ဆိုင်သည်။ ဘုရားသခင်သည် လူတို့၏ အပြင်ပန်းအပြုအမူကို အခြေခံ၍သာ လူတို့ကို ပြစ်တင်ရှုတ်ချခြင်း မဟုတ်ဘဲ ပို၍အရေးကြီးသည်မှာ ၎င်းတို့၏ အတွင်းစိတ်အတွေးအခေါ်များကို အခြေခံ၍ ပြစ်တင်ရှုတ်ချတော်မူသည်။ ဤသည်မှာ အန္တိခရစ်တို့ မိုက်မဲသည့်နေရာပင် ဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စပ်စုနေစဉ် အရေးကြီးသောအချက်တစ်ချက်ကို ၎င်းတို့ မေ့နေကြသည်။ ဘုရားသခင်သည်လည်း ၎င်းတို့၏ အတွေးအခေါ်များကို လျှို့ဝှက်စွာ စောင့်ကြည့်လေ့လာနေသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ အမှန်တကယ် ဖြစ်လာခြင်း ရှိမရှိကို စပ်စုကြပြီး ၎င်းတို့ ရရှိလာသော ကောက်ချက်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ကိုယ်တော်၏ တည်ရှိမှုကို ငြင်းပယ်သင့်သည်ဟူ၍ ဖြစ်သည်။ ဘုရားသခင်သည် ၎င်းတို့ကို လျှို့ဝှက်စွာ စောင့်ကြည့်လေ့လာလျက် မိမိတို့၏စိတ်နှလုံး နက်ရှိုင်းရာ၌ ဘုရားသခင်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ၎င်းတို့ထားရှိသော သဘောထားကို မြင်လေသည်၊ ကိုယ်တော်သည် ဘုရားသခင်ကို အသရေဖျက်ခြင်းနှင့် ပြစ်မှားစော်ကားခြင်း၊ ဘုရားသခင်ကို ငြင်းပယ်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းတို့၏ သက်သေအထောက်အထားအားလုံးကို မြင်ပြီး၊ ဤအတွေးအခေါ်များနှင့် အမြင်ရှုထောင့်များအားလုံး၏ ထိန်းချုပ်မှုအောက်၌ ဖြစ်ပေါ်လာသော အပြင်ပန်းအပြုအမူကိုလည်း စောင့်ကြည့်လေ့လာသည်။ ၎င်းတို့၏ အတွေးအခေါ်များနှင့် အပြုအမူကို အခြေခံ၍ ဘုရားသခင်သည် ထိုသို့သောလူတစ်ဦးကို နောက်ဆုံး၌ မည်သို့သောသူအဖြစ် အဆုံးအဖြတ်ပေးသနည်း။ အန္တိခရစ်တစ်ဦး၊ ဘုရားသခင်၏ ရန်သူတစ်ဦး၊ မည်သည့်အခါမျှ ကယ်တင်ခြင်းမခံရနိုင်သောသူ ဖြစ်သည်။ ဤသည်မှာ ရလဒ်ပင်ဖြစ်သည်။ အန္တိခရစ်တို့သည် ထက်မြက်ကြသလော။ ၎င်းတို့သည် ထက်မြက်ခြင်းနှင့် အလှမ်းဝေးသည်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို ပျက်စီးခြင်းသို့ ပို့ဆောင်ခဲ့ကြသည်။ ၎င်းတို့က မိမိတို့သည် အထူးသဖြင့် တွေးခေါ်နိုင်စွမ်းရှိသည်ဟုလည်းကောင်း၊ မိမိတို့၏ တွေးခေါ်မှုသည် အလွန်ယုတ္တိရှိသည်ဟုလည်းကောင်း၊ မိမိတို့သည် အကြံအစည်ထုတ်ရာ၌ အထူးသဖြင့် ကျွမ်းကျင်သည်ဟုလည်းကောင်း ယုံကြည်ကြသည်။ အကြံအစည်ထုတ်ပြီးနောက် ၎င်းတို့၌ မမျှော်လင့်ထားသည့် ဖြစ်ရပ်မျိုးစုံအတွက်လည်းကောင်း၊ ဘုရားသခင် လုပ်ဆောင်သည့် အမျိုးမျိုးသော အမှုအရာများအားလုံးအတွက်လည်းကောင်း တန်ပြန်ဖြေရှင်းနည်းများနှင့် နည်းလမ်းများရှိပြီး အမြဲတမ်း အကောင်းဆုံးသော ရလဒ်များနှင့် အကျိုးအမြတ်များကို ဖြစ်ပေါ်စေသည်။ ၎င်းတို့သည် မကြာခဏဆိုသလို မိမိတို့ကိုယ်ကို ကျေနပ်ပြီး အထင်ကြီးလေးစားလေ့ရှိကာ မိမိတို့၏ ကိုယ်ပိုင်စွမ်းရည်များနှင့် ကျွမ်းကျင်မှုများကို သဘောကျနေကြသည်။ ၎င်းတို့သည် မိမိတို့သည် ကမ္ဘာပေါ်တွင် အထက်မြက်ဆုံးသောလူဖြစ်သည်ဟု ယုံကြည်ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ရင်းမြစ်မှာ အဘယ်အရာ ဖြစ်သည်ကိုလည်းကောင်း၊ ယင်းတို့သည် မည်သူ့ကို ဦးတည်သည်ကိုလည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ နောက်ကွယ်ရှိ နောက်ခံအကြောင်းအရာမှာ အဘယ်အရာဖြစ်သည်ကိုလည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ အမှန်တကယ်ဖြစ်လာပြီးနောက် ၎င်းတို့သည် မည်သို့သောသဘောထားကို ခံယူသင့်သည်ကိုလည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ အမှန်တကယ်မဖြစ်လာလျှင် မည်သို့သော တန်ပြန်ဖြေရှင်းနည်းများကို အသုံးချသင့်သည်ကို ၎င်းတို့ နားလည်နိုင်ကြသည်။ ၎င်းတို့သည် ဤမျှ ဉာဏ်ကောင်းပြီး ပြည့်စုံသည့်အတွက်၊ သာမန်လူတစ်ဦးထက် ပို၍ ဉာဏ်ကောင်းသည့်အတွက် မိမိတို့ကိုယ်ကို မကြာခဏ ဂုဏ်ပြုကြသည်။ ၎င်းတို့သည် အဘယ်အရာအတွက် မိမိတို့ကိုယ်ကို ဂုဏ်ပြုနေကြသနည်း။ ၎င်းတို့သည် မိမိတို့၏စိတ်နှလုံး နက်ရှိုင်းရာ၌ ဘုရားသခင်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း၊ ဆန်းစစ်ခြင်း၊ ဘုရားသခင်နှင့် ယှဉ်ပြိုင်ခြင်းအပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စပ်စုခြင်းသည် အလွန် စိတ်လှုပ်ရှားဖွယ်ကောင်းပြီး ကြီးမားသော အောင်မြင်မှုခံစားချက်ကို ပေးသည့်အရာတစ်ခု ဖြစ်သည်ဟု ခံစားရသည်။ ထို့ကြောင့် ၎င်းတို့သည် ထိုသို့သောလူများဖြစ်သည့်အတွက် မိမိတို့ကိုယ်ကို အမှန်တကယ် အထင်ကြီးလေးစားပြီး ဂုဏ်ပြုကြသည်။ အန္တိခရစ်တို့သည် မိုက်မဲကြသည် မဟုတ်လော။ အခြားလူများနှင့် ယှဉ်ပြိုင်ခြင်းသည် သင်တို့ထဲမှ မည်သူက အခြားတစ်ဦးထက် သာလွန်သည်ကို အမှန်တကယ် ဆုံးဖြတ်နိုင်စေကောင်းနိုင်ပြီး သင်၏ ကိုယ်ပိုင်အားသာချက်နှင့် ဖြစ်တည်မှုခံစားချက်ကိုပင် ခံစားရစေကောင်း ခံစားရစေနိုင်သည်။ သို့သော် သင်သည် ဘုရားသခင်နှင့် ယှဉ်ပြိုင်သည့်အခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို၊ ဘုရားသခင်လုပ်ဆောင်သမျှ အရာအားလုံးကို စပ်စုသည့်အခါ ယင်းကို အဘယ်အရာဟု ခေါ်သနည်း။ ပြီးလျှင် ပါဝင်ပတ်သက်သည့် အကျိုးဆက်များမှာ အဘယ်အရာများ ဖြစ်သနည်း။ ဤသည်မှာ ကိုယ့်သေတွင်း ကိုယ်တူးခြင်းပင်တည်း။ သင်သည် ရုပ်ရှင်မင်းသားများ၊ အဆိုတော်များ၊ ကျော်ကြားသူများ၊ ကြီးမြတ်သော ပုဂ္ဂိုလ်များ၊ မည်သူ့ကိုမဆို စပ်စုနိုင်သည်၊ သို့သော် သင် လုံးဝ မစပ်စုရမည့် တစ်ဦးတည်းသောသူမှာ ဘုရားသခင်ဖြစ်သည်။ သင် ထိုသို့လုပ်ဆောင်လျှင် သင်သည် သင်၏ စပ်စုခြင်းအတွက် မှားယွင်းသော ပစ်မှတ်ကို ရွေးချယ်နေခြင်းဖြစ်သည်။ ယနေ့ခေတ် တိုးတက်သော သတင်းအချက်အလက်ကမ္ဘာနှင့် သတင်းအချက်အလက်စီးဆင်းမှုကို လွယ်ကူချောမွေ့စေသည့် အမျိုးမျိုးသော ကိရိယာများရှိသည့် လောက၌ အခြားလူတစ်ဦး၏ သွားလာရာနေရာများ၊ ၎င်းတို့၏ အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များအပြင် ၎င်းတို့၏ နေ့စဉ်အသက်တာကို စပ်စုခြင်းသည် ရှက်ဖွယ်ရာအဖြစ် မမှတ်ယူနိုင်ပေ။ သို့သော် ဘုရားသခင်ကို ယုံကြည်ပြီး လိုက်လျှောက်သောသူတစ်ဦး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကိုင်စွဲပြီး နေ့စဉ် စားသောက်သောသူတစ်ဦးအတွက်၊ မိမိ၏စိတ်နှလုံး နက်ရှိုင်းရာ၌ ဘုရားသခင်၏ လုပ်ဆောင်ချက်များ အားလုံးကိုလည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ အားလုံးကိုလည်းကောင်း၊ ဘုရားသခင်၏ အလုပ်အားလုံးကိုလည်းကောင်း အဆက်မပြတ် စပ်စုခြင်းသည် တရားလွန်သော အာခံခြင်းဖြစ်သည်။ လူသားများ၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည်၊ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးမှုကို ဘုရားသခင်ရှေ့၌ ထုတ်ဖော်သည့်အခါ ဘုရားသခင်သည် သင့်အား နားလည်ပြီး သိရှိစေရန် သမ္မာတရားကို ပံ့ပိုးပေးနိုင်သည်၊ သင့်အား အသွင်ပြောင်းလဲမှုကို ရရှိရန် အချိန်ပေးတော်မူသည်။ ဘုရားသခင်သည် လူတို့၏ ဖောက်ပြန်ပျက်စီးမှု၊ ပြစ်မှားခြင်းများနှင့် အပြစ်များကို ခွင့်လွှတ်နိုင်ပြီး အမှတ်မရဘဲ နေနိုင်တော်မူသည်။ ဘုရားသခင် ခွင့်မလွှတ်နိုင်သော သို့မဟုတ် သည်းမခံနိုင်သော တစ်ခုတည်းသောအရာမှာ အန္တိခရစ်တို့၌ ကျိုးနွံနာခံလိုသောစိတ်နှလုံး လုံးဝမရှိခြင်း၊ ၎င်းတို့သည် ဘုရားသခင်ကို အမြဲ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနေခြင်း၊ ထို့အပြင် အချိန်တိုင်းနှင့် နေရာတိုင်း၌ ဘုရားသခင်၏အလုပ်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အဆက်မပြတ်၊ စဉ်ဆက်မပြတ် ၎င်းတို့၏ စပ်စုခြင်းပင် ဖြစ်သည်။ သင်သည် အဘယ်အရာကို လုပ်ဆောင်ရန် ကြိုးစားနေသနည်း။ သင်သည် ဘုရားသခင်၏ မှန်ကန်မှုကို စမ်းသပ်လိုသလော။ သင်သည် မည်သူ့အတွက် စိစစ်မှုများ ပြုလုပ်နေသည်ဟု ထင်နေသနည်း။ သင်သည် ဘုရားသခင် ဤအမှုအရာများကို လုပ်ဆောင်ရခြင်း၏ ရင်းမြစ်နှင့် ရည်ရွယ်ချက်ကို ဆန်းစစ်လိုသလော။ သင့်ကိုယ်သင် မည်သူဟု ထင်နေသနည်း။ ဤမျှလောက်ဖြစ်နေလျက် သင်သည် မိမိကိုယ်ကို အပြင်လူတစ်ဦးအဖြစ် မမှတ်ယူသလော။ ဘုရားသခင်သည် သင်၏ စပ်စုခြင်းခံရသူ ဖြစ်နိုင်သလော။ ဘုရားသခင်သည် သင်၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း ခံရသူ ဖြစ်နိုင်သလော။ သင်သည် ဘုရားသခင်၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းကို လက်ခံခြင်း၊ ဘုရားသခင်၏ လမ်းညွှန်မှုကို လက်ခံခြင်း၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံခြင်း၊ ကိုယ်တော်၏ ပြုပြင်ခြင်းကို လက်ခံခြင်းနှင့် စိတ်သဘောထားပြောင်းလဲခြင်းနှင့် သက်ဆိုင်သည့် ထိုသို့သော အပြုသဘောဆောင်သော လက်တွေ့လုပ်ဆောင်မှု အားလုံးဖြစ်သည့် ဤသည်တို့မှာ တရားဝင်သော အရာများဖြစ်သည်။ သင်သည် တစ်ခါတစ်ရံ ဘုရားသခင်ကို နားလည်မှုလွဲသည့် အချိန်တွင်ပင်၊ အားနည်းပြီး အပျက်သဘောဆောင်ကာ ဘုရားသခင်အပေါ် ညည်းညူသည့်အခါတွင်ပင် ဘုရားသခင်သည် သင့်အပေါ် အပြစ်မယူသကဲ့သို့ သင့်ကို ပြစ်တင်ရှုတ်ချခြင်းလည်း မပြုပေ။ သို့သော် အချက်တစ်ချက်ရှိသည်။ သင်သည် ဘုရားသခင်ကို အမြဲ စပ်စုနေသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်၏အလုပ်၏ မှန်ကန်မှုကို အမြဲ ပိုင်းခြားသိမြင်ရန် ကြိုးစားနေသည်။ ဤသည်မှာ ဘုရားသခင် လုံးဝ ခွင့်မလွှတ်မည့် သို့မဟုတ် သည်းမခံမည့် အရာဖြစ်သည်၊ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားဖြစ်သည်။ အမှန်တကယ် ဖောက်ပြန်ပျက်စီးသော လူသားများသည် လူ့တိရစ္ဆာန်များ မဟုတ်ပေ၊ ၎င်းတို့သည် ဘုရားသခင်ကို ဤကဲ့သို့ ဆန့်ကျင်ဘက်မလုပ်ကြသကဲ့သို့ ထိုသို့သော အမြင်ရှုထောင့်များနှင့် သဘောထားများကို မထားရှိကြ၊ သို့မဟုတ် ဘုရားသခင်ကို ဤနည်းဖြင့် မဆက်ဆံကြပေ။ ဘုရားသခင်ကို ဗြောင်ကျကျနှင့် လူသိရှင်ကြား ဆန့်ကျင်ဘက်ပြုရပ်တည်နိုင်သည့် အရာတစ်ခု၊ အခန်းကဏ္ဍတစ်ခုသာ ရှိသည်၊ ၎င်းမှာ စာတန်ဖြစ်သည်။ ဘုရားသခင်သည် လူသားများ၏ ပြစ်မှားခြင်းများနှင့် ဖောက်ပြန်ပျက်စီးမှုတို့ကို အမှတ်မရဘဲ နေတော်မူသော်လည်း ဘုရားသခင်အပေါ် စာတန်၏ ဆန့်ကျင်မှု၊ ထိပ်တိုက်ရင်ဆိုင်မှု၊ ပြစ်မှားစော်ကားမှုနှင့် အသရေဖျက်မှုကို ဘုရားသခင်သည် မည်သည့်အခါမျှ ခွင့်လွှတ်မည်မဟုတ်ပေ။ ဘုရားသခင်သည် ဖောက်ပြန်ပျက်စီးသော လူသားများကိုသာ ကယ်တင်တော်မူသည်၊ စာတန်ကို မကယ်တင်ပေ။ အန္တိခရစ်တို့သည် မိမိတို့၏သဘာဝ၌ ပြောင်းလဲခြင်းမရှိဘဲ အန္တိခရစ်တို့၏ အနှစ်သာရကို ပိုင်ဆိုင်လျက် စာတန်ကို ကိုယ်စားပြုနိုင်သည်၊ စာတန်၏အစား ဘုရားသခင်ကို ဆန့်ကျင်ဘက်ပြု ရပ်တည်နိုင်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စပ်စုသည်။ ၎င်းတို့အပေါ် ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ ယင်းမှာ ကျိန်ခြင်းအမင်္ဂလာများနှင့် ပြစ်တင်ရှုတ်ချခြင်း ဖြစ်သည်။ အန္တိခရစ်တို့သည် ဤနည်းဖြင့် မပြုမူဘဲ မနေနိုင်ကြပေ၊ ၎င်းတို့သည် သေခြင်းတရားကို လက်ယပ်ခေါ်နေခြင်း ဖြစ်လေသည်။

၃။ ကပ်ဘေးကို ပရောဖက်ပြုသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စပ်စုခြင်း

ယခုလေးတင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ အမှန်တကယ် ဖြစ်လာမည်၊ မဖြစ်လာမည်ကို အန္တိခရစ်တို့ စပ်စုခြင်းနှင့်ပတ်သက်၍ ငါတို့သည် အချက်နှစ်ချက်ကို မိတ်သဟာယ ဖွဲ့ခဲ့ကြသည်၊ တစ်ချက်မှာ ဘုရားသခင်၏ ကတိတော်များနှင့် ကောင်းချီးများဆိုင်ရာ နှုတ်ကပတ်တော်များ ပါဝင်ပြီး နောက်တစ်ချက်မှာ လူတို့ကို ဘုရားသခင်၏ ကျိန်ဆဲခြင်းများနှင့် ပြစ်ဒဏ်ပေးခြင်းဆိုင်ရာ နှုတ်ကပတ်တော်များ ဖြစ်သည်။ ဆက်လက်ပြီး တတိယအချက်ဖြစ်သည့် ကပ်ဘေးကို ပရောဖက်ပြုသော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြည့်ကြမည်။ ဤနှုတ်ကပတ်တော် အမျိုးအစားများအပေါ် ဤနှုတ်ကပတ်တော်မျိုးအပေါ် အန္တိခရစ်တို့၏ သဘောထားသည် ယခင်အချက်နှစ်ချက်ကဲ့သို့ပင် အတူတူပင်ဖြစ်သည်၊ ၎င်းတို့သည် သိချင်စိတ်ပြင်းပြကြသည်၊ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးလိုကြသည်၊ နားလည်လိုကြသည့်အပြင် ဤနှုတ်ကပတ်တော်များ အမှန်တကယ် ဖြစ်လာမည့်နေ့ကိုလည်း တွေ့မြင်လိုကြကာ အဖြစ်မှန်များ ပေါ်ပေါက်လာခြင်းကို မျက်မြင်တွေ့လိုကြသည်။ ဤနှုတ်ကပတ်တော် အမျိုးအစားများကို သဘောထားပြုမူရာတွင် အန္တိခရစ်တို့သည် တန်ပြန်ဆောင်ရွက်ချက်များကို စဉ်းစားဆင်ခြင်လျက် အမျိုးမျိုးသော သံသယများကို ထားရှိကာ ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းရာတွင်လည်း အကြံအစည်ထုတ်ကြသည်။ ၎င်းတို့သည် သက်ဆိုင်ရာ တန်ပြန်ဆောင်ရွက်ချက်များကို ချမှတ်ရန် ဤနှုတ်ကပတ်တော်အမျိုးအစားများ အမှန်တကယ် ဖြစ်လာမည်၊ မဖြစ်လာမည်ကို စောင့်ကြည့်လေ့လာပြီး စမ်းသပ်ကြသည်။ အန္တိခရစ်တို့သည် ကပ်ဘေးများကို ပရောဖက်ပြုသည့် ဤနှုတ်ကပတ်တော်များကို ဖတ်သည့်အခါ ၎င်းတို့၏ စိတ်နှလုံးများသည် ကပ်ဘေးများ ပြည့်စုံမည့်နေ့အတွက် မျှော်လင့်ချက်ဖြင့် ပြည့်နှက်နေပြီး အမျိုးမျိုးသော စိတ်ကူးစိတ်သန်းများဖြင့် ပြည့်နေကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ အမှန်တကယ် ဖြစ်လာမည်ဟု မျှော်လင့်ကြသည့်အပြင် ကပ်ဘေးများ ပေါ်ထွန်းခြင်းက ၎င်းတို့၏ ဆန္ဒများနှင့် လိုအင်ဆန္ဒများကို ဖြည့်ဆည်းပေးကာ ၎င်းတို့ကို မျက်စိပွင့်နားပွင့် ဖြစ်စေမည်ဟုလည်း မျှော်လင့်ကြသည်။ အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်း။ အကြောင်းမှာ ဘုရားသခင် ပရောဖက်ပြုခဲ့သော ကပ်ဘေးများသည် ဘုရားသခင်၏ ကြီးမြတ်သော အမှုတော် ပြီးမြောက်ခြင်း၊ ဘုရားသခင် ဘုန်းတော်ထင်ရှားသည့်နေ့၊ သန့်ရှင်းသူများ ချီဆောင်ခြင်းခံရခြင်း၊ လူသားမျိုးနွယ်သည် ကောင်းမြတ်သော ပန်းတိုင်တစ်ခုသို့ ဝင်ရောက်ခြင်း စသည်တို့အားလုံးနှင့် သက်ဆိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် အန္တိခရစ်တို့သည် ကပ်ဘေးများကို ပရောဖက်ပြုသည့် ဘုရားနှုတ်ကပတ်တော်များ၏ ဤအပိုင်းနှင့်ပတ်သက်၍ မျှော်လင့်ချက်နှင့် သိချင်စိတ်ပြင်းပြမှုတို့ဖြင့် သာ၍ပင် ပြည့်နှက်နေကြသည်။ ပထမအချက်နှစ်ချက်နှင့် နှိုင်းယှဉ်ပါက အန္တိခရစ်တို့သည် ဤနှုတ်ကပတ်တော် အမျိုးအစားများကို သာ၍ပင် စိတ်ဝင်စားကြသည်။ အန္တိခရစ်တို့၏ စိတ်နှလုံးထဲတွင် ငလျင်၊ ကပ်ရောဂါ၊ ပိုးမွှားကပ်၊ ရေဘေး၊ မြေပြိုခြင်း သို့မဟုတ် အခြားသော သဘာဝဘေးအန္တရာယ်များကဲ့သို့သော ဘေးအန္တရာယ်တစ်ခုကို တစ်စုံတစ်ဦးက ဖြစ်ပွားစေနိုင်ပါက ထိုပုဂ္ဂိုလ်သည် အလွန်တန်ခိုးကြီးသော ပုဂ္ဂိုလ်ဖြစ်ပြီး ကြီးမားသော စွမ်းရည်ကို ပိုင်ဆိုင်ကာ ၎င်းတို့၏ လိုက်လျှောက်ခြင်း၊ ကိုးကွယ်ခြင်းနှင့် ယုံကြည်ကိုးစားခြင်းတို့နှင့် ထိုက်တန်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ထို့ကြောင့် အလားတူပင် အန္တိခရစ်တို့သည် ဘုရားသခင်၏ ကပ်ဘေးများဆိုင်ရာ ပရောဖက်ပြုချက်များကဲ့သို့သော ထိုနှုတ်ကပတ်တော်များ အမှန်တကယ် ဖြစ်လာမည်၊ မဖြစ်လာမည်ကို ဘုရားသခင်သည် အမှန်တကယ် ဘုရားသခင် ဟုတ်မဟုတ် တိုင်းတာရန် စံနှုန်းတစ်ခုအဖြစ်လည်း သတ်မှတ်ကြသည်။ ၎င်းတို့က ဤအမြင်ရှုထောင့်သည် မှန်ကန်သည်၊ ခိုင်လုံပြီး လိမ္မာပါးနပ်သော လုပ်ရပ်တစ်ခုဖြစ်သည်ဟု ယုံကြည်လျက် ဤသို့ယုတ္တိတန်သောတွေးခေါ်မှု၊ စိတ်ကူးနှင့် အမြင်ရှုထောင့်ကို ၎င်းတို့၏ စိတ်နှလုံးထဲတွင် ခရေစေ့တွင်းကျ ဆုပ်ကိုင်ထားကြသည်။ သို့ဖြစ်၍ ၎င်းတို့ ဘုရားသခင်နောက် စတင်လိုက်သည့်နေ့မှစ၍ ကပ်ဘေးများကို ပရောဖက်ပြုသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ တွေ့မြင်သည့်အချိန်မှစ၍ အန္တိခရစ်တို့သည် ၎င်းတို့၏ စိတ်ထဲတွင် ဤအရာကို စွဲလမ်းနေခဲ့ကြသည်။ နောက်ဆုံးသောကာလ ရောက်လာသည့်အခါ၊ ဘုရားသခင်၏ ကြီးမြတ်သော အမှုတော် ပြီးမြောက်သည့်အခါ ဘုရားသခင်သည် လူသားမျိုးနွယ်ကို မည်သို့ပြစ်တင်ဆုံးမမည်၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို အပြစ်ဒဏ်ပေးရန်နှင့် ဖျက်ဆီးရန် မည်သည့်ကပ်ဘေးအမျိုးအစားများကို ကျရောက်စေမည်၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ကပ်ဘေးများအတွင်းသို့ ကျရောက်စေရန် မည်သည့်နည်းလမ်းကို အသုံးပြုမည်၊ ဘုရားသခင် နောက်လိုက်ပြီး ကိုယ်တော်၏ အသိအမှတ်ပြုခြင်းကို ရရှိသူများသာလျှင် ထိုသို့သော ကပ်ဘေးများကို မည်သို့ ရှောင်ရှားပြီး လွတ်မြောက်နိုင်မည်၊ ထိုသို့သော ကပ်ဘေးများ၏ ညှဉ်းပန်းမှုများကို ခံစားရမည် မဟုတ်ဟူ၍ ဘုရားနှုတ်ကပတ်တော်များတွင် ပြောထားသည့်အရာကို ၎င်းတို့ စိတ်ဝင်စားကြသည်။ အန္တိခရစ်တို့သည် ကပ်ဘေးများကို ပရောဖက်ပြုသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အလွန်အရေးကြီးသည်ဟု သတ်မှတ်ကြပြီး ၎င်းတို့၏ စိတ်နှလုံးထဲတွင် ယင်းတို့ကို ဆန်းစစ်ကာ ၎င်းတို့၏ စိတ်ထဲတွင် အလွတ်ကျက်မှတ်ကြသည်။ ၎င်းတို့သည် ကပ်ဘေးများနှင့် သက်ဆိုင်သော စကားလုံးတိုင်းကို အမှတ်ရကြသည့်အပြင် ကပ်ဘေးများအကြောင်း ဘုရားသခင်၏ ပရောဖက်ပြုချက်များသည် မည်သည့်အချိန်တွင် မည်သို့ အမှန်တကယ် ဖြစ်လာမည်ကိုလည်း စဉ်းစားကြသည်။ ဤပရောဖက်ပြုချက်များ အမှန်တကယ် ဖြစ်လာပါက ၎င်းတို့ မည်သည့်အရာဖြစ်မည်၊ အမှန်တကယ် မဖြစ်လာပါက မည်သည့်အရာလုပ်ဆောင်မည်ကို ၎င်းတို့ စဉ်းစားကြသည်။ ဤပရောဖက်ပြုချက်များကို တွေ့မြင်ပြီးနောက်ပိုင်းတွင် အန္တိခရစ်တို့သည် ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်း၌ ကြိုးပမ်းရန် တစ်စုံတစ်ရာ၊ ဦးတည်ချက်တစ်ခုနှင့် ပန်းတိုင်တစ်ခုကို ရှာတွေ့ခဲ့ကြပုံရသည်။ ကပ်ဘေးများ ကျရောက်လာခြင်းကို စောင့်ဆိုင်းနေစဉ်တွင် ၎င်းတို့သည် နည်းလမ်းအမျိုးမျိုးဖြင့် မိမိတို့ကိုယ်ကိုလည်း ပြင်ဆင်ကြသည်။ ကြီးမားသော ကပ်ဘေးများ ကျရောက်လာသည့်အခါ ဘုရားသခင်၏ ကွယ်ကာမှုကို ရရှိရန်အလို့ငှာ ၎င်းတို့သည် ဧဝံဂေလိတရားဟောကြပြီး ၎င်းတို့၏ အလုပ်များနှင့် မိသားစုများကို စွန့်လွှတ်ကြသည်။ တစ်ချိန်တည်းမှာပင် ကပ်ဘေးများ ကျရောက်သည့်အခါ အသက်ရှင်ရန်အလို့ငှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ မကြာမီ အမှန်တကယ် ဖြစ်လာရန်၊ ဘုရားသခင် ဖြစ်မြောက်အောင်မြင်ရန် ရည်ရွယ်သမျှ အမြန်ဆုံး ပြီးမြောက်ရန်၊ ဘုရားသခင်သည် မကြာမီ ဘုန်းအသရေကို ရရှိပြီး အနားယူရန်၊ ၎င်းတို့သည် ကောင်းကင်နိုင်ငံတော်၏ ကောင်းချီးများကို မကြာမီ ခံစားနိုင်ရန် မျှော်လင့်လျက် ဘုရားသခင်ထံသို့ နှိမ့်ချစွာ မကြာခဏ ဆုတောင်းကြသည်။ အန္တိခရစ်တို့၏ ဤအမြင်ရှုထောင့်များအားလုံးမှ ကြည့်လျှင်၊ ၎င်းတို့ မကြာခဏ မြွက်ဆိုလေ့ရှိသော စကားများနှင့် ဆုတောင်းချက်များမှ ကြည့်လျှင် အန္တိခရစ်တို့သည် ဘုရားသခင်၏ ကြီးမြတ်သော အမှုတော် ပြီးမြောက်ခြင်းနှင့် ဘုရားသခင် စောစီးစွာ အနားယူခြင်းကို စိတ်အားထက်သန်စွာ စောင့်မျှော်နေကြသည်ဟု ထင်ရသည်။ သို့ရာတွင် လူတို့ မသိလိုက်ဘဲ ဤမျှော်လင့်ချက်များ၏ နောက်ကွယ်တွင် အန္တိခရစ်တို့၏ အန္တရာယ်ပေးမည့် ရည်ရွယ်ချက်များ တည်ရှိနေသည်။ ၎င်းတို့သည် ထိုသို့သော ဆုတောင်းချက်များနှင့် အယောင်ဆောင်မှုများမှတစ်ဆင့် ကပ်ဘေးများကို ရှောင်ရှားနိုင်ပြီး ဘုရားသခင်ကို ၎င်းတို့၏ ခိုလှုံရာအဖြစ် ပြုလုပ်နိုင်ရန် မျှော်လင့်ကြသည်။ ၎င်းတို့သည် ဤအရာအားလုံးအတွက် ပြင်ဆင်နေစဉ်တွင် ကပ်ဘေးများ အမြန်ဆုံး ကျရောက်လာရန်နှင့် ကပ်ဘေးများကို ပရောဖက်ပြုသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မကြာမီ အမှန်တကယ် ဖြစ်လာရန်လည်း မျှော်လင့်ကြသည်။ ၎င်းတို့ ခံနိုင်ရည်ရှိသည့် အတိုင်းအတာအတွင်း လူတိုင်းမြင်သာစေရန် ကောင်းမွန်စွာ ဆောင်ရွက်ပြဖို့ရာ ဦးနှောက်ခြောက်အောင် စဉ်းစားလျက် ယခင်ကအတိုင်းပင် အဖိုးအခပေးခြင်း၊ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံခြင်း၊ ဒုက္ခခံခြင်းနှင့် ကြံ့ကြံ့ခံခြင်းတို့ကို ဆက်လက် လုပ်ဆောင်ကြသည်။ ဧဝံဂေလိတရားဟောရန် မည်မျှကြီးမားသော အဖိုးအခကို ၎င်းတို့ ပေးဆပ်ခဲ့ကြောင်း၊ မည်မျှများသော ခွဲခြားဆက်ဆံမှုနှင့် ညှဉ်းပန်းနှိပ်စက်မှုကို ၎င်းတို့ ကြံ့ကြံ့ခံခဲ့ရကြောင်းနှင့် ဤနေ့ကို စောင့်ဆိုင်းရာတွင် မည်မျှကြီးမားသော အဖိုးအခကို ၎င်းတို့ ပေးဆပ်ခဲ့ကြောင်းကို လူတိုင်း အသိအမှတ်ပြုစေလိုကြသည်။ ၎င်းတို့ ခံခဲ့ရသော ဒုက္ခဆင်းရဲနှင့် ၎င်းတို့ ပေးဆပ်ခဲ့သော အဖိုးအခကို မြင်၍ ကပ်ဘေးကျရောက်သည့်အခါ ဘုရားသခင်သည် ၎င်းတို့ကို မည်သည့်ကပ်ဘေးမှမဆို ကင်းလွတ်ခွင့်ပေးမည်ဟု ၎င်းတို့ မျှော်လင့်ကြသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့ ပေးဆပ်ခဲ့သော အဖိုးအခကြောင့် ကပ်ဘေးပြီးနောက်တွင် ကောင်းသော ပန်းတိုင်တစ်ခုရှိပြီး ကောင်းချီးခံစားရမည့်သူများထဲမှ တစ်ဦး ဖြစ်လာရန် အတော်အတန် ကံကောင်းကြဖို့ကို ၎င်းတို့ မျှော်လင့်ကြသည်။ စိတ်ထဲ၌ အန္တိခရစ်တို့သည် ဤအရာအားလုံးကို တိတ်တဆိတ်နှင့် မသိမသာ တွက်ချက်ကြသည်။ နောက်ဆုံးတွင် တစ်နေ့၌ သေးငယ်သော အဖြစ်အပျက်တစ်ခုကြောင့် အန္တိခရစ်တို့သည် အဆင်မပြေမှုနှင့် ကြုံတွေ့ရပြီး ၎င်းတို့၏ လုပ်ရပ်များနှင့် အပြုအမူများသည် ပြစ်တင်ရှုတ်ချခြင်းခံရပုံရသည်။ ဤသည်မှာ ၎င်းတို့၏ မျှော်လင့်ချက်များနှင့် စိတ်ကူးယဉ်အိပ်မက်များ ပြိုကွဲသွားပြီး ၎င်းတို့၏ လိုအင်ဆန္ဒများ မပြည့်စုံနိုင်တော့မည်ကို ဆိုလိုသည်။ ဤအခိုက်အတန့်တွင် အန္တိခရစ်တို့၏ စိတ်နှလုံး နက်ရှိုင်းရာတွင် ပေါ်ပေါက်လာသည့် ပထမဆုံးသော အတွေးမှာ အဘယ်နည်း။ “ငါ ဤမျှ ပေးဆပ်ခဲ့ပြီးဖြစ်သည်၊ ငါ ဤမျှပင် ဒုက္ခခံခဲ့ပြီးဖြစ်သည်၊ ငါသည် ရက်ပေါင်းများစွာ ကြံ့ကြံ့ခံခဲ့ပြီးဖြစ်သည်၊ ငါသည် နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီးဖြစ်သည်၊ သို့သော်ငြားလည်း ကပ်ဘေးများကို ပရောဖက်ပြုသည့် ဘုရားနှုတ်ကပတ်တော် တစ်လုံးမျှ အမှန်တကယ် ဖြစ်လာသည်ကို ငါမတွေ့ဖူးသေးပေ။ ဘုရားသည် အမှန်တကယ်ပင် ကပ်ဘေးများကို ကျရောက်စေမည်လော။ ငါတို့ ဆုတောင်းခဲ့ပြီး စောင့်မျှော်ခဲ့သည့်အရာကို ဘုရားက အမှန်တကယ် ဖြည့်ဆည်းပေးမည်လော။ ဘုရားသည် မည်သည့်နေရာ အတိအကျတွင် ရှိနေသနည်း။ သူက ငါတို့အား အမှန်ပင် ကယ်တင်မည်လော၊ သို့မဟုတ် မကယ်တင်ဘူးလော။ ဘုရားသခင် ပြောခဲ့သည့် ကပ်ဘေးများသည် တကယ်ပင် တည်ရှိသလော။ မတည်ရှိလျှင် ငါတို့အားလုံးသည် ဤနေရာမှ ထွက်သွားသင့်သည်။ ဤဘုရားကို ယုံကြည်၍မရပါ၊ ဘုရားဟူသည်မှာ မရှိပါ” ဟူ၍ ဖြစ်လေသည်။ ဤသည်မှာ အန္တိခရစ်တို့၏ အတိုင်းအတာပင် ဖြစ်သည်။ သေးငယ်သော အဆင်မပြေမှုတစ်ခု၊ ဖြစ်နိုင်သည်မှာ အခြားသူတစ်ဦးထံမှ မရည်ရွယ်သော ပြစ်တင်ရှုတ်ချခြင်းနှင့် ဖော်ထုတ်ခြင်းစကားတစ်ခွန်းက ၎င်းတို့၏ အရှိုက်ကို ထိသွားပြီးနောက် ၎င်းတို့သည် ဒေါသပေါက်ကွဲကာ နောက်ထပ် မထိန်းနိုင်တော့ပေ၊ သို့မဟုတ် နောက်ထပ် ဟန်မဆောင်နိုင်တော့ပေ။ ၎င်းတို့ ပထမဆုံးလုပ်သည့်အရာမှာ ဒေါသတကြီး ပေါက်ကွဲပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ညှိုးထိုးကာ ဤသို့ပြောခြင်းပင်ဖြစ်သည်။ “အကယ်၍ ကိုယ်တော်၏ နှုတ်ကပတ်တော်များ အမှန်တကယ် မဖြစ်လာခဲ့ပါက၊ ကိုယ်တော် မိန့်မြွက်ခဲ့သော ကပ်ဘေးများ ကျရောက်မလာခဲ့ပါက ကျွန်ုပ်သည် ကိုယ်တော့်ကို နောက်ထပ် ယုံကြည်တော့မည် မဟုတ်ပါ။ မူလက ကပ်ဘေးများကို ကြိုတင်ဟောကိန်းထုတ်သော ဤနှုတ်ကပတ်တော်များကြောင့်သာလျှင် ကျွန်ုပ်သည် ဧဝံဂေလိတရားဟောခြင်း၊ အဖိုးအခပေးဆပ်ခြင်းနှင့် ကျွန်ုပ်၏တာဝန်ကို ထမ်းဆောင်ခြင်းတို့အား ပြုခဲ့ခြင်း ဖြစ်ပါသည်။ ဤနှုတ်ကပတ်တော်များသာ မရှိခဲ့လျှင် ကျွန်ုပ်သည် ကိုယ်တော့်ကို လုံးဝ ယုံကြည်မည် မဟုတ်ပါ။ ဤနှုတ်ကပတ်တော်များကြောင့်၊ ကျရောက်လုနီးပါးဖြစ်သော ကပ်ဘေးများကြောင့်၊ ကျွန်ုပ်သည် ကိုယ်တော့်ကို ဘုရားသခင်ဖြစ်သည်ဟု ယုံကြည်ခဲ့ခြင်း ဖြစ်ပါသည်။ သို့သော် ယခုမူကား များစွာသော ဆင်းရဲဒုက္ခကို ခံစားခဲ့ပြီးနောက်တွင် ကိုယ်တော် မိန့်မြွက်ခဲ့သော ကပ်ဘေးများသည် ကျရောက်လာခြင်း မရှိသေးပါ။ ဘာသာတရားမရှိသူများထဲတွင် ဒုစရိုက်အမှုများကို ပြုကြသူ အများအပြား ရှိပါ၏၊ သို့တိုင်အောင် ၎င်းတို့အနက် တစ်ဦးတစ်ယောက်မျှ အပြစ်ဒဏ်ပေးခြင်း မခံခဲ့ရပါ၊ တစ်ဦးတစ်ယောက်မျှ ကပ်ဘေးသို့ ကျရောက်ခြင်း မရှိခဲ့ပါ။ ၎င်းတို့သည် အပြစ်တရား၌ အသက်ရှင်ဆဲဖြစ်ကာ မိမိတို့၏ဘဝများကို ပျော်ရွှင်စွာ ဖြတ်သန်းနေကြချိန်တွင် ကျွန်ုပ်မှာမူ ကိုယ်တော်၏ ကပ်ဘေးများဆိုင်ရာ ကြိုတင်ဟောကိန်းထုတ်သည့် နှုတ်ကပတ်တော်များ ပြည့်စုံလာမည့်နေ့ရက်ကိုသာ စောင့်မျှော်လျက် နှစ်ပေါင်းများစွာ အလျှော့ပေးမှုများ ပြုလုပ်နေခဲ့ရပါသည်။ သို့သော် ကိုယ်တော်သည် အဘယ်အရာကို ပြုခဲ့ပါသနည်း၊ ဘုရား။ ကိုယ်တော်သည် ကျွန်ုပ်တို့၏ စိတ်အားထက်သန်စွာ မျှော်လင့်စောင့်စားခြင်းကို ထောက်ထား၍ ကျွန်ုပ်တို့ မြင်တွေ့စေနိုင်ရန်၊ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို ခိုင်မာစေရန်၊ ကျွန်ုပ်တို့၏ သစ္စာစောင့်သိမှုကို ခိုင်ခံ့စေရန်အလို့ငှာ နိမိတ်လက္ခဏာများ သို့မဟုတ် အံ့ဖွယ်အမှုများ တစ်စုံတစ်ရာကိုမျှ မပြခဲ့ပါ၊ ကပ်ဘေးတစ်ခုတစ်လေကိုမျှ ကျရောက်စေခြင်း မရှိခဲ့ပါ။ အဘယ်ကြောင့် ကိုယ်တော်သည် ထိုသို့သောအရာများကို မပြုဘဲ နေသနည်း။ ကိုယ်တော်သည် ဘုရား မဟုတ်လော။ ဤဆိုးယုတ်သောလောက၊ ဤဆိုးယုတ်သော လူသားမျိုးနွယ်ကို အပြစ်ဒဏ်ပေးရန်အလို့ငှာ ကပ်ဘေးများကို ကျရောက်စေခြင်းသည် ထိုမျှလောက် ခက်ခဲသလော။ ကျွန်ုပ်တို့သည် ဤအမှုအရာများ ပြည့်စုံလာခြင်းအားဖြင့် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို ခိုင်မာစေရန်သာ လိုလားပါ၏၊ သို့သော် ကိုယ်တော်သည် မည်သို့မျှ ဆောင်ရွက်ခြင်းမရှိပါ။ အကယ်၍ ကိုယ်တော်သည် ဆောင်ရွက်ခြင်း မပြုပါက ကျွန်ုပ်တို့သည် ဘုရားကို နောက်ထပ် ယုံကြည်နိုင်တော့မည် မဟုတ်ပါ၊ ကျွန်ုပ်တို့သည် မည်သည့်အရာကိုမျှ ရရှိနိုင်တော့မည် မဟုတ်ပါ၊ ထို့ပြင် ဘုရားကို ယုံကြည်ခြင်း၌လည်း အဓိပ္ပာယ်ရှိတော့မည် မဟုတ်ပါ။ နောက်ထပ် ယုံကြည်ရန် လိုအပ်တော့မည် မဟုတ်ပါ၊ ကျွန်ုပ်တို့၏ တာဝန်များကို ထမ်းဆောင်ရန် လိုအပ်တော့မည် မဟုတ်ပါ၊ ဧဝံဂေလိတရားကို ဟောပြောရန် လိုအပ်တော့မည် မဟုတ်ပါ” ဟူ၍ ဖြစ်သည်။ သေးငယ်သော အဆင်မပြေမှုတစ်ခုနှင့် ကြုံတွေ့ရသည့်အခါ၊ ဘဝတွင် အနည်းငယ် ဒုက္ခဆင်းရဲ သို့မဟုတ် မကျေနပ်မှုနှင့် ရင်ဆိုင်ရသည့်အခါ အန္တိခရစ်တို့၏ စရိုက်မှန်နှင့် အတွင်းအကျဆုံးသော အတွေးအခေါ်များသည် အချိန်မရွေး၊ နေရာမရွေး ပေါ်လွင်ထင်ရှားသွားနိုင်သည်၊ ယင်းမှာ အတော်အတန် ကြောက်မက်ဖွယ်ကောင်းသည်။ ကပ်ဘေးများ မည်သည့်အချိန်တွင် ကျရောက်မည်၊ ဘုရားသခင်၏ ကပ်ဘေးများကို ပရောဖက်ပြုသည့် နှုတ်ကပတ်တော်များ အမှန်တကယ် ဖြစ်လာမည်၊ မဖြစ်လာမည်၊ ယင်းတို့ အမှန်တကယ်ဖြစ်လာမည့် ပုံစံနှင့် အချိန်ဟူသည့် ဤအရာများအားလုံးကို ဘုရားသခင်က အဆုံးအဖြတ်ပေးသည်။ ဘုရားသခင်သည် လူတို့ကို ဤအရာများအကြောင်း ပြောပြသည့်အခါ ယင်းမှာ ၎င်းတို့ကို လေးစားမှုပေးခြင်း၊ ၎င်းတို့ကို လူသားများအဖြစ် သဘောထားခြင်း ဖြစ်သည်၊ ဤနှုတ်ကပတ်တော်များကို လူတို့က ဘုရားသခင်ကို နိုင်ကွက်ယူရန်နှင့် တရားစီရင်ရန် နည်းလမ်းတစ်ခုအဖြစ် အသုံးချရန် မဟုတ်ပေ။ အန္တိခရစ်တို့က ဘုရားသခင်သည် ဤနှုတ်ကပတ်တော်များကို ပြောခဲ့ပြီးဖြစ်သောကြောင့် သူသည် လူတို့၏ သက်တမ်းအတွင်း ယင်းတို့ အမှန်တကယ် ဖြစ်လာသည်ကို ထိုလူတို့အား တွေ့မြင်ခွင့်ပြုသင့်သည်ဟု မှားယွင်းစွာ ယုံကြည်ကြသည်၊ သို့မဟုတ်ပါက ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အနှစ်မဲ့သွားလိမ့်မည်။ မိမိ၏နှုတ်ကပတ်တော်များ အနှစ်မဲ့သွားနိုင်သော ဘုရားသည် ဘုရားအဖြစ် သတ်မှတ်ခြင်း မခံထိုက်ပေ၊ ဘုရားဖြစ်ရန် မထိုက်တန်ပေ၊ ပြီးလျှင် ၎င်းတို့၏ ဘုရားဖြစ်ရန် မထိုက်တန်ပေ၊ ဤသည်မှာ အန္တိခရစ်တို့၏ ဆင်ခြင်တွေးခေါ်မှုစနစ် ဖြစ်သည်။

အစမှအဆုံးတိုင် အန္တိခရစ်တို့သည် ကပ်ဘေးကို ပရောဖက်ပြုသည့် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို အမြတ်ထုတ်လိုရုံသာ ဖြစ်သည်။ ဤနှုတ်ကပတ်တော်များက ၎င်းတို့ကို လှုံ့ဆော်ခဲ့ပြီး ကပ်ဘေးများကို ရှောင်ရှားခြင်းဟူသည့် ကောင်းချီးနှင့် လဲလှယ်ရန် ကောင်းမွန်သော လူ့အပြုအမူများနှင့် ၎င်းတို့၏ ပေးဆပ်အနစ်နာခံခြင်းများအားလုံးနှင့် ဇာတိပကတိ၏ ဒုက္ခဆင်းရဲများကို အသုံးပြုရန် ၎င်းတို့ကို အကြံရစေခဲ့သည်။ တစ်လျှောက်လုံးတွင် ၎င်းတို့၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ကပ်ဘေးများကို ရှောင်ရှားရန်နှင့် ကောင်းချီးများကို ရရှိရန် ဖြစ်သည်။ ၎င်းတို့သည် ဤနှုတ်ကပတ်တော်များကို ဖော်ပြသည့်သူကို ဘုရားသခင်အဖြစ် မည်သည့်အခါကမျှ အမှန်တကယ် သတ်မှတ်ခြင်း မရှိခဲ့ပေ။ အစမှအဆုံးတိုင် အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စပ်စုရန် နည်းလမ်းတစ်ခုအဖြစ် ဘုရားသခင်ကို အဆက်မပြတ် စမ်းသပ်ပြီး အကဲဖြတ်လျက် ဘုရားသခင်၏ ဆန့်ကျင်ဘက်တွင် အမြဲရပ်တည်ခဲ့ကြသည်။ အကယ်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များ အမှန်တကယ် ဖြစ်လာပြီး ၎င်းတို့၏ အမြင်ကို ချဲ့ထွင်ပေးကာ ၎င်းတို့၏ အကြိုက်၊ အမြင်ရှုထောင့်များနှင့် လိုအပ်ချက်များနှင့်အညီ အမှန်တကယ် ဖြစ်လာလျှင် ၎င်းတို့သည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် သတ်မှတ်ကြသည်။ သို့သော် အကယ်၍ ယင်းက ၎င်းတို့၏ ဆန္ဒများ၊ အမြင်ရှုထောင့်များနှင့် လိုအပ်ချက်များကို ဆန့်ကျင်သွားလျှင်မူကား ဤနှုတ်ကပတ်တော်များကို ပြောဆိုခဲ့သည့်သူသည် ၎င်းတို့အတွက် ဘုရားသခင်အဖြစ် သတ်မှတ်ခြင်း မခံရတော့ပေ။ ဤသည်မှာ အန္တိခရစ်တို့ ဆုပ်ကိုင်ထားသော အမြင်ရှုထောင့် ဖြစ်သည်။ စိတ်ထဲ၌ ၎င်းတို့က ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်သည်ကို မည်သည့်အခါကမျှ အသိအမှတ်မပြုခဲ့သကဲ့သို့ ဘုရားသခင်သည် အရာခပ်သိမ်းကို အချုပ်အခြာအာဏာ ကိုင်စွဲသည်ဟူသည့် အချက်ကိုလည်း အသိအမှတ်မပြုခဲ့ကြသည်မှာ သိသာထင်ရှားပေသည်။ ရုန်းကန်မှုများ ဆက်တိုက် ကြုံတွေ့ပြီးနောက်၊ စိတ်ရှည်စွာ ကြံ့ကြံ့ခံပြီးနောက်၊ အတွေးအခေါ်ဆိုင်ရာ တိုက်ပွဲတစ်ခုကို ဖြတ်သန်းပြီးနောက် အန္တိခရစ်တို့သည် သင်ခန်းစာတစ်ခု ရခဲ့သည်။ “လူတစ်ဦးသည် ဘုရားနှုတ်ကပတ်တော်များကို ပေါ့ပေါ့တန်တန် ဘောင်မခတ်ရသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များ ပြည့်စုံခြင်းကို သူ၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို တိုင်းတာရန် စံနှုန်းတစ်ခုအဖြစ် ပေါ့ပေါ့တန်တန်နှင့် လေးနက်မှုမရှိဘဲ အသုံးပြု၍ မရနိုင်ပေ။ ငါတို့သည် အတော်အတန် ကြံ့ခိုင်ဖွံ့ဖြိုးအောင် လုပ်ပေးခြင်း မခံရသေးဘဲ ငါတို့၏ စိတ်သဘောထားကို ကျယ်ပြန့်စေရန် ဆက်လက်ကြံ့ကြံ့ခံဖို့ လိုအပ်နေသေးသည်။ ‘အသက်ရှင်နေသရွေ့ အရှုံးမပေးနှင့်’၊ ‘အသက်ရှင်သရွေ့ မျှော်လင့်ချက်ရှိသည်’ ဟူသော ဆိုရိုးစကားများ ရှိသည့်အတိုင်းပင်။ ဤနှုတ်ကပတ်တော်များ အမှန်တကယ် မဖြစ်လာလျှင် ဘာဖြစ်သနည်း။ ကိစ္စမရှိပါ။ ငါသည် ဤမျှနှစ်များ တစ်လျှောက်လုံး အောင့်အည်းပြီး ဖြတ်သန်းလာခဲ့ပြီးပြီ၊ အနည်းငယ်မျှ ပို၍ ကြံ့ကြံ့ခံလိုက်လျှင် ဘုရားနှုတ်ကပတ်တော်များ အမှန်တကယ် ဖြစ်လာပြီး ငါ တစ်စုံတစ်ခု ရရှိကောင်းရရှိနိုင်သည်။ ငါ နောက်တစ်ကြိမ်လောက် သည်းခံကြည့်လိုက်ဦးမည်၊ နောက်တစ်ကြိမ် ထပ်စွန့်စားကြည့်မည်။ ငါ ဒေါသမထွက်နိုင်ပေ၊ သို့မဟုတ်ပါက ငါ၏ ယခင် ကြိုးပမ်းအားထုတ်မှုအားလုံး အလဟဿ ဖြစ်သွားလိမ့်မည်၊ ငါ ကြံ့ကြံ့ခံခဲ့ရသော ဒုက္ခအားလုံး အချည်းနှီး ဖြစ်သွားလိမ့်မည်။ ထိုသို့ဆိုလျှင် အလွန်နစ်နာစရာ ကောင်းလိုက်မည်တကား။ အကယ်၍ ငါသည် ယခု ငါ၏ အတွေးများကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြီး ဘုရားကို ငြင်းပယ်ရန်၊ မေးခွန်းထုတ်ရန်နှင့် စွပ်စွဲရန် ထရပ်လိုက်လျှင် ယင်းမှာ လိမ္မာပါးနပ်သော လုပ်ရပ်တစ်ခု ဖြစ်မည်မဟုတ်ပေ။ ငါသည် အဖိုးအခကို ဆက်လက်ပေးဆပ်ရမည်၊ ဒုက္ခဆင်းရဲကို ခံရမည်၊ ဆက်လက် ကြံ့ကြံ့ခံရမည်။ ‘အဆုံးတိုင်အောင် ကြံ့ကြံ့ခံသောသူသည် ကယ်တင်ခံရလိမ့်မည်’ ဟူသော စကားရပ်ကို မမေ့ရပေ။ ဤစကားသည် အချိန်တိုင်းတွင် မှန်ကန်ပြီး အထွပ်အထိပ် သမ္မာတရားအဖြစ် တည်ရှိနေသည်။ ငါသည် ဤစကားကို စွဲကိုင်ထားရမည်ဖြစ်ပြီး ငါ၏ စိတ်နှလုံးထဲတွင် အဆက်မပြတ် စွဲမှတ်ထားရမည်” ဟူ၍ ဖြစ်လေသည်။ အပျက်သဘောဆောင်ခြင်းနှင့် တိတ်ဆိတ်ခြင်း ကာလတစ်ခုပြီးနောက် အန္တိခရစ်တို့သည် နောက်ဆုံးတွင် တစ်ဖန် “ပြန်လည်ရပ်တည်” လာကြသည်။

ဘုရားသခင်၏ အိမ်တော်၌ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်သည့် လုပ်ငန်းစဉ်တွင် အန္တိခရစ်တို့သည် အခန်းကဏ္ဍအမျိုးမျိုးတွင် အစေခံရင်း အလုပ်အမျိုးမျိုးကို လုပ်ဆောင်ကြသည်။ အပြင်ပန်းတွင် ပြောင်းလဲမှုမရှိဟု ထင်ရသော်လည်း ၎င်းတို့ ဘုရားသခင်ကို ယုံကြည်သည့်အချိန် ကြာလေ၊ ကိုယ်တော်နောက်သို့ လိုက်သည့်အချိန် ကြာလေ၊ အန္တိခရစ်တို့သည် ကပ်ဘေးကို ပရောဖက်ပြုသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် စိတ်ထဲ၌ ပို၍ ချစ်တီးခေါင်းသန်းရှာလေ ဖြစ်သည်။ အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်း။ ၎င်းတို့ ဘုရားသခင်ကို ယုံကြည်သည့်အချိန် ကြာလေ ယင်းက ၎င်းတို့ ပို၍ ပေးဆပ်အနစ်နာခံခဲ့ကြောင်း၊ ပို၍ စွန့်လွှတ်ခဲ့ကြောင်းနှင့် လောကီကမ္ဘာသို့ ပြန်ရန်လမ်း ပို၍ နည်းပါးသွားကြောင်းကို ဆိုလိုသည်။ ထို့ကြောင့် ကပ်ဘေးများကို ပရောဖက်ပြုသည့် ဤနှုတ်ကပတ်တော်များနှင့်ပတ်သက်၍ အန္တိခရစ်တို့က “ဤအရာအားလုံး မှန်ကန်ပါစေဟု ငါမျှော်လင့်သည်။ ဤအရာအားလုံး အမှန်တကယ် ဖြစ်လာရမည်” ဟု တိုး၍တိုး၍ အမှုမဲ့အမှတ်မဲ့ တွေးထင်ကြသည်။ ၎င်းတို့သည် ဤ “ဖြစ်လာရမည်” နှင့် ဤခိုင်မာသော ယုံကြည်လက်ခံမှုကို ဘုရားသခင်အပေါ် ၎င်းတို့၏ စစ်မှန်သော ယုံကြည်ခြင်းအဖြစ် သတ်မှတ်ကြသည်။ ဤစစ်မှန်သော ယုံကြည်ခြင်းဟုခေါ်သည့်အရာက ၎င်းတို့ကို ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရန်၊ ဒုက္ခခံရန်နှင့် အဖိုးအခပေးဆပ်ရန်၊ ကြံ့ကြံ့ခံရန်၊ ထို့နောက် ပို၍ ကြံ့ကြံ့ခံရန် တွန်းအားပေးသည်မှာ ဘာသာတရားမရှိသူများ ပြောသည့်အတိုင်းပင် “အနိုင်ရလိုလျှင် အရာအားလုံးကို ပုံအောရမည်” ဟူ၍ ဖြစ်လေသည်။ ထိုသို့သော ယုံကြည်မှုကို ဖက်တွယ်ထားစဉ်တွင် အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ အမှန်တကယ် ဖြစ်လာမည့်နေ့ကို စပ်စုနေကြသည်။ နောက်ဆုံးတွင် ထိုနေ့သည် ရောက်ရှိလာသည်။ ဤလောကတွင် ဘေးအန္တရာယ်များနှင့် ကပ်ဘေးများ အဆက်မပြတ် ဖြစ်ပွားနေသည်၊ နေရာအနှံ့အပြားတွင်၊ မတူညီသော နိုင်ငံများနှင့် မတူညီသော လူမျိုးစုများကြားတွင် ဖြစ်ပွားနေသည်။ ဤဘေးအန္တရာယ်များသည် ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ အသက်များစွာကို သေစေခဲ့သည်၊ လူများစွာ၏ နေထိုင်မှုပတ်ဝန်းကျင်ကို ပြောင်းလဲစေခဲ့သည်၊ ဂေဟစနစ်ပတ်ဝန်းကျင်ကို ပြောင်းလဲစေခဲ့သည်၊ လူ့အဖွဲ့အစည်းရှိ မတူညီသော ဖွဲ့စည်းပုံများနှင့် နေထိုင်မှုပုံစံများစွာကို ပြောင်းလဲစေခဲ့သည် စသည်တို့ ဖြစ်သည်။ သို့ရာတွင် မည်သို့ပင်ဖြစ်စေ အန္တိခရစ်တို့၏ အမြင်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အတိုင်းအတာတစ်ခုအထိ အမှန်တကယ် ဖြစ်လာနေဆဲဖြစ်ပြီး ယင်းမှာ ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းရာတွင် ကျေနပ်စရာအကောင်းဆုံးအရာ ဖြစ်သည်။ ဤမျှနှစ်များတစ်လျှောက်လုံး ၎င်းတို့အနေဖြင့် အချည်းနှီး ကြံ့ကြံ့ခံခဲ့ခြင်း သို့မဟုတ် စောင့်ဆိုင်းခဲ့ခြင်း မဟုတ်ဟု ၎င်းတို့ ခံစားရသည်၊ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ အမှန်တကယ် ဖြစ်လာသည့်အခါတွင် ထိုနေ့နှင့် အဆင့်ကို နောက်ဆုံးတွင် မျက်မြင်တွေ့ခဲ့ရသည်။ သို့သော် ၎င်းတို့သည် စိတ်ဓာတ်မကျရ၊ သို့မဟုတ် လက်မလျှော့ရဟု ခံစားရသည်၊ ၎င်းတို့သည် ဆက်လက်သည်းခံရန်နှင့် စောင့်ဆိုင်းရန် လိုအပ်သည်။ မည်မျှပင် သည်းခံသည်ဖြစ်စေ၊ မည်မျှပင် စောင့်ဆိုင်းသည်ဖြစ်စေ အန္တိခရစ်တို့ကို စိတ်ထဲ၌ အစိုးရိမ်ဆုံးဖြစ်စေသည့်အရာမှာ အဘယ်နည်း။ ယင်းမှာ “အစာခေါင်းပါးခြင်း၊ ကပ်ရောဂါ၊ ငလျင်များဆိုင်ရာ ပရောဖက်ပြုချက်များ အမှန်တကယ် ဖြစ်လာခဲ့ပြီ၊ သို့သော် ကြီးမားသော ကပ်ဘေးများဆိုင်ရာ ပရောဖက်ပြုချက်များသည် မည်သည့်အချိန်တွင် အမှန်တကယ် ဖြစ်လာမည်နည်း” ဟူ၍ ဖြစ်သည်။ တစ်ဖက်တွင် အန္တိခရစ်တို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တစ်စိတ်တစ်ပိုင်းသည် ဖြည်းဖြည်းချင် တဆတဆဖြင့် အမှန်တကယ် ဖြစ်လာနေသည်ဟု ယုံကြည်ကြသော်လည်း အခြားတစ်ဖက်တွင်မူ ၎င်းတို့က “ဤဘေးအန္တရာယ်များသည် ဘေးအန္တရာယ်များသာ ဖြစ်သည် မဟုတ်လော။ သမိုင်းတစ်လျှောက် ဘေးအန္တရာယ်များသည် အဆက်မပြတ် ဖြစ်ပွားခဲ့သည်။ ဤဘေးအန္တရာယ်များ ဖြစ်ပွားခြင်းသည် ဘုရား၏ နှုတ်ကပတ်တော်များ ပြည့်စုံခြင်း ဟုတ်ပါသလော။ မဟုတ်လျှင်၊ ယင်းတို့သည် အဘယ်အရာများ ဖြစ်သနည်း။ ငါ ဤသို့ မတွေးသင့်ပေ၊ ဘုရားကို ယုံကြည်သူတစ်ဦးသည် ဘုရား၏ နှုတ်ကပတ်တော်များကို ယုံကြည်သင့်သည်။ သို့သော် ဘုရား၏ နှုတ်ကပတ်တော်များသည် ထိုမျှ လွယ်ကူစွာ ပြည့်စုံပါသလော။ ဘုရားက မည်သို့ လုပ်ဆောင်ခဲ့သနည်း။ ငါ အဘယ်ကြောင့် သူ့ကို မမြင်ခဲ့ရသနည်း။ ငါ အဘယ်ကြောင့် ထိုအကြောင်းကို မသိရသနည်း။ အကယ်၍ ယင်းမှာ ဘုရား၏ လုပ်ဆောင်မှုဖြစ်လျှင် သူ၏ ယုံကြည်သူများသည် ယင်းကို မြင်သင့်သည်၊ ဘုရားသည် ၎င်းတို့အား ရူပါရုံများ ပေးသင့်သည်။ သို့သော် ငါတို့သည် ဘုရား၏ လက်တော်ကို မမြင်ခဲ့ရသကဲ့သို့ ဘုရား၏ အသံတော်ကိုလည်း မကြားခဲ့ရပေ။ သို့ဆိုလျှင် ဤအဖြစ်အပျက်များသည် တိုက်ဆိုင်မှုများသာ ဖြစ်နိုင်သလော။ ငါ ဤသို့ မတွေးသင့်ပေ၊ ထိုသို့သော အတွေးများသည် ငါ့ကို အားနည်းစေနိုင်သည်။ ဤအရာအားလုံးသည် ဘုရားနှုတ်ကပတ်တော်များ ပြည့်စုံခြင်းဖြစ်သည်ဟု ငါ ဆက်လက်ယုံကြည်ရမည်၊ ငါသည် ယင်းကို တိုက်ဆိုင်မှုများအဖြစ် မဟုတ်ဘဲ ဘုရား၏ အချုပ်အခြာအာဏာအဖြစ်၊ ဘုရား၏ နှုတ်ကပတ်တော်များ အမှန်တကယ် ဖြစ်လာခြင်းအဖြစ်သာ မှတ်ယူမည်။ ဤနည်းဖြင့် ငါ၏ စိတ်နှလုံးသည် ပို၍ သက်သာရာရသည်” ဟု သံသယဝင်ကြသည်။ ဤသို့တွေးခြင်းသည် အလွန်လိမ္မာပါးနပ်ပြီး အခြေအနေကို ကောင်းစွာ ဆန်းစစ်ခဲ့သည်ဟု ၎င်းတို့ ခံစားရသည်၊ ဘုရားသခင်ကို သံသယမဝင်နိုင်တော့သည့်အပြင် ၎င်းတို့၏ ကိုယ်ပိုင်ယုံကြည်ခြင်းကိုလည်း တည်ငြိမ်စေနိုင်ကာ ၎င်းတို့၏ စိတ်နှလုံးအတွင်းရှိ လွှမ်းမိုးနေသော မသက်မသာဖြစ်မှုနှင့် လိုအင်ဆန္ဒများကိုလည်း တည်ငြိမ်စေနိုင်သည်။ ယာယီ လိုက်လျောမှုများနှင့် အပေးအယူများ ပြုလုပ်နေစဉ်တွင် အန္တိခရစ်တို့သည် ကြီးမားသော ကပ်ဘေးများ ရောက်ရှိလာခြင်း စောင့်ဆိုင်းနေကြသည်။ “ကြီးမားသော ကပ်ဘေးများသည် မည်သည့်အချိန်တွင် ကျရောက်လာမည်နည်း။ ယင်းတို့ ကျရောက်လာသည့်အခါ သန့်ရှင်းသူများသည် လေထဲသို့ ခေါ်ဆောင်ခြင်းခံရမည် ဖြစ်သော်လည်း ယင်းသည် အတိအကျ မည်သည့်နေရာတွင် ဖြစ်ပွားမည်နည်း။ မည်သို့ ဖြစ်ပွားမည်နည်း။ သူတို့သည် ပျံတက်သွားမည်လော သို့တည်းမဟုတ် ဘုရား၏ လက်တော်ဖြင့် ချီမခြင်းခံရမည်လော။ ကြီးမားသော ကပ်ဘေးများ ကျရောက်သည့်အခါ လူတို့၌ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်များ ရှိနေဦးမည်လော။ သူတို့သည် လက်ရှိဝတ်ဆင်ထားသော အဝတ်အစားများကို ဝတ်ဆင်ထားဆဲ ဖြစ်မည်လော။ ဘာသာတရား မရှိသူများအားလုံး သေဆုံးသွားမည်လော။ ယင်းသည် မည်သို့သော အခြေအနေမျိုး ဖြစ်မည်နည်း။ လူသားတို့အဖို့ စိတ်ကူးဖြင့် မှန်းဆ၍မရနိုင်ပါ။ ယခုလောလောဆယ်တွင် ထိုအကြောင်းကို မတွေးတောဘဲ နေခြင်းက ပိုကောင်းပါမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ဧကန်မုချ ပြည့်စုံလာမည်ဟုသာ ကျွန်ုပ် ယုံကြည်လိုက်ပါမည်။ သို့သော် ၎င်းတို့သည် အမှန်တကယ် ပြည့်စုံလာနိုင်ပါမည်လော။ ထိုနေ့ရက်သည် မည်သည့်အချိန်တွင် ရောက်ရှိလာမည်နည်း” ဟူ၍ ဖြစ်လေသည်။ ၎င်းတို့သည် ဤမေးခွန်းများကို စိတ်ထဲ၌ မိမိတို့ကိုယ်ကို အဆက်မပြတ် မေးမြန်းနေပြီး သံသယများကို ထပ်ခါတလဲလဲ ထားရှိကြသည်။ ဤကပ်ဘေးများသည် ၎င်းတို့၏ အလားအလာများ၊ ကံကြမ္မာတို့နှင့် အတော်ပင် ဆက်စပ်ပြီး အတွင်းကျကျ ချိတ်ဆက်နေသောကြောင့် အန္တိခရစ်တို့က “ကြီးမားသော ကပ်ဘေးများ မည်သည့်အချိန်တွင် ကျရောက်မည်ဟူသော ပရောဖက်ပြုချက် ပြည့်စုံခြင်းနှင့်ပတ်သက်၍ ငါသည် အမြဲတမ်း သတိဝီရိယရှိရမည်၊ ငါ၏ အခွင့်အရေးကို မလွတ်သွားစေရန်နှင့် ကောင်းချီးများ မရရှိဘဲ မဖြစ်စေရန် ယင်းကို အချိန်တိုင်း စိတ်ထဲတွင် ထားရှိရမည်” ဟု ယုံကြည်ကြသည်။ သို့ဆိုလျှင် ၎င်းတို့၏ အမြင်ရှုထောင့်မှာ အဘယ်နည်း။ “ငါသည် နေရာအနှံ့၌ ဧဝံဂေလိတရားဟောရန် လိုအပ်သည်၊ ငါ၏ တာဝန်များကို လုံ့လဝီရိယရှိစွာ ထမ်းဆောင်ရန်၊ အနှောင့်အယှက်များ သို့မဟုတ် အဖျက်အမှောင့်များ ဖြစ်စေခြင်းကို သို့မဟုတ် အမှားများ လုပ်မိခြင်းကို ရှောင်ရှားရန်၊ မာနထောင်လွှားစွာ မပြုမူဘဲ ခပ်လျှိုလျှိုနေရန် လိုအပ်သည်။ ငါ အမှားမလုပ်သရွေ့၊ အသင်းတော်မှ နှင်ထုတ်မခံရသရွေ့ ယင်းမှာ လုံလောက်သင့်သည်။ ငါသည် ခိုလှုံရာသို့ သေချာပေါက် ရောက်နိုင်လိမ့်မည်၊ ဤသည်မှာ ဘုရား၏ ကတိတော်ဖြစ်သည်။ မည်သူက ထိုအရာကို ယူသွားနိုင်မည်နည်း” ဟူ၍တည်း။ သေးငယ်သော ဘေးအန္တရာယ်များ တဖြည်းဖြည်း ကျရောက်လာသည့်အခါ၊ လူသားမျိုးနွယ်အားလုံး ဘေးအန္တရာယ်များအတွင်းသို့ ကျရောက်သည့်အခါ အန္တိခရစ်တို့သည် စိတ်ထဲ၌ ငြိမ်သက်ခြင်းနှင့် တည်ငြိမ်အေးချမ်းမှု အတိုင်းအတာတစ်ခုအထိ ရှာတွေ့ကြသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ကြီးမားသော ကပ်ဘေးများ ရောက်ရှိလာခြင်းနှင့် သန့်ရှင်းသူများ ခေါ်ဆောင်ခြင်းခံရမည့်နေ့ကို စောင့်မျှော်နေကြသည်။ မည်သို့ပင်ဖြစ်စေ အန္တိခရစ်တို့သည် ကပ်ဘေးများကို ပရောဖက်ပြုသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆက်လက်၍ စပ်စုနေကြသည်။ ထိုသို့သော စပ်စုခြင်းသည် ဘုရားသခင်၏ အမြင်တွင် စာတန်၏ စပ်စုခြင်းကဲ့သို့ပင် ဖြစ်သည်။ ကိုယ်တော်သည် ယင်းကို သံသယ၊ ငြင်းပယ်ခြင်း၊ အသရေဖျက်ခြင်းနှင့် ဘုရားသခင်၏ မှန်ကန်မှုကို ဆန်းစစ်ခြင်းအဖြစ် မြင်သည်။ ယင်းသည် ဘုရားသခင်၏ ပင်ကိုလက္ခဏာကို မေးခွန်းထုတ်ခြင်း၊ ဘုရားသခင်၏ သြဇာအာဏာနှင့် အနန္တတန်ခိုးကို သံသယဝင်ခြင်း၊ ဘုရားသခင်၏ သစ္စာရှိမှုကို သံသယဝင်ခြင်း ဖြစ်သည်။ ဘုရားသခင်သည် ထိုသို့သောအရာများ ဖြစ်ပွားသည်ကို ခွင့်မပြုသကဲ့သို့ ထိုသို့သောလူများ တည်ရှိသည်ကိုလည်း ခွင့်မပြုပေ၊ ကိုယ်တော်သည် ထိုသို့သောလူများကို သေချာပေါက် ကယ်တင်မည် မဟုတ်ပေ။ အန္တိခရစ်တို့က ၎င်းတို့၏ တန်ပြန်ဆောင်ရွက်ချက်များသည် လျှို့ဝှက်စွာ ကြံစည်ပြီး ၎င်းတို့၏ စိတ်နှလုံးထဲတွင် တွက်ချက်ထားကာ အလိမ္မာပါးနပ်ဆုံးနှင့် အလျှို့ဝှက်ဆုံးဖြစ်သည်ဟု တွေးထင်ကြသည်။ ဘုရားသခင်သည် ၎င်းတို့၏ အတွေးအားလုံးကို မြင်ပြီး ယင်းတို့ကို ပြစ်တင်ရှုတ်ချသည်ကို ၎င်းတို့ မသိကြချေ။ ဤသည်မှာ ဘုရားသခင် မိန့်သည့်အရာ ဖြစ်သည်။ “ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျှင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတိအလင်း ငါပြောမည်။” (ရှင်မဿဲခရစ်ဝင် ၇:၂၁-၂၃) ဘုရားသခင်သည် ဤလူတို့အား သူ၏ စိတ်နှလုံးထဲတွင် တိတ်တဆိတ် ပြောသည်။ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြ။ သင်တို့သည် ငါ၏ လုပ်ဆောင်ချက်များကို စပ်စုသည်၊ ငါ၏ နှုတ်ကပတ်တော်များကို စပ်စုသည်။ ထိုသို့သော လူများသည် မည်သည့်အခါမျှ ကယ်တင်ခြင်းခံရနိုင်မည် မဟုတ်ဟူ၍ ဖြစ်သည်။ အန္တိခရစ်တို့သည် ကပ်ဘေးများကို ပရောဖက်ပြုသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ အမှန်တကယ် ဖြစ်လာမည်၊ မဖြစ်လာမည်ကို ၎င်းတို့ လိုက်စားရန် ပန်းတိုင်အဖြစ်လည်းကောင်း၊ ဘုရားသခင်၏ မှန်ကန်မှုကို စစ်ဆေးရန် စံနှုန်းတစ်ခုအဖြစ်လည်းကောင်း သဘောထားခြင်းသည် ကြောက်မက်ဖွယ်ကောင်းသော အရာဖြစ်သည်၊ ယင်းမှာ ဒုစရိုက်အမှုတစ်ခုလည်း ဖြစ်သည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အချို့သော ကဏ္ဍများ အမှန်တကယ် ဖြစ်လာမည်၊ မဖြစ်လာမည်၊ မည်သို့ အမှန်တကယ် ဖြစ်လာမည်၊ မည်သည့်အချိန်နှင့် မည်သည့်နေရာတွင် အမှန်တကယ် ဖြစ်လာမည်နှင့်ပတ်သက်၍မူ ဘုရားသခင်၌ ကိုယ့်နည်းနှင့်ကိုယ် ရှိသည်။ ဘုရားသခင်ထံမှ ဤနှုတ်ကပတ်တော်များကို ကြားရန် လူသားများအား ကြီးမားသော ကံကောင်းခြင်းကို ပေးသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်သာ ဖြစ်သည်။ ဘုရားသခင်သည် ဤနှုတ်ကပတ်တော်များကို ပြောဆိုသည့် ရည်ရွယ်ချက်မှာ လူသားမျိုးနွယ်က ယင်းတို့ကို ဘုရားသခင်ကို ချည်နှောင်ရန်၊ ဘုရားသခင်၏ မှန်ကန်မှုကို စစ်ဆေးရန်၊ သို့မဟုတ် ဘုရားသခင်၏ ပင်ကိုလက္ခဏာကို အတည်ပြုရန် အသုံးပြုဖို့ မဟုတ်ပေ။ ဘုရားသခင်သည် ဤနှုတ်ကပတ်တော်များကို ကိုယ်တော်သည် ထိုသို့သောအရာများကို လုပ်ဆောင်တော့မည် ဖြစ်ကြောင်း လူသားမျိုးနွယ်ကို ပြောပြရန်အတွက်သာ ပြောဆိုခြင်းဖြစ်သည်၊ သို့သော် ဘုရားသခင်သည် မည်သူ့ကိုမျှ “ငါသည် ဤအရာကို ဤနည်းလမ်းဖြင့် ဤလူတို့အား ဤအချိန်တွင် ဤပုံစံဖြင့် လုပ်ဆောင်မည်” ဟု မည်သည့်အခါကမျှ မပြောခဲ့ပေ။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို မပြောပြခဲ့သော အရာများတွင် ရှင်းလင်းသော အချက်ပြမှုတစ်ခု ရှိသည်။ လူသားမျိုးနွယ်သည် သိရန်မလိုအပ်သကဲ့သို့ သိရန် အရည်အချင်းလည်းမရှိပေ။ ထို့ကြောင့် အကယ်၍ လူသားများသည် ဤကိစ္စရပ်များကို အမြဲတမ်း စပ်စုရန် ကြိုးစားလျှင်၊ အမြဲတမ်း နှိုက်နှိုက်ချွတ်ချွတ် တူးဆွလျှင်၊ ဤကိစ္စရပ်များကို ဘုရားသခင်ကို နိုင်ကွက်ယူရန်၊ ကိုယ်တော်ကို တရားစီရင်ရန်နှင့် ပြစ်တင်ရှုတ်ချရန် အသုံးပြုလိုလျှင် ဤဖြစ်စဉ်များ ဖြစ်ပွားသည့်အခါ လူသားမျိုးနွယ်သည် ဘုရားသခင်၏ ဆန့်ကျင်ဘက်တွင် အမှုမဲ့အမှတ်မဲ့ ရပ်တည်နေလိမ့်မည်။ သင်သည် ဘုရားသခင်ကို ဆန့်ကျင်ဘက်တွင် ရပ်တည်သည့်အခါ ဘုရားသခင်သည် သင့်ကို လူသားတစ်ဦးအဖြစ် မမှတ်ယူတော့ပေ။ သို့ဆိုလျှင် သင်သည် အဘယ်အရာဖြစ်သနည်း။ ဘုရားသခင်၏ အမြင်တွင် သင်သည် စာတန်တစ်ကောင်၊ ရန်သူတစ်ဦး၊ နတ်ဆိုးတစ်ကောင် ဖြစ်သည်။ ဤသည်မှာ လူ၏ ပုန်ကန်ပြစ်မှားခြင်းကို သည်းမခံသော ဘုရားသခင်၏ စိတ်သဘောထား၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ အကယ်၍ လူတို့သည် ဤအရာကို နားမလည်ဘဲ ဘုရားသခင် ပရောဖက်ပြုခဲ့သော နှုတ်ကပတ်တော်များအပေါ် မကြာခဏ အရေးလုပ်ကာ ဘုရားသခင်ကို နိုင်ကွက်ယူရန် ကြိုးစားလျှင် ငါ သင်တို့ကို ပြောမည်၊ ဤသည်မှာ ကိုယ့်သေတွင်း ကိုယ်တူးခြင်းပင် ဖြစ်သည်။ အချိန်တိုင်းတွင် လူသားများသည် ၎င်းတို့ မည်သူဖြစ်သည်ကိုလည်းကောင်း၊ မည်သည့်ပုံစံဖြင့်၊ မည်သို့သော ဆင်ခြင်တုံတရားဖြင့်၊ ဘုရားသခင်နှင့် ဘုရားသခင်နှင့်ပတ်သက်သော အရာခပ်သိမ်းကို မည်သည့်ရှုထောင့်မှ သဘောထားသင့်သည်ကိုလည်းကောင်း သိသင့်သည်။ လူတို့သည် ဖန်ဆင်းခံများအဖြစ် ၎င်းတို့၏ ပင်ကိုလက္ခဏာနှင့် အနေအထားကို ဆုံးရှုံးသွားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ အနှစ်သာရသည် ပြောင်းလဲသွားသည်။ သင်သည် တိရစ္ဆာန်တစ်ကောင် ဖြစ်လာလျှင် သင်သည် အရေးမပါသောအရာတစ်ခု ဖြစ်သောကြောင့် ဘုရားသခင်သည် သင့်ကို လျစ်လျူရှုပေမည်။ သို့သော် သင်သည် နတ်ဆိုးတစ်ကောင်နှင့် စာတန်တစ်ကောင် ဖြစ်လာလျှင်မူကား သင်သည် အန္တရာယ်ကျရောက်လိမ့်မည်။ နတ်ဆိုးတစ်ကောင်နှင့် စာတန်တစ်ကောင် ဖြစ်လာခြင်းသည် ဘုရားသခင်၏ ရန်သူတစ်ဦး ဖြစ်လာခြင်းကို ဆိုလိုပြီး ထိုအခါ ကယ်တင်ခြင်း၏ မျှော်လင့်ချက်သည် သင့်အတွက် လုံးဝ ရှိတော့မည် မဟုတ်ပေ။ ထို့ကြောင့် ဤနေရာတွင် လူတိုင်းကို ငါ ပြောလိုသည်မှာ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို မစပ်စုနှင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မစပ်စုနှင့်၊ ဘုရားသခင်၏ အလုပ်ကို မစပ်စုနှင့်၊ ဘုရားသခင်နှင့် သက်ဆိုင်သည့် မည်သည့်အရာကိုမျှ မစပ်စုနှင့်။ သင်သည် လူသားတစ်ဦး၊ ဖန်ဆင်းခံတစ်ဦးဖြစ်သည်၊ ထို့ကြောင့် ဘုရားသခင်၏ မှန်ကန်မှုကို မဆန်းစစ်နှင့်။ ဘုရားသခင်ကို သင်၏ ဆန်းစစ်ခြင်းနှင့် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း ခံရသည့်အရာအဖြစ် မမှတ်ယူနှင့်၊ သို့မဟုတ် သင်၏ စပ်စုခြင်း ခံရသည့်အရာအဖြစ်လည်း မမှတ်ယူနှင့်။ သင်သည် ဖန်ဆင်းခံတစ်ဦး၊ လူသားတစ်ဦးဖြစ်သည်၊ ထို့ကြောင့် ဘုရားသခင်သည် သင်၏ ဘုရားသခင် ဖြစ်သည်။ ဘုရားသခင် ပြောဆိုသမျှသည် သင် လက်ခံသင့်သည့်အရာ ဖြစ်သည်။ ဘုရားသခင် သင့်ကို ပြောပြသမျှကို သင် လက်ခံသင့်သည်။ ဘုရားသခင် သင့်ကို မပြောပြသည့်အရာများ၊ နက်နဲသောအရာများနှင့် ပရောဖက်ပြုချက်များ ပါဝင်သော ကိစ္စရပ်များ၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့်ပတ်သက်သော ကိစ္စရပ်များနှင့်ပတ်သက်၍မူ၊ တစ်ချက်မှာ သေချာသည်။ သင်သည် ဤအရာများကို သိရန်မလိုအပ်ပေ။ ဤအရာများကို သိခြင်းသည် သင်၏ အသက်ဝင်ရောက်မှုကို အကျိုးပြုမည် မဟုတ်ပေ။ သင် နားလည်နိုင်သမျှကို လက်ခံလော့။ ဤအရာများကို သင်၏ စိတ်သဘောထား ပြောင်းလဲခြင်းကို လိုက်စားခြင်းနှင့် ကယ်တင်ခြင်းကို လိုက်စားခြင်းတို့တွင် အတားအဆီးများ ဖြစ်မလာစေနှင့်။ ဤသည်မှာ မှန်ကန်သော နည်းလမ်းဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် ဘုရားသခင်၏ ဆန့်ကျင်ဘက်တွင် ရပ်တည်ပြီး ဘုရားသခင်နှင့်စပ်ဆိုင်သော အရာများကို ဆက်လက် စပ်စုလျှင်၊ ပြီးလျှင် ၎င်းတို့သည် ပြောင်းလဲရန် ခေါင်းမာစွာ ငြင်းဆန်ပြီး ဘုရားသခင်ကို ဤပုံစံနှင့် ဤသို့သော သဘောထားဖြင့် ဆက်ဆံလျှင်၊ ကယ်တင်ခြင်းခံရရန် ၎င်းတို့၏ မျှော်လင့်ချက်သည် အလွန် နည်းပါးသွားသည်။ အန္တိခရစ်တို့သည် ကပ်ဘေးကို ပရောဖက်ပြုသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စပ်စုသည်။ ဤအချက်နှင့်ပတ်သက်၍ ငါတို့၏ မိတ်သဟာယကို ဤနေရာတွင် အဆုံးသတ်မည်။ ပြီးလျှင် ယခု နောက်တစ်ချက်ကို ဆက်လက်၍ မိတ်သဟာယပြုကြစို့။

၄။ ကမ္မာမြေကြီးကို ဘုရားသခင် စွန့်ခွာသွားမည့်အချိန်နှင့် ကြီးမြတ်သော သူ့အမှုတော် ပြီးမြောက်မည့်အချိန်တို့နှင့်ဆိုင်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စပ်စုခြင်း

စတုတ္ထအချက်မှာ အန္တိခရစ်တို့သည် ကမ္ဘာမြေကြီးကို ဘုရားသခင် စွန့်ခွာသွားမည့်အချိန်နှင့် ကြီးမြတ်သော သူ့အမှုတော် ပြီးမြောက်မည့်အချိန်တို့နှင့်ဆိုင်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စပ်စုကြသည် ဟူ၍ဖြစ်သည်။ ဤအကြောင်းနှင့်ပတ်သက်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် များများစားစား မပါရှိပေ။ ဤကန့်သတ်ထားသော နှုတ်ကပတ်တော်များထဲတွင် အကယ်၍ အကြောင်းအရာသည် လူတို့အတွက် အထူးပင် အရေးထားသော ခေါင်းစဉ်တစ်ခုဖြစ်ပါက ဤနှုတ်ကပတ်တော်များသည် မည်မျှ ထင်ပေါ်ခြင်း မရှိသည်ဖြစ်စေ၊ မည်မျှ ဖုံးကွယ်ထားသည်ဖြစ်စေ ၎င်းတို့က တွေ့အောင်ရှာကြလိမ့်မည်။ ၎င်းတို့ကို တွေ့ရှိပြီးနောက်တွင် ဖတ်ရှုရန် အရေးကြီးသော နှုတ်ကပတ်တော်များအဖြစ် သဘောထားပြုမူလျက် ယင်းတို့ကို ဘောပင်ဖြင့် မှတ်သားထားကြသည်။ အခွင့်အရေး ရသည့်အခါတိုင်း မိမိတို့ကိုယ်ကို သတိပေးရန်နှင့် နှစ်သိမ့်ရန် ဤနှုတ်ကပတ်တော်များကို ၎င်းတို့က မျှဝေပြီး ဖတ်ရှုကြသည်။ အန္တိခရစ်တို့အတွက်မူ ၎င်းတို့၏ ပိုကြီးမားသော စိတ်ဝင်စားမှုမှာ ဘုရားသခင်သည် ကမ္ဘာမြေကြီးကို မည်သည့်အချိန်တွင် စွန့်ခွာမည်ကိုဖြစ်စေ၊ သူ၏ ကြီးမြတ်သော အမှုတော်သည် မည်သည့်အချိန်တွင် ပြီးမြောက်မည်ကိုဖြစ်စေ မဟုတ်ဘဲ ဤနှုတ်ကပတ်တော်များ၏ နောက်ကွယ်တွင် ဘုရားသခင်က ဖြစ်မြောက်အောင်မြင်စေရန် ရည်ရွယ်သည့် အဖြစ်မှန်များကို ပို၍ အလေးထားကြသည်မှာ ပြောစရာမလိုပေ။ အန္တိခရစ်တို့သည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် အမျှော်လင့်ဆုံးအရာမှာ ၎င်းတို့၏ သက်တမ်းအတွင်း ဘုရားသခင် ကမ္ဘာမြေကြီးကို စွန့်ခွာသည့် ခမ်းနားကြီးကျယ်သောမြင်ကွင်းကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ရန် ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ လိုက်လျှောက်ခဲ့သော ဘုရားသခင်သည် မှန်ကန်သောသူ ဖြစ်ကြောင်း၊ ၎င်းတို့သည် မှားယွင်းသော ဘုရားတစ်ပါးကို မရွေးချယ်ခဲ့ကြောင်း၊ သို့မဟုတ် လိုက်လျှောက်ရန်ပုဂ္ဂိုလ်ကို အရွေးမှားခဲ့ခြင်း မဟုတ်ကြောင်း ဆိုလိုပေမည်။ ဤအရာများ အတည်ပြုပြီးသည်နှင့်အမျှ ၎င်းတို့သည် ကောင်းချီးခံစားရမည့် အခွင့်အလမ်းများ ကြီးမားစွာ တိုးပွားလာသည်ဟု ယုံကြည်ကြသည်။ ထို့အပြင် အကယ်၍ ၎င်းတို့သည် မိမိတို့၏ သက်တမ်းအတွင်း ဘုရားသခင် ကမ္ဘာမြေကြီးကို စွန့်ခွာသည့် မြင်ကွင်းနှင့် ဘုရားသခင်၏ ကြီးမြတ်သော အမှုတော် ပြီးမြောက်သည့် မြင်ကွင်းကို မျက်မြင်တွေ့နိုင်ပါက ယင်းမှာ ၎င်းတို့၏ ယုံကြည်ခြင်းသည် သာ၍ပင် ခိုင်မာလာမည်ဖြစ်ပြီး မည်သည့်ဒွိဟမျှမရှိဘဲ ဘုရားသခင်နောက် လိုက်ကြမည်ကို ဆိုလိုသည်။ ဤမြင်ကွင်းကို မြင်ခြင်းသည် ဘုရားသခင်နှင့်ပတ်သက်၍ ၎င်းတို့၏ ယခင် ဒွိဟများနှင့် နားမလည်နိုင်ခြင်းအပြင် အခြားသူများထံမှ ၎င်းတို့ ရင်ဆိုင်ခဲ့ရသော အသရေဖျက်ခြင်းများ၊ ဝေဖန်ခြင်းများနှင့် ငြင်းပယ်ခြင်းများအားလုံးသည် ၎င်းတို့ကို နောက်ထပ် ဘောင်မခတ်တော့ဘဲ ကျန်ရစ်ခဲ့မည်ကို ဆိုလိုပေမည်။ တစ်ဖက်တွင် အန္တိခရစ်တို့သည် ဤနေ့ရက် ရောက်ရှိလာခြင်းကို စောင့်မျှော်နေကြပြီး အခြားတစ်ဖက်တွင်မူ ဘုရားသခင်သည် ကမ္ဘာမြေပေါ်တွင် လက်ရှိ လုပ်ဆောင်နေသည့်အရာကိုလည်းကောင်း၊ သူ၏အမှုတော်သည် ပြီးစီးလုနီးပါး ဖြစ်နေခြင်း ရှိမရှိဟူသည်ကိုလည်းကောင်း၊ သူပြောရန်လိုအပ်သော နှုတ်ကပတ်တော်များသည် ပြီးဆုံးလုနီးပါး ဖြစ်နေခြင်း ရှိမရှိဟူသည်ကိုလည်းကောင်း၊ သူ့နောက် လိုက်လျှောက်နေသော လူများတွင် စစ်မှန်သော သစ္စာစောင့်သိမှု ရှိမရှိဟူသည်ကိုလည်းကောင်း၊ ၎င်းတို့သည် စုံလင်အောင်ပြုခြင်း ခံပြီးခြင်း ရှိမရှိဟူသည်ကိုလည်းကောင်း စောင့်ကြည့်နေကြသည်။ ယခု ခရစ်တော်နောက် လိုက်လျှောက်နေသော လူများကို စောင့်ကြည့်လေ့လာရာတွင် အန္တိခရစ်တို့သည် လူအများစုတွင် ယုံကြည်ခြင်း အားနည်းကြောင်း၊ မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် မကြာခဏ အမှားများလုပ်ကြောင်းနှင့် များစွာသောသူတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်စဉ် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ခဲ့သောကြောင့် မကြာခဏ ပြုပြင်ခြင်းခံရကြောင်း သတိပြုမိကြသည်။ အချို့ဆိုလျှင် ဘီအုပ်စုများသို့ ပို့ခြင်းခံရသည်၊ သီးသန့်ခွဲထားခြင်း ခံရသည် သို့မဟုတ် နှင်ထုတ်ခြင်းပင် ခံရသည်။ ဤလက္ခဏာများမှ ၎င်းတို့က “ဘုရား၏ ကြီးမြတ်သောအမှုတော် ပြီးမြောက်မည့်နေ့သည် အလှမ်းဝေးနေသေးပုံရသည်၊ ယင်းမှာ အလွန်ပင် စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလှပေသည်။ သို့သော် စိတ်မရှည်ခြင်းဖြင့် လူတစ်ဦးသည် မည်သည့်အရာကို လုပ်နိုင်မည်နည်း။ မည်သည့်ပြဿနာကို ဖြေရှင်းနိုင်မည်နည်း” ဟု ခံစားရသည်။ အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မယုံကြည်သောကြောင့်၊ သမ္မာတရားကို လက်မခံသောကြောင့်၊ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သောကြောင့်၊ ပြီးလျှင် သမ္မာတရားကို နားမလည်သောကြောင့် ဘုရားသခင်၏အမှုက လူတို့အပေါ် သက်ရောက်သည့်အကျိုးသည် ပုံမှန်ဟုတ်မဟုတ်ကို ၎င်းတို့ အကဲမဖြတ်နိုင်ပေ။ ဘုရားသခင်က လူတို့အပေါ် လုပ်ဆောင်ခဲ့သည့်အရာသည် အမှန်တကယ် တစ်စုံတစ်ရာ အကျိုးသက်ရောက်မှု ရရှိပြီးပြီ ဟုတ်မဟုတ်ကိုဖြစ်စေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူတို့ကို အမှန်တကယ် ကယ်တင်ပြီး ပြောင်းလဲစေနိုင်ခြင်း ရှိမရှိကိုဖြစ်စေ၊ လူတို့သည် ဤနှုတ်ကပတ်တော်များကို လက်ခံနေစဉ်တွင် ပြောင်းလဲမှု ကြုံတွေ့ပြီးပြီ ဟုတ်မဟုတ်ကိုဖြစ်စေ၊ အမှန်တကယ် တစ်စုံတစ်ရာ ရရှိပြီးပြီ ဟုတ်မဟုတ်ကိုဖြစ်စေ၊ ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို လက်ခံရရှိပြီးပြီ ဟုတ်မဟုတ်ကိုဖြစ်စေ၊ ဤလူတို့သည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်ပြီး ကောင်းချီးမင်္ဂလာများကို လက်ခံရရှိနိုင်ခြင်း ရှိမရှိကိုဖြစ်စေ ၎င်းတို့ နားလည်သဘောပေါက်နိုင်ခြင်း မရှိပေ။ ပြီးလျှင် ၎င်းတို့ မျက်စိဖြင့် သတိပြုမိသော အဖြစ်မှန်များကို ၎င်းတို့ နားမလည်နိုင်သကဲ့သို့ ရှင်းလင်းမပြနိုင်ပေ။ ၎င်းတို့ မြင်တွေ့ရသော ဖြစ်ရပ်တိုင်း၊ ၎င်းတို့၏ စိတ်ထဲတွင် တွေးထင်သော ဖြစ်ရပ်တိုင်းသည် ပပျောက်အောင်လုပ်၍မရနိုင်ဘဲ ရှုပ်ထွေးနေနေသည်။ “ဤကိစ္စရပ်အားလုံးသည် သဘောပေါက်ဖို့မလွယ်သည့်အပြင် ထိုးထွင်းသိမြင်ရန် ခက်ခဲကာ နားလည်သဘောပေါက်ရန် ခက်ခဲသည်။ ဘုရား ကမ္ဘာမြေကြီးကို စွန့်ခွာသည့် ဖြစ်ရပ်များနှင့် ဘုရား၏ ကြီးမြတ်သော အမှုတော် ပြီးမြောက်ခြင်းသည် အမှန်တကယ် တည်ရှိသလော။ ယင်းတို့သည် အမှန်တကယ် ဖြစ်လာနိုင်သလော” ဟူ၍ ဖြစ်သည်။ တစ်ဖက်တွင် အန္တိခရစ်တို့သည် ၎င်းတို့လိုက်လျှောက်သော ဘုရားသည် ဘုရားဖြစ်သည်ဟု ဇွတ်အတင်း ယုံကြည်ကြသော်လည်း တစ်ချိန်တည်းမှာပင် ၎င်းတို့က “သူသည် ဘုရားလော။ သူသည် လူတစ်ဦးသာဖြစ်သည် မဟုတ်လော။ ဤသို့ တွေးထင်ခြင်းသည် မကောင်းပေ။ လူအများစုက သူသည် ဘုရားဖြစ်သည်ဟု ယုံကြည်ကြသည်၊ ထို့ကြောင့် ငါလည်း ယုံကြည်သင့်သည်။ သို့သော် မဟုတ်သေးပါ၊ ယင်းကို ယုံကြည်ရန် ငါ အားမထုတ်နိုင်ပါတကား။ သူသည် ဘုရားဖြစ်ကြောင်းကို ငါ အဘယ်နေရာတွင် မြင်နိုင်မည်နည်း။ သူသည် ဘုရား၏ ကြီးမြတ်သော အမှုတော်ကို ပြီးမြောက်စေနိုင်သလော။ သူသည် ဘုရား၏အမှုကို လုပ်ဆောင်နိုင်သလော။ သူသည် ဘုရားကို ကိုယ်စားပြုနိုင်သလော။ သူသည် ဘုရား၏ အစီအစဉ်ကို ပြီးမြောက်စေနိုင်သလော။ သူသည် လူသားမျိုးနွယ်ကို ကယ်တင်နိုင်သလော။ သူသည် လူတို့ကို လှပသော ပန်းတိုင်တစ်ခုသို့ ပို့ဆောင်နိုင်သလော” ဟု သံသယမထားဘဲ မနေနိုင်ကြပေ။ ဤအတွေးအခေါ်များအားလုံးနှင့် ယင်းတို့ကဲ့သို့သော နောက်ထပ်အတွေးအခေါ်များသည် အန္တိခရစ်တို့၏ စိတ်နှလုံး နက်ရှိုင်းရာတွင် ဖြေရှင်း၍မရနိုင်သော၊ ချိုးဖျက်၍မရနိုင်သော အစိုင်အခဲများ ဖြစ်လာသည်။ ၎င်းတို့က “ငါ မည်သည့်အရာကို လုပ်သင့်သနည်း။ အမြင့်မားဆုံးသော စည်းမျဉ်းတစ်ခု ရှိနေသေးသည်၊ စောင့်ဆိုင်းပြီး ကြံ့ကြံ့ခံရှိလော့၊ အဆုံးတိုင်အောင် တည်ကြည်သောသူသည် ကယ်တင်ခြင်း ခံရလိမ့်မည်။ ငါသည် သမ္မာတရားကို မလိုက်စားသော်လည်း ငါ့တွင် ကိုယ့်စည်းမျဉ်းနှင့်ကိုယ် ရှိသည်။ အခြားသူများ မထွက်ခွာလျှင် ငါလည်း မထွက်ခွာ။ အခြားသူများ နောက်လိုက်လျှင် ငါလည်း နောက်လိုက်မည်။ ငါသည် လူအများနောက်လိုက်မည်။ လူတိုင်းက သူသည် ဘုရားဖြစ်သည်ဟု ဆိုလျှင် ငါလည်း သူ့ကို ဘုရားဟု ခေါ်မည်။ လူတိုင်းက ယုံကြည်ခြင်းကို ရပ်ပြီး ဘုရားကို ငြင်းပယ်လျှင် ငါလည်း ထိုအတိုင်း လိုက်လုပ်မည်။ လူအများစုက ပြစ်မှုကျူးလွန်သူများဖြစ်လျှင် မည်သို့များ ဥပဒေကို အာဏာတည်စေနိုင်တော့မည်နည်း” ဟု တွေးထင်ကြသည်။ ဘုရားသခင်၏အမှုတော် ပျံ့နှံ့ခြင်းသည် အထွတ်အထိပ်သို့ ရောက်ရှိနေသည်ကို ၎င်းတို့ မြင်တွေ့သောအခါ ၎င်းတို့သည် စိတ်ထဲ၌ တိတ်တဆိတ် ဝမ်းမြောက်ကြသည်။ “ငါ သံသယ အဝင်ဆုံးနှင့် အားအနည်းဆုံးဖြစ်ချိန်တွင် မထွက်ခွာခဲ့သည်မှာ ကံကောင်း၏။ ငါ၏ ယုံကြည်ခြင်းက ယခု မည်သည့်အရာကို ဆောင်ကြဉ်းပေးခဲ့သည်ကို ကြည့်လော့။ ထိုနေ့ရက်သည် နီးကပ်လာပြီဖြစ်ပြီး ပို၍ပို၍ များပြားသောလူများသည် ဘုရားနောက်လိုက်နေကြသည်။ အထူးသဖြင့် ပင်လယ်ရပ်ခြားတွင် အမျိုးမျိုးသော နိုင်ငံများမှ လူတို့သည် မှန်သောလမ်းခရီးကို စူးစမ်းရှာဖွေနေကြပြီး ယုံကြည်သူအရေအတွက်မှာ တိုးပွားလျက်ရှိသည်။ ဘုရားအိမ်တော်သည် ပို၍ပို၍ များပြားသော ဗီဒီယိုများ၊ ရုပ်ရှင်များ၊ ဓမ္မသီချင်းများနှင့် သက်သေခံချက်များကို ထုတ်လုပ်လျက်ရှိပြီး ပို၍ အာရုံစိုက်မှုကို ဆွဲဆောင်လျက်ရှိသည်။ ထိုသို့သော အကျိုးရလဒ်များကို မည်သည့်လူသားကမျှ မစွမ်းဆောင်နိုင်ပေ၊ ဘုရား၏ အမှုတော်ကသာ ယင်းကို ဖြစ်မြောက်စေနိုင်သည်။ ဤသာမန်လူသည် ခရစ်တော်၊ ဘုရား ဖြစ်ဖို့ သေချာသလောက်ပင်။ သူသည် ခရစ်တော် ဖြစ်သောကြောင့်၊ ဘုရားဖြစ်သောကြောင့် သူ၏ နှုတ်ကပတ်တော်များသည် သေချာပေါက် အမှန်ဖြစ်လာပေမည်။ သူ၏ နှုတ်ကပတ်တော်များ အမှန်မဖြစ်လာလျှင် သူသည် ဘုရားမဟုတ်ပေ။ ယုတ္တိရှိသော ကျိုးကြောင်းဆင်ခြင်မှုအရ ဤကောက်ချက်သည် သဘာဝကျသည်၊ မှန်ကန်သည်။ အကယ်၍ သူသည် ဘုရားဖြစ်လျှင် သူ ကမ္ဘာမြေကြီးကို စွန့်ခွာမည့်နေ့တစ်နေ့ ရှိလိမ့်မည်၊ အကယ်၍ သူသည် ဘုရားဖြစ်လျှင် သူ၏ ကြီးမြတ်သော အမှုတော်ကို ပြီးမြောက်စေနိုင်သည်။ ဤနိမိတ်လက္ခဏာအားလုံးကို အကဲဖြတ်ကြည့်လျှင် ဘုရားနောက်လိုက်နေသော အသင်းတော်ရှိ လူတို့သည် အပြုသဘောဆောင်သော လားရာတစ်ခုသို့၊ ကောင်းမွန်သော ပန်းတိုင်တစ်ခုသို့ ရွေ့လျားနေကြသည်။ အရာရာတိုင်းသည် အတော်ပင် စံပြဖြစ်သည်၊ အားလုံးသည် အလွန်ပင် အပြုသဘောဆောင်ပြီး တည်ဆောက်စရာဖြစ်သည်။ ဤသည်မှာ လောကီရေစီးကြောင်းများနောက် လိုက်ခြင်းထက် ပိုကောင်းသည်၊ ထိုအရာများကို လိုက်စားခြင်း၌ မျှော်လင့်ချက်မရှိ၊ မတရားဆက်ဆံခံရခြင်းကိုသာ ဖြစ်စေပြီး နောက်ဆုံးတွင် ပျက်စီးခြင်းသို့ ရောက်စေသည်။ အကယ်၍ လူတစ်ဦးသည် ဘုရားကို ယုံကြည်ပြီး ဘုရား ကမ္ဘာမြေကြီးကို စွန့်ခွာသည့်နေ့နှင့် ဘုရား၏ ကြီးမြတ်သော အမှုတော် ပြီးမြောက်သည်ကို သက်သေခံနိုင်ကာ ဘုရား၏ ဘုန်းအသရေကို မျှဝေခံစားနိုင်လျှင် ယင်းသည် အလွန်ပင် ဂုဏ်ယူဖွယ်ရာ ဖြစ်လိုက်မည့်ဖြစ်ခြင်း” ဟူ၍ ဖြစ်လေသည်။ ဤအကြောင်းကို တွေးမိသောအခါ ၎င်းတို့က “ငါသည် အဘယ်သို့များ ဤမျှ ဉာဏ်ကောင်းရသနည်း။ ငါသည် ဤလမ်းခရီးကို ရွေးချယ်ခဲ့သည်၊ ငါသည် ဉာဏ်ရည်မြင့်မားပြီး အသိဉာဏ်စွမ်းအားကြီးမားသူ ဖြစ်ပုံရသည်” ဟု ခံစားရသည်။ ၎င်းတို့သည် ယင်းကို ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်ဟု မမှတ်ယူဘဲ ၎င်းတို့၏ ကိုယ်ပိုင် ဉာဏ်ပညာ၊ ၎င်းတို့၏ ကိုယ်ပိုင် လိမ္မာပါးနပ်မှုကြောင့်ဟု မှတ်ယူကြသည်။ ဤသည်မှာ အလွန်ပင် ယုတ္တိမတန်သော အယူအဆတစ်ခု ပါတကား။

အန္တိခရစ်တို့က “ဘုရား ကမ္ဘာမြေကြီးကို စွန့်ခွာသည့်ကိစ္စနှင့် ဘုရား၏ ကြီးမြတ်သော အမှုတော် ပြီးမြောက်သည့်ကိစ္စသည် ဘုရား၏ ကတိတော်များနှင့် ကောင်းချီးများ၊ သူ၏ ကျိန်ဆဲခြင်းများနှင့် အပြစ်ဒဏ်ပေးခြင်း၊ ကပ်ဘေးများနှင့်ပတ်သက်သော သူ၏ ပရောဖက်ပြုချက်များကဲ့သို့သော ကိစ္စရပ်များနှင့် ကွဲပြားသည်။ ဤကိစ္စကို အလျင်စလိုလုပ်၍မရ၊ ထိုနေ့ရက် ရောက်ရှိလာရန် စောင့်ဆိုင်းဖို့ လူတို့တွင် အစွမ်းကုန် ကြံ့ကြံ့ခံခြင်းနှင့် အမြင့်ဆုံး စိတ်ရှည်ခြင်း ရှိရန်လိုအပ်သည်။ အကြောင်းမှာ ထိုနေ့ရက် ရောက်ရှိလာသောအခါ အရာရာတိုင်း ပြီးမြောက်လိမ့်မည် ဖြစ်သောကြောင့်ဖြစ်သည်။ အကယ်၍ ငါသည် ယခု ကြံ့ကြံ့မခံနိုင်လျှင်၊ အထီးကျန်ခြင်းကို မခံနိုင်လျှင်၊ ဤဆင်းရဲဒုက္ခကို သည်းမခံနိုင်လျှင် ထိုနေ့ရက် ရောက်လာသောအခါ ငါသည် ချန်ထားခံရမည်ဖြစ်သည်။ ယခုမှာ နောက်ဆုံးအဆင့် ဖြစ်သည်၊ များစွာသော ဆင်းရဲဒုက္ခကို ခံစားပြီးနောက်တွင် အနည်းငယ်မျှ ထပ်မံ၍ ကြံ့ကြံ့မခံလျှင် ငါသည် လူမိုက်တစ်ဦး ဖြစ်ပေလိမ့်မည်” ဟု တွေးထင်ကြသည်။ သို့ဖြစ်၍ အန္တိခရစ်တို့အတွက် ထိုနေ့ရက် ရောက်ရှိလာသည်ကို မြင်တွေ့ရန် နည်းလမ်းတစ်ခုတည်းသာ ရှိသည်။ ယင်းမှာ နာခံစွာနှင့် စိတ်ရှည်စွာ စောင့်ဆိုင်းရန်၊ အလျင်စလိုမလုပ်ရန်နှင့် ကြံ့ကြံ့ခံတတ်ရန် သင်ယူဖို့ ဖြစ်သည်။ ၎င်းတို့က “ငါသည် လောင်းကစားလုပ်ရန် ရွေးချယ်ခဲ့ပြီး ဖြစ်သောကြောင့် ကြံ့ကြံ့ခံတတ်ရန် သင်ယူသင့်သည်၊ အကြောင်းမှာ ဤကြံ့ကြံ့ခံခြင်းသည် သေးငယ်သော ကိစ္စရပ်တစ်ခု မဟုတ်သောကြောင့် ဖြစ်သည်။ အကယ်၍ ငါသည် အဆုံးတိုင်အောင် ကြံ့ကြံ့ခံလျှင် ဤကိစ္စရပ် ပြီးမြောက်သည်နှင့်တစ်ပြိုင်နက် ငါရရှိမည့်အရာသည် ကြီးမားသော ကောင်းချီးတစ်ခု ဖြစ်လိမ့်မည်။ အကယ်၍ ငါသည် ဤကာလအတွင်း ကြံ့ကြံ့မခံလျှင် ကြီးမားသော ကပ်ဘေးနှင့် ရင်ဆိုင်ရလိမ့်မည်။ ဤကိစ္စသည် နည်းလမ်းနှစ်မျိုးထဲမှ တစ်ခုခု ဖြစ်သွားနိုင်သည်၊ ကြီးမားသော ကောင်းချီးကို ဆောင်ကြဉ်းခြင်း သို့မဟုတ် ကြီးမားသော ကပ်ဘေးကို ဆောင်ကြဉ်းခြင်း ဖြစ်နိုင်သည်” ဟု တွေးထင်ကြသည်။ သင်မြင်သည် မဟုတ်လော၊ အန္တိခရစ်တို့သည် မမိုက်မဲကြပေ၊ မဟုတ်ဘူးလော။ ၎င်းတို့သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ပြီး သမ္မာတရားကို မယုံကြည်ကြပေ၊ ၎င်းတို့သည် မယုံကြည်သူများ ဖြစ်ကြသည်။ သို့သော် ဤကိစ္စရပ်ကို ၎င်းတို့သည် ဤမျှ တိကျစွာနှင့် ဤမျှ အသေးစိတ်ကျကျ မည်သို့များ ဆန်းစစ်နိုင်ကြသနည်း။ ဤသို့သော ဆန်းစစ်မှုမျိုးသည် သင့်လျော်သလော။ (မသင့်လျော်ပါ။) ငါ့ကို ပြောလော့၊ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ဤသို့သော “အလေးအနက်ထားသော” သဘောထားမျိုး ရှိသင့်သလော။ အချို့လူများက “ဤသည်မှာ လူတစ်ဦး၏ အလားအလာနှင့် ကံကြမ္မာတို့ ပါဝင်ပတ်သက်နေပြီး ဘုရား၏ ကြီးမြတ်သော အမှုတော် ပြီးမြောက်ခြင်းလည်း ပါဝင်ပတ်သက်နေသည့် ကိစ္စကြီးတစ်ခု ဖြစ်သည်။ ယင်းကို ပေါ့ပေါ့ဆဆ သဘောထား၍မရပေ။ ဘုရား ကမ္ဘာမြေကြီးကို စွန့်ခွာမည့် တိကျသော ခုနှစ်နှင့် လကို လူတို့က တွက်ချက်ရမည်။ ထို့အပြင် ဘုရားနှုတ်ကပတ်တော်များ၏ စာကြောင်းများကြားတွင် ထုတ်ဖော်ထားသော ဘုရား စွန့်ခွာမည့် နည်းလမ်းနှင့် မြင်ကွင်းကိုလည်း ဆန်းစစ်ရမည်။ အကယ်၍ လူတစ်ဦးသည် ဤအရာကို အလေးအနက်မထားဘဲ စေ့စေ့စပ်စပ် မဆန်းစစ်လျှင် ထိုသို့သော ကောင်းမွန်သည့်အရာကို လွဲချော်ခြင်းသည် အဆုံးမရှိသော နောင်တကို ဖြစ်စေလိမ့်မည်၊ ထိုသို့သော ဖြစ်ရပ်မျိုးကို နောက်တစ်ကြိမ် မည်သည့်အခါမျှ မြင်တွေ့ရတော့မည် မဟုတ်ပေ။ အထူးသဖြင့် ဘုရား၏ ကြီးမြတ်သော အမှုတော် ပြီးမြောက်သည့်အခါနှင့် ဘုရားသခင် ဘုန်းအသရေရရှိသည့်နေ့နှင့် အချိန်အခါ ရောက်ရှိလာသည့်အခါတွင် လူတို့သည် သာ၍ပင် သိရန်လိုအပ်သည်” ဟု ဆိုကြသည်။ ထိုအခါ တစ်စုံတစ်ဦးက “ဘုရားသခင်က မပြောလျှင် ကျွန်ုပ်တို့ မည်သို့ သိနိုင်မည်နည်း” ဟု မေးသည်။ “သို့ဆိုလျှင် ဗျာဒိတ်ကျမ်းထဲမှ ယောဟန်ကဲ့သို့ပင် သင်သည် အိပ်မက်ထဲတွင် သင့်အား ထုတ်ဖော်ပြရန် ဘုရားထံ ဆုတောင်းရမည်။ အကယ်၍ သင်သည် ရူပါရုံတစ်ခုကို လက်ခံရရှိပြီး သင်၏ အိပ်မက် သို့မဟုတ် ရူပါရုံထဲတွင် ဘုရား၏ ကြီးမြတ်သော အမှုတော် ပြီးမြောက်သည့်နေ့ကို မြင်တွေ့ပါက ဤသည်မှာ သင်၏ ယုံကြည်ခြင်းကို တစ်ခဏချင်းပင် လုံးလုံးလျားလျား အားကောင်းစေလိမ့်မည်။ သင်၏ စိတ်ရှည်ခြင်း၊ သင်၏ စောင့်ဆိုင်းခြင်းသည် ပုံစံတစ်ခု သို့မဟုတ် သင်ပြုလုပ်သည့် အရာတစ်ခုမျှသာ ဖြစ်တော့မည်မဟုတ်၊ ထိုအစား သင်သည် သင်၏ စိတ်နှလုံး နက်ရှိုင်းရာမှ ဤကဲ့သို့ စိတ်လိုကိုယ်လျောက် စောင့်ဆိုင်းပြီး ကြံ့ကြံ့ခံလိမ့်မည်။ ယင်းမှာ အလွန်ကောင်းပေလိမ့်မည်” ဟု ဆိုလေသည်။ ဤချဉ်းကပ်နည်းသည် လက်ခံနိုင်ဖွယ်ရှိသလော။ (မရှိပါ။)

လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်ကို မည်မျှနှစ်ပေါင်းများစွာ လိုအပ်သည်ဖြစ်စေ၊ ဇာတိပကတိ၌ သူ၏အမှုတော် ပြီးမြောက်မည့်နေ့တစ်နေ့သည် အဆုံးတွင် ရောက်ရှိလာမည်ဖြစ်သည်။ ဤသည်မှာ ဤပုဂ္ဂိုလ်သည် နောက်ဆုံးတွင် လူသားမျိုးနွယ်ကို စွန့်ခွာသွားမည်ကို ဆိုလိုသည်၊ ယင်းမှာ အချိန်အခါသာ လိုတော့သည့်ကိစ္စ ဖြစ်သည်။ ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်၏ အမှုတော်သည် အဆုံးသတ်သို့ ရောက်ရှိနေပြီဖြစ်သည်။ ဤအဆုံးသတ်သည် ဆယ်နှစ်၊ အနှစ်နှစ်ဆယ်၊ အနှစ်ငါးဆယ်၊ အနှစ်ရှစ်ဆယ် သို့မဟုတ် အနှစ်တစ်ရာ ကြာမြင့်မည်ဟုတ်မဟုတ်နှင့်ပတ်သက်၍မူ ငါတို့ နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေရန် မလိုအပ်ပေ။ ဤသည်မှာ ဘုရားသခင်၏ ပြောဆိုပုံနည်းလမ်းမျှသာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ပြောဆိုပုံနည်းလမ်း ဖြစ်သည်ဟု ဆိုရာတွင် အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ “အဆုံးသတ်” ဟူသော ဘုရားသခင်၏ အယူအဆသည် အမှန်တကယ် နှစ်အရေအတွက် မည်မျှဖြစ်သည်ကို ဆိုလိုသည်။ ဘုရားသခင်၏ အချိန်နှင့်ဆိုင်သော အယူအဆသည် လူတို့၏ အယူအဆနှင့် သေချာပေါက် ကွဲပြားသည်။ ယင်းမှာ အတိအကျ နှစ်မည်မျှဖြစ်သည်ကို ငါတို့ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းသည် အသုံးဝင်သလော။ မဝင်ပေ။ အဘယ်ကြောင့် အသုံးမဝင်သနည်း။ အကြောင်းမှာ ဤအရာအားလုံးသည် ဘုရားသခင်၏ လက်ထဲတွင် ရှိသောကြောင့်ဖြစ်သည်၊ ယင်းမှာ လူတို့က တောင်းလျှောက်ခြင်းဖြင့် ရရှိနိုင်သောအရာ မဟုတ်သကဲ့သို့ လူတို့ သိရှိပြီးသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်ကို ကန့်သတ်ချုပ်ချယ်ရန် ၎င်းတို့ အသုံးပြုနိုင်သည့်အရာလည်း မဟုတ်ပေ။ ဘုရားသခင်သည် သူအလိုရှိသည့်အတိုင်း လုပ်ဆောင်သည်။ ဘုရားသခင်၏ နောက်လိုက်များ လုပ်ဆောင်သင့်သည့် တစ်ခုတည်းသောအရာမှာ သမ္မာတရားကို လိုက်စားရန်၊ မိမိတို့၏ တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ရန်၊ အသက်ကို ရရှိရန်၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့် လမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်းရန်နှင့် အမှန်တကယ် စံနှုန်းပြည့်မီသော ဖန်ဆင်းခံများ ဖြစ်လာရန် ဖြစ်သည်။ ဤနည်းအားဖြင့် ဘုရားသခင်၏ ကြီးမြတ်သော အမှုတော်သည် အမှန်တကယ်ပင် လုံးလုံးလျားလျား ပြီးမြောက်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်သည် ငြိမ်သက်ခြင်းချမ်းသာ ရှိလိမ့်မည်။ ဘုရားသခင်၏ ငြိမ်သက်ခြင်းချမ်းသာ ရှိခြင်းက အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ လူသားမျိုးနွယ်သည် အနားယူရလိမ့်မည်ကို ဆိုလိုသည်။ လူသားမျိုးနွယ်သည် အနားယူရာအရပ်တစ်ခု ရရှိသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်သည် ငြိမ်သက်ခြင်းချမ်းသာ ရနိုင်သည်။ ဘုရားသခင်၏ ငြိမ်သက်ခြင်းချမ်းသာသည် လူသားမျိုးနွယ်၏ အနားယူခြင်း ဖြစ်သည်။ လူသားမျိုးနွယ်သည် ပုံမှန် ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်နှင့် စနစ်တစ်ခု ရှိသည့်အခါ ယင်းက ဘုရားသခင်ထံသို့ ငြိမ်သက်ခြင်းချမ်းသာကို ဆောင်ကြဉ်းပေးသည်။ လူသားမျိုးနွယ်သည် ထိုသို့သော ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်ကို မည်သည့်အချိန်တွင် ရရှိမည်၊ ဤအဆင့်သို့ ၎င်းတို့ မည်သည့်အချိန်တွင် ရောက်ရှိမည်၊ ဘုရားသခင်သည် သူ၏ ကြီးမြတ်သော အမှုတော်ကို မည်သည့်အချိန်တွင် ပြီးမြောက်စေပြီး သူ၏ အနားယူရာအရပ်သို့ ဝင်ရောက်မည်နှင့်ပတ်သက်၍မူ ဤအရာအားလုံးသည် ဘုရားသခင်၏ အစီအစဉ်အတွင်း၌ ရှိသည်၊ သူ့ထံတွင် အချိန်ဇယားတစ်ခု ရှိသည်။ ဘုရားသခင်၏ အစီအစဉ်နှင့်ဆိုင်သော ဤအချိန်ဇယားသည် မည်သည့်ခေတ်ကာလတွင် ကျရောက်သည်၊ မည်သည့်ခုနှစ်၊ လ၊ နာရီနှင့် မိနစ်ဖြစ်သည်ကို ဘုရားသခင် ကိုယ်တော်တိုင်သာ သိသည်။ လူသားများသည် သိရန်မလိုအပ်သကဲ့သို့ သင့်ကို ပြောပြခြင်းသည်လည်း အသုံးမဝင်ပေ။ တိကျသော ခုနှစ်၊ လ၊ နာရီနှင့် မိနစ်ကို သင့်အား ပြောခဲ့လျှင်ပင် ယင်းက သင်၏ အသက် ဖြစ်လာနိုင်မည်လော။ ယင်းသည် အသက်လော။ ယင်းက အသက်ကို အစားမထိုးနိုင်ပေ။ ဖန်ဆင်းခံများ လုပ်ဆောင်သင့်သည့် တစ်ခုတည်းသောအရာမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံရန်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျိုးနွံနာခံရန်ဖြစ်ပြီး ဘုရားသခင်ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်သောလူများ ဖြစ်လာရန် ဖြစ်သည်။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမြဲ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးလိုခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ အမှန်ဖြစ်လာမည်ဟုတ်မဟုတ်ကို စပ်စုလိုခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ မှန်ကန်မှုကို စစ်ဆေးခြင်း၊ ဆန်းစစ်ခြင်းနှင့် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းတို့မှာ ဖန်ဆင်းခံလူသားများ လုပ်ဆောင်သင့်သည့်အရာများ မဟုတ်ပေ။ ဤလမ်းကြောင်းကို လျှောက်လှမ်းရန်နှင့် ဤအရာများကို လုပ်ဆောင်ရန် အခိုင်အမာဆိုသောသူများသည် ဘုရားသခင် အလိုရှိသော ဖန်ဆင်းခံများ မဟုတ်သည်မှာ သိသာထင်ရှားပေသည်။ ၎င်းတို့သည် သူ၏ သတ်မှတ်ချက်များနှင့်အညီ မလုပ်ဆောင်ကြပေ၊ ဘုရားသခင်က လူတို့အတွက် ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ အသက်မရှင်ကြပေ။ ဘုရားသခင်၏ အမြင်တွင် ၎င်းတို့သည် ဘုရားသခင်၏ ရန်သူများ ဖြစ်ကြသည်၊ ၎င်းတို့သည် နတ်ဆိုးများနှင့် စာတန်များ ဖြစ်ကြပြီး ဘုရားသခင် ကယ်တင်ခြင်း ခံရမည့်သူများ မဟုတ်ကြပေ။ ထို့ကြောင့် ဘုရားသခင်သည် ကမ္ဘာမြေကြီးကို မည်သည့်အချိန်တွင် စွန့်ခွာမည်၊ သူ၏ ကြီးမြတ်သော အမှုတော်သည် မည်သည့်အချိန်တွင် ပြီးမြောက်မည်၊ ဘုရားသခင် ဘုန်းအသရေရရှိသည့်နေ့သည် မည်သည့်အချိန်တွင် ရောက်ရှိလာမည်တို့နှင့်ပတ်သက်၍ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များနှင့် ဤကိစ္စရပ်အပေါ် လူသားမျိုးနွယ်၏ မှန်ကန်သည့် အမြင်ရှုထောင့်မှာ အဘယ်ဖြစ်သင့်သနည်း။ လူတစ်ဦးသည် ဘုရားသခင် ပြောဆိုခဲ့သော ဤအရာများ သေချာပေါက် အမှန်ဖြစ်လာမည်ဟု ယုံကြည်သင့်သည်၊ တစ်ချိန်တည်းမှာပင် ဘုရားသခင်၏ ကြီးမြတ်သော အမှုတော် ပြီးမြောက်ခြင်းအတွက်၊ ဘုရားသခင်၏ နိုင်ငံတော် ကြွလာခြင်းအတွက်၊ ဘုရားသခင်သည် များပြားလှသော လူတို့ထံ ဘုန်းအသရေဖြင့် ပေါ်ထွန်းခြင်းအတွက်နှင့် ဘုရားသခင်သည် စောစီးစွာ ငြိမ်သက်ခြင်းချမ်းသားထဲသို့ ဝင်ရောက်ခြင်းအတွက် မျှော်လင့်သင့်သည်။ ဤသည်မှာ ဖန်ဆင်းခံလူသားများ၊ ဘုရားသခင်နောက် လိုက်သောသူများ မျှော်လင့်ပြီး ဆုတောင်းသင့်သည့်အရာ ဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းသည် သင့်လျော်ပြီး စပ်စုခြင်း မဟုတ်ပေ။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော်များ အမှန်ဖြစ်လာမည်ဟုတ်မဟုတ်ကို နိုင်ကွက်အဖြစ်ယူ၍ ဘုရားသခင်အား ခြိမ်းခြောက်ရန် အမြဲအသုံးပြုခြင်း၊ ဘုရားသခင်အပေါ် သတ်မှတ်ချက်များ ထားရှိခြင်းတို့ကို စူးစမ်းခြင်းဟု ခေါ်ပြီး ယင်းမှာ ဘုရားသခင်၏ ရန်သူများ လုပ်ဆောင်သည့်အရာ ဖြစ်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ အမှန်ဖြစ်လာမည်ဟုတ်မဟုတ်ကို အခြေခံ၍ အဖိုးအခပေးရမည်ကိုဖြစ်စေ၊ မပေးရမည်ကိုဖြစ်စေ၊ အရာရာကို စွန့်လွှတ်ရမည်ကို ဖြစ်စေ၊ မစွန့်လွှတ်ရမည်ကိုဖြစ်စေ၊ မိမိ၏တာဝန်ကို ထမ်းဆောင်ရမည်ကိုဖြစ်စေ၊ မထမ်းဆောင်ရမည်ကို ဖြစ်စေ အစဉ်သဖြင့် ဆုံးဖြတ်ခြင်းသည်လည်း ရန်သူများ လုပ်ဆောင်သည့်အရာ ဖြစ်သည်။ စစ်မှန်သော ဖန်ဆင်းခံများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် ဘုရားသခင် ပြောဆိုသည့် မည်သည့်အပိုင်းကိုမဆို ဖန်ဆင်းခံများ ရှိသင့်သည့် ရှုထောင့်မှ သဘောထားပြုမူသင့်သည်၊ စာတန်၊ ဆိုးယုတ်သော နတ်ဆိုးများ သို့မဟုတ် ဘုရားသခင်၏ ရန်သူများ၏ ရှုထောင့်မှ သဘောထားပြုမူခြင်း မရှိသင့်ပေ။

၅။ ဘုရားသခင်၏ စိတ်သဘောထား၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာ၊ ဘုရားသခင်၏ အနှစ်သာရတို့နှင့်ဆိုင်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စပ်စုခြင်း

နောက်ထပ် မိတ်သဟာယဖွဲ့မည့်အချက်မှာ ဘုရားသခင်၏ စိတ်သဘောထား၊ ပင်ကိုလက္ခဏာ၊ အနှစ်သာရတို့နှင့်ဆိုင်သော သူ၏နှုတ်ကပတ်တော်များ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များသည် အလွန်ကျယ်ပြန့်သော နယ်ပယ်ကို လွှမ်းခြုံထားပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ အကြောင်းအရာအများစုသည် သူ၏ စိတ်သဘောထား၊ ပင်ကိုလက္ခဏာနှင့် အနှစ်သာရတို့နှင့် သက်ဆိုင်လေသည်။ တစ်ဖက်တွင် ဘုရားသခင်၏ ပြောဆိုပုံနှင့် လေသံအပြင် အကြောင်းအရာတို့က လူတို့အား ဘုရားသခင်၏ စိတ်သဘောထားကိုလည်းကောင်း၊ သူ၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကိုလည်းကောင်း မြင်တွေ့ခွင့်ပေးသည်။ အခြားတစ်ဖက်တွင်မူ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ပြောကြားရန်၊ သူ၏ စိတ်သဘောထား၊ ပင်ကိုလက္ခဏာနှင့် အနှစ်သာရတို့ကို လူသားမျိုးနွယ်ထံ ဖွင့်ပြရန် ရှင်းလင်းသော နှုတ်ကပတ်တော်များ ရှိသည်။ ဤအကြောင်းအရာ နှစ်ပိုင်းအတွက်မူ တစ်ဖက်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ သွယ်ဝိုက်ညွှန်းဆိုထားသော အဓိပ္ပာယ်မှလည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အကြောင်းအရာမှလည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ သဘာဝမှလည်းကောင်း၊ ဘုရားသခင်၏ လေသံနှင့် သူ၏ စကားပြောဆိုသည့် ပရိသတ်မှလည်းကောင်း ဘုရားသခင်၏ စိတ်သဘောထား၊ ပင်ကိုလက္ခဏာနှင့် အနှစ်သာရတို့ကို မြင်တွေ့နိုင်သည်။ အခြားတစ်ဖက်တွင်မူ ဘုရားသခင်သည် သူ၌ မည်သည့်စိတ်သဘောထားမျိုးရှိသည်၊ မည်သည့်ပင်ကိုလက္ခဏာနှင့် အနှစ်သာရမျိုး ရှိသည်ကို ရှင်းလင်းသော နှုတ်ကပတ်တော်များဖြင့် လူတို့အား ပြောကြားသည်။ ဤအကြောင်းအရာ နှစ်ပိုင်းသည် အန္တိခရစ်တို့က အခြေခံကျကျ လျစ်လျူရှုသည့်အရာတစ်ခု ဖြစ်သည်။ ၎င်းတို့သည် ဤအရာများမှ ဘုရားသခင်၏ စိတ်သဘောထား၊ ပင်ကိုလက္ခဏာနှင့် အနှစ်သာရတို့ကို နားလည်သဘောပေါက်ကြမည် မဟုတ်သကဲ့သို့ ဘုရားသခင်နှင့် သက်ဆိုင်သော ဤအရာအားလုံးကိုလည်း ဧကန်မုချ ယုံကြည်ကြမည်မဟုတ်ပေ။ အကြောင်းမှာ ၎င်းတို့သည် မယုံကြည်သူများ ဖြစ်သောကြောင့် ဘုရားသခင်၏ နှုတ်တော်မှ ထွက်သော နှုတ်ကပတ်တော်များက ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို ကိုယ်စားပြုနိုင်သည်ဟု မယုံကြည်ကြသောကြောင့် ဖြစ်သည်။ သို့သော်လည်း ၎င်းတို့ မငြင်းပယ်နိုင်သည့် အချက်တစ်ချက် ရှိသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဘုရားသခင်၌ မည်သည့်စိတ်သဘောထားမျိုး ရှိသည်၊ ဘုရားသခင်၌ မည်သည့်ပင်ကိုလက္ခဏာမျိုး ရှိသည်၊ သူ၏ အနှစ်သာရသည် မည်သို့ဖြစ်သည်ကို လူတို့ထံ ရှင်းလင်းစွာ ဖွင့်ပြထားပြီးဖြစ်သည်၊ သူ၏ နှုတ်ကပတ်တော်များမှ ဤအပိုင်းကို ၎င်းတို့ မငြင်းပယ်နိုင်ပေ။ ၎င်းတို့ မငြင်းပယ်နိုင်ရုံမျှဖြင့် ၎င်းတို့တွင် စစ်မှန်သော လက်ခံခြင်းနှင့် ရိုးသားစစ်မှန်သော အသိအမှတ်ပြုခြင်း ရှိသည်ဟု ဆိုလိုသလော။ ၎င်းတို့သည် ဤနှုတ်ကပတ်တော်များကို အသိအမှတ်မပြုကြပေ။ ဆန့်ကျင်ဘက်အားဖြင့် ဘုရားသခင်၏ စိတ်သဘောထားနှင့်ဆိုင်သော အကြောင်းအရာဖြစ်သည့် သူ၏ ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း၊ မေတ္တာ၊ ဩဇာအာဏာနှင့် သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့ ပါဝင်သည့် အခြားသော အရည်အသွေးများနှင့်ပတ်သက်၍ ဘုရားသခင် ပြောဆိုသည့်အရာကို အန္တိခရစ်တို့သည် မထီမဲ့မြင်ပြုခြင်း၊ လျစ်လျူရှုခြင်းနှင့် ဂရုမစိုက်ခြင်းတို့အပြင် ဤနှုတ်ကပတ်တော်များကို စပ်စုသည့် ရှုထောင့်မှလည်း ကြည့်ကြသည်။ ဥပမာအားဖြင့် ဘုရားသခင်က သူသည် ဖြောင့်မတ်သည်ဟု ပြောဆိုသောအခါ အန္တိခရစ်တစ်ဦးသည် ထို့နောက်တွင် “သင်က ဖြောင့်မတ်သလော။ လောကတွင် မိမိတို့ ဖြောင့်မတ်သည်ဟု ဆိုရဲသူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ဖူးပါ။ သင်က ဆိုရဲသည့်အတွက်ကြောင့် စမ်းသပ်ကြည့်ကြစို့။ သင်သည် မည်သည့်နည်းလမ်းများဖြင့် ဖြောင့်မတ်သနည်း။ သင်၏ မည်သည့်လုပ်ရပ်များက ဖြောင့်မတ်နေခဲ့သနည်း။ ကျွန်ုပ်မှာမူ လက်မခံနိုင်ပါ။ ဤစကားသည် အမှန်တကယ် အထမြောက်ခဲ့လျှင်၊ ကျွန်ုပ်ကို ယုံကြည်လက်ခံလာအောင် သင်က အမှန်တကယ် ဖြောင့်မတ်သော လုပ်ရပ်အချို့ကို လုပ်ဆောင်ခဲ့လျှင် သင်ဖြောင့်မတ်သည်ကို ကျွန်ုပ် ဝန်ခံမည်။ သို့သော် သင်လုပ်ဆောင်သည့်အရာက ကျွန်ုပ်ကို လက်မခံနိုင်အောင် ဖြစ်သွားစေလျှင် ဘွင်းဘွင်းရှင်းရှင်း ပြောဆိုသည့်အတွက် ကျွန်ုပ်ကို အပြစ်မတင်နှင့်။ သင်၌ ဖြောင့်မတ်သော စိတ်သဘောထားရှိသည်ဟု ကျွန်ုပ် လုံးဝ ဝန်ခံမည်မဟုတ်” ဟု စတင်၍ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးတော့သည်။ နောက်ဆုံးတွင် ၎င်းတို့ စောင့်မျှော်နေခဲ့သည့်နေ့သည် ရောက်ရှိလာသည်။ ခေါင်းဆောင်တစ်ဦးသည် ကြီးမားသော အဖိုးအခများစွာ ပေးဆပ်ခဲ့ပြီး များစွာ ဆင်းရဲဒုက္ခခံခဲ့ရသော်လည်း သူသည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်နိုင်သောကြောင့် အဆုံးတွင် အယောင်ဆောင်ခေါင်းဆောင်တစ်ဦးအဖြစ် စရိုက်လက္ခဏာကို သရုပ်ဖော်ခြင်းခံရကာ ဖြုတ်ချခြင်းခံခဲ့ရသည်။ ဖြုတ်ချခြင်းခံရပြီးနောက် သူသည် အပျက်သဘောဆောင်လာကာ အထင်အမြင်လွဲမှားမှုများ ဖြစ်ပေါ်လာပြီး ညည်းညူကာ မကျေမချမ်းဖြစ်၍ ဝေဖန်သုံးသပ်သည့် စကားများစွာကို ပြောဆိုခဲ့သည်။ ဤအရေးကိစ္စသည် အန္တိခရစ်၏ နားသို့ ရောက်ရှိပြီး ၎င်းတို့ မြင်တွေ့သောအခါ အန္တိခရစ်က “သင်ကဲ့သို့သော လူတစ်ဦးပင် ဖြုတ်ချခြင်းခံရနိုင်လျှင် ကျွန်ုပ်ကဲ့သို့သော လူများအတွက် သာ၍ပင် ဆိုးရွားပေမည်။ သင်က ကယ်တင်ခြင်းခံရမည့် မျှော်လင့်ချက်မရှိလျှင်၊ သင်က ဘုရား၏ ရည်ရွယ်ချက်များနှင့် မကိုက်ညီလျှင် ဘုရား၏ ရည်ရွယ်ချက်များနှင့် မည်သူကများ ကိုက်ညီနိုင်မည်နည်း။ ဘုရားသခင်က မည်သူ့ကို အရေးထားမည်နည်း” ဟု ဆိုသည်။ တစ်ဖက်တွင် အန္တိခရစ်သည် အယောင်ဆောင်ခေါင်းဆောင်အတွက် ခုခံကာကွယ်ပြီး တရားမျှတမှုကို တောင်းဆိုသည်။ အခြားတစ်ဖက်တွင်မူ ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင် ပြောဆိုသည့် မကျေမချမ်းဖြစ်ပြီး ဝေဖန်သုံးသပ်သည့် စကားများကိုလည်း လက်ခံနေကြသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်နှင့် တိတ်တဆိတ် ယှဉ်ပြိုင်နေကြသည်။ “ဘုရားက ဖြောင့်မတ်ပါသလော။ သို့ဆိုလျှင် အသင်းတော်၏ အလုပ်အတွက် ဆင်းရဲဒုက္ခခံပြီး အဖိုးအခ ပေးဆပ်ခဲ့သူတစ်ဦးကို အဘယ်ကြောင့် ဖြုတ်ချရသနည်း။ ဤပုဂ္ဂိုလ်သည် သင့်အပေါ် သစ္စာစောင့်သိမှု အရှိဆုံးဖြစ်သည်။ သူ့ထက် ပို၍ သစ္စာစောင့်သိသူတစ်ဦးကို ကျွန်ုပ် မမြင်ဖူးပါ။ ပို၍ ဆင်းရဲဒုက္ခခံခဲ့သူ သို့မဟုတ် ပိုကြီးမားသော အဖိုးအခကို ပေးဆပ်ခဲ့သူတစ်ဦးကို ကျွန်ုပ် မမြင်ဖူးပါ။ သူသည် စောစောထပြီး နောက်ကျမှ အိပ်ကာ နာမကျန်းမှုကို ကြံ့ကြံ့ခံပြီး သူ၏ မိသားစုအတွက် သူ၏ ခံစားချက်များကို ဘေးဖယ်ထားနိုင်သည့်အပြင် ဇာတိပကတိဆိုင်ရာ သက်သောင့်သက်သာရှိမှုနှင့် ဇာတိပကတိ၏ အလားအလာများကိုလည်း ဘေးဖယ်ထားနိုင်လျက် သင့်အတွက် အလုပ်လုပ်ရန် သူ၏ အသက်ကိုပင် စွန့်စားခဲ့သည်။ သူသည် ယခင်က ထောင်ပင်ကျခဲ့ဖူးပြီး သစ္စာဖောက်ခြင်းလည်း မပြုခဲ့ပေ။ သို့တိုင်အောင် သင်က သူ့ကို ထိုကဲ့သို့ပင် ဖြုတ်ချလိုက်သည်၊ သူ့ကို ထိုကဲ့သို့ပင် ထုတ်ဖော်လိုက်သည်၊ သင်သည် အမှန်တကယ် ဖြောင့်မတ်သလော။ သင်၏ ဖြောင့်မတ်ခြင်း သက်သေအထောက်အထားသည် အဘယ်မှာနည်း။ ကျွန်ုပ် အဘယ်ကြောင့် မမြင်နိုင်ရသနည်း” ဟူ၍ ဖြစ်လေသည်။ နောက်ဆုံးတွင် အန္တိခရစ်သည် ဘုရားသခင်၏ စိတ်သဘောထား၏ ဖြောင့်မတ်ခြင်းကို မေးခွန်းထုတ်ရန် ဘုရားသခင်၏ အလုပ်တွင် နိုင်ကွက်တစ်ခုကို မလွတ်တမ်း အသုံးချလေသည်။ ၎င်းတို့က မိမိတို့ဘာသာ “ဘုရားက ဖြောင့်မတ်လျှင် လူအများစုသည် ရှင်သန်နိုင်ကြမည်မဟုတ်ပေ။ ဘုရားက ဖြောင့်မတ်လျှင် လူတို့သည် အမှန်တကယ် သတိထားရန် လိုအပ်ပြီး ဘဝသည် အတော်လေး ခက်ခဲလာလိမ့်မည်။ ယနေ့ ဘုရား၏ အလုပ်တွင် နိုင်ကွက်တစ်ခုကို နောက်ဆုံးတွင် ရရှိခဲ့ပြီဖြစ်သဖြင့် ဘုရားသည် မဖြောင့်မတ်ကြောင်းကို ငါ သက်သေပြနိုင်ပြီး ယင်းက အမှုအရာများကို ပိုလွယ်ကူစေသည်” ဟု စဉ်းစားကြ၏။ ဤသို့ဖြင့် ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ တိတ်တဆိတ် ဝမ်းမြောက်ကြလေသည်။

ဘုရားသခင်နောက်ကို လိုက်လျှောက်ခြင်း၌ ဘုရားသခင် ရွေးချယ်ထားသောလူများသည် အဆင်းနီသော နဂါးကြီး၏ ဖိနှိပ်မှု၊ ဖမ်းဆီးမှုနှင့် လူမဆန်သော ညှဉ်းပန်းနှိပ်စက်မှုကို အစဉ်သဖြင့် ခံစားခဲ့ကြရသည်။ နေရာတိုင်းရှိ အသင်းတော်များတွင် ဖမ်းဆီးခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းခံရသည့် ဘုရားသခင် ရွေးချယ်ထားသောလူများ ယေဘုယျအားဖြင့် ရှိကြသည်။ အကျိုးဆက်အနေဖြင့် အချို့သည် မကြာခဏဆိုသလို မှောက်မှားပြီး သို့မဟုတ် ဘုရားသခင်ကို သစ္စာဖောက်ပြီး အသင်းတော်မှ ထွက်ခွာသွားကြသည်။ သို့သော်လည်း ဖမ်းဆီးခြင်းနှင့် ညှဉ်းပန်းနှိပ်စက်မှုကြားတွင် မိမိတို့၏ သက်သေခံချက်၌ ခိုင်မာစွာ ရပ်တည်ကြသူများစွာလည်း ရှိသည်။ ဘုရားသခင်သည် ကောင်းချီးမင်္ဂလာများကို ရှာဖွေလျက် ဘုရားအိမ်တော်ထဲသို့ ခိုးဝင်လာခဲ့ကြသည့် ထိုမယုံကြည်သူများကို ထုတ်ဖော်ရန် အဆင်းနီသော နဂါးကြီး၏ အစေခံမှုကို အသုံးချပြီး တစ်ချိန်တည်းမှာပင် ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်ကြသည့် ရွေးချယ်ထားသော လူများကို စုံလင်အောင်ပြုလေသည်။ ဤသည်မှာ ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာ ဖြစ်သည်။ သို့သော် ဤအရေးကိစ္စကို အန္တိခရစ်တို့က မည်သို့ ရှုမြင်သနည်း။ ၎င်းတို့သည် ဘုရားသခင်ကို အစဉ်သဖြင့် သံသယရှိကြသည်။ “ဘုရားက သူရွေးချယ်ထားသော လူများကို အဆင်းနီသော နဂါးကြီး၏ ဖမ်းဆီးခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းမှ အဘယ်ကြောင့် မကယ်တင်သနည်း” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် လူ့ဇာတိခံ ဘုရားသခင်ကို သံသယရှိကြပြီး မိမိတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများကို အစဉ်သဖြင့် ထားရှိကြသည်။ “ဘုရား ရွေးချယ်ထားသောလူများက အဘယ်ကြောင့် ထိုသို့သော ရိုက်နှက်မှုများနှင့် ညှဉ်းပန်းနှိပ်စက်မှုများကို ခံစားရအပ်သနည်း။ ယင်းမှာ ၎င်းတို့၏ ယုံကြည်ခြင်းကြောင့်ဖြစ်သည်၊ ၎င်းတို့သည် ယုဒများ ဖြစ်ရန် မလိုလားသောကြောင့် ဖြစ်သည်။ သို့သော် ၎င်းတို့ ညှဉ်းပန်းနှိပ်စက်ခြင်း ခံနေရသည့်အခါ ဘုရား အဘယ်မှာနည်း။ ဘုရားက ၎င်းတို့ကို အဘယ်ကြောင့် မကယ်တင်သနည်း။ ဘုရားက လူတို့ကို မချစ်ဘူးလော။ ဘုရား၏ မေတ္တာသည် အဘယ်မှာနည်း။ ဘုရားသည် သူ့ကို ယုံကြည်ကြသူများကို စာတန်များနှင့် ဆိုးယုတ်သောမကောင်းဆိုးဝါးများက ထိုသို့ ရူးသွပ်စွာဖြင့် အရှက်ခွဲခြင်းကိုလည်းကောင်း၊ လွန်ကဲသော ညှဉ်းပန်းနှိပ်စက်မှုကို ကြံ့ကြံ့ခံရခြင်းကိုလည်းကောင်း ခွင့်ပြုရက်နိုင်မည်လော။ ဤသည်မှာ ဘုရား၏ မေတ္တာလော။ လူတို့အတွက် ဘုရား၏ ကွယ်ကာစောင့်ရှောက်ခြင်းသည် အတိအကျ အဘယ်မှာနည်း။ ကျွန်ုပ် အဘယ်ကြောင့် မမြင်နိုင်ရသနည်း။ ကျွန်ုပ် ပို၍ သတိထားရန် လိုအပ်ပုံရသည်။ ဘုရားသည် လူတို့ကို စုံစမ်းသွေးဆောင်ခြင်း သို့မဟုတ် အန္တရာယ်မှ မကာကွယ်နိုင်သည်သာမက ဆန့်ကျင်ဘက်အားဖြင့် လူတစ်ဦးက ပို၍ လိုက်စားလေ၊ ပို၍ စိတ်ပိုင်းဖြတ်ချက်ရှိလေ၊ ဘုရားနောက်သို့ ပို၍ လိုက်လေ၊ ထို့နောက် ၎င်းတို့သည် စမ်းသပ်မှုများကို ပို၍ ရင်ဆိုင်ရပြီး နာကျင်မှုနှင့် ပြင်းထန်သောဝေဒနာကို ခံစားရနိုင်ချေ ပိုများလေ ဖြစ်သည်။ ဘုရားက ဤသို့ ပြုမူသည့်အတွက်ကြောင့် ကျွန်ုပ်၌လည်း ကျွန်ုပ်၏ တန်ပြန်ဖြေရှင်းနည်းများ ရှိသည်။ ဤလူတို့သည် အနစ်နာခံမှုများ ပြုလုပ်ခဲ့သောကြောင့် ထိုသို့သော ဆက်ဆံမှုကို ခံစားရခြင်းဖြစ်သည်။ အကယ်၍ ကျွန်ုပ် ထိုသို့သော အဖိုးအခကို မပေးဆပ်လျှင်၊ ဤနည်းလမ်းအတိုင်း မလိုက်စားလျှင် ဤစမ်းသပ်မှုများကို ကျွန်ုပ် ရှောင်နိုင်မည် မဟုတ်လော။ ဤစမ်းသပ်မှုများမရှိဘဲ ကျွန်ုပ်သည် ထိုသို့သော ဆင်းရဲဒုက္ခကို ရှောင်နိုင်မည် မဟုတ်လော။ ဤကဲ့သို့ ဆင်းရဲဒုက္ခမခံရဘဲ ကျွန်ုပ်သည် သက်သောင့်သက်သာ နေထိုင်ရမည် မဟုတ်လော။ ကျွန်ုပ်သည် ကောင်းချီးမင်္ဂလာများကို ထိုနည်းတူစွာပင် ရရှိမည်ဆိုလျှင် ကျွန်ုပ်၏ ဇာတိပကတိကို ညှဉ်းပန်းနှိပ်စက်မှုမျိုးစုံနှင့် နာကျင်မှုမျိုးစုံ ခံစားစေရန် အဘယ်ကြောင့် ထိုမျှ မိုက်မဲရမည်နည်း။ ဘုရားက သူသည် လူတို့ကို ချစ်သည်ဟု ဆိုသည်၊ သို့သော် ဘုရား၏ ဤချစ်နည်းကို ကျွန်ုပ် လက်မခံနိုင်ပါ။ သင်တို့အားလုံးသည် သင်တို့ ကြိုက်သလို အဓိပ္ပာယ်ဖွင့်ဆိုနိုင်သည်၊ ယင်းမှာ ကျွန်ုပ်၏ အလုပ်မဟုတ်၊ ကျွန်ုပ် လက်ခံမည်မဟုတ်။ ကျွန်ုပ် ခပ်လျှိုလျှိုနေရန် လိုအပ်သည်၊ ကျွန်ုပ် အနည်းငယ် ရှောင်ကွင်းသွားရန် လိုအပ်သည်၊ ကျွန်ုပ် အထူးသတိထားပြီး ကာကွယ်နေရန် လိုအပ်သည်။ ဘုရားက ကျွန်ုပ်ကို ဖမ်းပြီး အလုပ်ခိုင်းစေခြင်းကို ကျွန်ုပ် အဖြစ်မခံနိုင်” ဟူ၍ ဖြစ်လေသည်။ အန္တိခရစ်တို့သည် ဤအရာများကို ၎င်းတို့၏ စိတ်နှလုံးများထဲတွင် သိုထားကြသည်၊ ယင်းတို့အားလုံးသည် ဘုရားသခင်အပေါ် နားလည်မှုလွဲခြင်းများ၊ ဆန့်ကျင်ခြင်း၊ ဝေဖန်ခြင်းနှင့် အတိုက်အခံပြုခြင်းတို့ ဖြစ်ကြသည်။ ၎င်းတို့တွင် ဘုရားသခင်၏ အမှုတော်နှင့်ပတ်သက်၍ သိမြင်မှုတစ်ခုမျှ လုံးဝပင်မရှိကြပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်၏ စိတ်သဘောထား၊ ပင်ကိုလက္ခဏာနှင့် အနှစ်သာရတို့ကို ချောင်းမြောင်းလေ့လာဖို့ ကြိုးစားကြရင်းဖြင့် ၎င်းတို့သည် ထိုသို့သော ကောက်ချက်များ ရရှိလာကြသည်။ အန္တိခရစ်တို့သည် ဤအရာများကို ၎င်းတို့၏ စိတ်နှလုံးထဲတွင် နက်ရှိုင်းစွာ သိုဝှက်ထားကြကာ မိမိတို့ကိုယ်ကို ဤသို့ သတိပေးကြသည်။ “သတိထားခြင်းက ဘေးကင်းလုံခြုံဖို့ အရေးကြီးဆုံးဖြစ်သည်၊ မထင်မရှားနေခြင်းသည် အကောင်းဆုံး ဖြစ်သည်၊ ထီးထီးကြီး ထင်ပေါ်နေသည့် ငှက်သည် သေနတ်ဖြင့် အပစ်ခံရသည့် ငှက်ဖြစ်သည်၊ ပြီးလျှင် ထိပ်ဆုံးတွင် အထီးကျန်၏ ဟူ၍ဖြစ်သည်။ မည်သည့်အချိန်အခါမျိုး၌ဖြစ်စေ၊ ထိုသို့ ထီးထီးကြီး ထင်ပေါ်သည့် ငှက်မျိုး ဘယ်တော့မှ မဖြစ်စေနှင့်၊ အလွန်မြင့်သောနေရာသို့ ဘယ်တော့မှ မတက်နှင့်။ သင် တက်၍ အမြင့်ရောက်လေ ပြုတ်ကျမှုက ပြင်းထန်လေ ဖြစ်လိမ့်မည်။” ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ဟု ၎င်းတို့ မယုံကြည်ကြပေ။ ပြီးလျှင် ဘုရားသခင်၏ စိတ်သဘောထားက ဖြောင့်မတ်ပြီး သန့်ရှင်းသည်ဟု မယုံကြည်ကြပေ။ ၎င်းတို့သည် ဤအရာအားလုံးကို လူသားအယူအဆများနှင့် စိတ်ကူးများမှတစ်ဆင့် မှတ်ယူကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်ကို လူသား၏ အမြင်ရှုထောင့်များ၊ လူသားအတွေးများ၊ လူသား၏ ပရိယာယ်များဖြင့် ချဉ်းကပ်ပြီး ဘုရားသခင်၏ စိတ်သဘောထား၊ ပင်ကိုလက္ခဏာနှင့် အနှစ်သာရတို့ကို သတ်မှတ်ရန် စာတန်၏ တွေးခေါ်ပုံနှင့် အယူအဆကို အသုံးချကြသည်။ သိသာထင်ရှားစွာပင် အန္တိခရစ်များသည် ဘုရားသခင်၏ စိတ်သဘောထား၊ ပင်ကိုလက္ခဏာနှင့် အနှစ်သာရတို့ကို လက်မခံရုံမျှမက အသိအမှတ်လည်း မပြုကြဘဲ ဆန့်ကျင်ဘက်အားဖြင့် ဘုရားသခင်အပေါ်တွင် အယူအဆများ၊ အတိုက်အခံများနှင့် ပုန်ကန်မှုများအပြည့် ရှိကြပြီး ဘုရားသခင်အပေါ် စစ်မှန်သည့် သိမြင်မှု တစ်စွန်းတစ်စမျှပင် မရှိပေ။ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ ချစ်ခြင်းအပေါ် အန္တိခရစ်များ၏ အဓိပ္ပာယ်သတ်မှတ်ချက်သည် မသေချာပေ။ ယုံကြည်စိတ်ချစရာ မရှိ။ ၎င်းတို့သည် ထိုအရာအတွက် သံသယရှိမှုများ၊ ငြင်းဆန်မှု၊ အသရေဖျက်မှုများ အပြည့်ရှိသည်။ သို့ဆိုလျှင် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် ပတ်သက်၍ မည်သို့ရှိမည်နည်း။ ဘုရားသခင်၏ စိတ်သဘောထားသည် သူ၏ ပင်ကိုလက္ခဏာကို ကိုယ်စားပြုသည်။ ၎င်းတို့ကဲ့သို့ ဘုရားသခင်၏ စိတ်သဘောထားကို သဘောထားမှုဖြင့် ဘုရားသခင်၏ ပင်ကိုလက္ခဏာကို ၎င်းတို့၏ သဘောထားမှုကတိုက်ရိုက်ငြင်းပယ်မှု ဖြစ်သည်မှာ ပကတိအတိုင်း ရှင်းနေပြီးသား ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ အနှစ်သာရ ဖြစ်သည်။

အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ မည်သည့်အပိုင်းကို ချဉ်းကပ်သည်ဖြစ်စေ၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များမှ မည်သည့်အပိုင်းကို ချဉ်းကပ်သည်ဖြစ်စေ၊ ယင်းသည် အရာခပ်သိမ်း၌ သို့မဟုတ် သီးခြားပုဂ္ဂိုလ်များ၌ ဘုရားသခင်၏ လုပ်ဆောင်ချက်များ ဖြစ်သည်ဖြစ်စေ ၎င်းတို့သည် ယင်းတို့ကို သမ္မာတရားအဖြစ်နှင့်လည်းကောင်း၊ လက်ခံသည့်ပုံစံဖြင့်လည်းကောင်း ချဉ်းကပ်မည့်အစား လူ့ရှုထောင့်အမြင်များနှင့် စာတန်၏ တွေးခေါ်မှုစနစ်အပြင် အသိပညာနှင့် ဆင်ခြင်တွေးခေါ်မှုစနစ် နည်းလမ်းများကို အစဉ်သဖြင့် အသုံးပြု၍ ကောက်ချက်ချပြီး ဝေဖန်သုံးသပ်ကြသည်။ ထို့ကြောင့် ဘုရားသခင်၏ စိတ်သဘောထား၊ ပင်ကိုလက္ခဏာနှင့် အနှစ်သာရတို့နှင့်ဆိုင်သော နှုတ်ကပတ်တော်များနှင့်ပတ်သက်၍လည်းကောင်း၊ ဘုရားသခင် လူ့ဇာတိခံယူသည့် ဇာတိပကတိနှင့် ဘုရားသခင်၏ ဝိညာဉ်တော်နှင့်ပတ်သက်၍လည်းကောင်း အန္တိခရစ်တို့၏ ချဉ်းကပ်နည်းသည် အမှန်တကယ်တွင် အတူတူပင်ဖြစ်ပြီး ခြားနားမှုမရှိပေ။ ယေဘုယျအားဖြင့် ဘုရားသခင်ကိုယ်တော်တိုင် ပါဝင်ပတ်သက်သည့်အရာအားလုံး၊ ဖန်ဆင်းရှင်နှင့်ပတ်သက်သည့်အရာအားလုံးသည် ၎င်းတို့၏ စပ်စုခြင်းကို ခံရပြီး ထို့နောက်တွင် ထင်ကြေးပေးခြင်း၊ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းနှင့် ဆန်းစစ်ခြင်းတို့ကို ခံရကာ နောက်ဆုံးတွင် ငြင်းပယ်ခြင်းနှင့် အသရေဖျက်ခြင်းဟူသော ကောက်ချက်များကို ချမှတ်စေသည်။ အန္တိခရစ်တို့သည် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို မည်သည့်ရှုထောင့်မှ သို့မဟုတ် မည်သည့်ပုံစံဖြင့် ချဉ်းကပ်သည်ဖြစ်စေ ၎င်းတို့ နောက်ဆုံးတွင် ချမှတ်သည့် ကောက်ချက်များသည် အဘယ်ကြောင့် အစဉ်သဖြင့် ပြစ်တင်ရှုတ်ချခြင်းနှင့် အသရေဖျက်ခြင်းတို့ ဖြစ်နေရသနည်း။ ၎င်းတို့သည် အဘယ်ကြောင့် ထိုသို့သော ကောက်ချက်များဖြင့် အဆုံးသတ်ရသနည်း။ ဖန်ဆင်းခံ လူသားမျိုးနွယ်ကြားတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် မှတ်ယူနိုင်သူ တစ်ဦးတစ်ယောက်မျှ အမှန်တကယ် မရှိနိုင်ခြင်း ဖြစ်နိုင်မည်လော။ ဤသည်မှာ ရှောင်လွှဲမရသော အကျိုးဆက်တစ်ခုလော။ ဤသည်မှာ ဘုရားသခင်ကြောင့်လော။ (မဟုတ်ပါ။) သို့ဆိုလျှင် အတိအကျ အကြောင်းရင်းမှာ အဘယ်နည်း။ (အကြောင်းမှာ လူတို့၌ ဘုရားသခင်ကို အတိုက်အခံလုပ်သည့် သဘာဝရှိသောကြောင့် ဖြစ်ပါသည်။) လူတိုင်း၌ ဘုရားသခင်ကို အတိုက်အခံလုပ်သည့် သဘာဝရှိသည်။ ဤနှုတ်ကပတ်တော်များကို ဖတ်ပြီးနောက် အချို့လူများက ယင်းတို့ကို သမ္မာတရားအဖြစ် အသိအမှတ်ပြုနိုင်ပြီး ဘုရားသခင် ပြောဆိုသည့်အရာကို လက်ခံနိုင်သော်လည်း အခြားသူများကမူ ယင်းတို့ကို ငြင်းပယ်နိုင်၊ ပြစ်တင်ရှုတ်ချနိုင်ပြီး အသရေဖျက်နိုင်သည်မှာ အဘယ်ကြောင့်နည်။ ဤသည်မှာ ပြဿနာတစ်ခုကို ရှင်းလင်းစွာ ပြသပြီး လူတို့အတွင်းရှိ အနှစ်သာရသည် ကွဲပြားကြောင်း ဖော်ပြနေသည်။ အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သဘောထားပြုမူရာတွင် အခြေခံကျကျနှင့် ပုဂ္ဂလဓိဋ္ဌာန်ကျကျအားဖြင့် ယင်းတို့ကို အမှန်တကယ် လက်မခံကြပေ။ ၎င်းတို့သည် အတိုက်အခံလုပ်ခြင်းနှင့် စုံစမ်းသွေးဆောင်ခြင်းတို့ဖြင့် ချဉ်းကပ်ကြသည်၊ “သင်က သင်သည် ဘုရားဖြစ်သည်ဟု ဆိုသည်၊ သို့ဆိုလျှင် သင်သည် မည်သည့်နည်းလမ်းများဖြင့် ဘုရားနှင့်တူသည်ကို ကျွန်ုပ် မြင်တွေ့ရန် လိုအပ်သည်။ သင်က သင်သည် ဘုရား၏ စိတ်သဘောထားကို ပိုင်ဆိုင်ပြီး ဘုရာသဘောသဘာဝ ရှိသည်ဟု ဆိုလျှင် သင်၏ မည်သည့်နှုတ်ကပတ်တော်များက သင်သည် ဘုရာသဘောသဘာဝကို ပိုင်ဆိုင်ကြောင်းနှင့် သင်၌ ဘုရား၏ စိတ်သဘောထားရှိကြောင်း အတည်ပြုသည်ကိုလည်းကောင်း၊ သင်၏ မည်သည့်လုပ်ရပ်များက သင်၌ ဘုရား၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရရှိကြောင်း အတည်ပြုသည်ကိုလည်းကောင်း ကျွန်ုပ် တွေ့မြင်ဖို့ လိုအပ်သည်။ သင်သည် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ပြုခဲ့ပြီးပြီလော၊ သို့မဟုတ် ဖျားနာသူများကို အနာငြိမ်းစေပြီး မကောင်းဆိုးဝါးများကို နှင်ထုတ်ခဲ့ပြီးပြီလော။ သင်သည် တစ်စုံတစ်ဦးကို ကျိန်ဆဲပြီး သူတို့ ချက်ချင်း သေဆုံးသွားခဲ့ပြီလော။ သင်သည် တစ်စုံတစ်ဦးကို သေခြင်းမှ ထမြောက်စေခဲ့ပြီးပြီလော။ သင်သည် ဘုရား၏ စိတ်သဘောထား၊ ဘုရား၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရတို့ကို ပိုင်ဆိုင်ကြောင်း အတည်ပြုနိုင်သည့် မည်သည့်အရာကို အတိအကျ လုပ်ဆောင်ခဲ့ပြီးပြီနည်း” ဟူ၍ ဖြစ်သည်။ အန္တိခရစ်တို့သည် ဤအရာများကိုလည်းကောင်း၊ သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့အပြင်ဘက်ရှိ အရာများကိုလည်းကောင်း အစဉ်သဖြင့် မြင်လိုကြပြီး ဘုရားသခင်၏ ပင်ကိုလက္ခဏာကို အတည်ပြုရန်၊ ၎င်းတို့ လိုက်လျှောက်သည့် ပုဂ္ဂိုလ်သည် ဘုရားသခင်ဖြစ်ကြောင်း အတည်ပြုရန် ဤအရာများကို အသုံးပြုကြသည်။ ဤစမှတ် ကိုယ်၌က မှားယွင်းနေသည်။ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို ကိုယ်စားပြုနိုင်သည့် အခြေခံအကျဆုံးအရာမှာ အဘယ်နည်း။ (ဘုရားသခင်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက် ဖြစ်ပါသည်။) ဤသည်မှာ အခြေခံအကျဆုံးအရာ ဖြစ်သည်။ အန္တိခရစ်တို့သည် ဤအခြေခံအကျဆုံးအရာကိုပင် အဘယ်ကြောင့် နားလည်ရန် ပျက်ကွက်ကြသနည်း။ ဤသည်မှာ ကျွန်ုပ်တို့ ဆွေးနွေးရန် လိုအပ်သည့် အကြောင်းအရာဖြစ်သည်။ အန္တိခရစ်တို့သည် သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာများကို စက်ဆုပ်ရွံရှာကြသည်၊ ၎င်းတို့သည် သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာအားလုံးကို အလွန်အမင်း မနှစ်မြို့ကြ၊ ၎င်းတို့သည် သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာများကို မုန်းတီးကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအားလုံးတွင် ၎င်းတို့သည် မည်သည့်နှုတ်ကပတ်တော်က သမ္မာတရားဖြစ်သည် သို့မဟုတ် အပြုသဘောဆောင်သော အရာများဖြစ်သည်ကို မမြင်ကြပေ။ ၎င်းတို့၏ မကောင်းဆိုးဝါးဆန်သော မျက်စိက ဤသည်ကို မြင်နိုင်မည်လော။ ယင်းကို မမြင်ဘဲ ၎င်းတို့ အသိအမှတ်ပြုနိုင်မည်လော။ ဤနှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် အသိအမှတ်ပြုရန် ၎င်းတို့၏ ပျက်ကွက်ခြင်းက ၎င်းတို့သည် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို အသိအမှတ်မပြုနိုင်ကြောင်း ဆိုလိုသည်။ ဤသည်မှာ သေချာသည်။ အန္တိခရစ်တို့သည် ဘုရားသခင်၏ စိတ်သဘောထား၊ ပင်ကိုလက္ခဏာနှင့် အနှစ်သာရတို့နှင့်ဆိုင်သော သူ၏နှုတ်ကပတ်တော်များကို ချဉ်းကပ်ရာတွင် ဘုရားသခင်၏ အခြားနှုတ်ကပတ်တော်များကို ပြုသကဲ့သို့ ချဉ်းကပ်နည်းမျိုးကို အသုံးပြု၍ ၎င်းတို့၏ စိတ်ထဲ၌ တွက်ချက်ခြင်း၊ ကြံစည်ခြင်းနှင့် တွေးဆခြင်းတို့ကို ပြုကြသည်။ အကယ်၍ ဘုရားသခင်က ဘုရားသခင်အဖြစ် သူ၏ ပင်ကိုလက္ခဏာမှ တစ်စုံတစ်ခုကို ပြောဆိုပြီးနောက် ယင်းက ချက်ချင်း အမှန်တကယ် ဖြစ်လာခဲ့လျှင် ၎င်းတို့၏ သဘောထားသည် ချက်ချင်း ပြောင်းလဲသွားသည်။ အကယ်၍ ဘုရားသခင်က ဘုရားသခင်အဖြစ် တစ်စုံတစ်ခုကို ပြောဆိုခြင်း သို့မဟုတ် လုပ်ဆောင်ခြင်းက ၎င်းတို့အား နိုင်ကွက်တစ်ခု ပေးခဲ့လျှင် ၎င်းတို့၌ သက်ဆိုင်ရာ တန်ပြန်ဖြေရှင်းနည်းလည်း ရှိပြီး ၎င်းတို့၏ သဘောထားသည် ချက်ချင်းပင် နောက်တစ်ကြိမ် ပြောင်းလဲသွားပြန်သည်။ ဘုရားသခင်ကို ပြစ်တင်ရှုတ်ချသူမှာ ၎င်းတို့ဖြစ်ပြီး ဘုရားသခင်သည် ဘုရားသခင်နှင့်တူသည်ဟု ဆိုသူမှာလည်း ၎င်းတို့ပင် ဖြစ်သည်။ ၎င်းတို့၏ အမြင်တွင် ဘုရားသခင်သည် ဘုရား၏ စိတ်သဘောထား၊ ပင်ကိုလက္ခဏာနှင့် အနှစ်သာရတို့ကို ပိုင်ဆိုင်ခြင်း ရှိမရှိနှင့်ပတ်သက်၍ ၎င်းတို့သည် ဤအရာတစ်ခုလုံးနှင့်ပတ်သက်သည့် ကောက်ချက်များကို ၎င်းတို့၏ မျက်စိဖြင့် မြင်တွေ့သည့်အရာနှင့် ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ ဆန်းစစ်မှုအပေါ် လုံးလုံး အခြေခံ၍ ချမှတ်ကြသည်။

လွန်ခဲ့သည့် တစ်နှစ် သို့မဟုတ် နှစ်နှစ်အတွင်းတွင် အသင်းတော်သည် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုအချို့ကို ပြုလုပ်ခဲ့သည်။ လူမျိုးမျိုးတို့က အတွေ့အကြုံဆိုင်ရာ သက်သေခံချက်မျိုးစုံကို ပေးခဲ့ကြပြီး ယင်းက မခိုင်မြဲသော အခြေခံအုတ်မြစ်များရှိသည့် အချို့လူများနှင့် အနည်းငယ် သံသယရှိသူများကို အခြေခံအုတ်မြစ်အချို့ တည်ဆောက်ရန် ကူညီပေးခဲ့သည်။ အမှန်ပင် အန္တိခရစ်တို့အတွက်မူ ယင်းက ၎င်းတို့ကို တည်ငြိမ်စေရာ၌ အခန်းကဏ္ဍတစ်ခု၌ အတိုင်းအတာတစ်ခုအထိ ပါဝင်ခဲ့သည်။ ဤသက်သေခံသည့် ပုဂ္ဂိုလ်များသည် အသက်အရွယ်အုပ်စုအမျိုးမျိုး၊ လူမှုအလွှာအမျိုးမျိုးမှ လာကြပြီး အချို့မှာ နိုင်ငံအမျိုးမျိုးနှင့် လူမျိုးစုအမျိုးမျိုးမှပင် ဖြစ်ကြသည်။ ၎င်းတို့ မျှဝေခဲ့သည့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များမှ ကြည့်လျှင် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် အပြောင်းအလဲများကို ကြုံတွေ့ခဲ့ရပြီး သမ္မာတရားနှင့် အသက်ကို ရရှိခဲ့ကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံခြင်းအားဖြင့်၊ ဘုရားသခင်၏ ဤအမှုအဆင့်ကို လက်ခံခြင်းအားဖြင့် သမ္မာတရားများစွာကို နားလည်ခဲ့ကြပြီး ဘုရားသခင် လူ့ဇာတိခံယူသည့် ဇာတိပကတိသည် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို ပိုင်ဆိုင်ကြောင်း အတည်ပြုခဲ့သည်မှာ ထင်ရှားသည်။ အမှန်ပင် ဤအတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို နားထောင်ပြီးနောက် အန္တိခရစ်တို့သည်လည်း အတွင်းစိတ်နက်ရှိုင်းရာ၌ တိတ်တဆိတ် ပီတိအနည်းငယ် ဖြစ်ခဲ့ကြသည်၊ “ကံကောင်းထောက်မစွာပင် ငါသည် ဘုရားကို လူသိရှင်ကြား ဝေဖန်သုံးသပ်ခြင်း မပြုခဲ့ပေ။ ကံကောင်းထောက်မစွာပင် ငါသည် ဘုရားကို အလျင်စလို ငြင်းပယ်ခြင်းလည်း မပြုခဲ့ပါ။ များစွာသော လူတို့၏ သက်သေခံချက်များကို သုံးသပ်ရသော် ဤလမ်းခရီးသည် မှန်ကန်ဟန်ရှိပါသည်။ ဤခရစ်တော်၊ ဤသာမန်လူသားသည် အမှန်စင်စစ် ဘုရား ဖြစ်နေနိုင်ပေသည်။ ငါသည် မှန်ကန်သောဘက်၌ ရပ်တည်မိခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်ပါ၏။ အကယ်၍ ငါသည် ဤလမ်းကြောင်းအတိုင်း ဆက်လက် လျှောက်လှမ်းသွားလျှင်၊ ပို၍များပြားသော လူတို့က ဤပုဂ္ဂိုလ်နှင့်ပတ်သက်၍ သက်သေခံလာကြလျှင်၊ ပို၍များသော လူတို့က ဤပုဂ္ဂိုလ်၏ ရှေ့မှောက်သို့ ရောက်ရှိလာကြလျှင်၊ ပို၍များသော လူတို့က ဤပုဂ္ဂိုလ်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို အတည်ပြုကြလျှင် ကောင်းချီးမင်္ဂလာများကို လက်ခံရရှိရန် ငါ၏ မျှော်လင့်ချက်နှင့် အခွင့်အလမ်းသည်လည်း ပို၍ ကြီးမားသည်ထက် ကြီးမားလာပေလိမ့်မည်” ဟူ၍ ဖြစ်လေသည်။ တွန့်ဆုတ်စွာဖြင့် စောင့်ကြည့်နေစဉ်တွင် အန္တိခရစ်တို့သည် မိမိတို့ကိုယ်ကို ဆက်လက်၍ အားပေးပြီး တိုက်တွန်းနေကြဆဲ ဖြစ်သည်၊ “အလျင်စလို မပြုနှင့်။ စိတ်ရှည်သည်းခံနေလော့။ သင်သည် ကြံ့ကြံ့ခံရမည်။ အဆုံးတိုင်အောင် ခံနိုင်သောသူသည် ကယ်တင်ခြင်းခံရလိမ့်မည်။ လက်ရှိ နိမိတ်လက္ခဏာအဖုံဖုံ၊ ယခု အသင်းတော်၏ ကျယ်ပြန့်မှုနှင့် အရှိန်အဟုန်တို့ကို သုံးသပ်သော် ပို၍များပြားသော လူတို့သည် ဤဘုရားနှင့်ပတ်သက်၍ ထကြွပြီး သက်သေခံနိုင်ကြကာ ဤလမ်းခရီးသည် မှန်ကန်ကြောင်း အတည်ပြုလျက်ရှိကြသည်။ သို့ဖြစ်လျှင် ငါသည် အဘယ်ကြောင့် အလွန်မိုက်မဲကာ ထင်ပေါ်အောင်ပြု၍ အလျင်စလို ငြင်းပယ်ရမည်နည်း။ ထိုသို့ မပြုနှင့်၊ မမိုက်မဲနှင့်။ နောက်ထပ် သုံးနှစ် သို့မဟုတ် ငါးနှစ်ခန့် စောင့်ဆိုင်းလော့။ ပို၍များသော လူများ၊ ပို၍ ဂုဏ်သတင်းကြီးပြီး အသိပညာနှံ့စပ်သူများ၊ လူမှုအဆင့်အတန်းရှိသောလူများက ဤသာမန်လူသားအား ခရစ်တော်အဖြစ် အတည်ပြုရန် ပို၍ခိုင်မာသော သက်သေအထောက်အထားများ ပေးလျှင် သို့မဟုတ် လောကီကျော်ကြားမှုနှင့် အဆင့်အတန်းရှိသူများ အသင်းတော်သို့ ပို၍ ပါဝင်ပူးပေါင်းလာကြပြီး အသင်းတော်၏ အတိုင်းအတာသည်လည်း တစ်ကမ္ဘာလုံးသို့ ပို၍ ကျယ်ပြန့်လာပါက ငါ့အတွက် အကျိုးအမြတ် တစ်စုံတစ်ရာ မရှိဘဲ နေမည်လော။ ထိုအခါ ငါသည် ကြီးမားသော အခွင့်သာမှုကို ရရှိပြီး ဖြစ်လိမ့်မည် မဟုတ်လော။ အသင်းတော်၌ တန်ခိုးအာဏာ ရှိလာပါက ငါ့မှာလည်း တန်ခိုးအာဏာ ရှိလာမည် မဟုတ်လော။ ငါသည် လုံးဝ စွန့်ခွာ၍ မဖြစ်ပါတကား။ ဤအရာအားလုံးသာ မှန်ကန်လျှင်၊ ဤပုဂ္ဂိုလ်သည် အမှန်တကယ် ဘုရားဖြစ်လျှင်၊ ယခုအချိန်တွင် ငါသည် သူ့အား ငြင်းပယ်ခြင်း သို့မဟုတ် ပစ်ပယ်ခြင်း ပြုလိုက်ပါက ဤကောင်းချီးမင်္ဂလာအလုံးစုံနှင့် ငါ လွဲချော်ရပေလိမ့်မည်။ ငါသည် ဤပုဂ္ဂိုလ်အပေါ်၌ အရာခပ်သိမ်းကို ပုံအောရပေမည်။ သူ၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရ၌ သူသည် မည်သူဖြစ်သည်၊ သူ၏ စိတ်သဘောထားသည် မည်သူ့ကို ကိုယ်စားပြုသည်ကို ငါ ဂရုမစိုက်။ ငါ စိတ်ဝင်စားသည်မှာ သူ့နောက်သို့ လိုက်သောသူ ပို၍ပို၍ များပြားလာခြင်း ရှိ မရှိ၊ အသင်းတော်၏ တန်ခိုးအာဏာနှင့် အတိုင်းအတာ တိုးပွားလာခြင်း ရှိ မရှိသာ ဖြစ်သည်။ အကယ်၍ ယင်းသည် ကောင်းသောဘက်သို့ ဦးတည်တိုးတက်နေပြီး သာမန်အခြေအနေများအောက်တွင်ပင် ပို၍ ကြီးထွားလာနိုင်ပါက ငါ၏ အလားအလာအတွက် စိုးရိမ်စရာမလိုပေ။ သူသည် သမ္မာကျမ်းစာ၌ ပရောဖက်ပြုထားသည့်အတိုင်း ဘုရား လူဇာတိခံယူသော ဇာတိပကတိ အမှန်တကယ် ဖြစ်လျှင် ငါသည် ကြီးမားလှသော ကောင်းချီးမင်္ဂလာကို ခံစားရ၍ ကြီးစွာသော အခွင့်သာမှုကို ရရှိပေလိမ့်မည်” ဟူ၍တည်း။ ဤသို့ တွေးမိတိုင်း အန္တိခရစ်တို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ နှစ်သိမ့်မှုနှင့် ဝမ်းမြောက်မှုအချို့ကို တွေ့ရှိကြသည်။ “အံ့ဩစရာမကောင်းသလော။ ဘုရားနှုတ်ကပတ်တော်များသည် သမ္မာတရား ဖြစ်သည်ဟု မယုံကြည်သော်လည်း ငါသည် ကောင်းချီးမင်္ဂလာများကို လက်ခံရရှိနိုင်သေးသည်။ ဘုရား၏ လုပ်ဆောင်ချက်မှန်သမျှသည် ဖြောင့်မတ်သည်ဟု မယုံကြည်သော်လည်း ငါသည် ခိုင်မာစွာ ရပ်တည်နိုင်သေးသည်။ ဘုရားသခင်သည် လူတို့ကို ကယ်တင်နိုင်သည်ဟု မယုံကြည်သော်လည်း ငါသည် အသက်ရှင်နိုင်သေးသည်။ ဘုရားသည် လူ၏ အတွင်းကျကျ စိတ်နှလုံးကို စောင့်ကြည့်လေ့လာသည်ဟု မယုံကြည်သော်လည်း ငါသည် အသင်းတော်၌ မိမိ၏တာဝန်များကို ပုံမှန်အတိုင်း ထမ်းဆောင်နိုင်သေးသည်။ ဘုရား၏ အနန္တတန်ခိုးနှင့် သြဇာအာဏာကို ငါမယုံကြည်၊ ဘုရား ပြုတော်မူသမျှသည် အဓိပ္ပာယ်ရှိသည်ကို ငါမယုံကြည်၊ ဘုရားသည် အရာခပ်သိမ်းနှင့် လူသားမျိုးနွယ်အားလုံး၏ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲတော်မူသည်ကို ငါမယုံကြည်၊ ဤအရာအားလုံးကို ငါမယုံကြည်ပါ၊ သို့ဖြစ်လျှင်ကော အဘယ်အရေးနည်း။ ဘုရား၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို ငါမယုံကြည်သည့်တိုင် အသင်းတော်၌ ငါ ကြုံရာကျပန်း နေသွားနိုင်သေးသည်။ ဘုရားသည် ဖြောင့်မတ်သည် မဟုတ်လော။ ငါသည် ကြုံရာကျပန်းသာ နေလိုက်မည်။ အသင်းတော်၌ ဤသို့ပင် လေလွင့်နေပြီး ကြံ့ကြံ့ခံရုံသာ ရှိနေမည်။ မည်သူက ငါ့ကို တစ်စုံတစ်ရာ ပြုနိုင်မည်နည်း။ ငါသည် အဆုံးတိုင်အောင် ကြံ့ကြံ့ခံနိုင်နေသေးပြီး ဧကန်မုချ ကယ်တင်ခံရနိုင်သည် မဟုတ်လော” ဟူ၍ဖြစ်သည်။ သင်တို့ မည်သို့တွေးထင်သနည်း၊ အန္တိခရစ်တို့၏ လိုရာဆွဲသော အတွေးအခေါ်သည် အောင်မြင်နိုင်မည်လော။ (မအောင်မြင်နိုင်ပါ။) ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို အမှန်တကယ် မြင်တွေ့သည့်နေ့ ရောက်လာသောအခါ ၎င်းတို့သည် အဘယ်မှာ ရှိနေမည်နည်း။ ၎င်းတို့ကို ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို အမှန်တကယ် အသိအမှတ်ပြုခိုင်းသောအခါ၊ ဘုရားသခင်သည် ဖြောင့်မတ်ကြောင်း ဝန်ခံစေသောအခါ၊ ဘုရားသခင်သည် အမှန်တကယ် ဖြောင့်မတ်ကြောင်း ၎င်းတို့ကို ပြသသောအခါ ၎င်းတို့သည် အဘယ်မှာ ရှိသင့်သနည်း။ ၎င်းတို့ အမှန်တကယ် ကယ်တင်ခြင်း ခံရနိုင်မည်လော။ ၎င်းတို့၏ ခံနိုင်ရည်ရှိခြင်းသည် အမှန်တကယ် အကျိုးသက်ရောက်နိုင်မည်လော။ ၎င်းတို့ အမှန်တကယ် ကြုံရာကျပန်းနေနိုင်မည်လော။ ၎င်းတို့၏ ကြံ့ကြံ့ခံနိုင်ရှိခြင်း၊ ၎င်းတို့၏ အလျှော့ပေးလိုက်လျောမှုများ၊ ဆင်းရဲဒုက္ခများကို ၎င်းတို့၏ စွဲစွဲမြဲမြဲ ကြံ့ကြံ့ခံခြင်း၊ ၎င်းတို့၏ လိမ္မာပါးနပ်သော ဉာဏ်ရည်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ အမှန်တကယ် ဖြစ်လာခြင်း ရှိမရှိကို စပ်စုသည့် ၎င်းတို့၏ ဒုစရိုက်အမှုကို အမှန်တကယ် ပယ်ဖျက်နိုင်မည်လော။ ၎င်းတို့၏ လိုရာဆွဲသော တွေးတောကြံဆမှု၊ တန်ပြန်ဖြေရှင်းနည်းများ၊ ပူးပေါင်းကြံစည်ခြင်း၊ ကျိတ်ကြံစည်မှုများနှင့် ၎င်းတို့၏ စိတ်နှလုံးထဲ၌ ကြံစည်ထားသည့် အရာအားလုံးအပြင် ဘုရားသခင်နှင့်သက်ဆိုင်သော အရာများကို ၎င်းတို့၏ စပ်စုခြင်းတို့သည် ၎င်းတို့၏ သမ္မာတရားလိုက်စားခြင်းကို အမှန်တကယ် အစားထိုးနိုင်မည်လော။ ဤအရာများက ၎င်းတို့ကို ကယ်တင်ခြင်းခံရစေနိုင်မည်လော။ (မခံရစေနိုင်ပါ။) သို့ဆိုလျှင် ဤသရုပ်သကန်များမှ ကြည်သော် အလွန်လိမ္မာပါးနပ်ပြီး အရေးကိစ္စအားလုံးကို မည်သည့်ဟာကွက်မျှ မကျန်ရစ်စေဘဲ ကိုင်တွယ်ကာ အရာအားလုံးကို အလွန်တရာ လျှို့ဝှက်စွာဖြင့် လုပ်ဆောင်သည့် အန္တိခရစ်တို့သည် အဘယ်ကြောင့် နောက်ဆုံးတွင် ဤကဲ့သို့ အဆုံးသတ်ရသနည်း။ အကြောင်းရင်း တစ်ခုတည်းသာ ရှိသည်၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရိုးရိုးသားသား ရင်မဆိုင်ကြ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် လက်မခံကြ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျိုးနွံနာခံခြင်း မရှိကြဘဲ ထိုအစား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စပ်စုကြသည်။ ဤသည်မှာ အန္တိခရစ်တို့ နောက်ဆုံးတွင် ဤကဲ့သို့ အဆုံးသတ်ရသည့် အကြောင်းရင်းဖြစ်သည်။ သင်တို့အားလုံး ဤသည်ကို နားလည်ကြသည် မဟုတ်လော။ သင်တို့ကို မည်သို့ ပြုမူရမည် သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ ဆက်ဆံရမည်ကို ငါ မပြောခဲ့သော်လည်း ဤအဖြစ်မှန်များကို ပြောဆိုခြင်းအားဖြင့်လည်းကောင်း၊ အန္တိခရစ်တို့၏ ရှုထောင့်အမြင်များနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ သဘောထားကို စိစစ်ခြင်းအားဖြင့်လည်းကောင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ထားရှိသော မည်သည့်သဘောထားမျိုးနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်ရန်အတွက် မည်သည့်သဘောထားမျိုးသည် အမှန်ကန်ဆုံးဖြစ်ပြီး ဖန်ဆင်းခံတစ်ဦး၌ ရှိသင့်သည့် သဘောထားများဖြစ်ကြောင်းနှင့် ဤသဘောထားများ ရှိခြင်းသည် ဖန်ဆင်းခံတစ်ဦး လုပ်ဆောင်သင့်သည့်အရာဖြစ်ကြောင်း သင်တို့အားလုံး သိကြသည်။

၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်

အရှေ့သို့- အချက် ၁၀- ၎င်းတို့သည် သမ္မာတရားကို စက်ဆုပ်ရွံရှာသည်၊ စည်းမျဉ်းများကို မျက်နှာပြောင်တိုက်၍ မထီမဲ့မြင်ပြုပြီး ဘုရားအိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြသည် (အပိုင်း ၅)

နောက်တစ်ခုသို့- အချက် ၁၀- ၎င်းတို့သည် သမ္မာတရားကို စက်ဆုပ်ရွံရှာသည်၊ စည်းမျဉ်းများကို မျက်နှာပြောင်တိုက်၍ မထီမဲ့မြင်ပြုပြီး ဘုရားအိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြသည် (အပိုင်း ၇)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။