အချက် ၁၂- အဆင့်အတန်းနှင့် သို့မဟုတ် ကောင်းချီးများရရှိရန် မျှော်လင့်ချက်မရှိသောအခါ ၎င်းတို့က နောက်ဆုတ်ချင်ကြသည်
အန္တိခရစ်များ၏ အမျိုးမျိုးသော သရုပ်သကန်များနှင့်စပ်လျဉ်းသည့် ယနေ့၏ မိတ်သဟာယမှာ အချက်တစ်ဆယ့်နှစ်နှင့်ပတ်သက်၍ ဖြစ်ပေသည်။ ယင်းမှာ၊ ၎င်းတို့တွင် အဆင့်အတန်းမရှိသည့်အခါ သို့မဟုတ် ကောင်းချီးများရရှိရန် မျှော်လင့်ချက်မရှိသောအခါ ၎င်းတို့က နောက်ဆုတ်ချင်ကြသည်ဟူ၍ ဖြစ်သည်။ ဤအချက်သည် အန္တိခရစ်တို့၏ စိတ်သဘောထားများနှင့်လည်း သက်ဆိုင်ပြီး ၎င်းတို့၏ တိကျသော သရုပ်သကန်များထဲမှ တစ်ခုဖြစ်သည်။ အပေါ်ယံ ရှုထောင့်အမြင်မှကြည့်လျှင် အန္တိခရစ်တစ်ဦးသည် အဆင့်အတန်းကင်းမဲ့ပြီး ကောင်းချီးများရရှိရန် မျှော်လင့်ချက်မရှိပါက နောက်ဆုတ်ချင်ပေလိမ့်မည်။ ဤအရာနှစ်ခုကို ၎င်းတို့ ဆုံးရှုံးသည်နှင့်တစ်ပြိုင်နက် နောက်ဆုတ်ချင်ကြပေလိမ့်မည်။ အပေါ်ယံအဓိပ္ပာယ်သည် နားလည်ရန် အလွန်လွယ်ကူပုံရသည်၊ အလွန်ရှုပ်ထွေးခြင်းရှိပုံမရ သို့မဟုတ် စိတ်ကူးသက်သက်ဖြစ်ပုံမရပေ။ သို့သော် ဤနေရာတွင် တိကျသော သရုပ်သကန်များမှာ အဘယ်နည်း။ တစ်နည်းအားဖြင့်ဆိုသော် အန္တိခရစ်တစ်ဦးကို ၎င်း၏အဆင့်အတန်း သို့မဟုတ် ကောင်းချီးများရရှိရန် မျှော်လင့်ချက်အပေါ် သက်ရောက်မှုတစ်ခုကြောင့် နောက်ဆုတ်ချင်စိတ်ဖြစ်ပေါ်စေသည့် အခြေအနေအမျိုးအစားများမှာ အဘယ်နည်း။ ဤသည်မှာ ခြေခြေမြစ်မြစ် မိတ်သဟာယဖွဲ့ရန် ထိုက်တန်သည့်အရာတစ်ခု ဟုတ်သလော။ အကယ်၍ ဤအကြောင်းအရာအပေါ် မိတ်သဟာယဖွဲ့ရန် သင်တို့ကို တောင်းဆိုခဲ့မည်ဆိုလျှင် ယင်း၏ တိကျသောအသေးစိတ်အချက်များနှင့် သရုပ်သကန်များအကြောင်း အဘယ်အရာကို သင်တို့ ပြောဆိုကြမည်နည်း။ လူအချို့က “ဤအကြောင်းအရာကို အကြိမ်များစွာ ကျွန်ုပ်တို့ မိတ်သဟာယဖွဲ့ပြီး ဖြစ်ပါသည်။ အန္တိခရစ်တို့သည် အဆင့်အတန်းနှင့် အာဏာကို ချစ်မြတ်နိုးကြသည်၊ ၎င်းတို့သည် မြင့်မားသောဂုဏ်သိက္ခာခြင်းကို နှစ်သက်ကြပြီး ယုံကြည်ခြင်းရှိရာတွင် ၎င်းတို့၏ပန်းတိုင်မှာ ကောင်းချီးခံစားရရန်၊ သရဖူဆောင်းရရန်နှင့် ဆုချီးမြှင့်ခံရရန် ဖြစ်သည်။ အကယ်၍ ဤမျှော်လင့်ချက်များ ပျက်စီးပြီး ဆုံးရှုံးသွားပါက ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း၌ စိတ်ဝင်စားမှု ပျောက်ဆုံးသွားမည်ဖြစ်ပြီး ယုံကြည်ခြင်း ဆက်ရှိချင်တော့မည် မဟုတ်ပါ” ဟု ဆိုကောင်းဆိုနိုင်ပါသည်။ ဤအကြောင်းအရာနှင့်ပတ်သက်၍ သင်တို့၏ မိတ်သဟာယဖွဲ့ခြင်းသည် ဤစကားအနည်းငယ်မျှလောက်ပင် ရိုးရှင်းမည်လော။ (ရိုးရှင်းမည်ဖြစ်သည်။) အကယ်၍ ထိုသို့သာဖြစ်မည်ဆိုလျှင်၊ ဤမိတ်သဟာယဖွဲ့ခြင်းကို ဤဖော်ပြချက်အနည်းငယ်ဖြင့် အပြီးသတ်နိုင်မည်ဆိုလျှင် အန္တိခရစ်တို့၏ သရုပ်သကန်များနှင့်ဆိုင်သည့် ဤသွင်ပြင်လက္ခဏာသည် အန္တိခရစ်တို့၏ သရုပ်သကန်များနှင့်ပတ်သက်သည့် မိတ်သဟာယဖွဲ့ တစ်သီတစ်တန်းများတွင် ၎င်း၏ကိုယ်ပိုင်အခန်းကဏ္ဍတစ်ခုအဖြစ် ထည့်သွင်းရန် မထိုက်တန်သည့်အပြင် မည်သည့် သီးခြားသဘာဝအနှစ်သာရမျှနှင့်လည်း ထိုအရာက ဆက်စပ်မှုရှိမည်မဟုတ်ပေ။ သို့ရာတွင် ဤအချက်သည် အန္တိခရစ်တို့၏ အနှစ်သာရနှင့် စိတ်သဘောထားအပြင် ၎င်းတို့၏ ပုဂ္ဂိုလ်ရေးရာ လိုက်စားမှုများနှင့် ဖြစ်တည်မှုအပေါ် ရှုထောင့်အမြင်များနှင့် သက်ဆိုင်သောကြောင့် ထိုအရာသည် ကဏ္ဍစုံသော အကြောင်းအရာတစ်ခုဖြစ်ရပေမည်။ သို့ဆိုလျှင် အတိအကျ မည်သည့်အရာ ပါဝင်ပတ်သက်သနည်း။ ဆိုလိုသည်မှာ အန္တိခရစ်တို့ ကြုံတွေ့ရသည့် မည်သည့်ကိစ္စရပ်များက ၎င်းတို့၏ အဆင့်အတန်းနှင့်လည်းကောင်း၊ ကောင်းချီးများရရှိရန် မျှော်လင့်ချက်တို့နှင့်လည်းကောင်း သက်ဆိုင်သနည်း။ ဤကိစ္စရပ်များအပေါ် ၎င်းတို့၏ ရှုထောင့်အမြင်များ၊ အတွေးအခေါ်များနှင့် သဘောထားများမှာ အဘယ်နည်း။ ဤကိစ္စရပ်များအပေါ် ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းနှင့် အမျိုးမျိုးသော ကိစ္စရပ်များအပေါ် အန္တိခရစ်တို့၏ ရှုထောင့်အမြင်များဆိုင်ရာ ငါတို့၏ ယခင်မိတ်သဟာယဖွဲ့ခြင်းများအကြား ထပ်တူကျမှုအချို့ ရှိမည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် ယနေ့ မိတ်သဟာယဖွဲ့ခြင်း၏ အဓိကအချက်မှာ ကွဲပြားပြီး ယင်းက ပြဿနာကို မတူညီသော ရှုထောင့်တစ်ခုမှ ချဉ်းကပ်သည်။ ယနေ့ အန္တိခရစ်တို့က ၎င်းတို့၏ အဆင့်အတန်းနှင့် ကောင်းချီးများရရှိရန် မျှော်လင့်ချက်များကို ဆုံးရှုံးသောအခါ ပေါ်ပေါက်လာသည့် သရုပ်သကန်များအပေါ် ငါတို့ အတိအကျ မိတ်သဟာယဖွဲ့ကြမည်။ ဤမိတ်သဟာယဖွဲ့ခြင်းသည် အန္တိခရစ်တို့၏ လိုက်စားမှုနောက်ကွယ်တွင် မှားယွင်းသော ရှုထောင့်အမြင်တစ်ခု ရှိကြောင်းနှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းက စစ်မှန်ခြင်းမရှိကြောင်း သက်သေပြနိုင်သည်။ ထို့အပြင်၊ ဤလူတို့၌ အန္တိခရစ်တစ်ဦး၏ အနှစ်သာရကို အမှန်တကယ် ပိုင်ဆိုင်ကြောင်းကိုလည်း အတည်ပြုပေးနိုင်သည်။
၁။ ပြုပြင်ခံရခြင်းကို အန္တိခရစ်များ၏ ချဉ်းကပ်မှု
ပထမဦးစွာ၊ အန္တိခရစ်များက ပြုပြင်ခြင်းခံရသောအခါ ထင်ရှားစေသည့် အပြုအမူများ၊ ထိုသို့သောအခြေအနေများကို ၎င်းတို့ ကိုင်တွယ်ပုံ၊ ပြုပြင်ခြင်းအပေါ် ၎င်းတို့၏ သဘောထားများ၊ အတွေးအခေါ်များနှင့် ရှုထောင့်အမြင်များက အဘယ်အရာဖြစ်သည်၊ အတိအကျအားဖြင့် ၎င်းတို့ မည်သည့်အရာ ပြောဆိုပြုမူသည်ဟူသည်တို့ကို ငါတို့ တစ်ချက်ကြည့်ရှုသင့်သည်။ ဤကိစ္စရပ်များသည် ငါတို့ စိတ်ဖြာလေ့လာဆွေးနွေးပြီး ဆန်းစစ်ရန် ထိုက်တန်သည်။ ငါတို့သည် ပြုပြင်ခြင်းခံရခြင်းနှင့် သက်ဆိုင်သော အကြောင်းအရာများအပေါ် အတော်လေး မိတ်သဟာယဖွဲ့ပြီး ဖြစ်သည်၊ ဤသည်မှာ သင်တို့အားလုံး ရင်းနှီးပြီးဖြစ်သော သာမန်အကြောင်းအရာတစ်ခု ဖြစ်သည်။ လူအများစုသည် အကြိမ်ပေါင်းများစွာ ပြုပြင်ခြင်းခံရပြီးနောက်တွင်သာ ပြောင်းလဲမှုတစ်ခုခုကို တွေ့ကြုံခံစားရသည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကိုထမ်းဆောင်သောအခါ သမ္မာတရားကို ရှာဖွေနိုင်ပြီး ကိစ္စရပ်များကို စည်းမျဉ်းအတိုင်း ကိုင်တွယ်နိုင်ကြသည်။ ထိုအခါမှသာ ၎င်းတို့၏ ယုံကြည်ခြင်းသည် အသစ်တစ်ဖန် ပြန်လည်စတင်ပြီး သာ၍ကောင်းမွန်ဖို့အတွက် အပြောင်းအလဲတစ်ခုခု ဖြစ်ပေါ်လာသည်။ ပြင်းထန်စွာ ပြုပြင်ခြင်းခံရသည့် အဖြစ်အပျက်တိုင်းသည် လူတိုင်း၏ စိတ်နှလုံးထဲတွင် တံဆိပ်ခတ်နှိပ်ခံရသည်၊ ယင်းက မေ့ဖျောက်၍မရသော အမှတ်တရတစ်ခုကို ချန်ထားခဲ့သည်ဟု ဆိုနိုင်သည်။ ပြင်းထန်စွာ ပြုပြင်ခြင်းခံရသည့် အဖြစ်အပျက်တိုင်းသည် အန္တိခရစ်များအတွက်လည်း မေ့ဖျောက်၍မရသော အမှတ်တရတစ်ခုကို ချန်ထားခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် ကွာခြားချက်များမှာ အဘယ်နေရာ၌ ရှိသနည်း။ ဤအရာနှင့်ပတ်သက်၍ အန္တိခရစ်တို့၏ သဘောထားနှင့် အမျိုးမျိုးသော သရုပ်သကန်များအပြင် ဤအခြေအနေမှ ထွက်ပေါ်လာသော ၎င်းတို့၏ အတွေးအခေါ်များ၊ ရှုထောင့်အမြင်များ၊ စိတ်ကူးများနှင့် ထိုသို့သောအရာများအားလုံးသည် သာမန်လူတစ်ဦး၏အရာများနှင့် ကွဲပြားပါသည်။ အန္တိခရစ်တစ်ဦးသည် ပြုပြင်ခံရသောအခါ သူလုပ်ဆောင်သည့် ပထမဆုံးသောအရာမှာ သူ၏ စိတ်နှလုံးအတွင်းထဲတွင် အတိုက်အခံဖြစ်ပြီး ငြင်းပယ်ခြင်းဖြစ်သည်။ သူသည် တွန်းလှန်တိုက်ခိုက်၏။ အဘယ်ကြောင့်နည်း။ ဤသည်မှာ အန္တိခရစ်များသည် ၎င်းတို့၏ တကယ့်သဘာဝအနှစ်သာရအရ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သကဲ့သို့ မုန်းတီးသောကြောင့်၊ သမ္မာတရားကို လုံးဝ လက်မခံသောကြောင့်ဖြစ်သည်။ အလိုအလျောက်ပင် အန္တိခရစ်၏ အနှစ်သာရနှင့် စိတ်သဘောထားက ၎င်းတို့ကိုယ်တိုင်၏ အမှားများကို ၎င်းတို့အသိအမှတ် မပြုအောင်၊ သို့မဟုတ် ၎င်းတို့ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ၎င်းတို့အသိအမှတ် မပြုအောင် ပိတ်ပင်တားဆီးထားသည်။ ဤနှစ်ချက်ကို အခြေခံလျှင် ပြုပြင်ခံရခြင်းအပေါ် အန္တိခရစ်၏ သဘောထားသည် ယင်းကို အပြည့်အဝ၊ လုံးလုံး ငြင်းပယ်ခြင်းနှင့် အာခံခြင်းပင် ဖြစ်သည်။ ၎င်းတို့သည် ယင်းကို ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲမှ မုန်းတီးပြီး အတိုက်အခံပြုသည်။ အမှန်တကယ် ဆင်ခြင်သုံးသပ်ခြင်း၊ သို့မဟုတ် နောင်တရခြင်းတို့ ရှိဖို့ မဆိုထားနှင့်၊ လက်ခံခြင်း၊ သို့မဟုတ် နာခံခြင်းအရိပ်အယောင် အနည်းငယ်မျှပင် မရှိပေ။ အန္တိခရစ်တစ်ဦးသည် ပြုပြင်ခံရသောအခါ ယင်းကို မည်သူကလုပ်ဆောင်သည်ဖြစ်စေ၊ မည်သည့်အရာနှင့် သက်ဆိုင်သည်ဖြစ်စေ၊ အမှုကိစ္စအတွက် ၎င်းတို့ကို အပြစ်တင်သည့် ပမာဏက မည်မျှရှိသည်ဖြစ်စေ၊ ၎င်းတို့၏ အမှားက မည်မျှ ပေါ်လွင်သည်ဖြစ်စေ၊ ဆိုးယုတ်မှု မည်မျှကို ၎င်းတို့ကျူးလွန်သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့၏ ဆိုးယုတ်မှုက အသင်းတော်၏ အလုပ်အတွက် မည်သည့်အကျိုးဆက်များကို ဖန်တီးသည်ဖြစ်စေ အန္တိခရစ်သည် ဤအရာတစ်ခုတလေကိုမျှ ထည့်မစဉ်းစားပေ။ အန္တိခရစ်တစ်ဦးအဖို့၊ သူ့ကို ပြုပြင်နေသူသည် သူတစ်ဦးတည်းကိုသာ ပြောဆိုနေခြင်း၊ သို့မဟုတ် သူ့ကို နှိပ်စက်ရန် အမှားများကို ရှာနေခြင်းဖြစ်သည်။ အန္တိခရစ်များက ၎င်းတို့သည် အနိုင်ကျင့်ခံရပြီး အရှက်ခွဲခံရသည်၊ လူသားတစ်ဦးအနေဖြင့် ဆက်ဆံခံရခြင်းမရှိသကဲ့သို့၊ သိမ်ငယ်အောင်ပြုလုပ်ခံရပြီး အထင်သေးခံရသည်ဟူ၍ပင် တွေးထင်နိုင်သည်။ အန္တိခရစ်များသည် ပြုပြင်ခံရပြီး နောက်တွင် ၎င်းတို့ အမှန်တကယ် မှားယွင်းစွာ လုပ်ဆောင်ခဲ့သည်မှာ မည်သည့်အရာ ဖြစ်သည်ကိုလည်းကောင်း၊ မည်သည့်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ၎င်းတို့ ဖွင့်ပြခဲ့သည်ကိုလည်းကောင်း၊ ၎င်းတို့ လိုက်နာသင့်သည့် စည်းမျဉ်းများကို ၎င်းတို့ ရှာဖွေခဲ့ခြင်း ရှိမရှိကိုလည်းကောင်း၊ သို့မဟုတ် ၎င်းတို့ ပြုပြင်ခြင်းခံရသည့် ကိစ္စတွင် သမ္မာတရားစည်းမျဉ်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းရှိမရှိ၊ သို့မဟုတ် ၎င်းတို့တာဝန်ကို ဖြည့်ဆည်းခဲ့ခြင်း ရှိမရှိကိုလည်းကောင်း မည်သည့်အခါမျှ ဆင်ခြင်စဉ်းစားကြည့်ခြင်း မရှိပေ။ ၎င်းတို့သည် ဤအရာတစ်ခုတလေနှင့်ပတ်သက်ပြီး ဆန်းစစ်ခြင်း၊ ဆင်ခြင်သုံးသပ်ခြင်း မရှိသကဲ့သို့ ဤပြဿနာများကို အချိန်ယူတွေးတောခြင်းနှင့် ဆင်ခြင်တွေးဆခြင်းမရှိပေ။ ထိုအစား ၎င်းတို့သည် ပြုပြင်ခြင်းကို ၎င်းတို့၏ ကိုယ်ပိုင်စိတ်ဆန္ဒ၊ တဇောက်ကန်းဖြစ်ခြင်းတို့နှင့်အညီ သဘောထားသည်။ အန္တိခရစ်များသည် ပြုပြင်ခံရသည့်အချိန်တိုင်းတွင် ဒေါသ၊ မနာခံခြင်းနှင့် မကျေမနပ်ဖြစ်မှုတို့ဖြင့် ပြည့်နေပြီး မည်သူ့ဆီက အကြံဉာဏ်ကိုမျှ နားထောင်မည်မဟုတ်ပေ။ ၎င်းတို့ ပြုပြင်ခံရခြင်းကို လက်ခံရန် ငြင်းဆန်ကြပြီး၊ မိမိတို့ကိုယ်ကိုနှင့်ပတ်သက်၍ သိရှိပြီး ပြန်လည်သုံးသပ်ရန်၊ ဝတ်ကျေတမ်းကျေ လုပ်ဆောင်ခြင်း၊ သို့မဟုတ် တာဝန်တွင် ရမ်းကားခြင်းကဲ့သို့သော စည်းမျဉ်းများကို ချိုးဖောက်သည့် ၎င်းတို့ လုပ်ရပ်များကို ကိုင်တွယ်ရန်အတွက် ဘုရားရှေ့မှောက်သို့ ပြန်လာရန် မတတ်နိုင်ကြသကဲ့သို့ ၎င်းတို့၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကိုဖြေရှင်းရန် ဤအခွင့်အရေးကိုလည်း အသုံးမပြုကြပေ။ ထိုအစား မိမိတို့ကိုယ်ကို ခုခံရန်၊ မိမိတို့ကိုယ်ကို သက်သေထူရန် ဆင်ခြေများရှာကြပြီး သဘောထားကွဲလွဲမှုကို ဆွပေးကာ သူတစ်ပါးတို့ကို လှုံ့ဆော်သည့်အရာများကိုပင် ပြောကြလိမ့်မည်။ တိုတိုပြောရလျှင်၊ အန္တိခရစ်များသည် ပြုပြင်ခြင်းခံရသောအခါ ၎င်းတို့၏ တိကျသော သရုပ်သကန်များမှာ မနာခံခြင်း၊ မကျေနပ်ခြင်း၊ အတိုက်အခံပြုခြင်းနှင့် အာခံခြင်းတို့ဖြစ်ပြီး ၎င်းတို့၏ စိတ်နှလုံးထဲတွင် စောဒကတက်မှုအချို့ ပေါ်ပေါက်လာသည်။ “ငါသည် ထိုမျှမြင့်မားသော အဖိုးအခကို ပေးဆပ်ခဲ့ပြီး အလွန်များပြားသော အလုပ်ကို လုပ်ဆောင်ခဲ့သည်။ အချို့အရာများတွင် ငါသည် စည်းမျဉ်းများကို မလိုက်နာခဲ့သော်လည်း သို့မဟုတ် သမ္မာတရားကို မရှာဖွေခဲ့သော်လည်း ဤအရာအားလုံးကို ငါ့အတွက် ငါလုပ်ဆောင်ခဲ့ခြင်း မဟုတ်ပါ။ အသင်းတော်၏အလုပ်အတွက် ပျက်စီးဆုံးရှုံးမှုအချို့ကို ငါဖြစ်စေခဲ့လျှင်ပင် ငါသည် တမင်တကာ ထိုသို့ပြုလုပ်ခဲ့ခြင်း မဟုတ်ပါ။ မည်သူသည် အမှားများကို မကျူးလွန်ဘဲ နေသနည်း။ သင်သည် ငါ၏အားနည်းချက်များကို ထည့်မစဉ်းစားဘဲ၊ ငါ၏စိတ်ခံစားချက် သို့မဟုတ် မိမိကိုယ်ကို လေးစားမှုအတွက် ဂရုမစိုက်ဘဲ ငါ၏အမှားများကို အမိအရအသုံးချကာ အတောမသတ်နိုင်အောင် ပြုပြင်နေ၍မရပါ။ ဘုရား၏အိမ်တော်သည် လူတို့အတွက် မေတ္တာမရှိသည့်အပြင် အလွန် တရားမမျှတပါ။ ထို့အပြင် သင်သည် ဤမျှသေးငယ်သော အမှားတစ်ခုပြုလုပ်ခြင်းအတွက် ငါ့ကို ပြုပြင်သည်၊ ဤသည်မှာ သင်က ငါ့ကို အမြင်မကြည်သော မျက်လုံးများဖြင့် ကြည့်ပြီး ငါ့ကို ဖယ်ရှားရှင်းလင်းလိုသည်ဟု ဆိုလိုခြင်း မဟုတ်လော” ဟူ၍ ဖြစ်သည်။ အန္တိခရစ်များသည် ပြုပြင်ခြင်းခံရသောအခါ ၎င်းတို့၏စိတ်ထဲတွင်ရှိသည့် ပထမဆုံးအရာမှာ ၎င်းတို့ မှားယွင်းစွာလုပ်ဆောင်ခဲ့သည့်အရာ သို့မဟုတ် ၎င်းတို့ထုတ်ဖော်ခဲ့သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဆင်ခြင်သုံးသပ်ရန်မဟုတ်ဘဲ ထင်ကြေးပေးမှုများ ပြုလုပ်ရင်း မိမိတို့ကိုယ်ကိုယ်အတွက် ခုခံကာကွယ်ပြောဆိုရန်ဖြစ်သည်။ အဘယ်ထင်ကြေးပေးမှုများ ဖြစ်သနည်း။ “ငါသည် ဘုရားသခင်၏ အိမ်တော်၌ ငါ၏တာဝန်ကိုထမ်းဆောင်ရာတွင် ဤမျှကြီးမားသော အဖိုးအခကို ပေးဆပ်ခဲ့ပြီး ပြုပြင်ခြင်းသာ ခံရသည်။ ငါ့အတွက် ကောင်းချီးများရရှိရန် မျှော်လင့်ချက် များများစားစား မရှိဟု ထင်ရသည်။ ဘုရားသည် လူတို့ကို ဆုချီးမြှင့်ရန် မလိုလားသဖြင့် လူတို့ကို ထုတ်ဖော်ရန်နှင့် ဖယ်ရှားရှင်းလင်းရန် ဤနည်းလမ်းကို သူအသုံးပြုခြင်းများ ဖြစ်နိုင်မည်လော။ အကယ်၍ ကောင်းချီးများရရှိရန် မျှော်လင့်ချက်မရှိပါက ငါသည် အဘယ်ကြောင့် ကြိုးစားအားထုတ်ရမည်နည်း။ အဘယ်ကြောင့် အခက်အခဲများကို ငါ ကြံ့ကြံ့ခံရမည်နည်း။ ကောင်းချီးများရရှိရန် မျှော်လင့်ချက်မရှိသောကြောင့် ငါသည် လုံးဝမယုံကြည်ဘဲ နေခြင်းက ပိုကောင်းမည်။ ဘုရားကိုယုံကြည်ခြင်း၏ ရည်ရွယ်ချက်မှာ ကောင်းချီးများရရှိရန် မဟုတ်လော။ ထိုအရာအတွက် မျှော်လင့်ချက်မရှိပါက ငါသည် အဘယ်ကြောင့် ငါ့ကိုယ်ငါ အသုံးခံသင့်သနည်း။ ငါသည် ယုံကြည်ခြင်းကို ရပ်တန့်ပြီး ဤအရာနှင့်ပတ်သက်၍ အဆုံးသတ်လိုက်လျှင် ကောင်းမည်။ အကယ်၍ ငါမယုံကြည်ပါက သင်သည် ငါ့ကို ပြုပြင်နိုင်သေးသလော။ အကယ်၍ ငါမယုံကြည်ပါက သင်သည် ငါ့ကို မပြုပြင်နိုင်ပါ”ဟူ၍ ဖြစ်သည်။ အန္တိခရစ်များသည် ဘုရားသခင်ထံမှ ပြုပြင်ခြင်းခံရခြင်းကို လုံးဝ လက်မခံနိုင်ကြပေ။ ၎င်းတို့သည် သင့်လျော်သော ရှုထောင့်နှင့် သဘောထားဖြင့် လက်ခံပြီး နာခံနိုင်ခြင်းမရှိပေ။ ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ သန့်စင်ခြင်းခံရနိုင်ရန်အလို့ငှာ ဤအရာမှတစ်ဆင့် မိမိတို့ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို နားလည်နိုင်ခြင်းမရှိပေ။ ထိုအစား ၎င်းတို့သည် ယုတ်ညံ့ပြီး ကျဉ်းမြောင်းသောစိတ်ဖြင့် ၎င်းတို့ပြုပြင်ခြင်းခံရခြင်း၏ ရည်ရွယ်ချက်ကို မှန်းဆပြီး လေ့လာကြသည်။ ၎င်းတို့သည် အခြေအနေ၏ တိုးတက်မှုကို သေချာစွာ စောင့်ကြည့်သည်၊ လူတို့စကားပြောသောအခါ ၎င်းတို့၏ လေသံများကို နားထောင်သည်၊ ၎င်းတို့ပတ်ဝန်းကျင်ရှိလူများ ၎င်းတို့ကို မည်သို့ကြည့်သည်၊ ၎င်းတို့အား မည်သို့စကားပြောသည်ဆိုသည်နှင့် ၎င်းတို့၏ သဘောထားကို စောင့်ကြည့်လေ့လာပြီး ၎င်းတို့၌ ကောင်းချီးခံစားရရန် မျှော်လင့်ချက်တစ်စုံတစ်ရာ ရှိမရှိ သို့မဟုတ် ၎င်းတို့အနေဖြင့် အမှန်တကယ် ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခြင်းခံရခြင်း ရှိမရှိဟူသည်တို့ကို အတည်ပြုရန် ဤအရာများကို အသုံးပြုသည်။ ၎င်းတို့ ပြုပြင်ခြင်းခံရသည့် ရိုးရှင်းသော အဖြစ်အပျက်တစ်ခုသည် အန္တိခရစ်တို့၏ စိတ်နှလုံးထဲတွင် ဤမျှကြီးမားသော ဂယက်ရိုက်မှုနှင့် ဤမျှများပြားသော ဆင်ခြင်တွေးတောမှုကို ဖြစ်ပေါ်စေသည်။ ပြုပြင်ခြင်းခံရသည့်အခါတိုင်း ၎င်းတို့၏ ပထမဆုံးတုံ့ပြန်မှုမှာ ရွံရှာစက်ဆုပ်ခြင်းဖြစ်ပြီး ၎င်းတို့၏ စိတ်နှလုံးထဲတွင် ယင်းကို အလွန်အမင်း မနှစ်မြို့ကြ၊ ယင်းကို ငြင်းပယ်ပြီး တွန်းလှန်တိုက်ခိုက်သည်။ ပြီးလျှင် လူတို့၏ စကားနှင့် မျက်နှာအမူအရာကို ဆန်းစစ်ကာ ထို့နောက် ထင်ကြေးပေးမှုကို လုပ်ဆောင်ကြသည်။ ၎င်းတို့သည် အခြေအနေ၏ တိုးတက်ဖြစ်ပေါ်မှုကို စောင့်ကြည့်ရန်၊ ၎င်းတို့ပတ်ဝန်းကျင်ရှိလူများ ၎င်းတို့ကို မည်သို့ကြည့်သည်ကို စောင့်ကြည့်လေ့လာရန်နှင့် ၎င်းတို့အပေါ် အထက်လူကြီးများ၏ သဘောထားကို စောင့်ကြည့်လေ့လာရန် မိမိတို့၏ ဦးနှောက်များ၊ အတွေးအခေါ်များနှင့် မဖြစ်စလောက်သော ပါးနပ်မှုကို အသုံးပြုကြသည်။ ဤအရာများမှနေ၍ ၎င်းတို့၌ ကောင်းချီးခံစားရမည့် မျှော်လင့်ချက် မည်မျှကျန်ရှိသေးသည်၊ ကောင်းချီးခံစားရရန် မျှော်လင့်ချက်တစ်စွန်းတစ်စ ရှိမရှိ၊ သို့မဟုတ် ၎င်းတို့အနေဖြင့် အမှန်တကယ် ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခြင်းခံရခြင်း ရှိမရှိဟူသည်တို့ကို ၎င်းတို့ တိုင်းတာဆုံးဖြတ်ကြသည်။ ၎င်းတို့ ထွက်ပေါက်မရှိသောအခါ အန္တိခရစ်များသည် တိကျသော အရင်းခံအကြောင်းတစ်ခု၊ မျှော်လင့်ချက်တစ်စွန်းတစ်စနှင့် အသက်ကယ်ကြိုးတစ်မျှင်ကို ရှာဖွေရန် ကြိုးစားလျက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ထပ်မံ သုတေသနပြုလုပ်ကြပြန်သည်။ အကယ်၍ ၎င်းတို့ ပြုပြင်ခြင်းခံရပြီးနောက် တစ်စုံတစ်ယောက်က ၎င်းတို့ကို နှစ်သိမ့်ပြီး ထောက်ပံ့ကာ ချစ်ခင်သော စိတ်နှလုံးဖြင့် ကူညီပါက ဤအရာများက ၎င်းတို့အနေဖြင့် ဘုရားအိမ်တော်၏ အဖွဲ့ဝင်တစ်ဦးအဖြစ် မှတ်ယူခံရဆဲဖြစ်သည်ဟု ခံစားရစေသည်။ ၎င်းတို့အတွက် ကောင်းချီးခံစားရမည့် မျှော်လင့်ချက် ဆက်လက်တည်ရှိနေဆဲဖြစ်သည်၊ ၎င်းတို့၏ မျှော်လင့်ချက်သည် ခိုင်မာနေဆဲဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ပြီး နောက်ဆုတ်ဖို့ အတွေးတစ်ခုတလေကို ဖယ်ရှားပစ်လိမ့်မည်။ သို့ရာတွင် အခြေအနေသည် ပြောင်းပြန်ဖြစ်သွားပြီး ၎င်းတို့၏ ကောင်းချီးများရရှိရန် မျှော်လင့်ချက်များက ပါးလျလာကာ ပျောက်ကွယ်သွားသည်ကို ၎င်းတို့ မြင်တွေ့ရသည့်အခါ ၎င်းတို့၏ ပထမဆုံးတုံ့ပြန်မှုမှာ “အကယ်၍ ငါ ကောင်းချီးများ မရနိုင်ပါက ဘုရားကို နောက်ထပ် ယုံကြည်တော့မည်မဟုတ်ပေ။ ဘုရားကို ယုံကြည်ခြင်းအား ချစ်မြတ်နိုးသူ မည်သူမဆို သူ့ကို ယုံကြည်နိုင်သည်၊ သို့သော် မည်သို့ပင်ဖြစ်စေ ငါသည် သင်တို့၏ ပြုပြင်ခြင်းကို လက်ခံမည်မဟုတ်၊ ငါ့ကို သင်တို့ပြုပြင်သောအခါ သင်တို့ပြောသမျှအားလုံး မှားယွင်းသည်။ ယင်းကို ငါ မကြားချင်၊ နားထောင်လိုစိတ်မရှိ၊ ယင်းသည် လူတစ်ဦးအတွက် အကျိုးအရှိဆုံးအရာဖြစ်သည်ဟု သင်တို့ ဆိုသည့်အခါ၌ပင် ငါသည် ပြုပြင်ခြင်းကို လက်ခံမည်မဟုတ်”ဟူ၍ ဖြစ်သည်။ ၎င်းတို့၏ ကောင်းချီးများရရှိရန် မျှော်လင့်ချက်များ မီးခိုးကဲ့သို့ လွင့်ပြယ်သွားသည်ကို ၎င်းတို့ မြင်သောအခါ၊ ၎င်းတို့ နှစ်ရှည်လများ လိုက်စားခဲ့သော အဆင့်အတန်းနှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ရန် အိပ်မက်များ အချည်းနှီးဖြစ်ကာ ဆုံးရှုံးတော့မည်ကို ၎င်းတို့ မြင်သောအခါ မိမိတို့၏ လိုက်စားပုံနည်းလမ်းကို ပြောင်းလဲရန် သို့မဟုတ် မိမိတို့လိုက်စားသော ပန်းတိုင်များကို ပြောင်းလဲရန် မစဉ်းစားဘဲ ထွက်ခွာရန်နှင့် နောက်ဆုတ်ရန် စဉ်းစားကြလေသည်။ ၎င်းတို့သည် ဘုရားသခင်ကို နောက်ထပ် ယုံကြည်လိုစိတ်မရှိတော့ဘဲ ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်း၌ ကောင်းချီးခံစားရရန် မျှော်လင့်ချက်တစ်စုံတစ်ရာ မရှိတော့ဟု တွေးထင်ကြသည်။ အန္တိခရစ်များအဖို့ ဘုရားသခင်ကို ၎င်းတို့ စတင်ယုံကြည်ခဲ့ချိန်တွင် ရရှိလိုခဲ့သော ဆုလာဘ်များ၊ ကောင်းချီးများနှင့် သရဖူများဆိုင်ရာ ၎င်းတို့၏ စိတ်ကူးယဉ်အိပ်မက်များနှင့် မျှော်လင့်ချက်များ ပျောက်ကွယ်သွားပါက ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ၎င်းတို့၏ စေ့ဆော်မှုသည် ပျောက်ကွယ်သွားသည့်အပြင် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံရန်နှင့် မိမိတို့၏ တာဝန်ကိုထမ်းဆောင်ရန် ၎င်းတို့၏ စေ့ဆော်မှုသည်လည်း ပျောက်ကွယ်သွားသည်။ ၎င်းတို့၏ စေ့ဆော်မှု ပျောက်ကွယ်သွားသောအခါ ၎င်းတို့သည် အသင်းတော်၌ ဆက်လက်နေထိုင်လိုစိတ်မရှိတော့သကဲ့သို့ ဤနည်းအတိုင်း ဆက်လက်၍ ရှေ့မဆက်နိုင်တော့ဘဲ ၎င်းတို့၏ တာဝန်ကို စွန့်လွှတ်ပြီး အသင်းတော်မှ ထွက်ခွာလိုကြသည်။ ဤသည်မှာ အန္တိခရစ်များ ပြုပြင်ခြင်းခံရသောအခါ ၎င်းတို့ စဉ်းစားသမျှဖြစ်ပြီး ၎င်းတို့၏ သဘာဝအနှစ်သာရက လုံးဝ ဖော်ထုတ်ခြင်းခံရလေသည်။ ခြုံငုံကြည့်လျှင် ၎င်းတို့ပြောသည့်အရာနှင့် ၎င်းတို့လုပ်ဆောင်သည့်အရာနှစ်ခုစလုံးတွင် အန္တိခရစ်များသည် သမ္မာတရားကို မည်သည့်အခါမျှ လက်မခံပေ။ သမ္မာတရားကို လက်မခံခြင်း စိတ်သဘောထားသည် အဘယ်နည်း။ ယင်းသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း မဟုတ်လော။ ထိုသို့ပင် အတိအကျဖြစ်သည်။ ပြုပြင်ခြင်းခံရသည့် ရိုးရှင်းသောလုပ်ရပ်သည် သူ့ဘာသာအားဖြင့် လက်ခံရန် အတော်အတန် လွယ်ကူသည်။ ပထမဦးစွာ၊ ၎င်းကို ပြုပြင်သောသူဘက်တွင် မကောင်းသောစိတ်ဆန္ဒ မရှိပေ။ ဒုတိယအနေဖြင့်၊ အန္တိခရစ်များ ပြုပြင်ခြင်းခံရသည့် ကိစ္စရပ်များအရ အကဲဖြတ်သည့်အခါ၊ ၎င်းတို့သည် ဘုရားအိမ်တော်၏ စီစဉ်မှုများနှင့် သမ္မာတရားစည်းမျဉ်းများကို ဆန့်ကျင်ခဲ့သည်မှာ သေချာသည်။ ၎င်းတို့၏ အလုပ်တွင် အမှား သို့မဟုတ် ပေါ့ဆမှုတစ်ခုရှိခဲ့ပြီး ယင်းက အသင်းတော်၏အလုပ်အတွက် နှောင့်ယှက်မှုနှင့် အဖျက်အမှောင့်လုပ်ခြင်းကို ဖြစ်စေခဲ့သည်။ ၎င်းတို့သည် မိမိတို့၏ လူ့စိတ်ဆန္ဒ ရောနှောခြင်းကြောင့်၊ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကြောင့်၊ သမ္မာတရားစည်းမျဉ်းများကို နားလည်မှုကင်းမဲ့လျက် မဆင်မခြင် ပြုမူသောကြောင့် ပြုပြင်ခြင်းခံရသည်။ ဤသည်မှာ အလွန်သာမန်ဖြစ်သောအရာတစ်ခု ဖြစ်သည်။ ကမ္ဘာလောကတစ်ခုလုံးတွင် မည်သည့်ကြီးမားသော အဖွဲ့အစည်းမဆို၊ မည်သည့်အုပ်စု သို့မဟုတ် ကုမ္ပဏီမဆို စည်းမျဉ်းစည်းကမ်းများ ရှိပြီး ဤစည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်သူ မည်သူမဆို အပြစ်ပေးခံရမည်ဖြစ်ပြီးစည်းကမ်းထိန်းသိမ်းခြင်း ခံရမည်ဖြစ်သည်။ ဤသည်မှာ လုံးဝ သာမန်ဖြစ်ပြီး လုံးဝ သင့်လျော်သည်။ သို့ရာတွင်၊ အန္တိခရစ်တစ်ဦးသည် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခြင်း၏ အကျိုးဆက်အဖြစ် သင့်လျော်စွာ စည်းကမ်းထိန်းသိမ်းခြင်းခံရခြင်းကို အခြားသူများက သူ့အတွက် အခက်အခဲဖြစ်အောင် လုပ်ဆောင်နေခြင်းအဖြစ်၊ သူ့ကို ညှဉ်းပန်းနှိပ်စက်နေခြင်းအဖြစ်၊ သူ၏ အမှားကိုရှာနေခြင်းနှင့် သူ့အတွက် ဒုက္ခဖြစ်စေနေခြင်းအဖြစ် မှတ်ယူလေသည်။ ယင်းသည် သမ္မာတရားကို လက်ခံသည့် သဘောထား ဟုတ်သလော။ အလွန်သိသာရှင်းလင်းစွာပင် မဟုတ်ပေ။ သမ္မာတရားကို လက်ခံသည့် သဘောထားမရှိဘဲ ဤသို့သောလူတစ်ဦးအတွက် မိမိ၏တာဝန်ကို ထမ်းဆောင်ရာ၌ အမှားများကျူးလွန်ခြင်းနှင့် နှောင့်ယှက်မှုများ၊ အဖျက်အမှောင့်လုပ်ခြင်းများကို ဖြစ်စေခြင်းမှ ရှောင်ရှားရန် ဖြစ်နိုင်သလော။ သေချာပေါက် မဖြစ်နိုင်ပေ။ ဤသို့သောလူစားမျိုးသည် တာဝန်တစ်ခုကို ထမ်းဆောင်ရန် ကောင်းစွာ သင့်တော်သလော။ တိကျစွာပြောရလျှင် ၎င်းတို့ မသင့်တော်ပေ။ ဤသို့သောလူစားမျိုးသည် မည်သည့်အလုပ်တာဝန်တွင်မဆို အရည်အချင်းပြည့်မီဖွယ် မရှိပေ။
တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းသည် ဘုရားသခင်က သူ၏ ရွေးချယ်ထားသော လူများအား ၎င်းတို့ကိုယ်တိုင် လေ့ကျင့်နိုင်ရန်အလို့ငှာ ပံ့ပိုးပေးသည့် အခွင့်အရေးတစ်ခုဖြစ်သော်လည်း လူတို့သည် ဤအရာကို တန်ဖိုးထားရန် မသိကြပေ။ ထိုအစား ၎င်းတို့ ပြုပြင်ခြင်းခံရသောအခါ ဒေါသဖြင့် အော်ဟစ်သောင်းကျန်းကြသည်။ ၎င်းတို့သည် ယင်းကို တွန်းလှန်တိုက်ခိုက်ပြီး ဆန့်ကျင်၍ အော်ဟစ်ကြွေးကြော်ကြသည်။ ၎င်းတို့သည် မကျေမချမ်းဖြစ်ကာ အာခံကြသည်။ အမှားများ တစ်ခါမျှ မကျူးလွန်ဖူးသော သန့်ရှင်းသူများသဖွယ် ၎င်းတို့ ဖြစ်နေသည်။ ဖောက်ပြန်ပျက်စီးသော လူသားများအကြားတွင် မည်သူသည် အမှားများ မကျူးလွန်ဘဲ ရှိနေသနည်း။ အမှားများကျူးလွန်ခြင်းသည် အလွန်သာမန်ဖြစ်သောအရာတစ်ခု ဖြစ်သည်။ ဘုရားအိမ်တော်သည် သင့်ကို နှုတ်ဖြင့်သာ ပြုပြင်နေခြင်းဖြစ်သည်၊ ယင်းက သင့်ကို တာဝန်ယူစေခြင်းမဟုတ်၊ သို့မဟုတ် ဤအတွက် သင့်ကို ပြစ်တင်ရှုတ်ချနေခြင်းမဟုတ်၊ သင့်ကို ကျိန်ဆဲနေခြင်းမှာ သာ၍ပင် မဟုတ်ပေ။ တစ်ခါတစ်ရံ ဤပြုပြင်ခြင်းသည် အတော်အတန် ပြင်းထန်နိုင်သည်၊ စကားလုံးများသည် စူးရှခြင်း သို့မဟုတ် နားကြားမကောင်းခြင်း ရှိနိုင်ပြီး သင်၏ စိတ်ခံစားချက်များ ထိခိုက်ကောင်းထိခိုက်နိုင်သည်။ ဘုရားအိမ်တော်၏ ငွေကြေး သို့မဟုတ် ပစ္စည်းကိရိယာများကို ပျက်စီးစေခဲ့သောသူတို့သည် ဒဏ်ငွေများအသုံးပြုခြင်းဖြင့် သို့မဟုတ် လျော်ကြေးတောင်းဆိုခြင်းဖြင့် ဘုရားအိမ်တော်၏ ဆုံးမပဲ့ပြင်ခြင်းကို ခံရလိမ့်မည်၊ ယင်းမှာ ပြင်းထန်သည်ဟု သတ်မှတ်သလော။ သို့မဟုတ် ယင်းကို သင့်လျော်သည်ဟု မှတ်ယူနိုင်ပါသလော။ သင့်ကို နှစ်ဆလျော်ကြေးပေးရန် တောင်းဆိုခြင်းမရှိသကဲ့သို့ သင့်ကို ခြိမ်းခြောက်ငွေညှစ်နေခြင်းလည်း မဟုတ်ဘဲ သင်သည် တူညီသောပမာဏကိုသာ ပြန်လည်ပေးဆပ်ရန် လိုအပ်သည်။ ယင်းမှာ အလွန် သင့်လျော်သည် မဟုတ်လော။ ဤသည်မှာ ကမ္ဘာပေါ်ရှိ အချို့နိုင်ငံများတွင် ပေးဆောင်ရသော ဒဏ်ငွေများထက် များစွာ ပေါ့တန်သည်။ အချို့မြို့ကြီးများတွင် သင်သည် မြေကြီးပေါ် တံတွေးထွေးခြင်း သို့မဟုတ် စက္ကူစတစ်ရွက် လွှင့်ပစ်ခြင်းအတွက်ပင် ဒဏ်ငွေကြီးစွာ ရိုက်ခံရလိမ့်မည်။ သင်သည် ဤအရာကို အာခံနိုင်မည်လော၊ သို့မဟုတ် ဒဏ်ငွေပေးဆောင်ရန် ငြင်းဆန်နိုင်မည်လော။ အကယ်၍ သင်ငြင်းဆန်ပါက ထောင်ကျဖွယ်ရှိပြီး ပို၍ပင် ပြင်းထန်သော ဥပဒေရေးရာ ပြစ်ဒဏ်များ ရှိပေလိမ့်မည်။ ထိုသို့သော စနစ်ဖြစ်သည်။ လူအချို့သည် ဤအရာကို နားမလည်ကြဘဲ ဘုရားအိမ်တော်၏ ဤနည်းလမ်းဖြင့် ပြုပြင်ခြင်းသည် အလွန်ပြင်းထန်သည်၊ လူတို့ကို ဤသို့ စည်းကမ်းထိန်းသိမ်းခြင်းသည် အလွန်ရက်စက်ကြမ်းကြုတ်သည်ဟု ထင်ကြသည်။ အကယ်၍ ထိုသို့သောလူများသည် အနည်းငယ်ပို၍ ပြင်းထန်သောပုံစံဖြင့် ပြုပြင်ခြင်းခံရပြီး ၎င်းတို့၏မာန ထိခိုက်ကာ ၎င်းတို့၏စာတန်ဆန်သောသဘာဝ လှုံ့ဆော်ခံရပါက ၎င်းတို့သည် ဤအရာကို သည်းမခံနိုင်ဟူ၍လည်းကောင်း၊ ယင်းသည် ၎င်းတို့၏ အယူအဆများနှင့် မကိုက်ညီဟူ၍လည်းကောင်း ခံစားရလေသည်။ ဤသည်မှာ ဘုရားအိမ်တော်ဖြစ်သောကြောင့် လူတို့ကို ဤနည်းလမ်းဖြင့် မဆက်ဆံသင့်၊ ဘုရားအိမ်တော်သည် အကြိမ်တိုင်းတွင် သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းကို ကျင့်သုံးသင့်ပြီး လူတို့ကို မဆင်မခြင်ပြုမူရန်နှင့် မိမိတို့သဘောအတိုင်း ပြုလုပ်ရန် ခွင့်ပြုသင့်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ လူတို့ပြုလုပ်သမျှအားလုံးသည် ကောင်းသည်၊ ဘုရားသခင်က အမှတ်ရသင့်သည်ဟု ၎င်းတို့ ထင်ကြသည်။ ယင်းမှာ ကျိုးကြောင်းဆီလျော်သလော။ (မဆီလျော်ပါ။) လူတို့သည် အဘယ်သဘာဝအနှစ်သာရကို ပိုင်ဆိုင်ကြသနည်း။ ၎င်းတို့သည် အမှန်တကယ် လူသားများလော။ ပို၍ ယဉ်ကျေးစွာပြောရလျှင် ၎င်းတို့သည် စာတန်များနှင့် နတ်ဆိုးများ ဖြစ်ကြသည်။ ပို၍ ရိုင်းစိုင်းစွာပြောရလျှင် ၎င်းတို့သည် တိရစ္ဆာန်များ ဖြစ်ကြသည်။ လူတို့သည် မည်သို့ပြုမူကျင့်ကြံရမည်ဟူသော စည်းမျဉ်းများကို မသိကြ၊ အလွန် အောက်တန်းကျကြသည်၊ ထို့အပြင် ပျင်းရိသည်၊ အပန်းဖြေခြင်းကို နှစ်သက်ပြီး ပင်ပန်းစွာအလုပ်လုပ်ရခြင်းကို မုန်းတီးကာ မကောင်းမှုများပြုလုပ်လျက် သောင်းကျန်းလိုကြသည်။ အနှောင့်အယှက်အဖြစ်ဆုံးအပိုင်းမှာ ဘုရားအိမ်တော်၌ တာဝန်ထမ်းဆောင်သော လူများစွာတို့သည် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များ၊ နည်းလမ်းများနှင့် ဆိုးယုတ်သောရေစီးကြောင်းများကို မိမိတို့နှင့်အတူ အစဉ် ယူဆောင်လာလိုကြခြင်း ဖြစ်သည်။ ၎င်းတို့သည် ဤအရာများကို သုတေသနပြုလုပ်ခြင်း၊ သင်ယူခြင်းနှင့် အတုခိုးခြင်းတို့၌ပင် မိမိတို့၏အားအင်ကို အသုံးပြုကြပြီး အကျိုးဆက်အနေဖြင့် ဘုရားအိမ်တော်၏ အလုပ်အချို့တွင် ဖရိုဖရဲဖြစ်မှုနှင့် ကမောက်ကမဖြစ်မှုတို့ကို ဖန်တီးကြသည်။ ဤသည်မှာ လူတိုင်းအတွက် သည်းမခံနိုင်စရာဖြစ်ပြီး ယုံကြည်ခြင်း၌ အသစ်ဖြစ်သော ညီအစ်ကိုမောင်နှမအချို့ပင်လျှင် ဤလူတို့သည် ဘာသာတရားကိုင်းရှိုင်းခြင်းမရှိ၊ ၎င်းတို့၏ လုပ်ရပ်များသည် လောကီရေပန်းစားမှုများဖြစ်ပြီး ခရစ်ယာန်တစ်ဦး၏ လုပ်ရပ်များနှင့် လုံးဝမတူဟု ဆိုကြသည်။ ဤယုံကြည်သူအသစ်များပင်လျှင် ဤလူတို့၏ လုပ်ရပ်များကို လက်မခံနိုင်ကြပေ။ ဤလူတို့သည် အဖိုးအခအနည်းငယ် ပေးဆပ်သည်၊ စိတ်အားထက်သန်မှုအနည်းငယ် ရှိသည်၊ အလွန်သေးငယ်သော စေ့ဆော်မှုနှင့် စေတနာအနည်းငယ် ရှိပြီး ၎င်းတို့သင်ယူခဲ့သော မည်သည့်အဓိပ္ပာယ်မဲ့သည့်အရာကိုမဆို ဘုရားအိမ်တော်ထဲသို့ ယူဆောင်လာကာ ၎င်းတို့၏ တာဝန်နှင့်အလုပ်တွင် အသုံးချကြပြီး အကျိုးဆက်အနေဖြင့် ၎င်းတို့သည် အသင်းတော်၏အလုပ်အတွက် နှောင့်ယှက်မှုများနှင့် အဖျက်အမှောင့်များကို ဖြစ်စေကာ အဆုံးတွင် ပြုပြင်ခြင်းခံရသည်။ လူအချို့သည် ဤအရာကို နားမလည်ကြပေ၊ “ဘုရားသခင်က သူ့အနေဖြင့်လူတို့၏ ကောင်းမှုများကို အမှတ်ရမည်ဟု မိန့်တော်မူသည် မဟုတ်လော။ သို့ဆိုလျှင် အဘယ်ကြောင့် ကျွန်ုပ်သည် ကျွန်ုပ်၏တာဝန်ကို ထမ်းဆောင်ခြင်းအတွက် ပြုပြင်ခြင်းခံရသနည်း။ အဘယ်ကြောင့် ဤအရာကို ကျွန်ုပ် နားမလည်နိုင်ရသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် မည်သို့ ပြည့်စုံလျက်ရှိနေသနည်း။ ယင်းတို့အားလုံးသည် အနှစ်သာရမရှိသော၊ ကြွားဝါသော စကားများမျှသာ ဖြစ်နိုင်ပါသလော”ဟူ၍ ဖြစ်သည်။ သို့ဆိုလျှင် သင်၏လုပ်ရပ်များသည် အောက်မေ့ထိုက်သော ကောင်းမှုများ ဟုတ်မဟုတ်ကို သင် အဘယ်ကြောင့် မဆင်ခြင်သုံးသပ်သနည်း။ ဘုရားသခင်သည် သင့်ထံမှ အဘယ်အရာကို တောင်းဆိုခဲ့သနည်း။ သင် ထမ်းဆောင်ခဲ့သော တာဝန်၊ သင် လုပ်ဆောင်ခဲ့သော အလုပ်၊ သင် ပံ့ပိုးခဲ့သော စိတ်ကူးများနှင့် အကြံပြုချက်များသည် သန့်ရှင်းသူတို့၏ အမူအကျင့်နှင့် ကိုက်ညီသလော။ ယင်းတို့သည် ဘုရားအိမ်တော်၏ သတ်မှတ်ထားသော စံနှုန်းများနှင့် ကိုက်ညီသလော။ သင်သည် ဘုရားသခင်၏ သက်သေခံချက်နှင့် ဘုရားသခင်၏ နာမတော်အကြောင်း တွေးခဲ့သလော။ သင်သည် ဘုရားအိမ်တော်၏ ဂုဏ်သတင်းကို ထည့်သွင်းစဉ်းစားခဲ့သလော။ သင်သည် သန့်ရှင်းသူတို့၏ တင့်တယ်လျောက်ပတ်သော အမူအကျင့်ကို ထည့်သွင်းစဉ်းစားခဲ့သလော။ သင်သည် ခရစ်ယာန်တစ်ဦးဖြစ်ကြောင်း အသိအမှတ်ပြုသေးသလော။ သင်သည် ဤအရာတစ်ခုတစ်လေကိုမျှ ထည့်သွင်းစဉ်းစားခြင်း မရှိခဲ့ပေ၊ သို့ဆိုလျှင် မည်သည့်အရာကို သင် အမှန်တကယ် လုပ်ဆောင်ခဲ့သနည်း။ သင်၏လုပ်ရပ်များသည် အောက်မေ့ထိုက်သလော။ သင်သည် အသင်းတော်၏အလုပ်ကို ကမောက်ကမဖြစ်အောင် ပြုလုပ်ခဲ့ပြီး ဘုရားအိမ်တော်သည် သင့်ကို တာဝန်ထမ်းဆောင်ရန် သင်၏ အရည်အချင်းပြည့်မီမှုကို ရုပ်သိမ်းခြင်းမရှိဘဲ ပြုပြင်ရုံသာ ပြုပြင်ခဲ့သည်။ ဤသည်မှာ အကြီးမားဆုံးသော မေတ္တာ၊ အစစ်မှန်ဆုံးသော မေတ္တာဖြစ်သည်။ သို့တိုင် သင်သည် စိတ်အနှောင့်အယှက်ဖြစ်ရသည်။ သင်သည် စိတ်အနှောင့်အယှက်ဖြစ်ရန် အကြောင်းရင်းတစ်စုံတစ်ရာ ရှိသလော။ သင်သည် အလွန်အမင်း ကျိုးကြောင်းဆီလျော်မှုမရှိပါတကား။
ဘုရားသခင်ကို နှစ်နှစ် သို့မဟုတ် သုံးနှစ်သာ ယုံကြည်ခဲ့သော လူအချို့ရှိပြီး ၎င်းတို့၏ လုပ်ရပ်များ၊ ၎င်းတို့ စကားပြောပုံနှင့် ရယ်မောပုံ၊ ၎င်းတို့ ထုတ်ဖော်သည့် သဘောထားအမြင်များနှင့် အခြားသူများနှင့် စကားပြောသောအခါ ၎င်းတို့၏ မျက်နှာအမူအရာများ၊ လှုပ်ရှားမှုများပင်လျှင် မနှစ်မြို့ဖွယ်ဖြစ်ပြီး ၎င်းတို့သည် လုံးဝ မယုံကြည်သူများနှင့် ဘာသာတရားမရှိသူများဖြစ်ကြောင်း ပြသသည်။ ဤလူတို့ကို စည်းကမ်းထိန်းသိမ်းသင့်သည်၊ ပြုပြင်သင့်ပြီး ၎င်းတို့အတွက် စည်းမျဉ်းများ ချမှတ်သင့်သည်။ သို့မှသာ ၎င်းတို့သည် ပုံမှန်လူ့သဘာဝဟူသည်မှာ အဘယ်အရာဖြစ်သည်၊ သန့်ရှင်းသူတို့၏ တင့်သင့်လျောက်ပတ်သော အမူအကျင့်ဟူသည်မှာ အဘယ်အရာဖြစ်သည်၊ ခရစ်ယာန်တစ်ဦးသည် မည်သို့ဖြစ်သင့်သည်ကို သိရှိမည်ဖြစ်ပြီး သို့မှသာ ၎င်းတို့သည် မည်သို့ပြုမူကျင့်ကြံရမည်ကို သင်ယူပြီး လူသားပုံသဏ္ဌာန် ရှိနိုင်မည်ဖြစ်သည်။ ဘုရားသခင်ကို ရှစ်နှစ် သို့မဟုတ် ၁၀ နှစ် သို့မဟုတ် ထို့ထက်ပင် ကြာမြင့်စွာ ယုံကြည်ခဲ့သော သူအချို့ရှိသော်လည်း ၎င်းတို့၏ အတွေးအခေါ်များနှင့် ရှုထောင့်အမြင်များ၊ စကားလုံးများနှင့် လုပ်ရပ်များ၊ ကိစ္စရပ်များကို ကိုင်တွယ်ပုံနှင့် ၎င်းတို့အပေါ် ကိစ္စရပ်များ ကျရောက်သောအခါ ၎င်းတို့ ထွက်ပေါ်လာသော စိတ်ကူးများအရ အကဲဖြတ်သည့်အခါ၊ ၎င်းတို့သည် လုံးဝ ဘာသာတရားမရှိသူများနှင့် မယုံကြည်သူများဖြစ်ကြောင်း သိသာထင်ရှားသည်။ ဤလူတို့သည် တရားဒေသနာ အတော်များများကို နားထောင်ခဲ့ပြီးဖြစ်ကာ ၎င်းတို့၌ အတွေ့အကြုံနှင့် ထိုးထွင်းသိမြင်မှုအချို့ ရှိသည်၊ ၎င်းတို့သည် မိမိတို့၏ ညီအစ်ကိုမောင်နှမများနှင့် အတော်အတန် ထိတွေ့ဆက်ဆံခဲ့ပြီးဖြစ်ကာ ၎င်းတို့၏ ကိုယ်ပိုင် ပြောဆိုသုံးနှုန်းပုံ ရှိသင့်သော်လည်း ၎င်းတို့အများစုမှာ သက်သေခံချက်ကို မဝေငှနိုင်ကြပေ။ ပြီးလျှင် ၎င်းတို့ စကားပြောပြီး မိမိတို့၏ အမြင်များကို ဖော်ပြသောအခါ ၎င်းတို့၏ ဘာသာစကားသည် အလွန်အမင်း ရိုးရှင်းပြီး မည်သည့်အရာကိုမျှ ရှင်းလင်းစွာ မရှင်းပြနိုင်ပေ။ ၎င်းတို့သည် အမှန်ပင်ဆင်းရဲနွမ်းပါးကြသည်၊ သနားစရာကောင်းပြီး မျက်စိကန်းကြသည်၊ ၎င်းတို့သည် လုံးဝ သနားစရာကောင်းသော မျက်နှာထားရှိသည်မှာ သိသာထင်ရှားသည်။ ထိုသို့သောလူတစ်ဦးက တာဝန်တစ်ခုကို ထမ်းဆောင်ပြီး တာဝန်အနည်းငယ်ကို ယူသောအခါ အမြဲပြုပြင်ခြင်းခံရသည်။ ဤသည်မှာ ရှောင်လွှဲ၍မရပေ။ အဘယ်ကြောင့် ၎င်းတို့ ပြုပြင်ခြင်းခံရမည်နည်း။ အကြောင်းမှာ ၎င်းတို့၏ လုပ်ရပ်များသည် သမ္မာတရားစည်းမျဉ်းများကို အလွန်အမင်း ချိုးဖောက်သောကြောင့် ဖြစ်သည်၊ ၎င်းတို့သည် သာမန်လူတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားကိုပင် မရရှိနိုင်ဘဲ ဘာသာတရားမရှိသူများကဲ့သို့ စကားပြောပြီး ပြုမူကြသည်။ ယင်းမှာ ဘုရားအိမ်တော်၏ အလုပ်ကိုလုပ်ဆောင်ရန် ဘာသာတရားမရှိသူတစ်ဦးကို ငှားရမ်းထားသည့်အလား ဖြစ်သည်။ သို့ဆိုလျှင် ဤလူတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် ဖြစ်ပေါ်လာသော အလုပ်၏ အရည်အသွေးမှာ မည်သို့ရှိသနည်း။ ယင်း၏ တန်ဖိုးမှာ အဘယ်နည်း။ ၎င်းတို့၌ ကျိုးနွံနာခံခြင်း အနည်းငယ်မျှ ရှိသလော။ ၎င်းတို့၌ ပြဿနာများ အလွန်များပြားပြီး နှောင့်ယှက်မှုများနှင့် အဖျက်အမှောင့်လုပ်ခြင်းများကိုသာ ဖြစ်စေသည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ဤလူတို့ကို ပြုပြင်သင့်သည် မဟုတ်လော။ (ပြုပြင်သင့်ပါသည်။) လူအချို့သည် ခရစ်ယာန်တစ်ဦး၏ ဘဝအကြောင်း၊ အဓိကဇာတ်ကောင်က ညှဉ်းပန်းနှိပ်စက်ခြင်း၊ ဆင်းရဲဒုက္ခနှင့် အမျိုးမျိုးသောအခြေအနေများကို ဖြတ်သန်းရပုံနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့တွေ့ကြုံခံစားပုံအကြောင်း ဇာတ်ညွှန်းများ ရေးကြသည်။ သို့ရာတွင် ဇာတ်လမ်းတစ်လျှောက်လုံး၌ အဓိကဇာတ်ကောင်သည် ဆုတောင်းလေ့မရှိသလောက်ဖြစ်ပြီး တစ်ခါတစ်ရံ တစ်စုံတစ်ခုနှင့် ရင်ဆိုင်ရသောအခါ ဆုတောင်းခြင်း၌ မည်သည့်အရာ ပြောရမည်ကိုပင် ၎င်းတို့ မသိကြပေ။ ယခင်က လူအချို့သည် ဆုတောင်းချက်တစ်ခုပြီးတစ်ခုအတွက် တူညီသော ထပ်တလဲလဲ အကြောင်းအရာကိုသာ ရေးလေ့ရှိသည်။ အဓိကဇာတ်ကောင်သည် တစ်စုံတစ်ခုကို ကြုံတွေ့သောအခါ “အို ဘုရားသခင်၊ ကျွန်ုပ် ယခု အလွန်စိတ်မကောင်း ဖြစ်နေပါသည်။ ကျွန်ုပ် အလွန်ဆင်းရဲဒုက္ခရောက်နေပါသည်။ လုံးဝ ဆင်းရဲဒုက္ခရောက်နေပါသည်၊ ကျေးဇူးပြု၍ ကျွန်ုပ်ကို လမ်းပြပြီး အသိဉာဏ်ပွင့်လင်းစေတော်မူပါ”ဟု ဆုတောင်းလိမ့်မည်။ ၎င်းတို့သည် ဤသို့သော ပေါ့တန်သော စကားများကိုသာ ရေးခဲ့ကြသော်လည်း မတူညီသော ဖြစ်ရပ်တစ်ခု၊ မတူညီသော အခြေအနေတစ်ခု၊ မတူညီသော စိတ်အခြေအနေတစ်ခုနှင့် ရင်ဆိုင်ရသောအခါ အဓိကဇာတ်ကောင်သည် မည်သို့ဆုတောင်းရမည်ကို မသိဘဲ ပြောစရာစကားမရှိ ဖြစ်နေခဲ့သည်။ ဤအရာက ငါ့ကို ဤသို့ တွေးမိစေသည်။ အကယ်၍ ဤလူတို့သည် ၎င်းတို့၏ အဓိကဇာတ်ကောင်များကို ပြဿနာများနှင့် ကြုံတွေ့သောအခါ ဆုမတောင်းသောသူအဖြစ် သရုပ်ဖော်ပါက ၎င်းတို့ကိုယ်တိုင် ဆုတောင်းသည့်အကျင့် ရှိကြသလော။ အကယ်၍ ၎င်းတို့သည် တစ်စုံတစ်ခုကို ကြုံတွေ့သောအခါ ဆုမတောင်းပါက ၎င်းတို့၏ နေ့စဉ်ဘဝများနှင့် တာဝန်ကို ထမ်းဆောင်ရာတွင် မည်သည့်အရာကို အားကိုးကြသနည်း။ ၎င်းတို့ အဘယ်အရာကို စဉ်းစားနေကြသနည်း။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင် ရှိသလော။ (၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင် မရှိပေ။ ၎င်းတို့သည် မိမိတို့လုပ်ဆောင်သော အရာများတွင် မိမိတို့၏ ကိုယ်ပိုင်အတွေးအခေါ်နှင့် ဆုကျေးဇူးများကို အားကိုးကြပါသည်။) ဤအရာ၏ အကျိုးဆက်မှာ ၎င်းတို့ ပြုပြင်ခြင်းခံရခြင်း ဖြစ်သည်။ ဤကိစ္စရပ်ကို ငါ မည်သို့ အကဲဖြတ်မည်ဟု သင်တို့ ထင်သနည်း။ ဤသို့သောလူများကို ပြုပြင်သင့်သည်။ တိုးတက်မှုမရှိသော၊ ဦးနှောက်ရှိသော်လည်း စိတ်နှလုံးကင်းမဲ့သော ဤလူတို့သည် နှစ်ပေါင်းများစွာ ယုံကြည်သူများ ဖြစ်ခဲ့ကြသော်လည်း ပြဿနာတစ်ခု ကြုံတွေ့သောအခါ ဆုတောင်းခြင်း၌ မည်သည့်အရာ ပြောရမည်ကို မသိကြပေ။ ၎င်းတို့၌ ဘုရားသခင်ကို ပြောစရာစကားမရှိသကဲ့သို့ ဘုရားသခင်၌ မည်သို့ ယုံကြည်စိတ်ချရမည်ကိုလည်း မသိကြဘဲ ဘုရားသခင်နှင့် ရင်းရင်းနှီးနှီး ပြောဆိုခြင်းများ မရှိကြပေ။ ဘုရားသခင်သည် သင်တို့နှင့် အနီးစပ်ဆုံးသောသူ၊ သင်တို့၏ ယုံကြည်ကိုးစားမှုနှင့် အားကိုးမှုတို့အတွက် အထိုက်တန်ဆုံးသောသူ ဖြစ်သော်လည်း သူ့ကို ပြောစရာ စကားတစ်ခွန်းမျှ သင်တို့၌ မရှိပေ။ သို့ဆိုလျှင် သင်တို့၏ အတွင်းကျကျ အတွေးအခေါ်များကို သင်တို့ မည်သူ့အတွက် ချန်ထားသနည်း။ မည်သူပင်ဖြစ်စေ အကယ်၍ သင်တို့၌ ဘုရားသခင်ကို ပြောစရာစကားတစ်ခွန်းမျှ မရှိပါက သင်တို့သည် မည်သည့် လူစားမျိုး ဖြစ်သနည်း။ လူ့သဘာဝ အကင်းမဲ့ဆုံးသော လူများဖြစ်သည် မဟုတ်လော။ အကယ်၍ ဇာတ်ညွှန်းထဲတွင် အဓိကဇာတ်ကောင်၏ လူ့သဘာဝ၊ ယုံကြည်သူတစ်ဦးအနေဖြင့် သူ၏ဘဝနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သူ တွေ့ကြုံခံစားပုံ စသည်တို့နှင့်ပတ်သက်၍ မည်သည့်အရာမျှမရှိပါက၊ ယင်းသည် အနှစ်သာရမရှိသော ဇာတ်ညွှန်းခွံတစ်ခုမျှသာ ဖြစ်ပါက ဤရုပ်ရှင်ကိုပြုလုပ်ခြင်းဖြင့် လူတို့အား အဘယ်အရာကို သင်တို့ ပြသလိုသနည်း။ သင်တို့ရေးနေသော ထိုဇာတ်ညွှန်း၌ အဘယ်အသုံးဝင်မှု ရှိသနည်း။ သင်တို့သည် ဘုရားသခင်ကို သက်သေခံနေခြင်းလော၊ သို့မဟုတ် သင်တို့၌ရှိသော အသိပညာနှင့် ပညာအနည်းငယ်ကို သက်သေခံနေခြင်းလော။ ဘုရားသခင်ကို သက်သေခံခြင်းအတွက် အကောင်းဆုံး ခိုင်မာသော သက်သေအထောက်အထားမှာ လူတစ်ဦးအပေါ် တစ်စုံတစ်ခု ကျရောက်သောအခါ သို့မဟုတ် အခက်အခဲများနှင့် ကြုံတွေ့သောအခါ သူမည်သို့ဆုတောင်းပြီး ရှာဖွေသည်ဟူသည်နှင့် သူ၏ စိတ်ကူးများ၊ သဘောထား၊ ရှုထောင့်များနှင့် ဘုရားသခင်အပေါ် သူ၏အတွေးအခေါ်များ မည်သို့ပြောင်းလဲသည်ဟူသည်တို့ ဖြစ်သည်။ ကံအကြောင်းမလှစွာဖြင့် လူအချို့သည် ဤအရာကို လုံးဝ နားလည်မှုမရှိကြပေ။ ၎င်းတို့သည် နှစ်ပေါင်းများစွာ ယုံကြည်ခြင်းရှိပြီးနောက်တွင်ပင် မည်သို့ဆုတောင်းရမည်ကို မသိကြသေးပေ။ ၎င်းတို့ တိုးတက်မှုမရှိသေးသည်မှာ အံ့ဩစရာမရှိပေ။ ၎င်းတို့၏ ကျွမ်းကျင်မှုဆိုင်ရာ အရည်အချင်းများ တိုးတက်ခြင်းမရှိသကဲ့သို့ ၎င်းတို့၏ အသက်ဝင်ရောက်မှု၌လည်း တိုးတက်မှုမရှိခဲ့ကြပေ။ ထိုသို့သောလူများကို ပြုပြင်သင့်သည် မဟုတ်လော။ သို့ဖြစ်၍ လူတို့ ပြုပြင်ခြင်းခံရခြင်းအတွက် ရှေ့ပြေးသာဓကတစ်ခု ရှိပါသည်။ အကယ်၍ သင်တို့သည် ပြုပြင်ခြင်းကို လက်မခံပါက သို့မဟုတ် သင်တို့ ပြုပြင်ခြင်းမခံရပါက ဤအရာ၏ အကျိုးဆက်နှင့် သင်တို့၏ အဆုံးသတ်သည် အန္တရာယ်ရှိပေလိမ့်မည်။ သင်တို့ကို ယခု ပြုပြင်ရန်နှင့် ဆုံးမပဲ့ပြင်ရန် လူများရှိသည်မှာ သင်တို့ ကံကောင်းပေသည်။ ဤအံ့ဩဖွယ်ကောင်းပြီး အကျိုးရှိသောအရာသည် အန္တိခရစ်များ လက်မခံနိုင်သည့်အရာတစ်ခု ဖြစ်သည်။ ၎င်းတို့ ပြုပြင်ခြင်းခံရသောအခါ ယင်းမှာ ၎င်းတို့ ပြီးဆုံးပြီ၊ ၎င်းတို့တွင် မျှော်လင့်ချက်မရှိတော့၊ ၎င်းတို့၏ အဆုံးသတ် မည်သို့ဖြစ်မည်ကို ၎င်းတို့ မြင်နိုင်သည်ဟု ဆိုလိုကြောင်း ၎င်းတို့ ထင်ကြသည်။ ပြုပြင်ခြင်းခံရခြင်းသည် ၎င်းတို့ နောက်ထပ် တန်ဖိုးထားခြင်းမခံရတော့၊ အထက်၏ အနှစ်သက်ဆုံးသောသူ မဟုတ်တော့ဘဲ ၎င်းတို့ ဖယ်ရှားရှင်းလင်းခြင်းခံရဖွယ်ရှိကြောင်း ပြသသည်ဟု ၎င်းတို့ တွေးထင်ကြသည်။ ထို့နောက် ၎င်းတို့သည် မိမိတို့၏ ယုံကြည်ခြင်း၌ စေ့ဆော်မှုကို ဆုံးရှုံးပြီး လောကထဲသို့ထွက်၍ ငွေများစွာရှာရန်၊ ရေပန်းစားမှုများနောက် လိုက်ရန်၊ စားသောက်ပြီး ပျော်ပါးရန် အစီအစဉ်များ စတင်ပြုလုပ်ကြကာ ၎င်းတို့၏ အကြံအစည်များ ပေါ်လွင်လာကြသည်။ ဤအရာက ၎င်းတို့ကို အန္တရာယ်၌ ကျရောက်စေပြီး ၎င်းတို့၏ နောက်တစ်လှမ်းက ၎င်းတို့ကို ဘုရားအိမ်တော်မှ ထွက်ခွာရန် တံခါးခုံကို ကျော်ဖြတ်စေလိမ့်မည်။
အန္တိခရစ်တစ်ဦးသည် ဘုရားသခင်၏ အိမ်တော်၌ အဆင့်အတန်းနှင့် အာဏာရှိသောအခါ၊ အလှည့်တိုင်းတွင် အခွင့်ကောင်းယူပြီး သူ အမြတ်ထုတ်နိုင်သောအခါ၊ လူတို့က သူ့ကို ကြည်ညိုပြီး မြှောက်ပင့်သောအခါ၊ ကောင်းချီးများနှင့် ဆုလာဘ်များ၊ လှပသော ခရီးပန်းတိုင်တို့အားလုံးသည် လက်လှမ်းမီနိုင်ပုံရသည်ဟု သူ ထင်သောအခါ၊ ထိုအခါ အပေါ်ယံတွင် သူသည် ဘုရားသခင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် လူသားမျိုးနွယ်အပေါ် သူ၏ ကတိတော်များ၊ ဘုရားသခင်၏ အိမ်တော်၏ အလုပ်နှင့် အလားအလာများကို ယုံကြည်ခြင်းဖြင့် ပြည့်လျှံနေပုံရသည်။ သို့ရာတွင် သူသည် ပြုပြင်ခြင်းခံရသည်နှင့်တစ်ပြိုင်နက်၊ သူ၏ ကောင်းချီးများအတွက် လိုအင်ဆန္ဒက ခြိမ်းခြောက်ခံရသောအခါ၊ သူသည် ဘုရားသခင်အပေါ် သံသယများနှင့် အထင်လွဲမှားမှုများ ဖြစ်ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်းတွင် သူ၏ အမြင်အားဖြင့် ပေါများသော ယုံကြည်ခြင်းသည် ပျောက်ကွယ်သွားပြီး မည်သည့်နေရာတွင်မျှ ရှာမတွေ့နိုင်တော့ပေ။ သူသည် လမ်းလျှောက်ရန် သို့မဟုတ် စကားပြောရန်အတွက်ပင် စွမ်းအင်မရှိသလောက် ဖြစ်သွားသည်။ သူသည် မိမိ၏ တာဝန်ကိုထမ်းဆောင်ရာ၌ စိတ်ဝင်စားမှု ပျောက်ဆုံးပြီး စိတ်အားထက်သန်မှု၊ ချစ်ခြင်းမေတ္တာနှင့် ယုံကြည်ခြင်းအားလုံးကို ဆုံးရှုံးသည်။ သူ၌ရှိသော စေတနာအနည်းငယ်ကို သူ ဆုံးရှုံးခဲ့ပြီးဖြစ်ကာ သူနှင့် စကားပြောသူ မည်သူ့ကိုမျှ ဂရုမစိုက်တော့ပေ။ သူသည် ချက်ချင်းပင် လုံးဝကွဲပြားသော လူတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားသည်။ သူသည် ဖော်ထုတ်ခြင်းခံရသည် မဟုတ်လော။ ထိုသို့သောလူတစ်ဦးသည် ကောင်းချီးခံစားရရန် မိမိ၏ မျှော်လင့်ချက်များကို ဆက်လက်စွဲကိုင်ထားသောအခါ သူသည် အကန့်အသတ်မဲ့ အားအင်ရှိပုံရသည်၊ ဘုရားသခင်အပေါ် သစ္စာစောင့်သိပုံရလေသည်။ သူသည် စောစောထပြီး ညဉ့်နက်သည်အထိ အလုပ်လုပ်နိုင်ကာ ဆင်းရဲဒုက္ခခံနိုင်ပြီး အဖိုးအခကို ပေးဆပ်နိုင်စွမ်းရှိသည်။ သို့သော် သူ ကောင်းချီးခံစားရမည့် မျှော်လင့်ချက် ပျောက်ဆုံးသွားသောအခါ လေလျော့သွားသော ဘောလုံးကဲ့သို့ ဖြစ်နေသည်။ သူက မိမိ၏ အစီအစဉ်များကို ပြောင်းလဲလိုသည်၊ အခြားလမ်းကြောင်းတစ်ခုကို ရှာလိုပြီး ဘုရားသခင်အပေါ် မိမိ၏ ယုံကြည်ခြင်းကို စွန့်လွှတ်လိုသည်။ သူသည် ဘုရားသခင်အပေါ် စိတ်ဓာတ်ကျပြီး စိတ်ပျက်ကာ မကျေနပ်ချက်များဖြင့် ပြည့်နေသည်။ ဤသည်မှာ သမ္မာတရားကို လိုက်စားပြီး ချစ်မြတ်နိုးသောသူတစ်ဦး၊ လူ့သဘာဝနှင့် တည်ကြည်မှုရှိသောသူတစ်ဦးနှင့်ဆိုင်သည့် ထုတ်ဖော်ပြသခြင်းလော။ (မဟုတ်ပါ။) ၎င်းတို့သည် အန္တရာယ်၌ ရှိနေကြပေသည်။ သင်တို့သည် ဤသို့သောလူစားမျိုးနှင့် ကြုံတွေ့သောအခါ ၎င်းတို့က အစေခံနိုင်စွမ်းရှိပါက ၎င်းတို့ကို ပြုပြင်သောအခါ ညင်သာစွာဆက်ဆံလော့။ ၎င်းတို့ကို ချီးမွမ်းရန် နားကြားကောင်းသော စကားအချို့ကို ရှာဖွေလော့။ ၎င်းတို့ကို မြှောက်ပင့်ပြီး ဘောလုံးကဲ့သို့ ဖောင်းကားလာအောင်လုပ်လော့။ ထိုအခါ ၎င်းတို့သည် ခြေလှမ်းသွက်လက်ကာ တက်ကြွလာလိမ့်မည်။ သင်တို့က “သင်သည် အလွန်ကောင်းချီးခံစားရသည်၊ သင်၏မျက်လုံးများ၌ အရောင်အဝါတစ်ခု ရှိပြီး သင့်၌ အဆုံးမရှိသော အားအင်ရှိသည်ကို ငါမြင်နိုင်သည်၊ သင်သည် နောင်တွင် ဘုရားသခင်၏ အိမ်တော်၌ အဓိကကျသော အစိတ်အပိုင်း ဖြစ်မည်မှာ သေချာသည်။ ဘုရားသခင်၏ နိုင်ငံတော်သည် သင်မရှိလျှင် မည်သည့်အခါမျှ မဖြစ်နိုင်၊ သင်မရှိဘဲ ဘုရားအိမ်တော်၏ အလုပ်က ဆုံးရှုံးမှုကို ခံစားရလိမ့်မည်။ သို့သော် သင့်၌ အလွန်သေးငယ်သော ချို့ယွင်းချက်တစ်ခုသာ ရှိသည်။ သင်သည် ယင်းကို ကြိုးစားအားထုတ်မှု အနည်းငယ်ဖြင့် ကျော်လွှားနိုင်ပြီး ယင်းကို ပြင်ဆင်ပြီးသည်နှင့် အရာရာတိုင်း အဆင်ပြေသွားလိမ့်မည်၊ ထိုအခါ အကြီးမြတ်ဆုံးသော သရဖူသည် သင့်အတွက် ဖြစ်မည်မှာ သေချာသည်”ဟူသကဲ့သို့သော အရာများကို ပြောနိုင်သည်။ ဤသို့သောလူတစ်ဦးက မှားယွင်းသောအရာတစ်ခုခုကို လုပ်ဆောင်သောအခါ သင်သည် ၎င်းတို့ကို မျက်နှာချင်းဆိုင် ပြုပြင်နိုင်သည်။ သင်သည် ထိုသို့ မည်သို့ပြုလုပ်သင့်သနည်း။ “သင်က အလွန်တော်ပေသည်။ ထိုသို့သော အခြေခံကျသည့် အမှားတစ်ခုကို သင် အဘယ်သို့ဖြစ်ပြီး ပြုလုပ်နိုင်ရသနည်း။ ယင်းမှာ မဖြစ်သင့်ပါ။ သင့်တွင် အကောင်းဆုံး အစွမ်းအစရှိပြီး ကျွန်ုပ်တို့အဖွဲ့တွင် ပညာအတတ်ဆုံး ဖြစ်သည်။ သင်သည် ဤကဲ့သို့သော အမှားတစ်ခုကို ပြုလုပ်သောသူတစ်ဦး မဖြစ်သင့်ပါ။ ရှက်ဖွယ်ကောင်းလေခြင်းပါတကား။ ဤကဲ့သို့သော အမှားတစ်ခုကို တစ်ဖန်မလုပ်မိဖို့ သေချာစေလော့။ သို့မဟုတ်လျှင် ဘုရားအတွက် မုချ နာကျင်စရာဖြစ်ပေမည်။ ထိုအမှားကို သင် တစ်ဖန် လုပ်လျှင်၊ သင်၏ ဂုဏ်သတင်းကို ဖျက်စီးလိမ့်မည်။ လူတိုင်းရှေ့တွင် ဤအရာကို သင့်အား ငါ ပြောမည် မဟုတ်။ ညီအစ်ကို မောင်နှမများက သင့်အကြောင်းကို မည်သည့်အရာမျှ သံသယမရှိကြရန်အလို့ငှာ ထိုအကြောင်းကို ကျွန်ုပ်က သင့်အား တိတ်တဆိတ် သိခွင့်ပေးနေခြင်းဖြစ်သည်။ သင် သိက္ခာမဆုံးရှုံးသည်ကို သေချာအောင် ကျွန်ုပ် ကြိုးစားနေခြင်းသာဖြစ်ပြီး၊ သင်၏ ခံစားချက်များကို ထောက်ထားပေးနေခြင်းဖြစ်သည်။ မှန်သလော။ မြင်သလော၊ ဘုရားအိမ်တော်သည် ချစ်ခင်ဖွယ်ကောင်းသည် မဟုတ်လော”ဟုသာ ပြောဆိုလော့။ ထိုအခါ ၎င်းတို့က “ဟုတ်ကဲ့” ဟု ပြောသည်။ “သို့ဆိုလျှင် ဆက်လက်၍ မည်သည့်အရာ လုပ်ဆောင်မည်နည်း။” ၎င်းတို့က “ဆက်ပြီး ကောင်းကောင်းလုပ်ဆောင်သွားပါ” ဟု တုံ့ပြန်လိမ့်မည်။ ၎င်းတို့ကို ထိုသို့ဆက်ဆံခြင်းနှင့်ပတ်သက်၍ သင်တို့ မည်သို့ထင်သနည်း။ ထိုသို့သောလူစားမျိုးသည် အလုပ်လုပ်ပေးခြင်းဖြင့် ကောင်းချီးများရရှိရန်သာ လိုလားသည်။ ၎င်းတို့သည် မိမိတို့၏ စကားများ သို့မဟုတ် လုပ်ရပ်များတွင် သမ္မာတရားစည်းမျဉ်းများအား မည်သည့်အခါမျှ မရှာဖွေဘဲ သမ္မာတရားကို လုံးဝ လက်မခံကြပေ။ မိမိတို့ပြောသင့်သည်ကို ပြောခြင်းဟုတ်မဟုတ် သို့မဟုတ် မိမိတို့လုပ်သင့်သည်ကို လုပ်ခြင်းဟုတ်မဟုတ်ကို မည်သည့်အခါမျှ ၎င်းတို့က မစဉ်းစားသကဲ့သို့ မိမိတို့လုပ်ဆောင်သည့်အရာ၏ အကျိုးဆက်များကိုလည်း ထည့်မစဉ်းစားဘဲ ဆုတောင်းခြင်း၊ ဆင်ခြင်တွေးတောခြင်း၊ ရှာဖွေခြင်း သို့မဟုတ် မိတ်သဟာယဖွဲ့ခြင်းလည်း မပြုကြပေ။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်စိတ်ကူးများအတိုင်း အမှုအရာများကို ပြုလုပ်ရုံပြုလုပ်ကြပြီး မိမိတို့အလိုရှိသမျှကို လုပ်ဆောင်ကြသည်။ တစ်စုံတစ်ယောက်က သူပြောသည့်အရာ သို့မဟုတ် လုပ်သည့်အရာတစ်ခုခုဖြင့် ၎င်းတို့၏မာန သို့မဟုတ် အကျိုးစီးပွားကို ထိခိုက်သောအခါ၊ ၎င်းတို့၏ ချို့ယွင်းချက်များ သို့မဟုတ် ပြဿနာများကို ဖော်ထုတ်သောအခါ၊ သို့မဟုတ် ၎င်းတို့အား ကျိုးကြောင်းဆီလျော်သော အကြံပြုချက်တစ်ခု ပေးသောအခါ၊ ၎င်းတို့သည် ဒေါသဖြင့်ပေါက်ကွဲကြသည်။ အငြိုးအတေးထားကြသည်။ လက်စားချေလိုပြီး ပို၍ပြင်းထန်သောအခြေအနေများတွင် ၎င်းတို့၏ ယုံကြည်ခြင်းကို စွန့်လွှတ်ကာ အသင်းတော်ကို အဆင်းနီသောနဂါးကြီးထံ သွားတိုင်ကြားလိုကြသည်။ ငါတို့၌ ဤသို့သောလူစားမျိုးကို ကိုင်တွယ်ရန် နည်းလမ်းတစ်ခုရှိသည်၊ တိတိကျကျဆိုရလျှင် ၎င်းတို့ကို ပြုပြင်ခြင်းမှ ရှောင်ကြဉ်ပြီး ယင်းအစား ၎င်းတို့ကို ချော့မြှူရန် ဖြစ်သည်။
အန္တိခရစ်များက ပြုပြင်ခံရသည့်အခါ ကောင်းချီးများ ရရှိမည့် မိမိတို့၏ မျှော်လင့်ချက်များနှင့် ဆက်စပ်၍ ယင်းကို အစဉ် ရှုမြင်ကြပုံကို ယခုတင် ငါတို့ မိတ်သဟာယပြုခဲ့ကြပြီးဖြစ်သည်။ ဤသဘောထားနှင့် အမြင်သည် မမှန်ကန်သကဲ့သို့ အန္တရာယ်များသည်။ အန္တိခရစ်များ၏ အပြစ်အနာအဆာများနှင့် ပြဿနာများကို တစ်စုံတစ်ဦးက ထောက်ပြသည့်အခါ ကောင်းချီးမင်္ဂလာများ ရရှိမည့် ၎င်းတို့၏ မျှော်လင့်ချက် ဆုံးရှုံးသွားပြီဟု ၎င်းတို့ ခံစားကြပြီး ၎င်းတို့ ပြုပြင်ခံရသည့်အခါ၊ ဆုံးမပဲ့ပြင်ခံရသည့်အခါ၊ သို့မဟုတ် အပြစ်တင်ခံရသည့်အခါ ကောင်းချီးခံစားရမည့် ၎င်းတို့၏ မျှော်လင့်ချက်များ ဆုံးရှုံးသွားပြီဟုလည်း ခံစားကြသည်။ တစ်စုံတစ်ခုက မိမိတို့သဘောအတိုင်း မဖြစ်သည်နှင့်တစ်ပြိုင်နက်၊ သို့မဟုတ် မိမိတို့၏ အယူအဆနှင့် မကိုက်ညီသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ မိမိကိုယ်ကိုယ် တန်ဖိုးထားခြင်းက ထိုးနှက်ခြင်းခံရသည်ဟု ခံစားရင်း ၎င်းတို့ ဖော်ထုတ်ခံရပြီး ပြုပြင်ခံရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့အနေဖြင့် ကောင်းချီးခံစားရမည့် မျှော်လင့်ချက် ရှိတော့မည်၊ မရှိတော့မည်ဆိုသည်ကို ချက်ချင်း တွေးမိကြသည်။ ဤသည်မှာ ၎င်းတို့ အလွန်အကျွံ ဆတ်ဆတ်ထိမခံခြင်း ဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ ရရှိခြင်းကို အလွန်တောင့်တလွန်းကြသည် မဟုတ်လော။ ငါကိုပြောလော့၊ ထိုသို့သောလူများသည် သနားစဖွယ် ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဧကန်အမှန် သနားစဖွယ်ဖြစ်ကြ၏။ မည်သည့်နည်းဖြင့် ၎င်းတို့ သနားစဖွယ် ဖြစ်ကြသနည်း။ ကောင်းချီးများ ရရှိနိုင်ခြင်း ရှိမရှိသည် ပြုပြင်ခံရခြင်းနှင့် ဆက်နွှယ်သလော။ (မဆက်နွှယ်ပါ။) ထိုအရာများ မဆက်နွှယ်ကြပေ။ သို့ဆိုလျှင် အန္တိခရစ်များသည် ပြုပြင်ခံရသည့်အခါ ကောင်းချီးမင်္ဂလာများ ရရှိမည့် ၎င်းတို့၏ မျှော်လင့်ချက်များ ဆုံးရှုံးသွားပြီဟု အဘယ်ကြောင့် ခံစားကြသနည်း။ ဤသည်မှာ ၎င်းတို့၏ လိုက်စားမှုနှင့် တစ်စုံတစ်ရာ ပတ်သက်မှုရှိသည် မဟုတ်လော။ မည်သည့်အရာကို ၎င်းတို့ လိုက်စားကြသနည်း။ (ကောင်းချီးမင်္ဂလာများ ရရှိခြင်း ဖြစ်သည်။) ကောင်းချီးမင်္ဂလာများ ရရှိဖို့ဖြစ်သည့် မိမိတို့၏ လိုအင်ဆန္ဒများနှင့် ကြံရွယ်ချက်ကို ၎င်းတို့ လုံးဝ လက်မလွှတ်ကြချေ။ ဘုရားသခင်ကို ၎င်းတို့ စယုံကြည်ကတည်းက ကောင်းချီးမင်္ဂလာများ ရရှိဖို့ ၎င်းတို့ ရည်ရွယ်ကြပြီးဖြစ်သည်။ တရားဒေသနာများစွာ ၎င်းတို့ ကြားနာရပြီးဖြစ်သော်လည်း သမ္မာတရားကို လုံးဝ လက်မခံကြသေးချေ။ ကောင်းချီးမင်္ဂလာများ ရရှိဖို့ ဖြစ်သည့် မိမိတို့၏ လိုအင်ဆန္ဒနှင့် ကြံရွယ်ချက်ကို ၎င်းတို့ လုံးဝ လက်မလျှော့ကြသေးချေ။ ဘုရားသခင်၌ ယုံကြည်မှုအပေါ် မိမိတို့၏ အမြင်များကို ၎င်းတို့ မပြုပြင်ကြသေး၊ သို့မဟုတ် မပြောင်းလဲကြသေးသကဲ့သို့ မိမိတို့တာဝန်ကို ထမ်းဆောင်ရာတွင် ၎င်းတို့၏ ကြံရွယ်ချက်က သန့်စင်မခံရသေးချေ။ ကောင်းချီးမင်္ဂလာများ ရရှိဖို့ဖြစ်သည့် ၎င်းတို့၏ မျှော်လင့်ချက်နှင့် ကြံရွယ်ချက်ကို ဖမ်းဆုပ်ရင်း အရာရာကို အမြဲလုပ်ဆောင်ကြပြီး နောက်ဆုံးတွင် ကောင်းချီးများ ရရှိခြင်းနှင့်ဆိုင်သည့် ၎င်းတို့၏ မျှော်လင့်ချက်များ ပျောက်ပျက်သွားတော့မည့်အခါ ဒေါသပေါက်ကွဲကြကာ ခါးခါးသီးသီး စောဒကတက်ကြသည်၊ နောက်ဆုံးတွင် ဘုရားသခင်နှင့်ပတ်သက်သည့် ၎င်းတို့သံသယနှင့် သမ္မာတရားကို ၎င်းတို့ ငြင်းပယ်သည့် အကျည်းတန်သော အခြေအနေကို ဖွင့်ချပြကြသည်။ ၎င်းတို့သည် သေခြင်းကို ဖိတ်ခေါ်နေကြသည် မဟုတ်လော။ ယင်းမှာ သမ္မာတရားကို အန္တိခရစ်တို့၏ စိုးစဉ်းမျှ လက်မခံခြင်းနှင့် ပြုပြင်ခြင်းကို လက်မခံခြင်း၏ ရှောင်လွှဲမရသော အကျိုးဆက်ဖြစ်သည်။ ဘုရားသခင်၏ အမှုတော်အပေါ် ၎င်းတို့၏ တွေ့ကြုံမှုတွင် ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် သူ၏ ပြုပြင်ခြင်းတို့သည် သူ၏ ချစ်ခြင်းမေတ္တာနှင့် ကောင်းချီးမင်္ဂလာများဖြစ်သည်ကို ဘုရားသခင် ရွေးချယ်ထားသူအားလုံးက သိနိုင်ကြသည်။ သို့တိုင် အန္တိခရစ်များက ဤသည်မှာ လူတို့ ပြောသည့်အရာတစ်ခုဖြစ်သည်ဟု ယုံကြည်ကြပြီး သမ္မာတရားဖြစ်သည်ဟု မယုံကြည်ကြချေ။ ထို့ကြောင့် ပြုပြင်ခြင်းကို သင်ယူရမည့် သင်ခန်းစာများအဖြစ် ၎င်းတို့ မမြင်ကြသကဲ့သို့ သမ္မာတရားကို မရှာဖွေကြချေ၊ သို့မဟုတ် မိမိတို့ကိုယ်ကိုယ် သုံးသပ်ခြင်း မရှိကြချေ။ ဆန့်ကျင်ဘက်အနေဖြင့် ၎င်းတို့က ပြုပြင်ခြင်းကို လူ၏အလိုဆန္ဒမှ ပေါက်ဖွားလာကြောင်း၊ တမင်တကာ ညှဉ်းပန်းခြင်းဖြစ်ကြောင်း၊ ယင်းသည် လူသားကြံရွယ်ချက်များဖြင့် ပြွတ်သိပ်နေကြောင်းနှင့် သေချာပေါက် ဘုရားသခင်ထံမှ မဟုတ်ဟု ယုံကြည်ကြသည်။ ဤအရာကို အတိုက်အခံလုပ်ပြီး အလေးမထားဖို့ရန် ရွေးချယ်ကြကာ တစ်စုံတစ်ဦးက အဘယ်ကြောင့် ၎င်းတို့အား ထိုသို့ဆက်ဆံရမည်ဆိုသည်ကိုပင် လေ့လာကြသည်။ ၎င်းတို့သည် လုံးဝ ကျိုးနွံနာခံခြင်း မရှိကြချေ။ မိမိတို့၏တာဝန်ကို ထမ်းဆောင်ရာတွင် ဖြစ်ပျက်သမျှတိုင်းကို ကောင်းချီးမင်္ဂလာများနှင့် ဆုလာဘ်များ ရရှိခြင်းနှင့် ၎င်းတို့ ဆက်စပ်လိုက်ကြပြီး ကောင်းချီးမင်္ဂလာများ ရရှိခြင်းကို ၎င်းတို့၏ဘဝတွင် အရေးအကြီးဆုံး လိုက်စားမှုအပြင် ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်မှုနှင့်ဆိုင်သည့် အဆုံးစွန်နှင့် အမြင့်ဆုံး ရည်မှန်းချက်ပန်းတိုင်အဖြစ် ၎င်းတို့ မှတ်ယူကြသည်။ ဘုရားသခင်၏ မိသားစုက သမ္မာတရားအကြောင်း မည်သို့ မိတ်သဟာယပြုသည်ဖြစ်စေ ကောင်းချီးမင်္ဂလာများ ရရှိဖို့ မိမိတို့၏ ကြံရွယ်ချက်ကို တစ်သက်တာ ဖက်တွယ်ကြပြီး ကောင်းကြီးများ ရရှိခြင်းအတွက် မဟုတ်သည့် ဘုရားသခင်ကို ယုံကြည်မှုမှာ မိုက်မဲမှုနှင့် မဆင်ခြင်မှုဖြစ်ကြောင်း၊ ကြီးမားသော ဆုံးရှုံးမှုဖြစ်ကြောင်း တွေးထင်လျက် ယင်းကို လက်မလွှတ်ကြချေ။ ကောင်းချီးမင်္ဂလာများ ရရှိဖို့ဖြစ်သည့် မိမိတို့၏ ကြံရွယ်ချက်ကို လက်လျှော့သည့်သူ မည်သူမဆိုသည် လှည့်စားခံရပြီးဖြစ်ကြောင်း၊ လူမိုက်တစ်ဦးကသာ ကောင်းချီးများ ရရှိခြင်းနှင့်ဆိုင်သည့် မျှော်လင့်ချက်အား လက်လျှော့မည်ဖြစ်ကြောင်း၊ ပြီးလျှင် ပြုပြင်ခြင်းကို လက်ခံခြင်းသည် မိုက်မဲမှုနှင့် ညံ့ဖျင်းခြင်းကို ပြသခြင်း၊ လူတော်တစ်ဦးက လုပ်မည်မဟုတ်သည့် အရာတစ်ခုဖြစ်သည်ဟု ၎င်းတို့ တွေးထင်ကြသည်။ ဤသည်မှာ အန္တိခရစ်၏ အတွေးအခေါ်နှင့် ဆင်ခြင်တွေးခေါ်မှုစနစ် ဖြစ်သည်။ ထို့ကြောင့် အန္တိခရစ်တစ်ဦးသည် ပြုပြင်ခံရသည့်အခါ စိတ်နှလုံးတွင် အလွန် အတိုက်အခံဖြစ်ကြပြီး တစ်ပတ်ရိုက်ခြင်းနှင့် ဟန်ဆောင်ခြင်းကို ကျွမ်းကျင်ကြသည်။ သမ္မာတရားကို အနည်းငယ်မျှ လက်မခံကြသကဲ့သို့ ကျိုးနွံနာခံခြင်း မရှိကြချေ။ ထိုအစား မနာခံမှုနှင့် အာခံမှုတို့ဖြင့် ပြည့်နေကြသည်။ ဤသည်မှာ ဘုရားသခင်ကို ဆန့်ကျင်ခြင်း၊ ဘုရားသခင်ပေါ် ဝေဖန်ခြင်းနှင့် တိုက်ခိုက်ခြင်းဆီသို့ ဆိုက်ရောက်စေတတ်ပြီး အဆုံးတွင် ထုတ်ဖော်ခံရကာ ဖယ်ရှားရှင်းလင်းခံရစေတတ်သည်။
၂။ မိမိတို့၏တာဝန်ကို ပြင်ဆင်ချက်များအပေါ် အန္တိခရစ်များ၏ ချဉ်းကပ်မှု
ကောင်းချီးများရရှိခြင်းနှင့် ပတ်သက်လာသည့်အခါ အန္တိခရစ်များ၌ မယုံနိုင်လောက်အောင် ခေါင်းမာသော သဘောထားတစ်ခု ရှိကြသည်။ ၎င်းတို့သည် ကောင်းချီးများရရှိရန် မိမိတို့၏ ရည်ရွယ်ချက်ကို အသက်နှင့်လဲ၍ ဖက်တွယ်ထားကြပြီး ၎င်းတို့ ပြုပြင်ခြင်းခံရသောအခါ အတိုက်အခံဖြစ်ကြကာ ယင်းကို ငြင်းခုံရန်နှင့် မိမိတို့ကိုယ်ကို ကာကွယ်ရန် အစွမ်းကုန် ကြိုးစားကြသည်။ ဤအရာမှနေ၍ အန္တိခရစ်များသည် သမ္မာတရားကို လုံးဝလက်မခံကြောင်း ငါတို့ သတ်မှတ်နိုင်သည်။ ၎င်းတို့ ထုတ်ပယ်ခြင်းခံရသောအခါ သို့မဟုတ် ၎င်းတို့၏ တာဝန်များကို ပြင်ပေးသောအခါ၊ ကောင်းချီးများ ရရှိခြင်းကိစ္စနှင့်ပတ်သက်၍ ၎င်းတို့ အလွန်တရာ အထိမခံဖြစ်ကြသည်။ အဘယ်ကြောင့် ၎င်းတို့ ထိုသို့ အထိမခံဖြစ်ကြသနည်း။ အကြောင်းမှာ ထိုသို့သောလူတို့၏ စိတ်နှလုံးများသည် ကောင်းချီးများရရှိရန် လိုအင်ဆန္ဒနှင့် ရည်မှန်းချက်တို့ဖြင့် ပြည့်နေသောကြောင့် ဖြစ်သည်။ ၎င်းတို့ပြုလုပ်သမျှသည် အခြားမည်သည့်အရာအတွက်မျှမဟုတ်ဘဲ ကောင်းချီးများရရှိခြင်း အလို့ငှာသာ ဖြစ်သည်။ ၎င်းတို့၏ ဘဝ၌ အကြီးမားဆုံးသောဆန္ဒမှာ ကောင်းချီးများရရှိရန် ဖြစ်သည်။ ဤအကြောင်းကြောင့် ၎င်းတို့ ထုတ်ပယ်ခြင်းခံရသောအခါ သို့မဟုတ် ၎င်းတို့၏ တာဝန်များကို ပြင်ပေးသောအခါ ကောင်းချီးများရရှိရန် ၎င်းတို့၏ မျှော်လင့်ချက် ပျောက်ဆုံးသွားပြီဟု ခံစားကြရပြီး ပင်ကိုအားဖြင့် ကျိုးနွံနာခံရန် ၎င်းတို့ ငြင်းပယ်သည့်အပြင် မိမိတို့ကိုယ်တိုင်ကိုယ်စား အဆက်မပြတ် ငြင်းခုံမှုပြုကြသည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားကိုသာ ထည့်သွင်းစဉ်းစားကြပြီး ဘုရားအိမ်တော်၏အလုပ်ကို ထည့်သွင်းစဉ်းစားခြင်း မရှိကြပေ။ ဥပမာအားဖြင့် လူအချို့က စာအရေးအသားတွင် ကျွမ်းကျင်မှုရှိသည်ဟု မိမိတို့ကိုယ်ကို ယုံကြည်သောကြောင့် ယင်းနှင့်ဆက်စပ်သည့် တာဝန်တစ်ခုကို ထမ်းဆောင်ဖို့ အင်တိုက်အားတိုက် တောင်းဆိုကြသည်။ ဘုရားအိမ်တော်သည် ၎င်းတို့အား စိတ်ပျက်စေလိမ့်မည် မဟုတ်သည်မှာ အမှန်ဖြစ်သည်၊ ဘုရားအိမ်တော်သည် ပါရမီရှိသော သီးခြားလူတစ်ဦးချင်းစီကို မြတ်နိုးပြီး လူများ၌ မည်သည့်ဆုကျေးဇူး၊ သို့မဟုတ် အားသာချက်များမဆို ရှိပါစေ၊ ဘုရားအိမ်တော်က ယင်းတို့ကို အသုံးပြုဖို့ ၎င်းတို့အား နေရာပေးလိမ့်မည် ဖြစ်သောကြောင့် ၎င်းတို့အား စာနှင့်ပတ်သက်သည့် အလုပ်ကို ထမ်းဆောင်ဖို့ အသင်းတော်က စီစဉ်ပေးသည်။ သို့ရာတွင် အချိန်အချို့ ကြာပြီးသည့်နောက်၊ ၎င်းတို့၌ ဤကျွမ်းကျင်မှု အမှန်တကယ် မရှိကြောင်းနှင့် ဤတာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်စွမ်း မရှိကြောင်းကို သိရှိရသည်။ ၎င်းတို့သည် လုံးလုံး မထိရောက်ကြပေ။ ၎င်းတို့၏ ပါရမီနှင့် အစွမ်းအစက ၎င်းတို့အား ဤအလုပ်၌ လုံးလုံး အရည်အချင်းမပြည်မီအောင် ဖြစ်စေသည်။ သို့ဖြစ်၍ ထိုသို့သော အခြေအနေများ၌ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ၎င်းတို့ကို သည်းခံပြီး “သင်သည် စိတ်ပြင်းပြမှုရှိသည်။ သင်သည် ပါရမီများစွာ မပိုင်ဆိုင်သော်ငြားလည်း၊ သာမန်အစွမ်းအစရှိကာ၊ သင်လိုလားမှုရှိပြီး အလုပ်ကြိုးစားဖို့ကို မငြင်းပယ်သမျှ ကာလပတ်လုံး၊ ဘုရားအိမ်တော်က သင့်ကို သည်းခံမည်ဖြစ်ပြီး ဤတာဝန်ကို သင့်အား ဆက်လက် ထမ်းဆောင်စေမည်။ သင်ကောင်းစွာ မလုပ်ဆောင်လျှင်လည်း အရေးမကြီးပါ။ ဘုရားအိမ်တော်က မသိကျိုးကျွံပြုမည် ဖြစ်သည်။ သင့်ကို အစားထိုးဖို့ မလိုအပ်ပါ” ဟု ပြောဖို့ ဖြစ်နိုင်သလော။ ဤသည်မှာ ကိစ္စများကို ဘုရားအိမ်တော်က ကိုင်တွယ်သည့် စည်းမျဉ်းဖြစ်သလော။ မဟုတ်သည်မှာ သိသာသည်။ ထိုသို့သော အခြေအနေများ၌ ၎င်းတို့၏ အစွမ်းအစနှင့် အားသာချက်များကို အခြေပြု၍ သင့်တော်ရာ တာဝန်များကို ၎င်းတို့အတွက် ပုံမှန်အားဖြင့် စီစဉ်ပေးသည်။ ယင်းမှာ ရှုထောင့်တစ်ခုဖြစ်သည်။ သို့ရာတွင် ဤတစ်ခုတည်းကိုသာ အမှီပြုဖို့ မလုံလောက်ပေ၊ အကြောင်းမှာ အခြေအနေများစွာ၌ လူများသည် ၎င်းတို့ ထမ်းဆောင်ဖို့ သင့်တော်သည့်တာဝန်မှာ မည်သည့်အရာ ဖြစ်သည်ကို မိမိကိုယ်တိုင် မသိကြပေ၊ ၎င်းတို့က ထိုအရာကို ကျွမ်းကျင်မှုရှိသည်ဟု ထင်လျှင်ပင် ယင်းမှာ သေချာပေါက် မှန်ချင်မှမှန်ပေလိမ့်မည်။ ထို့ကြောင့် ၎င်းတို့က အချိန်ကာလတစ်ခုကြာအောင် ကြိုးစားကြည့်ပြီး လေ့ကျင့်ရမည် ဖြစ်သည်။ ၎င်းတို့ ထိရောက်မှုရှိမရှိပေါ်တွင် အခြေပြု၍ ဆုံးဖြတ်ခြင်းက လုပ်ဆောင်ဖို့ မှန်ကန်သောအရာဖြစ်သည်။ ၎င်းတို့အနေဖြင့် အချိန်ကာလတစ်ခုကြာ လေ့ကျင့်သင်ကြားပြီး မည်သည့် ရလဒ်မျှ မရရှိလျှင် သို့မဟုတ် မည်သည့်တိုးတက်မှုမျှ မဖြစ်စေသည့်အပြင် ၎င်းတို့ကို ပြုစုပျိုးထောင်ထိုက်ခြင်းမရှိကြောင်း သေချာလျှင် ၎င်းတို့၏ တာဝန်ကို ပြုပြင်သင့်ပြီး ၎င်းတို့အတွက် သင့်တော်သည့်တာဝန်တစ်ခုကို ပြန်စီစဉ်ပေးသင့်သည်။ လူများ၏ တာဝန်များကို ဤနည်းလမ်းဖြင့် ပြန်လည်စီစဉ်ပေးခြင်းနှင့် ပြင်ဆင်ညှိနှိုင်းပေးခြင်းသည် လုပ်ဆောင်ရန် ကောင်းမွန်သင့်တော်သည့်အရာဖြစ်ပြီး စည်းမျဉ်းနှင့်လည်း ကိုက်ညီပေသည်။ သို့သော် အချို့လူများသည် ဘုရားအိမ်တော်၏ စီစဉ်မှုများကို နာခံနိုင်ခြင်းမရှိ၊ ယင်းအစား မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာ၌ မိမိတို့၏ ဇာတိပကတိဆိုင်ရာ နှစ်သက်မှုများနောက် အမြဲ လိုက်လျှောက်ကြသည်။ ဥပမာအနေနှင့် တစ်စုံတစ်ဦးက “ကျွန်ုပ်၏ အကြီးမားဆုံးသောအိပ်မက်မှာ စာပေပညာရှင်တစ်ဦး သို့မဟုတ် သတင်းထောက်တစ်ဦး ဖြစ်ရန်ဖြစ်သည်၊ သို့သော် ကျွန်ုပ်၏ မိသားစုအခြေအနေများနှင့် အခြားအကြောင်းရင်းများကြောင့် ယင်းကို ကျွန်ုပ် မဖြည့်ဆည်းနိုင်ခဲ့ပါ။ သို့သော် ယခု ကျွန်ုပ်သည် ဘုရားအိမ်တော်၌ စာအခြေပြုအလုပ်ကို လုပ်ဆောင်နေရသည်။ ကျွန်ုပ်အလိုရှိခဲ့သည့်အရာကို နောက်ဆုံးတွင် ကျွန်ုပ် ရရှိခဲ့လေပြီ” ဟူ၍ ပြောသည်ဆိုပါစို့။ သို့ရာတွင် သူ၏ သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်းမှာ လုံလောက်အောင် မကောင်းမွန်ပေ။ သူ၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု များများစားစားမရှိသည့်အပြင် စာအခြေပြုအလုပ်ကို လုပ်ဆောင်ရန် စံမမီပေ။ သို့ဖြစ်၍ သူ၏တာဝန်ကို ခဏတာ ထမ်းဆောင်ပြီးနောက် သူ့ကို အခြားတာဝန်တစ်ခုသို့ ပြန်လည်ချထားခဲ့သည်။ သူက “ကျွန်ုပ်လုပ်ချင်တဲ့အလုပ်ကို ကျွန်ုပ် အဘယ်ကြောင့် မလုပ်နိုင်ရသနည်း။ အခြား မည်သည့်အလုပ် အမျိုးအစားကိုမျှ ကျွန်ုပ် မကြိုက်ပါ”ဟု မကျေမနပ်ပြောသည်။ ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ ဘုရားအိမ်တော်က သူ၏တာဝန်ကို စည်းမျဉ်းများအတိုင်း ပြင်ပေးခဲ့သည်၊ သို့ဆိုလျှင် သူသည် အပြောင်းအလဲကို အဘယ်ကြောင့် လက်မခံနိုင်ရသနည်း။ ဤသည်မှာ သူ၏ လူ့သဘာဝနှင့်ဆိုင်သော ပြဿနာတစ်ခု မဟုတ်လော။ သူသည် သမ္မာတရားကို လက်မခံနိုင်ဘဲ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းမရှိပေ၊ ဤသည်မှာ ဆင်ခြင်တုံတရား ကင်းမဲ့ခြင်းမျှသာ ဖြစ်သည်။ သူသည် သူ၏ ပုဂ္ဂိုလ်ရေးရာ နှစ်သက်မှုများအပေါ် အခြေခံ၍ သူ၏ တာဝန်ကို အမြဲထမ်းဆောင်ပြီး သူ၏ ကိုယ်ပိုင်ရွေးချယ်မှုများကို ပြုလုပ်လိုစိတ် အမြဲရှိသည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု မဟုတ်လော။ သင်သည် တစ်စုံတစ်ခုကို လုပ်ဆောင်ခြင်း၌ ပျော်မွေ့သည်ဟူသောအချက်က ယင်းကို သင် ကောင်းစွာလုပ်ဆောင်နိုင်မည်ဟု အာမခံသလော။ သင်သည် တာဝန်တစ်ခုခုကို ထမ်းဆောင်ခြင်း၌ ပျော်မွေ့သည်ဟူသောအချက်က ယင်းကို စံနှုန်းပြည့်မီသောနည်းလမ်းဖြင့် သင်လုပ်ဆောင်နိုင်မည်ဟု ဆိုလိုသလော။ သင်သည် တစ်စုံတစ်ခုကို လုပ်ဆောင်ခြင်း၌ ပျော်မွေ့သောကြောင့်သက်သက်ဖြင့် သင်သည် ယင်းနှင့် သင့်တော်သည်ဟု မဆိုလိုပေ။ သင့်အနေဖြင့် သင်နှင့် သင့်တော်သည့်အရာကို ရိပ်စားကောင်းရိပ်စားမိမိနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သင်သည် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်ပြီး နာခံတတ်ရန် သင်ယူဖို့ လိုအပ်သည်။ သို့ဆိုလျှင် သင်၏တာဝန်ကို ပြင်ပေးသောအခါ သင်သည် နာခံမှုကို မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ တစ်နည်းအားဖြင့်၊ သင်သည် ဘုရားအိမ်တော်က သင်၏တာဝန်ကို သင်၏ နှစ်သက်မှုများ သို့မဟုတ် မည်သည့်ခေါင်းဆောင် သို့မဟုတ် အမှုဆောင်၏ ဘက်လိုက်မှုများအပေါ် အခြေခံ၍မဟုတ်ဘဲ သမ္မာတရားစည်းမျဉ်းများအပေါ် အခြေခံ၍ ပြင်ပေးခဲ့ကြောင်း ယုံကြည်ရမည်။ သင်၏တာဝန်ကို ပြင်ပေးခြင်းသည် သင်၏ ဆုကျေးဇူးများ၊ အားသာချက်များနှင့် အခြားအမှန်တကယ်ဖြစ်သော အခြေအနေများအပေါ် အခြေခံ၍ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ယင်းမှာ လူတစ်ဦးတစ်ယောက်၏ စိတ်ကူးများမှ ပေါက်ဖွားလာခြင်းမဟုတ်ကြောင်းကို သင် ယုံကြည်ရမည်။ သင်၏တာဝန်က ပြုပြင်ခြင်း ခံရသည့်အခါတွင် နာခံဖို့ သင်ယူသင့်သည်။ သင်၏ တာဝန်အသစ်တွင် အတန်ကြာ လေ့ကျင့်ပြီးဖြစ်ကာ ထိုတာဝန် ထမ်းဆောင်ရာတွင် ရလဒ်များ စွမ်းဆောင်ရရှိပြီးသည့်နောက်တွင် သင်သည် ဤတာဝန် ထမ်းဆောင်ဖို့ ပို၍ သင့်တော်သည်ကို တွေ့ရလိမ့်မည်ဖြစ်ပြီး သင်၏ နှစ်သက်မှုများအရ တာဝန်များကို ရွေးချယ်ခြင်းသည် အမှားတစ်ခုဖြစ်ကြောင်း သဘောပေါက်လာလိမ့်မည်။ ဤသည်မှာ ပြဿနာကို မဖြေရှင်းပေးသလော။ အရေးအကြီးဆုံးမှာ ဘုရားအိမ်တော်သည် တာဝန်တစ်ခုခုကို လူတို့ ထမ်းဆောင်ဖို့ စီစဉ်ပေးရာတွင် လူများ၏ နှစ်သက်မှုများကို အခြေပြုခြင်း မဟုတ်ဘဲ အလုပ်၏ လိုအပ်ချက်များအပေါ်နှင့် ထိုတာဝန်ကို လူတစ်ဦး ထမ်းဆောင်ခြင်းက ရလဒ်များ စွမ်းဆောင်ရရှိနိုင်ခြင်း ရှိမရှိအပေါ်တွင် အခြေပြုခြင်း ဖြစ်သည်။ ဘုရားအိမ်တော်သည် လူတစ်ဦးချင်း၏ နှစ်သက်မှုများအရ တာဝန်များကို စီစဉ်ပေးသင့်သည်ဟု သင်တို့ဆိုမည်လော။ လူတို့၏ တစ်ကိုယ်ရေ နှစ်သက်မှုများကို ဖြည့်ဆည်းသည့် အခြေအနေပေါ် အခြေခံ၍ လူတို့ကို အသုံးပြုသင့်သလော။ (အသုံးမပြုသင့်ပါ။) ဤအရာများထဲမှ မည်သည့်အရာသည် လူများကို အသုံးပြုရာတွင် ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့် ကိုက်ညီသနည်း။ မည်သည့်အရာသည် သမ္မာတရားစည်းမျဉ်းများနှင့် ကိုက်ညီသနည်း။ ဘုရားအိမ်တော်အလုပ်၏ လိုအပ်ချက်များနှင့်အညီ၊ မိမိတို့၏ တာဝန်ကို လူတို့ ထမ်းဆောင်ခြင်း၏ ရလဒ်များနှင့်အညီ လူများကို ရွေးချယ်ခြင်းဖြစ်သည်။ သင်သည် အချို့သော ခုံမင်မှုများနှင့် စိတ်ပါဝင်စားမှုများ ရှိပြီး သင်၏တာဝန်များကို ထမ်းဆောင်ရန် ဆန္ဒအနည်းငယ်ရှိသည်။ သို့ရာတွင် သင်၏ဆန္ဒများ၊ စိတ်ပါဝင်စားမှုများနှင့် ခုံမင်မှုများကို ဘုရားအိမ်တော်၏ အလုပ်ထက် ပို၍ဦးစားပေးသင့်သလော။ “ဤအလုပ်ကို ကျွန်ုပ် လုပ်ရမှ ဖြစ်မည်။ လုပ်ခွင့်မပြုလျှင် ကျွန်ုပ် အသက်မရှင်လိုပါ။ ကျွန်ုပ်၏ တာဝန်ကို မထမ်းဆောင်လိုပါ။ ဤအလုပ်ကို လုပ်ခွင့်မပြုလျှင် ကျွန်ုပ်သည် အခြားမည်သည့်အရာကိုမျှ လုပ်ဆောင်ဖို့ စိတ်အားထက်သန်မှု ရှိမည် မဟုတ်သကဲ့သို့ အပြည့်အဝ အားစိုက်ထုတ်မည်လည်း မဟုတ်ပါ” ဟုဆိုလျက် ခေါင်းမာစွာဖြင့် မလျှော့တမ်း ပြောနေလျှင် ဤအရာက တာဝန်ထမ်းဆောင်ခြင်းအပေါ် သင်၏ သဘောထား၌ ပြဿနာရှိကြောင်း ပြသည် မဟုတ်လော။ ယင်းမှာ အသိစိတ်နှင့် ဆင်ခြင်တုံတရား လုံးလုံးလျားလျား ကင်းမဲ့ခြင်း မဟုတ်လော။ သင်၏ တစ်ကိုယ်ရေ ဆန္ဒများ၊ စိတ်ပါဝင်စားမှုများနှင့် ခုံမင်မှုများကို ဖြည့်ဆည်းရန်အတွက် အသင်းတော်အလုပ်ကို ထိခိုက်စေဖို့နှင့် နှောင့်နှေးစေဖို့ သင် ဝန်မလေးပေ။ ဤအရာက သမ္မာတရားနှင့် ကိုက်ညီသလော။ လူတစ်ဦးသည် သမ္မာတရားနှင့် မကိုက်ညီသော အရာများကို မည်သို့ သဘောထားသင့်သနည်း။ လူအချို့က “လူတစ်ဦးသည် အများအကျိုးအတွက် မိမိအကျိုးကို စတေးသင့်သည်” ဟု ပြောကြသည်။ ဤသည်မှာ မှန်ကန်သလော။ ဤသည်မှာ သမ္မာတရားဟုတ်သလော။ (မဟုတ်ပါ။) ဤပြောဆိုချက်သည် မည်သည့်စကားမျိုး ဖြစ်သနည်း။ (စာတန်ဆန်သော မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော စကားမျိုးဖြစ်သည်။) ဤသည်မှာ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော စကား၊ အထင်အမြင်မှားစေပြီး အယောင်ဆောင်ထားသော စကားဖြစ်သည်။ “လူတစ်ဦးသည် အများအကျိုးအတွက် မိမိအကျိုးကို စတေးသင့်သည်” ဟူသည့် စကားရပ်ကို သင်၏တာဝန်များ ထမ်းဆောင်သည့် အခြေအနေတွင် အသုံးပြုပါက သင်သည် ဘုရားသခင်ကို ဆန့်ကျင်ပြီး ပြစ်မှားစော်ကားနေခြင်း ဖြစ်သည်။ ဤအရာသည် အဘယ်ကြောင့် ဘုရားသခင်ကို ပြစ်မှားစော်ကားသနည်း။ အကြောင်းမှာ သင်သည် မိမိ၏ကိုယ်ပိုင်ဆန္ဒကို ဘုရားသခင်အပေါ် ပြဋ္ဌာန်းနေသောကြောင့်ဖြစ်၏။ ယင်းသည် ပြစ်မှားစော်ကားခြင်းတည်း။ သင်သည် သင်၏ သီးခြား စတေးမှုကို ဘုရားသခင်၏ စုံလင်အောင်ပြုခြင်းနှင့် ကောင်းချီးများဖြင့် အလဲအလှယ်လုပ်ရန် ကြိုးစားနေသည်။ သင်၏ရည်ရွယ်ချက်မှာ ဘုရားသခင်နှင့် အပေးအယူလုပ်ရန် ဖြစ်သည်။ သင်၏ မည်သည့်အရာကိုမျှ သင်စတေးပေးရန် ဘုရားသခင် မလိုအပ်ပေ။ ဘုရားသခင် တောင်းဆိုသည့်အရာမှာ လူများအနေဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဇာတိပကတိကို ပုန်ကန်ရန်ဖြစ်သည်။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ပါက သင်သည် ဘုရားသခင်ကို ပုန်ကန်ပြီး ဆန့်ကျင်နေခြင်းဖြစ်သည်။ သင်၏ ရည်ရွယ်ချက်များက မှားယွင်းနေကာ အမှုကိစ္စများအပေါ် သင်၏အမြင်များက မမှန်ကန်ဘဲ သင်၏ ပြောဆိုချက်များသည် သမ္မာတရားနှင့် လုံးလုံး ဆန့်ကျင်ကွဲလွဲသောကြောင့် သင်၏တာဝန်ကို သင်ညံ့ဖျင်းစွာ ထမ်းဆောင်ခြင်း ဖြစ်သည်။ သို့ရာတွင် ဘုရားအိမ်တော်သည် သင့်ထံမှ တာဝန် ထမ်းဆောင်ခွင့်ကို မဖယ်ရှားသေးပေ။ သင်သည် ပြီးခဲ့သည့်တာဝန်နှင့် သင့်တော်ခြင်း မရှိသောကြောင့် သင်၏တာဝန်များကို ပြင်ဆင်ကိုက်ညှိပေးပြီး သင့်အတွက် သင့်တော်သည့် တာဝန်တစ်ခုသို့ တာဝန်ပြောင်းပေးခြင်းသာ ဖြစ်သည်။ ဤသည်မှာ အလွန် ပုံမှန်ဖြစ်ပြီး နားလည်ရန်လည်း လွယ်ကူပေသည်။ သင်သည် ဤကိစ္စကို မှန်ကန်စွာ သဘောထားသင့်သည်။ ဤကိစ္စကို သဘောထားရန်မှန်ကန်သောနည်းလမ်းမှာ အဘယ်နည်း။ ဤအရာ ဖြစ်ပျက်သောအခါ သင်သည် ရှေးဦးစွာ သင့်အပေါ် ဘုရားအိမ်တော်၏ အကဲဖြတ်မှုကို လက်ခံရမည်။ နှလုံးသွင်းအရ သင်သည် သင်၏တာဝန်ကို နှစ်သက်နိုင်သော်လည်း သင်သည် အမှန်တကယ်တွင် ထိုတာဝန်အတွက် စံမမီသည့်အပြင် ယင်း၌ ကျွမ်းကျင်ခြင်းလည်းမရှိပေ။ သို့ဖြစ်၍ သင်သည် ထိုအလုပ်ကို မလုပ်ဆောင်နိုင်ပေ။ ဤသည်မှာ သင်၏တာဝန်ကို ပြန်လည်ချထားရန် လိုအပ်သည်ဟု ဆိုလိုသည်။ သင်သည် သင်၏တာဝန်အသစ်ကို နာခံပြီး လက်ခံသင့်သည်။ ရှေးဦးစွာ ယင်း၌ အချိန်အတိုင်းအတာတစ်ခုအထိ လေ့ကျင့်လော့။အကယ်၍ သင်သည် သင် လုံလောက်အောင် မတော်သေးဟူ၍လည်းကောင်း၊ သင်၏အစွမ်းအစမှာ ထိုအလုပ်ကို စံမမီဟူ၍လည်းကောင်း တွေးထင်နေဆဲဖြစ်ပါက သင်သည် အသင်းတော်ကို၊“ကျွန်ုပ်သည် ဤတာဝန်အတွက် စံမမီပါ။ ဤအတိုင်း ဆက်ဖြစ်နေမည်ဆိုလျှင် အလုပ်ကို အဟန့်အတားဖြစ်စေပါလိမ့်မည်” ဟု ပြောသင့်သည်။ ယင်းမှာ အလွန် ဆင်ခြင်တုံတရားရှိသော ပြုမူပုံနည်းလမ်းပင်တည်း။ သင် မည်သည့်အရာကိုလုပ်ဆောင်သည်ဖြစ်စေ ထိုတာဝန်၌ ဆက်လက်လုပ်ဆောင်ရန် မကြိုးစားနှင့်။ ထိုသို့ပြုလုပ်ခြင်းသည် အလုပ်ကို အဟန့်အတားဖြစ်စေလိမ့်မည်။ အကယ်၍ သင်သည် ပြဿနာကို စောစီးစွာ ထုတ်ဖော်ပြောဆိုပါက အသင်းတော်သည် သင်၏အခြေအနေအပေါ် အခြေခံ၍ သင့်အတွက် သင့်တော်သောတာဝန်တစ်ခုကို စီစဉ်ပေးလိမ့်မည်။ ဘုရားအိမ်တော်သည် လူတို့ကို တာဝန်များထမ်းဆောင်ရန် အတင်းအကျပ်မပြုပေ။ သင်၏တာဝန် ပြင်ပေးခံရခြင်းကို တွေ့ကြုံခြင်းသည် သင့်အတွက် ကောင်းသောအရာတစ်ခု မဟုတ်လော။ ပထမဦးစွာ ယင်းက သင့်အား သင်၏ ကိုယ်ပိုင်နှစ်သက်မှုများနှင့် ဆန္ဒများကို ဆင်ခြင်တုံတရားဖြင့် ချဉ်းကပ်နိုင်စေသည်။ သင်သည် အတိတ်က ထိုအရာကို ခုံမင်မှု ရှိကောင်းရှိခဲ့နိုင်ပြီး စာပေနှင့် အရေးအသားကို နှစ်သက်ကောင်းနှစ်သက်နိုင်သော်လည်း စာအခြေပြုအလုပ်သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုကိုလည်း လိုအပ်သည်။ အနည်းဆုံးအားဖြင့် သင်သည် ဝိညာဉ်ရေးရာ ဝေါဟာရများကို နားလည်ရန် လိုအပ်သည်။ အကယ်၍ သင်သည် သမ္မာတရားကို အနည်းငယ်မျှပင် နားလည်သဘောပေါက်မှု ကင်းမဲ့ပါက စာပေနှင့်ပတ်သက်၍ ကျွမ်းကျင်မှုအနည်းငယ် ရှိရုံမျှဖြင့် လုံလောက်မည်မဟုတ်ပေ။ သင်သည် အတွေ့အကြုံကာလတစ်ခုမှတစ်ဆင့် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုကို ရရှိရန်၊ ဝိညာဉ်ရေးရာ ဝေါဟာရကို နားလည်ရန်နှင့် ဝိညာဉ်ရေးရာ အသက်တာနှင့်ဆိုင်သည့် အသုံးအနှုန်းကို ပိုင်ဆိုင်လာရန် လိုအပ်လိမ့်မည်။ ထိုအခါမှသာ သင်သည် ဘုရားအိမ်တော်၌ စာအခြေပြုအလုပ်ကို ထမ်းဆောင်နိုင်ပေလိမ့်မည်။ အတွေ့အကြုံကာလတစ်ခုနှင့် အမှုအရာများကို ဖြတ်သန်းရခြင်းမှတစ်ဆင့် သင်သည် အသက်တာအတွေ့အကြုံနှင့်ဆိုင်သည့် အသုံးအနှုန်း ချို့တဲ့သည်ကို သင်တွေ့ရှိရလိမ့်မည်။ သင်၏ မယုံနိုင်လောက်သော မလုံလောက်မှုကို သင်မြင်တွေ့လိမ့်မည်၊ သင်၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုကို သင်သိရှိလိမ့်မည်။ သင်သည် ဘုရားအိမ်တော်နှင့် သင်၏ ညီအစ်ကိုမောင်နှမများကို သင်၏အစွမ်းအစနှင့် ဝိညာဉ်ရင့်ကျက်မှုအား ရှင်းလင်းစွာ မြင်တွေ့စေလိမ့်မည်။ ဤသည်မှာ သင့်အတွက် ကောင်းသောအရာတစ်ခု ဖြစ်သည်။ အနည်းဆုံးအားဖြင့် ဤသည်မှာ သင်၏အစွမ်းအစ မည်မျှမြင့်မားသည် သို့မဟုတ် နိမ့်ကျသည်ကို သင့်အား ပြသလိမ့်မည်ဖြစ်ပြီး သင့်ကိုယ်သင် မှန်ကန်စွာ သဘောထားနိုင်စေလိမ့်မည်။ သင်သည် သင်၏ အစွမ်းအစ၊ ခုံမင်မှုများနှင့်ပတ်သက်၍ စိတ်ကူးစိတ်သန်းများသား ရှိတော့မည် မဟုတ်။ သင်၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုကို သင် သိရှိလိမ့်မည်။ သင်နှင့် သင့်တော်သည့်အရာ၊ မသင့်တော်သည့်အရာကို ပို၍ တိကျစွာနှင့် ရှင်းလင်းစွာ သင် မြင်တွေ့လိမ့်မည်။ သင်သည် သင်၏တာဝန်ကို ထမ်းဆောင်သည်နှင့်အမျှ သင်သည် ပို၍ တည်ကြည်ပြီး လက်တွေ့ကျလာလိမ့်မည်။ ဤသည်မှာ ယင်း၏ သွင်ပြင်လက္ခဏာတစ်ခု ဖြစ်သည်။ အရေးအကြီးဆုံးဖြစ်သည့် အခြားသွင်ပြင်လက္ခဏာတစ်ခုမှာ မည်သည့် သိနားလည်မှု အတိုင်းအတာကို သင် ရရှိသည်ဖြစ်စေ သို့မဟုတ် ဤအရာများကို သင် နားလည်နိုင်သည်ဖြစ်စေ ဘုရားအိမ်တော်က သင့်အတွက် စီစဉ်မှုများ ပြုလုပ်သောအခါ သင်သည် အနည်းဆုံးအနေဖြင့် ဇီဇာကြောင်ခြင်း သို့မဟုတ် သင့်ကိုယ်ပိုင် အစီအစဉ်များနှင့် ရွေးချယ်မှုများရှိခြင်းထက် ရှေးဦးစွာ နာခံခြင်းသဘောထားကို ခံယူရမည်ဖြစ်သည်။ ဤသည်မှာ သင် အဓိက ပိုင်ဆိုင်ရမည့် အကြောင်းတရား ဖြစ်သည်။ အကယ်၍ သင်သည် သင်၏တာဝန်ကို ထမ်းဆောင်ရာ၌ မည်သည့်ညစ်ညမ်းမှုများ ရှိသည်ကို မသုံးသပ်မဆင်ခြင်နိုင်ပါက ကိစ္စမရှိပေ။ အရေးကြီးသမျှမှာ သင်၏စိတ်နှလုံးထဲ၌ ကျိုးနွံနာခံမှုရှိပြီး သမ္မာတရားကို လက်ခံနိုင်ခြင်းဖြစ်သည်။ သင်၏တာဝန်ကို အလေးအနက်ထားပြီး သင်၏သစ္စာစောင့်သိမှုကို ပြသနိုင်ခြင်းဖြစ်ကာ ပြဿနာများ ပေါ်ပေါက်လာသောအခါ သို့မဟုတ် ဖောက်ပြန်ပျက်စီးမှုကို သင်ထုတ်ဖော်သောအခါ သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်နိုင်ခြင်း၊ သင်၏ ကိုယ်ပိုင်ချို့တဲ့မှုများနှင့် အားနည်းချက်များကို နားလည်နိုင်ခြင်းနှင့် သင်၏ပြဿနာများ သို့မဟုတ် ဖောက်ပြန်ပျက်စီးခြင်းနှင့်ဆိုင်သည့် ထုတ်ဖော်ချက်များကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေနိုင်ခြင်းတို့ ဖြစ်သည်။ ဤနည်းအားဖြင့် သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်သည်နှင့်အမျှ သတိမထားမိလိုက်ဘဲ သင်၏အသက်တာနှင့် ဝိညာဉ်ရင့်ကျက်မှုက တဖြည်းဖြည်း ကြီးထွားလာလိမ့်မည်ဖြစ်ပြီး သင်၏တာဝန်ကို စံနှုန်းပြည့်မီသောနည်းလမ်းဖြင့် သင် ထမ်းဆောင်လာလိမ့်မည်။ သင်သည် ဘုရားသခင်အတွက် စိတ်ရင်းမှန်ဖြင့် အသုံးခံပြီး သင်၏ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေခြင်းအား လုံးဝ မရပ်တန့်သရွေ့ ဘုရား၏ ကောင်းချီးများကို သင်လက်ခံရရှိလိမ့်မည်ဖြစ်ပြီး သူသည် သင့်ကို မတရားဆက်ဆံလိမ့်မည် မဟုတ်ပေ။
လူတို့၏ တာဝန်များကို ညှိနှိုင်းပြင်ဆင်ပြီးသည့်အခါတွင် အသင်းတော်က ဆုံးဖြတ်ချက်ချပြီးလျှင် ၎င်းတို့အနေဖြင့် လက်ခံပြီး နာခံသင့်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ပြန်လည်သုံးသပ်ကာ ပြဿနာ၏ အနှစ်သာရကိုလည်းကောင်း၊ မိမိတို့ကိုယ်တိုင်၏ အားနည်းချက်များကိုလည်းကောင်း နားလည်သင့်သည်။ ဤသည်မှာ လူများအတွက် အလွန် အကျိုးရှိပြီး ယင်းမှာ လက်တွေ့လုပ်ဆောင်သင့်သည့် အရာတစ်ခုဖြစ်၏။ အလွန်ရိုးရှင်းသော အရာတစ်ခုဖြင့် သာမန်လူများသည် များစွာသော အခက်အခဲများကိုဖြစ်စေ၊ မကျော်လွှားနိုင်သော အကျပ်အတည်းများကိုဖြစ်စေ ကြုံတွေ့ရခြင်း မရှိဘဲ နားလည်သဘောပေါက်နိုင်ပြီး မှန်ကန်စွာ သဘောထားနိုင်သည်။ ၎င်းတို့၏ တာဝန်များအပေါ် ညှိနှိုင်းပြင်ဆင်ခြင်းများ ပြုသည့်အခါ အနည်းဆုံးအနေဖြင့် လူတို့သည် ကျိုးနွံနာခံသင့်သည်၊ မိမိတို့ကိုယ်ကို ပြန်လည်ဆင်ခြင်ကြည့်ခြင်းမှ အကျိုးဖြစ်ထွန်းသည့်အပြင် ၎င်းတို့တာဝန်ကို ထမ်းဆောင်မှုသည် စံနှုန်းပြည့်မီခြင်းရှိမရှိကို တိကျမှန်ကန်သော အကဲဖြတ်မှုတစ်ခု ရအပ်သည်။ သို့သော် အန္တိခရစ်တစ်ယောက်အတွက် ဤသို့မဟုတ်ပေ။ ၎င်းတို့ ထင်ရှားပြသည့်အရာသည် သာမန်လူနှင့် ကွာခြားသည်။ ဤကွာခြားချက်က မည်သည့်နေရာတွင် ရှိသနည်း။ ၎င်းတို့သည် မလိုက်နာပေ။ ၎င်းတို့သည် မိမိတို့အပိုင်းကို ကြိုတင်စီမံ၍ တက်ကြွစွာ လုပ်ဆောင်ခြင်းမရှိသည့်အပြင် သမ္မာတရားကို အနည်းငယ်မျှပင် မရှာဖွေကြပေ။ ယင်းအစား ၎င်းတို့သည် ညှိနှိုင်းပြင်ဆင်မှုကို မလိုလားမှု ခံစားရသည်။ ပြီးလျှင် ဤအရာကို ခုခံသည်။ စိစစ်လေ့လာသည်။ ချင့်ချိန်စဉ်းစားသည်။ ဦးနှောက်ခြောက်ခံ၍ မှန်းဆသည်။ “ဤတာဝန်ကို အဘယ်ကြောင့် ငါလုပ်ဆောင်ခွင့်မရှိသနည်း။ ငါသည် အဘယ်ကြောင့် အရေးမကြီးသောတာဝန်တစ်ခုသို့ တာဝန်ပြောင်းခြင်း ခံရသနည်း။ ဤသည်မှာ ငါ့အား ထုတ်ဖော်၍ ဖယ်ရှားရှင်းလင်းရန် နည်းလမ်းဖြစ်သလော။” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် မည်သည့်အရာဖြစ်ပျက်ခဲ့သည်ကို ၎င်းတို့စိတ်ထဲတွင် ပြန်ပြောင်းတွေးတောကြပြီး အဆုံးမရှိစွာ လေ့လာစိစစ်ကာ တွေးဆကြသည်။ မည်သည့်အရာမျှ မဖြစ်သည့်အခါ ၎င်းတို့သည် လုံးဝ အဆင်ပြေသည်။ သို့သော် တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါ မုန်တိုင်းကျသောရေပြင်ကဲ့သို့ ၎င်းတို့၏စိတ်နှလုံးတွင် အပြင်းအထန် စတင်လှုပ်ရှားလာသည်။ ၎င်းတို့၏ ခေါင်းထဲတွင် မေးခွန်းများနှင့် ပြည့်နေသည်။ ပြဿနာများကို တွေးဆရာတွင် ၎င်းတို့သည် အခြားသူများထက်သာသည်ဟု အပြင်ပန်းတွင် ထင်ရနိုင်သော်လည်း အမှန်တကယ်တွင် အန္တိခရစ်များသည် သာမန်လူတို့ထက် ပို၍ ကောက်ကျစ်ဆိုးယုတ်ခြင်းသာ ဖြစ်သည်။ ဤကောက်ကျစ်ဆိုးယုတ်မှုသည် မည်သို့ ထင်ရှားပြသသနည်း။ ၎င်းတို့၏ စဉ်းစားမှုများသည် အစွန်းရောက်သည်၊ ရှုပ်ထွေးပြီး လျှို့ဝှက်သည်။ သာမန်လူတစ်ယောက်၊ ဆင်ခြင်တုံတရားနှင့် အသိစိတ်ရှိသူတစ်ယောက်တွင် မဖြစ်ပေါ်သော အရာများသည် အန္တိခရစ်တစ်ယောက်အတွက် သာမန်သာဖြစ်သည်။ ၎င်းတို့၏တာဝန်အတွက် ရိုးရှင်းသော ပြုပြင်ချက်တစ်ခုကို ပြုပြီးသည့်အခါ၊ လူတို့သည် နာခံသည့် သဘောထားဖြင့် ဖြေကြားသင့်သည်။ ဘုရားသခင်၏ အိမ်တော်က ၎င်းတို့ကို ပြောသည့်အတိုင်း လုပ်ဆောင်သင့်သည်။ ၎င်းတို့တတ်နိုင်သည့်အရာကို လုပ်ဆောင်ကာ၊ မည်သည့်အရာကို လုပ်ပါစေ၊ ၎င်းတို့ တတ်စွမ်းသမျှ၊ စိတ်နှလုံးနှင့် ခွန်အားရှိသမျှဖြင့် လုပ်ဆောင်လော့။ ဘုရားသခင် ပြုပြီးသည့်အရာသည် အမှားမရှိပါ။ ဤသို့သော ရိုးရှင်းသည့် သမ္မာတရားကို လူများက အသိတရားနှင့် ဆင်ခြင်တုံတရား အနည်းငယ်ဖြင့် လက်တွေ့လုပ်ဆောင်နိုင်သည်။ သို့သော် ယင်းသည် အန္တိခရစ်များ၏ အရည်အချင်းများထက် ကျော်လွန်သည်။ တာဝန်များကို ချိန်ညှိခြင်းနှင့်ပတ်သက်လျှင် အန္တိခရစ်များသည် ချက်ချင်း အကြောင်းပြချက်များ၊ တစ်ပတ်ရိုက်ခြင်း၊ အာခံခြင်းများ ပြုမည်ဖြစ်ပြီး စိတ်အတွင်းတွင် ယင်းကို လက်ခံရန် ငြင်းဆန်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးတွင် မည်သည့်အရာရှိသနည်း။ မသင်္ကာမှုနှင့် သံသယရှိသည်။ ထို့နောက် ၎င်းတို့သည် နည်းလမ်းပေါင်းစုံသုံးလျက် သူတစ်ပါးတို့ကို စုံစမ်းစစ်ဆေးကြသည်။ ၎င်းတို့သည် ၎င်းတို့၏ စကားများ၊ လုပ်ဆောင်ချက်များနှင့် သွေးတိုးစမ်းကြသည်။ မသမာသောနည်းလမ်းများဖြင့် လူတို့ကို အမှန်အတိုင်းပြောပြီး ရိုးသားစွာပြောဆိုရန် အကျပ်ကိုင်ပြီး သွေးဆောင်မှုပင် ပြုလုပ်ကြသည်။ ၎င်းတို့ အဘယ်ကြောင့် တာဝန်ပြောင်းခြင်းခံရသည်၊ မိမိတို့၏တာဝန်ကို ထမ်းဆောင်ဖို့ ၎င်းတို့အား အဘယ်ကြောင့် ခွင့်မပြုသည်၊ မည်သူက ကြိုးကိုင်နေသည်၊ မည်သူက ၎င်းတို့အတွက် အမှုကိစ္စများကို ရှုပ်ထွေးအောင်လုပ်ရန် ကြိုးစားနေသည်တို့ကို နားလည်ဖို့ ၎င်းတို့ ကြိုးစားကြသည်။ ၎င်းတို့ ငြင်းခုံရမည့်လူ၊ သို့မဟုတ် အပြစ်ဒဏ်ပေးရမည့်သူကို ရှာတွေ့နိုင်ဖို့အလို့ငှာ၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် အကြောင်းအရင်းကို မပြတ်မေးမြန်းကြလျက်၊ မည်သည့်အရာ အမှန်တကယ် ဖြစ်ပျက်နေသည်ကို နားလည်ဖို့ မပြတ်ကြိုးစားနေကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ဖို့၊ ၎င်းတို့အတွင်း၌ မည်သည့်ပြဿနာရှိကြောင်းကို ကြည့်ရှုဖို့ ဘုရားသခင်ရှေ့မှောက်သို့ လာရမှန်း မသိကြပေ၊ မိမိတို့ကိုယ်၌က အကြောင်းအရင်း မရှာကြချေ၊ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်ထံ ဆုမတောင်းကြ၊ မိမိတို့ကိုယ်ကို မဆန်းစစ်သကဲ့သို့၊ “ကျွန်ုပ်၏တာဝန်ကို ကျွန်ုပ်ထမ်းဆောင်သည့် နည်းလမ်း၌ အဘယ်ပြဿနာ ရှိခဲ့သနည်း။ ကျွန်ုပ်သည် ဝတ်ကျေတမ်းကျေ ဖြစ်နေခြင်းများ ဖြစ်ခဲ့သလော။ ကျွန်ုပ်သည် စည်းမျဉ်းမရှိခဲ့သလော။ မည်သည့်အကျိုးတရားမျှ လုံးဝ မရှခဲ့သလော” ဟုလည်း မပြောကြချေ။ မိမိတို့ကိုယ်ကို ဤမေးခွန်းများ တစ်ကြိမ်တခါမျှ မေးမြန်းရမည့်အစား ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို စဉ်ဆက်မပြတ် မေးခွန်းထုတ်ကြလေသည်။ “ကျွန်ုပ်၏တာဝန်သည် အဘယ်ကြောင့် ညှိနှိုင်းပြင်ဆင်ခြင်း ခံရသနည်း။ ကျွန်ုပ်သည် အဘယ်ကြောင့် ဤသို့ဆက်ဆံခြင်း ခံနေရသနည်း။ ၎င်းတို့သည် အဘယ်ကြောင့် အလွန် အလေးမထားကြသနည်း။ ၎င်းတို့သည် ကျွန်ုပ်ကို အဘယ်ကြောင့် မမျှမတဆက်ဆံရသနည်း။ ၎င်းတို့သည် ကျွန်ုပ်၏ သိက္ခာကို အဘယ်ကြောင့် မစဉ်းစားကြသနည်း။ ၎င်းတို့သည် ကျွန်ုပ်ကို အဘယ်ကြောင့် တိုက်ခိုက်ပြီး ဖယ်ကြဉ်ကြသနည်း။” ဤ “အဘယ်ကြောင့်များ” အားလုံးသည် အန္တိခရစ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် ဝိသေသလက္ခဏာတို့၏ ထင်ရှားသော ထုတ်ဖော်ပြချက် တစ်ခုဖြစ်လေသည်။ အန္တိခရစ်များသည် မိမိတို့တာဝန်များကို ပြုပြင်ခံရခြင်းကဲ့သို့သော အလွန်သေးငယ်သည့် ကိစ္စရပ်တစ်ခုအပေါ်တွင် ပြဿနာဖန်တီးရန် ဤသို့ ပုံကြီးချဲ့လိမ့်မည်၊ ဤသို့ ရုတ်ရုတ်သဲသဲ ဖြစ်အောင်လုပ်မည်၊ ၎င်းတို့တွင် ရှိသမျှနည်းလမ်းတိုင်းကို သုံးမည်ဟု မည်သည်ကမျှ စိတ်မကူးမိနိုင်ပေ။ ၎င်းတို့သည် ရိုးရှင်းသောအရာကို အဘယ်ကြောင့် အလွန်ရှုပ်ထွေးစေကြသနည်း။ အကြောင်းပြချက်တစ်ခုသာရှိသည်။ အန္တိခရစ်များသည် ဘုရားအိမ်တော်၏ အစီအစဉ်များကို မည်သည့်အခါမျှ မနာခံကြပေ။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းတို့ကို ၎င်းတို့၏ ကောင်းချီးရရှိရန် မျှော်လင့်ချက်နှင့် အနာဂတ် ပန်းတိုင်တို့ဖြင့် နီးကပ်စွာ ချိတ်ဆက်ထားကြသည်။ ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်း ဆုံးရှုံးသွားသည်နှင့် ကောင်းချီးများ၊ ဆုလာဘ်များရရှိရန် မျှော်လင့်ချက်မရှိတော့သကဲ့သို့ပင်ဖြစ်သည်။ ဤအရာများက ၎င်းတို့၏ အသက်ကို ဆုံးရှုံးရသကဲ့သို့ ခံစားရသည်။ ၎င်းတို့က “ငါသည် ဂရုစိုက်ရမည်။ ပေါ့ဆ၍ မရပေ။ ဘုရားအိမ်တော်၊ ညီအစ်ကိုမောင်နှမများ၊ ခေါင်းဆောင်များ၊ အမှုဆောင်များနှင့် ဘုရားသခင်ကိုပင် အားကိုး၍မရပေ။ ၎င်းတို့ထဲမှ မည်သူ့ကိုမျှ ငါ ယုံကြည်၍မရပေ။ သင် အားအကိုးနိုင်ဆုံးသောသူနှင့် ယုံကြည်ရန် အထိုက်တန်ဆုံးသောသူမှာ သင်ကိုယ်တိုင်ဖြစ်သည်။ သင်သည် သင့်ကိုယ်သင်အတွက် အစီအစဉ်များ မပြုလုပ်နေလျှင် သင့်အား မည်သူက ဂရုစိုက်မည်နည်း။ သင်၏ အနာဂတ်ကို မည်သူက ထည့်စဉ်းစားမည်နည်း။ ကောင်းချီးများအား သင်လက်ခံရရှိခြင်းရှိမည်၊ မရှိမည်ကို မည်သူက ထည့်စဉ်းစားမည်နည်း။ ထို့ကြောင့် ငါသည် ငါ၏အကျိုးအတွက် အစီအစဉ်များနှင့် တွက်ချက်မှုများကို သေချာလုပ်ဆောင်ရမည်။ အမှားများပြုလုပ်၍မရ၊ သို့မဟုတ် အနည်းငယ်မျှပင် ပေါ့ဆ၍ မရပေ။ မဟုတ်လျှင် တစ်စုံတစ်ယောက်က ငါ့အပေါ် အခွင့်အရေးယူဖို့ ကြိုးစားလျှင် မည်သည့်အရာကို ငါလုပ်ဆောင်ရမည်နည်း” ဟု တွေးကြသည်။ ထို့ကြောင့် ၎င်းတို့သည် တစ်စုံတစ်ယောက်က ၎င်းတို့အား ပိုင်းခြားသိမြင်မည်၊ သို့မဟုတ် ရိပ်စားမိမည်ကိုလည်းကောင်း၊ ဤသို့ဖြင့် ၎င်းတို့သည် ထုတ်ပယ်ခံရပြီး ၎င်းတို့၏ ကောင်းချီးရရှိဖို့အိပ်မက်က ပျက်စီးသွားမည်ကိုလည်းကောင်း ကြောက်ရွံ့လျက် ဘုရားအိမ်တော်၏ ခေါင်းဆောင်များနှင့် အမှုဆောင်များကို သတိထားကာကွယ်ကြသည်။ ၎င်းတို့သည် ကောင်းချီးများ ရရှိရန် မျှော်လင့်ချက်ကို ထားရှိဖို့အလို့ငှာ မိမိတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကိုထိန်းသိမ်းရမည်ဟု ထင်ကြသည်။ ကောင်းကြီးခံစားရခြင်းသည် ကောင်းကင်ဘုံထက်ကြီးမြတ်သည်၊ အသက်ထက် ပိုကြီးမြတ်သည်၊ သမ္မာတရားကို လိုက်စားခြင်း၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်း၊ သို့မဟုတ် တစ်ကိုယ်ရေ ကယ်တင်ခြင်းထက်ပို၍ အရေးကြီးသည်၊ မိမိတာဝန်ကို ကောင်းစွာလုပ်ဆောင်ခြင်း၊ စံနှုန်းနှင့် ကိုက်ညီသော ဖန်ဆင်းခံတစ်ယောက်ဖြစ်ခြင်းထက် ပို၍အရေးကြီးသည်ဟု အန္တိခရစ်တစ်ယောက်က မြင်သည်။ ၎င်းတို့သည် စံနှုန်းနှင့် ကိုက်ညီသော ဖန်ဆင်းခံတစ်ယောက်ဖြစ်ခြင်း၊ မိမိတို့တာဝန်ကို ကောင်းစွာထမ်းဆောင်ပြီး ကယ်တင်ခံရခြင်းသည် ပြောဆိုဖို့ပင် သို့မဟုတ် မှတ်ချက်ပေးဖို့ပင် ထိုက်တန်မှုသိပ်မရှိသည့် သေးနုပ်သောအရာများဖြစ်သည်ဟု ထင်မြင်သော်လည်း၊ ကောင်းကြီးရရှိခြင်းကမူ ၎င်းတို့၏ တစ်ဘဝလုံးတွင် မည်သည့်အခါမျှ မေ့၍မရနိုင်သော တစ်ခုတည်းသောအရာဖြစ်သည်။ မည်သည့်အရာကို ၎င်းတို့ ကြုံတွေ့ရသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ၊ သေးငယ်သည်ဖြစ်စေ ၎င်းတို့သည် ယင်းကို ကောင်းချီးခံစားရခြင်းနှင့် ဆက်စပ်ပြီး အလွန်အမင်း သတိထားပြီး အာရုံစိုက်ကြသည်။ ပြီးလျှင် အစဉ်သဖြင့် မိမိတို့ကိုယ်တိုင်အတွက် ထွက်ပေါက်တစ်ခု ထားထားကြသည်။ ထို့ကြောင့် ၎င်းတို့တာဝန် ချိန်ညှိခြင်းခံရသောအခါ ယင်းသည် ရာထူးတိုးခြင်းဖြစ်လျှင် ကောင်းချီးရဖို့ မျှော်လင့်ချက်ရှိသည်ဟု အန္တိခရစ်က ထင်မြင်လိမ့်မည်။ အဖွဲ့ခေါင်းဆောင်မှ လက်ထောက်အဖွဲ့ခေါင်းဆောင်အဖြစ်သို့၊ သို့မဟုတ် လက်ထောက်အဖွဲ့ခေါင်းဆောင်မှ သာမန်အဖွဲ့ဝင်အဖြစ်သို့ ရာထူးချခြင်းဖြစ်လျှင် ဤသည်မှာ ပြဿနာအကြီးစား ဖြစ်သည်ဟု ကြိုတင်ခန့်မှန်းပြီး ကောင်းချီးများရရန် မျှော်လင့်ချက်က နည်းပါးသည်ဟု ထင်မြင်သည်။ ဤသည်မှာ မည်သည့် ရှုမြင်ပုံမျိုးနည်း။ မှန်ကန်သော ရှုမြင်ချက်ဖြစ်သလော။ လုံးဝ မဟုတ်ပေ။ ဤအမြင်သည် အဓိပ္ပာယ်မရှိပေ။ လူတစ်ယောက်က ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရမရဆိုသည်မှာ မည်သည့်တာဝန်ကို သူထမ်းဆောင်သည်ဆိုသည့်အပေါ်တွင် အခြေမခံဘဲ သမ္မာတရားကို ပိုင်ဆိုင်သလော၊ ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံသလော၊ သစ္စာရှိသလောဆိုသည်တို့အပေါ်တွင် အခြေခံသည်။ ဤအရာများက အရေးကြီးဆုံးအရာများဖြစ်သည်။ လူများအတွက် ဘုရားသခင်၏ ကယ်တင်ခြင်း အချိန်ကာလအတောအတွင်းတွင် ၎င်းတို့သည် စမ်းသပ်မှုများစွာကို ခံရမည်။ အထူးသဖြင့် ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုတွင် ကျရှုံးမှုနှင့် အလှည့်အပြောင်းများစွာကို ဖြတ်သန်းရမည်ဖြစ်သော်လည်း အဆုံးတွင် ၎င်းတို့သည် သမ္မာတရားကို နားလည်ပြီး ဘုရားသခင်အား အမှန်တကယ် ကျိုးနွံနာခံလျှင် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိသောသူဖြစ်လိမ့်မည်။ အန္တိခရစ်များသည် မိမိတို့၏တာဝန်ကို ပြုပြင်ခံရခြင်း အမှုကိစ္စ၌ သမ္မာတရားကို နားမလည်၊ သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း လုံးဝမရှိသည်ကို မြင်နိုင်သည်။
တာဝန်တစ်ခုကို ထမ်းဆောင်နေသောသူအားလုံးထဲတွင် မည်သည့်အရာကိုမျှ ကောင်းစွာ မလုပ်ဆောင်သောသူအချို့ အမြဲရှိလိမ့်မည်။ ၎င်းတို့သည် သမ္မာတရားကို နားမလည်သောကြောင့် ဆောင်းပါးများရေးသားရာ၌ မတော်ကြသည့်အပြင် ခရစ်ယာန်များ မကြာခဏအသုံးပြုသော အသုံးအနှုန်းနှင့်ဆိုင်သည့် ဝိညာဉ်ရေးရာ ဝေါဟာရကိုပင် သဘောပေါက်နားလည်ခြင်း မရှိကြပေ။ ၎င်းတို့၌ အရေးအသားကျွမ်းကျင်မှုနှင့် ပညာအရည်အချင်းအချို့ ရှိကောင်းရှိနိုင်သော်လည်း တာဝန်အတွက် စံမမီကြပေ။ အကယ်၍ သင်သည် ၎င်းတို့ကို စာရွက်စာတမ်းများ စာပြင်ခိုင်းပါက အတန်ငယ်ကြာပြီးနောက် ၎င်းတို့သည် ထိုအရာ၌လည်း မတော်ကြောင်း သိသာထင်ရှားလာသည်။ ၎င်းတို့၏အစွမ်းအစမှာ ချို့တဲ့နေပြီး အမှုအရာများကို အမြဲလွဲချော်နေတတ်သဖြင့် သင်သည် ၎င်းတို့ကို နောက်တစ်ဖန် တာဝန်ပြန်လည်ချထားရသည်။ ၎င်းတို့၌ ကွန်ပျူတာကျွမ်းကျင်မှုများရှိသည်ဟု ၎င်းတို့ ဆိုကြသော်လည်း ထိုနယ်ပယ်၌ တာဝန်တစ်ခုကို ခဏတာ ထမ်းဆောင်ပြီးနောက် ထိုအရာ၌လည်း ၎င်းတို့ မတော်ကြပေ။ ၎င်းတို့သည် ထမင်းဟင်းချက်ကောင်းသူတစ်ဦး ဖြစ်ပုံရသဖြင့် သင်သည် ၎င်းတို့အား ညီအစ်ကိုမောင်နှမများအတွက် အစားအစာများ ပြုလုပ်စေသည်။ ၎င်းတို့ပြုလုပ်သော အစားအစာများသည် ငန်လွန်းသည် သို့မဟုတ် ပေါ့လွန်းသည့်အပြင် များလွန်းသည် သို့မဟုတ် နည်းလွန်းသည်ဟု လူတိုင်းက တိုင်ကြားလာကြသည်။ ၎င်းတို့သည် ချက်ပြုတ်ခြင်းကို လုပ်ဆောင်ရန် ၎င်းတို့ မသင့်တော်ကြောင်းကို မြင်တွေ့ရသဖြင့် သင်သည် ၎င်းတို့ကို ဧဝံဂေလိတရား ဟောကြားရန် စီစဉ်ပေးသည်။ သို့သော် ဧဝံဂေလိအဖွဲ့တွင် ပါဝင်ရမည်ကို ၎င်းတို့ ကြားသည်နှင့်တစ်ပြိုင်နက် စိတ်ဓာတ်ကျသွားကြပြီး၊ “ထိုသို့ဖြစ်ပေသည်။ ငါ ဘေးဖယ်ခံလိုက်ရပေပြီ။ ကောင်းချီးခံစားရဖို့ မျှော်လင့်ချက်မရှိတော့ပါ။ ငိုရုံကလွဲပြီး မည်သည့်အရာမျှ လုပ်စရာမရှိပါ”ဟု စဉ်းစားကြလေသည်။ ထို့နောက် အပျက်သဘောဆောင်ပြီး စိတ်ဓာတ်ကျသော စိတ်အခြေအနေဖြင့် ၎င်းတို့သည် ဆုတ်ယုတ်ပြီးအကျင့်ပျက်ကာ ဧဝံဂေလိတရား ဟောကြားခြင်းနှင့် ဘုရားသခင်၏ အမှုတော်သစ်ကို သက်သေခံခြင်းအပေါ် ဆက်အလေးမထားနိုင်ကြပေ။ ထိုအစား ၎င်းတို့သည် “မည်သည့်အချိန်တွင် စာအခြေပြုအလုပ်ကို ငါ ပြန်လုပ်နိုင်မည်နည်း။ မည်သည့်အချိန်တွင် ငါ တစ်ဖန် ခေါင်းမော့နေနိုင်မည်နည်း။ မည်သည့်အချိန်တွင် အထက်ကို ငါ တစ်ဖန် စကားပြောခွင့်ရလိမ့်မည်နည်း သို့မဟုတ် ပိုမိုအဆင့်မြင့်သည့် ဆုံးဖြတ်ချက်ချခြင်းတွင် ပါဝင်ခွင့်ရလိမ့်မည်နည်း။ ငါ ခေါင်းဆောင်တစ်ဦးဖြစ်သည်ကို လူတိုင်းက မည်သည့်အချိန်တွင် တစ်ဖန် သတိပြုမိကြလိမ့်မည်နည်း”ဟု အဆက်မပြတ် တွေးတောနေကြသည်။ ၎င်းတို့သည် ပြန်လည်ရာထူးခန့်အပ်ခြင်း မခံရဘဲ နှစ်အနည်းငယ်ကြာ စောင့်ဆိုင်းပြီးနောက်၊ “ဘုရားကို ယုံကြည်ရခြင်းက မည်သည့် အဓိပ္ပာယ်မျှမရှိပါ။ ငါက လောကတွင် အရာရှိဖြစ်လာမည့် လမ်းကြောင်းပေါ်တွင် ဆုတ်ဆိုင်းမှုများစွာ ကြုံတွေ့ရသည့်လူများနှင့် အတူတူသာ ဖြစ်သည် မဟုတ်လော”ဟု စတင်တွေးဆမိလာကြသည်။ ထိုဆုတ်ဆိုင်းမှုများစွာကို တွေးမိသည့်အခါ ၎င်းတို့သည် ပို၍ပင် စိတ်ဓာတ်ကျလာပြီး လုံးဝ စိတ်ပျက်အားငယ်သွားကြသည်။ ၎င်းတို့က၊ “ယုံကြည်သူတစ်ဦးဖြစ်ရသည့် ဤနှစ်ကာလများအားလုံးနောက်တွင်၊ ငါသည် တစ်ခါမျှပင် အဓိက ခေါင်းဆောင်တစ်ယောက် မဖြစ်ခဲ့ဖူးပါ။ နောက်ဆုံးမှာ အဖွဲ့ခေါင်းဆောင်တစ်ယောက်အဖြစ် အစေခံဖို့ စီမံနိုင်ခဲ့ပြီးနောက်တွင် ငါ ထုတ်ပယ်ခံခဲ့ရပြီး အခြားတာဝန်များတွင်လည်း မတော်ခဲ့ပါ။ အမှန်ပင် ငါ ကံဆိုးပေသည်။ မည်သည့်အရာမျှ ငါ့စိတ်တိုင်းကျ မဖြစ်ဖူးပါ။ ထိုအရာသည် အရာရှိဖြစ်လာဖို့ လမ်းကြောင်းပေါ်တွင် ဆုတ်ဆိုင်းမှုများ တပုံတပင်နှင့် ရုန်းကန်နေရသကဲ့သို့ပင် ဖြစ်သည်။ ဘုရားအိမ်တော်က ငါ့ကို အဘယ်ကြောင့် ရာထူးမတိုးပေးသနည်း။ ငါ၏အဆင့်အတန်းနှင့် ဂုဏ်သတင်းက အမှန်ပင် အောက်ဆုံးအဆင့် ရောက်သွားပြီဖြစ်သည်။ ငါ အဘယ်သူဖြစ်သည်ကို မည်သူကမျှ မှတ်ပင်မမှတ်မိသကဲ့သို့၊ အထက်ကလည်း ငါ့ကို လုံးဝ မဖော်ပြဖူးပါ။ ငါ၏ ဂုဏ်ရှိခဲ့သော နေ့ရက်များ ကုန်ဆုံးသွားပေပြီ။ ငါ အောင်မြင်မှု ကင်းမဲ့ခြင်းနှင့်ပတ်သက်၍ မည်သည့်အရာကို ငါ လုပ်ဆောင်ရမည်နည်း။ ဘုရားကို အလွန်ချစ်သည်။ အသင်းတော်နှင့် ဘုရားအိမ်တော်ကို ငါတကယ်ချစ်သည်။ သို့ဆိုလျှင်အောင်မြင်ခြင်းကို ငါ အဘယ်ကြောင့် မွေ့လျော်ခံစားခြင်း မရှိသေးသနည်း။ ဘုရားကို ယုံကြည်ခြင်းက အဓိပ္ပာယ်မရှိပါ။ ဘုရားအိမ်တော်တွင် ငါ၏ကြီးကျယ်ခမ်းနားသော အစီအစဉ်များကို ငါ အမှန်တကယ် အကောင်အထည်ဖော်ချင်ခဲ့သည်၊ ငါ၏ အားအင်နှင့် အားသာချက်များကို အသုံးချချင်ခဲ့သည်။ သို့သော်ဘုရားက ငါ့ကို အရေးကြီးသည့် ရာထူးများတွင် မထားပါ သို့မဟုတ် ငါ့ကို မမြင်ပါ။ အဓိပ္ပာယ်မရှိပါ”ဟု ပြောကြလေသည်။ အဓိပ္ပာယ်မရှိခြင်းနှင့် ပတ်သက်၍ ဆူညံသံများ အဆက်မပြတ် ဖန်တီးခြင်းအားဖြင့် ၎င်းတို့က မည်သည့်အရာကို ဆိုလိုသနည်း။ ၎င်းတို့က မိမိတို့၏တာဝန်ကို ထမ်းဆောင်ခြင်း၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို လိုက်စားခြင်း၊ သမ္မာတရားကို နားထောင်ခြင်းနှင့် တရားဒေသနာများကို နားထောင်ခြင်း၊ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းနှင့် သမ္မာတရားစည်းမျဉ်းများကို ရှာဖွေခြင်းတို့၌ အဓိပ္ပာယ်မရှိဟု ဆိုလိုပေသည်။ သို့ဆိုလျှင် ၎င်းတို့အတွက် မည်သည့်အရာကို လုပ်ဆောင်ရာတွင် အဓိပ္ပာယ်ရှိသနည်း။ အရာရှိရာထူးရှိခြင်း၊ ကောင်းချီးများရရှိခြင်း၊ ကောင်းချီးများအတွက် ၎င်းတို့၏ လိုအင်ဆန္ဒနှင့် ရည်မှန်းချက် ပြည့်စုံခြင်း၊ အခွင့်အခါတိုင်း၌ မိမိကိုယ်ကို ကြွားဝါခြင်း၊ လေးစားကြည်ညိုခံရခြင်းနှင့် ဂုဏ်သတင်းရှိခြင်းတို့ ဖြစ်သည်။ ၎င်းတို့အတွက် အခြားမည်သည့်အရာ၌မျှ အဓိပ္ပာယ်မရှိပေ။ အဓိပ္ပာယ်မရှိဟု ၎င်းတို့ ခံစားရသောအခါ၊ ၎င်းတို့ စိတ်ဓာတ်ကျသောအခါ၊ ၎င်းတို့၏ ခြေထောက်များသည် အလိုအလျောက်ပင် အပြင်သို့ ထွက်သွားချင်နေတော့သည်။ ၎င်းတို့သည် ဘုရားအိမ်တော်ကို စွန့်ခွာချင်ကြသည်၊ ဆုတ်ခွာလိုကြသည်။ ဤသည်မှာ ၎င်းတို့ အန္တရာယ်ရှိနေသည်ဟု ဆိုလိုသည်။ တာဝန်တစ်ခုကို ထမ်းဆောင်သော လူအချို့ရှိသည်၊ အထူးသဖြင့် ဘာသာတရား မရှိသူများနှင့် မကြာခဏ ထိတွေ့ဆက်ဆံရစေသည့် မထင်မရှားသော တာဝန်တစ်ခုကို ထမ်းဆောင်သူများနှင့် ဤအုပ်စုမှ အဖွဲ့ဝင်အချို့သည် ခြေတစ်ဖက်က အထဲမှာ၊ ခြေတစ်ဖက်က အပြင်မှာ ရှိနေကြသည်။ ယင်းက မည်သည့်အရာကို ဆိုလိုသနည်း။ ဤလူတို့သည် မည်သည့်အချိန်မဆို နုတ်ထွက်နိုင်ပြီး အကယ်၍ ၎င်းတို့၏ နောက်ဆုံးခုခံကာကွယ်ရေးစည်း ပြိုကျသွားပါက ၎င်းတို့၏ အခြားခြေတစ်ဖက်သည် ပြတ်သားသော ခြေလှမ်းတစ်လှမ်းကို အပြင်သို့ လှမ်းမည်ဖြစ်ပြီး ဘုရားအိမ်တော်မှ လုံးဝကင်းကွာကာ အသင်းတော်ကို လုံးလုံးလျားလျား စွန့်ခွာသွားလိမ့်မည်ဟု ဆိုလိုသည်။ ၎င်းတို့၏ တာဝန်များကို ပြင်ပေးခြင်းနှင့် ပတ်သက်လာသောအခါ၊ မည်သည့်နေရာသို့ ၎င်းတို့ ပြောင်းရွှေ့ခံရသည်၊ မည်သည့်တာဝန်ကို ထမ်းဆောင်ရသည်၊ ထိုတာဝန်က ၎င်းတို့၏ ပုဂ္ဂိုလ်ရေးရာ လိုအင်ဆန္ဒများကို ဖြည့်ဆည်းပေးခြင်းရှိမရှိ၊ ယင်းက ၎င်းတို့ကို လေးစားကြည်ညိုမှု ရရှိစေခြင်း ရှိမရှိ၊ ၎င်းတို့၏ တာဝန်အသစ်နှင့်ဆိုင်သည့် ရာထူးနှင့် အဆင့်အတန်းက မည်သို့ရှိသည်ဟူသော အရာများအားလုံးကို ဤလူတို့က ကောင်းချီးများရရှိရန်ဖြစ်သည့် ၎င်းတို့၏ ရည်ရွယ်ချက်နှင့်လည်းကောင်း၊ လိုအင်ဆန္ဒတို့နှင့်လည်းကောင်း ချိတ်ဆက်ထားကြသည်။ ၎င်းတို့၏ တာဝန်များကို ပြင်ပေးခြင်းအပေါ် အန္တိခရစ်များက ထားရှိသော သဘောထားနှင့် ရှုမြင်ပုံကို အခြေခံ၍ ၎င်းတို့၏ ပြဿနာမှာ မည်သည့်နေရာ၌ ရှိသနည်း။ ဤသည်မှာ ကြီးမားသော ပြဿနာတစ်ခု ဖြစ်သည်မဟုတ်လာ။ (ဟုတ်ပါသည်။) ပြဿနာမှာ အဘယ်နည်း။ (၎င်းတို့သည် မိမိတို့၏ တာဝန်များကို ပုံမှန်ပြင်ပေးခြင်းအား အသင်းတော်၌ ၎င်းတို့၏ အဆင့်အတန်းနှင့် ၎င်းတို့ ကောင်းချီးများ ရရှိနိုင်ခြင်း ရှိမရှိဟူသည့်အချက်တို့နှင့် ချိတ်ဆက်ကြသည်။ ၎င်းတို့၏ တာဝန်များကို ပြင်ပေးသောအခါ ၎င်းတို့သည် ဘုရားအိမ်တော်၏ စီစဉ်မှုများကို လက်ခံပြီး နာခံမည့်အစား မိမိတို့၏ အဆင့်အတန်းကို ဆုံးရှုံးနေသည်ဟု ထင်ကြပြီး ကောင်းချီးများ မရနိုင်တော့ဟု တွေးထင်ကြပြီးနောက် ဘုရားသခင်ကို ယုံကြည်ခြင်းက အဓိပ္ပာယ်မရှိဟု ခံစားရပြီး ဘုရားအိမ်တော်ကို စွန့်ခွာလိုကြသည်။) ဤနေရာတွင် ၎င်းတို့၏ အကြီးမားဆုံးသော အမှားမှာ မိမိတို့၏ တာဝန်များကို ပြင်ပေးခြင်းအား ကောင်းချီးများရရှိခြင်းနှင့် ချိတ်ဆက်ထားကြခြင်း ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ လုံးဝ မလုပ်ဆောင်သင့်ဆုံးသောအရာ ဖြစ်ခဲ့သည်။ အမှန်တကယ်တွင် ထိုအရာနှစ်ခုလုံးအကြား လုံးဝ ဆက်စပ်မှုမရှိပေ။ သို့သော် အန္တိခရစ်များ၏ စိတ်နှလုံးများသည် ကောင်းချီးများရရှိရန် လိုအင်ဆန္ဒဖြင့် ပြည့်နေသောကြောင့် မည်သည့်တာဝန်ကိုပင် ၎င်းတို့ ထမ်းဆောင်သည်ဖြစ်စေ ယင်းကို ကောင်းချီးများ ရရှိနိုင်ခြင်း ရှိမရှိဟူသည့်အချက်နှင့် ၎င်းတို့က ချိတ်ဆက်ကြလိမ့်မည်ဖြစ်ရာ ယင်းမှာ တာဝန်တစ်ခုကို ကောင်းစွာထမ်းဆောင်ရန် မဖြစ်နိုင်ဟု ဆိုလိုခြင်းဖြစ်ပြီး ၎င်းတို့အနေဖြင့် ဖော်ထုတ်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းတို့ကိုသာ ခံရနိုင်သည်။ ဤသည်မှာ ကိုယ့်ဒုက္ခကို ကိုယ်ရှာခြင်းဖြစ်ပြီး၊ မိမိကိုယ်ကို ပျက်ဆီးခြင်းလမ်းကြောင်းပေါ်သို့ ရောက်စေခြင်းပင် ဖြစ်သည်။
သင်တို့၏တာဝန်ကို ထမ်းဆောင်ခြင်းကိစ္စရပ်ကို သင်တို့ မည်သို့ သဘောထားသင့်သနည်း။ သင်တို့သည် မှန်ကန်သော သဘောထား ရှိရမည်၊ ယင်းမှာ သင်တို့၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်းအတွက် မရှိမဖြစ်လိုအပ်ချက် ဖြစ်သည်။ သင့်အတွက် မည်သည့်တာဝန်က သင့်လျော်သည်ဆိုသည်ကို သင်၏ ကိုယ်ပိုင်အားသာချက်များအပေါ်တွင် အခြေခံသင့်သည်။ တစ်ခါတစ်ရံတွင် အသင်းတော်မှ သင့်အတွက် စီစဉ်သည့်တာဝန်သည် သင်ကျွမ်းကျင်သည့်အရာ၊ သို့မဟုတ် သင်လုပ်ဆောင်လိုသည့်အရာတစ်ခုမဟုတ်လျှင် သင်သည် ဤအရေးကိစ္စကို ထုတ်ဖော်ပြောဆိုနိုင်ပြီး ဆွေးနွေးပြောဆိုခြင်းမှတစ်ဆင့် ဖြေရှင်းနိုင်သည်။ သို့သော် သင်သည် တာဝန်ကို ထမ်းဆောင်နိုင်ပြီး ယင်းမှာ သင်ထမ်းဆောင်သင့်သည့် တာဝန်ဖြစ်သည့်တိုင်၊ သင်သည် ဒုက္ခခံရမည်ကို ကြောက်ရုံဖြင့် မလုပ်ဆောင်လိုလျှင် သင့်တွင် ပြဿနာတစ်ခုရှိသည်။ သင်သည် နာခံလိုစိတ်ရှိပြီး သင်၏ ဇာတိပကတိကို ပုန်ကန်နိုင်လျှင် သင်သည် အတော်အတန် ဆင်ခြင်တုံတရားရှိသည်ဟု ဆိုနိုင်သည်။ သို့ရာတွင် မည်သည့်တာဝန်များက ပို၍ သိက္ခာရှိသည်ဟု သင်က အစဉ်တွက်ချက်ဖို့ ကြိုးစားပြီး၊ တာဝန်အချို့က အခြားလူများ သင့်ကို အထင်သေးစေလိမ့်မည်ဟု ယူဆလျှင်၊ ဤသည်မှာ သင့်တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုရှိသည်ကို သက်သေပြသည်။ သင်သည် တာဝန်များအပေါ် သင်၏ နားလည်မှုတွင် အဘယ်ကြောင့် အလွန် အမြင်စောင်းနေရသနည်း။ သင်၏ ကိုယ်ပိုင်အယူအဆများပေါ် အခြေခံ၍ သင်ရွေးချယ်သော တာဝန်တစ်ခုဖြစ်မှသာ သင်သည် ကောင်းမွန်စွာ ထမ်းဆောင်နိုင်မည်လော။ဤသည်မှာ သေချာပေါက် မမှန်ကန်ပေ။ ဤနေရာတွင် အရေးကြီးဆုံးမှာ သင်၏ ဖောက်ပြန်ပျက်စီးသောစိတ်သဘောထားကို ဖြေရှင်းခြင်းဖြစ်သည်။ မဖြေရှင်းလျှင် သင်နှစ်သက်သောတာဝန်ဖြစ်လျှင်ပင် ထိုတာဝန်ကို ကောင်းစွာထမ်းဆောင်နိုင်လိမ့်မည်မဟုတ်ပေ။ လူအချို့သည် စည်းမျဉ်းမရှိဘဲ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ကြသည်။ ၎င်းတို့၏ တာဝန်ထမ်းဆောင်ခြင်းသည် ၎င်းတို့၏ ကိုယ်ပိုင်နှစ်သက်မှုများအပေါ်တွင် အစဉ် အခြေခံသည်။ ထို့ကြောင့် ၎င်းတို့သည် အခက်အခဲများကို မည်သည့်အခါမျှ မဖြေရှင်းနိုင်ကြပေ။ ၎င်းတို့ထမ်းဆောင်သည့်တာဝန်တိုင်းတွင် အစဉ်သဖြင့် ဖြစ်သလိုလုပ်ဆောင်သည်။ နောက်ဆုံးတွင် ၎င်းတို့သည် ဖယ်ရှားရှင်းလင်းခြင်းခံရသည်။ ဤသို့သောလူများသည် ကယ်တင်ခံရနိုင်သလော။ သင်တို့နှင့် သင့်တော်သော တာဝန်ကို သင်တို့ ရွေးချယ်ရမည်၊ ထိုတာဝန်ကို ကောင်းစွာ ထမ်းဆောင်ရမည်ဖြစ်ပြီး သင်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေနိုင်ရမည်။ ထိုအခါမှသာ သင်တို့သည် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်ကြပေလိမ့်မည်။ အကယ်၍ သင်တို့သည် သင်တို့၏တာဝန်၌ ဇာတိပကတိဆိုင်ရာ သက်သောင့်သက်သာရှိမှုကို အမြဲ လိုက်စားပြီး ကြည့်ကောင်းစေရန် ကြိုးစားပါက သင်တို့၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ အကယ်၍ သင်တို့သည် မည်သည့်တာဝန်ကိုမျှ ကောင်းစွာ မထမ်းဆောင်နိုင်ပါက ဖယ်ရှားရှင်းလင်းခြင်း ခံရလိမ့်မည်။ အချို့လူများသည် မည်သည့်တာဝန်ကိုပင် ထမ်းဆောင်နေသည်ဖြစ်စေ စိတ်ကျေနပ်ခြင်း မရှိကြ၊ မိမိတို့၏ တာဝန်များကို ယာယီအဖြစ် ၎င်းတို့ အမြဲ ရှုမြင်ကြသည်၊ ၎င်းတို့သည် ဝတ်ကျေတမ်းကျေ ဖြစ်ကြပြီး ၎င်းတို့ ထုတ်ဖော်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် သမ္မာတရားကို မရှာဖွေကြပေ။ အကျိုးဆက်အနေနှင့် ၎င်းတို့သည် မည်သည့်အသက်ဝင်ရောက်မှုကိုမျှ မရရှိဘဲ မိမိတို့၏ တာဝန်များကို နှစ်ပေါင်းများစွာ ထမ်းဆောင်ကြလေသည်။ ၎င်းတို့သည် အလုပ်လုပ်ပေးသူများ ဖြစ်လာပြီး ဖယ်ရှားရှင်းလင်းခြင်း ခံရသည်။ ဤအရာကို ၎င်းတို့ဘာသာ ဖြစ်စေကြသည် မဟုတ်လော။ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များသည် ၎င်းတို့၏တာဝန်များတွင် မည်သည့်အခါမျှ မှန်ကန်သောသဘောထားမရှိပေ။ ၎င်းတို့၏ တာဝန်များ ပြုပြင်ခြင်းခံရသောအခါ ၎င်းတို့ မည်သည့်အရာကို စဉ်းစားကြသနည်း။ “ငါသည် အစေခံသူသာဖြစ်သည်ဟု သင် ထင်သလော။ သင် ငါ့ကို သုံးသည့်အခါ၊ ငါ့ကို သင့်အတွက် အစေခံမှု ပေးစေပြီး ငါ့ကို မလိုအပ်တော့သောအခါ ငါ့ကို အဝေးသို့သာ စွန့်ပစ်လိုက်သည်။ ကောင်းပေပြီ၊ ငါသည် ထိုသို့ အစေခံမှုကို ပေးမည်မဟုတ်ပါ။ ငါသည် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်ဖြစ်ချင်သည်။ အကြောင်းမှာ ယင်းကသာ ဤနေရာတွင် လေးစားထိုက်သော အလုပ်ဖြစ်သောကြောင့်ဖြစ်သည်။ သင်သည် ငါ့ကို ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်ဖြစ်ခွင့်မပြုဘဲ ငါ့အား အားသွန်ခွန်စိုက် လုပ်ဆောင်စေလိုသေးလျှင် သင်မေ့ထား၍ရသည်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ မည်သည့် သဘောထားမျိုးဖြစ်သနည်း။ ၎င်းတို့ ကျိုးနွံနာခံနေကြသလော။ ၎င်းတို့၏ တာဝန် ပြုပြင်ခံရခြင်းကို ၎င်းတို့က မည်သည့် အခြေခံအကြောင်းရင်းပေါ်တွင် ချဉ်းကပ်ကြသနည်း။ စိတ်မြန်လက်မြန်လုပ်ခြင်း၊ ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများနှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသောစိတ်သဘောထားတို့အရ ဖြစ်သလော။ ဤနည်းဖြင့် ချဉ်းကပ်ခြင်း၏ အကျိုးဆက်များမှာ အဘယ်နည်း။ ပထမဦးစွာ ၎င်းတို့သည် ၎င်းတို့၏ နောက်တာဝန်တွင် သစ္စာစောင့်သိပြီး ရိုးသားစစ်မှန်နိုင်မည်လော။ ၎င်းတို့ ဤသို့ ပြုလုပ်နိုင်မည်မဟုတ်ပေ။ ၎င်းတို့သည် အပြုသဘောဆောင်သော သဘောထားရှိလိမ့်မည်လော။ မည်သို့သော အခြေအနေမျိုးတွင် ၎င်းတို့ ရှိလိမ့်မည်နည်း။ (စိတ်မချမ်းမသာဖြစ်သည့် အခြေအနေတွင်ရှိလိမ့်မည်။) စိတ်မချမ်းမသာဖြစ်ခြင်း၏ အနှစ်သာရသည် အဘယ်နည်း။ ရန်လိုခြင်းဖြစ်သည်။ ရန်လိုသော၊ စိတ်မချမ်းမသာဖြစ်သော စိတ်အခြေအနေ၏ အဆုံးစွန်ရလဒ်မှာ အဘယ်နည်း။ ဤသို့ခံစားရသောသူတစ်ယောက်သည် မိမိတာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သလော။ (မထမ်းဆောင်နိုင်ပါ။) လူတစ်ယောက်သည် အစဉ်သဖြင့် အပျက်သဘောဆောင်ပြီး ရန်လိုနေလျှင် ထိုသူသည် တာဝန်ထမ်းဆောင်ရန် သင့်တော်သလော။ မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ ကောင်းမွန်စွာ မထမ်းဆောင်နိုင်ပေ။ ဤသည်မှာ ရုန်းမထွက်နိုင်သည့် သံသရာဖြစ်ပြီး ကောင်းမွန်စွာ အဆုံးသတ်လိမ့်မည်မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ ဤသို့သောလူတို့သည် ကောင်းမွန်သော လမ်းကြောင်းပေါ်တွင် မရှိပေ။ ၎င်းတို့သည် သမ္မာတရားကို မရှာဖွေပေ။ ၎င်းတို့သည် ကျိုးနွံနာခံခြင်း မရှိပေ။ ၎င်းတို့သည် ၎င်းတို့အပေါ် ဘုရားအိမ်တော်၏ သဘောထားနှင့် ချဉ်းကပ်မှုကို မှန်မှန်ကန်ကန် နားမလည်နိုင်ပေ။ ဤသည်မှာ ပြဿနာဖြစ်သည်မဟုတ်လော။ ယင်းသည် ၎င်းတို့၏ တာဝန်နှင့်ပတ်သက်၍ လုံးဝ သင့်လျော်သော ပြုပြင်ခြင်းဖြစ်သည်။ သို့သော် အန္တိခရစ်များက ဤသည်မှာ ၎င်းတို့ကို ညှဉ်းပန်းရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ၎င်းတို့သည် လူသားကဲ့သို့ ဆက်ဆံခံရခြင်းမရှိကြောင်း၊ ဘုရားအိမ်တော်သည် ချစ်ခြင်းကင်းမဲ့ကြောင်း၊ ၎င်းတို့သည် စက်ယန္တရားကဲ့သို့ ဆက်ဆံခံရကြောင်း၊ လိုအပ်သည့်အခါတွင် ခေါ်ပြီး မလိုအပ်သည့်အခါတွင် ဘေးသို့အကန်ခံရကြောင်း ဆိုကြသည်။ ဤသည်မှာ မလိမ့်တပတ်လုပ်ထားသော အကြောင်းပြချက်တစ်ခု မဟုတ်လော။ ဤသို့သောအရာမျိုးကိုပြောဆိုသူသည် အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရားရှိသလော။ ၎င်းတို့တွင် လူ့သဘာဝမရှိပေ။ ၎င်းတို့သည် လုံးဝ လျော်ကန်သောကိစ္စကို လွဲချော်စေသည်။ ၎င်းတို့သည် လုံးဝ သင့်လျော်သော လက်တွေ့လုပ်ဆောင်မှုကို အပျက်သဘောဆောင်သောအရာတစ်ခုအဖြစ် လှည့်ပြောင်းပစ်သည်။ ဤသည်မှာ အန္တိခရစ်တစ်ယောက်၏ ကောက်ကျစ်ဆိုးယုတ်မှု မဟုတ်သလော။ ဤမျှကောက်ကျစ်ဆိုးယုတ်သူ တစ်ယောက်သည် သမ္မာတရားကို နားလည်နိုင်သလော။ လုံးဝ နားမလည်နိုင်ပေ။ ဤသည်မှာ အန္တိခရစ်တစ်ယောက်၏ ပြဿနာဖြစ်သည်။ ၎င်းတို့ထံ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ ထိုအရာကို မလိမ့်တပတ်လုပ်သည့် နည်းလမ်းတစ်ခုဖြင့် ၎င်းတို့က စဉ်းစားကြလိမ့်မည်။ ၎င်းတို့သည် အဘယ်ကြောင့် လှည့်ပတ်သည့်နည်းလမ်းဖြင့် စဉ်းစားသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏သဘာဝ အနှစ်သာရသည် အလွန် ကောက်ကျစ်ဆိုးယုတ်သောကြောင့်ဖြစ်သည်။ အန္တိခရစ်တစ်ဦး၏ သဘာဝ အနှစ်သာရမှာ အဓိကအားဖြင့် ကောက်ကျစ်ဆိုးယုတ်ခြင်းဖြစ်ပြီး ထို့နောက်တွင် ရက်စက်ကြမ်းကြုတ်ခြင်းဖြစ်ကာ ယင်းတို့သည် သူတို့၏ အဓိက ကိုယ်ကျင့်စရိုက်များ ဖြစ်ကြသည်။ယင်းတို့သည် ၎င်းတို့၏ အဓိက စရိုက်လက္ခဏာများဖြစ်သည်။ အန္တိခရစ်တို့၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝသည် ၎င်းတို့ကို မည်သည့်အရာကိုမဆို မှန်ကန်စွာ နားလည်သဘောပေါက်ခြင်းကို ပိတ်ပင်တားဆီးသည်။ ထိုအစား ၎င်းတို့သည် အရာရာကို လွဲချော်စေကြသည်။ ၎င်းတို့သည် အလွန်အကျွံပြုလုပ်သည်။ စကားကပ်ပြောသည်။ အမှုအရာများကို မှန်ကန်စွာ မကိုင်တွယ်နိုင်ပေ၊ သို့မဟုတ် သမ္မာတရားကို မရှာဖွေနိုင်ပေ။ ထို့အပြင် ၎င်းတို့သည် တက်ကြွစွာ ပြန်လည်တိုက်ခိုက်ပြီး လက်စားချေရန် ကြိုးစားကြသည်၊ အယူအဆများကို ဖြန့်ကာ အပျက်သဘောဆောင်ခြင်းကိုပင် ပွင့်အံချသည်၊ အသင်းတော်၏ အလုပ်ကို နှောင့်ယှက်ရန်အတွက် အခြားလူများကို လှုံ့ဆော်ပြီး သွေးဆောင်သည်။ ၎င်းတို့သည် စောဒကတက်ခြင်းအချို့ကို တိတ်တဆိတ်ဖြန့်ဝေသည်၊ ဘုရားအိမ်တော်က လူတို့ကို ဆက်ဆံပုံ၊ ဘုရားအိမ်တော်၏ စီမံခန့်ခွဲခြင်းဆိုင်ရာ စည်းကမ်းအချို့၊ အချို့ခေါင်းဆောင်များက အမှုအရာများကို လုပ်ဆောင်ပုံတို့ကို ဝေဖန်အပြစ်တင်ပြီး ထိုခေါင်းဆောင်များကို ပြစ်တင်ရှုတ်ချသည်။ ဤသည်မှာ မည်သည့်စိတ်သဘောထားမျိုးဖြစ်သနည်း။ ယင်းသည် ရက်စက်ကြမ်းတမ်းသည်။ အန္တိခရစ်များသည် အတိုက်အခံလုပ်ပြီး အာခံရုံသာမက ၎င်းတို့နှင့်အတူ အာခံရန်၊ ၎င်းတို့ဘက်မှ ရပ်တည်ပြီး ၎င်းတို့ကို အားပေးရန် လူများစွာကိုပင် စည်းရုံးသိမ်းသွင်းကြသည်။ ယင်းမှာ အန္တိခရစ်တစ်ဦး၏ သဘာဝအနှစ်သာရ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ရိုးရှင်းစွာ ပြင်ပေးခြင်းကိုပင် မှန်ကန်စွာ သဘောမထားနိုင်ကြ၊ သို့မဟုတ် ယင်းကို ဆင်ခြင်တုံတရားဖြင့် လက်ခံပြီး ကျိုးနွံနာခံနိုင်ခြင်း မရှိကြပေ။ ထိုအစား ၎င်းတို့သည် ရေးကြီးခွင့်ကျယ်လုပ်ပြီး မိမိတို့ကိုယ်တိုင်အတွက် ဆင်ခြေအမျိုးမျိုး ပေးကြရာ ထိုဆင်ခြေများထဲမှ အချို့မှာ မလျော်ကန်သကဲ့သို့ အခြားသူများ၌ စက်ဆုပ်ရွံရှာခြင်းနှင့် မုန်းတီးခြင်းတို့ကို ဖြစ်ပေါ်စေသည်။ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆများနှင့် မိစ္ဆာဒိဋ္ဌိအယူဝါဒအချို့ကို ထုတ်ဖော်ပြီးနောက် အန္တိခရစ်များသည် မိမိတို့ကိုယ်တိုင်အတွက် အခြေအနေကို အဖတ်ဆယ်ရန်နှင့် အခြားသူများအား ၎င်းတို့ကို ယုံကြည်လာစေရန် ကြိုးစားကြလိမ့်မည်။ အကယ်၍ ဤအစီအမံများ မအောင်မြင်ပါက အန္တိခရစ်များသည် နောက်ပြန်လှည့်နိုင်စွမ်း ရှိကြလိမ့်မည်လော။ အကယ်၍ ၎င်းတို့သည် ဤလမ်းကြောင်းအတိုင်း ရှေ့မဆက်နိုင်ပါက သမ္မာတရားကို ရှာဖွေနိုင်ကြလိမ့်မည်လော။ ၎င်းတို့၌ နောင်တရလိုစိတ် တစ်ခုတလေ ပိုင်ဆိုင်လိမ့်မည်လော။ လုံးဝ ပိုင်ဆိုင်လိမ့်မည် မဟုတ်။ ၎င်းတို့က “အကယ်၍ သင်သည် ကောင်းချီးများ မရရစေရန် ငါ့ကို တားဆီးပါက၊ ငါကလည်း သင်တို့အားလုံးကို ကောင်းချီးများမရအောင် တားဆီးမည်။ ကောင်းချီးများကို ငါ မရနိုင်လျှင် ငါ ယုံကြည်တော့မည် မဟုတ်ပါ” ဟု ဆိုကြလိမ့်မည်။ အန္တိခရစ်များသည် လုံးဝ အကျိုးအကြောင်းဆီလျော်မှု မရှိကြပုံကို ယခင်က ငါ ပြောခဲ့ပြီးဖြစ်သည်။ ဤအကျိုးအကြောင်းမဆီလျော်မှု၏ နောက်ကွယ်ရှိ သဘာဝအနှစ်သာရမှာ ဤလူတို့သည် အလွန်အမင်း ကောက်ကျစ်ဆိုးယုတ်ပြီး ရက်စက်ကြမ်းကြုတ်ကြခြင်း ဖြစ်သည်။ ယခု ငါတို့ မိတ်သဟာယဖွဲ့နေသော အချက်မှာ ဤသဘာဝအနှစ်သာရကို အပြည့်အဝ ပြသသည့် သရုပ်သကန်များနှင့် ထုတ်ဖော်ချက်များဖြစ်ပြီး ယင်းမှာ ဤသဘာဝအနှစ်သာရ၏ အစစ်မှန်ဆုံးသော သက်သေပင် ဖြစ်သည်။ ဤလူအချို့သည် မိမိတို့၏ တာဝန်များကို တစ်ကြိမ်မျှပင် ပြင်ပေးခြင်းခံရပါက ဒေါသထွက်လာကြပြီး ၎င်းတို့ထဲမှအချို့မှာ အကြိမ်ရေအချို့ ပြောင်းရွှေ့ခံရပြီး တာဝန်တစ်ခုမှတစ်ခုသို့ ရွေ့ပြောင်းပြီးနောက်တွင် ထိုတာဝန်များထဲမှ တစ်ခုကိုမျှ ကောင်းစွာ မထမ်းဆောင်နိုင်ဘဲ နောက်ဆုံးတွင် ကောင်းချီးများရရှိရန် မျှော်လင့်ချက်မရှိဟု ထင်မြင်ကာ နုတ်ထွက်လိုကြသည်။ တိုတိုပြောရလျှင်၊၎င်းတို့၏ တာဝန်များကို မည်သို့ပင် ပြင်ပေးသည်ဖြစ်စေ ပြုပြင်မှုတစ်ခုတလေ ဖြစ်ပွားပါက၊ဤလူတို့သည် ထိုအရာများကို မိမိတို့၏ စိတ်နှလုံးထဲ၌ ဆန်းစစ်ခြင်း၊ အကဲဖြတ်ခြင်းနှင့် အချိန်ယူ စဉ်းစားသုံးသပ်ခြင်းတို့ ပြုလုပ်ကြမည်ဖြစ်ပြီး ထိုပြုပြင်မှုများက ၎င်းတို့ ကောင်းချီးများရရှိခြင်းနှင့် မသက်ဆိုင်ကြောင်း တွေ့ရှိမှသာ စိတ်ချလက်ချ နေနိုင်ကြလိမ့်မည်။ ထိုပြုပြင်မှုများက ကောင်းချီးများရရှိခြင်းနှင့် အနည်းငယ်မျှပင် ဆက်စပ်မှုရှိကြောင်း သို့မဟုတ် ကောင်းချီးများရရှိရန် ၎င်းတို့၏ မျှော်လင့်ချက်ကို ထိခိုက်ကြောင်း တွေ့ရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် မိမိတို့၏ သဘာဝအနှစ်သာရကို ဖော်ထုတ်လျက် ချက်ချင်းပင် အာခံထကြွကြလိမ့်မည်။ အကယ်၍ ၎င်းတို့သည် ဤအာခံမှု၌ ကျရှုံးပြီး ဖော်ထုတ်ခြင်းခံရကာ ငြင်းပယ်ခြင်းခံရပါက ၎င်းတို့သည် မိမိတို့ကိုယ်တိုင်အတွက် အရေးပေါ် အစီအစဉ်များကို ပြင်ဆင်ကြလိမ့်မည်ဖြစ်ပြီး ဘုရားသခင်တစ်ပါး ရှိသည်ကို မယုံကြည်တော့ဘဲ၊ ပြီးလျှင် ဘုရားသခင်ကို ၎င်းတို့ ယုံကြည်ကြောင်းကိုလည်း အသိအမှတ်မပြုတော့ဘဲ ဘုရားအိမ်တော်ကို ပြတ်သားစွာနှင့် တုံ့ဆိုင်းခြင်းမရှိဘဲ စွန့်ခွာသွားကြလိမ့်မည်။ ၎င်းတို့၏ နေ့စဉ်ဘဝများသည် ချက်ချင်း ပြောင်းလဲသွားလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်သူတစ်ဦး၏ ပုံသဏ္ဌာန်အားလုံးသည် ၎င်းတို့ထံမှ ပျောက်ကွယ်သွားသည်။ ၎င်းတို့သည် အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ထူးခြားသော အဝတ်အစားများ ဝတ်ဆင်ခြင်း၊ မိတ်ကပ်အထူကြီး လိမ်းခြယ်ခြင်းနှင့် တောက်တောက်ပြောင်ပြောင် ဝတ်စားဆင်ယင်ခြင်းတို့ကို ချက်ချင်း ပြန်လည်ပြုလုပ်ကြလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သူတစ်ဦးအနေဖြင့် ဤအရာများကို မွေ့လျော်ခံစားနိုင်ခြင်း မရှိခဲ့သောကြောင့် ဤဆုံးရှုံးခဲ့သော အချိန်အတွက် အလျင်အမြန် အစားပြန်ဖြည့်ကြလိမ့်မည်။ ၎င်းတို့ နုတ်ထွက်ရန် စဉ်းစားသောအခါ ၎င်းတို့၏ နောက်တစ်လှမ်းအကြောင်း၊ လောက၌ ရှေ့ရောက်ရန် မည်သို့ ကြိုးစားလုပ်ဆောင်နိုင်မည်အကြောင်း၊ မိမိတို့အတွက် နေရာတစ်နေရာ ရှာဖွေရန်နှင့် ကောင်းမွန်သောဘဝကို နေထိုင်ရန် မည်သို့ ကြိုးစားလုပ်ဆောင်နိုင်မည်အကြောင်း၊ ၎င်းတို့၏ ထွက်ပေါက် မည်သည့်နေရာ၌ ရှိသည်ဟူသည်တို့ကို ချက်ချင်း တွေးတောကြလိမ့်မည်။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်အတွက် ထွက်ပေါက်တစ်ခုကို မကြာမီ ရှာဖွေတွေ့ရှိကြမည်၊ ဤဆိုးယုတ်သော ရေပန်းစားမှုများနှင့် ဤဆိုးယုတ်သော လောကအတွင်း၌ မိမိတို့အတွက် နေရာတစ်နေရာကို ရှာဖွေကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့ မည်သည့်အရာ လုပ်ဆောင်ရမည်ကို ဆုံးဖြတ်ကြလိမ့်မည်၊ စီးပွားရေး၊ နိုင်ငံရေး သို့မဟုတ် အခြားသော ဆောင်ရွက်မှုတစ်ခုခု ဖြစ်သည်ဖြစ်စေ၊ ယင်းက ၎င်းတို့ကို အခြားသူများထက် ပိုမိုကောင်းမွန်သော ဘဝကို နေထိုင်ခွင့်ပြုလိမ့်မည်၊ ၎င်းတို့၏ ကျန်ရှိသောဘဝအတွက် ပျော်ရွှင်မှုနှင့် ဝမ်းမြောက်မှုကို ဆောင်ကြဉ်းပေးလိမ့်မည်၊ ၎င်းတို့၏ ဇာတိပကတိကို ပိုမို သက်သောင့်သက်သာရှိစေလိမ့်မည်၊ ၎င်းတို့အား ဘဝကို အပြည့်အဝ မွေ့လျော်ခံစားခွင့်ပြုလိမ့်မည်ဖြစ်ကာ၊ ဖျော်ဖြေမှုနှင့် ပျော်ပါးမှုတို့ကို ခံစားစေလိမ့်မည် ဖြစ်သည်။
အန္တိခရစ်တစ်ဦးသည် ပြုပြင်ခြင်းခံရသောအခါတွင် လည်းကောင်း၊ သူ၏တာဝန်က ပြင်ပေးခြင်းခံရသောအခါတွင်လည်းကောင်း၊ သူ တွေးတောသည့်အရာမှာ သူနှင့် အလွန်နီးကပ်စွာ ဆက်စပ်နေသော ကောင်းချီးများကို လက်ခံရရှိခြင်း ဖြစ်သည်။ ထိုအရာအတွက် မျှော်လင့်ချက်မရှိတော့ဟု သူ တွေးထင်သောအခါ၊ သူသည် နုတ်ထွက်လိုလိမ့်မည်၊ ဘုရားအိမ်တော်မှ ထွက်သွားလိုလိမ့်မည်၊ ဘာသာတရား မရှိသူတစ်ဦး၏ ဘဝသို့ ပြန်လည်ရောက်ရှိသွားလိုလိမ့်မည်။ ဤအရာကို အခြေခံ၍ လူတစ်ဦး၏ သဘာဝအနှစ်သာရသည် အလွန့်အလွန် အရေးကြီးကြောင်း သိသာထင်ရှားသည်။ သို့ဆိုလျှင် ၎င်းတို့၏ လိုက်စားမှုနှင့် ရွေးချယ်မှုများသည်လည်း အလွန်အရေးကြီးသည် မဟုတ်လော။ ယင်းမှာ အတွေးတစ်ခု၏ ကွာခြားချက်မျှသာ ဖြစ်သည်။ မှန်ကန်သော ဆုံးဖြတ်ချက်တစ်ခုက သင့်ကို ဘုရားသခင်၏ ကယ်တင်ခြင်းအား ဆက်လက်လက်ခံသည့်အဖြစ် အဆုံးသတ်စေနိုင်စဉ်တွင် မှားယွင်းသော ရွေးချယ်မှုတစ်ခုကမူ သင့် မျက်စိတစ်မှိတ်အတွင်း ဘာသာတရား မရှိသူတစ်ဦးအဖြစ်၊ ဘုရားအိမ်တော်၊ ဘုရားသခင်၏အမှုတော် သို့မဟုတ် သင်၏တာဝန်နှင့် ဘာမျှမဆိုင်သော တစ်စုံတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားစေနိုင်သည်။ အတွေးတစ်ခု၊ တစ်ခဏတာ သို့မဟုတ် သေးငယ်သော ကိစ္စတစ်ခုမျှသာက တစ်စုံတစ်ဦး၏ ကံကြမ္မာကို လုံးဝ ပြောင်းလဲသွားစေနိုင်သည်။ သာမန်ကာလျှံကာဖြစ်သော ရွေးချယ်မှုတစ်ခု၊ သာမန်ကာလျှံကာဖြစ်သော သေးငယ်သည့် အတွေးတစ်ခု သို့မဟုတ် ရိုးရှင်းသော ရှုထောင့်အမြင်တစ်ခုက လူတစ်ဦး၏ ကံကြမ္မာကို ပြောင်းလဲစေနိုင်ပြီး နောက်တစ်ခဏတွင် ၎င်းတို့ မည်သည့်နေရာ၌ အဆုံးသတ်မည်ကို ဆုံးဖြတ်ပေးနိုင်သည်။ လူတို့သည် မည်သည့်ပြဿနာမျိုးကိုမျှ မကြုံတွေ့ရသေးသောအခါ၊ မည်သည့်ဆုံးဖြတ်ချက်ကိုမျှ ရင်မဆိုင်ရသေးသောအခါ၊ ၎င်းတို့အနေဖြင့် သမ္မာတရားများစွာကို နားလည်သည်၊ ဝိညာဉ်ရင့်ကျက်မှုကို ပိုင်ဆိုင်သည်၊ ခိုင်မာစွာ ရပ်တည်နိုင်သည်ဟု ခံစားကြရသည်။ သို့သော် ဆုံးဖြတ်ချက်တစ်ခု၊ အဓိကကျသော စည်းမျဉ်းတစ်ခု သို့မဟုတ် ကြီးမားသော ပြဿနာတစ်ခုကို သင်တို့ ရင်ဆိုင်ရသောအခါ၊ သင်တို့ အမှန်တကယ် ရွေးချယ်သည့်အရာ၊ ဘုရားသခင်အပေါ် သင်တို့၏ သဘောထားဖြစ်သည့်အရာနှင့် ကိစ္စရပ်အပေါ် သင်တို့၏ ရှုထောင့်အမြင်နှင့် သဘောထားဖြစ်သည့်အရာတို့က သင်တို့၏ ကံကြမ္မာနှင့် သင်တို့ နေမည်ကိုဖြစ်စေ၊သွားမည်ကိုဖြစ်စေ ဆုံးဖြတ်ပေးလိမ့်မည်။ အန္တိခရစ်များ ပြုလုပ်လေ့ရှိသော ရွေးချယ်မှုများနှင့် ၎င်းတို့၏ စိတ်နှလုံးအတွင်းရှိ အနက်ရှိုင်းဆုံးသော နှလုံးသွင်းအရဖြစ်သည့် ဆန္ဒများအားလုံးသည် သမ္မာတရားနှင့် ဆန့်ကျင်ဘက်ဖြစ်သည်၊ ဤအရာများအတွင်း၌ ကျိုးနွံနာခံမှုမရှိ၊ ရန်လိုတိုက်ခိုက်ခြင်းသာ ရှိသည်။ သမ္မာတရား သို့မဟုတ် လူ့သဘာဝ မရှိ၊ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် လူသား၏ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆများ၊ မိစ္ဆာဒိဋ္ဌိအယူဝါဒများသာ ရှိသည်။ ဤအရာများသည် ဘုရားအိမ်တော်ကို စွန့်ခွာခြင်းနှင့် ဆိုးယုတ်သော ရေပန်းစားမှုများ၌ မိမိတို့ကိုယ်ကို နစ်မြှုပ်စေခြင်းကဲ့သို့သော အတွေးများကို မကြာခဏ ဖြစ်ပေါ်စေလိမ့်မည်ဖြစ်ပြီး မည်သည့်အချိန်၌မဆို ၎င်းတို့ကို၊ “ငါ ကောင်းချီးခံစားရဖို့ မျှော်လင့်ချက်မရှိလျှင် ဘုရားအိမ်တော်ကို အဘယ်ကြောင့် မစွန့်ခွာရမည်နည်း။ ထိုသို့ဖြစ်လျှင်၊ ငါ ဆက်ပြီး ယုံကြည်တော့မည်မဟုတ်၊ ငါ့တာဝန်ကို ထမ်းဆောင်တော့မည် မဟုတ်ပါ။ ဤသည်မှာ ဘုရားအိမ်တော်က ငါ့ကို ဆက်ဆံပုံဖြစ်လျှင်၊ ဘုရားကို ငါ အသိအမှတ်ပြုတော့မည် မဟုတ်ပါ”ဟု တွေးစေနိုင်သည်။ ဤသို့သော အလွန်အမင်း ပုန်ကန်တတ်သည့် အတွေးများ၊ ဤမိစ္ဆာဒိဋ္ဌိအယူဝါဒများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆများ၊ ဤကောက်ကျစ်ဆိုးယုတ်သော စိတ်ကူးများသည် အန္တိခရစ်တစ်ဦး၏ စိတ်နှလုံးထဲ၌ မကြာခဏ ရှိနေပြီး စွဲကျန်နေတတ်သည်။ ဤအကြောင်းကြောင့် ၎င်းတို့သည် ဘုရားသခင်နောက်လိုက်သည့် လမ်းကြောင်းတွင် လမ်းတစ်ဝက်၌ နုတ်မထွက်လျှင်ပင် လမ်းဆုံးတိုင်အောင် လျှောက်လှမ်းရန် အလွန်ခက်ခဲပြီး ၎င်းတို့အများစုသည် ၎င်းတို့ပြုလုပ်ခဲ့သော မကောင်းမှုများစွာနှင့် ၎င်းတို့ဖြစ်စေခဲ့သော နှောင့်ယှက်မှု၊ အဖျက်အမှောင့်လုပ်ခြင်းတို့ကြောင့် အသင်းတော်မှ ရှင်းလင်းခြင်းနှင့် နှင်ထုတ်ခြင်းကို ခံရကြလိမ့်မည်။ ၎င်းတို့သည် အဆုံးတိုင်အောင် ဆက်လက်ထိန်းသိမ်းရန် မိမိတို့ကိုယ်ကို အတင်းအကျပ် ပြုနိုင်လျှင်ပင် အမှန်တွင် ၎င်းတို့သည် အသင်းတော်မှ နုတ်ထွက်သွားလိမ့်မည်ဟူသည်ကို အန္တိခရစ်များ၏ သဘာဝ အနှစ်သာရမှ ငါတို့ မြင်နိုင်သည်။ ၎င်းတို့က စိတ်ထဲတွင်၊ “ငါသည် ဘုရားအိမ်တော်ကို လုံးဝ စွန့်ခွာ၍ မဖြစ်ပါ။ ထိုသို့သော အတွေးများ ငါ့တွင် ရှိလျှင်ပင်၊ ငါ ထွက်ခွာ၍ မရပါ။ သေသည်ထိပင် ဤနေရာတွင် ငါ နေမည်။ ဘုရားအိမ်တော်ကို ငါ ဆက်တွယ်ကပ်နေမည်။ အဆုံးထိတိုင် ဘုရားနောက်သို့ ငါလိုက်မည်”ဟုပင် တွေးကောင်းတွေးနိုင်သည်။ ၎င်းတို့၏ နှလုံးသွင်းအရဖြစ်သော စိတ်ဆန္ဒက ၎င်းတို့ကို ဘုရားအိမ်တော်ကို မစွန့်ခွာရန် မည်သို့ပင် တွန်းအားပေးစေကာမူ၊ ၎င်းတို့၏ နှလုံးသွင်းအရဖြစ်သော စိတ်ဆန္ဒထဲ၌ နေမြဲနေရမည်ဟု မည်သို့ပင် ၎င်းတို့ အခိုင်အမာဆိုစေကာမူ ၎င်းတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြသကဲ့သို့ အူထဲအသည်းထဲထိ ကောက်ကျစ်ဆိုးယုတ်ကြသောကြောင့် နောက်ဆုံးတွင် ဘုရားသခင်၏ ပစ်ပယ်ခြင်းကို ခံရရန်လည်းကောင်း၊ မိမိတို့ဆန္ဒအလျောက် ဘုရားအိမ်တော်ကို စွန့်ခွာသွားရန်လည်းကောင်းကံကြမ္မာပါလာကြပေသည်။
၃။ အဖြုတ်ခံရခြင်းအပေါ် အန္တိခရစ်များ၏ ချဉ်းကပ်မှု
ငါတို့သည် အန္တိခရစ်တို့၏ သရုပ်သကန်နှစ်ခုကို ယခုတင် မိတ်သဟာယဖွဲ့ပြီးဖြစ်သည်၊ တစ်ခုမှာ ၎င်းတို့ ပြုပြင်ခြင်းခံရခြင်းနှင့် ထိပ်တိုက်ရင်ဆိုင်ရသည့်အခါဖြစ်ပြီး၊ နောက်တစ်ခုမှာ ၎င်းတို့၏ တာဝန်ကို ပြင်ဆင်မှုများ ပြုလုပ်သည့်အခါ ဖြစ်သည်။ ငါတို့ မိတ်သဟာယ၏ အဓိကအချက်မှာ ထိုသို့သောအမှုအရာများ ၎င်းတို့အပေါ် ကျရောက်သည့်အခါ အန္တိခရစ်တို့၌ မည်သည့် သဘောထားရှိသည်၊ မည်သည့် ဆုံးဖြတ်ချက်များကို ၎င်းတို့ ချမှတ်ကြသည်ဟူသည့်အချက် ဖြစ်သည်။ အန္တိခရစ်တစ်ဦးသည် ပြုပြင်ခြင်းခံရသည့်အခါ သို့မဟုတ် ၎င်းတို့၏ တာဝန်များ ပြင်ဆင်ခံရသည့်အခါ မည်သည့် ရှုထောင့်အမြင်နှင့် သဘောထားမျိုး ရှိသည်ဖြစ်စေ၊ ၎င်းတို့သည် ဤအမှုအရာများကို ကောင်းချီးမင်္ဂလာများ ရရှိခြင်း ရှိမရှိဟူသည့်အချက်နှင့် အစဉ် ဆက်စပ်ကြသည်။ အကယ်၍ ၎င်းတို့အနေဖြင့် ကောင်းချီးပေးခြင်း ခံရမည်မဟုတ်ကြောင်း၊ ၎င်းတို့၌ မျှော်လင့်ချက် လုံးဝမရှိကြောင်း သေချာပါက၊ အလိုအလျောက် နုတ်ထွက်သွားကြလိမ့်မည်။ သာမန်လူတစ်ဦးအတွက်၊ မည်သည့်ရည်မှန်းချက်များ သို့မဟုတ် လိုအင်ဆန္ဒများမျှ မရှိသောသူတစ်ဦးအတွက်၊ ပြုပြင်ခြင်းခံရခြင်းဖြစ်စေ မိမိ၏တာဝန်ကို ပြင်ဆင်ခြင်းခံရခြင်းဖြစ်စေ အမှန်တကယ်တွင် အရေးကြီးသည့်ကိစ္စတစ်ခု မဟုတ်ပေ။ နှစ်ခုလုံးသည် ၎င်းတို့အပေါ် ကြီးမားသော သက်ရောက်မှု ရှိမည်မဟုတ်ပေ။ ၎င်းတို့၏ တာဝန်တစ်ခု ထမ်းဆောင်ပိုင်ခွင့်သည် ဖယ်ရှားခြင်း မခံရသကဲ့သို့၊ ကယ်တင်ခြင်းခံရရန် ၎င်းတို့၏ မျှော်လင့်ချက်ကိုလည်း ရုပ်သိမ်းခြင်း မခံရပေ။ သို့ဖြစ်၍ သာမန်လူတစ်ဦးအတွက်၊ အလွန်အကျွံ တုံ့ပြန်ရန်၊ ထိတ်လန့်ကြောက်ရွံ့ရန် သို့မဟုတ် စိတ်ထိခိုက်ရန်၊ သို့မဟုတ် အရေးပေါ် အစီအစဉ်များ စတင်ပြုလုပ်ရန် မလိုအပ်ပေ။ သို့ရာတွင်၊ ဤသည်မှာ အန္တိခရစ်တစ်ဦးအတွက်မူ ထိုသို့မဟုတ်ပေ။ ၎င်းတို့သည် ဤအရာများကို အလွန်ဆိုးရွားသော ကိစ္စရပ်များအဖြစ် ရှုမြင်ကြသည်။ အကြောင်းမှာ ၎င်းတို့သည် ထိုအရာများကို ကောင်းချီးပေးခြင်းခံရခြင်းနှင့် ဆက်စပ်စေကြသောကြောင့်ဖြစ်ပြီး၊ ဤသည်မှာ ၎င်းတို့အတွင်း၌ ပုန်ကန်သော အတွေးအခေါ်များနှင့် အပြုအမူအမျိုးမျိုးကို ဖြစ်ပေါ်သွားစေကာ၊ ယင်းက တစ်ဖန် နုတ်ထွက်သွားခြင်း၊ ဘုရားသခင်ကို စွန့်ခွာခြင်းဆိုင်ရာ စိတ်ကူးများနှင့် အစီအစဉ်များကို ဖြစ်ပေါ်စေသည်။ အန္တိခရစ်တို့သည် အလွန်သာမန်ဖြစ်သည့် ဤကဲ့သို့သော အမှုအရာများ ၎င်းတို့အပေါ် ကျရောက်သည့်အခါ နုတ်ထွက်မည့် စိတ်ကူးကိုပင် ဖြစ်ပေါ်စေနိုင်သည်။ သို့ဆိုလျှင်၊ ဘုရားအိမ်တော်၌ အဆင့်အတန်းရှိပြီး အရေးကြီးသောအလုပ်အတွက် တာဝန်ရှိသောသူတစ်ဦးအတွက်၊ ထုတ်ပယ်ခြင်းခံရခြင်းနှင့် ၎င်းတို့ ရင်ဆိုင်ရသည့်အခါ မည်သည့်သဘောထားမျိုး ရှိမည်နည်း။ ထိုအရာကို ၎င်းတို့ မည်သို့ ကိုင်တွယ်မည်နည်း၊ ပြီးလျှင် ၎င်းတို့သည် မည်သည့် ရွေးချယ်မှုကို ပြုလုပ်မည်နည်း။ ထိုသို့သောအမှုအရာများသည် သာ၍ပင် ပုံဆောင်နေပေသည်။ အန္တိခရစ်တစ်ဦးအတွက်၊ အဆင့်အတန်း၊ အာဏာနှင့် ဂုဏ်သိက္ခာတို့သည် အရေးအကြီးဆုံးသော အကျိုးစီးပွား အမျိုးအစားများဖြစ်ပြီး၊ မိမိတို့၏ ကိုယ်ပိုင်အသက်နှင့် ညီမျှသည်ဟု ၎င်းတို့ သတ်မှတ်သော အရာများ ဖြစ်ကြသည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး ထုတ်ပယ်ခြင်းခံရသည့်အခါ၊ “ခေါင်းဆောင်” ဟူသော ဘွဲ့ထူးကို ၎င်းတို့ ဆုံးရှုံးပြီး အဆင့်အတန်း မရှိတော့သည့်အခါ၊ ယင်းက ၎င်းတို့၏ အာဏာနှင့် ဂုဏ်သိက္ခာကို ဆုံးရှုံးသွားပြီဖြစ်ကြောင်း၊ အလေးအမြတ်ပြုခြင်း၊ ထောက်ခံခြင်းနှင့် အထင်ကြီးလေးစားခြင်းခံရခြင်းဟူသော အထူးအခွင့်အရေးကို နောက်ထပ် လက်ခံရရှိတော့မည်မဟုတ်ကြောင်းတို့ကို ဆိုလိုသည့်အတွက်၊ အဆင့်အတန်းနှင့် အာဏာကို အသက်ကဲ့သို့ ရှုမြင်သော အန္တိခရစ်တစ်ဦးအနေဖြင့်၊ ၎င်းတို့သည် ဤအရာအား လုံးဝ လက်မခံနိုင်သည်ကို တွေ့ရှိရသည်။ အန္တိခရစ်တစ်ဦး ထုတ်ပယ်ခြင်းခံရသည့်အခါ၊ ၎င်းတို့၏ ပထမဆုံး တုံ့ပြန်မှုမှာ ၎င်းတို့ မိုးကြိုးပစ်ခံရသကဲ့သို့ ဖြစ်သည်။ ကောင်းကင် ပြိုကျလာပြီး ၎င်းတို့၏ လောကကြီး ပြိုလဲသွားသည့်အလား ဖြစ်သည်။ ၎င်းတို့ မျှော်လင့်ချက်ထားနိုင်ခဲ့သော အရာ၊ အဆင့်အတန်း၏ အကျိုးကျေးဇူးအားလုံးနှင့် အသက်ရှင်ရန် အခွင့်အရေးနှင့် ၎င်းတို့အား မကောင်းသည့်အရာများ လုပ်ဆောင်ရင်း သောင်းကျန်းစေသည့် စေ့ဆော်မှုတို့သည် ကွယ်ပျောက်သွားလေပြီ။ ဤသည်မှာ ၎င်းတို့ လက်မခံနိုင်ဆုံးသော အရာဖြစ်သည်။ ၎င်းတို့၏ ပထမဆုံး အတွေးမှာ၊ “ယခု ငါ့အဆင့်အတန်း မရှိတော့ပါ၊ လူတို့က ငါ့ကို မည်သို့မြင်ကြမည်နည်း။ ငါ၏ဇာတိမြို့က ညီအစ်ကိုမောင်နှမများသည် ငါ့ကို အဘယ်အရာ ထင်ကြမည်နည်း။ ငါ့ကိုသိသည့်လူတိုင်းက ငါ့ကို မည်သို့မြင်ကြမည်နည်း။ သူတို့သည် ငါ့ကို မျက်နှာလုပ်ကြဦးမည်လော။ ငါ့ကို သူတို့ အလွန် ဖော်ရွေကြဦးမည်လော။ အကြိမ်တိုင်းတွင် ငါ့ကို သူတို့ ထောက်ခံအားပေးကြဦးမည်လော။ ငါ့နောက်ကို သူတို့ လိုက်ကြဦးမည်လော။ ငါ့ဘဝတွင် လိုအပ်သည့်အရာအားလုံးကို သူတို့ ဆက်ပြီး တာဝန်ယူပေးကြဦးမည်လော။ သူတို့ကို ငါ စကားပြောသောအခါ၊ သူတို့သည် ယဉ်ကျေးပြီး အပြုံးနှင့် ငါ့ကို ကြိုဆိုကြဦးမည်လော။ ငါ၏ အဆင့်အတန်းမရှိဘဲ ငါ မည်သို့ အဆင်ပြေလိမ့်မည်နည်း။ နောက်ဆက်တွဲလမ်းကြောင်းကို ငါ မည်သို့ လျှောက်လှမ်းရမည်နည်း။ အခြားလူများထဲတွင် ငါကိုယ်တိုင်အတွက် ခြေကုပ်တစ်ခုကို ငါ မည်သို့ ရရှိနိုင်မည်နည်း။ ယခု ငါ၏ အဆင့်အတန်းကို ငါ ဆုံးရှုံးပြီးဖြစ်သဖြင့်၊ ကောင်းချီးခံစားရဖို့ မျှော်လင့်ချက်နည်းသွားပြီဟု ဆိုလိုသည် မဟုတ်လော။ ကြီးမားသည့် ကောင်းချီးများကို ငါ ရရှိနိုင်လိမ့်ဦးမည်လော။ အဓိက ဆုလာဘ်များတစ်ခုတလေ သို့မဟုတ် သရဖူကြီးတစ်ခု ငါ ရရှိလိမ့်ဦးမည်လော” ဟူ၍ ဖြစ်သည်။ ၎င်းတို့၏ ကောင်းချီးခံစားရရန် မျှော်လင့်ချက်များ ပျက်စီးသွားပြီဖြစ်ကြောင်း သို့မဟုတ် ပြင်းထန်စွာ လျော့ကျသွားပြီဖြစ်ကြောင်း ၎င်းတို့ တွေးထင်သည့်အခါ၊ ၎င်းတို့၏ ဦးခေါင်း ပေါက်ကွဲထွက်တော့မည့်အလား ဖြစ်လေသည်။ ၎င်းတို့၏ နှလုံးသားက တူဖြင့် ထုနှက်ခံနေရသကဲ့သို့ ဖြစ်ပြီး၊ ဓားဖြင့် လှီးဖြတ်ခံရသလောက်ပင် နာကျင်လှပေသည်။ ၎င်းတို့ နေ့ရောညပါ အလွန် တောင့်တခဲ့သော ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ခြင်း၏ ကောင်းချီးမင်္ဂလာကို ဆုံးရှုံးရတော့မည်ဖြစ်သည့်အခါ၊ ၎င်းတို့အတွက်မူ ယင်းမှာ ရုတ်တရက် ပေါ်ထွက်လာသော ဆိုးရွားသည့် သတင်းတစ်ခုကဲ့သို့ ထင်ရသည်။ မည်သည့်အဆင့်အတန်းမျှ မရှိခြင်းသည် အန္တိခရစ်တစ်ဦးအတွက် ကောင်းချီးခံစားရရန် မည်သည့်မျှော်လင့်ချက်မျှ မရှိခြင်းနှင့် တူညီပြီး၊ ၎င်းတို့သည် လမ်းလျှောက်နေသော အလောင်းကောင်တစ်ခုကဲ့သို့ ဖြစ်လာသည်။ ၎င်းတို့၏ ခန္ဓာကိုယ်သည် ဝိညာဉ်ကင်းမဲ့လျက် ၎င်းတို့၏ ဘဝကို လမ်းညွှန်ရန် မည်သည့်အရာမျှမရှိသော အနှစ်မဲ့သည့် အခွံတစ်ခုကဲ့သို့ ဖြစ်လာသည်။ ၎င်းတို့၌ မျှော်လင့်ချက်မရှိသကဲ့သို့ မျှော်လင့်စရာလည်း မည်သည့်အရာမျှ မရှိပေ။ အန္တိခရစ်တစ်ဦးသည် ဖော်ထုတ်ခြင်းနှင့် ထုတ်ပယ်ခြင်းခံရခြင်းနှင့် ရင်ဆိုင်ရသည့်အခါ၊ ၎င်းတို့ထံ ဖြစ်ပေါ်လာသော ပထမဆုံးအရာမှာ ၎င်းတို့ ကောင်းချီးခံစားရရန် မည်သည့်မျှော်လင့်ချက်ကိုမဆို ဆုံးရှုံးသွားပြီဟူသည့်အချက် ဖြစ်သည်။ သို့ဆိုလျှင် ဤအချိန်တွင်၊ ၎င်းတို့ လက်လျှော့လိုက်မည်လော။ ၎င်းတို့ ကျိုးနွံနာခံလိုစိတ် ရှိလိမ့်မည်လော။ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများအတွက် ၎င်းတို့၏ လိုအင်ဆန္ဒကို စွန့်လွှတ်ရန်၊ အဆင့်အတန်းကို လက်လွှတ်ရန်၊ သာမန်နောက်လိုက်တစ်ဦးအဖြစ် လိုလိုလားလား ရှိပြီးဘုရားသခင်အတွက် ဝမ်းမြောက်စွာ အလုပ်လုပ်ကာ မိမိတို့၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် ဤအခွင့်အရေးကို အသုံးပြုလိမ့်မည်လော။ (အသုံးပြုလိမ့်မည် မဟုတ်ပါ။) ဤအရာသည် ၎င်းတို့အတွက် အလှည့်အပြောင်းတစ်ခု ဖြစ်နိုင်မည်လော။ ဤအလှည့်အပြောင်းသည် ၎င်းတို့ကို ကောင်းမွန်သော လားရာတစ်ခုနှင့် အပြုသဘောဆောင်သော နည်းလမ်းတစ်ခု၌ တိုးတက်စေမည်လော၊ သို့မဟုတ် ပိုဆိုးသည့် ဦးတည်ချက်နှင့် အပျက်သဘောဆောင်သည့် နည်းလမ်းတစ်ခုဖြင့် ၎င်းတို့ကို တိုးတက်ဖြစ်ပေါ်စေမည်လော။ အန္တိခရစ်တစ်ဦး၏ သဘာဝအနှစ်သာရအပေါ် အခြေခံ၍၊ ထုတ်ပယ်ခြင်းခံရခြင်းသည် ကောင်းချီးမင်္ဂလာများအတွက် ၎င်းတို့၏ လိုအင်ဆန္ဒကို ၎င်းတို့ လက်လွှတ်ခြင်း၏ အစ၊ သို့မဟုတ် သမ္မာတရားကို ၎င်းတို့ ချစ်မြတ်နိုးပြီး ရှာဖွေခြင်း၏ အစ လုံးဝမဟုတ်သည်မှာ စထင်ရှားသည်။ ယင်းအစား၊ ၎င်းတို့သည် ကောင်းချီးခံစားရမည့် အခွင့်အရေးနှင့် မျှော်လင့်ချက်အတွက် တိုက်ပွဲဝင်ရန် ပို၍ပင် ကြိုးစားလုပ်ဆောင်ကြလိမ့်မည်။ ၎င်းတို့အား ကောင်းချီးမင်္ဂလာများ ဆောင်ကြဉ်းပေးနိုင်သော၊ ၎င်းတို့အား တစ်ကျော့ပြန် အောင်မြင်မှုရရန် ကူညီပေးနိုင်ပြီး ၎င်းတို့၏ အဆင့်အတန်းကို ပြန်လည်ရရှိစေနိုင်သော မည်သည့်အခွင့်အရေးကိုမဆို ဖက်တွယ်ကြလိမ့်မည်။ ထို့ကြောင့်၊ ထုတ်ပယ်ခြင်းခံရခြင်းနှင့် ရင်ဆိုင်ရသည့်အခါ၊ စိတ်မချမ်းမသာဖြစ်ခြင်း၊ စိတ်ပျက်ခြင်းနှင့် ဆန့်ကျင်ဘက်ပြုခြင်းအပြင်၊ အန္တိခရစ်တစ်ဦးသည် ထုတ်ပယ်ခံရခြင်းအပေါ် အစွမ်းကုန် ဆန့်ကျင်တိုက်ခိုက်လိမ့်မည်ဖြစ်ကာ အခြေအနေကို ပြောင်းပြန်လှန်ရန်၊ ပြောင်းလဲရန် ကြိုးပမ်းကြလိမ့်မည်။ ၎င်းတို့သည် ကောင်းချီးခံစားရမည့် မိမိတို့၏ မျှော်လင့်ချက်ကို ထိန်းသိမ်းထားရန်လည်းကောင်း၊ မိမိတို့၏ အဆင့်အတန်း၊ ဂုဏ်သိက္ခာနှင့် တန်ခိုးအာဏာတို့ကို မပြောင်းလဲသည့် အခြေအနေတွင်ရှိစေရန် မိမိတို့၏ အစွမ်းရှိသမျှဖြင့် ရုန်းကန်ကြိုးစားကြလိမ့်မည်။ ၎င်းတို့ မည်သို့ ရုန်းကန်ကြသနည်း။ မိမိတို့အပြစ်ကင်းကြောင်း သက်သေပြရန် ကြိုးစားခြင်းမှတစ်ဆင့်၊ ကျိုးကြောင်းပြချက်များ ပေးခြင်းအားဖြင့်၊ ဆင်ခြေများ ပေးခြင်းနှင့် ၎င်းတို့ ပြုလုပ်ခဲ့သည့်အရာကို မည်သို့ ပြုလုပ်ခဲ့သည်၊ ၎င်းတို့အား မည်သည့်အရာက မှားယွင်းစေခဲ့သည်၊ အခြားသူများကို ကူညီရန်နှင့် ၎င်းတို့နှင့် မိတ်သဟာယဖွဲ့ရန်အတွက် မည်သို့ ညလုံးပေါက် မအိပ်ဘဲ နေခဲ့သည်ကိုလည်းကောင်း၊ ဤကိစ္စရပ်တွင် ၎င်းတို့ကို မည်သည့်အရာက ပေါ့ဆစေခဲ့သည်ကိုလည်းကောင်း ပြောဆိုခြင်းမှတစ်ဆင့် ဖြစ်သည်။ ၎င်းတို့သည် အခြေအနေကို အဖတ်ဆယ်ပြီး ထုတ်ပယ်ခြင်းခံရခြင်းနှင့်ဆိုင်သည့် ကံအကြောင်းမလှသည့်ဖြစ်ရပ်ကို လွတ်မြောက်နိုင်ရန်အလို့ငှာ၊ ဤကိစ္စရပ်၏ အစိတ်အပိုင်းတိုင်းကို လုံးဝ ရှင်းလင်းစေပြီး ရှင်းပြကြလိမ့်မည်။
မည်သည့် ဆက်စပ်အခြေအနေများနှင့် ကိစ္စရပ်များတွင် အန္တိခရစ်တို့သည် ၎င်းတို့၏ စာတန်သဘာဝကို ဇာတိရုပ်ဖော်ပြီး ထုတ်ဖော်ရန် အလားအလာအရှိဆုံး ဖြစ်သနည်း။ ၎င်းတို့ ဖော်ထုတ်ခြင်းနှင့် ထုတ်ပယ်ခြင်းခံရသည့်အခါတွင်ဖြစ်သည်။ ဆိုလိုသည်မှာ အဆင့်အတန်းကို ၎င်းတို့ ဆုံးရှုံးသည့်အခါ ဖြစ်သည်။ အန္တိခရစ်တို့ ပြသသည့် အဓိကသရုပ်သကန်မှာ ၎င်းတို့သည် မိမိတို့ကိုယ်ကို သက်သေထူရန်နှင့် တစ်ပတ်ရိုက်ခြင်းကို လုပ်ဆောင်ရန် အစွမ်းကုန် ကြိုးစားကြခြင်း ဖြစ်သည်။ သင်သည် ၎င်းတို့နှင့်အတူ သမ္မာတရားကို မည်သို့ပင် မိတ်သဟာယဖွဲ့သည်ဖြစ်စေ၊ ၎င်းတို့သည် အတိုက်အခံလုပ်ကြပြီး သင်ပြောသည့်အရာကို လက်ခံရန် ငြင်းပယ်ကြသည်။ ဘုရားသခင်၏ ရွေးချယ်ထားသောလူများက ၎င်းတို့၏ မကောင်းမှုပြုခြင်းဆိုင်ရာ အချက်အလက်အားလုံးကို ဖော်ထုတ်ခြင်းနှင့် ရင်ဆိုင်ရသည့်အခါ၊ ၎င်းတို့သည် ဤအရာများကို ဝန်ခံပါက စွဲချက်တင်ထားသည့်အတိုင်း အပြစ်ရှိကြောင်း တွေ့ရှိရမည်ဖြစ်ပြီး၊ ရှင်းလင်းဖယ်ရှားခြင်း သို့မဟုတ် နှင်ထုတ်ခြင်းခံရမည်ကို ကြောက်ရွံ့ကြသဖြင့် လုံးဝ ဝန်မခံကြပေ။ ၎င်းတို့အပေါ် စွဲချက်တင်ထားသည်များကို ဝန်ခံရန် ငြင်းပယ်သော်လည်း၊ မိမိတို့၏ အမှားများနှင့် တာဝန်များကို အခြားလူတို့၏ ပခုံးပေါ်သို့ပင် တွန်းပို့ကြလေသည်။ ဤအချက်က အန္တိခရစ်တို့သည် သမ္မာတရားကို မည်သည့်အခါမျှ လက်မခံကြောင်း၊ မိမိတို့၏ အမှားများကို အသိအမှတ်မပြုကြောင်း၊ သို့မဟုတ် မိမိတို့ကိုယ်ကို အမှန်တကယ် မသိရှိကြောင်းကို လုံလောက်စွာ ပြသပြီး၊ ဤသည်မှာ ၎င်းတို့၏ သဘာဝက မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကြောင်း၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြောင်း၊ သမ္မာတရားကို မုန်းတီးပြီး သမ္မာတရားကို လုံးဝ လက်မခံကြောင်းကို သာ၍ပင် သက်သေပြနေသည်။ သို့ဖြစ်၍ ၎င်းတို့ကို ကယ်တင်၍ မရနိုင်တော့ပေ။ လူ့သဘာဝ အနည်းငယ်နှင့် ဆင်ခြင်တုံတရားအချို့ရှိသောသူတို့သည် မိမိတို့၏ ကိုယ်ပိုင်အမှားများကို ဝန်ခံပြီး လက်ခံနိုင်သည်၊ အချက်အလက်များနှင့် ရင်ဆိုင်ရသည့်အခါ မိမိတို့၏ ဦးခေါင်းများကို ငုံ့ထားနိုင်ပြီး ၎င်းတို့ပြုလုပ်ခဲ့သော မကောင်းမှုများအတွက် နောင်တရကြောင်း ခံစားရသည်။ သို့ရာတွင် အန္တိခရစ်တို့မှာမူ ဤအရာများကို မစွမ်းဆောင်နိုင်ကြပေ။ ဤအရာက အန္တိခရစ်တို့သည် မည်သည့်သိစိတ် သို့မဟုတ် ဆင်ခြင်တုံတရားမျှ လုံးဝ မပိုင်ဆိုင်သကဲ့သို့၊ ၎င်းတို့သည် လူ့သဘာဝ လုံးဝကင်းမဲ့ကြောင်းကို ပြသသည်။ ၎င်းတို့၏ စိတ်နှလုံးများထဲ၌၊ အန္တိခရစ်တို့သည် ၎င်းတို့၏ အဆင့်အတန်း မြင့်ပုံ သို့မဟုတ် နိမ့်ပုံကို ၎င်းတို့၏ ကောင်းချီးမင်္ဂလာများ ကြီးမည့်ပုံ ငယ်မည့်ပုံနှင့် အစဉ် တစ်တန်းတည်းထားကြသည်။ ဘုရားအိမ်တော်၌ဖြစ်စေ သို့မဟုတ် အခြားမည်သည့်အုပ်စု၌ဖြစ်စေ၊ ၎င်းတို့အတွက်မူ၊ လူတို့၏ နောက်ဆုံးရလဒ်များကဲ့သို့ပင် လူတို့၏ အဆင့်အတန်းနှင့် လူတန်းစားကို ပိုင်းခြားသတ်မှတ်ထားပေသည်။ ဤဘဝ၌ ဘုရားအိမ်တော်တွင် တစ်စုံတစ်ဦး၏ အဆင့်အတန်း မည်မျှ မြင့်မားသည်ဆိုသည်နှင့် ၎င်းတို့ တန်ခိုးအာဏာမည်မျှ ကိုင်စွဲထားသည်ဆိုသည်တို့မှာ နောင်ဘဝတွင် ၎င်းတို့ လက်ခံရရှိမည့် ကောင်းချီးမင်္ဂလာများ၊ ဆုလာဘ်များနှင့် သရဖူတို့၏ ပမာဏနှင့် ညီမျှသည်၊ ဤအရာများက ဆက်စပ်နေသည်ဟူ၍ ဖြစ်သည်။ ထိုအမြင်သည် ခိုင်လုံသလော။ ဘုရားသခင်သည် ဤသို့ မည်သည့်အခါမျှ မပြောခဲ့သကဲ့သို့၊ သူသည် ထိုသို့သောအရာ တစ်ခုကိုမျှ တစ်ကြိမ်တစ်ခါမျှ ကတိမပြုခဲ့ပေ။ သို့သော် ဤသည်မှာ အန္တိခရစ်တစ်ဦးအတွင်း၌ ဖြစ်ပေါ်လာသော အတွေးအခေါ်မျိုး ဖြစ်သည်။ ယခုတွင်တော့၊ အန္တိခရစ်တို့၌ ထိုသို့သော အတွေးအခေါ်များ အဘယ်ကြောင့် ရှိသည်ဟူသော အကြောင်းရင်းများကို ငါတို့ စေ့စေ့စပ်စပ် လေ့လာမည်မဟုတ်။ သို့ရာတွင်၊ ၎င်းတို့၏ သဘာဝအနှစ်သာရအရ၊ ၎င်းတို့သည် အဆင့်အတန်းကို ချစ်မြတ်နိုးခြင်းဖြင့် မွေးဖွားလာကြပြီး၊ ၎င်းတို့သည် ဤဘဝ၌ ထင်ရှားကျော်ကြားသော အဆင့်အတန်းနှင့် မြင့်မားသော ဂုဏ်သိက္ခာရှိရန်၊ အာဏာကိုင်စွဲရန်လည်း မျှော်လင့်ကြပြီး၊ နောင်ဘဝတွင် ဤအရာအားလုံးကို ဆက်လက်၍ မွေ့လျော်ခံစားလိုကြသည်။ သို့ဆိုလျှင်၊ ၎င်းတို့သည် ဤအရာအားလုံးကို မည်သို့ စွမ်းဆောင်ရရှိလိမ့်မည်နည်း။ အန္တိခရစ်တို့၏ စိတ်ထဲတွင်၊ ၎င်းတို့သည် ဤဘဝ၌ အဆင့်အတန်း၊ အာဏာနှင့် ဂုဏ်သိက္ခာ ရှိနေစဉ်တွင် ၎င်းတို့ လုပ်ဆောင်နိုင်စွမ်းရှိသော အမှုအရာအချို့နှင့် ၎င်းတို့ လုပ်ဆောင်လိုပြီး ချစ်မြတ်နိုးသော အမှုအရာများကို လုပ်ဆောင်ခြင်းအားဖြင့်လည်းကောင်း၊ ထို့နောက်တွင် ဤအရာများကို အနာဂတ် ကောင်းချီးမင်္ဂလာများ၊ သရဖူများ၊ ဆုလာဘ်များနှင့် လဲလှယ်ခြင်းအားဖြင့်လည်းကောင်း ဤအရာကို ၎င်းတို့ စွမ်းဆောင်ရရှိလိမ့်မည် ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တို့၏ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်ဖြစ်ပြီး၊ ဘုရားသခင်ကို ၎င်းတို့ ယုံကြည်သည့် နည်းလမ်းနှင့် ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်း၌ စွဲကိုင်ထားသော ရှုထောင့်အမြင် ဖြစ်သည်။ ၎င်းတို့၏ အတွေးအခေါ်များ၊ ရှုထောင့်အမြင်များနှင့် ဘုရားသခင်ကို ၎င်းတို့ယုံကြည်သည့် နည်းလမ်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်လည်းကောင်း၊ ကတိတော်များနှင့်လည်းကောင်း လုံးဝ သက်ဆိုင်ခြင်းမရှိပေ။ ယင်းတို့သည် လုံးဝ ဆက်စပ်မှုမရှိပေ။ ငါ့ကို ပြောကြလော့၊ ဤအန္တိခရစ်တို့သည် အနည်းငယ် စိတ်မမှန်ကြလေသလော။ ၎င်းတို့သည် အဆုံးစွန်ထိကောက်ကျစ်ဆိုးယုတ်သည် မဟုတ်လော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြောဆိုသည့် မည်သည့်အရာကိုမဆို ၎င်းတို့ လျစ်လျူရှုပြီး လက်ခံရန် ငြင်းပယ်ကြသည်။ ၎င်းတို့ တွေးထင်သည့် နည်းလမ်းနှင့် ဘုရားသခင်ကို ၎င်းတို့ ယုံကြည်သည့် နည်းလမ်းက မှန်ကန်သည်ဟု ၎င်းတို့ ယူဆကြပြီး၊ ဤအရာ၌ ပျော်မွေ့ကာ၊ မိမိတို့ကိုယ်ကို မွေ့လျော်ခံစားပြီး အထင်ကြီးလေးစားကြသည်။ ၎င်းတို့သည် သမ္မာတရားကို မရှာဖွေကြသကဲ့သို့၊ ဘုရားနှုတ်ကပတ်တော်များက ထိုသို့သော အရာများကို ပြောဆိုခြင်း ရှိမရှိ သို့မဟုတ် ဘုရားသခင်က ထိုသို့သော ကတိတော်များကို ပြုလုပ်ခဲ့ခြင်း ရှိမရှိကိုလည်း မစုံစမ်းစစ်ဆေးကြပေ။ ၎င်းတို့က ပင်ကိုအားဖြင့် အခြားလူများထက် ပို၍ ပါးနပ်သည်၊ ပင်ကိုအားဖြင့် ပညာရှိသည်၊ အရည်အချင်းရှိပြီးအလွန် ဆုကျေးဇူးရှိသည်ကို အန္တိခရစ်များက လွယ်ကာရ၏ဟု မှတ်ယူကြသည်။ ၎င်းတို့အနေဖြင့် အခြားလူများထဲတွင် ထင်ပေါ်သော ပုဂ္ဂိုလ် ဖြစ်သင့်သည်၊ ခေါင်းဆောင် ဖြစ်သင့်သည်၊ အခြားသူများ၏ အထင်ကြီးခြင်းကို ခံရသင့်သည်၊ အာဏာကိုင်စွဲသင့်သည်၊ အခြားသူများကို အုပ်စိုးသင့်သည်ဟု ခံစားကြရသည်။ ဘုရားသခင်ကို ယုံကြည်သူအားလုံးသည် ၎င်းတို့၏ အုပ်ချုပ်ခြင်းကို ခံရသင့်သကဲ့သို့၊ လူတိုင်းသည် ၎င်းတို့ ဦးဆောင်ရန်အတွက် ရှိနေသင့်သည့်အလား ဖြစ်သည်။ ဤအရာအားလုံးသည် ဤဘဝ၌ ၎င်းတို့ရရှိလိုသော အရာများ ဖြစ်ကြသည်။ ၎င်းတို့သည် နောင်ဘဝတွင် အခြားလူများ မရရှိနိုင်သော ကောင်းချီးမင်္ဂလာများကိုလည်း ရရှိလိုကြပြီး၊ ဤသည်ကို ၎င်းတို့က ဖြစ်ရိုးဖြစ်စဉ်ကိစ္စတစ်ခုအဖြစ် မှတ်ယူကြသည်။ အန္တိခရစ်တို့၌ ထိုသို့သော အတွေးအခေါ်များနှင့် ရှုထောင့်အမြင်များ ရှိခြင်းအတွက်၊ ဤသည်မှာ ၎င်းတို့ကို အတော်ပင် အရှက်ကင်းမဲ့စေသည် မဟုတ်လော။ ၎င်းတို့သည် ဆင်ခြင်တုံတရားကို အနည်းငယ် နားမဝင်ဘဲနေကြသည် မဟုတ်လော။ သင်သည် မည်သည့်အခြေခံအကြောင်းရင်းများဖြင့် ဤသို့ တွေးထင်ကြသနည်း။ သင်သည် မည်သည့်အခြေခံအကြောင်းရင်းများဖြင့် အခြားသူများ၏ အထင်ကြီးလေးစားမှုကို ရရှိလိုကြသနည်း။ သင်သည် မည်သည့်အခြေခံအကြောင်းရင်းများဖြင့် အခြားသူများကို အုပ်ချုပ်လိုကြသနည်း။ သင်သည် မည်သည့်အခြေခံအကြောင်းရင်းများဖြင့် အာဏာရှိရန်နှင့် လူတို့အကြား၌ မြင့်မားသော ရာထူးတွင်ရှိရန် လိုလားကြသနည်း။ ဘုရားသခင်သည် ဤအရာများကို ကြိုတင်သတ်မှတ်ခဲ့သလော၊ သို့မဟုတ် သင်သည် သမ္မာတရားနှင့် လူ့သဘာဝကို ပိုင်ဆိုင်သလော။ သင်သည် ပညာနှင့် အသိပညာအချို့ ရှိသောကြောင့်၊ အနည်းငယ် အရပ်ရှည်ပြီး ကြည့်ကောင်းသောကြောင့် မိမိ၏ အဆင့်အတန်းကို အခိုင်အမာ တည်ဆောက်ကာ အခြားသူများကို ဦးဆောင်ရန် အရည်အချင်းပြည့်မီသလော။ ထိုအရာက သင့်ကို အမိန့်များထုတ်ပြန်ရန် အရည်အချင်းပြည့်မီစေသလော။ ထိုအရာက သင့်ကို အခြားလူများအား ထိန်းချုပ်ရန် အရည်အချင်းပြည့်မီစေသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် သူက၊ “သင်သည် ဆွဲဆောင်မှုရှိသည်၊ သင်သည် အားသာချက်များနှင့် ဆုကျေးဇူးများကို ပိုင်ဆိုင်သည်၊ သို့ဖြစ်၍ သင်သည် အခြားလူများကို ဦးဆောင်သင့်ပြီး တည်မြဲသော အဆင့်အတန်း ရှိသင့်သည်”ဟု မည်သည့်နေရာ၌ ပြောသနည်း။ ဘုရားသခင်သည် သင့်အား ဤအာဏာကို ပေးအပ်ခဲ့သလော။ ဘုရားသခင်သည် ဤအရာကို ကြိုတင်သတ်မှတ်ခဲ့သလော။ မသတ်မှတ်ခဲ့ပေ။ ညီအစ်ကိုမောင်နှမများက သင့်ကို ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် ရွေးချယ်သည့်အခါ၊ ၎င်းတို့သည် သင့်အား အဆင့်အတန်း ပေးနေခြင်းလော။ ယင်းသည် ဤဘဝ၌ သင်နှင့်ထိုက်တန်သော ကောင်းချီးမင်္ဂလာတစ်ခုလော။ အချို့လူများသည် ဤအရာများကို မွေ့လျော်ခံစားခြင်းအား ဤဘဝ၌ အဆတစ်ရာ လက်ခံရရှိခြင်းအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုကြပြီး၊ ၎င်းတို့၌ အဆင့်အတန်းနှင့် အာဏာရှိသရွေ့၊ အမိန့်များထုတ်ပြန်နိုင်ပြီး လူများစွာကို အုပ်ချုပ်နိုင်သရွေ့၊ ၎င်းတို့အနေဖြင့် မည်သည့်နေရာသို့ သွားသည်ဖြစ်စေ နောက်လိုက် အခြွေအရံများဖြင့် ဝန်းရံခြင်းခံရမည်ဖြစ်ပြီး၊ လူများက ၎င်းတို့ကို အစဉ်အစေခံကာ ၎င်းတို့ကို ဗဟိုပြုနေရမည်ဟုတွေးထင်ကြသည်။ သင်သည် မည်သည့်အခြေခံအကြောင်းရင်းများအရ၊ ဤအရာများကို မွေ့လျော်ခံစားလိုသနည်း။ ညီအစ်ကိုမောင်နှမများက သင့်ကို ခေါင်းဆောင်အဖြစ် ရွေးချယ်ခြင်းမှာ ဤတာဝန်ကို သင်ထမ်းဆောင်နိုင်ရန် ဖြစ်သည်။ ယင်းမှာ အာဏာကိုင်စွဲပြီး အဆင့်အတန်း၏ အကျိုးကျေးဇူးများကို ခံစားရန် မဆိုထားနှင့်၊လူတို့ကို သင် အထင်အမြင်မှားစေရန်၊ ညီအစ်ကိုမောင်နှမများ၏ အထင်ကြီးလေးစားခြင်းနှင့် အားကျခြင်းခံရရန် မဟုတ်ဘဲ၊ ယင်းအစား သင့်အနေဖြင့် အလုပ်အစီအစဉ်များနှင့် သမ္မာတရားစည်းမျဉ်းများနှင့်အညီ သင်၏ တာဝန်ကို ထမ်းဆောင်နိုင်ရန်အလို့ငှာ ဖြစ်သည်။ ထို့အပြင်၊ ညီအစ်ကိုမောင်နှမများက ခေါင်းဆောင်အဖြစ် ရွေးချယ်ထားသော တစ်စုံတစ်ဦးကို ထုတ်ပယ်၍မရနိုင်ဟု ဘုရားသခင်က ကြိုတင်သတ်မှတ်ထားခြင်း မရှိပေ။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းကို ခံရသောသူတစ်ဦးဟု သင် ထင်သလော။ မည်သူမျှ သင့်ကို မထုတ်ပယ်နိုင်ဟု သင် ထင်သလော။ သို့ဆိုလျှင် သင့်ကို ထုတ်ပယ်ခြင်းနှင့်ပတ်သက်၍ အဘယ်အရာ မှားယွင်းနေသနည်း။ အကယ်၍ သင့်ကို မနှင်ထုတ်ပါက၊ ယင်းမှာ သင် သနားခြင်းခံရပြီး နောင်တရရန် အခွင့်အရေးတစ်ခု ပေးအပ်ခြင်းခံရသောကြောင့်ဖြစ်သည်။ သို့သော် သင်သည် ကျေနပ်ခြင်း မရှိသေးပေ။ သင်သည် အဘယ်အရာကို အငြင်းပွားနေသနည်း။ အကယ်၍ သင်၏ ကောင်းချီးခံစားရရန် မျှော်လင့်ချက်များ ပျက်ပြားသွားသောကြောင့် သင်သည် နုတ်ထွက်ပြီး ဘုရားသခင်ကို မယုံကြည်ချင်တော့ပါက၊ ဆက်သာလုပ်ပြီး နုတ်ထွက်လော့။ ဘုရားအိမ်တော်သည် သင်မရှိဘဲ အဆင်မပြေနိုင်ဟု သင် ထင်သလော။ သင်မရှိဘဲ ကမ္ဘာကြီးသည် လည်ပတ်ခြင်း ရပ်တန့်သွားလိမ့်မည်လော။ သင်မရှိဘဲ ဘုရားအိမ်တော်၏ အလုပ်သည် ပြီးမြောက်အောင်မြင်နိုင်ခြင်း မရှိသလော။ ကောင်းပေပြီ၊ သင် အတွေးမှားပေသည်။ မည်သည့်လူတစ်ဦးကိုမဆို ဆုံးရှုံးခြင်းသည် ကမ္ဘာကြီးကို လည်ပတ်ခြင်းမှ ရပ်တန့်စေလိမ့်မည်မဟုတ်၊ သို့မဟုတ် နေထွက်ခြင်းကို ရပ်တန့်စေလိမ့်မည်မဟုတ်ပေ။ ဘုရားသခင်သာလျှင် မရှိမဖြစ် ဖြစ်သည်၊ မည်သည့်လူသားမျှ မရှိမဖြစ်မဟုတ်။ အသင်းတော်၏ အလုပ်သည် ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နေလိမ့်မည် ဖြစ်သည်။ အကယ်၍ မည်သူမဆိုက ၎င်းတို့မရှိဘဲ အသင်းတော်က မလုပ်ဆောင်နိုင်ဟုလည်းကောင်း၊ ဘုရားအိမ်တော်က ၎င်းတို့မရှိဘဲ မလုပ်ဆောင်နိုင်ဟုလည်းကောင်း တွေးထင်ပါက၊ ၎င်းတို့သည် အန္တိခရစ်တစ်ဦး မဟုတ်လော။ သင်သည် အဆင့်အတန်း၏ အကျိုးကျေးဇူးများကို ခံစားလေ့ရှိသည် မဟုတ်လော။ သင်သည် အခြားသူများ၏ လေးစားအားကျခြင်း၊ အထင်ကြီးလေးစားခြင်းနှင့် မျက်နှာလိုအားရလုပ်ခြင်းကို ခံစားလေ့ရှိသည် မဟုတ်လော။ သင်သည် အခြားသူများ၏ အားကျခြင်းကို ခံစားရန် မည်သို့ အရည်အချင်းပြည့်မီသနည်း။ သင်သည် အခြားသူများ၏ ပြုံးပြခြင်းဖြင့် နှုတ်ဆက်ခြင်းကို ခံယူရန် မည်သို့ အရည်အချင်းပြည့်မီသနည်း။ သင်သည် လူတို့အား သင့်ကို ပျပ်ဝပ်ပြီး ကိုးကွယ်စေလိုသေးသလော။ ထိုသို့ဖြစ်လျှင်၊ ယင်းမှာ သင်သည် လုံးဝ အရှက်ကင်းမဲ့သည်ဟု ဆိုလိုသည် မဟုတ်လော။ လူအချို့သည် ၎င်းတို့၏ တာဝန်မှ ထုတ်ပယ်ခြင်းခံရသည့်အခါ၊ မိသားစုဝင်တစ်ဦး သေဆုံးသည်ထက်ပင် ပို၍ စိတ်မချမ်းမသာဖြစ်ပြီး ပို၍ ဆင်းရဲဒုက္ခခံစားကြရသည်။ ၎င်းတို့သည် အခြားမည်သူမျှ အသင်းတော်ကို ဦးဆောင်နိုင်ဖွယ်မရှိသည့်အလား၊ ယခုအချိန်အထိ အသင်းတော်အလုပ်ကို ထောက်ပံ့နေခဲ့သော တစ်ဦးတည်းသောသူမှာ ၎င်းတို့ဖြစ်သည့်အလား အရာအားလုံးကို ဖော်ထုတ်ပြီး ဘုရားအိမ်တော်နှင့် အငြင်းပွားကြသည်။ ဤသည်မှာ ကြီးမားသော အမှားတစ်ခု ဖြစ်သည်။ ဘုရားသခင်၏ ရွေးချယ်ထားသောလူများက ဘုရားသခင်ကို မစွန့်ခွာခြင်းသည် ဘုရားနှုတ်ကပတ်တော်များဖြင့် စွမ်းဆောင်ရရှိသော အကျိုးသက်ရောက်မှုတစ်ခုဖြစ်ပြီး၊ ၎င်းတို့သည် စုဝေးပွဲများ တက်ရောက်ပြီး အသင်းတော်အသက်တာဖြင့် အသက်ရှင်ခြင်းမှာ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်း ရှိသောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ ရွေးချယ်ထားသောလူများသည် ခိုင်မာစွာ ရပ်တည်ပြီး စုဝေးပွဲများကို ပုံမှန် တက်ရောက်ခြင်းမှာ ဤလူတို့သည် သမ္မာတရားကို နားလည်ပြီး ကောင်းစွာ ရေလောင်းပေးခြင်းခံခဲ့ရသောကြောင့် မဟုတ်ပေ။ အသင်းတော်ခေါင်းဆောင်များသည် အကြိမ်ကြိမ် အစားထိုးခြင်းခံရသည်၊ အယောင်ဆောင် ခေါင်းဆောင်များနှင့် အယောင်ဆောင် အမှုဆောင်များစွာ ထုတ်ပယ်ခြင်းခံရပြီး၊ ဘုရားသခင်၏ ရွေးချယ်ထားသောလူများက စုဝေးပွဲများကို တက်ရောက်ကာ ဘုရားနှုတ်ကပတ်တော်များကို ပုံမှန်အတိုင်း စားသောက်ကြသည်။ ဤသည်မှာ ဤအယောင်ဆောင် ခေါင်းဆောင်များနှင့်လည်းကောင်း၊ အယောင်ဆောင်အမှုဆောင်များနှင့် လည်းကောင်း လုံးဝ သက်ဆိုင်ခြင်းမရှိပေ။ ထိုအငြင်းပွားမှုများကို ပြုလုပ်ရာတွင် အဓိပ္ပာယ်ကား အဘယ်နည်း။ သင်သည် အဓိပ္ပာယ်မဲ့ပြီး မရေရာသော အငြင်းပွားမှုများကို ပြုလုပ်နေခြင်းမျှသာ မဟုတ်လော။ အကယ်၍ သင်သည် သမ္မာတရား လက်တွေ့ကျမှုကို အမှန်တကယ် ပိုင်ဆိုင်ပြီး အသက်ဝင်ရောက်မှုနှင့်ပတ်သက်၍ ဘုရားသခင်၏ ရွေးချယ်ထားသောလူများစွာ၏ ပြဿနာများကို ဖြေရှင်းပေးပြီးဖြစ်ပါက၊ ဘုရားသခင်၏ ရွေးချယ်ထားသောလူများသည် ဤသည်ကို ၎င်းတို့၏ စိတ်နှလုံးထဲ၌ သိရှိကြလိမ့်မည်။ အကယ်၍ သင်သည် သမ္မာတရား လက်တွေ့ကျမှုကို မပိုင်ဆိုင်ဘဲ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို မိတ်သဟာယမဖွဲ့နိုင်ပါက၊ အသင်းတော်အလုပ်၏ ပုံမှန်တိုးတက်မှုသည် သင်နှင့် လုံးဝ သက်ဆိုင်ခြင်းမရှိပေ။ ထုတ်ပယ်ခြင်းခံရသည်နှင့်တစ်ပြိုင်နက်၊ ဆင်ခြေများ ဆက်ပေးနေသော အယောင်ဆောင် ခေါင်းဆောင်များနှင့် အယောင်ဆောင် အမှုဆောင်များ အလွန်များသည်။ ၎င်းတို့သည် အသင်းတော်အတွက် အလွန်အမင်း ပံ့ပိုးကူညီခဲ့သည့်အလား ဖြစ်သည်။ အမှန်တကယ်တွင် ၎င်းတို့သည် မည်သည့်လက်တွေ့ကျသောအလုပ်ကိုမျှ မလုပ်ဆောင်ခဲ့ဘဲ၊ အသင်းတော်အသက်တာ၏ ပုံမှန်အစီအစဉ်ကိုလည်း ၎င်းတို့၏ ထိန်းသိမ်းမှုအားဖြင့် ထိန်းသိမ်းထားခြင်း မဟုတ်ပေ။ ၎င်းတို့မရှိဘဲ၊ ဘုရားသခင်၏ ရွေးချယ်ထားသောလူများသည် စုဝေးပွဲများကို ပုံမှန်အတိုင်း ဆက်လက်တက်ရောက်ပြီး ၎င်းတို့၏ တာဝန်များကို ပုံမှန်အတိုင်း ထမ်းဆောင်ကြသည်။ အကယ်၍ သင်သည် သမ္မာတရား လက်တွေ့ကျမှုကို မပိုင်ဆိုင်ဘဲ မည်သည့်လက်တွေ့ကျသောအလုပ်ကိုမျှ မလုပ်ဆောင်နိုင်ပါက၊ အသင်းတော်အလုပ်နှင့် ဘုရားသခင်၏ ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှု နှစ်ခုလုံးကို ဆက်လက်၍ ထိခိုက်စေခြင်းနှင့် နှောင့်နှေးစေခြင်းမှ တားဆီးဖို့အတွက် သင် ထုတ်ပယ်ခြင်းခံရသင့်သည်။ ဘုရားအိမ်တော်သည် သင်တို့ အယောင်ဆောင် ခေါင်းဆောင်များနှင့် အယောင်ဆောင် အမှုဆောင်များကို အသုံးမပြုလိုပေ။ ဘုရားအိမ်တော်သည် သင့်ကို ထုတ်ပယ်ရန် အာဏာမရှိဟု သင် ထင်ခဲ့သလော။ သင်သည် သင်၏အလုပ်ကို ထိုသို့ ကမောက်ကမ ဖြစ်စေခဲ့သည်။ သင်သည် အသင်းတော်အလုပ်အတွက် ထိုသို့သော ဒုက္ခနှင့် ထိုသို့သော ကြီးမားသည့် ဆုံးရှုံးမှုများကို ဖြစ်စေခဲ့သည်။ သင်သည် အထက်ကို အလွန်အမင်း စိုးရိမ်ပူပန်စေပြီးဖြစ်သည်။ သင့်ကို အသုံးပြုခြင်းသည် အလွန် ဒုက္ခများပြီး၊ ယင်းက လူတို့အား ထိုသို့သော စက်ဆုပ်ရွံရှာမှု၊ မနှစ်မြို့မှုနှင့် ရွံမုန်းမှုကို ခံစားစေသည်။ သင်သည် အလွန် မိုက်မဲသည်၊ မသိနားမလည်သကဲ့သို့ ခေါင်းမာပြီး၊ ပြုပြင်ခြင်းခံရရန်ပင် မထိုက်တန်ပေ။ သို့ဖြစ်၍ ဘုရားအိမ်တော်သည် သင့်ကို မောင်းထုတ်ချင်သည်။ ချက်ချင်း ဖယ်ရှားရှင်းလင်းလိုပြီး၊ ကိစ္စပြီးမြောက်စေလိုသည်။ သို့တိုင် သင်သည် ခေါင်းဆောင်အဖြစ် ဆက်လက်ရှိနေရန် အထက်က သင့်အား နောက်ထပ် အခွင့်အရေးတစ်ခု ပေးစေလိုသေးသလော။ မေ့ထားလိုက်လော့။ အသိစိတ်နှင့် ဆင်ခြင်တုံတရားကင်းမဲ့ပြီး မကောင်းမှုကျူးလွန်ကာ အဖျက်အမှောင့်များဖြစ်စေသော အယောင်ဆောင် ခေါင်းဆောင်များ၊ အန္တိခရစ်တို့နှင့် ပတ်သက်လာလျှင်၊ ၎င်းတို့ ဖယ်ရှားရှင်းလင်းခြင်းခံရသည်နှင့်တစ်ပြိုင်နက်၊ ထာဝရ ဖယ်ရှားရှင်းလင်းခြင်းခံရသည်။ အကယ်၍ သင်သည် လက်တွေ့ကျသောအလုပ်ကို လုပ်ဆောင်နိုင်ပါက၊ အသုံးပြုခြင်းခံရလိမ့်မည်။ အကယ်၍ သင်သည် လက်တွေ့ကျသောအလုပ်ကို မလုပ်ဆောင်နိုင်ဘဲ မကောင်းမှုကျူးလွန်ကာ အဖျက်အမှောင့်များလည်း ဖြစ်စေပါက၊ ချက်ချင်း ဖယ်ရှားရှင်းလင်းခြင်းခံရလိမ့်မည်။ဤသည်မှာ လူတို့ကို အသုံးပြုခြင်းအတွက် ဘုရားအိမ်တော်၏ စည်းမျဉ်း ဖြစ်သည်။ အချို့သော အန္တိခရစ်တို့သည် အလျော့မပေးဘဲ၊ “သင်တို့က ကျွန်ုပ်ကို လက်တွေ့ကျသည့်အလုပ် မလုပ်သည့်အတွက် ထုတ်ပယ်နေသည်၊ အဘယ်ကြောင့် နောင်တရဖို့ ကျွန်ုပ်ကို အခွင့်အရေး မပေးသနည်း” ဟု ဆိုကြသည်။ ဤသည်မှာ မလိမ့်တပတ်လုပ်သော အကြောင်းပြချက်တစ်ခု မဟုတ်လော။ သင်သည် မကောင်းမှုများစွာ ကျူးလွန်ခဲ့သောကြောင့် ထုတ်ပယ်ခြင်းခံရခြင်းဖြစ်ပြီး၊ အကြိမ်များစွာ ပြုပြင်ခြင်းခံရပြီးနောက်တွင်ပင် လုံးဝ နောင်တရရန် ငြင်းဆန်နေဆဲဖြစ်သောကြောင့်သာ ထုတ်ပယ်ခြင်းခံရခြင်း ဖြစ်သည်။ သို့ဖြစ်၍ သင်သည် အခြားမည်သည့် အကြောင်းပြချက်များကို ပြုလုပ်နိုင်ဦးမည်နည်း။ သင်သည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကို လိုက်စားပြီး လက်တွေ့ကျသောအလုပ်ကို မလုပ်ဆောင်ခဲ့ပေ။ သင်သည် အသင်းတော်အလုပ်ကို ရပ်တန့်သွားစေခဲ့ပြီး၊ ပြဿနာများစွာ ပုံနေပြီး ထိုပြဿနာများကို သင် မကိုင်တွယ်ခဲ့ပေ။ အထက်သည် သင့်ကြောင့် မည်မျှ စိုးရိမ်ပူပန်ခဲ့ရသနည်း။ အထက်က သင့်ကို ထောက်ပံ့ပြီး သင်၏အလုပ်နှင့်ပတ်သက်၍ သင့်ကို ကူညီသော်လည်း၊ သင်သည် နောက်ကွယ်၌ မသမာမှုများ ပြုလုပ်နေခဲ့သည်။ စည်းမျဉ်းများကို ချိုးဖောက်သော အမှုအရာများစွာ၊ မြင်တွေ့ရန် မသင့်တော်သော အမှုအရာများကို အထက်၏ နောက်ကွယ်၌ သင် လုပ်ဆောင်နေခဲ့သည်။ မဝယ်သင့်သော အရာများစွာကို ဝယ်ယူရန် ဘုရားသခင်၏ အလှူငွေများကို မိမိသဘောအတိုင်း သင် သုံးစွဲနေခဲ့သည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားကို များစွာ ပျက်စီးမှု ဖြစ်စေပြီး အသင်းတော်အလုပ်အပေါ် ကြီးမားသော ဘေးအန္တရာယ်ကို ဆောင်ကြဉ်းပေးနေခဲ့သည်။ အဘယ်ကြောင့် သင်သည် ဤမကောင်းမှုပြုခြင်းများအကြောင်းကို မည်သည့်အခါမျှ မပြောဆိုသနည်း။ ဘုရားအိမ်တော်က သင့်ကို ထုတ်ပယ်လိုသည့်အခါ၊ သင်က လုံးဝ အရှက်မဲ့စွာဖြင့်၊ “ကျွန်ုပ်ကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးနိုင်မည်လော”ဟု ဆိုသည်။ သင် ဆက်လက်၍ သောင်းကျန်းကာ မကောင်းမှုများ ပြုလုပ်နိုင်ရန် ဘုရားအိမ်တော်က သင့်အား နောက်ထပ် အခွင့်အရေးတစ်ခု ပေးသင့်သလော။ ဘုရားအိမ်တော်က သင့်အား နောက်ထပ် အခွင့်အရေးတစ်ခု ပေးရန် တောင်းဆိုခြင်းသည် သင်၌ ရှက်စိတ်တစ်ခုတလေ ကင်းမဲ့နေသည် မဟုတ်လော။ သင်၏ စိတ်နှလုံးထဲ၌ နောင်တတစ်ခုတလေ ရှိရန်မဆိုထားနှင့်၊ သင်၏ ကိုယ်ပိုင် သဘာဝကိုပင် သင် လုံးဝ မသိသည့်အချိန်တွင် သင့်အား နောက်ထပ် အခွင့်အရေးတစ်ခု ပေး၍ရနိုင်သလော။ ဤကဲ့သို့သော လူတို့၌ အရှက်တရားမရှိ၊ ၎င်းတို့သည် အရှက်တရားကို လုံးဝမသိကြသကဲ့သို့ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များ ဖြစ်ကြသည်တကား။
အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မည်သည့်လက်တွေ့ကျသောအလုပ်ကိုမျှ လုံးဝ မလုပ်ဆောင်နိုင်ကြဘဲ အချိန်အတိုင်းအတာတစ်ခုအထိ အထက်၏ လမ်းညွှန်ခြင်းနှင့် ကူညီခြင်းကို ခံရပြီးနောက်တွင်ပင် ၎င်းတို့သည် မည်သည့်လက်တွေ့ကျသောအလုပ်ကိုမျှ မလုပ်ဆောင်နိုင်ကြသေးပေ။ ၎င်းတို့သည် အထွေထွေကိစ္စရပ်များနှင့်ဆိုင်သည့် အလုပ်ကိုပင် ကောင်းစွာ မကိုင်တွယ်နိုင်ကြ၊ ပြီးလျှင် ဤအရာက ၎င်းတို့သည် အစွမ်းအစ အလွန် ကင်းမဲ့ကြောင်းကို ပြသပေသည်။ အထက်သည်လည်း အလုပ်၏ ကဏ္ဍအားလုံးကို ပုံမှန် စုံစမ်းမေးမြန်းခြင်းများနှင့် စစ်ဆေးခြင်းများ ပြုလုပ်ရမည်ဖြစ်ပြီး ညီအစ်ကိုမောင်နှမများကို မည်သည့်ပြဿနာကိုမဆို ချက်ချင်း တိုင်ကြားရန် တောင်းဆိုရမည်။ အထက်က အလုပ်၏ ကဏ္ဍအားလုံးနှင့်စပ်လျဉ်း၍ စည်းမျဉ်းများကို စိစစ်ခြင်း၊ လမ်းညွှန်ခြင်းနှင့် မိတ်သဟာယဖွဲ့ခြင်းတို့ကိုလည်း ပြုလုပ်ရန် လိုအပ်သည်။ အထက်က စည်းမျဉ်းများအပေါ် မိတ်သဟာယဖွဲ့ခြင်း ပြီးစီးပြီးနောက် လူအချို့သည် အမှုအရာများကို မည်သို့လုပ်ဆောင်ရမည်ကို မသိကြသေးဘဲ ဆိုးရွားစွာ လုပ်ဆောင်ကြပြီး အချို့သည် မကောင်းမှုများပြုလုပ်လျက် သောင်းကျန်းပင် သောင်းကျန်းကြသည်။ မည်သည့်အလုပ်ကို ၎င်းတို့ လုပ်ဆောင်နေသည်ဖြစ်စေ ၎င်းတို့သည် အထက်နှင့် မည်သည့်အခါမျှ မရှာဖွေကြ။ မည်သည့်ပြဿနာကိုမျှ အထက်ကို လုံးဝမတိုင်ကြားကြဘဲ ယင်းအစား ၎င်းတို့သည် နောက်ကွယ်၌ မသမာမှုများ ပြုလုပ်ကြလေသည်။ ဤသည်မှာ အဘယ်ပြဿနာဖြစ်သနည်း။ ဤလူတို့၏ သဘာဝသည် အဘယ်နည်း။ ၎င်းတို့သည် သမ္မာတရားကို ချစ်မြတ်နိုးကြသလော။ ၎င်းတို့သည် ပျိုးထောင်ပေးခြင်းခံထိုက်သလော။ ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြစ်ရန် ထိုက်တန်နေဆဲလော။ ပထမဦးစွာ ၎င်းတို့သည် တစ်စုံတစ်ခုကို မလုပ်ဆောင်မီ မရှာဖွေကြပေ။ ဒုတိယအနေဖြင့ ထိုအရာကို လုပ်ဆောင်နေစဉ် မည်သည့်အစီရင်ခံစာကိုမျှ ၎င်းတို့ မပြုလုပ်ကြ။ ပြီးလျှင် တတိယအနေဖြင့် ထိုအရာကို လုပ်ဆောင်ပြီးနောက် မည်သည့်တုံ့ပြန်ချက်ကိုမျှ မပေးကြပေ။ ၎င်းတို့သည် အလွန် သိက္ခာမဲ့စွာ ပြုမူကြပြီး ထုတ်ပယ်ခြင်းခံရရန်ကို မလိုမလား ဖြစ်နေကြသေးသည့်အပြင် ထုတ်ပယ်ခြင်းခံရပြီးနောက်တွင်လည်း အလျှော့မပေးကြပေ။ ဤလူတို့သည် ကယ်တင်၍မရနိုင်တော့သည် မဟုတ်လော။ ငါ့ကို ပြောလော့၊ ကူညီ၍မရနိုင်တော့သော လူအများစုသည် လုံးဝ အရှက်ကင်းမဲ့ပြီး အသိခေါက်ခက်အဝင်နက်ကြသည် မဟုတ်လော။ ၎င်းတို့သည် မည်သည့်အရာကိုမျှ ကောင်းစွာ မလုပ်ဆောင်ကြဘဲ ပျင်းရိပြီး သက်သောင့်သက်သာရှိမှုကို အကြိုက်တွေ့ကြသည်၊ မည်သည့်အလုပ်ကိုမဆို လုပ်ဆောင်သည့်အခါ အမိန့်များထုတ်ပြန်ရန် မိမိတို့၏ ပါးစပ်ကိုသာ လှုပ်ရှားကြပြီး ပြောဆိုပြီးသည်နှင့်တစ်ပြိုင်နက် အခြားမည်သည့်အရာကိုမျှ ၎င်းတို့ မလုပ်ဆောင်ကြတော့ပေ။ ၎င်းတို့သည် အလုပ်ကို မည်သည့်အခါမျှ မကြီးကြပ်၊ မစစ်ဆေး၊ သို့မဟုတ် နောက်ဆက်တွဲအလုပ် မလုပ်ဆောင်ကြဘဲ ဤအရာများကို လုပ်ဆောင်သောသူ တစ်ဦးတလေအပေါ် မနှစ်မြို့မှုနှင့် မကျေနပ်မှုတို့အား ခံစားကြရပြီး ထိုသူကို ဒုက္ခခံစားရစေလိုကြသည်။ ဤသူတို့သည် အန္တိခရစ်စစ်စစ်များဖြစ်သည် မဟုတ်လော။ ဤသည်မှာ အန္တိခရစ်တို့၏ သိက္ခာမဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ ပကတိအခြေအနေကို မသိကြ၊ အလွန် သိက္ခာမဲ့စွာ ပြုမူကြပြီး ကောင်းချီးခံစားလိုကြသေးသည်။ ဘုရားအိမ်တော်နှင့်လည်းကောင်း၊ အထက်နှင့်လည်းကောင်း သာလွန်မှုအတွက် ယှဉ်ပြိုင်လိုကြသေးပြီး ၎င်းတို့ အငြင်းပွားလိုကြဆဲဖြစ်သည်။ ဤသို့ပြုလုပ်ခြင်းဖြင့် ၎င်းတို့သည် သေခြင်းကို ဖိတ်ခေါ်နေခြင်း မဟုတ်လော။ ဤကဲ့သို့သော အမှိုက်စများသည် ထုတ်ပယ်ခြင်းခံရသည့်အခါ အလွန် မခံမရပ်နိုင်ဖြစ်ပြီး ဆိုဆုံးမရခက်ကြသည်။ ၎င်းတို့သည် အမှန်ပင် အရှက်ကင်းမဲ့ပြီး ဆင်ခြင်တုံတရား တစ်စက်မျှပင် မရှိကြချေ။ မိမိတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါ ၎င်းတို့သည် မကောင်းမှုများပြုလုပ်လျက် သောင်းကျန်းကြပြီး အသင်းတော်အလုပ်ကို နှောင့်ယှက်၍ အဖျက်အမှောင့်လုပ်ကာ ၎င်းတို့ ထုတ်ပယ်ခြင်းခံရသည့်အခါ ကိုယ့်အမှားကိုယ် ဝန်ခံရန် ငြင်းပယ်ရုံသာမက အခြားသူတို့၏ ပခုံးပေါ်သို့လည်း တာဝန်ကို တွန်းပို့ပြီး “ဤအရာကို သူတို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အခြားအရာကို လုပ်ဆောင်ခြင်းအတွက် ကျွန်ုပ်သည် တစ်ဦးတည်းသော တာဝန်ရှိသူ မဟုတ်ပါ။ လူတိုင်းက ထိုကိစ္စကို အတူတကွ ဆွေးနွေးခဲ့ကြပြီး ဦးဆောင်သူက ကျွန်ုပ် မဟုတ်ခဲ့ပါ”ဟု ဆိုလျက် ၎င်းတို့အစား အပြစ်ကျခံရန် အခြားတစ်စုံတစ်ဦးကို ရှာဖွေကြသည်။ ၎င်းတို့သည် တာဝန်ယူခြင်းအားဖြင့် ပြစ်တင်ရှုတ်ချခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်း ခံရမည်ဖြစ်ပြီး ကောင်းချီးခံစားရရန် မျှော်လင့်ချက်အားလုံးကို လုံးဝ ဆုံးရှုံးသွားမည်ဖြစ်သည့်အလား တာဝန်လုံးဝ မယူကြပေ။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့၏ အမှားများကို ဝန်ခံပြီး မိမိတို့က တိုက်ရိုက်တာဝန်ရှိကြောင်း ဝန်ခံခြင်းထက် သေခြင်းကိုပင် သာ၍ နှစ်သက်ကြပြီး ယင်းအစား တာဝန်ကို အခြားသူတို့၏ ပခုံးပေါ်သို့ မရမက တွန်းပို့ကြသည်။ ၎င်းတို့၏ စိတ်နေစိတ်ထားကို အကဲဖြတ်ရလျှင် ၎င်းတို့သည် ဘုရားသခင်ကို အဆုံးတိုင်အောင် တိုက်ခိုက်ကြလိမ့်မည်တည်း။ ဤလူတို့သည် သမ္မာတရားကို လက်ခံသောသူများဖြစ်သလော။ ဤလူတို့သည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံသောသူများ ဖြစ်သလော။ ဘုရားအိမ်တော်ကို ဤနည်းဖြင့် တိုက်ခိုက်နိုင်ခြင်းက ၎င်းတို့၏ စိတ်သဘောထားနှင့်ပတ်သက်၍ တစ်စုံတစ်ရာက ဆိုးရွားစွာ မှားယွင်းနေသည်ကို ပြသသည်။ ၎င်းတို့၏ အမှားများကို ချဉ်းကပ်ပုံနှင့် ပတ်သက်လာသည့်အခါ ပထမဦးစွာ ၎င်းတို့သည် သမ္မာတရားကို မရှာဖွေကြ။ ပြီးလျှင် ဒုတိယအနေဖြင့် ၎င်းတို့သည် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်း မရှိကြ။ ၎င်းတို့က တာဝန်လွှဲချကြပြီး ဘုရားအိမ်တော်က ၎င်းတို့ကို ပုံစံတစ်ခုခုဖြင့် သတ်မှတ်၍ ၎င်းတို့၏ တာဝန်မှ ထုတ်ပယ်သည့်အခါ ၎င်းတို့သည် ဘုရားအိမ်တော်ကို တိုက်ခိုက်ကြပြီး သွားလေရာရာ၌ မိမိတို့၏ မကျေမနပ်ပြောခြင်းများနှင့် အပျက်သဘောဆောင်ခြင်းကို ဖြန့်ဝေကြကာ ဘုရားသခင်၏ ရွေးချယ်ထားသောလူများ၏ သနားကြင်နာမှုကို ရရှိရန် ကြိုးစားကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သည့်တိုင် သူ့ကို ဆန့်ကျင်ကြသည်၊ ၎င်းတို့သည် သေခြင်းကို ဖိတ်ခေါ်နေခြင်း မဟုတ်လော။ ဤလူတို့သည် အမှန်ပင် အသိခေါက်ခက် အဝင်နက်ကြသည်။ သို့ဆိုလျှင် ၎င်းတို့အနေဖြင့် မိမိတို့၏ တာဝန်မှ ထုတ်ပယ်ခြင်းခံရပြီး မိမိတို့၏ အဆင့်အတန်းကို ဆုံးရှုံးခဲ့လျှင်ကော အဘယ်သို့နည်း။ ၎င်းတို့ နှင်ထုတ်ခြင်း မခံရသေးသကဲ့သို့ ၎င်းတို့၏ အသက်ရှင်ပိုင်ခွင့်လည်း ဖယ်ရှားခြင်း မခံရသေးပေ။ ၎င်းတို့ နောင်တရနိုင်သည်၊ အသစ်တစ်ဖန် စတင်နိုင်ပြီး ၎င်းတို့ ကျရှုံးကာ လဲကျခဲ့သည့် မည်သည့်နေရာ၌မဆို ပြန်ထ၍ရနိုင်ကြသည်။ အန္တိခရစ်တို့သည် ထိုသို့သော ရိုးရှင်းသည့်အရာကိုပင် လက်မခံနိုင်ကြပေ။ ဤလူတို့သည် အမှန်ပင် ကယ်တင်၍ မရနိုင်တော့ပေ။ အချို့သော အန္တိခရစ်တို့သည် ထုတ်ပယ်ခြင်းခံရသည့်အခါ အပြင်ပန်းတွင် အင်တင်တင်ဖြင့် နာခံကြပြီး အလွန်အမင်း စိတ်မချမ်းမမြေ့မဖြစ်ကြ သို့မဟုတ် မည်သည့်ဆန့်ကျင်မှုကိုမျှ မပြသကြသည်မှာ အမှန်ဖြစ်၏၊ သို့သော် ဤသည်မှာ ၎င်းတို့က သမ္မာတရားကို လက်ခံပြီး ဘုရားသခင်ကို ကျိုးနွံနာခံနေသည်ဟု ဆိုလိုသလော။ မဆိုလိုပေ။ အန္တိခရစ်တစ်ယောက်တွင် အန္တိခရစ်တစ်ယောက်၏ စိတ်သဘောထားနှင့် အနှစ်သာရရှိပြီး ဤသည်မှာ သာမန်လူတစ်ယောက်နှင့် ၎င်းတို့ ကွာခြားသည့်အရာဖြစ်သည်။ ၎င်းတို့က ထုတ်ပယ်ခံရပြီးသောအခါတွင် အပြင်ပန်း၌ မည်သည့်အရာကိုမျှ မပြောသော်လည်း ၎င်းတို့၏ စိတ်နှလုံးတွင် ဆက်လက်၍ အာခံကြသည်။ ၎င်းတို့အမှားများကို ဝန်မခံကြပေ။ အချိန်မည်မျှ ကုန်လွန်သွားသည်ဖြစ်စေ ၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် အမှန်တကယ် သိမြင်နိုင်စွမ်း မည်သည့်အခါမျှ ရှိကြမည်မဟုတ်ပေ။ ဤသည်ကို သက်သေပြပြီးဖြစ်သည်မှာ ကြာပြီဖြစ်သည်။ အန္တိခရစ်နှင့် သက်ဆိုင်သော လုံးဝ မပြောင်းလဲသည့် အခြားအရာတစ်ခုလည်းရှိသည်။ ၎င်းတို့သည့် အမှုအရာများကို မည်သည့်နေရာတွင် လုပ်ဆောင်နေသည်ဖြစ်စေ ၎င်းတို့က ကွဲပြားချင်ကြသည်။ သူတစ်ပါးတို့၏ လေးစားကြည်ညိုမှုကို ခံလိုသည်။ ၎င်းတို့သည် အသင်းတော်ခေါင်းဆောင်၊ သို့မဟုတ် အသင်းခေါင်းဆောင်အဖြစ် တရားဝင်ရာထူး၊ ဂုဏ်ပုဒ်မရှိလျှင်ပင် ၎င်းတို့၏ အဆင့်အတန်းနှင့် တန်ဖိုးအရသူတစ်ပါးတို့ထက် သာလိုဆဲဖြစ်သည်။ ၎င်းတို့သည် အလုပ်လုပ်နိုင်သည်ဖြစ်စေ၊ မလုပ်နိုင်သည်ဖြစ်စေ၊ မည်သည့် လူ့သဘာဝမျိုး၊ သို့မဟုတ် ဘဝအတွေ့အကြုံမျိုး ရှိသည်ဖြစ်စေ လူတို့၏ လေးစားမှုကို ရရှိရန်အလို့ငှာ မိမိတို့ကိုယ်ကို ကြွားလုံးထုတ်ရန်၊ လူတို့၏ မျက်နှာသာကို ရရှိရန်၊ လူတို့၏ စိတ်နှလုံးကို သိမ်းသွင်းရန်နှင့် လူတို့အား သွေးဆောင်ပြီး အထင်အမြင်မှားစေရန် နည်းလမ်းမျိုးစုံကို ကြံဆကာ အခွင့်အရေးများရှာရန် အစွမ်းကုန် ကြိုးစားကြလိမ့်မည်။ အန္တိခရစ်တို့သည် လူတို့အား ၎င်းတို့နှင့်ပတ်သက်ပြီး မည်သည့်အရာကို လေးစားစေလိုသနည်း။ ၎င်းတို့ ထုတ်ပယ်ခံရလျှင်ပင် “ဆင်ပိန်လျှင် ကျွဲလောက်တော့ ရှိပေမည်”ဟူ၍လည်းကောင်း၊ ကြက်ကလေးများအပေါ်တွင် ပျံဝဲနေသည့် သိမ်းငှက်တစ်ကောင်ကဲ့သို့ ၎င်းတို့ ဆက်ရှိကြသည်ဟူ၍လည်းကောင်း ၎င်းတို့က ထင်မှတ်ကြသည်။ ဤသည်မှာ အန္တိခရစ်များ၏ မာနထောင်လွှားမှုနှင့် မိမိကိုယ်ကို မှန်သည်ဟု မှတ်ယူခြင်း ဖြစ်သည်မဟုတ်လော။ ၎င်းတို့၌ မည်သည့်အရာက ထူးခြားနေသနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အဆင့်အတန်းမရှိခြင်း၊ သာမန်ယုံကြည်သူနှင့် သာမန်လူတစ်ဦးတစ်ယောက်ဖြစ်ခြင်း၊ အသိတရားရှိရှိနှင့် လက်တွေ့ကျသော စိတ်ဓာတ်ဖြင့် မိမိတို့၏တာဝန်ကို အမှန်တကယ် ကောင်းစွာ ထမ်းဆောင်ခြင်း၊ မိမိတို့၏နေရာတွင်နေခြင်း သို့မဟုတ် ၎င်းတို့ထံ ကျရောက်သည့် အလုပ်တွင် အလုပ်ကို ကောင်းစွာ လုပ်ဆောင်ခြင်း၊ မိမိတို့၏ သစ္စာစောင့်သိမှုကို ပြခြင်းနှင့် အကောင်းဆုံး လုပ်ဆောင်ခြင်းတို့အား လက်မခံနိုင်ကြပေ။ ဤအရာတို့သည် ၎င်းတို့ကို နည်းနည်းမျှ စိတ်မကျေနပ်စေနိုင်ပေ။ ၎င်းတို့ထိုသို့သော လူစားမျိုး မဖြစ်လိုကြပေ၊ သို့မဟုတ် ထိုသို့သော အရာမျိုးများကို မလုပ်ဆောင်လိုကြပေ။ ၎င်းတို့၏ “ကြီးကျယ်ခမ်းနားသည့် ရည်သန်မျှော်မှန်းချက်” မှာ အဘယ်နည်း။ ယင်းမှာ လေးစားကြည်ညိုခံရခြင်း၊ အထင်ကြီးခံရခြင်း၊ အာဏာကိုင်စွဲခြင်းတို့ဖြစ်သည်။ ထို့ကြောင့် အန္တိခရစ်တစ်ဦးသည် အမည်နာမအားဖြင့် သီးသန့်ရာထူးမရှိလျှင်ပင် လူတို့က ၎င်းတို့အား သတိမပြုမိမည်ကိုသော်လည်းကောင်း၊ မည်သူကမျှ ၎င်းတို့ကို အာရုံမစိုက်ကြမည်ကိုသော်လည်းကောင်း စိုးရွံ့လျက် မိမိကိုယ်ကိုယ ပြသဖို့အတွက် ၎င်းတို့တတ်နိုင်သည့် အရာရာတိုင်းကို လုပ်ဆောင်လျက် ကိုယ့်အတွက် ကြိုးပမ်းလိမ့်မည်၊ မိမိကိုယ်တိုင်အတွက် ထုတ်ဖော်ပြောဆိုပြီး ကျိုးကြောင်းမှန်ကန်ကြောင်းပြလိမ့်မည်။ ၎င်းတို့သည် ပို၍ လူသိများရန်အတွက်၊ ၎င်းတို့၏ ဂုဏ်သိက္ခာကို မြှင့်တင်ရန်အတွက်၊ ၎င်းတို့၏ ဆုကျေးဇူးများ၊ အားသာချက်များကို လူတို့အား ပို၍ မြင်စေရန်အတွက်၊ ပြီးလျှင် ၎င်းတို့သည် သူတစ်ပါးတို့ထက် သာလွန်သည်ကို ပြသရန်အတွက် အခွင့်အလမ်းတိုင်းကို အမိအရဖမ်းလိမ့်မည်။ ဤအရာများကို လုပ်ဆောင်နေစဉ်တွင် အန္တိခရစ်တစ်ယောက်သည် မိမိတို့ကိုယ်ကို ကြွားလုံးထုတ်ပြီး ချီးကျူးရန်အတွက်၊ ၎င်းတို့သည် ခေါင်းဆောင်တစ်ယောက် မဟုတ်လျှင်ပင်၊ အဆင့်အတန်းမရှိလျှင်ပင် ၎င်းတို့သည် သာမန်လူတို့ထက် သာလွန်ဆဲဖြစ်သည်ဟု လူတိုင်းက ထင်မြင်စေရန်အတွက် မည်သည့်အဖိုးအခကိုမဆို ပေးဆပ်ရန် လိုလားသည်။ ထိုအခါ အန္တိခရစ်တစ်ယောက်သည် ၎င်း၏ ပန်းတိုင်ကို စွမ်းဆောင်ရရှိပြီးဖြစ်လိမ့်မည်။ ၎င်းတို့သည် ပုံမှန်လူတစ်ယောက်၊ သာမန်လူတစ်ယောက်ဖြစ်ရန် မလိုလားပေ။ ၎င်းတို့သည် အာဏာနှင့် ဂုဏ်သိက္ခာကို လိုချင်ပြီး အခြားသူများထက် ခေါင်းတစ်လုံးသာချင်ကြသည်။ လူအချို့က “ဤသည်မှာ မတွေးဝံ့စရာပင်။ အဆင့်အတန်း၊ ဂုဏ်သိက္ခာနှင့် အာဏာရှိခြင်းသည် အဘယ်အသုံးဝင်မှု ရှိသနည်း” ဟု ဆိုကြသည်။ ဆင်ခြင်တုံတရားရှိသော တစ်စုံတစ်ဦးအတွက် အာဏာနှင့် အဆင့်အတန်းသည် အသုံးမဝင်သကဲ့သို့ ၎င်းတို့ လိုက်စားသင့်သော အရာများ မဟုတ်ပေ။ သို့သော် ရည်မှန်းချက်ဖြင့် တောက်လောင်နေသော အန္တိခရစ်တို့အတွက်မူ အဆင့်အတန်း၊ အာဏာနှင့် ဂုဏ်သိက္ခာသည် အလွန်အရေးကြီးသည်။ မည်သူမျှ ၎င်းတို့၏ ရှုထောင့်အမြင်ကို မပြောင်းလဲနိုင်သကဲ့သို မည်သူမျှ ၎င်းတို့ အသက်ရှင်သည့် နည်းလမ်းနှင့် ၎င်းတို့၏ ဖြစ်တည်မှု ရည်မှန်းချက်များကို မပြောင်းလဲနိုင်ပေ။ ဤသည်မှာ အန္တိခရစ်တို့၏ သဘာဝအနှစ်သာရ ဖြစ်သည်။ ထို့ကြောင့် မိမိ၌ အဆင့်အတန်းရှိသည့်အခါ မိမိ၏ တာဝန်ကို တက်ကြွစွာ ထမ်းဆောင်ပြီး မိမိတို့၏ အဆင့်အတန်းကို ကာကွယ်သည့်အပြင် အဆင့်အတန်း ကင်းမဲ့သည့်အခါ မိမိ၏ ကိုယ်ပိုင်ဂုဏ်သတင်းကို ကာကွယ်ရန် မိမိတို့ လုပ်ဆောင်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်လိုသေးသည့် တစ်စုံတစ်ဦးကို သင် မြင်တွေ့ပါက ဤလူစားမျိုးသည် ကယ်တင်၍ မရနိုင်တော့သကဲ့သို့ အန္တိခရစ်စစ်စစ်တစ်ဦး ဖြစ်သည်။
အန္တိခရစ်တစ်ဦးသည် ထုတ်ပယ်ခြင်းမခံရမီနှင့် ခံရပြီးနောက်တွင် ကြိုးပမ်းမှုများ တစ်သီတစ်တန်းပြုလုပ်သော်လည်း ၎င်းတို့လိုချင်သော အဆင့်အတန်းအပြင် အာဏာနှင့် ဂုဏ်သိက္ခာကို မရရှိနိုင်သေးသည့်အခါ ၎င်းတို့သည် အဆင့်အတန်းနှင့် ကောင်းချီးမင်္ဂလာများအတွက် မိမိတို့၏ လိုအင်ဆန္ဒကို လက်လွှတ်မည်မဟုတ်ပေ။ ၎င်းတို့သည် ဤအရာများကို ဘေးဖယ်ထားပြီး သမ္မာတရားကို လိုက်စားရန် မိမိတို့ကိုယ်ကို ပြောင်းလဲမည်မဟုတ်၊ သို့မဟုတ် လက်တွေ့ကျပြီး အမူအကျင့်ကောင်းသောပုံစံဖြင့် မိမိတို့၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်မည်မဟုတ်ပေ။ ၎င်းတို့ အမှားပြုမိသည့်အရာ မည်သည့်အရာမဆိုအတွက် အမှန်တကယ် လုံးဝ နောင်တရမည်မဟုတ်ဘဲ ယင်းအစား “အနာဂတ်တွင် အဆင့်အတန်းရဖို့ မျှော်လင့်ချက်တစ်ခုခု ရှိဦးမည်လော။ အဆင့်အတန်းမရှိဘဲ ကောင်းချီးခံစားရမည့် မျှော်လင့်ချက်တစ်ခုခု ရှိလိမ့်မည်လော။ ကောင်းချီးမင်္ဂလာတွေအတွက် ကျွန်ုပ်၏ လိုအင်ဆန္ဒက ပြည့်ဝလိမ့်မည်လော။ ဘုရားအိမ်တော်၌၊ အသင်းတော်၌ ကျွန်ုပ်သည် မည်သည့်အဆင့်ရှိသနည်း။ ရာထူးအဆင့်ဆင့်တွင် ငါသည် မည်သည့်နေရာတွင်ရှိသနည်း”ဟူသကဲ့သို့သော ထပ်ခါတလဲလဲ အကဲဖြတ်မှုများကို ပြုလုပ်ကြလိမ့်မည်။ ၎င်းတို့သည် အသင်းတော်၌ ဂုဏ်သိက္ခာ ကြီးကြီးမားမား မရှိကြောင်း၊ လူအများစုက ၎င်းတို့ကို ထောက်ခံလျက်မရှုမြင်ကြောင်းနှင့် များစွာသောသူတို့က ၎င်းတို့ကို အပျက်သဘောဆောင်သော သင်ကြားခြင်းဆိုင်ရာ ဥပမာအဖြစ်ပင် အသုံးပြုကြောင်း ကောက်ချက်ချသည့်အခါ ၎င်းတို့သည် အသင်းတော်အတွင်းရှိ မိမိတို့၏ ဂုဏ်သိက္ခာက လုံးဝ ပျက်စီးသွားပြီဖြစ်ကြောင်း၊ ၎င်းတို့၌ လူအများစု၏ ထောက်ခံမှုမရှိကြောင်းနှင့် လူအများစု၏ အသိအမှတ်ပြုခြင်းကို နောက်တစ်ကြိမ် ရရှိရန် ဖြစ်နိုင်ဖွယ်မရှိတော့ကြောင်း၊ ပြီးလျှင် ၎င်းတို့၏ ကောင်းချီးခံစားရရန် မျှော်လင့်ချက်သည် အမှန်တကယ်တွင် မရှိသလောက်ပင်ဖြစ်ကြောင်း ၎င်းတို့ ခံစားကြရသည်။ ဤအရာအားလုံးကို ၎င်းတို့ မြင်တွေ့သည့်အခါ၊ ၎င်းတို့၏ အကဲဖြတ်မှု၌ ဤကောက်ချက်များကို ရရှိသည့်အခါ ၎င်းတို့၏ အတွေးအခေါ်နှင့် သဘောထားသည် မိမိတို့၏ ကိုယ်ပိုင်ရည်ရွယ်ချက်များနှင့် လိုအင်ဆန္ဒများကို ဘေးဖယ်ထားပြီး ဘုရားသခင်ထံ အမှန်တကယ် နောင်တရရန်၊ သို့မဟုတ် ဘုရားသခင်အတွက် အလုပ်လုပ်ဖို့ မိမိတို့ကိုယ်ကို အပြည့်အဝ ဆက်ကပ်ရန်နှင့် မိမိတို့၏ တာဝန်ကို သစ္စာစောင့်သိစွာ ထမ်းဆောင်ရန် မဟုတ်သေးပေ။ ဤသည်မှာ ၎င်းတို့၏ စိတ်ထဲ၌ ရှိသောအရာ မဟုတ်ပေ။ သို့ဆိုလျှင် အဘယ်အရာ ဖြစ်သနည်း။ “ငါသည် ဘုရားအိမ်တော်၊ အသင်းတော်၌ ငါ၏ ရည်သန်မျှော်မှန်းချက်များကို စွမ်းဆောင်ရရှိမည်မဟုတ်သည့်အတွက် သို့မဟုတ် အဆင့်အတန်းတစ်ခုတလေ ရှိမည်မဟုတ်သည့်အတွက် ဤတစ်ဖက်ပိတ်လမ်းကြောင်းကို ငါ အဘယ်ကြောင့် ဆက်လျှောက်ရမည်နည်း။ လူတို့သည် နေရာပြောင်းခြင်းမှ အကျိုးကျေးဇူး ခံစားနိုင်ကြသည်။ အခြားတစ်နေရာကို ငါ သွားလျှင် ငါ့အတွက် အမှန်တကယ် အခြေအနေကောင်းလာနိုင်သည်။ ငါ့ စိတ်နှလုံးကို ကြေကွဲစေသော ဤနေရာမှ ငါ အဘယ်ကြောင့် မထွက်သွားရမည်နည်း။ ငါ၏ ရည်သန်မျှော်မှန်းချက်များကို မဖြည့်ဆည်းနိုင်သည့် နေရာ၊ ငါ၏ ရည်သန်မျှော်မှန်းချက်များကို စွမ်းဆောင်ရရှိရန် ခက်ခဲသော ဤနေရာကို အဘယ်ကြောင့် နောက်ချန်မထားရစ်ရမည်နည်း”ဟူ၍ ဖြစ်သည်။ အန္တိခရစ်တစ်ဦးသည် ဤအရာများကို စဉ်းစားသည့်အခါ အသင်းတော်မှ ၎င်းတို့ ထွက်ခွာတော့မည်ဟု ဆိုလိုသည် မဟုတ်လော။ ထိုသို့သော လူတစ်ဦးကို သင်တို့ ထွက်သွားစေလိုသလော၊ သို့မဟုတ် နေစေလိုသလော။ ၎င်းတို့ကို နေရန် ဖျောင်းဖျသင့်သလော။ ( မဖျောင်းဖျသင့်ပါ၊ လူတို့က ၎င်းတို့ကို ဖျောင်းဖျရန် ကြိုးစားလျှင်ပင် ၎င်းတို့ နေမည်မဟုတ်ပါ။) မည်သူကမျှ ၎င်းတို့ကို နေအောင် မပြုလုပ်နိုင်ပေ။ ဤသည်မှာ အမှန်ပင်ဖြစ်သည်။ ဤအရာ၏ အကြောင်းတရားကား အဘယ်နည်း။ အားလုံးအနှစ်ချုပ်လိုက်သည့်အခါတွင် အန္တိခရစ်တို့သည် သမ္မာတရားကို မချစ်မြတ်နိုးကြပေ။ သို့ဖြစ်၍ ဘုရားအိမ်တော်၌ နေထိုင်ခြင်းသည် ၎င်းတို့ကို နာကျင်မှုကိုသာ ဖြစ်စေလိမ့်မည်။ ယင်းမှာ ပြည့်တန်ဆာတစ်ဦး၊ အကျင့်တရားမဲ့သော အမျိုးသမီးတစ်ဦးကို သူမ၏ ခင်ပွန်းအား ကူညီရန်နှင့် သူမ၏ ကလေးများကို ပညာသင်ကြားပေးရန်၊ အကျင့်သီလကောင်းသော အမျိုးသမီးတစ်ဦး၊ ဇနီးကောင်းတစ်ဦးနှင့် ကြင်နာသော မိခင်တစ်ဦး ဖြစ်လာစေရန် ကြိုးစားခြင်းနှင့် တူပေလိမ့်မည်။ သူမသည် ထိုအရာများကို လုပ်ဆောင်နိုင်မည်လော။ (မလုပ်ဆောင်နိုင်ပါ။) ယင်းမှာ လူတစ်ဦး၏ သဘာဝနှင့်သက်ဆိုင်သော မေးခွန်းတစ်ခု ဖြစ်သည်။ သို့ဖြစ်၍ သင်သည် အန္တိခရစ်တစ်ဦး နုတ်ထွက်လိုသည်ကို မြင်ပါက ၎င်းတို့က “ကျွန်ုပ်သည် အန္တိခရစ်တစ်ဦး ဖြစ်သော်လည်း ဘုရားအိမ်တော်အတွက် အလုပ်လုပ်ပေးချင်သည်။ မည်သည့် မကောင်းမှုကိုမျှ မလုပ်ရန် ကျွန်ုပ် အားသွန်ခွန်စိုက် ကြိုးစားမည်ဖြစ်ပြီး စာတန်ကို ပုန်ကန်မည်ဖြစ်သည်”ဟု ၎င်းတို့ပြောသည့် သီးခြားအခြေအနေတစ်ခု မရှိမချင်း မည်သို့ပင်ဖြစ်စေ ၎င်းတို့ကို ဖျောင်းဖျရန် မကြိုးစားနှင့်။ ဤကဲ့သို့သော အခြေအနေတွင် ၎င်းတို့ကို ယင်ကောင်တစ်ကောင်ကဲ့သို့ ရိုက်ထုတ်ပစ်ရန် လိုအပ်သလော။ (မလိုအပ်ပါ။) ဤကဲ့သို့သော အခြေအနေတွင် ငါတို့သည် အမှုအရာများကို သူ့အလိုလို ဖြစ်ခွင့်ပေးနိုင်သည်။ သို့သော် လုပ်ထုံးလုပ်နည်းတစ်ခုကို ကျင့်သုံးရမည်။ လူများစွာတို့သည် ထိုအန္တိခရစ်ကို ကြီးကြပ်ပြီး စောင့်ကြည့်ရမည်။ ပြီးလျှင် ၎င်းတို့ မကောင်းမှုကျူးလွန်လိုခြင်းကဲ့သို့သော ပြဿနာ၏ ပထမဆုံး အရိပ်အယောင်တွေ့ရသည်နှင့် ၎င်းတို့ကို လျင်မြန်စွာ ရှင်းလင်းဖယ်ရှားပစ်ရမည်။ အကယ်၍ ၎င်းတို့သည် အခြားသူများ၏ ကြီးကြပ်ခြင်းနှင့် စောင့်ကြည့်ခြင်းကို မခံနိုင်ဘဲ ၎င်းတို့ မတရားဆက်ဆံခံရသည်ဟု ခံစားရပြီး အလုပ်လုပ်ပေးလိုစိတ်မရှိပါက ဤကဲ့သို့သော လူတစ်ဦးကို မည်သို့ ဆက်ဆံသင့်သနည်း။ သင်သည် ၎င်းတို့ကို ၎င်းတို့၏ လမ်းခရီး၌ ကူညီသင့်ပြီး “သင်သည် ပါရမီရှိပြီး ဘာသာတရားမရှိသော လောကထဲ သွားသင့်သည်။ ပြီးလျှင် သင်၏ ကြီးကျယ်ခမ်းနားသော အစီအစဉ်များကို အကောင်အထည်ဖော်သင့်သည်။ သင်သည် ဤကန်အတွက် အလွန်ကြီးမားသော ငါးတစ်ကောင်ဖြစ်သည်။ အသင်းတော်က သင်နှင့် မသင့်တော်ပါ။ သင့်အတောင်များကို ဤနေရာတွင် သင် မဖြန့်ကျက်နိုင်ပါ။ ဤအလုပ်သည် သင်၏ ပါရမီများနှင့် မတန်ပါ။ လောကသို့ သင် ပြန်သွားလျှင် သင် ရာထူးတိုးကောင်းတိုးနိုင်သည်၊ ငွေအမြောက်အမြား ရနိုင်ပြီး ချမ်းသာလာနိုင်သည်။ ကျော်ကြားသူတစ်ဦး ဖြစ်ကောင်းဖြစ်လာနိုင်သည်”ဟု ဆိုသင့်သည်။ ထွက်ခွာသွားရန် ၎င်းတို့ကို အမြန် အားပေးလော့။ အကယ်၍ ၎င်းတို့သည် ဥစ္စာဓနနှင့် အဆင့်အတန်းကို လိုက်စားပြီး အဆင့်အတန်း၏ အကျိုးကျေးဇူးများကို တောင့်တပါက ၎င်းတို့ကို အလုပ်လုပ်ပြီး ငွေရှာရန် လောကသို့ ပြန်သွားခွင့်ပြုလော့။ ထို့နောက်တွင် အရာရှိတစ်ဦး ဖြစ်လာပြီး ၎င်းတို့၏ ဇာတိပကတိဘဝကို မွေ့လျော်ခံစားစေလော့။ အချို့က ၎င်းတို့ကို ဤနည်းဖြင့် ဆက်ဆံခြင်းသည် ချစ်ခင်သော စိတ်နှလုံးမရှိဘဲ ဆက်ဆံခြင်း ဟုတ်မဟုတ်ကို မေးကောင်းမေးနိုင်သည်။ အမှန်တွင် သင်သည် ၎င်းတို့အား ထိုသို့သော အမှုအရာများကို မပြောဆိုလျှင်ပင်၊ အန္တိခရစ်တို့သည် ၎င်းတို့၏ စိတ်နှလုံးထဲ၌ “ဟွန်း၊ တစ်နေ့ ရာထူးတိုးပြီး နောက်တစ်နေ့ ထုတ်ပယ်ခံရသည်။ ငါ့ကို အဆင့်အတန်း ပေးထားသည့်တိုင် စောင့်ကြည့်ကာ ကြီးကြပ်ပြီး ပြုပြင်ခြင်းကို ခံရသည်။ ဤသည်မှာ နာကျင်စရာကောင်းလှပါတကား။ ဤအဆင့်အတန်းမျိုးက ငါ့အတွက် ရှာရမခက်ပါ၊ ငါသာ ဘုရားကို မယုံကြည်ခဲ့လျှင် ယခုချိန်တွင် လောက၌ ချမ်းသာပြီး လူမှုအသိုင်းအဝိုင်းတွင် အမြင့်ကို တက်လှမ်းနေလောက်ပြီဖြစ်သည်။ အနည်းဆုံးအနေဖြင့် မြို့အဆင့် ကေဒါတစ်ယောက်တော့ ဖြစ်နေလောက်ပေပြီ။ ငါသည် အရာရှိဖြစ်ဖို့ မွေးဖွားလာခြင်း ဖြစ်သည်။ လောကတွင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ငါ ထင်ပေါ်သည်။ အရာရာတိုင်းကို ငါ ကောင်းစွာ လုပ်ဆောင်သည်။ မည်သည့်လုပ်ငန်းတွင်မဆို ငါ အောင်မြင်နိုင်သည်ပြီး ငါက ကြံရည်ဖန်ရည်ရှိသူတစ်ယောက် ဖြစ်သည်”ဟု တွေးကြလိမ့်မည်။ သင်သည် ၎င်းတို့အား ထိုသို့သော အရာများကို မပြောဆိုလျှင်ပင် ၎င်းတို့သည် ဤကဲ့သို့သော အရာများကို ပြောဆိုကြလိမ့်မည်။ ပြီးလျှင် ထိုအကြောင်းကြောင့် သင်သည် ၎င်းတို့ ကြားလိုသော သာယာဖွယ်ကောင်းသည့် စကားအချို့ကို လျင်မြန်စွာ ပြောဆိုသင့်ပြီး ၎င်းတို့ကို အသင်းတော်မှ အမြန်ထွက်သွားရန် အားပေးသင့်သည်။ ဤအရာက လူတိုင်းကို အကျိုးပြုလိမ့်မည်။ အန္တိခရစ်တို့သည် အဆင့်အတန်း၊ အာဏာနှင့် ဂုဏ်သိက္ခာကို လိုက်စားကြသည်။ ၎င်းတို့သည် သာမန်လူများ ဖြစ်လိုစိတ်မရှိဘဲ ယင်းအစား အခြားသူများထက် အစဉ် ခေါင်းတစ်လုံး သာလိုကြသည်။ နောက်ဆုံးတွင် ၎င်းတို့သည် မိမိတို့၏ ဂုဏ်သတင်းနှင့် ရပ်တည်မှုကို ဖျက်ဆီးပြီး ဘုရားသခင်၏ ကျိန်ခြင်းကို ခံရသည်အထိ ဖြစ်သည်။ သို့ဆိုလျှင် သင်တို့သည် သာမန်လူများ ဖြစ်လိုစိတ် ရှိကြသလော။ (ရှိပါသည်။) သာမန်လူများဖြစ်ခြင်းသည် အမှန်တကယ်တွင် အဓိပ္ပာယ်ရှိသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို လိုက်စားမည့်အစား လက်တွေ့ဘဝအတွက် အခြေချကာ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းဖြင့် အသက်ရှင်ပြီး စိတ်နှလုံး၌ တည်ငြိမ်ခြင်းသည် ဘဝ၌ မှန်ကန်သော လမ်းကြောင်း ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဦးသည် အစဉ် သာလွန်သူတစ်ဦးဖြစ်ရန်နှင့် အခြားသူများထက် ခေါင်းတစ်လုံး သာရန် အလိုရှိပါက ယင်းမှာ မိမိတို့ကိုယ်ကို မီးပုံပေါ်၌ ကင်ခြင်းနှင့်လည်းကောင်း၊ မိမိတို့ကိုယ်ကို အသားကြိတ်စက်ထဲသို့ ထည့်ခြင်းနှင့်လည်းကောင်း ညီမျှသည်။ ၎င်းတို့သည် ကိုယ့်ဒုက္ခကိုယ် ရှာနေကြခြင်း ဖြစ်သည်။ အဘယ်ကြောင့် ၎င်းတို့၌ ထိုသို့သော ခံစားမှုများ ရှိရသနည်း။ အခြားသူများထက် ဦးခေါင်းတစ်လုံး သာခြင်းသည် ကောင်းသောအရာ ဟုတ်သလော။ (မဟုတ်ပါ။) ယင်းမှာ ကောင်းသောအရာ မဟုတ်ပေ။ သို့တိုင် အန္တိခရစ်တို့သည် ဤလမ်းကြောင်းကို မလျှော့တမ်း ရွေးချယ်ကြသည်။ မည်သည့်အရာကို သင်တို့ လုပ်ဆောင်သည်ဖြစ်စေ၊ ဤလမ်းကြောင်းကို မလိုက်လျှောက်ကြနှင့်။
သာမန် ဖောက်ပြန်ပျက်စီးသောသူတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်ခြင်း၌ အခြေခံအုတ်မြစ် မရှိသေးသည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်း မဖြစ်ပေါ်သေးသည့်အခါ ၎င်းတို့၌ သေးငယ်သော ယုံကြည်ခြင်း သို့မဟုတ် ဝိညာဉ်ရင့်ကျက်မှု ရှိပေသည်။ ထိုသို့သော လူတစ်ဦးသည် အဆင်မပြေမှုတစ်ခုနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် မိမိတို့ကိုယ်ကို ညံ့ဖျင်းသည်ဟု ထင်မြင်ကြလိမ့်မည်ဖြစ်ပြီး ဘုရားသခင်က ၎င်းတို့ကို မချစ်မြတ်နိုးဟုလည်းကောင်း၊ ကိုယ်တော်သည် ၎င်းတို့ကို ရွံရှာသည်ဟုလည်းကောင်း ထင်မြင်ကြလိမ့်မည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အကြိမ်တိုင်း ရှေ့တိုးမရဖြစ်ပြီး ကျရှုံးသည်ကို မြင်သည့်အခါ၊ ဘုရားသခင်ကို ကျေနပ်စေနိုင်ခြင်းမရှိသည်ကို မြင်တွေ့ရသည့်အခါ ၎င်းတို့ စိတ်ဓာတ်ကျလိမ့်မည်။ အားနည်းခြင်းနှင့် အပျက်သဘောဆောင်မှုအချို့ကိုလည်း ၎င်းတို့ တွေ့ကြုံခံစားကြရလိမ့်မည်ဖြစ်ပြီး တစ်ခါတစ်ရံ အသင်းတော်ကို စွန့်ခွာဖို့ အတွေးအခေါ်များ ၎င်းတို့ ဖြစ်ပေါ်လာလိမ့်မည်။ သို့သော် ဤသည်မှာ အာခံခြင်းနှင့် မတူညီပေ။ ဤသည်မှာ တစ်စုံတစ်ဦးက စိတ်မချမ်းမမြေ့ဖြစ်ပြီး စိတ်ပျက်အားငယ်သည့်အခါ ရရှိသော အတွေးအခေါ်မျိုးဖြစ်ပြီး ယင်းမှာ အန္တိခရစ်တစ်ဦး၏ နုတ်ထွက်ခြင်းနှင့် လုံးဝ ကွဲပြားခြားနားသော အရာတစ်ခု ဖြစ်သည်။ အန္တိခရစ်တစ်ဦးသည် နုတ်ထွက်လိုသည့်အခါ နောင်တရခြင်းထက် သေခြင်းကိုပင် သာ၍ နှစ်သက်လိမ့်မည်။ သို့သော် သာမန် ဖောက်ပြန်ပျက်စီးသောသူတစ်ဦးသည် စိတ်ဓာတ်ကျပြီး အသင်းတော်ကို စွန့်ခွာရန် စဉ်းစားသည့်အခါ အခြားသူများ၏ အကူအညီနှင့် မိတ်သဟာယဖွဲ့ခြင်းတို့ဖြင့် ၎င်းတို့၏ ကိုယ်ပိုင် တက်ကြွသော ပူးပေါင်းဆောင်ရွက်မှု၊ ဆုတောင်းခြင်းနှင့် ရှာဖွေခြင်း၊ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းတို့နှင့်အတူ၊ ဘုရားနှုတ်ကပတ်တော်များသည် ၎င်းတို့ကို တဖြည်းဖြည်း လွှမ်းမိုးနိုင်သည်၊ ၎င်းတို့ကို ပြောင်းလဲနိုင်ပြီး ၎င်းတို့ နေသည်ကိုဖြစ်စေ သွားသည်ကိုဖြစ်စေ ပြောင်းလဲနိုင်သည့်အပြင် ၎င်းတို့၏ ဆုံးဖြတ်ချက်နှင့် ၎င်းတို့၏ စိတ်ကိုလည်း ပြောင်းလဲနိုင်သည်။ တစ်ချိန်တည်းမှာပင် ဘုရားနှုတ်ကပတ်တော်များသည် ၎င်းတို့ကို တဖြည်းဖြည်း နောင်တ၊ အပြုသဘောဆောင်သော သဘောထားနှင့် ဇွဲနပဲရှိရန် စိတ်ပိုင်းဖြတ်ချက်တို့ကို တဖြည်းဖြည်း ဖြစ်ပေါ်ရန်လည်း ကူညီနိုင်သည်။ ယင်းတို့သည် ၎င်းတို့အား တဖြည်းဖြည်း အားကောင်းလာနိုင်စေသည်။ ဤသည်မှာ သာမန်လူတစ်ဦးအတွက် အသက်ဝင်ရောက်မှု ဖြစ်စဉ်နှင့်ဆိုင်သည့် သရုပ်သကန်တစ်ခု ဖြစ်သည်။ အခြားတစ်ဖက်တွင် အန္တိခရစ်တစ်ဦးသည် ခါးသီးသော အဆုံးထိတိုင်အောင် တိုက်ခိုက်လိမ့်မည်။ ၎င်းတို့သည် မည်သည့်အခါမျှ နောင်တရမည်မဟုတ်ဘဲ မိမိတို့ မှားယွင်းကြောင်း ဝန်ခံခြင်းထက်၊ မိမိတို့ကိုယ်ကို သိရှိအောင် လုပ်ဆောင်ခြင်းထက်၊ ကောင်းချီးမင်္ဂလာများအတွက် မိမိတို့၏ လိုအင်ဆန္ဒကို စွန့်လွှတ်ခြင်းထက် သေခြင်းကိုပင် သာ၍ နှစ်သက်ကြလိမ့်မည်။ ၎င်းတို့သည် အသက်ဝင်ရောက်မှု အနည်းငယ်မျှပင် မပိုင်ဆိုင်ကြပေ။ သို့ဖြစ်၍ အလုပ်လုပ်ပေးလိုစိတ်မရှိသော၊ သို့မဟုတ် ယင်းကို ကောင်းစွာ မလုပ်ဆောင်သော တစ်စုံတစ်ဦးအတွက် ၎င်းတို့ကို အသင်းတော်အား စွန့်ခွာရန်သာ အကြံပေးလော့။ ဤသည်မှာ အမြော်အမြင်ရှိသောဆုံးဖြတ်ချက်တစ်ခုဖြစ်ပြီး ထိုသို့သော ကိစ္စရပ်ကို ကိုင်တွယ်ရန် အမြော်အမြင်အရှိဆုံးသော နည်းလမ်း ဖြစ်သည်။ သင်သည် ၎င်းတို့ကို ထိုသို့ပြုလုပ်ရန် အကြံမပေးလျှင်ပင် ၎င်းတို့ကို နေစေရန် သင် ပြုလုပ်နိုင်လိမ့်မည်လော။ သင်သည် ၎င်းတို့၏ လိုက်စားမှုနည်းလမ်း သို့မဟုတ် ၎င်းတို့၏ ရှုထောင့်အမြင်ကို ပြောင်းလဲနိုင်ပါသလော။ ဤအရာများကို မည်သည့်အခါမျှ သင် ပြောင်းလဲနိုင်လိမ့်မည် မဟုတ်။ ဘုရားအိမ်တော်က ဆက်နေရန် တိုက်တွန်းခြင်း၊ ကူညီပေးခြင်းနှင့် ထောက်ပံ့ခြင်းခံရသော လူအချို့ ရှိသည်။ အကြောင်းမှာ ၎င်းတို့ထုတ်ဖော်ပြခဲ့သည့် ၎င်းတို့၏ အပျက်သဘောဆောင်မှု၊ အားနည်းမှုနှင့် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများသည် သာမန် ဖောက်ပြန်ပျက်စီးသူတိုင်း၌ ဖြစ်လေ့ဖြစ်ထရှိပြီး ပုံမှန်နယ်ပယ်အတွင်း၌သာ ရှိသောကြောင့် ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များကို မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့်၊ အခြားသူများ၏ အကူအညီနှင့် ထောက်ပံ့မှုမှတစ်ဆင့် ၎င်းတို့သည် တဖြည်းဖြည်း အားကောင်းလာနိုင်သည်၊ ဝိညာဉ်ရင့်ကျက်မှုကို ရရှိနိုင်သည်၊ ဘုရားသခင်၌ ယုံကြည်ခြင်း ဖြစ်ပေါ်နိုင်ပြီး မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာ၌ ရိုးသားဖြောင့်မတ်နိုင်ကြသည်။ ဤသည်မှာ ဆက်လက်နေထိုင်ရန် ငါတို့ ကူညီပြီး တိုက်တွန်းသင့်သော လူစားမျိုး ဖြစ်သည်။ သို့ရာတွင် အလုပ်လုပ်လိုစိတ်မရှိသော သို့မဟုတ် ကောင်းစွာ အလုပ်လုပ်မပေးသော အန္တိခရစ်တို့အတွက်မူ ၎င်းတို့ကို ထွက်သွားရန် အားပေးလော့။ အကြောင်းမှာ သင်သည် ၎င်းတို့ကို ထွက်သွားရန် အကြံမပေးမီ အချိန်ကြာမြင့်စွာကတည်းက ၎င်းတို့သည် ထိုသို့ပြုလုပ်ရန် ဆန္ဒရှိပြီးဖြစ်သည်၊ သို့မဟုတ် အချိန်မရွေး ထွက်ခွာသွားလုနီးပါး အခြေအနေ၌ ၎င်းတို့ ရှိနေကြသောကြောင့် ဖြစ်သည်။ ဤအရာများသည် အန္တိခရစ်တို့က ထုတ်ပယ်ခြင်းခံရခြင်းနှင့် ရင်ဆိုင်ရပြီး နုတ်ထွက်လိုသည့်အခါတွင် ၎င်းတို့၌ ရှိသည့် အမျိုးမျိုးသော သရုပ်သကန်များနှင့် အတွေးများ ဖြစ်ကြသည်။
၄။ ရာထူးတိုးပေးခြင်း မခံရသောအခါ၊ အန္တိခရစ်များ၏ အပြုအမူ
သမ္မာတရားကို မလိုက်စားသော နောက်ထပ်လူစားတစ်မျိုး ရှိသေးသည်။ ဤသို့သော လူစားမျိုးသည် သမ္မာတရားကို မလိုက်စားသောကြောင့် အရေးကြီးသော တာဝန်များကို မထမ်းဆောင်ပေ၊ အကျိုးဆက်အားဖြင့် ဘုရားအိမ်တော်၌ ပြုပြင်ခြင်းကို ၎င်းတို့ တွေ့ကြုံရခဲသည်။ မိမိတို့၏ တာဝန်များမှ ထုတ်ပယ်ခံရခြင်းကို ၎င်းတို့ လုံးဝမတွေ့ကြုံဖူးသည့်အပြင်၊ ၎င်းတို့၏ တာဝန် ပြောင်းပေးခံရသည်ကိုလည်း အလွန်ပင် တွေ့ကြုံရခဲသည်မှာ အမှန်ဖြစ်၏။ သို့ရာတွင် ဘုရားသခင်ကို နှစ်အချို့ကြာ ယုံကြည်ပြီးနောက် ၎င်းတို့ ရာထူးတိုးခြင်း မခံရသေးသောအခါ ကောင်းချီးခံစားရရန် မျှော်လင့်ချက် မည်မျှရှိသည်ကို ၎င်းတို့ မကြာခဏ အကဲဖြတ်လာကြသည်။ အထူးသဖြင့် “သမ္မာတရားကို မလိုက်စားသောသူတို့သည် ကယ်တင်ခြင်းကို မရရှိနိုင်”ဟု ဆိုသော ဘုရား နှုတ်ကပတ်တော်များကို ၎င်းတို့ တွေ့မြင်သောအခါ ကောင်းချီးခံစားရရန် မိမိတို့၏ မျှော်လင့်ချက်များ အလွန်နည်းပါးသည်ဟု ခံစားကြရပြီး နုတ်ထွက်ရန် စတင် တွေးတောကြသည်။ သမ္မာတရားကို မည်သည့်အခါမျှ မလိုက်စားသော ဤလူအချို့သည် အသိပညာနှင့် အားသာချက်အချို့ကို ပိုင်ဆိုင်ကြပြီး ၎င်းတို့ ရာထူးတိုးခြင်း မခံရသောကြောင့် မကျေမနပ်ဖြစ်ကာ စတင်၍ စောဒကတက်ကြသည်။ ၎င်းတို့သည် နုတ်ထွက်လိုသော်လည်း ကောင်းချီးခံစားရမည့် အခွင့်အရေးကို ဆုံးရှုံးမည်ကို ကြောက်ရွံ့ကြသည်။ သို့သော် ၎င်းတို့ နုတ်မထွက်လျှင် ရာထူးတိုးခြင်းကိုလည်း ခံရဦးမည် မဟုတ်ပေ။ ၎င်းတို့သည် ဆုတ်လည်းစူး၊ စားလည်းရူး အခြေအနေတွင် ပိတ်မိနေကြသည်။ ဤကိစ္စနှင့်ပတ်သက်၍ သင်တို့ မည်သို့ ထင်မြင်ကြသနည်း။ ဤလူတို့သည် သမ္မာတရားကို မလိုက်စားကြသော်လည်း ၎င်းတို့အထဲမှ အချို့သည် အတော်အတန် လေ့လာသင်ယူလိုစိတ်ရှိပြီး စေ့ဆော်ခြင်းခံရသည်။ မည်သည့်တာဝန်ကို ၎င်းတို့ ထမ်းဆောင်သည်ဖြစ်စေ ဆက်စပ်သော အတတ်ပညာဆိုင်ရာ အသိပညာကို ရယူရန် အစဉ်သဖြင့် လိုလိုလားလား ရှိကြသည်။ ဘုရားအိမ်တော်၏ ရာထူးတိုးပေးခြင်းကို ၎င်းတို့ အစဉ်သဖြင့် လိုလားကြပြီး မိမိတို့ကိုယ်ကို အသိအမှတ်ပြုခြင်းခံရအောင် လုပ်နိုင်ပြီး ထိုသို့ဖြင့် ၎င်းတို့အလိုရှိသော အဆင့်အတန်းနှင့် အမျိုးမျိုးသော အကျိုးအမြတ်များကို ရရှိနိုင်မည့် နေ့ရက်ကို တောင့်တကြသည်။ အပေါ်ယံအားဖြင့် ဤသို့သော လူစားမျိုးသည် အခြားသူများအနီး၌ ရှိသောအခါ နုတ်ဆိတ်ကြသည်၊ သတိပြုမိခြင်းမခံရဘဲ လုံ့လဝီရိယရှိကာ တာဝန်သိတတ်ပုံပေါ်သော်လည်း ၎င်းတို့၏ စိတ်နှလုံးများမှာမူ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒတို့ဖြင့် ပြည့်နေကြသည်။ ၎င်းတို့၏ ဆောင်ပုဒ်မှာ အဘယ်နည်း။ အခွင့်အလမ်းသည် အသင့်ရှိသူအတွက်သာ ဖြစ်သည်ဟူ၍ ဖြစ်သည်။ အပေါ်ယံအားဖြင့် ၎င်းတို့သည် လုံးဝ သတိပြုမိခြင်းမခံရဘဲ မိမိတို့ကိုယ်ကို ထုတ်ဖော်ပြသခြင်း မပြုကြ၊ အမှုအရာများအတွက် ယှဉ်ပြိုင်ခြင်း သို့မဟုတ် ရယူခြင်း မပြုကြသော်လည်း ၎င်းတို့၏ စိတ်နှလုံးထဲ၌မူ “ကြီးကျယ်ခမ်းနားသော ရည်မှန်းချက်”တစ်ခု ရှိကြသည်။ ထိုအကြောင်းကြောင့် တစ်စုံတစ်ဦး ရာထူးတိုးခြင်းခံရပြီး အသင်းတော်၌ ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်လာသည်ကို ၎င်းတို့ တွေ့မြင်သောအခါ အနည်းငယ် ပို၍ စိတ်မချမ်းမသာဖြစ်ကာ စိတ်ပျက်လက်ပျက်ဖြစ်ကြသည်။ မည်သူ ရာထူးတိုးခြင်းခံရသည်ဖြစ်စေ၊ ပျိုးထောင်ခြင်း သို့မဟုတ် အရေးပါသော အခန်းကဏ္ဍတစ်ခုခု ပေးအပ်ခြင်း ခံရသည်ဖြစ်စေ ၎င်းတို့အတွက်မူ ယင်းမှာ ထိုးနှက်ချက်တစ်ခုကဲ့သို့ အမြဲဖြစ်လာသည်။ တစ်စုံတစ်ဦးသည် ညီအစ်ကိုမောင်နှမများ၏ အလွန်လေးစားအထင်ကြီးခြင်း၊ ချီးမွမ်းခြင်းနှင့် ထောက်ခံခြင်းတို့ကို ခံရသည့်အခါ၌ပင် ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ မနာလိုဖြစ်ကာ မပျော်မရွှင် ခံစားကြရပြီး ၎င်းတို့အထဲမှ အချို့က၊ “မည်သည့်အချိန်တွင် ငါ အထင်ကြီးလေးစားခံရပြီး စာရင်းသွင်းခံရလိမ့်မည်နည်း။ မည်သည့်အချိန်တွင် အထက်က ငါ့ကို သိလိမ့်မည်နည်း။ ငါ၏ အားသာချက်များ၊ ကောင်းကွက်များ၊ ငါ၏ ဆုကျေးဇူးများနှင့် ပါရမီများကို ခေါင်းဆောင်တစ်ဦးက မည်သည့်အချိန်တွင် မြင်လိမ့်မည်နည်း။ မည်သည့်အချိန်တွင် ငါ ရာထူးတိုးပြီး ပျိုးထောင်ပေးခြင်းခံရလိမ့်မည်နည်း”ဟု မိမိတို့ကိုယ်ကို မကြာခဏ မေးမြန်းလျက် တိတ်တဆိတ် မျက်ရည်များပင် ကျကြလိမ့်မည်။ ၎င်းတို့သည် စိတ်ဆင်းရဲပြီး အပျက်သဘောဆောင်ကြသော်လည်း ဤသို့ ဆက်မဖြစ်လိုကြပေ။ သို့ဖြစ်၍ ၎င်းတို့သည် အပျက်သဘောမဆောင်ရန်၊ မဆုတ်မနစ်လုံ့လထုတ်ဖို့ စိတ်စွမ်းအားရှိရန်၊ ဆုတ်ဆိုင်းမှုများကြောင့် စိတ်ဓာတ်မကျရန်နှင့် မည်သည့်အခါမျှ လက်မလျှော့ရန် မိမိတို့ကိုယ်ကို တိတ်တဆိတ် အားပေးကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို၊ “ငါသည် ကြီးကျယ်ခမ်းနားသော ရည်မှန်းချက်ရှိသည့် လူတစ်ယောက်ဖြစ်သည်။ ငါသည် သာမန်၊ ပုံမှန်လူတစ်ယောက် ဖြစ်ဖို့ လိုလိုလားလား မရှိရ။ အလုပ်များပြီး အဆင့်မရှိသော ဘဝဖြင့် အသက်ရှင်နေထိုင်ဖို့ မလိုလားရ။ ဘုရားကို ငါ့၏ ယုံကြည်ခြင်းသည် ပြောင်မြောက်ပြီး ကြီးမားသည့် အောင်မြင်မှုများကို ဖြစ်စေရမည်ဖြစ်သည်။ အကယ်၍ ငါသည် တိတ်ဆိတ်ပြီး သာမန်ဖြစ်သော ဤဘဝမျိုးဖြင့် ဆက်လက်နေထိုင်သွားမည်ဆိုလျှင်၊ ယင်းမှာ အလွန် သူရဲဘောကြောင်ပြီး မွန်းကျပ်သောအရာဖြစ်သည်။ ထိုလူစားမျိုး ငါဖြစ်၍မရပါ။ ငါ နှစ်ဆ ကြိုးစားလုပ်ဆောင်မည်။ အချိန်တိုင်းကို ကောင်းစွာ အသုံးချမည်၊ ဘုရားနှုတ်ကပတ်တော်များကို ပိုပြီး ဖတ်ရှု၊ ရွတ်ဆိုမည်၊ အသိပညာများ ရယူပြီး ဤအသက်မွေးမှုအလုပ်ကို ပိုပြီး လေ့လာမည်။ အခြားသူများ လုပ်နိုင်သမျှကို ငါ လုပ်နိုင်ရမည်ဖြစ်ပြီး၊ အခြားသူများ မိတ်သဟာယဖွဲ့နိုင်သည့် အရာများကို ငါလည်း မိတ်သဟာယဖွဲ့နိုင်ရမည်” ဟု မကြာခဏ သတိပေးကြသည်။ အတန်ကြာ ကြိုးစားလုပ်ဆောင်ပြီးနောက် အသင်းတော် ရွေးကောက်ပွဲတစ်ခု ရောက်ရှိလာသော်လည်း ၎င်းတို့ ရွေးကောက်တင်မြှောက်ခြင်း မခံရသေးပေ။ အသင်းတော်က ပျိုးထောင်ရန်၊ ရာထူးတိုးပေးရန်နှင့် အရေးပါသော အခန်းကဏ္ဍတစ်ခု ပေးအပ်ရန် တစ်စုံတစ်ဦးကို ရှာဖွေသည့်အခါတိုင်း ၎င်းတို့ ရွေးချယ်ခြင်း မခံရပေ။ ၎င်းတို့ ရာထူးတိုးရန် မျှော်လင့်ချက်ရှိသည်ဟု ထင်သည့်အခါတိုင်း နောက်ဆုံးတွင် ၎င်းတို့ စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရပြီး စိတ်ပျက်မှုတိုင်းက ၎င်းတို့အား စိတ်ဓာတ်ကျခြင်းနှင့် အပျက်သဘောဆောင်ခြင်းတို့ကို ဖြစ်စေခဲ့သည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း၌ ကောင်းချီးခံစားရခြင်းသည် ၎င်းတို့နှင့် အလွန်အလှမ်းဝေးသည်ဟု ယုံကြည်ကြပြီး ထို့ကြောင့် နုတ်ထွက်မည့် စိတ်ကူးက ၎င်းတို့၏ စိတ်ထဲ၌ ပေါ်ပေါက်လာသည်။ သို့ရာတွင် ၎င်းတို့သည် နောက်ဆုတ်လိုစိတ် မရှိဘဲ ယင်းအစား နောက်တစ်ကြိမ် ကြိုးစားအားထုတ်ကာ ရုန်းကန်လိုကြသည်။ ဤသို့ ၎င်းတို့ ကြိုးစားအားထုတ်ကာ ရုန်းကန်လေ၊ တစ်စုံတစ်ဦး၏ ထောက်ခံမှုကို ခံရရန်၊ ရာထူးတိုးခြင်းကို ခံရရန် ပို၍ တောင့်တလေ ဖြစ်သည်။ ၎င်းတို့အနေဖြင့် ဤ တောင့်တမှုကို ပိုခံစားရသည်ထက် ခံစားရပြီး နောက်ဆုံးတွင် အပြန်အလှန်အနေဖြင့် ၎င်းတို့ ရရှိသည်မှာ စိတ်ပျက်မှုသာ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ ဝင့်ဝါမှုနှင့် ကောင်းချီးခံစားလိုသော လိုအင်ဆန္ဒက ၎င်းတို့ကို ညှဉ်းပန်းနှိပ်စက်သည့် ပုံစံဖြစ်သည်။ ၎င်းတို့အတွက် စိတ်ပျက်မှုတိုင်းသည် မီးထဲ၌ လောင်ကျွမ်းခံရခြင်းနှင့် စစ်ဆေးခြင်းကို ခံရသကဲ့သို့ ခံစားရသည်။ ၎င်းတို့သည် မိမိတို့အလိုရှိသည့်အရာကို မရရှိနိုင်ကြ။ ၎င်းတို့အနေဖြင့် နုတ်ထွက်လိုသော်လည်း မလုပ်နိုင်ဟု ခံစားရသည်။ မိမိတို့ ရယူချင်သည့်အရာကို မရယူနိုင်ကြသည့်အပြင် ၎င်းတို့အတွက် ၎င်းတို့တွင် ကျန်ရှိသမျှမှာ စိတ်ပျက်အားငယ်မှု၊ စိတ်ဓာတ်ကျခြင်းနှင့် အဆုံးမရှိသော စောင့်ဆိုင်းခြင်းတို့သာ ဖြစ်သည်။ ၎င်းတို့သည် နုတ်ထွက်လိုသော်လည်း ကြီးမားသော ကောင်းချီးများ ဆုံးရှုံးမည်ကို ကြောက်ရွံ့ကြပြီး ကောင်းချီးများကို အသည်းအသန် ဆုပ်ကိုင်ထားလိုလေလေ၊ ၎င်းတို့ကို ဆုပ်ကိုင်နိုင်စွမ်း နည်းပါးလေလေ ဖြစ်သည်။ ဤအရာ၏ အကျိုးဆက်မှာ ၎င်းတို့သည် ကောင်းချီးများအတွက် မိမိတို့၏ မျှော်လင့်ချက်နှင့် စိတ်ပျက်ခြင်းတို့၏ ညှဉ်းဆဲမှုအကြား အဆက်မပြတ် ရုန်းကန်နေရသည့် အခြေအနေသို့ ကျရောက်သွားပြီး ဤသည်မှာ ၎င်းတို့၏ စိတ်နှလုံးကို အလွန် နာကျင်စေသည်။ သို့သော် ၎င်းတို့သည် ဤကိစ္စနှင့်ပတ်သက်၍ ဘုရားသခင်ထံ ဆုတောင်းကြလိမ့်မည်လော။ ဆုတောင်းကြမည်မဟုတ်ပေ။ ၎င်းတို့က၊ “ဆုတောင်းခြင်းက အဘယ်ကောင်းကျိုး ရှိလိမ့်မည်နည်း။ ညီအစ်ကိုမောင်နှမများက ငါ့ကို မချီးမွမ်းကြပါ။ ခေါင်းဆောင်များကလည်း ငါ့ကို အထင်မကြီးပါ။ ထို့ကြောင့် ခြွင်းချက်အနေဖြင့် ဘုရားက ငါ့ကို အရေးပါသည့် အခန်းကဏ္ဍတစ်ခု ပေးနိုင်မည်လော” ဟု စဉ်းစားကြသည်။ ၎င်းတို့သည် အခြားသူများအပေါ် မိမိတို့၏ မျှော်လင့်ချက်များ ထားရှိခြင်းက စိတ်ပျက်မှုကို ဆောင်ကြဉ်းပေးလိမ့်မည်ဖြစ်ပြီး ကောင်းချီးခံစားရမည့် မိမိတို့၏ မျှော်လင့်ချက်များကို ဘုရားသခင်အပေါ် ထားရှိခြင်းသည်လည်း လုံခြုံမှုမရှိကြောင်း သိရှိကြသည်။ အကြောင်းမှာ “သမ္မာတရားကို မလိုက်စားသောသူတို့သည် ကယ်တင်ခြင်းကို မရရှိနိုင်”ဟု ဆိုသော ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ တွေ့မြင်ပြီးဖြစ်သောကြောင့် စိတ်ဓာတ်ကျကာ စိတ်ပျက်ကြရသည်။ အသင်းတော်၌ မည်သူကမျှ ၎င်းတို့ကို အာရုံမစိုက်သည့်အပြင် ၎င်းတို့သည် မည်သည့်မျှော်လင့်ချက်ကိုမျှ မမြင်နိုင်ကြပေ။ ၎င်းတို့သည် မိမိတို့၏ မျက်နှာများကို ကြည့်သောအခါ ကောင်းချီးများ ရရှိမည့် မည်သည့်မျှော်လင့်ချက်ကိုမျှ ၎င်းတို့ မြင်တွေ့နိုင်ခြင်း မရှိသေးဘဲ၊ “ငါ နုတ်ထွက်သင့်သလော သို့မဟုတ် နေသင့်သလော။ ငါသည် ကောင်းချီးခံစားရမည့် မျှော်လင့်ချက် အမှန်တကယ် မရှိလေသလော”ဟု တွေးကြသည်။ ၎င်းတို့သည် တွန့်ဆုတ်ကာ ဤအရာများကို အကြိမ်ကြိမ်အခါခါ ဆင်ခြင်သုံးသပ်ရင်းဖြင့် နှစ်ကာလများ ကုန်လွန်သွားပြီး ၎င်းတို့ ရာထူးတိုးခြင်း သို့မဟုတ် အရေးပါသော ရာထူး၌ ထားရှိခြင်းကို မခံရသေးပေ။ ၎င်းတို့သည် အဆင့်အတန်းအတွက် ယှဉ်ပြိုင်လိုသော်လည်း ယင်းမှာ အလွန် ဆင်ခြင်တုံတရားရှိသောအရာ မဟုတ်၊ သို့မဟုတ် သင့်လျော်သော အရာတစ်ခု မဟုတ်ဟု ၎င်းတို့ ခံစားကြရသည်။ ယင်းကို ပြုလုပ်ရန် ၎င်းတို့ ရှက်ရွံ့ကြသည်၊ သို့သော် ၎င်းတို့သည် အဆင့်အတန်းအတွက် မယှဉ်ပြိုင်ပါက မည်သည့်အခါတွင် ၎င်းတို့ ရာထူးတိုးခံရပြီး အရေးပါသော အခန်းကဏ္ဍတစ်ခု ပေးအပ်ခြင်းကို ခံရမည်နည်း။ ၎င်းတို့နှင့်အတူ ဘုရားသခင်ကို ယုံကြည်သောသူများ၊ စုဝေးပွဲများ တက်ရောက်ပြီး တာဝန်များကို အတူတကွ ထမ်းဆောင်သောသူများကို ၎င်းတို့ စဉ်းစားမိကြသည်။ ၎င်းတို့အထဲမှ အလွန်များစွာသောသူတို့သည် ရာထူးတိုးခြင်းနှင့် အရေးပါသော အခန်းကဏ္ဍများ ပေးအပ်ခြင်းကို ခံခဲ့ကြရပြီးဖြစ်သော်လည်း ၎င်းတို့ကိုယ်တိုင်မှာမူ မည်မျှပင် ကြိုးစားအားထုတ်စေကာမူ အရေးပါသော အခန်းကဏ္ဍတစ်ခုကို မရရှိနိုင်သည့်အပြင်၊ ရှေ့ဆက်ရမည့် လမ်းကြောင်းတွင် စိတ်ရှုပ်ထွေးကာ ချို့တဲ့နေသည်ဟု ခံစားကြရသည်။ ၎င်းတို့သည် မိမိတို့၏ စိတ်ကူးများ၊ အခြေအနေများ၊ အတွေးများနှင့် အမြင်များ၊ သွေဖည်မှုများနှင့် ချို့ယွင်းချက်များအကြောင်းကို အခြားမည်သူ တစ်ဦးတစ်ယောက်နှင့်မျှ မည်သည့်အခါမျှ မိတ်သဟာယမဖွဲ့ သို့မဟုတ် ပွင့်လင်းစွာ မပြောကြပေ။ ၎င်းတို့သည် လုံးဝ ရေငုံနုတ်ပိတ်နေကြသည်။ ၎င်းတို့အနေဖြင့် အတော်အတန် အသိတရားရှိစွာ စကားပြောပုံပေါ်ပြီး အတော်အတန် ဆင်ခြင်တုံတရားရှိသော နည်းလမ်းဖြင့် ပြုမူပုံရသော်လည်း ၎င်းတို့၏ အတွင်းစိတ်မှ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများမှာမူ အလွန် ပြင်းထန်လှသည်။ ၎င်းတို့သည် မိမိတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို စွမ်းဆောင်ရရှိရန်အလို့ငှာ ကြိုးစားအားထုတ်ကာ ရုန်းကန်ကြသည်။ ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံပြီး အဖိုးအခကို ပေးဆပ်ကြကာ ကောင်းချီးခံစားရမည့် မိမိတို့၏ မျှော်လင့်ချက်များအတွက် အရာရာကို အသုံးခံနိုင်သည်။ သို့ရာတွင် ၎င်းတို့ စွမ်းဆောင်ရရှိလိုသော ရလဒ်ကို မမြင်တွေ့ရသောအခါ ၎င်းတို့သည် ဘုရားသခင်၊ ဘုရားအိမ်တော်နှင့် အသင်းတော်တွင်ရှိသော လူတိုင်းအပေါ်၌ပင် ရန်လိုမှုနှင့် အမျက်ဒေါသတို့ဖြင့် ပြည့်လာကြသည်။ ၎င်းတို့ မည်မျှ ကြိုးစားအားထုတ်သည်ကို မမြင်ခြင်းအတွက်၊ ၎င်းတို့၏ အားသာချက်များနှင့် ကောင်းကွက်များကို မမြင်ခြင်းအတွက် လူတိုင်းကို မုန်းတီးကြပြီး အခွင့်အရေးများ မပေးခြင်းအတွက်၊ ၎င်းတို့ကို ရာထူးမတိုးပေးခြင်း သို့မဟုတ် အရေးပါသော အခန်းကဏ္ဍတစ်ခု မပေးခြင်းအတွက် ဘုရားသခင်ကိုလည်း မုန်းတီးကြသည်။ ၎င်းတို့၏ စိတ်နှလုံးထဲ၌ ထိုသို့သော အလွန်ကြီးမားသည့် မနာလိုမှုနှင့် အမုန်းတရားတို့ ဖြစ်ပေါ်လာသည်နှင့်အညီ ၎င်းတို့သည် မိမိတို့၏ ညီအစ်ကိုမောင်နှမများကို ချစ်နိုင်ကြမည်လော။ ဘုရားသခင်ကို ၎င်းတို့ ချီးမွမ်းနိုင်ကြမည်လော။ ၎င်းတို့အနေဖြင့် သမ္မာတရားကို လက်ခံရန်၊ အသိတရားရှိရှိ လက်တွေ့ကျသည့် သဘောထားဖြင့် မိမိတို့၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန်နှင့် သာမန်လူတစ်ဦး ဖြစ်ရန်အလို့ငှာ မိမိတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို စွန့်လွှတ်နိုင်ကြမည်လော။ ဤသို့သော သန္နိဋ္ဌာန်မျိုးကို ၎င်းတို့ ချနိုင်ကြမည်လော။ (မချနိုင်ပါ။) ၎င်းတို့၌ ဤသန္နိဋ္ဌာန် မရှိသည်သာမက နောင်တရလိုသော ဆန္ဒပင် မရှိကြပေ။ ဤနည်းဖြင့် နှစ်ပေါင်းများစွာ မိမိတို့ကိုယ်ကို ဖုံးကွယ်ထားပြီးနောက် ဘုရားအိမ်တော်အပေါ်၊ ညီအစ်ကိုမောင်နှမများနှင့် ဘုရားသခင်အပေါ်၌ပင် ၎င်းတို့၏ အမုန်းတရားက ပို၍ပို၍ အားကောင်းလာသည်။ ၎င်းတို့၏ အမုန်းတရားသည် မည်မျှ အားကောင်းလာသနည်း။ ၎င်းတို့သည် ၎င်းတို့၏ ညီအစ်ကိုမောင်နှမများက မိမိတို့၏ တာဝန်များအား ကောင်းစွာ မထမ်းဆောင်နိုင်ကြရန် မျှော်လင့်ကြသည်။ ဘုရားအိမ်တော်၏ အလုပ် ရပ်တန့်သွားရန်နှင့် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ် ပျက်စီးသွားရန် ၎င်းတို့က မျှော်လင့်ပြီး မိမိတို့၏ ညီအစ်ကိုမောင်နှမများက အဆင်းနီသော နဂါးကြီး၏ ဖမ်းဆီးခြင်းကို ခံရရန်ပင် မျှော်လင့်ကြသည်။ ၎င်းတို့သည် မိမိတို့၏ ညီအစ်ကိုမောင်နှမများကို မုန်းတီးကြပြီး ဘုရားသခင်ကိုလည်း မုန်းတီးကြသည်။ ဘုရားသခင်က ဖြောင့်မတ်ခြင်းမရှိဟု ၎င်းတို့ စောဒကတက်ကြသည်။ ကယ်တင်ရှင် ကင်းမဲ့သည့်အတွက် လောကကို ကျိန်ဆဲကြပြီး ၎င်းတို့၏ နတ်ဆိုးဆန်သော ပုံပန်းသဏ္ဌာန်သည် လုံးလုံးလျားလျား ပေါ်လွင်သွားသည်။ ဤသို့သော လူစားမျိုးသည် များသောအားဖြင့် နက်ရှိုင်းစွာ ဖုံးကွယ်ထားတတ်ပြီး အပေါ်ယံတွင် ဟန်ဆောင်မှုတစ်ခုကို ထိန်းသိမ်းထားရာ၌ အလွန် တော်ကြသည်။ နှိမ့်ချသောသူ၊ နူးညံ့သိမ်မွေ့ပြီး ချစ်ခင်တတ်သောသူ ဟန်ဆောင်ကြသော်လည်း အမှန်တကယ်တွင် ၎င်းတို့သည် သိုးရေခြုံထားသော ဝံပုလွေတစ်ကောင် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ လျှို့ဝှက်သော မလိုမုန်းထားသည့် ရည်ရွယ်ချက်ကို မည်သည့်အခါမျှ မထုတ်ဖော်ကြ။ မည်သူကမျှ ၎င်းတို့ကို မရိပ်စားမိနိုင်ဘဲ မည်သူကမျှ ၎င်းတို့ အမှန်တကယ် မည်သို့ရှိသည်ကို သို့မဟုတ် မည်သည့်အရာကို တွေးတောနေသည်ကို မသိရှိကြပေ။ ၎င်းတို့နှင့် အတန်ကြာ ပေါင်းသင်းဆက်ဆံသောသူတို့သည် ၎င်းတို့က အလွန် မနာလိုတတ်သောလူများ ဖြစ်ကြောင်း၊ အခြားသူများနှင့် အစဉ်သဖြင့် ယှဉ်ပြိုင်တတ်ပြီး မိမိတို့ကိုယ်ကို လူအများအာရုံစိုက်ခြင်းခံရဖို့ ကြိုးပမ်းတတ်ကြောင်း၊ ၎င်းတို့သည် အခြားသူများထက် သာလွန်ဖို့ လိုလားတောင့်တလျက်ရှိကြကြောင်းနှင့် ၎င်းတို့ ပြုလုပ်သမျှ အရာရာတိုင်း၌ ပထမနေရာကို အမှန်တကယ် ရယူလိုကြကြောင်းတို့ကို မြင်တွေ့နိုင်သည်။ ဤသည်မှာ အပြင်ပန်းမှနေ၍ ၎င်းတို့ ရှိသည့်ပုံစံ ဖြစ်သည်။ သို့သော် ဤသည်မှာ ၎င်းတို့ အမှန်တကယ် ဖြစ်သည့်ပုံစံ ဟုတ်သလော။ အမှန်တကယ်တွင် ကောင်းချီးများအတွက် ၎င်းတို့၏ လိုအင်ဆန္ဒက သာ၍ပင် အားကြီးပေသည်။ ၎င်းတို့သည် တိတ်တဆိတ် ကြိုးစားလုပ်ဆောင်ခြင်း၊ မိမိတို့ကိုယ်ကို အသုံးခံခြင်းနှင့် အဖိုးအခ ပေးဆပ်ခြင်းတို့ကို ပြုလုပ်နေစဉ် အခြားသူများက ၎င်းတို့၏ ကောင်းကွက်များနှင့် အလုပ်လုပ်နိုင်စွမ်းများကို မြင်တွေ့နိုင်ရန်လည်းကောင်း၊ ဤသို့ဖြင့် ဘုရားအိမ်တော်၌ အရေးပါသော အခန်းကဏ္ဍတစ်ခု ပေးအပ်ခြင်း ခံရနိုင်ရန်လည်းကောင်း မျှော်လင့်ကြသည်။ ပြီးလျှင် ၎င်းတို့အနေဖြင့် အရေးပါသော အခန်းကဏ္ဍတစ်ခု ပေးအပ်ခံရခြင်း၏ ရလဒ်မှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့သည် လူတိုင်း၏ အလွန်အထင်ကြီးခြင်းကို ခံရနိုင်ပြီး နောက်ဆုံးတွင် မိမိတို့၏ ကြီးကျယ်ခမ်းနားသော ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ခြင်း ဖြစ်သည်။ ၎င်းတို့သည် အခြားသူများထဲတွင် ထူးချွန်သော ပုဂ္ဂိုလ်တစ်ဦး၊ လူတိုင်း အလွန်အလေးထားပြီး ကြည်ညိုရသော တစ်စုံတစ်ဦး ဖြစ်လာနိုင်ပြီး ၎င်းတို့၏ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှု၊ အဖိုးအခပေးဆပ်မှုနှင့် ရုန်းကန်ကြိုးပမ်းမှုအားလုံးက တန်ဖိုးရှိလာမည် ဖြစ်သည်၊ ဤအရာများသည် ဤလူတို့က မိမိတို့၏ အတွင်းကျကျ စိတ်နှလုံးများထဲ၌ ထားရှိကြသည့် ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများ ဖြစ်ကြသည်။
ဤလူစားမျိုးများသည် သမ္မာတရားကို မလိုက်စားကြသော်လည်း ဘုရားအိမ်တော်၌ အမြဲ ရာထူးတိုးချင်ကြပြီး အရေးပါသော အခန်းကဏ္ဍတစ်ခု ပေးအပ်ခံရဖို့ လိုလားနေကြဆဲ ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးထဲ၌ လူတစ်ဦးသည် အလုပ်လုပ်နိုင်စွမ်း ပို၍ရှိလေလေ၊ အရေးပါသော ရာထူးများကို ပို၍ရရှိလေလေဖြစ်သည်။ ဘုရားအိမ်တော်၌ ရာထူးတိုးပြီး အထင်ကြီးခြင်းကို ပို၍ခံရလေလေ၊ ကောင်းချီးများ၊ သရဖူနှင့် ဆုလာဘ်များ ရရှိရန် ၎င်းတို့၏ အခွင့်အလမ်းများ ပို၍ကြီးမားလေလေ ဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ တစ်စုံတစ်ဦးသည် အလုပ်လုပ်နိုင်စွမ်း ကင်းမဲ့ပါက သို့မဟုတ် သီးခြားအထူးကျွမ်းကျင်မှုတစ်ခု မရှိပါက ထိုသူသည် ကောင်းချီးခံစားရန် အရည်အချင်းမပြည့်မီဟု ၎င်းတို့ ယုံကြည်ကြသည်။ လူတစ်ဦး၏ ဆုကျေးဇူးများ၊ အထူးကျွမ်းကျင်မှုများ၊ စွမ်းရည်များ၊ ကျွမ်းကျင်မှုများ၊ ပညာအဆင့်အတန်း၊ အလုပ်လုပ်နိုင်စွမ်းနှင့် အခြားသူများကို ကျော်လွန်ရန် ၎င်းတို့၏ သန္နိဋ္ဌာန်နှင့် မဆုတ်မနစ်သော သဘောထားကဲ့သို့သော လောက၌ တန်ဖိုးထားသည့် ၎င်းတို့၏ လူ့သဘာဝအတွင်းရှိ အားသာချက်များနှင့် ကောင်းကွက်များဟု ခေါ်ဆိုသည့်အရာများပင်လျှင် ကောင်းချီးများနှင့် ဆုလာဘ်များ ရရှိရန်အတွက် အရင်းအနှီးအဖြစ် အသုံးပြု၍ရနိုင်သည်ဟု ၎င်းတို့က တွေးထင်ကြသည်။ ဤသည်မှာ မည်သည့် စံနှုန်းမျိုး ဖြစ်သနည်း။ သမ္မာတရားနှင့် ကိုက်ညီသော စံနှုန်းတစ်ခု ဟုတ်သလော။ (မဟုတ်ပါ။) ယင်းမှာ သမ္မာတရား၏ စံနှုန်းများနှင့် မကိုက်ညီပေ။ သို့ဆိုလျှင် ဤသည်မှာ စာတန်၏ ကျိုးကြောင်းဆင်ခြင်မှု မဟုတ်လော။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သော ခေတ်တစ်ခုနှင့် ကောက်ကျစ်ဆိုးယုတ်သော လောကီရေပန်းစားမှုများ၏ ကျိုးကြောင်းဆင်ခြင်မှု မဟုတ်လော။ (ဟုတ်ပါသည်။) ဤသို့သော လူတို့က အမှုအရာများကို အကဲဖြတ်ရန် အသုံးပြုသည့် ကျိုးကြောင်းဆင်ခြင်မှု၊ နည်းလမ်းများနှင့် စံနှုန်းများအပြင် ဤအရာများအပေါ် ၎င်းတို့၏ သဘောထားနှင့် ချဉ်းကပ်ပုံတို့မှ အကဲဖြတ်ရလျှင် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သည့်အခါမျှ မကြားဖူး သို့မဟုတ် မဖတ်ဖူးသည့်ပုံရပြီး ထိုနှုတ်ကပတ်တော်များကို လုံးဝ မသိနားမလည်သည့်ပုံရပေသည်။ သို့သော် အမှန်တကယ်တွင် ၎င်းတို့သည် နေ့စဉ်နေ့တိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ခြင်း၊ ဖတ်ရှုခြင်းနှင့် ဆုတောင်းရင်းဖတ်ရှုခြင်းတို့ကို ပြုလုပ်နေကြသည်။ သို့ဆိုလျှင် ၎င်းတို့၏ အမြင်သည် အဘယ်ကြောင့် လုံးဝမပြောင်းလဲသနည်း။ အချက်တစ်ချက်မှာ သေချာ၏။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို မည်မျှပင် နားထောင်သည် သို့မဟုတ် ဖတ်ရှုသည်ဖြစ်စေ ဘုရား နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ကြောင်းနှင့် အရာရာတိုင်းကို တိုင်းတာရန် စံနှုန်းဖြစ်ကြောင်းကို မိမိတို့၏ စိတ်နှလုံးထဲ၌ မည်သည့်အခါမျှ သေချာကြလိမ့်မည် မဟုတ်။ ၎င်းတို့သည် ဤအချက်ကို မိမိတို့၏ စိတ်နှလုံးထဲမှ နားလည် သို့မဟုတ် လက်ခံလိမ့်မည် မဟုတ်ပေ။ ထိုအကြောင်းကြောင့် ၎င်းတို့၏ အမြင်သည် မည်မျှပင် အဓိပ္ပာယ်မဲ့ပြီး ဘက်လိုက်သည်ဖြစ်စေ ၎င်းတို့သည် ယင်းကို ထာဝစဉ် ဖက်တွယ်ထားကြလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များ မည်မျှပင် မှန်ကန်သည်ဖြစ်စေ ထိုနှုတ်ကပတ်တော်များကို ၎င်းတို့ ငြင်းပယ်ပြီး ပြစ်တင်ရှုတ်ချကြလိမ့်မည်။ ဤသည်မှာ အန္တိခရစ်တို့၏ ရက်စက်ကြမ်းကြုတ်သော သဘာဝ ဖြစ်သည်။ အရေးပါသော အခန်းကဏ္ဍတစ်ခုကို ၎င်းတို့ မရရှိသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့၏ လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များ မပြည့်စုံသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ စရိုက်မှန် ပေါ်လာသည်။ ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သော သဘာဝက သူ့အလိုလို ပေါ်လာပြီး ဘုရားသခင်၏ တည်ရှိမှုကို ၎င်းတို့ ငြင်းပယ်လိုကြသည်။ အမှန်တကယ်တွင် ဘုရားသခင်၏ တည်ရှိမှုကို မငြင်းပယ်မီကပင် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ကို ငြင်းပယ်ကြသည်။ ၎င်းတို့၏ သဘာဝအနှစ်သာရက သမ္မာတရားကို ငြင်းပယ်သောကြောင့်လည်းကောင်း၊ အရာရာတိုင်းကို တိုင်းတာသည့် စံနှုန်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြစ်သည်ကို ငြင်းပယ်သောကြောင့်လည်းကောင်း၊ ၎င်းတို့သည် ဤနည်းဖြင့် ဘုရားသခင်ကို ရန်လိုနိုင်ကြခြင်း ဖြစ်သည်။ ထို့ပြင် ၎င်းတို့၏ တွက်ချက်မှု၊ ကြံစည်မှုနှင့် ကြိုးစားအားထုတ်မှုအားလုံးပြီးနောက် အရေးပါသော ရာထူး၌ မထားရှိခံရသေးသည့်အခါ ဘုရားသခင်ကို ငြင်းပယ်ရန်၊ သစ္စာဖောက်ရန်၊ ပစ်ပယ်ရန်နှင့် ဘုရားအိမ်တော်မှ ထွက်ခွာရန်တို့ကို တွေးတောကြခြင်း ဖြစ်သည်။ ၎င်းတို့သည် အခြားလူများနှင့်အတူ အာဏာနှင့် အကျိုးအမြတ်အတွက် တိုက်ခိုက်နေပုံ မပေါ်သော်လည်း၊ သို့မဟုတ် မိမိတို့၏ ကိုယ်ပိုင်လမ်းစဉ်အတိုင်း သွားနေပုံမပေါ်သော်လည်း၊ သို့မဟုတ် မိမိတို့၏ ကိုယ်ပိုင် သီးခြားနယ်ပယ်ကို ပွင့်လင်းစွာ တည်ထောင်နေပုံမရသော်လည်း သို့မဟုတ် မိမိတို့၏ ကိုယ်ပိုင် အဆင့်အတန်းကို စီမံခန့်ခွဲနေပုံ မပေါ်သော်လည်း ၎င်းတို့သည် အန္တိခရစ်စစ်စစ်များ ဖြစ်သည်ကို ၎င်းတို့၏ သဘာဝ အနှစ်သာရမှ ငါတို့ မြင်တွေ့နိုင်သည်။ ၎င်းတို့၏ မည်သည့်လိုက်စားမှုမဆို မှန်ကန်သည်ဟု ၎င်းတို့ တွေးထင်ကြပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များက မည်သည့်အရာကို ပြောဆိုသည်ဖြစ်စေ ၎င်းတို့အတွက်မူ ဤနှုတ်ကပတ်တော်များသည် ဖော်ပြရန် သို့မဟုတ် နားထောင်ရန် မထိုက်တန်သည့်အပြင် အသုံးပြုရန်လည်း သေချာပေါက် မထိုက်တန်ပေ။ ဤသို့သော လူစားမျိုးသည် မည်သို့သော အမှိုက်သရိုက်မျိုး ဖြစ်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ၎င်းတို့အပေါ် လုံးဝ အကျိုးသက်ရောက်မှု မရှိပေ။ ထိုနှုတ်ကပတ်တော်များသည် ၎င်းတို့၏ စိတ်နှလုံးကို တို့ထိခြင်းမရှိ သို့မဟုတ် ၎င်းတို့ကို မဆွဲဆောင်နိုင်ပေ။ သို့ဆိုလျှင် ၎င်းတို့သည် အဘယ်အရာကို တန်ဖိုးထားကြသနည်း။ လူတို့၏ ဆုကျေးဇူးများ၊ ပါရမီများ၊ စွမ်းရည်များ၊ အသိပညာနှင့် နည်းဗျူဟာများအပြင် ၎င်းတို့၏ ရည်မှန်းချက်များနှင့် ကြီးကျယ်ခမ်းနားသော အစီအစဉ်များ၊ ဆောင်ရွက်ချက်များကို တန်ဖိုးထားကြသည်။ ဤအရာများသည် ၎င်းတို့ တန်ဖိုးထားသည့်အရာများ ဖြစ်ကြသည်။ ဤအရာအားလုံးသည် အဘယ်အရာများ ဖြစ်ကြသနည်း။ ဤအရာများသည် ဘုရားသခင် တန်ဖိုးထားသည့်အရာများ ဟုတ်သလော။ မဟုတ်ပေ။ ဤအရာများသည် ဖောက်ပြန်ပျက်စီးသော လူသားများက ရိုသေလေးစားပြီး အထင်ကြီးသည့်အရာများ ဖြစ်ကြသည့်အပြင် စာတန် အထင်ကြီးပြီး ကိုးကွယ်သည့်အရာများလည်း ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ လမ်းခရီး၊ သူ၏ နှုတ်ကပတ်တော်များနှင့် သူ ကယ်တင်သောလူများထံမှ သူ တောင်းဆိုသည့်အရာတို့နှင့် တိတိကျကျ ဆန့်ကျင်နေကြသည်။ သို့သော် ဤသို့သော လူတို့သည် ဤအရာများမှာ စာတန်ထံမှ ဖြစ်သည်၊ ကောက်ကျစ်ဆိုးယုတ်ပြီး သမ္မာတရားနှင့် ဆန့်ကျင်သည်ဟု မည်သည့်အခါမျှ မတွေးထင်ခဲ့ကြပေ။ ယင်းအစား ၎င်းတို့သည် ဤအရာအားလုံးကို တန်ဖိုးထားမြတ်နိုးကြပြီး ခိုင်မြဲစွာနှင့် ပြတ်သားစွာ ဖက်တွယ်ထားကြကာ အရာအားလုံးအထက်၌ ရှိသည်ဟု ရှုမြင်ကြသည့်အပြင် သမ္မာတရားကို လိုက်စားခြင်းနှင့် လက်ခံခြင်းတို့၏ နေရာ၌ အစားထိုးရန် အသုံးပြုကြသည်။ ယင်းမှာ မတန်တဆ ပုန်ကန်ခြင်း မဟုတ်လော။ ပြီးလျှင် အဆုံး၌ ၎င်းတို့၏ မတန်တဆဖြစ်သော ပုန်ကန်ခြင်း၊ ၎င်းတို့ အလွန် ယုတ္တိမတန်ခြင်းတို့၏ တစ်ခုတည်းသော အကျိုးဆက်မှာ အဘယ်အရာ ဖြစ်လိမ့်မည်နည်း။ ဤလူတို့သည် ကယ်တင်၍ ရနိုင်လိမ့်မည်မဟုတ်တော့သည့်အပြင် မည်သူကမျှ ၎င်းတို့ကို မပြောင်းလဲနိုင်လိမ့်မည် မဟုတ်ပေ။ ၎င်းတို့သည် ဤအကျိုးဆက်မျိုးအတွက် ကံကြမ္မာပါလာကြသည်။ ငါ့ကို ပြောကြလော့၊ ဤလူတို့သည် အချိန်ကောင်းကိုစောင့်ပြီး အားမွေးနေကြသူများဖြစ်သည် မဟုတ်လော။ ၎င်းတို့ လိုက်နာစောင့်ထိန်းသော စည်းမျဉ်းမှာ ရွှေစင်သည် နောက်ဆုံးတွင် တောက်ပရန် ကံပါလာသည်ဟူ၍ ဖြစ်သည်။ ၎င်းတို့အနေဖြင့် မိမိတို့၏ အစွမ်းခွန်အားကို တိတ်တဆိတ် တည်ဆောက်ရန် သင်ယူရမည်၊ အချိန်အခါကို စောင့်ဆိုင်းရန်နှင့် မှန်ကန်သော အခွင့်အရေးကို စောင့်ဆိုင်းရန် သင်ယူရမည်ဖြစ်ပြီး ထိုအတောအတွင်း ပြင်ဆင်မှုများ ပြုလုပ်ကာ မိမိတို့၏ အနာဂတ်အတွက်လည်းကောင်း၊ မိမိတို့၏ ဆန္ဒများနှင့် အိပ်မက်များအတွက်လည်းကောင်း အစီအစဉ်ဆွဲရမည်ဟူ၍ ဖြစ်သည်။ ၎င်းတို့ လိုက်နာစောင့်ထိန်းသော စည်းမျဉ်းများ၊ ၎င်းတို့၏ ရှင်သန်မှု စည်းမျဉ်းများ၊ ၎င်းတို့ လိုက်စားသော ပန်းတိုင်များနှင့် ၎င်းတို့၏ အတွင်းအနှစ်သာရ၌ တောင့်တသည့်အရာတို့ကို အခြေခံ၍ အကဲဖြတ်ရလျှင် ဤလူတို့သည် အန္တိခရစ်စစ်စစ်များ ဖြစ်ကြသည်။ လူအချို့က “သို့သော် အန္တိခရစ်များက မိမိတို့ ကိုယ်ပိုင် သီးခြား နယ်ပယ်များ တည်ထောင်ပြီး အဆင့်အတန်းအတွက် တိုက်ခိုက်ကြသည် မဟုတ်လော” ဟု ဆိုကြသည်။ ကောင်းပေပြီ၊ ဤသို့သော လူတို့သည် အာဏာရရှိပြီးနောက် သီးခြားနယ်ပယ်တစ်ခုကို တည်ထောင်နိုင်စွမ်း ရှိကြသလော။ ၎င်းတို့သည် လူတို့ကို ညှဉ်းဆဲနိုင်စွမ်း ရှိကြသလော။ (ရှိပါသည်။) ၎င်းတို့ အာဏာရရှိသည်နှင့်တစ်ပြိုင်နက် သမ္မာတရား စည်းမျဉ်းများနှင့်အညီ အမှုအရာများကို လုပ်ဆောင်နိုင်စွမ်း ရှိကြမည်လော။ သမ္မာတရားကို ၎င်းတို့ လိုက်စားနိုင်စွမ်း ရှိကြမည်လော။ လူတို့ကို ဘုရားသခင်ရှေ့မှောက်သို့ ပို့ဆောင်ပေးနိုင်ကြမည်လော။ (ပို့ဆောင်နိုင်မည် မဟုတ်ပါ။) အကယ်၍ ဤသို့သော လူတို့ကို အရေးပါသော ရာထူးတစ်ခု ပေးအပ်ခဲ့ပါက အဘယ်အရာ ဖြစ်ပျက်မည်နည်း။ ၎င်းတို့သည် အလုပ်လုပ်နိုင်သည်ဖြစ်စေ မလုပ်နိုင်သည်ဖြစ်စေ ဆုကျေးဇူးရှိသော၊ စကားပြောကောင်းပြီး အသိပညာနှံ့စပ်သော လူတို့ကို ရာထူးတိုးပေးကြမည်ဖြစ်သည်။ ၎င်းတို့ကိုယ်တိုင်နှင့်တူသော လူတို့ကို ရာထူးတိုးပေးကြစဉ်တွင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုရှိသော၊ သမ္မာတရားကို လိုက်စားပြီး ရိုးသားသော မှန်ကန်သည့် လူအားလုံးကိုမူ ဖိနှိပ်ထားကြမည်ဖြစ်သည်။ ဤအခြေအနေမျိုး ဖြစ်ပျက်သောအခါ ဤသို့သော လူတို့၏ အန္တိခရစ် အနှစ်သာရသည် ဖော်ထုတ်ခြင်း ခံရသည် မဟုတ်လော။ ယင်းမှာ အလွန် သိသာထင်ရှားလာသည် မဟုတ်လော။ အရေးပါသော အခန်းကဏ္ဍတစ်ခု မရရှိသည့်အပြင် ကောင်းချီးခံစားရရန် မျှော်လင့်ချက်မရှိသောအခါ နုတ်ထွက်လိုသောသူအားလုံးသည် အန္တိခရစ်များဖြစ်သည်ဟု အစတွင် ငါ ပြောဆိုခဲ့ချိန်၌ အမှန်တကယ် နားမလည်ခဲ့သော လူအချို့ ရှိသည်။ သို့သော် ယခုတွင် ၎င်းတို့က အန္တိခရစ်များဖြစ်သည်ကို သင်တို့ မြင်နိုင်ကြပြီလော။ (မြင်နိုင်ပါပြီ။)
လူအချို့သည် ခေါင်းဆောင်ရာထူးမှ ဖြုတ်ချခြင်းခံရပြီး ၎င်းတို့အနေဖြင့် နောက်ထပ် ပျိုးထောင်ခြင်း သို့မဟုတ် အသုံးပြုခြင်း ခံရတော့မည်မဟုတ်ဟု အထက်က ပြောသည်ကို ၎င်းတို့ ကြားသောအခါ၊ ဖယ်ရှားရှင်းလင်းခြင်းခံရသည့်အလား အလွန့်အလွန် ဝမ်းနည်းကြပြီး ခါးသီးစွာ ငိုကြွေးကြသည်။ ဤသည်မှာ အဘယ်ပြဿနာ ဖြစ်သနည်း။ ၎င်းတို့ နောက်ထပ် ပျိုးထောင်မခံရခြင်း သို့မဟုတ် အသုံးပြုမခံရခြင်းသည် ၎င်းတို့အနေဖြင့် ဖယ်ရှားရှင်းလင်းခြင်းခံရသည်ဟု ဆိုလိုသလော။ ယင်းက ၎င်းတို့အနေဖြင့် ကယ်တင်ခြင်း မရရှိနိုင်ဟု ဆိုလိုသလော။ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့သည် ၎င်းတို့အတွက် အမှန်တကယ် အလွန် အရေးကြီးသလော။ အကယ်၍ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသောသူတစ်ဦး ဖြစ်ပါက၊ မိမိတို့၏ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကို ဆုံးရှုံးသောအခါ မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်သင့်ပြီး စစ်မှန်သော နောင်တကို ခံစားသင့်သည်။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းကို ရွေးချယ်သင့်သည်၊ ဘဝကို အသစ်ပြန်စသင့်ပြီး အလွန်ဝမ်းမနည်းသင့် သို့မဟုတ် အလွန်မငိုကြွေးသင့်ပေ။ ၎င်းတို့အနေဖြင့် တကယ့်အလုပ်ကို မလုပ်သကဲ့သို့ သမ္မာတရားကို မလိုက်စားခြင်းတို့ကြောင့် ဘုရားအိမ်တော်၏ ဖြုတ်ချခြင်းကို ခံခဲ့ရကြောင်း မိမိတို့၏ စိတ်နှလုံးထဲ၌ သိရှိပြီး ဘုရားအိမ်တော်က ၎င်းတို့ကို နောက်ထပ် ရာထူးတိုးပေးတော့မည်မဟုတ်ဟု ပြောသည်ကို ၎င်းတို့ ကြားရပါက၊ ၎င်းတို့ ရှက်ရွံ့သင့်သည်၊ ဘုရားသခင်ကို အကြွေးတင်ပြီး ဘုရားသခင်ကို စိတ်ပျက်စေခဲ့သည်ဟု ခံစားသင့်ပေသည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်၏ အသုံးပြုခြင်းကို မခံထိုက်ကြောင်း သိရှိသင့်ပြီး ဤနည်းဖြင့် ၎င်းတို့ကို ဆင်ခြင်တုံတရား အနည်းငယ်ရှိသည်ဟု မှတ်ယူ၍ရနိုင်ပေသည်။ သို့ရာတွင် ဘုရားအိမ်တော်က ၎င်းတို့ကို နောက်ထပ် ပျိုးထောင်တော့မည်မဟုတ်၊ သို့မဟုတ် အသုံးပြုတော့မည်မဟုတ်သည်ကို ၎င်းတို့ ကြားသောအခါ ၎င်းတို့သည် အပျက်သဘောဆောင်ပြီး ဝမ်းနည်းကြကာ ဤအရာ ၎င်းတို့အနေဖြင့် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို လိုက်စားနေပြီး သမ္မာတရားကို လိုက်စားသောသူတစ်ဦး မဟုတ်ကြောင်းကို ပြသသည်။ ကောင်းချီးများအတွက် ၎င်းတို့၏ လိုအင်ဆန္ဒသည် ဤမျှ အားကောင်းပြီး ၎င်းတို့သည် အဆင့်အတန်းကို ဤမျှ တန်ဖိုးထားကာ တကယ့်အလုပ်ကို မလုပ်ဆောင်ကြပေ။ သို့ဖြစ်၍ ၎င်းတို့သည် ဖြုတ်ချခံရသင့်ပြီး မိမိတို့၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဆင်ခြင်သုံးသပ်ကာ နားလည်လာသင့်သည်။ ၎င်းတို့ လိုက်လျှောက်နေသော လမ်းကြောင်းက မှားယွင်းကြောင်း၊ အဆင့်အတန်း၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့ကို လိုက်စားခြင်းအားဖြင့် ၎င်းတို့သည် အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို လျှောက်လှမ်းနေကြောင်း၊ ဘုရားသခင်က ၎င်းတို့ကို အသိအမှတ်ပြုမည် မဟုတ်သည်သာမက သူ၏ စိတ်သဘောထားကိုလည်း ၎င်းတို့ ပုန်ကန်ပြစ်မှားမိမည်ဖြစ်ကြောင်းနှင့် အကယ်၍ ၎င်းတို့သည် မကောင်းမှုမျိုးစုံကို ကျူးလွန်ပါက ဘုရားသခင်၏ အပြစ်ပေးခြင်းကိုလည်း ခံကြရမည်ဖြစ်ကြောင်းတို့ကို ၎င်းတို့ သိရှိသင့်သည်။ သင်တို့၌လည်း ဤပြဿနာ ရှိသည် မဟုတ်လော။ အကယ်၍ သင်တို့၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိဟု ယခု ငါ ပြောပါက သင်တို့ ဝမ်းနည်းဖြစ်ကြမည် မဟုတ်လော။ (ဝမ်းနည်းကြပါမည်။) ၎င်းတို့၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိဟု အထက်အဆင့် ခေါင်းဆောင်တစ်ဦးက ပြောသည်ကို လူအချို့က ကြားသောအခါ ၎င်းတို့အနေဖြင့် သမ္မာတရားကို နားလည်နိုင်စွမ်းမရှိကြောင်း၊ ဘုရားသခင်က ၎င်းတို့ကို သေချာပေါက် အလိုမရှိတော့ကြောင်း၊ ကောင်းချီးခံစားရရန် မျှော်လင့်ချက်မရှိတော့ကြောင်း ၎င်းတို့ ခံစားကြရသည်။ သို့သော် ၎င်းတို့ ဝမ်းနည်းသည်ဟူသော အချက်ရှိလင့်ကစား ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ပုံမှန်အတိုင်း ထမ်းဆောင်နိုင်ကြဆဲဖြစ်သည်။ ထိုသို့သောလူတို့၌ ဆင်ခြင်တုံတရား အနည်းငယ် ရှိသည်။ လူအချို့သည် တစ်စုံတစ်ဦးက ၎င်းတို့၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိကြောင်း ပြောသည်ကို ကြားသောအခါ အပျက်သဘောဆောင်လာကြပြီး မိမိတို့၏ တာဝန်ကို မထမ်းဆောင်လိုကြတော့ပေ။ ၎င်းတို့က၊ “ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိဟု သင် ငါ့ကို ပြောသည်။ ယင်းမှာ ငါ ကောင်းချီးခံစားရမည့် မျှော်လင့်ချက်မရှိဟု ဆိုလိုသည် မဟုတ်လော။ အနာဂတ်တွင် မည်သည့် ကောင်းချီးမျှ ငါ ရမည်မဟုတ်သည့်အတွက်၊ အဘယ်အရာအတွက် ငါ ယုံကြည်နေသေးသနည်း။ အစေခံမှုပေးစေခြင်းကို ငါ လက်ခံမည်မဟုတ်ပါ။ အပြန်အလှန်အနေဖြင့် မည်သည့်အရာမျှ မရပါက မည်သူက သင့်အတွက် အလုပ်လုပ်ပေးမည်နည်း။ ငါသည် ထိုမျှ စဉ်းစားဉာဏ်မကင်းမဲ့ပါ”ဟု တွေးကြသည်။ ထိုသို့သောလူတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ပိုင်ဆိုင်ကြသလော။ ၎င်းတို့သည် ဘုရားသခင်ထံမှ အလွန်များပြားသော ကျေးဇူးတော်ကို မွေ့လျော်ခံစားသော်လည်း ယင်းကို ပြန်လည်ပေးဆပ်ရန် မသိကြသည့်အပြင် အစေခံမှုပေးရန်ပင် အလိုမရှိကြပေ။ ဤသို့သော လူတို့သည် အဆုံးသတ်ပြီဖြစ်သည်။ ၎င်းတို့သည် အဆုံးတိုင် အစေခံမှုကိုပင် မပေးနိုင်ကြသကဲ့သို့ ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်း မရှိကြပေ။ ၎င်းတို့သည် မယုံကြည်သူများ ဖြစ်ကြသည်။ အကယ်၍ ၎င်းတို့သည် ဘုရားသခင်အတွက် ရိုးသားသော စိတ်နှလုံးနှင့် ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်း ရှိပါက ၎င်းတို့အနေဖြင့် မည်သို့ပင် အကဲဖြတ်ခံရသည်ဖြစ်စေ၊ ဤအရာက ၎င်းတို့အား မိမိတို့ကိုယ်ကို ပို၍ စစ်မှန်စွာနှင့် တိကျစွာ သိရှိနိုင်စေလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် ဤကိစ္စရပ်ကို မှန်ကန်စွာ ချဉ်းကပ်သင့်ပြီး ဘုရားသခင်နောက် ၎င်းတို့လိုက်ခြင်း သို့မဟုတ် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းအပေါ် ထိုအရာက သက်ရောက်မှု မဖြစ်စေသင့်ပေ။ ၎င်းတို့အနေဖြင့် ကောင်းချီးများကို မရရှိနိုင်လျှင်ပင် ဘုရားသခင်အတွက် အဆုံးထိတိုင် အစေခံမှုပေးရန် လိုလားနေဆဲဖြစ်သင့်ပြီး စောဒကတက်ခြင်းများမရှိဘဲ ထိုသို့လုပ်ဆောင်ရန် ဆန္ဒရှိသင့်ကာ အရာခပ်သိမ်းတွင် ဘုရားသခင်ကို စီစဉ်ညွှန်ကြားခွင့် ပြုသင့်သည်။ ထိုအခါမှသာ ၎င်းတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသောသူတစ်ဦး ဖြစ်ကြလိမ့်မည်။ လူတစ်ဦးသည် ကောင်းချီးများကို လက်ခံရရှိခြင်း ရှိမရှိ သို့မဟုတ် ကံအကြောင်းမလှသည့်ဖြစ်ရပ်များကို ခံစားရခြင်း ရှိမရှိဟူသည်မှာ ဘုရားသခင်၏ လက်ထဲ၌ ရှိသည်။ ဘုရားသခင်သည် ဤအရာအပေါ် အချုပ်အခြာအာဏာရှိပြီး ဤအရာကို စီစဉ်ပေးသည်။ ယင်းမှာ လူတို့ တောင်းဆိုနိုင်သော သို့မဟုတ် ကြိုးစားလုပ်ဆောင်နိုင်သော အရာတစ်ခု မဟုတ်ပေ။ ယင်းအစား ယင်းမှာ ထိုလူက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံနိုင်ခြင်းရှိမရှိ၊ သမ္မာတရားကို လက်ခံနိုင်ခြင်းရှိမရှိဟူသည်နှင့် ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်ခြင်း ရှိမရှိဟူသည်တို့အပေါ် မူတည်သည်။ ဘုရားသခင်သည် လူတစ်ဦးစီကို ၎င်းတို့၏ လုပ်ဆောင်ချက်များအတိုင်း ပြန်လည်ပေးဆပ်လိမ့်မည်။ တစ်စုံတစ်ဦး၌ ဤရိုးသားမှုအနည်းငယ် ရှိပြီး ၎င်းတို့ ထမ်းဆောင်သင့်သော တာဝန်အတွက် မိမိတို့ စုစည်းနိုင်သမျှ အစွမ်းခွန်အားအားလုံးကို ဆက်ကပ်ပါက ယင်းမှာလုံလောက်ပြီး ဘုရားသခင်၏ အသိအမှတ်ပြုခြင်းနှင့် ကောင်းချီးကို ၎င်းတို့ ရရှိကြလိမ့်မည်။ ပြောင်းပြန်အားဖြင့် တစ်စုံတစ်ဦးသည် မိမိ၏တာဝန်ကို စံချိန်မီသော နည်းလမ်းဖြင့် မထမ်းဆောင်ဘဲ မကောင်းမှုမျိုးစုံကိုပင် ကျူးလွန်သည့်တိုင် ဘုရားသခင်ထံမှ ကောင်းချီးများကို ရရှိရန် လိုလားနေသေးပါက ၎င်းတို့ ဤသို့ ပြုမူခြင်းသည် အလွန် ဆင်ခြင်တုံတရား ကင်းမဲ့နေသည် မဟုတ်လော။ အကယ်၍ သင်သည် လုံလောက်အောင် ကောင်းစွာ မလုပ်ဆောင်ခဲ့ဟု ခံစားရပါက၊ အားထုတ်မှုများစွာ ပြုပြီးဖြစ်သော်လည်း အမှုအရာများကို စည်းမျဉ်းများဖြင့် ကိုင်တွယ်နိုင်စွမ်း မရှိသေးဟု ခံစားရပြီး ဘုရားသခင်ကို အကြွေးတင်သည်ဟု သင် ခံစားရသော်လည်း သူက သင်တို့ကို ကောင်းချီးပေးပြီး ကျေးဇူးပြုပါက ယင်းမှာ ဘုရားသခင်က သင်တို့အား မျက်နှာသာပေးနေခြင်းဖြစ်သည်ဟု ဆိုလိုသည် မဟုတ်လော။ အကယ်၍ ဘုရားသခင်က သင်တို့ကို ကောင်းချီးပေးလိုပါက ယင်းမှာ မည်သူကမျှ ဖယ်ရှား၍မရသည့် အရာတစ်ခု ဖြစ်သည်။ သင်တို့သည် အလွန်ကောင်းစွာ မလုပ်ဆောင်လေပြီဟု တွေးထင်ကောင်း တွေးထင်နိုင်သော်လည်း ဘုရားသခင်၏ အကဲဖြတ်မှုတွင်မူ သင်သည် စစ်မှန်ရိုးသားပြီး မိမိ၏ အစွမ်းရှိသမျှ ပေးဆပ်ခဲ့သည်ဟု သူဆိုကာ သင့်ကို ကျေးဇူးပြုပြီး ကောင်းချီးပေးလိုပေသည်။ ဘုရားသခင် ပြုလုပ်သမျှ မည်သည့်အရာမျှ မမှားယွင်းသည့်အပြင် သူ၏ ဖြောင့်မတ်ခြင်းကို သင်ချီးမွမ်းရမည်။ ဘုရားသခင်က မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ ယင်းမှာ အစဉ်သဖြင့် မှန်ကန်ပြီး သူ လုပ်ဆောင်သည့်အရာက လူသား ခံစားချက်များကို ထည့်တွက်ခြင်းမရှိကြောင်း၊ သင်၏ အကြိုက်မဟုတ်ကြောင်း ယုံကြည်လျက် ဘုရားသခင် ပြုလုပ်သည့်အရာနှင့်ပတ်သက်၍ သင်၌ အယူအဆများ ရှိနေလျှင်ပင်၊ သင်သည် ဘုရားသခင်ကို ချီးမွမ်းသင့်နေဆဲ ဖြစ်သည်။ သင်သည် ဤသို့ အဘယ်ကြောင့် ပြုလုပ်သင့်သနည်း။ အကြောင်းရင်းကို သင်တို့ မသိကြ၊ မှန်သလော။ ဤသည်မှာ အမှန်တကယ်တွင် ရှင်းပြရန် အလွန် လွယ်ကူသည်။ အကြောင်းမှာ ဘုရားသခင်သည် ဘုရားသခင်ဖြစ်ပြီး သင်သည် လူသားဖြစ်သောကြောင့် ဖြစ်သည်။ သူသည် ဖန်ဆင်းရှင်ဖြစ်ပြီး သင်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်သည်။ သင်သည် ဘုရားသခင်အား နည်းလမ်းတစ်ခုခုဖြင့် ပြုမူရန် သို့မဟုတ် သင့်အား နည်းလမ်းတစ်ခုခုဖြင့် ဆက်ဆံရန် တောင်းဆိုပိုင်ခွင့်မရှိသော်လည်း ဘုရားသခင်သည် သင့်အပေါ် တောင်းဆိုချက်များ ပြုလုပ်ရန် အရည်အချင်းပြည့်မီပေသည်။ ကောင်းချီးများ၊ ကျေးဇူးတော်၊ ဆုလာဘ်များ၊ သရဖူများ၊ ဤအရာအားလုံးကို မည်သို့ ပေးအပ်သည်ဟူသည်နှင့် မည်သူ့ကို ပေးအပ်သည်ဟူသည်တို့မှာ ဘုရားသခင်၏ သဘောဖြစ်သည်။ အဘယ်ကြောင့် ဘုရားသခင်၏ သဘောဖြစ်သနည်း။ ဤအရာများသည် ဘုရားသခင်နှင့် သက်ဆိုင်သည်။ ယင်းတို့သည် လူနှင့် ဘုရားသခင်အကြား ညီတူညီမျှ ခွဲဝေနိုင်သည့် ပူးတွဲပိုင်ဆိုင်သော အဖိုးတန်ပိုင်ဆိုင်မှုများ မဟုတ်ပေ။ ထိုအရာများသည် ဘုရားသခင်နှင့် သက်ဆိုင်ပြီး ဘုရားသခင်သည် ထိုအရာများကို သူပေးသနားမည်ဟု ကတိပြုထားသော သူတို့အပေါ် ပေးအပ်သည်။ အကယ်၍ ဘုရားသခင်က ထိုအရာများကိုသင့်အား ပေးသနားမည်ဟု ကတိမပြုပါက သင်သည် သူ့ကို ကျိုးနွံနာခံသင့်နေဆဲ ဖြစ်သည်။ အကယ်၍ သင်သည် ဤအကြောင်းရင်းကြောင့် ဘုရားသခင်ကို ယုံကြည်ခြင်း ရပ်တန့်လိုက်ပါက ယင်းသည် အဘယ်ပြဿနာများကို ဖြေရှင်းပေးလိမ့်မည်နည်း။ သင်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်ခြင်းမှ ရပ်တန့်သွားလိမ့်မည်လော။ ဘုရားသခင်၏ အချုပ်အခြာအာဏာကို သင် လွတ်မြောက်နိုင်သလော။ ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာကို ကိုင်စွဲထားဆဲဖြစ်ပြီး ဤသည်မှာ မပြောင်းလဲနိုင်သော အချက်တစ်ခု ဖြစ်သည်။ ဘုရားသခင်၏ ပင်ကိုလက္ခဏာ၊ အဆင့်အတန်းနှင့် အနှစ်သာရသည် လူ၏ ပင်ကိုလက္ခဏာ၊ အဆင့်အတန်းနှင့် အနှစ်သာရတို့နှင့် မည်သည့်အခါမျှ တန်းတူညီမျှ မဖြစ်နိုင်သကဲ့သို့ ဤအရာများသည် မည်သည့်ပြောင်းလဲမှုကိုမျှ ကြုံတွေ့ရလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည် ထာဝစဉ် ဘုရားသခင်ဖြစ်လိမ့်မည်ဖြစ်ပြီး လူသည် ထာဝစဉ် လူဖြစ်လိမ့်မည်။ အကယ်၍ လူတစ်ဦးသည် ဤအရာကို နားလည်နိုင်ပါက ၎င်းတို့ အဘယ်အရာ လုပ်ဆောင်သင့်သနည်း။ ၎င်းတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံသင့်သည်၊ ဤသည်မှာ အမှုအရာများနှင့်ပတ်သက်၍ လုပ်ဆောင်ရန် အဆင်ခြင်တုံတရားအရှိဆုံးသော နည်းလမ်းဖြစ်ပြီး ဤအရာမှလွဲ၍ ရွေးချယ်နိုင်သော အခြားလမ်းကြောင်း မရှိပေ။ အကယ်၍ သင်သည် ကျိုးနွံနာခံခြင်းမရှိပါက ပုန်ကန်သူဖြစ်ပြီး သင်သည် အာခံကာ ငြင်းခုံပါက မတန်တဆ ပုန်ကန်နေခြင်းဖြစ်ကာ ဖျက်ဆီးခြင်းကို ခံရသင့်ပေသည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံနိုင်ခြင်းက သင့်အနေဖြင့် ဆင်ခြင်တုံတရားရှိကြောင်းကို ပြသသည်။ ဤသည်မှာ လူတို့ ရှိရမည့် သဘောထားဖြစ်ပြီး ဤအရာသည်သာ ဖန်ဆင်းခံများ ရှိသင့်သော သဘောထား ဖြစ်သည်။ ဥပမာအားဖြင့် သင်၌ ကြောင်ကလေးတစ်ကောင် သို့မဟုတ် ခွေးကလေးတစ်ကောင် ရှိသည် ဆိုပါစို့။ ထိုကြောင် သို့မဟုတ် ထိုခွေးသည် သင့်အား အရသာရှိသော အစားအစာအမျိုးမျိုး သို့မဟုတ် ပျော်စရာအရုပ်အမျိုးမျိုးကို ဝယ်ပေးရန် တောင်းဆိုဖို့အတွက် အရည်အချင်းပြည့်မီသလော။ မိမိတို့၏ သခင်များထံ တောင်းဆိုချက်များ ပြုလုပ်ရန် ထိုမျှ ဆင်ခြင်တုံတရားမဲ့သော ကြောင်များ သို့မဟုတ် ခွေးများ တစ်ကောင်တလေရှိသလော။ (မရှိပါ။) ပြီးလျှင် အခြားတစ်စုံတစ်ဦး၏ အိမ်တွင်ရှိသည့် ခွေးတစ်ကောင်သည် မိမိထက် ပိုမိုကောင်းမွန်သော ဘဝရှိသည်ကို တွေ့မြင်ပြီးနောက် မိမိ၏ သခင်နှင့်အတူ မနေရန် ရွေးချယ်မည့် ခွေတစ်ကောင်တလေ ရှိသလော။ (မရှိပါ။) ၎င်းတို့၏ ပင်ကိုဗီဇမှာ၊ “ငါ့သခင်က ငါ့ကို အစားအစာနှင့် နေစရာနေရာ ပေးသည်။ ထို့ကြောင့် ငါ့သခင်အတွက် ငါအိမ်စောင့်ပေးရမည်။ ငါ့သခင်က ငါ့ကို အစားအစာ မပေးလျှင်ပင် သို့မဟုတ် သိပ်မကောင်းသည့် အစားအစာကို ပေးလျှင်ပင် ငါ သူတို့အိမ်ကို စောင့်ပေးရဦးမည်ဖြစ်သည်”ဟု တွေးရန်ဖြစ်သည်။ ထိုခွေး၌ မိမိ၏ အနေအထားကို ကျော်လွန်သွားရန် အခြား မလျော်ကန်သော အတွေးများ မရှိပေ။ ၎င်း၏ သခင်က ၎င်းအပေါ် ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ၎င်း၏ သခင် အိမ်ပြန်ရောက်လာသည့်အခါတိုင်း ထိုခွေးက အလွန် ပျော်ရွှင်သည်၊ ၎င်း၏ အမြီးသည် အဆက်မပြတ် လှုပ်ယမ်းနေပြီး တတ်နိုင်သမျှ ပျော်ရွှင်နေသည်။ ၎င်း၏ သခင်က ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ၊ ၎င်း၏ သခင်က ၎င်းအား အရသာရှိသော အရာများကို ဝယ်ကျွေးသည်ဖြစ်စေ မကျွေးသည်ဖြစ်စေ ၎င်းက မိမိ၏ သခင်အပေါ် အမြဲ မပြောင်းမလဲ ပြုမူပြီး ၎င်းတို့၏ အိမ်ကို စောင့်ကြည့်ပေးနေဆဲ ဖြစ်သည်။ ဤအရာကို အခြေခံ၍ အကဲဖြတ်ရလျှင် လူတို့သည် ခွေးများထက် ပိုဆိုးသည် မဟုတ်လော။ (ပိုဆိုးသည်။) လူတို့သည် ဘုရားသခင်ထံ အမြဲ တောင်းဆိုချက်များ ပြုလုပ်နေကြပြီး သူ့ကိုအမြဲ ပုန်ကန်နေကြသည်။ ဤပြဿနာ၏ အရင်းအမြစ်မှာ အဘယ်နည်း။ လူတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြသည်၊ ၎င်းတို့သည် ဖန်ဆင်းခံများ၏ နေရာ၌ မနေနိုင်ကြပေ။ သို့ဖြစ်၍ ၎င်းတို့သည် မိမိတို့၏ ပင်ကိုအသိစိတ်များ ဆုံးရှုံးပြီး စာတန်များ ဖြစ်လာကြသည်။ ၎င်းတို့၏ ပင်ကိုအသိစိတ်များသည် ဘုရားသခင်ကို ဆန့်ကျင်ရန်၊ သမ္မာတရားကို ငြင်းပယ်ရန်၊ မကောင်းမှုကို ပြုလုပ်ရန်နှင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းမရှိရန် စာတန်ဆန်သော ပင်ကိုအသိစိတ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်းတို့၏ လူ့ပင်ကိုအသိစိတ်များကို မည်သို့ ပြန်လည်ရရှိနိုင်မည်နည်း။ ၎င်းတို့ကို သိစိတ်နှင့် ဆင်ခြင်တုံတရား ရှိစေရမည်။ လူတစ်ဦး ပြုလုပ်သင့်သော အရာများကို ပြုလုပ်စေရမည်၊ ၎င်းတို့ ထမ်းဆောင်သင့်သော တာဝန်ကို ထမ်းဆောင်စေရမည်။ ယင်းမှာ ခွေးတစ်ကောင်က အိမ်ကို စောင့်ကြပ်ခြင်းနှင့် ကြောင်တစ်ကောင်က ကြွက်များကို ဖမ်းခြင်းကဲ့သို့ ဖြစ်သည်။ ၎င်းတို့၏ သခင်က ၎င်းတို့ကို မည်သို့ပင် ဆက်ဆံသည်ဖြစ်စေ ၎င်းတို့သည် ဤအရာများကို ပြုလုပ်ရန် မိမိတို့၌ ရှိသမျှ အစွမ်းခွန်အားကို အသုံးပြုကြသည်။ ၎င်းတို့သည် ဤတာဝန်များကို ခေါင်းမဖော်တမ်းလုပ်ဆောင်ကြပြီး မိမိတို့၏ နေရာ၌ နေကာ မိမိတို့၏ ပင်ကိုအသိစိတ်များကို အပြည့်အဝ အသုံးပြုကြသည်။ သို့ဖြစ်၍ ၎င်းတို့၏ သခင်က ၎င်းတို့ကို နှစ်သက်လေသည်။ အကယ်၍ လူတို့သည် ဤသို့ ပြုလုပ်ရန် စီမံနိုင်ခဲ့ပါက ဘုရားသခင်သည် ဤနှုတ်ကပတ်တော်အားလုံးကို ပြောဆိုရန် သို့မဟုတ် ဤသမ္မာတရားအားလုံးကို မြွက်ဆိုရန် လိုအပ်မည် မဟုတ်ပေ။ လူသားများသည် အလွန် နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးကြသည်၊ ၎င်းတို့သည် ဆင်ခြင်တုံတရားနှင့် သိစိတ်ကင်းမဲ့ကြပြီး ကိုယ်ကျင့်တရား ပျက်ပြားကြသည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် အမြဲ ဒုက္ခပြဿနာဖြစ်စေသည်။ ၎င်းတို့၌ ပေါ်လွင်လျက်ရှိသည်။ ၎င်းတို့၏ ရွေးချယ်မှုများနှင့် တွေးခေါ်ပုံကို လွှမ်းမိုးပြီး ၎င်းတို့အား ဘုရားသခင်ကို ပုန်ကန်စေကာ သူ့ကို ကျိုးနွံနာခံနိုင်ခြင်းမရှိဖြစ်လျက် ၎င်းတို့၌ မိမိတို့၏ ကိုယ်ပိုင် ခံစားချက်အရဖြစ်သော ဆန္ဒများ၊ စိတ်ကူးများနှင့် နှစ်သက်မှုများ အမြဲ ရှိနေစေပြီး သမ္မာတရားသည် ၎င်းတို့အတွင်း၌ မည်သည့်အခါမျှ ထိန်းချုပ်ခြင်းမရှိနိုင်သကဲ့သို့ ၎င်းတို့၏ အသက် မဖြစ်လာနိုင်ပေ။ ဤအရာအားလုံးသည် ဘုရားသခင်က ၎င်းတို့ကို သူ၏ နှုတ်ကပတ်တော်များဖြင့် တရားစီရင်ရခြင်း၊ စမ်းသပ်ရခြင်းနှင့် စစ်ဆေးရခြင်း၏ အကြောင်းရင်း ဖြစ်သည်။ ဤသည်မှာ ၎င်းတို့အနေဖြင့် ကယ်တင်ခြင်းကို ခံရနိုင်ရန်အလို့ငှာ ဖြစ်သည်။ အခြားတစ်ဖက်တွင် အန္တိခရစ်များသည် လူများအကြား၌ အပျက်သဘောဆောင်သော အခန်းကဏ္ဍများကို အမြဲ ဆောင်ရွက်ကြသည်။ ၎င်းတို့သည် နတ်ဆိုးစစ်စစ်များနှင့် စာတန်စစ်စစ်များ ဖြစ်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို လက်မခံသည်သာမက မိမိတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည်ကိုလည်း အသိအမှတ်မပြုကြသည့်အပြင် ဘုရားသခင်ထံမှ ကောင်းချီးများ၊ သရဖူနှင့် ဆုလာဘ်များကို ရရှိလိုလျက် အတင်းအဓမ္မ လုယက်တတ်ကြလေသည်။ ၎င်းတို့သည် မိမိတို့၏ ရုန်းကန်မှု၌ မည်မျှအထိ လုပ်ဆောင်ကြသနည်း။ လုံးဝ အရှက်မရှိသကဲ့သို့ လုံးဝ ဆင်ခြင်တုံတရားမဲ့သည့် အဆင့်ထိတိုင်အောင် ဖြစ်သည်။ အကယ်၍ မကောင်းမှုမျိုးစုံကို လုပ်ဆောင်ပြီးနောက် ၎င်းတို့သည် ဖော်ထုတ်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းကို ခံရပါက မိမိတို့၏ စိတ်နှလုံးထဲ၌ မလိုမုန်းတီးခြင်းကို ထားရှိကြလိမ့်မည်ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို ကျိန်ဆဲကြလိမ့်မည်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များကို ကျိန်ဆဲကြလိမ့်မည်ဖြစ်ပြီး အသင်းတော်နှင့် စစ်မှန်သော ယုံကြည်သူအားလုံးကို မုန်းတီးကြလိမ့်မည်။ ဤသည်မှာ ဆိုးယုတ်သောလူအားလုံးနှင့် အန္တိခရစ်များ၏ ရုပ်ဆိုးသော သဘောသဘာဝကို အပြည့်အဝ ဖော်ထုတ်လိုက်ခြင်း ဖြစ်သည်။
အန္တိခရစ်များ၏ အမျိုးမျိုးသော သရုပ်သကန်များနှင့်ဆိုင်သည့် ဒွါဒသမအချက်မှာ ၎င်းတို့၌ အဆင့်အတန်းမရှိသည့်အခါ သို့မဟုတ် ကောင်းချီးများရရှိရန် မျှော်လင့်ချက်မရှိသည့်အခါ နုတ်ထွက်လိုခြင်း ဖြစ်သည်။ နုတ်ထွက်ခြင်းက မည်သည့်အရာကို ဆိုလိုသည်နှင့်ပတ်သက်၍ ရိုးရှင်းသော ဝေါဟာရများဖြင့် ငါတို့ ပြောဆိုကြမည်။ နုတ်ထွက်ခြင်း၏ တိုက်ရိုက်အဓိပ္ပာယ်မှာ တစ်နေရာမှ အခြားတစ်နေရာသို့ ဆုတ်ခွာခြင်း ဖြစ်သည်၊ ဤသည်ကို “နုတ်ထွက်ခြင်း”ဟု သိရသည်။ စုဝေးပွဲများတက်ရောက်ခြင်းနှင့် တရားဒေသနာများ နားထောင်ခြင်းကို အလွန်အမင်း မနှစ်မြို့သောကြောင့်လည်းကောင်း၊ မိမိတို့၏တာဝန်ကို ထမ်းဆောင်လိုစိတ်မရှိသောကြောင့်လည်းကောင်း အသင်းတော်နှင့် ညီအစ်ကိုမောင်နှမများကို မိမိတို့ဆန္ဒအလျောက် စွန့်ခွာသော သမ္မာတရားကို မချစ်မြတ်နိုးသည့် လူအချို့ ဘုရားအိမ်တော်တွင် အမြဲ ရှိလေသည်။ဤသည်ကို နုတ်ထွက်ခြင်းဟု ခေါ်သည်။ ဤသည်မှာ စကားလုံး၏ တိုက်ရိုက်အဓိပ္ပာယ်အရ နုတ်ထွက်ခြင်း ဖြစ်သည်။ သို့ရာတွင် တစ်စုံတစ်ဦးသည် ဘုရားသခင်၏ အမြင်တွင် နုတ်ထွက်သွားသည်ဟု အမှန်တကယ် သတ်မှတ်ခြင်း ခံရသည့်အခါတွင် ယင်းမှာ သူ၏အိမ်တော်မှ ထွက်သွားပြီးခြင်း၊ ၎င်းကို နောက်ထပ် မမြင်ရတော့ခြင်း သို့မဟုတ် ၎င်းကို အသင်းတော်၏ အမည်စာရင်းမှ ပယ်ဖျက်ပြီးခြင်း ကိစ္စမျှသာ မဟုတ်ချေ။ အမှန်မှာမူ လူတစ်ဦးသည် ၎င်း၏ ယုံကြည်မှု ပမာဏ မည်မျှရှိသည်ဖြစ်စေ၊ ၎င်းက မိမိကိုယ်ကို ဘုရားသခင်ကို ယုံကြည်သူတစ်ဦးအဖြစ် အသိအမှတ်ပြုသည်ဖြစ်စေ ၎င်းသည် ဘုရားနှုတ်ကပတ်တော်များကို မည်သည့်အခါမျှ မဖတ်ရှုလျှင် ၎င်း၏ စိတ်နှလုံးတွင် ဘုရားသခင် တည်ရှိကြောင်းကို အသိအမှတ်မပြုသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ကြောင်းကိုလည်း အသိအမှတ်မပြုကြောင်း သက်သေပြလေသည်။ ဘုရားသခင်အတွက် ထိုသူသည် နုတ်ထွက်နှင့်ပြီးဖြစ်ကာ ကိုယ်တော်၏ အိမ်တော်သားတစ်ဦးအဖြစ် ထည့်သွင်းစဉ်းစားခြင်းမရှိတော့ပေ။ ဘုရားနှုတ်ကပတ်တော်ကို မဖတ်သူများသည် နုတ်ထွက်ပြီးဖြစ်သော လူစားမျိုးဖြစ်သည်။ အခြားအမျိုးအစားမှာ ညီအစ်ကိုမောင်နှမများက ဓမ္မသီချင်းများ သီဆိုခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆုတောင်းရင်းဖတ်ရှုခြင်းနှင့် မိမိတို့၏ ကိုယ်ပိုင်အတွေ့အကြုံဆိုင်ရာ နားလည်သဘောပေါက်မှုကို အတူတကွ မိတ်သဟာယဖွဲ့ခြင်းတို့ကဲ့သို့သော အသင်းတော်အသက်တာနှင့် လှုပ်ရှားမှုများ၌ မည်သည့်အခါမျှ မပါဝင်သောသူများ ဖြစ်သည်။ ဘုရားသခင်သည် ဤလူတို့ကို နုတ်ထွက်ပြီးဖြစ်သည်ဟု ရှုမြင်သည်။ အခြား တစ်မျိုးရှိသေးသည်။ တာဝန်များကို ထမ်းဆောင်ရန် ငြင်းဆန်သောသူများဖြစ်သည်။ ဘုရားအိမ်တော်က ၎င်းတို့ကို မည်သည့်တောင်းဆိုမှုကို ပြုလုပ်သည်ဖြစ်စေ၊ မည်သည့် အလုပ်မျိုး လုပ်ခိုင်းသည်ဖြစ်စေ၊ ၎င်းတို့ကို မည်သည့်တာဝန်ကို ထမ်းဆောင်စေသည်ဖြစ်စေ၊ ကြီးမားသော၊ သေးငယ်သောကိစ္စများဖြစ်စေ၊ ၎င်းတို့ကို ရံဖန်ရံခါတွင် သတင်းစကားပါးခိုင်းခြင်းကဲ့သို့သော အလွန်ရိုးရှင်းသောအရာတစ်ခုတွင်ပင် ၎င်းတို့က မလုပ်ဆောင်လိုကြပေ။ ဘုရားသခင်ကို ယုံကြည်သူများအဖြစ် မိမိဘာသာ ကြေညာထားကြသော ၎င်းတို့သည် ဘာသာတရားမရှိသူတစ်ဦးက ကူညီရန် ကြိုးစားနိုင်သည့် တာဝန်များကိုပင် မလုပ်ဆောင်နိုင်ကြချေ။ ဤသည်မှာ သမ္မာတရားကို လက်ခံရန် ငြင်းဆန်ခြင်းနှင့် တာဝန်တစ်ခုကို ထမ်းဆောင်ရန် ငြင်းဆန်ခြင်းတို့ဖြစ်သည်။ ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို မည်မျှတိုက်တွန်းအားပေးသည်ဖြစ်စေ ၎င်းတို့က ယင်းကို ငြင်းဆန်ပြီး လက်မခံကြပေ။ အသင်းတော်က ၎င်းတို့ ထမ်းဆောင်ရန် တာဝန်အချို့ကို စီစဉ်ပေးသောအခါတွင် ၎င်းတို့က လျစ်လျူရှုပြီး ယင်းကို ငြင်းဆိုရန် ဆင်ခြင်အမြောက်အမြားကို ပေးကြသည်။ ဤသည်တို့မှာ တာဝန်များကို ထမ်းဆောင်ရန် ငြင်းဆန်သော လူများဖြစ်၏။ ဘုရားသခင်အတွက် ဤသို့သောသူတို့သည် နုတ်ထွက်နှင့်ပြီးဖြစ်သည်။ ၎င်းတို့ နုတ်ထွက်ခြင်းမှာ ဘုရားအိမ်တော်က ၎င်းတို့ကို ရှင်းလင်းပစ်ခြင်း၊ သို့မဟုတ် ၎င်းတို့ကို အသင်းသားစာရင်းထဲမှ ပယ်ဖျက်ခြင်းနှင့် မသက်ဆိုင်ပေ။ ထိုထက် ၎င်းတို့ကိုယ်တိုင်က စစ်မှန်သော ယုံကြည်ခြင်း မရှိ၍ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်အား ယုံကြည်သူများအဖြစ် မိမိတို့ကိုယ်ကို အသိအမှတ်မပြုပေ။ ဤအမျိုးအစားသုံးမျိုးထဲမှ တစ်မျိုးနှင့် ကိုက်ညီသောသူ မည်သူမဆိုသည် နုတ်ထွက်ပြီးဖြစ်သောသူတစ်ဦး ဖြစ်သည်။ ဤသည်မှာ တိကျသော အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခု ဟုတ်သလော။ (ဟုတ်ပါသည်။) အကယ်၍ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မဖတ်ရှုပါက ဘုရားသခင်ကို ယုံကြည်သူတစ်ဦးအဖြစ် ထည့်သွင်းရေတွက်၍ရနိုင်သလော။ အကယ်၍ သင်သည် အသင်းတော်အသက်တာကို မရှင်သန်ပါက၊ သင်၏ ညီအစ်ကိုမောင်နှမများနှင့် အပြန်အလှန်ဆက်ဆံခြင်း သို့မဟုတ် ရောနှောခြင်း မရှိပါက ယုံကြည်သူတစ်ဦးအဖြစ် ထည့်သွင်းရေတွက်၍ရနိုင်သလော။ သာ၍ပင် ထည့်သွင်းရေတွက်၍မရနိုင်ပေ။ ထို့အပြင် အကယ်၍ သင်သည် သင်၏တာဝန်ကို ထမ်းဆောင်ရန် ငြင်းပယ်ပြီး ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်၏ တာဝန်ဝတ္တရားများကိုပင် မဖြည့်ဆည်းပါက ယင်းမှာ သာ၍ပင် ဆိုးရွားသည်။ ဤလူအမျိုးအစားသုံးမျိုးသည် ဘုရားသခင်က နုတ်ထွက်ပြီးဖြစ်သည်ဟု ရှုမြင်သောသူများ ဖြစ်ကြသည်။ ၎င်းတို့အနေဖြင့် ဘုရားအိမ်တော်မှ နှင်ထုတ်ခံရပြီးဖြစ်သည် မဟုတ်၊ သို့မဟုတ် ဖယ်ရှားရှင်းလင်းခြင်း ခံရပြီးဖြစ်သည်မဟုတ်ဘဲ ယင်းအစား ၎င်းတို့သည် မိမိတို့ဆန္ဒအလျောက် နုတ်ထွက်ပြီးဖြစ်ကာ ဆန္ဒအလျောက် လက်လျှော့ကြပြီးဖြစ်ပေသည်။ ၎င်းတို့၏ အပြုအမူက ၎င်းတို့အနေဖြင့် သမ္မာတရားကို ချစ်မြတ်နိုးခြင်း သို့မဟုတ် လက်ခံခြင်း မရှိကြောင်းနှင့် မုန့်ကို အဝစားရန်သာ ကြည့်ပြီး ကောင်းချီးများကို မျှော်လင့်နေသောသူများ၏ စံပြနမူနာများဖြစ်ကြောင်းကို လုံးလုံးလျားလျား ထုတ်ဖော်ပြပေသည်။
၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်