အခန်း ၄
ငါတို့သည် စဉ်ဆက်မပြတ်စောင့်ကြည့်၍ စောင့်ဆိုင်းရမည် ဖြစ်ကာ၊ စိတ်ဝိညာဉ်ထဲ၌ ဆိတ်ငြိမ်ပြီး စင်ကြယ်သော စိတ်နှလုံးဖြင့် ရှာဖွေနေရမည်။ ငါတို့အပေါ် မည်သည့်အရာ ကျရောက်သည်ဖြစ်စေ၊ ငါတို့သည် ကျိုးကြောင်းမမြင်ဘဲ မိတ်သဟာယဖွဲ့ခြင်း မပြုရပေ။ ငါတို့သည် ဘုရားသခင်ရှေ့တွင် ဆိတ်ငြိမ်နေပြီး သူနှင့် အဆက်မပြတ် မိတ်သဟာယဖွဲ့ရန်သာ လိုအပ်သည်၊ ထိုအခါ သူ၏ရည်ရွယ်ချက်များကို ငါတို့အား အသေအချာပင် ထုတ်ဖော်ပြလေမည်။ ငါတို့သည် စိတ်ဝိညာဉ်အတွင်း၌ ပိုင်းခြားသိမြင်ရန် အမြဲတမ်း အသင့်ရှိနေရမည် ဖြစ်ကာ၊ စိတ်အားထက်သန်ပြီး အလျှော့မပေးတတ်သည့် စိတ်ဝိညာဥ် ရှိရမည်။ ငါတို့သည် ငါတို့၏ ခြောက်ကပ်သော ဝိညာဉ်ကို အာဟာရပြည့်စေပြီး ဖြည့်တင်းပေးသည့် ဘုရားသခင်ရှေ့ရှိ အသက်ရေကို ရယူရမည်ဖြစ်သည်။ ငါတို့သည် ငါတို့၏ မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု ယူမှတ်မှု၊ မာနထောင်လွှားမှု၊ စိတ်ကြီးဝင်မှုနှင့် မိမိကိုယ်ကိုယ် ကျေနပ်အားရမှုရှိသော စာတန်ဆန်သည့် စိတ်သဘောထားမှ ကိုယ့်ကိုယ်ကိုယ် သန့်စင်ရန် အချိန်တိုင်း အသင့်ရှိရမည်။ ငါတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်ခံရရှိရန် ငါတို့၏စိတ်နှလုံးများကို ဖွင့်ထားပြီး သူ၏နှုတ်ကပတ်တော်အပေါ် အခြေခံ၍ လုပ်ဆောင်ရမည်။ ငါတို့သည် သူ၏ နှုတ်ကပတ်တော်ကို တွေ့ကြုံခံစားပြီး သေချာမှု ရှိရမည်၊ ထို့ပြင် သူ၏နှုတ်ကပတ်တော်အား နားလည်ခြင်းတစ်ရပ် ရရှိကာ၊ သူ၏ နှုတ်ကပတ်တော်ကို ငါတို့၏ အသက်တာဖြစ်ခွင့် ပေးရမည်။ ဤသည်မှာ ငါတို့၏ ဘုရားပေးတာဝန်ပေတည်း။ ငါတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် အသက်ရှင်သည့်အခါမှသာ အောင်ပွဲခံနိုင်မည်ဖြစ်သတည်း။
ယခုအခါ ငါတို့၏ အယူအဆများသည် အလွန် အသက်မပါကြဘဲ၊ ငါတို့သည် ရွှန်းရွှန်းဝေအောင် ပြောဆိုကြ၍၊ မဆင်မခြင် ပြုမူကြကာ၊ ဝိညာဉ်တော်နှင့်အညီ မလုပ်ဆောင်နိုင်ကြပေ။ ယနေ့သည် အတိတ်က ဖြစ်လေ့ရှိသကဲ့သို့ မဟုတ်ချေ၊ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုသည် ကြီးသောအရှိန်ဖြင့် ရှေ့သို့ ရွေ့လျားလေ၏။ ငါတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အသေးစိတ် တွေ့ကြုံခံစားရမည်။ စိတ်ကူးနှင့် အတွေးတိုင်း၊ လှုပ်ရှားမှုနှင့် တုံ့ပြန်မှုတိုင်းအား ငါတို့သည် ငါတို့၏ စိတ်နှလုံးထဲ၌ ရှင်းလင်းစွာ ခွဲခြားသိမြင်နိုင်ရမည်။ တစ်စုံတစ်ဦး၏ ရှေ့၌ သို့မဟုတ် ၎င်းတို့၏ နောက်ကွယ်၌ ငါတို့ ပြုသမျှ မည်သည့်အရာမျှ ခရစ်တော်၏ ပလ္လင်ရှေ့တွင် တရားစီရင်ခြင်းကို လွတ်မြောက်နိုင်မည် မဟုတ်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်သည် ငါတို့ကို ပို၍နက်နဲသော အတွေ့အကြုံလောကထဲသို့ လမ်းပြနေဆဲပင် ဖြစ်ပြီး၊ ဤနေရာ၌ ငါတို့သည် အနန္တတန်ခိုးရှင်အကြောင်း သေချာခြင်းနှင့် ပို၍ နီးကပ်လာလိမ့်မည် ဖြစ်သည်။
စကြဝဠာ၏ဘုရားသခင်သည် ငါတို့၏ ဝိညာဉ်မျက်လုံးများကို ဖွင့်ပေးခဲ့ပြီး၊ စိတ်ဝိညာဉ်ထဲက နက်နဲမှုများကို ငါတို့အား စဉ်ဆက်မပြတ် ထုတ်ဖော်ပြနေသည်။ စင်ကြယ်သော စိတ်နှလုံးဖြင့် ရှာကြလော့။ အဖိုးအခပေးရန် လိုလိုလားလားရှိကြလော့၊ စည်းလုံးညီညွတ်စွာဖြင့် ရှေ့ဆက်ကြလော့၊ သင်တို့ကိုယ်သင်တို့ ငြင်းပယ်ရန် အသင့်ရှိကြလော့၊ လောဘမကြီးကြတော့နှင့်၊ သန့်ရှင်းသောဝိညာဉ်တော်နောက်ကို လိုက်၍၊ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ မွေ့လျော်ကြလော့၊ ထိုအခါ စကြဝဠာတစ်ခုလုံးဆိုင်ရာ အသစ်သောလူသား ပေါ်ထွန်းလိမ့်မည်။ ထိုအခိုက်အတန့်သည် လက်တစ်ကမ်း၌ရှိပြီး၊ စာတန်က ၎င်း၏ နိဂုံးနှင့် ကြုံတွေ့မည့်အချိန်တွင် ဘုရားသခင်၏ အလိုတော်သည် ပြည့်စုံလိမ့်မည်၊ ကမ္ဘာလောက၏ တိုင်းနိုင်ငံအားလုံးသည် ခရစ်တော်၏ နိုင်ငံတော် ဖြစ်လိမ့်မည်၊ ထို့ပြင် ခရစ်တော်သည် ကမ္ဘာမြေကြီးပေါ်ရှိ ရှင်ဘုရင်အဖြစ် အမြဲထာဝရ စိုးစံလိမ့်မည်။