အချက် ၁၀- ၎င်းတို့သည် သမ္မာတရားကို စက်ဆုပ်ရွံရှာသည်၊ စည်းမျဉ်းများကို မျက်နှာပြောင်တိုက်၍ မထီမဲ့မြင်ပြုပြီး ဘုရားအိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြသည် (အပိုင်း ၅)

၃။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စက်ဆုပ်ရွံရှာခြင်း

ယနေ့တွင် ငါတို့သည် ယခင်တစ်ကြိမ်က မိတ်သဟာယကို ဆက်ကြမည်။ ယင်းက အန္တိခရစ်တို့၏ သရုပ်သကန်များထဲမှ ဆယ်ခုမြောက်အချက်ဖြစ်သည့် ၎င်းတို့သည် သမ္မာတရားကို စက်ဆုပ်ရွံရှာသည်၊ စည်းမျဉ်းများကို မျက်နှာပြောင်တိုက်၍ မထီမဲ့မြင်ပြုပြီး ဘုရားအိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြသည်ဟူသည့်အကြောင်း ဖြစ်သည်။ ဤအချက်ကို အပိုင်းသုံးပိုင်း ပိုင်းခြားထားသည်။ ပထမနှစ်ပိုင်းကို မိတ်သဟာယပြုပြီးဖြစ်ပြီး ယနေ့တွင် တတိယပိုင်းဖြစ်သည့် အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စက်ဆုပ်ရွံရှာကြသည် ဟူသည်ကို ငါတို့ မိတ်သဟာယပြုကြမည်။ ယခင်က ဤကဏ္ဍနှင့်ပတ်သက်၍ အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သံသယရှိခြင်း၊ မယုံကြည်ခြင်း၊ ယင်းတို့အပေါ် သိချင်စိတ်ပြင်းပြမှုဖြင့် ပြည့်နေခြင်း၊ ယုံကြည်လက်ခံခြင်း၏ အစိတ်အပိုင်း တစ်ခုတလေမျှ ကင်းမဲ့ပြီး သံသယ၊ စမ်းသပ်ခြင်းနှင့် ထင်ကြေးပေးခြင်းတို့သာ ပါဝင်ခြင်းတို့ကဲ့သို့သော အချို့သော သရုပ်သကန်များနှင့် ဆိုရိုးများကို မိတ်သဟာယပြုခဲ့ပြီးဖြစ်သည်။ အတိုချုပ်အားဖြင့် အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် မမှတ်ယူကြသကဲ့သို့ ယင်းတို့ကို လက်တွေ့မလုပ်ဆောင်ကြပေ။ အမှုအရာများနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လက်တွေ့လုပ်ဆောင်ခြင်း၏ စည်းမျဉ်းများကို မရှာဖွေကြပေ။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သံသယ၊ အတိုက်အခံလုပ်ခြင်းနှင့် ငြင်းပယ်ခြင်းတို့ကို မကြာခဏ ထားရှိကြသည်။ ဤအရာအားလုံးသည် အန္တိခရစ်တို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စက်ဆုပ်ရွံရှာခြင်း၏ သရုပ်သကန်များဖြစ်သည်ဟု ဆိုနိုင်သည်။ ယနေ့တွင် ငါတို့သည် ဘုရားနှုတ်ကပတ်တော်များအပေါ် အန္တိခရစ်တို့ မည်သို့အတိအကျ မထီမဲ့မြင်ပြုကြသည်ကို စိတ်ဖြာလေ့လာ ဆွေးနွေးရန်အတွက် ဘုရားနှုတ်ကပတ်တော်များအပေါ် အန္တိခရစ်တို့၏ ပို၍နက်ရှိုင်းပြီး တိကျသည့် သဘောထားများနှင့် လုပ်ရပ်များအကြောင်းကို ထပ်မံ မိတ်သဟာယ ပြုကြမည်။ အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ စက်ဆုပ်ရွံရှာသည်နှင့်ပတ်သက်၍ ငါတို့သည် တစ်ချက်ချင်း ဆက်လက်၍ မိတ်သဟာယပြုကြမည်။ ဤနည်းလမ်းသည် ပို၍ ရှင်းလင်းမည် မဟုတ်လော။ (ရှင်းလင်းပါမည်။) အကယ်၍ ငါသည် ယခု ယေဘုယျနည်းလမ်းဖြင့် မိတ်သဟာယပြုမည်ဆိုလျှင် သင်တို့၌ အတိုင်းအတာတစ်ခုအထိ သဘောပေါက်နားလည်နိုင်စွမ်း၊ လုံလောက်သော အစွမ်းအစနှင့် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုတို့ရှိပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ အလင်းကို မကြာခဏ ရရှိပါက ငါ ယခင်က မိတ်သဟာယပြုခဲ့သည့်အရာသည်ပင် သင်တို့အတွက် အမှန်တကယ် လုံလောက်ပေလိမ့်မည်။ သို့သော်လည်း လူအများစုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သဘောပေါက်နားလည်ရန် အစွမ်းအစ မပိုင်ဆိုင်ကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သဘောပေါက်နားလည်ရမည့် သမ္မာတရားအဖြစ် သဘောထားပြုမူနိုင်သည့် အဆင့်သို့ မရောက်ရှိကြပေ။ ထို့ကြောင့် ငါတို့သည် တစ်ချက်ချင်း မိတ်သဟာယပြုရန် လိုအပ်သည်။ ဤအကြောင်းအရာကို အပိုင်းငယ်အများအပြားအဖြစ် အတိအကျ ပိုင်းခြားထားသည်။

က။ အန္တိခရစ်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စိတ်ကူးပေါက်သကဲ့သို့ ကလီကမာလုပ် ကြပြီး အနက်ဖွင့်ဆိုကြ၏

ပထမအချက်မှာ အန္တိခရစ်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စိတ်ကူးပေါက်သကဲ့သို့ ကလီကမာလုပ်ကြပြီး အနက်ဖွင့်ဆိုကြခြင်း ဖြစ်သည်။ ယခင်က ငါတို့သည် ဤကဏ္ဍနှင့်ပတ်သက်၍ တိကျသော ဥပမာအချို့ဖြင့် မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သော်လည်း ပစ်မှတ်ထား၍ အသေးစိတ် စိတ်ဖြာလေ့လာဆွေးနွေးခြင်း မဟုတ်ဘဲ စကားစပ်မိ၍ ပြောဆိုခြင်းမျှသာ ဖြစ်သည်။ အန္တိခရစ်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စိတ်ကူးပေါက်သကဲ့သို့ ကလီကမာလုပ်ခြင်းနှင့် အနက်ဖွင့်ဆိုခြင်းတို့၏ သရုပ်သကန်များမှာ အဘယ်နည်း။ ဤအချက်နှင့်စပ်လျဉ်း၍ အန္တိခရစ်တို့သည် မည်သို့ ပြုမူကြသနည်း။ အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ထိုသို့သော အပြုအမူကို ပြသနိုင်ပြီး ထိုသို့သော လုပ်ရပ်များကို ကျင့်သုံးနိုင်သည် ဟူသောအချက်က ၎င်းတို့၏ သဘာဝရှုထောင့်မှ ကြည့်လျှင် ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်ကြောင်း၊ သန့်ရှင်းမြင့်မြတ်ပြီး ပုန်ကန်ပြစ်မှား၍မရနိုင်သော အရာဖြစ်ကြောင်းကို မယုံကြည်သည်ကို ညွှန်ပြသည်။ ဘုရားသခင်သည် သမ္မာတရားနှုတ်ကပတ်တော် မည်သည့်ကဏ္ဍကို ဖော်ပြသည်ဖြစ်စေ၊ လူတို့အတွက် ရိုးရှင်းပုံပေါ်သည်ဖြစ်စေ နက်နဲပုံပေါ်သည်ဖြစ်စေ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များသာ ဖြစ်သည်၊ သမ္မာတရားသာဖြစ်သည်၊ ပြီးလျှင် လူတစ်ဦး၏ အသက်ဝင်ရောက်မှု၊ စိတ်သဘောထား ပြောင်းလဲခြင်း၊ ကယ်တင်ခြင်းတို့နှင့် ခွဲခြား၍မရအောင် ဆက်စပ်နေသည်။ သို့သော် အန္တိခရစ်တို့သည် ဤသို့ မမြင်ကြပေ။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ ဤအရာကို သတိမမူမိကြသကဲ့သို့ ထိုသို့သော သတိပြုမိခြင်း သို့မဟုတ် နားလည်ခြင်းလည်း မရှိကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ဟု မယုံကြည်ကြသကဲ့သို့ လူတစ်ဦး၏ အသက်ဝင်ရောက်မှုအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များက မည်မျှ အရေးကြီးကြောင်းကိုလည်း အသိအမှတ်မပြုကြပေ။ ဆန့်ကျင်ဘက်အားဖြင့် ၎င်းတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အပေါ်ယံအားဖြင့် လူ၏စကားများသာဖြစ်ပြီး အတော်ပင် သာမန်ဖြစ်သည်ဟု ယုံကြည်ကြသည်။ ဘုရားသခင်နောက် လိုက်သောသူအားလုံး၊ ဘုရားအိမ်တော်နှင့် အသင်းတော်တို့က ယင်းတို့ကို “ဘုရားသခင်၏ နှုတ်ကပတ်တော်များ” ဟု အမည်တပ်ထားသောကြောင့်သာ ၎င်းတို့သည် အလွန်အရေးကြီးသည့်ပုံ ပေါ်ခြင်းဖြစ်သည်။ သို့သော် လက်တွေ့တွင် အပေါ်ယံအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူတို့ မကြာခဏ ပြောလေ့ရှိသော သာမန်စကားစုများကဲ့သို့ ထင်ရသည်။ စာသားအရှိအတိုင်းဆိုလျှင် ဤနှုတ်ကပတ်တော်များတွင် လူ့ဘာသာစကား၏ အစိတ်အပိုင်းများ ပါဝင်သည်၊ ယင်းတို့တွင် အချို့သော အရပ်သုံးစကားများ၊ စကားထာများ၊ ဆိုရိုးစကားများနှင့် နှစ်ပိုင်းရှိသော စကားပုံများအပါအဝင် လူ့ဘာသာစကား၏ ဆင်ခြင်တွေးခေါ်မှုစနစ်၊ အတွေးနှင့် စကားလုံးအသုံးအနှုန်းများ ပါဝင်သည်။ အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူတစ်ဦး စိတ်ကူးကောင်း စိတ်ကူးနိုင်သကဲ့သို့ ကြီးကျယ်ခမ်းနားသော၊ နားလည်ရခက်သော သို့မဟုတ် နက်နဲသော အရာတစ်ခုအဖြစ်၊ ကောင်းကင်ဘုံမှ အထင်ကရ ကျမ်းစာများကဲ့သို့ မမြင်ကြပေ။ ၎င်းတို့အတွက်မူ ယင်းတို့သည် သာမန်နှင့် ရိုးရိုးရှင်းရှင်းသာ ဖြစ်သည်။ ထို့ကြောင့် များစွာ စေ့စေ့စပ်စပ် ကြည့်ရှုလေ့လာပြီးနောက် ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ အဆုံးစွန်သော အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုသို့ ရရှိကြသည်။ ဤနှုတ်ကပတ်တော်များသည် သာမန်စကားများသာဖြစ်ပြီး အတော်ပင် လက်တွေ့ကျကာ ယုံကြည်သူများ ဖတ်ရှုသင့်သည့်အရာ၊ လူတစ်ဦး၏ အပြုအမူနှင့် ယုံကြည်ခြင်းအတွက် အထောက်အကူပြုနိုင်သော နှုတ်ကပတ်တော်များ ဖြစ်သည်ဟူ၍တည်း။ များစွာ ဖတ်ရှုပြီးနောက် ဤသည်မှာ ၎င်းတို့ ရရှိသည့် ကောက်ချက်ဖြစ်သည်။ အချို့သော အန္တိခရစ်များနှင့် အတ္တကြီးသူများပင်လျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ယူ၍ တစ်ထိုင်တည်းမှာပင် အခန်းများစွာ၊ စာမျက်နှာများစွာကို ဖတ်ကြသည်။ အချို့ဆိုလျှင် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ကို တစ်လအတွင်း အစမှအဆုံး ဖတ်ပြီး ၎င်းတို့၏ စိတ်နှင့် အတွေးများထဲတွင် အချို့သော နက်ရှိုင်းသည့် စွဲမှတ်မှုများကို ကျန်ရစ်ခဲ့သည်။ ၎င်းတို့သည် အချို့သော ဝိညာဉ်ရေးရာ ဝေါဟာရများ၊ ဘုရားသခင်၏ မိန့်မြွက်ချက်၏ လေသံနှင့် စကားပြောဆိုဟန်၊ အဆင့်အမျိုးမျိုးရှိ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ပါဝင်သည့် အကြောင်းအရာကိုပင် ယေဘုယျအားဖြင့် နားလည်မှု ရရှိကြသည်။ ဖတ်ပြီးနောက် ၎င်းတို့က “ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အကောင်းကြီး မဟုတ်သကဲ့သို့ အဆိုးကြီးလည်း မဟုတ်ပါ။ ကျွန်ုပ်သည် ယင်းတို့အားလုံးကို တစ်ထိုင်တည်း ဖတ်လိုက်ပြီး ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်၏ ယေဘုယျအကြောင်းအရာကိုလည်း နားလည်ပြီဖြစ်သည်။ သို့ဖြစ်၍ ဘုရားနှုတ်ကပတ်တော်များသည် ထိုမျှ နက်နဲခြင်း မရှိပါ။ ဘုရားနှုတ်ကပတ်တော်များကို သမ္မာတရားအဆင့်အထိ မြှင့်တင်ခြင်း၊ လူတို့၏ အသက်ဝင်ရောက်မှုအတွက် မရှိမဖြစ်သော အရာတစ်ခုအဖြစ် မြှင့်တင်ခြင်းသည် အနည်းငယ် လွန်သွားပုံရသည်” ဟု ပြောကြသည်။ သို့ဖြစ်၍ ဤနှုတ်ကပတ်တော်များကို ၎င်းတို့ မည်သို့ပင် ရှုမြင်သည်ဖြစ်စေ၊ မိမိတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ နောက်ဆုံးသော အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ယင်းတို့သည် လူတို့ စိတ်ကူးသကဲ့သို့ နက်နဲခြင်း သို့မဟုတ် နားလည်ရခက်ခြင်း မရှိဟူ၍ ဖြစ်သည်။ ပညာတတ်ပြီး မျက်စိရှိသော မည်သူမဆိုသည် ဤနှုတ်ကပတ်တော်များကို နားလည်နိုင်သည်။ အပြန်ပြန်အလှန်လှန် ဖတ်ရှုပြီးနောက် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ဉာဏ်အလင်းပွင့်ခြင်း၊ ထောက်ပံ့ခြင်းနှင့် အကူအညီတို့ကို ရရှိလျက် လူတို့ နားလည်သင့်သည့် အသက်ဝင်ရောက်မှုနှင့်ပတ်သက်သော အမျိုးမျိုးသော သမ္မာတရားများကို အသိအမှတ်ပြုရန် သို့မဟုတ် နားလည်ရန် ပျက်ကွက်သည်သာမက ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားနှင့် ကောင်းကင်ဘုံမှ ကျမ်းစာများနှင့် များစွာ ကွာခြားသည်ဟုလည်း ခံစားရသည်။ ထိုသို့သော ကောက်ချက်ကို ချရှိပြီးနောက် အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သာ၍ပင် စက်ဆုပ်ရွံရှာကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ဤမျှသာဖြစ်ကြောင်း၊ ဘုရားသခင်သည် ဤမျှသာဖြစ်ကြောင်းနှင့် သမ္မာတရားသည် ဤမျှသာဖြစ်ကြောင်း ယုံကြည်ကြသည်။ ထိုသို့သော သဘောထားနှင့် နားလည်မှုဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်အပေါ် အန္တိခရစ်တို့၏ အတွင်းပိုင်းစိတ်သဘောက ၎င်းတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို ပို၍ စက်ဆုပ်ရွံရှာစေသည်။ ၎င်းတို့သည် မိမိတို့၏ အသိပညာနှင့် ဉာဏ်ရည်ကို အသုံးပြု၍ မိမိတို့၏ မှတ်ဉာဏ်များနှင့် ပါးနပ်မှုအပေါ် မှီခိုလျက် ဤနှုတ်ကပတ်တော်များ၏ ပါဝင်သည့်အကြောင်းအရာနှင့် အမည်ခံ စည်းမျဉ်းများအပြင် ယင်းတို့တွင် အသုံးပြုထားသော လေသံ၊ ဟန်ပန်နှင့် စကားလုံးအသုံးအနှုန်းအချို့ကို လျင်မြန်စွာ သဘောပေါက်ကြသည်၊ ထိုလေသံ၊ ဟန်ပန်နှင့် စကားလုံးအသုံးအနှုန်းတွင် သာမန်နှင့် ဓလေ့သုံးစကားများ ပါဝင်သည်။ ထို့နောက်တွင် ၎င်းတို့သည် အရာရာကို ရယူပြီးဖြစ်ကာ အားလုံးကို ပိုင်ဆိုင်ပြီဟု ခံစားရသည်။ ထိုသို့သော နားလည်မှုနှင့် သဘောထားက ၎င်းတို့ကို မိမိတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သာ၍ပင် မဆင်မခြင် စက်ဆုပ်ရွံရှာစေပြီး မေးခွန်းထုတ်စေကာ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို ပို၍ သံသယရှိစေသည်။

အန္တိခရစ်တို့၏ သဘာဝရှုထောင့်မှ ကြည့်လျှင် ၎င်းတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြကြောင်း၊ အပြုသဘောဆောင်သော အရာများကို စက်ဆုပ်ရွံရှာကြကြောင်း၊ ဘုရားသခင်၏ နှိမ့်ချခြင်းနှင့် ပုန်းကွယ်နေခြင်းကို စက်ဆုပ်ရွံရှာကြကြောင်းနှင့် ဘုရားသခင်၏ သစ္စာစောင့်သိခြင်း၊ စစ်မှန်ခြင်းနှင့် ချစ်ခင်နှစ်လိုဖွယ် ကောင်းခြင်းတို့ကို စက်ဆုပ်ရွံရှာကြကြောင်းကို တွေ့မြင်နိုင်သည်။ ဤစက်ဆုပ်ရွံရှာခြင်းများ ဆက်တိုက် ဖြစ်ခြင်းက အန္တိခရစ်တို့ကို ဘုရားသခင် စက်ဆုပ်ရွံရှာပြီး ပြစ်တင်ရှုတ်ချသည့် ရွံရှာဖွယ်ကောင်းသော လုပ်ရပ်အချို့ကို အမှုမဲ့အမှတ်မဲ့ဖြင့်လည်းကောင်း၊ အလိုအလျောက်အားဖြင့်လည်းကောင်း လုပ်ဆောင်စေသည်။ ဤလုပ်ရပ်များတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စိတ်ကူးပေါက်သကဲ့သို့ ကလီကမာလုပ်ခြင်းနှင့် အနက်ဖွင့်ဆိုခြင်းတို့ ပါဝင်သည်။ ကလီကမာလုပ်ခြင်းသည် မည်သည့်အရာကို ရည်ညွှန်းသနည်း။ အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် သမ္မာတရားရှိသည်ဟု မယုံကြည်ကြ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက လူတို့ကို အသက်ပေးနိုင်သည်ဟု မယုံကြည်ကြ၊ ပြီးလျှင် ဤနှုတ်ကပတ်တော်များသည် လူသားတို့ ရှင်သန်ရေးအတွက် မှီခိုအားထားရသည့် အခြေခံအုတ်မြစ်နှင့် လူသားတို့ တိုးတက်မှုအတွက် ဦးတည်ချက်နှင့် လမ်းကြောင်းဖြစ်သည်ကို သာ၍ပင် မယုံကြည်ကြပေ။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်က ဤနည်းလမ်းများဖြင့် အဘယ်ကြောင့် စကားပြောသည်ကို နားမလည်ကြသကဲ့သို့ ဘုရားသခင်က အဘယ်ကြောင့် ထိုသို့သော နှုတ်ကပတ်တော်များကို တိကျသော နောက်ခံအကြောင်းအရာတစ်ခုတွင် ပြောဆိုသည်ကိုလည်း မသိကြပေ၊ ပြီးလျှင် ဘုရားသခင်က ဤတိကျသော အကြောင်းအရာများကို အဘယ်ကြောင့် ပြောဆိုသည်ကို ၎င်းတို့ သာ၍ပင် လုံးဝနားမလည်ကြပေ။ ဤအကြောင်းအရာများ မည်သို့ ဖြစ်ပေါ်လာပုံ၊ ဘုရားသခင် မည်သို့ တွေးခေါ်ပုံ၊ ဤနှုတ်ကပတ်တော်များကို ပြောဆိုနေစဉ် ဘုရားသခင်က လူတို့၌ မည်သည့်အရာကို စောင့်ကြည့်လေ့လာရန်၊ ပြီးမြောက်အောင်မြင်စေရန်နှင့် အကျိုးသက်ရောက်စေရန် ရည်ရွယ်သည်နှင့်ပတ်သက်၍လည်းကောင်း၊ ဤနှုတ်ကပတ်တော်များအတွင်း၌ ဘုရားသခင် ပြီးမြောက်အောင်မြင်ရန် ရည်ရွယ်သမျှ၊ သူ၏ ရည်ရွယ်ချက်များနှင့် သမ္မာတရားတို့နှင့်ပတ်သက်၍လည်းကောင်း အန္တိခရစ်တို့သည် လုံးဝနားမလည်ဘဲ လုံးဝအသိဉာဏ် မရှိကြပေ၊ ဤအကြောင်းအရာနှင့် ပတ်သက်လာလျှင် ၎င်းတို့သည် သာမန်လူများသာ ဖြစ်ကြသည်။ ထို့ကြောင့် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်သည် ဤစကားစုကို ထိုနည်းလမ်းဖြင့် မပြောဆိုသင့်ကြောင်း၊ ထိုဝါကျသည် ဤဝါကျနောက်တွင် လိုက်သင့်ကြောင်း၊ ဤဝါကျကို ဤသို့ စီသင့်ကြောင်း၊ ထိုအပိုဒ်သည် ဤလေသံ သို့မဟုတ် ထိုလေယူလေသိမ်း ရှိသင့်ကြောင်း၊ ဤစကားလုံးရွေးချယ်မှုသည် မမှန်ကန်ကြောင်းနှင့် ထိုအသုံးအနှုန်းသည် ထောက်ထားညှာတာမှုမရှိဘဲ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အပ်စပ်ခြင်း မရှိကြောင်းတို့ကို မကြာခဏ ခံစားရကြပြီး ထိုသို့ဖြင့် ၎င်းတို့၏ အမြင်များကို ဖြစ်ပေါ်ကြသည်။ ၎င်းတို့၏ အမြင်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လောကရှိ မည်သည့် ထင်ရှားကျော်ကြားသော သို့မဟုတ် ကြီးမြတ်သော ပုဂ္ဂိုလ်၏ လက်ရာများလောက် မကောင်းပေ။ ဘုရားသခင်၏ ပြောဆိုချက်သည် အတော်အတန် တိကျသေချာမှုမရှိဟုလည်းကောင်း၊ စကားကြောရှည်သည်ဟုလည်းကောင်း၊ အချို့သော နှုတ်ကပတ်တော်များသည် အသေအချာ စိစစ်ပါက လူ့သဒ္ဒါနှင့် ဝေါဟာရ စည်းမျဉ်းများနှင့်အညီ အတိအကျ ပြောဆိုထားခြင်း မရှိဟု ခံစားရသည်။ “ဤနှုတ်ကပတ်တော်များထဲတွင် သမ္မာတရားက မည်သည့်နေရာတွင် ရှိနိုင်မည်နည်း။ ဤအရာများသည် ဘုရားနှုတ်ကပတ်တော်များ မည်သို့လျှင် ဖြစ်နိုင်မည်နည်း။ ၎င်းတို့သည် သမ္မာတရား မည်သို့လျှင် ဖြစ်နိုင်မည်နည်း” ဟူ၍ ဖြစ်သည်။ အန္တိခရစ်တို့သည် တစ်ချိန်တည်းမှာပင် သံသယဝင်ပြီး ပြစ်တင်ရှုတ်ချလျက် မိမိတို့၏ စိတ်နှလုံးထဲ၌ တွက်ချက်ပြီး ဆင်ခြင်သုံးသပ်ကြသည်။ ထိုသို့သော သဘောထား၊ ထိုသို့သော အတွေးအခေါ်များနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ထိုသို့သော ရှုမြင်ပုံဖြင့် အန္တိခရစ်တို့သည် ၎င်းတို့၏ နတ်ဆိုးဆန်သော လက်သည်းများကို အသင့်ပြင်ကြသည်။

လွန်ခဲ့သော နှစ်အနည်းငယ်က ဓမ္မတေးအဖွဲ့တွင် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်ကို ငါ အမှတ်ရသည်။ ၎င်းတို့သည် အသင်းတော်တွင် သီဆိုရန်အတွက် ဘုရားသခင်၏ အရေးပါသော နှုတ်ကပတ်တော် တစ်ပိုဒ်အတွက် တေးဂီတကို ရေးစပ်လိုခဲ့ကြသည်။ ရေးစပ်နေစဉ်အတွင်း ၎င်းတို့သည် ဘုရားသခင်၏ ပြောဆိုချက် ရှည်လျားမှုနှင့် စကားလုံးအရေအတွက်သည် တေးသွားနှင့် မကိုက်ညီကြောင်း တွေ့ရှိခဲ့ကြသည်၊ သီချင်းစာသား တစ်ကြောင်းချင်းစီတွင် စကားလုံးများလွန်းနေခဲ့သည်။ ထို့အပြင် သီချင်းတစ်ပုဒ်လုံး၏ တေးသွားကို ဘုရားသခင်၏ နှုတ်ကပတ်တော်များပေါ်တွင် အသုံးချပါက နှုတ်ကပတ်တော်များသည် များလွန်းပြီး ရှည်လွန်းပုံပေါက်စေသည်။ သို့ဆိုလျှင် ၎င်းတို့၏ ဖြေရှင်းနည်းမှာ အဘယ်နည်း။ ၎င်းတို့ နည်းလမ်းတစ်ခုကို တွေ့ရှိခဲ့ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ သိသာထင်ရှားသော အဓိပ္ပာယ်ကို မပြောင်းလဲဘဲ ယင်းတို့၏ စကားစုဖွဲ့ပုံနှင့် စကားလုံးအသုံးအနှုန်းအချို့ကို ကလီကမာလုပ်ခဲ့ကြသည်၊ ဥပမာအားဖြင့် လေးလုံးစပ် ဓလေ့သုံးစကားတစ်ခုကို နှစ်လုံးစပ် စကားလုံးတစ်ခုအဖြစ် ပြောင်းလဲခြင်း၊ သို့မဟုတ် ရှည်လျားပြီး မလိုအပ်ဘဲ အဓိပ္ပာယ်မရှိဟု ထင်ရသော ဝါကျများကို ဖျက်ပစ်ခြင်းတို့ ဖြစ်သည်။ ဤစည်းမျဉ်းကို လိုက်နာလျက် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ပြုပြင်တည်းဖြတ်ထားသော ပုံစံကို တေးဂီတဖြင့် သီကုံးပြီး သီဆိုရန်အတွက် အသင်းတော်တွင် ဖြန့်ဝေခဲ့သည်။ လူအများစုသည် နားဝေတိမ်တောင်ဖြစ်လျက် ယင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဓမ္မတေးတစ်ပုဒ်ဟု ထင်ခဲ့ကြသော်လည်း ထိုသို့သော အပိုဒ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ လုံးဝမဟုတ်သည်ကို မည်သူ သိရှိခဲ့သနည်း။ ယင်းမှာ အန္တိခရစ်တို့က စိတ်ကူးပေါက်သကဲ့သို့ ကလီကမာလုပ်ပြီး အကျဉ်းချုံးထားကာ ကလီကမာလုပ်ပြီး ကလီကမာလုပ်ထားသော အပိုဒ်တစ်ပိုဒ် ဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် ဤဓမ္မတေးကို အစီအစဉ်တစ်ခုအတွက် ပြင်ဆင်နေသည့်အခါ ဤဓမ္မတေးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ မည်သည့်အခန်းမှ ရွေးချယ်ထားသည်ကို ငါ မေးခဲ့သည်။ ၎င်းတို့က တိကျသော အခန်းတစ်ခန်း၏ ပထမအပိုဒ်ဖြစ်ကြောင်း ငါ့ကို ပြောခဲ့သည်။ ငါသည် ထိုအပိုဒ်ကို ရှာဖွေပြီး ဓမ္မတေးစာအုပ်ထဲရှိ တစ်ပိုဒ်နှင့် နှိုင်းယှဉ်ကြည့်ရာ ငါ့ကို အတော်ပင် တုန်လှုပ်စေခဲ့သည်။ ဓမ္မတေးစာအုပ်ထဲရှိ အပိုဒ်သည် အမည်ခံအားဖြင့် ထိုအခန်းမှ ရွေးချယ်ထားသော အပိုင်းတစ်ပိုင်း ဖြစ်သော်လည်း ယင်းကို မမှတ်မိနိုင်လောက်အောင်ပင် ပြောင်းလဲထားသည်။ ပြောဆိုချက်၏ လေသံမှာ ပျောက်ဆုံးနေပြီး အရေးကြီးသော နှုတ်ကပတ်တော်များစွာကို ချန်လှပ်ထားကာ ပြောဆိုချက်၏ ပါဝင်သည့်အကြောင်းအရာမှာ ဖရိုဖရဲဖြစ်နေပြီး နှုတ်ကပတ်တော်များ၏ အစီအစဉ်ပင်လျှင် ပြောင်းပြန်ဖြစ်နေခဲ့သည်။ အကယ်၍ ဤအပိုဒ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တိကျသော အခန်းတစ်ခန်းမှ ကောက်နုတ်ထားကြောင်း ငါ့ကို မည်သူမျှ မပြောခဲ့ပါက မည်သူမဆိုသည် ယင်းမှာ မည်သည့်အခန်းမှ ဖြစ်သည်ကို ခွဲခြားသိရှိနိုင်မည်ဟု ငါ မထင်ပေ၊ ယင်းသည် မူရင်းနှင့် လုံးဝ မကိုက်ညီတော့ပေ။ အပေါ်ယံအားဖြင့် ဤလူများသည် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်နေကြခြင်း ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူတိုင်း သီဆိုပြီး စိတ်ထဲတွင် စွဲမှတ်စေရန် တေးဂီတဖြင့် သီကုံးခြင်းအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူတို့ကို အစဉ်မပြတ် ဦးဆောင်လမ်းပြနိုင်ပြီး လူတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲသို့ ဝင်ရောက်ရန် ကူညီပေးနိုင်မည် ဖြစ်သည်။ ဤသည်မှာ ကောင်းမြတ်လှသော လုပ်ရပ်ပါတကား။ သို့သော်လည်း အန္တိခရစ်တို့၏ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး လုံးဝကင်းမဲ့ခြင်းကြောင့် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သာမန်လူများ စကားစမြည်ပြောဆိုသည့် စကားများဖြစ်သည့်အလား သဘောထားပြုမူကာ စိတ်ကူးပေါက်သကဲ့သို့ ဖျက်ပစ်ပြီး ကလီကမာလုပ်ခဲ့ကြသည်။ မေးခွန်းတစ်ခွန်းမျှ မမေးသကဲ့သို့ မည်သူတစ်ဦးတစ်ယောက်၏ ခွင့်ပြုချက် သို့မဟုတ် သဘောတူညီချက်မရှိဘဲ သို့မဟုတ် မည်သူတစ်ဦးတစ်ယောက်ကမျှ အခွင့်အာဏာ ပေးအပ်ခြင်း လုံးဝမရှိဘဲ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လုံးဝ ပြောင်းလဲခဲ့ကြသည့်တိုင် မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေကြောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တေးဂီတဖြင့် သီကုံးခဲ့ကြောင်း ၎င်းတို့က လူတို့ကို ယုံကြည်စေခဲ့သည်။ ဤသည်မှာ မည်သို့သော အပြုအမူနှင့် နည်းလမ်းမျိုး ဖြစ်သနည်း။ ထိုသို့သော အပြုအမူနှင့် ထိုသို့သော နည်းလမ်းမျိုးကို လုပ်ဆောင်သော လူတို့သည် မည်သည့် စိတ်သဘောထား ရှိကြသနည်း။ ထိုသို့သော နည်းလမ်းကို အသုံးပြုသူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ထိုသို့သော သဘောထားဖြင့် သဘောထားပြုမူသူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သဘောထားပြုမူရာတွင် ၎င်းတို့၏ စိတ်နှလုံးထဲ၌ အမှန်တကယ် ကြောက်ရွံ့မှု တစ်စက်တလေ ရှိကြသလော။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တန်ဖိုးထားကြသလော။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် သဘောထားကြသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ ရိုသေမှုမရှိသော၊ သာမန်ကာလျှံကာနိုင်သော သဘောထားမှ အကဲဖြတ်ရသော် ၎င်းတို့သည် ယင်းတို့ကို တန်ဖိုးမထားသည်သာမက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကစားစရာများအဖြစ် သဘောထားပြုမူကာ မိမိတို့အလိုရှိသလို သာမန်ကာလျှံကာ ပြောင်းလဲကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ သဘောထားသည် ဘုရားသခင်ကိုယ်တော်တိုင်အပေါ် ၎င်းတို့၏ သဘောထားကို ညွှန်ပြနေသည် မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းမှာ အတိအကျ တစ်ပုံစံတည်းဖြစ်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ဘုရားသခင် ကိုယ်တော်တိုင်ကို ကိုယ်စားပြုသည်၊ ယင်းတို့သည် ဘုရားသခင်၏ ဖော်ပြချက်၊ သူ၏ စိတ်သဘောထား၏ ဖော်ပြချက်နှင့် သူ၏ အနှစ်သာရ၏ ထုတ်ဖော်ခြင်းတို့ ဖြစ်သည်။ အကယ်၍ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် အလွန်တရာ ရိုသေမှုမရှိဘဲ သာမန်ကာလျှံကာနိုင်ပါက ၎င်းတို့သည် ဘုရားသခင် ကိုယ်တော်တိုင်ကို မည်သို့ ဆက်ဆံသည်မှာ သိသာထင်ရှားပေသည်။ ဤအရာက အထင်အရှား သက်သေခံလျက် ရှိနေလေသည်။

လူတို့သည် အပေါ်ယံအားဖြင့် ဘုရားသခင်နောက် လိုက်ကြပြီး ကိုယ်တော့်အတွက် စွန့်လွှတ်ကြ၊ အသုံးခံကြကာ ဆင်းရဲဒုက္ခကို ခံကြသော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ သဘောထားမှာ အလွန်တရာပင် ရိုသေမှုမရှိဘဲ သာမန်ကာလျှံကာနိုင်လှသည်။ အန္တိခရစ်တို့က နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ကို လှပစွာ မွမ်းမံတန်ဆာဆင်ခြင်း၊ အဝတ်ဖြင့် ထုပ်ခြင်းနှင့် အလုံခြုံဆုံးနေရာတွင် သိမ်းဆည်းခြင်းတို့ကိုပင် ပြုလုပ်ကောင်းပြုလုပ်ကြမည်။ သို့သော် ဤသည်က မည်သည့်အရာကို သက်သေပြနိုင်သနည်း။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တန်ဖိုးထားကြောင်း၊ ၎င်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးများရှိကြောင်းကို ပြသနိုင်သလော။ ဤအပေါ်ယံလုပ်ရပ်များက ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ ရိုသေမှုမရှိသော သဘောထားကို ဖုံးကွယ်နိုင်သလော။ မဖုံးကွယ်နိုင်ပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်သည့်အခါတိုင်း ယင်းတို့ထဲမှ ဝေါဟာရများ၊ အသုံးအနှုန်းများနှင့် လေသံအချို့ကို ကလီကမာလုပ်ရန် အမြဲတစေ စဉ်းစားကြသည်။ ပြီးလျှင် အချို့သော အန္တိခရစ်တို့သည် မည်သည့်အတိုင်းအတာအထိ ရဲတင်းကြသနည်း။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် မိမိတို့၏ အယူအဆများနှင့် မကိုက်ညီသော တစ်စုံတစ်ရာကို တွေ့ရှိသည့်အခါ၊ သို့မဟုတ် စကားလုံးအသုံးအနှုန်းသည် မသင့်လျော်ဟု သို့မဟုတ် သဒ္ဒါနည်းအရ မမှန်ကန်ဟု ထင်သည့်အခါ၊ သို့မဟုတ် ပုဒ်ဖြတ်ပုဒ်ရပ်တစ်ခု မှားယွင်းသည်ဟုပင် ယုံကြည်သည့်အခါ ၎င်းတို့သည် ထိုကိစ္စကို ကျယ်လောင်စွာ ကြေညာပြီး ချဲ့ကားပြောဆိုကြမည်ဖြစ်ကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲရှိ နေရာလွဲချော်နေသော ပုဒ်ဖြတ်ပုဒ်ရပ်တစ်ခု၊ မသင့်လျော်သော စကားလုံးရွေးချယ်မှုတစ်ခု၊ သို့မဟုတ် ကျိုးကြောင်းမဆီလျော်ဟု ထင်ရသော စကားတစ်ခွန်းအကြောင်းကို တစ်ကမ္ဘာလုံးက သိစေရန် ဆန္ဒရှိကြသည်။ ၎င်းတို့သည် ဤအရာကို လှောင်ပြောင်သော၊ မထီမဲ့မြင်ပြုသော လေသံဖြင့် ဖြန့်ဝေကြသည်။ ထိုအခိုက်အတန့်များတွင် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲ၌ အမှားများ၏ သက်သေအဖြစ် ၎င်းတို့ ယူဆသောအရာ၊ နိုင်ကွက်ယူရန် အချက်တစ်ခု၊ အပြစ်အနာအဆာတစ်ခုကို နောက်ဆုံးတွင် တွေ့ရှိသွားပုံရပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင်လည်း အမှားများရှိကြောင်းနှင့် ဘုရားသခင်သည် စုံလင်ခြင်းမရှိကြောင်းကို မိမိတို့၏ စိတ်နှလုံးထဲ၌ နောက်ဆုံးတွင် မိမိတို့ကိုယ်ကို တစ်ဖန် စိတ်ချလက်ချ ရှိအောင်လုပ်ကြသည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား မဟုတ်လော။ အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် အပြစ်အနာအဆာများနှင့် အမှားများကို ရှာဖွေရန် ရည်ရွယ်ကြသည်၊ ဤသည်မှာ ရန်လိုမှု၏ သဘောထားဖြစ်ပြီး ကျိုးနွံနာခံခြင်းနှင့် လက်ခံခြင်း၏ သဘောထားမဟုတ်ပေ။ အန္တိခရစ်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စိတ်ကူးပေါက်သကဲ့သို့ ကလီကမာလုပ်ကြပြီး အနက်ဖွင့်ဆိုကြခြင်းအကြောင်းကို ပြောရလျှင် ယခုလေးတင် ပြောသွားခဲ့သော ဓမ္မတေးအဖွဲ့တွင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကလီကမာလုပ်ခြင်းဟု မှတ်ယူနိုင်သလော။ (မှတ်ယူနိုင်ပါသည်။) ငါ့ကို ပြောလော့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဤမျှ စိတ်ကူးပေါက်သကဲ့သို့ ကလီကမာလုပ်မည့်သူသည် မည်သို့သော လူစားမျိုးဖြစ်သနည်း။ ၎င်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း တစ်စုံတစ်ရာ ရှိသလော။ (မရှိပါ။) ဤသည်မှာ မည်သည့်စိတ်သဘောထားဖြစ်သနည်း။ ပထမဦးစွာ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအဖြစ် သဘောထားကြသလော။ (မထားပါ။) သို့ဆိုလျှင် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သည့်အရာအဖြစ် သဘောထားကြသနည်း။ ၎င်းတို့သည် ယင်းတို့ကို လူ၏စကားများအဖြစ် သဘောထားကြသည်။ လူတို့၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများတွင် စကားလုံးများသည် ဆက်စပ်မှုမရှိလျှင် သို့မဟုတ် မစုံလင်လျှင် ကလီကမာလုပ်ခြင်းသည် လက်ခံနိုင်ဖွယ် ဖြစ်ကောင်းဖြစ်မည်၊ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ပတ်သက်၍ ထိုသို့ပင်ပြုဝံ့ခြင်းမှာ ဤအရာ၏ သဘောသဘာဝမှာ အဘယ်နည်း။ ဤသည်မှာ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးမရှိဘဲ မိမိတို့သဘောအတိုင်း မဆင်မခြင် ပြုမူခြင်း မဟုတ်လော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စိတ်ကူးပေါက်သကဲ့သို့ မှတ်ချက်ပေးဝံ့ပြီး ကလီကမာလုပ်ဝံ့ခြင်း၊ မိမိတို့၏ ကိုယ်ပိုင်စိတ်ကူးများနှင့်ဖြစ်စေ၊ ရှုမြင်ပုံနှင့်ဖြစ်စေ မကိုက်ညီသည့်အခါတိုင်း ယင်းတို့ကို ပြောင်းလဲခြင်း၊ ဤအရာ၏ သဘောသဘာဝသည် ဆိုးရွားသလော။ (ဆိုးရွားပါသည်။)

ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကလီကမာလုပ်ခြင်းတွင် အခြားမည်သူတို့ ပါဝင်သေးသနည်း။ ဧဝံဂေလိ တရားဟောပြောခြင်း လုပ်ငန်းစဉ်အတွင်း အချို့သော ဧဝံဂေလိ လက်ခံရန် အလားအလာရှိသူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ထိတွေ့ကြပြီး ဘုရားသခင်၏ လေသံ၊ ဟန်ပန်၊ ကိုယ်တော်ပြောဆိုသည့် ရှုထောင့်၊ အသုံးပြုထားသော စကားလုံးအသုံးအနှုန်းနှင့် နာမ်စားများအပါအဝင် အခြားသော ကဏ္ဍများစွာတို့အပေါ် အမျိုးမျိုးသော အယူအဆများ ရှိကြသည်။ လူအမျိုးမျိုးတွင် အယူအဆအမျိုးမျိုး ရှိကြသည်၊ ဂိုဏ်းဂဏအမျိုးမျိုးမှ သူတို့တွင် အရသာနှင့် လိုအပ်ချက်အမျိုးမျိုး ရှိကြသည်။ ဧဝံဂေလိအဖွဲ့မှ အဖွဲ့ဝင်အချို့က “ဤနည်းဖြင့် ဧဝံဂေလိတရားဟောရသည်မှာ ခက်ခဲလှပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်အချို့သည် ကြမ်းတမ်းလွန်းပြီး အချို့မှာမူ ဘုရားသခင်က လူတို့ကို ကျိန်ဆဲနေသကဲ့သို့ ထင်ရပါသည်။ ထိုနှုတ်ကပတ်တော်များသည် နူးညံ့သိမ်မွေ့ခြင်း လုံးဝမရှိဘဲ၊ မေတ္တာတရား ကင်းမဲ့ကာ သာမန်နေ့စဉ်သုံး စကားများသာ ဖြစ်နေပါသည်။ အချို့သည် လူမျိုးစုအချို့ကို အတိအကျ ပစ်မှတ်ထားသကဲ့သို့ အချို့ကမူ နက်နဲသောအရာများကို ဖော်ထုတ်ထားပါသည်။ ဤအရာများကို လူတို့က လက်ခံနိုင်ဖွယ်ဖြစ်သည်ဟု မမြင်ကြပါ။ ဤနှုတ်ကပတ်တော်များသည် ဧဝံဂေလိ လက်ခံရန် အလားအလာရှိသူများအဖို့ ဘုရားသခင်၏ အမှုတော်သစ်ကို လက်ခံရာ၌ ခလုတ်တံသင်း ဖြစ်လာခဲ့ပါသည်။ ကျွန်ုပ်တို့ မည်သည့်အရာကို လုပ်ဆောင်သင့်ပါသနည်း” ဟု ပြောကြသည်။ တစ်စုံတစ်ယောက်က “ကျွန်ုပ်၌ ဖြေရှင်းနည်းတစ်ခု ရှိပါသည်။ ဧဝံဂေလိ လက်ခံရန် အလားအလာ ရှိသူများသည် ဤနှုတ်ကပတ်တော်များကြောင့် ဘုရားသခင်၏ အမှုတော်သစ်ကို လက်မခံနိုင်ကြသည့်အတွက် ယင်းတို့ကို အဘယ့်ကြောင့် ဖျက်မပစ်သနည်း။ လူတို့ လက်မခံလိုသော စကားလုံးများနှင့် အကြောင်းအရာအားလုံးကို ဝါကျတစ်ကြောင်းပင် ဖြစ်စေကာမူ မှတ်သားထား၍ ပုံနှိပ်သည့်အခါ ဖယ်ရှားပစ်ပါ။ ဤသို့ဆိုလျှင် ဧဝံဂေလိ လက်ခံရန် အလားအလာရှိသူများက ယင်းကို ဖတ်ရှုသည့်အခါ သူတို့၏မာနကို ထိခိုက်စေသော သို့မဟုတ် စိတ်ခံစားချက်ကို နာကျင်စေသော စကားလုံးများ ရှိတော့မည်မဟုတ်သကဲ့သို့ သူတို့၏ အယူအဆများကို ဆန့်ကျင်သော အရာတစ်ခုမျှလည်း ရှိတော့မည်မဟုတ်ပါ။ ဘုရားနှုတ်ကပတ်တော် အားလုံးသည် သင့်လျော်သွားမည်ဖြစ်ပြီး လက်ခံဖတ်ရှုသူများတွင်လည်း မည်သည့်အယူအဆမျှ ရှိတော့မည်မဟုတ်ပေ။ ထို့ပြင် သူတို့သည် ဘုရားသခင်၏ အမှုတော်သစ်ကို ချောမွေ့စွာ လက်ခံနိုင်ကြလိမ့်မည်” ဟု ပြောသည်။ ဧဝံဂေလိအဖွဲ့တွင် အချို့သည် ဤသို့ အမှန်တကယ် လုပ်ဆောင်ခဲ့ကြပြီး အထက်ကို မေးမြန်းခြင်း သို့မဟုတ် သဘောတူညီချက် တောင်းခံခြင်းပင်မရှိဘဲ ဤအကျဉ်းချုံးပြီး ကလီကမာလုပ်ထားသော ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပါဝင်သည့် စာအုပ်ငယ်များကို ပုံနှိပ်ပြီး ကျယ်ပြန့်စွာ ဖြန့်ဝေခဲ့ကြသည်။ မိမိတို့၏ အလုပ်တွင် အဆင်ပြေစေရန်အလို့ငှာ၊ လူများပိုမိုရရှိရန်အလို့ငှာ၊ မိမိတို့၏ အလုပ်လုပ်နိုင်စွမ်းကို ပြသရန်အလို့ငှာနှင့် မိမိတို့၏ တာဝန်တွင် သစ္စာစောင့်သိပုံပေါ်ရန်အလို့ငှာ ၎င်းတို့သည် ဤနည်းလမ်းကို အကြံထုတ်ခဲ့ကြပြီး ယင်းကို စာအုပ်အဖြစ် ပုံနှိပ်ခြင်းဖြင့် လက်တွေ့အဖြစ်သို့ပင် ပြောင်းလဲခဲ့ကြသည်။ သို့သော် ဤစာအုပ်သည် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နှင့် လုံးဝကွဲပြားသော စာအုပ်ဖြစ်သည်။ ဤနည်းလမ်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကလီကမာလုပ်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) လူအများစုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကလီကမာလုပ်ခြင်းသည် ဘုရားသခင်ကို အတိုက်အခံလုပ်သည့် နည်းလမ်းတစ်ခုဖြစ်ကြောင်း သိရှိကြသလော။ (သိရှိပါသည်။) လူအများစုတွင် ဤသို့သော သတိပြုမိခြင်း ရှိကြသလော။ ယနေ့ ဤမျှလောက် မိတ်သဟာယပြုပြီးနောက် သင်တို့သည် ဟုတ်ပါသည်ဟု အလွယ်တကူ ပြောနိုင်ကြသည်။ သို့သော် အကယ်၍ သင်တို့သည် လွန်ခဲ့သော သုံးနှစ် သို့မဟုတ် ငါးနှစ်က ဧဝံဂေလိ တရားဟောပြောနေခဲ့မည်ဆိုလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ စကားလုံးတစ်လုံး သို့မဟုတ် ဝါကျတစ်ကြောင်းမျှ ကလီကမာမလုပ်သင့်ကြောင်းကို သင်တို့ သတိမူမိခဲ့မည်လော။ သင်တို့တွင် ထိုသို့သော ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ရှိခဲ့မည်လော။ (ရှိခဲ့မည်မဟုတ်ပါ။) သို့ဆိုလျှင် သင်တို့သည် မည်သို့သော နောက်ခံအကြောင်းအရာအတွင်း၌ ဤသို့သော သတိပြုမိခြင်း ကင်းမဲ့ခဲ့မည်နည်။ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး လုံးဝကင်းမဲ့သည့် အခြေအနေတွင် ရှိခဲ့သောကြောင့်များ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိမိတို့သဘောအတိုင်း ပြောင်းလဲဝံ့ခဲ့ကြခြင်း ဖြစ်မည်လော။ အကယ်၍ တစ်စုံတစ်ဦးသည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး လုံးဝကင်းမဲ့ပါက ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စိတ်ကူးပေါက်သကဲ့သို့ ကလီကမာလုပ်ဝံ့မည်ဖြစ်ပြီး မူရင်းအဓိပ္ပာယ်၊ ဘုရားသခင်၏ ပြောဆိုဟန်နှင့် တိကျသော စာပိုဒ်တစ်ပိုဒ်၏ ရည်ရွယ်ထားသော အကျိုးသက်ရောက်မှုကို ပြောင်းလဲကာ ဤအပိုဒ်က ရှင်းလင်းဖော်ပြသည့် ရည်ရွယ်ချက်များ၊ အဓိကအချက်နှင့် အလေးပေးချက်တို့ကို ဖျက်ပစ်လိမ့်မည်၊ ဤအရာအားလုံးသည် ကလီကမာလုပ်ခြင်းပင် ဖြစ်သည်။

လွန်ခဲ့သော နှစ်အနည်းငယ်က မမျှော်လင့်သော တွေ့ဆုံမှုတစ်ခုအတွင်း ဧဝံဂေလိအဖွဲ့မှ တစ်စုံတစ်ယောက်က မေးခွန်းတစ်ခုကို မေးခဲ့သည်။ “တိုင်းရင်းသား လူမျိုးစုတစ်စုအား ဘုရားအမှုတော်အသစ်အတွက် သက်သေခံသည့်အခါတွင် ဘုရားက ၎င်းတို့ကို ဖော်ထုတ်သည့်အပိုင်းများကို ၎င်းတို့က ပစ်ပစ်ခါခါငြင်းပြီး နားမထောင်လိုကြပါ၊ ပြီးလျှင် ဤအပိုင်းများနှင့်ပတ်သက်၍ ၎င်းတို့တွင် အယူအဆများ ရှိကြသည်။ သို့ဖြစ်၍ ဤနှုတ်ကပတ်တော်များသည် ၎င်းတို့ ဘုရားအမှုတော်သစ်ကို လက်ခံရန် အတားအဆီးတစ်ခု ဖြစ်လာသည်။ ကျွန်ုပ်တို့သည် ထိုနှုတ်ကပတ်တော်များကို ကလီကမာလုပ်ဖို့ စဉ်းစားနေကြသည်။ ပြောင်းလဲပြီးသွားလျှင် ၎င်းတို့ လက်ခံနိုင်သွားမည်ဖြစ်ပြီး ဘုရားအမှုတော်အသစ် သို့မဟုတ် ဘုရား၏ ဤတစ်ကြိမ် လူ့ဇာတိခံယူခြင်းနှင့်ပတ်သက်၍ အယူအဆများ ရှိတော့မည် မဟုတ်ပါ” ဟူ၍ ဖြစ်လေသည်။ ဤမေးခွန်းနှင့်ပတ်သက်၍ သင်တို့ မည်သို့ထင်သနည်း။ အကယ်၍ ဤသို့တွေ့ဆုံပြီး ဧဝံဂေလိအလုပ်ကို ဆွေးနွေးခွင့်သာ မရှိခဲ့ပါက ၎င်းတို့သည် ဤနှုတ်ကပတ်တော်များကို မိမိတို့သဘောအတိုင်း ကလီကမာလုပ်ခဲ့ကြပေမည်။ ၎င်းတို့၏ စိတ်ကူးများအတိုင်းဆိုလျှင် ထိုတိုင်းရင်းသားလူမျိုးစုမှ သုံးဦး၊ ငါးဦး၊ ဆယ်ဦး သို့မဟုတ် ထို့ထက်ပင် ပိုသောသူတို့သည် ဘုရားသခင်၏ အမှုတော်သစ်ကို လက်ခံလာနိုင်ကောင်း လက်ခံလာနိုင်မည် ဖြစ်သည်။ သို့သော် ထိုအကြောင်းကို ယခုလောလောဆယ် ဘေးဖယ်ထားဦးစို့၊ ဧဝံဂေလိ တရားဟောသူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူ့အယူအဆများနှင့် ကိုက်ညီစေရန် အမြဲတစေ ပြောင်းလဲလိုကြသည်။ ၎င်းတို့သည် ဘုရားသခင်က ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကို ဖော်ထုတ်ပြီး တရားစီရင်သည့်၊ ကိုယ်တော်က ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အနှစ်သာရကို ဖော်ထုတ်သည့် နှုတ်ကပတ်တော်များကို အမြဲတစေ ဖျက်ပစ်လိုကြသည်။ ထိုသို့သော အပြုအမူ၏ သဘောသဘာဝမှာ အဘယ်နည်း။ ဤသို့သော လုပ်ရပ်မျိုးသည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးကို ထင်ဟပ်စေသလော။ (မထင်ဟပ်စေပါ။) ငါ၏အမြင်တွင် တိုင်းရင်းသားလူမျိုးစု သို့မဟုတ် ဂိုဏ်းဂဏတစ်ခုမှ လူတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် အယူအဆများ ရှိကြသည်မဟုတ်၊ အခြေခံအားဖြင့် ဧဝံဂေလိ တရားဟောနေသော လူတို့ကိုယ်တိုင်က အယူအဆများ ရှိနေခြင်းဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ၎င်းတို့အတွက် လက်ခံနိုင်ဖွယ်မရှိပါ၊ ၎င်းတို့သည် ယင်းတို့ကို အတွင်းစိတ်ထဲမှ အတိုက်အခံလုပ်ပြီး အလွန်အမင်း မနှစ်မြို့ကြ၊ ၎င်းတို့သည် ဘုရားသခင်ထံမှ ဤနှုတ်ကပတ်တော်များကို နားမထောင်လိုကြဘဲ မနှစ်သက်ကြပေ။ ၎င်းတို့သည် အကယ်၍ ဤအရာများသည် ဘုရားနှုတ်ကပတ်တော်များ အမှန်တကယ်ဖြစ်ပါက ယင်းတို့သည် ချစ်ခြင်းမေတ္တာနှင့် ပြည့်ဝသင့်ပြီး ပါးရိုက်သကဲ့သို့ လူတို့ကို အလွန် ပွင့်ပွင့်လင်းလင်းနှင့် တဲ့တိုး မဖော်ထုတ်သင့်ဟု ယုံကြည်ကြသည်။ သို့ဖြစ်၍ ၎င်းတို့သည် ဧဝံဂေလိတရားဟောမည်ဆိုလျှင် ဤနှုတ်ကပတ်တော်များကို ဖယ်ရှားနိုင်မည်လောဟု ပြင်းထန်စွာ တောင်းဆိုကြသည်။ ဧဝံဂေလိတရားဟောရန်နှင့် လူတို့ကို ရရှိရန်၊ ဘုရားသခင်သည် တစ်ကြိမ်တစ်ခါမျှ အလျှော့ပေးကာ ပို၍ လိမ္မာပါးနပ်စွာနှင့် နှစ်လိုဖွယ်ဖြစ်အောင် ပြောဆိုနိုင်မည်လော။ ဘုရားသခင်၏ အမှုတော်အသစ်ကို လူများပိုမိုလက်ခံစေရန်၊ ဘုရားသခင်၏ ရှေ့မှောက်သို့ ပို၍များပြားသော လူများကို ဆောင်ကြဉ်းရန် ဘုရားသခင်သည် သူ၏ ဗျူဟာနှင့် ပြောဆိုဟန်ကို ပြောင်းလဲကာ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကို သဘောတူလိုက်လျောပြီး အလျှော့ပေးသည့်အပြင် ဦးညွှတ်တောင်းပန်ကာ ခွင့်လွှတ်ပေးဖို့ အသနားခံနိုင်မည်လော။ သို့ဖြစ်၍ ဤပြဿနာသည် မည်သည့်ဂိုဏ်းဂဏမှ လူများ၏ ပြဿနာမဟုတ်ဘဲ အခြေခံအားဖြင့် ဧဝံဂေလိအမှုဆောင်များ၏ ပြဿနာသာ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ စကားလုံးတစ်လုံးမျှဖြစ်စေ၊ ဝါကျတစ်ကြောင်းမျှဖြစ်စေ ကလီကမာမလုပ်ဘဲနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူအားလုံးကို အယူအဆများ ဖြစ်ပေါ်စေနိုင်သည့်တိုင် ဘုရားသခင်၏ ရှေ့မှောက်သို့ တဖြည်းဖြည်း လာရောက်ပြီး သူ၏ အမှုတော်သစ်ကို လက်ခံကြသောသူများစွာ ရှိနေဆဲဖြစ်သည်။ ၎င်းတို့၏ အယူအဆများသည် ၎င်းတို့ကို ဘုရားသခင်၏ အမှုတော်သစ်ကို လက်ခံခြင်းမှ တားဆီးခဲ့သလော။ လုံးဝမတားဆီးခဲ့ပေ။ အကယ်၍ ဘုရားသခင်ပြောဆိုသော ဤနှုတ်ကပတ်တော်များသည် လူသားတို့ လိုအပ်သောအရာမဟုတ်ဘဲ လူသားတို့၏ အမှန်တကယ်အခြေအနေကို ထင်ဟပ်ခြင်းမရှိပါက လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်မခံခြင်းသည် နားလည်နိုင်ဖွယ်ဖြစ်မည်ဖြစ်ပြီး ဘုရားသခင်သည် သူ၏ ပြောဆိုဟန်နှင့် ပြောဆိုချက်၏ အကြောင်းအရာကို ပြောင်းလဲရန် စဉ်းစားကောင်း စဉ်းစားပေမည်။ သို့သော်လည်း ဘုရားသခင် ပြောဆိုသော စကားလုံးနှင့် ဝါကျတိုင်းသည် လူသားတို့၏ အမှန်တကယ်အခြေအနေကို ထင်ဟပ်ပြီး လူသားတို့၏ အသက်ဝင်ရောက်မှုနှင့် ကယ်တင်ခြင်းတို့နှင့် ဆက်စပ်နေသည်။ အကယ်၍ လူတို့သည် အယူအဆများရှိပြီး ယင်းတို့ကို လက်မခံနိုင်ပါက ယင်းက လူသားများသည် ကောက်ကျစ်ဆိုးယုတ်ကြောင်း၊ ညစ်ညမ်းကြောင်းနှင့် အလွန်ပြင်းပြင်းထန်ထန် ဖောက်ပြန်ပျက်စီးနေကြောင်း၊ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်၏ ရှေ့မှောက်သို့ လာရန် မထိုက်တန်ကြောင်းကို သက်သေပြသည်။ ယင်းက ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှားယွင်းကြောင်းကိုဖြစ်စေ၊ ဘုရားနှုတ်ကပတ်တော်များက သမ္မာတရား မဟုတ်ကြောင်းကိုဖြစ်စေ သက်သေမပြပေ။

ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်အပေါ် အယူအဆများရှိခြင်းကို မည်သို့ လုပ်ဆောင်သင့်သနည်း။ ဧဝံဂေလိတရားကို ဟောပြောသူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် ရေလောင်းခြင်းခံရပြီး နှစ်ပေါင်းများစွာ ယင်းတို့ကို နားထောင်ခဲ့ပြီးဖြစ်သည်။ သင်တို့ မည်မျှ သမ္မာတရားကို နားလည်သည်ကို မဆိုထားနှင့်၊ သဘောတရားအရ ပြောရလျှင် ဘုရာအမှုတော်၏ ရူပါရုံများ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်၏ ရည်ရွယ်ချက်၊ ဘုရားသခင်၏ လူကို ကယ်တင်ခြင်းအမှုဟူသည့် သမ္မာတရား၏ ဤကဏ္ဍအားလုံးကို သင်တို့ နားလည်ကာ အမှတ်ရပြီး သဘောပေါက်ခဲ့ပြီး မဟုတ်လော။ အကယ်၍ သင်တို့တွင် ဤအရာအားလုံးနှင့် ပြည့်စုံခဲ့ပါက သင်သည် လူတို့ အယူအဆများရှိခြင်းကို ကြောက်နေဦးမည်လော။ အကယ်၍ သင်သည် ကြောက်ပါက သင်သည် ဧဝံဂေလိ လက်ခံရန် အလားအလာရှိသူများထံ တက်ကြွစွာ ရှင်းလင်းပြသင့်သည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များအတွက် သူတို့ထံ သက်သေခံလော့၊ သမ္မာတရားကို အသေအချာ ရှင်းပြလော့။ အကယ်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နှစ်ပေါင်းများစွာ နားထောင်ပြီးနောက် သင်သည် ယင်းတို့ကို ရှင်းပြရန် သို့မဟုတ် ရှင်းလင်းအောင်လုပ်ရန် မတတ်နိုင်သေးပါက သင်သည် လုံးဝ အမှိုက်တစ်စ ဖြစ်သည်။ သင်သည် ဤတာဝန်ကို ထမ်းဆောင်နေပြီး နေ့စဉ်နေ့တိုင်း သင်သည် ဤခေါင်းစဉ်များ၊ ဤအကြောင်းအရာများ၊ ဤအမှုအရာများနှင့် ထိတွေ့ံနေသည်၊ သင်သည် ဧဝံဂေလိတရားဟောရန်နှင့် လူတို့ကို ရရှိရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကလီကမာလုပ်ခြင်းကဲ့သို့သော ထိုမျှစက်ဆုပ်ဖွယ်ကောင်းသော နည်းလမ်းကို အသုံးပြုရန် အဘယ်ကြောင့် စဉ်းစားနေဦးမည်နည်း။ အပေါ်ယံအားဖြင့် ဤသည်မှာ မှားယွင်းသော လုပ်ရပ်တစ်ခု၊ စက်ဆုပ်ဖွယ်ကောင်းသော နည်းလမ်းတစ်ခု၊ အရည်အချင်းမပြည့်မီမှု၏ ပြသမှုတစ်ခုသာဟု ထင်ရနိုင်သော်လည်း အနှစ်သာရအားဖြင့် ယင်းသည် အန္တိခရစ်တစ်ဦး၏ အနှစ်သာရ၏ သံသယဖြစ်ဖွယ်မရှိသော သရုပ်သကန်တစ်ခုဖြစ်သည်၊ အနည်းငယ်မျှ မလျော့ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တန်ဖိုးထားသောသူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ချစ်မြတ်နိုးသောသူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကြောက်ရွံ့ရိုသေသောသူများ၊ ဘုရားသခင်မိန့်ဆိုသည့် နှုတ်ကပတ်တော်တိုင်းနှင့် စာကြောင်းတိုင်းအပြင် ဘုရားသခင်ပြောဆိုသည့်ပုံစံကို လေးစားသောသူများ၊ ဘုရားသခင်ပြောဆိုသည့် ရှုထောင့်နှင့် အပိုဒ်တစ်ပိုဒ်စီတွင် သူပြောဆိုသည့်အရာကို လေးစားသောသူများမှာ ဘုရားသခင်၏ လူများဖြစ်ကြသည်။ ဘုရားသခင်၏ ရန်သူများသာ သူ၏နှုတ်ကပတ်တော်များကို မကြာခဏ လှောင်ပြောင်ကာ အထင်သေးကြသည်။ မထီမဲ့မြင်ပြုကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ်၊ ဖန်ဆင်းရှင်မှ ဖော်ပြသော နှုတ်ကပတ်တော်များအဖြစ် မမှတ်ယူပေ။ ထိုကဲ့သို့ပင် ၎င်းတို့၏စိတ်နှလုံးများ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖျက်လိုဖျက်ဆီးလုပ်ပြီး စိတ်ထင်သလို အဓိပ္ပာယ်ကောက်ရန် မကြာခဏ ဆန္ဒရှိကြသည်။ ၎င်းတို့သည် အဆုံးတွင် ပိုမိုများပြားသောလူတို့၏ ချီးမွမ်းမှုကို ရယူရန် အားစိုက်ထုတ်သည့်အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖောက်ပြန်ပျက်စီးသော လူသား၏ အကြိုက်များ၊ ဖောက်ပြန်ပျက်စီးသော လူသား၏ ရှုထောင့်အမြင်များ၊ ဖောက်ပြန်ပျက်စီးသော လူ့တွေးခေါ်ပုံများနှင့် အတွေးအခေါ်တို့ဖြင့် ကိုက်ညီစေဖို့ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ပြောင်းလဲရန် ၎င်းတို့၏ နည်းလမ်းများ၊ တွေးခေါ်ပုံနှင့် စဉ်းစားပုံနည်းလမ်းတို့ကို အသုံးပြုရန် ကြိုးစားကြသည်။ ဘုရားနှုတ်ကပတ်တော်၏ မည်သည့်အပိုင်းဖြစ်စေ၊ မည်သို့ဆက်သွယ်ပြောဆိုထားသည်ဖြစ်စေ၊ မည်သည့်ရှုထောင့်မှ ပြောဆိုထားသည်ဖြစ်စေ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ပင် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင်ရှိသော သမ္မာတရားကို ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ် နားလည်နိုင်ရန်အလို့ငှာ၊ ဘုရားနှုတ်ကပတ်တော်ကို ၎င်းတို့ ပို၍ အဆင်သင့်နားလည်နိုင်ရန်၊ ပို၍တန်ဖိုးထားနိုင်ရန်၊ ပို၍လွယ်ကူစွာရယူနိုင်ရန် ဘုရားသခင်သည် သူ၏ ရည်ရွယ်ချက်များကို ရှင်းပြပြီး လူသားမျိုးနွယ် ဝင်ရောက်သင့်သည့်အရာကို ပြောပြရန်အတွက် လူတို့အတွက် သဘောပေါက်နားလည်ဖို့ သာ၍များစွာ လွယ်ကူသော လူသားဘာသာစကားများ၊ လူသားနည်းလမ်းများအပြင် လမ်းကြောင်းများ၊ ပြောပုံဆိုပုံနှင့် စကားပြောဆိုသည့် ယုတ္တိတို့ကို အသုံးပြုလေ့ရှိသည်။ သို့တိုင်အောင် ဘုရားသခင်အား ပြစ်တင်ရှုတ်ချရန်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်သည်ကို ငြင်းပယ်ရန် အန္တိခရစ်များ အသုံးချသည့် အရာတို့မှာ ဤမထင်ရှားသည့် နည်းလမ်းများ၊ ဤမထင်ရှားသည့် လေသံအပြင် အမျိုးစုံသော မထင်ရှားသောစကားများ အတိအကျပင်ဖြစ်သည်။ ဤသည်မှာ အမှန်ပင် မဟုတ်လော။ (ဟုတ်ပါသည်။) ဤအန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် နှိုင်းယှဉ်ရန် အသိပညာနှင့် ထင်ရှားကျော်ကြားသော လူတို့၏ လက်ရာများ၊ ထင်ရှားကျော်ကြားသော လူတို့၏ ပြောဆိုချက်များ၊ စကားလုံးအသုံးအနှုန်းနှင့် အမူအရာတို့ကိုပင် မကြာခဏ အသုံးပြုကြသည်။ ၎င်းတို့ ပို၍နှိုင်းယှဉ်လေလေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အလွန်ပေါ့တန်သည်၊ အလွန်ပွင့်လင်းရိုးရှင်းသည်၊ အလွန် သာမန်စကားပြောဆန်သည်ဟု ပို၍ခံစားရလေလေ ဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကလီကမာလုပ်ရန်၊ ယင်းတို့ကို “မှန်ကန်အောင်ပြုပြင်”ရန်၊ ထို့အပြင် ဘုရားသခင်ပြောဆိုသည့် လေသံ၊ ဟန်ပန်နှင့် ရှုထောင့်ကို “မှန်ကန်အောင်ပြုပြင်”ရန် တိုး၍ လိုလားလာကြသည်။ ဘုရားသခင် မည်သို့ပင် ပြောဆိုပါစေ၊ သူ၏ နှုတ်ကပတ်တော်များက လူသားတို့ထံ အကျိုးကျေးဇူး မည်မျှပင် ဆောင်ကြဉ်းပေးပါစေ အန္တိခရစ်တို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် မည်သည့်အခါမျှ မမှတ်ယူကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် သမ္မာတရား၊ လက်တွေ့လုပ်ဆောင်ခြင်း၏ စည်းမျဉ်းများ၊ သို့မဟုတ် အသက်ဝင်ရောက်မှုအတွက် လမ်းကြောင်းကို မရှာဖွေကြပေ။ ထိုအစား ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စိစစ်ခြင်း၏ ရှုမြင်ပုံဖြင့်၊ လေ့လာခြင်း၏ သဘောထားဖြင့်၊ စေ့စေ့စပ်စပ် စိစစ်ခြင်းနှင့် စုံစမ်းစစ်ဆေးခြင်း၏ သဘောထားဖြင့် အစဉ်တစိုက် ချဉ်းကပ်ကြသည်။ စိစစ်ခြင်းနှင့် စုံစမ်းစစ်ဆေးခြင်းအားလုံးပြီးနောက်တွင် ၎င်းတို့သည် ပြောင်းလဲရန်နှင့် ပြင်ဆင်ရန် လိုအပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာ ရှိနေသေးသည်ဟု ခံစားရဆဲဖြစ်သည်။ သို့ဖြစ်၍ အန္တိခရစ်တို့အတွက်၊ ၎င်းတို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ပထမဆုံး ထိတွေ့ခဲ့သည့်နေ့မှစ၍ ယနေ့အထိ ၁၀ နှစ်၊ အနှစ် ၂၀၊ သို့မဟုတ် အနှစ် ၃၀ ယုံကြည်ပြီးနောက် အတွင်းစိတ်ထဲတွင် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် အသက်၊ သမ္မာတရား၊ လူတို့ပြောဆိုကြသော နိုင်ငံတော်သို့ တံခါး သို့မဟုတ် ကောင်းကင်ဘုံသို့ လမ်းကြောင်းတို့ ပါဝင်သည်ဟု မယုံကြည်ကြသေးပေ။ ၎င်းတို့သည် ယင်းကို မမြင်နိုင်၊ မတွေ့ရှိနိုင်ကြပေ။ သို့ဆိုလျှင် ၎င်းတို့ မည်သည့်အရာကို ခံစားရသနည်း။ ၎င်းတို့ ပို၍ယုံကြည်လေလေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပို၍ အရပ်သုံးစကားဆန်သည်ဟု အဘယ်ကြောင့် ၎င်းတို့ မြင်လေလေ ဖြစ်ရသည်ကို ၎င်းတို့ အံ့အားသင့်ကြသည်။ ၎င်းတို့သည် ပို၍ယုံကြည်လေလေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် စိတ်ဝင်စားမှု အဘယ်ကြောင့် ပိုနည်းလာလေလေဖြစ်သည်ကို အံ့ဩကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ အမှန်တကယ် သမ္မာတရား ဟုတ်မဟုတ်ကို သံသယဝင်လာကြသည်။ ဤသည်မှာ မည်သို့သော နိမိတ်လက္ခဏာမျိုး ဖြစ်သနည်း။ ကောင်းသော နိမိတ်လက္ခဏာလော သို့မဟုတ် ဆိုးသော နိမိတ်လက္ခဏာလော။ (ဆိုးသော နိမိတ်လက္ခဏာ ဖြစ်ပါသည်။) ၎င်းတို့သည် ဘုရားသခင်ကို ဤအဆင့်အထိ ယုံကြည်ခဲ့ကြသည်မှာ အတော်ပင် အံ့ဖွယ်တစ်ခု ဖြစ်ပေသည်တကား။ ၎င်းတို့သည် သမ္မာတရားကို လုံးဝ မျက်ခြည်ပြတ်ကာ ၎င်းတို့၏ ယုံကြည်ခြင်းသည် တစ်ဖက်ပိတ်လမ်းတွင် ရောက်ရှိသွားလေသည်။ ဤသည်မှာ ၎င်းတို့၏ ယုံကြည်ခြင်း၏ အဆုံးသတ် မဟုတ်လော။

သင်တို့ ဤအဖြစ်မှန်ကို သတိပြုမိကြသလော။ လူတိုင်း ဘုရားသခင်ကို စတင်ယုံကြည်သည့်နေ့၊ သူ၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသည့်နေ့၊ မိမိတို့၏ မိသားစုများ၊ အသက်မွေးဝမ်းကျောင်းများ၊ ပညာရေးများနှင့် လောကရှိ အလားအလာများကို စွန့်လွှတ်သည့်နေ့မှစ၍ လူတိုင်းသည် တူညီသော စမှတ်တွင် ရှိခဲ့ကြသည်။ သို့သော် ပြိုင်ပွဲအတွင်း၌ အချို့လူများသည် မသိမသာဖြင့် နောက်ကျကျန်ခဲ့ပြီး မိမိတို့၏ တာဝန်ကို ဆက်လက်ထမ်းဆောင်လိုခြင်း မရှိတော့ပေ။ ၎င်းတို့ အဘယ်သို့ ရောက်သွားကြသနည်း။ အချို့သည် ဘီအုပ်စုများသို့ အဆင့်လျှော့ချခံရသည်၊ အခြားသူများသည် သာမန်အသင်းတော်များသို့ ရောက်သွားကြပြီး အချို့မှာမူ အချိန်ပိုင်း တာဝန်ထမ်းဆောင်သော အသင်းတော်များတွင် မနည်းပင် ကြိုးစားရပ်တည်ကြရသည်။ ဘုရားအိမ်တော်၌ တာဝန်ထမ်းဆောင်ရန် ဆန္ဒမရှိဘဲ ရှင်းလင်းပစ်ခြင်း၏ ပစ်မှတ်များဖြစ်လာကာ တာဝန်ထမ်းဆောင်ရန် အရည်အချင်း မပြည့်မီတော့သူများဖြစ်သည့် ၎င်းတို့သည် အဘယ်ကြောင့် ယနေ့ ဤအခြေအနေသို့ ဆိုက်ရောက်ခဲ့ကြသနည်း။ အကယ်၍ သင်သည် ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားကို လူ့မျက်စိဖြင့် သိမြင်ရန် ကြိုးစားပါက သင် မမြင်နိုင်ပေ၊ အကြောင်းမှာ သင်သည် ၎င်းတို့၏ စိတ်နှလုံးထဲ၌ မည်သည့်အရာရှိသည်ကို မသိသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို ချစ်သည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ၊ ကိုယ်တော်ကို အတိုက်အခံလုပ်သည်ဖြစ်စေ၊ ကျိုးနွံနာခံသည်ဖြစ်စေ သင် ခွဲခြားသိမြင်နိုင်ခြင်း မရှိချေ။ သို့ဆိုလျှင် သင်သည် လူတစ်ဦး၏ စိတ်သဘောထား အနှစ်သာရကို မည်သို့ အဆုံးအဖြတ်ပေးသနည်း။ လွယ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ သဘောထားကိုသာ ကြည့်လော့။ ဤလူအုပ်စုတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ သဘောထားနှင့်ပတ်သက်၍ တူညီသော လက္ခဏာတစ်ရပ်ရှိသည်။ အခြေအနေ မည်သို့ပင်ဖြစ်စေ၊ ၎င်းတို့သည် ထောက်ပံ့ခြင်းအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မလိုအပ်ကြပေ။ မည်သို့သော အခက်အခဲများနှင့် ရင်ဆိုင်ရသည်ဖြစ်စေ၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် စည်းမျဉ်းများကို မရှာဖွေကြ သို့မဟုတ် သမ္မာတရားကို မရှာဖွေကြပေ။ ဤလူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုကြသည်မှာ ရှားပြီး တစ်စုံတစ်ယောက်က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆုတောင်းရင်းဖတ်ရှုသည့်အခါ သို့မဟုတ် ယင်းတို့အပေါ် မိမိတို့၏ နားလည်မှုကို မိတ်သဟာယပြုသည့်အခါ ၎င်းတို့သည် ပစ်ပစ်ခါခါငြင်းပယ်မှုကိုပင် ခံစားရကြသည်။ ၎င်းတို့သည် ပစ်ပစ်ခါခါငြင်းပယ်မှုကို မည်သို့ ပြသကြသနည်း။ ၎င်းတို့က စိတ်ထဲ၌ “သင်ပြောနေသည့်အရာအားလုံးကို ငါ သိပြီးသားဖြစ်သည်။ သင်ပြောစရာ မလိုပါ။ ဘုရား၏ ဤနှုတ်ကပတ်တော်များကို ယခင်က ငါဖတ်ဖူးသည်။ ငါသည် အားလုံးကို နားလည်သည်” ဟု တွေးကြသည်။ အကယ်၍ ၎င်းတို့သည် အရာအားလုံးကို နားလည်ပါက အဘယ်ကြောင့် ရှင်းလင်းပစ်ခြင်းခံခဲ့ရသနည်း။ အဘယ်ကြောင့် ဘီအုပ်စုများသို့ အဆင့်လျှော့ချခံခဲ့ရသနည်း။ မည်သည့်အရာ ဖြစ်ပျက်နေသနည်း။ အကြောင်းရင်းမှာ ဤလူများသည် အခြေခံအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်မခံခြင်းဖြစ်သည်၊ ၎င်းတို့သည် ယင်းတို့ကို စက်ဆုပ်ရွံရှာပြီး ရန်လိုကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စက်ဆုပ်ရွံရှာပြီး ရန်လိုသော တစ်စုံတစ်ဦးသည် ယင်းတို့ကို လက်တွေ့လုပ်ဆောင်နိုင်မည်လော။ သင်က ၎င်းတို့ကို “အကယ်၍ သင် အခြေအနေတစ်ခုခုကို ကြုံတွေ့ခဲ့ပါက သင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသင့်သည်” ဟု ပြောသည့်အခါ ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ၎င်းတို့၏ တိကျသော တုံ့ပြန်မှုများမှာ အဘယ်နည်း။ (၎င်းတို့က လက်တွေ့ကျသော ပြဿနာများသည် လက်တွေ့ကျသော ဖြေရှင်းနည်းများ လိုအပ်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရန် မလိုအပ်ဟု ပြောပေမည်။) ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းသည် မရေရာသော လုပ်နည်းကိုင်နည်းဖြစ်ပြီး လက်တွေ့ကျသော ပြဿနာများသည် လက်တွေ့ကျသော ဖြေရှင်းနည်းများ လိုအပ်သည်ဟု တွေးထင်ကြသည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ လေသံဖြစ်သည်။ ၎င်းတို့ မည်သည့်အရာကို ဆိုလိုသနည်း။ “လူသားများ၌ ကိုယ့်နည်းလမ်းနှင့်ကိုယ် ရှိကြသည်။ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းက အဘယ်အကျိုးရှီသနည်း။ ဘုရားနှုတ်ကပတ်တော်များသည် အရာအားလုံးကို ဖြေရှင်းနိုင်သည်ဟု သင်ထင်သလော” ဟူ၍ဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် အခက်အခဲတစ်ခုခု ကြုံတွေ့ပါက ယင်းသည် အခက်အခဲတစ်ခုမျှသာဖြစ်ပြီး ထိုသူ၏ အတွင်းပိုင်းအခြေအနေ သို့မဟုတ် စိတ်သဘောထား၏ ထင်ဟပ်မှု လုံးဝမဟုတ်ဟု ၎င်းတို့က ယူဆကြသည်။ ၎င်းတို့သည် ဤအရာကို မမြင်ကြသကဲ့သို့ ယင်းကို အဖြစ်မှန်အဖြစ် အသိအမှတ်လည်း မပြုကြပေ။ ၎င်းတို့က “လူ့အခက်အခဲများသည် ဝက်အူတစ်လုံးမရှိသော စက်တစ်လုံးနှင့်တူသည်၊ ဝက်အူကို ထည့်လိုက်ရုံနှင့် ပြင်ပြီးသားဖြစ်သွားသည်။ ဘုရားနှုတ်ကပတ်တော်များကို အဘယ်ကြောင့် ရှာဖွေရမည်နည်း။ ယင်းတို့အားလုံးမှာ ဝိညာဉ်ရေးရာ ပြည့်ဝယောင် ဟန်ဆောင်ခြင်းသာ ဖြစ်သည်။ ငါသည် ယင်းကို မည်သည့်အခါမျှ လုပ်ဆောင်မည်မဟုတ်။ ယင်းသည် မိုက်မဲသည်။ ဘုရားနှုတ်ကပတ်တော်သည် အရာအားလုံးကို ဖြေရှင်းနိုင်သည်ဟု သင်ထင်သလော။ ယင်းမှာ ထိုသို့ လုံးဝ မဟုတ်ပါ” ဟု ယုံကြည်ကြသည်။ ဤသည်မှာ သမ္မာတရားကို လက်မခံသောသူတစ်ဦး ဖြစ်သည်မှာ သိသာထင်ရှားပေသည်။ ထို့အပြင် အချို့လူများ ပြဿနာများနှင့် ရင်ဆိုင်ရသည့်အခါ၊ သင်က ၎င်းတို့ကို ကူညီရန် မိတ်သဟာယပြုပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ အပိုဒ်တစ်ပိုဒ်ကို ဖတ်ပြသည့်အခါ ၎င်းတို့သည် နားထောင်ပြီးနောက် ဤသို့ တုံ့ပြန်ကြသည်။ “ထိုအပိုဒ်ကို ငါ အလွတ်ရပြီးသားဖြစ်သည်၊ ယင်းကို ငါအကြိမ်ပေါင်းများစွာ ရွတ်ဖူးသည်။ သင်သည် ငါ့ကို အဘယ်ကြောင့် ပြောနေသနည်း။ ငါသည် သင့်ထက် ယင်းကို ပို၍ နားလည်သည်၊ ယင်းမှာ အကျိုးမရှိပါ၊ ယင်းက ငါ့ပြဿနာကို ဖြေရှင်းပေးမည်မဟုတ်” ဟူ၍ ဖြစ်လေသည်။ ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ (၎င်းတို့သည် သမ္မာတရားကို လက်မခံကြပါ။) ၎င်းတို့သည် သမ္မာတရားကို လက်မခံကြဘဲ မိမိတို့၏ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးမှုကို အသိအမှတ်ပြုရန် ငြင်းပယ်ကြသည်၊ ဤသည်မှာ ပြဿနာရှိသောအရာဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးမှုကို ဝန်မခံကြသောကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းသည် ဝတ်ကျေတမ်းကျေ လုပ်ဆောင်ခြင်းမျှသာဖြစ်ပြီး အကျိုးမရှိဟု တွေးထင်ကြသည်။ ၎င်းတို့သည် မိမိတို့၏ ပြဿနာများကို ဖြေရှင်းရန် ချက်ချင်း အာနိသင်ပြသောဆေး၊ အံ့ဖွယ်ကုထုံးတစ်ခုကို ရှာဖွေလိုကြပြီး ဤပြဿနာ၏ အနှစ်သာရမှာ သမ္မာတရားကို လက်မခံဘဲ ငြင်းပယ်ခြင်း ဖြစ်သည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကလီကမာလုပ်ခြင်း၊ အနက်ဖွင့်ခြင်းနှင့်သက်ဆိုင်သော ဤသရုပ်သကန်နှင့်ပတ်သက်၍ သင်တို့၌ ဥပမာတစ်ခုခု ရှိသလော။ (သံစုံကျူးအယ်လ်ဘမ်၏ ဗီဒီယိုအမှတ် ၂၀ ကို ထုတ်လုပ်စဉ်တွင် ဘုရားသခင်က ကျမ်းချက်များကို ဖန်သားပြင်ပေါ်တွင် တစ်ခုပြီးတစ်ခု ဖော်ပြရန် ညွှန်ကြားခဲ့သည်။ ထိုအချိန်က အချို့သော ညီအစ်ကိုမောင်နှမများက ကျမ်းချက်များ ရှည်လွန်းသည်ဟု ယူဆပြီး စကားစုအချို့ကို ဖျက်ပစ်ခဲ့ကြသည်။ နောက်ပိုင်းတွင် ဘုရားသခင်သည် ဤပြဿနာကို တွေ့ရှိခဲ့ပြီး အတော်အတန် တင်းမာစွာ စိစစ်ခဲ့ကာ ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပြစ်မှားစော်ကားခြင်း ဖြစ်သည်ဟု ဆိုခဲ့သည်။) သမ္မာကျမ်းစာ၌ မှတ်တမ်းတင်ထားသော ဘုရားသခင်၏ မူရင်းစကားများနှင့်ပတ်သက်လျှင် ထိုအရာများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြစ်ပြီး လူတို့က ပြောင်းလဲခြင်း မပြုရပေ၊ ပြီးလျှင် အချို့သော ပရောဖက်များ၏ ပရောဖက်ပြုချက်များနှင့်ပတ်သက်၍လည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်၊ ဤအရာများသည်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြစ်သည်၊ ယင်းတို့သည် ဘုရားသခင်၏ တိုက်တွန်းတော်မူခြင်းဖြစ်ပြီး ပြောင်းလဲခြင်း မပြုသင့်ပေ။ ငါ၏အမြင်တွင် ဤနှုတ်ကပတ်တော်များသည် မူရင်းဘာသာစကားဖြင့် မဟုတ်ဘဲ ဘာသာပြန်ချက်များ ဖြစ်ကြသော်လည်း နှစ်ပေါင်းများစွာ ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်ခဲ့သဖြင့် ဘာသာပြန်ချက်၏ အဓိပ္ပာယ်သည် များသောအားဖြင့် တိကျမှန်ကန်ခဲ့သည်။ ဤအရာကို သင် အသိအမှတ်ပြုသင့်သည်။ ထို့ကြောင့် ဤနှုတ်ကပတ်တော်များကို ပုံမှန်မိတ်သဟာယ၌ အသုံးပြုလျှင် အပြည့်အစုံ ပြန်ပြောရန် မလိုအပ်ပေ၊ အဓိကအချက်ကိုသာ ပြောပြ၍ရသည်။ သို့သော်လည်း တကယ့်အဖြစ်မှန်များကို ပြုပြင်မွမ်းမံခြင်း မပြုသင့်ပေ။ ကိုးကားလျှင် မူရင်းဝါကျ အပြည့်အစုံကို ကောက်နုတ်ရမည်။ ဤစည်းမျဉ်းသည် မည်သို့ရှိသနည်း။ (ကောင်းပါသည်။) အဘယ်ကြောင့် ဤနည်းအတိုင်း လုပ်ဆောင်ရသနည်း။ အချို့လူများက “ထိုအရာအားလုံးသည် အတိတ်မှာ ကျန်ခဲ့ပြီ၊ ကျွန်ုပ်တို့ ထိုမျှ အလေးအနက်ထားဖို့ လိုအပ်သလော” ဟု ဆိုကြသည်။ မလိုအပ်ပေ၊ ဤသည်မှာ သဘောထားတစ်ခု၊ စိတ်ဓာတ်တစ်ခုနှင့် သက်ဆိုင်သည်။ အတိတ်၌ဖြစ်စေ၊ ပစ္စုပ္ပန်၌ဖြစ်စေ၊ အနာဂတ်၌ဖြစ်စေ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များသာဖြစ်ပြီး လူ့စကားနှင့် တန်းတူထားခြင်း မပြုသင့်ပေ။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အလွန် စေ့စပ်သေချာသော သဘောထားဖြင့် သဘောထားပြုမူသင့်သည်။ သမ္မာကျမ်းစာကို မူရင်းကျမ်းမှ ဘာသာစကားအမျိုးမျိုးသို့ ဘာသာပြန်ပြီးနောက် အချို့သော အဓိပ္ပာယ်များသည် မူရင်းနှင့် တိတိကျကျ ကိုက်ညီမှုမရှိနိုင်ပေ၊ သို့မဟုတ် ဘာသာပြန်ချက်နှင့် မူရင်းတို့တွင် တူညီသောဝါကျကြား၌ ကွဲလွဲမှုများ ရှိကောင်းရှိနိုင်သည်။ ဘာသာပြန်သူများက “မှတ်ချက်။ တစ်စုံတစ်ခု” ဟု ထည့်ကောင်းထည့်နိုင်သည်၊ သို့မဟုတ် ကွင်းစကွင်းပိတ် အတွင်း၌ “သို့မဟုတ် ... ဟု ဘာသာပြန်သည်” ဟု ထည့်ကောင်းထည့်နိုင်သည်။ သမ္မာကျမ်းစာ၏ မူရင်းကျမ်းများကို ဘာသာပြန်ခဲ့သောသူများသည် ဘုရားသခင်ကို ယုံကြည်သူများအားလုံး ဖြစ်ကြသည်ဟု သင်တို့ ထင်သလော။ (ဟုတ်ချင်မှဟုတ်ပါမည်။) ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းမှုကို ရှောင်သောသူများ သေချာပေါက် မဟုတ်ခဲ့ကြပေ၊ သို့ဆိုလျှင် ၎င်းတို့သည် ဤတာဝန်ကို အဘယ်ကြောင့် ဤမျှ တိကျစွာ ကိုင်တွယ်နိုင်ခဲ့သနည်း။ ဘာသာတရားမရှိသူများက ဤသည်ကို ပညာရှင်ဆန်ခြင်းဟု ခေါ်သော်လည်း ဘုရားသခင်ကို ယုံကြည်သူများကမူ ယင်းကို ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိခြင်းဟု ခေါ်သင့်သည်။ သင်သည် ဤမျှလောက်သော ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးပင် မရှိလျှင် သင်သည် ဘုရားသခင်ကို ယုံကြည်သူတစ်ဦး ဖြစ်နေသေးသလော။

သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ်၌ ရိုသေကိုင်းရှိုင်းသော သဘောထားတစ်ခု ရှိရမည်ဖြစ်ပြီး သင်သည် စုဝေး၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိတ်သဟာယဖွဲ့သည့်အခါတွင် ယင်းတို့ကို သင်ဖတ်ရှုပြီးနောက် သင်၏ ကိုယ်ပိုင်အသိပညာနှင့် ဤအတွေ့အကြုံများမှ သင်သင်ယူခဲ့သည့်အရာတို့ကို ပြောဆိုသည့်အခါ သင်၏ ကိုယ်ပိုင်အတွေ့အကြုံများကို ပေါင်းစပ်ထည့်သွင်းနိုင်သည်။ သို့ရာတွင် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ ကိုယ်ပိုင်ဖန်တီးမှုများအဖြစ် သဘောထားပြုမူခြင်း မပြုရသည့်အပြင် သင်အလိုရှိသလို ယင်းတို့ကို အနက်မဖွင့်ရပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအား ရှင်းပြဖို့ သင့်ကို မလိုအပ်သကဲ့သို့၊ သင်သည် ယင်းတို့ကို ရှင်းလင်းစွာ၊ သို့မဟုတ် ထိုက်သင့်သည့် အားလျော်စွာ ရှင်းမပြနိုင်ပေ။ သင်တို့၌ အသေးစား ဉာဏ်ပွင့်ခြင်းနှင့် အလင်းပေးခြင်း အချို့ဖြစ်စေ၊ အတွေ့အကြုံအချို့ ရှိရုံမျှဖြစ်စေ လုံလောက်သော်လည်း သမ္မာတရားကို ရှင်းပြရန် ကြိုးစားခြင်း သို့မဟုတ် လူတို့အား ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်စေဖို့ သင်တို့၏ ရှင်းပြချက်ကို အသုံးပြုရန် ကြိုးစားခြင်းသည် မဖြစ်နိုင်သောအရာ ဖြစ်သည်။ ဤသည်မှာ အမှုအရာများကို မှားယွင်းသော လုပ်ဆောင်နည်း ဖြစ်သည်။ ဥပမာအားဖြင့် အချို့သောသူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် ဘုရားသခင်က ရိုးသားသောသူများကို ချစ်သည်ဟု ဖတ်ရ၏။ ဘုရားသခင်သည် တစ်ချိန်က လူသားကို “သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့။ ဤထက်လွန်သောစကားသည် မကောင်းသောအရာနှင့် စပ်ဆိုင်ပေ၏။” (ရှင်မဿဲခရစ်ဝင် ၅:၃၇) ဟု ပြောခဲ့သည်။ ယနေ့တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည်လည်း လူများကို ရိုးသားဖို့ တောင်းဆိုထားသည်။ ထို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် တောင်းဆိုမှုများအပေါ် ထားရှိရန် သင့်တော်သည့် သဘောထားသည် မည်သည့်အရာဖြစ်သင့်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် ရှာဖွေလော့။ ဘုရားသခင်က ပြောခဲ့သည်၊ “သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့။” သို့ဆိုလျှင် ဘုရားသခင်၏ အမြင်တွင် ရိုးသားသူများသည် မည်သို့ အတိအကျ ပြုမူသနည်း။ ရိုးသားသောလူများသည် မည်သို့စကားပြောသနည်း၊ ၎င်းတို့သည် မည်သို့ပြုမူကြသနည်း၊ ၎င်းတို့၏တာဝန်ကို ၎င်းတို့ မည်သို့ ကိုင်တွယ်ကြသနည်း၊ ပြီးလျှင် ၎င်းတို့သည် အခြားသူများနှင့် မည်သို့ သဟဇာတကျကျ ပူးပေါင်းဆောင်ရွက်သနည်း။ လူများသည် ဤစည်းမျဉ်းများနှင့် လက်တွေ့လုပ်ဆောင်သည့် လမ်းကြောင်းများအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရှာဖွေသင့်ပြီး ကိုယ်တော်တောင်းဆိုသည့် ရိုးသားသည့်လူများ ဖြစ်လာသင့်သည်။ ဤသည်မှာ မှန်ကန်သည့် သဘောထားဖြစ်သည်၊ သမ္မာတရားကို ရှာဖွေသူများ ပိုင်ဆိုင်သင့်သည့် သဘောထားဖြစ်သည်။ သို့ဖြစ်လျှင် သမ္မာတရားကို မရှာဖွေ၊ မချစ်မြတ်နိုးဘဲ ဘုရားသခင်နှင့် ကိုယ်တော်၏ နှုတ်ကပတ်တော်များကို ကြောက်ရွံ့သောစိတ်နှလုံး မရှိသူတို့သည် မည်သို့ ပြုမူကြသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ပြီးနောက် ၎င်းတို့က “ဘုရားသည် လူတို့အား ရိုးသားရန် တောင်းဆို၏။ ယင်းသည် ယခင်က သခင်ယေရှု ပြောခဲ့သည့်အရာပင် ဖြစ်သည်။ ယနေ့တွင် ဘုရားသည် လူတို့အား ရိုးသားရန် နောက်တစ်ကြိမ် ပြောပြန်သည်။ ငါသဘောပေါက်ပြီ၊ ရိုးသားသောသူများ ဆိုသည်မှာ မာယာကင်းသောသူများပင် မဟုတ်လား။ ဟန်ဆောင်မှုကင်းသောသူများသည် အမြဲအောင်မြင်သည်၊ လူကောင်းတို့သည် ငြိမ်းချမ်းသောဘဝကို ရရှိကြသည်၊ ဟန်ဆောင်မှု ကင်းသောသူများကို လိမ်ညာလှည့်ဖြားခြင်းသည် အပြစ်ဖြစ်သည်ဟု လူတို့ပြောဆိုကြသည့်အတိုင်းပင် မဟုတ်လား” ဟု တွေးကြလေသည်။ ကြည့်ပါ၊ ဘုရားသခင်သည် မာယာကင်းသူများ ခံစားရသည့် မတရားမှုများကို တရားသဖြင့်ဖြစ်အောင် ပြုနေသည်” ဟု ၎င်းတို့က ချက်ချင်းပြောကြသည်။ ဤစကားများသည် သမ္မာတရားဖြစ်သလော။ ဤသည်တို့မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ၎င်းတို့လေ့လာတွေ့ရှိသွားသည့် သမ္မာတရား အခြေခံမူများလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ဤစကားများသည် အဘယ်နည်း။ ယင်းတို့ကို မိစ္ဆာဒိဋ္ဌိအယူများနှင့် အတွေးမှားများဟု ခေါ်နိုင်သလော။ (ခေါ်နိုင်ပါသည်။) ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသူများနှင့် သမ္မာတရားကို မချစ်သည့်သူများသည် လူသားမျိုးနွယ်အလယ်တွင် နားဝင်ချိုပြီး မှန်ကန်သည်ဟု ယုံကြည်ထားသည့်အရာကို ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် အမြဲဆက်နွှယ်ကြသည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တန်ဖိုးကို အဆင့်လျှော့နေခြင်း မဟုတ်လော။ ဤသည်မှာ သမ္မာတရားကို လူသားတို့အကြား၌ ဆောင်ပုဒ်တစ်ရပ်အဖြစ်လည်းကောင်း၊ မည်သို့ကျင့်ကြံပြုမူရမည်ဟူသော အကြောင်းပြချက်တစ်ခုအဖြစ်လည်းကောင်း ဖန်တီးခြင်းပင် မဟုတ်လော။ ဘုရားသခင်သည် လူတို့အား ရိုးသားရန် တောင်းဆိုသော်လည်း ဤလူတို့သည် ရိုးသားသောသူတို့ မည်သို့ပြုမူသည်ကိုလည်းကောင်း၊ မည်သို့ ရိုးသားရမည်ကိုလည်းကောင်း၊ ရိုးသားခြင်း၏ ကျင့်ဝတ်သီလများကား အဘယ်အရာ ဖြစ်သည်ကိုလည်းကောင်း လျစ်လျူရှုကြပြီး ဘုရားသခင်က လူတို့အား ဟန်ဆောင်မှုကင်းရန် တောင်းဆိုသည်ဟုလည်းကောင်း၊ ဟန်ဆောင်မှုကင်းသူများ၊ အသုံးမကျသူများနှင့် စဉ်းစားဉာဏ်မရှိသူများ အားလုံးသည် ရိုးသားသောသူများ ဖြစ်ကြသည်ဟုလည်းကောင်း မရှက်မကြောက် ပြောဆိုကြသည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တလွဲအနက်ဖွင့်ခြင်းဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တလွဲအနက်ဖွင့်ကြသည့်တိုင် မိမိတို့ကိုယ်ကို အလွန်ပါးနပ်သည်ဟု ထင်မှတ်နေကြသေး၏၊ တစ်ချိန်တည်းမှာပင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ဤသို့သာဖြစ်သည်ဟု ထင်မှတ်ကြသည်။ “သမ္မာတရားသည် ထိုမျှ နက်နဲခြင်းမရှိ၊ ဟန်ဆောင်မှုကင်းသောသူတစ်ဦး ဖြစ်ခြင်းမျှသာ မဟုတ်လော။ ဟန်ဆောင်မှု ကင်းသောသူတစ်ဦး ဖြစ်ရန်မှာ အလွန်ပင် လွယ်ကူရိုးရှင်းလှသည်။ သူတစ်ပါးပစ္စည်းကို မခိုးနှင့်၊ လူများကို မဆဲဆိုနှင့် သို့မဟုတ် အခြားသူများကို မရိုက်နှက်နှင့်။ ‘ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့် နေရာတိုင်းတွင် သက်ညှာပါ။’ အရာခပ်သိမ်း၌ သူတစ်ပါးအပေါ် အလျှော့ပေးလော့၊ မိမိကိုယ်ကို ချုပ်တည်းပြီး သူတစ်ပါးကို သည်းခံလော့၊ လူကောင်းတစ်ယောက်ဖြစ်လော့၊ ပြီးလျှင် လူကောင်းတို့သည် ငြိမ်းချမ်းသောဘဝကို ရရှိကြသည်” ဟူ၍ ဖြစ်သည်။ ၎င်းတို့က များစွာ ပြောကြသော်လည်း ယင်းတို့ထဲမှ တစ်ခုတလေကမျှ သမ္မာတရားနှင့် မကိုက်ညီပေ၊ ယင်းတို့မှာ မိစ္ဆာဒိဋ္ဌိအယူများနှင့် အတွေးမှားများသာ ဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အတန်ငယ် ဆက်စပ်နေဟန်၊ ထိုနှုတ်ကပတ်တော်များနှင့် အနည်းငယ် ပတ်သက်နေပုံပေါက်သော်လည်း လူတစ်ဦးသည် ထိုကိစ္စကို စဉ်းစားဆင်ခြင်၍ ပိုင်းခြားသိမြင်အောင် လုပ်လိုက်သည့်အခါ ယင်းသည် အထင်အမြင်မှားစေသည့် ပြောဆိုချက်များသာ၊ လူတို့၏ အတွေးအမြင်များကို နှောင့်ယှက်သည့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာများသာ ဖြစ်ကြောင်းကို သဘောပေါက်လာ၏။ ဥပမာအားဖြင့် ဘုရားသခင်က သူ၏အနှစ်သာရတွင် ချစ်ခြင်းမေတ္တာရှိကြောင်း၊ လူကို သူချစ်ကြောင်း ပြောဆိုသည်။ လူအပေါ် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို သူပြောဆိုသည့်အရာမှတစ်ဆင့်၊ လူကို သူဆက်ဆံပုံမှတစ်ဆင့်၊ လူကို ကယ်တင်ရန် သူ၏ အပင်ပန်းခံရသော ရည်ရွယ်ချက်မှတစ်ဆင့်၊ ပြီးလျှင် လူအပေါ် သူအမှုပြုပုံ၏ မရေမတွက်နိုင်သော သွင်ပြင်လက္ခဏာများမှတစ်ဆင့် လူတို့ကို ပြသသည်၊ ပြီးလျှင် လူကို သူ၏ကယ်တင်ခြင်းအား ပြသသည့်နည်းတူ လူတို့က ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို သိရှိလာစေရန် ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် လူကို သူကယ်တင်သည့် နည်းလမ်းတို့ကိုလည်း ထင်ရှားစေသည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သော ထိုလူများက မည်သို့ထင်သနည်း။ “ဘုရားသည် လူကိုချစ်သော ဘုရားတစ်ပါးဖြစ်သည်၊ ဘုရားသခင်သည် လူအယောက်တိုင်းကို ကယ်တင်ခံရစေလိုပြီး မည်သူ့ကိုမျှ ထာဝရပြစ်ဒဏ်ကို မခံစားစေလိုပေ။ အိမ်ပြန်လာသော ပျောက်သောသားသည် ရွှေထက်ပင် အဖိုးတန်သည်ဟု ဘုရားသခင် ပြောခဲ့သည်” ဟူ၍ ဖြစ်သည်။ ဘုရားသခင်က ဤသို့ ပြောခဲ့သလော။ ဤသည်တို့မှာ ဘုရားသခင်၏ မူရင်းနှုတ်ကပတ်တော်များလော။ (မဟုတ်ပါ။) ၎င်းတို့ အခြားမည်သည့်အရာကို ပြောသေးသနည်း။ “အသက်တစ်ချောင်း ကယ်တင်ခြင်းသည် ခုနစ်ဆင့်ရှိသော စေတီတစ်ဆူ တည်ခြင်းထက် သာလွန်သည်” နှင့် “ဗုဒ္ဓမြတ်စွာသည် မေတ္တာရှင်ဖြစ်သည်” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် အမှုအရာများကို ပြောင်းပြန်လှန်နေကြသည် မဟုတ်လော။ ၎င်းတို့သည် ဝိညာဉ်ရေးရာ ပြည့်ဝသယောင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်သယောင်၊ သမ္မာတရားကို ချစ်သယောင် ဟန်ဆောင်နေခြင်းသာဖြစ်သည်မှာ သိသာ၏။ ၎င်းတို့သည် သိသာထင်ရှားစွာပင် ပြင်ပလူများ၊ သာမန်လူပုဂ္ဂိုလ်များနှင့် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုမရှိသော စဉ်းစားဉာဏ်မဲ့သူများ ဖြစ်ကြသည်။ ငါသည် ထိုသို့သောလူများစွာကို တွေ့ခဲ့ဖူးသည်။ ၎င်းတို့သည် စကားပြောရာတွင် ရဲတင်းသော်လည်း ဦးနှောက်မရှိဘဲ မဆင်မခြင် ပြုတတ်သောသူများ ဖြစ်ကြသည်၊ ၎င်းတို့၏ စိတ်ထဲတွင်ရှိသော အတွေးအခေါ်များနှင့် ဖြစ်ပေါ်လာမှုများသည် မိစ္ဆာဒိဋ္ဌိအယူများ၊ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာများနှင့် အတုအယောင်များသာ ဖြစ်သည်။ အခြားသူများကို အထင်အမြင်မှားစေရန် အစွမ်းကုန် စွမ်းဆောင်နိုင်ကြပြီး အခြားသူများကို အထင်အမြင်မှားစေရန်၊ မိမိတို့ပြောသည့်အရာအား အတင်းအကျပ် နာခံခိုင်းပြီး လက်တွေ့လုပ်ဆောင်ခိုင်းရန် ဤမိစ္ဆာဒိဋ္ဌိအယူများ၊ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာများနှင့် ခိုင်လုံသော ဓမ္မပညာဆိုင်ရာ အကြောင်းပြချက်များဟု ထင်ရသော အရာအချို့ကို မကြာခဏ အသုံးပြုနိုင်သူများဖြစ်သည့် ဤလူများသည် အန္တိခရစ်များ ဖြစ်လေသည်။ အပေါ်ယံအားဖြင့် ၎င်းတို့သည် အလွန်ဝိညာဉ်ရေးရာဆန်ပုံရသည်၊ အခြားသူများရှေ့တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ အပိုဒ်များကို မကြာခဏ ကိုးကားကြပြီး ယင်းတို့ကို မဆင်မခြင် အနက်ဖွင့်ပြီးသည်နှင့်တစ်ပြိုင်နက် မိစ္ဆာဒိဋ္ဌိအယူအဆအချို့နှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာအချို့ကို ထုတ်ပြောကြတော့သည်။ ထိုသို့သောလူများကို အသင်းတော်တိုင်းတွင် တွေ့ရှိနိုင်သည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကိုးကားခြင်းနှင့် မိတ်သဟာယဖွဲ့ခြင်းဟူသော အလံတော်အောက်တွင် လူများကို ကူညီပြီး ဦးဆောင်ကြသော်လည်း အမှန်တကယ်တွင် ၎င်းတို့က လူတို့၌ သွတ်သွင်းနေသည့်အရာမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များက လူထံမှ တောင်းဆိုသည့်အရာလည်းမဟုတ်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် ပါရှိသော သမ္မာတရား စည်းမျဉ်းများလည်းမဟုတ်ဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေခံ၍ စီမံပြုပြင်ခြင်း၊ အနက်ဖွင့်ခြင်းနှင့် စိတ်ကူးခြင်းတို့မှတစ်ဆင့် ၎င်းတို့ အကြံထုတ်လိုက်သည့် မိစ္ဆာဒိဋ္ဌိအယူများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာများသာဖြစ်ရာ လူတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ လမ်းလွဲစေပြီး ၎င်းတို့ကို နာခံစေကာ လူတို့အား အနှောင့်အယှက်များနှင့် အထင်အမြင်မှားစေခြင်းတို့ကို ဖြစ်ပေါ်စေသည်။ ဥပမာအားဖြင့် ဤသို့ပြောသောသူများ ရှိသည်။ “သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်၏ အလုပ်ကို လုပ်ဆောင်ရာတွင် ဘုရားသည် လူသားမျိုးနွယ်အားလုံး၏ စွန့်ပယ်ခြင်းနှင့် အတိုက်အခံလုပ်ခြင်းကို တွေ့ကြုံခဲ့ရသည်၊ ဘုရားသည် ဘုရားဖြစ်ပြီး သူ၏စိတ်နှလုံးသည် အတိုင်းအဆမရှိပေ။ လူတို့ပြောသကဲ့သို့ ‘ဝန်ကြီးချုပ်တစ်ဦး၏ နှလုံးသားသည် လှေတစ်စင်း ရွက်လွှင့်ရလောက်အောင် ကြီးမားသည်’ နှင့် ‘လူကြီးလူကောင်းတစ်ဦးအဖို့ ကလဲ့စားချေရန်မှာ မည်သည့်အခါမျှ နောက်ကျလွန်းခြင်း မရှိပါ’ ဟူ၍ ဖြစ်သည်။ ဘုရားသခင်သည် သဘောထား ကြီးမြတ်လိုက်လေခြင်း” ဟူ၍ ဖြစ်လေသည်။ အပေါ်ယံအားဖြင့် ၎င်းတို့သည် လူတို့အား ဘုရားသခင်အတွက်လည်းကောင်း၊ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းအတွက်လည်းကောင်း သက်သေခံနေပုံရသော်လည်း ၎င်းတို့ အမှန်တကယ် ထုတ်လွှင့်နေသော သတင်းစကားမှာ အဘယ်နည်း။ ယင်းသည် သမ္မာတရားလော။ ယင်းသည် ဘုရားသခင်၏ အနှစ်သာရ အမှန်တကယ် ဟုတ်သလော။ (မဟုတ်ပါ။) ၎င်းတို့သည် မည်သူ့အတွက် သက်သေခံနေသနည်း။ ၎င်းတို့သည် ဝန်ကြီးချုပ်အတွက် သက်သေခံနေခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို ဝန်ကြီးချုပ်တစ်ဦးနှင့်လည်းကောင်း၊ လူကြီးလူကောင်းတစ်ဦးနှင့်လည်းကောင်း နှိုင်းယှဉ်နေကြခြင်း ဖြစ်သည်။ ဤသည်မှာ ပြစ်မှားစော်ကားခြင်း မဟုတ်လော။ ထိုသို့သောစကားများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် တွေ့နိုင်သလော။ (မတွေ့နိုင်ပါ။) သို့ဆိုလျှင် ဤစကားများသည် အဘယ်မှ လာခဲ့သနည်း။ စာတန်ထံမှ လာခဲ့ခြင်းဖြစ်သည်။ အန္တိခရစ်တို့သည် ဘုရားသခင်အတွက် သက်သေမခံသည်သာမက အဖြန်မှန်များကိုလည်း လိမ်ညာပြီး ဘုရားသခင်ကို ပြစ်မှားစော်ကားကြကာ အခြေခံအုတ်မြစ်မရှိသူများ၊ ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်း ကင်းမဲ့သူများနှင့် သမ္မာတရားကို နားလည်နိုင်စွမ်းမရှိသူများကို မကြာခဏ အထင်အမြင်မှားစေကြသည်။ ဤလူများသည် ဝိညာဉ်ရင့်ကျက်မှု သေးငယ်သည်၊ အခြေခံအုတ်မြစ်မရှိ၊ သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း မရှိကြသဖြင့် ဤမိစ္ဆာဒိဋ္ဌိအယူများနှင့် မှားယွင်းသော အယူအဆများ၏ အထင်အမြင်မှားစေခြင်းကို ခံကြရသည်။ အန္တိခရစ်တို့သည် မိစ္ဆာဒိဋ္ဌိအယူများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာများကို ဝိညာဉ်ရေးရာ ဆိုရိုးများအဖြစ် သဘောထားကြပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအကြောင်း ၎င်းတို့ပြောသည့် အရာတစ်ခုမှာ “ဘုရားသခင်သည် လူအယောက်တိုင်းကို ကယ်တင်ခံရစေလိုပြီး မည်သူ့ကိုမျှ ထာဝရပြစ်ဒဏ်ကို မခံစားစေလိုပေ” ဟူ၍ ဖြစ်သည်။ ဘုရားသခင်က လူထံမှ တောင်းဆိုသည့်အရာအကြောင်း ပြောဆိုသည့်အခါ ၎င်းတို့ပြောသည့် နောက်အရာတစ်ခုမှာ “လူကောင်းတို့သည် ငြိမ်းချမ်းသောဘဝများ ရှိကြသည်” ဟူ၍ ဖြစ်သည်။ ပြီးလျှင် ဘုရားသခင်က လူတို့၏ ပြစ်မှားခြင်းများကို အမှတ်မရဘဲ နောင်တရရန် အခွင့်အရေးတစ်ခု ချန်ထားပေးခြင်းအကြောင်းကိုမူ ၎င်းတို့က “ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ။” ဟု ပြောကြသည်။ ထိုသို့သောစကားများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် တွေ့နိုင်သလော။ (မတွေ့နိုင်ပါ။) ဤစကားများကို ကြားသည်နှင့် ငါ အဘယ်ကြောင့် ဤမျှ စိတ်ဆိုးရသနည်း။ အဘယ်ကြောင့် ၎င်းတို့ကြောင့် ငါ အလွန်ပင် စိတ်အနှောင့်အယှက်ဖြစ်ရသနည်း။ အဘယ်ကြောင့် ငါ အလွန်စိတ်လှုပ်ရှားရသနည်း။ ဤလူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နှစ်ပေါင်းမည်မျှ ဖတ်ရှုနေခဲ့ကြပြီနည်း။ ၎င်းတို့သည် ထုံထိုင်းနေကြသလော၊ သို့မဟုတ် ရူးသွပ်သွားကြပြီလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် ထိုသို့သောအရာများကို မည်သည့်နေရာ၌ ဖော်ပြထားသနည်း။ ဘုရားသခင်သည် လူတို့ကို ဟန်ဆောင်မှုကင်းရန် မည်သည့်အချိန်က တောင်းဆိုခဲ့သနည်း။ ဘုရားသခင်သည် လူတို့ကို “ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ။” ဟူသော ဆိုရိုးစကားကို လိုက်နာရန် မည်သည့်အချိန်က တောင်းဆိုခဲ့သနည်း။ ဤသည်မှာ ဘုရားသခင် လုပ်ဆောင်သည့်အရာလော။ ၎င်းတို့ ထောက်ခံသည့် ဤမိစ္ဆာဒိဋ္ဌိအယူများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာများတွင် မည်သည့်နေရာ၌ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များ၊ သူ၏ ရည်ရွယ်ချက်များ၊ သမ္မာတရား စည်းမျဉ်းများနှင့် ဆက်စပ်မှု တစ်ခုခုကို ပြုလုပ်နိုင်သနည်း။ ၎င်းတို့သည် လုံးဝ မသက်ဆိုင်ပေ။ ဥပမာအားဖြင့် ဘုရားသခင်သည် လူတို့အား ရည်သန်မျှော်မှန်းချက်၊ စိတ်ပိုင်းဖြတ်ချက်နှင့် လိုက်စားမှုများ ရှိစေသော်လည်း အန္တိခရစ်တို့ ပြောသည့်အရာမှာ “ဘုရားသခင်က ကျွန်ုပ်တို့ကို လိုက်စားမှုများရှိရန် အားပေးသည်။ ဤအရာကို ကောင်းစွာဖော်ပြသော ဆိုရိုးစကားတစ်ခုရှိသည်၊ ‘ဗိုလ်ချုပ်မဖြစ်ချင်သော စစ်သားသည် စစ်သားကောင်းတစ်ဦး မဟုတ်ပေ။’” ဟူ၍ ဖြစ်သည်။ ဤဆိုရိုးစကားသည် လူမှုရေးဆိုင်ရာ ခေတ်ရေစီးကြောင်းတစ်မျိုး၊ လူမှုရေးဆိုင်ရာ အမြင်တစ်မျိုးဖြစ်သည်။ ယင်းကို ဘုရားအိမ်တော်တွင် အသုံးပြုရန် သင့်လျော်သလော။ ယင်းသည် အသုံးဝင်ပါသလော။ (မဝင်ပါ။) ဤပြောဆိုချက်သည် ဘုရားသခင်၏ မည်သည့်နှုတ်ကပတ်တော်နှင့် ကိုက်ညီသနည်း။ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သက်ဆိုင်သလော။ (မသက်ဆိုင်ပါ။) သို့ဆိုလျှင် အန္တိခရစ်တို့သည် ယင်းကို အဘယ်ကြောင့် ပြောသနည်း။ ဤသို့ပြောရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ ၎င်းတို့သည် အလွန်ဝိညာဉ်ရေးရာဆန်ကြောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ နားလည်မှုနှင့် ဉာဏ်အလင်းရခြင်း ရှိကြောင်း၊ သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း ရှိကြောင်းနှင့် ၎င်းတို့သည် မသိနားမလည်သော သာမန်လူများ မဟုတ်ကြောင်း လူတို့ကို လေးနက်စွာ ခံစားစေရန်ဖြစ်သည်။ သို့သော် ယင်းက ၎င်းတို့ မျှော်လင့်ထားသော ရည်ရွယ်ချက်ကို ပြီးမြောက်စေသလော။ ဤစကားများကို ကြားရသည့်အခါ သင်တို့၏ စိတ်နှလုံးထဲတွင် သဘောတူညီမှုကို ခံစားရသလော သို့မဟုတ် ရွံရှာမှုကို ခံစားရသလော။ (ရွံရှာမှုကို ခံစားရပါသည်။) မည်သည့်နည်းလမ်းဖြင့် ယင်းက သင်တို့ကို ရွံရှာစေသနည်း။ (အန္တိခရစ်တို့သည် စာတန်၏ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဆက်စပ်ကာ ယင်းတို့ကို မှားယွင်းစွာ အဓိပ္ပာယ်ကောက်ကြပါသည်။ ၎င်းတို့ပြောသော စကားအားလုံးသည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ပါသည်။) အန္တိခရစ်တို့သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ကြောင်း ထင်ဟပ်သော စကားများကိုသာ ပြောဆိုကြပြီး ၎င်းတို့ကို ကြားရသည်နှင့် လူတို့အား စက်ဆုပ်ရွံရှာပြီး အလွန်အမင်း မနှစ်မြို့ခြင်းကို ခံစားရစေသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရှင်းလင်းစွာ နားမလည်၊ ယင်းတို့ကို သဘောမပေါက်နိုင်ဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သဘောပေါက်နားလည်ရန် အစွမ်းအစနှင့် စွမ်းရည် ကင်းမဲ့နေသည့်တိုင် ယင်းတို့ကို နားလည်သယောင် ဟန်ဆောင်ပြီး အခြားသူများအား ရှက်ကြောက်စိတ်မရှိဘဲ အနက်ဖွင့်ပြကာ လူတို့ကို စက်ဆုပ်စေသော၊ မည်သည့် တည်ဆောက်မှုကိုမျှ မပေးသော၊ ထိုအစား လူတို့၏ အတွေးများကို ကမောက်ကမဖြစ်စေသော မဆီမဆိုင် အဆင့်မမီသော စကားများကို ပြောဆိုကြသည်။ ဤသည်မှာ အမှန်တကယ် စက်ဆုပ်ဖွယ်ကောင်းလှပါသည်တကား။ သင်တို့သည် ထိုသို့သောလူများနှင့် ကြုံတွေ့ရသည့်အခါ မည်သို့လုပ်ဆောင်သင့်သနည်း။ (ကျွန်ုပ်တို့သည် ၎င်းတို့ပြောနေသည့်အရာ၏ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အပိုင်းများကို စိတ်ဖြာလေ့လာဆွေးနွေးရမည် ဖြစ်ပါသည်။) သင်သည် ဤအရာကို မည်သို့ လုပ်ဆောင်သင့်သနည်း။ အမှန်တကယ်တွင် ယင်းမှာ အတော်လေး လွယ်ကူပါသည်။ သင်က ၎င်းတို့အား “ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက် သင်၏နားလည်သဘောပေါက်မှုသည် ကျွန်ုပ်အတွက် များများစားစားရှိပုံမရပါ” ဟု ပြောလော့။ ၎င်းတို့က “ကျွန်ုပ် ထိုသို့မထင်ပါ၊ ကောင်းသည်ဟု ကျွန်ုပ်ခံစားရသည်” ဟု တုံ့ပြန်သည်။ သင်က “သင်က မည်သို့ပင်ဖြစ်စေ ကောင်းသည်ဟု ထင်သည်၊ သို့ဆိုလျှင် သင်၏ ကျိုးကြောင်းဆင်ခြင်မှုအရ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူ့မိစ္ဆာဒိဋ္ဌိအယူများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာများနှင့် ညီမျှသည်ဟု ဆိုလိုသလော။ သင်သည် ဤမိစ္ဆာဒိဋ္ဌိအယူများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆများကို သဘောတူပါက သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အဘယ်ကြောင့်ပင် ဖတ်ရှုနေသေးသနည်း။ သင်သည် ယင်းတို့ကို ဖတ်ရှုရန် မလိုအပ်ပါ။ သင်၏ဤပြဿနာသည် ယခုအခါ ဆိုးရွားနေပြီဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကောက်ကျစ်ဆိုးယုတ်သော လူသားမျိုးနွယ်၏ လောကီရေးရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်ပညာအဖြစ်၊ အမှုအရာများကို ကောက်ကျစ်ဆိုးယုတ်သော လူသားမျိုးနွယ်က ကိုင်တွယ်သည့် နည်းလမ်းများနှင့် အမြင်များအဖြစ် သဘောထားနေသည်။ သင်၏အမြင်တွင် ဘုရားသခင်ပြောသော ရိုးသားသောလူများသည် ဟန်ဆောင်မှုကင်းသောလူများ၊ အကြီးအကျယ် စဉ်းစားဉာဏ်မဲ့သူများ၊ လူနုံများနှင့် အတူတူပင် ဖြစ်သည်။ သင်သည် ဘုရားသခင်ပြောသော စကားလုံးတိုင်းကို လူ့အသုံးအနှုန်းများသုံး၍ အနက်ဖွင့်ပြီး ယင်းတို့ကို ကောက်ကျစ်ဆိုးယုတ်သော လူသားမျိုးနွယ်က အကျဉ်းချုပ်ထားသော မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာများ၊ ဆိုရိုးစကားများနှင့် ညီမျှစေသည်။ သို့ဆိုလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူ့စကားများ၊ လူ့ဘာသာစကားနှင့် လူ့မိစ္ဆာဒိဋ္ဌိအယူများ၊ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာများဖြစ်သည်ဟု သင် ဆိုလိုနေခြင်းလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဤနည်းဖြင့် နားလည်ရာတွင်၊ သင်သည် ယင်းတို့ကို သဘောပေါက်နားလည်နေခြင်း မဟုတ်၊ သင်သည် ယင်းတို့ကို ပြစ်မှားစော်ကားနေပြီး ဘုရားသခင်ကို ပြစ်မှားစော်ကားနေခြင်း ဖြစ်သည်” ဟု ပြောလော့။ သင်တို့အားလုံး ဤစကားများကို ရှင်းလင်းစွာ ပြောဆိုနိုင်မည်လော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက အန္တိခရစ်တို့ပြောသည့်အရာကို ဆိုလိုပါက ဘုရားသခင်သည် အဘယ်ကြောင့် ထိုစကားများကို တိုက်ရိုက်မပြောဘဲ နေမည်နည်း။ ဘုရားသခင်က လူတို့ကို ရိုးသားရန် ပြောသည့်အခါ သူသည် အဘယ်ကြောင့် ၎င်းတို့အား ဟန်ဆောင်မှုကင်းရန်နှင့် လူကောင်းများဖြစ်ရန် ပြောပြီး ထိုမျှနှင့် ရပ်မထားသနည်း။ ယင်းသည် စကားလုံးအသုံးအနှုန်း ကွာခြားမှုမျှသာလော။ (မဟုတ်ပါ။) ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်ပြီး ယင်းတို့အတွင်း၌ လူတို့ လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းတစ်ခု တည်ရှိသည်။ အကယ်၍ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း ပြုမူပြီး အသက်ရှင်ပါက ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သောသူများ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသောသူများ ဖြစ်လာနိုင်သည်။ တစ်ချိန်တည်းတွင် လူသားများပြောသည့်အရာအတိုင်း ပြုမူပြီး အသက်ရှင်ခြင်းသည် လူတစ်ဦးကို လုံးလုံးလျားလျား နားဝေတိမ်တောင်ဖြစ်သောသူတစ်ဦး၊ အတိအလင်း အသက်ရှင်သော စာတန်တစ်ကောင်အဖြစ်သို့ ပြောင်းလဲစေသည်။ သင်တို့ ဤအချက်ကို အသိအမှတ်ပြုသလော။ သင်တို့သည် ဘုရားသခင်က ရိုးသားသောသူတစ်ဦးဖြစ်ရန် ပြောသည့်အတိုင်း ပြုမူပြီး လက်တွေ့လုပ်ဆောင်ပါက မည်သို့သောရလဒ်မျိုး ဖြစ်မည်နည်း။ ပြီးလျှင် သင်တို့သည် လူသားများက လူကောင်း သို့မဟုတ် ဟန်ဆောင်မှုကင်းသောသူဟု ခေါ်သည့်အတိုင်း ပြုမူပြီး အသက်ရှင်ပါက မည်သို့သောရလဒ်မျိုး ဖြစ်မည်နည်း။ ရလဒ်များမှာ ကွဲပြားမည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ရိုးသားသောသူတစ်ဦးအဖြစ် အသက်ရှင်ခြင်း၏ ရလဒ်မှာ အဘယ်နည်း။ (ပုံမှန်လူ့သဘာဝရှိခြင်း၊ ဘုရားသခင်ကို ဝတ်ပြုနိုင်ခြင်း၊ အရှိကိုအရှိအတိုင်းပြောဆိုခြင်း၊ ဘုရားသခင်နှင့် ပွင့်လင်းပြီး ရိုးသားနိုင်ခြင်းတို့ ဖြစ်ပါသည်။ အကယ်၍ လူတစ်ဦးသည် လူသားများ သတ်မှတ်သည့်အတိုင်း ဟန်ဆောင်မှုကင်းသောသူ သို့မဟုတ် လူကောင်းအဖြစ် ကျင့်ကြံပြုမူပါက ၎င်းတို့သည် တိုး၍စဉ်းလဲလာပြီး မိမိတို့ကိုယ်ကို ဖုံးကွယ်ရာ၌ ကျွမ်းကျင်လာကြသည်၊ ၎င်းတို့သည် နှစ်လိုဖွယ်သော စကားများကိုသာ ပြောဆိုကြသည်၊ ၎င်းတို့သည် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် စာတန်၏ အတွေးအခေါ်ဖြင့် အသက်ရှင်ကြပြီး အသက်ရှင်သော စာတန်တစ်ကောင် ဖြစ်လာကြပါသည်။) သင်မြင်သလော၊ ကွာခြားချက်တစ်ခု ရှိသည် မဟုတ်လော။ ဘုရားသခင်က ရိုးသားသောသူဟု ခေါ်သည့်အတိုင်း ပြုမူပြီး အသက်ရှင်ခြင်းသည် လူတစ်ဦး၏ စိတ်နှလုံးကို တိုး၍သန့်စင်စေသည်၊ သူ၏စိတ်နှလုံးသည် ဘုရားသခင်ထံ ပွင့်လင်းနိုင်ပြီး သူသည် မိမိ၏စိတ်နှလုံးကို ဖုံးကွယ်ခြင်း၊ လိမ်လည်ခြင်း သို့မဟုတ် အတုအယောင်ပြုခြင်း မရှိဘဲ ဘုရားသခင်ထံ ပေးအပ်နိုင်သည်။ သူ၏စိတ်နှလုံးသည် ဘုရားသခင်ထံမှ မပုန်းကွယ်ဘဲ သူ့ထံသို့ ရိုးရှင်းစွာ ဖွင့်ထားသည်၊ သူ၏အတွင်းထဲ၌ တွေးသည့်အရာသည် အပြင်ပန်းတွင် ထုတ်ဖော်ပြီး အသက်ရှင်နေထိုင်သည့်အရာဖြစ်ကာ အပြင်ပန်းတွင် ထုတ်ဖော်ပြီး အသက်ရှင်နေထိုင်သည့်အရာသည် သူ၏အတွင်းထဲရှိအရာနှင့် ကိုက်ညီသည်။ ဤသည်မှာ ဘုရားသခင် အလိုရှိသောအရာဖြစ်သည်၊ ဤသည်မှာ သမ္မာတရားဖြစ်သည်။ အခြားတစ်ဖက်တွင် လူတို့က ဟန်ဆောင်မှုကင်းသောသူ သို့မဟုတ် လူကောင်းဟု ခေါ်သောသူများအတွက် ကျင့်ကြံပြုမူခြင်း စည်းမျဉ်းများနှင့် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများမှာ အဘယ်နည်း။ အမှန်တကယ်တွင် ယင်းသည် ဟန်ဆောင်ခြင်းသက်သက်သာ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့တွေးနေသည့်အရာကို အလွယ်တကူ မပြောကြသကဲ့သို့ အခြားသူများကိုလည်း မြင်ခွင့်မပေးကြပေ။ ၎င်းတို့သည် အခြားသူများ၏ မိမိကိုယ်ကိုလေးစားစိတ် သို့မဟုတ် အကျိုးစီးပွားများကို မဆင်မခြင် မထိခိုက်ကြသော်လည်း အခြားသူများကို မထိခိုက်ခြင်းသည်လည်း မိမိကိုယ်ကို ကာကွယ်ရန်အတွက် ဖြစ်သည်။ ၎င်းတို့သည် အတွင်း၌ သတိထားပြီး အပြင်၌ ဖုံးကွယ်ထားကြကာ အထူးသဖြင့် ဘာသာတရားကိုင်းရှိုင်းသော၊ သည်းခံတတ်သော၊ စိတ်ရှည်သော၊ သနားကရုဏာ ပြည့်ဝတတ်သောပုံစံ ပေါ်စေသည်။ သို့သော် မည်သူမျှ ၎င်းတို့အတွင်း၌ မည်သို့တွေးနေသည်ကို မမြင်နိုင်ပေ၊ ၎င်းတို့ထဲတွင် ဖောက်ပြန်ပျက်စီးခြင်း၊ အတိုက်အခံလုပ်ခြင်းနှင့် ပုန်ကန်ခြင်းတို့ ရှိသော်လည်း အခြားသူများက ယင်းကို မမြင်နိုင်ပေ။ အပြင်ပန်းတွင် ၎င်းတို့သည် အထူးသဖြင့် တည်ဆောက်စရာဖြစ်သော၊ နူးညံ့သော၊ ကြင်နာသောပုံစံ ပေါ်ရန် ဟန်ဆောင်ကြသည်။ ၎င်းတို့သည် မကောင်းမှုမည်မျှ လုပ်ဆောင်ပါစေ၊ အတွင်း၌ မည်မျှပုန်ကန်တတ်ပါစေ၊ မည်မျှကောက်ကျစ်ဆိုးယုတ်ပါစေ မည်သူမျှ ပိုင်းခြားသိမြင်နိုင်ခြင်း မရှိပေ။ အပြင်ပန်းတွင် ၎င်းတို့သည် အခြားသူများကို ကူညီလိုပြီး လိုအပ်နေသူများကို ပေးကမ်းလိုကြသည်၊ အမြဲတုံ့ပြန်ရန် အသင့်ရှိကြပြီး ကိုယ်ကျိုးမငဲ့သော လေဖန်းတစ်ဦးသဖွယ် ဖြစ်လေသည်။ ၎င်းတို့သည် အချိန်တိုင်း ပြုံးပြပြီး အခြားသူများအား မိမိတို့၏ အကောင်းဆုံးဘက်ကို ပြသကြသည်၊ ပြီးလျှင် တစ်ကိုယ်တည်းကျိတ်ကာ မျက်ရည်မည်မျှ ကျခဲ့ပါစေ အခြားသူများကို တည်ဆောက်ပေးခြင်း ခံစားရစေရန် ၎င်းတို့သည် အခြားသူများရှေ့တွင် အမြဲပြုံးနေကြသည်။ ဤသည်မှာ လူတို့က လူကောင်းဟုခေါ်သော အရာမဟုတ်လော။ ဤလူကောင်းကို ရိုးသားသောသူတစ်ဦးနှင့် နှိုင်းယှဉ်လျှင် မည်သူက အပြုသဘောဆောင်သနည်း။ မည်သူက သမ္မာတရား လက်တွေ့ကျမှုကို ပိုင်ဆိုင်သနည်း။ (ရိုးသားသောသူ ဖြစ်ပါသည်။) ရိုးသားသောလူများသည် သမ္မာတရား လက်တွေ့ကျမှုကို ပိုင်ဆိုင်ကြသည်၊ ဘုရားသခင်၏ ချစ်ခြင်းကို ခံရပြီး သူတောင်းဆိုသည့်အတိုင်း ဘုရားသခင်၏ စံနှုန်းများနှင့် ကိုက်ညီကြသည်၊ သို့သော် လူကောင်းနှင့် ဟန်ဆောင်မှုကင်းသောလူများမှာမူ ထိုသို့မဟုတ်ပေ၊ ၎င်းတို့သည် ဘုရားသခင်က ပြစ်တင်ရှုတ်ချပြီး ပစ်ပယ်သော လူစားမျိုး အတိအကျဖြစ်သည်။ အန္တိခရစ်တို့သည် ဘုရားသခင် တောင်းဆိုသော ရိုးသားသောလူများကို လူကောင်း သို့မဟုတ် ဟန်ဆောင်မှုကင်းသောလူများအဖြစ် ထင်ရာမြင်ရာ အနက်ဖွင့်သည့်အခါ ဤသည်မှာ ဘုရားသခင် ပြောခဲ့သည့်အရာကို မမြင်နိုင်သော ပြစ်တင်ရှုတ်ချခြင်းတစ်မျိုး မဟုတ်လော။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပြစ်မှားစော်ကားနေခြင်း မဟုတ်လော။ ဤသည်မှာ သမ္မာတရားကို ပြစ်မှားစော်ကားနေခြင်း မဟုတ်လော။ ဤသည်မှာ သိသာထင်ရှားသော အချက်ဖြစ်သည်။ အန္တိခရစ်တို့သည် သမ္မာတရားဟူသည် အဘယ်နည်းကို မဆိုထားနှင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုပင် နားမလည်ကြသည့်တိုင် ၎င်းတို့သည် ဟာကွက်ရှိသော ကျိုးကြောင်းပြချက်များကို အားကိုးပြီး ၎င်းတို့၏ ကိုယ်ပိုင်အနက်ဖွင့်ဆိုချက်များကို ကြောင်းကျိုးမမြင်ဘဲ အသုံးချကာ ၎င်းတို့သည် မည်သည့်အရာကိုမျှ မသိနားမလည်ဘဲ နားလည်သယောင် ဟန်ဆောင်လျက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိမိတို့အလိုအတိုင်း အဆင်အခြင်မဲ့ မှားယွင်းအနက်ဖွင့်ပြီး အခြားသူများကို အထင်အမြင်မှားစေကာ အနှောင့်အယှက်ပေးကြသည်။ သင်တို့သည် ဤကဲ့သို့ ပြုမူမည်လော။ လူတစ်ဦးသည် ရှင်းလင်းစွာ နားမလည်သည့်အခါ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်သယောင် ဟန်ဆောင်ခြင်းနှင့် စာသားအရှိအတိုင်း မိမိ၏ နားလည်ခြင်းကို အခြေခံ၍ မိမိ၏ ကိုယ်ပိုင်ဝေါဟာရ၊ အသုံးအနှုန်းများနှင့် ရှုမြင်ပုံများကို အသုံးပြုကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အနက်ဖွင့်ပြီး ဘောင်ခတ်ခြင်းဟူသည့် ဤသည်မှာ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား ဖြစ်သည်။

အနှစ်သာရအားဖြင့် ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် လူသား၏စကားအကြား၊ သမ္မာတရားနှင့် အယူဝါဒအကြားခြားနားချက်မှာ အဘယ်နည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် လူတို့အား ဆင်ခြင်တုံတရားနှင့် အသိတရားကြီးထွားလာစေသည်။ အခြေခံသဘောတရားဖြင့် ပြုမူဆောင်ရွက်စေပြီး၊ ၎င်းတို့ အသက်ရှင်နေထိုင်သည့်အရာသည် အပြုသဘောဆောင်သည့်အရာများ၏ လက်တွေ့ကျမှုကို တိုး၍ပိုင်ဆိုင်လာစေသည်။ တစ်ဖက်တွင် လူ၏စကားများသည် လူတို့၏ အကြိုက်များ၊ အယူအဆများနှင့် လုံးဝကိုက်ညီသည့်ပုံပေါ်သော်လည်း ၎င်းတို့သည် သမ္မာတရားမဟုတ်ဘဲ မထင်မှတ်ထားသော အန္တရာယ်များ၊ သွေးဆောင်ဖြားယောင်းခြင်း၊ မိစ္ဆာဒိဋ္ဌိအယူများ၊ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အတွေးများနှင့် ပြည့်နေသည်။ ထို့ကြောင့် လူတို့သည် ဤစကားများနှင့်အညီ ပြုမူဆောင်ရွက်လျှင် ၎င်းတို့အသက်ရှင်နေထိုင်သည့် အရာသည် ဘုရားသခင်ထံနှင့် ဘုရားသခင်၏ စံနှုန်းများထံမှ ပို၍ပင် အစဉ်လမ်းလွဲသွားလိမ့်မည်။ ပို၍ဆိုးရွားသည်မှာ လူတို့အသက်ရှင်သည့်ပုံစံသည် အစဉ်ပို၍ ဆိုးယုတ်လာလိမ့်မည်ဖြစ်ပြီး စာတန်နှင့်ဆင်တူလာလိမ့်မည်။ လူတို့သည် လူသား၏ ဒိဌိအယူများနှင့် မှားယွင်းသောအတွေးများဖြင့် လုံးဝ အသက်ရှင်နေထိုင်ကာ ပြုမူသည့်အခါ၊ ဤအာဘော်များကို အလုံးစုံ လက်ခံယုံကြည်သောအခါ ၎င်းတို့သည် စာတန်ကဲ့သို့ နေထိုင်ကြသည်။ စာတန်ကဲ့သို့ နေထိုင်ခြင်းသည် ၎င်းတို့ စာတန်များဖြစ်သည်ဟု မညွှန်ပြသလော။ (ညွှန်ပြပါသည်။) ထို့ကြောင့် ၎င်းတို့သည် “အောင်မြင်စွာဖြင့်” အသက်ရှင်လျက်ရှိသော စာတန်များ ဖြစ်လာပြီဖြစ်သည်။ လူအချို့က၊ “ထိုအရာကို ငါမယုံကြည်။ ငါသည် သူတစ်ပါးတို့က နှစ်သက်သည့် ဟန်ဆောင်မှုကင်းသော လူတစ်ဦးသာ ဖြစ်ချင်သည်။ လူအများစုက ကောင်းမြတ်သည်ဟု မှတ်ယူသည့် သူတစ်ယောက် ဖြစ်ချင်သည်။ ထို့နောက်တွင် ဘုရားသခင်သည် ငါ့အပေါ် ကျေနပ်နှစ်သက်ခြင်းရှိမရှိ ငါကြည့်မည်”ဟု ဆိုကြသည်။ ဘုရားသခင်ပြောသည့်အရာကို သင်မယုံကြည်လျှင် သွား၍ကြည့်လော့။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် သမ္မာတရားဖြစ်သည်၊ မဖြစ်သည်၊ သို့မဟုတ် လူသား၏အယူအဆများသည် သမ္မာတရားဖြစ်သည်၊ မဖြစ်သည် ဆိုသည်ကို ကြည့်ရှုလော့။ ဤသည်မှာ ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် လူသား၏စကားတို့အကြား အနှစ်သာရအရ ခြားနားမှုဖြစ်သည်။ ယင်းသည် သမ္မာတရားနှင့် ဒိဌိအယူ၊ မှားယွင်းသောအတွေးများကြားရှိ အခြေခံ ခြားနားချက်ဖြစ်သည်။ လူသား၏ မိစ္ဆာဒိဋ္ဌိအယူများ၊ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအရာများသည် လူတို့၏ အကြိုက်များနှင့် မည်သို့ကိုက်ညီပုံရပါစေ၊ ယင်းတို့သည် မည်သည့်အခါမျှ လူတို့၏အသက်ဖြစ်မလာနိုင်ပေ။ ဤတွင် ဘုရားသခင်၏နှုတ်ကပတ်တော်များသည် မည်မျှ ရိုးစင်းသည်ဟုထင်ရပါစေ၊ မည်မျှ ပင်ကိုဘာသာစကားဖြစ်ပါစေ၊ လူတို့၏အယူအဆများနှင့် မည်မျှကွဲလွဲပါစေ ၎င်းတို့၏အနှစ်သာရသည် သမ္မာတရားဖြစ်သည်။ လူတို့လုပ်ဆောင်သည့်၊ အသက်ရှင်နေထိုင်သည့်အရာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ စည်းမျဉ်းများနှင့်အညီဖြစ်လျှင် နောက်ဆုံးတစ်နေ့တွင်၊ ၎င်းတို့သည် စံနှုန်းပြည့်မီသော စစ်မှန်သည့် ဖန်ဆင်းခံများဖြစ်လာမည်ဖြစ်ပြီး ဘုရားသခင်ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်နိုင်စွမ်းရှိလိမ့်မည်ဖြစ်သည်။ ဤအတောအတွင်းတွင် ဤအရာကို မရရှိသောသူတို့အတွက် ၎င်းတို့အသက်ရှင်နေထိုင်သည့်အရာနှင့် ၎င်းတို့၏ အဆုံးစွန်လမ်းကြောင်းသည် ဘုရားသခင်၏ မုန်းတီးမှုနှင့် ငြင်းပယ်မှုခံရခြင်းဆီကိုသာ ဦးတည်သွားစေနိုင်သည်။ ဤသည်မှာ အမှန်တရားဖြစ်သည်။ ပြောင်းပြန်အားဖြင့် အကယ်၍ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လက်တွေ့မလုပ်ဆောင်ဘဲ ဘုရားသခင်၏ တောင်းဆိုချက်များအတိုင်း မပြုမူပါက ၎င်းတို့သည် စံနှုန်းပြည့်မီသော ဖန်ဆင်းခံများ ဖြစ်မလာနိုင်ပေ။ ၎င်းတို့၏ လုပ်ဆောင်ချက်များနှင့် ၎င်းတို့လျှောက်လှမ်းသော လမ်းကြောင်းသည် ဘုရားသခင်၏ ပစ်ပယ်ခြင်းကိုသာ ခံရမည်ဖြစ်သည်၊ ဤသည်မှာ အမှန်တရားဖြစ်သည်။ ဤမိတ်သဟာယမှတစ်ဆင့် သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ပတ်သက်၍ နားလည်မှုအသစ် သို့မဟုတ် ရှုထောင့်အသစ်တစ်ခု ရရှိပါသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှာ အဘယ်နည်း။ ၎င်းတို့သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်။ ဤအရာ၌ မှားယွင်းမှုမရှိပေ။ အန္တိခရစ်များသာ၊ ပင်ကိုအားဖြင့် အပြုသဘောဆောင်သောအရာများကို အလွန်အမင်းမနှစ်မြို့ဖြစ်ပြီး မုန်းတီးသောသူများသာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မထီမဲ့မြင်ပြုခြင်းဖြင့် သဘောထားပြုမူကြသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် မမှတ်ယူကြဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်ဟူသောအချက်ကို ငြင်းပယ်ကြသည်။ မည်သည့်အချိန်တွင်မျှ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိမိတို့၏အသက်အဖြစ် လက်ခံကြမည်မဟုတ်ပေ၊ ၎င်းတို့သည် ကယ်တင်၍ မရနိုင်သော လူတစ်စုဖြစ်သည်။ ထိုသို့သော မိတ်သဟာယဖွဲ့ပြီးနောက် အချို့က ဤသရုပ်သကန်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကလီကမာလုပ်ခြင်းနှင့် မဆင်မခြင် အနက်ဖွင့်ခြင်း သဘောသက်ရောက်ကြောင်း နားလည်ကြသည်၊ ယင်းတို့သည် အန္တိခရစ်များ၏ သရုပ်သကန်များ ဖြစ်သည်။ ဤအရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စုစည်းသောသူများ ပါဝင်သည်ဟု သင်တို့ပြောမည်လော။ (ဟုတ်ပါသည်။) ပါဝင်ပါသလော။ ကလီကမာလုပ်ခြင်းဟူသည် အဘယ်အရာကို ဆိုလိုသနည်း။ (ယင်းမှာ မဆင်မခြင် တစ်စုံတစ်ခုကို ဖျက်ခြင်း သို့မဟုတ် ထည့်ခြင်းဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ မူရင်းအဓိပ္ပာယ်ကို ပြောင်းလဲခြင်း ဖြစ်သည်။ ဤသည်မှာ ကလီကမာလုပ်ခြင်း ဖြစ်သည်။ အကယ်၍ သူ၏နှုတ်ကပတ်တော်များကို စည်းမျဉ်းများအတိုင်း စုစည်းပါက ယင်းသည် ကလီကမာလုပ်ခြင်း မဟုတ်ပါ။) မှန်သည်၊ သင်နားလည်ရန် လိုအပ်သည့်အရာမှာ ထိုအရာပင်ဖြစ်သည်။ ဤနားလည်မှုဖြင့် သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စုစည်းသည့်အခါ စိုးရိမ်စရာ တစ်စုံတစ်ရာ ရှိမည်မဟုတ်ချေ၊ ဟုတ်ပါသလော။ သင်တို့သည် ယခု စည်းမျဉ်းများကို ကောင်းစွာ သဘောပေါက်နိုင်ပြီလော။ သင့်အား စုစည်းရန် တောင်းဆိုသည့်အခါ ယင်းသည် ကလီကမာလုပ်ရန် ဖိတ်ခေါ်ခြင်းမဟုတ်ပေ။ ဘာသာပြန်အလုပ်ကို လုပ်ဆောင်သောသူများလည်း ရှိသည်။ ဤလူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တိုက်ရိုက်ဘာသာပြန်ဆိုရန်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ မူရင်းအဓိပ္ပာယ်နှင့် ဘုရားသခင်၏ ကိုယ်ပိုင်နှုတ်ကပတ်တော်များကို အခြားဘာသာစကားတစ်ခုသို့ ဘာသာပြန်ဆိုရန် တောင်းဆိုခြင်းခံရသည်၊ ဘာသာပြန်ဆိုနေစဉ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အနက်ဖွင့်ရန် မဟုတ်ပေ။ သင်သည် အနက်ဖွင့်ရန် အရည်အချင်းမရှိ၊ ပြီးလျှင် သင်သည် ဤအရာကို အာရုံစိုက်ပြီး သတိထားရမည်။ စည်းမျဉ်းများကို ကောင်းစွာသဘောပေါက်ခြင်း၊ မည်သည်က ကလီကမာလုပ်ခြင်းဖြစ်ပြီး မည်သည်က မဟုတ်သည်ကို နားလည်ခြင်းဟူသည့် ဤစည်းမျဉ်းများကို ကောင်းစွာသဘောပေါက်လော့၊ ပြီးလျှင် ထိုသို့သောအမှားများကို ပြုလုပ်ရန် ခက်ခဲလိမ့်မည်။ အကယ်၍ သင်သည် ဤစည်းမျဉ်းများကို နားမလည်ဘဲ စုစည်းနေစဉ် အဓိပ္ပာယ်ကို အမြဲထည့်လိုပါက သို့မဟုတ် ပြုပြင်မွမ်းမံလိုပါက ဘုရားသခင်က ဤသို့ပြောပုံသည် သိပ်မကောင်းသလို သို့မဟုတ် ထိုသို့ပြောပုံသည် မှားနေသလို အမြဲခံစားရပြီး တစ်မျိုးတစ်မည် ပြောသင့်သည်ဟု တွေးနေပါက ထိုသို့သော အတွေးများသည် သင့်အား ကလီကမာလုပ်ခြင်းဟူသည့် အမှားကို ကျူးလွန်ရန် အလားအလာရှိစေလိမ့်မည်။ “ဘုရားသခင်၏ ဤဝါကျက မည်သည့်အရာကို ဆိုလိုသည်ကို ကျွန်ုပ်သိသည်၊ ထို့ကြောင့် ကျွန်ုပ်သည် ထိုအဓိပ္ပာယ်ကိုအခြေခံ၍ ဘာသာပြန်မည်။ ဘာသာပြန်ပြီးသည်နှင့် စာဖတ်သူသည် ယင်းကိုနားလည်ပြီး ပြီးသွားမည် မဟုတ်လော။ ရှာဖွေရန် သို့မဟုတ် ဆုတောင်းရင်းဖြင့် ဖတ်ရှုရန် လိုအပ်တော့မည်မဟုတ်၊ ၎င်းတို့သည် ဉာဏ်အလင်းရခြင်းနှင့် အလင်းကို တိုက်ရိုက်ရရှိလိမ့်မည်” ဟု ပြောသော ဘာသာပြန်သူများအတွက်မူ ဤသည်မှာ အမှားတစ်ခု မဟုတ်လော။ ဤသည်မှာ စည်းမျဉ်းများကို ချိုးဖောက်ခြင်းဖြစ်သည်၊ ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မဆင်မခြင် အနက်ဖွင့်ခြင်းဖြစ်သည်။ အချုပ်အားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်သည် လူ့စကားများကဲ့သို့၊ ဝတ္ထုတစ်ပုဒ်၊ ကျော်ကြားသူတစ်ဦး၏ စာပေများ သို့မဟုတ် ပညာရပ်ဆိုင်ရာ ဟောပြောချက်နှင့် သက်ဆိုင်သည့် တစ်စုံတစ်ခုကဲ့သို့ မည်သည့်အခါမျှ မဆက်ဆံနှင့်။ ယင်းတို့ကို ကလီကမာလုပ်ခြင်း သို့မဟုတ် မဆင်မခြင် အနက်ဖွင့်ခြင်းအပြင် လူတစ်ဦးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ပြီး ဆုတောင်းရင်းဖြင့် ဖတ်ရှုသည့်အခါ ရှာဖွေခြင်း၊ လက်ခံခြင်းနှင့် ကျိုးနွံနာခံခြင်း သဘောထားဖြင့် ချဉ်းကပ်သင့်သည်။ သို့မှသာလျှင် လူတစ်ဦးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် သမ္မာတရားကို မြင်နိုင်သည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်နိုင်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် လက်တွေ့လုပ်ဆောင်ရန် လမ်းခရီးကို ရှာတွေ့နိုင်ပြီး၊ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် မိမိတို့၏တာဝန်ကို ထမ်းဆောင်ရာတွင်လည်းကောင်း၊ ဘဝတွင်လည်းကောင်း ကြုံတွေ့ရသော အမျိုးမျိုးသော အခက်အခဲများကို ဖြေရှင်းနိုင်သည်။ ဤရလဒ်ကို ရရှိခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သင်၏သဘောထား မှန်ကန်ကြောင်း သက်သေပြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စက်ဆုပ်ရွံရှာသော အန္တိခရစ်များ၏ ပထမဆုံးသရုပ်သကန်ဖြစ်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မဆင်မခြင် ကလီကမာလုပ်ခြင်းနှင့် အနက်ဖွင့်ခြင်း နှင့်ပတ်သက်၍ ငါတို့၏ မိတ်သဟာယသည် ဤနေရာတွင် အဆုံးသတ်သည်။

ခ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက မိမိတို့၏အယူအဆများနှင့် မကိုက်ညီသည့်အခါ အန္တိခရစ်များက ထိုနှုတ်ကပတ်တော်များကို ငြင်းဆိုကြ၏

ဒုတိယ သရုပ်သကန်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များက မိမိတို့၏အယူအဆများနှင့် မကိုက်ညီသည့်အခါ အန္တိခရစ်များက ထိုနှုတ်ကပတ်တော်များကို ငြင်းဆိုကြခြင်း ဖြစ်သည်။ ဘုရားသခင်၏ အမှုတော်တွင် အစမှ ယခုအချိန်အထိ ဘုရားသခင်သည် နှုတ်ကပတ်တော်များစွာကို ပြောဆိုခဲ့ပြီးဖြစ်သည်။ ဤနှုတ်ကပတ်တော်များ၏ အတိုင်းအတာသည် ကျယ်ပြန့်ပြီး ၎င်းတို့၏ အကြောင်းအရာသည်လည်း ကြွယ်ဝသည်၊ လူတို့၏ ရည်ရွယ်ချက်များနှင့် ရှုထောင့်အမြင်များနှင့် သက်ဆိုင်သော ကဏ္ဍများအပြင် ဘုရားသခင်ကို အစေခံခြင်းလည်း ပါဝင်သည်။ အမှန်ပင် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် သက်ဆိုင်သည့်အရာ ပို၍ပင် များစွာရှိပြီး သာ၍ပင် ကြီးမားသော အစိတ်အပိုင်းမှာ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ဘုရားသခင်၏ တောင်းဆိုချက်များနှင့် သက်ဆိုင်သည်။ ဤနှုတ်ကပတ်တော်များထဲတွင် ဘုရားသခင်သည် အမျိုးမျိုးသော ပြောဆိုခြင်းနည်းလမ်းများကို အသုံးပြုခဲ့သည်။ ဤအမျိုးမျိုးသော ပြောဆိုခြင်း နည်းလမ်းများအတွင်း၌ အချို့သော စကားပြောဆိုသည့် လေသံတို့သည် ကနဦးတွင် လူသားများနှင့် အတော်အတန် နီးစပ်ပြီး ထို့နောက်တွင် လူသားမျိုးနွယ်ကို တရားစီရင်ခြင်းနှင့် ဖော်ထုတ်ခြင်း၊ လူသားမျိုးနွယ်ကို သိမ်းပိုက်ခြင်းတို့ ပါဝင်လာကာ ထို့နောက်တွင် လူတို့ကို သမ္မာတရား၏ ကဏ္ဍအမျိုးမျိုးကို တဖြည်းဖြည်း ပြောပြလေသည်။ ဤနှုတ်ကပတ်တော်များ၏ အကြောင်းအရာသည် ကဏ္ဍပေါင်းစုံပါဝင်သော်လည်း မည်မျှပင် များပြားလှသည်ဖြစ်စေ ယင်းတို့အားလုံးသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ် လိုအပ်သည့် အရာများသာ ဖြစ်သည်။ အထူးခြားဆုံးသော အကြောင်းအရာ အနည်းငယ်သော အစိတ်အပိုင်းမှလွဲ၍ ဤနှုတ်ကပတ်တော်အများစုကို လူသားတို့အားလုံး လက်ခံနိုင်သော လေသံ၊ စကားလုံး အသုံးအနှုန်း၊ ဘာသာစကား၏ ကျိုးကြောင်းဆက်စပ်မှုတို့ကို အသုံးပြုလျက် လူသားတို့၏ ဘာသာစကား ပုံစံများအတိုင်း ပြောဆိုထားခြင်းဖြစ်သည်။ အတိုချုပ်ဆိုရလျှင် ဤဘာသာစကားနှင့် ပြောဆိုခြင်း ပုံစံများ၏ ဟန်ပန်များနှင့် နည်းလမ်းများသည် သာမန်ချည်းသာဖြစ်ပြီး အလွန်နားလည်ရလွယ်ကူသည်။ လူတစ်ဦးတွင် ပုံမှန် အတွေးအခေါ်များ၊ ပုံမှန်ဉာဏ်နှင့် ဆင်ခြင်တုံတရား ရှိသရွေ့ ထိုသူသည် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို နားလည်နိုင်သည်။ ဤအရာ၏ သွယ်ဝိုက်သော ဆိုလိုရင်းမှာ လူတစ်ဦး၏ အတွေးအခေါ်များက ပုံမှန်ဖြစ်သရွေ့ ဤနှုတ်ကပတ်တော်များကို ဖတ်ပြီးနောက်တွင် လက်တွေ့လုပ်ဆောင်ခြင်း လမ်းစဉ်ကို ရှာတွေ့နိုင်သည်၊ မိမိကိုယ်ကို သိနိုင်သည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်နိုင်သည်၊ လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများကိုလည်း ရှာတွေ့နိုင်သည်။ လူတစ်ဦးတွင် စိတ်နှလုံးရှိပြီး ပုံမှန်အတွေးအခေါ်များကို ပိုင်ဆိုင်သရွေ့ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များသည် လူတို့ကို ကူညီနိုင်ပြီး ဘဝထဲရှိ အခက်အခဲအမျိုးမျိုးကို ကျော်ဖြတ်ရန် ၎င်းတို့ကို လမ်းညွှန်ပေးနိုင်သည့်အပြင် လူတို့ကို မိမိတို့၏ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို နားလည်စေနိုင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲရှိ အကြောင်းအရာအများစုသည် ဤကဲ့သို့ဖြစ်သော်လည်း ဘုရား၏သဘောသဘာဝ ရှုထောင့်မှ၊ ဝိညာဉ်တော် ရှုထောင့်မှ ပြောဆိုထားသော အစိတ်အပိုင်းတစ်ခု ရှိသည်။ ဤအကြောင်းအရာ၏ အစိတ်အပိုင်းသည် အလွန်ထူးခြားသည်။ လူသားမျိုးနွယ်အားလုံး၏ အမြင်တွင် သူ၏ နှုတ်ကပတ်တော်များ၏ ဤအပိုင်းသည် အလွန်နက်နဲပြီး နားလည်ရခက်သည်။ ယင်းသည် နက်နဲသောအရာတစ်ခု ဖြစ်ပုံရပြီး ပရောဖက်ပြုချက်တစ်ခုကဲ့သို့လည်း ဖြစ်ပုံရသည်။ စကား၏ ဝါကျတိုင်း၊ အပိုဒ်တိုင်းနှင့် အခန်းတိုင်းတွင် လူတို့အနေဖြင့် ဘုရားသခင်၏ ဆိုလိုရင်း အဓိပ္ပာယ်ကို ပိုင်းခြားသိမြင်ရန် အလွန်ခက်ခဲသည်၊ လူတို့ရှာဖွေနေကြသော သမ္မာတရား စည်းမျဉ်းများအပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ နောက်ခံအကြောင်းအရာနှင့် လူအပေါ် ဘုရားသခင်၏ တောင်းဆိုချက်များကို ရှာတွေ့ရန် ခက်ခဲသည်။ သို့ဆိုလျှင် ဤသည်တို့မှာ သူ၏ နှုတ်ကပတ်တော်များ၏ မည်သည့်အပိုင်းဖြစ်သနည်း။ ယင်းတို့မှာ “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့် ယင်း၏ နောက်ဆက်တွဲများ ဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များ၏ ဤအပိုင်းသည် လူတို့ နားလည်ရန် အလွန်ခက်ခဲသည်။ လူတို့နားလည်ရန် ခက်ခဲသော ဤအပိုင်းကို ဘုရားသခင် အဘယ်ကြောင့် ပြောဆိုသည်ဟူသော ကိစ္စကို ဦးစွာ ဘေးဖယ်ထားကြပြီး ထိုအစား ငါတို့ မိတ်သဟာယပြုမည့် “ဘုရားသခင်၏ နှုတ်ကပတ်တော်များက မိမိတို့၏အယူအဆများနှင့် မကိုက်ညီသည့်အခါ အန္တိခရစ်များက ထိုနှုတ်ကပတ်တော်များကို ငြင်းဆိုကြ၏” ဟူသည့် အကြောင်းအရာ၏ မည်သည့်အပိုင်းက ငါထုတ်ပြောခဲ့သည့် အပိုင်းနှင့် သက်ဆိုင်သည်ကို ပြောကြစို့။ ဘုရားသခင်ပြောဆိုသည့် သာမန်ဖြစ်ကာ နက်နဲပြီး နားလည်လွယ်ကူသည့်အပြင် ရှုပ်ထွေးသော်လည်း ရိုးရှင်းစွာ ဖော်ပြထားသည့် နှုတ်ကပတ်တော်အများစုနှင့် ပတ်သက်၍လည်းကောင်း၊ လူအပေါ် ဘုရားသခင်၏ သတိပေးချက်များနှင့် သတိပြုစေချက်များ၊ လူကို တိုက်တွန်းနှိုးဆော်ချက်နှင့် နှစ်သိမ့်ခြင်း နှုတ်ကပတ်တော်များ၊ လူကို ဖော်ထုတ်ခြင်းနှင့် တရားစီရင်ခြင်း နှုတ်ကပတ်တော်များ၊ လူကို ထောက်ပံ့ခြင်းနှင့် လမ်းညွှန်ခြင်း နှုတ်ကပတ်တော်များနှင့် ပတ်သက်၍လည်းကောင်း သမ္မာတရားကို လုံးဝမလိုက်စားသူများ၊ “ဘုရားသခင်” ဟူသော စကားလုံးကို ဘုရားကဲ့သို့ ကိုးကွယ်ပြီး မရေရာသော ဘုရားတစ်ပါးကို ယုံကြည်လိုသူများအတွက်မူ ဤနှုတ်ကပတ်တော်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကဲ့သို့ မထင်ရဟု ၎င်းတို့က တွေးထင်ကြသည်။ ၎င်းတို့က ထိုနှုတ်ကပတ်တော်များကို အလွန်သာမန်ဖြစ်လွန်းသည်၊ အလွန်ရှင်းလင်းလွန်းသည်၊ အရပ်သုံးစကားများသာဖြစ်သည်ဟု မြင်ကြသည်။ အခန်းတစ်ခုချင်းစီသည် ရှည်လွန်းသည်ဟု ၎င်းတို့က တွေးထင်ကြသည်။ ဤနှုတ်ကပတ်တော်များကို ၎င်းတို့ မဖတ်ချင်ကြပေ။ ထိုနှုတ်ကပတ်တော်များတွင် နက်နဲမှုနှင့် နက်နဲသောအရာ ကင်းမဲ့ပြီး ထို့ကြောင့် ဖတ်ရှုရန် မထိုက်တန်ဟု ၎င်းတို့က တွေးထင်ကြသည်။ သို့ဖြစ်၍ ဤနှုတ်ကပတ်တော်များသည် ၎င်းတို့၏ အမြင်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မဟုတ်ကြပေ။ ဤအရာကို ၎င်းတို့ဆိုခြင်းမှာ ဤနှုတ်ကပတ်တော်များ၏ အကြောင်းအရာ၊ ပြောဆိုဟန်နှင့် ပုံစံတို့သည် ၎င်းတို့၏ အကြိုက်နှင့် မကိုက်ညီသောကြောင့် ဖြစ်သည်။ သို့ဆိုလျှင် ၎င်းတို့၏ အကြိုက်မှာ အဘယ်နည်း။ ၎င်းတို့သည် နက်နဲသော စာများ၊ လူတို့ မည်သို့ပင် ဖတ်ရှုစေကာမူ နားမလည်နိုင်ဘဲ ရှိနေသော၊ ကောင်းကင်မှ အဓိပ္ပာယ်မဖော်နိုင်သော ကျမ်းကြီးတစ်အုပ်ကဲ့သို့ နက်နဲသော စကားလုံးများကို ဖတ်ရှုလိုကြသည်။ ဤအရာကို ၎င်းတို့ ဖတ်ရှုလိုကြသည်။ အန္တိခရစ်တို့သည် လူသားတို့၏ နှစ်သက်မှုများနှင့် ကိုက်ညီသော နည်းလမ်း၊ လေသံနှင့် ဟန်ပန်တို့ဖြင့် ပြောဆိုထားသည့် ဘုရားသခင်က ထောက်ပံ့သော နှုတ်ကပတ်တော် အမျိုးအစားကို မထီမဲ့မြင်ပြုကြသည်။ ၎င်းတို့သည် ဤနှုတ်ကပတ်တော်များအပေါ် အယူအဆများ၊ အထင်အမြင်သေးခြင်းနှင့် လှောင်ပြောင်ခြင်းတို့ဖြင့် ပြည့်နေကြသည်။ ထို့ကြောင့် ဤလူများသည် လူကို အသက်ပေးနိုင်သော ဤသာမန်ဖြစ်သည့်၊ နားလည်ရလွယ်ကူသော နှုတ်ကပတ်တော်များကို မဖတ်၊ မကြည့်၊ နားမထောင်ကြပေ။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့သည် ဤနှုတ်ကပတ်တော်များကို ရန်လိုကြသည်၊ ပစ်ပစ်ခါခါငြင်းကြပြီး လက်ခံရန် ငြင်းပယ်ကြသည်။ ၎င်းတို့သည် ဤနှုတ်ကပတ်တော်များကို အဘယ်ကြောင့် ငြင်းပယ်နိုင်၊ ပစ်ပစ်ခါခါငြင်းနိုင်ပြီး ရန်လိုနိုင်သနည်း။ အကြောင်းရင်းတစ်ခုမှာ သေချာသည်။ ဤနှုတ်ကပတ်တော်များသည် ဇာတိပကတိ၌ရှိသော ဘုရားသခင်၏ ရှုထောင့်မှ ပြောဆိုထားခြင်းဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ကြသောကြောင့် ဤနှုတ်ကပတ်တော်များကို လူ့စကားများအဖြစ် ၎င်းတို့က မှတ်ယူကြသည်။ လူ့စကားများ၏ သဘောတရားမှာ အဘယ်နည်း။ အန္တိခရစ်များ၏ အမြင်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသာ၊ ကောင်းကင်ဆိုင်ရာ ကျမ်းစာများသာ ၎င်းတို့ ဖတ်ရှုရန် ထိုက်တန်သည်။ နက်နဲသိမ်မွေ့သော၊ ဉာဏ်မမီနိုင်သော၊ နက်နဲသောအရာပါသော နှုတ်ကပတ်တော်များသာ ၎င်းတို့ ဖတ်ရှုရန် ထိုက်တန်သည်။ ဤသာမန်ဖြစ်ပြီး နားလည်ရလွယ်ကူသော လူ့စာများသည် ၎င်းတို့ ဖတ်ရှုရန် မထိုက်တန်ပေ၊ ၎င်းတို့၏ “ထိုးထွင်းသိမြင်လှသော” မျက်စိကို မဖမ်းစားနိုင်ပေ၊ ပြီးလျှင် ၎င်းတို့သည် ထိုကျမ်းစာများကို ဥပေက္ခာပြုကြသည်။ ၎င်းတို့သည် ဤနှုတ်ကပတ်တော်များထဲရှိ သမ္မာတရားကို လက်ခံရန်မဆိုထားနှင့်၊ လုံးဝပင် မဖတ်ကြပေ။

ပတ်ဝန်းကျင်တွင် ကြည့်ရှုပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မဖတ်သူ၊ တစ်စုံတစ်ဦးက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိတ်သဟာယဖွဲ့သည့်အခါ ထထွက်သွားသူ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်း သို့မဟုတ် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းကို ကြားရသည့်အခါ သမ်းဝေသူ၊ အကြောဆန့်သူ၊ ဒူးနန့်နေသူ၊ စိတ်မရှည်ဖြစ်လာသူနှင့် ထွက်သွားရန် သို့မဟုတ် အခြားအကြောင်းအရာတစ်ခုသို့ ပြောင်းကာ ကြားဖြတ်နှောင့်ယှက်ရန် ဆင်ခြေများကို ရှာသူကို မြင်လော့။ ထိုသို့သောလူများသည် အန္တရာယ်ရှိသည်။ သင်သည် ဓမ္မပညာ၊ မည်သည့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာများ သို့မဟုတ် မည်သည့် လူ့ရှုထောင့်အမြင်များကိုမဆို ပြောနိုင်ပြီး ၎င်းတို့သည် ထိုင်၍ နားထောင်ကြလိမ့်မည်။ သို့သော် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအကြောင်း တရားဟောခြင်း၊ ဆုတောင်းရင်းဖြင့် ဖတ်ရှုခြင်း သို့မဟုတ် မိတ်သဟာယဖွဲ့ခြင်း၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ချီးမြှောက်ခြင်းတို့ စတင်သည်နှင့်တစ်ပြိုင်နက် ရုပ်ပျက်ဆင်းပျက်အမူအရာ၊ နတ်ဆိုးရုပ်တစ်ခုကို ထုတ်ဖော်လျက် ၎င်းတို့သည် ချက်ချင်း ပြောင်းလဲသွားကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်သည်ကို ကြားသည့်အခါ ၎င်းတို့သည် ဂနာမငြိမ်ဖြစ်ပြီး စိတ်အနှောင့်အယှက်ဖြစ်လာကြကာ တစ်စုံတစ်ဦးက သမ္မာတရားကို မိတ်သဟာယဖွဲ့သည်ကို ကြားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ရန်လိုလာကြပြီး ထထွက်သွားကြသည်။ ဤအရာ၏ သဘောသဘာဝကား အဘယ်နည်း။ ဤသည်မှာ မည်သည့်စိတ်သဘောထားနည်း။ ဤသည်မှာ အန္တိခရစ်ဖြစ်သည်။ အချို့က “သင်က ၎င်းတို့ကို အန္တိခရစ်များဟု မည်သို့ အမည်တပ်နိုင်သနည်း။ ဖြစ်နိုင်သည်မှာ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ စိတ်ဝင်စားမှု မရှိသေးသော သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ချိုမြိန်မှုကို မမြည်းစမ်းဖူးသေးသော ယုံကြည်သူအသစ်များ ဖြစ်နိုင်သည်။ ယုံကြည်သူအသစ်များသည် ဝိညာဉ်ရင့်ကျက်မှု သေးငယ်နိုင်ချေ ရှိကောင်းရှိနိုင်သည်ဟု သင်မထင်သလော” ဟု ပြောကောင်းပြောနိုင်သည်။ ၎င်းတို့သည် ဝိညာဉ်ရင့်ကျက်မှုသေးငယ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စိတ်မဝင်စားသော ယုံကြည်သူအသစ်များဖြစ်ပါက သင်က အခြားအရာများအကြောင်း ပြောသည့်အခါ အဘယ်ကြောင့် ၎င်းတို့ ပစ်ပစ်ခါခါမငြင်းကြသနည်း။ သင်သည် ကြီးမားသော ကပ်ဘေးများ၊ လူသားမျိုးနွယ်၏ အနာဂတ်၊ နက်နဲသောအရာများ သို့မဟုတ် ဗျာဒိတ်ကျမ်းကို ဆွေးနွေးပါက ၎င်းတို့ ငြိမ်ငြိမ်ထိုင်နိုင်ခြင်း ရှိမရှိကို ကြည့်လော့။ ထိုအခါ ၎င်းတို့သည် ကွဲပြားစွာ ပြုမူကြသည်။ အန္တိခရစ်များ၏ သဘာဝအနှစ်သာရ ရှုထောင့်မှကြည့်လျှင် ၎င်းတို့သည် သမ္မာတရားကို ရန်လိုကြသည်။ သမ္မာတရားကို ရန်လိုခြင်း၏ ဤသဘာဝအနှစ်သာရသည် ယင်းဘာသာ မည်သို့ ထုတ်ဖော်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားရသည့်အခါ ၎င်းတို့သည် ပစ်ပစ်ခါခါငြင်းသည်ဟု ခံစားရပြီး ငိုက်မျဉ်းလာကာ မထီမဲ့မြင်ပြုခြင်း၊ စိတ်မရှည်ခြင်းနှင့် နားမထောင်လိုခြင်းတို့၏ အမူအရာအမျိုးမျိုးကို ထုတ်ဖော်ခြင်းပင် ဖြစ်သည်။ ၎င်းတို့၏ မကောင်းဆိုးဝါး၏ ပြုမူပြောဆိုပုံသည် ဤသို့ ထုတ်ဖော်ခြင်းခံရသည်။ အပြင်ပန်းတွင် ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေကြပြီး ဘုရားသခင်၏ နောက်လိုက်များအဖြစ် မိမိတို့ကိုယ်ကို အသိအမှတ်ပြုကြပုံရသည်။ သို့ဆိုလျှင် သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိတ်သဟာယဖွဲ့သည့်အခါ အဘယ်ကြောင့် ၎င်းတို့သည် သောင်းကျန်းကြသနည်း။ အဘယ်ကြောင့် ၎င်းတို့ ငြိမ်ငြိမ်မထိုင်နိုင်ကြသနည်း။ ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဓားတစ်လက် ဆောင်ထားသကဲ့သို့ပင်ဖြစ်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ၎င်းတို့ကို စူးနစ်စေခဲ့သလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ၎င်းတို့ကို ပြစ်တင်ရှုတ်ချခဲ့သလော။ မဟုတ်ပေ။ ဤနှုတ်ကပတ်တော်များ၏ အများစုသည် လူတို့ကို အာဟာရဖြည့်တင်းပေးရန်ဖြစ်ပြီး ယင်းတို့ကို ကြားရသည့်အခါ လူတို့သည် နိုးထနိုင်ကြသည်၊ အသက်ရှင်ရန် နည်းလမ်းတစ်ခုကို ရှာတွေ့နိုင်ကြသည်၊ လူသားပုံသဏ္ဌာန်ဖြင့် အသက်ရှင်ရန် ပြန်လည်နိုးကြားလာနိုင်သည်။ သို့ဖြစ်၍ အချို့လူများသည် ဤနှုတ်ကပတ်တော်များကို ကြားရသည့်အခါ အဘယ်ကြောင့် ပုံမှန်မဟုတ်စွာ တုံ့ပြန်ကြသနည်း။ ဤသည်မှာ နတ်ဆိုးက ၎င်း၏ စစ်မှန်သော အမူအရာကို ထုတ်ဖော်နေခြင်း ဖြစ်သည်။ သင်သည် ဓမ္မပညာ၊ မိစ္ဆာဒိဋ္ဌိအယူဝါဒများ၊ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာများ သို့မဟုတ် ဗျာဒိတ်ကျမ်းအကြောင်း ပြောသည့်အခါ ၎င်းတို့ ပစ်ပစ်ခါခါမငြင်းကြပေ။ သင်သည် ဟန်ဆောင်မှုကင်းသော လူတစ်ဦးဖြစ်ခြင်းအကြောင်း၊ လူ့အကြိုက်လိုက်သူဖြစ်ခြင်းအကြောင်း ပြောလျှင်ပင် သို့မဟုတ် သူရဲကောင်းပုံပြင်များကို ပြောလျှင်ပင် ၎င်းတို့ ပစ်ပစ်ခါခါမငြင်းကြပေ။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသည်ကို ကြားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ပစ်ပစ်ခါခါငြင်းသည်ဟု ခံစားရကာ ထပြီး ထွက်သွားလိုကြသည်။ သင်က ၎င်းတို့ကို ကောင်းစွာနားထောင်ရန် တိုက်တွန်းနှိုးဆော်ပါက ၎င်းတို့သည် ရန်လိုလာပြီး ဒေါသတကြီး ကြည့်လေသည်။ ထိုသို့သောလူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အဘယ်ကြောင့် မခံယူနိုင်ကြသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားသည့်အခါ ၎င်းတို့ ငြိမ်ငြိမ်မထိုင်နိုင်ကြပေ။ ဤနေရာတွင် မည်သည့်အရာ ဖြစ်ပျက်နေသနည်း။ ဤသည်က ၎င်းတို့အတွင်းရှိ ဝိညာဉ်သည် ပုံမှန်မဟုတ်ကြောင်း၊ ယင်းသည် သမ္မာတရားကို အလွန်အမင်းမနှစ်မြို့ပြီး ဘုရားသခင်ကို ရန်ပြုသော ဝိညာဉ်ဖြစ်ကြောင်း သက်သေပြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားသည်နှင့်တစ်ပြိုင်နက် အတွင်း၌ ဂနာမငြိမ်ဖြစ်လာကြပြီး ၎င်းတို့အတွင်းရှိ နတ်ဆိုးက လှုံ့ဆော်ကာ ၎င်းတို့ကို ငြိမ်ငြိမ်မထိုင်နိုင်အောင် ပြုလုပ်သည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ အနှစ်သာရ ဖြစ်သည်။ သို့ဖြစ်၍ အပြင်ပန်းမှကြည့်လျှင် အန္တိခရစ်တို့သည် မိမိတို့၏ အယူအဆများနှင့် မကိုက်ညီသော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မထီမဲ့မြင်ပြုကြသည်။ သို့သော် ဤ “မိမိတို့၏ အယူအဆများနှင့် မကိုက်ညီခြင်း” က အမှန်တကယ် မည်သည့်အရာကို ရည်ညွှန်းသနည်း။ ယင်းက ဤနှုတ်ကပတ်တော်များကို ၎င်းတို့ ပြစ်တင်ရှုတ်ချကြောင်း၊ ယင်းတို့ကို ဘုရားသခင်ထံမှ လာသည်ဟု အသိအမှတ်မပြုကြောင်းနှင့် ယင်းတို့အား လူတို့ကို ကယ်တင်သော သမ္မာတရား သို့မဟုတ် အသက်လမ်းခရီးအဖြစ် အသိအမှတ်မပြုကြောင်း ရှင်းလင်းစွာ ညွှန်ပြသည်။ မိမိတို့၏ အယူအဆများနှင့် မကိုက်ညီခြင်းသည် ဆင်ခြေတစ်ခု၊ အပေါ်ယံဖြစ်စဉ်တစ်ခုမျှသာ ဖြစ်သည်။ မိမိတို့၏ အယူအဆများနှင့် မကိုက်ညီခြင်းက မည်သည့်အရာကို ဆိုလိုသနည်း။ လူတိုင်းသည် ဘုရားသခင်ပြောဆိုခဲ့သော ဤနှုတ်ကပတ်တော်များအားလုံးအပေါ် အယူအဆများ မရှိကြသလော။ လူတိုင်းက ယင်းတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအဖြစ်၊ သမ္မာတရားအဖြစ် လက်ခံနိုင်သလော။ လက်မခံနိုင်ပေ၊ လူတိုင်းတွင် အနည်းနှင့်အများ၊ အတိုင်းအတာတစ်ခုအထိ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ပဋိပက္ခဖြစ်သော သို့မဟုတ် ဆန့်ကျင်သော အတွေးအခေါ်အချို့၊ အယူအဆအချို့ သို့မဟုတ် ရှုထောင့်အမြင်အချို့ ရှိကြသည်။ သို့သော် လူအများစုတွင် ပုံမှန်ဆင်ခြင်တုံတရားရှိပြီး ဤဆင်ခြင်တုံတရားက ၎င်းတို့သည် မိမိတို့၏ အယူအဆများနှင့် မကိုက်ညီသော ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ထိပ်တိုက်ရင်ဆိုင်ရသည့်အခါ ပေါ်ပေါက်လာသော သဘောထားကို အောင်မြင်ကျော်လွှားရန် ၎င်းတို့ကို ကူညီနိုင်သည်။ ၎င်းတို့၏ ဆင်ခြင်တုံတရားက ၎င်းတို့ကို “ယင်းက ကျွန်ုပ်၏ အယူအဆများနှင့် မကိုက်ညီလျှင်ပင် ဤသည်တို့မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များသာ ဖြစ်နေဆဲဖြစ်သည်။ ယင်းတို့က ကျွန်ုပ်၏ အယူအဆများနှင့် မကိုက်ညီလျှင်ပင်၊ ကျွန်ုပ်သည် နားထောင်ရန် အင်တင်တင်ဖြစ်နေကာ ယင်းသည် မမှန်ကန်ဟု ကျွန်ုပ် ခံစားရပြီး ယင်းက ကျွန်ုပ်၏ အတွေးအခေါ်များနှင့် ပဋိပက္ခဖြစ်သည်ဟု ကျွန်ုပ် ခံစားရလျှင်ပင် ဤနှုတ်ကပတ်တော်များသည် သမ္မာတရား ဖြစ်နေဆဲဖြစ်သည်။ ကျွန်ုပ်သည် ယင်းတို့ကို ဖြည်းဖြည်းချင်း လက်ခံမည်ဖြစ်ပြီး တစ်နေ့တွင် ဤအရာအားလုံးကို ကျွန်ုပ် သတိပြုမိသည့်အခါတွင် ကျွန်ုပ်၏ အယူအဆများကို ကျွန်ုပ် လက်လွှတ်မည် ဖြစ်သည်” ဟု ပြောသည်။ ၎င်းတို့၏ ဆင်ခြင်တုံတရားက ၎င်းတို့ကို မိမိတို့၏ ကိုယ်ပိုင်အယူအဆများကို ဦးစွာ ဘေးဖယ်ထားရန် ပြောသည်၊ ၎င်းတို့၏ အယူအဆများသည် သမ္မာတရားမဟုတ်ဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အစားမထိုးနိုင်ပေ။ ၎င်းတို့၏ ဆင်ခြင်တုံတရားက ၎င်းတို့ကို မိမိတို့၏ ကိုယ်ပိုင်အယူအဆများနှင့် ရှုထောင့်အမြင်များဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အတိုက်အခံလုပ်မည့်အစား ကျိုးနွံနာခံခြင်းနှင့် ရိုးသားခြင်း သဘောထားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံရန် ပြောသည်။ ဤသို့ဖြင့် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားသည့်အခါ မိမိတို့၏ အယူအဆများနှင့် ကိုက်ညီသောစကားများကို လက်ခံနိုင်ပြီး ငြိမ်သက်စွာထိုင်၍ နားထောင်နိုင်သည်။ မိမိတို့၏ အယူအဆများနှင့် မကိုက်ညီသော နှုတ်ကပတ်တော်များအတွက်မူ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အယူအဆများကို ဘေးဖယ်ထားပြီး ဘုရားသခင်နှင့် သဟဇာတဖြစ်ရန် ကြိုးပမ်းလျက် ဖြေရှင်းနည်းများကိုလည်း ရှာဖွေနေကြသည်။ ဤသည်မှာ ဆင်ခြင်တုံတရားရှိသော လူအများစု၏ ပုံမှန်အပြုအမူ ဖြစ်သည်။ သို့သော် အန္တိခရစ်များ ပြောဆိုသော “မိမိတို့၏ အယူအဆများနှင့် မကိုက်ညီခြင်း” သည် သာမန်လူများနှင့် မတူပေ။ အန္တိခရစ်များ၏ ကိစ္စတွင် ဆိုးရွားသော ပြဿနာများရှိသည်၊ ယင်းသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များ၊ နှုတ်ကပတ်တော်များ၊ အနှစ်သာရနှင့် စိတ်သဘောထားတို့နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သော၊ စာတန်ဆန်သော စိတ်သဘောထား အနှစ်သာရနှင့်ဆိုင်သော အရာတစ်ခုဖြစ်သည်။ ၎င်းတို့၏ ကိစ္စတွင် ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပြစ်တင်ရှုတ်ချခြင်း၊ ပြစ်မှားစော်ကားခြင်းနှင့် လှောင်ပြောင်ခြင်း ဖြစ်သည်။ ဘုရားသခင်ပြောဆိုသော ဤသာမန်ဖြစ်ပြီး နားလည်ရလွယ်ကူသော လူ့ဘာသာစကားသည် သမ္မာတရားမဟုတ်ဘဲ လူတို့ကို ကယ်တင်ခြင်း၏ အကျိုးသက်ရောက်မှုကို မရရှိနိုင်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ဤသည်မှာ အန္တိခရစ်များက “မိမိတို့၏ အယူအဆများနှင့် မကိုက်ညီခြင်း” ဖြင့် ဆိုလိုသည့် တိကျသော အဓိပ္ပာယ်ဖြစ်သည်။ သို့ဆိုလျှင် ယင်း၏ အနှစ်သာရကား အဘယ်နည်း။ လက်တွေ့တွင် ယင်းသည် ဘုရားသခင်ကို ပြစ်တင်ရှုတ်ချခြင်း၊ ငြင်းပယ်ခြင်းနှင့် ပြစ်မှားစော်ကားခြင်း ဖြစ်လေသည်။

အန္တိခရစ်တို့သည် ဘုရားသခင်က လူ့သဘာဝ ရှုထောင့်မှ၊ အပြင်လူ၏ ရှုထောင့်မှ ရပ်တည်လျက် လူတို့အား စကားပြောရန် လူ့ဘာသာစကား ပုံစံများ၊ ဖွဲ့စည်းပုံနှင့် စကားလုံးအသုံးအနှုန်းတို့ကို အသုံးပြုသည့်အခါ ဤနှုတ်ကပတ်တော်များသည် လုံလောက်အောင် မနက်နဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအဖြစ် သတ်မှတ်ခံရရန် အရည်အချင်းမပြည့်မီဟု ယုံကြည်ကြသောကြောင့် ၎င်းတို့သည် ထိုနှုတ်ကပတ်တော်များကို လက်ခံမည့်အစား သေခြင်းကိုပင် ခံလိုကြသည်။ အချို့လူများက “သင်က ၎င်းတို့ လက်မခံဟု ပြောသည်၊ သို့သော် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုလည်း စားသောက်ကြသည်၊ တစ်ခါတစ်ရံ ၎င်းတို့သည် ဝိညာဉ်ရေးရာ ဆက်ကပ်ခြင်းများ ပြုကြသည်၊ တစ်ခါတစ်ရံ ကျွန်ုပ်တို့နှင့် မိတ်သဟာယဖွဲ့သည့်အခါ ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုပင် ကိုးကားကြသည်။ ယင်းကို သင် မည်သို့ ရှင်းပြမည်နည်း” ဟု ပြောကြသည်။ ယင်းမှာ ကွဲပြားသော ကိစ္စရပ်တစ်ခုဖြစ်သည်၊ ယင်းမှာ အပေါ်ယံမျှသာ ဖြစ်သော်လည်း အနှစ်သာရအားဖြင့် အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဤသို့ သတ်မှတ်ကြသည်။ “လူ့ဇာတိခံယူထားသော လူသား ပြောဆိုသည့် နှုတ်ကပတ်တော်များသည် သမ္မာတရားနှင့် မညီမျှ၊ ဘုရားနှုတ်ကပတ်တော်များ ဖြစ်ဖို့ရန်မှာ သာ၍ပင် ဝေးလေသည်၊ ထို့ကြောင့် ကျွန်ုပ်သည် ယင်းတို့ကို လက်ခံရန်၊ စားသောက်ရန် သို့မဟုတ် ကျိုးနွံနာခံရန် မလိုအပ်ပါ” ဟူ၍ဖြစ်သည်။ သို့သော် ဘုရားသခင် လူ့ဇာတိခံယူသော ဇာတိပကတိက ဝိညာဉ်တော်၏ ရှုထောင့်မှ၊ ဘုရား၏သဘောသဘာဝ ရှုထောင့်မှ ဖော်ပြသည့် အပိုင်းဖြစ်သည့် “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့် ပတ်သက်၍မူ ဤသည်မှာ အန္တိခရစ်တို့ မြင်နိုင်သော်လည်း လက်လှမ်းမမီနိုင်သော အရာတစ်ခုဖြစ်သည်။ ယင်းမှာ ၎င်းတို့ အလွန်ပင် စိတ်ထက်သန်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ဤစိတ်အားထက်သန်မှုက မည်သည့်အရာကို ရည်ညွှန်းသနည်း။ ယင်းက အန္တိခရစ်တို့သည် ဤနှုတ်ကပတ်တော်များကို အလွန်တရာ တပ်မက်စွာဖြင့် ကြည့်ရှုကာ “သင်၏ ဤမိန့်မြွက်ချက်အပိုင်းကြောင့် အတိအကျပင် ကျွန်ုပ်တို့အမြင်တွင် အရေးမပါသော၊ မထင်ရှားသော၊ မည်သည့်အရာမျှ မဟုတ်သော ပုဂ္ဂိုလ်ဖြစ်သည့် သင်သည် ဘုရားဖြစ်လာခဲ့ခြင်း ဖြစ်သည်။ အလွန်တရားမမျှတပါတကား၊ တရားမျှတမှု မရှိပါတကား” ဟု တွေးထင်ခြင်းကို ရည်ညွှန်းသည်။ သို့သော် ၎င်းတို့ “ဂုဏ်ပြုထိုက်သည်” ဟု မြင်သော ကဏ္ဍတစ်ခု ရှိသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ဤအပိုင်းကို ဖော်ပြခြင်းကြောင့်သာ ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ကြည်ညိုပြီး ရိုသေလေးမြတ်လိုသော ၎င်းတို့၏ လိုအင်ဆန္ဒနှင့် ရည်မှန်းချက်တို့ ပြည့်ဝသွားခြင်း ဖြစ်သည်။ ယင်းက ၎င်းတို့အတွက် သိမြင်မှုအသစ်တစ်ခုကို ဖွင့်ပေးပြီး ၎င်းတို့က “အံ့ဩဖွယ်ပါတကား၊ ဘုရားသည် အမှန်ပင် ဘုရားဖြစ်ပါသည်တကား။ ဤဘုရားသည် တတိယကောင်းကင်မှဖြစ်သော တစ်ပါးတည်းသောသူ၊ အကြီးမြတ်ဆုံးသောသူ ဖြစ်သည်။ သူသည် အမှန်ပင် ဘုရားဖြစ်ထိုက်ပါတကား၊ ထိုသို့သော နှုတ်ကပတ်တော်များကို ပြောဆိုခြင်းသည် သာမညကိစ္စတစ်ခု မဟုတ်ပေ။ လူသားများက ဝါကျတစ်ကြောင်းမျှ နားမလည်နိုင်ပါ၊ ဤနှုတ်ကပတ်တော်များသည် နက်နဲလွန်းလှသည်၊ ပရောဖက်များ၏ ပရောဖက်ပြုချက်များထက်ပင် သာ၍ အလွန်နက်နဲလှသည်တကား” ဟု ပြောကြသည်။ အန္တိခရစ်တို့က ဤနှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါတိုင်း ၎င်းတို့၏ စိတ်နှလုံးများသည် ကောင်းကင်ဘုံရှိ ဘုရားသခင်အတွက် ကြည်ညိုခြင်းဖြင့် ပြည့်လျက် မနာလိုခြင်းနှင့် ငြူစူခြင်းတို့ဖြင့် ပြည့်နှက်နေသည်။ ဤနှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါတိုင်း ၎င်းတို့သည် ဘုရားသခင်ကို အချစ်ဆုံးသောသူများဖြစ်သည်ဟု ခံစားရသည်၊ ဤနှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါတိုင်း ၎င်းတို့သည် ဘုရားသခင်နှင့် အရင်းနှီးဆုံးဖြစ်သည်ဟု ခံစားရသည်။ ဤနှုတ်ကပတ်တော်များသည် ဘုရားသခင်အပေါ် ၎င်းတို့၏ သိလိုစိတ်ကို အကြီးမားဆုံးသော အတိုင်းအတာအထိ ဖြည့်ဆည်းပေးသည်။ ဘုရားသခင်၏ မိန့်မြွက်ချက်၏ ဤအပိုင်း၌ ဘုရားသခင်၏ ရည်ရွယ်ချက်များကား မည်သည့်အရာဖြစ်သည်၊ ဘုရားသခင်ပြောဆိုသော ဝါကျတစ်ကြောင်းစီ၏ နောက်ခံအကြောင်းအရာကား မည်သည့်အရာဖြစ်သည်၊ နောက်ဆုံး ရည်ရွယ်ထားသော အကျိုးသက်ရောက်မှုကား မည်သည့်အရာဖြစ်သည်၊ သို့မဟုတ် စာကြောင်းများကြားတွင် ဖော်ပြထားသော အဓိပ္ပာယ်ကား မည်သည့်အရာဖြစ်သည်တို့ကို ၎င်းတို့ လုံးဝ နားမလည်နိုင်သော်လည်း သူ၏ နှုတ်ကပတ်တော်များ၏ ဤအပိုင်းကို ကြီးစွာသော မျှော်လင့်ချက်ဖြင့် ၎င်းတို့ စောင့်မျှော်နေဆဲဖြစ်သည်။ အဘယ်ကြောင့်နည်။ အဘယ်ကြောင့်ဆိုသော် ဤအပိုင်းသည် နားလည်ရန် ခက်ခဲသောကြောင့်ဖြစ်သည်၊ ယင်း၌ လူ့ဇာတိခံ ဘုရားသခင်တွင် မြင်တွေ့ရသော လူ့သဘာဝ၏ အငွေ့အသက် မရှိပေ၊ ယင်းကို လူ့သဘာဝ ရှုထောင့်မှ သို့မဟုတ် အပြင်လူ၏ ရှုထောင့်မှ ပြောဆိုထားခြင်း မဟုတ်ပေ။ ဤအပိုင်း၌ ၎င်းတို့သည် ဘုရားသခင်၏ ကြီးမြတ်မှု၊ သူ၏ ဉာဏ်မမီနိုင်မှုတို့ကို မြင်တွေ့ရပြီး သူ့ကို ၎င်းတို့ မြင်နိုင်သော်လည်း လက်လှမ်းမမီနိုင်သော အရာတစ်ခုအဖြစ်လည်း သိမြင်ကြသည်။ ဤသို့ဖြစ်လေလေ ကောင်းကင်ဘုံရှိ ဘုရားသခင်သည် တည်ရှိကြောင်းနှင့် မြေကြီးပေါ်ရှိ ဘုရားသခင်သည် အလွန်အရေးမပါကြောင်း၊ သူသည် ယုံကြည်ရန် ခက်ခဲကြောင်းနှင့် ယုံကြည်လက်ခံရန် မထိုက်တန်ကြောင်း ၎င်းတို့ ပို၍ ယုံကြည်လေလေ ဖြစ်သည်။ အချို့လူများသည် သူ၏ နှုတ်ကပတ်တော်များ၏ ဤအပိုင်းကြောင့် နောက်ဆုံးသောကာလ၌ ဘုရားသခင်၏ အမှုကို လက်ခံခဲ့ကြသည်ဟု ဆိုခြင်းသည် ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ။ အချို့သည် အထူးသဖြင့် ဤနှုတ်ကပတ်တော်များအတွက် နောက်ဆုံးသောကာလ၌ ဘုရားသခင်၏ အမှုထံသို့ လာခဲ့ကြပြီး အချို့သည် သူ၏ နှုတ်ကပတ်တော်များ၏ ဤအပိုင်း ပြည့်စုံလာရန်ကို စောင့်ဆိုင်းရန်အတွက်သာ ဤနေရာတွင် ရှိနေကြသည်။ ထို့အပြင် ဤနှုတ်ကပတ်တော်များမှတစ်ဆင့် အချို့သည် ကောင်းကင်ဘုံ၌ ဘုရားသခင် တည်ရှိခြင်းကို အတည်ပြုခဲ့ကြပြီး ထို့ကြောင့် မြေကြီးပေါ်ရှိ ဘုရားသခင်၏ နှိမ့်ချမှုနှင့် အရေးမပါမှုကို သာ၍ပင် စက်ဆုပ်ရွံရှာကြလေသည်။ သူ၏ နှုတ်ကပတ်တော်များ၏ ဤအပိုင်းကို ၎င်းတို့ ပို၍ ဖတ်ရှုလေလေ လူ့ဇာတိခံ ဘုရားသခင်ဖြစ်သည့် မြေကြီးပေါ်ရှိ ဘုရားသခင်သည် အလွန် အပေါ်ယံဆန်သောစကားကို ပြောဆိုသည်ဟု ၎င်းတို့ ပို၍ ခံစားရလေလေ ဖြစ်သည်။ ၎င်းတို့က “သင်၏ နှုတ်ကပတ်တော်များသည် နားလည်ရန် အလွန်လွယ်ကူသည်။ ကျွန်ုပ်တို့ နားမလည်နိုင်သော အရာတစ်ခုကို သင် အဘယ်ကြောင့် မပြောသနည်း။ နက်နဲသောအရာအချို့အကြောင်း သင် အဘယ်ကြောင့် မပြောသနည်း။ တတိယကောင်းကင်၏ ဘာသာစကားကို အဘယ်ကြောင့် မပြောသနည်း။ ဘုရားသဘောသဘာဝ ဘာသာစကားဖြင့် အဘယ်ကြောင့် မပြောသနည်း။ ကျွန်ုပ်တို့၏ သိမြင်မှုများကို ကျယ်ပြန့်စေပြီး ကျွန်ုပ်တို့၏ စိတ်များကို ချဲ့ထွင်ခွင့်ပြုပါ။ သင်သည် ထိုကဲ့သို့ ပြောဆိုပြီး ပြုမူခဲ့ပါက ကျွန်ုပ်တို့၏ ယုံကြည်ခြင်းသည် သာ၍ ကြီးမားမည် မဟုတ်ဘူးလား။ ကျွန်ုပ်တို့သည် သင့်ကို အတိုက်အခံလုပ်ခြင်း ရပ်တန့်မည် မဟုတ်ဘူးလား။ သင်သည် ထိုနည်းဖြင့် ပြောဆိုပြီး ကျွန်ုပ်တို့ကို ဦးဆောင်ခဲ့ပါက သင်၏ အဆင့်အတန်းသည် သာ၍ မြင့်မားမည် မဟုတ်ဘူးလား။ သို့ဆိုလျှင် ကျွန်ုပ်တို့သည် သင့်ကို မည်သို့ မထီမဲ့မြင်ပြုနိုင်မည်နည်း” ဟု ပြောကြသည်။ ဤသည်မှာ အတော်အတန် ဆင်ခြင်တုံတရားမဲ့ခြင်း မဟုတ်လော။ လုံးဝ ဆင်ခြင်တုံတရားမဲ့ပါတကား။ အသိခေါက်ခက် အဝင်နက်သော လူတို့သည် ပုံမှန်လူ့သဘာဝ ရှိသလော၊ ၎င်းတို့တွင် ပုံမှန်လူ့သဘာဝ၏ တွေးခေါ်မှု ရှိသလော။ (မရှိပါ။) သို့ဆိုလျှင် ဤအန္တိခရစ်အမျိုးအစားများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ဤနည်းဖြင့် တုံ့ပြန်သော ဤလူအုပ်စုသည် ပုံမှန်ကျသော ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သလော။ (မပိုင်ဆိုင်ပါ။) တစ်ခါတစ်ရံ ကျွန်ုပ်သည် လူများ စကားစမြည် ပြောနေသည်ကို တွေ့သည့်အခါ ၎င်းတို့နှင့် ဝင်စကားပြောသည်။ သို့သော် ကျွန်ုပ် အံ့ဩမိသည်မှာ ၎င်းတို့သည် ကျွန်ုပ် ကြားဖြတ်မပြောနိုင်သော သို့မဟုတ် စကားဝိုင်းတွင် မပါဝင်နိုင်သော ထိုသို့သော အဆင့်မြင့်သည့် အကြောင်းအရာများကို ဆွေးနွေးကြခြင်း ဖြစ်သည်။ ၎င်းတို့က “သင်သည် ဤအရာအတွက် အရည်အချင်းမမီသည်မှာ ထင်ရှား၏။ သင်သည် တတိယကောင်းကင်၏ ဘာသာစကားကို မပြောနိုင်။ ကျွန်ုပ်တို့သည် သာမန်လူများ နားမလည်နိုင်သည့် တတိယကောင်းကင်၏ ဘာသာစကားကို ပြောဆိုနေခြင်းဖြစ်၏။ သင်သည် ဘုရားဖြစ်လျှင်ပင် အဘယ်အရေးစိုက်စရာ ရှိသနည်း။ သင်သည် နားလည်နိုင်ခြင်းမရှိသေးသောကြောင့် ကျွန်ုပ်တို့သည် သင့်ကို ပါဝင်ခွင့်ပေးရန် မလိုအပ်” ဟု ပြောကြသည်။ ငါ့ကို ပြောလော့၊ ထိုသို့သော အခြေအနေများတွင် ငါ ဘာလုပ်သင့်သနည်း။ လူတို့သည် အသိတရားရှိရန် သင်ယူသင့်သည်။ ၎င်းတို့သည် ထိုသို့သော အဆင့်မြင့်ပြီး တန်ခိုးကြီးသော တတိယကောင်းကင်၏ ဘာသာစကားကို ပြောနေသည်ကို ငါ မြင်ပြီး ငါက ထိုအဆင့်ကို မမီနိုင်လျှင် ငါ့ကိုယ်ငါ အရူးအဖြစ်မခံဘဲ ထွက်သွားသင့်သည်။ အချို့သော အန္တိခရစ်တို့သည် စာတန်ထံမှ၊ ကောင်းကင်တမန်မင်းထံမှ သိသာထင်ရှားစွာ မြစ်ဖျားခံလာသော ဤမိစ္ဆာဒိဋ္ဌိအယူဝါဒများ၊ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာများနှင့် အနှစ်မဲ့စွာပင် လက်တွေ့မကျသော စကားများကို ပွင့်ပွင့်လင်းလင်း ဟောပြောကြသည်။ ၎င်းတို့ပြောသော နှုတ်ကပတ်တော်များသည် ခေတ်မီပြီး အဆင့်မြင့်ပုံရကာ သာမန်လူအများစု လက်လှမ်းမမီနိုင်ချေ။ လက်လှမ်းမမီနိုင် ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ ကြားလိုက်သည်နှင့်တစ်ပြိုင်နက် နတ်ဆိုးဆန်သော စကားဖြစ်ကြောင်း သိနိုင်ပြီး ထိုသူတို့ကို စွန့်ပယ်သင့်သည်ဟု ဆိုလိုသည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်များက မိမိတို့၏အယူအဆများနှင့် မကိုက်ညီသည့်အခါ အန္တိခရစ်များက ထိုနှုတ်ကပတ်တော်များကို ငြင်းဆိုခြင်း၏ အနှစ်သာရကား အဘယ်နည်း။ သင် ရှင်းလင်းစွာ မြင်ပြီးပြီလော။ ၎င်းတို့သည် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို အမှန်တကယ်ပင် မဖတ်ကြပေ။ ကနဦးတွင် သိလိုစိတ်ကြောင့် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အပေါ်ယံ သဘောဖြင့်သာ ကြည့်ရှုကြသည်။ ခေတ္တမျှ ကြည့်ပြီးနောက် ၎င်းတို့က “ဤနှုတ်ကပတ်တော် အများစုသည် ဖတ်ရှုရန် မထိုက်တန်ပါ၊ လက်တွေ့ကျသော၊ တန်ဖိုးရှိသော သို့မဟုတ် အခြေအမြစ်ရှိသောအရာ တစ်ခုမျှမရှိ၊ နက်နဲစွာ စူးစမ်းလေ့လာရန် ထိုက်တန်သောအရာ တစ်ခုမျှမရှိပါ” ဟု တွေးထင်ကြသည်။ ၎င်းတို့ ဆက်လက် ဖတ်ရှုသည်နှင့်အမျှ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဟူသော အပိုင်းကို ၎င်းတို့ ကြုံတွေ့ရသည်။ ဤအပိုင်းသည် လူသားတို့၏ ရှာဖွေဖော်ထုတ်ခြင်းနှင့် စူးစမ်းလေ့လာခြင်းတို့အတွက် ထိုက်တန်လျက် အဆင့်အတန်းနှင့် နက်နဲမှုတို့နှင့်အတူ ဘုရား၏သဘောသဘာဝ ဘာသာစကား၏ အငွေ့အသက်ရှိသည်ဟု ၎င်းတို့ ခံစားရသည်။ ဤသည်မှာ ၎င်းတို့၏ အကြိုက်နှင့် ကိုက်ညီသည်။ ယခု ၎င်းတို့ မည်သည့်အရာကို စောင့်မျှော်နေကြသနည်း။ “ဤအပိုင်းကို မည်သူ ရှင်းပြနိုင်သနည်း။ ဘုရား၏ ရည်ရွယ်ချက်ကား အတိအကျ အဘယ်နည်း။ ဘုရား၏ နှုတ်ကပတ်တော်များ၏ အပိုဒ်တစ်ခုစီက မည်သည့်အရာကို ဆိုလိုသနည်း၊ ပြီးလျှင် ယင်းသည် မည်သို့ ပြည့်စုံလာမည်နည်း” ဟူ၍ ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တို့ အဖြေအရှာလိုဆုံးသော အရာဖြစ်သော်လည်း ၎င်းတို့ကိုယ်တိုင် နားမလည်နိုင်ကြပေ။ ၎င်းတို့ကို ပြောပြသင့်သည်ဟု သင်တို့ ထင်သလော။ (မလိုအပ်ပါ။) အဘယ်ကြောင့်နည်။ နတ်ဆိုးများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားရန် ထိုက်တန်သလော။ ၎င်းတို့သည် ဘုရားသခင်၏ နက်နဲသောအရာများကို သိရန် ထိုက်တန်သလော။ (မထိုက်တန်ပါ။) ဘုရားသခင်၏ နက်နဲသောအရာများသည် သူ့ကို ယုံကြည်၊ နောက်လိုက်ပြီး ကျိုးနွံနာခံသူများထံ ထုတ်ဖော်ထားပြီး နတ်ဆိုးများနှင့် စာတန်များထံမှမူ ကွယ်ဝှက်ထားသည်၊ ၎င်းတို့သည် မထိုက်တန်ပေ။ ထို့ကြောင့် တစ်နေ့တွင် ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များ၏ ဤအပိုင်း၏ နက်နဲမှုများနှင့် အနှစ်သာရအပြင် ဤနှုတ်ကပတ်တော်များ၏ ဇာစ်မြစ်များနှင့် နောက်ခံအကြောင်းအရာတို့ကို ထုတ်ဖော်ရန် ဆုံးဖြတ်ပါက ယင်းသည် ဘုရားသခင် ရွေးချယ်ထားသောလူများကို သိစေလျက် ၎င်းတို့ထံ ထုတ်ဖော်လိမ့်မည်ဖြစ်သော်လည်း စာတန်များ သို့မဟုတ် နတ်ဆိုးများထံသို့မူ မည်သည့်အခါမျှ ထုတ်ဖော်မည် မဟုတ်ပေ။ သင်တို့သည် သမ္မာတရားကို လိုက်စားသူများဖြစ်ပြီး အဆုံးတိုင်အောင် ကျန်ရစ်ရန် အတော်အတန် ကံကောင်းပါက သင်တို့သည် သူ၏ နှုတ်ကပတ်တော်များ၏ ဤအပိုင်း၏ အကြောင်းအရာကို နားလည်ရန် အခွင့်အရေး ရရှိကြလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ နက်နဲသောအရာများစွာ ရှိပြီး သူ၏ အမှုတော်၌လည်း များစွာရှိသည်။ ဥပမာအားဖြင့် ဘုရားသခင်၏ လက်ရှိ လူ့ဇာတိခံယူခြင်းဖြစ်သည်၊ သမ္မာကျမ်းစာနှင့် ယခင် ဟောကိန်းများတွင် ယင်းနှင့်ပတ်သက်၍ အနည်းနှင့် အများဆိုသလို၊ အတိုင်းအတာမျိုးစုံဖြင့် ထိုမျှထင်ရှားခြင်း မရှိသော ပရောဖက်ပြုချက်အချို့ ရှိသော်လည်း ဤပရောဖက်ပြုချက်များအားလုံးသည် အတော်ပင် လျှို့ဝှက်သည်။ ဘုရားသခင်၏ လက်ရှိ လူ့ဇာတိခံယူခြင်းသည် လူသားမျိုးနွယ်တစ်ရပ်လုံးနှင့် အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်တစ်လျှောက်လုံးတွင် အကြီးမြတ်ဆုံးသော နက်နဲမှုနှင့် အလျှို့ဝှက်ဆုံးသော ကိစ္စရပ်ဖြစ်သည်။ လူသားများ မသိ၊ ကောင်းကင်တမန်များ မသိ၊ ဘုရားသခင်၏ ဖန်ဆင်းခြင်းများအားလုံး မသိပေ၊ အစွမ်းအထက်ဆုံးသော စာတန်ပင်လျှင် ဤကိစ္စရပ်အကြောင်းကို မသိပေ။ အဘယ်ကြောင့် ၎င်းက မသိရသနည်း။ ဘုရားသခင်က ၎င်းကို ပြောပြလိုပါက ၎င်းသိရန် အလွန်လွယ်ကူမည် မဟုတ်လော။ သို့ဆိုလျှင် အဘယ်ကြောင့် ၎င်းက မသိရသနည်း။ အချက်တစ်ချက်မှာ သေချာသည်။ ဘုရားသခင်က ၎င်းကို သိစေလိုခြင်း မရှိပေ။ ဤအဖြစ်အပျက်ကို ညွှန်ပြသော၊ ၎င်း၏ ဖြစ်ပွားမှုကို ညွှန်ပြပြီး ကြိုတင်ဟောကိန်းထုတ်သော နိမိတ်လက္ခဏာများစွာ၊ ပရောဖက်ပြုချက်များစွာနှင့် အချက်အလက်များစွာ ရှိလျှင်ပင် ဘုရားသခင်က ၎င်းကို သိစေလိုခြင်း မရှိသရွေ့ စာတန်သည် မည်သည့်အခါမျှ သိမည်မဟုတ်ပေ။ ဤသည်မှာ အမှန်တရားတစ်ခု ဖြစ်သည်။ ဘုရားသခင်က ၎င်းကို သိစေလိုသည့်အခါတွင် သူ့ကို တိုက်ရိုက် ပြောပြလိမ့်မည်။ ဘုရားသခင်က ၎င်းကို မပြောပြဘဲ ယင်းအကြောင်းကို မပြောဆိုပါက ဤအချက်အလက်များနှင့် ပရောဖက်ပြုချက်ဆိုင်ရာ အရာများ ပေါ်ပေါက်လာလျှင်ပင် ဘုရားသခင်က ၎င်းကို အသိဉာဏ်ကွယ်စေနိုင်ပြီး ၎င်းသည် သိနိုင်မည်မဟုတ်ပေ။ စာတန်၏ လုပ်နိုင်စွမ်းသည် ကြီးမားသလော။ ဤနည်းဖြင့် ကြည့်လျှင် မကြီးမားပေ။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းကဲ့သို့သော ထိုသို့သော အရေးပါသည့် လုပ်ရပ်တစ်ခုနှင့် ပတ်သက်လာလျှင် လူ့လောကတွင်ဖြစ်စေ၊ ရုပ်ဝတ္ထုလောကတွင်ဖြစ်စေ သို့မဟုတ် ဝိညာဉ်ရေးရာနယ်ပယ်တွင်ဖြစ်စေ ယင်း၏ နိမိတ်လက္ခဏာအချို့ ရှိမည်မဟုတ်လော။ ဤနိမိတ်လက္ခဏာများအားလုံးကို စုပေါင်း၍ ကြည့်ရှုပါက ဘုရားသခင် လုပ်ဆောင်ရန် ရည်ရွယ်ခဲ့သော ဤလုပ်ရပ်ကို မြင်ရန် လွယ်ကူပေလိမ့်မည်။ သို့ဆိုလျှင် စာတန်သည် ယင်းအကြောင်းကို အဘယ်ကြောင့် မသိရသနည်း။ အဆင်းနီသော နဂါးကြီး၏ နိုင်ငံ၌ ဘုရားသခင် နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီးနောက်တွင် ဘုရားသခင် လုပ်ဆောင်ခဲ့သော ဤလုပ်ရပ်၏ အရေးပါမှုကို အဘယ်ကြောင့် ၎င်းက နားမလည်ရသနည်း။ ၎င်း သဘောပေါက်သည့်အချိန်တွင် ဤလုပ်ရပ်သည် ပြီးမြောက်ပြီးဖြစ်နေပြီ၊ စာတန်သည် ယင်းကို ဝင်ရောက်စွက်ဖက်နိုင်ခြင်းမရှိတော့ဘဲ ဤလုပ်ရပ်၏ ရလဒ်များနှင့် အသီးအပွင့်များသည်လည်း သတ်မှတ်ပြီးနေပြီဖြစ်သည်။ ထိုအခါတွင် စာတန်အတွက် အမှန်တရားကို ရှာဖွေတွေ့ရှိရန် အနည်းငယ် နောက်ကျနေပြီ မဟုတ်လော။ ဤသည်က “စာတန်သည် ဘုရားသခင်၏ လက်ထဲတွင် အစဉ်သဖြင့် အရေးနိမ့်သော ရန်သူ ဖြစ်လိမ့်မည်” ဟူသော ဆိုစကားကို မပြည့်စုံစေသလော။ အတိအကျ ထိုအတိုင်းပင် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက လူ့အယူအဆများ သို့မဟုတ် အကြိုက်များနှင့် မကိုက်ညီသရွေ့ ၎င်းတို့သည် ထိုနှုတ်ကပတ်တော်များကို ငြင်းဆိုနိုင်ပြီး ထို့နောက် ဘုရားသခင်သည် ဘုရားသခင်အဖြစ်မှ ရပ်စဲသွားသည်ဟု အန္တိခရစ်တို့က မှားယွင်းစွာ ယုံကြည်ကြသည်။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည် အရေးပါသော မည်သည့်အရာကိုမျှ မပြီးမြောက်နိုင်သကဲ့သို့ အမှန်တရားတစ်ခုလည်း ဖြစ်မလာနိုင်ဟု ၎င်းတို့က တွေးထင်ကြသည်။ ဤသည်မှာ ကြီးလေးသော အမှားတစ်ခု မဟုတ်လော။ ၎င်းတို့သည် အတွက်မှားသွားပြီး ကိုယ့်ရှူးကိုယ်ပြန်ပတ်ခဲ့ကြသည်။ အဘယ်ကြောင့် ၎င်းတို့သည် ကိုယ့်ရှူးကိုယ်ပြန်ပတ်ခဲ့ကြသနည်း။ ဘုရားသခင်က လူတို့ကို ကယ်တင်ရန် ပြောဆိုပြီး အလုပ်လုပ်သည့်နည်းလမ်းမှာ လူ့အယူအဆများနှင့် မကိုက်ညီသော သို့မဟုတ် ခမ်းနားပုံမရသော ဤမထင်ရှားသည့် နှုတ်ကပတ်တော်များကို အသုံးပြုခြင်းအားဖြင့် အတိအကျ ဖြစ်သည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ ပါဝင်သည်မှာ ဤနှိမ့်ချသော နှုတ်ကပတ်တော်များ၏ သွယ်ဝိုက်သော အကြောင်းအရာ၌ အတိအကျပင် ဖြစ်သည်။ ဤနှုတ်ကပတ်တော်များသည် ဤဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကို ကယ်တင်ရန်နှင့် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ကို ပြီးမြောက်စေရန် လုံလောက်သည်။ တစ်ချိန်တည်းတွင်ပင် ဤသာမန် နှုတ်ကပတ်တော်များကို ပြစ်တင်ရှုတ်ချသူများသည် ဖယ်ရှားရှင်းလင်းခြင်း၊ ပြစ်တင်ရှုတ်ချခြင်း ခံရမည်ဖြစ်ပြီး နောက်ဆုံးတွင် အပြစ်ဒဏ်ပေးခြင်း ခံရမည်ဖြစ်သည်။ ၎င်းတို့က “သင်၏ ဤနှုတ်ကပတ်တော်များကို ကျွန်ုပ်လက်ခံမည် မဟုတ်၊ ကျွန်ုပ် တန်ဖိုးမထား။ သင်၏ ဤနှုတ်ကပတ်တော်များသည် ကျွန်ုပ်၏ အယူအဆများနှင့် မကိုက်ညီ၊ ကျွန်ုပ်၏ အယူအဆများ၊ ရှုထောင့်အမြင်များ သို့မဟုတ် တွေးခေါ်ပုံနည်းလမ်းနှင့်လည်း မကိုက်ညီ၊ ထို့ကြောင့် ကျွန်ုပ်သည် ယင်းတို့ကို ငြင်းပယ်နိုင်သည်၊ ကျွန်ုပ်သည် ယင်းတို့ကို အတိုက်အခံလုပ်ပြီး ပြစ်တင်ရှုတ်ချနိုင်သည်၊ သို့ဖြစ်လျှင် သင်သည် မည်သည့်အရာကိုမျှ ပြီးမြောက်အောင်မြင်စေနိုင်မည် မဟုတ်” ဟု မှားယွင်းစွာ တွေးထင်ကြသည်။ ၎င်းတို့ မှားသည်။ အန္တိခရစ်တို့က ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို လက်မခံခြင်းသည် ၎င်းတို့ ကိုယ့်ရှူးကိုယ်ပြန်ပတ်ကြခြင်းသာ ဖြစ်၏၊ ဘုရားသခင်က ၎င်းတို့ကို လက်ခံရန် မည်သည့်အခါကမျှ ရည်ရွယ်ခဲ့ခြင်းမရှိပေ၊ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် စာတန်နှင့် နတ်ဆိုးများနှင့်ဆိုင်သောကြောင့် ဖြစ်သည်။ ဘုရားသခင်က ၎င်းတို့ကို ကယ်တင်ရန် သို့မဟုတ် ပြောင်းလဲရန် မည်သည့်အခါကမျှ စီစဉ်ခဲ့ခြင်းမရှိပေ၊ ယင်းမှာ အမှန်တရားဖြစ်သည်။ သို့ဆိုလျှင် နောက်ဆုံး အမှန်တရားကား အဘယ်နည်း။ အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ငြင်းဆိုခြင်း၊ ပြစ်တင်ရှုတ်ချခြင်းနှင့် ငြင်းပယ်ခြင်းတို့အားဖြင့် ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်းနှင့် ပစ်ပစ်ခါခါငြင်းပယ်ခြင်းကို ခံကြရသည်။ ဤအရာမှ သင်တို့ မည်သည့်အရာကို နားလည်သင့်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက လူ့အယူအဆများနှင့် စိတ်ကူးများနှင့် မကိုက်ညီခြင်းသည် သင်က ၎င်းတို့ကို လက်မခံရန် အကြောင်းပြချက်တစ်ခု မဟုတ်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ သင်၏ အယူအဆများနှင့် မကိုက်ညီသော အပိုင်းများရှိခြင်းက ယင်းတို့သည် သမ္မာတရားမဟုတ်ဟု မဆိုလိုပေ၊ ပြီးလျှင် ယင်းမှာ သင်က ယင်းတို့ကို ငြင်းပယ်ရန် အကြောင်းပြချက်တစ်ခု မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင်၏ အယူအဆများနှင့် ပို၍ မကိုက်ညီလေလေ၊ သင်သည် သမ္မာတရားကို ရှာဖွေရန် သင်၏ အယူအဆများကို ပို၍ ဘေးဖယ်ထားသင့်လေလေ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင်၏ အယူအဆများနှင့် မကိုက်ညီလေ၊ ယင်းတို့က သင့်ထံတွင် မရှိသောအရာ၊ သင် ချို့တဲ့သောအရာ၊ သင် ပြန်လည်ဖြည့်တင်းရန် လိုအပ်သောအရာ၊ အထူးသဖြင့် သင် ပြောင်းလဲပြီး ဝင်ရောက်ရန် လိုက်စားဖို့ လိုအပ်သောအရာတို့ကို ပို၍ ကိုယ်စားပြုလေလေ ဖြစ်သည်။ ဤသည်မှာ သင်တို့ နားလည်သင့်သောအရာ ဖြစ်သည်။

အန္တိခရစ်များသည် မိမိတို့ကိုယ်ကို ကြီးကျယ်ခမ်းနားသော၊ ကြီးမြတ်သော၊ မြင့်မြတ်သောသူများ ဖြစ်သည်ဟု မှတ်ယူကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်မည်ဆိုလျှင် ဘုရားသဘောသဘာဝနှင့်ဆိုင်သော မိန့်မြွက်ချက်များ၊ တတိယကောင်းကင်မှ ဘုရားသခင်ပြောခဲ့သော နှုတ်ကပတ်တော်များကို ရွေးချယ်ရမည်ဖြစ်သည်၊ သို့မဟုတ် သာမန်လူများ နားလည်ပြီး သေချာစွာ သိမြင်ရန် ခက်ခဲသော နက်နဲသည့် ဘုရားနှုတ်ကပတ်တော်အချို့ကို ဖတ်ရမည်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ၎င်းတို့ လိုချင်သည့်အရာမှာ သမ္မာတရား သို့မဟုတ် လက်တွေ့လုပ်ဆောင်ရန် လမ်းခရီးမဟုတ်ဘဲ ၎င်းတို့၏ သိချင်စိတ်ပြင်းပြမှု၊ ၎င်းတို့၏ အနှစ်မဲ့သော အတွေးအခေါ်များနှင့် ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို ဖြည့်ဆည်းရန် ဖြစ်သည်။ သို့ဖြစ်၍ သင်၏ ပတ်ဝန်းကျင်ရှိ လူအချို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲမှ ပို၍ သာမန်ကျပြီး နားလည်ရလွယ်ကူသော အပိုင်းများကိုလည်းကောင်း၊ လူ့သဘာဝ၏ ရှုထောင့်မှ ဘုရားသခင် ပြောဆိုသော နှုတ်ကပတ်တော်များကိုလည်းကောင်း လျစ်လျူရှုသည်ကိုဖြစ်စေ၊ သံစဉ်ထည့်ထားသည့်အခါတွင်ပင် ယင်းတို့ကို သီဆိုရမည့်အစား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရွေးချယ်သောနည်းလမ်းဖြင့် ကြည့်ရှုခြင်း၊ နားထောင်ခြင်း သို့မဟုတ် ဖတ်ရှုခြင်း ပြုသည်ကိုဖြစ်စေ သင်တွေ့မြင်ပါက ထိုသို့သောလူများတွင် ပြဿနာတစ်ခု ရှိလေသည်။ လူအချို့က “မည်သို့သော ပြဿနာမျိုးနည်း။ ၎င်းတို့၏ တွေးခေါ်မှုတွင် ရှိသော ပြဿနာတစ်ခုလော သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုလော” ဟု မေးကောင်းမေးနိုင်သည်။ တစ်ခုမျှ မဟုတ်ပေ။ ထိုသို့သောလူများ၏ စိတ်သဘောထားတွင် ပြဿနာရှိသည်။ လူအချို့သည် ဘုရားနှုတ်ကပတ်တော် ဓမ္မသီချင်းများကို သီဆိုသည့်အခါ နေ့စဉ်အသက်တာနှင့် ပတ်သက်သော သမ္မာတရားများနှင့် သက်ဆိုင်သည့် ဓမ္မသီချင်းများကို မသီဆိုသည်ကိုလည်းကောင်း၊ မိမိကိုယ်ကို သိကျွမ်းခြင်းနှင့်ပတ်သက်သည့် ဓမ္မသီချင်းများ၊ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ ဘာသာရေး အယူအဆများနှင့် ဘုရားသခင်ကို ယုံကြည်ခြင်းဆိုင်ရာ မှားယွင်းသော အမြင်များကို ဖော်ထုတ်သည့် ဓမ္မသီချင်းများအပြင် ဘုရားသခင်က လူတို့ကို ရိုးသားသောသူများ ဖြစ်ရန် တောင်းဆိုသည့် ဓမ္မသီချင်းများကို သီဆိုရန် မလိုလားသည်ကိုလည်းကောင်း သင်တို့ သတိပြုမိဖူးသလော။ အထူးသဖြင့် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းနှင့်ဆိုင်သော နှုတ်ကပတ်တော်များနှင့် အကြောင်းအရာများ၊ ဘုရားသခင်၏ နှိမ့်ချခြင်းနှင့် ပုန်းကွယ်ခြင်းတို့အတွက် သက်သေခံသည့်၊ လူ့ဇာတိခံ ဘုရားသခင်အတွက် ချီးမွမ်းပြီး သက်သေခံသည့် ဓမ္မသီချင်းများနှင့်ပတ်သက်လျှင် ၎င်းတို့သည် တစ်လုံးတစ်ပါဒမျှ သီဆိုမည် မဟုတ်ဘဲ အခြားတစ်စုံတစ်ဦးက ယင်းတို့ကို စတင်သီဆိုသည်နှင့် တစ်ပြိုင်နက် ပစ်ပစ်ခါခါငြင်းပယ်ခြင်းကို ခံစားရသည်။ သို့သော် ကောင်းကင်ဘုံရှိ ဘုရားသခင်၊ ဘုရားသခင်၏ ဝိညာဉ်တော်အတွက် သက်သေခံခြင်းနှင့် ချီးမွမ်းခြင်းအကြောင်း၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား၊ လွန်ကဲထူးမြတ်ခြင်း၊ လုပ်ဆောင်ချက်များ၊ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များနှင့် အမျက်ဒေါသတို့အတွက် သက်သေခံခြင်းအကြောင်းကို ၎င်းတို့ သီဆိုသည့်အခါတွင်မူ အလွန် စိတ်အားထက်သန်စွာဖြင့် သီဆိုကြပြီး ဖော်ပြ၍မရနိုင်သော အမူအရာတစ်ခုကိုပင် ထုတ်ဖော်ကြသည်။ ထိုသို့သော ဓမ္မသီချင်းများကို ၎င်းတို့ သီဆိုသည့်အခါ ၎င်းတို့သည် ထူးခြားဆန်းကြယ်လာကြသည်။ ၎င်းတို့၏ မျက်နှာသွင်ပြင်များက ပုံပျက်သွားပြီး ၎င်းတို့၏ ဆိုးယုတ်သော အမူအရာက ပေါ်ထွက်လာသည်။ ဘုရားသခင်၏ ဖြောင့်မတ်ပြီး ဘုန်းအာနုဘော်ဖြစ်သော စိတ်သဘောထားအကြောင်း သီဆိုသည့်အခါတွင် ၎င်းတို့သည် စားပွဲကိုထုပြီး ခြေကိုဆောင့်ကြကာ ဒေါမာန်ထွက်သည့် အတိုင်းအတာအထိ ရောက်ရှိကြသည်။ ဘုရားသခင်၏ အမျက်ဒေါသ ထုတ်လွှတ်ပြီး လူသားမျိုးနွယ်တစ်ရပ်လုံးအပေါ် ကြီးမားသော ဘေးအန္တရာယ်များ သက်ရောက်စေခြင်းအကြောင်း ဖြစ်သည့်အခါတွင်မူ ၎င်းတို့သည် အံသွားခဲကြိတ်လျက် သီဆိုကြရာ ၎င်းတို့၏ မျက်နှာများမှာ နီမြန်း၍ တင်းမာနေလေသည်။ ထိုသို့သောလူများ၏ ဝိညာဉ်တွင် ပြဿနာတစ်ခု ရှိနေသည် မဟုတ်လော။ ဥပမာအားဖြင့် ဘုရားသခင်က “ငါသည် ကြီးစွာသော အမျက်ဒေါသကို ထုတ်လွှတ်သောအခါ တိုင်းနိုင်ငံတိုင်း တုန်လှုပ်လိမ့်မည်” ဟု မိန့်တော်မူ၏။ ဤစကားကို သံစဉ်တစ်ခု ထည့်ပြီးနောက်တွင် ယင်းသည် ပထမပုဂ္ဂိုလ်မှ ပြောင်းလဲသွားပြီး “ဘုရားသခင်သည် ကြီးစွာသော အမျက်ဒေါသကို ထုတ်လွှတ်သောအခါ တိုင်းနိုင်ငံတိုင်း တုန်လှုပ်လိမ့်မည်” ဟု တတိယပုဂ္ဂိုလ် ဖြစ်လာသည်။ ပုံမှန် စိတ်နေစိတ်ထားမှာ ဤသည်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်ကြောင်း၊ ဤသည်မှာ သူ၏နှုတ်ကပတ်တော်များကို သီဆိုခြင်းမှတစ်ဆင့် ဘုရားသခင်၏ စိတ်သဘောထားကို နားလည်ခြင်း ဖြစ်ကြောင်းနှင့် တတိယပုဂ္ဂိုလ် ရှုထောင့်၊ လူ၏ရှုထောင့်မှ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် စကားပြောဆိုသည့် စိတ်နေစိတ်ထားနှင့် နောက်ခံအကြောင်းအရာတို့ကို နားလည်ခြင်း ဖြစ်ကြောင်းတည်း။ ဤသည်မှာ ပုံမှန်လူ့သဘာဝ၏ ဆင်ခြင်တုံတရားနှင့် တုံ့ပြန်မှုဖြစ်သည်။ သို့သော် အန္တိခရစ်များသည် ယင်းကို မည်သို့ သီဆိုကြသနည်း။ ၎င်းတို့သည် တတိယပုဂ္ဂိုလ်ကို မပြောင်းလဲသော်လည်း ၎င်းတို့၏ စိတ်နေစိတ်ထားမှာ ပုံမှန်လူများ၏ စိတ်နေစိတ်ထားနှင့် မတူညီပေ။ ပုံမှန်လူများက “ဘုရားသခင်” ဟု သီဆိုသည့်အခါ ၎င်းတို့က “ဤသည်တို့မှာ ဘုရားသခင်၏ လုပ်ဆောင်ချက်များ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်သည်၊ ဤသည်မှာ ဘုရားသခင် ပြောဆိုသည့်အရာ ဖြစ်သည်” ဟု တွေးထင်ကြသည်။ သို့သော် အန္တိခရစ်များ သီဆိုသည့်အခါတွင်မူ မည်သို့နည်း။ ၎င်းတို့၏ စိတ်နေစိတ်ထားမှာ “ဤသည်မှာ ငါလုပ်ဆောင်ခဲ့သည့်အရာ၊ ငါပြောခဲ့သည့်အရာ၊ ငါထုတ်လွှတ်မည့် အမျက်ဒေါသ၊ ငါထုတ်ဖော်မည့် စိတ်သဘောထား ဖြစ်သည်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ကွဲပြားသည် မဟုတ်လော။ ၎င်းတို့သည် လူတိုင်း၏ ရှေ့တွင် “ငါသည် ကြီးစွာသော အမျက်ဒေါသကို ထုတ်လွှတ်သောအခါ တိုင်းနိုင်ငံတိုင်း တုန်လှုပ်လိမ့်မည်” ဟု ဗြောင်ကျကျ မသီဆိုဝံ့သော်လည်း ၎င်းတို့၏ စိတ်နှလုံးထဲတွင်မူ ထိုသို့ သီဆိုကြသည်။ ၎င်းတို့ကိုယ်တိုင်က အမျက်ဒေါသကို ထုတ်လွှတ်ပြီး တိုင်းနိုင်ငံတိုင်းကို တုန်လှုပ်စေသည်ဟု ၎င်းတို့ တွေးထင်ကြသောကြောင့် ဤနှုတ်ကပတ်တော်များကို စစ်မှန်သော စိတ်ခံစားချက်ဖြင့် သီဆိုကြသည်။ ဤသည်က ၎င်းတို့အတွင်း၌ ပြဿနာတစ်ခုကို ညွှန်ပြနေသည် မဟုတ်လော။ အစမှအဆုံးတိုင် အန္တိခရစ်များက ဘုရားသခင်ကို အသိအမှတ် မပြုသည့်အကြောင်းရင်းမှာ ၎င်းတို့က ဘုရားဖြစ်လိုသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို ငြင်းဆိုရင်း မိမိတို့ကိုယ်ကို တည်ဆောက်လိုကြပြီး လူများက ၎င်းတို့ကို ဘုရားဖြစ်သည်ဟု ယုံကြည်စေကာ လူသားမျိုးနွယ်၏ ဘုရားသခင်အဖြစ် ၎င်းတို့ကို အသိအမှတ် ပြုစေလိုကြသည်။ ယင်းမှာ ဖြစ်သည့်အရာ အတိအကျပင် ုဖြစ်၏။ ထို့ကြောင့် ဘုရားသခင်က သူ၏ ဘုရားသဘောသဘာဝဖြင့် စကားပြောသည့် စာပိုဒ်တစ်ပိုဒ်ကို ဖတ်ရှုသည့်အခါ ပုံမှန်လူ့သဘာဝ၏ ဆင်ခြင်တုံတရားရှိသော လူများသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဆင်ခြင်သုံးသပ်လျက် တတိယပုဂ္ဂိုလ် ရှုထောင့်မှ သဘောပေါက်နားလည်ပြီး ဆုတောင်းရင်းဖြင့် ဖတ်ရှုကြသည်။ သို့ရာတွင် အန္တိခရစ်များမှာမူ ကွဲပြားသည်။ ဤနှုတ်ကပတ်တော်များကို ၎င်းတို့ သီဆိုခြင်း သို့မဟုတ် ဖတ်ရှုခြင်း ပြုသည့်အခါ ၎င်းတို့သည် ထိုသို့သော စိတ်သဘောထားတစ်ခုကို ဖော်ပြရန်၊ ထိုသို့သော စိတ်သဘောထားနှင့် အနှစ်သာရတစ်ခုအတွင်း၌ မိမိတို့ကိုယ်တိုင် အသက်ရှင်နေထိုင်ရန် တိုက်တွန်းမှုကို တွေ့ကြုံခံစားနေကြခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ နေရာကို အစားထိုးရန် ရည်ရွယ်ပြီး ဘုရားသခင်၏ မိန့်မြွက်ချက်များ၊ သူ၏ မိန့်ကြားချက်၏ လေသံ၊ သူ၏ ဖော်ပြချက်အားလုံးနှင့် သူထုတ်ဖော်သည့် စိတ်သဘောထားများအတွင်း၌ ဘုရားသခင်၏ စကားပြောလေသံ၊ ပုံစံ၊ စကားလုံးအသုံးအနှုန်းနှင့် စိတ်သဘောထားတို့ကို အတုယူရန် ကြိုးပမ်းကြသည်။ ၎င်းတို့သည် အန္တိခရစ်စစ်စစ်များ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင် ပြောသကဲ့သို့ စကားမပြောနိုင်သောကြောင့်လည်းကောင်း၊ ဘုရားသခင်၏ စိတ်သဘောထားကို မဖော်ပြနိုင်သောကြောင့်လည်းကောင်း၊ ၎င်းတို့၏ အတုယူမှုတွင် အရေးနိမ့်သောကြောင့်လည်းကောင်း ဘုရားသခင်က သူ၏ ဘုရား၏သဘောသဘာဝဖြင့် စကားပြောသည့်အခါ အန္တိခရစ်များသည် ဘုရားသခင်ကို အတုယူရန်နှင့် ဘုရားဖြစ်ရန် ကြိုးပမ်းဖို့ ၎င်းတို့၏ အခွင့်အရေးကို နောက်ဆုံးတွင် မြင်တွေ့ကြသည်။ ဘုရားသခင်၏ ဘုရားသဘောသဘာဝ ရှုထောင့်မှ သူ၏မိန့်မြွက်ချက်များက အန္တိခရစ်များကို ဘုရားသခင် မည်သို့စကားပြောသည်၊ လူကို မိန့်ကြားရန် သူအသုံးပြုသည့် လေသံနှင့် လူကို မိန့်ကြားရန် သူအသုံးပြုသည့် ပုံစံ၊ ရှုထောင့်နှင့် အသံအနိမ့်အမြင့်တို့ကို သိရှိစေလျက် သဲလွန်စများနှင့် လမ်းညွှန်မှုကို ပေးသည်။ ဤသည်မှာ ဘုရားသဘောသဘာဝဖြင့် မြွက်ဆိုသော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တန်ဖိုးထားခြင်းနှင့် ကိုးကွယ်ခြင်းတွင် ၎င်းတို့၏ ရည်မှန်းချက်များထဲမှ တစ်ခုဖြစ်သည်။ ထို့ကြောင့် နေ့စဉ်အသက်တာတွင် လူအချို့က ဘုရားအိမ်တော်၏ အလုပ်အတွက် သို့မဟုတ် ညီအစ်ကိုမောင်နှမများ၏ အသက်အတွက် တာဝန်ရှိသည်ဟူသော မူမမှန်သော အကြောင်းပြချက်ဖြင့် လူတို့ကို ဆုံးမရန် ဘုရားသခင်၏ လေသံကို အတုယူသည်ကို မကြာခဏ တွေ့မြင်နိုင်သည်။ ၎င်းတို့သည် လူတို့ကို ဩဝါဒခြွေရန်၊ ပြစ်တင်ရှုတ်ချရန်၊ ပြုပြင်ရန်နှင့် ဖော်ထုတ်ရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လုံးစေ့ပတ်စေ့ ကိုးကားကြသည်။ များစွာသော အဖြစ်မှန်များ၏ အရင်းအမြစ်နှင့် နောက်ခံအကြောင်းအရာတို့မှ ဆန်းစစ်ကြည့်သည့်အခါ ၎င်းတို့၏ လုပ်ဆောင်ချက်များ နောက်ကွယ်ရှိ ရည်ရွယ်ချက်မှာ သစ္စာစောင့်သိမှု၊ တရားမျှတစိတ် သို့မဟုတ် တာဝန်သိစိတ်တို့မှ စစ်မှန်စွာ ထွက်ပေါ်လာခြင်း မဟုတ်ပေ။ ထိုအစား ၎င်းတို့သည် ဘုရားသခင်၏ အလုပ်ကို ဘုရားသခင်၏ အနေအထားမှလည်းကောင်း၊ ဘုရားသခင်၏ ရှုထောင့်မှလည်းကောင်း လုပ်ဆောင်ရန် ကြိုးပမ်းကြပြီး ဘုရားသခင်ကို အစားထိုးရန် ရည်ရွယ်ကြသည်။ လူအချို့က “၎င်းတို့က ဘုရားသခင်ကို အစားထိုးလိုသည်ဟု မည်သည့်အခါကမျှ မပြောခဲ့ပါ” ဟု ဆိုကြသည်။ ၎င်းတို့ ပြောရန် မလိုအပ်ပေ။ ၎င်းတို့၏ လုပ်ရပ်များ၏ အနှစ်သာရ၊ အရင်းအမြစ်နှင့် ရည်ရွယ်ချက်တို့ကို စောင့်ကြည့်လေ့လာရုံမျှဖြင့် သိနိုင်ပေသည်။ ဤသည်မှာ အန္တိခရစ်၏ အနှောင့်အယှက်နှင့် နည်းလမ်းများဖြစ်သည်ဟု သတ်မှတ်နိုင်ပါသည်။ သရုပ်သကန် မည်သို့ပင်ဖြစ်စေ၊ ဘုရားဖြစ်လိုခြင်း၊ ဤရည်ရွယ်ချက်ကို မည်သည့်နည်းနှင့်မဆို ထားရှိခြင်းဟူသည်မှာ ပုံမှန်လူ့သဘာဝ၏ ဆင်ခြင်တုံတရားရှိသော လူတစ်ဦး လုပ်ဆောင်သင့်သည့်အရာ ဟုတ်ပါသလော။ (မဟုတ်ပါ။) ထိုသို့သောလူတစ်ဦးကို ဤအချက်တစ်ခုတည်းကို အခြေခံ၍ အန္တိခရစ်တစ်ဦးအဖြစ် စရိုက်လက္ခဏာကို သရုပ်ဖော်နိုင်သလော။ (ဟုတ်ကဲ့၊ သရုပ်ဖော်နိုင်ပါသည်။) ဤအချက်တစ်ခုတည်းကပင် လုံလောက်ပါသည်။ သင်၏ ဝိညာဉ်ရင့်ကျက်မှု မည်မျှကြီးမားပါစေ၊ သင်သည် အစဉ်သဖြင့် ဘုရားဖြစ်လိုပြီး ဘုရားကို မဆင်မခြင် အတုယူကာ အခြားသူများကို သင့်အား ဘုရားကဲ့သို့ မှတ်ယူပြီး ဆက်ဆံရန် တောင်းဆိုပါက ထိုသို့သော လုပ်ရပ်များ၊ အပြုအမူများနှင့် စိတ်သဘောထားများသည် အန္တိခရစ်၏ အနှစ်သာရ ဖြစ်သည်။ ဤအချက်တစ်ခုတည်းကပင် အန္တိခရစ်တစ်ဦးအဖြစ် စရိုက်လက္ခဏာ သရုပ်ဖော်ရန် လုံလောက်ပေသည်။ ယင်းမှာ အန္တိခရစ်၏ စိတ်သဘောထားတစ်ခုမဟုတ်၊ သို့မဟုတ် အန္တိခရစ်၏ အပြုအမူ သဲလွန်စတစ်ခု မဟုတ်ဘဲ အန္တိခရစ်၏ အနှစ်သာရရှိခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။

ငါ့ကို ပြောလော့၊ မည်သည့်အရာက သဘာဝအားဖြင့် ပို၍ဆိုးရွားသနည်း။ ဘုရားဖြစ်လိုခြင်းလော သို့မဟုတ် အဆင့်အတန်းကို အစဉ်ရှာဖွေရန် ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများ ရှိခြင်းလော။ (ဘုရားဖြစ်လိုခြင်း ဖြစ်ပါသည်။) လူများတွင် ရည်မှန်းချက်များ၊ မာနထောင်လွှားသော စိတ်သဘောထားများ ရှိကြပြီး ၎င်းတို့၏ အဆင့်အတန်းကို အခိုင်အမာပြသလိုကြကာ တစ်ခါတစ်ရံ ဤအဆင့်အတန်းက ဖြစ်ပေါ်စေသော အကျိုးကျေးဇူးများကို ခံစားလျက် ယင်းကို တန်ဖိုးထားကြသည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုဖြစ်ပြီး ပြောင်းလဲနိုင်သည်။ သို့သော် ဘုရားဖြစ်လိုခြင်း၊ ဘုရားသခင်၏ စကားပြောလေသံကို အတုယူခြင်း၊ ဘုရားသခင်၏ စကားပြောပုံကို အတုယူခြင်း၊ ဘုရားသခင်ကဲ့သို့ပင် စကားပြောနိုင်ပြီး ပြုမူနိုင်သည်ဟု အခြားသူများကို အထင်မှားစေရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုပင် လုံးလုံးလျားလျား ကိုးကားခြင်း၊ ယင်းတို့ကို လုံးစေ့ပတ်စေ့ ရွတ်ဆိုခြင်း၊ ၎င်းတို့၏ စကားပြောလေသံနှင့် ပုံစံမှာ ဘုရားသခင်နှင့် အလွန်တူညီခြင်း၊ နောက်ဆုံးတွင် အခြားသူများကို ၎င်းတို့သည် ဘုရားဖြစ်သည် သို့မဟုတ် ဘုရားနှင့် အတူတူနီးပါးဖြစ်သည်ဟု တလွဲယုံကြည်စေခြင်း၊ အချို့က ၎င်းတို့ကို ဘုရားကဲ့သို့ပင် ဆက်ဆံခြင်းတို့မှာ ယင်းသည် ပြဿနာရှိလေသည်။ ယင်းမှာ ကုစား၍မရနိုင်သော ပြဿနာတစ်ခု၊ ပျောက်ကင်းအောင် ကုစား၍မရနိုင်သော နာမကျန်းမှုတစ်ခု ဖြစ်သည်။ ဘုရားဖြစ်လိုခြင်းသည် အသေးအဖွဲ ကိစ္စရပ်တစ်ခုလော။ ဘုရားသခင်၏ ပင်ကိုလက္ခဏာကို သူ၏အနှစ်သာရက သတ်မှတ်သည်။ ဘုရားသခင် လူ့ဇာတိခံယူသည့် ဇာတိပကတိ၏ အနှစ်သာရနှင့် စိတ်သဘောထားတို့သည် သူ၏ တစ်ကိုယ်ရေ ကြိုးပမ်းအားထုတ်မှုများမှတစ်ဆင့် ရရှိခြင်းမဟုတ်၊ သို့မဟုတ် လူ့အဖွဲ့အစည်း၊ နိုင်ငံများ၊ လူသားမျိုးနွယ် သို့မဟုတ် မည်သည့်လူတစ်ဦးကမျှ ပျိုးထောင်ပေးခြင်း မဟုတ်သကဲ့သို့ ဘုရားသခင်ကိုယ်တော်တိုင်က ပျိုးထောင်ပေးခြင်းပင် မဟုတ်ပေ။ ထိုအစား ဘုရားသခင်သည် ဘုရားသခင်၏ အနှစ်သာရကို ပင်ကိုအားဖြင့် ပိုင်ဆိုင်သည်။ သူသည် လူ၏ အကူအညီ သို့မဟုတ် အထောက်အပံ့ကို မလိုအပ်သကဲ့သို့ မည်သည့်ပတ်ဝန်းကျင်ဆိုင်ရာ သို့မဟုတ် အချိန်ကာလဆိုင်ရာ ပြောင်းလဲမှုများကိုမျှ မလိုအပ်ပေ။ ဘုရားသခင်တွင် ဘုရားသခင်အဖြစ် သူ၏ပင်ကိုလက္ခဏာ ရှိသောကြောင့် သူ၏အနှစ်သာရသည် ရှေးမဆွကပင် ကြိုတင်ပြဋ္ဌာန်းပြီးဖြစ်သည်၊ ယင်းမှာ မွေးရာပါအရာတစ်ခု ဖြစ်သည်။ သမ္မာတရားကို ဖော်ပြနိုင်သည့် သူ၏စွမ်းရည်သည် လူသားများထံမှ သူသင်ယူခဲ့သည့်အရာတစ်ခု မဟုတ်သကဲ့သို့ ၎င်းတို့က ပျိုးထောင်ပေးခဲ့သည့်အရာတစ်ခုလည်း မဟုတ်ပေ။ အန္တိခရစ်များသည် ဤကိစ္စရပ်ကို စေ့စပ်သေချာစွာ မသိမြင်နိုင်ကြပေ။ မိုက်မဲစွာပင် ၎င်းတို့က ဘုရားသခင်၏ စကားပြောလေသံနှင့် ပုံစံကို လူများက ၎င်းတို့ကို ဘုရားနှင့်ပိုတူသည်ဟု မှတ်ယူလောက်အောင် ကောင်းစွာ အတုယူနိုင်ပါက ၎င်းတို့သည် ဘုရားဖြစ်ရန် အရည်အချင်းပြည့်မီသည်ဟု ယုံကြည်ကြသည်။ ထို့အပြင် လူများကို နားမလည်စေပြီး လမ်းပျောက်စေသည့် အနှစ်မဲ့သော၊ လက်တွေ့မကျသော၊ သဘောပေါက်နားလည်နိုင်ခြင်း မရှိသော “ဘုရားသခင်၏ နှုတ်ကပတ်တော်များ” ဟုခေါ်သည့်အရာအချို့ကို ပြောဆိုခြင်းအားဖြင့် လူများသည် ၎င်းတို့ကို ဘုရားကဲ့သို့ မှတ်ယူကောင်းမှတ်ယူနိုင်ပြီး ၎င်းတို့သည် ဘုရားဖြစ်လာရန် အခွင့်အရေး ရကောင်းရနိုင်သည်ဟု တွေးထင်ကြသည်။ ဤသည်မှာ အန္တရာယ်ရှိသော ကိစ္စရပ်တစ်ခု မဟုတ်လော။

ဘုရားဖြစ်လိုသော လိုအင်ဆန္ဒနှင့် ရည်မှန်းချက်သည် အန္တိခရစ်တို့၏ စိတ်နှလုံးထဲတွင် အမြဲတမ်း လှုပ်ရှားနိုးကြွနေသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ငြင်းဆိုပြီး ပြစ်တင်ရှုတ်ချနေစဉ်တွင် သူ၏ စကားပြောလေသံကိုလည်း အတုယူကြသည်။ မည်မျှ စက်ဆုပ်ဖွယ်ကောင်းသော၊ ကောက်ကျစ်ဆိုးယုတ်သော၊ အရှက်မရှိသော၊ ယုတ်မာသော လုပ်ရပ်ပါတကား။ ၎င်းတို့သည် ဘုရားဖြစ်လိုသော လိုအင်ဆန္ဒဖြင့် အသည်းအသန် စွဲလန်းပြီး ရူးသွပ်ဖောက်ပြန်နေကြသည်။ ယင်းမှာ ရွံရှာဖွယ်ကောင်းသည် မဟုတ်လော။ (ရွံရှာဖွယ်ကောင်းပါသည်။) သင်တို့ထဲမှ တစ်ဦးတစ်ယောက်ကရော ဘုရားဖြစ်ရန် လိုအင်ဆန္ဒကို ထားရှိသလော။ ဘုရားဖြစ်လိုသူတိုင်း ပြစ်တင်ရှုတ်ချခြင်း ခံရမည်။ ဘုရားဖြစ်လိုသူတိုင်း ပျက်စီးခြင်းသို့ ရောက်မည်။ ဤသည်မှာ အဖြစ်မှန်တစ်ခုဖြစ်သည်၊ ချဲ့ကားပြောဆိုခြင်း သို့မဟုတ် သင့်ကို ခြောက်လှန့်ရန် ကြိုးပမ်းခြင်း မဟုတ်ပေ။ မယုံဘူးလော။ စမ်းကြည့်လော့။ ယင်းဘက်၌ စဉ်းစားကြည့်လော့၊ ထို့နောက် ယင်းအတိုင်း လုပ်ဆောင်ကြည့်လော့၊ ပြီးလျှင် သင်သည် အတွင်းစိတ်၌ ယင်းကို ခံနိုင်ရည်ရှိမရှိ ကြည့်လော့၊ အတွင်း၌ မည်သို့ခံစားရသည်ကို ကြည့်လော့။ အကယ်၍ သင်သည် ထိုသို့သောလုပ်ရပ်များဖြင့် စိတ်အတွင်း၌ နှစ်သက်ခြင်း၊ ဂုဏ်ယူခြင်းနှင့် ကျေနပ်ခြင်းတို့ကို ခံစားရပါက သင်သည် အသုံးမကျဘဲ အန္တရာယ်ရှိနေသည်။ သို့သော် ထိုသို့ပြုမူခြင်းက သင့်အား မိမိကိုယ်ကို အပြစ်တင်မိစေပြီး လိပ်ပြာမလုံဟု ခံစားရစေကာ အခြားလူများ သို့မဟုတ် ဘုရားသခင်ကို မျက်နှာချင်းဆိုင်ရန် အလွန်ရှက်ရွံ့စေပါက သင်၌ အသိစိတ်အချို့၊ ပုံမှန်လူ့သဘာဝ၏ ဆင်ခြင်တုံတရားအချို့ ရှိသေးသည်။ လူများစွာတို့သည် ဘုရားဖြစ်ရန် ရည်သန်မျှော်မှန်းကြ၏။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဆိုသည်မှာ အဘယ်အရာဖြစ်သည်ကို နားမလည်ဘဲ၊ ဘုရားသခင်၏ စကားပြောလေသံနှင့် ပုံစံကို မသိဘဲ၊ ဤအချက်အလက်ကို မသိနားမလည်ဘဲ ၎င်းတို့သည် ထိုစိတ်ကူးကို စိတ်ဝင်စားကောင်း စိတ်ဝင်စားနိုင်ပြီး ရည်မှန်းချက်များနှင့် အစီအစဉ်များ ရှိကောင်းရှိနိုင်သော်လည်း မည်သို့ဆက်လုပ်ရမည်ကို မသိသောကြောင့် မဆင်မခြင် လုပ်ဆောင်ရန် မဝံ့ရဲကြပေ။ အများဆုံးအားဖြင့် ၎င်းတို့သည် ဝိညာဉ်ရေးရာဆန်သူ၊ ကယ်တင်ခြင်းခံရသူ၊ သန့်ရှင်းသူ သို့မဟုတ် ကယ်တင်ခြင်းအတွက် အရည်အချင်း ပြည့်မီသူများအဖြစ် ဟန်ဆောင်ကြသည်။ သို့သော် ဘုရားသခင်နှင့်ပတ်သက်သော အချက်အလက်အချို့ကို ၎င်းတို့ ရရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ ရည်မှန်းချက်များက ပေါက်ဖွားလာပြီး လုပ်ဆောင်စပြုကြသည်။ ၎င်းတို့ မည်သည့်အရာကို လုပ်ကြသနည်း။ ရှင်းလင်းသော သရုပ်သကန်တစ်ခုမှာ ၎င်းတို့သည် ဘုရားသခင်ပြောသော နက်နဲပြီး ဉာဏ်မမီနိုင်သော နှုတ်ကပတ်တော်များကို ပို၍ဖတ်ရှုကြခြင်း ဖြစ်သည်။ ဤနှုတ်ကပတ်တော်များထဲတွင် ၎င်းတို့သည် ဘုရားသခင်၏ စကားပြောဆိုသည့် သဘောထား၊ ပုံစံ၊ လေသံနှင့် စကားလုံးအသုံးအနှုန်းတို့နှင့် ရင်းနှီးအောင် ပြုလုပ်ကြပြီး ထို့နောက် ၎င်းတို့သည် ဤအရာများကို အတုယူရန် ကြိုးပမ်းကာ ယင်းတို့ကို နက်နက်ရှိုင်းရှိုင်း လေ့လာကြသည်။ ပို၍ရင်းနှီးလေ ပိုကောင်းလေ ဖြစ်သည်မှာ မျက်စိမှိတ်ထားသည့်တိုင် ဘုရားသခင်၏ စကားပြောလေသံနှင့် ပုံစံကို ခံစားနိုင်သည့်အထိ ဖြစ်သည်။ ၎င်းတို့သည် ဤအရာများကို စိတ်ပါဝင်စားစွာ အလွတ်ကျက်မှတ်ကြပြီး တစ်ချိန်တည်းမှာပင် လူများကြားတွင် လေ့ကျင့်ကာ အစမ်းလေ့ကျင့်ကြလျက် ဤဟန်၊ ဤပုံစံ၊ ဤလေသံနှင့် ဤစကားလုံးအသုံးအနှုန်းတို့ကို ၎င်းတို့၏ စကားပြောဆိုရာတွင် အတုယူကြပြီး ထို့နောက် ဤသို့ပြုမူခြင်းနှင့် ပြောဆိုခြင်းက ၎င်းတို့ကို ဘုရားဖြစ်နေသည်ဟူသော ခံစားချက်ကို ပေးမပေး နက်နက်ရှိုင်းရှိုင်း တွေ့ကြုံခံစားကြသည်။ ၎င်းတို့သည် ထိုလေ့ကျင့်မှုနှင့် ပို၍ရင်းနှီးပြီး ကျွမ်းကျင်လာသည်နှင့်အမျှ မိမိတို့ကိုယ်ကို ဘုရားသခင်၏ နေရာတွင် အမှုမဲ့အမှတ်မဲ့ ထားကြသည်။ ရုတ်တရက် တစ်နေ့တွင် တစ်စုံတစ်ဦးက “သူတို့၏ စကားပြောဆိုမှု၏ ခံစားချက်နှင့် လေသံက ဘုရားသခင်၏ လေသံနှင့် နီးစပ်ပုံရသည်။ သူတို့နှင့် စကားပြောရသည်မှာ ဘုရားသခင်နှင့် အတူရှိနေသကဲ့သို့ ခံစားရသည်။ သူတို့၏ စကားများတွင် ဘုရားသခင်၏ စကားပြောဆိုမှု ရသပါရှိသည်” ဟု ပြောဆိုသည်။ ထိုသို့သော မှတ်ချက်စကားများကို အမှတ်တမဲ့ ကြားပြီးနောက်တွင် ၎င်းတို့၏ စိတ်နှလုံးများသည် အဆုံးမရှိသော ကျေနပ်မှုဖြင့် ပြည့်သွားပြီး ၎င်းတို့၏ ဆန္ဒကို နောက်ဆုံးတွင် ဖြစ်မြောက်အောင်မြင်နိုင်ခဲ့ပြီ၊ နောက်ဆုံးတွင် ဘုရားဖြစ်လာခဲ့ပြီဟု ခံစားရသည်။ ယခု ၎င်းတို့သည် အဆုံးသတ်သွားပြီ မဟုတ်လော။ လျှောက်လှမ်းရန် အခြားလမ်းများ ရှိနေလျက် အဘယ်ကြောင့် ပျက်စီးခြင်းလမ်းကို ရွေးချယ်ရသနည်း။ ဤသည်မှာ သေလမ်းရှာခြင်း မဟုတ်လော။ ထိုသို့သော အတွေးများကို ထားရှိခြင်းပင်လျှင် အန္တရာယ်ရှိသည်၊ ဤအတွေးများကို လုပ်ရပ်များအဖြစ် ပြောင်းလဲခြင်းမှာ သာ၍ပင် အန္တရာယ်ရှိသေးသည်။ အကယ်၍ လူတစ်ဦး၏ လုပ်ရပ်များသည် ထိန်းချုပ်မရဘဲ လွဲချော်သွားပြီး ၎င်းတို့သည် ဤလမ်းကြောင်းအတိုင်း အဆုံးထိတိုင် လိုက်ကာ ယင်း၌ အောင်မြင်ရန်နှင့် ယင်းကို လက်တွေ့ကျမှု ဖြစ်လာစေရန် စိတ်ပိုင်းဖြတ်ထားပါက ၎င်းတို့သည် လုံးဝပျက်စီးခြင်း၏ ပစ်မှတ်တစ်ခု ဖြစ်လာသည်။ အန္တိခရစ်အချို့သည် အမှန်တကယ်ပင် ဤလမ်းကြောင်းအတိုင်း လုပ်ဆောင်ပြီး ကြိုးပမ်းနေကြသည်။ သင်တို့သည် ထိုသို့သောလူများကို မြင်ဖူးသလော သို့မဟုတ် ထိတွေ့ဆက်ဆံဖူးသလော။ (ကျွန်ုပ်သည် တရုတ်ပြည်မကြီးတွင် ရှိစဉ်က ဘုရားသခင်၏ စကားပြောလေသံကို အတုယူပြီး ဘုရားဖြစ်လိုသော စိတ်ကူးကို မကြာခဏ ထားရှိသည့် လူတစ်ဦးနှင့် တွေ့ဆုံခဲ့ဖူးပါသည်။ ထိုအချိန်က လူနှစ်ဦး၊ သုံးဦးက သူမကို ဘုရားအဖြစ် မှတ်ယူခဲ့ကြပြီး လူတစ်ဦးကမူ သူမကို မြင်သောအခါ ဒူးထောက်ပျပ်ဝပ်ခဲ့သည်အထိပင် ဖြစ်ပါသည်။) လူတစ်ဦးသည် မည်သည့်အတိုင်းအတာအထိ ဘုရားဖြစ်ရန် ကြိုးစားသည်ဖြစ်စေ ယင်းမှာ တစ်ဖက်ပိတ်လမ်းဆုံးဖြစ်သည်။ သင်တို့သည် ဤအရာကို ထိုးထွင်းသိမြင်ပြီလော။ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ဖော်ပြချက်များနှင့် ထောက်ပံ့မှုအားလုံးသည် လူများကို ဘုရားသခင်၏ ရည်ရွယ်ချက်များ နားလည်စေရန်နှင့် ထိုသို့ဖြင့် ကယ်တင်ခြင်းကို စွမ်းဆောင်ရရှိရန် ကူညီဖို့ ရည်ရွယ်သည်။ အကယ်၍ လူများသည် ဘုရားသခင်က ဤသတင်းစကားများကို ဖော်ပြပြီးဖြစ်သောကြောင့် ၎င်းတို့သည် ဘုရားဖြစ်လာခြင်း၏ အသေးစိတ် အချက်အလက်များကို ယင်းတို့ထံမှ ကောက်နုတ်ရယူသင့်ပြီး ထိုသို့ဖြင့် ဘုရားဖြစ်ရန် လိုက်စားခြင်း၊ ဘုရားကို အတုယူခြင်းနှင့် ဘုရားဖြစ်လာခြင်းတို့ကို ပြုသင့်သည်ဟု တလွဲယုံကြည်ပါက ၎င်းတို့အတွက် ဇာတ်သိမ်းသွားပြီဖြစ်သည်။ ဤသည်မှာ ပျက်စီးခြင်း၏ လမ်းခရီးဖြစ်သည်၊ သင်သည် ဤအရာကို မည်သည့်အခါမျှ မတုယူရ။ လူအချို့က “ဘုရားကို အတုမယူရန်မှာ အနည်းငယ် ခက်ခဲပေသည်။ ဘုရားစကားပြောသည်ကို ကြားသည့်အခါတိုင်း ဘုရား၏ ပင်ကိုလက္ခဏာမှ စကားပြောခြင်းသည် မည်မျှပင် သိက္ခာရှိပြီး ခံ့ညားထည်ဝါသည်ကို ကျွန်ုပ် တွေးမိသည်။ ယင်းမှာ အဘယ့်ကြောင့်များ အလွန်ပင် သာယာကြည်နူးဖွယ် ကောင်းပြီး စွဲမက်ဖွယ် ကောင်းရသနည်း။ ဘုရား စကားပြောသည့်အခါတွင် ဘုရားဖြစ်ရသည်မှာ အလွန်ကောင်းရမည်ဟု ကျွန်ုပ် အဘယ်ကြောင့် တွေးရသနည်း။ ဘုရား၏ ပင်ကိုလက္ခဏာရှိသည့် ပုဂ္ဂိုလ်က စကားပြောသည့်အခါ အလွန်ကွာခြားသည်ဟု ထင်ရသည်” ဟု ပြောကြသည်။ သို့ဖြစ်၍ ၎င်းတို့သည် ဘုရားသခင်၏ လေသံနှင့် စကားလုံးအသုံးအနှုန်းအချို့ကို အမှုမဲ့အမှတ်မဲ့ အတုခိုးစပြုကြသည်။ ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ လိုအင်ဆန္ဒများထဲတွင် ၎င်းတို့သည် ဘုရားဖြစ်ရန် သို့မဟုတ် ဘုရားဖြစ်လာရန် ထိုမျှအတိအလင်း မလိုချင်ကောင်း မလိုချင်ကြသော်ငြားလည်း ၎င်းတို့၏ အတုယူခြင်းသည် အဘယ်အရာတွင် အရင်းခံသနည်း။ ၎င်းတို့သည် သမ္မာတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တန်ဖိုးထားသောကြောင့်လော။ (မဟုတ်ပါ။) သို့ဆိုလျှင် အဘယ်အရာကြောင့်နည်း။ (ယင်းမှာ ဘုရားဖြစ်လိုသော ရည်ရွယ်ချက်မှ အရင်းခံပါသည်။) အကယ်၍ ငါ့တွင် ဤပင်ကိုလက္ခဏာ သို့မဟုတ် အဆင့်အတန်း မရှိဘဲ ဤနှုတ်ကပတ်တော်များကို ပြောခဲ့ပါက တစ်စုံတစ်ဦးက ငါ့ကို အတုယူမည်လော။ မည်သူမျှ ငါ့ကို အရေးစိုက်မည်မဟုတ်၊ မည်သူမျှ ငါ့ကို အထင်ကြီးမည်မဟုတ်ပေ၊ ယင်းမှာ အဖြစ်မှန် မဟုတ်လော။ ငါ့တွင် ဤပင်ကိုလက္ခဏာနှင့် အဆင့်အတန်း မရှိခဲ့စဉ်က ငါသည်လည်း လူများနှင့် စကားပြောပြီး မိတ်သဟာယဖွဲ့ခဲ့သည်။ ထိုအခါ မည်သူက ငါ့ကို အရေးတယူလုပ်ခဲ့သနည်း။ ငါသည် ငယ်ရွယ်ပြီး အဆင့်မြင့်ပညာ သို့မဟုတ် အရည်အချင်းများ ကင်းမဲ့ကာ မည်သည့်လူမှုရေး အဆင့်အတန်းမျှ မရှိသည်ကို ၎င်းတို့ မြင်သည်နှင့်တစ်ပြိုင်နက် ငါ၏ ကိုယ်ပိုင်အသင်းတော်မှဖြစ်စေ၊ အခြားမည်သည့်အသင်းတော်များမှဖြစ်စေ မည်သူကမျှ၊ သို့မဟုတ် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ပြီး ငါနှင့် ထိတွေ့ဆက်ဆံနေသည့် မည်သည့်လူများကမျှ ငါ့ကို အမှန်တကယ် အရေးတယူ မလုပ်ခဲ့ကြပေ။ ငါသည် မှန်ကန်စွာ သို့မဟုတ် ရိုးသားစွာ ပြောဆိုခဲ့လျှင်ပင် မည်သူမျှ အာရုံမစိုက်ခဲ့ပေ။ အဘယ်ကြောင့်နည်း။ ပင်ကိုလက္ခဏာ သို့မဟုတ် အဆင့်အတန်းမရှိဘဲ သင်သည် ဩဇာလွှမ်းမိုးမှုမရှိ၊ သင်ပြောဆိုသမျှသည် မှန်ကန်သည်ဖြစ်စေ၊ သမ္မာတရားဖြစ်စေ အရေးမပါပေ။ လူများသည် သင်ပြောသမျှကို ငြင်းပယ်ပြီး ယင်းတို့အားလုံးမှာ မှားယွင်းသည်ဟု အခိုင်အမာ ဆိုကောင်းပင် ဆိုပေမည်။ ထိုအခါ တစ်စုံတစ်ဦးက သင့်ကို အတုယူမည်လော။ ပင်ကိုလက္ခဏာ သို့မဟုတ် အဆင့်အတန်း မရှိသော အလွန် သာမန်ဖြစ်ပြီး ပုံမှန်ဖြစ်သည့် လူတစ်ဦးကို မည်သူက အလုပ်ရှုပ်ခံကာ အတုယူမည်နည်း။ လူတို့၏ အမြင်တွင် ထိုသို့သောလူတစ်ဦးသည် ဩဇာလွှမ်းမိုးမှု ကင်းမဲ့ပြီး အထင်ကြီးလေးစားခြင်း မခံထိုက်ပေ၊ ၎င်းတို့က သင့်ကို အနိုင်မကျင့်လျှင်ပင် သင်ကံကောင်းပြီဖြစ်သည်။ သင့်ကို အတုယူခြင်းက ဘာအသုံးဝင်မည်နည်း။ အခြားသူများက ၎င်းတို့ကို အထင်သေးရန်၊ အနိုင်ကျင့်ရန်နှင့် ခွဲခြားဆက်ဆံရန်အတွက်သာ ၎င်းတို့က သင့်ကို အတုယူမည်လော။ လူတို့သည် မည်သူ့ကို အတုယူကြသနည်း။ ၎င်းတို့သည် ၎င်းတို့၏အမြင်တွင် ဩဇာလွှမ်းမိုးမှုနှင့် ကြီးကျယ်ခမ်းနားမှု ရှိသူများ၊ အဆင့်အတန်းနှင့် ပင်ကိုလက္ခဏာ ရှိသူများကို အတုယူကြသည်။ လူတို့သည် ဤပုဂ္ဂိုလ်များကို အတုယူကြသည်။ လူတစ်ဦးသည် အချို့သော ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းကို ရရှိပြီးသည်နှင့်တစ်ပြိုင်နက် ထိုသူက ပြောနေကျစကားမျိုးကို ပြောဆိုလျက်နှင့်ပင် အခြားသူများ၏အမြင်တွင် အဘယ်ကြောင့် ကွဲပြားသွားပုံရသနည်း။ ၎င်းတို့သည် မည်သို့များ ရုတ်တရက် ဩဇာလွှမ်းမိုးမှုရှိပြီး အတုယူထိုက်သူများဖြစ်သည့်ပုံ ပေါက်လာကြသနည်း။ လူတို့သည် အမှန်တကယ် အဘယ်အရာကို အတုယူနေကြသနည်း။ ၎င်းတို့ လက်ခံ၊ အတုခိုးပြီး စုံမက်သည့်အရာမှာ သမ္မာတရား သို့မဟုတ် အပြုသဘောဆောင်သော အရာများမဟုတ်ဘဲ အပြင်ပန်း ကြီးကျယ်ခမ်းနားမှု၊ အပေါ်ယံ အဆင့်အတန်းသာ ဖြစ်သည်။ ယင်းမှာ မမှန်သလော။ အကယ်၍ ငါ့တွင် ပင်ကိုလက္ခဏာ သို့မဟုတ် အဆင့်အတန်း မရှိခဲ့ပါက ငါသည် သမ္မာတရားနှင့်အညီ မည်မျှပင် ပြောဆိုခဲ့သည်ဖြစ်စေ သို့မဟုတ် ဝိညာဉ်ရေးရာ နှုတ်ကပတ်တော်များကို မည်မျှပင် ပြောဆိုခဲ့သည်ဖြစ်စေ ထိုနှုတ်ကပတ်တော်များသည် သင်တို့ကြားတွင် ပြန့်ပွားနိုင်မည်လော။ မပြန့်ပွားနိုင်ပေ၊ မည်သူမျှ ယင်းကို အရေးစိုက်မည်မဟုတ်ပေ။ သို့သော် ငါ့တွင် ငါ၏ပင်ကိုလက္ခဏာနှင့် အဆင့်အတန်း ရှိသည်နှင့်တစ်ပြိုင်နက် ငါမကြာခဏပြောဆိုသော နှုတ်ကပတ်တော်အချို့၊ ငါ၏ အရပ်သုံးစကားများ၊ ငါ၏ စကားလုံးအသုံးအနှုန်း၊ ငါ၏ စကားပြောဆိုပုံနှင့် ဟန်ပန်တို့ကို လူများစွာတို့က အတုယူစပြုကြသည်။ ဤအရာကို ကြားရသည်မှာ ငါ့ကို ရွံရှာစေသည်။ မည်မျှ ရွံရှာဖွယ်ကောင်းသနည်း။ ယင်းကို ကြားရသည်မှာ ငါအော့အန်ချင်သည်ဟု ခံစားရသည်။ ငါ့ကို အတုယူသူတိုင်းကို ငါရွံရှာသည်မှာ၊ ငါ့ကို အတုယူသူတိုင်းကို ငါစက်ဆုပ်သည်မှာ ၎င်းတို့ကို ပြစ်တင်ရှုတ်ချသည်အထိပင် ဖြစ်သည်။ ဤအရာများကို အတုယူခြင်းနောက်ကွယ်ရှိ လူတို့၏ ရည်ရွယ်ချက်နှင့် ပန်းတိုင်မှာ အဘယ်နည်း။ ယင်းမှာ ဘုရားသခင်၏ စကားပြောလေသံကို အတုခိုးရန်၊ ဘုရားဖြစ်ရသည့် အရသာကို မြည်းစမ်းရန်ဖြစ်သည်၊ ယင်းမှာ အဖြစ်မှန် မဟုတ်လော။ ယင်းမှာ အဆင့်အတန်းလိုချင်ခြင်း၊ အဆင့်အတန်းရှိသော အနေအထားမှ စကားပြောလိုခြင်း၊ ၎င်းတို့ကိုယ်တိုင်လည်း အဆင့်အတန်း၊ ပင်ကိုလက္ခဏာနှင့် တန်ဖိုးရှိသည့်အလား ပေါ်လွင်စေရန် ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းရှိသူတစ်ဦး၏ လေသံနှင့် ပုံစံဖြင့် စကားပြောဆိုခြင်းနှင့် ပြုမူခြင်းအကြောင်း ဖြစ်သည်၊ ယင်းမျှသာ မဟုတ်လော။ အကယ်၍ သင်သည် သာမန်လူတစ်ဦးကို အတုယူပါက ယင်းမှာ ကိစ္စကြီးကြီးမားမား မဟုတ်ပေ၊ အများဆုံးအနေဖြင့် ယင်းမှာ မာနထောင်လွှားသော စိတ်သဘောထားတစ်ခုသာ ဖြစ်သည်။ သို့သော် အကယ်၍ သင်သည် ဘုရားသခင်၏ စကားပြောလေသံနှင့် ပုံစံကို အတုယူပါက ထိုနေရာတွင် ပြဿနာစတင်လေသည်။ ငါသင့်ကို ပြောမည်၊ သင်သည် မြေမြှုပ်မိုင်းကို နင်းမိလိမ့်မည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် စကားရပ်တစ်ခုရှိသည်၊ ဘုရားသခင်သည် မကောင်းမှုကို ရွံမုန်းသောဘုရား ဖြစ်သည်။ “မကောင်းမှုကို ရွံမုန်းခြင်း” က မည်သည့်အရာကို ရည်ညွှန်းသနည်း။ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းသည် အတုမရှိပေ။ ဘုရားသခင်၏ သန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်း၊ သြဇာအာဏာနှင့် ချစ်ခြင်းမေတ္တာတို့သည် မည်သည့်ဖန်ဆင်းခံ သို့မဟုတ် ဖန်ဆင်းခံမဟုတ်သည့် အရာကမျှ မပိုင်ဆိုင်သော သဘောသဘာဝများဖြစ်သည်၊ ဤအရာများကို အတုယူရန် ကြိုးစားခြင်းသည် ပြစ်မှားစော်ကားခြင်း ဖြစ်သည်။ သင်သည် ဤသဘောသဘာဝများကို မပိုင်ဆိုင်သည့်အတွက် အဘယ်ကြောင့် ယင်းတို့ကို အတုယူရန် ကြိုးပမ်းမည်နည်း။ သင်သည် ယင်းတို့ကို မပိုင်ဆိုင်သည့်အတွက် အဘယ်ကြောင့် ဘုရားဖြစ်ရန် ကြိုးစားမည်နည်း။ အတုယူရာတွင် သင်သည် ဘုရားဖြစ်ရန်၊ ဘုရားဖြစ်လာရန် ရည်ရွယ်ချက်ကို ထားရှိနေခြင်း မဟုတ်လော။ သို့မဟုတ် သင်သည် ဘုရားသခင်ကို ကြည်ညိုလေးမြတ်သောကြောင့်၊ သူ၏ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းနှင့် အနှစ်သာရကို သင်မနာလိုသောကြောင့် သူ့ကို အတုယူခြင်းလော။ လုံးဝမဟုတ်ပေ၊ သင်၌ ထိုသို့ပြုရန် ကိုယ်ကျင့်စရိုက်နှင့် ဝိညာဉ်ရင့်ကျက်မှု ကင်းမဲ့သည်။ သင်သည် ဘုရားဖြစ်ရန် အာသာပြင်းပြမှုကို ဖြည့်ဆည်းရန်၊ လူတို့၏ အထင်ကြီးလေးစားမှုနှင့် ရိုသေမှုကို ရရှိရန်နှင့် လူများကြားတွင် ဘုရားကဲ့သို့ ဆက်ဆံခံရရန်သာ လိုချင်သည်။ ဤသည်မှာ ရှက်ဖွယ်ကောင်းသော လုပ်ရပ်တစ်ခု မဟုတ်လော။ ယင်းမှာ အလွန်ပင် သိက္ခာမဲ့လှပါတကား။ အတုယူခြင်းကိုယ်၌က စက်ဆုပ်ဖွယ်ဖြစ်ပြီး ဘုရားဖြစ်ရန် ရည်သန်မျှော်မှန်းခြင်းသည် ရွံရှာဖွယ်ကောင်းသည်သာမက ပြစ်တင်ရှုတ်ချထိုက်သည်။ ထို့ကြောင့် ယနေ့ ငါသည် သင်တို့ကို လေးနက်တည်ကြည်စွာ ပြောမည်၊ ငါ မည်သည့်အရာကို ပြောခဲ့သည်ဖြစ်စေ၊ မည်သည့်အရာကို ငါလုပ်ဆောင်ခဲ့သည်ဖြစ်စေ၊ ငါပြောဆိုသည့်အရာ သို့မဟုတ် ငါ လုပ်ဆောင်သည့်အရာက သင်တို့၏ စိတ်နှလုံးထဲတွင် ရိုသေလေးမြတ်ခြင်း၊ မနာလိုခြင်း သို့မဟုတ် ငြူစူခြင်းတို့ကို နှိုးဆွပေးသည်ဖြစ်စေ သင်တို့ မှတ်သားရမည့်အရာတစ်ခု ရှိသည်၊ ငါ့ကို မည်သည့်အခါမျှ မတုယူနှင့်။ သင်သည် အတုယူရန် ရည်ရွယ်ချက်ကို လက်လွှတ်ရမည်၊ သင်သည် အတုယူခြင်း စိတ်နေစိတ်ထားကို ပုန်ကန်ရမည်ဖြစ်ပြီး ဘုရားသခင်၏ စိတ်သဘောထားကို ပြစ်မှားခြင်းမှ ရှောင်ကြဉ်ရမည်။ ဤသည်မှာ ကြီးလေးသော ကိစ္စရပ်တစ်ခုဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော လူသားတစ်ဦးက ဘုရားသခင်၏ စကားပြောလေသံ၊ စကားပြောဆိုပုံနှင့် စိတ်သဘောထားတို့ကို အပေါ်ယံချီးမွမ်းပြောဆိုရန်၊ ထင်ရာမြင်ရာ ကြိုးကိုင်ညွှန်ကြားရန်နှင့် ကပြက်ကချော်လုပ်ရန် မဖြစ်စလောက်အရာအဖြစ် သဘောထားပြုမူခြင်းသည် ဘုရားသခင်အတွက် စက်ဆုပ်ရွံရှာဖွယ်ဖြစ်သည်။ အကယ်၍ သင်သည် ထိုသို့ပြုလုပ်ပါက သင်သည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားရာရောက်သည်၊ ဤအရာကို မည်သည့်အခါမျှ မလုပ်နှင့်။ သင်သည် လူ့ဇာတိခံ ဘုရားသခင်၏ စကားပြောဆိုပုံနှင့် လေသံကို အတုယူသည်ကို ငါမကြားနိုင်လျှင်ပင် သင်၌ ထိုသို့သော စိတ်သဘောထားနှင့် ထိုသို့သော အတွေးများရှိသည်ကို သိရုံမျှဖြင့် ငါ့ကို လုံးဝဥဿုံ ရွံရှာစေသည်။ အကယ်၍ သင်သည် လူသားမျိုးနွယ်အားလုံး သို့မဟုတ် လူအများကို မိန့်ကြားရန် ရည်ရွယ်လျက် ဘုရားသခင်၏ ဝိညာဉ်တော်၏ လေသံကို အတုယူပါက သင်သည် သေခြင်းတရားကို ရှာနေခြင်း မဟုတ်လော။ ဤသည်မှာ လူတိုင်း သတိဝီရိယရှိသင့်သည့်အရာဖြစ်သည်၊ ဤအရာကို မည်သည့်အခါမျှ မလုပ်နှင့်။ လူအချို့က “ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခြင်းဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း” ဟု မေးမြန်းလေ့ရှိခဲ့သည်။ ယနေ့ ငါ သင့်ကို တစ်ခု ပြောပြမည်၊ ဘုရားသခင်၏ စကားပြောလေသံနှင့် ပုံစံတို့အပြင် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းတို့နှင့် သက်ဆိုင်သော အကြောင်းအရာများ တသီတတန်းကို အပြင်ပန်းဖြစ်စေ၊ အတွင်းပိုင်းဖြစ်စေ အတုယူခြင်းအားလုံးသည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခြင်း ဖြစ်လေသည်။ သင်တို့သည် ဤအရာကို လုံးဝဥဿုံ အမှတ်ရရမည်ဖြစ်ပြီး ဤပုန်ကန်ပြစ်မှားမှုကို မည်သည့်အခါမျှ မကျူးလွန်နှင့်။ အကယ်၍ သင်သည် ဤပြစ်မှားမှုကို ကျူးလွန်ပြီး ချက်ချင်း ပြင်ဆင်နိုင်၊ ပုန်ကန်နိုင်ပြီး သင့်ကိုယ်သင် ပြောင်းလဲနိုင်ပါက မျှော်လင့်ချက် ရှိပါသေးသည်။ သို့သော် အကယ်၍ သင်သည် ဤလမ်းကြောင်းအတိုင်း ဇွဲရှိရှိ ဆက်သွားပါက အန္တိခရစ်တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံရမည်ဖြစ်ပြီး ငါသင့်အား အမှန်တရား ပြောပြမည်။ ဘုရားသခင်၏ အမြင်တွင် ထိုအချိန်၌ ပြန်လှည့်ရန် နေရာရှိတော့မည်မဟုတ်၊ သင်သည် လုံးဝဥဿုံ ဇာတ်သိမ်းသွားပြီဖြစ်သည်။ အမှတ်ရလော့၊ ဘုရားသခင်သည် မကောင်းမှုကို ရွံမုန်းသောဘုရား ဖြစ်သည်။ သင်သည် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရတို့နှင့် သက်ဆိုင်သော ရှုထောင့်တိုင်းကို အလွန်အမင်း သတိထားခြင်းဖြင့် ဆက်ဆံရမည်ဖြစ်ပြီး ယင်းကို ပေါ့ပေါ့တန်တန် သဘောမထားရ။ အကယ်၍ ဘုရားသခင်၏ စကားပြောဆိုပုံနှင့် လေသံသည် ဖောက်ပြန်ပျက်စီးသော လူသားတစ်ဦး၏ ပါးစပ်မှ ထွက်ပေါ်လာပါက ယင်းသည် ဘုရားသခင်အပေါ် ကြီးမားလှသော အရှက်ရစေခြင်းနှင့် ပြစ်မှားစော်ကားခြင်းဖြစ်ပြီး ဘုရားသခင် လုံးဝသည်းမခံနိုင်သောအရာ ဖြစ်သည်။ လူသားများသည် ဤပုန်ကန်ပြစ်မှားမှုကို မည်သည့်အခါမျှ၊ ထာဝရကာလပတ်လုံး မကျူးလွန်ရ။ သင်နားလည်သလော။ သင်သည် ဤပြစ်မှားမှုကို ကျူးလွန်လျှင် သေမည်။ အကယ်၍ သင်သည် နားမထောင်ဘဲ ငါ့ကို မယုံကြည်ပါက စမ်းကြည့်လော့၊ သင်သည် သင့်အပေါ်သို့ ဘေးအန္တရာယ် အမှန်တကယ် သက်ရောက်စေသည့်အခါတွင် ငါသင့်ကို မပြောခဲ့ဟု အပြစ်မတင်နှင့်။

၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်

အရှေ့သို့- နောက်ဆက်တွဲ ၃- နောဧနှင့် အာဗြဟံတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံခဲ့ပြီး သူ့ကို ကျိုးနွံနာခံခဲ့ပုံ (အပိုင်း ၂)

နောက်တစ်ခုသို့- အချက် ၁၀- ၎င်းတို့သည် သမ္မာတရားကို စက်ဆုပ်ရွံရှာသည်၊ စည်းမျဉ်းများကို မျက်နှာပြောင်တိုက်၍ မထီမဲ့မြင်ပြုပြီး ဘုရားအိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြသည် (အပိုင်း ၆)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။