ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေး မည်သို့ရှိသနည်း
ဘုရားသခင်ကို ယုံကြည်ရာတွင် သင်သည် အနည်းဆုံးအနေဖြင့် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးရှိ ပြဿနာကို ဖြေရှင်းရမည်။ သင်သည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး မရှိပါက ဘုရားသခင်ကို သင်ယုံကြည်ခြင်း၏ အဓိပ္ပာယ်သည် ပျောက်ဆုံးသွားလေသည်။ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခု တည်ဆောက်ခြင်းကို ဘုရားသခင်၏ ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးကို ငြိမ်ဝပ်စွာထားခြင်းအားဖြင့်သာ လုပ်ဆောင်ခြင်းဖြစ်သည်။ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး ရှိခြင်းဟူသည်မှာ သူ၏အလုပ် တစ်ခုတလေကို သံသယမဝင်ဘဲ နေနိုင်ခြင်းနှင့် မငြင်းပယ်ဘဲ နေနိုင်ခြင်းအပြင် သူ၏အလုပ်ကို ကျိုးနွံနာခံနိုင်ခြင်းကို ဆိုလိုသည်။ ယင်းမှာ ဘုရားသခင်၏ မျက်မှောက်တော်တွင် မှန်ကန်သော ရည်ရွယ်ချက်များ ထားရှိခြင်းနှင့် သင်ကိုယ်တိုင်အတွက် အစီအစဉ်များ မဆွဲခြင်းကို ဆိုလိုပြီး သင် မည်သည့်အရာကို လုပ်ဆောင်နေသည်ဖြစ်စေ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ဦးစားပေးခြင်း၊ ဘုရားသခင်၏ စိစစ်ခြင်းကို လက်ခံခြင်းနှင့် သူ၏ အစီအစဉ်များကို ကျိုးနွံနာခံခြင်းတို့ကိုလည်း ဆိုလိုသည်။ သင်လုပ်ဆောင်သမျှ အရာအားလုံးတွင် ဘုရားသခင်၏ မျက်မှောက်တော်၌ သင်၏ စိတ်နှလုံးကို ငြိမ်ဝပ်စွာ ထားနိုင်ရမည်။ သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားမလည်လျှင်ပင် သင်၏ တာဝန်များနှင့် ဝတ္တရားများကို သင်အစွမ်းရှိသမျှ ဖြည့်ဆည်းရဦးမည်ဖြစ်သည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင့်အား ထုတ်ဖော်ပြပြီးသည်နှင့်တစ်ပြိုင်နက် ယင်းတို့နှင့်အညီ လက်တွေ့လုပ်ဆောင်လော့၊ သို့ဆိုလျှင် နောက်ကျလွန်းမည် မဟုတ်ပေ။ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေး ပုံမှန်ဖြစ်လာသောအခါ သင်သည် လူများနှင့်လည်း ပုံမှန်ဆက်ဆံရေးများ ရှိလာလိမ့်မည်။ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခု တည်ဆောက်ရန် အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ရမည်၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင် တောင်းဆိုသည့်အရာတို့နှင့်အညီ သင်၏တာဝန်ကို ထမ်းဆောင်နိုင်ရမည်၊ သင်၏ အမြင်များကို မှန်ကန်အောင်ထားရမည်၊ အရာခပ်သိမ်းတွင် သမ္မာတရားကို ရှာဖွေရမည်ဖြစ်ပြီး သင်နားလည်သောအခါ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရမည်။ သင့်အပေါ် မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ သင်သည် ဘုရားသခင်ထံ ဆုတောင်းရမည်ဖြစ်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံသော စိတ်နှလုံးဖြင့် ရှာဖွေရမည်။ ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းဖြင့် သင်သည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခုကို ထိန်းသိမ်းထားနိုင်လိမ့်မည်။ သင်၏တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်သည်နှင့် တစ်ချိန်တည်းမှာပင် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက် ဝင်ရောက်မှုအတွက် အကျိုးမပြုသောအရာ တစ်ခုတလေကိုမျှ သင်မလုပ်ဆောင်ရန်နှင့် ညီအစ်ကိုမောင်နှမများအတွက် တည်ဆောက်စရာမဖြစ်စေသော စကားတစ်ခွန်းကိုမျှ သင်မပြောဆိုရန်လည်း သေချာစေရမည်။ အနည်းဆုံးအနေဖြင့် သင်၏ အသိစိတ်နှင့် ဆန့်ကျင်သောအရာ တစ်ခုတလေကိုမျှ သင်မလုပ်ဆောင်ရသည့်အပြင် ရှက်ဖွယ်ကောင်းသောအရာ တစ်ခုတလေကိုမျှ သင် လုံးဝ မလုပ်ဆောင်ရပေ။ အထူးသဖြင့် ဘုရားသခင်ကို ပုန်ကန်သော သို့မဟုတ် အတိုက်အခံပြုသော အရာကိုဖြစ်စေ၊ အသင်းတော်၏ အလုပ် သို့မဟုတ် အသက်တာကို နှောင့်ယှက်သောအရာ တစ်ခုတလေကိုဖြစ်စေ သင် လုံးဝ မလုပ်ဆောင်ရပေ။ သင်လုပ်ဆောင်သမျှ အရာအားလုံးတွင် ပွင့်လင်းပြီး ရိုးသားဖြောင့်မတ်လော့၊ ပြီးလျှင် သင်၏ လုပ်ရပ်တိုင်းသည် ဘုရားသခင်၏ ရှေ့မှောက်တွင် လက်သင့်ခံနိုင်ဖွယ်ဖြစ်ကြောင်း သေချာစေလော့။ ဇာတိပကတိသည် တစ်ခါတစ်ရံ အားနည်းကောင်း အားနည်းနိုင်သော်လည်း သင်သည် ကိုယ်ကျိုးအတွက် လောဘမကြီးဘဲ၊ တစ်ကိုယ်ကောင်းဆန်သောအရာ သို့မဟုတ် စက်ဆုပ်ဖွယ်ကောင်းသောအရာ တစ်ခုတလေကိုမျှ မလုပ်ဆောင်ဘဲ မိမိကိုယ်ကို မကြာခဏ ဆင်ခြင်သုံးသပ်လျက် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ဦးစားပေးနေရာတွင် ထားနိုင်ရမည်။ ဤနည်းအားဖြင့် သင်သည် ဘုရားသခင်၏ ရှေ့မှောက်တွင် မကြာခဏ အသက်ရှင်နေထိုင်နိုင်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် လုံးဝ ပုံမှန်ဖြစ်လာလိမ့်မည်။
သင်လုပ်ဆောင်သမျှ အရာအားလုံးတွင် သင်၏ ရည်ရွယ်ချက်များ မှန်ကန်ခြင်း ရှိမရှိဟူသည်ကို သင် ဆန်းစစ်ရမည်။ သင်သည် ဘုရားသခင်၏ တောင်းဆိုချက်များနှင့်အညီ ပြုမူနိုင်ပါက ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ပုံမှန်ဖြစ်သည်။ ဤသည်မှာ အနိမ့်ဆုံး စံနှုန်းဖြစ်သည်။ သင်၏ ရည်ရွယ်ချက်များကို စစ်ဆေးခြင်းမှတစ်ဆင့် သင်သည် မှားယွင်းသော ရည်ရွယ်ချက်များ ဖြစ်ပေါ်လာခဲ့ကြောင်းကို တွေ့ရှိပြီး ယင်းတို့ကို သင် ပုန်ကန်နိုင်ကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ ပြုမူနိုင်ပါက သင်သည် ဘုရားသခင်၏ ရှေ့မှောက်တွင် မှန်ကန်သောသူတစ်ဦး ဖြစ်လာလိမ့်မည်။ ဤအရာက ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ပုံမှန်ဖြစ်ကြောင်းနှင့် သင်လုပ်ဆောင်သမျှ အားလုံးသည် သင်ကိုယ်တိုင်အတွက် မဟုတ်ဘဲ ဘုရားသခင်အတွက် ဖြစ်ကြောင်းကို ထင်ရှားစေသည်။ သင်လုပ်ဆောင်သမျှ အားလုံးနှင့် ပြောဆိုသမျှ အားလုံးတွင် သင်၏ စိတ်နှလုံးကို မှန်ကန်အောင် ထားနိုင်ပြီး သင်၏ လုပ်ရပ်များတွင် တရားမျှတမှုရှိလော့၊ ပြီးလျှင် သင် ပြုမူသောအခါ သင်၏ ခံစားချက်များ သို့မဟုတ် သင်၏ ကိုယ်ပိုင်အလိုဆန္ဒ၏ ဦးဆောင်မှုကို မခံရစေနှင့်။ ဤအရာများသည် ဘုရားသခင်ကို ယုံကြည်သူများ ပြုမူရမည့် စည်းမျဉ်းများ ဖြစ်ကြသည်။ သေးငယ်သော ကိစ္စရပ်တစ်ခုကပင် လူတစ်ဦး၏ ရည်ရွယ်ချက်များနှင့် ဝိညာဉ်ရင့်ကျက်မှုကို ထုတ်ဖော်နိုင်သည်၊ ထို့ကြောင့် တစ်စုံတစ်ဦးသည် ဘုရားသခင်၏ စုံလင်အောင် ပြုခြင်းခံရသည့် လမ်းကြောင်းပေါ်သို့ ဝင်ရောက်ရန်အတွက် သူသည် သူ၏ ရည်ရွယ်ချက်များ၊ ဘုရားသခင်နှင့် သူ၏ ဆက်ဆံရေးတို့ကို ဦးစွာ ဖြေရှင်းရမည်။ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေး ပုံမှန်ဖြစ်မှသာလျှင် သင်သည် သူ၏ စုံလင်အောင် ပြုခြင်းကို ခံရနိုင်သည်၊ ထိုအခါမှသာ ဘုရားသခင်၏ ပြုပြင်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် စစ်ဆေးခြင်းတို့သည် သင့်အပေါ်တွင် ယင်းတို့၏ ရည်ရွယ်ထားသော အကျိုးသက်ရောက်မှုကို ရရှိနိုင်ပေမည်။ ဆိုလိုသည်မှာ လူသားများသည် ဘုရားသခင်ကို ၎င်းတို့၏ စိတ်နှလုံးထဲတွင် ထားရှိနိုင်ပြီး ကိုယ်ကျိုးကို မလိုက်စားပါက သို့မဟုတ် ၎င်းတို့၏ ကိုယ်ပိုင် ရှေ့ရေးများ (ဆိုလိုသည်မှာ ၎င်းတို့၏ ဇာတိပကတိ) အတွက် စဉ်းစားခြင်း မရှိဘဲ၊ ထိုအစား အသက် ဝင်ရောက်မှုအတွက် ဝန်ထုပ်တစ်ခုကို ထမ်းရွက်ကာ သမ္မာတရားကို လိုက်စားရန် ၎င်းတို့ အကောင်းဆုံး လုပ်ဆောင်ပြီး ဘုရားသခင်၏ အလုပ်ကို ကျိုးနွံနာခံပါက၊ ဤအရာကို လုပ်ဆောင်နိုင်ပါက သင် လိုက်စားသော ပန်းတိုင်များသည် မှန်ကန်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ပုံမှန်ဖြစ်လာလိမ့်မည်။ ဘုရားသခင်နှင့် မိမိ၏ ဆက်ဆံရေးကို မှန်ကန်အောင် ပြုလုပ်ခြင်းသည် မိမိ၏ ဝိညာဉ်ရေးရာ ခရီးစဉ်ထဲသို့ ဝင်ရောက်ခြင်း၏ ပထမခြေလှမ်းဖြစ်သည်ဟု ဆိုနိုင်သည်။ လူ၏ ကံကြမ္မာသည် ဘုရားသခင်၏ လက်ထဲတွင် ရှိပြီး ဘုရားသခင်က ကြိုတင်သတ်မှတ်ထားကာ လူက ပြောင်းလဲ၍ မရနိုင်သော်လည်း သင်သည် ဘုရားသခင်၏ စုံလင်အောင် ပြုခြင်းကို ခံရနိုင်ခြင်း ရှိမရှိ သို့မဟုတ် သူ၏ ရယူခြင်းကို ခံရနိုင်ခြင်း ရှိမရှိဟူသည်မှာ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေး ပုံမှန်ဖြစ်ခြင်း ရှိမရှိအပေါ် မူတည်လေသည်။ သင့်အထဲတွင် အားနည်းသော သို့မဟုတ် ပုန်ကန်သော အစိတ်အပိုင်းများ ရှိကောင်းရှိနိုင်သည်၊ သို့သော် သင်၏ အမြင်များနှင့် သင်၏ ရည်ရွယ်ချက်များ မှန်ကန်နေသရွေ့၊ ပြီးလျှင် ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် မှန်ကန်ပြီး ပုံမှန်ဖြစ်နေသရွေ့ သင်သည် ဘုရားသခင်၏ စုံလင်အောင် ပြုခြင်းခံရရန် အရည်အချင်းပြည့်မီသည်။ သင်သည် ဘုရားသခင်နှင့် မှန်ကန်သော ဆက်ဆံရေး မရှိဘဲ ဇာတိပကတိ သို့မဟုတ် သင်၏ မိသားစုအတွက် ပြုမူပါက သင် မည်မျှပင် ကြိုးစားလုပ်ဆောင်သည်ဖြစ်စေ ယင်းမှာ အချည်းနှီး ဖြစ်လိမ့်မည်။ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ပုံမှန်ဖြစ်ပါက အခြားအရာအားလုံးသည် အဆင်ပြေသွားလိမ့်မည်။ ဘုရားသခင်သည် အခြားမည်သည့်အရာကိုမျှ မကြည့်ဘဲ ဘုရားသခင်ကို သင်ယုံကြည်ခြင်းတွင် သင်၏ အမြင်များ မှန်ကန်ခြင်း ရှိမရှိကိုသာ ကြည့်သည်၊ အဆုံးတွင် သင်သည် မည်သူ့ကို ယုံကြည်သည်၊ မည်သူ့အတွက် သင်ယုံကြည်သည်၊ ပြီးလျှင် အဘယ်ကြောင့် သင်ယုံကြည်သည်ဟူသည်ကိုသာ ကြည့်လေသည်။ ဤအရာများကို သင် ရှင်းလင်းစွာ မြင်နိုင်ပြီး သင်၏ အမြင်များကို ကောင်းမွန်စွာ ထားရှိလျက် လက်တွေ့လုပ်ဆောင်နိုင်ပါက သင်၏ အသက်တာတွင် တိုးတက်မှုရရှိလိမ့်မည်ဖြစ်ပြီး မှန်ကန်သော လမ်းကြောင်းပေါ်သို့ ဝင်ရောက်ရဖို့အတွက်လည်း သင် အာမခံချက် ရရှိလိမ့်မည်။ အကယ်၍ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ပုံမှန်မဟုတ်ဘဲ ဘုရားသခင်ကို သင်ယုံကြည်ခြင်း၏ အမြင်များက လမ်းလွဲနေပါက အခြားအရာအားလုံးသည် အချည်းနှီးဖြစ်ပြီး သင်၏ ယုံကြည်ခြင်းကို မည်သို့ လက်တွေ့လုပ်ဆောင်သည်ဖြစ်စေ သင် မည်သည့်အရာကိုမျှ ရရှိလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေး ပုံမှန်ဖြစ်လာပြီးနောက်မှသာ သင်သည် ဇာတိပကတိကို ပုန်ကန်သောအခါ၊ ဆုတောင်းသောအခါ၊ ဒုက္ခခံစားရသောအခါ၊ သည်းခံသောအခါ၊ ကျိုးနွံနာခံသောအခါ၊ သင်၏ ညီအစ်ကိုမောင်နှမများကို ကူညီသောအခါ၊ ဘုရားသခင်အတွက် သင့်ကိုယ်သင် ပို၍ အသုံးခံသောအခါ စသည်တို့တွင် သူ၏ အသိအမှတ်ပြုခြင်းကို သင် ရရှိလိမ့်မည်။ သင်လုပ်ဆောင်သည့်အရာသည် တန်ဖိုးနှင့် အရေးပါမှု ရှိမရှိဟူသည်မှာ သင်၏ ရည်ရွယ်ချက်များ မှန်ကန်ခြင်း ရှိမရှိနှင့် သင်၏ အမြင်များ မှန်ကန်ခြင်း ရှိမရှိအပေါ် မူတည်လေသည်။ ယနေ့ခေတ်တွင် လူများစွာတို့သည် နာရီတစ်လုံးကို ကြည့်ရန် ၎င်းတို့၏ ခေါင်းများကို စောင်းထားသကဲ့သို့ ဘုရားသခင်ကို ယုံကြည်ကြသည်၊ ၎င်းတို့၏ အမြင်ရှုထောင့်များက စောင်းရွဲ့နေပြီး ၎င်းတို့ လုပ်ဆောင်ရန် လိုအပ်သမျှမှာ ဤအရာကို ကျော်လွှားရန် ဖြစ်သည်။ ဤပြဿနာကို ဖြေရှင်းပြီးပါက အရာအားလုံး အဆင်ပြေလိမ့်မည်၊ သို့မဟုတ်ပါက အရာအားလုံးသည် အချည်းနှီး ဖြစ်သွားလိမ့်မည်။ အချို့လူတို့သည် ငါ၏ ရှေ့မှောက်တွင် ကောင်းစွာ ပြုမူကြသော်လည်း ငါ၏ ကွယ်ရာတွင် ၎င်းတို့ လုပ်ဆောင်သမျှ အားလုံးမှာ ငါ့ကို အတိုက်အခံပြုခြင်း ဖြစ်သည်။ ဤသည်မှာ ကလိမ်ကကျစ်ကျခြင်းနှင့် လှည့်ဖြားတတ်ခြင်း၏ သရုပ်သကန်တစ်ခုဖြစ်ပြီး ဤလူစားမျိုးသည် စာတန်၏ အစေခံတစ်ဦး ဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်ကို စမ်းသပ်ရန် လာသော စာတန်၏ ဖြစ်နေကျဖြစ်သော ပြယုဂ်ဖြစ်ကြသည်။ ငါ၏ အလုပ်နှင့် ငါ၏ နှုတ်ကပတ်တော်များကို ကျိုးနွံနာခံနိုင်မှသာလျှင် သင်သည် မှန်ကန်သောသူတစ်ဦး ဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နိုင်သရွေ့၊ သင်လုပ်ဆောင်သမျှ အရာအားလုံးသည် ဘုရားသခင်၏ ရှေ့မှောက်တွင် လက်သင့်ခံနိုင်ဖွယ်ဖြစ်ပြီး သင်လုပ်ဆောင်သမျှ အားလုံးတွင် ပွင့်လင်းပြီး ရိုးသားဖြောင့်မတ်သော ပုံစံဖြင့် ပြုမူသရွေ့၊ သင်သည် ရှက်ဖွယ်ကောင်းသောအရာများ သို့မဟုတ် အခြားသူများ၏ အသက်တာများကို ထိခိုက်စေမည့် အရာများကို မလုပ်ဆောင်သရွေ့၊ ပြီးလျှင် သင်သည် အလင်းတွင် အသက်ရှင်နေထိုင်ပြီး စာတန်၏ အသုံးချခြင်းကို မခံရစေသရွေ့ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် သင့်တင့်လျောက်ပတ်သော အနေအထားတွင် ရှိနေပြီးဖြစ်သည်။
ဘုရားသခင်ကို ယုံကြည်ခြင်းတွင် သင်၏ ရည်ရွယ်ချက်များနှင့် အမြင်များကို မှန်ကန်အောင် ထားရှိဖို့ လိုသည်၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်၏ အလုပ်၊ ဘုရားသခင် ချမှတ်ထားပေးသော ပတ်ဝန်းကျင်များအားလုံး၊ ဘုရားသခင် သက်သေခံသော လူနှင့် လက်တွေ့ကျသော ဘုရားသခင်တို့အပေါ် မှန်ကန်သော နားလည်မှုတစ်ခုနှင့် မှန်ကန်သော သဘောထားပြုမူသည့် နည်းလမ်းတစ်ခု ရှိရမည်။ သင်သည် မိမိ၏ ကိုယ်ပိုင် စိတ်ကူးများနှင့်အညီ လက်တွေ့မလုပ်ဆောင်ရ သို့မဟုတ် မိမိ၏ ကိုယ်ပိုင် သေးနုပ်သော အကောက်ကြံမှုများကို မကြံစည်ရပေ။ သင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ သင်သည် သမ္မာတရားကို ရှာဖွေနိုင်ရမည်ဖြစ်ပြီး ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်၏ နေရာတွင် ဘုရားသခင်၏ အလုပ်အားလုံးကို ကျိုးနွံနာခံရမည်။ သင်သည် ဘုရားသခင်၏ စုံလင်အောင် ပြုခြင်းခံရရန် လိုက်စားပြီး အသက်တာ၏ မှန်ကန်သော လမ်းကြောင်းပေါ်သို့ ဝင်ရောက်လိုပါက သင်၏ စိတ်နှလုံးသည် ဘုရားသခင်၏ မျက်မှောက်တော်တွင် အစဉ်အသက်ရှင်နေထိုင်ရမည်။ အပျော်အပါး လိုက်စားခြင်း မရှိစေနှင့်၊ စာတန်နောက်သို့ မလိုက်နှင့်၊ စာတန်ကို ၎င်း၏ အလုပ် လုပ်ဆောင်ရန် မည်သည့်အခွင့်အရေးမျှ မပေးနှင့်၊ ပြီးလျှင် စာတန်ကို သင့်အား အသုံးချခွင့် မပေးနှင့်။ သင်သည် သင့်ကိုယ်သင် ဘုရားသခင်ထံ လုံးလုံးလျားလျား ပေးအပ်ရမည်ဖြစ်ပြီး ဘုရားသခင်ကို သင့်အပေါ် အုပ်စိုးခွင့်ပေးရမည်။
သင်သည် စာတန်၏ အစေခံ ဖြစ်လိုသလော။ သင်သည် စာတန်၏ အသုံးချခြင်းကို ခံလိုသလော။ သင်သည် ဘုရားသခင်၏ စုံလင်အောင် ပြုခြင်းကို ခံရရန်အလို့ငှာဖြစ်စေ၊ ဘုရားသခင်၏ အလုပ်အတွက် အဖြည့်ခံတစ်ခု ဖြစ်လာရန်အလို့ငှာဖြစ်စေ ဘုရားသခင်ကို ယုံကြည်ပြီး သူ့ကို လိုက်စားခြင်း ဖြစ်သလော။ ဤဘဝတွင် သင်သည် ဘုရားသခင်၏ ရယူခြင်းကို ခံရပြီး အဓိပ္ပာယ်ရှိသော အသက်တာတစ်ခုကို အသက်ရှင်နေထိုင်လိုသလော၊ သို့မဟုတ် တန်ဖိုးမရှိဘဲ အနှစ်မဲ့သော အသက်တာတစ်ခုကို အသက်ရှင်နေထိုင်လိုသလော။ သင်သည် ဘုရားသခင်၏ အသုံးပြုခြင်းကို ခံလိုသလော၊ သို့မဟုတ် စာတန်၏ အသုံးချခြင်းကို ခံလိုသလော။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို သင့်အား ဖြည့်ပေးစေလိုသလော၊ သို့မဟုတ် အပြစ်တရားနှင့် စာတန်ကို သင့်အား ဖြည့်ပေးစေလိုသလော။ ဤအရာများကို ဂရုတစိုက် စဉ်းစားဆင်ခြင်လော့။ သင်၏ နေ့စဉ်ဘဝတွင် သင်ပြောဆိုသည့် မည်သည့်စကားများနှင့် သင်လုပ်ဆောင်သည့် မည်သည့်အရာများက ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးတွင် ပုံမှန်မဟုတ်ခြင်းကို ဖြစ်စေနိုင်သည်ကို သင် နားလည်ရမည်ဖြစ်ပြီး ထို့နောက် မှန်ကန်သော ပုံစံထဲသို့ ဝင်ရောက်ရန် သင့်ကိုယ်သင် ပြုပြင်ရမည်။ အချိန်တိုင်းတွင် သင်၏ စကားများ၊ သင်၏ လုပ်ရပ်များ၊ သင်၏ လှုပ်ရှားမှု တစ်ခုစီတိုင်းနှင့် သင်၏ အတွေးများနှင့် စိတ်ကူးများအားလုံးကို ဆန်းစစ်လော့။ သင်၏ စစ်မှန်သော အခြေအနေကို သင့်တင့်လျောက်ပတ်စွာ နားလည်သဘောပေါက်မှု ရယူပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုပုံစံထဲသို့ ဝင်ရောက်လော့။ ဤသည်မှာ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခု ရှိရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေး ပုံမှန်ဖြစ်ခြင်း ရှိမရှိကို အကဲဖြတ်ခြင်းအားဖြင့် သင်သည် မိမိ၏ ရည်ရွယ်ချက်များကို မှန်ကန်အောင် ပြုလုပ်နိုင်လိမ့်မည်၊ လူ၏ သဘာဝ အနှစ်သာရကို နားလည်နိုင်လိမ့်မည်ဖြစ်ပြီး သင့်ကိုယ်သင် အမှန်တကယ် နားလည်နိုင်လိမ့်မည်၊ ပြီးလျှင် ထိုသို့ လုပ်ဆောင်ရာတွင် သင်သည် စစ်မှန်သော အတွေ့အကြုံများထဲသို့ ဝင်ရောက်နိုင်လိမ့်မည်၊ သင့်ကိုယ်သင် စစ်မှန်သော နည်းလမ်းဖြင့် ပုန်ကန်နိုင်လိမ့်မည်ဖြစ်ကာ ရည်ရွယ်ချက်ရှိရှိဖြင့် ကျိုးနွံနာခံနိုင်လိမ့်မည်။ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေး ပုံမှန်ဖြစ်ခြင်း ရှိမရှိဟူသည်နှင့် သက်ဆိုင်သော ဤကိစ္စရပ်များကို သင် တွေ့ကြုံရသည့်အခါ သင်သည် ဘုရားသခင်၏ စုံလင်အောင် ပြုခြင်းခံရရန် အခွင့်အရေးများကို တွေ့ရှိလိမ့်မည်ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နှင့်ဆိုင်သော အခြေအနေများစွာကို နားလည်သဘောပေါက်နိုင်လာလိမ့်မည်။ သင်သည် စာတန်၏ အကောက်ကြံမှုများစွာကို ထိုးထွင်းသိမြင်နိုင်လိမ့်မည်ဖြစ်ပြီး ၎င်း၏ လျှို့ဝှက်ကြံစည်မှုများကို ဖောက်ထွင်းသိမြင်နိုင်လိမ့်မည်။ ဤလမ်းကြောင်းကသာလျှင် ဘုရားသခင်၏ စုံလင်အောင် ပြုခြင်းခံရခြင်းဆီသို့ ဦးတည်လေသည်။ သင်သည် ဘုရားသခင်၏ အစီအစဉ်များကို အလုံးစုံ ကျိုးနွံနာခံနိုင်ရန်အလို့ငှာ၊ ပြီးလျှင် စစ်မှန်သော အတွေ့အကြုံထဲသို့ သာ၍ပင် နက်ရှိုင်းစွာ ဝင်ရောက်နိုင်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သာ၍ပင် ရရှိနိုင်ရန်အလို့ငှာ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးကို မှန်ကန်အောင် ပြုလုပ်လော့။ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခု ရှိရန် သင် လက်တွေ့လုပ်ဆောင်သောအခါ အခြေအနေအများစုတွင် ဇာတိပကတိကို ပုန်ကန်ခြင်းအားဖြင့်လည်းကောင်း၊ ဘုရားသခင်နှင့် စစ်မှန်သော ပူးပေါင်းဆောင်ရွက်ခြင်းမှတစ်ဆင့်လည်းကောင်း အောင်မြင်မှုကို ရရှိလိမ့်မည်။ “ပူးပေါင်းဆောင်ရွက်သော စိတ်နှလုံးမရှိဘဲ ဘုရားသခင်၏ အလုပ်ကို ရရှိရန် ခက်ခဲသည်၊ ဇာတိပကတိက ဆင်းရဲဒုက္ခမခံစားရပါက ဘုရားသခင်ထံမှ ကောင်းချီးများ ရှိလိမ့်မည်မဟုတ်၊ ဝိညာဉ်က မရုန်းကန်ပါက စာတန်သည် အရှက်ရခြင်းသို့ ရောက်လိမ့်မည်မဟုတ်” ဟူသည်ကို သင် နားလည်သင့်သည်။ သင်သည် ဤစည်းမျဉ်းများကို လက်တွေ့လုပ်ဆောင်ပြီး ယင်းတို့ကို စေ့စေ့စပ်စပ် နားလည်ပါက ဘုရားသခင်ကို သင်ယုံကြည်ခြင်း၏ အမြင်များသည် မှန်ကန်သွားလိမ့်မည်။ သင်တို့၏ လက်ရှိ လက်တွေ့လုပ်ဆောင်မှုတွင် “မုန့်ကို အဝစားဖို့ ရှာဖွေသည်” ဟူသော စိတ်နေစိတ်ထားကို သင်တို့ စွန့်ပစ်ရမည်၊ “အရာအားလုံးကို သန့်ရှင်းသော ဝိညာဉ်တော်က လုပ်ဆောင်ပြီး လူတို့က ဝင်ရောက်စွက်ဖက်နိုင်စွမ်းမရှိ” ဟူသော စိတ်နေစိတ်ထားကို သင်တို့ စွန့်ပစ်ရမည်။ ထိုသို့ပြောဆိုသူတိုင်းက “လူတို့သည် မိမိတို့ အလိုရှိရာကို လုပ်ဆောင်နိုင်ပြီး အချိန်ကျလာသောအခါ သန့်ရှင်းသော ဝိညာဉ်တော်က သူ၏အလုပ်ကို လုပ်ဆောင်လိမ့်မည်၊ လူတို့သည် ဇာတိပကတိကို ချုပ်တည်းရန် သို့မဟုတ် ပူးပေါင်းဆောင်ရွက်ရန် မလိုအပ်ပေ၊ အရေးကြီးသည်မှာ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကို ခံရရန်သာ ဖြစ်သည်” ဟု တွေးထင်ကြသည်။ ဤအမြင်များအားလုံးသည် ယုတ္တိမရှိပေ။ ထိုသို့သော အခြေအနေများအောက်တွင် သန့်ရှင်းသော ဝိညာဉ်တော်သည် အလုပ်မလုပ်နိုင်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ကြီးမားစွာ ဟန့်တားသောအရာမှာ ဤအမြင်ရှုထောင့်မျိုးပင် ဖြစ်သည်။ မကြာခဏဆိုသလို သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို လူ၏ ပူးပေါင်းဆောင်ရွက်ခြင်းမှတစ်ဆင့် ရရှိလေသည်။ လူတို့သည် ပူးပေါင်းဆောင်ရွက်ခြင်း မရှိသည့်အပြင် စိတ်ပိုင်းဖြတ်မှုလည်း မရှိဘဲလျက် ၎င်းတို့၏ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိရန်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်အပြင် ဘုရားသခင်ထံမှ ဉာဏ်ပွင့်ခြင်းနှင့် အလင်းပေးခြင်းတို့ကို ရရှိရန် ဆန္ဒရှိကြသည်၊ ဤအရာများသည် အမှန်တကယ်ပင် လွန်ကဲသော အတွေးများ ဖြစ်ကြသည်။ ဤအရာကို “မိမိကိုယ်ကို အလိုလိုက်ခြင်းနှင့် စာတန်ကို ခွင့်လွှတ်ခြင်း” ဟု ခေါ်ဆိုသည်။ ထိုသို့သော လူများသည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး မရှိကြပေ။ သင်သည် သင့်အထဲရှိ စာတန်ဆန်သော စိတ်သဘောထား၏ ထုတ်ဖော်ခြင်းများနှင့် သရုပ်သကန်များစွာကို ရှာဖွေသင့်ပြီး ယခု ဘုရားသခင် တောင်းဆိုသည့်အရာနှင့် ဆန့်ကျင်ဘက်ဖြစ်နေသော သင်၌ရှိသည့် မည်သည့် လက်တွေ့လုပ်ဆောင်မှုများကိုမဆို ရှာဖွေသင့်သည်။ ယခု သင်သည် စာတန်ကို ပုန်ကန်နိုင်မည်လော။ သင်သည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခုကို ရရှိသင့်သည်၊ ဘုရားသခင်၏ လိုအင်ဆန္ဒများနှင့်အညီ ပြုမူသင့်ပြီး အသက်အသစ်နှင့် လူသစ်တစ်ဦး ဖြစ်လာသင့်သည်။ အတိတ်မှ ပြစ်မှားခြင်းများအပေါ် အာရုံစိုက်မနေနှင့်၊ အလွန်အမင်း နောင်တမရနေနှင့်၊ မတ်တတ်ရပ်ပြီး ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်နိုင်ကာ သင် ကောင်းမွန်စွာ ဖြည့်ဆည်းရမည့် တာဝန်များကို ဖြည့်ဆည်းလော့။ ဤနည်းအားဖြင့် ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ပုံမှန်ဖြစ်လာလိမ့်မည်။
ဤအရာကို ဖတ်ပြီးနောက် သင်သည် ဤနှုတ်ကပတ်တော်များကို လက်ခံသည်ဟု ပြောဆိုရုံမျှသာဖြစ်ပြီး သင်၏ စိတ်နှလုံးက မလှုပ်မရှား ရှိနေဆဲဖြစ်ကာ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးကို ပုံမှန်ဖြစ်စေရန် သင် မရှာဖွေပါက ယင်းက သင်သည် ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးကို အရေးမစိုက်ကြောင်း သက်သေပြလေသည်။ ယင်းက သင်၏ အမြင်များ မှန်ကန်ခြင်း မရှိသေးကြောင်း၊ သင်၏ ရည်ရွယ်ချက်များသည် ဘုရားသခင်၏ ရယူခြင်းခံရရန်နှင့် သူ့အတွက် ဘုန်းအသရေ ဆောင်ကြဉ်းရန်အပေါ် တည်မထားသေးဘဲ ထိုအစား စာတန်၏ လျှို့ဝှက်ကြံစည်မှုများကို အောင်နိုင်ခွင့်ပေးရန်နှင့် သင်၏ ကိုယ်ပိုင် ပန်းတိုင်များကို ရရှိရန်အပေါ် တည်ထားကြောင်း သက်သေပြလေသည်။ ထိုသို့သော လူများသည် မှားယွင်းသော ရည်ရွယ်ချက်များနှင့် မမှန်ကန်သော အမြင်များကို စိတ်တွင် ထားရှိကြသည်။ ဘုရားသခင်က မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ မည်သို့ ပြောသည်ဖြစ်စေ ထိုသို့သော လူများသည် လုံးဝ ဂရုမစိုက်ဘဲ နေကြပြီး ၎င်းတို့အထဲတွင် အနည်းငယ်မျှသော ပြောင်းလဲခြင်းကိုပင် မတွေ့မြင်နိုင်ပေ။ ၎င်းတို့သည် ကြောက်ရွံ့ခြင်းလည်းမရှိသည့်အပြင် ရှက်တတ်ခြင်းလည်း မရှိကြပေ။ ထိုသို့သော လူတစ်ဦးသည် ဝိညာဉ်မဲ့ပြီး နားဝေတိမ်တောင်ဖြစ်သောသူ ဖြစ်သည်။ ဘုရားသခင် ပြုလုပ်သော မိန့်မြွက်ချက်တိုင်းအတွက် သင်သည် ယင်းတို့ကို ဖတ်ရှုပြီး နားလည်သည်နှင့်တစ်ပြိုင်နက် ယင်းတို့ကို လက်တွေ့လုပ်ဆောင်လော့။ အတိတ်တွင် သင် မည်သို့ ပြုမူခဲ့သည်ဖြစ်စေ၊ သင်၏ ဇာတိပကတိ အားနည်းခဲ့သော သို့မဟုတ် သင် ပုန်ကန်ခဲ့သော သို့မဟုတ် သင် အတိုက်အခံပြုခဲ့သော အချိန်အခါများ ရှိခဲ့ကောင်း ရှိခဲ့နိုင်သည်၊ ယင်းမှာ အရေးမကြီးလှသည့်အပြင် ယနေ့ သင်၏ အသက်တာ ရင့်ကျက်လာခြင်းကို ယင်းက မဟန့်တားနိုင်ပေ။ ယနေ့ သင်သည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခု ရှိနိုင်သရွေ့ မျှော်လင့်ချက် ရှိလေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသည့် အကြိမ်တိုင်း သင့်ထံတွင် ပြောင်းလဲမှု ရှိပြီး သင်၏ အသက်တာသည် ပို၍ ကောင်းမွန်သည့်ဘက်သို့ ပြောင်းလဲသွားကြောင်းကို အခြားသူများက သိမြင်နိုင်ပါက ယင်းက ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ယခုအခါ ပုံမှန်ဖြစ်ကြောင်း၊ ယင်းမှာ မှန်ကန်သွားပြီဖြစ်ကြောင်း ပြသလေသည်။ ဘုရားသခင်သည် လူတို့ကို ၎င်းတို့၏ ပြစ်မှားခြင်းများနှင့်အညီ မဆက်ဆံပေ။ သင်သည် နားလည်ပြီး သတိပြုမိလာသည်နှင့်တစ်ပြိုင်နက် ပုန်ကန်ခြင်း သို့မဟုတ် ဆန့်ကျင်ခြင်းကို သင် ရပ်တန့်နိုင်သရွေ့ ဘုရားသခင်သည် သင့်အပေါ် သနားကရုဏာ ရှိနေဆဲဖြစ်လိမ့်မည်။ သင်သည် ဘုရားသခင်၏ စုံလင်အောင် ပြုခြင်းခံရရန် လိုက်စားဖို့ နားလည်မှုနှင့် စိတ်ပိုင်းဖြတ်မှု ရှိသောအခါ ဘုရားသခင်၏ မျက်မှောက်တော်တွင် သင်၏ အနေအထားသည် ပုံမှန်ဖြစ်လာလိမ့်မည်။ သင် မည်သည့်အရာကို လုပ်ဆောင်နေသည်ဖြစ်စေ ဤသို့ စဉ်းစားလော့၊ ငါ ဤအရာကို လုပ်ဆောင်ပါက ဘုရားသခင် မည်သို့ ထင်မည်နည်း၊ ငါ၏ ညီအစ်ကိုမောင်နှမများကို အကျိုးပြုမည်လော၊ ဘုရားအိမ်တော်ရှိ အလုပ်အတွက် အကျိုးရှိမည်လော။ ဆုတောင်းခြင်းတွင်ဖြစ်စေ၊ မိတ်သဟာယဖွဲ့ခြင်းတွင်ဖြစ်စေ၊ စကားပြောဆိုခြင်းတွင်ဖြစ်စေ၊ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းခြင်းတွင်ဖြစ်စေ၊ အခြားသူများနှင့် ဆက်သွယ်ရာတွင်ဖြစ်စေ သင်၏ ရည်ရွယ်ချက်များကို ဆန်းစစ်ပြီး ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေး ပုံမှန်ဖြစ်ခြင်း ရှိမရှိကို စစ်ဆေးလော့။ သင်၏ ကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် အတွေးများကို ပိုင်းခြားသိမြင်နိုင်ခြင်းမရှိပါက ဤသည်မှာ သင်သည် ခွဲခြားနိုင်မှု ကင်းမဲ့သည်ဟု ဆိုလိုပြီး ယင်းက သင်သည် သမ္မာတရားကို နားလည်မှု အလွန်နည်းလွန်းကြောင်း သက်သေပြလေသည်။ သင်သည် ဘုရားသခင် လုပ်ဆောင်သမျှ အရာအားလုံးကို ရှင်းလင်းစွာ နားလည်နိုင်ပြီး သူ၏ နှုတ်ကပတ်တော်များနှင့် နှိုင်းယှဉ်ချိန်ဆ၍ အမှုအရာများကို သဘောပေါက်နိုင်ကာ သူ၏ဘက်တွင် ရပ်တည်နိုင်ပါက သင်၏ အမြင်များသည် မှန်ကန်သွားလိမ့်မည်။ ထို့ကြောင့် ဘုရားသခင်နှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခု တည်ဆောက်ခြင်းသည် ဘုရားသခင်ကို ယုံကြည်သူ မည်သူ့အတွက်မဆို အလွန်အရေးကြီးဆုံး ဖြစ်သည်၊ လူတိုင်းက ယင်းကို အရေးအကြီးဆုံးသော တာဝန်တစ်ခုနှင့် ၎င်းတို့၏ အသက်တာတွင် အကြီးမားဆုံးသော အဖြစ်အပျက်အဖြစ် သတ်မှတ်သင့်သည်။ သင်လုပ်ဆောင်သမျှ အရာအားလုံးကို ဘုရားသခင်နှင့် သင် ပုံမှန်ဆက်ဆံရေး ရှိမရှိဟူသည့်အရာဖြင့် တိုင်းတာလေသည်။ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ပုံမှန်ဖြစ်ပြီး သင်၏ ရည်ရွယ်ချက်များ မှန်ကန်ပါက ဆောင်ရွက်လော့။ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခုကို ထိန်းသိမ်းထားရန် သင်သည် မိမိ၏ ကိုယ်ပိုင် အကျိုးစီးပွားများ ဆုံးရှုံးနစ်နာခြင်းကို မကြောက်ရပေ၊ စာတန်ကို အောင်နိုင်ခွင့် ပေး၍ မဖြစ်ပေ၊ စာတန်ကို သင့်အပေါ် အသာစီးရခွင့် ပေး၍မဖြစ်သကဲ့သို့ စာတန်ကို သင့်အား လှောင်ပြောင်စရာတစ်ခု ဖြစ်စေခွင့် ပေး၍မဖြစ်ပေ။ ထိုသို့သော ရည်ရွယ်ချက်များ ရှိခြင်းသည် ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေး ပုံမှန်ဖြစ်ကြောင်း လက္ခဏာတစ်ခု ဖြစ်သည်၊ ယင်းမှာ ဇာတိပကတိအတွက် မဟုတ်ဘဲ ဝိညာဉ်၏ ငြိမ်သက်ခြင်းအတွက်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရရှိရန်အတွက်နှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းရန်အတွက် ဖြစ်သည်။ မှန်ကန်သော အခြေအနေထဲသို့ ဝင်ရောက်ရန် သင်သည် ဘုရားသခင်နှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခုကို တည်ဆောက်ရမည်ဖြစ်ပြီး ဘုရားသခင်ကို သင်ယုံကြည်ခြင်း၏ အမြင်များကို မှန်ကန်အောင် ပြုလုပ်ရမည်။ ဤသည်မှာ ဘုရားသခင်က သင့်ကို ရယူနိုင်ရန်အလို့ငှာဖြစ်ပြီး သူ၏ နှုတ်ကပတ်တော်များ၏ အသီးအပွင့်များကို သင့်အထဲတွင် ထင်ရှားပြနိုင်ကာ သင့်ကို သာ၍ပင် ဉာဏ်ပွင့်စေပြီး အလင်းပေးနိုင်ရန်အလို့ငှာ ဖြစ်သည်။ ဤနည်းအားဖြင့် သင်သည် မှန်ကန်သော ပုံစံထဲသို့ ဝင်ရောက်ပြီးဖြစ်လိမ့်မည်။ လက်ရှိ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆက်လက် စားသောက်လော့၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလုပ်လုပ်သည့် ပုံစံထဲသို့ ဝင်ရောက်လော့၊ ယနေ့ခေတ် ဘုရားသခင်၏ တောင်းဆိုချက်များနှင့်အညီ ပြုမူလော့၊ ခေတ်နောက်ကျသော လက်တွေ့လုပ်ဆောင်မှု နည်းလမ်းများကို မလိုက်နာနှင့်၊ အမှုအရာများကို လုပ်ဆောင်ရာတွင် နည်းလမ်းဟောင်းများကို ဖက်တွယ်မထားနှင့်၊ ပြီးလျှင် ယနေ့ခေတ် အလုပ်လုပ်သည့် ပုံစံထဲသို့ တတ်နိုင်သမျှ အမြန်ဆုံး ဝင်ရောက်လော့။ ထိုသို့ဖြင့် ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် လုံးဝ ပုံမှန်ဖြစ်လာလိမ့်မည်ဖြစ်ပြီး သင်သည် ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်ကန်သော လမ်းကြောင်းပေါ်သို့ စတင် လျှောက်လှမ်းပြီး ဖြစ်လိမ့်မည်။