လက်တွေ့ကျမှုအပေါ် သာ၍အာရုံစိုက်လော့
လူတိုင်းတွင် ဘုရားသခင်၏ စုံလင်အောင် ပြုခြင်းခံရရန် ဖြစ်နိုင်ချေရှိသည်။ သို့ဖြစ်၍ ဘုရားသခင်အပေါ် မည်သည့်အစေခံခြင်းအမျိုးအစားက ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အကောင်းဆုံး ကိုက်ညီသည်ကို လူတိုင်း နားလည်သင့်သည်။ လူအများစုသည် ဘုရားသခင်ကို ယုံကြည်ခြင်းဟူသည်မှာ အဘယ်အရာကိုဆိုလိုသည်ကို မသိကြသည့်အပြင် ဘုရားသခင်ကို အဘယ်ကြောင့် ယုံကြည်သင့်သည်ကိုလည်း နားမလည်ကြပေ။ ဆိုလိုသည်မှာ လူအများစုသည် ဘုရားသခင်၏ အလုပ် သို့မဟုတ် သူ၏ စီမံခန့်ခွဲမှုအစီအစဉ်၏ ရည်ရွယ်ချက်ကို သဘောပေါက်နားလည်ခြင်း မရှိကြပေ။ ယနေ့တိုင်အောင် လူအများစုက ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းကင်ဘုံသို့ သွားရန်နှင့် ၎င်းတို့၏ ဝိညာဉ် ကယ်တင်ခြင်းခံရရန်ဖြစ်သည်ဟု ထင်နေကြဆဲဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း၏ တိကျသော အရေးပါမှုကို နားမလည်ကြပေ။ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ထဲမှ အရေးကြီးဆုံးသော အလုပ်နှင့်ပတ်သက်၍ နားလည်မှု တစ်ခုတလေ ရှိရန်ဆိုသည်မှာ သာ၍ပင် ဝေးသေးသည်။ ၎င်းတို့၏ ကိုယ်ပိုင် အကြောင်းပြချက် အမျိုးမျိုးကြောင့် လူတို့သည် ဘုရားသခင်၏ အလုပ်ကို လုံးဝ စိတ်မဝင်စားကြသည့်အပြင် သူ၏ ရည်ရွယ်ချက်များ သို့မဟုတ် သူ၏ စီမံခန့်ခွဲမှုအစီအစဉ်ကိုလည်း လုံးဝ တွေးမကြည့်ကြပေ။ ဤရေစီးကြောင်းထဲရှိ လူတစ်ဦးအနေဖြင့် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် တစ်ခုလုံး၏ ရည်ရွယ်ချက်မှာ အဘယ်အရာဖြစ်သည်၊ သူအောင်မြင်ပြီးစီးခဲ့သည်မှာ ကြာပြီဖြစ်သော အမှန်တရားများ၊ ဤလူစုကို သူအဘယ်ကြောင့် ရွေးချယ်ခဲ့သည်၊ ၎င်းတို့ကို သူရွေးချယ်ခြင်း၏ ရည်ရွယ်ချက်နှင့် အဓိပ္ပာယ်မှာ အဘယ်အရာဖြစ်သည်၊ ပြီးလျှင် ဤလူစု၌ အဘယ်အရာကို သူရရှိလိုသည်ဟူသည်တို့ကို လူတိုင်း သိသင့်သည်။ အဆင်းနီသော နဂါးကြီး၏ နိုင်ငံတွင် ဤမျှ ထူးခြားမှုမရှိသော လူတစ်စုကို ဘုရားသခင်က ပေါ်ထွန်းစေနိုင်ခဲ့ပြီး ယခုအချိန်အထိ ဆက်လက် အလုပ်လုပ်ကာ ၎င်းတို့ကို နည်းလမ်းအမျိုးမျိုးဖြင့် စစ်ကြောပြီး စုံလင်အောင် ပြုလုပ်ပေးခြင်း၊ မရေမတွက်နိုင်သော နှုတ်ကပတ်တော်များကို ပြောဆိုခြင်း၊ အလုပ်များစွာကို လုပ်ဆောင်ပြီး ဝန်ဆောင်မှုပေးသည့်အရာ များစွာကို စေလွှတ်ခြင်း၊ ဤမျှ ကြီးမားသော အလုပ်ကို ဘုရားသခင် အောင်မြင်ပြီးစီးခဲ့ခြင်းတို့က သူ၏ အလုပ်သည် မည်မျှ အရေးပါကြောင်းကို ပြသနေသည်။ လတ်တလောတွင် သင်တို့သည် ဤအရာကို အပြည့်အဝ နားလည်သဘောပေါက်နိုင်စွမ်း မရှိကြပေ။ သို့ဖြစ်၍ ဘုရားသခင်က သင်တို့အပေါ် လုပ်ဆောင်ခဲ့သော အလုပ်ကို အလွန် ရိုးရှင်းသည်ဟု သင်တို့ မရှုမြင်ရပေ။ ယင်းမှာ သေးငယ်သော ကိစ္စမဟုတ်ပေ။ ယနေ့ သင်တို့အား ဘုရားသခင် ထုတ်ဖော်ပြခဲ့သည့်အရာကပင် သင်တို့ စဉ်းစားသုံးသပ်ရန်နှင့် သိရှိရန် ကြိုးစားဖို့ လုံလောက်ပေသည်။ သင်တို့သည် ယင်းကို အမှန်တကယ်နှင့် နှံ့နှံ့စပ်စပ်နားလည်မှသာ သင်တို့၏ အတွေ့အကြုံများက ပို၍ နက်ရှိုင်းသွားနိုင်ပြီး သင်တို့၏ အသက် ကြီးထွားရင့်ကျက်လာနိုင်မည်ဖြစ်သည်။ ယနေ့တွင် လူတို့သည် နားလည်မှုနှင့် လုပ်ဆောင်မှု အလွန်နည်းပါးလွန်းလှသည်။ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အပြည့်အဝ ဖြည့်ဆည်းနိုင်စွမ်း မရှိကြပေ။ ဤသည်မှာ လူတို့၏ အားနည်းချက်ဖြစ်ပြီး ၎င်းတို့၏ တာဝန်ကို ဖြည့်ဆည်းရန် ပျက်ကွက်ခြင်းဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့သည် လိုအင်ဆန္ဒရှိသော ရလဒ်ကို ရရှိနိုင်စွမ်း မရှိကြပေ။ လူများစွာတို့သည် ဘုရားသခင်၏ အလုပ်အပေါ် အလွန် ပေါ့တန်သော နားလည်မှုရှိကြပြီး ဘုရားအိမ်တော်၏ အလုပ်ကို လုပ်ဆောင်သည့်အခါ တန်ဖိုးရှိသောအရာတစ်ခုအဖြစ် သဘောထားပြုမူရန် မလိုလားကြသောကြောင့် သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့အပေါ် အလုပ်လုပ်ရန် မဖြစ်နိုင်ပေ။ ၎င်းတို့သည် လူများစုနောက်သို့ လိုက်လုပ်ခြင်း သို့မဟုတ် ဟန်ပြသက်သက် အလုပ်လုပ်ခြင်းဖြင့် အမြဲတစေ ဝတ်ကျေတမ်းကျေလုပ်ကာ ပြီးစလွယ် လုပ်ဆောင်ကြသည်။ ယနေ့ ဤရေစီးကြောင်းထဲရှိ လူတိုင်းသည် ၎င်းတို့၏ ပြုမူလုပ်ဆောင်မှုများတွင် ၎င်းတို့ တတ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ခဲ့ခြင်း ရှိမရှိနှင့် ၎င်းတို့၏ ခွန်အားစိုက်ထုတ်မှု အားလုံးကို ပေးခဲ့ခြင်း ရှိမရှိဟူသည်ကို ပြန်လည်စဉ်းစားသင့်သည်။ လူတို့သည် ၎င်းတို့၏ တာဝန်ကို ဖြည့်ဆည်းရန် လုံးဝ ပျက်ကွက်ခဲ့ကြသည်။ ယင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်က သူ၏ အလုပ်ကို မလုပ်ဆောင်သောကြောင့် မဟုတ်ဘဲ လူတို့က ၎င်းတို့၏ အလုပ်ကို မလုပ်ဆောင်သောကြောင့်ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်အတွက် သူ၏ အလုပ်ကို လုပ်ဆောင်ရန် မဖြစ်နိုင်စေခြင်း ဖြစ်သည်။ ဘုရားသခင်သည် ပြောဆိုရန် လိုအပ်သမျှကို ပြောဆိုခဲ့ပြီးဖြစ်သော်လည်း လူတို့သည် လုံးဝ အမီမလိုက်နိုင်ခဲ့ကြပေ။ ၎င်းတို့သည် အလွန် နောက်ကျကျန်ရစ်ခဲ့ကြပြီး ခြေလှမ်းတိုင်းကို အနီးကပ် မလိုက်နိုင်ကြသကဲ့သို့ သိုးသငယ်၏ ခြေလှမ်းများကို အနီးကပ် မလိုက်နိုင်ကြပေ။ ၎င်းတို့ စောင့်ထိန်းသင့်သည့်အရာကို ၎င်းတို့ မစောင့်ထိန်းခဲ့ကြပေ။ ၎င်းတို့ လက်တွေ့လုပ်ဆောင်သင့်သည့်အရာကို ၎င်းတို့ လက်တွေ့မလုပ်ဆောင်ခဲ့ကြပေ။ ၎င်းတို့ ဆုတောင်းသင့်သည့်အရာအတွက် ၎င်းတို့ ဆုမတောင်းခဲ့ကြပေ။ ၎င်းတို့ ဘေးဖယ်ထားသင့်သည့်အရာကို ၎င်းတို့ ဘေးဖယ်မထားခဲ့ကြပေ။ ၎င်းတို့သည် ဤအရာများထဲမှ တစ်ခုကိုမျှ မလုပ်ဆောင်ခဲ့ကြပေ။ သို့ဖြစ်၍ စားတော်ပွဲသို့ တက်ရောက်ခြင်းနှင့်ပတ်သက်သည့် မည်သည့် စကားမဆိုသည် အနှစ်သာရမဲ့သည်။ ယင်းမှာ မည်သည့် စစ်မှန်သော အဓိပ္ပာယ်မျှ မရှိဘဲ ၎င်းတို့၏ စိတ်ကူးထဲတွင်သာ ရှိလေသည်။ ယနေ့ရှုထောင့်မှ ကြည့်လျှင် လူတို့သည် ၎င်းတို့၏ တာဝန်ကို လုံးဝ ထမ်းဆောင်ခဲ့ကြခြင်း မရှိကြဟု အရာအားလုံးသည် ဘုရားသခင် ကိုယ်တိုင် အမှုအရာများကို လုပ်ဆောင်ခြင်းနှင့် ပြောဆိုခြင်းအပေါ်တွင်သာ မူတည်နေခဲ့သည်။ လူ၏ လုပ်ဆောင်ချက်သည် အလွန် သေးငယ်လွန်းလှသည်။ လူတို့သည် ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်နိုင်စွမ်းမရှိသော အသုံးမကျသည့် အမှိုက်များ ဖြစ်ကြသည်။ ဘုရားသခင်သည် နှုတ်ကပတ်တော် ထောင်သောင်းမက ပြောဆိုခဲ့ပြီးဖြစ်သည့်တိုင် လူတို့သည် ယင်းတို့ထဲမှ တစ်ခုကိုမျှ လက်တွေ့မလုပ်ဆောင်ခဲ့ကြပေ။ ဇာတိပကတိကို ပုန်ကန်ခြင်း၊ အယူအဆများကို စွန့်ပစ်ခြင်း၊ အရာခပ်သိမ်းတွင် ဘုရားသခင်ကို ကျိုးနွံနာခံရန် လက်တွေ့လုပ်ဆောင်ခြင်း၊ ပိုင်းခြားသိမြင်မှု ဖြစ်ပေါ်ခြင်းနှင့် ထိုးထွင်းသိမြင်မှုကို ရရှိခြင်း၊ အခြားလူတို့၏ စိတ်နှလုံးထဲတွင် ရှိနေသည့် အဆင့်အတန်းကို ဖယ်ရှားခြင်း၊ ၎င်းတို့၏ စိတ်နှလုံးထဲရှိ မြတ်နိုးလေးစားရသူများကို ဖယ်ရှားရှင်းလင်းခြင်း၊ ၎င်းတို့၏ မှားယွင်းသော ရည်ရွယ်ချက်များကို ပုန်ကန်ခြင်း၊ ၎င်းတို့၏ ခံစားချက်များအတိုင်း မပြုမူခြင်း၊ အမှုအရာများကို မျှတစွာနှင့် ဘက်လိုက်မှုမရှိဘဲ လုပ်ဆောင်ခြင်း၊ ၎င်းတို့ စကားပြောသည့်အခါ ဘုရားသခင်၏ အကျိုးစီးပွားများနှင့် အခြားသူများအပေါ် ၎င်းတို့၏ ဩဇာလွှမ်းမိုးမှုကို ပို၍ စဉ်းစားဆင်ခြင်ခြင်း၊ ဘုရားသခင်၏ အလုပ်ကို အကျိုးပြုသော အရာများကို ပို၍ လုပ်ဆောင်ခြင်း၊ ၎င်းတို့ လုပ်ဆောင်သမျှတွင် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို စောင့်ရှောက်ခြင်း၊ ၎င်းတို့၏ အပြုအမူအပေါ် ၎င်းတို့၏ ခံစားချက်များက လွှမ်းမိုးခြင်းကို ခွင့်မပြုခြင်း၊ ဇာတိပကတိ၏ သာယာမှုများကို စွန့်လွှတ်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၏ အယူအဆဟောင်းများကို ဖယ်ရှားရှင်းလင်းခြင်းတို့ကဲ့သို့သော အရာများဖြစ်သည်။ လူသားအပေါ် ဘုရားသခင် တောင်းဆိုသည့် ဤတောင်းဆိုချက်များအားလုံးထဲမှ အချို့ကို ၎င်းတို့ အမှန်တကယ် နားလည်ကြသော်လည်း ယင်းတို့ကို လက်တွေ့လုပ်ဆောင်လိုစိတ် မရှိခြင်းပင် ဖြစ်သည်။ ဘုရားသခင်သည် အခြားမည်သည့်အရာကိုများ လုပ်ဆောင်နိုင်ဦးမည်နည်း၊ ၎င်းတို့ကို အခြားမည်သို့များ တို့ထိနိုင်ဦးမည်နည်း။ ဘုရားသခင်၏ အမြင်တွင် ပုန်ကန်သောသားများဖြစ်ကြလျက်နှင့် အဘယ်သို့ သူ၏ နှုတ်ကပတ်တော်များကို ကိုင်ဆောင်ပြီး ယင်းတို့ကို သဘောကျရန် သတိ္တရှိကြသေးသနည်း။ ဘုရားသခင်၏ အစားအစာကို စားရန် ၎င်းတို့ အဘယ်သို့ သတ္တိရှိနိုင်ကြသနည်း။ လူတို့၏ အသိစိတ်သည် အဘယ်မှာနည်း။ ၎င်းတို့သည် အစွမ်းကုန် လုပ်ဆောင်ရန် မဆိုထားနှင့်၊ ၎င်းတို့ ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သည့် တာဝန်များထဲမှ အနည်းဆုံးပမာဏကိုပင် မဖြည့်ဆည်းခဲ့ကြပေ။ ၎င်းတို့သည် စိတ်ကူးယဉ်အိပ်မက်ထဲတွင် နေထိုင်နေကြသည် မဟုတ်လော။ လက်တွေ့လုပ်ဆောင်ခြင်းမရှိဘဲ လက်တွေ့ကျမှုအကြောင်း ပြောဆို၍ မရနိုင်ပေ။ ဤသည်မှာ နေ့အလင်းရောင်ကဲ့သို့ ရှင်းလင်းနေသော အမှန်တရားတစ်ခု ဖြစ်သည်။
သင်တို့သည် သာ၍ လက်တွေ့ကျသော သင်ခန်းစာများကို သင်ယူနေသင့်သည်။ လူတို့ အထင်ကြီးလေးစားသည့် ထိုဟိတ်ကြီးဟန်ကြီးဖြစ်သော၊ အနှစ်သာရမဲ့ စကားများကို မလိုအပ်ပေ။ အသိပညာအကြောင်း ပြောဆိုသည့်အခါတွင် လူတစ်ဦးစီ၏ အသိပညာသည် တစ်ဦးထက်တစ်ဦး ပို၍ပို၍ ပို၍ မြင့်မားလာကြသော်လည်း ၎င်းတို့တွင် လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်း မရှိသေးပေ။ လူမည်မျှက လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများကို နားလည်ပြီးဖြစ်သနည်း။ လူမည်မျှက အမှန်တကယ်ဖြစ်သော သင်ခန်းစာများကို သင်ယူနိုင်သနည်း။ မည်သူက လက်တွေ့ကျမှုအကြောင်း မိတ်သဟာယဖွဲ့နိုင်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သော အသိပညာအကြောင်း ပြောဆိုနိုင်ခြင်းက သင်သည် စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုကို ပိုင်ဆိုင်သည်ဟု မဆိုလိုပေ။ ယင်းက သင်သည် မွေးရာပါ ဉာဏ်ကောင်းကြောင်း၊ သင့်တွင် ဆုကျေးဇူးရှိကြောင်းကိုသာ ပြသသည်။ သင်သည် လမ်းကြောင်းကို ထောက်မပြနိုင်ပါက ရလဒ်မှာ အချည်းနှီး ဖြစ်လိမ့်မည်ဖြစ်ပြီး သင်သည် အသုံးမကျသော အမှိုက် ဖြစ်လိမ့်မည်။ လက်တွေ့လုပ်ဆောင်ရန် လက်တွေ့ကျသော လမ်းကြောင်းတစ်ခုနှင့် ပတ်သက်၍ မည်သည့်အရာကိုမျှ သင်မပြောနိုင်ပါက သင်သည် ဟန်ဆောင်နေခြင်း မဟုတ်လော။ သင်သည် သင်၏ ကိုယ်ပိုင် လက်တွေ့ကျသော အတွေ့အကြုံများကို အခြားသူများအား ပြောပြခြင်း၊ ထိုသို့ဖြင့် ၎င်းတို့ကို သင်ယူရန် သင်ခန်းစာများ သို့မဟုတ် ၎င်းတို့ လိုက်လျှောက်နိုင်သော လမ်းကြောင်းတစ်ခုပေးခြင်းတို့ကို မပြုလုပ်နိုင်ပါက သင်သည် လိမ်လည်လှည့်ဖြားနေခြင်း မဟုတ်လော။ သင်သည် အယောင်ဆောင်တစ်ဦး မဟုတ်လော။ သင့်တွင် မည်သည့် တန်ဖိုးရှိသနည်း။ ထိုသို့သော လူတစ်ဦးသည် “ဆိုရှယ်လစ်စနစ်ကို ဖြစ်ပေါ်စေရန် ပံ့ပိုးကူညီသူ” အဖြစ် မဟုတ်ဘဲ “ဆိုရှယ်လစ် သဘောတရားကို တီထွင်သူ” ၏ အခန်းကဏ္ဍတွင်သာ ပါဝင်နိုင်ပေမည်။ လက်တွေ့ကျမှု မရှိခြင်းသည် သမ္မာတရား မရှိခြင်းဖြစ်သည်။ လက်တွေ့ကျမှု မရှိခြင်းသည် အသုံးမကျသူ ဖြစ်ခြင်းဖြစ်သည်။ လက်တွေ့ကျမှု မရှိခြင်းသည် အသက်မရှိဘဲ လမ်းလျှောက်နေသော အလောင်းကောင် ဖြစ်ခြင်းဖြစ်သည်။ လက်တွေ့ကျမှု မရှိခြင်းသည် မည်သည့် ရည်ညွှန်းတန်ဖိုးမျှ မရှိသော “မာ့က်စ်-လီနင်ဝါဒီ တွေးခေါ်ပညာရှင်” တစ်ဦး ဖြစ်ခြင်းဖြစ်သည်။ သဘောတရားအကြောင်းကို ပါးစပ်ပိတ်ထားပြီး အမှန်တကယ်ဖြစ်သောအရာ၊ စစ်မှန်ပြီး ခိုင်လုံသောအရာ တစ်ခုခုအကြောင်း ပြောဆိုရန်၊ “ခေတ်သစ် အနုပညာ” အချို့ကို လေ့လာရန်၊ လက်တွေ့ကျသောအရာ တစ်ခုခုကို ပြောဆိုရန်၊ အမှန်တကယ်ဖြစ်သောအရာ တစ်ခုခုကို ပံ့ပိုးကူညီရန်နှင့် ဆက်ကပ်အပ်နှံခြင်း စိတ်ဓာတ် အချို့ရှိရန် သင်တို့တစ်ဦးစီကို ငါ တိုက်တွန်းသည်။ သင် စကားပြောသည့်အခါ လက်တွေ့အရှိတရားကို ရင်ဆိုင်လော့။ လူတို့ကို ဝမ်းမြောက်စေရန် သို့မဟုတ် သင့်ကို အာရုံစိုက်လာစေရန် လက်တွေ့မကျဘဲ ချဲ့ကားသော စကားများတွင် မွေ့လျော်ခံစားခြင်း မပြုနှင့်။ ထိုအရာတွင် တန်ဖိုးက မည်သည့်နေရာ၌ ရှိသနည်း။ သင့်ကို လူတို့ နွေးထွေးစွာ ဆက်ဆံလာစေရန် လုပ်ဆောင်ခြင်းတွင် မည်သည့် အဓိပ္ပာယ်ရှိသနည်း။ သင်၏ စကားပြောဆိုမှုတွင် အနည်းငယ် “အနုပညာဆန်” လော့၊ သင်၏ ကျင့်ကြံပြုမူခြင်းတွင် အနည်းငယ် တရားမျှတလော့၊ အမှုအရာများကို သင် ကိုင်တွယ်ပုံတွင် အနည်းငယ် ဆင်ခြင်တုံတရားရှိလော့၊ သင်ပြောသည့်အရာတွင် အနည်းငယ် လက်တွေ့ကျလော့၊ သင်၏ လုပ်ရပ်တိုင်းဖြင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို စဉ်းစားဆင်ခြင်လော့၊ သင်၏ ခံစားချက်များ ထွက်ပေါ်လာသည့်အခါ သင်၏ အသိစိတ်ကို နားထောင်လော့၊ ကျေးဇူးကို အမုန်းဖြင့် မတုံ့ပြန်နှင့် သို့မဟုတ် ကျေးဇူးကန်းခြင်း မရှိစေနှင့်၊ ပြီးလျှင် ကြောင်သူတော်တစ်ဦး မဖြစ်စေနှင့်။ ဤအရာများကို လုပ်ဆောင်ခြင်းက သင့်ကို ဆိုးရွားသော သက်ရောက်မှုတစ်ခု ဖြစ်စေသောကြောင့် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်သည့်အခါ ယင်းတို့ကို လက်တွေ့ကျမှုနှင့် ပို၍ ချိတ်ဆက်လော့၊ ပြီးလျှင် သင် မိတ်သဟာယဖွဲ့သည့်အခါ လက်တွေ့ကျသောအရာများအကြောင်း ပို၍ ပြောဆိုလော့။ အထက်စီးဆန်ခြင်း မရှိနှင့်၊ ဤသည်က ဘုရားသခင်ကို စိတ်ကျေနပ်စေမည် မဟုတ်ပေ။ အခြားသူများနှင့် သင်၏ ဆက်ဆံရေးများတွင် အနည်းငယ် ပို၍ သည်းခံလော့၊ အနည်းငယ် ပို၍ အလျှော့ပေးလော့၊ အနည်းငယ် ပို၍ သဘောထားကြီးလော့၊ ပြီးလျှင် “ဝန်ကြီးချုပ်၏ စိတ်ဓာတ်”[က] ထံမှ သင်ယူလော့။ သင့်တွင် ဆိုးရွားသော အတွေးများ ရှိသည့်အခါ ဇာတိပကတိကို ပုန်ကန်ရန် ပို၍ လက်တွေ့လုပ်ဆောင်လော့။ သင် အလုပ်လုပ်နေသည့်အခါ လက်တွေ့ကျသော လမ်းကြောင်းများအကြောင်း ပို၍ ပြောဆိုလော့၊ ပြီးလျှင် အလွန်အမင်း အဆင့်မြင့်မနေစေနှင့်၊ သို့မဟုတ်ပါက သင်ပြောသည့်အရာသည် လူတို့အတွက် လိုက်မမီနိုင်သောအရာ ဖြစ်လိမ့်မည်။ သာယာမှု နည်းပါးစေပြီး ပံ့ပိုးကူညီမှု ပိုများစေလော့၊ သင်၏ ကိုယ်ကျိုးစွန့်သော ဆက်ကပ်အပ်နှံခြင်း စိတ်ဓာတ်ကို ပြသလော့။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ပို၍ အလေးထားလော့၊ ပြီးလျှင် သင်၏ အသိစိတ်ကို ပို၍ နားထောင်လော့။ ဘုရားသခင်သည် နေ့စဉ်နေ့တိုင်း သင်တို့အား စိတ်ရှည်စွာနှင့် လေးနက်စွာ စကားပြောဆိုသည်၊ ဤအရာကို ပို၍ မကြာခဏ စဉ်းစားဆင်ခြင်လော့၊ ပြီးလျှင် ယင်းကို မမေ့နှင့်။ “ပြက္ခဒိန်ဟောင်း” ကို ပို၍ မကြာခဏ ဖတ်ရှုလော့။ ပို၍ ဆုတောင်းပြီး ပို၍ မကြာခဏ မိတ်သဟာယဖွဲ့လော့။ အလွန်အမင်း နားဝေတိမ်တောင်ဖြစ်နေခြင်းကို ရပ်တန့်လော့။ ဆင်ခြင်တုံတရား အချို့ကို ပြသပြီး ထိုးထွင်းသိမြင်မှု အချို့ကို ရယူလော့။ သင်၏ အပြစ်ရှိသော လက်ကို ဆန့်ထုတ်သည့်အခါ ပြန်ရုပ်သိမ်းလော့။ အလွန်အမင်း ဝေးလံစွာ ဆန့်ထုတ်ခွင့် မပြုနှင့်။ မည်သည့် အကျိုးမျှ မရှိသည့်အပြင် ဘုရားသခင်ထံမှ သင်ရရှိမည့်အရာမှာ ကျိန်ဆဲခြင်းများမှလွဲ၍ အခြားမရှိသောကြောင့် သတိထားလော့။ သင်၏ စိတ်နှလုံးကို အခြားသူများအပေါ် သနားကြင်နာခွင့် ပြုလော့၊ ပြီးလျှင် လက်ထဲတွင် လက်နက်များ ကိုင်ဆောင်လျက် အမြဲတစေ တိုက်ခိုက်ခြင်း မပြုနှင့်။ သမ္မာတရားနှင့်ဆိုင်သော အသိအကြောင်း ပို၍ မိတ်သဟာယဖွဲ့ပြီး အသက်အကြောင်း ပို၍ ပြောဆိုလော့၊ အခြားသူများကို ကူညီခြင်း စိတ်ဓာတ်ကို ထိန်းသိမ်းလော့။ ပို၍ လုပ်ဆောင်ပြီး စကားကို လျှော့ပြောလော့။ ပို၍ လက်တွေ့လုပ်ဆောင်ပြီး သုတေသနပြုခြင်းနှင့် ဆန်းစစ်ခြင်းကို လျှော့ချလော့။ သင်တို့ကိုယ်သင်တို့ သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကို သာ၍ ခံယူခွင့်ပြုလော့၊ ပြီးလျှင် သင်တို့ကို စုံလင်အောင် ပြုလုပ်ပေးရန် ဘုရားသခင်ကို အခွင့်အရေးများ သာ၍ ပေးလော့။ လူ့သဘာဝနှင့်ဆိုင်သော လက္ခဏာများကို ပို၍ ဖယ်ရှားရှင်းလင်းလော့။ သင့်တွင် အမှုအရာများကို လုပ်ဆောင်ရာ၌ လူ၏ နည်းလမ်းများ အလွန်အမင်း များပြားစွာ ရှိနေသေးပြီး အမှုအရာများကို လုပ်ဆောင်သည့် သင်၏ အပေါ်ယံ ပုံစံနှင့် အပြုအမူသည် အခြားသူများအတွက် မနှစ်မြို့ဖွယ် ဖြစ်နေဆဲဖြစ်သည်။ ဤအရာများကို သာ၍ ဖယ်ရှားရှင်းလင်းလော့။ သင်၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေသည် အလွန်အမင်း မုန်းတီးဖွယ်ကောင်းနေဆဲဖြစ်သည်။ ယင်းကို ပြင်ဆင်ရန် အချိန်ာပို၍ ယူလော့။ သင်၏ စိတ်နှလုံးထဲတွင် လူတို့သည် အဆင့်အတန်း အလွန်အမင်း များပြားစွာ ရှိနေဆဲဖြစ်သည်။ ဘုရားသခင်ကို အဆင့်အတန်း ပို၍ ပေးလော့၊ ပြီးလျှင် အလွန်အမင်း ဆင်ခြင်တုံတရားမဲ့ခြင်း မရှိနှင့်။ “ဗိမာန်တော်” သည် အစဉ်အမြဲ ဘုရားသခင်နှင့် သက်ဆိုင်ပြီး လူတို့၏ သိမ်းပိုက်ခြင်းကို မခံရသင့်ပေ။ အချုပ်အားဖြင့် ဖြောင့်မတ်ခြင်းအပေါ် သာ၍ အာရုံစိုက်ပြီး ခံစားချက်များအပေါ် အာရုံစိုက်မှု လျှော့ချလော့။ ဇာတိပကတိကို ဖယ်ရှားရှင်းလင်းခြင်းသည် အကောင်းဆုံးဖြစ်သည်။ လက်တွေ့ကျမှုအကြောင်း သာ၍ ပြောဆိုပြီး အသိပညာအကြောင်း ပြောဆိုမှု လျှော့ချလော့။ အကောင်းဆုံးမှာ ပါးစပ်ပိတ်ထားပြီး မည်သည့်အရာကိုမျှ မပြောခြင်းဖြစ်သည်။ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းအကြောင်း ပို၍ ပြောဆိုပြီး တန်ဖိုးမဲ့သော ကြွားလုံးထုတ်မှုများကို လျှော့ချလော့။ ယခုချက်ချင်း လက်တွေ့လုပ်ဆောင်ရန် စတင်ခြင်းသည် အကောင်းဆုံးဖြစ်သည်။
ဘုရားသခင်က လူတို့အပေါ် တောင်းဆိုသည့် တောင်းဆိုချက်များသည် ထိုမျှလောက် မမြင့်မားပေ။ လူတို့သည် လုံ့လဝီရိယရှိစွာနှင့် လေးလေးနက်နက် လက်တွေ့လုပ်ဆောင်သရွေ့ ၎င်းတို့သည် “အောင်မှတ်” ရရှိလိမ့်မည်ဖြစ်သည်။ အမှန်အတိုင်း ပြောရလျှင် သမ္မာတရားနှင့်ဆိုင်သော နားလည်မှု၊ အသိပညာနှင့် သဘောပေါက်နားလည်မှုတို့ကို ရရှိခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းထက် ပို၍ ရှုပ်ထွေးသည်။ ပထမဦးစွာ သင် နားလည်သလောက် လက်တွေ့လုပ်ဆောင်ပြီး သင် သဘောပေါက်နားလည်ထားသည့်အရာကို လက်တွေ့လုပ်ဆောင်လော့။ ဤနည်းအားဖြင့် သင်သည် သမ္မာတရားအပေါ် စစ်မှန်သည့် အသိပညာနှင့် သဘောပေါက်နားလည်မှုကို တဖြည်းဖြည်း စွမ်းဆောင်ရရှိနိုင်လိမ့်မည်ဖြစ်သည်။ ဤသည်တို့မှာ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သည့် အဆင့်များနှင့် နည်းလမ်းများ ဖြစ်သည်။ သင်သည် ဤနည်းလမ်းအတိုင်း ကျိုးနွံနာခံခြင်းကို လက်တွေ့မလုပ်ဆောင်ပါက မည်သည့်အရာကိုမျှ ရရှိလိမ့်မည်မဟုတ်ပေ။ သင်သည် မိမိ၏ ကိုယ်ပိုင်ဆန္ဒအတိုင်း အမြဲတစေ ပြုမူပြီး ကျိုးနွံနာခံခြင်းကို လက်တွေ့မလုပ်ဆောင်ပါက သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အပေါ် အလုပ်လုပ်မည်လော။ သန့်ရှင်းသော ဝိညာဉ်တော်သည် သင်အလိုရှိသည့်အတိုင်း အလုပ်လုပ်သလော။ သို့မဟုတ် သူသည် သင် လိုအပ်နေသည့်အရာနှင့်အညီ၊ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေခံ၍ အလုပ်လုပ်သလော။ ဤအရာက သင့်အတွက် မရှင်းလင်းပါက သင်သည် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်လိမ့်မည် မဟုတ်ပေ။ လူအများစုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရာတွင် ခွန်အားများစွာ စိုက်ထုတ်ခဲ့ကြသော်လည်း အသိပညာကိုသာ ရရှိကြပြီး နောက်ပိုင်းတွင် လက်တွေ့ကျသော လမ်းကြောင်းတစ်ခုအကြောင်း တစ်ခုမျှ မပြောနိုင်ကြသည်မှာ အဘယ်ကြောင့်နည်း။ အသိပညာကို ပိုင်ဆိုင်ခြင်းက သမ္မာတရားကို ပိုင်ဆိုင်ခြင်းနှင့် ညီမျှသည်ဟု သင်ထင်သလော။ ယင်းမှာ ရှုပ်ထွေးနေသော အမြင်ရှုထောင့်တစ်ခု မဟုတ်လော။ သင်သည် ကမ်းခြေရှိ သဲပွင့်များကဲ့သို့ များပြားလှသော အသိပညာများကို ပြောဆိုနိုင်သည့်တိုင် ယင်းတို့ထဲမှ တစ်ခုတွင်မျှ မည်သည့် လက်တွေ့ကျသော လမ်းကြောင်းမျှ မပါဝင်ပေ။ ဤသို့ လုပ်ဆောင်ခြင်းအားဖြင့် သင်သည် လူတို့ကို အရူးလုပ်ရန် ကြိုးစားနေခြင်း မဟုတ်လော။ သင်သည် “ဝ” မရှိဘဲ “ဝိ” လုပ်နေခြင်း မဟုတ်လော။ ထိုသို့သော အပြုအမူအားလုံးသည် လူတို့ကို ဘေးအန္တရာယ်ဖြစ်စေသည်။ သဘောတရားက ပို၍ မြင့်မားပြီး လက်တွေ့ကျမှု ပို၍ ကင်းမဲ့လေလေ၊ ယင်းက လူတို့ကို လက်တွေ့ကျမှုထဲသို့ ခေါ်ဆောင်သွားနိုင်စွမ်း ပို၍ မရှိလေလေ ဖြစ်သည်။ သဘောတရားက ပို၍ မြင့်မားလေလေ၊ ယင်းက သင့်ကို ဘုရားသခင်အား ပုန်ကန်ရန်နှင့် ဆန့်ကျင်ရန် ပို၍ ဖြစ်စေလေလေ ဖြစ်သည်။ ဝိညာဉ်ရေးရာ သဘောတရားကို အလွန်အမင်း အလိုမလိုက်နှင့်၊ ယင်းမှာ မည်သည့် အသုံးဝင်မှုမျှ မရှိပေ။ အချို့လူတို့သည် ဆယ်စုနှစ်များစွာ ဝိညာဉ်ရေးရာ သဘောတရားအကြောင်း ပြောဆိုနေခဲ့ကြပြီး ၎င်းတို့သည် ကြီးမြတ်သော ဝိညာဉ်ရေးရာ ပုဂ္ဂိုလ်များ ဖြစ်လာခဲ့ကြသော်လည်း အဆုံးတွင် ၎င်းတို့သည် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် မတတ်နိုင်ကြဆဲဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့မလုပ်ဆောင်ခဲ့သောကြောင့် သို့မဟုတ် မတွေ့ကြုံခဲ့သောကြောင့် ၎င်းတို့တွင် လက်တွေ့လုပ်ဆောင်ခြင်းအတွက် စည်းမျဉ်းများ သို့မဟုတ် လမ်းကြောင်း မရှိပေ။ ဤကဲ့သို့သော လူများသည် ၎င်းတို့ကိုယ်တိုင် သမ္မာတရား လက်တွေ့ကျမှု မရှိကြပေ၊ သို့ဆိုလျှင် ၎င်းတို့သည် အခြားလူများကို ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်ကန်သော လမ်းကြောင်းပေါ်သို့ မည်သို့ ခေါ်ဆောင်လာနိုင်မည်နည်း။ ၎င်းတို့သည် လူတို့ကို လမ်းလွဲစေရန်သာ လုပ်ဆောင်နိုင်ကြသည်။ ဤသည်မှာ အခြားသူများနှင့် မိမိတို့ကိုယ်ကို ထိခိုက်နစ်နာစေခြင်း မဟုတ်လော။ အနည်းဆုံးအနေဖြင့် သင့်ရှေ့တည့်တည့်တွင်ရှိသော အမှန်တကယ်ဖြစ်သည့် ပြဿနာများကို သင်ဖြေရှင်းနိုင်စွမ်း ရှိရမည်။ ဆိုလိုသည်မှာ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန်နှင့် တွေ့ကြုံရန်အပြင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း ရှိရမည်။ ဤအရာသာလျှင် ဘုရားသခင်ကို ကျိုးနွံနာခံခြင်း ဖြစ်သည်။ သင်သည် အသက် ဝင်ရောက်မှု ရှိမှသာ ဘုရားသခင်အတွက် အလုပ်လုပ်ရန် အရည်အချင်းပြည့်မီပြီး ဘုရားသခင်အတွက် ရိုးသားစစ်မှန်စွာ အသုံးခံမှသာ ဘုရားသခင်၏ လက်ခံခြင်းကို သင် ခံရနိုင်သည်။ အစဉ်သဖြင့် ဟိတ်ကြီးဟန်ကြီး စကားများကို ပြောပြီး ချဲ့ကားထားသော သဘောတရားအကြောင်း ပြောခြင်း မပြုနှင့်၊ ဤသည်မှာ လက်တွေ့မကျပေ။ သင့်ကို လူတို့ အထင်ကြီးလေးစားစေရန် ဝိညာဉ်ရေးရာ သဘောတရားအကြောင်း လူတတ်လုပ်၍ ပြောဆိုခြင်းသည် ဘုရားသခင်အတွက် သက်သေခံနေခြင်း မဟုတ်ဘဲ မိမိကိုယ်ကို ကိုယ်ရည်သွေးနေခြင်းသာ ဖြစ်သည်။ ယင်းက လူတို့အတွက် လုံးဝ အကျိုးမရှိသည့်အပြင် ၎င်းတို့အတွက် တည်ဆောက်စရာ မဖြစ်စေပေ၊ ပြီးလျှင် ယင်းက ၎င်းတို့ကို သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအပေါ် အာရုံမစိုက်ဘဲ ဝိညာဉ်ရေးရာ သဘောတရားအား ကိုးကွယ်မိစေရန် အလွယ်တကူ ဦးတည်သွားစေနိုင်သည်။ ဤသည်မှာ လူတို့ကို လမ်းလွဲစေခြင်း မဟုတ်လော။ ဤကဲ့သို့ ဆက်လက်လုပ်ဆောင်ခြင်းက များပြားလှသော အနှစ်သာရမဲ့သည့် သဘောတရားများအပြင် လူတို့ကို ဘောင်ခတ်ပြီး ထောင်ချောက်ဆင်မည့် စည်းမျဉ်းစည်းကမ်း များစွာကို ဖြစ်ပေါ်စေလိမ့်မည်၊ ယင်းမှာ အမှန်တကယ်ပင် ရှက်ဖွယ်ကောင်းလှသည်။ သို့ဖြစ်၍ စစ်မှန်သောအရာကို ပို၍ ပြောဆိုလော့၊ အမှန်တကယ် တည်ရှိသော ပြဿနာများအကြောင်း ပို၍ ပြောဆိုလော့၊ အမှန်တကယ်ဖြစ်သော ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေရာတွင် အချိန်ပို၍ ယူလော့၊ ဤသည်မှာ အရေးကြီးဆုံးအရာ ဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် သင်ယူရာတွင် မနှောင့်နှေးစေနှင့်၊ ဤသည်မှာ လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ခြင်း လမ်းကြောင်း ဖြစ်သည်။ အခြားလူများ၏ အတွေ့အကြုံဆိုင်ရာ အသိကို သင်၏ ကိုယ်ပိုင် ပိုင်ဆိုင်မှုအဖြစ် ယူပြီး အခြားသူများ အထင်ကြီးလေးစားစေရန် ယင်းတို့ကို ထုတ်ပြခြင်း မပြုနှင့်။ သင့်တွင် သင်၏ ကိုယ်ပိုင် အသက် ဝင်ရောက်မှု ရှိရမည်။ သမ္မာတရားကို မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သိရှိခြင်းအားဖြင့်နှင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းအားဖြင့်သာ သင့်တွင် အသက် ဝင်ရောက်မှု ရှိလိမ့်မည်။ ဤအရာသည် လူတိုင်း လက်တွေ့လုပ်ဆောင်ပြီး အာရုံစိုက်သည့်အရာ ဖြစ်သင့်သည်။
သင် မိတ်သဟာယဖွဲ့သည့်အရာက လူတို့ကို လျှောက်လှမ်းရန် လမ်းကြောင်းတစ်ခု ပေးနိုင်ပါက ယင်းသည် လက်တွေ့ကျမှုကို သင်ပိုင်ဆိုင်ခြင်းနှင့် ညီမျှသည်။ သင် မည်သည့်အရာကို ပြောသည်ဖြစ်စေ လူတို့ကို လက်တွေ့လုပ်ဆောင်ခြင်းထဲသို့ ခေါ်ဆောင်လာရမည်ဖြစ်ပြီး ၎င်းတို့အားလုံးကို ၎င်းတို့ လိုက်လျှောက်နိုင်သော လမ်းကြောင်းတစ်ခု ပေးရမည်။ ၎င်းတို့ကို အသိပညာရှိစေခြင်းကိုသာ မပြုနှင့်၊ ပို၍ အရေးကြီးသည်မှာ လျှောက်လှမ်းရန် လမ်းကြောင်းတစ်ခု ရှိခြင်းဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို ယုံကြည်ရာတွင် ဘုရားသခင်၏ အလုပ်၌ ဘုရားသခင် ဦးဆောင်သော လမ်းကြောင်းကို လျှောက်လှမ်းရမည်။ ဆိုလိုသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်း ဖြစ်စဉ်သည် သန့်ရှင်းသော ဝိညာဉ်တော် ဦးဆောင်သည့် လမ်းကြောင်းကို လျှောက်လှမ်းခြင်း ဖြစ်စဉ် ဖြစ်သည်။ သို့ဖြစ်၍ မည်သို့ပင်ဖြစ်စေ သင့်တွင် သင် လျှောက်လှမ်းနိုင်သော လမ်းကြောင်းတစ်ခု ရှိရမည်၊ သင်သည် ဘုရားသခင်၏ စုံလင်အောင် ပြုခြင်းခံရသည့် လမ်းကြောင်းပေါ်တွင် ခြေချရမည်။ အလွန်အမင်း နောက်ကျမကျန်ရစ်စေနှင့်၊ ပြီးလျှင် အလွန်များပြားသော အရာများနှင့်ပတ်သက်၍ သင့်ကိုယ်သင် ပူပန်ခြင်း မရှိစေနှင့်။ သင်သည် အဖျက်အမှောင့်လုပ်ခြင်းများ မဖြစ်စေဘဲ ဘုရားသခင် ဦးဆောင်သော လမ်းကြောင်းကို လျှောက်လှမ်းမှသာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သင် ရရှိနိုင်ပြီး ဝင်ရောက်မှု လမ်းကြောင်းကို ပိုင်ဆိုင်နိုင်သည်။ ဤအရာသာလျှင် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ ဖြစ်ခြင်းနှင့် လူသားမျိုးနွယ်၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းအဖြစ် အကျုံးဝင်သည်။ ဤရေစီးကြောင်းထဲရှိ လူတစ်ဦးအနေဖြင့် လတစ်ဦးချင်းစီသည် မိမိ၏တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သည်၊ လူတို့ လုပ်ဆောင်သင့်သည့်အရာကို သာ၍ လုပ်ဆောင်သင့်ပြီး တစ်ဇွတ်ထိုး မပြုမူသင့်ပေ။ အလုပ်ကို လုပ်ဆောင်နေသော လူများသည် ၎င်းတို့၏ စကားများကို ရှင်းလင်းစေရမည်၊ လိုက်လျှောက်သော လူများသည် ဆင်းရဲဒုက္ခခံခြင်းနှင့် ကျိုးနွံနာခံခြင်းအပေါ် သာ၍ အာရုံစိုက်ရမည်၊ ပြီးလျှင် အားလုံးသည် ကိုယ့်နေရာကိုယ် နေရမည်ဖြစ်ပြီး စည်းမကျော်ရပေ။ ၎င်းတို့ မည်သို့ လက်တွေ့လုပ်ဆောင်သင့်သည်နှင့် ၎င်းတို့ မည်သည့် လုပ်ဆောင်ချက်ကို ဖြည့်ဆည်းသင့်သည်ဟူသည်မှာ လူတိုင်း၏ စိတ်နှလုံးထဲတွင် ရှင်းလင်းနေသင့်သည်။ သန့်ရှင်းသော ဝိညာဉ်တော် ဦးဆောင်သည့် လမ်းကြောင်းကို လျှောက်လှမ်းလော့၊ လမ်းမလွဲစေနှင့် သို့မဟုတ် အဓိပ္ပာယ်မဲ့ခြင်း မရှိစေနှင့်။ ယနေ့၏ အလုပ်ကို သင် ရှင်းလင်းစွာ မြင်ရမည်။ ယနေ့၏ အလုပ်နည်းလမ်းထဲသို့ ဝင်ရောက်ခြင်းသည် သင်တို့ လက်တွေ့လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ ယင်းမှာ သင်တို့ ဝင်ရောက်ရမည့် ပထမဆုံးအရာ ဖြစ်သည်။ အခြားအရာများအပေါ် ထပ်၍ လေအကုန်မခံနှင့်။ ယနေ့ ဘုရားအိမ်တော်၏ အလုပ်ကို လုပ်ဆောင်ခြင်းသည် သင်တို့၏ တာဝန်ဝတ္တရားဖြစ်သည်၊ ယနေ့၏ အလုပ်နည်းလမ်းထဲသို့ ဝင်ရောက်ခြင်းသည် သင်တို့၏ တာဝန်ဖြစ်ပြီး ယနေ့၏ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် သင်တို့၏ ဝန်ထုပ် ဖြစ်သည်။
အောက်ခြေမှတ်စု(များ)-
က။ ဝန်ကြီးချုပ်၏ စိတ်ဓာတ်။ သဘောထားကြီးပြီး ရက်ရောသော လူတစ်ဦးကို ဖော်ပြရန် အသုံးပြုသည့် တရုတ်စံပြစကားပုံတစ်ခု ဖြစ်သည်။